ဝေဒနာနုပဿနာ အမှတ်(၅)

ဝေဒနာနုပဿနာ အမှတ်(၅)

ဝေဒနာရှုလျှင် ပဋိစ္စသမုပ္ပါဒ်သုံးမျိုးပြတ်ပုံ

၂၄-၉-၁၉၆၂။

(အမရပူရမြို့)

ဝေဒနာကမ္မဋ္ဌာန်းသဘောက စဟောမယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း သတ္တဝါတွေဟာတဲ့၊ ခန္ဓာရယ်လို့ ဖြစ်လို့ရှိရင်ဖြင့် သေမည့်ဘက် ကူးကူးပြီးလာတာပဲ။

ခန္ဓာရယ်လို့ ဖြစ်လာလို့ရှိရင်ဖြင့် သစ်ပင်များသည် အရှေ့ဘက်ကိုင်းပေါက်က အရှေ့ဘက် လဲမှာပဲ။

ထို့အတူပဲတဲ့၊ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ဟာ မွေးက တည်းက သေမည့်ဘက် ကိုင်းတော့ မသေပါနဲ့ဆိုလို့ ခန္ဓာ ရတဲ့ပုဂ္ဂိုလ်မှာ တားလို့ ဆီးလို့မရဘူးလို့ မှတ်ထားပါ (မှန်ပါ့)။

အဲဒီတော့ ဒီသေတဲ့ဥစ္စာတော့ သေမှာပဲ၊ သေတဲ့အခါကျလို့ ရှိရင်ဖြင့် အန္တရာယ်ကင်း သေတဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး (မရှိပါ ဘုရား)။

ဝေဒနာရောက်ပြီး သေတဲ့ပုဂ္ဂိုလ်ရယ်လို့ ခေါ်ရမှာပဲ (မှန်ပါ။)

ဝေဒနာကျော်ပြီး သေနိုင်ရင်

အဲဒီတော့ ဝေဒနာရောက်ပြီး သေမည့်ပုဂ္ဂိုလ်တွေမို့ သေကာနီးမှာ ဝေဒနာကျော်သွားပြီး သကာလ သေနိုင်ကြလို့ရှိ ရင် ကာမရာဂါနုသယ ဆိုတဲ့ လောဘ၊ ပဋိယာနုသယ ဆိုတဲ့ ဒေါသ၊ အဝိဇ္ဇာနုသယ ဆိုတဲ့ မောဟ၊ အဲဒီ အနုသဟ သုံးပါးချုပ်ပါတယ် (မှန်ပါ့)။

ဒါကြောင့် ဒီဒကာ ဒကာမတွေဟာ သေမည့်ဘက် ကိုင်းပြီးလာတာ ကိုယ့်ဟာကိုယ် သိကြပြီ၊ သိကြတော့ကို ဪ သေတဲ့အခါ ငါဝေဒနာတော့ ရောက်မှာဘဲ၊ ဒီဝေဒနာကို ကျော်လွှားနိုင်ဖို့ အရေးဟာ ယခုက ကျော်လွှားထားလို့ရှိရင် ကိစ္စမရှိဘူး၊ သေခါနီးကျမှ ကပျာကယာ ကျော်လွှားဖို့ ဆိုတဲ့ အရေးဟာတော့ မလွယ်လှဘူး (မှန်ပါ့)။

ဒါကြောင့် ဝေဒနာနုပဿနာလည်း ဘုရားသခင် ကိုယ် တော်မြတ်ကြီးသည် အရေးတကြီး ဟောသည်လို့ မောင်ချစ်စိန် မှတ်ကြပါ (မှန်ပါ့)။

အားလုံး ဒကာ ဒကာမတွေ ဝေဒနာအရေးကြီးတယ် ဆိုတာ မနေ့ကစပြောပြီနော် (မှန်ပါ့) ဘုရားက “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနာ ကာလံ အာဂမေယျ” ဒါ သိပ်မှာတာပဲ၊ သတိရှိကြပါစေကွာ၊ ပညာရှိကြပါစေကွာ၊ ကာလကိုတဲ့၊ မင်းတို့သည်ကား လို့ဆိုရင် မလွန်အောင် နေနိုင်ကြပါစေ တဲ့။

ခန္ဓာပေါ် ဉာဏ် ရောက်ထားပါ

ရှုတဲ့ကာလကို တစ်ခါတည်း ကြိုးကြိုးစားစားနဲ့ မြင် အောင် အကြောင်းအကျိုးတွေကို အကြောင်းချုပ်လို့ အကျိုး ချုပ်တာတွေ သိရအောင် မင်းတို့ စောစောစီးစီး ခန္ဓာပေါ် ဉာဏ် ရောက်ထားပါတဲ့။

အဲဒီတော့ ခန္ဓာပေါ် ဉာဏ်ရောက်ထားတော့ ဘာဖြစ် မတုံးဆိုလို့ရှိရင် သေတဲ့အခါ ဝေဒနာချုပ်သွားတယ် ဆိုလို့ရှိရင် ဖြင့်တဲ့ ဝေဒနာချုပ်တာဟာလည်း တခြားကို မှတ်မနေနဲ့ ခန္ဓာ ချုပ်တာပဲ (မှန်ပါ့)။

ဝေဒနာချုပ်တာသည် ဘာချုပ်တာလဲ (ခန္ဓာချုပ် တာပါ ဘုရား) ခန္ဓာချုပ်တာ။

ဒီခန္ဓာချုပ်လို့ရှိရင်လည်း ခန္ဓာငြိမ်း၊ နိဗ္ဗာန်ဆိုတဲ့ဥစ္စာ သေခါနီးမှ ကြည့်လိုက်လို့ ဝေဒနာ ချုပ်-ပျောက် သွားရင်လည်းတဲ့ ခန္ဓာငြိမ်း၊ နိဗ္ဗာန်ဆိုတဲ့ဥစ္စာ ရောက်နိုင်ပါတယ်လို့ ဒီသုတ်မှာ ဟောတယ် (မှန်ပါ့)။

ဒါဖြင့် သတိထားရမှာက ဝေဒနာသုံးပါး ပေါ်တိုင်း၊ ပေါ် တိုင်း သုခချမ်းသာတာ ပေါ်လည်း အားလုံး သတိထားပါ။ ဒုက္ခ ဆင်းရဲတဲ့ ဝေဒနာတွေပေါ်လည်း၊ ဝေဒနာပေါ်တယ်လို့ပဲ သတိ ထားပါ (မှန်ပါ့) ဥပေက္ခာ ဝေဒနာပေါ်လာလို့ ရှိရင်လည်း ဝေဒနာပေါ်လာတယ်လို့ပဲတဲ့ သတိထားကြပါ၊ အဲဒါဟာ သတိ ထားတာ (မှန်ပါ့)။

သမ္ပဇာနော – သတိထားပြီး ပညာနဲ့ လိုက်ရဦးမယ် ဆိုတာတော့ ပေါ်တာတွင် သိမနေနဲ့၊ ဪ ပေါ်ပြီး သကာလ၊ ပျက်တာဘက် ကျအောင် သိလို့ရှိရင် သမ္ပဇာန ပညာ ပါတယ်လို့ ဆိုပါတယ် (မှန်ပါ့)။

ပေါ်တိုင်း သတိထားတာက သတိ

ပေါ်တာကို သတိထားတာက သတိ (မှန်ပါ့) အပျက်ပါ ဉာဏ်က လိုက်နိုင်လို့ရှိရင် ပညာလို့မှတ်ကြစမ်းပါ (မှန်လှပါ ဘုရား)။

ဝေဒနာပေါ်တိုင်း – ပေါ်တိုင်း သတိထားတာက သတိ ပဋ္ဌာန်နော် (မှန်ပါ့) ဝေဒနာတို့၏ ပေါ်ပြီး-ပျက်သွား တာကိုပါ မြင်အောင်ကြည့်နိုင်လို့ရှိရင် သမ္ပဇာနဆိုတာ ပညာ (မှန်ပါ့)။

အပျက်ရော သိရင် ပညာ

ကောင်းပြီတဲ့ ပေါ်တိုင်းသိရင် သတိ၊ အပေါ် ရော၊ အပျက်ရော သိရင် ပညာ (မှန်ပါ့)။

ပေါ်တိုင်းသိရင် (သတိပါ ဘုရား) သတိလို့ မှတ် လိုက်စမ်းပါ၊ အပေါ်ရော-အပျက်ရော သိနေကြမယ် (ပညာပါ) ပညာလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။

ကောင်းပြီတဲ့ ဒါဖြင့် “သတော ဘိက္ခဝေ ဘိက္ခုဝိဟရေယျ” ဘိက္ခဝေ = ရဟန်းတို့၊ သတော သတိရှိ သည်ဖြစ်၍၊ ဝိဟရေယျ” နေပါဆိုတော့ ဝေဒနာ သုံးပါး ပေါ်တိုင်းပေါ်တိုင်း သတိကလေးနဲ့ နေတာသည် သတိပဲ (မှန်ပါ့) ဖြစ်မှုနဲ့ပျက်မှုကို နှစ်ခုစလုံး တွဲပြီးသကာလ ဉာဏ်က လိုက်နိုင်လို့ ရှိရင် သမ္ပဇာနာ = ပညာပါလာပြီကွ တဲ့ (မှန်ပါ့)။

သတိတွင် မဟုတ်ဘူး၊ အဲဒီကျတော့ ပညာပါလာပြီတဲ့ (မှန်ပါ့) အဲဒါကြောင့် သတိသမ္ပဇည နှစ်မျိုး ဟောတယ် (မှန်ပါ့ ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်းသိရင် သတိ၊ ပေါ်တာရော ပျက်တာရောသိရင် သမ္ပဇည (မှန်ပါ့) ရှင်းကြပြီ (ရှင်းပါပြီ)။

ပေါ်တိုင်း, ပေါ်တိုင်းသိရင် (သတိပါ ဘုရား) သတိ၊ အပေါ်ရော, အပျက်ရော သိရင်ဖြင့် (သမ္ပဇညပါ ဘုရား)။

သမ္ပဇညလို့ ဆိုရမယ် တဲ့ (မှန်ပါ့ ဘုရား)။

ကာလမလွန်စေနဲ့

ကာလမလွန်စေနဲ့၊ ကာလမလွန်စေနဲ့ကွ ဆိုတဲ့ ဥစ္စာက တော့ အကြောင်းအကျိုးနဲ့တကွ၊ သိမ်းဆည်းပြီးသကာလ ရှုပုံကို ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောလိမ့်မယ် (မှန်ပါ့)။

ဒါဖြင့် သတိနဲ့ သမ္ပဇညပြီးတော့ ကာလမလွန်စေနဲ့ဆို တဲ့ စကားကလေး တစ်လုံးဟာ အခု နောက်ထပ် ထည့်လိုက်ပါ တယ် (မှန်ပါ့ ဘုရား)။

“ကာလံ အာဂမေယျ” ဆိုတဲ့ ပါဠိတော် ကာလံ= ကာလ ကို (ဝါ) အကြောင်းဖြစ်တဲ့ကာလ၊ အကျိုးဖြစ်တဲ့ကာလကို၊ အာဂမေယျ= မင်းတို့ဉာဏ်နဲ့ သိကြစမ်းပါ၊ ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား သိကြစမ်းပါဆိုတာ သေသေချာချာ ဟောပြန်တော့ ဒကာ ဒကာမတို့ ဒီတတိယ အချက်ကလေးဟာက မကြား ဘူးတဲ့ အချက်ကလေးဖြစ်နေတော့ အရေးတကြီးပဲ မှတ်ရဦးမယ် ဆိုတာ မှတ်ရမယ် (မှန်ပါ့)။

သုခဝေဒနာပေါ်တယ်

ဥပမာတဲ့ ကိုယ်ပေါ်မှာ သုခဝေဒနာပေါ်တယ်၊ ကိုယ်ပေါ်မှာ ဟိုနေရာကလေးမှာ ချမ်းသာတယ်၊ ဒီနေရာ ကလေးမှာ ချမ်းသာတယ်ဆိုတဲ့ သုခဝေဒနာပေါ်တယ်၊ သုခ ဝေဒနာဟာ သူက မှီတတ်တဲ့တရားဖြစ်နေတော့ မှီရာမရှိဘဲနဲ့ မပေါ်နိုင်ဘူး (မှန်ပါ့ ဘုရား)။

မှီတတ်တဲ့ တရားဖြစ်နေတော့ မှီရာမရှိဘဲနဲ့ မပေါ်နိုင် ဘူး၊ သစ်ပင်သည် မြေကြီးကို မှီနေရတယ်၊ မြေကြီးမရှိရင် သစ်ပင်မရှိဘူး၊ ထို့အတူပဲတဲ့၊ ဒီသုခဝေဒနာကလေးဟာလည်း ကိုယ်ပေါ်မှာ မှီနေရတယ်၊ သဘောကျပလား (ကျပါပြီ)။

သုခဝေဒနာကလေးဟာ ဘယ်မှာမှီနေရသလဲ (ကိုယ်ပေါ်မှာ မှီနေရပါတယ် ဘုရား) ကိုယ်ပေါ်မှာ မှီနေရတယ် လို့ အောက်မေ့ပါ (မှန်ပါ့)။

အဲဒီတော့ “ကာယပသာဒ” ဆိုတဲ့ ကိုယ်ပေါ်မှာ မှီပြီး သကာလ နေတယ်။ ကိုယ်ကလည်း မှီရတယ်၊ တစ်ခါ အာရုံနဲ့ တွေ့ထိတဲ့ “ဖဿ” ကိုလည်း မှီရပြန်တော့ ကိုယ်နဲ့ ဖဿနှစ်ခု မှီပြီး သုခဝေဒနာပေါ်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

သုခဝေဒနာကလေးဟာ ကိုယ်လည်းမှီတယ်၊ ဖဿကို လည်း မှီပြီးသကာလ ပေါ်ပါတယ် (မှန်ပါ့)။

သုခဝေဒနာကလေးဟာ ဘာကို မှီပါလိမ့်(ကိုယ်နဲ့ဖဿ ကို မှီပါတယ် ဘုရား)။

အဲ ကိုယ်, ဆိုတဲ့ ကိုယ်ရုပ်ကိုလည်းမှီတယ်၊ ဖဿ, ဆိုတဲ့ နာမ်ဓမ္မကလေးလည်း မှီတယ်၊ အဲဒီတော့ ကာယနဲ့ ဖဿ နှစ်ခုမှီပြီးတော့ ဒီတရားကလေး၊ သုခဝေဒနာကလေး ပေါ်လာ တယ် ဆိုတော့ စဉ်းစားကြည့်ပါတဲ့၊ တရားနာတဲ့ ပုဂ္ဂိုလ်များက ကိုယ်ကလည်း အနိစ္စခန္ဓာကိုယ်၊ ဖဿကလည်း အနိစ္စ ခန္ဓာ ကိုယ်၊ အနိစ္စနှစ်ခုကြောင့် ပေါ်လာတဲ့ သုခဝေဒနာ၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

အနိစ္စနှစ်ခု ကြောင့် ပေါ်လာတယ်

ဘယ်သူ့ကြောင့် ပေါ်လာသတုံး (အနိစ္စနှစ်ခု ကြောင့် ပေါ်လာပါတယ် ဘုရား)။

အနိစ္စနှစ်ခုကြောင့် ပေါ်လာတဲ့သုခဝေဒနာ၊ ဪ ဒါဖြင့် အနိစ္စနှစ်ခုကို စွဲဖြစ်တဲ့ သုခဝေဒနာ ဖြစ်နေသောကြောင့် အကြောင်းအနိစ္စ ဖြစ်နေသောကြောင့် အကျိုးအနိစ္စကို လည်း မင်းတို့ ဒီကာလကိုလည်း သိပါဦး တဲ့ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အကြောင်းအနိစ္စကို သိတဲ့အတွက် အကျိုးလည်း အနိစ္စပဲ ဖြစ်မှာပဲဆိုတာ ဉာဏ်က ဒီကာလကိုလည်း မင်းတို့ သိထားကြပါလို့ ဟောပါတယ် (မှန်ပါ့ ဘုရား)။

ပျောက်ချင်လို့ ပျောက်တာလား

အဲဒီတော့ ဒကာ ဒကာမတွေက သုခဝေဒနာကလေး ပျောက်သွားတဲ့အခါ ဪ ပျောက်ချင်လို့ ပျောက်တာလားလို့ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဖျတ်ကနဲ သုခဝေဒနာ ပေါ်လိုက်- ပျောက်သွားလိုက်၊ သုခဝေဒနာ ပေါ်လိုက် ပျောက် သွားလိုက်၊ ဪ ပျောက်ချင်လို့ ပျောက်တာ မဟုတ်ဘူး၊ သူ့ကို ဖြစ်စေတဲ့ အကြောင်းနှစ်ခု ကာယပသာဒဆိုတဲ့ ကိုယ်က လည်း အနိစ္စ၊ သူ့ကို ဆက်သွယ်ပေးတဲ့ ဖဿကလည်း အနိစ္စ၊ ကိုယ်နဲ့ ဖဿက အကြောင်းကိုက အနိစ္စဖြစ်လို့ သူ့, အမှီပြုပြီး ပေါ် ရတဲ့ သုခဝေဒနာကလေးဟာလည်း အနိစ္စလို့ ဒီကာလကို လည်း သိပေးပါဦး တဲ့ (မှန်ပါ့)။

ဒါ သေသေချာချာ မှတ်ကြပါ၊ ကြားကြရဲ့လား၊ အားလုံးကြားရဲ့လား (ကြားပါတယ် ဘုရား) မီးကြောင့် မီးကြောင့် မေးရတယ် (မှန်ပါ့ ဘုရား)။

အကြောင်း နှစ် ခု

ကောင်းပြီး ဒါဖြင့် သုခဝေဒနာကလေးဟာ အကြောင်းဘယ်နှစ်ခုကြောင့် ဖြစ်ပါလိမ့် (အကြောင်း နှစ် ခုကြောင့်ပါ) ကိုယ်ဆိုတာ တစ်ကြောင်း (မှန်ပါ့) ဖဿဆို တာ (တစ်ကြောင်းပါ ဘုရား) ဤနှစ်ကြောင်းကြောင့် သုခ ဝေဒနာကလေး ဒကာ ဒကာမတွေ ကိုယ်ပေါ်မှာ ချမ်းသာလုံး ကလေးပေါ်တယ်၊ ဝမ်းသာလုံးကလေး ပေါ်တယ် (မှန်ပါ့)။

အကြောင်းနှစ်ခုကိုက အနိစ္စဖြစ်နေသောကြောင့် အကျိုးသုခ ဝေဒနာကလေးဟာလည်းတဲ့၊ ဘယ်မှာသာလျှင် ခိုင်မြဲနိုင်ပါ့မတုံး (မှန်ပါ့)။

အကြောင်းနှစ်ခုကိုက အနိစ္စဖြစ်နေတော့ အကျိုးသုခ ဝေဒနာကလေးဟာလည်း အနိစ္စပဲလို့ ဒီကာလကိုလည်း သိထား ပါတဲ့ (မှန်ပါ့) ရှင်းကြပြီ (ရှင်းပါပြီ)။

အကြောင်းနှစ်ခုကိုက အနိစ္စဖြစ်နေတော့ကို သူ့အမှီ ပြုပြီး ပေါ်ရတဲ့၊ သူ့ကိုစွဲပြီးပေါ်ရတဲ့ သုခဝေဒနာကလေးလည်း ဘယ့်နှယ်ဆိုကြမယ် (အနိစ္စပါ ဘုရား)။

အနိစ္စပဲလို့ ဒကာ ဒကာမတွေက ရှုတဲ့အခါမှာ ဪ ဘယ့်နှယ်ကြောင့် ပျောက်သွားပါလိမ့် မတုံးလို့ သံသယ, ဝိစိကိစ္ဆာလာခဲ့သော် အကြောင်းနှစ်ခုကိုက သူ့ဖြစ်စေတဲ့ အကြောင်းနှစ်ခုကိုက အနိစ္စမို့လို့ အကျိုးဖြစ်တဲ့ ဝေဒနာကလေး ဟာလည်း အနိစ္စပဲလို့ ဒီလို ရှုစေလိုပါတယ် (မှန်ပါ့)။

ဒါဖြင့် သုခဝေဒနာကလေးဟာ ဉာဏ်နဲ့ ရှုလိုက်တဲ့အခါ ဖြစ်ပြီး ပျက်သွားတယ်၊ ဪ ပျက်မှာပဲ၊ သူ့ဖြစ်စေတဲ့ အကြောင်း ကိုယ်ကလည်း အနိစ္စ၊ ဖဿကလည်း (အနိစ္စပါ ဘုရား) ကိုယ်ကလည်း အနိစ္စ၊ ဖဿကလဲ အနိစ္စ၊ အနိစ္စ နှစ်ခုက မွေးထုတ်တဲ့ သုခဝေဒနာဟာ ဘယ်မှာသာလျှင် နိစ္စဖြစ် နိုင်ပါ့မတုံး၊ ပျက်ရမှာပဲ (မှန်ပါ့) ဒီလိုဉာဏ်ကို သိမ်းဆည်း ရူတာသည် ကာလနဲ့တကွ သိတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် “သတော ဘိက္ခဝေ ဘိက္ခု ဝိဟရေယျ သမ္ပဇာနော ကာလံ အာဂမေယျ” လို့ ဘုရားက ဟောပြန် တယ် တဲ့ (မှန်ပါ့ ဘုရား)။

ကာလနဲ့လည်း မင်းတို့သည် ဒီအတိုင်း သိပြီးသကာလ အကြောင်းနှစ်ခုက ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်စေသောကြောင့် အကျိုးသုခဝေဒနာ ဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

အကြောင်းကိုက အနိစ္စဖြစ်လို့

အဲဒါ အကြောင်းကိုက အနိစ္စဖြစ်လို့ အကျိုးဟာလည်း အနိစ္စပဲလို့ ဉာဏ်ထဲမှာ ရဲရဲတင်းတင်း ရှုစမ်းပါ။ ရဲရဲတင်းတင်း ရှုလို့ရှိရင်ဖြင့် တဲ့ သုခဝေဒနာနောက်ကလာတဲ့ “ကာမရာဂါ နုသယ” သုခဝေဒနာသည် ဪ ဒီတရားကလေးဟာ အကြောင်းနှစ်ခုက အနိစ္စမို့ အခုပေါ်လာတဲ့ တရားလည်း အနိစ္စ ပဲလို့ ဉာဏ်ကလေးနဲ့ သိလိုက်တဲ့အခါကျတော့ ဉာဏ်ကလေး ဟာ ဝေဒနာနောက်က လိုက်နေသောကြောင့် “ကာမရာဂါ နုသယ’’ ဆိုတဲ့ လောဘဟာတဲ့ မလိုက်တော့ပါဘူး၊ လိုက်ကြ သေးရဲ့လား (မလိုက်ပါ ဘုရား)။

“ကာမရာဂါနုသယ’’ ဆိုတာ လိုချင်တာဆိုတော့ ပဋိစ္စ သမုပ္ပာဒ်နဲ့ ကြည့်လိုက်တော့မှ အကြောင်း အနိစ္စမို့ အကျိုးသုခဝေဒနာ အနိစ္စကလေးဖြစ်နေတော့ ဒါကလေးဉာဏ် နဲ့ ကြည့်လိုက်တော့ ဟုတ်သားပဲ၊

အနိစ္စက အနိစ္စ၊ ရှုတာက မဂ္ဂ

သူ့အကြောင်းကိုက အနိစ္စ ပေါ်လာတဲ့ ဝေဒနာကလေးဟာလည်း အနိစ္စပဲရယ်လို့ ဤကဲ့သို့ ဒကာ ဒကာမတွေက ရှုလိုက်ပြီ ဆိုမှဖြင့် အင်း အနိစ္စက အနိစ္စ၊ ရှုတာက မဂ္ဂဖြစ်ပြီးသကာလ နောက်က တဏှာဆိုတဲ့ ကာမရာဂါနုသယ အနုသယလိုသုံးတော့ ကာမရာဂါနုသယ လို့ ခေါ်ရတယ် (မှန်ပါ့ ဘုရား) အဲဒီတော့ ပဋိစ္စသမုပ္ပာဒ်နဲ့ ကြည့်လိုက်တော့ တဏှာ, ဥပါဒါန်, ကံဟာ လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)။

ဪ ဒါဘယ့်နှယ်ကြောင့် မလိုက်ပါလိမ့် မတုံး လို့ မေးတဲ့အခါ ကျတော့မှ အကြောင်းရော အကျိုးရော သိမ်း ဆည်းကြည့်လိုက်တာနဲ့ သိမ်းဆည်းပြီးသကာလ၊ ဉာဏ်နဲ့ ကြည့် လိုက်တော့ အကြောင်း အနိစ္စမို့ ကာယနဲ့ ဖဿ, အနိစ္စဖြစ်နေ သောကြောင့် သုခဝေဒနာလည်း အနိစ္စလို့ ဒီကာလကို၊ ပစ္စုပ္ပန် ကာလကို ဒကာ ဒကာမတွေ သိလိုက်တဲ့အတွက်တဲ့ နောက်က ကာမရာဂါနုသယ ဆိုတဲ့ တရားဟာ မလိုက်တော့ပါဘူး (မှန်ပါ့)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ရှေ့မှာ ခင်းထားတဲ့ ပဋိစ္စသမုပ္ပာဒ် ကြည့်လိုက်တော့ ကာမရာဂါနုသယဆိုတာ စာလို သုံးတော့ အနုသယသဘောနဲ့ သုံးတာပါ။ စင်စစ်တော့ တဏှာ ပါပဲ (မှန်ပါ့) တဏှာမလာလို့ရှိရင် ဥပါဒါန်မလာဘူး၊ ဥပါဒါန် မလာလို့ရှိရင် ကံ, မလာတော့ အင်း သုခဝေဒနာ ရှုလိုက်တဲ့ အတွက် ဒို့မှာ တဏှာ ဥပါဒါန် ကံချုပ်၊ ဇာတိ၊ ဇရာ၊ မရဏ ချုပ်ဆိုတော့ ၃-နံပါတ်ကော ချုပ်၊ ၄-နံပါတ်ကော (ချုပ် ပါတယ် ဘုရား)။

အဲ အကြောင်းနှစ်ခု၊ အနိစ္စမို့ အကျိုးသုခဝေဒနာ အနိစ္စလို့ ရှုလိုက်ပြန်တော့ ဒီမှာ ဒကာ ဒကာမတွေ ကာမရာဂါ နုသယချုပ်တယ် ဆိုတာကို သေသေချာချာ ပဋိစ္စသမုပ္ပာဒ် ဒေသနာတော် ကြည့်လိုက်လို့ရှိရင် အဟုတ်ကို ချုပ်ပါတယ် (မှန်ပါ့)။

ဒါဖြင့် ကာမရာဂါနုသယချုပ်တော့ ကာမဘုံမှာ နေစရာ အခွင့်အရေးရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ကာမရာဂါနုသယဆိုတော့ ကာမဘုံကို ပြန်လှည့်တတ် တဲ့ တရားကို၊ ကာမဘုံကို အကျိုး ပေးတတ်တဲ့ တရားကို ကာမ ရာဂါ နုသယလို့ ခေါ်ပါတယ် (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ် အလို တော့ဖြင့် တဏှာပါပဲ (မှန်ပါ့) ရှင်းကြပြီနော် (ရှင်း ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အကြောင်းနှစ်ခုက ကာယနဲ့ ဖဿက အနိစ္စမို့ ပေါ်လာတဲ့ သုခဝေဒနာ ကလေးကလည်း အနိစ္စပဲလို့ ဒကာ ဒကာမတွေက အလုပ်လုပ်တဲ့အခါ ရှုကြစမ်းပါ။ ထိုကဲ့သို့ ရှုခဲ့သည်ရှိသော် ကြားထဲ၌ ရှုတတ်တဲ့ ဝိပဿနာမဂ်လာလို့ရှိရင် ကာမရာဂါနုသယဆိုတဲ့ တဏှာ ဥပါဒါန်ကံ, တွေသည် မချုပ်ပါနဲ့ ဆိုလို့မရ၊ ချုပ်သွားသည်လို့၊ ဪ ဒီအကျိုး တို့ခံစား ရပါကလားလို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ကာလနှစ်ခု ကြည့်ပြီး ရှုတာ

အဲဒါ ကာလ၌ ရှုတာ (မှန်ပါ့) ဖြစ်စေတဲ့ကာလ၊ ချုပ်စေတဲ့ကာလ၊ ကာလနှစ်ခု ကြည့်ပြီး ရှုတာ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတွေ သန္တာန်၌ အခုလိုအကြောင်း မညီညွတ်တဲ့အခါ ပူတယ်, အိုက်တယ်, ညောင်းတယ်, ခဲတယ်, ကိုက်တယ်, လေနာတယ်, ရင်နာတယ် ကျောအောင့်တယ် ဆိုတဲ့ ဒုက္ခဝေဒနာတွေ ပေါ်ပါလိမ့်မယ် (မှန်ပါ့)။

ပေါ်တော့လည်း ခုနင်ကလိုပဲ ကိုယ်ရှုလို့ ကိုယ်ပေါ်မှာ ပေါ်တော့ ကိုယ်က ကျေးဇူးပြုတယ် (မှန်ပါ့) တစ်ခုခုသော လေကလည်း ထိုးလိုက်ပြန်တော့ ထိုးတဲ့ ဖဿကလည်း ဝေဒနာကို မဖြစ်စေဘူးလား (ဖြစ်စေပါတယ် ဘုရား)။

ဝေဒနာဖြစ်စေတော့ ဪ ကိုယ်က, ကာယနဲ့ ဖဿနှစ်ခု အကြောင်းရင်းခံပြီး သကာလ၊ ဒုက္ခဝေဒနာ ပေါ်တာ ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အဲဒီတော့ ဒီဒုက္ခဝေဒနာကလေးဟာ ဒကာ ဒကာမတို့ အကြောင်းကင်ပေါ် သလား၊ အကြောင်း နှစ်ခုကြောင့် ပေါ်သလားဆိုတာ နည်းနည်းစဉ်းစားပါ (အကြောင်းနှစ်ခု ကြောင့် ပေါ်ပါတယ် ဘုရား)။

အကြောင်းနှစ်ခုကြောင့်ပေါ်တယ်ဆိုတော့ ဒီအကြောင်း နှစ်ခုကလဲ, ကာယကလဲ ကာယ ပသာဒရုပ် ဖြစ်နေသောကြောင့် ရုပ်ကလည်း အနိစ္စပဲ (မှန်ပါ့)။

ဖဿကလည်း နာမ်ဓမ္မဖြစ်နေသောကြောင့် ဝေဒနာပဲ ဖြစ်အောင် ကျေးဇူးပြုရပါတယ် သူကလည်းအနိစ္စပဲ (မှန်ပါ့)။

ဒါဖြင့် ကာယ ဖဿက အနိစ္စဖြစ်နေတော့ ခုနင်က ညောင်းတယ်, ညာတယ်, ကိုက်တယ်, ခဲတယ်, ကျောအောင့် တယ်, ရင်အောင့်တယ် – ဆိုတဲ့ ဒုက္ခဝေဒနာတွေ ဘယ်နှယ့် ဆိုကြမလဲ (အနိစ္စပါ ဘုရား) အနိစ္စပဲ။

သူ့ကာလ တစ်ပြိုင်နက်ကြည့်ရတယ်၊ အကြောင်း ကာလက ကာယနဲ့ ဖဿ (မှန်ပါ့) အကျိုးကာလက ဒုက္ခ ဝေဒနာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီ ဝေဒနာပေါ်တာ ဉာဏ်နဲ့ သေသေချာချာ ကြည့်လိုက်တော့မှဪ အကြောင်းနှစ်ခု ကိုက ဖြစ်စေခြင်းကြောင့် ဒုက္ခဝေဒနာ ပေါ်ရတယ်၊ အကြောင်းနှစ်ခုကိုက အနိစ္စ တရား, သင်္ခတ, တရား၊ ပဋိစ္စသမုပ္ပာဒ်တရား ဖြစ်နေသောကြောင့် အကျိုးတရားက နိစ္စဖြစ်ချင်လို့ ဘယ်နည်းနှင့်မှ မရပါဘူး (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အကြောင်းနှစ်ခုကိုက ဘာဖြစ်နေသတုံး (အနိစ္စ ဖြစ်နေပါတယ် ဘုရား) အနိစ္စဖြစ်ပြီး သကာလ နေတော့ သူ့ ကြောင့်ဖြစ်တဲ့ ဒုက္ခဝေဒနာကကော (အနိစ္စပါ ဘုရား) အနိစ္စပဲ (မှန်ပါ့ ဘုရား)။

အကြောင်းအနိစ္စမို့

အဲဒီကဲ့သို့ သိပြီးသကာလ ထားခြင်းကြောင့် ဒုက္ခ ဝေဒနာပေါ်တိုင်း – ပေါ်တိုင်းလည်း ဒကာ ဒကာမတွေက ဪ အကြောင်းအနိစ္စမို့ ဒုက္ခဝေဒနာကလေးလည်း အနိစ္စ ရောက်ရှာတာကိုးလို့ ဉာဏ်ကလေးနဲ့ သိ, သိပေးစမ်းပါ (မှန်ပါ့) မောင်ချစ်စိန် သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခဝေဒနာကို ဖြစ်စေတဲ့အကြောင်းက ဘယ်နှစ်ကြောင်း ပါလိမ့် (နှစ်ကြောင်းပါ ဘုရား)။

ကိုယ်,တစ်ကြောင်း၊ ဖဿတစ်ကြောင်း (မှန်ပါ့) ကိုယ်ကြောင့်လည်း ပေါ်တယ်၊ ဖဿကြောင့်လည်းပေါ်သည်၊ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

“ဣမမေဝ ကာယဉ္စ ဖဿဉ္စ ပဋိစ္စ ဒုက္ခဝေဒနာ” တဲ့ ကိုယ်နဲ့ ဖဿနှစ်ခုကြောင့်ပေါ်တဲ့ ဒုက္ခဝေဒနာ၊ အဲဒီတော့ အကြောင်းနှစ်ခုက အနိစ္စဖြစ်ပြီးသကာလ၊ နေသောကြောင့် လည်း အကျိုး ဖြစ်တဲ့ ဒုက္ခဝေဒနာဟာလည်း အနိစ္စပဲလို့ ဖြစ်ရမယ် (မှန်ပါ့)။

အဲဒီတော့ ဒီမှာ အကြောင်းကာလနဲ့ အကျိုးကာလ သိရမှာပေါ့လေ (မှန်ပါ့) အကြောင်း ကာလ ကလည်း ဒီအချိန်ပဲ၊ အကျိုးကာလကလည်း ဒီအချိန်ပဲဆိုတာ ပေါ်နေတယ် (မှန်ပါ့)။

အဲဒီကာလကိုလည်း မင်းတို့ သိပြီး ရှုစမ်းပါတဲ့ (မှန်ပါ့)။

ဒါဖြင့် ဒီလိုရှုလိုက်တာ အကြောင်းနှစ်ခုက အနိစ္စမို့ အကျိုးဒုက္ခဝေဒနာ အနိစ္စပဲလို့ ဉာဏ်ထဲမှာ ရှင်းနေအောင် ရှုလိုက်တဲ့အခါ၊ သံသယရှိလို့ရှိရင်လည်း ဒုက္ခဝေဒနာကလေး ဘယ့်နှယ်ကြောင့် အနိစ္စရောက်ပါလိမ့်မလဲလို့ သံသယမရှိနဲ့၊ သူမှီနေတဲ့ ကိုယ်ကလည်း အနိစ္စ၊ သူ့ဖြစ်စေတဲ့ ဖဿကလဲ (အနိစ္စပါ ဘုရား) အနိစ္စက ဖြစ်စေတဲ့ဒုက္ခဝေဒနာ ဖြစ်လေသော ကြောင့် သူဟာအနိစ္စပဲလို့၊ ဉာဏ်ထဲမှာ သိပါ (မှန်ပါ) ရှုတတ်ပလား (ရူတတ်ပါပြီ ဘုရား)။

အဲဒီကဲ့သို့ ရှုလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ရှေ့က ဒုက္ခ ဝေဒနာက အနိစ္စ၊ ရှုတဲ့ သဘောကလေးက ဝိပဿနာ မဂ္ဂသွား ဖြစ်တော့ နောက်က ဒုက္ခကြောင့် ဒေါမနဿ လိုက်နိုင်သေးရဲ့ လား (မလိုက်နိုင်ပါ ဘုရား) မဂ်ပဲလိုက်တယ် (မှန်ပါ ဘုရား)။

ဒုက္ခဝေဒနာကို ဖြစ်-ပျက် ရှုလိုက်ရင်

ဒါကြောင့် အဲဒီကဲ့သို့ ဒုက္ခဝေဒနာကို ဒကာ ဒကာမတွေ က ရှုလိုက်တယ်ဆိုရင် ပဋိယာနုသယ ဆိုတဲ့ဒေါသဟာ မောင် ချစ်စိန် မလာတော့ဘူး (မှန်ပါ့)။

ပဋိယာနုသယဆိုတဲ့ (ဒေါသမလာတော့ပါ ဘုရား)။

အေး ခုနင်က ကာမရာဂါနုသယ ချုပ်လိုက်ပြီ၊ အခုပဋိဃာနုသယချုပ်ပြန်ပြီ၊ ပဋိယာနုသယဆို ဒကာ ဒကာမ တွေ မှတ်လိုက်စမ်းပါ။ ဒေါသကို ဆိုပါတယ် (မှန်ပါ့)။

ဒါဖြင့် ဒုက္ခဝေဒနာကို ဖြစ်-ပျက် ရှုလိုက်တဲ့ အခါကျတော့ကို ပဋိယာနုသယ ဆိုတဲ့ ဒေါသသေတော့၊ ပဋိစ္စသမုပ္ပာဒ် နားလည်တဲ့ ဒကာ ဒကာမတွေ ဖြစ်နေပြန်တော့ ဪ ဒေါသသေရင် သောက ပရိဒေဝ ဥပါယာသ ကျအောင် အကုန် သေမှာပဲဆိုတော့ မှတ်လိုက် တာပေါ့ (မှန်ပါ့) ရှင်းကြပြီ (ရှင်းပါပြီ)။

ဒါဖြင့် ဪ – ဒုက္ခဝေဒနာပေါ်တိုင်း – ပေါ်တိုင်း ဖြစ်ပျက်ရှုလို့ ရှိရင်လည်း ပဋိယာနုသယ ဆိုတဲ့ ဒေါသ သေသောကြောင့် ကိုယ့်ပဋိစ္စသမုပ္ပာဒ် ပြတ်တာပဲ၊ နောက်, ခန္ဓာအဆက် ပြတ်တာပဲလို့ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

နောက်, ခန္ဓာအဆက်ပြတ်တယ်နော် (မှန်ပါ့) ပဋိစ္စ သမုပ္ပာဒ် ပြတ်, ဆိုတာက ပဋိစ္စသမုပ္ပာဒ်ဆိုတာ စာလိုသုံးတာပါ။ စင်စစ်တော့ ကိုယ့်ခန္ဓာ နောက်အဆက်မလာတာကို ဆိုပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ကိုယ့်ခန္ဓာ နောက် အဆက်မလာတာကို ဆိုတယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် တစ်ခါသွားပါဦး တဲ့။ ခန္ဓာကိုယ် ထဲမှာ ဝေဒနာက သုံးပါး ရှိနေတော့၊ ဥပေက္ခာ ဝေဒနာလည်း သူပေါ်ချင်တဲ့အခါ ပေါ်ဦးမှာပဲ (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ ဥပေက္ခာဝေဒနာလည်း ကိုယ်မရှိဘဲနဲ့ သူမ ပေါ်နိုင်ဘူး၊ ကိုယ်ပေါ်မှာ ပေါ် ရမယ် (မှန်ပါ့) မျက်စိတည်း ဟူသော ကိုယ်ပေါ်မှာ ပေါ်ရမယ်၊ နားတည်းဟူသော ကိုယ်ပေါ်မှာ (ပေါ်ရပါမယ် ဘုရား) အဲဒီကဲ့သို့ ကိုယ်ပေါ်မှာ ပေါ် ရမှာပဲ (မှန်ပါ ဘုရား)။

သို့သော် သူဟာ ကိုယ်ပေါ်မှာ အလကားနေရင်း လာ ပေါ်သလား၊ ကိုယ်ပေါ်မှာ အလကားနေရင်း ဖျတ်ကနဲ လာ ပေါ်သလားဆိုတော့၊ တစ်ခုခုနဲ့ထိခိုက်ပြန်လို့လည်း ပေါ်တာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုယ်နဲ့ ဖဿစွဲ၍ ဥပေက္ခာ ဝေဒနာပေါ်တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမယ် (ကိုယ်နဲ့ ဖဿစွဲ၍ ဥပေက္ခာ ဝေဒနာပေါ်ပါတယ် ဘုရား)။

အဲ ကိုယ်နဲ့ ဖဿစွဲပြီးသကာလ ဥပေက္ခာဝေဒနာ ပေါ်တယ်ဆိုတော့ ဥပေက္ခာဝေဒနာ ပေါ်တာလည်း နှစ်ကြောင်း ရှိတာပဲ (မှန်ပါ့ ဘုရား) ဒီကာလကိုလည်း မှတ်ထားလိုက်ပါ (မှန်လှပါ ဘုရား)။

ဪ ထိုသို့ ပစ္စုပ္ပန်ကာလက သူတို့ပေါ်နေလို့ ဥပေက္ခာဝေဒနာလည်း ပစ္စုပ္ပန်ကာလမှာ ပေါ်တာကိုး (မှန်ပါ့ ဘုရား) ကိုယ်နဲ့ ဖဿကလည်း ပစ္စုပ္ပန်ကာလမှ ကျေးဇူး ပြုလို့ ဥပေက္ခာ ဝေဒနာကလည်း ပစ္စုပ္ပန်ကာလမှာ ပေါ်ရရှာတယ် (မှန်လှပါ ဘုရား)။

အကြောင်းနှစ်ကဖြစ်စေလို့ အကျိုးတစ်ခုက ဖြစ်သည်

ဒါဖြင့် အကြောင်းနှစ်ကဖြစ်စေလို့ အကျိုးတစ်ခုက ဖြစ်သည် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းနှစ်ခုက (ဖြစ်စေလို့အကျိုးတစ်ခု ဖြစ်ပါ တယ် ဘုရား) ဒီဥပေက္ခာဝေဒနာ ဖြစ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဖျတ်ဆို ဥပေက္ခာဝေဒနာ ကလေးက မျက်လုံးထဲ ပေါ်လိုက် ပျက်လိုက်၊ နားထဲပေါ်လိုက် ပျက်လိုက်၊ ဝမ်းထဲမှာ ပေါ်လိုက် ပျက်လိုက်၊ ထိုကဲ့သို့ ပေါ် | ပျက်, ပေါ်-ပျက်ဖြစ်ပြီး သကာလ၊ နေတဲ့အချိန်မှာ အို မြန် လိုက်တာ, မြန်လိုက်တာ ပေါ်လိုက်- ပျောက်လိုက်၊ ပေါ်လိုက် ပျောက်လိုက်၊ အို ပေါ် ပျောက်ဖြစ်ရမှာပဲ၊ သူ့ကိုဖြစ်စေတဲ့ အကြောင်းကိုက ပေါ် ပျောက်ကိုး (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဖြစ်စေတဲ့ အကြောင်းကိုက (ပေါ် ပျောက်ပါ ဘုရား)။

အကြောင်းကိုက ပေါ် ပျောက်

အဲ ဖြစ်စေတဲ့အကြောင်းကိုက ပေါ်ပြီးပျောက် တော့ကို တဲ့၊ သူကဖြစ်စေတဲ့ အကျိုး တရားဟာလဲ ပေါ်ပြီး ပျောက်ရမယ် (မှန်လှပါ) မပျောက်နဲ့ဆိုလို့ (မရပါ ဘုရား)။

မရဘူးဆိုတာ ဒကာ ဒကာမတွေ ဒီလိုရှင်းပြီးသကာလ ထားတော့၊ အကြောင်းအနိစ္စမို့၊ အကျိုးအနိစ္စ၊ အကြောင်းဒုက္ခမို့ အကျိုးဒုက္ခ၊ အကြောင်းအနတ္တမို့ အကျိုးအနတ္တဆိုတဲ့ဥစ္စာ မထင် ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒါကြောင့် အနိစ္စရှုလဲ နိဗ္ဗာန်ရောက်တာပဲ၊ အနတ္တရှုလဲ နိဗ္ဗာန်ရောက်တာပဲဆိုတာ မောင်သစ်တို့ သေသေချာချာမှတ် (မှန်ပါ့)။

ဘာ့ကြောင့်တုံးဆိုတော့ ဖြစ်ပြီးပျက်တာသည်၊ အနိစ္စ လည်း ဒုက္ခသစ္စာပဲ။ ဖြစ်ပြီး – ပျက်တဲ့ ဒုက္ခဟာလည်း ဒုက္ခသစ္စာ ပဲ။ ဖြစ်ပြီး ပျက်တဲ့ အနတ္တဟာလဲ (ဒုက္ခသစ္စာပါဘဲ ဘုရား)။

အဲ ဒုက္ခသစ္စာပဲဆိုတော့ကို သစ္စာနုလောမိက ဉာဏ်က ရပြီးသားဖြစ်နေပါတယ် (မှန်ပါ့) ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။

ဘယ်, ဉာဏ်ရသတုံး (သစ္စာနုလောမိက ဉာဏ် ရပါတယ် ဘုရား)။

သစ္စာနုလောမိကဉာဏ်

သစ္စာနုလောမိကဉာဏ် ရပါတယ်ဆိုတော့ ဒါဒုက္ခ သစ္စာချည်းပဲဆိုတဲ့ ဉာဏ်က ရပြီး သကာလနေတော့ ဝိပဿနာသည် သစ္စာ ထိုက်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာသည် (သစ္စာထိုက်ပါတယ် ဘုရား) သစ္စာ ထိုက်တယ်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

“တေသံ သစ္စာနံ အနုလောမတော သစ္စာနုလောမိက ဉာဏန္တိ ဝုစ္စတိ”

သစ္စာလေးပါးထဲ အတွင်းဝင်သောကြောင့် ဖြစ်-ပျက် ဟာ သစ္စာလေးပါးထဲ အတွင်းဝင် သောကြောင့် ရှုတဲ့ဉာဏ်ဟာ သစ္စာနုလောမိကဉာဏ် ဖြစ်ပါတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဤကဲ့သို့ ဒကာ ဒကာမတွေမှာ သော် အကြောင်းနှစ်ခုကအနိစ္စမို့၊ အကျိုး ဥပေက္ခာ ဝေဒနာလည်း အနိစ္စ ရောက်ရတော့မယ်လို့ ဒကာ ဒကာမတွေက ဉာဏ်နဲ့ ရှုလိုက်

တော့ ဒီဉာဏ်သည် ဝိပဿနာဉာဏ်က ဖုံးတယ်။ ဒါကြောင့် “သစ္စာနုလောမိက ဉာဏန္တိဝိပဿနာ ဉာဏ်” သစ္စာနုလောမိကဉာဏ်ဆိုတာ တခြားလားမှတ်နေတယ်၊ ဝိပဿနာရှုတဲ့ဉာဏ်ပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်ဆိုတာ ဘာပါလိမ့် (ဝိပဿ နာဉာဏ်ပါ ဘုရား) ဝိပဿနာဉာဏ် (မှန်ပါ့)။

ဝိပဿနာရှုနေတာ၊ မောင်သစ်တို့ ရှုနေတဲ့ဉာဏ်၊ မောင်ချစ်စိန်တို့ ရှုနေတဲ့ ဖြစ်-ပျက်မြင်တဲ့ ဉာဏ်ကို ဆိုပါတယ်၊ (မှန်လှပါ ဘုရား)။

ဖြစ်ပျက်က ဒုက္ခသစ္စာကိုး (မှန်ပါ) ဒုက္ခသစ္စာဆို တော့ သစ္စာကိုသိနေတဲ့အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲ သစ္စာကိုသိနေတဲ့ အဓိပ္ပာယ်ရောက်ပြီးသကာလ နေသောကြောင့် ဪ တို့ သစ္စာနုလောမိက ဉာဏ် လုပ် နေတာပါကလားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သစ္စာက သစ္စာ၊ အနုလောမိက, ကလျော်တာ၊ သစ္စာနဲ့ လျော်တဲ့ဉာဏ် သစ္စာသိတဲ့ဉာဏ် ရနေတယ်လို့ နောက်က ဒကာ ဒကာမတွေ မှတ်ပါနော် (မှန်ပါ့ ဘုရား)။

ဖြစ်မှု ပျက်မှုမမြင်ဘဲနဲ့ သစ္စာသိတာရှိသေးတယ်လို့ အောက်မေ့မနေနဲ့တော့ (မှန်ပါ့) ဖြစ်ပျက်တာ ဒုက္ခသစ္စာပဲ၊

အင်း ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ ဆိုကတည်းက သစ္စာကို သိပြီးသား ဖြစ်နေပြီလို့သာ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကလေးတွေကလည်း သေသေချာချာ အရေးကြီးပြီး သကာလနေတော့၊ ဒကာ ဒကာမတို့ သစ္စာနုလောမိကဉာဏ်၊ မင်း တို့ဟာ သစ္စာမရောက်သေးပါဘူးလို့၊ သူများက ပြောလို့ရှိရင် ဖြစ်ပျက်တာ သစ္စာနဲ့ လျော်တဲ့ဉာဏ်ပဲ၊ သစ္စာနုလောမိကဉာဏ် လို့ သေသေချာချာ မှတ်ကြ (မှန်ပါ့)။

ဖြစ်ပျက်တာ ဘာ, သစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာသိတဲ့ဉာဏ်က တို့ – ဒုက္ခသစ္စာသိတဲ့ဉာဏ်ပဲ သွားဖြစ် တော့ သစ္စာနဲ့လျော်တဲ့ဉာဏ်ပဲ သွားဖြစ်တယ် (မှန်ပါ့) မရှင်းကြသေးဘူးလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် သစ္စာနဲ့ လျော်တဲ့ဉာဏ်ရနေတော့ သစ္စာ ဉာဏ်ရနေတဲ့ ဒကာ ဒကာမတွေက၊ အင်း သစ္စာသိစရာ ကျန်သေးတယ်လို့ ဒီလိုအာသီသမထားနဲ့ (မှန်ပါ့) တို့သိ နေပြီလို့သာလျှင် ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

သစ္စာပိုင်ပိုင် – နိုင်နိုင်သိရင်

ဒီလိုသိပြီးလို့ ရှိရင် သစ္စာပိုင်ပိုင် – နိုင်နိုင်သိရင် ဒါ နိဗ္ဗာန်ပေါ်လာမှာပဲ (မှန်ပါ့) ဒုက္ခသစ္စာပိုင်ပိုင် – နိုင်နိုင် သိပြီးလို့ ရှိရင် ဆုံးသွားတာပဲ၊ ဆုံးသွားရင် နိရောဓသစ္စာ ဒီနေရာ အစားထိုးပြီး ပေါ်လာတာပဲဆိုတော့ သေသေချာချာ မှတ်ပါ (မှန်လှပါ ဘုရား)။

ဒီနေ့ ပြောနေတာက စာကိုက သဘောပါလို့ သဘော တွေပါ ထည့်ပြောနေရတယ်လို့ မှတ်ပါ (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန် ဥပက္ခာ ဝေဒနာပေါ်လာပြန်တော့လည်း ဒီနှစ်ကြောင်း ကြောင့် ပေါ်လာ တယ် (မှန်ပါ့) ကိုယ်နဲ့ ဖဿ (မှန်ပါ့) ကိုယ်ရှိလို့သာ ကိုယ်ပေါ်မှာ သူပေါ် ရတာကိုး (မှန်ပါ့)။

အင်း ဖဿနဲ့ တွေ့ထိမပေးလို့ရှိရင် ဝေဒနာ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

အဲဒါကြောင့် ကိုယ့်နဲ့ ဖဿနှစ်ခုကြောင့် ဒကာ ဒကာမ တွေ ဥပေက္ခာဝေဒနာ ပေါ်ပါတယ် (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အကြောင်းနှစ်ခုကိုက အနိစ္စဖြစ်လေသောကြောင့် အကျိုးဥပေက္ခာ ဝေဒနာ တွေဟာလည်း ဘာ, ဆိုကြမလဲ (အနိစ္စပါ ဘုရား)။

အနိစ္စက မွေးလို့

ဪ အနိစ္စက မွေးလို့ ပေါ် ရတဲ့ ဝေဒနာဟာ အနိစ္စမှတစ်ပါး၊ သူ့ကို ဘာမှ နာမည် ပေးစရာ မလိုတော့ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စနှစ်ခုက မွေးလိုက်လို့ ပေါ်လာတဲ့ ဥပေက္ခာ ဝေဒနာကို၊ နိစ္စများ ဖြစ်လေရော့လားလို့ ဒကာ ဒကာမတွေ ဒီ ဒိဋ္ဌိဝင်စရာ မလိုပါဘူး (မလိုပါ ဘုရား)။

အနိစ္စက မွေးလို့ သူ့ကို ဘယ့်နှယ်ဆိုကြမယ် (အနိစ္စပါ ဘုရား) အနိစ္စပဲလို့ ဆိုတဲ့ဥစ္စာ မောင်ချစ်စိန် ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ကာယကလည်း ဘာတုံး အနိစ္စ၊ ဖဿကကော (အနိစ္စပါ ဘုရား) သူတို့နှစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာကော (အနိစ္စပါ ဘုရား) သူတို့နှစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာ ကော (အနိစ္စပါ ဘုရား)။

အနိစ္စပဲလို့ ဆိုတော့ ဪ ဒီလိုကာလနဲ့လည်း မင်းတို့သိလို့ရှိရင် မဂ်ဖိုလ်ရပါတယ်ကွာလို့ ဝေဒနာသံယုတ်မှာ ဆက်ဟောပြန်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါတယ်)

ဒါက သံသယပါ၊ သိမ်းပြီးကြည့်တဲ့ သံသယတွေပါ သတ်ပြီးသကာလ ရှင်းရှင်းကြည့်နိုင်တဲ့ ဉာဏ်ပေးတဲ့နေ့ ဆိုလို့ ရှိရင်လည်း မောင်ချစ်စိန် မလွဲဘူး (မလွဲပါ ဘုရား) မလွဲ တော့ဘူးတဲ့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ဥပေက္ခာ ဝေဒနာ လည်း အကြောင်းနှစ်ခုကြောင့် ပေါ်သောကြောင့်၊ ပေါ်လာတဲ့ ဥပေက္ခာဝေဒနာ ကလေးဟာလည်းတဲ့ အနိစ္စပဲလို့ သိပါဆိုတော့ ဥပေက္ခာဝေဒနာက ဖြစ်ပျက် အနိစ္စ၊ ရှုတာက မဂ္ဂ ဆိုသဖြင့်တဲ့ ဥပေက္ခာဝေဒနာ ပေါ်တိုင်း ပျက်တိုင်း မသိလို့ရှိရင်၊ မသိတဲ့ အဝိဇ္ဇာ က လာမှာဖြစ်နေလို့ ယခုတော့ သူ့အကြောင်းက အနိစ္စမို့ ဥပေက္ခာဝေဒနာ အနိစ္စလို့ ဒကာ ဒကာမတွေကရှုလိုက်တော့၊ သိနေတော့ အဝိဇ္ဇာလည်း ချုပ်သွားတယ် (မှန်ပါ့)။

ဥပေက္ခာရှုပြန်လည်း အစက ပြတ်တယ်

ဒါဖြင့် အဝိဇ္ဇာချုပ်တော့ သင်္ခါရက မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

အဲဒါကြောင့် ပဋိစ္စသမုပ္ပာဒ်ကို ဥပေက္ခာရှုပြန်လည်း အစက ပြတ်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်က ဘယ်ကပြတ်သလဲ (အစက ပြတ်ပါတယ်) အစက ပြတ်တယ် (မှန်ပါ့)။

ဘယ်ဝေဒနာရှုလိုက်တာတုံး (ဥပေက္ခာဝေဒနာ ရှုလိုက်တာပါ ဘုရား)။

ဥပေက္ခာဝေဒနာကို ဖြစ်ပျက်ရှုလိုက်တာ၊ အကြောင်း အကျိုးနဲ့တကွ သိမ်းဆည်းပြီး သကာလ ရှုလိုက်တာ၊ ဒကာဒကာ မတွေ အဝိဇ္ဇာနုသယ ချုပ်ပါတယ် (မှန်ပါ့) သဘောပါ ပလား (ပါ-ပါပြီ) မချုပ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

မရဘူး၊ အဝိဇ္ဇာချုပ်တော့ သူမှမရှိလို့ရှိရင်ဖြင့် သင်္ခါရက ငါချည်း ခန္ဓာဖြစ်အောင်လုပ်ဦးမယ် ဆိုတော့ ရပါ့မလား (မရပါ ဘုရား)။

မရဘူးတဲ့၊ “အဝိဇ္ဇာနိရောဓာသင်္ခါရ နိရောဓော လာ ဖြစ်ရတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ)။

အဝိဇ္ဇာ နိရောဓာ (သင်္ခါရနိရောဓောပါ ဘုရား) အဲ သင်္ခါရနိရောဓော ဆိုကတည်းက ဘဝဖြစ်တဲ့ ဝိညာဏ်တွေ လာသေးရဲ့လား (မလာပါ ဘုရား)။

အဲ “သင်္ခါရနိရောဓာ ဝိညာဏနိရောဓော” ဆိုတော့ ဝိညာဏ်မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ပစ္စုပ္ပန် တစ်ကာလ ထဲ

အဲဒီမှာ ထင်ရှားရှိတော့ ဒကာ ဒကာမတို့ ဒီကာလနဲ့ လည်း ကြည့်တဲ့အဓိပ္ပာယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝေဒနာ သံယုတ်မှာ ဟောပြန်တော့ အကြောင်းနှစ်ခု ပေါင်းပြီး ဖြစ်တဲ့ အကျိုးတစ်ခုသည်ကားလို့ ဆိုရင်၊ တစ်ကာလထဲ ချုပ်တာ ပဲ (မှန်ပါ့) တစ်ကာလထဲနော်၊ ပစ္စုပ္ပန် တစ်ကာလ ထဲမှာဖြစ်သည်။ တစ်ကာလထဲမှာပဲ ချုပ်သည်၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အကြောင်းနှစ်ခုကလည်း ပစ္စုပ္ပန်ကာလပဲ (မှန်ပါ့) ပေါ်လာတဲ့အကျိုးကလေးကကော (ပစ္စုပ္ပန်ကာလပါပဲ)။

အကြောင်းချုပ်သွားတာလည်း ပစ္စုပ္ပန်ကာလပဲ၊ အကျိုး ချုပ်တာကော (ပစ္စုပ္ပန်ကာလပါပဲ ဘုရား)။

အဲဒီကာလကို ဒီလိုကာလကလေးနဲ့လည်း မင်းတို့ကွာ တဲ့၊ အာဂမေယျ= ဆိုင်းငံ့ပြီး သကာလ ရှုလိုက်လို့ ရှိရင်ဖြင့်၊ ဥပေက္ခာ ရှုလိုက်တော့ အဝိဇ္ဇာအနုသယ သေသကွ တဲ့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဥပေက္ခာရှုလိုက်တော့ (အဝိဇ္ဇာနုသယသေပါတယ် ဘုရား)။

အဝိဇ္ဇာနုသယသေတယ်

အဝိဇ္ဇာနုသယသေတယ်ဆိုကတည်းက ဒကာ ဒကာမ တွေက မှတ်လိုက် တာပေါ့- “အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော” ဆိုတော့ ဪ ပဋိစ္စသမုပ္ပာဒ်ကြီးဟာ အဝိဇ္ဇာက စ,တာ၊ အစက ပြတ်တယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခုနင်ကတုန်းက အစကပြန်ကြဦးစို့၊ သုခဝေဒနာ ရှုတုန်းက ပဋိစ္စသမုပ္ပာဒ် အလယ်ကပြတ်တယ် (မှန်ပါ့) ဒုက္ခဝေဒနာရှုတုန်းက ပဋိစ္စသမုပ္ပာဒ် အဆုံးနားက ပြန်မပတ် နိုင်အောင်ပဲ၊ ပြတ်ထွက်သွားတယ် ဆိုတာ သဘောပါပလား (ပါ-ပါပြီ)။

ပြန်ပြောကြစမ်း တဲ့၊ သုခဝေဒနာ ရှုလိုက်တဲ့အခါ ပဋိစ္စသမုပ္ပာဒ် ဘယ်ကပြတ်သတုံး (အလယ်ကပြတ်ပါတယ် ဘုရား) တဏှာ ဥပါဒါန်ဆိုတော့ ကာမရာဂါနုသယက စ,ပြတ် တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

တစ်ခါ ဒုက္ခဝေဒနာကို ရှုလိုက်ပြန်တော့ကော ဘယ်က နေ စ, ပြတ်သတုံး (အဆုံးကနေ ပြတ်ပါတယ်) ပေါ်ကြပြီ နော် (ပေါ်ပါပြီ ဘုရား)။

တစ်ခါသွားပါဦး တဲ့၊ ဥပေက္ခာဝေဒနာကို ဒကာ ဒကာမတွေက အကြောင်းချုပ်လို့ အကျိုး ချုပ်တယ်လို့ သိ, သိ သိ, သိပြီးနေလို့ ဥပေက္ခာဝေဒနာ ပေါ် ပျောက်သည်ကို ဒကာ ဒကာမတွေက ရှုလိုက်ပြန်လို့ရှိရင်လည်းတဲ့၊ အဝိဇ္ဇာနုသယက နောက်က ဖြတ်ပစ်လိုက်ပြန်တော့ အဝိဇ္ဇာချုပ်တော့ ပဋိစ္စသမုပ္ပာဒ် အစကနေ ချုပ်ပြန်တယ်ဆိုတဲ့ ဥစ္စာ အထင်အရှား ဖြစ်နေတယ် (မှန်ပါ့)။

လောဘ, ဒေါသ, မောဟသေဖို့

ဒါကြောင့် မှတ်လိုက်ကြစမ်းပါ၊ ဝေဒနာနုပဿနာကို ဘုရားဟောတော်မူခြင်းသည် လောဘ, ဒေါသ, မောဟ သေဖို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘယ့်နှယ်ကြောင့်တုံး (လောဘ ဒေါသ မောဟ သေဖို့ပါ ဘုရား)။

ဒါက ဝေဒနာသုံးပါးသာ လှည့်ရှုနေ (မှန်ပါ့) လောဘ, ဒေါသ, မောဟ မသေပါနဲ့လို့ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

အဲဒါကြောင့် လောဘဟာ ဒကာ ဒကာမတွေ၏ သံသရာရေသောက်မြစ် (မှန်ပါ့) ဒေါသဟာလည်း ဒီ အတိုင်းပဲ၊ မောဟဟာလည်း ရေသောက်မြစ်ဆိုတော့ မောင်ချစ် စိန် ရေသောက်မြစ် သုံးခုပြတ်သွားပြီ (မှန်ပါ့) ခန္ဓာပင်ပေါက် စရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ခန္ဓာပင်မှ မပေါက်ဘဲနဲ့ ခန္ဓာအို, ခန္ဓာနာ, ခန္ဓာသေဆို တာတွေကော (မလာပါ ဘုရား) မလာနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပါတယ် (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် “ကာလံ အာဂမေယျ” ဆိုတဲ့အတိုင်းတဲ့၊ ကာလနဲ့ ရှုလိုက်ပြန်လို့ ရှိရင်လည်း အကြောင်းနဲ့အကျိုး ဆက်ဆက်ပြီး သကာလ၊ အကြောင်း ချုပ်လို့ အကျိုးချုပ်တာပဲ၊ အလကားချုပ်တာ မဟုတ် ဘူး။ ဖြစ်စေတဲ့ အကြောင်းကိုက အနိစ္စမို့ ဖြစ်စေတဲ့ အကျိုး အနိစ္စ လို နေ့တိုင်းမင်းတို့ ဝေဒနာသုံးပါး လှည့်ရှုစမ်းပါတဲ့ (မှန်ပါ) ဒီလို ဆိုရင်လည်း လောဘ, ဒေါသ, မောဟ သေပါတယ်။ အနုသယသုံးပါး သေပါတယ် တဲ့ (မှန်ပါ့) ပေါ်ကြပလား။

အနုသယ ဘယ်နှပါးသေသလဲ (သုံးပါးသေ ပါတယ် ဘုရား) သုံးပါးလည်း ဘယ်သူ – ဘယ်သူတုံး ဆိုတော့ လောဘ, ဒေါသ, မောဟပါပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သတ္တဝါတို့၏ ရေသောက်မြစ်ကလည်း ဘယ်သူ တုံး (လောဘ ဒေါသ မောဟပါ ဘုရား)။

လောဘ ဒေါသ မောဟ သေပါတယ်ဆိုကတည်းက ဒီတရားဟာ စိတ်ကိုပါ ရှုနိုင်တယ် လို့သာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

အကုန်ပါတာပဲ၊ ဝေဒနာရှုလည်း စိတ်ပါတာပဲနော် (မှန်လှပါ ဘုရား) ကြိုက်ရာကိုသာရှု (မှန်ပါ့) ပေါ်လို့ ကိုယ်ဉာဏ်ထဲ ထင်မြင်တာကို ရှုပေးပါ (မှန်ပါ့) သဘောပါ ကြလား (ပါ ပါပြီ ဘုရား)။

ဆီမီးခွက်ဥပမာ

ကောင်းပြီ ဒါဖြင့်ကွာ တဲ့၊ ငါမင်းတို့ကို ဥပမာ ကလေးနဲ့ ပြပါဦးမယ်၊ ဒီဝေဒနာကိုရှုနည်းကို ဆိုတော့ ရှေးကတော့ အခုလို ဓာတ်မီးတွေ မရှိတော့ ဆီခွက်ထဲ ဆီမီးခွက်ထဲ ဒကာ ဒကာမတွေ ဆီကလေးထည့်တယ်၊ မီးစာကလေးထည့်တယ်၊ ပြီးတော့ မီးထွန်းတယ်နော် (မှန်ပါ့)။

အဲဒီတော့ ဆီမီးခွက်ထဲ ဆီထည့်၊ မီးစာထည့်၊ မီးညှိတယ် မောင်သစ် (မှန်ပါ့)။

အဲဒီမှာ ဆီကလည်း နဂိုကပျောက်ပျက်တတ်တဲ့၊ ခမ်းတတ်တဲ့တရား (မှန်ပါ့) မီးစာက လည်း မီးလောင်လို့ရှိရင် ပျောက်တတ် ပျက်တဲ့တရား (မှန်ပါ့)။

အဲဒီတော့ ဆီနဲ့ မီးစာတွေဟာ အနိစ္စ၊ ပျောက်ပျက်တတ် တဲ့တရားကဖြစ်စေတဲ့ မီးကျမှ ခိုင်ချင်- မြဲချင်လို့တော့ မရဘူးကွ တဲ့ (မှန်ပါ့)။

ဘုရားက ဥပမာပေးလိုက်တယ် (မှန်ပါ့) ဒီ သုတ်မှာပဲ ပေးလိုက်တာပဲ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့၊ ဆီကလည်း အနိစ္စ မီးကလည်း အနိစ္စဆိုတော့ မီးကျမှ နိစ္စဆိုချင်လို့ ဘယ့်နှယ့်ဆို ကြမလဲ (မရပါ ဘုရား)။

နိစ္စဆိုတဲ့ ခိုင်မှု-မြဲမှု ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင် ပါ ဘုရား) မဖြစ်နိုင်ဘူးကွ။

ဘာ့ကြောင့်တုံးဆိုတော့ ဆီကလည်းအနိစ္စ၊ မီးစာက လည်း အနိစ္စဖြစ်နေတော့ မီးကျမှ ခိုင်ချင်တယ်၊ မြဲချင်တယ်၊ တည်တံ့ချင်တယ်ဆိုလိုရှိရင်ဖြင့် ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့ တဲ့ (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဆီနဲ့တူတဲ့ ကိုယ်၊ မီးစာတူတဲ့ ဖဿ

ဒီမှာလည်း ဆီနဲ့တူတဲ့ ကိုယ်က လည်း၊ အနိစ္စဟုတ်လား (မှန်ပါ့) မီးစာတူတဲ့ ဖဿကကော (အနိစ္စပါ ဘုရား)။

အနိစ္စဖြစ်နေတော့ မီးနဲ့တူတဲ့ ဝေဒနာက္ခန္ဓာ သဘော ကြီးတွေက မောင်သစ်တို့ ခိုင်ချင်၊ မြဲချင်၊ တည်တန့်ချင်လို့ရကြပါ မလား (မရပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တယ်လည်း ဥပမာ အပေးကောင်းပါကလား (မှန်ပါ့)။

ဥပမာပေး အင်မတန်ကောင်းတော့ ဟုတ်လည်း ဟုတ်ပြီး သကာလ နေတယ်၊ အကြောင်း ကလည်း မှန်နေတယ် ဆိုတော့ ဒကာ ဒကာမတို့ခန္ဓာကိုယ်ထဲမှာ ကိုယ်တည်းဟူသော ဆီ၊ မီးစာ တည်းဟူသော ဖဿ၊ သူတို့နှစ်ခုက ဖြစ်စေတဲ့ မီးနဲ့တူတဲ့ ဝေဒနာဟာ မောင်ချစ်စိန်ဘယ်နည်းနဲ့ ခိုင်မလဲ (မခိုင်ပါ ဘုရား)။

ဘယ်နှယ်ကြောင့်လဲ ဆီကအနိစ္စ၊ မီးစာကလဲ (အနိစ္စပါ ဘုရား) မီးဟာလဲ ဘယ်နှယ့်တုံး (အနိစ္စပါ ဘုရား)။

အဲ ထို့အတူပဲ ကိုယ်ကလည်း အနိစ္စ၊ ဖဿက လည်း အနိစ္စဆိုတော့၊ ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာ သုံးမျိုး စလုံး ဘယ့်နှယ့်ဆိုကြမလဲ (အနိစ္စပါ ဘုရား)။

အနိစ္စချည်းပဲလို့ ဒကာ ဒကာမတွေက ရှူကြမယ်၊ မှတ်ကြမယ်ဆိုလို့ရှိရင်ဖြင့်ကွာ တဲ့၊ ဒါနိဗ္ဗာန် ပေါက်ပါတယ် တဲ့ (မှန်ပါ့)။

နိဗ္ဗာန်ပေါက်တယ်

နိဗ္ဗာန်ပေါက်တယ် – မပေါက်ဘူးဆိုတာကတော့ အား လုံး ဒကာ ဒကာမတွေဉာဏ်နဲ့ စဉ်းစား ကြည့်တော့ ကိုယ့်ပဋိစ္စ သမုပ္ပာဒ် ကိုယ်ရှင်းကြည့်လိုက်တဲ့ အခါကျတော့မှ ဪ သုခ ဝေဒနာရှိတော့ လောဘ ရှုပ်တယ်၊ ဒုက္ခဝေဒနာရှိတော့ ဒေါသရှုပ် တယ်၊ ဥပေက္ခာဝေဒနာရှိတော့ မောဟရှုပ်တယ်ဆိုတော့ လောဘ, ဒေါသ, မောဟကြောင့် ခက်နေတာကိုး (မှန်လှပါ ဘုရား)။

လောဘ ဒေါသ မောဟကြောင့်သာ သံသရာ ခရီး သည် အိုလိုက်၊ နာလိုက်၊ သေလိုက်၊ မျောလိုက်၊ ပြောလိုက် မျက်ရည်ကြီးငယ်ကျလိုက်၊ အရိုးတောင်နှယ် ပုံလိုက်၊ ဒီလိုဖြစ်နေ တာ (မှန်ပါ့) ဒီလောဘ ဒေါသ မောဟ တွေကနော် (မှန်လှပါ ဘုရား)။

အခုတော့ ဒါတွေက ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ဟာ ဝေဒနာဖြစ်ပျက်၊ သုခဖြစ်ပျက် ရှုလိုက်တော့ ကာမရာဂါနုသယဆိုတဲ့ လောဘ (သေပါတယ်) ဒုက္ခ ဝေဒနာရှုလိုက်တော့ ပဋိယာနုသယဆိုတဲ့ ဒေါသမသေဘူးလား (သေပါတယ်) ဥပေက္ခာရှုလိုက်တော့ အဝိဇ္ဇာနုသယဆိုတဲ့ မောဟ (သေပါတယ်) မသေဘူးလား (သေပါတယ် ဘုရား)။

မဂ်က သတ်ပေးတယ်

သေတော့ ဒကာ ဒကာမတွေ၊ လောဘ ဒေါသ မောဟ ဟာ ကျုပ်တို့၏ ရန်သူအကြီးဆုံး ဆိုတော့ ဒီဝေဒနာသုံးခုကို ပေါ်ရာ လိုက်ရှုလိုက်လို့ရှိရင် ရန်သူအကြီးဆုံး သုံးယောက် ကို မဂ်က သတ်ပေးတယ် (မှန်ပါ့)။

ဘယ်သူက သတ်ပါလိမ့် (မဂ်က သတ်ပါတယ် ဘုရား)။

မဂ်က သတ်ပစ်လိုက်တော့ကိုတဲ့၊ မဂ်သည် ကိသာသတ် တယ်ဆိုတဲ့ဟာ ဒီမှာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

မဂ်ဟာ – ဒကာ ဒကာမတို့ ဘာတဲ့ (ကိလေသာ သတ်ပါတယ် ဘုရား)။

ကိလေသာ သတ်တယ်လို့ဆိုတဲ့ အတိုင်းလည်း ကိလေ သာ သုံးမျိုးကုန်သွားတယ် (ကုန်ပါတယ် ဘုရား)။

ကိလေသာသုံးမျိုး (ကုန်သွားပါတယ် ဘုရား) ကုန်သွားတော့ နာမည်ပြောင်းထား တာပါနော် (မှန်ပါ့)။

“ကာလံ အာဂမေတွာ ဥပ္ပဇ္ဇတီတိ အတ္တော” တဲ့ အတိုင်း ခန္ဓာကိုယ် လှည့်လည် သုံးသပ်နေမယ် ဆိုတော့ အခုတော့ ကိုယ်ပါ အနိစ္စ၊ ဖဿပါ အနိစ္စဆိုတော့ ဘယ်ဟာကျုပ်တို့ဟာ ခင်တာ ပါသေးသတုံး (မပါ ပါ ဘုရား)။

အဲဒီတော့ အနုသယ ဘယ်သွားကိန်းမလဲ (မကိန်း ပါ ဘုရား) ကိန်းစရာရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒီတော့ကိုတဲ့ ငါပေးတဲ့ ဥပမာအတိုင်းသာ မင်းတို့ မှတ်ကြပေတော့တဲ့။ ကိုယ့်ဝမ်းထဲ ထည့်တဲ့ ဆီကလည်း အနိစ္စ၊ မီးစာကလည်း အနိစ္စ၊ အလင်းနဲ့တူတဲ့ ဝေဒနာသည် ဘယ်မှာ သာလျှင် နိစ္စဖြစ်နိုင်ပါ့မလဲ၊ အနိစ္စသာ ဧကန်ပဲလို့ မင်းတို့ သိလိုက်လို့ရှိရင် တစ်ခါတည်းကွာတဲ့ လောဘ ဒေါသ မောဟ ဆိုတဲ့ သံသရာ ရေသောက်မြစ်ကြီးသုံးခုဟာ သံသရာဒုက္ခ ပေးလေသမျှ၊ ရေသောက်မြစ် သုံးခုက ဆိုတဲ့အတိုင်း ရေသောက်မြစ်သုံးခုဟာ ပြတ်တောက်ပြီး ထွက်သွားတယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား) မရှင်းဘူးလား (ရှင်းပါတယ် ဘုရား)။

အေး ရှင်းသွားတော့ကိုတဲ့ ငါနိဗ္ဗာန်ရောက်ပုံ ကလေးကိုပါ ပြောပါမယ်ကွာ တဲ့ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

နိဗ္ဗာန်ရောက်ပုံ

နိဗ္ဗာန်ရောက်ပုံကလေးကို မင်းတို့ကို ရှင်းပြဦးမယ် ဟေ့ တဲ့။ ဒီဝေဒနာ ဒီဘက်က သေတော့ ကူညီနိုင် သေးရဲ့လား (မကူညီနိုင်ပါ ဘုရား) အနုသယသုံးပါးသေ ကြသကွ တဲ့။ အနုသယသုံးပါးသေတော့ကို အနုသယ သုံးပါးက နောက်ကသေတာ၊ ဝေဒနာက ရှေ့က သေတာ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

တို့ ၂ – နဲ့ ၃-မကူးရအောင် ကြိုးကလေးဖြတ်လိုက်တဲ့ မဂ်ကလေး ဝင်လာတော့ ကာမရာဂါနုသယလည်း မလာ၊ ပဋိဃာနုသယလဲ (မလာပါ ဘုရား) အဝိဇ္ဇာနုသယကော (မလာပါ ဘုရား)။

မလာဘူးတဲ့၊ အဲဒီတော့ကိုတဲ့ ရှုတဲ့ယောဂီပုဂ္ဂိုလ်က ကဲကွာ ဝေဒနာတွေကဖြင့် အကြောင်းအနိစ္စမို့ အကျိုးကအနိစ္စလို့ မြင်ပြီး၊ အကြောင်းဒုက္ခမို့ အကျိုးဒုက္ခလို့မြင်ပြီး အကြောင်း အနတ္တမို့ အကျိုးအနတ္တလို့ မြင်ပါပြီ တဲ့၊ ဒီဝေဒနာတွေကို (မှန်ပါ့ ဘုရား)။

မြင်တဲ့အခါကျတော့ ဒီဝေဒနာတွေမြင်လို့ ယထာဘူတ ဉာဏ်ရပါတယ်။ ဒီဝေဒနာတွေ ပင်လျှင် သတ္တဝါတွေ သေသမျှ သူတို့သုံးဦးနှိပ်စက်တာပဲ (မှန်ပါ့)။

သတ္တဝါသေလေသမျှ (ဒီသုံးဦး နှိပ်စက်တာပဲ ဘုရား) သုံးဦးနှိပ်စက်တာပဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဝေဒနာနဲ့ သေကြတယ်မဟုတ်လား (မှန်ပါ့) လူတစ်ယောက် သေတယ်ဆို ဘာဝေဒနာတုံးလို့ ဝေဒနာပဲ မေး တာပဲ (မှန်ပါ့) လူမေးရသလား၊ ဝေဒနာမေးရသလား (ဝေဒနာ မေးရပါတယ် ဘုရား)။

ဝေဒနာဟာ သေမင်း

ဟာ ဒါဖြင့် လောကကြီးထဲမှာ သုံးဆယ့်တစ်ဘုံမှာ အသက်အရွယ်တွေကြီးတဲ့ ပုဂ္ဂိုလ် ဟူသ၍မှာဖြင့် မောင်သစ် ဝေဒနာဟာ သေမင်းပဲ (မှန်ပါ့) သတ်တဲ့သေမင်းပဲ (မှန်ပါ့) သဘော ပါကြပလား (ပါ ပါပြီ)။

ဝေဒနာဟာ ဘာခေါ်ကြမယ် (သတ်တဲ့သေမင်း ပါ ဘုရား) သတ်တဲ့သေမင်းပဲဆိုတာ အတော်ရှင်းသွားပါတယ် (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒီဝေဒနာကို ကျုပ်တို့က ဖြစ်ပျက် မြင်လိုက် တယ်၊ ဒီဝေဒနာလဲ ဖြစ်ပျက်မုန်း လိုက်တယ်၊ ကျုပ်တို့က ဒီဝေဒနာ တွေကိုဖြင့် မင်းဟာ ဒုက္ခသစ္စာတွေပဲ၊ မင်းကိုတော့ နည်းနည်းမှ ဒို့မလိုချင်-မရချင်ပါဘူး။ သူသတ်ယောက်ျားမှန်း သိပါတယ် ဆိုတော့ ဝေဒနာက အရင်ချုပ်တယ် (မှန်ပါ့) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဝေဒနာချုပ်သွားတော့ကိုတဲ့ ခန္ဓာကိုယ်ကြီးထဲမှာ ငြိမ်း အေးသွားတယ် (မှန်ပါ့)။

ငြိမ်းအေးသွားတယ်တဲ့၊ အဲဒီတော့ အဲဒီငြိမ်းအေး သွားတော့ ဘယ်နှယ့်ကြောင့် ငြိမ်းအေး သွားပါလိမ့်မတုံး ဆိုတော့ သူသတ်ယောက်ျားတွေ မရှိတော့ ငြိမ်းအေးပြီး သကာလ သွား တော့ လောကီ ဥပမာ ငါပြလိုက်ပါဦးမယ်ကွာ တဲ့၊

အိုးသည် အိုးတွေဖုတ်တဲ့အခါကျတော့ အိုးဖိုထဲက နေပြီး ညှပ်ကြီးနဲ့ ပြင်ဘက်ထုတ်တဲ့ အခါကျတော့ အိုးတွေဟာ အိုးတော့ ရှိတော့ ရှိတာပဲတဲ့ အပူဓာတ်တွေ ငြိမ်းသွားတယ် (မှန်ပါ့)။

အပူဓာတ်တွေ ဘယ်နှယ့်တုံး (ငြိမ်းသွားပါတယ် ဘုရား)။

ဝေဒနာချုပ်အောင် ရှုနိုင်ရင်

ထိုအတူပဲတဲ့ ဝေဒနာမရှိတော့ ဝမ်းထဲက အပူဓာတ် တွေဟာ ငြိမ်းသွားခြင်းကြောင့် ဝေဒနာချုပ်အောင် ရှုနိုင်ရင် ဝမ်းထဲအေးသွားတာပဲ (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဝေဒနာချုပ်အောင်ရှုနိုင်ရင် (အပူဓာတ်တွေ အေး သွားပါတယ် ဘုရား)။

ဝမ်းအေးသွားတယ်၊ နဂိုက အိုးဖိုထဲတုန်းကတော့ ပူနေ မှာပေါ့ (မှန်ပါ့) နောက် ပြင်ဘက် ကျတော့ ဒါကလေးတွေ ထုတ်လိုက်တဲ့အခါကျတော့ ဘယ်သူက အေးအောင် လုပ်ရသေးတုန်း ဆိုတော့ ဒကာ ဒကာမတွေ သိတဲ့ အတိုင်းပဲ ပြင်ဘက် ရောက်ပြန်တော့လည်း အေးသွားတာပဲ (မှန်ပါ)။

ထို့အတူပဲတဲ့ ဝေဒနာချုပ်အောင် ရှုနိုင်လို့ရှိရင် ဝမ်းထဲ မှာ အေးရမယ် (မှန်ပါ့)။

ဝမ်းထဲမှာ အေးသွားတော့ ဘုရားက ဟောထားတယ်၊ အေးငြိမ်းတာ မုချဖြစ်စေနိုင်တယ်ကွ တဲ့ (မှန်ပါ့)။

အဲဒီ အေးငြိမ်းတာသည်ပင်လျှင် မင်းတို့သည်ကားလို့ ဆိုရင် ဝေဒနာချုပ်သွားတာက နိဗ္ဗာန်၊ အေးငြိမ်းတာက ကိလေ သာ သိမ်းတာပဲတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။ ဝေဒနာချုပ်တာက (နိဗ္ဗာန်ပါ) အေးငြိမ်းသွားတာက (ကိလေသာသိမ်းတာပါ) ကိလေသာ သိမ်းတော့ ဒါမဂ်ဉာဏ် ပေါ်တယ် (မှန်ပါ့ ဘုရား)။

ကိလေသာသိမ်းတော့ မဂ်ဉာဏ်ပဲ၊ အေးငြိမ်းတာပဲ ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ ဒီဝေဒနာရှုလို့ရှိရင်ဖြင့် ဒီလိုပဲ အေးငြိမ်း နိုင်ပါတယ်။ အေးငြိမ်း သည်တိုင်အောင် မင်းတို့ ယထာဘူတဉာဏ်နဲ့ကြည့်၍ နိဗ္ဗိန္ဒဉာဏ် နဲ့လိုက်၊ မဂ်ဉာဏ်နဲ့ မလိုချင်တဲ့သဘောနဲ့သာ မင်းရှုလို့ရှိရင် ဝေဒနာအကုန်သိမ်းသွားမယ်၊ အေးသွား တာပဲတဲ့ (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ဝေဒနာ အကုန်သိမ်းရင် (အေးသွားပါတယ် ဘုရား) အေးသွားတယ်ဆိုတဲ့ သဘောသည် ဒကာ ဒကာမတွေ ဘာဖြစ်လို့ အေးရသတုံးဆိုတော့၊ နှိပ်စက်တတ်တဲ့ သေမင်း ပျောက်သွားလို့ အေးတာမျိုး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်လိုရှုရမှာတုံး၊ မေးစရာ မလိုဘူးလား၊ သုခလောလဲ ဖြစ်ပျက် ရှုရုံပဲ (မှန်ပါ့ ဘုရား)။

အဲဒီဖြစ်ပျက်က ဘာတုံး၊ သူအကြောင်းက ဖြစ်ပျက်မို့ သူလဲ ဖြစ်ပျက် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ဒုက္ခလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အင်း ဘယ်နှယ့်ကြောင့် ဖြစ်ပျက်သွားပါလိမ့် (သူ့အကြောင်းက ဖြစ်ပျက်မို့ သူလည်း ဖြစ်ပျက်ပါ) သူ့အကြောင်း နှစ်ခုကိုက ဖြစ်ပျက်မို့ သူ့အကျိုးတရားဟာ (ဖြစ်ပျက်ပါ ဘုရား)။

အဲ ဥပေက္ခာ ဝေဒနာလာလဲ၊ ဘယ်လိုလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ပဲ ရှုရမယ်တဲ့ (မှန်ပါ့ ဘုရား)။

အင်း သံသယရှိလာရင် ဘယ်လိုဉာဏ်နဲ့ သိမ်းရ မယ် (သူ့အကြောင်းဖြစ်ပျက်မို့ သူလည်း ဖြစ်ပျက်ပါ ဘုရား)။

သူ့အကြောင်းနှစ်ခုကိုက ဖြစ်ပျက်မို့ သူကလဲ၊ ဖြစ်ပျက် ရတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပဋိစ္စ သမုပ္ပာဒ် သုံးမျိုး ပြတ်တယ်

ဤကဲ့သို့ ရှူရှူ-ရှူရှုပြီး သကာလ နေလိုက်လို့ရှိရင်ဖြင့် အနုသယသုံးပါးဟာ နောက်က အကုန်သေပါတယ် (မှန်ပါ) မသေသေးဘူးလား (သေပါတယ်) အဲဒီတော့ ပဋိစ္စ သမုပ္ပာဒ် သုံးမျိုး မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါ ပဋိစ္စသမုပ္ပာဒ်သုံးမျိုးပြတ်တော့ ဘုရားသခင်ကိုယ် တော်မြတ်ကြီးဟာ ပဋိစ္စသမုပ္ပာဒ် ပြတ်တဲ့အချိန်မှာ ဘုရားဖြစ် တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားဘယ်အချိန်ဖြစ်ပါလိမ့် (ပဋိစ္စသမုပ္ပာဒ် ပြတ် တဲ့အချိန်မှာ ဖြစ်ပါတယ် ဘုရား)။

တဏှာပြတ်တဲ့အချိန်၊ ဒေါသပြတ်တဲ့အချိန်၊ မောဟ ပြတ်တဲ့အချိန်မှာ သူသည် ဘာဖြစ်ရသတုံး (ဘုရားဖြစ် ရပါတယ်ဘုရား )။

ဪ သူ့မှာ မဂ်ဉာဏ်က ဒါတွေ ဖြတ်လိုက်တဲ့ အခါကျမှ သဗ္ဗညုတဉာဏ်က ပေါ်လာမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ ယနေ့ တရားနာရမှုသည် ထူးထူးခြားခြား နိဗ္ဗာန်လည်း ပေါ်လာတယ်၊ အနုသယသိမ်းပုံ လည်း ပြတယ်၊ အကြောင်းအနိစ္စမို့ အကျိုးအနိစ္စလို့ ဘုရားက ဟောတော့ ကာလတစ်ပြိုင်နက် ရှုမှုကိုလည်း သိစေလို၍ ဟော တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကာလ တစ်ပြိုင်နက် ကြည့်ပါ။ အကြောင်းကာလနဲ့ အကျိုးကာလတို့တစ်ပြိုင်နက်ပဲ မဟုတ်လား (တစ်ပြိုင်နက် ပါ ဘုရား)။

အကြောင်းကာလလည်း ပစ္စုပ္ပန်၊ အကျိုးချုပ်တဲ့ ကာလ ကော (ပစ္စုပ္ပန်ပါ) အကြောင်း ချုပ်တဲ့ ကာလကကော (ပစ္စုပ္ပန်) အကျိုးချုပ်တဲ့ကာလကကော (ပစ္စုပ္ပန်ပါ ဘုရား)။

အဲဒီတော့ ဒီကာလကို မင်းတို့မလွန်အောင် ကြည့်ပေး စမ်းပါ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဝေဒနာဆုံး နိဗ္ဗာန်

ကာလ မလွန်အောင် ကြည့်နည်းကတော့ဖြင့် ခုနင်က အတိုင်းပေါ်လာရှု-ပေါ်လာရှု ပေါ်လာရှုရင် ကာလလွန်စရာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

ကာလလွန်စရာမရှိလို့ ဖြစ်ရင်ဖြင့် ဝေဒနာဆုံး နိဗ္ဗာန်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။