သီလ-သမာဓိ-ပညာ
အသံဖိုင်ရက်စွဲနှင့်ခေါင်းစဉ် = (၆-၃-၅၆)ခုနှစ်ဟော (သမာဓိအားကောင်းရန် လိုကြောင်း ပက္ကုသာတိမင်းကြီး ဥပမာပြတရားတော် )တရား (၄၁) မိနစ်မှ (အဆုံးထိ) ကိုထုတ်နှုတ်ထားခြင်းဖြစ်သည်။
စာအုပ်ထဲမှ ရက်စွဲ = (၁၂-၁၀-၅၆)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၌ ဟောကြားတော်မူသော တရားတော်
သီလ-သမာဓိ-ပညာ
ပညာကြောင့် အာသဝေါကုန်တယ်
“သီလပရိဘာဝိတော၊ သမာဓိမဟပ္ဖလော ဟောတိ”
သီလပရိဘာဝိတော – သီလကို ဆောက်တည်ပွား များနေတဲ့ ပုဂ္ဂိုလ်သည်၊ သမာဓိ မဟပ္ဖလော – သမာဓိမှာ များစွာ ကျေးဇူးရှိတယ်၊
“သမာဓိပရိဘာဝိတော၊ ပညာမဟပ္ဖလော ဟောတိ၊ မဟာနိသံတော”
သမာဓိပရိဘာဝိတော – သမာဓိ တည်ကြည်သော ပုဂ္ဂိုလ်သည်၊ သမာဓိ တည်ကြည် လာပြန်တော့လဲ၊ ပညာမှာ အားရှိလာပြန်တယ်။
“ပညာပရိဘာဝိတံ စိတ္တံ၊ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ”
ပညာပရိဘာဝိတံ – ပညာအားရှိလာတဲ့ ပုဂ္ဂိုလ်ကျပြန် တော့၊ ပညာက ခုနင်က ပြောသလို၊ အဆင့်အတိုင်း တက်လာ တဲ့ ပုဂ္ဂိုလ်ကျတော့ အာသဝေါတရားဟာ၊ ပညာကြောင့် ကုန် ရတယ် (မှန်လှပါ ဘုရား)။
ကုန်တာတော့ ပညာကြောင့် ကုန်တာပဲ၊ သို့သော် ပညာကို သမာဓိက အားပေးတယ်၊ သမာဓိကို သီလက အားပေးတယ် (မှန်ပါ့)၊ ဒါဖြင့် သီလ သမာဓိ ပညာစုံမှ အာသဝေါ ကုန်တယ် (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
သီလ သမာဓိ ပညာစုံမှ ဘာတဲ့ (အာသဝေါ ကုန်ပါတယ်)၊ အာသဝေါ တရားတို့၏ ကုန်ရာဟာ နိဗ္ဗာန်ပဲ (မှန်ပါ့)။
ဒေါ်အုန်းခင် ရိပ်မိပလား (မှန်ပါ့)၊ ဘာပါ ဘာပါ စုံရမတဲ့(သီလသမာဓိ ပညာ စုံရပါမယ် ဘုရား)။
ခေါင်ချုပ် ကတော့ ပညာလိုရင်းပဲ မှ အဲဒီကဲ့သို့ သံယုတ် ပါဠိတော်မှာ လာတယ်။
“သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ။ သမာဓိပရိဘာဝိတော ပညာ မဟပ္ဖလော ဟောတိ။ ပညာပရိဘာဝိတံ စိတ္တံ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ။”
သို့သော် ခေါင်ချုပ်ကတော့ ပညာလိုရင်းပဲ(မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
သီလက ဘယ်သူ့အားပေးသတုံး (သမာဓိအား ပေးပါတယ်)၊ သမာဓိက ဘယ်သူ့ အားပေးသတုံး (ပညာပါ ဘုရား)၊ ပညာကမှ ဒေါ်အုန်းခင်တို့ မရီတို့ အာသဝေါ တရား ကုန်စေ နိုင်တယ် (မှန်ပါ့)။
ဘယ်သူကမှ ကုန်စေနိုင်သတုံး (ပညာကပါ ဘုရား)။ သို့သော် သူ့အခြံအရံ ကတော့ဖြင့် သီလလည်းပါမှ သမာဓိကော (ပါမှပါ ဘုရား)၊ အဲ သူတို့ပါမှ သာလျှင် ပညာက ကုန်စေနိုင်တယ်။ အကူအညီ မပါပဲနဲ့တော့ မပြီးဘူး (မှန်ပါ)။
ဒါ့ကြောင့် သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ လို့ ဝိသုဒ္ဓိ စင်လာတယ် (မှန်ပါ့)။
သီလလုံခြုံမှ သမာဓိ တက်လို့ရတယ်၊ သမာဓိတက် လို့ရမှ ပညာဘက်ကို (တက်လို့ ရပါတယ်)။ တက်လို့ရတယ်၊ ကူးလို့ရတယ်၊ ခတ်လို့ရတယ်၊ ကဲ မတူတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ငါးပါးသီလဟာ အမြဲသီလ
ဒါဖြင့် သီလလည်း မပျက်စေကြပါနဲ့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ငါးပါးသီလ ကလေးဟာလေ (မှန်ပါ)၊ ဘုရားရှေ့ မှာမခံလည်း ခင်ဗျားတို့ ဝမ်းထဲမှာ ရှိတယ် (မှန်ပါ့)၊ ဘုရားရှေ့ သွားပြီး ဆောက်တည် ရင်ကော (ရှိပါတယ် ဘုရား)၊ မဆောက်တည် လည်း ရှိ ဆောက်တည် လည်း ရှိသောကြောင့် ငါးပါးသီလဟာ လူ့သီလမှာဖြင့် ဒကာ ဒကာမတို့ အမြဲ သီလလို့ မှတ်လိုက် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ငါးပါးသီလဟာ ဘာသီလ ပါလိမ့် (အမြဲသီလပါ ဘုရား) ဆောက်တည် လည်း ရှိတာပဲ (မှန်ပါ့) မဆောက် တည်ဘဲ နေရင်ကော (ရှိပါတယ် ဘုရား) အဲဒါ နိစ္စသီလလို့ ခေါ် သည် (မှန်ပါ့)။
အဲဒီ သီလ မပျက်ပဲနဲ့ နေလို့ရှိရင် ခင်ဗျားတို့ အားထုတ်တဲ့ သမာဓိ ဝိပဿနာ အလုပ်ဟာ သေသေချာချာ ပြီးနိုင်တယ် (မှန်ပါ့) သူမပါလို့ရှိရင်ဖြင့် ဘယ့်နှယ် ဖြစ်မလဲလို့ မေးလို့ရှိရင် ဘုန်းကြီး ပြောပြမယ် အောက်က မြေက မညီဘူး၊ ဒီအပေါ်မှာ ဓါးသွေး ကျောက်တင်တယ်။ ဓါးက သွေးလိုက် တယ် ဆိုတော့ မြေမညီတဲ့ အပေါ် ဓါးသွေးကျောက် တင်သွေးရင် ဒီဓါးဟာ တုံးရမှာလား ထက်ရ မှာလား (တုံးရ မှာပါ ဘုရား) ဘာဖြစ်လို့တုံး (မြေမညီလို့ပါ)။ မြေမညီလို့ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် သီလဟာ မြေနဲ့တူတယ်၊ သမာဓိဟာ ကျောက်နဲ့တူတယ်၊ ဓါးဟာ ပညာနဲ့တူတယ်၊ ကိုင်သွေးတဲ့ လက်က ဝီရိယနဲ့ တူတယ် (မှန်ပါ့)။ အဲဒီတော့ အောက်က မြေမညီပြီ ဆိုမှဖြင့် ကျောက်မငြိမ်ဘူး၊ ကျောက်မငြိမ်ရင် ဓါးမထက်ဘူး (မှန်ပါ) ဓါးမထက်ရင် ဘယ်ဟာ ခုတ်လို့မှ (မရပါဘူး) မပြတ်တော့ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီအတိုင်းပါဘဲ ဒကာ ဒကာမတို့ သီလကိုလည်း လုံခြုံအောင်လုပ်ပါ။ သမာဓိ ပညာကိုတော့ တွဲလွှတ်ပါ။ ရတာပဲ (မှန်ပါ) သီလဟာဖြင့် ၁ နံပါတ် အရေးကြီးတော့တယ် ဆိုတာ သဘောကျပလား (ကျပါပြီ)။
အေး ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ အရေးဟာ အမြဲတန်း သီလ ရှိပြီး သကာလ နေတော့ ခင်ဗျားတို့ တစ်ခါတစ်ခါ ကျတော့ ကျုပ်ဖြင့် ဒီနေ့ မုသားကလေး ပြောခဲ့မိပြီ။ အပြစ်ရှိပြီ ဆိုတော့ နဂိုက သီလ ရှိနေလို့ သီလ ကျိုးတာ (မှန်ပါ) သီလ ကျိုးတာ၊ သီလ ပေါက်တာ၊ သီလ ပျောက်တာ၊ သဘော ကျကြပလား (ကျပါပြီ)။
သီလနဲ့ သမာဓိအကူအညီလိုတယ်
အေး ဒါကြောင့်သီလကို ခင်ဗျားတို့ ရှေးဦးစွာ လုံခြုံအောင် လုပ်၊ ပြီးတော့မှ ဘုန်းကြီးပြောတဲ့ စေတနာ တွေကို သမာဓိနဲ့ ပညာနဲ့တွဲလုပ် (မှန်ပါ့) အဲဒီ တွဲလုပ်လိုက်လို့ ရှိရင် ခင်ဗျားတို့ အာသဝေါ တရား ကုန်ရာန ိဗ္ဗာန်ကိုဖြင့် မရောက် မရှိပါဘူး။ သေသေချာချာ ဘုရား တာဝန်ခံတယ် (မှန်ပါ့)။
သီလပရိဘာဝိတော – သီလကို ပွားများစောင့် ရှောက်သော ပုဂ္ဂိုလ်သည် သမာဓိ မဟပ္ဖလော ဟောတိ – သမာဓိအပေါ် များစွာ ကျေးဇူး ပြုတာပဲဟေ့ -တဲ့ (မှန်ပါ) သမာဓိ ပရိဘာဝိတော ပညာ မဟပ္ဖလော ဟောတိ။ သမာဓိ ပရိဘာဝိတော – သမာဓိကို ပွားများတည်ထောင်တဲ့ ပုဂ္ဂိုလ် သည် ပညာ မဟပ္ဖလော – ပညာမှာ များစွာ အကူအညီ ရသကွာတဲ့ (မှန်ပါ့) ပညာ ပရိဘာဝိတံ စိတ္တံ- ပညာကို ပွားများ တဲ့စိတ် သည်၊ အာသဝေဟိ- အာသဝေါတရားတို့မှ၊ စိတ္တံ- စိတ်သည် ဝိမုစ္စတိ- လွတ်၏ (မှန်ပါ့)။
ပညာက လွတ်စေ တာကတော့ အမှန်ပဲ၊ သို့သော် ဟိုအကူအညီ လိုတယ် (မှန်ပါ့) သီလနဲ့ သမာဓိ အကူအညီ လိုတယ် (မှန်ပါ) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် အိုဘေး နာဘေး သေဘေး တို့၏ ချုပ်ရာ ကင်းရာ ငြိမ်းရာကို သွားချင်ကြလို့ ရှိရင်ဖြင့် သီလ သမာဓိ ပညာကိုဖြင့် ဒကာ ဒကာမတို့ ညီမျှအောင်လုပ်ကြ စမ်းပါ (မှန်ပါ) မတိုက်တွန်း သင့်ဘူးလား (တိုက်တွန်း သင့်ပါတယ်)။
သီလ၊ သမာဓိ၊ ပညာ၊ စုံအောင်ပြောတဲ့နေ့
ဒါဖြင့် သီလ သမာဓိ ပညာကို ယနေ့တော့ဖြင့် အစုံ ပြောတဲ့ နေ့လို့သာ မှတ်ပေတော့ (မှန်ပါ့)။ သမာဓိချည့် တစ်လုံးတည်းဟောလို့ သူချည့်လည်း နိဗ္ဗာန် ရောက်မှာမှ မဟုတ်ဘဲကိုးဗျ (မှန်ပါ) အဲဒီတော့ မတွဲ မဖြစ်တော့ဘူး (မှန်ပါ့) သူ့ချည့် ဆိုလို့ရှိရင်လည်း မဖြစ်နိုင်ဘူး။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဟောတဲ့ တရားမှာ ဘယ်နှစ်လုံးပါလိမ့် (သုံးလုံးပါ ဘုရား)။ သီလ သမာဓိ ပညာ စုံမှသာလျှင် ခုနင်က ပြောသလို မြေနဲ့သီလနဲ့ တူတယ်၊ ကျောက်နဲ့ ဘာနဲ့ တူသတုံး (သမာဓိနဲ့ တူပါတယ်) ဓါးနဲ့ ဘယ်သူနဲ့ သူသတုံး (ပညာနဲ့တူပါတယ်)။
ဓါး ကိုင်သွေးတဲ့ ဝီရိယ လက်ငြိမ်ငြိမ်နဲ့ သွေးလိုက်လို့ ရှိရင် မြေငြိမ်ပေါ်မှာ သွေးလိုက် ရလို့ ရှိရင်ဖြင့် ဒီဓါးထက်မယ် (မှန်ပါ့) ဒီဓါးထက်လို့ ရှိရင်ဖြင့် ၁၅၀၀ ကိလေသာ တည်းဟူသော သံယောဇဉ် ကြိုးတွေဟာ တစ်ပင်မှ မကျန်အောင် ပြတ်ထွက် သွားမယ်။ ထက်လာ တာကိုးဗျ (မှန်ပါ) ထက်မလာ လို့ရှိရင် ပြတ်နိုင်ပါ့မလား (မပြတ်နိုင် ပါဘူး)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက – ဆိန္ဒသောတံ ပရက္ကမ ။ သောတံ- တဏှာ တည်း ဟူသော ရေအလျဉ်ကို ၁၅၀၀ တည်း ဟူသော ကြိုးအမျှင်တွေကို၊ ပရက္ကမ – လုံ့လပြု၍၊ ဆိန္ဒ – ဖြတ်လိုက်ပါလော့ (မှန်ပါ့) ကာမေပနုဒဗြာဟ္မဏ – ကာမအာရုံ တွေကို မင်းတို့ဖြတ်လိုက် လို့ ရှိရင်လည်း တစ်ခါတည်း ဒီဥစ္စာဟာ ပြတ်သွား တာပါပဲကွာ တဲ့ (မှန်ပါ)။
ဘယ်လို ဖြတ်ရမှာတုံး ဆိုတော့ “သင်္ခါရာနံ ခယံ ဉတွာ” တဲ့၊ ခင်ဗျားတို့ စေတနာ ကလေးဟာ သင်္ခါရတရား ကလေး။ အဲဒါ ကလေး ကုန်တာ မြင်မှ ပြတ်မယ် (မှန်ပါ့)၊ ကုန်တာ မမြင်ရင် (မပြတ် ပါဘူး) ဒါဖြင့် ပညာက သိပ်အရေး ကြီးနေတာပေါ့ (မှန်ပါ့) ပညာက သိပ်အရေးကြီး နေတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။
သင်္ခါရာနံ ခယံ ဉတွာ- သင်္ခါရတရား ဆိုတော့ ခင်ဗျားတို့ သန္တာန်ပေါ်တဲ့ ဝေဒနာ ဟူသ၍ဟာ သင်္ခါရချည်း မှတ်လိုက် (မှန်ပါ့) အဲဒါကလေးတွေ ကုန်တာဖြင့် မြင်အောင် ကြည့်ကြစမ်းပါ (မှန်ပါ့) ဖြစ်ပြီး ပျက်သွားလို့ မကုန်ဘူးလား ဗျာ (ကုန်ပါတယ်)။ ဖြစ်ပြီး ပျက်တယ် ဆို ကုန်တာဘဲ။ ရုပ်ပျက် တယ် ဆိုတော့ ဒကာသိုက် ကုန်တာပဲ (ကုန်တာပါပဲ)။ ရှာလို့ တွေ့သေးလား (မတွေ့ပါဘူး)။
အဲဒီတော့ အဲဒါကလေး ကုန်တာကို သိလို့ ရှိရင်ဖြင့် အကရညူ ဆိုတဲ့ နိဗ္ဗာန်သို့ ဗြာဟ္မဏ မကောင်းမှုမှ အပပြုတဲ့ ရဟန္တာ အဖြစ်သို့ ရောက်သည်။ ဟောတိ- ဖြစ်၏တဲ့။ နိဗ္ဗာန်သို့ ရောက်တဲ့ ရဟန္တာ ဖြစ်တယ်ကွာတဲ့ (မှန်ပါ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝယ- သဘောလေး ကုန်တဲ့ သဘော ကလေးကို ကြည့် ရတဲ့ အရေးဟာဖြင့် သူကတော့ ကုန်တော့ ကုန်နေတာပဲ။ ခန္ဓာကိုယ်ထဲမှာ ဖျပ်ဆို ကုန်တာပဲ။ မနေ့ကလိုပဲ ဘုန်းကြီးက ပြောလိုက်ပါတယ်။
ထွေးခံကို ခေါက်တယ် ဆိုတော့ ခင်ဗျားတို့ ကြားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) ပြန်ကြည့် လိုက်တော့ ကုန်နေတယ် (မှန်ပါ)။
ဉာဏ်နဲ့ ပြန်ကြည့်တော့ ဘယ့်နှယ် နေသလဲ (မရှိပါဘူး ဘုရား)။ ကုန်နေပြီ ဟုတ်လား (မှန်ပါ) ကုန်နေပြီလို့ သိတော့ ဘယ်မှာ ကုန်သတုံးလို့ မေးလိုက်တဲ့ အခါ ဘယ့်နှယ် ဖြေပါ့မလဲ (နားမှာ ကုန်ပါတယ်) အေး နားထဲမှာ ကုန်တယ် ဆိုကြပါစို့။ သဘောကျပလား (ကျပါပြီ)။
နားထဲမှာ ကုန်သွားတော့ ဪ ဒါကလေး သည်ကားလို့ ဆိုလို့ရှိရင် သင်္ခါရတရားမို့ ကုန်ခြင်း ဆုံးတာပဲ ကိုး (မှန်ပါ) သင်္ခါရ တရားမို့ ပျက်ခြင်း ဆုံးပဲကိုး။ ကုန်ခြင်း ဆုံးတာပဲကိုးလို့ ခင်ဗျားတို့ မသိပေဘူးလား (သိပါတယ်)။
အဲဒီတော့ နားဆီကို ဉာဏ်ကလေး လိုက်ပို့တာ ဘယ်သူက လိုက်ပို့တာတုံး (သမာဓိက ပို့တာပါ) ကုန်တာ ကလေး သိတာကတော့ ဘယ်သူက သိတာတုံး (ဉာဏ်က သိပါတယ်)။ ဪ ဒါဖြင့် သူတို့နှစ်ခုကွဲမှ သာလျှင် ဒကာ ဒကာမတို့ နားထဲမှာ ပျက်တယ် ဆိုတဲ့ဥစ္စာ နားထဲကို ပညာ ကလေး လိုက်ရှုနိုင်တဲ့ အခြေအနေ ရောက်အောင် ဟဒယ ဝတ္တု ပေါ်မှာ ပေါ်လာတဲ့ ပညာ ကလေးကို နားထဲမှာ စိုက်ပါ အဲဒီမှာ ပျက်တာပါလို့ ဆိုတာ သမာဓိက ညွှန်ပြမှ ခင်ဗျားတို့ ဟဒယ ဝတ္ထုပေါ် ရှိတဲ့ ပညာက အဲဒီနေရာမှာ ပျက်တာ ကလေးကို သူမြင်လာတယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သမာဓိက ညွှန်ပြသမား (မှန်ပါ) ပညာက ကြည့်သမား (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ရေနံရှာတဲ့ဥပမာ
အေး ဒါကြောင့်-အခုအခါမှာ ဥပမာမယ် ရေနံ သတ္တုတွေကို နိုင်ငံခြားက လာပြီးရှာတဲ့ ပုဂ္ဂိုလ်တွေ ဒီက မြို့ခံ တောသူ တောင်သား မပါဘဲနဲ့ သူတို့ သိပါ့မလား ၊ (မသိပါ ဘုရား) တောသူ တောင်သားက တောထဲတော့ ကျုပ် လိုက်ပို့ ရမှာပဲဗျာ။ ဘယ်တော ဘယ်တောင် ခင်ဗျားတို့ သွားချင်တဲ့ တောတော့ ပြောဆိုတော့ သူတောထဲတော့ လိုက်ပို့တယ် (မှန်ပါ) ရေနံရှိ မရှိတော့ သူမသိဘူး။ သူ့မှာ ပညာမှ မပါဘဲ (မှန်ပါ) သဘော ကျပလား (ကျပါပြီ)။
ဒီမှာလည်း တောသူ တောင်သားနဲ့ သမာဓိနဲ့ တူတယ် ဟုတ်လား (မှန်ပါ) ဥရောပ တိုက်သား တွေက လိုက်ပို့ပါ ဆိုတော့ လိုက်ပို့ လိုက်တော့ ဟိုကျတော့ ရေနံကို ဓါတ်ဖာလ် လုံးတွေ ဘာတွေနဲ့ ချိန်ကြည့် လိုက်တဲ့အခါ ရေနံရှိနေရာမှာ ခုံကြွပြီး နေတဲ့ အခါကျတော့ သူတို့ကတော့ ပညာပါလို့ ရေနံဟာ ဘယ်နှစ်ပေမှာ ရှိတယ်လို့ သိတယ် (မှန်ပါ) မသိပေ ဘူးလား (သိပါတယ်)။
အဲဒီတော့ တောသူ တောင်သားနဲ့ ဘာနဲ့တူသတုံး (သမာဓိနဲ့ တူပါတယ်) အဲ ရေနံ အကြောင်း ကောင်းကောင်း နားလည်တဲ့ ဥရောပ တိုက်သားနဲ့ ဘာနဲ့ တူသတုံး (ပညာနဲ့ တူပါတယ်)။
အဲ သမာဓိ မပါဘဲလည်း မပြီးဘူး၊ ပညာ မပါဘဲ လည်း (မပြီပါဘူး ဘုရား) သို့သော် အရေး အကြီးဆုံး ကတော့ ဖြင့် ပညာဘဲ (မှန်ပါ)။ နားလည်ကြပလား (နားလည်ပါပြီ)
ဒေါ်အုန်းခင် ဒီနေ့ပြောတဲ့ တရားကို ကြပ်ကြပ် မှတ်ပါ (မှန်ပါ့) အင်မတန် အရေးကြီးလို့ ပြောနေတယ် (မှန်ပါ့)။
အဲဒီတော့ သမာဓိ မရှိတဲ့ ပုဂ္ဂိုလ်များကျတော့ ခင်ဗျားတို့ သမာဓိက မရှိဘူး စိတ်တွေက တောင်ပြေး မြောက်ပြေး ပြေးပြီး နေတော့ ဒေါ်ခန့်တို့ ဆေးလိပ်သောက် သလိုပေါ့ ဆေးလိပ် မီးဖွားကဖြင့် ကိုယ့်အဝတ်ပေါ်ကျ စိတ်က တောင်ပြေးနဲ့၊ တွေးရင်း သောက်နေ တာကိုးဗျ၊ သမာဓိ ပါသေး ရဲ့ လား (မပါပါဘူး)
ဟိုအဝတ်မှာ လေးငါးပေါက် လောက်ရှိတာ တောင် မသိသေးဘူး (မှန်ပါ့) နောက်မှ သူများ က ပြောမှသိရတယ် (မှန်ပါ) ဘာဖြစ်နေတာတုံး ဆိုတော့ သမာဓိ မရှိဘူး (မှန်ပါ့)။
သမာဓိမရှိဘူး ဝိတက်တွေက တောင်ပြေး မြောက် ပြေးနေတော့ ကျတုန်းက ကျမှန်း သိလိုက် သေးရဲ့ လား (မသိပါဘူး) မသိတာ သည်ကားလို့ ဆိုရင် သမာဓိ မရှိလို့ မသိဘူး (မှန်ပါ့) မသိတော့ ဟိုမှာ ဘာဖြစ်နေတယ် ဆိုတာလည်း ဉာဏ်က သိသေးရဲ့လား (မသိပါဘူး)။
အေး ဒါကြောင့် ခင်ဗျားတို့ သမာဓိမရှိပြီဆိုမှ ဖြင့် ပညာဟာ ဘယ်လမ်းမှ မလိုက်နိုင်တော့ဘူး (မှန်ပါ့)။ ဒါကြောင့် သမာဓိရှိမှ သာလျှင် ပညာက လိုက်နိုင်တယ် ဆိုတဲ့ ဥစ္စာကိုလည်း ခင်ဗျားတို့ သေသေချာချာ မှတ်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
သမာဓိပညာ ညီရမယ်
ဒါ့ကြောင့် သမာဓိပညာသည် ဒကာ ဒကာမတို့ အလွန်မရှိဘဲနဲ့ ညီမျှခြင်း အရေးကြီးတယ် ဆိုတာ မှတ်ပါ (မှန်ပါ့)။
သမာဓိပညာ ဘယ်လို အရေးကြီးသတုံး (ညီမျှဖို့ အရေးကြီးပါတယ်) တစ်ခုမှ မလွန်ပါစေနဲ့ ဆိုတာလည်း ယနေ့ အထူးမှာ နေတယ် (မှန်ပါ)။ ဘာဖြစ်လို့ မှာရသတုံး ဆိုတော့ လိုရာ ခရီးကို ဖြုန်းခနဲ ရောက်အောင်လို့ (မှန်ပါ့) အာသဝေါ ကုန်တဲ့ ဆီကို ဒကာသိုက် ဖြုန်းခနဲ ရောက်အောင် ပြောနေတယ် (မှန်ပါ) နားလည်ပလား (နားလည်ပါပြီ)။
သမာဓိ လွန်ခဲ့သည်ရှိလို့ရှိရင်ဖြင့် ခုနင်က ပြောခဲ့တဲ့ ထိနမိဒ္ဓက လာပြီ (မှန်ပါ) ပညာ လွန်ပြန် တော့လည်း ခုနင်က ကောက်ကျစ်တဲ့ ဘက် သွားပြန်ပြီ (မှန်ပါ)
အဲဒါကြောင့် သူတို့နှစ်ခုသည် ဘယ်သူမှ မသာရမှ သာလျှင် ခင်ဗျားတို့ အာသဝေါကုန်တဲ့ နိဗ္ဗာန် ရောက်မယ် (မှန်ပါ)။ တစ်ခုခု လွန်နေရင်ဖြင့် အပျက်သာ အောက်မေ့ (မှန်ပါ)။
ဒကာသိုက်ရေ သမာဓိလွန်လည်း အပျက်ဘဲ (မှန်ပါ) ပညာလွန်ကော (အပျက်ပါ ဘုရား)။
အေး ဒါကြောင့် သမာဓိလွန်တဲ့ အပျက် ပညာ လွန်တဲ့ အပျက် ဖြစ်သောကြောင့် ခင်ဗျားတို့မှာ တစ်ခါတည်း ထိုင်လိုက်တယ် ဆိုလို့ရှိရင် သမာဓိနဲ့ ပညာကိုချိန်၊ ဘယ်သူမှ မလွန်ရအောင် ချိန်လိုက် (မှန်ပါ) ချိန်ပြီး သကာလမှ ဝေဒနာ ပေါ်တဲ့ဆီကို တစ်ခါတည်း နှစ်ခုပြိုင် လွှတ်လိုက်။ ပြိုင်လွှတ် လိုက်တဲ့ အခါကျတော့ သမာဓိက အပို့သမား ပညာက အကြည့်သမား ဆိုတော့ အိုး သင်္ခါရ ကလေးတွေက ပျက်နေလိုက်တာ တစ်ကိုယ်လုံးပဲ။ ဟိုနေရာ ပေါ်လိုက် ပျက်လိုက်၊ ဒီနေရာပေါ်လိုက် ပျက်လိုက်၊ ဟိုနေရာ ပေါ် လိုက် ပျက်လိုက်၊ ဒီနေရာ ပေါ်လိုက် ပျက်လိုက်၊ ဒါတွေခင်ဗျားတို့ မြင်လာ လိမ့်မယ် (မှန်ပါ့) မမြင်ပေဘူးလား (မြင်ပါ တယ်)။
အေး သမာဓိကလည်း ပေါ်ရာ လိုက်ပို့မယ်၊ ပညာကလည်း ပေါ်ရာ လိုက်ရှုရမယ် (မှန်ပါ့) အဲဒီတော့ ပညာက သူချည့် သက်သက် ပေါ်ရာကို မရှုနိုင်ဘူး၊ သမာဓိ ပို့ရာ လိုက်ရှု ရရှာတယ် (မှန်ပါ့)။
သမာဓိကရှေ့ကအပို့သမား
အဲဒီတော့ သမာဓိက ရှေ့က အပို့သမား ပညာက ဘာတုံး (အရှုသမားပါ ဘုရား)။ အေး အရှုသမား၊ သို့သော် သွားတဲ့ အခါတော့ အတူတူသွား (မှန်ပါ့)။
သွားတဲ့ အခါကျတော့ အတူတူ သွားတယ်၊ ခုနင်က ရေနံမြေ ညွှန်ပြတဲ့ လူနဲ့ ရေနံအကြောင်း ကောင်းကောင်း နားလည်တဲ့ ပုဂ္ဂိုလ်နဲ့ဟာ တွဲမသွားကြဘူးလား၊ (တွဲသွားကြ ပါတယ်)၊ တွဲတော့ သွားတာ ဘဲတဲ့ ဟိုကျတော့ ရေနံ အကြောင်းကို သိတာကတော့ တောသူ တောင်သားက မသိဘူး (မှန်ပါ) ဥရောပ တိုက်သား ရေနံ ပါရဂူတွေက သိတယ် (မှန်ပါ) အဲ သွားတုန်း ကတော့ အတူတူသွား ကြတာဘဲ။ ဒီတောထဲ အတူတူ ဝင်ကြတာဘဲ (မှန်ပါ)။
ဒီမှာလည်း ဝေဒနာ တောထဲ ကိုတော့ဖြင့် သမာဓိနဲ့ ပညာက အတူတူ ဝင်ကြတာဘဲ။ ထိုသို့ပင် ဝင်ငြားသော် လည်း အပျက်ကိုတော့ သမာဓိက သိကို မသိဘူး (မှန်ပါ့)။ ပညာကတော့ (သိပါတယ် ဘုရား)။
အေး ဒါကြောင့် ပညာမှသာလျှင် ခင်ဗျား တို့ လိုရာ ခရီးကို ဒကာသိုက် ရောက်နိုင်တယ် ဆိုတာ ဆုံးဖြတ် ချက်ချပါ (မှန်ပါ) ပညာမပါရင် (မရောက်နိုင် ပါဘူး)။ မရောက်နိုင်ဘူး ဆိုတာ သေသေ ချာချာ မှတ်ပါ။
ဒါဖြင့် ပညာသည် ခင်ဗျားတို့ အတွက်မှာဖြင့် အရေး ကြီးတယ်လို့ ဆိုငြား သော်လည်း အကူ အညီ ပါဦးမှ ဆိုတာ ကလေးလည်း ချွင်းချက်ထား မှတ်လိုက်စမ်းပါဦး (မှန်ပါ့) ချွင်းချက် မထားရင် တော်ပါ့မလား (မတော်ပါဘူး)။
အေး ဒါကြောင့် ခင်ဗျားတို့ကို ပြောပြီး သကာလ နေတာ စိတ်မတည်တဲ့ ပုဂ္ဂိုလ်ဟာ ဒီက ပြောလိုက်ပေမဲ့ ခင်ဗျားတို့ မမှတ်မိဘူး၊ သမာဓိ လိုနေတယ် (မှန်ပါ့) သမာဓိ လိုတော့ ပညာက မှတ်နိုင် သေးရဲ့လား (မမှတ်နိုင်ပါ ဘူး)။ စိတ်တည်တဲ့ ပုဂ္ဂိုလ်ပြောလိုက်ပြီ ဆိုမှဖြင့် အကုန် မှတ်မိ တယ် (မှန်ပါ့)။
အဲဒါ အိမ်ကျတော့ ဘုန်းကြီးဟောတဲ့ တရားတွေ ကျုပ်မမှတ်မိဘူးလို့ ပြောလို့ရှိရင် ခင်ဗျားတို့ ချင်း ဝေဖန် (မှန်ပါ) မဝေဖန် တတ်သေးဘူးလား (ဝေဖန်တတ်ပါတယ်) ဘာလိုနေလို့တုံး (သမာဓိ လိုနေလို့ပါ)။ သမာဓိ လို သောကြောင့် ပညာက မှတ်နိုင်သေးရဲ့ လား (မမှတ်နိုင်ပါဘူး)။
အဲဒါကြောင့် အိမ်ကျတော့ မမှတ်မိဘူး ပြောလို့ရှိရင် ရှက်စရာကြီး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘာဖြစ်လို့ ရှက်စရာ ကောင်းသတုံး (သမာဓိလို နေလို့ပါ) သမာဓိ လိုသွားတယ် ဆိုတာနဲ့ စိတ်က ဘယ်များ သွားနေလို့တုံးလို့ မေးရုံပဲ ရှိတော့တယ် (မှန်ပါ)။ မဟုတ်ဘူးလား (မှန်ပါ) အဲဒီတော့ မမှတ်မိအောင် အိမ်ကျတော့ မြုံနေ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
သွားပြောလိုက်လို့ ရှိရင် ကိုယ်ပါ ဘာဖြစ်ဦးမတုံး ဆိုလို့ ရှိရင် မင်းစိတ် ဘယ်သွား နေလို့တုံးလို့ သူများ မေးတော့မှာ ပဲ (မှန်ပါ) မမေးပေဘူးလား (မေးပါတယ် ဘုရား) မေးနေတယ် ဆိုလို့ရှိရင် အမေးခံ ရတဲ့လူက ရှက်စရာကြီး (မှန်ပါ့)။
ကဲ ဒေါ်ရွှေ, မရှက်ဘူးလား (ရှက်စရာကြီးပါ ဘုရား)။ အေး ရှက်စရာကြီး အဲဒါ ဘာတုံး ဆိုလို့ရှိရင် သမာဓိ မပါလို့ (မှန်ပါ့)။
တရားနာ သွားတယ် ဆိုပြီး သမာဓိ မပါဘူး ပညာ လည်း မပါဘူး ဆိုလို့ရှိရင် တော်ပါ့မလား (မတော်ပါ ဘူး)။
အဲဒါကြောင့် ကျုပ်ဖြင့် မှတ်ကို မမှတ်မိဘူး ဆိုလို့ရင် သမာဓိလိုပြီ (မှန်ပါ့) အဲဒါကြောင့် စူးစူးစိုက်စိုက် သမာဓိ ထားပြီး သကာလ စူးစူးစိုက်စိုက် ပညာနဲ့နာပါ (မှန်ပါ)။
ခန္ဓာ ကိုယ်ကြည့်တဲ့ အခါမှာလည်း ထို့အတူ စူးစူးစိုက်စိုက် သမာဓိ ထား၍ စူးစူးစိုက်စိုက် ပညာနဲ့ ကြည့်ပါ ဆိုတာ ဒကာသိုက် တိုက်တွန်း ရတယ် (မှန်ပါ)။ မတိုက်တွန်းရင် မဖြစ်ဘူး (မှန်ပါ့)။
မဖြစ်ဘူးတဲ့ ဒီအရေးဟာ အင်မတန်ကြီးတဲ့ အရေးမို့ ဒကာ ဒကာမတွေ အထူးပဲ ပြောနေတယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့်
“ဆိန္နသောတံ ပရက္ကမ၊ သင်္ခါရာနံ ခယံဉတွာ၊ အကရညူတိ ဗြာဟ္မဏ”
ဆိုတဲ့ ဥစ္စာသည် သင်္ခါရတို့၏ အဖြစ် အပျက်ကို မြင်တာကဖြင့် ဒကာ ဒကာမတို့ ဝေဒနာတို့၏ အဖြစ် အပျက်ကို မြင်တာ ကဖြင့် ပညာကသာ မြင်နိုင်တယ် (မှန်ပါ့)။ ဝေဒနာ ရှိရာကို ဟောဒီမှာ ဟောဒီမှာလို့ ညွှန်ပြတာကတော့ (သမာဓိပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ မှတ်ထား မျက်စိ မမြင်တဲ့လူ ဒိုးထိုး သလိုသာမှတ် (မှန်ပါ့) မျက်စိ မမြင်တဲ့လူဟာ ဒိုးထိုးတာ ခင်ဗျားတို့ မြင်ဘူးကြရဲ့လား (မမြင်ဖူးပါဘူး ဘုရား)။
မျက်စိမမြင်တဲ့လူ၊ ဒိုးထိုးသလို
မမြင်ဖူးဘူး၊ တယ်လည်း ဂွကျသကိုး မျက်စိ မမြင်တဲ့လူ ဒိုးထိုးပြီ ဆိုမှဖြင့် ဒိုးကို ဒီက ခေါက်ပြ ရတယ် (မှန်ပါ့)။ ဟိုကနေပြီး သူက ဒိုးထိုးတယ် (မှန်ပါ) အဲဒီခေါက်ပြ တဲ့ဆီမှန်းပြီး ထိုးတာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ခေါက်ပြတာနဲ့ သမာဓိနဲ့ တူတယ်ဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။ ဒီနေရာ ဒီနေရာ ဆိုတဲ့ ဥစ္စာက သမာဓိနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။ မှန်အောင် ထိုးနိုင်တာက ပညာနဲ့ တူတယ် (မှန်ပါ)။
အံမာလေး ဒကာစိန် မျက်စိမမြင်တဲ့လူ ဒိုးထိုးတာ တောင် မမြင်ဖူးဘူး ဆိုတော့ အတော် ခက်နေတာ (မှန်ပါ့) မော်လမြိုင် သွားဗျ မျက်စိ မမြင်တဲ့လူတွေ ဘောလုံး ကန်နေတယ် (မှန်ပါ) ရိပ်မိပလား (မှန်လှပါ)၊ မြေကြီး နား နားနဲ့ ကပ်ကပ်ပြီးတော့ သူတို့က လိုက်တာ (မှန်ပါ့)။
ဘောလုံးကျတဲ့ နေရာကို သူတို့က ကန်တယ် ဆိုကတည်းက တစ်ခါတည်း မြေကြီးနားနဲ့ ကပ်ပြီးတော့မှ အဲဒီကျတဲ့ နေရာကို လိုက်တာ (မှန်ပါ)။ ရိပ်မိပလား (ရိပ်မိပါပြီ)။ တယ် လည်း ဗဟုသုတ နည်းကြတာကိုး။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မျက်စိမမြင်တဲ့ လူဒိုးထိုး တော့ကို တစ်ယောက်သော ပုဂ္ဂိုလ်က ဒိုးကို ခေါက်ပြရတယ်။ ခေါက်ပြတဲ့သူနဲ့ ဘာနဲ့ တူသတုံး (သမာဓိနဲ့တူပါတယ်)။ မျက်စိ မမြင်တဲ့လူက ဒီဒိုးကို မှန်အောင် ထိုးနိုင်တာနဲ့ ဘာနဲ့တူ သတုံး (ပညာနဲ့ တူပါတယ်)။
သမာဓိကခေါက်ပြသမား
အေး သမာဓိက ခေါက်ပြသမား၊ ပညာက ဒီနေရာ မှန်အောင် ပစ်သမား (မှန်ပါ) ကဲ ဒေါ်အုန်းခင် ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါလောက်ဆိုရင် ကျေနပ်လောက်ပြီ ထင်တယ် (မှန်ပါ့) သမာဓိနဲ့ ပညာ အကြောင်း ကောင်းကောင်း မသိသေး ဘူးလား (သိပါပြီ ဘုရား)။
ကဲ ဒါဖြင့် သမာဓိက ဒီနေရာမှာ ရှိပါတယ်လို့ ညွှန်ပြ၊ ပညာက ဒီနေရာမှာစိုက် (မှန်ပါ)၊ ထိုကဲ့သို့ စိုက်လိုက်သည် ရှိသော် ရှိတာကို အကုန် မြင်ပါလိမ့်မယ် (မှန်ပါ့)၊ မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဘူတံ ဘူတသော ဒိသွာ ဘူတဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓါယ သမ္မာဒိဋ္ဌိ ဟောတိ” (မှန်ပါ)
ဘူတံ- ထင်ရှားရှိတာ ကလေး – ဒီနေရာမှာ ရှိတာကလေးကို ဘူတသော – ထင်ရှား ရှိသော အားဖြင့်၊ ဒိသွာ – မြင်၍ (မှန်ပါ့) ဒီနေရာ ကလေးမှာ ဝေဒနာ ရှိနေတယ် ဆိုရင် ဒါကလေးကို ဪ ဒီနေရာမှ တစ်ပါး ဘယ်မှ မရှိဘူး ဆိုပြီး ခင်ဗျားတို့က သိရမယ် (မှန်ပါ့)၊ ဘူတဿ နိဗ္ဗိဒါယ-တဲ့ – အဲဒီ ရှိတာကလေးကို ခင်ဗျားတို့ ငြီးငွေ့အောင် မလိုချင်အောင် ရှုနိုင်လို့ ရှိရင် မဂ္ဂင် ဖြစ်ပါပြီတဲ့ (မှန်ပါ)။
မလိုချင်တာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်
ကိုင်း ဒီနေရာ ကလေးမှာပေါ်တဲ့ ဝေဒနာ ကလေးကို ခင်ဗျားတို့က တစ်ခါတည်း ဒီနေရာ ကလေးမှာ ပျက်နေတဲ့ ဓမ္မကလေး ဘဲလို့ ခင်ဗျားတို့က သိရမယ် (မှန်ပါ့)
အဲဒါ ကလေးကို ပျက်နေတာ ကလေးကို ထပ်ပြန် တလဲလဲကြည့် လိုက်တဲ့ အခါ ရွံမုန်း လာပါလိမ့်မယ် (မှန်ပါ့) မလာ ပေဘူး လား (လာပါတယ်) အဲဒီ ရွံမုန်း လာလို့ ရှိရင်ဖြင့် မလိုချင် တာ ဆိုတာ လိုက်လာမယ် (မှန်ပါ)၊ အဲဒီမ လိုချင်တာ လိုက်လာလို့ရှိရင် မလိုချင်တာဟာ သမ္မာဒိဋ္ဌိမ ဂ္ဂင်ဖြစ်ပြီး (မှန်ပါ)။
အဲဒီတော့ သမာဓိလည်း ပါသွားပြီ ဟုတ်လား (မှန်ပါ) ဝီရိယကော (ပါသွားပါပြီ) အကုန် ပါသွားပြီ (မှန်ပါ)။
အဲဒီတော့ သမ္မာဒိဋ္ဌိ မဂ္ဂင်ဖြစ်တဲ့ ဥစ္စာ ဒီနေရာမှာ ရှိတယ်လို့မှ ပြမည့်လူ မရှိလို့ရှိရင် သမ္မာဒိဋ္ဌိက အလိုလို မဖြစ်နိုင်ဘူးဗျ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ချင်လို့ရှိရင် သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်အကန် ပညာမဂ္ဂင် ဖြစ်ချင်လို့ ရှိရင် ဒကာ ဒကာမတို့ စဉ်းစားလိုက် ဒီနေရာ ရှိတယ်လို့ ညွှန်ပြတဲ့လူ မရှိလို့ရှိရင် သူချည့်သက်သက် မဖြစ်နိုင်ဘူး၊ (မဖြစ်နိုင်ပါဘူး)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ညွှန်ပြတာက သမာဓိ
ဒါဖြင့် ညွှန်ပြတာက ဘယ်သူလဲ (သမာဓိပါ) ရှုတာက ဘယ်သူလဲ (ပညာပါ)။ အေး ဒါကြောင့် ဒကာ ဒကာမတွေကို ဘုန်းကြီးက ပြောထားတယ်၊ စောစော စီးစီးက ညွှန်ပြထားတယ် (မှန်ပါ)။
ဒါကြောင့် မျက်လုံးထဲ ဘာဝေဒနာ ပေါ်တတ်သလဲ (ဥပေက္ခာဝေဒနာပါ) နား၊ နှာခေါင်း၊ လျှာမှာ (ဥပေက္ခာ ဝေဒနာပါ) ကိုယ်ပေါ်မှာ (သုခ ဒုက္ခပါ)၊ ဟဒယဝတ္ထုပေါ်မှာ (သုခ ဒုက္ခ ဥပေက္ခာပါ)
အဲဒါကလေးသာ ဘုန်းကြီးကို ညွှန်ပြ ထားတယ်၊ ဘုန်းကြီးက ရှေးဦးစွာ သမာဓိ စခန်းနဲ့ ညွှန်ပြ ထားတယ် (မှန်ပါ)။
အဲဒီလိုညွှန်ပြထားတော့ ဒီလို သမာဓိစခန်းကလေးနဲ့ ခင်ဗျားတို့က သိလို့ရှိရင် မျက်လုံးထဲ ပေါ်ရင် ဥပေက္ခာသာ ရှုရမှာဘဲ ဆိုတဲ့ ဉာဏ်ကလေး မလာပေဘူးလား (လာပါတယ်)။
အဲဒီတော့ ညွှန်ပြတာနဲ့ သမာဓိနဲ့ တူတယ် (မှန်ပါ့) ရှုတာနဲ့ (ပညာနဲ့ တူပါတယ်)။
ပုက္ကုသာတိမင်းကြီး
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘယ်သူ့ကို ဟောသလဲလို့ မေးတဲ့ အခါကျတော့မှ ပုက္ကုသာတိ မင်းကြီး ကျတော့ – ပုက္ကုသာတိမင်းကြီ အသင်သည် ကားလို့ဆိုရင် ယူဇနာ နှစ်ရာ ကျော်က နေ လာပြီး သကာလ အိုးထိန်းသည် အိမ်မှာ လာတည်း နေတယ်။ ခရီးတွေလည်း ပန်းလာပြီ၊ သမာဓိတွေ ဘာတွေကို အထူးသီးခြား လုပ်မနေနဲ့ တစ်ခါတည်း သမထနဲ့ ဝိပဿနာကို ခန္ဓာကိုယ်ထဲ တွဲလွှတ် လိုက်စမ်းကွာ ဆိုပြီး ဘုရား ကိုယ်တိုင် ညွှန်ပြတယ် (မှန်ပါ့)
သမထနဲ့ ဝိပဿနာ ဝေဒနာ ပေါ်မှာ တွဲလွှတ်လိုက် စမ်း ဆိုတော့ ဥပမာ ဒေါ်အုန်းခင်ကြီးတို့ မရီတို့လူစု၊ ဒေါ်ရွှေတို့ လူစုတွေက ခြေဖဝါးဖြင့် ဝေဒနာ ပေါ်ပြီဗျာ။ ဒေါ်ရွှေ ကဲ သမာဓိ ပညာတွဲ လွှတ်စမ်းဗျာ (ဖြစ်ပါတယ် ဘုရား)၊ မြင်တယ်တဲ့၊ ဒီနေရာပဲ မဟုတ်လား (မှန်ပါ) ဒီနေရာပဲ ဆိုတာ သမာဓိ၊ မြင်တယ်ဆိုတာက (ပညာပါ ဘုရား)။
အဲဒီတော့ ဒီနေရာမှာပဲ ဖြစ်သွားတယ် (မှန်ပါ့)။ ဒီနေရာမှာပဲ (ပျက်သွားပါတယ်)။
အဲဒီတော့ ဒီနေရာဖြစ် ဒီနေရာပျက် ခင်ဗျားတို့ ဒီကပြန်တော့ လှမ်းကြည့်စမ်းပါ၊ ခြေဖဝါးပြင်မှာ ပေါ်တဲ့ ယားလုံးကလေး နာလုံးကလေး ခဲနင်းမိတဲ့ ကြိတ်လုံးကလေး ဒီနေရာပဲ ပေါ် ရတယ် (မှန်ပါ့) ဒီနေရာပဲ ပျက်ရမယ် (မှန်ပါ့)။
ဝေဒနာနောက်က ပညာလိုက်ပေးပါ
အဲဒီတော့ တပည့်တော်တို့ဘုရား ဒီနေရာ ပေါ်ပြီး ဒီနေရာ ပျက်တဲ့ ဒုက္ခ ဝေဒနာ ကလေးက စိတ်ထဲမှာ မချမ်းသာဘူး ဆိုတာက ဒါက ခင်ဗျားတို့ဟာက ခက်တယ် (မှန်ပါ့)။ ပေါ်တာက ဟိုမှာ ပေါ်လိုက်တော့ကို ပေါ်တာက ခြေဖဝါး ပြင်မှာ ဆူးစူး ကျောက်ကြိတ် မိတယ်၊ အဲဒီ ဒုက္ခဝေဒနာ မပေါ် ဘူးလား (ပေါ်ပါတယ်)၊
ဝမ်းထဲက မကျေမနပ် ဖြစ်နေတယ် ဆိုတော့ ခင်ဗျားတို့ အတွက်က အတော် ခက်တယ် (ခက်ပါ တယ်) ပေါ်တာ ပေါ်တဲ့ နေရာကလေးမှာ ဖြစ်ပြီး ပျက်တယ်လို့ ရှုလိုက်လို့ရှိရင် ဝမ်းထဲက မကျေမနပ် လာသေးရဲ့ လား (မလာပါဘူး)။
အဲဒီတော့ ခင်ဗျားတို့က အကြောင်းကလေး လိုနေလို့ (မှန်ပါ့)၊ ဝေဒနာ နောက်က နေပြီး ပညာက မလိုက်ဘဲ ဖြစ်နေ တယ်။ ဝေဒနာ နောက်က နေပြီး ဝမ်းထဲမှာ ဒေါသ လိုက်လာ တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
နာတာက ခြေဖဝါးပြင်မှာနော် (မှန်ပါ့) အဲဒီ တော့ ရှုရတာကလည်း ဝမ်းထဲမှာ ရှုရမှာ မဟုတ်လား (မှန်ပါ့)၊ မရှုဘူး ဒကာ ဒကာမတွေ တစ်ခါတည်း ကျွတ်ထိုး လာတယ်၊ ကျွတ်ကျွတ် ကျွတ်ကျွတ်နဲ့ (မှန်ပါ့) အဲဒီကျွတ်ကျွတ် ကျွတ်ကျွတ် ထိုးလာလို့ ရှိရင် ဝမ်းထဲက ထိုးလာတာ အောက်မေ့ ပေတော့ (မှန်ပါ့) အဲဒါ ဝမ်းထဲက လာနာပြီ (မှန်ပါ့)။
အဲဒီ ခြေဖဝါးပြင် တစ်ချက်နာ (မှန်ပါ) ဟဒယ ဝတ္တု ပေါ်မှာ (တစ်ချက် နာပါတယ်) ခြေဖဝါးပြင် နာတာက ဒုက္ခဝေဒနာ၊ ဟဒယဝတ္တုပေါ် နာတာက ဒေါမနဿ ဝေဒနာ (မှန်ပါ့)၊ ဟော ဝေဒနာ နှစ်ချက် ရတယ် (မှန်ပါ့)။
ခင်ဗျားတို့ ဆူးစူးရင် ဝေဒနာ ဘယ်နှစ်ချက် ရသလဲ (နှစ်ချက် ရပါတယ်) ခြေဖဝါးပြင်မှာ တစ်ချက် ဝမ်းထဲမှာကော (တစ်ချက်ပါ ဘုရား)၊ အံမာ ဒီကျောက် ကလေးက ဝမ်းထဲတောင် လိုက်စူး သကိုး (မှန်ပါ့) ဒါ ခင်ဗျားတို့မှာ ပညတ်က ဝမ်းထဲတောင် ရှောက်ပြီး စူးသေးတယ် ဆိုတော့ ကောင်းသေး ရဲ့ လား (မကောင်းပါဘူး)။
ခြေဖဝါးပြင်မှာတွင် နာဖို့ဥစ္စာ ခင်ဗျားတို့ က ဝိပဿနာ ဉာဏ် သမာဓိ ပညာ တွဲမလွှတ်တာနဲ့ မောင်ထွန်းလှိုင် ရေ ဟိုမှာ မရှုမိဘူး၊ မရှုမိတော့ ဝမ်းထဲမှာ ခင်ဗျားတို့ ကျွတ်ထိုးပြီး သကာလ ဒေါမနဿ ဖြစ်မလာ ဘူးလား ဖြစ်လာပါတယ်) ဟာ အတော်ဆိုး သွားပြီ (မှန်ပါ့)။
ပုထုဇဉ်ကနှစ်ချက်ခံရတယ်
ဒါဖြင့် – ကျောက်ခဲသည် တစ်ချက် ကြိတ်လား နှစ်ချက် ကြိတ်လား (နှစ်ချက် ကြိတ်ပါ ဘုရား)၊ ခြေဖဝါးပြင် တစ်ချက် ကြိတ်တယ်၊ ဟဒယဝတ္ထုထဲ တစ်ချက်လာ ကြိတ်တယ် (မှန်ပါ့)။ ဒါဖြင့် ခင်ဗျားတို့ ဘယ်နှစ်ချက် နာရသလဲ (နှစ်ချက် နာရပါတယ်)။ အတော် ဆိုးပါလား။
ဒါက ပုထုဇဉ်မှာ ဆရာကောင်း၊ သမားကောင်း နည်းနာ မရရင် နှစ်ချက်ချည့် နာမယ် (မှန်ပါ) ဒုက္ခဝေဒနာ လာရင် ဘယ်နှစ်ချက် နာဖြစ်မလဲ (နှစ်ချက်နာ ချည်း ဖြစ်ပါတယ်)။
အရိယာများ ကတော့ ဒီလို မဟုတ်ဘူးတဲ့ (မှန်ပါ့) အရိယာ ကတော့ ဒီလို မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ သေသေချာချာ ပြောနေတယ် မှတ်ပါ၊
အရိယာကတော့ ခြေ ဖဝါးပြင်မှာ ဒုက္ခဝေဒနာ ပေါ်တယ်၊ သူလည်း အတူတူပဲ ပေါ်တာပဲ (မှန်ပါ့) ပေါ်လို့ ရှိရင်ဖြင့် အဲဒီ ပေါ်တဲ့ ဝေဒနာ ကလေးကို မင်းလည်း ဖြစ်ပျက်ဘဲ ဆိုပြီး ဟဒယဝတ္ထု ပေါ်မှာ တင်ပြီး ရှုတယ် (မှန်ပါ့) ဉာဏ်နဲ့ ပြန်ရှု လိုက်တယ် (မှန်ပါ)
လူကတော့ ဟိုကတစ်ချက် ထိုးရင် ဒီက တစ်ချက် ပြန်ထိုးတယ် (မှန်ပါ) ခင်ဗျားတို့က ဟိုက တစ်ချက် ထိုးတယ်ဆိုရင် ဝမ်းထဲ ရောက်အောင် နှစ်ချက်ခံရတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။
ဒါဖြင့် ကျောက်ခဲ၏ – ဒဏ်ချက်ကို ပုထုဇဉ် နှစ်ချက် ခံရတယ် (မှန်ပါ့)၊
အရိယာကတော့ ဒီလို မဟုတ်ဘူး ကျောက်ခဲ၏ ဒဏ်ချက်ကို သူက တစ်ချက် ဖြေဖဝါးပြင် ထိုးလိုက်သဖြင့် ကိုယ်က ခြေဖဝါးပြင်မှာ ဉာဏ်နဲ့ အနိစ္စနဲ့ တစ်ချက် ပြန်ထိုးတယ် (မှန်ပါ) ဘဲစား ဘဲချေ ကျတယ် (မှန်ပါ့) အဲဒီလို ကွာတယ် (မှန်ပါ့) သံယုတ် ပါဠိတော်မှာ ဟောတယ် (မှန်ပါ့)။ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်လို လုပ်ကြမလဲ ဆိုတာ ရိပ်မိကြပြီ (ရိပ်မိပါပြီ) ဘယ်လို လုပ်ကြမယ် (ဖြစ်ပျက် ရှုပစ်ရပါတယ်) ဖြစ်ပျက် ရှုတော့ ကိုယ်က တစ်ချက်ပြန်ထိုး ရတယ် (မှန်ပါ့)။
ခြေဖဝါးပြင်မှာ ကျောက်ခဲက ထိုးလိုက်တော့ ဝေဒနာ မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒီပေါ်တဲ့ ဝေဒနာ ကလေးဟာ ဝမ်းထဲ ထိုးတော့မလို့ သူလာပြီး (မှန်ပါ) ကဲ မင်းမလာရဘူးကွ၊ မလာရဘူး ဆိုပြီး ဝမ်းထဲက နေပြီး ဆရာ ဘုန်းကြီးက သမာဓိနဲ့ ပညာနဲ့ တွဲလွှတ်လိုက်၊ အဲဒါကလေး ဟာ ဖြစ်ပျက်လို့ မြန်မြန် ရှုလိုက်လို့ ဆိုတော့ ခင်ဗျားတို့ ဝမ်းထဲ မှာ သူလာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး)။
အဲ အဲဒီလိုရှုနိုင်တဲ့ ပုဂ္ဂိုလ် ကျလာတော့ ဒကာ ဒကာမတို့ အရိယာ ဖြစ်တယ် (မှန်ပါ့)၊ ပုထုဇဉ်က နှစ်ချက် ခံရတယ်နော် (မှန်ပါ့) ခြေဖဝါးပြင်မှ ာတစ်ချက် ဟဒယဝတ္ထ ထဲမှာ (တစ်ချက်ပါ ဘုရား)။ နှစ်ချက် အထိုးခံရတယ် (မှန်ပါ့)။
အရိယာကတော့ သူက ဝေဒနာက ကျောက်ခဲနဲ့ ခြေဖဝါးပြင် တစ်ချက် နာအောင် လုပ်လိုက် တယ်။ သူကနေ တစ်ချက် မနောပေါက် က နေပြီး သူနာတဲ့ နေရာပြန်ပြီး သကာလ ထိုးပစ် လိုက်တယ် (မှန်ပါ့)၊ သူက တစ်ချက်ဆို ငါက တစ်ချက်ပဲ (မှန်ပါ) ဒီလိုဆိုတော့ ဟိုက ဆက်ပြီး လာသေးရဲ့ လား (မလာပါဘူး)။
ဒါဖြင့် အရိယာနဲ့ ပုထုဇဉ် ဘာကွာတယ် ဆိုတာ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား) ပုထုဇဉ်က နှစ်ချက် ခံရတယ်။ ခြေဖဝါးပြင်မှာ တစ်ချက်၊ ဝမ်းထဲမှာ (တစ်ချက်ပါ ဘုရား)။ နှစ်ချက်ခံ ရတော့ မနာဘူးလား (နာပါတယ်)။
အရိယာကတော့ ဘယ်လို လုပ်သတုံး (တစ်ချက်ပဲ ခံရပါတယ်) တစ်ချက်ပဲ သူက တစ်ချက် ဆိုရင် ကိုယ်က တစ်ချက် ပြန်ထိုးတယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။
အရိယာတွေမှာ အပြုံးမပျက်ဘူး
သူက ဒုက္ခဝေဒနာ တစ်ချက် ခြေဖဝါးပြင်မှာ ဒုက္ခ ဝေဒနာ ပေါ်လိုက်တယ်၊ တစ်ခါတည်း ဉာဏ်က နေပြီး သကာလ ခြေဖဝါးပြင်မှာ ဒုက္ခဝေဒနာ လေးဟာ ဖြစ်ပျက် ပဲကွာလို့ တစ်ခါတည်း ရှုနေတယ် (မှန်ပါ့)။
ဒါကြောင့် အရိယာများ ကျပြန်တော့ ဘယ်လို ဝေဒနာလာလာ သူတို့မှာ အပြုံး မပျက်ပါဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အရိယာတွေမှာ ဘယ်လို ဝေဒနာ လာလာ အပြုံးမပျက်ဘူး ဆိုတဲ့ ဥစ္စာ ကိုယ်က ပြန်ထိုး နိုင်တယ် (မှန်ပါ့)။
ခင်ဗျားတို့ကတော့ မျက်စိနာတယ် ဆိုရင် ကိုယ်ပါ ဖျားချင်လာရော အနာရှိန် ထင်ပါရဲ့ တောင် ပြောလိုက် သေးတယ် (မှန်ပါ့) ခက်လိုက်တဲ့ ဖြစ်ခြင်းမှ ဒကာ ဒကာမတွေ ကလည်း ဆိုးလိုက်တာ (မှန်ပါ့)၊ အနာတစ်လုံး ပေါက်တာ ရှိသေးတယ် လူပါ ဖျားချင် လာတယ် (မှန်ပါ့) ဘာဖြစ်တာတုံး (နှစ်ချက် တိုက်လာပါ)။
အဲ ဝမ်းထဲမှာလည်း တစ်ချက် တိုက်ပြန်တယ် (မှန်ပါ)၊ ပြင်ဘက်ကလည်း မျက်လုံးမှာလည်း ဟုတ်လား နေပူဓါတ်ကြောင့် အနာတစ်ချက် ပေါ်တယ်၊ အဲဒီ အနာက နေပြီး ဆက်ပြီး ဒီနေပူကနေ တိုက်လိုက်တာ ဟဒယဝတ္ထု ပေါ်လည်း တစ်ချက် ပေါ်လာတော့ မျက်စိကျိန်း နေတာနဲ့ ကျုပ်ဖြင့် နေတောင် မကောင်းဘူး ဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
တယ်ဖျင်းပါလား ဒေါ်အုန်းခင်ကြီးတို့ လူစုတွေက (မှန်ပါ) အရိယာစိတ် အခု ထားနိုင်ကြ ပါ့မလား (ထားနိုင် ပါတယ်) ပေါ်တဲ့နေရာ ဘာလုပ်ရ မလဲ (ဖြစ်ပျက် ရှုရ ပါမယ်) ပေါ်တဲ့နေရာ ဉာဏ်က နေပြီး တစ်ချက် ပြန်ထိုး ဟဒယဝတ္ထု ပေါ် ဉာဏ်ထား အဲဒီက နေပြီး သူ့ပြန်ထိုး ဝေဒနာ ကို (မှန်ပါ) သူက တစ်ချက်ဆို ကိုယ်ကတစ်ချက်လုပ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီလိုဆိုရင်ဖြင့် ခင်ဗျားတို့ ခုနင်က ပြောတဲ့ ကိုယ်သာနာ၍ စိတ်မနာဘူး ဆိုတာ ပေါ်လာတယ် (ပေါ်လာပါ တယ်) ရိပ်မိပလား (ရိပ်မိပါပြီ) ကိုယ်သာ နာတယ် မဟုတ်လား (မှန်ပါ) စိတ်က နာသေးရဲ့ လား (မနာပါဘူး)။
ခင်ဗျားတို့တော့ ကိုယ်နာပြီဆိုမှဖြင့် စိတ်ကလည်း မခံချင်ဘူးတဲ့။ ကိုယ်နာရင် ကျုပ်က စိတ်ခံချင်တာ မဟုတ်ဘူး ဆိုတော့ ကိုယ်နာရင် စိတ်နာကုန်ပြီ (မှန်ပါ) ခင်ဗျားတို့က လွန်လွန်းတယ် ဟုတ်လား (မှန်ပါ)။
ကိုယ်နာသော်လည်း စိတ်မနာဘူး
အရိယာကတော့ ကိုယ်နာသော်လည်း စိတ်မနာဘူး၊ ဘာနာမလဲ ဒေါ်အုန်းခင်ရဲ့ ဉာဏ်နဲ့ ပြန်ရှု လိုက်တယ် (မှန်ပါ)။
ခင်ဗျားတို့ကတော့ ကိုယ်နာရင် ဘာတုံး (စိတ်နာပါတယ်) ခင်ဗျားတို့ ကတော့ နှစ်ချက် မိကိုးဗျ (မှန်ပါ) ကိုယ်လည်း ဒဏ်ရာ တစ်ချက် ရလိုက်သေးတယ် (မှန်ပါ) စိတ်မှာကော (တစ်ချက်ရပါတယ်) အဲဒါ ပုထုဇဉ် ခေါ်တယ် (မှန်ပါ)။
အရိယာကတော့ ကိုယ်သာ နာတယ် စိတ်မနာဘူးတဲ့ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ ပေါ်တယ် ဆိုတော့ မနောက နေပြီး သကာလ ဖြစ်ပျက်ရှု ချလိုက်တဲ့ အတွက် ဖြစ်ပျက်ကဉာဏ် ဖြစ်နေတော့ နာတဲ့စိတ် ဟုတ်သေးရဲ့လား (မဟုတ် ပါဘူး)။
ဒါဖြင့် ခင်ဗျားတို့နဲ့ အရိယာနဲ့ ကွာတော့ အရိယာ ဖြစ်အောင် လုပ်ချင်လို့ ရှိရင် တစ်ချက်သာ နာပေစေ ဖြစ်ပျက် ရှု (မှန်ပါ) တစ်ချက်ကတော့ ဘုရားလည်း တားလို့ မရဘူး၊ ဘုရားလည်း ခြေမမှာ သွေးစိမ်း တည်တယ် ဆိုရင် ဒုက္ခ ဝေဒနာ ပေါ်တာပဲ (မှန်ပါ) ဘယ်သူမှ တားလို့ မရဘူး၊ တစ်ချက် ကတော့ သို့သော် နှစ်ချက် မလိုက်လို့ ရှိရင် အရိယာ (မှန်ပါ)။ ဒေါ်ခန့် ရိပ်မိပလား (ရိပ်မိပါပြီ)။
နှစ်ချက် လိုက်ရင် ဘာတုံးဗျ (ပုထုဇဉ်ပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ကစပြီး ဘယ်ဝေဒနာ ပေါ် လာလာ တစ်ချက်သာ အတိုက်ခံပြီး ဒီက ဖြစ်ပျက် လိုက်လိုက် ပေး (မှန်ပါ) ဖြစ်ပျက် လိုက်လိုက်ပေး လို့ ရှိရင်ဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သမာဓိ ပညာက (မဂ္ဂသစ္စာပါ)။
ဪ ဒါကြောင့် သမာဓိ ပညာဆိုတာ သမာဓိ ဝီရိယ သတိတို့ဟာ သမာဓိမဂ္ဂင်လို့ မပြောခဲ့ ဘူးလား (ပြောခဲ့ပါတယ်)။
အဲဒါကြောင့် သမာဓိ ပညာတို့က မဂ္ဂသစ္စာ (မှန်ပါ) သမာဓိ ပညာ လာကတည်းက ဟိုက နောက်တစ်ချက် လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး) မလာနိုင်တော့ အရင် လာနေကျ လောဘ ဒေါသ လာသေးရဲ့ လား (မလာပါ ဘူး)။
အဲဒါတွေ ချုပ်သွားတာက သမုဒယသစ္စာ (မှန်ပါ) ဒါတွေ ချုပ်သွားလို့ ရှိရင်ဖြင့် ဥပါဒါန်ဘဝ ဇာတိ ဇရာမရဏ မလာတာက (နိရောဓသစ္စာပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
အရိယာနှင့် ပုထုဇဉ်ဘာထူးသလဲ
ဒါဖြင့် ယနေ့ည တရားမှာ ခင်ဗျားတို့ အရိယာနဲ့ ပုထုဇဉ် ထူးပလား (ထူးပါပြီ) အရိယာကတော့ ဒုက္ခ ဝေဒနာ ကိုယ်ပေါ် ပေါ်လို့ ရှိရင် ပြန်ရှုတယ် (မှန်ပါ) ပုထုဇဉ် ကတော့ ဒုက္ခဝေဒနာ ကိုယ်ပေါ်ပေါ် ရင် (စိတ်ထဲကလည်း နာပါတယ်) ကိုယ်လည်းနာ စိတ်လည်းနာ (မှန်ပါ)
အရိယာ ကတော့ ကိုယ်သာ နာ၍ (စိတ်မနာပါဘူး)၊ ပုထုဇဉ် ကတော့ (ကိုယ်ရော စိတ်ရော နာပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ ယောဂီသမားတွေ ကျတော့ ဒီလို မလုပ်နဲ့၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဖြစ်ပျက်ရှု (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကဲ ယနေ့ဒီတွင်တော်ကြစို့။
သာဓု သာဓု သာဓု။