14302

မာတိကာသို့

ကိုးကွယ်အားထားရာ ရှိထားကြပါ

ကျေးဇူတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့တွင်ဟောကြားသော တရားတော်

ကိုးကွယ်အားထားရာ ရှိထားကြပါ

သင်္ဘောပျက်တဲ့ အခါ

အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေ ပင်လယ်ထဲမှာ သင်္ဘောပျက်တဲ့ အခါကျလို့ရှိရင်ဖြင့် တုံးလည်းမတွေ့ ဖောင်လည်းမတွေ့ကျွန်းလည်း မမြင်ရ ကမ်းလည်း မမြင်ရ ဆိုရင်တော့ ကိုးကွယ်ရာမဲ့ ဖြစ်ကြမယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး (မလိုပါဘူး)။

ပင်လယ်ထဲ သင်္ဘောပျက်တဲ့ ပုဂ္ဂိုလ်သည်ကားဆိုရင်ဖြင့် ဖောင်လည်းမတွေ့၊ တုံးလည်းမတွေ့၊ ကမ်းလည်း မတွေ့၊ သောင်လည်းမတွေ့ဆိုရင် ကူးချင်ရာ ကူးငြားသော်လည်း မှန်းခြေပေါက် ဘယ်နေရာမှမရှိလို့ ကိုးကွယ်ရာ မရှိသောကြောင့် မြှုပ်ခြင်း မျောခြင်းကို လမ်းဆုံးရတယ်ဆိုတာ ဒကာကြွယ်တို့ ငြင်းဖို့ မလိုပါဘူး (မလိုပါဘူး ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက

” သနာထာ ဘိက္ခဝေ ဝိဟရထ မာ အနာထာ။ ဒုက္ခံ ဘိက္ခဝေ အနာထော ဝိဟရတိ” (ဒသကနိပါတ် အင်္ဂုတ္တိုရ် ၂၇၅၊ ၂၇၆)

လို့ ဟောတော်မူတယ် (မှန်ပါ)။

ဘိက္ခဝေ-ရဟန်းတို့။ သနာထာ-ကိုးကွယ်ရာ ရှိကြကုန်သည်(ဝါ) အားကိုးစရာရှိကြကုန်သည်။ ဟောထ-ဖြစ်ရစ် ကြကုန်လော။

ကိုးကွယ်ရာအားထားရာ ရှာထားကြပါ

မင်းတို့ ကိုးကွယ်ရာ အားထားရာကလေးတော့ ရှာထားကြပါတဲ့ (မှန်ပါ)။

အနာထာ- ကိုးကွယ်ရာ မရှိကြကုန်သည်။ မာ ဟောထ-မဖြစ်ကြပါကုန်လင့်။

ကိုးကွယ်ရာမဲ့ အားထားရာမဲ့ ဖြင့်မင်းတို့မနေပါနဲ့ အကြောင်းကို မှာတော်မူတယ်နော် (မှန်ပါ) ကိုးကွယ်ရာ မရှိဘဲနဲ့ နေခဲ့လို့ရှိရင်ဖြင့် မင်းတို့သည် ဒုက္ခပင်လယ်ဝေရမှာပဲ-ကဲ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုးကွယ်ရာ အားထားရာ တစ်ခုခုတော့ ကျုပ်တို့ရှိတော့မယ် (ရှိရမှာပါ ဘုရား)ရှိတဲ့ အထဲမှာလည်း စဉ်းစားရလိမ့်မယ်နော်။

ဒါနလုပ်ထားတာပဲဆိုပြန်တော့လည်း သက္ကာယဒိဋ္ဌိ မပြုတ်ခဲ့တော့ ဒါနဖောင် သင်္ဘောနဲ့နေတဲ့ သံသရာ ခရီးသည်မှာ ဒါနဖောင် အားကိုးပြန်တော့လည်း ဝါးဖောင်လောက်ဖြစ်နေတော့လည်း ဝါးဖောင် က ခုနှစ်ရက်လောက်ပဲ လှိုင်းလေဂယက် ခံနိုင်ပြီး သကာလ တော်တော်ကြာ ဗလဖွာကြဲ၍ လူပါလူပါ မြုပ်ခြင်း မျောခြင်း သို့ ရောက်ရမယ် (မှန်ပါ)။

သီလဖောင်လောက် အားကိုးလို့ရှိရင်လည်း

ထို့အတူ သီလဖောင်လောက် အားကိုးလို့ရှိရင်လည်း လုံးလုံးကိုးစားလောက်တဲ့အဖြစ်က မဖြစ်သေး တာကြောင့် ဒကာ ဒကာမတို့ မပျက်စီးနိုင်တဲ့ မဂ္ဂင်ဖောင်ကိုသာ ကိုးကွယ်ရာ အားထားရာ ရှိကြပါစေဆိုတဲ့ အကြောင်းကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မှာတော်မူတယ် (မှန်ပါ)။

သံသရာခရီးသည်ဆိုတော့ ဒကာ ဒကာမတို့ သံသရာထဲမှာ ကမ်းကပ်မရှိ သွားနေရတဲ့ ပုဂ္ဂိုလ်ပဲ (မှန်ပါ) ခိုကိုးရာ အားထားရာ မတွေ့ပြီဆိုမှဖြင့်လည်း အလွန်အားငယ်ပါလိမ့်မယ် (မှန်လှပါ ဘုရား)။

အဲဒီ အားငယ်တဲ့အခါမှာ ဟော ငါတို့ ကိုးစားစရာ တစ်ခုခုတော့ ရှိပါစေတော့ ဆိုပြီး ရမ်းပြီး အားကိုးလိုက်ပြန် လို့ ရှိရင်လည်း ဒကာ ဒကာမတို့ မခိုင်မြဲတဲ့ ဖောင်တွေ တွေ့မယ်ဆိုလို့ ရှိရင်ဖြင့် ခဏယာယီသက်သာမှုတော့ ရှိမှာ ဘဲ။ စိတ်ချလက်ချခိုကိုးရပြီ ကိုးကွယ်ရပြီ စိတ်ချရပြီဆိုတာ ဒကာကြွယ်တို့ ဦးလှဖူးတို့ မရှိနိုင်ဘူး (မှန်ပါ)။

မဂ္ဂင်ဖောင်မှတစ်ပါး အားထားစရားမရှိ

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစားစွာနဲ့ သတိပေးလိုက်တာကဖြင့် မဂ္ဂင်ဖောင်မှတစ်ပါး၊ မဂ္ဂင်သင်္ဘောမှ တစ်ပါး၊ မဂ္ဂင်သောင်ကြီးမှ တစ်ပါး နိဗ္ဗာန်ကိုမြင်ပြီး သကာလ ကိုးစားစရာ အားထားစရာ အစစ်ဖြစ် တဲ့ တရားဟော မရှိတော့ဘူး။ (မှန်ပါ)။

ကိုးစားစရာ အားထားစရာ အစစ်ဖြစ်တဲ့ တရားဟာဖြင့်သူပဲ အကြီးအကျယ် အခမ်းအနားဆုံး မပျက်မစီး ခိုင်မြဲတဲ့နိဗ္ဗာန်ကို သူပဲ မဂ္ဂင်သင်္ဘောနဲ့ ကူးခတ်နိုင်တယ်၊ သွားနိုင်တယ်ဆိုတာ သူ့ကိုပဲ ကိုးစားရာ အားထားရာ လုပ်ရပါလိမ့်မယ် (မှန်ပါ) သဘောပါကြပလား (ပါပါပြီ)။

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ သေရမည့် ကိစ္စဆိုတာ လူတိုင်း၏ ကိစ္စပါ (မှန်ပါ ဘုရား) လူတိုင်း၏ ကိစ္စဖြစ်နေတော့ သေရတဲ့အခါကျလို့ရှိရင်ဖြင့်တောင်ဆွဲ မြောက်ဆွဲနှင့်မဆွဲရအောင် ဒကာ ဒကာမတို့သည် ကိုယ့်ခန္ဓာ ကိုယ်ရှုပြီး သကာလ ဪ အနိစ္စခန္ဓာကိုယ်ကြီးပါကလားဆိုရင် မဂ္ဂင်ရောက်လာပြီ (မှန်ပါ) ဪ ဒုက္ခသစ္စာ ခန္ဓာ ကိုယ်ကြီးပါကလားဆိုတော့ ဝမ်းထဲမှာ မဂ္ဂင် ရောက်လာတယ်(မှန်ပါ)။

သေခါနီး အခါကာလမှာလဲ ဖြုန်းခနဲ သေတဲ့ ပုဂ္ဂိုလ်မဟုတ်တဲ့ အချိုးအစားတွေက ရှိသေးတယ်(မှန်ပါ) ထိုကဲ့သို့ ရှိတဲ့အခါကျတော့ ကိုင်း ငါသည်ကားလို့ဆိုရင်ဖြင့် ဘဝမကူးလိုတော့ပါဘူး။

ဘဝကူးလိုက်ရင် ဒုက္ခသစ္စာရမှာ

ဘဝဆိုတာသည်ကားလို့ဆိုရင် ကူးလိုက်ရင် ဒုက္ခသစ္စာရမှာ ဧကန်သိ တကယ်ရှိ ဖြစ်နေတော့ သူ့ဆီဖြင့် မကူးလိုတော့ပါဘူး။ ဒုက္ခသစ္စာကြီး လှမ်းပြီး သကာလ မလိုချင်တော့ပါဘူးဆိုတဲ့ ဉာဏ်တွေ အဲဒီ အချိန်မှာလဲ ပေါ်ပြီး သကာလ ဝိဉာဏ်ချုပ်ကာနီးနဲ့မဂ်ရတာနဲ့လဲ တစ်ပြိုင်နက်လိုလို မရှေးမနှောင်း ဖြစ်တတ်သေးတယ် (မှန်ပါ ဘုရား)။

ဝိညာဏ်ချုပ်တာနဲ့ မဂ်ရတာနဲ့ မရှေးမနှောင်း တစ်ပြိုင်နက်လိုလိုပင် သမသီသီရဟန္တာထိအောင် ဖြစ်နိုင်သေး တယ်ဆိုတာ ယခုလို စောစောစီးစီး အားထုတ်လုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်မျိုးကို ယခုလို စောစောစီးစီး အားထုတ်လုပ် ကိုင်ထားတဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုတာပါ (မှန်ပါ)။

အဲဒီ ပုဂ္ဂိုလ်ကျလာတော့ ဒကာ ဒကာမတို့ ကိုးစားရာ အားထားရာ အစစ်ဖြစ်တဲ့ မဂ္ဂင်ဖောင်ကြီးကို သေသေ ချာချာတွေ့ပြီး သကာလ နေတော့ ဖျတ်ဆို နိဗ္ဗာန်မြင်ပြီး သကာလ ဪ တစ်သံသရာလုံး မြှုပ် မျောနဲ့ နေခဲ့တာဖြင့် မြှုပ်မျောဇာတ်သိမ်းပြီး သကာလ ခိုကိုးရာ အားထားရာ အစစ်ဖြစ်တဲ့ နိဗ္ဗာန် သောင်ကမ်းကြီးဖြင့် မြင်ရပြီ၊ ရောက်ရ ပြီ၊ တွေ့ရပြီဆိုပြီး ပြုံးပြီးနေတော့ ဝိညာဏ် ချုပ်ပါတယ် (မှန်ပါ ဘုရား)။

ပြုံးပြီးတော့ ဝိညာဏ်ချုပ်တယ်

ပြုံးပြီးတော့ ဝိညာဏ်ချုပ်တယ်လို့ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် ခိုကိုးရာ စောစောက လုပ်ထားလို့ တစ်နည်း ခိုကိုးရာ အရှိန်အစော် ကြီးတာနဲ့ သေခါနီးမှာ အပြင်းအထန် လုပ်လိုက်တာနဲ့လဲ မဂ္ဂင်ဉာဏ်ကြီး စက္ခုံ ဥဒပါဒိ ဆိုတဲ့ မဂ္ဂင်ဉာဏ်ကြီးဟာ ပေါ်ပေါက်ပြီး သကာလ လာလို့ ပြုံးနိုင်ကြတယ် (မှန်ပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတို့ကို ခဏခဏ သတိပေးတယ်။ ပြုံးချိန် မဲ့အချိန်ဆိုတာ ခိုကိုးရာ မရှိတဲ့ ပုဂ္ဂိုလ်မှာ တွေ့သတဲ့။ ခိုးကိုးရာကလဲ ကြောက်စရာကြီး ဖြစ်နေတော့ မဲ့ပြီး ဝိညာဏ်ချုပ်ရတယ် (မှန်ပါ ဘုရား)။

အခုလို ဝိပဿနာ အလုပ်တွေ လုပ်ပြီး သကာလ မဂ်ကို မဆိုက်ချင်နေပါဦး၊ မလွှဲသာလို့ သေခါနီး အကြီး အကျယ်ကြုံရတဲ့ အခါကျလို့ရှိရင် မလုပ်မဖြစ်ဘူးဆိုတဲ့ ဝီရိယတွေ ပြင်းထန် ပညာဉာဏ်တွေ တက်လာမယ်ဆိုလို့ရှိရင် လဲ ချက်ချင်းပဲ ရနိုင်ပါတယ်။ (မှန်ပါ)။

ပြုံးပြီး သကာလ တစ်သံသရာလုံး မြှုပ်မျောနဲ့ နေခဲ့ရတာ မြှုပ်မျော ဇာတ်သိမ်းပေါ့ဟ။ သောင်ပေါ် ကမ်းပေါ် အေးချမ်းစွာ ရန်သူငါးမန်းဘေး မဆက်ဆံတဲ့ နေရာဖြင့် ရောက်ပေါ့ဟဆိုပြီး သကာလ ဒကာ ဒကာကြွယ် ဦးလှဖူး တို့ ပြုံးပြီး ဝိညာဏ်ချုပ်တယ် (မှန်ပါ)။

မဂ္ဂင်အလုပ် လုပ်ထားရင် ပြုံးသေ

အဲဒီတော့ ပြုံးသေ မဲ့သေ နှစ်ပါးတို့တွင် ဒကာ ဒကာမတို့ ခိုကိုးရာမဲ့ဖြစ်တဲ့ အလုပ်တရား လုပ်မထားလို့ ရှိရင်ဖြင့် မဲ့သေဖြစ်ကြပြီး (မှန်ပါ ဘုရား) ခိုကိုးရာအစစ်ဖြစ်တဲ့ မဂ္ဂင်အလုပ်ကို ကျကျနန ဒကာ ဒကာမတွေ လုပ်ထားကြ မယ် ဆိုလို့ရှိရင်ဖြင့် ပြုံးပြီး သကာလ အခု ခန္ဓာကြီး စွန့်ရတာ ဝမ်းမြောက်တယ် (မှန်ပါ)။

နောက် ခန္ဓာသစ် မရခြင်းကြောင့်လဲ ဝမ်းသာလိုက်တာ ဆိုတော့ သူ့မှာ ဝမ်းသာမှု နှစ်ခုနဲ့ပဲ ပြုံးပြီး သကာလ ဝိညာဏ် ချုပ်ရတဲ့အတွက် ကိုးကွယ်ရာ လုပ်ထားတဲ့ မဂ္ဂင်သမားကိုဆိုတာ (မှန်ပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရမ်းပြီး သကာလ ဟိုဆွဲ ဒီဆွဲလဲ မဆွဲရအောင် ကိုယ့်သန္တာန်၌ မဂ္ဂင်ရှစ်ပါး ယာဉ်ရထား မဂ္ဂင်သင်္ဘောကြီး မဂ္ဂင်ဖောင်ကြီး မပြိုမပျက်နိုင်တဲ့ ဘယ်လို လှိုင်းလေဂယက်မှ တိုက်ခတ် လို့ မပျက်စီးနိုင်တဲ့ မဂ္ဂင်အလုပ်ကိုဖြင့် ဦးလှဖူးတို့ ဒကာကြွယ်တို့ကြိုးကြိုးစားစား လုပ်ထားရလိမ့်မယ် (မှန်ပါ) နို့မဟုတ် ရင် သေခါနီးမှ အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်သေးတယ် (မှန်ပါ ဘုရား)။

အရှက်တကွဲ အကျိုးနည်းဆိုတာ

အရှက်တကွဲ အကျိုးနည်းဆိုတာက ကယ်ကြပါဦး၊ ယူကြပါဦး၊ ခွေးနက်ကြီးက လာဆွဲနေပြီ၊ ကြောက်စရာကြီး လန့်စရာကြီး ဆိုပြီး သကာလ ဒီလို အော်ဟစ်ပြီး ဂတိနိမိတ်တွေထင်လို့ မဟုတ်တာတွေ ပေါ်ပေါက်လာပြီဆိုမှဖြင့် သားကလဲ မကယ်နိုင်၊ သမီးကလဲ မကယ်နိုင်၊ တိုက်တာ ရွှေ ငွေ ကျောက်သံ ပတ္တမြား မိတ်ဆွေ သင်္ဂဟတွေကလဲ မကယ်နိုင် မယူနိုင်ဘဲနဲ့ ခိုကိုးရာမဲ့ကြီးလို့ ဗရမ်းပတာ ဘေးသင့်လိုက်တာ နောက်ချေးပိုး ဘဝရောက်ရရှာတယ် (မှန်ပါ)။

မလ္လိကာမိဖုရားကြီး သေခါနီး ဗရမ်းပတာ ဘေးသင့်လိုက်တာ အဝီစိ ရောက်သွားတယ်(မှန်ပါ ဘုရား) ဒါဟာ ဘာတုန်းဆိုတော့ ခိုကိုးရာမဲ့ ဖြစ်လို့ ဗရမ်းပတာ ဘေးသင့်တာ (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ ခိုကိုးရာအစစ် မည်သည့်တရားဖြစ်ပါလိမ့်မလဲလို့ မေးတော့မှ ဪ-မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်သည် သာလျှင် ခိုကိုးရာအစစ် အားကိုးရာ အစစ်အမှန် ဖြစ်တော့တယ် ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ(မှန်ပါ)။

ဒကာ ဒကာမတို့ ကိုယ့်မှာ ခိုကိုးရာမရှိလို့ ရှိရင်ဖြင့် ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ။ မိုးရွာတယ်ဆိုရင် ဇရပ် ကလေးမှ ဆောက်မထားတဲ့ ပုဂ္ဂိုလ်ဟာ ဟိုပြေးရတော့မလိုလို၊ ဒီပြေးရတော့မလိုလို မဖြစ်ဘူးလား (ဖြစ်ပါတယ်)။ ပြေးရင်လဲ စိုရွှဲမှာပဲ (ရွှဲမှာပါ ဘုရား)။

သံသရာ ခရီးသည်ဆိုတာ ပြေးလွှားနေတာ

အဲ ခိုကိုးရာ မရှိတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာမတို့ သံသရာ ခရီးသည်ဆိုတာ ပြေးလွှားနေတာ (မှန်ပါ) ဟိုပြေး ဒီပြေးနဲ့ပဲ ရောက်ရာမမြဲ သေပွဲတွေရှိတဲ့ဆီသာ ပြေးပြီး သကာလ နေတဲ့ အဓိပ္ပါယ် ကိုးကွယ်ရာမဲ့ဖြစ်ပြီး သေသွား လို့ရှိရင်ဖြင့် သစ်ပင်လှုပ်ချသလိုပဲ (မှန်ပါ ဘုရား)။ သစ်ပင်ကို အရွက်ခြောက်တဲ့ အချိန်မှာ အရင်းကနေပြီး လှုပ်ချ လိုက်ပြီဆိုမှဖြင့် သစ်ရွက်တွေဟာ ဗရမ်းပတာကျတယ် (မှန်ပါ)။

သစ်ရွက်တွေဟာ ဘာပါလိမ့် (ဗရမ်းပတာ ကျပါတယ်)။ အေး သစ်ရွက်တွေဟာ ဗရမ်းပတာ ကျတာသည်ကား လို့ဆိုရင်ဖြင့် လေယူရာ သွားရသလိုပဲ (မှန်ပါ) လှုပ်သောပုဂ္ဂိုလ်၏ လုံ့လပယောဂကြောင့် ဆိုရင်ကော လွဲပါ့မလား (မလွဲပါဘူး)။ လှုပ်သောပုဂ္ဂိုလ်၏ လုံံ့လပယောဂ၊ လေက တိုက်ချင်သလို တိုက်ဆိုတော့ ဒကာ ဒကာမတို့ သစ်ရွက်တွေ ဟာ မှန်းခြေပေါက်ကြရဲ့လား (မကျရပါ)။ ဗရမ်းပတာ ကျချင်ရာ ကျရတာပဲ (မှန်ပါ)။

အဲဒီ ဝိနိပါတိကဘေး ဆိုတဲ့ ဗရမ်းပတာ ဘေးဟာ ခိုကိုးရာမဲ့ ပုဂ္ဂိုလ်၏ဘေး (မှန်ပါ) သဘောပါပလား (ပါပါပြီ)။

ဗရမ်းပတာ ဘေးသင့်လိုက်တာ

ခိုကိုးရာမဲ့ ပုဂ္ဂိုလ်၏ ဗရမ်းပတာဘေးတွေ သင့်လာလို့ကျုပ်တို့ ခင်ဗျားတို့မှာ မနေ့က ဥပုသ်နေ့က ဟောသလို နတ်သမီးငါးရာ ဗရမ်းပတာ ဘေးသင့်လိုက်တာ တစ်ခါတည်းအောက်ကို ရောက်ကုန်ကြတယ် (မှန်ပါ) မဆိုးဝါးဘူး လား (ဆိုးဝါးပါတယ်) ဥပရီမိဖုရား မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပိုးကောင်ကလေးတွေများ သစ်ပင်ခြေရင်း ပြေးကြတယ်။ ပုတ်သင်ညိုက ဆီးပြီးစားတယ် (မှန်ပါ့)။ သူတို့က တော့ ခိုကိုးရာရယ်လို့ဆိုပြီး ပြေးရှာတယ်။ ပြေးပေမယ့် သူ့ကိုနိုင်တဲ့သတ္တဝါက စားမှု သောက်မှုကိစ္စအဖြစ် ပြီးသွားရတယ် (မှန်ပါ)။

ဒီမှာလဲ ဒကာ ဒကာမတို့ တစ်သံသရာလုံး လျှောက်ပြီးပြေးလာလိုက်တာ ခင်ဗျားတို့ခိုကိုးရာ အစစ်မလုပ်ထား တဲ့အတွက် မရဏမင်း၏ ခံတွင်းအတွင်းမှာပဲ ခန္ဓာကိုယ်တွေ ထိုးထိုးအပ်ကြရတယ် (မှန်ပါ ဘုရား)။

ဒကာကြွယ် ရိပ်မိပြီးနောက် (ရိပ်မိပါပြီ ဘုရား) ခိုကိုးရာ အစစ်ကို တစ်ခါမှ မတွေ့ခဲ့တဲ့အတွက် ဘာဖြစ်ဖြစ် နတ်ဖြစ်ပြန်လဲ မရဏမင်းခံတွင်း ခေါင်းစင်းပြီး ထိုးဝင်လိုက်ရတယ် (မှန်ပါ) သူဋ္ဌေးသူကြွယ် မင်းစိုးဖြစ်ပြန်လဲ မရဏမင်း ခံတွင်း ခေါင်းစင်းပြီး ဝင်လိုက်ရတယ် (မှန်ပါ ဘုရား)။

ခုနင်ကပြောခဲ့တဲ့ ပိုးကောင် ပိုးမွှား ပုရစ် ပိုးဟပ် အစရှိသည်တို့သည် ခိုကိုးရာရှာပြီး သစ်ပင်ခြေရင်း ပြေး လိုက်ပြန်တော့ ပုတ်သင်ညိုတို့၏အစား နိုင်ရာစားပုဂ္ဂိုလ်တို့၏ အစာတော့ မဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။

ခိုကိုးရာ အစစ်ကို ရှာမတွေ့တဲ့အတွက်

ဒါဟာ ခိုကိုးရာ အစစ်ကို ရှာမတွေ့တဲ့အတွက် ခိုကိုးရာမှားတွေကြောင့် သူများ ပါးစပ်ထဲမှာ စားမှု သောက်မှု အဖြစ်နဲ့ လမ်းဆုံးရပါတယ် (လမ်းဆုံးရပါတယ် ဘုရား)။

ကျုပ်တို့လဲ တစ်သံသရာလုံးမှာ ရှာလာလိုက်တဲ့ ခိုကိုးရာဟာ အဖေပဲ ခိုကိုးရမလား၊ အမေပဲ ခိုကိုးရမလား စသည်နဲ့ ရှာလာလိုက်တာ ဒကာ ဒကာမတွေ တော်တော်ကြာ အမေသေရင် ကိုယ့်မှ တစ်ကောင်ကြွက်ကျန်ရစ်၊ အဖေသေရင် တစ်ကောင်ကြွက် ကျန်ရစ်။ ပစ္စည်း ခိုကိုးရာ ဖြစ်ပမလားလို့ အောက်မေ့တယ်၊ ရန်သူ ငါးတန်နဲ့တွေ့လို့ ပျက်စီးသွားတာနဲ့ ဒကာ ဒကာမတို့ ခိုကိုးရာမဲ့ ဖြစ်ရတယ် (မှန်ပါ)။

နောက်ဆုံးပိတ် တစ်နေ့ ကျတော့ ခန္ဓာကိုယ်ပါ ဒကာ ဒကာမတို့ မရဏမင်း ပါးစပ်တွင်းမှာ ခေါင်းစင်းပြီး ထိုးအပ်လိုက်ရတယ်ဆိုတဲ့ အဓိပ္ပါယ်က ရှင်းလင်းသွားပြီး (ရှင်းပါပြီ ဘုရား)။

အဲဒါ ကိုးကွယ်ရာမဲ့ နေခဲ့တဲ့ ဒကာ ဒကာမတွေမို့ ဘယ်ဘဝမှာ အန္တရာယ်ကင်းလို့ ဘေးကင်းခဲ့ပါသတုန်းလို့ မေးခဲ့တဲ့အခါကျလို့ ရှိရင်ဖြင့် မရဏမင်းကို တပည့်တော်တို့ ခေါင်းစင်းအပ်ရတဲ့ ဘဝချည့်ပါပဲ ဘုရားဆိုတာ ခိုကိုးရာ အစစ်ကို မတွေ့ခဲ့ဘူး (မှန်ပါ)။ သဘောပါပလား (ပါပါပြီ)။

အခု ဒကာ ဒကာမတွေလဲ သံဝေဂတွေက ပြောရမယ်ဆိုလို့ရှိရင် မဆုံးပါဘူး ဒကာကြွယ် (မှန်ပါ ဘုရား)။ အမေ အားကိုးပေမယ့် အခုဒကာကြွယ်မှာ ရှိသေးသလား (မရှိပါဘူး) အဖေ အားကိုးခဲ့တာကော (မရှိပါဘူး) ဪ ခိုကိုးရာမဲ့ အခုဖြစ်နေပြီ (မှန်ပါ)။

သားတွေ သမီးတွေ အားကိုးပြန်လဲ သူတို့က မမာတာနဲ့၊ နောက်ဆုံးပိတ် သူတို့က ခွဲခွါသွားတာနဲ့ဆိုတော့ ခိုကိုးရာအစစ်ဖြစ်ပါရဲ့လား (မဖြစ်ပါဘူး)။

လောကကြီး ခိုကိုးရာအစစ်ကို ရှာပြီး လာကြတာတွေ ပိုးမွှားတိရစ္ဆာန် ရှာသလို ရှာလာကြတာ အစစ်ကို မတွေ့ဘူး (မှန်ပါ)။ အစစ်ကို မတွေ့ခဲ့ကြတော့ ဒကာ ဒကာမတွေမှာ သေပွဲချည့်နွှဲခဲ့ရတယ် (မှန်ပါ)။ ဘယ်လို ဆိုကြ ပါ့မလဲ (သေပွဲချည့်နွှဲခဲ့ရပါတယ် ဘုရား)။

သေပွဲချည့်နွှဲရတာ ခိုကိုးရာအရှာလွဲလို့

သေပွဲချည့် နွှဲခဲ့ရတာဟာ ဒကာသစ်တို့ စဉ်းစားကြည့်ပါ။ ခိုကိုးရာ အရှာလွဲလို့ (မှန်ပါ) လူ့ပြည် အသက်တို လှတယ်၊ နတ်ပြည်မှာ အသက်ရှည်လှတယ်။ ဆွမ်းကလေး ကွမ်းကလေးနဲ့ နတ်ပြည် သွားပါဦးမယ် ဆိုတော့လဲ နတ်ပြည် မှာပဲ မရဏမင်းအခွန် ဆက်ရတယ် (မှန်ပါ)။ မရဏမင်းကလဲ ဒကာ ဒကာမတို့ ခန္ဓာကိုယ်နဲ့ အခွန် ဆက်ရပါတယ် (မှန်ပါ) သဘောပါပလား (ပါပါပြီ ဘုရား)။

ဟာ နတ်ပြည် အသက်တိုလှတယ်၊ ဗြဟ္မာပြည်သွားတဲ့ ကမ္မဋ္ဌာန်း လုပ်ပါဦးမယ် ဆိုပြန်တော့လဲ ဗြဟ္မာပြည်မှာ မရဏမင်းနဲ့ တွေ့ပြန်တော့ အဲဒီမှာ ခေါင်းစင်းပြီး အပ်လိုက်ရပြန်တယ် (မှန်ပါ)။ ခိုကိုးရာ လွဲကြတာ (မှန်ပါ)။

ဒါကြောင့် ဘုန်းကြီးကို ဒကာ ဒကာမတွေမှာ ခိုကိုးရာ အားထားရာ ကိုးကွယ်ရာ ရှိကြပါစေဆိုတာ ဟောတာတွေ ခင်ဗျားတို့ မဂ္ဂင်အလုပ်မှတစ်ပါး အန္တရာယ်ကင်း၍ ဘေးရှင်းတဲ့နေရာကို ပို့နိုင်တဲ့ တရားမရှိသောကြောင့် ခိုကိုးရာ အစစ် ဧကန် ဖြစ်အောင်ဖြင့် မဂ္ဂင်အလုပ်ကို လုပ်ကြပါ (မှန်ပါ)။ သဘောပါကြပလား (ပါပါပြီ)။

မဂ္ဂင်အလုပ်ဆိုတာလဲ ဒကာ ဒကာမတို့ ခဏခဏ ပြောနေရတယ်နော် (မှန်ပါ) ဆုတောင်းရုံ တောင်းနေလို့ မဂ်ဖိုလ်ရတာမဟုတ်ဘူး။ ပွားများ ယူမှ မဂ်ဖိုလ်ရမယ် ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပွားများယူမှ ရမယ်

ပွားများယူမှ ရမယ်ဆိုတာ သေချာတော့ ပွားများလိုက်ရင် ဒကာ ဒကာမတွေ အမှားတွေ အကုန်ပျောက်၊ အမှန်တွေ အကုန်ရောက်လာပြီ(မှန်ပါ) ပွားများလိုက်ရင် အမှားတွေအကုန်ပျောက်ပြီး သကာလ အမှန်တွေ အကုန် ရောက်လာလိမ့်မယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ မပွားများဘဲနဲ့ သညာကလဲ မပျောက်ပါဘူး။ (မှန်ပါ) သညာဝိပ္ပလ္လာသ ကလဲ မပျောက်။ စိတ္တဝိပ္ပလ္လသကကော (မပျောက်ပါဘူး) ဒိဋ္ဌိဝိပ္ပလ္လာသကကော (မပျောက်ပါဘူး)။

အေး ဒါကြောင့် မင်းမှာ ဘာကိစ္စရှိသတုန်းလို့ မေးလိုက်တော့ မဂ္ဂင်ဟာ ဘာဝေတဗ္ဗကိစ္စ ရှိတယ်။ ပွားများမှ ကိစ္စပြီးနိုင်တယ်ဆိုတာလဲ ဒကာသစ် သေသေချာချာ မှတ်ရမယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီမဂ္ဂင်ကို ပွားများတော့မယ်ဆိုတော့လဲ အနိစ္စကို နိစ္စ ထင်နေမယ်၊ နိစ္စလို့ မှတ်နေမယ်၊ နိစ္စလို့ သိနေ မယ်၊ နိစ္စလို့ ယူနေမယ်ဆိုလို့ရှိရင်လဲ မငြိမ်းသေးတဲ့ စိတ် (မှန်ပါ့) ဒါကြောင့် စိတ္တံ ဒန္တံ သုခါဝဟံ လို့ ဓမ္မပဒမှာ ဟောတယ် (မှန်ပါ)။

စိတ္တံ ဒန္တံ – အမှန်ကို သိ၍ ယဉ်ကျေးသောစိတ်သည် သုခါဝဟံ-ချမ်းသာကို ဆောင်တတ်သည်။ ဟောတိ-ဖြစ်၏။ ဆိုတဲ့အတိုင်း ဒကာ ဒကာမတွေမှာ မငြိမ်သေးတဲ့ စိတ်ကို ယဉ်ကျေးအောင်ဆိုပြီး အခု (၄) (၅) ရက်ရှိနေ ပြီ အမှားတွေကို ပြနေတာ (မှန်ပါ) အမှန်တွေ ပေါ်လာပြီဆိုမှဖြင့် ယဉ်ကျေးတာပေါ့ဆိုတာ အောက်မေ့ရမယ် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ပြကြပါစို့တဲ့။ ဒီဒကာ ဒကာမတွေကို။ ဒီနေ့တော့ အလုပ်နဲ့တကွ သွားရမည့်နေ့ ဖြစ်နေတော့ အမှား ကလေးကို ရှေ့ပိုင်းက ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုတာ ဒကာကြွယ် ဒီရှေ့နားကပေါ့ဗျာ (မှန်ပါ)။

မယဉ်ကျေးသေးတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာ

မယဉ်ကျေးသေးတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာတော့ဖြင့် အနိစ္စကို နိစ္စလို့မှတ်ပြီး အမှတ်မှားကလဲ လာပြန်တာပဲ (လာပါတယ် ဘုရား)။ အနိစ္စကို နိစ္စလို့ သိနေတဲ့ အသိမှားကကော (လာပါတယ် ဘုရား)။ အနိစ္စကို နိစ္စလို့ ယူထားတဲ့ အယူမှားကကော (လာပါတယ် ဘုရား)။ မယဉ်ကျေးသော စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာ ဒီသုံးခု ကိုက်ပါတယ် (ကိုက်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒုက္ခကို သုခလို့ မှတ်နေတဲ့ ပုဂ္ဂိုလ်ကကော (မယဉ်ကျေးသော ပုဂ္ဂိုလ်ပါ ဘုရား)။ မယဉ်ကျေးသော စိတ်ရှိတဲ့ ပုဂ္ဂိုလ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) ဒုက္ခကို သုခလို့ သိနေတာကော (မယဉ်ကျေးသော စိတ်ရှိသော ပုဂ္ဂိုလ် ပါ ဘုရား)။ မှတ်ထားပါ မှတ်ထားပါ။

ကိုယ့်ကိုယ်ကြီး ချမ်းသာတယ်လို့ ထင်ပြီး သကာလ နေကြလို့ရှိရင်လဲ မယဉ်ကျေးသော စိတ်ရှိသေးတယ်လို့ မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ)။ ဒုက္ခကို သုခလို့ ယူနေကြလို့ရှိရင်လဲ ဒကာ ဒကာမတို့ မယဉ်ကျေးသော အယူရှိတာပဲ (မှန်ပါ) မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အနတ္တကို အတ္တလို့ မှတ်နေရင်လဲ မယဉ်ကျေးတာပဲ (မှန်ပါ) အနတ္တကို အတ္တလို့ သိနေပြန်လဲ (မယဉ်ကျေးသောစိတ်ပါ ဘုရား) အနတ္တကို အတ္တလို့ ယူထားပြန်ရင်လဲ (မယဉ်ကျေးတဲ့ အယူပါ ဘုရား)။

ဒါကြောင့် စိတ္တံ ဒန္တံ သုခါဝဟံ (မှန်ပါ) ဒန္တံ-ယဉ်ကျေးသော။ စိတ္တံ-စိတ်သည်။ သုခါဝဟံ-နိဗ္ဗာန်ချမ်းသာ ထိအောင်ချမ်းသာကို ဆောင်နိုင်သည်။ ဟောတိ-ဖြစ်၏ဆိုတာ ဝိပ္ပလ္လသပျောက်တဲ့စိတ်ကို ဆိုပါတယ် (မှန်ပါ)။

အသုဘခန္ဓာကိုယ်ကြီး

ကိုင်း ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်မဆို ကျင်ကြီး စွန့်ချင်ရတာနဲ့ ကျင်ငယ် စွန့်ချင်ရတာနဲ့ချွေးတွေ ထွက်လာရတာနဲ့ သလိပ်တွေ အန်လာရတာနဲ့ အနံအစော်တွေ ပြင်းထန်လာရတာနဲ့ ရေချိုးအမွှေးအကြိုင် လိမ်းကြ ပြုပြင်ကြရပြီဆိုတော့ သူ့ခန္ဓာကိုယ်ကြီးဟာ အသုဘခန္ဓာကိုယ်ကြီးမို့ အသုဘသဘောကို ဘယ်အချိန်မဆို ပြောပါတယ် (ပြောပါတယ် ဘုရား)။

ပြောပင် ပြောငြားသော်လည်း မယဉ်ကျေးတဲ့ စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာတော့ဖြင့် အသုဘကို သုဘလို့ မှတ်ပြန်တယ် (မှန်ပါ)။ အသုဘကိုပဲ သုဘလို့ သိပြန်ပါတယ်။ အသုဘကို သုဘလို့ ယူပြန်ပါတယ် (မှန်ပါ)။ ဒါ မယဉ်ကျေးသော စိတ်ရှိသော ပုဂ္ဂိုလ်မှာ အမှားဆယ့်နှစ်ခု လိုက်တယ်လို့ဆိုတာ အင်္ဂုတ္တိုရ်ပါဠိတော်ကြီးမှာ လာပြန်တယ်(မှန်ပါ)။

မယဉ်ကျေးသော စိတ်ရှိသော ပုဂ္ဂိုလ်မှာ အမှား ဘယ်နှစ်ခုလိုက်သတုန်း (ဆယ့်နှစ်ခုလိုက်ပါတယ်) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် တစ်သံသရာလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီအမှား ဆယ့်နှစ်ခုကိုပဲ အကာအကွယ်ယူပြီး ဘုရားရှောင်ခဲ့ကြတယ် (မှန်ပါ)။

ဒီမှာ ဆယ့်နှစ်ခုကိ (အကာကွယ် ယူပြီး ရှောင်ခဲ့ကြပါတယ်) အကာအကွယ်ယူပြီး ဘုရားရှောင်, တရားရှောင် ဆိုပြီး လာခဲ့ကြတာ ကျုပ်တို့ သာမညမိုက်တဲ့ လူစားတွေလို့ ဒကာကြွယ်မဆိုနဲ့ (မှန်ပါ ဘုရား)။

အမှားဆယ့်နှစ်ခုကို အကာအကွယ်ယူပြီး

အမှားဆယ့်နှစ်ခုကို အကာအကွယ်ယူပြီးဘုရားတွေရှောင် တရားတွေရှောင်ပြီး ခိုကိုးရာမဲ့ကို အပျော်ကြီးပျော်နေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ဒကာသစ်ရေ သူ့ထက် လွဲချော်ပြီး သကာလ ဆိုးဝါးတာတော့ဖြင့် မရှိတော့ပါဘူး (မရှိပါဘူး ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကျုပ်တို့တစ်သံသရာလုံးဘာတွေ အကာအကွယ် ယူပြီး သကာလ မိုက်တွင်း နက်နေလိမ့်မလဲ မေးလို့ရှိရင် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ) အမှားဆယ့်နှစ်ခု အကာအကွယ်ယူပြီး မိုက်တွင်းနက်နေလို့ (မှန်ပါ) ရှင်းပလား (မှန်ပါပြီ)။

ဒီအခါ ဒီအချိန် ဒီဆရာသမားနဲ့ ဒီနားနဲ့တွေ့တုန်းမှာ အမှားဆယ့်နှစ်ခုကို မကျော်တော့ဘူး၊ မပယ်တော့ ဘူး မစွန့်တော့ဘူး ဆိုလို့ရှိရင်ဖြင့် ဘုရားတိုင်းကို ကျုပ်တို့ ကာကွယ်နေဦးမှာပဲ (မှန်ပါ)။

ကာကွယ်ရုံတောင် မကဘူး၊ ဘုရားရှေ့မှာ ရန်ဖြစ်ချင်ဖြစ်ဦးမှာပဲဆိုတဲ့ ဒေဝဒတ် အသွားမျိုးတွေလဲ လာနိုင် တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။ ဘုရားနဲ့လဲ မတွေ့အောင်ကာကွယ်မယ်၊ တွေ့ရင်လဲ ရန်ဖြစ်မယ် (မှန်ပါ) ဘယ်နှစ်ခုပါလိမ့် (နှစ်ခုပါ ဘုရား)။

အဲ-မတွေ့အောင် ကာကွယ်မယ်ဆိုတဲ့ဥစ္စာကလဲ ကိုယ့်အုတ်ချပ် ကိုယ်စီသလို ဒီအုတ်တွေကို ဆင့်တာပဲ (မှန်ပါ) ဝိပ္ပလ္လာသ ဆယ့်နှစ်ပါးသော အုတ်ချပ်တွေကို ဆင့်လိုက်တာပဲ ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။

ဘုရားနဲ့မတွေ့ချင်လို့၊ တရားနဲ့မတွေ့ချင်လို့

ဒါက ဘုရားနဲ့မတွေ့ချင်လို့၊ တရားနဲ့မတွေ့ချင်လို့ ဒကာကြွယ်ရေ ကိုယ့်အုတ်ကို ကိုယ်စီပြီး သကာလ ကိုယ့်ကိုယ် ကာကွယ်တာ (မှန်လှပါ ဘုရား)။ အကယ်၍ အကြောင်းတိုက်ဆိုင်လို့ တွေ့ပြန်တော့လဲ ဝိပ္ပလ္လာသရှိတဲ့ ပုဂ္ဂိုလ်ဟာ ရန်ဖြစ်ပါတယ် (မှန်ပါ ဘုရား) ရူပနန္ဒာတို့များ ဘုရားက အသုဘဟောတယ်၊ သူတို့က မကြိုက်နိုင်ဘူး (မှန်ပါ) ဒကာသစ် ရန်များ ဖြစ်လိုက်သေးတယ် (မှန်ပါ)။

အဲဒါတွေ ထောက်ကြည့်လို့ရှိရင် ဪ ဒါတွေ မပယ်သရွေ့ ကာလပတ်လုံး ဘုရား တရားကိုလဲ လုံခြုံအောင် ကာမဟ (မှန်ပါ) ဘုရားတရားကို မဝင်နိုင်အောင် လုံခြုံအောင် ကာမဟဆိုတာလဲ ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး (မှန်ပါ)။ အကယ်၍ အတင်းဝင်လာလို့ တွေ့လို့ရှိရင်လဲ ရန်ဖြစ်မယ် ဆိုတာလဲ ဝိပ္ပလ္လာသပဲ (မှန်ပါ)။

ဒါကြောင့် သံသရာ ရှည်ခဲ့ကြ၊ အိုဘေးနာဘေး သေဘေးတွေနဲ့ အဖော်လုပ်ခဲ့ကြရတာ ကာကွယ်မှုကြောင့်လဲ အိုဘေး နာဘေး သေဘေးတွေနဲ့ မခွဲရတာ (မှန်ပါ)။

တွေ့တဲ့ မြတ်စွာဘုရားတွေကိုလဲ ဝိပ္ပလ္လာသ လက်ကိုင်ထားပြီး ဒီလက်နက်တွေနဲ့ ဘုရားကိုပစ်ခတ်ပြီး လုပ်တာ နဲ့ ကျုပ်တို့အပါယ်မှာ မြှုပ်ရတာတွေလဲ ဘဝများလှပါပြီ (မှန်လှ ဘုရား)။ ဒီလိုကော မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ်။)

ဒါဖြင့် ဒီဝိပ္ပလ္လာသကြောင့် ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် အရှုံးကြီး ရှုံးပြီး အနစ်နာကြီး နစ်နာတာ ယခု အချိန်ဖြင့် ကိုယ့်အမှားကို ကိုယ်သိပြီး သကာလ ဝိပ္ပလ္လာသကို ပယ်တဲ့ မဂ္ဂင်ကို ငါတို့သည် ကိုးကွယ်ရာဆည်းကပ်ရာ အဖြစ်နဲ့လုပ်ပါတော့မယ် ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)။ အင်မတန်အရေးကြီးသွားပြီ (ကြီးပါတယ် ဘုရား)။

ဝိပ္ပလ္လာသ ပယ်ကြပါစို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပ္ပလ္လာသ ပယ်ကြပါစို့။ ခန္ဓာငါးပါးကြောင့် ဖြစ်ပေါ်လာတာနော် (မှန်ပါ ဘုရား)။

ခန္ဓာငါးပါးကို ဒကာ ဒကာမတွေ ငါးပါး ပုံလိုက်တော့လဲ ငါးပါး ဖြစ်ရမှာပဲ (မှန်ပါ)။ သတိပဋ္ဌာန်နဲ့ ပုံလိုက်တော့ လဲ ဘယ်နှစ်ပါးတဲ့လဲ (လေးပါးပါ ဘုရား) ရုပ်က ကာယာနုပဿနာဝေဒနာက ဝေဒနာနုပဿနာ၊ သညာနဲ့ သင်္ခါရက ဓမ္မာနုဿနာ။ စိတ်က စိတ္တာနုပဿနာဆိုတော့ သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးဟာ လေးပါးဖြစ်တော့ တယ် (မှန်ပါ) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါးလို့ ရှုနေရင် ခင်ဗျားတို့ ဉာဏ်မသက်ဝင်နိုင်ပါက ကြာပါလိမ့်မယ်။ ဒီတော့ သတိပဋ္ဌာန်လေးပါးကို တစ်ပါးပါး ကြိုးစားလိုက်(မှန်ပါ)။ သဘောကျပလား (ကျပါပြီ) တစ်ပါးပါး ကြိုးစားလိုက်လို့ရှိရင် အကုန်ပါ-ပါတယ် (မှန်ပါ)။

အရှင်ဘုရား ဘုရားက လေးပါး ဟောထားပါလျက်သားနဲ့ ဘယ့်နှယ်ကြောင့် တစ်ပါးပါး ကြိုးစားရင် အကုန်ပါ သတုန်းလို့ မေးမတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ထင်ရှားပါတယ်။ တစ်နေ့က ပြောခဲ့တယ်။ ဒကာကြွယ်လဲ မှတ်မိပါလိမ့်မယ်။ ဟတ္ထိပဒေါမသုတ်များဆိုတာ ရှင်သာရိပုတ္တရာ ဟော်တော်မူတယ်။ မူလပဏ္ဏာသ ပါဠိတော်ကြီးမှာ နော် (မှန်ပါ)။

ခြေရာတွေ အများရှိငြားသော်လည်း ဘယ်ခြေရာမဆို ဆင်ခြေရာထဲ ဝင်ကြရတယ်ကွ (မှန်ပါ)။ မဟောဘူး လား (ဟောပါတယ် ဘုရား)။ မြေပေါ်သွားတဲ့ ခြေရာတွေ အများရှိငြားသော်လဲ ဆင်ခြေရာထက် ကြီးတဲ့ခြေရာက မရှိဘူး (မှန်ပါ)။ ဆင်ခြေရာထဲထောက်လှမ်းပြီး သကာလ သွားကြရတယ်ဆိုတာကိုလဲ ဒကာ ဒကာမတို့ သိပါပြီ (မှန်ပါ ဘုရား) ဆင်ခြေရာထဲ ဝင်တာပဲ (မှန်ပါ)။

ဒီမှာလဲ ဒကာဒကာမတို့ ဘာပဲ ဟောနေ ဟောနေ ဝေဒနာရှုဆိုတလဲ သစ္စာထဲ ဝင်ရမှာပဲ (မှန်ပါ) ရုပ်ရှုဆို တာလဲ (သစ္စာထဲဝင်ရမှာပဲ) ဓမ္မာနုပဿနာ ရှုဆိုပြန်တော့လဲ (သစ္စာထဲဝင်ပါတယ် ဘုရား)။ စိတ္တာနုပဿနာ ရှုဆိုပြန် တော့လဲ (သစ္စာထဲဝင်ပါတယ် ဘုရား) ဪ ဟုတ်ပြီ။ ဒကာ ဒကာမတို့ ဒါဖြင့် ဒုက္ခသစ္စာ တစ်လုံးပဲ ရှုဖို့ပဲ (မှန်ပါ)။

ဖြစ်တာ ဒုက္ခ, ပျက်တာ ဒုက္ခ

ဒါဖြင့် ဒုက္ခသစ္စာကို တပည့်တော်တို့ မသိဘဲ နေမှာစိုးရပါတယ်ဘုရား ဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ် ထဲမှာ ဥဒယနဲ့ ဝယရှိတယ် (မှန်ပါ) ဥဒယဆိုတာ ဖြစ်မှု၊ ဝယဆိုတာ ပျက်မှုပေါ့ဗျာ (မှန်ပါ)။ ဒါပဲ ရှိတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ ဥဒယ ဝယသည် ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့်-

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိစ။

နာညတြ ဒုက္ခသမ္ဘောတိ၊ နာညံ ဒုက္ခံ နိရုဇ္ဈတိ-

လို့ သံယုတ်ပါဠိတော်ကြီးမှာ ဟောထားပြန်တော့ ဖြစ်တာ ဒုက္ခ, ပျက်တာ ဒုက္ခ။ ဒီနှစ်ခုပဲရှိတယ် (မှန်ပါ)။ ဒီတော့ ဒုက္ခသစ္စာချည်း ဖြစ်သွားတယ် (မှန်ပါ)။

ဝေဒနာကလေးဖြစ်တာလဲ (ဒုက္ခပါ ဘုရား) ဝေဒနာကလေး ပျက်တာလဲ (ဒုက္ခပါ ဘုရား) စိတ်ကလေးဖြစ်တာ လဲ (ဒုက္ခပါ ဘုရား) စိတ်ကလေးပျက်တာလဲ (ဒုက္ခပါ ဘုရား) ဒီ ဒုက္ခဖြစ် ဒုက္ခပျက်မှ တစ်ပါး ခန္ဓာကိုယ်ထဲမှာ တခြား ဘာများရှိသေးသလဲ (မရှိပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်တွေ့အောင် ရှာဖို့ (မှန်ပါ)။

ဘာ အရေးကြီးပါလိမ့် (ဖြစ်ပျက် တွေ့အောင် ရှာဖို့အရေးကြီးပါတယ်) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့အောင် ရှာကြစို့ (မှန်ပါ)။ ဖြစ်ပျက်တွေ့အောင် ရှာတော့မယ်ဆိုတော့ ယနေ့ လုပ်နည်းကလေး ဒကာ ဒကာမတို့ အားကိုးရာဖြစ်တဲ့ မဂ္ဂင်ကို လုပ်နည်းလေး ပြောလိုက်တော့ –

ကာယံ ဣမ့ သမ္မသထ၊ ပရိဇာနာထ ပုနပ္ပုနံ။

ကာယေ သဘာဝံ နိဒိသွာန၊ ဒုက္ခဿန္တံ ကရိဿထ။

ဣမံကာယံ-ဤခန္ဓာကိုယ်ကြီးကို။ သမ္မသထ-ခင်ဗျားတို့စောင့်ပြီး သုံးသပ်ကြည့်ပါတဲ့ (မှန်ပါ)။

စောင့်ပြီး သုံးသပ်ကြည့်ပါတဲ့

စောင့်ပြီး သုံးသပ်တဲ့အခါကျလို့ရှိရင် ခန္ဓာကိုယ်ကြီးဟာ ဟိုနေရာက ယားသလိုလို ဒီနေရာက နာသလိုလို ဒီနေရာက အောင့်သလိုလို ဒီနေရာက ရွှေ့ချင်သလိုလို၊ ဟိုဘက်ပဲ စောင်းချင်သလိုလို၊ ဒီဘက်ကိုပဲ လှုပ်ချင်သလိုလို၊ ဒီဘက်ကို လှည့်လိုက်ချင်သလိုလို ဆိုတာတွေ လာလိမ့်မယ် (မှန်ပါ)။ မလာပေဘူးလား (လာပါတယ် ဘုရား) အဲဒီကဲ့သို့ လာလို့ရှိရင်ဖြင့် ဪ-ပင်ကိုသဘော စွန့်တာပဲ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (ပင်ကိုသဘော စွန့်တာပါ ဘုရား) ပင်ကိုသဘောက ဖြစ်မှုနဲ့ ပျက်မှုပဲ။ ဖြစ်ပြီးပျက်ရ တာပဲ (မှန်ပါ) ဒကာကြွယ် ဒါကို စောင့်ကြည့်ပါ (မှန်ပါ)။

ပထမရှေးဦးစွာ အာနပါနကလေး မှန်မှန်ကလေး ရှုနေပါ(မှန်ပါ)။ ပြင်းပြင်းထန်ထန် မရှုဘဲနဲ့ ထုံးစံအတိုင်း ခင်ဗျားတို့ ရှုမြဲအတိုင်း ရှုတာပေါ့ (မှန်ပါ) ရှုပြီး သကာလ သတိကလေးက စောင့်ပြီး ကြည့်နေတော့ ခန္ဓာကိုယ်ကြီးထဲက ဝေဒနာလေးတွေကလဲ ဟိုက ယား၊ ဒီက နာ ပေါ်ချင်လဲ ပေါ်လာလိမ့်မယ် (မှန်ပါ) စိတ်ကလေး တွေကလဲ ပြုံးချင် သလိုလို ရယ်ချင်သလိုလိုနဲ့ ဒီလိုလဲ လာချင်လာလိမ့်မယ် (မှန်ပါ) ပျင်းသလိုကော (လာမှာပါ ဘုရား) ဒါတွေ လာလို့ရှိရင် ဒကာ ဒကာမတွေက ဘာမှ မအောက်မေ့ပါနဲ့။ ဪ ဒါတွေဟာ အရှုခံလာတာလို့ အောက်မေ့ရမယ် (မှန်ပါ)။ သဘောပါပလား (ပါပါပြီ ဘုရား)။

ပျင်းတဲ့စိတ်ကလေးဆိုတဲ့ ဒေါသနုကလေးလဲ ထိုင်နေရတာ ရှုလိုက် ရှုလိုက်နဲ့ ပျင်းလိုက်တာလို့ လာချင်လဲ လာလိမ့်မယ် (မှန်ပါ) လာလို့ရှိရင်ဖြင့် အဲဒီပျင်းတဲ့စိတ်ဟာ ဒကာ ဒကာမတို့ ဒေါသပဲ (မှန်ပါ)။

ဒီဒေါသကလေးဟာ ဘာလုပ်လာတုန်းလို့ ဒကာ ဒကာမတို့မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (အရှုခံလာတာပါ) အရှုခံလာတဲ့စိတ်ကို ခင်ဗျားတို့က ခုနင်က ဘုန်းကြီးပြောတဲ့ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဆိုတဲ့ လောကီမဂ္ဂင် ငါးပါးနဲ့ ရှုပစ်လိုက်ပါ (မှန်ပါ)။

လောကီမဂ္ဂင် ငါးပါးနဲ့ ရှုပစ်လိုက်ပါ

ဘာဖြစ်လို့ ပျင်းတဲ့ပုဂ္ဂိုလ်ကို ပျင်းတဲ့စိတ် အရှုခိုင်းရတာတုန်းလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ သိကြပါလိမ့် မယ်အရင် ပြောထားလို့။ ဧဟိ-လာခဲ့ပါ။ ပဿ-ရှုပါ။ ဧဟိ ပဿိကော-ဖြစ်အောင် အရှုခိုင်းတာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ)။

ပျင်းတဲ့စိတ်ကလေးက ဒကာ ဒကာမတို့ ဧဟိ-လာခဲ့ပါ။ ပဿ-ရှုပါလို့ ခေါ်ပါတယ် (မှန်ပါ)။ အဲဒီတော့ သူက အရှုခေါ်တာ သူ့ကို ရှုရမယ့် ဥစ္စာ ခင်ဗျားတို့က ဒီနေရာထပြီးပြေးဖို့ မလိုဘူး (မလိုပါဘူး)။ သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သင်ကြားပြသပေးမည့် ဆရာသမားမရှိတော့ ထိုင်ရတာ ပျင်းလှပြီ၊ သွားတော့မယ်ဆိုတော့ ခေါ်တဲ့ဆီကို သွားသလား ပျင်းတဲ့စိတ် စီမံရာကိုပဲ လိုက်နာသလား (ပျင်းတဲ့စိတ် စီမံရာကို လိုက်နာပါတယ်)။

ပျင်းတဲ့စိတ်က ဒကာ ဒကာမတွေ အပါယ်လေးပါး ဆွဲချချင်လို့ လာတဲ့စိတ် (မှန်ပါ) အဲဒီစိတ်နောက်ကို လိုက်သွားသလား (အဲဒီစိတ်နောက်ကို လိုက်သွားပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် မဖြတ်ဘဲနဲ့ ပဋိစ္စသမုပ္ပာဒ်ဆက်တဲ့ နောက်ကို လိုက်တယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ခန္ဓာကိုယ် စောင့်ကြည့်တော့ ပျင်းတဲ့စိတ်အရင်လာတယ် ဆိုကြပါစို့ (မှန်ပါ)။ ဘုန်းကြီး က ရှုပြီးနေပါ၊ ရှိုက်ပြီး နေပါ။ မှန်မှန်ကလေး ရှုပြီးလာတဲ့ အခါကျမှ ဖမ်းကြည့်တာပေါ့ဆိုတော့ ရှုရှိုက်နေရတာလဲ ကြာပြီဆိုပြီး ပျင်းလှပြီဆိုတဲ့ ဒေါသကလေး မလာဘူးလား (လာပါတယ် ဘုရား)။ အဲဒါကလေး လာလို့ရှိရင် ခင်ဗျားတို့က တစ်ခါတည်းမှတ်ထား။ ဧဟိ ပဿိကောသာ ရွတ်လိုက် (မှန်ပါ့)။

ဧဟိ ပဿိကော ရွတ်လိုက်

ဘာရွတ်မယ် (ဧဟိ ပဿိကော ရွတ်ရပါမယ်) ဧဟိ-က ဘာတုန်း (လာပါ)၊ ပဿ-က(ရှုပါ)၊ နဂိုက ရှုစရာ ရှိုက်စရာလေးနဲ့ နေရတာ။ ဒီပြင် ရှုစရာစိတ်ကို မရှိသေးတာ၊ အခုပျင်းတဲ့ စိတ်ကလေးက ပေါ်လာတော့ ခင်ဗျားတို့ မသိဘူးလား (သိပါတယ်)။

သိလိုက်တဲ့ အခါကျလို့ရှရင်ဖြင့် ဪ ဒီစိတ်ကလေးဟာလဲ အခုမှပေါ်တဲ့ အသစ်ကလေးပဲ (မှန်ပါ)။ အခုပဲ ပျက်သွားတာပဲလို့ သူခေါ်ရာကို မဂ္ဂင်က လိုက်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

သူခေါ်ရာကို မဂ္ဂင်နဲ့ လိုက်တော့ ဘုရားဟောနဲ့ ခင်ဗျားတို့ညီသွားတယ် (မှန်ပါ)။ ဘယ်ပါဠိတော်နဲ့ ညီသွားပါ လိမ့် (ဧဟိပဿိကောနဲ့ ညီသွားပါတယ်) ဧဟိ-လာခဲ့ပါဆိုတာ ပျင်းတဲ့ စိတ်ကခေါ်တာ (မှန်ပါ) ပဿ-ရှုပါဆို တာကော (ပျင်းတဲ့စိတ်ကခေါ်တာပါပဲ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိ-လာခဲ့၊ ပဿ-ရှုပါဆိုတော့ ကျုပ်တို့က ထ,ပြေးရမှာလား၊ ရှုရမှာလား (ရှုရမှာပါ)။ ဟိုက မဂ်ဉာဏ်ပေးမလို့ ခေါ်နေတာ၊ ခင်ဗျားတို့က အပါယ်ပြေးမလို့ စိတ်ကူးတယ် (မှန်ပါ ဘုရား)။

ဟိုက ဘာလို့ ခေါ်တာပါလိမ့် (မဂ်ဉာဏ် ပေးမလို့ခေါ်တာပါ ဘုရား) ဧဟိ-လာခဲ့ပါ၊ ပဿ-ကျုပ်ကို ရှုပါဆိုလို့ ရှိရင်၊ သူရှုလိုက်ရင် ကျုပ်တို့ မဂ်ပေါ်လာတာပဲ (ပေါ်လာပါတယ် ဘုရား)။ ပျင်းလှသေးတယ်ဆိုပြီး ထပြေးမည့်စိတ် လာတာကတော့ သူကတော့ မဂ်ပေးမလို့ခေါ်တာ၊ ကျုပ်တို့က ဒယ်အိုးသွားယူသလို ဖြစ်နေတယ် (မှန်လှပါ)။

မဂ်ပေးမလို့ ခေါ်တာပါ

သူက ဘာပေးမလို့ ခေါ်တာတုန်း (မဂ် ပေးမလို့ ခေါ်တာပါ) အားကိုးရာဖြစ်တဲ့ မဂ်ပေးမလို့ ခေါ်တာပါ။ အဲဒါ ဒကာ ဒကာမတွေက ပျင်းတဲ့ စိတ်ကလေး ပေါ်လာတော့ ပျင်းတဲ့စိတ်ဆိုတာ ဒေါသ တစ်မျိုးပဲ။

ဒေါသနောက်က နေပြီး ခင်ဗျားတို့က ဧဟိပဿိကောနဲ့ မဂ္ဂင်မလိုက်ဘဲနဲ့ သောက ပရိဒေဝ ဒုက္ခ ဒေါသနဿ လိုက်သွားတယ်။ ဒါတွေထဲမှာ အဝိဇ္ဇာက တွဲလျက် (မှန်ပါ) ဒီထဲမှာ အဝိဇ္ဇာက မပါဘူးလား (ပါ ပါတယ်)။ အဲဒီမှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရာပစ္စယာ ဝိညာဏံ ဆိုတော့ အပါယ်ဝိညာဏံ ပြေးချင်လို့ (မှန်ပါ)။

ခေါ်တာက ခင်ဗျားတို့ကို အားကိုးရာ မဂ်ရအောင်လို့ ဧဟိပဿိကောနဲ့ ဒေါသက ခေါ်တယ် (မှန်ပါ ဘုရား)။ ခင်ဗျားတို့က ခေါ်ရာမသွားဘဲနဲ့ ဒကာ ဒကာမတို့ ကျုပ်သွားချင်တဲ့ဆီသွားမယ်ဆိုပြီး သကာလ ပျင်းတာနဲ့ ပျင်းတဲ့ ပဋိပစ္စသမုပ္ပါဒ်ဖြစ်သွားတယ် (မှန်ပါ) ပျင်းတဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ပျင်းစကဒေါသ။ သူ့နောက်က သောက (မှန်ပါ)၊ ပရိဒေဝဒုက္ခဒေါမနဿ အဝိဇ္ဇာ သင်္ခါရ မလာဘူးလား (လာပါတယ် ဘုရား)။

ဪ-ဒကာ ဒကာမတို့ မဂ်ပေးမလို့ ခေါ်တာ ကျုပ်တို့က အပါယ်သွားမလို့ ဆုံးဖြတ်ချက် ချတယ် (မှန်ပါ)။ ခက်တယ် ဒကာ ဒကာမတို့နော် (မှန်ပါ) အသုံးမချတတ်တော့ တယ်ခက်ပါကလား။

ပထမခေါ်တဲ့ စိတ်ကလေးဟာ ဒကာသစ် ပျင်းတဲ့စိတ်ကလေးကတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ရှေးဦး စွာ လာချင်လည်း လာတတ်တယ် (မှန်ပါ)။ လာတော့ သူ့ဆီကို ခင်ဗျားတို့က ဘာနဲ့သွားရမလဲ (မဂ်နဲ့သွားရပါတယ် ဘုရား)။ မဂ်နဲ့ သွားလိုက်တဲ့အခါကျတော့ သွားတဲ့ အချိန်မှာသူရှိသေးရဲ့လား (မရှိပါဘူး)။

ခေါ်တဲ့အချိန်မှာ သူရှိတယ်၊ သွားကြည့်လိုက်တဲ့ အချိန်ကျတော့ သူရှိသေးရဲ့လား (မရှိပါဘူး) မရှိတော့ သူသည် ကျုပ် မရှိတော့ပါဘူး၊ ကျုပ်ဟာ အနိစ္စပါပဲလို့ပြောသွားတယ် (ပြောသွားပါတယ် ဘုရား)။

ခေါ်တာက အနိစ္စ, လိုက်တာက မဂ္ဂ

ဪ-ဒါဖြင့် ခင်ဗျားတို့ဟာ ခန္ဓာကိုယ်ထဲမှာ သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ ဆိုတဲ့အတိုင်း ဒီဒေါသ စိတ်ကလေးဟာလည်း ဖြစ်ပြီး ပျက်တာပါလားလို့ မဂ်က မသိဘူးလား (သိပါတယ်) ဒီလိုသိလိုက်တော့ အနိစ္စမဂ္ဂလို့ သွားဖြစ်တယ် (မှန်ပါ)။ ခေါ်တာက အနိစ္စ။ လိုက်တာက မဂ္ဂ (မှန်ပါ)။

ဪ ဒါဖြင့် ခေါ်ရာကို လိုက်ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ မဂ်ရပါတယ် (မှန်ပါ ဘုရား)။ သဘောကျပ လား (ကျပါပြီ)။

အဲဒါကြောင့် အခုတရားနာတဲ့ ပုဂ္ဂိုလ်တွေ ပျင်းရင် ပျင်းတဲ့စိတ်ဖြစ်ပျက် ရှုကြပါ (မှန်ပါ ဘုရား)။ ပျင်းတဲ့ စိတ် ဘယ်မှာ ပေါ်သတုန်းဆိုတော့ ဒေါသဟာ ဟဒယဝတ္ထုပေါ်မှာ ပေါ်ပါတယ် (မှန်ပါ)။

အဲဒီပေါ်တဲ့စိတ်ကို ဘာလုပ်ကြရမတုန်း (ဖြစ်ပျက်ရှုရပါမယ်)။ ဘာဖြစ်လို့ ခင်ဗျားတို့က ဖြစ်ပျက်ရှုရတာတုန်း မေးတော့ ပါဠိတော်ရွတ်လိုက် (ဧဟိပဿိကော ပါ ဘုရား) ဧဟိ-လာခဲ့ပါ။ ပဿ-ကျုပ်ကိုပဲရှုပါ။ မခေါ်ဘူးလား (ခေါ်ပါတယ်)။

ဒကာ ဒကာမတို့လည်း ဧဟိပဿိကောကို ပါးစပ်က ရွတ်ရုံ လောက်သာရွတ်နေကြတယ်။ ကိုယ့်ကိုယ်ကိုတိုက် ရိုက်ခေါ်တော့ မသွားတတ်ပါဘူး (မသွားတတ်ပါဘူး ဘုရား)။ ဒါဖြင့် ဘုရားရှေ့မှာတော့ ခင်ဗျားတို့က စာပြန်တာပေါ့၊ ဟုတ်လား (မှန်ပါ) အလုပ် လုပ်ပါဆိုတော့ မလုပ်တတ်ဘူး (မလုပ်တတ်ပါ ဘုရား) စာပြန်ပါဆိုတော့ (ပြန်တတ်ပါ တယ် ဘုရား)။

စာတော့ ဖတ်တတ်တယ်။ အဓိပ္ပာယ် မသိတဲ့ ခလေးတွေနဲ့ တူနေတယ် (တူနေပါတယ် ဘုရား)။ အင်္ဂလိပ်စာ ဖတ်တော့ ဖတ်တတ်တယ်၊ အဓိပ္ပာယ် ပြန်စမ်းပါဆိုတော့ မသိဘူး။ ဖတ်တတ်တာ ရှိတာပဲ (မှန်ပါ)။ ခင်ဗျားတို့လည်း ဒီလိုဖြစ်နေတယ် (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဧဟိပဿိကောဆိုတာ သဘောကျပလား (ကျပါပြီ)။ ဧဟိက ဘာတုန်း (လာခဲ့ပါ) ပဿက (ရှုပါ)။ ဒါဖြင့် ပေါ်တဲ့ဓမ္မ ဟူသရွေ့ကဖြင့် ခေါ်တာချည့်ပဲ (မှန်လှပါ ဘုရား)။ ခင်ဗျားတို့ မလိုက်တာက ခဲယဉ်းတယ် (မှန်ပါ) ခေါ်တဲ့ဆီ မလိုက်လို့ရှိရင်ဖြင့် စီမံရာသွားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ (မှန်ပါ)။ ခေါ်တဲ့ဆီ မလိုက်ရင် (စီမံရာ သွားမယ် ဘုရား)။

ခေါ်တဲ့ဆီ မလိုက်လို့ရှိရင်ဖြင့် စီမံရာသွားရမယ်

ဒကာကြွယ် ဒီနှစ်ခုရှင်းရဲ့လား (ရှင်းပါတယ်) ခေါ်တဲ့ဆီလိုက်ရင် မဂ် ရနိုင်တယ် (မှန်ပါ) စီမံရာလိုက်ရင် အပါယ်ရောက်မယ် (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)။

ခေါ်တဲ့ဆီ လိုက်တော့ ဖြစ်ပျက်မယ်၊ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်သွားတယ် (မှန်ပါ)။ ခေါ်တော့ ခေါ်တယ် ဘုရား၊ တပည့်တော်တို့ကလည်း မသိလိုက်ဘူး ဟုတ်လား (မှန်ပါ)။

မသိလိုက်ဘူးလို့ဆိုတဲ့ အခါကျတော့ အဝိဇ္ဇာသင်္ခါရဘက်လိုက်သွားပြီ (မှန်ပါ)။ မသိလိုက်လို့ရှိရင်လည်း ဒေါသ နောက်က ကိုယ့်ဒေါသ ကိုယ်မနိုင်လို့ သောကတွေ ပရိဒေဝတွေ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာ သင်္ခါရဘက် လိုက်သွားတယ် (မှန်ပါ)။

ဒါဖြင့် ခေါ်ရာလိုက်ရင် မဂ် (မှန်ပါ) စီမံရာကို လိုက်ရင် အပါယ်လေးပါး (မှန်ပါ)။

ဒကာကြွယ် ဒီနှစ်လုံးသိရတာ အလွန်အဖိုးတန်ပါတယ် (မှန်ပါ)။ ခေါ်ရာလိုက်ရင် မဂ်။ ခေါ်ရာကို မလိုက်ပါ ဘူး။ သူတို့စီမံရာကို လိုက်ပါတော့မယ်ဆိုတာ (အပါယ်လေးပါးပါ ဘုရား)။ ကြည့်လေ။ အဝိဇ္ဇာ သင်္ခါရဆိုတော့ ဝိညာဏ် နာမ်ရုပ်ဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ်) အဲ ပဋိသန္ဓေဝိညာဏ်က အပါယ်ဝိညာဏ်လည်း ဖြစ်နိုင်ပါတယ် (မှန်ပါ)။

ဒါကြောင့် ဆရာဘုန်းကြီး မှာတာက စောင့်ပြီးကြည့်လို့ ရှိရင် ပျင်းတဲ့စိတ် အရင်လာချင် လာလိမ့်မယ် (မှန်ပါ ဘုရား) လာလို့ရှိရင် ပျင်းတဲ့စိတ် နောက်ကို ကျုပ်တို့ ဉာဏ်က မဂ္ဂင် ငါးပါးကလိုက်ပါ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးက ဆန်းဆန်းပြားပြား ပြောနေတာ မဟုတ်ပါဘူး၊ အင်္ဂုတ္တိုရ် ပါဠိတော်မှာဘဲ ဧဟိသဿိကော သဘော ကျအောင် လုပ်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တယ်ဆိုတဲ့ ဥစ္စာလာပါတယ် (မှန်ပါ)။

ပျင်းတဲ့စိတ်က ဧဟိ-ငါ့ဆီလာခဲ့တဲ့၊ ပဿ-ငါ့ကို ရှုပါတဲ့။ သူကခေါ်တော့ ဒကာ ဒကာမတွေက မဂ္ဂင်နဲ့ ကိုက်လိုက်တဲ့ အခါကျတော့ ရှိသေးရဲ့လား (မရှိပါဘူး)။ ဘယ်ရှိတော့မတုန်း။ နှစ်စိတ်ပြိုင်ပြီးတော့မှ မပေါ်ကောင်းတာ (မှန်ပါ) ပျင်းတဲ့စိတ်ချုပ် မဂ်စိတ်နဲ့ အသက်ရှင်နေတာ (မှန်ပါ)။

အရှင်ကနေပြီး အသေကိုကြည့်

ဝိပဿနာမဂ် စိတ်နဲ့ အသက်ရှင်နေတဲ့အခိုက် အရှင်က နေပြီး အသေကို ကြည့်လိုက်တဲ့အခါကျတော့ မရှိ တာကို တွေ့မယ် (မှန်ပါ)။

ဒါဖြင့် မရှိတာက အနိစ္စ။ တွေ့တာက (မဂ္ဂပါ ဘုရား) ပါဠိတော်နဲ့ ကိုက်မသွားဘူးလား (ကိုက်သွားပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဘုန်းကြီးပြောတာများ မရှုတတ်စရာများ ရှိသေးရဲ့လား (မရှိပါ ဘုရား)။ ဘယ်သူက ခေါ်ခေါ်လိုက် (မှန်ပါ) ဥပမာမယ် ကိုယ်ပေါ်မှာ ယားတာကလေးပေါ်လာတယ် ဆိုကြပါစို့နော် (မှန်ပါ ဘုရား)။

ဒကာသစ်က ဘာလုပ်မယ် (မဂ်လိုက်ရပါမယ် )လိုက်တဲ့ အခါကျတော့ကို ယားတာကလေးကို တွေ့သေးရဲ့လား (မတွေ့ပါဘူး) ယားတာကလေးက ဘာဆိုကြမယ် (အနိစ္စပါ ဘုရား) သိတာက (မဂ္ဂပါ ဘုရား) ဆိုတော့ သူခေါ်ရာ လိုက်ရင် မဂ်ရမယ် (မှန်ပါ)။

ဒါဖြင့် ဒကာ ဒကာမတို့ စားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်၊ လောဘစိတ်ကလေး ဆိုကြပါစို့၊ (မှန်ပါ) ထမင်းဆာလာတယ်၊ တရားအားထုတ်တာ နည်းနည်းကလေး ကြာလာလို့ ထမင်းဆာလာတယ်ဆိုတော့ ထမင်းဆာတဲ့ စိတ်ကလေးနောက်က ခင်ဗျားတို့က ထမင်းဆာတဲ့ စိတ်ဟာ ဒီအတိုင်းနေမည့် စိတ်လား၊ ပျက်စီးမည့်စိတ်လားလို့ လိုက်ကြည့်စမ်း၊ (ပျက်စီးမည့်စိတ်ပါ ဘုရား)

ဒါဖြင့် ပျက်စီးတာကို ဘာခေါ်မတုန်း (အနိစ္စပါ ဘုရား) လိုက်တာက (မဂ္ဂပါ ဘုရား) အဲဒါ စိတ္တာနုပဿနာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါကို ဝေဒနာနုပဿနာ လုပ်ရှုလည်း ဟုတ်တာပဲ ဓမ္မာနုပဿနာဆိုလည်း ဟုတ်တာပဲ။ ဖြစ်ပျက်တွေ့တဲ့ အခါကျတော့ သစ္စာချည့်တွေ့တာပါ (မှန်ပါ)။ သစ္စာတွေ့ရင် ဓမ္မာနုပဿနာ ဖြစ်သွားတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဝိပဿနာအလုပ်ဆိုတာ ခေါ်ရာလိုက်တဲ့အလုပ်

ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့ ခေါ်ရာလိုက်တဲ့ အလုပ် (မှန်ပါ ဘုရား) မှတ်မိကြ ပလား (မှတ်မိပါပြီ)။

ခင်ဗျားတို့က ယားတယ်ဆိုလို့ရှိရင် ယားတဲ့ဆီကို ဉာဏ်နဲ့ လိုက်ရလိမ့်မယ် (မှန်ပါ)။ ခင်ဗျားတို့က ဒီလိုမလုပ် ပဲ ယားပဲ ယားနိုင်လွန်းတယ်ဆိုတော့ ယားတဲ့နောက်က နေပြီး ဒုက္ခနောက်က ဒေါသလိုက်နေတယ် (မှန်ပါ) တော်တော် ခက်ပါသေးတယ်။ ခင်ဗျားတို့က ခေါ်တဲ့ တရားနဲ့ ရန်ဖြစ်တယ် (မှန်ပါ)။ မဂ်ဉာဏ်ပေးမည့် တရားနဲ့ (ရန်ဖြစ်နေပါတယ်)။ ဖြစ်မှ ဖြစ်ရလေ။ ပစ္စည်းပေးမည့် ပုဂ္ဂိုလ်ကို ရန်ဖြစ်လွှတ်သလို အိုဘေး၊ နာဘေး၊ သေဘေးတွေ တားပေးမည့် ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်ရတယ်ဆိုကတည်းက စဉ်းစားကြည့်ရင် ခင်ဗျားတို့လောက် ဆိုးဝါးတာတွေ ရှာမတွေ့ဘူး (မတွေ့ပါဘူး ဘုရား) တွေ့သေးရဲ့လား (မတွေ့ပါဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာအလုပ်ဆိုတာ ဘာပါလိမ့် ခေါ်လို့လိုက်တဲ့အလုပ် (မှန်ပါ) ဒါကြောင့် ဒကာ ဒကာမတို့ ဒေါသကခေါ်လည်း ဒေါသနောက် လိုက်ပါ (မှန်ပါ)။ လောဘခေါ်ရင်ကော (လောဘနောက်လိုက် ရပါမယ်) ဘာနဲ့ လိုက်မယ် (မဂ်နဲ့ လိုက်ရပါမယ်)။ လိုက်တဲ့အခါကျတော့ ခေါ်တဲ့တရားက ခေါ်ခေါ် သေသေပဲ (မှန်ပါ)။ အဲဒီတော့ ဘာတွေ့သတုန်း (အနိစ္စတွေ့ပါတယ်)။

အနိစ္စ တွေ့တော့ကို အနိစ္စနဲ့ မဂ္ဂနဲ့ဟာ ကိုက်သွားတယ် (မှန်ပါ)။ ဒုက္ခနဲ့ မဂ္ဂနဲ့ (ကိုက်သွားပါတယ် ဘုရား) အနတ္တနဲ့ မဂ္ဂနဲ့ (ကိုက်သွားပါတယ် ဘုရား)။ အသုဘနဲ့ မဂ္ဂနဲ့ (ကိုက်သွားပါတယ် ဘုရား) ဒီဝိလပ္ပလ္လာသတွေ အကုန်ချော တာပဲ (မှန်ပါ)။

ဒီတံတိုင်းကြီး ပြိုသွားတာ၊

ဒီလိုသာ ကိုက်အောင် လုပ်နေလို့ရှိရင်ဖြင့် သညာဝိပ္ပလ္လသအမှတ်များကလည်း အနိစ္စ မြင်ကတည်းက ပြိုပါတယ်(မှန်ပါ)။ ဒုက္ခ မြင်ကတည်းက စိတ္တဝိပ္ပလ္လာသကလည်း ပြိုပါတယ် (မှန်ပါ)။ အနတ္တ မြင်ကတည်းက ဒိဋ္ဌိဝိပ္ပလ္လာ သကကော ပြိုပါတယ်ဘုရား။ ပြိုသွားတော့ ဪ ဒီတံတိုင်းကြီး ပြိုသွားတာ၊ ခေါ်ရာလိုက်တဲ့နည်းနဲ့ လိုက်လို့ကိုးဆို တာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဧဟိ-ဆိုတာ ဘာပါလိမ့် (ခေါ်ရာပါ ဘုရား) လာခဲ့လို့ ခေါ်တာ (မှန်ပါ)။ ပဿက (ရှုတာပါ ဘုရား) လာရှုပါလို့ တရားဓမ္မက မခေါ်ဘူးလား (ခေါ်ပါတယ်)။

ဘယ်လိုခေါ်ပါလိမ့် (ဧဟိပဿိကောလို့ ခေါ်ပါတယ်) လာရှုစမ်းပါ။ ခင်ဗျားတို့က လာရှုစမ်းပါ။ ခင်ဗျားတို့က လာရှုရင် ကျုပ်က ဒုက္ခသစ္စာပြောပါ့မယ် (မှန်ပါ)။ ဖြစ်ပျက်ဒုက္ခသစ္စာ ပြောပါ့မယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ကဲ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ယားတဲ့နေရာ ပေါ်လာရင် ယားတဲ့နေရာကို သွားပြီး ဖျောက်မပစ်နဲ့။ ဉာဏ်နဲ့ လိုက်လိုက်ပါ (မှန်ပါ)။နာတဲ့ နေရာကော (ဉာဏ်နဲ့ လိုက်ရပါတယ်) စားချင်တဲ့စိတ်ကလေးရှိတဲ့နေရာကော (ဉာဏ်နဲ့လိုက်ရပါတယ်) အိပ်ချင်တဲ့ စိတ်ကလေး ရှိတဲ့နေရာကော (ဉာဏ်နဲ့လိုက်ရပါတယ်) လိုက်ပေးပါ။

သာတ္တစိတ္တံ သံခိတ္တစိတ္တန္တိ ပဇာနာတိ ဆိုတော့ ထိန မိဒ္ဓပေါ်လာရင် ဆိနမိဒ္ဓကို ဖြစ်ပျက်ရှုပေး (မှန်ပါ)။ ဝိက္ခိတ္တစိတ္တံ ဝိက္ခတ္တစိတ္တန္တိ ပဇာနာတိ ဆိုတော့ ဥဒ္ဓစ္စတို့ ပေါ်လည်း ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါတယ်)။

အဲဒီတော့ ခင်ဗျားတို့ ခေါ်ရာ လိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါတယ်။ (ကိုက်ပါတယ် ဘုရား) ခေါ်ရာ မလိုက်တော့ပါဘူးဆိုရင် ဒီတရားတွေအကုန် ပဋိစ္စသမုမပ္ပါဒ် ဆက်ပြီး အပါယ်လေးပါးချည်း ပို့မယ် (မှန်လှ ပါ ဘုရား)။

သတိပဋ္ဌာန် တယ်အရေးကြီးပါလား

ဪ ဒါကြောင့် သတိပဋ္ဌာန် တယ်အရေးကြီးပါလားဆိုတာ ပေါ်လာတယ်(ပေါ်လာပါတယ် ဘုရား)။ ဒါကြောင့် ဧဟိပဿိကော ဆိုတာကလေးတို့ဖြင့် ကျေနပ်ကြပလး (ကျေနပ်ပါပြီ ဘုရား) ဧဟိပဿိကောဟာ တရားဂုဏ် တော်ပဲ။ တရားဂုဏ်တော်ကို ရှိခိုးဖို့ ဟောထားတာဆိုရင်လည်း ဟုတ်ပါတယ်။ အဲဒါဓမ္မာနုဿတိ ဖြစ်တယ် (မှန်ပါ) သဘော ကျပလား (ကျပါပြီ)။

ဝိပဿနာထိအောင် လုပ်တဲ့အခါကျတော့ ဓမ္မာနုဿတိတောင် မကတော့ဘူး၊ ဝိပဿနာ သွားဖြစ်တယ် (မှန်ပါ)၊ မဂ်ရဖို့သွားဖြစ်တယ် (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါဖြင့် ဧဟိ ပဿိကော ဆိုတဲ့ဥစ္စာ ခေါ်ရာလိုက်တာပဲ (မှန်ပါ)။ ခေါ်ရာလိုက်တော့ ခင်ဗျားတို့ ရိုးရိုးတော့ မလိုက်ပါနဲ့။ ဒကာ ဒကာမတို့ တစ်လုံးတိုးလိုက်ပါဦးနော် (မှန်ပါ)။

သန္ဒိဋ္ဌိကော-ကိုယ့်အမြင်နဲ့ကိုယ် လိုက်စမ်းပါ (မှန်ပါ)။ ကိုယ့်အမြင်နဲ့ကိုယ် လိုက်လိုက်တဲ့ အခါကျတော့ ခေါ်ရာကိုလည်း ဧဟိပဿိကောနဲ့ လိုက်လိုက်တော့ ဒီအတိုင်း မလိုက်ပါနဲ့တဲ့။ ဉာဏ်အမြင်နဲ့ လိုက်လုပ်စမ်းပါ (မှန်ပါ)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာအမြင်နဲ့ လိုက်ရမှာတုန်း (ဉာဏ်အမြင်နဲ့ လိုက်ရမှာပါ)။ ဉာဏ်အမြင်နဲ့ လိုက်လိုက်တော့ အရင်ခေါ်တဲ့ လူက ခေါ်စဉ်မှာတော့ ရှိသေးတယ်။ နောက်ကျတော့ တကယ်ဉာဏ်အမြင်နဲ့ လိုက်လုပ်တဲ့ အခါကျတော့ မရှိတာကို တွေ့တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ ကိုယ်ကိုယ်တိုင်မြင်လား၊ သူတစ်ပါး ပြောတာလား (ကိုယ်တိုင်မြင်ပါ ဘုရား)။ အဲဒါ အနိစ္စ ကိုယ် တိုင်မြင်ဆိုတာ ဒကာ ဒကာမတို့ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကဉာဏ်နဲ့ လိုက်လိုက်လို့ရှိရင် ကိုယ်တိုင် မြင်တာ ပါပဲ (မှန်လှပါ ဘုရား)။

ဧဟိပဿိကောက ခေါ်တယ်နော် (မှန်ပါ) သန္ဒိဋ္ဌိကောက ဘယ်လို လိုက်ရမတုန်း (ကိုယ်တိုင်ဉာဏ်နဲ့ မြင်အောင် လိုက်ရပါတယ်) ဉာဏ်နဲ့ လိုက်လိုက်တဲ့ အခါကျတော့ ရှိတာ တွေ့သလား၊ မရှိတာတွေ့သလား (မရှိတာတွေ့ပါတယ်)။ မရှိတာ ဘာခေါ်မလဲ (အနိစ္စပါ)၊ မရှိမှန်း သိတာက (မဂ္ဂပါ ဘုရား)။

အနိစ္စနှင့် မဂ္ဂသာလိုက်နေပါ

အဲဒီတော့ အနိစ္စနှင့် မဂ္ဂသာ ခင်ဗျားတို့ လိုက်နေပါဆိုတာ ဧဟိပဿိကောက ခေါ်ငြားသော်လည်း ဟိုမှာ ဒကာ ဒကာမတို့ ဥပမာ-သားက လက်ယပ်ခေါ်နေလို့ အမေက သွားသလို ခင်လို့သွားသလို မသွားပဲနဲ့ သန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်မြင်အောင် ဉာဏ်နဲ့ သွားစမ်းပါ (မှန်ပါ ဘုရား)။ ဒါဖြင့် ခင်သွား-မသွားနဲ့။ ဉာဏ်သွား သွားပါလို့ သန္ဒိဋ္ဌိကော က ဟောတယ် (မှန်ပါ ဘုရား)။

ခင်သွား-မသွားပဲနဲ့ (ဉာဏ်သွား သွားရပါမယ် ဘုရား)။ ခင်လို့သွားတာကတော့ ကလေးက ဟိုမှာ ငိုပြီး သကာလ နေရတာနဲ့ ငိုခေါ်-ခေါ်လိုက်တော့ အမေတွေက ကပျာကရာ ပြေးရတာ အဖေတွေက ကပျာကရာ ပြေးရတာက ရှိသေးတယ်။ (မှန်ပါ) အဲဒါက တဏှာကခေါ်လို့ ပြေးတာ (မှန်ပါ)။ တဏှာ သံယောဇနိယ ဖြစ်တဲ့ အာရုံက ဆွဲတာနဲ့ ပြေးရတယ် (မှန်ပါ)။ အဲဒါ ဉာဏ်နဲ့ သွားတာ မဟုတ်ဘူး (မဟုတ်ပါဘူး)။

ဒါ့ကြောင့် အမေမိဘတွေ သွားတဲ့အခါကျတော့ ခလုတ်တိုက်ရတာနဲ့၊ ဆူးငြိနေတာနဲ့ အဝတ်မမြဲရတာနဲ့ မရှိဘူးလား (ရှိပါတယ်)။ အဲတော့ ဉာဏ်နဲ့ ပြေးတဲ့ (မှန်ပါ)။

ဒါကြောင့် ဧဟိပဿိကောက ခေါ်လို့ရှိရင် သန္ဒိဋ္ဌိကောဆိုတဲ့ ဉာဏ်ဦးစီးပြီး ပြေးလိုက် (မှန်ပါ)။ ပြေးလိုက်တော့ ဘာတွေ့သတုန်း (မရှိတာတွေ့ပါတယ်)။ မရှိတဲ့ အနိစ္စ တွေ့တယ် (မှန်ပါ)။

အဲဒီတော့မှ ဉာဏ်က နေပြီး သကာလ သန္ဒိဋ္ဌိကောတို့က ရှုတဲ့ဉာဏ်သည် အနိစ္စခန္ဓာကြီးပါလား ဆိုတော့ အမှတ်မှား ဘယ့်နှယ်တုန်း (ပြိုပါတယ်) ခင်စရာ မင်စရာဆိုတဲ့ အသိမှားကော (ပြိုပါတယ်) ခိုင်တယ် မြဲတယ် ဆိုတဲ့ အယူမှားကော (ပြိုပါတယ်)။

ဪ ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောဆိုတဲ့ ကိုယ့်ဉာဏ်နဲ့ လိုက်လိုက်ပြီဆိုမှဖြင့် ဝိပ္ပလ္လာသ သုံးချက်စင်တယ်(မှန်ပါ ဘုရား)။

ဘယ်နှစ်ခု စင်ပါလိမ့် (ဝိပ္ပလ္လာသသုံးချက် စင်ပါတယ် ဘုရား)။ ဒကာသစ်ရေ သိပ် နေရာကျနေပြီ (မှန်ပါ ဘုရား)။

ရထားပြီးသား ပါဠိတော်ကို အသုံးမချတတ်လို့

ဒီတရားကို ဘယ်နှယ်ကြောင့် ဆရာဘုန်းကြီး တွင်တွင် ဟောပါလိမ့်မတုန်းဆိုတော့ ခင်ဗျားတို့ ရထားပြီးသား ပါဠိတော်ကို ခင်ဗျားတို့ ထိရောက်အောင် အသုံးမချတတ်လို့ ပြောနေရတာ (မှန်လှပါ ဘုရား)။

အမှန်က ဆေးက သောက်ဆေးပါ။ ခင်ဗျားတို့က လိမ်းဆေးလုပ်နေကြတယ် (မှန်ပါ)။

ဆေးက ဘာဆေးတဲ့ (သောက်ဆေးပါ ဘုရား)။ ခင်ဗျားတို့က ဘာလုပ်နေသတုန်း (လိမ်းဆေးလုပ်နေပါတယ် ဘုရား)။ ခက်ပြီ ဒီရောဂါ ပျောက်မှာ မဟုတ်ပါဘူး (မှန်ပါ)။ ကိလေသာနာ ပျောက်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘူး ဘုရား)။ ဘယ့်နှယ်ကြောင့်တုန်းဆိုတော့ ဆေးအသုံး မှားနေလို့ပါ။ (မှန်လှပါ ဘုရား)။ ဆေးအသုံး မှားနေလို့ဆို တာ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခင်ဗျားတို့က အန္တရာယ်ကင်း ဘေးကင်းလောက် ရွတ်တယ်။ ဒါဟာ လိမ်းဆေး လုပ်နေတာ (မှန်ပါ)။ ဟာ ဒီဥစ္စာလိမ်းဆေးမဟုတ်တော့ဘူး။ သောက်ဆေးပဲ လုပ်မယ်။ ငါသည် ခေါ်ရာကို ဉာဏ်နဲ့လိုက်မယ်ဆိုရင်တော့ သောက် ဆေးဖြစ်သွားမယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် တရားဂုဏ်တော်တွေ ရှိငြားသော်လဲ အသုံးမချတတ်တာနဲ့ လိမ်းဆေးကလေးလုပ်ပြီး သုံးနေကြတာနဲ့ သံသရာရှည်တဲ့ သဘောရောက်ပါတယ် (ရောက်ပါတယ် ဘုရား)။ သောက် ဆေးများလုပ်ခဲ့လို့ရှိရင် အခုလောက်ရှိရင် အတော်ကိစ္စပြီး ခရီးရောက်နိုင်နေပြီ (မှန်ပါ ဘုရား)။ သဘောပါပလား (ပါ-ပါပြီ) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ

ဒါဖြင့် ဝိပဿနာဆိုတာ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ (မှန်ပါ)။ သေသေချာချာ မှတ်ပါ။ ဒီနှစ်လုံးဟာ အကုန်ပြီးနိုင်တဲ့ တရားလို့ ဒကာကြွယ်တို့ မှတ်ကြစမ်းပါ (မှန်ပါ ဘုရား)။ သန္ဒိဋ္ဌိကောဆိုတာ သာမံ ပဿိတဗ္ဗော။ သာမံ-ကိုယ်တိုင်ဉာဏ်နဲ့။ ပဿိတဗ္ဗော-မြင်အောင် လိုက်ပါတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလို လိုက်လိုက်တဲ့အခါ ကျတော့ ခုနင်က ခေါ်တဲ့ တရားတွေ ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။ ဘာဖြစ်လို့တုန်း။ သန္ဒိဋ္ဌိကောဆိုတဲ့ ဉာဏ်က တစ်ခါတည်း ပဋိစ္စသမုပ္ပာဒ် ကိုဖြတ်လိုက်ပါတယ် (မှန်ပါ ဘုရား) မဖြတ်ဘူးလား (ဖြတ်ပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ)။

ဒီက ဧဟိပဿိကော၊ သူက သန္ဒိဋ္ဌိကောဆိုတဲ့ မဂ်ဉာဏ်နဲ့ လိုက်လိုက်တော့ ဒီဘက်က ပဋိစ္စသမုပ္ပာဒ်တွေ တန်းပြီး လာနိုင်သေးရဲ့လား (မလာနိုင်ပါဘူး)။

ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်တဲ့အခါ ပဋိစ္စသမုပ္ပာဒ် ပြတ်ရတယ် (ပြတ်ရ ပါတယ် ဘုရား)။ မလိုက်တဲ့ ပုဂ္ဂိုလ်မှာဖြင့် ပဋိစ္စသမုပ္ပာဒ် ဆက်လေရဲ့ (ဆက်ပါတယ် ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ်) ရှင်းပလား (ရှင်းပါပြီ)။

ယထာဘူတဉာဏ်ရပြီ

ကဲ ဒါနဲ့ အဲလိုပဲ ရှုရှု ရှုရှုပြီး သကာလ နေတော့ အဖြစ် အပျက်တွေဟာ ခန္ဓာကိုယ်ထဲ စုံနေအောင် မတွေ့ ပေဘူးလား (တွေ့ပါတယ် ဘုရား)။ ဖြစ်ပျက်တွေ အကုန်စုံတွေလို့ရှိရင်လဲ ဒကာသစ် ယထာဘူတဉာဏ်ရပြီ (မှန်ပါ)။

ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောဆိုတဲ့ဉာဏ်နဲ့ချည့်လိုက်လိုက်တော့ မရှိတာတွေချည့် မတွေ့ဘူးလား (တွေ့ပါတယ်)။ ဒါဟာ ဘာဉာဏ်ပါလိမ့် (ယထာဘူတဉာဏ်ပါ ဘုရား) သို့သော်လည်း ခန္ဓာကိုယ်ကြီး ကြည့်ပြီး သကာလ ခဏ ခဏ ဖြစ်လိုက်ပျက်လိုက်တွေက ခေါ်ခေါ်နေပြန်တော့ ဒကာကြွယ်ရေ အဆုံးထိအောင် မုန်းသည့်တိုင်အောင် လိုက်ရလိမ့်မယ် (မှန်ပါ) မလိုက်ရင်တော်ပါ့မလား (မတော်ပါဘူး)။

ဒါဖြင့် ဒကာ ဒကာမတို့ ခေါ်ရာလိုက်ပါ များတော့ ဘာတွေ တွေ့သတုန်းဆိုတော့ မရှိတဲ့ အသေတွေ တွေ့ တယ်ဘုရား (မှန်ပါ ဘုရား)။ မမြဲတဲ့ အနိစ္စ, ဆင်းရဲတဲ့ ဒုက္ခ အစိုးမရတဲ့ အနတ္တ၊ ရွံစရာ မုန်းစရာ ဖြစ်တဲ့ အသုဘတွေ ဟာ တစ်ခါတည်း တွေ့တယ် (မှန်ပါ) တွေ့လိုက်ကတည်းကိုက ခုနင်က ဝိပ္ပလ္လာသတွေ ခိုင်သေးရဲ့လား (မခိုင်ပါဘူး) ရှိသေးရဲ့လား (မရှိပါဘူး)။

ဪ ဒါနဲ့ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်တာနဲ့ ဝိပ္ပလ္လာသတောင်ကြီး ပြိုရတယ် (မှန်ပါ) ဝိပ္ပလ္လာသတံတိုင်းကြီး ပျက်စီးရတယ် (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီတံတိုင်း ပျက်စီးပါလိမ့်မတုန်းမေးတဲ့ အခါကျတော့မှ ဒကာသစ်ရေ အကာလိကော-အခါမလင့် အကျိုးပေးချလိုက်တယ် (မှန်ပါ)။ အပါယ်သွားမည့်တရားတွေ နောက်ဆက်တွဲ မလာနိုင်အောင် အခါမလင့် အကျိုးပေးလိုက်တယ် (မှန်ပါ)။

အခါမလင့် အကျိုးပေး တယ်

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တာနဲ့ အကာလိကောဆိုတဲ့ ခုနင်က အခါမလင့် အကျိုးပေး တယ်ဆိုတော့ အပါယ်သွားမည့် တရားတွေ အကုန်ဖြတ်ချလိုက်တယ် (ဖြတ်ပါတယ် ဘုရား)။ ဘယ်သူက ဖြတ်ပါလိမ့် (မဂ်ဖြတ်ပါတယ် ဘုရား)။

မဂ်က ဖြတ်လိုက်တော့ ဘယ်နှယ်ဆိုကြမယ် (အကာလိကောပါ ဘုရား) အကာလိကောဆိုတာ အခုမဂ်ဆိုရင် အခု ပြတ်တာပဲ (မှန်ပါ)။ လောကီမဂ်ကလဲ ထိုက်တန်တဲ့ ပဋိစ္စသမုပ္ပာဒ်ပြတ်တာပဲ (မှန်ပါ)။ မပြတ်သေးဘူးလား (ပြတ်ပါတယ်) လောကုတ္တရာ မဂ်ကျတော့လဲ သက်ဆိုင်ရာ ပဋိစ္စသမုပ္ပာဒ်အသီးသီးပြတ်တာပဲ (မှန်ပါ)။

ဒါဖြင့် မဂ်ဟာ ခိုကိုးစရာ အစစ်ပဲ (မှန်ပါ)။ ခိုကိုးရာအစစ်ဖြစ်တဲ့ မဂ်ကို ရမှသာလျှင်လဲ အကာလိကောဆိုတာ သံသရာ့ခရီးသည်ပြတ်ကြမယ် (မှန်ပါ)။ တဏှာဥပါဒါန်ကံ တွေကော (ပြတ်ပါတယ် ဘုရား)။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ (ပြတ်ပါတယ် ဘုရား)။ အဝိဇ္ဇာ သင်္ခါရ (ပြတ်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကော ခေါ်ရာကို ဘာနဲ့လိုက်မယ် (သန္ဒိဋ္ဌိကောနဲ့ လိုက်ပါမယ်)။ သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်တဲ့ အခါကျတော့ ဘယ်လိုကျေးဇူး ခံစားရသတုန်းဆိုတော့ အပါယ် သံသရာ ပြတ်သွားနိုင်တယ် (မှန်ပါ)။

ပဋိစ္စသမုပ္ပာဒ်မဆက်နိုင်တာ ဘာပါလိမ့်

ဘာကြောင့်တုန်းဆိုရင်ဖြင့် ဒကာ ဒကာမတို့ အကာလိကော-အခါမလင့် အကျိုးပေးချလိုက်တာ (မှန်ပါ ဘုရား) အခါမလင့် အကျိုးပေးချလိုက်တော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါဘူး)။ ပဋိစ္စသမုပ္ပာဒ်မဆက်နိုင်တာ ဘာပါလိမ့် (အကာလိကောပါ ဘုရား) အခါမလင့်အကျိုးပေးချလိုက်တယ် (မှန်ပါ)။

ဒါက မဂ်စစ်မဟုတ်သေးဘူး၊ ဝိပဿနာမဂ်တင်ပဲ ဟောနေသေးတယ် (မှန်ပါ) နက်ဖြန် လောကုတ္တရာမဂ် ဟောတော့ဒီထက် ရှင်းလိမ့်မယ်(မှန်ပါ)။

ကိုင်း နာရီစေ့ပြီ၊ ဒီနေ့ ဒီတွင် တော်ကြစို့။

သာဓု…သာဓု…သာဓု