ကိစ္စဉာဏ် အမှတ်(၁)

ပီဠနဋ္ဌသဘော

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး သည်

မိုးကုတ်မြို့တွင် ဟောကြားတော်မူသော

ကိစ္စဉာဏ်

(ပီဠနဋ္ဌသဘော)

(၂၉-၆-၆၂)

သစ္စာမသိလို့ ရှိရင်

အားလုံး တရားနာလာကြတဲ့ ဒကာ, ဒကာမတွေ ဆရာရင်း ဒကာရင်း ပြော- ပြောရမယ် ဆိုလို့ ရှိရင်ဖြင့် သစ္စာမသိလို့ ရှိရင် အလကားပဲဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

သစ္စာကို မသိသေးဘူးဆိုလို့ ရှိရင်ဖြင့် ဪ လူ့ပြည်မှာ လာဖြစ်သွားတာ အင်မတန်မှ ကိုယ်ကျိုးနည်းသွားပြီ ဆိုတဲ့ဥစ္စာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

သစ္စာမသိတာ ဘယ်သူတုံးလို့ မေးတဲ့အခါကျရင် “ဒုက္ခ အညာဏံ” ဒုက္ခ-ဒုက္ခသစ္စာ၌၊ အညာဏံ -မသိခြင်းသည်။ အဝိဇ္ဇာ- အဝိဇ္ဇာပဲလို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။

ဒါဖြင့် သစ္စာမသိတဲ့ပုဂ္ဂိုလ်များ သေသွားတယ်ဆိုလို့ရှိရင်ဖြင့် အဝိဇ္ဇာနဲ့ သေသွားလေရဲ့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာနဲ့သေသွားသလဲ (အဝိဇ္ဇာနဲ့ သေသွားပါတယ်ဘုရား)၊ အဝိဇ္ဇာနဲ့ သေသွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာ တဲ့၊ အကန်း လမ်းသွားတာပေါ့ (မှန်ပါ့)။

အကန်းလမ်းသွားတာ

ဘာတဲ့တုံး (အကန်းလမ်းသွားတာပါဘုရား)၊ ဒကာ, ဒကာမတို့ အဝိဇ္ဇာနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်ဟာ အကန်းလမ်းသွားတာပေါ့ ဆိုတဲ့ဥစ္စာ ဟောရှာတယ် (မှန်ပါ့)။

အကန်း ဘယ့်နှယ်ကြောင့် လမ်းသွားပါလိမ့်မတုံး မေးတဲ့အခါ ကျတော့ အကန်း ဆိုတာသည် သူလုပ်ချင်တာ လုပ်သောကြောင့် ခုနက နတ်ပြည်ရောက်ကြောင်း ကုသိုလ်လည်း သူလုပ်ချင် လုပ်သွားတော့ သူဟာ ရှေ့ ဒုက္ခသစ္စာလို့ ကန်းနေတဲ့ အဝိဇ္ဇာကြောင့် ဦးဘရှင်း သိသေးသလား (မသိပါ ဘုရား)။

မသိတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုပြီး ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရဆိုတဲ့ သုဂတိရောက်ကြောင်း အပါယ်ရောက်ကြောင်းတွေတည်း ဟူသော ခြေထောက်နှစ်ခုနဲ့ လှမ်းပြီးသွားတော့ မယ် (မှန်ပါ့)။

အင်း မမြင်တဲ့ ပုဂ္ဂိုလ်မှာ ပုညာဘိသင်္ခါရခြေလှမ်းနဲ့၊ အပုညာဘိသင်္ခါရဆိုတဲ့ အကုသိုလ် ခြေလှမ်းနဲ့ တစ်ဖက်က အကုသိုလ်လှမ်း တစ်ဖက်က ကုသိုလ်လှမ်းလိုက်။ လှမ်းတဲ့ကုသိုလ် ကလည်း ဘာကုသိုလ်လို့မဆိုနဲ့တဲ့ အဝိဇ္ဇာအုပ်ချုပ်တဲ့ ကုသိုလ်လို့ ဆိုလိုက်ပါတယ် (မှန်ပါ့)။

အဝိဇ္ဇာအုပ်ချုပ်တဲ့ ကုသိုလ်ကို သေသေချာချာ သိတော့မှ ဒကာဒကာမတွေသည် တဲ့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတာ ပေါ်လာတယ် (မှန်ပါ့)၊ ဒါကြောင့် အလှူပေးတိုင်း ဒကာ, ဒကာမ တွေ သတိပေးရတယ်။ အလှူပေးတိုင်း နိဗ္ဗာန်ရသလားလို့ မေးတော့ အဝိဇ္ဇာအုပ်ချုပ်တဲ့ အလှူဖြင့် နိဗ္ဗာန်မရဘူး (မှန်ပါ့)။

အဝိဇ္ဇာအုပ်ချုပ်တဲ့အလှူ

အဝိဇ္ဇာအုပ်ချုပ်တဲ့ အလှူကျတော့ (နိဗ္ဗာန်မရပါ) နိဗ္ဗာန်မရ ဘူးလို့ ဆုံးဖြတ်ချက်ချပါ။ ဘာ့ကြောင့်တုံး ဆိုတော့ ပုညာဘိ သင်္ခါရလုပ်ပါတယ် (မှန်ပါ့)။

ပုညာဘိသင်္ခါရဆိုတာ ပုညက ကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာ။ ပြုပြင်မည့် ကုသိုလ်ကို သွားလုပ်တော့ကိုတဲ့ ခင်ဗျားတို့ပဲ စဉ်းစားကြပါတဲ့။ ပြုပြင်တဲ့ ကုသိုလ်ကို သွားလုပ်တော့ ဒီခန္ဓာတွေ ပြုပြင်ဦးမှာပဲ (မှန်ပါ့)၊ ခန္ဓာတွေက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

အဲဒါ အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ- (မှန်ပါ့)။ ဒါဖြင့် အကန်းလမ်းသွားတယ် ဆိုတာ မသေချာဘူးလား (မှန်ပါ့)၊ ကန်း တာက အဝိဇ္ဇာ၊ လမ်းသွားတာက ပုညာဘိသင်္ခါရဆိုတဲ့ ကုသိုလ် (မှန်ပါ့)၊ သားရေး သမီးရေး စီးပွားရေးနဲ့ ပတ်သက်ပြီးသကာလ မလွတ်တမ်းလုပ်နေတဲ့ အကုသိုလ် မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီ ဘယ်ခြေကလဲ ဒုက္ခရောက်ဖို့ လှမ်းတာပဲ။ ညာခြေက ကော (လှမ်းတာပါပဲ ဘုရား)၊ ဘယ့်နှယ်ကြောင့် လှမ်းတာပါ လိမ့် မတုံးလို့ မေးတဲ့အခါ ဒုက္ခမြင်ပြီး လှမ်းတာလား၊ ဒုက္ခဆီကို သွားနေတာလားလို့ မေးလို့ ရှိရင် ကိုပေါ် ဘယ့်နှယ်ဖြေပါ မလဲ (ဒုက္ခဆီကို လှမ်းတာပါ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး မေးတဲ့အခါကျတော့မှ အကန်းလမ်း သွားလို့ (မှန်ပါ့)။

အကန်းဆိုတာ အဝိဇ္ဇာ

အကန်းဆိုတာ အဝိဇ္ဇာလို့ မှတ်လိုက်စမ်းပါး (မှန်ပါ့)။ အကန်းဆိုတာ (အဝိဇ္ဇာပါ ဘုရား)၊ သူက သစ္စာမှ မသိဘဲကိုး (မှန်ပါ့)၊ ဒုက္ခ အညာဏံလို့ ဆိုထားတယ် (မှန်ပါ့)။

သစ္စာမသိပါဘူး၊ မသိတော့ သူသည်ကားလို့ ဆိုရင် ခြေထောက်နှစ်ခုနဲ့ လှမ်းတာပဲ။ ပုညာဘိသင်္ခါရဆိုတဲ့ မိဘရိုးရာ ကုသိုလ်နဲ့ပဲ ဦးဘရှင်း လှမ်းလိုက်ပြန်တာပဲ (မှန်ပါ့)။

မိဘရိုးရာ ကုသိုလ်ကလဲ သူ့အမေ သင်ထားတဲ့အတိုင်း ဒါမှ နင် နောင်ဘဝ ကောင်းစား မှာပေါ့ ဆိုတဲ့ နောင်ဘဝ ကောင်းစားရေးကို လုပ်ပြန်တာပဲ (မှန်ပါ)။

ပုညာဘိသင်္ခါရ

ဒီထက် ကောင်းစားတာလည်း အမေက မသိတော့ သူကလည်း မသိဘူး။ အမေကလည်း မသိ အဖေကလည်း မသိဆိုတော့ တစ်ခါတည်း မောင်နိုင် ပုညာဘိသင်္ခါရ လုပ်တာပဲ (မှန်ပါ့)။ ပုညက ကုသိုလ်လို့ မှတ်လိုက်စမ်းပါ။

အဘိသင်္ခါရက ခန္ဓာဖြစ်အောင် ပြုပြင်တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ပုညက ဘာပါလိမ့် (ကုသိုလ်ပါ ဘုရား)၊ အဘိသင်္ခါရက (ခန္ဓာဖြစ်အောင် ပြုပြင်တာပါ)၊ ခန္ဓာဖြစ်အောင်ပြုပြင်တဲ့ တရား ဆိုတော့ ဦးဘရှင်း သွားရောပေါ့ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

သိပ်ကြောက်စရာကောင်းပါကလား ဒကာ, ဒကာမတို့ (ကောင်းပါတယ် ဘုရား)၊ အကန်း လမ်းသွားတာဆိုတဲ့ ဥစ္စာ မသိတဲ့ပုဂ္ဂိုလ် လှူတာကိုပြောတာ (မှန်ပါ့)။

မသိတဲ့ ပုဂ္ဂိုလ် တာ ဦးဘကလေး၊ တယ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)၊ တယ်ကြောက်စရာ ကောင်းတယ်နော် (မှန်ပါ့)။

အပုညာဘိသင်္ခါရ

ကဲ တစ်ခါသွားပါဦး ဒကာဒကာမတို့၊ မသိလို့တစ်ခါ သားရေး၊ သမီးရေး၊ စီးပွားရေးကို ပရိယာယ် မာယာတွေနဲ့ ရောင်းကြ ဝယ်ကြ ပြန်တော့လည်း အပုညာဘိသင်္ခါရ (မှန်ပါ့)၊

အပုညက မောင်နိုင်၊ အကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာပါပဲ။

အပါယ်ကောင်ကြီးဖြစ် အောင် ပြုပြင်ဦးမှာပါပဲ (မှန်ပါ့)။

ဒါဖြင့် မသိတဲ့ပုဂ္ဂိုလ် ဘယ်ရော ညာရော လှမ်းလိုက်တာဖြင့် ချောက်ကျဖို့ချည်းပဲ (မှန်ပါ့)၊ မသိတဲ့ပုဂ္ဂိုလ် ဘယ်ရော ညာရော လှမ်းလိုက်တာ (ချောက်ကျတာပါပဲ ဘုရား)။

ကုသိုလ်နဲ့ လှမ်းလဲ (မှန်ပါ့ ချောက်ကျတာပါပဲ ဘုရား)။ ဘယ့်နှယ်ကြောင့် ချောက်ကျ ပါလိမ့်မတုံးလို့ ကိုပေါ် မေးတော့မှ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား)၊ သဘောကျပလား (မှန်ပါ့)။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ

အဝိဇ္ဇာ ပစ္စယာ- မသိမှု အဝိဇ္ဇာတည်း ဟူသော အကြောင်းကြောင့် သခါရာ ခြေလှမ်းမှား တို့သည်၊ ဟောန္တိ- ဖြစ်ကုန်၏ ။ ခြေလှမ်း မှားကုန်ပြီကွာတဲ့(မှန်ပါ့) ဒကာဒကာမတွေ ဘာမှား ကုန်ပလဲ (ခြေလှမ်းမှားကုန်ပါပြီ ဘုရား)။

ညာ-က ဆိုပြီး ကုသိုလ်နဲ့လှမ်းလိုက်တာလဲ မှားတယ် (မှန်ပါ့)၊ ဘယ်-ကနေပြီး အကုသိုလ်နဲ့ မှားတာတော့ ပင်ကိုအမှား ပေါ်မှာ ထပ်မှားတာ သူ့ကို ဖဲထီးအိုးမဲသုတ်သလို မည်းလိမ့် မယ်လို့ ဆိုစရာမလိုတော့ပါဘူး (မှန်ပါ့)။

ဒါဖြင့် ဒကာဒကာမတို့ အင်မတန် လွဲကုန်ပြီ၊ မဆိုထိုက် ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဒီပြင် အဝိဇ္ဇာ ပစ္စယာ-မသိမှု တည်းဟူသော အကြောင်းကြောင့်၊ သင်္ခါရာ-နောင်ခန္ဓာ ပြုပြင်ဖို့ ဖြစ်ပေါ်လာတဲ့ ပုညာဘိ သင်္ခါရ၊ နောင်ခန္ဓာဖြစ်ဖို့လုပ်တဲ့ အပုညာဘိ သင်္ခါရတရားတို့သည်၊ ဥပ္ပဇ္ဇန္တိ- ဖြစ်ကုန်၏။

မသိတဲ့ပုဂ္ဂိုလ် လမ်းသွားလိုက်တာ သိပ်နာတာပဲ (မှန်ပါ့ ဘုရား)၊ ဒကာ, ဒကာမတို့ ဘယ့်နှယ်ဆိုပါ့မလဲ (မသိတဲ့ ပုဂ္ဂိုလ် လမ်းသွားတာ သိပ်နာပါတယ် ဘုရား)။

ဒါဖြင့် အကန်းတော့ဖြင့် ဘယ်ခြေ ညာခြေနဲ့ လှမ်းပေါ့ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ)။

သင်္ခါရပစ္စယာ ဝိညာဏံ

ကဲ တစ်ခါ ကိုပေါ်ကဖြစ်စေ၊ မောင်နိုင်ကဖြစ်စေ၊ ရွတ်ကြည့် စမ်းပါဦး သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဝိညာဏံ ဆိုတဲ့ဥစ္စာ တစ်ခါတည်း မှတ်လိုက်ပါတော့တဲ့။ ဒီဘဝ ပဋိသန္ဓေနေတဲ့ စိတ်ကို ဆိုပါတယ် (မှန်ပါ့)။

ဒီဘဝ (ပဋိသန္ဓေနေတဲ့စိတ်ကို ဆိုပါတယ် ဘုရား)၊ ပဋိသန္ဓေ နေတဲ့စိတ်ဟာ ပဋိသန္ဓေ ဝိညာဏ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)။ ဒါဖြင့် ပဋိသန္ဓေလဲ ပါနေပြန်တယ်။ ပဋိသန္ဓေစိတ်လို့ ဆိုလိုက်တဲ့ အခါကျတော့ ဇာတိ သွားရတယ် (မှန်ပါ့)။

ပဋိသန္ဓေစိတ်ဆိုတော့ (ဇာတိသွားရပါတယ်)၊ စ,ဖြစ်တာကိုး ဦးဘရှင်းရ (မှန်ပါ့)။

အင်း စ,ဖြစ်တော့ သင်္ခါရပစ္စယာ ဝိညာဏံ ဆိုတော့ ဇာတိပြန်ရတယ် (မှန်ပါ့)။ တို့ ဒကာ ဒကာမတွေက သေသေချာချာ တွေးလိုက်တဲ့ အခါကျတော့မှ ဘာသစ္စာဖြစ်သတုံး (ဒုက္ခသစ္စာ ဖြစ်ပါတယ် ဘုရား)။

ဟာ အကန်းလမ်းသွားလို့ လဲပဟ (မှန်ပါ့)၊ အကန်း လမ်းသွားလို့ (လဲပဟပါ ဘုရား)၊ ကြည့်စမ်း ဘယ်လောက်

ကြောက်စရာကောင်းတယ် ဆိုတာ ခင်ဗျားတို့ ဆရာရင်း ဒကာရင်းမို့ ပြောနေတဲ့ ဒီဥစ္စာ အကန်း ဆိုတာ အဝိဇ္ဇာ၊ လမ်းသွားတာက ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ ခြေလှမ်းကို ဆိုတယ် (မှန်ပါ့)၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတာက အကန်းလမ်းသွားလို့ လဲတာကို ဆိုတယ် (မှန်ပါ့)၊ လဲတယ်ဆိုတာ ဒုက္ခရောက်တာပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဦးမူကြီးတို့ တယ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)၊ သဘော ပါကြရဲ့လား (ပါပါတယ် ဘုရား)၊ ခင်ဗျား နည်းနည်း မှားတာလား၊ များများမှားတာလား (များများ မှားတာပါ ဘုရား)။

သစ္စာမသိတဲ့ အဝိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ သင်္ခါရနှစ်ခု ပေါ်လာတယ် (မှန်ပါ့) သင်္ခါရနှစ်ခုက လုပ်ချင်သလို လုပ်ချလိုက်တော့ ဇာတိဒုက္ခ ပေးချလိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဒုက္ခ ပေးလိုက်သလဲ (ဇာတိဒုက္ခ ပေးလိုက်ပါတယ်)၊ ဇာတိဒုက္ခပေးချလိုက်တော့ ကျုပ်တို့မှာတဲ့ -ကုသိုလ်လဲ ပြုရသေးရဲ့၊ ဒုက္ခလဲ ရောက်သေးရဲ့ (မှန်ပါ့)၊ သဘောပါကြလား(ပါပါပြီ ဘုရား)။

အကန်း လမ်းသွားလို့ လဲတာ

ကုသိုလ်လဲပြုသေးရဲ့ (ဒုက္ခလဲ ရောက်သေးရဲ့ ပါ ဘုရား)၊ ဒုက္ခ လဲ ရောက်သေးရဲ့ ဆိုတာ ဦးဘရှင်း၊ ဒီအလှူမျိုး နည်းလှမယ် မဟုတ်ဘူး (မှန်ပါ့) နည်းပါ့မလား (မနည်းပါ ဘုရား)၊ လူ့ဘဝ၊ နတ်ဘဝ ဆုတောင်းလုပ်တာတွေ ဒီဇာတိပဲ ရတယ် (မှန်ပါ့)၊ အဲဒီ ဇာတိကိုပဲ ရတဲ့အခါကျတော့ ဘုန်းကြီးတို့က ဒကာ ဒကာမတွေ ဇာတိပိ ဒုက္ခာလို့ ခင်ဗျားတို့ သစ္စာသိထားတော့ အကန်း လမ်းသွားလို့ လဲတာ- (မှန်ပါ့)။

စကားသုံးခု ပြီးသွားပြီ။ အကန်းဆိုတာ ဘယ်သူပါလိမ့် မောင်နိုင် (အဝိဇ္ဇာပါ)၊ လမ်းသွားတာက (မှန်ပါ့၊သင်္ခါရပါ)။ လဲတာက ဝိညာဏ် (မှန်ပါ့)၊ ပဋိသန္ဓေဝိညာဏ်၊ ပဋိသန္ဓေနေတာ ကို ဆိုပါတယ်။ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် အကန်းက ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)။ လမ်းသွားတာက(သင်္ခါရပါ ဘုရား)၊ လဲတာက (ဝိညာဏ်ပါ ဘုရား)။

ကဲ ဦးဘရှင်း၊ လဲပြီ (မှန်ပါ့)၊ အကန်း လမ်းသွားလိုက်တာ ဘယ့်နှယ်နေသတုံး (လဲပါတယ် ဘုရား)။

လဲရင်တော့ အနာရဦးမှာပဲ

လဲပြီတဲ့၊ လဲရင် ဘာဖြစ်မတုံးလို့ မေးတဲ့ အခါကျတော့ကိုတဲ့ လဲရင်တော့ အနာရဦးမှာပဲ (မှန်ပါ့)၊ မရပေဘူးလား (ရပါတယ် ဘုရား)။

လဲရင် အနာရလိမ့်မယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ, ဒကာမတွေ ရှင်းရှင်းလင်းလင်း မှတ်ထားပါ (မှန်ပါ့)၊ ကဲ ဒါဖြင့် ဝိညာဏ ပစ္စယာ နာမရူပံဆိုတော့ နာမ်တွေ ရုပ်တွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

အဲဒါသည်ကားလို့ဆိုရင် လဲလို့ အနာရတာ ဒုက္ခသစ္စာ တွေပဲ (မှန်ပါ့)။

ဒီနာမ်ရုပ် ဟာသစွာဖွဲ့မလဲ ။(ဒုက္ခသစ္စာပါ ဘုရား)၊ နာမ်ကော ရုပ်ကော လောကီချည်း ပဲကိုး (မှန်ပါ့) ဒါဖြင့် ဒုက္ခသစ္စာတွေပဲ မရဘူးလား (ရပါတယ်)၊ ဒုက္ခအနာတွေပဲ ပြန်ရတယ် (မှန်ပါ့)။

နာမ်ရုပ်ပေါ်တယ်ဆိုတာ အနာရှိတာ

ဪ လဲလို့ အနာရတာဟာ နာမ်ရုပ်ပေါ်တယ်ဆိုတာ အနာရှိတာလို့ မှတ်လိုက်စမ်းပါး (မှန်ပါ့)။

နာမ်ရုပ်ပေါ်တာဟာ ဘယ့်နှယ်ဆိုကြမလဲ (အနာရတာပါ ဘုရား)။ ရှင်းပလား (ရှင်းပါပြီ)၊ တယ်ဆိုးဝါးပါကလား (မှန်ပါ့)၊ ဒကာ, ဒကာမတို့ သေသေချာချာ နားကြီးကြီး ဉာဏ်သစွာနားနဲ့ ထောင်မှ သာလျှင် ဪ တို့သည်ကားလို့ ဆိုရင်ဖြင့် မသိတဲ့ အဝိဇ္ဇာ ဒဏ်ချက်ဟာဖြင့် လမ်းသွားမှားလို့ အခုဖြင့် လဲပါပေါ့လား၊ လဲလို့လဲ အနာတွေ ရပါပေါ့လား မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ မောင်နိုင် အကန်းလမ်းသွားတော့ လဲတယ်၊ လဲတော့ အနာရတယ်ကွ (မှန်ပါ့)၊ ကိုပေါ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

အကန်းဆိုတာ ဘယ်သူပါလိမ့် (အဝိဇ္ဇာပါ ဘုရား)၊ လမ်းသွား တာက ဘယ်သူပါလိမ့် (သင်္ခါရပါ)၊ လဲတာက ဘယ်သူပါလိမ့် (ဝိညာဏ်ပါ ဘုရား)။

ဝိညာဏ်နော် သင်္ခါရပစ္စယာ ဝိညာဏံ (မှန်ပါ့) လဲလို့ ဒုက္ခနာတွေ ရတာက ဘယ်သူပါလိမ့် (နာမရူပံပါ)၊ နာမ်ရုပ်၊ ပေါ်ကြ ပလား (ပေါ်ပါပြီ)။

လဲပါရစေဆိုပြီးလဲတာ

နာမ်ရုပ် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ခင်ဗျားတို့ကလဲ တယ်-နာမ်ရုပ်တွေ ဖြစ်ချင်လိုက်တာ အနာရချင် လိုက်တာက လဲတဲ့အဖြစ်မှာ ရိုးရိုးလဲတာ မဟုတ်ဘူး၊ မတော်တဆ လဲတာ မဟုတ်ဘူး မောင်နိုင်ရ (မှန်ပါ့)၊ ကိုယ့်ပယောဂနဲ့ ကိုယ်လဲ တာ (မှန်ပါ့)၊ ကိုယ့်ကိုယ် ကိုလဲပါရစေဆိုပြီး ဇာတိချောက်ထဲမှာ လဲသွားတာ (မှန်ပါ)။

လဲတဲ့အခါကျတော့ အားနဲ့သွန်ပြီး လဲလိုက်တဲ့အတွက် နာမ်ရုပ် နာမ်တွေ ရုပ်တွေဆိုတဲ့ ဒုက္ခသစ္စာတွေဟာ တစ်ခါတည်း ဘွားခနဲ ပေါ်လာတယ် (မှန်ပါ့)၊ အနာတွေ တစ်ခါတည်း ရတယ် (မှန်ပါ့)။

ဦးဘကလေး၊ ဘယ်လောက် ကြောက်စရာကောင်းသလဲ(ကောင်းပါတယ် ဘုရား)။

ဒါကြောင့် သစ္စာဟောတော့မယ်ဆိုတော့ ဒီအပြစ်တွေကို ပြောမှ သာလျှင် ခင်ဗျားတို့ ဝမ်းထဲမှာ မနေ့က ပြောတဲ့အတိုင်း ဖြူစင်သွား ပါတယ် (မှန်ပါ့)။

ဖြူစင်သွားတဲ့အချိန်ကတော့ ဘုန်းကြီးက ဒီနေ့ ကိစ္စဉာဏ်ကို ရှင်းရှင်းလင်းလင်းပဲ ဒကာ, ဒကာမတွေ နာရင်းမတ္တနဲ့ သောတာပန် သကဒါဂါမ် တည်နိုင်အောင်လို့ ခင်ဗျားတို့ကို အခု သေသေချာချာ ပြောနေပါတယ် (မှန်ပါ့)။

မောင်နိုင်၊ ရှင်းပလား (ရှင်းပါပြီ)၊ ကန်းတာက ဘယ်သူတုံး ဟေ့ (အဝိဇ္ဇာပါ ဘုရား)၊ လမ်းသွားတာက ဘယ်သူတုံး (သင်္ခါရ ပါ)၊ လဲတာက ဘယ်သူတုံး (ဝိညာဏ်ပါ)၊ အနာရတာက ဘယ်သူတုံး (နာမ်ရုပ်ပါ ဘုရား)။

ကဲ- ဦးဘရှင်း၊ ဘယ်လောက် ဆိုးသတုံး (ဆိုးပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ၊ ဒါ သေသေချာချာမှတ်ပါး (မှန်ပါ့)၊ တစ်ခါမှလဲ မပြောသေးတော့ ဪတို့ဖြင့် အခု ဘာဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့မှ နာမ်ရုပ်နဲ့ အလုပ် လုပ်နေတော့ ဪ ဒုက္ခသစ္စာ အနာတွေနဲ့ ပါကလားဆိုတာကို ကိုယ်တိုင်ကြည့်လိုက်ရင် သိပါတယ် (မှန်ပါ့)၊ အခု ဒုက္ခအနာတွေ ရှိမနေဘူးလား (ရှိပါတယ် ဘုရား)။

ကဲ ဒါဖြင့် နာမရူပပစ္စယာ သဠာယတနံဆိုပြီး “စက္ခု သောတ ယာန ဇိဝှာ ကာယ မန” ဆိုတဲ့ အာယတနခြောက်ပါး မလာ ဘူးလား (လာပါတယ် ဘုရား)။

အိုင်းအမာတွေ ထလာတာပဲ

အဲဒါက ခုနက အနာတွေ ပေါက်ပြီးသကာလ အနာတွေက အိုင်းအမာတွေ ထလာတာပဲ (မှန်ပါ့)၊ အနာအိုင်းအမာတွေ ထလာ တာ၊ ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ခုနင်ကတော့ အနာတွင် ပေါက်သေးတာကိုး မောင်နိုင်ရ(မှန်ပါ့)၊ အခုတော့ အိုင်းအမာတွေ ပြည်ပုပ် ပြည်ညစ်တွေ ရောက်လာပြီး (မှန်ပါ့ ဘုရား)၊ သဘောကျပလား-(ကျပါပြီ)၊ ကိုပေါ် တယ်ဆိုပါကလား (ဆိုးပါတယ် ဘုရား)။

အားလုံး ဒကာ,ဒကာမတွေ ခင်ဗျားတို့ အခုဘယ်ထဲ ရောက်နေ ကြသတုံးလို့ မေးတဲ့ အခါကျတော့ မျက်လုံးကလဲ ကြည့်ပျက်၊ နာကလဲ ထောင်ပျက်၊ နှာခေါင်းကလဲ ရှူပျက်- ရှိုက်ပျက်၊ လျှာကလဲ စားပျက် ဆိုတာတွေ၊ ကိုယ်ပေါ်ကလဲ အထည်အလိပ်တွေနဲ့ တွေ့ပျက်၊ မနောကလဲ ကြံစည်ပျက် တွေက ရှိနေတော့ ဒါတွေ အိုင်းအမာတွေဖြင့် ထကုန်ပြီး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)

မသိတဲ့ ပုဂ္ဂိုလ် လမ်းသွားတော့ လဲတယ်၊ လဲတော့ အနာတွေရ တယ်၊ အနာတွေရတော့ ရိုးရိုးအနာတွေ မဟုတ်ဘူး။ ဒီအတိုင်း ချပ်သွားမည့် အနာ မဟုတ်ဘူး။ အိုင်းအမာတွေတောင် ကြွလာပြီ (မှန်ပါ့)၊ ပြည်တွေ ဘာတွေ ထွက်လာပြီ။ မဆိုးဘူးလား (ဆိုးပါ တယ် ဘုရား)။

ခင်ဗျားတို့က သဠာယတနဆိုတဲ့ ခြောက်ပါးဟာ မောင်နိုင်၊ အိုင်းအမာတွေ တစ်ခါတည်း ပြည်စတွေ ထည့်လာတာ ကိုပေါ် သေသေချာချာ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဠာယတနပစ္စယာ ဖဿာလို့ ခင်ဗျားတို့ မရကြဘူးလား (ရပါတယ် ဘုရား)၊ အဲဒီ ဖဿက ဒကာ ဒကာမတို့ အိုင်းအမာ ထတဲ့အထဲမှာ ဆူးတွေထဲ သွားမိလို့ ဆူးတွေက ဝိုင်းထိုးကြတာ (မှန်ပါ့)၊ ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။

အနာ ဆူးထိုးခံရတယ်

အနာ ဆူးထိုးခံရတယ်ဆိုတော့ ရိုးရိုးအထိုးခံရတာနဲ့ အနာပေါ် မှာ ဆူးတွေအများကြီး အထိုးခံရတာနဲ့ ဒကာ, ဒကာမတို့ ဘယ်ဟာ က ပိုနာသလဲ (အနာပေါ်မှာ ဆူးထိုးခံရတာက ပိုနာပါတယ် ဘုရား)။

အို.ပြောနေကြတာပဲ၊ ဒကာ, ဒကာမတွေ အနာပေါ်တုတ်ကျတာ ဆိုတော့ အင်မတန် ပြင်းထန်တဲ့သဘော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဘာဖြစ်သွားသလဲ (အနာပေါ် တုတ်ကျ ပါတယ် ဘုရား)။

အနာပေါ်မှာ တုတ်ကျတယ်၊ ပြည်တွေထွက်နေတဲ့ အနာပေါ်မှာ ဆူးတွေနဲ့ ထိုးတယ် (မှန်ပါ့)၊ ဖဿခြောက်မျိုးနဲ့ ထိုးလိုက်တာ ဒကာ ဒကာမတို့ ဒီအနာဟာ သက်သာခွင့်ရပါ့မလား (မရပါ ဘုရား)။

ဒါကြောင့် ဘာသစ္စာလို့ ဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဖဿကလဲ ထိုးတတ် ကြိတ်တတ်တဲ့ သဘောသတ္တိ ရှိတော့ တွေ့ထိ တတ်တဲ့ သဘောဆိုတာ စာလိုပြောတာ၊ စင်စစ်တော့ အနာရှိတဲ့ဆီ လျှောက်ထိုးတာ (မှန်ပါ့)၊ သဘောကျလား (ကျပါပြီဆုရား)။

အနာရှိတဲ့ဆီ လျှောက်ထိုးတော့ ဒီအနာရှင်ဟာ သက်သာခွင့် ရပါ့မလား (မရပါ ဘုရား)။

အင်း-ဒါဖြင့် ဒကာ, ဒကာမတို့၊ အနာတွေကလဲ ပြည်တွေ တည်နေတဲ့အထဲ ဆူးထိုးခံရလို့ ရှိရင်ဖြင့် သက်သာရေး မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။

အဲဒါ အခုတွေ့နေတာ၊ ခင်ဗျားတို့ အခု ကိုယ်ပိုင်ရှိနေတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒကာ, ဒကာမတို့၊ တခြားမှာလား ကိုယ်ပိုင်လား (ကိုယ်ပိုင်ပါ ဘုရား)၊

ဖဿလဲ ခဏခဏ တွေ့နေရ တာကိုး (မှန်ပါ့)၊ တွေ့နေရတဲ့အခါကျတော့ ငါ့မျက်လုံးထဲကွာ မျက်မွေးစူးလိုက်တာ၊ ဖျတ်ဆို ဒေါသကို ဖြစ်လာတာပဲ။ တွေ့ပကော ဗျ မတွေ့သေးဘူးလား .(တွေ့ ပါပြီ ဘုရား)။

ဖဿဆူးတွေက စူးလိုက်ပြီး

အင်း (မှန်ပါ့)။ ဒီသမီးနဲ့ဖြင့် ဒီသားနဲ့ဖြင့်ကွာ တွေ့ကိုမတွေ့ချင် ဘူးဟေ့ဆိုတဲ့ ဖဿတွေက သူတို့နဲ့ တွေ့တဲ့ ဆူးတွေက စူးလိုက်ပြီး သကာလ ဖဿဆူးတွေက စူးလိုက်ပြီး သကာလ အမေမိဘတွေမှာ တစ်ခါတည်း မျက်ရည်တွေ ဘာတွေကျပြီး သကာလ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဆူးစူးတဲ့ အခါကျတော့ မျက်ရည်ကျတယ်ဆိုတာ ဒေါမနဿ ဝေဒနာ တွေ (မှန်ပါ့)၊ သဘောကျပလား.(ကျပါပြီ ဘုရား)။

ဖဿပစ္စယာ ဝေဒနာ

အင်း ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)၊ ကိုင်း-ဒကာ, ဒကာမတို့၊ ဝေဒနာတွေဖြင့် အကြီးအကျယ်ကြွပေါ့ (မှန်ပါ့)၊ ဆူးထိုးတဲ့ ဝေဒနာတွေ အကြီးအကျယ် ကြွကုန်ပြီဆိုတာ ငြင်းဖို့လို သေးလား (မလိုပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)၊

ဪ ဒါဖြင့် ဒကာ, ဒကာမတွေမှာ နဂိုအတိတ်ဘဝက လွန်ခဲ့တဲ့ဘဝက အကန်း လမ်းသွား မိလို့ ဒီဘဝ ဘယ်အချိန်ကစပြီး ဘာများဖြစ်လိမ့်မတုံး မမေးပါနဲ့။

လဲတာပဲ စရတာပါပဲ (မှန်ပါ့)၊ ပဋိသန္ဓေ အမိဝမ်းထဲ ထိုးလဲလိုက်တာပဲ (မှန်ပါ့)၊ တကယ့်ကျဉ်းမြောင်းတဲ့ နေရာ ကျင်ကြီးကျင်ငယ် ကြားထဲမှာ သွားလဲတယ် (မှန်ပါ့)၊ နေရာကောင်းမှာ လဲတာလား၊ ကျင်ကြီး ကျင်ငယ် ကြားထဲမှာ လဲတာလား (ကျင်ကြီးကျင်ငယ်ကြားထဲမှာ လဲတာပါ ဘုရား)။

သစ္စာမသိတော့ လူဖြစ်ချင်လိုက်တဲ့ ဒကာ,ဒကာမတွေ၊ နတ် ဖြစ်ချင်လိုက်တဲ့ ဒကာ, ဒကာမတွေ အခုကြည့်စမ်း၊ ပဋိသန္ဓေဆိုတာ လဲတာကွ။ လဲတဲ့အခါလဲ ကြည့်စမ်း၊ အပေါ်က ခွေးအန်ဖတ်နဲ့တူတဲ့ အစာသစ်တွေအောက်က အမေရဲ့ ကျင်ကြီးတွေကြားထဲမှာ သွားလဲ တာ(မှန်ပါ့)။

လဲရတဲ့နေရာကလဲ ကျက်သရေတုံး၊ အမင်္ဂလာတုံး ဟုတ်ပါရဲ့ လား (ဟုတ်ပါတယ် ဘုရား)၊ အင်မတန် အညစ်အကြေး ထူပြော တဲ့ နေရာ ဆိုတာလဲ ပြောဖို့ မလိုတော့ပါဘူး (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

သစ္စာမသိမှု ကန်းခဲ့လို့

ဒါဖြင့် ဒီဒကာ, ဒကာမတွေ ဘယ့်နှယ်ကြောင့် တပည့်တော် တို့ဘုရား အနာတွေရပြီး သကာလ ဆူးထိုးခံရ၊ ဆူးထိုးခံရပြီး သကာလ ပြည်တွေပေါက်တဲ့သဘောတွေဆိုတဲ့ ဝေဒနာတွေဟာ ဖြင့် ဘုရား လေထိမခံပေါ်ရတဲ့ အဓိပ္ပာယ်ဟာ တပည့်တော်တို့ ဘာကြောင့် ပါလိမ့်မတုံး ဆိုတော့ အို နောက်ဘဝက သစ္စာမသိမှု ကန်းခဲ့လို့ ဟေ့ (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

သစ္စာမသိမှု (ကန်းခဲ့လို့ပါ ဘုရား)၊ ကန်းခဲ့လို့ဆိုတာဖြင့် ကိုယ့် အကြောင်း ကိုယ်သိပါပြီ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

ဘယ့်နှယ်ကြောင့် ဝမ်းခေါင်းထဲ လဲရပါလိမ့် (သစ္စာမသိမှုကြောင့် ပါ)၊ ကန်းခဲ့လို့ပဲ (မှန်ပါ့)၊ ကန်းခဲ့လို့ပဲ ဆိုတာ သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့ သစ္စာမသိသေးသရွေ့ ကာလပတ်လုံးတော့ဖြင့် ဒီအကန်းလမ်းသွားနဲ့ ဒီအနာရပြီး ဒီ-လဲကွဲတဲ့ကိစ္စနဲ့ပဲ ဦးဘရှင်း ဇာတ်သိမ်းသွားမှာပဲ (မှန်ပါ့)။

သွားစရာ ဒကာ, ဒကာမတို့ ချမ်းသာကွက် မြင်သေးရဲ့ လား (မမြင်ပါ ဘုရား)၊ အဲ ရှေ့ကို မဟောသေးပါဘူး၊ တဏှာဥပါဒါန် ကံတွေ မဟောသေးပါဘူး။

ဪ သစ္စာမသိတဲ့ ဒဏ်ချက်ဟာ ဖြင့် လောကကြီးထဲမှာ အဆိုးဝါး အကျည်းတန်ဆုံးပဲ ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ပါတော့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ့ပီ)

ဘယ့်နှယ်ကြောင့် ဒီဒကာ, ဒကာမတွေ အမိဝမ်းခေါင်းထဲ လဲပြီး သကာလ ဒကာ, ဒကာမတွေ အနာဖြစ်ရသတုံး၊ အနာရှိပြီး ဘယ့်နှယ်ကြောင့် ပြည်တွေတည်ရသတုံး၊ ပြည်တွေရှိလျက်နဲ့ ဆူးထိုး ခံရတာလဲ တောတွင်းဆူးတွေက ဝိုင်းပြီးထိုးလိုက်တဲ့ သဘော၊ ဆူးတွေထိုးလိုက်လို့ အနာတွေကြွလာတဲ့ သဘောတွေ ဟာဖြင့် ဘယ့်နှယ်ကြောင့် ဒါလောက်တောင် တပည့်တော်တို့မှာ ဘုရား ဆိုးဝါးရပါလိမ့်မလဲလို့ မေးတဲ့အခါ နောက်ဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာကြောင့် (မှန်ပါ့)။

သစ္စာမသိသရွေ့

ဒါဖြင့် သစ္စာမသိသရွေ့ ဘဝတိုင်း ဘဝတိုင်း ဒီလိုသွားနေ မှာပဲ (မှန်ပါ့)၊ ဘဝတိုင်း ဘဝတိုင်း (ဒီလိုသွားနေမှာပါ ဘုရား)။

ဒီလိုသွားနေမယ်ဆိုတော့ ဦးဘရှင်း၊ ကယ်မည့်သူ ယူမည့်သူ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ကဲ သိကြပလား (မှန်ပါ့ ဘုရား)။ ( ဒါဖြင့် ဒကာ,ဒကာမတွေ၊ ဒီခန္ဓာအပေါ်မှာ ခင်တွယ်စရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ တခြားသော ခန္ဓာကော ရချင်သေးရဲ့ လား (မရချင်ပါ ဘုရား)။

ဝမ်းထဲမှာ ဝိဇ္ဇာရောက်တယ်

မရချင်တော့ပါဘူးဆိုတာ သေချာပလား- (သေချာပါပြီ)၊ ဒါဖြင့် ခင်ဗျားတို့ဝမ်းထဲမှာ ဒီခန္ဓာလဲ မလိုချင်တော့ပါဘူး၊ ဒီခန္ဓာအပေါ်၌လဲ ဖြစ်ပြီးသားမို့သာ အသာရနေတယ်၊ သူ့အတွက်လဲ သာယာစရာ မရှိပါဘူးဆိုတာ သိသွားပြီ (မှန်ပါ့ ဘုရား)။

သိသွားတော့ သိတဲ့အချိန် ဝမ်းထဲမှာ ဝိဇ္ဇာရောက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာမလိုချင်တော့ လောဘက သေပြီး အလောဘဆိုတဲ့ ဖြူစင်တဲ့တရား ဝိဇ္ဇာဆိုတဲ့ ဖြူစင်တဲ့တရားက ဝမ်းထဲရောက်သွား တယ် (မှန်ပါ့)၊ သဘောကျပလား(ကျပါပြီ)။

ကဲ ဒါဖြင့် ဝမ်းထဲ့မှာ ဒကာ ဒကာမတွေ ယခုအချိန်မှာ တရား နာနေတဲ့အချိန်မှာ ခုနက ကာမဂုဏ်၏ အပြစ်တွေ ပဋိစ္စသမုပ္ပာဒ်၏ အပြစ်တွေကို အကုန်ပြောလိုက်တဲ့အတွက် ဒီလက်ရှိ ခန္ဓာကြီးက ကော သာယာစရာ နှစ်သက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

လာလတ္တံ့ ခန္ဓာတွေကော ဒကာ,ဒကာမတွေ၊ အားကြိုးမာန် တက် ရချင်သေးသလား (မရချင်ပါ ဘုရား)၊ ဒါဖြင့် ယခုဘဝ မှာလဲ ဘဝတဏှာ သေပါတယ် (မှန်ပါ့)၊ လာလတ္တံ့ အနာဂတ် ဘဝမှာ တောင့်တတဲ့ ဘဝတဏှာကော (သေပါတယ် ဘုရား)။

ဟာ ဘယ့်နှယ်ကြောင့် သေပါလိမ့်မတုံးလို့ဆိုတော့ ခန္ဓာ အကြောင်းကို သစ္စာ ပဋိစ္စသမုပ္ပာဒ်ကြီးနဲ့ ပြောလိုက်တော့ ကောင်းကောင်း သိသွားလို့ဘုရားလို့ မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။

ဒါဖြင့် ဝမ်းထဲမှာ ဒကာ,ဒကာမတို့ မသိတဲ့ အဝိဇ္ဇာနဲ့ ဘုံဘဝ ခင်တွယ်တဲ့တဏှာ ရှိသေးသလား(မရှိပါ ဘုရား)၊ မရှိရင် ဖြူပြီး (မှန်ပါ့) ဒကာ,ဒကာမတွေ၊ ဝမ်းထဲမှာ အခုဖြူသွားပြီ၊ ဖြူစင်သွား ပါပြီတဲ့ တရားတွေ (မှန်ပါ့)။

သုက္ကာ ဓမ္မာ

ဒကာ, ဒကာမတွေ၊ ဝမ်းထဲ ဘယ့်နှယ်နေကြသတုံး (ဖြူစင် သွားပါပြီ ဘုရား)၊ ကဏှာဓမ္မာ ဆိုတဲ့ မည်းနက်နေတဲ့ တရားတွေ ရှိသေးရဲ့လား- (မရှိပါ ဘုရား)၊

သုက္ကာ ဓမ္မာဆိုတဲ့ ဖြူစင်တဲ့သဘော တွေ ရောက်ပါပြီး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုက္ကာ ဓမ္မာဆိုတဲ့ ဖြူစင်တဲ့ သဘောတွေ ရောက်ပါပြီ။ အဲဒီ အချိန်မှာ ဘုန်းကြီးက သစ္စာသွင်းရမယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

သစ္စာသွင်းရမယ်

ဒီအချိန်မှာ သစ္စာသွင်းရမယ်၊ ဦးဘကလေး၊ မနေ့ကအတိုင်း ပဲနော် (မှန်ပါ့)၊ ဒီနေ့တော့ ပဋိစ္စသမုပ္ပာဒ်ပြပြီး ဖြူစင်အောင် လုပ်ပါတယ်။ ကဲ မောင်နိုင်၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ, ဒကာမတွေ၊ ကိုယ့်ခန္ဓာကြီးဟာလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ အင်း ဝိဇ္ဇာကလေးတော့ ဖြင့် ဝမ်းထဲရောက်ပြီး (မှန်ပါ့)၊ ဒီခန္ဓာကြီးကို ယခုကော ခင်စရာ အချိန် ရှိသေးသလား (မရှိပါ ဘုရား)၊ နောက်ခန္ဓာကော တောင့်တ ချင်သေးသလား (မတောင့်တချင်ပါ ဘုရား)၊

မတောင့်တချင်တော့ ဘူးဆိုရင် ဝမ်းထဲမှာ ဒကာ,ဒကာမတွေ၊ အရင်တုန်းက ဘဝတဏှာ၊ က ကိုယ့်ဘဝကလေး ကိုယ်ခင်တဲ့တဏှာ ကိုယ့်ခန္ဓာကြီးကို ကိုယ် အမွှမ်းတင်ချင်နေတဲ့ သဘောမသိလို့ အဲဒီ အဝိဇ္ဇာ တဏှာတွေက ယခုအချိန်မှာတဲ့ ပဋိစ္စသမုပ္ပာဒ်သစ္စာကြီးကို နာကြားရသဖြင့်တဲ့ လက်ရှိခန္ဓာကိုလဲ မခင်တော့ပါဘူး။

ဘာဖြစ်လို့ မခင်သတုံး၊ သိလို့ မခင်တာ (မှန်ပါ့)၊ ဒါဖြင့် သိတာက ဝိဇ္ဇာ၊ မခင်တာက အလောဘ၊ သဘောကျပလား (ကျပါပြီ)။

ဝိဇ္ဇာနဲ့ အလောဘ ရောက်သွားပြီ

နောက်ဘဝကိုလဲ ဒါမျိုးပဲ လာလိမ့်မယ်ဆိုတာ အမှန်အကန် သိနေသောကြောင့် သိတာက ဝိဇ္ဇာနော် (မှန်ပါ့)၊ နောက်ဘဝကို လှမ်းပြီး မတောင့်တတာက အလောဘ (မှန်ပါ့)။ ဒါဖြင့် ဝမ်းထဲမှာ ဒကာ, ဒကာမတွေ၊ ဝိဇ္ဇာနဲ့ အလောဘ ရောက်သွားပြီ (မှန်ပါ့)။ သဘောကျပလား- (ကျပါပြီ ဘုရား)။

ဝိဇ္ဇာနဲ့ (အလောဘ ရောက်သွားပါပြီ)၊ အင်း အခု တရားနာ နေကြတာ ဘာတွေနဲ့များ နာနေကြပါလိမ့်မတုံး ဆိုတာကော သဘောပါသွားပလား (ပါပါပြီ)

အင်း ဘယ်သူနဲ့ နာကြသတဲ့ (ဝိဇ္ဇာနဲ့ အလောဘပါ ဘုရား)။

ဝိဇ္ဇာဆိုတာက သိတတ်တဲ့တရား အလောဘဆိုတာ ဘုံဘဝ မလိုချင်တဲ့တရား၊ မလိုချင်တဲ့ တရားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့ ဒါ ကုသိုလ် တရားပါပဲဆိုတော့ သုက္ကာ ဓမ္မာဆိုတဲ့ ဖြူစင်တဲ့ တရားတွေကို ခင်ဗျားတို့ ဖြူစင်တဲ့အချိန်ရောက်ပါပြီ (မှန်ပါ့ ဘုရား)။

ဒကာ, ဒကာမတွေ၊ ဘာတုံး (ဖြူစင်တဲ့အချိန် ရောက်ပါပြီ ဘုရား)၊ ဖြူစင်တဲ့အချိန် ရောက်ပါပြီလို့နော် (မှန်ပါ့)၊ ဖြူစင်တဲ့ အချိန်မှာ မောင်နိုင်ရေ၊ မနေ့ကပြောတဲ့ ဥပမာကလေးရော ဥပါလိ ကို ဘုရားဟောတဲ့ ဥပမာလေးဟာလဲ ရိပ်မိတယ်မဟုတ်လား (မှန်ပါ့)။

အဝတ်တွေကို ဆေးဆိုးမယ် ဆိုရင်

အဝတ်တွေကို တစ်ခါတည်း ဆေးဆိုးမယ် ဆိုလို့ရှိရင်ဖြင့် ပန်းရိုက်မယ် ဆိုလို့ရှိရင်ဖြင့် ချေးတွေမျှော်တွေ အကုန်လုံး ဖြူစင်အောင် လုပ်ပြီးမှ သာလျှင် ပန်းရိုက်တာကို အဝတ်က လက်ခံမှာ ပေါ့ (မှန်ပါ့)၊ နို့မဟုတ်ရင် လက်ခံပါ့မလား (မခံပါ ဘုရား)။

အေး ထို့အတူပဲတဲ့၊ အခုတော့ ဆရာဘုန်းကြီးက ဒကာ, ဒကာမတွေ ဝမ်းထဲမှာ ဖြူစင်တဲ့ သဘောတွေကို ဆေးကြောပြီးပါပြီ (မှန်ပါ့)။

အဝိဇ္ဇာလဲ အခုခဏ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘုံဘဝ ခင်တွယ်တဲ့ တဏှာကော (မရှိပါ ဘုရား)၊ ဒါဖြင့် ဝမ်းထဲမှာ ဘယ့်နှယ်နေသလဲ (ဖြူစင်ပါတယ် ဘုရား)။

ဖြူစင်တဲ့အချိန်မှာ

ဖြူစင်တဲ့အချိန်မှာ ဒကာ, ဒကာမတို့ရဲ့ ဆိုးဆေးဆိုးရသလို ပန်းရိုက်ရသလို ဒီအချိန်မှာ သစ္စာသွင်းလို့ ရှိရင်ဖြင့်တဲ့ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ဆိုတာ ဝမ်းထဲရောက်သွားတယ် (မှန်ပါ့)။ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ, ဒကာမတို့၊ သစ္စာဟောကြမယ်ကြံလို့ ရှိရင်ဖြင့် ရှေ့က ရှင်းလင်းရမည့် အလုပ်တွေရော သိပါ့မလား (သိပါပြီ ဘုရား)။

ခန္ဓာကိုယ်ထဲမှာ ဖြူစင်နေအောင် အကုန်လုပ်ရဦးမယ် (မှန်ပါ့)၊ ဖြူစင်အောင် အကုန်လုပ်ပြီးတော့မှ ဘုန်းကြီးက အင်း ဒကာ,ဒကာမတွေ၏ စိတ်တွေသည်ကား လို့ ဆိုရင် ငါးပါးအာရုံ ကာမဂုဏ်တွေဖြင့် မရှိတော့ဘူး။ မရှိတော့ဘူး ခဏရပ်စဲသွားပြီ။

ဘာဖြစ်လို့တုံး ယခု ခန္ဓာကြီးလဲ အခင်ဆုံး “နတ္ထိ အတ္တသမံ ပေမံ” ဆိုတဲ့ ခန္ဓာအခင်ဆုံး ဟာလဲ ယခုအချိန်မှာ သိနေပြီ။ ပဋိစ္စ သမုပ္ပာဒ်နဲ့ သိနေတဲ့အတွက် ခင်စရာမရှိဘူး (မှန်ပါ့)။

ဒီခန္ဓာမှ ခင်စရာမရှိလို့ ရှိရင် နောက်ခန္ဓာလဲ ဒါမျိုးပဲဆိုတော့ ခင်ချင်တဲ့စိတ် လာသေးရဲ့လား (မလာပါ ဘုရား)၊ ဟာ ဒီခင်ချင် တဲ့စိတ် ဘယ့်နှယ်ကြောင့် မလာပါလိမ့်မတုံး ဆိုတော့ သိလို့ (မှန်ပါ့)။ ဒါဖြင့် ဝိဇ္ဇာပေါ်နေတယ် (မှန်ပါ့ ဘုရား)၊ ဝိဇ္ဇာနဲ့ အလောဘ ပေါ်နေ ကြတယ် (မှန်ပါ့)။

ဝမ်းထဲ ဘာပေါ်နေကြသလဲ (ဝိဇ္ဇာနဲ့ အလောဘ ပေါ်နေကြ ပါတယ် ဘုရား)၊ ဝိဇ္ဇာနဲ့ အလောဘ ပေါ်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ)။ ဖြ

ဝိဇ္ဇာနဲ့ အလောဘ ပေါ်နေတော့ ဝိဇ္ဇာက အဝိဇ္ဇာကို ချုပ်စေ တယ် (မှန်ပါ့)၊ အလောဘက လောဘကို ချုပ်စေတယ် (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ)။

ဝိဇ္ဇာက (အဝိဇ္ဇာကို ချုပ်စေပါတယ်)။ အလောဘက (လောဘကို ချုပ်စေပါတယ်)၊ လောဘကို ချုပ်စေတယ် ဆိုတော့ ခင်ဗျားတို့ အထဲမှာ အညစ်အကြေးကို မရှိတော့ဘူး (မှန်ပါ့)။ ရှိသေးရဲ့ လား (မရှိပါ ဘုရား)။

အဲမရှိတဲ့အချိန်မှာ အဝတ်ဖြူနေတုန်း ဆေးဆိုးရသလို ဒကာ, ဒကာမတွေ၊ ဟဒယ ဝတ္ထုပေါ်မှာ ဖြူစင်နေတဲ့ အချိန်မှာ ဒီကနေပြီး သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ကို ဘုရားသခင် ကိုယ်တော် မြတ်ကြီး ထုံးတမ်းအတိုင်း ပေးရမယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ,ဒကာမတို့ ယခု ဘယ်ဉာဏ်ပေးရမှာပါလိမ့်မတုံး၊ ဖြူစင်နေတုန်းကို သစ္စဉာဏ် ပေးရမယ်ဆိုတော့ သစ္စဉာဏ်ကို မနေ့ က ရှင်းအောင်ပြောခဲ့ပြီး (မှန်ပါ့)၊ နားလည် လောက်ပါတယ်နော် (မှန်ပါ့)။

အဲ ဒုက္ခသစ္စာပေါ်လဲ ခန္ဓာကိုယ်ထဲမှာ သိရမယ်။ သမုဒယ သစ္စာပေါ်လဲ သိရမယ်၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ နိရောဓ ဖြစ်သွားတာကိုလဲ (သိရပါမယ်)၊ ကိုယ့်သန္တာန်မှာ သိလုံး မဂ်ကလေး ပေါ်လာတာလဲ- (သိရပါမယ် ဘုရား)။

သစ္စဉာဏ်

ဒီဟာ “ဧတ္ထ ဣဒံ ဒုက္ခံ၊ ဣဒံ ဒုက္ခသမုဒယံ၊ ဣဒံ ဒုက္ခနိရောဓ၊ ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ အရိယသစ္စာ သစ္စဉာဏံနာမ”

ဒါတွေ ပေါ်တိုင်း, ပေါ်တိုင်း ဪ ဒါက ဒုက္ခပါကလား၊ အခု ပေါ်လာတာတွေက သမုဒယပါကလား၊ အဲ့ဒီ သိလုံးကလေးက မဂ္ဂပါကလား၊ သိတဲ့အချိန် ချုပ်သွားတာ ကလေးကလဲ တဏှာ နိရောဓ ပါကလားဆိုပြီးတော့ ပေါ်တိုင်း, ပေါ်တိုင်း ခင်ဗျားတို့က သိပေးနေနေတော့ သစ္စဉာဏ်ပြီးတယ် (မှန်ပါ့)။

သစ္စဉာဏ် ပြီးပါပြီတဲ့၊ ယနေ့ ဘာဟောရမတုံး ဆိုတော့ ကိစ္စဉာဏ် ဟောရပါလိမ့်မယ် (မှန်ပါ့)။

ကိစ္စဉာဏ်

ဒကာ, ဒကာမတို့၊ ဘာဟောရမလဲ (ကိစ္စဉာဏ် ဟောရပါ မယ် ဘုရား)၊ ကိစ္စဉာဏ် ဆိုတဲ့ဥစ္စာက ဒကာ,ဒကာမတွေ ရှင်းရှင်း လင်းလင်း မှတ်လိုက်စမ်းပါတဲ့ ခင်ဗျားတို့ ကိစ္စဆိုတာ ဘာတုံး ဆိုတော့

ဟေ့ ဒုက္ခသစ္စာ ခန္ဓာကြီးက မင်း ဘာကိစ္စရှိသတုံးလို့ မမေးရပေဘူးလား (မေးရပါတယ် ဘုရား)

ဟေ့ သမုဒယ မင်း ဘာကိစ္စရှိသတုံးလို့ မမေးရဘူးလား (မေးရပါတယ် ဘုရား)၊ ဟေ့-နိရောဓ၊ ခင်ဗျားမှာ ဘာကိစ္စရှိသတုံး လို့ မမေးရပေဘူးလား (မှန်ပါ့)။

အို မဂ္ဂ မဂ္ဂင်ရှစ်ပါး ခင်ဗျား ဘာကိစ္စ လုပ်တတ်သတုံး လို့ မမေးရပေဘူးလား (မေးရပါမယ် ဘုရား)။

မေးရတော့ အဲဒီသူတို့ကိစ္စတွေ သိတဲ့ဉာဏ်ဟာ ကိစ္စဉာဏ်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

သူတို့ ကိစ္စသိတဲ့ဉာဏ်

သူတို့ ကိစ္စသိတဲ့ဉာဏ်ဟာ (ကိစ္စဉာဏ်ပါ ဘုရား)၊ ဒုက္ခသစ္စာ ၏ သူလုပ်တတ်တဲ့ ကိစ္စကိုသိရင်- (ကိစ္စဉာဏ်ပါ ဘုရား)၊ သမုဒယ သစ္စာ၏ သူ့သဘောသူ့ကိစ္စကို သိတဲ့ဉာဏ်ဟာ (ကိစ္စဉာဏ်ပါ ဘုရား)၊ နိရောဓသစ္စာ၏ သူ့ကိစ္စသိတဲ့ဉာဏ်ဟာ (ကိစ္စဉာဏ်ပါ)၊ မဂ္ဂင်ရှစ်ပါး၏ သူ့ကိစ္စသိတဲ့ဉာဏ်ဟာ- (ကိစ္စဉာဏ်ပါ ဘုရား)။

ကိစ္စဉာဏ်ဆိုတော့ အဲဒီ ကိစ္စဉာဏ်ဟာ သစ္စဉာဏ်ထက် ပိုမိုပြီးသကာလ အရေးကြီးတယ် ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒကာ,ဒကာမတို့ မနေ့ကဟောခဲ့တဲ့ သစ္စဉာဏ်ထက် ယနေ့ ဟောမည့် ကိစ္စဉာဏ်သည် ယနေ့ဟာက ပိုမိုအရေးကြီးတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မနေ့ကဟောတဲ့ သစ္စဉာဏ်နဲ့ ယနေ့ဟောလတ္တံ့ ကိစ္စဉာဏ်နဲ့ ကိုပေါ် ဘယ်ဟာ အရေးကြီးသလဲ (ကိစ္စဉာဏ် အရေးကြီးပါတယ် ဘုရား)။

ကိစ္စဉာဏ် အရေးကြီးပါတယ်

ကိစ္စဉာဏ် အရေးကြီးပါတယ် ဆိုတဲ့ဥစ္စာ သေသေချာချာ ဒကာ, ဒကာမတွေ မှတ်မိအောင် မှတ်ပါ (မှန်ပါ့)၊ ဒါဟာ အင်မတန်လဲ နာရခဲပါတယ်။ ခင်ဗျားတို့ကိုလဲ ဟောတဲ့ဘုန်းကြီးကလဲ ဖြူနေတုန်း ဟောလို့ ဟောရင်းမတ္တနဲ့ ခင်ဗျားတို့ သောတာပန် စခန်းကို တက်လှမ်းနိုင်ပါစေဆိုတဲ့ စိတ်ထားနဲ့ ဟောနေတယ် (မှန်ပါ့)။

ခင်ဗျားတို့ကလဲ အမည်းမရောပါစေနဲ့။ အဖြူနဲ့ပဲ လက်ခံ ပါ (မှန်ပါ့)၊ ခင်ဗျားတို့က ဘာနဲ့ လက်ခံရမလဲ (အဖြူနဲ့ လက်ခံရပါမယ် ဘုရား)။

ခင်ဗျားတို့က အဖြူနဲ့ လက်ခံလို့ရှိရင် ဒီကလဲ ခင်ဗျားတို့ကို သစ္စာတည်းဟူသော ဆိုးရေကို ဆိုးလိုက်လို့ ရှိရင်ဖြင့် အဖြူပေါ်မှာ သစ္စာဆိုတဲ့ ဥစ္စာဟာ တစ်ခါတည်း သွားထင်မှာပဲ (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။

အဖြူပေါ်မှာ သစ္စာထင်လို့ ရှိရင်ဖြင့် အဲဒီသစ္စာသည် ဒကာ, ဒကာမတို့ အတိတ် ကိလေသာ ဖြတ်၊ အနာဂတ် ကိလေသာဖြတ်၊ ပစ္စုပ္ပန်ကိလေသာကို ရပ်စဲစေပါတယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာ, ဒကာမတို့၊ ခင်ဗျားတို့ အမည်း မရောပါစေနဲ့ ဆိုတဲ့ အရေးဟာ အလွန် အရေးကြီးတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

အမည်းမရောစေနဲ့ ဆိုတဲ့အရေးဟာ (အလွန်အရေးကြီး ပါတယ် ဘုရား)။

တရားနာရင်း ဟိုစိတ်ဒီစိတ် ဝင်မလာစေနဲ့

ဘာ့ကြောင့်တုံးလို့ မေးတဲ့အခါကျတော့မှ ခင်ဗျားတို့က ဖြူပြီး သားကို ဆိုးရေစွဲမည့် အချိန်ရောက်မှ အမည်းကလေး သွားပြီး သကာလ ခင်ဗျားတို့ တရားနာရင်းမတ္တနဲ့ ဟိုစိတ် ဒီစိတ် ဝင်မလာ စေနဲ့ (မှန်ပါ့)၊ အင်မတန် အရေးကြီးပါတယ်နော်- (မှန်ပါ့)၊

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ခင်ဗျားတို့ တရားနာတဲ့ ပုဂ္ဂိုလ်တွေကို တစ်ခါတည်း ကြည့်လိုက်တယ်။ ဖြူနေပြီဟေ့ဆိုတာ မြင်ပါတယ် (မှန်ပါ့)၊ ဟာ ဖြူလို့ရှိရင် ငါ သစ္စာ ဟောတော့မယ်။ မဖြူသေးရင် မဟောသေးဘူးဗျ-(မှန်ပါ့)၊ ဝမ်းထဲမှာ ဖြူနေလို့ရှိရင် -(ဟောမှာပါ ဘုရား)၊ မဖြူသေးရင် (မဟောသေးပါ ဘုရား)၊ မဟောသေးဘူး၊ သဘောကျပလား (ကျပါပြီ)။

မဖြူသေးရင် မဟောသေးတာက “အဒွေဇ္ဈဝစနာ ဗုဒ္ဓါ” ဆိုတဲ့ အတိုင်း ငါက ၂-လုံးလဲ မဟောနိုင်ဘူးကွာ၊ ချွတ်စရာလူတွေက နည်းတာ မဟုတ်ဘူးတဲ့။ ငါ့စကား အလကား အဖြစ်မခံနိုင်ဘူး ဆိုပြီး မဖြူသေးရင် သစ္စာကို မစ,သေးဘူး.(မှန်ပါ့)။

ဝမ်းထဲဖြူတဲ့အချိန်ကျမှ ဘာစ,မယ်ထင်သလဲ (သစ္စာ စ,ပါ မယ် ဘုရား)၊ သစ္စာစ,တယ် ဆိုတာ ဒကာ ဒကာမတွေ ကောင်း ကောင်း ရိပ်မိပလား ( ရိပ်မိပါပြီ)။

ကိုပေါ် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပေါ်လာပလား (ပေါ်လာပါပြီ)၊ ပေါ်ကြပြီနော် (မှန်ပါ့)။

ဪ ဒါဖြင့် သစ္စာ အရေးကြီးဆုံးပဲ (မှန်ပါ)၊ နည်းနည်း ကလေး ကြားညှပ်ပြီး ဒကာ, ဒကာမတွေမှာ သစ္စာအရေးကြီးပုံ ကလေး ထောက်ခံချက်ကလေး တစ်ခု ထည့်လိုက် ပါဦးမယ်နော် (မှန်ပါ့)။

ပေယဝတ္ထု

မှတ်ချက်။ ။ဆဋ္ဌမူ၌ ပေဿ- ဟုရှိ၏။

ထောက်ခံချက်ကလေး တစ်ခုက မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာ ပေယဆိုတဲ့ ဒကာဟာ ရှိတယ်။ ပေယဆိုတဲ့ ဒကာကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျောင်းလာတာနဲ့ တရား ဟောတယ်။ တရားဟောတော့ ခုနကပြောခဲ့တဲ့ ဒါနစခန်းတွေ သီလစခန်းတွေ သူ အကုန် နာရပါတယ်။

မောင်နိုင်၊ ဒါနစခန်းတွေ၊ သီလစခန်းတွေ (နာရပါတယ် ဘုရား)၊ ဘုရားဟောလို့ သူနာနေတာ (မှန်ပါ့)။

နောက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သစ္စာဟောချိန် ရောက်လာတယ်။ ဟိုမှာလဲ ဖြူပြီ ဝမ်းထဲမှာ (မှန်ပါ့)။

အဲဒီဝမ်းထဲမှာ ဖြူနေတုန်းမှာ သူကလဲ တရားနာလို့မပြီးမီမှာပဲ ပေဿဆိုတဲ့ ပေယ-ဟာ တပည့်တော် အလုပ်ကိစ္စများလို့ ဘုရားထံ ခွင့်ပန်ပြီး အိမ်ကိုထပြန်သွားတယ် (မှန်ပါ)။ အဲဒီလို ဝမ်းထဲဖြူနေ တုန်းမှာ သစ္စာဆိုးရမှာ ဆိုးချိန်မရဘူး (မှန်ပါ့)။

ဖြူနေတုန်းမှာ (သစ္စာကို ဆိုးရမှာပါ)၊ သစ္စာကို ဆိုးရေထပ် ပေးရမည့်ဥစ္စာကို ဦးဘရှင်းရေ မရလိုက်ဘဲဖြစ်သွားတယ် (မှန်ပါ့)။

အဲဒီကျတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပေယလဲ ထသွားပြီ၊ ဒီနားမှာရှိတဲ့ ရဟန်းတွေနဲ့တကွ ပရိဗိုဇ်တွေ ပေယဖြင့်ကွာ ဆိုးရေ ဆိုးခါနီးမှ ထွက်သွားတယ်ဟေ့၊ သစ္စာဖြင့် လက်လွတ်သွား ပြီကွာ၊ သူ့အသားအရိုးတွေ ၁၃-မိုင်တိုင်တိုင် ရှိအောင် သေရဦး မယ်ကွ။ သဘောကျပလား (ကျပါပြီ ဘုရား)။

သူ့အသားအရိုးတွေသည် ၁၄ မိုင်အမြင့် တက်ပြီးတော့ သေရ ဦးမယ်ကွတဲ့ (မှန်ပါ့)၊ သစ္စာလွတ်သွားတယ်။ ဘယ်လောက် ကြောက်စရာကောင်းသတုံး (ကောင်းပါတယ် ဘုရား)။ ဘာလွတ်သွားသတုံး (သစ္စာလွတ်သွားပါတယ် ဘုရား)။

ဒါနခန်း သီလခန်းတွေ ဟောလို့ ကာမဂုဏ်အပြစ်တွေပြလို့ သူကြိုက်နေပြီ (မှန်ပါ)။ အဲဒီအချိန်မှာ တရားနာလို့ မပြီးမီမှာပဲ ပေဿဆိုတဲ့ ပေယဟာ တပည့်တော်ဘုရား အလုပ်ကိစ္စတွေ များလို့ ပြန်ပါရစေဦး ဆိုပြီး ခွင့်ပန်ကာ အိမ်ကို ထပြန်သွားတယ် (မှန်ပါ့)။

သူမှ အိမ်မရောက်သေးဘူး၊ ဘုရားက ရဟန်းတွေ အမိန့်ရှိ တော်မူတယ်၊ ပေဿဆိုတဲ့ ပေယဟာ ငါဘုရားဟောမည့် တရား ပြီးအောင် နာသွားရရင် မြင့်မြတ်တဲ့ သောတာပတ္တိဖိုလ်ဆိုတဲ့ အကျိုးထူးကို ရနိုင်တယ် (မှန်ပါ့)။

အခု ထပြန်သွားတဲ့အတွက် သောတာပတ္တိဖိုလ်ဆိုတဲ့ ကြီးမြတ်တဲ့ အကျိုးထူးမှ ဆုံးရှုံးရတယ်၊ ပေဿဆိုတဲ့ ပေယဟာ သောတာပတ္တိ ဖိုလ်ဆိုတဲ့ အကျိုးထူးကနေ ဆုံးရှုံးသွားပြီကွ-တဲ့ (မှန်ပါ့ ဘုရား)။ ငါဘုရားလက်ထက် မကျွတ်တော့ဘူး။ နောက်ဘုရား လက်ထက်မှ ကျွတ်တော့မှာပဲ (မှန်ပါ့)။

သူ့အရိုး၊ သူ့အသားတွေသည်ကားလို့ဆိုရင် နောက်ဘုရား မပွင့်ခင်ဟာတဲ့ မြေကြီး တစ်ယူဇနာ တက်ရဦးမယ်ကွ၊ သူ့အသား သူ့အရိုးတွေက မြေကြီး တစ်ယူဇနာ ဖြစ်ရဦးမယ် (မှန်ပါ့)။

အဲဒီတော့မှ ကျွတ်တမ်းဝင်တော့မယ်ဆိုတော့ မောင်နိုင်၊ မနာ လားကွာ (နာပါတယ် ဘုရား)။

ကဲ ဒကာ, ဒကာမတို့၊ အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါး ပါတယ် ဘုရား)။

စဉ်းစားပြီး နားထောင်ပါ။ သူ-သစ္စာ လွတ်သွားတယ် (မှန်ပါ့)၊ ဒကာ, ဒကာမတို့၊ ဘာလွတ် သွားသတုံး (သစ္စာလွတ်သွားပါတယ် ဘုရား)။

ဒါဖြင့် ဒီပြင် တရားတွေ မနာရဘူးလား မေးတော့ (နာရ ပါတယ် ဘုရား)၊ ဒီပြင် တရားတွေက တန်ဆာဆင်ပြီး ထားတဲ့ တရားတွေ (မှန်ပါ့)၊ တကယ် ဆိုးရေထပ်နိုင်တဲ့ တရား မဟုတ်ဘူး (မှန်ပါ့)။

ဒကာ, ဒကာမတို့၊ ဟဒယဝတ္ထုပေါ်မှာ သစ္စာတည်းဟူသော ပန်းခက်တို့ ပန်းလက်တို့ကို စွဲတဲ့ သဘောမျိုးလာမှ ဖြစ်မှာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

အရေးအကြီးဆုံး တရား

ဒါဖြင့် အားလုံး ဒကာ, ဒကာမတွေ၊ ဪ အရေးအကြီးဆုံး တရား ဘယ်တရား ပါလိမ့်မတုံး ဆိုတာတော့ဖြင့် ကွင်းကွင်းကွက်ကွက် ပဲ ကိုပေါ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ဒကာ, ဒကာမတွေ၊ ဘယ်တရားပါလိမ့် (သစ္စာတရားပါ ဘုရား)၊ သစ္စာတရားပဲ ဆိုတော့ဖြင့် ခင်ဗျားတို့ သံသယမရှိနဲ့တော့ နော် (မှန်ပါ့)။

အခု ပေယမှာကော ဖြူအောင်လုပ်နေတုန်း ဖြူတုန်းမှ ထပြန်သွားတယ် (မှန်ပါ့)၊ မြေကြီး ၁၃-မိုင် တက်ရတယ်ဆိုတော့ သူ့အသားတွေ သူ့အရိုးတွေ ဒကာ, ဒကာမတို့ သေးသလား (မသေးပါဘူး ဘုရား)၊ သစ္စာကလေး တစ်ချက်တည်း လွတ်သွားတယ် (မှန်ပါ)။

မောင်နိုင်၊ ဘယ့်နှယ်တုံး- (သစ္စာကလေး တစ်ချက်တည်း လွတ် သွားပါတယ် ဘုရား)။

သစ္စာတစ်ချက်တည်း လွတ်သွားလိုက်တာ ဒကာ, ဒကာမတို့၊ သိပ်နာသွားတယ် (နာသွားပါတယ် ဘုရား)။ မနာဘူးလား (နာပါတယ် ဘုရား)။ အမှန်

အဲဒါကြောင့် ခင်ဗျားတို့ အတွက်မှာဖြင့် ခုနက ဘုန်းကြီး ပိတ်လိုက်တဲ့ စကားကလေးဟာ မှတ်မိပါလိမ့်မယ်နော်၊ ခင်ဗျားတို့ ဖြူစင်အောင် ခုနက ပဋိစ္စသမုပ္ပာဒ်နဲ့ ရှင်းလင်းပြီးပါပြီ (မှန်ပါ့)။

ရှင်းလင်းပြီးတဲ့အထဲမှာ သားစိတ်၊ သမီးစိတ်၊ ဆွေစိတ်၊ မျိုးစိတ် ခန္ဓာကိုယ် ငဲ့တဲ့စိတ်တွေ မလာဘဲနဲ့ ဖြူဖြူစင်စင်နဲ့ ကိစ္စဉာဏ်ကို နာပါ (မှန်ပါ့)။ နို့မဟုတ်ရင် ပေယလို ဖြစ်ပါလိမ့်မယ် (မှန်ပါ့)၊ မဖြစ်ပေဘူးလား (ဖြစ်မှာပါ ဘုရား)၊ အင်မတန် ကြောက်စရာ မကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား)။

အေး ဒါကြောင့် အရေးအကြီးတကာ့ အကြီးထဲမှာ ဦးဘရှင်း ရေ၊ အကြီးဆုံးအချိန်ဟာ ဒီအချိန်ပဲ (မှန်ပါ့)။ ကိုပေါ်- (ဒီအချိန် ပါ ဘုရား)၊ ဒီအချိန်ဆိုတာ ဒကာ, ဒကာမတွေ ဝမ်းထဲမှာ ဘာဖြစ် နေကြသလဲ (ဖြူစင်ပါတယ် ဘုရား)။

ခုနက ပဋိစ္စသမုပ္ပာဒ်မှာ ဒီဘဝလဲ မခင်တွယ်၊ ဟိုဘဝလဲ မတောင့်တဘူး ဆိုကတည်းက သစ္စာသိတဲ့ ဝိဇ္ဇာလဲပါ (မှန်ပါ့)။ အညစ်အကြေး ဖြစ်တဲ့ လောဘကလဲ စင်နေတယ် (မှန်ပါ့)၊ စင်နေ တဲ့ အချိန်ကျတော့မှ ကိစ္စဉာဏ်ကို ဟောရမယ်- (မှန်ပါ့)၊ ရှင်းကြ ပလား (ရှင်းပါပြီ)။

ဖြူစင်နေတဲ့အချိန် ဘာဟောရမယ်-(ကိစ္စဉာဏ် ဟောရပါမယ် ဘုရား)။

ခန္ဓာသာ ဉာဏ်လှည့်လိုက်ပါ

ကိစ္စဉာဏ် ဟောရမယ် ဆိုတော့ ဒကာ, ဒကာမတို့၊ ဉာဏ်နဲ့ ခန္ဓာကိုယ်အလုပ် လုပ်ရတော့မယ် (မှန်ပါ့)။

ဉာဏ်နဲ့ ခန္ဓာကိုယ်လှည့်ပြီး (အလုပ်လုပ်ရပါတော့မယ်) အဲ ဉာဏ်နဲ့ ခန္ဓာကိုယ်လှည့်ပြီး အလုပ်လုပ်ရတော့မယ် ဆိုတာ တရား နာရင်း တစ်ခါတည်း ခန္ဓာသာ ဉာဏ်လှည့်လိုက်ပါ (မှန်ပါ့)၊ တရား နာရင်း ဘာတဲ့တုံး (ခန္ဓာဉာဏ် လှည့်ရမှာပါ ဘုရား)၊ ခန္ဓာဉာဏ် လှည့်လိုက်စမ်းပါ ဆိုတာ လေးလေးစားစား ပြောနေတယ် (မှန်ပါ့)။

အထိမခံ ရွှေပန်းကန် တရားပါပဲ။ အခုတရားဟာ (မှန်ပါ့)။ နည်းနည်းမှ ခင်ဗျားတို့ အာရုံတစ်ပါး သွားလို့ကို မရဘူး။

ဘာ့ကြောင့်တုံး ဖြူစင်အောင် ဘုန်းကြီးတစ်ပါးတည်းက ဒီ ဒကာ, ဒကာမတွေ အများကြီးကို ဖြူစင်အောင် ဆေးထားတာကိုး (မှန်ပါ)။

ဆေးတဲ့ သဘောနဲ့သာ ခင်ဗျားတို့က နေပြီးသကာလ ဘုန်းကြီးက ပြောတဲ့အခါ ကိစ္စဉာဏ်ကို ခင်ဗျားတို့က ကိုယ့်ဉာဏ်နဲ့ ကိုယ် ခန္ဓာကိုယ်ထဲမှာ ဪဘုန်းကြီးက ဒါ ကိုယ့်ခန္ဓာ ဘယ်လို မြင်လို့ရှိရင် ကိစ္စဉာဏ်တဲ့ ဆိုပြီး ကိုယ့်ခန္ဓာ ကိုယ်ပြန်ပြီး ကြည့်လိုက် စမ်းပါ။ အခု ခဏပေါ့လေ (မှန်ပါ့)။

အဲဒီလို ကြည့်လိုက်တဲ့အခါကျတော့ ကိစ္စဉာဏ် မရပေဘူးလား (ရပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ကိစ္စဉာဏ်ဆိုတာ ဒကာ, ဒကာမတို့ တခြားမဟုတ် ပါဘူးတဲ့။ ခင်ဗျားတို့ သန္တာန်မှာ အခုအချိန်မှာ ဒကာ, ဒကာမတို့၊ အင်း တရားနာတာက နာရီသုံးမတ်ရှိသွားတယ်။ နာရီသုံးမတ် ရှိသွားတဲ့အခါကျတော့ ခန္ဓာကိုယ် ဣရိယာပုတ်တွေဟာ အပေါ်က အလေးနဲ့ အောက်က အမာဓာတ်နဲ့ ဆိုရင် ညှပ်ပြီးသကာလ အပေါ်က ခန္ဓာကြီးက ထိုင်ထားတာ အောက်က ပျဉ်ပေါ်မှာ ပျဉ်တည်းဟူသော အမာကလဲ အောက်ခံ၊ အပေါ်က ခန္ဓာကိုယ် ကြီးကလဲ လေးလံ၊ ကြားမှာ ရှိတဲ့ အသားတွေမှာတဲ့ ဒကာ, ဒကာမတွေ၊ ဉာဏ်ကလေးနဲ့ ကြည့်လို့ရှိရင်ဖြင့် ဒုက္ခဝေဒနာ ပေါ်လိမ့်မယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အင်း ဒီဒုက္ခဝေဒနာသည် ဝေဒနာက္ခန္ဓာ (မှန်ပါ့)၊ ဝေဒနာက္ခန္ဓာ ပါပဲ။ ဒကာ, ဒကာမတို့ နော် (မှန်ပါ့)။

ဝေဒနာက္ခန္ဓာဆိုတာ ဘယ်သူ၏ ဝေဒနာက္ခန္ဓာတုံးလို့ မမေးနဲ့ တော့။ ဒီ ဒကာ, ဒကာမတွေ သန္တာန်ပေါ်တဲ့ ဝေဒနာက္ခန္ဓာ (မှန်ပါ့)။

နှိပ်စက်တယ်

သူများ ဝေဒနာလား၊ မိမိသန္တာန်ပေါ်လို့ မိမိဝေဒနာလား (မိမိ ဝေဒနာပါ ဘုရား)။ ဪ ဒီဝေဒနာက ဒကာ, ဒကာမတွေ ဘာများလုပ်ပါလိမ့် မလဲလို့ ဆိုတဲ့အခါကျတော့ ဒကာ, ဒကာမတွေကို စိတ်ကိုလဲ နှိပ်စက်တယ်၊ ရုပ်-ရုပ်ချင်းလဲ နှိပ်စက်တယ် (မှန်ပါ့)။

စိတ်ကိုလဲ (နှိပ်စက်ပါတယ် ဘုရား)၊ စိတ်ကိုလဲ ဒေါမနဿ ဖြစ်အောင် နှိပ်စက်တယ် (မှန်ပါ့)။

ရုပ်-ရုပ်ချင်းလဲ သူကနေပြီးသကာလ ဒကာ, ဒကာမတို့ နှိပ်စက်နေပါတယ်-(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

နှိပ်စက်နေတော့ ဒီနည်းနည်းကလေး ဒကာ, ဒကာမတွေ အောက်ပိုင်းမှာ အင်မတန် အထိနာတဲ့ နေရာကလေး သွားပြီး သကာလ ဪ ဝေဒနာ မိမိဝေဒနာက္ခန္ဓာလို့သာ ဆိုရတယ် ဒီဝေဒနာက္ခန္ဓာက မိမိကို နှိပ်စက်နေပါပေါ့လားလို့ ဆိုတဲ့ဥစ္စာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ဒီခန္ဓာက နှိပ်စက်တာ

ဒီအထဲမှာ ဦးဘရှင်းကို ဦးဘရှင်း ဒကာမကြီးက အပြင်ကလာပြီး နှိပ်စက်တာ မဟုတ်ဘူး- (မှန်ပါ့)၊ မောင်နိုင်ကို မဥ တို့က လာနှိပ် စက်တာ မဟုတ်ဘူး၊ ဒီခန္ဓာထဲ ပေါ်လာပြီး ဒီခန္ဓာက နှိပ်စက်တာ (မှန်ပါ့)။

ဒီခန္ဓာထဲက ဝေဒနာကလေးက ပေါ်လာတယ် (မှန်ပါ့)၊ ဒီခန္ဓာ ကပဲ ကျန်တဲ့ဥစ္စာတွေ မနှိပ်စက်ဘူးလား (နှိပ်စက်ပါတယ် ဘုရား)။

နှိပ်စက်တတ်တဲ့ ကိစ္စရှိတယ်

ဪ ဒါဖြင့် ဟေး ဝေဒနာက္ခန္ဓာ မင်းဘယ်ကိစ္စရှိသတုံး၊ မေးတဲ့အခါကျတော့ သူ အဖြေ ထွက်လာတယ် (မှန်ပါ့)၊ ကျုပ်ဟာ နှိပ်စက်တတ်တဲ့ ကိစ္စရှိတယ် (မှန်ပါ့)၊ ပေါ်ကြပလား(ပေါ်ပါပြီ ဘုရား)။

သူ့မှာ ဘာကိစ္စရှိသတုံး- (နှိပ်စက်တတ်တဲ့ကိစ္စ ရှိပါတယ် ဘုရား)၊ နှိပ်စက်တတ်တဲ့ ကိစ္စရှိတယ်။ သဘောကျပလား (ကျပါပြီ)။

ဒုက္ခဿ ပီဠနဋ္ဌောကိုး ဒုက္ခဿ- ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ၏။ ပီဠနဋ္ဌော- ညှာတာမဖက် အမြဲနှိပ်စက်တယ်၊ ဪ တရား နာနေတုန်းမို့ သည်းခံပါဦး ဆိုလို့ ရရဲ့လား (မရပါ ဘုရား)၊ ဘာလုပ် နေသတုံး (နှိပ်စက်နေပါတယ် ဘုရား)။

ဪ ဒါဖြင့် နှိပ်စက်နေတတ်တဲ့ တရားအစစ်ဟာ သူပဲလို့ ပိုင်ပိုင်နိုင်နိုင်သိတယ် (သိပါတယ် ဘုရား)။

နှိပ်စက်တတ်တဲ့ တရားအစစ်ဟာ အခုပေါ်နေတဲ့ ဝေဒနာပဲ ဆိုရင် ဒကာ, ဒကာမတွေ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် သူက ဘာနှိပ်စက်သတုံးလို့ မေးတော့ သူက သူနဲ့ အတူတကွဖြစ်တဲ့ သညာတို့ သင်္ခါရတဲ့ စိတ်တို့ကို မောင်နိုင် အတူတကွ ဖြစ်တာတွေကို အကုန်နှိပ်စက်တယ် (မှန်ပါ့ ဘုရား)။

သူနဲ့အတူတကွဖြစ်တဲ့ နာမက္ခန္ဓာ သူပါ လေးပါးပေါ့လေ (မှန်ပါ့)၊ သူက ဝေဒနာက္ခန္ဓာ ဖြစ်နေတော့ ကျန်တဲ့သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာနဲ့ ဝိညာဏက္ခန္ဓာတို့ကို ကိုပေါ်၊ ဘာလုပ်လိုက်သလဲ (နှိပ်စက်ပါတယ် ဘုရား)၊ နှိပ်စက်လိုက်တယ်။

တစ်ခါ သူသည် ရုပ်ပေါ်မှာ ပေါ်လာတဲ့ ဝေဒနာက ရုပ်ကိုလဲ နီမြန်းလာအောင် ကျဉ်လာအောင် မနှိပ်စက်ဘူးလား နှိပ်စက်ပါ တယ် ဘုရား)၊ ဝေဒနာက္ခန္ဓာက လုပ်လိုက်တယ် (မှန်ပါ့)၊ ခင်ဗျား တို့ ရှိတဲ့ ဝေဒနာက္ခန္ဓာက လုပ်လိုက်- (မှန်ပါ့ ဘုရား)။

ဉာဏ်ကလေးနဲ့ ကြည့် ပေးလိုက်စမ်းပါ

တခြားသော ခန္ဓာက လာပြီးလုပ်တာလား (မဟုတ်ပါ ဘုရား)၊ ရော ဒါဖြင့် ဒုက္ခဿ ပီဠနဋ္ဌော ဆိုတဲ့ ကိစ္စဉာဏ်ဟာ နှိပ်စက်တတ် တဲ့ ကိစ္စရှိတဲ့တရား သူပဲ သူပဲ သူပဲလို့ ဉာဏ်ကလေးနဲ့ ကြည့် ပေးလိုက်စမ်းပါ (မှန်ပါ့)၊

နှိပ်စက်တတ်တဲ့ ကိစ္စနဲ့ သူလုပ်မနေ ဘူးလား (လုပ်ပါတယ် ဘုရား)။

အင်း ဒါဖြင့် ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင်ဖြင့် ဝေဒနာက္ခန္ဓာ ကြီးသည်ကားလို့ ဆိုရင်ဖြင့်တဲ့ မိမိသန္တာန်ပေါ်လို့ မိမိ ဝေဒနာက္ခန္ဓာ လို့ ဆိုချင်လဲ ဆိုတာပေါ့။

သို့သော် ဘာလုပ်မလို့ ပေါ်လာသတုံး မေးတဲ့အခါကျတော့ ကျန်ခန္ဓာတွေ နှိပ်စက်မလို့ ကျုပ်လာတာ (မှန်ပါ့)။

ကျန်တဲ့ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ ရူပက္ခန္ဓာ တွေ ဘာလုပ်မလို့ လာတာတုံး (နှိပ်စက်မလို့ လာတာပါ ဘုရား)။

ဪ ဒါဖြင့် ဒကာ, ဒကာမတို့၊ ခင်ဗျားတို့ သန္တာန်မှာဖြင့် ဒီတရားကလေးဟာ ကျက်သရေ မင်္ဂလာရှိတဲ့ တရားပဲလားတဲ့။ ရထားတဲ့ ဝေဒနာက္ခန္ဓာကဖြင့် ကိုယ်ကျိုး နည်းအောင် လုပ်နေတာ လား (ကိုယ်ကျိုးနည်းအောင် လုပ်နေတာပါ ဘုရား)။

ဘယ်လိုလုပ်နေပါလိမ့်ဗျာ (နှိပ်စက်နေပါတယ် ဘုရား)၊ နှိပ်စက် နေတယ်။ အင်း- သူတစ်ပါးကို ညှာတာမဖက် အမြဲ နှိပ်စက်နေတယ်။ သညာကိုလဲ နှိပ်စက်တယ်။ မောင်နိုင်ရေ . (မှန်ပါ့)၊ စိတ်ကိုကော (နှိပ်စက်ပါတယ် ဘုရား)၊ စေတနာ သင်္ခါရတွေကော (နှိပ်စက်ပါ တယ် ဘုရား)၊ ရုပ်ပေါ်မှာကား (နှိပ်စက်ပါတယ် ဘုရား)။

မယုံရင်ကြည့်ပါ။ အပ်ကလေးနဲ့ ထိုးကြည့်၊ ရုပ်တွေဟာ နီမြန်း ထွက်လာတာပဲ (မှန်ပါ့)၊ ရုပ်လဲ ဝေဒနာက နှိပ်စက်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ကျန်ခဲ့တဲ့ ခန္ဓာလေးပါးစလုံးကို ဘာလုပ်နေသတုံး (နှိပ်စက်နေပါတယ် ဘုရား)။

အဲ့ဒီ နှိပ်စက်နေတာကို ဒကာ, ဒကာမတွေက ဉာဏ်နဲ့ကြည့် လိုက်တော့ ဪ သူ့ကိစ္စ ဒါကိုး (မှန်ပါ့)၊ သဘောပါကြလား (ပါပါပြီ)။

သူ့ကိစ္စဟာ(ဒါပါ ဘုရား)၊ ဘာလုပ်တဲ့ ကိစ္စပါလိမ့် (နှိပ်စက် တဲ့ ကိစ္စပါ ဘုရား)၊ နှိပ်စက်တတ်တဲ့ ကိစ္စ (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ)။

အင်း ကိုယ့်သန္တာန်ပေါ်လာတဲ့ ဝေဒနာက္ခန္ဓာက ကျန်ခန္ဓာ လေးပါးကို ဘာလုပ်မလို့ လဲ၊ ကောင်းကျိုး ပေးမလို့လာတာလား၊ ဆိုးကျိုးပေးမလို့ လာတာလားဆိုတာ အကဲခတ်စမ်း (ဆိုးကျိုးပေး မလို့ပါ ဘုရား)၊ ဘယ်လိုများ ဆိုးကျိုးပေးလိုက်ပါလိမ့် (နှိပ်စက်ပါ တယ် ဘုရား)။

နှိပ်စက်မလို့လာတာ (မှန်ပါ့) ဒကာ, ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ)။

နှိပ်စက်တတ်တဲ့ ကိစ္စဟာ ခန္ဓာ၏ ကိစ္စ

ဪ ဒါဖြင့် နှိပ်စက်တတ်တဲ့ ကိစ္စဟာ သူ့ကိစ္စပဲ၊ ခန္ဓာ၏ ကိစ္စ (မှန်ပါ)။

နှိပ်စက်တတ်တဲ့ ကိစ္စဟာ (ခန္ဓာ၏ ကိစ္စပါ ဘုရား)၊ ခန္ဓာ၏ ကိစ္စပဲဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။

နှိပ်စက်တတ်တဲ့ကိစ္စဟာ (ခန္ဓာ၏ကိစ္စပါ ဘုရား)၊ ဘယ်ခန္ဓာ၏ ကိစ္စတုံးဆိုတော့ ဝေဒနာက္ခန္ဓာ၏ ကိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဘာလုပ်တုံးဆိုတော့ ဝေဒနာကို အဓိကထားပြော နေလို့ (မှန်ပါ့ ဘုရား)၊ ရှင်းကြပလား- (ရှင်းပါပြီ)။

နှိပ်စက်တဲ့ကိစ္စ လုပ်နေတယ်

ဒါဖြင့် ဒကာ, ဒကာမတွေ ဒီအတိုင်းသာ ဉာဏ်ကလေးနဲ့ ကြည့်ကြည့်ကြည့်ကြည့် နေတော့ သူ ဘာလုပ်နေသတုံး၊ သူ ဘာလုပ်နေသတုံး နှိပ်စက်တဲ့ကိစ္စ လုပ်နေတယ်။ နှိပ်စက်တဲ့ကိစ္စ လုပ်နေတယ်ဆိုတာ ပေါ်တိုင်းပေါ်တိုင်း သူလာလို့ရှိရင် နှိပ်စက် မလို့ လာတာချည့် မှတ်လိုက် (မှန်ပါ့)။

သူ လာတိုင်း လာတိုင်း (နှိပ်စက်မလို့ လာတာပါ ဘုရား)။ ခန္ဓာထဲက ဘယ်ခန္ဓာ ထူးထူးခြားခြား ပေါ်လာ ပေါ်လာ ဘာလုပ် မလို့ လာတာတုံး- (နှိပ်စက်မလို့ လာတာပါ ဘုရား)၊

ပိုင်ပိုင် သိအောင်လုပ်ပါ

အဲဒီလို ဉာဏ်ကလေးက မြင်ပြီးသကာလနေတော့ အင်း နှိပ်စက်တတ်တဲ့ ကိစ္စမှတစ်ပါး သူ့မှာ ဘာကိစ္စမှမရှိဘူး (မှန်ပါ့)၊ ဒီလို ပိုင်ပိုင် သိအောင်လုပ်ပါ (မှန်ပါ့)။

နှိပ်စက်တတ်တဲ့ ကိစ္စမှတစ်ပါး (ဘာကိစ္စမှ မရှိပါ ဘုရား)၊ ဘာကိစ္စမှ မရှိဘူး၊ မောင်နိုင် (မှန်ပါ့)။

ကျုပ်တို့ကို နတ်ပြည်ရောက်အောင် ပို့မလို့လဲ မဟုတ်ဘူး၊ ဗြဟ္မာပြည်ရောက်အောင် ဆောင်မလို့လား (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူးတဲ့၊ ယခု အန္တရာယ်ကင်း-ဘေးရှင်းအောင်လို့ ကော(မဟုတ်ပါ ဘုရား)၊ စားသောက် ကောင်းအောင်လို့ကော (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူး။ ဘာလုပ်နေတာတုံး (နှိပ်စက် တာပါ ဘုရား)။

ဉာဏ်က သိတဲ့ကိစ္စ

နှိပ်စက်တတ်တဲ့ ကိစ္စပဲ သူလုပ်နေတယ်လို့ ဒကာ, ဒကာမတွေ ဒီခန္ဓာကလေးကို စူးစူးစိုက်စိုက် နှိပ်စက်တတ်တဲ့ ကိစ္စမှ တစ်ပါးသူ့မှာ ဘာမှမရှိဘူး ဆိုတာကို သေသေချာချာ သိအောင် လုပ်တော့ သူ့ကိစ္စ၊ သူက နှိပ်စက်တတ်တဲ့ကိစ္စ၊ ခင်ဗျားတို့ဉာဏ်က သိတဲ့ကိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သူက ဘာပါလိမ့် (နှိပ်စက်တတ်တဲ့ကိစ္စပါ)၊ ဉာဏ်က (သိတဲ့ ကိစ္စပါ ဘုရား)။

ဉာဏ်က သိတတ်တဲ့ကိစ္စဆိုတော့ ဒကာ, ဒကာမတို့ ဟို သမုဒယသစ္စာက ဒကာ ဒကာမတို့ သန္တာန်၌တဲ့၊ သိတဲ့ကိစ္စနဲ့ သိနေတော့ သမုဒယသစ္စာက ဒကာ ဒကာမတို့ သန္တာန်၌ မလာဘဲနဲ့ သေနေတယ် (မှန်ပါ့)။

သမုဒယသစ္စာက (မလာဘဲနဲ့ သေနေပါတယ် ဘုရား)၊ မလာ ဘဲနဲ့ သေတာလဲ ခင်ဗျားတို့ သန္တာန်မှာ အထင်အရှားပါ (မှန်ပါ)။

မလာဘဲနဲ့ သေနေတယ်

ကိုပေါ်၊ ဘယ့်နှယ်တုံး- (မလာဘဲနဲ့ သေပါတယ် ဘုရား)။ မလာဘဲနဲ့ သေနေတယ်

ဘယ့်နှယ်ကြောင့် မလာဘဲနဲ့ သေနေပါလိမ့်မတုံးမေးတော့ နှိပ်စက်တတ်တဲ့ကိစ္စကို တပည့်တော်တို့ နှိပ်စက်မှန်းကိုသိတဲ့ ဉာဏ်ဆို တဲ့ မဂ်ဉာဏ်က သူ့ကိုပဲ ပွားများနေတဲ့ ကိစ္စက ရှိနေလို့ ကိလေ သာက ကြားလိုလို့ကို မရဘဲနဲ့ ချုပ်မြဲတိုင်း ချုပ်နေတယ် (မှန်ပါ့)။

ချုပ်တဲ့အခါကျလို့ ရှိရင် လာချုပ်လား၊ မလာချုပ်လားဆိုတာ စဉ်းစားပါ (မလာချုပ်ပါ ဘုရား)။

အနုပ္ပါဒနိရောဓ

ဪ ဒါဖြင့် အနုပ္ပါဒနိရောဓ၊ အနုပ္ပါဒက မဖြစ်ဘူး၊ နိရောဓ ကချုပ်တယ် (မှန်ပါ့)၊ မလာဘဲနဲ့ ချုပ်အောင်လုပ်နိုင်တာ မဂ္ဂသစ္စာ

ထိုမဂ္ဂသစ္စာ၏ ဒုက္ခသစ္စာကို ဒကာ, ဒကာမတွေ သိတဲ့ အတိုင်း အင်း – နှိပ်စက်နေတဲ့ကိစ္စ၊ နှိပ်စက်နေတဲ့ကိစ္စလို့ သိလုံးတည်း ဟူသော မဂ္ဂသစ္စာက ပယ်ပြီး ထားပါတယ်-(မှန်ပါ့)။

သဘောကျပလား (ကျပါတယ်)၊ ဒကာကြီး လှိုင် သေသေ ချာချာ နားထောင်နော် (မှန်ပါ့)။

သိလုံးကိစ္စက ပယ်လုံးကိစ္စကော သူ လုပ်မနေဘူးလား (လုပ်နေပါတယ်)၊ ဪ သမုဒယသစ္စာ ဒီအထဲ ကြားထိုးနိုင်သေး သလား (မထိုးနိုင်ပါ ဘုရား)။

ဒကာ, ဒကာမတွေ သမုဒယသစ္စာ ကြားထိုးလို့ ရသေးရဲ့ လား (မရပါ ဘုရား)၊ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် သမုဒယသစ္စာ ကြားထိုးလို့ မရတာသည်ကားလို့ဆိုလို့ ရှိရင် ဪ တို့ကိစ္စဉာဏ်သည် ဒကာ, ဒကာမတို့ ဘာလုပ်နေ သတုံးလို့ မေးတော့ အင်း ဒါ နိရောဓ ဖြစ်နေတာပဲ (မှန်ပါ့)၊ တဏှာနိရောဓ ဖြစ်မနေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒကာ, ဒကာမတို့ ဘာနိရောဓဖြစ်နေသတုံး (တဏှာ နိရောဓ ဖြစ်ပါတယ် ဘုရား)။

တဏှာနိရောဓ ဖြစ်နေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဖန် ဖန်ကြည့်နေတာက ဘာဝေတဗ္ဗကိစ္စ

ဒါဖြင့် ခင်ဗျားတို့က နှိပ်စက်တတ်တဲ့ ကိစ္စကလေးကို အဖန် ဖန်ကြည့်နေတာက ဘာဝေတဗ္ဗကိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

အဖန်ဖန်ကြည့်တာက (ဘာဝေတဗ္ဗကိစ္စပါ ဘုရား)။ ဘာဝေတဗ္ဗကိစ္စ အဖန်ဖန် ကြည့်ရမှာကိုးဗျ (မှန်ပါ့)၊ ဒါက မဂ်တစ်ကြိမ် ပေါ်တာမဟုတ်သေးဘူး။

ဒါက ဝိပဿနာမဂ်ပဲ ဖြစ်နေ တယ် (မှန်ပါ့)။

ဘာဝေတဗ္ဗကိစ္စနဲ့ အဖန်ဖန်နှိပ်စက်နေပါကလား ဆိုတဲ့ ဥစ္စာ နှိပ်စက်တိုင်း နှိပ်စက်တိုင်း မောင်နိုင်က အဖန်ဖန် နှိပ်စက်နေပါ ကလားလို့ သိအောင်လုပ်ပါး.(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဝေဒနာကလေးဟာ အဖန်ဖန် မနှိပ်စက်ဘူးလား- (နှိပ်စက်ပါ တယ် ဘုရား)၊ တစ်ကြိမ်တည်း နှိပ်စက်သလား အကြိမ်များစွာ ပဲလား (အကြိမ်များစွာပါ ဘုရား)။

အကြိမ်များစွာ နှိပ်စက်သလောက် ကျုပ်တို့က အကြိမ်များစွာ သိပေးလိုက်စမ်းပါ (မှန်ပါ့)။

ဒါဖြင့် အကြိမ်များစွာ နှိပ်စက်တာကလဲတဲ့ ဒုက္ခသစ္စာ (မှန်ပါ့)၊ အကြိမ်များစွာ သိတာကလဲ သူ့ ဘာဝေတဗ္ဗကိစ္စ၊ သူ့မှာ နဂိုက ရှိလို့ အကြိမ်များစွာ သိတဲ့ကိစ္စဟာ ဘာဝေတဗ္ဗကိစ္စပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

အကြိမ်များစွာ သိတဲ့ကိစ္စဟာ (ဘာဝေတဗ္ဗ ကိစ္စပါ)။ ဒါဖြင့် မဂ္ဂသစ္စာ ဘာဝေတဗ္ဗကိစ္စ ရှိရမယ် ဆိုတဲ့ဥစ္စာ ဒကာ, ဒကာမတို့၊

ဪ အကြိမ်များစွာ နှိပ်စက်တာက ဒုက္ခသစ္စာ အကြိမ်များစွာ နှိပ်စက်နေတယ်လို့ သိတဲ့ဥစ္စာ မဂ္ဂသစ္စာ၏ ဘာဝေတဗ္ဗကိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အကြိမ်များစွာ နှိပ်စက်နေတာက မညှာမတာ နှိပ်စက်နေတာ က သူ့ကိစ္စ (မှန်ပါ့)။

ဒါဖြင့် ဒုက္ခသစ္စာကိစ္စကို မဂ္ဂသစ္စာက ပွားများပြီးသကာလ အကြိမ်များစွာ သိခြင်းကြောင့် ဒကာ, ဒကာမတို့ ကိလေသာကလဲ အကြိမ်များစွာ ချုပ်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါ

ကိလေသာသည် (အကြိမ်များစွာ ချုပ်ရပါတယ်)၊ အကြိမ်များစွာ ချုပ်ရတယ်ဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် အကြိမ်များစွာ ချုပ်ရပါလိမ့်မတုံးဆိုတော့ နှိပ်စက်တာ များတာကို မြင်တာများလို့ (မှန်ပါ့ ဘုရား)၊ မြင်တာ များလို့ ဟိုက ကိလေသာချုပ်ရတာ များတယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)။

နှိပ်စက်တာများတာကို- (မြင်တာ များပါတယ် ဘုရား၊) မြင်တာ များလို့ ဟိုက (ကိလေသာ ချုပ်တာ များပါတယ် ဘုရား)၊ ကိလေသာ ချုပ်တာ များပါတယ်ဆိုတာ သဘောကျပလား- (ကျပါပြီ)။

အချုပ်များတော့ကို အချုပ်များတိုင်း များတိုင်း နိရောဓကော မများဘူးလား(များပါတယ် ဘုရား)။

လေးချက် တစ်ပြိုင်နက် ဖြစ်တဲ့သဘော

ဪ ဒီလိုလေးချက် တစ်ပြိုင်နက် ဖြစ်တဲ့သဘောသည် ကိစ္စဉာဏ်ပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒီလိုလေးချက် တစ်ပြိုင်နက် ခင်ဗျားတို့ ခန္ဓာထဲမှာ ဖြစ်နေတဲ့ သဘောသည် ဒကာ, ဒကာမတို့ ဖြူတုန်းကို ဆေးဆိုးလိုက်တဲ့ အတွက် ဘာဝေတဗ္ဗကိစ္စကလဲ နည်းသလား (မနည်းပါ ဘုရား)၊ သမုဒယသစ္စာ ပယ်တဲ့ဥစ္စာလဲ သူပွားသလောက် ပယ်နေတာပဲ (မှန်ပါ့)၊ နိရောဓကလဲ ချုပ်သလောက် နိရောဓ ဖြစ်နေတာပဲ (မှန်ပါ့)။

သမုဒယ ချုပ်သလောက် (နိရောဓဖြစ်ပါတယ် ဘုရား)။ နိရောဓ အကြိမ်များနေတယ် ဆိုတာကော သေချာပလား (သေချာ ပါပြီ)။

အဲဒီတော့ ဘယ်မှာ ဒကာ, ဒကာမတို့၊ နှောင့်ယှက်တဲ့ သဘော ပါသေးသလား (မပါပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နှိပ်စက်တဲ့ကိစ္စကလဲ မောင်နိုင်၊ ဘယ်လောက် နှိပ်စက်သတုံး ဟေ့ (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်အောင် နှိပ်စက်တာကို ဒီက ဘုန်းကြီးပေးတဲ့ အတိုင်း ဒကာ, ဒကာမတွေ၊ မရေတွက်နိုင်အောင် သူ့ကိစ္စကို ကြည့်ပေး (မှန်ပါ့)၊ ကြည့်ပေးလိုက်တော့ သူက ကြည့်တဲ့ဥစ္စာက ဘာကိစ္စ ဖြစ်သွားသတုံး (ပွားများတဲ့ ကိစ္စပါ ဘုရား)။

ဘာဝေတဗ္ဗကိစ္စ ဖြစ်သွားတယ်၊ ပွားများတဲ့ကိစ္စ သွားဖြစ်တယ် ဒကာ, ဒကာမတို့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပွားများတဲ့ကိစ္စများသောကြောင့် နောက်က ကိလေသာချုပ်တဲ့ ကိစ္စကော နည်းသလား များသလား (များပါတယ် ဘုရား)၊ ဒီက မဂ်များသလောက် ဟိုမှာ သူမလာရဘဲကိုး (မှန်ပါ့)၊ မဂ်များ ၊ သလောက် ကိလေသာ မလာတာကလဲ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ကိလေသာ မလာတာကလဲ လာချုပ်လား မလာချုပ် လားလို့ မေးတဲ့အခါ ဘယ့်နှယ် ဖြေကြမလဲ (မလာချုပ်ပါ ဘုရား)။ မလာချုပ် ဆိုလို့ရှိရင် ဒကာ,ဒကာမတို့၊ ကိလေသာ နည်းနည်းမှ မပါဘဲနဲ့ ချုပ်တာ ဖြစ်လေသောကြောင့် အဲဒါ နိရောဓ (မှန်ပါ့)။

ကိလေသာနဲ့ စပ်ချုပ်တာလား၊ ကိလေသာ မလာဘဲနဲ့ ချုပ်တာ လား (မလာဘဲနဲ့ ချုပ်တာပါ ဘုရား)။

ဒါဖြင့် အဲဒီမလာဘဲနဲ့ ချုပ်တာက နိရောဓ၊ မလာတာက ဒကာ, ဒကာမတို့ ကိလေသာ အကြိမ်များများ မလာတာက ပဟာတဗ္ဗကိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။ ပြင်

မလာဘဲနဲ့ အကြိမ်များများ ချုပ်နေတာက နိရောဓ၏ ကိစ္စ (မှန်ပါ့)၊ နိဿရဏဋ္ဌကိစ္စ- (မှန်ပါ့)၊

ထွက်မြောက်ကြောင်း ဖြစ်၍ ကျေးဇူးပြုတော့မယ်

နိဿရဏဋ္ဌော= ထွက်မြောက်ကြောင်း ဖြစ်၍ ကျေးဇူးပြုတော့မယ်- (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ)၊ ထွက်မြောက်ကြောင်းဖြစ်၍ ကျေးဇူးပြုတော့မယ် ဆိုတာ ပေါ်ပလား(ပေါ်ပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ ဒီအချိန်မှာ အခု အောက်ပိုင်းမှာထိုင်ပြီး ကြားနေတဲ့အချိန်မှာ ဝေဒနာကလေးက ခန္ဓာထဲပေါ်တဲ့ ဝေဒနာ (မှန်ပါ့)၊ ဝေဒနာက္ခန္ဓာပဲ မဟုတ်ဘူးလား- (မှန်ပါ့)၊ သူများပေးတဲ့ ခန္ဓာလား၊ ကိုယ်ရထားတဲ့ ခန္ဓာလား (ကိုယ်ရထားတဲ့ ခန္ဓာပါ ဘုရား)။

ကိုယ်ရထားတဲ့ ခန္ဓာက ကျန်ခန္ဓာလေးပါးကို နှိပ်စက် မနှိပ်စက် (နှိပ်စက်ပါတယ် ဘုရား)၊ သဘော ပါပလား (ပါပါပြီ ဘုရား)။

ကျန်ခန္ဓာလေးပါးကို (နှိပ်စက်ပါတယ် ဘုရား)၊ နှိပ်စက်နေတယ် ဆိုတော့ ဪ သူ နှိပ်စက်တတ် သောကြောင့် ဒုက္ခသစ္စာ(မှန်ပါ့) သူနှိပ်စက်နေတာကို ကျုပ်တို့က အဖန်ဖန် ကြည့်တာက မဂ္ဂသစ္စာ၏ ဘာဝေတဗ္ဗကိစ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

သူနှိပ်စက်နေခြင်းကြောင့် ကိလေသာကလဲ မလာဘဲနဲ့ ချုပ်နေ တာက ဪ သမုဒယသစ္စာကို ပယ်ရမည့်ကိစ္စကို ကျုပ်တို့က ပယ်ပြီးသား ဖြစ်နေတယ် (မှန်ပါ့)။

သူမလာတဲ့အချိန်ကျလို့ ရှိရင် ကိလေသာတွေသည်ကားလို့ ဆိုရင် ချုပ်နေတယ်ဟေ့ မှတစ်ပါး ဒီပြင် ဘာပြောစရာ ရှိသေးသတဲ့ (မရှိပါ ဘုရား)။

ဘာမှပြောစရာမရှိတော့ တဏှာနိရောဓ နိဗ္ဗာန်ကလဲ ပေါ်နေ တယ် (မှန်ပါ့)။

အဲဒီလို တစ်ပြိုင်နက် တစ်ခါတည်း လေးကိစ္စပေါ်လာအောင် လုပ်တဲ့အလုပ်ဟာ ကိစ္စဉာဏ်၏ အလုပ် (မှန်ပါ့)။

အလုပ်အလိုက်ဖြစ်ပါလိမ့်မယ်

ဒါကို ၃-၄ ခေါက်လောက် အိမ်မှာတွေးပြီး လုပ်လို့ ရှိရင် ခင်ဗျားတို့ သောတာပန် သကဒါဂါမ် အနာဂါမ် ဒီဘဝ ပါရမီအလိုက် မဟုတ်ဘူး။ အလုပ်အလိုက်ဖြစ်ပါလိမ့်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။

မှတ်ချက်။ ။ တရားမထိုင်မီ ခန္ဓာ၏နှိပ်စက်ပုံကို တွေးလိုက် ဆင်ခြင်လိုက်ပြီး ဖြစ်ပျက် မြင်ပြီးသော ပုဂ္ဂိုလ်သည် ဖြစ်ပျက်ရှုနေရင်း ဖြစ်ပျက်အပေါ်မှာ ဤခံစားချက် စိတ်ထား ပြန်ဖြစ်လာမှသာလျှင် မုန်းဉာဏ် ကိစ္စဉာဏ် အစစ်ဖြစ်လာပါလိမ့်မည်။