စိတ္တာနုပဿနာ အမှတ်(၄)
မှတ်ချက်။ ။မိုးကုတ်အဖွဲ့ချုပ်မှ ထုတ်ဝေသော စိတ္တာနုပဿနာကျင့်စဉ် စာအုပ်မှ စတုတ္ထအပုဒ် ဖြစ်ပါသည်။
ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး ရန်ကုန်မြို့၌
ဟောကြားဆုံးမတော်မူသော
စိတ္တာနုပဿနာ
(၁၂၊ ၇၊ ၁၉၆၂)
ရန်ကုန် ဒကာ ဒကာမတွေ ဘုန်းကြီးတို့လဲ အရင်းတွေ ပေါ့ဗျာ၊ ဒါတွေ သိပြီးသားတွေပဲ။
ပရိယတ်ကိုဖြင့် အားပေး မလျှော့ပါနဲ့ (မှန်ပါ့)။ အားပေး လျှော့လိုက်လို့ ရှိရင်ဖြင့် ခင်ဗျားတို့ ကျင့်စရာ လမ်းပေါက် ကို ဟောမည့် ပုဂ္ဂိုလ်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အကန်းလေးမွေး အကန်းလေးသေ
အဲဒီကဲ့သို့ မရှိလို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ စုံလုံးကန်း မွေးပြီး စုံလုံးကန်း သေမယ်လို့သာ စိတ်ကူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) မွေးတုန်းက ဘာမွေးမယ် (စုံလုံးကန်းပါ ဘုရား) သေသွားတော့ (စုံလုံးကန်း သေပါတယ် ဘုရား) ဒါဖြင့် အကန်းလေးမွေး အကန်းလေးသေတော့ ခင်ဗျားတို့ မသာ ဖိတ်စာ အကန်းမသာ ကြွတော်မူပါဖိတ်။
ဒီပရိယတ်သာ ကွယ်သွားရင် ဒီအတိုင်း လာမှာပဲ (မှန်ပါ) မလာဘူးလား၊ လာမလား (လာပါမယ် ဘုရား) သဘောပါကြပလား (ပါ-ပါပြီ ဘုရား) ဒါဖြင့် အခြေဟာ ဘယ်သူတုံးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။
ပရိယတ် အခြေခံ ပဋိပတ်က အညွန့်ခူးပြီး စကားပြော တာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ဒီက ဆရာတော်တွေ သမားတော်တွေကော ဘုန်းကြီးထက် ငယ်တဲ့ ပုဂ္ဂိုလ်တွေကော ဒါကို မလျှော့ကြပါနဲ့၊ ကိုယ့်ကန်ပေါင်ကြီး ကိုယ်မချိုးကြပါနဲ့လို့ ခုနင်က ဆရာတော်တွေ ကို ချီးမြောက်ရသေးတယ်နော် (မှန်ပါ့ ဘုရား)။
ထွက်ပေါက်ကို ပြပါတော့ မယ်
ဒကာ ဒကာမတို့ ဒါဖြင့် ထွက်ပေါက်ကို ပြပါတော့ မယ်နော် (မှန်ပါ့ ဘုရား) ဒါ ဘာသစ္စာတုံး (ဒုက္ခသစ္စာ ပါ ဘုရား) အခုရထားတဲ့ ခန္ဓာငါးပါးဟာ (ဒုက္ခသစ္စာပါ ဘုရား) ဘယ်ကာလပါလိမ့် (ပစ္စုပ္ပန် ကာလပါ ဘုရား)။
ဒါဖြင့် အခု တရားနာနေတာဟာ ဒီအကွက်ထဲ ရောက် နေတယ်၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) တရား နာနေတာသည် ၁-ကွက်မှာလား၊ ၂-ကွက်မှာလား (၂ ကွက်မှာပါ ဘုရား) ၁-အကွက်မှာ မိုက်လို့ပြီးခဲ့ပြီ၊ ယခု မိုက်ကျိုး ခံစားနေတာ သဘော ပေါက်ပါပလား (ပါ-ပါပြီ ဘုရား) အခု ဘာခံစားနေရတာလဲ (မိုက်ကျိုး ခံစားနေရပါတယ် ဘုရား) မိုက်ကျိုး ခံစား နေရတော့ မိုက်တာမှ မိုက်မှန်း မသိလို့ ရှိရင်ဖြင့် လူလိမ္မာဆိုလို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
မိုက်တာမှန်းသိရင် လူလိမ္မာ၊ မိုက်တာကို လူလိမ္မာ ထင် နေရင် မိုက်သထက် မိုက်တယ်လို့ ဓမ္မပဒ ပါဠိတော်မှာ သေသေ ချာချာ လာတယ် (မှန်ပါ့) မလာဘူးလား(လာပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ထွက်ပေါက်ကို ပြရင် ကောင်းပြီ ထင်တယ်၊ လည်တာတော့ ခင်ဗျားတို့ စာထဲမှာ လည် တတ်တာလား၊ ကိုယ့်ကိုယ်တိုင် လည်တတ်လာလား (ကိုယ့် ကိုယ်တိုင် လည်တတ်တာပါ ဘုရား)။
သမုဒယက မီး၊ ဒုက္ခက ထင်း၊
ဒါဖြင့် ဘုန်းကြီး သင်စရာမလိုဘူး၊ ဒါတွေတော့ တပည့် တော်တို့က ဝ,ခဲ့ပြီ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ကဲ ဒါတွေ ဝ,လို့ရှိရင်ဖြင့် ကိုယ်ဝ, တဲ့ဥစ္စာဟာလဲ ဒုက္ခနဲ့ သမုဒယ လည်တော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) သမုဒယက မီး၊ ဒုက္ခက ထင်း၊ ထင်းနဲ့ မီးလောင်ပြီး လည်နေတာ၊ သဘောပါကြပလား (ပါ-ပါတယ် ဘုရား)။ ထင်းနဲ့မီး (လောင်ပြီး လည်နေပါတယ် ဘုရား)။
စဉ်းစားကြည့်ပါတဲ့ ခင်ဗျားတို့၊ ခန္ဓာကိုယ်ထဲက နက်ဖြန် သိမ်ကြီး ဈေးသွားမယ် ဆိုတော့ ဘာလုပ်ဖို့ သွားမှာတုံး မေးလိုက်တော့ ငွေရချင်လို့ပေါ့ ဘုရား ဆိုတော့ ငွေရချင်တာက တဏှာ၊ သမုဒယ သစ္စာ ဟုတ်လား (မှန်ပါ့)။
ခန္ဓာကိုယ်ကြီး တဏှာခိုင်းတဲ့ဆီ မသွားရဘူးလား၊ သွား ရမလား (သွားရပါမယ် ဘုရား) သွားရတော့ ကိလေသာ မီးလောင်လို့ အပြေးအလွှား သွားကြတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘယ်သွားဦးမယ်၊ သမီးဆီ သွားဦးမယ်၊ သားဆီ သွားဦးမယ် ဆိုတာလဲ ဒကာ ဒကာမတို့ ဘာဖြစ်လို့ သွားတာပါလိမ့် (ကိလေသာ မီးလောင်လို့ပါ ဘုရား) လောင်ရင်း သွားတာ (မှန်ပါ့) လောင်လို့ သွားတာ (မှန်ပါ့) အိမ်စိတ်မချလို့ ပြန် လာတော့ ရိုးရိုး ပြန်တာလား၊ လောင်ပြီး ပြန်တာလား (လောင်ပြီး ပြန်တာပါ ဘုရား) အို စိတ်မချလို့ ပြန်ပါတယ်ဆို တော့ ဒေါသမီး လောင်ပြန်တာ (မှန်ပါ့) ဟိုသူနဲ့ တွေ့ချင် တယ်လို့ သွားတာကဖြင့် လောဘမီး လောင်ပြီး သွားတာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ကိုတဲ့ မီးမပါလို့ ရှိရင်လဲ ဒီအကြောင်း အကျိုး ဟာ မလည်လို့ ခဏ တရား ရပ်ထားတယ်နော် (မှန်ပါ့)
ယခု ဒကာဒကာမတို့ ၁-ကွက်မှာ နေသလား၊ ၂-ကွက်မှာ နေသလား (၂-ကွက်မှာ နေပါတယ် ဘုရား) ဘာသစ္စာနဲ့ နေကြပါလိမ့် (ဒုက္ခသစ္စာနဲ့ နေပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ခန္ဓာထဲ ဘာပေါ်ပေါ် ခန္ဓာထဲက ရုပ် ပေါ်လဲ ဒုက္ခသစ္စာ ပေါ်မှာပဲ၊ နာမ်ပေါ် ရင်ကော (ဒုက္ခသစ္စာ ပေါ်ပါတယ်) ဝေဒနာ ပေါ်ရင်ကော (ဒုက္ခသစ္စာ ပေါ်ပါ တယ်) ဖဿ ပေါ်ရင်ကော (ဒုက္ခသစ္စာ ပေါ်ပါတယ်) စိတ် ကလေး ပေါ်နေတာကော (ဒုက္ခသစ္စာ ပေါ်ပါတယ်)။
ေဩာ် ဒါဖြင့် ပေါ်ရာကို သိအောင် လုပ်ရလိမ့်မယ်၊ ဒကာ ဒကာမတို့ ပေါ်တာကို (သိအောင် လုပ်ရမှာပါ ဘုရား) သိအောင် လုပ်တော့မယ် ဆိုတော့ ဒကာ ဒကာမတို့ သောတာပန် တည်ချင်ကြတဲ့ ဒကာ ဒကာမတွေ ဒီအထဲ မပါဘူးလား (ပါ, ပါတယ် ဘုရား)။
သောတာပန်တည်မှ အပါယ်လေးပါး တံခါးပိတ်မယ် (မှန်ပါ့) သောတာပန် မတည်ဘဲနဲ့လဲ သကဒါဂါမ်၊ အနာဂါမ် ဖြစ် နိုင်ကြပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
သောတာပန် တည်ချင်ရင် စိတ္တာနုပဿနာ ရှုပါ
ဒါဖြင့် သောတာပန် တည်ချင်ရင် စိတ္တာနုပဿနာ ရှုပါ (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဆုံးမလိုက်ပြီ သောတာပန် တည်ချင်ရင် ဘာလုပ်ရမယ် (စိတ္တာနုပဿနာ ရှုရမှာပါ ဘုရား) ရှင်းပြီးနော် (မှန်ပါ့)။
သောတာပန်ဆိုတာ ဒိဋ္ဌိသက်တာ (မှန်ပါ) သတ်မှ သောတာပန် ဖြစ်နိုင်တယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒိဋ္ဌိကို သတ်ရမယ်၊ တဏှာကို သတ်ဖို့ မလိုသေး ပါဘူး (မှန်ပါ့)။
သမ္မောဟဝိနောဒနီ အဋ္ဌကထာမှာ ဒီအတိုင်းပါလာ တယ်၊
ဒါဖြင့် ဒကာ ဒကာမတို့ စိတ်ပေါ်မှာ ဒိဋ္ဌိ အများဆုံး ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား) ဒိဋ္ဌိက ဘယ်ပေါ်မှာ အများဆုံး လဲ (စိတ်ပေါ်မှာ အများဆုံးပါ ဘုရား) စိတ်ပေါ်မှာ အများ ဆုံးဆိုတာ သေချာပလား (သေချာပါတယ်) စဉ်းစားကြည့် ပါ၊ ငါကြားတယ် ဆိုတော့ ကြားစိတ်ကို ငါလို့ မစွဲဘူးလား (စွဲပါတယ် ဘုရား)။
ဒါဖြင့် ဒိဋ္ဌိပဲ (မှန်ပါ့) ငါစားနေတယ် ဆိုတော့ စား စိတ်ကို ငါမထင်ဘူးလား (ထင်ပါတယ် ဘုရား) ဒါဖြင့် စားတဲ့စိတ်ကို ငါထင်သောကြောင့် စိတ်ပေါ်မှာ ဒိဋ္ဌိ များတယ်။ ငါမြင်တယ် ဆိုတော့ မြင်စိတ်ပေါ်မှာ ငါမပါဘူးလား (ပါ ပါတယ် ဘုရား)။
မြင်စိတ်ကို ဘာစွဲသတုံး (ငါစွဲပါတယ် ဘုရား) ငါစွဲ ရင် ဒိဋ္ဌိပဲဆိုတာ သေချာပလား (သေချာ ပါတယ် ဘုရား)။
ငါ့ အကြံအစည် ဆိုပြန်တော့ကော ကြံစည်တဲ့ စိတ်တွေကို ဝိတက် စိတ်တွေကို ဝိတက်နဲ့ တကွ သဟဇာတ ဖြစ်တဲ့ စိတ်တွေကို ငါမစွဲ ကြဘူးလား (စွဲပါတယ် ဘုရား) ဒါဖြင့် သောတာပန် ဖြစ် ခြင်း အကြောင်းမှာ ဒိဋ္ဌိချုပ်မှ ဖြစ်ပါတယ် (မှန်ပါ့)။
ဒါဖြင့် စိတ်ကြောင့် ဒိဋ္ဌိဖြစ်တော့ စိတ်ကို ဝိပဿနာရှု ရလိမ့်မယ် (မှန်ပါ့ ဘုရား) ဒကာ ဒကာမတို့ ဘယ်ဟာ ဝိပဿနာ ရှုရမယ် (စိတ်ကို ဝိပဿနာ ရှုရပါမယ် ဘုရား)။
ဘယ်စိတ်ကို ရှုမှာတုံး
ဘယ်စိတ်ကို တပည့်တော်တို့ ရှုမှာတုံးလို့ ဒကာ ဒကာမ တွေက မေးလို့ရှိရင်ဖြင့် ခင်ဗျားတို့ ပုထုဇဉ်တွေ ဖြစ်သောကြောင့် ခင်ဗျားတို့ သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ စိတ်သုံး ခုဟာ မရှိဘူးလား (ရှိပါတယ် ဘုရား) မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားစိတ်၊ နာစိတ်တွေ ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။
အလောဘဆိုတဲ့ ပေးချင်မှု၊ ကမ်းချင်မှုကော (ရှိပါ တယ် ဘုရား) အဒေါသ ဆိုတဲ့ မေတ္တာစိတ် တွေကော (ရှိပါ တယ် ဘုရား) အမောဟ ဆိုတဲ့ တစ်ခါတလေ သိတဲ့ ပညာကလေး ကော (ရှိပါတယ် ဘုရား) ရှူတဲ့စိတ်နဲ့ ရှိုက်တဲ့စိတ်ကော (ရှိပါတယ် ဘုရား) အဲဒီစိတ်တွေ ကိုတော့ ဒီပြင်ဟာ ဘာမှမရှုနဲ့။
ဘာ့ကြောင့် ဒါကလေး ပြောရပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့ ဟို စိတ္တာနုပဿနာ သတိပဋ္ဌာန်မှာ ဘုရားဟော ထားတာက အရိယာတွေပါ ဟောထားတာ (မှန်ပါ့) ဒီအထဲ အရိယာများ ပါသလား (မပါ, ပါ ဘုရား) ရိုးရိုး ပြောပါ။ ခင်ဗျားတို့က လေပျော့နေတာ အရိယာပါ သလိုလို ဘာလိုလိုနဲ့ ပါကြရဲ့လား (မပါ-ပါ ဘုရား) မပါတော့ ပုထုဇဉ် တွေပေါ့ ဗျာ (မှန်လှပါ ဘုရား)။
အဲ ပုထုဇဉ်ဖြင့် ပုထုဇဉ်စိတ်ပဲ ရှုရမယ်၊ သောတာပန် သန္တာန် ဖြစ်တဲ့စိတ် မရှုနဲ့၊ သကဒါဂါမ် သန္တာန် ဖြစ်တဲ့ စိတ်ကော (မရှုရပါ ဘုရား) ရဟန္တာ သန္တာန် ဖြစ်တဲ့ စိတ်ကော (မရှုရ ပါ ဘုရား)။
ကိုယ့်စိတ် ကိုယ်ရှု
ဒါဖြင့် ကိုယ့်စိတ် ကိုယ်ရှု (မှန်ပါ့ ဘုရား) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား) ဘာတဲ့တုံး (ကိုယ့်စိတ်ကိုယ် ရှုရမှာပါ ဘုရား) ကိုယ့်စိတ်တော့ ကိုယ်မရှုတတ်တဲ့ ပုဂ္ဂိုလ်များ ပါသေးသလား (မပါ,ပါ ဘုရား)။
ဟုတ်ရဲ့လား ခင်ဗျားတို့ သေသေချာချာ စဉ်းစားလဲ ပြောကြပါ၊ ကိုယ့်စိတ်ကို ကိုယ်မရှုလို့ နိဗ္ဗာန် မရောက်တာ (မှန်လှပါ ဘုရား) ကိုယ့်စိတ်ကိုယ် ရှုရင် (နိဗ္ဗာန် ရောက်မှာ ပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ သန္တာန်ဖြစ်တဲ့ စိတ်ကလဲ ပုထုဇဉ် ပုဂ္ဂိုလ် စိတ်ရှုလို့ ရှိရင်ဖြင့် ၄၅-ပါးထက် ပိုမဖြစ်ပါဘူး (မှန်ပါ့) ၄၅ ဆိုတော့ ခင်ဗျားတို့ ဒီအရွယ် ခေါင်းဖြူ စွယ်ကျိုးမှ သဂြိုဟ်လာ တက်နေရဦးမယ် ဟုတ်ပါလား (မှန်ပါ့ ဘုရား)။
အဲဒီတော့ တပည့်တော်တို့ဘုရား မြန်မြန်သာ ပို့ပါ တော့ဆိုတော့ ကိုယ့်စိတ် ကိုယ်ရှု (မှန်ပါ့) သဘောပါကြ ပလား (ပါ-ပါပြီ ဘုရား) ဘာတဲ့တုံး (ကိုယ့်စိတ် ကိုယ် ရှုရမှာပါ ဘုရား)။
ဖြစ်ပျက်ရှုရမယ်
လောဘ လာလို့ရှိရင်လဲ လောဘကို ဖြစ်ပျက်ရှု၊ ဒေါသ လာရင်ကော (ဒေါသကို ဖြစ်ပျက် ရှုရပါမယ်) မောဟလာ ရင်ကော (မောဟကို ဖြစ်ပျက်ရှုရမယ်) လှူချင် တန်းချင် တဲ့စိတ်ကလေး လာရင်ကော (ဖြစ်ပျက်ရှုရပါမယ်) မေတ္တာ ထားတဲ့ စိတ်ကလေး လာရင်ကော (ဖြစ်ပျက် ရှုရပါမယ်)။
ခင်ဗျားတို့ မေတ္တာ ထားပါတယ်တော့ ပြောတတ်တယ်၊ မေတ္တာ စိတ်ကလေး ဖြစ်ပျက် ရှုပါဆိုတော့ အို မေတ္တာပျက် သွားမှာ စိုးလို့ မရှုတော့ဘူးလား၊ အတော်ဆိုးတဲ့ ဒကာ ဒကာမ တွေနော်။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒါ မနာယတန တာ စိတ်ပါပဲနော် (မှန်ပါ့) ဒါခင်ဗျားတို့ သန္တာန်မှာ ဖြစ်တဲ့ မြင်စိတ် ပေါ်ရင်လဲ ဒီကနေကြည့်၊ မြင်စိတ်ကို ဖြစ်ပြီး ပျက်တယ်လို့ ဉာဏ် ကလေးနဲ့ သိပေးစမ်း၊ သဘောကျပလား (မှန်ပါ့၊ ကျ ပါတယ် ဘုရား)။
မြင်စိတ်က ဖြစ်ပျက် ဆိုတော့ သိတာကမဂ် (မှန်ပါ့) ရှင်းပလား (မှန်ပါ့) မြင်စိတ်က ခင်ဗျားတို့ မြင်ပြီး မပျက် ဘူးလား (ပျက်ပါတယ် ဘုရား) အဲဒါကလေး သိအောင် လုပ်တာက ဘာဆိုမယ် (မဂ်ပါ ဘုရား)
ဒါဖြင့် ဖြစ်ပျက် မဂ်၊ သဘောပါပလား (ပါ, ပါတယ် ဘုရား) ဒီနေရာ မဂ်ဖြစ်တော့ ဒီအနီ ကြောင်း ကလေး ဘာဖြစ်သွားသလဲ (ပြတ်သွားပါ တယ် ဘုရား)။
ဒါဖြင့် ပြတ်သွားလို့ရှိရင် ဒီတဏှာနဲ့ ဒီစိတ်နဲ့ ဆက်မိ သေးရဲ့လား (မဆက်မိပါ)။
ဝိညာဏ ပစ္စယာ တဏှာ ဖြစ်သေးရဲ့ လား (မဖြစ် ပါ ဘုရား)။
ဖဿပစ္စယာ တဏှာဖြစ်သေးရဲ့ လား (မဖြစ်ပါ ဘုရား)။
ဝေဒနာပစ္စယာ တဏှာ ဖြစ်သေးရဲ့လား (မဖြစ်ပါ) ဒါစာမို့ ရေးထားတာ။
သူတို့က ဝေဒနာရယ်၊ ဖဿရယ်၊ စိတ်ရယ် တစ်ပြိုင်နက် ဖြစ်တာ၊ သဟဇာတတွေနော် (မှန်ပါ့) စိတ်ကို ဖဿကလဲ စိတ်တစ်ခုယုတ် ကိုးဆယ် ယှဉ်တယ်၊ ဝေဒနာကော (စိတ် တစ်ခု ဆုတ်ကိုးဆယ် ယှဉ်ပါတယ်) ယှဉ်နေတော့ ဒီတွင် ရောလျက်ပြီး မနေဘူးလား (နေပါတယ် ဘုရား)။
ဒါဖြင့် သူ့ကို အထူးပြုစရာ လိုသေးလား (မလိုပါ) သူ့ကော (မလိုပါ ဘုရား) မလိုတော့ ပေါ်တဲ့စိတ်၊ မြင်တဲ့ စိတ်လာရင် မြင်စိတ်ယူ၊ ဖြစ်ပြီး ပျက်သည်လို့ ဒီကနေ ဉာဏ်က ရှုပေး၊ သဘော ပါပလား (ပါ-ပါတယ် ဘုရား) ဒါဖြင့် မြင်စိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။
သေ တာက သမုဒယသစ္စာ
သေ တာက သမုဒယ၊ ဒီသမုဒယသစ္စာ လာသေးရဲ့ လား (မလာပါ) ဒီသမုဒယ သစ္စာ မလာလို့ ရှိရင် ဒီဒုက္ခ သစ္စာကော (မလာပါ ဘုရား)။
ဒါဖြင့် ဒီဘက်မှာ ဒကာ ဒကာမတို့ တဏှာ နိရောဓော နိဗ္ဗာနံ သမုဒယသစ္စာ ချုပ်တာလဲ နိဗ္ဗာန်ပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒုက္ခသစ္စာ ချုပ်တာကော (နိဗ္ဗာန်ပါ ဘုရား)။
ဟာ ဘယ့်နှယ်ကြောင့် ရပါလိမ့်မတုံး ဆိုတော့ ဒီမှာ မဂ်ဝင်လိုက်လို့ပဲ (မဂ်ဝင်လို့ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဒါကနည်းကို မြန်မြန်လွယ်လွယ် ပြတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒါက ပွားတဲ့မဂ်
တကယ် မဂ်စစ်လားလို့ မေးတော့ ပွားတဲ့ ဝိပဿနာမဂ် ပဲ ရှိသေးတယ်၊ နောက်ကျတော့ “မဂ္ဂါဘိညာ သကိံ မတာ” ဆိုတာ က သူရင့်လာလို့ရှိရင် လောကုတ္တရာမဂ် လာမယ်၊ မလာပေဘူး လား (လာပါတယ် ဘုရား) ဒါက ပွားတဲ့မဂ်။
နောက်ကျတော့ ဒကာ ဒကာမတွေ ဒိဋ္ဌိဝိစိကိစ္ဆာသတ် တဲ့ မဂ်က လာလိမ့်ဦးမယ်၊ မလာပေဘူးလား (လာပါတယ် ဘုရား) လာရင် ဘယ်နေရာလာမယ်၊ ဒီအစပ်ကို ဖြတ်မှာပဲ။ ရှင်းပလား (မှန်ပါ့ ဘုရား)။
(ဤနေရာ၌ စက်ဝိုင်းကိုထောက်၍ပြသည်။)
မပွားလို့ရှိရင် ဝေဒနာပစ္စယာ တဏှာ ဆိုပြီး စပ်ပါတယ် လို့ ပြောလိုက်တယ်၊ မစပ်ဘူးလား (စပ်ပါတယ် ဘုရား)။
တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)။ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား)။ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။ ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။
ဇရာ မရဏ ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့၊ သေခါနီးမှာ သောက ပရိဒေဝမလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီ သောက ပရိဒေဝဆိုတာ အာသဝတွေကို ဆိုပါ တယ်။
အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယာ ဆိုတော့ ပတ် မသွားသေးဘူးလား (ပတ်သွား ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် မပတ်ချင် ဘာလုပ်ရမတုံး၊ ဒီစိတ်ကို (ဖြစ် ပျက်ရှုရပါမယ် ဘုရား) ဒါဖြင့် စိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဒါဖြင့် သူက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) မဂ်ကလေးက ဘာသစ္စာ တုံး (မဂ္ဂသစ္စာပါ ဘုရား)။
ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ကြည့်
အဲ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ကြည့်၊ သဘောပါ ပလား (ပါ-ပါပြီ ဘုရား) ဒုက္ခသစ္စာကို (မဂ္ဂသစ္စာနဲ့ ကြည့်ရပါမယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာ ဖြစ်ရမတုံးဆိုတော့ ဒီကြည့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။
(စက်ဝိုင်းကို ထောက်၍ပြသည်)။
ဒီထဲပေါ်သရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) အင်မတန် ရှင်းသွား ပြီ ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါ တယ် ဘုရား) ကောင်းပြီ ဒါဖြင့် ဒီစိတ်က ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား)။
တဏှာသိမ်း နိဗ္ဗာန်၊ ဒုက္ခငြိမ်း နိဗ္ဗာန်
သေတာက သမုဒယ၊ သဘောကျပလား (ကျပါပြီ) နောက်ထပ် မလာတာက (ဒုက္ခ သိမ်းတာ) ဒုက္ခသိမ်းတာ မဟုတ်လား (မှန်ပါ့) ဒါဖြင့် တဏှာသိမ်း နိဗ္ဗာန်၊ ဒုက္ခငြိမ်း ကော (နိဗ္ဗာန်ပါ)။
ေဩာ် နိဗ္ဗာန်က ဒီနှစ်ကွက် ပြတ်သွားရင် ပြီးတာပဲ၊ သဘောပါကြပလား (ပါ,ပါတယ် ဘုရား)။
ဒါဖြင့် ဒီဒကာ ဒကာမတွေမှာ ထွက်လမ်း တွေ့ပလားလို့ မေးရင် (တွေ့ပါပြီ ဘုရား) မင်းတို့ကသာ တွေ့နေတယ်၊ ဒီမှာကြည့်ဦး၊ ဒီအစပ်ပြတ်မှ တွေ့တယ် (မှန်ပါ့)။
(စက်ဝိုင်းကိုထောက်ပြသည်)။
ဒီအစပ် မပြတ်ရင် (မတွေ့ပါ ဘုရား) ဟောဒီ အနီ အကြောင်းကလေး မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) အဲဒီတော့ အနီကြောင်းကလေးက ဒီဘက်ကို မစပ်ဘူးတဲ့ ။
စိတ်ချုပ်တာ မြင်ရင် ထွက်လမ်း
ဒကာ ဒကာမတို့ “စိတ္တနိရောဓာ တဏှာနိရောဓော’ ဖြစ် လို့ရှိရင် ပဋိစ္စသမုပ္ပာဒ် ထွက်လမ်း၊ စိတ်ချုပ်တာ မြင်ရင် ထွက်လမ်း ပဲ၊ သဘောကျပလား (သဘောကျပါပြီ ဘုရား) စိတ်ချုပ် တာ မြင်ရင် (ထွက်လမ်းပါ ဘုရား)
စိတ်ချုပ်တာက ဘာသစ္စာ၊ ဒုက္ခသစ္စာ (မှန်ပါ) မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)
ဒါဖြင့် ဒီနေရာမဂ်ပေါ်တော့ ဒီမဂ်က ဒီ-ဒကာ ဒကာမတို့ ဒီဘက် ထွက်မသွားဘူးလား (ထွက်သွားပါတယ် ဘုရား)။
ဒီဘက်ဆက်ပေးသေးသလား (မဆက်ပါ ဘုရား) ဖြတ်ပေးတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဖြတ်တော့ ဒီဘက် မထွက်ဘူးလား (ထွက်ပါတယ် ဘုရား) ထွက်တော့ကို “စိတ္တနိရောဓော တဏှာနိရောဓော” ပဋိစ္စသမုပ္ပာဒ် ထွက်လမ်း၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် အဝိုင်းပြေးသလား ထွက်သွား ပလား (ထွက်သွားပါပြီ ဘုရား) သဘောပါ ကြပလား (ပါ,ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ မြင်စိတ်ကလေးလာရင် ဘာ လုပ်မယ် (ဖြစ်ပျက်ရှု ရပါမယ်) ဖြစ်ပျက်ရှု ပေးနော် (မှန်ပါ့) ဥဒယဗ္ဗယကို မိအောင်ရှု၊ မြင်စိတ် ကလေးလာရင် (ဖြစ်ပျက်ရှုရပါမယ်)။
လောကီမဂ္ဂင် ငါးပါး
ဘာနဲ့ရှုမယ် (မဂ်ကလေးနဲ့ ရှုပါမယ်) လောကီမဂ္ဂင် ငါးပါးနဲ့ လိုက်စမ်းပါ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ ဆိုတဲ့ စာမှာ လာတဲ့ အတိုင်းပေါ့ဗျာ၊ သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင် နှစ်ခုပေါင်းပြီး ရှုလိုက်စမ်းပါ၊ သဘော ပါပလား (ပါ, ပါပြီ ဘုရား)။
ဒါဖြင့် ကြားစိတ်ကလေး လာရင်လဲ ဘာလုပ်မယ် (ဖြစ်ပျက်ရှုရမှာပါ) ဒါဖြင့် ဖြစ်ပျက် မဂ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) စိတ်ကလေးလာရင် (ဖြစ်ပျက်ရှု ရမှာပါ ဘုရား) ဖြစ်ပျက် မဂ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် စားစိတ်ကလေး လျှာပေါ်မှာပေါ်ပြီ (ဖြစ်ပျက်ရှုရပါမယ်) မဂ် မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား) သဘောပါပလား (ပါ,ပါတယ်) မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား) မလုပ်ဖြစ်မှာဘဲ စိုးရိမ်တယ်။
အဝိုင်းပြေးချင်လို့
ဒကာ ဒကာမတို့ တရားကတော့ အင်မတန် လွယ်တယ်၊ သဘောပါပလား (ပါ, ပါပြီ ဘုရား) မလုပ်ဖြစ်မှာသာ စိုးရိမ် ရတယ်၊ မလုပ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို ဘယ့်နှယ်ကြောင့် မလုပ်ဖြစ်ပါလိမ့် မလဲလို့ မေးလို့ရှိရင် အဝိုင်းပြေးချင်လို့သာ မှတ်ပေတော့၊ သဘောကျပလား (ကျပါပြီ) မလုပ်ဖြစ်တဲ့ ပုဂ္ဂိုလ် ဘယ့်နှယ် ကြောင့်ပါလိမ့် (အဝိုင်းပြေးချင်လို့ပါ ဘုရား)။
အဝိုင်းပြေးချင်လို့ ဆိုတော့ ခင်ဗျားတို့က ပုရွက်ဆိတ် ကလေးတစ်ကောင်သည် လင်ပန်းပေါ် အဝိုင်းပြေး နေတဲ့ အခါကျ တော့ ခင်ဗျားတို့က မျက်လုံးနဲ့ ကြည့်လိုက်တဲ့ အခါ ေဩာ် တိရစ္ဆာန်များ တယ်မိုက်ပါလား၊ အဝိုင်းသာ လှည့်ပြေးနေတာပဲ။
ဆင်းတာမှ မဟုတ်ဘဲ၊ ထွက်တာမှ မဟုတ်ဘဲ ဆိုပြီး မသနားကြ ဘူးလား (သနားပါတယ် ဘုရား) ကဲ့ရဲ့ကော မကဲ့ရဲ့ ဘူးလား (ကဲ့ရဲ့ ပါတယ် ဘုရား) တိရစ္ဆာန်ကို မသိရှာဘူး၊ သဘောပါ ပလား (ပါ, ပါတယ်) ခင်ဗျားတို့က ဘယ်လိုနေ ကြပါလိမ့် (အဝိုင်းပြေး ပြေးနေပါတယ် ဘုရား) အဝိုင်းကော မပြေးဘူးလား (ပြေးပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးက ဘယ်လို ညည်းရမလဲ၊ ပြော ပြပါဦး၊ ခင်ဗျားတို့ ဒီအဓိပ္ပာယ် မရဘူးလား (ရပါတယ် ဘုရား) သို့သော် မပြောပါဘူး အားနာတယ်၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ငါသည် လူ့တိရစ္ဆာန် တော့မဖြစ်ပါရစေနဲ့ ဆိုတဲ့ဥစ္စာကို ထွက်ရပ်လမ်း ရှာပါ၊ ဒီကနေ ထွက်ပါ။
ဝေဒနာက တဏှာစပ်လို့ ရှိရင် ဟော ဒီဘက်မှာတဲ့ ပဋိစ္စသမုပ္ပာဒ် လည်လမ်း၊ ဒီဘက် လည်လိမ့်မယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ) ဝေဒနာပစ္စယာ တဏှာ ဆိုတော့ ပဋိစ္စသမုပ္ပာဒ် ဘာတဲ့တုံး (လည်လမ်းပါ ဘုရား) အဲ ဒီကိုဆက်ရင် လည်လိမ့်မယ်တဲ့၊ ဒီကနေ ဒီပြန်ဆက်လို့ရှိ ရင် ဆက်လမ်း။
ဒကာ ဒကာမတို့ ဘုရားသည် ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ဖြစ်သလား ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်သလား (ဝေဒနာနဲ့ တဏှာကြားမှာ ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် အိန္ဒိယသွားဖို့ မလိုပါဘူး၊ ဒီနေရာတွင်ဖူး၊ ရိပ်မိ ပလား(ရိပ်မိပါပြီ) ဟိုဟာက ပညတ် ပြောနေတာ ပရမတ် က ဒီနေရာမှာ ဖြစ်တာ၊ ဒီနေရာမှာ မဂ်ဉာဏ် ရတယ် (မှန်ပါ့) သဘောပါ ပလား (ပါ, ပါတယ် ဘုရား)။
ဒီပစ္စုပ္ပန်ခန္ဓာနဲ့ အနာဂတ် အကြောင်းနဲ့ မဆက်တဲ့နေရာ မှာ ဘုရား ဖြစ်ရပါတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
ဘုရားဘယ်နေရာမှာဖြစ်သတုံး
ဘုရားဘယ်နေရာမှာဖြစ်သတုံး (ဝေဒနာနဲ့တဏှာ ကြားမှာ) သောတာပန် ဘယ်နေရာမှာ ဖြစ်သတုံး (ဝေဒနာ နဲ့တဏှာကြားမှာ) သကဒါဂါမ် ဘယ်နေရာမှာ ဖြစ်သတုံး (ဝေဒနာနဲ့ တဏှာကြားမှာ) ဒီကြား မဂ်ပေါ်ရမှာပဲ၊ သဘော ပါပလား (ပါ, ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားဖြစ်တဲ့ နေရာလဲ သိပြီနော်၊ မသိကြသေးဘူးလား (သိပါပြီ ဘုရား) အိန္ဒိယမှာ ဖြစ်သလား တဲ့၊ သူ့ဝမ်းထဲမှာ ဖြစ်သလား (သူ့ဝမ်းထဲမှာဖြစ်ပါတယ် ဘုရား)။
ခင်ဗျားတို့က အိန္ဒိယသွားပြီး ဘုရားဖူးနေလို့ ခက်နေ တယ် (မှန်ပါ့) ကိုယ့်ဝမ်းထဲမှာလဲ ကိုယ့်သန္တာန ်သောတာပန် ဖြစ်ချင်ရင် ဒီနေရာမှာ မဂ်ပေါ်ရမယ်၊ ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။
မဂ်ဟာ တခြားနေရာမှာ ပေါ်ရမှာလား၊ ဝေဒနာနဲ့ တဏှာကြား ပေါ်ရမှာလား (ဝေဒနာနဲ့ တဏှာကြား ပေါ်ရမှာ ပါ ဘုရား) အဲ ဝေဒနာနဲ့ တဏှာ မဆက်လို့ရှိရင် မဂ်၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ ယားစိတ်ကလေး လာရင်လဲ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှု တော့ ဒီကနေ ရှုရမှာ (မှန်ပါ့) ဒီကနေရှုတော့ ဒီဘက် အဆက် မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) သဘောပါ ပလား (ပါ, ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း
ဒါဖြင့် မဆက်တော့ဘူးဆိုတော့ ဒီဘက်မထွက်ဘူးလား၊ ထွက်သလား (ထွက်ပါတယ် ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပာဒ်ထွက်လမ်း၊ သဘောပါပလား (ပါ, ပါတယ်) ပဋိစ္စသမုပ္ပာဒ် ထွက်လမ်း ဆိုတာ နိဗ္ဗာန် ရောက်တာ ပြောပါတယ် အားလုံး သဘောပါကြပလား (ပါ, ပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ကိုယ်ပေါ်မှာ လေက လေးတိုက်တယ်၊ အခု လူတွေက များတဲ့ အထဲမှာ အိုက်တဲ့ ဝေဒနာ ကလေးချုပ်ပြီး သကာလ ချမ်းသာတဲ့ ဝေဒနာ ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒါ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ်) အဲ ချမ်းသာတဲ့ သုခသဟဂုတ် ကာယ ဝိဉာဏ်စိတ်ကလေးလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်၊ ဒီက ဘာဖြစ်မလဲ (မဂ်ပါ ဘုရား) ဒီက ဟဒယ ဝတ္ထုပေါ်ကနေပြီး မဂ်နဲ့ရှုပါ၊ သူက ကိုယ်ပေါ်မှာ ဖြစ်တာ၊ သူက ဟဒယ ဝတ္ထုပေါ်မှာဖြစ်တာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား) သူက ဘယ်ပေါ်မှာ ဖြစ်သတုံး (ကိုယ်ပေါ် မှာ ဖြစ်ပါတယ် ဘုရား) မဂ်က ဘယ်ပေါ်မှာ ဖြစ်သတုံး (ဟဒယဝတ္ထု ပေါ်မှာ ဖြစ်ပါတယ်)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပာဒ် ဆက်သေးရဲ့လား (မဆက် တော့ပါ ဘုရား) သူက ပဋိစ္စသမုပ္ပာဒ်၊ သူက ပဋိစ္စသမုပ္ပန္န၊ ဆက် သေးရဲ့ လား (မဆက်တော့ပါ ဘုရား)။
မဆက်ရင်ဒီနေရာမှာ ပွားများပါ၊ သောတာပန်တည်တဲ့ နေရာ၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား) သကဒါဂါမ်ကော (ဒီနေရာမှာပါပဲ ဘုရား) အနာဂါမ်ကော (ဒီနေရာမှာပါပဲ ဘုရား) ရဟန္တာကော (ဒီနေရာမှာပဲ ဘုရား) ဘုရားကော (ဒီနေရာမှာပါပဲ ဘုရား)။
ဒီနေရာ အရေးကြီးပါသလား ဒကာ ဒကာမတို့ (မှန်ပါ) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ကြုံတဲ့ အခါမှာ သတိပေးပါတယ်၊ ခင်ဗျားတို့ကို တာရှည် ချီးမြှောက်ချင် ငြားသော်လဲ မရလို့၊ ဒီနေရာမှာ တို့သောတာပန် တည်ချင်ရင် ဒီနေရာ မဂ်ပေါ်ဖို့ အရေးကြီးတယ်။
ဖြစ်ပျက်ကို သိတာမဂ်
မဂ်ဆိုတာ ဒကာ ဒကာမတို့ ဆုတောင်းယူရတာလား၊ ဖြစ်ပျက်ကို သိတာမဂ် ခေါ်မလား (ဖြစ်ပျက် သိတာ မဂ်ခေါ် ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ် ရရပါ လို၏ဘုရားလို့ ဘုရားရှေ့ လက်အုပ် ကလေးချီကာ အသနားခံ နေကြတယ် (မှန်ပါ့) အသနား မခံကြဘူးလား (ခံပါ တယ် ဘုရား)။
ကိုယ့်ဟာကိုယ် ရှုရမှာလား၊ ဘုရားက ပေးမှာလား (ကိုယ်ဟာကိုယ် ရှုရမှာပါ ဘုရား)။
နို့ ဘာဖြစ်လို့ သွားတောင်းနေသလဲ၊ ကိုယ့်ဟာ ကိုယ်ရှုရမှာ သွားတောင်းနေတယ်။
ဒကာ ဒကာမတို့ တပည့်တော်တို့ အမျိုးအရိုးကိုက တောင်းတတ်တဲ့ အမျိုးဘုရား၊ ဒီလိုများ ဆိုချင်သေးသလား (ဆိုရမှာပါ ဘုရား) ဆိုတော့ ကိုယ့်ပါးစပ်ကတော့ ဆိုနေတာပေါ့ ဗျာ၊ ကိုယ့်ပါးစပ်က ဆိုလို့တော့ ရမှာမဟုတ်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုယ့်ပါးစပ်ကတော့ဖြင့် ဝဋ်ဘဝတိုတိုနဲ့ မဂ်ဖိုလ်ရရပါ လို၏ ဘုရားဆိုပြီး ဆုတောင်းပြည့် ဘုရား မသွားဘူးလား (သွားပါတယ် ဘုရား) ဘုရားက ယူတော့လို့ ပေးလို့ နိဗ္ဗာန် ရပါရဲ့ လား (မရပါ ဘုရား)။
ကိုယ့်ဟာကိုယ် ပဋိစ္စသမုပ္ပာဒ် ပြတ်မှ မဂ်ဉာဏ်ပေါ်မှ နိဗ္ဗာန်မြင်တယ်၊ ဒါမှ “နိဗ္ဗာနံ မဂ္ဂဿ” ဖြစ်တယ်၊ နို့မို့ရင် ဖြစ် နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
တောင်းယူရမှာလား၊ လုပ်ယူရမှာလား
ဒါဖြင့် တောင်းယူရမှာလား၊ လုပ်ယူရမှာလား (လုပ်ယူရမှာပါ ဘုရား)။
ဒီက ရှေ့ပြင်ကြပါဦး ဒကာ ဒကာမတို့၊ ဘုရားတွေ့တိုင်း ခင်ဗျားတို့ နိဗ္ဗာန်သနားတော်မူပါ၊ နိဗ္ဗာန်ပေးတော်မူပါ ပြောဆို တောင်းကြတဲ့အတွက် ပေးနိုင်ရဲ့လား (မပေးနိုင်ပါ ဘုရား)။
ပေးနိုင်ရင် ရာဟုလားကို ထမ်းခေါ်သွားတယ် နိဗ္ဗာန်ကို၊ ရာဟုလောဝါဒသုတ် လို့ ဟောဖို့ မလိုဘူး၊ လိုသေးရဲ့ လား (မလိုပါ ဘုရား) ရာဟုလာ ကျင့်ရမည့် သုတ်ဟောဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဒါဖြင့် ဘုရားက နိဗ္ဗာန်ပေးနိုင်သလား၊ နည်းသာ ပေးနိုင် သလား (နည်းသာ ပေးနိုင် ပါတယ် ဘုရား) ဒါဖြင့် ဘုန်းကြီး တို့က ဘုရား အမွေခံပြီး နည်းပေးနေပြီ၊ ခင်ဗျားတို့က ဒီအတိုင်း လုပ်ရုံပဲ၊ ရှင်းပလား (မှန်ပါ)
ကဲ ဝမ်းထဲ လောဘစိတ်ကလေး ပေါ်မယ်၊ ဘာလုပ် ကြမလဲ (ဖြစ်ပျက်ရှု ရပါမယ်)။
ဒီကဖြစ်ပျက်ဆိုတော့ ဒီကမဂ်ဖြစ်မယ်၊ သဘောကျပ လား (ကျပါပြီ ဘုရား)။
ကောင်းပြီ ဒေါသစိတ်ကလေး ဒီမှာပေါ်မယ် (ဖြစ်ပျက်ပါ) ဒီတော့ ဘာနဲ့ရှုမယ် (မဂ်နဲ့ရှုရမှာပါ) ဖြစ်ပျက် နဲ့မဂ်နဲ့ ကိုက်သွားလို့ရှိရင် နိဗ္ဗာန် မရမရှိ (မှန်ပါ့) သဘော ကျလား (ကျပါပြီ)။
ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်သွားရင် (နိဗ္ဗာန် မရမရှိပါ ဘုရား)။
ကိလေသာ သာ မခြားစေနဲ့၊
ဒီကြားထဲ ကိလေသာ သာ မခြားစေနဲ့၊ ညနေအား ထုတ်ရင် နံနက်ရတယ်၊ ပဏ္ဏာသမှာ ဒီတိုင်း လာပါတယ် ဒကာ ဒကာမတို့ မဇ္ဈိမ ပဏ္ဏာသ ပါဠိတော်မှာ ညနေ အားထုတ်ရင် နံနက် ရတယ်၊ နံနက် အားထုတ်ရင် ညနေ ရတယ်၊ ဗောဓိ ရာဇကုမာရ မင်းသားလေးကို ဟောတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ နိဗ္ဗာန်ဝေးသလား နီးသလား (နီးပါ တယ် ဘုရား) ဘာဖြစ်လို့ မရောက် ပါလိမ့်မတုံး ဆိုတော့ တပည့်တော်တို့က ဆက်ဆက် ပစ်လိုက်တာပါ ဘုရား သဘောကျပလား (မှန်ပါ့) ဝေဒနာနဲ့ တဏှာနဲ့ကော (ဆက်ပစ်ပါတယ် ဘုရား) ဖဿနဲ့ တဏှာနဲ့ကော (ဆက်ပစ် ပါတယ် ဘုရား) စိတ်နဲ့ တဏှာနဲ့ကော (ဆက်ပစ်ပါတယ် ဘုရား)။
ေဩာ် ခင်ဗျားတို့ကတော့ အဆက် ဝါသနာပါ လိုက်တာ၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဒါကြောင့် နိဗ္ဗာန် မရတာ။
အဖြတ် ဝါသနာပါမှရမယ်
ဒီကရှေ့ အဖြတ် ဝါသနာပါမ ှရမယ် (မှန်ပါ့) သဘောပါကြပလား (ပါ, ပါပြီ ဘုရား) ဘာ ဝါသနာပါမှ ရမလဲ (အဖြတ် ဝါသနာပါမှ ရမယ်) ဖြတ်တတ်တဲ့ ဝါသနာပါ မှ ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဝမ်းထဲမှာ ရှူစိတ် ကလေးပေါ်လာရင်လဲ ရှူစိတ်ကလေးကိုရှူပြီး ပျက်တာပဲလို့ ဓမ္မရုံမို့ မနောဒွါရနဲ့ရှု သဘောကျတာက (မဂ်ပါ ဘုရား) ရှိုက် စိတ်ကလေး လာရင် ရှိုက်စိတ်ကလေး ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှု ရမယ်)။
ရှုတာက ဘာဖြစ်မယ် (မဂ်ဖြစ်ပါတယ် ဘုရား) မပြတ် ဘူးလား (ပြတ်ပါတယ် ဘုရား) ပြတ်တော့ ၃-က ၄ ကူးသွား သေးရဲ့ လား (မသွားပါ ဘုရား)။
(ဤနေရာ၌ စက်ဝိုင်းကိုပြသည်)။
ဒါဖြင့် ၃-သည် သမုဒယသစ္စာ ချုပ်တယ်၊ ၄-သည် ဒုက္ခသစ္စာ ချုပ်တယ်၊ ဟုတ်လား (မှန်ပါ့ ဘုရား) ဒါဖြင့် “တဏှာ နိရောဓာ နိဗ္ဗာနံ၊ ဒုက္ခနိရောဓော နိဗ္ဗာနံ” ဟုတ်, မဟုတ် – (ဟုတ်ပါတယ် ဘုရား)သဘောပါကြပလား (ပါ, ပါပြီ ဘုရား)။
တဏှာနိရောဓော (နိဗ္ဗာနံပါ ဘုရား)။ ဒုက္ခနိရောဓော (နိဗ္ဗာနံပါ ဘုရား)။
ဒါဖြင့် နိဗ္ဗာန်က ဒီနှစ်ကွက် ရှိတာပဲ (မှန်ပါ့) ခင်ဗျားတို့က ဒီကနေ ဖြတ်လိုက်လို့ရှိရင် ဒီနှစ်ကွက် ပေါ်သေး ရဲ့လား (မပေါ်ပါ ဘုရား)။
ချုပ်တာသာ လာတော့တယ်၊ပေါ်တာ လာသေးရဲ့ လား (မလာပါ ဘုရား)ဒါဖြင့် နိဗ္ဗာန် ရ မရ (ရပါတယ် ဘုရား)။
ဒါဖြင့် နိဗ္ဗာန်သည် ဒကာ ဒကာမတို့ဖြတ်မှရမယ် (မှန်ပါ ဘုရား)။
သံသရာသည် ဆက်မှရတယ် (မှန်ပါ့)သဘောကျ ပလား (ကျပါပြီ ဘုရား)နိဗ္ဗာန်ကတော့ (ဖြတ်မှရမယ် ဘုရား) သံသရာ ခရီးသည်ကတော့ (ဆက်ရပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အဆက်ကြိုက်သလား၊ အဖြတ် ကြိုက်သလား။ (အဖြတ်ကြိုက်ပါတယ် ဘုရား)အို ပြောသာ ပြောနေတာ၊ခင်ဗျားတို့က ဖြတ်ပါ ဆိုလို့ရှိရင်ဖြင့် ကြိုက်ကို မကြိုက်ဘူး၊ ဒီဓါးနဲ့ ဒီမျဉ်းနဲ့ ဖြတ်ကြပါလား ဆိုလို့ရှိရင် ကြိုက်ကြ ရဲ့လား (မကြိုက်ပါ)။
ဘာပြုလို့ မကြိုက်တာလဲ၊ အဆက်ကြိုက်တာ၊
ဒါကြောင့် နိဗ္ဗာန် မရတာ၊ပေါ်ပလား (ပေါ်ပါပြီ ဘုရား) သူများ ပြော တာလား၊ ကိုယ့် အကြိုက်နဲ့ နိဗ္ဗာန်နဲ့ ကိုက်ရဲ့ လား (ကိုယ့် အကြိုက်နဲ့ နိဗ္ဗာန်နဲ့ မကိုက်ပါဘူး ဘုရား)။
ဒါကြောင့် မရတာ၊ ဘုရားတွေက တို့များ မေ့လို့ထင်ပါရဲ့ လို့အောက်မေ့မနေနဲ့၊ သဘောပါပလား (ပါ ပါတယ်)။
စိတ်တစ်ခုနဲ့ အသက်ရှင်တယ်
ကောင်းပြီ ဒါဖြင့် တစ်နည်းပြောပါဦးမယ်၊ လူ တစ်ယောက်မှာ စိတ်တစ်ခုနဲ့ အသက်ရှင်နေတာ၊ တစ်ခုနဲ့အ သက် ရှင်သလား၊ နှစ်ခုနဲ့ အသက်ရှင်သလား (တစ်ခုနဲ့ အသက်ရှင်ပါတယ်)။
“ဧကစိတ္တ သမာယုတ္တာ” တစ်ခုသောစိတ်နဲ့ အသက် ရှင်တယ်၊ ဒီစိတ်ကလေးက ဖြစ်ပြီး ပျက်သွားတဲ့ အခါကျတော့ မသေသေးဘူးလား လူတစ်ယောက် (သေပါတယ် ဘုရား) ဥပမာ မောင်ကို တစ်ယောက်ဖြင့် မောင်ကို တစ်ယောက် သေတယ်၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဦးညွန့် တစ်ယောက်ဖြင့် (ဦးညွန့် တစ်ယောက် သေပါတယ် ဘုရား)။
စိတ်တစ်ခုနဲ့ အသက်ရှင်တာကိုး (မှန်ပါ့ ဘုရား) အဲဒီ အသေကို ဒီကနေပြီး သကာလ နောက်စိတ် ဆိုတာလဲ မပေါ်ဘဲ နေလို့မရဘူး (မှန်ပါ့)
အသေကို အရှင်နဲ့ ကြည့်ပါ
အဲဒီတော့ နောက်စိတ်နဲ့ အသေကို အရှင်နဲ့ ကြည့်ပါ(မှန်ပါ့) ဒကာဒကာမတို့ ဘာတဲ့တုံး (အသေကို အရှင်နဲ့ကြည့်ရမှာပါ ဘုရား)အကိုအရှင်နဲ့ (ကြည့်ရမှာပါ ဘုရား) အရှင်နဲ့ကြည့်တဲ့၊ နောက်စိတ်နဲ့ ကြည့် (မှန်ပါ့) သဘောပါပလား(ပါ, ပါပြီ)
နောက်စိတ်မှာ မဂ္ဂင်ပါ-ပါတယ်၊ အသေကို (အရှင်နဲ့ကြည့် ရပါမယ်) အသေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အရှင်က (မဂ္ဂသစ္စာပါ ဘုရား) ပြန်ကိုက်တာကိုး၊ ရိပ်မိပလား (ရိပ်မိပါပြီ) ပြန်မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။
ဒါဖြင့် အသေကို (အရှင်နဲ့ကြည့်ရပါမယ် ဘုရား) ဒါဖြင့် စိတ်သေတိုင်း, သေတိုင်း အရှင်နဲ့ ကြည့်မယ် ဆိုလို့ရှိရင် ဒီသံသရာ ပြတ်, မပြတ် (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီစိတ်နဲ့ အသက်ရှင်တယ်၊ နောက် ဒီစိတ်ကလေး သေသွား တော့နော် (နောက်စိတ် မလာရင် ဒကာဒကာမတို့ သုဿာန်ပို့ရမယ် (မှန်ပါ့) မပို့ရ ဘူးလား၊ ပို့ရမလား (ပို့ရပါမယ်)။
ဒါဖြင့် သုဿာန် မပို့ပါနဲ့တဲ့၊ နောက်စိတ်က ပေါ်လာ တော့ကို နောက်စိတ်နဲ့ အသက် မရှင်ရဘူးလား (ရှင်ရပါ တယ်) ဒါဖြင့် အရင်စိတ်နဲ့ အသက်ရှင်နေတဲ့ ဒကာတစ်ယောက်၊ ဒကာမ တစ်ယောက် မသေသေးဘူးလား (သေပါတယ် ဘုရား) ဒါဖြင့် အသေကို ဘာနဲ့ကြည့်ရမလဲ (အရှင်နဲ့ ကြည့်ရမှာပါ) အသေကို (အရှင်နဲ့ကြည့်ရမှာပါ ဘုရား) အသေကို (အရှင်နဲ့ကြည့်ရမှာပါ ဘုရား)။
အသေက ဒုက္ခသစ္စာ
ဒါဖြင့် အသေကို အရှင်နဲ့ကြည့်တော့ အသေဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) မရဏမ္ပိ ဒုက္ခံ လို့ ဘုရားက ဟောထားတယ်၊ ရုပ်၏မရဏ၊ နာမ်၏မရဏ၊ သဘောကျပလား (ကျပါပြီ) မရဏမ္ပိ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် အသေက ဒုက္ခသစ္စာ၊ အရှင်က ဘာသစ္စာလဲ (မဂ္ဂသစ္စာပါ ဘုရား) ဒါဖြင့် မဂ်ရဖို့ ဒကာဒကာမတို့ ဘယ်လို ရအောင် လုပ်ကြမတုံးဆို အသေကို အရှင်နဲ့ကြည့်ရင် မဂ်ရတယ် (မှန်ပါ့) အသေကို (အရှင်နဲ့ကြည့်ရင် မဂ်ရပါတယ် ဘုရား)။
သူများပြောလား၊ ခင်ဗျားတို့အတွေ့လား (အတွေ့ ပါ ဘုရား) သူများ ပြောသံကြားဆိုရင် ခင်ဗျားတို့ မယုံပါနဲ့၊ ဒါဖြင့် ကိုယ်အသေ ကိုယ်မြင်တာလား၊ သူများအသေ မြင်တာလား (ကိုယ့်အသေ ကိုယ်မြင်တာပါ ဘုရား)။
ကိုယ့်အသေက ဒုက္ခသစ္စာ၊ ရှင်းပလား၊ ကိုယ်မြင်တာက (မဂ္ဂသစ္စာပါ ဘုရား) ကိုယ့်အသေက (ဒုက္ခသစ္စာပါ ဘုရား) အသေထက် ဒုက္ခရောက်တာများ ရှိသေးသလား (မရှိပါ ဘုရား) ဒါဖြင့် ကိုယ့်အသေက (ဒုက္ခသစ္စာပါ) ကိုယ် မြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် ကိုယ့်အသေ ကိုယ်မြင်တ ဲ့ပုဂ္ဂိုလ်ဟာဖြင့်တဲ့ နောက် လူ့ဘဝ၊ နတ်ဘဝ ဆုတောင်းပါဦးမလား (မတောင်း ပါ ဘုရား) ဒီလိုချည်း သေနေမှာပဲ ဆိုတာ မသိဘူးလား (သိ ပါတယ် ဘုရား) အဲဒီတော့ ငြီးငွေ့မလာပေဘူးလား (လာပါ တယ် ဘုရား)။
ကိုယ့်အသေ ကိုယ်မြင်တာက ယထာဘူတဉာဏ် မြင်ဖန်များလို့ ငြီးငွေ့တာက နိဗ္ဗိန္ဒဉာဏ် (မှန်ပါ့)။
နောက် ရှုဖန်များတော့ ကိုယ့်အသေကြီး ကိုယ်လိုချင် သေးရဲ့ လား (မလိုချင်ပါ ဘုရား) မလိုချင်တာက ဘာလဲ (မဂ်ဉာဏ်ပါ ဘုရား)။
အသေဇာတ်သိမ်းတာနိဗ္ဗာန်
အဲဒီအချိန်ကျတော့ ဒီခန္ဓာငါးပါး အကုန်ပျောက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါတယ်) အသေဇာတ် မသိမ်းဘူးလား (သိမ်းပါတယ် ဘုရား) အသေဇာတ်သိမ်းတာ က ဘာခေါ်မယ် (နိဗ္ဗာန်) မြင်တာက (မဂ်ဉာဏ်) မဂ်ဉာဏ် ဆိုတာ ဒကာဒကာမတို့ ဒါဖြင့် နိဗ္ဗာန် ဝေးသလား၊ နီးသလား (နီးပါတယ် ဘုရား) ဒီက နိဗ္ဗာန်၊ ဒီက မဂ်ဉာဏ်၊ ပထမရှုတုန်းကတော့ ဒီက ဒုက္ခသစ္စာ၊ ဒီကမဂ္ဂသစ္စာ။
နိဗ္ဗာန် ဝေးသလား
နောက်မဂ်ရင့်လာတဲ့အခါ သီလမဂ္ဂင်ပါ တိုးလာတဲ့အခါ ဒီက နိရောဓသစ္စာ၊ ဒီက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဒီလိုဆိုရင် ဒကာဒကာမတို့ နိဗ္ဗာန် ဝေးသလား – နီးသလား (နီးပါတယ် ဘုရား)။
ဒါကြောင့် ဘုရားက “နိဗ္ဗာနဿဝ သန္တိကေ” လို့ သံယုတ ်ပါဠိတော်ကြီးမှာ ဟောထား တယ်၊ နိဗ္ဗာန် အနီးကလေးကွ၊ ဒကာ ဒကာမတို့ ဘုရားက နိဗ္ဗာန်ဘာတဲ့ (အနီး ကလေးပါ ဘုရား)။