နိရောဓသစ္စာအနက် (၄)အမတဋ္ဌော

နိရောဓသစ္စာအနက် (၄)အမတဋ္ဌော

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက် (၁၆)ချက် နိရောဓသစ္စာအနက်မှ အမတဋ္ဌော

စာအုပ်ခေါင်းစဉ်= နိဗ္ဗာန်ဆိုတာဘယ်လိုလဲ (၄)(အမတဋ္ဌော)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

နိဗ္ဗာန်ဆိုတာဘယ်လိုလဲ (၄)

(အမတဋ္ဌော)

(၁၉-၁၂-၅၇)

ဒကာ ဒကာမတို့ ဒီနေ့ နိဗ္ဗာန်ကို ဆက်ပြီးပြောရမယ်၊ နိဗ္ဗာန်ရဲ့ အချက်ဟာ ဒီနေ့မှ လေးချက် စေ့မယ်၊ ဒီနေ့ ဟောရမှာက အမတဋ္ဌောလို့ မှတ်ရမယ်၊ ပါဠိလိုက – အမတဋ္ဌော၊ မြန်မာလိုကျတော့ မအို၊ မသေ အမြဲနေတဲ့သဘော။

ဪ နိဗ္ဗာန်ဆိုတာသည်၊ မအို၊ မသေ၊ အမြဲနေတဲ့ သဘောကို ဆိုတာပဲလို့ ဒကာ ဒကာမတွေက မှတ်ထားရမယ်၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (မအို၊ မသေ၊ အမြဲနေတဲ့ သဘောပါ ဘုရား)။ ဪ-မအို၊ မသေ၊ အမြဲနေတဲ့သဘောကို နိဗ္ဗာန်လို့ မှတ်ထားပါ။

နိဗ္ဗာန်ဆိုတာဘာပါလိမ့်

အဲဒီတော့ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ မအိုချင်၊ မနာချင်၊ မသေချင်၊ မခွဲချင်၊ မကွဲချင်တဲ့ နေရာဌာနပဲ၊ နိဗ္ဗာန်ဆိုတဲ့ တရားသည်ကား ဆိုလို့ရှိရင်ဖြင့်၊ ဘယ်အခါမှ မအို၊ ဘယ်အခါမှ မနာ ဘယ်အခါမှမသေ၊ ဘယ်အခါမှ စိုးရိမ်သောက ဗျာပါဒ မရောက်ရ။

ဘယ်အခါမှ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ မလောင်နိုင်တဲ့ နေရာဌာနကို ဘာခေါ် ကြမှာလဲ (နိဗ္ဗာန်ပါ ဘုရား)။ ဒါဖြင့် နိဗ္ဗာန်ဆို တာသည် ဒကာ ဒကာမတို့၊ မအို၊ မသေ၊ အမြဲနေတဲ့ ဥစ္စာကို နိဗ္ဗာန်လို့ တစ်ခါတည်း စွဲစွဲမြဲမြဲ မှတ် ထားလိုက်ပါ။

ဒါဖြင့် ငါတို့သည်၊ ငါတို့နေတဲ့နေရာက ဘာနေရာပါ လိမ့်မလဲလို့ တွေးရမယ်၊ ငါတို့နေတဲ့ နေရာကတော့ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်၊ ဪ – ဒါ ငါတို့နေတဲ့ နေရာ ပါလားလို့ မှတ်ထားပါ (မှန်ပါ)။

ငါတို့နေရာဘာနေရာပါလိမ့်

ဒကာ ဒကာမတို့နေတဲ့ နေရာကတော့ ဘာနေရာပါလိမ့် (အိုလိုက်၊ နာလိုက်၊ သေလိုက်ပါ ဘုရား)၊ အေး- အို နာ သေ၊ ဘယ်ဘဝ ရောက်ပြန်တော့လဲ အို၊ နာ၊ သေ၊ ဟိုဘက် ဘဝကူး လိုက်ပြန်တော့ ကော (အို နာ သေပါ ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်နဲ့ ဒကာ ဒကာမတွေနေတဲ့ နေရာဟာက အတော်ကွာခြားပါလား (ပြောင်းပြန်ပါ ဘုရား)။ အဲဒီတော့ကို ဒကာ ဒကာမတွေက နိဗ္ဗာန်အကြောင်း ကောင်းကောင်း သဘောမကျ။

နိဗ္ဗာန်သွားကြောင်း လမ်းကောင်းကိုလည်း မိမိတို့က မစီမံတတ်ပြီ ဆိုမှဖြင့်၊ သွားတော့ သွားနေတာပဲတဲ့၊ အိုခန်း၊ နာခန်း၊ သေခန်းသာရောက် နေတယ်၊ သဘောကျပြီလား (မှန်ပါ) သွားတော့ သွားနေကြတာပဲ။

ဒကာ ဒကာမတွေ မအိုချင်လို့ ဆေးတွေ ဝါးတွေနဲ့ ကုကြတာပဲ။ မနာချင်လို့ ဆေးဝါးတွေ ရှာကြတာပဲ၊ မသေချင်လို့ ဆရာဝန်တွေ ဘာတွေ ကိုးစား အားထားကြတာပဲ၊ သို့သော်လည်း ကိုယ့်ခန္ဓာကြီးက အိုတတ်၊ နာတတ်၊ သေတတ်ဆိုတော့၊ ဘယ့်နှယ်မှ မတတ်နိုင်ဘူး (မှန်ပါ)။

ဘယ့်နှယ်မှ မတတ်နိုင်တော့၊ ဒကာ ဒကာမတွေသည် အမျိုးမျိုး အဖုံဖုံ ဘဝတိုင်း ဆက်လက်ပြီးသကာလ၊ မအို မနာ မသေအမြဲနေချင်လို့ တားကြတာပဲ၊ တားပင်တားငြား သော်လည်း တားကြိုးနပ်ကဲ့လားလို့ မေး ကြည့်တယ် (မနပ်ပါ ဘုရား)။

တားကြိုးမနပ်ဘဲနဲ့ ဆုံးရှုံးခြင်းသို့ ရောက်ခဲ့ကြရတယ်ဆိုတာက ဧကန်ဖြစ်နေပါတယ်၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဘဝများစွာ သံသရာ မှာ မအို၊ မသေ၊ အမြဲနေတဲ့နေရာ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿချုပ် တဲ့နေရာ၊ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ မလောင်နိုင်တဲ့ နေရာဟာ နိဗ္ဗာန်လို့ ရှေးဦးစွာ မှတ်ထားပါ (မှန်ပါ)။

တစ်ဆယ့်တစ်မီးငြိမ်းတဲ့နေရာ

ဪ ဆယ့်တစ်မီးငြိမ်းတဲ့နေရာဟာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။ ဆယ့်တစ်မီးငြိမ်းတဲ့ နေရာ ဆိုတာ နိဗ္ဗာန်၊ ဆယ့်တစ်မီးကို သိချင်လို့ ရှိရင်ဖြင့် အို၊ နာ၊ သေဆိုတာက သုံးခုနော်။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသက ငါးခု၊ ဒီလိုမနေဘူးလား (မှန်ပါ) လောဘ၊ ဒေါသ၊ မောဟနဲ့ ပေါင်းလိုက်တော့ ဆယ့်တစ်ခု မပြည့်လား၊ အဲဒီဆယ့်တစ်မီးတို့ ၏ ငြိမ်းရာသိမ်းရာဌာနကို ဘာခေါ်ကြမှာလဲ (နိဗ္ဗာန်ပါ ဘုရား)။

ပါဠိလိုတော့ အမတပေါ့ဗျာ၊ အမတဆိုတာ မသေတာ (မှန်ပါ)။ ဒါဖြင့် ဒီခန္ဓာကြီးကတော့ ရောက်ရာမှာ၊ သူသင်္ချိုင်း မျက်စောင်းထိုး နေတဲ့ ခန္ဓာကြီးပဲလို့ ဒကာ ဒကာမတွေက မှတ်ထားပါ၊ ဒကာ ဒကာမတွေ ခန္ဓာက ဘာပါလိမ့် (သင်္ချိုင်း မျက်စောင်းထိုးနေတဲ့ ခန္ဓာပါ ဘုရား)။

သင်္ချိုင်းမျက်စောင်းထိုးနေတဲ့ခန္ဓာ

ရောက်ရာဌာနမှာနော်၊ ရောက်ရာဌာနဆိုတော့ နတ်ပြည် ရောက် လည်း သင်္ချိုင်း မျက်စောင်းထိုး နေတယ်၊ ဗြဟ္မာပြည်ရောက်ကော (သင်္ချိုင်းမျက်စောင်းထိုးနေပါတယ် ဘုရား)။

ရောက်ရာဌာနမှာ သူ့အလုပ်ကဖြင့် သင်္ချိုင်းမျက်စောင်း ထိုးပြီး သကာလ သင်္ချိုင်းသို့ သွားနေတဲ့ အလုပ်ပဲ၊ အဲဒီ ခန္ဓာကြီးကို ခင်ဗျားတို့ သူ့အကြောင်း ကောင်းကောင်းသိလို့ရှိရင်ဖြင့် မလိုချင်ပေဘူး၊ သူ့အကြောင်း ကောင်းကောင်း မသိလို့ရှိရင် ဒီခန္ဓာဟာ အသက်တိုတယ်။

ဟိုခန္ဓာကတော့ အသက်ရှည်တယ်ဆိုပြီး၊ ပြောင်းပြီး သကာလ နောက်ခန္ဓာကိုယ်ကိုပဲ ဆုတောင်းဦးမှာပဲ၊ ဒါဖြင့် ခန္ဓာအကြောင်း ကောင်း ကောင်းမသိလို့ရှိရင် နိဗ္ဗာန်မလိုချင် ဘူးပေါ့ (မှန်ပါ)။ ခန္ဓာအကြောင်း ကောင်းကောင်းသိရင် နိဗ္ဗာန်လိုချင်တယ်။

ဒါကြောင့် ဘုရားက အမတဋ္ဌောလို့ ဟောလိုက်တယ်၊ အမတဋ္ဌော မအို၊ မသေ၊ အမြဲနေတယ်၊ ဆယ့်တစ်မီးငြိမ်းတာဟာ နိဗ္ဗာန်လို့ မသေရာ ဌာနကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတော်မူတယ်။

ခင်ဗျားတို့ ခန္ဓာအကြောင်း ခင်ဗျားတို့ သိပါမှ နိဗ္ဗာန်ကို လိုချင်ကြ မှာပဲ။ ကိုယ့်ခန္ဓာ အကြောင်း အရုပ်ဆိုး အကျည်းတန်တာတွေကို ကျကျနန သိမှ၊ ခင်ဗျားတို့သည် နိဗ္ဗာန်ကို လိုချင်ကြမှာပဲ၊ နို့မဟုတ်ရင် လိုချင်ကြပါ့ မလား (မလိုချင်ကြပါ ဘုရား)။

ဒါဖြင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာက

“ဝီသဘူတဒုက္ခဒဿနေန အမတ” ဝီသဘူတဒုက္ခဒဿနေန = အဆိပ်ဖြစ်တဲ့ ခန္ဓာ ငါးပါးကြီး၊ အဆိပ်ပြည့်နေတဲ့ ခန္ဓာငါးပါးကြီးကို မြင်သဖြင့်၊ အမတဋ္ဌော = မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်သည်၊ ပါတုဘဝတိ -သတ္တဝါတို့ ကြိုက်လုံးဝင်လာ၏။

ခန္ဓာကိုယ်ကြီးကအဆိပ်ပင်

ဆန္ဒပြင်းပြလာ၏၊ ကိုယ့်ခန္ဓာကိုယ်ကြီးက အဆိပ်ပင်ကြီး၊ အဆိပ်မျိုး စေ့တွေနဲ့ ရောက်ရာ ဌာနမှာ၊ သူ့အဆိပ်နဲ့သူ သေတယ်လို့ဆိုတာသိမှ၊ အမတဋ္ဌောဆိုတာ မသေရာကို ကြိုက်မယ်။

ဒါဖြင့် ဒီခန္ဓာကြီးက ရောက်ရာမှာ သူများမသတ်လည်း သေတာပဲ။ သူများသတ်လည်း သေတာပဲ၊ ဒါဖြင့် သူကိုယ်တိုင်က သူ့အဆိပ်နဲ့ သူသေတတ်တဲ့ အပင်မျိုးပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာကြီးသည် ဘယ်လိုခန္ဓာကြီးပါလိမ့်မတုံးလို့ ယနေ့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ “ဝီသဘူတဒုက္ခဒဿနေန” အဆိပ် ဖြစ်သော ဒုက္ခသစ္စာကြီးပဲ၊ ဪ ဒါ အဆိပ်ပင်ကြီးပဲ။

သူက ဆက်လက်ပေါက်ပွားလို့ရှိရင်လည်း အဆိပ်ပင်တွေ ပေါက်ပွား ပြီး သူ့အပင် သူသတ်တဲ့၊ အဆိပ်မျိုးစေ့တွေပဲလို့ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အဲဒီတော့ ခန္ဓာဆုတောင်းတဲ့ ပုဂ္ဂိုလ်သည် ကိုယ့်အဆိပ်နဲ့ကိုယ် သေရပါလို၏။ သဘောကျပြီလား (မှန်ပါ)။

ခန္ဓာဆုတောင်းတဲ့ပုဂ္ဂိုလ်

ခန္ဓာဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ ဘာပါလိမ့် (ကိုယ့် အဆိပ်နဲ့ကိုယ် သေရပါလို၏ပါ ဘုရား)၊ ဪ ဒုက္ခသစ္စာ ဆိုတာက ဦးဘကြည်တို့ ဦးခင်မောင်တို့ မှတ်ရမှာက၊ သူကိုယ်တိုင်က အို၊ နာ၊ သေ၊ ယူလာတာဗျ (မှန်ပါ)။

ဘယ်သူက ယူလာတာတုံး (သူကိုယ်တိုင်က ယူလာတာပါ ဘုရား)။ ခန္ဓာကြီးက ယူလာတာ (မှန်ပါ) ဒကာ ဒကာမတို့ အိုတယ်။ နာတယ်၊ သေတယ်ဆို တာက သူများ ယူလာ တာလား၊ ဒီခန္ဓာက ယူဆောင်လာတာလား (ဒီခန္ဓာက ယူဆောင်လာတာပါ ဘုရား)။

သေပန်းပွင့်လာတယ်

ခန္ဓာထဲမှာ အအို ပါလာတာ၊ ခန္ဓာထဲမှာ အနာပါလာ တာ၊ ဒီတော့ ခန္ဓာထဲက သေပန်း ပွင့်လာတယ် ဆိုရင်လည်း ငြင်းစရာလိုသေးသလား (မလိုပါဘူး ဘုရား)။ ဒါဖြင့် ဒါ အဆိပ်ပင် ကြီးပေါ့။

သူ့အဆိပ်နဲ့သူ သေရတာပေါ့။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတွေ၏ ခန္ဓာကြီးသည်၊ ဘယ်အခါကာလမှ ဆုတောင်းမပြည့်တဲ့ ခန္ဓာကြီးလို့ မှတ်လိုက်ပါ၊ မအိုရပါစေနဲ့၊ မနာရပါစေနဲ့၊ မသေရပါစေနဲ့။

ဒီခန္ဓာကြီးနဲ့ ဆိုလို့ရှိရင်ဖြင့် မရပါဘူး၊ သူယူလာတာကြီးနဲ့ သူသေရ မှာပဲ ဆိုတဲ့ဥစ္စာ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ ဒါဖြင့် ဒီခန္ဓာ ကြီးရတဲ့ ပုဂ္ဂိုလ်အပေါင်းသည် ဘာတွေ ယူလာသတုံးဆို သူ့သတ်စေတတ် တဲ့ အဆိပ်နဲ့တူတဲ့ အို၊ နာ၊ သေတွေ သူပဲ ယူဆောင်လာ သောကြောင့်၊ ဘယ်သူ့ လက်ချက်၊ ဘယ်သူ့လက်နက်မှ မသေရငြားသော်လည်း။

သူယူဆောင်လာတဲ့ အဆိပ်လက်နက်သုံးခုနဲ့ သူ့အသက်ထွက်ရ လိမ့်မယ်ဆိုတာ မှတ်ထား လိုက်စမ်းပါ၊ သဘောကျကြပြီလား (သဘော ကျပါတယ် ဘုရား) သူယူ ဆောင်လာတဲ့ လက်နက်က အို၊ နာ၊ သေပါလာ တယ် (မှန်လှပါ ဘုရား)။

အဲဒီလက်နက်သုံးခုနဲ့ပဲ ဘယ်သူမှ မသတ်ဘဲနဲ့ သေရမှာပဲ (မှန်လှပါ ဘုရား)။ ဘာပြုလို့တုံး ဆိုတော့ သူက အဆိပ်ပင်ကြီးကိုးဗျ။ ခန္ဓာငါးပါး အဆိပ်ပင်ကြီး။

သူယူဆောင်လာတာက အဆိပ်တွေ မဟုတ်လား (မှန်လှပါ ဘုရား)။ အဲဒီတော့ ဒီအဆိပ်တွေ ကြီးပွားပြီး၊ ဒီအပင်ကြီး ပြန့်နှံ့လျက် ဒီအပင်ကြီးပဲသေရတယ်၊ ပေါက်တုန်းက ယူလာတယ်၊ နောက်ကျလို့ရှိရင်ဖြင့် ဒီအပင်ကြီးသည် အိုဖို့ရာလည်း သူ့ အဆိပ်နဲ့သူ၊ နာဖို့ရာ လည်း သူ့အဆိပ်နဲ့သူ။

ဒီခန္ဓာကြီးရဲ့ ပင်ကိုယ်သဘော

သေဖို့ရာကော (သူ့အဆိပ်နဲ့သူပါ ဘုရား)။ သူ့ အဆိပ်နဲ့သူဆို သဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးရတဲ့ပုဂ္ဂိုလ် အပေါင်းဟာဖြင့် ဘယ်နည်းနဲ့မှ ချမ်းသာလိမ့်မယ် မဟုတ်ပါဘူး၊ ဆင်းရဲတွင်းမှာ အိုပွဲ၊ နာပွဲ၊ သေပွဲနဲ့ပဲ ဇာတ်သိမ်းရမယ် ဆိုတာဟာ ဒီခန္ဓာကြီး ပင်ကိုယ် သဘောလို့ မှတ်ထားပါ။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာကြီး ပင်ကိုယ် သဘောက ဘာပါလိမ့် (အို၊ နာ၊ သေပါ ဘုရား) အိုရ၊ နာရ၊ သေရနဲ့ ဇာတ်သိမ်းဖို့ရလာတာပဲ ဒကာ ဒကာမတို့၊ ဒီခန္ဓာကြီး ရလာတာ အိုပွဲ၊ နာပွဲ၊ သေပွဲဖြစ်ဖို့ ရလာတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒီခန္ဓာငါးပါးကြီးရလာတာ ဘာလုပ်ဖို့ရလာတာလဲ (အိုပွဲ၊ နာပွဲ၊ သေပွဲလုပ်ဖို့ ရလာတာပါ ဘုရား)။ ခင်ဗျားတို့ ခန္ဓာကြီးကို တောင်ခေါင်းထဲ ထားကြည့်ပါ၊ ရေထဲမှာ ငုပ်နေပါ၊ မိုးပေါ်မှာ ပျံနေပါ၊ ရွှေအိမ်ရွှေနန်းနဲ့ ထားကြည့်ပါ။

သူ့အဆိပ်နဲ့သူသေရတာ

ဒီခန္ဓာငါးပါးအဆိပ်ပင်ကြီးဟာ အဆိပ်က သူ့အပင်ထဲ မှာနေတော့ သူ့အဆိပ်နဲ့သူ သေရတာပဲ၊ နေရာရွေးသေးလား (မရွေးပါ ဘုရား)။ ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ဆိုတာ သဘောကျပြီလား (မှန်လှပါ ဘုရား)။

ဒုက္ခသစ္စာမှ သာမည ဒုက္ခသစ္စာလို့ မအောက်မေ့လိုက်ပါနဲ့၊ သူယူလာ အဆိပ်နဲ့ သူ့အသက် ထွက်ရတဲ့ ဒုက္ခသစ္စာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)

ဒီခန္ဓာကြီးသည်ကားလို့ ဆို ရင် ဖြင့် အလိုလိုသေရတာလား၊ သူယူလာတဲ့အဆိပ်နဲ့ သူဝိညာဉ် ချုပ်ပြီး သူအသက် ထွက်ရတာလား (သူယူလာတဲ့အဆိပ်နဲ့ သူဝိညာဉ်ချုပ်ပြီး သူ အသက်ထွက်ရတာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ပိဠနဋ္ဌော ဆိုတာကြီးဟာ ပြန်ပေါ်လာ တယ် (မှန်ပါ)။

ပြန်ပေါ်လာတယ်၊ ခန္ဓာ၏သဘောကို ယနေ့ကောင်း ကောင်းသိရ မယ်။ ခန္ဓာ၏သဘော ကောင်းကောင်း သိတဲ့ အခါကျတော့မှ ဪ ဘယ်ခန္ဓာဖြစ်ရင် တော်လေရဲ့ လို့ဆိုလို့ရှိရင်ဖြင့်၊ ဒီအဆိပ်သုံးခု မလွတ်ပါဘူး သဘောကျပြီလား (မှန်ပါ) ဘယ်ခန္ဓာဖြစ်ရင် တော်သေးရဲ့ ဆိုတာကော ခင်ဗျားတို့ ပြောစရာလိုသေးလား (မလိုပါ ဘုရား)။

အဖန်ဖန်သေဖို့တောင်းတာ

ဒီအဆိပ်သုံးခုက ဘယ့်နှယ်နေသတုံး (မလွတ်ပါ ဘုရား) မလွတ်ဘူးတဲ့၊ ဆယ့်တစ်မီး လောင်မှုကကော (မလွတ်ပါ ဘုရား)။ ဒကာ ဒကာမတို့ ချမ်းသာချင်လို့ တရားနာ ငြားသော်လည်း ခန္ဓာရအောင်ဟောတဲ့ ဆရာသမားနဲ့ တွေ့မယ် ဆိုရင်ဖြင့် ဒီအဖန်ဖန် သေဖို့ တောင်းတာပဲလို့ ဆိုကြစို့။

အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ အဓိပ္ပါယ်က ဒီရောက်နေတော့ အဖြစ်ကလည်း ဒီ အတိုင်းဖြစ်ရမှာပဲ၊ ဒါဖြင့် ဒုက္ခခပ်သိမ်းငြိမ်းမှာလား၊ ဒုက္ခခပ်သိမ်းသည် ဆက်မှာလား (ဆက်မှာ ပါ ဘုရား)။

အင်း ဒါဖြင့် တရားနာတာလည်း ဦးဘကြည် ရွေးရလိမ့်မယ်၊ ဒကာ ဒကာမတို့ အခု ပြောတာ ဘာတဲ့တုံး (တရားနာရွေးရမှာပါ ဘုရား)။

မရွေးရင် ခင်ဗျားတို့ ကလည်း ဘာမှ အခံ မရှိတော့၊ သူများဟော ကြားညွှန်ပြဆုံးမတဲ့ ပါးစပ်ကို လမ်းဆုံးတော့ သုတ္တန်နည်းနဲ့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အကြိမ်ကြိမ်ခံစား၍ ဆိုလို့ ရှိရင်ဖြင့် ကိုယ့်အဆိပ်နဲ့ကိုယ် အဖန်ဖန်သေ၍ ဆိုတဲ့ အဓိပ္ပါယ်က အသေအချာပါသွား တယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ ကိုယ်ကမှ မချိန် တတ်လို့ရှိရင်ဖြင့် သစ္စာသိအောင်လုပ်ထား ရှင်းပြီလား (မှန်လှပါ ဘုရား)။

ကိုယ်ကမချိန်တတ်ရင် ဘာသိအောင် လုပ်ထားရမှာလဲ (သစ္စာသိ အောင်လုပ်ထားရမှာပါ ဘုရား)။ သစ္စာသိထားတော့ ခင်ဗျားတို့ ခန္ဓာ ငါးပါးဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဟုတ်တယ် ဒုက္ခသစ္စာ။

သူ့မှာ အို၊ နာ၊ သေက ပါနေတယ် (မှန်ပါ)၊ ပါနေတော့ သူဒုက္ခရောက်မှာနဲ့ ရောက်မှာနဲ့ ဘယ်ဟာက သေချာသလဲ (ရောက်မှာက သေချာပါတယ် ဘုရား) ဟာ ဒါဖြင့် ဒီခန္ဓာကြီးရလို့ရှိရင် ဒီဒုက္ခပါတဲ့အတွက်၊ ခန္ဓာရတဲ့ တရားဟာ တရားမှန် မဟုတ်ဘူး (မှန်ပါ)။

ယခုဘဝမှာ ဆယ့်တစ်မီး ငြိမ်း၍ ရုပ်သိမ်းတဲ့တရားမှသာလျှင်၊ ခင်ဗျားတို့၏ ဒုက္ခ ခပ်သိမ်းငြိမ်းတဲ့ တရား (မှန်လှပါ ဘုရား)၊ ခန္ဓာရတဲ့ တရားကတော့ဖြင့် ခင်ဗျားတို့ကို အဖန်ဖန် သေစေချင်လို့၊ ဟိုက စေတနာ မပါသော်ငြားလည်း ခင်ဗျားတို့က လိုက်ပြီးသကာလ သဘောကျ နေရင်ဖြင့်။

တစ်ခါသေရတာ အားမရလို့၊ အဖန်ဖန်သေချင်လို့ပဲဆိုတဲ့ အဓိပ္ပါယ် ရောက်နေတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။ ဒါ မှန်မှန်ကန်ကန်ပြောတော့ ဒီရောက်တယ် (မှန်ပါ)။ ဒါကြောင့် တရားနာ တတ်အောင် ဘာအရင်သိမှု အရေးကြီးသတုံးဆိုတာကော (သစ္စာပါ ဘုရား)။

ဘယ်သစ္စာအရေးကြီးသတုံး

သစ္စာမှာလည်း ဘယ်သစ္စာ အရေးကြီးသတုံး (ဒုက္ခသစ္စာ အရေးကြီးပါတယ် ဘုရား)။ အခုတရားနာနေတဲ့ ခန္ဓာငါးပါးဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာဆိုတာ ဒုက္ခက ဆင်းရဲတာ၊ သစ္စာ မှန်တာ၊ ဆင်းရဲတာအမှန် သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူ့ရတဲ့ ပုဂ္ဂိုလ်မှာဖြင့် မဆင်းရဲတဲ့ပုဂ္ဂိုလ်ကြရဲ့လား (မရှိပါ ဘုရား)။ ဒါဖြင့် တော်တော်ကြာ အိုရပြန်ပြီ၊ နာရပြန်ပြီ၊ သေရပြန်ပြီ၊ နောက် တစ်ခါရပြန်တော့ကော (အိုရ၊ နာရ၊ သေရ ပြန်ပါတယ် ဘုရား)။

အိုရ နာရ၊ သေရမှာပဲ နောက်ဘဝများစွာ အကြိမ်ကြိမ် ရပြန် တော့ကော (အိုရ၊ နာရ၊ သေရမှာပါ ဘုရား)။ အံမာ- ဒါများ ခင်ဗျားတို့က သက်သက်စုံလုံးကန်းမို့ ကြိုက်တာ မဟုတ်လား (မှန်လှပါ ဘုရား)။ စုံလုံးကန်း မဟုတ်ရင်တော့ မကြိုက်ဘူး၊ ခင်ဗျားတို့က စုံလုံးကန်းဆိုတော့ ဘုန်းကြီး ပြောတာ ကြမ်းလိုက်တာ။

ဆရာသမားမို့သာ တပည့်တော်တို့ နားထောင်နေရတယ်လို့ မပြောပါနဲ့၊ ခင်ဗျားတို့ စုံလုံးကန်း ဆိုတာ တကယ်စစ်ပါတယ် (မှန်ပါ)။ အိုရ နာရ၊ သေရတာတွေဟာ ကိုယ့်အမျိုး တွေကော မများလှဘူးလား (များပါတယ် ဘုရား)။ ကိုယ့်မိတ်ဆွေကော (များပါတယ် ဘုရား)။

ဪ ဒီခန္ဓာရလို့ အိုရ၊ နာရ၊ သေရတာကိုးဗျ။ သဘောကျ လား (မှန်ပါ)။ ဒီအထဲကနေပြီး နောက် ဘဝတွေ ဆုတောင်းပြန် တော့လည်း ဒီအိုတာ နာတာ သေတာတွေဟာ ခန္ဓာရလို့လို့ ခင်ဗျားတို့ မမြင်တော့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ)။

နောက်ခန္ဓာရရင်လည်း ဒီလို အိုမယ်၊ နာမယ်၊ သေမယ်၊ ဒီလို သုသာန်ပို့ရမယ် ဆိုတာ ကိုလည်း ခင်ဗျားတို့ နောက်ကိုလည်း မမြင်ဘူး အခုရှေ့ကိုလည်း မမြင်ဘူး၊ နောက်ကိုယ် ဖြစ်မှာကော (မမြင်ပါ ဘုရား)။ ဒါဖြင့် နှစ်လုံးစလုံးကန်းတယ် (မှန်လှပါ ဘုရား)။

အခုမမြင်တာက တစ်လုံး (မှန်ပါ) နောက်လာ လတ္တံ့ မမြင်တာက တစ်လုံး၊ အဲဒီတော့ ခင်ဗျားတို့ ဘယ့်နှယ် ဘုန်းကြီးပြော တာကပဲစကားကြီးသလား၊ ကိုယ်မမြင်တာက ပိုနေသလား ဆိုတာ တွေးပါဦး (တပည့်တော်တို့ မမြင်တာက ပိုနေပါတယ် ဘုရား) ရိပ်မိပြီလား (မှန်ပါ)။

ဒကာ ဒကာမတို့ ခင်ဗျားတို့ မမြင်တာက မပိုဘူးလား (ပိုပါတယ် ဘုရား)။ ဘာကြောင့် ပိုသတုံး ဆိုတော့ ခင်ဗျားတို့ကလည်း ဈေးဝယ်သလို အဆစ်ကြိုက်တွေ့ဖြစ်နေတယ် (မှန်ပါ) အကြိမ်ကြိမ် ဆိုတော့ အဆစ် ထည့်တာကြိုက်တာ (မှန်ပါ)။

ဈေးဝယ်သလိုအဆစ်ထည့်ခိုင်းတယ်

အဲဒါ အကြိမ်ကြိမ်သေတာ မပါဘူးလား (ပါပါတယ် ဘုရား)။ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ဈေးဝယ်သလို အဆစ်ကြိုက်ပြီး သကာလနေတော့ အကြိမ်ကြိမ် သေရရင်လည်း ခင်ဗျားတို့က ကျေနပ်တဲ့ အဓိပ္ပါယ်ရောက်ပြီးသကာလနေတော့။

သေလို့ပဲ မဝနိုင်တဲ့ အဓိပ္ပါယ်မျိုး မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ စုံလုံးကန်းဆိုတာ ကျေနပ်ပြီလား (ကျေနပ်ပါတယ် ဘုရား)။ ဘယ့်နှယ်ကြောင့် စုံလုံးကန်းတုံး (အခုလည်း မမြင်၊ နောက်လည်း မမြင်လို့ပါ ဘုရား)။

အခုလည်း ခန္ဓာရလို့ သေနေတာတွေကို မမြင်ပါဘူး၊ နောက်ခန္ဓာရ ရင်လည်း သေလိမ့်ဦးမယ် ဆိုတဲ့သဘောကိုလည်း ခင်ဗျားတို့မမြင်ဘူး (မှန်ပါ)၊ မမြင်လို့ ဆုတောင်း ယူခဲ့တာပေါ့ဗျာ (မှန်ပါ)။ ဒါဖြင့် အခုဆွေတွေမျိုးတွေ သေကြသလို ကိုယ်လည်းနောက်က လိုက်ပြီး သေရမှာ၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။

နောင်လည်းသေပါရစေဦး

နောင် ဆုတောင်းထားတာတွေကလည်း သေမှာတွေ၊ ဒါဖြင့်လည်း သေပါရစေဘုရား၊ နောက်လည်း သေပါရစေဦး ဘုရားဆိုတာနဲ့ ခင်ဗျားတို့ ဆုတောင်းနေတာနဲ့ တစ်ကိုက်တည်းပဲ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။

ဒါ တရားကြမ်းတာလား၊ ခင်ဗျားတို့ဖြစ်စဉ် ကိုက်လားလို့ တွေးဦး (ဖြစ်စဉ်ကိုက်ပါ ဘုရား)။ ဖြစ်စဉ်ကိုက်ဗျ၊ အဲဒီတော့ ခင်ဗျားတို့သည် ဒါ ဘယ့်နှယ်ကြောင့် ဖြစ်စဉ်ကိုက် ခင်ဗျားတို့ အကြိုက် လွဲနေပါ လိမ့်မတုံးမေးတော့။

ဪ -ခန္ဓာကိုယ်ကြီးထဲမှာ အဆိပ်ပါတာ မသိတော့ ဒုက္ခရောက်မှာ မသိလို့ ကြိုက်တာ ဆိုတော့၊ ဒုက္ခသစ္စာမသိတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ဘာ မသိတာပါလိမ့် (ဒုက္ခသစ္စာ မသိတာပါ ဘုရား)၊ အံမယ်လေး ဒုက္ခ သစ္စာကြီး လွယ် ထားပြီးတော့ ဒုက္ခ သစ္စာမသိ တာက အတော်ဆိုးတယ် (မှန်ပါ)။

ဒုက္ခသစ္စာကြီးကို ချထားခဲ့လို့ ခင်ဗျားတို့ဖြစ်ကြရဲ့လား (မဖြစ်ပါ ဘုရား)။ ဟိုအိမ်က ဒီအိမ်ကူးတော့ ဘာနဲ့သွားကြတုံး (ဒုက္ခသစ္စာနဲ့ ပါ ဘုရား)။

ဒါ မသိဘူးတဲ့ဗျာ (မှန်ပါ)။ ခက်လိုက်တာ၊ ဒါ အတူနေလို့ထင် ပါရဲ့ ရိပ်မိပြီလား (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် မသိတာပါလိမ့် (အတူနေလို့ပါ ဘုရား)။ အတူနေလို့ ဒါဖြင့် ကြောင်တောင် ကန်းပေါ့ဗျာ သဘောကျပြီလား (မှန်ပါ)။

ဆိုးလွန်းလို့ပြောတာ

ဆိုးလွန်းလို့ ပြောတာပါ (မှန်ပါ)။ ခင်ဗျားတို့ဖြစ်ပုံက ဆိုးလွန်း လို့ပြောတာပါ၊ အဲဒီတော့ အမတဋ္ဌောဆိုတဲ့ဥစ္စာ၊ မအို မသေ အမြဲနေတာကို ဟောရတော့မယ်ဆိုတော့၊ ခင်ဗျားတို့ အို၊ နာ၊ သေကို မြင်အောင်ပြုပြီးမှ ဟိုဟာ သဘောကျမယ်၊ နို့မို့ကျပါ့မလား (မကျပါ ဘုရား)။

မအို၊ မသေ၊ အမြဲနေတာက နိဗ္ဗာန်၊ အို၊ နာ၊ သေတတ်တာကခန္ဓာ၊ သဘောကျပြီလား (မှန်ပါ)။ အို နာ သေက ခန္ဓာ၊ မအို မသေ အမြဲနေတာက နိဗ္ဗာန်၊ နိဗ္ဗာန်နဲ့ခန္ဓာနဲ့က နည်းနည်းမှ သီလို့မရဘူး၊ ကပ်လို့ လည်းမရဘူး၊ ယှဉ်လို့ကော (မရပါ ဘုရား)။

ဘာကွာနေတုံး (အို၊ နာ၊ သေနဲ့ မအို၊ မနာ၊ မသေပါ ဘုရား)။ ဒါလောက်ကွာနေတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)၊ ခင်ဗျား တို့မှာ ခန္ဓာငါးပါးရှိတယ်၊ ဒါ ခန္ဓာ ငါးပါး ထားလိုက်ပါတော့၊ ရုပ်ဘက် ကြည့်လိုက်ပြန်တော့ ဇာတိ၊ ဇရာ၊ မရဏ ပါတယ်။

နာမ်ဘက်လေးပါးကြည့်လိုက်ပြန်တော့ ဇာတိ၊ ဇရာ၊ မရဏပါတယ်။ သူတို့အထည်ကြီး ကိုက သူတို့ သတ်မယ့်ကိစ္စပါ လာတယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။

ခန္ဓာငါးပါးကို ဖျက်ဆီးဖို့ကိစ္စ သုံးခု၊ တစ်ခုတစ်ခုမှာ သုံးခု သုံးခု ယူလာတယ်၊ အို၊ နာ၊ သေ သုံးခု ယူယူ မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒါက ဓမ္မတာ သဘောလို့ ဒကာ ဒကာမတွေက မှတ်ပါနော်။

ခန္ဓာကအနှိပ်စက်ခံမယ့်တရား

ခန္ဓာငါးပါးက ဘာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ သူယူလာတဲ့ ဇာတိ၊ ဇရာ၊ မရဏက ပိဠနဋ္ဌ သဘောနဲ့ နှိပ်စက် တယ်၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။ ခန္ဓာငါးပါးက ဒုက္ခသစ္စာနော်၊ အနှိပ်စက်ခံဖို့ ဒုက္ခသစ္စာ၊ သူယူလာတဲ့ ဇာတိ၊ ဇရာ၊ မရဏက နှိပ်စက်တတ်သောကြောင့် သူကလည်း ဒုက္ခသစ္စာ (မှန်ပါ)။

ဒုက္ခသစ္စာ နှစ်ခုပေါင်းနေတာ (မှန်ပါ)။ နှိပ်စက်ခံ မယ့်တရားနဲ့ နှိပ်စက်တတ်တဲ့တရားနဲ့ တွဲနေတယ်၊ သဘောကျကြပြီလား (မှန်ပါ)။ ခန္ဓာငါးပါးက အနှိပ်စက်ခံမယ့်တရား၊ ဇာတိ၊ ဇရာ၊ မရဏက နှိပ်စက်မယ့် တရား၊ ခွဲလို့ကောရရဲ့ လား (မရပါ ဘုရား)။

ခွဲလို့လည်း မရဘူးဆိုသဖြင့် သော်-ဒီအတွဲဖြစ်နေရတာ ကိုပင်လျှင်၊ ခင်ဗျားတို့ ဒုက္ခသစ္စာလို့ မသိသေးလို့ရှိရင်၊ ဒီလိုပဲ တွဲစပ်တဲ့ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ စကြဝတေးခန္ဓာ၊ ဗြဟ္မာကြီးခန္ဓာ ဖြစ်ရပါလို၏ဆိုတော့ ဒါ နှိပ်စက်အပ်တဲ့ တရားကိုလည်းမသိ။

ဦးဘကြည် နှိပ်စက်တတ်တဲ့တရားကိုကော (မသိ ပါ ဘုရား) ဟာ မသိတာက လည်း လွန်နေပြီ (မှန်ပါ)၊ ကိုယ် သေမှာကို ကိုယ်မသိ (မှန်ပါ)၊ ဘာမသိတာလဲ (ကိုယ်သေမှာကို ကိုယ်မသိတာပါ ဘုရား)။

နှိပ်စက်မယ့်တရား၊ ဇာတိ၊ ဇရာ၊ မရဏ

ကိုယ်သေမှာကို ကိုယ်မသိဘူးတဲ့၊ ဆုတောင်းလိုက်ပြန်တော့လည်း သေအပ်တဲ့ခန္ဓာနဲ့ သေတတ်တဲ့ ဇာတိ၊ ဇရာ၊ မရဏနဲ့ တွဲပြီးသကာလ အကျိုးပေးရပါလို၏လို့ ခင်ဗျားတို့ ဆုတောင်းတဲ့ အခါတိုင်း ဒါတွေပါတယ် (မှန်လှပါ ဘုရား)။ သေသေချာချာဉာဏ်နားနဲ့ထောင်မှ ဒီဥစ္စာ ပါလာမှန်း သိတယ် (မှန်ပါ)။

ဉာဏ်နားနဲ့ မထောင်နိုင်သေးလို့ရှိရင်ဖြင့် သာမန်မသိဘူး၊ ဉာဏ်နှာနဲ့ နားထောင် ကြည့်လိုက်လို့ ရှိရင်ဖြင့် ရူပက္ခန္ဓာကလည်း အို၊ နာ၊ သေပါတယ် (မှန်ပါ)၊ ဇာတိ၊ ဇရာ၊ မရဏ (ပါပါတယ် ဘုရား)။

နာမက္ခန္ဓာလေးပါးကော (ပါပါတယ် ဘုရား) ဇာတိ၊ ဇရာ၊ မရဏ (ပါပါတယ် ဘုရား) ဇာတိ၊ ဇရာ၊ မရဏ ပါတာချည်းပဲ၊ အဲဒီတော့ ခင်ဗျားတို့ ခန္ဓာငါးပါးဖြစ်ရပါလို၏ဆိုတော့ ကျုပ်တို့ သုံးခုလည်း အပြည့်အစုံ ပါတယ်လို့ ပြောမှာပဲ၊ မပြောပေဘူးလား (ပြောပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သည် သူတစ်ပါးလက်နက် ပယောဂနဲ့ မသေရဘူးလို့ ဦးဘကြည်တို့ ကြားဘူး လိမ့်မယ် (မှန်ပါ)။

“ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာ ကေနစိ အန္တရာယောကာတုံ တထာမေ ဟောတု”

ဘယ့်နှယ်ကြောင့်ပရိနိဗ္ဗာန်စံသတုံး

ဘုရား၏ခန္ဓာကိုယ်ဟာ သူတစ်ပါးလက်နက်နဲ့ မသေရဘူး (မှန်ပါ) ဘယ့်နှယ်ကြောင့် ပရိနိဗ္ဗာန်စံသတုံး ဆိုရင် သူတစ်ပါးလက်နက်နဲ့ မသေဘူး၊ သူယူလာတဲ့ လက်နက်နဲ့ ပရိနိဗ္ဗာန် ပြုရတယ်၊ သဘောကျပြီလား (မှန်ပါ)။ ကျုပ်တို့ ခင်ဗျားတို့က အရေးရှိရင် ဘုရားကိုကာကွယ်ပေး ပါလို့ ရှိခိုး တောင်းပန်ကြသေးတယ် (မှန်ပါ)။

ဘုရားကိုယ်တော်တိုင် ခန္ဓာဇာတ်မှ မသိမ်းသေးတော့ ဦးဘကြည်၊ ဘုရားယူလာတဲ့ လက်နက်နဲ့ပဲ အင်ကြင်းပင်ရင်းကို သွားပြီး ပရိနိဗ္ဗာန်စံရတယ်၊ မစံရဘူးလား (စံရပါတယ် ဘုရား)။ ဪ- ဒါဖြင့် ခန္ဓာဖြစ်တဲ့ပုဂ္ဂိုလ်မှာ ဒီလက်နက်သုံးခု ပါတာချည်းပဲ (မှန်ပါ)။

တစ်နည်းအားဖြင့် ဆယ့်တစ်မီးလည်းပါတာချည်းပဲ၊ မဆိုထိုက်ဘူး လား (ဆိုထိုက်ပါတယ် ဘုရား)။ ဒါဖြင့် ယနေ့ည ဟောရမယ့်တရား သည်။ ဒီခန္ဓာကြီးထဲမှာ အဆိပ်ပါတယ်ဆိုတာ ခင်ဗျားတို့ ကောင်းကောင်း ကျေနပ်ဖို့ကောင်းတယ်၊ မကျေနပ်ဘူးလား (ကျေနပ်ပါတယ် ဘုရား)။

ဒီခန္ဓာကြီးထဲ အဆိပ်တွေ မပါဘူးလား (ပါ, ပါတယ် ဘုရား)။ ဒါဖြင့် အဆိပ်ပင်ကြီးပေါ့ဗျ (မှန်လှပါ ဘုရား) အဆိပ်ပင်ကြီးသည် ကားလို့ဆိုရင် ဘယ်သူကမှ လွှနဲ့မတိုက်နဲ့ ဘယ်သူကမှ ဓားနဲ့မခုတ်နဲ့၊ ဦးချစ်ခ သူ့ဟာသူ သေရမယ်၊ မသေပေဘူးလား (သေမှာပါ ဘုရား)။

ခန္ဓာရချင်ရင်အသေဆုတောင်းတာ

သေတာပဲ တဲ့၊ သေတာကို ဘယ်သူယူဆောင်လာ သတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမှာလဲ (သူ့ဟာသူ ယူဆောင်လာပါတယ် ဘုရား)။ သူ့ဟာသူ ယူဆောင် လာတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ အင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာရချင် – တဲ့ ပုဂ္ဂိုလ်ဟာ အသေ ဆုတောင်းတာပဲ၊ ရိပ်မိပြီလား (မှန်ပါ)။

မအိုရပါလို၏။ မနာရပါလို၏၊ မသေရာ နိဗ္ဗာန်ရောက်ရပါလို၏ တော့ တောင်းကောင်းတယ် (မှန်ပါ)၊ ခန္ဓာကိုယ် ရပါလို၏ ဆုတောင်းတဲ့ပုဂ္ဂိုလ်ကျတော့ အမျိုးမျိုး အဖန်ဖန် သေရပါလို၏လို့ ဆုတောင်းနဲ့အတူတူပဲ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ဒီဥစ္စာမပြင်လို့ ရှိရင်ဖြင့် ဒီ ဆုတောင်းကို တောင်း နေဦးမှာပဲ (မှန်ပါ)။ တောင်းတဲ့ အခါကျတော့ ကိုယ်ကိုယ်တိုင် စက်တိုင်တက်ရပါလို၏ ဆိုတာနဲ့ (အတူတူပါပဲ ဘုရား)၊ သဘော ကျပြီလား (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုရပါလို၏လို့ တောင်းကို မတောင်းကြနဲ့၊ တောင်းလို့ရှိရင် သေပွဲ ဝင်ချင်လို့သာ မှတ်ပေတော့၊ ရှင်းပြီလား (မှန်ပါ)။ ခန္ဓာတောင်းတာက တဏှာ၊ ဖြစ်တာက ဒုက္ခသစ္စာ၊ သဘောကျပြီလား (မှန်ပါ)။

တောင်းတာကဘာပါလိမ့် (တဏှာပါ ဘုရား)၊ ဒုက္ခသစ္စာ အပြည့်အစုံဖြစ်တယ် (မှန်ပါ)။ ဒါကြောင့် မတောင်းနဲ့ ပြောတာ ရိပ်မိပြီ လား (မှန်ပါ)။ အစကလည်း မကောင်းလို့ မကောင်းတဲ့ အကျိုးရ တယ် (မှန်ပါ)။ အဲဒီတော့ ဘယ်ခန္ဓာကို ခင်ဗျားတို့ ဆုတောင်းလို့ရရ၊ ဘယ်ဆေးနဲ့ တည့်ပါ့မလဲလို့ မမေးနဲ့တော့ ဘယ်ခန္ဓာကြီးနဲ့မှ မတည့်ဘူး ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်ခန္ဓာနဲ့မှ မတည့်ဘူး၊ ခန္ဓာဆိုရင် ဇာတိ၊ ဇရာ၊ မရဏ ကပ်လျက် ပါရမယ်နော် (မှန်ပါ)။ ရှောင်လို့ ကွင်းလို့ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့က ရပြီးရင်ဖြင့် ပရိတ်တွေနဲ့ တားချင် ရတာနဲ့၊ ဆရာတွေနဲ့ တားချင်ရတာနဲ့၊ အင်း အိုင်၊ လက်ဖွဲ့၊ ခလဲ့တွေနဲ့ တားချင်ရတာနဲ့ အလကား မဟုတ်တာတွေ လျှောက်လုပ်နေတယ် (မှန်ပါ)။

ကိုယ့်ကိုယ်က ဒါကြီးယူလာလို့ သေရတော့မယ်ဆိုတာ သေချာပြီး သား၊ နောက်မှ မိုးကြိုး ပစ်တာ ထန်းလက်နဲ့ ကာကွယ်လို့တော့မရဘူး၊ ရပါ့မလား (မရပါဘူး ဘုရား)။ ဒါဖြင့် ခင်ဗျား တို့သည် နဂိုက လွဲလာခဲ့တာ (မှန်ပါ)။ ဒီတစ်ခါမလွဲနဲ့တော့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နဂိုကလွဲတာ ဒီတစ်ခေါက်နောက်ဆုံးပိတ် လွဲခြင်း ဖြစ်ရပါလို၏ (မှန်ပါ)။ နောင်ကိုဖြင့် သူ့အကြောင်းကို ဘယ်အခါကာလမှ မတောင်း တော့ပါဘူး၊ အဆိပ်ပင်က အဆိပ်သီး မရှိတဲ့နေရာ ဌာနရောက်မှသာလျှင် အိုမှု၊ နာ၊ သေမှုတွေက အကုန်ကင်း မယ်ဆိုပြီး သကာလ ခင်ဗျားတို့ သူ့ကို ဒုက္ခသစ္စာလို့သိမှ၊ ဟိုဘက် မသေရာကို ခင်ဗျားတို့ သဘောကျမယ် (မှန်ပါ)။

ဒါဖြင့် ဒုက္ခသစ္စာမသိဘဲနဲ့ ဒကာ ဒကာမတွေ နိဗ္ဗာန်မရောက်ဘူး ရောက်ပါ့မလား (မရောက်ပါဘူး ဘုရား)။

ဉာဏ်ကို ဟိုဘက်လှည့်ပါ့မလား (မလှည့်ပါ ဘုရား) ဘယ်နည်း နဲ့မှ လှည့်နိုင်ပါ့မလဲ၊ ဒါဖြင့် ခင်ဗျားတို့ တစ်နာရီလောက် ဆုတောင်း ပြီးနေငြားသော်လည်း သူ့ဘက် နည်းနည်းမှ မရောက်ဘူး၊ ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ဒီခန္ဓာငါးပါး ထပ်ပြန်တလဲလဲ မဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)၊ ဒီခန္ဓာငါးပါး ထပ်ပြန် တလဲလဲ ဖြစ်လေလေ၊ သူ ဆုတောင်းရှည် လေလေ၊ သေခြင်းဆိုး များလေလေပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ အရုပ်ဆိုးတာက အတော်ဆိုးတာ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အခုတော့ အဖန်ဖန် ခံစား၍ ဆိုတော့ ခံစားဆိုတာလည်း ဒုက္ခ ဝေဒနာ ခံစားတာပဲဗျ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့က ပြောင်းမယူ တတ်လို့ (မှန်ပါ)။ သေတာကော ဦးဘကြည် ဘာဝေဒနာခံစားတာတုံး (ဒုက္ခဝေဒနာပါ ဘုရား)။

ဒုက္ခဝေဒနာနဲ့ ဝိညာဏ်ချုပ်ရတာမဟုတ်လား (မှန်ပါ)၊ အဲဒီ တော့ အဖန်ဖန်ခံစား၍ဆိုတော့ ဝေဒနာဆိုတာ ခံစားတာ၊ ဒါဖြင့် အဖန်ဖန် ဒုက္ခဝေဒနာခံစားပြီး သေရပါလို၏ ဆိုတော့ ခင်ဗျားတို့ သည်ကား လူမဟုတ် သလို ဖြစ်နေတယ် (မှန်ပါ)။

ကိုယ့်အသေကိုယ် ဆုတောင်းနေတယ်၊ ဦးခင်မောင် ဘာတောင်း တာတုံး (ကိုယ့်အသေ ကိုယ် ဆုတောင်းတာပါ ဘုရား)။ ဖြစ်မှဖြစ်ရလေဗျာ၊ ဒါကြီး ရလို့ရှိရင် ဆုမတောင်းလည်း ဦးဘကြည် ဘာဖြစ်မှာတုံး (ပြည့်နေပါတယ် ဘုရား)။

သေရမှာပဲ၊ သူများလက်နက်နဲ့လား၊ သူ့ပါတဲ့လက်နက်နဲ့လား (သူ့ပါတဲ့လက်နက်နဲ့ပါ ဘုရား) သဘောကျပြီလား (မှန်ပါ)။ ဪ-ဒါဖြင့် သူဟာ အဆိပ်သက်သက်ပဲ၊ သူ့အပင် သူသတ်တဲ့အဆိပ်၊ ရိပ်မိကြပြီလား (မှန်ပါ)။

ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ စသည့် ဆယ့် တစ်မီးက အဆိပ်တွေပေါ့ဗျာ (မှန်လှပါ ဘုရား)။ ခန္ဓာ ငါးပါးက အဆိပ်ပင်ကြီး၊ အဆိပ်ပင်ကြီးထဲက အဆိပ်တွေပါပြီး သကာလ လာတော့၊ ဒီအပင်ကြီးသည် ဘယ်သူမှ မသတ်ပေမယ့်၊ သူ့အဆိပ်နဲ့သူသည် ညှိုးပိန် လိမ်ခြောက်ပြီး သကာလ သေရတာပဲ၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

မယုံလို့ရှိရင် ခင်ဗျားတို့ကိုယ်တိုင် ဘယ်သွားနေနေ သူ့ဟာနဲ့သူ သေစေ့မယ်၊ မသေပေဘူးလား သေမှာလား (သေမှာပါ ဘုရား)။ ဘာဖြစ်လို့ သေရမှာတုံးလို့မေးတော့ ဘယ့်နှယ်ဖြေကြမှာတုံး (အို၊ နာ၊ သေပါလို့ပါ ဘုရား)။

ဒါဖြင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာ ဟောလိုက်တာ ပြောလိုက်တာ သိပ်မှန်တာပဲ ဦးဘကြည် (မှန်ပါ)။

ဝိသဘူတဒုက္ခဒဿနေန၊ အဆိပ်ပင်ကြီး အဆိပ် ပြည့်နေတာ၊ အဆိပ်နဲ့တကွဖြစ်နေတာကို မြင်သဖြင့်သာလျှင် “အမတ” မအို၊ မသေ၊ အမြဲနေတဲ့ နိဗ္ဗာန်ကို၊ ပါတုဘဝတိ- သဘော ကျနိုင်တယ်၊

အဆိပ်ပင်က အဆိပ်တွေနဲ့ သေမှာကို ဧကန်သိမှသာလျှင် ဒီနေရာကို ကောင်းကောင်း သဘောကျမယ် (မှန်ပါ)။

နို့မို့လို့ရှိရင် ကျကိုမကျဘူး၊ ခင်ဗျားတို့ နိဗ္ဗာန်ရ ရပါလို၏လို့ တောင်းသာနေတယ်၊ ဦးဘကြည် မကြိုက်ဘူးတဲ့ (မှန်ပါ)။ အခုတော့ ကိုယ့်ခန္ဓာအကြောင်း ကိုယ်သိပြီလား (သိပါပြီ ဘုရား)။ ဘယ်လိုဆေး ကုကု ဘယ့်နှယ်တုံး (မရပါ ဘုရား)။

ဘယ်လိုတားပြီးထားထား (မရပါ ဘုရား)။ ဘယ်လိုပရိတ်တွေနဲ့ ခြံရံထားထား (မရပါ ဘုရား)။ ဒါဖြင့် ပရိတ်သည် ပြင်ဘက်ကိုသာ ကာကွယ်နိုင်တယ် (မှန်ပါ)။ အတွင်းကရှိတဲ့ အို၊ နာ၊ သေဥစ္စာတော့ လုံခြုံအောင် မကာကွယ်နိုင်ဘူး၊ သဘောကျပြီလား (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးဟာ အဆိပ်ပင်ကြီး အဆိပ်တွေနဲ့ အမြဲပြည့်စုံနေ သောကြောင့်၊ ဘယ်ရောက်ရောက် သူ့အဆိပ်နဲ့သူ သေမှာပဲလို့ ဆုံးဖြတ်ချက်ချ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝီသဝိသဘူတဒုက္ခဒဿနေန၊ အဆိပ်ပြည့်လျက်ရှိ နေသော ဒုက္ခသစ္စာကို မြင်သဖြင့်သာလျှင်၊ ဒုက္ခသစ္စာကို တစ်ခါတည်း မြင်နေအောင် ကြည့်ပါ။ အဲဒီတော့မှ အမတဋ္ဌော ပေါ်လာတယ် (မှန်ပါ)။

ဪ -ဒါက သေတတ်တယ်၊ ဒါက မသေတတ်တာ (မှန်ပါ) သေတတ်တာသိမှ မသေတတ်တာကို ခင်ဗျားတို့ ဉာဏ်ထဲမှာ ရှင်းမယ် (မှန်ပါ)။ သေတတ်တာမှ မသိလို့ရှိရင် (မရှင်းပါ ဘုရား) ဒါဖြင့် ဆုတောင်း နေတဲ့ ပုဂ္ဂိုလ်များ သေတတ်တယ်ဆိုတဲ့ ဒုက္ခသစ္စာကို သိပါရဲ့လား (မသိပါ ဘုရား)။

ဒါဖြင့် သစ္စာမသိသေးရင် ခင်ဗျားတို့ လုပ်ချင်ရာလုပ်လိမ့်မယ် (မှန်ပါ)၊ အမှန်တော့ မရောက်ဘူး (မှန်ပါ)၊ သစ္စာ မသိသေးရင် ဘာတဲ့ ဒကာ ဒကာမတို့ (လုပ်ချင်တာလုပ်ပါတယ် ဘုရား)။ လုပ်ချင် တာတွေ လုပ်မှာပဲ။

လုပ်ချင်တာကလည်း သေလမ်းချည်းလုပ်တာပဲ (မှန်လှပါ ဘုရား)။ အမှန်ကတော့ မရောက်ပါဘူး၊ ဘာကြောင့်တုံး မေးတော့ (သစ္စာမသိလို့ပါ ဘုရား)။ သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ သေတတ်တာ မသိသောကြောင့် မသေတတ်တာလည်း သူ မသိတော့ပါဘူး (မှန်လှပါ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ဟာ သစ္စာကို စုံလုံးကန်းဖြစ်ပြန်ပြီ၊ မဆိုထိုက်ဘူးလား၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

သေတတ်တာလည်း မသိတော့ဘူး (မှန်ပါ)၊ မသေတတ်တာကော (မသိပါဘူး ဘုရား)။ ဒီတော့ ဘယ့်နှယ်ဖြစ်နေကြတုံး ဆိုလို့ရှိရင်ဖြင့် ဘယ့်နှယ် မှ မဖြစ်ဘူးဘုရား။

တပည့်တော်တို့သည်ကား အရှေ့၊ အနောက်၊ တောင်၊ မြောက်မှ မကွဲတဲ့ ပုဂ္ဂိုလ်ချည်း ဖြစ်နေကြပါတယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ တယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတွေ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို မသိသေးဘူးဆိုတော့ တကယ့် ကလေးလေး ဖြစ်နေပြီ၊ ဒုက္ခသစ္စာ ကိုသိဖို့ရာတော့ ခဲယဉ်းနေတယ် (မှန်ပါ)။

အရှေ့၊ အနောက်၊ တောင်၊ မြောက်ကိုမှ မသိသေးတော့ ဒီအထဲမှာ အဆိပ်ပင်ကြီး အဆိပ်တွေနဲ့ ဆိုတဲ့ဥစ္စာ သိဖို့ရာ အတော်ကို ကလေးကျ နေသေးတယ်၊ ရှင်းကြပြီလား (ရှင်း ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ကစပြီး ခင်ဗျားတို့ ခန္ဓာငါးပါးနဲ့ ခွဲနေသလား၊ အတူနေ သလားလို့ မေးရင် (အတူနေပါတယ် ဘုရား)။

ဒါဖြင့် အတူနေတဲ့အတွက် တစ်ခုတစ်ခုမှာ သုံးပါးသုံးပါး ပါတယ်၊ မပါဘူးလား (ပါပါတယ် ဘုရား)။ ရူပက္ခန္ဓာမှာ သုံးပါး၊ ဝေဒနာက္ခန္ဓာမှာ သုံးပါး၊ သညာက္ခန္ဓာမှာ သုံးပါး၊ သင်္ခါရက္ခန္ဓာမှာ သုံးပါး။

အနှိပ်စက်ခံရမှာက ခန္ဓာငါးပါး

ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်မှာ သုံးပါး၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ခန္ဓာငါးပါးဖြစ်ရင် ဘာပါလာသတဲ့ (ဇာတိ၊ ဇရာ၊ မရဏ ပါလာတယ် ဘုရား)။ ဇာတိ၊ ဇရာ၊ မရဏ သုံးပါး အကုန်ပါ မလာဘူးလား (ပါပါတယ် ဘုရား)။

နတ်ဖြစ်ရပါလို၏၊ ဇာတိ ဇရာ မရဏ၊ ဗြဟ္မာဖြစ်ရပါလို၏၊ ဇာတိ ဇရာ မရဏ၊ ဒါခွဲတော့ ဘယ့်နှယ်လုပ်ခွဲမှာတုံး (မရပါဘူး ဘုရား)။ ကိုင်း ခွဲလို့မရလို့ရှိရင်ဖြင့် ဘုန်းကြီးများကပဲ အခု ဘုရားသခင်ကိုယ်တော်မြတ် ကြီးဉာဏ်မှီးပြီးသကာလ ခွဲပြတော့ကို အနှိပ်စက်ခံရမှာက ခန္ဓာငါးပါး။

နှိပ်စက်တတ်တာက ဇာတိ၊ ဇရာ၊ မရဏ

နှိပ်စက်တတ်တာက ဇာတိ၊ ဇရာ၊ မရဏ သဘောကျပြီလား (ကျပါတယ် ဘုရား)။ ဒါ ဘုရားက ဉာဏ်နဲ့ခွဲလိုက်တာ (မှန်ပါ)။ အနှိပ်စက်ခံရမှာက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား)။

နှိပ်စက်ပြီးသကာလ သတ်ဖြတ်မှာက ဇာတိ၊ ဇရာ၊ မရဏ၊ အဲဒါခင်ဗျားတို့ ယခု ဘယ်အထဲ ရောက်နေပြီလဲ၊ ကိုယ့် ကိုယ်ကို တွေးစမ်း၊ တပည့်တော်တို့ ဇာတိတော့ လွန်ခဲ့ပြီဘုရား၊ ဇရာ အဆိပ်သင့် နေပြီဘုရား၊ ရှေ့ဘာအဆိပ်သင့်စရာ ရှိသေးတုံး (မရဏအဆိပ်ပါ ဘုရား)။

အခုဘယ်အထဲမှာတုံး (ဇရာထဲမှာပါ ဘုရား)၊ ဇရာ အဆိပ်သင့် နေပြီဆိုတာ ငြင်းနေဖို့ လိုသေးလား (မလိုပါ ဘုရား)။ ရှေ့ကိုကောင်း စားဦးမှာလား၊ ဆိုးဝါးဦးမှာလားတွေးစမ်း (ဆိုးဝါး ဦးမှာပါဘု ရား)။ ဘာအဆိပ်သင့်ရ ဦးမှာတုံး (မရဏ အဆိပ်သင့်ရမှာပါ ဘုရား)။

မရဏအဆိပ်သင့်တဲ့အခါကျတော့ အကုန်ပြောင်လိမ့် မယ် (မှန်ပါ)။ မပြောင်ပေဘူးလား (ပြောင်ပါတယ် ဘုရား)၊ ဒကာ ဒကာမတို့ အဲဒါသည်ကား ဒုက္ခသစ္စာချည်းပဲဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။ ငယ်တုန်းကလည်း ဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။

ယခုအချိန်မှာကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဟင် ရှေ့လာမယ့် အချိန်ကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ- ခင်ဗျားတို့ ဒုက္ခသစ္စာများ ဆုတောင်းယူတာ အံ့စရာကောင်းလိုက်တာ၊ ဘာကြောင့် တောင်းတာတုံးဗျ (မသိလို့ပါ ဘုရား)။

မသိလို့၊ ဘာမသိတာတုံးဗျ (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် သစ္စာ မသိသေးသရွေ့ ကာလ ပတ်လုံး၊ သံသရာစခန်း မသတ်သေးဘူးဆိုတာ ဦးဘတင်တို့ မှတ်ဖို့ပဲ (မှန်ပါ)၊ ဘုရားကတော့ အတန်တန် ဟောရှာပါ တယ် ကိုထွန်းဦးရ (မှန်ပါ)၊ ငါလည်း သစ္စာမသိလို့ သေခဲ့ရတာ တောင်ပုံရာပုံ (မှန်ပါ)။

သစ္စာမသိသေးရင် သေရဦးမယ်

မင်းတို့လည်း သစ္စာမသိသေးရင် တောင်ပုံရာပုံ တောင်ပုံရာပုံသေရ ဦးမယ်လို့ ပြောတာပဲ (မှန်ပါ)၊ ကဲ သစ္စာမသိခင်တုန်းက ခင်ဗျားတို့၊ ဒီ`လူ့စည်းစိမ်၊ နတ်စည်းစိမ် အကြိမ်ကြိမ်ဆိုတာဟာ ကြည့်စမ်း ခင်ဗျားတို့ အရိုးတောင်နှယ်ပုံတဲ့ ဆုကို တောင်းထားတာ (မှန်ပါ)။

ဘာတောင်းထားတာလဲ (အရိုးတောင်လိုပုံပါ ဘုရား)၊ တောင်း ကောင်းရဲ့လား၊ မတောင်း ကောင်းဘူးလား၊ ကိုယ်တိုင် စဉ်းစားစမ်း (မတောင်းကောင်းပါဘူး ဘုရား)။

မတောင်းကောင်းတာကို တောင်းတာဟာ ဘာမသိလို့လဲ (ဒုက္ခသစ္စာ မသိလို့ပါ ဘုရား)။ အေး ဒုက္ခသစ္စာ မသိဘူး ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့တော့ဖြင့် သိကြ ပြီ (မှန်လှပါ ဘုရား)။ သော်ဒုက္ခသစ္စာဆိုတာ အဆိပ်နဲ့ တွဲလာတာကိုး၊ ဦးဘကြည် ဘာနဲ့တွဲလာသလဲ (အဆိပ်နဲ့ တွဲလာတာပါ ဘုရား)။

ခန္ဓာငါးပါးကအဆိပ်ပင်ကြီး

အဆိပ်နဲ့ တွဲလာတယ်ဆိုတော့၊ ခန္ဓာငါးပါးက အဆိပ်ပင်ကြီး ဇာတိ၊ ဇရာ၊ မရဏက အဆိပ်အသီးတွေနော်၊ အဲဒီတော့ သူသတ်လို့ သေမှာပဲ၊ သဘောကျပြီလား (မှန်ပါ)။ အဲဒီတော့ ခင်ဗျားတို့ကို ဥပမာပြရလို့ရှိရင် ဖြင့် ဘာနဲ့တူပါလိမ့် မတုံးဆိုရင်၊ ကျုပ်တို့ ဇာတ်နိပါတ်တွေမှာ ပါတယ်နော် ဦးဘကြည်။

ဟိမဝန္တာတောမှာ ဆယ့်နှစ်ရာသီပွင့်ပြီး ဆယ့်နှစ်ရာသီ သီးနေတဲ့ အဆိပ်တောကြီး တစ်ခုရှိတယ် (မှန်ပါ)၊ ဟိမဝန္တာတောကို ရောက် သွားတဲ့ သတ္တဝါတွေဆိုရင် ဒီအနံ့ရှုမိတယ်။

ဒီအနံ့သာ သူ့နှာခေါင်းထဲရောက်လာလို့ရှိရင်၊ မစားဘဲကို မနေနိုင် လောက်အောင် မွှေးကြိုင်တယ်၊ အဆင်းကလည်းကောင်း၊ အရသာက လည်းကောင်း၊ စားမိလို့ ဝမ်းထဲ ရောက်ရင်လည်း သေတာပဲ၊ သဘောကျ ပလား (မှန်လှပါ ဘုရား)။ အဲဒီအပင်အောက်မှာ သွားကြည့်လို့ ရှိရင် လည်း ငှက်ရိုးတွေ၊ ဒီပြင်သားကောင်ရိုးတွေဟာ ပုံနေတာပဲ (မှန်ပါ)။

သို့သော်လည်း နောက်အတောင်စုံပြီး ပြန်လာကြတဲ့ ငှက်တွေက လည်း၊ ဒီအနံ့ရပြန်၊ ဒီအသီးစားချင်တဲ့စိတ်ပေါ်ပေါက်လာပြန်တာပဲ၊ သူတို့မိဘအရိုးတွေလည်းအောက်မှာမြင်တာပဲ (မှန်ပါ)၊ မြင်ပင်မြင်ငြား သော်လည်း သော် သူတို့သာ သေတာ၊ ဒို့မသေဘူးဆိုပြီးစားပြန်တာပဲ။

စားပြန်လို့ နောက်အကောင်ဟာလည်း ဒီအရိုးပေါ်ထပ် သေတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဒါဖြင့် ဒီ တိရစ္ဆာန်လေးတွေသည်ကား လို့ဆိုလို့ရှိရင်ဖြင့် အင်မတန်မိုက်တဲ့ တိရစ္ဆာန် လေးတွေလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အရိုးတွေလည်းမြင်သားဗျ (မှန်ပါ)။ ဒီအနံ့ နံလို့ ဒီအသီးတွေ မြင်ပြန်တော့ မစားဘဲ နေနိုင်ရဲ့လား (မနေနိုင်ပါ ဘုရား) သို့သော် သူတို့စိတ်ထဲက ဘယ်လိုအောက်မေ့သတုံး၊ ဟိုအကောင် တွေသာ သေတာ၊ တို့ကတော့ သေမှာမဟုတ်ဘူး။

ကောင်းပြီ ဒါဖြင့်၊ ဒီတိရစ္ဆာန်မိုက် ကလေးတွေသည် အရိုးမြင် လျက်သားနဲ့ ဒီအသီးစားလို့၊ ဒီအနံ့ရလို့၊ ဒီအကောင်တွေသည်ကားလို့ ဆိုလို့ရှိရင်၊ ဒုက္ခရောက်တာဆိုတာ သိလျက်သားနဲ့ စားတော့ သူတို့လည်း ဒီအရိုးပုံပေါ်မှာ အရိုးဖြစ်ရပြန်တာပဲ (မှန်လှပါ ဘုရား)။

သေပွဲဝင်ရတာကိုး (မှန်ပါ)၊ လွတ်သေးရဲ့ လား (မလွတ်ပါ ဘုရား)။ ခင်ဗျားတို့ ကျုပ်တို့မှာ လည်း ကိုယ့်အမေတွေ၊ အဖေတွေ၊ အဘိုးတွေ၊ အဘွားတွေဟာ ဒီလောဘ၊ ဒေါသ၊ မောဟတည်း ဟူသော ချမ်းသာမှုကို အလိုရှိပြီး သကာလပေါ့ဗျာ (မှန်ပါ)။

ခင်ဗျားတို့ ဒီမျက်လုံးနဲ့ကြည့်ကောင်းတဲ့ပစ္စည်းမျိုးကို ရှာလေ့ရှိ တယ် (မှန်လှပါ ဘုရား)။ နားပေါက်က နားထောင် ကောင်းတဲ့ပစ္စည်း မျိုးကော (ရှာလေ့ရှိတယ် ဘုရား)။ မျက်လုံးပေါက် ကလည်း သုခဝဒေနာ ကြိုက်တယ် (မှန်လှပါ ဘုရား)။

သုခဝေဒနာကြိုက်ကြတယ်

နားပေါက်ကကော (သုခဝေဒနာကြိုက်ပါတယ် ဘုရား) နှာခေါင်းပေါက်ကကော (သုခဝေဒနာ ကြိုက်ပါတယ် ဘုရား)။ အဲ လျှာပေါက်ကရော (သုခဝေဒနာ ကြိုက်ပါတယ် ဘုရား)။ အေး ကိုယ်ပေါက်ကရော (သုခဝေဒနာ ကြိုက်ပါတယ် ဘုရား)။

သုခဝေဒနာကြိုက်တာချည်းပဲ၊ မနောပေါက်ကကော (သုခဝေဒနာ ကြိုက်ပါတယ် ဘုရား)၊ သုခဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ သုခဝေဒနာ နောက် လိုက်ပြီးသကာလ၊ သူတို့ ရောင်းဝယ် ဖောက်ကားပြီး သုခဝေဒနာ ရှာနေကြတာပဲ၊ မရှာကြဘူးလား (ရှာပါတယ် ဘုရား)။

တစ်မြို့လုံး မိုးလင်းလာတယ်လို့ဆို၊ ကိုယ့်အိမ်သူ့အိမ် ဆိုသလို သွားကြ လာကြတာ ဘာရှာကြတာလဲ (သုခ ဝေဒနာပါ ဘုရား)။ အဲဒါ အဆိပ်တွေချည်း မှတ်ပေတော့၊ သဘော ကျပြီလား (မှန်ပါ) ဘာတွေပါလိမ့် (အဆိပ်တွေချည်းပါ ဘုရား)။

ဇာတိ၊ ဇရာ၊ မရဏဘက်သွားကြတယ်။

အဲဒါကို စားရင်းမတ္တနဲ့ ဒီဟာတွေ သုခဝေဒနာကြောင့် ဝေဒနာ ပစ္စယာတဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏဆီ မသွားဘူးလား သွားသလား (သွားပါတယ် ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဘိုးတွေ ဘွားတွေဟာ သုခတွေ ရှာပြီးသကာလ ဝေဒနာပစ္စယာတဏှာ၊ ဇာတိ၊ ဇရာ၊ မရဏဘက်ချည်း သွားကြသလား မသွားကြဘူးလား (သွားကြပါ တယ် ဘုရား)။

သွားကြလို့ပဲ ခင်ဗျားတို့ကိုယ်တိုင် သုသာန်ကို ပို့လိုက်ကြရတယ် (မှန်ပါ)၊ အဘိုးပို့ လိုက်ရပြီ၊ အဘွားပို့လိုက်ရပြီ (မှန်ပါ)။ ဆွေမျိုး တွေကော (ပို့လိုက်ရပါပြီ ဘုရား)။ ဒီ အဆိပ်သီး စားရင်း ဒီအဆိပ်သီးက သတ်တာနဲ့သေမှာပဲ (မှန်လှပါ ဘုရား)။

ဘယ်သူ့သတ်လို့ပါလိမ့်

ဘယ်သူသတ်လို့ပါလိမ့်၊ ဒီအဆိပ်သီးတွေသတ်လို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ကျုပ်တို့ကိုယ်တိုင်ကျတော့ – ဒီအဆိပ်တွေက ဘယ်ရှိသတုံးဆိုရင် သုခဝေဒနာ ဝမ်းထဲမှာ ရှိတယ်၊ ဒုက္ခဝေဒနာကော (ဝမ်းထဲမှာပါ ဘုရား)။

ဥပေက္ခာဝေဒနာကော (ဝမ်းထဲမှာပါဘု ရား)၊ ဒါဖြင့် ဝေဒနာခြောက်မျိုးဘယ်မှာရှိတုံး (ဝမ်းထဲမှာပဲ ရှိပါ တယ် ဘုရား)။ အဲ တိုတိုပြောကြပါစို့ဆိုတော့၊ ခန္ဓာငါးပါးထဲ အဆိပ်ခြောက်မျိုး ရှိတယ်ဆိုတာ သဘောကျပြီလား (မှန်ပါ)။

မျက်စိအမြင်ချမ်းသာဖို့

အဲဒီတော့ မိုးလင်းတဲ့အခါကျတော့ ခင်ဗျားတို့ မျက်စိ အမြင်ချမ်း သာဖို့ဆိုတော့ တိုက်တာ မှာလည်း ဆေးတွေဘာတွေ သုတ်ကြရသေးတာ ပေါ့ဗျာ (မှန်ပါ)၊ ဟင် မျက်စိချမ်းသာဖို့ တွေကော မလုပ်ရဘူးလား (လုပ်ရပါတယ် ဘုရား)။

နားချမ်းသာဖို့ကော (လုပ်ရပါတယ် ဘုရား)။ မရှိ ဆိုတဲ့ အသံများ နားမှာတောင် မကြားပါရစေနဲ့၊ အံမယ် နားချမ်း သာဖို့ရှာကြတာ ကိုးဗျ (မှန်ပါ)။ နှာခေါင်းချမ်းသာဖို့ကော (ရှာကြရပါတယ် ဘုရား) ဟာရှာရတာပေါ့။

နှာခေါင်းချမ်းသာဖို့

ဟင်းချက်တယ်ဆိုလို့ရှိရင် အမွှေးတွေ အကြိုင်တွေ ထည့်ပြီးတော့ နှာခေါင်း ချမ်းသာမှုကော မရှာရဘူးလား (ရှာရပါတယ် ဘုရား)၊

ကိုယ်ချမ်း သာမှုဆိုတာကလည်း အထည် အမျိုးမျိုး လဲနေရတာနဲ့ အားသေးရဲ့ လား (မအားပါ ဘုရား)

စိတ်ချမ်းသာမှုဆိုတာကတော့ ဒကာ ဒကာမတို့ ပစ္စည်းမျိုးစုံတွေ အကုန်စုံမှ စိတ်ချမ်းသာတာကိုးဗျ (မှန်ပါ)။

ဒါသာရှိတယ်၊ ဟိုဟာလိုနေတယ် (မှန်ပါ)။ အဲဒီတော့ စိတ် ချမ်းသာမှုကတော့ အကုန်ခြုံပြီး သကာလ မရှာရဘူးလား (ရှာရပါ တယ် ဘုရား) ရှာရတော့ ဒီဝေဒနာတွေ မျိုးရင်း စားရင်းနဲ့ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏဘက် မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီဝေဒနာတွေ သတ်တာလို့ ဦးဘကြည်တို့၊ ဦးခင်မောင်တို့ကို ဘုန်းကြီးက ပြောလိုက်ပြီ၊ ခင်ဗျားတို့က ငြင်းချင်သေးသလား (မငြင်းချင်ပါဘူး ဘုရား)။ ကြည့်လေ ဝေဒနာ ဖြစ်တော့ တဏှာက မလာ ဘူးလား (လာပါတယ် ဘုရား)။

ဘယ်သူသတ်တာပါလိမ့်

ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏကကော (လာပါတယ် ဘုရား)။ ဟင် ဘယ်သူ သတ်တာပါလိမ့် (ဝေဒနာ သတ်တာပါ ဘုရား)။ ဝေဒနာက သတ်တာတွေ ဒကာ ဒကာမတို့ ရိပ်မိကြပြီလား (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ မနက်လင်းတဲ့အခါကျ ဒီဝေဒနာခြောက်မျိုးကို လျှောက်မရှာ ကြဘူးလား (ရှာပါတယ် ဘုရား)။

ရှာတယ်၊ ဘာဖြစ်လို့ရှာတုံး၊ အို-ကျုပ်တို့ အမြင်ချမ်းသာဖို့၊ အကြား ချမ်းသာဖို့ (မှန်လှပါ ဘုရား)။ နှာခေါင်းချမ်းသာဖို့ (မှန်ပါ)၊ လျှာ ချမ်းသာဖို့ မရှာကြဘူးလား (ရှာပါ တယ် ဘုရား)။ အဲ ဒါသည် ဘာရှာတာတုံးဆိုတော့ အဆိပ်ရှာကြတာ သဘောကျပြီလား (မှန်ပါ)။

အဆိပ်ရှာတော့ ရှာလို့ရတဲ့အခါ အန်ပစ်သလား၊ မျိုချသလားလို့မေးပါ (မျိုချပါတယ် ဘုရား)။ မျိုချတော့ အတွင်းမှာ ဝေဒနာရောက် ပြီဗျ။ ဝေဒနာရောက်တော့ တဏှာကကော (ရောက်ပါတယ် ဘုရား) ဥပါဒါန်ကကော (ရောက်ပါတယ် ဘုရား)။

ဇာတိ၊ ဇရာ၊ မရဏကကော (ရောက်ပါတယ် ဘုရား)။ ရောက် တော့ ဝေဒနာကို အဆိပ်မှန်း မသိတော့၊ ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီအဆိပ်သီးတွေကိုပဲ ခင်ဗျားတို့က ရှာနေကြတာပဲ သဘောကျပြီလား (မှန်ပါ)။

ဒီလိုရှာရင်း မတ္တနဲ့ ဘိုးတွေ ဘွားတွေသေလို့ အရိုးတွေ တောင်လိုပုံ မယ်ဆိုရင်၊ ဆင်ဖြူကန်မှာလည်း ဦးဘကြည် ထပ်ချလို့ကို ဆုံးမှာမဟုတ်ပါဘူး။ ဆုံးပါ့မလား (မဆုံးပါ ဘုရား) ရဟိုင်း မှာကော (မဆုံးပါဘူး ဘုရား)။

သို့သော်လည်း သူတို့သာ ဒီအသီးစားပြီး သေသွားတာကိုးဗျ။ တို့စားရင်တော့ မသေဘူး ဆိုပြီး သကာလ၊ ခင်ဗျားတို့လည်း ဒီဝေဒနာခြောက် မျိုး လျှောက်ရှာတာပဲ၊ မရှာကြဘူးလား၊ ရှာသလား (ရှာပါတယ် ဘုရား)။ ဖြစ်မှဖြစ်ရလေတယ်၊ သေခြင်းဆိုတော့ သေကြတော့မှာပဲ၊ မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား)။

ဧကန်ပဲဆိုတာဖြင့် ဦးခင်မောင် ငြင်းနေဖို့ လိုသေးလား (မလိုပါ ဘုရား)၊ ခင်ဗျားတို့ ကလည်း ဒီဝေဒနာဖြင့် မရှာတော့ပါဘူး၊ ဝေဒနာဖြစ် ပျက်ရှုပြီး ဝေဒနာငြိမ်းအောင် လုပ်ပါတော့မယ်လို့ မလာဘူးလား (မှန်ပါ)၊ ဦးလှတို့ ဒါတွေကိုသာပြီး ရှာတာပေါ့ဗျာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မနက်မိုးလင်းရင်ဘာရှာကြတာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ မနက်မိုးလင်းထွက်ကြတာ၊ ဘာရှာကြတာ တုံး (သုခဝေဒနာပါ ဘုရား)၊ ဝေဒနာရှာတာ ဟာ အဆိပ်စားကြတာပဲ။ သဘောကျပြီလား (ကျပါတယ် ဘုရား)။ အဆိပ်သီးစား ထွက်ကြတာ။ ဒီအဆိပ်သီးစားလို့ပဲ သေတဲ့ပုဂ္ဂိုလ်ပေါင်း ဒီမြို့မှာ ဘယ်လောက် ရှိပြီလဲ (မရေတွက်နိုင်ပါ ဘုရား) သို့သော် ခင်ဗျားတို့ စားတော့ သေမယ်မထင်ပါဘူး (သေမှာပါ ဘုရား)။

သေမှာပါပဲ၊ သေမှာသိလျက်သားနဲ့ ရှာတာဗျ၊ သဘောကျပြီလား (မှန်ပါ)၊ သေမှာသိလျက်နဲ့ ဘာတုံး (ရှာတာပါ ဘုရား)။ ရှာတော့ စားမိ၊ မျိုမိတယ် (မှန်လှပါ ဘုရား) စားမိ မျိုမိတဲ့အခါကျတော့ အရင်အရိုး တွေပေါ်ပဲ မထပ်ဘူးလား (ထပ်ပါတယ် ဘုရား)။

အရင် အရိုးတွေကလည်း ဒါစားသွားတာ၊ ဒါစားလို့ သေကြတာပဲ (မှန်ပါ)။ နောက်အရိုး တွေကကော (ဒါစားတာပါ ဘုရား)။ နောက် ခင်ဗျားတို့ သားတွေ မြေးတွေကော ဒါစားမှာပဲ၊ ဒီတော့ ခင်ဗျားတို့ အမျိုးဟာ ဘာအမျိုးပါလိမ့် (အဆိပ်စားတဲ့အမျိုးပါ ဘုရား)။

အဆိပ်စားတဲ့အမျိုး၊ သေခြင်းဆိုး သေတဲ့အမျိုး၊ မဆို ထိုက်ဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။ ဒါဖြင့် ဒုက္ခသစ္စာရယ်လို့ ဦးဘကြည် မသိသရွေ့ စားကြဦးမှာပဲ (မှန်လှပါ ဘုရား)။ အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောရှာပါတယ်။ ဘုန်းကြီးက ကြံဖန်ဟောတာ မဟုတ်ပါဘူး။

ဝေဒနာသည် လူသတ်သမား

မင်းတို့ ဝေဒနာခြောက်မျိုးဟာ သံယုတ်ပါဠိတော်မှာ ဝေဒနာ မာရော၊ ဝေဒနာ = ဝေဒနာသည်၊ မာရော -သူသတ်သမားကွ (မှန်လှပါ ဘုရား)၊ ဒါဖြင့် ဝေဒနာခြောက်မျိုးဟာ ဘာတဲ့တုံး (သူသတီသမားပါ ဘုရား)၊ ဟုတ်မှဟုတ်ရဲ့လားလို့ လျှောက်ရှာ။

ဒီဝေဒနာကို ခံစားရင်း သေကြတာပဲ (မှန်ပါ)။ ဒီဝေဒနာကို လိုချင်ရင်း ရချင်ရင်း မတ္တနဲ့ တချို့ရှာရင်း သေတယ်၊ တချို့မျှော်ရင်းသေတယ်၊ တချို့ အနံ့သင့်ပြီး သေတယ်၊ ဦးဘကြည် ဘယ်လောက် ဆိုးတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ခုနက တိရစ္ဆာန်မို့လို့ ဆိုစရာ ရှိတယ် (မှန်ပါ)။

ခင်ဗျားတို့ လူလို့တော့ ဆိုင်းဘုတ်ဆွဲတာပဲ မဟုတ်လား၊ စားပုံ သောက်ပုံတွေကတော့ တိရစ္ဆာန် စားပုံ သောက်ပုံနဲ့ အတူတူပဲ၊ နှုတ်သီးနဲ့ ပါးစပ်ပဲ ကွာတယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။ အတော်မဆိုးဘူး လား (ဆိုးပါတယ် ဘုရား)။ အဲဒါ သေသေချာချာတွေးမှ။

တို့ဟာတော်တော်မိုက်ပါလား

ဪ-တို့ အဆိပ်သီးစားနေတာပါလား၊ တို့ဟာ တော်တော်မိုက် ပါလား၊ တို့ အဘိုးတွေ၊ တို့အဘွားတွေ၊ တို့အမျိုးတွေဟာ ဒီအဆိပ်သီးရှာရင်း စားရင်းနဲ့ သေကြတာပဲ သဘောကျပြီလား (ကျပါတယ် ဘုရား)။ သေတာကတော့ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ လမ်းမဆုံး ဘူးလား (ဆုံးပါတယ် ဘုရား)။

သူက လာတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ဝေဒနာက သတ်တာချည်းပဲ ဆိုတာ ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဝေဒနာသည် ခင်ဗျားတို့အား သတ်တတ်၏၊ “ဝေဒနာ မာရော” ကိုးဗျ။ ရှင်းကြပြီလား (မှန်ပါ)။

ဒါဖြင့် သုံးဆယ့်တစ်ဘုံ အလုံးစုံမှာ ဒီခန္ဓာငါးပါးတည်း ဟူသော အပင်မှာ ဒီအသီး၊ ဒီအပွင့်တွေက ပွင့်နေတာဗျ (မှန်ပါ)၊ စက္ခု-သမ္မဿ ဝေဒနာဆိုတာ ဝမ်းထဲရှိနေတာကိုး (မှန်ပါ)။ ရှိနေတော့ သူကလည်း ဘာကိုမှ ကြိုက်လေ့ရှိတုံးဆိုတော့ အဆိပ်မှကြိုက်တယ်၊ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

သုခခြောက်မျိုးက အဆိပ်နဲ့တူတယ်

အဲဒီတော့ ဒါတွေဟာ အဆိပ်တွေပဲ၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း သုခကြိုက်တွေ ဖြစ်နေတော့ သုခပဲ လျှောက် ရှာတယ် (မှန်ပါ) သုခ ဘယ်နှစ်မျိုးတွေ့ကြတုံး (ခြောက်မျိုး တွေ့ပါတယ် ဘုရား)။ ခြောက်မျိုး ဟာ ဘာတွေနဲ့ တူပါလိမ့် (အဆိပ်နဲ့တူပါတယ် ဘုရား)။

ကြိုက်တဲ့ပုဂ္ဂိုလ်ကို ဘာလုပ်မှာလဲ (သတ်မှာပါ ဘုရား)။ ကြိုက် တဲ့ပုဂ္ဂိုလ်ကို သတ်တယ်၊ ဒါဖြင့် သုခကို မကြိုက်ရင် (မသတ်ပါ ဘုရား)။ ဪ-သတ်တတ်တဲ့သုခလို့ မသိရှာဘူး၊ ပဋိစ္စသမုပ္ပါဒ် ဆက်ကြည့်တော့မှ ဪ- သူ့ကြောင့်ကိုးလို့ ပေါ်လာတယ် (မှန်ပါ)။

ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏတွေဟာ သူက ဆက်လာတာ (မှန်ပါ)။ ဒီအဆိပ်ပင်က အဆိပ် ဆိုတာ ဗြုန်းကနဲ ၊ သေတာမဟုတ်ဘူး၊ ဖြေးဖြေးချင်းသေတာ၊ ရိပ်မိကြပြီလား (မှန်ပါ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အခု တောပစ်နေတဲ့ မုဆိုးတွေ ပစ်နေတဲ့ တစ်စွေ့ခုန်၊ နှစ်စွေ့ ခုန်၊ သုံးစွေ့ခုန် ဆိုသလိုပဲ ဒီအဆိပ်မျိုးတွေ (မှန်ပါ)။

ဒါဖြင့် ခင်ဗျားတို့၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ဒီခြောက်မျိုး များရှိလေ ရော့သလား (ရှိပါတယ် ဘုရား)၊ ရှိတယ်၊ မရှိရင် ဘာလုပ်ကြသတုံး (ရှာပါတယ် ဘုရား)။ ရှာတယ်၊ ခက်လိုက်တာ မရှိပြန်တော့ (ရှာပါ တယ် ဘုရား)၊ ဘာရှာတာတုံး (သေခြင်းကောင်းရှာပါတယ် ဘုရား)။

အဆိပ်ပင်ကအဆိပ်သီးတွေ

ဪ- သေခြင်းကောင်း သေချင်လို့လား (သေခြင်းဆိုး သေချင်လို့ပါ ဘုရား) ဖြစ်မှဖြစ်ရ လေဗျာ၊ အတော်ဆိုးနေပါပေါ့လား (မှန်ပါ)။ သေသေချာချာ ဉာဏ်နားနဲ့ထောင် မှ၊ ဒီဥစ္စာက အဆိပ်တွေ၊ ဒါက အဆိပ်ပင်ကြီး၊သူကသီးတာဗျ (မှန်ပါ)။ ခန္ဓာငါးပါးက သီးထွက်လာတာ (မှန်ပါ)။

ဒီအဆိပ်သီးတွေကို ခင်ဗျားတို့ကလည်း နေ့တိုင်းလိုလိုပဲ မျက်လုံး ဘက်က မရှာကြ ဘူးလား၊ အထည်အလိပ်ဆန်းကလေးတွေ ပြောင်းပြောင်းပြီး သကာလ ခင်ဗျားတို့ ဝတ်ဆင် နေကြတာ၊ မျက်လုံးချမ်းသာ မှု (မှန်ပါ)။ အသံတွေ သားသံ၊ သမီးသံ၊ ဆွေသံ၊ မျိုးသံတွေ မကြားရရင်၊ ခင်ဗျားတို့ ဘယ်သွား ကုန်တုံး မမေးကြဘူးလား (မေးပါ တယ် ဘုရား) မေးတယ်ဗျ။

အဲဒါသူတို့အသံလေးတွေ ကြားရတော့ စိတ်ချမ်းသာလျှင် သုခ ဝေဒနာလေးမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဒါလေးက ဘာပါလိမ့် (အဆိပ်ကလေးပါ ဘုရား)၊ အဆိပ် ကလေးရှာကို ရှာတာဗျ။ မရှိလျှောက်ရှာတာပဲ ဒကာ ဒကာမတို့ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ကဲ နှာခေါင်းဘက်ကလည်း ဒကာ ဒကာမတို့၊ မွှေးမွှေးကြိုင်ကြိုင် လေးတွေကို ကိုယ်တိုင်လည်း ကြိုက်တယ်၊ သားတွေ သမီးတွေလည်းပဲ သုတ်လိမ်းပေးတယ်ဆိုတာ ဦးဘကြည် ငြင်းဖို့လိုသေးသလား (မလိုပါဘူး ဘုရား)။ အဲဒါတွေကလည်း ဘာဝေဒနာပေါ်ဖို့တုံးဗျ (သုခဝေဒနာပါ ဘုရား)။

သုခဝေဒနာ လာလျှင် တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏက နေရစ်မှာလား (မနေရစ်ပါဘူး ဘုရား)။ မနေရစ်တော့ သူကစပြီးသတ်တော့မှာပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။ ကောင်း ပြီ လျှာပေါက်ကလည်း ဒကာ ဒကာမတို့ ဈေးထဲများသွားပြီး အပုပ်အစပ်တွေ စုဝယ်သလား၊ လတ်လတ် ဆတ်ဆတ်တွေ စုဝယ်သလား (လတ်လတ် ဆတ်ဆတ်တွေ စုဝယ်ပါတယ် ဘုရား)။

ဘာဖြစ်ချင်လို့ပါလိမ့်၊ သုခဝေဒနာ အဆိပ်ဖြစ်ချင်လို့ ပေါ်ပြီလား (မှန်ပါ)။ ဒီ သုခဝေဒနာ အဆိပ်က ခင်ဗျားတို့ဟာ ခင်ဗျားတို့ ရှာဝယ်ပြီး၊ ခင်ဗျားတို့ကိုယ်တိုင် ဒီအဆိပ်မျိုးမှာလား၊ မရှိဘူးလား (မှာပါ ဘုရား)၊

ဒါမှ အန္တရာယ်ကင်းမှာကိုးဗျ၊ ခင်ဗျားတို့ ဒါချည်း ရှိနေတော့ မခက်ဘူးလား။ ဝေဒနာ ပစ္စယာ တဏှာက လာမှာလား မလာဘူးလား (လာပါတယ် ဘုရား)။

အဝတ်အထည်တွေပြောင်းဝတ်တယ်

တဏှာလာရင် ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ ကကော (လာမှာပါ ဘုရား)။ ဪ- ဒါဖြင့် အဆိပ်မျိုကတည်းက မကြာပါဘူး သေတော့မှာ မသေရပေဘူးလား (သေရမှာပါ ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ဘက်ကလည်း အထည်အလိပ်ဟာ ဒါချည်း ပေဝတ် သလား၊ အဆင်ပြောင်းပြီး သကာလ ဝတ်ကြသလားလို့မေးရင် ဘယ့်နှယ်ပြောကြမှာလဲ (ပြောင်းပြီး ဝတ်ပါတယ် ဘုရား)။

လက်ဝတ်လက်စားတွေပြောင်းဝတ်တယ်

ဒီဟာ မကောင်းဘူး၊ ဟိုဟာကောင်းတယ်ဆိုပြီး သကာလ အထည် အလိပ်တွေ၊ လက်ဝတ် လက်စားတွေကို ပြောင်းပြောင်းပြီး မဝတ်ကြဘူးလား (ဝတ်ပါတယ် ဘုရား)၊ ဟိုဟာမှကြိုက်တယ်၊ ဒီဟာမှ ကြိုက်တယ် ဆိုတော့ ကြိုက်တာက ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။

သုခဝေဒနာကို ဘုရားက ဘာဟောတုံး (အဆိပ်ပါ ဘုရား) အဆိပ်လို့လည်းဟောတယ်၊ မာရောလို့လည်း ဟောတယ် (မှန်ပါ)။ သူသတ်ယောက်ျားဆိုတာလည်း ကိုက်ညီပြီလား (ကိုက်ညီ ပါတယ် ဘုရား)။ သူသတ် ယောက်ျားဆိုတာ ဒကာ ဒကာမတွေ ရိပ်မိပြီလား ရှင်းပြီနော် (မှန်လှပါ ဘုရား)။

ကောင်းပြီ မနောပေါက်ကလည်း စိတ်ထဲမှာ ဒကာ ဒကာမတို့ ချမ်းသာတာကို ကြိုက် သလား၊ ဆင်းရဲတာကိုကြိုက်သလား (ချမ်းသာတာကိုကြိုက်ပါတယ် ဘုရား)၊ ချမ်းသာတာ ကြိုက်တယ် ဆိုတော့ ချမ်းသာတာ ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား)။

သုခဝေဒနာဟာ လူသတ်သမား

သုခ ဝေဒနာကို ဘုရားက ဘာဟောထားလဲ (အဆိပ်ပါ ဘုရား) အဆိပ်လို့လည်း ဟောတယ်၊ သူသတ်သမားလို့လည်း ဟောတယ်၊ အတူတူပဲ အဆိပ် ဆိုတာလည်းသက်တာပဲ၊ သူသတ်သမားလို့ ဟောတော့ လည်း သတ်တာပဲ၊ သတ်တာပဲဆိုတော့ ခင်ဗျားတို့က မိုးလင်းလာရင် ဘာရှာကြ တုံးဆိုတာသာ မေးပေတော့ (သူသတ်သမား ရှာပါတယ် ဘုရား)။

အဲ-သတ်မယ့်လူ လျှောက်ရှာတယ်၊ ဒီသတ်မယ့်လူ မတွေ့သေး လို့ရှိရင်ဖြင့် ဒီနေ့ စိတ်ချမ်းသာပါ့မလား၊ မချမ်းသာဘူးလား . (မချမ်းသာ ပါ ဘုရား)၊ သတ်မယ့်လူ တွေ့ရင်ဖြင့် (ချမ်းသာပါတယ် ဘုရား)၊ ဘယ်လောက် များဝေ့လည်နေသလဲ၊ ပေါ်ပြီလား ဒကာ ဒကာမတို့၊ ဪ- သစ္စာ မသိတာ ဦးဘကြည်ဟောနေတဲ့ပုဂ္ဂိုလ်တောင် ကြာတော့ သံဝေဂ ရလာတယ်။

ခင်ဗျားတို့ကိုက ထူလွန်းလို့ ပြောရတဲ့ ပုဂ္ဂိုလ်က ကြာတော့ မပြော ချင်လောက်အောင် ဖြစ်လာတယ်၊ ဘယ့်နှယ်ဖြစ်လာတုံးဆိုတော့ ဒကာ ဒကာမတို့ မိုးလင်းလာရင် ဒါရှာကြတာပဲ၊ မျက်လုံး ချမ်းသာမှု၊ နားချမ်းသာမှု တွေ မရှာကြဘူးလား (ရှာပါတယ် ဘုရား) ရှာတော့ ဒါ ဝေဒနာတွေ ရှာတာပေါ့ဗျာ (မှန်ပါ)။

အဆိပ်လို့လည်းဟောတယ်

ဝေဒနာတွေက ဘာတွေတုံး (အဆိပ်တွေပ. အဆိပ်လို့လည်းဟောတယ်၊ သူသတ် ယောက်ျားလို့လည်း ဟောတယ်။ ဝေဒနာမာရော လို့လည်း ဟောတယ်၊ သဘောကျပြီလား (မှန်ပါ)။

ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာကတော့ ဝေဒနာဟာ အဆိပ် (မှန်ပါ)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မိုးလင်းဘာရှာကြတုံး (အဆိပ်ရှာကြ ပါတယ် ဘုရား)။

အဆိပ်ရှာကြတယ်၊ သူသတ်ယောက်ျားရှာကြတယ်၊ သူများရှာခိုင်း သလား၊ ကိုယ်ကိုယ်တိုင် ရှာရတာ ကျေနပ်သလား (ကိုယ်ကိုယ်တိုင်ရှာရတာ ကျေနပ်ပါတယ် ဘုရား)၊ မင်းတို့ ခိုင်းရတာများကွာ အားမရလိုက်တာ မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

မင်းတို့ ခိုင်းရတာများမကောင်းဘူး၊ ဘယ်ဟာမှ စိတ်ချ လက်ချ မရှိဘူး၊ ငါကိုယ်တိုင်လုပ်မှ ကောင်းတယ် ဆိုတော့၊ ငါ့ဟာ ငါရှာပြီး သေရတာကောင်းပါတယ် ဆိုတဲ့ အဓိပ္ပါယ် မရောက် ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ မသိတော့ဘူး၊ ဦးဘကြည် သိသေးရဲ့ လား (မသိပါ ဘုရား)။

သူသတ်ယောက်ျားလို့လည်းဟောတယ်

ဝေဒနာဟာ သူသတ်ယောက်ျားလို့ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။ အဲဒီ သူသတ်ယောက်ျားနဲ့ မတွေ့ရတဲ့နေ့ဆိုလို့ရှိရင် ခင်ဗျားတို့ စိတ်အပျက်ကြီးပျက်တယ် (မှန်ပါ)။ မျက်လုံးချမ်းသာမှုမရ၊ နားချမ်းသာမှုမရ၊ စိတ်ချမ်းသာမှု မရရင် ယနေ့ ဘာဖြစ်တုံးဆို၊ စိတ်ဆင်း ရဲရပြီး နေထိုင် မကောင်းဘူး၊ ဘာပြုလို့တုံး သတ်မယ့်လူ မလာလို့ ဒီအဓိပ္ပါယ် ပဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒီကျအောင် ဉာဏ်ရောက်ထားတော့မှ ဪ- ဒီ ခန္ဓာငါးပါး အဆိပ်ပင်ကြီးက ဒီအဆိပ် သီးတွေ သီးနေသရွေ့ ကာလပတ်လုံးဖြင့် ဘယ်ရောက်ရောက် သေခြင်းဆိုး သေမှာချည်းပဲ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီလို ဆိုနိုင်တော့မှ ဒီခန္ဓာကို ဘယ်ဟာကြိုက်သေးတုံး (မကြိုက်ပါ ဘုရား)၊ မကြိုက်တော့ဘူး၊ ဒကာ ဒကာမတို့ ဒါဖြင့် မသေရာ ရှာတော့မယ် (မှန်လှပါ ဘုရား)။ ကဲ အခု သေသေချာချာသိတော့ မနက် မိုးလင်းရင် သတ်မယ့်လူလျှောက်ရှာနေတဲ့ အလုပ်ကြီးကို ကိုယ့်ဟာ ကိုယ်သိနေပြီ (မှန်ပါ)။

အဲဒီလို သိနေတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့်၊ အင်း-ဒီဥစ္စာ ကင်းလည်း မကင်းနိုင်၊ သူက သတ်မှာလည်း ဧကန်ပဲ၊ တို့ကလည်း မရှာပဲမနေနိုင်ဘူး၊ တိရစ္ဆာန်မိုက်မိုက်နေတယ်၊ ဒါဖြင့် သူသတ် ယောက်ျား အဆိပ်တွေကို ခင်ဗျားတို့ ရှာရင်း ဖွေရင်းနဲ့ပဲ သေရမှာ ဆိုရင်ဖြင့် ခင်ဗျားတို့ ကိုယ့်ဟာကိုယ် ဗျာဒိတ်ပေးတာ ကိုက်တယ် (ကိုက်ပါတယ် ဘုရား)။

ရှာရင်းဖွေရင်းနဲ့သေရမှာ

ဒကာ ဒကာမတွေ ဘယ်လိုများ ဆုံးဖြတ်ချက်ချတုံး၊ ဟာ မရှာတော့ဘူး ဘုရား၊ ကျောင်း, ကန်ဘုရားနဲ့ တရားအားထုတ် သေပါတော့မယ်လို့ မလာဘူး (မလာပါ ဘုရား)၊ ရှာရင်း ဖွေရင်းနဲ့ပဲ သေရမှာ ထင်ပါရဲ့ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ရှာရင်း ဖွေရင်းနဲ့ ဘာဖြစ်ကြမယ်ထင်တုံး (သေရမှာပါ ဘုရား)။ ဗြုန်းခနဲ ကိုယ်တည်ထောင် ထားတာကြီး လွှတ်ပစ်လိုက်လို့ မဖြစ်သေးဘူး၊ ရှာရင်း ဖွေရင်းနဲ့ အသေခံမယ် ဆိုတော့ အတော် ဆိုးမနေ ဘူးလား (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ကိုယ်ရှာတဲ့အဆိပ်နဲ့ ကိုယ်ကျိုပြီးသကာလ၊ ကိုယ်အသေခံ မယ်ဆိုတဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါ ဘာမသိလို့ ဒီလောက် အသေခံရဲတာတုံး (ဒုက္ခ သစ္စာကို မသိလို့ပါ ဘုရား)။ ဪ-ဒုက္ခသစ္စာ မသိသေးဘူးဗျ (မှန်လှပါ ဘုရား)။ ကဲ ဦးဘကြည်တို့ က

“ဝီသဝိသဘူတဒုက္ခဒဿနေန အမတဋ္ဌော’’

ဆိုတော့ အခုလိုသိတော့မှ အမတဋ္ဌကို ခင်ဗျားတို့ သဘောကျမယ်။ မသေရာနိဗ္ဗာန်ကို သဘောကျမယ်၊ နို့မို့ရင် မကျသေးဘူး (မှန်ပါ)။

ဒီတရားနဲ့ ခင်ဗျားတို့ ဒိပြင်တရားတွေနဲ့တော့ တကယ် ကန့်လန့် ကြီးသွားတာ၊ မသွားသေး ဘူးလား (သွားပါတယ် ဘုရား)။ ကန့်လန့်၊ တည့်စရာကို တစ်ကွက်မှမရှိဘူး၊ ဒါက ကိုထွန်းဦးတို့က တရားစစ်ကို (မှန်လှပါ)၊ သဘောကျပလား (မှန်လှပါ ဘုရား)။

(တပည့်တော်တို့ ပြောင်းပြန်ကျင့်ရမှာပါ ဘုရား)။ ပြောင်းပြန်ကျင့်မှ အမှန်ရမှာပဲ၊ ပြောင်းပြန်လည်း ကျင့်နိုင်ဖို့ရာ မလွယ်ဘူး၊ ဒီသားနဲ့ ဒီသမီးနဲ့ လက်ညှိုးကထိုးနေသေးတာ၊ ခက်တာက (မှန်ပါ)။

ဝေဒနာတွေကြောင့် ခက်နေတာ

စိတ်ထဲကတော့ ဟုတ်ပါလား၊ တရားနာတဲ့အခါတော့ အသေအချာ သဘောကျတယ်၊ ဒီပြောတဲ့ ဘုန်းကြီးကလည်း ရှင်းရှင်းပြောမယ်၊ ခင်ဗျားတို့ ကလည်း ဪ ဟုတ်ပါလား၊ ဒီ ဝေဒနာတွေ ကြောင့် ခက်နေတာပဲ၊ မျက်လုံး ချမ်းသာမှု၊ နားချမ်း သာမှု၊ နှာခေါင်းချမ်းသာမှုဆိုတဲ့ ချမ်းသာမှုလိုက် နေတာနဲ့ပဲ ဝေဒနာပစ္စယာ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ၊ မရဏ အထိ သွားသွားတိုးနေတာပဲ၊ မတိုးဘူးလား (တိုးပါတယ် ဘုရား)။

ဒါက ဖြတ်လို့ကော ရရဲ့လား (မရပါဘူး ဘုရား) ဒီဝေဒနာ ရှာနေတဲ့ ပုဂ္ဂိုလ်ကတော့ ဘယ်နည်းနဲ့မှ ဖြတ်လို့ မရဘူး၊ ဝေဒနာဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ဖြင့် ဖြတ်လို့ရတယ် (မှန်ပါ)။ ဝေဒနာ ရှာနေတဲ့ ပုဂ္ဂိုလ်ကတော့ အသေခံမှာပဲ (မှန်ပါ)၊ သဘောကျပလား (မှန်ပါ)။

ဒါကြောင့် ခင်ဗျားတို့ ညည်းတဲ့ အဓိပ္ပါယ်ကောပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ တောက လည်း မထွက်နိုင်၊ ငယ်တုန်းကလည်း ဒီဆရာ သမားနဲ့မတွေ့ကိုဗျ၊ ဆင်ခြေတွေကများ လိုက်တာလွန်နေတာပဲ (မှန်ပါ)။

ငယ်တုန်းက ဘုန်းကြီးတွေ့ရင် တပည့်တော်တို့ ဒီလို မဖြစ်ဘူးထင် တယ်၊ လာသေးတယ်၊ တချို့က လာသာလာတယ် တစ်လုံးမှ မဟုတ်ဘူး။ ဟုတ်စရာကော မြင်ရဲ့လား (မမြင်ပါ ဘုရား) မမြင်ဘူးဗျ။

ရာရင်းဖွေရင်းပဲသေလိမ့်မယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ရှာရင်း ဖွေရင်းပဲ သေရတော့မယ်။ တပည့်တော်တို့ဖြင့် ဒီဘဝတော့ ဒီမျှ ထင်ပါရဲ့၊ ရှာရင်း ဖွေရင်းပေါ့ဗျာ။ ဘာတွေရှာကြတုံး (အဆိပ်တွေ ရှာပါတယ် ဘုရား)၊ ဝေဒနာတွေရှာ တယ်၊ အဆိပ်တွေရှာတယ်၊ တချို့ကျတော့ ရှာရင်းဖွေရင်းပဲ သေလိမ့်မယ်ဗျ လို့ ဘယ်ဘုန်းကြီးက ဟောဟော အကိုက်ပဲ၊ သဘောကျပြီလား (မှန်ပါ)။

ဘာပြုလို့လဲ ကိုယ်ရှာတာကလည်း အဆိပ်၊ ရပြန်လည်း မျိုးမှာပဲ။ ခင်ဗျားတို့က ဒီအတိုင်း နေမှာလား၊ ရပြန်လို့ရှိရင် သာယာတဲ့ တဏှာနဲ့မျိုးမှာ လား (မျိုမှာပါ ဘုရား)။ ရရင် သုံးမယ်ဘုရား၊ စားမယ် ဘုရား၊ လာပြီ ကောဗျ၊ ခင်ဗျားတို့က (မှန်ပါ)။

သုခလာရင် ဘာလုပ်ကြမယ်၊ စားမယ်၊ သုံးမယ်ဟုတ်လား၊ ဒါတွေပဲ မလာဘူးလား (လာပါတယ် ဘုရား)။ ဒါဖြင့် မျိုမယ်ဆိုတာက ပါနေပြီ် (မှန်ပါ)။ ဘာတွေမျိုတာပါလိမ့် (အဆိပ်တွေပါ ဘု ရား)။ သေမှ သေပါ့မလား (သေမှာပါ ဘုရား)။

အတော်ဆိုးမနေဘူးလား၊ ကိုင်း ဒကာ ဒကာမတို့ ဒါက ဦးဘကြည် က ဝီသဘူတ ဒုက္ခဒဿနေနကို ဟောနေတာ (မှန်ပါ)။

ဒီ ဝီသဘူတ ဒုက္ခဒဿနေန အဆိပ်ဖြစ်၍နေတဲ့ ဝေဒနာ ခြောက်မျိုးကို ဒုက္ခသစ္စာ ရယ်လို့ မင်းတို့သိမှ

‘‘အမတဋ္ဌော’’ ဪ -သူမရှိမှ မသေမှာကိုးဆိုတာ ယုံကြည်တယ် (မှန်လှပါ ဘုရား)၊ သူမရှိရင် သေစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ မသေရာဆိုတာက သူမရှိမှ၊ ဒီအပင်လည်းမရှိ မှ၊ ဒီအသီးတွေကော (မရှိလှပါ ဘုရား)။ ဒီအဆိပ်လည်း မရှိမှ မသေမှာ သဘောကျပြီလား (မှန်ပါ)။

ဘယ်သွားနေကြသတုံး

နားလည်တဲ့ပုဂ္ဂိုလ်ဖြစ်လည်း သော် မှားချက်က သန်လှချီလား ဆိုပြီး ပြေးချင်လည်း ပြေးမှာပဲ၊ မှားချက်က အတော်မသန်ဘူးလား (သန်ပါတယ် ဘုရား)၊ ဒီကနေ့ ဘယ်သွား နေကြသတုံး မေးလို့ရှိရင်ဖြင့် ဘာမှ ခင်ဗျားတို့တွေးမနေနဲ့ နောက်ကိုနော်။

အဆိပ်ရှာထွက်တယ် ရှင်းပြီလား (မှန်ပါ)။ ဒကာ ဒကာမတွေ နက်ဖြန် ဘယ်သွားကြမှာ တုံးလို့ မေးရင် ဘယ့်နှယ်ဖြေကြမှာလဲ (အဆိပ်ရှာထွက်ရမှာပါ ဘုရား)။ အဆိပ်ရှာ ထွက်ရမှာ ဖြစ်ပြီး သကာလ နေ တော့၊ ရတဲ့အဆိပ်ကိုလည်း ခင်ဗျားတို့သည် အဆိပ်မှန်းသိပြီးသကာလ လွှင့်ပစ်မှာလား၊ မျိုးကြမှာလား။

ဝေဒနာပစ္စယာတဏှာ ဆိုတော့ တဏှာကချိုတာပေါ့ ဗျာ (မှန်ပါ)။ တဏှာလာတော့ ဥပါဒါန်မလာဘူးလား (လာပါတယ် ဘုရား)။

ဥပါဒါန်လာကတည်းက ကမ္မဘဝတွေ မလာသေးဘူးလား (လာပါ တယ် ဘုရား) ဘဝလာရင် ဇာတိ၊ ဇရာ၊ မရဏကော (လာပါတယ်” ဘုရား)။

ဪ ဒါတွေဟာ ဒကာ ဒကာမတွေ ဘာမျိုမိလို့ ဖြစ်ပါလိမ့်မလဲ (အဆိပ်မျိုမိလို့ပါ ဘုရား)။ အဲဒါတွေ ဘဝများစွာက မျိုတာ (မှန်ပါ)၊ ဘဝများစွာကလည်း သေခဲ့လှပြီ (မှန်ပါ)။ ဒါကြောင့် အရိုး

တောင်နှယ်ပုံနေပြီ ဆိုတာလည်း ကျုပ်တို့ အရိုးခင်ဗျားတို့အရိုးတွေဟာ ပြောဖို့ လိုသေးရဲ့ လား (မလိုပါဘူး ဘုရား)။

ကဲ ယနေ့ တရားပေါ်ပြီလား၊ ခင်ဗျားတို့ အဆိပ်တွေ ချည်း ဘဝ များစွာ မျိုလာကြတယ် (မှန်ပါ)၊ တိရစ္ဆာန်လေး ကြည့်ပြန်လည်း အစာရှာတယ်၊ လူတွေကြည့်ပြန်တော့လည်း ဝတ်ဖို့စားဖို့ ဆိုပြီး ရှာကြတယ်၊ ဘာရှာကြတာဆိုတော့ သုခ ဝေဒနာရှာကြတာ။

အဲဒီ သုခဝေဒနာရတဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ ဘာအကျိုးရှိ သတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမှာလဲ (အဆိပ်သင့်ပြီးသေဖို့ ပါ ဘုရား)။ ကဲ နတ်ပြည်များ ဝေဒနာနှိပ်စက် ချလိုက်တဲ့ ဖြစ်ခြင်းဗျာ၊ ဘုရား၊ တရား၊ သံဃာ အကုန်ကွယ်ပြီး သေခြင်းဆိုးနဲ့တစ်ခါတည်း လူ့ပြည်ရောက်တဲ့ သူကရောက်။

အဘိုးအဘွားတွေဘာနဲ့သေသတုံး

မရောက်တဲ့သူက ဒယ်အိုးသွားပေါ့ဗျာ (မှန်ပါ) သဘောကျ လား (ကျပါပြီ ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဘိုးတွေ ဘွားတွေ အရိုးတွေ ပေါ်မှာ မမြှုပ်ရဘူးလား (မြှုပ် ရမှာပါ ဘုရား) အဘိုးတွေ အဘွားတွေ ဘာနဲ့သေသတုံး ဆိုတော့ ဒီအဆိပ်နဲ့၊ တပည့်တော်တို့ ဘာနဲ့သေရမှာ တုံး (ဒီအဆိပ်နဲ့ပါ ဘုရား)။

ဒါကြောင့် ရှာရင်း ဖွေရင်း အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။ ဒါဖြင့် တို့ဒီခန္ဓာ လွတ်အောင် ဟောနေတဲ့ အဓိပ္ပါယ်မှတ်ပါ ရှင်းပြီလား (မှန်ပါ)။ ဘာဟောနေတာတုံး (ခန္ဓာလွတ်အောင် ဟောနေတာပါ ဘုရား)။

ဒီ အဆိပ်က နှိပ်စက်တတ်တာ၊ ခန္ဓာငါးပါးက နှိပ်စက်ခံရမှာ (မှန်ပါ) တွဲလျက်ချည်း ရှိနေတယ်၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ဪ- သတ္တဝါတွေ သုံးဆယ့်တစ်ဘုံမှာ တစ်ခါတည်း အရိုးတောင်နှယ် ပုံလောက်အောင်လုပ်တာ ဒီအဆိပ်ပဲပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အဆိပ်ဘယ်နှစ်မျိုးပါလိမ့် (ခြောက်မျိုးပါ ဘုရား)။ ခြောက်မျိုး မှာလည်း သုခအဆိပ်ဗျ နော်၊ ဒုက္ခအဆိပ်ကျတော့ ကပ်ပြီးမှသတ်တာ (မှန်ပါ) သူက စောစောကနေ ပြီးသကာလ ကျွေးထား တာ၊ ဒါဖြင့် သုခဝေဒနာက ခင်ဗျားတို့ကိုအရှာခိုင်းတာ၊ ဒုက္ခဝေဒနာက သတ်တာ ရှင်းပြီလား (မှန်ပါ)။

ဒါဖြင့် သုခဝေဒနာသည် ခင်ဗျားတို့ ဖြေးဖြေးခြင်း သေအောင်က သူ့တာဝန် (မှန်ပါ)။ အသက်ထွက်အောင် က ဒုက္ခဝေဒနာတာဝန် (မှန်ပါ)။ ခင်ဗျားတို့ကလည်း ခန္ဓာ ဖြစ်ရပါလို၏ ဆိုတော့ ဒီသူသတ်တွေ ပါရပါလို၏ (မှန်ပါ) ဒါဖြင့် ဝေဒနာဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ခင်ဗျားတို့ ဘဝတိုင်းသတ်လာတာသူပဲ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။ အဲဒီသတ်တဲ့ အဆိပ်တွေဟာ ဘယ်အပင်ယူလာသတုံး ဆိုတော့ ဒီခန္ဓာငါးပါးကယူလာတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကောင်းပြီ ခင်ဗျားတို့၊ ဒါက ခန္ဓာငါးပါး၊ သူယူလာတာက အဆိပ် ခြောက်မျိုး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ အဲဒီအဆိပ်ပင်ကြီး ဇာတ်မသိမ်းသေးလို့၊ ခင်ဗျားတို့က မွေးဖွားတဲ့ သားသမီး တွေ လည်း ဒါတွေတွဲလျက်လာမှာပဲ (လာမှာ ပါ ဘုရား)။ ဒီသားသမီးတွေက ဆက်မွေးတာ တွေကော (တွဲလျက်လာမှာပါ ဘုရား)။

ကိုယ့်ဟာကိုယ်သတ်သေတဲ့အမျိုး

ဒါဖြင့် ဒီအမျိုးသည်ကားဆိုလို့ရှိရင်ဖြင့် ကိုယ့်ဟာကိုယ် သတ်သေ တဲ့အမျိုး၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။ ဘာအမျိုးပါလိမ့် (ကိုယ့်ဟာကိုယ် သတ်သေတဲ့အမျိုးပါ ဘုရား)။ မသိသေးဘူး၊ ခင်ဗျားတို့ အခုဖော်ပြောလို့ ကိုယ့်အမျိုးကို ကိုယ်မသိဘူး (မှန်ပါ)။

အခုတော့ဖြင့် သေသေချာချာ ရေရေလည်လည်သိပြီ လား၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ အမျိုးဘာအမျိုးပါလိမ့် (ကိုယ့်ဟာကိုယ် သတ်သေတဲ့ အမျိုးပါ ဘုရား)၊ မင်းမျိုးလား၊ သူဌေးမျိုးလားလို့ စဉ်းစားမနေပါနဲ့တော့ ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် သတ်သေတဲ့ အမျိုးဆိုတာ ရိပ်မိပြီလား (မှန်ပါ)။

ဘာပြုလို့ ကိုယ့်ဟာကိုယ် သတ်သေတဲ့အမျိုးတုံး၊ လူဖြစ်ရပါလို၏။ ကိုင်း- ဒါမပါဘူးလားဗျာ (ပါပါတယ် ဘုရား)။ နတ်ဖြစ်ရပါလို၏ (ပါပါတယ် ဘုရား)၊ ဗြဟ္မာဖြစ် ရပါလို၏ (ပါပါတယ် ဘုရား)။ အတူတူပဲမဟုတ်လား (အတူတူပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကောင်းကောင်း ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။ဒီ ဝေဒနာခြောက်မျိုးကလည်း သတ်တတ်သော ကြောင့် ဒုက္ခသစ္စာ၊ ဒါဖြင့် ဘယ် ဒုက္ခသစ္စာ ခင်ဗျားတို့ မဲချယူမှာလဲ (ဘယ်သစ္စာမှမယူပါဘု ရား) အဲဒီကျတော့မှ ဪ- ဒါသေတတ်တဲ့ သဘောတွေပဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သေတတ်တဲ့ သဘောသိလို့ရှိရင်ဖြင့် မသေတတ် တဲ့ နေရာကို ခင်ဗျားတို့ ဒါက အဆိပ်လည်းမရှိဘူး၊ အဆိပ်ပင် လည်းမရှိဘူး။ အဆိပ်သီး အဆိပ်ပွင့်တွေကော (မရှိပါ ဘုရား)။ အဲ ခန္ဓာမရှိမှ ခင်ဗျားတို့ အသေလွတ်မယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘဝများစွာ သံသရာမှာ ခင်ဗျားတို့ ဒီနေရာ မရောက်ခဲ့တာ သည်၊ ဘာပြုလို့ မရောက်ခဲ့ ပါလိမ့်မတုံး ဆိုတော့ အဘိုးသေတာလည်း မကြိုက်ဘူး၊ ကိုယ်သေမှာလည်း မကြိုက်ဘူး (မှန်ပါ)။ မကြိုက်တာ တော့ အမှန်ပဲဗျ။

ခင်ဗျားတို့ ပါးတော့ ပါးတန်သလောက်ကလေးတော့ ပါးတယ်။ သစ္စာကျအောင်တော့ မပါးဘူး၊ အခု အမေ၊ အဖေ သေတာတောင် ခင်ဗျားတို့ ကြိုက်ကြရဲ့လား (မကြိုက်ပါ ဘုရား)။ ဪ- အသေတော့ မသေချင်ဘူး၊ သူ့ဟာက သေဖို့ရာ အလုပ်က သေချာနေလို့သာ သေလိုက် ရတာ (မှန်ပါ)။

မသေချင်တာတော့ အမှန်ပဲ သို့သော်လည်း ကိုယ့်လည်ပင်းကိုယ် ကြိုးတပ်လာတာ ကတော့ ဖြုတ်မရဘဲ ဖြစ်နေတယ်၊ ရှင်းကြပြီလား (ရှင်းပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ဘဝများစွာ သံသရာက မသေ ချင်တာနဲ့ပဲတဲ့၊ အမျိုးမျိုး အဖုံဖုံ ကိုယ့်ဘာသာအရ ကိုယ်ကိုးကွယ်ကြတာ ပေါ့ဗျာ။

မသေချင်လို့ရှာကြတာ

ကိုးစားရာ ရှာကြတာ ဒကာ ဒကာမတွေ၊ လောကီ ရှာ ရှာ လောကုတ္တရာ ရှာရှာ၊ ဒကာ ဒကာမတို့ ဒါဘာဖြစ်လို့ ရှာကြတာတုံးဆို မသေချင်လို့ ရှင်းပြီလား (မှန်ပါ)။ ဆေး တွေဝါးတွေ ခင်ဗျားတို့ အဖိုးထိုက်အရင်းတန်ကို ဈေးမမြင်ပါဘူး။

ကျန်းမာတယ်ဆိုရင် ကြိုက်ပါပြီ ဆိုတာလည်း အားကိုး ရာရှာတာပဲ (မှန်ပါ)။ ဘာဖြစ်လို့တုံး (မသေချင်လို့ပါ ဘုရား) ဪ -မသေချင်လို့ ခင်ဗျားတို့ ဆေးအားကိုးပေါ့ဗျာ၊ တချို့ကျတော့ ကိုယ် ကိုးကွယ်ရာ ဘာသာကို အားကိုးကြတာတွေလည်း မရှိဘူးလား (ရှိပါတယ် ဘုရား)။

ရှိပင်ရှိငြားသော်လည်း၊ခင်ဗျားတို့က ဒီ ဒုက္ခသစ္စာ နှိပ်စက် တတ်တာနဲ့၊ နှိပ်စက်ခံရတာ နှစ်ခုကို မကွဲသရွေ့ ကာလပတ်လုံး၊ ရှာတာဟူ သရွေ့ အလွဲချည်းပဲ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ လွတ်ခဲ့တာ ရှိဘူးရဲ့ လား (မရှိဘူးပါ ဘုရား)။

သစ္စာသိတဲ့ဉာဏ်နဲ့မရှာဘူး

ဘယ်လွတ်မလဲတဲ့၊ ခင်ဗျားတို့က သစ္စာကိုသိတဲ့ဉာဏ်နဲ့ မရှာဘူး (မှန်ပါ)။ ကိစ္စကို သိတဲ့ ဉာဏ်နဲ့ လည်းမရှာဘူး၊ မရှာတော့ ဝေဒနာအကြောင်း ကောင်းကောင်းသိသေးရဲ့ လား (မသိပါ ဘုရား)။ မသိတဲ့ အခါကျလို့ရှိရင်ဖြင့် သေတတ်တဲ့ခန္ဓာကြီး ပွေ့ထားပြီးတော့ မသေရာရှာ တော့ မတွေ့ပါဘူး။

ဒီတစ်ခါဖြင့် သေတတ်တာကြီးကို စွန့်ပြီးသကာလ၊ မသေရာရှာရင် တော့ တွေ့မှာပါ၊ သူ့ကို မခင်ဘဲနဲ့ သမုဒယချုပ်ပြီး သကာလ၊ ခင်ဗျားတို့ ဖြစ်ပျက်မြင်အောင်ကြည့်၊ ဖြစ်ပျက်မုန်း အောင်ကြည့်၊ ဖြစ်ပျက် ဆုံးအောင် ကြည့်လိုက်လို့ ရှိရင်ဖြင့်၊ သူ့ကို သေတတ်တာ ကောင်း ကောင်းကြီး မသိပေ ဘူးလား (သိပါတယ် ဘုရား)။

မဂ်ဉာဏ်ပေါ်အောင်လုပ်

သိလိုက်ပြီဆိုမှဖြင့် အင်း သေသတ်တာကြီး သိတော့၊ သေသတ်တာကြီးကိုဖြင့် မကြိုက်တော့ ပါဘူးကွာ လို့သာ မဂ်ဉာဏ်ပေါ် အောင် လုပ်လိုက် (မှန်ပါ့) ‘‘နိဗ္ဗန္ဒန္တာ ဝိရဇ္ဇတိ’’ ဖြစ်အောင် လုပ်ပါ (မှန်ပါ့) ဝိရဇ္ဇတိ- တပ်ခြင်း ကင်း၏။ ဒီသေတတ်တာကြီးကို မလိုချင် ခြင်း အရောက်ထိ အောင် ရှုပစ်လိုက်စမ်း (မှန်ပါ့)။

ဟောဒါ မသေရာအမှန်ကြီးက တစ်ခါတည်း ပေါ်လာတယ်။ သဘောကျပြီလား (မှန်ပါ့) ဒါဖြင့် ခင်ဗျားတို့ ဆရာ ဘုန်းကြီးဆီမှာ လုပ်နေတဲ့အလုပ်၊ ဒကာတွေရော၊ ဒကာမတွေရော၊ ဪ- အခုမှ မသေရာတွေ့တယ်ဆိုတာ ခင်ဗျားတို့ အမှန်ပဲ (မှန်လှပါ ဘုရား)။

အလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်တွေ လုပ်ဖြစ်အောင် လုပ်ပါ၊ မသေရာ ကို ခင်ဗျားတို့ အခုအခါတွေ့ရမယ် (မှန်ပါ့) သေမှတော့ မတွေ့နိုင်ဘူး၊ မသေရာကို ခုကတည်းက တွေ့အောင် ရှာထားပါ (မှန်လှပါ ဘုရား) ရှားနည်းကိုတော့ ဘုန်းကြီး ပြောပြီကော၊ ဒီဝေဒနာသာ ဖြစ်ပျက်မြင် အောင်ရှု (မှန်လှပါ ဘုရား)။

ဝေဒနာဖြစ်ပျက်ရှု

ဒကာဒကာမတို့ ဝေဒနာသုံးမျိုးရှိတဲ့အနက်က ဖြစ်ပျက်ရှု (မှန်ပါ့) ဒါ သုခမို့ ခြောက်မျိုး ပြောတာကိုး၊ ဒွါရနဲ့ ဝေဖန် လိုက်လို့ ကိုထွန်းဦးရဲ့ ခြောက်မျိုး ဖြစ်တာ (မှန်ပါ့) စင်စစ်တော့ သုံးမျိုးနဲ့ မပြီးဘူးလား။ (ပြီးပါတယ် ဘုရား) သုခ၊ ဒုက္ခ၊ ဥပေက္ခာနဲ့ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

အဲဒါကို ရှုလိုက်ပြီဆိုမှဖြင့် ရှုတာက မဂ္ဂဆိုတာ ခဏ ခဏပြောတယ် (မှန်ပါ့) ဝေဒနာသုံးမျိုး ဖြစ်ပျက်က အနိစ္စ၊ အင်း ရှုတာက မဂ္ဂ၊ ဘယ်မှာတုံးဗျ၊ တဏှာလာသေးလား (မလာပါ ဘုရား) ဒါတွေဟာ နဂိုတုန်းက ဝေဒနာအဖြစ်နဲ့ နေရင်သာ အဆိပ်ကိုဗျ အခု အဆိပ်ဖြစ် ပါရဲ့လား (မဖြစ်ပါ ဘုရား)။

အဆိပ်မဖြစ်တော့ အနိစ္စဖြစ်သွားတယ်၊ အဆိပ်မှ မဖြစ်လို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဘယ်လို လုပ်ပြီး သူသည် ဇာတိ၊ ဇရာ၊ မရဏ၊ ဒီပုဂ္ဂိုလ်ကို သတ်ဦးမယ် ဆိုတဲ့ကိစ္စ လုပ်နိုင် သေးရဲ့လား၊ (မလုပ်နိုင်ပါ ဘုရား) မလုပ်နိုင်ဘူး။ မလုပ်နိုင်တာ မဂ်ကတားတယ်၊ မတားဘူးလား (တားပါတယ် ဘုရား)။

ဝေဒနာက အနိစ္စ၊ ရှုတာက မဂ္ဂ

ရှုလိုက်တာက ဘာဆိုကြမယ် မဂ္ဂ၊ ရှုတာက မဂ္ဂ ဖြစ်နေ ကတည်းကို က၊ အင်း ဝေဒနာက အနိစ္စ၊ ရှုတာက မဂ္ဂဆိုသဖြင့် ကိုထွန်းဦး ဘယ်မှာ သာလျှင် သူသည် သေရာဌာန ကျအောင် ပို့နိုင်သေးရဲ့လား (မပို့နိုင် ပါ ဘုရား)။ မပို့နိုင်ဘူး မပို့နိုင်တော့ သူကလည်း အဆိပ်ဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။ ဝေဒနာပစ္စယာ ဆိုလို့ကို မရဘူး။

ဝေဒနာချုပ်ရင် တဏှာချုပ်တယ်

ရသေးရဲ့လား (မရပါ ဘုရား) ဝေဒနာပစ္စယာဆိုလို့ကို မရတော့ ဘူး (မှန်ပါ့) အဲဒီတော့ ဝေဒနာနိရောဓာ ဒီဘက်က တဏှာနိရောဓော ဖြစ်မလာဘူးလား (လာပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဝေဒနာ နိရောဓာ တဏှာနိ ရောဓော ဖြစ်သွားတော့ ဒုက္ခနိရောဓော၊ ဇာတိ ဇရာ မရဏ နိရောဓော မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား)။

ဪ ခုမှ မသေရာ တွေ့ပေတော့တယ် ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) သို့သော် ဒါက အလုပ်စဉ်နဲ့လည်း တက်ဦးမှ (မှန်ပါ့) အလုပ်စဉ်နဲ့ မတက်လို့ ရှိရင်လည်း ဒကာဒကာမတွေ ဒါပြီးပါ့မလား (မပြီးပါ ဘုရား)။ အဲဒီတော့ ဒကာဒကာမတို့ကို ပုံတစ်ခု ပြောချင်တယ်။ ယုန်ဆိုတာမျိုးဟာက ကိုထွန်းဦးရ။

ယုန်သတ္တဝါ

နေ့လယ်ကျလို့ရှိရင် ဘယ်အကောင်မျိုးမဆို သူကကြောက်ရတယ် (မှန်ပါ) သိန်းစွန်လည်း ကြောက်ရတာပဲ၊ ခွေးလည်း ကြောက်ရတယ်။ ကျားလည်း ကြောက်ရတာပဲ၊ ကြောက်ရတော့ ဝပ်ကျင်းလေး တူးပြီး ချုံပုတ်ကလေးထဲမှာ ဝပ်နေတယ်၊ ဘယ်မှ မထွက်သာဘူး။

ကျင်ငယ်စွန့်လည်း ဒီဝပ်တဲ့အထဲပဲ၊ ကျင်ကြီးစွန့်ကာ (ဒီဝပ်တဲ့ကျင်းအထဲမှာပါ ဘုရား) ဒါဖြင့် ဒီမြေပေါ်ဖြင့် နေလည်း မနေချင်ဘူး။ ကျင်ကြီး ကျင်ငယ်စော်နံတယ်ပေါ့ဗျာ၊ ဒီမြေပေါ် မနေချင်လို့ ထထခုန် တယ်၊ ဘယ်နေရာကျမယ် ထင်ကြလဲ၊ ဒီမြေပေါ်ကျမယ်။

ဒီတော့ သူမနေချင်ပေမယ့်လည်း ဘာဖြစ်နေလဲဆို မြေပေါ်ပြန် ကျတယ်၊ မြေမုန်းလို့ခုန်၊ မြေပေါ်ပြန်ကျတာပဲ၊ ခင်ဗျားတို့လည်း နောက်တုန်း က မသေချင်လို့ အမျိုးမျိုး အဖုံဖုံ ကိုးကွယ် ကြသော်လည်း သစ္စာသိအောင် တော့ မရောက်ခဲ့ဘူး (မှန်ပါ့)။

အဲဒီအမျိုးမျိုးအဖုံဖုံ ကိုးကွယ်ခြင်းကြောင့်ပဲ ဒီသေတဲ့ မြေပေါ် ပြန်ကျတယ်၊ မကျဘူးလား (ကျပါတယ် ဘုရား) ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့သည် ယုန်သဘော နောက်တုန်းက ဖြစ်ခဲ့တယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဘယ်သဘော ဖြစ်ပါလိမ့်ဗျာ (ယုန် သဘောပါ ဘုရား)။

အေး မြေပေါ်မှာ မနေချင်လို့ခုန်တာ၊ မြေမှမလွတ်နိုင်ဘူး၊ သဘော ကျပြီလား (မှန်ပါ့) ခင်ဗျားတို့လည်း နောက် တုန်းက မအိုချင်၊ မနာချင်၊ မသေချင်ဘူးဆိုတာ ဘုန်းကြီး ယုံတယ် (မှန်ပါ့) အမေအဖေတွေ သေတော့ မကြိုက်လို့တောင် ငိုကြသေးတာကိုးဗျ (မှန်ပါ့)။

ကိုယ်လည်း သေရတော့မယ်ဆိုလို့ရှိရင်ဖြင့် ကယ်တော် မူပါ။ ယူတော်မူပါဆိုတော့၊ ဒါ မကြိုက်လို့ ပေါ့နော် (မှန်ပါ့) သို့သော်လည်း ဒီသေတွင်းပဲ ပြန်ကျတယ်၊ ဘာပြုလို့တုံး သစ္စာမသိလို့ သဘောကျပြီလား (မှန်လှပါ ဘုရား)။

သစ္စာမသိတော့ ဒီမြေပေါ်ပဲပြန်ကျတယ် (မှန်ပါ့) အခု သစ္စာသိသွားပြီတဲ့ ဒကာဒကာမတို့ သူတို့ သုံးခု ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) သိတာက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား) မဂ္ဂသစ္စာပေါ်လာတယ် ဆိုလို့ရှိရင်ဖြင့် ဒုက္ခတင် သိတာမဟုတ်ဘူး။

သစ္စာလေးချက်သိတယ်

သူ့ကိစ္စက နိရောဓလည်း မြင်တာပဲ သဘောကျပြီလား (မှန်ပါ့) ဒုက္ခတင် သူသိတာလား (မဟုတ်ပါ ဘုရား) သူက တစ်ပြိုင်နက် သစ္စာလေးချက် ကို သမုဒယသတ် တာလည်း မသေချာ ဘူးလား (သေချာပါတယ် ဘုရား) နိဗ္ဗာန်မြင်တာကော (သေချာပါတယ် ဘုရား)။

မသေရာကို မြင်တာလည်း မသေချာဘူးလား (သေချာပါ တယ် ဘုရား) ဒါဖြင့် ဒကာဒကာမတို့ အလုပ်လုပ်မှ မြင်မှာ (မှန်လှပါ ဘုရား) အလုပ်လုပ်တဲ့အခါ ဒုက္ခသစ္စာ ဖြစ်ပျက်ရှုမှုကို ကြိုးစားကြပါ။ ဒါမှသာလျှင် အမတဆိုတာ သဘောကျမယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာချည့် အဖန်ဖန်ဖြစ်နေတာ၊ သူ့အဆိပ်နဲ့သူ သေနေတာကို အဖန်ဖန်မြင်မှ သာလျှင်၊ အမတဆိုတဲ့ မသေရာနိဗ္ဗာန်ကို သဘောကျမယ် နို့မို့ရင် မကျပါဘူး၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ အလုပ်သဘောနဲ့ ဖြစ်နိုင်တဲ့တရား (မှန်လှပါ ဘုရား)။

ဆုတောင်း နဲ့မရဘူး

ဒီအတိုင်း ဆုတောင်းနဲ့ မရဘူး၊ ကဲ ဦးဘကြည် ဘယ်လို သဘောနဲ့ စဉ်းစားကြည့်မှာလဲ (အလုပ် သဘောနဲ့ပါ ဘုရား) သူ့ဒုက္ခသစ္စာကိုမြင်ပါ မှ (မှန်ပါ) သူသတ်တတ်တဲ့ သဘောကို သိပါမှ သဘောကျပြီလား (မှန်ပါ့)။

ဒါဖြင့် ဒီဝေဒနာက္ခန္ဓာသုံးပါးဟာ ဘုရားက ဘာဟောထားတုံး (သူသတ် ယောက်ျားပါ ဘုရား) သူသတ်ယောက်ျားလို့လည်း ဟော တယ်ဆိုတော့ ကောင်းပြီ သူက သတ်မှာကို တို့က သတ်မယ် ရှင်းပြီလား (မှန်ပါ့)

သူက ဝေဒနာအဖြစ်နဲ့ ထားရင်တော့ဖြင့် ကိန်းရာပုဂ္ဂိုလ်ကို သတ်မှာ ပဲ (မှန်ပါ) ကျုပ်တို့က အနိစ္စအဖြစ်နဲ့ ထားလိုက်စမ်း ကိုယ်ကသတ်မယ်၊ ကိုယ်က သတ်လိုက်တဲ့အဓိပ္ပါယ် မရောက် ဘူးလား (ရောက်ပါတယ် ဘုရား)။

ကိုယ်က သတ်လိုက်တဲ့ အခါကျတော့ ဝေဒနာဖြစ်ပြီး ရှုလိုက်တဲ့အခါ ဝေဒနာဖြစ်ပျက်ကို မြင်လိုက်တော့ ဝေဒနာက ချုပ်သွားတယ် (မှန်ပါ) ဒါဖြင့် သူ့အဖော် တဏှာတွေကကော လိုက်နိုင်သေးရဲ့လား (မလိုက် နိုင်ပါ ဘုရား) ဟာ ဒါဖြင့် ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိ ရောဓော ဖြစ်သွားတော့ ဥပါဒါန နိရောဓာ၊ မရဏနိရောဓောမဖြစ်ဘူး လား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ကသတ်လို့ ရှိရင်ဖြင့် ဝေဒနာက မချုပ်ပေဘူးလား (မှန်ပါ့) ဟုတ်လား ၊ ကိုယ်မသတ်ရင် (ဝေဒနာ က သတ်မှာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့က သူ့ကို ခါးတောင်း ကြိုက်ပြီး စစ်ထိုးရမှာပဲ (မှန်ပါ့) ဝေဒနာပေါ်လာရင် ဖြစ်ပျက်ရှုရင်ရှု၊ မရှုရင် သတ်မလို့ လာတာပဲ ရိပ်မိကြပြီလား (မှန်ပါ့)။

ဝေဒနာပေါ်လာရင် ဖြစ်ပျက်ရှု

ဝေဒနာပေါ်လာလို့ရှိရင် ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရမှာ ပါ ဘုရား) မရှုရင် ဘာလုပ်မယ် ထင်သလဲ (သူက သတ်မှာပါ ဘုရား) သူက သတ်မှာပဲဆိုတော့ ခင်ဗျားတို့ကလည်း သတ်မယ့် ဝေဒနာကို လျှောက်ရှာပြီး သကာလနေတော့ အတော်ဆိုးနေတယ် မဆိုးဘူးလား – (ဆိုးပါတယ် ဘုရား)။

ဟ ဘာဖြစ်လို့တုံး၊ ခင်ဗျားတို့ အသက်ရှည်ချင်လို့လား၊ တိုချင်လို့လား ကျုပ်မေးချင် သေးတယ်၊ ဘယ့်နှယ်ကြောင့် ရှာကြတာပါလိမ့် ဒကာဒကာမတို့ အသက်တိုချင်တဲ့ အဓိပ္ပါယ် ရောက် မရောက် (ရောက်ပါတယ် ဘုရား) အဲဒီလို အသက်တိုချင်လို့ ဆိုလို့ရှိရင်ဖြင့် ခင်ဗျာတို့ ဒီအတိုင်းနေလည်း သေပါတယ်။

ဝေဒနာအထူးရှာမနေနဲ့တော့

ဝေဒနာအထူးရှာမနေပါနဲ့တော့ မဟုတ်ဘူးလား (မှန်ပါ့) ဒါဖြင့် ခန္ဓာကိုယ်ကြီးကို ဪ သေတတ်တဲ့ ခန္ဓာကိုယ်ကြီး၊ သတ်တတ် တဲ့ခန္ဓာကိုယ်ကြီးလို့ ဝေဒနာမာရော၊ ရူပံ မာရော၊ သညာ မာရော၊ သင်္ခါရာ မာရော၊ ခန္ဓာငါးပါး စလုံးဟာ သူသတ် ယောက်ျားချည်း မှတ်လိုက် သဘော ကျပြီလား (မှန်လှပါ ဘုရား)။

ခန္ဓာငါးပါးဟာ ဘာပါလိမ့်၊ သူသတ်ယောက်ျားဖြစ်ပြီး သကာလ နေတော့၊ အင်းသူတို့မရှိမှ အသေလွတ်မှာပဲ၊ သူတို့ ရှိနေရင် သေဦးမှာပဲ။ ဒါဖြင့် သူတို့ကို ကြိုက်ရာဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား) သူသတ် ယောက်ျားကို ကျုပ်တို့က ပြန်သတ် သဘောကျပြီလား (မှန်ပါ့)။

သူသတ်ယောက်ျားကို ပြန်သတ်

အဲဒီတော့ ကျုပ်တို့က ပြန်သတ်လိုက်တဲ့အခါကျတော့ သူတို့မှာ သတ်စရာ လက်နက် ကုန်သွားပြီ (မှန်ပါ့) အပေါင်း အဖော်တွေ နောက်က လာသေးရဲ့လား (မလာပါ ဘုရား) မလာဘူး အဲဒါ ဘာတုံး ဆို မဂ်နဲ့သတ်တာ (မှန်ပါ့)။

ဒါဖြင့် ရှေ့ ဖြစ်ပျက်၊ နောက်က မဂ်ဆိုရင်ဖြင့် ဒါသတ်ပြီးသားပဲ ရှင်းကြပြီလား (မှန်လှပါ ဘုရား) မသေဓါတ်က အစားထိုးလာတယ်။

အဲဒီလို မဂ်နဲ့ သတ်လိုက်တော့မှ ခန္ဓာငါးပါးတည်း ဟူသော ဒုက္ခအသေဓာတ်တွေ ကုန်ဆုံး သွားတယ်၊ ခန္ဓာငါးပါး အသေဓာတ်တွေ ကုန်ဆုံးသွားတော့မှ၊ အသေဓာတ် နေရာမှာ မသေဓာတ် အစားထိုးလာတယ် (မှန်လှပါ ဘုရား) အဲဒီ မသေဓာတ်ကို မြင်တဲ့ဉာဏ်က မဂ်ဉာဏ် (မှန်လှပါ ဘုရား)။

မသေဓာတ်က အမတဋ္ဌောပဲ သဘောကျပြီလား (မှန်လှပါ ဘုရား) အဲဒါကို နဂိုအနေ အိုမသေပဲ စိုပြည်မြဲခိုင် တည်တံ့နိုင်သော အမတ ဆိုတာ သူပဲ၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒါဖြင့် တော်ကြဦးစို့။

သာဓု သာဓု သာဓု။