မဂ္ဂသစ္စာအနက် (၁)နိယျာနဋ္ဌော

မဂ္ဂသစ္စာအနက် (၁)နိယျာနဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် မဂ္ဂသစ္စာအနက်မှ နိယျာနဋ္ဌော

စာအုပ်ခေါင်းစဉ်= မဂ္ဂသစ္စာ၏ အနက်လေးချက်(နိယျာနဋ္ဌော)

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ အမှာစာ

မိုးကုတ်ဆရာတော် ဘုရားကြီးသည်၊ သစ္စာအနက်တစ်ဆယ့်ခြောက် ချက်ကို အထူးအရေး ထား၍ ဟောကြားတော် မူခဲ့ရာတွင်၊ ဆရာတော် ဘုရားကြီးက “မည်သူမဆို သောတာပန်တည်လို့ ရှိရင်ဖြင့် တည်ခြင်း၏ အကြောင်းမှာ ဒီတစ်ဆယ့် ခြောက်ချက်ကို ပိုင်ပိုင်နိုင်နိုင် ရလို့သာ သောတာပန် တည်တယ်။

ဒီတစ်ဆယ့် ခြောက်ချက် ကင်း၍ မည်သူမဆို သောတာပန်တည်ခြင်း ၏အဖြစ်ကိုဖြင့် မကြုံနိုင်ဘူး၊ မဆုံနိုင်ဘူး၊ သောတာပန်ဟူသော နာမည် သမုတ်ခြင်းကို မရနိုင်ဘူးလို့ မှတ်ထားကြပါ” ဟု (၂၂. ၁၂. ၅၇) နေ့က မန္တလေး မြို့တွင် ဟောကြားတော်မူခဲ့ပါသည်။

မှန်ပါသည်၊ ထပ်၍ ဆရာတော်ဘုရားက ဟောခဲ့ပါသေးသည်။ သမုဒယသစ္စာကို ပဟာတဗ္ဗ ဖြစ်ရမည်၊ နိရောဓသစ္စာကို မျက်မှောက်ပြုရမည်။ မဂ္ဂသစ္စာကို ပွားများရမည်၊ ဒုက္ခသစ္စာကို ပိုင်းခြား သိရမည် ဆိုတဲ့ ဥစ္စာက၊ နိဗ္ဗာန်ဝင်တဲ့ ပုဂ္ဂိုလ်၏ အလုပ် မလွှဲသာ မရှောင်သာ ဒီဥစ္စာ မပါမဖြစ်တဲ့ အလုပ် ဆိုပြီး ဒကာ ဒကာမတွေက မှတ်ထားရမယ်နော်ဟု ထပ်၍ပင် မှာထားခဲ့ပါသည်။

ဤစာအုပ်သည် သစ္စာအနက် တစ်ဆယ့်ခြောက်ချက်မှ မဂ္ဂသစ္စာ၏ အနက်လေးချက် ဖြစ်ပါသည်။

၁။ နိယျာနဋ္ဌော – ဝဋ်မှ ဆန်တက်၍ နိဗ္ဗာန်ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်း အစစ်အမှန် ဖြစ်သော တရား။

၂။ ဟေတွဋ္ဌော – မကွေ့မကောက် ဖြောင့်ဖြောင့်သာသာ နိဗ္ဗာန်သို့သာ သွားကြောင်းတရား။

၃။ ဒဿနဋ္ဌော – အနမတဂ္ဂ၊ သံသရာစက်က၊ အိပ်မက်တွင်မှ၊ မမြင်စဖူး၊ အထူးအချွန်၊ အလွန်မြတ်လှ၊ နိဗ္ဗာနကို၊ နေဝန်းလဝန်း၊ ပေါ်တင်ထွန်းသို့၊ ရွှန်းရွှန်းမြိုင်မြိုင်၊ မြင်စွမ်း နိုင်သော နိဗ္ဗာန်မြင်တဲ့တရား။

၄။ အဓိပတေယျဋ္ဌော – အစိုးရတဲ့အဖြစ်၊ အစိုးရတဲ့အဖြစ် ဆိုတာ မိမိကိုယ်ကို မိမိက ပိုင်ပိုင်နိုင်နိုင် အစိုးရတဲ့ အဖြစ်၊ မိမိသန္တာန်မှာ မဂ္ဂင်ရှစ်ပါး အစုံအလင် ရောက်လာတာ။

ဤသို့၊ ဤသို့သော မဂ္ဂသစ္စာ၏ အနက်လေးချက်ကို စုပေါင်းထုတ် ထားခြင်းဖြစ်သဖြင့် နိဗ္ဗာန် ဝင်လိုသူများ အတွက် မသိမဖြစ်သော အလုပ်ပေး တရားများ ဖြစ်ပါသည်။

သူတော်ကောင်းရတနာ (၇) ပါး ပြည့်ဝကြပါစေ။

၃-၃-၂၀၀၂

အမှုဆောင်အဖွဲ့။

xxxxxxxxxxx

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

မဂ္ဂသစ္စာ၏ အနက်လေးချက်

(နိယျာနဋ္ဌော)

(၂၁-၁၂-၅၇)

ယနေ့ နိယျာနကို ပြောရမယ် ဒကာ ဒကာမတို့၊ နိယျာနဋ္ဌော ဆိုတာ ဝဋ်မှထွက်ကြောင်း တရားလို့ မှတ်ပါ (မှန်ပါ)။

ဝဋ်မှအဘယ်သို့ ထွက်ပါသလဲလို့ ဒကာ ဒကာမတို့ မေးရင်၊

မဂ္ဂဿ- မဂ်၏။ နိယျာနဋ္ဌော- ဝဋ်မှ ဆန်တက်၍ နိဗ္ဗာန်ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်း အစစ် အမှန် ဖြစ်သောတရားသည် လည်းကောင်း ဆိုသဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့မှ ထွက်မြောက်နိုင်ကြောင်း၊ နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းအမှန် ဖြစ်သော တရားသည် နိယျာနဋ္ဌောလို့ မှတ်ပါ။

ဒါဖြင့် ဒကာ ဒကာမတို့ ထွက်ရာဌာနက ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဝဋ်သုံးပါး၊ အဲဒီ အထဲက ထွက်အောင် ထုတ်ဆောင်နိုင်တဲ့ တရားက မဂ္ဂင်ရှစ်ပါး။

သူ့သဘောနဲ့သူ ဆောင်သွားတာ

အဲဒီ မဂ္ဂင်ရှစ်ပါးက ဝဋ်သုံးပါးထဲမှ သတ္တဝါတွေကို ထုတ်ဆောင်ပါခိုင်း ရ သလား၊ သူ့သဘော အတိုင်း ဆောင်သွားသလား (သူ့သဘော အတိုင်း ဆောင်သွားပါတယ် ဘုရား)။

ေဩာ်- သူ့သဘော အတိုင်း သူ့ဓမ္မက ဆောင်သွား တယ် ဆိုတာ၊ ဒကာ ဒကာမတွေကို ဘုန်းကြီးက ဝိပဿနာ အလုပ်ပေး ပြန်တယ်။ ဝိပဿနာ လုပ်ကြပြန်တယ်၊ လုပ်တော့ မဂ္ဂင်တွေက ဝမ်းထဲ ရောက်လာပြန်တယ်။ ဒီလို ရောက်လာပြန်တော့လည်း ကျုပ်ဆောင်ပေးပါလို့ ပြောရမှာလား၊

သူ့သဘောနဲ့သူ ဆောင်တာပဲလား (သူ့ သဘောနဲ့ သူဆောင်တာပါ ဘုရား) ေဩာ် ဒါဖြင့် ဒကာ ဒကာမတို့ အပါယ်သွားဖို့ရာလည်း အပါယ်သွားတဲ့ ဓမ္မက ဆောင်သွားတာပဲ (မှန်လှပါ ဘုရား)။

နိဗ္ဗာန်သွားတဲ့မဂ္ဂင်ကဆောင်သွားတာ

နိဗ္ဗာန် သွားဖို့ရာလည်း နိဗ္ဗာန်သွားတဲ့ မဂ္ဂင်က ဆောင် သွားတာပဲ ဆိုသဖြင့်၊ ေဩာ်- ဒီထုတ်ဆောင် တတ်တဲ့ တရား နှစ်ခုပဲလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အဲဒီကဲ့သို့ ထုတ်ဆောင် တတ်တဲ့ တရားနှစ်ခုကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ ဒါထုတ်ဆောင် ကောင်းတာတွေ ဆောင်၍ ထုတ်ဆောင်ပုံ မကောင်းတာတွေ ပယ်လိုက်လို့ရှိရင် ကျုပ်တို့ ပြီးရမှာပဲ၊ မပြီးကြ ဘူးလား (ပြီးပါတယ် ဘုရား)။

အေး- ဒါကြောင့် ထုတ်ဆောင်ပုံ ကလေးဟာ၊ ဒကာ ဒကာမတွေက ပထမ မူလဘူတမှာ ဘယ်လို ဖြစ်နေကြတုံး ဆိုလို့ရှိရင်၊ ကိုယ့်ဆုတောင်း ကလေးနဲ့ ကိုယ့်ကုသိုလ် ကလေးနဲ့ သူကပဲ ဆောင်တာပဲလို့ ထင်ပြီး သကာလ နေတော့၊ အားထုတ်မှု ကင်းပြီး သကာလ နှုတ်ဖျားနဲ့ ပြောရုံ ဆိုရုံ လောက် ဆောင်တယ်လို့ ထင်လို့ရှိရင်လဲ ဦးချစ်ခ လွဲမှာပဲ၊ မလွဲပေဘူးလား (လွဲပါတယ် ဘုရား)။

အလုပ်လုပ်မှဆောင်နိုင်တယ်

ဒါကြောင့် ဒကာ ဒကာမတွေ အလုပ်လုပ်မှ ဆောင်နိုင်တယ် ဆိုတာကို ယနေ့ ဆုံးဖြတ်ကြပါလို့ တိုက်တွန်း လိုက်တယ် (မှန်ပါ)၊ ဘာနဲ့မှ ဆောင် နိုင်တုံး (အလုပ်နဲ့မှ ဆောင်နိုင်ပါတယ် ဘုရား)။ အလုပ်ကမှ ဆောင်နိုင် တယ်ဆိုတာက ဒကာ ဒကာမတို့ အဖန်ဖန်ရှုတာ။

ဒါဖြင့် အရှုခံရတဲ့ တရားတစ်မျိုး၊ ရှုဉာဏ်တရား တစ်မျိုး ဆိုတော့ ဪ အရှုခံတဲ့ တရားကို ရှုဉာဏ်နဲ့ ရှုလို့ရှိရင် အဲဒီ ရှုဉာဏ်ဟာ မဂ္ဂင်လို့ မှတ်လိုက်ပါတော့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အရှုခံတဲ့တရားကို ရှုဉာဏ်နဲ့ ရှုလိုက်လို့ မြင်ကြလို့ရှိရင် ဖြင့် ဒါသမ္မာဒိဋ္ဌိ ဆိုတဲ့အတိုင်း မှန်ကန်စွာ မြင်တဲ့ မဂ္ဂင်လာလို့ မြင်တာပဲ သဘောကျပြီလား (ကျပါပြီ ဘုရား)

ဒါဖြင့် မဂ္ဂင် အလုပ်လုပ်လို့ ရှိရင်ဖြင့် မဂ္ဂင်ရရာ ရကြောင်း မိမိခန္ဓာကိုယ်ထဲမှာ ရွက်ဆောင် နိုင်ကြလို့ ရှိရင်ဖြင့်၊ မဂ္ဂင်ရှစ်ပါး ခင်ဗျားတို့ ကျုပ်တို့ကို ယခုရှိတဲ့ ဝိပါက ဝဋ်ကြီးမှ ထုတ်ဆောင်ပေးပါလို့ သူကို တောင်းပန် တိုးလျှိုပြီးတော့ နေမှာလား။

သူ့ဟာသူ ဆောင်သွားမှာလား (သူ့ဟာသူဆောင်သွားမှာပါ ဘုရား) သူ့ဟာသူ ဆောင်သွားမှာ၊ ဒါဖြင့် သူ့ဟာသူ ဆောင်သွားမယ့်တရားကို ကျုပ်တို့က ကိုယ်ပိုင်ရှိဖို့ပဲ အရေးကြီးတယ် (မှန်ပါ)။ သူ့ဟာသူ ဆောင်သွားမယ့်တရား ဘာလုပ်ရမှာလဲ (ကိုယ်ပိုင်ရှိရမှာပါ ဘုရား)။

ကိုယ်ပိုင်ရှိဖို့အရေးကြီးတယ်

ကိုယ်ပိုင်ရှိဖို့ အရေးကြီးတယ်ဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ ဒါကို မယုံသေးလို့ရှိရင် သက်သေ သာဓက ဘုန်းကြီး ရှင်းပြ လိုက်မယ်နော် (မှန်ပါ) သက်သေ သာဓက ရှင်းပြလိုက်တော့၊ ေဩာ်- သူ့ဟာသူ ဆောင်တယ် ဆိုတာ ခင်ဗျားတို့ ယုံကြည် ရတော့မှာပဲ (မှန်လှပါ ဘုရား)။

ဘယ်လို ယုံကြည်ရမှာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ အခါကျတော့၊ ခင်ဗျားတို့ အခု တရားနာ လာကြတဲ့ ဒကာ ဒကာမတွေ ဘယ်ကလာကြတာ တုံးဆိုတော့ တချို့ကလည်း ဒုဂ္ဂတိက၊ အပါယ် လေးပါးက တက်လာတာ လည်း ရှိမှာပဲ (မှန်ပါ)။

တချို့ကလည်း နတ်ပြည်က လာတာလည်း ရှိမှာပဲ၊ ဗြဟ္မာပြည်က လာတာကော (ရှိပါတယ် ဘုရား)၊

အဲဒါသည် ဒကာ ဒကာမတို့ ကိုယ့် သဘောနဲ့ ကိုယ်လာကြ တာလား၊ ထုတ်ဆောင်တဲ့ တရားက ထုတ်ဆောင်ပို့ လိုက်ကြတာလားသာ မေးတော့ (ထုတ်ဆောင်တဲ့ တရားက ထုတ်ဆောင် ပေးလိုက်တာပါ ဘုရား)။

အဲ ထုတ်ဆောင်တဲ့ တရားက ထုတ်ဆောင်ပို့လိုက် တော့၊ ထုတ်ဆောင် တဲ့ တရားမှာလဲ အကောင်း အဆိုး ရွေးပြီး ကျုပ်တို့က အကောင်း ထုတ်ဆောင်တဲ့ တရားကို ကျုပ်တို့ကြိုးစားရင် အကောင်းက ထုတ်ဆောင်ရမှာကို ဘာမှငြင်း နေဖို့ မလိုဘူး (မှန်ပါ့)။ ဆုတောင်းတွေ ဘာတွေက အပိုပဲ၊ ထုတ်ဆောင် တဲ့တရားလုပ်လို့ ရှိရင်ဖြင့်ဘာတုံး (ထုတ်ဆောင်မှာပါ ဘုရား)။

ဓမ္မနိယာမရှောင်ကွင်းလို့မရ

အခု ကျုပ်တို့ လူ့ဘဝကို ရောက်နေတယ်၊ အပါယ် ရောက်ကြောင်း တရားတွေ ကြိုးစား နေကြမယ် ဆိုရင် အပါယ် ထုတ်ဆောင်သွားမှာပဲ၊ ဆုမတောင်းလည်း ဆောင်မှာပဲ၊ ဘာဖြစ်လို့တုံး ဆိုတော့ ဓမ္မနိယာမ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဓမ္မနိယာမ ဆိုတာ ရှောင်ကွင်းလို့ရကြရဲ့လား (မရ ပါ ဘုရား)။ မရတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ရ မယ်။ အင်း ထုတ်ဆောင် တဲ့တရားဟာ ဝမ်းထဲရောက်ဖို့ အရေးကြီးတယ်၊ သို့သော် ထုတ်ဆောင်တဲ့ တရားမှာပဲ အကောင်း အဆိုး ရွေးသင့်တယ် (မှန်ပါ)။

ထုတ်ဆောင်တဲ့ တရားသည် နှစ်မျိုးရှိတယ် (မှန်ပါ)၊ အကောင်း အဆိုးရွေးပြီးသကာလ ဒကာ ဒကာမတွေ ကိုယ်ပိုင် လုပ်ကြလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် ဒုက္ခ ဝဋ်ဆင်းရဲက ကျွတ်လွတ်မှာပဲ (မှန်ပါ)။

“မဂ္ဂဿ နိယျာနဋ္ဌော” ဆိုတဲ့အတွက် မဂ္ဂဿ = မဂ္ဂသစ္စာ၏။ နိယျာနဋ္ဌော= ဝဋ်မှ ဆန်တက် နိဗ္ဗာန်ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်း အစစ်အမှန်ဖြစ်တဲ့ တရားသည် ခင်ဗျားတို့ ဝမ်းထဲမှာရှိမှ သူက ထုတ်ဆောင်သွားမှာ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားကို ဒီအတိုင်း သူရောက်လာမှာလားဆိုတော့ အာရုံရှိမှ ဒီတရား ဝမ်းထဲ ရောက်တယ်လို့ မှတ် (မှန်ပါ)။

ရှုစရာအာရုံရှိမှ ရှုဉာဏ်ရောက်တယ်

ရှုစရာ အာရုံရှိမှ ရှုဉာဏ် ဝမ်းထဲ ရောက်တယ် (မှန်ပါ)။ ရှုစရာ အာရုံမရှိရင် ရှုဉာဏ် ဝမ်းထဲ မရောက်နိုင်ဘူး ဆိုတာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။ ကိုင်း – ဒီလို လုပ်ကြစို့ဆိုတော့ ထုတ်ဆောင်ပုံ ဘုန်းကြီး ရှင်းပြ မယ်နော်။

ခင်ဗျားတို့ ခု တရားနာကြတဲ့ ဒကာ ဒကာမတွေဟာ ဝဋ်ကောင်တွေ ဆိုတာတော့ ကျေနပ် ပြီလား (ကျေနပ် ပါတယ် ဘုရား)။ ခုနက ပြောခဲ့ပြီ။

ပြေးသွားလည်း ဇရာကြီးပါတာပဲ (မှန်ပါ)။ ထိုင်နေကော (ပါ ပါတယ် ဘုရား) အိပ်နေကော (ပါပါတယ် ဘုရား)၊ အင်း ဒီအချိန်က လွန်မြောက်ပြီး တော်တော်ကြာတော့ ဗျာဓိဆိုတဲ့ အနာကကော (ပါပါတယ် ဘုရား)။

အင်း-သွားနေရင်းလဲ အနာရလာတာပဲ (မှန်ပါ)၊ တော်တော် ကြာတော့ သွားရင်း၊ လာရင်း၊ နေရင်း၊ ထိုင်ရင်းနဲ့ပဲ ဗျာဓိကနေပြီး မရဏသို့ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ကောင်းပြီ ဒါဟာ တပည့်တော်တို့ ဘာကောင်မို့ ဒီဥစ္စာကြီးကို မကျွတ် မလွတ်တာတုံးလို့ မေးလို့ရှိရင်၊ ဝိပါက ဝဋ်ကောင်မို့ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပါကဝဋ်ကောင်တွေ

ဘာကောင်မို့ မကျွတ်တာပါလိမ့် (ဝိပါကဝဋ် ကောင်မို့ပါ ဘုရား)။ ဒါဖြင့် ဝိပါက ဝဋ်ကောင်မှ ကျွတ်လွတ်ရာ ကျွတ်လွတ်ကြောင်းကို ကျုပ်တို့ ရှာသင့်တယ်၊ မရှာသင့်ဘူးလား (ရှာသင့်ပါတယ် ဘုရား)။ ရှာသင့်တော့ ခင်ဗျားတို့ အိပ်မနေနဲ့၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန် နေတယ်နော်။

ခင်ဗျားတို့က ဝဋ်ကောင်မှန်းမသိတော့ မကျွတ်ချင်ကြဘူး (မှန်ပါ)။ အခုတော့ ဒီနေ့ ဝဋ်ကောင်မှန်း သိကြပြီလား (သိပါပြီ ဘုရား)။ အားလုံး ဒကာ ဒကာမတွေ ဘာတွေပါလိမ့် (ဝဋ်ကောင်ပါ ဘုရား)။ ဘာ ဝဋ်ကောင် တွေလဲ (ဝိပါက ဝဋ်ကောင်တွေပါ ဘုရား)။

ဝိပါက ဝဋ်ကောင်တွေ ဖြစ်နေတော့ ဇာတိ၊ ဇရာ၊ မရဏတွေနဲ့ ဒကာ ဒကာမတွေနဲ့ဟာ ခွဲလို့ကို ရရဲ့လား (မရပါ ဘုရား)။ မရတော့ ဒီဥစ္စာဟာ ဝဋ်သင့်နေတဲ့ ပုဂ္ဂိုလ်မို့ ခွဲမရတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝဋ်ကျွတ်တဲ့တရားရှာသင့်ပါပြီ

ဝဋ်သင့်နေတဲ့ ပုဂ္ဂိုလ်မို့ ခွဲမရတော့ ဒီဝဋ်အတွင်းမှ ထုတ် ပေးမယ့်တရား ကို ခင်ဗျားတို့ ယခု အချိန်မှာ ရှာသင့်ပါပြီ (မှန်ပါ)။ ရှာသင့်ပါပြီ၊ ရှာသင့်တော့ မရှာတတ်ပြန်တော့လည်း ခင်ဗျားတို့က ဗုဒ္ဓါနုဿတိနဲ့ ရှာလိုရှာ (မှန်ပါ)၊ ပုတီးစိပ်ပြီး အနိစ္စ၊ အနိစ္စ ဆိုပြီး သကာလ ရှာလိုရှာ (မှန်ပါ)။

ဆွမ်းတွေ ကွမ်းတွေ ကျွေးပြီး သကာလ ရှာလိုရှာတယ် (မှန်ပါ့)၊ ဒီ ဒုက္ခကြီးမှ ကျွတ်ချင် လွတ်ချင် လို့ပေါ့ဗျာ (မှန်ပါ)။ ထိုသို့ပင် ကျွတ်လွတ်ချင် သော်ငြားလည်း အဲဒါ ဝေးသော အကြောင်း တွေသာ ဖြစ်တယ်လို့ ဆုံးဖြတ်ချက် ချပြီး နီးသေ ာအကြောင်း မဟုတ်ဘူးလို့ တိုးချဲ့မှတ်လိုက်ပါ (မှန်ပါ)။

နီးသောအကြောင်း

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ပြမယ့်တရားသည် ဝဋ်ကနေပြီး အနီးဆုံး ထုတ်ဆောင်ပြီး သကာလ၊ ဝဋ်ကင်းရာ ပို့လိမ့်မယ်လို့ မှတ်ပေတော့ (မှန်ပါ) ဘယ်က ထုတ်ဆောင်မယ် (ဝဋ်အတွင်းက ထုတ်ဆောင် မှာပါ ဘုရား)။ နောက်ပြီး ဘယ်ပို့မယ် (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ဆိုတဲ့ ဝဋ်ကင်းရာ ပေါ့ဗျာ (မှန်ပါ)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဝဋ်ထဲက ထုတ်ပြီး ဝဋ်ကင်းရာ နိဗ္ဗာန်ပို့မယ့် အလုပ် လုပ်ပုံကို ရှင်းပြမယ် (မှန်ပါ) ဒီလိုလုပ်ပုံကို ရှင်းပြတဲ့ အခါကျတော့ လွယ်ပါ တယ်တဲ့၊

ဝေဒနာသုံးမျိုး

ဒကာ ဒကာမတွေ ဝဋ်ထဲက ထုတ်မယ် ဆိုတော့ ခင်ဗျားတို့ ခန္ဓာထဲမှာ ဝေဒနာတွေ ရှိတယ်၊ ခင်ဗျားတို့ ချမ်းသာတဲ့ ချမ်းသာလုံးကလေး ဆိုတာ ဘာခေါ်မယ် (သုခဝေဒနာပါ ဘုရား)။

တစ်ခါတလေ ခန္ဓာကိုယ်ထဲမှာ ဆင်းရဲလုံးကလေးက (ဒုက္ခဝေဒနာပါ ဘုရား)၊ ချမ်းသာ ဆင်းရဲ ကင်းနေတဲ့ အခါလေးကော (ဥပေက္ခာ ဝေဒနာပါဘုရား၊) ဒါတွေပဲ ရှိတယ်၊ ခင်ဗျားတို့၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ဒီဝေဒနာသုံးမျိုးပဲ ရှိတယ်ဆိုတာတော့ဖြင့် ဒါဘာမှ ငြင်းဆန်နေဖို့ မလိုတော့ဘူး။

လိုသေးလား (မလိုပါ ဘုရား) မလိုတော့ဘူး တဲ့၊ အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားလိုက် သုခဝေဒနာ ပစ္စယာလဲ တဏှာပဲ (မှန်ပါ)၊ ဒုက္ခ ဝေဒနာပစ္စယာ ဒေါသ၊ ဥပေက္ခာ ဝေဒနာ ပစ္စယာ မောဟ၊ ဥပေက္ခာဝေဒနာ ကြောင့် မောဟဖြစ်နိုင်တယ်။

ဒီတရားတွေဟာ ဒကာ ဒကာမတွေ ကိလေသဝဋ် သုံးပါးကို ဖြစ်စေနိုင် တယ်လို့ မှတ်ပါ။ သဘော ကျပြီလား (ကျပါပြီ ဘုရား) ဝေဒနာသုံးပါးက ဘာသုံးပါး ဖြစ်နိုင်သလဲ (ကိလေသဝဋ် သုံးပါးပါ ဘုရား) ဟုတ်သားပဲ၊ ဒီကလည်း သုခဝေဒနာ ပစ္စယာ တဏှာ၊ ဒုက္ခဝေဒနာ ပစ္စယာ ဒေါသ၊ ဥပေက္ခာဝေဒနာ ပစ္စယာ မောဟ၊ ဦးချစ်ခ ရိပ်မိပြီလား (မှန်ပါ)။

ဝေဒနာမရှုရင် ကိလေသဝဋ်လာတယ်

ဒါက စာထဲမှာ မပါဘူးဗျ။ ဒါက ဖြစ်စဉ်ကိုက် ပြောနေ တာ သဘောကျ ပြီလား (မှန်ပါ)။ ဒါဖြင့် ဒီဝေဒနာတွေ မရှုဘဲထားတဲ့ ပုဂ္ဂိုလ်များဟာ ကိလေသဝဋ် လာတယ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကိလေသဝဋ် ဆိုတာ လောဘ ကိလေသာ၊ ဒေါသ ကိလေသာ၊ မောဟ ကိလေသာ သူများ ပြော မဟုတ်ပါဘူး။

ကိုယ်တိုင် ဒီအတိုင်း နေကြည့်ပါ၊ လာရမှာလား၊ မလာရဘူးလား (လာရမှာပါ ဘုရား)။ သုခဝေဒနာ ချမ်းသာတယ် ဆိုရင် သဘောကျ တယ်ဆိုတဲ့ တဏှာက လာတာပဲ၊ ဒုက္ခဝေဒနာ ဆင်းရဲတယ်ဆို ဒေါသက တစ်ခါ တည်း လာတာပဲ၊ ဥပေက္ခာ ဝေဒနာ ဖြစ်တယ် ဆိုရင်ဖြင့် ဥပေက္ခာ ဝေဒနာဟာ ခန္ဓာကိုယ်ထဲမှာ ဖြစ်တဲ့အခါ အင်မတန် သိမ်မွေ့ တယ် (မှန်ပါ)။

သိမ်မွေ့တော့ မသိလိုက်ဘူး (မှန်ပါ)၊ မသိတော့ မောဟ လာတယ်၊ မသိတော့ ဘာလာတုံး (မောဟ လာပါတယ် ဘုရား) အင်း ဒါဖြင့် ဒကာ ဒကာမတို့ သော် ဝဋ်တွေကို ပြနေတယ်၊ ပြီးတော့မှ ဝဋ်ကျွတ် ပုံကို ပြမယ်၊ အခု ကြည့်စမ်း၊ ဝေဒနာသုံးပါ မရှုလိုက်တော့ ဘာဝဋ်လာသတဲ့ (ကိလေသဝဋ် လာပါတယ် ဘုရား)။

နိဗ္ဗာန်ကိုအလုပ်နဲ့မှရောက်မယ်

ကိလေသဝဋ် လာတယ်၊ ကဲ ရှိပါစေတော့၊ ဝေဒနာသုံးပါး မရှုလိုက် ရတဲ့အတွက် ခင်ဗျားတို့ ကိလေသဝဋ် လာတယ်၊ ဒကာ ဒကာတို့ အလိုလို လာတာလား၊ ခင်ဗျားတို့ အလုပ် စည်းကမ်းကို နားမလည်လို့ လာတာလား (အလုပ် စည်းကမ်းကို နားမလည်လို့ လာတာပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန် ကို အလုပ်နဲ့မှ ရောက်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အလုပ်စည်းကမ်း နားမလည်တော့ အခုဘာဝဋ်တွေ လာတုံး (ကိလေသဝဋ်တွေ လာပါတယ် ဘုရား) ဒါတင်မက သေးဘူးတဲ့ ခင်ဗျားတို့ ဒီတဏှာပြီးတော့ကို ဥပါဒါန် ကမ္မဘဝ ဆိုတဲ့ ကမ္မဝဋ် လာလိမ့်ဦးမယ်၊ မလာပေ ဘူးလား (လာပါ တယ် ဘုရား) တဏှာ၊ ဥပါဒါန်၊ ဘဝ (မှန်ပါ) ဝေဒနာ သုံးပါး၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ခဏခဏ အပြောင်းအလဲနှင့် တကွ ပေါ်နေပါလျက်သားနဲ့ ခင်ဗျားတို့ ထုတ်ဆောင်တဲ့ တရားကို မကြိုးစားဘူး။

ဝေဒနာသုံးပါးမရှုရင်

ကြိုးစားတာကတော့ ခင်ဗျားတို့ မဟုတ်တဲ့တရားတွေ (မှန်ပါ) မပြောနိုင်ဘူးလား (ပြောနိုင် ပါတယ် ဘုရား) ကိုင်း- ဒါဖြင့် ဒကာ ဒကာမ တို့ ဝေဒနာသုံးပါး မရှုတဲ့အတွက် ကိလေသဝဋ်နဲ့ ကမ္မဝဋ်ပေါ်လာတာ ကိုဖြင့် ခင်ဗျားတို့ အစဉ်အတိုင်း သေချာပြီလား (သေချာပါပြီ ဘုရား)။

ကမ္မဝဋ်ပြီးလို့ရှိရင် ဝိပါကဝဋ်ဆိုတဲ့ ဘာပဋိသန္ဓေ ရယ်လို့ မဆိုနိုင်ဘူး၊ ခင်ဗျားတို့ အပါယ်ပဋိသန္ဓေ လေးမျိုး တစ်မျိုးမျိုးလာရမယ် (မှန်ပါ) ကဲဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်သုံးပါးတွေ့ပြီ၊ ပဋိသန္ဓေက ဝိပါကဝဋ် ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ဒါဖြင့် ဝေဒနာသုံးပါး မရှုတဲ့အတွက် ဘာဝဋ်လာသလဲ (ကိလေသဝဋ်ပါ ဘုရား)။

ပြီးတော့ ဘာဝဋ်လာသတုံး (ကမ္မဝဋ်ပါ ဘုရား) ပြီးတော့ ဘာဝဋ် လာသတုံး (ဝိပါကဝဋ်ပါ ဘုရား)၊ အင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ အိမ်မှာ နေ့စဉ် စားခါ သောက်ခါ ပျော်ရွှင်ခါနဲ့ နေတဲ့ဥစ္စာ ဘယ်လိုများ လုပ်နေကြပါလိမ့် မလဲဆို တော့၊ ဟောဒီ သုံးပါး ပြည့်စုံအောင် ကြိုးစားနေတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အင်း-ဒါဖြင့် ခင်ဗျားတို့ခက်တယ်၊ အနာပေါက်လို့လဲ ပေါက်မှန်းမသိ၊ ကိုင်း- ဝဋ်ဘယ်နှစ်ပါး လာတယ် ဆိုတာကော ဒကာ ဒကာမတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ဒါဖြင့် ဝဋ် ဘယ်နှစ်မျိုး ပါလိမ့် (သုံးမျိုးပါ ဘုရား) အင်း ဒါ ဘယ်လို ပုဂ္ဂိုလ် လာတာပါလိမ့် (မရှုတဲ့ပုဂ္ဂိုလ်ပါ ဘုရား)။

ဒါဖြင့် မရှုတဲ့ပုဂ္ဂိုလ်မှာ ဒီဝဋ်သုံးပါးက ကိလေသဝဋ် ကြောင့် ကမ္မဝဋ်ဖြစ်တယ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဆိုတဲ့ အပါယ်မှာ သွားပဋိသန္ဓေ နေရတယ် (မှန်ပါ) ဒါဖြင့် ဒီတရားတွေဟာ အပါယ် ထုတ်ဆောင်ချ လိုက်တယ် (မှန်ပါ)။

အိပ်နေပေမယ့်၊ သူကမအိပ်ဘူး

ခင်ဗျားတို့က ဆုတောင်း ရတာလား၊ သူ့သဘောနဲ့သူ ထုတ်ဆောင် တာလား (သူ့သဘောနဲ့သူ ထုတ်ဆောင်တာ ပါ ဘုရား) ဟာ- ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အိပ်နေပေမယ့် သူတို့ မအိပ် ပါလား (မှန်ပါ) ဟင်း- ခင်ဗျားတို့ မေ့နေပေမယ့် (သူတို့ မမေ့ပါ ဘုရား) တရားက မမေ့ဘူး သူ့အလုပ် သူလုပ်နေတာပဲ ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယခုလို ဆရာကောင်း သမားကောင်းတို့နဲ့ ကြုံတုန်း ခင်ဗျားတို့ မသိလို့ မလုပ်တဲ့ဥစ္စာ ကို ဘုန်းကြီးများ ကလည်း အပြစ် မဆိုပါဘူး (မှန်ပါ) သိတဲ့ အချိန်ကစပြီး သကာလ လုပ်လိုက်လို့ ရှိရင်လဲ နောက်အမှားတွေ ပြင်ပြီးသား ဖြစ်မယ်ဆိုတာ မှတ်ထားပါ (မှန်ပါ)။

နောက်ကအမှားတွေ၊ ကြောက်စရာမလို

နောက်က အမှားတွေ ဘယ့်နှယ့်လုပ်မှာလဲ၊ နောက်ကအမှား တွေကို ခင်ဗျားတို့ ဘယ်လိုမှ ကြောက်နေစရာ မလိုဘူး၊ သဘောကျပြီလား (မှန်ပါ)

မဂ်ဆိုက်အောင်လုပ်ပါ၊ ဘုန်းကြီး မဂ်ဆိုက်အောင် ပြပေးမယ် (မှန်ပါ)။ မဂ်ဆိုက်အောင် လုပ်မယ် ဆိုလို့ရှိရင် ခင်ဗျားတို့ နောက်က အမှားတွေ ဘာတွေ ဖြစ်မယ်ထင်သလဲ (အဟောသိကံ ဖြစ်မှာပါ ဘုရား)။

အင်္ဂုလိမာလ

မုဆိုးကြီးတွေ နိဗ္ဗာန်ဝင်တာဟာ အမှားတွေ အဟောသိကံ ဖြစ်လို့ (မှန်ပါ)၊ အင်္ဂုလိမာလလို လူသတ်သမားကြီး တွေ နိဗ္ဗာန်ဝင်တာ (အဟောသိကံ ဖြစ်လို့ပါ ဘုရား) ဒီဝဋ်တွေ အဟောသိကံ ဖြစ်မသွားဘူးလား (မှန်ပါ) ဒါဖြင့် ဒီနည်းသည် ဒကာ ဒကာမတို့ လုပ်သင့်လုပ်ထိုက် လုပ်ကောင်း တယ် ဆိုတာကော ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် လုပ်ကြပါဆိုတော့ မလုပ်ဘဲနေတဲ့ ပုဂ္ဂိုလ်မှာ ဒီဝဋ်သုံးပါလာ တယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား) ဒကာ ဒကာမတို့ ဝေဒနာ သုံးပါးမရှုတဲ့ ပုဂ္ဂိုလ် ဘာဖြစ်သတဲ့တုံး (ဝဋ်သုံးပါး ဖြစ်ပါတယ် ဘုရား) ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။

အေး-ဝိပါကဝဋ် ဆိုတော့ လမ်းဆုံးပြီ မဆုံးသေးဘူးလား (ဆုံးပါတယ် ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ မလုပ်တဲ့ ပုဂ္ဂိုလ်မှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ရှိတယ် (မှန်ပါ) လုပ်တဲ့ ပုဂ္ဂိုလ်မှာ ခုနက “နိယျာနဋ္ဌော ’’= ဝဋ်မှ ဆန်တက် ဆိုတော့ ဒီဝဋ်ထဲက ဆန်တက် မယ်ကွ (မှန်ပါ)။

မဂ္ဂင်ရှစ်ပါးလုပ်ပါ

နိဗ္ဗာန် ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်း အစစ်မှန်ဖြစ်တဲ့ တရားပဲ (မှန်ပါ) ဒါဖြင့် မဂ္ဂင်ရှစ်ပါးကို ခင်ဗျားတို့ လုပ်လိုက်ရလို့ရှိရင်ဖြင့် ဒီဝဋ်တွေက ကျွတ်မယ်၊ ကျွတ်ပြီး ဘယ်သွားမှာတုံး (နိဗ္ဗာန် သွားမှာပါ ဘုရား)

ဪ နိဗ္ဗာန်ဆန်တက် သွားမယ်ဆိုတော့ ကိုထွန်းဦးရေ လုပ်သင့် တယ်ဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။

လုပ်သင့်တယ်လို့ ခင်ဗျားတို့ကို ယခုဘုန်းကြီးက ပြောနေတယ် (မှန်ပါ) နောင်ကို ခင်ဗျားတို့ နောက်တုန်းက ဒီလို လုပ်သင့်တယ်လို့ ပြောလို့ ခင်ဗျားတို့က နားထောင် လုပ်ခဲ့လို့ ရှိရင်၊ ခင်ဗျားတို့ အကုန် ဒုက္ခခပ်သိမ်းငြိမ်းပြီ (မှန်ပါ)။

နောက်တုန်းက ဒီလိုဟောသံကြားလို့ ခင်ဗျားတို့ ဝဋ်ကျွတ်ခဲ့လို့ရှိရင်၊ အခု ဒီဆရာတွေနဲ့ ဒီဒကာ ဒကာမတွေ မတွေ့ဘူး၊ တွေ့ပါ့မလား (မတွေ့ ပါဘူး ဘုရား) ဒကာ ဒကာမတွေ ဝဋ်ကျွတ်ပြီးသား မနေကြပေဘူးလား (နေပါတယ် ဘုရား) ဒါဖြင့် ယခင်က ဝဋ်ကျွတ်ကြောင်း ပြောသံမှ မကြားဖူးဘူး၊ ရိပ်မိကြပြီလား (မှန်ပါ)။

“သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ” ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ခင်ဗျားတို့ ပြောသံ ကြားဘူးရင် ကျွတ်ပြီးပြီ ဦးချစ်ခ (မှန်ပါ) ကျွတ်ပြီးပြီ၊ ပြောသံ ကြားဘူးရင် ခင်ဗျားတို့၊ လုပ်တော့မှာ ကိုးဗျ၊ လုပ်ရင် ဘာဖြစ်မယ် ထင်တုံး (ကျွတ်မှာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ အကဲခတ် ကြည့်စမ်း။

ပြောသံတောင်မကြားဖူးဘူး

ဪ- ပြောသံ မကြားဖူးလို့ မလုပ်ဖြစ်ခဲ့တော့၊ အခု ခန္ဓာဝန်နဲ့ ဝိပါကဝဋ် မကျွတ်ဘဲနေတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဝဋ်မကျွတ်ဘဲ နေတာ ဒကာ ဒကာမတွေ ရိပ်မိကြပြီလား (မှန်ပါ) ဘာဖြစ်လို့တုံး (မရှုလို့ပါ ဘုရား)။

မရှုလို့ မဟုတ်ဘူး ပြောသံတောင် မကြားဖူးပါဘူး၊ ခင်ဗျားတို့ ရှုတာ အသာထားပါဦး၊ ပြောသံတောင် မကြားဖူးဘူး (မှန်ပါ) မဂ္ဂင်ရှစ်ပါးမှ လွတ်မြောက်တယ်၊ ဝဋ်မှဆန် တက် နိဗ္ဗာန်ဘက်သို့ ထွက်မြောက် နိုင်ကြောင်း လမ်းကောင်း အစစ်အမှန်ဖြစ်တဲ့ တရားရယ်လို့ မကြားဖူးဘူး၊ နာလည်း မနာ ဖူးဘူး (မှန်ပါ)။

ဒါကြောင့် ကျုပ်တို့ ခင်ဗျားတို့ ဘယ်လို နေရတယ် ဆိုတာ ယနေ့ ဆုံးဖြတ်ချက် ချနိုင်ပြီလား (ချနိုင်ပါပြီ ဘုရား) ဝဋ်သင့်နေတာ မြင်ရသဖြင့် ယုံပါပေါ့ ဘုရား (မှန်ပါ) ကိုထွန်းဦး ဘယ့်နှယ်ဆိုမှာတုံး (ဝဋ်သင့် နေတာပါ ဘုရား)။

ဝဋ်သင့်နေတာ ဧကန်ပဲ မဟုတ်လား (မှန်ပါ) သွားရင်း၊ လာရင်း၊ ထိုင်ရင်း၊ အိုမှု၊ နာမှု၊ သေမှုကြီးဟာ ခင်ဗျားတို့ ကျုပ်တို့နဲ့ တွဲလျက်ပဲ ခွဲလို့ ရရဲ့ လား (မရပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က အခု ဝဋ်ကြီးသင့်နေပါလျက် သားနဲ့ အင်း ဝဋ်မှ ထွက်တဲ့ တရားကို ဖြည်းဖြည်းမှ လုပ်ရမှာပဲ ဆိုရင်ဖြင့် အခု သေပါရစေဦးလို့ တောင်းပန်တာနဲ့ တယ်တူတယ် (မှန်ပါ)။

ဖြည်းဖြည်းလုပ်ပါရစေဆိုတာ

ဖြည်းဖြည်းမှ လုပ်ပါရစေ၊ တစ်စတစ်စ လုပ်ပါရစေ ဘုရား ဆိုရင်၊ ဒကာ ဒကာမတွေ အင်း- သေပွဲ မပြတ်အောင် သေပါရစေဦး၊ ဒီအဓိပ္ပာယ် မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီထက် မိုက်တာများ ရှိသေးရဲ့လား (မရှိတော့ပါ ဘုရား) ကိုင်း- ဒါဖြင့် ယနေ့ ဘယ်လို စဉ်းစားကြမှာလဲ၊ ယနေ့ သိတဲ့နေ့၊ ယနေ့ ထွက်ပါ တော့မယ်၊ ထွက်တဲ့အလုပ် လုပ်ပါတော့မယ်လို့ ပြောင်းလိုက်၊ သဘောကျပြီ လား (ကျပါပြီ ဘုရား) ယနေ့ ထွက်မြောက်ကြောင်းကို လုပ်တော့ မကောင်း ဘူးလား (ကောင်းပါတယ် ဘုရား)။

ဘာကြောင့် ကောင်းပါသတုံး ဆိုတော့ ရှေးက မကြားဘူးလို့ ဝဋ် တွေဟာ ရှုပ်ပွေပြီး လိမ်နေတယ်၊ အခုလဲ ဝဋ် မကျွတ်သေးဘူးဆိုတာ သိသဖြင့် ဝဋ်ကျွတ်ကြောင်း တရားကို ယနေ့ နာရတယ်။

ဝဋ်ပြတ်အောင်လုပ်မှအဖိုးတန်မယ်

ယနေ့ နာရပြီ လုပ်ပုံလုပ်နည်း နှင့်တကွ ဘုရားဟောကို ဆရာသမား က ပြလိုက်လို့ရှိရင်၊ ဒကာ ဒကာမတွေက အင်း ဝဋ် သင့်တာကြာပြီ၊ ဝဋ်ပြတ်အောင် လုပ်မှပဲ ဆိုတာကို ယနေ့ စိတ်ပြောင်း မှ ခင်ဗျားတို့သည် အဖိုးတန်မယ် (မှန်ပါ) နက်ဖြန်မှ စိတ်ပြောင်းလို့ရှိရင် ညမရဏမင်းက အစာမကျေတဲ့ ရောဂါနဲ့ သတ်ရင်သတ်၊ လေထိုးရောဂါနဲ့ သတ်ရင်သတ်။

သတ်လိုက်မယ်ဆိုရင် ဘယ့်နှယ်လုပ်မှာလဲ (ခံရမှာပါ ဘုရား) ဒါဖြင့် နက်ဖြန်မှ စိတ်ပြောင်းရင် တော်ပါ့မလား (မတော်ပါ ဘုရား) အခု တရားနာပြီး၊ အခုကို ပြောင်းပြီး၊ အခုတစ်ခါတည်း လမ်းသွားရင်း ကစပြီး အိမ်ကျရင် မပျက်အောင်ကြိုးစား၊ သဘောကျပြီလား (မှန်ပါ) ခင်ဗျားတို့ အချိန် ဆွဲချင်သေးသလား (မဆွဲချင်ပါ ဘုရား)။

အချိန်ကိုဆွဲမနေနဲ့

ဒီနေရာတွင် ဆွဲချင်လို့ မဖြစ်ဘူး၊ နေရာတိုင်းမှာ အချိန်ကို ဆွဲမနေနဲ့ ပြောတာ (မှန်ပါ) ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးပါး မရှုတော့ ဝဋ်သုံးပါးလာတယ် (မှန်ပါ) ဝေဒနာသုံးပါး မရှုတော့ ဘာတဲ့ (ဝဋ်သုံး ပါးလာပါတယ် ဘုရား) ဟုတ်သားပဲ။

“ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ”

ဇာတိဆိုတော့ ဇာတိက ဝိပါကဝဋ်၊ ဘဝေါက ကမ္မဝဋ်၊ ဟုတ်လား၊ တဏှာက ကိလေသဝဋ်၊ ဒါဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟာ ဒကာ ဒကာမတို့ ဘာကြောင့် လာပါလိမ့်မတုံးလို့ မေးတဲ့ အခါကျလို့ ရှိရင်ဖြင့်၊ တပည့်တော်တို့ မေ့မှု၊ မသိမှုကြောင့် လာတာပဲ၊ သဘောကျပြီလား (မှန်ပါ)။

မေ့မှု မသိမှုကြောင့် လာတာပဲ ဆိုတော့ကို မေ့မှုဆို တာက အဝိဇ္ဇာနော်၊ မသိမှု ဆိုတာက ခင်ဗျားတို့ ဉာဏ်ကို မပါဘူး ဆိုတာပဲ၊ ကိုင်း ဒါဖြင့် ယနေ့သည် ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ အခု- ခင်ဗျားတို့ ဒီဝဋ်သုံးပါ သင့်နေတာ သိပြီနော် (သိပါပြီ ဘုရား)။

ဝေဒနာတွေမရှုရင်ဝဋ်သင့်ချင်လို့

ေဩာ်- ဝေဒနာတွေ မရှုရင် ဘယ့်နှယ်လဲ (ဝဋ်မကျွတ်ပါ ဘုရား) ဒီခန္ဓာကိုယ်ထဲ ဒီဝေဒနာ သုံးပါး လှည့်မပေါ် ဘူးလား ပေါ်သလား (ပေါ်ပါ တယ် ဘုရား) ပေါ်ပါလျက်သားနဲ့ ခင်ဗျားတို့က မရှုဖြစ် မမှတ်ဖြစ်တာ ဘာကြောင့်တုံး ဆိုတော့ ဒကာ ဒကာမတို့ ဝဋ်သင့်ချင်လို့ပဲ (မှန်ပါ)။

ကိုထွန်းဦး ဘာဖြစ်ချင်လို့လဲ (ဝဋ်သင့်ချင်လို့ပါ ဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်သုံးပါး သင့်ပုံ သိပြီလား (မှန်ပါ)။ ဒါဘယ်လို ပုဂ္ဂိုလ်မှာ ဝဋ်သင့်တာတုံး (ဝေဒနာသုံးပါးကို မရှုတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) ဝေဒနာ ပစ္စယာ တဏှာပဲ ထားပါတော့ (မှန်ပါ)။

ဝဋ်တွေ သင့်မနေဘူးလား (သင့်ပါတယ် ဘုရား) ကောင်းပြီ ဝဋ်သင့်နေတာသည် ဘယ်ပုဂ္ဂိုလ် ပါလိမ့် (ဝေဒနာမရှုတဲ့ ပုဂ္ဂိုလ်ပါ ဘုရား) မရှုတဲ့ပုဂ္ဂိုလ် ဆိုတာက ဘာပြုလို့တုံး ဆိုတော့၊ တရားမနာလို့ မသိတာ (မှန်ပါ) မသိတော့ မရှုတတ်တော့ဘူး၊ ဒီအဓိပ္ပာယ် မရဘူးလား (မှန်ပါ)။

ဝေဒနာသုံးပါးပေါ်ရာကိုရှု

ဒါဖြင့် ဝေဒနာသုံးပါးကို ခင်ဗျားတို့က ပေါ်ရာကိုရှု၊ သဘောကျပြီလား (မှန်ပါ)၊ ပေါ်ရာကို ရှုဆိုတော့ နာရင် ဒုက္ခဝေဒနာ (မှန်ပါ) ကောင်း ရင် သုခဝေဒနာ၊ မကောင်းတကောင်း ဖြစ်ခဲ့သော် ဥပေက္ခာဝေဒနာ၊ အဲဒါ သူ့နေရာနဲ့ သူပေါ်တဲ့ နေရာကို သူပေါ်တယ်လို့ နောက်က ကြည့်ကြည့် ပေး၊ ကြည့်တော့ ဘယ်လို ကြည့်ရမှာတုံးလို့ မေးတော့ ရှိမရှိ ကြည့်ပေး၊ ရှိမရှိ ကြည့် ရမယ် (မှန်ပါ)။

အဲဒီတော့ ဘုန်းကြီးက တထစ်ချ နည်းပေးလိုက်မယ်၊ ဒကာ ဒကာမ တွေ ကြည့်တဲ့ အချိန်မှာ ဘယ်တော့မှ မရှိဘူးလို့ ဆုံးဖြတ်ချက်ချပြီးကြည့် (မှန်ပါ) ကြည့်တဲ့ အချိန်မှာ ဘာပါလိမ့် (ဘယ်တော့မှ မရှိပါ ဘုရား) ရှေ့ပိုင်းက ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကဲ-မရှိတော့ပါဘူး ဆိုတော့၊ ဒကာ ဒကာမတွေ ဥပမာ အိုက်တဲ့အခါ လေလေး ဘာလေးတိုက်၊ ယပ်ကလေး ဘာလေး ခပ်လို့ရှိရင်၊ ကိုယ်ပေါ်မှာ သုခ ဝေဒနာပေါ်တယ် (မှန်ပါ) ယပ်ခပ်တဲ့ နေရာမှာ ချမ်းသာလုံးကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ယပ်လေလေး တိတ်သွားရင် ချမ်းသာ လုံးကလေး ပျက်တယ်၊ မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။

ပညာနဲ့ ကြည့်ပေး

အဲဒီချမ်းသာလုံးကလေး ပျက်သွားတော့ ပျက်ပြီလို့ ခင်ဗျားတို့က သတိ ထားရမယ်နော် (မှန်ပါ) သတိထား၊ ဝီရိယစိုက် ပညာနဲ့ ကြည့်ပေး၊ ဘာလုပ်ရမှာလဲ (သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ ကြည့်ပေး ရမှာပါ ဘုရား) အဲ- သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ ကြည့်ပေး ဆိုတော့၊ သတိထားပါ ဆိုတာက သမာဓိတို့ သတိတို့ ဆိုတာ သတိပါလို့ ရှိရင် သမာဓိ ပါတာပဲ (မှန်ပါ)။

ဝီရိယစိုက်၊ ပညာနဲ့ကြည်၊ ဒကာ ဒကာမတို့ သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ကြည့်ဆိုတော့၊ ဒီက ပညာနဲ့ ဆိုသဖြင့် ပညာ ပါရင် ပညာနဲ့တွဲဘက် ဟာက ဘယ်တော့မှ မနေရစ်ဘူး (မှန်ပါ)။ သမ္မာသင်္ကပ္ပ ပါတာပဲ၊ ပညာက သမ္မာဒိဋ္ဌိပဲ (မှန်ပါ)။

ဘယ်တော့ နေရစ်သေးသတဲ့ (မနေရစ်ပါ ဘုရား)။ သတိထားလို့ ဆိုသဖြင့် သတိထားလို့ ဝီရိယသာ စိုက်ကြလို့ရှိရင်၊ သမာဓိက ဘယ်တော့မှ ခွဲလို့မရှိဘူး (မှန်ပါ)။ သမာဓိမဂ္ဂင် သုံးပါး ကကော မပါဘူးလား (ပါ ပါတယ် ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဒီက ပညာမဂ္ဂင် နှစ်ပါး ဒီက သမာဓိ မဂ္ဂင်ကော (သုံးပါးပါ ဘုရား)။

မရှိမှန်းသိတာမဂ္ဂ

အဲဒီတော့ ဝေဒနာလေးက ခန္ဓာကိုယ်ထဲမှာ ချမ်းသာတာလေး ပေါ်လာပြန်လဲ၊ ချမ်းသာ တာလေး ရှိမရှိ ခင်ဗျားတို့က ကြည့်လိုက်၊ ကြည့်လိုက် တော့ ဘာဖြစ်သွားမှာလဲ (မရှိတာ တွေ့မှာပါ ဘုရား) ဒါဖြင့် မရှိတာသည် ဒကာ ဒကာမတို့ အနိစ္စလို့ ဘုန်းကြီးက ဟောတယ် (မှန်ပါ)။ မရှိမှန်း သိတဲ့ မဂ္ဂင်ငါးပါးက မဂ္ဂပစ္စယော ဖြစ်လာတယ် (မှန်ပါ)။

ေဩာ် အနိစ္စ ဆိုတာ ဖြစ်ပြီး မရှိတဲ့ဥစ္စာ ခုနက ပေါ်တယ်၊ အခု ကြည့်လိုက် တော့ မရှိဘူး၊ -ဖြစ်လည်း ဖြစ်တယ်၊ ပျက်လည်း ပျက်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ပျက်လည်း ပျက်တယ်လို့ ဆိုနိုင်တော့၊ ဒီလို ဆိုနိုင်တဲ့ တရားဟာ မဂ္ဂပဲ (မှန်ပါ)။

ဖြစ်လည်းဖြစ်တယ် ပျက်လည်းပျက်တယ်

ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်လို့ နောက်က ဆိုနိုင်တဲ့ တရား၊ သိနိုင်တဲ့ တရားဟာ ဘာခေါ်ကြမှာလဲ (မဂ္ဂပါ ဘုရား)

ဒါဖြင့် ခင်ဗျာတို့ ဝမ်းထဲမှာ ဒီမဂ္ဂက ရောက်ပြီ (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်သူ ရောက်ပါလိမ့် (မဂ္ဂပါ ဘုရား)။

အင်း မဂ္ဂ ရောက်လာတော့၊ ခုနက ခင်ဗျားတို့ တရား အစက ဆရာဘုန်းကြီးက ပြောခဲ့တယ်၊ ဘယ်လို ပြောခဲ့လဲ၊ မဂ္ဂဿ = မဂ္ဂသစ္စာ၏။ နိယျာနဋ္ဌော = ဝဋ်မှဆန်တက် နိဗ္ဗာန် ဘက်သို့ ထွက်မြောက်နိုင်ကြောင်း လမ်းကောင်း အစစ်အမှန်ဖြစ်သော တရားသည်လည်းကောင်းလို့ မပြောခဲ့ ဘူးလား (ပြောခဲ့ပါတယ် ဘုရား)

ပြောခဲ့တော့ ေဩာ်- ဝဋ်ထဲက ဆန်တက် တယ် ဆိုတော့၊ မဂ်မလာလို့ရှိရင် ခုနက ဒီငါးပါး မလာလို့ရှိရင်၊ ခု ဒီနေရာမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဒီသုံးမျိုး လာရမယ် (မှန်ပါ)။

ခုနက မပြခဲ့ဘူးလား (ပြခဲ့ပါတယ် ဘုရား) ပြခဲ့တယ်၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် သူလာလိုက်တော့ကို ဒီဝဋ်သုံးပါးကို လာခွင့်ရ မရ (မရပါ ဘုရား) ဒါဝဋ်မှဆန်တက်ပြီး သကာလ နေပြီ (မှန်ပါ) ဝဋ်ကိုဖြတ်ပစ်လိုက်ပြီး (မှန်ပါ)။

မဂ္ဂကြောင့် ဝဋ်ကျွတ်သွားတယ်

ဒကာ ဒကာမတွေ ဘယ်သူ့ ဖြတ်ပစ်လိုက်သလဲ (ဝဋ်ကိုဖြတ် လိုက်ပါတယ် ဘုရား) အင်း- ဒါဖြင့် ဝဋ်ကျွတ်တာပဲ၊ ဝဋ်ဖြတ်တာ၊ သဘော ကျပြီလား (ကျပါပြီ ဘုရား) အင်း- ဘာနဲ့ ကျွတ်လိုက် ပါလိမ့် မတုံးလို့ မေးတဲ့ အခါကျတော့၊ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ၊ မဂ္ဂကြောင့် ဝဋ်ကျွတ် သွားတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဘယ်သူ့ကြောင့် ကျွတ်ပါလိမ့် (မဂ္ဂကြောင့် ကျွတ်ပါတယ် ဘုရား) ဒီမဂ္ဂ မလာတော့ ဘာတွေ လာပါလိမ့် (ဝဋ်သုံးပါး လာပါတယ် ဘုရား) ဝဋ်သုံးပါး လာတယ်၊ မရှုတဲ့ ပုဂ္ဂိုလ်ကို ဘာလာပါလိမ့် (ဝဋ်သုံးပါးလာပါတယ် ဘုရား) ရှုတဲ့ ပုဂ္ဂိုလ်မှာ မဂ္ဂလာတယ်၊ မဂ္ဂလာတော့ ဘာဖြစ်ကြတုံး (ဝဋ်ကျွတ်ပါတယ် ဘုရား)။

ဝဋ်ကျွတ်တယ်၊ ေဩာ် -ဒါဖြင့် ဝဋ်ကျွတ်ရပါလို၏လို့ ဆုတောင်းလို့ ကျွတ်တာလား၊ မရှိတာ သိတာနဲ့ ကျွတ်သွားတာလား (မရှိတာ သိတာနဲ့ ကျွတ်တာပါ ဘုရား)။ ကဲ- ဦးချစ်ခ သဘောကျပြီလား (မှန်ပါ) မလုပ်ရင် မရဘူး (မှန်ပါ)။

ကိုထွန်းဦး ဘယ့်နှယ်ဆိုမယ် (မလုပ်ရင် မရပါဘူး ဘုရား) မလုပ်ရင် မရဘူးလို့ အားလုံး ဒကာ ဒကာမတွေ မှတ်လိုက်၊ ခင်ဗျားတို့ တောင်းနေတဲ့ ဆုတွေဟာ သုဂတိဘုံတို့တော့ ပြည့်ပါတယ်၊ လူ့ပြည်၊ နတ်ပြည် ပြည့်ပါတယ်၊ မပြည့်ဘူးလို့ ဘုန်းကြီး မဟောဘူး (မှန်ပါ)။

အလုပ်လုပ်မှ နိဗ္ဗာန်ရမယ်

နိဗ္ဗာန် ကျတော့ဖြင့် ဒကာ ဒကာမတို့ အလုပ် လုပ်ယူမှ ရမယ် သဘောကျပြီလား (ကျပါပြီ ဘုရား) လူပြည်၊ နတ်ပြည့်တော့ ခင်ဗျားတို့ ပန်းတစ်ပွင့်နဲ့ အကြိမ်ကြိမ် ခံစားရပါလို၏လို့ တောင်းရင် တောင် သေသေချာ ချာဖြစ်တာပဲ၊ နိဗ္ဗာန် တော့ဖြင့် လုပ်မှရမယ် (မှန်ပါ) မလုပ်ရင်မရဘူး။

မရတော့ ဒကာ ဒကာမတွေ ဝဋ်ကျွတ်ပုံကိုသာ ထောက်လိုက်တော့ ဒါ သက်သေခံ အလုံလောက်ဆုံးပဲ၊ လုံလောက်ပြီလား (လုံလောက်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (လုံလောက်ပါတယ် ဘုရား) ဒါ မရှုပဲ ထားလိုက်တော့ ဘာတွေ လာသတဲ့တုံး (ဝဋ်သုံးပါး လာပါတယ် ဘုရား) ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်လာတယ် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ် ဆက်လာတယ်၊ ရှုလိုက်တ ဲ့အခါကျတော့ ဒါက မရှိတာ၊ မရှိတာ သိတာက မဂ္ဂ၊ မဂ္ဂင်ငါးပါးကမှ သိတာကိုး (မှန်ပါ) အခြားတရားက သိတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် သိတဲ့ တရားက မဂ္ဂဆိုတော့၊ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ၊ မဂ္ဂလို့ ဆိုတော့ ဒကာ ဒကာမတွေ က ေဩာ်- ဒီမဂ္ဂဟာ သူလာတဲ့အခါ ဘယ်ကိစ္စများ ရွက်ဆောင်ပါလိမ့် မတုံးလို့ မေးကြည့်၊ မဂ္ဂင်ငါးပါး မင်းဘာရွက်ဆောင်သတုံးလို့ မေးကြည့် (ဝဋ်သုံးပါးကို ဖြတ်ပါတယ် ဘုရား)။

ဝဋ်သုံးပါးကို တစ်ခါတည်းဖြတ်တယ်၊ မင်းတို့ နေရစ်ကြတော့ပေါ့ (မှန်ပါ) မင်းတို့ကို ငါဖြတ် လိုက်ပြီလို့ မဆိုသော်လည်, ဆိုဘိသကဲ့သို့ ပြတ်ထွက် သွားတယ် (မှန်ပါ) ဒါကြောင့် ဝဋ်ထဲက ထွက်အောင် လုပ်နိုင်တဲ့တရား ဝဋ်ပြတ်အောင်လုပ်နိုင်တဲ့ တရားဟာ မဂ္ဂင် အလုပ်ပဲ (မှန်ပါ)။

ဒိအပြင် ဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား) ကျေနပ်ကြပြီ လား (ကျေနပ်ပါပြီ ဘုရား) အင်း- ဒါဖြင့် သစ္စာအနက် တစ်ဆယ့်ခြောက်ချက် မှာ ယနေ့ ဟောတာက “နိယျာနဋ္ဌော” ကိုဗျ (မှန်ပါ)

နိယျာနဋ္ဌော = ဝဋ်မှ ဆန်တက် နိဗ္ဗာန်ဘက်သို့ထွက်မြောက်နိုင်ကြောင်း လမ်းကောင်း အစစ်အမှန်ဖြစ်တဲ့ တရားသည် လည်းကောင်း ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာတစ်လျှောက်လုံး ကျုပ်တို့ဝဋ်ထဲမှာ အဝိုင်းပြေး လည်နေ ကြတာပဲ (မှန်ပါ) ဘယ်အခါမှ ဝဋ်ဖြက်တဲ့ တရားများ ခန္ဓာကိုယ်ထဲ မကိန်းဖူးဘူး၊ သဘောကျပြီလား (မှန်ပါ)။ အခုတော့ဖြင့် သာသနာတွင်း လည်းကြုံ၊ ဆရာကောင်း သမားကောင်းနဲ့ လည်းကြုံ၊ ခင်ဗျားတို့ ကလည်း ထောင်တတ်တဲ့ နားကလေးကလည်းပါ။

ဝဋ်ကျွတ်တဲ့နည်းလုပ်တတ်ပြီ

အဲဒီလို ညီညွတ်ပြည့်စုံပြီး သကာလ နေတဲ့ အတွက်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝဋ်ကျွတ်တဲ့ နည်းကလေး လုပ်တတ်ပြီလို့ ဆိုကြပါ (မှန်ပါ) လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ ဘုရား) ဝေဒနာသုံးပါး ပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့ ရှိမရှိကြည့်ပေး (မှန်ပါ)။

ကြည့်လိုက်တဲ့အခါ ဘာတွေ့မယ် ထင်သတုံး (မရှိတာတွေ့မှာပါ ဘုရား) မရှိတာက ဘာတုံး (အနိစ္စပါ ဘုရား) မရှိမှန်း သိတာက (မဂ္ဂပါ ဘုရား) အဲဒီ မဂ်သည်ကားလို့ ဆိုရင် ဘာလုပ်တတ်ပါ သတုံး၊ ဝဋ်သုံးပါးမှ ထုတ် ဆောင်တတ်တယ် (မှန်ပါ)။

ကိုထွန်းဦး ဒါဟာ သူများပြောလား၊ ဉာဏ်တွေ့လား (ဉာဏ်တွေ့ ပါ ဘုရား) အဲ ဉာဏ်တွေ့၊ လက်တွေ့ ဖြစ်နေတော့ ဒကာ ဒကာမတို့ မသေချာဘူးလား (သေချာပါတယ် ဘုရား) အဲဒီတော့ ခင်ဗျားတို့ ဆုတောင်း ယူရတာ ကမှ၊ ရမှရပါ့မလား၊ ဟုတ်ဘူးလား (မှန်ပါ) ခင်ဗျားတို့မှာ တွေးတောစရာ အချိန်တွေ အများကြီး ရှိတယ်။

ဒါက အခုရှုကြည့်၊ အခုကိုယ်တွေ့ ဝဋ်ကျွတ်တာပဲ (မှန်ပါ) မရှုတဲ့ ပုဂ္ဂိုလ်မှာ (မကျွတ်ပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ လှူဒါန်း ပေးကမ်းပြီး သကာလ နေငြား သော်လည်း၊ ဝဋ်ကျွတ်တဲ့ မဂ္ဂင်က ဝမ်းထဲ မရောက်လာဘူး၊ လာရဲ့လား (မလာပါ ဘုရား)။

မလာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ မလာတော့ကို မကျွတ် တာပဲ ဆုံးဖြတ်ချက်ချ၊ မလာတာ ကျွတ်တယ်လို့ ဆိုရမှာလဲ ဝဋ်ကမှ မသေပဲကိုး (မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ တရားစစ် တရားမှန်သိပြီလား (သိပါပြီ ဘုရား)။

တရားစစ်တရားမှန်ဆိုတာ

တရားစစ်တရားမှန် ဆိုတာက တကယ် ဝဋ်ကျွတ်ချင်လို့ ရှိရင်၊ ဝဋ်ကျွတ်တဲ့ အလုပ်ကိုလုပ်မှ ကျွတ်မယ်လို့ မှတ်လိုက်ပါ (မှန်ပါ) မလုပ်ရင် မကျွတ်ပါ ဘူး၊ ဘယ်နည်းနဲ့မှ မကျွတ်ဘူးလို့ ဆုံးဖြတ်ချက် ချပါ။ သဘောကျပြီလား (မှန်ပါ) အင်း- ဒါက ကိလေသဝဋ်၊ ကမ္မဝဋ်မှ ဝိပါကဝဋ်မှ ကျွတ်စေတတ်တယ်၊

ဝိပါကဝဋ်တိုင်အောင် ကျွတ်စေတတ်တယ်၊ ဦးချစ်ခ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)

ဘယ်လိုလုပ်လို့ ကျွတ်သွားတာပါလိမ့်ဗျာ (ဝေဒနာရှုလို့ပါ ဘုရား) ဒကာ ဒကာမတို့ ဝေဒနာ ရှိမရှိ ကြည့်လိုက်တော့ မရှိဘူးလို့ သိတာနဲ့ ကျွတ်ထွက်သွားတယ် (မှန်ပါ)။

မရှိဘူးလို့ သိတာက သာမညနဲ့ သိနိုင်တာမှ မဟုတ်ဘဲကိုး၊ ဆရာကောင်း သမားကောင်းထံမှာ ဆည်းကပ်ပြီး သကာလ သမ္မာဒိဋ္ဌိကို ဝမ်းထဲလာမှ၊ သမ္မာသင်္ကပ္ပ ကလဲ မြင်ကွက်ဖော်ပေးမှ သမ္မာဒိဋ္ဌိက မြင်နိုင်တာ (မှန်ပါ) သတိတရား ကလည်း ထားပါမှ၊ သမာဓိလည်း ရှိပါမှ၊ ဝီရိယလည်း စိုက်ပါမှ ခင်ဗျားတို့ မရှိတာ မရှိမှန်း သိတာ (မှန်ပါ)။

နို့မို့ရင် မသိပါဘူး၊ နို့မို့ရင် မသိနိုင်ဘူး ဆိုကတည်းက၊ ေဩာ်- မဂ္ဂင်ငါး ပါး မပေါ်လာရင် ဟိုက အပျက်ကို သိကိုမသိဘူး (မှန်ပါ) မဂ္ဂင်ငါးပါး ပေါ်လာရင်တော့ ပျက်သွားပြီ၊ ချုပ်သွားပြီ၊ ပျောက်သွားပြီ လို့ မသိဘူးလား၊ သိသလား (သိပါတယ် ဘုရား) ဒါဖြင့် ပျောက်သွားတာက ဘာတုံး (အနိစ္စပါ ဘုရား)။

ဝဋ်ထဲကထုတ်ဆောင်မယ့်တရား

ပျောက်သွားတာကို ပျောက်သွားပြီလို့ သိတာက (မဂ္ဂပါ ဘုရား) ကိုင်း- ဒီလိုမဂ္ဂက ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ ကိုယ်ဖြစ်တာကို ကိုယ်သိမှသာ၊ ပျက်တာကို ကိုယ်သိမှသာ မဂ္ဂဖြစ်တာ၊ သဘော ကျပြီလား (မှန်ပါ) ဒါဖြင့် ဒီတရားဟာ ဘာတရားပါလိမ့် ဆိုရင် နိယျာနဋ္ဌော= ဝဋ်ထဲက ထုတ်ဆောင်မယ့် တရား။

ဒီတရား ဘယ်က ထုတ်ဆောင်မှာတုံး (ဝဋ်ထဲကပါ ဘုရား) ဝဋ်သုံးပါးမှ ထုတ်ဆောင်မှာ (မှန်ပါ) ခင်ဗျားတို့က ထုတ်ဆောင်ခိုင်းရ သလား၊ သူ့ဟာသူ မြင်တာနဲ့ ပေါ်လာတာပဲလား (မြင်တာနဲ့ ပေါ်လာ တာပါ ဘုရား) ဖြစ်ပျက်ကို မြင်တာနဲ့ ပေါ်လာတာပဲ။

ခင်ဗျားတို့က ထုတ်ဆောင်ပေးပါလို့ သူ့ကို တောင်းပန် တိုးလျှိုးရတဲ့ တာဝန် ဝတ္တရား မရှိဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဆုတောင်းနေ ဖို့လိုသေးသလား (မလိုပါ ဘုရား) မလိုဘူး၊ သူ့ဟာသူ ထုတ်ဆောင် သွားမှာပဲဆိုသဖြင့်၊ ေဩာ်- ဒို့ တစ်သံသရာလုံးမှာ ဒီအားကိုးလုံးလေး ငါးခုကို မတွေ့ခဲ့ဘူး၊ ကိုထွန်းဦး ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

တစ်သံသရာလုံး လာခဲ့ကြတာ၊ ခင်ဗျားတို့ အရိုးတွေ အသားတွေဟာ မြင်းမိုရ်တောင် လောက်မက သေခဲ့ကြေခဲ့တဲ့ဥစ္စာ ဘာကြောင့်ပါလိမ့် (ဝဋ်မကျွတ်လို့ပါ ဘုရား) ဝဋ်ကျွတ်တဲ့တရား တစ်ခါမှ မနာဘူးလို့ မလုပ်ဘူးလို့ ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဖြင့် ဒီကရှေ့ မူပြောင်းကြဗျ။

ဆုတောင်းကိုပယ်၊ ရှုမှုကိုသန်ပေးပါ

အားလုံး ဒကာ ဒကာမတွေ ဘာပြောင်းရမှာလဲ (မူပြောင်း ရမှာပါ ဘုရား) မူပြောင်းဖို့ရာ ဆုတောင်းကိုပယ်၊ ရှုမှုကို သန်ပေးပါ (မှန်ပါ) ဦးဘကြည်တို့ ဘယ့်နှယ်လုပ်မှာတုံး ဗျ (ဆုတောင်းကိုပယ်၊ ရှုမှုကို သန်ပေးရမှာပါ ဘုရား)။

ရှုမှုကို သန်ပေါ့ဗျာ၊ ဆုတောင်းကို ပယ်လိုက်တော့၊ သူက အလိုလို သူ့အလုပ် လုပ်ရင် သူပို့မှာပဲ (မှန်ပါ) အကုသိုလ် အလုပ်လုပ်လို့ ရှိရင်လည်း အပါယ် ရောက်ရပါလို၏လို့ ဆုတောင်း ရသေးသလား၊ မတောင်းဘဲနဲ့လဲ ပို့သလား (မတောင်းဘဲနဲ့ ပို့ပါတယ် ဘုရား) အဲဒီတော့ ဆုတောင်း ကိုပယ် ပြီး ရှုအားကို သင်ပေးပါ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မတော်လို့ ဘုရားရှိခိုးများ တိုနေချေရဲ့၊ ဒီလို ခင်ဗျားတို့ကို မေးရ ဦးမှာ (မှန်ပါ) ပြီးတော့ ဘေးက လူက သာဓု ခေါ်သေးတယ် ဘုရားရှိခိုး ရှည်လိုက်တာ သူမို့ ရပါပေတယ်၊ သာဓု သာဓု ဟိုက မဟုတ်ဘူး၊ တဏှာ လောဘနဲ့ ဆုတောင်းနေတာ (မှန်ပါ)။

ခင်ဗျားတို့ကသာ ဘေးက သာဓုခေါ်နေတာ (မှန်ပါ) သာဓုခေါ် နေတာ၊ ခုနက ဒကာ ဒကာမတို့ မဟုတ်တာ လုပ်နေတာကို သာဓုခေါ် သလိုပဲ မကျဘူးလား (ကျပါတယ် ဘုရား) သို့သော် ခင်ဗျားတို့ကလည်း သာဓုကို မခေါ်တတ်သေးဘူး (မှန်ပါ)။

တဏှာစခန်းကိုဖွင့်နေတာ

ဟိုကလည်း ဘုရား ရှိခိုးနေတယ်လို့ သူ့ဟာသူ ထင်တုန်းပဲ၊ တောင်း တာကတော့ တဏှာနဲ့ တောင်းနေတာ (မှန်ပါ) လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ ပြည် ရောက်ရပါလို၏။ အဆင်းလှရပါလို၏၊ ဥစ္စာ ပေါရပါလို၏နဲ့ သူ့ဟာသူ ဘာနဲ့တောင်းနေတာတုံး (တဏှာနဲ့ တောင်းနေတာပါ ဘုရား)။

ခင်ဗျားတို့ ကလည်း ဘုရားရှိခိုး ရှည်လိုက်တာ၊ ဒို့ ဒီလောက် မရဘူး၊ သာဓု၊ သာဓုလို့ မခေါ်ကြဘူးလား (ခေါ်ကြပါတယ် ဘုရား) သူတို့က ဘာစခန်းဖွင့်နေသလဲ ဆိုတော့ တဏှာစခန်းကို ဖွင့်နေတယ်၊ သဘောကျပြီလား (မှန်ပါ)။

ဘေးက လူကလည်း ဘုရားရှိခိုး ထင်ပြီးတော့ သာဓုခေါ်ကြတယ်။ အဲဒါ ခင်ဗျားတို့ တံငါသည် သာဓု ခေါ်နေသလို ဖြစ်နေတယ်၊ မကျဘူးလား၊ ကျသလား (ကျပါတယ် ဘုရား) အတော် ဆိုးမသွားဘူးလား (ဆိုးပါ တယ် ဘုရား) အတော် ဆိုးနေပါတယ်၊ ရှိခိုးပါ၏ ဆိုရင်ပြီးတာပဲ မဟုတ်လား (ပြီးပါတယ် ဘုရား)။

ဘုရားရှိခိုးကိုမဟုတ်ဘူး

ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏။ ဒါဘုရား ရှိခိုး ကုန်တာပဲ (မှန်ပါ) ပြီးတော့မှ ရှိခိုးရသော အကျိုး အားကြောင့် အဆင်းလှခြင်းနဲ့ ဘာနဲ့ရှုပ်လာတာပဲ၊ မရှုပ်ဘူးလား၊ ရှုပ်သလား (ရှုပ်ပါတယ် ဘုရား)။

အဲဒီက စလိုက်တာက ဘုရားရှိခိုးကို မဟုတ်ဘူး (မှန်ပါ) ဘုရား ရှိခိုးကို ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား) သို့သော်ခင်ဗျားတို့ သာဓု ခေါ်တဲ့ အချိန်မှာ ဒီတဏှာ စခန်းဖွင့်တဲ့ အချိန်ရောက်ပြီ၊ မရောက်ဘူးလား ရောက် သလား (ရောက်ပါတယ် ဘုရား) ရှိခိုးတဲ့အခါ အစက တဏှာမှ မဟုတ်ပဲ ကိုး (မှန်ပါ)။

စကားကတော့ရိုင်းတယ်၊ အဖြစ်ကအမှန်

တော်တော်ရှည်မှ သူကဝင်လာတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အဲဒီ လောက်တောင်ကို ခင်ဗျားတို့သည် ယုတ်မာ ဆိုးသွမ်းတဲ့ အလုပ်တွေကို မတရား သဖြင့် လုပ်နေတယ်လို့ ဆိုတော့ စကား ကတော့ရိုင်း တယ်ပေါ့ဗျာ၊ အဖြစ်ကတော့ မှန်နေတယ် (မှန်ပါ) အဖြစ်ကတော့ မှန်တယ်၊

ကဲ-ဒကာ ဒကာမတို့ အဲဒီကိလေသဝဋ်ကို ဘုရားရှေ့မှာပဲ သူတို့ သွားပြီးလုပ်တယ် (မှန်ပါ)။

ဦးလှ ဘုရားရှေ့မှာ ကိလေသဝဋ် သွားလုပ်တယ်၊ မလုပ်ဘူးလား လုပ်သလား (လုပ်ပါတယ် ဘုရား) ဤပန်းကဲ့သို့ လှဖို့၊ ဤဆွမ်းကဲ့သို့ ပေါဖို့ လုပ်တယ် (မှန်ပါ) ကိလေသဝဋ် မလာဘူးလား၊ လာသလား (လာပါတယ် ဘုရား) ဒါတွေဟာ ဉာဏ်နဲ့ တောင်းတာလား၊ တဏှာနဲ့ တောင်းတာလား (တဏှာနဲ့ တောင်းတာပါ ဘုရား)။

တဏှာနဲ့ တောင်းတာဆို တော့ ဘု ရားရှေ့မှာ အဲဒါကို သာ တောင်းမိရင် ကိလေသဝဋ် (မှန်ပါ) စေတနာကံ မပါဘူးလား (ပါပါတယ် ဘုရား) ကမ္မဝဋ် ပါတယ်၊ ဒါဖြင့် ကိလေသဝဋ်နဲ့ ကမ္မဝဋ်ကပါတော့ ဝိပါကဝဋ်ပြေးလို့ မလွတ်ပါဘူး (မှန်ပါ)၊ အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ အကုသိုလ် လုပ်တာလဲ နေရာရွေးကြပါဦး၊ ဘုရားရှေ့တော့ မတော်ဘူး (မှန်ပါ)။

ဘုရားရှေ့မှာတော့မတော်ဘူး

လောဘနဲ့ တောင်းတာဟူသရွေ့ ဒိပြင် နေရာကို သွားပြီး ဆုတောင်း ချင် တောင်းကြပါ (မှန်ပါ) ဆန္ဒနဲ့ တောင်းတာ၊ ဉာဏ်နဲ့ တောင်းတာကို မကန့် ကွက်ဘူး၊ လောဘနဲ့ တောင်းတာ ဟူသရွေ့ ကန့်ကွက်တယ် (မှန်ပါ)

ခင်ဗျားတို့ ယောက်ျားကြီးတွေ ဖြစ်ပြီး ဒီအလုပ်ကို လုပ်မနေနဲ့ဦး၊ ငါယောက်ျားပဲ ဆိုပြီး မင်းတို့ထက်တော့ အသိဉာဏ် ထူးပါသေးတယ် ဆိုပြီး၊ ဘုရားရှေ့၊ ဒါ- လုပ်ဦးမယ် ဆိုရင် မကောင်းသေးဘူး၊ ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မရှုတဲ့ ပုဂ္ဂိုလ်မှာ ဝဋ်သင့်တယ် ၊ (မှန်ပါ) ရှုတဲ့ ပုဂ္ဂိုလ်မှာတော့ ဝဋ်ကျွတ်တယ်၊ ဒါဖြင့် ဝဋ်သင့်ဝဋ်ကျွတ်တာသည် ဒကာ ဒကာမတို့ အလုပ် အပေါ်မှာ မှီတယ် (မှန်လှပါ ဘုရား) အလုပ် မလုပ် ရင် ဝဋ်သင့်တယ်၊ ဝဋ်ကျွတ်တာသည် အလုပ်လုပ်တာ၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သူဟာ မဂ္ဂပစ္စယောပဲ၊ ဦးဘကြည် ဒါဘာတုံး (မဂ္ဂပစ္စယော ပါ ဘုရား)။

ထွက်မြောက်ကြောင်းပဲ (မှန်ပါ) ထွက်မြောက်ကြောင်းပဲ။ အဟုတ်ကို ထွက်ကဲ့လားလို့ မေးလိုက်တော့မှ၊ ဖြစ်ရမယ့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါက ဝဋ်ကို တစ်ခါတည်း ဖြစ်ခွင့်ကိုမပေးဘူး (မှန်ပါ) ကိုင်း ပေးသေးသလား (မပေးပါ ဘုရား)

ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ။ အဲဒါတွေ လာသေးသလား (မလာပါ ဘုရား)

ဒါဖြင့် ခင်ဗျားတို့ အခုရှုလိုက်တာနဲ့ ကျွတ်သွားတယ်၊ ဒီတော့ ခင်ဗျားတို့ဟာ အကာလိကော အခါမလင့် အကျိုးပေးတယ် (မှန်ပါ) ခင်ဗျားတို့ ဣတိပိသောထဲ မပါဘူး လား (ပါပါတယ် ဘုရား) ရှုလိုက်ရင် အခါမလင့် အကျိုးပေးတယ်။ မရှုပ်နေလို့ ရှိရင် ဝဋ်ကို သင့်နေတာပဲ (မှန်ပါ)။

အခါမလင့်ဝဋ်ကျွတ်သွားတာ

ရှုလိုက်ပြန်တော့ကော (အခါမလင့် အကျိုးပေးပါတယ် ဘုရား) အခါမလင့် အကျိုး ပေးတယ် ဆိုတာ၊ အခါမလင့် ဝဋ်ကျွတ်သွားတာ (မှန်ပါ) သူလဲ လာရော ဝဋ်သုံးပါးကို လာခွင့်ရသေးသလား (မရပါ ဘုရား) အဲဒီတော့ အကာလိကော အခါမလင့် အကျိုးပေး၏ ဆိုတော့ ဒီအလုပ်လုပ်။

ဒိဋ္ဌဓမ္မ အကျိုးပေးချင်ရင် ဒကာ ဒကာမတို့ ဒီအလုပ်လုပ်ပါလို့ ဘုန်းကြီး က တိုက်တွန်းတယ် (မှန်ပါ) မတိုက်တွန်းသင့် ဘူးလားဗျာ (တိုက်တွန်း သင့်ပါတယ် ဘုရား) ကိုင်း-သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ ရှေ့တုန်းကတော့ ဝဋ်ကျွတ်အောင် မဂ္ဂင်တရား ကြိုးစားကြလို့ ပြောတဲ့ ဆရာလည်း ပြောကြမှာပဲ (မှန်ပါ) ပြောပင်ပြောငြား သော်လည်း ကျွတ်ပုံကို ခုလောက် မသေချာဘူး (မှန်ပါ) အခု ရှုတာသည် ကိလေသဝဋ်နဲ့ ကမ္မဝဋ် လာရမယ့်ဥစ္စာ လာခွင့် ရသေးသလား (မရတော့ပါ ဘုရား) မရတော့ ဝဋ်ကျွတ်တာသည် သူများပြောလားတဲ့၊ ကိုယ်တိုင် ရှုကြည့်လို့ ကိုယ်တိုင်ကျွတ်မှာလား (ကိုယ်တိုင် ရှုကြည့်လို့ ကိုယ်တိုင် ကျွတ်မှာပါ ဘုရား)။

ဝဋ်ကျွတ်ချင်ကြရင်ကိုယ်တိုင်ရှု

ဒါဖြင့်ဗျာ ဝဋ်ထဲနေတဲ့ ပုဂ္ဂိုလ်က ဝဋ်ကျွတ်ချင်ကြလို့ ရှိရင်ဖြင့် ကိုယ်တိုင် ရှုရုံပဲရှိတယ် (မှန်ပါ) ဒိပြင် ဘာရှိသေးတုံး (ဘာမျှမရှိပါ ဘုရား) ကောင်းပြီ သဘောပါကြပြီလား (ပါပါတယ် ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ကျွတ်တဲ့နည်း ရပြီလား (ရပါပြီ ဘုရား) ရပြီဘာလုပ်ရမယ် (ဝေဒနာ ရှုရမှာပါ ဘုရား)။

အေး-ဝေဒနာကို ဖြစ်ပျက်မမြင် မြင်အောင်ကြည့်လို့ ဒကာ ဒကာမတို့ ကို မှာလိုက်တော့၊ ဒကာ ဒကာမတွေက ေဩာ် -ဖြစ်တာလည်း မြင်နိုင်အောင် ကြည့်ရမှာတဲ့၊ ပျက်တာလည်း မြင်နိုင်အောင် ကြည့်ရမှာတဲ့ ဆိုတော့၊ တပည့်တော်ဖြင့် ကြည့်ပါတယ် ဘုရား မမြင်ပါဘူးလို့ ခင်ဗျားတို့က ဆင်ခြေ လဲချင်လဲမယ် (မှန်ပါ)။ ဗြုန်းခနဲ လုပ်စ ပုဂ္ဂိုလ်မှာ မြင်နိုင်ပါ့ မလား (မမြင် နိုင်ပါ ဘုရား)။

အိမ်ကျတော့နှလုံးသွင်းကြည့်

မမြင်နိုင်တော့ ခင်ဗျားတို့ မြင်ချင်တာက ဒီနေရာ အခုဖြစ်တယ်။ အခုပျက်တယ်၊ အဲဒါကို ခင်ဗျားတို့က မြင်ချင်တာကိုးဗျ (မှန်ပါ) အဲဒါ ဘုရားကြည့်လည်း မမြင်ဘူး၊ အခုဖြစ် အခုပျက် ဆိုတော့ ဘုရား ကြည့်လည်း မမြင်ဘူး (မှန်ပါ)။

မြင်ရမှာက ဘုန်းကြီး ရှင်းပြမယ် ဒကာ ဒကာမတို့၊ ခင်ဗျားတို့အိမ်ကျတော့ နှလုံးသွင်းကြည့် မြင်ရမှာက ဒီလိုမြင်ရမှာ။

ကိုယ့်စိတ်ထဲတွင် ဖြစ်ပြီး၊ ဟိုနေရာတွင် ဖြစ်ပြီး ဟိုနေရာတွင် ပျက်တာကို ဒီက ဉာဏ်ကနေ မြင်နေမယ် ဆိုရင်ဖြင့်၊ ခင်ဗျားတို့ ဒီသန္တာန် မှာလဲ တစ်စိတ်၊ ဒီရှုနေတာက တစ်စိတ် ဆိုတော့ ခင်ဗျားတို့မှာကို နှစ်စိတ်ပြိုင် ဖြစ်နေ တယ် (မှန်ပါ)။

ဘုန်းကြီးပြောတာမှတ်လိုက်ပါ

စိတ်ပြိုင်နေရင်ဖြင့် ခင်ဗျားတို့ လူနှစ်ယောက် ဖြစ်ဦးမယ် (မှန်ပါ) မဟုတ် ဘူးလား (မှန်ပါ) ရှုတာက တစ်ယောက်တည်း (မှန်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒီတော့ကို ဒီလိုမှတ်ကြပါ။ သူများက ဘယ်လို ပဲပြောပြော ခင်ဗျားတို့က ဘုန်းကြီး ပြောတာကို ဘုရား ပါဠိတော်နဲ့ ညီညွတ်တဲ့ အတွက် မှတ်လိုက်တာပေါ့ (မှန်ပါ)။

သို့သော် ဥပမာတစ်ခုကို ရှေ့ထား ပြမယ် ဒကာ ဒကာမတို့၊ ဥပမာ ရှေ့မထားလို့ရှိရင် ခင်ဗျားတို့ ဒီဟာကို သဘောကျမယ် မဟုတ်ဘူး (မှန်ပါ) ဥပမာ ရှေ့ထားမယ်၊ ဟော- ဟိုဘက်က ကျောက်လမ်း ပေါ်မှာ ဒီမလာဘူးတဲ့ ဆင်တစ်ကောင် လာပြီး သကာလ ညသန်းခေါင်လောက် လာအိပ်တယ်။ အိမ်ရှင်က မသိဘူး။

နောက်တော့ အားလုံး လူတွေ နိုးကြပြီး သံချောင်းတွေ ဘာတွေခေါက် လို့ မီးတွေ ဘာတွေ ထွန်းတဲ့ အချိန်မှာ ဒီဆင်က ထပြေးတယ်၊ ထပြေးတဲ့အခါကျတော့၊ ဒီက မနက် (၇)နာရီ လောက်မှ ဝင်းတံခါး ဖွင့်ပြီး ထွက်ကြည့်တဲ့ အခါကျ လို့ရှိရင်ဖြင့် ဆင်အိပ်တဲ့ နေရာလည်း တွေ့တယ် (မှန်ပါ)။

ဒါအင်မတန်အရေးကြီးတဲ့စကား

ဆင်ထသွားတဲ့ ခြေရာကော (တွေ့ပါတယ် ဘုရား) အဲဒီ နေရာမှာ ဆင်လည်း အိပ်တယ်၊ သွားလည်း သွားတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ထိုနည်း အတူပဲတဲ့၊ ခင်ဗျားတို့ ခန္ဓာရှုတဲ့ အခါကျလို့ ရှိရင်လည်း၊ ဝေဒနာဟာ အရင်ဖြစ်ပြီး အရင်ချုပ်နှင့်တာပဲ (မှန်ပါ)

နောက်ကနေပြီး ေဩာ် -ဖြစ်လည်း ဖြစ်သွားတယ်၊ ချုပ်လည်း ချုပ်သွားတယ်လို့ သိရင် တော်ပြီ ရှင်းပြီလား (မှန်ပါ)။

ဒါ-အင်မတန် အရေးကြီးတဲ့စကား၊ ခင်ဗျားတို့က ဥဒယဗ္ဗယဆို တကယ်ဖြစ်တာနဲ့ တကယ် ပျက်တာ မြင်တယ်လို့ အောက်မေ့နေဦးမယ် (မှန်ပါ) မမြင်နိုင်ဘူး ထုံးစံ မရှိဘူး၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုထွန်းဦး မြင်နိုင်ပါ့မလား (မမြင်နိုင်ပါ ဘုရား) တစ်သန္တာန်တည်း လေဗျာ (မှန်ပါ) မဖြစ်နိုင်တဲ့ အတွက် မမြင်နိုင်ဘူး ဆိုတာကို ခင်ဗျားတို့က ဆုံးဖြတ်ချက် ချတော့မှ၊ ဪ-ဆင်သည် ညက ဒီနေရာမှာ အိပ်လည်းအိပ် တယ်၊ ထလည်း ထသွားတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

ဉာဏ်ဆိုတာတွေးသိချည်းပါပဲ

ထို့အတူပဲတဲ့၊ ကိုယ့်သန္တာန်ရှိတဲ့ ဝေဒနာဟာ ဖြစ်လည်း ဖြစ်တယ်။ ပျက်လည်း ပျက်သွား လေရဲ့လို့ ဒီက နောက်မှ သိလာတယ်၊ အိပ်တာကိုလည်း သိတာဟာ တွေးသိပဲ(မှန်ပါ) သွားတာ ကိုကော (သိပါတယ် ဘုရား)။ တွေးသိပဲ မနေဘူးလား၊ ဉာဏ်ဆိုတာ တွေးသိချည်း ပေါ့ဗျ၊ သဘော ကျပြီလား (သဘောကျပါတယ် ဘုရား) အဲဒီကဲ့သို့ ဆင်အိပ်တဲ့ ဥပမာသာ မှတ်ထားရ မယ်၊ နားလည်ကြပြီလား (နားလည်ပါပြီ ဘုရား)။

ဆင်အိပ်တဲ့နေရာလည်း မြင်ရမယ်၊ အေး-ထသွားတဲ့ ခြေရာကော (မြင်ရမှာပါ ဘုရား) မြင်တော့ မိုးလင်းပြီ၊ မိုးလင်းမှ သိငြား သော်လည်း ေဩာ် ဒီနေရာကို ဆင်သည် အိပ်လည်း အိပ်တယ်၊ ထလည်း ထသွားတယ်လို့ မသိနိုင် ဘူးလား (သိနိုင်ပါတယ် ဘုရား) ဒီမှာလည်း၊ နောက်ဉာဏ်က ဒီနေရာမှာ ဖြစ်လည်း ဖြစ်သွားပြီ၊ ပျက်လည်း ပျက်သွားပြီလို့ သိရင် ပြီးတာပဲ၊ သဘောကျပြီ လား (မှန်ပါ)။

အရေးကြီးတဲ့တရားနော်

ဦးဘကြည် ဒါအင်မတန် အရေးကြီးတဲ့ တရားနော်၊ ဒီစကား တစ်လုံး ဟာ ခင်ဗျားတို့ လွယ်ကူတဲ့ စကားတစ်လုံး မဟုတ်ဘူး (မှန်ပါ)။ ခင်ဗျားတို့ မှတ်နေတာက ဖြစ်ပျက် မြင်ရမယ်ဆို ဉာဏ်ထဲမှာကို ဖြစ်ပျက်နေတာ မဟုတ်ဘူး ဒီဥစ္စာက (မှန်ပါ)။

တော်တော်ကြာဖြစ်ပျက် သွားပြန်ပြီ၊ ဖြစ်ပျက် သွားပြန်ပြီ၊ ဒီလိုမြန်တာ သာဆိုတာ (မှန်ပါ) လောကီ ဥပမာ ပြမယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဘိုင်စကုတ် ကြည့်တယ် မဟုတ်လား (မှန်ပါ) နောက်ကနေပြီး သကာလ မှန်ပြောင်းကို ဆလိုက်မီးနဲ့ ထိုးလိုက်တဲ့အခါမှာ ဖလင်လေးကို ဖောက်ထွက် သွားတယ်။

ဘိုင်စကုတ်ပုံရိပ်

ဒီပုံရိပ်လေးက ဟိုကားလိပ်ဆီသို့ သွားတယ်ဗျ (မှန်ပါ) ဆလိုက်မီး နဲ့ ထိုးပြီး ဆောင်သွားတာ (မှန်ပါ) သို့သော် ခင်ဗျားတို့က ဟိုမှာမြင်တယ်လို့ ပြောတယ် ပုံရိပ်ကလေး ဒီကသွားတာကိုတော့ မမြင်ပါဘူး၊ မမြင်နိုင်ဘူးတဲ့ ဒီဥစ္စာမြန်လွန်းလို့ ဒီမှာလည်း ထိုနည်းအတူပဲ၊ မြန်လွန်းလို့ မမြင်နိုင်ဘူး မြင်နိုင်ပါ့ မလား (မမြင်နိုင်ပါ ဘုရား)။

မမြင်နိုင်တော့ ေဩာ်- ဒီပုံရိပ်က ဟိုထင်တယ် ဆိုတာတော့ မသိဘူး လား (သိပါတယ် ဘုရား)။ ထို့တူပဲ ဒကာ ဒကာမတို့ ဟိုထင်တဲ့ ပုံရိပ်ကို ခင်ဗျားတို့ ကြည့်တော့ ပုံရိပ်က အများကြီး ကုန်သွားပြီ မကုန်သေးဘူးလား (ကုန်ပါတယ် ဘုရား)။

ဟိုထင်တဲ့ ပုံရိပ်က နောက်ဆုံးပိတ် ပုံရိပ်လောက် လာထင်တာ (မှန်ပါ) အခု ဒီစက်နဲ့ ဖလင်တွေ ဆွဲတင် လိုက်တော့ အပေါ်သို့ ရောက်တဲ့ ပုံရိပ်တွေက ပြီးပြီ၊ အတော် ကြာသွားပြီ (မှန်ပါ) ဟင်- ကြာပါတယ်၊ ထောင် သောင်းဖြစ်ပြီ ဆိုပါတော့ဗျာ (မှန်ပါ)။

ဒါကြောင့် ဖလင်လိပ်ပေါင်း ဘယ်လောက်ဆိုပြီး ကြော်ငြာရတာပေါ့ ဗျာ၊ အဲဒီတော့ သွားတာက သွားနေတာပဲ၊ သွားတာ မသိတဲ့ အခါကျလို့ရှိရင် မသိတဲ့ အဝိဇ္ဇာ လာပြန်တာပဲ၊ မလာဘူးလား (လာပါတယ် ဘုရား)။ အဝိဇ္ဇာ လာရင် သင်္ခါရ လာပါတယ်၊ အဲ- ပဋိစ္စသမုပ္ပာဒ် တောက်လျှောက် သွားဦးမယ် (မှန်လှပါ ဘုရား)။

ဖြစ်ပျက်ကိုသိအောင်လုပ်

မသိတဲ့ ပုဂ္ဂိုလ်ဟာ အတော် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ကိုင်း- ဒါဖြင့် ဒကာ ဒကာမတို့ ဒီကနေ့ ဘာလုပ်မှာလဲလို့ မေးလို့ရှိရင် ဖြင့် ဖြစ်ပျက်ကို သိအောင် လုပ်မယ် (မှန်ပါ) ဘယ့်နှယ် လုပ်ကြမယ် (ဖြစ်ပျက်ကို သိအောင်လုပ်ရမှာပါ ဘုရား)။ ဒါဖြင့် ဖြစ်ပျက်နဲ့ မဂ်ကို အဆက် မပြတ် အောင်လုပ်ပေးပါ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်လို လုပ်ကြရမယ် (ဖြစ်ပျက်နဲ့မဂ် အဆက်မပြတ်အောင် လုပ်ရမှာပါ ဘုရား) အဲ-ဖြစ်ပျက်နဲ့ မဂ်အဆက်မပြတ်အောင်၊ ဖြစ်ပျက်ကလည်း မသေ မချင်း အဆက်မပြတ်ပါဘူး ရှိမှာပဲ၊ မဂ်ကလည်း အားထုတ်တိုင်း ပေါ်မှာပဲ (မှန်ပါ) မပေါ်ပါနဲ့ဆိုလို့ မရဘူးနော် အားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ပေါ်ရမယ် (မှန်ပါ)။

ပေါ်တိုင်းပေါ်တိုင်းလည်း ဝဋ်ဘယ်တော့မဆို ကျွတ်နေတာပဲ (မှန်ပါ) ဒါဖြင့် ဒါနဲ့ သေသွားတဲ့ ပုဂ္ဂိုလ် ဝဋ်ကျွတ် သေပေါ့ရှင်းပြီလား (မှန်ပါ) ဒါနဲ့ သေသွားတဲ့ ပုဂ္ဂိုလ် ဘာဆိုကြမှာလဲ (ဝဋ်ကျွတ် သေပါ ဘုရား)။ ဝဋ်ကျွတ် သေတယ် ဆိုတော့ သေတောင်မှ ခင်ဗျားတို့ကလည်း ဝဋ်ကျွတ်ပြီး မသေချင်လို့ ရှိရင်တော့ မတတ်နိုင်ဘူးနော်။

ရှေ့ကဖြစ်ပျက် နောက်ကမဂ်

ဝဋ်ကျွတ် သေရတာတော့ အကောင်းဆုံးပဲ၊ ကိုင်း- ဒါဖြင့် ဒကာ ဒကာမ တို့ ဒီအလုပ် လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ ဘုရား) ရှေ့က ဘာတုံး (ဖြစ်ပျက်ပါ ဘုရား) နောက်ကကော (မဂ်ပါ ဘုရား) မဂ်လာလို့ ရှိရင်ဖြင့် ဘယ်ဝဋ်ကျွတ်တယ် (ဝဋ်သုံးပါးကျွတ်ပါတယ် ဘုရား)။

အေး-မဂ်လာရင် ဝဋ်သုံးပါး ကျွတ်တယ် ဆိုတာတော့ ဦးဘတင်တို့ ကျေနပ်ကြရောပေါ့ဗျာ (ကျေနပ်ပါတယ် ဘုရား) မကျွတ်ဘဲ နေသလား၊ ရှေ့တင်ပဲ အခုပြတာနဲ့ပဲ ခင်ဗျားတို့ ဒီလိုလုပ်ရင် ဒီလိုဖြစ်မှာပဲလားလို့ ဆိုတာကော ထင်ရှားတယ် မဟုတ်လား (ထင်ရှားပါတယ် ဘုရား) ဒါထက် ထင်ရှားအောင် နည်းနည်းလေး ပြောပြမယ်။

ဝေဒနာပစ္စယာ တဏှာ

ဝေဒနာပစ္စယာ တဏှာ ဆိုတာက၊ တဏှာဟာ ဘယ်မှာမှ မပေါ်ဘူး၊ ဟဒယဝတ္ထု ပေါ်မှာ ပေါ်တယ် (မှန်ပါ) တဏှာဘယ်မှာပေါ် သတုံး (ဟဒယဝတ္ထု ပေါ်မှာပါ ဘုရား) ကိလေသဝဋ်က ဟဒယ ဝတ္ထုပေါ်မှာ ပေါ်တယ် (မှန်ပါ) ကမ္မဝဋ်ဆိုတဲ့ စေတနာကကော (ဟဒယဝတ္ထု ပေါ်မှာ ပေါ်တယ် ဘုရား)။

ဟဒယဝတ္ထုပေါ်မှာချည်းပေါ်တယ်

ဒီမှာပဲ ပေါ်တာပဲမဟုတ်လား (မှန်လှပါ ဘုရား) ကောင်းပြီ ဝိပါကဝဋ် ဆိုတာလည်း၊ အဲဒီအထဲ ဟဒယဝတ္ထုနဲ့ ကပ်ပြီး ပဋိသန္ဓေနေတာပဲ (မှန်ပါ) ဝဋ်သုံးပါးကလည်း ဟဒယဝတ္ထုပေါ်မှာ ကျက်စား ကြတော့ ကျုပ်တို့ မဂ္ဂင်ကလည်း ရှုတဲ့အခါမှာ ဟဒယဝတ္ထုပေါ်ကနေ ရှုရတယ် (မှန်ပါ) ဟိုဟာတွေကို လာခွင့်ရရဲ့လား (မရပါ ဘုရား)။

မရတော့ သြော်-ဒါမှ လက်တွေ့ပါလား၊ ဝဋ်တွေ လာခွင့်ပေးသေးရဲ့ လား (မပေးပါ ဘုရား)။ ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ေဩာ် ဝဋ်ကျွတ်တယ်ဆိုတာဟာ တခြားလားမှတ်နေတယ်၊ လာခွင့်မပေးတာကိုး၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝဋ်သုံးပါး ကျွတ်တယ်ဆိုတာ ဒကာ ဒကာမတို့ ဝဋ်ကို လာသေးရဲ့လား (မလာပါ ဘုရား)။

ဝဋ်ကို မလာတော့ ကျုပ်တို့က ဝဋ်မှ ကျွတ်ချင်တဲ့ သဘောသည် ကားလို့ဆိုရင်၊ ကျုပ်တို့က မတောင့်တနဲ့ မလာအောင် တားလိုက်ရင် ကျွတ်တာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဘယ်နည်းနဲ့မှ သူမလာနိုင်တော့ဘူး၊ မလာနိုင်တော့ နေရာကျပြီလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝဋ်ကျွတ်တဲ့နည်း ရပြီလား (ရပါပြီ ဘုရား) ကောင်းပြီ ဝဋ်ကျွတ်တဲ့နည်း၊ ရလို့ရှိရင်ဖြင့် ဒီဉာဏ်သည် ဝဋ်ကျွတ်ခြင်း၏ အစဉာဏ်ပဲ ရှိသေးတော့ အလယ် ဉာဏ် တက်ပါဦးလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) အလယ်ဉာဏ် တက်ပါဦးလို့ ဆိုတော့ ခုနက ဟုတ်တိုင်းမှန်စွာ မရှိတာ မရှိမှန်း သိသောကြောင့် ဟုတ်တိုင်း မှန်စွာ သိတဲ့ဉာဏ်ပဲ ရှိသေးတယ် (မှန်ပါ)။

ယထာဘူတဉာဏ်ပဲ (မှန်ပါ) မရှိတာ မရှိမှန်းသိတဲ့ဉာဏ်သည် ဘာဉာဏ်တုံး (ယထာဘူတ ဉာဏ်ပါ ဘုရား) အေး-ဒါခုနက မဂ္ဂင်ငါးပါး ဟာ ယထာဘူတဉာဏ်လို့ပဲ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချ (မှန်ပါ)။

စူဠသောတာပန်အားမကိုးပါနဲ့ဦး

ယထာဘူတဉာဏ် ရတယ်ဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့ စူဠသောတာပန် ကတော့ သေချာသွားပြီ၊ သဘောကျပြီလား (ကျပါတယ်ဘု ရား) သို့သော် စူဠသောတာပန် ဆိုတာက တစ်ဘဝကလေး ဒီဇောနဲ့ သေမှကိုး (မှန်ပါ) အာသန္နကံ တခြားဇော ဝင်ရင်လည်း ဘာအသုံးကျတုံး (စိတ်မချ ရပါ ဘုရား)။

အဲဒီဥစ္စာ စိတ်မချရတဲ့ သောတာပန် ဖြစ်နေသောကြောင့် ခင်ဗျားတို့ သိပ်အားမကိုးပါနဲ့ဦး (မှန်ပါ) ကောင်းပြီ ဒါဖြင့် စိတ်ချရအောင်၊ ဒါသာ လုပ်ထားတာ အေးပါတယ် (မှန်ပါ) မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား) စိတ်ချရအောင် လုပ်လို့ရှိရင်ဖြင့် ဒီဝေဒနာ သုံးပါးကို ခင်ဗျားတို့ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် ရှုတဲ့အပြင် ဖြစ်ပျက်မြင်ရုံနဲ့ ကျေနပ် မနေဘဲ တစ်ဆင့်တက်ဦးလို့ သတိ ပေးလိုက်တယ် (မှန်ပါ)။

ဘာကိုတစ်ဆင့်တက်ရမှာလဲ

ဘာတစ်ဆင့်တက်ရမှာလဲ ဆိုတော့ ဖြစ်ပျက် မုန်းအောင် ကြည့်ပါ။ ဒကာ ဒကာမတို့ ဘယ်လို ကြည့်ရမှာလဲ (မုန်းအောင် ကြည့်ရမှာပါ ဘုရား)

မုန်းအောင် ကြည့်ရမယ် ဆိုတော့ ဒီနေရာမှာ၊ ဒီငါးပါးဟာ ခုနက ယထာဘူတ ဉာဏ်ဟာ၊ သူ နိဗ္ဗိန္ဒဉာဏ်လို့ ဆိုင်းဘုတ် ဆွဲနိုင်အောင်လို့ ဒါကို မုန်းအောင်ကြည့် ပါလို့ပြောတာ (မှန်ပါ) ဒီကျတော့ ဘာဉာဏ်ဖြစ်သွားတုံး (နိဗ္ဗိန္ဒဉာဏ် ပါ ဘုရား)။ အင်း-ငါးခုပဲမဟုတ်လား။

နိဗ္ဗိန္ဒဉာဏ်

နိဗ္ဗိန္ဒဉာဏ် တက်လိုက်တယ် ဆိုတာ ဖြစ်ပျက် မုန်းတာပဲ မဟုတ်လား ဒကာ ဒကာမတို့ (မှန်ပါ)၊ အင်း ခုနတုန်း ကတော့ ဖြစ်ပျက် မြင်တယ်၊ အခုဟာက ဖြစ်ပျက် မုန်းတယ်၊ ဒါဖြင့် ယထာဘူတဉာဏ်နဲ့ နိဗ္ဗိန္ဒဉာဏ်ဟာ ထူးခြားတယ် (မှန်လှပါ ဘုရား)။

ဟိုဟာက မြင်တယ်၊ ဒါကမုန်းတာ၊ ဒါဖြင့် မြင်တာနဲ့ မုန်းတာနဲ့သည် ဒကာ ဒကာတို့၊ ကိုယ့်ခန္ဓာ ကိုယ်မြင်ရုံ မြင်တာနဲ့ ဖြစ်ပျက်မှန်း သိတယ်။

ကိုယ့်ခန္ဓာ ကိုယ်မုန်းတာနဲ့ မလိုချင်ပုံ ဘယ်သူက သန်သတုံး မေးကြည့်ရင်း မုန်းတာက သန်တယ် (မှန်လှပါ ဘုရား)။ ဒါကြောင့် ဒီဟာ ဉာဏ်တစ်မျိုး လို့မှတ်ပါ (မှန်ပါ)။

ဒါက ဘာဉာဏ်ပါလိမ့် (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) ခုနက မြင်ရုံ မြင်တဲ့ ဉာဏ်ကကော့ (ယထာဘူတ ဉာဏ်ပါ ဘုရား)

အေး-ဒါကြောင့် ယထာဘူတဉာဏ် မပါဘဲနဲ့လည်း မမုန်းနိုင်ဘူး၊ သဘောကျပြီလား (မှန်ပါ) ဒါဖြင့် ယထာဘူတဉာဏ်က တစ် (မှန်ပါ)။

ဒီနေ့ထုတ်ဆောင်ပုံပြနေတယ်

နိဗ္ဗိန္ဒဉာဏ် က နှစ်၊ ဒါအစဉ်အလာနော် ဒကာ ဒကာမတွေ (မှန်ပါ) ဒီနေ့ ထုတ်ဆောင်ပုံ ပြနေတယ်၊ ဦးဘကြည် အလုပ်နှင့်တကွ ပြနေတယ် (မှန်ပါ)၊ ထုတ်ဆောင်ပုံသည် ဒကာ ဒကာမတို့ ဘယ်လို ထုတ်ဆောင်တယ် ဆိုတာ အလုပ်နဲ့မှ ထုတ်ဆောင်ပုံ ရှင်းတော့တယ်၊ ဒီအတိုင်းတော့ မရှင်းပါဘူး။

ထုတ်ဆောင်တယ်လို့ ပြောလိုက်တာနဲ့ပဲ တရားသိမ်း ရမှာပဲ (မှန်ပါ)။ အခုတော့ ဒီလို ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ထုတ်ဆောင် ပုံကို အလုပ်နဲ့ ဟောဒီလို ထုတ်ဆောင်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ နိဗ္ဗိန္ဒဉာဏ်လည်း ဘာဝဋ်မှ ထုတ်ဆောင်သတုံးလို့ မေးကြည့်တော့၊ ခုနက ဝဋ်သုံးပါးမှ ထုတ်ဆောင်တယ်၊ သို့သော် သူ့ထုတ်ဆောင်ချက်က ခုနကထက် ဒဏ်ပြင်းတယ် (မှန်ပါ)၊ ယထာဘူတဉာဏ် ထက်၊ ဒီဉာဏ်က ထက်သကိုးဗျ (မှန်ပါ)။

အမှန်သိတဲ့ဉာဏ်နဲ့မုန်းတဲ့ဉာဏ်

ဒီဉာဏ်က ထက်တော့ ခုနက မြင်တုန်းက ဒါ မိမိခန္ဓာပဲ၊ ဝေဒနာသုံး ပါးဟာ ဝေဒနာက္ခန္ဓာ၊ မိမိခန္ဓာပဲ မဟုတ်လား (မှန်ပါ)၊ ခုနက မိမိခန္ဓာကို အမှန်မြင်တာပဲ ရှိမယ် (မှန်ပါ)၊

အခုတော့ မိမိခန္ဓာကို ဘာတုံး (မုန်းပါတယ် ဘုရား)။ ဪ- ဒါဖြင့် ဒီဉာဏ်နှစ်ခုဟာ အတော်ထူးခြားတယ် (မှန်ပါ)၊ အမှန်သိတဲ့ဉာဏ်နဲ့ မုန်းတဲ့ဉာဏ်နဲ့ မုန်းတဲ့ဉာဏ် (မှန်ပါ)။

အဲဒီတော့ ကိလေသဝဋ်ဟာ ဝဋ်မြစ်ပဲ ဆိုသဖြင့်၊ ကိလေသ ဝဋ် မြစ် သေပုံက၊ တစ်နံပါတ် ဉာဏ်နဲ့ နှစ်နံပါတ်ဉာဏ် ဘယ်သူက သာပြီး ဉာဏ်ဓါးမှာ ခုတ်ချက် သန်သတုံးလို့ ခင်ဗျားတို့ပဲ ဝေဖန်ကြည့် (နှစ်နံပါတ်ဉာဏ်ပါ ဘုရား)။

နှစ်နံပါတ်ဉာဏ်က ထက်တယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ကောင်းပြီ၊ နှစ်နံပါတ်က ထက်တာ ဒကာ ဒကာတို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် အရင်တုန်းက ကိလေသဝဋ်ကို အကြမ်း လောက်ပဲ ဖြတ်ပစ်လိုက်တယ် (မှန်ပါ)။

သူက အငုတ်ပါ ဖြတ်လိုက်တယ် (မှန်ပါ)၊ ဒါဖြင့် ဒကာ ဒကာမတို့ အင်း- ဒီဉာဏ်နှစ်ခုလည်း ဉာဏ်ချင်း မတူတဲ့ အတွက် တက်ရမှာပဲ (မှန်ပါ)။ တက်ရမှာပါ။ မတက်ရင် မဖြစ်ပါဘူးဘုရား ဟော-ပါဠိတော်မှာလည်း တက်ပါ ဆိုတာ သုတ်တိုင်း ဟောတယ် (မှန်ပါ)။

“ဧဝ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ” ဆိုတာက တစ်နံပါတ် (မှန်ပါ)၊

“ဧဝံပဿံ ဘိက္ခဝေ ဝေဒနာယပိ နိဗ္ဗိန္ဒတိ” ဆိုသဖြင့် ငြီးငွေ့ရမယ် (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာတို့ ငြီးငွေ့တော့၊ ေဩာ်-ကိုယ့်ဖြစ် ပျက်ကလေး တွေဟာ မရပ်မနား၊ ဖြစ်ပျက်ပြီး သကာလ နေတာပဲ၊ ဒကာ ဒကာမ တွေက ငြီးငွေ့ပြီး သကာလ မကြည့် ချင်ဘဲနဲ့ ကြည့်နေရတာပဲ။

မုန်းလျက်နဲ့ကြည့်နေရတာ

မုန်းလျက်နဲ့လဲ ကြည့်နေရတာပဲ ဆိုတော့ အင်း ဒီဟာ မရှိရင် ကောင်း လေစွ၊ ဒီဟာမှ ကျွတ်လွတ်ရင် ကောင်းလေစွ ဆိုတာတွေ အလိုလို လာတာပဲ (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ)။ အဲဒီတော့ မုစ္စတုကမျတာ ဉာဏ်တို့ ဘာတို့လဲ အလိုလို တက်မလာဘူးလား (တက်လာပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က ပြုပြင်ရမှာ မဟုတ်ဘူး၊ ငါဘယ်ဉာဏ် ရောက်ပြီ လို့လဲ ပြောမနေနဲ့၊ ဆရာက ပြောလည်း မယုံနဲ့ . (မှန်ပါ) ဆရာက မှန်းပြောနေတာ (မှန်ပါ)။ ဆရာကလည်း စာပေ ကြည့်ပြီး မှန်းပြောနေတာ၊ ကိုယ့် ဟာကိုယ် အသိဆုံး (မှန်ပါ)။

မုန်းလျက်နဲ့ပေရှုလို့ခိုင်းတယ်နော်

ကိုယ့်ခန္ဓာကြီးမှ ကိုယ်ကျွတ်လွတ်ချင်တာ ကိုယ့်ဝိပါကဝဋ်မှ ကိုယ် ကျွတ်လွတ် ချင်တာသည် ကိုယ်အသိဆုံးမှတ်၊ အေး ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒါက မုန်းလျက်နဲ့ ပေရှုလို့ ဆရာသမားက ခိုင်းတယ်နော် (မှန်ပါ့)။

ခိုင်းတဲ့ အခါကျတော့ ခင်ဗျားတို့ကလဲ ရှုနေတာပဲ၊ ရှုနေရင်းမတ္တနဲ့ပဲ မုန်းပြီး၊ အင်း ဒါကြီးတော့ဖြင့် မလိုချင်တော့ပါဘူးလို့ လာမယ်၊ ဒီဝေဒနာက္ခန္ဓာ ကြီး လိုချင်တဲ့စိတ် လာမှာလား၊ မလိုချင်တဲ့ စိတ်လာမှာလား (မလိုချင်တဲ့ စိတ် လာမှာပါ ဘုရား) မလိုချင်တဲ့စိတ် လာလို့ရှိရင် ဒကာ ဒကာမတွေက စဉ်း စားရမယ်။

ဒီအနားမှာ ခုနက ဝေဒနာပစ္စယာ တဏှာ နည်းနည်းမှ မရှိလို့ မလိုချင်တာ (မှန်ပါ) နည်းနည်းလေး ရှိရင် နည်းနည်းလေး လိုချင် နေဦးမှာ၊ တဏှာတို့ ဒိဋ္ဌိတို့ကော ရှိရဲ့လား (မရှိပါ ဘုရား) ငါ ငါ့ဥစ္စာလို့ ထင်တာလေးများ နည်းနည်း ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

မလိုချင်တဲ့မဂ်ပေါ်တဲ့အခါ

ဝိစိကိစ္ဆာများကော နည်းနည်းရှိသေးရဲ့ လား (မရှိပါ ဘုရား) ေဩာ် ဒါဖြင့် မလိုချင်တဲ့ မဂ်ပေါ်တဲ့ အခါကျလို့ ရှိရင်ဖြင့် တဏှာလဲ မရှိ၊ ဒိဋ္ဌိလဲ မရှိ၊ ဝိစိကိစ္ဆာလဲ မရှိတဲ့အတွက်၊ တဏှာဒိဋ္ဌိ ဝိစိကိစ္ဆာ တို့၏ စွမ်းရည် သတ္တိကြောင့် ဖြစ်နေတဲ့၊ ခင်ဗျားတို့ ဝေဒနာက္ခခန္ဓာကြီးဟာ ပျောက်သွား တယ် (မှန်ပါ)။

အကြောင်းပျောက်တယ်၊ အကြောင်းပျောက်လို့ အကျိုး ပျောက် ပါတယ်လို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) အေး ဒကာ ဒကာ မတို့ မီးသေလို့ အခိုး မရှိတာ (မှန်ပါ) ဘာပါလိမ့် (မီသေလို့ အခိုး မရှိတာပါ ဘုရား) ကိလေသာ အခိုးမရှိတာနဲ့ ဝိပါက အကျိုး မရှိပါဘူး ရိပ်မိကြပြီလား (မှန်ပါ)။

ကိလေသ ဝဋ်ကျွတ်သွားတာနဲ့ ဝိပါက အကျိုးဟာ တစ်ပါတည်း မလိုချင်တဲ့ အချိန်မှာပဲ ပျောက်နေတာပဲ (မှန်ပါ) အင်း ဒါဖြင့် ဝိပါကဝဋ် ခန္ဓာကြီး (ဝါ) ဒုက္ခသစ္စာ ခန္ဓာကြီးဟာ မလိုချင်တဲ့ ပုဂ္ဂိုလ်မှာ ရှုရင်းမတ္တနဲ့ ပျောက်ထွက် သွားတယ်၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။

ဝဋ်ကျွတ်တာမြင်နေတယ်

ဒါဖြင့် ဒီပုဂ္ဂိုလ်သည် ဝဋ်ကို မမြင်တော့ဘူး ဝဋ်ကျွတ်တာ မြင်နေတယ် (မှန်ပါ) ဦးဘကြည် ဘယ့်နှယ် ဆိုမှာတုံး (ဝဋ်ကျွတ်တာ မြင်ပါတယ် ဘုရား) ဝဋ်ကို ဘာဖြစ်လို့ မမြင်တုံး ဆိုတော့ ရှေ့မှာ ဖြစ်ပျက် ရှာမတွေ့ဘူး (မှန်ပါ) ဒါ ခင်ဗျားတို့ အလုပ်လုပ်ကြည့် သိမယ်။

အလုပ် လုပ်မကြည့်သေးလို့ရှိရင် ဒါက ဟောစဉ်သာ မှတ်ပေတော့ (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်လိုမှသာ ဝဋ်ကျွတ်တာကို အသေအချာ သိမှာလဲ (အလုပ် လုပ်ကြည့်မှပါ ဘုရား) အလုပ် လုပ်ကြည့်လို့ မဂ်ဆိုက်တဲ့ အခါကျတော့ မဂ္ဂင်က ပြောနေကျ အတိုင်း ရှစ်ပါး လာမှာပဲ မလာဘူးလား (လားပါတယ် ဘုရား)

ကောင်းပြီ မဂ္ဂင်ရှစ်ပါးသည် ဒကာ ဒကာမတို့ ဒီဘက်က နိဗ္ဗာန်လာလို့ ရှိရင်ဖြင့် နိရောဓ သစ္စာထားပါတော့။

ဒုက္ခချုပ်သွားတော့၊ သုခအစားထိုး

ဒီက မဂ္ဂသစ္စာ မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) ဒီဘက်က ချုပ်ပျောက် သွားတာတွေက ခုနက ဝေဒနာသုံးပါး တွေပေါ့ဗျာ (မှန်ပါ) ဝေဒနာက္ခန္ဓာကြီး မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) ဒုက္ခတွေ ချုပ်သွားတဲ့အခါ သုခတွေ အစားထိုး လာတယ် (မှန်ပါ) ဒုက္ခတွေက ဘာဖြစ်သွားတုံး (ချုပ်သွားပါတယ် ဘုရား)။

သုခက အစားထိုးတယ်၊ အစား ထိုးတယ်လို့ ဆိုတော့ အစားထိုးတဲ့သုခ နဲ့ ကျုပ်တို့ ရှုဉာဏ်ကလဲ မပြတ်စဲပဲ နေတော့ အမြဲလုပ်ပါလို့ ဆရာ ဘုန်ကြီးက တိုက်တွန်း ထားတယ် (မှန်ပါ) အဲဒါ အစားထိုးတာနဲ့ သွားတွေ့တယ် (မှန်ပါ) ဓါတ်ရှင် ကြည့်သလိုပဲ အရင် ဖလင်လိပ်တွေက လိပ်ပြီး ကုန်ပြီ ခင်ဗျားတို့ ကြည့်ရတာ အစားထိုးတာနဲ့ လာတွေ့တယ်။ သဘောကျပြီလား (မှန်ပါ)။

အစားထိုးတာမြင်တာက မဂ်ဉာဏ်

ဒီမှာလဲ ဘာနဲ့လာတွေ့တုံး၊ အစားထိုးတာနဲ့ လာတွေ့တယ် ဒါဖြင့် ဒုက္ခတွေ ချုပ်သွားတော့ ဘာအစားထိုးသတုံး (သုခအစားထိုးပါတယ် ဘုရား) ဒုက္ခချုပ်ပြီး သုခအစားထိုးတော့ သုခဆိုတာက နိဗ္ဗာန် (မှန်ပါ) အစားထိုးတာ မြင်တာက မဂ်ဉာဏ်၊ အစားထိုး တာက နိဗ္ဗာန်၊ မဂ္ဂင်ရှစ်ပါးက မဂ်ဉာဏ်ပဲ။

အဲဒီ မဂ္ဂင်ရှစ်ပါး လာတော့မှ ခင်ဗျားတို့ အပါယ် ကိလေသဝဋ်၊ ပစ္စန္တရစ်မှာ ဖြစ်ရမယ့် ကိလေသာ ဝဋ်တွေ အကုန်ကျွတ်တာပဲလို့ မှတ်ပေတော့ (မှန်ပါ)

ခုနပြောတဲ့ အပါယ်ရောက်မယ့် ကမ္မဝဋ်တွေကော (ကျွတ်ပါတယ် ဘုရား) အပါယ်ကောင် အထည်ကြီးတွေ ဖြစ်ဖို့ ဝိပါက ဝဋ်တွေကကော (ကျွတ်ပါတယ် ဘုရား)။

အကုန်ကျွတ်သွားတဲ့ဥစ္စာ အမြစ်နှင့်တကွ ကျွတ်သွားတာ (မှန်ပါ) ခုနက အပေါ်ယံ ပြတ်လား၊ အမြစ်ပါ ပြတ်သလား (အမြစ်ပါ ပြတ်ပါတယ် ဘုရား) အမြစ်ပါပြတ်တဲ့ ဥစ္စာ ဒကာ ဒကာမတို့ ရှစ်ပါးပြည့် သွားတယ် (မှန်ပါ့)။

အပေါ်ယံရှပ်ဖြတ်သွားတာ

ခုနက နှစ်ဉာဏ်က တစ်နဲ့နှစ်က အပေါ်ယံ ရှပ်ဖြတ် သွားတာ အမြစ် မနုတ်ဘူး (မှန်ပါ့) သဘော ကျပြီလား (ကျပါပြီ ဘုရား) ယထာဘူတ ဉာဏ်က ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ကို အပေါ်ရှပ် ဖြတ်သွား တယ်၊ အမြစ်ကလေး ကျန်နေရစ်တယ် သဘောကျပြီလား (မှန်ပါ့)။

မဂ်ဉာဏ်ကျမှ အမြစ်ပါဖြတ်တယ်

ခုနက ယထာဘူတဉာဏ်က အပေါ်ရှပ်ဖြတ်လိုက်၊ နိဗ္ဗိန္ဒဉာဏ်က မြေကြီးနား ကပ်ဖြတ်လိုက်၊ မဂ်ဉာဏ်ကျမှ အမြစ်ပါ တူးဖြတ်တယ်၊ ရိပ်မိကြ ပြီလား (မှန်ပါ့)

ဒါဖြင့် ဝဋ်ကျွတ်တဲ့ တရားဟာ ဘယ်သူပါလိမ့် မတုံး (မဂ္ဂင်ရှစ်ပါးပါ ဘုရား) အင်း မဂ္ဂင်ရှစ်ပါး ဒါဖြင့် မဂ္ဂင်ရှစ်ပါး ဆိုတာ ဒကာ ဒကာမတို့ ဘာပါလိမ့်မတုံး ဆိုရင်၊ ပွားများရမယ့်တရား၊ ဘာဝေတဗ္ဗ တရား (မှန်ပါ့)။

နိဗ္ဗာန်ဆိုတာရှုပွားယူရမှာ

ဘာဝေတဗ္ဗ ဆိုကတည်းက လောကီမဂ္ဂင်လဲ ဘာဝေတဗ္ဗပဲ၊ လောကုတ္တရာ မဂ္ဂင်ကော (ဘာဝေတဗ္ဗပါ ဘုရား) ဒါဖြင့် နိဗ္ဗာန် ဆိုတာက ရှုပွားယူရမှာ (မှန်ပါ) ဒကာ ဒကာမတို့ ဘာနဲ့ယူရမယ် (ရှုပွားယူရမှာ ပါ ဘုရား)။ ရှုပွားမယူလို့ ရှိရင်ရပါ့မလား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ပိုင်အလုပ် ဘာအလုပ် လုပ်ရမှာတုံး (ရှုပွားရမှာပါ ဘုရား) ရှုပွားရမှာ၊ ဘယ်နှစ်ဉာဏ်နဲ့ တက်ရမှာတုံး၊ သုံးဉာဏ်နော်၊

တစ်နံပါတ်က ဘာပါလိမ့် (ယထာဘူတဉာဏ်ပါ ဘုရား)

နှစ်နံပါတ်ကကော (နိဗ္ဗိန္ဒဉာဏ် ပါ ဘုရား)

အဲ သုံးနံပါတ်ကကော (မဂ်ဉာဏ်ပါ ဘုရား) အဲဒီတော့ ဒီလိုစဉ်းစားလိုက်ပါ။

တစ်နံပါတ်ဉာဏ်က ဖြစ်ပျက်ကိုပဲ မြင်တာပဲ၊ နှစ်နံပါတ် နိဗ္ဗိန္ဒဉာဏ် ကလဲ ဖြစ်ပျက်ပဲမြင်တယ် (မှန်ပါ) သုံးနံပါတ် မဂ်ဉာဏ်က ဖြစ်ပျက်ကို မမြင်ဘူး၊ ဖြစ်ပျက် မရှိတာကို မြင်တယ် (မှန်ပါ့) ထူးပြီလား (ထူးပါပြီ ဘုရား)

ဘယ်လိုထူးပါလိမ့် (ဖြစ်ပျက် မရှိတာကို မြင်ပါတယ် ဘုရား)။

ပြန်မေးလိုက်ဦးမယ် ဒကာ ဒကာမတို့ တစ်နံပါတ်ဉာဏ်က ဘာမြင် တုံး (ဖြစ်ပျက် မြင်ပါတယ် ဘုရား) နှစ်နံပါတ်ကကော (ဖြစ်ပျက် မြင်ပါတယ် ဘုရား) သုံးနံပါတ်ဉာဏ် ကျတော့ (ဖြစ်ပျက် မရှိတာကို မြင်ပါတယ် ဘုရား) ဖြစ်ပျက် မရှိတာကို မြင်ရတယ် ဆိုသဖြင့် သူအနိစ္စ ဟူသရွေ့ လုံးဝမမြင်။

မဂ်ဉာဏ်ကခိုင်မြဲတာမြင်တယ်

ဒုက္ခဟူသရွေ့ လုံးဝမမြင်၊ အနတ္တ ဟူသရွေ့ လုံးဝ မမြင်တော့ပါဘူး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်တဲ့ ရုပ်နာမ်ဓမ္မ ဖြစ်ပျက်တွေကို ဒီမဂ်ဉာဏ်က မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)

ဒါဖြင့် မဂ်ဉာဏ်မြင်တာ ဘာတုံးလို့ ဆိုရင် မခိုင်မြဲတာ မမြင်တော့ဘူးဗျ ခိုင်မြဲတာ မြင်တော့တယ် (မှန်ပါ)။

ဓုဝနိဗ္ဗာန်၊ သုခနိဗ္ဗာန်၊ ဒါကို ဘယ်သူက မြင်ပါလိမ့် (မဂ်ဉာဏ် ပါ ဘုရား) မဂ်ဉာဏ်က မြင်တယ် ဆိုရင်ဖြင့် အဲဒီ အမြင် ရောက်အောင် အားထုတ်ပါလို့ ဘုန်းကြီးက တိုက်တွန်းတယ် မထုတ်သင့်ဘူးလား (ထုတ်သင့်ပါတယ် ဘုရား) ဉာဏ်ကော သိပ်များနေသလား (မများပါ ဘုရား)။

မဂ်ဉာဏ်ရမှ အပါယ်စိတ်ချရမယ်

ဉာဏ်မများပဲနဲ့ ခင်ဗျားတို့ မလုပ်လို့ မရတာ သဘောကျပြီလား (ကျပါပြီ ဘုရား) အဲဒီတော့ကို ဒီဟာ ရရှိမှ အပါယ်လေးပါး စိတ်ချရမယ် (မှန်ပါ) ဒီဉာဏ်မှ မရသေးရင် အပါယ်လေးပါးဟာ ကိုယ့်အိမ်လို့ မှတ်ထားပါ (မှန်ပါ့) ။

နောက်က အပရာပရိယကံတွေ နှိပ်စက်မလို့၊ သတ်မလို့၊ ဖြတ်မလို့ လိုက်လာတဲ့ ကံတွေကလဲ အဟောသိကံ ဖြစ်ရမယ် (မှန်ပါ့) ဒါဖြင့် ဒီဉာဏ်သာလျှင် အားကိုးရာ ရှိတယ်၊ တခြား အားကိုးရာ ရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒါရအောင် ကြိုးစားကြပါ (မှန်ပါ့)။

ကဲ ယနေ့ ဒီတင် တော်ကြစို့။

သာဓု သာဓု သာဓု။