ဝေဒနာနုပဿနာကျင့်စဉ် အမှတ်(၁)
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူအပ်သော
ဝေဒနာနုပဿနာကျင့်စဉ်
ဝေဒနာနုပဿနာ ၁၈-၈-၁၉၆၁၊ (အမရပူရမြို့)
ဒီနေ့တော့ ဒကာ ဒကာမတွေ ဘုန်းကြီးများက သူ့စရိုက် နဲ့သူ လျော်ရာ ပေးရတော့ ဘာဖြစ်ဖြစ် လိုချင်၊ ရချင်များတဲ့ ပုဂ္ဂိုလ် ကျတော့ကို ဝေဒနာ ရှုရမယ် (မှန်ပါ့)။
လိုချင် ရချင်များတဲ့ ပုဂ္ဂိုလ်ကျတော့ (ဝေဒနာရှုရပါမယ် ဘုရား) ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်မှာ (စိတ်ရှုရပါမယ် ဘုရား)။
တဏှာများတဲ့ ပုဂ္ဂိုလ် ဝေဒနာရှု
တဏှာများတဲ့ ပုဂ္ဂိုလ်မှာ ဝေဒနာရှု၊ ဒကာ ဒကာမတို့ နော် (မှန်ပါ့ ဘုရား)။
အနာနဲ့ဆေး သင့်အောင်ပေးလို့ ရှိရင်ဖြင့် ပျောက်ရေး မခက်ဘူး ဆိုတဲ့ ရှေးပုံပြင်လို ဒီမှာလဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့ အရေးဟာ လျော်အောင် ပေးရပါတယ် ဆိုတာ ကိုလဲ သေသေ ချာချာ မှတ်ပါ။ (မှန်လှပါ)။ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်၊ (စိတ်ရှုရပါမယ် ဘုရား) အဲ ဝိပဿနာရှု (မှန်ပါ)။
တဏှာများတဲ့ ပုဂ္ဂိုလ် (ဝေဒနာနုပဿနာ ရှုရပါမယ် ဘုရား) အေး ဒါကြောင့် ဒီနေ့ ဝေဒနာ ဘက်က သင်ပေးမယ်။ မှန်လှပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီနေ့ ဝေဒနာဘက်က သင်လိမ့်မယ်၊ အဲဒါ ကြပ်ကြပ် သတိထားပါ (မှန်လှပါ ဘုရား)။
သုခ-ဒုက္ခ-ဥပေက္ခာ
ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ တစ်ခါတလေ ချမ်းသာတာ ရှိ တယ်နော် (မှန်ပါ့)၊ ချမ်းသာတဲ့ ဥစ္စာ သုခဝေဒနာ (မှန်ပါ့)၊ ဆင်းရဲ တာက (ဒုက္ခဝေဒနာပါ ဘုရား)၊ ချမ်းသာဆင်းရဲ လွတ်နေတာက (ဥပေက္ခာ ဝေဒနာပါ ဘုရား)၊ အလတ်စားက ဥပေက္ခာဝေဒနာ နော် (မှန်ပါ့)၊ ကောင်းပြီ ဒါ-သုခ-ဒုက္ခ-ဥပေက္ခာ (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
အပြင်ဧည့်သည် ခြောက်ယောက်
သို့သော် ရှုတဲ့နေရာ အကွက်မကျ ပြန်လို့ရှိရင်လဲ ဒကာ ကြွယ်ရေ မှားတတ်တယ်နော် (မှန်ပါ့ ဘုရား)။ အဲဒါကြောင့် ဒကာ ဒကာမတို့ မျက်လုံးထဲ ဘာပဲပေါ်ပေါ် ဥပေက္ခာမှတ် (မှန်ပါ့) နားထဲက ဘာကြားစိတ် ပေါ်ပေါ် ဥပေက္ခာပါ ဘုရား။ နှာခေါင်း ထဲက ဘာပဲနံနံ (ဥပေက္ခာပါ ဘုရား)။ ဘာပဲမွှေးမွှေး ဥပေက္ခာ၊ သဘောကျပလား (ကျပါပြီ)။ လျှာပေါ်ကဘာပဲ စားစား (ဥပေက္ခာပါ ဘုရား)၊ လျှာပေါ်မှာ ပေါ်တဲ့ ဝေဒနာဟူသရွေ့ စိတ် ဟူသရွေ့ ဥပေက္ခာလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။
ကိုယ်ပေါ်မှာတော့ ဒကာ ဒကာမတို့ တစ်ခါတလေကျ တော့ ချမ်းသာ သုခဝေဒနာ ပေါ်ပါတယ် (မှန်ပါ့)။ တစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့ နေရာပေါ် ပေါ်တဲ့ နေရာ စိုက်ရ လိမ့်မယ်နော် (မှန်ပါ့)။
တစ်ခါတလေ တစ်ကိုယ်လုံးမှာ အပ်သွား ချစရာမရှိ အောင် နာတာလဲ ပါသေးတယ်(မှန်ပါ့) ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ (မှန်ပါ့)။
အဲဒီတော့ မနေ့က ပြောသလိုပဲ အပြင်ဧည့်သည် ဒကာသစ် ခြောက်ယောက်ပဲ မှတ်လိုက်၊ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဥပေက္ခာ ၄ခု၊ သုခ ဒုက္ခ၊ ဘယ်နှစ်ခု ရှိသွားပြီလဲ (ခြောက် ခုပါ ဘုရား)။ ခြောက်ခု ရှိသွားပြီ ဒကာ ဒကာမတွေ မှတ်လိုက်စမ်း ပါ (မှန်ပါ့)။
အတွင်းဧည့်သည် သုံးယောက်
ဝမ်းထဲ ကျတော့ ငွေကလေး ရွှေကလေးရရှိရင် သောမန ဿ ဝင်တယ်(မှန်ပါ့)။ ဝမ်းသာ လိုက်တာ ဆိုတော့ ဝမ်းထဲမှာပေါ် လို့ ဝမ်းသာတယ်လို့ပြောတာ (မှန်ပါ့)။
တစ်ခါတလေကျတော့ စိတ်သည်ကားလို့ ဆိုရင် ဝမ်းနည်း တယ် (မှန်ပါ့ ဘုရား)။ ဝမ်းနည်းတယ် ဆိုတော့ ဝမ်းထဲမှာဒေါ မနဿ ဖြစ်တာကို ဆိုပါတယ် (မှန်ပါ့) သဘော ကျပလား(ကျပါပြီ)။
ဝမ်းသာတယ် ဝမ်းနည်းတယ် မဆိုကြဘူးလား (ဆိုကြပါ တယ်)။ တစ်ခါတလေကျတော့ ဝမ်းသာဝမ်းနည်း မရှိပါဘူး ဆို တာကော (ရှိပါတယ် ဘုရား)၊ ဝမ်းထဲမှာ ဝမ်းသာဝမ်းနည်းတဲ့စိတ် မရှိပါဘူး ဆိုတာ ဥပေက္ခာပေါ်တာ (မှန်ပါ့)။
ဒီစိတ်မပေါ်ရင်လဲ သေသွားမယ်(မှန်ပါ့) ဝမ်းသာ,ဝမ်း နည်း မရှိလို့ရှိရင်လဲ ကြားရှိရ သေးတယ် (မှန်ပါ့)။
တစ်ခါတလေ ဝမ်းသာတာနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)။ တစ်ခါတလေကျတော့ (ဝမ်းနည်းတာနဲ့ အသက် ရှင်ပါတယ် ဘုရား)။
တချို့များငိုရင်းမတ္တနဲ့ အသက်ရှင်နေတာ အရှိသားပဲ (မှန်ပါ့) ဝမ်းနည်းတဲ့ ဝေဒနာက အသက်ရှင်အောင် လုပ်ထားတယ် (မှန်ပါ့) တချို့ကျတော့လဲ ဝမ်းသာ ဝမ်းနည်း ကင်းနေတော့ သူ့မှာ ဝမ်းသာတဲ့ စိတ်လဲ မရှိဘူး၊ ဝမ်းနည်းတဲ့ ဝေဒနာလဲ မရှိဘူး ဆိုသဖြင့် ဝမ်းသာ ဝမ်းနည်း ကင်းတဲ့ ဥပေက္ခာ ဝေဒနာနဲ့ အသက်ရှင် နေတယ် (မှန်ပါ့)။
ဒါက အတွင်းဧည့်သည်က ဒကာ ဒကာမတွေ သိတဲ့ အတိုင်း သုံးယောက်ပေါ့ (မှန်ပါ့) ဝမ်းထဲမှာပေါ်လို့ အတွင်းထား လိုက်ပါတယ် (မှန်ပါ့)။
အပြင်ဘက်မှာပေါ်လို့ အပြင်ဧည့်သည် ခြောက်ယောက် ထားလိုက်ပါတယ် (မှန်ပါ့)။
အိမ်သည် သုံးယောက်
တစ်ခါတလေ ကျတော့ ဒကာ ဒကာမတွေ ဝမ်းသာ သာနဲ့ အသက် ရှူနေတယ်လို့ ရှိတယ်၊ (မှန်ပါ့) ဝမ်းနည်းနည်းနဲ့ အသက်ရှူ နေတာကော (ရှိပါတယ် ဘုရား) စိတ်ညစ်ညစ်နဲ့ အသက် ရှူနေတာ၊ ဒေါမနဿနဲ့ အသက် ရှူနေတော့ (မှန်ပါ) မရှိ ဘူးလား (ရှိပါတယ် ဘုရား) တစ်ခါတလေ ကျတော့ ဝမ်းသာ ဝမ်းနည်းနဲ့ ရှူနေတာကော (ရှိပါတယ် ဘုရား)။
အင်း ရှိတယ် ဆိုတာ -ဒါဖြင့် အသက်ရှူ တာလဲ သုံးခုရှူပါလား၊ ဝမ်းသာတဲ့ စိတ်ကလဲ ရှူစေ နိုင်တယ်၊ ရှိုက်စေနိုင်ပါတယ်၊ ဝမ်းနည်းတဲ့ စိတ်ကကော (ရှုစေနိုင်၊ ရှိုက်စေ နိုင်ပါတယ် ဘုရား)။
ခင်ဗျားတို့ မောနေတဲ့အခါ ကြည့်စမ်းပါလား။ နှပ် တရှုတ်ရှုတ်နဲ့ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။ မကြားကြရ ဘူးလား၊ (ကြားကြရပါတယ် ဘုရား) တစ်ခါတလေ သိပ်များ ရှူနေတဲ့ အခါပါတယ် (ပါ-ပါတယ် ဘုရား) တစ်ခါတလေ သိပ် ရှိုက်နေတဲ့ အခါကော (ပါ-ပါတယ် ဘုရား) အဲဒါ ဒေါမနဿ ဝေဒနာနဲ့ တစ်ခါ တည်း ရှူလိုက် ရှိုက်လိုက် လုပ်နေတာ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
တစ်ခါတလေကျတော့ လူမသိ သူမသိ ရှူနေတဲ့အခါ ကျတော့ ဥပေက္ခာ ပါတယ် (မှန်ပါ့ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါဖြင့် ရှူစိတ် ရှိုတ်စိတ်က သုံးခုပေါ့ဗျာ (မှန်ပါ့) ပေါ် ချင်တာပေါ်လိမ့်မယ် (မှန်ပါ့)။
ကိုင်း ဝေဒနာသည် အပြင်ဧည့်သည် ခြောက် ယောက်၊ အတွင်း ဧည့်သည်သုံး ဟုတ်လား (မှန်ပါ့) အိမ်သည် သုံး၊ ထားလိုက်ပါတော့ (မှန်ပါ့) ပေါ်အောင် ပြောရတယ်နော်၊ (မှန်ပါ့)။
ပေါ်ရာကို မဂ္ဂင်ငါးပါးနဲ့ လိုက်
အဲဒါတွေကို ဒကာ ဒကာမတွေ ပေါ်ရာကို မဂ္ဂင်ငါးပါးနဲ့ လိုက်ပါ၊ (မှန်ပါ့) ပေါ်ရာကို (မဂ္ဂင် ငါးပါးနဲ့ လိုက်ရပါမယ် ဘုရား)။
လိုက်တော့ ဝေဒနာက ဖြစ်ပျက်၊ လိုက်တာက မဂ်၊ (မှန်ပါ့ ဘုရား) သဘော ကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား) လိုက်တာက (မဂ်ပါ ဘုရား)။
အဲဒီလို ရှုရှု ရှုရှုနေတော့ ဝေဒနာပစ္စယာ တဏှာ မလာ ဘူးလား (မလာပါ ဘုရား)။
သုခဝေဒနာပစ္စယာ တဏှာကော၊ (မလာပါ ဘုရား)
ဒုက္ခဝေဒနာပစ္စယာ ဒေါသကော (မလာပါ)၊ ဥပေက္ခာ ဝေဒနာ ပစ္စယာ မောဟကော (မလာပါ ဘုရား)။
မလာဘူး ဒကာ ဒကာမတို့ ေဩာ် ဝေဒနာရှုတာ လောဘ ဒေါသ မောဟ သေသကိုး (မှန်ပါ့)။
ဝေဒနာရှုတာ (လောဘ, ဒေါသ, မောဟ သေပါတယ် ဘုရား)။
ဪ ဒါဖြင့် နိဗ္ဗာန် ဆိုတာ လောဘ ဒေါသ မောဟ ကင်းရင် ရောက်တာပဲ (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
နိဗ္ဗာန်ဆိုတာ (လောဘ, ဒေါသ, မောဟ ကင်းရင် ရောက်ပါတယ်) လောဘ, ဒေါသ, မောဟ ကင်းရင် ရောက်လာ ပဲဆိုတဲ့ဥစ္စာ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အပြင်ဝေဒနာက ဘယ်လောက် ပါလိမ့် (ခြောက်ပါးပါ ဘုရား) အတွင်း ဝေဒနာက (သုံးပါး ဘုရား)။
အဲဒါ ဉာဏ်ကလေးက ပြင်ဘက်မှာ ပေါ်လို့ရှိရင် ပြင် ဘက် ရှု၊ အတွင်းဘက်မှာ ပေါ်လို့ ရှိရင် အတွင်း ရှု၊ (မှန်ပါ့) ဘာမှမရှိတဲ့ အခါ ဒီ-အိမ်သည်သုံးခု တစ်ခုခုတော့ ပေါ် ရမယ်။ (မှန်လှပါ ဘုရား) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီကဲ့သို့ ပေါ်လို့ရိရင် ဒကာ ဒကာမတွေက ရှုပါ၊(မှန်ပါ့) ရှုတော့ကို ရှုလိုက်တဲ့ အခါကျတော့ ဝေဒနာဟာ အခုပြောလိုက်တဲ့ အခါကျတော့ ခြောက်ရယ် သုံး နှစ်ခုရယ် နော် (မှန်ပါ့)။
ကောင်းပြီ ဆယ့်နှစ်ပဲရှု၊ (မှန်ပါ့) ဆယ့်နှစ်ပဲ ရှိတယ်ဆို တာ အမြင်အတိုင်း ပေါ့ဗျာ (မှန်ပါ့)။
ဒါ ခင်ဗျားတို့ ရေးတဲ့ပုဂ္ဂိုလ်လဲရေး၊ မှတ်တဲ့ ပုဂ္ဂိုလ်လဲ မှတ် ထားပေါ့ဗျာ (မှန်ပါ့)။
ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်က သော်-ဒီလိုရှုရမှာကိုး ဒါပဲ တို့ သန္တာန်ပေါ် သကိုး ဆိုတာ မှတ်ပြီး ရှုတာပေါ့၊ (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီနေ့ ရှင်းပြီးသည်၏ အခြားမဲ့၌ နောက်ဆုံး ပိတ် တစ်နေ့ကျတော့ ဝေဒနာသည် ပြားသာနေတာတဲ့၊ ဒကာ ဒကာမတို့ ဝေဒနာ အမျိုးအမည်သာ ပြားနေတာ ခင်ဗျားတို့ မြင်သရွေ့ ပြောစမ်းပါ ဆိုတော့ ဒကာကြွယ်ရေ သစ္စာတွေ့တာပဲ၊ (မှန်ပါ့) ဖြစ်ပျက်တာ ဘာသစ္စာ၊ (ဒုက္ခသစ္စာပါ) ဟာ-ဒါပဲတွေ့တာ ပါပဲ (မှန်ပါ့)။
ဖြစ်ပျက် ရှုခိုင်းတာ
ဒါဖြင့် ဝေဒနာရှု ဆိုတာလဲ ဖြစ်ပျက် ရှုခိုင်းတာ၊ (မှန်ပါ့) စိတ်ရှု ဆိုတာကော (ဖြစ်ပျက် ရှုခိုင်းတာပါ) ဖြစ်ပျက် အရှုခိုင်းတာ ပဲဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဘယ်သူ၏ ဖြစ်ပျက်တုံး မေးတဲ့အခါကျမှသာ လျှင်၊ ေဩာ်-ဒါဟာ အပြင် ဝေဒနာ၏ ဖြစ်ပျက်ပါ ဘုရား၊ အတွင်း ဝေဒနာ၏ ဖြစ်ပျက်ပါ ဘုရား၊ အိမ်သည် ဝေဒနာ၏ ဖြစ်ပျက်ပါ ဘုရားလို့ မသိဘဲ နေမှာစိုးလို့ ပြရတာ၊ ခင်ဗျားတို့ ဉာဏ်အတွေ့မှာ တော့ ဝေဒနာ မတွေ့ပါဘူး။ ဥဒယနဲ့ ဝယတွေ့ပါတယ် (မှန်ပါ့)။
ဥဒယဆိုတာ ဖြစ်တာ (မှန်ပါ့) ဝယဆိုတာ (ပျက်တာပါ) အဲ-ဖြစ်ပျက်ပဲ တွေ့တာပဲ ဒကာကြွယ်ရေ (မှန်ပါ ဘုရား)။
ဖြစ်ပျက်တွေ့ရင်ဝိပဿနာတွေ့တာပဲ
ဘာတွေ့ကြသလဲ၊ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား) အဲဒီ တော့ ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ် ချုံးပြီး သကာလ ပြောစမ်းပါ ဘုရားဆိုရင်ဖြင့် အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ အမှတ်ကြီးသာ မှတ်လိုက်ပါတော့ ဖြစ်ပျက်တွေ့ရင် ခင်ဗျားတို့ ဝိပဿနာတွေ့တာပဲ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တွေ့ရင် (ဝိပဿနာတွေ့ပါတယ် ဘုရား) ဝိပဿနာ အလုပ်တွေ့ပြီလို့ အောက်မေ့ ပေတော့ (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့ဆိုငြား သော်လဲတဲ့ ဝေဒနာကို ဒီကနေပြီး၊ နောက်ကနေပြီး မဂ္ဂင်နဲ့လိုက် တဲ့အခါကျတော့ ဝေဒနာတို့၏ ဖြစ်ပြီးသား ပျက်ပြီးသားတွေ့ တာပဲ (မှန်ပါ)။
ဘယ်ကလို မှတ်ကြမယ်(ဝေဒနာတို့၏ ဖြစ်ပြီးသား ပျက်ပြီး သားတွေ့ပါတယ် ဘုရား)။
ဆင်ဥပမာ
ဥပမာ ဒကာသစ်တို့ အိမ်ထဲမှာ ညမှာ ဒကာသစ်တို့က အိပ်ကြပြီ၊ ဆင်တစ်ကောင်က ကျောက်လမ်းပေါ် လာအိပ်တယ် (မှန်ပါ့) လာတာလဲ ဒကာသစ် မသိလိုက်ပါဘူး။ ဒီကအိပ်နေကြ တာကိုး (မှန်ပါ့) မနက်ကျတော့ လူမနိုးခင် ထသွားတယ် (မှန်ပါ့) လူမနိုးခင် ထသွားတဲ့ အခါကျ တော့လဲ သိလိုက်ကဲ့လား၊ (မသိ လိုက်ပါ ဘုရား)။
ဒါဖြင့် အိပ်တာ မအိပ်ဘူးလား (အိပ်ပါတယ်) သွား ကော မသွားဘူးလား (သွားပါတယ်) ဒါဖြင့် ဖြစ်လဲ ဖြစ်တယ် ပျက် လဲ ပျက်တယ်၊ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
သို့သော် နံနက် ဒကာသစ်တို့က ထကြည့်လိုက်တဲ့ အခါ ကျတော့ ဪ ဆင်ဟာ ဒီနေရာ အိပ်ပြီး သွားပြီ၊ (မှန်ပါ့) ဒါဖြင့် စိတ်ဟာ ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ် (မှန်လှပါ ဘုရား)။
*တစ်ခုသောစိတ်နဲ့ အသက်ရှင်နေတယ်၊ (မှန်ပါ့) နောက်တစ်ခု စိတ်နဲ့ အသက်ရှင်နေတာ အရင်တစ်ခုသော စိတ် ကို ရှာတွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား) သို့သော် မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ်) မပျက်ဘူးလား၊ ပျက်သလား (ပျက်ပါ တယ် ဘုရား)။
မှတ်ချက်။ ။* ဝေဒနာနှင့်စိတ်သည် သဟဇာတ၊ အတူဖြစ်, အတူပျက် သောကြောင့် ဝေဒနာနှင့် စိတ်သည် မကွဲဟု ဆိုနိုင်သည်။
အဲ အရင်စိတ်ဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပြီး ပျက်သွား လေရဲ့ လို့ သိလို့ ရှိရင်၊ ဒါ – ဝိပဿနာ ဉာဏ် ဆိုက်ပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ၊
နာမ် နာမ်ချင်းရှုတာ သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဆန်းကြယ်တယ် မှတ်ပေတော့ (မှန်ပါ့)။
နှစ်ခု ပစ္စုပ္ပန်ကောတည့်ရဲ့ လားဘုရား ဆိုတော့ တည့် တယ်ပဲ (မှန်ပါ့) ဘယ့်နှယ့်ကြောင့် တည့်တယ်လို့ ဖြေရသတုံး လို့မေးတဲ့ အခါကျတော့မှ ကြားထဲမှာ ဒကာ ဒကာမတို့ တစ်ပါး သော တရားမှ ဝင်မှ မဝင်ဘဲ (မှန်ပါ့ ဘုရား) ဝင်သေးရဲ့လား (မဝင် ပါ ဘုရား)
အဲ သူဖြစ်ချုပ် သွားတာနဲ့ ဖြစ်ချုပ်သွားပြီး ကြည့်တာ နဲ့ ကြားထဲ ဘာမှ မပါဘူး၊ (မှန်ပါ့) အသိနဲ့ ကိုက်မနေဘူးလား (ကိုက်နေပါတယ် ဘုရား)။
အဲဒီကဲ့သို့ အသိနဲ့ ကိုက်နေလို့ ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိလေသာကြား, မခြားပါဘူး (မှန်ပါ့ ဘုရား) ပစ္စုပ္ပန် တည့်တာပဲ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဘာတည့်ပါလိမ့် (ပစ္စုပ္ပန်တည့်ပါတယ် ဘုရား) အဲဒါ အိမ်မှာ စမ်းကြည့်ပါ၊ ဒကာ ဒကာမတို့ စမ်းကြည့်လိုက်လို့ ရှိရင် ဖြင့်၊ အသက်တစ်ရာ နေရတာနဲ့ ဒီတစ်ချက်တွေ့တာနဲ့ ဒါကမြတ် သေးတယ်လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။
လုပ်ဖြစ်အောင်လုပ်ရမည့်အလုပ်
ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်ရမည့် အလုပ် ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။
လုပ်ဖြစ်အောင် (လုပ်ဖြစ်အောင် လုပ်ရမည့်အလုပ်ပါ) လုပ်ဖြစ်အောင်လုပ်ရမည့်အလုပ် (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့် လုပ်ဖြစ်အောင်လုပ်ရမည့် အလုပ်လို့ မေးဖို့ လိုသတုံးလို့ မေးတဲ့ အခါကျတော့ ဒကာ ဒကာမတွေ ဒီဝေဒနာ ပစ္စယာ ထုံးစံ ဆိုရင် တဏှာပါ၊ ဟော-သူ့မရှုလို့ရှိရင် ဘယ်သူက ဝင်သတုံး (တဏှာ ဝင်ပါတယ် ဘုရား)။
တဏှာပစ္စယာ၊ (ဥပါဒါန်ပါ ဘုရား) ဥပါဒါနပစ္စယာ၊ (ကမ္မဘဝပါ) ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။
ကိုင်း-ဒကာ ဒကာမတို့၊ နှစ်ဘဝ ဆက်သွားတယ် (မှန်ပါ့) နှစ်ဘဝ ဆက်တယ် ဆိုတော့ ဒကာ ဒကာမတွေ မရိပ်မိမှာ စိုးတော့ ဝေဒနာကို မရှုလို့၊ ဒီဝေဒနာလေး တစ်ခုကို ဥပမာ-သုခ ဖြစ်ဖြစ်, ဒုက္ခဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ်၊ ဒကာ ဒကာမတို့ မရှုမိတော့ကို သူ့ထုံးစံ အတိုင်း ပဋိစ္စသမုပ္ပာဒ်က ဝေဒနာပစ္စယာ၊ (တဏှာပါ ဘုရား)
တဏှာပစ္စယာ၊ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ) ဪ ဒါကပစ္စုပ္ပန်ဘဝ၊ ဒီလေးခုက ပစ္စုပ္ပန် (မှန်ပါ့ ဘုရား)။
ဘဝပစ္စယာ (ဇာတိပါ) အဲဒါက အနာဂတ်ဘဝ (မှန်ပါ့ ဘုရား)။
ေဩာ်-ဝေဒနာ မရှုလိုက်တာ တို့မှာဖြင့် ဘဝနှစ်ခု ဆက် သွားပြီ (မှန်ပါ့) သေရင် ဆက်ရမှာပဲ (မှန်ပါ့ ဘုရား)။
ဝေဒနာ မရှုလိုက်တာဘာတဲ့ (ဘဝနှစ်ခု ဆက်သွားပါ တယ် ဘုရား) မသေခင်က ဆက်ဖို့ ရွယ်ထားတဲ့ အဓိပ္ပာယ်ပါတယ်၊ ပါ-ပါတယ် ဘုရား)။
မသေခင်က (ဆက်ဖို့ ရွယ်ထားတဲ့ အဓိပ္ပာယ် ပါပါတယ်) ဆက်ဖို့ ရွယ်ထားတဲ့ အဓိပ္ပာယ် ပါနေတာဟာ ခင်ဗျားတို့ အပြော လား အမြင်လား (အမြင်ပါ ဘုရား)။
ကဲ ဒါဖြင့် စားပွဲပေါ် အမြင်နဲ့ ခင်ဗျားတို့ ခန္ဓာဖြစ်စဉ် ဟာလဲ ကိုက်ပါရဲ့လား (ကိုက်ပါတယ် ဘုရား)။
ဒီဝေဒနာကို မရှုမိတဲ့ အခါကျတော့ စားကောင်းတယ် ဆို တာ ဝေဒနာ မနေဘူးလား (မှန်ပါ့) စားကောင်းတော့ ကြိုက် တယ် (မှန်ပါ့) ကြိုက်လို့ ရှိရင်ဖြင့် ကျုပ်တို့ စွဲစွဲလမ်းလမ်းဖြင့် ကြိုက် တယ် (မှန်ပါ့) နောက်တစ်ဖန် စားရအောင် အားထုတ်မယ်၊ မလာ ဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ တဏှာ, ဥပါဒါန်, ကံတွေ မလာဘူးလား၊ (လာ ပါတယ်) ကဲ-ကံလာတော့ သေသည်၏ အခြားမဲ့၌ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေက သံသရာကြောက်ပါ တယ်လဲဆိုရဲ့၊ ကျုပ်ဖြင့် နောက်ပဋိသန္ဓေ တွေ့ရမှာများ ဒီဇာတိ လာမှာ သိပ်ကြောက်တာပဲ (မှန်ပါ့) ဒီဇာတိလာမှာ သိပ်ကြောက် တာပဲ၊ ကျုပ်ဖြင့် အခုအိုတာကိုလဲ လန့်လှပါပြီ၊ ဒါ ပဋိသန္ဓေနေ မိလို့ အိုရတာ (မှန်ပါ့ ဘုရား)။
လန့်သာ လန့်နေတာ၊ အခုဟာ အလန့် ပျောက်ကြောင်း အလုပ်ကိုတော့ မလုပ်ဘူး (မလုပ်ပါ ဘုရား)။
လန့်သာလန့်နေတယ်၊ အလန့်ပျောက်ကြောင်း အလုပ် ကိုတော့ (မလုပ်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကို ဒကာ ဒကာမတွေ အနာသာရှိ၍ ဆေး မသိတဲ့ပုဂ္ဂိုလ်နဲ့ တူနေတယ် (မှန်ပါ့ ဘုရား)။
အနာသာရှိ၍ (ဆေးမသိတဲ့ ပုဂ္ဂိုလ်နဲ့ တူနေပါတယ်) ဆေးမသိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တူပြီးသကာလ နေတဲ့အတွက်၊ ဒကာ ဒကာမတွေ ယနေ့ သိပါပြီ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဝေဒနာပေါ်တိုင်း-ပေါ်တိုင်း ဘာလုပ်ကြမလဲ။ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက်မှုကနေ ရှုလိုက် (မှန်ပါ့) ရှေ့ဝေဒနာ၊ နောက် က ရှုတဲ့မဂ်၊ (မှန်ပါ့) ဒီလိုရှုလိုက်တဲ့အခါကျတော့၊ ဝေဒနာ နောက်က တဏှာ လာသေးရဲ့ လား (မလာပါ) ဥပါဒါန်, ကံတွေ ကော (မလာပါ ဘုရား)။
ဒါဖြင့် ဒီဘဝမှာ ဒကာ ဒကာမတို့ ပေါ်နေကျ တရား တွေ ပေါ်သေးရဲ့ လား (မပေါ်ပါ ဘုရား)။
ဒီဘဝ ပေါ်နေကျတရားမှ မပေါ်လို့ရှိရင်ဖြင့် နောက် ဘဝပေါ်စရာ အကြောင်းကော (မရှိပါ) ဒီဘဝ ပေါ်နေကျတရား တဏှာ, ဥပါဒါန်, ကံမှ မပေါ်ဘဲ (မှန်ပါ့ ဘုရား)။
အဲဒါ ဘယ်သူပါလိမ့်မတုံးလို့ သေသေချာချာ မေးတော့ မှ ေဩာ်- မဂ်ဖြတ်တာပဲ (မှန်ပါ့ ဘုရား)။
တဏှာ, ဥပါဒါန်, ကံကို ဘယ်သူဖြတ်လိုက်ပါလိမ့် (မဂ် ဖြတ်လိုက်ပါတယ် ဘုရား)။
ဪ-ဒါဖြင့်မဂ်သည်၊ ဒကာကြွယ် ဘယ်တရားမျိုးတုံး ဆိုတော့ တဏှာ, ဥပါဒါန်, ကံဖြတ်သည် (မှန်ပါ့) ရှင်းပလား၊ (ရှင်းပါပြီ) တိုတိုပြောချင်တော့ ကံဖြတ်တယ် (မှန်ပါ့ ဘုရား)။
ရှင်းရှင်း တိုတို ပြောချင်တော့ ဘယ့်နှယ်ပြောကြမလဲ၊ (ကံဖြတ်ပါတယ် ဘုရား)။
ဒီကံဖြတ်လိုက်တော့ ဒီဇာတိဒုက္ခ မလွတ်ဘူးလား (လွတ် ပါတယ်) ဒီဇာတိသည် ဒကာ ဒကာမတို့ အပါယ်ဇာတိ၊ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာသစ် ဒီကံဖြတ်လိုက်တာ ကြိုက်-မကြိုက် (ကြိုက်ပါတယ်) နတ်ဇာတိလို့ ဆိုပြန်တော့ကော (ကြိုက်ပါတယ် ဘုရား) ကြိုက်ရင် ရမှာပဲ ဒုက္ခသစ္စာကိုး (မှန်ပါ့) ဗြဟ္မာ ဇာတိလို့ ဆိုပြန်တော့ (ကြိုက်ပါတယ်) ဘာဖြစ်လို့တုံး (ဒုက္ခသစ္စာမို့ပါ)
အဲဒါကြောင့် သစ္စာသိတဲ့ ပုဂ္ဂိုလ်မှ ကံဖြတ်ကြိုက်တယ် (မှန်ပါ့)။
သစ္စာသိတဲ့ ပုဂ္ဂိုလ်မှ (ကံဖြတ်ကြိုက်ပါတယ်) သစ္စာမသိ သေးတဲ့ ပုဂ္ဂိုလ်ဟာ (ကံမျှော် ပါတယ် ဘုရား)။
သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ဟာ ကံမျှော်ပါတယ် (မှန်ပါ့) မမျှော်ဘူးလား (မျှော်ပါတယ် ဘုရား)။