ကိစ္စဉာဏ် အမှတ်(၃)

သန္တပဋ္ဌသဘော

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့တွင် ဟောကြားတော်မူသော

ကိစ္စဉာဏ် (သန္တပဋ္ဌသဘော)

(၃၀-၆-၆၁)

ဒကာ,ဒကာမတို့ သန္တာန်မှာ ကိန်းအောင်းနေတဲ့ အဝိဇ္ဇာသည် ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေဟာ ဘယ်လိုစီမံလိမ့်မယ် ဆိုတဲ့ဥစ္စာ ဦးဘရှင်းတို့ မေးဖို့ လိုတယ်နော် (မှန်ပါ့)။

ဒီ ဒကာ, ဒကာမတွေကို သစ္စာမသိတဲ့ အဝိဇ္ဇာကကွာတဲ့ မင်းသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ချောက်ထဲ ဆင်းလို့ရှိရင် ခုန်ချ နိုင်လို့ရှိရင်ဖြင့် အောက်ရောက်ရင် နတ်သမီးရလိမ့်မယ်လို့ အဝိဇ္ဇာက တရားဟောတော့ ပုထုဇဉ်တွေကလဲ အဝိဇ္ဇာ မပယ်နိုင်သေးတော့ ခုန်ချတာနဲ့တူတယ် (မှန်ပါ့)၊ ဟိုကျတော့ မောင်နိုင်၊ နတ်သမီး ရသလား သေပွဲဝင်ရသလား (သေပွဲဝင်ရပါတယ် ဘုရား)။

အဝိဇ္ဇာက သစ္စာ မသိတော့

ဒီမှာလဲတဲ့ ကိုပေါ်တို့ လူစု ကိုဝတို့ လူစု အဝိဇ္ဇာက သစ္စာ မသိတော့ လူ့ပြည်နတ်ပြည်ဟာ ဒုက္ခသစ္စာတွေကွာ ဆိုတာ မသိတော့ တစ်ခါတည်း ဒကာ,ဒကာမတွေက လူ့ပြည်ရောက်ကြောင်း နတ်ပြည် ရောက်ကြောင်းတွေကို ခုန်ချလိုက်တာပဲ (မှန်ပါ့)။

ခုန်ချလိုက်တဲ့အခါကျတော့ လူကောင်၊ နတ်ကောင်၊ ဗြဟ္မာ ကောင်တွေ ဖြစ်ပြီးသကာလ သေပွဲတွေ မရဘူးလား (ရပါတယ် ဘုရား)။

အင်း ဘယ်သူက ခုန်ချခိုင်းတာပါလိမ့်မတုံးဆိုတာကော သိကြပလား (သိပါပြီ)၊ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။

ခုန်ချလိုက်တာ ဒကာ ဒကာမတို့ ပုညာဘိသင်္ခါရဆိုတဲ့ ဘုံဘဝ တောင့်တတဲ့ ကုသိုလ်မျိုး အပုညာဘိ သင်္ခါရဆိုတဲ့ အပါယ်သွားစေ တတ်တဲ့ အကုသိုလ်မျိုး၊ အဲဒီ ကုသိုလ် အကုသိုလ် နှစ်ခုက ခုန်ချလိုက် တာပဲ (မှန်ပါ့)။

ခုန်ချလိုက် တာပဲ

ခုန်ချတဲ့ အကုသိုလ်နဲ့လဲ တူပါတယ်။ ကုသိုလ်နဲ့လဲ တူပါတယ် (မှန်ပါ့)၊ အဲဒီတော့ ဒကာ,ဒကာမတွေသည် သစ္စာမသိသေးလို့ ရှိရင်ဖြင့် လူ့ပြည်နတ်ပြည် အပါယ်လေးပါး ဆိုတာကို ခုန်ချည်းချနေ တာပဲ (မှန်ပါ့)။

ဘာဖြစ်လို့ ခုန်ချတာတုံးဆိုတော့ အကုသိုလ်နဲ့ ခုန်ချတာကလဲ သားတွေ မယားတွေ စားဖို့ သောက်ဖို့ ဆိုတော့ အကုသိုလ်မရှောင် နိုင်ဘဲကိုး (မှန်ပါ့)။ မရှောင်နိုင်တော့ အကုသိုလ်သင်္ခါရတွေ လုပ်မိတာပေါ့- (မှန်ပါ့)၊

ဪ ငါသည် ဒုက္ခရောက်လိမ့်မယ် ဆိုတာကို မသိအောင် ဖုံးထား တာက အဝိဇ္ဇာ၊ သားသမီး အရေးနဲ့ စီးပွားရေးနဲ့ မုသားမရှောင် ဘာမရှောင်နဲ့ ပရိယာယ်မရှောင်နဲ့ လုပ်ကြ ကိုင်ကြတာက ခုန်ချတာ၊ အပုညာဘိသင်္ခါရ ဆိုတဲ့ အကုသိုလ်က ခုန်ချလိုက်တာ အပါယ်ရောက် တယ် (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဪ ဒါဘယ်သူပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ခုန်ချတာကတော့ အကုသိုလ်က ခုန်ချတာပဲ။ သိလို့ခုန်ချတာလား၊ မသိလို့ ခုန်ချတာ လား (မသိလို့ ခုန်ချတာပါ ဘုရား)၊ ဒါဖြင့် မသိတာက အဝိဇ္ဇာ၊ ခုန်ချတာက အကုသိုလ်ပေါ့ဗျာ (မှန်ပါ့)၊

နောင်ဘဝ ချမ်းသာရေး

တစ်ခါ အလှူကြီးအတန်း ကြီး သားကလေးကြီးလာလို့၊ သမီးကလေး နားဖောက်ချင်လို့ လုပ်တဲ့ ကုသိုလ်တွေ ကြည့်လိုက်ပြန်တော့လဲကွာ၊ တို့ ပိုလာတာပဲ။ သူတို့ လဲ အရွယ်ရောက် ကုန်ပြီကွ၊ တစ်ဘဝ တစ်နပ်စာနဲ့လဲ မပြီး သေးတော့ ကုသိုလ်ရေးကလေး ဘာလေးလဲ နောင်ဘဝ ချမ်းသာ ရေးကလေး လုပ်ကြည့်ဦးစို့ကွယ် ဆိုပြီး လင်နဲ့မယား တိုင်ပင်ကြပါ တယ်။

လင်နဲ့မယား တိုင်ပင်ပြီး ကိုဝတို့ မေဏ္ဍပ်ထိုးပြီး သကာလ ကုသိုလ်လုပ်ကြမယ် (မှန်ပါ့)။ ဒီဘဝ ဆင်းရဲတော့ နောင်ဘဝ ချမ်းသာချင်တာကိုးဗျ- (မှန်ပါ့)။

အဲဒီတော့ သူ နောင်ဘဝ ဒုက္ခသစ္စာလို့ သိသေးရဲ့ လား (မသိပါ ဘုရား)။

နတ်သမီးရမယ်, နတ်သားရမယ်လို့သာ သူသိတယ် (မှန်ပါ့)။ နတ်သမီး, နတ်သားရမယ်လို့ သူသိတဲ့အတွက်တဲ့ ကုသိုလ်ကလဲ ခုန်ချလိုက်တာပဲ (မှန်ပါ့)။

မသိလို့ ခုန်ချတာ

သိလို့ခုန်တာလား မသိလို့ခုန်တာလား (မသိလို့ ခုန်တာပါ)။ မသိလို့ ခုန်ချတာဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာဆိုတာ မောင်နိုင် သဘောကျပလား (ကျပါပြီ ဘုရား)။

မသိလို့ ခုန်ချလိုက်တာ နတ်ပြည်ရောက်သွားတယ် (မှန်ပါ့)၊ ခုန်လဲချပါရော နတ်ပြည်ရောက်တဲ့ အခါကျတော့ ဦးဘရှင်း၊ သေပွဲ တွေ့ရတယ် (မှန်ပါ့) မတွေ့ချင်ပါဘူးဆိုလို့ – (မနေရပါ ဘုရား)။

မတွေ့ချင်ပါဘူးဆိုလို့တော့ မရတော့ အဲဒါ သူများ သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲလားလို့ ကိုပေါ်တို့ ကိုဝတို့ မေးရင် ဘယ့်နှယ် ဖြေပါ့မယ် (သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲပါ ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပွဲသည် နတ်သမီး ရလိမ့် မယ်၊ နတ်သား ဖြစ်လိမ့်မယ်ဆိုပြီး ခုန်ချလိုက်တာ (မှန်ပါ့ ဘုရား)။

ဟိုကျတဲ့အခါကျတော့ နတ်ပြည်ရောက်တဲ့အခါ ကောင်းကောင်း နေရသလား အိုပွဲ၊ နာပွဲ၊ သေပွဲတွေပဲ ခင်းရသလားဆိုတာ အကဲခတ်ပါ (အိုပွဲ၊ နာပွဲ၊ သေပွဲတွေပဲ ခင်းရပါတယ် ဘုရား)။

အိုပွဲ နာပွဲ သေပွဲတွေပဲ ခင်းရတယ်ဆိုတာ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။ အပြင်က

အဝိဇ္ဇာ သတ္တိ

ဘယ့်နှယ်ကြောင့် အိုပွဲ၊ နာပွဲ၊ သေပွဲရှိတဲ့ဆီ ခုန်ချပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် သစ္စာမသိတဲ့ အဝိဇ္ဇာက အုပ်ချုပ်တာနဲ့ ဒကာ,ဒကာမတွေကလဲ ကုသိုလ်နဲ့ ခုန်ချလိုက်ရလို့ရှိရင်ဖြင့် အိုပွဲ၊ နာပွဲ၊ သေပွဲလွတ်လိမ့်မယ်၊ နတ်သမီး နတ်သား ဖြစ်လိမ့်မယ်ဆိုပြီး ခုန်ချလိုက်တာ ဟိုကျတော့ ကိုဝ သေပွဲသွားတွေ့တယ်- (မှန်ပါ့)၊ ဘယ်သူ့ သတ္တိဆိုတာ ပေါ်ကြပလား (အဝိဇ္ဇာ သတ္တိပါ ဘုရား)။

နောက်က ဒကာ,ဒကာမတွေ ဘယ်သူ့သတ္တိပါလိမ့် (အဝိဇ္ဇာ သတ္တိပါ ဘုရား)။

အဲဒါကြောင့် အလှူပင် လှူငြားသော်လဲ ဦးဘရှင်းရေး ကြောက်စရာကြီး (မှန်ပါ့)။ ။

ဘယ်လိုပုဂ္ဂိုလ် ကြောက်စရာကောင်းပါလိမ့်မတုံးဆိုတော့ ဒီ တရားတစ်ပွဲလုံးပဲ အဖြေ ထွက်ကြ ပါတော့တဲ့ သစ္စာမသိတဲ့ အဝိဇ္ဇာ နဲ့ လှူတဲ့အလှူ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာနဲ့လှူတဲ့ အလှူပါလိမ့် (သစ္စာမသိဘဲ အဝိဇ္ဇာနဲ့ လှူတဲ့ အလှူပါ ဘုရား)။

သစ္စာမသိတဲ့ အဝိဇ္ဇာ နဲ့ လှူတဲ့အလှူ

သစ္စာမသိတော့ အဝိဇ္ဇာက အုပ်ချုပ်ပြီးသကာလ မင်းခုန်သာချ။

အောက်ချောက်ထဲ ရောက်ရင် နတ်သမီး နတ်သားရလိမ့်မယ်ဆိုပြီး ခုန်ချလိုက်တာ ကုသိုလ် ပုညာဘိသင်္ခါရက ခုန်ချလိုက်တာ (မှန်ပါ့)။ ခုန်ချလိုက်တဲ့ အခါကျတော့ ဟိုမှာ နတ်ပြည်မှာလဲ အိုပွဲ၊ သေပွဲ၊ နာပွဲ၊ ဆွေးပွဲ၊ မျက်ရည်ကျပွဲတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီလောက် ခုန်ချရဲပါလိမ့်မလဲလို့ ကိုပေါ်တို့ ကိုဝတို့ မေးလို့ ရှိရင် ဘယ့်နှယ်ပြောကြမယ် (မသိလို့ ခုန်ချတာပါ)၊ မသိလို့၊ မသိတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ ခုန်ချတာက (သင်္ခါရပါ ဘုရား)။

မသိတာက (အဝိဇ္ဇာပါ ဘုရား)။ ခုန်ချတာက (သင်္ခါရပါ ဘုရား)။

သင်္ခါရဆိုတော့ ဒါဖြင့် ဒီထဲမှာလဲ အားလုံး အရင်းအချာတွေ ဖြစ်နေတော့ ဪ ငါတို့ပြုတဲ့ ကုသိုလ်သည်ကားလို့ ဆိုရင်ဖြင့် လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် ခုန်ချလိုက်တာပဲ၊ အသေရှိတဲ့ဆီ ခုန်ချလိုက်တာ- (မှန်ပါ့)၊

အသေလွတ်တဲ့ဆီကို အဝိဇ္ဇာက အသိမှ မပေးဘဲကိုး (မှန်ပါ့)။

နိဗ္ဗာန်ကို သူမသိဘူး

“ဒုက္ခနိရောဓေ အညာဏံ” ဒုက္ခနိရောဓေ= ဒုက္ခ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်၌၊ အညာဏံ= မသိတာသည်၊ အဝိဇ္ဇာ=အဝိဇ္ဇာပဲ ဆို တော့ နိဗ္ဗာန်ကို သူမသိဘူး (မှန်ပါ့)။

မသိတော့ ဒီချောက် ခုန်ချလိုက်လို့ရှိရင်ဖြင့် အောက်ကျရင်ဖြင့် နတ်သမီး နတ်သား ဖြစ်လိမ့်မယ်၊ ရလိမ့်မယ်ဆိုပြီး ခုန်ချလိုက်တော့ ဟိုကျတော့ အိုပွဲ၊ နာပွဲ၊ သေပွဲ၊ ဆွေးပွဲနဲ့ပဲ မတွေ့ရဘူးလား (တွေ့ ရပါတယ် ဘုရား)။

ကိုဝ ဒါ ဘယ်သူ့ သတ္တိပါလိမ့်မတုံး (အဝိဇ္ဇာသတ္တိပါ ဘုရား)။ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဒီလိုခုန်ချတဲ့ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက်များသတုံးလို့ မေးလို့ရှိရင် ဘယ့်နှယ် ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)၊ ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အလှူတွေကို ဘယ်လိုအလှူတွေလို့ ကဲ-ဒီအထဲကပဲ ဆုံးဖြတ်ချက်ချပါတော့ဆိုတော့ သစ္စာမသိတဲ့ အလှူတွေ (မှန်ပါ့)၊ မသေရာတော့ မသွားတတ်ဘူး၊ သေရာတော့ ခုန်ချရဲတယ်- (မှန်ပါ့)။ အတော်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

ဒါဖြင့် ဒီဒကာ,ဒကာမတွေတော့ သစ္စာသိအောင် ဘုန်းကြီးက ခင်ဗျားတို့ နတ်ပြည်ရောက်လဲ ဒုက္ခသစ္စာပဲနော်၊ ဗြဟ္မာပြည်ထဲ ရောက်လဲ (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဆင်းရဲ အမှန်ပဲရမယ်

ဒုက္ခသစ္စာပဲ၊ ဒုက္ခက ဆင်းရဲတာ၊ သစ္စာက မှန်တာ၊ ဆင်းရဲ အမှန်ပဲရမယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့ ငွေကုန်လူပန်း မလုပ်ပါနဲ့။ ငွေကုန်လို့ရှိရင် လူချမ်းသာ ပါစေ (မှန်ပါ့)၊ ပြောထိုက်- မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။

ငွေကုန်လို့ရှိရင် (လူချမ်းသာပါစေ)၊ လူချမ်းသာပါစေ၊ အခု သစ္စာမသိတဲ့ ပုဂ္ဂိုလ်များ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြတာဖြင့် ငွေကုန်ပြီးသကာလ နောက်ဘဝ ဒုက္ခသစ္စာရလို့ ပန်းရပါတယ် (မှန်ပါ့)၊ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်)၊ အင်မတန် မနစ်နာ ဘူးလား (နစ်နာပါတယ် ဘုရား)။

နိဗ္ဗာန်မရမီစပ်ကြား

ဒါကလဲ အခု ဆရာကောင်း သမားကောင်းက ကိုယ်, ကိုဝတို့ အင်မတန် ရှင်းအောင် ပြောလို့ နော် (မှန်ပါ့)၊ ရှင်းအောင်သာ မပြောဘူးဆိုလို့ ရှိရင်ဖြင့် တို့ကွာ နိဗ္ဗာန်လဲ ရမှာ မဟုတ်တော့ နိဗ္ဗာန်မရမီစပ်ကြား ချမ်းသာကို လူ့ပြည်၊ နတ်ပြည် အစုန်အဆန် ခံစားချင် သေးတယ်ကွာ ဆိုတဲ့ အဓိပ္ပာယ်ကော မလာဘူးလား (လာပါတယ် ဘုရား)။

အစုန်အဆန် ခံစားတာလား၊ အစုန်အဆန် သေနေရတာလား (အစုန်အဆန် သေနေ ရတာပါ ဘုရား)၊ အစုန်အဆန် သေနေရ တာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် သစ္စာမသိတဲ့ ဒဏ်ချက်လောက် ဦးဘရှင်း ပြင်းထန်တာ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ,ဒကာတွေ ဘာကလေး လှူလှူ၊ ဘာကလေး တန်းတန်း လူမဖြစ်ချင်ပါနဲ့၊ လူဖြစ်ချင်ရင် အသေရပါ လိမ့်မယ် (မှန်ပါ့)၊ နတ်မဖြစ်ချင်ပါနဲ့၊ (နတ်ဖြစ်ရင် အသေရမှာပါ ဘုရား)၊ ဗြဟ္မာ မဖြစ်ချင်ပါနဲ့ – (ဗြဟ္မာ ဖြစ်ချင်ရင် အသေရမှာပါ ဘုရား)။

အသေရမှာဆိုတော့ ဒါ ကိုဝ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ ဒါ ဘယ်လိုပုဂ္ဂိုလ်၏ အလှူ တဲ့ဗျား (သစ္စာမသိတဲ့ ပုဂ္ဂိုလ်၏ အလှူပါ)၊ နိဗ္ဗာန်ရသလား၊ ဒုက္ခရသလား (ဒုက္ခရပါတယ် ဘုရား)။

ဒါကြောင့်လဲ ခင်ဗျားတို့ အဝိဇ္ဇာ၏ ဒဏ်ချက် အတော်ပြင်းထန် တယ်ဆိုတာ ကျုပ်တို့ သံသရာရှည်တာ သူပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်စဉ်နဲ့ ဘုရားဖြစ်ခါနီးကျတော့ ငါသည် သတ္တဝါဖြစ်ကြောင်းလဲ သိပြီကွ၊ သတ္တဝါချုပ်ကြောင်းလဲ သိပြီကွာ ဆိုတာ နှစ်ချက်သိမှ သူ့ခမျာ ဘုရားဖြစ်တယ် (မှန်ပါ့)။

သတ္တဝါဖြစ်ကြောင်းလဲ သူသိပြီး (မှန်ပါ့)၊ အဝိဇ္ဇာက စတယ် ဟေ့ ဆိုတာ သူသိတဲ့အတွက် ဘုရားဖြစ်ရတာပဲ (မှန်ပါ့)၊ သတ္တဝါ ချုပ်ကြောင်း ဪ အဝိဇ္ဇာချုပ်မှ ချုပ်မှာပါကလား ဆိုတာလဲ မသိဘူးလား (သိပါတယ်)၊ အဲဒီ သိတဲ့အချိန်မှာ ကိုဝ၊ ဘုရားဖြစ် တယ် (မှန်ပါ့)။

ဘုရား ဘယ်အချိန်ဖြစ်တယ်ဆိုတာ ပေါ်ကြပလား- (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ သိထားတာက အရုဏ်တက် ဘုရားဖြစ်တယ်သာ သိနေတယ် (မှန်ပါ့)။

မောင်နိုင်တို့ သိထားတာက ဘာပါလိမ့် (အရုဏ်တက် ဘုရားဖြစ်ပါတယ် ဘုရား)။

အဝိဇ္ဇာချုပ်တဲ့အချိန်မှာ

အရုဏ်တက် ဘုရားဖြစ်တယ်ဆိုပြီး မိုးမလင်းခင် အနေကဇာ တင်ရအောင် ဒါလောက်သာ သိနေတာကိုး (မှန်ပါ့ ဘုရား)။

စင်စစ်တော့ အဲဒါက ဘုရားဖြစ်တဲ့အချိန်ကို သိတာပါတဲ့ ဘုရားဖြစ်ခြင်း၏ အကြောင်းက အဝိဇ္ဇာချုပ်တဲ့အချိန်မှာ ဘုရား ဖြစ်တာ (မှန်ပါ့)၊ မောင်နိုင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာ ဘယ်အချိန် ချုပ်သတုံးဆိုတဲ့အခါကျလို့ရှိရင် ဖြင့် နံနက်လင်းခါနီးမှာ အဝိဇ္ဇာချုပ် သွားတယ်၊ အဝိဇ္ဇာဖြစ်ကြောင်း ကိုလဲ အဝိဇ္ဇာကြောင့် ဒုက္ခရောက်ရတဲ့ အကြောင်းကိုလဲ ဘုရားက အစ သိတယ်နော် (မှန်ပါ့)။

နောက်ကျတော့ အဝိဇ္ဇာ ချုပ်သွားတော့ ဘုရားမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။ အဲဒီတွင်မှ ငါဘုရားဖြစ်ပြီဆိုပြီး

“ဝိဓူပယံ တိဋ္ဌတိ မာရသေနံ”

ဆိုတဲ့ ကိလေသာမာန်အောင်ပွဲ ယူပကွာ ဆိုပြီး သကာလ ဘုရား ဖြစ်တဲ့အကြောင်းကို ခင်ဗျားတို့ နံနက် အနေကဇာတင်တော့ ပါပါတယ် (ပါပါတယ် ဘုရား)၊ မပါကြဘူးလား (ပါပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ်သိလို့

အဲဒီတော့ ပဋိစ္စသမုပ္ပာဒ်သိလို့ ဖြစ်ကြောင်းသိလို့လဲ ဘုရား ဖြစ်တယ်၊ ချုပ်ကြောင်းသိလို့လဲ (ဘုရား ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သောတာပန်၊ သကဒါဂါမ်, အနာဂါမ် တည်ချင်ကြလို့ ရှိရင်လဲ အဝိဇ္ဇာ၏ ဖြစ်ကြောင်း, ဒုက္ခပေးကြောင်း ကိုလဲ သိပါမှ (မှန်ပါ့)၊

အဝိဇ္ဇာချုပ်မှ ဒုက္ခဟူသရွေ့ ချုပ်နိုင်မယ်

အဝိဇ္ဇာချုပ်မှ ဒုက္ခဟူသရွေ့ ချုပ်နိုင်မယ် ဆိုတာလဲ သိပါမှ သောတာပန် တည်မယ်- (မှန်ပါ့ ဘုရား)၊ နို့မဟုတ်ရင် တည်နိုင်ကြပါ့မလား (မတည်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတို့ ဪ ဒီအရေးဟာဖြင့် သာမည အရေးမဟုတ်ပါလား၊ ကြီးကျယ် ခမ်းနားတဲ့ အရေးပါလားဆိုပြီး ဒီတရားကို ဂရုစိုက်ပါ (မှန်ပါ့)။

ခင်ဗျားတို့ ရေလဲ ပန်းတွေ မီးတွေ ပူဇော်ကြပြီးသကာလ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏ ဆိုလို့ ရှိရင် အဝိဇ္ဇာက မချုပ်ရင် ကိုဝ ရ မရ (မရပါ)၊ အဝိဇ္ဇာ ဖြစ်နေရင်ကော- (မရပါ)၊ မချုပ်သေးရင်ကော- (မရပါ)၊ မရသေးပါဘူး ဆိုတာ သေချာပလား (သေချာပါပြီ)၊ သဘောပါကြပလား- (ပါပါပြီ ဘုရား)။

အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါသည် အဝိဇ္ဇာကို ဒုက္ခဖြစ်ကြောင်းလို့ မသိသေးဘူး၊ ထိုအခါမှာ ငါ့ကိုယ်ငါ ဘုရားဖြစ်ပြီလို့ ဝန်မခံသေး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အဝိဇ္ဇာသည် ဒုက္ခဖြစ်ကြောင်းလို့ ငါ့ဉာဏ်ထဲမှာဖြင့် ကိစ္စဉာဏ်နဲ့ မသိသေး၊ ထိုအခါ ငါသည် ဘုရားဖြစ်ပြီလို့ လောကကြီးထဲမှာ ကြော်ငြာမပေးသေးဘူး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

အကြင်အခါ၌ အဝိဇ္ဇာချုပ်သွား၏။ ခန္ဓာထဲမှာ အဝိဇ္ဇာချုပ်တဲ့ အကျင့် ငါကျင့်လိုက်လို့ ချုပ်သွား၏။ ထိုအခါ၌ ငါသည် ဘုရား ဖြစ်ပြီဟု သုံးလောကဓာတ်မှာ ကြော်ငြာပေးလိုက်၏ (မှန်ပါ့)။

ကဲ ဘယ်သူလိုရင်းဆိုတာ မောင်နိုင် ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)။

နောက်က ဒကာ,ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘာပေါ်ပါလိမ့်ဗျား (အဝိဇ္ဇာချုပ်မှပါ ဘုရား)။

အဝိဇ္ဇာချုပ်မှ ဘုရားဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အဝိဇ္ဇာဖြစ်ကြောင်း သိမှပဲ ဘုရားဖြစ်တယ် (မှန်ပါ့)။

အဝိဇ္ဇာချုပ်ကြောင်းလဲ (သိမှလဲဘုရားဖြစ်ပါတယ်)၊ ကိုင်း ဒါဖြင့် အဝိဇ္ဇာချုပ်အောင် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် ဦးဘရှင်းရေ ဘယ်နည်းနဲ့ နိဗ္ဗာန်ရမလဲ (မရနိုင်ပါ)၊ မရနိုင်ဘူး ဆိုတာကော သေချာကြပလား- (သေချာပါပြီ)။

ကိစ္စဉာဏ်ကို သေသေချာချာ ပြောပါ့မယ်

ဒါကြောင့် ဒီနေ့ည ကိစ္စဉာဏ်ကို သေသေချာချာ ပြောပါ့မယ် ဒကာ,ဒကာမတို့ ကြိုးကြိုးစားစားနဲ့ နားထောင်ပြီး သကာလ ဪ ဒါရှုရင် ဒီလိုရှုရမှာကလား ဆိုတာ မှတ်ရတော့မယ် (မှန်ပါ့)။

ပီဠနဋ္ဌောကို အရင်ရက်က ဟောခဲ့ပြီ၊ သင်္ခတဋ္ဌောဆိုတဲ့ ကိစ္စဉာဏ်ကိုလဲ မနေ့က ဟောခဲ့ပါပြီ။

သန္တာပဋ္ဌော ဆိုတာ

ဒီနေ့တော့ သန္တာပဋ္ဌောဆိုတဲ့ ကိစ္စဉာဏ်ကို ဟောလိမ့်မယ် (မှန်ပါ)။ သန္တာပဋ္ဌောဆိုတဲ့ ကိစ္စ ဉာဏ် ဟောလိမ့်မယ်လို့ ဒကာ ဒကာမတွေ မှတ်ထားစမ်းပါး (မှန်ပါ)။

သန္တာပဋ္ဌော ဆိုတာ ပူလောင်တာ၊ ဒုက္ခသစ္စာကြီး ရှိနေလို့ရှိရင် အမြဲပူလောင်နေတာပဲ ဒကာ,ဒကာမတွေ။

ဒီဒုက္ခသစ္စာကြီး ခန္ဓာကြီးရှိနေရင် အမြဲပူလောင်နေမှာပဲ (မှန်ပါ့)၊ ဘယ့်နှယ် ပူလောင် နေသတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ,ဒကာမတို့ ကိလေသာမီးက ခန္ဓာကြီး လောင်နေတာကိုး (မှန်ပါ့)။

ကိလေသာမီးက (ခန္ဓာကြီးလောင်နေပါတယ် ဘုရား)။

ကိလေသာမီးက ခန္ဓာကြီး လောင်တော့ အိပ်လို့မပျော်, စားလို့ မဝင် တွေးလုံးတွေနဲ့ ဆွေးလုံးတွေ ကလာ၊ အင်း- ဘယ့်နှယ်ကြောင့် ဒီခန္ဓာကြီး ဖောက်ပြန်နေရပါလိမ့်မတုံးလို့ ကို မေးလို့ ရှိရင် ကိလေသာ မီးလောင်လို့ အပူဓာတ်တွေ လောင်နေလို့ဆိုရင် လွဲပါ မလား (မလွဲပါ)။

ဒါဖြင့် သန္တာပဋ္ဌော- ကိလေသာမီး ဒုက္ခမီးတို့ဖြင့် ငြီးငြီးတောက် ပြောင် အမြဲလောင်ကျွမ်း၍ နေတာကိုလဲ ခင်ဗျားတို့ မြင်ရမယ် (မှန်ပါ့)။

အမြဲလောင် ပါတယ်

ကိလေသာမီးကလဲ (အမြဲလောင်ပါတယ်)၊ ဒီခန္ဓာပဲ လောင် တယ် (မှန်ပါ့)။

ကာယိကဒုက္ခ စေတသိက ဒုက္ခမီးတွေကကော (အမြဲလောင် ပါတယ် ဘုရား)၊ ဒီခန္ဓာပဲ လောင်နေတာကိုတဲ့ အရိယာမျက်လုံး တပ်ပေးမည့်သူ မရှိရင် မြင်ကိုမမြင်ပါဘူး (မှန်ပါ့)။

အရိယာမျက်လုံး တပ်ပေးမည့်သူ ရှိတဲ့အခါကျတော့မှ ဪ ခန္ဓာကြီး ဉာဏ်နဲ့ စိုက်လိုက်တဲ့ အခါကျတော့မှ ကိုဝရေ ဟိုနေရာ က နာပြန်တာလဲ အင်း ဒုက္ခမီးလောင်ပြန်ပြီ- (မှန်ပါ့)၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ်)။

အခုပြောမယ်လို့ဆိုကာ ရှိသေးတယ်၊ မေ့သွားပြန်ပြီဆိုတဲ့ ဥစ္စာ စဉ်းစားကြည့်လေ၊ အဝိဇ္ဇာဆိုတဲ့ ကိလေသာမီးက ခင်ဗျားတို့ ပြောချင်တဲ့စိတ်ကလေးကို လောင်ပစ်လိုက်တာ (မှန်ပါ့)။

ပြောချင်တဲ့စိတ်ကလေးကို (လောင်ပစ်လိုက်တာပါ)၊ အဝိဇ္ဇာ က လောင်ပစ်လိုက်တာ (မှန်ပါ့)။

အဝိဇ္ဇာ က လောင်ပစ်လိုက်တာ

အဲဒီတော့ မောင်နိုင်တို့က အသံထွက်လာတယ်၊ ကျုပ်ပြောမလို့ မေ့သွားတယ်။

မောင်နိုင် ပြောချင်တဲ့စိတ်ကလေးကို ဘယ်သူက လောင်ပစ် လိုက်သတုံး- (အဝိဇ္ဇာက လောင်ပစ်လိုက်ပါတယ် ဘုရား)။ အဝိဇ္ဇာဆိုတဲ့ ကိလေသာမီးက လောင်ပစ်လိုက်တယ် (မှန်ပါ့)။

တော်တော်ကြာကျလို့ရှိရင် ဘာကလေးယူခဲ့မလို့၊ ဘာကလေး လှူမလို့၊ ဘာကလေး တန်းမလို့ စိတ်ကူးလိုက်တယ် မောင်နိုင် (မှန်ပါ့)၊ တော်တော်ကြာကျလို့ရှိရင် မေ့ပစ်ခဲ့တယ် (မှန်ပါ)။ လှူချင်တန်းချင်တဲ့ စိတ်ကလေးကို အဝိဇ္ဇာဆိုတဲ့ ကိလေသာမီးက လောင်ပစ်လိုက်တယ်- (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ခင်ဗျားတို့သန္တာန်မှာ ကိလေသာမီးဟာ မေ့တိုင်း မေ့တိုင်း လောင်နေတယ် (မှန်ပါ)။

ဒါ ခင်ဗျားတို့ကလဲ ကျက်သရေယူတယ်၊ ဒကာ ဒကာမတွေက ကျက်သရေယူတယ်၊ ကျုပ်က မေ့တတ်တယ်၊ ဗွေမယူပါနဲ့၊ ကိုဝ ဒီလိုပြောလေ့ရှိတယ် (မှန်ပါ့)။

ကျုပ်က ဘာတဲ့ (မေ့တတ်ပါတယ်)၊ ပြီးတော့ ဘယ်လိုဖုံးလိုက် သတုံး (ဗွေမယူပါနဲ့တဲ့)။

ဗွေမယူပါနဲ့၊ အံမယ်လေး ကြောက်စရာကြီးပါလား၊ သူ့ဟာ ပြောရင်လဲ ဒကာ,ဒကာမတွေ ဒီလိုပြောလိုက်စမ်းပါ၊ ကျုပ်က ကိလေသာပေါတယ်၊ ဒါ့ကြောင့် ကိလေသာမီးတွေက လောင် လောင်ပစ်သောကြောင့် သန္တာပဋ္ဌမီးက ကျုပ်ကို အမြဲလောင်နေ သောကြောင့် ကျုပ်အတွက်ဖြင့် ဘယ်လိုမှ မစဉ်းစားကြပါနဲ့။

ကိလေသာ ပေါများလွန်းလို့ လောင်တတ်တဲ့ တရားတွေက လောင်လွန်းလို့ လို့ ပြောလိုက်သော်လဲ ကျက်သရေ မရှိလို့ ကိုဝ မသုံးဘူးဗျ (မှန်ပါ့)။

ကိလေသာမီး လောင်တာ

စင်စစ်တော့ မေ့တယ်ဆိုတာ ဘယ်သူလောင်တာတုံး (ကိလေသာမီး လောင်တာပါ)၊ အဝိဇ္ဇာဆိုတဲ့ ကိလေသာမီး လောင်တာ (မှန်ပါ့)။

တဏှာဆိုတဲ့ ဒီပြင် ကိစ္စတွေကို လုပ်နေရတာနဲ့ သူတော်ကောင်း အလုပ် မေ့တယ် ဆိုတာလဲ ဦးဘရှင်း ဒါလောကီ အရောင်းအဝယ်၊ လောဘကိစ္စတွေကလဲ ကုသိုလ်စိတ်တွေကို ဘာလုပ်ပစ်သလဲ လောင်ပစ်တယ်)။

လောင်ပစ်လိုက်တယ်၊ လောင်ပစ်လိုက်တဲ့အခါကျတော့ သတိရ သေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒကာ,ဒကာမတွေမှာ ဒီလိုသွားမယ်ကြံလို့ ဆင်မည့် ပြင်မည့် အလုပ်တွေ ကိစ္စတွေကို ဟိုဟာ အချိုးမကျ၊ ဒီဟာ အချိုးမကျ၊ ဟာ-ကို ဘာဖြစ်သတုံး (ကိလေသာမီး လောင်တာ ပါ ဘုရား)။

အဲဒါ ဘယ်သူမှ မသိဘူးနော် (မှန်ပါ့)၊ ဘယ်သူ့ကိုလောင် သတုံး မေးတဲ့အခါကျတော့ ခုနက ကောင်းတဲ့စိတ်ကလေးကို လောင်လိုက်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းတဲ့ စိတ်ကလေး လောင်တော့ မောင်နိုင်ရေးရုပ်ကော မလောင်ဘူးလား (လောင်ပါတယ်)၊ စိတ်နဲ့ရုပ်ဟာ တွဲလျက်ပါလား (မှန်ပါ့)။

ဒါဖြင့် စိတ်ရော ရုပ်ရော ဘယ့်နှယ်နေသတုံး (လောင်ပါတယ် ဘုရား)။

လောင်ခြင်းကိစ္စ ရှိတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတွေ၊ အခုလို သစ္စဉာဏ် ကိစ္စဉာဏ်နဲ့ ပြောလိုက်တော့မှ ဪ ကိလေသာမီးဟာ တယ်လောင်ချက် ပြင်းပါကလားဆိုတဲ့ဥစ္စာ သူက လောင်ခြင်းကိစ္စ ရှိတာကိုး (မှန်ပါ့)။

ကိလေသာမီးဟာ ဘာလုပ်သလဲ (လောင်ခြင်းကိစ္စ ရှိပါတယ် ဘုရား)။

လောင်ခြင်းကိစ္စ ရှိတာနဲ့ ပဲတဲ့ ဒကာ ဒကာမတွေ ဟိုဟာမေ့ ဒီဟာအချိုးမကျ၊ အလုံးစုံ အကုန်ဖြစ်နေတာ မောင်နိုင် ပေါ်လောက် ပါပြီး (ပေါ်ပါပြီ ဘုရား)။ ဘာလောင်တာတုံး (ကိလေသာမီး လောင်တာပါ)။

ကိလေသာမီး လောင်လိုက်တာ ဒကာ,ဒကာမတွေ ပစ်ထားခဲ့၊ ဘယ်လိုဖြစ်နေခဲ့၊ ဗလဗွေ ကျဲနေရစ်- တံခါးမပိတ်မိ-ကိုဝ ဘာတွေ ဖြစ်နေတာတုံး (ကိလေသာမီး လောင်နေတာပါ ဘုရား)။

ကိလေသာမီး လောင်နေတာနော်၊ အခု ပြောမည့်ဥစ္စာကလေး ကိုဝ ဟိုပြောမည့် ဟာကလေး မပြောဖြစ်၊ ဟိုဘက် ရောက်သွား လိုက်၊ ဘာဖြစ်တာတုံး မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ကိလေသာမီး လောင်တာပါ ဘုရား)။

ဪ ဒါဖြင့် ကိလေသာမီးဟာ ဘာကို လောင်ပါလိမ့်မတုံး မေးတဲ့ အခါကျတော့ စိတ်ကိုလဲ လောင်တယ်၊ ရုပ်ကိုကော (လောင်ပါတယ် ဘုရား)။

ရုပ်ကိုလောင်တာများ သိသာလိုက်တာ ဟိုဘက်သွားမယ်လို့ လုပ်နေတဲ့ဥစွာ ဒီဘက်ပြန်လှည့်ချင် လှည့်လာတယ် (မှန်ပါ့ ဘုရား)။

ဟိုဘက်သွားတဲ့ရုပ်ကို လောင်ပစ်လိုက်တာ ဒီဘက်ပြန်တဲ့ရုပ် ပြန်ဖြစ်မလာဘူးလား (လာပါတယ်)၊ ဒါ ဘယ်သူလောင်လိုက်တာ ပါလိမ့် (ကိလေသာမီး လောင်တာပါ)။

အချို့များ အထဲဝင် အပြင်ထွက်ကိုပဲ ပြီးနိုင်သေးရဲ့ လား (မပြီးနိုင်ပါ ဘုရား)။

ဟာ ဘာဖြစ်နေတာတုံး မေးရင် ဘယ့်နှယ်ပြောပါ့မယ် (ကိလေသာမီး လောင်တာပါ ဘုရား)။

မေ့လိုက်, မေ့လိုက်လို့ ကိလေသာက လောင်လိုက်၊ လောင်ပြီး သကာလ တစ်ခါ သတိရတဲ့ စိတ်ကလေး ပေါ်လာလိုက်၊ သတိရပြန် အတွင်းပြန်လို့ ရှိရင် လိုက်ဆိုတော့ ထဲဝင် ပြင်ထွက်ကို မောင်နိုင် အားသေးရဲ့ လား- (မအားပါ ဘုရား)။

ဒါ ဘာဖြစ်ကြတာတုံးမေးရင် (ကိလေသာမီး လောင်တာပါ ဘုရား)။

ဒါဖြင့် သန္တာပဋ္ဌော ကိလေသာမီး ဒုက္ခမီးတို့ဖြင့် ငြီးငြီးတောက် ပြောင် အမြဲ အလောင်ခံ နေရတဲ့ ခန္ဓာကြီးပါလား (မှန်ပါ့)၊ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားကြည့် တဲ့အခါကျတော့မှ အမြဲအလောင်ခံနေရတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဒုက္ခမီး သုခမီး

ဟာ-ဒုက္ခမီးကလဲ ဟိုနေရာက အောင့်ပြီးသကာလ ကျန်တဲ့ နာမ်တွေ ရုပ်တွေ မလောင်ဘူးလား (လောင်ပါတယ် ဘုရား)။

သုခမီးကလဲ ဒကာ,ဒကာမတွေ၊ ဝမ်းသာသလိုလိုနဲ့ သောမနဿ ကလေးပေါ်တာ သူ ဝမ်းသာသလိုလိုနဲ့ သူတော်ကောင်းစိတ်တွေ များ ပျောက်သွားလိုက်တာ (မှန်ပါ့)၊ အင်း သုခမီး မလောင် ဘူးလား (လောင်ပါတယ် ဘုရား)။

သုခမီးက အေးအေးနဲ့ လောင်တယ်- (မှန်ပါ့)၊ ဒုက္ခမီးက ပူပူနဲ့ လောင်တယ်- (မှန်ပါ့)၊ မောဟမီးက အလုံးစုံ သတိမရအောင် လောင်ပစ်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ မီးဆယ့်တစ်မီး ရှိတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။ (ဒါဖြင့် ခန္ဓာကိုယ်ကြီးဟာ ကိုဝရေ မီးလောင်ခြင်းကိစ္စ ရှိမရှိ (ရှိပါတယ် ဘုရား)။

မီးဆယ့်တစ်မီး ရှိတယ်

ဒါဖြင့် မီးလောင်ခံခြင်းကိစ္စ ရှိသောကြောင့် ဤခန္ဓာကြီးကို ဘာ သစ္စာဖွဲ့ကြမယ် (ဒုက္ခသစ္စာပါ ဘုရား)။

ကိုင်း ဒကာ,ဒကာမတို့ ခန္ဓာရှိရင်ဖြင့် မီးဆယ့်တစ်မီး လောင်မှာပဲ- (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ)။

ဆယ့်တစ်မီး လောင်ခံနေရတဲ့ဥစ္စာဟာ အချိန်ဘယ်အချိန်တုံး မေးလို့ ရှိရင်ဖြင့် တဲ့၊ အချိန်တိုင်းပါပဲ (မှန်ပါ့)။

မောင်နိုင် ဘယ့်နှယ်ဆိုပါ့မယ် (အချိန်တိုင်းပါပဲ ဘုရား)၊ အချိန်တိုင်း လောင်နေတယ် ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိလေသာမီး လောင်လိုက်တဲ့ အခါ

ကိုင်း ဒါဖြင့် ကိလေသာမီးကများ လောင်လိုက်တဲ့အခါကျလို့ ရှိရင်ဖြင့် ဟိုပြေးရတော့ မလိုလို၊ ဒီသွားရတော့မလို၊ ဟိုလဲစိတ်မချ။ ဒီလဲစိတ်မချနဲ့ အင်း လှေကားထစ်များ ချော်ကျ၊ လမ်းမှာ ခလုတ်ကြီးတွေ မမြင်၊ ဟတ်ထိုးလဲ၊ ဟာ ဘာဖြစ်တာတုံးလို့ ကိုပေါ် မေးရင် ဘယ့်နှယ်ဖြေပါ့မယ်- (ကိလေသာမီး လောင်တာပါ ဘုရား)။

ကိလေသာမီး လောင်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် တစ်ခါတည်း အိပ်လို့ကော ပျော်သေးရဲ့ လား- (မပျော်ပါ)၊ လမ်းသွားလို့ကော လမ်းက အတိုကလေးတောင်မှ အမောများ ဆိုက်နေလိုက် သေး တယ်- (မှန်ပါ့)၊ ဘာဖြစ်ကြတာတုံး မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (ကိလေသာမီး လောင်တာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာကိုယ်မှာ အလောင်ခံခြင်းကိစ္စရှိတယ် (မှန်ပါ့)။

ခန္ဓာကိုယ်ဟာ အလောင်ခံခြင်းကိစ္စရှိ

ခန္ဓာကိုယ်ကြီးဟာ- (အလောင်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)။ အလောင်ခံခြင်းကိစ္စ ရှိတယ် ဆိုတာ ဝိပဿနာ ရှုလိုက်တဲ့ အခါကျတော့ စိတ်ကလေးတစ်ခု ပျောက်သွားရင် ဪ လောင်လို့ ပျောက်သွား တယ် (မှန်ပါ့)၊ ရုပ်ကလေးတစ်ခု ပျောက်သွားရင်ကော (လောင်လို့ ပျောက်သွား တာပါ ဘုရား)။

လောင်လို့ ပျောက်သွားတာပဲဆိုတာ မောင်နိုင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)

အဲ ပျောက်တိုင်း ပျောက်တိုင်း ဪ လောင်ခြင်းကိစ္စ ကြောင့် လောင်သွားပြီ လောင်သွားပြီ၊ သန္တာပဋ္ဌာဆိုတဲ့ ကိလေသာ မီး ဒုက္ခမီးတို့ဖြင့် ငြီးငြီးတောက်ပြောင် အမြဲအလောင် ခံနေရတဲ့ သဘောဟာ ဒီခန္ဓာပဲ (မှန်ပါ့)။

ဒီလိုရှုရမယ်နော် ဒကာ,ဒကာမတွေ (မှန်ပါ)၊ ဒါ ရှုဖို့ ဟောနေ တယ်ဆိုတာ ကျေနပ် ကြပလား (ကျေနပ်ပါပြီ)၊ ကိုင်း ဒါဖြင့် ဒီခန္ဓာကြီးထဲမှာ ရုပ်ကိုလောင်နေတာလဲ ရှိပါတယ် (မှန်ပါ)၊ နာမ်ကို လောင်နေတာကော (ရှိပါတယ်)၊

ရှိနေတော့ မောင်နိုင် ခန္ဓာကိုယ် ရှိတာမှ ရုပ်နာမ်ရှိတယ်၊ ရုပ်ကိုလဲ ရုပ်မီးက လောင်လျက်ပဲ (မှန်ပါ)၊ နာမ်ကိုကော (နာမ်မီးက လောင်လျက်ပါ ဘုရား)။ – မီးလောင်ခံရပါလို၏ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

မီးလောင်ခံရပါလို၏ ဆိုတာနဲ့ ဘာထူးသေးသတုံး (မထူးပါ ဘုရား)။ မထူးဘဲ ဘယ့်နှယ်ကြောင့် တောင်းကြပါလိမ့်မတုံး ဆိုတော့ ခုနင်က သန္တာပဋ္ဌကိစ္စ အမြဲလောင်ခံနေရတဲ့ ကိစ္စကို အဝိဇ္ဇာက မမြင်အောင် ဖုံးထားလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အဝိဇ္ဇာက (မမြင်အောင် ဖုံးထားလို့ပါ)၊ မမြင်အောင် ဖုံးထား လိုက်တဲ့အတွက် ကျုပ်တို့သည် မီးပုံထဲပဲ ဆင်းကြတာပဲ (မှန်ပါ)။ မီးအလောင်ခံတဲ့ဆီကို ကျုပ်တို့ သွားဖြစ်အောင် သွားကြတာပဲ (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။

သန္တာပဋ္ဌကိစ္စ

ဒါဖြင့် လူ့ပြည် နတ်ပြည် ဆင်းကြတဲ့ ပုဂ္ဂိုလ်များသည် ခုနက လို ခုန်ချတဲ့ပုဂ္ဂိုလ်များကို ဒကာ ဒကာမတို့ သန္တာပဋ္ဌကိစ္စဆိုတဲ့ ကိစ္စဉာဏ်ရသလား၊ မရဘူးလား (မရပါ ဘုရား)၊ ဒါဖြင့် ကိစ္စဉာဏ် မရသရွေ့ကာလပတ်လုံး သံသရာလည်လိမ့်ဦးမယ် (မှန်ပါ)၊ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

ဒါကြောင့် ဒကာ, ဒကာမတို့ သန္တာပဋ္ဌကိစ္စကို ယနေ့ ကြီးကြီး ကျယ်ကျယ် ပြောပါတယ် (မှန်ပါ)၊

ဒီသန္တာပဋ္ဌကိစ္စဟာ သူတော်ကောင်း စိတ်ကလေးတွေ ပေါ်လာတဲ့အခါလဲ ဦးဘရှင်း လောင်ပြန် ပြီး (မှန်ပါ)၊

ပါရမီတွေ စုထားတာကိုလောင်ပါတယ်

နောက်ဘဝတွေက ပါရမီတွေ စုထားတာတွေကော (လောင်ပါတယ် ဘုရား)။

အို ခက်လိုက်တဲ့ဖြစ်ခြင်း ဒကာ ဒကာမ တို့ ဘုန်းကြီး ဥပမာထုတ်ပြပါမယ်၊ မီးလောင်ပစ်လိုက်တဲ့ဥစ္စာဟာ ဘယ်လောက်ထိအောင် ဆိုးရွားတယ်ဆိုတာ အဇာတသတ်ဟာ ကိုဝ မှတ်လိုက်စမ်း၊ သာမညဖလသုတ် ဘုရားဟောလိုက်တဲ့အခါ မှာ သူဟာ သောတာပန် ဖြစ်ရမယ် (မှန်ပါ)။

ပါရမီ ပြည့်ပြီးသားနော် (မှန်ပါ)၊ အဲဒါ ထီးနန်းအာရုံ ကာမဂုဏ်ကို ငယ်ငယ်ကတည်းက ခံစားချင်တော့ တစ်ခါတည်း ဖခင်ကို သတ်မှသာလျှင် ငယ်ငယ်ကတည်းက ခံစားရမှာပဲဆိုတဲ့ ဒေါသမီး၊ ထီးနန်းအာရုံ ကာမဂုဏ်ကို လိုချင်တဲ့ လောဘမီး၊ အဲဒီ လောဘမီး ဒေါသမီး နှစ်ခုက လောင်ပစ်လိုက်တာနဲ့ ဖခင်ကို သတ်ပစ်တယ် (မှန်ပါ)။

ဖခင်ကို သတ်ပစ်လိုက်တာကို ဒကာ ဒကာမတို့ ရှိပြီးသား ပါရမီတွေကို လောဘနဲ့ ဒေါသက ရှို့ပစ်လိုက်တာနဲ့ သောတာပန် တည်နိုင်သေးရဲ့လား (မတည်ပါ ဘုရား)၊

ကိလေသာမီး ဒုက္ခမီးတွေဟာ

သန္တာပဋ္ဌ ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ)၊ သန္တာပဋ္ဌဆိုတဲ့ ကိလေသာမီး ဒုက္ခမီးတွေဟာ ပါရမီမျိုးစေ့တွေကိုလဲ ဘာလုပ်ပစ်လိုက်သလဲ (လောင်ပစ်လိုက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ခင်ဗျားတို့ဟာ မြန်မြန်သာ သောတာပန် တည်နိုင်အောင် လုပ်ကြပါတော့၊ နို့မဟုတ်ရင် ဒီဘဝက ဘုန်းကြီး ပေးထားတဲ့ မျိုးစေ့လေးတွေ တည်အောင် မလုပ်ဘူးဆိုရင်ဖြင့်

နောက်ဘဝ သန္တာပဋ္ဌ လောဘမီး ဒေါသမီးနဲ့ ရောက်ရာမှာ မတည့်တဲ့ မီးတွေက လောင်ပစ် လိုက်လို့ရှိရင် ပါရမီတွေဟာ ကုန်သွားမှာ (မှန်ပါ)။

ဒကာကြီးလှိုင် မကုန်ပေဘူးလား (ကုန်ပါတယ် ဘုရား)၊ အဲဒါကြောင့် ခင်ဗျားတို့ အရင်းအချာတွေ ဖြစ်နေတော့ ကိုင်း .ခင်ဗျားတို့ ဘဝမကူးနဲ့နော် ဘဝကူးရင် လောင်လိမ့်မယ် (မှန်ပါ)၊ အခုပေးထားတဲ့ ဥစ္စာလေးဟာ အခုပဲ အညွန့် အညှောက်ပေါက်အောင် လုပ်ကြပါဆိုတာ တိုက်တွန်းတယ် (မှန်ပါ)။

ဟိုဘဝ ကူးသွားရင်

ဟိုဘဝ ကူးသွားရင် ဘာဖြစ်မယ်ထင်သတုံး (လောင်မှာပါ ဘုရား)။ လောင်မှာပဲ ဆိုတာက အမိဝမ်းခေါင်းထဲကို လူဖြစ်မယ် ဆိုရင် ကိုးလကျော် ဆယ်လနေရမယ် (မှန်ပါ)။ အဲဒါ ဘာမှမသိတဲ့ ကိလေသာ အဝိဇ္ဇာနဲ့နေရမယ် (မှန်ပါ)၊ နောက်ကျတော့ အဝိဇ္ဇာနဲ့ နေရတဲ့အပြင် မိခင်က အချဉ်စားလိုက် အစပ်စားလိုက် ရေနွေး သောက်လိုက်ဆိုရင် ဒီကလေးမှာ ဒေါသမီးနဲ့ မနေရဘူးလား (နေရပါတယ် ဘုရား)။

သူ့ရောက်ရာ ပျော်နေတဲ့ လောဘမီးနဲ့ကော (နေရပါတယ် ဘုရား)၊ အဲဒီ လောဘမီး ဒေါသမီးတွေဟာ ဒီကလေးမှာ အမြဲဖြစ် ပြီးသကာလ နေတော့ ဘဝအဆက်ဆက်က ပါခဲ့တဲ့ ပါရမီတွေဟာ အဲဒီဝမ်းထဲတွင်ပဲ ပြောင်တယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ ဝမ်းထဲတွင် ဘယ့်နှယ်နေသတုံး (ပြောင်ပါတယ် ဘုရား)။

ဘာမီး လောင်လိုက်တာပါလိမ့် (ကိလေသာမီးတွေ လောင် တာပါ ဘုရား)၊

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သန္တာပဋ္ဌာ- ကိလေသာမီး ဒုက္ခမီးတို့ဖြင့် ငြီးငြီးတောက်ပြောင် အမြဲအလောင်ခံနေရတဲ့ကိစ္စ ရှိသကွတဲ့ (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်ကြီးရတဲ့ ပုဂ္ဂိုလ်များ ဘယ်ကိစ္စရှိပါလိမ့်မတုံး လို့ မေးတဲ့အခါကျရင်ဖြင့် ပျောက်အောင် လောင်ခြင်းကိစ္စရှိတယ် (မှန်ပါ)၊ ဒါကြောင့် ခင်ဗျားတို့ ဝေဒနာရှုရှု၊ စိတ်ရှုရှု ပျောက် သွားတာ၊ ဪ မီးလောင်လို့ ပျောက်သွားတာ (မှန်ပါ)၊ မီးလောင်ခြင်းကိစ္စကြောင့် (ပျောက်ပျောက် သွားပါတယ် ဘုရား)။

ဒါဖြင့် သူတို့မှာလဲ ဇာတိ ဇရာမရဏ မီးတွေက မလောင်ဘူးလား (လောင်ပါတယ် ဘုရား)၊ အနာထဲမှာကော လောဘ ဒေါသ မီးတွေက (လောင်ပါတယ် ဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ရှုတိုင်း ရှုတိုင်း ပျောက်သွားတဲ့ ကိစ္စလေးတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ပေါ်ပါလိမ့် (ပျောက်သွားတာ ပေါ်ပါတယ် ဘုရား)၊ ကိလေသာမီးတွေ လောင်လို့ ပျောက်သွားတယ်ဆိုတော့ ဒုက္ခသစ္စာ မှ ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)၊

အဲဒီလို ဒကာ ဒကာမတွေ ဝိပဿနာတွေ ရှုတော့ အင်း ရှုလိုက် ပျောက်သွား လိုက်။ အင်း အခုပေါ်လာတဲ့ တရားတွေက ပျောက်သွားလိုက်။ အင်း ကိ လေသာမီးလောင် ခြင်းကိ စ္စ ကြောင့် ပျောက်သွားတာကိုး။

ဒုက္ခအစစ်ဆိုတာ ရေမရောပါဘူး

ဒါကြောင့်ပဲ ဒုက္ခအစစ်ဆိုတာ ရေမရောပါ ဘူး၊ ဒီလို ပိုင်ပိုင်နိုင်နိုင် သိရမယ်၊ ကိစ္စဉာဏ်နဲ့ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာ မပျောက်တဲ့တရား ရှိရဲ့လား (မရှိပါ ဘုရား)၊ ပျောက်တိုင်း ပျောက်တိုင်း မီးလောင်လို့ ပျောက်တယ်လို့ ဉာဏ်လေးနဲ့ ကြည့်ပေးလိုက် (မှန်ပါ)၊ ပျောက်တိုင်း ပျောက်တိုင်း (ဉာဏ်နဲ့ ကြည့်ရပါမယ်)၊

သန္တာပဋ္ဌကိစ္စဉာဏ်

မီးလောင်လို့ ပျောက်တယ် လို့ ကိုပေါ်၊ ကိုဝတို့က ရှုပေးလို့ ရှိရင်ဖြင့် ကိစ္စဉာဏ် ရပါတယ် (မှန်ပါ)၊ သန္တာပဋ္ဌကိစ္စဉာဏ် ရပါတယ် (မှန်ပါ)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်ဉာဏ်ရပါလိမ့် (သန္တာပဋ္ဌကိစ္စဉာဏ်ရပါတယ် ဘုရား)၊ နာမ်လေးပေါ်လာလဲ မီးလောင်လို့ ပျောက်သွားတာပဲ (မှန်ပါ)၊ ရုပ်ကလေးပေါ်လာလဲ (မီးလောင်လို့ ပျောက်သွားပါတယ် ဘုရား)။

မီးလောင်လို့ ပျောက်သွားတာပဲ၊ အဲဒီ ပျောက်သွားတာလေးတွေဟာ အလိုလိုပျောက်လား ဒကာ,ဒကာမတို့ သန္တာပဋ္ဌဆိုတဲ့ ကိလေသာမီး ဒုက္ခမီး လောင်လိုက်တာလား (ကိလေသာမီး ဒုက္ခမီး လောင်လိုက် တာပါ ဘုရား)။

ကိလေသာမီး ဒုက္ခမီး လောင်လိုက်တာဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ အဲဒီတော့ ခန္ဓာကြီးလဲလောင်၊ ခန္ဓာထဲမှာရှိတဲ့ အတွင်းသား အပြင်သားဆိုတာ မောင်နိုင် အကုန်လောင်တာပဲ (မှန်ပါ)။

ဒါဖြင့် သူသည် အလောင်ခံခြင်းကိစ္စရှိတယ် (မှန်ပါ)၊ ခန္ဓာကြီးသည် (အလောင်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)။ ဒါ ကိစ္စဉာဏ်ကို ပြောနေပါတယ် (မှန်ပါ)။

အလောင်ခံခြင်းကိစ္စရှိတယ် ဆိုတာ ရှင်းပလား (ရှင်းပါပြီ)၊

ဉာဏ်လေးနဲ့ စိုက်လိုက်စမ်းပါ

အဲဒီတော့ ဘုန်းကြီးက အရိယာမျက်လုံး တပ်ပေးလိုက်တယ်၊ ဒကာ, ဒကာမတို့ သမာဓိ ကောင်းကောင်းနဲ့ ကိုယ့်ခန္ဓာကို စိုက်လိုက်စမ်း ပါ၊ ဉာဏ်လေးနဲ့ စိုက်လိုက်စမ်းပါ၊ ဘုန်းကြီးက သင်ပေးတယ် (မှန်ပါ)။ သင်ပေးလိုက်တဲ့ အခါကျရင်ဖြင့် အို ဒီခန္ဓာကြီးဟာလဲ လောင်လို့ ပျောက်ပျောက် ပျောက်ပျောက် သွားတာတွေဟာ ရုပ်ဘက်ကလဲ မနည်းပါဘူး (မှန်ပါ)၊ နာမ်ဘက်ကကော (မနည်းပါ ဘုရား)။

ဟာ ဒါဖြင့် အကောင်းကို မပါပါလား (မှန်ပါ)၊ မီးလောင် စရာ ဖြစ်နေတာချည်းမှတစ်ပါး ဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား)၊ ဒါ သန္တာပဋ္ဌ ကိစ္စဆိုတာ ပေါ်ပလား (ပေါ်ပါပြီ)၊

အဲဒီ ကိစ္စဉာဏ် ရမှသာလျှင်တဲ့ ဒါဖြင့် မီးလောင်ခံခြင်းကိစ္စထက် ကြီးကျယ်တဲ့ ကိစ္စဟာ ကိုပေါ်၊ ကိုဝ ရှိသေးသလား (မရှိပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)၊ ဒါဖြင့် ဒီမီးလောင်ခံခြင်း ကိစ္စဟာ ရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကလဲ ရုပ်မှာ မီးလောင်ခံခြင်းကိစ္စရှိတယ်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကော (မီးလောင်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)။

မီးလောင်လို့ ပျောက်သွားတယ်

မီးလောင်ခံခြင်းကိစ္စရှိလို့ ပျောက်ပျောက် သွားတာလို့ ရှုရှုပေးကြ ဆိုတာ ယနေ့ကစပြီး သံသယမရှိပါနဲ့ (မှန်ပါ)။ မီးလောင်လို့ ပျောက်သွားတယ်။ ဒကာ,ဒကာမတွေ ဘယ်လိုရှုကြမလဲ (မီးလောင်လို့ ပျောက်သွားပါတယ် ဘုရား)၊

မီးလောင်လို့ ပျောက်သွားတယ်၊ ရုပ်မှာလဲ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ နာမ်မှာ ကိလေသာမီး၊ သဘောကျပလား (ကျပါပြီ)၊

အဲဒါတွေ အကုန်လောင်လို့ ပျောက်ပျောက် ပျောက်ပျောက်သွားတာ။ ဪ ဒါ ပျောက်တတ်တာဟာ အနိစ္စမို့ ပျောက်တယ်လို့ မယူဘဲနဲ့ ကိစ္စဉာဏ် နဲ့ ရှုလိုက်စမ်းပါ (မှန်ပါ)၊ ဘာဉာဏ်နဲ့ ရှုကြမလဲ (ကိစ္စဉာဏ်နဲ့ ရှုရမှာပါ ဘုရား)။

သစ္စာရှုနည်း

ဒါ ဝိပဿနာရှုနည်းကိုဖြင့် သစ္စာရှုနည်းကို ကိုပေါ်၊ ကိုဝ အကြီးအကျယ် သင်ပေးနေတာ (မှန်ပါ)၊

ဒါဖြင့် ခင်ဗျားတို့ သန္တာန် ပျောက်ပျောက်သွားတာလဲ ဧကန်ပဲ မဟုတ်လား (မှန်ပါ)၊ ဘယ့်နှယ်ကြောင့် ပျောက်သွားပါလိမ့် (အလောင်ခံရလို့ပါ ဘုရား)။ ဒါဖြင့် ရုပ်ရှုတဲ့ ပုဂ္ဂိုလ်မှာ အဲဒီရုပ်ကလေး၊ နာမ်ရှုတဲ့ ပုဂ္ဂိုလ်မှာ အဲဒီနာမ်ကလေး ဘာကိစ္စရှိပါလိမ့် (မီးလောင်ခံခြင်း ကိစ္စရှိပါတယ် ဘုရား)၊

မီးလောင်ခံခြင်းကိစ္စ ရှိတယ်ဆိုတာ ဒကာ ဒကာမတွေက ဉာဏ်နဲ့ ကြည့်တော့ မမြင်ဘူးလား (မြင်ပါတယ် ဘုရား)။

မီးလောင်ခံခြင်း ကိစ္စကို ဉာဏ်ကမြင်တယ်

ဒါဖြင့် မီးလောင်ခံခြင်းကိစ္စနဲ့ ဉာဏ်နဲ့ တွဲလိုက်တဲ့အခါကျတော့ ကို ကိစ္စဉာဏ် (မှန်ပါ)။ ရှင်းပလား (ရှင်းပါပြီ)။ မီးလောင်ခံခြင်း ကိစ္စကို ဉာဏ်က မမြင်ဘူးလား (မြင်ပါတယ်)၊ မြင်တဲ့အခါကျတော့ ရှိရင် ကိစ္စကို သွားမြင်တဲ့အတွက် ကိုဝ ဘယ့်နှယ်ဆိုမယ် (ကိစ္စ ဉာဏ်ပါ ဘုရား)။

အဲဒီ ကိစ္စဉာဏ်ဖြစ်လို့ ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမ တို့ သောတာပန်တည်ဖို့ ကပ်နေပြီး (မှန်ပါ)။

သောတာပန်တည်ဖို့ (ကပ်နေပါပြီ)၊ ဒါဖြင့် ကြည့်လိုက်တဲ့အခါ ပျောက်ပျောက် သွားတယ် ဘုရား၊ ရုပ်ကလေးရှုလဲ ပျောက်ပျောက် သွားတယ်၊ နာမ်ဘက်လှည့်လိုက်လဲ နာမ်ပျောက် သွားတယ်။

ပျောက်ချင်လို့ ပျောက်တာလား၊ အလောင်ခံရလို့ ပျောက်တာလား (အလောင်ခံရလို့ ပျောက်တာပါ ဘုရား)။

ဒါဖြင့် အဲဒီရုပ်မှာ ဘာကိစ္စရှိသလဲ (အလောင်ခံခြင်းကိစ္စ ရှိပါ တယ် ဘုရား)၊ နာမ်မှာ ဘာကိစ္စရှိသလဲ (အလောင်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)၊

ကိစ္စနဲ့ ဉာဏ်နဲ့ပေါင်းလိုက်

အဲဒါတွေကို ခင်ဗျားတို့ဉာဏ်က သိပေးရမယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။ ဉာဏ်က သိပေးတော့ ကိစ္စနဲ့ ဉာဏ်နဲ့ ဒကာ,ဒကာမတို ပေါင်းလိုက် (ကိစ္စဉာဏ်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒီလိုရှုရမှာပါလားဆိုတော့ ခင်ဗျားတို့က ဖြစ်ပျက် ကလေးတွေ ရှုနေတော့ အနိစ္စဉာဏ် ဖြစ်နေတယ် (မှန်ပါ)၊ မီးလောင်ခံတဲ့ ကိစ္စကိုသိပြီး ရှုလိုက်တဲ့အခါကျတော့ ကိစ္စဉာဏ်ဖြစ် သွားပါတယ် (မှန်ပါ)၊

နဂိုတုန်းကတော့ မသိသေးခင်တုန်းက ကိစ္စဉာဏ်ဆိုတာ ခဲခဲယဉ်းယဉ်းကြီးလို့ မှတ်နေတာ၊ အခုတော့ ကိုယ်ရှုတဲ့ ဖြစ်ပျက်ဟာ အလောင်ခံတဲ့ကိစ္စရှိလို့ ပြောင်တာပဲ (မှန်ပါ)။

ကိုယ်ရှုတဲ့သဘောလေးဟာ (အလောင်ခံခြင်းကိစ္စ ရှိပါတယ် ဘုရား)၊ သူ့မှာ အလောင်ခံခြင်း ကိစ္စမှ တစ်ပါး မောင်နိုင် ဘာကိစ္စ ရှိသေးသတုံး (မရှိပါ ဘုရား)၊

ကိစ္စပေါ်တိုင်း သိပေးစမ်းပါ

အဲဒီကိစ္စပေါ်တိုင်း ပေါ်တိုင်း ကျုပ်တို့က ဉာဏ်ကလေးနဲ့ သိပေးစမ်းပါ (မှန်ပါ)၊ ဉာဏ်လေးနဲ့ သိပေးလိုက်တဲ့ အခါကျတော့ အလောင်ခံခြင်းကိစ္စကို သိတဲ့ဉာဏ် (မှန်ပါ)၊ ဒကာကြီးလှိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အလောင်ခံခြင်းကိစ္စ သိတဲ့ (ဉာဏ်ပါ ဘုရား)၊ ဒါတိုတို ခေါ်တော့ ကိစ္စဉာဏ် (မှန်ပါ)၊ ရှည်ရှည်ပြောတော့ အလောင်ခံခြင်းကိစ္စ သိတဲ့ဉာဏ် (မှန်ပါ)၊

ဒါဖြင့် ဒကာ ဒကာမတွေ ရုပ်ကလေးလဲ အလောင်ခံရတာပဲ၊ နာမ်ကလေးတွေကော (အလောင်ခံရပါတယ် ဘုရား)၊ အဲဒီတော့ ရုပ်ပျောက်တာကို ကြည့်ကြည့်၊ နာမ်ပျောက် တာကို ကြည့်ကြည့်၊ အလိုလိုတော့ ပျောက်တာမဟုတ်ဘူး (မှန်ပါ)။ အလိုလိုပျောက်တာဆိုရင် ကိစ္စဉာဏ် မပါဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီလိုသိပြီးသကာလ နေတဲ့ ဒကာ,ဒကာမတွေ ကျတော့ ကိစ္စဉာဏ်ဖြစ်နေတယ်လို့ ဆိုနိုင်တယ် (မှန်ပါ)၊

မီးလောင်ခံရတဲ့ ကိစ္စထက် ကြီးတာ ကိုဝ ရှိသေးရဲ့ လား (မရှိပါ ဘုရား)၊

ဒါဖြင့် အဲဒီ မီးလောင်ခံရတဲ့ကိစ္စကို ကိုယ်က ဉာဏ်ကလေးနဲ့ ကြည့်ပြီး သကာလ နေတော့ ဪ ကိုယ့်ကိစ္စကိုယ်သိပြီ (မှန်ပါ)၊ ကိုယ့် ကိစ္စက အလောင်ခံရတဲ့ကိစ္စ၊ အဲဒီကိစ္စကို ဒကာ ဒကာမတွေက ဪ ခန္ဓာရတဲ့ ကိစ္စဟာ အလောင်ခံရတဲ့ကိစ္စပါလားလို့ မသိဘူး လား (သိပါတယ် ဘုရား)၊ ခန္ဓာရတဲ့ကိစ္စဟာ (အလောင်ခံရတဲ့ ကိစ္စပါ ဘုရား)။

ပိုင်ပိုင်နိုင်နိုင် သိလိုက်ပြန်လို့ရှိရင်

အလောင်ခံရတဲ့ကိစ္စလို့ ဒကာ ဒကာမတွေက သိပြီးသွားတော့ ဪ ဒီထက်ကြီးတဲ့ ဒုက္ခကော ရှိသေးသလား (မရှိပါ ဘုရား)၊ သုခများ ပါသေးသလား (မပါပါ ဘုရား)၊ အဲဒီကဲ့သို့ ကိစ္စဉာဏ်နဲ့ ပိုင်ပိုင်နိုင်နိုင် သိလိုက်ပြန်လို့ရှိရင်လဲတဲ့ ဖျတ်ဆို အလောင်ခံရတဲ့ ကိစ္စလဲ ရပ်စဲပြီး ဉာဏ်ချည်း ကျန်နေရစ်တယ် (မှန်ပါ)၊ သဘော ကျပလား (ကျပါပြီ)။

ဉာဏ်ချည်း ကျန်နေရစ်

အလောင်ခံရတဲ့ကိစ္စ (ရပ်စဲပါတယ် ဘုရား)၊ ရပ်စဲပြီး ဉာဏ်ချည်း ကျန်နေရစ်မှာ (မှန်ပါ)၊ ဉာဏ်ကျန်နေရစ်တဲ့ အခါ ကျတော့ ဪ အသေလွတ်သွားပါပေါ့လား၊ လောင်စာသိမ်းပါ ပေါ့လား (မှန်ပါ)၊ ဒကာ ဒကာမတို့ ဘယ်လိုထင်လာလဲ (လောင်စာသိမ်းပါပေါ့လားလို့ ထင်ပါတယ် ဘုရား)၊

လောင်စာ သိမ်း၍ မီးငြိမ်းတယ်ဆိုတာ

ဟိုရှေ့ပိုင်းမှာ လောင်စာကလဲ မရှိ၊ မီးကကော (မရှိပါ)၊ လောင်စာ သိမ်း၍ မီးငြိမ်းတယ် ဆိုတာ နောက်ထပ် ပျောက်ပျက်မှု မလာတာကို ဆိုတာပါလား (မှန်ပါ)။

ဒကာ,ဒကာမတို့ သေချာမှတ်ပါ၊ သေချာမှတ်ပါ၊ ဒီ ကိစ္စဉာဏ် က နေပြီး သကာလ ကတဉာဏ် နည်းနည်း ကူးပြပါတယ် ကိုဝ (မှန်ပါ)၊ အလောင်ခံခြင်း ကိစ္စတွေ မြင်နေတုန်းကတော့ ဘာဉာဏ်တဲ့ (ကိစ္စဉာဏ်ပါ ဘုရား)၊ နောက်ကျလာတော့ အလောင်ခံခြင်းကိစ္စ တွေက ကြည့်လို့ ကိုပဲ မမြင်တော့ဘူး (မှန်ပါ)၊ ကြည့်လို့ မမြင် တော့ပါဘူး ဒကာ,ဒကာမတို့ (မှန်ပါ)၊ ကြည့်လို့ မမြင်တော့ ဪ မီးလောင်ခံခြင်းကိစ္စတွေ သိမ်းပါလား မထင်ကြဘူးလား (ထင်ပါတယ် ဘုရား)။ မီးလောင်ခံခြင်းကိစ္စတွေ (သိမ်းပါတယ်)၊

မီးလောင်ခံခြင်းကိစ္စ တွေ သိမ်းသွားတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ဪ လောင်စာလဲ မရှိဘူးပေါ့၊ မီးလဲ မရှိဘူးပေါ့လို့ ဉာဏ်က မမြင်ပေဘူးလား (မြင်ပါတယ်)၊ အဲဒါ လောင်စာသိမ်း၍ မီးငြိမ်းတဲ့ နိဗ္ဗာန်မြင်တာ လို့ မှတ်လိုက် (မှန်ပါ)၊ ဘယ်လိုမှတ်ကြမယ် (လောင်စာသိမ်း၍ မီးငြိမ်းတဲ့ နိဗ္ဗာန်ပါ ဘုရား)။

ကတဉာဏ်

အဲဒီဉာဏ်ကတော့ ကတဉာဏ် (မှန်ပါ)၊ ခုနက ကိစ္စတွေ သိနေတဲ့ ဉာဏ်ကတော့ (ကိစ္စဉာဏ်ပါ ဘုရား)၊ ဒါ မောင်နိုင် သေသေချာချာ မှတ်ပါနော်။ ဒီနှစ်လုံးနဲ့ အင်မတန် အရေးကြီးနေ တယ်ဆိုတဲ့ ဥစ္စာ ဒကာ,ဒကာမတွေ သဘောပေါက်အောင် မှတ်ကြ စမ်းပါ (မှန်ပါ)၊

ပျောက်ပျောက် ပျောက်ပျောက် သွားတာလေးတွေကို မြင်နေတဲ့ဉာဏ်က ဘာဉာဏ်တုံး (ကိစ္စဉာဏ်ပါ ဘုရား)။

ဪ သန္တာပဋ္ဌကိစ္စ သွားမြင်တယ်၊ အမြဲအလောင်ခံနေရတဲ့ ကိစ္စ သွားမြင်နေတော့ တကယ့်ဒုက္ခသစ္စာပဲ ကိုယ့်မှာ ရုပ်နာမ်ပဲရှိတာကိုး၊ ရုပ်လဲ အလောင်ခံပြီး ပျောက်သွားတာပဲ၊ နာမ်လဲ (အလောင်ခံပြီး ပျောက်သွားတာပါပဲ)။

အလောင်ခံပြီး ပျောက်သွားတာပဲဆိုတော့ ကိစ္စဉာဏ်က ရင့်ကျက်လာပြီဆိုပါတော့ဗျာ (မှန်ပါ)၊

ရချင်စရာမရှိဘူး

ရင့်ကျက်လာတော့ ခုနက လောင်စာနဲ့မီး ရှေ့ပိုင်းမှာ မြင်ရသေးရဲ့ လား (မမြင်ရတော့ပါ ဘုရား)၊ ကိစ္စဉာဏ်က ရင့်ကျက်သွားတဲ့အခါကျတော့ ဒါကြီးကိုဖြင့် ဘယ်နည်းနဲ့မှ ရချင်စရာမရှိဘူးဆိုတဲ့ဥစ္စာ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဘယ်နည်းနဲ့မှ ရချင်စရာ မရှိဘူးဆိုတော့ ဖျတ်ဆို ကိစ္စဉာဏ် ကနေပြီး သကာလ ကတဉာဏ် ဆိုတဲ့ မဂ်ဉာဏ် ပြောင်းသွားတယ် (မှန်ပါ)၊ ပြောင်းသွားတော့ ရှေ့မှာ လောင်စာသိမ်း၍ မီးငြိမ်းတာ သွားမြင်တယ် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဘာသွားမြင် သတုံး (လောင်စာသိမ်း၍ မီးငြိမ်းတာ သွားမြင်ပါတယ်)။

ဘယ်လိုဖြစ်တတ်သတုံး

အဲဒီအခါမှာ ဘယ်လိုဖြစ်တတ်သတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီပါဠိလေးကို ကြည့်နော်၊

“ဟဒယသုသီတလ မဂ္ဂဒဿနေန သန္တာပဋ္ဌော” ဟဒယသုသီတလ မဂ္ဂဒဿနေန- နှလုံး၌ ငြိမ်းအေးခြင်း သဘောဟူသော မဂ်ကလေး ပေါ်လာ သောကြောင့်။ သန္တာပဋ္ဌော- ပူပန်တဲ့ ကိစ္စတွေ ငြိမ်းသွားခြင်းသည်။ ဟောတိ-ဖြစ်၏။

ခုနင်က ရှေ့ပိုင်းက လောင်စာသိမ်း၍ မီးငြိမ်းတော့ ဝမ်းထဲမှာ မဂ်ကလေးတွေချည်း ကျန်နေတော့ ဪ ဒီမဂ်မို့ အေးတာပဲ၊ ဒီဖိုလ်မို့ အေးတာပဲလို့ ကိုယ့်ဟာကိုယ် သိပါ တယ် (မှန်ပါ)။ ။

သေသေချာချာ စဉ်းစားပြီး နားထောင်ပါ၊ ဒကာ ဒကာမတို့ ဒီအရေးဟာ မသေးလို့ ပြောနေပါတယ် (မှန်ပါ)၊ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် အထူးအရေးကြီးတယ်ဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ)၊ ကိစ္စဉာဏ်ကနေ ကတဉာဏ် ကူးသွားတဲ့အခါကျတော့ အေးလာတယ် (မှန်ပါ)၊ ဘာကြောင့်တုံးဆိုတော့ လောင်စာ သိမ်း၍ မီးငြိမ်းတာကို မြင်လိုက်ရတာကိုး မောင်နိုင်ရ (မှန်ပါ)။

အရင်တုန်းကတော့ လောင်စာနဲ့ မီးလောင်နေတာကို မြင်ရတာ (မှန်ပါ)၊ အဲဒီတုန်းကတော့ အမြင်ကောင်းရဲ့လား (မကောင်းပါ ဘုရား)၊ မကောင်းဘူး၊ မကောင်းဘူး၊ မီးလောင်ခံ နေရတာချည်းကို ကြည့်နေရတယ် မီးလောင်ခံရလို့ ပျောက်ပျက် သွားတာချည်းကို ကြည့်နေရတယ် (မှန်ပါ)။ ဒါ ဦးဘရှင်းတို့ ဘာဉာဏ်ဆိုမလဲ (ကိစ္စဉာဏ်ပါ ဘုရား)။

ဉာဏ်ထဲမှာ အလိုလိုပေါ်လာလိမ့်မယ်

နောက်ကျတဲ့အခါကျတော့ ဪ ဒီဒုက္ခ အကြီးဆုံးပါလား၊ မီးလောင်ခံရတဲ့ ကိစ္စဟာ အကြီးဆုံးပါလားဆိုတာ ခင်ဗျားတို့ ဉာဏ်ထဲမှာ အလိုလိုပေါ်လာလိမ့်မယ် (မှန်ပါ)၊ ရင့်ကျက်ပြီး မပေါ် လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊

ပေါ်လာတဲ့အခါကျတော့ ဒီခန္ဓာ ဒီရုပ် ဒီနာမ်ဖြင့် ကို လိုချင်သေးတဲ့သဘော လာမလား၊ မလိုချင်တဲ့သဘော လာမလား (မလိုချင်တဲ့ သဘော လာမှာပါ ဘုရား)။

မလိုချင်တဲ့သဘော လာမယ်

မလိုချင်တဲ့သဘော လာမယ် (မှန်ပါ)၊ အဲဒီ မလိုချင်တဲ့ သဘော လာတာဟာ မဂ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)၊ မလိုချင် တဲ့သဘောလေး လာရင် (မဂ်ပါ ဘုရား)၊ အဲဒီမဂ် လာလိုက်သည်နဲ့ တစ်ပြိုင်နက် ရှေ့မှာ ဘာတွေ တွေ့ရသတုံးဆိုတော့ လောင်စာလဲ မတွေ့ဘူး၊ မီးလဲ မတွေ့တော့ဘူး၊ သဘောကျပလား (ကျပါပြီ)။

ဘာတွေ့ရသတုံးဆိုတော့ လောင်စာသိမ်းပြီး မီးငြိမ်းသွားတာပဲ အခု တွေ့ရပြီဆိုတဲ့ဥစ္စာ အဲဒါ နိဗ္ဗာန်ပဲလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

လောင်စာသိမ်း၍ မီးငြိမ်းသွားတာနိဗ္ဗာန်

လောင်စာသိမ်း၍ မီးငြိမ်းသွားတာဟာ (နိဗ္ဗာန်ပါ ဘုရား)၊ ဒကာ,ဒကာမတွေ ယနေ့နာရတဲ့ အဓိပ္ပာယ်က ကိစ္စဉာဏ်ကနေ ကတဉာဏ်ကူးပုံကို ပြောတာပဲ၊

ဘယ်ဉာဏ်ကနေ ဘယ်ဉာဏ်ကူးပုံ ပြောတာပါလိမ့် (ကိစ္စဉာဏ်ကနေ ကတဉာဏ် ကူးပုံပါ ဘုရား)၊ အဲဒါ ခင်ဗျားတို့ ဪ ကိစ္စဉာဏ်ကို မှန်မှန်ရှုနေလို့ရှိရင်ဖြင့် ကိုပေါ်တို့၊ ကိုဝတို့ ဟာ ကတဉာဏ်ဟာ ရင့်လာရင် ပေါ်တာပဲ (မှန်ပါ)။

မရှုဘဲနဲ့တော့ (မပေါ်ပါ ဘုရား)၊ ကိစ္စဉာဏ် မရင့်ဘဲနဲ့ (မပေါ်ပါ ဘုရား)၊ ကတဉာဏ် မပေါ်ဘူး၊ ကတဉာဏ်က ကြည့်လေ လောင်စာသိမ်း၍ မီးငြိမ်းတာ မြင်တာဟာ ကတဉာဏ်ပဲ (မှန်ပါ)။ လောင်စာနဲ့ မီးလောင်နေတာ မြင်တာက ကိစ္စဉာဏ်ပဲ (မှန်ပါ)။ ထူးခြားသလား ထူးခြားပါတယ်)၊ သေသေချာချာမှတ်ပါ၊ သေသေ ချာချာမှတ်ပါ၊

လောင်စာနဲ့ မီးလောင်ပြီးသကာလ ပျောက်ပျောက် သွားတာကို မြင်တာက (ကိစ္စဉာဏ်ပါ)၊ နောက်ထပ် လောင်စာနဲ့ မီး တွဲလျက်ချည်း လောင်နေတာ မလာတာကို မြင်တာက (ကတဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်နဲ့ ကတဉာဏ်

ဪ ကိစ္စဉာဏ်နဲ့ ကတဉာဏ်က တခြားစီပါလား (မှန်ပါ)။ ဒကာ,ဒကာမတွေ ဘာတုံး (ကိစ္စဉာဏ်နဲ့ ကတဉာဏ် တခြားစီ ပါ ဘုရား)။ ကိစ္စဉာဏ်နဲ့ ကတဉာဏ် တခြားစီနော် (မှန်ပါ)။

လောင်နေတာကို မြင်တာက (ကိစ္စဉာဏ်ပါ)၊ လောင်တာ မရှိတာ ကို မြင်တာက (ကတဉာဏ်ပါ)။

ဪ ဒါဖြင့် ကတဉာဏ်ဆိုတာက ကိစ္စပြီးတဲ့ဉာဏ် (မှန်ပါ)။ အလုပ်လုပ်နေတဲ့ဉာဏ်က ကိစ္စဉာဏ် (မှန်ပါ)၊ ကိုဝ ဘာတဲ့တုံး (အလုပ်လုပ်နေတာက ကိစ္စဉာဏ်ပါ)၊ အလုပ်ပြီးသွားတာကို မြင်တဲ့ ဉာဏ်က (ကတဉာဏ်ပါ)။

ဒါဖြင့် လောင်စာနဲ့ မီးဝမ်းထဲမှာ လောင်နေတာ မြင်တဲ့ဉာဏ်က ဘာဉာဏ်တဲ့တုံး (ကိစ္စဉာဏ်ပါ)၊ နောက်ကျတော့ မလိုချင်တဲ့အခါကျတော့ လောင်စာနဲ့မီးက ရှိသေးရဲ့လား (မရှိတော့ပါ)၊ မရှိတာကို မြင်တဲ့ဉာဏ်ကျတော့ ဘာဉာဏ်ဆိုကြမလဲ (ကတဉာဏ်ပါ)။

ဒွန်းစဏ္ဍားလေးတွေ

အဲဒီတော့ကိုတဲ့ ဘုန်းကြီးတို့က ဥပမာပြမယ်နော် (မှန်ပါ)၊ ဥပမာ ပြပါမယ် ဒကာ,ဒကာမတို့၊ ဒကာကြီးလှိုင် သေသေချာချာ မှတ်စမ်းပါ (မှန်ပါ)၊

သုသာန်ထဲမှာနေတဲ့ ဒွန်းစဏ္ဍားလေးတွေကို မောင်နိုင် ပြရလိမ့်မယ် (မှန်ပါ)၊ ဒွန်းစဏ္ဍား လေးတွေက နန်းတော် အိမ်ထဲ မရောက်ဖူးဘူးနော် (မှန်ပါ)။

သုသာန်ထဲ မွေးပြီး သုသာန်ထဲ ကြီးလာကြရတယ် (မှန်ပါ)။ သို့သော် သူတို့မှာတော့ ဒီနေရာမွေး၊ ဒီနေရာကြီးဆိုတော့ သူတို့အရေးက မြေတူးရမယ်။ တချို့ မီးရှို့ချင်တဲ့ မသာ အလောင်းလာရင် မီးရှို့ပေးရမယ် (မှန်ပါ)၊ ဒါ သူတို့ကိစ္စလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊

အဲဒါတွေ လုပ်နေတော့ သူတို့မယ် ရိုးရာအတိုင်း ဖြစ်နေတော့ ကြောက်ခြင်း လန့်ခြင်း ရွံ့ခြင်း ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မလာမှာပဲ စိုးရိမ်တယ် (မှန်ပါ)၊ မလာရင် ငွေဝင်နည်းတယ် (မှန်ပါ)၊ မလာရင် (ငွေဝင်နည်း ပါတယ်)၊ အဲဒီတော့ မလာရင် ငွေဝင်နည်းပြီး သကာလနေတော့ မောင်နိုင် သူတို့ကတော့ဖြင့် မီးရှို့နေရတဲ့ကိစ္စဟာ သူတို့အတွက်တော့ အကြိုက်ဖြစ်နေတယ် ၊ (မှန်ပါ)၊

ငိုသံကြားရင်အကြိုက်တွေ့

ငိုသံကြားရင် သူတို့ဘာတုံး (အကြိုက်တွေ့ ပါတယ်)။

အင်း ဟိုကဖြင့် ငိုသံ အတော်များတယ် လူစုပြီး ဆွေကြီးမျိုးကြီး သေတာနဲ့တူတယ်လို့ ကြားလို့ ရှိရင်ဖြင့် ဒီဒွန်းစဏ္ဍားက ဝမ်းသာ တယ် (မှန်ပါ)။

ဘာကြောင့်တုံးဆိုလို့ရှိရင်ဖြင့် မသာကြီးချဆိုရင် ကွမ်းဆေး လက်ဖက် စသည်များလဲ ပေါလိမ့်မယ် ကျွင်းတူးခ မီးရှို့ခဆိုရင် လဲ ငွေမြင်ရလိမ့်မယ်ဆိုပြီး သကာလ သူ့ကိစ္စ ဒွန်းစဏ္ဍားအလုပ်ကို ဒွန်းစဏ္ဍားအလုပ်လို့ မသိခင်တုန်းကတော့ ဒါတွေ လာလေ ပျော်ပါး ကောင်းလေလေပဲ (မှန်ပါ)၊ ဘယ့်နှယ်တုံး (ဒါတွေလာလေ ပျော်ပါးကောင်းလေပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒွန်စဏ္ဍား ပျော်ပဲ

ဒီမှာလဲ ဘုန်းကြီးတို့ ဒကာ,ဒကာမတွေလဲ နဂိုတုန်းကတော့ဖြင့် ဒီခန္ဓာကိုယ်ကြီးက အသုဘဒုက္ခမီး လောင်နေတာ ခဏခဏ မီးရှို့ နေရတာပဲ၊ သို့သော် မသိခင်တုန်းကတော့ လူ့ဘဝ အရတော်တယ် ဟေ့၊ တော်သေးရဲ့ သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့ တော် တော်သေးရဲ့ ဆိုတော့ ခင်ဗျားတို့ ပျော်နေတာသည်ကား ဒွန်စဏ္ဍား ပျော်ပဲ (မှန်ပါ)။

ကိုယ့်ဟာလေးနဲ့ကိုယ် တော်နေတဲ့ အပျော်ဟာလေ (မှန်ပါ)။ ဘာဖြစ်လို့တုံးဆိုတော့ ဒကာ,ဒကာမတို့ သိတဲ့အတိုင်းတဲ့ ကိုယ့် အဝိဇ္ဇာက ဖုံးပြီးထားတဲ့အခါကျတော့ ကိစ္စဉာဏ်က မဝင်လာဘူး (မှန်ပါ)၊ ကိစ္စဉာဏ် မဝင်လာတော့ တဏှာက ကိုဝ ဒွန်းစဏ္ဍားပျော် ပျော်နေတာ (မှန်ပါ)၊

ဒီအသုဘခန္ဓာကြီး ရထားတာကို ဘယ့်နှယ် ဖြစ်နေသတုံး (ပျော်နေပါတယ်)။

အသုဘခန္ဓာကြီး လောင်တာများလိုက်ပြန်လဲ (ပျော်နေပါ တယ်)၊ အင်း လောင်တာ များလိုက်ပြန်တော့ မီးရှို့ ကွ ဆိုတော့ ပိုရသကွ ဆိုပြီး ဒီလိုပျော်နေတာ (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိ ပါပြီ)၊ ခန္ဓာကိုယ်ကြီးအကြောင်း မသိခင်တုန်းကပေါ့ဗျာ (မှန်ပါ)။

နောက်ကတော့ ဒွန်းစဏ္ဍားသည်ကားဆိုရင် သူ့အိမ် သူ့ယာကြည့် ပြန်တော့လဲ ဦးဘရှင်းရေ တလားပျက်တို့ လောင်တိုက်ပျက်တို့ ခေါင်းပျဉ်တို့နဲ့ ကာရံထားတာ (မှန်ပါ)။

သူ့အိမ်က ကျက်သရေရှိရဲ့လား (မရှိပါ ဘုရား)၊ သူလုပ်နေရ တဲ့ အလုပ်က (မရှိပါ ဘုရား)၊ မရှိပေမဲ့လဲ သူပျင်းသလား ပျော်သလား မေး (ပျော်ပါတယ်)၊ ကိုင်း ကိုဝ သူ့ဟာနဲ့သူ ပျော်နေတာ ပေါ်ပလား (ပေါ်ပါပြီ)၊ သိပျော်လား၊ မသိပျော်လား (မသိပျော်ပါ ဘုရား)၊

ဒီမှာလဲ ဒကာ,ဒကာမတွေမှာတဲ့ ကိစ္စဉာဏ် မရခင်တုန်းက ဪ တို့သားနဲ့ သမီးနဲ့ ကိုယ်ကလဲ ကျန်းကျန်းမာမာနဲ့ ဆိုပြီး ခုနင်က မီးတွေလောင်နေတာကို မမြင်ဘဲကိုးဗျ (မှန်ပါ)၊ မမြင်တော့ ပျော်မနေဘူးလား (ပျော်ပါတယ် ဘုရား)။

မသိလို့ပျော်တာ

ဟာ ဘာပျော်ပါလိမ့်မတုံးမေးရင် ( ဒွန်းစဏ္ဍားပျော်ပါ)။ ဒန်းစားပျော်၊ မသိလို့ပျော်တာ (မှန်ပါ)၊ ရိပ်မိကြပလား ရိပ်မိပါပြီ)၊ ဘာပျော်ပါလိမ့် (ဒွန်းစဏ္ဍားပျော်ပါ)၊

သူတို့ဟာ မီးရှို့ နေရတာကို အပျော်ကြီး ပျော်နေတာ (မှန်ပါ)၊ တလားပျက်ပဲ လောင်တိုက်ပျက်ပဲနဲ့ အိမ်ဆောက်နေရတာကော (ပျော်ပါတယ် ဘုရား)၊ မြေပုံပေါ် ကစားနေရတာကော (ပျော်ပါတယ် ဘုရား)။

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ မသိလို့ပျော်တာ (မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ)၊ ကိစ္စဉာဏ်မရသေးတော့ မောင်နိုင် ဒီ ဒကာ,ဒကာမတွေ ကိုယ်ရတဲ့ ဘဝလေးထဲမှာ ကိုယ်ပျော်ပြီး နေတာသည် ခဏခဏ မီးလောင်ခံနေရတဲ့ ကိစ္စကြီးကိုပဲ သူ့မှာ ပျော်နေတာ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒွန်းစဏ္ဍားပျော်ဆိုတာ နာစရာရှိရဲ့လား (မရှိပါ ဘုရား)။

ကတဉာဏ်ဘက် ကူးသွားတော့

နောက်ကျတော့ ကတဉာဏ်ဘက် ကူးသွားတော့ ဒကာ ဒကာမ တို့ နန်းတော် အိမ်တော်ကြီးကို သူမျက်စိလည်ပြီး ရောက်သွားတဲ့အ ခါကျတော့မှ သူတလားပျက် လောင်တိုက် ပျက်တွေကို သူအရုပ်ဆိုး မှန်း သူမသိပေဘူးလား (သိပါတယ်)၊ မြို့နန်းတော် အိမ်တော်ထဲ ရောက်သွားတဲ့အချိန်ကတော့လေ (မှန်ပါ့ ဘုရား)။

သူ့မှာ စားရတာလဲ ကူးတို့ခနဲ့ စားရတယ်၊ မြေတူးစားရတယ်။ ကွမ်း ဆေး လက်ဖက်ကလဲ အကျန်အကြွင်းတွေ စားရတယ်။ အိမ်ဆောက်နေရပြန်လဲ တလားပျက် လောင်တိုက်ပျက်တွေနဲ့ ဆိုတာ ခုနက နန်းတော်အိမ်တော် ရောက်သွားတော့မှ ကိုယ်ကျိုးနည်းပဟေ့ ဆိုတာ သူ့ဟာသူ သိတယ် (မှန်ပါ့)။

ဒီမှာလဲ ကိစ္စဉာဏ်က နေပြီး ခုနက လောင်စာမီးငြိမ်းတာ မြင်လိုက်တဲ့ အခါကျတော့မှ ကိုဝရေနန်းတော် အိမ်တော် ရောက် သွားတာကိုး (မှန်ပါ့)၊ သူနေခဲ့တာတွေ ကျက်သရေရှိတယ်လို့ ယူသေးရဲ့ လား (မယူပါ ဘုရား)။

ခုနက ငိုသံကြားနဲ့ ပျော်သေးရဲ့လား (မပျော်ပါ)၊ ပြောင်း မသွားသေးဘူးလား (ပြောင်းသွားပါပြီ ဘုရား)။

ဒါဖြင့် ဘယ်ဉာဏ်က ဘယ်ဉာဏ်ပြောင်းပုံကို ဥပမာပေးတာလဲ ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ဉာဏ်က ဘယ်ဉာဏ်ပါလိမ့် (ကိစ္စဉာဏ်က ကတဉာဏ် ပါ ဘုရား)။

ကိစ္စဉာဏ်တုန်းကတော့ အလောင်ခံနေရတဲ့ ကိစ္စသာ သူသိ တယ်၊ ဒါ ထုံးစံပဲ, ခုရမှာပဲ ဆိုတာသာ သိတယ် (မှန်ပါ့)၊ မသိဘူးလား (သိပါတယ် ဘုရား)။

လောင်ခြင်းကိစ္စကို မြင်အောင် ကြည့်နေရတာကိုးဗျ (မှန်ပါ့)။

နောက်တော့ ဒီမြင်ဖန်များလာတဲ့အခါကျလို့ရှိရင် ဒီအဖြစ်ကိုဖြင့် လိုပဲ မလိုချင်ပါဘူး။ ဒီကိစ္စလောက် ဆိုးဝါးတာလဲ ရှာမတွေ့ပါဘူး။ ဒီကိစ္စမျိုးဖြင့် မကြုံချင်တော့ပါဘူးဆိုတဲ့ ဉာဏ်လာတော့ ခုနက လောင်စာသိမ်း မီးငြိမ်းတဲ့ဆီကို ဉာဏ်က မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ရောက်သွားတဲ့အခါကျတော့မှ နန်းတော် အိမ်တော် ရောက်သွားတော့ ကိုယ့်ဟာတွေ ပြန်လွမ်းသေးရဲ့ လား (မလွမ်းပါ ဘုရား)။

ကတဉာဏ်ကျမှ အဖိုးတန်သွားတယ်

အဲ ကိစ္စဉာဏ်တုန်းက အသိနည်းသေးလို့- (မှန်ပါ့)၊ ကတဉာဏ်ကျမှ အဖိုးတန်သွားတယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

ကိစ္စဉာဏ်တုန်းကတော့ (အသိနည်းပါသေးတယ်)၊ ကတဉာဏ်ကျတော့ (အဖိုးတန် ပါတယ်)၊ အသိဆုံးပြီကိုးဗျ- (မှန်ပါ့)။ ဒကာကြီးလှိုင် ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ကိစ္စဉာဏ် မပါဘဲနဲ့လဲ ကတဉာဏ်ဆိုတာ မပေါ်နိုင် ဘူး (မှန်ပါ့)၊ ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

ကိုယ်လုပ်နေတဲ့အလုပ်ကို မီးလောင်ခံနေရတဲ့ ကိစ္စကြီးကို ဒကာ,ဒကာမတွေ ဖြိုင်ဖြိုင် သိပါမှ မီးလောင်တာသည်ကားလို့ဆိုရင် ဒုက္ခအစစ်ကို ပိုင်ပိုင်နိုင်နိုင် သိတော့မှ ဒီအဖြစ်ဖြင့် အဆိုးဝါးဆုံး ဒုက္ခပဲလို့ ဉာဏ်ထဲမှာ ရင့်လာတော့မှ မီးလောင်တဲ့ကိစ္စက ရုပ်သိမ်း သွားတယ် (မှန်ပါ့)။

ရုပ်သိမ်းသွားတော့ ဘာမြင်ရသတုံးမေးတော့ လောင်စာသိမ်း မီးလဲငြိမ်းတာ သွားမြင်တယ် (မှန်ပါ့ ဘုရား)။

လောင်စာလဲသိမ်း၊ မီးလဲငြိမ်းတာ သွားမြင်တာက ကိုယ့်ခန္ဓာ သွားမြင်တယ် (မှန်ပါ့)။ ပင်က

ကိုယ့်ခန္ဓာထဲမှာ လောင်စာကော တွေ့သေးရဲ့လား (မတွေ့ပါ)။ မီးကော (မတွေ့ ပါ ဘုရား)။

လောင်စာ သိမ်းတာတွေက

အဲ မီးငြိမ်းတာက နောက်က ကိလေသာသေတာ၊ လောင်စာ သိမ်းတာတွေက ရုပ်ရှုရင် ရုပ်ချုပ်တာ (မှန်ပါ့)၊ နာမ်ရှုရင် (နာမ်ချုပ်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

မီးငြိမ်းတာက နောက်က မဂ္ဂသစ္စာက ဒိဋ္ဌိ ဝိစိကိစ္ဆာဆိုတဲ့ မီးတွေ ငြိမ်းပစ်လိုက်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်းရှေ့မှာ ဖြစ်ပျက်ဒုက္ခတွေ မတွေ့တာက လောင်စာ သိမ်းတာ (မှန်ပါ)။

ရှေ့မှာ ဖြစ်ပျက်မတွေ့တာက (လောင်စာသိမ်းတာပါ ဘုရား)။

ကိလေသာငြိမ်းတာ

နောက်က တဏှာဒိဋ္ဌိ မလာတာက (ကိလေသာငြိမ်းတာပါ)။ မီးသိမ်းတာ၊ မီးငြိမ်းတာ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှေ့ပိုင်း ဖြစ်ပျက်မရှိတာက (လောင်စာသိမ်းတာပါ)၊ လောင်စာသိမ်းတာဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

အင်း ကိလေသာမီးတွေကကော နောက်ပိုင်းက ငြိမ်းတာ ဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒါ ဘယ်ဉာဏ်ကျမှ ဒီလောင်စာသိမ်း၍ မီးငြိမ်းတာဆိုတာ မြင်ရမလဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဘယ်ဉာဏ်ကျမှလဲ (ကတဉာဏ်ကျမှပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်က လောင်စာနဲ့မီး လောင်နေတာကို မြင်တဲ့ ဉာဏ်သည် ဘာဉာဏ်တုံး (ကိစ္စဉာဏ်ပါ ဘုရား)။ ရှင်းကြပြီနော် (မှန်ပါ့)၊ လောင်စာနဲ့မီး လောင်နေတာ မြင်ရ တာသည် (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်၊ သို့သော်လဲ သူလဲ တဏှာတော့ သတ်ပါတယ်။ ဒိဋ္ဌိကော (သတ်ပါတယ်)၊ သူ့ဟာသူ လောင်နေတာ သေသေချာချာ မြင်သကိုးဗျ (မှန်ပါ့)။

အဲဒီတော့ သူရင့်လာတဲ့အခါကျလို့ရှိရင် ဒီအဖြစ်မျိုး ကြုံချင် သေးရဲ့ လား (မကြုံချင်ပါ ဘုရား)။

အဲ မကြုံချင်တဲ့အချိန် ဉာဏ်ရင့်လာလို့ မကြုံချင်တာသည် ကိစ္စဉာဏ်ရင့်တယ် (မှန်ပါ့)။

ရင့်နိုင်သရွေ့ ရင့်လို့ ရှုဖန်များလို့ ရင့်သွားတဲ့အခါကျတော့ လောင်စာကကော မြင်သေးရဲ့လား (မမြင်ရပါ ဘုရား)၊ ဖြစ်ပျက်လဲ ရှာမတွေ့ဘူး (မှန်ပါ့)၊ နောက်က ဒိဋ္ဌိ ဝိစိကိစ္ဆာကကော (ငြိမ်းပါ တယ် ဘုရား)။

ဒါဖြင့် အဲဒါကတော့ ဘယ်ဆိုဆိုကြမတုံးလို့ မေးတော့ ကိုယ့် သန္တာန်မှာ လောင်စာလဲ သိမ်း၍ ကိုယ့်ကိလေသာမီး ငြိမ်းတာ (မှန်ပါ့)။

ရှေ့ပိုင်းက လောင်စာသိမ်းတယ်

ကိုယ့်သန္တာန်မှာ (လောင်စာသိမ်း၍ မီးငြိမ်းပါတယ်)၊ လောင်စာသိမ်းပြီ (မှန်ပါ့)၊ ဒီဉာဏ်က နေပြီး ဖြစ်လိုက်တာ နောက်ပိုင်းက မီးတွေကကော (ငြိမ်းသွားပါတယ် ဘုရား)။

ရှေ့ပိုင်းက လောင်စာသိမ်းတယ်၊ နောက်ပိုင်းက (မီးငြိမ်းသွား ပါတယ် ဘုရား)။

မီးငြိမ်းတာကိုတဲ့ ဒကာ,ဒကာမတွေ၊ ခုနက ဉာဏ်ကလေးက မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)။

မြင်ရတဲ့အခါကျတော့ ဖြစ်ပျက်တွေ မရှိဘူးဘုရား ချုပ်သွား ပြီ၊ ဘာမှကို တပည့်တော်ဖြင့် မတွေ့ဘူးဆိုတော့မှ ဒွန်းစဏ္ဍားဘဝ ကျွတ်သွားတယ် (မှန်ပါ့)၊ နန်းတော်, အိမ်တော် မြင်ရပြီကွ (မှန်ပါ့)။

ဒကာ, ဒကာမတွေ ကိန်းရာဌာနဖြစ်တဲ့ နိဗ္ဗာန်ကြီးကို (မြင်ရ ပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ လောင်စာသိမ်း၍ မီးငြိမ်းတာ

အဲဒါကြောင့် ယနေ့ဟောတဲ့ တရားမှာ နိဗ္ဗာန်ဆိုတာ ဘာတုံး လို့ မေးတဲ့အခါကျမှ လောင်စာသိမ်း၍ မီးငြိမ်းတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ မြို့ကြီးလား၊ ပြကြီးလားမေးရင် ဘယ့်နှယ်ဖြေကြ မလဲ (လောင်စာသိမ်း၍ မီးငြိမ်းတာပါ ဘုရား)။

ဒါဖြင့် လောင်စာနဲ့မီး လောင်နေတာမှ ကိစ္စဉာဏ်မရဘဲနဲ့ ကိုပေါ်, ကိုဝတို့က လောင်စာ သိမ်း၍ မီးငြိမ်းတာကို ဘယ့်နှယ် နည်းရောက်မလဲ (မရောက်ပါ ဘုရား)။

သူ့ကို ရွံမုန်းပြီးသကာလ မလိုချင်မှ ဟိုဘက်ရမှာ (မှန်ပါ့)၊ ကတဉာဏ်က ပေါ်မှာ (မှန်ပါ့)။

ဒါဖြင့် ကိစ္စဉာဏ် မပေါ်ဘဲနဲ့ ငါ နိဗ္ဗာန်ရခဲ့တယ် ဆိုလို့ရှိရင်ဖြင့် ကိုယ်ပေါ်, ကိုဝ ယုံကြမလား (မယုံပါ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဖြစ်ပျက်ရှုနေတာ ကိစ္စဉာဏ်

အဲဒီတော့ ခင်ဗျားတို့ အလုပ်လုပ်နေတဲ့ ဖြစ်ပျက်ရှုနေတာ ကိစ္စဉာဏ် လုပ်တယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ခင်ဗျားတို့ အလုပ်လုပ်နေတာ (ကိစ္စဉာဏ် လုပ်နေတာပါ ဘုရား)။

ကိစ္စဉာဏ်လုပ်နေတာ (မှန်ပါ့)၊ တစ်နေ့လဲ ဘုရား ဒီ ဖြစ်ပျက်ပဲ ဖြစ်လိုက် ပျောက်သွား တာပဲ မြင်နေတာပဲ၊ ဖြစ်လိုက် ပျောက်သွားတာပဲ မြင်တာပဲ၊ ဒီဖြစ်ပျက်ပဲ ဉာဏ်အောက်ကကို မထွက်သေးပါဘူး ဆိုတဲ့ဥစ္စာ ကိစ္စဉာဏ် မရင့်သေးဘူး (မှန်ပါ့)၊ ကိစ္စဉာဏ်ကို မြင်နေတာပဲ (မှန်ပါ့)။

နောက်ကျလာတော့ မြင်ဖန်များပြီးသကာလ လာတဲ့အခါ ကျတော့ ဦးဘရှင်းရေး ဒီလောင်စာသိမ်း၍ မီးငြိမ်းချင်တဲ့စိတ်ဟာ ပေါ်မလာဘူးလား- (ပေါ်ပါတယ် ဘုရား)။

ပေါ်လာတဲ့အချိန်ကျတော့ ခုနက လောင်စာနဲ့ မီးတွေသည် ငြိမ်းချင်တဲ့သဘောလဲ ပေါ်ပါရော ဖျတ်ဆို ဖြစ်ပျက်ချုပ်တာပဲ (မှန်ပါ့)။

ဖြစ်ပျက် ချုပ်သွားတာကို သူ မမြင်ရဘူးလား (မြင်ရပါတယ်)၊ ရှုတဲ့ ဉာဏ်ကတော့ အစဉ်အတိုင်း မြင်ရမှာပဲ (မှန်ပါ ဘုရား)။

အဲဒီ မြင်တဲ့ဉာဏ်သည် ကတဉာဏ် (မှန်ပါ့)၊ မီးလောင်နေတာ မြင်တဲ့ဉာဏ်က (ကိစ္စဉာဏ်ပါ)၊ လောင်စာသိမ်း၍ မီးငြိမ်းတာ မြင်တဲ့ဉာဏ်က (ကတဉာဏ်ပါ ဘုရား)။

ဖြစ်ပျက်ဆုံးသွားတာမြင်တာ ကတဉာဏ်

ဒါဖြင့် တရားတစ်ပွဲလုံးပဲ ယနေ့ အင်မတန် အဖိုးတန်တဲ့ စကားနှစ်လုံးတည်းပဲ သုံးပါတယ် (မှန်ပါ့)၊ ဖြစ်ပျက်မြင်တာသည် (ကိစ္စဉာဏ်ပါ)၊ ဖြစ်ပျက်ဆုံးသွားတာ မြင်တာ သည် (ကတဉာဏ်ပါ ဘုရား)။

ဪ ဒါဖြင့် ကိစ္စဉာဏ်ရှေ့သွားရှိမှ ကိုဝ ကတဉာဏ် လိုက်မယ် (မှန်ပါ့)။ နောက်က ဒကာ,ဒကာမတွေ (ကိစ္စဉာဏ် ရှေ့သွားပြီးမှ ကတဉာဏ် လိုက်ပါမယ် ဘုရား)။

ကိစ္စနဲ့ ကတ ဝေးသလား

ဒါဖြင့်ကိစ္စနဲ့ ကတ ဝေးသလားလို့ မေးတော့ ဦးဘရှင်းက ဘယ့်နှယ်ဖြေမလဲ (အနီးပါ ဘုရား)၊ အနီးကလေး။

အဲဒါကြောင့် ဘုရားက သံယုတ် ပါဠိတော်ကျတော့–

ယဿ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိသဿ ဝါ။

သ ဝေ ဧတေန ယာနေန၊ နိဗ္ဗာနဿေဝ သန္တိကေ။

နိဗ္ဗာနဿဝ= နိဗ္ဗာန်၏ သာလျှင်၊ သန္တိကေ= ကိစ္စဉာဏ် ရလို့ ရှိရင်ဖြင့် အနီးကလေးကွာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိစ္စဉာဏ်ရရင် (အနီးကလေးပါ ဘုရား)၊ ဒါဖြင့် ကိစ္စဉာဏ် ဆိုတာ ခင်ဗျားတို့ ရှုနေတဲ့ ဖြစ်ပျက်- (မှန်ပါ့)၊

ကတဉာဏ်ဆိုတာ သည် ခင်ဗျားတို့ ရှုနေတဲ့ ဖြစ်ပျက်ဆုံးတာကို မြင်တဲ့ဉာဏ်ဟာ (ကတဉာဏ်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။