မဂ္ဂသစ္စာအနက် (၄)အဓိပတေယျဋ္ဌော(၂)

မဂ္ဂသစ္စာအနက် (၄)အဓိပတေယျဋ္ဌော(၂)

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် မဂ္ဂသစ္စာအနက်မှ အဓိပတေယျဋ္ဌော အမှတ်(၂)၊ ဒွန်းစဏ္ဍားနေရာနှင့်တူလှသော(၃၁)ရွာ၊ သုသိမပရိဗိုဇ်ဥပမာပြတရားတော်

စာအုပ်ခေါင်းစဉ်= မဂ္ဂသစ္စာ၏ အနက်လေးချက်(အဓိပတေယျဋ္ဌော)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

မဂ္ဂသစ္စာ၏ အနက်လေးချက်

(အဓိပတေယျဋ္ဌော)

(၂၅-၁၂-၅၈)

မနေ့က ပြောခဲ့တယ်၊ “အဓိပတေယျဋ္ဌော” ဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ အဓိပါလာမှ စိတ်ချ ရတယ်လို့ ပြောထားတယ်၊ သီလမှာလည်း အဓိပါမှ၊ သမာဓိမှာလည်း အဓိပါမှ၊ ပညာမှာလည်း အဓိပါမှ (မှန်ပါ)။

ဒီက ပညာမဂ္ဂင်၊ ဒီက သမာဓိမဂ္ဂင်၊ ဒီက သီလမဂ္ဂင်၊ ရိုးရိုးသီလက လည်း ဒကာ ဒကာမတွေ သန္တာန်မှာ ရှိကြတာပဲ၊ တရားနာနေတဲ့ပုဂ္ဂိုလ်၊ အားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ ရှိကြပါတယ်။

ရှိပေမယ့် ဒါလုံလောက်ပြီလားလို့ မေးတဲ့အခါကျလို့ရှိရင်၊ မခိုင်မြဲ သေးဘူးလို့ မှတ်ရမယ် (မှန်ပါ)။

ဘာပါမှ ခိုင်မြဲမှာလဲလို့ သေသေချာချာ မှတ်လို့ရှိရင်ဖြင့်၊ သီလမှာလည်း လွန်သောသီလ၊ အကြီးအကဲဖြစ်တဲ့ သီလဖြစ်မှ (မှန်ပါ)။ သမာဓိမှာကော (အကြီးအကဲ ဖြစ်မှာပါ ဘုရား) ပညာမှာကော (အကြီးအကဲ ဖြစ်မှ ပါ ဘုရား)။

ဪ ဒါဖြင့် သီလ၊ သမာဓိ၊ ပညာလို့ ဆိုထားတော့ ဗြုန်းခနဲ ကြည့်လိုက်တဲ့အခါ ဒကာသိုက်တို့ ဦးဝတို့က တစ်မျိုးတည်း တစ်စားတည်းလို့ ထင်ကြတယ်နော် (မှန်ပါ့)။

တစ်မျိုးတည်းမထင်ကြနဲ့

တစ်မျိုးတည်း မထင်ကြပါနဲ့လို့ သတိပေးလိုက်ပါတယ် (မှန်ပါ့) ပညာမှာလဲ ပညာရိုးရိုး တစ်မျိုး၊ အဓိပညာ တစ်မျိုး၊ သမာဓိမှာလဲ ဒီအတိုင်းပဲ သမာဓိ အလုပ်လုပ်နေတယ်။

အာနာပါန ထွက်သက်စသည်ကိုလုပ်၊ အဲဒါ လုပ်ရိုးလုပ်စဉ်က တစ်မျိုး၊ တစ်ခါတည်း မဂ်ဆိုက် ဖိုလ်ဆိုက်ပြီး နိဗ္ဗာန်ကို မြင်ပြီး သကာလ နေတော့၊ နိဗ္ဗာန်ကို မြင်တဲ့ အဓိပါတဲ့ သမာဓိက တစ်မျိုး၊ သီလမှာလဲ ဒီဘဝမှာ ခံယူတဲ့ သီလသည် ရိုးရိုးသီလ၊ အလှုပ်အရှား မခံတဲ့ သီလ ရိုးရိုးတစ်မျိုး။

ဘယ်လိုပင် လှုပ်ရှားငြားသော်လဲ ပျက်စီးမှု မရှိတဲ့သီလ ခိုင်မြဲတဲ့ သီလပေါ့ဗျာ (မှန်လှပါ ဘုရား) စုတေတောင်ခိုင်မြဲတဲ့သီလ၊ စုတေပြီး တောင် ဒီသီလက မပျက်ဘူး၊ အဲဒါမှ အဓိသီလလို့ ဆိုရတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပညာမှာလဲ အဓိပညာပေါ့ နော်၊ သမာဓိမှာကော (အဓိသမာဓိပါ ဘုရား)၊ အဲဒါ အဓိစိတ္တလို့ ခေါ်တယ်၊ သီလမှာကော (အဓိသီလပါ ဘုရား)။

ဪ ဒီလိုမှသာလျှင်၊ ဒကာ ဒကာမတို့ နို့သီလ၊ ဒို့သမာဓိ၊ ဒို့ပညာသည် ခိုင်လုံပြီလို့ မှတ်ပါနော် (မှန်ပါ့) ဒီကြားမှာ ဘုရားအဆူဆူ နဲ့ တွေ့ခဲလို့ ဒီသီလမျိုး၊ ဒီသမာဓိမျိုး၊ ဒီပညာမျိုးနဲ့ နေခဲ့တဲ့အတွက် ကျုပ်တို့ ခင်ဗျားတို့မှာ ယခုတိုင်ပဲ အိုဘေး၊ နာဘေး၊ သေဘေးတွေ အမြဲကြုံပြီး သကာလ နေရတာ ထောက်ကြည့်လိုက်လို့ရှိရင်။

အဓိပါမှ စိတ်ချရတယ်

ေဩာ် အဓိပါတဲ့ သမာဓိ၊ အဓိပါတဲ့ ပညာ၊ အဓိပါတဲ့ သီလကို ဒို့မရခဲ့၊ မကြုံခဲ့လို့ ဤကဲ့သို့ အိုဘေး၊ နာဘေး၊ သေဘေး အစရှိသော ဘေးအတန်တန် ရန်အထပ်ထပ်တွေနဲ့ အကျပ်အတည်း တွေ့နေတာပဲလို့ ဦးဝင်း မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သီလမှာလဲ ဘာပါဖို့ အရေးကြီးပါလိမ့် (အဓိပါဖို့ အရေးကြီးပါတယ် ဘုရား) သမာဓိမှာကော အဓိပါဖို့ အရေးကြီး ပါတယ် ဘုရား)။ ပညာမှာကော (အဓိပါဖို့ အရေးကြီး ပါတယ် ဘုရား)။

ဘုန်းကြီး မနေ့ကလည်း ရှင်းလင်း ပြောခဲ့ပါတယ်၊ ဒီနေ့ သူ့ အဆက်က မကုန်လို့ ဆက်ပြီး သကာလ ပြောရခြင်း ဖြစ်ပါတယ်။ အဲဒီတော့၊ ဪ ဒို့ သီလ၊ သမာဓိ၊ ပညာတော့ စုံပြီလို့၊ ကိုယ့်ဟာ ကိုယ် တင်းတိမ်ပြီး သကာလ မနေလိုက်ပါနဲ့လို့ ဦးဘကြည်တို့ ဦးဝင်းတို့ကို ဘုန်းကြီးက အကြောင်းတစ်ခု ပြောပြတယ်နော် (မှန်ပါ့)။

ဦးခင်မောင် မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ကျန်တာတွေက ပျက်စီးတယ်၊ ကိုထွန်းဦး (မှန်ပါ့) ပညာကော ပျက်စီး နိုင်ပါတယ်၊ အဓိမပါလို့ ပျက်စီးတာ။

တိုတိုပြောကြပါစို့

အဲဒီတော့ တိုတိုပြောကြပါစို့ ဒကာ ဒကာမတို့ မနေ့ကလည်း ဒီအဓိပ္ပာယ် ရှင်းပြီးသား ဖြစ်သောကြောင့်၊ ရှေ့ဆက်တဲ့ စကားကိုသာ သုံးကြပါစို့ ဆိုတော့ “ကပဏဇန သဒိသ ဒုက္ခဒဿနေန ဥဠာရ ကုလသဒိသော” လို့ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ မှာလာတယ်။

ဒါ နားလည်မှာ မဟုတ်ပါဘူး၊ ပါဠိလိုဖြစ်နေလို့ မြန်မာလို ပြောတဲ့ အခါကျတော့၊ အထီးကျန် လူဆင်းရဲ အမွဲနဲ့ တူတဲ့ ဒုက္ခသစ္စာကို မြင်မှ သာလျှင်၊ ပြန့်ပြောသော ဆွေကြီး မျိုးကြီးနဲ့ တူသော အမျိုးနဲ့ တူသော မဂ္ဂသစ္စာ ထင်ရှား လာတယ် တဲ့။

ဆင်းရဲတာမြင်မှ ချမ်းသာတာထင်ရှားမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာမြင်မှ မဂ္ဂတို့ နိရောဓတို့ဟာ ပိုမိုပြီး သကာလ ထင်ရှားမယ် (မှန်ပါ့) ဆင်းရဲတာ မြင်မှ ချမ်းသာတာသည် ဒကာ ဒကာမတို့ ထင်ရှားမယ် မဟုတ်လား (မှန်ပါ့)။

ဆင်းရဲတာ မမြင်ဘူးတဲ့ ပုဂ္ဂိုလ်သည် ချမ်းသာတာကို ထင်ရှားတယ်၊ ထူးခြားတယ်လို့ ဆိုလို့ရရဲ့လား (မရပါ ဘုရား) အဲဒီတော့ ဒီလိုလုပ်ကြ ပါတဲ့၊ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဖြစ်ချင်လို့ရှိရင် ဒကာ ဒကာမတို့ ဒုက္ခ သစ္စာနဲ့ နိရောဓသစ္စာ ကို ပြိုင်မြင်အောင် လုပ်ပါ (မှန်ပါ့)။

ပြိုင်မြင်အောင်လုပ်ပါ

ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာ ဘာလုပ်ရမှာတုံး (ပြိုင်မြင်အောင် လုပ်ရမှာပါ ဘုရား) ပြိုင်မြင်အောင် လုပ်ရမယ် ဆိုတော့ ဒီဘက်က ရုပ်နာမ် ဒုက္ခသစ္စာ၊ ဒီဘက်က နိရောဓသစ္စာ ထားပါ။ ဒါက မဂ္ဂသစ္စာပဲ ထားပါတော့ (မှန်ပါ့)။

‘‘ကပဏဇနသဒိသ ဒုက္ခဒဿနေန ဥဠာရ ကုလသဒိသော အဓိ ပတေယျဋ္ဌော’’ ဆိုတဲ့ အတွက် ဥပမာ ပြောကြပါစို့ ဒကာ ဒကာမတို့ ဒီဘက်က ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒီဘက်က (နိရောဓသစ္စာပါ ဘုရား)။

ကောင်းပြီ တဲ့၊ အားထုတ်တဲ့ ပုဂ္ဂိုလ်များမှာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဖြစ်တဲ့ အခါကျတော့၊ မြင်ပုံ ထူးခြားပုံ ဦးဝင်းတို့ကို ပြပေးမယ်နော် (မှန်ပါ့)။

ဘယ်လိုမြင်လာမှ ေဩာ် အဓိဆိုတာ ဖြစ်လာတာပါလား၊ ဒို့ဖြင့် အဓိသီလဖြစ်ပြီ၊ အဓိစိတ္တ ဖြစ်ပြီ၊ အဓိပညာဖြစ်ပြီ ဆိုတာ၊ အမြင် ဘယ်လို ရောက်မှ ဒို့သည်ကားလို့ ဆိုရင် စိတ်ချရတဲ့ သီလ၊ စိတ်ချရတဲ့ သမာဓိ၊ စိတ်ချရတဲ့ ပညာဖြစ်မယ် ဆိုတာ၊ ဒီနေ့တော့ဖြင့် ထူးထူးခြားခြားပဲ သိရမယ် လို့ ဦးခင်မောင်တို့ မှတ်ထား ရမယ်နော် (မှန်ပါ့)။

သုဘရာဇာတွေ

ကဲ ဒါကို ဥပမာနဲ့ ပြောမှပဲ သိမယ် (မှန်ပါ့) ကိုင်း ကျုပ်တို့ မန္တလေးမှာ ရဟိုင်းသုသာန် ဆိုတာ ရှိတယ်၊ ဆင်ဖြူကန် သုသာန် ဆိုတာ ရှိတယ်၊ အဲဒီ သုသာန်တွေမှာ သုဘရာဇာတွေ ထိုက်တန် သလောက် မရှိဘူးလားဗျာ (ရှိပါတယ် ဘုရား)။

သူတို့မှာတော့ ဒီအထဲမှာပဲ မွေး၊ သူတို့ အမေ အဖေကလဲ ဒီမှာ အိမ်ထောင်ကျ ဒီမှာ မွေးတယ် ဆိုတော့ သူတို့မှာ အထူးကြောက်တယ်၊ လန့်တယ်လို့များ ရှိသေးသလား (မရှိပါ ဘုရား)။

အသုဘလာလေ ဝမ်းသာလေ

ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးဆိုတော့ ဒီမှာမွေး ဒီမှာနေလို့ပေါ့ (မှန်ပါ)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ သို့သော် သူတို့မှာ အသုဘလာတဲ့ အခါကျလို့ရှိရင် ကျေနပ်ကြတယ်၊ မြို့ထဲရွာထဲက ဒကာ ဒကာမတွေကတော့ အသုဘ ကိုယ့်လမ်း ကိုယ့်အိမ်ရှေ့က ချလာရင်ကို သိပ် မကျေနပ်ဘူး (မှန်ပါ)။

သူတို့ကတော့ အသုဘ လာလေ ဝမ်းသာလေပဲ၊ ဒီလိုမနေဘူးလား (နေပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် အသုဘလာတာ ဝမ်းသာပါလိမ့် မလဲလို့ ဒီသုဘရာဇာတွေ မေးကြည့်တော့၊ သူတို့မှာ ဒါလာရင် လာဘ်ကြီး တစ်ခုလို့ ဆိုမှာပဲ (မှန်ပါ)။

မဆိုပေဘူးလား (ဆိုမှာပါ ဘုရား)၊ သူများကတော့ ကြောက်လန့် ကြတယ်၊ သူတို့ကျတော့ ဘယ့်နှယ်တုံး (လာဘ်ကြီးပါ ဘုရား)၊ လာဘ်ကြီး တစ်ခုဆိုတော့ အမြင်တစ်မျိုးစီ ဖြစ်နေတယ် (မှန်ပါ)။

သူတို့အမြင်ကတစ်မျိုး

မြို့ထဲကလူတွေက အမြင်တစ်မျိုး၊ သူတို့အမြင်က (တစ်မျိုးပါ ဘုရား)၊ မြို့ထဲက အမြင်ကတော့ အသုဘ ဆိုလို့ရှိရင်ဖြင့် မင်္ဂလာမရှိ ကြောက်ဖို့ လန့်ဖို့ ကိစ္စတစ်ခုရယ်လို့ အထိမ်းအမှတ် ထားကြတယ် (မှန်ပါ)။

သူတို့မှာတော့ ဒီဟာတွေ လာလေလေ သူတို့မှာ တွင်းတူးခတို့၊ လက် ဖက်ကြွင်း လက်ဖက်ကျန်တို့၊ ဆေးလိပ်ကြွင်း ဆေးလိပ်ကျန်တို့ ရလို့ သူတို့ မှာတော့ လာဘ်ရွှင်တဲ့နေ့ (မှန်ပါ)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သူတို့ကတော့ လာဘ်ရွှင်တဲ့နေ့၊ ခင်ဗျားတို့က အမင်္ဂလာနေ့၊ ဘာများ ထူးခြား နေကြသတုံးလို့ မေးတဲ့အခါ အမွေး ထူးခြားနေတယ် (မှန်ပါ)၊ ဘာ များ ထူးခြားနေသတုံး (အမွေး ထူးခြားနေပါတယ် ဘုရား)၊ မွေးတာ ထူးခြားနေတယ်။

ဒီထဲမှာမွေး၊ ဒီထဲမှာနေ

သူတို့ကတော့ ဒီထဲမှာမွေး၊ ဒီထဲမှာနေ၊ ဒီမြေပုံပေါ်မှာပဲ သူတို့ကစား ကြတာပဲ (မှန်ပါ)၊ သူတို့မှာတော့ ဒီအထဲမှာ ပစ္စည်းတွေပါသွားပြန်လည်း ယူကြတာပဲ၊ အိမ်ဆောက်ဖို့ဟ၊ ကာဖို့ ရုံဖို့ဟနဲ့ သူတို့မှာတော့ ဒီဥစ္စာ ရလေ ဝမ်းသာလေပဲ (မှန်ပါ)။

ခင်ဗျားတို့ကတော့ အိမ်ရှေ့ လာမဖြတ်ပါနဲ့၊ ဒီဥစ္စာတွေ ဖြတ်ပြီးလို့ရှိ ရင် မတတ်သာလို့ ဖြတ်ရလည်း ပြင်ဘက်လွှင့်ပစ်ပေးပါဦးတဲ့ (မှန်ပါ)။

အံမာ ခင်ဗျားတို့ကတော့ သွေးကြီး၊ မွေးကြီးဖြစ်နေလိုက်တာ၊ သူတို့ ကတော့ လာဘ်ကြီး ဖြစ်နေတယ် (မှန်ပါ)၊ သူတို့ကတော့ လာဘ်ကြီး ဖြစ် မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

နန်းတော်အိမ်တော်မရောက်ဖူးကြ

အဲဒီတော့ ဘယ့်နှယ်ကြောင့် လာဘ်ကြီးဖြစ်နေရသတုံးလို့ မေးတော့၊ သူတို့က နန်းတော် အိမ်တော်နဲ့တူတဲ့ ရွှေပြောင်ပြောင် အင်မတန်ခမ်းနားပြီး ကြီးကျယ်တဲ့နေရာဌာန မရောက်ဖူးတော့၊ သူတို့နေရာ ကလေးနဲ့ သူတို့တော့ သူတို့ ဆောက်ထားတဲ့ တလားပျက်တို့၊ မြင်းပေါင်တို့ အစ ရှိသည်နဲ့ နေရ၊ ထိုင်ရ တော့ သူတို့ အချင်းချင်းလည်း အိမ်ချင်းပြိုင်ပေါ့ဗျာ (မှန်ပါ)။

ငါက တလားပျက်များတယ်၊ သူက တလားပျက်များတယ်လို့ မဟုတ် ဘူး၊ ငါ့အိမ်က ကောင်းတယ်၊ သူ့အိမ်က ကောင်းတယ်လို့ မပြိုင်ကြ ပေဘူးလား (ပြိုင်ပါတယ် ဘုရား)။

ပြိုင်တဲ့အခါကျလို့ရှိရင် ငါ့အိမ်က လုံလုံခြုံခြုံရှိတယ်။ ငါ့အိမ်က ရွှေတွေ၊ ငွေတွေကပ်လို့ အစရှိသည်နဲ့ ကုလားရွှေတွေပေါ့ဗျာ (မှန်ပါ)။

သူတို့ဟာ အချင်းချင်း သူတို့အတင်းတိမ်ကြီး တင်းတိမ်နေကြတယ် ဆိုတာတော့ ခင်ဗျားတို့ ငြင်းဖို့မလိုပါဘူး (မှန်ပါ)၊ ဘာဖြစ်လို့တုံး ဒီအထဲ မွေးပြီး ဒီအထဲကြီးလို့ (မှန်ပါ)။

ဒိပြင် နန်းတော် အိမ်တော်ရောက်ဖူးရဲ့လား (မရောက်ဖူးပါ ဘုရား)၊ မရောက်ဖူးတော့ ကိုယ့်ဟာနဲ့ကိုယ် ဘယ့်နှယ့်နေသတုံး (ကျေနပ် နေပါတယ် ဘုရား)။

သူ့မှာအထီးကျန်လူဆင်းရဲ

ကောင်းပြီ ဒါဖြင့် သူ့မှာ အထီးကျန် လူဆင်းရဲအမွဲကိုးဗျ (မှန်ပါ)။ အထီးကျန်ဆိုတာ ဆွေဖော် မျိုးဖော်ကလည်း ဒါလောက မရှိဘူး၊ လူဆင်းရဲက လည်းဖြစ်ပြန်၊ အမွဲကလည်း ဖြစ်ပြန် ဆိုတော့၊ သူတို့ဟာနဲ့သူတို့တော့ဖြင့် ပျော်သာ နေရတာပဲ၊ ကိုယ်မွဲတယ်လို့ မသိဘူး (မှန်ပါ)။

ရေစက်ချတဲ့အခါ ငါက ရေခွက်ထဲမှာပါတဲ့ ပိုက်ဆံများများ ရတယ်၊ ငါကလည်း ဆေးလိပ်တို ဆေးလိပ် အကြွင်းအကျန်တွေ မင်းတို့ထက် များများ ရတယ်နဲ့၊ သူတို့ဟာ သူတို့ကို ဂုဏ်ယူ နေတာပေါ့ဗျာ (မှန်ပါ)၊ မယူကြပေ ဘူးလား (ယူပါတယ် ဘုရား)။

လူများများသေလေ မင်္ဂလာရှိလေ

အဲဒီတော့ သူတို့သည်ကားဆိုလို့ရှိရင်ဖြင့်၊ သူတို့အမျိုးနဲ့ သူတို့ရိုးနဲ့ သူတို့ဖြစ်လာတဲ့ အခါကျလို့ရှိရင် မင်္ဂလာနဲ့ အမင်္ဂလာကို သူတို့မင်္ဂလာက တစ်မျိုး ဗျ (မှန်ပါ)၊ ဒကာသိုက်တို့ မင်္ဂလာက (တစ်မျိုးပါ ဘုရား)။

သူတို့မင်္ဂလာက မြို့ထဲက လူများများ သေလေလေ သူတို့မှာ လာဘ် ရွှင်လေလေ မင်္ဂလာ ရှိလေလေ မဟုတ်လား၊ သူတို့မှာ အကျိုးပေးသန်လေလေ ပဲ၊ ဒီလိုမနေပေဘူးလား (နေပါတယ် ဘုရား)။

မြို့ထဲမှာတော့ အ,မင်္ဂလာ

ကောင်းပြီတဲ့ မြို့ထဲကလူကလည်း ဒါတွေမြင်ရလေလေ ပရိတ်ရွတ် ကြဦးစို့ကွ၊ ဟုတ်လား၊ အန္တရာယ်ကင်းလေး ဘာလေးနဲ့ ကြိုးစားကြဦးစို့ကွ၊ ဒီလိုနေလို့ မဖြစ်ဘူးကွတဲ့။ သူတို့မှာတော့ အမင်္ဂလာ ဖြစ်ပြီး သကာလ နေကြ တယ်၊ သုဘရာဇာတွေကတော့ ဒီလိုနေ့မှာ အကျိုးပေးတဲ့နေ့ လို့ဆိုမှာပဲ (မှန်ပါ)။

တွင်းတူးတဲ့လူကလည်း များများတူးရလို့ တစ်တွင်း (၂)ကျပ် (၃)ကျပ် အစရှိသည်နဲ့ ရမယ်ဆိုရင် သူ့မှာ ဝင်ငွေများတာပေါ့ဗျ (မှန်ပါ)၊ မများပေ ဘူးလား (များပါတယ် ဘုရား)။

အဲဒီတော့ သူဟာ ဒီနေရာမှာကြောက်တယ် လန့်တယ်လို့များ ရှိသေးသလား။ သူ့ဟာနဲ့သူ ပျော်မွေ့နေသလားလို့ မေးကြည့် (ပျော်မွေ့နေပါ တယ် ဘုရား)။

သူတို့ကတော့ ခင်ဗျားတို့က နှာခေါင်းရှုံ့လေလေ သူတို့မှာ မင်္ဂလာရှိ လေလေပဲ (မှန်ပါ)၊ ဒီလို မနေပေဘူးလား (နေပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကြီးကိုလည်း မမြင် ရသေးတော့၊ ခင်ဗျားတို့ ကိုယ့်ခန္ဓာကိုယ်လည်း အသုဘရယ်လို့ ယူလေ့မရှိကြ ဘူး၊ ဒုက္ခသစ္စာရယ်လို့ ယူလေ့မရှိဘူး။

ဒွန်းစားစိတ်ပေါက်နေတယ်

ခုနင်က ဒွန်းစဏ္ဍာတွေမှာတော့ အသုဘပစ္စည်း အိမ်ကြီးကို မင်္ဂလာ ရှိတဲ့အိမ်လို့ ယူသလို၊ ခင်ဗျားတို့ကလည်း နိဗ္ဗာန်မမြင်ဖူးသေးတော့ ဒွန်းစဏ္ဍာ စိတ်ပေါက်နေတယ် (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သဘောကျပြီလား ဒကာ ဒကာမတို့၊ စင်စစ်တော့ ဒီအထဲမှာ ဘာ သစ္စာတုံးမေးရင် ဘယ့်နှယ် ပြောကြမှာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ခဏခဏ ဖြစ်ပျက်နေတာပဲ မဟုတ်ဘူးလားဗျာ (မှန်ပါ)။

စားတာ သောက်တာတွေကကော (ဒုက္ခသစ္စာပါ ဘုရား) ကျင်ငယ်အိမ် ကုဋီအိမ်တွေ ကလည်း အသုဘတွေ မဟုတ်လား (မှန်ပါ)၊ နေကြထိုင်ကြတဲ့ သားတွေ၊ သမီးတွေ ကိုယ့်ခန္ဓာ တွေကကော (ဒုက္ခသစ္စာ တွေပါ ဘုရား)။

ဒုက္ခသစ္စာအသုဘတွေ

ဒုက္ခသစ္စာ အသုဘတွေ မဟုတ်လားဗျာ (မှန်ပါ)၊ သို့သော်လည်း နိဗ္ဗာန် မမြင်ဖူးသေးတော့ ကိုယ့်အသုဘ ကလေးတွေနဲ့ ကိုယ့်သားသမီး ကလေးတွေနဲ့ ကိုယ့်ခန္ဓာ ကိုယ်ကလေးကိုကြည့်ပြီး သကာလ အတော်ဟုတ်နေတာ (မှန်ပါ)။

ကျုပ်တို့ ငယ်ပါသေးတယ်၊ ဖီးနိုင်ပါသေးတယ်၊ လိမ်းနိုင်ပါသေးတယ်။ အစရှိသည်နဲ့ ကိုယ့်ဟာကိုယ်တော့ဖြင့် ဟုတ်နေသေးတာပဲ (မှန်ပါ)။

ဘာဖြစ်လို့ပျော်မွေ့တာတုံးလို့ဆိုတော့ ချမ်းသာတဲ့နိဗ္ဗာန်ကို မမြင်သေး တော့ ဒုက္ခသစ္စာ ဆိုတဲ့ ဒွန်းစဏ္ဍာရွာ၊ ဒွန်းစဏ္ဏားအိမ်၊ ဒွန်းစဏ္ဏားတို့၏ လာဘ် ရွှင်မှုကိုပင်လျှင် ဘယ့်နှယ် နေကြသတုံး (ပျော်မွေ့နေပါတယ် ဘုရား)။

ဒီထက်ကောင်းတာမမြင်ဖူးလို့

ဘယ့်နှယ်ကြောင့် ပျော်မွေ့ပါလိမ့် ဦးခင်မောင်ရေ၊ ဟင် ဒီထက်ကောင်း တာ မမြင်ဖူး သေးဘူး (မှန်ပါ)၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဘာမမြင်သေးတာတုံး (ဒီထက်ကောင်းတာ မမြင်ဖူးသေးလို့ပါ ဘုရား)။ ဒီထက် ကောင်းတာက ဘယ်သူတုံး (နိရောဓသစ္စာပါ ဘုရား)။

အဲဒါ မမြင်ဖူးသေးတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ် ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နေကြထိုင်ကြတာသည်၊ အိမ်တိုင်းမှာ ကြည့်ပါ။ ဘယ်အိမ်မှာ အသုဘ ကင်းသတုံးလို့ မေးကြည့် (မကင်းပါ ဘုရား)။

ကျင်ကြီးမရှိတဲ့အိမ်ပြစမ်းပါ

ဘယ်အိမ်မှာမှ နှပ်မရှိတဲ့အိမ်၊ သလိပ်မရှိတဲ့အိမ်၊ ကျင်ကြီးကျင်ငယ် မရှိတဲ့အိမ်ပြစမ်း (မရှိပါ ဘုရား) ဒါဖြင့် အသုဘတွေပဲ (မှန်လှပါ ဘုရား)။

ဘေးက ကာရံထားတာတွေလည်း ဘာကို ကာထားတာတုံးလို့ ဆိုလို့ ရှိရင် ၎င်းအသုဘကို ကာထားတာပဲ (မှန်ပါ) ဒီပြင် ဘာများ ရှိသေးသတုံး (မရှိပါ ဘုရား)။

အဝတ်တွေ ဘာတွေလည်း ဘယ်လိုပဲ အဖိုးထိုက်တန်တာတွေ ဝယ်ထား ထား ဘာဖုံးဖို့တုံးလို့မေးပါ (အသုဘဖုံးဖို့ပါ ဘုရား) သို့သော် ကိုယ့်ဟာနဲ့ကိုယ် နိဗ္ဗာန် မမြင်ဘူး သေးတော့၊ အံမာ ငါက ဒီရွာထဲ တော်တော် ထည်ထည်ဝါဝါ နေနိုင်တဲ့အိမ် (မှန်ပါ)။

အသုဘချင်းပြိုင်နေတာ

ဘယ်သူချင်း ပြိုင်နေတာတုံးဗျ (အသုဘချင်း ပြိုင်နေတာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဘာချင်းပြိုင်နေတာတုံးဗျ (အသုဘချင်း ပြိုင်တာပါ ဘုရား)။

သေသေချာချာ စဉ်းစားပါ။ နိဗ္ဗာန် မမြင်ခင် ဖြစ်နေတဲ့ အဖြစ်ကို ပြောပါ တယ် (မှန်ပါ)၊ နိဗ္ဗာန်ကို မမြင်သေးခင်မှာ ခင်ဗျားတို့ ကိုယ့်ဟာနဲ့ကိုယ် ဟုတ်ပြီး သကာလ နေလိုက်တာ၊ ဦးခင်မောင်တို့ လူစုကလည်း မပြောပါနဲ့ တော့ ဟင် (မှန်ပါ)။

ဒါ ဘာမမြင်သေးခင်တုံးဗျ (နိဗ္ဗာန်မမြင်သေးခင်ပါ ဘုရား)။ ဒါဖြင့် ချမ်းသာအစစ်ကို မမြင်သေးတော့၊ ခုနင်က ဒွန်းစဏ္ဏားကလေးတွေလိုပဲ သူတို့ အိမ်နဲ့ သူတို့ရွာပဲ အတော် မင်္ဂလာရှိနေသလို ဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ခင်ဗျားတို့လည်း သေသေချာချာ စဉ်းစားကြည့်တော့၊ ဘယ်အိမ်မှာပဲ ကြည့်ကြည့် ထွေးခံရှိပါရဲ့လား၊ နောက်ဖေးအိုး ရှိပါရဲ့လားလို့ မေးလိုက်ရင် အဆင်သင့်ရှိတယ်။

ဟာ၊ ဒါတွေ ဘာလုပ်ဖို့တုံး အသုဘဖြစ်တဲ့ ပစ္စည်းတွေ စွန့်ဖို့ ဒိပြင် ဘာပြောစရာ ရှိသေးသတဲ့ (မရှိပါ ဘုရား) လက်သုတ်ပုဝါများ ရှိကြရဲ့လား၊ မျက်နှာသုတ်ပုဝါများ ရှိကြရဲ့လား၊ လက်ကိုင်ပုဝါများ ရှိကြရဲ့လားလို့မေးရင် ဒကာသိုက်က ဘယ့်နှယ်ဖြေမှာလဲ (ရှိပါတယ် ဘုရား)။

ရှိတယ်လို့ ဖြေရမှာပဲ၊ ဘာလုပ်ဖို့တုံးမေးမှ၊ ခင်ဗျားတို့က ဂုဏ်ဖော်ရမှာ မဟုတ်ဘူးလား (မှန်ပါ) ဘာလုပ်ဖို့တုံးဆိုတော့ အသုဘတွေ ရှိတာကို အကုန်ပြင်ဖို့ ဆင်ဖို့ဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒွန်းစဏ္ဍားဝမ်းသာတာမျိုး

သို့သော်လည်း ကိုယ့်အိမ်ကိုယ့်ယာကလေးနဲ့ နေရတော့၊ ဪ တော်သေးရဲ့ ဒါလောက် အကျိုးပေးရင် တော်သေးရဲ့တဲ့၊ ဘာဝမ်းသာမှုမျိုး ဝမ်းသာနေတာတုံး (ဒွန်းစဏ္ဏား ဝမ်းသာတာ မျိုးပါ ဘုရား)။

အသုဘများလေလေ ဘာတုံးဗျာ (ဒွန်းစဏ္ဏားက ဝမ်းသာ လေလေပါ ဘုရား) ဦးဝင်း ရိပ်မိပြီလား (မှန်ပါ)။

ဘာကြောင့် ဝမ်းသာတာတုံး ဆိုလို့ရှိရင်ဖြင့်၊ သားကလေး မွေးလာ တာလည်း အသုဘ၊ သမီးကလေး မွေးလာတာလည်း အသုဘ၊ ခင်တဲ့ မင်တဲ့ ပုဂ္ဂိုလ်တွေ ဝိုင်းလာပြန်တော့ကာ (အသုဘပါ ဘုရား)။

အဲဒါတွေ များလေလေ ဒီအိမ်ရှင်က ဘာဖြစ်လေလေတုံး (ဝမ်းသာလေလေပါ ဘုရား) ခက်လိုက်တဲ့ ဖြစ်ခြင်းမပြောပါနဲ့တော့၊ ဘာတွေများတာတုံး မေးရမှာလဲ အခက်သားဖြစ်နေတယ် (မှန်ပါ) ရိပ်မိ ပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘာကို မမြင်ခင် ဘဝင်မြင့် နေတာတုံး (နိဗ္ဗာန် မမြင်ခင်ပါ ဘုရား) ဒီထက် ချမ်းသာ တာကို မမြင်ဘူးသေးတော့၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ် နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီကအဓိမဖြစ်သေးဘူး

အဲဒီတော့ ခင်ဗျားတို့ ဒီအမြင် မပြောင်းသရွေ့ ကာလပတ်လုံး ဦးဘကြည် အမြင်မှန်ရပြီလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား) အဲဒီအမြင် မှန် မရသေးရင်လဲ ဒီက အဓိမဖြစ်သေးဘူး ကိုထွန်းဦးရဲ့ (မှန်ပါ)။

အဓိသီလ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) အဓိစိတ္တရော (မဖြစ်နိုင်ပါ ဘုရား) အဓိပညာရော (မဖြစ်နိုင်ပါ ဘုရား) ဪ ) ဒါဖြင့် ဒို့အမြင်ဟာ ဘယ်အချိန် အဓိတပ်ရမှာတုံး ဆိုတာ၊ ယနေ့ မနေ့ကထက် ပိုရှင်းအောင်လို့ ပြောပြန်တယ် (မှန်ပါ)။ နိမူ) ရှီး

မနေ့ကထက် ပိုရှင်းတယ်မဟုတ်လား (ရှင်းပါတယ် ဘုရား) အမြင် ကို ပြောင်းရမှာကိုးဗျ (မှန်ပါ) အခုတော့ ဘယ်လိုဖြစ်နေသတုံးလို့ မေးတဲ့ အခါကျတော့၊ ကိုယ့်ဟာကလေးနဲ့ ကိုယ်ပဲ အသုဘတွေနဲ့ နေရလည်း ကျေနပ် နေတာပဲ၊ မဟုတ်ဘူးလား (မှန်ပါ)။

ဆေးရုံတက်နေရလည်းကျေနပ်တယ်

ဆေးရုံပေါ်တက်နေရလည်း (ကျေနပ်ပါတယ် ဘုရား) ငါတော့ ၁၂-ကျပ်တန်း တတ်နိုင်လို့၊ ၁၃-ကျပ်တန်း တတ်နိုင်လို့ဆိုပြီး ဘဝင်ကတော့ မြင့်လိုက်သေးတာပဲ မဟုတ်လား (မှန်လှပါ ဘုရား)။

ဒီ အသုဘထားရာဌာနကြီးတွေကိုပင်လျှင် ဘဝင်မြင့်ပြီး နေသေး တော့ ဒကာ ဒကာမတွေ အတော်ခက်မနေဘူးလား (ခက်ပါတယ် ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဆေးရုံတက်တယ်ဆိုကတည်းက သုဘပို့တက်တာလား၊ အသုဘမို့ တက်တာလား (အသုဘမို့တက်တာပါ) မတင့်တယ်လို့ အနာတွေ ဘာတွေ ပေါက်လို့ ဟုတ်လားဗျာ (မှန်ပါ)။

မတင့်တယ်တဲ့ အနာတွေ ဘာတွေရှိလို့ တက်ရတော့ ၁၂-ကျပ်တန်း၊ ၁၃-ကျပ်တန်း တက်ရရင် ခင်ဗျားတို့က အင်း မမာရပေမယ့် တော်သေးရဲ့ ဗျာလို့ လာချင်လာသေးတယ် (မှန်လှပါ ဘုရား)။

လူရိုးရိုးဘဝင်မြင့်တာလား

အဲဒီတော့ ဒါဘာ ဘဝင်မြင့်တာတုံးဆိုတော့ လူရိုးရိုး ဘဝင်မြင့် တာလား၊ ဒွန်းစဏ္ဍားက ဘဝင်မြင့်တာလားသာ ခင်ဗျားတို့ ချိန်ဆပါ (ဒွန်းစဏ္ဏားဘဝင်မြင့်တာပါ ဘုရား)။

အင်း နိဗ္ဗာန် မမြင်သေးရင် ဒွန်းစဏ္ဍာချည်းမှတ် (မှန်ပါ) ရိပ်မိ ပြီလား ဦးဘကြည် (မှန်လှပါ ဘုရား)

ဒါကြောင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာမှာ ဖွင့်တဲ့အတိုင်း “ကပဏဇနသဒိသ ဒုက္ခဒဿနေန” အထီး ကျန်သောလူနဲ့တူသော ဒုက္ခကိုမြင်သဖြင့် “ဥဠာရကုလသဒိသော” ပြန့်ပြောသော အမျိုးနဲ့ တူသော “အဓိပတေယျဋ္ဌော” အစိုးရခြင်း လက္ခဏာ ရှိသော နိဗ္ဗာန်ကိုမြင်တဲ့ မဂ္ဂသစ္စာသည် “ပါတုဘဝတိ” ထင်ရှားဖြစ်လာ၏ တဲ့။

သူ့ကိုမြင်မှ သူသည်ကားလို့ဆိုရင် ဒွန်းစဏ္ဍာသဘောနဲ့ စွန့်ချင်တဲ့ စိတ်၊ ကိုယ့်နေရာ မဟုတ်ပါလား ဆိုမှ၊ ဒီနေရာသို့ ပြောင်းချင်တာ (မှန်ပါ) ဟိုနေရာက ဟုတ်နေသေးလို့ရှိရင် ဒီဘက် ပြောင်းချင်ပါ့မလား (မပြောင်း ၊ ချင်ပါ ဘုရား)။

နိဗ္ဗာန်မရတာဘာဖြစ်လို့တုံး

အဲဒါကြောင့် ခင်ဗျားတို့ နိဗ္ဗာန်မရတာ ဘာဖြစ်လို့တုံးဆိုတော့၊ ကိုယ့် ဒွန်းစဏ္ဍာရွာကို လွမ်းနေတာကိုး (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာလွမ်းနေတာတုံး (ဒွန်းစဏ္ဍာရွာ လွမ်းနေတာပါ ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ ကိုယ့်အိမ်မှာ ကြည့်စမ်း၊ သားကလည်း ကျင်ကြီး ကျင်ငယ်နဲ့၊ သမီးကလည်း ကျင်ကြီး ကျင်ငယ်နဲ့၊ ကိုယ်ကလည်း ကျင်ကြီး ကျင်ငယ်နဲ့၊ ခြံဖို့ရုံဖို့ဆိုလည်း ညစ်ပတ်ပေလို့ ဒိုဘီပေးရတာနဲ့၊ ကိုယ်တိုင် ဖွတ်ရတာနဲ့ တစ်မျိုး ဆိုတော့၊ အသုဘရွာကြီး သက်သက်ဆိုတာ မဟုတ်ဘူးလား၊ ဟုတ်သလားလို့ စဉ်းစားကြည့် (ဟုတ်ပါတယ် ဘုရား)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သုဘရွာလား၊ အသုဘရွာလား (အသုဘရွာပါ ဘုရား) အသုဘ ရွာမှာ ဘယ်သူတွေ နေကြပါလိမ့်မတုံးမေးတော့ (ဒွန်းစဏ္ဏားတွေ နေပါတယ် ဘုရား) အဓိဖြစ်ပုံ၊ မဖြစ်ပုံကို ပဋိသမ္ဘိဒါမဂ်က လာတယ်နော် (မှန်ပါ)။

ဒုက္ခသစ္စာပိုင်းခြားသိမှ

ကိုယ့်ရုပ်နဲ့ကိုယ့်နာမ်၊ ကိုယ့်အသုံးအဆောင်တွေ အကုန်ဒုက္ခသစ္စာ ချည်းဖြစ်မှ၊ ဒီဘက်သုခ သစ္စာကို ခင်ဗျားတို့ ကျုပ်တို့သည် ဒုက္ခသစ္စာကို ပရိညေယျနဲ့ ပိုင်းခြားပြီး သုခသစ္စာဘက် မကူးပေဘူးလား (ကူးပါတယ် ဘုရား)။

ဒါလေး သုဘထင်နေသေးလို့ရှိရင်ဖြင့်၊ ကိုယ့်ကိုယ်ကိုလည်း သုခ ထင်သေးရင်တော့ ဘယ်တော့ကူးမှာတုံး (မကူးပါ ဘုရား) တဏှာကုန် ပါ့မလား (မကုန်ပါ ဘုရား)။

မကုန်တော့ သူ့ငါးချဉ် သူချဉ်ပြီး သကာလ ၊ သူ့အရေးသူအရာနဲ့ကို ဟုတ်လှပြီ ထင်နေမှာပေါ့ဗျာ (မှန်ပါ) ဟုတ်လှပြီသာ ထင်ရတယ်။ တော်တော်ကြာတော့ ဘာသစ္စာကြီး ငေါငေါကြီး ပေါ်ပေါ်လာသတုံးလို့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ (ဒုက္ခသစ္စာကြီး ပေါ်လာပါတယ် ဘုရား)။

ဒုက္ခသစ္စာ အသုဘသစ္စာတွေကော မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) တစ်ယောက် သေကြည့်ပါ၊ ဘယ်သူများ ဒီဥစ္စာကို ပူဇော်ထိုက်တယ်လို့ ခင်ဗျားတို့ ထားချင်သတုံးလို့ မေးရင် ဘယ့်နှယ် ပြောမှာလဲ (မထားချင်ပါ ဘုရား)။

ဘာဖြစ်လို့တုံးမေးတော့ (အသုဘမို့ပါ ဘုရား)။ မြန်မြန်လား နှေးနှေးလား သုသာန် ပို့ချင်တာ (မြန်မြန် ပို့ချင်တာပါ ဘုရား) မြန်မြန်ပဲ ပြောမကောင်းလို့သာဗျာ၊ ကျုပ်က ပြောချင် တာတော့ ရက်တိုတာပဲ ကြိုက်တယ် (မှန်လှပါ ဘုရား)။

ပြောမကောင်းတာတော့ ထည့်လိုက်ရသေးတယ်၊ ငဲ့ရသေးတာကို (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ လူတွေဟာ အသုဘမို့ အသုဘပျက်ထွက်တာပဲဆိုတာ ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

အိမ်သာတွေ၊ နောက်ဖေးတွေ၊ အမျိုးမျိုး အဖုံဖုံ ထားတာတွေဟာလည်း ဒီအိမ်ပေါ်မှာ အတော်ဟန်ရတဲ့လူတွေ စုနေလို့၊ ဒါတွေ အဆွယ်ပွားတွေ ထားရတာလား လို့ မေးရင်၊ ဦးဘအုန်း ဘယ့်နှယ် ပြောမှာလဲ (အသုဘမို့ပါ ဘုရား)။

ဒါကြောင့် အပြည့်အစုံထားရတယ်ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား) ခြုံဖို့ရုံဖို့ အဝတ်အထည်တွေဟာလည်း၊ ဒကာ ဒကာမတွေ သုဘဖြစ်လို့ရှိရင် နဂိုကတည်းကချော၊ နဂိုကတည်းက ယဉ်ပြီး၊ နောက်ထပ်ဘာဆင်ပြင် အစားထိုးစရာလိုသေးသလား (မလိုပါ ဘုရား)။

အခုတော့ အစားထိုးနေရတာနဲ့ အချိန်ကုန်နေတာပဲ၊ အဝတ်လဲရတာ နဲ့၊ ရေမိုးချိုးရတာနဲ့၊ ဖီးလိမ်းပြုပြင်ရတာနဲ့ အစရှိသည် အစားချည်း ထိုးနေရ ကတည်းက သုဘမို့လား၊ အသုဘမို့လား တွေးပါ (အသုဘပို့ပါ ဘုရား)။

အသုဘဖြစ်ရင် ဦးဘကြည်က ဘာသစ္စာဖွဲ့မှာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဪ ကိုယ့် အဖြစ်က ဒုက္ခသစ္စာ ဖြစ်မှ ခင်ဗျားတို့ နေရာကျမယ် (မှန်ပါ)။

ကိုယ့်အဖြစ်ဟာ ဒုက္ခသစ္စာ ဖြစ်ပါမှ

ကိုယ့်အဖြစ် ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲ-ကိုယ့်အဖြစ်ဟာ ဒုက္ခသစ္စာဖြစ်ပါမှ ခင်ဗျား တို့သည် နိရောဓသစ္စာကို အားကြီး အလိုရှိလာလိမ့် မယ် (မှန်ပါ)။

ကိုယ့်အဖြစ်ကလေးကို ကိုယ်ကျေနပ်နေမယ် ဆိုရင် ဒကာသိုက်တို့၊ ဘယ်တော့ နိရောဓ သစ္စာကို သွားချင်တဲ့ စိတ်ကူးပေါ်ပါ့မလဲ (မပေါ်ပါ ဘုရား) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

အထီးကျန်လူဆင်းရဲမြင်မှ

အပါ ပခ) ဒါဖြင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာပြောတာ ဦးဘကြည် ကျေနပ်ရော ပေါ့ (ကျေနပ်ပါတယ် ဘုရား) အထီးကျန် လူဆင်းရဲ ဒုက္ခသစ္စာမြင်မှတဲ့ (မှန်ပါ)။

ပြန့်ပြောသော အမျိုးနဲ့တူသော နိရောဓသစ္စာဖြစ်မှ တဲ့၊ ဒုက္ခကို မမြင်သေးရင် မဖြစ်သေး ဘူးတဲ့ (မှန်ပါ)။ ဒါဖြင့် ဒုက္ခပိုင်းခြား၍ မရသေး သရွေ့ ကာလပတ်လုံး နိရောဓကို မျက်မှောက် ပြုပါ့မလား (မပြုပါ ဘုရား)။

မပြုသေးလို့ဆိုရင် ဒီဟာတွေသည် အဓိတပ်လို့ မရသေးဘူး၊ ဒုက္ခကို သုဘထင်နေသေးတဲ့ သီလ၊ သမာဓိ၊ ပညာဖြစ်နေသေးတယ် (မှန်ပါ) ဘယ်လောက်ဆိုးသွားသတုံး (ဆိုးပါတယ် ဘုရား)။

ဘယ်တော့အဓိတပ်ထိုက်မှာလဲ

အားရှိတဲ့သီလ၊ သမာဓိ၊ ပညာလို့ ဦးဘအုန်းတို့က ဆိုလို့ရရဲ့ လား (မရပါ ဘုရား) ဒီဘက်ကို မြင်တော့မှ အဓိတပ်တော့ (မှန်ပါ) ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဓိတပ်ထိုက် မတပ်ထိုက်ကို ယနေ့ပိုမိုရှင်းအောင် ပြောနေတယ်၊ ဦးဘကြည် အဓိ တပ်လိုက်ပြီလား (မတပ်ထိုက်ပါ ဘုရား) နောက်က ဒကာ ဒကာမတွေကော၊ ဘယ်ဘက်မြင်မှ အဓိ တပ်ထိုက်သလဲ (နိရောဓ နိဗ္ဗာန်မြင်မှပါ ဘုရား)။

နိရောဓ မြင်ချင်ရင်တော့ အလိုလို မြင်မှာလားဆိုတော့၊ ကိုယ့်အခြေ အနေ အသုဘ ဒုက္ခသစ္စာကို အမှန်သိမှ ဟိုဘက်ကို ကြိုက်မယ် (မှန်ပါ)။

နို့မဟုတ်ရင် ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား) ဘယ်နည်းနဲ့မှ မကြိုက်ဘူးဆိုတော့၊ ဒကာ ဒကာမတို့ ဟိုဘက်ကြိုက်မှ အဓိတပ်မယ်၊ ဒီဘက်ကြိုက်နေရင် အဓိမဟုတ်ဘူး ဆိုတာက မပေါ် သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ပေါ်လာကတည်းကိုက ဒီသီလ၊ ဒီသမာဓိ၊ အဓိမထည့်နိုင်သေးဘူး၊ ဒီဘက်ငဲ့လို့ ရှိရင် (ထည့်ရပါတယ် ဘုရား) ဒါဖြင့် အဓိထည့်နိုင်၊ မထည့်နိုင် ယနေ့ပိုမိုမရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

အသုဘကိုဖုံးဖို့ရုံဖို့

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်နဲ့ ခင်ဗျားတို့ အသုံး အဆောင်သည်၊ ဒါတွေဟာ ဘာတွေများ ထားကြပါလိမ့်မတုံး၊ ဪ အသုဘကို ဖုံးဖို့၊ ရုံဖို့၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အိမ်တွေ ဘာတွေ ဆောက်ထားတာလည်း မမာတဲ့ ခန္ဓာကိုယ်ကြီး၊ ဒုက္ခခန္ဓာကိုယ်ကြီးမှာ ဒုက္ခ ပိုမိုပြီး မရောက်အောင်လို့ ကာကွယ်ထားတဲ့ ဆေးရုံကြီးသဘော မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် အဝတ်အထည်အလိပ်တွေကလည်း တစ်နေ့က ပြောသလို ပတ်တီးတို့၊ ဘာတို့ သဘော မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား) ထမင်းခဲဖွယ် ဘောဇဉ်တွေကလည်း ဆေးသဖွယ်တွေ (မှန်ပါ)။

ဒီပုဂ္ဂိုလ်မှာ အနာတစ်နေ့ အကြိမ်များစွာ အနာပေါက်လို့၊ ဆေး အမျိုးစုံထားရတယ် ဆိုတာကော ဦးခင်မောင် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လူမမာဖို့ထားရတာ

ဦးခင်မောင်တို့အိမ် ဆေးဝါး ဘယ်လောက်များသတုံး မေးရင် ဘယ့်နှယ်ပြောပါ့မလဲ (အများကြီးပါ ဘုရား) ဆေးချည်းပဲ (မှန်ပါ) စားစရာ သောက်စရာ ဟူသရွေ့ ဘာခေါ်ကြမယ် ဒကာ ဒကာမတို့ (ဆေးတွေပါ ဘုရား)။

ဆေးဆိုတာ လူကောင်းမှ ထားရတာလား၊ လူမမာမှ ထားရတာလား (လူမမာမို့ ထားရတာပါ ဘုရား) ကဲ-ခင်ဗျားတို့ ခန္ဓာကိုယ်ကို ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ထားကြရသတုံး (လူမမာမို့ ထားကြရပါတယ် ဘုရား) အပိုအမိုများ ဆောင်ထားရသေးသလားလို့ မေးချင်တယ် (ဆောင်ရပါတယ် ဘုရား)။

ဆောင်ရသေးတယ်၊ အံမာ အတော်ကြီးတဲ့ လူမမာမို့ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သာမညကြီးလို့ရှိရင် ပိုမိုဆောင်ဖို့လိုသေး သလား (မလိုပါ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် တကယ် အထီး ကျန် လူဆင်းရဲ အမွဲ၊ ရောဂါသည် နာတာရှည် ဒီလိုမနေဘူးလား (နေပါတယ် ဘုရား) အထီးကျန် လူဆင်းရဲ၊ အမွဲ ရောဂါသည် နာတာရှည်ဆိုတာ ခင်ဗျားတို့ပဲ (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

နာတာဘယ်လောက်ရှည်ပြီတုံး

နာတာဘယ်လောက်ရှည်ပြီတုံးဆို တာ ဦးဝင်းမေးကြည့်၊ ခြောက်ဆယ်ကျော်လာပြီဘုရား (မှန်ပါ) မကုရတဲ့နေ့ပါသေးရဲ့ လား (မပါပါ ဘုရား) ဒါဖြင့် နာတာရှည်လှ ချည်လားလို့ ဆိုရင် ဦးဝင်း ဘယ့်နှယ်ဖြေမှာလဲ (ရှည်ပါတယ် ဘုရား)။

ဒကာသိုက်ရော (ရှည်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမ တွေကော နာတာရှည်မှ ဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား) ဘယ်တုန်း ကစပြီး ကုခဲ့ရသတုံး (မွေးကတည်းက ကုခဲ့ရပါတယ် ဘုရား)။

ထမင်းနဲ့ကု၊ ရေနဲ့ ကု၊ အဝတ်နဲ့ကု၊ ဒကာ ဒကာမတွေ တစ်နေ့များ မကုရတဲ့နေ့ ရှိရင်ဖြင့် ခင်ဗျားတို့ အတော်ထူးတဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ) ဟုတ်ပြီလား (မှန်ပါ)။

ကိုယ့်ကိုယ်ကို မကုနိုင်တုန်းက အမေနဲ့တကွ ဆွေမျိုးတွေကပါ ဝိုင်းကု ရတယ် (မှန်ပါ) ဒါနဲ့ပဲ သူပေး၊ လူပေး၊ သူထူ၊ လူထူနဲ့ တော်တော် ကလေး လူလားမြောက်လာတယ် မဟုတ်လား (မှန်ပါ)။

နောက် ကိုယ့်ကိုယ်ကို ကုနိုင်တဲ့ အခြေအနေကျတော့ အားကို အားသေးရဲလား (မအားပါ ဘုရား) ဘယ်သူက ကုရသလဲ (ကိုယ့် ကိုယ်ကို ကုရပါတယ် ဘုရား)။

ကိုယ်တိုင်ကြိုးစားပြီး သကာလ ထမင်းလည်း ကိုယ့်လက်နဲ့ ကိုယ်ယူစား လို့၊ ဆာနာ ပေါက်လို့ ဟင် (မှန်ပါ) နှပ်ထွက်လာလည်း၊ ကိုယ့်လက်နဲ့ ကိုယ်ညှစ်ပေါ့ဗျာ (မှန်ပါ)။

ဘာဖြစ်လို့မအားရတာတုံး

ကျင်ကြီးတွေလည်း ကိုယ့်ဟာကိုယ်စွန့်ပေါ့ဗျာ၊ ကျင်ငယ်ကော (ကိုယ့်ဟာကိုယ် စွန့်ရပါတယ် ဘုရား) ပြီးတော့ ကာဖို့ ရံဖို့ ခြင်ထောင်တွေနဲ့ ခြင်တွေကိုက်မှာစိုးလို့၊ အမျိုးမျိုး အဖုံဖုံပူမှာ အိုက်မှာစိုးလို့၊ ပူနာ အိုက်နာ တွေကလည်း ဝမ်းထဲမှာ အမျိုးမျိုး၊ အေးနာတွေကလည်း အမျိုးမျိုး ဖြစ်နေတော့၊ ထိုက်တန်တဲ့ အကူအညီတွေကလည်း ကိုယ်ကိုယ်တိုင် ကူညီရတာ အားကို မအားဘူး (မအားပါ ဘုရား)။

ဦးလှ ဘယ်တော့အားသလဲ (ဘယ်တော့မှ မအားပါ ဘုရား) ဘာဖြစ်လို့ ခင်ဗျားတို့ ဒါလောက် မအားရတာတုံးဆိုတော့ ရိပ်မိပြီလား၊ အထီးကျန် လူဆင်းရဲ၊ အမွဲ၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ရောဂါသည် နာတာရှည် (မှန်ပါ) ရောဂါသည် နာတာရှည် ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) အဲဒါများ ခင်ဗျားတို့က ဘာသစ္စာများ ဖွဲ့ချင်ကြသတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘုန်းကြီးပြောလို့ကောင်းကောင်းသိပြီ

အဲဒီ ဒုက္ခသစ္စာကို ခင်ဗျားတို့က ကဲ-တော်ပြီ၊ တော်ပြီ၊ အခု ဆရာဘုန်းကြီး ပြောလို့ ကောင်းကောင်း သိပြီ၊ ဒို့ ပျော်နေတာ ဒွန်းစဏ္ဍာ ပျော် (မှန်ပါ) ဘာပျော်တုံးဗျ (ဒွန်းစဏ္ဏား ပျော်ပါ ဘုရား)။

နာသေးသလား ဦးဝင်းရ (မနာပါ ဘုရား) မနာနဲ့၊ မနာနဲ့၊ ဒီထက် ဆိုးတာ ပြောရလိမ့်ဦးမယ် (မှန်ပါ) ဒါကို မနာနဲ့တော့ တကယ့် ကို ဖြစ်နေတာ (မှန်ပါ)။

သူ့နေရာနဲ့ နိဗ္ဗာန် မမြင်သေးခင်တော့၊ ကိုယ့်ဟာကလေးနဲ့ ကိုယ့်က ဟုတ်နေတာပဲ၊ ၎င်းဒွန်းစဏ္ဏားသည် နန်းတော် အိမ်တော် ရောက်သွားမယ် ဆိုတော့၊ ဦးဝင်း ဘယ့်နှယ်ဆိုမှာတုံး၊ အကုန် ကန်ချပစ်ချင်မှာပဲ။ သူ့အိမ်ကိုလည်း (ကန်ချပစ်မှာပါ ဘုရား)။

အဲဒီကျမှ ဦးဘကြည် မပြန်ချင်တဲ့ သီလ၊ မပြန်ချင်တဲ့ သမာဓိ၊ မပြန်ချင်တဲ့ ပညာတွေကျမှ အမှန်ရောက်မှာကိုးဗျ (မှန်ပါ) ဒီအတိုင်း ဆိုရင်တော့ ခင်ဗျားတို့က ကိုယ့်ငါးချဉ် ကိုယ်ချဉ်ဦးမှာပဲ (မှန်ပါ)။

ဖယောင်းတိုင်နဲ့ဆုတောင်းတယ်

ဒါကြောင့် ခင်ဗျားတို့က ဘုရားရှေ့မှာ ဆွမ်းတော်ပွဲ၊ ကွမ်းတော်ပွဲ၊ ဖယောင်းတိုင်နဲ့ ဒီဘဝ စုတေမနေ သေလွန်လို့ရှိရင် နတ်ပြည်တက်ပြီး ကုပါ ရစေလို့ ဆုတောင်းသေးတယ် (မှန်ပါ)။

ဖြစ်ပါရစေလို့ ဆုတောင်းတာလား၊ ကုပါရစေလို့ တောင်းတာလား (ကုပါရစေတောင်းတဲ့ အဓိပ္ပါယ်ပါ ဘုရား) ကြော်-ဒါဖြင့် ဆေးရုံပြောင်း ပါရစေပေါ့လေ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နတ်ပြည် ဘာလုပ်ချင်ကြတာတုံး (ဆေးရုံးပြောင်းတာပါ ဘုရား) ဟိုက ဘယ်နှစ်ကျပ်တန်း ပို့ပါလိမ့်၊ ပိုပြီး သကာလ ငွေကုန်ခံချင်တဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) သဘောပါကြရဲ့လား (ပါပါပြီ ဘုရား)။

အဲဒါ ဒုက္ခသစ္စာကို ဟောနေတာ၊ အဲဒီ ဒုက္ခသစ္စာ ဒါလောက် အရုပ်ဆိုးမှန်း မသိသေး လို့ရှိရင်၊ နိရောဓသစ္စာ မျက်မှောက်ပြုဖို့ ဦးဘကြည် ဘယ်အချိန် မျှော်လင့်ချက်ရှိတုံး (မရှိပါ ဘုရား)။

အဲဒီအတိုင်း သွားမှာပဲ မဟုတ်လား (မှန်ပါ) ကဲ-ဒါဖြင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာက ‘‘ကပဏဇနသဒိသဒုက္ခ ဒဿနေန၊’’ အထီးကျန် လူဆင်းရဲ အမွဲနဲ့တူသော ဒုက္ခသစ္စာကို မြင်မှ ဒွန်းစဏ္ဏားနဲ့တူတဲ့ ဒုက္ခသစ္စာကို မြင်သဖြင့် (ဝါ) မြင်မှ၊ ‘‘ဥဠာရ ကုလသဒိသော အဓိပတေယျဋ္ဌော’’ ပြန့်ပြောသော အမျိုးနဲ့ တူသော အစိုးရခြင်း လက္ခဏာရှိတဲ့ နိဗ္ဗာန်သည်၊ ‘‘ပါတုဘဝတိ’’ ဖြစ်ပေါ်လာ၏ ထင်ရှားလာ၏ တဲ့။

ဒါက အမျိုးမြတ်နေရာကောင်းပေါ့ဗျာ၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား) အဲဒီတော့ ဒါကိုမြင်မှ၊ ဒါကို ကောင်းကောင်း စွန့်ပစ်တယ်၊ ဒါကို မမြင်သေးရင် (မစွန့်ပါ ဘုရား)။

ဒါတွေ ကောင်းကောင်းမြင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဘက်ကို ဘယ်တော့ ပြန်သေးသတုံး (မပြန်ပါ ဘုရား) မပြန်တော့ သူတို့သည် ကားလို့ဆိုလို့ ရှိရင်ဖြင့် အဓိပညာ၊ အဓိသီလ၊ အဓိစိတ္တ မဖြစ်သေးဘူးလားဗျာ (ဖြစ်ပါ တယ် ဘုရား)။

ဒါဖြင့် သီလကလည်း အဓိသီလပဲ၊ သမာဓိကော (အဓိစိတ္တပါ ဘုရား) ပညာကောဗျာ (အဓိပညာပါ ဘုရား) အဲဒီ မပြန်တဲ့နေရာကို ဘုန်းကြီးက ဒကာ ဒကာမတွေကို ရောက်အောင်လို့ ဒုက္ခသစ္စာကို ပိုမိုပွားများ ပါ၊ ဦးဝင်းတို့ ဟောရတယ် (မှန်ပါ)။

ဦးခင်မောင် မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား) ဒါက ဘုန်းကြီးက ဟောတယ်လို့လည်း ဦးဘကြည်တို့က မယူနဲ့၊ ဒုက္ခသစ္စာ မပိုင်းခြားဘဲနဲ့ နိရောဓသစ္စာကို မျက်မှောက်ပြုဖို့ အရေးရှိကိုရှိရဲ့လား (မရှိပါ ဘုရား)။

ကိုယ့်ကိုယ်ကို သုခသစ္စာ ဖြစ်နေမယ်၊ နိစ္စဖြစ်နေမယ်၊ အတ္တဖြစ်နေ မယ်ဆိုရင် ခင်ဗျားတို့ ဘယ်နည်းနဲ့ ဒီဟာကို ကြိုက်မှာလဲ (မကြိုက် ပါ ဘုရား)။ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာကို မကြိုက်နိုင်သေးတော့လည်း၊ ဒီသီလ တွေဟာ ခိုင်မြဲတဲ့ သီလ၊ သမာဓိ၊ ပညာလို့ ဆိုလို့ရရဲ့ လား (မရပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အမြင်ကိုပြောင်းဦးမှ

ေဩာ် ဒါဖြင့် ဒို့ သည်ကားလို့ ဆိုလို့ရှိရင် အတော်အရေးကြီးနေ ပါလား၊ ဒို့သည် အမြင်ကို ပြောင်းဦးမှပဲ၊ အခု ဒွန်းစဏ္ဍာမျက်လုံးနဲ့ ဒွန်းစဏ္ဍာ စိတ် ဖြစ်နေသေးတယ် (မှန်ပါ)။

မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒွန်းစဏ္ဏား မျက်လုံး နဲ့၊ ဒွန်းစဏ္ဍာစိတ် ဖြစ်နေတယ် ဦးခင်မောင်ရ (မှန်လှပါ ဘုရား)။

ကိုယ်နေပုံ၊ ထိုင်ပုံ၊ စားပုံကို ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ စားရတဲ့ အစာ အဟာရတွေ၊ ဝတ်ရတဲ့အဝတ်တွေ ဟုတ်လား။ ဟာ ဘယ့်နှယ် ကြောင့်တုံးလို့ မေးလို့ရှိရင်ဖြင့် မသက်သာလို့ ကိုင်ရတဲ့ပစ္စည်းတွေ (မှန်ပါ)။

စားရတဲ့ အစာကလည်း သက်သက်သာသာနဲ့ ချောင်ချောင်ချိချိနဲ့ မစားဘဲနဲ့ ကျန်းမာ နေတယ်၊ ဆာလောင်မွတ်သိပ်တဲ့ အနာမပေါက်ပါဘူး၊ အနာကို တပည့်တော် မရှိပါဘူး၊ ရှင်ဗါကူ ဖြစ်နေပါတယ်လို့ ဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ ဒီအစာတွေကို စားဖြစ်ဦးမှာလား (မစားဖြစ်ပါ ဘုရား)။

ဘယ့်လိုပဲနေနေ နေပူ၊ လေပူထဲ တပည့်တော်တို့က ပြီးနေတာပဲဘုရား၊ သူတို့က ဘာမှ မတတ်နိုင်ဘူးဆိုရင်လဲ ခင်ဗျားတို့ ဝတ်ဖြစ်ပါ့မလား (မဝတ်ဖြစ်ပါ ဘုရား)။

အခုတော့ဖြင့် နေပူရင်လည်း နေပူနာ ပေါက်မယ်ဆိုတာ ခင်ဗျားတို့ သိတယ်၊ လေပူရင်လည်း လေပူနာပေါက်မယ်ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

အေးရင်ကော (အေးနာပေါက်ပါတယ် ဘုရား) အေးနာပေါက် မယ်ဆိုတာ ခင်ဗျားတို့က သိနေတော့၊ ကိုယ့်အနာအတွက်နဲ့ ကိုယ့်ခြုံထည် ရုံထည်တည်းဟူသော အခြံအရံတွေ ကိုဘယ်ကရရ၊ ခြုံကြ ရုံကြရမှာပဲ (မှန်ပါ)။

မရုံရပေဘူးလား (ရုံရပါတယ် ဘုရား) အဲဒီတော့ ဒါတွေသည် ကားလို့ ဆိုလို့ရှိရင်၊ ကိုယ့်အသုံးအဆောင် ကိုယ်ကြည့်စမ်းပါတဲ့၊ အသုဘပြင် မှုချည်းပဲ (မှန်ပါ) ဦးဝင်း ဘယ့်နှယ် ဆိုကြမှာလဲ (အသုဘ ပြင်မှုချည်းပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဘာပြင်ဖို့တုံး (အသုဘပြင်ဖို့ပါ ဘုရား) စားသောက်တာ တွေကော အသုဘ အနာတွေ ကုဖို့ပဲ မဟုတ်ဘူး လား (မှန်ပါ)။

သို့သော် ကုရင်းမတ္တနဲ့လည်း ပျောက်ပါရဲ့လား၊ ဒီနာတာရှည်က (မပျောက်ဖို့ပါ ဘုရား) အင်းနိဗ္ဗာန်ကျမှ ပျောက်မယ်၊ ခင်ဗျားတို့ နာတာရှည်က (မှန်ပါ) ဦးဘကြည် ဘယ်ကျမှပျောက်မယ် (နိဗ္ဗာန်ကျမှ ပျောက်မှာပါ ဘုရား)။

နိဗ္ဗာန်ကျမှပျောက်မယ်

နိဗ္ဗာန်ကျမှ ပျောက်မယ် ဒကာ ဒကာမတို့၊ ဒီကြားမှာဖြင့် သူလည်း ဝေဒနာသည်၊ ငါလည်း ဝေဒနာသည်၊ အမေအားကိုး အမေလည်း ဝေဒနာ သည်၊ သားကော (ဝေဒနာသည်ပါ ဘုရား)။

ဘယ်သူက ဘယ်သူ့ကို ကယ်တင်နိုင်ကြသတုံး (ဘယ်သူမှ မကယ်တင်နိုင်ပါ ဘုရား) အမိကလည်း နာတာရှည်၊ ကိုယ်ကလည်း နာတာရှည်၊ သူလည်း ဒွန်းစဏ္ဏား၊ ကိုယ်လည်း ဒွန်းစဏ္ဏားဆိုတော့ ခွက်ချင်း ခုတ်နေဖို့ မလိုဘူး ဆိုသလိုပေါ့ဗျာ (မှန်ပါ) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အခုတော့ အမေကလည်း သားကိုချစ်ပါတယ် ဆိုပေမယ့် ကယ်နိုင် ကြရဲ့လား (မကယ်နိုင်ပါ ဘုရား) သားက အမေကို ချစ်ပါတယ်ဆိုတော့ ကော (မကယ်နိုင်ပါ ဘုရား)။

မကယ်နိုင်ဘူး၊ လောကွတ်တော့ ပြောကြမှာပေါ့ဗျာ (မှန်ပါ) လောကွတ် ပြောငြားသော်လည်း အဟုတ်တန်းကျတော့ သားနဲ့ အမေ ကွဲကြ တာပဲ (မှန်ပါ)။

သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း၊ ဒကာ ဒကာမ တွေ မကွဲရဘူးလား (ကွဲရပါတယ် ဘုရား) အဲဒီတော့ သူက ဘာသစ္စာတုံး၊ ကိုယ်က ဘာသစ္စာတုံးသာ တွေးကြပေတော့ (ဒုက္ခသစ္စာပါ ဘုရား)။

သူကလည်း အနှိပ်စက်ခံနေရတဲ့ ဒုက္ခသစ္စာ (မှန်ပါ) အမေ ကကော (ဒုက္ခသစ္စာပါ ဘုရား) အဲဒီတော့ ဘယ်သူက ဘယ်သူ့ကို ကယ်လို့ကော (မရပါ ဘုရား)။

ဘယ်သူ့ ဘယ်သူ ကယ်လို့မှ မရတာကို ထောက်ကြည့်တော့မှ၊ ဒီအထဲသာ နေလို့ရှိရင်ဖြင့် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေရမှာပဲသာ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ဘယ်သူ့ဘယ်သူ့မှမကယ်နိုင်

ဘယ်သူ့ ဘယ်သူမှ ကယ်နိုင်တယ်ဆိုတာ (မကယ်နိုင်ပါ ဘုရား) သားကလေး ချစ်ပါတယ်ဆိုလို့လည်း တော်တော်ကြာ ထော်လော် ကန့်လန့် ဖြစ်တာကတစ်မျိုး၊ သေပွဲနဲ့ ဝင်သွားတာကတစ်မျိုး ရောဂါတွေ စွဲကပ်လာတာက တစ်မျိုး၊ အမေ မိဘ ဘာတတ်နိုင်သေးသတုံး (မတတ်နိုင်ပါ ဘုရား)။

အမေ မိဘဖြစ်တာကိုလည်း သားသမီးများက ကျွန်တော်တို့ မေတ္တာပို့ စောင့်ရှောက်ပါ့မယ် ဆိုရင်း မတ္တနဲ့၊ ဟိုကဗွေဖောက်လာတာကော တတ်နိုင်ကြ ရဲ့ လား (မတတ်နိုင်ပါ ဘုရား)။

ဘာသစ္စာတွေမို့လဲ (ဒုက္ခသစ္စာတွေမို့ပါ ဘုရား) အဲဒါ ခင်ဗျားတို့ ကလည်း လောကွတ်ကို အဟုတ်ယုံနေတော့ ဒုက္ခသစ္စာကွယ်တယ်၊ ခင်ဗျားတို့ ဖြစ်စဉ်ကို ပြောပါတယ် (မှန်ပါ)။ သစ္စာက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါကို အမေက သားသမီးတွေကို ပြောလည်း သားသမီးက ယုံတာပဲ၊ သားသမီးတွေက အမေ အဖေကို ကနွဲ့ကရနဲ့ ပြောလိုက်ပြန်တော့ကော (ယုံပါတယ် ဘုရား) ဪ ဒါဟာ သစ္စာ မမြင်လို့ယုံတာ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ သစ္စာကို စာထဲမှာသာ ဖတ်တတ်တာပါ။ မဟုတ်ဘူး လား (မှန်ပါ) ခန္ဓာထဲမှာ မမြင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာထဲမမြင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်နေတော့ ခင်ဗျားတို့ သစ္စဉာဏ်လည်း မရဘူးဆိုလို့ အခုဒါတွေကို ပြောနေရပြန်တာပေါ့၊ ဦးဘကြည် ရ (မှန်ပါ) မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကိုယ့်အထင်တွေအကုန်ဖြုတ်

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့၏ အခြေအနေသည်၊ ဒုက္ခသစ္စာတွေကို လွှဲလို့မရ၊ ကိုယ် ကိုယ်တိုင်ခံပြီး သကာလ နေရတဲ့အတွက်၊ ဒကာ ဒကာမတို့ ကိုယ့်အထင်တွေ ဟူသရွေ့ အကုန်ဖြုတ် တစ်ခုမှ အကောင်းမရှိဘူး၊ ဟုတ်လား (မှန်ပါ)။

ဒွန်းစဏ္ဏားအစားမျိုးချည်း စားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ သေသေ ချာချာ ဟုတ်တယ် (ဟုတ်ပါတယ် ဘုရား) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဘာဖြစ်လို့တုံး၊ နိဗ္ဗာန်ကျတော့ ခင်ဗျားတို့ ဒီလိုအနာတွေကော ရှိသေးရဲ့ လား (မရှိပါ ဘုရား) ဒီလို အသုဘ အစာတွေကော (မရှိပါ ဘုရား) အဝတ်အထည်တွေကော ခြုံဖို့ ရုံဖို့လိုသေးလား (မလိုပါ ဘုရား)။

ဘာဖြစ်လို့ မလိုသတုံးဆိုတော့ သဘာဝကောင်းမို့၊ မပြုမပြင်ဘဲနဲ့ ကောင်းပေါ့၊ အသင်္ခတကိုး၊ အသင်္ခတ ဆိုတာ မပြုပြင်ဘဲနဲ့ကောင်းတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သင်္ခါရဒုက္ခ

ဒါဖြင့် ခင်ဗျားတို့ ပြုပြင်နေရတာကို ထောက်သဖြင့်၊ ဪ သင်္ခါရ ဒုက္ခပါလား (မှန်ပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဘာဒုက္ခတုံး (သင်္ခါရ ဒုက္ခပါ ဘုရား) သင်္ခါရ ဒုက္ခကို ခင်ဗျားတို့က မသိသေးတော့ နည်းနည်း တော့ ချဲ့ပေးရဦးမယ် (မှန်ပါ)။

ကဲ ဝတ်သားဟင်းတစ်ခု စားချင်တယ်၊ ကြက်သားဟင်း တစ်ခု စားချင်တယ်ထားတော့၊ ဈေးသွားပြီး အဝယ်ခိုင်းရတာနဲ့၊ ဆီဆား နနွင်းတွေ နဲ့ လုပ်ရကိုင်ရတာနဲ့ ချက်ပြုတ်ရတာနဲ့ သင်္ခါရချည်းပဲ (မှန်ပါ)။

သင်္ခါရချည်းပဲ မနေဘူးလား (နေပါတယ် ဘုရား) တော်တော် ကြာကျတော့ သင်္ခါရတွေက ပြုပြင်လိုက်ရတာနဲ့၊ ဒကာ ဒကာမတွေစားတော့ လျှာပေါ်မှာ သုခကလေး၊ ဝမ်းထဲမှာလည်း သုခကလေး မပေါ်ဘူးလားဗျာ (ပေါ်ပါတယ် ဘုရား)။

ဒီ သုခကလေးကလည်း ကြာရဲ့ လား (မကြာပါ ဘုရား) သူက လည်း ဒုက္ခလမ်းဆုံး သွားတယ် (မှန်ပါ) သုခကလေး ပျက်တော့ ဒုက္ခပေါ့ ဗျာ (မှန်ပါ)။

အင်း ဒါဖြင့် သင်္ခါရရယ်၊ ဒုက္ခရယ်၊ ဒါပဲ ရှိပါတယ် (မှန်ပါ) ဦးဘကြည် ဘာရှိသတုံး (သင်္ခါရရယ်၊ ဒုက္ခရယ်ပဲ ရှိပါတယ် ဘုရား)။

ပြုပြင်နေရတာသင်္ခါရ

ဒါကို ခင်ဗျားတို့ကလည်း ကြိုးစားလို့ လက်စကို မသတ်ချင်ဘူး (မှန်ပါ)။ ရှိတာက သင်္ခါရ ဆိုတာလည်း ပြုပြင်နေရတာပဲ၊ သူလည်း ဒုက္ခတစ်မျိုး ပဲ (မှန်ပါ)။

ပြုပြင်လို့ ပေါ်လာပြန်တော့လည်း၊ ဘယ်မှာ လမ်းဆုံးပြန်တုံး (ဒုက္ခ လမ်းဆုံးပါတယ် ဘုရား) ဒါဖြင့် ပြုပြင်တုန်းကလည်း သင်္ခါရဟုတ်လား (မှန်ပါ)။

နောက်ကျတော့ ပေါ်လာတဲ့ သုခဝေဒနာကလေးဟာလည်း ဒုက္ခလမ်း ဆုံးတော့ သင်္ခါရနဲ့ ဒုက္ခနဲ့ပေါင်း (သင်္ခါရဒုက္ခပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အခုနေလာခဲ့ကြတာ နှစ်ပေါင်းလည်း များကြ ပါပြီ။ လပေါင်းလည်း များကြပါပြီ၊ ဘာနဲ့ အချိန်ကုန်ခဲ့ကြသတုံး (သင်္ခါရဒုက္ခနဲ့ အချိန်ကုန်ခဲ့ကြပါတယ် ဘုရား) သုခကို မပါဘူး (မှန်ပါ) ဦးဘကြည် ပါရဲ့ လား (မပါပါ ဘုရား)။

သင်္ခါရနဲ့ ဘယ်မှာ လမ်းဆုံးတုံး (ဒုက္ခလမ်းဆုံးပါတယ်) ဒါဖြင့် ပြုပြင်နေရတာက သင်္ခါရ (မှန်ပါ) ခဏလေး သုခယောင်လေး ပေါ်လာပြီး၊ သုခဝေဒနာကလေးကလည်း ဖျပ်ဆို ပျက်သွားတာပဲ (မှန်ပါ)။

ပျက်စီးသွားတော့ဒုက္ခ

ပျက်သွားတော့ ဒုက္ခလမ်း မဆုံးဘူးလား (ဆုံးပါတယ် ဘုရား) ဒါဖြင့် တစ်သံသရာလုံး ရှာနေတာက သင်္ခါရ၊ ချမ်းသာယောင်ကလေး ပေါ်လာပြီး ပျက်စီးသွားတော့ ဒုက္ခလမ်းဆုံးတယ်၊ မဆုံးဘူးလား (ဆုံးပါ တယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ ခန္ဓာကိုယ်ထဲမှာ၊ သုခဆိုလို့ အပ်ဖျားနဲ့ ထောက်လို့ မရှိဘူး (မှန်ပါ) ဘာတွေသာရှိသတုံး (ဒုက္ခတွေသာ ရှိပါတယ်) ဘာဒုက္ခပါလိမ့် (သင်္ခါရဒုက္ခပါ ဘုရား)။

ေဩာ် သင်္ခါရ ဆိုတာလည်း ခင်ဗျားတို့က အမြဲပြုပြင်နေရတာနော် (မှန်ပါ) ပြီးတော့လည်း ဒုက္ခလမ်းဆုံးပါရော ဆိုတော့၊ ပြုပြင်လိုက်ရတာ လည်း ဟင်းတစ်အိုးချက်ဖို့ ပြုပြင်ရတာက နာရီ တော်တော်ကြာတယ် (မှန်ပါ)။

လျှာပေါ်မှာ ခဏကလေး စားပြီး သကာလ ၊ အရသာရှိသလိုနဲ့ ပြီးတော့ မျိုးချတဲ့ အခါကျတော့၊ သုခဝေဒနာ လေးဟာ ဆုံးသွားတယ် (မှန်ပါ)။

ပျက်စီး မသွားဘူးလား (ပျက်စီးသွားပါတယ် ဘုရား)။ ပျက်စီး တော့၊ ပျက်စီးတာကို ဘာခေါ်ကြမယ် (ဒုက္ခပါ ဘုရား)။ အဲဒီတော့ ပြုပြင်ရ တာက သင်္ခါရ၊ ဆုံးသွားတော့ (ဒုက္ခပါ ဘုရား)။

ဘယ်အချိန်မှသုခမရှိဘူး

ဒါဖြင့် ခင်ဗျားတို့မှာ ဘယ်အချိန် သုခတုံးလို့ မေးရင် ဘယ့်နှယ်ပြော မှာတုံး (ဘယ်အချိန်မှ သုခမရှိပါ ဘုရား) ဘယ်အချိန်မှ သုခမရှိဘူးနော် (မှန်ပါ)။

ဒါဖြင့် သင်္ခါရဒုက္ခနဲ့ နေခဲ့ရတာချည်းပဲ ဆိုတော့၊ ခင်ဗျားတို့ ခန္ဓာကိုယ် ကြီးဟာ ဟိုဘက် စောင်းလိုက်၊ ဒီဘက် စောင်းလိုက်က သင်္ခါရ၊ စောင်းလို့ နည်းနည်းကလေး နေသား ကလေး ကျမယ် ကြံခါရှိသေးတယ်၊ သုခဝေဒနာ ကလေးကလည်း ဖျပ်ဆို ပျက်သွားတာပဲ။

အဲဒီတော့ ပြောင်းနေရတာက ကိုယ့်ခန္ဓာကိုယ် ကြီး ကြီးသလောက် ပေါ့ဗျာ၊ သေးရင် သေးသလောက်ပေါ့။ သင်္ခါရတွေက မနည်းမ မရဘူးလား (ရပါတယ် ဘုရား)။

နောက်ဆုံးပိတ် သုခလေးရမယ်လို့ အောက်မေ့တယ်၊ ရလည်း ဒုက္ခပဲ ဝင်လာတယ် (မှန်ပါ)၊ သက်သာတာများ ပါသေးသလား (မပါပါ ဘုရား)။ ဘာနဲ့အချိန်ကုန်နေကြသတုံး ၊

ဒါဖြင့် ခင်ဗျားတို့ ဘာနဲ့အချိန်ကုန်နေကြသတုံး (သင်္ခါရဒုက္ခနဲ့ အချိန်ကုန်ပါတယ် ဘုရား) သင်္ခါရ ဒုက္ခနဲ့ အချိန်ကုန်ပြီး သကာလ နေတော့ ခက်တယ်တဲ့၊ ဒကာ ဒကာမတို့ သင်္ခါရဒုက္ခကို ခင်ဗျားတို့သည်ကားလို့ ဆိုရင်၊ ဒါကြီးကို သုခထင်နေကတည်းကိုက၊ ကိုယ့်နေရာ ကလေးကို အတော်ဟုတ် နေသေးတဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ)။

တလား လောင်တိုက်ပျက်တွေနဲ့ အိမ်လုပ်ထားတာ မဟုတ်လား (မှန်ပါ)၊ ခုနင်က ပြောခဲ့တဲ့ ကူးတို့ခတွေနဲ့ ထမင်းစားနေရတာ၊ ကျင်းတူးခတွေနဲ့ စားနေရတာကို၊ အို ကံကောင်းတယ်၊ အကြောင်း သင့်တယ်၊ ဒီလိုဖြစ်နေတဲ့ အဓိပ္ပာယ် မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။

အဲဒီတော့ ဘာမမြင်ခင်မှာ ဒီအဓိပ္ပာယ်ရောက်နေသတုံး (နိရောဓမမြင်ခင်ပါ ဘုရား)။

ဒါကြောင့် နိရောဓသစ္စာ မမြင်ခင်၊ ကိုယ့်ဟာကိုယ်ဖြစ်စဉ်ကဖြင့် အခု ဆရာဘုန်းကြီးက သေသေချာချာ ဖော်ပြောတော့ သင်္ခါရဒုက္ခတွေနဲ့ အချိန် ကုန်နေတဲ့ ပုဂ္ဂိုလ်တွေပဲလို့ ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။ ချမ်းသာပါရဲ့လား (မပါပါ ဘုရား) ချမ်းသာမပါလို့ ရှိရင်ဖြင့် တစ်သံသရာလုံး ဘာနဲ့နေကြရသတုံး (သင်္ခါရဒုက္ခနဲ့ နေကြရပါတယ် ဘုရား)။

သင်္ခါရဒုက္ခကိုကြိုက်နေတယ်

သင်္ခါရ ဒုက္ခကို သစ္စာဖွဲ့တော့ ဘာသစ္စာတုံး (ဒုက္ခ သစ္စာပါ ဘုရား) အဲဒီ ဒုက္ခသစ္စာကြီးကို ခင်ဗျားတို့က ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်လည်း မမြင်သေး၊ သူ့အပေါ်၌လည်း အကျိုး အပြစ်တွေ မသိသေးတော့၊ ခင်ဗျားတို့က သင်္ခါရဒုက္ခကို ကြိုက်နေတယ် (မှန်ပါ)၊

ကြိုက်နေတော့ အသင်္ခတသုခကို ဘယ်တော့မှ မရဘူး (မှန်ပါ) ရပါ့မလား (မရပါ ဘုရား) ဘာကြိုက်နေလို့ (သင်္ခါရ ဒုက္ခကိုကြိုက် နေလို့ပါ ဘုရား)။

ဪ ဒါဖြင့် ဒွန်းစဏ္ဏားကြိုက် ကြိုက်နေတာ (မှန်ပါ) ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား) ဦးဘအုန်း ဘာကြိုက်ကြိုက်နေတာတုံး (ဒွန်း စဏ္ဏားကြိုက်ကြိုက်နေတာပါ) ဒီသင်္ခါရဒုက္ခ ကြိုက်နေတာကိုး (မှန်ပါ)။

သူ့အိမ်ကတော့ ဘာ အိမ်တဲ့ ဗျာ၊ ဒွန်းစဏ္ဏားအိမ်ကလည်း တလားပျက်၊ လောင်တိုက်ပျက် (မှန်ပါ) စားရတာကလည်း သူများပေး တဲ့ အကြွင်းအကျန် (မှန်ပါ)။

သူ့ဟာ ဘယ်မှာ သာယာစရာ ပါသတုံး (မပါပါ ဘုရား) သို့သော် သူ့ဟာနဲ့သူတော့ ဘာဖြစ်နေသတုံး (သာယာနေပါတယ် ဘုရား)။

ဒို့ရွာမှာ ငါလူချမ်းသာဖြစ်နေတယ် (မှန်ပါ) မဖြစ်သေးဘူးလား၊ ဖြစ်သလား (ဖြစ်ပါတယ် ဘုရား) ဒီမှာလည်း ကိုယ့်ဟာကလေးနဲ့ကိုယ် ပျော်နိုင်ကြတယ်၊ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်သား၊ ကိုယ့်သမီးလေးနဲ့ ပျော်နိုင်ကြ တယ်ဆိုတာ၊ ဒါပဲဗျာ (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သုခသစ္စာကို မမြင်လို့ ပျော်တာ (မှန်ပါ) ဒုက္ခသစ္စာကို သုခ ထင်နေလို့ (ပျော်နိုင်စရာ ရှိတာပါ ဘုရား) ပျော်နိုင်စရာ ရှိတာနော် (မှန်ပါ)။

နို့မဟုတ်ရင် ပျော်စရာအကွက်ကို ပါရဲ့ လား (မပါပါ ဘုရား) အဲဒီတော့ ခင်ဗျားတို့ နိဗ္ဗာန် မရောက်တဲ့ဥစ္စာ၊ ယနေ့ ဘောလောကြီး ပေါ်လာ တယ် (မှန်ပါ) ဦးဘကြည် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒွန်းစဏ္ဏားပျော်-ပျော်နေတယ်

ဘယ်လို ပေါ်လာကြသတုံး၊ ကဲ ရှင်းကြပါဦး၊ ခင်ဗျားတို့ပဲ ရှင်းပါဦး (ဒုက္ခသစ္စာကို သုခ ထင်နေလို့ပါ ဘုရား) ဒီလိုဆိုလိုက်တော့ ဒွန်းစဏ္ဍာ ပျော်-ပျော်နေကြလို့ပါဘုရား (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာပျော်-ပျော်နေကြတာတုံး (ဒွန်းစဏ္ဍာပျော်-ပျော်ကြလို့ပါ ဘုရား) အဲဒါကြောင့် ခင်ဗျားတို့ နန်းတော်၊ အိမ်တော်နဲ့ တူတဲ့ နိဗ္ဗာန် မရောက် တာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဟိုဟာတွေ၊ ဒီဟာတွေဆိုတော့ စာသံပေသံ ဖြစ်နေတယ်၊ ဦးဘကြည် ဘာပျော်ပျော် နေတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒွန်းစဏ္ဍာစိတ် မပျောက်ဘဲနဲ့ နေသရွေ့ ကာလ ပတ်လုံး၊ အဓိပတိ ပေါ်ဖို့တော့ ဦးဘကြည် အတော်ခဲယဉ်း မှာပဲ (ခဲယဉ်းပါတယ် ဘုရား)။

အဲဒီတော့ အရင်တုန်းက ဝိပဿနာစိတ်တွေနဲ့၊ သီလ သာမညတွေ ဟာ ဒွန်းစဏ္ဍာ သဘောကိုး (မှန်ပါ) သူတို့ ကောင်းကောင်း မကျော် နိုင်ဘူး (မှန်ပါ)။

သီလရော၊ သမာဓိရော၊ ပညာရော၊ ဒွန်းစဏ္ဍာ အထည်ကြီးကို လုံးလုံး စွန့်ပါတော့မယ် ဆိုတဲ့ အခြေအနေ ရောက်အောင် ဦးဘကြည် ရောက်ပြီလား၊ မရောက်ဘူးလား (မရောက်သေးပါ ဘုရား)။

အရင် သီလ၊ သမာဓိ၊ ပညာတွေဟာလေ (မှန်ပါ) ဒါကြောင့် သူတို့က သုံးဆယ့်တစ်ဘုံ တည်းဟူသော ဒွန်းစဏ္ဍာရွာပဲ ပြန်ပြီးပစ်ချတယ် (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ရှေ့ကဆောက်တည်ခဲ့တဲ့ သီလ၊ သမာဓိ၊ ပညတွေဟာ မရှိဘူးလို့ မဆိုလိုဘူး၊ ရှိတော့ ရှိပါရဲ့ တဲ့၊ ခုနင်က နိရောဓ မျက်မှောက်ပြုရတဲ့ သဘောက မရောက်သေးတော့၊ ဒကာ ဒကာမတွေကို သူတို့က ပစ်ချလိုက်ရင်၊ ဘယ်ကို ပစ်ချမယ်ထင်သတုံး (ဒွန်းစဏ္ဍာရွာပါ ဘုရား)။

အဲ သုံးဆယ့်တစ်ဘုံထဲက ရွာကြီး ရွာကလေးတွေတော့ ပြောင်းချင် ပြောင်းမှာပေါ့ဗျာ၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

နတ်ပြည်ခြောက်ထပ်တို့၊ ဗြဟ္မပြည်တို့က ရွာကြီးတွေပေါ့။ လူ့ပြည် လည်း ရွာကြီးတယ်၊ အပါယ်လေးပါးက ရွာငယ်တယ်ဆိုပြီး အဲဒီရွာသာ ပြောင်းပေးစရာ ရှိတယ်တဲ့။

ဒကာ ဒကာမတို့ ဒီဥစ္စာသည် နိဗ္ဗာန်တော့ ဝေးနေသေးတယ် (မှန်လှပါ ဘုရား) ဦးဘကြည် ဘာကြောင့်တုံး ဆိုတာရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒွန်းစဏ္ဍာစိတ် မပျောက်သရွေ့ စိတ်ကြီးဝင်စိတ်ပေါ်ပါ့မလား (မပေါ်ပါ ဘုရား) ဒါဖြင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာအစစ်လို့ မသိသရွေ့ ကာလ ပတ်လုံး၊ နိရောဓသစ္စာ အစစ်ပဲဆိုတာ လာဖို့အရေး တော်တော်ဝေးသေးတယ် (မှန်ပါ)။

ဘာစိတ်ပျောက်ဖို့လိုသလဲ

မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) အင်း ဒါဖြင့် ဒီကရှေ့ကို ဘာစိတ်ပျောက်ဖို့ အရေးကြီးနေ ပါလိမ့် (ဒွန်းစဏ္ဍာစိတ် ပျောက်ဖို့ အရေးကြီးပါတယ် ဘုရား)။

ခင်ဗျားတို့ကလည်း ရိုးရာစွန့်ဖို့ တယ်ပြီးလွယ်မယ် မထင်ပါဘူး (မှန်ပါ) လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ရိုးရာစွန့်ဖို့ တယ်မလွယ်ဘူးဆိုတာ၊ တစ်နေ့က ပုဂံသွားပြီး လုပ်သလို ဖြစ်နေမှာလည်း စိုးရသေးတယ် (မှန်ပါ)၊ ကဲ ဒါဖြင့် အဘိဓမ္မာနေရာမှာ ဦးဘကြည်တို့၊ ဒီစိတ်မပါရင် ရပါ့မလား (မရပါ ဘုရား)။

မိမိတို့ အဖြစ်ဟာ အဖြစ်ဆိုးကြီးကို သေချာမှ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) အဖြစ်ဆိုးကြီးကို သေချာမှ၊ ဒီဟာကို မကြိုက်ပေဘူးလား၊ ကြိုက်မှာလား (မကြိုက်ပါ ဘုရား)။

ဒီအဖြစ်ဆိုးကြီးကိုပင်လျှင်၊ အင်း ကိုယ့်ကံနဲ့ ကိုယ့်အကျိုးပေးနဲ့ တော်ရုံပဲ လှတာပဲ၊ လှသလောက်နဲ့ ကျေနပ်ရုံပဲဆိုရင်တော့၊ ကိုယ့်ရွာကိုယ်ပျော် တုန်းပဲ (ကျေနပ်ရင်ပျော်နေဦးမှာပါ ဘုရား)။

ပျော်နေသရွေ့ လည်း ထွက်ပေါက်ရှာတွေ့ရဲ့လား (မတွေ့ပါ ဘုရား) မတွေ့တော့ ဦးဘတင်တို့ အတော်ဆိုးနေပြီ (မှန်လှပါ ဘုရား)။

ဘာကြောင့်နိဗ္ဗာန်မရောက်ပါလိမ့်

ကိုင်း ဒို့နောက်တုန်းက ဘာပျော်များ ပျော်ခဲ့လို့ နိဗ္ဗာန်မရောက်ပါ လိမ့်မတုံး (ဒွန်းစဏ္ဍား ပျော်-ပျော်လို့ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒါ မှားသေးသလား (မမှားပါ ဘုရား)။

မယုံရင် ကိုယ့်အိမ်ကိုပြန်ကြည့်ပါ၊ ပျော်-မပျော် သူများအိမ်နေရတာနဲ့ ကိုယ့်အိမ်နေရတာနဲ့ ဘယ်အိမ်က ပျော်သတုံး (ကိုယ့်အိမ်နေရတာ ပျော်ပါတယ် ဘုရား)။

ရော ခက်ပြီ၊ ခင်ဗျားတို့ ကိုယ့်အိမ်နေရတာက ပျော်တယ်၊ ကိုယ့်အိမ်ကလဲ ခုနင်က ကာရံထားတာကလဲ ဘယ်လိုပစ္စည်းတွေတုံးလို့ မေးလို့ ရှိရင်၊ အသုဘခန္ဓာကိုယ်နေဖို့ ကာထားတာ (မှန်ပါ့)။ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အသုဘအတွက် ကာထားတဲ့ပစ္စည်း၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)

ဒီနားမှာရှိတဲ့ ဆန်တွေ၊ ဆီတွေ၊ ငါးပိ ငါးခြောက် စသည်တို့က လည်း၊ ဒါဟာ အသုဘ ခန္ဓာကိုယ်ကြီး ကုဖို့သဖို့ပဲ၊ ဘယ်တော့မဆို ခန္ဓာနဲ့ အနာနဲ့ဟာ မကင်းတာနဲ့၊ ဆေးကို အပြတ်ခံလို့ မရတဲ့ အဓိပ္ပာယ်ဟုတ်လား၊ လေနာသမား၊ ဆော်ဒါကို ခါးပိုက်ထဲ ထည့်ထားရသလို (မှန်ပါ)။

ဒီမှာလည်း ခင်ဗျားတို့ ဘာတွေဆောင်ထားရသတုံး (ကုဖို့ပစ္စည်း တွေ ဆောင်ထား ရပါတယ် ဘုရား)။ ဆေးတွေ ဆောင်ထားပြီးတော့ ဘယ်လောက်ကြာကြာ နေရမှာတုံး၊ ဒီဆေးနဲ့ ဘယ်တော့ဖြတ်ရမှာတုံး၊ ငါဖြင့် သေချင် ပါရဲ့ လို့များ လာရဲ့လား (မလာပါ ဘုရား)။

ကိုယ့်ဆေးနဲ့ကိုယ် တယ်ပြီး ကျေနပ်နေတယ် (မှန်ပါ)၊ ဆေး ကုလိုက်၊ အနာပေါက်လိုက် ပြန်ကုလိုက်၊ ဦးခင်မောင် အနာက ပေါက်တော့ ဘာလုပ်ပြန်သတုံး (ကုပြန်ပါတယ် ဘုရား)။

ကုပြန်ပြီး သကာလ ၊ ဒီအနာပျောက်ပြီး ဟိုအနာပေါက်လာပြန်တော့ ကော (ကုရပါတယ် ဘုရား) ဆေးတွေနဲ့ ကုရပြန်တော့ ရောဂါကင်းသွား သလား (မကင်းပါ ဘုရား)။

ဘယ်လိုများနေခဲ့ကြရသတုံး

မကင်းတော့ ဘာလုပ်ပြန်သတုံး (ကုရပြန်ပါတယ် ဘုရား) ဒါဖြင့် ကုလိုက်၊ အနည်းငယ် ပျောက်လိုက်၊ တစ်မျိုးအနာ ပေါက်လိုက်၊ တစ်မျိုးပြန် ကုလိုက်၊ တစ်သံသရာလုံးမှာ ဒီလိုပဲ နေခဲ့ကြရတယ် (မှန်ပါ) ရိပ်မိကြ ပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်လိုများ နေခဲ့ကြရသတုံး (တစ်သံသရာလုံးမှာ ဒီလိုပဲ နေခဲ့ ကြရပါတယ် ဘုရား) ဒီလိုပဲ ဒီလိုပဲ။ ရောဂါနဲ့ကို မပြတ်ခဲ့ဘူး (မှန်ပါ မပြတ်ခဲ့ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရောဂါနဲ့လည်း မပြတ်ခဲ့ဘူး၊ ဆေးနဲ့လည်း မလပ်ခဲ့ဘူး ဆိုကြပါစို့ဗျာ (မှန်ပါ) ကြပ်စီးတာ ကြီးကော လျှော့လို့ရခဲ့ရဲ့လား (လျှော့မရပါ ဘုရား)။

တိရစ္ဆာန်ဖြစ်တုန်းကတော့ လျှော့ခဲ့ပါတယ်ဘုရား (မှန်ပါ) အဲဒီလိုပဲ ပြောကြပါတော့ဗျာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တိရစ္ဆာန်ကတော့ ဘယ်သူမှ ကြပ်စီးပေးမယ့်သူ မရှိတာနဲ့ ဦးခင်မောင် (ဒါတောင်မှ မြင်းတွေ ဘာတွေကျတော့ ဝတ်ပေးလိုက်ကြပါသေးတယ် ဘုရား) အဲ မြင်းတွေ ဘာတွေတော့ ဝတ်ရမှာပဲ၊ ကိုယ်က သူ့ကို သုဘထင် တာနဲ့ ဝတ်ပေးနေကြတာ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်အခါကာလမဆို၊ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ အနာကင်းတယ်၊ ရောဂါကင်းတယ်၊ ဒုက္ခကင်းတယ် ဆိုတာဖော်ပြပါ (မရှိပါ ဘုရား) ဘယ်အခါမှ မရှိခဲ့ဘူး မဟုတ်လား (မှန်ပါ)။

ဝဋ်ကောင်မှဟုတ်ရဲ့လား

ဘယ်လောက်ကြာခဲ့ကြတုံးမေးတော့ (ကြာလှပါပြီ ဘုရား) ဒါဖြင့် ဝဋ်ကောင်မှ ဟုတ်ရဲ့လား (မှန်ပါ) အခုကော ကျွတ်ပြီလား (မကျွတ်သေးပါ ဘုရား) မယုံ အိမ်ကို ပြန်ကြည့် တစ်ခုခုနဲ့တွေ့ရမယ်၊ ခင်ဗျားတို့ စိတ်သာချ (မှန်ပါ)။

အခုလဲ ဆေးလက်မလွှတ်ရသေးဘူး၊ အိမ်ပြန်တော့ကော (ကုရမှာ ပါ ဘုရား) အဲဒါလောက် ဆိုးနေတဲ့ဥစ္စာ၊ ကိုယ့်ဟာကလေးနဲ့ ကိုယ်တင်းတိမ် နေတော့၊ ခင်ဗျားတို့ ခုနင်က နန်းတော်၊ အိမ်တော် မရောက်ဘူးလို့ တင်းတိမ် တာ (မှန်ပါ)။

နို့မဟုတ်ရင် တင်းတိမ်တဲ့စိတ် လာပါ့မလား (မလာပါ ဘုရား) ဒါကြောင့် ဒွန်းစဏ္ဍား စိတ်ပေါက်နေလို့ တင်းတိမ်တာဗျ (မှန်ပါ) နို့မဟုတ်လို့ ရှိရင် တင်းတိမ်စရာ အကြောင်း မြင်ကြရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါကြောင့် ဒွန်းစဏ္ဍားစိတ် မပျောက်သရွေ့ ကာလပတ်လုံး ဒါတွေ အဓိ မထည့်နဲ့နော် (မှန်ပါ) ထည့်လို့တော်ပါ့မလား (မတော် ပါ ဘုရား)။

ဒါဖြင့် အဓိထည့်တာ၊ မထည့်တာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာကို နာတာရှည် ဆင်းရဲသား၊ ဒွန်းစဏ္ဍားရွာကို တစ်ခါတည်း လုံးဝဖြင့် မပြန်တော့ပါဘူး။

မသိခင်တုန်းကဟုတ်သလိုလို

မသိခင်တုန်းကတော့ ဟုတ်သလိုလိုနဲ့ အခုတော့ဖြင့် ကျက်သရေ မင်္ဂလာ လုံးဝမရှိတဲ့ နေရာပဲလို့ ခင်ဗျားတို့က ဒုက္ခသစ္စာကို ပိုင်းခြားထားပါ (မှန်ပါ)။

အဲဒီပိုင်းခြားတဲ့ အချိန်ကျမှ အဓိပညာ၊ အဓိသီလ၊ အဓိစိတ္တ မလာ ပေဘူးလား (လာပါတယ် ဘုရား) အခု မပိုင်းခြားနိုင်သရွေ့ ကာလ ပတ်လုံးဖြင့် ကိုယ့်ရွာနဲ့ ကိုယ် ပျော်ကြီးပေါ့ဗျာ (မှန်ပါ)။

ဘယ်မှာကစားကြတာတုံးဆိုတော့၊ မြေပုံပေါ်မှာ ကစားကြတာ (မှန်ပါ)။ ဒွန်းစဏ္ဍာလေးတွေ ဘယ်မှာ ကစားကြသတုံး (မြေပုံ ပေါ်မှာ ကစားပါတယ် ဘုရား)။

ညရောက်လာတဲ့အခါ သူတို့ဒီအထဲပဲ လျှောက်ပြီး သကာလ မလည်ကြဘူးလား (လည်ပါတယ် ဘုရား) ဒီဇရပ်တွေ အပေါ်ပဲတက်ပြီး သကာလ ၊ ကျားထိုးခြင်း ကစားရင်း ဆိုသလို မနေကြပေဘူးလား (နေပါ တယ် ဘုရား)။

သို့သော် သူတို့ရွာဟာ သူတို့စိတ်ထဲမှာဖြင့် အပျော်ဆုံးထားတာ (မှန်ပါ့)။ သူတို့ ရွာဟာ သူတို့ ကျက်သရေအရှိဆုံးလို့ကော (ထားပါတယ် ဘုရား)။

ငွေဝင် အမှန်ဆုံးလို့ကော (ထားပါတယ် ဘုရား) မသေတဲ့ လူမှ မရှိဘဲ အဲဒီနေပြီး ထိုင်စောင့် နေတာပဲ၊ အဲဒီတော့ ဝင်ငွေကလည်း သိပ်မှန် တာပေါ့။ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူ့တို့ရွာသူတို့အပျော်ဆုံး

အဲဒီတော့ ဘယ်မှမရောက်ဘူး ခင်က သူတို့ရွာသူတို့ အပျော်ဆုံးဖြစ် လိမ့်မယ်ဆိုတာကော (ယုံပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ေဩာ်- ခင်ဗျားတို့လည်း နိဗ္ဗာန် မရောက်သေးရင် ကိုယ့်ရွာကိုယ်ပျော် ဦးမယ် (မှန်လှပါ ဘုရား) နတ်ပြည်ရောက်ကော (ပျော်ပါတယ် ဘုရား) သို့သော် နတ်ပြည်ရောက်လည်း ဒီအသုဘ ခန္ဓာပဲရမှာပဲ၊ ပျော်ရမှာပဲ၊ လူ့ပြည် ရောက်ပြန်တော့လည်း အသုဘအဖြစ်နဲ့ ရောက်တာပဲ (မှန်ပါ)။

ပျော်နေတာပဲ၊ ဘာဖြစ်လို့တုံး ဆိုလို့ရှိရင် ဒုက္ခသစ္စာကို မပိုင်းခြားနိုင် သေးလို့ (မှန်ပါ) နိရောဓကို မျက်မှောက်မပြုနိုင်သေးတဲ့ အတွက် ဦးဘကြည် ဘာဖြစ်နေရတာတုံး (ဒွန်းစဏ္ဍားပျော် -ပျော်နေရတာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ပြောင်းပြစ်ပါ (မှန်ပါ) ကိုယ့်အဖြစ်ဆိုး သိပြီလား (သိပါပြီ ဘုရား) ဘယ်လိုသိတာတုံး (ဒွန်းစဏ္ဏားပျော်ပါ ဘုရား) စားရတာကလည်း ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)။

ဝတ်ရတာကလည်း (မဟုတ်ပါ ဘုရား) ကျန်းမာခြင်းကော ရှိကြရဲ့လား (မရှိပါ ဘုရား) ကျန်းမာခြင်းလည်းမရှိဘူး၊ ချမ်းသာပြီလားလို့ မေးတော့လည်း မချမ်းသာဘူး၊ ဆန်က လုံလောက်ပြန်ရင် ဆီက လိုသေးတယ်၊ ဆီက လုံလောက်ပြန်လည်း ဆားက လိုသေးတယ်။

အဝတ်အထည်က လုံလောက်ပြန်လည်း ရွှေကလိုတယ်၊ ရွှေက ရပြန်လည်း စိန်က လိုပြန်တယ် ဆိုတော့၊ ဘယ်အမွဲချည်း လုပ်နေတာပဲ (မှန်ပါ) ဘယ်တော့များ တော်ပြီ တန်ပြီလို့ လာကြတုံး (မလာပါ ဘုရား)။

မွဲတဲ့ပုဂ္ဂိုလ်မို့လို့

ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားကြည့်မွဲတဲ့ ပုဂ္ဂိုလ်မို့ လိုချင်တာကိုး (မှန်ပါ) သဘော ကျပြီလား (သဘောကျပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒါလောက်အလိုလက်စ မသတ်ပါလိမ့် (မွဲတဲ့ ပုဂ္ဂိုလ်မို့ပါ ဘုရား) ဆင်းရဲလွန်းလို့ (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

အင်း ဒီဆင်းရဲ ဘယ်တော့များ ပျောက်ပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင် ဒီရွာက ထွက်မှ ပျောက်မှာပဲ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

ဒီအချိန် အားထုတ်ရင်တော့ဖြင့် (ပျောက်ပါတယ် ဘုရား) ဆင်းရဲလက်စသတ်မယ် ဆိုတာ ပေါ်လာကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပဋိသမ္ဘိိဒါမဂ် အဋ္ဌကထာမှာ လာတဲ့အကြောင်း ဦးဘကြည် တို့ ကောင်းကောင်း ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် ဘာအရေးကြီး တုံးဆို ဒုက္ခသစ္စာကို များများကြီး ဖြိုင်ဖြိုင် ရှုနိုင်ဖို့ အရေးကြီးတယ်နော် (မှန်ပါ)။

ဒုက္ခပိုင်းခြားနိုင်မှနိဗ္ဗာန်ရောက်မယ်

ဖြိုင်ဖြိုင်ရှုနိုင်လို့ ဒုက္ခအကြောင်း ကောင်းကောင်းသိတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ ဒီရွာ မနေချင်တော့ပါဘူး ဆိုပြီး သူသွားလိမ့်မယ် (မှန်ပါ) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

သွားလို့ရှိရင် သူ့ရွာဟာ နဂိုကိုက မကောင်းတဲ့ရွာဖြစ်နေတော့ကို၊ သူဟာနန်းတော်၊ အိမ်တော်နဲ့ တူတဲ့ နိဗ္ဗာန် မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခမပိုင်းခြားနိုင်ဘဲနဲ့ နိဗ္ဗာန်တော့ မရောက်ဘူး (မှန်ပါ) ဦးဘကြည် သဘော ကျပြီလား (သဘောကျပါပြီ ဘုရား) ဒကာ ဒကာမတွေ သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဆုတောင်းနေရုံနဲ့နိဗ္ဗာန်မရောက်

ဒါဖြင့် နိဗ္ဗာန်ရောက်မှုဟာ ဆုတောင်းနေရုံ အလုပ်လား၊ ဒုက္ခပိုင်းခြားမှ ရောက်မှာလား (ဒုက္ခပိုင်းခြားမှ ရောက်မှာပါ ဘုရား)။

အဲ သေချာသွားပြီ၊ ဒုက္ခပိုင်းခြားနိုင်လို့ နိဗ္ဗာန်မြင်တော့မှ၊ ခင်ဗျားတို့ မဂ္ဂင်ရှစ်ပါးကလည်း အရင် မဂ္ဂင်မျိုး ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ရှေးက လုပ်ထားတာတွေဟာဖြင့်၊ ကိုးစားရာ အားထားရာအစစ် မဟုတ်သေးဘူး (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ပြန်ပြီးဒွန်းစဏ္ဍားရွာ ဖြစ်နိုင်သေးတယ် (မှန်ပါ) သူတို့ က ဒွန်းစဏ္ဍားရွာ အကျိုးပေးဦးမှာ ကိုးဗျ (မှန်ပါ) ဒါဖြင့် ဆရာဘုန်းကြီး ပြောလို့ သိပြီမဟုတ်လားဗျာ (မှန်ပါ)။

(၃၁)ဘုံဟာ ဒွန်းစဏ္ဏားရွာ

သုံးဆယ့်တစ်ဘုံဟာ ဒွန်းစဏ္ဍားရွာမှ တစ်ပါး ဘာရှိသေးတုံး (မရှိပါ ဘုရား) သူပေးလူပေးနဲ့ စားရတာပဲ မဟုတ်လား (မှန်ပါ)။

အဲဒီတော့ ဒီရွာကို မပြန်ချင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျား တို့သည် ဒီရွာ၏ အကြောင်းကို စေ့စေ့စပ်စပ်သာ ကြည့်ပေတော့ (မှန်လှပါပြီ ဘုရား) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဦးဘကြည် ဘာကြည့်ခိုင်းသတဲ့ (ဒီရွာ၏အကြောင်းကို ကြည့်ခိုင်း ပါတယ် ဘုရား) ဒီရွာ၏ အသုံးအနှုန်းကိုလည်းကြည့် (မှန်ပါ) အသုံးအနှုန်း တွေကလည်း ဘာပစ္စည်းတွေကို သူစားသောက် နေတုံး၊ ဒီကလေးတွေ ကလည်း ဘယ်အထဲ မွေးလာတာတုံး၊ ကြည့်ပေါ့ဗျာ (မှန်ပါ)။

တခါ သူတို့ အိမ်ဆောက်နေတာလည်း ဘာဆောက်နေတာတုံးလို့ ကြည့်လိုက်တဲ့ အခါကျတော့၊ အိမ်ကလည်း ဘာမှ အဖိုးမတန်တဲ့ အသုဘ အကျန်အကြွင်း (မှန်ပါ)။

ဘယ်ဟာ အကောင်းပါသေးသတုံး

စားတာကလည်း အသုဘ အကျန် အကြွင်း၊ နေရတာကလည်း မြေပုံ ပေါ်မှာဆိုတော့ ဘယ်ဟာ အကောင်းပါသေးသတုံး (မပါပါ ဘုရား)။

အဲဒီလို ခန္ဓာကိုယ်ကြီးမှာ တစ်ကိုယ်လုံး ဒုက္ခသစ္စာ ဖြစ်သွားရမယ် (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ကိုယ်လုံး ဒုက္ခသစ္စာ ဖြစ်သွားတဲ့အခါကျတော့မှ၊ ဒီဘက်က တဏှာက ကိုထွန်းဦးတို့ ဦးဘကြည်တို့ လာပါဆိုလို့၊ ကိုယ့်ရွာကြီး ကျက်သရေ မင်္ဂလာမရှိမှန်းသိတော့ ခင်သေးသလား (မခင်ပါ ဘုရား)။

ရွာခင်၊ လူခင်၊ ဆွေမျိုးခင်ကော ရှိသေးသလား (မရှိပါ ဘုရား) သဘောကျပြီလား (သဘောကျပါပြီ ဘုရား) အဲဒီတော့ သမုဒယသစ္စာက မသေဘူးလား (သေပါတယ် ဘုရား)။

အဲဒီ သေတော့ကိုတဲ့၊ သူလည်းသေပါရော ဒီရွာကိုလည်း ကြည့်ချင် တဲ့စိတ်လာသေးရဲ့ လား (မလာပါ ဘုရား) မလာတော့ သမ္မာဒိဋ္ဌိတို့က ဒီဘက်လှည့်လာတယ် (မှန်ပါ) မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဒီရွာမကြည့်ချင်မှ ဒီဟာလှည့်တာ (မှန်ပါ) အဲဒီကျတော့ မှ အဓိပညာ၊ အဓိစိတ္တ၊ အဓိသီလ၊ သီလ၊ သမာဓိ၊ ပညာဖြစ်သွားတာပေါ့ဗျာ (မှန်ပါ) ကိုင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒီနေ့ဒါကိုဆုံးမချင်တယ်

အဲဒီတော့ ခင်ဗျားတို့ကို ယနေ့ဆုံးမချင်တာက ဘယ်လိုလဲလို့ မေးစရာရှိတယ်၊ ေဩာ် – ဒါဖြင့် ဒီသီလ၊ သမာဓိ၊ ပညာဆိုတာက တပည့်တော်တို့ ဒုက္ခသစ္စာ ပိုင်းခြားသိမှပဲ လိုရာခရီးကို ရောက်မှာပဲ။ အဓိကလည်း အဲဒီကျမှသာ လာတော့တာကိုး ဆိုတာကို ခင်ဗျားတို့ ယနေ့ ဆုံးဖြတ်ချက်ချပြီး အမှတ်ကြီး မှတ်ရမှာပဲ (မှန်ပါ)။

ရှေးကနေခဲ့တာဖြင့် အဓိကို မတပ်ခဲ့ဘူးဆိုတာလည်း ဘုန်းကြီး ဖော်ပြောဖို့ လိုသေးသလား (မလိုပါ ဘုရား) ဒါကြောင့် သုံးဆယ့်တစ်ဘုံ ဒွန်းစဏ္ဍားရွာမှာပဲ ကြုံကြုံ နေကြရတယ် ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာဖြစ်ခဲ့လို့ပါလိမ့် (အဓိ မဖြစ်ခဲ့လို့ပါ ဘုရား)၊ အဓိမဖြစ်ခဲ့ဘူး။ အဓိမဖြစ်တော့ ဒွန်းစဏ္ဍားရွာပဲ ပြန်ပြန်အကျိုး မပေးဘူးလား (ပေးပါတယ် ဘုရား)။

သူက ဒုက္ခသစ္စာကို မပိုင်းခြားနိုင်တဲ့အတွက်၊ ခင်ဗျားတို့ ဒီရွာမှာပဲ ပျော်မွေ့နေတဲ့ သဘောတွေ မရှိဘူးလား (ရှိပါတယ် ဘုရား) ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီပညာရယ်၊ ဒီသမာဓိရယ်၊ ဒီသီလရယ် ဆောက် တည်လို့ ခိုင်မြဲတဲ့ဥစ္စာ (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဆောက်တည်ရပါတယ်လို့ ဆိုနေတော့၊ သမထလေးသွားထိုင်ချင် လည်း စပြီး ပျိုးထောင် ရတယ်၊ သီလကလေးလည်း ဘုရားဆီသွားပြီး ဆောက်တည်ရတယ်၊ ဘာဖြစ်လို့တုံး မရှိလို့ပေါ့ ဘုရား၊ မဟုတ်ဘူးလား (မှန်ပါ)။

မရှိလို့ သွားပြီး ယူရတာ မဟုတ်ဘူးလား (မှန်ပါ) နက်ဖြန် ကျတော့ ဘာလုပ်ရပြန်ပြီလဲ မေးပြန်တော့ကော (သီလသွား ယူရပါတယ် ဘုရား) ဘာဖြစ်လို့တုံး မေးပြန်တော့ (မရှိလို့ပါ ဘုရား)။

အဓိမပါသရွေ့မမြဲသေးဘူး

ဪ ဒါဖြင့် သူမမြဲဘူးပေါ့ဗျာ (မှန်ပါ) မမြဲဘူး၊ အဲဒါ အဓိမပါ သရွေ့ဖြင့် ဒီလိုချည်း နေမှာပဲ (မှန်ပါ ဘုရား)။ ဦးဘကြည် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဓိမပါသရွေ့ ဘာတုံး (မမြဲသေးပါ ဘုရား) ဘယ်တော့မှ မမြဲ သေးဘူးဆိုတော့ ဒါဖြင့် ဒကာ ဒကာမတို့၊ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ အကြောင်းကိုဖြင့်၊ ဒုက္ခကို ဒွန်းစဏ္ဍားရွာကဲ့သို့ ဒွန်းစဏ္ဍားအစား၊ ဒွန်းစဏ္ဏား ခန္ဓာကိုယ်၊ လုံးဝကိုယ့်ကိုယ်ကို မနှစ်သက်၊ ကိုယ့်အစာ မနှစ်သက်၊ ကိုယ့် အိမ်ယာကို မနှစ်သက်၊ အဲဒီကျတော့မှ ခင်ဗျားတို့ ေဩာ် မပြန်တော့ပါဘူး ဆိုတာလာတယ် (မှန်ပါ)။

မနှစ်သက်တာက ဘာတုံးဆိုတော့ ဟောဒီဘက်လည်းမြင်၊ ဒီဘက်လည်း ပိုင်းခြား၊ ဒီဘက်လည်း မြင်တော့မှ နှိုင်းချိန် လိုက်တာကိုးဗျ။ ဒီဟာက (မှန်ပါ) ဦးဘကြည် ဘာတဲ့တုံး (နှိုင်းချိန်ပါ ဘုရား)။

ကောင်းတာနဲ့ မကောင်းတာကို နှိုင်းချိန်ပါတယ်၊ ဒါကြောင့် တစ်ပြိုင် နက် မြင်တယ်လို့ ပြောတာ (မှန်ပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဓိတပ်လာရင် တစ်ပြိုင်နက်မြင်တယ်

ဒါနဲ့ ဒါကို ဘယ်သူရှေ့ ဘယ်သူနောက်တုံးလို့ မေးလို့ရှိရင်ဖြင့်၊ အဓိ တပ်လာတဲ့အခါ တစ်ပြိုင်နက်မြင်တယ် (မှန်လှပါ ဘုရား)။

တစ်ပြိုင်နက်မြင်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဆိုတော့၊ အကောင်းနဲ့ အဆိုး၊ အကောင်းဘက်ပဲ လဲတော့မယ် ဆိုတာကို ခင်ဗျားတို့ အမှန်သိတော့ မှာပဲ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တစ်ပြိုင်နက်မြင်ရင် ဘယ်ဘက်လဲမယ်ထင်တုံး (အကောင်းဘက် လဲမှာပါ ဘုရား) အင်း နေရာကျပြီ၊ အကောင်းဘက်လဲတော့ကို၊ ဘယ့် နယ်ကြောင့် သူလဲသွားသတုံး မေးတဲ့အခါ သေသေချာချာ ဒွန်းစဏ္ဏား အဖြစ်ကို သိတယ်၊ ကိုယ့်အဖြစ်ကို မသိဘူးလား (သိပါတယ် ဘုရား)။

သိတဲ့အတွက် ပြန်ဦးမှာလား၊ မပြန်တော့ဘူးလား (မပြန်တော့ အဲဒါကြောင့် သောတာပန်မှ နိယတ ဂတိတောဆိုတာ၊ မပြန်လို့ မြဲတာ (မှန်ပါ) ပြန်ရင် (မမြဲပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ပြောချင်တာက၊ မဆောက် တည်ပဲနဲ့ ရတဲ့သီလ၊ မဆောက်တည်ပဲနဲ့ အားထုတ်ရတဲ့ သမာဓိ၊ ပညာတွေ သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ အဖိုးတန်ဆုံး၊ အခိုင်မြဲဆုံးပဲလို့ ဦးဘအုန်းတို့ မှတ်ရမယ် (မှန်ပါ)။

ဒါဖြင့် အလုပ်လုပ်ပါလို့ ပြောတာပဲ (မှန်ပါ) အလုပ်မပါဘဲနဲ့ ဟာကတော့၊ ခဏခဏ အဝတ်လျှော်နေရသလို၊ ဦးခင်မောင်ရေ မြဲပါ့မလား (မမြဲပါ ဘုရား)။

အားလုံးပဲအလုပ်လုပ်ကြပါ

အေး ဒါကြောင့် အားလုံးပဲ အလုပ်လုပ်ကြပါ၊ အလုပ်နားမလည် ရင် လာပြီးမေးလေ၊ နေ့တိုင်းလည်း အလုပ်ကိုပဲ ပြောနေတယ်၊ မဟုတ်ဘူး လား (မှန်လှပါ ဘုရား)။

ဒီအလုပ်မပါသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ လုပ်နေတာသည် အဓိမတပ်နိုင်ဘူး (မှန်ပါ) အဓိ မတပ်နိုင်သေးရင် ဒွန်းစဏ္ဍားရွာပြန်ပြီး အကျိုးပေးမယ် (မှန်ပါ)။

ဒိပြင် ဘယ်မှာ အကျိုးပေးမှာလဲ (ဘယ်မှမပေးပါ ဘုရား) ဒါဖြင့် ဒီရွာပြန်ချင်သေးသလား (မပြန်ချင်ပါ ဘုရား) ဟုတ်ရဲ့လား ခင်ဗျားတို့၊ ဒီရွာကို မပြန်ချင်မှဗျ၊ ဒီရွာပြန်ချင်နေသေးလို့ရှိရင်ဖြင့် အမျိုးမျိုး လွမ်းနေ သေးရင်တော့ ခက်တယ် (မှန်ပါ)။

မခက်ပေဘူးလား (ခက်ပါတယ် ဘုရား) ကဲ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ကို သီလ၊ သမာဓိ၊ ပညာဆိုတာ ဘုန်းကြီး ဒီနေ့ ရှင်းပြမယ်၊ ဟောဒါကိုလည်း ခင်ဗျားတို့ မလုပ်ပါနဲ့၊ ဒီဘက်သီလကိုပဲ မဆောက်တည်ချင်နေပါဦး၊ ဟော ဒီနှစ်ချက်လုပ်တာနဲ့ပဲ ဒါတွေ အကုန်ပါအောင် ပြောမယ် (မှန်ပါ)။

ရာဇဂြိုဟ်ပြည်မှာသီတင်းသုံးနေတယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့၊ ဝတ္ထုကလေး ထုတ်ရလိမ့်မယ်၊ ဒီဥစ္စာ ပြောချင်ရင် ဝတ္ထု မထုတ်ရင် ရှင်းမှာမဟုတ်ဘူး (မှန်ပါ)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ရာဇဂြိုဟ်ပြည်မှာ သီတင်းသုံး နေတယ်၊ ထိုသို့ သီတင်းသုံးနေတဲ့ အခါကျတော့၊ ဘုရားမပွင့်ခင်က ဘုရား လုပ်နေတဲ့ မိစ္ဆာဒိဋ္ဌိတွေက တစ်ပုံကြီးပဲ ဆိုတာ ခင်ဗျားတို့ သိပြီးသား (မှန်ပါ)။

ဘုရားပွင့်တော်မူလာတော့၊ ဘုရားက တရားဓမ္မတွေဟော၊ ဟုတ်တိုင်းမှန်စွာဟောတယ်၊ အားလုံးဟုတ်တိုင်း မှန်စွာသိကြတယ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ကြတယ်၊ အဲဒီပုဂ္ဂိုလ် တွေကလည်း တစ်ခါဆက်ပြီး သကာလ တစ်ယောက်နဲ့တစ်ယောက် ပြောကြလို့ ဘုရားဆီမှာပဲ ကိုးကွယ် ဆည်းကပ်ကြ၊ လှူကြ၊ တန်းကြဖြစ်ပြီး သကာလ နေကြတယ်၊

ခုနင်က ပြောခဲ့တဲ့ မိစ္ဆာဒိဋ္ဌိ ဘုရားအမည်ခံတွေမှာ လာဘ်လာဘ ယုတ်လျော့မှုကြီး ဖြစ်တယ် (မှန်ပါ)။

တိတ္တိတွေစည်းဝေးကြတယ်

ကြုံတဲ့အခါကျတော့ တိတ္ထိတွေ အစည်းအဝေးဖွင့်တယ်၊ ဂေါတမပွင့် လာကတည်းက ဒို့မှာ စားရမဲ့၊ သောက်ရမဲ့၊ နေရမဲ့ ဖြစ်ပြီး သကာလ လာတာဟာ၊ သူ့မှာ အမျိုးရိုးကြီးလို့ချည်းလဲ မဟုတ်ဘူး။

ပင်ကိုယ်က ချမ်းသာလို့လဲ မဟုတ်ဘူး၊ သူ့ အကောင်းကို ဒို့ တွေးလိုက်တဲ့ အခါကျလို့ရှိရင်၊ သူဟာ တရားဓမ္မအပြောအဟော ကောင်းလို့ သာလျှင် ကြီးပွားတာတဲ့ (မှန်ပါ)။

သူတို့ တွေးချင်ရာတွေးပေါ့ဗျာ (မှန်ပါ) တရားဓမ္မ အပြော အဟောကောင်းလို့သာ သူကြီးပွားတာဖြစ်ပါတယ်၊ ဒါကြောင့် ဒို့အထဲက လည်း ဉာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တရားခိုးယူဖို့၊ သူလျှိုအဖြစ်နဲ့ လွှတ် ရအောင် ရှင်ဂေါတမဆီကိုတဲ့ (မှန်ပါ)။

သုသိမပရဗိုဇ်

အဲဒီ သူလျှိုအဖြစ်နဲ့ လွှတ်တဲ့ ပုဂ္ဂိုလ်က ဟိုကတရားတွေ ရလာမယ်၊ ရလာလို့ရှိရင် ဒို့ကို ပြန်ပြီးသင်၊ ဒို့ဟောနေကျ တရားနဲ့ ရှင်ဂေါတမဆီက တရားနဲ့တွဲစပ်ပြီး ဟောမယ်တဲ့။

အကြံအစည်ကတော့ သေးတဲ့အကြံအစည် မဟုတ်ဘူး (မှန်ပါ) အဲဒီကဲ့သို့ ကြံစည်ပြီး သကာလ ၊ သုသိမဆိုတဲ့ ပရဗိုဇ်ရဟန်းကို ဦးဘကြည် လွှတ်လိုက်တယ်။

အစည်းအဝေးဖွင့်ပြီးတော့ သုသိမ တိတ္ထိတွေ အားလုံးပဲ လာဘ်လာဘ နည်းပါးပြီး ငတ်ပွဲနဲ့ ကြုံနေရပြီ၊ ဒို့အထဲမှာလည်း မင်းဉာဏ် အကောင်းဆုံး၊ အဲဒီတော့ ဂေါတမဘုရားဆီသွားပြီး ဟောနည်းပြောနည်း တွေ ယူခဲ့ပါ။

မင်းပြန်လာတော့ ဒို့ကို တစ်ဆင့်သင်ပေးပါ၊ ဒီတော့ ဒို့က ဒို့တရား လည်းထည့်၊ ဂေါတမဘုရား ထံက ရလာတဲ့ တရားလည်းထည့်ပြီး၊ ပြီးတော့မှ တရားချင်း ဘာထူးသေးသလဲ ဆိုပြီး ဒို့ဟောလို့ရှိရင်၊ တရားတွင် ကျယ်လာပြီး လာဘ်သပ္ပကာပေါဖို့ရာ အကြောင်းဖြစ်နိုင်မယ်။

သုသိမ ကလည်း သူကလည်း မိစ္ဆာဒိဋ္ဌိကိုး၊ အားလုံး ဆင်းရဲဒုက္ခရောက် နေတယ်ဆိုရင်ဖြင့် အားလုံးသဘောတူပါက သွားပြီး သင်ယူမယ်ဆိုပြီး သကာလ စိတ်ကူးပေါ်လာတယ်။

အဲဒီတော့ သွားသင်မလို့ ဆုံးဖြတ်လိုက်တာနဲ့၊ သွားဖို့ သူစိတ်ကူးတော့ ဘုရားဆီတော့ တိုက်ရိုက်ဝင်လို့မရဘူး၊ ပရိသတ်တွေက သိပ်ပေါနေတယ်။

ရှင်အာနန္ဒာဆီဝင်တယ်

ဒီတော့ ရှင်သာရိပုတ္တရာဆီကို အရင်ကပ်ရမှာလား၊ ရှင်မောဂ္ဂလန်ဆီ ကို အရင်ကပ် ရမှာလား၊ အမျိုးမျိုး စိတ်ကူးတော့ ဒါတွေ မဟုတ်သေးပါဘူး၊ ရှင်အာနန္ဒာက ဘုရားနဲ့ အနီးကပ်ဆုံး၊ သူ့ဆီဝင်လိုက်ရရင် နေရာကျမယ် ဆိုပြီး သကာလ သူ့ဆီဝင်ပြီး၊ ရှင်အာနန္ဒာ , အရှင်ဘုရားတို့ သာသနာ ကြည်ညိုလွန်းလို့ တပည့်တော် သင်္ကန်းဝတ်ပါရစေတဲ့ (မှန်ပါ)။

ဒီတော့ အာနန္ဒာကလည်း ဣန္ဒိယ ပရောပရိယတ္တိဉာဏ်ကလဲ မရ၊ အာသယာနုသယ ဉာဏ်ကလည်း မရတော့၊ အင်း သူက နဂိုကတိတ္ထိ ဂိုဏ်းမှာ ခေါင်းဆောင်။

ဒို့ သာသနာတော် ကြည်ညိုလို့ သင်္ကန်းဝတ်ပါရစေလို့ လာပြောတော့၊ ငါကလည်း သူ့အကြောင်း ကောင်းကောင်းသိတာမဟုတ်ဘူး၊ ဒီတော့ သူ့ကို ဒီလိုထားလို့တော့မရဘူး၊ ဘုရားဆီခေါ်သွားမှပဲ။

ဘုရားထံခေါ်သွားတယ်

ဘုရားက ဝတ်ပေးလိုက်ပါဆိုရင် သင်္ကန်းဝတ်ပေးမယ်၊ မဝတ်နဲ့ဆိုရင် မဝတ်ပေးဘူးဆိုပြီး၊ ရှင်အာနန္ဒာက ဒကာ ဒကာမတို့ သုသိမကို ဘုရားဆီ ခေါ်သွားတယ် (မှန်ပါ)။

ဘုရားဆီရောက်သွားတော့ ဘုရားက ဉာဏ်တော်နဲ့ ဆင်ခြင်ကြည့် လိုက်တယ်။ ကြည့်လိုက်တဲ့ အခါကျတော့ ဘုရားကို ကြည်ညိုတာလည်း မဟုတ်ဘူး၊ ဘုရား၏ တပည့် သာဝကတွေ ကြည်ညိုတာလား ဆိုတော့လည်း ဒါလဲမဟုတ်ဘူး။

ဆက်ကြည့်ပြန်တော့၊ ဪ သူတို့အစည်းအဝေး ဖွင့်ပြီး သကာလ တရားခိုးမလို့ လာတာပါလား (မှန်ပါ)။ ပဉ္စမံတပ်သားပေါ့ဗျာ၊ အဲ ပဉ္စမံ တပ်သားလိုပေါ့။ တရားခိုးမလို့ လာတယ်ဆိုတာကို မြတ်စွာဘုရားက မြင်ရော (မှန်ပါ)။

တရားခိုးရင်းရဟန္တာဖြစ်လိမ့်မယ်

ပြီးတော့ ဆက်တွေးပြန်တယ်၊ တရားတော့ခိုးမှာပဲ၊ တရားခိုးရင်းမတ္တနဲ့ ရဟန္တာဖြစ်လိမ့်မယ်၊ ဒီလိုဆက်တွေးလိုက်တော့ နောက်ဆုံးပိတ် သုသိမ အကျိုးရှိမှာကို မြင်တော်မူတယ် (မှန်ပါ)။

ဒါနဲ့ ရှင်အာနန္ဒာ သုသိမကို သင်္ကန်းဝတ်ပေးလိုက်လို့ ခွင့်ပြုလိုက်တယ်၊ သုသိမကတော့ သူ့စိတ်ကူးနဲ့ သူကျေနပ်နေတာပေါ့။ ငါတော့ နေရာကျပြီ၊ တရားခိုးယူရတော့မှာပဲတဲ့ (မှန်လှပါ ဘုရား)။

ရှင်အာနန္ဒာကသင်္ကန်းဝတ်ပေးလိုက်တယ်

ဒါနဲ့ သူ့ကိုရှင်အာနန္ဒာက သင်္ကန်းဝတ်ပေးလိုက်တယ်၊ သူကတော့ ဘုရားဆီမှာ ရောက်တဲ့ အချိန်ကစပြီး စုံစမ်းရေးပဲ လုပ်နေတာပဲ၊ ဒါပဲ သူ့ အလုပ်ကတော့၊ ဒိပြင်ဘာမှ မရှိဘူး (မှန်ပါ)။

ဒါနဲ့ တစ်နေ့သ၌ ကျတော့၊ တောထဲမှာ သီတင်းသုံးတဲ့ ရဟန်းတွေက ဘုရားဆီ လာကြတယ်၊ ဒီပုဂ္ဂိုလ်တွေကတော့ တောက ပြန်လာတဲ့ ပုဂ္ဂိုလ်တွေပဲ။ စကားထူးတော့ လျှောက်ထားမှာပဲ၊ အဲဒီတော့ သူတို့လျှောက်ထားတဲ့ စကား ထူးတော့ ငါချောင်းပြီး နားထောင်မှပဲ ဆိုပြီး ဒီကိုယ်တော်တွေ နောက်ကလိုက် သွားတာပဲ။

ကိုယ်တော်တွေကတော့ တောထဲသွားပြီး တရားအားထုတ်ရာက ပြန်လာတော့၊ ဘုရားကို လျှောက်ကြတယ်။

‘‘ခိဏာဇာတိ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ နာပရံဣတ္ထတ္တာ ယာတိ ပဇာနာတိ” လို့ လျှောက်ကြတယ်။

တပည့်တော်တို့ဘုရား ပဋိသန္ဓေကုန်ပါပြီ၊ နောက်ပဋိသန္ဓေ မရှိတော့ ပါဘူး၊ ရဟန္တာ ဖြစ်ပြီလို့ ပြောလိုရင်းပေါ့ (မှန်ပါ)။

‘‘ဝုသိတံဗြဟ္မ စရိယံ’’ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်လည်း တပည့် တော်တို့ နောက်ထပ် ကျင့်ရာ မရှိကာဘူး ဘုရားတဲ့ (မှန်ပါ) အခု ခင်ဗျားတို့ကတော့ ကျင့်နေရသေးတာပေါ့ဗျာ (မှန်ပါ)။

‘‘နာပရံ ဣတ္ထတ္တာယာတိပဇာနာတိ’’- နောက်ထပ် ကမ္မဋ္ဌာန်းကျင့်စရာ မရှိတော့ဘူး ဆိုတော့ သုသိမက ကြားတယ်။

“ခိဏာဇာတိဝုသိတံ ဗြဟ္မစရိယံ ကတံကရဏီယံ” ဆိုတဲ့ ဥစ္စာကို ဘုရားက ဒီကိုယ်တော်တွေ ကျတော့၊ သာဓု သာဓုလို့ ခေါ်တယ်။

တရားခိုးဖို့စောင့်နေတာ

အင်း အတော် အရေးကြီးတဲ့တရားပဲ၊ ဒါဟာ သူတို့လက်ဆုပ်ပဲ။ လက်ကိုင်ပဲ၊ အိတ်ဆောင်ပဲ၊ ဒါကို မှတ်မှပဲလို့ စိတ်ကူးတယ်၊ သူက တရားခိုး ဖို့စောင့်နေတာကိုးဗျ (မှန်ပါ)။

တရားခိုးဖို့ စောင့်နေတော့၊ ခီဏာဇာတိ တို့ စသည်နဲ့ ရဟန်းတွေက လျှောက်ကြတော့ ဒါဟာ ဂေါတမဘုရား၏ လက်ဆုပ်လက်ကိုင် အစစ်ပဲ၊ ဒါအကောင်းဆုံး၊ သို့သော်လည်း သူအဓိပ္ပာယ်ကို မသိဘူး (မှန်ပါ)။

အဓိပ္ပာယ်ကို တိုက်ရိုက်မေးရမှာကလည်း ခက်တော့၊ ကိုယ်တော် တွေက ဘုရားဆီက ပြန်ပြီး ကိုယ့်နေရာကိုယ် သွားကြတယ်ပေါ့ဗျာ၊ ဇေတဝန် ကျောင်းမှာ နားကြသေးတာပေါ့ (မှန်လှပါ ဘုရား)။

အဲဒီမှာပဲ ကိုယ်တော်တွေနောက်က သူကလိုက်သွားတယ်၊ အရှင် ဘုရားတို့ ‘‘ခိဏာဇာတိ ဝုသိတံ ဗြဟ္မစရိယံ’’ ဆိုတာ ရဟန္တာဖြစ်ပြီလို့ ပြောတာ မဟုတ်လား၊ အေး ဟုတ်တယ်လို့၊ ဟိုက ဖြေလိုက်တာပေါ့လေ (မှန်ပါ)။

ရဟန္တာဖြစ်ရင်ကောင်းကင်ပျံနိုင်သလား

နို့ ရဟန္တာဖြစ်ရင် အရှင်ဘုရားတို့ ကောင်းကင်ပျံ မြေလျှိုးနိုင်ရဲ့လား၊ မေးပြန်တာပဲ သူက (မှန်ပါ) ကောင်းကင်ပျံ မြေလျှိုနိုင်ရဲ့လား၊ သူတပါး ပြောတာတွေ သိရဲ့လား။

မြောက်ကျွန်းက ပြောနေတဲ့စကားကို အရှင်ဘုရားတို့ တောင်ကျွန်းက နားထောင် နိုင်ရဲ့လား၊ ဒီပုဂ္ဂိုလ် ဘယ်ဘဝက လာတယ်လို့ကော သိပါရဲ့ လား စသည်နဲ့ အကုန်ပေါ့ဗျာ၊ အဘိညာဉ် စခန်းတွေချည်း လျှောက်မေးနေတယ် (မှန်ပါ)။

အဘိညာဉ်စခန်းတွေ လျှောက်မေးတော့၊ ဟိုရဟန်းတွေက “ပညာ ဝိမုတ္တာခေါ မယံ သုသိမ” လို့ ဖြေကြတယ် (မှန်ပါ)။

သုသိမ ငါတို့က ဝိပဿနာပညာနဲ့ ရဟန္တာဖြစ်လာတာ၊ ဈာန်လမ်းစဉ် က မဟုတ်ဘူးကွတဲ့၊ ဈာန်သမာဓိလမ်းက မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ)။ ဦးဘကြည် ဒါကို အဓိကထားပြီး ဖြေတယ်နော် (မှန်ပါ)။

ပညာနဲ့လွတ်လာကြတာ

သုသိမ = သုသိမ ရဟန်း ၊ မယံ =ငါတို့သည်၊ ပညာ ဝိမုတ္တာ = ပညာနဲ့ ကိလေသာမှ လွတ်လာကြကုန်၏တဲ့၊ ပညာနဲ့ လွတ်လာကြကုန်၏တဲ့၊ သမာဓိနဲ့ လွတ်လာကြတာ မဟုတ်ဘူးတဲ့ (မှန်ပါ) ။

သမာဓိလမ်းက လွတ်မှ၊ ဈာန်အဘိညာဉ် ရမှာကိုးဗျ (မှန်ပါ)။ သူတို့က ဝိပဿနာ ပညာလမ်းက ကိလေသာမှ လွတ်လာကြတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီကဲ့သို့ ဖြေလိုက်တော့၊ သူက နဂိုကလည်း ဝါသနာ ထုံဖူးတာ မဟုတ်၊ ဒီအသံတွေလည်း ကြားဖူးတာ မဟုတ်တော့၊ ကိုထွန်းဦး သူ နားလည်နိုင်ပါ့မလား (နားမလည်ပါ ဘုရား)။

မလည်ဘူး၊ ဒီတော့ သူက ဆက်မေးတယ်၊ နေစမ်းပါဦး အရှင်ဘုရားတို့ ကောင်းကင်လည်း မပျံနိုင်ဘူး၊ သူတစ်ပါးပြောသံတွေလည်း မကြားနိုင်ဘူး၊ ရဟန္တာတော့ ဖြစ်တယ် ဆိုတာကို ရှင်းစမ်းပါဦး (မှန်လှပါ ဘုရား)။

မကျေနပ်လို့ ပြန်ရှင်းစမ်းပါဦးတဲ့၊ ကိုယ်တော်တွေက သိတယ်၊ ဒို့ ဖြေပေမယ့် သူနားလည်မှာ မဟုတ်ဘူး (မှန်ပါ)။

မင်း နားလည်ချင်နေ၊ မလည်ချင်နေ၊ ဒို့ပညာနဲ့ ကိလေသာမှ လွတ်လာတာတဲ့ (မှန်ပါ) ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝိပဿနာရှုတဲ့ပညာ

အဲဒီတော့ ခင်ဗျားတို့ ဝိပဿနာရှုတဲ့ ပညာဟာ အရေးကြီးဆုံးပဲ၊ ရှင်း ပြီလား (ရှင်းပါပြီ ဘုရား) ဝိပဿနာရှုတဲ့ ပညာဟာ ရှေ့ပိုင်းမှာ အရေးကြီး တယ်၊ သဘောကျပြီလား (သဘော ကျပါပြီ ဘုရား)။

ပညာနဲ့ ကိလေသာမှ လွတ်လာတာလို့ ဖြေလိုက်တယ် (မှန်ပါ) ကျယ်ကျယ် ဖြေနေလို့လည်း နားလည်မှာ မဟုတ်ဘူး၊ တိတ္ထိဘက်က ကူးလာတာကိုးဗျ (မှန်ပါ)။

အခြေခံက ဘာမှမပါဘူး ဆိုကြပါစို့ဗျာ (မှန်ပါ)၊ ဒါနဲ့ မကျေနပ်ဘူး သူကလည်း တရားခိုးဖို့ စိတ်ကူးနေတာကိုးဗျ (မှန်ပါ)။

ခိုးဖို့ စိတ်ကူးနေတာ အဓိပ္ပါယ်ကလည်း မပေါ်လား အဲဒီလို ဖြစ်ပြီး သကာလ နေတော့ မဖြစ်ပါဘူး၊ ဒီကိုယ်တော်တွေနဲ့တော့၊ ဘုရားဆီသွားပြီး မေးတာ အေးပါတယ်၊ ဘုရားဆီ သွားပြန်ရော။

ဘုရားထံသွားမေးတယ်

ဘုရားဆီ ရောက်ပြန်တော့၊ အရှင်ဘုရား အရှင်ဘုရား၊ ဟို ကိုယ်တော်တွေကို တပည့်တော် သွားမေးတယ်၊ သူတို့ကရဟန္တာဖြစ်ပြီ၊ ခိဏာ ဇာတိလို့လဲ ပြောကြတယ်၊ ပဋိသန္ဓေနေမှုကုန်ပြီလို့လဲ ပြောကြတယ်။

နောက်ကအကြောင်းတွေသိရဲ့လား

ဒါဖြင့် ကိုယ်တော်တို့ ကောင်းကင်ပျံ၊ မြေလျှိုး၊ သူတစ်ပါးပြောတာတွေ ကြားနိုင်ရဲ့လား၊ ရှေ့ အကြောင်း၊ နောက်အကြောင်းတွေ သိရဲ့လားလို့ မေးတော့ တို့ မသိဘူးလို့လဲ ဖြေတယ်။

သူတို့က ပညာဝိမုတ္တ၊ ပညာနဲ့ ကိလေသာမှ လွတ်လာတာလို့ ဖြေ တယ် (မှန်ပါ) သုက္ခဝိပဿက (သုက္ခဝိပဿက ပုဂ္ဂိုလ်၊ ဈာန်ခန်းခြောက်သောပုဂ္ဂိုလ်၊ ဈာန်မပါဘဲ ရဟန္တာဖြစ်လာသော ပုဂ္ဂိုလ်ကို ဆိုလိုသည်) လို့၊ ကျုပ်တို့ အခုသိနေကြတဲ့ အဓိပ္ပါယ် ရောက်တာပေါ့ဗျာ (မှန်ပါ)။

ပညာနဲ့ ကိလေသာမှ လွတ်လာတာလို့ ဖြေတော့၊ သူတို့ပြောတာ ကို တပည့်တော် မရှင်းပါဘူးတဲ့ (မှန်ပါ) ဟိုက ပြောတော့ ရှင်းနေတာပဲ၊

သူက နားမလည်လို့ ခက်နေတာ (မှန်ပါ)။ သဘောကျပြီလား ဒကာ ဒကာမတို့ (သဘော ကျပါပြီ ဘုရား)။

ဝိပဿနာ ပညာတစ်ခုတည်း လုပ်တာနဲ့ ကိစ္စပြီးတယ်လို့ပြောတာ။ ခင်ဗျားတို့ အားတက်ဖို့ ပြောပါတယ် (မှန်ပါ)။ ဒါနဲ့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဖြေလိုက်တယ်။

‘‘ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။’’

ရှေ့ကဝိပဿနာဉာဏ်

ဒါကလေး ဘုရားက ဖြေလိုက်တယ်၊ သုသိမ = သုသိမ ရဟန်း၊ ပုဗ္ဗေ= ရှေ့ကာလ၌၊ ဓမ္မဋ္ဌိတိဉာဏံ – ဝိပဿနာဉာဏ်သည်၊ ဟောတိ = ဖြစ်၏။ ပစ္ဆာ = နောက်ကာလ၌၊ နိဗ္ဗာနေဉာဏံ = နိဗ္ဗာန်သိတဲ့ဉာဏ်သည်၊ ဟောတိ = ဖြစ်၏။

ရှေ့က ဝိပဿနာဉာဏ်၊ နောက်က နိဗ္ဗာန်သိတဲ့ဉာဏ်၊ နှစ်ဉာဏ်နဲ့ ရောက်တာပဲ (မှန်လှပါ ဘုရား) ဒါကို ဖြေလိုက်တယ်၊ အင်မတန် အရေးကြီးတဲ့ တရားဗျာ (မှန်ပါ)။

အင်မတန် အရေးကြီးတဲ့တရား၊ ဒကာ ဒကာမတို့ ရှေ့က ဘာဉာဏ်တဲ့တုံး (ဓမ္မဋ္ဌိတိ ဉာဏ်ပါ ဘုရား) ဓမ္မဋ္ဌိတိ ဉာဏ်ဆိုတာ မြန်မာလို ပြန်လိုက်တော့၊ ခင်ဗျားတို့ ရှုနေတဲ့ ဝိပဿနာ ဉာဏ်ပဲ (မှန်ပါ)။

နောက်ကနိဗ္ဗာန်မြင်တဲ့ဉာဏ်

နောက်ကျတော့ ဘဉာဏ်တဲ့ (နိဗ္ဗန္ဒဉာဏ်ပါ ဘုရား)။ နိဗ္ဗာန်မြင် တဲ့ဉာဏ် (ဝါ) နိဗ္ဗိန္ဒဉာဏ် ပေါ့ဗျာ (မှန်ပါ) နှစ်ဉာဏ်ပဲ ဟောတယ်။

တချို့နေရာတွေမှာ ဘုန်းကြီးဟောနေကျဖြစ်တဲ့ သုံးဉာဏ်နဲ့ဟော တယ်၊ ယခု သုသိမ ကျတော့ နှစ်ဉာဏ်နဲ့ ဟောတော်မူလိုက်တယ် (မှန်ပါ)။

ရှေ့က ဘာဉာဏ်ပါလိမ့် (ဓမ္မဋ္ဌိတိဉာဏ်ပါ ဘုရား)။ ဝိပဿနာ ဉာဏ်ဆိုလိုက်ပါတော့ ကိုထွန်းဦးရာ (မှန်ပါ)၊ ဓမ္မဋ္ဌိတိဉာဏ် ဆိုတော့ လူတိုင်း မကြားဖူးဘူး (မှန်ပါ)။

သုသိမကို နှစ်ဉာဏ်ပဲဟောတယ်

‘‘ဓမ္မဋ္ဌိတိ ဉာဏန္တိ ဝိပဿနာဉာဏံ’’ လို့ အဋ္ဌကထာမှာ ဖွင့်တယ် (မှန်ပါ)။ ရှေ့ပိုင်းက ဘာပါလိမ့် ဒကာ ဒကာမတို့ (ဝိပဿနာဉာဏ်ပါ ဘုရား)။

အဲ ခင်ဗျားတို့ ရှုနေတဲ့ ဖြစ်ပျက်မြင်တဲ့ဉာဏ်၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ် ကိုဆိုတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နောက်က နိဗ္ဗာန်မြင်ကဲ့ ကဏ်ဆိုတော့ မဂ်ဉာဏ်ပေါ့ (မှန်ပါ)။ အဲ နှစ်ဉာဏ်နဲ့ သူတို့ ကိလေသာမှ လွတ်လာတာ၊ ဒါကြောင့် ဉာဏ်သမား သက်သက်ပဲ၊ ဈာန်သမား မဟုတ်ဘူး (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ဈာန်သမာဓိလမ်းက မဟုတ်ဘူး၊ ဉာဏ်သက်သက်နဲ့ နိဗ္ဗာန်ဝင်သွား တာလို့ ဟောလိုက် တယ်၊ ဒါလဲ သူနားမလည်ဘူး (မှန်ပါ) ရှေ့က ဝိပဿနာဉာဏ်၊ နောက် ဝိပဿနာ ရင့်ကျက် လာတော့ မဂ်ဉာဏ်ဖြစ်တယ်။

ဝိပဿနာအလုပ်စဉ်

ဘုရားက ဒါကို ပြောလိုက်တာပဲ (မှန်ပါ)။ ဒကာ ကာမတွေ ခင်ဗျားတို့ အလုပ်စဉ် သဘောကျပြီလား (သဘောကျပါပြီ ဘုရား)။

ရှေ့က ဘာရင့်ကျက်အောင် လုပ်ရမှာလဲ (ဝိပဿနာဉာဏ် ရင့်ကျက်အောင် လုပ်ရမှာပါ ဘုရား) ဝိပဿနာဉာဏ် ရင့်ကျက်ရင် ဘာဖြစ် မယ်ထင်သတုံး (မဂ်ဉာဏ်ဖြစ်ပါတယ် ဘုရား)။

အဲဒါ ပါဠိတော်က ‘‘ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေဉာဏံ၊’’

ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရလိုတဲ့ ပုဂ္ဂိုလ်မှာ၊ ရှေးဦးစွာ ဝိပဿနာဉာဏ်ရှေ့ထားကွ၊ နောက်ကျတော့ နိဗ္ဗာန်သိတဲ့ မဂ်ဉာဏ် လာကပဲ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ် ဒါပဲရှိတယ်၊ ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။

ကောင်းပြီ၊ ရှေ့ပိုင်းက ဘာဉာဏ် (ဝိပဿနာဉာဏ်ပါ ဘုရား) နောက်ပိုင်းက (မဂ်ဉာဏ်ပါ) ဒါပဲရှိတယ် ဆိုတော့ သူနားမလည်ဘူး၊ တရားခိုးမယ့် ပုဂ္ဂိုလ် ကိုယ်တိုင်က နားမလည်အောင် ဖြစ်နေတယ် (မှန်ပါ)။

ဒီလိုဖြစ်ပြီး အင်မတန် အကျပ်အတည်းတွေ့နေတော့၊ သူတော်တော် ခက်နေတာပေါ့ (မှန်ပါ)။ ဒီပုဂ္ဂိုလ်ကလည်း တိတ္ထိတွေထဲမှာ ဉာဏ် အကောင်းဆုံးပဲ၊ ကျန်တဲ့ ပုဂ္ဂိုလ်တွေထဲကတော့ သူထက် ဉာဏ်ကောင်းတာ မရှိတော့ဘူး (မှန်လှပါ ဘုရား)။

ကဲ မင်းနားလည်ချင်လည်း လည်ကွာ မလည်ချင်တဲနေ၊ အဓိပ္ပါယ်တစ်မျိုးနဲ့ ဘုရား ကလည်း အမိန့်ရှိတာပဲ (မှန်ပါ)။ ရှေးဦးစွာ ဝိပဿနာ အားထုတ်ရတယ်ကွ။

ဝိပဿနာ ရင့်လျက်လာရင် မဂ်ဉာဏ်ဖြစ်တာပဲ၊ ဒါပဲရှိတယ်ဆိုပြီး ပြောလိုက်တော့၊ သူ ဒါမှတ်သာထားရတာ၊ ဦးခင်မောင်ရဲ့ ကျေနပ်တယ် မဟုတ်ဘူး (မှန်ပါ့)။

သုသိမ-ခန္ဓာငါးပါးရှိတယ်

ဒါနဲ့ သုသိမကို ဒီလိုပြောလို့တော့ မရဘူး ဆိုပြီး သူ့ကို ဝိပဿနာ အရှုခိုင်းမှပဲ တော်တော့မယ် ဆိုပြီး၊ သုသိမ ခန္ဓာငါးပါး ရှိတယ်ကွ၊ ခန္ဓာငါးပါး ဆိုတာကတော့ ဘုရားဆီက ကြားလို့ သူသိနေပြီ (မှန်ပါ)။

ဘုရားက ရုပ်ဟာ အနိစ္စလား၊ နိစ္စလားလို့ စပြီးမေးလိုက်တယ်၊ သူက အနိစ္စပါဘုရား လို့ဖြေတယ် (မှန်ပါ)။ အနိစ္စဖြစ်တဲ့ တရားဟာ ဒုက္ခလား၊ သုခလားလို့ မေးလိုက်တယ် (ဒုက္ခလို့ ဖြေလိုက်ပါတယ် ဘုရား)။

အတ္တလား၊ အနုတ္တလား

အနိစ္စ၊ ဒုက္ခဖြစ်တဲ့ တရားသည် အတ္တလား၊ အနတ္တလားလို့ မေးလိုက်ပြန်တယ် (အနတ္တပါ ဘုရား)။

အဲဒီလို အနတ္တဖြစ်တဲ့တရားကို ငါ့ကိုယ်၊ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား လို့ မေးလိုက်တယ်၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မဆိုနိုင်ပါဘူးလို့ ဖြေတယ်။ ခန္ဓာငါးပါးကို လှည့်မေးလိုက်တယ် (မှန်ပါ)။ က ခန္ဓာငါးပါး လှည့်မေးရင်းနဲ့၊ သူက ခန္ဓာကို ဉာဏ်စိုက်သွားတယ်၊ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်ကိုး (မှန်ပါ)၊ ခန္ဓာလည်း ဉာဏ်စိုက်၊ ဘုရားကလည်းမေး၊ သူကခန္ဓာဉာဏ်စိုက်တော့၊ နောက်ဆုံးပိတ် ဆယ့်နှစ်ခု လည်း ကုန်ပါရော ဆိုကြပါစို့၊ သူဟာ မဂ်လေးတန်ရသွားပြီး ရဟန္တာ ဖြစ်တယ် (မှန်ပါ)။

သုသိမ ရဟန္တာဖြစ်တယ်

ဒီဉာဏ်နှစ် ဉာဏ်ရသွားတယ်၊ ပထမတော့ ဒီဉာဏ်ပေါ့ဗျာ၊ နောက်တော့ ဒီဉာဏ် မရဘူးလား (ရပါတယ် ဘုရား) မဂ်ဉာဏ်ရသွား တော့ သူရဟန္တာဖြစ်တယ် (မှန်ပါ)။

သုသိမဟာ ဒီနှစ်ဉာဏ်နဲ့ ရဟန္တာဖြစ်သွားတော့ စိတ်ကပြောင်းသွား တယ်၊ တရားခိုးယူလိုစိတ်တွေ ဘာတွေဆိုတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒီတော့မှ ဘုရားက သုသိမ၊ မင်းဟာ အခု ဘယ့်နှယ်နေသတုံးဆို တော့ “ခိဏာဇာတိ ဝုသိတံ ဗြဟ္မစရိယံ” ဆိုတာတွေ အဖြေရလာပြီပေါ့။

ပဋိသန္ဓေ နေမှုလည်း ကုန်ပါပြီ၊ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက် ဆိုတာလည်း လုပ်စရာ မရှိတော့ပါဘူး၊ ဒီတော့ ဘုရားက သူ့ပြန် မေးတယ်၊ အခုကောင်းကင်ပျံနိုင်ရဲ့လားလို့ မေးတာပဲ ဘုရားက (မှန်ပါ)၊ မေးစရာပဲနော် (မှန်ပါ)။

မင်းကောင်းကင်ပျံနိုင်ရဲ့လား

ကဲကွာ မင်း ကောင်းကင်ပျံနိုင်ရဲ့လား၊ မြေလျှိုးနိုင်ရဲ့လား၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတကော ရရဲ့လား၊ ဒိပြင် တန်ခိုးဣဒ္ဓိပါဒ်တွေကော ဖန်ဆင်းနိုင်ရဲ့လား စသည်တွေ မေးတာပေါ့ (မှန်ပါ)။

မလုပ်နိုင်ဘူး ဖြေတာပဲ၊ မလုပ်နိုင်တာ မင်းသိပြီလားဆိုတော့၊ သိပါပြီ ဘုရားလို့ ဖြေတယ်၊ ရှေ့က ဝိပဿနာဉာဏ် အားထုတ်တယ်၊ နောက် မဂ်ဉာဏ်နဲ့ တပည့်တော်ကူးခဲ့တယ်၊ ဒါကြောင့် ကိစ္စပြီးသွားတယ်။

ပြီးတော့ ဆက်ပြီးတော့ မေးတယ်၊ ဇရာ မရဏဆိုတာ ဘယ်သူ့ ကြောင့် ဖြစ်တာတုံး စသည်နဲ့ ပဋိစ္စသမုပ္ပာဒ် နောက်ဆုတ်မေးတယ် (မှန်ပါ)။

သင်္ခါရ ဘယ်သူ့ကြောင့် ဖြစ်သတုံး၊ အဝိဇ္ဇာကြောင့်ဖြစ်ပါတယ်။ အဝိဇ္ဇာ ဘယ်သူ့ကြောင့် ဖြစ်သတုံး စသည်နဲ့မေးတော့၊ သူပဋိစ္စသမုပ္ပာဒ် အကြောင်း အကျိုး သဘောကို သူနားမလည် သေးဘူးလား (နားလည် ပါပြီ ဘုရား)။

ကောင်းကောင်း နားလည်သွားတော့ သုသိမသည်ကားလို့ဆိုရင် သင်လို့တတ်တာလား၊ ဒီဉာဏ်တွေ ဝင်လာလို့ တတ်တာလား (ဒီဉာဏ် တွေဝင်လာလို့ တတ်တာပါ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ရဟန္တာဟာ ကိုယ်သိထိုက်တဲ့ ဥစ္စာ တော့ သိသွားပြီ၊ သို့သော် စာမသင်ယူသေးရင် တခြား ဗဟုသုတတွေ မတတ် သေးဘူးလို့ မှတ်ထားရမယ် (မှန်လှပါ ဘုရား)။

ကိုယ်ဖြစ်တဲ့ လမ်းကတော့ ကိုယ်သိတယ်၊ သဘောကျပြီလား (သဘောကျပါပြီ ဘုရား) ရဟန္တာဖြစ်သွားလို့၊ ပိဋကတ်သုံးပုံဆောင်တော့ ဖြစ်လိမ့်မယ်လို့ အောက်မေ့မနေနဲ့၊ အဲဒါက တခြား၊ သူ့ပါရမီနဲ့သူ ကိုထွန်းဦး လာတာနော် (မှန်ပါ)။

စင်စစ်ကတောဖြင့် သူတက်လာတဲ့လမ်းပဲ သူအကုန်သိတယ် (မှန်ပါ)။ သို့သော် အာသဝေါကုန်တဲ့ နည်းလမ်းတွေ သူတို့မှာ အသိဉာဏ် ရှိတယ်၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ရှေးဦးစွာ ဘာလုပ်ရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ သုသိမကို ပြောသဖြင့် ခင်ဗျားတို့ မှတ်စရာ ကော ဒီအထဲမှာ ပါပြီလား (ပါပါပြီ ဘုရား)။ ရှေးဦးစွာ ဘာလုပ်ရမှာလဲ (ဝိပဿနာလုပ်ရမှာပါ ဘုရား)။

နောက်ဘာတုံး (မဂ်ဉာဏ်လာပါတယ် ဘုရား) ဝိပဿနာဉာဏ် တုန်းကတော့ ဖြစ်ပျက်ရှုပေါ့ဗျာ၊ မဂ်ဉာဏ်ကျတော့ ဒုက္ခပိုင်းခြားပေါ့ဗျာ (မှန်ပါ) ဒါပဲမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒီဉာဏ် နှစ်ဉာဏ်တည်းနဲ့ရတယ် (မှန်ပါ) ဒါကြောင့် သုသိမ ငါရှင်းပြမယ်တဲ့၊ မင်းအခု အဘိဉာဏ်စခန်းတွေ မေးတော့လည်း မင်းမသိဘူး (မှန်ပါ)။

သုသိမက သမာဓိ စခန်းမေးတယ် (မှန်ပါ) ဦးဘကြည် ဘာစခန်းမေးတုံး (သမာဓိ စခန်းမေးပါတယ် ဘုရား) သမာဓိစခန်း မေးတော့၊ ဘုရားပွင့်လာတာကိုက သမာဓိဖို့ ပွင့်လာတာ မဟုတ်ဘူး (မှန်ပါ)။

ပညာအတွက်ပွင့်လာတာ

ပညာအတွက် ပွင့်လာတာ (မှန်ပါ) သဘောကျပြီလား (သဘောကျပါပြီ ဘုရား) ခင်ဗျားတို့ သမာဓိနဲ့ ပညာရည်ရွယ်ချက် မသိဘဲ မှားနေမှာစိုးလို့ပြောတာ (မှန်ပါ)။

တော်တော်ကြာကျတော့ အာနာပါန လုပ်ငန်းမှာ သမာဓိစခန်း လောက်နဲ့လည်း အချိန်ကုန်ရင် ကုန်သွားကြမယ် (မှန်ပါ)။ သာသနာ တွင်းမှာ ဒီသမာဓိလောက် မလိုပါဘူး၊ ဝိပဿနာ အလုပ်ပဲ လုပ်ပါ (မှန်ပါ)။

ဘုရားပွင့်လာတာဟာ သမာဓိကို အဓိကထားပြီး ပွင့်လာတာမဟုတ် ဘူး၊ နိဗ္ဗာန် ရတာကလည်း သမာဓိ၏ အကျိုးကိုမဟုတ်သေးဘူးတဲ့၊ ဝိပဿနာ အကျိုးကြောင့်သာ နိဗ္ဗာန် ရတယ် (မှန်ပါ)။

သမာဓိက ဝိပဿနာကို အကူအညီတော့ပြုပါတယ်၊ သမထသက် သက်ကြောင့် မရဘူး၊ ဝိပဿနာကြောင့်ရတယ် (မှန်ပါ)၊ သမာဓိ၏ အကျိုးမဟုတ်ပါဘူးတဲ့ နိဗ္ဗာန်က ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သမာဓိကနောက်လိုက်အကူ

ရှင်းတော့ ခင်ဗျားတို့ ထင်ရှားသွားတာပေါ့။ သမာဓိက နောက်လိုက် အကူအပံ့ မဖြစ်ဘူးလား၊ ဖြစ်မှာလား (ဖြစ်ပါတယ် ဘုရား)။ သီလကကော (နောက်လိုက်ပါပဲ ဘုရား)။

ဟိုနှစ်ခု လုံလောက်တဲ့အခါ၊ သူတို့က အလိုလိုပါနေတယ်။ အလိုလိုပါတော့ သူတို့ကြောင့် နိဗ္ဗာန်မြင်တယ်လို့ ဆိုမှာလား၊ မဂ်ကြောင့် နိဗ္ဗာန်မြင်တယ်လို့ဆိုမှာလား (ဝိပဿနာနဲ့ မဂ် ကြောင့် နိဗ္ဗာန်မြင်ပါတယ် ဘုရား)။

ဝိပဿနာနဲ့ မဂ်ကြောင့် နိဗ္ဗာန်မြင်တာမို့ ဘုရားပယ်ချတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) နိဗ္ဗာန်ဟာ သမာဓိအကျိုးလည်း မပြော ဘူးတဲ့၊ ဘယ်သူ၏ အကျိုးတုံးဆိုတော့ ဝိပဿနာ၏ အကျိုးဆက် (မှန်ပါ)။

ဝိပဿနာကြောင့် နိဗ္ဗာန်ရောက်တာ

ဝိပဿနာကြောင့် နိဗ္ဗာန် ရောက်နိုင်တာတဲ့၊ သမထ သက်သက်နဲ့ဖြင့် (မရောက်နိုင်ပါ ဘုရား)။ မရောက်နိုင်တော့တဲ့ သမထနဲ့ ဘာမှ မဆက်သွယ်ဘူး၊ သူသွားမေးတာက ဟိုရဟန္တာတွေကို သမထ သွားပြီး မေးနေတယ် (မှန်ပါ)။

ရဟန္တာတွေက ပညာဝိမုတ္တာတဲ့၊ ပညာနဲ့ နိဗ္ဗာန်ရောက်တာတဲ့ (မှန်ပါ) ပညာသက်သက်နဲ့ နိဗ္ဗာန်ရောက်တာကို၊ သူက သမထနဲ့ နိဗ္ဗာန်ရောက်သလား ဆိုတဲ့ အဓိပ္ပာယ် သွားမေးတော့၊ ဘယ့်နှယ်လုပ်ပြီး ဦးခင်မောင် ဖြေမှာတုံး (မှန်ပါ) ကျေနပ်ကြပြီလား ဒကာ ဒကာမတွေ့ (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘာလုပ်သင့်သလဲဆိုတာ ခင်ဗျားတို့ ကြည့် (ဝိပဿနာ လုပ်သင့် ပါတယ် ဘုရား) အဲ ဝိပဿနာလုပ်ရာ ဒီနေရာမှာ နှစ်မျိုးပဲရှိတယ်၊ ရှေ့ပိုင်းက ဝိပဿနာ၊ နောက်ပိုင်းက (မဂ်ဉာဏ်ပါ ဘုရား)။

ဒီနှစ်မျိုးနဲ့ကိစ္စပြီးတယ်

မဂ်ဉာဏ်ဆိုတော့ ဒီနှစ်မျိုးနဲ့လည်း ကိစ္စမပြီးဘူးလား (ပြီးပါတယ် ဘုရား) အဲဒီနှစ်မျိုး ပြီးလို့ရှိရင်၊ ဒီသမာဓိကလည်း သူ့နောက်လိုက်ဖြစ်သောကြောင့် ဦးဘကြည်တို့ အလိုလို ဝင်လာတယ် (မှန်လှပါ ဘုရား) သဘော ကျပြီလား (သဘောကျပါပြီ ဘုရား)။

မင်းတို့လာခဲ့လို့ ဆိုရသေးသလား (မဆိုရပါ ဘုရား) ဒါဖြင့် ဒါတွေကတော့ သူ့ဟာသူ ဝင်လာတာ ဖြစ်လေသောကြောင့် တမင်ဆောက် တည်တာ မဟုတ်သောကြောင့်လည်း ပျက်စရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိလို့ ဒါမှပဲ ကိစ္စပြီးမယ်ဆိုတာကော ယုံကြည်ပြီလား (ယုံကြည် ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု ၊ သာဓု ၊ သာဓု။