ကိစ္စဉာဏ် အမှတ်(၄)

ဝိပရိဏာမဋ္ဌသဘော

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့တွင် ဟောကြားတော်မူသော

ကိစ္စဉာဏ် (ဝိပရိဏာမဋ္ဌသဘော)

(၁-၇-၆၁)

မဟာပရိဠာဟ ငရဲကြီး

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ရဟန်းတွေကို တရားဟောတယ်။ ငရဲ အကြောင်း ဟောစမ်းပါရစေကွာဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ် ကြီးက ပြောတယ်။ မဟာပရိဠာဟ ငရဲကြီးဆိုတာ ရှိတယ်ကွာ၊ မဟာက ကြီးတာ၊ ပရိဠာဟဆိုတာ ပူပန်တာ (မှန်ပါ့ဘုရား)။

ငရဲဆိုတာ ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောကို နားမလည်ဘဲ ဒုစရိုက် ပြုကျင့်သော ပုဂ္ဂိုလ်တို့၏ သွားရာခရီးလို့ မှတ်လိုက်တာပေါ့။

မဟာက ကြီးစွာ၊ ပရိဠာဟက ပူပန်တာ။ ငရဲဆိုတာက တော့ဖြင့် ကိုယ့်သန္တာန်မှာရှိတဲ့ ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက် သဘောကို နားမလည်ဘဲ ဒုစရိုက်ပြုကျင့်သော ပုဂ္ဂိုလ်တို့၏ သွားရာ ဌာနလို့ ဦးဘရှင်းတို့၊ မောင်နိုင်တို့ မှတ်ရမယ်၊ ငရဲဆိုတာနော်။

ဟိုမှာမြင်ရတာ ကြည့်လို့ ရှိရင်

အဲဒီလိုပြောတာက ငါ သေသေချာချာ ရှင်းပြမယ်ကွာ၊ မင်းတို့ သေသေချာချာ မှတ်ကြစမ်းပါတဲ့ ငရဲရောက်သွားပြီဆိုမှဖြင့် ဟိုမှာမြင်ရတာ ကြည့်ရလို့ ရှိရင် ရောက်ရောက်ချင်း ငရဲသားတွေ ငရဲမီးကြည့်လိုက်လို့ ရှိရင် ကြည့်သည်နှင့် တစ်ပြိုင်နက်တည်း မျက်လုံးဟာ ကန်းထွက်သွားတယ်။ ဘယ်လောက်ထိအောင် ငရဲမီး ပြင်းထန်တယ်ဆိုတာ မောင်နိုင် ပြောဖို့ မလိုတော့ဘူး (မှန်ပါ ဘုရား)။

ကြားရတဲ့ ငရဲသားတွေ အော်တဲ့

အဲဒီမှာ ကြားရတဲ့ ငရဲသားတွေ အော်တဲ့အသံကြီးတွေကို ရောက်စလူက ကြားလို့ ရှိရင် နားကန်းသွားတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ ငရဲလဲဆိုတာဖြင့် ပြောဖို့ ဒကာဒကာမတွေ လိုသေးရဲ့လား(မလိုပါဘူးဘုရား)၊ အလွန်ကြီးကျယ်တယ်ဆိုတာဖြင့် သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘယ်လောက်ဆိုးတဲ့ အနံ့လဲဆိုတော့

အဲဒီ ငရဲမှာရှိတဲ့ အညစ်အကြေးတွေက နံတဲ့ဥစ္စာဖြင့် နှာခေါင်းတွေ ဘာတွေ အကုန်ပြတ် သွားတယ်။ ဒါက ရောက်ရပုဂ္ဂိုလ် မှာ ဘယ်လောက်ဆိုးတဲ့ အနံ့လဲဆိုတော့ နှာခေါင်းတွေဟာ ပြုတ်ထွက်သွားတယ်။ ဒကာဒကာမတို့ ဤမျှလောက် ကြောက်စရာ ကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ငရဲမှာရှိတဲ့ အစာတွေ

ငရဲမှာရှိတဲ့ အစာတွေ စားလိုက်လို့ရှိရင်လဲ ဒကာ,ဒကာမ တို့ လျှာတွေဘာတွေ ပူလောင်ပြီး သကာလ အူတွေထဲက နေပြီး ကျင်ကြီးကျင်ငယ်တွေဟာ သံရည်ပူတွေ ထွက်လာတယ်။ မောင်နိုင် တခြားဘာမှ နည်းယူစရာ မကောင်းပါဘူး (တင်ပါ့ ဘုရား)။

အတွေ့တွေက

တစ်ခါ တွေ့ရတဲ့ အတွေ့တွေက ကိုယ်နဲ့တွေ့ရလို့ ရှိရင်လဲ အို အနိစ္စ၊ မကောင်းတာတွေချည့်ပဲ သူ ထိမယ်ဆိုလို့ရှိရင် ဒီရုပ်နဲ့ ထိရင် အဲဒီအသားတွေဟာ လောင်ကုန်တာပဲ။

တစ်ဖန် ငရဲမှာရှိတဲ့ ကြံလုံး၊ ဖန်လုံးတွေဆိုရင်လဲ ဒီငရဲဟာ ကြောက်စရာကောင်းပါလား ဆိုတဲ့ ကြံလုံး ဖန်လုံးတွေ ဝမ်းထဲ ပေါ်လာလို့ရှိရင် အဲဒီကြံလုံး ဖန်လုံးစိတ်က ကိုယ့်ကို လောင်ပြန်တာ ပဲ။ ဦးဘရှင်း အဲဒီတော့ဖြင့် တစ်ခုမှ အကောင်းမပါပါဘူး (မပါ ပါ ဘုရား)။

အဲဒီလို ဘုရားက ဤမျှလောက် ကြောက်စရာကောင်း တာပဲဆိုတော့ ရဟန်းတစ်ပါးက ထလျှောက်တယ်။ အရှင်ဘုရား တဲ့၊ မဟာပရိဠာဟငရဲကြီးဆိုတာ ဒီထက် ကြောက်စရာ ကောင်းတာ တော့ ရှိမယ်မထင်ပါဘူး ဆိုပြီးသကာလ သူလဲ စကားကုန်ပဲ လျှောက်လိုက်ပါတယ် (မှန်လှပါ ဘုရား)။။

လျှောက်တဲ့အခါကျတော့ ရဟန်း တဲ့၊ ဒါဟာ လွတ်ရေး ကျွတ်ရေး ရှိသေးသကွာတဲ့။ ငရဲသက်ကုန်တော့ လွတ်ရေး ကျွတ် ရေး ရှိသေးတယ်တဲ့။ မင်းတို့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ လွတ်ရေးကျွတ်ရေး မရှိဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒီထက်ကြောက်စရာ ကောင်းတာက

ငရဲက လွတ်ရေး ကျွတ်ရေး ရှိသေးတယ်၊ ဒကာ,ဒကာမတို့ (မှန်ပါ့ ဘုရား)၊ ဒီထက်ကြောက်စရာ ကောင်းတာက သစ္စာမသိတာ မှတ်လိုက်ဆိုပြီး သေသေချာချာ ဟောရှာတယ် ဒကာဒကာမတို့ (မှန်ပါ့ ဘုရား)။

ငရဲကြီး ကြောက်စရာကောင်းတာဟာလဲ အခုန ပြောခဲ့ သလို ဒကာ,ဒကာမတို့ သိကြပါပြီ (မှန်ပါ)၊ သို့သော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဲဒါ ကြောက်စရာကောင်းတာထက် မင်းတို့ သစ္စာမသိတာ ပိုကြောက်စရာကောင်းတယ်တဲ့ (မှန်ပါ့)၊ ငရဲမျိုးကို သစ္စာမသိတဲ့ ပုဂ္ဂိုလ်က တည်ထောင်တာကွ (မှန်ပါ့)၊ ကိုင်း ကိုဝ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူတည်ထောင်တာလဲ (သစ္စာမသိတဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။

ငရဲ ဘယ်သူလုပ်ပါလိမ့်

သစ္စာမသိတဲ့ ဒကာ,ဒကာမတွေ စိတ္တဇက တည်ထောင် တာဆိုတော့ ဪ ငရဲ ဘယ်သူ လုပ်ပါလိမ့်မလဲလို့ မေးတဲ့အခါကျ တော့ဖြင့် အလိုလိုပဲ ဖြစ်နေတာလားဆိုတော့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်က လုပ်တာ၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘယ်သူက လုပ်တာလဲ (သစ္စာမသိတဲ့ပုဂ္ဂိုလ်က လုပ်တာပါ ဘုရား)။

ကိုင်း အားလုံး ဒကာ,ဒကာမတွေ ဆွေမျိုးတော်ခဲ့တာတွေ ဖြစ်နေလို့၊ အမှန်ဆုံး သတိပေးတဲ့ တရားလို့ ကိုယ်တို့၊ ကိုဝတို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ)။

ကိုင်း – ဒကာ,ဒကာမတွေ ဒီငရဲကြီးဟာ အင်မတန် ကြောက်စရာကောင်းတာ မြင်လိုက်လို့ရှိရင် မြင်တဲ့လူဟာ မျက်လုံး ကန်းသွားတယ်။ ကြားလိုက်ပြန်လို့ ရှိရင် နားတွေဟာ ကန်းသွား တယ်ဆိုတော့ ဘာမှ အထိမခံ ရွှေပန်းကန် ဖြစ်ပြီးသကာလ ပျက်စီး ခြင်းသာ ကျေးဇူးပြုတာ မောင်နိုင်တို့၊ ဦးဘရှင်းတို့ သိပါပြီ (သိပါပြီ ဘုရား)။

အဲဒီတော့ ဒီထက်ကြောက်စရာ ကောင်းတာများ ရှိပါသေး သလားလို့ ရဟန်းတစ်ပါးက ထလျှောက်တော့ အို-ဒါမဖြစ်လောက်ပါဘူးကွာ၊ ဒါက လွတ်ရေးကျွတ်ရေး ရှိသေးသကွ၊ မင်းတို့ ဆရာကောင်း သမားကောင်းနဲ့ မတွေ့လို့ ခန္ဓာကို သစ္စာလို့ မသိ လိုက်တာက ဒီထက်ဆိုး ပါသကွာတဲ့။ ဒီငရဲကို သစ္စာမသိတဲ့ပုဂ္ဂိုလ်က တည်ထောင်တာပါဆိုတော့ ကမ်းကုန်ရောပေါ့ (မှန်ပါ့ ဘုရား)၊ ဒကာကြီးလှိုင် ပေါ်ပလားဗျ (ပေါ်ပါပြီ ဘုရား)၊ နောက်က ဒကာမ တွေရော (ပေါ်ပါပြီ ဘုရား)။

သစ္စာသိပြီးလို့ ရှိရင်

ဒါကြောင့် ဆရာဘုန်းကြီးက သယ်ယူပို့ဆောင်ပြီးသကာလ ဒါတွေနဲ့ဝေးအောင် သစ္စာသိပြီးလို့ ရှိရင်ဖြင့် သစ္စဉာဏ်နဲ့ သိသိ၊ ကိစ္စဉာဏ်နဲ့ သိပြီး ကတဉာဏ်နဲ့ ပြီးသွားလို့ ရှိရင်ဖြင့် ဒီငရဲတွေကို စိတ်ပဋိစ္စသမုပ္ပာဒ်ကလဲ တည်ထောင်နိုင်သေးရဲ့လား (မတည် ထောင်နိုင်ပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်ကလဲ တည်ထောင်နိုင်သေးရဲ့လား၊ သူ့ကို မဂ်က ဖြတ်သွားတယ် (မှန်ပါ့ ဘုရား)။ မဂ်က ဖြတ်လိုက်တော့ ပဋိစ္စ သမုပ္ပာဒ် တန်းနိုင်သေးရဲ့လား (မတန်းနိုင်ပါ ဘုရား)၊

မတန်းနိုင်တော့ တန်းမှသာလျှင် သူက ကမ္မဘဝပစ္စယာ ဇာတိဆိုပြီး ဇာတိ ဆိုတဲ့ ငရဲကိုယ်ကြီးကို ဒီကံကပဲ တည်ထောင်လိုက်တယ် (မှန်ပါ့)။ ကံနဲ့ တည်ထောင်ပြီးသကာလ အဲဒီနေရာရောက်အောင် ဇာတိ ပဋိသန္ဓေအဖြစ်နဲ့ ပို့ လိုက်ပါတယ် (မှန်ပါ့)။ ဒါဆိုတော့ ပဋိစ္စသမုပ္ပာဒ် မပြတ်တဲ့ ပုဂ္ဂိုလ်၏ပစ္စည်း (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ လေးလေးစားစား နားထောင်ပါ။ အင်မတန် အရေးကြီးပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အဲဒီတော့ ကိုပေါ်တို့၊ ကိုဝတို့ ဒီငရဲဟာလဲ အစွမ်းကုန် ကြောက်စရာ ကောင်းတယ် ဆိုတာ အခုန ပြောသလို ကြားခဲ့ကြ ပါပြီ (မှန်ပါ့)။

ဒီထက်ကြောက်စရာကောင်းတာ ရှိသေးသလားလို့ မေးတော့ သစ္စာမသိတဲ့ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပာဒ် တန်းနေတာက ငရဲတည်ထောင် တာကွ- (မှန်ပါ)၊

ပဋိစ္စသမုပ္ပာဒ် တန်းနေတာ

သစ္စာမသိတော့ ပဋိစ္စသမုပ္ပာဒ်ကြီး တန်းအောင် မလုပ်ပေဘူးလား (လုပ်ပါတယ်)။

ဥပမာမယ်- ဒီမျက်လုံးက မြင်တယ်ဆိုရင် ဒကာ ဒကာမ တွေက ကုန်သည်တွေ ဖြစ်နေတော့ လိုချင်တယ်၊ စွဲလမ်းတယ်။ မရရအောင် ပြောမယ်ဆိုတော့ တဏှာ ဥပါဒါန်ကံတွေ မလာဘူး လား (လာပါတယ် ဘုရား)၊ လိုချင်တာက တဏှာ၊ စွဲလမ်းတာ က (ဥပါဒါန်)၊ မရရအောင် ဝစီကံနှင့် ပြောတာက (ကံပါ ဘုရား)၊ ကာယကံနဲ့ မလိုချင်တဲ့ပုံနဲ့ လုပ်လိုက်ပြန်တော့ဘဲ ကမ္မဘဝ ဖြစ်တာပဲ (မှန်ပါ)၊ ပြောဆိုပြီးသကာလ မရရအောင် လျှာရှည် သွားတဲ့ ဝစီကံကော မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီကံတွေက ဒကာ,ဒကာမတို့ သိတဲ့အတိုင်း ကမ္မဘဝ ပစ္စယာဇာတိဆိုတော့ ငရဲတည်ထောင် လိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ)၊ ငရဲအလိုလို ဖြစ်တာလား၊ ပဋိစ္စသမုပ္ပာဒ်ကံတွေက ဖြစ်စေတာလား (ကံပဋိစ္စသမုပ္ပာဒ်က ဖြစ်စေတာပါ ဘုရား)။။

ကိုင်း ဒါဖြင့် ငရဲသွားတဲ့ အခါကျတော့ ငါ့အတွက် နေရာများရှိသေးသလားလို့ မပြောပါနဲ့၊ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်က မပြတ်လို့ ရှိရင် ငါ့အတွက်တော့ အဆင်သင့်ဖြစ်ပေါ့ ဆိုတဲ့ဥစ္စာ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့ ဘုရား)၊ လေးလေးစားစား ပြောနေ တယ် ဒကာ,ဒကာမတွေ ဂရုစိုက်ပြီးတော့ နားထောင်စမ်းပါ။

သစ္စာမသိတဲ့အဖြစ်ဟာ အခုန ငရဲကြီး ကြောက်စရာ ကောင်းတာက၊ ရောက်တဲ့ပုဂ္ဂိုလ် ငရဲသက်ကုန်တော့ မလွတ်လား (လွှတ်ပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပာဒ် ဆက်နေတဲ့ပုဂ္ဂိုလ်၊ ဉာဏ်နဲ့ မဖြတ်ဘဲ ဆက်နေတဲ့ပုဂ္ဂိုလ်ဟာ ငရဲမီး ဘယ်လောက်များ ထူထောင် တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် မပြတ်တဲ့ ပုဂ္ဂိုလ်

ဒါဖြင့် ဒကာဒကာမတို့ ငရဲဘယ်သူဖန်ဆင်းလို့ ဘယ်သူ တည်ထောင်ပါလိမ့်မတုံးဆိုတော့ ပဋိစ္စသမုပ္ပာဒ် မပြတ်တဲ့ ပုဂ္ဂိုလ်က လုပ်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘယ်သူလုပ် တာပါလိမ့် (ပဋိစ္စသမုပ္ပာဒ် မပြတ်တဲ့ပုဂ္ဂိုလ်က လုပ်တာ)။

မျက်လုံးနဲ့မြင်တယ်၊ လိုချင်တယ်၊ မရရအောင်လုပ်မယ် ဆိုလို့ရှိရင် ကံမမြောက် သေးဘူးလား (မြောက်ပါတယ် ဘုရား)။ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ အဲ-ငရဲအိုး ငရဲထိန်းတွေ အကုန် ပေါ်လာတယ် (မှန်ပါ့)၊ နားပေါက်က ကြားတယ် စိတ်မချမ်းသာဘူး။

သောကပရိဒေဝ ဖြစ်တယ် ဆိုလို့ ရှိရင် အဝိဇ္ဇာ သင်္ခါရ မလာသေး ဘူးလား (မှန်ပါ့)၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုလို့ ရှိရင် ဇာတိပဲ (မှန်ပါ့ ဘုရား)။

အဲဒါ ဘယ်သူကမှ တည်ထောင်တာ မဟုတ်ဘူး၊ မပြတ်တဲ့ တရားက တည်ထောင်တာ ဆိုတော့ အပါယ်ငရဲဟာ ဘယ်သူလုပ်တာ တုံးဆိုတာ ဒီနေ့ တရားပွဲမှာ ဒကာဒကာမတွေ မမေးကြပါနဲ့တော့။ ပဋိစ္စသမုပ္ပာဒ်က လုပ်တာ (မှန်ပါ့)။

ဒွါရ ခြောက်ပေါက်က

ဘယ်ပဋိစ္စသမုပ္ပာဒ်က လုပ်ပါလိမ့်မလဲဆိုတော့ ဒကာ,ဒကာ မတွေ ရှင်းပြတော့ ဒွါရ ခြောက်ပေါက်က ပဋိစ္စသမုပ္ပာဒ်ကိုက ခြောက်မျိုးမရှိဘူးလား (ရှိပါတယ်)၊ အဲဒီခြောက်မျိုးက တဏှာ ဥပါဒါန်ကံတွေက ဘာတွေလုပ်ပါလိမ့်မတုံးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ)၊ ငရဲတွေ ဖြစ်အောင်လုပ်တယ် (မှန်ပါ့)၊ ငရဲကောင် ဖြစ်အောင် (လုပ်ပါတယ်)။

ဘယ်သူက လုပ်တာတုံးဆိုတော့ ပဋိစ္စသမုပ္ပာဒ် မပြတ်တော့ ကိုး ပဋိစ္စသမုပ္ပာဒ်ကိန်းတဲ့ တရားတွေက နေပြီးသကာလ ဟိုမှာ အထည်ဖြစ်အောင် သွားလုပ်တာ (မှန်ပါ့)၊ ငရဲအိုးကြီးတွေ သွားပြီး တည်ထောင်တာလဲ ဒီကံပဲ (မှန်ပါ့)၊

ငရဲကောင်ကြီးဖြစ်အောင်ကော (ဒီကံကပါ ဘုရား)၊ အဲ ဒါဖြင့် ကိုယ့် ပဋိစ္စသမုပ္ပာဒ် ကိုယ်မဖြတ်လို့ ရှိရင်ဖြင့် ဒကာ ဒကာမတွေ ကိုယ့်ငရဲအိုး ကိုယ်လုပ်ပြီး သကာလ ကိုယ့်ဟာကိုယ် သွားပြီးခံတာ (မှန်ပါ့ ဘုရား)။

တဏှာ ဥပါဒါန်ကံတို့၏ လက်ချက်ပဲ

ဘယ်သူကမှ လာခဲ့လို့ ခေါ်တာလို့ ဆိုလို့ ရသလား (မရပါ ဘုရား)၊ ဘယ်သူကမှ လာခဲ့လို့ မခေါ်၊ ဘယ်သူကမှ သွားပါ လို့ကော (မပြောပါ ဘုရား)၊ ပဋိစ္စသမုပ္ပာဒ် တဏှာ ဥပါဒါန်ကံတို့၏ လက်ချက်ပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုပေါ်တို့ ဘယ်သူ့လက်ချက်ပါလိမ့်မလဲ (ဘယ်သူ့လက် ချက်မှ မဟုတ်ပါ ဘုရား)၊ ပဋိစ္စသမုပ္ပာဒ် တဏှာ ဥပါဒါန်ကံတို့၏ လက်ချက် (မှန်ပါ)၊ ကဲ-ကိုဝတို့ ဘယ်လောက်ဆိုးသလဲ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒီကံကုန်တော့ကော ငရဲအိုးပျောက်၊ ငရဲကောင် ပျောက်သွားတယ် (မှန်ပါ့)၊ ဒါထောက်ကြည့်လိုက်တဲ့အခါကျတော့ သူတည်ထောင်တာကိုးဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ် တဏှာ ဥပါဒါန် ကံတို့၏ တည်ထောင်မှုပဲဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါ ဘယ်လိုပုဂ္ဂိုလ်မှာ ဒီပဋိစ္စသမုပ္ပာဒ်တွေ ဆက်လက်ပြီး ပွားနေပါလိမ့်မတုံးဆိုတော့ ပဋိစ္စသမုပ္ပာဒ် ပေါ်လာတဲ့ တရားတွေကို သစ္စာရယ်လို့ မသိလိုက်တဲ့ပုဂ္ဂိုလ်မှာ ဆက်ပွားတယ် (မှန်ပါ)။

ဖြတ်ချင်လဲ အလွယ်လေး

ဒကာ,ဒကာမတို့ ဥပမာမယ် မြင်တယ် ဆိုလို့ရှိရင် မြင်တဲ့ ပုဂ္ဂိုလ်မှာ ဒုက္ခသစ္စာရယ်လို့ သိလိုက်ပြန်တော့လဲ တဏှာဥပါဒါန် ကံက ငရဲတည်ထောင်တာ၊ ငရဲကောင်ဖြစ်ဖို့ လာသေးရဲ့လား (မလာပါ ဘုရား)၊ အဲ ငရဲမတည်ထောင်ချင်ရင် တို့ ဒါနဲ့ ဖြတ် လိုက်လဲ အရသားပဲ။ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ အဲဒါဖြင့်လဲ သွားချင်လဲ အလွယ်လေး၊ ဖြတ်ချင်လဲ အလွယ်လေးပါ။

ဒါက ဆရာကောင်း သမားကောင်း ကြုံလို့ ဒီအကြောင်း ကောင်းကောင်းသိရတာ- (မှန်ပါ့)၊ နို့မို့လို့ရှိရင် ခင်ဗျားတို့ မိဘ ရိုးရာအတိုင်း သာမည ကုသိုလ်လေးတွေကို အားကိုးနေကြမယ် ဆိုရင် ကုသိုလ်က တစ်ခါတလေမှ လုပ်ကြတာပါ။ ပဋိစ္စသမုပ္ပာဒ် ဝမ်းထဲက တန်းနေတာက တစ်နေ့ အကြိမ်ပေါင်း ဘယ်လောက်လို့ ဆိုကြမလဲ (မရေနိုင်ပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကံတွေက ဘာတွေတည်ထောင်ကြမတုံးဆိုတော့ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ၊ အပါယ်ငရဲအိုး၊ အပါယ်သံရည်ပူတွေ ကို သူတို့ ကျိုပြီးသကာလ ဒီပုဂ္ဂိုလ်ကိုလဲ ဒီကံက ဖြစ်စေပြီး ဒီအိုးထဲ ချတာပဲ၊ ဒီကံဟာ လိုရင်းပဲ။

အဲဒီတော့ ဒီကံ ဘယ်ကလာသလဲ ဆိုတော့ ဥပါဒါန်က လာတယ်။ ဥပါဒါန် ဘယ်ကလာသလဲ ဆိုတော့ (တဏှာက လာ တယ်)၊ တဏှာ ဘယ်ကလာသလဲဆိုတော့ မြင်မှုက လာတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေ စိတ္တာနုပဿနာ ပေးထား တော့ မြင်တဲ့စိတ်ကလေးကို မြင်သည်နှင့် တစ်ပြိုင်နက်တည်း အဲဒါ ဒုက္ခသစ္စာပါလားလို့ သိလိုက်စမ်းပါ- (မှန်ပါ)၊ သိလိုက်တော့ တဏှာ လာသေးလား (မလာပါ ဘုရား)၊ ဥပါဒါန်ကကော- (မလာပါ ဘုရား)။

ငရဲဆိုတာဖျောက်ချင်လို့ ရှိရင်

ဪ ဒါဖြင့် ငရဲဆိုတဲ့ဥစ္စာကြီး ဖျောက်ချင်လို့ ရှိရင်လဲ ဝိပဿနာ ဉာဏ် မဂ်ဉာဏ်ပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာ,ဒကာမတွေ ကျုပ်သေရင် ဘယ်များသွားမယ်ဆိုတာ ကျုပ်မသိဘူးလို့ ကိုပေါ်၊ ကိုဝ မယူနဲ့။ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်သိ (မှန်ပါ့ ဘုရား)၊ ကိုယ့်ပဋိစ္စသမုပ္ပာဒ်ကို (ကိုယ်သိရမယ် ဘုရား)။

ငါဖြင့်ဟေ့၊ မြင်လိုက်တာနဲ့ လိုချင်ပြီဟ (မှန်ပါ့)၊ တဏှာ လာပြီ၊ လိုချင်တာမှ နည်းနည်း လိုချင်တာ မဟုတ်ဘူး၊ စွဲစွဲလမ်းလမ်း ပဲဟေ့-မရမနေ လိုချင်တယ်ဆိုရင် ပဋိစ္စသမုပ္ပာဒ်လာပြီ၊ ဥပါဒါန် မလာသေးဘူးလား (လာပါတယ်)၊ မရရအောင် အားထုတ်လိုက် တဲ့အခါကျတော့ ဘာတွေလာမလဲ (ကံလာပါမယ် ဘုရား)။

ကံရလို့ ရှိရင် ဒီဘဝကံမြောက်လို့ ရှိရင်ဖြင့် သေသည်၏ အခြားမဲ့၌ ငရဲတည်းဟူသော အိုးတွေ ခွက်တွေလဲ ဒီက တည်ထောင်တယ် (မှန်ပါ့)၊ အဲဒီအိုးတွေ ခွက်တွေထဲကျဖို့ ဇာတိပဋိသန္ဓေ ခန္ဓာပေါ်ဖို့လဲ ဘယ်သူက တည်ထောင်ပါလိမ့် (ကံက တည်ထောင် တာပါ)၊

အဲဒါဖြင့် ဘယ်သူဖန်ဆင်းတာမှ မဟုတ်ပါလားဆိုတဲ့ သံသယ ဝိစိကိစ္ဆာတွေလဲ ပျောက်ကြပလား (ပျောက်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)

ဉာဏ်နဲ့ပိတ်မှ ရတယ်

ကိုင်း-ဒကာ ဒကာမတို့သည် တရားနာပြီး တရားအားထုတ် နေတာ၊ ဘာလုပ်ကြသတုံး ဆိုတော့ အပါယ်တံခါးပိတ်အောင် လုပ်နေကြတာ (မှန်ပါ့)၊ အပါယ်တံခါး သွားပိတ်လို့ရသလား၊ ဉာဏ်ပေါက်ကနေပြီး ဉာဏ်နဲ့ပိတ်မှရသလား (ဉာဏ်ပေါက်ကနေ ဉာဏ်နဲ့ပိတ်မှ ရပါတယ် ဘုရား)။

အဲ မြင်စိတ်ကလေး ဖြစ်ပျက်ရှု၊ ကြားစိတ်ကလေး ဖြစ်ပျက်ရှု၊ ရှုပြီဆိုမှဖြင့် ခင်ဗျားတို့ ရှေ့တွင်ပဲ တဏှာ ဥပါဒါန် ကံလိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)၊

အဲဒီတော့ ကိုယ့်အတွက် စိတ်ချရအောင် စိတ္တာနုပဿနာ ကြိုးစားလိုက်မယ်ဆိုရင် မပြီးဘူးလား (ပြီးပါတယ် ဘုရား)၊ နို့မို့လို့ရှိရင် ခင်ဗျားတို့သည် သံသယ ဝိစိကိစ္ဆာ ရှိနေလိမ့် မယ်နော် (မှန်ပါ့ ဘုရား)။

ငါသေရင် အပါယ်များရောက်ဦးမှာလား၊ ငါလှူဒါန်းပေးကမ်း ထားတာတွေ နည်းတော့ မနည်းလှဘူးဆိုတော့ အဲဒါသာ မနည်း တာ၊ ဒွါရခြောက်ပေါက်က နေပြီး တဏှာ ဥပါဒါန်ကံတွေက လှူဒါန်း ပေးကမ်းထားတာထက် အဆပေါင်း သိန်းသန်းမက များပါတယ် (များပါတယ် ဘုရား)။

အဲဒါ ဘယ်သူအသိဆုံးတုံးလို့ မေးတဲ့အခါကျတော့ ဒကာ, ဒကာမတွေ မှတ်လိုက်စမ်းပါ၊ မိမိအသိဆုံး (မှန်ပါ့ ဘုရား)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူအသိဆုံးပါလိမ့် (မိမိအသိဆုံးပါ ဘုရား)၊ မိမိအသိဆုံးဆိုတာ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။ ကိုယ့်သန္တာန်ဖြစ်တဲ့ စိတ်စဉ်တန်းကြီးကို ပဋိစ္စသမုပ္ပာဒ် ခေါ်တာပဲ (မှန်ပါ)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ငရဲကြောက်စရာကောင်းသလား၊ ရုပ်နာမ်ကြောင်းကျိုး ဆက် ဖြစ်ပျက်သဘောရှိတဲ့ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ် မဖြတ်တတ် တာ ကြောက်စရာကောင်းသလား (ပဋိစ္စသမုပ္ပာဒ် မဖြတ်တတ် တာ ကြောက်စရာကောင်းပါတယ် ဘုရား)၊

ငရဲကြီး မကြောက်ပါနဲ့

ပေါ်ပြီ-ဒကာ,ဒကာမတို့ နောက်က ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒကာကြီးလှိုင် လက်သည်ပေါ်ပြီဗျ၊ အဘိဓမ္မာနည်းနဲ့ သေသေချာချာ ပြောတော့မှ ဒကာ ဒကာမတို့ အပါယ်မကြောက် ပါနဲ့၊ အခုနက ငရဲကြီး မကြောက်ပါနဲ့၊ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ် မဖြတ်တတ်မှာ ကြောက်ပါ- (မှန်ပါ့)၊ ပေါ်ကြပလား- (ပေါ်ပါပြီ ဘုရား)။

ဘာကြောက်ကြမယ် (ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်မဖြတ် တတ်မှာ ကြောက်ကြရပါတယ်)၊ ဖြတ်တယ်ဆိုလို့ ရှိရင်တော့ ဖြတ်တာ ဘာနဲ့ဖြတ်ရမလဲမေးတော့- မြင်စိတ်ကလေးကြည့်တော့ မြင်စိတ်က ဖြစ်ပြီး ပျက်နေတဲ့ ဝိပရိဏာမ လက္ခဏာ ဒုက္ခသစ္စာ ဆိုတော့ ကြည့်လိုက်တာ ကလေးက ဉာဏ်ဖြစ်သွားတော့ အင်း ကိစ္စဉာဏ်၊ သစ္စာကိုလဲ သိတယ်၊ ဖြစ်ပျက်ကိစ္စကိုလဲ သိတော့ ကိစ္စဉာဏ်နဲ့ ဖြတ်လိုက်လဲ ရတာပါပဲ (မှန်ပါ ဘုရား)။

ဒါဖြင့် သစ္စာသိတဲ့ဉာဏ်မှ အပါယ်လေးပါး တံခါးပိတ်တယ် (မှန်ပါ့ ဘုရား)၊ ကိုဝ ရှင်းပြီနော်- (ရှင်းပါပြီ)၊ ကိုပေါ် ဘယ့်နှယ်တုံး (ရှင်းပါတယ် ဘုရား)။

အပါယ်လေးပါး တံခါး

သစ္စာမသိတဲ့ဉာဏ်ဖြင့် ဒကာ,ဒကာမတို့ အပါယ်လေးပါး တံခါးကို ဘယ်သူက သွားဖွင့်သတုံးလို့ မေးလို့ရှိရင် ဘယ်သူကမှ သွားမဖွင့်ဘူး၊ ကိုယ့်ကံက ဖွင့်ပေးတယ် (မှန်ပါ့)၊ ဖွင့်တယ်ဆိုတော့ -ခင်ဗျားတို့က လောကီမှာ တစ်မျိုးသုံးထားလို့၊ ဘုန်းကြီးများက အပြောရ နည်းနည်းခက်တယ်။

အပါယ်က မင်းအတွက် ဟင်းလင်းပွင့်နေတယ်ဆိုတာ ဒီလို မဟုတ်ပါဘူး၊ ဘယ်လိုမှ ဟုတ်ပါလိမ့်ဆိုတော့ ဒီက ကံကနေပြီး သကာလ ဟိုမှာ အပါယ်တံခါးကိုလဲ သူကပဲ လက်သမား လုပ်ပြီး ထားတာ၊ သူကပဲ ဖွင့်ပေးတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အပြင်ငရဲတွေကော ဘယ်သူလုပ်တာလဲ၊ ဒီကံကပဲ လုပ်တာ ဒကာ,ဒကာမတို့၊ မင်းအတွက် တံခါးပွင့်နေတယ်ဆိုတော့ အလိုလို ပွင့်နေတဲ့သဘောမျိုး မဟုတ်ပါဘူး၊ ကိုယ့်ကံက ဖွင့်ပေးတဲ့ သဘော ကိုယူပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)၊ ဘယ်သူက ဖွင့်ပေး တာလဲ (ကိုယ့်ကံက ဖွင့်ပေးတာပါ ဘုရား)။

ကိုယ့်ကံကကိုက ဒီတံခါးလုပ်ပြီးသကာလ ဒီငရဲတည်ထောင် တယ်၊ သဘောကျပလား (ကျပါပြီ)၊ ရှေးထုံးက တစ်မျိုးဖြစ်နေလို့ သာ ဆိုတာကော ကိုပေါ်၊ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

မင်းကွာအပါယ်လေးပါး တံခါးကြီး မင်းအတွက် ပွင့်နေ တယ်ဆိုတာ ငရဲက အဆင်သင့် စောင့်နေတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူးတဲ့၊ ကိုယ့်ကံက ကိုယ်ရောက်တဲ့ အခါကျလို့ရှိရင်ဖြင့် ကိုယ့်ကံက တည်ဆောက်ပြီး ကိုယ့်ကံက အဆင်သင့် လုပ်တယ်လို့ ဆုံးဖြတ်ချက်ချပါ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ပိုပြီး

ဒါဖြင့် ဘယ့်နှယ်ကြောင့် ဒီကံရအောင် ဒကာ ဒကာမတွေ က ဘာအဖြစ်လုပ်သလဲ မေးတော့ ဥပါဒါန်ကြောင့် (မှန်ပါ)၊ နောက်ဆုတ်သွားလိုက်စမ်း၊ ကံကို ဘယ်သူလုပ်သတုံး (ဥပါဒါန်က လုပ်ပါတယ်)၊ ဥပါဒါန် ဘယ်သူက လုပ်သတုံး (တဏှာက လုပ်ပါ တယ်)၊ တဏှာ ဘယ်သူလုပ်ပါလိမ့်မလဲ မေးတဲ့အခါကျတော့ ဝေဒနာက လုပ်တယ် (မှန်ပါ့)၊ ဝေဒနာ ဘယ်သူလုပ်ပါလိမ့်မလဲ ဆိုတော့ ဖဿက လုပ်တယ် (မှန်ပါ)၊ ဖဿ ဘယ်သူက လုပ်ပါလိမ့်မလဲ၊ မြင်စိတ်က လုပ်တယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်စိတ်ဖြစ်ပျက်ရှု

စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ ဆိုတော့ ကိုဝတို့၊ ကိုယ်တို့ မရှင်းဘူးလား (ရှင်းပါပြီ ဘုရား)၊ စက္ခုဝိညာဏ် နဲ့ ဖဿနဲ့ ဝေဒနာနဲ့ဟာ တွဲလျက်ချည်းနေတော့ ဒကာ,ဒကာမ တွေက အဲဒီကနေပြီး လိုချင်တာ မလာအောင် မြင်စိတ်ဖြစ်ပျက်ရှု၊ ဖဿရော၊ ဝေဒနာရော၊ မြင်စိတ်ရော ဖြစ်ပျက်ရှု (မှန်ပါ့)။

ဖြစ်ပျက်ရှုတော့ ဖြစ်ပျက် ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ)။ ရှုလိုက်တာကလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာလေး ဖြစ်လိုက်တော့ မဂ်သည် ကိလေသာ ဖြတ်တယ်ဆိုတော့ သူ့နောက်က လာသေးလား (မလာပါ)၊ မလာတော့ ငရဲတည်ထောင်တဲ့ ကံကော ပါသေးသလား (မပါပါ ဘုရား)၊ ငရဲအိုး၊ ငရဲထိန်းတွေ ဖြစ်စေသေး ရဲ့လား (မဖြစ်စေတော့ပါ ဘုရား)၊ အင်း-ဘယ်သူကများ ကန့်ကွက် လို့ပါလိမ့်မလဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ သစ္စာသိတဲ့ ဉာဏ်က (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်သိတဲ့ဉာဏ်ဟာ သစ္စာသိတဲ့ဉာဏ်ပဲ

ဖြစ်ပျက်သိတဲ့ဉာဏ်ဟာ သစ္စာသိတဲ့ဉာဏ်ပဲ- (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)၊ ဖြစ်ပျက်သိတဲ့ဉာဏ်သည် သစ္စာသိတဲ့ ဉာဏ်ပဲ

ကြည့်လေသံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာပိ ဒုက္ခာလို့ ရထားတဲ့ ပုဂ္ဂိုလ်တွေပဲ ဆိုတော့ မြင်စိတ် ကလေးရလဲ ခန္ဓာထဲက ဝိညာဏက္ခန္ဓာပဲ မဟုတ်လား- (ဟုတ်ပါတယ်)၊ အဲဒါက ဘာသစ္စာလဲ- (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒါကြောင့် ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ သံသယမရှိဘဲနဲ့ သိအောင် လုပ်ပစ်လိုက် (မှန်ပါ)။ )

ဖြစ်ပျက်ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ သိတာက (မဂ္ဂသစ္စာ)၊ မဂ္ဂသစ္စာကနေပြီး သကာလ အပါယ်တည်ဆောက် သေးရဲ့ လား (မတည်ဆောက်ပါ ဘုရား)၊ ဧကာယနော အယံ ဘိက္ခဝေ အယံမဂ္ဂေါ- ဤသတိပဋ္ဌာန်ဟူသော ပုဗ္ဗဘာဂမဂ်ခရီး သည် ဧကာယနော- နိဗ္ဗာန် ရောက်ကြောင်း တစ်ခုတည်းသော လမ်းကြောင်းပေတည်းဆိုတော့ အပါယ်သွားသေးရဲ့လား (မသွားပါ ဘုရား)။

ဪ သွားချင်လဲ ကိုယ့်ပဋိစ္စသမုပ္ပာဒ်ဆက်ကြ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)၊ မသွားချင်လဲ ကိုယ့်ပဋိစ္စ သမုပ္ပာဒ်ကို မြင်စိတ်ကနေ ဖြတ်လိုက်၊ မပြီးဘူးလား (ပြီးပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သည် ကျုပ်တို့တွေမှာဗျာ အကုသိုလ်တွေ က မသိခင်တုန်းက မှားထားတာ တွေက အများကြီး၊ သိပြီးတော့လဲ မတားနိုင်လို့ မှားထားတာတွေက အများကြီးဆိုပြီး သကာလ ကြောက်မနေနဲ့။ ယခုအချိန် သစ္စာသိရင် ယခုအခါမှာ သစ္စာသိတဲ့ မဂ်သည် “အကဏှ အသုက္ကကံ” ဖြစ်ပါတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မမည်း၊ မဖြူတဲ့ကံ

သစ္စာသိတဲ့မဂ်သည် (အကဏှ အသုက္ကကံပါ ဘုရား)၊ အကဏှ အသုက္ကကံသည် မမည်း၊ မဖြူတဲ့ကံ (မှန်ပါ့)၊ ဖြစ်ပျက်သိတဲ့ ဉာဏ်ကလေးဟာလေ မမည်း၊ မဖြူတဲ့ကံ၊ ဉာဏ်သဘော ပါပလား (ပါပါပြီ ဘုရား)၊

အဲဒါက ကံပြတ်တာဟေ့ဆိုတော့ သူ့နောက်က ကံလာသေးရဲ့ လား (မလာပါ)၊ ဒါဖြင့် သူ့နောက်က လာမည့်ကံ ကိုလဲ ဖြတ်တယ်၊ ရှေ့က မလိမ္မာတဲ့ မိုက်မဲထားတဲ့ ကံတွေကော (ဖြတ်ပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကံဖြတ်တရား

ဒါဖြင့် ကံဖြတ်တရား (မှန်ပါ)၊ ကိုဝ ဘာတရားပါလိမ့် (ကံဖြတ်တရားပါ ဘုရား)၊ ကံရှိမှသာလျှင် နတ်ပြည် ဇာတိ၊ ဇရာ၊ မရဏ၊ ဒုက္ခသစ္စာရမယ်။ အကုသိုလ်ကံ ရှိမှသာလျှင် အပါယ်လေးပါး ကျုပ်တို့ ဖြစ်မှာကိုး- (မှန်ပါ့)၊ ဒီကံကို ဖြတ်လိုက်တဲ့ ဖြစ်ပျက်သိတဲ့ မဂ်သည် ဒီကဖြစ်နေတော့ ကိုဝတို့၊ ကိုယ်တို့ ကြောက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊

ဒါဖြင့် ခင်ဗျားတို့သည် အားကိုးရာ အစစ်ကို ယနေ့ ဘုန်းကြီးက ပေးလိုက်တယ် (မှန်ပါ့)။

ဖြစ်ပျက်သိတဲ့ မဂ်သည် အတိတ်ကပါလာတဲ့ ကံတွေကိုလဲ ဖြတ်လိုက်တယ်၊ ပစ္စုပ္ပန် လာလတ္တံ့ဖြစ်မည့် ကံတွေကိုကော ဖြစ်ခွင့် ပေးသေးရဲ့ လား- (မပေးပါ ဘုရား)၊

ဒါဖြင့် အတိတ်ကံတွေကိုလဲ ဖြတ်၊ ပစ္စုပ္ပန်ကံတွေကိုလဲ ဖြစ်ခွင့်မပေးသောကြောင့် ကံဖြတ်တရား (မှန်ပါ့)၊ အတိတ်က ပါလာတဲ့ ကံတွေကို (ဖြတ်လိုက်ပါ တယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ယခုလာမည့်ကံတွေကိုကော လာခွင့်ပေးသလား- (မပေးပါ ဘုရား)၊ မြင်စိတ်ကလေး၊ မြင်စိတ်ရှုလိုက်တဲ့အခါ စက္ခုဝိညာဏ် အနိစ္စံ -ဆိုပြီး သကာလ ဒကာ, ဒကာမတွေ မြင်စိတ်က ဖြစ်ပျက် ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာဆိုတော့ အတိတ်ကံတွေကော ဖြတ်တယ်။ လာလတ္တံ့ ကံတွေကော ဖြတ်တယ်။

ဒါဖြင့် ဘယ်မှာသာလျှင် နတ်ပြည်ဒုက္ခသစ္စာကော ကျုပ်တို့ ရဖို့ လိုသေးလား (မလိုပါဘူး ဘုရား)၊ အပါယ်ငရဲတွေကော တည်ထောင်ဖြစ်သေးရဲ့လား (မတည်ထောင်ဖြစ်ပါ ဘုရား)၊ နတ် ပြည်ကော တည်ထောင်ဖြစ်သေးရဲ့ လား (မတည်ထောင်ဖြစ်ပါ ဘုရား)၊ ဗြဟ္မာပြည်ကော (မတည်ထောင်ဖြစ်ပါ ဘုရား)၊ အပါယ် လေးပါးကော (မတည်ထောင်ဖြစ်ပါ ဘုရား)။

ဖြစ်ပျက်မြင်တဲ့မဂ်သည် ကယ်မည့်သူ

အင်း-ဘယ်သူ့ကြောင့်ပါလိမ့်မတုံးဆိုတော့ မဂ်ကြောင့်၊ ဖြစ်ပျက် မြင်တဲ့မဂ်ကြောင့်- (မှန်ပါ့)၊ အဲဒီတော့ ဒကာ,ဒကာမတွေ ဖြစ်ပျက်မြင်တဲ့မဂ်သည် ကျုပ်တို့၏ ကယ်မည့်၊ ယူမည့်လူ အချုပ် အချာပဲ၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဖြစ်ပျက်ကို သိတဲ့မဂ်သည် (ကယ်မည့် ကူမည့် အချုပ် အချာပါ ဘုရား)၊ ဒါဖြင့် ဪ-ဆရာဘုန်းကြီးနဲ့တွေ့၊ ခေါင်းဆောင် ကောင်းနဲ့တွေ့၊ ဒကာ, ဒကာမတွေကလဲ ကြိုးစားပြီး နာကြတော့ ဪ -တို့ကြောက်စရာမရှိပါလား၊ ဒီအလုပ် မလုပ်ဖြစ်မှာ တစ်ခုသာ ကြောက်စရာပါလား ဆိုတော့ မောင်နိုင် သစ္စာသိပလား (သိပါပြီ ဘုရား)။

မဂ္ဂသစ္စာကကံဖြတ်တယ်

ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်မှန်းသိတာကလေးက (မဂ္ဂသစ္စာပါ) မဂ္ဂသစ္စာ ဖြစ်ပြီးနေတော့ မဂ္ဂသစ္စာက ဘာဖြတ် သတဲ့လဲ (ကံဖြတ်ပါတယ်)၊ ကုသိုလ်ကံလဲ (ဖြတ်ပါတယ်)၊ အကုသိုလ်ကံလဲ ဖြတ်ပါတယ် (မှန်ပါ့)။

ဖြတ်တဲ့အခါကျလို့ရှိရင်ဖြင့် ကမ္မဘဝပစ္စယာဇာတိ ဆိုတော့ ဘယ်ကံမဆို ဇာတိလာမှာ ဖြစ်တော့ ဇာတိဒုက္ခသစ္စာချည့်ပဲ (မှန်ပါ့)၊ ဒီဇာတိတွေ ကိုယ်က ဇာတ်သိမ်း, မသိမ်း (သိမ်းပါတယ် ဘုရား)၊ ဘယ်သူကများ သိမ်းပေးပါလိမ့်- (မဂ်ကပါ ဘုရား)။

ဪ သစ္စာသိတဲ့မဂ်က (မှန်ပါ့ ဘုရား)။ ဒါကြောင့် ခုနပြောခဲ့တဲ့ ငရဲကြီးကြောက်စရာ ကောင်းတာ သိရင် မောင်နိုင် ကိုယ့်ပဋိစ္စသမုပ္ပာဒ် ဆက်မှာကို ကြောက်ပါ (မှန်ပါ့)။ ငရဲတွေဆက်မှာမို့လို့ပါ – (မှန်ပါ့)။ ငရဲတွေရဲ့ အရင်းကျကျ လက်သည် က ရုပ်နာမ် ကြောင်းကျိုးဆက် ဖြစ်ပျက်သဘောတွေပဲ (မှန်ပါ့)။ မဖြတ်တတ်တဲ့ ပုဂ္ဂိုလ်တို့၏ ရုပ်နာမ်ကြောင်းကျိုး ဆက် ဖြစ်ပျက် သဘော ရှင်းပလား (ရှင်းပါပြီ)၊ ဖြတ်တတ်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ဘာမှ မစိုးရိမ်နဲ့ (မှန်ပါ့ ဘုရား)။

တစ်သက်လုံး မုဆိုးလုပ်စားတာတောင်

တစ်သံသရာလုံး၊ တစ်သက်လုံး မုဆိုးလုပ်စားတာတောင် သားခုနစ်ယောက်, ချွေးမ ခုနစ်ယောက်နဲ့ဟာ ဦးဘရှင်း ဒီမဂ်ဝင်ဖြတ် လိုက်တော့ အကုန်လွတ်မသွားဘူးလား လွတ်သွားပါတယ် ဘုရား)။ အကုန် သောတာပန်တည်သွားတယ်။။

အဲဒီတော့ အပါယ်လေးပါးထဲမယ် ဘယ်သူဝင်ပြီးဖြတ်လိုက် ပါလိမ့်- (မဂ်ကပါ ဘုရား)၊ ကဲ-လွန်ပြီးသား ကံတွေလဲ အဟောသိကံ ဖြစ်ရတယ်။ ရှေးအတိတ်ကံတွေလဲ အဟောသိကံ ဖြစ်ရတယ်။ သူ ပေါ်ခွင့်မရဘူး၊ သဘောပါပလား- (ပါပါပြီ)။

အားကိုးအစစ်ရှိသေးတယ်

ဒီလောက်တောင် အားကိုးအစစ်ရှိသေးတယ်၊ သစ္စာသိတဲ့ ဉာဏ်ဟေ့။ ဒကာ ဒကာမတို့ အားကိုးအစစ်ဟာ ဘာပါလိမ့်- (သစ္စာ သိတဲ့ဉာဏ်ပါ ဘုရား)၊ စာတွင်းမှာ မသိပါနဲ့၊ စာထဲသိရင် အလွဲ အချော်ဖြစ်ပါလိမ့်မယ်- (တင်ပါ့)။

ခန္ဓာထဲမှာဖြစ်တဲ့ဟာ ဖောက်ပြန်ပျက်စီးသွားပြန်ပြီ။ မြင်စိတ်ကလေးဟာ ပေါ်လဲပေါ်တယ်၊ ပျောက်လဲ ပျောက်တယ်၊ ကြား စိတ်ကလေးဟာ ပေါ်လဲပေါ်တယ်၊ ပျောက်လဲပျောက်တယ်။ လောဘ ကလေးတွေ ပေါ်လဲပေါ်တယ်၊ ပျောက်လဲ ပျောက်တယ်လို့ နောက်က လိုက်ပေး- (မှန်ပါ့ ဘုရား)။

ကတဉာဏ်ကျရင် မဂ်ဆိုက်မယ်

နောက်က လိုက်ပေးတဲ့အခါကျလို့ရှိရင်ဖြင့် ပထမ ကိစ္စဉာဏ် တော့ သေသေချာချာ ရမှာပဲ၊ ရင့်ကျက်လာရင်ဖြင့် ကတဉာဏ် ကူးမယ်- (မှန်ပါ့)၊ မကူးပါနဲ့ ဆိုလို့ (မရပါ ဘုရား)၊ မရတော့ ကတဉာဏ်ကျလို့ရှိရင် မဂ်ဆိုက်သွားတာပဲ (မှန်ပါ့)၊ ကိစ္စဉာဏ်မှာ မဆိုက်သေးဘူး၊ ဝိပဿနာမဂ်ပဲ ရှိသေးတယ်။ ကတဉာဏ်ကျရင် (မဂ်ဆိုက်ပါတယ် ဘုရား)။

မဂ်ဆိုက်သွားတော့ ဒကာ ဒကာမတို့ လွန်ပြီးသား အကုသိုလ် ကံတွေကော- (ဖြတ်ပါတယ် ဘုရား)၊ ဖြတ်လိုက်ပြီ၊ သော်-ကျုပ်က ဒီဘဝ ကောင်းကောင်းနေပေမယ့် နောက်က ဘာကံတွေလဲ ဆိုတာ မသိဘူးဆိုတဲ့ စိုးရိမ်စိတ်တွေလဲ ပျောက်ပါတယ်။ ဒါကြောင့် သောက ပရိဒေဝတွေလဲ ပျောက်စေနိုင်ပါတယ်။ ဒီအလုပ်သာ လုပ်ပါ- (မှန်ပါ)။ ရှင်းကြပလား- (ရှင်းပါပြီ ဘုရား)။။

သေသေချာချာပြောနေတယ်၊ ဒကာ,ဒကာမတို့ သေသေ ချာချာ သိချင်လို့ရှိရင် နားထောင်ပါ။ ခင်ဗျားတို့ အားကိုးရာအစစ်ကို ဆရာဘုန်းကြီး ပေးနေတယ်။ ခင်ဗျားတို့ မှားထားတဲ့ ကံတွေဟာ ဖြင့် ခင်ဗျားတို့ဟာနဲ့ ခင်ဗျားတို့ဆိုရင် ကုက္ကုစ္စလာနေမှာပဲ- (မှန်ပါ့ ဘုရား)။

ဪ-ငါက အခုတော့ ဆရာကောင်း သမားကောင်း နဲ့တွေ့လို့ လိမ္မာပါရဲ့၊ ထိုက်တန် သလောက်လဲ သစ္စာသိပါတယ်။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာတဲ့၊ ဖြစ်ပျက်မြင်ရင် မဂ္ဂသစ္စာတဲ့၊ သို့သော်လဲ ငါက ငယ်စဉ်အခါက မလိမ္မာတဲ့ အချက်တွေက နည်းတာတွေ မဟုတ်ဘူးဆိုပြီး အဲဒါတွေကျရင်လဲ ကိုပေါ်, ကို ဖျောက်လိုက်။ ဒီအလုပ်လုပ်ရင် ဒါတွေ အဟောသိကံဖြစ်ကုန်ပြီ- (မှန်ပါ့ ဘုရား)။

ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်မဖြတ်မိမှာ ကြောက်ပါ

ဒါဖြင့် ခင်ဗျားတို့ မှားခဲ့တာကိုလဲ အရေးကြီးစရာ မလိုဘူး (မှန်ပါ့)၊ လာလတ္တံ့ ငရဲတွေ၊ ငရဲခန်းတွေလဲ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက ဟောထားတယ်၊ ဘုန်းကြီးများကလဲ ဟောထားတယ်။ ကြောက်စရာ မလိုဘူး (မှန်ပါ့)၊ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်မဖြတ်မိမှာ ကြောက်ပါ (မှန်ပါ့ ဘုရား)၊ ဘာကြောက်ရမယ် (ကိုယ့်ပဋိစ္စ သမုပ္ပာဒ် ကိုယ်မဖြတ်မိမှာ ကြောက်ရပါမယ် ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးက ဒကာ,ဒကာမတွေ အရင်းအချာ တွေမို့ ဆုံးမပါတယ်၊ ငါသေရင် ဘာဖြစ်မှတုံးဆိုတာလဲ ပဋိစ္စသမုပ္ပာဒ် ကို မေးပါ။ သဘောကျပလား- (ကျပါပြီ)၊ မဖြတ်သေးလို့ ရှိရင်ဖြင့် ငါသေရင် ဘာဖြစ်မှာပဲဆိုတာ ပဋိစ္စသမုပ္ပာဒ် စီမံရာ ခံရမှာပဲ။ ဖြတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ရင်လဲ ဝိပဿနာအလုပ်လုပ်လို့ ဖြစ်တတ်တဲ့ ပုဂ္ဂိုလ်မှန်ခဲ့လို့ရှိရင်လဲ ငါသေရင် ဘာမှဖြစ်စရာမရှိဘူး၊ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီ ရောက်မှာပဲ (မှန်ပါ့)၊ ဆိုတော့ သူများမေးရတာ ကြာပါ တယ်၊ ကိုဝ ဘယ့်နှယ်နေသလဲ (ကြာပါတယ် ဘုရား)။

သူများက ဖြစ်ပျက်ကို မှန်းပြောတာ၊ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်သိတော့ ကိုယ့်ဟာကိုယ် မသိဘူးလား (သိပါတယ်)၊

ဒါဖြင့် ငရဲဟာ ဘယ်သူတည်ထောင်တာတုံးဗျ?၊ ဘယ့်နှယ်ပေးကြတယ်။ မေးဖို့ လိုသေးလား ? ဘယ်သူက တည်ထောင်တာတုံး”

ဒီက တည်တာ။ နိဗ္ဗာန် ဘယ်သူပို့တာတုံးဗျ? လို့ မေးဖို့လိုသေးလား (မလိုပါဘူး ဘုရား)။

အဲ-ဘုန်းကြီးတွေက နိဗ္ဗာန်ပို့ပေးလို့တော် တော်သေးတယ် ဆိုတာ အဲဒါ အလကား လူတွေက ပြောတာ (မှန်ပါ့)၊ ဘုန်းကြီးက နိဗ္ဗာန် ပို့ကို မပို့နိုင်ဘူး (မှန်ပါ့)၊ ခင်ဗျားတို့ နိဗ္ဗာန် ရောက်ချင်လို့ ရှိရင် ဒီလိုဖြတ်ကြဟေ့လို့ ပြောဖော် ဆိုဖော်ရတာပဲ (မှန်ပါ့ ဘုရား)။

ဘုရားကိုယ်တော်တိုင် သူ့သား ရာဟုလာကို နိဗ္ဗာန်မပို့နိုင်ဘဲနဲ့၊ ဘုရားကလေ ရာဟုလာ ဆိုပြီးသကာလ၊ မင်း ပထဝီဓာတ်တွေကို ဖြစ်ပျက်ရှုစမ်းကွာ၊ အဲဒါ-ငါ့ကိုယ်၊ ငါ့ဟာမဟုတ်အောင် ကြည့်စမ်းကွာ။ အဲဒါမှ မင်း နိဗ္ဗာန်ရောက်မယ်ဆိုတာ အဟုတ်ပြောတာလား၊ မခေါ်နိုင်လို့ ပြောတာလား (မခေါ်နိုင်လို့ ပြောတာပါ ဘုရား)။

သူ့ပဋိစ္စသမုပ္ပာဒ် သူဖြတ်လို့

ဒါဖြင့် သူ့ပဋိစ္စသမုပ္ပာဒ် သူဖြတ်လို့ ရာဟုလာ နိဗ္ဗာန်ရောက် တာ၊ ရှင်းပလား- (ရှင်းပါပြီ ဘုရား)၊ သူ့ ပဋိစ္စသမုပ္ပာဒ် သူမဖြတ်လို့ ရှိရင်လဲ ရာဟုလာဟာ အခုအချိန်မှာ ရောက်ချင်တဲ့ဆီ ရောက်မှာပဲ။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ-ဘုန်းကြီးများကပဲ ကယ်တင်ပေးလို့တော် တော်သေး တယ်လို့ ဒီလိုမယူလိုက်ပါနဲ့၊ နည်းပေးလို့ တော်သေးတယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်လိုယူကြမလဲ (နည်းပေးလို့ တော်သေးတယ်)၊ နည်းပေး လို့ တော်သေးတယ် ဆိုတာသာ ဘုန်းကြီးများအပေါ်မှာ အာစရိယ ဂုဏာ အနန္တာနဲ့ ကျေးဇူးတင်ကြပါ (မှန်ပါ)၊ နည်းပေးလို့ တော်သေးတယ် ဆိုပြီး အဲဒါနဲ့ တင်းတိမ်နေမယ်ဆိုရင်လဲတဲ့ ဓမ္မသာဝန ကုသိုလ်ပဲ ဖြစ်မယ် (မှန်ပါ့ ဘုရား)။

ဓမ္မဿဝန ဆိုတာ

ဓမ္မဿဝနဆိုတာ ဓမ္မက- တရား၊ ဿဝနက-နာတာ (မှန်ပါ့)၊ နာတော့ကို ဘာဖြစ်သလဲ ဆိုတော့ နားထဲက ကြားတယ်။ နားထဲက ကြားလို့ ရှိရင်ဖြင့် ဘာဖြစ်သလဲဆိုတော့ ဒကာ,ဒကာမ တို့က ကြားလို့ ကုသိုလ်စိတ်ဖြစ်တယ်၊ ကြားလို့ ဝမ်းမြောက်တယ် ဘုရား၊ သောမနဿ ဝေဒနာ မဖြစ်ဘူးလား (ဖြစ်ပါတယ်)၊

ဝမ်းမြောက်တဲ့ သောမနဿ ဝေဒနာ ဖြစ်ပြီးလာတော့ ဒကာ,ဒကာမ တို့ သောမနဿ ဝေဒနာက သုခဝေဒနာဖြစ်တယ်၊ မဖြစ်သေးဘူး လား- (ဖြစ်ပါတယ် ဘုရား)။

သုခဝေဒနာဖြစ်တော့ ငါတော့ဖြင့် ကျေးဇူးများမှာပဲဆိုတဲ့ တဏှာ လာတယ်၊ တဏှာပစ္စယဥပါဒါနံ၊ ဥပါဒါနပစ္စယာ (ဘဝေါ)၊ ကမ္မ ဘဝပစ္စယာ သုဂတိဇာတိ (မှန်ပါ့)၊ သုဂတိဇာတိ တရားနာရင် တော့ ဒါပဲရမယ် (မှန်ပါ)၊ ကိုဝ တရားနာရင်တော့ (သုဂတိ ဇာတိပါ ဘုရား)၊ ဒါပဲရမှာပဲ။

တရားအားထုတ်လို့ ရှိရင်

တရားအားထုတ်လို့ ရှိရင် သုဂတိဇာတိ၊ ဒုက္ခသစ္စာတောင် ပယ်နိုင်ပါတယ်- (မှန်ပါ့)၊ အပါယ်လောက်ကို မဆိုထားပါနဲ့၊ သုဂတိ ခင်ဗျားတို့ ကြိုက်နေတဲ့ ဒုက္ခသစ္စာတောင်မှ ပယ်နိုင်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် မဂ်သည် ကံပြတ်ဆိုတာ မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒါက စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာ သေသေချာချာ ဟောတယ်၊ ကံမဂ်ဆိုတာ ဟောတယ်ဆိုပြီး ကံကုန်စေတာဖြင့် သူပဲဟေ့ဖြစ်ပျက်ရှုတဲ့မဂ်ပဲ။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ငရဲ ဘယ်သူတည်ထောင်သတုံး (ကံက တည်ထောင် တာပါ)၊ မဆိုနဲ့၊ ကိုယ့်ပဋိစ္စ သမုပ္ပာဒ်က တည်ထောင်တာ (မှန်ပါ့)။ ပေါင်းပစ်လိုက်တော့ တဏှာ ဥပါဒါန် ကံဆိုတာ အကုန်ပေါ့ဗျာ။

ကံချည်းသက်သက်က မတည်ထောင်နိုင်လို့ ပယ်လိုက်ရတာပဲ (မှန်ပါ့)၊ ကံဟာ ဥပါဒါန် အုပ်ချုပ်မှ တည်ထောင်နိုင်တာကိုး- (မှန်ပါ့)၊ ဥပါဒါန် အပေါ်မှာ တဏှာအုပ်ချုပ်မှ- (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကံပေါ်မှာ အုပ်ချုပ်တဲ့ လူယုတ်မာ

ကံချည်းသက်သက် ဘာလုပ်နိုင်မလဲ (ဘာမှမလုပ်နိုင်ပါဘူး ဘုရား)၊ ကံချည်း သက်သက် ဆိုရင် ဘာမှမလုပ်နိုင်ဘူးဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ကံပေါ်မှာ အုပ်ချုပ်တဲ့ လူယုတ်မာ နှစ်ယောက်က စီမံသလို ကံက လုပ်ရပါတယ်- (မှန်ပါ့)။

မယုံရင် စဉ်းစားကြည့်တာပေါ့တဲ့၊ အခုန တရားနာရင်း ကုသိုလ်ကံတွေ ပေါ်လာတော့ တရားရှေ့က သောမနဿ ဝမ်းသာ တာတွေ, ကြည်ညို တာတွေကနေပြီး အုပ်ချုပ်ထားတော့ ကံက သုဂတိပို့လိုက်ရတယ် (မှန်ပါ့)။

အထက်က တဏှာဥပါဒါန်ကံတွေ အုပ်ချုပ်နေရင် ဒုဂ္ဂတိ၊ အပါယ်လေးပါး မပို့ဘူးလား- (ပို့ပါတယ်)၊ ဒါဖြင့် ကံလိုရင်းလား၊ အထက်အုပ်ချုပ်ရေးက လိုရင်းလား- (အထက် အုပ်ချုပ်ရေးက လိုရင်းပါ ဘုရား)၊ အဲဒီတော့ ခင်ဗျားတို့က ကံမကြောက်နဲ့၊ ကိုယ့် ကိလေသာကြောက် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ကြမလဲ၊ ကိလေသာစီမံသလို ကံလုပ်ရပါတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ,ဒကာမတွေ မဟာပရိဠာဟ ငရဲကြီးကို ကြောက်စရာကောင်းတယ် ဆိုတာထက် ခင်ဗျားတို့ ဝမ်းထဲမှာ အကုသိုလ်ပဋိစ္စသမုပ္ပာဒ်က ပိုပြီး ကြောက်စရာကောင်းတယ် (မှန်ပါ့)။

ပစ်တဲ့လူ ကြောက်ရမယ်

လေးမြားက အလိုလိုပစ်သလား (မပစ်ပါ ဘုရား)၊ ပစ်တဲ့လူက အားစိုက်ပြီး လေးတွေ မြားတွေ ဒူးလေးတွေက ထွက်တယ်မို့လား (မှန်ပါ့)၊ ဒါဖြင့် လေးမြားကြောက်တယ်ဆိုရင် မှားတယ်၊ ပစ်တဲ့လူ ကြောက်ရမယ်၊ သဘောပါပလား (ပါပါပြီ)။

ဒီမှာလဲ ကံဆိုတာက လေးမြားနဲ့တူတယ်၊ တကယ်ပစ်တာက တဏှာဥပါဒါန်က ပစ်လိုက်တာ (မှန်ပါ့)၊ တဏှာဥပါဒါန်က ကြိုးဆွဲပြီး ပစ်လိုက်လို့ ကံကနေပြီးသကာလ ဒကာ ဒကာမတို့ ခန္ဓာဖြစ်အောင်, ခန္ဓာသေအောင် လုပ်ရမှာ (မှန်ပါ)။

ဒါဖြင့် ကံက မြားတံသဘောသာ ဖြစ်တယ်။ ဆွဲတဲ့သဘောက တဏှာဥပါဒါန် (မှန်ပါ့)၊ ဒါဖြင့် တဏှာဥပါဒါန်ကံ ဘယ်ဟာ ကြောက်စရာကောင်းသလဲ (တဏှာဥပါဒါန်ပါ ဘုရား)၊ အဲ-ဒကာ, ဒကာမတို့ ကြောက်ပုံလွဲနေလို့ ကိုပေါ်, ကိုဝ ဟောလိုက်ပါတယ်။ ကံကို မကြောက်ပါနဲ့ (မှန်ပါ့)၊ တဏှာဥပါဒါန်ကို ကြောက်ပါ။

ဒါဖြင့် ကျုပ်တို့က တဏှာဥပါဒါန်ကို ရှေ့နားကနေပြီး သစ္စာ သိတဲ့ဉာဏ်ကလေး ရှူပေးလိုက် (မှန်ပါ့)၊ ရှုပေးလိုက်တော့ ဦးဘရှင်းတို့ ဘယ့်နှယ်ဖြစ်သွားသလဲ- (ပျောက်သွားပါတယ် ဘုရား)။ တဏှာဥပါဒါန်နိုင်တဲ့ဆရာ လာပြန်တာကိုးဗျ- (မှန်ပါ့)၊ လာတော့ လေးမြားဆွဲနိုင်သေးရဲ့ လား- (မဆွဲနိုင်ပါ ဘုရား)၊

မဆွဲနိုင်တော့ ကံတည်းဟူသော မြားသည် မြားတံသည် မှန်အောင်ပစ်နိုင်သေး ရဲ့လား (မပစ်နိုင်ပါ ဘုရား)၊ သူ့မှာ သတ္တိရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အဲ တဏှာဥပါဒါန်ကို ကြောက်ပါ (မှန်ပါ့ ဘုရား)။

လောဘကို သမုဒယသစ္စာ ဖွဲ့ တယ်

ဒါကြောင့် သစ္စာဖွဲ့တော့ ဒကာ ဒကာမတို့ ကံကို သစ္စာမဖွဲ့ဘဲနဲ့ လောဘကို သမုဒယသစ္စာ ဖွဲ့ တယ်၊ သူ့ကြောင့် ဒုက္ခဖြစ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကံကို သစ္စာဖွဲ့ သလား၊ လောဘ သမုဒယသစ္စာဖွဲ့ သလား (လောဘ သမုဒယသစ္စာဖွဲ့ ပါတယ် ဘုရား)၊ ဒါဖြင့် သမုဒယသစ္စာကြောင့် ဒုက္ခဖြစ်တယ်လို့ သာ ဆိုတာကိုး၊ ကံကိုပါသေးရဲ့ လား (မပါပါ ဘုရား)။

အဲဒီမှာ ကမ္မဝါဒီရှိနေတဲ့ ပုဂ္ဂိုလ်က ဆိုးလဲကံ၊ ကောင်းလဲကံ ဆိုပြီးသကာလ ကိုပေါ်၊ ကိုဝ ဒီလိုဖြစ်နေတယ် (မှန်ပါ့)၊ သူလုပ်တာ ကံကိုကြောက်စရာလား ကံအုပ်ချုပ်ရေး ကြောက်စရာလား ကံအုပ်ချုပ်ရေး ကြောက်စရာပါ ဘုရား)။

ကံကို ဘယ်သူအုပ်ချုပ်သတုံး (ဥပါဒါန်တို့ တဏှာတို့အုပ်ချုပ် ပါတယ်)၊ ဥပါဒါန်တို့ တဏှာတို့က မအုပ်ချုပ်ဘူးလား (အုပ်ချုပ် ပါတယ်)၊ အဲဒါ မင်းတို့ အုပ်ချုပ်လို့ ရှိရင် တို့ဒုက္ခ ရောက်ချည်ရဲ့ ဆိုတာ သိပြီးသကာလ မြင်စိတ်ကလေးလာတယ်။ လိုချင်တာ မလာခင် မောင်နိုင်က ဖြစ်ပျက်ရှုရမယ် (မှန်ပါ့)။ )

အဲဒါ တပည့်တော်က ဘုရား၊ ကံအားနည်းနေသေးတယ်ဆိုရင် ဖြင့် မြင်တယ်ဆိုပြီး လိုချင်တယ်ကို ရှုချ၊ လိုချင်တဲ့စိတ်ကလေး ဖြစ်ပျက်ရှုလိုက်ပါ (မှန်ပါ)၊ ရှုလိုက်သည်နဲ့ ဒကာ ဒကာမတွေက ဥပါဒါန် လာသေးရဲ့ လား (မလာပါ ဘုရား)။

မလာတော့လဲ ဆက်ရှုလိုက်ပြီဘုရား၊ ဘယ့်နှယ်နေသတုံး (ပျောက်သွားပါတယ်)၊ ပျောက်သွားတယ်၊ ဟာ-တပည့်တော် မမိလိုက်ဘူးဘုရား ဆိုတော့ ဥပါဒါန်ရှုလိုက်ရင်ကော (ရပါတယ်)၊ ဒါ ကံဖြတ်တရားပဲ (မှန်ပါ့)။

ဥပါဒါန်တောင် မမိပြန်ဘူးဘုရား ရူပသဉ္စေတနာ လောကေ၊ သဒ္ဒသဉ္စေတနာလောကေ– သတိပဋ္ဌာန်မှာ လာတာ၊ ကံက စေတနာ ကိုးဗျ၊ အဲဒီ ကံကို ဖြစ်ပျက်ရှုလိုက်ပြန်လို့ ရှိရင်လဲ သူ ကံအဖြစ်နဲ့ အမှုထမ်းသလား၊ ဒုက္ခသစ္စာအဖြစ်နဲ့ ကျုပ်တို့ ဉာဏ်ထဲမှာ မြင်သလား (ဒုက္ခသစ္စာ အဖြစ်နဲ့ ဉာဏ်ထဲမှာ မြင်ပါတယ်)၊ အဲဒီကံကို ဖြတ်လို့ရပါတယ် (မှန်ပါ့)။

ဒါလေးတွေ သဘောလေးတွေ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ့)၊ ဒါဖြင့် တဏှာ ဖြစ်ပျက်ရှု ဆိုတာ တဏှာအဖြစ်နဲ့ သိတာလား၊ ကျုပ်တို့က ဒုက္ခသစ္စာအဖြစ်နဲ့ သိလာတား (ဒုက္ခသစ္စာ အဖြစ်နဲ့ သိတာပါ)၊

တဏှာ ဖြစ်ပျက်မြင်ရင်

တဏှာသဘော ယူထားရင် သမုဒယသစ္စာ၊ တဏှာ ဖြစ်ပျက်မြင်ရင် ဒုက္ခသစ္စာ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပါဒါန်ဟာ ဥပါဒါန်ပဲ၊ သို့သော် ဖြစ်ပျက်မြင်အောင်ရှုတော့ ဒုက္ခသစ္စာဖြစ်တယ်၊ သိတာက ဘာလဲ (မဂ္ဂသစ္စာပါ ဘုရား)၊ ကံဟာ ကံချည်းအတိုင်း ထားမယ်ဆိုလို့ ရှိရင် ကျုပ်တို့ အကျိုးပေး ဦးမှာပဲ (မှန်ပါ့)၊ ဒီကံကိုပဲ ကိုပေါ်, ကိုဝတို့က ဖြစ်ပျက်ရှုပေး (မှန်ပါ့)၊ ဘာသစ္စာဖြစ်သွားသလဲ (ဒုက္ခသစ္စာ ဖြစ်သွားတယ်)၊ သူ့နောက်က ဟာက (မဂ္ဂသစ္စာပါ ဘုရား)။

အဲဒါကြောင့် ဒကာ,ဒကာမတို့ ဘုရားကကွာတဲ့ မင်းတို့ မရှုမိ မှာသာ ကြောက်စမ်းပါ၊ ကံတွေ ဘာတွေ ကြောက်မနေပါနဲ့၊ မဖြတ် မိမှာသာ ကြောက်စမ်းပါ (မှန်ပါ့)၊ တော်တော် ရှင်းသွားပြီနော်။

ဝိတက်လာရင် ပပဉ္စလာလိမ့်မယ်

ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်းတို့ အတွက် ငါ စိုးရိမ်တာတွေ ရှိတယ်တဲ့-မင်းတို့ ဝါသနာကိုက သားကလေး တွယ်လိုက်၊ သမီးကလေး တွယ်လိုက်၊ စီးပွားရေး တွယ်လိုက်၊ နဖူးပေါ် လက်တင်လိုက်ရင် မင်းတို့က ဒါတွေချည်း လာတယ်။ ဒါတွေလာတော့ ဝိတက်လာရင် ပပဉ္စလာလိမ့်မယ်ဟေ့ တဲ့။ ဝိတက်လာရင် (ပပဉ္စလာပါတယ် ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီနေ့တော့ အကြံအစည်ကလေး ကြံဦးမှပဲဆိုရင်ဖြင့် အကြံ အစည်တည့်ပြီဆိုရင် နက်ဖြန် ဘာလုပ်မယ်ဆိုတဲ့ ချဲ့လုံးတွေမလာ ဘူးလား (လာပါတယ် ဘုရား)၊ သူ့နောက်က ဘာလိုက်သလဲ။ တဏှာမာန ဆိုတာတွေ မလိုက်ဘူးလား (လိုက်ပါတယ်)၊ တဏှာရယ် မာနရယ် ဒိဋ္ဌိရယ် ဆိုတာတွေလေ (မှန်ပါ)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီပပဉ္စရှိပြန်ရင် မင်းတို့သည် သံသရာထဲ အို၍မဆုံး နာ၍မဆုံးဖြစ်မှာ ငါစိုးရိမ်တယ်။ မင်းတို့ကို ကြံနည်း စည်နည်းကလေး နည်းပေး သွားမယ် ဆိုပြီး သစ္စသံယုတ်မှာ ပေးတယ် (မှန်ပါ့)။

ကြံနည်းစည်နည်း ပေးပြန်တယ်

ဒကာ,ဒကာမတို့ ကြံနည်းစည်နည်း ပေးပြန်တယ်။ ကြံနည်း စည်နည်း ဘယ်လိုပေးသလဲ ဆိုရင် ‘‘မံ ဘိက္ခဝေ ဝိတက္ကေယျာထ’’ ကာမဝိတက်, ဗျာပါဒ ဝိတက်, ဝိဟိံသဝိတက်ကော- မင်းတို့ကွာတဲ့၊ မင်းတို့နဖူးပေါ် လက်တင်ပြီး ကြံလုံးတွေ လာတတ်ကြတယ်ကွာတဲ့ (မှန်ပါ)။

ဝိတက်သုံးမျိုး

ကြံပြန်တော့လဲ စီးပွား ဘယ်လိုရှာရပါ့မတုံး ကာမဝိတက် လာတယ်၊ ဘယ်သူ့အတွက် စိတ်မချဘူးဆိုတဲ့ ကြံလုံး လာပြန်တော့ ဗျာပါဒဝိတက် လာတယ်၊ ဘယ်သူနဲ့ဖြင့် ခွဲပစ်မှ တော်မယ်၊ ငါ့သားငါ့သမီးဟာ ပျက်လိမ့်မယ်ဆိုတော့လဲ သူတစ်ပါးကို ဝိဟိံသ ဝိတက်၊ ညှဉ်းဆဲချင်တဲ့ ဝိတက် မပါဘူးလား (ပါပါတယ်)၊ ကြံပြန် တော့လဲ မင်းတို့ဟာ ဒီသုံးမျိုးသာ လာနေတယ် (မှန်ပါ့ ဘုရား)။

ဒကာ, ဒကာမတွေ ကြံတဲ့နောက်က ဒီသုံးလုံးက မလိုက်ဘူးလား (လိုက်ပါတယ်)၊ ကာမဝိတက် ဆိုတဲ့ လောဘကော (လာပါ တယ်)၊ ဗျာပါဒဝိတက်ဆိုတဲ့ ဒေါသကော (လာပါတယ်)၊ ဝိဟိံသ ဝိတက်ဆိုတဲ့ သူတစ်ပါး ညှဉ်းဆဲချင်တဲ့ ဒေါသကော (လာပါတယ်)။

အဲဒီလိုတော့ မကြံနဲ့ကွာတဲ့ (မှန်ပါ့)၊ ကြံပြန်လို့ရှိရင် မင်းတို့ကို သေသေချာချာ သတိပေးပါတော့မယ်၊

ဒုက္ခသစ္စာပါလားလို့ သိပေးပါ

နဖူးပေါ် လက်တင်ပြီး မင်းတို့က ကြံကြ၊ စည်ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ် သောကြောင့် ကြံလို့ ရှိရင်ဖြင့် ကိုယ့်သန္တာန် ပေါ်လာတဲ့ စိတ်ကလေးတွေ, ရုပ်ကလေးတွေ, နာမ်ကလေးတွေကို အဲဒါကလေးက ဒုက္ခသစ္စာပါလား၊ အဲဒါ ကလေးက ဒုက္ခသစ္စာပါလားလို့ သိပေးပါ (မှန်ပါ့ ဘုရား)။။

ဒါက သမုဒယသစ္စာပါလား၊ ဒါက သမုဒယသစ္စာလို့ သိတဲ့ အခါကျတော့ သိတဲ့မဂ္ဂသစ္စာ နောက်က လိုက်တယ် (မှန်ပါ့)။ ဒါကလေးဟာဖြင့် မဂ္ဂသစ္စာ၊ နိဗ္ဗာန်ပါလားလို့ ကြံချင်ကြပါနော် (မှန်ပါ့)။

ဒါဖြင့် ပွားများရမှာ မဂ္ဂသစ္စာပါလားလို့ ကြံချင်ကြံပါ။ အဲဒီလို ကြံလို့ရှိရင် မင်းတို့သည် နိဗ္ဗိန္ဒ ဝိရာဂ ဖြစ်ပြီး သကာလတဲ့ နိဗ္ဗာန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိသဝိတက်တွေ နဖူးပေါ် လက်တင်ပြီး ကြံကြမယ်ဆိုရင် ဒုက္ခ ဖြစ်လိမ့်မယ်- (မှန်ပါ့)။ ဒါကြောင့် ငါစိုးရိမ်တာ။

နဖူးပေါ် လက်တင်မှာ အင်မတန်စိုးရိမ်တယ်၊ နဖူးပေါ် လက်တင်ပြီဆိုမှဖြင့် သားရေး၊ သမီးရေး၊ စီးပွားရေးတွေ မကြံကြ ပေဘူးလား (ကြံကြပါတယ် ဘုရား)၊

အင်း-ကာမဝိတက် ပြောကြ မယ်ဆိုရင် ဘယ်သူက ငယ်သေးတယ်၊ ဘယ်သူက ပညာမစုံ သေးဘူးဆိုတဲ့ ဗျာပါဒဝိတက်ကော (လာပါတယ် ဘုရား)။

အင်း တော်ကြာကျလို့ရှိရင် ငါ့သားသမီးတွေဟာ ပေါင်းသင်း နေကြတာ ဘယ်သူနဲ့ဆိုရင် ဆိုဦးမှပဲ။ ဘယ်သူဖြင့် ခေါ်ပြောဦးမှပဲ။ ငါ့သားသမီး ပျက်လိမ့်မယ်၊ ဝိဟိံသ ဝိတက်ကော (လာပါတယ် ဘုရား)။

သစ္စာ လေးပါးသာ ကြံပါ

အဲဒါတွေ မကြံပါနဲ့ကွာတဲ့၊ ခန္ဓာကိုယ်ထဲမှာ ပူလာလို့ရှိရင် ဪ-ဒုက္ခသစ္စာပါလား၊ အေးလာလို့ရှိရင်ကော (ဒုက္ခသစ္စာပါ ဘုရား)၊ ဒုက္ခသစ္စာပဲ သွားချင်တယ်ဆိုရင် သွားချင်တဲ့ စိတ်ကလေးဟာ ဒုက္ခသစ္စာ၊ အိပ်ချင်တယ်ဆိုရင် (ဒုက္ခသစ္စာ)၊ ဒီလိုပဲ ပေါ်ရာကို ဒုက္ခသစ္စာလို့ ကြံကြစမ်းပါ (မှန်ပါ့)။

ဒီလိုကြံနေလို့ရှိရင်ဖြင့် အဲဒါဟာတဲ့ ခန္ဓာကိုယ် ငြီးငွေ့ပြီးနေလို့ ရှိရင် ဪ နောက်ဆုံးပိတ် တစ်နေ့ သူသည်ကား ဆိုလို့ရှိရင် နိဗ္ဗိန္ဒဉာဏ် ပေါ်လာလိမ့်မယ်ကွာတဲ့၊ ကြံချင်လို့ ရှိရင်ဖြင့် သစ္စာ လေးပါးသာ ကြံပါတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိသဝိတက်ဖြင့် မကြံပါနဲ့ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကြံနည်းစည်နည်းလဲ ဘုရားက ကျေးဇူးရှင်ပဲ သူသင် ပေးပေလို့ ကျုပ်တို့ သိရတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အကုန်လုံးကိုလဲ သိသလိုလို ဖြစ်နေတာ မယူဘဲနဲ့ ကိုယ့်ပဋိစ္စ သမုပ္ပာဒ်ကို ဖြတ်နိုင်အောင် လုပ်ပါတယ်ဆိုတာ ယနေ့ ရှင်းသွားပြီး (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ဟာပဋိစ္စသမုပ္ပာဒ်ဖြတ်တဲ့ပုဂ္ဂိုလ်တို့၏ ရောက်ရာဌာန

နိဗ္ဗာန်ဟာလဲ ကိုယ့်ပဋိစ္စသမုပ္ပာဒ် ကိုယ်ဖြတ်တဲ့ပုဂ္ဂိုလ်တို့၏ ရောက်ရာဌာန (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်ဟာလဲ (ကိုယ့်ပဋိစ္စ သမုပ္ပာဒ် ကိုယ်ဖြတ်တဲ့ ပုဂ္ဂိုလ်တို့၏ ရောက်ရာဌာနပါ ဘုရား)၊ ဖြတ်ဆိုတာ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ သိတာသည် ဖြတ်တာပါပဲ (မှန်ပါ့)။

ဘာမှမဟုတ်သေးဘူး

နိဗ္ဗာန်ကို ဟောဒီကိုယ်တော်တွေက နီးပြီ၊ ဟောဒီအဘိုးကြီး တွေက ပိတ်ဖြူဝတ်ပြီး ပုတီး လည်ပင်းစွပ်လို့၊ လမ်းသွားလဲ ဗုဒ္ဓေါ ဗုဒ္ဓါနဲ့။ ဒီအဘိုးကြီးတော့ဖြင့် တစ်လမ်းသွားပဲ၊ နိဗ္ဗာန်မှ တစ်ပါး ဘယ်မှသွားစရာမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ဘာမှမဟုတ်သေးဘူး လို့ ဆုံးဖြတ်ချက်ချပါ – (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်ကို ဒုက္ခသစ္စာလို့ သိမှ

ဖြစ်ပျက် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် မသိသေးပါဘူး။

ဖြစ်ပျက်ကို ဒုက္ခသစ္စာလို့ သိမှ သစ္စဉာဏ် (မှန်ပါ့)၊ ဖြစ်ပျက် သည်ကားဆိုရင် ဖောက်ပြန်ပျက်တာ ဧကန်တွေ့တော့မှ ကိစ္စဉာဏ် (မှန်ပါ)၊ အဲဒီကိစ္စဉာဏ်ကို ဖြစ်ပျက် ဒုက္ခသစ္စာကြီး ဖြစ်လို့ မလိုချင်တော့မှ ကတဉာဏ် လာတာ (မှန်ပါ့)၊ ကတဉာဏ် လာမှ မဂ်ဆိုက်တယ်။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ယနေ့ပြောရမည့်အလုပ်က ကိစ္စဉာဏ်ကနေ ကတဉာဏ်ကူးပုံလေးကိုဒကာ, ဒကာမတို့ မနေ့က သစ္စာသုံးချက် သာ သိသေးတယ်၊ သစ္စာသုံးချက်က ဒုက္ခသစ္စာ၏ ပီဠနဋ္ဌော ဟောတယ်။ သင်္ခတဋ္ဌော ဟောတယ်၊ သန္တာပဋ္ဌောကို မနေ့က ဟောတယ် (မှန်ပါ့)။

ဝိပရိဏာမဋ္ဌော

ဒီနေ့ ဝိပရိဏာမဋ္ဌော တွေ့အောင်ဟောမယ်၊ ဝိပရိဏာမ ကနေပြီး အဝိပရိနာမကို ကူးတဲ့ အထိဟောမယ်၊ ဒကာ, ဒကာမတို့ ဘယ်ကနေ ဘယ်ကိုကူးမှာပါလိမ့် (ဝိပရိဏာမ ကနေ အဝိပရိဏာမ ကူးတဲ့အထိပါ ဘုရား)၊

အဲဒါဖြင့် ပြောကြပါစို့ ဒကာ, ဒကာမတို့ ဝိပရိဏာမက ဒုက္ခသစ္စာ၊ အဝိပရိဏာမ ဆိုတာက နိရောဓသစ္စာ (မှန်ပါ့)။

ဝိပရိဏာမက (ဒုက္ခသစ္စာပါ ဘုရား)၊ အဝိပရိဏာမ က (နိရောဓသစ္စာပါ)၊ ဖောက်ပြန်ခြင်း ရှိတာက (ဒုက္ခသစ္စာ)၊ ဖောက်ပြန်ခြင်းမရှိတာက (နိရောဓသစ္စာ)၊

ကောင်းပြီ ဒါဖြင့် ဒီနေ့

‘‘ဝိပရိဏာမဋ္ဌော= နဂိုခန့် ခိုင် မတည်နိုင်ဘဲ ယိမ်းယိုင် ဖောက်လွဲ ပြိုကွဲပျက်စီးခြင်းသည် လည်းကောင်း၊’’ ဒါဝိပရိဏာမ လက္ခဏာ (မှန်ပါ့)။

ဒကာ, ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဟာဖြင့် ယားတယ်၊ နာတယ်၊ ကောင်းတယ် ဆိုတာကလေးဟာ ကောင်းတာ လဲ ကောင်းတဲ့ အကောင်းပြီးရင် အကောင်းဆုံး သွားတယ်။ မကောင်း တာကလေးလဲ မကောင်းဆုံးသွားတယ်။ အလတ်စားကလေးလဲ နောက် (အလတ်စား ဆုံးသွားပါတယ်)။

ဒါဖြင့် သူတို့ သုခဝေဒနာလဲ ဝိပရိဏာမ-ဖောက်ပြန်တာပဲ။ ကောင်းတာကလေးဟာလဲ အကောင်းပျောက်သွားတယ်၊ မကောင်း တာလေးလဲ မကောင်းပြီးဆုံးသွားတယ်၊ ဥပေက္ခာဝေဒနာကော (ဆုံးသွားပါတယ်)။

ဝိပရိဏာမဆိုတာ ပင်ကိုသဘောစွန့်တာ

အဲဒီကဲ့သို့ ဒကာ, ဒကာမတို့ ပေါ်ပြီး ပျောက်ပျောက်သွားတာ ဝိပရိဏာမလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)၊ ပေါ်ပြီး ပျောက်ပျောက် သွားတယ် (မှန်ပါ့)၊ ဝိပရိဏာမဆိုတာ ပင်ကိုသဘော စွန့်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။။

ဝိပရိဏာမဆိုတာ ဘာပါလိမ့် (ပင်ကိုသဘောစွန့်တာပါ ဘုရား)၊ ပင်ကိုသဘော စွန့်တာ ဆိုတော့ ကိုယ် စဉ်းစားစမ်း၊ ကို စဉ်းစားစမ်း- (မှန်ပါ့)၊ ချမ်းသာလိုက်တာ ဆိုပြီး ချမ်းသာတာ ရှိသေးရဲ့ လား၊ စွန့်သွားတယ်- (မှန်ပါ့)၊ ဒါဖြင့် ချမ်းသာတဲ့ သဘောလေး စွန့်မသွားဘူးလား (စွန့်သွားပါတယ် ဘုရား)။

ဒါဖြင့် ဝိပရိဏာမ ဟုတ်, မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ ဝိပရိဏာမ၊ ဟုတ်ခဲ့သော် ဒုက္ခသစ္စာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဝိပရိဏာမ ဟုတ်ခဲ့သော် (ဒုက္ခသစ္စာပါ ဘုရား)၊ ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။ ဒါဖြင့် ဝိပရိဏာမ သဘောလေးပဲ။

ကျုပ်တို့က -ဖြစ်ပြီးတော့ ပျောက်ပျောက်သွားတာပဲ။ သုခဆိုတာလဲ ပျောက်တာပဲ၊ ချမ်းသာတယ် ဆိုပေမယ့် နောက်ဆုံး ပိတ် ပျောက်ပျောက်သွားတာပဲ၊ ဒုက္ခဆိုတာလဲ ဆင်းရဲ သလိုလိုနဲ့ နောက်ဆုံးပိတ် ဆင်းရဲတာလေးဟာ ပျောက်တာပဲ (မှန်ပါ့)။ ဥပေက္ခာကလေးဟာ အလတ်စားခံစားမှုလေး ရှိတယ်ဆိုငြား သော်လဲ ဒီအလတ်စားလေး တော်ကြာ ရှာတွေ့ သေးရဲ့ လား (မတွေ့ပါ ဘုရား)၊ ဒါဖြင့် သူသည် ဝိပရိဏာမ ရှိ, မရှိ (ရှိပါတယ်)၊ ဒါဖြင့် သူဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဝိပရိဏာမကို တွေ့ရင်ကိစ္စဉာဏ်

ဝိပရိဏာမ ရှိတာကို ခင်ဗျားတို့က မြင်တွေ့လို့ ရှိရင်ဖြင့် ဒါ ကိစ္စဉာဏ် (မှန်ပါ့)၊ ဝိပရိဏာမကို မြင်အောင်တွေ့နိုင်ရင် (ကိစ္စဉာဏ် ပါ ဘုရား)၊ အဲဒီတော့ စာနဲ့သုံးနေတာလား၊ ခင်ဗျားတို့ ဖြစ်ပြီး ပျက်သွားတာတွေ့တာလား၊ ဖြစ်ပြီးပျက်သွားတာ မြင်လိုက်တာသည် ကိစ္စဉာဏ်၊ ကိုဝ ရိပ်မိပြီး (မှန်ပါ့)။။

ဒုက္ခဝေဒနာကလေးက ဖြစ်ပြီးပျက်သွားတာပဲ၊ သုခဝေဒနာ လေးလဲ ဖြစ်ပြီး ပျက်သွားတာပဲ။ ဥပေက္ခာ ဝေဒနာလေးရော (ဖြစ်ပြီး ပျက်သွားပါတယ် ဘုရား)၊

အင်းသောမနဿကော ဖြစ်ပြီး (ပျက်သွားပါတယ် ဘုရား)၊ အင်း ဒေါနမဿလေးကော (ဖြစ်ပြီး ပျက်သွားပါတယ်)။ အဲဒါလေးတွေကို ကြည့်လိုက်တော့ ဖြစ်ပြီး ပျက်သွားရမယ့်ကိစ္စဟာ ရုပ်, နာမ်တို့၏ ကိစ္စ၊ ဖြစ်ပြီးပျက်ရမည့် ကိစ္စဟာ (ရုပ်နာမ်၏ ကိစ္စ)။

ဖြစ်ပြီးပျက်တဲ့ ကိစ္စက ရုပ်နာမ်တို့၏ ကိစ္စ၊

အဲဒါတွေ သူ့ကိစ္စလို့ ခင်ဗျားတို့က ဉာဏ်ကလေးနဲ့ နောက်က သိပေးလိုက် (မှန်ပါ့)၊ သိတော့ မနေ့ကလိုပဲ မောင်နိုင် ဘာဉာဏ် ဖြစ်မယ် ဖြစ်ပြီးပျက်တဲ့ ကိစ္စက ရုပ်နာမ်တို့၏ ကိစ္စ၊ သိတဲ့ဉာဏ် ကလေးက ဉာဏ်၊ ပေါင်းလိုက်တော့ (ကိစ္စဉာဏ်)၊ ဖြစ်ပြီးပျက်တဲ့ ကိစ္စကို နောက်က အသိလိုက်တာက ဉာဏ်ပါလား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ပေါင်းလိုက်တော့ (ကိစ္စဉာဏ်ပါ ဘုရား)။

ဪ-ကိစ္စဉာဏ်ရပြီး (မှန်ပါ့)၊ ဒကာ, ဒကာမတို့ ကိစ္စဉာဏ် မရသေးဘူးလား (ရပါပြီ ဘုရား)၊ ရုပ်နာမ်တို့၏ ပင်ကိုသဘောက ဖြစ်ပြီးပျက်ရမည့်ကိစ္စ (မှန်ပါ့ ဘုရား)၊ ရုပ်နာမ်တို့၏ ပင်ကိုသဘောက (ဖြစ်ပြီးပျက်ရမည့်ကိစ္စပါ ဘုရား)၊ စိတ်ရှုတဲ့ပုဂ္ဂိုလ် စိတ်၏ ပင်ကို သဘောက (ဖြစ်ပြီးပျက်ရမည့်ကိစ္စ)၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာ၏ ပင်ကိုသဘောက (ဖြစ်ပြီးပျက်ရမည့်ကိစ္စ)၊ ဖြစ်ပြီးပျက်ရမည့်ကိစ္စ (မှန်ပါ့)။

သိလုံးလေးဟာ ဉာဏ်ပဲ

အဲဒီကိစ္စလေးတွေကို လက်မလွှတ်တမ်း နောက်ကနေပြီး ကြည့်နေကြမယ်ဆိုရင် အဲဒီသိလုံးလေးဟာ ဉာဏ်ပဲ၊ ဒီဉာဏ်ဟာ ဘာဉာဏ်ခေါ်မလဲ (ကိစ္စဉာဏ်ပါ)။ ကိစ္စဉာဏ် ကောင်းပြီတဲ့။

ဘယ့်နှယ်ကြောင့် ပျောက်ပျက်ပါလိမ့်မလဲ

ဒါဖြင့် ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာကိစ္စ သိလို့ရှိရင် ကိစ္စဉာဏ်၊ ပျောက်ပျက်တဲ့ကိစ္စ သိလို့ရှိရင် ကိစ္စဉာဏ်၊ ဘယ့်နှယ်ကြောင့် ပျောက်ပျက်ပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာလေးတော့ မောင်နိုင်တို့ လာချင်လာလိမ့်မယ်၊ မစိုးရိမ်ပါနဲ့တဲ့။ ကိစ္စဉာဏ် ရှင်းပေးပါမယ်။ ကိစ္စဉာဏ် ရှင်းပေးမယ် ဒကာ, ဒကာမတို့ (မှန်ပါ့)။။

ကိစ္စဉာဏ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရုပ်မှာလဲ ရုပ်၏ ဇာတိ၊ ရုပ်၏ မရဏဆိုတာ ရုပ်၏ဖြစ်မှု ရုပ်၏ပျက်မှု ရှိတယ် (မှန်ပါ့)၊ ဇရာမရဏ မပါဘူးလား (ပါပါတယ် ဘုရား)။ အင်း အင်း-စိတ်ကလေး ကြည့်လိုက်ပြန်လဲ ဇရာ၊ မရဏ ပါပါတယ်။

ဇရာ မရဏက ဖျက်ဆီးပစ် လိုက်တယ်

ဪ သူတို့ ကိစ္စက ဇရာ မရဏ ပျက်စီးခြင်းကိစ္စပါလား (မှန်ပါ့)၊ ရုပ်ကလေး ပျက်စီး သွားတာလဲ ဇရာ မရဏက ဖျက်ဆီးပစ် လိုက်တယ်၊ သဘောကျပလား (ကျပါပြီ)။

မှိုဥပမာ

လောကီဥပမာ ပြောကြပါစို့ ဆိုရင် ဒကာ, ဒကာမတို့ မြေထဲက ပေါက်လာတဲ့ မှိုကလေးဟာ မှို၏ထိပ်မှာ မြေမှုန်ပါလာ တယ် (ပါပါတယ် ဘုရား)၊ ဘယ်သူယူလာတာတုံးလို့ မေးတဲ့အခါ မှိုယူလာလို့လို့ ပြောရမယ် (မှန်ပါ့)၊ မှိုထိပ်မှာပါတဲ့ မြေမှုန် ဘယ်သူ ယူလာသလဲ (မှိုယူလာတာပါ ဘုရား)။

မှိုက မြေထဲက ထွက်တော့ မြေမှုန်ယူလာတယ်၊ ဒါဖြင့် သမင်, ဒရယ်, ချေငယ်, စိုင်, ဆတ်တွေ မစားတောင်မှ ဒီမြေပိတာနဲ့ ဒီနေရာပြားပြီး ပျောက်ရတယ် (မှန်ပါ့)၊ မပျောက် ပေဘူးလား (ပျောက်ပါတယ်)၊ အလိုလိုပျောက်တာလား၊ သူယူလာတဲ့ မြေမှုန်နဲ့ပဲ သူသည် ပျောက်ပျက်ရတာလား (သူယူလာတဲ့ မြေမှုန်နဲ့ ပျောက် ပျက်ရတာပါ ဘုရား)။

ဒီမှာလည်း သူ့ ဝေဒနာလေး ပေါ်လာတယ်၊ သူယူလာတဲ့ ဇရာ မရဏ မြေမှုန်နဲ့ သူပျက်ရတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။ သူယူလာတဲ့ အိုမှု, သူယူလာတဲ့ သေမှုကြောင့် သူ ဘာဖြစ်ရသလဲ (ပျက်ရပါတယ် ဘုရား)။

ဪဒါကြောင့် ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာကြီးက ကိစ္စဉာဏ် မသိမှာစိုးတာနဲ့ “ဝိပရိဏာမဋ္ဌောတိ ဇရာယ မရဏေနစ ပရိဏာမိ တဗ္ဗာ” သူက ဒီလိုဖွင့်လိုက်တာ (မှန်ပါ့)။

ဝိပရိဏာမဋ္ဌောတိ= ဝိပရိဏာမ လက္ခဏာ ဟူသည်ကား၊ ဇရာယ စ= ဆွေးမြေ့ယိုယွင်း အိုမင်းတတ်သော ဇရာတရားကြီးကို ယူခဲ့ခြင်း ကြောင့် လည်းကောင်း၊ မရဏေန စ= ဖောက်ပြန် ပျက်စီး သေစေ အောင်လုပ်တတ်သော မရဏဆိုတဲ့ ပစ္စည်းကို သူ ယူခဲ့ခြင်းကြောင့် လည်းကောင်း၊

ဝေဒနာရှိတဲ့ ပုဂ္ဂိုလ် ဝေဒနာက စိတ်ရှိတဲ့ပုဂ္ဂိုလ်မှာ စိတ်ဟာ သူယူလာတဲ့ ဇရာ, မရဏ နှစ်ခုနဲ့ ဖောက်ပြန်ပျက်စီးသွားရတယ် (မှန်လှပါ ဘုရား)။ ဒါဖြင့် ကိစ္စအပေါ်မှာ သံသယ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သူယူလာတဲ့ ဇရာ, မရဏကြောင့် (သူသေရတယ်)၊ သူ သေရတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ သူသယ်လာတဲ့ မြေမှုန်ကြောင့် သူသည် ပြားရရှာတယ် (မှန်ပါ့ ဘုရား)။

ဒီမှာတော့ ခန္ဓာကိုယ်ကြီးထဲမှာ ဒကာ, ဒကာမတို့ မွေးကတည်း က ခေါင်းဆောင်ပြီး မွေးလာတယ်။ ဘယ်သူက မသတ် သတ်သတ် ဘယ်သူက အသက်ရှည်ရှည် ကို သေလိုက် ရတာပဲ (မှန်ပါ့ ဘုရား)။

သူယူလာတဲ့ လက်နက်နဲ့ ပျက်စီးတာ

ဟ- ဘယ်သူ ယူလာတာလဲမေးတော့ ခန္ဓာယူလာတာ၊ ဝေဒနာက္ခန္ဓာဖြစ်လဲ ဝေဒနာက္ခန္ဓာက ယူလာတာ၊ ဝိညာဏက္ခန္ဓာ ဖြစ်လဲ ဝိညာဏက္ခန္ဓာက ယူလာတယ်။ သူယူလာတဲ့ လက်နက်နဲ့ သူ ဝိညာဉ်ချုပ်ရတယ်၊ သူပျက်စီးရတယ်။ ဖောက်ပြန်ပျက်စီးတော့ အလိုလို ပျက်စီးတာလား၊ သူယူလာတဲ့ လက်နက်နဲ့ ပျက်စီးတာ လား (သူယူလာတဲ့ လက်နက်နဲ့ ပျက်စီးတာပါ ဘုရား)။

ဒါဖြင့် ဝေဒနာဟာ ဝေဒနာပေါ်ကတည်းက ဘာတွေယူလာလဲ ဆိုတော့ ဇရာ မရဏ ယူလာတယ်၊ ရင့်ဖို့ ပျက်စီးဖို့ (မှန်ပါ့)။ သညာလေးပေါ်တော့ကော ဘာယူလာသတုံး (ဇရာမရဏ ယူလာ ပါတယ်)၊ စိတ်ကလေး ပေါ်တော့ကော ဘာယူခဲ့သတုံး- (ဇရာမရဏ ယူခဲ့ပါတယ် ဘုရား)။

ဒါဖြင့် ဇရာ မရဏကြောင့် ဖောက်ပြန်ပျက်စီးပြီး ပျောက် ပျောက်သွားရတယ် ဆိုတော့ ဒကာ, ဒကာမတို့ အလိုလို ပျောက် ပျက်တယ်ဆိုတဲ့ သဘောကော ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒီလို သူ့ကိစ္စနဲ့တကွ ဇရာ မရဏ နှိပ်စက်ခြင်းကိစ္စကြောင့် ပျက်စီးသွားတယ်လို့ သိတဲ့ဉာဏ်သည် ကိစ္စဉာဏ် (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)၊

ဇရာ မရဏ နှိပ်စက်သောကြောင့်

ဇရာ မရဏ ယူလာခြင်းကြောင်း ဇရာ မရဏ နှိပ်စက်သောကြောင့် ဝေဒနာပေါ် ဝေဒနာ ပျောက်တော့ အလိုလို ပျောက်တာလား ဒကာ, ဒကာမတို့ (မဟုတ်ပါ)၊ သူ ယူလာတဲ့ ဇရာ မရဏ လက်နက်ကြောင့် ပျောက်ပျက်ရတာ (မှန်ပါ့)။

ဒါဖြင့် သူ့မှာ နှိပ်စက်ခြင်းကိစ္စ သူယူလာတယ်၊ ပျောက်ပျက်ဖို့ ကိစ္စ သူယူမလာဘူးလား (ယူလာပါတယ်)၊ ဒါဖြင့် ပျောက်ပျက်တဲ့ ကိစ္စ သူယူလာသောကြောင့် သူ့မှာ သေဖို့ကိစ္စ ပါလာတယ် (မှန်ပါ့ ဘုရား)။

သူငယ်နာနဲ့ မွေးလာတဲ့ကလေး၊ သူငယ်နာကလဲ ပြင်းထန်လိုက် တာဆိုတော့ အို မွေးကတည်းက ဒီကလေးဟာ သူယူလာတာ သူများသတ်ဖို့ လိုသေးသလား (မလိုပါဘူး)၊ သူယူလာတဲ့ ဝေဒနာ နဲ့ ဒကာ, ဒကာမတို့ သူဟာ သေပွဲဝင်ရတယ်၊ သဘောပါပလား (ပါပါတယ် ဘုရား)။။

ဒီမှာလဲ ဘာလေးပေါ်လာပေါ်လာ ဒကာ, ဒကာမတို့ သူယူလာ တဲ့ ဇရာ မရဏ လက်ချက်နဲ့ သူပျောက်ပျက်ရတယ်၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အဲဒီလိုသိတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)၊ အင်း ဇရာ မရဏ ကိစ္စနဲ့ပဲ သူသည် ဝေဒနာပျောက်ရ တယ်၊ စိတ်ပျောက်ရတယ်ဆိုတော့ ကိစ္စမသိဘူးလား (သိပါတယ်)၊

ကိစ္စသိတဲ့ ဉာဏ်

သေခြင်းကိစ္စ သူ့ ပါလာတယ်ဆိုတဲ့ သေခြင်း ကိစ္စသိတဲ့ ဉာဏ်ကကော (ကိစ္စဉာဏ်ပါ ဘုရား)။

သေခြင်းကိစ္စက-ကိစ္စ၊ အဲဒီသေခြင်းကိစ္စကို သိတဲ့ ဇရာ မရဏကြောင့် သေရတယ်လို့ သိတဲ့ဉာဏ်က ဉာဏ်၊ ပေါင်းလိုက်တော့ (ကိစ္စဉာဏ်)၊ ကိစ္စဉာဏ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ)၊

အဲဒီကိစ္စဉာဏ်နဲ့ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ ဇရာ မရဏကြောင့် ပျက်စီးတယ်၊ ဇရာ မရဏကြောင့် ပျက်စီးတယ်လို့ ရှုပေးပါ။ ဝေဒနာ-ဝေဒနာရှုတဲ့ ပုဂ္ဂိုလ်ကလဲ ဒီအတိုင်း ရှုပေး၊ သူ့ကိစ္စနဲ့သူ ပျက်စီးတာကိုလို့ ရှုပေးပါ (မှန်ပါ့)။

ရှုလို့ ကိစ္စဉာဏ်ကလေးဟာ ခန္ဓာ၏ကိစ္စ သိပြီ၊ သိပါပြီ။ မသိကြဘူးလား (သိပါတယ် ဘုရား)၊ ခန္ဓာ၏ ကိစ္စမှာ ဇရာ မရဏ ပါတာချည်းပဲ၊ မပါဘူးဘူးလား- (ပါပါတယ် ဘုရား)။။

ဒါကြောင့် ပါဠိတော်ကြီးများမှာ ရုပ်၏ ဇရာ, နာမ်၏ ဇရာ, ရုပ်၏ မရဏ, နာမ်၏ မရဏကို အဘိဓမ္မာနည်းနဲ့ ဟောလိုက်တာ တွေ နည်းတာတွေ မဟုတ်ဘူး။ သူယူလာတာတွေ မသေချာဘူး လား (သေချာပါတယ် ဘုရား)၊

သူသည် သေခြင်းကိစ္စ ဒကာ, ဒကာမတို့ သူယူလာတာ (မှန်ပါ့)၊ အဲဒီကိစ္စက- ကိစ္စ၊ သိတဲ့ဉာဏ် က (ဉာဏ်ပါ ဘုရား)၊ ပေါင်းလိုရင် (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ဆိုတာ သိပြီတဲ့၊ ကိစ္စဉာဏ်ရတော့ ဦးဘရှင်းက ကြပ်ကြပ်ရှုပေး၊ စိတ်ကြိုက်ရင် စိတ်ရှု၊ ကိစ္စဉာဏ်ရအောင် ရှုပေးပါ (မှန်ပါ့ ဘုရား)။

ရှုရာကနေပြီးသကာလ ဒကာ, ဒကာမတို့ သူဟာ ပင်ကို သဘောစွန့်တော့ ဝိပရိဏာမ သဘော မရှိဘူးလား (ရှိပါတယ်)။

ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စမှတစ်ပါး

ဪ-ဒါဖြင့် ဉာဏ်က ရင့်ပြီးလာတဲ့အခါ ဝိပရိဏာမသဘော ဖြင့် ကိုယ့်ခန္ဓာအကြောင်း ကိုယ်ကောင်းကောင်းကြီး သိပြီ။ ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စမှတစ်ပါး ဘာမှမရှိပါဘူး (မှန်ပါ့)၊

ဒီဝေဒနာကြီးဖြင့် သေသေချာချာ ကိုယ်ပိုင်ဉာဏ်၊ ကိစ္စဉာဏ်နဲ့ ရှုလိုက်တော့ လိုချင် စရာ, ရချင်စရာ မရှိတဲ့သဘောတွေ၊ ဉာဏ်တွေ တက်မလာဘူးလား (တက်လာပါတယ် ဘုရား)။

အဝိပရိဏာမ အစားထိုးတယ်

ဉာဏ်တွေတက်လာတော့၊ ရင့်ကျက်လာတော့ ဝိပရိဏာမ သဘောတွေ ပျောက်သွားတယ် (မှန်လှပါ ဘုရား)၊ ပျောက်သွားပြီး ဒီနေရာ ဘာအစားထိုးသတုံးဆိုတော့ အဝိပရိဏာမ အစားထိုးတယ် (မှန်လှပါ ဘုရား)။

ဒါလေးမှတ်စမ်းပါ။ ဝိပရိဏာမ ပျောက်သွားတဲ့အခါ ဒီနေရာ ဘာအစားထိုးသတုံး (အဝိပရိဏာမ အစားထိုးပါတယ် ဘုရား)၊ မဖောက်မပြန်တဲ့ နိဗ္ဗာန် အစားထိုးတယ် (မှန်လှပါ ဘုရား)။

အရင်တုန်းက ဉာဏ်က ဖောက်ပြန်တာလေးတွေ ကြည့်နေ တယ်- (မှန်ပါ့)၊ နောက်ကျတော့ ဖောက်ပြန်တဲ့ သဘောတွေ မလို ချင်တဲ့ အခါကျတော့ ဘာအစားထိုးလာသတုံး (အဝိပရိဏာမ အစားထိုးလာပါတယ် ဘုရား)။

အဝိပရိဏာမ ဆိုတာ နိဗ္ဗာန်

အဝိပရိဏာမ ဆိုတာ နိဗ္ဗာန်၊ ဒါ နိဗ္ဗာန် အစားထိုးတယ်။ ဖောက်ပြန်ပျက်စီးမှု ရှိသေးရဲ့ လား (မရှိပါဘူး)။ အဲဒီလို နိဗ္ဗာန် အစားထိုးလာတာကို မြင်လိုက်တဲ့အခါကျတော့ အဲဒီ ဉာဏ်ကတော့ ကတဉာဏ်၊ အဲဒါ သောတာပန် တည်တာပဲ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ် ရင့်သန်ရင် ဘာဉာဏ်လာမလဲ (ကတဉာဏ် လာပါမယ် ဘုရား)။။

ကိစ္စဉာဏ်သည် ဝိပရိဏာမကိစ္စတွေ ပျောက်သွားလို့ ရှိရင် ဒကာ, ဒကာမတို့ ဝိပရိဏာမ ကိစ္စတွေ ကိုယ့်ခန္ဓာကိုယ်မုန်း၊ ကိုယ့်ခန္ဓာကိုယ် မလိုချင်တဲ့အခါကျတော့ မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)၊ ဒီနေရာ ဘယ်သူ အစားထိုးသတုံး (အဝိပရိဏာမ အစားထိုးပါမယ် ဘုရား)။

အဝိပရိဏာမ ဆိုတာ ဖောက်ပြန်ပျက်စီးမှု မရှိတာ၊ အဲဒါဘာပါ လိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ ဖောက်ပြန်ပျက်စီးမှု ရှိတာက ရုပ်နာမ်၊ ဖောက်ပြန်ပျက်စီးမှု မရှိတာက ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)။ အဲဒီလို ဉာဏ်က ကူးသွားပါလိမ့်မယ်။

ကတဉာဏ်

ကူးသွားတဲ့ဉာဏ်ကျတော့ မောင်နိုင် ဘာဉာဏ်ခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား)၊

ကတဉာဏ်ဆိုတော့ ကတဉာဏ်ဆိုတာ ဒကာ, ဒကာမတွေ ငါသည် ကြည့်စရာကုန်ပြီ၊ ဖောက်ပြန်တာတွေ ကြည့်နေရတာက အခုတော့ ဖောက်ပြန်ပျက်စီးမှု မရှိတာချည်း မြင်ရပြီဆိုရင် ခင်ဗျားတို့ ရပ်လိုက်တော့။

အဲဒါ သောတာပန်တည်တာပဲဆိုတာ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။ နာရီက စေ့သွားပြီ၊ နက်ဖြန်မှ ဟောကြစို့ ၊

သာဓုသာဓုသာဓု။