ဒုက္ခသစ္စာ၏အနက် (၁)ပီဠနဋ္ဌော

ဒုက္ခသစ္စာ၏အနက် (၁)ပီဠနဋ္ဌော

(ပဋိဝေဓဉာဏ်)

အသံဖိုင်ခေါင်းစဉ် = သစ္စာအနက် (၁၆)ချက် ဒုက္ခသစ္စာအနက်မှ ဝိပရိဏာမဋ္ဌော

စာအုပ်ခေါင်းစဉ် = ဒုက္ခသစ္စာ၏ အနက် (၁) ပီဠနဋ္ဌော (ပဋိဝေဓဉာဏ်)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မန္တလေးမြို့၌

ဟောကြားတော်မူသော တရားတော်

ဒုက္ခသစ္စာ၏အနက် (၁)ပီဠနဋ္ဌော

(ပဋိဝေဓဉာဏ်)

(၇-၁၂-၅၇)

အနုဗောဓဉာဏ်နှင့် ပဋိဝေဓဉာဏ် ဤဉာဏ်နှစ်ပါးကို ဒုက္ခသစ္စာ တစ်ခု တည်းမှာ ဤဉာဏ်နှစ်ပါးရှိတယ်လို့ မှတ်ပါ။

အနုဗောဉာဏ်ဆိုတာ

သစ္စာကတော့ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာကို ဉာဏ်နှစ်ပါးနှင့် ကြည့်ရမယ်၊ အနုဗောဓဉာဏ်ဆိုတာက ဆရာသမားဟောတာကို အစဉ်လျှောက်ပြီး သကာလ ကြောက်လန့်ပြီးကြည့်လို့ ဖြစ်လာတာ။

ပဋိဝေဓဉာဏ်ဆိုတာက ကိုယ်တိုင်ကို ဝေဖန်ပြီးသကာလ ဖြစ်ထိုက်လို့ ဖြစ်တဲ့အကြောင်း ကောင်းကောင်းသိတာ ပဋိဝေဓဉာဏ်။

အဲဒီတော့ သစ္စာသိတာသည် အနုဗောဓဉာဏ် တစ်မျိုး၊ ပဋိဝေဓ ဉာဏ်ကကော (တစ်မျိုးပါ ဘုရား) မှတ်ထားကြပါ၊ အနုဗောဓဉာဏ် တစ်မျိုး၊ ပဋိဝေဓဉာဏ်ကကော (တစ်မျိုးပါ ဘုရား)။

ဒါလေးကို ရှေးဦးစွာ မှတ်ထားလိုက်စမ်းပါ။ ဪ ဒီနေ့ တစ်ည ဟာ ဒီအနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ်ဟောပြီး သကာလနေမှာပဲ။

ပဋိဝေဓဉာဏ်ဆိုတာ

အနုဗောဓဉာဏ်သည် တရားနာလို့ စာအုပ်ကြည့်လို့ရတဲ့ဉာဏ်၊ ပဋိဝေဓဉာဏ်သည် ခန္ဓာထဲမှာ မဂ်ဉာဏ်နဲ့ သေသေချာချာကြည့်လို့ တကယ်တန်း ဒုက္ခသစ္စာအစစ်ကို မြင်တာလို့မှတ်ပါ။

ဒါဖြင့် စာတတ်လို့ ကိစ္စမပြီးသေးဘူး၊ စာကြည့်တတ်လို့ ကိစ္စမပြီးသေး ဘူး၊ ဝိပဿနာ၊ ဉာဏ်ပွားတတ်ရုံနဲ့ ကိစ္စမပြီးသေးဘူး။

ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ ပိုင်းခြားသိတဲ့ ပဋိဝေဓဉာဏ်ရောက်မှ ကိစ္စ ပြီးမယ်လို့ ဒကာ ဒကာမတွေက မှတ်ထားကြပါ။

တစ်ညကို နှစ်လုံးထက်မပိုဘူး

အဲဒီတော့ ဒီပဋိဝေဓဉာဏ်ဟာ တစ်ညနှစ်လုံး နှစ်လုံးဟောနေတယ်ဆို တာ ဦးဝတို့ သိလိမ့်မယ်၊ ဦးခင်မောင်တို့သိမှာပဲ၊ တစ်ည နှစ်လုံးထက်မပိုရဘူး နှစ်လုံးပဲဟောတာ၊ ဘယ်လောက်ပဲနာရီက (၁၀) မိနစ် ပိုသွားသွား၊ (၁၅) မိနစ်ပဲ ပိုသွားသွားပိုချင် ပိုပါစေ၊ ဟောတာကတော့ ဒီနှစ်လုံးပဲ။

ဒီပြင်ဘက် မထွက်ဘူး၊ အဲဒီတော့ အနုဗောဓဉာဏ်ရဖို့သည် သာသနာတွင်းကြုံမှ၊ ပဋိဝေဓဉာဏ်ရဖို့သည် ကိုယ်တိုင်သာသနာကြုံရုံနှင့် မပြီးသေးဘူး၊ ကိုယ်တိုင် အားထုတ်မှရမယ်လို့ မှတ်ထားကြစမ်းပါ (မှန်ပါ)။

အနုဗောဓဉာဏ်က သာသနာတွင်းကြုံရင်ကြားရ၊ နာရ ရှိပါတယ်၊ ပဋိဝေဓဉာဏ်က ကိုယ်တိုင်ကို အားထုတ်ကြည့်မှ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ်ကို ယနေ့ ဝေဖန်ပြီးသကာလ ဟောတော့မယ်လို့ဆိုသဖြင့် ဒါ ဒုက္ခသစ္စာက စ,ကိုင်မှာပဲ။

ဟောဒါက အနုဗောဓဉာဏ်နဲ့အသိ၊ ဟောဒါက ပဋိဝေဓဉာဏ်နဲ့ အသိဆိုတာ ဒကာ ဒကာမတွေ ယနေ့ဝေဖန်ပြမယ်။

အဲဒီတော့ ဒီခန္ဓာကိုယ်မှာ နာမ်ရုပ်ပဲ ရှိတယ်ဆိုတာ လူတိုင်းသိတယ်၊ ဒီဘက်ကရုပ်၊ ဒီဘက်က နာမက္ခန္ဓာလေးပါး ခန္ဓာကိုယ်မှာ ဘာရှိကြလဲ၊ (ရုပ် နှင့် နာမက္ခန္ဓာလေးပါးရှိပါတယ် ဘုရား)။

အနုဗောဓဉာဏ်အသိ

အဲ ရုပ်နာမ်နှစ်ပါးပဲရှိတယ်၊ ရုပ်ကတစ်ပါး၊ နာမ်ကလေးပါး၊ ဒါပဲ ရှိတယ်လို့ မနေ့ကလည်း ဝေဖန်ပြခဲ့တယ်။ အဲဒီတော့ ဒီအတိုင်းသိတာသည်ဪ သူလည်း ဖြစ်ပျက်မို့ ဒုက္ခသစ္စာပဲ၊ သူလည်းဖြစ်ပျက်မို့ ဒုက္ခသစ္စာပဲ လို့ ဆရာသမားက ဟောထားတော့ ဒါ-အနုဗောဓဉာဏ် အသိပါ (မှန်လှ ပါ ဘုရား)။

အနုဗောဓဉာဏ်သိလို့ အားလုံးမှတ်ထားကြစမ်းပါ။ ပဋိဝေဓဉာဏ်သိ ဆိုတာက ဒီလိုမဟုတ်ဘူး၊ “ဒုက္ခဿပီဠနဋ္ဌော” နဲ့သိမှ ကိုထွန်းဦး (မှန်လှပါ ဘုရား) ပီဠနဋ္ဌောနဲ့ သိမှ။

ကောင်းပြီ၊ ဒါဖြစ်ပျက်မို့ ဒုက္ခသစ္စာ၊ သူလည်းဖြစ်ပျက်မို့ ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခမို့ ဒုက္ခသစ္စာ၊ ဒီလိုသိကာမျှမတ္တနဲ့ဆိုတော့ ဝိပဿနာဉာဏ် ဖြစ်နေပြီ ဖြစ်ပျက်ကို ဖြစ်ပျက်ဆိုတော့ ဝိပဿနာဉာဏ်ဖြစ်နေတယ်၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အင်း ဒါ ဆရာသမားကလည်း ဖြစ်ပျက်၊ ကိုယ်တိုင်ကြည့်လိုက်တဲ့ အခါလည်း ဖြစ်ပျက်ပဲ သိတယ်။

ဒုက္ခသစ္စာကိုမရောက်ဘူး ၊ ဖြစ်ပျက်ပဲသူရောက်တယ်။ ဒါ ဘာဉာဏ်ခေါ်ကြမယ် (အနုဗောဓဉာဏ်ပါ ဘုရား)။ အနုဗောဓပဲရှိသေးတယ်။ အနုက အစဉ် ဗောဓကသိတာ ၊ သြော် ဆရာသမားရဲ့ဉာဏ်ကို အစဉ်လျှောက်ပြီး သကာလ သက်ကြီးသူမတို့ ပြောတဲ့ဉာဏ် အစဉ်လျှောက်ပြီး သကာလ သိတဲ့အသိမျိုးဖြစ်သောကြောင့် ဒါ အနုဗောဓဉာဏ်လို့သိပါ။

ပဋိဝေဓဉာဏ်သိ

ပဋိဝေဓဉာဏ်သိဖို့ ဒကာ ဒကာမတို့ တက်ပြတော့မယ်။ အနုဗောဓဉာဏ်က ဖြစ်ပျက်ကို သိမှုနော်၊ ပဋိဝေဓဉာဏ်သိမှုက ဒီလိုသိရတယ်။ သူဟာနှိပ်စက်တတ်တဲ့တရား၊ သူလည်းနှိပ်စက်တတ်တဲ့ တရား ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။

ရုပ်ကလည်း (နှိပ်စက်တတ်တဲ့ တရားပါ ဘုရား) နာမ်ကကော (နှိပ်စက်တတ်တဲ့ တရားပါ ဘုရား) ။ ကဲ နှိပ်စက်တတ်တဲ့ တရားလို့ ဆိုတော့ သြော် “ဒုက္ခဿ ပီဠနဋ္ဌော”။

ပီဠနဋ္ဌော

ပီဠနဋ္ဌော- သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်ဆိုတော့ ၊ ဒကာ ဒကာမတွေ ထင်ရှားသထက် ထင်ရှားအောင် နှိပ်စက်ပုံကို ခင်ဗျားတို့ ရထားတဲ့ ရုပ်နဲ့နာမ်ဟာ နှိပ်စက်ပုံ ရှင်းပြ ပါ့မယ်တဲ့။

ကလေးအမွှာပူး

အမေတယောက်မှာ ကလေး အမွှာပူးလေး မွေးတယ်၊ မွေးတဲ့ ကလေးထဲမှ တစ်ယောက်သောကလေးက ဘာပါလိမ့်မတုံးမေးတော့ ခြေကျိုးလက်ကျိုးနဲ့ သည်းခြေပျက် ပါတယ်။

ဒကာ ဒကာတို့ တစ်ယောက်သောကလေးက ခြေကျိုးလက်ကျိုးရယ်၊ ဒီကလေးက သည်းခြေပျက်လည်းပါတယ်၊ တစ်ယောက်သော ကလေးက ရှင်းပြီးလား၊ တစ်ယောက်သော ကလေးက ဘာပါလိမ့် မွေးလာကတည်းက (ခြေကျိုးလက်ကျိုးသည်းခြေပျက်ပါ ဘုရား)။

ခြေကျိုးလက် သည်းခြေပျက်မွေးလာကတည်းက ခင်ဗျားတို့ စဉ်း စားကြည့်မယ်ဆိုလို့ရှိရင် သိပါလိမ့်မယ်တဲ့။

မျက်လုံးနှစ်ကွင်းအလင်းမရ

တစ်ယောက်သော ကလေးကတော့ ခြေတော့ လက်တော့ သန်မာရဲ့ မျက်လုံးနှစ်ကွင်းက အလင်းမရဘူး (မှန်လှပါ)။ သူငယ်နာ ဝမ်းပျက်က ပါလာသေးတယ် တစ်ယောက်သော ကလေးက (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ မွေးလာကတည်းက ဒီကလေးတွေသိကြပြီလား (သိပါပြီ ဘုရား)။ တစ်ယောက်သောကလေးက ဘာတဲ့ (ခြေကျိုးလက်ကျိုး သည်းခြေပျက်ပါ ဘုရား)။

ခြေကျိုးလက်ကျိုး၊ သည်းခြေပျက်

သူက ခြေကျိုးလက်ကျိုးနဲ့ သည်းခြေပျက်၊ နာမက္ခန္ဓာလေးပါးက ခြေကျိုးလက်ကျိုးသည်းခြေပျက် ဝိပလ္လာသပါတယ် (မှန်လှပါ ဘုရား)။ သေသေချာချာ နားထောင်ကြ ဒကာ ဒကာမတို့ ကိုယ့်အဖြစ်ဆိုး ဒီကနေ့တော့ကောင်းကောင်းကြီး ပေါ်တော့မယ်၊ ဒုက္ခသစ္စာဆိုတာ ပေါ်တော့မယ်။

ပဋိဝေဓဆိုတော့ ကိုထွန်းဦး ပဋိဝေဓဆိုက်အောင် ဟောရတော့မယ် (မှန်လှပါ ဘုရား)။

ပဋိဝေဓဆိုက်အောင် ထိုးထွင်းသိကိုရောက်အောင် ဒီနေ့ဟောလိမ့် မယ်၊ ထိုးထွင်းသိကို ခင်ဗျားတို့ ရောက်လို့ရှိရင် ဒါကြီးလိုချင်တယ်ဆိုတာ လာဦး မှာလား (မလာပါ ဘုရား)။

ရုပ်နာမ်ကို နောက်ထပ် ဆုတောင်းဦးမှာလား (မတောင်းတော့ ပါ ဘုရား)။ ဘာရုပ်နာမ်များ ဖြစ်ချင်သတုံး (ဘာရုပ်နာမ်မှ မဖြစ်ချင် ပါ ဘုရား)။

နာမ်ဓမ္မ

ကိုင်း ဟောဒီနာမ်ဓမ္မက ခြေကျိုးလက်ကျိုးနဲ့ သည်းခြေပျက် ဝမ်းတွင်းရူးပေါ့ဗျာ၊ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

သူကဘာတဲ့ (သည်းခြေပျက်နဲ့ ဝမ်းတွင်းရူးပါ ဘုရား) ရုပ်လား နာမ်လား မေးတော့ (နာမက္ခန္ဓာလေးပါးပါ ဘုရား)။ အင်း ခြေကျိုး လက်ကျိုး သူကဘာတဲ့ (သည်းခြေပျက်ပါ ဘုရား)။

သူကတော့ ခြေကောင်းလက်ကောင်း မျက်စိနှစ်ကွင်းအလင်းမရတဲ့ ရုပ်ကိုး (မှန်လှပါ ဘုရား)။ ဘာမှမသိဘူး၊ ရုပ်ဆို တာက တိုးတာပဲ၊ ရုပ်ကတော့ဖြင့် မျက်စိနှစ်ကွင်းအလင်းမရဘူး မွေးကတည်းကနော်။

ရုပ်ဓမ္မ

ဒီအထဲ ဘာပါလာတုံးဆိုတော့ သူငယ်နာဝမ်းပျက်ပါလာတယ်၊ အံ့မလေး ရုပ်ဓမ္မကလည်း ဆိုးလိုက်တာ ကိုထွန်းဦးရယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ရုပ်ဓမ္မဆိုတော့ ဒီရုပ်ဓမ္မကတော့ ခြေကျိုးလက်ကျိုး မဟုတ်ပါဘူးတဲ့ မျက်စိနှစ်ကွင်း အလင်းမရတာပါ။ ရုပ်ဆိုတာ မျက်စိမပါဘူး၊ မျက်စိနှစ်ကွင်း အလင်းမရဘူးတဲ့။

သို့သော် ဘာပါလာလဲ၊ အနာဆိုးက ဘာပါလာသတုံး (သူငယ် နာဝမ်းပျက်ပါ ဘုရား)၊ သူငယ်နာဝမ်းပျက်ပါလာ၊ ကောင်းပြီ ဒါ ခင်ဗျားတို့ သန္တာန်မှာလည်း ဒီနှစ်ခုရှိတယ် (မှန်လှပါ)။

နာမ်ဓမ္မနဲ့ ရုပ်ဓမ္မပဲရှိတယ် ကိုထွန်းဦးရ (မှန်လှပါ)။ ဒီပြင် ဘာများ ရှိသေးသတုံး (မရှိပါ ဘုရား)။ ခြုံလိုက်တော့ နာမ်နဲ့ရုပ်ပဲရှိတယ်။

နှိပ်စက်ပုံကိုပြောရလိမ့်မယ်

အဲဒီတော့ နှိပ်စက်ပုံကို ပေါ်အောင်ပြောရလိမ့်မယ်၊ ပီဠနဋ္ဌော သူ့ကို ထိန်းကျောင်းနေတဲ့ပုဂ္ဂိုလ် နှိပ်စက်တော့မယ်ဆိုတာ ခင်ဗျားတို့ ခုကတည်းက ရိပ်မိတော့ (မှန်လှပါ ဘုရား)။ တော်တော်သေချာပြီလား (မှန်လှပါ ဘုရား)။

နှိပ်စက်တော့မယ် ဒကာ ဒကာမတွေ နှိပ်စက်တော့မယ် ဦးဘဒင် (မှန်လှပါ)။ ခြေကျိုးလက်ကျိုး ဒီဘက်က ခြေကျိုးလက်ကျိုးသည်းခြေရူး (မှန်လှပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ခြေကျိုးလက်ကျိုးဖြစ်တဲ့ သားကလေးကို ဒါ ငါ့ကိုယ်လုပ်နေတဲ့ ပုဂ္ဂိုလ်ရှိသေးတာကိုး။

ဒါဖြင့် ငါ့ကိုယ်လုပ်နေတဲ့ ပုဂ္ဂိုလ်က အထိန်းသမား အကျောင်းသမား အမေနဲ့ မတူပေဘူးလား (တူပါတယ် ဘုရား)။ ဒါလည်း မည်သူတုံးဆိုငါပဲ။ ဒါလည်း (ငါပဲ)။ ဒါလည်း ငါ့ဥစ္စာပဲ၊ ဒါကော (ငါ့ဥစ္စာပါ ဘုရား)။

ဦးဘအုန်း ကျုပ်တို့က သားနှစ်ယောက်ကို တကယ်ကို အရေးတကြီး ခင်မင်ကြင်နာ နှစ်သက်ပြီးသကာလ နေလိုက်တဲ့ဖြစ်ခြင်း။

ရုပ်နဲ့နာမ်အမြွှာပူး ။

လာပုံကတော့ မွေးကတည်းက အမြွာပူးလေးမွေးလာပြန်၊ ရုပ်နဲ့နာမ် က ပဋိသန္ဓေဝမ်းခေါင်းထဲနေတော့ အတူတူနေတာကိုး (မှန်ပါ)။

ဒါကြောင့် အမြွာပူးလို့ဆိုလိုက်တယ်။ ပြင်ဘက်မွေးဖွားလာပြန်တော့ လဲ အမြွာပူးပဲ (မှန်လှပါ)။ ရုပ်နဲ့နာမ်တွဲမွေးတာပဲ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

အဲဒါကြီး ကျုပ်တို့ရထားသူက ဘယ့်နှယ်ကြောင့် ခြေကျိုးလက်ကျိုး ဆိုရပါလိမ့်မတုံးဆိုတော့ နာမ်ချည်းသက်သက်ဟာ ရုပ်မပါဘဲနဲ့ဖြင့် လိုရာအိမ် တစ်အိမ်ကို သွားနိုင် မသွားနိုင် (မသွားနိုင်ပါ ဘုရား)။

မသွားနိုင်ဘူး ရောက်အောင်ကို မသွားနိုင်ဘူး၊ လှမ်းပြီးသူသွားချင်တဲ့ သဘောတော့ရှိရဲ့၊ ရောက်အောင်သွားနိုင်ရဲ့လား (မသွားနိုင်ပါ ဘုရား)။

ဘာပြုလို့တုံး ခြေကျိုးလက်ကျိုး (မှန်လှပါ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

နာမ်ကဘာပါလိမ့် (ခြေကျိုးလက်ကျိုးပါ ဘုရား) ဒီအထဲမှာ ဝေဒနာ ဘာပါလိမ့် (သည်းခြေပျက်ပါ ဘုရား)။ သည်းခြေပျက်ရောဂါပါ လာဆို၊ သည်းခြေပျက်ဆိုတာ ရူးတာကို ခေါ်တယ် ဟုတ်လား။

ရုပ်နာမ်အနိစ္စ

ဒီရုပ်နာမ် အနိစ္စတွေကိုပဲ ယောက်ျားထင်ချင်ထင်၊ မိန်းမထင်ချင်ထင်၊ ကလေးထင်ချင်ထင်၊ မြေးထင်ချင်ထင်၊ မြစ်ထင်ချင်ထင် ဟုတ်လား၊ အထွေးလေး ထင်ချင်ထင်၊ သားဦးလေးထင်ချင်ထင် မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ရုပ်က ထင်တာလား၊ နာမ်က ထင်တာလား (နာမ်ကထင် တာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့သူထင်နေတော့ကို သူထင်တဲ့အတိုင်း ကျုပ်တို့ကလည်း လိုက်လုပ်နေရတော့ သူ့ကို ထိန်းကျောင်းရတဲ့ အမေမိဘနှင့် တူတဲ့ ငါထင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒါတွေပြင်နေရတာနှင့်ကော အားပါအုံးမလား (မအားပါ ဘုရား)။

သူသည်းခြေရူးကို တစ်ခါတည်း အရူးပျောက်အောင် မဟုတ်ပါဘူး ကွယ်၊ ဒီလောက်မရူးပါနဲ့ဆိုပြီးသကာလ သူ့ထိန်း ရကျောင်းရတာ လွယ်လိမ့် မယ်ထင်သလား၊ မလွယ်ဘူးထင်သလား (မလွယ်ပါ ဘုရား)။

မလွယ်ဘူးနော် မလွယ်ဘူး မလွယ်ဘူး ဝမ်းတွင်းကလည်း ပါလာတာ ကိုး၊ ဝမ်းတွင်းကလည်း ပါလာတယ်၊ ရိပ်မိကြပြီလား။

ဆုတောင်းချင်ရင်သတိထားလိုက်စမ်းပါ

နာမ်ရုပ်ဆုတောင်းချင်တဲ့ပုဂ္ဂိုလ်တွေနော် သတိထားလိုက်စမ်းပါ၊ ပင်ကို က ဒါအမှန်ပြောတာနော်၊ နှိပ်စက်တော့မယ်ဆိုတော့ သူ့ကိုထိန်းကျောင်းနေရ တဲ့ ယောက်ျားဖြင့်လည်း ဥပမာမယ် ဒကာဝဖြင့် ဒကာဝကထိန်း၊ ဦးဘကြည်ဖြင့် ဦးဘကြည်ကထိန်း၊ သူ့ထိန်းကျောင်းနေရတဲ့ ပုဂ္ဂိုလ်များမှာ ဆိုးလိုက်တာ။

ဝေဒနာကလည်း ဆိုးလိုက်တာလွန်လို့ဟုတ်လား။ အင်္ဂါကြီးငယ်လည်း မစုံဘူး၊ စုံသေးရဲ့ လား (မစုံပါ ဘုရား)။ အင်္ဂါကြီးငယ်ကလည်း မစုံ၊ အရူး ထတာကလည်း ခဏခဏ အားကြသေးရဲ့လား (မအားပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အခု အရူးထထားကြတာနဲ့ သား သမီးပူ ဆွေမျိုးတွေ ကိုင်း အရင်က ဒါတွေပါရဲ့ လား (မပါပါ ဘုရား)။

သား၊ သမီးကြောင့် အပါယ်ကျရတော့မယ်

သည်းခြေရူးထလိုက်တာ (မှန်လှပါ ဘုရား)။ နာမ်ဓမ္မလည်း သည်းခြေရူးထလိုက်တာ၊ အခုတော့ဖြင့် သားကြောင့်ဖြင့် အပါယ်ကျ ရတော့မယ်၊ သမီးကြောင့်ဖြင့် အပါယ်ကျရတော့မယ်။

သားကြောင့်လည်း သေခြင်းဆိုးသေရ၊ သမီးကြောင့်လည်း သေခြင်းဆိုးသေရ၊ ခင်ပွန်းမကြောင့် သေခြင်းဆိုးသေရတော့မည့်ပုံတွေလည်း ခင်ဗျားတို့ သည်းခြေထတာကိုး၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ခြေကျိုးလက်ကျိုးတဲ့၊ ကျိုးကော မကျိုးဘူးလား (ကျိုးပါတယ် ဘုရား)။ သူ့ချည်းသက်သက်ကော သွားနိုင်ရဲ့ လား (မသွားနိုင်ပါ ဘုရား)။

မသွားနိုင်တော့ ခြေကျိုးလက်ကျိုးလည်းဖြစ်ပြန်၊ ခြေကျိုးလက်ကျိုးမို့ လည်း အမေမိဘက ပိုချစ်သကိုးဗျ (မှန်လှပါ ဘုရား)။ ဒီပြင်ကလေးထက် ပိုချစ်တယ် (မှန်ပါ)။

ဒကာ ဒကာမတွေ ဟုတ်မှဟုတ်ကြရဲ့လား (ဟုတ်ပါတယ် ဘုရား)။ ဒိပြင်ကလေးထက်ပိုချစ်တယ်နော်၊ သည်းခြေရူးလေးမို့လည်း တစ်ခါ တည်း အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်က ဘယ့်နှယ်နေတုံး (ပိုချစ်ပါတယ် ဘုရား)။

ပိုချစ်တော့ သက္ကာယဒိဋ္ဌိက သူ့ပေါ်မှာ သိပ်စွဲတယ် နှိပ်စက်လိုက်တာ လည်း သည်းခြေရူးမို့ အချိုကျွေးလည်း ခါးတယ် ပြောချင်ပြောတယ်၊ ဟင် အချဉ်လည်း ဖန်တယ်လို့ ပြောချင်ပြော၊ ဝိပလ္လာသပါတယ် (မှန်လှ ပါ ဘုရား)။ မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ သူဟာ ကိန်းရာအမေမိဘလုပ်သူကို ပေးတာနဲ့ တော်ပြီ တန်ပြီလို့ လာရဲ့ လား၊ မဟုတ်ဘူးချည့်ငြင်းနေသလား (မဟုတ်ဘူးချည့် ငြင်းနေပါတယ် ဘုရား)။ ငြင်းနေတော့ ကိန်းရာ ပုဂ္ဂိုလ်ကို သူတို့သည်ကားဆိုရင်သူတို့အလိုလိုက်သူတို့ အကြိုက်နေရတာနှင့် ဒီပုဂ္ဂိုလ်အပါယ်ကျသင့် မကျသင့် (ကျသင့်ပါတယ် ဘုရား)။ တကယ်နှိပ်စက်ပုံ ရိပ်မိကြပြီလား (ရိပ်မိပါ ပြီ ဘုရား)။

ဘယ်သူက နှိပ်စက်တာတုံး (ဝမ်းတွင်းရူးနှိပ်စက်တာပါ ဘုရား)။ အဲဒါခင်ဗျားတို့ ယခုကလေးမဖြစ်စေချင်လို့ လူကြီးဖြစ်အောင်လို့ နှိပ်စက်တတ် တဲ့တရားကို သြော် တယ်နှိပ်စက်ပါလား ပီဠနဋ္ဌောဆိုတဲ့အတိုင်း သည်းခြေ ရူး ခြေကျိုးလက်ကျိုးက တို့အပေါ်မှ ဘယ်မှ မသွားနိုင်လို့ သူပြုနေရတာ နှင့်ကော အားကြသေးရဲ့လား (မအားပါ ဘုရား)။

မျက်လုံးပေါက်

မယုံလို့ရှိရင် မနေ့ကပြောတဲ့ မျက်လုံးပေါက်တစ်ခုထဲက နေလိုရာပေး ကြည့် မအားဘူး၊ မျက်လုံးပေါက်တစ်ခုထဲက တော်ပြီတန်ပြီလို့များ လာရဲ့ လား (မလာပါ ဘုရား)။ နားပေါက်တစ်ခုထဲကရော (မလာပါ ဘုရား)။

နားပေါက်

ယနေ့ပဲ ရေဒီယိုRadio ဖွင့်ပြန်ပြီး (မှန်လှပါ ဘုရား)။ နောက်တစ်နေ့ကျပြန် တော့ကော (ဖွင့်ပါတယ် ဘုရား)။ နားပေါက်အခွန်ဆက်နေရတာတွေလေ သည်းခြေရူးကိုးဗျ (မှန်လှပါ)။ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

အဲဒီလောက်တောင် အခွန်ဆက်လို့တောင်မှ သည်းခြေရူးကလည်း ပျောက်ကဲ့လားလို့ မေးစမ်းပါအုံး (မပျောက်ပါ ဘုရား)။

ဒါဖြင့် ဒီအမေလုပ်တဲ့ ပုဂ္ဂိုလ်မှာ သူတို့အကြိုက်ကိုလိုက်လုပ်ပေးနေရ တာနဲ့ ဦးဘကြည် ဘယ်တော့အားမတုံး (မအားပါ ဘုရား)။ ဒါ ဒုက္ခသစ္စာပေါ်စေချင်လို့ ပြောနေတာ၊ ကိန်းရာခင်တဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်တတ် တယ်ဆိုတာ သဘောကျပြီလား (ကျပါပြီခင်ဗျား)။

ဒါဖြင့် ဘယ်ပုဂ္ဂိုလ်မဆို နှိပ်စက်မှာပဲ၊ သူ့ကို ခင်နေကြလို့ရှိရင် (မှန် လှပါ ဘုရား)။ ဘယ်သူ့ချန်အုံးမှာတုံး (ဘယ်သူမှ မချန်ပါ ဘုရား)။ ဘယ်သူ့ မှ မချန်ဘူးနော်။

ဒကာ ဒကာမတို့ နာမ်ဓမ္မလေးက ကိုယ့်စိတ်ကလေးကိုပဲ အင်း-ဝမ်းသာရသေးတယ်၊ ကိုယ့်စိတ်ကလေးကို ဝမ်းသာပြီးသကာလ ခင်နေတယ်၊ ကိုယ့်ရုပ်ကလေးကြည့်တဲ့ ကြည့်တဲ့ပြီးသကာလ တော်တော်သေးတယ် ကျန်း မာသေးလို့ ဟုတ်လား၊ ကိုယ့်စိတ်ကလေးကလည်း စိတ်ကောင်းကလေးမွေးလိုက်လို့တော်တော်သေးတယ်။

နှိပ်စက်တယ်လို့တစ်ခါမှမလာဘူး

နှိပ်စက်တယ်လို့ “တစ်ခါမှမလာဘူး” တော်သေးရဲ့ ချည့်ပဲ (မှန်လှပါ ဘုရား)။ ယခုတော့ဖြင့် မွေးလာကတည်းက ခင်ဗျားတို့ ကြည့်ပါတော့တဲ့၊ ဘာလေးမွေးလာတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ကြပါပြီ ဘုရား)။

ဘာလေးတုံး ခြေကျိုးလက်ကျိုးနှင့် သည်းခြေပျက်လေးမွေးလာ (မှန်ပါ)။ ဦးသာဌေး အားပါဦးမလား၊ ထိန်းရတဲ့အမေမိဘ ဘယ့်နှယ်နေပါလိမ့် (မအားတော့ပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ နေ့တိုင်းလိုလိုပဲ သူ့အတွက်၊ သည်းခြေပျက် အတွက်ကို တစ်ခါတည်း အချို ဆိုလို့ရှိရင်လည်း ချိုလွန်းတယ်ဆိုပြီး မစားပြန် လို့ဟုတ်လား၊ အချိုလျှော့ချက်ရတာနဲ့ အင်း အငန်လျှော့ချက်ရတာနဲ့ အားကြသေးရဲ့ လား (မအားပါ ဘုရား)။

ဘယ့်နှယ်ဖြစ်နေလို့ ဒါလောက်တောင် ပြုစုရတာတုန်း၊ ကိန်းရာအမေ မိဘနှင့်တူတဲ့ ပုဂ္ဂိုလ်က (သည်းခြေပျက်မို့ပါ ဘုရား)။ သည်းခြေပျက်ကို ချစ်မိလို့ (မှန်လှပါ ဘုရား)။

ဒါဖြင့် သည်းခြေပျက်ကိုချစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် သည်းခြေပျက်နှိပ်စက်တာ အကုန်ခံရမယ်။ ခံရမလား မခံရဘူးလား (ခံရပါတယ် ဘုရား)။

တောင်သွားချင်၊ မြောက်သွားချင်

နေ့ကော အားမလား (မအားပါ ဘုရား)။ ညကော (မအားပါ ဘုရား)။ သူက တောင်သွားချင်မြောက်သွားချင်၊ စိတ်ကလေး တောင်သွား ချင် မြောက်သွားချင် ခင်ဗျားတို့က ပို့နိုင်ရဲ့လား (မပို့နိုင်ပါ ဘုရား)။

မပို့နိုင်လို့ရှိရင် သူက မသွားရလို့ ဝမ်းနည်းတာနှင့် မသွားရလို့ မြေလှိမ့် ချင်တာနှင့် သူကလာပြီ၊ မလာဘူးလား လာမလား (လာပါတယ် ဘုရား)။

လာတော့ ခင်ဗျားတို့က ဒီလောက်တောင် သွားချင်လှ သွားလိုက်အုံး မယ်ကွဆိုပြီး သူ့လိုက်ပို့ရတာနဲ့ မအားလှဘူး၊ နှေးတယ်ထင်လို့ မော်တော်ကား ဝယ်ပေးရတယ်။

လေယာဉ်ပျံနဲ့သွားရတယ်

တစ်ခါတလေကိစ္စကြီးတယ်လို့ သူကပြောတာနှင့်လေယာဉ်နှင့် သွား ရတယ် (မှန်လှပါ ဘုရား)။ သေချင်လည်း သေပစေတော့ကွာ မတတ်နိုင် ဘူး (မှန်လှပါ ဘုရား)။

ဒါလောက်တောင်သည်းခြေပျက်က နှိပ်စက်တာ ပေါ်ပြီလား ဦးဘတင် ရ (ပေါ်ပါပြီ ဘုရား)။ အံမယ်လေး ဒကာ ဒကာမတွေက ခင်ဗျားတို့ ခန္ဓာက နှိပ်စက်ပုံကို မသိလို့ နှိပ်စက်ပုံပြောနေတာ။

ဒါဖြင့် ဒုက္ခဿ- ဒုက္ခသစ္စာ၏ ဒါက ဒုက္ခသစ္စာပဲ၊ ပီဠနဋ္ဌော-ခင်ရာ ပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တယ် (မှန်လှပါ ဘုရား)။

သူ့ကို မွေးထုတ်တဲ့အမေကို ဘာတုံး (နှိပ်စက်ပါတယ် ဘုရား)။ နှိပ်စက်နေတယ်။ မွေးထုတ်တဲ့အမေကလည်း ခင်ဗျားတို့သိတဲ့အတိုင်း ဘာတဲ့ ခြေကျိုးလက်ကျိုးလည်းဖြစ်ပြန်၊ သည်းခြေပျက်ကလေးကလည်း ဖြစ်ပြန်ဆိုတော့ ဪ သူ့ပိုယုယရမယ်ဆိုပြီး ခင်ဗျားတို့ကလည်း ပိုခင်နေတာပဲ (မှန်လှပါ ဘုရား)။ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

ယုယတာပေါ့ဗျာ ကြိုက်တာဝယ်ပေးနေရတာ (တင်ပါ ဘုရား)။ အစားဘက်ကကော (ပေးရပါတယ် ဘုရား)။ အဝတ်ဘက်ကကော (ပေးရပါတယ် ဘုရား)၊ ကြိုက်တာဝယ်ပေး ကြိုက်နေရက်နှင့် မတ္တသည်းခြေက ထလာလို့ ဟာ ဒါကြီးက ခေတ်နောက်ကျသွားပြီ မဝတ်တော့ဘူး၊ ဒါသည်း ခြေပျက်ထလာတာ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (မှန်လှပါ ဘုရား)။

ဘာဖြစ်တာတုံး (သည်းခြေပျက်ထလာတာပါ ဘုရား)။ သည်းခြေပျက်ထလာတာ ဒကာ ဒကာမတို့ရဲ့။ အဲဒီလောက်နှိပ်စက်တော့ ခင်ဗျားတို့မှာ သူ့ပြုဖို့စုဖို့ဟာနဲ့ပဲ ပြုလို့စုလို့ အားသေးရဲ့လား (မအားပါ ဘုရား)။

နာမ်ဓမ္မနှိပ်စက်ပုံပြောတာ

ရုပ်ဓမ္မမထည့်သေးပါဘူး၊ နှိပ်စက်ပုံ၊ နာမ်က နှိပ်စက်ပုံကို ပြောတာ။ ဦးဘရီ နာမ်က ဘယ်လောက်နှိပ်စက်တုံး (အင်မတန်နှိပ်စက်ပါတယ် ဘုရား)။ အင်မတန် နှိပ်စက်တယ် ဟုတ်လား၊ နောက်ကားဝယ်နိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ရင် အရင်ကား မစီးချင်ဘူး၊ နောက်ကားမှစီးချင်တယ်၊ သည်းခြေထလာ ပြီ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

ဘာဖြစ်လာတယ်ထင်သတုံး (သည်းခြေထလာလို့ပါ ဘုရား) နဂိုရ်ကမွေးလာကတည်းကပါတယ်ဗျ၊ ဒီဝေဒနာ (မှန်လှပါ ဘုရား)။ ဝိပလ္လာသ ပါတယ် (မှန်လှပါ ဘုရား)။

ဝိပလ္လာသစွန့်ပြီး မွေးတာလား၊ မစွန့်ပဲ မွေးတာလား (မစွန့်ပဲနှင့် မွေးတာပါ ဘုရား)။ မစွန့်ဘဲနှင့် မွေးတော့ သည်းခြေပျက်လို ဥပမာထားပြီး မဟောထိုက်ဘူးလား (ဟောထိုက်ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါကြောင့် ဒကာ ဒကာမတွေမှာ သူ့ကိုခင်နေတဲ့ အမေမိဘဖြင့်ဗျာ နေ့လည်း မအားတော့ဘူး၊ ညကော (မအားတော့ပါ ဘုရား)။ ရှာတဲ့ ဖွေတဲ့ လုပ်တဲ့ ကိုင်တဲ့ ပြုတဲ့ စုတဲ့ ဟုတ်လား (မှန် လှပါ ဘုရား)။ သို့သော် သူက မျက်နှာကြည်ကြည်သာသာနှင့် လက်ခံသလား တဲ့ဟုတ်လား၊ မကြည်မသာနှင့်ပဲ ပြုစုရတာ၊ ချစ်တာနှင့်ပဲ အောင့်အီးသည်း ခံပြီး ပေးလိုက်ရတာ ဘယ်တော့မှ အလိုပြည့်တယ်မရှိဘူး (မှန်လှပါ ဘုရား)။

ဘယ်တော့အလိုပြည့်မှာတုံး

သည်းခြေပျက် ဘယ်တော့အလိုပြည့်မှာတုံး (မပြည့်ပါ ဘုရား)။ ဒါနှင့်သာ အင်း မောလွန်းလို့ အိပ်လိုက်ရတာ၊ တော်ပြီကွာ မင်းတို့ခိုင်းတာတွေ လည်း အကုန်လုပ်ပြီးပါပြီ၊ ဝဋ်ကျေအောင်လည်း အခွန်တွေဘာတွေ ဆက်ပြီး ပါပြီ မောလှချီရဲ့ဆိုပြီးသာ အိပ်လိုက်ရတာ၊ သူတို့က မအိပ်ဘူး (မှန်လှပါ)။

ဘယ့်နှယ်နေတုံး (မအိပ်ပါ ဘုရား)။ သူက မအိပ်သေးဘူး၊ သူက ဒီလောကီအာရုံတွေကို ပြုနေရလျှင်ပြု၊ မပြုရလို့ရှိရင် အတိတ်ဘဝကအာရုံတွေသွားပြုတယ် (မှန်လှပါ ဘုရား)။ သူက မအိပ်ဘူး (မအိပ်ပါ ဘုရား)။

အံမလေး ခက်လိုက်တဲ့ဖြစ်ခြင်း၊ သူက ကျုပ်တို့ပြုစုတဲ့လူ၊ နားလို့ သာ နားလိုက်တယ် သူကအိပ်ရဲ့ လား (မအိပ်ပါ ဘုရား)။ သူက ယခုလို အခါကျတော့ ဇောစိတ်နဲ့ သဘောကျပြီလား (မှန်လှပါ ဘုရား)။

အဲဒီတော့ သူကတော့ ဘဝင်စိတ်နှင့်ဆိုတော့ အတိတ်ဘဝက အာရုံတွေ အကုန်သွားပြီး ကျက်စားနေလိုက်တာ၊ ပစ္စုပ္ပန်တော့ဖြင့် ကိန်းရာ ပုဂ္ဂိုလ်ခိုင်းနေလိုက်တာ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။

အဖိုးကြီး၊ အဖွားကြီးတွေ အသောချိတ်ထား

ဘယ်တော့များ အားကြမှာတုံး (မအားပါ ဘုရား)။ ဟာ အဖိုးကြီး တွေဖြစ်ပြီ၊ အဘွားကြီးတွေဖြစ်ပြီ၊ အဲဒီ အဘိုးကြီး အဘွားကြီး အသာချိတ်ထား၊ အဘိုးကြီးခိုင်း ခိုင်းပါဦးမယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အဖွားကြီးဖြစ်ပြန်တော့ကော (အဖွားကြီးခိုင်းခိုင်းပါတယ် ဘုရား)။ အဖွားကြီးခိုင်းခိုင်းမယ်၊ တောင်ဝှေးထောက်ပြီး နှင့်မြေးအိမ်သွားပါ့လား၊ နင့်သွားနိုင်တုန်း သွားရတာဆိုခိုင်းတော့ (မှန်လှပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ ဒီလောက်တောင် အရုပ်ဆိုးနေတယ်၊ သည်းခြေပျက်သားကို မွေးမိသည့်အတွက် ခင်ဗျားတို့မှာ ယခုနေ့တိုင်း မအားတာ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။ ကြည့်လေ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ပုဂ္ဂိုလ် ညှာသတုံး (ဘယ်ပုဂ္ဂိုလ်မှ မညှာပါ ဘုရား)။ သူ့မွေးမိတဲ့ပုဂ္ဂိုလ်၊ မွေးမိတဲ့ အမေအဖေကို ညှာရိုး ထုံးစံရှိရဲ့ လား (မရှိပါ ဘုရား)။

ဒါဖြင့် သူနှိပ်စက်တာ မှန်ပါရဲ့ လား (မှန်ပါတယ် ဘုရား)။ ဒါဖြင့် ပီဠနဋ္ဌောဆိုတာ သူပဲ၊ သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်ဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ကြပြီလား (ကျေနပ်ပါပြီ ဘုရား)။

သေသည့်တိုင်အောင် နှိပ်စက်တယ်

သေသည့်တိုင်အောင် နှိပ်စက်တယ်၊ ဘိုင်းတိုင်းလဲသေ သူကတော့ နှိပ်စက်တာကတော့ မလျှော့ဘူး သစ္စာဘာတဲ့တုံး (သစ္စာပါ ဘုရား)။

သစ္စာဆိုတော့ ဘယ်သူ့ ငဲ့အုံးမှာတုံး (မြင့်ပါ ဘုရား)။ ဘုရားကိုယ် တော်ကြီးတောင်မှ နှိပ်စက်ခံရသေးတာပဲ။ ကိုယ်တော်ကြီး ဟိုကြွလိုက် ဒီကြွ လိုက်နဲ့ ခိုင်းလိုက်တာပဲ (မှန်လှပါ ဘုရား)။

မခိုင်းဘူးလား (ခိုင်းပါတယ် ဘုရား)။ အဲဒါ ဝိပလ္လာသစွန့်ပြီးသားမို့ လမ်းဖြောင့်ခိုင်းလို့ တော် တော်သေးရဲ့ (မှန်လှပါ ဘုရား)။ ကျုပ်တို့တော့ သေလမ်းချည်းပဲ တွန်းတာ သူက ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

မိုးရွာတာများ၊ အရေးလုပ်မနေနဲ့

မိုးရွာထဲသွားကွ မိုးရွာတာများ အရေးလုပ်မနေနဲ့ (မှန်လှပါ ဘုရား)။ ဟုတ်လား၊ နေပူပြန်တော့လဲ (ခိုင်းပါတယ် ဘုရား)။ သူခိုး ဓားပြတွေ ထူတော့ကော (ခိုင်းပါတယ် ဘုရား)။

ရေထဲ မိုးထဲကော (ခိုင်းပါတယ် ဘုရား)။ လှိုင်းတွေဝဲတွေရှိသကွ ဆိုရင်ကော (ခိုင်းပါတယ် ဘုရား)။ သည်းခြေရူးကခိုင်းတာ၊ ခင်ဗျားတို့မို့ လုပ်နိုင်တာ၊ အံ့လွန်းလို့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ခိုင်းတာတုံး (သည်းခြေရူးက ခိုင်းတာပါ ဘုရား) သည်းခြေရူးက ခိုင်းတဲ့ဥစ္စာ ခင်ဗျားတို့ တော်တော်ကြာ ဟိုအလုပ်ပြောင်းခိုင်း၊ ဒီအလုပ်ပြောင်းခိုင်း ဪ ဘယ်သူက ပြောင်းခိုင်းနေတာပါလိမ့် (သည်းခြေရူးကပါ ဘုရား)။ ရိပ်မိကြပြီလား။

စိတ်သွားတိုင်း ကိုယ်ပါပြီးသကာလ နေရတာပဲရှိတယ်၊ ကြာတော့ စိတ်ကသာ ပင်ပန်းနေတယ်၊ ကိုယ်ကမလိုက်နိုင်တာနဲ့ ဘုတ်ထိုင်များထိုင်လိုက်ရတယ်။ ခိုင်းတာတော့ လွန်နေတာပဲ (မှန်လှပါ ဘုရား)။

ဟိုလည်း မင်းသွားလိုက်၊ ဒီလည်းမင်းသွားလိုက် သွားစရာတွေက တစ်နေ့ (၉) ခု (၁၀) ခု၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကြာတော့ သွားနိုင်သေးရဲ့ လား (မသွားနိုင်ပါ ဘုရား)။ သည်းခြေ ရူးခိုင်းသလောက် ခင်ဗျားတို့က ဘာလို့လိုက်နာနေရတယ် (မှန်လှပါ ဘုရား)။

နာမ်ဓမ္မသည်ဘာနဲ့တူ

ဒါဖြင့် နာမ်ဓမ္မသည် ဘာနဲ့တူသတုံးဆိုရင်ဖြင့် သူကတော့ ခြေကျိုး လက်ကျိုးပဲ (မှန်လှပါ ဘုရား)။ ဟုတ်ပြီလား သည်းခြေရူးလေးပါတဲ့အတွက် သူ့အမေကို အမြဲအပြုအစု ခိုင်းနေတယ်၊ သူ့အမေဆိုတာ တခြားမဟုတ်ဘူး နာမ်ဓမ္မခင်နေတဲ့သူ ဟုတ်ပါသလား။

ဒါ သူက အမေကြီးမှတ်နေတာ ကိုယ့်စိတ်ကလေး၊ ကိုယ့်နာမ် ကလေးကို ငါထင်နေလို့ရှိရင် ဘာဆိုကြမတုံး ဒါအမေပဲ။ ကိုယ့်ရုပ်ဓမ္မကလေး ကို ထင်နေလို့ရှိရင် ဒါမွေးသမိခင်ပဲ သူမွေးထားတာကို ရိပ်မိကြပြီလား။

ဒကာ ဒကာမတို့သော် ခင်ဗျားတို့ ကံမကောင်း အကြောင်းမသင့် ကြလို့ ခြေကျိုးလက်ကျိုး သည်းခြေရူးမွေးမိတာလား။ ဆုတောင်းယူထားတာလား။ ဖြေရော့ (ဆုတောင်းယူထားတာပါ ဘုရား)။

အံမလေး ဦးဘကြည် ဒါလောက်သိရင် ဆုမတောင်းဘူး၊ ဒုက္ခ သစ္စာကို ဒါလောက်နှိပ်စက်တတ်တယ်ဆိုတာ သိလို့ရှိရင် ဦးဘကြည် ဘယ်သူတောင်းမှာတုံး (မတောင်းပါ ဘုရား)။ ဒါဖြင့် သစ္စာ ကျုပ်တို့လုံးလုံးမသိခဲ့ ဘူး၊ ပေါ်ပြီလား ဦးဘကြည် (ပေါ်ပါပြီ ဘုရား)။

သစ္စာသိရင် ဘယ်ဆုတောင်းမတောင်း

သစ္စာများ သိခဲ့မယ်ဆိုရင် ဦးစံရီ ဘယ်သူဆုတောင်းမှာတုံး (မတောင်းပါ ဘုရား)။ ခြေကျိုးလက်ကျိုးမှန်းလည်း သိမယ်ဗျာ၊ သည်းခြေရူး၏ အမေလည်းဖြစ်ရမယ်ဆိုရင် မမွေးတော့ပါဘူး ဟုတ်လား (မှန်လှပါ ဘုရား)။

ဒီသားဆိုး သမီးဆိုးဖြင့် မမွေးတော့ပါဘူး၊ ဘယ်သူဖြစ်ဖြစ် သူ့မွေးချင်တယ်လို့ ဘယ်သူရှိပါ့မတုံး၊ တာဝန်က အမေချည့်ပဲ ထမ်းရမှာကိုး၊ မထမ်းရပေဘူးလား (ထမ်းရပါမယ် ဘုရား)။

သူခြေလက်မသန်ရှာဘူး၊ ဒါအမေ့တာဝန်ချည်းပဲဆိုတော့ ဘာများ မလုပ်ရတာရှိသေးတုံး (အကုန်လုပ်ပေးရတာပါ ဘုရား)။ ဟင်း (အကုန်လုပ်ပေးရပါတယ် ဘုရား)။

အကုန်လုံးလုပ်ပေး အကုန်လုံးလုပ်ပေးကြတော့ အကောင်းလုပ်ပေး ပြန်တော့လည်း သူက သည်းခြေရူးဖြစ်နေလို့ မကြိုက်ဘူး၊ အဆိုးလုပ်ပေးပြန် လို့ ကြိုက်ပြန်တော့လည်း သူနှင့်မတဲ့ဘူးဖြစ်နေတာ ဦးဘကြည်ရ၊ စဉ်းစားကြည့် စမ်းပါ။

ဘယ့်နှယ်လုပ်ကြမတုံး တတ်နိုင်ကြသေးရဲ့ လား ခင်ဗျားတို့ (မတတ်နိုင်တော့ပါ ဘုရား)။ ဘုတ်ထိုင် ထိုင်တော့မယ်၊ ဒါပဲရှိတယ်၊

ဒါ ဒုက္ခသစ္စာအစစ်ကြီးမို့ ပြောနေတာနော် ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား)။ ဒီ ဒုက္ခသစ္စာကို ခင်ဗျားတို့က သြော် ဆင်းရဲတာ ဒုက္ခ သစ္စာလို့ မှတ်နေရုံနှင့် မပြီးသေးဘူး၊ ညှာတာမဖက်အမြဲ နှိပ်စက်တဲ့ သစ္စာ အနက် ၁၆-ချက်၊ ပထမအချက်ကို စဟောတာကိုး (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နှိပ်စက်ပုံ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ သူကဘာတဲ့ နာမ်ဓမ္မ က (ခြေကျိုးလက်ကျိုးပါ ဘုရား)။ ခြေကျိုးလက်ကျိုးပြီးတော့ကော (သည်းခြေရူးပါ ဘုရား)။

သည်းခြေပျက်ဆိုတာဝိပလ္လာသ

သည်းခြေပျက်၊ သည်းခြေပျက်ဆိုတာ ဝိပလ္လာသ ရိပ်မိကြပြီလား (မှန်လှပါ ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဒီဘဝမှာ ကိုယ့်လက်ကိုယ့်ခြေ သယ်နိုင်တဲ့အချိန်ကစပြီးသကာလ ဒီခန္ဓာကိုယ်ကြီးခိုင်းစေချက်ကို လုပ်ပြီးသကာလ နေရတာ၊ အကောင်းလည်း တစ်ခုမှ မပါဘူး၊ မပါဘူး ဦးသာဌေးရ (မပါပါ ဘုရား)။ သဘောကျပြီလား။

နိဗ္ဗာန်ရောက်ကြောင်းများ ပါသလား (မပါပါဘူး ဘုရား)။ သည်းခြေပျက်ခိုင်းနေတာဗျ ကိုထွန်းဦးရ။ ခင်ဗျားဆီစက်တည်တာ ဘယ်သူ ခိုင်းတယ်ထင်သတုံး (သည်းခြေပျက်ပါ ဘုရား)။

သည်းခြေပျက်က ခိုင်းတာ ခင်ဗျားလည်း တည်ဖြစ်အောင်တည် ရတယ်၊ မတော်သည်းခြေပျက်ကလေးများ ငိုသွားရင် ခက်ရချည်ရဲ့။ သည်းခြေ ပျက်မှာ စိုးရိမ်လိုက်သေးတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါ နာမ်ဓမ္မတင်ဟောသေးတာ ဒကာ ဒကာမတို့ နာမ်ဓမ္မအကြောင်း ကောင်းကောင်းသိကြပြီလား (သိပါပြီ ဘုရား)။ ဒါဖြင့် သူဟာ၊ သတ္တဝါဟာ ခင်ဗျားတို့ မွေးထုတ်တဲ့အမေအဖေဆိုတာ သူ့ကို နာမ်ရုပ်ခင်တဲ့ပုဂ္ဂိုလ်ကို ဆိုတာနော်။

အဲဒီတော့ နာမ်ရုပ်ခင်တဲ့ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် သည်းခြေ ပျက်နာမ်ဓမ္မ၊ ခြေကျိုးလက်ကျိုးနာမ်ဓမ္မ၏ နှိပ်စက်မှုကိုဖြင့် ခင်ဗျားတို့ ခံကြပေတော့။ သူ့ခင်တဲ့ပုဂ္ဂိုလ်ခံသာခံ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူ့ဆုတောင်းယူတဲ့ပုဂ္ဂိုလ် (ခံရပါမယ် ဘုရား)။ ဪ ဦးဘကြည် ဒီလိုသိရင် ဘယ်သူမှဆုမတောင်းဘူး၊ တောင်းမလား ဦးဘကြည် (မတောင်းပါ ဘုရား)။

ဒါဖြင့် သစ္စာနောက်တုန်းက နည်းနည်းလေးမှ မရိပ်မိဘူး၊ ဒီ ပီဠနဋ္ဌများ ရွယ်တောင်မှ မရွယ်ဘူး၊ ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

အိပ်မက်တောင်မမက်ဖူးဘူး

အိပ်မက်တောင် မမက်ဖူးဘူး၊ မက်ဖူးကြရဲ့လား (မမက်ဘူးပါ ဘုရား)။ မမက်ဘူးဆိုလို့ရှိရင် ဒီပီဠနဋ္ဌော သဘောတစ်လုံးနှင့်ပင် ခင်ဗျားတို့တော်ပြီ တန်ပြီ၊ ဒုက္ခသစ္စာမှန်းသိပြီ၊ ဒုက္ခပေးတတ်တဲ့ သစ္စာမှန်းသိပြီးသည့် နောက်ဖြင့် သူ့မယူတော့ပါဘူး၊ လာမလား၊ မလာဘူးလား (လာပါမယ် ဘုရား)။

မြင်တုန်းကတည်းက သူ့စက်ဆုပ်ပြီး စက်ဆုပ်တော့ စက်ဆုပ်ကတည်း ကိုက ဒုက္ခသစ္စာမို့ မကြိုက်တော့ပါဘူး၊ ဒုက္ခသစ္စာမို့ မကြိုက်တော့ပါဘူးဆို ကတည်းက မကြိုက်တယ်ဆိုတဲ့ဥစ္စာ မကြိုက်တဲ့ဉာဏ်၊ ဒီမကြိုက်တာ မကြိုက် တဲ့ဉာဏ်ဟာ မဂ္ဂသစ္စာ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။

မကြိုက်တဲ့ဉာဏ်ဟာ ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ ဘုရား)။ အဲဒီ မဂ္ဂသစ္စာပေါ်ကို မပေါ် ဖူးဘူး (မှန်လှပါ ဘုရား)။ အင်း ဖြစ်လာပေါ့ ပြုဖို့စုဖို့ဆိုတာ တို့ဝတ္တရား၊ ဦးဘကြည် ချေငံကြည်သာလိုက်တဲ့ဖြစ်ခြင်း မပြောပါနှင့်တော့ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

သေပျော်ပြီလို့အောက်မေ့နေတယ်

ကြည်သာလိုက်တာ ဒီခန္ဓာကြီးများ ပြုစုပြီးသကာလနေတော့ ခိုင်းတာ များ ရှောက်လုပ်နေရလို့ အဆင်များ ပြေပြီးသကာလ သူက စိတ်တိုင်းကျ ကလေးများဖြစ်နေမယ်ဆိုလို့ရှိရင်ဖြင့် အင်း သေပျော်ပြီလို့တောင် အောက် မေ့နေရသေး။ ဦးဘဒင်တို့ဖြစ်တွေ ပြောပါတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သည်းခြေပျက်ကယ်လို့ သိရဲ့လား (မသိပါ ဘုရား)။ အဲ မသိတော့ သည်းခြေပျက်ခိုင်းတာဟူသ၍ အမှန်ဟုတ်ပါရဲ့လား (အမှန်မဟုတ်ပါ ဘုရား)။ အမှန်မဟုတ်ဘူး၊ ခင်ဗျားတို့လုပ်နေတာ တစ်ခုမှ အမှန် မဟုတ်ဘူး။

ရောင်းနေတာလည်း အမှန်မဟုတ်ဘူး၊ ဝယ်နေတာလည်း အမှန် မဟုတ်ဘူး၊ လှူနေတာလည်း အမှန်မဟုတ်သေးဘူး၊ လှူနေတာ အမှန်မဟုတ် သေးဘူးဆိုတော့ နည်းနည်း ဒကာ ဒကာမတွေက ကိုယ့်ဆရာသမားအရင်းမို့သာ ခံလိုက်ရတယ်။

လှူနေတာ အမှန်မဟုတ်သေးဘူး။ ဟိုက နတ်ပြည်ဆုတောင်းလိုက်ကွ ဆိုတော့ ဒီသား၊ သမီးမွေးဦးပြောတာ (မှန်လှပါ ဘုရား)။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သည်းခြေပျက်အလှူ

ဒီ သားသမီးမွေးဦး၊ ဒီလိုနှိပ်စက်ခံဦး၊ ဟော လှူတဲ့ တန်းတဲ့အထဲတောင် သည်းခြေပျက်လှူတဲ့ အလှူဖြင့် မဟန်သေးဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။ ဘယ်သူက လှူတာတုံး (သည်းခြေပျက်က လှူတာပါ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဒီဆရာကောင်း သမားကောင်းမတွေ့ခင်က လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြတာ ဘယ်သူ့အလှူတုံး (သည်းခြေပျက် အလှူပါ ဘုရား)။ ဖြစ်မှဖြစ်ရလေ အရူးအလှူ ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

နှိပ်စက်မှန်း မသိလို့ နှိပ်စက်တဲ့ခန္ဓာကြီး အဆက်ပြတ်သွားမှာစိုးလို့ ထပ်တောင်းတာ၊ သည်းခြေပျက်နဲ့ပဲ နေပါရစေတော့ ဟုတ်လား။ ဒီသားမျိုးဖြင့် တစ်ထောင် မွေးမွေးရလား၊ ဒီလိုများကျမနေဘူးလား (ကျပါတယ် ဘုရား)။

အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။ ကဲ ခု ဒီနေ့ ညတော့ဖြင့် သြော် မောင်မင်းကြီးသား နာမက္ခန္ဓာလေးပါး ခြေကျိုး လက်ဆိုတာ မင်းဘယ်မှလည်း မသွားနိုင်လို့ ခြေကျိုးလက်ကျိုးဟုတ်လား။

မင်းဟာ အမှန်အကန်သစ္စာကို မသိတတ်သောကြောင့်လည်း ဦးဘကြည် ဘယ်လိုဆိုမတုံး (သည်းခြေပျက်ပါ ဘုရား)။ သည်းခြေပျက် ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။ ရှင်းပြီ၊ ရှင်းပြီ ဒါက ပဋိဝေဓဉာဏ်။

သစ္စာနှစ်လမ်းသိရမယ်

ခုနင်က ဖြစ်ပျက်သိတာက အနုဗောဓဉာဏ်၊ နှိပ်စက်ပုံသိတာက (ပဋိဝေဓဉာဏ်ပါ ဘုရား)။

ဒါ-အနုဗောဓနှင့် ပဋိဝေဓသစ္စာသိပြီးတာပဲဆိုရုံနဲ့ မပြီးသေးဘူး၊ သစ္စာ နှစ်လမ်းသိရမှာ၊ ကိုင်း ဒကာ ဒကာမတွေဘက်က ရိပ်မိကြပြီလား။

ဒါဖြင့် ခင်ဗျားတို့ သန္တာန် ဒီလေးပါးများ ရှိကြရဲ့လား (ရှိပါ တယ် ဘုရား)။ ရှိတယ်တဲ့ ဒါဖြင့် ဘယ်သူတဲ့ သူ့နာမည်က (နာမက္ခန္ဓာ) နာမက္ခန္ဓာမှာ သူအင်္ဂါကြီးငယ်စုံပါရဲ့ လား (မစုံပါ ဘုရား)။

ဟာ ခြေကျိုးလက်ကျိုးပဲ သူ့စိတ်ကလေးက ဘယ့်နှယ်နေသတုံး (သည်းခြေပျက်ပါ ဘုရား)။ သည်းခြေပျက်လေး၊ ဒါလေးကို ခင်ဗျားတို့ အလိုလိုက်နေကြဟုတ်လား။

ဟိုနား ပန်းအိုးလေးထားလိုက်၊ သူက ရွှေ့လိုက်ဆိုတော့ (ရွှေ့ ရပါတယ် ဘုရား)။ ရွှေ့ပေးရ၊ ဟိုရွှေ့လိုက်ရ၊ ဒီရွှေ့လိုက်ရ။ အံမယ်လေး ဒါဘယ် သူခိုင်း နေတာတုံး၊ သည်းခြေပျက်ခိုင်းနေတာ ပေါ်ကြပြီလား (ပေါ်ပါ ပြီ ဘုရား)။

ပန်းကန်အမျိုးမျိုးလဲပေးရတယ်

ဘယ်သူက ခိုင်းတာပါလိမ့် (သည်းခြေပျက်ခိုင်းတာပါ ဘုရား)။ သည်းခြေပျက်ခိုင်းနေတာ၊ ခင်ဗျားတို့လည်း တော်တော်ကြာ ဟိုအဝတ် လဲလိုက်၊ ဒီအဝတ်လဲလိုက်၊ ဟိုဟင်းခွက်နှိုက်လိုက်၊ ဒီဟင်းခွက်နှိုက်လိုက် ဟုတ်လား။

ဒီပန်းကန်ကြီးတွေနဲ့ မစားချင်ဘူး၊ ဟိုပန်းကန်နဲ့မှ စားချင်တယ်၊ ကလေးလိုပေါ့ဗျာ (မှန်လှပါ ဘုရား)။ ဟုတ်လား၊ အဲဒီတော့ ခင်ဗျားတို့ပဲ ပန်းကန်အမျိုးမျိုးတွေလဲပေးရတာ ဘယ်လောက်များတုံး (မရေမတွက်နိုင် ပါ ဘုရား)။

အထည်အမျိုးမျိုးလဲပေးရတယ်

အထည်တွေ အမျိုးမျိုးကော (လဲခဲ့ရပါတယ် ဘုရား)။ ဟင် ဘယ်သူအလိုလိုက်နေတာတုံး (သည်းခြေပျက်အလိုပါ ဘုရား)။ ဖြစ်မှ ဖြစ်ရလေဗျာ သည်းခြေပျက်ဆိုတာ အိမ်က နှင်ထုတ်ရတယ်၊ မွေးမထားရဘူး ဗျ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

သည်းခြေပျက်ဆိုရင် ဘာလုပ်ရမတုံး (အိမ်ကနှင်ထုတ်ရပါတယ် ဘုရား)။ နှင်ထုတ်ရမယ်၊ မင်းဒုက္ခပေးသကွာ နေရစ်တော့ သည်လိုသွားရမယ်။

ဒါ ဒုက္ခပိုင်းခြားလိုက်တာ (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိ ပါပြီ ဘုရား)။

ပီဠနဋ္ဌသဘောကျမှ ကိစ္စပြီးတယ်

အဲဒီတော့ ပီဠနဋ္ဌ သဘောကျမှ ခင်ဗျားတို့နေရစ်တော့ဆိုတဲ့ စကားသုံးမှာဗျ (မှန်ပါ ဘုရား)။ ပီဠနဋ္ဌနှိပ်စက်တာ သဘောမကျရင် နေရစ်တော့ဆိုတဲ့စကား မသုံးချင်ဘူး။

ငှက်ဖြစ်တာတောင် တစ်ကိုင်းထဲက လာသေးတာ၊ မလာဘူးလား၊ လာမလား (လာပါတယ် ဘုရား)။ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

ပီဠနဋ္ဌတစ်လုံး သဘောကျရင် ခင်ဗျားတို့ကိစ္စပြီးတယ်နော် ကိုထွန်းဦး မပြီးဘူးလား၊ ပြီးမလား (ပြီးပါတယ် ဘုရား)။ ကိုဘကြည် ပြီးရမယ်၊ ဦးသာဌေးပြီးမယ် (ပြီးပါမယ် ဘုရား)။

ပီဠနဋ္ဌော သဘောကို နှိပ်စက်နေတာကို ခင်ဗျားတို့က အလိုအတိုင်း လိုက်ပြီးသကာလ အလိုက်ပြုစုနေရင်တော့ဖြင့် ပြီးပမလား (မပြီးပါ ဘုရား)။ မပြီးဘူး။

နာမက္ခန္ဓာကသည်းခြေရူး

သည်းခြေရူးသလောက် ခင်ဗျားတို့က ကျွန်ပီပါပေတယ် (မှန်လှပါ ဘုရား)။ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။ ဒီနာမက္ခန္ဓာက ဘာတဲ့တုံး သည်းခြေရူး (သည်းခြေရူးပါ ဘုရား)။

သည်းခြေရူးအကြိုက်တွေကို ခင်ဗျားတို့က အကုန်လုပ်နိုင်လို့ရှိရင်ဖြင့် ကျွန်ပီလို့ပဲ (မှန်လှပါ ဘုရား)။ မွေးတဲ့အမေကလည်း စစ်ပါပေတယ်ဗျာ၊ အကျိုးလေးမွေးပိုချစ်၊ အရူးမွေးတော့ကော (ပိုချစ်ပါတယ် ဘုရား)။

ဖြစ်မှ ဖြစ်ရလေဟုတ်လား၊ ဒါကျတော့ ကံဆိုးမိုးမှောင်ပဲ။ အဲဒီတော့ သူ့ကိုထိန်းရကျောင်းရတာ ဦးဘကြည် ဘယ်အချိန် အားမတုံး (မအားပါ ဘုရား)။

နေ့ခိုင်းနိုင်သမျှ ခိုင်းနေတယ်၊ အလုပ်တွေဟူသမျှ သည်းခြေပျက် ကြောင့် လုပ်ဖြစ်နေတာချည်းမှတ် စာရေးကြီးပဲလုပ်လုပ်၊ တရားသူကြီးပဲ လုပ်လုပ်ပေါ့ဗျာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဦးခင်မောင် (မှန်ပါ ဘုရား) ဘာပဲလုပ်လုပ် လုပ်ဖြစ်တာဟူသ၍ ဘယ်သူကြောင့် လုပ်ဖြစ်တာထင်သတုံး (သည်းခြေပျက်ကြောင့်ပါ ဘုရား)။

သည်းခြေပျက်ခိုင်းသလောက် လိုက်နာနေရ ဘာပြုလို့ချစ်လွန်းလို့ သူ့ပြုဖို့ကို (မှန်လှပါ ဘုရား)။ သူ့ပြုဖို့ သူ့အကြိုက်ဖြစ်ပါစေတော့လို့ စိတ်ကြိုက် ကိုယ်စိတ်ကြိုက်ကလေး နေရပါစေလို့ ဒီအဓိပ္ပာယ် မကျဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် သည်းခြေပျက်ကို အလိုဖြည့်နေတာ (မှန်လှပါ ဘုရား) ဘာကြောင့်ပါလိမ့် (သည်းခြေပျက်အလိုဖြည့်နေတာပါ ဘုရား)။ သည်းခြေ ပျက်အလိုဖြည့်နေ။

နှိပ်စက်တာပေါ်အောင်ဟောတာ

အဲဒါ နှိပ်စက်တာပေါ်အောင်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတာနော်၊ ရိပ်မိကြပြီလား (ရိပ်မိကြပြီ ဘုရား)။

သို့သော် ဒီအသံမျိုးက ကြားခဲတယ်၊ ဒီအသံမျိုးကကြားခဲတယ်၊ ဒုက္ခ သစ္စာလို့တော့ ကြားရမှာပဲ ဟုတ်လား၊ ပီဠနဋ္ဌနှိပ်စက်ပုံကို အခြင်းအရာ အာကာရပေါ်အောင်ဆိုတော့ (မကြားရပါ ဘုရား)။ အခုတော့ကြားရပြီ (ကြားရပါ ဘုရား)။

တော်ပြီတန်ပြီဆိုတဲ့စိတ်လာမယ်

ဪ ကြားရတော့ ဒကာ ဒကာမတွေ ဘာဖြစ်ပါလိမ့်မတုံးလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် တော်ပြီတန်ပြီဆိုတဲ့စိတ်လာမယ်။ ဒုက္ခပေးလေသမျှ ခြေ၊ လက်မပါတဲ့ သည်းခြေပျက်က ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခပေးလေသမျှ ဘာတုံး (ခြေလက်မပါတဲ့သည်းခြေပျက်ကပါ ဘုရား)။ ခြေ လက်မပါတဲ့ သည်းခြေပျက်ဆိုတာ ခင်ဗျားတို့ စိတ်တွေချည့် မှတ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အင်း တို့ဟာ အဲဒီထဲက ပုထုဇဉ်အရူးဆိုတာ ဒီလိုမှ ပေါ်တယ် (မှန်ပါ ဘုရား)။ သဘောကျပြီလား။

အဲဒါ အရူးသိရုံနဲ့လည်း မပြီးသေးဘူး၊ အရူးနှိပ်စက်ခြင်းကို မခံတော့ ဘူးကွလို့ ဆုံးဖြတ်ချက်ချ သိကြမှပြီးမှာ (မှန်ပါ ဘုရား)။

နာမ်ရုပ်ရဲ့ အပြစ်တွေမြင်လာမယ်

ဒါ မပါရင် မပြီးသေးဘူး ဒီလိုဆိုရင် နာမ်ရုပ်ရဲ့ အပြစ်တွေ မမြင်သေး ဘူး (မမြင်သေးပါ ဘုရား)။ ဟုတ်လား (မမြင်ပါ ဘုရား)။

ကဲ ဦးစံရီ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။ ဒီ သည်းခြေ ရူးဘယ့်နှယ့်တုံး၊ခင်ဗျား ဘဝများစွာ သံသရာမှာ နေချင်သေးလား (မနေချင်တော့ပါ ဘုရား)။

မနေချင်တော့ဘူးနော်၊ အိမ်ကျထပ်မရူးကြပါနဲ့တော့၊ ဒါတွေစိုးရိမ် ရသေးတာကိုးဗျ။ ဒီတော့ ဆရာဘုန်းကြီးက ဒါတွေဟောနေလို့ စိတ်ကလည်းဘယ်အခါမဆို ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ တို့မရိပ်မိလို့သာဆိုတော့၊ ဒီလိုတော့ အမှန်သား မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲ ဒီနောက်တော့ တရားကလေး လက်လွတ်သွားသည်နဲ့ တစ်ပြိုင်တည်း သည်းခြေရူးက ထလာမယ်။ သူမထဘူးလား၊ ထမလား (ထပါတယ် ဘုရား)။

မဂ်ဖိုလ်မဆိုက်မဟုတ်သေးဘူး

အနုဗောဓဉာဏ်ပဋိဝေဓဉာဏ်ကလေးနဲ့ မဂ်ဆိုက် ဖိုလ်ဆိုက်ကလည်း မဟုတ်သေးတော့၊ ပဋိဝေဓဉာဏ် သာမည အနုစားလေးရနေတော့ ဦးဘကြည်တော်တော်ကြာ ဖောက်သွားမယ် (မှန်လှပါ)။

မဖောက်ဘူးလား (ဖောက်ပါတယ် ဘုရား)။ ဖောက်ထွက်သွား တယ်ဆိုတော့ သည်းခြေရူးအကြိုက်လိုက်ပြီး သည်းခြေရူးအကြိုက်ကို အကုန် မလိုက်ရပေဘူးလား (လိုက်ရပါတယ် ဘုရား)။ အဲဒီတော့ ခင်ဗျားတို့ ဘယ်သူ့ အပြစ်ပြောနေတာတုံးဆိုတော့ ယနေ့မှတ်ပါ။ ခင်ဗျားတို့ နာမ်ဓမ္မ ရထားတဲ့ပုဂ္ဂိုလ်၏အပြစ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နာမ်ဓမ္မရထားသူအပြစ်

ဘယ်သူ့အပြစ်ပါလိမ့် (နာမ်ဓမ္မရထားတဲ့သူအပြစ်ပါ ဘုရား)။ ကိုင်း ဒီအထဲမှာ နာမ်ဓမ္မရထားတဲ့ပုဂ္ဂိုလ်တွေ အကုန်ပါတယ်၊ နာမ်ပါလို့ တရားနာနိုင်ကြတာပဲ (မှန်လှပါ ဘုရား)။

နာမ်ပါလို့ တရားနာလာနိုင်ကြတာပဲ (မှန်လှပါ ဘုရား)။ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။ အဲဒီပုဂ္ဂိုလ်တွေဟာ သူ၏ အနှိပ်အစက်ကို ခံရတဲ့ ပုဂ္ဂိုလ်တွေချည့်ပဲတဲ့ ဟုတ်လား။

တစ်နေ့လာလည်း ကိုထွန်းဦး နက်ဖြန်ဘာလုပ်မှာတုံး သည်းခြေရူးပဲ၊ သန်ဘက်ခါ ဘာလုပ်မှာတုံး ဒီလောက်တောင် ပေနေတဲ့ပစ္စည်းကို ခင်ဗျားပဲ ဒီထက်ပေအောင် လုပ်နိုင်လွန်းတယ်ဆိုလို့ရှိရင် သူ့ပြုဖို့ပဲ မဆိုနိုင်ဘူးလား။

မနက်ဖြန်လည်း ဒီလို (ပြုရပါ ဘုရား)။ သန်ဘက်ခါကော (ပြုရပါ ဘုရား)။ ဖိန်းနွဲ့ခါကျတော့ကော (ပြုရပါ ဘုရား)။ မဟုတ်သေးပါ ဘူး၊ ဘာလို့ သွားပြုခိုင်းစုခိုင်းတာတုံး ခင်ဗျားတို့ဟာ (ရူးနေလို့ပါ ဘုရား)။ ရူးနေလို့ ရိပ်မိကြပြီလား။

သားသမီးဝတ်ပြုနေကြတာ ရူးလို့

ဒကာ ဒကာမတို့ ခင်ဗျားတို့ နေ့တိုင်းနေ့တိုင်းသွားပြီး သား၊ သမီးဝတ် ကို ပြုနိုင်ကြတာ ခင်ပွန်းဝတ်ကိုပြုနိုင်ကြတာဟာ တစ်နေ့လည်းမဟုတ်ဘယ့်နှယ်ကြောင့် ပြုနိုင်ကြတာတုံး မေးကြည့် (ရူးလို့ပါ ဘုရား)။

ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)၊ ဦးဘတင် (မှန်ပါ)။ မပြုရ မှာစိုးလို့တောင်မှ လိုက်ရှာသေး။ ဟင်းအဓိပ္ပာယ်က ဒီမရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား)။

မပြုစုရမှာစိုးလို့ အိမ်မှာ သား၊ သမီး မရှိလို့ရှိရင် သူများ သား၊ သမီးကို မွေးစားချင်သေးတယ်၊ ဘာကြောင့်ပါလိမ့် သည်းခြေရူးထလာတာကိုး။

သည်းခြေရူးထလာတဲ့အခါကျလို့ရှိရင်ဖြင့် ကဲ သူမှ ကျေနပ်ပါစေ တော့ဆိုပြီး စိတ်ကလေးမှ ကောင်းစေတော့ပေါ့ဗျာ (မှန်လှပါ)။

သူက ပင်ကိုမကောင်းတာကို ခင်ဗျားတို့က စိတ်ကလေးမှ ကောင်း စေတော့ဆိုတော့ ဖြစ်ဦးမလား (မဖြစ်ပါ ဘုရား)။

သူက ပင်ကိုက ဘာတုံး (မကောင်းပါ ဘုရား)။ ပင်ကိုက သည်းခြေရူး၊ မွေးကတည်းက သည်းခြေရူး၊ သူ့ကောင်းအောင်ဆိုလို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သူမကောင်းတိုင်း ခင်ဗျားတို့ ထလုပ်နေသည့်အတွက် ပျိုရွယ်စဉ် ကလည်း မနေသာ၊ အိုလာတော့လဲ (မနေသာပါ ဘုရား)။ ဘယ့်နှယ်ကြောင့် မနေသာပါလိမ့် (သည်းခြေရူးထလို့ပါ ဘုရား)။

သည်းခြေရူး၊ ဒီသည်းခြေမှန်း မသိဘဲနဲ့ ပြုချင်တဲ့စိတ်ကသာ သန်နေ လို့ဆိုတော့ သစ္စာမသိလို့ (မှန်လှပါ ဘုရား)။ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်တဲ့ သစ္စာကို မသိတဲ့အတွက် ခင်ဗျားတို့ သည်းခြေရူး၏အလိုကို အလိုက်အတိုင်း အကြိုက်အတိုင်း ပြုဖော် ရပေတယ်။

ကျေးဇူးများတင်သလားလို့ မေးကြည့်စမ်းပါ (မတင်ပါ ဘုရား)။ မတင်ပေမဲ့ ခင်ဗျားတို့ရဲ့ ချစ်မှုက ကိုယ်မွေးထားတဲ့ သားသမီးဖြစ်နေတော့ ချစ်မှုက မလျော့ဘူး (မလျှော့ပါ ဘုရား)။

သစ္စာမသိရင်နှိပ်စက်တယ်လို့မထင်

နှိပ်စက်တယ်လို့ လာရဲ့ လား (မလာပါ ဘုရား)၊ နှိပ်စက်တယ်လို့ မလာရင် သစ္စာမသိတော့ဘူး (မှန်လှပါ ဘုရား)။ ပေါ်ပြီလား။

နှိပ်စက်တယ်လို့မှ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ပေါ်မလာတော့ ဘူးဆိုရင်ဖြင့် ဘယ့်နှယ်ဆိုကြမယ် (သစ္စာမသိလို့ပါ ဘုရား)။ ပေါ်ကြပြီလား။

နှိပ်စက်တယ်လို့မှ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ပေါ်မလာတော့ဘူး ဆိုရင်ဖြင့် ဘယ်နှယ်ဆိုကြမယ် (သစ္စာမသိလို့ပါ ဘုရား)။

ဘုရားရှင်က ငါလည်းသစ္စာမသိခင်တုံးက သံသရာရှည်ခဲ့တယ်လို့ ဟောခဲ့တယ်။ အင်း မင်းတို့လည်း သစ္စာမသိရင် ရှည်ဦးတော့ကွာ၊ ဘာလှူ လှူ၊ ဘာတန်းတန်း လိုရင်းမဟုတ်ဘူး၊ သစ္စာမသိလို့ရှိရင် ရှည်မှာပဲတဲ့ (မှန်ပါ ဘုရား)။

သစ္စာသိရင်ဖြင့် (မရှည်ပါ ဘုရား)။ တိုပါလိမ့်မယ်ဆိုတာ ရိပ်မိကြပြီ လား (ရိပ်မိပါပြီ ဘုရား)။

ဒီကျအောင် ဟောနေတာ ဒကာ ဒကာမတွေ ဘုန်းကြီးက အင်မတန် သဘောပါအောင်လို့။ ဪ တို့ကို နှိပ်စက်နေတာပါလားဆိုတာ ပေါ်အောင်လို့ဗျ။

နို့မို့ရှိရင် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် ဘယ်သူ့လူထင်ရဦးမှာတုံးဆိုပြီး အံမယ်လေး ထ,ကြွားနေလိုက်သေးတယ်၊ ပေါ်ကြပြီလား (ပေါ်ပါ ပြီ ဘုရား)။

ပေါ်အောင်ပြောဖို့ မလွယ်ကူဘူးဗျ။ အခုတော့ မွေးမိခင်လုပ် ထားလို့ (မှန်လှပါ)။ မိခင်ဆိုတော့ စွန့်နိုင်ကြရဲ့လား (မစွန့်နိုင်ပါ ဘုရား)။

မစွန့်နိုင်တော့ ပိုချစ် (မှန်လှပါ)။ ဘာပြုလို့ သူက အကျိုးကလေး ဖြစ်နေ၊ အကျိုးလေးနဲ့ အရူးကလေးဆိုတော့ မွေးတဲ့အမေ သွားမေးကြည့်ပါ။

ဒီပြင်သားတွေက ခြေကောင်းလက်ကောင်းနဲ့ ဆိုတော့ သူတို့အတွက် ကျုပ်စိတ်ချပါတယ်။ သူ့ကို မျက်လုံးမှိတ်သွားဖို့အတော်ခဲရင်းတယ် ဒါ အမေမိဘထုံးစံ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခသစ္စာကို သမုဒယသစ္စာကချစ်နေ

သူ့အချစ်ဆုံးဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။ ဒါဖြင့် သူ့အချစ်ဆုံးဆိုတော့ သူက ဒုက္ခသစ္စာကိုပင်လျှင် သမုဒယသစ္စာက အမြဲချစ်နေတော့ ဘယ်မှာတုံးဗျ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာပေါ်ပါဦးမလား (မပေါ်ပါ ဘုရား)။

သမုဒယနဲ့သူက ဒုက္ခသစ္စာကို သူ့ကလေးမို့ခြေကျိုးလက်ကျိုးလည်း ဖြစ်ပြန်၊ သည်းခြေရူးလည်းဖြစ်ပြန် သူ့အတွက်မျက်လုံးမှိတ်ဖို့ရာ ကျုပ် အခက်ဆုံး။

မျက်လုံးအမြဲဖွင့်နေချင်တယ်။ သူနဲ့ပဲ ခင်ခင်မင်မင်သူ့အလိုလိုက်ပြုစု နေချင်တယ်၊ ဒီအဓိပ္ပာယ်မပါဘူးလား (ပါပါတယ် ဘုရား)။ ပါတော့ သူနဲ့ခွဲချင်တဲ့သဘောကို ပါရဲ့ လား (မပါပါ ဘုရား)။

သစ္စာကွယ်တယ်

ဒါဖြင့် သစ္စာသိသေးရဲ့ လား (မသိပါ ဘုရား)။ နှိပ်စက်တယ်ဆိုတာ ကို လာသေးရဲ့ လား (မလာပါ ဘုရား)။ ဒါဖြင့် ပီဠနဋ္ဌောဆိုတာ ခင်ဗျားတို့အကုန်ကွယ်နေတယ် (မှန်ပါ)။

မကွယ်ဘူးလား (ကွယ်ပါတယ် ဘုရား)။ ကွယ်လို့ရှိရင် ဘာကွယ် တာတုံးမေးတော့ ဘယ့်နှယ်ဖြေမတုံး (သစ္စာကွယ်တာပါ ဘုရား) သစ္စာ ကွယ်ရင် နိဗ္ဗာန်မရဘူး၊ ရိပ်မိကြပြီလား (ရိပ်မိ ပါပြီ ဘုရား)။

ဒကာ ဒကာမတွေဘက်က ဘယ့်နှယ်နေကြသတုံး (သစ္စာကွယ် ပါတယ် ဘုရား)။ သစ္စာကွယ်ရင် နိဗ္ဗာန်ရပါ့မလား (မရပါ ဘုရား)။

ကဲ ခင်ဗျားတို့ခန္ဓာကိုယ်ကို ယောက်ျားနဲ့ မိန်းမဆိုလို့ရှိရင် မိန်းမတွေက ပိုမိုပြီးသကာလပြုပြင်ရတယ် (မှန်လှပါ)၊ မပြုရဘူးလား (ပြုရပါတယ် ဘုရား)။ စိတ်ကလေးအေးအေး ချမ်းချမ်းသာသာ ဖြစ်အောင်လို့နေ ဟုတ်လား။

ဒီစိတ်က ဘာစိတ်တုံး သည်းခြေပျက်စိတ်၊ သည်းခြေပျက်စိတ်ကို လိုက်ပြီးသကာလ ခင်ဗျားတို့ ဆင်ပြင်ပြီးသကာလ ပေးနေရလို့ရှိရင်ဖြင့် အဝတ်အထည်ပေါင်း ဘယ်လောက်ပင်များသော်လည်း လောက်မှာမဟုတ်ဘူး။ များချင်တိုင်း၊ ပေါချင်တိုင်းပေါ သူ့လောဘက လုံလောက်ပါ့မလား (မလောက်ပါ ဘုရား)။

သည်းခြေပျက်က အရင်ဟာမကြိုက်ဘူး၊ နောက်ဟာဝယ်ပေး အရင်ဟာမကြိုက်ဘူး၊ နောက်ဟာဝယ်ပေးဦးလို့ ဘယ်သူကတောင်းနေ တာတုံး (သည်းခြေပျက်ကပါ ဘုရား)။ အဲဒါနဲ့ပဲ ခင်ဗျားတို့ လုပ်လို့ ကိုင်လို့ကော အားပါဦးမလား (မအားပါ ဘုရား)။

မအားဘူး မအားသာမအားတယ်။ တော်ပြီ-တန်ပြီလို့များ သည်းခြေ ပျက်က လာရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီနာမ်ဓမ္မမရှိမှ စိတ်အေး ကိုယ်အေးနေရတော့မှာ။ သည်းခြေပျက်ချုပ်မှ သည်းခြေပျက်မချုပ်သမျှကာလပတ်လုံး (နှိပ်စက် မှာပါ ဘုရား)။ နှိပ်စက်မယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

စင်စစ်တော့နာမ်ဓမ္မနှိပ်စက်တာ

ဪ ဒါဖြင့် ပီဠနဋ္ဌော သတ္တဝါကိုညှာတာမဖက် အမြဲနှိပ်စက် တတ်သည်။ ခင်ဗျားတို့က မင်းမကောင်းလို့၊ စိုးမကောင်းလို့၊ ဥတုရာသီ မကောင်းလို့ဟုတ်လား။

နက္ခတ်တာရာတွေက ဘယ်သူက ကောင်းနေတာလိုလို၊ နှိပ်စက်သ လိုလို အမျိုးမျိုးထင်မြင်ပြီးသကာလ ထင်ငြားသော်လည်း စစ်စစ်တော့ နာမ် ဓမ္မသည်းခြေရူး နှိပ်စက်နေတာ (သည်းခြေရူးပါ ဘုရား)။

အဲဒီသည်းခြေရူးက ဝမ်းထဲမှာရှိတဲ့ စိတ်တွေဟူသ၍ သစ္စာမသိတဲ့ စိတ်တွေဟူသ၍ သည်းခြေရူး၏ စိတ်ချည့်မှတ် (မှန်လှပါ)။ ဦးဘကြည် မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)။

ဘာစိတ်ပါလိမ့် (သည်းခြေရူးစိတ်ပါ ဘုရား)။ သစ္စာသိတဲ့ စိတ် တစ်ခုသာလျှင် အမှန်ကိုဗျ (မှန်လှပါ ဘုရား)။ သည်းခြေရူးပျောက်တဲ့ စိတ် (မှန်လှပါ ဘုရား)။

ဆွမ်းလှူတာမောက်မောက်လှူ

သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ဟူသ၍သည် (သည်းခြေရူးပါ ဘုရား)။ ဪ ဆွမ်းလှူ ပြန်လည်း မောက်မောက်ကလေးလှူပေးနော်။ လာပြီ သည်းခြေ ရူးထလာပြီဟုတ်လား။

ဒါမှ နောက်ဘဝအကျိုးပေးတော့ မောက်မောက်ကလေးအကျိုးပေး အောင်ဆိုတော့ သည်းခြေရူးက ခန္ဓာပြန်ရအောင်ပြောတာဟုတ်ဖူးလား။

နောက်ဘဝဆိုကတည်းက ရုပ်နာမ်ပေါ်စေတော့ဆိုတဲ့ အဓိပ္ပာယ် ရောက်မရောက် (ရောက်ပါတယ် ဘုရား)။ ရောက်လျှင် သည်းခြေရူးပါ မပါ (ပါပါတယ် ဘုရား)။

သည်းခြေရူးပါနေ၊ ရှင်းကြပြီလား ဒကာ ဒကာမတို့၊ ဘယ်အထဲ ပါနေသတုံး (လှူတဲ့အထဲ ပါနေတာပါ ဘုရား)။ လှူတဲ့အထဲ ခင်ဗျားတို့ စိတ်ကောင်းနဲ့ လှူတာလား၊ စိတ်ရူးနဲ့ လှူတာလား (စိတ်ရူးနဲ့လှူတာ ပါ ဘုရား)။

သစ္စာမသိတဲ့အလှူ၊ နိဗ္ဗာန်မရောက်

သစ္စာမသိတဲ့ အလှူဟူသ၍ ကို နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ဦးသာဌေး သွားမဟောနဲ့ (မဟောပါ ဘုရား)။ ဦးဘဒင်ကောဟောသင့်ရဲ့ လား (မဟောသင့်ပါ ဘုရား)။ မဟောသင့်ဘူးတဲ့။

ဒါအစစ်ကိုပြောလို့ရှိရင် မဟောသင့်ဘူးနော်။ အတုကို ခင်ဗျားတို့ တခြားသော ဆရာသမားကတော့ လှူလည်းရောက်တာပဲဆိုရင်တော့ဖြင့် ယုံတော့ယုံပေါ့ဗျာ၊ ဝေးတော့အင်မတန်ဝေးသွားတယ်၊ မဝေးဘူးလား (ဝေးပါတယ် ဘုရား)။

ဘာပြုလို့သည်းခြေရူးအလှူကိုဗျ၊ သစ္စာသိမှသည်းခြေရူးပျောက်မှာ (မှန်လှပါ ဘုရား) သစ္စာမသိရင် (မပျောက်ပါ ဘုရား)။ သူ့သိမှ ခင်ဗျား တို့ ဝိပလ္လာသ (၁၂) ချက်တွေပယ်တယ်ဆိုတာ သောတာပန်မှ ပယ်နိုင်မှာကိုးဗျ (မှန်လှပါ ဘုရား)။

ပဋိဝေဓနှင့်သိမှပယ်နိုင်တယ်

အဲဒီတော့ ပဋိဝေဓနှင့်သိမှသာလျှင် ပယ်နိုင်တယ် အရူးကတော့ (မှန်လှပါ ဘုရား) အဲဒီတော့ လုံလောက်ပြီလား၊ အခုအကိုးအကား (လုံလောက်ပါပြီ ဘုရား)။ လုံလောက်ပြီ။

သောတာပတ္တိမဂ်ရမှ သူ့ကို နှိပ်စက်တတ်တဲ့အကြောင်း ကောင်း ကောင်းသိတဲ့ အခြေအနေကျတော့မှ ဝိပလ္လာသ (၁၂)ပါးပယ်ချလိုက်တယ် (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မရှုသ၍ ကာလပတ်လုံး ဝိပလ္လာသသည်း ခြေရူးရှိ၊ မရှိ (ရှိပါတယ် ဘုရား)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) အဲဒါနောက် ကိုလည်း ခင်ဗျားတို့ ရှင်းသထက်ရှင်း လင်းသထက် လင်းအောင်လည်း ပြောပေးပါမယ်။

ခင်ဗျားတို့ကို ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုတော့ အတော်ပဲ ရှေ့ရေး၊ နောက်ရေး ချိန်တတ်ပြီလို့ ထင်ချင်ထင်နေမှာ (ထင်ပါတယ် ဘုရား)။

ထင်ပေမဲ့လည်း အခုသေသေချာချာဟောတော့ ဘာဖြစ်သတုံး (သည်းခြေရူးဖြစ်နေပါတယ် ဘုရား)။ အင် ကိုယ့်ကိုယ်ကို အထင်ကြီးနေ သည်းခြေရူးမပျောက်သေးပါလား။ မဟောထိုက်ဘူးလား၊ ဟောထိုက်သလား (ဟောထိုက်ပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဦးဝအသက်ဘယ်လောက်ရှိပြီတုံး ရူးတုန်းပါပဲ၊ နောက်ထပ်ဆက် ရုံပဲရှိတယ်။

အသက်ကြီးပေမယ့်ရူးတုန်းပဲ

အသက်မေးမနေနဲ့တော့ ကြီးနေပေမယ့် သစ္စာမသိသေး ဘယ့်နှယ် ဆိုရပါ (ရူးတုန်းပါ ဘုရား)။ ရူးတုန်းပါပဲ။

ရှေ့ရေးနောက်ရေးဆိုတဲ့ ခင်ဗျားတို့ ပြောဆိုနေကျစကားဟာ ရှေ့နဲ့ နောက်ရူးပြောကြတာပါပဲ (မှန်ပါ ဘုရား)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ရှေ့ရေးနောက်ရေးဆိုတာတော့ ငယ်ရွယ်သူတွေအတွက် ဘယ်လို ဘယ်ညာဟုတ်လား၊ ကိုယ်သွားရာလမ်းခရီးက ဘယ်လိုဒါနတွေ ဘယ်လို၊ သီလတွေဆောက်တည်ပြီး သကာလ အဘယ်ကဲ့သို့ သွားမယ်။

သွားပေမယ့် သည်းခြေရူးသဘောက နောင်ကောင်းစားရေးပါ၊ ဒါချည့် ပဲ မပါဘူးလား (ပါပါတယ် ဘုရား) အေး သူကောင်းစားရေးတွင် မကဘူး၊ သားသမီးတွေလည်း လုံလောက်ပြည့်ဖြိုးရေးတွေကော (ပါပါတယ် ဘုရား)။

ဪ ဒါဘာပါလိမ့် (သည်းခြေရူးပါ ဘုရား)။ သည်း ခြေရူး က အလိုဆွဲနေတယ်။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

မဂ်ရေစင်တိုက်မှပျောက်မယ်

ဒါဖြင့် ဒကာ ဒကာမတွေ သည်းခြေရူးပျောက်အောင် ဒီနေ့တော့ တရားနာမှပဲ ခင်ဗျားတို့ဖြစ်မယ်ဟုတ်လား (မှန်လှပါ ဘုရား)။သည်းခြေရူး က မဂ်ရေစင်တိုက်မှ ပျောက်မယ် (မှန်လှပါ ဘုရား)။

မဂ်ရေစင်မတိုက်နိုင်ရင် (မပျောက်ပါ ဘုရား)။ ကိုင်း သည်းခြေရူး ပျောက်တဲ့ဆေးကော သိကြပြီလား (သိပါပြီ ဘုရား)။ မဂ်ရေစင်ပဲ တိုက်ရမယ် (မှန်လှပါ ဘုရား)။

မဂ်ရေစင်မရှိသေးရင် (မပျောက်ပါ ဘုရား) ဘယ်နည်းနဲ့မှ မဂ် မှတစ်ပါး ပျောက်နိုင်တဲ့တရား ကိုထွန်းဦး ရှာချင်ရှာရော့ ပိဋကတ်သုံးပုံရှာ ချင်ရာရှာ (မရှိပါ ဘုရား)။

မဂ်မှဝိပလ္လာသကိုပယ်နိုင်တယ်

ဦးသာဌေးရဲ့ ရှိကိုမရှိဘူး၊ ဦးဘဒင် ရှိပါ့မလား (မရှိပါ ဘုရား)။ မရှိဘူး မဂ်မှ ဝိပလ္လာသပယ်နိုင်တယ် (မှန်လှပါ ဘုရား)။ ကျန်တာတွေက ပယ်နိုင်ရဲ့လား (မပယ်နိုင်ပါ ဘုရား)။

ဝိပဿနာဉာဏ်တွေများချိတ်ထားလိုက်စမ်းပါဗျာ၊ မလုပ်နိုင်ပါဘူး မပယ်နိုင်ပါဘူး၊ သည်းခြေရူးကို ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အင်း ဒါဖြင့် တို့သည်ကားဆိုလို့ရှိရင်ဖြင့် ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဥမ္မတ္တကလို့ပြောတာ တို့ကသာ အမည်ရိုးရိုးအောင့်မေ့နေတာကိုး။

မဟုတ်ဘူး တို့ရူးပုံဒီထက်နက်သေးတယ် ဒကာ ဒကာမတို့ ရိပ်မိကြပြီ လား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ရူးပုံအခု ဘုရားဟောတာနဲ့ ကိုယ်ရူးပုံနဲ့ဘယ့်နှယ်နေကြ သတုံး (ပိုပါတယ် ဘုရား)။ ပိုတယ်လို့ယူကြစမ်းပါ။

ဒီလိုသစ္စာနဲ့ဟောတော့ ပိုနေတယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီနာမ်ဓမ္မသည် သူ့ပင်ကို သဘောက ဘာတဲ့ (ခြေကျိုးလက်ကျိုးသည်းခြေရူးပါ ဘုရား)။ ခြေကျိုးလက်ကျိုးနော်။

ပြီးတော့ သူ့သဘောတစ်ခုထည့်လိုက်ပါဦး (သည်းခြေရူးပါ ဘုရား)။ ဪ ခြေကျိုးလက်ကျိုးဆိုတော့ သူ့ချည့်သက်သက်ရုပ်ကိုယ် ထည်ကြီးနဲ့ မတွဲရလို့ရှိရင် ဘယ်မှမသွားနိုင်ဘူး (မှန်လှပါ ဘုရား)။ ရှင်းပြီလား။

နာမ်ဓမ္မဟာ သူ့ချည်းသက်သက်ဆိုလို့ရှိရင် ခင်ဗျားတို့ ဟိုနားမှာ လက်မှတ်ထိုးဖို့ ပြုဖို့ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

စိတ်ကူးပေါ့ဗျာ၊ ကျုပ်စိတ်ကတော့ ရောက်ပါရဲ့ လို့ ပြောရုံပဲရှိတယ် (မှန်လှပါ ဘုရား) အလုပ်ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဒါဖြင့် သူ ခြေကျိုးလက်ကျိုး ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)။ သူကတော့ ရောက်ရာသွားတာပဲ (မှန်လှပါ ဘုရား)။ ရောက်ရာသွားငြားသော်လည်း တကယ်ရောက်ရဲ့ လား (မရောက်ပါ ဘုရား)။

သွားချင်တယ်၊ လာချင်တယ် ဒါလောက်ရှိတာပဲတဲ့၊ အဲဒီတော့ သူ ခြေကျိုးလက်ကျိုး ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား) သည်းခြေရူး ကရော (ဟုတ်ပါတယ် ဘုရား)။

သည်းခြေရူးလည်း မပြောပါနဲ့တော့ဗျာ သေချာလွန်းပါတယ်၊ ရိပ်မိပြီး လား (ရိပ်မိပါပြီ ဘုရား)။

သားမဟုတ်ပဲ သားတွေလုပ်နေတယ်ဗျ (မှန်လှပါ ဘုရား) ဘယ်သူက ပါလိမ့်၊ ရုပ်ကလုပ်တာလား၊ နာမ်ကလုပ်တာလား (နာမ်ကလုပ်တာပါ ဘုရား)။

ဒါဖြင့် သည်းခြေရူးပေါ့ (မှန်လှပါ ဘုရား) သမီးမဟုတ်တာ သမီးလုပ်နေရင် (သည်းခြေရူးပါ ဘုရား) ဆွေမျိုးမဟုတ်တာကို သူနဲ့တော့ ဆွေမျိုးလိုပါပဲလို့ ပြောချင်ပြောလိုက်သေးတယ် (ပြောပါတယ် ဘုရား)။

သစ္စာဟောရင် ဒါတွေကျော်ရမယ်

ဆွေမျိုးစစ်ကျတော့ ပြောစရာမရှိပါဘူး (မရှိပါ ဘုရား) ဆွေမျိုး မဟုတ်တာလည်း ဆွေမျိုးလို့ပြော၊ ဆွေမျိုးအစစ်ကိုလည်း ပိုမိုပြီးသကာလဆွေမျိုးအစစ်လို့ပဲမှတ်ပြန်။

တယ်ဆိုးလှတဲ့ ဒါတွေဟာ ဒုက္ခသစ္စာ၊အနိစ္စ၊ ဒုက္ခသစ္စာအနတ္တလို့ လာရဲ့ လား (မလာပါ ဘုရား)။ မလာတော့ရှိတာနဲ့ ထင်တာနဲ့ အများကြီး ကွာသွားတယ်၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဆွေမျိုးဆီ သွားဦး၊ ဆွေမျိုးလုပ်တဲ့ဆီဖြင့် ဆွေမျိုးဝတ္တရား ရှိတယ်ကွ၊ မင်္ဂလာတရားတော်ရှိနေသေးတယ်။ အင်း သူက ဟောမည့်လောကုတ္တရာ တရားစာနဲ့ဘာနဲ့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ညာတကာ နဉ္စ သင်္ဂဟော-တွေ ဘာတွေနဲ့ လုပ်လိမ့်မယ်။ မလုပ် ဘူးလား (လုပ်ပါတယ် ဘုရား) ဒါ-သစ္စာ ဟောတော့ အဲဒါတွေကို ကျော်သွားရမယ် (မှန်လှပါ ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

လောကဝတ်ကိုအသားဟောနေတယ်

သစ္စာဟောတော့ ခုနင်က မင်္ဂလသုတ်မှာ ဟောထားတဲ့ လောက ဝတ်တွေ ပေါ့ဗျာ (မှန်လှပါ လောကဝတ်တွေပါ ဘုရား)။ ဒါတွေကို ဒီအချိန် ဒီအဆင့် အတန်းမှာ အသားယူဟောနေလို့ တော်ပါ့မလား ( မတော်ပါ ဘုရား)။

အသားယူဟောနေတော့ ဒီအထဲပြန်ပြီး ဝဲလှည့်လည် နေမှာ (မှန်လှပါ ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အထက်တရားမဟုတ်ဘူး

အခု မင်္ဂလသုတ်က ဒီလိုလာတာပဲဆိုတော့ အထက်တရား မဟုတ် ဘူးတဲ့။ အဲဒါ အောက်တရား ဖြစ်သွားလိမ့်မယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ သည်းခြေရူးခြေကျိုး လက်ကျိုးဖြင့် ဪ နာရီဝက်လောက်သာ ပြောလိုက်လို့ ကျေနပ်လောက်ပါပြီ။ မကျေနပ်သေးဘူးလား။

နောက်တစ်ဦးက ဘာတဲ့တုံး

နောက် တစ်ဦးသူက ဘာတဲ့တုံး (မျက်စေ့နှစ်ကွင်း အလင်းမရ ပါ ဘုရား)။ မျက်စေ့နှစ်ကွင်း အလင်းမရဘူးတဲ့ (မရပါ ဘုရား)။

ဘာဝေဒနာ ပါသေးသတုံး (သူငယ်နာ ဝမ်းပျက်ပါ ဘုရား) အေး သူငယ်နာ ဝမ်းပျက်ပါတယ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာဝမ်းတဲ့ (သူငယ်နာဝမ်းပါ ဘုရား) သူငယ်နာဝမ်းကွ ကောင်းသေးရဲ့ လား ( မကောင်းပါ ဘုရား) မျက်စေ့နှစ်ကွင်းကလည်း ကောင်းသေးရဲ့ လား (မကောင်းပါ ဘုရား)။

မျက်စေ့ နှစ်ကွင်းကလည်း အလင်းမရဘူး၊ ဒီကလေး မွေးရတာ ဟုတ်လားသူငယ်နာဝမ်းပျက်ကလည်း ပါပြန်သေးတယ်ဆိုတော့ ဘယ့်နှယ်လုပ်ကြမတုံး သူခိုင်းသမျှ အလိုကျပြုစုရုံပဲရှိတော့တယ် (မှန်လှ ပါ ဘုရား)။ ဒကာဒကာမတို့ သဘောပါကြပြီလား (မှန်လှပါ ဘုရား)။

ဘာလုပ်ရမယ်သူ့အတွက် (ပြုရုံပါပဲ ဘုရား) သူ့ကိုပိုချစ်ရမယ် လေ၊ ဒိပြင်သားသမီးတွေထက် သူ့ကို ဘယ့်နှယ်လုပ်ရမယ် (ပိုချစ်ရ ပါမယ် ဘုရား)။

ပိုချစ်ရမယ်ဆိုတော့ ဦးဘကြည် ဒါသေသေချာချာ မှတ်နော်။ သေသေ ချာချာမှတ်ပါတဲ့။ မျက်စိနှစ်ကွင်း အလင်းမရဘူးဆိုတော့ သူ့မှာ နာမ်ပါရဲ့လား။ ရုပ်သက်သက်ဟောတာလား (နာမ်မပါပါ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းမရဘူးဆိုတာ အများသွားလာနေတဲ့ ဈေးထဲ သူ့ချည့် လွှတ်ကြည့် ဟိုတိုက်၊ ဒီတိုက်ပဲ (မှန်ပါ ဘုရား) မတိုက်ပေဘူးလား (တိုက်ပါတယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ရုပ်ဆိုတာ သူ့ချည့်သက်သက်ဟာ ခင်ဗျားတို့ အသုဘ အလောင်းပြင်ထားတဲ့ အချိန် သွားကြည့် ဒါ ရုပ်ချည့် သက်သက်ပါ။

ရူပက္ခန္ဓာဖွဲ့ပါ

မျက်စိနှစ်ကွင်း အမြင်ဓာတ် အလင်းမရဘူး (မရပါ ဘုရား) ရသေးရဲ့လား (မရပါ ဘုရား) မရဘူးတဲ့။ ရူပက္ခန္ဓာတော့ မဖွဲ့နိုင်ဘူးလား (ဖွဲ့နိုင်ပါတယ် ဘုရား)။

ကောင်းပြီ သူက သူငယ်နာဝမ်းပျက် ပါလာသေးတယ်ဆိုတော့ တော်တော်ကြာ ပထဝီဓာတ်ပျက်၊ တော်တော်ကြာ တေဇောဓာတ်ပျက်၊ တော်တော်ကြာ ဝါယောဓာတ်ပျက်။

ဓာတ်လေးပါး ဆက်ပျက်နေတာပဲ (မှန်လှပါ) မပျက်ဘူးလား (ပျက်ပါတယ် ဘုရား)။

အဲဒီတော့ ပထဝီပျက်တယ်ဆိုတော့ ဝမ်းလျောတာပေါ့ဗျာ (မှန်လှပါ) မဟုတ်ဘူးလား။ ပထဝီနိုင်ရင် ဝမ်းချုပ်တာပေါ့။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီကလေးဟာ ကောင်းတာ များ ပါရဲ့ လား (မပါပါ ဘုရား)။ ပင်ကိုက ဘာတဲ့ သူ့မှာ (မျက်စိ နှစ်ကွင်း အလင်းမရပါ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းမရတာရယ်၊ သူငယ်နာ ဝမ်းပျက်တာပါရယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မျက်စိနှစ်ကွင်း အလင်းမရတာကလည်း အမေကြီးကို ခိုင်းမှာ ပဲ ကျုပ်ဘာပေးပါဦး၊ ကျုပ်အတွက် ဗိုက်ထဲ ဘာဖြစ်မှန်းမသိဘူး၊ သူ ဘယ်သူ့ ခိုင်းမယ်ထင်သတုံး (အမေပဲခိုင်းပါတယ် ဘုရား)။

ရုပ်ကိုခင်တာ အမေပါပဲ

အမေတာ တခြားမဟုတ်ပါဘူး၊ ရုပ်ကိုခင်တဲ့ဂ္ဂိုလ်ဟာ အမေပါပဲ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရုပ်ကိုခင်တဲ့ ပုဂ္ဂိုလ် ဘာဆိုကြမယ် (အမေပါ ဘုရား) ဒါဖြင့် ဒီအမေချည်းပဲ အမေတာဝန်လုံးလုံး ဖြစ်လိမ့်မယ်၊ မျက်စိနှစ်ကွင်း အလင်း မရတဲ့အတွက် (မှန်လှပါ)။

သူငယ်နာ ဝမ်းပျက်ကို သူကြုံမှာလား၊ သူ့အမေ ကြုံမှာလား (သူ့ အမေ ကြုံရမှာပါ ဘုရား) ဖြစ်မှဖြစ်ရလေ သားထူးသားမြတ် မွေးမိရက်ကြုံနေ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သားထူးမြတ် မွေးမိရက် ကြုံမနေဘူးလား။ ဒါရုပ်ဆုတောင်းလို့ နာမ်ဆုတောင်းလို့ နှိပ်စက်ပုံ မပေါ်ပေါ်အောင် ပြောနေတာ (မှန်လှပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဆိုတော့ ဒကာဒကာမတွေ သော် ပီဠနဋ္ဌောဆိုတဲ့ သဘောလေးတစ်လုံးကို ခုဆရာဘုန်းကြီး ဟောနေတာ တစ်နာရီနီးနေပြီနော်။

အချိန်တိုင်းနှိပ်စက်နေတယ်

ဦးစံရီရေ နှိပ်စက်ပုံကော ပေါ်ရဲ့လား (ပေါ်ပါပြီ ဘုရား) အင်မတန် နှိပ်စက်တယ်ဗျ။ နှိပ်စက်လိုက်တာ ဦးသာဌေး ဘယ်အချိန် အားမတုံး (မအားပါ ဘုရား)။

အချိန်တိုင်း နှိပ်စက်နေတယ် မျက်လုံးက ပါရဲ့လားဆိုတော့ မပါဘူး။ ကိန်းတဲ့အမေကတော့ ပြုစုပေတော့ (မှန်လှပါ ဘုရား)။

ရေတောင်းလည်းပေးဟုတ်လား၊ အဝတ်တောင်းလည်း (ပေးရပါတယ် ဘုရား)။ ချမ်းတယ်ဆိုရင်လည်း ထူတဲ့ အထည်ထုတ်ပေး (မှန်လှပါ ဘုရား) အဲ အိုက်လှချည့်ရဲ့ ဆိုရင်ကော အထည်လဲလှယ် (ထုတ်ပေးရပါတယ် ဘုရား)။

သူ့ခင်တဲ့ပုဂ္ဂိုလ်က ချွင်းချက်မရှိ အကုန်လုပ်ပေးရတယ်။ သူ့ဝမ်းပျက် ဝေဒနာကလည်း ပါလာသေးတယ်ဆိုတော့ ခဏခဏ ကျင်ကြီးစွန့်သေး (မှန်လှပါ ဘုရား)။

သူ့ခင်တဲ့ပုဂ္ဂိုလ်ကြုံရတယ်

ဒါ ဘယ်သူက ကြုံရမှာတုံး (ခင်တဲ့ပုဂ္ဂိုလ်ကပါ ဘုရား)။ အဲ သူ့ခင်တဲ့ပုဂ္ဂိုလ်က ကြုံသာကြုံ မညည်းနဲ့ မွေးမိပေါ့ကိုး ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အံမယ်လေး ကြောက်စရာကောင်းလိုက်တဲ့တရား ကိုထွန်းဦး ပီဠနဋ္ဌ မပေါ်ပေါ်အောင် ပြောနေတာ (မှန်လှပါ ဘုရား)။ ပရမတ်လည်း ဆိုက်နေတာပဲ (မှန်လှပါ ဘုရား)။

ဦးဘရီ မဆိုက်ဘူးလား (ဆိုက်ပါတယ် ဘုရား)။ ပီဠနဋ္ဌေကာ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီခုနင်က မျက်စိနှစ်ကွင်း အလင်းမရတာရယ်၊ ဒကာဒကာမတို့ သူငယ်နာဝမ်းပျက်ရယ်၊ ခင်ဗျားတို့ သန္တာန်မှာ ရှိပါရဲ့ လား (ရှိပါတယ် ဘုရား)။

ဒါကြောင့် ရုပ်တရားကြီးကို တော်တော်ကြာနဖူးစမ်းရ၊ ခြေဖျားစမ်းရ၊ လက်ဖျားစမ်းရ၊ ခြေတို့လက်တို့တော့ မကျိုးပါဘူး၊ သူက မျက်လုံးက ကန်းနေတော့ ဘယ်နေရာ ဘာရှိမှန်းမသိဘူး။

ဟိုဟာနဲ့တိုက်မိ၊ ဒီဟာနဲ့ တိုက်မိ၊ အမေလုပ်တဲ့ပုဂ္ဂိုလ်က ဟိုနေရာ ပတ်တီးစီးပေးရ၊ ဒီနေရာ ဆေးထည့်ပေးရ၊ ဒီလိုမနေရဘူးလား (နေပါတယ် ဘုရား)။ ခင်မင်သကိုးဗျ။

ခလုပ်မထိဆူးမငြိပါစေနဲ့

ခင်ဗျားတို့က ခလုပ်မထိ ဆူးမငြိပါစေနဲ့ ဆုတောင်းလိုက်သေး၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား) သူကလည်း မျက်လုံးကန်းတိုက်ချင်ရာ တိုက်တော့တာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သူက ဘာတဲ့တုံး (မျက်စိကန်းပါ ဘုရား) မျက်စိမမြင်တော့ တိုက်ချင်ရာတိုက်၊ လဲချင်ရာလဲလိုက်တာပဲ ရုပ်ဓမ္မထုံးစံက (မှန်လှပါ ဘုရား)။ ဖောက်ချင်သလို ဖောက်တယ်ပြောတာပေါ့ဗျာ (မှန်လှပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းကြပါပြီ ဘုရား)။

ဖောက်ချင်သလို ဖောက်တယ်ဆိုသဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ တွေက သူ့ကို မခင်တဲ့ ပုဂ္ဂိုလ်ဖြင့် ဆေးကုပေးစရာလည်း မလိုဘူး၊ သူ့ကျင်ကြီး ကြုံးစရာလည်း မလိုဘူး။

မင်း နှိပ်စက်တဲ့သား သွားရော့ကွာ ဒီလိုနှင်ထုတ်ဖို့ ကောင်းတယ် (မှန်ပါ့) ထုတ်နိုင်ကြရဲ့လား (မထုတ်နိုင်ပါ ဘုရား)။

ပီဠနဋ္ဌသဘောမကျလို့

ဒါဖြင့် မထုတ်နိုင် ပီဠနဋ္ဌ သဘောမကျလို့ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မထုတ်နိုင်ကတည်းက ဦးခင်မောင် ဘယ့်နှယ်ဆိုမယ် (ပီဠနဋ္ဌ သဘောမကျလို့ပါ ဘုရား)။

ဒါဖြင့် ပီဠနဋ္ဌော သဘောမကျရင် ပြုမြဲ စုမြဲတိုင်း ရိုသေကြပေတော့၊ ဝတ်မပျက်ကြစေနဲ့ (မှန်လှပါ ဘုရား)။ ဝတ်ပျက်ရင်သူက ကန်ကြောက်လိမ့်မယ် (မှန်လှပါ ဘုရား)။

ဒီကျအောင် မသိဘူးတဲ့၊ ခင်ဗျားတို့ သစ္စာသိဆိုတာ ဒီကျအောင် သိမှ အဖိုးတန်တာကိုဗျ (မှန်လှပါ)။

ဒကာဒကာမတို့ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။ ဒီကျအောင် မသိသေးလို့ရှိရင် ဦးဘကြည် ဒီခန္ဓာကြီးက လိုချင်ရက်တန်းလန်းလက်လှမ်းတုန်းပဲ (မှန်ပါ ဘုရား)။

ဒီဘဝက စုတေမနေ သေလွန်လို့ရှိရင်ဖြင့် ဒီထက်ကြီးကျယ်တဲ့ ဟုတ်လား (မှန်လှပါ)။ ခြေကျိုးလက်ကျိုးနဲ့ သည်းခြေရူးရရပါလို့၏။ နတ်ပေါ့ဗျာ ဟုတ်လား (မှန်လှပါ ဘုရား)။ ဒိထက်ကြီးကျယ်တဲ့ ဗြဟ္မာကြီး ဖြစ်ရပါလို၏။

ခြေကျိုးလက်ကျိုးနဲ့ သည်းခြေရူး ရရပါလို၏။ သည်းခြေရူးတောင် အငယ်မကြိုက်ဘူး၊ သဘောကျရဲ့လား (မှန်ပါ ဘုရား)။

ဘာကြိုက်၍ နေသတုံး ဦးဘအုန်းတို့က (အကြီးစားပါ ဘုရား) အကြီးစားထဲက ဟုတ်ပြီလား။ မျက်လုံးနှစ်ကွင်း အလင်းမရတဲ့ အပေါ် မျက်လုံးကြီး ကန်းနေတဲ့ပုဂ္ဂိုလ် ဝမ်းပျက်နေတဲ့ပုဂ္ဂိုလ် ဟုတ်ပြီလား။

တစ်နံပါတ်သဘောကျရင်

ဒါတွေပဲ ရချင်နေ အဓိပ္ပာယ် မရောက်ဘူးလား၊ ရောက်သလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီပီဠနဋ္ဌော ညှာတာမဖက် အမြဲနှိပ်စက်ဆိုတဲ့ သစ္စာအနက် (၁၆) ချက်မှာ ဒါ တစ်နံပါတ် ဟောလိုက်တာ (မှန်လှပါ)။

တစ်နံပါတ် သဘောကျလို့ရှိရင် ဦးဘကြည် ကျန်တာ အကုန် သဘောကျတယ် (မှန်လှပါ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ အခု ခန္ဓာကိုယ်ကြီးသည် အကောင်းတစ်ခု ပါရဲ့လား (မပါပါ ဘုရား)။ ရှိတာက ဘာရှိ နာမ်နဲ့ ရုပ်ပဲရှိတယ် (နာမ်နဲ့ရုပ်ပါ ဘုရား)။

ဓာတ်လေးပါး အမြဲဖောက်ပြန်တယ်

ရုပ်က မျက်စိနှစ်ကွင်း အလင်းမရတာရယ်၊ သူငယ်နာဝမ်းပျက်ရယ်၊ ဓာတ်လေးပါးကိုဗျ။ ဓာတ်လေးပါး အမြဲဖောက်ပြန်နေတယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီနာမ်ဓမ္မက ဘာတုံး (ခြေကျိုး၊ လက်ကျိုးပါ ဘုရား) ခြေကျိုးလက်ကျိုးဝမ်းတွင်းရူး၊ အံမယ်လေး ဖြစ်မှ ဖြစ်ရလေ ခြေကျိုးလက်ကျိုး ဝမ်းတွင်းရူးက ဘာပါလိမ့် (နာမ်ဓမ္မပါ ဘုရား)။

မျက်စိနှစ်ကွင်း အလင်းမရပဲနဲ့ သည်းခြေပျက်က ဘာပါလိမ့် (ရုပ်ဓမ္မပါ ဘုရား) သူငယ်နာဝမ်း ပါလာတာလေ (မှန်လှပါ ဘုရား)။

ဒီနှစ်ခုပေါင်းတော့ ခက်တယ်

ဒါက ရုပ်ဓမ္မ မဟုတ်လား (မှန်လှပါ) အဲ ဒီနှစ်ခုပေါင်း ပါတဲ့။ ခင်ဗျာတို့ ဒီနှစ်ခုပေါင်းတော့မှ ခက်တာပဲဗျ။

မပေါင်းခင်တုန်းက တစ်ယောက်စီ ပြုနေရတုန်းက ပြုနိုင်လိမ့်ဦးမယ် (မှန်ပါ)။ ပေါင်းမိပြီ (မှန်လှပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒကာ ဒကာမတို့ မပေါင်းခင်တုန်းက တော်သေးတယ်နော် (မှန်လှပါ)။ အခုပေါင်းမိပြီ။ ပေါင်းမိတော့ ခက်တာပဲ၊ မခက်သေးဘူးလား (ခက်ပါတယ် ဘုရား)။ မပေါင်းမိခင်တုန်းက သူ့အကြိုက် သူ့အလိုက်ဆိုလို့ရှိရင် တော် တော်သေးရဲ့။

ဟိုကူပြုလိုက်၊ ဒီကူပြုလိုက် ဟုတ်ဖူးလား အမေလုပ်တဲ့ ပုဂ္ဂိုလ်က (မှန်လှပါ) ဒီဘက်သည်းခြေရူး အလိုလိုက်ရ၊ ဟိုဘက်က ဝမ်းပျက်ကိုသွားကြုံးလိုက်ရ၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

နာမ်ရုပ်ဖြစ်ရပါလို၏

ကိုင်း ခင်ဗျားတို့ ဆုတောင်းထားတာက တစ်ယောက်စီ မွေးချင် တာလား၊ နှစ်ယောက် မွေးပါရစေ ဆုတောင်းတာလား (နှစ်ယောက် မွေးပါရစေ ဆုတောင်းတာပါ ဘုရား)။

သွားပြီ၊ သွားပြီ မရတော့ဘူး သွားပြီတဲ့။ နှစ်ယောက် မွေးပါရစေ ဆို၊ နာမ်ရုပ်ဖြစ်ရပါလို၏ကိုးဗျ (မှန်လှပါ ဘုရား)။

နာမ်ရုပ်ဖြစ်ရပါလို၏ဆိုတော့ ဒကာ ဒကာမတို့ သေမယ်ပြင်ကြပေ တော့ (မှန်လှပါ ဘုရား)။ ဘယ်လောက်များ ဆိုးသွားသလဲ မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။

အံမယ်လေး ဟောကို မဟောဝံ့အောင် ဖြစ်နေ၊ အကျိုးနဲ့ အကန်း ဆုံမိပြီ၊ တစ်ယောက်မှ အကောင်းမပါဘူး၊ ပါသေးရဲ့ လား (မပါပါဘူး ဘုရား) မပါတော့ပါဘူး။

ကိုယ်ရထားတဲ့ ခန္ဓာဟောနေသော

ဒါ ဒကာ ဒကာမတို့ ကိုယ်ရထားတဲ့ ခန္ဓာဟောနေတာနော်၊ သူများ ဟောနေတယ်များ ထင်မနေနဲ့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ခင်ဗျားတို့ ဆုတောင်းထားတာ ပြည့်မှလည်း ကောင်းမယ်၊ မပြည့်ရင် ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

ကဲ တစ်ခါတည်း ဝမ်းပျက်ရယ်၊ သည်းခြေရူးရယ် ပေါင်းကြ ပေတော့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အကျိုးနဲ့ အကန်း၊ အကျိုးအကန်းပေါ် ဘုန်းကြီးက ထည့်ထားတာ သည်းခြေပျက်က ပါလိုက်သေးတယ်၊ ဝမ်းပျက်ကရော (ပါ ပါတယ် ဘုရား) ပါသေးတာပဲ။

ဝိပလ္လာသ မကင်းသေးလို့ ထည့်ထားတာ (မှန်လှပါ)။ ဟုတ်ပြီလား။ ခုနင်က ဝမ်းပျက်ဆိုတာက ဓာတ်လေးပါး ဘယ်တော့မှ တည့်အောင်မပေါင်းနိုင်ဘူး (မှန်လှပါ ဘုရား) မြွေလေးစင်း ဟောထားတဲ့ နေရာ မပါသေးဘူးလား (မှန်ပါ ဘုရား)။

ဘယ်တော့မှ မထည့်ဘူးဆိုတာ မှတ်ထား (မှန်ပါ ဘုရား) အဲဒီတော့ ဝမ်းပျက်မဟုတ်ဘူးလားဗျ (မှန်လှပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆုတောင်းပြည့်ထားတဲ့ သားနှစ်ယောက်ကဖြင့် ဘယ်သားသည်ကားဆိုလို့ရှိရင် ကောင်းကျိုးပေးမယ့် သားလဲ (ဘယ်သားမှ ကောင်းကျိုးမပေးပါ ဘုရား)။

ဘယ်တော့များ တပည့်တော်တို့ (၁၅) နှစ် (၁၆) နှစ်ဆို မှီရကောင်း ပါရဲ့ စိတ်များ မကူးလိုက်ပါနဲ့။ စိတ်များမကူးလိုက်ပါနဲ့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

စိတ်မကူးလိုက်ပါနဲ့တဲ့ ခင်ဗျားတို့ စိတ်ကူးက ဒီထက်ဖောက်မယ် အောင့်မေ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီထက် သေသေချာချာ နှိပ်စက်မယ်ဆိုတာကော (သေချာ ပါတယ် ဘုရား)။ ဟာ ဒါဖြင့် အသက်ကြီးတော့ နောင်တကလေးများ ရကောင်းပါရဲ့ ဆိုတော့ ဘယ်တော့မှ နောင်တမရဘူး (မရပါ ဘုရား)။

သည်းခြေပျက်ကကော နောင်တရရဲ့ လား (မရပါ ဘုရား) ဝမ်းပျက်ကရော (မရပါ ဘုရား)။ ဝမ်းပျက်ကလည်း သေအောင်ပျက်မှာ (မှန်လှပါ)။ ပြုနိုင်ပါ့မလား (မပြုနိုင်ပါ ဘုရား)။

မပြုနိုင်တာချည့် ဆုတောင်းယူတာကို (မှန်လှပါ)။ နှိပ်စက် မှာချည့် ဆုတောင်းယူတယ်လို့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါ တယ် ဘုရား)။

ဘာဆုတောင်းယူကြသတုံး

ဒကာ ဒကာမတွေ ဘာဆုတောင်းယူကြသတုံး (နှိပ်စက်မှာချည့် ဆုတောင်းယူပါတယ် ဘုရား)။

နတ်ဖြစ်လည်း ဒီနှစ်ခုပဲ (မှန်လှပါ) ဗြဟ္မာဖြစ်တော့ကော (ဒီနှစ်ခုပါပဲ ဘုရား)။ ဘာတဲ့တုံး သူတို့က (ရုပ်နာမ်ပါ ဘုရား)။ ရုပ် နာမ်။

ရုပ်နဲ့နာမ်သည် သူ့ခင်တဲ့ ပုဂ္ဂိုလ်ကို ဘာလုပ်မယ် ထင်သတုံး (နှိပ်စက်ပါမယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ကလည်း ဆုတောင်းထားတာက မမွေးခင်ကတည်းက သူတို့ နှစ်ယောက်ကို အတော်ကြည်ညိုနေတယ်။

ကိုယ်တိုင်များ မွေးရတော့မယ်ဆိုတော့ ကိုယ်တိုင်ဖြစ်ရပြီဆိုတော့ ဒီထက် ကြည်ညိုကဲသွားတာပေါ့ဗျာ (မှန်လှပါ ဘုရား)။ မဟုတ်ဘူးလား။ ဒီဘဝမှာ ဆွမ်းတွေ ကွမ်းတွေနဲ့ ဒီသားနှစ်ယောက်ဖြင့် မွေးပါရစေ ဟုတ်လား။

သားနှစ်ယောက် တောင်းကြသလား၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား) မသိသေးခင်က သစ္စာမသိသေးခင်က တောင်းတယ် (မှန်လှပါ ဘုရား)။

သစ္စာသိပြီးသား ပုဂ္ဂိုလ်တောင်မှ ကြားမှာသူတို့နဲ့ ကွဲနေမလားလို့ လာသေး-မလာဘူးလား နိဗ္ဗာန်မရောက်မှီစပ်ကြား သူတို့နဲ့ နေရပါ စေလို့ (မှန်လှပါ) မလာဘူးလား (လာပါတယ် ဘုရား)။ နိဗ္ဗာန် မရောက်မှီ စပ်ကြား ဒီအကျိုးနဲ့ ဒီအကန်းနဲ့ ဘာတဲ့တုံး (တွေ့ရပါလို၏ ပါ ဘုရား)။

ပီဠနဋ္ဌောဟောနေတာ

တွေ့ရ၊ ကြုံရ၊ ဆုံရပါလို၏။ သဘောကျပြီလား (ကျပါပြီ ဘုရား) အတော်ကို ကြောက်စရာ ကောင်းတဲ့တရားပါလားဆိုတာ ပီဠနဋ္ဌ-တစ်လုံးတည်း ဟောနေတာ (မှန်လှပါ ဘုရား)။

ကဲ ဦးဘကြည် ဘယ်လောက်အဖိုးတန်သတုံး (မဖြတ်နိုင် ပါ ဘုရား)။ ဒါ သိလိုက်ရတာနဲ့ တော်ပြီကွ၊ တန်ပြီကွလို့ကဲ ဦးသာဌေး လာထိုက် မလာထိုက် (လာထိုက်ပါတယ် ဘုရား)။

ဒါ-ခန္ဓာကို ကြည့်လိုက်တော့မှ သူက နှိပ်စက်တဲ့ အချိန်ချည့်ပဲ။ သူက ရေတိုက်ပါဦး၊ နို့တိုက်ပါဦး ဟုတ်လား။

တိုက်ပေးပြန်လည်း ခင်ဗျား ရေနောက်ကြီး မတိုက်ပါနဲ့၊ ရေကြည်မှ တိုက်ဆိုချင်ဆိုတယ် (ဆိုပါတယ် ဘုရား)။

ဒီပြင် နေရာကျတော့လည်း အဖတ်ပါအောင် ထည့်ခဲ့၊ အရည်ချည့်မယူ ခဲ့နဲ့၊ ဖာလူဒါတို့ ဘာတို့ကျတော့ (မှန်လှပါ)။ အရည်မယူခဲ့နဲ့၊ အရည်ချည့် မသောက်ချင်ဘူးတဲ့။

အဲဒါကျတော့ အဖတ်ကလေးပါမှ ခင်ဗျားတို့သည်းခြေရူး ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဇီဇာကြောင်တယ်

တစ်ခါတလေကျတော့ သူက အကြည်ယူခဲ့၊ တစ်ခါတလေကျတော့ အဖတ်ရောပြီး ယူခဲ့ ဟုတ်လား (မှန်လှပါ) တစ်ခါတလေကျတော့ အရည်ချည့်ယူခဲ့။

တစ်ခါတလေကျတော့ ရေချိုယူခဲ့၊ တစ်ခါတလေကျ ရေချို မသောက်ချင်ဘူး၊ ရေချဉ်သောက်ချင်တယ်တဲ့၊ ဘယ်လောက်များ ရူးတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ အားသေးရဲ့လား (မအားပါ ဘုရား) နွေအခွန် ဆက်ရ၊ မိုးအခွန်ဆက်ရ၊ လမ်းသွားရင်းများ ဇီဇာကြောင်နေလိုက်တာဗျာ မပြောပါ နဲ့တော့။ ဒီခွက်နဲ့ မသောက်ချင်ဘူး။ ဘယ်တော့မှ မသောက်ဖူးဘူး။

အံမယ် ရှမ်းပြည်လို ဝါးခွက်ကလေးတွေနဲ့ မသောက်ချင်ဘူး၊ ဇီဇာကြောင်နေလိုက်တာများ၊ သည်းခြေထနေတာကိုး (မှန်လှပါ)၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာဒကာမတို့ ကိုယ့်အိမ်မှာရှိတဲ့ အိမ်မှာနေ့တိုင်း သုံးနေတဲ့ ပန်းကန်ခွက်ယောက်တောင်မှ ပဲ့တယ်၊ ရွဲ့တယ်ဆိုပြီး ဘယ့်နှယ်သုံး ကြသေးရဲ့လား (မသုံးတော့ပါ ဘုရား)။

ဘာပြုလို့ မသုံးတာတုံး (သည်းခြေရူးထလို့ပါ ဘုရား) သည်းခြေ ရူးထလို့ နကိုက ကိုယ်ကြိုက်တာ ကိုယ်ဝတ်ထားပြီး (မှန်လှပါ) ဒီပုံ ကလေးက လှတယ်၊ ဒီပန်းခက်ကလေးတွေနဲ့ ဒီအချိုးက အင်မတန် နေရာကျတာ ဟုတ်လား။

အဲဒါ အစတုန်းက သိပ်ပြီး ပဏာရနေတာ။ တော်တော်ကြာ ဘာဖြစ် လာပြန်သတုံး (သည်းခြေရူးထလာတာပါ ဘုရား)။ သည်းခြေရူးထလာ လို့ မသုံးနိုင်တဲ့ အဝတ်တွေ အိမ်ထဲ တပုံကြီးပဲ။

သည်းခြေထလာလို့ အိမ်မှာမရှိလို့ လိုက်ဝယ်ရတဲ့အဝတ်တွေကော (မနည်းပါ ဘုရား) အံမယ်လေး တယ်ပေါပါလား။ မဆိုးဘူးလား ဆိုးသလား ဒကာ ဒကာမတို့ (အလွန်ဆိုးပါတယ် ဘုရား)။

အလွန်ဆိုးဆိုတော့ သူ့နှိပ်စက်တာ ဘယ်သူ့ကိုတုံး မေးတော့ (သူ့ကို ခင်တဲ့သူပါ ဘုရား)။ သူ့ခင်တဲ့သူဆိုတော့ သူ့ကို ဆုတောင်းယူတဲ့ ကျုပ်တို့ခင်ဗျားတို့ကို ဆိုပါတယ် (မှန်လှပါ ဘုရား) သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ရုပ်၊ နာမ်သည် ကိန်းရာပုဂ္ဂိုလ်ကို ဘာလုပ်တတ်သတဲ့ (နှိပ်စက် တတ်ပါတယ် ဘုရား) သွားများ ယောင်လို့ ဆုမတောင်းကြနဲ့နော်။

နတ်ဆိုင်းဘုတ်၊ ဗြဟ္မာဆိုင်းဘုတ်ဆွဲ

နတ် ရုပ်၊ နာမ် ရရပါလို၏၊ နတ်ကလေးဆိုင်းဘုတ်ဆွဲ၊ သွားများဆု မတောင်းကြနဲ့၊ ဗြဟ္မာဆိုင်းဘုတ်ကော (မတောင်းတော့ပါ ဘုရား)။

နှိပ်စက်တာချည့်ပဲ ဆိုင်းဘုတ်ကတော့ ရေးချင်ရာ ရေးလိမ့်မယ်၊ မရေးပေဘူးလား (ရေးပါတယ် ဘုရား)။

စင်္ကြာဝတေးလို့လည်း ရေးချင်ရေးလိုက်လိမ့်မယ်၊ ရေးပင်ရေး သော်လည်း ဒါပဲ (မှန်လှပါ ဘုရား) ဒီအကျိုးနဲ့ ဒီအကန်းရမှာပဲ ဒကာ ဒကာမတို့ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘာဆုများတောင်းချင်သလဲ (ဘာဆုမှ မတောင်းချင် ပါ ဘုရား)။ ဒီနှိပ်စက်ခြင်းမှ လွတ်ရပါလို၏ ဒါပဲ ဆုတောင်းရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ညှာတာမဖက် အမြဲနှိပ်စက်တဲ့ ဒီဝဋ်ကြီးမှ ကျွတ်ရပါလို၏ ဆိုတော့ လာစရာရှိသေးသလား၊ ဒီပြင် မကောင်းတာတွေကော လာဦးမှာလား (မလာပါ ဘုရား)။ ကဲ ဦးစံရီတို့ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီအမေတော့ သေပေတော့

ကဲ ရုပ်နဲ့နာမ် နှစ်ခုပေါင်းလို့ရှိရင် ဒီအမေတော့သေပေတော့၊ ဦးခင်မောင် (မှန်လှပါ ဘုရား)။

သူက ခြေသန်တဲ့ ပုဂ္ဂိုလ် မျက်စိသာ မမြင်တာကိုး။ နောက်တစ် ယောက်က မျက်စိတော့မြင်တယ်၊ ခြေထောက်ကမပါဘူး။ ပေါင်းပေးလိုက်ပြီ။ ပေါင်းပြီးသကာလ သူတို့သွားချင်တဲ့ဆီ သွားကြလိမ့်မယ်။

အရွယ်ကလည်း ရောက်လာကြပြီကိုး (မှန်လှပါ) သူတို့လိုချင်တာ တွေ ကြိုက်တာတွေ အကုန်ယူလိမ့်မယ်။ မတဲ့တာ အကုန်စားလိမ့်မယ်။ တဲ့တာလည်း စားလိမ့်မယ်။

မသွားစေချင်တဲ့လမ်း သွားလိမ့်မယ်၊ သွားစေချင်တဲ့လမ်း မသွားဘူး။ ပေါင်းမိပကောဗျ။ အင်း တရားနာဖို့၊ တရားအားထုတ်ဖို့ကျတော့ မသွားချင်ဘူး၊ နှစ်ယောက်ပေါင်းမိပကော (မှန်လှပါ ဘုရား)။

ဒီပြင် နေရာကျလို့ရှိရင်ဖြင့် မကောင်းတဲ့လမ်း၊ အရုပ်ဆိုးတဲ့လမ်း၊ အကျည်းတန်မည့်လမ်း၊ ကံမကောင်းအကြောင်းမသင့်တဲ့ လမ်းကျတော့ (သွားပါတယ် ဘုရား)။

အဲဒီတော့ တားမရ ဆီးမရဆိုတော့ ကိန်းတဲ့အမေမှာ ဖြစ်မှ ဖြစ်ရ လေခြင်းဆိုပြီး ရင်မ နေရတော့တာပဲ မနေရဘူးလား (နေရပါတယ် ဘုရား)။ နာမ်နဲ့ရုပ်ပေါင်းမိသွားပြီလေ။

လိုချင်တဲ့ နေရာကို သူတို့ သွားနိုင်ပြီ၊ တစ်ယောက်က အပေါ်က၊ တစ်ယောက်က အောက်က အသွားသမား၊ တစ်ယောက်က လမ်းပြဆိုတော့ နာမ်နဲ့ရုပ် မပေါင်းမိသေးဘူးလား (ပေါင်းမိပါပြီ ဘုရား)။

ပေါင်းမိတဲ့အခါကျတော့ သုံးဆယ့်တစ်ဘုံထဲမှာ ဒယ်အိုးအကုန် လှည့်တာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒယ်အိုးအကုန်လှည့်တယ်ဆိုတော

ဒယ်အိုး အကုန်လှည့်တယ်ဆိုတာ အရမ်းသွားပြစ်လိုက်တာ၊ တားလို့ ရသေးရဲ့ လား (မရပါ ဘုရား)။ အရမ်းသွားပြစ်လိုက်တော့ အမေဖြစ်သူက ရုပ်အလိုလိုက်လိုက်ရ၊ နာမ်အလိုလိုက်လိုက်ရဆိုတော့ အမေလုပ်တဲ့ ပုဂ္ဂိုလ်ပါ ဒယ်အိုးထဲ ဆင်းလိုက်ရတာပဲ (မှန်လှပါ ဘုရား)။

သူက ဝမ်းခေါင်းမဟုတ်တာတွေ လျှောက် အောင်းပြန်တော့ကော (လိုက်ရပါတယ် ဘုရား)။ သူ့ခင်တဲ့ ပုဂ္ဂိုလ်က လိုက်ရတာပဲ။

အဲဒီတော့ ခင်ဗျားတို့ သားဆိုးနှစ်ယောက် နှိပ်စက်တာကို မသိသေး သမျှ ကာလပတ်လုံးဖြင့် ကျန်နေရာဟူသ၍ ကောင်းမကောင်း မရွေးနဲ့ တို့နေရာချည့်ပဲဟု ဆုံးဖြတ်ချက်။

တို့နေရာချည်းပဲဆုံးဖြတ်

ကျင်ကြီးပုံလည်း တို့နေရာ၊ ရေပုပ်ထဲလည်း တို့နေရာပဲ။ ပိုးလောက် ဖြစ်ရဦးမှာကိုး။ သစ်ပင် ကောင်းကင်ကော (တပည့်တော်တို့ နေရာပါ ဘုရား)။ သမုဒ္ဒရာတွေ ဟူသ၍ကော (တပည့်တော်တို့ နေရာပါ ဘုရား) သည်းခြေရူးနဲ့ ဝမ်းပျက်နဲ့ပေါင်းပြီ။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နေရာရွေးဦးမယ်ထင်သလား၊ ရွေးမယ် မရွေးဘူးဆိုတာ ဘုန်းကြီး ရှင်းပြမယ်။

ခင်ဗျားတို့ အိပ်ရာထဲ ရောက်ရင် စိတ်ကူးနေလိုက်တဲ့ဖြစ်ခြင်း၊ ဟိုဟာ စိတ်ကူး၊ ဒီဟာစိတ်ကူး၊ သားကူး၊ သမီးကူး၊ ဆွေကူး၊ မျိုးကူး။

ဒီစိတ်တွေဟာ ဘာတုံးလို့ မေးခဲ့ရင် သည်းခြေရူးထနေတာ ရိပ်မိပြီ လား (ရိပ်မိပါပြီ ဘုရား)။

သည်းခြေရူးထနေလိုက်တာ မနက်မိုးလင်းတော့ ညက အရူးထ ထားတဲ့အတိုင်းပဲ နှစ်ယောက်ပေါင်းပြီးသကာလ ကားနဲ့ ဟိုသွားလိုက်၊ ဒီသွားလိုက်၊ ခြေကျင်ဟိုပြေးလိုက်၊ ဒီပြေးလိုက် နှစ်ယောက်ပေါင်းမိသွားပြီးသည်းခြေရူးထနေလိုက်ကြတာ။

သူ့ခင်တဲ့ အမေဆိုရင် ဒီလမ်းသွားတာ အန္တရာယ်မှ ကင်းပါ့မလား၊ ငါ့သား၊ ငါ့သမီးတွေ နေရာမှ ကျပါ့မလား၊ သူခိုး၊ ဓားပြနဲ့များ တွေ့နေကြ မလားလို့ မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။

ဘယ်တော့များ အားကြဦးမတုံး (မအားပါ ဘုရား) ဘယ်သူ့များ ညှာသေးသတုံး (ဘယ်သူ့မှ မညှာပါ ဘုရား)။

ဘုရားကော (မညှာပါ ဘုရား)။ မညှာဘူး ကိုယ်တော်ကြီးပေမယ့် ညှာတယ်လို့ အောက်မေ့မနေနဲ့။ ဘုရားကိုယ်တော်ကြီးသည်ကားဆိုလို့ရှိရင် ဂိဇ္ဈကုဋ်တောင်ခြေအောက် ကြွတော်မူရတယ်။

ဒေဝဒတ်

ဒါမှ ဒေဝဒတ်က ကျောက်မောင်းဆင်ပြီး ချမှာမဟုတ်လား နှစ်ပါး ပေါင်းမိသွားတာ (မှန်လှပါ ဘုရား) နှစ်ပါးပေါင်းမိသွားတော့ ဟိုမှာ ဒဏ်ပိလို့များ မနေရဘူးလား (နေရပါတယ် ဘုရား)။

ဒါ ဝိပလ္လာသ ပယ်ပြီးသား၊ နောက်နောက်က ဝိပလ္လာသ အရှိန်အစော် ကြောင့် သွားရတာ (မှန်လှပါ ဘုရား) အရှိန်အစော် ရှိနေသေးတယ်။

ဝိပလ္လာသကို ပယ်ပြီးသား အရှိန်ကျန်နေတယ်၊ ကံကိုပယ်ပြီးသား၊ ဝိပါက ကျန်နေသေးတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ကံဆိုတဲ့ ဝိပလ္လာသတော့ ပယ်လိုက်တယ်၊ ဝိပါကဆိုတဲ့ ဝိပလ္လာသ တော့ (မပယ်သေးပါ ဘုရား)။

ဇီဝကဆေးကုယူရတယ်

မပယ်နိုင်တော့ သူတို့နှစ်ယောက် ပေါင်းသွားလိုက်တာ ဇီဝက မနည်း ကုယူရပါလား (မှန်လှပါ ဘုရား)။ ရိပ်မိကြပြီလား။ နှစ်ယောက်ပေါင်းသွား လိုက်မိတော့ (မှန်လှပါ ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့ အခုထိန်းနေရတာ ဘယ်သူ့ထိန်းနေရတယ် ဆိုတာ သိကြပြီလား (သိပါပြီ ဘုရား) ဟင်း နာမ်နဲ့ ရုပ်ပဲ မဟုတ်လား (မှန်ပါ ဘုရား)။

ပင်ကိုသဘော ပြောရလျှင် သည်းခြေရူးနဲ့ ဝမ်းပျက်ပဲ (မှန်လှပါ ဘုရား) ဘာနဲ့ ဘာတဲ့ (သည်းခြေရူးနဲ့ ဝမ်းပျက်ပါ ဘုရား)။

သည်းခြေရူးနဲ့ ဝမ်းပျက်ကို ခင်ဗျားတို့ သေသေချာချာ တွေးပါ၊ ဟုတ်ပါတယ်။ နာမ်ဓမ္မကတော့ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ ဆိုးတယ်တော့ မဟုတ်ဘူး “လိုတရစေ ကြိုးနဲ့ခွေ” ဆိုပြီး အကုန်သိမ်းခိုင်းတာပဲ (မှန်လှပါ ဘုရား) (နာမ်ဓမ္မက ဘယ်တော့မှ လွှင့်ပစ်တယ် မရှိပါ ဘုရား)။

မရှိဘူး၊ ခင်ဗျားတို့ ဘာဖြစ်လိုက်တာမှ မရှိဘူး၊ သည်းခြေရူးခိုင်းလိုက် တဲ့ဥစ္စာ ဘယ်တော့များ သူကြိုက်တာရယ်လို့ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

တကယ်ကြိုက်ရမည့်ပစ္စည်းကျတော့ လုပ်ရမည့်အလုပ်ကျတော့ အချိန်ဆွဲနေ။ သည်းခြေရူးမို့ ဒုက္ခသစ္စာတွေ (မှန်ပါ) နားထောင်ရမယ့် သဘော၊ ဒါတွေကျတော့ ဟောရင် မကြိုက်ဘူး။

ဒါတွေဟာ ကြီးမှ၊ အိုကြီးအိုမှကျရင် လုပ်ရတော့မလိုလိုဟုတ်လား၊ အခုစီးပွားရှာနေတုန်း၊ နောက်မှ ဆိုပြီး ဆင်ခြေတွေပေးနေလိုက်တာ။

ငယ်တုန်းတော့ပညာ

ငယ်တုန်းတော့ ပညာ၊ အလတ်ပိုင်းကျတော့ စီးပွားဟုတ်လား၊ ကြီးလာတဲ့အခါကျမှ သံသရာရေး (မှန်ပါ)။

သည်းခြေရူး ထလိုက်တာဗျာ မပြောပါနဲ့တော့ ဒကာဒကာမတွေ ဟုတ်ပြီလား (မှန်လှပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သည်းခြေရူးဝမ်းပျက်ကို ဘယ်အခါမှ မတွေ့ရင် ချမ်းသာတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီသည်းခြေရူးနဲ့ ဝမ်းပျက်ကိုသာ ခင်ဗျားတို့ အမြဲတန်းတွေ့ရပါလို၏ ဆိုရင်ဖြင့် ဦးသာဌေး သေပစ်လိုက်တာတောင် မပြီးသေးပါဘူး၊ သဘောပေါက် ရဲ့လား (သဘောပေါက်ပါပြီ ဘုရား)။

ခု – ကြိုးဆွဲချသေကြတာ၊ ထောင်ကျကြတယ်၊ ကြိုးပေးခံကြရတယ် ဆိုတော့ သည်ခြေရူးကြောင့် ဖြစ်ကုန်တာ (မှန်ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သည်းခြေရူးကြောင့်ဖြစ်တာ၊ ဒီပြင်အရူးကြောင့် မဟုတ်ဘူး။ တော်ကြာ ရန်သူမဟုတ်တာကို ရန်သူထင်ပြီး၊ မိတ်ဆွေမဟုတ်တာကို (မိတ်ဆွေ ထင်ပါတယ် ဘုရား)။

မိတ်ဆွေ ထင်ပြီးသကာလ တစ်ခါတည်း ပေါင်းလိုက်လို့ သူ့ပစ္စည်း လေး ယူသွားတဲ့ အခါကျလို့ရှိရင် ဟာ ရန်သူလုပ်ဦးမှပဲ ဆိုပြီး လုပ်ချင် လုပ်မှာပဲ။ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)။

ဒါဖြင့် သည်းခြေရူးဟာ စိတ်မှန်ပါရဲ့လား (မမှန်ပါဘူး ဘုရား)။

ဒါဖြင့် ဒီစိတ်တွေ၊ လောကီစိတ်တွေဟူသ၍ ကိုထွန်းဦး လုံးဝမရှိမှ သည်းခြေရူးပျောက်မယ် (မှန်ပါ) သဘောကျကြပြီလား (ကျပါတယ် ဘုရား)။

ဓာတ်လေးပါး မညီညွတ်ဘူး

ဒီရုပ်သည်ကားလို့ ဆိုလို့ရှိရင် အမြဲဝမ်းပျက်နေတယ် ဆိုတာတော့ ဓာတ်လေးပါး ဘယ်တော့မှ မညီညွတ်ဘူး (မှန်ပါ ဘုရား)။

မယုံရင် တစ်ခုပြပေးစမ်းပါ့မယ်။ ပထဝီဓာတ်ဆိုတော့ မြေဓာတ်က ထင်း၊ အာပေါဓာတ်ဆိုတော့ ဓာတ်ဆီ၊ ဝါယောဆိုတော့လေ၊ တေဇောဆိုတော့ မီး။

ဓာတ်လေးပါးက အဝိနိဗ္ဘောဂ မခွဲရဘူး တွဲရမယ်၊ တစ်ခုနဲ့တစ်ခု ဘယ်ဟာမှ အမြဲမတည်ဘူး (မတည်ပါ ဘုရား)။ ဝမ်းလျောရင် ခံနိုင်ပါဦး မလား (မခိုင်နိုင်ပါ ဘုရား)။

ဓာတ်ဆီနှင့် မီးကော တည့်ရဲ့လား (မတည့်ပါ ဘုရား)။ လေနဲ့ ကော တည့်ရဲ့ လား (မတည့်ပါ ဘုရား) ထင်းနဲ့ကော တည့်ရဲ့ လား (မတည့်ပါ ဘုရား)။

ကဲ မတည့်တာတွေဟာ ခဏခဏ ပြနေကြမှာပဲ (မှန်လှပါ ဘုရား)။ မတည့်တာတွေ တစ်မျိုးပြီးတစ်မျိုး ပြနေကြရင် အမေမိဘ ငိုလို့အားပါ့မလား (မအားပါ ဘုရား)။

အဲဒီတော့ အမေနဲ့တူတဲ့ သမုဒယသစ္စာ အမေပဲ။ သူ့ခင်နေလို့ ခင်ဗျားတို့ ခက်နေတာ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ရုပ်နာမ်သည် သတ္တဝါကို ဘာလုပ်တတ် (နှိပ်စက်တတ် ပါတယ် ဘုရား) အခုမှပေါ်လာတယ်။

ရုပ်နာမ်ဟာ နှိပ်စက်တတ်တယ်

ဒါဖြင့် ခင်ဗျားတို့ ရုပ်နာမ်ဟာ နှိပ်စက်တတ်တယ်လို့သိရသဖြင့် ဦးသာဌေးတို့ အများကြီးတော်လာပြီ (မှန်လှပါ ဘုရား) အများကြီးတော်လာပြီ။

ဘယ်ရောက်ရောက် နှိပ်စက်မယ် (မှန်လှပါ ဘုရား) ရုပ်နာမ် သတ္တဝါတို့ ကိန်းရာပုဂ္ဂိုလ်ကို ဒီပြင် ဘာများ ချီးမြှောက်သေးသတုံး (ဘာမှ မချီးမြှောက်တတ်ပါ ဘုရား)။

နှိပ်စက်တတ်တာ သက်သက်ပဲလား (သက်သက်ပါ ဘုရား) ဒါဖြင့် ဒုက္ခသစ္စာအစစ်ပဲ၊ နှိပ်စက်တတ်တာ အစစ်ဆိုရင် ဒုက္ခသစ္စာအစစ်ပဲ ဒကာ ဒကာမတို့ (မှန်လှပါ ဘုရား) ဦးဘကြည် ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သူ့မှာ သူ့ဝတ္တရားဘာတုံး (နှိပ်စက်တတ်တဲ့ ဝတ္တရားပါ ဘုရား)။ ရုပ်ကလည်း နှိပ်စက်တတ်တဲ့ ဝတ္တရား (မှန်ပါ) နာမ်ကကော (နှိပ်စက်တတ်တဲ့ ဝတ္တရားပါ ဘုရား)။

သူတို့ချင်း ပေါင်းမိပြန်တော့ (ပိုမိုနှိပ်စက်ပါတယ် ဘုရား)။ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးတို့သည် ဒီနယ်ကများ ထွက်သွားကြတာ မအံ့ဩနဲ့တော့ (မအံ့ဩပါ ဘုရား)။

ခင်ဗျားတို့လည်း ဒီနယ်က ထွက်အောင်တော့ လုပ်ပါ။ နှိပ်စက်တတ်တဲ့ သဘောကိုသိပါပြီ၊ အလုပ်လုပ်ဖို့ပဲ လိုတော့တယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ယခု ဒကာဒကာမတို့ တရားနာနေတဲ့ အချိန်တောင် တကယ် နှိပ်စက်တာသိရဲ့လား။ တော်တော်ကြာ ကွေးပေး၊ ဆန့်ပေး၊ ဟိုဘက်လှည့် ဒီဘက်လှည့်ရ နှိပ်စက်နေကြတာ နာမ်ဓမ္မတွေကလည်း တရားနာရင်းတောင်အိမ်ရောက်ချင် ရောက်နေတာ။

ဒီတော့ မင်းတို့ အင်မတန် နှိပ်စက်တဲ့ တရားတွေ နှိပ်စက်တတ်တဲ့ တရားမှ တစ်ပါး မင်းတို့ကို ဘယ်လိုမှ အမွှန်းတင်လို့ မရတော့ဘူး။

ချောလည်း မချောဘူး၊ လှလည်းမလှဘူး နှိပ်စက်တာ သက်သက်ပဲလို့ သိတာက ဒကာဒကာတွေ ဒါ မဂ္ဂင်ရှစ်ပါး၊ ဪ ကိုယ်မကြိုက်ပေမယ့် လည်း ကိုယ့်ကိုယ်ကို သနားသဖြင့် ကြိုးစားပါ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နှိပ်စက်တာ ဘယ်အချိန်လဲ

ဒကာဒကာမတို့ နှိပ်စက်တာ ဘယ်အချိန်လဲ၊ ဘယ်အချိန်မှာ မနှိပ်စက် သလဲလို့ မေးခွန်းထုတ်ရင် ဘယ့်နှယ်ဖြေကြမယ် (ဘယ်အချိန်မှ မရှိပါ ဘုရား)။

အိပ်နေတုန်းလည်း နှိပ်စက်တာပဲ၊ ထိုင်နေလည်း နှိပ်စက်တာပဲ။ ခင်ဗျားတို့ အခုခဏခဏ ပြောင်းနေရတာဟာ ဒုက္ခသစ္စာ ဝဋ်မှ ကျွတ်အောင် လုပ်နေတုန်း နည်းနည်းများ ဆိုင်းပါဦးလို့ တားလို့များ ရကြရဲ့လား (မရပါ ဘုရား)။

မင်းတို့နဲ့ ကျွတ်ချင်လို့ ဆရာကောင်း သမားကောင်းတွေ့လို့ ငါ့မှာ ဉာဏ်ကောင်းလေးပေါ်တဲ့ဆီ သွားနေတုန်း၊ မနှိပ်စက်ပါနဲ့လို့ တားလို့ရရဲ့ လား (မရပါ ဘုရား)။ မရဘူးတဲ့။

ဒါဖြင့် ခင်ဗျားတို့ သားဆိုးနှစ်ယောက် အဓိပ္ပာယ်ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

နာမ်လည်း သားဆိုး၊ ရုပ်ကရော (သားဆိုးပါ ဘုရား) အဲဒီတော့ “သားဆိုး အမေ တပေပေ”၊ ပါးစပ်ကသာပြောတာ (မှန်ပါ)။

ကဲ ဒါဖြင့် ဒကာဒကာမတို့ ဒါတွေ သားဆိုးတွေ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။ အခု ခင်ဗျားတို့ ဘယ်အချိန်အထိနှိပ်စက်ခံနေရ ပါသလဲ (သေသည်အထိခံရမှာပါ ဘုရား)။

ဒါဖြင့် သူ့ကျွတ်လွတ်မှသာလျှင် နေရာကျမယ်ဆိုတာ ကောပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ကျွတ်လွတ်အောင်လည်း ကြိုးစားကြ ရမယ်နော်။

ခင်ဗျားတို့ ကာမာဝစရကုသိုလ်လောက်များတော့ သူကနှိက်စက်မှာ၊ ရူပါဝစရကုသိုလ်ကော (နှိပ်စက်ပါ တယ် ဘုရား)။ သူက နှိပ်စက်မှန်းကောသိရဲလား၊ မသိဘူးဗျ။

ကဲ မဂ်ကုသိုလ် ဝိပဿနာကုသိုလ်က ကျေးဇူး ပြုလိုက်တဲ့ မဂ်ကုသိုလ်ကျမှ သြော် နှိပ်စက်တဲ့တရား မင်းတို့ ကြိုးစားမှ ဒုက္ခသစ္စာကွ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရုပ်ရောနာမ်ရော ဒုက္ခသစ္စာဆိုတာ သေချာပြီလား (သေချာ ပါပြီ ဘုရား)။ အဲဒီအချက်တွေဆရာကောင်း သမားကောင်းကလျာဏမိတ္တကို မတွေ့လျှင် သိကိုမသိနိုင် ဘူး၊ အားလုံး ဒကာ ဒကာမတွေ ရိပ်မိကြပြီလား။

ဘာ့ကြောင့်မဂ်ရတာတုံး

ခင်ဗျားတို့ မဂ္ဂင်လေးရတာ ဘာကြောင့်ရတာတုံး ကလျာဏမိတ္တ၊ ပြီးတော့ သဒ္ဓမ္မဿဝနဆိုတဲ့ တရားနာမှုကြောင့်ရတာ ကလျာဏမိတ္တနဲ့ပေါင်းရုံလေးနဲ့တော့ ဒီဥစ္စာမရနိုင်ဘူး။

ရှေးဦးစွာ (၁) ကလျာဏမိတ္တနဲ့ ရင်းနှီးအောင်လုပ်၊ သဘော ကျပြီလား (မှန်ပါ)။ ပြီးတော့မှ ခင်ဗျားတို့ (၂) တရားနာ (မှန်လှပါ ဘုရား)။ သဘောကျပြီလာ (ကျပါပြီ ဘုရား)။

ကလျာဏမိတ္တနဲ့ ရှေးဦးစွာပေါင်းရမယ်၊ ပြီးတော့မှ တရားနာဟုတ် လား ဒါဖြင့် သောတာပတ္တိမဂ် အင်္ဂါပြည့်မပြည့် (ပြည့်ပါပြီ ဘုရား)။

ခင်ဗျားတို့ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “သပ္ပုရိသ သံသေဝေါ သောတာပတ္တိ အင်္ဂံ၊ သဒ္ဓမ္မဿဝန သောတာပတ္တိ အင်္ဂံ ယောနိသောမနသီကာရ” ဆိုတော့ နှိပ်စက်တာ နှလုံးသွင်းတာ (မှန်ပါ)။ရှင်းပြီလား။

ဒါဖြင့် ဒီရုပ်နာမ်က ဘာလုပ်တတ်တုံး (နှိပ်စက်တတ်ပါတယ် ဘုရား) ခင်ဗျားတို့က နှိပ်စက်တယ်လို့ မထင်ဘူး။

ကိုယ့်ရုပ်နာမ်ကိုယ့်ခန္ဓာလေး ကျန်းမာမှ သူကျန်းမာမှ သူမကျန်းမာ ရင်ခက်တယ်။ ဒီလိုဆိုတော့ နှိပ်စက်တဲ့သဘောသိသေးရဲ့လား။ နှိပ်စက်တယ်လို့ ယူသေးရဲ့ လား (မယူပါ ဘုရား)။

အနာကင်းရှင်ဗာကူ

ဒါကြောင့် အနာကင်း-ရှင်ဗာကူခင်ဗျားတို့က၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အခုသစ္စာဟောတော့ ရှင်ဗာကူဆုများတောင်းချင်ကြသေး လား (မတောင်းချင်ပါ ဘုရား)။ ရှင်ဗာကူသည်ကား အဝတ်မခြုံပဲနေနိုင် ရဲ့လား (မနေနိုင်ပါ ဘုရား)။

မနေနိုင်ဘူးဆိုတော့ နှိပ်စက်ခံရတယ်၊ ရှင်ဗာကူနှိပ်စက်ခံလိုက်ရတာ မှငါးအမျိုခံရတယ်၊ ဒကာ ဒကာမတို့ ငါးအမျိုခံရတယ် (မှန်လှပါ ဘုရား)။

ရှင်ဗာကူအနာကင်းသလား

ငါးအမျိုးခံရတယ်ဆိုတော့ ရှင်ဗာကူအနာကင်းသလား၊ မကင်းဘူးလား (မကင်းပါ ဘုရား)။ “ဝိပါကဝဋ်ဗျ” ငါးအမျိုခံရသေးတယ်ဆိုကတည်းကရှင်ဗာကူများဖြစ်ချင်သေးသလား (မဖြစ်ချင်ပါ ဘုရား)။

ရှင်ဗာကူဖြစ်ချင်ရင် ငါးအမျိုခံနိုင်မှ ကိုက်မှာ၊ ဒီပြင်နည်းနဲတော့ မရဘူး၊ ကဲ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီနာမ်ဓမ္မကသည်းခြေရူးနဲ့ နှိက်စက်တယ်လို့ အမြဲတမ်း ရှုပေး၊ ရုပ်ဓမ္မက သူငယ်နာဝမ်းပျက်နဲ့ နှိပ်စက်တယ်ဆိုတာ အမြဲရှုပေး။

အဲဒါ နာမ်နှိပ်စက်တာ၊ ရုပ်နှိပ်စက်တာလားလို့ နေ့တိုင်းနေ့တိုင်းကြည့် နေလို့ရှိရင်ဖြင့်တဲ့ ဟာ သူငယ်နာဝမ်းပျက်က တယ်နှိပ်စက်ပါလား။

နာမ်ဓမ္မက ဟိုဟာမှတ်ချင်တယ်၊ ဒီဟာ မှတ်ချင်တယ်။ စားပွဲခင်း ဘယ်လိုခင်းလိုက်။ စားမည့်သောက်မည့်နေရာ ဘယ်လိုလုပ်လိုက်။

ဒီပြင်နေရာဘယ်လို ခင်းခဲ့ခင်းခဲ့ ဟုတ်လား ဘယ်လိုလုပ်လိုက်၊ ဘယ်လိုကိုင်လိုက် ဟင် အရူးထနေလိုက်တဲ့ ဖြစ်ခြင်းမပြောပါနဲ့တော့ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နှိပ်စက်ပြန်ပြီလို့လုပ်ပေး

ဘယ်သူ အရူးထနေတာတုံး (နာမ်ဓမ္မကပါ ဘုရား) ဟယ် နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီလို့ လုပ်ပေးနော်။

နှိပ်စက်ပြန်ပြီ၊ နှိပ်စက်ပြန်ပြီလို့ သိတဲ့အခါကျတော့မှ ရုပ်လည်း နှိပ်စက်တဲ့တရား၊ နာမ်လည်းနှိပ်စက်တဲ့တရား၊ ညှာတာမဖက် အမြဲနှိပ်စက် တဲ့တရား။

မင်းတို့ကိုဖြင့် နှိပ်စက်မှန်းသိလို့ မလိုချင်တော့ပါဘူး နှိပ်စက်မှန်းသိတာ (မဂ်ဉာဏ်)၊ နှိပ်စက်မှန်းသိလို့ မလိုချင်တာက ယခင်က အမေလုပ်တဲ့ တဏှာသေသွားတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒီတဏှာသေသွားတဲ့အခါကျလို့ရှိရင်ဖြင့် တဏှာအမေချော့မည့်သူ မရှိတဲ့အတွက် သားတွေလည်း သူတို့ဝေဒနာနဲ့ သူတို့သေကြပေတော့။ အမေလုပ်တဲ့ ပုဂ္ဂိုလ်က ပြုသေးရဲ့ လား။

သူတို့နှစ်ခု ဒုက္ခချုပ်သွားတယ်

မပြုတော့ သူငယ်နာရူးကလည်း ကျွမ်းထိုးမှောက်ခုံသွား၊ ဝမ်းပျက် ကလည်း သူ့အဝတ်ကို ဘယ်သူမှ ပြင်ပေးမည့်သူမရှိတာနဲ့ သေခြင်းဆိုး သေလိုက်ရှင်းပြီလား။

အဲဒီတော့ သူတို့နှစ်ခုဒုက္ခချုပ်သွားတာပဲ၊ ရှင်းပြီလား။

သူတို့မရှိလို့ ချမ်းသာက နိဗ္ဗာန်

အဲဒီတော့ ဒုက္ခချုပ်သွားတာ သူတို့နှစ်ခုမရှိတာ။ သူတို့နှစ်ခုမရှိတာကို အမှန်သိနေတာက မဂ္ဂသစ္စာ။ သူတို့မရှိလို့ ချမ်းသာတဲ့ နေရာက (နိဗ္ဗာန်) ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။