ကာလိက နှင့် သန္ဒိဋ္ဌိက
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံ၌
ဟောကြားတော်မူသောတရားတော်
ကာလိက နှင့် သန္ဒိဋ္ဌိက
အရှင်သမိဒ္ဓိနှင့် နတ်သမီး
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့အခါမှာ တပည့်သာဝကဖြစ်တဲ့ အရှင်သမိဒ္ဓိဆိုတာရှိတယ်။ သံယုတ်ပါဠိတော်မှာလာတယ်။ အရှင်သမိဒ္ဓိ ဆိုတာက တပေါဒါမြစ်မှာ နံနက်စောစောသွားပြီး ရေချိုးတယ်။ အရှင်သမိဒ္ဓိက အလွန်တရာ ချောမောပြေပြစ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီးတော့ နေတာနဲ့ နတ်သမီးတစ်ဦးက အရောင်အဆင်းအလင်းတွေနဲ့ ကောင်းကင်ကလာပြီး ပြောလာတယ် (မှန်ပါ့)။
အရှင်ဘုရား ဆံပင်လဲ ကောင်းတုန်း သွားတွေလဲ ကောင်းတုန်း အသားအရေတွေလဲ ကောင်းတုန်း ဘယ့်နှယ်ကြောင့် ဆွမ်းခံစားတဲ့ အလုပ်ကို ကျင့်ကြံနေပါလိမ့်မလဲ၊ ငါးပါးအာရုံ ကာမဂုဏ် ခံစားတဲ့အချိန် ရှိနေသေးတဲ့ အချိန်ကာလမှ ဘယ့်နှယ်ကြောင့် ဆွမ်းခံစားတဲ့ အလုပ်ကို လုပ်နေပါလိမ့်မလဲ (မှန်ပါ့)။
အရွယ်ကလဲ ကောင်းတုန်းအသားအရေကလဲ တင့်တယ်ပျိုမျစ်တုန်းမှာ ဆွမ်းခံစားတဲ့အလုပ်ကို လုပ်ပြီးတော့နေတယ်၊ ငါးပါးအာရုံ ကာမဂုဏ်ခံစားတဲ့အလုပ်ကိုတော့ မလုပ်ဘဲနဲ့ ကာလအချိန်တွေ လွန်သွားမှာ အရှင်ဘုရားသည် ကားလို့ဆိုရင် အင်မတန်စိုးရိမ်စရာ အလွန်ကောင်းပါတယ်လို့ လာပြောတာဘဲ (မှန်ပါ့) ရှင်သမိဒ္ဓိကို လာပြောတယ် (မှန်ပါ့)။
ကာလအလွန်မခံပဲနဲ့ အလုပ်လုပ်နေတယ်
အဲဒီလိုလာပြောတော့ ရှင်သမိဒ္ဓိက ငါကာလကို မသိလို့လုပ်နေတာဟေ့။ ကာလဖုံးလွှမ်းတာကို ငါမသိတာနဲ့ လုပ်ပြီး သကာလ နေတာ ဒါကြောင့် ငါက ကာလအလွန်မခံပဲနဲ့ အလုပ်လုပ်နေတယ်လို့ ပြောလိုက်တယ် (မှန်ပါ့)။
နတ်သမီးကတော့ အချိန်ကာလကို မလွန်စေနဲ့လို့ ပြောလာတယ်နော် (မှန်ပါ့) သူကတော့ ကာလကို မသိနိုင်တဲ့အတွက် ငါသည် ကာလမလွန်အောင် ကြိုးစားနေတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ နတ်သမီးကဘာတဲ့ (ကာလကိုမလွန်စေနဲ့) အရှင်ဘုရားတဲ့ ငါးပါးအာရုံ ကာမဂုဏ် ခံစားတဲ့ ကာလကို မလွန်စေပါနဲ့တဲ့ (မှန်ပါ့) ငါက ကာလလွန်ခိုက်မှာစိုးတဲ့အတွက်ဒီလမ်းကို မလိုက်ပဲနဲ့ ကာလဖုံးလွှမ်းတာကို မသိတဲ့အတွက် ကာလလွန်မှာစိုးသည့်အတွက် ငါဟာသင်္ကန်းဝန်ပြီး သူတော်ကောင်း အလုပ်ကို ကြိုးစားနေတယ်တဲ့ (မှန်ပါ့)။
သူက ကာလမလွန်စေနဲ့ဆိုတော့ ကာလလွန်မှာစိုးတဲ့အတွက် သူတော်ကောင်းအလုပ်ကို လုပ်နေတယ် ဆိုတော့ တမျိုးစီ မနေဘူးလား (နေပါတယ် ဘုရား) နတ်သမီးကတော့ ငါးပါးအာရုံကာမဂုဏ်ခံစားတဲ့ ကာလကို မလွန်စေနဲ့။ ရှင်သမိဒ္ဓိကတော့ ငါးပါးအာရုံကာမဂုဏ် ခံစားတဲ့ ကာလက ကိစ္စမရှိဘူး နက်ဖြန်သေမလား သဘက်သေမလား ဆိုတဲ့ ကာလ ရှိနေတယ်။ အဲဒီကာလကို မလွန်စေအောင်လို့ ငါက ကြိုးစားနေရပါတယ်လို့ အဖြေပေးလိုက်တယ် (မှန်ပါ့)။
နတ်သမီးက ဒီလိုထင်နေတာ
အဖြေပေးလိုက်တော့ အခုတွေ့တဲ့ ကာလကို အရှင်ဘုရားမလွန်စေနဲ့လို့ ပြောတာ (မှန်ပါ့) အရှင်ဘုရားက နောက်မှဖြစ်မည့် ကာလတွေအတွက် ကြိုးစားနေတယ် သူက ဒီလိုထင်နေတာ (မှန်ပါ့) နောက်မှဖြစ်သည့် အကျိုးပေး ကာလတွေအတွက် အရှင်ဘုရားက ကြိုးစားနေတယ်။ အခုခံစားရမည့် ကာလကို အရှင်ဘုရားက မမြင်ဘူး။ နောက်မှ ခံစားရမည့်ကာလအလုပ်ကို လုပ်နေတာကိုးလို့ ဒီလိုအဓိပ္ပါယ်ရတယ် (မှန်ပါ့)။
အခုတွေ့ကြုံခံစားရမည့် ကာလကိုတော့ လွန်စေတယ်ပေါ့ဗျာ (မှန်ပါ့) နောက် နတ်ပြည်ရောက်ကြောင်း ဖြစ်တဲ့ ကာလတွေအတွက် ရဟန်းအလုပ်ကို လုပ်နေတယ်လို့ သူ့အဓိပ္ပါယ်က ဒါကို ပြောလာတာ (မှန်ပါ့)။
အဲ့ဒီတော့ ရှင်သမိဒ္ဓိက ငါဟာ သန္ဒိဋ္ဌိက အခုတွေ့နေတဲ့ အလုပ်ကို ငါလုပ်ပြီးတော့ နေတာပါတဲ့။ ကာမဂုဏ် လိုက်စားနေတဲ့ ကာလိကကို ငါအလိုရှိလို့ မဟုတ်ပါဘူးတဲ့။ သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒီလိုမှတ်ကြပါဦးတဲ့ ရှင်းအောင် ဒကာ ဒကာမတွေ သန္ဒိဋ္ဌိက ကတစ်မျိုး, ကာလိက ကတစ်မျိုး ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။
သန္ဒိဋ္ဌိက ကတစ်မျိုး, ကာလိက ကတစ်မျိုး
အဲဒီတော့ ကာလကကို အင်မတ် ကြောက်ပါတဲ့။ ကာလကဆိုတာ အင်မတန် အလုပ်များပြီး သကာလ ငါးပါး အာရုံ ကာမဂုဏ်ကို ကာလိကလို့ဆိုတယ် (မှန်ပါ့) အင်မတန်ပဲ ဒုက္ခများတယ်တဲ့၊ အပြစ်ကလဲ အင်မတန် ကြီးတယ်တဲ့။
ဒါ့ကြောင့် ငါသည် အဲဒီကာလိကကို ရွံပြီး သကာလ သန္ဒိဋ္ဌိကကို လိုက်နေတယ်တဲ့။ သဘောကျ ပလား(ကျပါပြီ ဘုရား)။
ဘယ်လိုပါလိမ့် ဒကာ ဒကာမတို့ (ကာလိကကို မလိုက်စားပဲနဲ့ သန္ဒိဋ္ဌိကကို လိုက်စားနေပါတယ် ဘုရား)။
ဒါဖြင့် ဘုရား အရှင်ဘုရားက ကာလိကဆိုတဲ့ ဥစ္စာအလွန်ဒုက္ခများတယ်၊ အပြစ်လဲ အင်မတန် ကြီးတယ်လို့ အရှင်ဘုရားပြောခဲ့ပါတယ် (မှန်ပါ့)။
ကာလိကလိုက်စားတဲ့ ပုဂ္ဂိုလ်များ ဒုက္ခလဲများတယ် အပြစ်လဲကြီးတယ်။ အဲဒီတော့ သန္ဒိဋ္ဌိကဆိုတဲ့ ဥစ္စာပြောပြစမ်းပါဦးဆိုတော့ အိုး ငါက ရဟန်းဝါ အငယ်ကလေးရှိသေးတယ်တဲ့ (မှန်ပါ့) မဖြေနိုင်ဘူး ဒီဥစ္စာကို သန္ဒိဋ္ဌိက လိုက်စားနေတာတော့အမှန်ပဲ။ ကာလိကကို ငါရှောင်တာလဲ အမှန်ပဲ။ သို့သော်လဲ ငါက ငယ်နေသေး တဲ့အတွက် ဒီဥစ္စာကို မဖြေနိုင်ဘူးတဲ့။ (မှန်ပါ့)
သင်သိချင်လို့ရှိရင်ဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ ကို သွားပါတဲ့(မှန်ပါ့) ဒီတော့ အို တပည့်တော်တို့က သာမညနတ် ဖြစ်နေပါတယ်ဘုရား။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ သွားတယ်ဆိုရင် နတ်တစ်ဦးတစ်ဦးမှာ နောက်က အခြွေအရံတွေက များစွာပါလာတော့ တပည့်တော်တို့က ဒီအထဲတိုးဖို့ အင်မတန်ခဲယဉ်းပါတယ်တဲ့ (မှန်ပါ့)။
ကာလိကအပြစ်များပုံရှင်းပေးစမ်းပါ
အဲဒီတော့ အရှင်ဘုရားက ဒီဥစ္စာကို နတ်ကမေးတဲ့အကြောင်းသာ အရှင်ဘုရားက ဘုရားဆီ လျှောက်လို့ရှိရင် တပည့်တော်လဲ တရားနာလာခဲ့ပါမယ်။ အဲဒီအချိန်ကျလို့ရှိရင် အရှင်ဘုရား မေးဖြစ်အောင် မေးပါ။ တပည့်တော်တို့ရတဲ့ နေရာကနေပြီး လာခဲ့ပါ့မယ်၊ ကာလိကအပြစ်များပုံရှင်းပေးစမ်းပါဆိုတာ ဘုရားကို လျှောက်ပါတဲ့ (မှန်ပါ့)။
ဒါနဲ့ ရှင်သမိဒ္ဓိကလဲ ရေကလေးဘာကလေးချိုးပြီး ဘုရားဆီသွားတယ်။ ညနေကျတော့ အားလုံးတရားပွဲထဲ သွားတော့ အရှင်ဘုရား မနက်စောစောက တပည့်တော်ကို အရှင်ဘုရားအရွယ်ရှိတုန်း ဆွမ်းခံစားတာ လုပ်နေတယ် ငါးပါးအာရုံ ခံစားတဲ့ အလုပ်ကိုတော့ မလုပ်ဘူး။ ကာလတွေ လွန်ကုန်လိမ့်မယ်လို့ နတ်တစ်ယောက်က လာပြောပါတယ်ဘုရား။
တပည့်တော်ကလဲ အဲဒီကာလတွေလွန်မှာစိုးတဲ့အတွက်ပဲ ကာလကို မသိတဲ့အတွက် ငါသည် သူတော်ကောင်းအလုပ်ကို ကြိုးစားနေတယ်လို့ ဖြေလိုက်ပါတယ်။
ဖြေလိုက်တဲ့အခါကျတော့ နတ်တွေက ကာလကို အရှင်ဘုရား လွန်သွားလိမ့်မယ် လို့ပြောပါတယ်။ မဟုတ်ဘူး ငါက သန္ဒိဋ္ဌိကကာလကို လိုက်နေတာ။ ငါက မင်းတို့လို ကာလလိုက်နေတာ မဟုတ်ဘူးလို့ ဖြေပါတယ်။ ထိုကဲ့သို့ ဖြေတဲ့အခါမှာ နတ်ကသန္ဒိဋ္ဌိကကာလကို တပည့်တော်ပြောတဲ့အခါမှာ သူနားလည်ပါဘူး။
ဒါနဲ့ ရှင်းပေးပါဆိုတဲ့အခါမှာ တပည့်တော်က သန္ဒိဋ္ဌိက ကာလကို မင်းဘုရားဆီသွားလျှောက်။ ဘုရားရှင်ပေးလိမ့်မယ်ဆိုပြီး သကာလ တပည့်တော်ကသူ့ကို ပြောထားပါတယ်။ သူလဲတရား နာလာမယ်လို့ ပြောပါတယ်။
အခုအချိန်ဆိုရင် ရောက်ချင်ရောက်နေပါမယ်ဆိုတော့ နတ်ကနောက်ကနေပြီး အော်ပြောလိုက်တယ် အရှင်ဘုရားလျှောက်သာလျှောက်ပါ။ တပည့်တော် တရားနာရောက်ပါပြီလို့ (မှန်ပါ) နောက်ကပြောလိုက်တယ် (မှန်ပါ)။
အဲဒါနဲ့ ဘုရားက ကာလိကဆိုတာ အင်မတန် အပြစ်များတယ်။ သန္ဒိဋ္ဌိကမှ ကိစ္စပြီးတယ်ဆိုတဲ့ ဥစ္စာကို ဘုရားဟောမပြမီဘုန်းကြီးများက ဒကာ ဒကာမတွေကို ရှင်းပေးပါဦးမယ် (မှန်ပါ)။
ကာလိက ဆိုတဲ့ဥစ္စာ
ကာလိက ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ငါးပါးသော အာရုံ ကာမဂုဏ်လိုက်စားတဲ့။ ငွေရှာတဲ့ကိစ္စ, သားရေးသမီးရေး စီးပွားရေး လိုက်နေတဲ့ကိစ္စ။ ဆွေမျိုးဉာတကာတွေနဲ့ မကင်းရာမကင်းကြောင်း လုပ်နေတဲ့ကိစ္စဟူသ၍ကို ကာလိကလို့ မှတ်လိုက် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ငါးပါးအာရုံကာမဂုဏ်လိုက်စားတဲ့ ကိစ္စ၊ ငွေရှာတဲ့ကိစ္စဆွေမျိုးဉာတကာတွေ ပင့်ဖိတ်လို့ မကောင်းလို့သွားရတဲ့ကိစ္စ ဟူသ၍ ဘာခေါ်ကြမယ် (ကာလိကပါ ဘုရား)။
အဲဒီ ကာလိကဟာကွာ တဲ့ ငါးပါးအာရုံကာမဂုဏ်နဲ့ ပတ်သက်ပြီးတော့ မကင်းရာမကင်းကြောင်း လိုက်နေတဲ့ အလုပ်ဟူသ၍ဟာဖြင့် ဒုက္ခလဲ အင်မတန်များပါတယ်။ မသွားချင်လဲမနေရ မပြောချင်လဲ မနေရ အင်မတန်တွေ ဒုက္ခတွေများပါတယ် (မှန်ပါ)။ ပြီးတော့ ဒါတွေလိုက်စားနေတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်အလုပ်ကိုလဲ တားမြစ်တဲ့အတွက် အင်မတန်လဲ အပြစ်ကြီးတယ် (မှန်ပါ)။
သားရေးသမီးရေး စီးပွားရေး အလုပ်ဟူသ၍ ကာလိက
ဒါဖြင့် ဒကာ ဒကာမတို့ လုပ်နေတဲ့ သားရေးသမီးရေး စီးပွားရေး အလုပ်ဟူသ၍ ကာလိကလို့မှတ်လိုက် (မှန်ပါ)။ အဲဒီကာလိကတွေသာ လိုက်စားနေကြတယ်ဆိုရင်ဖြင့် ဒုက္ခလဲရောက်မှာဘဲ။ အခုဘဝလဲ ဒုက္ခမများဘူးလား (များပါတယ်)။
သေသည်၏ အခြားမဲ့၌လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်မရနိုင်ပဲနဲ့ ကာလိကနေပြီး ဦးခင်မောင်တား လိုက်တာနဲ့ပဲ အပ္ပါယ်လေးပါးရောက်မယ် (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ ကာလိကဟာ သိပ်ကြောက်စရာ ကောင်းပါ ကလား (ကောင်းပါတယ် ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ကာလိကဟာ သိပ်ကြောက်စရာ ကောင်းပါတယ် ဘုရား) ကာလိကဟာ သိပ်ကြောက်စရာ ကောင်းတယ်လို့ လေးစားစွာနဲ့သာ မှတ်ပါ (မှန်ပါ)။
ကိုင်း ဒကာ ဒကာမတို့ အခုဒီတရားပွဲကို လာကြတယ်။ တရားနာကြတယ်။ ဘုန်းကြီးကလဲ ပရမတ္တသဘော သစ္စာဆိုက်အောင်ပြောတော့ ချက်ချင်းနိဗ္ဗာန်ပေါက်နိုင်တဲ့အလုပ်ကိုဘဲ ပေးတာပါပဲ (မှန်ပါ) ပေးချင်ပေးငြားသော်လဲ တစ်ခါတလေ တချို့ ဒကာ ဒကာမတွေမှာ ကာလိက နှိပ်စက်နေတာနဲ့ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ၊ မင်းကိစ္စစတဲ့ အလုံးစုံသော လောကီကိစ္စတွေဟာ ကာလိကတွေမှတ်လိုက်စမ်းပါ (မှန်ပါ)။
ကာလိက နှိပ်စက်တဲ့အချိန်
အဲဒီကာလိက နှိပ်စက်တဲ့အချိန်မှာလဲ ဒကာသစ်တို့ ကိုမြရွှေတို့က ကြည့်လိုက်တာပေါ့။ ဪ ဒီအချိန်ဟာ ချမ်းသာတဲ့အချိန်လား ဆင်းရဲတဲ့အချိန်လား (ဆင်းရဲတဲ့အချိန်ပါ ဘုရား)။ ဆင်းရဲပြီး သကာလ အမြတ်ထွက်ပါသလားလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် မဂ်ဖိုလ်အလုပ်လဲ မဟုတ်သောကြောင့် သူတို့ကိစ္စတွေနဲ့သာ ကိုယ့်မှာ ဒုက္ခရောက်ပြီး သကာလ သေသည်၏ အခြားမဲ့၌ အပ္ပါယ်ရောက်ရတယ် (မှန်ပါ)။
ဒါဖြင့် ကာလိကဆိုတဲ့အလုပ်သည် ဒကာ ဒကာမတို့မသေခင် ဒုက္ခရောက်ပြီးသေတော့ အပ္ပါယ်လေးပါး ရောက်တယ် (မှန်ပါ)။ မသေခင်တော့ ဒုက္ခနဲ့တွေ့ရတယ် (မှန်ပါ)။ သေတော့ (အပ္ပါယ်လေးပါး ရောက်ရပါတယ် ဘုရား)။ ဪ ကာလိက ဆိုတယ် ဆိုးပါးကလားဆိုတာ ဦးဘတင်တို့ ဦးခင်မောင်တို့ ပေါ်ပါပြီ။ (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ အသက်တန်းကြီးပြီး သကာလ ယခုအခါ လာကြတယ်။ ဘာနဲ့မျာညး အသက်တန်းကြီး ပါလိမ့်။ ကာလိက နှိပ်စက်တာနဲ့ပဲ ကာလိကနဲ့ အချိန်ကုန်ပြီး ကြီးလာကြတာပဲ (မှန်ပါ) သန္ဒိဋ္ဌိကဆီကို ဒကာ ဒကာမတို့ မရောက်ဘူး (မရောက်ပါဘူး ဘုရား) ဦးခင်မောင်ရောက်ကဲ့လား (မရောက်ပါဘူး ဘုရား)။
သန္ဒိဋ္ဌိကဆို ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဝေဒနာ ကလေးတွေ ကြည့်လိုက်လဲ ဝေဒနာကလေးတွေ ဖြစ်ပျက်နေိတာ ကိုယ့်ကိုယ်တိုင်မြင်ရင် သန္ဒိဋ္ဌိက (မှန်ပါ) စိတ်ကလေးတွေ ပျက်နေတာကို ကိုယ်ကိုယ်တိုင် မြင်ရင် (သန္ဒိဋ္ဌိကပါ)။
သန္ဒိဋ္ဌိကကို လွန်သွားမှာစိုးလို့
အဲဒီသန္ဒိဋ္ဌိကကို လွန်သွားမှာစိုးလို့ ရှင်သမိဒ္ဓိက ကာလိကကို ငါမလိုက်ဘူးတဲ့။ သန္ဒိဋ္ဌိကကို ငါလိုက်နေတယ်။ ကာလိကတွေ ဝင်ရှုပ်လို့ရှိရင် သန္ဒိဋ္ဌိကတွေ အကုန်ပျက်ချေရဲ့ (မှန်ပါ)။ ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ကာလိကကို လိုက်စားနေရင် (သန္ဒိဋ္ဌိက အကုန်ပျက်ပါတယ်) သန္ဒိဋ္ဌိက အကုန်ပျက်မယ်။ ဒါကို သတိထားပါ (မှန်ပါ)။
အဲဒီတော့ ဒကာ ဒကာမတွေ ကာလိကကို ဘုန်းကြီး ရှင်းပြပါမယ်။ ဘုရားထံမှာ တရားနာနေတဲ့ ပေယျဆိုတဲ့ ဒကာရှိတယ်နော် (မှန်ပါ)။ ဘုရားက ဒါနတရားဟော သီလတရားကိုဟောတယ်။ ဒကာသစ် ဝိပဿနာတရားဟောသည် အထိနေရင်သူဒီဘဝတွင် သောတာပန်တည်နိုင်တ် (မှန်ပါ)။
ပေယျဖြစ်ပုံပြောတာ ဒကာ ဒကာမတို့ ဘုရားတရားပွဲမှာ ဒါနတရားလဲ သူနာပြီးပြီ သီလတရားလဲ သူနာပြီးပြီ ဝိပဿနာတရား အထွဋ်အထိပ် သစ္စာဆိုတာတောင် ဟောမည့်အချိန်မရောက်ခင် ကာလိကတွေက ဝင်ရှုပ်လိုက်တယ် ဦးခင်မောင် (မှန်ပါ)။
အိမ်မှာကိစ္စတွေရှိတာနဲ့ လူများဟာဘုရားကိစ္စတွေ အလွန်များလိုက်တာဘုရား ဒါကြောင့် တပည့်တော်ပြန်ပရေစဦးဆိုပြီး ပြန်သွားတယ်။ ဒကာ ဒကာမတို့ သစ္စာဆိုက်အောင် ဟောကာနီးမှနော်(မှန်ပါ)။
အဲဒီအချိန်ထိအောင် နေလိုက်လို့ရှိရင် သူကျွတ်တမ်းဝင်မှာဘဲ (မှန်ပါ)။ အဲဒီအချိန်မှာ ကာလိကဆိုတဲ့ ကိစ္စကလေးတွေ ပေါ်လာတယ်။ ကာလိကဆိုတာ ဒကာ ဒကာမတို့ နားလည်တဲ့ကိစ္စပေါ့ဗျာ။ သားရေးသမီးရေးစီးပွားရေးကိစ္စပဲ (မှန်ပါ) အဲဒီကိစ္စကလေးနဲ့ အိမ်ပြန်သွားတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူလဲထပြန်သွားပါရော တရားနာ ပရိတ်သတ် တွေကို ပြောတော့တာဘဲ၊ ပေယျဖြင့် အရှုံးကြီးရှုံးသွားလေရဲ့ (မှန်ပါ)။
ပေယျဖြင့် အရှုံးကြီးရှုံးသွားလေရဲ့
ကာလိက နှိပ်စက်လိုက်တာနဲ့ ကိုယ်ကျိုးနည်းသွား တာပေါ့ (မှန်ပါ) ဘုရားတရားဟောတာကို ပြီးဆုံးအောင် နာလို့ရှိရင် သူဟာ ဒီခဏမှာပဲ ကျွတ်တမ်း ဝင်နိုင်တယ် (မှန်ပါ)။
အခုကာလိက နှိပ်စက်သွားတာနဲ့ အကျိုးယုတ်သွားရှာတယ်။ သံသရာဒုက္ခကြီးတွေ ဆက်တိုက်ခံ ရဦးမယ် (မှန်ပါ) ဒကာ ဒကာမတို့ ကာလိကိဟာ မနစ်နာဘူးလား (နစ်နာပါတယ်)။
ဆိုးဝါးလွန်းလို့ ပြောပါတယ်နော်(မှန်ပါ) ဒကာ ဒကာမတွေနေဖြင့် ဝိပဿနာ အလေးအနက် အားထုတ်မလို့၊ အို ကိစ္စကလေးတွေက ရှိသေးတယ်တဲ့။ ကိစ္စကလေးတွေက ကာလိကမှတ်လိုက်ပါ (မှန်ပါ) ညကျတော့မှ အားထုတ်ပါ တော့မယ်ဆိုရင်လဲ ညကျတော့ မလွှဲသာတဲ့ အကြောင်းကပေါ်လာပြန်တယ်ဆိုတော့ကာလိက နှိပ်စက် ပြန်တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ဒကာမတို့ ဒုက္ခမရခဲ့လို့ ဒုက္ခပင်လယ်ဝေပြီး သကာလ နေခဲ့ရတာဟာ ဘယ်သူနှိပ်စက်ခဲ့ရတယ်ဆိုတာ ပေါ်ရောပေါ့ဗျာ (ပေါ်ပါပြီ) ဘယ်သူပါလိမ့် (ကာလိကပါ ဘုရား) အဲ ကာလိကဆိုတာ ခင်ဗျားတို့ နားလည်မှု ပြောရမယ် ခင်ဗျားတို့မှာ မလွှဲသာကိစ္စကလေးတွေ နှိပ်စက်နေတာ ရှင်းပလား (ရှင်းပါပြီ)။
သမီးကလေး တစ်ယောက်ရှိတယ်။ သမီးကလေးက အကြောင်းမညီညွတ်လို့ တစ်ယောက်တည်း ထားခဲ့ရမှာမို့ မဖြစ်နိုင်လို့ သူ့နားကပ်နေရတယ်ဆိုပြီး သကာလ ကိုယ့်အလုပ်တွေ ချို့ယွင်းချက်တွေကဖြင့် ဦးဘတင်တို့ အများကြီး ရှိပါလိမ့်မယ် (မှန်ပါ) မရှိပေဘူးလား (ရှိပါတယ် ဘုရား) အဲဒါဘာခေါ်ကြမယ် (ကာလိကပါ ဘုရား)။
ပေယျမှာလဲ ကာလိကတွေ နှိပ်စက်လိုက်တာ
အဲ ပေယျမှာလဲ ကာလိကတွေ နှိပ်စက်လိုက်တာ ဦးခင်မောင် ဘုရားတရားဟောနေတုန်း ထပြန်သွားတာ (မှန်ပါ) အဲဒီတွင်ဘုရားက ပေယျများဖြင့် အရှုံးကြီး ရှုံးပြီဟေ တဲ့ (မှန်ပါ)။
နောက်ဘုရားတစ်ဆူ စောင့်ရဦးမယ် ဒုက္ခထဲ ကျင်လည်ရဦးမယ်ဆိုရင် သူ့အရိုးတွေ ဆယ့်သုံးမိုင်လောက် ပုံလိမ့်ဦးမယ် (မှန်ပါ) ပျမ်းမျှကြေးဆယ့်သုံးမိုင်လောက်ကြီးအောင် ပုံလိမ့်ဦးမယ် (မှန်ပါ) အဲဒီဆယ့်သုံးမိုင်လောက်ထိအောင် အရိုးတွေပုံအောင် သေကြေပြီးတော့မှ ကျွတ်တမ်းဝင်မှာ(မှန်ပါ)။
အဲဒါကြောင့် ခင်ဗျားတို့ကတော့ မြို့သုံး-သုံးတော့ အင်မတန်ယဉ်ပါတယ်၊ ကျုပ်ဗျာဒီနေ့မလွှဲသာတာနဲ့ မသွားရဘူး၊ ဆရာဘုန်းကြီးလဲ ဆုံးမနေတာနေ့တိုင်းဘဲ ဦးခင်မောင်လာပြီလား (လာပါပြီ ဘုရား) ဒါဘာပါလိမ့်ဗျာ (ကာလိကပါ ဘုရား)။
အဲဒီကာလိကတွေနှိပ်စက်လိုက်တာ ဒီနေ့တရားပွဲမှာ ဒီနေ့လိုရင်းတွေလွတ်သွားတယ်ဆိုလို့ရှိရင်ဖြင့် အင်မတန်မနာ ဘူးလား (နာပါတယ် ဘုရား)။
ကာလိကဟာ သေးသေးမထင်နဲ့နော်
အဲဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတယ်၊ ဒကာ ဒကာမတွေ ကာလိကဟာ သေးသေးမထင်နဲ့နော် အင်မတန်ကြီးကျယ်တယ်ဆိုတော့ ပေယျဟာ ဒကာ ဒကာမတို့ သူ့အရိုးတွေက အနည်းဆုံး ဆယ့်သုံးမိုင်တက်ရမယ် (မှန်ပါ)။
သေလိုက် ဖြစ်လိုက် သေလိုက် အရိုးဖြစ်လိုက်နဲ့ဆိုတာ မျက်ရည်ဆိုတာလဲ မနည်းပါဘူး (မှန်ပါ) အရိုးကို ဆယ့်သုံးမိုင်တက်ရမယ် (မှန်ပါ) အရိုးတွေကဖြစ်တဲ့မြေကြီးဆယ့်သုံးမိုင် တက်ရမယ်ဆိုတော့ ဦးခင်မောင် မများလွန်းဘူးလား (များပါတယ်)။
ဘုရားက ဝိပဿနာတရားကို သစ္စာဆိုက် သုညတဆိုက်ထိအောင်ဟောတာ ကို သူတရားနာလို့ရှိရင် သူကျွတ်တမ်းဝင်မှာသေချာတယ် (မှန်ပါ) အဲဒါကို မနာပဲ အိမ်မှာပဲ ကိစ္စရှိတယ် သူကလဲပေးပြီး မထိုင်နိုင်တာကြောင့် ဦးဘတင်ရေ ထပြီးသွားမိတယ် (မှန်ပါ)။
ဘုရားက အရှုံးကြီး ရှုံးပြီကွ ပေယျ တဲ့ (မှန်ပါ) ဦးခင်မောင် နာလိုက်တာ (နာပါတယ် ဘုရား) ဒကာ ဒကာမတို့ ဘယ်သူနှိပ်စက်တာပါလိမ့် (ကာလိက နှိပ်စက်တာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အရောင်းကလေးကိစ္စကြောင့် သူတော်ကောင်းအလုပ်ကို မလုပ်ဖြစ်တာလဲ ကာလိကပဲ (မှန်ပါ) ဝယ်စရာကလေးကိစ္စရှိနေလို့ သူတော်ကောင်းအလုပ် မလုပ်ဖြစ်တာကော (ကာလိကပါ ဘုရား) ကဲ ခင်ဗျားတို့မှာ ကာလိကပေါင်း ဘယ်လောက်ရှိသတုန်း (မရေတွက်နိုင်ပါဘူး ဘုရား)။
တသံသရာလုံးမှာ အရိုးတောင်လိုပုံခဲ့ရတယ်
ဦးခင်မောင်ခက်ပြီဗျ (မှန်ပါ) မခက်သေးဘူးလား ဒကာ ဒကာမတို့ (ခက်ပါပြီ ဘုရား) ဒါဖြင့် တသံသရာလုံးမှာ ဒကာ ဒကာမတွေ ဪ ဒို့သည်ကားလို့ဆိုရင် အရိုးတောင်လိုပုံခဲ့ရတယ်၊
ဒို့မျက်ရည်တွေဟာ တစ်ခါတို့မှ လက်ကိုင်ပုဝါကလေး ဆွတ်တယ်ဆိုရုံကလေးရှိတာတောင် စုလိုက်မယ်ဆိုရင် သမုဒ္ဒရာလေးစင်း ရေလောက်များတယ်ဆိုတာ ဘယ်အတွက် ကြောင့် ဒို့သည်ကားလို့ဆိုရင်ဖြင့် ဒီဇာတ်တွေ မသိမ်းနိုင်ပါလိမ့်မလဲလို့ ဆိုတဲ့လက်သည်ကို ရှာပါ။
ဘာတွေ့ကြသတုန်း (ကာလိကတွေ့ပါတယ် ဘုရား) ကာလိကဆိုတာ ခင်ဗျားတို့၏ ကိစ္စကလေးတွေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ) မလွှဲသာတဲ့ ကိစ္စတွေ (မှန်ပါ)။
ဦးခင်မောင် ဘာပါလိမ့် (မလွှဲသာတဲ့ကိစ္စတွေပါ ဘုရား) စားမှုကိစ္စကလေးပေါ့ဗျာ ဝတ်မှုကိစ္စကလေးပေါ့ဗျာ (မှန်ပါ)။
ခင်ခင်မင်မင်ရင်းနှီးတဲ့ မိတ်ဆွေကလေးလာလို့ ရှောင်မထွက်သာတဲ့ ကိစ္စကလေးပေါ့ဗျာ (မှန်ပါ) ကိစ္စကလေး သာဆိုလိုက်တယ် ဦးဘတင်ရေ ကိစ္စနှိပ်စက်လိုက်တာ ပေယျသူ့အရိုးတွေဘယ်လောက်တဲ့ (ဆယ့်သုံးမိုင် လောက်ပါ ဘုရား) ဆယ့်သုံးမိုင်လောက် ပျမ်းမျှကြေးတက်ရတယ် (မှန်ပါ) မနာဘူးလား ဒကာ ဒကာမတို့ (နာပါတယ် ဘုရား)။
မလွှဲသာတဲ့ကိစ္စတွေက သိပ်များတာပဲဆိုတော့
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒီဟာကို ကျွန်တော့်မှာ အခုဆရာတော်ကြွလာတဲ့အခါ တရားလဲနာပါတယ် အားလဲထုတ်ပါတယ်၊ ပြီးတော့ မလွှဲသာတဲ့ကိစ္စတွေက သိပ်များတာပဲဆိုတော့ ခင်ဗျားတို့ချင်းတော့ အင်း လိုက်နေမှာပဲ (မှန်ပါ)။
တစ်ယောက်ကလဲ ဟုတ်တယ် ကျုပ်တို့လဲ ဒီလိုပဲ ဆရာသမားလဲ ကြည်ညိုပါတယ်၊ ဟောတဲ့တရားလဲ ကြိုက်လဲကြိုက်ပါတယ်၊ သဘောလဲကျပါတယ် နားလဲလည်ပါတယ်၊ သို့သော် ကိစ္စကလူဆိုတာ အင်မတန်များတယ်ဆိုတော့ တစ်ယောက်က လေပြေထိုးလိုက်တဲ့ အခါ တစ်ယောက်က ကျုပ်တို့လဲဒီလိုပဲ ဒီဆရာတော် ကိုဖြင့် လေးလဲလေးစားပါတယ်၊ နားလည်အောင်ပြောတာကိုလဲ ကျေးဇူးလဲ အင်မတန် တင်ပါတယ် ကိစ္စကလေးတွေက မလွှဲသာတာက အင်မတန်များနေတယ်ဆိုတော့ ခင်ဗျားတို့ချင်းကျတော့ ပွေနေတာပဲ (မှန်ပါ)။
ပွေသာပွေတယ် မြေကြီးဘယ်လောက်တက်ရမတုန်း (ဆယ့်သုံးမိုင်ပါ ဘုရား) ဘယ်သူကတက်မှာတုန်းဗျ (တပည့်တော်တို့ အရိုးအသားတွေပါ) ဦးခင်မောင်နာလိုက်တာဗျာ (နာပါတယ် ဘုရား)။
တစ်ယောက်နဲ့ တစ်ယောက်ပြောလိုက်တဲ့အခါကျတော့ မသိတဲ့လူချင်း ပြောတဲ့အခါကျတော့ အတော်ယဉ်ကျေး တယ်လို့ ထင်ရမှာပေါ့ဗျာ(မှန်ပါ) တစ်ယောက်က ပြောလိုက်တော့ တစ်ယောက်ကလဲ ဟုတ်ပါရဲ့လေ လူဆိုတာ ဒီလိုပဲ၊ ဟိုကလဲ အဖြေခပ်အေးအေးပဲပေးတာပဲ (မှန်ပါ) ဒီကပုဂ္ဂိုလ်ကလဲ အဖြေပေးလောက်အောင်ပဲ ခပ်ပျော့ပျော့နဲ့ လေကသွင်းလိုက်တယ် (မှန်ပါ) ဒီအတိုင်းမနေကြဘူးလား (နေပါတယ် ဘုရား)။
ကာလိကဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တားတာပဲ
ဒါဟာ ဘာပါလိမ့်မတုန်းဆိုတော့ ဒီနေ့တရားမှာ ကြည့်တော့မှကာလိကပဲ (မှန်ပါ) ကာလိကဆိုတဲ့ဥစ္စာ ဘာပါလိမ့် မတုန်းလို့မေးတော့မှ ဦးခင်မောင် သဘောကြီးကြီးနဲ့ မှတ်စမ်းပါ မဂ်ဉာဏ် ဖိုလ်ဉာဏ်တားတာပဲ (မှန်ပါ)။
ဘယ်လောက် ထိအောင် တားမတုန်းဆိုတော့ ပေယျဆိုတဲ့ ပုဂ္ဂိုလ်ဒါနတရား သီလတရားတွေ စသည်တုန်းကတော့ ဦးဘတင်ရေ သူမထဖြစ်သေးဘူး၊ ဝိပဿနာဟောလို့ သူကျွတ်တမ်းဝင်မည့် တရားကျတော့မှ ကိစ္စပေါ်လာတယ် (မှန်ပါ) ကာလိကနှိပ်စက်လိုက်တာ (မှန်ပါ)။
တစ်ခါတည်း ဒကာ ဒကာမတို့ မြေကြီးဟာ ပျမ်းမျှကြေး ဆယ့်သုံးမိုင်နော် (မှန်ပါ) ပျမ်းမျှကြေး ဆယ့်သုံးမိုင်ဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် မနည်းဘူးသာတွက်ပေးတော့ (မှန်ပါ) အဲဒါလောက်ကြာအောင် ကျွတ်တမ်းဝင်ရမယ်ဆိုတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကိစ္စကလေးနဲ့ ဟိုမှာဖြစ်ရဦးမည့် ဒုက္ခကြီးနဲ့ ကာမိကြရဲ့လား (မကာမိပါဘူး)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာလုပ်မယ်ကြံရင် ဘုန်းကြီးဟာ ဝိပဿနာလုပ်ဖို့ကိုလဲ အများကြီးတိုက်တွန်းတဲ့ ဘန်းကြီးဆိုတာ ဒကာ ဒကာမတွေလဲ သိပါတယ် (မှန်ပါ)။
အဓိဋ္ဌာန်ထားတဲ့အချိန်မှာ အမှန်လုပ်ကြစမ်းပါ
အဲဒီတော့ ဝိပဿနာလုပ်မယ်ကြံရင် ကိစ္စကလေး ပေါ်မည့်ကြံတိုင်း ကြံတိုင်း ဪ-မြေကြီးဆယ့်သုံးမိုင် မင့်အရိုး မင့်အသားတွေက ကြီးပွားချင်လို့ အသေများချင်လို့ မင့်ဒီကိစ္စ လက်ခံတာားဆိုပြီး သကာလ ကိစ္စချိတ်ထားပြီးတော့ကို အဓိဋ္ဌာန်ထားတဲ့အချိန်မှာ အမှန်ဖြစ်အောင် လုပ်ကြစမ်းပါဆိုတာ တိုက်တွန်းလိုက်ပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။
ဒီအလုပ်မှ တစ်ပါးလဲ ဒကာ ဒကာမတွေကို ကယ်မည့် ယူမည့်သူ မရှိဘူးဆိုတာလဲ မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ခုနင်က ပေယျမှာကာလိက နှိပ်စက်လိုက်တာမဟုတ်လား (မှန်ပါ) ကာလိကနှိပ်စက်လိုက်တော့ ဘုရားတစ်ဆူ အနည်းဆုံး စောင့်ရပါဦး မြေကြီးဆယ့်သုံးမိုင် တက်စုကြာမယ်ဆိုတော့ မနာဘူးလား ဦးခင်မောင် (နာပါတယ် ဘုရား)။
တကယ်တမ်းလက်တွေ့ဖြစ်တော့ ခံနိုင်စရာရှိရဲ့လား (မရှိပါဘူး) သေပြီးရင် သေရင်း သေပြီးရင် သေးရင်း အဲဒါ အရိုးရှိတဲ့ဘဝတွေ အရိုးကမြေဖြစ်တာ ဆယ့်သုံးမိုင်ပြောတာ၊ တီကောင်တို့၊ ပက်ကျိတို့၊ ခြင်ကောင်တို့၊ ယင်ကောင်တို့ ဖြစ်တဲ့အခါ အရိုးမပါလို့ မြေကြီး ကြီးပွားရေး ဒီကောင်တွေက ပြောပလောက်အောင်မဖြစ်နိုင်သေးဘူး (မှန်ပါ) ဘယ်လောက်နစ်နာနတယ်ဆိုတာ ကိုမြရွှေရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲ ခင်ဗျားတို့ကတော့ ဒီဥစ္စာကို ဘယ်အထဲမှာ သုံးနေသတုန်းလိုပ မေးတဲ့အခါကျတော့မှ ယဉ်းကျေးမှု သဘောနဲ့ ပြောဆိုသုံးစွဲနေကြတယ် (မှန်ပါ) မဂ်ဖိုလ်တားတဲ့ အလုပ်ကိုပင်လျှင် ကိုယ့်ယဉ်ကျေးမှုနဲ့ သုံးလိုက်တယ် (မှန်လှပါ ဘုရား)။
ဦးခင်မောင်ဘယ်လိုတုန်း (မဂ်ဖိုလ်တားတဲ့ အလုပ်ကို ကိုယ့်ယဉ်ကျေးမှုအဖြစ်နဲ့ သုံးလိုက်ပါတယ် ဘုရား)။
မြို့သုံးကိုရှောင်ကြဉ်ကြစမ်းပါ
ဒကာ ဒကာမတို့အဲဒီမှာ ဘုန်းကြီးတို့က ဒကာ ဒကာမတွေကို အလွန်အလိုရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေသောကြောင့် မြို့သုံးကိုရှောင်ကြဉ်ကြစမ်းပါ (မှန်ပါ) မြို့သုံးရှောင်ကြစမ်းပါလို့ သတိပေးလိုက်ပါတယ် ဦးခင်မောင် (မှန်ပါ) ပေးသင့် မပေးသင့် (ပေးသင့်ပါတယ် ဘုရား)။
မြေကြီးဆယ့်သုံးမိုင်တိုင်အောင် တက်ရတဲ့အခြေအနေဆိုက်ရဦးမယ်ဆိုကတည်းကိုက ကာလိကဟာ အတော်အရုပ်ဆိုးတယ် ဆိုတာပေါ်လွန်းလို့ ဒီနေ့တော့ ဘုရားတပည့်တော်အားမထုတ်နိုင်ဘူး၊ လာလဲ မလာနိုင်ဘူး ကိစ္စကမလွှဲသာရှိနေလို့ (မှန်ပါ့)။
တော်တော်ဆရာသမားကတော့ အင်း ဟုတ်ပေလိမ့်မယ် လိုက်လိမ့်မယ် (မှန်ပါ) ဘုန်းကြီးတို့ကတော့ ဒီလို မဖြစ်စေချင်ဘူး ဒကာ ဒကာမတွေ (မှန်ပါ့) ဒကာ ဒကာမတို့ အခုဒီကိစ္စကလေး မျက်လုံးမှိတ်တာ မုန်းရုံအပြင် ပိုပြီးမရှိဘူး။ မြေကြီးဆယ့်သုံးမိုင် တက်သည်တိုင်အောင် သေသေပြီး ခန္ဓာကြီးပွားရေးတော့ မဖြစ်ပေဘူး (မှန်ပါ့)။
အဲဒီလိုတွက်တော့မှ ကာလိကိဟာ သိပ်ကြောက်စရာ ကောင်းပါလဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့် ဘုရား အဆူဆူနဲ့လွဲ မြေကြီး ကြီးပွားရေးချည့် ဘုရားတဆူတဆူကြ ဆယ့်သုံးမိုင်မြင့်အောင် တက်ခဲ့ရတဲ့ ဥစ္စာ ဘယ်သူနှိပ်စက်တယ်ဆိုတာဖြင့် အားလုံး ဒကာ ဒကာမတွေ ယနေ့ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) ဘယ်သူနှိပ်စက်တာတုန်း (ကာလိကနှိပ်စက်တာပါ ဘုရား)။
ကာလိကဆိုတာ ကိစ္စတွေပြောတာ
ကာလိကဆိုတာ ကိစ္စတွေပြောတာနော် (မှန်ပါ့) ခင်ဗျားတို့လုပ်နေကြတဲ့ မလွှဲသာတဲ့ကိစ္စ၊ မရှောင်သာတဲ့ကိစ္စ အဲဒါတွေဟာ တပည့်တော်တို့မှာ ဘုရားအင်မတန်မှ စုံနေတော့ စိတ်လဲရှိပါတယ် ဆန္ဒလဲရှိပါတယ်၊ လုပ်လိုတဲ့ ဆန္ဒလဲရှိပါတယ်၊ လုပ်လိုတဲ့ဆန္ဒလဲပြင်းပြပါတယ်။
သံသရာကြီးလဲ ကြောက်ပါတယ်ဘုရား။ ဆရာသမား ပြောတာကိုလဲ တပည့်တော်တို့ လိုက်နာပါတယ် ဘုရား။ ဒါပေမယ့် ဟောဒီကိစ္စတွေ ခက်နေတာဘုရား။ ခင်ဗျားတို့က ပြောကြပေလိမ့်မယ် (မှန်ပါ့)
ခင်ဗျားတို့ ပြောလိုက်တဲ့လေ၊ ပြောလိုက်တဲ့စကားသည် မြေကြီးဆယ့်သုံးမိုင် တက်ကြာ သည်တိုင်အောင် ငါ့အသားငါ့အရိုးက ကြီးပွားရပါလို၏။ ဆိုတာနဲ့ မထူးပါဘူး (မထူးပါဘူး ဘုရား)။
စဉ်းစားကြပါ စဉ်းစားကြပါ ဒကာ ဒကာမတို့ မဇ္ဈိမိပဏ္ဏာသပါဠိတော်မှာ ဒီအဓိပ္ပါယ်လာပါတယ် ဘုရား ကိုယ်တိုင်က ပေယျတော့ ရှုံးပြီကွ တဲ့ (မှန်ပါ့) ကဲ ဘယ်လောက်နစ်နာသတုန်း (နစ်နာပါတ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဒီကရှေ့မှာဖြင့် ဆရာသမားနဲ့ ဒကာ ဒကာမတွေနဲ့ မသေကြသေးရင်လဲ ခဏတဖြုတ် တော့တွေ့ကြမှာပေါ့ဗျာ (မှန်ပါ့) ဒီကာလိက နှိပ်စက်ဦးမှာကို ဘုန်းကြီးက အကြောက်ဆုံးဘဲ (မှန်ပါ့)။
ကာလိက နှိပ်စက်ရင် မရနိုင်ဘူး
မဂ်ဖိုလ်ကတော့ သုညတ တရားကိုနာပြီး သုညတဆိုက်အောင် အားထုတ်နိုင်လို့ရှိရင် ရနိုင်တာကတော့ သေချာပါတယ် (မှန်ပါ့) သို့သော် ကာလိက နှိပ်စက်ရင် မရနိုင်ဘူး (မှန်ပါ့)။
ဘယ်လိုလဲ ပါရမီတွေပြည့်ပြည့် ဘယ်လိုပဲ ဆရာက တရားဟော ကောင်းကောင်း ဘယ်လိုပဲ သစ္စာတွေနားလည် နားလည်နားလည် ကာလိကနှိပ်စက်ပြီဆိုရင်ဖြင့် ဦးမာဒင် ခုနကပြောတဲ့ ပေယျဟာ ပါရမီပြည့်ပြီးသားနော် (မှန်ပါ့) ပြည့်ပြီးသားပုဂ္ဂိုလ်ကိုပင် နှိပ်စက်ချလိုက်တယ် (မှန်ပါ့)။
ကဲ ဘယ်လောက် နာသတုန်း ဒကာ ဒကာမတို့ (နာပါတယ် ဘုရား) အင်မတန်စိုးရိမ်လွန်းလို့ ပြောပါတယ်ဆိုတာ ဒကာ ဒကာမတွေ မှတ်ကြစမ်းပါ (မှန်ပါ ဘုရား)။
အဲဒီတော့ လူတွေကလဲ ဘယ့်နှယ်ဖြစ်နေတုန်းဆိုတော့ ဒီ ဒကာ ဒကာမတွေမှာ ဪ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ၊ အရပ်ကိစ္စတွေနဲ့ ခင်ဗျားတို့အင်မတန်မှ ဒီကိစ္စတွေ အသားယူပြီး သကာလ ဂုဏ်ယူသုံးလေ့ ရှိကြပါတယ် ဦးခင်မောင် (မှန်ပါ့ ဘုရား) မသုံးဘူးလား (သုံးပါတယ် ဘုရား)။
ဘုန်းကြီးတို့လို ကောင်းကောင်းနေရတာ မဟုတ်ဘူး ဘုရားတပည့်တော်တို့က ကိုယ့်ရှိမှ ကိုယ်စားရတာ ဘုရာ့။ အဲဒီတော့တရားချည့်လိုက်နေတော့ ဘယ့်နှယ်လုပ်မတုန်း။ ခင်ဗျားတို့ကများ သုံးလိုက်သေးတယ် (မှန်ပါ့) သုံးလိုက်သေးတာက အခု ဒီ ဝတ္ထုမျိုးကို ကိုမြရွှေတို့ မသိရသေးလို့ပေါ့ဗျာ (မှန်ပါ့) သိကြမယ်ဆိုလို့ရှိရင် ဘယ်လောက်များ သူပါးစပ်ထဲမှာ သေခြင်းဆိုးသေရမည့်ဘဝတွေ ဘယ်လောက်များဦးမယ် ဆိုလို့ရှိရင် ဒီအသုံးမသုံးတော့ဘူး (မသုံးပါဘူး ဘုရား) တော်ပြီကွာ ကိစ္စဟူသ၍ ဇာတ်သိမ်းပြီး သကာလ ကာလိကရှောင်ပြီး သန္ဒိဋ္ဌိက လိုက်ပါတော့ မယ်ဆိုတာ လာလိမ့်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိစ္စဟူသ၍ မဂ်တားဖိုလ်တား
အခုပြောနေတာဟာ စိုးရိမ်လွန်းလို့ပြောတာပါ ဒကာ ဒကာ ဒကာမတွေ (မှန်ပါ့) ခင်ဗျားတို့မှာ ဘေးကိစ္စတွေ ရှိတဲ့အပြင် ကိုယ့်ကိစ္စကလဲ မနည်းလှဘူး (မှန်ပါ့)။
ကိုယ့်နာခန်းကိစ္စ, အိုတဲ့ကိစ္စ, သေတဲ့ကိစ္စ, ပစ္စည်းမရှိလို့ ဒီခရီးနဲ့ ဒီခရီးကို မလာနိုင်တဲ့ကိစ္စအမျိုးမျိုးပဲ ကိစ္စတွေက နည်းတာတွေ မဟုတ်ဘူး (မှန်ပါ့) အဲဒါတွေ ဘယ်လို မှတ်ကြမတုန်းလို့ မေးတဲ့အခါကျတော့ ပလိဗောဓတွေပဲ။ ပလိဗောဓဆိုတာ ကိစ္စတွေဘဲ (မှန်ပါ့)။
“ပလိဗောဓေါ မဂ္ဂါဓိဂမဿ နိဝါရဏံ” ဒါကို မှတ်ထားကြပါ (မှန်ပါ့) ပလိဗောဓေါ ခင်ဗျားတို့ကိစ္စဟူသ၍သည် မဂ္ဂါဓိဂမဿ မဂ်ရခြင်းကို နိဝါရဏံ တစ်နည်းနည်းနဲ့တားတယ် (မှန်ပါ့ ဘုရား) ကဲ ဘယ်လောက်ဆိုးဝါးသလဲ (ဆိုးဝါးပါတယ် ဘုရား) ဦးဘတင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့မှာ ပေါလှတဲ့ကိစ္စတွေဟာ ဘာလုပ်တဲ့ကိစ္စတွေတုံး ဒကာ ဒကာမတို့ (မဂ်ကိုတားတဲ့ ကိစ္စတွေပါ ဘုရား) ဪ ဒါဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်တားတဲ့ကိစ္စဆိုတော့ ဒကာ ဒကာမတို့ ကိုယ်ကျိုးနည်းအောင်ဘဲ ဆိုးဝါးတဲ့ ကိစ္စပါကလား (မှန်ပါ ဘုရား)။
အဲဒါ ခင်ဗျားတို့ တရားကို အချိန်နဲ့ အားထုတ်ကျတဲ့အခါကျတော့ အဲဒီအချိန်ကလေးကို ပျက်အောင်လာ လိမ့်မယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား) ဒီအချိန်ကလေး ခန္ဓာထဲက ဖျက်ချင်ဖျက်မယ် (မှန်ပါ့)ဒီပြင် သားကိစ္စ သမီးကိစ္စတွေကကော (လာပါတယ် ဘုရား) အဲဒါတွေ ဘာလုပ်တာတုန်းလို့ မေးကြည့်စမ်းပါဦး (မဂ်ဖိုလ်တား ပါတယ်) မဂ်ဖိုလ်တားရင်ဖြင့် မြေကြီး ကြီးပွားတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ခင်ဗျားတို့က မြေကြီး ကြီးပွားရေးဆိုတာက ကိုယ်ဟာကို ထမ်းလောင်းလို့ မြေပုံဖြစ်လာတာ မဟုတ်ဘူးနော် ကိုယ့်အသား ကိုယ့်အရိုးသေနိုင်သ၍ အသေများမှ မြေကြီး ကြီးပွားတာ (မှန်ပါ့)။
ဦးဘအုန်း ဘာပါလိမ့် (အသေအချာမှ မြေကြီးကြီးပွားတာပါ ဘုရား)။
မြေကြီးကြီးပွားတာပါ
အဲ ဒီကိစ္စ အခုဘုန်းကြီးက မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်အောင်ပေးထားတဲ့ကိစ္စက လွဲလို့ရှိရင်ဖြင့် ဆယ့်သုံးမိုင် မကဘူးလို့ မှတ်ပါ (မှန်ပါ့) ကိုယ့်အသား ကိုယ့်အရိုးက တက်ရမှာနော် (မှန်ပါ့) အဲဒါလောက်ထိအောင် အနစ်နာကြီး နစ်နာလိမ့်မယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကလဲ သေလမ်းသွားနေတယ်၊ ဒီအထဲကလဲ တားတဲ့ကိစ္စကလဲ မနည်းဘူး၊ ဘယ်နှယ့်လုပ်ကြမလဲ။ မခက်ဘူးလား (ခက်ပါတယ် ဘုရား) ခန္ဓာကိုယ်က တစ်နေ့တခြား ဘယ်လမ်းသွားနေသတုန်း (သေလမ်းသွားပါတယ်) ဒီတော့ သေလမ်းသွားနေလို့ မသေရာ ရှာပါတော့မယ်ဆိုတော့လဲ ကိစ္စက ဝင်ဖျက်နေပြန်တယ် (မှန်ပါ့) ကဲ ဦးဝ ဘယ်လောက်နစ်နာသတုန်း (နစ်နာပါတယ် ဘုရား)။
ကိုင်း ဦးဘအုန်းတို့ သဘောပါကြပလား (ပါပါပြီ ဘုရား) အားလုံး ဒကာ ဒကာမတွေ မေတ္တာရှေ့ထားပြီး တစ်ခါတည်း လှိုက်လှိုက်လဲလဲ ဒီဒကာ ဒကာမတွေ ဪ ကာလိက နှိပ်စက်တော့မှာဆိုတာ သေသေချာချာသိလို့ ပြောနေရာတာ (မှန်ပါ့) ကာလိက နှိပ်စက်တော့မယ် (မှန်ပါ့) ဦးဘတင် မနှိပ်စက်ပေဘူးလား (နှိပ်စက်ပါတယ် ဘုရား)။
နှိပ်စက်မည့်အကြောင်းကို ခင်ဗျားတို့ ပါးစပ်ကိုက တွက်နေတာ တပည့်တော်ရှိမှ ဒီကိစ္စဖြစ်တော့မှာဘဲ (မှန်ပါ့) လာပြီ ခင်ဗျားတို့ဟာက ဒါဘာပါလိမ့်ဗျာ (ကာလိကပါ ဘုရား) ကာလိကနှိပ်စက်တာကို သူ့ဟာသူ ဖော်ပြောနေတာ (မှန်ပါ့)။
ဒါဖြင့် ဘုရားတစ်ဆူကြားမှာဖြင့် တပည့်တော်တို့ မြေကြီး ကြီးပွားရေး အသားအရိုး ဆယ့်သုံးမိုင် တက်တဲ့အထဲ ပါရပါလို၏။ ဒီအဓိပ္ပါယ်ဘဲ (မှန်ပါ ဘုရား) မရောက်ဘူးလား ဒကာ ဒကာမတို့ (ရောက်ပါတယ် ဘုရား)။
အဲဒီတော့ အတော်နစ်နာမှာ စိုးရိမ်တယ် (မှန်ပါ့) ဒီတော့ ကိုယ့်ကိုယ်ကို သနားသဖြင့်လည်းကောင်း၊ ဆရာသမား ဟောပြောညွှန်ပြဆုံးမတုကို ငဲ့ညှာသဖြင့်လည်းကောင်း ကာလိကကိုဖြင့် ရှောင်နိုင်သ၍ ရှောင်ပါ (မှန်ပါ့)။
ကာလိကကိုဖြင့် ရှောင်နိုင်သ၍ရှောင်
ဦးဘတင် ဘာမှာသတုန်း (ကာလိကကိုဖြင့် ရှောင်နိုင်သ၍ ရှောင်ရပါမယ် ဘုရား) ပေယျကာ ကာလိကကို တစ်ချက်တည်း ရှောင်လိုက်ရင် ဦးခင်မောင် ကျွတ်တမ်း ဒီနေရာမှာတွင်ပဲဝင်နိုင်တယ် (မှန်ပါ့) တရားပွဲအတွင်းမှာပဲ ဝင်ရမှာနော် (မှန်ပါ့ ဘုရား)။
ကာလိက နှိပ်စက်လိုက်တာ ဦးဘတင် သွားဦးတော့ ဒုက္ခပင်လယ်ဝေအောင် (မှန်ပါ့) ဘုရားတစ်ဆူကြား စောင့်ရရင် မြေကြီးတစ်ယူဇနာထက် ကြာဦးမယ်။ အဲဒါဘယ်သူက တက်ရမှာတုန်းဆိုတော့ အသားအရိုးတွေက တက်ရမှာ (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့က မသိလို့ မကြောက်ငြားသော်လဲ သိတဲ့ပုဂ္ဂိုလ်က သေသေချာချာပြောတော့ တစ်ခါတည်း ကာလိကကိုဖြင့် ရှောင်နိုင်သ၍ ရှောင်ပြီးတော့ သန္ဒိဋ္ဌိက ဘယ်လိုလုပ်ပါတော့မယ်ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား) အင်မတန်အရေးကြီးလို့ သတိပေးနေပါတယ်နော် (မှန်ပါ့)။
ဘာရှောင်ရမလဲ ဒကာ ဒကာမတို့ (ကာလိကကို ရှောင်ရပါမယ်) ကာလိက ရှောင်ပြီးတော့ သန္ဒိဋ္ဌိကကို လိုက်ရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ရှင်သမိဒ္ဓိက ဒကာ ဒကာမတို့ ငါက ကာလိကကို ရှောင်ပါတယ်တဲ့။ ကာလိကဆိုတာ ကိစ္စတွေဟာ အလွန်ဘဲ ကိစ္စများတယ်။ ဦးခင်မောင် ဟုတ်ကဲ့လား (ဟုတ်ပါတယ် ဘုရား) အာဒီနဝေါဧတ္ထကိယျောတဲ့။ အပြစ်ကျတော့လဲ အပါယ်လေးပါး ရောက်အောင် ကြီးတယ်တဲ့ (မှန်ပါ့) ဒကာ ဒကာမတို့ ယခုလဲ ပင်ပန်းတယ်။ သေတော့လဲ အပါယ်ကျ တယ်တဲ့ (မှန်ပ့ါ)။
ဒီမြို့သုံးတွေကို အကုန်ရှောင်ကြဖို့ပဲ
ကဲ ဒကာ ဒကာမတို့ ကာလိကဟာ ဘယ်လောက် ဆိုးဝါးသတုန်း (ဆိုးပါတယ် ဘုရား) အဲဒီတော့ ဒီမြို့သုံးတွေကို အကုန်ရှောင်ကြဖို့ပဲနော်။ (မှန်ပါ့) တပည့်တော်တို့ မလွှဲသာတဲ့ကိစ္စကလေးတွေမို့ဘုရား စတဲ့ အပြောကလေးတွေကို မပြောကြပါနဲ့။
ကိုယ့်အလုပ်ကိုဖြင့် ဒကာ ဒကာမတို့ မပျက်ပါစေနဲ့။ မနက်တစ်ကြိမ်လုပ်မယ် ဥပမာ ဒီအချိန်နဲ့တော့ကွာ ဘာပြောပြောတစ်သိန်းရမယ်ဆိုဆို တစ်သောင်း ရမယ်ဆိုဆို မျက်နှာလဲ နောက်မကြည့်ချင်လို့ သွားချင်လဲသွား ဒီအချိန်တော့ မရှောင်တော့ဘူး (မှန်ပါ့) ဦးဘအုန်း ဒီလိုလုပ်ရမယ်နော် (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ကာလိကနှိပ်စက်တာနဲ့ပဲ ပေယျဝတ္ထုကိုကြည့်သဖြင့်လည်းကောင်း၊ ကိုယ့်ကိုယ်တိုင်လဲ ပေယျလိုမဖြစ်ရအောင် ကြပ်ကြပ်ဂရုစိုက်ရမယ် (မှန်ပါ့)။
ပေယျကမှမှန်းခြေ ပေါက် ရှိနိုင်သေးတယ်။ သူနဲ့ကျုပ်တို့နဲ့ လဲမလားဆိုရင် လဲမှာ မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒေဝဒတ်က သာတဲ့ နေရာရှိတယ်
ဖျင်းပါတယ်ဆိုတာ တောင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သဘောပေါက်အောင် ရှင်းရှင်းလင်းလင်း ပြောပါမယ် ဒေဝဒတ်နဲ့ဆိုရင်တောင် ဒေဝဒတ်က ကျုပ်တို့ထက်သာတဲ့ နေရာရှိသေးတယ် (မှန်ပါ့) ဒေဝဒတ်ဟာ အခု အဝီစိငရဲမှာ ထန်းလုံးလောက်ရှိတဲ့ သံမှိုကြီးတွေနဲ့ သျှိုပြီးခံနေရတယ်။ ဒုက္ခအကြီးမားဆုံးကြီး ခံနေရတယ်။ သို့သော် သူဟာ ကိစ္စပြီးပြီးသားပဲ။ အဲဒီဒုက္ခက လွတ်ရင် ပစ္စေကဗုဒ္ဓါဖြစ်မယ် (မှန်ပါ့) သူက ကျုပ်တို့နဲ့ လဲနိုင်မှာမဟုတ်ဘူး (မှန်ပါ့)။
အဲဒီတော့ ကျုပ်တို့မှာက ဂေဇက်ဝင် မဟုတ်သေးတဲ့ အတွက် ကိုယ့်ဂေဇတ်ကိုလဲ ကိုယ်လုပ်မှ ရမည့်ဂေဇက် (မှန်ပါ့) ကိုယ့်ကိုယ်က ဖြစ်ပျက်မြင်လို့ရှိရင် ဒါဟာ ဂေဇက်ထွက်ပြီလို့ အောက်မေ့ရတယ် (မှန်ပါ့)။
ဝေဒနာကြည့်လို့ ဖြစ်ပျက်မြင်မြင် စိတ်ကြည့်လို့ ဖြစ်ပျက်မြင်မြင်၊ ရုပ်ကြည့်လို့ ဖြစ်ပျက်မြင်မြင်၊ ဖျပ်ဖျပ်နဲ့ ပြောင်းလဲတာတွေမြင်လို့ရှိရင် မလျှော့နဲ့တော့ ဒီပြင်ကိစ္စတွေ အကုန်ရှောင်ပြီး ဒါပဲကိစ္စထားပါတော့မယ် ဆိုလို့ရှိရင် ဦးဘတင် စိတ်ချတော့ (မှန်ပါ့ ဘုရား)။
ဥဒယဗ္ဗယဉာဏ် ရလို့ရှိရင်
ဥဒယဗ္ဗယဉာဏ် ရလိုရှိရင်ဖြင့် ဝိပဿနာပညာမှာ အတော်သေချာသွားပါပြီ (မှန်ပါ့) အဲဒါ ပဋိသန္ဓေကပါလာတဲ့ ခင်ဗျားကျွတ်တမ်းဝင်နိုင်တဲ့ အခြေရှိတဲ့ ပုဂ္ဂိုလ်မို့ ဖြစ်ပျက်မြင်တာ (မှန်ပါ့) နို့မဟုတ်ရင် မြင်ကိုမမြင်ဘူး စိတ်သာချ။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အခုဒီအထဲမှာ တရားနာနေတဲ့ ဒကာ ဒကာမတွေထဲ အားထုတ်တဲ့ ဒကာ ဒကာမတွေလဲ ထိုက်တန်သလောက် ဘုန်းကြီးတို့လဲ သိပါတယ်။ ရှေ့ဖြစ်ပျက်တွေမြင် ဖြစ်ပျက်တွေသာ မရှိရင် အကုန်ချုပ်ကုန်ပြီ (မှန်ပါ့) အဲဒီအထဲမှာ ကာလိကများ နှိပ်စက်လိုက်ရင် ဒကာ ဒကာမတွေလဲ ခက်ချေရဲ့ (မှန်ပါ့)။
သူကနေ တိုးတက်သွား ရမှာကိုး (မှန်ပါ့) တစ်ခါတည်းနဲ့ ကိစ္စပြီးမှာ (မှန်ပါ့) အဲဒီမှာ ကာလိကတွေက ဝင်ပြီး သကာလ သားကိစ္စ၊ သမီးကိစ္စ၊ ဆွေကိစ္စ၊ မျိုးကိစ္စ၊ ရပ်ကိစ္စ၊ မင်းကိစ္စ စိုးကိစ္စဆိုတဲ့ ကိစ္စမျိုးစုံတွေ မလွှဲသာလို့ နှိပ်စက်လိုက်မယ်ဆိုရင်ဖြင့် ဒီပါရမီ, ဒီအညွန့်ကလေးဟာ ဦးဘတင် တုံးသွားလိမ့်မယ် (မှန်ပါ့)။
တုံးသွားပြီး သကာလ ဒကာ ဒကာမတို့ ကိုယ့်အသား ကိုယ့်အရိုး ဟာ ဆယ့်သုံးမိုင်တက်ရလိမ့်မယ် (မှန်ပါ့) ဘယ်လောက်နစ်နာသတုန်း (နစ်နာပါတယ် ဘုရား) ဒါဖြင့် အသေဆိုးအနေ ဆိုးတွေ အများကြီးလာလိမ့်ဦးမယ်ဆိုတာဖြင့် ငြင်းဖို့လိုသေးသလား (မလိုပါဘူး)။
ကာလိကရှောင်ပြီး သန္ဒိဋ္ဌိကဆောင်ရမယ်
အဲဒါကြောင့် ဒကာ ဒကာမတွေ ဘာရှောင်လို့ ဘာဆောင်ရမယ်ဆိုတာ ယနေ့ပြောပါတယ်။ ကာလိကရှောင်ပြီး သန္ဒိဋ္ဌိကဆောင်ရမယ်။ (မှန်ပါ့) သန္ဒိဋ္ဌိကဆိုတာ ဖြစ်ပျက်ကို ကိုယ်တိုင်မြင်တဲ့ဥစ္စာ သန္ဒိဋ္ဌိက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
အဲဒီတော့ တပည့်တော်တို့ကလဲ ဘုရား လူသားတွေဖြစ်နေတယ်ဘုရား။ စားဖို့၊ သောက်ဖို့၊ နေဖို့၊ ထိုင်ဖို့ဆိုတာလဲ ထမင်းမစားပဲကလဲ မဟုတ်တော့ ဒီကိစ္စတွေကလဲ မနည်းလှဘူးဘုရား။ ဒီကာလိကတွေကပေါ့လေ (မှန်ပါ့) ကိုင်းရှိပေစေ ဒကာ ဒကာမတွေ အရိုးထဲကပဲ အသားဖြစ်အောင် လုပ်ရမှာပဲ (မှန်ပါ့) ဒီအထဲမှာပဲ ဝိပဿနာသွင်းရတော့မယ် ဦးဘတင် (မှန်ပါ့) မသွင်းရင်မဖြစ်ဘူး (မှန်ပါ့)။
ကဲ ဒါဖြင့် ကာလိကကို သန္ဒိဋ္ဌိက ဖြစ်အောင်ဘုန်းကြီးသေသေချာချာဟောပေးမယ် (မှန်ပါ့) ဒါကို သေသေ ချာချာသာ နာကြပေတော့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ယခုဟောမည့် တရားဟာ ဘာတရားပါလိမ့် (ကာလိကကို သန္ဒိဋ္ဌိက ဖြစ်အောင် ဟောမည့် တရားပါ ဘုရား) ဆရာကောင်းသမားကောင်းတွေ့ဖို့ရာလဲ ဦးဘတင် မလွယ်ဘူးနော် (မလွယ်ပါဘူး ဘုရား) ကာလိကဆိုတာ မဂ်ဖိုလ်တားတာပဲ (မှန်ပါ့) သန္ဒိဋ္ဌိကမှလဲ မဂ်ဖိုလ်နိဗ္ဗာန်ရမှာကိုးဗျ (မှန်ပါ့)။
အခုဆရာဘုန်းကြီးက ဘုရားဟောပါဠိတော် အတိုင်း ဉာဏ်စဉ်ပြီး သကာလ ကိုင်း ဒကာ ဒကာမတို့ ဘာမှမပူနဲ့။ ကာလိကကိစ္စကဖြင့် ခင်ဗျားတို့ထက် ပေါတဲ့လူတွေလဲ မရှိဘူး (မှန်ပါ့) အဲဒီမရှိတော့ ဒီကာလိကကိစ္စကိုမှ ခင်ဗျားတို့ မဖြတ်မတောက်နိုင်ကြဘူးဆိုလို့ရှိရင် ခင်ဗျားတို့သည် ပေယျကို သွားကြပေတော့ (မှန်ပါ့)။
ဒီလိုဆိုတော့ ဪ တို့ဖြင့် လက်မှိုင်ချပြီး သကာလ မျက်ရည်ကျဖို့ပဲ ရှိတော့တယ် (မှန်ပါ့) ကိုမြရွှေဒီအတိုင်း မနေပေဘူးလား (နေပါတယ် ဘုရား)။
သန္ဒိဋ္ဌိကဖြစ်အောင် ဘုန်းကြီးလုပ်ပေးပါမယ်
အခုတော့ ဒီလိုမဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ ဒီကာလိကကိုပင် သန္ဒိဋ္ဌိက ဖြစ်အောင် ဘုန်းကြီးလုပ် ပေးပါမယ် (မှန်ပါ့) ခင်ဗျားတို့ကသာ လိုက်နာမည်ဆိုတဲ့ စိတ်မွေးပါ (မှန်ပါ့) အင်မတန် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒါဟာ နားကြီးကြီးနဲ့ထောင်မှ ဒကာ ဒကာမတွေ ဒီဥစ္စာတကယ့်ကို အရေးကြီးတယ်ဆိုတာ ပေါ်လာတယ်နော် (မှန်ပါ့) ဦးဘတင် နားသေးသေးနဲ့ဆိုလို့ရှိရင် ဒီဥစ္စာ မရဘူးနော် (မှန်ပါ့)။
ဒကာ ဒကာမတွေ မှတ်မိကြပလား (မှတ်မိပါပြီ) ကာလိကကို ခင်ဗျားတို့ သန္ဒိဋ္ဌိကဖြစ်အောင် နည်းပေးပါမယ်။ ပေယျလို မဂ်ဖိုလ်မတားနိုင်အောင် ပြင်ဆင်တဲ့နည်း ပေးပါ့မယ် (မှန်ပါ့) ဒီလိုဆိုတော့ ဒကာသစ် အင်မတန် ဝမ်းမြောက် စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)။
ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ကာလိကကို သန္ဒိဋ္ဌိကဖြစ်အောင်လုပ်ကြစို့ဆိုတော့ ဦးခင်မောင် လွယ်သွားပြီပေါ့ (မှန်ပါ့)။
ကိုင်း ဒကာ ဒကာမတို့ ဒီကနေပြီး တရားနာနေကြတယ် တရားနာနေကြတဲ့အခါကျတော့ အိမ်ကလက်တို့ပြီး သကာလ ခေါ်တယ်ဆိုပါတော့ (မှန်ပါ့)၊ တရားပွဲထဲမို့ ခင်ဗျားတို့လဲ လက်တို့ပြီး ခေါ်တယ်ဆိုတော့ လက်တို့တဲ့ အခါကျလို့ရှိရင်ဖြင့် ခင်ဗျားတို့ လက်တို့တဲ့ စိတ်ကလေးတော့ ကိုယ့်ပေါ်မှာ ပေါ်မှာပဲ (မှန်ပါ့)။
လက်တို့တဲ့ စိတ်ကလေး
ဖျပ်ဆို ဒါကလေးပဲ ပေါ်တယ်၊ ဒါကလေးပဲ မရှိပြန်ဘူး။ အသာထားလိုက်ပါဦးတော့ မေးတဲ့အခါ တိုးတိုး တိုးတိုးနဲ့ ဘာကိစ္စတုန်း မဟုတ်ဘူးလား (မှန်ပါ့) ဘယ်လိုကိစ္စလဲ ဘယ်သူနေမကောင်းလို့ ဘယ်သူကမလွှဲသာအောင် ဖြစ်နေလို့ ဘယ်သူက ချောင်းဆိုးရင်ကြပ်ဖြစ် နေလို့ လိုက်ပါဦးဆိုတော့ လိုက်ချင်တဲ့ စိတ်ကလေး ပေါ်ချင်ပေါ်လာမယ် (မှန်ပါ့)။
လိုက်ချင်တဲ့ စိတ်ပေါ်လာရင် လိုက်ချင်တဲ့ စိတ်ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) ကာလိကကို တစ်ခါတည်း ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဖြတ်လိုက်တယ် (မှန်ပါ့) နို့မဟုတ်ရင် လိုက်ချင်တဲ့ စိတ်ဆိုလို့ရှိရင်ဖြင့် လိုက်ချင်တာက ဘာဖြစ်လို့တုန်းဆိုတော့ စိုးရိမ်လို့ လိုက်ချင်တာ (မှန်ပါ့)။
စိုးရိမ်တာကသောက နောက်ကနေပြီး ပရ်ဒေဝ မလိုက်ပေးဘူးလား (လိုက်ပါတယ်) ပရိဒေဝလိုက်တော့ သွားရမည့် ဒုက္ခမလာ ပေဘူးလား (လာပါတယ်) ဒေါမနဿကော (လာပါတယ် ဘုရား) ဥပါယာသတွေကကော (လာပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ စိုးရိမ်တဲ့ သောကကလေးပေါ်လာရင် ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှုပစ်ပါ (မှန်ပါ့) ပေါ်လာတဲ့ စိတ်ကို ဖြစ်ပျက်ရှုဆိုတော့ ဒကာ ဒကာမတို့ ဒီကနေပြီး နောက်ကမဂ်နဲ့ လိုက်လိုက်ရင် မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ကိစ္စကို ဘာလုပ်လိုက်သတုန်းဆိုတာ ရှင်းပြီလား (ရှင်းပါပြီ) စိုးရိမ်တဲ့ကိစ္စကို ဘာလုပ်လိုက်သတုန်း (ဖြစ်ပျက်ရှုရပါတယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ ရှုတာက မဂ်ဖြစ်နေတော့ ဖြစ်ပျက်ကို ဟောဒီမဂ်က ကိုယ်တိုင်မြင်လိုက်တယ် (မှန်ပါ့ ဘုရား) မြင်လိုက်တော့ ဒါ သန္ဒိဋ္ဌိက ဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်ကို ကိုယ်တိုင်မြင်တဲ့အတွက် သန္ဒိဋ္ဌိက
ဖြစ်ပျက်ကို ကိုယ်တိုင်မြင်လိုက်တဲ့အတွက် (သန္ဒိဋ္ဌိကဖြစ်ပါတယ် ဘုရား) သန္ဒိဋ္ဌိကဆိုတာ သာမံပဿိတဗ္ဗောတဲ့၊ သာမံ ကိုယ်တိုင်တည်းဟူသော မဂ္ဂင်နဲ့၊ ပဿိတဗ္ဗော – ခုနင်က ပေါ်လာတဲ့ စိတ်ကလေးကိုပဲ ဦးဘတင် ဖြစ်ပျက်ရှုလိုက် ရတယ် (မှန်ပါ့)။
ဒါဖြင့် ကာလိကကို ဘုန်းကြီးက သန္ဒိဋ္ဌိကဖြစ်အောင် လွှဲပေးလိုက်တဲ့အတွက် သောကနောက်က ပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသဇာတ် ဇရာ မရဏဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ဦးခင်မောင် ဆက်မဆက် (မဆက်ပါတယ် ဘုရား)။
ဒါ ဘာလုပ်ပစ်လိုက်လို့ ဒီအဓိပ္ပါယ်ကျအောင်များ ကျေးဇူးများသွားပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ လေးလေးနက်နက်စဉ်းစားတာပေါ့ (ကာလိကကို သန္ဒိဋ္ဌိက ဖြစ်အောင်ကြိုးစားလို့ပါ ဘုရား) သဘောကျပြီနော် (မှန်ပါ့)။
ကာလိကကို ဖြစ်ပျက်ရှုလိုက် ဘာဖြစ်သွားသတုန်း (သန္ဒိဋ္ဌိကဖြစ်သွားပါတယ် ဘုရား) သာမံ ပဿိတဗ္ဗောတဲ့ ကိုယ်သန္တာန်ဖြစ်တဲ့စိတ်ဟာ ကိုယ့်သန္တာန်မှာ မရှိဘူးလို့ သိတယ် (မှန်ပါ့) မရှိဘူးလို့ သိလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ သောကသိတာလား အနိစ္စသိတာလား (အနိစ္စသိတာ ပါ ဘုရား) အနိစ္စကို ဘယ်သူနဲ့ သိသတုန်းလို့မေးတဲ့ အခါ ကိုယ်ရှုတဲ့ မဂ်ဉာဏ်နဲ့ သိတယ် (မှန်ပါ့) ဝိပဿနာ မဂ်ဉာဏ်နဲ့ မသိဘူးလား (သိပါတယ်)။
သူများသိတာလား မိမိသိတာလား
ဒါဖြင့် သူများသိတာလား မိမိသိတာလား (မိမိသိပါတယ်) မိမိသိရင် သာမံ ပဿိတဗ္ဗော။ သာမံ-ကိုယ်တိုင်။ ပဿိတဗ္ဗော – မြင်ပါတယ်တဲ့ (မှန်ပါ့) မိမိသိပါတယ်ဆိုတော့ ကဲ တရားတစ်ပွဲလုံးဘဲ ဒကာ ဒကာမတွေ ဪ ဒီဥစ္စာသည် ဆရာဘုန်းကြီးနည်းပေးကယ်ပေလို့တဲ့ (မှန်ပါ့)။
ဘယ်လိုဆိုမယ် (ဆရာဘုန်းကြီးနည်းပေးကယ်လို့ပါ ဘုရား) ခင်ဗျားတို့ အလိုတော့ ဒီဥစ္စာ မဂ်တားတဲ့ကိစ္စထဲ သွားပြီ (မှန်ပါ့) ဘုန်းကြီးက အခုကူညီပေးလိုက်တဲ့အတွက် မဂ်ပေါ်တဲ့ကိစ္စလာဖြစ်တယ် (မှန်ပါ့)။
ခင်ဗျားတို့ အလိုအတိုင်းထားမယ်ဆိုရင် (မဂ်ထားတဲ့ကိစ္စပါ ဘုရား) သောကပရိဒေဝ ဒုက္ခဒေါမနဿနဲ့ အိမ်ရောက်ကြမှာကိုး (မှန်ပါ့) မဂ်ပေါ်နိုင်သေးရဲ့လား (မပေါ်နိုင်ပါဘူး ဘုရား)။
အခုတော့ဖြင့် ဟိုကလက်တို့ခေါ်လိုက်လို့ရှိရင် ဘာပါလိမ့်မလဲလို့ ထိတ်ခနဲလာတဲ့စိတ်ကိုပဲ ဦးဘတင် ဘာလုပ် ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ ထိတ်ခနဲလာတဲ့စိတ်ကလေးဟာလဲ ဖြစ်ပြီ၊ ပျက်သွားတာကို ကိုယ်တိုင်မမြင်ရဘူးလား (မြင်ရပါတယ်) မြင်တော့ ဒါဟာ နဂိုကတော့ ကလိကလေး ပေါ်လာတာပဲ။ ကာလိကာကို ဒကာ ဒကာမတွေက ဆရာဘုန်းကြီးအကူအညီနဲ့ သန္ဒိဋ္ဌိက လုပ်ချလိုက်တယ် (မှန်ပါ့)။
သန္ဒိဋ္ဌိက လုပ်ချလိုက်တယ်
ဘယ်လိုလုပ်ပစ်လိုက်သလဲ (သန္ဒိဋ္ဌိက လုပ်ပစ်လိုက်ပါတယ်) သန္ဒိဋ္ဌိက လုပ်ပစ်လိုက်တဲ့အတွက် ဒကာ ဒကာမတို့ ဒီနေရာမှာ စိုးရိမ်တဲ့ တရားကလေးလာလို့ မဂ်ပေါ်အောင် လုပ်လိုက်တယ် (မှန်ပါ့) သူ့မဂ်ပေါ်အောင်လုပ်တော့ နောက်ပေါ်တဲ့ စိတ်တွေလဲ ဒီလိုရှုရှု ရှုရှုသွားရင်းနဲ့ဆိုတော့ အိမ်လဲရောက်ရော ကိုယ်တောင် အရိယာဖြစ်ချင် ဖြစ်သွားနိုင် သေးတယ် (မှန်ပါ့) ဖြစ်နိုင်ခွင့်မရှိဘူးလား (ရှိပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ သုံးစွဲတက်ကြပလာညး (သုံးတတ်ပါပြီ ဘုရား) ဘယ်လိုသုံးရပါလိမ့်) ကာလိကပေါ်တိုင်း, ပေါ်တိုင်း, သန္ဒိဋ္ဌိကဖြစ်အောင်လုပ်မယ် (မှန်ပါ့)။
ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ကာလိက ပေါ်တိုင်းပေါ်တိုင်း သန္ဒိဋ္ဌိကဖြစ်အောင် လုပ်ပါမယ် ဘုရား) မမေ့နဲ့နော်။ ဒီဥစ္စာ သာမညအရေးကြီးလို့ ဦးဘတင်ပြောတာမဟုတ်ဘူး (မှန်ပါ့ ဘုရား) ဒကဒကာမတို့ ဒီကိစ္စဟာ လူတိုင်းတွေ့ တတ်တယ်နော် (မှန်ပါ့)။
ဒါတွေဟာ သန္ဒိဋ္ဌိကဖြစ်အောင်မလုပ်ပဲ ကာလိကသာဖြစ်တော့မယ်ဆိုရင်ဖြင့် ယခုလဲ ဒုက္ခရောက်မယ်၊ သေသည်၏ အခြားမဲ့၌ အပါယ်ရောက်ရမှာဘဲ (မှန်ပါ့ ဘုရား)။
ဒါဟာ အင်မတန် ကျေးဇူးများစေချင်တဲ့ကရုဏာ မေတ္တာရှေ့ထားလို့ ဘုရားဟောတဲ့ နည်းရှိလို့ ဒီဥစ္စာသုံးတတ်တာ။ (မှန်ပါ့) နို့မဟုတ်ရင် ဦးဘတင် သုံးတတ်ဖို့ အတော်ခဲယဉ်းတယ်နော် (ခဲယဉ်းပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာ ကိစ္စကလဲ ဘယ်ကိစ္စရှိမလဲလို့မေးတဲ့အခါကျလို့ရှိရင် လောဘဖြစ်ရမည့် ကိစ္စလဲ ရှိတယ်။ ဒေါသဖြစ်ရမည့်ကိစ္စကော (ရှိပါတယ်) သံသယဖြစ်ရမည့် မောဟကိစ္စကော (ရှိပါတယ် ဘုရား) ကုသိုလ်နဲ့ပတ်သက်ပြီး လုပ်ရမည့်ကိစ္စတွေကော (ရှိပါတယ် ဘုရား) မေတ္တာပို့ရမည့်ကိစ္စတွေကော (ရှိပါတယ် ဘုရား)။
ကိစ္စတွေလာတိုင်းလာတိုင်းဖြစ်ပျက်ရှု
အဲဒီကိစ္စတွေလာတိုင်းလာတိုင်းလဲ ဒကာ ဒကာမတွေက လောဘနဲ့ပတ်သက်တဲ့ ကိစ္စပေါ်လာလို့ရှိရင် လောဘကအရင် လာမှာပဲ (မှန်ပါ့) မလာပါနဲ့ဆိုလို့ (မရပါဘူး ဘုရား) အဲဒီတရားကို ဘာလုပ်ပစ်ရမလဲ (ဖြစ်ပျက်ရှုပစ်ရပါမယ်)။ ဖြစ်ပျက်ရှု လိုက်တော့ သူက ကလိကလာတာကို ကျုပ်တို့က သန္ဒိဋ္ဌိကရောက်အောင် လုပ်ပစ်လိုက်တယ် (မှန်ပါ့) သူကတော့ ကာလိကလုပ်မလို့လာတာ (မှန်ပါ့) ကျုပ်တို့က ဘာလုပ်လိုက်သတုန်း (သန္ဒိဋ္ဌိကဖြစ်အောင်လုပ်လိုက်ပါတယ်)။
ဦးခင်မောင်ဒီလိုဆိုရင် တော်တော်နေတတ်ပြီဗျ (မှန်ပါ့) ဒကာ ဒကာမတွေ တော်တော်နေတတ် ထိုင်တတ်ပလားလို့ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား) အတော်အရေးကြီးပါတယ်နော် (ကြီးပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေက ကျုပ်တို့ဖြင့် ထမင်းကလေးစားပြီးမှပဲ တရားအားထုတ်တော့မယ် ဆိုတော့ ထမင်းစားတာလဲ ကာလိကထဲဝင်တာပဲ (မှန်ပါ့) ထမင်းစားချင်တဲ့စားတဲ့စိတ်ကိုပဲ ဖြစ်ပျက်ရှုပါ (မှန်ပ့ါ ဘုရား) ဒီတော့ ကာလိက ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါဘူး)၊ ဘာဖြစ်သွားသတုန်း။ (သန္ဒိဋ္ဌိက ဖြစ်သွားပါတယ် ဘုရား)။
ထမင်းစား ပြီးမှ အားထုတ်တော့မယ်ဆိုတော့ ထမင်းစားတာက ကိစ္စပဲ။ ကာလိက ဖြစ်သွားတာပဲ (မှန်ပါ့) အဲဒီ ထမင်းစားပြီးလဲ ရေသောက်တာကလဲ တားဦးမယ် လ္ဘက်ရည် သောက်တာကလဲ တားဦးမယ် ဆေးလိပ်သောက်တာကလဲ တားဦးမယ် လ္ဘက်ရည်သောက်တာကလဲ တားဦးမယ် ဆေးလိပ်သောက်တာကလဲ တားဦးမယ်။ လ္ဘက်ရည်သောက်တော့ ဝိုင်းတွေနဲ့ တားဦးမယ်။ မတားပေဘူးလား (တားပါတယ် ဘုရား) အဲဒီတော့ ဒီဥစ္စာဟာ ဝိပဿနာလုပ်ချိန်တွေက မပျက်ပေဘူးလား (ပျက်ပါတယ် ဘုရား)။
ကာလိက ရှောင်ပုံကို ဟောနေတာ
နောက်က ဒကာ ဒကာမတွေ သဘောကျကြရဲ့လား (ကျပါတယ်) သေသေချာချာ နားကြီးကြီးနဲ့ ထောင်နော်။ ဒီဥစ္စာ ရှင်သမိဒ္ဓိက မထေရ် ကာလိက ရှောင်ပုံကို ဟောနေတာ (မှန်ပါ့) ငါသည် ကာလိကကို ရှောင်လို့ သန္ဒိဋ္ဌိက ရောက်နေတယ်လို့ပြောတာ။ သဘောကျပလား (ကျပါပြီ)။
ကာလိကကို သူဘာပါလိမ့် (ရှောင်ပါတယ် ဘုရား) ကာလိကဆိုတာ ခင်ဗျားတို့ သုံးနေကျ သုံးနေကျ ကိစ္စပဲ (မှန်ပါ့) အဲဒါတွေ ရှောင်လို့ရှိရင်ဖြင့် သန္ဒိဋ္ဌိက ဖြစ်မှာဘဲ (မှန်ပါ့) ရှင်သမိဒ္ဓိပြောတာကတော့ ကာလိက ရှောင်တယ်လို့ဘဲ လာတယ်။
ဘုန်းကြီးက အဓိပ္ပါယ်ရှင်းအောင်လို့ ဒကာ ဒကာမတွေကို ကာလိကရှောင်ဆိုတာ ကာလိကလာတောင်မှ သန္ဒိဋ္ဌိက ဖြစ်အောင်လုပ်ရင်ရှောင်ပြီးသားဖြစ်တာပဲ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကိစ္စကတော့ ခင်ဗျားတို့မှာ လောဘနဲ့ပတ်သတ်တဲ့ ကိစ္စရှိမှာပဲ (မှန်ပါ့) ဒေါသနဲ့ ပတ်သက်တဲ့ကိစ္စကော (ရှိပါတယ် ဘုရား) မောဟနဲ့ပတ်သက်တဲ့ ကိစ္စ (ရှိပါတယ် ဘုရား) အဲဒီကိစ္စပေါ်တိုင်းပေါ်တိုင်း ဒီစိတ်ပေါ်တိုင်းပေါ်တိုင်း ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်)။
ဖြစ်ပျက်ရှုလိုက်တော့ သူကကိစ္စအဖြစ်နဲ့ တားမလို့လာတာ ဦးခင်မောင် ကျုပ်တို့က ကဲ မင်းတားမလား မင်းနဲ့ပဲ အမြတ်ထုတ်ပြီး နိဗ္ဗာန်သွားမလား ဆိုတာ ကိုယ်ကဆုံးဖြတ်ချက်ချ (မှန်ပါ့) ဆုံးဖြတ်ချက်ချ တော့ သူ့ကိုအမြတ်ထုတ် မိတ်ဆွေလုပ်ပြီး ကျုပ်တို့နိဗ္ဗာန်သွားရမယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လောဘကိစ္စပေါ်တာလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ရစရာကလေး ရှိသေးလို့ ကျုပ်ဖြင့်ဒီနေတော့ဖြင့် ဒါကလေးဟာ အခုသွားတောင်းမှရမှာ။ မသွားပဲထားလို့ရှိရင် အချိန်လွန်သွားလိမ့်မယ်။
အဲဒီရချင်တဲ့ လောဘကလေးတွေ ဘာလုပ်ပေးရမလဲ (ဖြစ်ပျက်ရှုပေးရပါမယ်) တစ်ခါ စိုးရိမ်တာကလေး ပေါ်လာ ပြန်ရင်ကော (ဖြစ်ပျက်ရှုရပါမယ်) သံသယရှိတာကလေးပေါ်လာပြန်ရင် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုလိုက်တော့ သရာဂစိတ္တံ သရာဂ စိတ္တန္တိပဇာနာတိ, သဒေါသစိတ္တံ သဒေါသစိတ္တန္တိ ပဇာနာတိ ထဲမသွားဘူးလား (ဝင်သွားပါတယ်)။
ကာလိကဟာ မဂ်ဖိုလ်တားတယ်
အဲဒါတွေနဲ့ ထောက်ကြည့်လိုက်တော့မှ ဪ တို့ဆရာဘုန်းကြီး ကျေးဇူးဟာ မဆပ်နိုင်လောက်အောင် များပါကလား ဒါတွေဟာ မဂ်ဖိုလ်တားတဲ့ဟာတွေပဲ။
ကာလိကဟာ မဂ်ဖိုလ်တားတယ်ဆိုတာ ပေယျတို့ ဝတ္ထုကြည့်လိုက် ရင်လဲ အထင်ရှားသားပဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) အဲဒီမဂ်ဖိုလ်တားတဲ့ ကာလိကကို ဘုရားဟောတဲ့အတိုင်း အခုဆရာ ဘုန်းကြီးက ဒကာ ဒကာမတွေ တမျိုးတမည် အသုံးချတတ်အောင် ဉာဏ်လှည့်ပြီး သကာလ သတိပဋ္ဌာန်ထဲ လှည့်သွင်းလိုက်ပြန်တော့လဲ ဦးခင်မောင်ရသွားတယ်။ (ရပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကိစ္စရှိတာရှိပါစေ လူဆိုတာကိစ္စများပါတယ်။ ကိစ္စကို သန္ဒိဋ္ဌိက ဖြစ်အောင်လုပ်နေပါ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ)။
ကိစ္စကို ဘာလုပ်နေရမလဲ (သန္ဒိဋ္ဌိကဖြစ်အောင်လုပ်နေရပါမယ်) ဖြစ်ကောမဖြစ်ဘူးလား (ဖြစ်ပါတယ်) ခင်ဗျားတို့ ကိစ္စကော ပျက်သေးရဲ့လား (မပျက်ပါဘူး) မပျက်ပါဘူး သွားရင်းလာရင်းနဲ့ ဒီအတိုင်းပဲ ရှိသွားမှာဘဲ (မှန်ပါ့) အဲဒီလိုရှိသွားပြန်တော့လဲ ဦးခင်မောင် လိုရင်းဆိုက်တယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့်ဦးဘတင်တို့ ဪ တို့မှာဒီကာလိကများသလောက် တို့သန္ဒိဋ္ဌိက ဖြစ်တယ်ဆိုရင်ဖြင့် အရင်ဆုံး အမြန်ဆုံး ကိစ္စပြီးမည့်နည်းကို ဆရာဘုန်းကြီးပေးတာပဲ (မှန်ပါ့) ပေါ်လာပြီ (မှန်ပါ့) ပေါ်လာပြီနော် (မှန်ပါ့)။
ကာလိကဆိုတာကလဲ ဒကာ ဒကာမတို့ ရေတွက်နိုင်တဲ့ကိစ္စမျိုး ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး)။
ကာလိကဖြစ်တိုင်း သန္ဒိဋ္ဌိကဖြစ်ရင်
ဒါဖြင့်ကာလိက ဖြစ်တိုင်းဖြစ်တိုင်း သန္ဒိဋ္ဌိကဖြစ်မယ် ဆိုလို့ရှိရင်ဖြင့် ကျုပ်တို့သည်မဂ်ဆိုက်တာ ကြာလှပြီ (မှန်ပါ့) မဂ်တွေ အများကြီး ရနေမှာပဲ (မှန်ပါ့) ရလာလို့ရှိရင် မဂ်ဟာလောကီမဂ်များလို့ ရင့်ကျက်လာရင် လောကုတ္တရာ မဂ်ဖြစ်ရမယ်ဆိုတာ လောကီမဂ်က အနန္တရပစ္စည်း လောကုတ္တရာမဂ်က အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်ဆိုတော့ လောကီမဂ် အားကောင်း ရင့်သန်လို့ရှိရင် လောကုတ္တရာမဂ် တက်တော့မှာဘဲ (မှန်ပါ့) မတက်ပါနဲ့ ဆိုလို့ရသေးရဲ့လား (မရပါဘူး)။
အဲဒါတွေ ထောက်ကြည့်တော့မှ ဒကာ ဒကာမတို့ ကိစ္စတွေပေါ်တိုင်းပေါ်တိုင်း စားချင်တဲ့ ကိစ္စပေါ်တယ် အဲဒီစားချင်တဲ့ ကိစ္စပေါ်တယ် အဲဒီစားချင်တဲ့ကိစ္စကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) အိပ်ချင်တဲ့ကိစ္စပေါ်လာတယ်။ (အိပ်ချင် တဲ့ကိစ္စကို ဖြစ်ပျက်ရှုရပါမယ်) မူးနောက်နောက်နေတယ် တရားလဲ အားမထုတ်နိုင်ဘူး တရားနာလဲ မလိုက်နာဘူး။ မနေ့က အချိန်ကလွန်မှ အိပ်ရတဲ့အတွက်။ ဒါကြောင့် အိပ်ဖို့ရာ ကိစ္စကလေး ရှိသေးတယ်။ အဲဒီအိပ်ချင်တဲ့စိတ်ကပဲ စပြီးရှု။ နိဗ္ဗာန်ရောက်မှာပါဘဲ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ အဲဒါကျတော့ သံစိတ္တ စိတ္တံ သံစိတ္တ စိတ္တန္တိ ပဇာနာတိထဲသွားပြီး ဝင်ပြန်တယ် (မှန်ပါ့) သံစိတ္တံ ထိနမိဒ္ဓစိတ်ကို။ သံစိတ္တစိတ္တန္တိ ထိနမိဒ္ဓစိတ်ဟူ၍ (ဝါ) အိပ်ချင်တဲ့စိတ်ဟူ၍ ပဇာနာတိ သိအောင် လုပ်လိုက်ဆိုတော့ ဦးခင်မောင် ဘယ့်နှယ့်တုန်း အိပ်ချင်တဲ့စိတ်နဲ့ ကိစ္စပြီးနိုင်တယ်၊ မပြီးနိုင်ဘူးလား (ပြီးပါတယ် ဘုရား)။
မသုံးတတ်တာနဲ့ ခက်နေကြတာ
အဲဒီတော့ ဒကာ ဒကာမတွေမှာ မသုံးတတ်တာနဲ့လဲ ခက်နေကြတာ သုံးတတ်လို့ရှိရင် ဒီဥစ္စာတွေဟာ ဝိပဿနာ လွတ်တဲ့နေရာ ရှားပါတယ် (မှန်ပါ့) ကဲ သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကိစ္စပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ကဲစာလိုပြောကြ စမ်းပါ၊ ကိစ္စပေါ်တိုင်းပေါ်တိုင်း ဘာလုပ်မယ် (သန္ဒိဋ္ဌိက ဖြစ်အောင်လုပ်ရပါမယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကာလိကပေါ်တိုင်း ပေါ်တိုင်း (သန္ဒိဋ္ဌိက ဖြစ်အောင်လုပ်ရမယ်) ဟာ နေရာကျပြီ ဦးဘတင်ရေ ဝမ်းသာစရာ ပေါ်လာတယ် (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတွေ ပြောရတယ်။ မဂ်ဖိုလ်ရဖို့ဟာ နေရာရွေးတာ မဟုတ်ဘူးနော်။ ခင်ဗျားတို့ကာလိက နေရာမှာ သန္ဒိဋ္ဌိက ဖြစ်သွားလို့ရှိရင် အဲဒီသန္ဒိဋ္ဌိကဟာ ကိုယ်တိုင်မြင်တဲ့မဂ်ဘဲ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဘယ်စိတ်ပေါ်လာလာ ဘယ်ကိစ္စပေါ်လာလာ ကိစ္စပေါ်လာတယ်ဆိုတာက ကိစ္စသာ ပြောတာ ဦးခင်မောင် စင်စစ်ဓမ္မကလုပ်တဲ့ ကိစ္စတွေ (မှန်ပါ့) လောဘက လုပ်တဲ့ကိစ္စ, ဒေါသကလုပ်တဲ့ကိစ္စ, မောဟက လုပ်တဲ့ကိစ္စ (မှန်ပါ့)။
မကင်းတဲ့ ကိစ္စရှိရင် လောဘက လုပ်တဲ့ကိစ္စ (မှန်ပါ့) သူတို့နဲ့ ပေါင်းသင်းလာတာ ကြာပြီဘုရား ဒါကြောင့် မကင်းတရားက အတော်ကြီးနေတယ်ဆိုရင် ဥပါဒါန်ကလုပ်တဲ့ကိစ္စ (မှန်ပါ့) အဲဒီလို ကိစ္စပေါ်တိုင်း၊ ပေါ်တိုင်း တရားကို ဖမ်းပြီးတော့ ရှုချလိုက် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)
ရှုလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ပြတ်မပြတ် (ပြတ်ပါတယ် ဘုရား) ပြတ်လို့ရှိရင်ဖြင့် အရှုခံလာတာက ဒုက္ခသစ္စာ၊ ရှုဉာဏ်ကဘာတုန်း (မဂ္ဂသစ္စာပါ ဘုရား) နောက်က အစဉ်ပြတ်သွားတာက သမုဒယချုပ်တာ (မှန်ပါ့) နောက်ခန္ဓာမလာတာက (နိရောဓသစ္စာပါ ဘုရား) ဒီလိုချည့်သွားနေမှာ ဘဲ (မှန်ပါ့)။
ရှင်သမိဒ္ဓိပြောတဲ့ သန္ဒိဋ္ဌိကကို လိုက်နေတယ်
ဒီလိုချည့် ဆိုလို့ရှိရင်ဖြင့် ဪ တို့မှာဆရာကောင်း သမားကောင်း မှီဝဲဆည်းကပ်ကိုးကွယ်ရတဲ့အတွက် ရှင်သမိဒ္ဓိပြောတဲ့ “ငါကာလိကရှောင်တယ်, သန္ဒိဋ္ဌိကကို လိုက်နေတယ်” စကားကို နားလည်ရတယ် (မှန်ပါ့)။
နတ်ကတော့ အရှင်ဘုရား ဘယ့်နှယ်ကြောင့် အခုတွေ့ရမည့်ကာလ အခုခံစားရမည့် ကာလကိုဘာပြုလို့ ရှောင်နေရတာတုန်း အဓိပ္ပါယ်ကို မပြောဘူးလား (ပြောပါတယ် ဘုရား)။
ရှင်သမိဒ္ဓိကတော့ ငါသည်တဲ့ အခုတွေ့တဲ့ ကာလိကတွေကို ရှောင်နေတာက သန္ဒိဋ္ဌိက လိုက်နေလို့လို့ မပြောဘူး လား (ပြောပါတယ်) အဲဒီတော့ ဒကာ ဒကာမတွေလဲ ကာလိကကို သန္ဒိဋ္ဌိက ဖြစ်အောင် လုပ်လိုက်လို့ရှိရင် အင်မတန် အဘိုးတန်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရား ကောင်းလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောပါကြပြီလား (ပါပါပြီ ဘုရား)။
အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဆီ ရောက်တော့ရှင်သမိဒ္ဓိက အကျိုးအကြောင်းလျှောက်တယ်။ နတ်ကလဲ သူဒီတရားပွဲမှာ ရောက်နေပါကြောင်း နောက်ကနေပြီး ထောက်ခံချက်ပေးတယ် (မှန်ပါ့) ဘုရားသခင် ကိုယ်တော်မြတ်ကြီး နတ်ပြောတာကို ကြားတာနဲ့ ငါမေးပါမယ် ဒါကိုဖြေစမ်းပါ ဆိုပြီးတော့
”အက္ခေယျသညိနော သက္ကာ၊ အက္ခေယျသ္မိံ ပတိဋ္ဌိတာ၊
အက္ခေယျံ အပရိညာယ”(သဂါထာဝဂ္ဂသံယုတ်၊၁၁)
ဒါကိုဟောတယ် (မှန်ပါ့) အက္ခေယျသညိနောဆိုတာ မနေ့က ဒကာ ဒကာမတွေကို ဘုန်းကြီး ပြောထားပါတယ်။ သမီးဆိုတာ သမုတိသစ္စာပဲ (မှန်ပါ့)။
သမီးဆိုတာ သမုတိသစ္စာ
သမီးဆိုတာ ဘာပါလိမ့် (သမုတိသစ္စာပါ ဘုရား) ဒါသမုတ်ထားတာနော် (မှန်ပါ့)။ ခေါ်ဝေါ်တာပဲ မဟုတ်လား (မှန်ပါ့) ဒါကြောင့် သမုတိသစ္စာဆိုတာ သဘောကျပြီလား (ကျပါပြီ)။
အဲဒါကို သမုတိသစ္စာကို ဒကာ ဒကာမတွေက တကယ်ပဲသမီး, တကယ်ပဲသားလို့ ထင်လိုက်ပါမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သည် မနေ့ကပြောတဲ့ ဝိပ္ပလ္လာသသုံးချက် လိုက်မယ် (မှန်ပါ့) လိုက်လို့ရှိရင်ဖြင့် ဒီဒကာ ဒကာမတွေမှာ ဝိပ္ပလ္လာသနှိပ်စက်တာနဲ့ပဲ ဒကာ ဒကာမတွေ အပါယ်လေးပါး သွားဖို့ပဲ (မှန်ပါ့) အယူမှားပြီး သေတယ်လို့ဆိုတာ သဘောကျပြီလား (ကျပါပြီ) အယူမှားပြီးသေတယ်ဆိုတာ ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ သေတာ (မှန်ပါ့)။
အယူမှားလို့သေတယ် သားစွဲလို့ သမီးစွဲသွားလို့ဆိုပြီး ခင်ဗျားတို့ ပြောကြတာ သိပ်မဆိုးလှဘူးဗျ၊ (မှန်ပါ့) သားမဟုတ်တာကို သားစွဲသေသောကြောင့် အယူမှားတယ် (မှန်ပါ့) သမီးမဟုတ်တာကို သမီးရယ်လို့ ဒီသမီးစွဲသွား တော့ဘယ့်နှယ် ပြောကြမတုန်း (အယူမှားသေတာပါ) အဲဒါ ဒိဋ္ဌိဝိပ္ပလ္လာသနဲ့ သေသွားတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒါကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အက္ခေယျသညိနောတဲ့ ဒါဟာသမုဒ်ထားတာကွာတဲ့။ သားသမီး ဆွေမျိုးဉာတကာဆိုတာ သမုတ်ထားတာ (မှန်ပါ့) သမုတိသစ္စာပဲ။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။
သမုတိသစ္စာကို တကယ်ထင်ရင် ဝိပလ္လာသလိုက်မယ်
အဲဒါကို ဒကာ ဒကာမတွေက သမုတိသစ္စာကို တကယ်ထင်ရင်တော့ဖြင့် ဝိပလ္လာသသုံးချက်လိုက်မယ် (မှန်ပါ့)။
ကိုင်းဒါဖြင့် သမုတိသစ္စာကို ဒကာ ဒကာမတွေက ပရိညေယျနဲ့ လိုက်ရလိမ့်မယ် (မှန်ပါ့) ပရိညေယျနဲ့ ပိုင်းခြား ရမယ် (မှန်ပါ့) ဒါက သားဆိုငြားသော်လဲ သူ့မှာရှိတာက ခန္ဓာငါးပါး။ ဆိုင်းဘုတ်ကတော့သား။ ရှိတာကတော့ (ခန္ဓာငါးပါး ဘုရား)။
အဲဒါကို ပိုင်းခြားပြီးတော့ သိလိုက်ပါတဲ့။ ဪ သားကသမုတိသစ္စာ၊ ရှိတဲ့ခန္ဓာငါးပါးက ပရမတ္ထသစ္စာ။ (မှန်ပါ့ ဘုရား)။
သားဆိုတာက (သမုတိသစ္စာပါ ဘုရား) အရှိခန္ဓာငါးပါးက (ပရမတ္ထသစ္စာပါ ဘုရား) အဲသစ္စာနှစ်ခု ခွဲပြီးတော့ ပိုင်းပိုင်းခြားခြားသိလိုက် (မှန်ပါ့)။
သိကြပြီလား (သိပါပြီ) သားဆိုတာက ဘာသစ္စာ (သမုတိသစ္စာပါ) ခန္ဓာငါးပါးက (ပရမတ္ထသစ္စာပါ ဘုရား) ခန္ဓာငါးပါးကတော့ မဖောက်မပြန် ရှိနေလို့ သူကပရမတ္ထသစ္စာ (မှန်ပါ့) သားကတော့ဖြင့် ဒကာ ဒကာမတို့ ခေါ်ရုံမျှသာ မှန်သောကြောင့် သမုတိသစ္စာ (မှန်ပါ့) သမုတိသမုတ်တာ။ သစ္စာက မှန်တာ (မှန်ပါ့) ခေါ်ဖို့ရာတော့ မှန်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။
ခေါ်ဖို့ရာ မှန်တာက ဘာသစ္စာတုန်း (သမုတိသစ္စာပါ ဘုရား) မဖောက်မပြန် သဘာဝ မှန်တာကတော့ (ပရမတ္ထ သစ္စာပါ) ကောင်းပြီ ဒါဖြင့် သူ့နေရာနဲ့ သူမှန်တော့ မှန်တာချည့်ပဲလို့ ကိုယ့်စိတ်ထဲက ခွဲထားလိုက် (မှန်ပါ့)။
သမုတိသစ္စာကလဲ ခေါ်ရုံကလေးတော့ မှန်တာဘဲ။ ရင်သွေးမို့လား။ သားမို့လို့ သားခေါ်တယ်ဆိုတော့ မှန်တာဘဲ (မှန်ပါ့) သဘာဝအရှိမို့ ပရမတ္ထအားဖြင့် မှန်တာကကော (မှန်ပါတယ် ဘုရား) ခန္ဓာငါးပါးက ဘာတုန်း (ပရမတ္ထသစ္စာပါ) အဲဒီလို ပိုင်ပိုင်နိုင်နိုင်သိပါ နှစ်ခုခွဲသိစမ်းပါ (မှန်ပါ့) သိကြပြီလား (သိပါပြီ ဘုရား)။
မဖောက်မပြန် မှန်တာက ပရမတ္ထသစ္စာ
ခေါ်ဝေါ်ရုံမှန်တာက (သမုတိသစ္စာပါ) မဖောက်မပြန် မှန်တာက (ပရမတ္ထသစ္စာပါ) မဖောက်မပြန်မှန်တယ် ဆိုတာကခန္ဓာငါးပါးဟာ ခန္ဓာငါးပါးပဲ။ ရူပက္ခန္ဓာကလဲ ဝေဒနာက္ခန္ဓာ မဖြစ်ပါဘူး၊ ဝေဒနာက္ခန္ဓာကလဲ သညာက္ခန္ဓာ (မဖြစ်ပါဘူး)။
ရူကက္ခန္ဓာ၊ ဝေဒနက္ခာန္ဓာကနေပြီးတော့ ခေါ်ဝေါ်တဲ့ သမုတိသစ္စာ သားသမီး လင်မယားဟူသော အထည်ဒြပ် အစစ်သို့လဲ မရောက်ပါဘူး။ (မှန်ပါ့)။
အဲဒါကို ဝေဖန်ပြီး သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နေရာကျပြီ (မှန်ပါ့) ကဲခွဲသိပြီလား (သိပါပြီ ဘုရား) ခေါ်ရုံမှန်တာက (သမုတိသစ္စာ) မဖောက်မပြန်မှန်တာက (ပရမတ္ထသစ္စာပါ) ခန္ဓာငါးပါးက ပရမတ္ထသစ္စာ ခန္ဓာငါးပါးကို ကိုယ်ကမွေးတဲ့ သားကလေးမို့ သားလို့ခေါ်ဝေါ်ရုံလဲ မှန်တာပါဘဲ (မှန်ပါ့) ဘယ်လိုမှန်ပါလိမ့် (သမုတိသဘောနဲ့ မှန်ပါတယ်)။
အဲဒီတော့ ဒီခန္ဓာငါးပါးကို သားလို့သမုတ်ထားလို့ သားလို့ခေါ်ရမယ်ဆိုရင်ကော (အပြစ်မရှိဘူး) ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ သိရင်လဲ (အပြစ်မရှိပါဘူး) ခန္ဓာငါးပါးကိုသားလို့ သမုတ်ထားလို့လဲ ခေါ်လိုက်တာပဲ (မှန်ပါ့) အပြစ်မရှိ တော့ ဪဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပါပေါ့လား ဒါဟာပိုင်းခြားသိပြီ (မှန်ပါ့)။
ပိုင်းခြားသိတဲ့ အခါကျတော့ကို ဒကာ ဒကာမတို့ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာကို ပိုင်းခြား မသိရင်တော့ဖြင့် ဒကာ ဒကာမတွေ သံသရာက ကျွတ်နိုင်ကြမယ် မဟုတ်ဘူး (မှန်ပါ့) အခုတော့ဖြင့် ခန္ဓာငါးပါးကို မူတည်ထား။ သားလို့ သမုတ်ပြီး ခေါ်လိုက်လို့ရှိရင်လဲ အပြစ်မရှိပါဘူး၊ (မှန်ပါ့) ခန္ဓာငါးပါးပဲလို့ သိနေရင်ကော (အပြစ်မရှိပါဘူး)။
အဲဒါပိုင်းခြား မသိရင်တော့ဖြင့် ခက်ကြလိမ့်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပြီတဲ့ အဲဒါပိုင်းခြား မသိရင်တော့ဖြင့် ခက်ကြလိမ့်မယ် (မှန်ပါ့) မခက်ပေဘူး လား (ခက်ပါတယ် ဘုရား) သမုတိသစ္စာကို သမုတိသစ္စာလို့ ပိုင်းခြားမသိ။ ပရမတ္ထသစ္စာကို ပရမတ္ထသစ္စာလို့ ပိုင်းပိုင်း ခြားခြားမသိ။ ရှိတာကတော့ ခန္ဓာငါးပါးမူတည်ထားတာပဲ (မှန်ပါ့)။
ဦးဘတင် ဘာကိုသူမူတည်ထားသတုန်း (ခန္ဓာငါးပါး မူတည်ထားပါတယ်) ဒီခန္ဓာငါးပါးကို သားလို့သမုတ်ပြီး ခေါ်ရင်လဲ အပြစ်မရှိဘူး (မှန်ပါ့) တကယ်တမ်းတော့ သားထင်မသွားနဲ့ပေါ့ဗျာ (မှန်ပါ့) ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ သိတဲ့အခြင်းအရာ အာဏာရနဲ့ နေရင်လဲ (အပြစ်မရှိပါဘူး)။
အဲဒီလို ပိုင်းပိုင်းခြားခြား သိတော့မှ ပထမအဆင့် ဉာတပရိညာနဲ့ ဪခန္ဓာငါးပါးကို သားလို့ခေါ်တာကိုး ဒီလိုဉာတပရိညာနဲ့ သိပါ (မှန်ပါ့)။
နောက်ကျတော့ တီရဏ ပရိညာနဲ့ လာပါဦး၊ (မှန်ပါ့) တီရဏာ ပရိညာဆိုတာက ပွားမှုဘဲ။ ခုနင်ကတော့ သိမှု အခုတော့ပွားမှုနဲ့ သိအောင်လုပ်ပါဦး ဆိုတော့ ခန္ဓာငါးပါးထဲက တပါးပါးကို ဒကာ ဒကာမတွေ ဖြစ်ပျက်ရှုရလိမ့်မယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ဖြစ်ပျက်ရှုလိုက်တော့ တီရဏပရိညာနဲ့ ပိုင်းခြားသိပါတယ် (မှန်ပါ့)။
နောက်ခန္ဓာငါးပါးကို ခင်စရာမင်စရာမရှိတော့ပါဘူး။ ဒီဥစ္စာကြီးဟာ ဒုက္ခသစ္စာပဲ။ ဘာမှခင်စရာမင်စရာ မရှိတော့ပါဘူးလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခါကျတော့ ပဟာနပရိညာလာပြီး ဖြစ်တယ် (မှန်ပါ့)။
ပရိညာသုံးပါးနဲ့ ဝေဖန်လိုက်ပါ
ဒါဖြင့် ခန္ဓာငါးပါးကို ခုနင်ကလို သိနေပြီး သကာလ သမုတိသစ္စာရယ်လို့ပဲသိ, ပရမတ္ထသစ္စာရယ်လို့ပဲသိ, ပရမတ္ထသစ္စာရယ်လို့လဲ သိပြီးတော့ ပရိညာသုံးပါးနဲ့ ဝေဖန်လိုက်ပါ (မှန်ပါ့) ဝေဖန်လိုက်လို့ရှိရင်ဖြင့် ဒါတွေဖြစ်ပျက်တွေ အကုန်ဖြစ်မှာပဲ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ်)။
ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ) မြင်မှုက (မဂ္ဂသစ္စာပါ ဘုရား)။ ဒီလိုဖြစ်နေတဲ့အခါကျတော့ နောက်ကသမုဒယက လာသေးရဲ့လား (မလာပါဘူး) မလာတော့ သူသည်ပဟာန ပရိညာဖြစ်နေပြီ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တာ (ဒုက္ခသစ္စာပါ) ဖြစ်တယ် (မဂ္ဂသစ္စာပါ) မဂ္ဂသစ္စာကတော့ သမုဒယသစ္စာ ဆိုတဲ့ ခင်မှုကြင်မှုလာသေးရဲ့လား (မလာပါဘူး) အဲဒီလိုဘယ်တော့မှ မလာအောင် ကျင့်နိုင်လို့ရှိရင် ပဟာနပရိညာ ဖြစ်မယ် (မှန်ပါ့) ပဟာနပရိညာ ဖြစ်လို့ရှိရင် ဒီသမုဒယတင် ပယ်တယ်လို့ အောက်မေ့မနေနဲ့ ဟောဒီဒုက္ခတွေလဲ ချုပ်တာဘဲ (မှန်ပါ့)။
ချုပ်အောင်ရှုနိုင်လို့ရှိရင် ပဟာနပရိညာဖြစ်ပေါ့
ဒါဖြင့် ချုပ်အောင်ရှုနိုင်လို့ရှိရင် ဒကာ ဒကာမတို့ ပဟာနပရိညာ ဖြစ်ပေါ့လို့ အောက်မေ့ပါ (မှန်ပါ့)။
ဒါဖြင့် ဖြစ်ပျက်မြင်အောင် ရှုပေါ့ဗျာ (မှန်ပါ့) ဖြစ်ပျက်မုန်းအောင် (ရှုရပါမယ်) ဖြစ်ပျက်ဆုံးအောင် (ရှုရပါမယ်) ဆုံးအောင်ရှုရင် ပဟာနပရိညာဖြစ်ပြီ (မှန်ပါ့) ပဟာနပရိညာဖြစ်ရင် သေမင်းနိုင်ငံမှ လွတ်မြောက်ပြီလို့မှတ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။