13912

မာတိကာသို့

ဖွားဖက်တော် ရှင်ဆန္နမထေရ် (၁)

ယခုတရားသည် တရားအားထုတ်သူ ယောဂီများ အတွက် မှတ်သားဖွယ်အချက်များစွာ ပါရှိသောတရားဖြစ်သည်။

မှတ်ချက်။ ။ အချို့နေရာများ၌ မိုးကုတ်ဆရာတော်ဘုရားကြီး၏ “ပဋိစ္စသမုပ္ပဒ်”ဟူသည့် မူရင်းစကားလုံး အစား “ရုပ်နာမ်ကြောင်းကျိုး ဆက်၍ ဖြစ်ပျက်သဘော” ဟူ၍ ပြင်ထားပါသည်။ (မိုးကုတ်ဝိနိစ္ဆယအလိုအားဖြင့် မိုးကုတ်အဖွဲ့ချုပ်မှပြင်ထားခြင်းဖြစ်သည်။)

ဥပမာ၊ “ရုပ်နာမ်ကြောင်းကျိုး ဆက်၍ ဖြစ်ပျက်သဘော နားလည်ရင်” ဟူသည့်နေရာ၌ “ပဋိစ္စသမုပ္ပဒ်နားလည်ရင်” ဟူ၍ အစားထိုး နားလည် ဖတ်ရှုနိုင်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာ ဓမ္မာရုံပေါ်၌

ဟောကြားတော်မူသော

ဖွားဖက်တော် ရှင်ဆန္နမထေရ် (၁)

အလုပ်ပေးတရားတော်

ဝိပဿနာ(၂)မျိုး

ဝိပဿနာသည် ဒကာ ဒကာမတို့ မှတ်စရာက ကုသိုလ်ဖြစ်ရုံ ဝိပဿနာတစ်မျိုး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်တဲ့ ဝိပဿနာတစ်မျိုးလို့ မှတ်ကြရမယ် (မှန်ပါ)။

ကုသိုလ်ဖြစ်ရုံ ဝိပဿနာကတော့ဖြင့် ထုံးစံအတိုင်း အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေ လျှောက်ပြီး သကာလ ဒီခန္ဓာကြီးဟာ အနိစ္စပဲ၊ ဒီခန္ဓာကြီးဟာ ဒုက္ခပဲ၊ ဒီခန္ဓာကြီးဟာ အနတ္တပဲလို့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို လျှောက်ပြီး သကာလ ပုတီးစိပ်သလို စိပ်ပြီး သကာလ မြင်တာထင်တာ ဆိုတာ တစ်ခါတလေလဲ ပါနိုင်တယ်၊ တစ်ခါတလေ မပါနိုင်ဘူး၊ အဲဒါကတော့ ကုသိုလ်ဖြစ်ရုံပဲ၊

တကယ်တမ်းအာရုံ အာရမ္မဏိက တိုက်ဆိုင်ပြီး သကာလ သွားတဲ့ ဝိပဿနာကတော့ဖြင့် (ဝါ) အပျက်နဲ့မဂ်နဲ့ ကိုက်သွားတဲ့ ဝိပဿနာကတော့ ကိုမောင်နိုင်တို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို တကယ် ကျေးဇူးပြုလိမ့်မယ်လို့ မှတ်ရမယ် (မှန်ပါ ဘုရား)၊

အပျက်နဲ့ မဂ်နဲ့ကိုက်သွားတာကတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ကျေးဇူးပြုလိမ့်မယ်လို့ ဒကာ ဒကာမတွေက မှတ်ထားကြပါနော် (မှန်ပါ)။

အပျက်နဲ့ မဂ်နဲ့ ကိုက်သွားတာကတော့ (မဂ်ဉာဏ် ဖိုလ်ဉာဏ် ကျေးဇူးပြုပါလိမ့်မယ် ဘုရား)၊ ဟိုဟာကတော့ ကုသိုလ်တော့ရရုံပဲ၊

ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို မသိဘဲနဲ့

မဂ်ဉာဏ်ဖိုလ်ဉာဏ်တော့ မရသေးဘူးဆိုတော့ မနေ့ကပြောခဲ့တဲ့ ရှင်အာနန္ဒာဟောတဲ့ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ အခုပေါ်နေတဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို မသိဘဲနဲ့ ဝိပဿနာ အလုပ်ကို လုပ်နေမယ်ဆိုလို့ရှိရင်ဖြင့် အားနည်းတဲ့ ဝိပဿနာဖြစ်လို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရနိုင်ဘူးဆိုတာကို မနေ့ကရှင်းပေးခဲ့တယ် (မှန်ပ့ါ)၊ ကိုစောမောင် မှတ်ထားခဲ့ရဲ့လား (မှတ်ထားပါတယ် ဘုရား)။

ကိုယ့်သန္တာန်မှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မသိဘဲနဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်တွေ ရှုပြီး သကာလ နေကြလို့ရှိရင် ဖြစ်ပျက်တွေ တွေ့တဲ့အခါလဲ တွေ့မှာပဲ၊ တွေ့ပင် တွေ့ငြားသော်လည်း ဪ လိုရာခရီး အပေါက်ကြီးပေါက်လိမ့်မယ် ဆိုတာတော့ မအောက်မေ့ပါနဲ့ (မှန်ပါ)၊ မရနိုင်ဘူးတဲ့ ကိုစံလှ၊ ဒီဥစ္စာ (မှန်ပါ)၊

အဘယ့်ကြောင့်ဆိုသော် ဒကာ ဒကာမတို့ အတ္တဒိဋ္ဌိဆိုတာ ပဋိစ္စသမုပ္ပါဒ်ခန္ဓာဖြစ်စဉ်ကို မမြင်ခဲ့သော် အတ္တဒိဋ္ဌိက မကွာဘူး (မှန်ပါ)၊ အတ္တဒိဋ္ဌိမကွာတဲ့ အတွက် မရဘူးလို့ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ)။

ဒိဋ္ဌိကိုဉာတပရိညာနဲ့မှ မပယ်နိုင်ဘဲနဲ့

ဒကာ ဒကာမတို့ ရှေးဦးစွာ ဝိပဿနာမှာ သောတာပတ္တိမဂ်ရဖို့ဟာ ၁-နံပါတ်အရေးမဟုတ်လား (မှန်ပါ)၊ သူက ဒိဋ္ဌိပယ်တာပဲ မဟုတ်လား (မှန်ပါ)၊ ဒါဖြင့် ဒိဋ္ဌိကိုဉာတပရိညာနဲ့မှ မပယ်နိုင်ဘဲနဲ့ ဝိပဿနာအလုပ်ကို လုပ်နေကြ မယ်ဆိုရင်ဖြင့် ရှင်အာနန္ဒာဟောတာ ကြည့်ပါ၊ မရဘူးဆိုတဲ့ အဓိပ္ပါယ် ထွက်ပါတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

အဋ္ဌကထာ ဆရာက ဘယ်လိုဆိုသတုန်းဆိုတော့ “အယံ ကိရ ထေရာ ပစ္စယေ အပရိဂ္ဂဟေတွာ ဝိပဿနံ ပဋ္ဌပေသိ” တဲ့၊

အယံထေရော-ဤဆန္နမထေရ်သည်၊ ပစ္စယေ-အကြောင်း ပဋိစ္စသမုပ္ပါဒ်၌၊ အပရိဂ္ဂဟေတွာ-မသိမ်း မဆည်းမူ၍(ဝါ) မကျေမပွန်မသုံးမသပ်မူ၍၊ ဝိပဿနံ-ဝိပဿနာကို၊ ပဋ္ဌပေသိ-ဖြစ်စေပြီး၊ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို သူနားမလည်ဘူး၊ ဝိပဿနာတော့ သူရှုနေတယ်တဲ့မောင်နိုင် (မှန်ပါ)၊ အဲဒီ ဝိပဿနာဟာ အားနည်းတဲ့ ဒုဗ္ဗလ ဝိပဿနာ ဖြစ်နေတယ်တဲ့၊ သဘောကျပလား (ကျပါပြီ)၊ ဒီလိုသုံးသပ်တော့ ငါ င့ါဥစ္စာဆိုတာကို သူ မပယ်နိုင်တော့ဘူးတဲ့ ကိုစောမောင် (မှန်ပါ)။

ဘာကြောင့် မပယ်နိုင်သတုန်းလို့ မေးတဲ့အခါကျတော့မှ ဒါတွေဟာ သံယုတ်အဋ္ဌကထာမှာလာတဲ့ အဋ္ဌကထာ ဆရာ၏စကားတွေကို ပြောနေပါတယ် (မှန်ပါ)၊ ဘာကြောင့် မပယ်နိုင်သတုန်းလို့ မေးတဲ့ အခါကျတော့မှ ခုနင်ကပြောခဲ့တဲ့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်၊ ယခုပေါ်ဆဲ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် စဉ်ပြီးလာတဲ့ ဥစ္စာကိုသူမသိဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ကိုယ့်ဖြစ်စဉ် ကိုယ်မသိဘဲနဲ့

ဒါဖြင့် ကိုယ့်ဖြစ်စဉ် ကိုယ်မသိဘဲနဲ့ ဝိပဿနာရှုခဲ့သော် မရပါဘူးလို့ မှတ်လိုက်ပါ (မှန်ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုယ့်ဖြစ်စဉ် ကိုယ်မသိဘဲနဲ့ ဝိပဿနာရှုခဲ့သော် မရနိုင်ဘူးဆိုတာကလဲ အတ္တဒိဋ္ဌိမပြုတ်တာဘဲ (မှန်ပါ)၊ အတ္တဒိဋ္ဌိမပြုတ်ဘူးဆိုတော့ ဖြစ်ပေါ်လာတာကလေးတွေဟာ ငါ ငါ့ဥစ္စာမရှိတာကို မသိတဲ့အခါကျတော့ ဝိပဿနာရှု ပါလျက်နဲ့ ကိုစောအောင် အတ္တဒိဋ္ဌိမပြုတ်တဲ့အတွက် အားနည်းတဲ့ ဝိပဿနာဖြစ်နေ သောကြောင့် မဂ်ကိုမရနိုင်ဘဲ ဖြစ်နေတယ် (မှန်ပါ)။

အတ္တဒိဋ္ဌိ မပြုတ်တော့ ဘယ်လိုဖြစ်လာတတ်သတုန်းလို့ မေးတဲ့အခါကျတော့ “သင်္ခါရေသု သုညတော့ ဥပဋ္ဌဟန္တေသု” ဒီသင်္ခါရတရားတွေပဲ၊ ဪ ဖြစ်ပြီးပျက်သွားတာပဲ၊ မရှိဘူး ထင်လာတဲ့အခါကျတော့ ပုဂ္ဂိုလ်သတ္တဝါ သညာ မစွန့် အတ္တမပြုတ်တဲ့အတွက် “ ဥစ္ဆိဇ္ဇတိ ဝိနာဿတိ” ဪ-ပြတ်ပေါ့။ ပျက်စီးပေါ့၊ ကိုယ်ကျိုးနည်းပေါ့၊ ဒီလိုတောင် ထင်လာတတ်သေးသတဲ့ (မှန်ပါ)။

တကယ်လို့ ဖြစ်ပျက်ကလေးတွေဟာ ဆိတ်သွားတဲ့အခါကျလို့ရှိရင် ပြတ်ပြီဆိုပြီး သကာလ မနေ့က ပြောခဲ့တဲ့ ထိတ်လန့်ခြင်းတို့၊ စွဲလမ်းတုန်လှုပ်မှုတို့ ပေါ်တောင် လာတတ်ပါသေးသတဲ့၊ မဂ်ဖိုလ်ကို မရနိုင်ဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဆိုတာ အရမ်းလုပ်လို့မဖြစ်ပါကလား

ဒါဖြင့် ကိုစံလှ ဒီအချက်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)၊ ဒါကြောင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေ ဒီလို ရှင်ဆန္နဝတ္ထုကို ထောက်ပြီး သကာလ ကြည့်လိုက်တဲ့အခါကျတော့မှ ဪ ဝိပဿနာဆိုတာ အရမ်းလုပ်လို့မဖြစ်ပါ ကလားဆိုတာပေါ်လာတယ် (မှန်ပါ)။

ကိုပေါ် ဘယ်လို ပေါ်လာသတုန်း(ဝိပဿနာအရမ်းလုပ်လို့ မဖြစ်ပါ ဘုရား)၊ ဝိပဿနာအရမ်းလုပ်လို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးဟာ ရှင်းသွားတယ် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ဖြစ်စဉ်ဟာ အလွန်အရေးကြီးတယ်ဆိုတဲ့ဥစ္စာ ကိုစောမောင် မှတ်မိပလား (မှတ်မိပါပြီ ဘုရား)၊

ကိုယ့်သန္တာန်ဖြစ်စဉ်ကို ကိုယ်မပိုင်လို့ရှိရင် ဘာရှုလို့ ဘာမှတ်ကြမယ် ဆိုတာကိုလဲ စဉ်းစား ကြည့်လိုက်စမ်းပါဦး (မှန်ပါ ဘုရား)၊ တွေ့စရာကော အကြောင်းမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ မမြင်တော့ ပါဘူးဆိုတာ သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်တာပေါ့ (မှန်ပါ)၊ တော်တော် အရေးကြီး ပါလားဆိုတာ ပေါ်လာတယ်နော် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန်ဖြစ်စဉ်ဟာ အလွန်အရေးကြီးတယ်၊ ဒီလိုသာ ရှုနေမယ် ဆိုလို့ရှိရင် ရှင်ဆန္နမှာ မနေ့ကပြောခဲ့တာ ဗာရာဏသီပြည်မှာ ရဟန္တာအရှင်မြတ်တွေက အမျိုးမျိုးအဖုံဖုံ မဟောကြဘူးလား (ဟောပါတယ် ဘုရား)၊

ငါ ရှုလာတာ ကြာပါပြီ

ရုပ်လဲ အနိစ္စ ရှုပါ၊ ဝေဒနာအနိစ္စ၊ သညာ အနိစ္စ၊ သင်္ခါရအနိစ္စ၊ ဝိညာဏ် အနိစ္စတွေ ရှုပါ၊ သင်္ခါရအားလုံး အနိစ္စရှုပါ၊ သဗ္ဗေဓမ္မာ အနတ္တာရှုပါ၊ ဒီလို ရှုခိုင်းတဲ့အခါကျတော့ “မယှမ္ပိ ခေါ ဧတံ ဧဝံ ဟောတိ” ငါ ရှုလာတာ ကြာပါပြီ၊ ငါလဲ ဒီအတိုင်းပဲ ရှုလာတာ ကြာခဲ့ပါပြီတဲ့ (မှန်ပါ)၊ ဒီကိုယ်တော်တွေ ဟောတဲ့အတိုင်း သူတို့ မဟောခင်ကတည်းက သူ ရှုလာတာ ကြာပါပြီတဲ့၊ မောင်နိုင် သူကိုယ်တိုင်ကပြောတာ (မှန်ပါ)။

ဒီကဲ့သို့ ရှုပြီး သကာလ နေငြားသော်လဲတဲ့ သင်္ခါရတရားချုပ်တဲ့ ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန်ကို မတွေ့ပါဘူးတဲ့ ကိုစောမောင် (မှန်ပါ ဘုရား)။

ဒကာ ဒကာမတို့ မနေ့က အဆက်နော် (မှန်ပါ)၊ သဗ္ဗူပဓိပဋိနိဿဂ္ဂေ-ဥပဓိဆိုတဲ့ ခန္ဓာပါစွန့်သွားတဲ့ ချုပ်သွားတဲ့ သဘောကို တစ်ခါမှမတွေ့ဘူးတဲ့ ကိုစောမောင် (မှန်ပါ)၊ ဖြစ်ပျက်ချုပ်တာလဲ (မတွေ့ပါ ဘုရား)၊ ခန္ဓာချုပ်တာလဲ (မတွေ့ပါ ဘုရား)။

တဏှာလဲမကုန်ဘူးတဲ့ သူ့မှာ (မှန်ပါ)၊ နိရောဓောဆိုတဲ့ ခန္ဓနိရောဓောလဲ မတွေ့ပါဘူးတဲ့၊ တဏှာနိရောဓောလဲ မတွေ့ပါဘူးတဲ့ သူ့မှာ (မှန်ပါ)။

ဒီကိုယ်တော်တွေ မပြောခင်က ရှုတုန်းကလဲ ဒီလိုပါပဲတဲ့၊ ပြောတဲ့အခါရှုတော့လဲ ခုနင်ကဟောတဲ့အတိုင်း ရှုလိုက်ပြန်တော့လဲ ဒီအတိုင်းပဲတဲ့ (မှန်ပါ ဘုရား)။

အတ္တဒိဋ္ဌိပြန်ပြန်လှည့်သတဲ့

ပြီးတော့ ဘာဖြစ်လာသေးသတုန်းလို့ မေးတဲ့အခါကျတော့ ဒီလိုရှုတော့ အပျက်ကလေးတွေ အကြောင်း ညီညွတ်လို့ တွေ့တဲ့အခါမှာလဲ ဘာကိုအားကိုးရမလဲဆိုတဲ့ အတ္တဒိဋ္ဌိဟာ ပြန်ပြန်လှည့်သတဲ့ ကိုစောမောင် (မှန်ပါ)၊ ဒီဟာတွေ ပျောက်ပျောက်သွား-ပြတ်ပြတ်သွားတဲ့အခါကျလို့ရှိရင် ဘာများအားကိုးရပါ့မလဲဆိုတဲ့ ဒိဋ္ဌိပြန်ပြန်လှည့်တယ် (မှန်ပါ)၊ မောင်နိုင်သဘောကျပါလား (ကျပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ဒါကို သတိထားပြီး မှတ်စမ်းပါဆိုတာကို ပြောနေတယ် (မှန်ပါ)၊

ပဋိစ္စသမုပ္ပါဒ် မနိုင်ဘဲနဲ့ ရှုတဲ့အပြစ်ကို သူကိုယ်တိုင် ဖော်ပြနေတယ် ဆန္နမထေရ်က (မှန်ပါ)၊ သူကိုယ်တိုင် ဖော်ပြနေတယ် ဆိုတော့ ဒကာ ဒကာမတို့ အလုပ်သမားကပြောတာ ဖြစ်နေသောကြောင့် ကျုပ်တို့က ဘာမှမယုံသင်္ကာရှိစရာမလိုတော့ ပါဘူး (မှန်ပါ)၊ လိုကြသေးသလား (မလိုပါ ဘုရား)။

ဒါကြောင့် ရုပ်နာမ်ကြောင်းကျိုး ဆက်၍ ဖြစ်ပျက်သဘော နားမလည်ဘဲနဲ့၊ ကိုယ့်ခန္ဓာပဋိစ္စသမုပ္ပါဒ် ဖြစ်ပျက် အစဉ်ကို နားမလည်ဘဲနဲ့ ကျုပ်တို့သည် ဝိပဿနာ ရှုနေကြမယ်လို့ ဆိုလို့ရှိရင်ဖြင့် အတ္တဒိဋ္ဌိ ပြန်လာလိမ့်ဆိုတာသာ မှတ်ပါ (မှန်ပါ)၊

သောတာပတ္တိမဂ်ဆိုတာ အတ္တဒိဋ္ဌိကိုပယ်တာ ကိုစောမောင် (မှန်ပါ)၊ အခု ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ ဘုရား)၊ မပယ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဪ ဒါဖြင့် ဝိပဿနာဆရာ လုပ်မယ်ကြံရင် ဝိပဿနာအလုပ်ကို တကယ်တမ်း ဒကာ ဒကာမတွေက စိတ်ထားသန်သန်နဲ့ ငါဖြင့်ဒီဘဝမှာ အရယူတော့မယ်ဆိုရင်ဖြင့် ဆရာကောင်းလဲရှာ၊ နည်းကောင်းလဲရှာဆိုသလိုပဲ မောင်နိုင် အရေးကြီးလာတယ် (မှန်ပါ)၊ မကြီးပေဘူးလား (ကြီးပါတယ် ဘုရား)။

နိဗ္ဗာန်ကို မတွေ့တဲ့အပြင်မှာ

ကိုင်း-ဒါနဲ့ပဲ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒီလို ရှုကြည့်တဲ့အခါမှာ သင်္ခါရချုပ်တဲ့နိဗ္ဗာန်၊ ခန္ဓာချုပ်တဲ့ နိဗ္ဗာန်၊ တဏှာချုပ်တဲ့ နိဗ္ဗာန်ကို မတွေ့တဲ့အပြင်မှာ ငါဘာအားကိုးရမှာလဲ စသည်ဖြင့် ဖြစ်ပျက်တွေ မြင်တဲ့အချိန်မှာ ဖြစ်ပြီးပျက်နေတာသာ တွေ့တော့ဘာများအားကိုးရပါ့မတုန်းဆိုတာတောင် ပြန်တက်လာသေးတယ် (မှန်ပါတယ် ဘုရား)။

သူကလဲ ဘုရားရှိစဉ်က ဘယ်သူရဟန္တာဖြစ်တယ်ဆို သွားပြီးနားထောင်၊ သူမီလိုက်တာချည်းကိုး (မှန်ပါ)၊ သူအားထုတ်တာ သစ္စာနဲ့ပတ်သက်ပြီး မြင်ပုံမပါဘဲဖြစ်နေတယ် (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာနဲ့ ပတ်သက်တဲ့မြင်ပုံ၊ ဒုက္ခသစ္စာကြီးပိုင်းခြားပုံ၊ ဒုက္ခချုပ်ပုံ၊ နိရောဓကြီး မျက်မှောက်ပြုပုံ၊ သစ္စာလေးပါးနဲ့ ပတ်သက်တာ သူ့မှာမတွေ့ဘဲ ဖြစ်နေတယ် (မှန်ပါ)၊ ဖြစ်ပျက်သာရှုနေပေမဲ့ အတ္တဒိဋ္ဌိကပြန်လာပြီး ဖြစ်ပျက်နဲ့တူတာ တစ်ခါမှ မတွေ့ဖူးဘူး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာနဲ့ ပတ်သက်တာတွေ မြင်မှုတစ်ခါမှ မလာပါဘူး၊ ဒုက္ခပိုင်းခြားနိုင်တဲ့ ဉာဏ်ကလဲမလာ၊ နိရောဓ မျက်မှောက်ပြုတဲ့ ဉာဏ်ကလဲမလာ၊ သမုဒယပယ်နိုင်တဲ့ ဉာဏ်ကလဲမလာ၊ မဂ္ဂပွားများတဲ့ကိစ္စကြီးကလဲ မဂ္ဂသစ္စာပွားများ တယ်ဆိုလို့ရှိရင် ဟဒယသုသီတလ မဂ္ဂဒဿနေန-တဲ့ နှလုံးသားထဲမှာ အေးငြိမ်းသွားတယ်ဆိုတာလဲ တစ်ခါမှမလာဘူးတဲ့ (မှန်ပါ)။

ကိုစောမောင် သစ္စာမြင်လို့ရှိရင် နှလုံးထဲမှာကို တစ်ခါတည်းအေးပြီး သကာလ သွားတယ်၊ အဲဒါမျိုးလဲ မလာဘူးတဲ့ (မှန်ပါ ဘုရား)။

တရားရှာထွက်တာ

အဲဒီတော့ ဒီကိုယ်တော်တွေဟောတဲ့ တရားမျိုးနဲ့တော့ဖြင့် မဖြစ်နိုင်သေးပါဘူး၊ အားကိုးတော့ ရှာမှပဲဆိုတဲ့ အဓိပ္ပါယ်နဲ့ တရားရှာထွက်တာ (မှန်ပါ)၊ သဘောကျပါလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဒီထဲမှာ သတ္တုချပြီး မှတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှုမီ ဒိဋ္ဌိခွါမှုကို ရှေ့ထားစမ်းပါဆိုတာ ကိုစောမောင် ပြင်ပေးပါတယ် (မှန်ပါ ဘုရား)။

ဘာရှေ့ထားရမလဲ (ပဋိစ္စသမုပ္ပါဒ် နားလည်မှုကို ရှေ့ထားရပါမယ် ဘုရား)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် နားလည်လို့ရှိရင် ဒါဟာ ဒိဋ္ဌိဖြုတ်တယ်လို့ မှတ်ကြပါ (မှန်ပါ ဘုရား)။

ကိုစံလှ ဘယ်လိုမှတ်ပါ့မလဲ (ခန္ဓာပဋိစ္စသမုပ္ပါဒ် နားလည်ရင် ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)၊ နို့မဟုတ်ရင် တောင်မှန်း မြောက်မှန်း မသိဆိုတာလို ကိုယ့်သန္တာန်ပေါ်လာတဲ့ စိတ်တွေကိုမှ ကိုယ်ကလဲမသိ၊ ရှေးကပုဂ္ဂိုလ်သတ္တဝါ ထင်နေတဲ့ အထင်ကလဲ မစွန့်ဘူးဆိုလို့ရှိရင် ဘယ်လိုပဲ ဖြစ်ပျက်တွေ အားထုတ်ငြားသော်လည်း မရဘူးဆိုတာမှတ်ပါ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာတပရိညာနဲ့ ဒိဋ္ဌိပြုတ်ပါတယ်

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ၁-နံပါတ် ဘာအရေးကြီးပါလိမ့် (ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိဖို့ အရေးကြီး ပါတယ် ဘုရား)၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို နားလည်၊ နားလည်သည်နဲ့ တစ်ပြိုင်နက်တည်း ဉာတပရိညာနဲ့ ဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ)။

နားလည်သည်နှင့် တစ်ပြိုင်နက်တည်း ဒိဋ္ဌိကဘယ့်နှယ် (ပြုတ်ပါတယ် ဘုရား)၊ သိမှုနဲ့ပြုတ်သွားပါတယ်ဆိုတာ သေသေချာချာမှတ်လိုက်တော့မှ ဪ-ဒါဖြင့် အင်မတန် အရေးကြီးတာပါလားဆိုတာ သတိပဋ္ဌာန်ပါဠိတော်ကြီးကြည့် လိုက်လို့ရှိရင်လဲ ဒါတွေ တွေ့ရတော့မှာပါပဲ (မှန်ပါ)၊ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ စသည်ဖြင့် မိမိတို့သန္တာန် စိတ်တွေ ပေါ်လာတာကိုလဲ သိနေစမ်းပါဆိုတာကိုပဲ တွေ့ကြပါလိမ့်မယ် (မှန်ပါ)၊ ဝေဒနာနုပဿနာခန်းပြတဲ့ ပါဠိတော်ကျတော့လဲ အဇ္ဈတ္တံလာပြန်တာပဲနော် (မှန်ပါ)၊ မလာဘူလား (လာပါတယ် ဘုရား)။

ဒကာ ဒကာမတွေက သတိပဋ္ဌာန်ပါဠိတော်မှာ မိမိသန္တာန်မှာ ပေါ်တာသိရမယ်လို့ ပါပြီး သကာလ နေတာ အထင်ရှားဖြစ်ပြီး သကာလ နေတော့ ပဋိစ္စသမုပ္ပါဒ်ရယ်လို့သာ အမည်မဖော်တာ အတူတူပါပဲ (မှန်ပါ)၊ အခုသံယုတ် ပါဠိတော်ကတော့ ပဋိစ္စသမုပ္ပါဒ်အမည်နဲ့ ပေါ်လာတယ်နော် (မှန်ပါ)၊ စင်စစ်တော့ ပေါ်တာဟူသရွေ့ ပဋိစ္စသမုပ္ပါဒ်ချည်း ပေါ့ (မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ရှေ့ထားရမှာကို ရှေ့ထားရင်

ဒါဖြင့် ဒကာ ဒကာမတို့ ရှေ့ထားရမှာကို ရှေ့ထားတဲ့အရေးဟာ ကျုပ်တို့၏ လိုရင်းဆိုက်မှုကို ကျေးဇူးပြုတယ်လို့ မှတ်ရမှာပဲ (မှန်ပါ ဘုရား)။

ရှေ့ထားရမှာကို ရှေ့ထားရင်ဘယ်လိုပါလိမ့် (လိုရင်းဆိုက်မှုတွေ ကျေးဇူးပြုပါတယ် ဘုရား)၊ လိုရင်းဆိုတာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို အာရုံပြုချင်တာပေါ့ဗျာ (မှန်ပါ)၊ အဲဒီလို ကျေးဇူးပြုလိမ့်မယ်ဆိုတာ ဒကာ ဒကာမတွေ နားရှင်းထားလိုက်စမ်းပါ (မှန်ပါ)၊ သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီကိုယ်တော်တွေ ဟောတဲ့တရားနဲ့တော့ဖြင့် သူဟာသင်္ခါရချုပ်တာလဲ မမြင်တဲ့ကိုစောမောင်၊ ဆန္နညည်းညူနေတာနော် (မှန်ပါ)၊ ဒကာ ဒကာမတို့ မြင်းကုန်းနှီးထမ်းပြီး ပြန်ခဲ့ရတဲ့ နောက်တော်ပါ ဆရာမထေရ်က ညည်းညူနေတာ၊ နှစ်ပေါင်းများစွာ ကြာမယ်ဆိုတာကော သိကြပါပြီ (မှန်ပါ)၊

သူတို့မပြောခင်ကလဲ ရှုတယ်

ဗာရာဏသီမှာဟောလိုက်တဲ့ ရဟန္တာကြီးတွေ ဟောလိုက်တဲ့ တရားနဲ့တော့ဖြင့် အနိစ္စတွေ၊ အနတ္တတွေ အရှုခိုင်းလိုက်တဲ့ဥစ္စာ သူတို့မပြောခင်ကလဲ ရှုတယ်၊ သူတို့ပြောမှ ရှုခဲ့တာလဲ ဒီအတိုင်းပဲ၊ စိုးရိမ်ခြင်း၊ တောင့်တခြင်း၊ ပူပန်ခြင်းစသည်တွေဖြစ်ပြီး အတ္တဒိဋ္ဌိသာပြန်ပြန်လာတော့တယ် (မှန်ပါ)၊

သစ္စာနဲ့ပတ်သက်တာတွေ ရေးရေးမှ မထင်လာ။ ဒါကြောင့် ဆရာမရှာသေးရင်တော့ ဖြစ်မှာ မဟုတ်သေးပါဘူး ဆိုပြီး သကာလ မောင်နိုင် ဗာရာဏသီပြည်မှ ကောသမ္ဗီပြည်သို့ ထွက်သွားရပါတယ် (မှန်ပါ)၊ မသွားရပေဘူးလား (သွားရပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် သူထွက်သွားတာ အသာထားစမ်းပါဦးတဲ့၊ ကိုယ်လဲ ကောသမ္ဗီထွက်သွားသလို မသွားဖို့ဟာလဲ အရေးကြီးနေတယ် (မှန်ပါ)၊ ကိုစောမောင် မကြီးဘူးလား (ကြီးပါတယ် ဘုရား)၊

သူသွားတာက မရလို့၊ မကျေနပ်လို့ သွားတာပဲဆိုတော့ ကိုယ်လဲ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော တရားကိုနားမလည်ဘဲ ဒိဋ္ဌိမဖြုတ်နိုင်လို့ရှိရင်လဲ ကိုယ်လဲသွားရ ဦးတော့မလိုလို ဖြစ်နေတော့ မောင်နိုင်ကိုယ့်အတွက် ဖြုတ်ပုံကလေး ရှေ့ပိုင်းထားပြီး ပြောဦးမှဖြစ်မှာ (မှန်ပါ)၊ ဦးဘကလေး မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

စိတ္တာနုပဿနာကို ဟောတော့မယ်ဆိုတော့

ပြောထိုက်တယ်ဆိုတော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း “သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊ ဝီတရာဂံဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ”လို့ ပါဠိတော်မှာ မရှိဘူးလား (ရှိပါတယ် ဘုရား)၊ စိတ္တာနုပဿနာကို ဟောတော့မယ်ဆိုတော့ စိတ်နဲ့ဆိုင်ရာ ပါဠိတော်ကို မြတ်စွာဘုရားက စပြီးဟောတယ် (မှန်ပါ ဘုရား)။

ပါဠိတော်ကတော့ ရှုကောင်း ရှုနိုင်တဲ့ စိတ်ဟူစရွေ့ ကုန်အောင်ဟောရမှာပဲ၊ သရာဂံဝါ စိတ္တံကစပြီး၊ စိတ် ၁၆-မျိုးကို ဘုရားဟောတော်မူတာပဲ (မှန်ပါ)၊ ဒကာ ဒကာမတွေ သိတဲ့အတိုင်း သတိပဋ္ဌာန် ပါဠိတော်မှာ သရာဂံ ဝါ စိတ္တံ သရာဂံစိတ္တန္တိ ပဇာနာတိ၊ စိတ္တာနုပဿနာကို ဒီကနေပြီး မစဘူးလား (စပါတယ် ဘုရား)၊ အဲဒါက ဟောစဉ် စတာလို့ မှတ်ကြစမ်းပါ (မှန်ပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ဟောစဉ်စတာပါ ဘုရား)၊ ဟောစဉ်ဆိုတာကတော့ “ဗုဇ္ဈတီတိ ဗုဒ္ဓေါ” ကလဲစချင် စလိမ့်မယ် (မှန်ပါ)၊ သို့သော် အလုပ်သမားကတော့ မိမိသန္တာန်မှာ ပေါ်စဉ်က စကြပါ (မှန်ပါ)။

မိမိသန္တာန်မှာ ပေါ်စဉ်က စကြပါ

ဘယ်လိုထူးခြားပါလိမ့် (အလုပ်သမားမှာပေါ်စဉ်က စရပါမယ် ဘုရား)၊ ဟောစဉ်ကတော့ နောင်လာ နောင်သားတွေ ဘယ်ဟာဖြစ်ပျက်ပေါ်ပေါ် ရှုတတ်ပါစေတော့ဆိုပြီး ကိုစောမောင် အကုန်ဟောထားတာ၊ ကျုပ်တို့ သန္တာန်မှာ ဒီဟောစဉ်ပါတဲ့ စိတ်တွေဒီကပဲ စစပေါ်နေမယ်လို့ ဒီလိုမှတ်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

အဲဒါကြောင့် ဆရာကလဲ အရေးကြီးတယ်၊ ဒကာ ဒကာမတွေကလဲ တွေးလုံးပိုင်ဖို့ အရေးကြီးတယ် (မှန်ပါ)၊ မကြီးကြဘူးလား (ကြီးပါတယ် ဘုရား)၊ ရှု-ရှုလို့ဆိုပြီး နေငြားသော်လဲ အချို့သဘောမပေါက်ဘဲ ရှိနေတတ်တယ် (မှန်ပါ)၊ ကိုယ့်သန္တာန်ပေါ်စဉ်ကို ကိုယ်မြင်ရမှာကိုး (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)။

ကိုယ့်သန္တာန် ပေါ်စဉ်ကို ကိုယ့်ဉာဏ်နဲ့ မြင်ရမှာ ဟောတာဖြစ်နေတော့ ဟောစဉ်ကြီးအတိုင်း ရှုရမှာရယ်လို့မယူ ကြဘဲ ပေါ်ရာကို ရှုကြပါ (မှန်ပါ)၊ ရှင်းကြပါလား (ရှင်းပါပြီ)၊ ဟောစဉ်ကတော့ မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်တော် ကြီးနဲ့ကြည့်ပြီး အကြွင်းအကျန်မရှိအောင် ဟောထားတဲ့ ဒေသနာက္ကမ အစဉ်လို့သာ မှတ်ကြပါ (မှန်ပါ ဘုရား)။

ကျုပ်တို့နဲ့ဆိုင်တယ်မဟုတ်သေးဘူး

အဲဒီမှာ ခင်ဗျားတို့ရတဲ့ အပိုင်းက အနုတ္တရံ ဝါ စိတ္တံ အနုတ္တရံ စိတ္တန္တိ ပဇာနာတိတောင် ပါလိုက်သေးတယ် (မှန်ပါ)၊ ဒီဥစ္စာမျိုးကျတော့ ကျုပ်တို့နဲ့ဆိုင်တယ်မဟုတ်သေးဘူး၊ မဆိုင်ပေမယ့်လို့ ဒေသနာစုံအောင်၊ ဝေနေယျစုံအောင် ဟောထားရတယ်ဆိုတာ မှတ်ကြရတော့မှာပဲ (မှန်ပါ ဘုရား)။

အဲဒီတော့ ကျုပ်တို့က အခုမှ ကကြီးခခွေးက စရမည့်ပုဂ္ဂိုလ်တွေဖြစ်နေတော့ အဲဒီဟာတွေလျှောက်ရှုနေလို့ ဖြစ်မယ် မဟုတ်ပါဘူး (မှန်ပါ)၊ ကိုစောမောင် ပါဠိတော်ပါတယ်လို့ ဒါတွေကိုကျုပ်တို့ လျှောက်ရှုနေလို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)၊ ဆိုင်တဲ့ပစ္စည်းလား မဆိုင်တဲ့ပစ္စည်းလား (မဆိုင်တဲ့ပစ္စည်းပါ ဘုရား)၊ အဲဒီထဲမှာ ခင်ဗျားတို့ ကျုပ်တို့နဲ့ မဆိုင်သေးတဲ့ စိတ်တွေတောင် ပါနေသေးတယ်ဆိုတာလဲ မှတ်ကြစမ်းပါ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ လိုရင်းတစ်ကွက်ယူရလိမ့်မယ်၊ ကိုယ့်သန္တာန်နဲ့ ကိုယ်ဆိုင်ရာ ကိုယ်ပိုင်ရာကိုသာ မှတ်ပါဆိုတာ ကိုစံလှမှတ်ပါ (မှန်ပါ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လွတ်ပြီလို့ မှတ်ပေတော့၊ ပေါ်ရာလိုက်ပေါ့ ကိုစောမောင်ရ (မှန်ပါ)၊ ကိုယ့်သန္တာန် မပေါ်တဲ့စိတ်ကို ဒကာ ဒကာမတွေ မရှုပါနဲ့ (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ကိုယ်မရသေးတဲ့ စိတ်ကိုလဲ (မရှုပါ ဘုရား)၊ ရှုလဲ ပညတ်ရှု ဖြစ်မှာပဲ၊ ပရမတ်ရှုဖြစ်စရာ အကြောင်းမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့စိတ်က စရှု

အဲဒါကြောင့် ဒကာ ဒကာမတို့ သရာဂံ ဝါ စိတ္တ သရာဂံ စိတ္တန္တိ ပဇာနာတိလို့ စဟောထားပေမယ့် ဥပမာ အခုလို တရားနာနေတဲ့အခါမှာ လောဘစိတ်ပေါ်ပါဦးမလား၊ ဆရာဘုန်းကြီးကလဲ လောဘသတ်တဲ့ တရားတွေကို ဟောနေပြန် ဒကာ ဒကာမတွေကလဲ ဒီတရားနာနေပြန်ရတော့ လောဘစိတ်က ခင်ဗျားတို့ သန္တာန်မှာ အခုချိန်မှာ လာများလာနိုင်ပါသေးရဲ့လား (မလာနိုင်ပါ ဘုရား)၊ မလာတော့ အဲဒီ ရာဂစိတ်ကစပြီး ရှုလို့ရော ဖြစ်ပါ့မလား (မဖြစ်နိုင် ပါ ဘုရား) မဖြစ်တော့ ဒကာ ဒကာမတို့ ဒီလိုမှတ်ကြရမယ်၊ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့စိတ်က စရှုလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြလဲ (ကိုယ့်သန္တာန်ဖြစ်ပေါ်တဲ့ စိတ်ကစရှုရပါတယ် ဘုရား)၊ ဖြစ်ပေါ်လာတဲ့စိတ်က စလိုက်တဲ့ အခါကျလို့ရှိရင် ဒီကျောင်းပေါ်ရောက်လာတယ်၊ ဒီတိုက်ပေါ်ရောက်လာတယ်၊ ဒကာ ဒကာမတို့ ဘုရားကို မြင်တယ် ဆိုရင် မြင်တဲ့စိတ်ကစတာပဲ (မှန်ပါ ဘုရား)။

ကိုစောမောင် ဘုရားမြင်ရင် (မြင်တဲ့စိတ်ကစပါတယ် ဘုရား)၊ မြင်တဲ့စိတ်က စလိုက်တော့ ဒကာ ဒကာမတို့ မြင်တဲ့စိတ်ကလေးမြင်ပြီး ပျက်တာပဲဆိုတော့ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်သိတယ် (မှန်ပါ)၊ မသိဘူလား (သိပါတယ်)၊

ရှာကော အထူးရှာရသေးလား

ရှာကော အထူးရှာရသေးလား (မရှာရပါ ဘုရား)၊ မြင်တာကလဲ ဘယ်သူမြင်တာပါလိမ့်မတုန်းဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ မြင်တာမဟုတ်ဘူး၊ အကြောင်းတရားကလေးက အားထုတ်လို့ အကျိုးတရားက မြင်နေတာဆိုတာကော မသေချာဘူးလား (သေချာပါတယ်)၊ အကြောင်းတရားကလေးက မြင်နေတယ်ဆိုတာကော မသေချာဘူးလား (သေချာပါတယ်)၊

အကြောင်း တရားကလေးက ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါတော့မှ ခုနင်က ဘုရားတည်းဟူသော ရှုပါရုံနဲ့ မိမိသန္တာန်မှာရှိတဲ့ စက္ခုခေါ်တဲ့ ပသာဒရုပ်ဟာ မြင်စိတ်ပေါ်ခြင်း၏အကြောင်းပဲ၊ ရှင်းပလား (ရှင်းပါပြီ)၊ ရူပါရုံလဲ မြင်စိတ်ပေါ်ခြင်း အကြောင်း၊ မိမိတို့၌ ကမ္မဇဖြစ်တဲ့ မျက်လုံးကလေးရှိနေတာလဲ မြင်စိတ်ပေါ်ခြင်း၏ အကြောင်းပဲ (မှန်ပါ ဘုရား)၊ စက္ခုပသာဒပေါ့ဗျာ (မှန်ပါ)။

စက္ခုပသာဒရှိနေတာပဲ၊ ဘယ့်နှယ်ဆိုကြပါ့မလဲ (မြင်စိတ်ပေါ်ခြင်း၏ အကြောင်းပါ ဘုရား)။

အဲ ဟိုနှစ်ခုက အကြောင်း၊ မြင်စိတ်က အကျိုးလို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရား ကလေးပါကလားဆိုတာ ပေါ်လာတယ် (မှန်ပါ)။

ဒကာ ဒကာမတို့ ဒါသေသေချာချာ ပြောနေတယ်လို့ မှတ်စမ်းပါနော် (မှန်ပါ)၊ ဒါလွယ်ကူတဲ့အဓိပ္ပါယ် မဟုတ် ဘူးဆိုတာလဲ လေးလေးစားစားမှတ်ကြရမယ် (မှန်ပါ)၊ ကိုစောမောင် လွယ်ကူရဲ့လား (မလွယ်ကူပါ ဘုရား)၊ မလွယ်ကူတာ ကစဉ်းစားကြည့်ပါ၊ ပဋိစ္စသမုပ္ပါဒ်တရားကို ကျုပ်တို့က ရှုရမှာ၊ ပဋိစ္စသမုပ္ပါဒ်တရားကို ဒီမှာဆိုလိုရင်းမဟုတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာအကြောင်း၊ ပဋိစ္စသမုပ္ပန္နဆိုတာ (အကျိုးပါ ဘုရား)၊ အဲဒီအကျိုးတရားကို ရှုရမှာ (မှန်ပါ)။

စိတ္တာနုပဿနာဆိုတာ အကျိုးစိတ်ကို ရှုရမှာ

ကျုပ်တို့ သန္တာန်ပေါ်လာတာက အကျိုးတရားလေးကိုသာ သိတာ၊ အကြောင်းတရားကပေးတဲ့ အကျိုးတရား စိတ္တာနုပဿနာဆိုတာ အကျိုးစိတ်ကို ရှုရမှာ (မှန်ပါ)။

အဲဒီတော့ ဘုရားတည်းဟူသော ရူပါရုံအဆင်းကိုလည်း ရှုနေလို့မဖြစ်သေးဘူး၊ စက္ခုပသာဒကို ရှုနေလို့ကော (မဖြစ်ပါ ဘုရား)၊ မဖြစ်သေးဘူးတဲ့၊ ဒီနေရာမှာ စိတ္တာနုပဿနာ ဆိုတဲ့အတိုင်း ကိုယ့်ပဋိစ္စသမုပ္ပါဒ်အစဉ်က ဒီမှာ ဝိညာဏ်က စတာကိုး (မှန်ပါ)။

ကဲ ပဋိစ္စသမုပ္ပါဒ်အစဉ် ဝိညာဏ်က စပြီးနေတော့ ရူပါရုံ ရှုလို့လဲမဖြစ်၊ စိတ္တနုပဿနာ ရှုရမှာကိုး (မှန်ပါ)၊ မျက်လုံးထဲက စက္ခုပသာဒဆိုတဲ့ စက္ခုဒသက ကလာပ်ကလေးရှုလို့လဲ ကိုစောမောင် (မဖြစ်ပါ ဘုရား)၊ သူတို့နှစ်ခု တိုက်ဆိုင်လို့၊ သူတို့နှစ်ခု ကျေးဇူးများပြုလိုက်လို့ မြင်စိတ်ကလေး မပေါ်လား (ပေါ်ပါတယ်)၊

မြင်စိတ်ကလေးဆိုတော့ ဒီနေရာမှာ ဟိုတရားတွေက ပဋိစ္စသမုပ္ပါဒ်တရားဖြစ်စေတဲ့ အကြောင်းတရား (မှန်ပါ)၊ ပေါ်လာတဲ့ မြင်စိတ်ကလေးက ပဋိစ္စသမုပ္ပန္နတရားဆိုတော့ ဒါကလေး နားလည်ဖို့ အရေးကြီးတယ်၊ စိတ္တာနုပဿနာရှုမှာ ဖြစ်နေ၍ မြင်စိတ်ကိုဖြစ် ပေါ်အောင် ကျေးဇူးပြုပေးလိုက်တယ်၊ စက္ခုပသာဒနှင့် ရူပါရုံဟူသည် ပဋိစ္စသမုပ္ပါဒ် အကြောင်းတရား ရှုစရာမလို၊ ရုပ်တွေဖြစ်နေသောကြောင့် ဆိုလိုသည် (မှန်ပါ)၊ နားလည်ကြပလား (နားလည်ပါပြီ ဘုရား)။

သရာဂစိတ်လား၊ ဝီတရာဂစိတ်လား

အဲဒါ အခုပေါ်လာတဲ့ ဓမ္မကလေးကို မြင်စိတ်ကလေး ပေါ်လာတယ်ဆိုပြီး သကာလ ခင်ဗျားတို့သည် ဒီမြင်စိတ် ကလေးကိုပဲ ဒါဘာစိတ်ပါလိမ့်မတုန်း၊ သရာဂစိတ်လား၊ ဝီတရာဂစိတ်လားလို့ ဒါကို သေသေချာချာ စဉ်းစားကြည့်လို့ ရှိရင် ဝီတရာဂစိတ် ဖြစ်နေတယ် (မှန်ပါ)၊

ရာဂပါသေးသလား (မပါ ပါ ဘုရား)၊ မြင်ကာမတ္တရှိသေးတာ၊ ကိုစောမောင် ရာဂပါသလား၊ မပါတော့ ပါဠိတော်နဲ့ ဘယ့်နှယ်နေသတုန်း၊ ပါဠိတော်မှာ သရာဂစိတ်စပြီးပြပေမယ့် ယခုဒီမှာပေါ်တာက ဝီတရာဂစိတ်က စပေါ်နေတယ် (မှန်ပါ)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ လောဘကင်းတဲ့ စိတ်ကစပြီး မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။

အဲဒါတွေ ထောက်ကြည့်တော့မှ ဪ ဟိုမှာက ဟောစဉ်ပါလား၊ တို့အခု ဆရာဘုန်းကြီးဟောနေတာက ဖြစ်စဉ်ပါကလား ခြားနားတယ် (မှန်ပါ ခြားနားပါတယ် ဘုရား)။

ပါဠိတော် လာတာက (ဟောစဉ်ပါ ဘုရား)၊ ခင်ဗျားတို့ အခုပေါ်တာက (ဖြစ်စဉ်ပါ ဘုရား)၊ အဲဒီတော့ ပေါ်ရာ ဖြစ်စဉ်ကို ရှုပါ (မှန်ပါ)။

ကဲဒါဖြင့် ဘယ်ကစပေါ်သလဲ ဒကာ ဒကာမတို့၊ မြင်စိတ်ကလေးက စပေါ်တယ် (မှန်ပါ)၊ မြင်စိတ်ကလေးက ရာဂစိတ်လား၊ ရာဂကင်းတဲ့စိတ်လား (ရာဂကင်းတဲ့စိတ်ပါ ဘုရား)၊ မြင်ကာမျှ မတ္တကလေးပဲ မောင်နိုင်ရဲ့၊ ရာဂကင်းတဲ့ စိတ်ကလေးက စပေါ်တာပေါ့၊ အခုကျောင်းပေါ် ရောက်လာတယ် ဆိုရင် (မှန်ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကို စပြီးသိလိုက်တယ်

ဒီစိတ်ကလေးကို ကျုပ်တို့က ဘာလုပ်ရမှာတုန်းဆိုတော့ ဒီစိတ်ကလေးကိုပဲ ဝီတရာဂစိတ်ဖြစ်နေ သောကြောင့် ဒီစိတ်ကလေးပေါ်တာကို ကျုပ်တို့က စပြီးကြည့်လိုက်တော့ ဪ ဒါဟာ ဒီစိတ်ကလေး ပေါ်တာကိုး ဆိုကတည်းက ပဋိစ္စသမုပ္ပါဒ်ကို စပြီးသိလိုက်တယ်၊ ပဋိစ္စသမုပ္ပါဒ်စပြီး သိလိုက်တယ် ဆိုကတည်းက ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တော့ဘူး (မှန်ပါ)၊ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)၊

မဟုတ်ကတည်းက ဒကာ ဒကာမတွေ အကြောင်းနှစ်ခုက ပဋိစ္စသမုပ္ပါဒ်၊ အကျိုးတစ်ခုက ပဋိစ္စသမုပ္ပန္နလို့ သိလိုက်ကတည်းက ဪ အကြောင်းနဲ့ အကျိုးရှိတာပဲဆိုတော့ ဒီအကျိုးတရား ကလေးကလဲ မြင်စိတ်ပဲလို့သိနေတော့ ဒိဋ္ဌိကကွာ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားလို့သိတော့ ဝိစိကိစ္ဆာရှင်းပြီး၊ ဒိဋ္ဌိဝိစိကိစ္ဆာရှင်းပြီး ဖြစ်ပျက်ရှုရမှာကိုး (မှန်ပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာရှင်းသတုန်း (ဒိဋ္ဌိဝိစိကိစ္ဆာရှင်းပါတယ် ဘုရား)၊ အကြောင်းနှစ်ခုကို သိလိုက်သဖြင့် အဆင်းကြောင့် မျက်လုံး ရုပ်ကြောင့် အခုမြင်စိတ်ကလေး ကိုယ့်သန္တာန်ပေါ်လာတာကို ဆိုတာ၊ အကြောင်း သိလိုက်သဖြင့်လဲ ဘယ်ကလာပါလိမ့် မလဲဆိုတဲ့ ဝိစိကိစ္ဆာလဲ သေသွားတယ် (မှန်ပါ)၊

သမ္မာဒိဋ္ဌိဝင်လာတယ်

ဒါကလေးဟာ မြင်စိတ်ကလေးပေါ်လာတာ သက်သက်ပဲလို့ မြင်စိတ်ကို မြင်စိတ်မှန်းသိသဖြင့်လဲ ပုဂ္ဂိုလ်သတ္တဝါ ပျောက်ပြီး ဒိဋ္ဌိကကွယ်တော့ သမ္မာဒိဋ္ဌိဝင်လာတယ်လို့ ကိုစောမောင် မှတ်လိုက် (မှန်ပါ ဘုရား)။

ဒီလိုရှုလို့ရှိရင် မကြာပါဘူးတဲ့ ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်နိုင်ပါတယ် (မှန်ပါ)၊ ဒိဋ္ဌိဝိစိကိစ္ဆာရှင်းပြီး ရှုတာ (မှန်ပါ)၊ မိမိသန္တာန်ပေါ်စဉ်ကိုလဲ တွေ့ပြန်တယ်၊ ဒိဋ္ဌိဝိစိကိစ္ဆာကင်းပြီးရှုတဲ့ အရှုဆိုတော့ ဒီ့ထက်လေးနက်တာ ဘယ်မှာရှာတွေ့တော့မလဲ (မှန်ပါ)။

ဒါကြောင့် ဒီတရားကို ဒကာ ဒကာမတို့နာတဲ့ ပုဂ္ဂိုလ်များဟာ တစ်ကြိမ်တစ်ခါ နာလာလို့ရှိရင် ကိုစောမောင် ဘာပြောနေမှန်းတောင် သိမယ်မဟုတ်ဘူး (မှန်ပါ)၊ အခုလိုဆက်ပြီး နေ့တိုင်း နာနေတဲ့ ဒကာ ဒကာမတွေကျတော့ ဪ တော်တော်အရေးကြီးလို့ ဒီဥစ္စာကို တို့ဉာဏ်တွေမှာဖြင့် ရှင်းရှင်းလင်းလင်းဖြစ်ပါစေဆိုတဲ့ စိတ်ထားနဲ့ ဝိပဿနာ အလွဲမဖြစ်ရအောင်လို့ တကယ်တည့်ပေးနေတာကိုး ဆိုတာ အားလုံး ဒကာ ဒကာမတွေပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊

ဝိပဿနာပြောတဲ့နေရာ ဒါလောက်စိပ်ဖို့ရာ မလွယ်ဘူးနော် (မှန်ပါ ဘုရား)၊ မစိပ်လို့လဲမရဘူး၊ ဆန္နမထေရ်လိုပဲ သွားနေလိမ့်မယ် (မှန်ပါ)။

ဒုဗ္ဗလ ဝိပဿနာဖြစ်နေတယ်

မစိပ်လို့ရှိရင်လဲ (မရပါ ဘုရား)၊ ဆန္နလိုပဲသွားမယ်တဲ့၊ သူပဋိစ္စသမုပ္ပါဒ် မပါဘူးဖြစ်နေတယ်၊

“အယံ ကိရ ထေရော ပစ္စယ အပရိဂ္ဂဟေတွာ ဝိပဿနံ ပဋ္ဌပေသိ၊ သာဿဒုဗ္ဗလဝိပဿနာ ဟောတိ”၊

ထိုပုဂ္ဂိုလ်ဟာ ဒုဗ္ဗလ ဝိပဿနာဖြစ်နေတယ်၊ ဒုဗ္ဗလဝိပဿနာဖြစ်နေတော့ အတ္တဂါဟကို ဘယ်နည်းနဲ့မှမပယ်နိုင်ဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကို သူနားမလည်ဘူးတဲ့ (မှန်ပါ)၊ လည်သေးရဲ့လား (မလည်ပါ ဘုရား)။

ကဲ အခုဒကာ ဒကာမတို့နားလည်ကြပလား (နားလည်ပါပြီ)၊ ကျောင်းရောက်လာတယ်ဆိုရင် ဒကာ ဒကာမတွေ ဘုရားတော့ဖြင့် မျက်နှာမူကြတော့မှာပဲ (မှန်ပါ)၊ ဘာစိတ်ပေါ်သတုန်း (မြင်စိတ် ပေါ်ပါတယ်)၊ အဲဒီမြင်စိတ်ကလေး စရှု၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မြင်ပြီး သကာလ မှ ဒကာ ဒကာမတို့ ဘုရားရှေ့မှာ ပန်းနဲ့ ဓာတ်မီးနဲ့ ကြည်ညိုလိုက်တာ မလာပေဘူးလား (လာပါတယ်)၊ ဒါဖြင့် မြင်စိတ်ပြီးရင် ကြည်ညိုတဲ့ စိတ်လာတာပဲ (မှန်ပါ)၊ ကြည်ညိုတဲ့ မဟာကုသိုလ်စိတ်တွေ မလာပေဘူးလား (လာပါတယ် ဘုရား)၊ အဲ ဒီစိတ်ကိုဖမ်းရှုရမယ် (မှန်ပါ)၊ ဒီတော့ ကိုစောမောင်ရှာရသေးသလား (မရှာရပါ ဘုရား)၊

အဲ ဒီစိတ်ကိုဖမ်းရှုရမယ် (မှန်ပါ)၊ ဒီတော့ ကိုစောမောင် ရှာရသေးသလား (မရှာရပါ ဘုရား)၊ နို့ သူ့အစဉ်အတိုင်း ပေါ်လာတာကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ မြင်စိတ်ဖြစ်ပြီးမှ ကြည်ညိုစိတ် လာတယ်ဆိုတာကော (သေချာပါတယ် ဘုရား)၊ ပဋိစ္စသမုပ္ပါဒ်နဲ့ကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

အေး ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုက်ပြီး သကာလ နေတော့ ကြည်ညိုတဲ့ စိတ်ကလေးတုန်းက ဒကာ ဒကာမတွေ ဝစီကံ ကလေးနဲ့ ဩကာသ-ဩကာသလို့ ထွက်လာတယ် (မှန်ပါ)၊ အင်း ဒါဟာ ဘာပါလိမ့်၊ ဝစီကံကလေးပါလား ဆိုပြီး ဒီကံကလေးကို ဖြစ်ပျက်ရှုရလိမ့်မယ်။ (မှန်ပါ)၊ မရှုရပေဘူးလား (ရှုရပါတယ် ဘုရား)။

ဧဟိ-လာခဲ့စမ်းပါ၊ ပဿ-ကျုပ်ကို ရှုစမ်းပါ

ဒီလိုရှုပြီး သကာလ နေတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ဉာဏ်နဲ့ အရှိနဲ့ဟာ ကိုက်တယ် (မှန်ပါ)၊ ဧဟိပဿိကော သိပ်ကိုက်တယ်၊ သဘောကျပလား (ကျပပြီ)၊ မြင်စိတ်ကလေးဟာ ဧဟိ-လာခဲ့စမ်းပါ၊ ပဿ-ကျုပ်ကို ရှုစမ်းပါဆိုတော့ ဧဟိပဿိကောဆိုတဲ့ တရားဂုဏ်တော်နဲ့ကော မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား)။

ဧဟိ-လာခဲ့ပါ၊ ပဿ-ရှုစမ်းပါဆိုတာ မြင်စိတ်ကလဲခေါ်တယ်လို့ဆိုနိုင်တယ် (မှန်ပါ)၊ ကြည်ညိုတဲ့ စိတ်ကလေး ကကော (ခေါ်တယ်လို့ဆိုနိုင်ပါတယ် ဘုရား)၊ ကာယကံ ဝစီကံနဲ့ ပတ်သက်တဲ့ စိတ်တွေကကော (ခေါ်တယ်လို့ဆို နိုင်ပါတယ် ဘုရား)၊ အဲဒီခေါ်တဲ့ဆီကို ဒကာ ဒကာမတွေက သွားသော ခေါ်ရာလိုက်ရင် မမှားပါဘူး (မှန်ပါ)၊ မခေါ်ရာ လိုက်လို့ရှိရင် မှားတယ် (မှန်ပါ)။

ကိုစောမောင် ခေါ်ရာကို ဉာဏ်နဲ့လိုက်ရင် (မမှားပါ ဘုရား)၊ မခေါ်ရာလိုက်နေလို့ရှိရင် (မှားပါတယ် ဘုရား)၊ ဒါဖြင့် မခေါ်ရာလိုက်လို့ရှိရင် (မှားပါတယ် ဘုရား) ဒါဖြင့် မခေါ်ရာလိုက်လို့ရှိရင် ဝိပဿနာရှုလို့မဖြစ် (မှန်ပါ)၊

ခေါ်ရာလိုက်လို့ရှိရင် (ဝိပဿနာရှုလို့ဖြစ်တယ် ဘုရား)၊ ဝိပဿနာရှုလို့ဖြစ်တယ်ဆိုတော့ ဪ ဒါဟာ တော်တော်သေချာ တဲ့ နည်းပါကလားဆိုတာ ကိုစောမောင်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာသေးဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကောလဲ သဘောကျသွားပြီနော် (မှန်ပါ)၊ ဧဟိ-လာခဲ့၊ ပဿ-ရှုပါ၊ ဝိပဿနာကို ဟောနေတာ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ တရားဂုဏ်တော် ဒါလောက်ကြီးပါတယ်ကွာ၊ တရားကချည်း ခေါ်နေပါတယ်ဆိုတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ညခြင်ကိုက်တဲ့နေရာကို သတိထား

မယုံရင် ခင်ဗျားတို့ ဧဟိပဿိကော မသိလို့ရှိရင်ဖြင့် ညခြင်ကိုက်တဲ့နေရာကို သတိထား (မှန်ပါ)၊ ညခြင်ကိုက်လို့ ရှိရင် ဒကာ ဒကာမတို့ ခြင်ကိုက်တဲ့နေရာ အရောက်သွားနိုင်တာ ခေါ်လို့သာသွားနိုင်တာ (မှန်ပါ)၊ မခေါ်လို့ရှိရင် (မသွားနိုင်ပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

ခြင်ကိုက်တဲ့နေရာ လက်က အရောက်သွားနိုင်တာ ခြင်ကိုက်တဲ့နေရာဆိုတဲ့ ဝေဒနာက ခေါ်နေတာ (မှန်ပါ)၊ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)၊

ကျုပ်ပေါ်နေတယ် ကျုပ်ပေါ်နေတယ်၊ ဒီလာခဲ့လို့ ခင်ဗျားတို့ စိတ်ရော စိတ္တဇရုပ် ရော အဲဒီမရောက်ရ ဘူးလား (ရောက်ရပါတယ် ဘုရား)၊ ဒါဟာ ဧဟိပဿိကော ဟုတ်မဟုတ် (ဟုတ်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဧဟိပဿိကော သဘောမကျရင် ခြင်ကိုက်တာကြည့်ပါ (မှန်ပါ) ကိုစံလှ ခြင်ကိုက်တော့ တခြားနေရာများ ဖျောက်မိသလား၊ ဒီနေရာမှာ အရောက်ဖျောက်သလား (ဒီနေရာမှာပဲ အရောက် ဖျောက်ပါတယ်) ဘာဖြစ်လို့ ခင်ဗျား သွားနိုင်သတုန်း၊ ဧဟိ-ကလာခဲ့၊ ပဿက-ကျုပ်ဒီနေရာမှာ ဒုက္ခဝေဒနာ ပေါ်နေပါတယ်လို့ ပြောရာမကျဘူးလား (ကျပါ တယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဉာဏ်နဲ့သွားလိုက်ရင် သိပ်ကောင်းတယ်

အဲဒါကို လက်နဲ့မသွားဘဲနဲ့ ဉာဏ်နဲ့သွားလိုက်ရင် သိပ်ကောင်းတယ်သာ အောက်မေ့ကြပါ(မှန်ပါ) ဉာဏ်နဲ့သွား လို့ရှိရင် ဝေဒနာပေါ်၍ ဝေဒနာချုပ်တာ သိမှာပဲ (မှန်ပါ)၊ သဘောကျပလား (ကျပါပြီ)

လက်နဲ့သွားလိုက်လို့ရှိရင်ဖြင့် ဒါကတော့ သက်သက် ဒေါမနဿနဲ့ သွားတာပဲ (မှန်ပါ ဘုရား)။

လက်နဲ့သွားရင် (ဒေါမနဿနဲ့သွားတာပါ ဘုရား) ဉာဏ်နဲ့သွားရင် ဝိပဿနာနဲ့သွားတာပဲဆိုတာကော သဘော ကျပလား (ကျပါပြီ)။

ကိုစောမောင် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) ခင်ဗျားတို့ ဘာနဲ့သွားလေ့ရှိသတုန်း (လက်နဲ့သွားလေ့ရှိပါ တယ်) လက်နဲ့သွားမှာ များမှာပဲမောင်နိုင် (မှန်ပါ) ဉာဏ်နဲ့သွားတာက (နည်းပါတယ် ဘုရား) အခုမှ စသင်ရမလို ကျနေပါကလား ကိုစောမောင် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်စတဲ့ နေရာဟာ ဧဟိပဿိကောဆိုတာကော ပေါ်ကြပလား (ပေါ်ကြပါပြီ ဘုရား)။

ဒါကြောင့် ပဋိစ္စသမုပ္ပါဒ်နားလည်တော့ ဒုက္ခဝေဒနာပေါ်တာကို ခုနင်က ပြောခဲ့တယ်နော် (မှန်ပါ) အခုစိတ်ပေါ် တာကို စိတ်ကို ဟောနေတဲ့အတွက် စိတ်ပေါ်တဲ့နေရာကလဲ မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ပေါ်တဲ့ နေရာကခေါ်တာပဲ

မြင်စိတ်ပေါ်တဲ့ နေရာကလဲ ခေါ်တာပဲ (မှန်ပါ)၊ ကြည်ညိုတဲ့စိတ်ပေါ်တဲ့ နေရာကကော (ခေါ်ပါတယ် ဘုရား) ကာယကံ ဝစီကံစိတ်တွေ ပေါ်တဲ့နေရာကော (ခေါ်ပါတယ် ဘုရား) ကံသာဆိုတာကို ကံက သူချည်းသက်သက် ဖြစ်နိုင်တာ မဟုတ်ဘူး၊

မဟာကုသိုလ် စိတ်နဲ့ ရောပြီးဖြစ်ရတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) ဝီတရာဂစိတ်နဲ့ ရောဖြစ်ရတာ၊ ကံပြဋ္ဌာန်းလို့သာ ကံပြောနေတာ၊ ကံချည်းတည်ကြည့်စမ်းပါ ဆိုတော့ ကိုစောမောင် တည်လို့ရရဲ့လား (မရပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ပေါ်ရာကိုဖြင့် မိမိတို့သန္တာန်ပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို အစဉ်အတိုင်း လိုက်သွား ကြတဲ့အခါကျတော့ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားလေးတွေကော မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား) ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တာကော (ထင်ရှားပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီမှာ ဝီထိနဲ့ ပြောမယ်ဆိုရင်တော့ မြင်တယ်၊ မြင်ပြီး သကာလ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံတွေနဲ့ ပြောမယ်ဆိုရင် ဒကာ ဒကာမတို့ နားရှုပ်ကုန်ပါလိမ့်မယ်၊ အကုန်လုံးလဲ ရှုမှာမဟုတ်ပါဘူး၊ ဒါက ပဋိသမ္ဘိဒါ ပတ္တ ပုဂ္ဂိုလ်များ၏ သိမှုနဲ့ အဘိဓမ္မာသဘာဝ စိတ်စဉ်တွေပြောထားတာ (မှန်ပါ) ကျုပ်တို့ ဝိပဿနာရှုဖို့တော့ ဒါတွေ အကုန်မလိုပါဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

မိရာကို ရှုရတယ်

ဒါတွေကို အကုန်လိုက်နေမယ်ဆိုရင် ကိုယ့်သန္တာန်မှာ ပဋိသမ္ဘိဒါပတ္တမှ မဟုတ်သေးဘဲ အကုန်လုံး ဒါတွေ ဘယ်မိနိုင်မလဲ၊ မိရာကို ရှုရတယ်ဆိုတာ သဘောကျပလား (ကျပါပြီ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသမ္ဘိဒါပတ္တအရာကို ပုထုဇဉ်အဖြစ်က အကုန်လိုက်နေလို့ ရှိရင်လဲ မောရုံမှတပါး အမြတ်သိပ်ထွက်လှမယ် မဟုတ်ပါဘူး (မှန်ပါ) ပဋိသမ္ဘိဒါဉာဏ်နဲ့ အထွဋ်အထိပ်ဟောထားတဲ့ ဥစ္စာကြီးပဲ၊ ကျုပ်တို့ဉာဏ်နဲ့ အကုန်ဘယ်သိနိုင်ပါ့မလဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ ထင်ရှားတဲ့စိတ်ရှု (မှန်ပါ) မြင်စိတ်ပေါ်ရင် (မြင်စိတ်ရှုပါမယ် ဘုရား) ကြည်ညိုစိတ်ပေါ်ရင် (ကြည်ညိုစိတ်ရှုရပါမယ် ဘုရား) ပါးစပ်က နှုတ်မြွက်ချင်တဲ့၊ ဩကာသဆိုချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဒီစိတ်ကလေးရှုရုံပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဗလဝဝိပဿနာဆိုတာ

ကိုင်း-ဒါဟာ ပဋိစ္စသမုပ္ပါဒ်အစစ်ကိုမိပြီ (မှန်ပါ)၊ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားဆိုတာ (သိပါပြီ ဘုရား) သိရင် ဝိစိကိစ္ဆာသေတယ် (မှန်ပါ)။

ပေါ်တဲ့စိတ်အစဉ်ကိုလဲ ဒါက မြင်တာ၊ ဒါက ကြည်ညိုတာ၊ ဒါက အားထုတ်တာ စသည် မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါကလေးတွေ သိပြန်တော့လဲ ပုဂ္ဂိုလ်သတ္တဝါ ပါသေးရဲ့လား (မပါပါ ဘုရား)၊ ဒီတော့ ဒိဋ္ဌိကော ဘယ့်နှယ်နေသတုန်း (ပြုတ်ပါတယ် ဘုရား)။

အဲဒီလိုသိမှုနဲ့ ပြုတ်ပြီးလို့ရှိရင်ဖြင့် အခုလို ဆရာသမားများနဲ့ တွေ့ကြုံပြီးလို့ရှိရင် ဒါဟာ နောက်ထပ်လဲ စစ်ဆေးမနေနဲ့တော့၊ သိပြီးသားဆိုရင် ရှုပါတော့ (မှန်ပါ)။

ကိုစောမောင် သိထားပြီ မဟုတ်လားဗျာ (မှန်ပါ) သိပြီးသားဖြစ်နေတော့ နောက်တော့ ပေါ်ရာကိုသာ ရှုပါတော့၊ ပုထုဇဉ်နဲ့ကိုက်တဲ့ ပေါ်ရာစိတ်ကိုသာ စရှုပေတော့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုဆိုတော့ ပဋိစ္စသမုပ္ပါဒ်ပါပြီးသား မနေဘူးလား (ပါပါတယ် ဘုရား) အဲဒီလို ပဋိစ္စသမုပ္ပါဒ်ပါပြီးသား ပုဂ္ဂိုလ်မှာ ဒိဋ္ဌိပြုတ်ပြီး ရှုတဲ့အတွက် ဗလဝဝိပဿနာဖြစ်နိုင်တယ် (မှန်ပါ) ဗလဝဝိပဿနာဆိုတာ ဘာပါလိမ့်၊ မောင်နိုင် တို့ အားကြီးတဲ့ ဝိပဿနာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမပြုတ်ဘဲနဲ့ရှုတဲ့ ဝိပဿနာက

ဒိဋ္ဌိမပြုတ်ဘဲနဲ့ရှုတဲ့ ဝိပဿနာက (အားသေးတဲ့ဝိပဿနာပါ) စာလိုသုံးတော့ ဒုဗ္ဗလဝိပဿနာ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ပဋိစသမုပ္ပါဒ် ကိုယ့်သန္တာန်ဖြစ်စဉ်သိပြီးမှ ရှုရတော့ ကိုစောမောင်ဘာတဲ့ (အားကြီးတဲ့ ဝိပဿနာပါ) အားကြီး တဲ့ဝိပဿနာဆိုရင်ဖြင့် မဂ်ဖိုလ်ရနိုင်တယ် (မှန်ပါ) သဘောပါကြပလား (ပါ-ပါပြီ)။

ကောင်းပြီတဲ့၊ အားနည်းတဲ့ ဝိပဿနာနဲ့ရှုနေရင် ဘယ်တော့မှ သစ္စာမဆိုက်ဘူး (မှန်ပါ) အားကြီးတဲ့ဝိပဿနာ နဲ့ ရှုလိုက်လို့ရှိရင် ဒီဝိပဿနာဉာဏ်တွေသည် တော်တော်ကြာ သစ္စာဉာဏ် ဆိုက်သွားတာပဲ (မှန်ပါ) သေချာပလား (သေချာပါပြီ)။

ကဲ-သေချာလို့ရှိရင် ရှင်ဆန္နဝတ္ထုကို ပြန်ကောက်ကြစို့နော် (မှန်ပါ) ဒကာ ဒကာမတွေ အခု ရှုနည်းနဲ့တကွ သေသေချာချာ ပြောနေပြီနော် (မှန်ပါ)။

ဒါနဲ့ ရှင်ဆန္နသည် သူ ရှုကြည့်တော့ ခန္ဓာသိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကောရောက်ပါရဲ့လား (မရောက်ပါ ဘုရား) ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကော (မရပါ ဘုရား)၊ မရတဲ့အပြင် ဘာတွေပြန်ပြန် လာသလဲ (အတ္တဒိဋ္ဌိပြန်ပြန်လာပါတယ်)

ငါဘာကို အားကိုးရပါ့မတုန်း စသည်ဖြင့် ကိုစောမောင် ပြန်ပြန်လာနေတယ် (မှန်ပါ) ဒီဖြစ်တာ ပျက်တာတွေ မြင်တိုင်း ဒီဟာတွေ ဖြစ်တာပျက်တာတွေချည်း အကုန်ဖြစ်နေလို့ရှိရင် ဘာများ အားကိုးရပါ့မတုန်းဆိုတာ တစ်ခါတည်း ဝင်လာ တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းကြပါပြီ ဘုရား)၊

ပဋိစ္စသမုပ္ပါဒ်မပါ၊ ဒိဋ္ဌိမဖြုတ်မိလို့

ဒါ ဘယ့်နှယ်ကြောင့်တုန်းဆိုတာ ပဋိစ္စသမုပ္ပါဒ်မပါ၊ ဒိဋ္ဌိမဖြုတ်မိလို့ ဆိုတဲ့ အဓိပ္ပါယ်ကော ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ ဘုန်းကြီးများက ပြောချင်တာက ဒိဋ္ဌိမဖြုတ်ခဲ့သည်ရှိသော် အပါယ်လေးပါးမျိုးစေ့ ဘယ်တော့မှ မပြတ်ဘူးဆိုတာလဲ ထင်ရှားပါတယ် (မှန်ပါ)။

“နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံဧဝံ မဟာသာဝဇ္ဇံ၊ ယထယိဒံ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိပရမာနိ ဘိက္ခဝေ မဟာသာဝဇ္ဇာနိ” (အင်္ဂုတ္ထိုရ်ပါဠိတော်) (မှန်ပါ)

မိစ္ဆာဒိဋ္ဌိ လောက် အပြစ်ကြီးမားတဲ့ တစ်ခုသော တရားကိုလဲ ငါမမြင်ဘူးတဲ့ (မှန်ပါ)၊ ဒီဒိဋ္ဌိလောက် အပြစ်ကြီးတာ မရှိတော့ဘူးတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အပြစ်တကာ့အပြစ်ထဲမှာ ဒီဒိဋ္ဌိအပြစ်ဟာ အကြီးဆုံးပဲတဲ့ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒိဋ္ဌိမပြုတ်တဲ့အပြစ်မဟာ အကြီးဆုံးပဲတဲ့ (မှန်ပါ) သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒိဋ္ဌိရှိနေရင် အကုသိုလ်မှန်သမျှ လာနေတော့မှာ

ဘာကြောင့် အပြစ်ကြီးရသလဲဆိုတော့ ဒိဋ္ဌိရှိနေရင် အကုသိုလ်မှန်သမျှ လာနေတော့မှာပဲ (မှန်ပါ) ငရဲသွားမည့် အကုသိုလ်တွေမှန်သမျှကိုလဲ ဒိဋ္ဌိသာရှိရင် ပြုနေတော့တာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါတင်မကသေးဘူး၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အဲဒီဒိဋ္ဌိမပြုတ်ဘဲနဲ့ အနုလောမခန္တီဆိုတဲ့ ဝိပဿနာ ဉာဏ် ရလိမ့်မယ်လို့ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ) အနုလောမခန္တီဉာဏ် မရဘဲနဲ့လဲ သောတာပတ္တိမဂ်ရလိမ့်မယ်လို့ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ)။

သောတာပတ္တိမဂ်မရဘဲနဲ့လဲ သောတာပတ္တိမဂ်ဖိုလ်ရလိမ့်မယ်လို့ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ)။ သဘောကျပလား (ကျပါပြီ)၊ နိဗ္ဗာန်ကို မြင်လိမ့်မယ်လို့လဲ မဟောဘူးတဲ့ (မှန်ပါ)။

အဲ-ဘယ်လောက်အရေးကြီးသတုန်း (ကြီးပါတယ် ဘုရား)၊ ဒီဒိဋ္ဌိကို ဒကာ ဒကာမတွေက ဘာဖြစ်လောက်သတုန်း လို့ အောက်မေ့မနေနဲ့ (မှန်ပါ ဘုရား) ဒိဋ္ဌိလောက် အပြစ်ကြီးတာရှိသေးရဲ့လား ကိုစောမောင် (မရှိပါ ဘုရား)၊

“နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ (ပ) မိစ္ဆာဒိဋ္ဌိပရမာနိ ဘိက္ခဝေ မဟာသာဝဇ္ဇာနိ” ၌ ပရမာနိက လွန်ကဲတာ၊ သာဝဇ္ဇာနိကအပြစ်၊ အပြစ်ကြီးတကာ့အကြီးထဲမှာ ဒီ ဒိဋ္ဌိလောက် အပြစ်ကြီးတာ ငါ သဗ္ဗညုတဉာဏ်နဲ့ရှာတာ တွေ့ကို မတွေ့ဘူးတဲ့ (မှန်ပါ) သူရှိမှ ပဉ္စာနန္တရိယကံတွေ ဖြစ်တာ (မှန်ပါ)။

သူရှိမှ ပဉ္စာနန္တရိယကံတွေ ဖြစ်တာ

သူရှိမှ ဘာတုန်း (ပဉ္စာနန္တရိယကံဖြစ်ပါတယ်) ငါဆိုတာရှိမှ ငါ့အမေဟာ ငါ့ကို နှိပ်စက်နေတာပဲ၊ ငါ့အဖေ ငါ့ကို အမွေမပေးဘူးစသည်ဖြင့် ငါ့အမေကို သတ်ဖြစ်တာဟာ ငါစွဲကြောင့် သတ်ဖြစ်တာ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူ့ထက်အပြစ်ကြီးတာရှိသေးရဲ့လား (မရှိပါ ဘုရား) ဒါဖြင့်အပါယ်မျိုးစေ့အစ မိစ္ဆာဒိဋ္ဌိဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိဆိုတော့ ဒကာ ဒကာမတွေက ဒီပြင်လူမျိုးတွေကိုသာဆိုတာလို့ အောက်မေ့နေမယ်၊ ဒါတင်မဟုတ်သေး ပါဘူး ဒကာ ဒကာမတို့၊ စင်စစ်တော့ ဒကာ ဒကာမတို့ သန္တာန်မှာရှိတဲ့ ရုပ်နာမ်ဓမ္မတွေကို ငါထင်တဲ့၊ ပုဂ္ဂိုလ်သတ္တဝါ ထင်နေတဲ့ ဒိဋ္ဌိကို ဆိုလိုတာပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အဇာတသတ် အဖသတ်တာ ဘာကြောင့်ပါလိမ့်မတုန်းဆိုရင် (ငါ့ကြောင့်ပါ ဘုရား) ငါငယ်ငယ်ကမှ ထီးနန်းကို မရလို့ရှိရင် ဒီအဖေကြီးသေမှဆိုရင် ဘယ်မှာငါးပါးအာရုံ ကာမဂုဏ်ကို ပျော်ပျော်ခံစားချိန် ရှိပါ့မလားဆိုပြီး သကာလ ဒေဝဒတ်ဟောတဲ့ တရားကို နားထောင်ပြီး တစ်ခါတည်း ငါငယ်ငယ်တုန်းမို့ ငါရှင်ဘုရင်လုပ်ချင်တယ်ဆိုပြီး သကာလ ငါသတ်ချလိုက်တာ ကိုစောမောင်၊ လောဟကုမ္ဘီငရဲမှာ အခုထက်ထိ ခံရတုန်းပါကလား၊ ဒါ ဘယ်သူ့သတ္တိ ထင်ကြသတုန်း (ငါ့သတ္တိ ဘုရား)၊ ငါစွဲတဲ့ ဒိဋ္ဌိသတ္တိဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒိဋ္ဌိလောက် အပြစ်ကြီးတာ ရှာကို မတွေ့ဘူးတဲ့

ဒါကြောင့် မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးနဲ့မှ ကြည့်လိုက်တာ ဒိဋ္ဌိလောက် အပြစ်ကြီးတာ ရှာကို မတွေ့ဘူးတဲ့ (မှန်ပါ) သူမပြုတ်ဘဲနဲ့လဲ အနုလောမဉာဏ် ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရလိမ့်မယ်လို့လဲ ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒီအရေးလောက်ကြီးတာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါအင်္ဂုတ္ထိုရ် ပါဠိတော်မှာ ကိုယ်တော်မြတ်ကြီး ဟောတဲ့ တရားလို့မှတ်လိုက်စမ်းပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုစံလှ အရေးကြီးဆုံး ဘာပါလိမ့် (ဒိဋ္ဌိပြုတ်ဖို့ပါ ဘုရား) နောက် ဒကာ ဒကာမတွေ (ဒိဋ္ဌိပြုတ်ဖို့က အရေးကြီးပါတယ် ဘုရား)။

ဒိဋ္ဌိပြုတ်ချင်ရင် ကိုယ့်ပဋိစ္စ သမုပ္ပါဒ်ပြုတ်ရင် ဘာတုန်း (ဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။

အဲ ဒိဋ္ဌိပြုတ်ဆိုတော့ ခင်ဗျားတို့က ဒိဋ္ဌိကို နင်းသွားတော့လို့ ဆိုရမှာမဟုတ်ဘူး၊ ကိုယ့်သန္တာန်ပေါ်စဉ် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို သိရင် ပြုတ်ထွက်သွားတာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား) အင်မတန် အရေးကြီးတဲ့ အဓိပ္ပါယ် ဆိုတာလဲ ပေါ်ကြပါပြီ (မှန်ပါ)။

ဒီဟာကို အရေးကြီးရမယ်

အခု ဒကာ ဒကာမတွေက အရေးကြီးနေတာက မဟုတ်တဲ့နေရာ အရေးကြီးနေတာက ခက်တယ် (မှန်ပါ) ဒီဟာကို အရေးကြီးရမယ် ဆိုတာကော သတိထားမိကြပလား (ထားမိပါပြီ ဘုရား)။

အခုတော့ဖြင့် နေ့တိုင်းလိုလို ကိုစောမောင် ဒါကို အရေးတကြီးပြောလို့ ကိုစောမောင် ခင်ဗျားတို့ရိပ်မိပါပြီ (မှန်ပါ) အရင်တုန်းက ခင်ဗျားတို့ ဒါကို သိပ်အရေးမကြီးကြဘူးနော်၊ ကမ္မဿကတဉာဏ် သိပ်အရေးကြီး နေကြတာ (မှန်ပါ)။

အရင်တုန်းက ဘာအရေးကြီးပါလိမ့် (ကမ္မဿကတဉာဏ် အရေးကြီးပါတယ် ဘုရား) ကမ္မဿကတဉာဏ် ဆိုတာ ဘာပါလိမ့်မလဲ၊ ကောင်းတာလုပ် ကောင်းတာအကျိုးပေးတယ်ဆိုတော့ တို့ ဒါပဲ နားလည်တယ်ကွ ဒီလိုလာတာ၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဦးပြန့်တို့လူစုတွေ ဒါပဲနားလည်တယ်၊ ကောင်းတာလုပ်၊ ကောင်းကျိုးပေးတာ ဘယ်သူက ဘာဆိုချင်သေးသတုန်း ဆိုတော့ ဘယ်သူက ဘာမှတော့မဆိုဘူး၊ ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကမ္မဿကတဉာဏ်က ဒိဋ္ဌိဖြုတ်နိုင်ရဲ့လား

ကမ္မဿကတဉာဏ်က ဒိဋ္ဌိဖြုတ်နိုင်ရဲ့လား (မဖြုတ်နိုင်ပါ ဘုရား) ဘယ်ဖြုတ်နိုင်လိမ့်မတုန်း၊ ကမ္မဿကတဉာဏ် ဆိုတဲ့ဥစ္စာ၊ ငါလုပ်ရင် ငါရတယ်ဆိုတဲ့ဥစ္စာ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ ဉာဏ်မှမဟုတ်ဘဲ (မှန်ပါ)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရေးဟာ ကြီးတော့တယ်ဆိုတဲ့ ဥစ္စာဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်သိမှုသည် သက္ကာယဒိဋ္ဌိ ဖြုတ်မှုဆိုတဲ့ဥစ္စာ မှတ်ထားလိုက်စမ်းပါ (မှန်ပါ)။

ဒါနဲ့သူသည် ရှင်အာနန္ဒာဖြင့် သူ့နဲ့ဖွားဖက်တော်လဲဖြစ်တယ်၊ သူနဲ့လဲ အလွန်ရင်းနှီးတယ်၊ တရားဘဏ္ဍာစိုးကြီး ဆိုတာလဲ သူပဲ၊ ဘုရားမရှိတဲ့နောက်လဲ သူ့ပဲ အားကိုးစရာရှိတော့တယ်၊ သူ့ဆီသွားမှပဲ တော်မယ်ဆိုပြီး သကာလ သပိတ်သင်္ကန်းကိုပြင်ပြီးတော့ မောင်နိုင်မသွားဘူးလား (သွားပါတယ် ဘုရား)။

သွားပြီးတွေ့တော့ ငါ့ရှင်ဘာကိစ္စနဲ့လာခဲ့သတုန်း မေးတော့ ဒီလို-ဒီလိုပဲဘုရား၊ ဗာရာဏသီပြည်မှာ ဟောလိုက် တဲ့ ကိုယ်တော်တွေ အမျိုးမျိုး ဟောကြပါတယ်၊

ရူပံ အနိစ္စံ၊ ဝေဒနာ အနိစ္စာ စသည်နဲ့ဟောကြတယ်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ ဓမ္မာ အနတ္တာနဲ့ ဟောလိုက်လို့ တပည့်တော် ရှေးက အားထုတ်ကြည့်လဲ ဖြစ်ပျက်ချုပ်တဲ့ နိဗ္ဗာန်၊ ခန္ဓာ သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုမြင်တဲ့ မဂ်ဉာဏ်ဆိုတာ မရခဲ့ဖူးပါဘူးတဲ့ (မှန်ပါ)၊

ကိုးစားရာ အရှင်ဘုရားပဲရှိပါတယ်

အဲဒီတော့ သူတို့ဟောကြပြန်တာနဲ့ အားထုတ် ကြည့်တော့လဲ မရပါဘူးဘုရားတဲ့၊ အဲဒါကြောင့် ကိုးစားရာ အရှင်ဘုရားပဲရှိပါတယ်၊ တပည့်တော်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရချင်ပါတယ်၊ အဲဒါကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရဖို့အရေးဟာ အရှင်ဘုရားအပေါ်မှာ မှီနေပါတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး လျှောက်တယ် (မှန်ပါ)။

ဒီတော့ အရှင်အာနန္ဒာက ငါ့ရှင် ဒါလောက် ဆန္ဒပြင်းပြတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဖြစ်နေတော့ ဒီခရီးနဲ့ ဒီခရီးကို အလာကြီးလာခဲ့ရတဲ့အတွက် တပည့်တော် ဝမ်းမြောက်ပါတယ်၊ မပူပါနဲ့၊ ကိလေသာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်ကို ရပါလိမ့်မယ်၊

ဒါလောက် ဆန္ဒပြင်းပြတဲ့ ပုဂ္ဂိုလ် ရရပါလိမ့်မယ်၊ အဓိပ္ပါယ်မျိုး ရှင်အာနန္ဒာက အားပေးရှာတယ် (မှန်ပါ)။

နို့-အားမပေးထိုက်ဘူးလား (ပေးထိုက်ပါတယ် ဘုရား) ဒါနဲ့ ပိဋကတ်သုံးပုံထဲ သူနဲ့ သင့်လျော်တဲ့ တရားဒေသနာ ကို မွှေနှောက်ရှာလိုက်တယ် (မှန်ပါ) မွှေချင်လို့မွှေရတာ မဟုတ်ပါဘူး ကိုစောမောင်သူရပြီးသားပဲ၊ သို့ပေမယ့် ရှင်ဆန္န သည် ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘော နားမလည်ဘဲနဲ့ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေလို့ အားနည်းတဲ့ ဒုဗ္ဗလ ဝိပဿနာဖြစ်ပြီး အတ္တဒိဋ္ဌိက ကပ်နေလို့ ဒိဋ္ဌိဖြုတ်တဲ့တရားကို ရှာဦးမယ်ဆိုပြီး ရှာတာပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဘာဖြုတ်တဲ့သုတ်ကို လိုက်ရှာရပါလိမ့်

ဒါဖြင့် ဒီပုဂ္ဂိုလ် ဒိဋ္ဌိမပြုတ်သေးဘူးဆိုတာ သေချာသနော် (သေချာပါတယ် ဘုရား) ရှင်အာနန္ဒာက ပိဋကသုံးပုံ မှာ ဘာဖြုတ်တဲ့သုတ်ကို လိုက်ရှာရပါလိမ့် (ဒိဋ္ဌိဖြုတ်တဲ့သုတ်ကိုရှာပါတယ်) သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ၁-နံပါတ်ထားပြီး လုပ်ရမှာဘာပါလိမ့် (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီထက်လဲ အကိုးအကား လုံလောက်စရာ မရှိတော့ပါဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။

အဲ ဒကာ ဒကာမတို့ ဒိဋ္ဌိပြုတ်တဲ့သုတ်ကို သူ လိုက်ရှာတဲ့အခါကျတော့ ကစ္စာနဂေါတ္တသုတ်ကို သွားပြီးတွေ့တယ် (မှန်ပါ) ငါ့ရှင်ဆန္န-ကစ္စာနအနွယ်ဖြစ်တဲ့ ရဟန်းကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိဖြုတ်တဲ့ တရားဒေသနာရှိ တယ်၊ အဲဒါကို င့ါရှင်အား ငါဟောပြမယ်တဲ့ (မှန်ပါ)။

သဘောပါကြပလား (ပါပါပြီ) ဘာဖြုတ်တဲ့တရားတုန်း (ဒိဋ္ဌိပြုတ်တဲ့တရားပါ ဘုရား) ဒိဋ္ဌိဖြုတ်တဲ့တရားကို ငါဟောမယ်၊ အဲဒါ ငါ့ရှင်နဲ့ အလျော်ဆုံးပဲဆိုတာ၊ သူ့ကို ငါ့ရှင်ကျင့်တာက များတယ်၊ ငါ့ရှင်ကျင့်တာက ဖျင်းတယ် စသည်ဖြင့် ကဲ့ရဲ့မှု၊ သင်္ဂြိုဟ်မှု၊ စကားတင်းဆိုမှုတွေကို ကိုစောမောင် မလုပ်ပါဘူး (မှန်ပါ) တစ်ခါတည်း ဝမ်းမြောက်ပြီး အားပေးတာပဲ၊ အားပေးပြီးတော့ ဒိဋ္ဌိဖြုတ်ဖို့ကို ရှေးဦးစွာတိုက်တွန်းတယ် (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘယ်သုတ်ကို ဟောမယ်ထင်ကြသတုန်း

ဘယ်သုတ်ကို ဟောမယ်ထင်ကြသတုန်း (ဒိဋ္ဌိဖြုတ်မည့် ကစ္စာနဂေါတ္တသုတ်ပါ ဘုရား)၊ အဲ ဒိဋ္ဌိဖြုတ်တဲ့သုတ်ကိုပဲ ဟောရမယ်ဆိုတာ ရှင်အာနန္ဒာ ဘယ်လောက်ထိအောင် တရားဓမ္မနဲ့ပတ်သက်ပြီး လိမ္မာကျွမ်းကျင်တော်မူတယ်ဆိုတာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရှင်ဆန္နပြောတဲ့စကားနဲ့ပဲ အကုန်ပေါ်နေပြီပေါ့ဗျာ (မှန်ပါ)။

သူဟာ ဗာရာဏသီပြည်မှာနေတုန်းက ဟိုက ကိုယ်တော်တွေဟောတာကို သူ အားထုတ်ကြည့်ပါတယ်၊ ဖြစ်ပျက် ဆုံးတဲ့ နိဗ္ဗာန်လဲ မမြင်ဘူး၊ ခန္ဓာသိမ်းတာလဲ မမြင်ဘူး၊ မဂ်ဉာဏ်လဲ မလာဘူးတဲ့ (မှန်ပါ)၊ ဒါနဲ့ ရှင်အာနန္ဒာက သူ့မှာ မလာတာ ငါသိပြီဆိုပြီး စောစောစီးစီးက ရှင်အာနန္ဒာက အကဲမခတ်မိဘူးလား (ခတ်မိပါတယ် ဘုရား)။

ရုပ်နာမ်ကြောင်း ကျိုးဆက်၍ ဖြစ်ပျက်သဘောမပါဘဲ ရှင်ဆန္နကျင့်နေတာကိုး ဆိုတာ ရှင်အာနန္ဒာက မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)၊ ဒါနဲ့ရှင်းသွားအောင် ပဋိစ္စသမုပ္ပါဒ်နဲ့ ပြတဲ့သုတ်ဆိုတော့ ဒိဋ္ဌိခွါတဲ့သုတ်လို့ မှတ်လိုက်ကြပါ (မှန်ပါ)။

ကျောက်ခဲကလေးကို မြင်လိုက်တယ်

ကိုင်း-ဒါဖြင့် သူပြတဲ့သုတ်ကို ဒကာ ဒကာမတွေ ရှင်းလိုက်တော့ ဘယ်လိုရှင်းမတုန်းဆိုလို့ရှိရင်ဖြင့် တစ်ခုသော ဝတ္ထုပစ္စည်းကလေး ကျောက်ခဲကလေးကို မြင်လိုက်တယ်၊ မြင်လိုက်တော့ မြင်စိတ်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) မြင်စိတ်နဲ့တကွရောပြီး ဖဿတွေ၊ ဝေဒနာတွေ၊ သညာတွေကော မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒီထဲမှာ ဝေဒနာတွေ၊ သညာတွေ၊ ဖဿတွေ၊ နာမက္ခန္ဓာလေးပါးတွေဟာ အကုန်တွဲပြီး သကာလ နေတော့ မြင်တယ်ဆိုရင် ဝေဒနာ တွေပါပြီးသားနော် (မှန်ပါ) မြင်တယ်ဆိုလို့ မြင်စိတ်ဖြစ်ရင် စိတ်တင်မကဘူး၊ ဝေဒနာတွေ၊ သညာတွေ၊ ဖဿတွေ အကုန်တွဲပြီးမပါဘူးလား (ပါ-ပါတယ် ဘုရား) မြင်လို့ရှိရင် ဒကာ ဒကာမတွေနောက်က လိုက်တယ်၊ သဘောကျပလား (ကျပါပြီ) လိုချင်နောက်က လိုက်လို့ရှိရင် စွဲလမ်းနောက်ကလိုက်တယ်၊ စွဲလမ်းနောက်က လိုက်လို့ရှိရင် အားထုတ်တာကော (လိုက်ပါတယ် ဘုရား)။

ဪ-ဒါဖြင့် ကျောက်ပွင့်လာလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် လေးမျိုးတော့ ကိုစောမောင်ပေါ်ပြီ (မှန်ပါ) မြင်တယ် ဆိုရင် စွဲလမ်းတယ်၊ အားထုတ်မယ်၊ မရ-ရအောင် အားထုတ်ရမှာကိုး (မှန်ပါ) ကိုစံလှ မလာပေဘူးလား (လာပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ပဲ မှတ်ရမယ်

မြင်တယ်၊ မလိုချင်ဘူး၊ ပြန်ပေးမယ်ဆိုတဲ့ အားထုတ်မှုတွေကော မရှိပေဘူးလား (ရှိပါတယ်) ရှိတယ်တဲ့၊ အဲဒါလဲ ပဋိစ္စသမုပ္ပါဒ်ပဲ မှတ်ရမယ် (မှန်ပါ) ကိုယ့်သန္တာန်ဖြစ်တာကိုး (မှန်ပါ)။

အဲဒီတော့ကို ဒကာ ဒကာမတွေ အခုလေးခုစဉ်ပြီး သကာလ ကျောက်ကုန်သည်တွေကို ဟောနေပါတယ်၊ မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ် (မှန်ပါ) ဒါကတော့ ဖြစ်ရတော့မယ် ကိုစံလှ မဖြစ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

မြင်ရင် လိုချင်တဲ့ကျောက်ဟာလဲ ရှိတာပဲ၊ လိုချင်တယ်ဆိုရင် စွဲလမ်းတာသည်ကားလို့ဆိုလို့ရှိရင်ဖြင့် စွဲလမ်း တယ်၊ မစွဲလမ်းတယ် ပြောမနေနဲ့တော့ ဒကာ ဒကာမတို့ ဈေးဆစ်လိုက်ကတည်းက စွဲလမ်းလို့ပဲ(မှန်ပါ)၊ စွဲလမ်းလို့ ဈေးဆစ်လိုက်တယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပြန်စဉ်းစားပါဦး ဆိုလို့ရှိရင်တော့ ကာယကံ ဝစီကံတော့ပါပြီ(မှန်ပါ)၊ ကိုစောမောင် မပါသေးဘူးလား(ပါပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ဘာပြစ်မှ မရှိဘူးလို့ ထင်ချင်ရင်လဲ ထင်ကြမှာပေါ့ဗျာ၊ သို့သော် ပဋိစ္စသမုပ္ပါဒ် ကတော့ ဒီအတိုင်းပဲ မှတ်ရုံပဲ(မှန်ပါ)၊ ကိုစောမောင် ပဋိစ္စသမုပ္ပါဒ်ကတော့ ဒီအတိုင်း မလာဘူးလား (လာပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒါဟာ လာချင်လာပါစေတော့ ဒကာ ဒကာမတို့၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘုရားပွင့်လဲရှိတယ်၊ ဘုရားမပွင့်လဲ ရှိနေတာပဲ၊ နိယာမတရားထဲမှာ သူအပါအဝင် မဟုတ်လား(မှန်ပါ)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

သဿတနဲ့ ဥစ္ဆေဒကို ဖြုတ်လိုက်တယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်တဲ့တရားကို သူဟောတော့မယ် ဆိုလို့ရှိရင်ဖြင့် ဘာကို ဖြုတ်လိုက်သတုန်း ဆိုလို့ရှိရင် သဿတနဲ့ ဥစ္ဆေဒကို ဖြုတ်လိုက်တယ်(မှန်ပါ)။

”ဒွယနိဿိတော ခွါယံ ကစ္စာန လောကော ယေဘုယျေန အတ္ထိတဉ္စေဝနတ္ထိတဉ္စ” ဆိုတာလဲ ဒကာ ဒကာမတို့၊ လောကကြီးထဲမှာ ဒိဋ္ဌိဟာ သဿတ ဥစ္ဆေဒရယ်လို့ နှစ်မျိုးရှိတယ်၊ တစ်ချို့မှာ သဿတယူတယ်၊ တစ်ချို့မှာ ဥစ္ဆေဒ ယူတဲ့ ပုဂ္ဂိုလ်လဲရှိတယ်(မှန်ပါ)၊ အဲဒါ ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဒီဒိဋ္ဌိတွေဖြစ်နေတာပဲ(မှန်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သဿတဒိဋ္ဌိဆိုတာလဲ ပဋိစ္စသမုပ္ပါဒ် နားမလည်မှုပဲ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတာကော (ပဋိစ္စသမုပ္ပါဒ် နားမလည်မှုပါ ဘုရား)၊ ပဋိစ္စသမုပ္ပါဒ် ခန္ဓာကိုယ်ဖြစ်စဉ်ကြီးကလာတာပဲ ဆိုတော့ ဒကာ ဒကာမတွေသိတဲ့အတိုင်း မြင်စိတ်ဖြစ်လို့ရှိရင် ဖြင့် မောင်နိုင် လိုချင်စိတ် လာတော့မယ်(မှန်ပါ)၊

လိုချင်စိတ်ဖြစ်ရင် စွဲလမ်းစိတ်ကော (လာပါမယ် ဘုရား)၊ စွဲလမ်းစိတ် လာရင် အားထုတ်စိတ် (လာပါတယ် ဘုရား)။

အဲဒါသည်ကားလို့ဆိုရင်ဖြင့် ဒီလိုလာတဲ့ ပုဂ္ဂိုလ်မှာ ဒီကနေ နောက်ဆုံးပိတ် နိဂုံးချုပ်လိုက်တာပေါ့ ကိုစောမောင် တို့ ပဋိစ္စသမုပ္ပါဒ် အဆုံးရွတ်လိုက်(မှန်ပါ)၊

အဆုံးရွတ်လိုက်တော့ “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ဆိုပြီး ဒါကနေရွတ်လိုက်(မှန်ပါ)၊ ဒါကနေပြီး စ,ဖြစ်ခဲ့တာတွေဟာ ဒုက္ခက္ခန္ဓဿချည်းပဲ၊ ဒုက္ခအစုကြီးချည်းပဲ တဲ့(မှန်ပါ)၊ အစကစလိုက်တာ ကိုစောမောင်၊ အစရော၊ အလယ်ရော၊ နောက်ဆုံးပိတ်ရော နိဂုံးချုပ် ဘုရားသခင်ကိုယ် တော်မြတ်ကြီး ရွတ်လိုက်တာက ဒုက္ခတွေချည်း ဖြစ်နေတာပဲလို့ မပြောဘူးလား (ပြောပါတယ်)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခချည်းဖြစ်တာပဲဆိုတော့

အဲဒီတော့ ဒကာ ဒကာမတို့ ဒုက္ခချည်းဖြစ်တာပဲဆိုတော့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်မပါရင်လဲ ဒုက္ခသစ္စာက ပေါ်လွင်အောင် သိဖို့မလွယ်ဘူး(မှန်ပါ)၊ ပေါ်လွင်ပါ့မလား (မပေါ်လွင်ပါ ဘုရား) ဒုက္ခမသိရင်လဲ ဒိဋ္ဌိပြုတ်ဖို့ကဝေးရာ (မှန်ပါ)။

ဒါကြောင့် ရှင်အာနန္ဒာက ရှင်ဆန္နဟာ ရုပ်နာမ်ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘောမပါပဲနဲ့ အားထုတ်နေတာ သစ္စာနဲ့ပတ်သက်တာကို သူမတွေ့လို့ အတ္တဒိဋ္ဌိ ဝင်ဝင်ကပ်နေတယ်ဆိုတာကို အကဲခတ်မိနေတယ် ဆိုတာကော သေချာ ပလား (သေချာပါပြီ)၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ဒါတွေဟာ ဖြစ်ဒုက္ခပဲ

ကိုင်း ဒါဖြင့် ရှေ့က မြင်စိတ်သာ ဖြစ်မယ်ဆိုရင် လိုချင်စိတ်လာရမယ်(မှန်ပါ)၊ လိုချင်တဲ့စိတ်လာရင် စွဲလမ်းတဲ့ စိတ်က (လာရပါတယ်)၊ စွဲလမ်းတဲ့စိတ်ချုပ်သွားရင် အားထုတ်တဲ့စိတ်က လာမယ်ဆိုတော့ ဘာသစ္စာတွေပါလိမ့်(ဒုက္ခသစ္စာတွေပါ ဘုရား)၊ ဒါတွေဟာ ဖြစ်ဒုက္ခပဲဆိုတာ သေချာသွားပြီ(မှန်ပါ)၊ စိတ်စဉ်လဲ သိတယ်၊ ဒုက္ခသစ္စာလဲ (သိပါ တယ် ဘုရား)။

အဲ-ရုပ်နာမ်ကြောင်းကျိုး ဆက်၍ ဖြစ်ပျက်သဘော နားလည်လို့ရှိရင် သစ္စာဘက်ကူးတယ်(မှန်ပါ)၊ ရုပ်နာမ် ကြောင်းကျိုးဆက်၍ ဖြစ်ပျက်သဘော နားမလည်ရင် ဒိဋ္ဌိကပါနေတော့ သစ္စာဘက် မကူးနိုင်ဘူး(မှန်ပါ)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ရုပ်နာမ်ကြောင်းကျိုး ဆက်၍ ဖြစ်ပျက်သဘော နားမလည်ပဲနဲ့လုပ်ရင် သစ္စာဘက်ကို(မကူးပါဘူး) ရှင်းကြပ လား (ရှင်းပါပြီ)။

ဒါကြောင့် ဒကာ ဒကာမတို့ အရေးကြီးတယ်၊ အရေးကြီးတယ်ဆိုတဲ့ ဥစ္စာ အရေးကြီးတဲ့ပုဂ္ဂိုလ်က ပြောလို့ အရေးကြီးပါတယ်လို့ အောက်မေ့မနေနဲ့၊ ကိုယ်ကိုယ်တိုင် အရေးကြီးပါလားဆိုတာ ဆုံးဖြတ်ချက်ချပါ(မှန်ပါ ဘုရား)။

ဝိပဿနာမဂ္ဂင်ငါးပါးသွင်းပြီး

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီမြင်စိတ်ကလေးကို ဝိပဿနာဉာဏ်နဲ့ ဖြစ်ပျက်ရှုလိုက်တော့မယ်ဆိုတော့ ဒီကြားထဲ ဝိပဿနာမဂ္ဂင်ငါးပါးသွင်းပြီး မြင်စိတ်ကို ရှုလိုက်တာပေါ့၊ “စက္ခုဝိညာဏံ အနိစ္စံ” နဲ့ ရှုလိုက်တော့ဖြစ်ပျက် ဖြစ်မသွားဘူးလား(ဖြစ်သွားပါတယ်)၊ ဖြစ်ပျက်ဖြစ်သွားတော့ သူ့နောက်က မဂ်ကလေးက မဝင်လာလား (ဝင်လာပါ တယ်)၊

ဝင်လာတဲ့အခါကျလို့ရှိရင် သူလဲ ချုပ်မသွားဘူးလား(ချုပ်သွားပါတယ်)၊ သူချုပ်တော့ တဏှာကကော(ချုပ်သွား ပါတယ်)၊ ဥပါဒါန်ကော(ချုပ်သွားပါတယ်)၊ ကံကကော(ချုပ်သွားပါတယ်)၊ အဲဒီ ချုပ်သွားတာတွေလဲ ဘယ်သူချုပ်တာ ပါလိမ့်မတုန်းဆိုတော့ မိမိသန္တာန်မှာ တရားစဉ်ပေါ်ပြီး တရားစဉ်ချုပ်တာပဲ(မှန်ပါ)၊ မဆိုနိုင်ဘူးလား(ဆိုနိုင်ပါတယ် ဘုရား)၊ ပုဂ္ဂိုလ် သတ္တဝါပါသေးရဲ့လား (မပါပါ ဘုရား)၊ အဲ ဒီအကြောင်းကလေးက ချုပ်သွားတော့ ဒီအကျိုးကလေးက မချုပ်ပါနဲ့ဆိုလို့(မရပါ ဘုရား)။

အဲဒါတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီကနေ နိဂုံးချုပ်လိုက်တော့ “ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” မလာဘူးလား (လာပါတယ်)၊ ဒီဘက်က ချုပ်တာဟာ ဒုက္ခသစ္စာချုပ်တာလို့ မှတ်ကြပါတဲ့(မှန်ပါ ဘုရား)။

ဒုက္ခသစ္စာတွေချုပ်ပါတယ်

ဘာတွေချုပ်တာပါလိမ့် (ဒုက္ခသစ္စာချုပ်တာပါ ဘုရား)။

ဒါဖြင့် အရင်တုန်းကတော့ ဒုက္ခသစ္စာဖြစ်တာကိုပဲ ပြောတာ(မှန်ပါ)၊ အခု နောက်တစ်ခါ အချုပ်ပါဠိနဲ့ ကြည့် လိုက်ပြန်တော့ ဘာတွေချုပ်သလဲ (ဒုက္ခသစ္စာတွေချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီလို ဝိပဿနာရှုပြီး ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ကျတော့ ဒုက္ခသစ္စာသိတဲ့ မဂ်ဉာဏ် မပေါ်ပဲနေပါ့မလား (မနေပါ ဘုရား)၊ မောင်နိုင် နေလို့ရသေးရဲ့လား(မရပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိပြုတ်ပြီး သကာလ မှ ရှုတာသည် ဝိပဿနာဉာဏ်မှာလဲ ဗလဝဝိပဿနာဖြစ်တယ် ဒိဋ္ဌိကွာလို့(မှန်ပါ)၊ သစ္စာကိုလဲ ဆိုက်ပါတယ်(မှန်ပါ)၊ သစ္စာမဆိုက်ပဲနဲ့ မရဘဲကိုး(မှန်ပါ)၊ သဘောပါကြပလား(ပါပါပြီ ဘုရား)၊ ဆန္နဝတ္ထု ဆုံးမှာမဟုတ်ဘူး ဒကာ ဒကာမတို့။

ယနေ့ နာရီစေ့ပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။