ဒုက္ခသစ္စာ၏အနက်(၂) သင်္ခတဋ္ဌော

ဒုက္ခသစ္စာ၏ အနက် (၂) သင်္ခတဋ္ဌော

ဉာဏ်သုံးဉာဏ်ဘယ်မှာဟောသတုံး

အသံဖိုင်ခေါင်းစဉ်= သစ္စာအနက်(၁၆)ချက် ဒုက္ခသစ္စာအနက်မှ သင်္ခတဋ္ဌော

စာအုပ်ခေါင်းစဉ်= ဉာဏ်သုံးဉာဏ်ဘယ်မှာဟောသတုံး

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်

ဒုက္ခသစ္စာ၏ အနက် (၂) သင်္ခတဋ္ဌော

ဉာဏ်သုံးဉာဏ်ဘယ်မှာဟောသတုံး

(၈-၁၂-၅၇)

သာဝကဆိုတာ

သာဝကဆိုတာ ဆုကြီးပန်မဟုတ်တဲ့ ပုဂ္ဂိုလ်ကို ဆိုသည်၊ ဆုကြီးပန် မဟုတ်တဲ့ သာဝက ပါရမီများမှာ အင်္ဂါဘယ်နှစ်ပါးပြည့်စုံလို့ရှိရင်၊ သောတာပန် သကဒါဂါမ် အဆင့်ဖြစ်နိုင်ပါသလဲလို့ မေးလို့ရှိရင် ဒကာဒကာမတွေ မနေ့ကဟောခဲ့တယ်။

၁။ သစ္စာတရားနာမှု

၂။ သစ္စာတရားနှလုံးသွင်းမှန်မှု

ဒီနှစ်ပါးနဲ့ ပြည့်စုံရင် သောတာပန် ဖြစ်နိုင်တယ်ဆိုတာ ဒကာဒကာမ တွေ မှတ်ပါ၊ ဦးဘကြည် မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ် ဘုရား) တစ်ခုက ဘာပါလိမ့်မတုံး ဆိုလို့ရှိရင် သစ္စာတရားနာမှု။

ပါရမီပြည့်စုံပြီ

တစ်ခုက ဘာပါလိမ့်မတုံး ဆိုလို့ရှိရင် သစ္စာတရားနာမှု တစ်နံပါတ်၊ ၎င်းသစ္စာတရားကို ယောနိသော မနသိကာရ-နှလုံးသွင်းမှန်မှုရယ်၊ ဒီနှစ်ခု ရှိရင် သာဝကမှာ ပါရမီပြည့်စုံပါတယ်၊ ဒီဘဝမှာ ကျွတ်တမ်းဝင်နိုင်တယ်ဆိုတာ၊ ဒကာဒကာမတို့ မှတ်ထားရမယ်၊ သစ္စာတရားနာမှုရယ် သစ္စာကို နှလုံးသွင်း မှုရယ်၊ ဒီနှစ်ခု ပြည့်စုံရင် ဒီဘဝမှာ သောတာပန်ဖြစ်နိုင်ပါတယ်။

တခြားရှာပြီး မနေပါနဲ့တော့

တခြားရှာပြီး သကာလ မနေပါနဲ့တော့လို့ ဒကာဒကာမတွေကို သတိပေးလိုက်ပါတယ် (မှန်လှပါ ဘုရား) ဒါဖြင့် လပေါင်းများစွာ နှစ်ပေါင်း များစွာ တပည့်တော်တို့ အားထုတ်ရမှာလားလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေမလဲ။

သစ္စာတရား နာမှု ပြည့်စုံပြီး၊ ၎င်းသစ္စာကို အမှန်အတိုင်း နှလုံးသွင်းလို့ ရှိရင်ဖြင့် သောတာပန်၊ သကဒါဂါမ် အနာဂါမ်တည်ဖို့ပဲလို့ ဆုံးဖြတ်ချက်ချပါ ဒကာဒကာမတို့။

အဲဒါကို နဲနဲပြောချင်တယ်၊ မှတ်မိအောင်လို့နော်၊ မနေ့က သစ္စာတရား ကို ဘုန်းကြီးက စပြီးတော့ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ပြောလိုက် တယ်၊ မနေ့က ပြောလိုက်တာက နာမ်ဓမ္မလေးခုက ဒကာဒကာမတွေ ခြေကျိုး၊ လက်ကျိုး၊ သည်းခြေရူးလို့ ပြောထားတယ်။

နာမ်ဓမ္မလေးခုက ဘာတဲ့လဲ (ခြေကျိုး၊ လက်ကျိုး၊ သည်းခြေရူး ပါ ဘုရား) ဟုတ်တယ်တဲ့၊ ခြေကျိုးလက်ကျိုးဆိုတာ သူ့ချည်းသက်သက် ဘယ် အလုပ်အထမြောက်အောင် လုပ်နိုင်သတုံး၊ ဘယ်အရပ်ဘယ်ဒေသသွားနိုင် သတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ (မသွားနိုင်ပါ ဘုရား)။

သည်းခြေရူး ဟုတ် မဟုတ်ကို ဘုန်းကြီးတို့ ဒကာဒကာမတွေ စဉ်းစားလိုက်ပြန်တော့၊ ဝိပ္ပလ္လာသမကင်းသေးလို့ အားလုံး ဒကာဒကာမတွေ ဖေါက်ပြန်မှု မကင်းသေးလို့။

နာမ်ဓမ္မ ဘာပါလိမ့်မတုံး

အနိစ္စကို နိစ္စထင်တဲ့ ဥစ္စာလည်း နာမ်ဓမ္မ၊ ဒုက္ခကို သုခလို့ ထင်နေ တာကော (နာမ်ဓမ္မပါ ဘုရား) ဒီနာမ်ဓမ္မပဲ၊ ပုထုဇဉ်မှာရှိတဲ့ နာမ်ဓမ္မ ကတော့ ဒီအတိုင်းပေါ့ဗျာ။

အနတ္တကို အတ္တထင်တာကော ဒီနာမ်ဓမ္မပဲတဲ့၊ အသုဘကို သုဘ ထင်တာကော (ဒီနာမ်ဓမ္မပါပဲ ဘုရား) ဒါဖြင့် ဒီနာမ်ဓမ္မသည်ကား ဒကာ ဒကာမ တွေစဉ်းစားရမယ်။

ဒီနာမ်ဓမ္မ၊ ဘာပါလမ့်မတုံးလို့မေးခွန်းထုတ်လို့ရှိရင် “သည်းခြေရူး” ပဲ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဖြင့် သည်းခြေရူးဆိုလို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတို့ နာမက္ခန္ဓာ လေးပါးသည် ခြေကျိုး၊ လက်ကျိုး၊ သည်းခြေရူးဆိုတာဖြင့် ရိပ်မိလောက်ပါပြီ။

ရုပ်ဓမ္မကတော့ ဒကာဒကာမတို့ မနေ့က ဘယ့်နှယ်ဟောထားလဲ။ (မျက်စိနှစ်ကွင်း အလင်းမရပါ ဘုရား) မျက်စိနှစ်ကွင်း အလင်းမရတဲ့ သူငယ်နာ ဝမ်းပျက်လို့ မနေ့က ဟောထားတယ်။

ညှာတာမဖက်အမြဲနှိပ်စက်တယ်

မျက်စိအလင်းလည်း မရဘူး၊ သူငယ်နာ ဝမ်းပျက်လည်း ဖြစ်ပါတယ် ဆိုတာ ဒကာဒကာမတွေ သိလောက်ပါပြီ။ သိလောက်တော့ အဲဒါက နာမည်ပေးကာမျှ ရှိသေးတော့ ပီဠနဋ္ဌော နဲ့ မကိုက်လို့ရှိရင် မရဘူး။

ပီဠနဋ္ဌော- ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတာ၊ ဘယ်သူက နှိပ်စက်တာတုံးလို့ မေးတော့၊ ဒီသည်းခြေပျက်က နှိပ်စက်တာ၊ ခြေလက်မပါတဲ့ သည်းခြေပျက်ဆိုတဲ့ နာမက္ခန္ဓာလေးပါးက နှိပ်စက်တာပဲလို့ မှတ်ထားကြ။

ဒီဘက်ကလည်း တစ်ခါ စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်၊ အင်း မျက်စိနှစ်ကွင်း အလင်းမရတာရယ်၊ သူငယ်နာဝမ်းပျက်ရယ်၊ ရုပ်ဓမ္မကရော (မှန်ပါ့)။

သူငယ်နာ ဝမ်းပျက်ဆိုတာက ဓါတ်လေးပါး ဖေါက်ပြန်တာပေါ့။ အဲဒီတော့ကို သူသည် ဘာသစ္စာတုံးလို့ မေးလို့ရှိရင် ဒကာဒကာမတွေက ဒီဘက်က ရုပ်ဓမ္မဆိုတာလည်း ဒုက္ခသစ္စာ၊ ဟိုဘက်က နာမက္ခန္ဓာလေးပါး ကရော (ဒုက္ခသစ္စာပါ ဘုရား)။

သာဝကပါရမီဉာဏ်ပြည့်ပြီလား

ဒုက္ခသစ္စာပဲ ဖြေကြရတော့မှာပဲ ဟုတ်လား၊ ဒုက္ခသစ္စာပဲ ဖြေကြရမယ်။ ခုနင်က ဒကာ ဒကာမတွေ ရှေးဦးစွာ ပြောထားတာက၊ ခင်ဗျားတို့ ဒီဘဝမှာ ဆုကြီးပန်မဟုတ်လို့ သောတာပန် တည်ချင်ရင်၊ သစ္စာတရားနာမှုရယ် သဘောကျပလား (ကျပါတယ် ဘုရား) သစ္စာတရားနာမှုရှိရမယ်လို့ ဆိုထား တော့၊ သစ္စာတရားမှ နာမှုမရှိလို့ရှိရင် သစ္စာတရားနှလုံးသွင်းမှု ဆိုတာ ပေါ်နိုင်ကြပါ့မလား (မပေါ်နိုင်ပါ ဘုရား) မပေါ်နိုင်ရင် သာဝကပါရမီ ဉာဏ်မပြည့်သေးဘူး။

သစ္စာတရားနာမှုနဲ့ သစ္စာတရား နှလုံးသွင်းမှု ရှိလို့ရှိရင် ဆုကြီးပန် မဟုတ်လို့ရှိရင် သည်ဘဝ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) ပေဋကောပဒေသမှာ သည်အတိုင်း လာတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်နာမ်က နှိပ်စက်တာ

ဒါဖြင့် ဒီဥစ္စာ သစ္စာတရား မနေ့ညကနာကြရတယ်။ နာကြရတော့ သူဟာ ဘာသတ္တိ ရှိ သတုံး ဆိုတော့၊ သူ့ကိုခင်တဲ့ ပုဂ္ဂိုလ်ကိုညှာတာမဖက်အမြဲ နှိပ်စက်တတ်တဲ့ သတ္တိရှိတယ်၊ (မှန်ပါ)။ သူ့ကို ခင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရင် ညှာတာ မဖက်အမြဲနှိပ်စက်တယ်ဆိုတော့၊ နှိပ်စက်တဲ့သဘောတရားဟာ သည်နှစ်ခုပဲလို့ မှတ်ကြပါ။

သြော် နှိပ်စက်တာ ဘယ်သူက နှိပ်စက်ပါလိမ့်မတုံးလို့မေးခွန်း ထုတ်တော့၊ မိမိဆုတောင်း ယူထားတဲ့ ရုပ်နာမ်က နှိပ်စက်တာပဲ၊ သဘော ကျပလား (ကျပါတယ် ဘုရား) ဘယ်သူက နှိပ်စက်တယ် (ရုပ်နဲ့နာမ်က ပါ ဘုရား)။

ဒုက္ခသစ္စာပီဠနဋ္ဌသဘော

ရုပ်နဲ့နာမ်ကိုလည်း ဘာပြုလို့ ဆုတောင်းယူမိသတုံးလို့ မေးခွန်း ထုတ်လို့ရှိရင် ပီဠနဋ္ဌဆိုတဲ့ နှိပ်စက်တတ်တဲ့သဘောကို မသိလို့ ဆုတောင်း ယူကြတာ။

လူဖြစ်ရပါလို၏ နတ်ဖြစ်ရပါလို၏ ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင် ဒကာ ဒကာမတွေ ရုပ်နာမ်ကို ဆုတောင်းယူတာပဲ၊ ရှင်းနေတယ်။ ဒါဖြင့် ဘာ သဘောကျလို့ ဆုတောင်းတုံး ဆိုရင်, “ဒုက္ခဿ ပီဠနဋ္ဌော” သဘောကျလို့ တောင်းတာ သစ္စာမသိသေးလို့ တောင်းတာ၊ ဦးဘကြည် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သြော် – ခင်ဗျားတို့ သစ္စာမသိသေးသ၍ ဒီသူငယ်နာ ဝမ်းပျက်နဲ့။ သည်းခြေရူးကို အမြဲတမ်း ခင်ဗျားတို့ ကိုယ်တိုင်လည်း ဖြစ်ချင်တယ်၊ အမြဲ နှိပ်စက်လည်းခံချင်မှာပဲဆိုတာ သေချာနေတယ်၊ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒီဟာသေသေချာချာတွေးကြည့်တော့ ဘာမသိလို့ ရုပ်နာမ်တွေ ဆုတောင်းပြီးသကာလ ကိုယ်ကိုယ်တိုင် ရနေကြသလဲလို့ မေးခွန်းထုတ်ရင် ဘယ့်နှယ်ဖြေကြမလဲ (သစ္စာမသိလို့ပါ ဘုရား)။

သစ္စာမသိရင် အားထုတ်လည်း အပိုပဲ

ဒီအတိုင်းပဲ “ပေဋကောပဒေသ” မှာ ဟောတော်မူထားတယ်၊ ကဲ သစ္စာမသိလို့ သစ္စာ နှလုံးမသွင်းသေးလို့ရှိရင် ဘာအားထုတ် အားထုတ် အပိုပါပဲ။ နိဗ္ဗာန်မရောက်မှာ သေချာတယ်။

သစ္စာမသိလို့ နှလုံးမသွင်းခဲ့လို့ရှိရင် သောတာပန်ဆိုတဲ့ သာဝကကို မဖြစ်နိုင်ဘူးကွ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါဖြင့် သာဝက ပါရမီဆိုတဲ့ သောတာပန် တည်မှု၊ အလုပ်ပြည့်မှု ဆိုရင်ဖြင့် နှစ်ချက်တည်းပဲ ရှိတယ်။ များများမရှိဘူးဆိုတာတော့ ကျေနပ်ပလား (ကျေနပ်ပါပြီ)။

နှစ်ချက်တည်းပဲ ဟောတယ်၊ ဘာတဲ့တုံး ဦးဘကြည် (သစ္စာ တရားနာမှုရယ်၊ ခန္ဓာနှလုံးသွင်း မှန်ကန်မှုရယ်ပါ ဘုရား)။

သမုဒ္ဒရာရေမက မျက်ရည်တွေ

ဘုံဘဝတွေကို ကျုပ်တို့ အစဉ်လျှောက်ပြီးလာခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ သံသရာမှာ ကျုပ်တို့ မျက်ရည်သည် အဖေအမေသေလို့ ငိုရတာနဲ့၊ ကိုယ့်သား၊ သမီးသေလို့ ငိုရတာနဲ့ သမုဒ္ဒရာလေးစင်း ရေက နည်းသေးတယ်။

ဒါ မသိခဲ့လို့ ဒီလောက် ဆုတောင်းနေရတာ၊ ဒါရလို့ ငိုကြရတာ ဦးဘအုန်း ရိပ်မိကြပလား (ရိပ်မိပါ ဘုရား) ဦးမောင်လေး ရိပ်မိပလား (ရိပ်မိပါ ဘုရား) သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ ဒီနာမ်ရုပ်ကိုပဲ ကျွေးချင်တယ်၊ အင်မတန် သဒ္ဓါထက်ပြီး၊ အင်မတန် သူ့ကို ယုယပြီး ပြုချင်စုချင်တာ ဘာကြောင့်လဲ (ရူးလို့ပါ ဘုရား)။

ဒါဖြင့် သည်းခြေရူးမှန်းကော သိကြပလား (သိပါပြီ ဘုရား) ဒီဘက်က သူငယ်နာ ဝမ်းပျက်ကော သိကြပလား (သိပါပြီ ဘုရား) ဓါတ်လေးပါး ပျက်တာကိုးဗျ။

ကောင်းပြီ ဘာပြုလို့ “ပေဋကောပဒေသ” က သစ္စာသိပြီး သစ္စာ နှလုံးသွင်းလို့ရှိရင်ဖြင့် အရိယာဖြစ်ရသတုံးလို့ မေးတဲ့အခါကျတော့ “ပေကောပဒေသ” ကပဲ ရှင်းပြတယ်။

အခြောက်ကို မီးရှို့မှ လောင်မယ်

ဘယ်လို ရှင်းပြသတုံးဆိုတော့ သစ်သားတစ်ခုကို ရေထဲက ဆယ်ပါ သို့မဟုတ် သစ်ပင်ခုတ်ပါ၊ ခြောက်အောင်နေလှမ်းလို့ရှိရင်ဖြင့် မီးရှို့တဲ့အခါ လောင်ပါလိမ့်မယ် ဆိုတဲ့ဥစ္စာ သေချာတယ်နော်၊ အစိုကို မီးရှို့ရင် (မလောင် ပါ ဘုရား) အခြောက်ကို မီးရှို့ရင် (လောင်ပါတယ် ဘုရား)။

ဪ – ဟုတ်ပြီတဲ့၊ သစ္စာတရားနာနေတဲ့အခါ ကိလေသာက ခြောက်နေတယ်၊ သစ္စာတရား နာနေကတည်းကိုက ဘယ့်နဲ့နေသတုံး (ကိလေသာခြောက်နေပါတယ်) ဒါနတရားလုပ်လို့ နတ်ပြည် ရောက်ဆိုတော့ ဘယ်လောက်ကောင်းမတုံး၊ ဟုတ်ပါ့မလား (ဟုတ်ပါတယ် ဘုရား)။

သီလများ အသက်ရှည်လိမ့်မယ်တဲ့ကွ၊ ကိလေသာ ခြောက်၊ မခြောက် (မခြောက်ပါ ဘုရား) သမထတရားဟာ ဗြဟ္မာဖြစ်နိုင်တယ်တဲ့ကွ၊ အင်း လက်ညှိုးတစ်ချောင်းထောင်ရင် နှစ်ကမ္ဘာ၊ သုံးကမ္ဘာ လင်းသတဲ့ကွ။

ငါ တန်ခိုးကြီး ဦးမှာဆိုတော့ သက္ကာယဒိဋ္ဌိ ဝင်ပြီ၊ တဏှာကကော တဏှာကလည်း ဝင်ပြီး ချယ်လှယ်တော့မယ်၊ ဟုတ်လား (တင်ပါ့ ဘုရား)

ဖြစ်ပျက်နှလုံးသွင်းနေပါ

ဒီတရားတွေဟာ ဖြစ်ပြီးပျက်တဲ့ တရားတွေပါလားလို့ ဒီလို နှလုံးသွင်းနေတော့ ဝမ်းထဲမှာ ကိလေသာ ဘယ့်နှယ်နေကြသလဲ (ခြောက် ပါတယ်) ခြောက်နေတယ်၊ နာတုန်းတော့ ခြောက်နေပြီ၊ နာတုန်းတော့ ခြောက်နေပြီ ဆိုတော့ ဆရာဘုန်းကြီးကလည်းဟောထားတာ။ ခဏခဏ ဖြစ်ပြီး ခဏခဏပျက်နေတဲ့ဒုက္ခသစ္စာ၊ ခဏခဏဖြစ်ပြီး ခဏခဏ ပျက်နေတဲ့၊ “ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ” ဆိုတဲ့အတိုင်း ခင်ဗျားတို့က ဒါကလေး ဖြစ်ပျက်ကို ဘုန်းကြီးတို့ ဟောတဲ့အတိုင်း အရင်လည်း ကျင့်နည်း၊ ကြံနည်းတွေ ဟောပြီးသားဖြစ်နေတော့၊ ဒီအတိုင်းကျင့်လိုက်တဲ့ အခါကျတော့ သြော် ဒုက္ခဟာ ဒါပဲ။ အဲဒီလိုလာတဲ့ အချိန်ကျတော့ သောတာပန် တည်တယ်။ ရှင်းပလား (ရှင်းပါပြီ)။

ဟောတုန်းက ကိလေသာဟာ ခင်ဗျားတို့ သန္တာန် ဘာဖြစ်နေသတုံး (ခြောက်နေပါတယ်) မဂ်မီးနဲ့ ရှို့လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ခြောက်နေတဲ့ ကိလေသာသည်ကားလို့ ဆိုရင် ပျောက်ဖို့ပဲရှိတယ် (မှန်ပါ)။

သောတာပန်တည်နိုင်တယ်

ဒါကြောင့် မူလစကားနဲ့ ဒုတိယဥပမာစကားနဲ့ နှစ်ချက် ပြောလိုက် တယ်၊ မကိုက်ဘူးလား (ကိုက်ပါတယ်) ၁။ သစ္စာတရားနာမှုရယ် ၂။ သစ္စာနှလုံးသွင်းမှုရှိရင် သောတာပန်တည်နိုင်တယ်၊ သဘောကျပလား (ကျပါပြီ) အပါယ်လေးပါး တံခါးပိတ်တယ်။ ဥပမာပြလို့ရှိရင် ခြောက်နေတဲ့ သစ်တုံး မီးရှို့ရင် လောင်တယ် ပြာကျတယ်၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)။

ဒါဖြင့် ခင်ဗျားတို့သည် သစ္စာကို နှလုံးသွင်းပြီးသကာလ ခန္ဓာကိုယ် ထဲမှာ ကြည့်ပါ။ သူနှိပ်စက်နေသလား မနှိပ်စက်ဘူးလား ဆိုတာ ခင်ဗျားတို့ ကြည့်ပါ။ ကြည့်လိုက်တဲ့ အခါကျတော့ နှိပ်စက်နေတာတွေ မတွေ့ဘူးလား။ တွေ့ပလား (တွေ့ပါတယ်) နှိပ်စက်တာတွေ ခဏခဏ တွေ့နေရတယ်။ မတွေ့ဘူးဆိုလို့ရှိရင်ဖြင့် သည်းခြေရူး မပျောက်သေးလို့ဘဲ (မှန်ပါ)။

သူ့ခင်တဲ့ပုဂ္ဂိုလ်ဒုက္ခရောက်

ခင်ဗျားတို့ အခုရောင်းဝယ်လုပ်ကိုင်ပြီး သကာလနေရတာ ဒီအထဲမှာ ရှိတဲ့ တရားတွေ၏ ဆူမှုပူမှုကြောင့် လုပ်နေရတာ။ ဝေဒနာကလည်း ခံစားချင် တယ် သညာကလည်း မှတ်ချင်တယ်။ သင်္ခါရကလည်း စေ့ဆော်ချင်တယ်၊ ဝိညာဏ်ကလည်း သိချင်တယ်။ မဟုတ်ဘူးလား (မှန်ပါ) အဲဒီတော့ ခင်ဗျားတို့ သွားမှု နေမှုထိုင်မှု ရောင်းမှု ဝယ်မှု ရပ်စဲရသေးရဲ့လား (မရပ်စဲရ သေးပါဘူး) မရပ်စဲရတော့ သြော် သူတို့ ဒဏ်ချက်ကြောင့် ခင်ဗျားတို့ ဒုက္ခရောက်နေတယ်။ သူ့ခင်တဲ့ပုဂ္ဂိုလ် ဒုက္ခရောက်နေတာပဲ (မှန်ပါ) မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ်)။

နာမက္ခန္ဓာလေးပါး ခင်မင်နှစ်သက်ပြီးနေတဲ့ မွေးမေကြီး ဒုက္ခရောက် ထိုက် မရောက်ထိုက် ဒကာ ဒကာမတို့ (ရောက်ပါတယ် ဘုရား)။ ဒါဖြင့် သူနှိပ်စက်တာ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ကောင်းပြီ သူနှိပ်စက်တာကို ခင်ဗျားတို့က ဉာဏ်နဲ့ ကြည့်ပေးပါတဲ့။ သွားတော့မယ်ဆိုရင် သူနှိပ်စက်လို့၊ လာတော့မယ် ဆိုရင် သူနှိပ်စက်လို့ ကြည့်ပေးတာက တစ်ကြောင်း၊ သူ၏ ပင်ကို သဘောကို တစ်ခါထိုးထွင်းပြီး ကြည့်လိုက်တော့လည်း ခဏခဏ ဖောက်ပြန်နေတဲ့ ဝိပရိဏာမ ဒုက္ခသစ္စာ ကြီးကို သူက မပြဘူးလား ပြသလား (ပြပါတယ် ဘုရား) ခဏခဏ ဝိပရိဏာမ လက္ခဏံဒုက္ခသစ္စဆိုတာကြီးကိုပြပြ ပြုပြနေတဲ့အတွက်၊ ဪ ဒုက္ခသစ္စာဆိုတာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ညှာတာခွင့် မပေးပါလား။ ခဏခဏ ဖောက်ပြန်ပျက်စီးနေတဲ့ သဘောပါလားလို့ ထိုးထွင်းသိ- ပဋိဝေဓ သိနဲ့ သိပြီဆိုမှဖြင့်၊ ဒကာ ဒကာမတို့သည် သိတဲ့အခါမှာ တစ်ကြိမ်သိလား အဖန်ဖန် သိရမှာလားလို့ မေးထားတဲ့အခါမှာ အဖန်ဖန် ကြည့်သာနေမယ်ဆိုရင် အဖန်ဖန် – သူ၏ နှိပ်စက်မှုကို မတွေ့ရဘူးလား တွေ့ရမလား (တွေ့ရပါမယ်) တွေ့ရတဲ့အခါ ကျလို့ရှိရင်ဖြင့် ဘာဝေတဗ္ဗ ကိစ္စနဲ့ ဒီကနေ အဖန်ဖန် ကြည့်ပေး။ အဖန်ဖန်ကြည့်ပေးတော့ မဂ်၏ ရှေ့ပြေး သမ္မာဒိဋ္ဌိ မဖြစ်သေးဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။

မဂ်စစ်ဖြစ်တဲ့အခါ

ဒါဖြင့် မဂ်စစ်ဖြစ်တဲ့အခါကျတော့ တစ်ကြိမ်တည်းနဲ့ပဲ မင်းနှိပ်စက် တတ်တဲ့ တရားကြီးဖြင့် မရချင်တော့ပါဘူး မလိုချင်တော့ပါဘူးဆိုတဲ့ အချိန် မှာ ချုပ်မလား မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) သူချုပ်တဲ့ အခါကျလို့ရှိရင် ဖြင့် ဒကာဒကာမတွေ ဘယ်သူ ချုပ်သွားတာတုံးမေးရင် ဘယ့်နှယ်ဖြေကြ မလဲ ဒုက္ခသစ္စာချုပ်သွားတာ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်) ရှုရင်း မတ္တနဲ့ ဒုက္ခသိမ်း မသွားဘူးလား (သိမ်းသွားပါတယ်)။

အဲဒီတော့ ဒုက္ခသိမ်းသွားတာသည် ဒီနေရာမှာ နဂိုက ဒုက္ခရှိတယ်။ ခဏခဏဖြစ်ပျက်တဲ့ ဒုက္ခသစ္စာကြီးကို ဦးဘကြည်တို့က ကြည့်နေတယ်။ ကြည့်ရင်းမတ္တနဲ့ပဲ ဒီဒုက္ခသစ္စာကြီးကို မင်းနဲ့ဖြင့် အတူတူမနေချင်တော့ပါဘူး စွန့်ချင်တာပဲ၊ “နိဗ္ဗန္ဒန္တာ ဝိရဇ္ဇတိ နိဗ္ဗန္ဒန္တာ”-သူ့ကို ကြည့်ရတာ မုန်းလာ သည် ရွံလာသည်ရှိသော်။ ဝိရဇ္ဇတိ-သူ့အပေါ်၌ တပ်ခြင်းကင်း၏တဲ့။ ဒါကြီးကို လိုချင်သေးရဲ့ လား (မလိုချင်တော့ပါဘူး) မလိုချင်တော့ နဂိုတုန်းက ရှုနေတုန်းက မုန်းနေရတဲ့အထဲ မင်းကို မလိုချင်တော့ ပါဘူးဆိုတဲ့ တစ်နေ့က ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါး ဒီမှာ ရောက်လာလိမ့်မယ်တဲ့။ ယထာဘူတဉာဏ်ကနေ နိဗ္ဗန္ဒဉာဏ် နိဗ္ဗန္ဒကနေပြီး မဂ်ဉာဏ်မလာပေဘူးလား (လာပါတယ်) တစ်နေ့က ဉာဏ်သုံးဆင့် ပြပြီးပြီ (မှန်ပါ့)။

မဂ်ကဒုက္ခချုပ်ရာကို အာရုံပြုတယ်

ဒီမဂ္ဂင်ရှစ်ပါး ဝင်လာတဲ့အချိန်မှာ ဒကာဒကာမတို့ ဒီက ဖြစ်ပျက် ဒုက္ခသစ္စာရှိ မရှိ (မရှိပါဘူး) မရှိတော့ဘူး။ ဖြစ်ပျက် ဒုက္ခသစ္စာချုပ်ရမယ် (မှန်ပါ့) နို့မဟုတ်ရင် မဂ်က ဒုက္ခအာရုံပြုတဲ့ အဓိပ္ပါယ် ရောက်သွား လိမ့်မယ်။ မဂ်က ဒုက္ခချုပ်ရာကို အာရုံပြုရမှာ (မှန်ပါ့)။

ဘာအာရုံပြုရမလဲ (ဒုက္ခချုပ်ရာကို အာရုံပြုရပါမယ်) ဒုက္ခချုပ်ရာ ကို အာရုံပြုရမယ်ဆိုတော့ မဂ်ရတဲ့ ပုဂ္ဂိုလ်မှန်လို့ရှိရင် ရှေးနားမှာ ရှုနေတဲ့ ဖြစ်ပျက်တွေ အကုန်သိမ်းတယ်သာ မှတ်ပေတော့ (မှန်ပါ့)။

မဂ်ရတဲ့ပုဂ္ဂိုလ် ဘာသိမ်းသွားသလဲ (ဖြစ်ပျက်သိမ်းပါတယ် ဘုရား)။

ဘာဖြစ်လို့ဖြစ်ပျက်သိမ်းသတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာဒကာမတို့ မှတ်စရာ နဂိုက မုန်းလာ တဲ့အထဲ မင်းနဲ့ဖြင့် အတူတူ မနေချင်ဘူး၊ မင်းကို ရကိုမရချင် လိုကိုမလိုချင်ဆိုတာက ဒီမဂ္ဂင်ငါးပါးက ရှစ်ပါး ဖြစ်မလာဘူးလား (ဖြစ်လာပါတယ်) တစ်နေ့က သင်ပြီးပြီနော် (မှန်ပါ ဘုရား) မဂ္ဂင်ငါးပါး က ရှစ်ပါးဖြစ်လာတဲ့ အခါကျတော့ လိုချင်သေးရဲ့ လား (မလိုချင်တော့ပါဘူး) မလိုချင်လို့ ချုပ်သွား တာလို့ မှတ်ပါ (မှန်ပါ့)။

ဘယ်သူ့အစားထိုးသတုံး

ခုနင်က ပြောခဲ့တဲ့ ဒုက္ခချုပ်သွားတာသည် ဘာဖြစ်လို့ ချုပ်သွားရ သတုံး (မလိုချင်လို့ပါ) မလိုချင်လို့ ချုပ်သွားတော့ ဒုက္ခချုပ်သွားတယ်။ ကိုယ့်ခန္ဓာထဲမှာ ကြည့်ရင်းမတ္တနဲ့ ဒုက္ခချုပ်သွားတယ် ဒကာဒကာမတို့ (မှန်ပါ့)။

ချုပ်သွားတော့ ချုပ်သွားတဲ့နေရာ ဘယ်သူအစားထိုးသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်၊ အနာပေါက်နေတဲ့ ပုဂ္ဂိုလ် အနာပျောက်တော့ ဘယ်သူအစားထိုးသတုံးလို့ မေးသလိုပေါ့ဗျာ (မှန်ပါ့) အနာပေါက် နေတုန်းကတော့ အနာပေါက်နေတာပဲ ကျုပ်တို့ ကြည့်နေတယ်၊ အနာ ပျောက်တဲ့ အခါကျ တော့ ပျောက်တာ အစားထိုးတယ်ဆိုသဖြင့်ဆင်းရဲတာ ပျောက်ပြီး ချမ်းသာတာ အစားထိုး တယ်ပဲ အဓိပ္ပါယ်ယူရမယ် (မှန်ပါ့)။ သဘောကျပလား (ကျပါပြီ)။

နိုရောဓသစ္စာ

အနာပေါက်တာက ဘာတုံး (ဆင်းရဲတာပါ) အဲဒီမှာ အနာ ပျောက်သွားတော့ ဒကာ ဒကာမတွေက ဘယ့်နှယ်ဆိုမလဲ (ချမ်းသာ ပါတယ်) ချမ်းသာတာ အစားထိုးတယ် (မှန်ပါ့)။

ချမ်းသာတာ အစားထိုးတယ်ဆိုသဖြင့် ဒကာ ဒကာမတို့ ချမ်းသာ တာသည် ကားလို့ ဆိုလို့ရှိရင် ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ ဖြစ်ပျက်မရှိ တာဟာ ချမ်းသာတာပဲ (မှန်ပါ့)။

ဘယ်အချိန်ကြည့်ကြည့် အရိယာမျက်လုံး တပ်ကြည့်ရင် ဖြစ်ပျက် ဒုက္ခသစ္စာဟာ ရှိလျက် ချည့်ပဲ (မှန်ပါ့) မဂ်စစ်မလာသေးဘဲနဲ့ ဝိပဿနာဉာဏ်နဲ့ ကြည့်ရင်ပဲ ဖြစ်ပျက်ရှိလျက်ချည့်ပဲ ဆိုရင်ကော လွဲသလား (မလွဲပါဘူး) မလွဲတော့သူ့ကို မလိုချင်တော့ ရှေ့ကခါတိုင်းရှုနေတဲ့ ဖြစ်ပျက်ကြီးဟာ ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ်) ချုပ်သွားလို့ ရှိရင်ဖြင့် ဒါ ဆင်းရဲ ပျောက်သွားတာပဲ (မှန်ပါ) ဖြစ်ပျက်ဟာ ဘာသစ္စာ တုံး (ဒုက္ခသစ္စာပါ) ပျောက်သွားပြီ ဦးဘကြည်တို့ ဘယ့်နှယ်ဆိုကြမလဲ (နိရောဓသစ္စာပါ)။

သံယုတ်ပါဠိတော်

ဒုက္ခပျောက်သွားတော့ “ဒုက္ခဿ အန္တံ ကရိဿတိ” သံယုတ်ပါဠိတော် မှာ။ ဒုက္ခဿ – ဒုက္ခ၏။ အန္တံ – အဆုံးကို။ ကရိဿတိ – ပြုနိုင်လတ္တံ့ – ဖြစ်နိုင်လတ္တံ့။ ဒုက္ခအဆုံးဟာ ဘာတုံးဆိုတော့ အဲဒီ နိဗ္ဗာန်ကို မြင်နိုင် လတ္တံ့လို့ ဆိုသဖြင့် ခင်ဗျားတို့ ရှုရင်းမတ္တနဲ့ ဒုက္ခချုပ်သွားလို့ရှိရင်ဖြင့် ဒုက္ခချုပ်တဲ့ နိရောဓကြီး ခင်ဗျားတို့ သေသေချာချာ မြင်ပါလိမ့်မယ်။ ဒုက္ခချုပ်အောင်သာ ရှု၊ သဘောကျပလား (ကျပါပြီ)။

ဘာနဲ့မြင်ရမတုံး မေးတော့ ခုနင်တုန်းက ဒုက္ခဖြစ်နေတာက မဂ္ဂင် ငါးပါး၊ ဒုက္ခချုပ်တာကို မြင်တော့မယ်ဆိုတော့ မဂ္ဂင် ဘယ်နှစ်ပါး ဖြစ်လာ သတုံး (မဂ္ဂင်ရှစ်ပါး ဖြစ်လာပါတယ်)။

ပဋ္ဌာန်းပါဠိတော်

ကောင်းပြီ ဒါဖြင့် မဂ္ဂင်ရှစ်ပါးဖြစ်လာတဲ့ အချိန်မှာ “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော” လို့ ပဋ္ဌာန်းပါဠိတော်မှာ ဟောတော်မူတယ် (မှန်ပါ) နိဗ္ဗာနံ – နိဗ္ဗာန်သည်။ မဂ္ဂဿ – မဂ်အား။ အာရမ္မဏပစ္စယေန အာရမ္မဏ ပစ္စယသတ္တိဖြင့်၊ပစ္စယော ဥပကာရကော – ကျေးဇူးပြုသည်။ ဟောတိ-ဖြစ်၏။ နိဗ္ဗာန်နဲ့ မဂ်ပေါ့ဗျာ (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက်က ဒီဘက်နားမှာ နဂိုက ရှိသေးတယ်ပဲ ထားပါတော့။ မချုပ်ခင်က ဒီနေရာမှာ မရှိပေဘူးလား (ရှိပါတယ်)။

ရှိတဲ့အခါကျတော့ သင်္ခါရေဝိပဿတိ။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ သင်္ခါရတရား မဟုတ်ဘူးလား (မှန်ပါ) သင်္ခါရေ ဝိပဿတိ-နဂိုတုန်းက ဒီလိုနေတယ်။

သင်္ခါရေ ဝိပဿတိ ဖြစ်ပြီး သကာလနေတော့ ဪ ရှေ့က ဝိပဿနာ ဉာဏ်ပါလားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ကောင်းပြီ ဝိပဿနာဉာဏ်ရင့်လာတဲ့အခါကျတော့၊ ဒီဟာကြီးကို လိုလည်း မလိုချင်တော့ ပါဘူးဆိုတဲ့ နိဗ္ဗိန္ဒဉာဏ်က ငြီးငွေ့၊ သင်္ခါရုပေက္ခာဉာဏ်က လျစ်လျူရှုပြီးသကာလ နောက်မလိုချင်တဲ့ စိတ္တုပ္ပါဒ်တွေ စောမလာဘူးလား (စောလာပါတယ်) စောလာသည်နဲ့ တစ်ပြိုင်နက်တည်း မလိုချင်တဲ့ သဘောလည်း ပေါ်ပါရော ဒီဥစ္စာချုပ်ရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

မလိုချင်တဲ့သဘောပေါ်လို့ရှိရင် ဖြစ်ပျက်ချုပ်တယ်၊ ဖြစ်ပျက်ချုပ်သည် နဲ့ တစ်ပြိုင်နက်တည်း၊ ဖြစ်ပျက်ချုပ်တာနဲ့ ဖြစ်ပျက်မရှိတဲ့ နိရောဓ အစားထိုး လာတာနဲ့ဟာ တစ်ပြိုင်နက်တည်း မှတ်ပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

နိဗ္ဗာန်က မဂ်၏ အာရုံ

ဖြစ်ပျက်ချုပ်သွားတာနဲ့ နောက်က အမှောင်ပျောက်သွားတာနဲ့ အလင်းပေးတာနဲ့ဟာလည်း ဘယ့်နှယ်ဆိုကြမလဲ ဒကာ ဒကာမတို့ (တစ်ပြိုင်နက်တည်းပါ ဘုရား) တစ်ပြိုင်နက်တည်းဆိုသဖြင့် အဲဒီကျတော့ ဖြစ်ပျက်က ဝိပဿနာစိတ်၏ အာရုံလို့ မှတ်ထားကြပါ။ နိဗ္ဗာန်ကမဂ်၏ အာရုံလို့ မှတ်ပါ (မှန်ပါ) ကဲ မကွဲကြသေးဘူးလား (ကွဲပါတယ်)။

ဖြစ်ပျက်က ဝိပဿနာစိတ်၏ အာရုံ

ဖြစ်ပျက်က ဘယ်စိတ်၏ အာရုံလဲ (ဝိပဿနာ၏ အာရုံပါ) ဖြစ်ပျက် ချုပ်သွားတဲ့ သဘော ကလေးက (မဂ်၏ အာရုံပါ) မဂ်၏ အာရုံပြုရာ ဌာန။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့၏ အာရုံပြုရာ ဌာနပါလိမ့် (မဂ်၏ အာရုံပြုရာ ဌာနပါ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပဋ္ဌာန်းပါဠိတော် ကြီးမှာ – “သင်္ခါရေဝိပဿတိ၊ နိဗ္ဗာနံ မဂ္ဂဿ” လို့ ဟောတော်မူတယ်၊ ဒီကျတော့ သင်္ခါရေ = သင်္ခါရတရားတို့ကို၊ ဝိပဿတိ ဝိပဿနာရှု၏။ သဘောကျပလား သင်္ခါရတရားကိုပဲ ဝိပဿနာရှုတယ်တဲ့ ဟုတ်လား (မှန်ပါ့) သင်္ခါရချုပ်သွားတဲ့ အချိန်ကျတော့ ဘုရားက ဘယ်လိုဟော လိုက်သတုံးလို့ မေးတော့ “နိဗ္ဗာနံမဂ္ဂဿ နိဗ္ဗာနံဖလဿ” အစရှိသည်နဲ့ ဟောလေရဲ့ (မှန်ပါ)။

ဉာဏ်သုံးပါး အလုပ်စဉ်

အဲဒီတော့ ဒကာဒကာမတွေကို အတိုချုပ်သင်ထားတာခင်ဗျားတို့ မှတ်မိလိမ့်ဦးမယ်။

၁။ ဖြစ်ပျက်မြင်အောင် ကြည့်ပါ။ ၁-နံပါတ် (မှန်ပါ)။

၂။ ဖြစ်ပျက်မုန်းအောင်ကြည့်ပါ။ ဒါဘယ် နှစ်-နံပါတ်ပါလိမ့် (၂-နံပါတ်ပါ)

၃။ ဖြစ်ပျက်ကို ဆုံးအောင်ကြည့်ပါ (၃-နံပါတ်ပါ ဘုရား) ဒီ အတိုင်းပဲ ဟောခဲ့တယ်။

အဲဒီတော့ ခင်ဗျားတို့က ရှင်းပြီးသား ဖြစ်နေပါတယ်။ ဖြစ်ပျက် မြင်အောင် ကြည့်တာက ယထာဘူတဉာဏ်က ကြည့်တယ် သဘော ကျပလား (ကျပါပြီ) ဖြစ်ပျက်မုန်းအောင် ကြည့်တာက နိဗ္ဗိန္ဒဉာဏ်က ကြည့်တယ်။ ဖြစ်ပျက်ဆုံးအောင်လုပ်ပြီး အဆုံးကို မြင်တာက မဂ်ဉာဏ်က လုပ်တာ။ သူ့ဟာနဲ့သူ လုပ်ရတယ် (မှန်ပါ့)။

ဒါဟာ ဒကာဒကာမတွေ အလုပ်လုပ်စရာမှာ ဉာဏ်ဘယ်နှစ်မျိုးနဲ့ တက်လို့ရှိရင် တို့ကိစ္စပြီး ချေရဲ့ ဆိုတာလည်း ရိပ်မိကြပလား (ရိပ်မိပါပြီ) ဘယ်နှစ်မျိုးနဲ့ တက်သလဲ (သုံးမျိုးနဲ့ တက်ပါ တယ်) ဒါက ဘာဉာဏ်တဲ့ (ယထာဘူတဉာဏ်ပါ) သူက ဘာတုံး ? (နိဗ္ဗိန္ဒဉာဏ်ပါ) ဒီကတော့ (မဂ်ဉာဏ်ပါ) ဒီမဂ်က လာမှ တွေ့တော့ ဖိုလ်ဉာဏ်တွေ။သူကတော့ ကိစ္စပြီးပြီးသားမို့ ဘုန်းကြီးမထည့်တော့ဘူး (မှန်ပါ့)။

ဉာဏ်သုံးဉာဏ်-ဘယ်မှာဟောသတုံး

ဘယ်မှာများ ဟောပါလိမ့်မတုံးဘုရား အရှင်ဘုရားဆီကျမှ ဉာဏ်သုံးဉာဏ်နဲ့ ကိစ္စပြီး ပါတယ်ဆိုတာ ဘယ်မှာများ ဟောပါလိမ့်မတုံး ဆိုတော့ ခင်ဗျားတို့ အနတ္တလက္ခဏသုတ် စသည်မှာ ကြည့်ပါ။ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဒီအတိုင်းပဲ တက်ပုံ ဟောပါတယ်။ ရှင်းကြပလား (ရှင်းပါပြီ)။

ယထာဘူတဉာဏ်ဟောတယ်

ပါဠိတော်လိုချင်လို့ရှိရင် “ဧဝမေတံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ။ သမ္မပညာယ – ယထာဘူတဖြစ်ပျက် ဉာဏ်နဲ့ ရှေးဦးစွာကြည့်၊ ရှင်းပလား (မှန်ပါ) ဒဋ္ဌဗ္ဗံ – ဆိုတာရှုတာ၊ ပထမ ရှေးဦးစွာ ဘယ်ဉာဏ်နဲ့ရှုမလဲ (ယထာဘူတဉာဏ်နဲ့ ရှုရပါတယ်)

နိဗ္ဗိန္ဒဉာဏ်ဟောတယ်

“ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ဝေဒနာယပိ နိဗ္ဗိန္ဒတိ” တဲ့ တစ်ခါတည်း ထိုးတက်တယ်။ နိဗ္ဗန္ဒဉာဏ် တက်ပါတဲ့ (မှန်ပါ့) ဒါ အနတ္တလက္ခဏ သုတ်မှာ။ ဒိပြင် သုတ်တွေထဲမှာ လည်း ဒီသဘောဟော တာတွေ အများကြီးရှိတယ်နော် (မှန်ပါ့) ဘယ်သုတ်ကြည့်ကြည့် ဒီအတိုင်းပဲ။

ဒါဖြင့် ဒုတိယဉာဏ်က ဘာဉာဏ်တဲ့ (နိဗ္ဗိန္ဒဉာဏ်ပါ ဘုရား) ဘာဖြစ်လို့တုံး ဖြစ်ပျက်ကို အာရုံပြုနေတာ – သင်္ခါရကို အာရုံပြုနေတာချည်းပဲ။ အသင်္ခတပြုရဲ့ လား (မပြုပါဘူး)။

မဂ်ဉာဏ်ဟောတယ်

ကောင်းပြီ နိဗ္ဗိန္ဒဉာဏ် ပြီးတော့ကို “နိဗ္ဗန္ဒန္တာ ဝိရဇ္ဇတိ။” နိဗ္ဗန္ဒန္တာ – ငြီးငွေ့ပြီးသည်ရှိသော်၊ ဝိရဇ္ဇတိ – တပ်ခြင်းကင်းတဲ့ မဂ်ပေါ်၏။ သဘောကျ ပလား (ကျပါပြီ)။

ငြီးငွေ့ပြီးသည်ရှိသော် ဘာပေါ်ရမလဲ (မဂ်ပေါ် ရပါတယ်) တပ်နှစ်သက်ခြင်းကင်းတဲ့ မဂ်ပေါ် ရမယ်။ သဘောကျပလား (ကျပါပြီ)။

တပ်မက်ခြင်းကင်းတဲ့ မဂ်ပေါ်ရမယ်ဆိုသဖြင့် ဒီက အာရုံသည် မလိုချင်လို့ ချုပ်သွားပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ) မလိုချင်လို့ ချုပ်သွားပြီ။ နိဗ္ဗိန္ဒငြီးငွေ့ကတည်းက ဒါကလေး ဖြစ်ဖြစ်ခြင်းပဲ မလိုချင်ဘူး။ ဒီချုပ်သွားတဲ့ -ဉာဏ်က အမှောင်ပျောက်သွားလို့ အလင်းက အစားလဲထိုးလာတာပဲ။ သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ ဒီလိုလုပ်တယ်ဆိုလို့ရှိရင်ဖြင့် သာဝကပါရမီ ဉာဏ်ဟာ ဝေးသလားလို့ မေးရင် ဘယ့်နှယ်ကြမလဲ (မဝေးပါဘူး) မဝေးတော့ဘူး၊ ဒီတုန်းက ကိလေသာ ခြောက်ခဲ့ပြီ။ ဒီကျတော့ မီးရှို့တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

နိဗ္ဗာန်နဲ့နေရစ်တယ်

ဒီတုန်းက ကိလေသာခြောက်ခဲ့ပြီဆိုတာ သေချာတယ်၊ ပွားများနေ ကတည်းက ပွားများ တယ်ဆိုတာ တရားနာတဲ့ဉာဏ်အတိုင်းပဲ ပွားများနေ တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါဖြင့် တရားနာတဲ့ ဉာဏ်အတိုင်း ပွားများနေတော့ ကိလေသာက ဘယ့်နှယ်နေသတုံး ဒီကြားမှာရှိတဲ့ ကိလေသာ တွေက (ခြောက်ပါတယ် ဘုရား) ဒီဘက် ကျလာတဲ့အခါ မင်းကို မလိုချင်တော့ဘူး ဆိုတော့ ကိလေသာတည်းဟူသော အကြောင်းကြောင့်ဖြစ်တဲ့ ဖြစ်ပျက်ဒုက္ခဟာ မလိုချင်တော့ပါဘူး ဆိုသဖြင့် လိုချင်တဲ့တဏှာဟာ နေနိုင်သေးရဲ့လား (မနေနိုင်ပါဘူး) မလိုချင်တဲ့ မဂ်ကနေပြီး သတ်ပစ်တယ် (မှန်ပါ) ဒီအကြောင်း သတ်လိုက်သဖြင့် ဒီက ဖြစ်ပျက်အကျိုးကလည်း ချုပ်ရတယ်၊ မချုပ်သေးဘူးလား (ချုပ်ပါတယ်)။

အဲဒီကဲ့သို့ ချုပ်တဲ့အခါကျလို့ရှိရင်ဖြင့် ပေါ်သည်နဲ့ တစ်ပြိုင်နက် တည်း ချုပ်တော့ သူသည် ဘယ်သူနဲ့ နေရစ်သတုံးဆိုတာသာ မေးတော့ (နိဗ္ဗာန်နဲ့ နေရစ်ပါတယ်) နိဗ္ဗာန်နဲ့ နေရစ်တယ်ဆိုတော့ ခင်ဗျားတို့ ဒီဥစ္စာ လုပ်ထိုက် မလုပ်ထိုက် (လုပ်ထိုက်ပါတယ် ဘုရား)။

ယထာဘူတဉာဏ်

သိပ်ပင်ပင်ပန်းပန်း လုပ်ရမယ်လို့ ထင်သလား။ ပင်ပင်ပန်းပန်း မလုပ်ရပါဘူး။ ယထာဘူတ ဉာဏ် ရအောင်လုပ်ပါ၊ ယထာဘူတဉာဏ် ဆိုတာ ဘာတုံးဆိုလို့ရှိရင် ခန္ဓာကိုယ်ထဲမှာ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာဖြစ်ပျက် မြင်ရမယ်၊ (မှန်ပါ) ရုပ်ရှုတဲ့ ပုဂ္ဂိုလ်ဟာ (ရုပ်ဖြစ်ပျက်မြင်ရပါမယ်) သညာရှုတဲ့ ပုဂ္ဂိုလ်ဟာ (သညာဖြစ်ပျက်မြင်ရပါမယ်) စိတ်ရှုတဲ့ပုဂ္ဂိုလ်က (စိတ်ဖြစ်ပျက်မြင်ရပါမယ်) သတိပဋ္ဌာန်လေးပါး-တစ်ပါးပါး၏ ဖြစ်ပျက်ကို မြင်ရင်ပြီး တာပဲ။ ဒါ ယထာဘူတဉာဏ်ဖြစ်ပါတယ် (မှန်ပါ)။

နိဗ္ဗိန္ဒဉာဏ်

သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါး အားထုတ်လို့ တစ်ပါးပါး မုန်းလို့ရှိရင်တော့ နိဗ္ဗိန္ဒဉာဏ်ဖြစ်ပါတယ်။ တစ်ပါးပါးဆုံးလို့ရှိရင် မဂ်ဉာဏ် ဖြစ်ရမယ် (မှန်ပါ့)။

တစ်ပါးဆုံးတော့ ရုပ်နဲ့နာမ်ဆိုတဲ့ ဥစ္စာနဂိုကမှ နှစ်ယောက်စပ်ပြီး မှီနေကြတာ။ သဘောကျ ပလား (ကျပါပြီ) နှစ်ယောက် အချင်းချင်း မှီနေကြတာ တစ်ယောက်ကို မလိုချင်တော့ဘူးဆိုတော့၊ အတူတကွ သဟဇာတ ဖြစ်တဲ့ နာမ်ကိုမလိုချင်လည်း ဒကာ ဒကာမတို့ ရုပ်ဟာ ဝိပဿနာ နေရာမှာတော့ဖြင့် နှစ်ခုတွဲ ချုပ်ရတယ်၊ သဘောကျပလား (ကျပါပြီ) ရုပ်ကို မလိုချင်ပါဘူးဆိုရင် အချင်းချင်း ယှဉ်တွဲစပ်မှီနေကြတဲ့အတွက် ပဉ္စဝေါ ကာရဘုံမှာတော့ နှစ်ခုစလုံး ချုပ်ရမှာပဲ (မှန်ပါ) နှစ်ခုစလုံး မလိုချင် တော့ဘူး မဖြစ်ပေဘူးလား (ဖြစ်ပါတယ်) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် သတိပဋ္ဌာန်လေးပါး တစ်ပါးပါးကြိုးစားရင် လေးပါးစလုံး ပါတယ်ဆိုတာလည်း၊ နာမ်ကို မလိုချင်ရင် ရုပ်မလိုချင်တာ အတွင်းဝင်သွားတဲ့ အတွက်၊ သတိပဋ္ဌာန်လေးပါးကလည်း နာမ်ရုပ်ကို လေးပါးဟောထားတာပဲ (မှန်ပါ) ဒါဖြင့် တစ်ပါးအားထုတ်ရင် ကျန်တဲ့သတိပဋ္ဌာန်သုံးပါး ပါနိုင်တယ် ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဝေဒနာနုပဿနာအားထုတ်နည်း

ဒါဖြင့် ဒကာဒကာမတို့ အားထုတ်နည်းလေးကို အခုရှေ့ပိုင်းကနေ ပြတယ်၊ ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ဟာ ရှေးဦးစွာ ဝေဒနာကို ဘာမြင်အောင် ကြည့်ရမလဲ၊ (ဖြစ်ပျက်မြင်အောင်ကြည့်ရပါတယ်)၊ ဒုတိယဘယ်လိုဉာဏ် သုံးရမလဲ (ဝေဒနာကို မုန်းရပါတယ်) ဝေဒနာက ဘယ်အပေါ်မှာ မုန်းရမလဲ ? ဖြစ်ပျက်ပေါ်မှာ မုန်းရပါတယ်။ (မှန်ပါ) နောက်ကျတော့ ဒီဝေဒနာကြီးသည်ကားလို့ဆိုရင်၊ တို့ကိုသတ်နေတာ ဒီဝေဒနာပဲလို့ ဆိုပြီး သကာလ၊ ဒီဝေဒနာကြီးကို မလိုချင်တဲ့ဉာဏ် ပေါ်အောင်ရှု၊ ရှုနေရင် ဝေဒနာ ဟာ ဘာဖြစ်လာမတုံး (ဆုံးသွားပါတယ်)။

ဒါကြောင့် တစ်နေ့ကလည်း ပါဠိတော်က ကိုးပြခဲ့တယ်၊ “ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗတော၊” ဝေဒနာ ကုန်အောင်ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဟာ နိစ္ဆာတော – နိတ္တဏှာ – တဏှာမရှိသည်ဖြစ်၍၊ ပရိနိဗ္ဗုတော – ကိလေသာ ပရိနိဗ္ဗာန်စံ၏လို့ ဘုရားမဟောဘူးလား (ဟောပါတယ် ဘုရား) သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့ ဝေဒနာဆုံးအောင် ရှုတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာမရှိတော့ ဘူးဆိုရင် ဝေဒနာနိရောဓာ တဏှာနိရောဓောနဲ့ ကိုက်မကိုက် ပြန်စဉ်းစား (ကိုက်ပါတယ် ဘုရား)။

ဝေဒနာရှုရင်းမတ္တနဲ့ ချုပ်သွားပြီ၊ မလိုချင်တော့ ချုပ်မသွားဘူးလား (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားတော့ ဝေဒနာ နိရောဓ ဖြစ်ခဲ့လို့ရှိရင် ဘုရားက သူချည်းချုပ်တယ်လို့ အောက်မေ့မနေ ပါနဲ့ကွတဲ့၊ တဏှာနိရောဓော + ဥပါဒါနနိရောဓာ။ ဘဝတွေကော (နိရောဓောပါပဲ) ဇာတိကော (နိရောဓောပါပဲ) ဒုက္ခဟူသည် ဘယ့်နှယ်ဆိုကြမလဲ (နိရောဓောချည်း ပါပဲ) နိရောဓော ချည်းဖြစ်တယ် ဆိုတာကော သေချာကြပလား (သေချာပါပြီ)။

ဒါကြောင့် ဝေဒနာနုပဿနာကို အထူးဂရုစိုက်ပါဆိုတဲ့ဥစ္စာ ဆရာ ဘုန်းကြီးပြောတဲ့ဥစ္စာ ဦးဘကြည်တို့ ရှင်းပလား (ရှင်းပါပြီ)။

ကိလေသာခြောက်အောင်လုပ်

ကောင်းပြီ ဒါဖြင့် ဒကာဒကာမတို့၊ ဒီနေ့ပြောရမှာက ကိလေသာ ခြောက်၍ မီးတောက် နိုင်ပါတယ်လို့ ပြောသောကြောင့် ဒီနေ့ တရားအစမှာ ဒီဉာဏ်ရှိတော့ ကိလေသာ ခြောက်တယ်၊ သဘောကျပလား (မှန်ပါ) ဒီဉာဏ်လာတော့ ကိလေသာဟာ မီးရှို့လို့ လောင်သွားတယ်။ ပြောင်သွား တယ် (မှန်ပါ) ဒီဉာဏ်နှစ်ခုတည်းနဲ့ ကိလေသာဟာ ဘယ့်နှယ့်တုံး (ခြောက်သွားပါတယ်) ခြောက်နေတဲ့အခါ ဒီဘက်ဉာဏ်ကျတော့ ခုနင်က ခြောက်သယောင်းနေတဲ့ သစ်တုံးကြီးဟာ မီးတိုက်လိုက်တဲ့ အခါမှာ မလောင်ပေဘူးလား (လောင်ပါတယ်)။

ခြောက်တဲ့ကိလေသာ မီးရှို့ပါ

အဲဒီတော့ ရှေးဦးစွာ ခင်ဗျားတို့ ၁-နံပါတ် အရေးကြီးတာက ကိလေသာ ခြောက်ဖို့ အရေးကြီး တယ်၊ ၂-နံပါတ်က ခြောက်တဲ့ ကိလေသာ တုံးကြီးကို မီးရှို့ဖို့ အရေးကြီးတယ် (မှန်ပါ) အစိုတုံးကြီး ဆိုတော့ ရှို့ လို့မရဘူး (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

အစိုတုံးဆိုတာ ကိလေသာရှိလျက်နဲ့ နတ်ပြည် ဗြဟ္မာပြည် နိဗ္ဗာန်ဆု တောင်းရင် ခင်ဗျားတို့ အစိုတုံးကြီးနဲ့မို့ မီးရှို့ ရင် ဘယ့်နှယ်နေပါသတုံး (မရပါ ဘူး) တောင်းကတည်းက လူ့ပြည် နတ်ပြည် ခံစားပြီး အဆုံးစွန်ဘဝ၌ နိဗ္ဗာန်ရရ ပါလို၏ ဆိုတော့ ဟိုဟာတွေနဲ့ ရောနှောပြီးတည့်လိုက်တဲ့အတွက် တဏှာတွေ ဖြစ်မနေဘူးလား။ (ဖြစ်နေပါတယ်) ဖြစ်နေတော့ တဏှာအစိုတုံးကြီးနဲ့ နိဗ္ဗာန်ရဖို့ ရာဘယ့်နှယ်နေပါ့မတုံး မဂ်မပေါ်နိုင်ဘူးတဲ့။

ကိလေသာမရှိမှနိဗ္ဗာန်ရမည်

မဂ်တည်းဟူသော မီးပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါဘူး) မဂ်မီး မပေါ်နိုင်တော့ မီးမှမရှို့နိုင်လို့ မီးမှမတောက်ရလို့ရှိရင်၊ ကိလေသာမရှိမှ နိဗ္ဗာန်ရမည့်ဥစ္စာ ကိလေသာကိုမှ မီးမရှို့နိုင်လို့ ရှိရင်လည်း အားလုံးဒကာ ဒကာမတွေ နိဗ္ဗာန်ရဖို့အရေး ဝေးပါသေးတယ်ဗျ (မှန်ပါ့ ဘုရား) ရပါ့မလား (မရပါဘူး)။

ဒါဖြင့်နိဗ္ဗာန်သည် ဒကာ ဒကာမတို့ အစိုတုံးခြောက်မှရမယ်ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် မနေ့က ဒုက္ခသစ္စာ ပီဠနဋ္ဌကို ဟောလိုက်တယ်နော် (မှန်ပါ) ဒီနေ့တော့ သင်္ခတဋ္ဌကို နည်းနည်းပြောပါဦးမယ်။ ခန္ဓာငါးပါး မနေ့က တော့ သူကနှိပ်စက်ပုံကိုအားကြီး ပြောခဲ့တယ်။ ဒီနေ့တော့ သူ့ကိုအနှိပ်စက်ခံ ရပုံကို ဒကာ ဒကာမတွေ နာကြားရလိမ့်မယ် (မှန်ပါ)။

ဒါက ရူပက္ခန္ဓာ, ဒါကနာမက္ခန္ဓာလေးပါး ပေါင်းလိုက်တော့ သူက နှိပ်စက်တယ်နော် (မှန်ပါ) မနေ့ကတော့ နာမက္ခန္ဓာလေးပါးကလည်း သူခင်တဲ့ အမေကို (နှိပ်စက်ပါတယ်) ရူပက္ခန္ဓာကလည်း ခင်တဲ့အမေကို (နှိပ်စက်ပါတယ်) ဒီနေ့တော့ ဒီလိုမဟုတ်ဘူး သူက အနှိပ်စက်ခံ ရတယ် ဆိုတာကို ဘုရားဟောဦးမယ်။

မနေ့ကတော့ သူက နှိပ်စက်တတ်တဲ့ သဘောကို ဟောလိုက်တယ်, ဒီနေ့တော့ သူ့ကို နှိပ်စက်အပ်တဲ့ သဘောကို ဟောပါလိမ့်မယ်။ သူက အနှိပ်စက်ခံရတဲ့ ဘက်ကသဘောကို ဟောပါ လိမ့်မယ်။ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒကာဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ဒီခန္ဓာငါးပါးမှတစ်ပါး ဘာရှိသတုံး (ဘာမှမရှိပါဘူး)။

ဒုက္ခသစ္စာ – သင်္ခတဋ္ဌသဘော

ကောင်းပြီး ခန္ဓာငါးပါးမှတစ်ပါး ဒကာဒကာမတွေ ဘာမှ မရှိတော့၊ ဒီခန္ဓာငါးပါးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အနှိပ်စက်ခံဖို့ရာ ဖြစ်ပေါ် ပေါ်ပေါက် လာတာပဲ၊ သင်္ခတဋ္ဌော ကိုး (မှန်ပါ့) မနေ့က ဒုက္ခဿ ပီဠနဋ္ဌော၊ ဒီနေ့တော့ သင်္ခတဋ္ဌောကိုး (မှန်ပါ့) မနေ့က ဒုက္ခဿပီဠန၊ ဒီနေ့တော့ သင်္ခတဋ္ဌော။ သင်္ခတဋ္ဌော တဏှာယောက်ျားလက်သမား၏ ဆိုးဝါး ယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့သဘော။ ဒါ သင်္ခတ ၏ အဓိပ္ပါယ် (မှန်ပါ) တဏှာယောက်ျား လက်သမား၏ ဆိုးဝါး ယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့ ခင်ဗျားတို့ ခန္ဓာငါးပါးက (မှန်ပါ့)

တဏှာယောက်ျား လက်သမား၏ ပြုပြင်ရာကို ဘာလုပ်နေရသတုံး (ခံနေရပါတယ်)။

ကောင်းပြီ ဒါဖြင့် တဏှာယောက်ျား လက်သမား၏ ဆိုးဝါး ယုတ်မာပြုပြင်ရာကို အမြဲ ခံနေ ရသောကြောင့် အနှိပ်စက်ခံရသောကြောင့် သူ့ကို ဘာသစ္စာဖွဲ့ကြမလဲ (ဒုက္ခသစ္စာပါ)။

ခင်ဗျားတို့ အခုရထားတဲ့ ခန္ဓာငါးပါးကို ဘယ့်နှယ်ဆိုကြမယ် (ဒုက္ခသစ္စာပါ ဘုရား) ဘာဖြစ်လို့တုံး (အမြဲနှိပ်စက်ခံနေရလို့ပါ ဘုရား)။

အနှိပ်စက်ခံဖို့ ဆုတောင်းတယ်

ဪ ဒါဖြင့် လူဆိုတာလည်း ဒီခန္ဓာငါးပါးပါ နတ်ဆိုတာ ကော (ဒီခန္ဓာငါးပါးပါပဲ) ဗြဟ္မာဆိုတာကော (ဒီခန္ဓာငါးပါးပါပဲ) ဪ ခန္ဓာ ငါးပါး ဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ အနှိပ်စက် ခံဖို့ရာ တောင်းတာပဲ။ သဘောကျပလား (ကျပါပြီ)။

မနေ့တုံးက ခန္ဓာငါးပါးဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ ဦးဘကြည် ဘာတဲ့ နှိပ်စက်ဖို့ ဆုတောင်းယူတယ် (မှန်ပါ) ယနေ့တော့ (အနှိပ်စက် ခံရဖို့ပါ) အနှိပ်စက်ခံရဖို့ ခံစရာ ပစ္စည်းမရှိလို့ ဟုတ်လား၊ အနှိပ်စက်ခံစရာ ပစ္စည်းကို ဆုတောင်းယူတယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ) ဘာဆုတောင်း ယူတာတုံး (အနှိပ်စက်ခံဖို့ ဆုတောင်းယူတာပါ) အနှိပ်စက်ခံစရာ ပစ္စည်းကို တစ်ခါတည်း ဆုတောင်းပြီး သကာလ ယူတယ်ဆိုတော့၊ သြော် ဒီခန္ဓာ ငါးပါး ကြီးသည်ကား လို့ဆိုရင် ဘယ်အကျိုးငှာ ဖြစ်ပေါ်လာပါလိမ့်မလဲလို့ မေးခွန်းထုတ်လို့ရှိရင် အနှိပ်စက်ခံဖို့ ဖြစ်ပေါ်လာတယ်လို့ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဇာတိမီးဟာ လောင်စရာ မရှိရင် ဦးဘကြည် ဘယ်သွားလောင်မလဲ (မရှိပါဘူး) ဇရာမီးဟာ ဦးဘကြည် လောင်စရာ မရှိရင် (မလောင် နိုင်ပါ ဘုရား) ဗျာဓိမီး မရဏမီး လောင်စာမရှိရင် (မလောင်နိုင် ပါဘူး) ဒါဖြင့် ခင်ဗျားတို့ လောင်စာဆုတောင်းယူတယ် (မှန်ပါ) ပေါ်ပလား (ပေါ်ပါပြီ)။

ဘာဆုတောင်းကြသတုံး

ဘာဆုတောင်းကြသတုံး (လောင်စာဆုတောင်းပါတယ်) သြော် လောင်စာအဖြစ်နဲ့ သေခြင်းဆိုး သေရပါလို၏။ မပါဘူးလား ပါသလား (ပါပါတယ်)။

လူ့ဘုံဆုတောင်းတဲ့ ပုဂ္ဂိုလ်၊ နတ်ဘုံဆုတောင်းတဲ့ ပုဂ္ဂိုလ်၊ ဗြဟ္မာဘုံဆုတောင်းတဲ့ပုဂ္ဂိုလ် ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက် ချကြမတုံး (လောင်စာအဖြစ်နဲ့ သေခြင်းဆိုး သေရပါ လို၏)။

အဲဒီလို သစ္စာသိသွားတဲ့ ပုဂ္ဂိုလ်ဟာ ဒီတဏှာသေနိုင် မသေ နိုင် ? (သေနိုင်ပါတယ်) အခုပြောလိုက်တာနဲ့ ကိလေသာ ခြောက် မခြောက် စဉ်းစားပါ (ခြောက်ပါတယ်) လိုချင်ကြရဲ့လား (မလိုချင်ပါဘူး) ဘယ့်နှယ်ကြောင့် မလိုချင်ပါလိမ့်မတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့၊

ဪ သူများ နှိပ်စက်ခံဖို့ လောင်စာကြီးဘုရား၊ ဒုက္ခရောက်ခံရမည့် သဘောကြီး ဘယ်မှာ တပည့်တော်တို့ မလိုချင်ပါဘူးဆိုကတည်းက အခုလိုပဲ သစ္စာတရား နာရတာနဲ့ ကိလေသာ ခြောက် မခြောက် (ခြောက်ပါတယ် ဘုရား) တကယ်လို့ ဉာဏ်သုံးဆင့်နဲ့ ပွားလိုက်မယ်ဆိုရင် ခင်ဗျားတို့ ဘယ့်နှယ်တုံး မဂ်ဆိုက်နိုင်တယ် (မှန်ပါ)။

သောတာပန်တည်ချင်ရင်

ဒါဖြင့် မင်းတို့ကွာ သောတာပန် တည်ဖို့ ဘာခဲယဉ်းတာမှတ်လို့။ ပထမ သစ္စာတရားကိုနာကွာ သစ္စာတရားကို နှလုံးသွင်းကွာ ပြီးတာပဲကွာ ဒီနှစ်ချက်တည်း ဟောတာပဲ။ မဟုတ်ဘူးလား (မှန်ပါ)။

အဲဒီတော့ ဦးဘကြည်တို့ မလွယ်လားဗျာ (မှန်ပါ) လွယ်ပင် လွယ်ငြားသော်လည်း ခင်ဗျားတို့က အသိုင်းအဝိုင်းတွေနဲ့ ရှည်နေလို့ မရတာ ဘဲလို့ဆိုရင် ဘယ့်နှယ်နေသတုံး (မလွဲပါဘူး) မှားကော မှားမလား (မမှားပါဘူး)။

မမှားပါဘူး၊ ခင်ဗျားတို့က အသိုင်းအဝိုင်းက ဦးဘအုန်းကြီးတို့က များလွန်းတယ်၊ မများဘူးလား (များပါတယ်) အသိုင်းအဝိုင်းများတာနဲ့ မရောက်တာဘဲဆိုတာဟုတ်လား ရှင်လောင်း လှည့် တာတောင် အသိုင်း အဝိုင်းများလို့ရှိရင် တော်တော်နဲ့ ကန်တော့တဲ့ဆီ တော်တော်နဲ့ ရောက်ပါ့ မလား (မရောက်ပါဘူး) အသိုင်းအဝိုင်းများလို့ရှိရင် ဟိုငဲ့ ဒီစောင်းတွေက ရှုပ်မလာဘူးလား (ရှုပ်လာပါတယ်) အဲဒီလို ရှုပ်နေတဲ့ အတွက် မရနိုင်ဘူး။ သဘောကျပလား (မှန်ပါ့)။

ဒါဖြင့် တပည့်တော်တို့ မဂ်ဆိုက်ချင်ပါတယ် ဖိုလ်ဆိုက်ချင်ပါတယ် ဆိုလို့ရှိရင်ဖြင့်၊ ဒကာ ဒကာမတို့တွေ နှစ်မျိုးတည်း မှတ်လိုက်ရင် မပြီးဘူးလား (ပြီးပါတယ်) သစ္စာတရားနာမှု, သစ္စာတရားကို နှလုံးသွင်းမှု၊ မပြီးသေးဘူးလား (ပြီးပါတယ်)။

တဏှာပြုပြင်သလို ခံနေရတယ်

ကိုင်း ဒါဖြင့် သင်္ခတဋ္ဌော – တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့ သဘောသည်လည်း ကောင်း ဆိုတော့ ခန္ဓာငါးပါးဟာ တဏှာပြုပြင်သလို ခံနေရတာ (မှန်ပါ)။

ခန္ဓာငါးပါးဟာ ဘယ်သူပြုပြင်သလို ခံနေရသတုံး (တဏှာပြုပြင် သလိုခံနေရပါတယ်) တဏှာပြုပြင်သလိုခံနေရတော့ တဏှာက ဘယ်ဘုံ သွားသေလိုက် ဘယ့်နှယ်တုံး သွားပြီး မသေရဘူးလား သေရသလား (သေရပါတယ်) ဘယ်ဘုံအတွက် ခံပြလိုက် အမိဝမ်းခေါင်းထဲကို ဆိုတော့ ခင်ဗျားတို့က သူနဲ့ ဆုတောင်းထားတာကိုးဗျ (မှန်ပါ) အဲဒီတော့ သူနဲ့ ဆုတောင်းထားတော့ ခင်ဗျားတို့က စဉ်းစားပါတော့ ဪ သူစီမံသလို ခံနေရတာပဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သူက ခြေနဲ့ လက်နဲ့ ဖြစ်လိုက်ဆိုရင်ကော (ဖြစ်ပါတယ်) ခြေနှစ်ချောင်းနဲ့ ဖြစ်လိုက် ဆိုရင်ကော (ဖြစ်ပါတယ်) ဒီတော့ သူစီမံ နေတာပါကလား သုံးဆယ့်တစ်ဘုံမှာ (မှန်ပါ) သုံးဆယ့်တစ် ဘုံမှာ စိုးမိုးအုပ်ချုပ်နေတာ သိပလား ခင်ဗျားတို့ (သိပါပြီ) ဘယ်သူတုံး (တဏှာပါ ဘုရား) တဏှာပဲ။ ဒါကြောင့် အကုသိုလ် စိတ်ဆယ့်နှစ်ခု တစ်ထောင့်ငါးရာ ကိလေသာ များချင်တာများ ဘုရားက သစ္စာကျတော့ တစ်လုံးတည်း ကိုင်လိုက်တယ်။ ရှင်းပလား (ရှင်းပါပြီ)။ သစ္စာကျတော့ သမုဒယသစ္စာ တဏှာသတ်ရင် အကုန်သွားတာပဲ တစ်ထောင့်ငါးရာ ကိလေသာတွေ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)။

ဒုက္ခမျိုးစုံပေးနေတာ တဏှာ၊

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့အပေါ်မှာ ဒုက္ခ မျိုးစုံပေးနေတာ ဘယ်သူတုံး (တဏှာပါ ဘုရား) ဒုက္ခမျိုးစုံပေးနေတာ တဏှာပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒုက္ခမျိုးစုံပေးနေတဲ့ဥစ္စာ ခင်ဗျားတို့ မနိုင်ဝန်ကို အထမ်းခိုင်းတာ လည်း သူပဲ၊ နိုင်တဲ့ဝန် အထမ်းခိုင်းတာကော (သူပါ ဘုရား)၊ မဆိုင်တာကို ခိုင်းတာကော (သူပါပဲ)။

ဒါဖြင့် ခင်ဗျားတို့မှာ ကောင်းကောင်းနေရတဲ့အချိန်ရယ်လို့ ရှိသေး သလား (မရှိတော့ပါဘူး) တဏှာ အရှင်လက်အောက်မှာ နေရတဲ့ ကျွန်သပေါက်သည် ဘယ်အချိန်မှာ စိတ်ချမ်းသာမတုံးလို့ မေးပါ။ (ဘယ်အချိန်မှ မချမ်းသာပါဘူး) ဘယ်အချိန် အားမတုံး မေးကြည့်စမ်း (မအားပါဘူး)။

ဪ ခင်ဗျားတို့သည်ကားလို့ ဆိုရင် ညှာတာမဖက် အမြဲနှိပ်စက်ခံရတဲ့ ဒုက္ခသစ္စာကြီး ရထားတာကိုး (မှန်ပါ) ဆိုနိုင်မလား (ဆိုနိုင်ပါတယ်)။

ညှာတာမဖက် အမြဲနှိပ်စက်ခံထိုက်တဲ့ ဒုက္ခသစ္စာကြီး ခင်ဗျားတို့ ရထားတယ်၊ နာမ်လည်း ဒုက္ခသစ္စာပဲ။ ရုပ်ကကော (ဒုက္ခသစ္စာပါပဲ) သူတို့က လောကီချည်းပဲ၊ လောကုတ္တရာ ဒီအထဲမှာ နည်းနည်း မှမပါဘူး (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ) သူတို့ကို ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာ ပါ ဘုရား) ဘယ့်နှယ်ကြောင့် – ဒုက္ခသစ္စာထိုက်ရသတုံး တဏှာစီမံ သလို ခံနေရလို့ပါဘုရား (မှန်ပါ)။

နေပူမိုးရွာ မရှောင်လုပ်ကြရတာ

ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာငါးပါးကြီးဟာ တဏှာစီမံသလို ခံနေရတယ်ဆိုတော့ ဟုတ်မှ ဟုတ်ကြရဲ့လား ဆိုတော့ နေပူမရှောင် မိုးရွာ မရှောင် သွားပြီးလုပ်ကြကိုင်ကြရတာလည်း တဏှာက ဒါလုပ်မှရမှာ။ ဒါကိုင်မှ ရမှာ။ သဘောကျပလား (မှန်ပါ) ခင်ဗျားတို့က ဖီဆန်ရဲရဲ့ လား (မဖီဆန်ရဲပါဘူး ဘုရား) ဘာဖြစ်လို့ မဖီဆန်ရဲတာတုံး (သစ္စာမသိလို့ပါ ဘုရား) ငယ်သေးလို့ပေါ့ဗျာ သဘောကျပလား (ကျပါပြီ) တစ်နည်း အားဖြင့် အခုဘုန်းကြီးပြောတာကို ဂရုစိုက်ပြီး နားထောင် လိုက်တော့ ဖီဆန်ကောင်းတယ်လို့ကို မသိဘူး၊ ဘယ်လောက်များ အုပ်ချုပ်ရေး ပိရိတယ် ဆိုတာ ဒကာ ဒကာမတို့ သူ့ကို ဖီဆန်ကောင်းတယ်လို့မှ သိကြရဲ့လား (မသိပါဘူး) လူဖြစ် လာရင် လုပ်စားရပါလိမ့် ဒီလိုသာသိတယ်။ ဒိပြင် ဘာသိသေးသတုံး (ဘာမှမသိပါဘူး) သူများရှာသလို ရှာရပါ လိမ့်မယ်လို့တော့ မသိဘူးလား (သိပါတယ်)။

အဲဒီတော့ သူ့ကြောင့်လို့တော့ စွဲချက်တင်ကြရဲ့လား၊ (မတင်ပါဘူး) သူ့ကိုသာ သတ်လိုက် လို့ရှိရင် တို့ချမ်းချမ်းသာသာ နေရမယ်၊ ဒီလိုကော လာရဲ့လား (မလာပါဘူး) မှန်ပါ့ဘုရား ဟုတ်ပါ့ ဘုရားချည့်လိုက် နေတာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘယ်သူ့ကို မှန်ပါ့ဘုရား ဟုတ်ပါ့ဘုရား လိုက်နေရတာတုံး (တဏှာကို လိုက်ရတာပါ) ဖြစ်မှ-ဖြစ်ရပလေ ခင်ဗျားတို့ မှန်ပါ့ဘုရား ဟုတ်ပါ့ဘုရား လိုက်သင့်မလိုက်သင့် (မလိုက်သင့်ပါဘူး) မလိုက်ထိုက်ဘူး အကုသိုလ်တရားကြီးပဲ။ သဘောကျပလား (ကျပါပြီ)။

အကြံအစည်ဆိုတာ လောဘပဲ

အကုသိုလ်တရားကို ခင်ဗျားတို့က မှန်ပါ့ဘုရား ဟုတ်ပါ့ဘုရား လို့ လိုက်သင့်ပါ့မလား (မလိုက်သင့်ပါဘူး) အကုသိုလ်တရားဆိုတာ ခင်ဗျားတို့ ချေမှုန်းပစ်ဖို့ပဲ၊ သူ့ကို ဦးတင်နေဖို့ (မလိုပါဘူး) အခုတော့ ခင်ဗျားတို့ ဘယ့်နှယ့်ဖြစ်နေသတုံး သူ့ကို ဦးတင်နေတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် ဦးတင်သတုံးဆိုတော့ တစ်နေ့က ကျုပ်ဒီလောဘကလေး ထွက်လိုက်လို့ ကျုပ်ဒါကလေးစားလိုက်ရတာဗျာ။ ဒါကလေး ကျေးဇူးတင်ရ သေးတယ်။ ဒီအကြံအစည်ကလေး ဆိုတာ ဒီလောဘပဲ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒီအကြံအစည်ဟာ ဘယ်သူနဲ့ ကြံတာတုံး (တဏှာနဲ့ကြံတာပါ) တဏှာနဲ့ ကြံတာ။ ဒီအကြံအစည်ကလေး တည့်သွားတော့ ကိုယ့်စိတ်ကူးလည်း ကိုယ်ကြည်ညိုလာတယ်၊ လေးစားလာတယ် ဦးတင်ထိုက်တယ်၊ ဦးတိုက်ထားတာကိုးဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

မှန်းခြေပေါက်တဲ့ အချိန်ကျတော့ ဘယ့်နှယ်ဖြစ်လာသတုံး (လေးစား ဦးတိုက်လာပါတယ်) လေးစားဦးတိုက်လာတယ်ဆိုတဲ့ အဓိပ္ပါယ် ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ သူပြုပြင်သလို ခံနေရတယ်ဆိုတာကို သူ့ကို ရန်သူလုပ်ပြီးသကာလ ဘုရားက သမုဒယသစ္စာ ဆိုတာ ပယ်ရမှာကွ မဟောဘူးလား (ဟောပါတယ်) ခင်ဗျားတို့ ကတော့ မပယ်နိုင်သေးဘဲ ဦးတိုက်နေရတယ် ပြောင်းပြန်ကို လုပ်နေတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့က ဘာလုပ်နေသတုံး (ပြောင်းပြန်လုပ်နေပါတယ်) ပြောင်းပြန်ဦးတိုက်နေတဲ့ အဓိပ္ပာယ်ကော မဆိုက်ဘူးလား (ဆိုက် ပါတယ်) ဒါဖြင့် သင်္ကေတဆိုတာ ဟောထိုက် မဟောထိုက် (ဟောထိုက်ပါတယ်) တဏှာ ယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့ ခန္ဓာငါးပါးသည်လည်းကောင်းတဲ့၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီခန္ဓာငါးပါးသည် ဘယ်သူ့အလိုကို လိုက်ပြီး – ဘယ်သူ့ အကြိုက် နေရသလဲ (တဏှာ အကြိုက် နေရပါတယ်)။

မင်းကို ဘယ်သူပို့လိုက်တာတုံး

မယုံလို့ရှိရင် သုံးဆယ့်တစ်ဘုံသားတွေ မေးကြည့်ပါ ဦးဘကြည်ရဲ့ အားလုံးမေးကြည့်ပါ။ မင်းကို ဘယ်သူ ပို့လိုက်တာတုံး ဒီဘုံရောက်အောင်၊ တဏှာပို့လိုက်တာ (မှန်ပါ) မင်းက မသွားချင် ဘဲနဲ့ သွားရတာလား ဘယ်လိုပို့လိုက်တာတုံး ကျွန်တော် တောင်းလွန်းလို့ ပို့လိုက်တာ (မှန်ပါ) မင်းသည် လိမ်လည်ကောက်ကျစ်ပြီးသကာလ စားဖြစ်အောင်တော့ စားပါ စားဖြစ်အောင်စားတော့ အပါယ်သွားရမယ်ဆိုတာ မသေချာ ဘူးလား (သေချာပါတယ်) ဒါဘယ်သူပို့လိုက်တာတုံး (တဏှာ ပို့လိုက်တာပါ) တဏှာပို့လိုက်တော့ သော် ဒါဖြင့် သုံးဆယ့်တစ်ဘုံမှာ ပုပုရွရွ ဖြစ်ကြ ရတာတွေ တဏှာစီမံသလို ခံနေကြတာပဲ တဏှာက အသွားခိုင်းရင် သွား၊ တဏှာက လာလုပ် ဆိုလာခဲ့၊ တဏှာက ကျွမ်းထိုး နေပါဆို ကျွမ်းထိုးနေကြရတယ်၊ မခံကြရဘူးလား (ခံကြရပါတယ်) ခံကြ ရတော့ ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဒုက္ခရောက် မရောက် စဉ်းစားမိကြရဲ့လား၊ ဒုက္ခအမြဲ မခံရဘူးလား ခံကြရသလား (ခံကြရပါတယ်) အမြဲခံရတော့ သူသည် အနှိပ်စက် ခံရသော ကြောင့် သူ့ကို ဘာသစ္စာတုံး (ဒုက္ခသစ္စာ)။

ဒါဖြင့် ခန္ဓာငါးပါး ဘာခန္ဓာငါးပါးဖြစ်ချင်သတုံးလို့ အားလုံး ဒကာ ဒကာမတွေ မေးရင် ဘယ့်နှယ်ပြောကြမလဲ (ဘာခန္ဓာငါးပါးမှ မဖြစ်ချင်ပါဘူး)။

ဆုတောင်းလို့ ဖြစ်လာတာ ရှင်းပလား (ရှင်းပါပြီ) အခုတော့ တပည့်တော်တို့ဘုရား ဆုတောင်းမှုတော့ဖြင့် သစ္စာနားလည်လို့ အနှိပ်စက် ခံရတဲ့ ခန္ဓာငါးပါးကြီးလို့ သိနေတဲ့အတွက်၊ ဆုတော့ မတောင်းတော့ပါဘူး ဆိုတော့ တဏှာသေ မသေစဉ်းစား (သေပါတယ်) ဒါ တရား နာတုန်း သေတာနော (မှန်ပါ)။

တရားနာပါ

ဒကာ ဒကာမတို့ ဘယ်အချိန်သေတာတုံး (နာတုန်း သေတာပါ) နာတုန်းသေတာပဲ ရှိသေးတော့၊ ပွားများတဲ့ အချိန်မှာ တကယ် နှိပ်စက်တာကြီးကို တကယ်မြင်နေမယ် ဆိုလို့ရှိရင်၊ တကယ်နှိပ်စက်ခံရတာ ဇာတိဇရာမရဏတွေက မီးတွေ မီးတောက်ပြီး ဖျတ်ခနဲ လောင်လောင် သွားတာတွေကော မရှိဘူးလား (ရှိပါတယ်) ဇာတိဇရာမရဏကို တကယ်နှိပ်စက်ခံရတာတွေကော မရှိဘူးလား (ရှိပါတယ်) ခံရတော့ ပြောင်ပြောင်မသွားဘူးလား (သွားပါတယ်) အဲဒါက တကယ်ကြည့်လိုက်လို့ ဘာဝနာမယနဲ့ ကြည့်လိုက်တာ။ သဘောကျပလား (ကျပါပြီ)။

တရားပွားများပါ

ကြည့်လိုက်တဲ့အခါကျတော့ ကိုအုန်းကြီးတို့ ဒကာ ဒကာမတွေ သော် တဏှာစီမံရာလည်း သူခံရတယ်၊ ဇာတိဇရာမရဏစီမံသလိုကော (ခံရပါတယ် ဘုရား) သူ့အခန်းက သူက ခံဘက်ကချည်း (မှန်ပါ) တော်လှန် နိုင်တဲ့ အခြေအနေကိုပါပါရဲ့လား (မပါပါဘူး) မပါတော့ ဒါကြီးဖြစ်တော့ ဪ ဒီဥစ္စာဟာ လိုချင်စရာ ရချင်စရာ မရှိဘူး၊ ဒုက္ခခံနေရတဲ့ ပစ္စည်း မှတစ်ပါး ဒုက္ခရောက်ခြင်းကို အမြဲခံနေရတဲ့ ပစ္စည်းမှတစ်ပါး ဘာမှမရှိဘူး ဆိုတာ ခင်ဗျားတို့ နာရင်းမတ္တနဲ့ကော ဒီအကြံမလာပေ ဘူးလား (လာ ပါတယ်) ပွားရင်းမတ္တနဲ့ဆိုတော့ လုံးဝကို ဒါကြီးကို လိုချင်သေးရဲ့လား (မလိုချင်ပါဘူး)။

ဒါဖြင့် နာရင်းမတ္တနဲ့က ကိလေသာခြောက်တာ၊ ပွားတဲ့ အခါ ကိလေသာ မီးလောင်လို့ ပြောင်တာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

သစ္စာမြင်အောင် အားထုတ်ပါ

ဒါဖြင့် ပေဋကောပဒေသ ဟောတဲ့ အဓိပ္ပါယ် ယနေ့ည ဦးဘကြည် တို့ ရှင်းရောပေါ့ (ရှင်းပါပြီ) သစ္စာတရားနာရရင် ကိလေသာ ဘာတဲ့တုံး (ကိလေသာ ခြောက်ပါတယ်) သစ္စာအတိုင်း အားထုတ်ရလို့ရှိရင် (ကိလေသာ ပြောင်ပါတယ်) သစ္စာမြင်အောင်သာ အားထုတ်ရလို့ရှိရင် ကိလေသာ မီးလောင်တာ ပြောင်သွားတယ် (မှန်ပါ)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါ။ နိဗ္ဗာန်ရောက်ဖို့ အလုပ်ဟာ ကိလေသာ ခြောက်ဖို့ပဲ၊ ကိလေသာပြောင်လို့ ရှိရင်ဖြင့် တဏှာနိရောဓော နိဗ္ဗာနံလို့ ဟောလိုက်တော့ ကိလေသာ ပြောင်သွားတာ တဏှာနိရောဓော မဟုတ်ဘူးလား ဟုတ်သလား (ဟုတ်ပါတယ်) ဒါဖြင့် “တဏှာ နိရောဓော နိဗ္ဗာနံ” ဆိုတော့ သောတာပန်၏ နိဗ္ဗာန်တော့ မရဘူးလား (ရပါတယ်)။

တရားနာရင် ကိလေသာခြောက်တယ်

ဒါဖြင့် ခင်ဗျားတို့သည် ဝဋ်ဘဝ တိုတိုနဲ့ မဂ်ဖိုလ်ရဖို့ အလုပ်သည် ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ဒီထက်တော့ ဘုန်းကြီးက တိုအောင်မဟောနိုင် တော့ဘူး။ ကျမ်းဂန်နဲ့လည်းညီတယ်၊ မှန်ကော မှန်ပလား (မှန်ပါတယ်) နာရင်းမတ္တနဲ့ ကိလေသာ ဘာဖြစ်သတဲ့ (ခြောက်သွားပါတယ်) နာရင်းမတ္တနဲ့ ကိလေသာခြောက်တယ်။ ကိုယ်တိုင်ပွားများလိုက်လို့ရှိရင် (ပြောင်ပါတယ်) ပြောင်သွား တာပဲတဲ့ ခြောက်နေတဲ့ သစ်တုံးမီးရှို့တာကိုး (မှန်ပါ) မဂ်မီးနဲ့ ရှို့ချလိုက်တာ။ မပြောင်ဘူးလား (ပြောင်ပါတယ်)။

ပုဂ္ဂိုလ်နှစ်မျိုး

ဒါဖြင့် ဒကာ ဒကာမတွေ ဒီဥစ္စာ နိဗ္ဗာန်ဟာ အဝေးကြီးလား တစတစ ပါရမီဖြည့် နေဖို့လား လို့ ဆိုတော့ ခင်ဗျားတို့ သာဝက ရိုးရိုး ဆုတောင်းတဲ့ပုဂ္ဂိုလ်တွေ သိပ်မလိုပါဘူး။ သာဝက ပါရမီဉာဏ် သက်သက် ဟောတာ ပေဋကောပဒေသက ရိပ်မိပလား (ရိပ်မိပါပြီ) နိဗ္ဗာန် တစတစ ရရမယ်ဆိုပြီး ပြောတဲ့ စကား၊ ပါရမီ တစတစဖြည့်ရမယ်ဆိုတော့ ပါရမီ ဖြည့်ရမည့် ပုဂ္ဂိုလ်ရှိတယ်။ ပါရမီ ဒါလောက်မလိုဘဲ ဒီပစ္စည်းနဲ့ ပြည့်စုံလည်း ဖြစ်နိုင်တာပဲ၊ နှစ်မျိုးရှိတာကို တစ်မျိုးတည်း လုပ်ထားတယ် (မှန်ပါ့)။

သောတာပန် အမြန်တည်ချင်ရင်

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဘယ်လိုလုပ်ကြမှာတုံးလို့ ခင်ဗျားတို့ သောတာပန် အမြန်တည်ချင်ရင် ဘယ်လို လုပ်ကြရမှာတုံး (ဒုက္ခသစ္စာကို ကြားနာရပါမယ်) နာယူမှုကို ရှေ့ကထား (မှန်ပါ)။

ဘာတဲ့တုံး ဒကာ ဒကာမတို့ နာယူမှုကို ရှေ့က ထားရပါမယ် ဘယ်တရားတုံး (ဒုက္ခသစ္စာ တရားပါ) ဒိပြင်တရား မပါဘူး ဒီထဲမှာ (မှန်ပါ) ဒိပြင်တရားက နာရင်းမတ္တနဲ့ ကိလေသာ ခြောက်သလား ကိလေသာပွားသလားဆိုတာလည်း ဦးဘကြည်တို့က စဉ်းစားဖို့ အရေး ကြီးတယ်၊ ဘယ့်နှယ်နေကြသတုံး (ကိလေသာ ပွားပါတယ် ဘုရား)။

ဝိဝဋမညွှန်းပဲနဲ့ ဝဋထဲ ညွတ်တဲ့ ဒါနအကျိုးပေးတွေ ဟောလိုက်တယ်၊ ဦးဘကြည် ခင်ဗျား ဘယ်လိုဖြစ်မယ် ထင်သတုံး (ကိလေသာ ပွားလာ နိုင်ပါတယ်) ဒါနလုပ်လိုက်လို့ နတ်ပြည်အကျိုး ပေးတယ်ကွာ၊ နတ်ပြည်က ပြန်လာတော့ လူ့ပြည်ကျတော့ ဘာဖြစ်သေးတယ်ကွ ဆိုလို့ရှိရင်တဲ့၊ ဝဋသက်သက်ကိုသာ ရည်ညွှန်းနေရင် ကိလေသာ၏ အားပေးမှုတွေ ဖြစ်ထိုက် မဖြစ်ထိုက် (ဖြစ်ထိုက်ပါတယ်)။

အစိုတုံးကို ရေထပ်မလောင်းနဲ့တော့။

ဒါဖြင့် အစိုတုံးက စိုနေတာဘဲ (မှန်ပါ) စိုတဲ့ အထဲ ရေလောင်းပြန်တာပဲ (မှန်ပါ) ခင်ဗျားတို့က နဂိုက ကိလေသာ ချုပ်သလား (မချုပ်ပါဘူး) မချုပ်သေးတဲ့ အထဲမှာ ခုနင်က လူ့ဘဝ နတ်ဘဝ စသည် ကိုသာ တောင့်တမျှော်မှန်းတဲ့ ဒါန အကျိုးပေးတွေ သာယာလိုက်တော့၊ ဒီလို ဖြစ်ချင်တဲ့အဖြစ် တောင့်တလိုက်ပြီ ဆိုမှဖြင့်၊ မခြောက်သေးတဲ့ အစိုတုံးကြီး ဘာဖြစ်ပြန်သတုံး (ရေထပ် လောင်းပါတယ်) ကိလေသာ ရေတွေ ထပ်လောင်းတယ် (မှန်ပါ) ဘယ်တော့မှ လောင်နိုင်မှာ မဟုတ်တော့ပါဘူး၊ (မှန်ပါ) ဒီကိလေသာ အစိုတုံးကြီး ဘယ်တော့ခြောက်တော့မတုံး (မခြောက် ပါဘူး) ခြောက်စရာကော မြင်သေးရဲ့ လား (မမြင်ပါဘူး)။

သစ္စာတရား အရင်နာပါ

ဒါဖြင့် ဒကာ ဒကာမတို့ ပေဋကောပဒေသ ဆိုလိုရင်းက သစ္စာ တရားနာမှုသာ (မှန်ပါ) တရားပေမယ့် ဒိပြင် တရားက သိပ်မဆိုင်လှဘူး ရိပ်မိပလား (ရိပ်မိပါပြီ) တရားပေမယ့်လည်း သစ္စာတရားနာမှ၊ သစ္စာတရားနာတော့ ဘာဖြစ်သတုံးဆိုတော့ ကိလေသာ ခြောက်တယ်၊ သစ္စာတရားအားထုတ်တော့ ဘာဖြစ်သတုံးမေးတော့ ကိလေသာကုန်တယ် မရှင်းဘူးလား (ရှင်းပါပြီ ဘုရား)။

ခြောက်တဲ့အတုံး မီးရှို့လိုက်တော့ ဘယ့်နှယ့်နေသတုံး (ကုန်ပါတယ်) ကုန်တယ်ဆိုတော့ သော် ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်ပါကလား ထူးထူးခြားခြားသိရတဲ့ အတွက် တရားလည်း မရှည်လှပါဘူး၊ သစ္စာတရား နာပြီးသကာလ သစ္စာ ဆိုက်အောင် ဉာဏ် သုံးဆင့်နဲ့ တက်လိုက်။ ဆရာဘုန်းကြီးက ဒါပဲပေးလိုက်တယ်၊ မပေးဘူးလား (ပေးပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် သင်္ခတဋ္ဌော အဓိပ္ပါယ်ချဲ့ရုံပဲ ကျန်တော့တယ်၊ (မှန်ပါ) တဏှာယောက်ျားလက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရသော အနက်သဘောသည်လည်းကောင်း ဆိုကာ ဒီခန္ဓာ ငါးပါးကို ဆိုသည် (မှန်ပါ) ဘယ်သူပြုပြင်ရာကို ခံနေရသတုံး (တဏှာပြုပြင်ရာကို ခံနေရပါတယ်)။

သုဗြဟ္မာနတ်သား

တစ်ခါတလေ တဏှာက အပါယ်လေးဘုံက ကန်တင်လိုက်တာ နတ်ပြည်များ ရောက်သွား တယ်၊ တစ်ခါတလေ နတ်ပြည်ကနေပြီး ကန်ချ လိုက်တာ တဏှာက ဒယ်အိုးထဲများ ရောက်သွား တယ်၊ မရှိဘူးလား ရှိသလား (ရှိပါတယ်) သုဗြဟ္မာနတ်သားတို့ ကန်တင်လိုက်တယ် နတ်ပြည် ကို၊ တော်တော်ကြာ နတ်ပြည်ကနေ နတ်သမီး ငါးရာတို့ နတ်ပြည်ကနေပြီး သကာလ တဏှာဒိဋ္ဌိက ဆွဲချလိုက်တာ ဒယ်အိုးထဲ တစ်ပြုံကြီး မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဒါဖြင့် ဘယ်သူ စီမံရာ ခံနေရ သလဲ (တဏှာစီမံရာ ခံနေရပါတယ်)။

ကုသိုလ်ပေါ် တဏှာအုပ်ချုပ်တယ်

တင်တုန်းကလည်း တဏှာကတင်လိုက်တယ်၊ ဘယ့်နှယ် တဏှာ သက်သက်နဲ့လားဆိုတော့ တဏှာသက်သက်နဲ့ဆို ဘယ်ရောက်မတုံး ကုသိုလ်ပေါ်မှာ သူက အုပ်ချုပ်ပြီး တက်သွားတယ် (မှန်ပါ) ကုသိုလ် ပေါ်မှာ တဏှာရိပ်က လွှမ်းမိုးတယ် (မှန်ပါ)။

ဒီကုသိုလ်က သာသဝါ ပုညဘာဂိယာလို့ ဆိုတယ်၊ ခင်ဗျားတို့ ပြုထားတဲ့ ဒါနကုသိုလ် သီလကုသိုလ်တွေက သာသဝါတဲ့ အာသဝေါတရား၏ အာရုံဖြစ်တယ်တဲ့ (မှန်ပါ) ကာမာသဝဆိုတဲ့ တဏှာ၏ အာရုံမဖြစ် ဘူးလား ဖြစ်သလား (ဖြစ်ပါတယ်) ပုညဘာဂိယာတဲ့ ကုသိုလ်တော့ ဟုတ်တော့ဟုတ်ပါရဲ့ သို့သော် တဏှာအရိပ် မကင်းဘူး၊ ကင်းကြရဲ့လား (မကင်းပါဘူး) အဲဒီတော့ ဘာအကျိုးပေးရမတုံးလို့ မေးလို့ရှိရင် ဥပဓိဝေပက္ခာ တဲ့ ခန္ဓာငါးပါးပဲ ပြန်ရရမယ် နိဗ္ဗာန်တော့ မရနိုင်ဘူးတဲ့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

တဏှာအုပ်ချုပ်တဲ့ ကုသိုလ်ဟူသည် ဘာရမတဲ့တုံး (ခန္ဓာ ရပါတယ်) ခန္ဓာငါးပါး ဘာသစ္စာဖွဲ့ကြမတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခ သစ္စာ ရပ်ချင်လို့ရှိရင်ဖြင့် ဒုက္ခကို ခင်ဗျားတို့ သေသေချာချာ ဖြတ်ကြလို့ ရှိရင်ဖြင့် တဏှာမခြံရံစေနဲ့ဆိုတဲ့ အဓိပ္ပါယ် ဟောထိုက် မဟောထိုက် (ဟောလိုက်ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

အာသဝနယ်က မလွတ်တဲ့တရား

တဏှာမခြံရံကြပါစေနဲ့လို့ ပဏ္ဏာသပါဠိတော်မှာ ဒီအတိုင်းပဲ လာပါ တယ်၊ လောဘနဲ့ ဆုတောင်း တဲ့ကုသိုလ် ဟုတ်လား၊ ဒေါသနဲ့ တောင်း တာလည်း ရှိတာပေါ့ဗျာ ဘယ်တော့မှ မတွေ့ပါရစေနဲ့ ဆိုတာ ဒေါသနဲ့ တောင်းတာတွေပဲ ရှိသေးတယ်ဗျ၊ အဲဒီလို လောဘနဲ့တောင်း ဒေါသနဲ့ တောင်း မောဟနဲ့တောင်းဆိုတော့ သူတို့သည် အာသဝနယ်က လွတ်မလွတ် (မလွတ်ပါဘူး) မလွတ်လို့ရှိရင်ဖြင့် အာသဝနယ်က မလွတ်တဲ့ တရား ဟူသ၍ အာသဝနယ်ထဲက ခန္ဓာငါးပါး ဖြစ်ရမယ်တဲ့၊သဘောကျပလား (မှန်ပါ)။

ဘာဖြစ်ရမလဲ (အာသဝနယ်ထဲ ဖြစ်ရပါတယ်) အာသဝနယ်ထဲ ဘာဖြစ်ရမတုံး (ခန္ဓာငါးပါး ဖြစ်ရမှာပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)။

ဘယ့်နှယ်ဗျာ လှူလည်းလှူရသေး ပေးလည်းပေးရသေး, ကမ်းလည်းကမ်းရသေး ဒုက္ခလည်း ရောက်သေး၊ ဒုက္ခသစ္စာကြီးလည်း ကိုယ်ပိုင်ရသေးရဲ့၊ ဘယ့်နှယ်များ ဖြစ်နေပါလိမ့်မလဲဆိုတော့ အာသဝ အုပ်ချုပ်ရေးမကင်းတဲ့ ကုသိုလ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သီလ ဆောက်တည် ပြန်လည်း အာသဝမကင်းတဲ့ သီလဟုတ်လား (မှန်ပါ့) အသက် ရှည်ချင်တဲ့ မူနဲ့ သာ ဆောက်တည် ကြည့်စမ်းပါ၊ ခင်ဗျားတို့ အသက် ရှည်ချင်တာက ဒီဘဝ ရှည်ချင်တာလား နောက်ဘဝ ဘဝများစွာ ရှည်ချင်တာလား (ဘဝများစွာ ရှည်ချင်တာပါ) ဒါဖြင့် ဘဝပါနေတယ်၊ မပါဘူးလား (ပါပါတယ်) အာသဝလွတ်ပါရဲ့လား (မလွတ်ပါဘူး)။

ဗြဟ္မာကြီးဖြစ်ချင်တယ်၊ တန်ခိုးကြီးတဲ့ ဗြဟ္မာကြီး ဖြစ်ချင်တယ် ဆိုတော့ ဖြစ်ချင်တာက ဘယ်သူတုံး တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒီ တဏှာနဲ့ အားထုတ်ကြည့်စမ်း၊ ဈာန်တရားတွေ ပွားများလိုက် ဟုတ်လား ပွားပင် ပွားများသော်လည်း ဗြဟ္မာဖြစ်ချင်တဲ့ တဏှာက ဒီအပေါ်မှာ အာသဝက အုပ်ချုပ်တယ်၊ မရှိဘူးလား ရှိသလား (ရှိပါတယ်) အဝိဇ္ဇာသဝကကော (ရှိပါတယ်) ရှိနေတော့ ဗြဟ္မာတော့ ဖြစ်ပါရဲ့ ခန္ဓာငါးပါး ရတယ် (မှန်ပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသစ္စာ ကြီးကျယ်ဖို့အလုပ်

ဒါဖြင့် ခင်ဗျားတို့သည် သာသဝါ ပုညဘာဂိယာ ဥပဓိဝေပက္ကာ ဆိုတဲ့အတိုင်း၊ ဥပရိပဏ္ဏာသ ပါဠိတော်မှာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောပြီး သကာလ ထားလေသောကြောင့်၊ ခင်ဗျားတို့ လုပ်နေတဲ့ဥစ္စာတွေ ဒုက္ခသစ္စာကြောက်လို့ လုပ်တဲ့အလုပ်တွေ မဟုတ်ပါဘူး၊ ဒုက္ခသစ္စာ ကြီးကြီး ကျယ်ကျယ်ရဖို့ လုပ်တဲ့အလုပ်တွေ များနေတယ် (မှန်ပါ) ဆိုထိုက် မဆိုထိုက် (ဆိုထိုက် ပါတယ်)။

တပည့်တော်တို့ ဒီလူ့ခန္ဓာကလေးဟာ ဘုရား၊ လေးတောင်လောက် ရှိသေးတယ် နတ်ခန္ဓာ ကျတော့ ၃-ဂါတ်လောက် ရှိပါရစေ ဟုတ်လား (မှန်ပါ) နတ်ခန္ဓာကျတော့ ၃-ဂါဝုတ် လောက် ရှိတယ်ဆိုတော့ ဒုက္ခအကြီးကြီး အလောင်အကျွမ်းခံရပါလို၏ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါ တယ်)။

မသိလို့ကောင်းတာ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့သည် ဒီဒုက္ခသစ္စာကို မသိလို့ တောင်းတာလား သိလို့ တောင်းတာလား (မသိလို့ တောင်းတာပါ) ဒါဖြင့် လုပ်သာနေတယ်၊ ကိလေသာ ပွားတယ်၊ မပွားဘူးလား (ပွားပါ တယ် ဘုရား) သစ္စာမှာ ကြည့်စမ်း ခင်ဗျားတို့ အခုခန္ဓာငါးပါးကြီး ရထားတာပဲ၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါးကြီး ရထားတာပဲ၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါး ရထားပါတယ်၊ တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရခြင်းသည်လည်း ကောင်းဆိုတော့၊ တဏှာသခင် အရှင်သခင်ကြီးက ခင်ဗျားတို့ ဝမ်းထဲကနေပြီး သကာလ တစ်ခါတည်း စီမံလိုက်တယ်၊ ဘယ်ကုန်ကို ရောင်း ဘယ်ကုန်ကိုဝယ်လိုက်၊ ဘယ်လိုပြော ဘယ်လိုဆိုလိုက်၊ ဘယ်လိုတောင်းလိုက်၊ ဘယ်လိုချိန်လိုက်၊ ဘယ်လို တွယ်လိုက်၊ ဘယ်သူကခိုင်းတာတုံး (တဏှာက ခိုင်းတာပါ) ကျန်တဲ့ခန္ဓာငါးပါးက ဘာလုပ်နေကြရသလဲ (တဏှာခိုင်းတဲ့ အတိုင်း လုပ်နေကြရပါတယ်) သဘောကျပလား (ကျပါပြီ)။

တဏှာခိုင်းတဲ့အတိုင်းပဲ ဒကာသစ်ဘယ်များ ရွှေ့နိုင်သေးသတုံး (မရွှေ့နိုင်ပါဘူး) တောင်ဘက်မှာ ဈေးကောင်း၊ တောင်ဘက်သွားရောင်း၊ မြောက်ဘက်မှာ ဈေးကောင်းရင် (မြောက်ဘက် မှာသွားရောင်းပါတယ်) အရှေ့ဘက်မှာ ဈေးကောင်းရင် (အရှေ့ဘက်မှာ သွားရောင်းပါတယ်) အောက်အရပ်မှာ ဈေးကောင်းရင် (အောက်အရပ်မှာ သွားရောင်းပါ တယ်) အထက်အညာမှာ ဈေးကောင်းရင် (အထက်မှာသွားရောင်းပါတယ်) အံမာ ခင်ဗျားတို့သဘောလား ဘယ်သူ့သဘောပါလိမ့် (တဏှာ သဘောပါ ဘုရား)။

ဘေးကင်းပါရဲ့လား

ဒါဖြင့် ပြေးရတဲ့ ခန္ဓာငါးပါးကြီးဟာ ဒကာ ဒကာမတို့ မီးဘေး သူခိုး ဘေး ဓားပြဘေးထဲမှာ ပြေးရတယ် (မှန်ပါ) မပြေးရဘူးလား (ပြေးရပါတယ်) ဒါဖြင့် ဒီခန္ဓာငါးပါးကြီးသည်ကားလို့ ဆိုရင်ဖြင့်၊ သူသွားတဲ့လမ်းမှာ အန္တရာယ် ကင်းလို့ ဘေးကင်းပါရဲ့လားလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (မကင်း ပါဘူး) မကင်းပေးမယ့် အတင်းခိုင်းတယ်၊ မွေးတစ်နေ့ သေတစ်နေ့ သွားသာ သွားကွာ အစရှိသည်နဲ့ မခိုင်ဘူးလား ခိုင်းသလား (ခိုင်းပါတယ်) ဘယ့်နှယ်ကြောင့် ဒါလောက်ခိုင်းပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် အခိုင်းခံဖို့ ဆုတောင်းထားတဲ့အတွက် တဏှာယောက်ျားလက်သမား၏ ဆိုးဝါး ယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေပါ့မယ်လို့ ဆုတောင်းပါတယ်၊ မပါဘူးလား (ပါပါတယ်)။

မျက်စေ့မှုန်ရင် မျက်မှန်တပ်လုပ်

ဖြစ်မှ ဖြစ်ရလေဗျာ ဦးဘကြည်တို့ တောင်းလာတဲ့ ဆုဟာဖြင့် လွန်လွန်းသွားပြီ ထင်တယ် (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်) အားလုံး ဒကာ ဒကာမတွေ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ်) ဒီဘဝဖြင့်ကွာ အပြေးအလွှား လုပ်စားရတဲ့ခန္ဓာကိုယ် ဖြစ်ရပါလို၏ ဆိုတာ မပါဘူးလား ပါသလား (ပါပါတယ် ဘုရား) ပါတယ်၊ ဒီဘဝမှာ တဏှာကလည်း ခင်ဗျားတို့ကို အိုလည်းမရှောင်ဘူး ပျိုကော (မရှောင်ပါဘူး) ပျိုလည်းခိုင်းတာပဲ၊ အိုရင်ကော (ခိုင်းတာပါဘဲ) သိပ်မခိုင်းနဲ့လို့ များ ခင်ဗျားတို့က ပြန်ပြောရဲလို့လား (မပြောရဲပါဘူး) မျက်စိတွေ မှုန်ကုန်ပြီ ဆိုရင် ဟာ မင်းမျက်မှန်တပ်ပြီး လုပ်လေကွာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ။

ဘယ်သူကခိုင်းတာပါလိမ့် (တဏှာက ခိုင်းတာပါ) နေရဲကြ ရဲ့လား (မနေရဲပါ ဘုရား) ဟုတ်ပဘုရား မှန်ပဘုရား ဆိုပြီး ကျုပ်ဖြင့် လုပ်ဖြစ်အောင် လုပ်ပါမယ်ဆိုတဲ့ လူချည်း များတယ် (မှန်ပါ) ဒီအတိုင်းကော မလုပ်ရဘူးလား (လုပ်ရပါတယ်)။

ဒါဖြင့် ဒီခန္ဓာငါးပါးကြီးသည် အိုခြင်းဆိုးနဲ့ တွေ့လည်း တဏှာက ချမ်းသာပေးရဲ့လား (မပေးပါဘူး) ဟ နေမကောင်း ထိုင်မသာလို့ နေပရစေလို့ဆိုရင် နေမကောင်းရင် ကပျာကယာ ဆေးထိုး ဆေးဖိုးမနှမြောကြနဲ့၊ မင်းက မြန်မြန်ပြေးဖို့သာ အရေးကြီးတယ်ဆိုပြီး သကာလ ဒီခန္ဓာကြီး မပြေး၊ မလွှားဘဲ နေရတဲ့ အချိန်များ တွေ့ကြရဲ့လား (မတွေ့ပါ ဘုရား) စိတ်အိုက် ကိုယ်အိုက်, ကိုယ်ပူနဲ့ကော မနေရဘူးလား (နေရပါတယ်) အင်း ဘယ်သူစီမံနေတာတုံး (တဏှာ စီမံနေတာပါ)။

ခန္ဓာကြီးက ဒုက္ခသစ္စာ

ခင်ဗျားတို့ ဒါကြောင့် အနှိပ်စက်ခံတဲ့ ခန္ဓာငါးပါးဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒါဖြင့် အနှိပ်စက်ခံရတဲ့ ခန္ဓာငါးပါးဆိုတော့ သူ့ကို သစ္စာဖွဲ့မတုံး (ဒုက္ခသစ္စာပါ) ဘယ်လိုကြောင့် သူ ဒုက္ခသစ္စာတုံး အနှိပ်စက်ခံရသောကြောင့် ဒုက္ခသစ္စာ (မှန်ပါ)။

မနေ့ကတော့ နှိပ်စက်တတ်သောကြောင့် (ဒုက္ခသစ္စာပါ) ဒီနေ့တော့ (အနှိပ်စက်ခံ ရသော ကြောင့် ဒုက္ခသစ္စာပါ)။

ကောင်းပြီ ဒီလိုသိသွားတော့ သော် ဒီခန္ဓာကြီးက ဒုက္ခသစ္စာ ပဲလို့ ခင်ဗျားတို့ သိပြီးပါပြီ ကိုယ့်ခန္ဓာကို ကြည့်လိုက်လို့ရှိရင် ဒုက္ခသစ္စာ ကြီးပဲ တဏှာကျွန်ကြီးပဲ မသိသေးဘူးလား (သိပါတယ်)။

ဘယ်အချိန်က ကျွန်စဖြစ်သတုံး

တဏှာကျွန်ဖြစ်ပြီးသကာလ နေတော့ တို့ဘယ်အချိန်ကစပြီး ကျွန်ဖြစ်ရသတုံး လူလား မြောက် ကတည်းက ဆိုပါတော့ဗျာ (မှန်ပါ့)။

ဘယ်အချိန်ကစသလဲ၊ (လူလားမြောက်ကတည်းကပါ) အဲဒါက လူလားမြောက် ကတည်းက ဆိုတာက မျက်မြင်ပြောတာ၊ လူလားမမြောက် ခင်က ကျွန်ဖြစ်လာတာ (မှန်ပါ) မျိုးရိုးက (မှန်ပါ) ရိပ်မိကြ ပလား (ရိပ်မိကြပါပြီ)။

ပဋိသန္ဓေစပြီးနေတယ်

ဘာတဲ့တုံး (မျိုးရိုးကပါ) မျိုးရိုးဆိုတော့ အစက ဖျတ်ဆို ပဋိသန္ဓေ နေတယ် အမိဝမ်းခေါင်း ထဲမှာ၊ ပဋိသန္ဓေပြီးတော့ ပဋိသန္ဓေက တစ်-နှစ်ဆို ချုပ်သွားပြီး နောက်ဘဝင်စိတ်က (၁၆) ချက်လာ တယ်၊ ဘဝင် (၁၆) ဆိုတာကတော့ တဏှာလွတ်နေတယ် (မှန်ပါ့) ဘဝင်စိတ် (၁၆) ပြီးတော့ မနောဒွါရာဝဇ္ဇာန်းဆိုတာလာပြီး ဘဝနိကန္တိက လောဘဇောဆိုပြီး တဏှာလာတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဘယ်တုန်းကတည်းက ခင်ဗျားတို့သည် သူ့အုပ်ချုပ်ရေးခံခဲ့ ရပါသနည်း သူနဲ့ ဘယ်အချိန်ကစပြီး ပေါင်းသင်းပြီး သူ့ကျွန် ဖြစ်ခဲ့ ပါလိမ့်မမေးရင် ရောက်ခါစကပါဘဲ ဘုရားလို့သာ ဖြေပေတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်အချိန်ကပါလိမ့် (ရောက်ခါစကပါ ဘုရား) နို့ အခုတော့ ဘယ့်နှယ်တုံး အခုတော့ သပေါက်ဖြစ်နေပါပေါ့ဘုရား (မှန်ပါ) ဒီအတိုင်းဖြေရမည့် အဓိပ္ပါယ်ဆိုတာ မကျဘူးလား (ကျပါပြီ)။

သေပုံကတော့ ဒီအတိုင်းပဲ

ကိုင်း – ဒါဖြင့် ဒကာဒကာမတို့ အစက ရောက်ခါစက ကျွန် အခုတော့ သပေါက်တွေ ဖြစ်ပြီး သကာလ နေတော့ ဒီလိုနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်ကျတော့ သပေါက်သေ မသာကြီး ဖြစ်တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိ ပါပြီ)။

ဘာမသာကြီး ဖြစ်သတုံး (သပေါက်သေ မသာကြီးပါ ဘုရား) ခင်ဗျားတို့ ဖိတ်စာမှာ ဘယ်လိုထည့်ထည့် သေပုံကတော့ ဒီအတိုင်းပဲ (မှန်ပါ့) ဖိတ်စာကတော့ ထည့်ချင်ရာတွေထည့် သေတာကတော့ ဒါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အလုပ်တန်းလန်းနဲ့သေသွားတယ်

ကိုင်းဒါဖြင့် ဘာ့ကြောင့် သပေါက်သေလို့ ပြောရသတုံးဆိုတော့၊ ဒကာဒကာမတွေ အလုပ်လုပ်တာ ကိစ္စပြီးပြီ စာရင်းတွေ အင်းတွေ ချုပ်ပြီး ပြီဆိုပြီးသကာလ သေသွားတာလား၊ အလုပ်တန်းလန်းနဲ့ သေသွားတာလား (အလုပ်တန်းလန်းနဲ့ သေသွားတာပါ) သပေါက်မို့ ဒီလိုသေတာ (မှန်ပါ့) ကျွန်စာရင်းမှ လွတ်ကင်းပြီး သေသွားတာဟုတ်ကဲ့လား (မဟုတ်ပါဘူး) ရစရာကော တန်းလန်းမရှိဘူးလား (ရှိပါတယ်) ပေးစရာကော (ရှိပါတယ်) ခင်စရာကော (ရှိပါတယ်) ခင်စရာလည်း တန်းလန်းပဲ (မှန်ပါ) အဲဒီ တန်းလန်းတွေ အကုန်ဇာတ်သိမ်းပါရဲ့ လား (မသိမ်းပါဘူး) မသိမ်းတော့ ဒီပုဂ္ဂိုလ်သည်ကားလို့ဆိုရင် ကျွန်ကိစ္စပြီးပြီး သေတာလား၊ ကျွန့်ကိစ္စတန်းလန်း နဲ့သေတာ လား (ကျွန့်ကိစ္စတန်းလန်းနဲ့ သေတာပါ ဘုရား) ဒါဖြင့် သပေါက်သေလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါ နှိမ့်ချပြီး ဟောတယ်လို့ မယူလိုက်ပါနဲ့တဲ့၊ သူမချုပ်သေးသ၍ ကာလပတ်လုံး ဆင်ခြေမလဲ ဘဲလုပ်ပေးလိမ့်မယ်၊ သူက တဏှာယောက်ျား လက်သမားကိုးဗျ (မှန်ပါ) သူပြုပြင်သလို ဘယ့်နှယ်တုံး ခန္ဓာငါးပါးက (ခံနေရပါတယ်) ခန္ဓာငါးပါးက ခံနေရတော့ သူက ခင်ဗျားတို့အပေါ်မှာ အရှင်သခင်၊ (မှန်ပါ) အရှင်သခင်ဆိုတော့ မျက်နှာမော်ကြည့်ရဲရဲ့ လား (မကြည့်ရဲပါဘူး) သွားဆိုရင်လည်း လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ဘယ့်နှယ်တုံး (သွားရပါတယ်) ဟာ ကျုပ်တို့ ရေကြောင်း ဖြင့် မသွားချင်ပါဘူး၊ ဟို – အရေးကြီးတယ် သွားသာသွား စရှိသည်နဲ့ ဘယ်သူက ခိုင်းသတုံး (တဏှာက ခိုင်းပါတယ်)။

ကျွန်ပီပီ မျက်နှာကောင်းအောင်လုပ်နေတာ

တဏှာက ခိုင်းတော့ ခင်ဗျားတို့သည် လမ်းမှာ ဟပ်ထိုးလဲတဲ့ အခါရှိတယ်၊ ရန်သူမျိုးငါးပါးနဲ့ တွေ့တဲ့အခါကော (ရှိပါတယ်) ဒါတွေဟာ သူခိုးတွေရှိပါတယ် ဓါးပြတွေရှိပါတယ် သူပုန်တွေရှိပါတယ်၊ ရထားကိုလည်း ခဏခဏ ဗုံးကြဲနေပါတယ် မသွားပရစေနဲ့လို့ ဆိုသလား၊ အို – မွေးတစ်နေ့ သေတစ်နေ့ကွာ သွားမယ် ကျွန်ပီသကိုးဗျ၊ မျက်နှာကောင်း ရအောင်လို့ လုပ်ကြရတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးသည် ဘယ်သူစီမံသလို ခံနေကြရတာ တုံး (တဏှာ စီမံသလို ခံနေကြရတာပါ) တဏှာစီမံသလို ခံနေကြတာ၊ ကိုင်း ဒါက အကုသိုလ်စီးပွားဥစ္စာရှာတဲ့ ဘက်ကို ထားလိုက်ပါ (မှန်ပါ)။

ခင်ဗျားတို့က သတိကလေးရတယ်၊ ကုသိုလ်ကလေးများလည်း လုပ်ဦးမှပေါ့ကွာ၊ တို့မှာ ပစ္စည်းကလေးလည်း အသင့်အတင့် ရှိလာပြီ၊ ဟုတ်လား သားကလေးလည်း ရှိတယ်၊ သမီးကလေး လည်း နားထွင်းဖို့ အချိန် အရွယ်ရောက်၊ တစ်သက်တစ်ခါတော့ လုပ်ဖို့သင့်သပေါ့၊ ဘာသာရေး ကလေးက လည်း ရှိသေးတယ်ကွ၊ ဒီလိုချည့် မပြီးနိုင်ဘူးကွ၊ အံမာ အသံကတော့ အတော်ကောင်း တယ် (မှန်ပါ) အသံကကောင်းပေမဲ့လည်း ခင်ဗျားတို့ ဒီလိုစီမံတယ်ဆိုကတည်းက သူက ခေါင်းဆောင် လာတယ်၊ တဏှာက ခေါင်းဆောင်လာတယ် (မှန်ပါ့)။

ဘယ်သူက ခေါင်းဆောင်လာသတုံး

တဏှာက ဘယ်လို ခေါင်းဆောင်လာသတုံးဆိုတော့ သားတစ်ယောက် အတွက်တော့ကွာ စားစရာမရှိရင် နေပေစေ လုပ်သာလုပ်ကွဆိုတော့ ဘယ်သူက ခေါင်းဆောင်လာသတုံး (တဏှာ ကပါ) သူများက ကြံခါ ရှိသေး သူက အရင်ပေါက်ပြီးပြေးလာပြီ ရိပ်မိပလား (ရိပ်မိပါပြီ) အင်း ဒီအလှူကြီးဖြင့် အုပ်ချုပ်ရေးဆရာက အတော်ဆိုးနေပြီ။ မဆိုးဘူးလား ဆိုးသလား (ဆိုးပါတယ်) ရိပ်မိပလား ဒကာ ဒကာမတို့ (မှန်ပါ) သူက အရင်ပေါက်ပြေးလာတယ် မလာဘူးလား၊ လာသလား (လာပါတယ်)။

ကိုယ့်သားကို ကိုယ်ချီးမြှောက်တာများကွာ တွန့်တိုနေဖို့ မလိုပါဘူး။ သားယောက်ျားဆိုတာ မွေးဖွားခဲပါတယ် ကိုယ့်သား ဆိုပြီးတော့ ကိုလုပ်တယ်၊ ခင်လို့လုပ်တာလား မခင်လို့ လုပ်တာလား မေးကြည့်စမ်းပါ၊ (ခင်လို့ လုပ်တာပါ) ဒီသားကလေး ကြည်ညိုလို့လား သို့မဟုတ် ခင်လို့လား ဆိုတာ နှစ်ခုသာ မေးလိုက် (ခင်လို့ပါ ဘုရား) ကြည်ညိုလို့ မပါပါဘူးဗျ (မှန်ပါ) ကြည်ညိုလို့ရှိရင် ဘုန်းကြီးပါဦးမှာပေါ့ဗျ (မှန်ပါ့)။

အခုတော့ ဘယ့်နှယ်တုံးဆိုတော့ ခင်လို့၊ (မှန်ပါ) အလှူ – မလှူရသေးဘူး မောင်မင်းသား အရင်ရောက်လာတယ်၊ မှန်းတာရှိသေးတယ် ငွေကို သေတ္တာထဲက မထုတ်ရသေးဘူး၊ အလုပ်လည်း ဘာမှ မစီစဉ်ရခင်က ဘယ်သူ ရောက်လာသတုံး (တဏှာရောက်လာပါတယ်) ဒါဖြင့် ဒီအလှူကို သူစီမံတော့မယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒီအလှူ ဘယ်သူစီမံမယ် ထင်သတုံး (တဏှာစီမံပါတယ်) ကောင်းစားဖို့ မြင်ကြသေးရဲ့ လားဟင် သဘာဝ ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ်) ကုသိုလ်လုပ်မယ်လို့ ဆိုတော့ ပုညဘာဂိယာပဲ မဟုတ် ဘူးလား (မှန်ပါ) အကျိုးပေးတော့ ဥပဓိဝေပက္ကတဲ့ ဥပဓိသာ အကျိုးပေး ရမယ်တဲ့၊ ခန္ဓာငါးပါးပဲ ပြန်ရမယ် (မှန်ပါ) ဒိပြင်ဘာမှ မရနိုင်ဘူးတဲ့၊ ဒီအလှူ ဘယ်သူအုပ်ချုပ်သတုံး (တဏှာပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

အဝိဇ္ဇာနဲ့ တဏှာအုပ်ချုပ်တဲ့အလှူ

တဏှာက အုပ်ချုပ်တော့ တဏှာက ဒကာဒကာမတို့ တဏှာဆိုတာ အုပ်ချုပ်ပေမယ့်လည်း ဒီလိုလေးလေးစားစား ရှိအောင် အဝိဇ္ဇာကလေးနဲ့ တွဲပြီး နှစ်ယောက်အုပ်ချုပ်လို့ရှိရင် ပိုကောင်းမှာပဲ (မှန်ပါ) အဖေါ်နဲ့လာ အုပ်ချုပ်တယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) လမ်းက စန္ဒရီနှစ်ယောက် စောင့်သလို ပေါ့ဗျာ (မှန်ပါ့) နှစ်ယောက် အုပ်ချုပ်တာပဲဆိုတဲ့ အဓိပ္ပါယ် ပေါ်ပလား (ပေါ်ပါပြီ)။

ကဲ-ဒါဖြင့် ဒကာဒကာမတို့ သူစီမံသလို ဒီအလှူကြီးဖြင့် ဖြစ်ရရှာ တော့မယ် (မှန်ပါ) သပိတ်ဝယ်ခိုင်းခိုင်း သင်္ကန်းဝယ်ခိုင်းခိုင်း ဖိနပ်ဝယ်ခိုင်းခိုင်း ဒိပြင်ခြင်ထောင်အစရှိသည်ကို လှလှဝယ်ခိုင်း နောက် လှလှဖြစ်အောင် မပါဘူးလား ပါသလား (ပါပါတယ်)။

ဘယ်သူ့အလှူပါလိမ့်ဗျာ

ဘာဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့အချိန် ပြည့်ပြည့်ဝဝလုပ်၊ ကိုယ်အကျိုး ပေးလာလည်း ပြည့်ပြည့်ဝဝ စားချင်သောက်ချင် လိုချင်ကြတာပဲကွာ၊ ပြည့်ပြည့်ဝဝဆိုကတည်းက ခန္ဓာကြည့်တာ ပါတယ်၊ မပါဘူးလား (ပါပါတယ်) ခန္ဓာက စားမယ် သုံးမယ်ဆိုတာကိုး (မှန်ပါ) မပါဘူးလား (ပါပါတယ်) ဒါဖြင့် ဘယ်သူ့အလှူပါလိမ့်ဗျာ (တဏှာ့အလှူပါ)။

တော်တော်ကြာ ခင်ဗျားတို့က အမျှယူကြပါဗျို့ လို့ ဆိုချင်ဆိုသေး တယ်၊ မဆိုဘူးလား ဆိုသလား ဦးဘကြည်တို့ (ဆိုပါတယ်) ဘယ်သူ အုပ်ချုပ်တဲ့ အလှူအမျှယူရမှာတုံးဗျ၊ (အဝိဇ္ဇာတဏှာ အုပ်ချုပ်တဲ့ အလှူပါ) အဝိဇ္ဇာနဲ့တဏှာကို အမျှယူကြပါလို့ ဆိုတော့ ဦးဘကြည် ကောင်းသေးရဲ့ လား (မကောင်းနိုင်ပါဘူး) ဒါ သစ္စာမသိဘဲနဲ့ အလှူပေးရင် ဒီအကျိုးပေး ချည့်ပေးတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒီခန္ဓာကြီးမရချင်လို့ လှူပါတယ်

ဒီခန္ဓာကြီးမရချင်လို့ ဒုက္ခခံနေရတာကြီးကိုဖြင့် မကြုံချင် မဆုံချင်လို့ လှူပါတယ်ဆိုမှ သူတို့နှစ်ယောက်က ပြေးတာဗျ (မှန်ပါ) နို့မဟုတ်ရင် ပြေးမလား (မပြေးပါဘူး)။

ဒီကျတော့မှ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပက ဝင်လာတာ၊ သူတို့နှစ်ခုက အမြင်မှန်နဲ့ အကြံမှန်ဝင်လာတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဟို-လူနှစ်ယောက်သာ အုပ်ချုပ်လို့ရှိရင် ဒီအလှူ မျောပြီ၊ မမျောသေး ဘူးလား (မျောပါတယ်)။

နှိပ်စက်တတ်တဲ့တရား နှိပ်စက်အပ်တဲ့တရား

နောက် ဒီလူနှစ်ယောက်က ဒီခန္ဓာကြီး ဒုက္ခသစ္စာ ဟုတ်ပါတယ်၊ ဒုက္ခခံနေရတာ၊ မနေ့က ဟောခဲ့တဲ့ တရားကတော့ သူက နှိပ်စက်တတ်တဲ့ တရား (မှန်ပါ) ဒီနေ့ဟောတဲ့ တရားကတော့ အနှိပ်စက်ခံရမည့် တရား၊ နှိပ်စက်တတ်တဲ့တရားနဲ့ နှိပ်စက်အပ်တဲ့တရား ကွဲအောင်မှတ်ပါ၊ တတ်ဆိုတာ သူက နှိပ်စက်တာနော် (မှန်ပါ) အပ်-ဆိုတာက သူက ခံရတာ (မှန်ပါ)။

သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပဦးစီးတဲ့ အလှူ

ဒါဖြင့် နှိပ်စက်တတ်, နှိပ်စက်အပ်တဲ့ ဒုက္ခသစ္စာကြီးမှ ကျွတ်လွတ် ချင်လို့ လှူပါတယ်ဆိုတော့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပ သူတို့နှစ်ဦး ဦးစီးတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒီလိုလုပ်လို့ရှိရင် ခင်ဗျားတို့ ဝဋ်ကျွတ်ပါတယ်၊ ခန္ဓာငါးပါး ရဦးမလား (မရပါဘူး)။

အဲဒီကျတော့ အရိယာ ဒါအရိယာတို့၏ စိတ်တွေနဲ့ (မှန်ပါ) အနာသဝါတဲ့ လောကုတ္တရာမဂ္ဂင် ခေါ်တယ်၊ ဒါဟာ ဒုက္ခသစ္စာ မြင်ပြီး သူလုပ်တာပဲ (မှန်ပါ) သဘောကျပလား (မှန်လှပါ) အဲဒီတော့ ခန္ဓာ ငါးပါးလာဦးမလား မလာဘူးလား (မလာပါဘူး)။

အမှားတွေကြိုးစားနေလို့ ပြင်ကြပါ

အဲ ဒါကလေးကို ထည့်ပြောချင်တာက ခင်ဗျားတို့ တခြားကြောင့် မဟုတ်ပါဘူး၊ စင်စစ်တော့ ဒုက္ခသစ္စာဟောဖို့ပါပဲ၊ နော် (မှန်ပါ) သို့သော်လည်း ခင်ဗျားတို့ အမှားတွေ ကြိုးစားနေလို့ ပြင်ကြပါလို့ ဘုန်းကြီးတို့ ဒကာဒကာမတွေ စိစစ်နေတယ် (မှန်ပါ) အမှားက လိုက်နေတာ မသေချာ ဘူး (သေချာပါတယ်) ဒီအလှူ ဘယ်သူ အုပ်ချုပ်သတုံး မေးတော့ ခုနင်က ပြောခဲ့ပကော (အဝိဇ္ဇာနဲ့ တဏှာပါ) အဝိဇ္ဇာနဲ့ တဏှာ အုပ်ချုပ်တာ မသေ ချာဘူးလား (သေချာပါတယ်)။

မသိလို့ နောင်ကြီးပွားရေးကို မမျှော်လင့်ဘူးလား မျှော် လင့်သလား (မျှော်လင့် ပါတယ်) ဒါဖြင့် နောင်ကြီးပွားရေးဆိုတာက သူ့ကြီးပွားရေးက ခန္ဓာကြီးပွားရေး နော် (မှန်ပါ) ဒါဖြင့် ခန္ဓာ ကြီးပွားရေးကို ဒုက္ခသစ္စာလို့ သိသလား မသိဘူးလား (မသိပါဘူး) မသိတာက အဝိဇ္ဇာပဲ (မှန်ပါ)။

သစ္စာမသိဘဲနှင့် လှူတဲ့အလှူ

မသိတာ ဘာဆိုကြမယ် (အဝိဇ္ဇာပါ ဘုရား) မသိတာက အဝိဇ္ဇာ၊ နောက်ဘဝကောင်းစားရေး လိုချင်တာက ဘယ့်နှယ်ဆိုကြမလဲ (တဏှာ ပါ ဘုရား) တဏှာဆိုတော့ နောက်ဘဝ၌လည်း ပြည့်ပြည့်စုံစုံ လုံလုံလောက် လောက်၊ ဒီသား၊ ဒီသမီး၊ ဒီမြေး၊ ဒီမြစ်နဲ့ပေါ့ဗျာ၊ ဒီမိတ်ဆွေသင်္ဂဟတွေနဲ့ နောက်ဘုရားပွင့်တဲ့အခါမှ တစ်ခါတည်း တစ်ပြိုင်နက်တည်း အကုန်ဝင်ကြ ရအောင် ဟုတ်လား (မှန်ပါ) အဲဒါပါတော့ အခုလည်း အကုန်ဒုက္ခပေးကြ ရအောင် ဒီကြားထဲ ထည့်ပေးရသေးတယ်၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ်)။

အဲဒီကဲ့သို့ ဆိုးဝါးပြီးသကာလနေတော့၊ ဒကာ ဒကာမတို့ သစ္စာမသိ ဘဲနဲ့ လှူတဲ့အလှူကို၊ ခင်ဗျားတို့ ယခုအချိန်မှာ စဉ်းစား၊ ကောင်းကျိုးပေးမလား ဆိုးကျိုးပေးမလား (ဆိုးကျိုးပေးမှာပါ) ဆိုးကျိုးဆိုပေမယ့် အပါယ်လောက်တော့ မဆိုးဘူးပေါ့ဗျာ၊ ခန္ဓာဒုက္ခကတော့ မလွတ်တော့ဘူး (မှန်ပါ) သဘော ကျပလား (မှန်ပါ)။

အပါယ်ဒုက္ခကို ဘုန်းကြီးက မဟောပါဘူး၊ လှူတာ အပါယ်ရောက် တယ်လို့ မဟောပါဘူး၊ သို့သော် ခန္ဓာဝန်ကြီးနဲ့ သံသရာဒုက္ခကြီး ရလိမ့်မယ်၊ အဲဒါဟာ ဒုက္ခသစ္စာကြီးပဲလို့ ပြောတာပါ။ ဟောဒီ အာသဝနှစ်ခု မလွတ်လို့ ရှိရင်၊ သူတို့ အုပ်ချုပ်ရေး ခင်ဗျားတို့ ခံလို့ ရှိရင်ဖြင့်၊ ဒုက္ခသစ္စာတော့ ဧကန် ရမယ်လို့ ဟောလိုက်တယ် (မှန်ပါ့) မဟောထိုက်ဘူးလား (ဟောလိုက်ပါ တယ်) ဒါ-ဘုန်းကြီးက ဟောတာ မဟုတ်ပါဘူး ဥပရိပဏ္ဏာသမှာ ဘုရားက ဟောတာလို့မှတ် (မှန်ပါ) ဒါကို ဘုန်းကြီးက ကိုယ်စားလှယ်လုပ်ပြီး ဟောတာ။ ရှင်းပလား (ရှင်းပါပြီ)။

လောကုတ္တရာမဂ္ဂင်

သူကတော့ အနာသဝစိတ်တဲ့ အာသဝေါ သူ့အထဲပါသေးသလား (မပါ ပါဘူး) သမ္မာသင်္ကပ္ပနဲ့ သမ္မာဒိဋ္ဌိထဲမှာ အာသဝဆိုလို့ ရသေးရဲ့ လား (မရပါဘူး) အရိယာတဲ့ အရိယာတို့ သုံးတဲ့စိတ်မျိုး၊ အရိယာဆိုတဲ့ဥစ္စာ ဖြူစင်တဲ့စိတ်၊ ကိလေသာပါသေးသလား (မပါပါဘူး) လောကုတ္တရမဂ္ဂင် တဲ့ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပဟာ လောကုတ္တရာ မဖြစ်ဘူးလား (ဖြစ်ပါတယ်)။

လောကုတ္တရာ မဂ္ဂင်ဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး၊ ဒီခန္ဓာငါးပါးကို မလိုချင်လို့ ခန္ဓာငါးပါးကြီးကို အနှိပ်စက်ခံရမှာစိုးလို့၊ နှိပ်စက် တတ်တာကြီး ဘဝများစွာ ကြုံခဲ့သောကြောင့် ကျုပ်တို့သည်ကားလို့ဆိုရင်၊ ဒီခန္ဓာငါးပါးကို ဒီလို ဉာဏ်နှစ်ခုနဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပနဲ့ ရှုလိုက်တဲ့အခါ မှာ၊ နှိပ်စက်တတ် နှိပ်စက်အပ်တဲ့ သဘောကို မမြင်ဘူးလား (မြင်ပါတယ်) အဲဒီနှိပ်စက်တတ်, နှိပ်စက်အပ်တဲ့ ခန္ဓာကြီးမှ လွတ်ရပါလို၏။ ဒီနှစ်ခုက၊ သဘောကျပလား (ကျပါပြီ) ဒီလိုဆိုတော့ ဦးဘအုန်း ဘယ့်နှယ်နေသတုံး နောက်ခန္ဓာရ မရ (မရပါဘူး) နောက်ခန္ဓာ မရတာ ဘာမရတာတုံး မေးရင် ဘယ့်နှယ်ပြောမလဲ (ဒုက္ခမရတာပါ) ဒုက္ခသစ္စာမရတာ (မှန်ပါ့)။

ဘာဝနာမယ ကုသိုလ်

ဒုက္ခသစ္စာမရရင် တစ်ခုခုတော့ ရရတော့မယ်ဆိုတာတော့ ဘာမှ ငြင်းနေဖို့ မလိုတော့ဘူး၊ မဟုတ်ဘူးလား (မှန်ပါ့) သုခသစ္စာ ရရမယ်ဆိုတာ လုပ်တုန်းကတည်းက ဘာဝနာမယ ကုသိုလ် သွားပြီး ဖြစ်တယ် ရိပ်မိပလား (မှန်ပါ)။

ခန္ဓာဒုက္ခသစ္စာနယ်က ဒီခန္ဓာမရချင်ဘူးဆိုကတည်းက ကြည့်တဲ့ အချိန်မှာ ဘာဆိုမတုံး (ဘာဝနာမယ ဖြစ်ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ကြည့်တဲ့အချိန်မှာ ဘာဝနာမယ ဖြစ်ပါတယ်တဲ့၊ အဲဒီ ဘာဝနာမယနဲ့ ကြည့်ကြည့် လုပ်တဲ့ အတွက်၊ ဒကာဒကာမတို့ ဘယ်လို ဆုံးဖြတ်ချက် ချမတုံး ဒုက္ခကျွတ်တဲ့ဆီတော့ ရောက်တော့ မှာပဲ၊ မရောက်ပေဘူးလား ရောက်မလား (ရောက်ပါမယ်)။

ဒုက္ခကျွတ်လွတ်နည်း

ဒါဖြင့် ဒုက္ခကျွတ်လွတ်နည်း ရပလား (မှန်ပါ့) ဒါဘာသဘောကျလို့ ခင်ဗျားတို့ ရတာတုံးလို့ မေးတဲ့အခါကျတော့ ခုနင်က နှိပ်စက်တတ်တာက မနေ့က ဟောခဲ့တဲ့ တရား (မှန်ပါ) ယနေ့တော့ ဘာတဲ့ (နှိပ်စက်အပ် တာပါ ဘုရား) နှိပ်စက်အပ် ဆိုတာ အနှိပ်စက်ခံတဲ့ တရားကို ဆိုလိုက်တယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ ဘေးတကာ ရန်တကာ အလုံးစုံ (၉၆) ပါး သော ရောဂါဝေဒနာနဲ့တကွ (၂၅) ပါးသော ဘေး (၃၂) ပါးသော ကံကြမ္မာ၊ ဒီဟာတွေလာတဲ့အခါကျလို့ရှိရင် ရှောင်ပြေးသလား လက်ခံသလားသာ မေးလိုက်ပါတယ် (လက်ခံပါတယ်) ခန္ဓာကြီးဟာ ရှောင်မပြေးဘူးနော် (မပြေးပါဘူး)။

ဒါဖြင့် အနှိပ်စက်ခံတတ်သောကြောင့် ဘာဆိုမယ်၊ နှိပ်စက် အပ်သောကြောင့် သူ့ကို ဘာဆိုမယ် (ဒုက္ခသစ္စာ)။

ဒါဖြင့် ခင်ဗျားတို့ ရထားတာကြီးဟာ ဘယ်အကျိုးငှာ ရထားတာတုံး လို့ ကိုယ့်ဟာကိုယ်မေး၊ အနှိပ်စက်ခံဖို့ ရထားပါတယ် ဘုရား။ (မှန်ပါ) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ်)။

မိုးကောင်းလည်း ခင်ဗျားတို့ အအေးမိတာခံရုံပဲ၊ မိုးခေါင်လည်း အပူမိတာကော (ခံရုံပါပဲ) ခင်ဗျားတို့က ဘာတတ်နိုင်သေးသတုံး (ဘာမှ မတတ်နိုင်ပါဘူး)။

အပြစ်မတင်နဲ့ ဆုတောင်းပြည့်တာ

အဲဒါ မတတ်နိုင်တာမိုးလည်း အပြစ်မတင်နဲ့နော် (မှန်ပါ့) လေလည်း အပြစ်မတင်နဲ့၊ နေလည်း အပြစ်မတင်နဲ့ ဆုတောင်းပြည့်တာလို့ မှတ်ပါ (မှန်ပါ) ရိပ်မိပလား (မှန်ပါ့)။

ဆုတောင်းပြည့်တာလို့ ဘယ့်နှယ်ကြောင့် မှတ်ရသတုံးလို့ မေးလို့ ရှိရင် ဒီခန္ဓာငါးပါးဟာ အနှိပ်စက်ခံဖို့ ရထားတဲ့ ခန္ဓာငါးပါးလို့ မှတ်ပါ (မှန်ပါ့) ဒီတော့ ကြော် ငါ့မှာ ကံမကောင်း အကြောင်းမသင့်လို့ တွေ့ရတယ်လို့ မျက်ရည်ခံ မထိုးနဲ့ (မှန်ပါ) ကိုယ်က တောင်းထားခဲ့လို့ပါ အဲ တောင်း ထားတဲ့ ဆုဟာ အကုန်ပြည့်တာပေါ့လို့ မှတ်ကြပါ။ သဘောကျပလား (ကျပါပြီ)။

ဘာတုံး ဒီဥစ္စာ (ဆုတောင်းပြည့်တာပါ) ဆုတောင်းပြည့်တာ၊ နေပူလွန်းမက ပူတော့ကော (ဆုတောင်းပြည့်တာပါပဲ) ကာလဝမ်းတွေ လှည့်လာပြန်တော့ကော (ဆုတောင်းပြည့်တာပါ) ပလိပ် ရောဂါတွေ ဖြစ်လာ ပြန်တော့ကော (ဆုတောင်းပြည့်တာပါ) ဘာဖြစ်လို့တုံး ခန္ဓာဆိုတာ သူက ခံတဲ့ ဘက်က သက်သက်ကိုးဗျ ဟုတ်လား၊ မစုံသေးလို့ရှိရင် သူအသက် ရှည်လိမ့်ဦးမယ်၊ ရောဂါမစုံသေး လို့ရှိရင် သူအသက် ရှည်သလောက် အကုန် ယူမှာပဲ ဆိုတာကကော ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒါဖြင့် သူ့ကို ဘာသစ္စာဖွဲ့ မတုံး (ဒုက္ခသစ္စာပါ)။

ဘယ်လိုဒုက္ခသစ္စာတုံးဆိုတော့ အနှိပ်စက်ခံတတ်သောကြောင့် ဒုက္ခသစ္စာ (မှန်ပါ) အနှိပ်စက်ခံအပ်သောကြောင့် (ဒုက္ခသစ္စာပါ) သဘော ကျကြပလား (မှန်ပါ့)။

ဘယ်တော့များ ကံဇာတာကောင်းမှာတုံး

ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ ဆိုလို့ရှိရင် ဒကာဒကာမတို့ ဘယ်တော့များ ကံဇာတာ ကောင်းမှာတုံးလို့ မမေးနဲ့တော့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒကာဒကာမတို့ ဘယ်တော့များ ကံဇာတာကောင်းမှာတုံး မမေးနဲ့ မမေးနဲ့ ပုဏ္ဏားမေးရင် လိမ်ဟောရင် ဟောမည်သာ၊ ခန္ဓာကတော့ ဒါ-ပါပဲ။ (မှန်ပါ) ရိပ်မိပလား။ (ရိပ်မိပါပြီ) သူကတော့ဖြင့် ခံတဲ့ဘက် သက်သက်မနေဘူးလား (နေပါတယ်) ဒါဖြင့် အနှိပ်စက်ခံရသောကြောင့် သူ့ကို ဘာသစ္စာဆိုမလဲ (ဒုက္ခသစ္စာပါ) မနေ့ကတော့ ဘယ့်နှယ်ကြောင့်တုံး (သူကနှိပ်စက်တာကြောင့်) မနေ့ကတော့ သူက နှိပ်စက်သောကြောင့် ဒုက္ခ သစ္စာကို အကျယ်တဝင့် ဟောခဲ့တယ် (မှန်ပါ) ယနေ့တော့ဖြင့် သူက အနှိပ်စက်ခံရသောကြောင့် ဘာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ပင်ကိုသဘောရှိလို့ခံရသော

ဒုက္ခသစ္စာလို့ ခင်ဗျားတို့ ဒီကနေ ကြည့်ပြီးသကာလ ဘယ်သူလာလည်း သူခံ၊ နေပူလည်းခံ မိုးရွာလည်းခံ ဝမ်းလျှောလည်းခံ ကျောက်ပေါက်လည်းခံ မဟုတ်ဘူးလား (မှန်ပါ) မျက်စိနာလည်း ခံရုံပဲ ခေါင်းဖြူလည်း ခံရုံပဲ၊ နောက်ကြောဆွဲကော (ခံရုံပါပဲ) သွက်ချာပါဒဖမ်းရော (ခံရုံပါပဲ) သူက ငြင်းဆန်တာများ ရှိသေးသလား (မရှိပါဘူး) အဲဒါ ဘာဖြစ်ကြတာတုံး (ဆုတောင်းပြည့်တာပါ)။ ဆုတောင်းပြည့်တာပဲဆိုတော့ ဟုတ်လား၊ အနှိပ်စက်ခံတတ်တဲ့ ပင်ကိုသဘောရှိလို့ ခံရတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ပင်ကိုသဘော မရှိလို့ရှိရင် (မခံရပါဘူး) မခံရဘူးဆိုသဖြင့် သူ့ကို ဘာသစ္စာဖွဲ့မလဲ (ဒုက္ခသစ္စာပါ) အဲ – အနှိပ်စက်ခံအပ်တဲ့ ဒုက္ခသစ္စာ ဒီနေ့ဟောတာနော် (မှန်ပါ)။

အနှိပ်စက်ခံအပ်တဲ့ဒုက္ခသခွာ

အနှိပ်စက်ခံအပ်တဲ့ ဒုက္ခသစ္စာလို့ ခင်ဗျားတို့ ဒီခန္ဓာကြီး မသိသေး ဘူးလား (သိပါပြီ) ဒီခန္ဓာကြီး အနှိပ်စက်ခံရတဲ့ ဒုက္ခသစ္စာလို့ သိတာက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာသတိ, သမ္မာသမာဓိ, သမ္မာဝါယာမ၊ မဂ္ဂင်ငါးပါးပါလို့ သိတာသော် အနှိပ်စက်ခံတတ်တဲ့ သဘောပါလားလို့ သိတာ။ (မှန်ပါ) လောကီ မဂ်ရလို့သိတာ (မှန်ပါ) လောကီမဂ်သာ မရသေးရင် ခင်ဗျားတို့ အခု ပြောတာ ကလေးကို ကျုပ်နားမလည်ဘူး ပြောကြမှာ (မှန်ပါ့) ကဲ-ကျုပ်နားမလည်ဘူးပြောရင် ဟောဒီမဂ်ကို မရလို့သာမှတ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပါ

ဒါလည်း ပြောရသေးတယ်၊ ကောင်းပြီ ဒါဖြင့် ဟုတ်မဟုတ်ကို ကိုယ်တိုင်စစ်ဆေး လိုက်တဲ့ အခါကျတော့၊ နေပူလို့ရမယ့် ဝေဒနာကို ခန္ဓာကြီးက တွန်းလှန်သလား လက်ခံသလားမေး (လက်ခံ ပါတယ်)။

အင်း-ဒါကြောင့် အနှိပ်စက်ခံရသောကြောင့် ဒုက္ခသစ္စာပါလို့ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုး၊ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

မိုးရွာချိန် အအေးပတ်တဲ့အခါမှာ ငါ့မှာ ကမ္မဇတေဇောတွေ ရှိသားပဲ၊ ကမ္မဇတေဇောတွေ ပြန်ထုတ်ပါတော့မယ်လို့၊ ပြန်ထုတ်လို့ရရဲ့ လား (မရပါဘု ရား) မရဘူး၊ အအေးဒဏ်ကို အေးအေးသာခံလိုက်တော့၊ မဟုတ်ဘူးလား၊ (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာဒကာမတွေ အခုအခါ စစ်တို့ဘာတို့ဖြစ်မယ်ဆိုရင် “အက်တောမစ် atomic တို့ ဟိုက်ဒရိုဂျင် hydrogen” တို့ အနံ့တွေ အသက်တွေ အတွေ့တွေကို သူက ရှောင်ပြေးမှာလား၊ လက်ခံမှာလား ( လက်ခံမှာပါ ဘုရား)။

ခင်ဗျားတို့ကလည်း ချစ်လွန်းလို့ ထမ်းတော့ ထမ်းပြေးပါတယ် ပြေးပေမယ့် လက်ခံထားတဲ့သူ “ခန္ဓာကြီး” ထမ်းပြေးနေကြရတယ်၊ သဘော ကျပလား (ကျပါတယ်)။

ပြေးတော့မပြေးဘူးလား (ပြေးပါတယ် ဘုရား) ပြေးတယ်၊ ခပ်ဝေးဝေး ပြေးရအောင်ဟေ့ ဆိုတော့ ဒါ သူထမ်းပြေးတာပဲ၊ လက်ခံမယ့်လူ ထမ်း ပြေးတာ၊ အပြေးတော်သလား အပြေးမှားသလား (အပြေးမှားပါတယ် ဘုရား) “ခွ” ကျလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ ဦးဘကြည်ရေ (ရိပ်မိပါပြီ ဘုရား)။

ဒီခန္ဓာကြီးရထားလို့

သူရှိသ၍ ကာလပတ်လုံး ဘုရားက ရေထဲနေလည်း သေမင်း လက်ခံရမှာပဲ၊ ကုန်းပေါ် နေလည်း လက်ခံရမှာပဲ၊ တောင်ခေါင်းထဲဝင်နေလည်း (လက်ခံရမှာပါ ဘုရား) ဘာပြုလို့တုံး အနှိပ်စက် ခံထိုက်တဲ့ ဒုက္ခသစ္စာ ဖြစ်လို့။

ဒါကြောင့် “နအန္တလိက္ခေ န သမုဒ္ဒမဇ္ဈေန ပဗ္ဗတာနံ ဝိဝရံ ပဝိဿ” ဆိုပြီးသကာလ ဘယ်နေနေ မလွတ်ပါဘူးဗျ၊ ဒီခန္ဓာကြီးရထားလို့ရှိရင် အနှိပ် စက်ခံရမှာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီခန္ဓာကြီး ဘာသစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာ ပါ ဘုရား) ဘာနဲ့ဖွဲ့ တာတုံး၊ ခင်ဗျားတို့ ဟောတဲ့ဉာဏ်အမြင်ရလို့ပါလို့ ပြောလိုက်ပါ၊ ဒါလေးကြောင့် ဒါလေးဝင်လာလို့ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါကြီး ဘာသစ္စာတဲ့တုံး၊ (ဒုက္ခသစ္စာပါ ဘုရား)။

ခင်ဗျားတို့ ခန္ဓာငါးပါးဟာ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ ဘုရား) ဘာနဲ့များ ပြောကြပါလိမ့် (လောကီမဂ်နဲ့ပါ ဘုရား) လောကီ မဂ်ငါးပါး ခင်ဗျားတို့ ပြည့်စုံတဲ့အချိန်မှာ ပြောနိုင်တယ်။

ဒါလေးအိမ်ရောက်ရင် ပျောက်မှာလား

ဒါလေးအိမ်ရောက်လို့ ပျောက်သွားလို့ရှိရင်တော့ဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဖြစ်တော့မှာပဲ၊ ဒါလေးအိမ်ရောက်ရင် ပျောက်ဦးမှာကိုးဗျ၊ ဟင်း အိမ်ရောက်လို့ရှိရင် မဂ်ငါးပါးပြေးပြီ၊ မပြေးဘူးလား (ပြေးပါတယ် ဘုရား) အိမ်ရောက်ရင် မဂ်ငါးပါးပြေးမှာပဲ။

မဂ်ငါးပါးပြေးလို့ရှိရင် ခုနက ဒကာဒကာမတို့ ဘာလာမှာတုံး ဆိုတော့ တဏှာတို့၊ မာနတို့ ဒိဋ္ဌိတို့ဆိုတာတွေ မလာပေဘူးလား (လာပါ တယ် ဘုရား) မိစ္ဆာမဂ္ဂင် မလာပေဘူးလား (လာပါတယ် ဘုရား) သမ္မာမဂ္ဂင်ငါးပါး လည်း ပြေးတော့ မိစ္ဆာမဂ္ဂင်ငါးပါး ရောက်ထိုက် မရောက် ထိုက် (ရောက်ထိုက်ပါတယ် ဘုရား)။

မိစ္ဆာ မဂ္ဂင်ငါးပါးရောက်သည်နှင့် တစ်ပြိုင်တည်း ငါ့ကိုယ့်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတာ ဆွဲချလိုက်တာပဲ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာတရားနာနေတုန်းမှာ

ဒါဖြင့် သစ္စာတရား နာနေတုန်းမှာ ခုနက သမ္မာမဂ္ဂင်ငါးပါး လာနေတဲ့အတွက် မိစ္ဆာမဂ္ဂင်ငါးပါး၊ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ ဆိုတာကော မရှိဘူးလား ရှိမလား (မရှိပါ ဘုရား)။ အဲဒါတွေ အခု ရှိမရှိ (မရှိပါ ဘုရား)။

ဒီငါးခုမရှိကတည်းက ကိလေသာခြောက်တယ်ဆိုတာ သေချာတယ် ကိလေသာ ခြောက်ပုံပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် “ပေဋကောပဒေသ” မှာ ဟောတော်မူတာကကိလေသာ ခြောက်ရမယ်လို့ ဟောတော်မူတယ်၊ တရားနာနေတုန်းဆိုတော့ ကိလေသာ ခြောက်ကော ခြောက်ကြရဲ့လား (ခြောက်ပါတယ် ဘုရား) မိစ္ဆာမဂ္ဂင်ငါးပါးကော လာသေးရဲ့ လား (မလာပါ ဘုရား) လာကို မလာဘူး ဒကာ ဒကာမတို့။

ကိလေသာတွေ ခြောက်ခန်းသွားပြီ

သမ္မာမဂ္ဂင်ငါးပါး ရှိနေရင် မိစ္ဆာမဂ္ဂင်ငါးပါးသည် အနားသီသေးသလား (မသိပါ ဘုရား) မသီကတည်းက မိစ္ဆာမဂ္ဂင်ငါးပါးတည်းဟူသော တရားသည် ဒကာဒကာမတို့ ကိလေသာတွေ ခြောက်ခန်းသွားပြီလို့ ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် အဲဒီကိလေသာ ခြောက်ခန်းသွားပါလိမ့်မတုံး ဦးဘကြည် (သမ္မာဒိဋ္ဌိငါးပါး လာလို့ပါ ဘုရား)။

ကိုယ်တိုင်မြင်ရင် ကိစ္စပြီးပြီ

သမ္မာဒိဋ္ဌိ မဂ္ဂင်ငါးပါး၊ ဆရာဘုန်းကြီးက မထင် ထင်အောင် ပြောနေတာ ရှင်းကြပလား (ရှင်းပါပြီ) ပွားများကြည့်တော့ တကယ် နှိပ်စက်တာကြီးကို ခင်ဗျားတို့က ကိုယ်တိုင်မြင်ရမယ်။

အဲဒါကိုယ်တိုင်မြင်ရမှ မဂ္ဂင်ရှစ်ပါးပြည့်မယ်၊ အဲဒီကျမှ ကိစ္စပြီးပြီလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်းဒီတွင် ယနေ့တော်ကြစို့။

သာဓု သာဓု သာဓု။