13911

မာတိကာသို့

ဒုက္ခကို ဘယ်သူပြုတာတုန်း

အစေလကဿပ ဥပမာပြ ပဋိစ္စသမုပ္ပါဒ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့၊ မင်္ဂလာရိပ်သာဓမ္မာရုံပေါ်၌

ဟောကြားတော်မူသော

ဒုက္ခကို ဘယ်သူပြုတာတုန်း

အစေလကဿပ ဥပမာပြ ပဋိစ္စသမုပ္ပါဒ်

အလုပ်ပေးတရားတော်

(၂၄-၁၁-၆၁)

အစေလကဿပ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မနက်မိုးလင်းတော့ ရာဇဂြိုဟ်ပြည်ထဲ ဆွမ်းခံသွားတယ်၊ အဲဒီကဲ့သို့ ဆွမ်းခံသွားတဲ့အခါကျတော့ အစေလကဿပနဲ့ တွေ့တယ် (မှန်ပါ့) (နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၊ အဝေလကဿပသုတ်၊ နှာ-၂၅၉)

ဆွမ်းခံရင်း တွေ့ကြတဲ့အခါကျတော့ အစေလကဿပက အဝတ်မပါဘူး (မှန်ပါ့) မိုးလင်းတော့ သူကလဲ တိတ္ထိတို့ ထုံးစံအတိုင်းပဲ ဆွမ်းခံတယ်၊ ဆွမ်းခံတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တဲ့အခါကျတော့ သူ့စိတ်ထဲ အကြံဉာဏ်ပေါ်ပြီး သကာလ စလာတယ်၊ မေးချင်တဲ့ ပုစ္ဆာကလေးတွေအတွက်ကို (မှန်ပါ့)။

ဒုက္ခကို မိမိပြုတာလား

ဤကဲ့သို့ မေးချင်တော့ အနားကပ်ပြီး သကာလ မေးလိုက်ပါတယ်။ ရှင်ကြီးဂေါတမ-ဒုက္ခကို မိမိပြုတာလား တဲ့ (မှန်ပါ)၊ ဒုက္ခကို မိမိပြုတာ မဟုတ်ပါဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့)။

ဒုက္ခ မိမိပြုတာလားလို့ အစေလကဿပကမေးတော့ ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (ဒုက္ခကို မိမိပြုတာ မဟုတ်ပါဘူးတဲ့) ဒုက္ခကို မိမိပြုတာမဟုတ်ဘူးလို့ ၁-နံပါတ် ဒကာ ဒကာမတွေ မှတ်ထားရပါမယ် (မှန်ပါ့) ပြီးတော့မှ ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုက်ယူရမယ် (မှန်ပါ့)။

ဒါနဲ့ သူဆက်ပြီးတော့ မေးပြန်တယ်၊ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခတွေကို သူတပါးပြုတာလားလို့ မေးလိုက်ပြန် တယ် (မှန်လှပါ ဘုရား) ဒီလိုလဲ မဟုတ်ပါဘူးကွာလို့ပဲ ဘုရားကဖြေလိုက်တယ် (မှန်ပါ) ဘယ်နှစ်ချက်ရှိသွားပလဲ (နှစ်ချက်ရှိသွားပါပြီ)။

ဒါဖြင့် ရှင်ကြီးဂေါတမ ဒီသတ္တဝါတွေ ဒုက္ခရောက်နေတဲ့ ဥစ္စာဟာ အမျိုးမျိုးသော ဒုက္ခတွေနဲ့ ခန္ဓာဝန်ထမ်းရတဲ့ ဒုက္ခတွေဖြစ်နေတဲ့ဥစ္စာဟာ မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလား-တဲ့၊ ဒီလိုလဲ မဟုတ်ပါဘူးလို့ ဖြေလိုက်တယ် (မှန်ပါ)၊ ဘယ်နှစ်မျိုးရှိသွားပလဲ (သုံးမျိုးရှိသွားပါပြီ) သုံးမျိုးရှိသွားပြီလို့ မှတ်ပါ-နော် (မှန်ပါ)။

နောက်တစ်ခါ မေးပြန်တယ်၊ ဒါဖြင့် ဘုရား ရှင်ကြီးဂေါတမ ဒုက္ခဆိုတာသည်ကားလို့ဆိုရင် အလိုလိုပေါ်လာတာ လားလို့ မေးလိုက်တယ် (မှန်ပါ) ဟ-ဒီလိုလဲ မဟုတ်ပါဘူးလို့ ဖြေလိုက်ပါတယ် (မှန်ပါ) ဘယ်နှစ်မျိုးရှိသွားပလဲ (လေးမျိုးရှိသွားပါပြီ)။

ဒါနဲ့ မကျေနပ်တာနဲ့ သူ ဆက်မေးတယ်၊ ဒုက္ခမရှိဘူးလား-တဲ့၊ ဘုရားက ရှိပါတယ်-တဲ့။

ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခကို ရှင်ကြီးဂေါတမ မသိဘူးလား-တဲ့ မေးလိုက်ပြန်တယ် (မှန်ပါ) ဟာ-ဒုက္ခ ငါသိတာပေါ့ကွ-လို့ပဲ ဖြေလိုက်ပါတယ် (မှန်ပါ့)။

နောက်ပုစ္ဆာနှစ်ခုကတော့ ဒါလောက် အရေးမကြီးလှပါဘူး၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ဒါလောက် မဆိုင်လှပါဘူး၊ အဲဒါကြောင့် ပထမပုစ္ဆာကလေးပဲ ဒကာ ဒကာမတွေ ပြန်ပြီး စိစစ်ပါဦးမယ်နော် (မှန်ပါ)။

ပုစ္ဆာကလေး မေးပါရစေ

ရာဇဂြိုဟ်ပြည်ထဲ ဆွမ်းခံလာတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးနဲ့ တွေ့တော့ အစေလကဿပ က ပုစ္ဆာကလေး မေးပါရစေ-ဆိုတော့ ပထမတော့ ဘုရားက ဆွမ်းခံရင်းကွာ မတော်သေးပါဘူးဆိုပြီး ပယ်ဖျက်လိုက် တယ် (မှန်ပါ)၊

ဒုတိယတစ်ခါ ဆက်လက်ပြီး ရှင်းကြီးဂေါတမ ပုစ္ဆာကလေးတစ်ခု မေးပါရစေဆိုပြန်တော့လဲ ဆွမ်းခံရင်း ကွာ မမေးပါနဲ့လို့ ပြောလိုက်တယ် (မှန်ပါ) တတိယတစ်ခါ မေးပြန်တော့လဲ ရှင်ကြီးဂေါတမ မဖြစ်လောက်ပါဘူး၊ ပုစ္ဆာကလေးတစ်ခု မေးပါရစေဆိုတော့ ကဲ-ကွာ အလိုရှိရင်လဲ မေးတာပေါ့တဲ့ (မှန်ပါ့) ဆိုတော့ သုံးခါမေးမှ အဖြေထွက် လာတယ်နော် (မှန်ပါ)။

ဘာဖြစ်လို့လဲမေးတော့ ဒကာ ဒကာမတို့ ပုစ္ဆာကို ဖြုန်းခနဲဖြေလိုက်လို့ရှိရင် တိတ္ထိတွေ မလေးစားမှာစိုးလို့ ဖြုန်းကနဲ မဖြေဘဲနဲ့ အတော်မေးရတယ်ဟေ့၊ ဒါကလေးတွေသိဖို့ရာကို တော်တော့်ကို အဖိုးတန်လို့ အင်မတန်မေးရပါတယ် ဆိုတဲ့အကြောင်း သိအောင်လို့ ဘုရားက သုံးခါမေးကျမှ အဖြေပေးပါတယ် (မှန်ပါ ဘုရား)။

ကဲ ၁-နံပါတ် အဖြေကလေး ဒကာ ဒကာမတွေ မှတ်ထားပေါ့၊ ရှင်ကြီးဂေါတမ ဒုက္ခမိမိပြုတာလားလို့ အစေလ ကဿပက မေးတယ်နော် (မှန်ပါ) ဘုရားက ဘယ့်နှယ်ပြောသတုန်း (မဟုတ်ပါဘူးတဲ့) မဟုတ်ပါဘူးပဲ ဖြေလိုက်တယ် (မှန်ပါ)။

ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခဟာ သူတစ်ပါးပြုတာလားလို့ မေးလိုက်ပြန်တယ်၊ မဟုတ်ပါဘူးပဲ ဘုရားက ဖြေ လိုက်တယ် (မှန်ပါ) ဘယ်နှစ်ချက်ရှိသွားပလဲ (နှစ်ချက်ရှိသွားပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒုက္ခသည်ကားလို့ဆိုရင် မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလားလို့ မေးလိုက်တယ်နော် (မှန်ပါ) ဘုရားက ဘယ့်နှယ်ဖြေပါလိမ့် (မဟုတ်ပါဘူးတဲ့) မဟုတ်ပါဘူးကွာလို့ပဲ ဖြေလိုက်တယ်၊ သုံးပုစ္ဆာရှိသွားပြီ (မှန်ပါ)။

ဒါနဲ့ပဲ အရှင်ဂေါတမတဲ့၊ ဒုက္ခဟာ အလိုလိုဖြစ်တာလားလို့မေးတယ်၊ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါ ဘူးတဲ့) အလိုလိုဖြစ်လာတာလဲ မဟုတ်ပါဘူးတဲ့ (မှန်ပါ) ဒီလေးချက် မှတ်ထားတာပေါ့နော် (မှန်ပါ)။

မိမိပြုလို့ မိမိတွေ့ရတာလို့ ထင်ကြတယ်

ဒကာ ဒကာမတွေကတော့ဖြင့် ဒုက္ခကို မိမိပြုလို့ မိမိတွေ့ရတာလို့ ထင်ကြတယ်-နော် (မှန်ပါ) မိမိပြုလို့ မိမိ တွေ့ရတာလို့ ထင်ကြတော့ အင်မတန်လွဲတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။

ဒုက္ခ သူတစ်ပါးပြုလို့ ကိုယ်ခံလိုက်ရလေခြင်း ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတို့ ဒါလွဲတာပဲနော် (မှန်လှပါ ဘုရား)။

မိမိသူတစ်ပါး နှစ်ဦးသားပြုလို့ ခံရတာပဲဆိုရင်လဲ (လွဲပါတယ် ဘုရား) အလိုလိုပေါ်လာတာပဲလို့ ထင်ရင်ကော (လွဲပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အစေလကဿပမေးတော့ ဒုက္ခမိမိပြုတာလားလို့ အစေလက ဿပက မေးလိုက်တယ် (မှန်ပါ) ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးလို့ ဖြေပါတယ်)။

အဲဒီတော့ ဒီမှာ ဒကာ ဒကာမတွေက ပုံစံကြည့်တာပေါ့တဲ့၊ ဒုက္ခမိမိပြုတာလားလို့ မေးတော့ ဘုရားက ဘယ့် နှယ်ဖြေသတုန်း (မဟုတ်ပါဘူးတဲ့)။

ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခသစ္စာနော် (မှန်ပါ) အဲဒီဒုက္ခသစ္စာကြီးဟာ မိမိပြုတာလားလို့ အစေလ ကဿပက ဆွမ်းခံရင်းမေးပါတယ် (မှန်ပါ ဘုရား) ထိုကဲ့သို့မေးတော့ ဘုရားက မဟုတ်ပါဘူးကွာ-တဲ့ (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးရှိသားပဲ

ကြည့်ကြပါ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကြီးရှိသားပဲ။ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာကြောင့် ပြုချင်ရာပြုတဲ့ကုသိုလ်တွေ အကုသိုလ်တွေ မလုပ်ကြဘူးလား (လုပ်ကြပါတယ် ဘုရား)။

ဘုံဘဝရောက်ကြောင်း ကုသိုလ်၊ အကုသိုလ်တွေကို (ပြုပါတယ် ဘုရား) ဘာဖြစ်လို့ လုပ်ပါလိမ့် (သစ္စာမသိလို့ ပါ ဘုရား)။

ဒုက္ခသစ္စာလဲမသိ၊ သမုဒယသစ္စာလဲ မသိ၊ နိရောဓသစ္စာလဲ မသိ၊ မဂ္ဂသစ္စာလဲ မသိတဲ့ အဝိဇ္ဇာကြောင့် (မှန်ပါ)၊

ခင်ဗျားတို့ပြုတဲ့ ကုသိုလ်တွေဟုတ်လား၊ ဘုံဘဝတောင့်တလုပ်တဲ့ ဝဋ်ကုသိုလ်ပေါ့ဗျာ (မှန်ပါ) ပြီးတော့ ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး သကာလ လိမ်ကြ၊ ကောက်ကြ၊ မုသားသုံးကြ၊ ပရိယာယ် မာယာတွေသုံးကြတဲ့ အကုသိုလ်တွေဟာလဲ သင်္ခါရပဲ (မှန်ပါ ဘုရား)။

အဲဒီတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ ဘုရား) သင်္ခါရဆိုတော့ ဒီနှစ်ခုက ဒကာ ဒကာမတွေအား ဟောဒီဒုက္ခ ကို ဖြစ်စေပါတယ် (မှန်ပါ) ဝိညာဏ်နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာကြီးကို ဖြစ်စေတယ် (မှန်ပါ)။

ဒကာကြွယ် မြင်ရရဲ့လား (မြင်ရပါတယ် ဘုရား) ဘာသစ္စာဖြစ်နေသလဲ (ဒုက္ခသစ္စာ ဖြစ်နေပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခဟာ မိမိပြုတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကြောင့် (မှန်ပါ) အဝိဇ္ဇာသင်္ခါရ ကြောင့် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အဝိဇ္ဇာသင်္ခါရကြောင့်

အင်း-ဘယ်သူ့ကြောင့်ဖြစ်ပါလိမ့် (အဝိဇ္ဇာသင်္ခါရကြောင့် ဖြစ်ပါတယ် ဘုရား) အဝိဇ္ဇာသင်္ခါရကြောင့်လို့ ခင်ဗျားတို့ လှူထားတဲ့အတွက်လဲ ကြည့်စမ်းပါဦး၊ ဒီအတိုင်း ပါပါလိမ့်မယ် (ပါပါတယ် ဘုရား) မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် အကြောင်း သမုဒယသစ္စာနဲ့ အကျိုးဒုက္ခသစ္စာကို ဒကာသစ်တို့ မသိလို့ ဒုက္ခကို မိမိပြုရတာပဲလို့ ယူတယ် (မှန်ပါ)။

ဒကကြွယ် ဒီသဿတဒိဋ္ဌိ ရှိနေရင်လဲ နိဗ္ဗာန်မဂ်ဖိုလ် ဘယ်လိုပင် ခင်ဗျားတို့ ကျောင်းဆောက်၊ ဘုရားတည် ဆုတောင်းမရပါဘူး၊ ဒိဋ္ဌိခံနေတဲ့အတွက် (မှန်ပါ ဘုရား) ရကို မရနိုင်ဘူးတဲ့ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှ ဒိဋ္ဌိ က စင်တယ် (မှန်ပါ)။

ဒုက္ခက မိမိပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုန်း (မဟုတ်ပါဘူးတဲ့) မဟုတ်ပါဘူးကွာတဲ့ အဝိဇ္ဇာသင်္ခါရက ပြုတာပါတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အဝိဇ္ဇာသင်္ခါရကပြုတော့ ဒီမှာ ဘာသစ္စာပေါ်သလဲ (ဒုက္ခသစ္စာပေါ်ပါတယ်) အဝိဇ္ဇာသင်္ခါရက သမုဒယသစ္စာ (မှန်ပါ) ဒီသမုဒယသစ္စာကြောင့် ဘာဖြစ်သတုန်း (ဒုက္ခသစ္စာဖြစ်ပါတယ်) မိမိပြုတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာသင်္ခါရက ပြုတာပါ ဘုရား) အဝိဇ္ဇာသင်္ခါရကပြုလုပ်လိုက်လို့ ဒကာကြွယ်ရေ၊ ဝိညာဏ်နာမ် ရုပ် သဠာယတန ဖဿဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ပေါ်လာပါတယ် (ပေါ်ပါတယ် ဘုရား) အဲ မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ဒီဟာကို မိမိဆိုကြမလား၊ အဝိဇ္ဇာသင်္ခါရဆိုကြမလား (အဝိဇ္ဇာသင်္ခါရပါ ဘုရား) ဒီဟာကော မိမိဆိုမလား ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာဆိုမလား ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿဝေဒနာပါဘုရား၊

ခန္ဓာငါးပါးပဲဖြစ်တာပေါ့

ဒါဖြင့် ခန္ဓာငါးပါးပဲဖြစ်တာပေါ့ (မှန်ပါ) ဒါဖြင့် မောင်ဘသော်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဒုက္ခက မိမိပြုတာလား (မဟုတ်ပါ ဘုရား) ရှင်းသွားပလား (ရှင်းသွားပါပြီ ဘုရား)။

အဝိဇ္ဇာသင်္ခါရကြောင့် ဒကာ ဒကာမတို့ ဒုက္ခပေါ်လာတယ် (မှန်ပါ ဘုရား)။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) ဪ- ဒါဖြင့် ခန္ဓာထဲမှာပေါ်တဲ့ ဒုက္ခသစ္စာဟူသရွေ့ ခန္ဓာကစလိုက်၊ ခန္ဓာလဲ ဒုက္ခသစ္စာပဲ (မှန်ပါ) ထူးထူးထွေထွေ ပေါ်လာတဲ့ သောကတို့ ပရိဒေဝတို့၊ ဒုက္ခတို့၊ ဒေါမနဿတို့လဲ ဒုက္ခသစ္စာပဲ (မှန်လှပါ ဘုရား)။

အဲဒါ ဒုက္ခ မိမိပြုတာလားတဲ့၊ အဝိဇ္ဇာသင်္ခါရကြောင့်လား (အဝိဇ္ဇာသင်္ခါရကြောင့်ပါ ဘုရား)။

ဒါကြောင့် ဒုက္ခ မိမိပြုတာလားလို့၊ အတိတ်က မိမိပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုန်း (မဟုတ်ပါဘူးတဲ့)။

ဘုရားက မဟုတ်ဘူးဖြေလို့ ဘုရားမှာ ရှင်းငြားသော်လည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းဖို့ အရေးကြီး ပါတယ် (မှန်ပါ) သဘောပါပလား (ပါ-ပါပြီ)။

ဒါဖြင့် ဒုက္ခ မိမိပြုတာလား ပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်တာလား (ပဋိစ္စသမုပ္ပါဒ်ကြောင့် ပေါ်တာပါ)။

တိုတိုပြောလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့ အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့် (မှန်ပါ) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ (မှန်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခမိမိပြုတာလား မေးရင် (မဟုတ်ပါ ဘုရား)။

ဒုက္ခ မိမိပြုတာလား

ဒကာသစ် အရင်တုန်းက ဟောထားတဲ့ ဝတ္ထုတွေ အခုမှ ပိုပိုပြီး သကာလ ရှင်းတယ် (မှန်ပါ့)၊ မရှင်းကြဘူးလား (ရှင်းပါတယ် ဘုရား)။

သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဒုက္ခ မိမိပြုတာလား (မဟုတ်ပါ ဘုရား) အင်း ဘယ်သူပြုလုပ်တာပါ လိမ့် (အဝိဇ္ဇာနဲ့ သင်္ခါရ ပြုလုပ်တာပါ ဘုရား)။ ဒါဖြင့် အဝိဇ္ဇာ သင်္ခါရ ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဪ-ဒါဖြင့် သမုဒယသစ္စာက ပြုလိုက်လို့ ဒုက္ခသစ္စာပေါ်လာတယ် (မှန်ပါ ဘုရား)။

မိမိပြုတာလားလို့မေးရင် ဘယ့်နှယ်ပြောကြမလဲ (မဟုတ်ပါ ဘုရား)။

ဒကာကြွယ် ဒီနေ့ဖြင့် တယ်အဖိုးတန်တဲ့နေ့ပဲ (တန်ပါတယ် ဘုရား)။

ဒုက္ခမိမိပြုတာလား (မဟုတ်ပါ ဘုရား) ဘယ်သူပြုတာပါလိမ့် (အဝိဇ္ဇာသင်္ခါရက ပြုပါတယ် ဘုရား)။

အဝိဇ္ဇာသင်္ခါရကပြုလိုက်တယ် (မှန်ပါ့) ပြုလိုက်တဲ့အခါကျတော့ ဘာပေါ်လာသတုန်းတဲ့ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿပေါ်ပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာဖွဲ့လိုက်တော့ ဘယ်နှစ်ပါးတုန်းတဲ့ (ငါးပါးပါ ဘုရား) အဲ ခန္ဓာငါးပါး ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒုက္ခသစ္စာပေါ်တာချည်း

ဒါဖြင့် ခန္ဓာငါးပါးထဲက ဘာပဲပေါ်ပေါ် ကိုယ်ပြုတာမဟုတ်ဘူး (မဟုတ်ပါ ဘုရား)၊ နာတာ ကျင်တာ ကိုက်တာ ခဲတာများဟာ အလုံးစုံဟူသရွေ့ အဝိဇ္ဇာသင်္ခါရတည်းဟူသော အကြောင်းကြောင့် ဒုက္ခသစ္စာပေါ်တာချည်း မှတ်လိုက်စမ်း ပါ (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ်ရေ အင်မတန် နေရာကျသွားပြီ (ကျပါပြီ ဘုရား) အဝိဇ္ဇာသင်္ခါရပြုတဲ့ အကြောင်းတရား (မှန်ပါ့) ဘာသစ္စာတုန်း (သမုဒယသစ္စာပါ ဘုရား)၊ သမုဒယသစ္စာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

စာကိုကြည့်ပါ၊ စာကိုကြည့်ပါနော် (မှန်ပါ) သမုဒယသစ္စာတည်းဟူသော အကြောင်းတရားကို အားထုတ်တဲ့ အတွက်တဲ့ ဟောဒီမှာ စုတေတဲ့အချိန်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးကြီး ယခု တရားနာနေတဲ့ ခန္ဓာငါးပါးကြီး ပေါ်ပါတယ် (ပေါ်ပါတယ် ဘုရား)

ပဋိသန္ဓေ အချိန်ကစပြီး ယခုအချိန်ကျအောင် ပေါ်ပါတယ် (ပေါ်ပါတယ် ဘုရား) ဘာသစ္စာတွေ ပေါ်သတုန်း (ဒုက္ခသစ္စာပေါ်ပါတယ် ဘုရား) ဒါဖြင့် ဒီဒုက္ခသစ္စာ မိမိပြုတာဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဘယ်သူပြုလုပ်တာပါလိမ့် (အဝိဇ္ဇာသင်္ခါရက ပြုလုပ်တာပါ) အဝိဇ္ဇာသင်္ခါရ က ပြုလုပ်တာ၊ ပဋိစ္စသမုပ္ပါဒ်က ပြုလုပ်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဘယ်သူပြုလုပ်တာပါလိမ့် (ပဋိစ္စသမုပ္ပါဒ်ကပြုလုပ်တာ အဝိဇ္ဇာသင်္ခါရကပြုလုပ်တာပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်က ပြုလုပ်တာဆိုရင်လည်း ပြီးသွားတယ် (မှန်ပါ) ဖော်ချင်လို့ရှိရင်လဲ အဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တာ (မှန်ပါ့)။

ဒိဋ္ဌိမသာပေါင်း ဘယ်လောက်ပို့ဖူးသလဲ

ဒါဖြင့် ဒိဋ္ဌိမသာပေါင်း ဒကာကြွယ် ဘယ်လောက်ပို့ဖူးသလဲ (မရေတွက်နိုင်ပါ ဘုရား)။

အင်း-ကိုယ်တောင်မှ သီသီကလေးလွတ်တော့တယ် (မှန်ပါ့) နို့မဟုတ်ရင် ခက်သေးတယ် (ခက်ပါတယ် ဘုရား) ဒကာသစ် တော်တော် အရေးကြီးတယ်နော် (ကြီးပါတယ် ဘုရား)။

ဒါကြောင့် ဒကာကြွယ်တို့ ဦးလှဖူးတို့ကို ပြောရတယ်၊ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ဒိဋ္ဌိမပြုတ်ပါဘူးကွ (မှန်ပါ့) ကဲ-ပြုတ်နိုင်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) ပြုတ်နိုင်စရာမရှိဘူး ဒကာ ဒကာမတွေ သေချာနေပြီ (မှန်ပါ) ဘာဒိဋ္ဌိဖြစ် နေသတုန်း (သဿတဒိဋ္ဌိဖြစ်နေပါတယ်)။

အားလုံး ဒကာ ဒကာမတွေ အခုပြောနေတဲ့စကားဟာ အင်မတန်မှ ခင်ဗျားတို့ ကျုပ်တို့သန္တာန်မှာ မဂ်တားဖိုလ် တားတဲ့ ဒိဋ္ဌိကိုခွါပေးနေတာ (မှန်ပါ)။

ဘယ်လိုမှတ်ကြမယ် (မဂ်တား ဖိုလ်တားတဲ့ ဒိဋ္ဌိခွါပေးနေတာပါ ဘုရား)။

ဘာနားမလည်လို့ ဖြစ်ရတာတုန်း (ပဋိစ္စသမုပ္ပါဒ် နားမလည်လို့ ဖြစ်ရတာပါ)။

ကဲ-ယနေ့ ကောင်းကောင်း ရှင်းပလား (ရှင်းပါပြီ) သာမညဆိုလို့ရှိရင် ဒါလောက် ရှင်းရှင်း မပြောလို့ရှိရင် မောင်ဘသော် နားလည်မယ်မဟုတ်ပါဘူး (နားမလည်ပါ ဘုရား)၊ လည်ကြပလား (မလည်ပါ ဘုရား)။

မလည်လို့ရှိရင်လဲ မင်းတို့လဲကြိုးစား၊ လူကြီးသူမနောက်က လူငယ်တစ်ယောက် ဖြစ်လာတော့ ကိုယ်လုပ်ကိုယ်ရ မှာပဲ၊ သားမယားတွေ မင်းတို့ မလုပ်ချင်နေကွ၊ ငါ့ဟာငါ လုပ်မယ်ကွ (မှန်ပါ)။

သမုဒယက လုပ်တာ

လုပ်တာကလဲ အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယက လုပ်တာ (မှန်ပါ) အဝိဇ္ဇာသင်္ခါရ ဘာသစ္စာတုန်း (သမုဒယ သစ္စာပါ) လွန်လေပြီးသောဘဝကပေါ့ဗျာ (မှန်ပါ) အတိတ်အကြောင်းပေါ့ (မှန်ပါ) အတိတ်ကပြုခဲ့တယ်၊ သဘောကျ ပလား (ကျပါပြီ)။

အဲဒီတော့ အဝိဇ္ဇာသင်္ခါရပြုလုပ်လို့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ဒုက္ခသစ္စာ အကျိုး တရားပေါ်ပါတယ် (မှန်ပါ)၊ ပစ္စုပ္ပန်အကျိုးတရား မပေါ်ဘူးလား (ပေါ်ပါတယ်)။

ဒါ ကိုယ်လုပ်လို့ ကိုယ်ရတာ၊ အကြောင်းကလုပ်လို့ အကျိုးပေါ်လာတာ မဟုတ်လား (အကြောင်းလုပ်လို့ အကျိုးပေါ်တာပါ ဘုရား) အကြောင်းက ဘာသစ္စာ၊ (သမုဒယသစ္စာပါ ဘုရား) အကျိုးကဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ဒကာကြွယ်ပြောရမှာ။

ကဲ ဒါဖြင့် နားထောင်တဲ့ပုဂ္ဂိုလ် ရှိကြလို့ရှိရင်ဖြင့် ကိုယ့်ပဋိစ္စသမုပ္ပါဒ် စာရွက်ကလေးကို ပြုပြီး သကာလ အိမ်သူ အိမ်သားတွေနဲ့တကွ အိမ်နီးချင်း မိတ်ဆွေသင်္ဂဟတွေ နားထောင်လိုတဲ့ ပုဂ္ဂိုလ်များဖြင့်ကွာ အဝိဇ္ဇာသင်္ခါရကြောင့် တခါတည်း ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါ်လာတာပဲ (မှန်ပါ)၊ စင်စစ်တော့ဖြင့် အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးပါကွာ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဘာပါလိမ့် (အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပါ ဘုရား)။

ဒါဖြင့် ဒါ ဒုက္ခသစ္စာနော် (မှန်ပါ) ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ (မှန်ပါ) အစေ လကဿပ မေးလိုက်တယ်၊ ဒုက္ခဟာမိမိပြုတာလားတဲ့၊ ဘုရားက ဘယ့်နှယ်ဖြေသတုန်း (မဟုတ်ပါဘူးတဲ့) အဝိဇ္ဇာ သင်္ခါရကပြုတာလို့ ပြောရမှာ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တာလို့ ပြောရမှာ (မှန်ပါ ဘုရား)။

ဒကာကြွယ်ရေ တော်တော့ကို အရေးကြီးလာပြီ (ကြီးပါတယ် ဘုရား) အရင်တုန်းက ဒီဝတ္ထုသက်သက်တွင် ထုတ်ပြီး ပုံစံကိုမပြဘဲနဲ့ ဆိုတုန်းကတော့ နားလည်တန်သလောက် နားလည်ပါရဲ့၊ အရှင်းမှာ သူ့လောက်မရှင်းဘူး (မှန်ပါ) အခုတော့ ဒကာသစ်တို့ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

အစေလကဿပနဲ့ ပုံစံတွဲဟောနေတယ်

ကိုင်း ဒကာ ဒကာမတို့ အစေလကဿပနဲ့ ပုံစံတွဲဟောနေတယ်-နော် (မှန်ပါ) အစေလကဿပက ရာဇဂြိုဟ် ပြည်ထဲ ဆွမ်းခံလာတုန်း ရှင်ကြီးဂေါတမ ပုစ္ဆာကလေး မေးပါရစေတဲ့၊ ဒုက္ခ မိမိပြုတာလားလို့မေးတော့ ဒီဒုက္ခကို ဆိုတာနော် (မှန်ပါ) ဒီငါးပါးဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) အဲဒီဒုက္ခ မိမိပြုတာလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့) ဒါဖြင့် ကျေနပ်ပလား (ကျေနပ်ပါပြီ)။

မိမိပြုတာကို မဟုတ်ဘူး (မှန်ပါ) အဝိဇ္ဇာသင်္ခါရဆိုတဲ့ အကြောင်းတရားက ပြုတယ် (မှန်ပါ) အကြောင်းတရား ကပြုလို့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးကြီး ပေါ်လာတယ် (မှန်ပါ) ဘာသစ္စာပေါ် သတုန်း (ဒုက္ခသစ္စာပေါ်ပါတယ်) ဒုက္ခ မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အိမ်သူအိမ်သားတွေ လည်း လက်ထောက်ပြဦး

ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) မကျေနပ်နဲ့ဦး ခင်ဗျားအိမ်ကျတော့ အိမ်သူအိမ်သားတွေ လည်း လက်ထောက်ပြဦး (မှန်ပါ) ဦးလှဖူးလဲ ပြရလိမ့်မယ် (ပြမှာပါ ဘုရား) မပြလို့ရှိရင် တစ်အိမ်လုံးဟာ ဒုက္ခရောက် ကုန်လိမ့်မယ် (မှန်ပါ ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲဒါကြောင့် ဒီဥစ္စာကို ဪ-သူတို့လဲ ကုသိုလ်ကောင်းမှု ပြုဖော်ပြုဖက်တွေဖြစ်ပြီး သကာလ နေငြားသော် လည်း ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်က မကယ်မယူလို့ရှိရင်ဖြင့် ခင်တယ်၊ ကြင်နာတယ်၊ သနားတယ်ဆိုတာ အပိုဖြစ်သွား တယ် (မှန်ပါတယ် ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) လောကွတ်ဖြစ်မယ် (မှန်ပါ) သူ့သန္တာန်မှာ ဒိဋ္ဌိမှဖြုတ်မပေး နိုင်ဘဲကိုး (မှန်ပါ)။

သဿတဒိဋ္ဌိ ဖြုတ်မပေးနိုင်တဲ့အတွက် ဒကာကြွယ်ဟာ အိမ်ဦးခန်းကနေပြီး သကာလ ကိုယ်နားလည် သလောက် ကိုယ်ရှင်းသလောက်၊ ကိုယ်သဿတဒိဋ္ဌိ ပြုတ်သလောက် သမီးနဲ့ခင်ပွန်းကို မကယ်တင်ဘူး ဆိုလို့ရှိရင်ဖြင့် သူတို့က နေ့တိုင်းပြုငြား သော်လည်း ကိုယ်က ကျေးဇူးတုန့်ပြန်ဆပ်ရာ မရောက်ပါဘူး (မရောက်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒုက္ခကို မိမိပြုတာ မဟုတ်ပါဘူးကွာ

အဲဒါကြောင့် ဒီကပြန်ကြတဲ့ ဒကာ ဒကာမတွေ အကြောင်းညီညွတ်လို့ ည-စကားစမြည် ပြောတာ့မယ် ဆိုလို့ရှိရင် ဒီပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းချပြီး သကာလ ဒုက္ခကို မိမိပြုတာ မဟုတ်ပါဘူးကွာ ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် အကျိုးဖြစ် တာပါ (မှန်ပါ)။

အကြောင်းကြောင့် (အကျိုးဖြစ်တာပါ ဘုရား) ဒီအထဲက အကြောင်းထဲလဲ မိမိပါရဲ့လား (မပါပါ ဘုရား) အကျိုးထဲမှာကော (မပါပါ ဘုရား) ဒါဖြင့် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးပဲ (မှန်ပါ)၊ မိမိဖြင့်မပါဘူး၊ ဒါလဲ ကိုယ်မဟုတ် ပါ၊ အဝိဇ္ဇာသင်္ခါရပါပဲ (မှန်ပါ)။

ဒါဖြင့် ဒါလဲ ကိုယ်မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) ခန္ဓာငါးပါး ရိပ်မိကြပလား (ရိပ်မိပါပြီ) ဒကာကြွယ် ဒီတစ်လုံးနဲ့ပဲ အများကြီး အဖိုးတန်သွားပြီ (တန်သွားပါပြီ ဘုရား) ဒုတိယပုစ္ဆာကို ပြောင်းတော့မယ်၊ ဒကာ ဒကာမတို့ ပထမပုစ္ဆာကို သဘောကျရဲ့လား (ကျပါတယ်) ကျပြီနော် (ကျပါပြီ)။

ကဲ တစ်ခါ အစေလကဿပက ဒုတိယပုစ္ဆာကို သူမေးပြန်တယ် (မှန်ပါ)၊ ရှင်ကြီးဂေါတမ ဒုက္ခသူတစ်ပါးပြု တာလားတဲ့၊ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့)။

ဒီဟာကော ပုံစံကြည့်ပါလား၊ သူတစ်ပါးပြုတာကောဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ အတိတ်ဘဝက အဝိဇ္ဇာ သင်္ခါရကပြုလိုက်လို့ ဒီဘဝဒုက္ခသစ္စာဖြစ်တာ၊ ဒါသူတစ်ပါးလို့ ဆိုလို့ရရဲ့လား (မရပါ ဘုရား) ဘာပါလိမ့် ဒါဖြင့် (အဝိဇ္ဇာ သင်္ခါရပြုလုပ်လိုက်တာပါ)။

အဝိဇ္ဇာသင်္ခါရကပဲ တစ်နည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်ပဲ (မှန်ပါ) တစ်နည်းအားဖြင့် သမုဒယ သစ္စာပဲ (မှန်ပါ) မဟုတ်ဘူးလား (မှန်ပါ) သူပြုလိုက်တဲ့အခါကျတော့ကို ဒကာ ဒကာမတွေ ဒုက္ခသစ္စာကြီး ပေါ်မလာဘူး လား (ပေါ်လာပါတယ်)။

သူတစ်ပါးပြုတာကော ဟုတ်သေးရဲ့လား

ဒါဖြင့် သူတစ်ပါးပြုတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အကြောင်းကြောင့် အကျိုး ဖြစ်တာပဲ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (အကြောင်းကြောင့် အကျိုးဖြစ်တာပါ ဘုရား) အကြောင်းကြောင့် အကျိုး ဖြစ်တာပဲဆိုတာ ဒကာ ဒကာမတွေ ကိုယ့်ပဋိစ္စသမုပ္ပါဒ်လဲ ကိုယ်ကြည့်ပါ၊ ဒီတရားက အကြောင်းတရား (မှန်ပါ့) ကြည့်ပါလား၊ အတိတ် အကြောင်းတဲ့ (မှန်ပါ) ဒီက ပစ္စုပ္ပန်အကျိုးလို့ မပါဘူးလား (ပါ-ပါတယ်) အဲဒီတော့ အကြောင်းသမုဒယကြောင့် အကျိုးဒုက္ခဖြစ်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒုက္ခ သူတစ်ပါးပြုတာလား ဒကာကြွယ် (မဟုတ်ပါ ဘုရား) အကြောင်းကြောင့် (အကျိုးဖြစ်တာပါ ဘုရား) အဲ အဝိဇ္ဇာသင်္ခါရကြောင့် ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဖြစ်ပါတယ်၊ အခု ခန္ဓာငါးပါး ဖြစ်ပါတယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒုက္ခကို သူတစ်ပါးပြုတာလဲ မဟုတ်ပါဘူး (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် ပဋိစ္စ သမုပ္ပါဒ် အကျိုးဖြစ်ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ) အကြောင်းအကျိုးပဲရှိတာကို မိမိ သူတစ်ပါးလုပ်နေလို့တော့ ဖြစ်မယ်မဟုတ်ပါဘူး (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

အကျိုးကျေးဇူး ခံစားမှုကလေး ပြောပါဦးမယ်

ကောင်းပြီ ဒါဖြင့် ပုစ္ဆာနှစ်ခုစလုံးမှာ ဘယ်လိုစင်ကြယ်သွားသတုန်းဆိုတဲ့ ဒကာ ဒကာမတွေ အကျိုးကျေးဇူး ခံစားမှုကလေး ပြောပါဦးမယ် (မှန်ပါ)။

ဒုက္ခသူတစ်ပါးပြုတယ် ဆိုတော့ ပြုတဲ့သူကတခြား၊ ခံတဲ့လူကတခြား (မှန်ပါ) ဒါဖြင့် ပြုတဲ့သူကတခြား ခံစားရတဲ့လူက တခြား (မှန်ပါ)။

ဒီလိုဆိုတော့ အကြောင်းအကျိုး ပြတ်မသွားဘူးလား (ပြတ်သွားပါတယ်) ပြုတဲ့လူကတခြား (မှန်ပါ) ခံတဲ့လူက ကော (တခြားပါ ဘုရား) ဘာဒိဋ္ဌိဖြစ်သတုန်း (ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားပါတယ်) ဟော ဒကာကြွယ် ပေါ်လာပလား (ပေါ်လာပါ ပြီ)။

ဘယ်ဒိဋ္ဌိဖြစ်သွားသတုန်း (ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား) အခုတော့ သူတစ်ပါးပြုတယ်ဆိုရင် (ဥစ္ဆေဒဒိဋ္ဌိ ပါ ဘုရား)။

ပြုတဲ့လူက ပြတ်သွားပြီ (မှန်ပါ) ခံတဲ့ပုဂ္ဂိုလ်က ခံဆဲ (မှန်ပါ) အဲဒါပြုတဲ့လူက တစ်ယောက်၊ ခံရတဲ့လူက (တစ်ယောက်ပါ ဘုရား) အဲဒါလဲ ပဋိစ္စသမုပ္ပါဒ် နားမလည်မှု (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာနားမလည်မှုပါလိမ့် (ပဋိစ္စသမုပ္ပါဒ် နားမလည်မှုပါ ဘုရား) သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့၊ သေသေချာချာမှတ်ပါ၊ ဒီဥစ္စာ တော်တော်အရေးကြီးတဲ့ စကားဆိုတာ (မှန်ပါ)။

အခုတော့ နောက်ဒိဋ္ဌိကတော့ ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ)၊ ဥစ္ဆေဒဒိဋ္ဌိဆိုတော့ ဒီအကြောင်းနဲ့ ဒီအကျိုး မဆက်တော့ဘူး (မဆက်တော့ပါ ဘုရား) ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

ကြည့်ပါလား၊ ဒီအကြောင်းသာလုပ်ရင် ဟောဒီမြားက ပြထားတယ်၊ ဒီအကျိုးဆက်ရမယ် (မှန်ပါ) မဆက်ရပေ ဘူးလား (ဆက်ရပါတယ် ဘုရား)။

အကြောင်းနဲ့အကျိုး ဆက်တာ

ကဲ-အဲဒါအကြောင်းနဲ့အကျိုး ဆက်တာကိုပင်လျှင် ဒကာ ဒကာမတို့ မဆက်တဲ့အဓိပ္ပါယ် ယူထားတယ် (ယူပါ တယ် ဘုရား)၊ သူတစ်ပါးပြုလို့ သူတစ်ပါးခံရတယ် (မှန်ပါ)၊ ပြုတဲ့ပုဂ္ဂိုလ်ကလဲ သူတစ်ပါး (မှန်ပါ) ခံတဲ့ပုဂ္ဂိုလ်ကလဲ (သူတစ်ပါးပါ ဘုရား)။

ဒါဖြင့် သူတစ်ပါးဆိုတော့ ပြုတဲ့ပုဂ္ဂိုလ်ကတစ်ယောက်၊ ခံတဲ့ပုဂ္ဂိုလ်က (တစ်ယောက်ပါ ဘုရား) ကဲ-အကြောင်း အကျိုးဆက်သေးရဲ့လား (မဆက်ပါ ဘုရား) မဆက်ရင်ဘာဒိဋ္ဌိတုန်း (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက နားမလည်တော့ကို သူတစ်ပါးပြုလို့ သူတစ်ပါးခံရတယ်၊ ပြုတဲ့လူက သူတစ်ပါး၊ ခံတဲ့လူက (သူတစ်ပါးပါပဲ)။

အခုတော့ ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါပြီတဲ့ ယနေ့ (မှန်ပါ) ဪ ဒီသမုဒယသစ္စာ လုပ်လို့ရှိရင်ဖြင့် ဒီဒုက္ခသစ္စာတော့ ပေါ်လာမှာပဲ၊ အကြောင်းအကျိုးဆက်တယ် (ဆက်ပါတယ် ဘုရား) မြားကလေးက ဘာပြတာတုန်း (ဆက်တာကိုပြပါ တယ်) အကြောင်းနဲ့အကျိုးဆက်တယ် သမုဒယနဲ့ ဒုက္ခသစ္စာနဲ့ ဆက်တယ်လို့ပြတာ (မှန်ပါ)။

သူတစ်ပါးပြုလို့ သူတစ်ပါးခံရတာလားတဲ့၊ အကြောင်းကြောင့် အကျိုးပေါ်တာလား၊ (အကြောင်းကြောင့် အကျိုးပေါ်ပါတယ်) ဒီလိုသိသွားတော့ ဘယ်ဒိဋ္ဌိစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်)။

အစေလကဿပက ဒုတိယပုစ္ဆာကို မေးလိုက်ပါတယ်၊ အရှင်ကြီးဂေါတမ ဒုက္ခသူတစ်ပါး ပြုတာလားလို့မေး တော့ ဘုရားက ဘယ့်နှယ်ဖြေသတုန်း (မဟုတ်ပါဘူးတဲ့)၊ မဟုတ်ပါဘူးဆိုတာ ဒကာ ဒကာမတွေ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒုက္ခသစ္စာကြီး ဘယ်သူပြုတာပါလိမ့်

ဒီဒုတိယပုစ္ဆာဖြစ်တဲ့ ဒုက္ခသစ္စာကြီး ဘယ်သူပြုတာပါလိမ့် (အဝိဇ္ဇာသင်္ခါရပါ ဘုရား) အဝိဇ္ဇာသင်္ခါရ တည်းဟူ သော အကြောင်းကပြုလိုက်တယ် (မှန်ပါ) ဆိုတော့ သူတစ်ပါးပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပထမပုစ္ဆာမဟုတ်ကြောင်းသိလို့ရှိရင် သဿတဒိဋ္ဌိစင်တယ် (မှန်ပါ) ဒုတိယပုစ္ဆာမေးတဲ့ အတိုင်း မဟုတ်ပါဘူးလို့ ကိုယ့်ဉာဏ်ထဲမှာ ထင်ကြလို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိသေပါတယ် (မှန်ပါတယ်) ရှင်းပလား (ရှင်းပါပြီ) ဒကာကြွယ် နေရာကျပလား (ကျပါပြီ)။

ကောင်းပြီ ဒါဖြင့် တတိယပုစ္ဆာကို ကူးကြပါစို့ ဒကာ ဒကာမတို့နော် (မှန်ပါ) တတိယပုစ္ဆာက ဘယ်လိုမေးသတုန်း ဆိုတော့ ရှင်ကြီးဂေါတမတဲ့ ဒုက္ခကို မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလားလို့ မေးလိုက်ပါတယ် (မှန်လှပါ ဘုရား) ဘုရားက ဘယ့်နှယ်ဖြေသတုန်း (မဟုတ်ပါဘူးတဲ့)။

ဒီဟာ မိမိလဲမဟုတ်ဘူး (မဟုတ်ပါ ဘုရား) သူတစ်ပါးကော (မဟုတ်ပါ ဘုရား) အဝိဇ္ဇာသင်္ခါရပဲ (မှန်ပါ) (ဝါ) သမုဒယသစ္စာပဲ (မှန်ပါ) သူတို့တည်းဟူသော အကြောင်းကြောင့် ဒီဒုက္ခသစ္စာတည်းဟူသော အကျိုးတရားပေါ် တယ် (မှန်ပါ) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒါဖြင့် မိမိ သူတစ်ပါး နှစ်ဦးသားပြုတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။ ပဋိစ္စသမုပ္ပါဒ်အကြောင်း ကြောင့် အကျိုးဖြစ်တာ (မှန်ပါ ဘုရား)။

အဲဒီတော့ ဒကာကြွယ် စဉ်းစား၊ ဒကာသစ်တို့ စဉ်းစား၊ မောင်ဘသော်တို့စဉ်းစား၊ ဪ ပဋိစ္စသမုပ္ပါဒ် ဆရာပြောသလို ကိုယ်ကိုယ်တိုင် နားမလည်လို့ရှိရင် ဒီဒိဋ္ဌိတွေဟာ လူတိုင်းရှိနေမှာပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား) ဟင် (ရှိနေမှာပါ ဘုရား) ရှိနေရင်လဲ ဒိဋ္ဌိအပင်းခံနေပါတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ) အဲဒါကြောင့် ဒီဥစ္စာကြီးတို့ ရှေ့ပိုင်းမှာ ရှေးကတည်းက ဒီဥစ္စာပုံစံသာ မပြတယ်၊ အားလုံးဒကာသစ် ဟောတယ် (ဟောပါတယ် ဘုရား) အခုတော့ ပုံစံရပြန်တော့ ဒကာ ဒကာမတွေက ပိုမိုရှင်းတာပေါ့ (ရှင်းပါတယ် ဘုရား)။

နှစ်ဦးသား ပြုလုပ်လို့ရတာလား

ကဲ-ဒါဖြင့် မေးလိုက်တယ် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့ ခန္ဓာ ဒုက္ခသစ္စာကြီးကို မိမိသူတစ်ပါး နှစ်ဦးသား ပြုလုပ်လို့ရတာလား (မဟုတ်ပါ ဘုရား) ဘယ်သူ့ကြောင့်ပါလိမ့်၊ အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ) ဝိညာဏ်နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ရပါတယ် (မှန်ပါ) မိမိသူတစ်ပါး နှစ်ဦးသားပြုတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါနဲ့ပဲ သုံးပုစ္ဆာပြေသွားတယ် (ပြေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် လေးနံပါတ်ပုစ္ဆာကို သူမေးပြန်တယ်မဟုတ်လား (မှန်ပါ) ရှင်ကြီးဂေါတမ-ဒုက္ခသည် အလိုလို ဖြစ်တာလားဆိုတော့ အဟေတုကဒိဋ္ဌိနဲ့ မေးချတယ် (မှန်ပါ) ဒုက္ခအလိုလိုဖြစ်တာလားလို့ မေးလိုက်တော့ ဘုရားက ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါဘူးတဲ့)။

ကဲ-ဒကာ ဒကာမတွေ ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒီဒုက္ခသစ္စာဟာ အလိုလိုဖြစ်တာလား၊ အကြောင်းကြောင့် ဖြစ်တာလား (အကြောင်းကြောင့်ဖြစ်တာပါ ဘုရား) အလိုလိုကိုရှိရဲ့လား (မရှိပါ ဘုရား) အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယ ကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပေါ်ပါတယ် (မှန်ပါ) ဒကာကြွယ် နေရာကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် အားလုံး တရားတစ်ပွဲလုံးပဲ မေးပါတယ်၊ ဒကာ ဒကာမတို့ မိမိတို့ခန္ဓာက ဒုက္ခသစ္စာကြီးနော် (မှန်ပါ) မိမိသူတစ်ပါး နှစ်ဦးသားပြုခဲ့လို့ ပေါ်ရတာလားလို့ဆိုရင် ဘယ့်နှယ်ဆိုကြမလဲ (မဟုတ်ပါ ဘုရား) အဝိဇ္ဇာ သင်္ခါရမချုပ်လို့ပေါ်တာ (မှန်ပါ) အဝိဇ္ဇာသင်္ခါရသာ ချုပ်ကြည့်စမ်းပါ (မပေါ်ပါ ဘုရား) ဒုက္ခသစ္စာပေါ်ပါဦးမလား (မပေါ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ပုစ္ဆာလေးခု ဒကာကြွယ်ပြေပလား (ပြေပါပြီ ဘုရား)။

ဒိဋ္ဌိဟူသရွေ့ ပြုတ်ပြီ

ကဲ-ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ တရားနာရခြင်းသည် များစွာ အဖိုးတန်ပါတယ် (တန်ပါတယ်) သဿတဒိဋ္ဌိ လဲ (စင်ပါတယ်) ဥစ္ဆေဒဒိဋ္ဌိလဲ (စင်ပါတယ်) အဟေတုကဒိဋ္ဌိကော (စင်ပါတယ် ဘုရား) ပြုတ်ပြီ ဒိဋ္ဌိဟူသရွေ့ ပြုတ်ပြီ (မှန်ပါ)။

ဒိဋ္ဌိဟူသရွေ့ ပြုတ်ပါတယ် ဒကာ ဒကာမတို့ ကြိုးကြိုးစားစားနဲ့သာ ဖြစ်ပျက်အားထုတ်ပါ၊ မဂ်ရနိုင်ပါတယ် (မှန်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘဲနဲ့ အားထုတ်ရင်တော့ဖြင့် တာဝန်မခံနိုင်ဘူး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဉာဏ်ထဲမှာ ဒကာကြွယ် ဦးလှဘူးပြုတ်ပလား (ပြုတ်ပါပြီ ဘုရား) ဒုက္ခမိမိပြုတာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်ဗျာ (အဝိဇ္ဇာသင်္ခါရ ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာပါ) ဒုက္ခ သူတစ်ပါး ပြုတာလားမေးပြန်ရင် (မဟုတ်ပါ ဘုရား) ဘယ်သူပါလိမ့်မတုန်း (အဝိဇ္ဇာသင်္ခါရ ပဋိစ္စသမုပ္ပါဒ်ကြောင့်ပါ)။

ဒုက္ခကို မိမိ သူတစ်ပါး နှစ်ဦးသားပြုတာလားလို့ မေးပြန်တော့ကော (မဟုတ်ပါ ဘုရား) မဟုတ်ရင် ဘယ်သူ့ ကြောင့်ဖြစ်ပါလိမ့် (အဝိဇ္ဇာသင်္ခါရပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာပါ) အဝိဇ္ဇာသင်္ခါရဆိုတဲ့ သမုဒယသစ္စာကြောင့် (မှန်ပါ) ဒုက္ခဟာ အလိုလိုဖြစ်နေတာလား (မဟုတ်ပါ ဘုရား) ဘယ်သူကြောင့်ပါလိမ့် (အဝိဇ္ဇာသင်္ခါရကြောင့်ပါ)။

ဒီအဝိုင်းကြီးက သက်သေခံတယ် (မှန်ပါ) ဒါ့ကြောင့် ဒီဒုက္ခတွေ ပေါ်လာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်နားလည်လို့ ပြုတ်သွားပါတယ်

ဒကာကြွယ် သေပျော်ပြီဗျ (မှန်ပါ) အားလုံး ဒကာ ဒကာမတွေ အင်မတန် ဝမ်းမြောက်ဝမ်းသာရှိစရာ သိပ် ကောင်းတယ် (မှန်ပါ) ငါတို့သန္တာန်မှာဖြင့် ဒိဋ္ဌိဖြင့် ပြုတ်ပြီဟေ့ မဂ်ဉာဏ်ရဖို့ ဝိပဿနာ အလုပ်လုပ်ဖို့သာ အရေးကြီး တော့တယ် (မှန်ပါ)။

ရှေးကတော့ သဿတဒိဋ္ဌိက ခံတယ်၊ ဥစ္ဆေဒဒိဋ္ဌိကခံတယ်၊ အဟေတုကဒိဋ္ဌိကခံတယ်၊ မခံဘူးလား (ခံပါတယ် ဘုရား)။

ကိုင်း-ဒါဖြင့် ယနေ့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိဖြင့်ပြုတ်သွားပြီ (ပြုတ်သွားပါပြီ) ပြုတ်သွားပါပြီ၊ သဘောကျပလား (ကျပါပြီ) ဘာနားလည်လို့ ပြုတ်သွားပါလိမ့် (ပဋိစ္စသမုပ္ပါဒ်နားလည်လို့ ပြုတ်သွားပါတယ်)။

သူ့အကျိုး တယ်ကြီးပါလား ဒကာကြွယ် (မှန်ပါ) ပဋိစ္စသမုပ္ပါဒ် နားလည်လို့ပြုတ်တာနော် (မှန်ပါ) နားမလည်လို့ ရှိရင်ဖြင့် (မပြုတ်ပါ ဘုရား)၊ သူ့အကျိုး တယ်ကြီးပါကလားဆိုတာ ကောင်းကောင်းပေါ်လာပလား (ပေါ်ပါပြီ ဘုရား)။

အေး-ဒါကြောင့် ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ ကိုယ့်အိမ်ကိုယ့်ယာမှာ ထားလို့ရှိရင်ဖြင့် ရှင်းလင်းပြီးလို့ရှိရင်တော့ ဪ-ဒီဓမ္မဒေသနာကြောင့် တို့နားလည်ရတယ် (မှန်ပါ) ဒီဓမ္မစက်ဝိုင်းကြီး ကောင်းကောင်း နားလည်မှုကြောင့် တို့ ဒုက္ခခပ်သိမ်းငြိမ်းရတော့မယ်ဆိုတာ ဒကာ ဒကာမတို့ ဦးမာဒင်တို့ကိုလဲ အတော်ကျေးဇူးတင်ထိုက် ပါတယ် (မှန်ပါ) အတော် ကျေးဇူးတင်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။

နှစ်ဦးပေါင်းမှ ဒီတရားပွဲကြီး ကျေးဇူးပိုများတယ်

ဘုန်းကြီးက ဒီဥစ္စာကြီး ဘယ်လိုပင် ရေးတတ် မှတ်တတ် ချွတ်တတ်ငြားသော်လည်း ဒကာက တစ်ခါအားကြိုး မာန်တက်လုပ်ဦးမှကိုး (မှန်လှပါ) အားကြိုးမာန်တက် ဒကာက လုပ်ပြန်တော့လဲ ဘုန်းကြီးက အပြကို မရှင်းပြန်လို့ရှိရင်လဲ ဒီဥစ္စာမဝင်ပြန်ဘူး (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

အဲဒီတော့ နှစ်ဦးပေါင်းမှ ဒီတရားပွဲကြီး ကျေးဇူးပိုများတယ် (မှန်ပါ ဘုရား) ဘယ်လိုပါပြန်သတုန်းဆိုတော့ ထောင်တတ်တဲ့နား မပါတဲ့ပုဂ္ဂိုလ် ဘာပြောနေနေမသိဘူး (မှန်ပါ) ခင်ဗျားတို့ကလဲ ထောင်တတ်တဲ့ နားက ပါလာတော့ ကျွတ်တမ်းဝင်တတ်တဲ့နားက ပါလာတော့ သိပ်ကျေးဇူးများတယ် (မှန်ပါ)။

အဲဒီတော့ အသိသုံးပါးညီပြီ (ညီပါတယ် ဘုရား) အလှူပေးပုဂ္ဂိုလ်လဲရှိပြီ (မှန်ပါ) ဟောတတ် ပြောတတ်တဲ့ ပုဂ္ဂိုလ်လဲ (ရှိပါတယ် ဘုရား) ထောင်တဲ့နားကော (ရှိပါတယ် ဘုရား)။

အဲဒါကြောင့် ဒကာသစ် ဪ-ငါတို့ ကျွတ်မှ ကျွတ်နိုင်ပါ့မလားဆိုတဲ့ သံသယဝိစိကိစ္ဆာ အကုန်ဖျောက် (မှန်လှပါ ဘုရား) (ရှင်းပါပြီ ဘုရား)။

ကဲ-စတုတ္ထပုစ္ဆာလဲ ပြေသွားပြီ (မှန်ပါ) သူ ခြောက် ပုစ္ဆာမေးတာကို (မှန်ပါ) သို့ပေမယ့် နှစ်ခုကတော့ ဒီနေရာနဲ့ တယ်မဆိုင်လှလို့ အပိုပါပဲ (မှန်ပါ) ဘုရားကို သက်သက်စွပ်စွဲမေးတာပဲ (မှန်ပါ)။

ဒုက္ခဟာ မရှိဘူးလားလို့ မေးတယ်

ရှင်ကြီးဂေါတမတဲ့၊ ဒုက္ခဟာ မရှိဘူးလားလို့ မေးတယ် (မှန်ပါ) ဒကာ ဒကာမတွေက ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ် ဘုရား) ဒီခန္ဓာကြီးရှိနေကတည်းက ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဒီခန္ဓာထဲက ဘာပေါ်ပေါ် ပေါ်ချင် ရာပေါ်၊ ဝေဒနာပေါ်ပေါ်၊ သညာပေါ်ပေါ်၊ ခန္ဓာကြီးပေါ်ပေါ် ဘာပေါ်ပေါ် ဒုက္ခသစ္စာပေါ်တာပဲ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ)။

ကောင်းပြီ ဒါ ဒုက္ခသစ္စာပဲဆိုတာ သေချာပြီ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလား ဆိုတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရှိပါပြီ)။

ခင်ဗျားတို့လဲ သိပလား (သိပါပြီ) ခင်ဗျားတို့ ဒီခန္ဓာကြီးဟာ ရှိသလား၊ ဘာသစ္စာကြီးတုန်း (ဒုက္ခသစ္စာကြီးပါ ဘုရား) အင်း ဒုက္ခရှိတာကို ကိုယ်တိုင်သိပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားလို့မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရှိပါတယ်) ခင်ဗျားတို့ကော ဒုက္ခမရှိဘူးလားလို့မေးရင် (ရှိပါတယ် ဘုရား) ဘယ်သူပါလိမ့်ဗျာ (ဒုက္ခသစ္စာပါ ဘုရား) ဒီခန္ဓာကြီးပေါ့ (မှန်ပါ့)။

ဒုက္ခမရှိဘူးလား (ရှိပါတယ် ဘုရား) ဘယ်သူပါလိမ့်ဗျာ (ခန္ဓာငါးပါးပါ) ဒီခန္ဓာငါးပါးပဲ (မှန်ပါ) ဒီခန္ဓာငါးပါးကြီး ဟာ ပင်ကို ဒုက္ခသစ္စာ၊ သူက သီးပွင့်လာတာတွေကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာတွေပဲ သူက အနာပေါက်တယ်၊ သူကနေပြီး စိုးရိမ်တယ်၊

သူက ဗျာပါဒဖြစ်တယ်၊ သူက ရင်ထုတယ်၊ သူက မြေလူးတယ်၊ သူကြမ်းခုန်တယ် (မှန်ပါ) ဘာဖြစ်တာလဲဗျ (ဒုက္ခဖြစ်တာပါ ဘုရား)။

သောကပရိဒေဝတွေ ပေါ်လာ တာ၊ ဒီခန္ဓာထဲရှိတာ ပေါ်လာတာ (မှန်ပါ) ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် ဒုက္ခမရှိဘူးလားလို့မေးတော့ ဘယ့်နှယ်ဖြေကြမလဲ (ရှိပါတယ် ဘုရား)။

သစ္စာဉာဏ်နဲ့ နှလုံးသွင်းတဲ့အခါ

ခင်ဗျားတို့ ဒကာကြွယ်တို့က ဒီသစ္စာဉာဏ်နဲ့ နှလုံးသွင်းတဲ့အခါကျတော့ ဒကာသစ်တို့လူစုက အင်း-ငယ်ငယ် တုန်းက ဒုက္ခရောက်ခဲ့တယ်၊ ကြီးတော့ ဒုက္ခမရှိဘူး ပြောချင်ပြောနေတာ (မှန်ပါ)။

ငယ်ငယ်တုန်းက ဒုက္ခရောက်ခဲ့တယ် ဒကာကြွယ်တို့ ဒီအခြေအနေ မရောက်ခင်တုန်းက ဟင် (မှန်ပါ) အခုတော့ ဖြင့် ဒုက္ခမရှိဘူးလို့ဆိုမလား (ဆိုခဲ့ပါတယ် ဘုရား) အဲဒါ ခန္ဓာ ဒုက္ခသစ္စာမသိတာ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

အခုတော့ ငယ်ငယ်တုန်းကလဲ ဘာသစ္စာနဲ့နေခဲ့သလဲ (ဒုက္ခသစ္စာနဲ့ နေခဲ့ပါတယ် ဘုရား) ကြီးတော့လဲ (ဒုက္ခသစ္စာ နဲ့ နေခဲ့ပါတယ် ဘုရား)။

ဒါကို အလွဲသုံးစား ဒကာကြွယ်တို့က ငယ်ငယ်တုန်းကတော့ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ မပြောဘူးလား (ပြောပါတယ်) မောင်ဘသော်တို့လဲ ဒီအတိုင်းပြောမှာပဲ (ပြောပါတယ်) အခုတော့ဖြင့် ကျုပ်တို့ နည်းနည်းနေနိုင်ထိုင်နိုင် လို့ တော်သေးတယ်ဗျာဆိုတော့ အခုတော့ သုခသစ္စာဖြစ်လာသလို ပြောချင်ပြောနေတာ (မှန်ပါ) ဂွကျတဲ့လူတွေ ရိပ်မိပလား (ရိပ်မိပါပြီ)။

အခုလဲ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

အရင်တုန်းက ငယ်ငယ်တုန်းက အင်း ဇာတိဒုက္ခ၊ အခုတော့ ဇရာဒုက္ခသစ္စာ (မှန်ပါ) ရှေ့ဘာသစ္စာနဲ့ တွေ့ရ မလဲ (မရဏဒုက္ခသစ္စာပါ ဘုရား) အင်း အိုခြင်းဆိုးဒုက္ခကြီး တိုးလာတာတောင် အခုမှ တော်တယ်ပြောတော့ အတော် ရူးသေးတယ် (မှန်ပါ ဘုရား)။

သူငယ်မပြန်သင့်တာကို ပြန်နေတာ

ဒကာကြွယ်ကြီးမှပဲ နေသာထိုင်သာရှိလာတယ် ငယ်ငယ်တုန်းကတော့ ဒုက္ခပဲ၊ ကျုပ်ဖြင့် သေသာ သေလိုက်ချင် တာပဲ-တဲ့ (မှန်ပါ) ကြီးမှသာပြီး ဒုက္ခရောက်သေးတာ၊ ကြီးမှပျော်နေတယ် (မှန်ပါ) သူငယ်မပြန်သင့်တာကို ပြန်နေတာ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ပြန်သင့်လို့ပြန်တာလား (မပြန်သင့်ဘဲနဲ့ပြန်တာလား (မပြန်သင့်ဘဲနဲ့ ပြန်တာပါ ဘုရား)။

ဇရာဒုက္ခ အချိန်ကျမှ အခုမှ တော်ပေတော့တယ်ဆိုတော့ ကျုပ် အိုခြင်းဆိုး မဖြစ်သလိုပဲ (မှန်ပါ) ဂွကျလိုက်တာ ဦးလှဘူးရေ (ကျပါတယ် ဘုရား) ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ဗျ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ)။

ကိုင်း-ဒါဖြင့် ဒုက္ခတွေမရှိဘူးလား (ရှိပါတယ် ဘုရား) ဘာကို လက်ညှိုးညွှန်ကြမယ် (ဒီခန္ဓာကိုယ်လက်ညှိုး ညွှန်ရပါမယ်) ဒီခန္ဓာကိုယ်ကြီးက အကုန်ဒုက္ခသစ္စာ (မှန်ပါ) မယုံရင် ဉာဏ်နဲ့ကြည့်လိုက်၊ ဖြစ်လိုက်ပျက်လိုက်၊ ဒကာကြွယ် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ကဲ ဒုက္ခ ဘယ်အချိန်ရပ်သတုန်း (ဘယ်အချိန်မှ မရပ်ပါ ဘုရား) ဒါဖြင့် ဒုက္ခမရှိ ဘူးလားမေးတော့ ဘယ့်နှယ်ဖြေမလဲ (ရှိပါတယ် ဘုရား)။

ရှိတယ်ဆိုတာသိတော့ ဪ-နေရာကျလာပြီ၊ သစ္စာဉာဏ်ရလာပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ) သစ္စဉာဏ်ရပါပြီ (မှန်ပါ)။

ရှင်ကြီးဂေါတမ ဒုက္ခမသိဘူးလားတဲ့

ဒါနဲ့ အစေလကဿက ဆက်မေးတယ်နော်၊ ရှင်ကြီးဂေါတမ ဒုက္ခမသိဘူးလားတဲ့ (မှန်ပါ) ဟ-ငါသိတယ်ကွ တဲ့ (မှန်ပါ)။

ဒုက္ခမသိဘူးလားမေးတော့ ဘယ့်နှယ်ဖြေပါလိမ့် (သိပါတယ်ကွာ-တဲ့) သိတယ်လို့ဘုရားက ဖြေလိုက်တယ် (မှန်ပါ)။

ကဲ-သိရင်ပြောစမ်းပါတဲ့၊ ဒုက္ခသိရင် ပြောစမ်းပါဆိုတော့ အို-ဒီခန္ဓာငါးပါးဟာ ဒုက္ခသစ္စာတရားတဲ့ (မှန်ပါ) သဘောကျပလား (ကျပါပြီ) ခန္ဓာငါးပါးရှိလို့ အိုတာ နာတာကော (ရှိပါတယ် ဘုရား) ဘာသစ္စာတွေပေါ်သတုန်း (ဒုက္ခသစ္စာတွေ ပေါ်ပါတယ် ဘုရား) ပင်ကိုက ဒုက္ခသစ္စာ (မှန်ပါ) သူက ပျက်စီးရင်ကော (ဒုက္ခသစ္စာပါ ဘုရား) ဒါဖြင့် သူ့မှာ သူက ဖောက်ပြန်လာရင်လဲ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဖောက်ပြန်ပျက်စီးတာတွေရှိနေတာ ဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒုက္ခသစ္စာကြီး မငြိမ်းသရွေ့ကာလပတ်လုံး၊ ခန္ဓာမသိမ်းသရွေ့ ကာလပတ်လုံးဖြင့် ဘယ်တော့မှ နိဗ္ဗာန်မရဘူး (မရပါ ဘုရား)။

ခန္ဓာမသိမ်းသရွေ့ ကာလပတ်လုံး (နိဗ္ဗာန်မရပါ ဘုရား)၊ ဘယ်တော့မှ နိဗ္ဗာန်မရပါဘူးဆိုတာ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ) အဲ သူမသိမ်းသရွေ့ နိဗ္ဗာန်ဖြင့် (မရပါ ဘုရား) မရနိုင်ဘူးဆိုတာ သေချာ ပလား (သေချာပါပြီ)။

အဲ ဒကာသစ်တို့ ဝိပဿနာရှုတော့ ဒကာကြွယ်တို့ ဝိပဿနာရှုတော့ ဒုက္ခပျောက်ကဲ့လားဟေ့ဆိုတာ၊ ခန္ဓာ ပျောက်ကဲ့လားဟေ့လို့ မေးချင်လို့မဟုတ်ဘူး၊ ဒုက္ခသစ္စာ ပျောက်ကဲ့လားဟေ့ (မှန်ပါ) ခန္ဓာက ဘာသစ္စာတုန်း (ဒုက္ခ သစ္စာပါ) အဲဒါကြီး ချုပ်ပြီး သကာလ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာပေါ်လာမှ ဪ-ငါသည်ကားလို့ဆိုလို့ရှိရင် သောတာ ပတ္တိမဂ်ရပြီ (မှန်ပါ)။

ဒါကြောင့် ခန္ဓာပျောက်ကဲ့လား၊ ခန္ဓာပျောက်ကဲ့လားဆိုတော့ ဒုက္ခသစ္စာပျောက်ကဲ့လားလို့ မေးတာ (မှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ခန္ဓာပျောက်ကဲ့လားဆိုတာ ဘာပါလိမ့်

ခန္ဓာပျောက်ကဲ့လားဆိုတာ ဘာပါလိမ့် (ဒုက္ခသစ္စာပျောက်ကဲ့လား မေးတာပါ) ဒုက္ခသစ္စာပျောက်ကဲ့လားလို့ မေးတာနော် (မှန်ပါ)။

ကိုင်း-ဒါဖြင့် ယနေ့ တရားနာရတာ ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒုက္ခမသိဘူးလားလို့ အစေလကဿပကမေးတော့ ဒုက္ခသိတာပေါ့ကွာ-တဲ့၊ “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” ခန္ဓာကိုယ်တစ်ခုလုံးဟာ ဒုက္ခအစုကြီးပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ)။

ဪ-ဒါဖြင့် ဘုရားဟာ ဒုက္ခ သိတာပေါ့ (မှန်ပါ) ရှင်ကြီးဂေါတမ ဒုက္ခမသိဘူးလား မေးတော့ ဘုရားဘယ့်နှယ် ဖြေသလဲ (သိပါတယ်ကွာ-တဲ့) နို့ ခင်ဗျားတို့ကော သိပလား (သိပါတယ် ဘုရား)

သိလို့ရှိရင်ဖြင့် ခင်ဗျားတို့ ဒုက္ခသိတဲ့ အချိန်ကစပြီး သစ္စာဉာဏ်ရသောကြောင့် ဒီဒုက္ခဆုံးအောင်သာ လိုက်ကြ (မှန်ပါ) ဒီဒုက္ခဆုံးလို့ရှိရင်ဖြင့် နိဗ္ဗာန်ပါပဲ (မှန်ပါ)။

ဒုက္ခဆုံးလို့ရှိရင် (နိဗ္ဗာန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

ဒုက္ခဆုံးရင် (နိဗ္ဗာန်ပါ ဘုရား) ဪ-နိဗ္ဗာန်ဆိုတာ ဘယ်မှာနေပါလိမ့် (ဒုက္ခအဆုံးမှာပါ ဘုရား) ဒုက္ခအဆုံးမှာ ရှိတယ် (မှန်ပါ)။

ဒုက္ခဆုံးအောင် လိုက်ကြစမ်းပါ

ဒုက္ခဿ အန္တံ ကရိဿတိ၊ ဒုက္ခဿ=ဒုက္ခ၏၊ အန္တံ-အဆုံးကို၊ ကရိဿတိ=မျက်မှောက်ပြုနိုင်လတ္တံ့၊ ခင်ဗျားတို့ ဝိပဿနာသာ အားထုတ်ပါတဲ့၊ ဒုက္ခအဆုံးကို မျက်မှောက်ပြုနိုင်ပါတယ်တဲ့ (မှန်ပါတယ် ဘုရား)

သေချာပါတယ်လို့ ဘုရားက သေသေချာချာ အရုဏဝတီသုတ်မှာ ဟောပါတယ် (မှန်ပါ)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တရားအားထုတ်တဲ့အခါ ဒုက္ခဆုံးအောင် လိုက်ကြစမ်းပါ (မှန်ပါ) ဖြစ်ပျက် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ)၊ အဲဒါဆုံးသွားရင် ဘာသစ္စာဆိုမလဲ (နိရောဓသစ္စာပါ)၊

နိရောဓသစ္စာဆိုရင် နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ခန္ဓာထဲမှာ ရှိတာတွေကို ခင်ဗျားတို့ ဝေဒနာရှုရင်လဲ ဝေဒနာနဲ့တကွ အကုန်ပျောက်မယ် (မှန်ပါ) စိတ်ရှုရင် စိတ်နဲ့တကွ (အကုန်ပျောက်ပါမယ်)။

အဲဒီ ဒုက္ခတွေ အကုန်ပျောက်သွားရင် နိဗ္ဗာန်ဟာ ပေါ်လာတယ် (မှန်ပါ ဘုရား) ဘယ်အချိန်ကျမှ ပျောက်မလဲလို့ မေးတော့ ဒုက္ခရယ်လို့ ဧကန်သိ တကယ်သိရင် ပျောက်ပါတယ် (မှန် ပါတယ် ဘုရား)

မသိသေးလို့ ဒါကြီးရှိနေတာ တော်သေးရဲ့ဆိုပြီး သာယာနေတဲ့တဏှာရှိရင် ဒကာကြွယ် ဘယ်တော့မှ မချုပ်ဘူး (မှန်ပါ) သာယာတဲ့တဏှာလဲ ကင်းပါရော ဒီဒုက္ခဟာ ဘာဖြစ်သွားသလဲ (ချုပ်သွားပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မသိလို့

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ပဋိစ္စသမုပ္ပါဒ်ကို ညွှန်ပြတာပဲ (မှန်ပါ) အစေလကဿပတဲ့၊ ဒုက္ခကို မိမိပြုတယ်ဆိုတာလဲ ပဋိစ္စသမုပ္ပါဒ်မသိလို့ (မှန်ပါ) သူများပြုတယ်ဆိုတာကော (ပဋိစ္စသမုပ္ပါဒ် မသိလို့ပါ ဘုရား) ဒုက္ခသည် မိမိသူတစ်ပါး နှစ်ဦးသားပြုလို့ ပေါ်လာတာလို့ ထင်နေလို့ရှိရင်လဲ (ပဋိစ္စသမုပ္ပါဒ်မသိလို့ပါ ဘုရား) ဒုက္ခအလိုလို ဖြစ်တယ်လို့ထင်ရင်လဲ (ပဋိစ္စသမုပ္ပါဒ်မသိလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခရှိတာကော သိပလား (သိပါပြီ) ရှိလဲရှိတယ်၊ သိလဲသိတယ် (မှန်ပါ) ရှိလဲရှိတာ က ခန္ဓာ၊ သိလဲသိတာက ဉာဏ် (မှန်ပါ)။

ရှိလဲရှိတာက (ခန္ဓာပါ) သိလဲသိတာက (ဉာဏ်ပါ ဘုရား)။

ဪ-ဒါဖြင့် ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ခင်ဗျားတို့သန္တာန်မှာ လောကီသဘောနဲ့ ပေါ်ပါပြီ (မှန်ပါ ဘုရား)။

ဒုက္ခသစ္စာနဲ့ (မဂ္ဂသစ္စာ လောကီသဘောနဲ့ ပေါ်ပါပြီ ဘုရား) လောကီဘက်မှာ အထမြောက်တယ် (မှန်ပါ)။

အဲဒါ လောကုတ်ဖြစ်အောင်ဆိုတော့ ဒကာသစ် ပွားယူရင် လောကုတ်ဖြစ်တယ် (မှန်ပါ)။

ပွားများယူရင် (လောကုတ်ဖြစ်ပါတယ်) လောကုတ်ဖြစ်တာပဲဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒီနေ့ ဒိဋ္ဌိဘယ်နှစ်မျိုးစင်ပါလိမ့် (သုံးမျိုးစင်ပါတယ် ဘုရား) သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ ရှင်းပလား (ရှင်းပါပြီ)။

ဒိဋ္ဌိစင်ပြီးရင်ဖြင့် ဖြစ်ပျက် ဝိပဿနာလုပ်ပါတော့

ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိစင်ပြီးရင်ဖြင့် ဖြစ်ပျက် ဝိပဿနာလုပ်ပါတော့ မရမရှိပါဘူးဆိုတာကိုဖြင့် ဒကာကြွယ် တာဝန်ခံထားတယ် (မှန်ပါ ဘုရား)။

ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရောက်လာရင် ဖြစ်ပျက်လုပ်ဟေ့၊ အနိစ္စရှုကွဆိုရင် ဘယ်တော့မှ မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ)။

ဘာကြောင့် မရပါလိမ့်မတုန်း မေးရင်တော့ အဖြေတွက်တတ်ပလား (ဒိဋ္ဌိခံနေလို့ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် နားမလည်သောကြောင့် ဒိဋ္ဌိကျန်နေတယ် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်နားမလည်သောကြောင့် (ဒိဋ္ဌိကျန်နေပါတယ် ဘုရား) ဒိဋ္ဌိကျန်နေရင် ဘယ်တော့မှ မရဘူးလို့မှတ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ)။

ကဲ နာရီစေ့ပြီ ယနေ့ တော်ကြစို့။

သာဓု …သာဓု …သာဓု။