စိတ္တာနုပဿနာ အမှတ်(၃)

စိတ္တာနုပဿနာ အမှတ်(၃)

(အလုပ်ပေး)

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့

မင်္ဂလာတိုက်၌ ဟောကြားတော်မူသော

စိတ္တာနုပဿနာ

၁၇၊ ၆၊ ၁၉၆၂၊ မိုးကုတ်မြို့။

ဒကာ ဒကာမတွေ ဒီနေ့ အလုပ် တရားကို ရှေ့ပိုင်းက ပေးရမယ်၊ ပြီးတော့မှ အလုပ်တရား ပေးပုံကို ရှင်သာရိပုတ္တရာ ဆိုတဲ့ ရဟန္တာကြီး ရှင် ကောဋ္ဌိက ဆိုတဲ့ ရဟန္တာကြီး နှစ်ပါးက ဒီလို လုပ်လို့ရှိရင်ကွာ တဲ့ မအို, မသေ, အမြဲနေတဲ့ နိဗ္ဗာန် ရောက်ပါတယ် ဆိုတာ သူတို့က ရဟန္တာ နှစ်ပါး အမေး-အဖြေ လုပ်ပြီး သကာလ မောင်နိုင်- ထောက်ခံချက် ပေးမယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ နိဗ္ဗာန်ရောက် တရားဟာ ရောက်ပြီးသား ကိုယ်တော် နှစ်ပါးက ထောက်ခံ ချက်တွေ ပေးပြီး သကာလ ဒီလိုလုပ်ရင် ရပါတယ်ကွာ ဆိုတာ ကိုစောမောင် သေသေချာချာ ပြောတယ် (မှန်ပါ့)။

နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် ဆိုတော့ မောင်နိုင်တို့ သိပြီး သား၊ ကိုယ်တော် တိုင် ပြောတာ ကို ခေါ်တာနော် (မှန်ပါ့)၊ ကိုင်း ဒါဖြင့် ပြောကြပါစို့၊ ဒကာ ဒကာမတွေ သန္တာန်မှာ စိတ်ဆိုတာ ရှိပါတယ်။

ပေါ်တာကိုသိမှပျက်တာ သိမှာ

စိတ်ဆိုတာသည် ဒကာ ဒကာမတွေမှာ တစ်ခါ တလေလဲ မြင်စိတ် ပေါ်တယ်လို့ ကိုစောမောင် မရှိဘူးလား (ရှိပါ တယ် ဘုရား) အင်း ဒီမြင်စိတ်လဲ ဂရုစိုက် ရလိမ့်မနော် (မှန်ပါ့)။

တစ်ခါတလေ လည်း ကြားစိတ် ပေါ်တယ် ဆိုတာ လဲ ရှိတယ်၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား) တစ်ခါတလေကျ တော့ မွှေးတာ နံတာကလေး သိတဲ့စိတ်ကလေး၊ နှာခေါင်း အစုံ ပေါ်တဲ့ စိတ်ကလေး (ရှိပါတယ် ဘုရား)။

ဒါလဲ တရားလို့မှတ်ကြနော်၊ ပေါ်တာကို သိမှပျက်တာ သိမှာကိုး (မှန်ပါ့)။

လျှာအလယ်မှာ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငန်တယ် ဆိုတဲ့ စားတဲ့ စိတ်ကလေးဟာ လျှာအလယ်မှာ ပေါ်တယ်၊ ဒါက စားစိတ် ကလေးပေါ့ဗျာ (မှန်ပါ့)။

ကိုယ်ကျတော့ကို တဲ့ ဆံဖျား၊ ခြေသည်းဖျား၊ အရေ ခြောက်ချန်ပြီး ကျန်တဲ့ နေရာမှာတဲ့ တစ်ခါတလေ နာကျင်ကိုက် ခဲတဲ့ စိတ်ကလေး၊ ယားနာတဲ့ စိတ်ကလေးလဲ ပေါ်တတ်တယ် (မှန်ပါ့ ဘုရား)။

တစ်ခါတစ်လေ ကျတော့ ချမ်းသာတဲ့ စိတ်ကလေးတွေ လေပြေ လေညှင်း တိုက်လို့၊ မီးလှုံလို့ ချမ်းသာတဲ့ စိတ်ကလေး တွေလဲ ကိုယ်ပေါ်မှာ ပေါ်တတ်တယ် (မှန်ပါ့)။

ကိုယ်ပေါ်မှာတော့ ချမ်းသာတဲ့စိတ်၊ ဆင်းရဲတဲ့စိတ် နှစ်မျိုး ပေါ်တယ် (မှန်ပါ့) ငါးမျိုး ရှိသွားပြီနော် (မှန်ပါ့)။

ချမ်းသာ-ဆင်းရဲတာ ချမ်းသာလဲ ရှုပေါ့လေ ဆင်းရဲ လဲရှုပေါ့၊ အလုပ်သမားတွေ ဒကာ, ဒကာမတွေ သေသေချာချာ မှတ်ရလိမ့်မယ်။

အပြင်ဧည့်သည် ငါးယောက်

အခု ပြောပြီးတာ မြင်စိတ်ရယ်၊ ကြားစိတ်ရယ်၊ နံစိတ်ရယ် စားစိတ်ရယ်၊ ယားယံ ကောင်းစိတ် ရယ်၊ ယားယံ ကောင်းစိတ် ဆို တာက ကိုစောမောင်- ကိုယ်ပေါ်မှာ ပေါ်တယ် (မှန်ပါ့)။

ဒါအပြင်ဘက်မှာ ပေါ် သောကြောင့် ကိုဝတို့က မှတ်၊ ကိုပေါ်တို့က မှတ်၊ အပြင်ဧည့်သည် ငါးယောက် (မှန်ပါ့)။

အပြင်ဧည့်သည် ငါးယောက်လို့ ဆရာဘုန်းကြီးက ဆိုင်း ဘုတ် ဆွဲပေးလိုက်တယ် ဆိုတော့ ဒါဟာ ပေါ်ချင်တဲ့ အချိန်မှာ ပေါ်တာ ဖြစ်သောကြောင့် ကိုစောမောင်က ဟုတ်တယ်ဟေ့လို့ ဆုံးဖြတ်ချက် ချ၊ အမြဲ ပေါ်တာ မဟုတ်ဘူး (မှန်ပါ့)။

ဒါက အရှုခံ တရားတွေ သိအောင်လို့ ပြောပေးနေပါတယ်။

အတွင်း ဧည့်သည်ခြောက်ယောက်

တစ်ခါ ဒါက ဝမ်းထဲ ပေါ်တဲ့ ဧည့်သည် ပြောကြအုံးစို့၊ ဝမ်းထဲပေါ်တဲ့ ဧည့်သည်ကတော့ တစ်ခါတလေ ကျတော့လဲ လို ချင်တဲ့ လောဘ စိတ်ကလေ းပေါ်တယ်၊ ဒါလဲ တစ်ခါတလေ ကျမှ ပေါ်တာ (မှန်ပါ)။

ကိုစောမောင်-တစ်ခုရရောပေါ့နော် (မှန်ပါ့ရပါပြီ)။

အကုသိုလ်ဘက်က သုံးခု

ဝမ်းထဲမှာ တစ်ခါတလေ ကျတော့လဲ အလိုမကျတဲ့ ဒေါသ စိတ်ကလေး များလဲ ပေါ်ချင် ပေါ်နေတာ (မှန်ပါ့) တစ်ခါ တလေ ကျတော့လဲ သံသယ ရှိတယ်။ စိတ်ပျံ့လွင့်တယ် ဆိုတဲ့ မောဟကော (ပေါ်ပါတယ် ဘုရား)။

ဝမ်းထဲမှာ အကုသိုလ်ဘက်က သုံးခုပေါ့ဗျာ (မှန် ပါ့)။

အလောဘစိတ်

ကုသိုလ်ဘက်ကတော့ တစ်ခါတလေကျတော့ ပေးချင် ကမ်းချင်တဲ့ အလောဘ စိတ်ကလေး လဲ ပေါ်တယ်၊ ပေးချင်ကမ်း ချင်တာ အလောဘစိတ်လို့ မှတ်လိုက် (မှန်ပါ)

အဒေါသစိတ်

တစ်ခါတ လေကျတော့ မေတ္တာရှိတဲ့ စိတ်ကလေးကော မပေါ်ဘူးလား။(ပေါ်ပါတယ် ဘုရား) အဲဒါက အဒေါသစိတ်လို့ မှတ်လိုက်ပါ၊ အ ဒေါသစိတ် ဆိုတာ သူများ မပြစ်မှားတဲ့ စိတ်ပေါ့ လေနော် (မှန် ပါ့ ဘုရား) ဂရုဏာထားတဲ့စိတ်၊ မေတ္တာထားတဲ့စိတ်ဟာ အဒေါသ စိတ်ပဲ- (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အမောဟစိတ်

အမောဟစိတ် ဆိုတာ တစ်ခါတလေ ကျတော့ ကျောက် ကလေးတွေ၊ ဘာလေးတွေလဲ ခင်ဗျားတို့ အကြံအစည်နဲ့ ကြံစည်တဲ့ အခါကျလို့ရှိရင် အဲဒါ မောင်နိုင်- *အမောဟစိတ်လို့ ခေါ်တယ် (မှန်ပါ့)။

မှတ်ချက်။ ။*လောကီ အတတ်ပညာများ သင်ကြားရာ၌ ဖြစ်သော ကြံစည်မှုကို အမောဟဟု ဆိုနိုင်သည်။

ဝိပဿနာ ကြံတာတော့ မဟုတ်ဘူးပေါ့ဗျာ- (မှန်ပါ့) ကိုယ့်လုပ်ခင်း ကိုင်ခင်းကို ကြံတာ ဦးဘရှင်းတို့ မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒါ အမောဟစိတ်လို့ မှတ်လိုက်နော် (မှန်ပါ့)။

အဲဒီတော့ ဝမ်းထဲမှာ ခြောက်မျိုးပေါ့ဗျာ၊ ဒါလဲ အတွင်း ဧည့်သည် ခြောက်ယောက်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အပြင်ကလဲ ခြောက်ဆိုလဲ ဟုတ်။ ငါးဆိုလည်း ဟုတ်

အပြင်ကလဲ ခြောက်ဆိုလဲ ဟုတ်တာပဲ၊ ငါးဆိုလည်း ဟုတ် တာပဲနော် (မှန်ပါ)။ ကိုယ်ပေါ်မှာလဲ သုခ, ဒုက္ခနဲ့ ဆိုတော့ အပြင်က ခြောက်ထား လိုက်ဦးတော့ (မှန်ပါ့)။

မှတ်ချက်။ ။ကိုယ်ပေါ် ပေါ်သည့်စိတ်ကို သုခ ဒုက္ခ နှစ်ခု ခွဲယူလျှင် အပြင် ဧည့်သည် ခြောက်ယောက် ဖြစ်သည်။

ဧည့်သည် ဆယ့်နှစ်ယောက် ကြုံတဲ့ အခါရှု

အတွင်းက ခြောက် ဆိုတော့ ဧည့်သည် ဆယ့်နှစ်ယောက် မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒါဧည့်သည် ဆိုသဖြင့် ကျုပ်တို့က ဝိပဿနာ ရှုတဲ့ပုဂ္ဂိုလ်မှာ ကြုံတဲ့ အခါ ရှုဖို့ပဲ၊ ဒီဆယ့်နှစ်ခု ကတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆယ့်နှစ်ခုကတော့ (ကြုံတဲ့ အခါရှုဖို့ပါ ဘုရား)။

ဒါဖြင့် မကြုံတဲ့အခါကျတော့ ဘယ့်နှယ် နေမလဲဘုရား လို့ ဆိုတော့ အို သက်စောင့် ရှိသေးတယ်လို့ ပြောရမယ် (မှန်ပါ့)။

သက်စောင့်က ဘာပါလိမ့်မတုံး

သက်စောင့်က ဘာပါလိမ့်မတုံး ဆိုတော့ နောက်က ဒကာ ဒကာမတွေ သက်စောင့်က လေကိုထုတ်နေတဲ့ စိတ်ကလေး၊ အဲဒါ မသေအောင် စောင့်တာပဲ၊ သတ္တဝါကို သုသာန် မပို့ရအောင် စောင့်နေတဲ့စိတ်၊ ကိုယ်-ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တစ်ခါ လေပြန်ရှိုက်တဲ့စိတ်၊ ဒီစိတ်ကလေး နှစ်ခုက တော့ ခုနင်က ဧည့်သည် ဆယ့်နှစ်ယောက် မရှိလို့ရှိရင် သူတို့နှစ်ခု က အသက် စောင့်နေတယ် (မှန်ပါ့)။

အရှုခံတရား ဆယ့်လေးခု၊

ဒါဖြင့် အားလုံး ဆယ့်လေးယောက် ကျသွားတယ်။ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အရှုခံတရား ဆယ့်လေးခု၊ မှတ်မိကြပလား (မှတ်မိကြပါပြီ ဘုရား)။ အရှုခံတရား (ဆယ့်လေးခုပါ ဘုရား)။

ဒါ သေသေချာချာမှတ်ပါနော် ၊ အရှုခံ တရားက အပြင်ဧည့်သည် ခြောက်၊ အတွင်း ဧည့်သည်က (ခြောက် ပါ ဘုရား) အိမ်သည်က (နှစ်ယောက်ပါ ဘုရား)။

ကောင်းပြီ ဒါတွေက စိတ်တရား ချည့်လို့ မှတ်စမ်းပါ၊ (မှန်ပါ) ဒီစိတ်တွေက ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အပြင် ဧည့်သည် လာလို့ ရှိရင်လဲ ဒါစိတ်လို့ပဲ ရှေ့ဦးစွာ မှတ်လိုက်တဲ့ အတွက် စိတ်ဆိုတာ နာမ်ဓမ္မလို့ မှတ်တော့ ေဩာ် – နာမ်ပဲ ဆိုတာ သေချာတယ် (မှန်ပါ့)။

စိတ်ဟူသရွေ့ဟာလဲ ရုပ်ပေါ်မှာ ပေါ်ရသည်

*စိတ်ဟူသရွေ့ဟာလဲ ရုပ်ပေါ်မှာ ပေါ်ရသည် ဖြစ် သော ကြောင့် ေဩာ် စိတ်ဟာ ဘယ်သူ့ အပေါ် ပေါ်ပါလိမ့် မတုံးဆိုတော့ ရုပ်ပေါ်မှာ ပေါ်ရတယ် (မှန်ပါ့)။

မှတ်ချက်။ ။*ပဉ္စဝေါကာရဘုံကို ရည်ရွယ်၍ ဆိုပါသည်။

ဒါဖြင့် စိတ်က နာမ်၊ အောက်က သူ့အခံက ရုပ်ပေါ့ဗျာ၊ (မှန်ပါ့) နာမ်ရုပ်လဲ ကိုစောမောင် ရှင်းတယ် (ရှင်းပါတယ် ဘုရား)။

မျက်လုံးစိတ် ဆိုလို့ရှိရင် ကိုစောမောင် မျက်လုံး ရုပ်ပေါ် မှာ ပေါ်မှာပဲ (မှန်ပါ) အဲဒီတော့ နာမ်ရုပ်ပေါ့ဗျာ။

နားစိတ် ဆိုလို့ရှိရင်လဲ နားရုပ်ပေါ်မှာ နားကြားတဲ့ စိတ်ပေါ်မှာပဲ (မှန်ပါ့) ဒီတော့ ကိုဝ နာမ်ရုပ် ခွဲစရာ လိုသေး သလား (မလိုပါ ဘုရား)။

သူ့နေရာနဲ့သူ တွဲလျက် တွဲလျက် ပေါ်နေတယ်

သူ့နေရာနဲ့သူ တွဲလျက် တွဲလျက် ပေါ်နေတယ် ဆိုတာ သိပြီးသား (သိပြီးသားပါ ဘုရား) ကိုစောမောင် ရှင်းသွား တယ် (မှန်ပါ့- ရှင်းပါတယ် ဘုရား) ဒကာကြီးလှိုင် သေသေချာချာ မှတ်ပါနော် (မှန်ပါ့)။

အဲဒီတော့ အခု ဆယ့်နှစ်ခုဟာ ခုနင်က အတွင်း ဧည့်သည် ခြောက်ယောက်လဲ ဟဒယ ဝတ္ထုပေါ်မှာ ချည့် အလှည့် ကျနဲ့ ပေါ်နေကြတာပဲ (မှန်ပါ့) ဒီတော့ ရုပ်ပေါ်မှာ ပေါ်တာ ပဲဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ကောင်းပြီး ရှူစိတ်နဲ့ ရှိုက်စိတ် ကကောလို့ မေးတော့ လဲ သူလဲ ဟဒယ ဝတ္ထု ပေါ်မှာ ပေါ်ကြတယ် ဆိုတော့ ရုပ်ပေါ်မှာ နာမ်ပေါ်တယ် ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။

နာမ်ရုပ်ပေါ်တာပဲ

ဒါဖြင့် ဒကာ ဒကာမတွေ သန္တာန်မှာ ဘာသာလျှင် ရှိသတုံးလို့ မေးတဲ့အခါ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် နာမ်ရုပ်ပေါ်တာပဲ (မှန်ပါ့) ဦးဘကလေးရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် (နာမ်ရုပ်ပဲ ရှိပါမယ် ဘုရား)။

ဒါဖြင့် မြင်တာလဲ နာမ်ရုပ်က မြင်တာ၊ ကြားတာကော (နာမ်ရုပ်က ကြားတာပါ ဘုရား)။

ကိုဝ ဒါဖြင့် နာမ်ရုပ် အထူးခွဲစရာ လိုသေးသလား (မလိုပါ ဘုရား)။

နာမရူပ ပရိစ္ဆေဒဉာဏ်

ရှင်းသွားပြီ တဲ့၊ ဒါ စိတ္တာနုပဿနာ ဟောမလို့ ရှေးဦး စွာ နာမ်ရုပ်ကို ကိုစောမောင် ဝေဖန် လိုက်တာ (မှန်ပါ့)။

ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်ရပြီ (မှန်ပါ့) နာမ်ရုပ် ပိုင်း ခြားသိတဲ့ ဉာဏ် မရသေးဘူးလား (ရပါပြီ) ရပြီလို့ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့။

ဒါဟာ ဒကာဒကာမတွေ နောက်တော့ အလုပ်တွေချည့် ပြောမှာ ဖြစ်နေတော့ ဒါဟာ ေဩာ်- ရှုစရာ တွေဟာ ဒီဆယ့်လေး ခုထက် ပိုမရှိပါကလား ဆိုတာ မှတ်ရုံပေါ့ (မှန်ပါ့) ဒါ-သေသေ ချာချာ မှတ်ထားကြပါ။

အရင်တုန်းက ဆယ့်နှစ်ခု ပြောတာ၊ (အခု ဆယ့်လေးခု၊ အတူတူပဲလို့သာ မှတ်လိုက်တော့ (မှန်ပါ) အတူတူပဲ သုခ ဒုက္ခ ခွဲလိုက်တာပဲ မောင်နိုင် (မှန်ပါ့)။

အကြောင်းအကျိုး ခွဲရဦးမယ်

ကိုင်း ဒါဖြင့် နာမ်ရုပ် ခွဲပြီးတော့ အကြောင်းအကျိုး ခွဲရဦးမယ်လို့ မဆိုရပေဘူးလား (ဆိုရ ပါတယ် ဘုရား)။

အကြောင်း အကျိုး ခွဲတော့ ဒီမှာ သိနေတာပဲ၊ မျက်လုံး စိတ်ကလေးဟာ အဆင်းနဲ့ မျက်လုံးရုပ်နဲ့ မပေါင်းမိဘဲနဲ့ မြင်စိတ် ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဒကာ ဒကာမတို့ အာရုံ ရယ် ဒွါရ ဆိုတဲ့ အကြည် ရုပ်ကလေး ရယ် နှစ်ခု တိုက်ဆိုင်မိလို့ ပေါ်လာတာ (မှန်ပါ့)

နားကျတော့ကော (နှစ်ခု တိုက် ဆိုင်လို့ ကြားစိတ်ပေါ်တာပါ ဘုရား) အသံက ကြားရုပ်နဲ့ တိုက်မိ လို့ (မှန်ပါ့ ဘုရား)။

ဝိစိကိစ္ဆာ သတ်လိုက်တာ

ဒီအတိုင်း သွားလိုက်တော့ ကိုစောမောင် ဒါ-ေဩာ် စိတ်ဖြစ်ခြင်း အကြောင်းလဲ ဒို့-သိပြီ၊ သိကြား, ဗြဟ္မာ, ဘုရား လာ ပြီး ထည့်တဲ့ စိတ် မဟုတ်ဘူး (မှန်ပါ့)။

နှစ်ခု တိုက်လို့ ပေါ်တဲ့ စိတ်တွေပဲ ဆိုတော့ ဒါက ဝိစိကိစ္ဆာ သတ်လိုက်တာ၊ ခုနင်က နာမ်ရုပ် ခွဲလိုက်တာက ဒိဋ္ဌိ သတ်လိုက်တာ (မှန်ပါ့)။

နှစ်ဉာဏ်ရသွားပြီ

နာမ်နဲ့ရုပ်သာ ရှိတယ်ဆိုတော့ ဒိဋ္ဌိ မသေသေးဘူးလား (သေပါတယ် ဘုရား) အလိုလို ပေါ်တာလား၊ အကြောင်း နှစ်ခု တိုက်ဆိုင်လို့ ပေါ်တာလား (အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်တာပါ ဘုရား)။

ဒါကျတော့ သူ့အလိုလို ပေါ်တာလား၊ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံး ဆိုတဲ့ သံသယ လာသေးရဲ့ လား (မလာပါ)။

ဒါဖြင့် ဝိစိကိစ္ဆာက သေသောကြောင့် ဒါသည် ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့တဲ့ နှစ်ဉာဏ်ရသွားပြီ (မှန်ပါ့)။ သိဉာဏ် နှစ်ဉာဏ် ရသွားပြီ (မှန်ပါ့)။

ပွားဉာဏ် မပါသေးဘူး

ကိုစောမောင် (သိဉာဏ် နှစ်ဉာဏ်ရပါပြီ ဘုရား) ပွားဉာဏ် မပါသေးဘူး (မပါသေးပါ ဘုရား) ဒါ သိဖို့ ဟောနေတယ် လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ်-လုပ်မည့် ပုဂ္ဂိုလ်တွေ က သေသေ ချာချာ မှတ် (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ် ဆိုတဲ့ နှစ်ဉာဏ် မောင်နိုင် ရသွားပြီ (မှန်ပါ့)။

နှစ်ဉာဏ်ရပြီး သကာလ သွားတဲ့ အခါကျတော့ နောက်ကျ တော့ ဖြစ်ပျက် ရှုတဲ့ သမ္မဿန, ဥဒယဗ္ဗယလို့ ဆရာဘုန်းကြီးက သင်ဖို့ လိုတယ်နော် (မှန်ပါ့)။

ဝိပဿနာ ရှုနည်းကလေးအမိန့် ရှိစမ်းပါ၊

အဲဒီတော့ ဒီလိုလုပ်ကြစို့ ရဲ့၊ ဒကာ ဒကာမတွေ ဝိပဿနာရှု ဆိုတာ အရှင်ဘုရား တဲ့၊ အရှင်ဘုရား များကတော့ ဝိပဿနာ ရှုပြီး နိဗ္ဗာန် ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါ တယ်၊

မိလိန္ဒမင်းကြီးက မေးတယ်၊ ဝိပဿနာ ရှုနည်းကလေး တပည့်တော်တို့ အမိန့် ရှိစမ်းပါ၊ တပည့်တော်လဲ နိဗ္ဗာန်ရောက် ကြောင်း လုပ်ချင်တဲ့ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အပါအဝင် ပါ။ မေးလိုက်တဲ့ အခါကျတော့ ဒကာကြီး တောထဲမှာ သစ်တွေ၊ ကျားတွေ မရှိဘူးလားတဲ့ (ရှိပါတယ် ဘုရား)။

အဲ-သစ်တွေ ကျားတွေဟာ သူတို့စားချင်တဲ့ သမင်, ဒရယ်, ဂျီငယ်, စိုင်, ဆတ်, ယုန် အစ ရှိသည်တို့ကို အပြေးလိုက် ဖမ်းသလား၊ ချောင်းပြီး ဖမ်းသလား မေးတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ဘယ့်နှယ်ထင်ကြသလဲ (ချောင်းပြီး ဖမ်းပါတယ် ဘုရား)။

ချောင်းဖမ်းပါ

ချောင်းပြီး ဖမ်းရတယ်၊ အပြေးလိုက်ဖမ်းရင် သူ့ထက် အပြေးသန်တဲ့ ပုဂ္ဂိုလ်ကို-ကိုဝ မိပါ့မလား (မမိပါ ဘုရား)။

ဒါဖြင့် ချောင်းဖမ်းပါဆိုတော့၊ ထို့အတူပဲ ဒကာ ဒကာမ တွေက သမာဓိကောင်းကောင်းနဲ့ ချောင်းနေပါ၊ ချောင်းနေတဲ့ အခါ မြင်စိတ် ပေါ်ရင် မြင်စိတ် ဖြစ်ပျက်ရှုပေး – (မှန်ပါ့) ဉာဏ်နဲ့နော် (မှန်ပါ့ ဘုရား)။

ချောင်းနေပါ သမာဓိ ကောင်းကောင်းနဲ့ စောင့်နေပါ ကိုစောမောင် (မှန်ပါ့) ကြားစိတ် ပေါ်ရင် (ကြားစိတ် ဖြစ် ပျက်ရှု) ကြားစိတ် ဖြစ်ပျက် ရှုလိုက်၊ နံစိတ်ပေါ်ရင် (နံစိတ် ဖြစ် ပျက်ရှု)။

အေး တောထဲက ကျားတို့ သစ်တို့ဟာ ကိုယ်တို့ ကိုဝတို့ ချောင်းဖမ်း- ဖမ်းပြီး သူတို့က အကောင်ကြီးတွေ ဖြစ်လို့ သူတို့ထက် မြန်တဲ့ အကောင်တွေကို စားသောက် ရအောင် ချောင်းပြီးမှ ဖမ်းရသလို ခင်ဗျားတို့လဲ ဆိတ်ငြိမ်တဲ့ နေရာမှာ သမာဓိကလေး တည်ပြီး ချောင်းဖမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာကြီးလှိုင် ဒီအတိုင်း ရှုလို့ မရဘူးနော် (မှန်ပါ့) ချောင်းဖမ်း ရမယ် ဆိုတဲ့ အဓိပ္ပာယ်ကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သမာဓိကောင်းကောင်းနဲ့ သမာဓိတည်း ဟူသော ချုံထဲမှာ အောင်းပြီး သကာလ ဉာဏ်တည်း ဟူသော ကျားက ဖြစ်ပျက်တည်း ဟူသော သားကောင်ကို ဖမ်းရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အလုပ်ကို ရှင်းရှင်းပေးနေတယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

သမာဓိ ချုံထဲမှာ အောင်း

အလုပ် ရှင်းရှင်းပေးနေတယ် ဆိုတာ ကိုစောမောင် မှတ်မိပလား (မှတ်မိပါပြီ) သမာဓိ တည်း ဟူသော ချုံထဲမှာ အောင်းရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အေး-သမာဓိတည်းဟူသော ချုံထဲမှာ အောင်းပြီး သကာလ ကျားနဲ့ တူတဲ့ ဉာဏ်သည် သားကောင်နဲ့ တူတဲ့ ဝိညာဏ် စိတ်တွေကို ဖမ်းရမယ် (မှန်ပါ့) မမိပေဘူးလား (မိပါ တယ် ဘုရား)။

အပြေးလိုက် ဖမ်းလို့ရှိရင် လွတ်သွား မှာပဲ

အဲဒီတော့ သမာဓိ ချုံထဲမှာ မအောင်းလို့ရှိရင်ဖြင့် ဉာဏ် တည်းဟူသော ကျားဟာ အပြေးလိုက် ဖမ်းလို့ရှိရင် လွတ်သွား မှာပဲဆိုတာ ကိုဝ- ကိုပေါ်တို့ မှတ်ရလိမ့်မယ် – (မှန်ပါ့) မိနိုင်ပါ မလား (မမိနိုင်ပါ ဘုရား)။

ဒါဖြင့် သမာဓိ တည်းဟူသော ချုံထဲမှာ ဉာဏ်တည်းဟူ သော ကျားက အမြဲတမ်း စောင့်ပြီး သကာလ နေတော့မှ မြင်စိတ် ပေါ်လဲ မြင်စိတ် စားလိုက် ကိုစောမောင် (မှန်ပါ့) ဖြစ်ပျက် ရှုလိုက် ပြောတာ (မှန်ပါ့) ကြားစိတ် ပေါ်ရင် (ကြား စိတ် ဖြစ်ပျက်ရှု ရပါမယ် ဘုရား)။

ကြားစိတ် စားလိုက်ပါ ဆိုတော့ ဉာဏ်နဲ့ သားကောင်နဲ့ ဟာ မိလျက်ချည့် နေတယ် (မှန်ပါ့) ထို့အတူပဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်လျက် ချည်းနေတယ် (မှန်ပါ့) မကိုက်ပေ ဘူးလား (ကိုက်ပါ တယ် ဘုရား)။

ချောင်းဖမ်းမှ နေရာကျမယ်

နောက်က ဒကာဒကာမတွေ သဘော ကျကြလား (ကျပါတယ် ဘုရား) လုပ်နည်း ရကြပလား၊ လုပ်နည်းဟာ ဒီအတိုင်းပဲ မှတ်ရမယ် (မှန်ပါ့) ချောင်းဖမ်းမှ နေရာကျမယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)။

သမာဓိ ချုံထဲမှာ ဉာဏ်အောင်းပြီး

အေး ဒါကို ဘုန်းကြီးက စကားတတ်လို့ ပြောဆိုတဲ့ အသွားရယ်လို့လဲ ဒကာ ဒကာမတွေက မမှတ်ဘဲနဲ့ ရှင်နာဂသိန် ဆိုတဲ့ ရဟန္တာ ပုဂ္ဂိုလ်ကြီးကို မိလိန္ဒမင်းကြီးက မေးလို့ “ယထာပိ ဒီပိကောနာမ နိလီယိတွာ ဂဏှေ” လို့ ပါဠိတော်မှာ သေသေချာချာ ဟောထားတဲ့ အတွက် ပုန်းအောင်း ပြီးမှ ရှုရမယ် ကွာ တောထဲက ကျားဟာ သားကောင်ကို ဒီအတိုင်း မဖမ်း နိုင်ဘူး၊ ချောင်းပြီးမှ ဖမ်းနိုင်တယ်ကွ တစ်နေရာ ပုန်းအောင်း ပြီး ချောင်းဖမ်း ရတယ် ဆိုတဲ့ဥစ္စာ ဝိပဿနာ ရှုရင် ဒီလိုပဲ သမာဓိ ချုံထဲမှာ ဉာဏ်အောင်းပြီး သကာလ ကိုဝရေ သားကောင်နဲ့တူ တဲ့ ခုနင်က ဆယ့်လေးခုကို ဖမ်းပါ၊ ရှင်းပလား (ရှင်းပါပြီ)။

ခုနင်က ဆယ့်လေးခုကို ဖမ်းလိုက်ပါ၊ နောက်က ဒကာ ဒကာမတွေ နားလည်ကြပလား (နားလည်ပါပြီ)။

သမာဓိက ဘာနဲ့တူသတုံး (ချုံနဲ့တူပါတယ် ဘုရား) ဉာဏ်က ဘာနဲ့တူသတုံး (ကျားနဲ့ တူပါတယ် ဘုရား) ခုနင်က ဆယ့်လေးခုက ဘာနဲ့တူသတုံး (သားကောင်နဲ့ တူပါတယ် ဘုရား)။

အဲဒီ သားကောင်းတွေဟာ ချောင်းဖမ်းရင် မိတယ် (မှန်ပါ့) ဦးဘရှင်း နေရာကျပလား (ကျပါပြီ) နေရာကျပြီတဲ့၊ ချောင်းဖမ်း လိုက်တဲ့ အခါကျလို့ ရှိရင်ဖြင့် တဲ့ တစ်ခါတည်း အသေ ကလေးတွေ ချည့်မိတယ် (မှန်ပါ)။

အပျက် နဲ့ မဂ်နဲ့ကိုက်တယ်

အပျက်ကလေးတွေချည်း မိပါလိမ့်မယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

အပျက်ကလေးတွေချည့် မိတဲ့ အခါကျတော့ဖြင့် အပျက် နဲ့ မဂ်နဲ့ ကိုက်တယ်လို့ ဆိုရ တော့မယ် ကိုစောမောင် (မှန်ပါ့) မဆိုပါနဲ့ ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။

အဲဒါ အလုပ် မလုပ်တတ် သေးတဲ့ ပုဂ္ဂိုလ်တွေ အတွက် သော် လည်းကောင်း၊ အလုပ် လုပ်ပြီးသား ပုဂ္ဂိုလ်တွေ အတွက် သော် လည်းကောင်း၊ ဒီနေ့ သေသေချာချာ ပြောတယ်လို့ မှတ်ပါ (မှန်ပါ့)။

သေသေချာချာ ပြောတယ်လို့မှတ်ပါ ဝိပဿနာ ရှုနည်း နိဿရည်းကို ရှင်နာဂသိန်က မိလိန္ဒမင်းကြီး ကို သင်တာ ပါပဲ (မှန်ပါ့) “ယထာပိ ဒီပိကော နာမ” ဆိုတဲ့အတိုင်း ဒီပိကော- ဆိုတာ သစ်ကို ဆိုတာပါပဲနော် “နိလီယိတွာ” ဆိုတာ ပုန်းအောင်းရမယ်ကွ ဒီအတိုင်း ဆိုတာပဲနော် (မှန်ပါ့)။

ထို့အတူပဲတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်လဲ သမာဓိ ချုံထဲမှာ ဉာဏ်အောင်းပြီး သကာလ သားကောင် ဆယ့်လေးကောင် ပေါ်ရာ ဖမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

သို့သော် ခင်ဗျားတို့ ဆယ့်လေးခုစလုံး ပြိုင်တူဘယ်တော့ မှ မပေါ်ဘူး (မှန်ပါ့) တစ်ခုသာ ပေါ်မယ်ဆိုတော့ မမိစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

စိတ္တာနုပဿနာ

ကိုင်း ကိုစောမောင်-ဖမ်းတတ်ပလား (ဖမ်းတတ်ပါ ပြီ)၊ ဒါ ဘာအနုပဿနာလဲလို့ အခု သင်နေတာ၊ စိတ်ကို အဖမ်းခိုင်းတဲ့ အတွက် စိတ္တာနုပဿနာ (မှန်ပါ့) စိတ္တက စိတ်၊ အနုပဿနာက နောက်ကနေ ချောင်းဖမ်းတာကို ဆိုတာ (မှန်ပါ့) စိတ္တက (စိတ်ပါ ဘုရား) အနုပဿနာက (ချောင်းဖမ်း တာပါ ဘုရား) ချောင်းဖမ်းတာကို ဆိုတာ၊ ပေါင်းလိုက် တော့ စိတ္တာနုပဿနာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ္တက ခုနင်က ဆယ့်လေးခု ပေါ်ရာကို စိတ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား) အနုပဿနာ ဆိုတာက ဘာတုံး (ချောင်းဖမ်းတာပါ ဘုရား)။

ချောင်းဖမ်းတာတဲ့၊ သမာဓိ ပညာနဲ့ ချောင်းဖမ်းတာ ကို အနုပဿနာ လို့ ခေါ်ပါတယ်၊ ပေါင်းလိုက်တော့ ဘယ့်နှယ် ဆိုကြမလဲ (စိတ္တာနုပဿနာပါ ဘုရား)။

ဒါဖြင့် မနဲ့ အိနဲ့ ပေါင်းလိုက်တော့ မအိ- ဆိုသလိုပေါ့ ကလေးတုန်းက စာပေါင်းသလိုနော် ၊ (မှန်ပါ့) စိတ္တနဲ့ အနုပဿနာနဲ့ တွဲပေး၊ မောင်နိုင်- တွဲတတ်ပလား (တွဲတတ် ပါပြီ)

စိတ္တက ဘာ ပါလိမ့် (စိတ်ကို ခေါ်ပါတယ်) ဆယ့်လေး မျိုး၊ ခုနင်က ဆရာ ဘုန်းကြီး ပြထားတဲ့ စိတ် ဆယ့် လေးမျိုးကို စိတ် လို့ ခေါ်လိုက်ပါ (မှန်ပါ့)

အနုပဿနာက ဘာပါလိမ့်မလဲ လို့ မေးတဲ့အခါ သူ့ကို အဖန်တလဲလဲ ရှုဖို့ပါပဲ (မှန်ပါ့) သမာဓိ နဲ့ ပညာ-ဆိုပါတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့ ပိုမိုရှင်းပါရဲ့ လားလို့မေးရင် ဘယ့်နှယ်ဖြေ ကြမလဲ (ရှင်းပါတယ် ဘုရား)။

ရှင်းပြီတဲ့၊ အလုပ် မလုပ်တတ်တဲ့ ပုဂ္ဂိုလ် မရှိပါဘူးဆိုတဲ့ အခြေအနေ ရောက်အောင် သင်ပေးနေတယ် ဆိုတာကိုလဲ နောက်က ဒကာ ဒကာမတွေ ကံထူးလို့ ကြုံကြရတယ် ဆိုတာ ကိုလဲ ကိုစောမောင် ပြောဖို့မလိုပါဘူး (မလိုပါ ဘုရား)။

အနုပဿနာ ရောက်လာပြီ

ဒါဖြင့် ေဩာ် – ဆရာဘုန်းကြီးက ဒိဋ္ဌိက ခွာပြီးပြီ၊ ဝိစိကိစ္ဆာလဲ သတ်ပြီးပြီ၊ အခု အနုပဿနာ ရောက်လာပြီး သမ္မသန, ဥဒယဗ္ဗယ ရောက်လာပြီ ကိုစောမောင် (မှန်ပါ့)။

မလွတ် အောင် ဖမ်းယူပါ

အဲဒီကဲ့သို့ ရောက်လာတော့ ဒီဉာဏ်နဲ့ ဒကာ ဒကာမ တွေက ဒီသမာဓိတည်းဟူသော ချုံထဲမှာ ဉာဏ်တည်းဟူသော | သစ်တို့ ကျားတို့ကို ထားပြီးသကာလ သားကောင် ဆယ့်လေး ကောင်ကို တစ်ကောင်စီ ပေါ်နေတာတော့ ခင်ဗျားတို့ မလွတ် အောင် ဖမ်းယူပါ (မှန်ပါ့)။

ဖမ်းလိုက်တဲ့ အခါကျတော့ အဖမ်းခံရတာက စိတ်၊ ဖမ်း တာက အနုပဿနာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖမ်းခံရတာက (စိတ်ပါ ဘုရား) ဖမ်းတာက (အနုပဿနာပါ ဘုရား)။

အဖန်တလဲလဲ ရှုတာ

အနုပဿနာ ဆိုတာလဲ အဖန်တလဲလဲ ရှုတာကို ဆိုပါ တယ်၊ ဒါကြောင့် စိတ္တာနုပဿနာ၊ ဒကာကြီးလှိုင်- ရှင်းပလား (ရှင်းပါပြီ ဘုရား)။

စိတ္တာနုပဿနာ ဆိုတာ သဘောကျပလား (ကျပါ ပြီ) စာသံ ပါနေသေးသလား ဒို့-ဉာဏ်ထဲ ရှင်းသွားပလား (ရှင်းသွားပါပြီ ဘုရား)။

ရှင်းသွားပြီနော် စာသံပါနေပြန်လဲ ကိုဝတို့က ကျုပ် တို့က မာဂဓ ဘာသာကို နားလည်တဲ့ အတွက် ဒါဘုန်းကြီးတွေ အလုပ်ဆိုပြီး ထင်နေကြတယ်၊ မဟုတ်ပါဘူးတဲ့၊ စိတ်ကို အဖန် တလဲလဲ ရှုတာပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

စိတ်ကို (အဖန်တလဲလဲရှုတာပါ ဘုရား) အဲဒါ ပါဠိ လို သုံးတော့ ဘယ်လိုဖြစ်သွားသတုံး – (စိတ္တာနုပဿနာပါ) မြန်မာလို ပြန်လိုက်တော့ (စိတ်ကို အဖန်တလဲလဲ ရှုတာပါ ဘုရား)။

စိတ်ကို အဖန်တလဲလဲရှုတာ ဦးဘရှင်း- ဒါ ငြင်းနေဖို့ မလိုတော့ဘူး (မှန်ပါ့)။

သောတာပတ္တိမဂ် ဆိုတာ ဒိဋ္ဌိသတ်တာ

ကဲ ဒါဖြင့် ဒီလောက်ရှင်းလို့ ရှိရင်ဖြင့် ဘယ့်နှယ် ကြောင့် အရှင်ဘုရား၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက စိတ္တာနုပဿနာ ဟောပါလိမ့်မလဲလို့ မေးတဲ့ အခါကျတော့မှ ကွာတဲ့၊ သောတာပတ္တိမဂ် ဆိုတာ ဒိဋ္ဌိသတ်တာပေါ့ (မှန်ပါ့) သောတာပတ္တိမဂ် လိုချင်ရင် ဒိဋ္ဌိသတ်မှ ရမယ်၊ အထက်မဂ် လိုချင်ရင် တဏှာသတ်မှ ရမယ်၊ မှတ်မိကြပလား (မှတ် မိပါပြီ ဘုရား)

အောက်ဆုံးမဂ်ကို လိုချင်ရင် – (ဒိဋ္ဌိသတ်မှ ရပါ တယ် ဘုရား) အထက်မဂ်တွေ လိုချင်ရင် (တဏှာသတ်မှ ရပါ တယ် ဘုရား)။

တဏှာသတ်ရမယ် ဆိုတော့ ဒီမှာ ဆရာတွေက မှားသွား ကြမယ် ဆိုလို့ရှိရင်ဖြင့် တဏှာသတ် ဟောထားလို့ ရှိရင်ဖြင့် ကိုစောမောင်- အရင်သတ်ရမှာ မသတ်ဘဲနဲ့ နောက်သတ် ရမှာ အရင်သတ်နေလို့ ရှိရင် မောနေမှာပဲ (မှန်ပါ) မောနေလို့ရှိရင် လိုရာ ခရီး အပြီး အပိုင် ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

စိတ်မှာ ဒိဋ္ဌိ အများဆုံးပဲ

ဒါကြောင့် အားလုံး အဋ္ဌကထာ-ဋီကာတွေက ဒီဟာ အရင်လုပ်ပါကွာ၊ စိတ်မှာ ဒိဋ္ဌိ အများဆုံးပဲကွ၊ ဒါကြောင့် ဒိဋ္ဌိ သတ်မှ သောတာပန် တည်တယ်၊ သောတာပတ္တိမဂ် မရဘဲနဲ့လဲ အထက်မဂ် ရချင်လို့ ကိုဝ (မရပါ ဘုရား)။

ဒိဋ္ဌိသတ်တဲ့ အလုပ်ကို ရှေ့ထားပါ

ဒါဖြင့် ဒိဋ္ဌိသတ်တဲ့ အလုပ်ကို ရှေ့ထားပါ – (မှန်ပါ့)

ဦးဘကလေး ရှင်းပြီ (ရှင်းပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

စိတ္တာနုပဿနာကို ဘာ့ကြောင့် ဆရာဘုန်းကြီး လမ်းခင်းပြီး အကျယ်တဝင့် ပြောဆို နေပါလိမ့်မလဲ လို့ ဆို တော့ ဘာသတ်တာတုံး (ဒိဋ္ဌိသတ်တာပါ ဘုရား)။

ဒါဖြင့် သောတာပတ္တိမဂ်ဟာ ဘာပယ်တာတုံး (ဒိဋ္ဌိ ပယ်တာပါ ဘုရား) ဒိဋ္ဌိပယ်တာပဲ ဆိုတာ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

ဒါဖြင့် မဂ်လိုချင်ရင် ဒီမဂ်မရဘဲနဲ့ အထက်မဂ် ခုန်တက် လို့ (မရပါ ဘုရား) ဒါဖြင့် ဒကာကြီးလှိုင် – ဒါလုပ်ရတော့ မယ်နော် (လုပ်ရပါမယ် ဘုရား) မလုပ်ရ ပေဘူးလား (လုပ်ရ ပါတယ် ဘုရား)။

ဦးဘရှင်းတို့နေရာကျပလား – (ကျပါပြီ ဘုရား) နောက် က ဒကာ ဒကာမတွေ (ကျပါပြီ ဘုရား)။

နေရာကျကြပါတော့တဲ့၊ ဒီလောက် ပင်ပန်းခံပြော နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျေကျေ နပ်နပ်ကြီး သဘောကျဖို့ ကောင်းပါပြီ (မှန်ပါ့)။

ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကို စိတ္တာ နုပဿနာပေး

ကဲ ဒါဖြင့် ဒီလိုလုပ်နည်း ပေးလိုက်တော့ စိတ်ပေါ် မှာ ဒိဋ္ဌိ အများဆုံးမို့ ဉာဏ်ကလေးတဲ့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကို စိတ္တာ နုပဿနာပေး၊ သူနဲ့ လျော်သကွ တဲ့ (မှန်ပါ့)။

ကိုဝ ဉာဏ်ကလဲ လေးမယ်၊ ဒိဋ္ဌိကလဲ များမယ်ဆိုလို့ ရှိရင် ဘာပေးရမလဲ (စိတ္တာနုပဿနာ ပေးရပါမယ် ဘုရား)။

ဒါဟာ ကိုစောမောင် အနာနဲ့ဆေး သင့်အောင်ပေးတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အနာနဲ့ဆေး သင့်အောင်မပေးလို့ရှိရင်လဲ လိုရင်းပြီးပေါ့ မလား (မပြီးပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အခု အနာနဲ့ဆေးကော သင့်ပလား- (သင့်ပါပြီ ဘုရား)။

ကိုယ်က သောတာပတ္တိမဂ်ကို ရလိုတဲ့ပုဂ္ဂိုလ်၊ သူ့ကိုရမှ လဲ အထက် တတ်နိုင်တော့ သောတာပတ္တိမဂ် ဆိုတာ “ဒိဋ္ဌိနိရောဓော နိဗ္ဗာနံ” ကိုး၊ ဒိဋ္ဌိသတ်မှ နိဗ္ဗာန်ရတာ၊ ပထမ နိဗ္ဗာန် လိုချင်ရင် ဒိဋ္ဌိ သတ်ရတယ် (မှန်ပါ့)။

အဲဒီတော့ ဒီ ဒကာ-ဒကာမတွေမှာ ဒီ-စိတ် ဆယ့်လေး ခုကို ရှုပေးပါဆိုတော့ သြော်- ဒိဋ္ဌိ ပြုတ် လွယ်လိမ့်မယ် ဆိုတာ ကိုပေါ် ကိုဝတို့ စိတ်ထဲ ဆုံးဖြတ်ချက် ချလိုက်ပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

နို့.. စာမှာတော့ ဘုရား သရာဂစိတ်, ဝိတရာဂစိတ် ဆိုတဲ့ အို စာသံပါနေတယ်၊ မင်းသိတဲ့ စိတ် မင်းရှု၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဆရာ ဘုန်းကြီး သင်ထားတဲ့ ဥစ္စာ အတူတူပဲ

ဒါ မင်းတို့ စာထဲပါတဲ့ စိတ်တွေအကုန်ပဲ ဆရာ ဘုန်းကြီး သင်ထားတဲ့ ဥစ္စာ အတူတူပဲ – (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

စာထဲမှာ နာမည်ပေးထားတာနဲ့ အခု ဆရာဘုန်းကြီး ပေးတာနဲ့ဟာ အတူတူပဲလို့မှတ် (မှန်ပါ့)။

သို့သော် စာမှာ ပိုနေတာတွေက ကိုဝ ရှိသေး တယ် (မှန်ပါ့) စာမှာ အရိယာ ဖြစ်ပြီးမှ ရှုရမည့် စိတ်တွေ ပါနေတယ် (မှန်ပါ့)။

ပုထုဇဉ်သန္တာန် ပေါ်တဲ့စိတ်

အဲဒါတွေပါ မသိတဲ့ ပုဂ္ဂိုလ်က ဟောဒီစိတ်တွေ၊ ဒီစိတ် တွေ နည်းတာတွေ မဟုတ်ဘူး ဘုရား ဟောထားတာ၊ အဲဒီစိတ် တွေပါ ရှုရမယ် ဆိုတော့ ကျုပ်တို့က အရိယာမှ မဟုတ်သေးဘဲ၊ အရိယာ ရတဲ့စိတ်ကို ကျုပ်တို့ ရှုလို့ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

မဖြစ်နိုင်တော့ ပုထုဇဉ်သန္တာန် ပေါ်တဲ့စိတ်ဟာဖြင့် ဒီဆယ့်လေးမျိုးပဲ ရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပုထုဇဉ်အဖြစ်က လွန်မြောက်မှ သောတာပန် အဖြစ် ရောက်ရမှာကိုး (မှန်ပါ့)။

အဲဒီတော့ ဟိုမှာ ဘုရားက ဟောထားတာကတော့ ပုထုဇဉ် အတွက်ရော အရိယာ အတွက်ရော ဟောထားတာ၊ ရှင်း ပလား (ရှင်းပါပြီ ဘုရား)။

သတိပဋ္ဌာန် ပါဠိတော်ကြီး ဟောထားတာက ပုထုဇဉ် အတွက်သာ ဟောထားတာလား၊ ပုထုဇဉ်ရော အရိယာရော ဟောထားတာလား (ပုထုဇဉ်ရော-အရိယာရော ဟောထား တာပါ ဘုရား)။

သူကတော့ ဟောရလိမ့်မယ်၊ ပရိနိဗ္ဗာန်စံမည့် ကိုယ်တော် ကြီးကိုး (မှန်ပါ့) မဟုတ်ဘူးလား၊ ကျုပ်တို့က အရိယာ စိတ်တွေကို ကျုပ်တို့က ရှုချင်လို့ရှိရင် မရှိတာ ရှုသလို ဖြစ်နေ တယ် (မှန်ပါ့)။

ကျုပ်တို့ သန္တာန်ပေါ်တဲ့စိတ်ကဖြင့် ဒီဆယ့် လေးမျိုး

ဒါကြောင့် ကျုပ်တို့ သန္တာန်ပေါ်တဲ့ စိတ်ကဖြင့် ဒီဆယ့် လေးမျိုးပဲ (မှန်ပါ့) ဒီ- ဆယ့်လေး မျိုးကို နိုင်သွားရင် ပြီးတာ ပဲ၊ အရိယာ တက်မှာပဲ၊ ရှင်းပြီ မဟုတ်လား (ရှင်းပါပြီ ဘုရား)။

စာထဲပါတာ အကုန်ရှု ရမှာလား (မဟုတ်ပါ ဘုရား) မရှုနဲ့တဲ့ “သဥတ္တရံ ဝါ စိတ္တံ သဥတ္တရံ စိတ္တန္တိ ပဇာနာတိ၊ အနုတ္တရံ ဝါ စိတ္တံ့ အနုတ္တရံ စိတ္တန္တိ ပဇာနာတိ” လောကုတ္တရာ စိတ်လဲ ရှုလို့ ဘုရားက ဟောတယ် (မှန်ပါ့)။

သူ့ထမင်းလုတ်နဲ့ သူကျွေးမှ

ကျုပ်တို့က လောကုတ္တရာ စိတ် ဘယ်မှာရောက်မှ မရောက်သေးဘူး – (မှန်ပါ) မရောက် သေးတော့ ဘုန်းကြီးက ဒီကလေးတွေကို ဒီ ထမင်းလုတ်ကလေးနဲ့ မျှတယ် ဆိုပြီးတော့ ဒီ ထမင်းလုတ် ကျွေးတာ (မှန်ပါ့)။

ဒကာ ဒကာမတွေက ကလေးပဲ ထားပါတော့ လောကုတ္တရာ နဲ့ ကြည့်လိုက်တော့ (မှန်ပါ့) သူ့ထမင်းလုတ်နဲ့ သူကျွေးမှ သာလျှင် သူ ကျန်းမာရေး ဖြစ်မယ်၊ ထမင်းလုတ်ကြီးရင် သူ ဆင်းရဲရေး သွားဖြစ်မယ် (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါကြောင့် စာတွေကိုလဲ ကိုယ်က ဝေဖန်ယူတတ်မှ ဒါက ပုထုဇဉ် ဟောတာ၊ ဒါက အရိယာ ဟောတာ၊ ကိုစောမောင် ဒီလို မဝေဖန်ဘဲနဲ့ ဟ ဒါတွေဟာ ဘုရားဟော ချည့်ပဲကွ လုပ်ပါလားကွ ဆိုတော့ ဪ ခက်ပါဘိ တော့တယ်။ကိုယ့် မရှိတာ ရှုရမလို ဖြစ်နေပြီ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အင်မတန် အရေးကြီးလို့ စေ့စေ့ငင ပြောနေတယ်ဆို တာကော ကိုဝတို့ ကိုပေါ်တို့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ကိုယ်နဲ့ ထိုက်တန်တဲ့စိတ်

ကဲ ယခု ကိုယ်နဲ့ ထိုက်တန်တဲ့စိတ် ရှိတယ် ဆိုတာလဲ ပေါ်ပလား (ပေါ်ပါပြီ) ကိုယ်နဲ့ ထိုက်တန်တဲ့စိတ်က ကိုစောမောင် ကိုယ့်သန္တာန် ဘယ်နှစ်မျိုးပေါ်သလဲ (ဆယ့်လေးပေါ် ပါတယ် ဘုရား) အဲ ခုနင်က ဆယ့်လေးမျိုးပေါ့လေ (မှန်ပါ) ပြောခဲ့ပြီးပါပြီ၊ ဒါတော့ မောင်နိုင် သိပြီပေါ့ (မှန်ပါ့)။

ကဲ နောက်က ဒကာ, ဒကာမတွေလဲ သိပြီဆိုကြပါ စို့ (မှန်ပါ) မှတ်ထားပေါ့၊ ရေးယူကြပေါ့၊ မသိတဲ့ပုဂ္ဂိုလ်လဲ နေ့လယ် လာ ရေးရင် ရပါတယ် (မှန်ပါ့)။

ဝိပဿနာ ဆိုတာ စောင့်ဖမ်း ရမယ်

ကိုင်း သိတဲ့ ပုဂ္ဂိုလ်ကလဲ ကူးယူရပါတယ် ဆိုတော့ ရှင်းတာ ဝိပဿနာ ဆိုတာ စောင့်ဖမ်း ရမယ် ဆိုတာ ကလေးကိုလဲ တစ်လုံးထဲ မှတ်ထားစမ်းပါ (မှန်ပါ့)။

ဟ ဘယ်သူက သင်တာတုံး မေးတော့ ရှင် နာဂသိန် ရဟန္တာက သင်တာ (မှန်ပါ့) ဒကာကြီး လှိုင် ပေါ် ပလား- (ပေါ်ပါပြီ ဘုရား)။

ကိုယ်က လိုက်ပြီး ရှာမနေနဲ့ (မှန်ပါ့) ရှာပြီး ရှုရင် ပညတ် ဖြစ်ပါတယ် (မှန်ပါ့)။

ရှာပြီးရှုရင် (ပညတ်ဖြစ်ပါတယ် ဘုရား) စောင့်ပြီး ပေါ်ရာကိုရှုရင် (ပရမတ် ဖြစ်ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် တပည့်တော်တို့ ဘုရား ရှုစရာလဲ ဆယ့်လေးမျိုးတွေ့ပြီ၊ ရှုတာလဲ သမာဓိ ပညာနဲ့ ရှုရ မယ် ဆိုလို့ အရှင်ဘုရားက ပြောတော့ တပည့်တော်တို့ သမာဓိ တည်းဟူသော ချုံထဲမှာ ပညာတည်းဟူသော ကျားအောင်းပြီး သကာလ ဖမ်းပါလို့ အရှင်ဘုရား သင်ထားလို့ တပည့်တော်တို့ဖြင့် မရှင်းမရှိပါဘူး ဆိုတာကို ဒီနေ့ တာဝန်ခံ ကြရတော့မယ် (မှန်ပါ့ တာဝန်ခံ ကြရပါမယ်) မရှင်းကြ သေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိက အပါယ် ပို့လိမ့်ဦးမယ်

ရှင်းသွားပြီတဲ့၊ နောက်က ကလေးမလေးတွေ သေသေ ချာချာမှတ်ပါ၊ ဘာကြောင့်တုံး ဆိုတော့ ဒီ ဒိဋ္ဌိမပြုတ် သရွေ့ ကာလပတ်လုံး ကိုပေါ်တို့ ကိုဝတို့ မှတ်လိုက်၊ ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဋ္ဌိက အပါယ် ပို့လိမ့်ဦးမယ် (မှန်ပါ့)။

ဘာကြီးအလှူလုပ်လုပ်၊ ဘာကြီးတန်းတန်း သုဂတိ ရောက်ရောက်၊ ရာမှာ ကဲ မင်း ကုသိုလ် အရှိန် ရှိသေးရင် နေသေး တာပေါ့ကွ၊ ငါ- ဆွဲချချိန် မရသေးဘူး ဆိုတဲ့ အဓိပ္ပာယ်မျိုး နဲ့ စောင့်တာပဲ (စောင့်ပါတယ် ဘုရား)။

စင်စစ်- ဒိဋ္ဌိပါသွားလို့ရှိရင် ကိုစောမောင် ဒိဋ္ဌိက ဆွဲချ လိုက်တာ (မှန်ပါ့) မချဘူးလား (ချပါတယ် ဘုရား)။

ဒိဋ္ဌိကငရဲမျိုးစေ့

အဲဒီတော့ ဒိဋ္ဌိက ခဏခဏ ဒကာ ဒကာမတွေလဲ ပြော ထားပြီ၊ ငရဲမျိုးစေ့ (မှန်ပါ့) ငရဲမျိုးစေ့ ပါသွားတဲ့ ပုဂ္ဂိုလ်ဟာ ငရဲ လွတ်ချင်ပါတယ် ဆိုပေမယ့်လဲ တစ်နေ့နေ့ ကျဦးမှာပဲ၊ (မှန်ပါ့) ကုသိုလ်တွေ၊ ကျောင်းကြီး ကန်ကြီးတွေ, ဘုရားကြီးတွေ အမျိုးမျိုး အဖုံဖုံ လှူငြားသော်လဲ ဒိဋ္ဌိ မပြုတ်သေးရင် ပရမ်းပတာ ဘေးဆို တဲ့ ဘေးကြီးဟာ ဒကာ ဒကာမတွေကို မလွတ်သေးလို့ မှတ်လိုက် တာပေါ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒိဋ္ဌိ မပြုတ်သေးရင်ဖြင့် ဘာနဲ့မှ တင်းတိမ် မနေသေးနဲ့ ကိုစောမောင် ဟုတ်ပလား (မှန်ပါ့)။

စေတနာက စေတနာ တခြား၊ ဒိဋ္ဌိက ဒိဋ္ဌိတခြား

ငါတော့ လူ့ဘဝမှာဟေ့ – သားကလဲ များများ၊ သမီးတွေ ကလဲ များများနဲ့ ကိစ္စတွေ လှူရ၊ တန်းရ၊ ပေးရ၊ ကမ်းရတာတွေ များပါပြီ စေတနာ သုံးတန်ကလဲ ပြတ်တာ များခဲ့ပါတယ်၊ အို စေတနာက စေတနာ တခြား၊ ဒိဋ္ဌိက ဒိဋ္ဌိတခြား ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြီးလှိုင် စေတနာက (တခြားပါ ဘုရား) ဒိဋ္ဌိက (တခြားပါ ဘုရား) ဒိဋ္ဌိကတခြားတဲ့၊ စေတနာနဲ့ ဒိဋ္ဌိဆိုတာ လဲ တခြားစီ ဥစ္စာပဲ၊ စေတနာကလဲ သူ့ဆိုင်ရာ သူအကျိုးပေးမှာ ပဲ၊ ဒိဋ္ဌိကလဲ ငါလုပ်ချင်တာ လုပ်မှာပဲ (မှန်ပါ့) ကိုစောမောင် မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရဟန္တာ ကြီး နှစ်ပါးကို သူတို့ အလုပ်ပေးတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ခုနင်က ရဟန္တာ ကြီး နှစ်ပါးကို သူတို့ အလုပ် ပေးတာကို ရှင်းကြစို့ရဲ့နော် (မှန်ပါ့) ရဟန္တာကြီး နှစ်ပါးဟာ ဒီ စိတ္တာနုပဿနာကို သူတို့ ပြောကြတယ် (မှန်ပါ) ပြောကြတော့ ကိုဝတို့-ကိုပေါ်တို့က စဉ်းစားတာပေါ့ ရဟန္တာတွေက ရဟန္တာတွေ ဖြစ်ပြီ၊ သူတို့ ဒီအလုပ်က တက်ခဲ့ပြီးသား၊

အတည် ပြုရစ်ပါစေ

ဘာဖြစ်လို့ စိတ္တာနုပဿနာတွေကို ပြန်ပြီး သကာလ တစ်ပါး ကမေး၊ တစ်ပါးက အဖြေ ထုတ်ပါလိမ့်မတုံး မေးတော့ ေဩာ် နောင်လာ နောက်သားများ ရဟန္တာကြီး နှစ်ပါး မေးမြန်းသွားတဲ့ ဥစ္စာ အမေး အဖြေကလဲ သံသယ မရှိတဲ့ပုဂ္ဂိုလ်, ဒိဋ္ဌိပြုတ် ပြီးသား ပုဂ္ဂိုလ်, တဏှာ ပြုတ်ပြီးသား ပုဂ္ဂိုလ်တွေက အမေးခံကလဲ ထို့အတူ၊ အမေးသမားကလဲ ထို့အတူ ဖြစ်သောကြောင့် သူတို့က ပြောတာ အမှန်ချည့်ပဲ ဆိုပြီး နောင်လာ နောက်သားတွေ အတည် ပြုရစ်ပါစေလို့ဟောတာ (မှန်ပါ့) ဒီတော့ ကျေနပ်ပြီ၊ (ကျေနပ်ပါပြီ ဘုရား)။

နောင်လာ နောက်သားတွေ အတည်ပြုရစ်ပါစေတော့၊ တို့နှစ်ပါး ပြောတာကို ဆိုတော့ သိပြီးသား ပုဂ္ဂိုလ်တွေက ပြောတာ လား စ,လုပ်မည့် ပုဂ္ဂိုလ်က ပြောတာလား (သိပြီးသား ပုဂ္ဂိုလ်က ပြောတာပါ ဘုရား)။

တို့ ဒီလမ်းက တက်ခဲ့လို့ စုံပြီး သကာလ နေလို့ မင်းတို့ ဒီလမ်း လိုက်ရစ်ပါ ဆိုတာ ပြောတဲ့စကား (မှန်ပါ့) ဒကာကြီးလှိုင် သေချာပလား (သေချာပါပြီ ဘုရား)။

ဒီလမ်းက လိုက်ရစ်ကြပါ၊

တို့ ဒီလမ်းက တက်ခဲ့ပါတယ်ကွာ၊ မင်းတို့လဲ ဒီလမ်းက လိုက်ရစ်ကြပါ၊ သံသယမရှိနဲ့ လိုက်ရစ်ကြကွ-ဆိုပြီး သကာလ သေသေချာချာ ကတိ ခံချင်လို့ ကိုစောမောင် – အကိုးအကား လုံလောက်အောင်လို့ ရဲရဲတင်းတင်းနဲ့ ဒီလမ်း လိုက်ပါစေလို့ သူတို့နှစ်ပါး အမေးအဖြေ လုပ်တာ (မှန်ပါ့)။

ဒီလိုဆိုတော့ ကိုဝ-ဒီထက် ခိုင်လုံတာဖြင့် မရှိတော့ဘူး (မရှိပါ ဘုရား)။

ဘုရားက လက်မှတ်ထိုး လိုက်သေးတယ်

ဒီထဲမှာ သူတို့နှစ်ပါး အမေး အဖြေကို ဘုရားက လက်မှတ်ထိုး လိုက်သေးတယ်၊ မင်းတို့ အမေးအဖြေဟာကွာ ငါဟောလဲ ဒီအတိုင်း ဟောမှာပါပဲလို့ လက်မှတ်ထိုး ပေးသေးတယ် (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ သုံးပါး လက်မှတ်ထိုးထားတယ် ဆိုတော့ အတည် ဖြစ်ကရောပေါ့၊ မဖြစ်သေး ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် လုပ်ထိုက် မလုပ်ထိုက် ဆိုတာ သေချာ ပလား (သေချာပါပြီ ဘုရား) သံသယနဲ့လား၊ ရဲရဲတင်းတင်းလား (ရဲရဲတင်းတင်းပါ ဘုရား)။

ရဲရဲတင်းတင်း လုပ်ပါဆိုတာ ဒကာ ဒကာမတွေကို ဘုန်းကြီးက လေးစားစွာနဲ့ပဲ မေတ္တာ ရှေ့ထား ပြောနေပါတယ် (မှန်ပါ့) ကိုစောမောင်- မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား) ဘုရား လက်မှတ် ထိုးတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့်ကွာ တဲ့၊ ပထမ ရှေ့ဦးစွာ နိဂုံးချုပ်ကလေး ဘယ်လို ပြောလိုက် သတုံး ဆိုတော့ ပြီးတော့ အလယ်သားကို ဒကာ ဒကာမတွေကို ဖွင့်ပြီးတော့ ပြပါမယ်။

ဓမ္မကထိက

အကြင် တရားဟော ပုဂ္ဂိုလ်ဟာကွာ-တဲ့ စိတ်အစဉ်ကြီး ဖြစ်ပျက် မြင်အောင်၊ ငြီးငွေ့အောင် မလိုချင်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ ရှိရင်ဖြင့် သူ့ကို ဓမ္မကထိကလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

စိတ်ပေါ်မှာ တဲ့ မုန်းအောင်, ရွံအောင် မလိုချင် အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ကို မင်းတို့ ရှာလဲရှာ၊ ရှာလို့ တွေ့ခဲ့လို့ ရှိရင် ဒီပုဂ္ဂိုလ်ကို ဓမ္မကထိက အကောင်းဆုံးလို့ မှတ်လိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဓမ္မာနုဓမ္မပဋိပတ္တိ ပုဂ္ဂိုလ်

နောက်ကျတော့ကွာ တဲ့ မင်းတို့ကို ဟောလို့ ဒီပုဂ္ဂိုလ်ဟာ အကောင်းဆုံး ပုဂ္ဂိုလ် ဟောတာကို မင်းတို့ နာရလို့ ရှိရင်ဖြင့် ေဩာ် ဒို့-အကောင်းဆုံး ပုဂ္ဂိုလ် တွေ့ပြီ ဆိုပြီး မင်းတို့ ဒီတွင် မရပ်နဲ့ ဒီစိတ်ပေါ်မှာ နိဗ္ဗိန္ဒ ဖြစ်အောင်, ငြီးငွေ့အောင် မလို ချင်အောင် ကျင့်နိုင်လို့ ရှိရင်ဖြင့် မင်းတို့ဟာ ဓမ္မာနုဓမ္မပဋိပတ္တိ ပုဂ္ဂိုလ် ဖြစ်ပြီ (မှန်ပါ့) ရှင်းပလား- (ရှင်းပါပြီ ဘုရား)။

နှစ်ချက်ရှိသွားပြီနော် – (မှန်ပါ့) ခုနင်က စိတ်ကို မလို ချင်အောင် ငြီးငွေ့အောင် ဟောနိုင်ရင် ဓမ္မကထိက ကောင်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ)

စိတ်ကို မလိုချင်အောင် ငြီးငွေ့အောင် ဒကာ ဒကာမတွေက ကျင့်နိုင်လို့ ရှိရင်လဲ ဓမ္မာနု ဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်သွားပြီး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) နှစ်ချက် ရှိသွားပြီနော် (မှန်ပါ့ ဘုရား)။

ဥပါဒါန် ချုပ်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ်

ဒီစိတ်ကိုပဲကွာ တဲ့၊ တစ်ခါတည်း ငြီးငွေ့အောင် မလိုချင်အောင် ဥပါဒါန် စိတ်နဲ့ဖြင့် ဘယ်တော့မှ ငါသည်ကား လို့ဆိုလို့ ရှိရင်ဖြင့် စွဲလမ်းမှု ဥပါဒါန် ချုပ်အောင် ရှုနိုင်တဲ့ပုဂ္ဂိုလ် ဖြစ်လို့ရှိရင် ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်လို့ တို့နှစ်ယောက်က ဆုံးဖြတ်ချက် ချတယ် (မှန်ပါ့)။

ဘယ်လောက်ပိုင်သလဲ (ပိုင်ပါတယ် ဘုရား)။

ဒီဘဝ ဒီခဏမှာ နိဗ္ဗာန် ရမယ်

ဒကာ ဒကာမတို့ အင်မတန် ကိုယ်တော်ကြီး နှစ်ပါး ကရုဏာ ရှေ့ထားပြီးသကာလ မင်းတို့ ရဲရဲတင်းတင်း လုပ်စမ်းပါ။ ဒီလိုကျင့်လို့ ဒီလိုစိတ်ပေါ်မှာ မစွဲလမ်းလို့ ငြီးငွေ့ပြီး မစွဲလမ်းတော့ ပါဘူး ဆိုလို့ရှိရင် ဒီဘဝ ဒီခဏမှာ နိဗ္ဗာန် ရမယ်လို့ တို့နှစ်ယောက် တာဝန်ခံတယ် (မှန်ပါ့ ဘုရား) ဒီလိုဆိုတော့ ဒကကြီးလှိုင် ဒီထက် ရဲရဲတင်းတင်းတော့ မရှိဘူး (မှန်ပါ့ ဘုရား)။

မကုန်သေးဘူးလား ဒကာ ဒကာမတို့ (ကုန်ပါ တယ်) စကားကုန်သွားပြီ။

အဲဒီတော့ ခင်ဗျားတို့ကို ဘုန်းကြီးက စကားဖြည့်စွက်ရ မယ် ကိုဝတို့ ခင်ဗျားတို့က ဂျီးများပြီ းသကာလ မနေနဲ့တော့ သုံးပါးလက်မှတ် ထိုးပြီး စိတ်ပေါ်မှာ တာဝန်ခံပြီး သကာလ ဓမ္မ ကထိက ကို ဒီလို ဓမ္မကထိက ရှာ၊ ဒီလိုကျင့်ပြီ။ ဒီလိုကျင့်ရင် ဓမ္မာ နု ဓမ္မပဋိပတ္တိ ပုဂ္ဂိုလ် ယောဂီ ပုဂ္ဂိုလ်မှာ ဖြစ်ပြီး ဒီလိုစိတ်ကို ဆုံးအောင် လိုက်ပြီး စိတ်ပေါ်၌ စိတ်ဆုံးသွားတယ် ဆိုတော့ ကိုစော မောင် စွဲလမ်းတဲ့ ဥပါဒါန် ရှိသေးရဲ့လား (မရှိပါ ဘုရား)။

အဲ ဥပါဒါန်မရှိအောင် စိတ်ဆုံးတဲ့ဆီ ရောက် အောင် ဥပါဒါန်ပြုတ်အောင် ကျင့်ကြလို့ ရှိရင်လဲတဲ့ ယခုဘဝ နိဗ္ဗာန်ရမည့် ပုဂ္ဂိုလ်လို့ တို့သုံးပါး သဘောတူတယ်တဲ့။

နောင်လာ နောက်သားများ အတွက် ရဲရဲတင်းတင်း လုပ်လေအောင်၊ တို့တော့ ဖြင့် အားလုံး ပရိနိဗ္ဗာန် စံရမှာ တွေချည့် ဖြစ်နေတယ်၊ နောင်လာ နောက်သားတွေအတွက် ထားခဲ့တဲ့ ပါဠိတော် (မှန်ပါ့)။

ဒီလိုဆိုတော့ ကိုဝ- အတော် လေးစား ထိုက်တယ် (လေး စားထိုက်ပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ လေးစား ထိုက်တဲ့ စကား-လေးစားထိုက်တဲ့ တရား ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု ။

မှတ်ချက်။ ။မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှထုတ်​ဝေသော ’’စိတ္တာနုပဿနာကျင့်စဥ်တရားတော်’’ စာအုပ်မှ တတိယအပုဒ်ဖြစ်ပါသည်။