13707

မာတိကာသို့

အဝိဇ္ဇာဖုံးမှု ငါးချက် (၁)

အသံဖိုင်ခေါင်းစဉ်= အမှောင်း(၅)စင်း အလင်း(၅)ချက် အမှတ်(၂)

စာအုပ်ထဲမှခေါင်စဉ်= အဝိဇ္ဇာဖုံးမှု ငါးချက် (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ဟောကြားတော်မူသော

အဝိဇ္ဇာဖုံးမှု ငါးချက် (၁)

အလုပ်ပေးတရားတော်

(၅-၅-၁၉၆၁)

အဝိဇ္ဇာဆိုတာ သစ္စာလေးပါးမသိတာ

အဝိဇ္ဇာဆိုတာ အကျဉ်းချုပ်တော့ဖြင့် သစ္စာလေးပါးမသိတာလို့ မှတ်ထားလိုက်ကြစမ်းပါ၊ အကျယ်ချဲ့ပြီး သကာလ ဘုရားဟောတော် မူတာကို အရှင်ဘုရား ပြောပါဆိုလို့ရှိရင်ဖြင့် မသိကောင်းတာကို သိတာ အဝိဇ္ဇာ။ သိကောင်းတာကို မသိတာ အဝိဇ္ဇာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

မသိကောင်းတာကို သိတာက (အဝိဇ္ဇာပါ) သိကောင်းတာကို မသိတာက (အဝိဇ္ဇာပါ) ဪ တယ်ဆိုးတဲ့ တရားပါကလားဆိုတာ ပေါ်ကြပြီလား (ပေါ်လာပါပြီ)။

ဘယ်လောက်အရုပ်ဆိုးတဲ့ တရားလဲဆိုတာ ဒကာ ဒကာမတို့ သိရောပေါ့ဗျာ (သိပါပြီ ဘုရား)၊ မသိကောင်းတာ ကျတော့ သူကသိလိုက်တာလွန်လို့။

သိကောင်းတာ ကျတော့လဲ လုံးဝမသိဘူးဆိုတာ အင်မတန်ရုပ်ဆိုးအကျည်းတန်ပြီး သကာလ နေတဲ့တရားကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သော်လည်းကောင်း၊ ဘုရား၏ တပည့်သားများက သော် လည်းကောင်း၊ ကယ်တင်မှု မရှိရင်ဖြင့် မသိကောင်းတာကို သိနေပြီး သိကောင်းတာကို လုံးဝရှောင်ကွင်းလိမ့်မယ်လို့ မှတ်ထားကြစမ်းပါ (မှန်ပါ)။

ဘယ်လောက်ဆိုးတဲ့ တရားလဲဆိုတာပေါ်ကြပြီလား (ပေါ်ပါပြီ)။

မသိကောင်းတာ သိထားတာ

ကောင်းပြီ ဒါဖြင့် အခုထင်ထင်ရှားရှား ပြောကြပါစို့ဆိုရင်ဖြင့် ဥပမာ- ငါးတွေထောင်တဲ့ ပိုက်ကွန်တွေ ဘာတွေ၊ ငါးကို မမိ-မိအောင် ဖမ်းနိုင်တဲ့ ခဲတွေဘာတွေ ဆွဲပြီး သကာလ ပိုက်တွေဘာတွေ ထိုးကြတဲ့ ဉာဏ်တွေဟာ ကိုစောမောင် မသိကောင်းတာကို သိထားတာ (မှန်ပါ့)။ သဘောကျပြီလား (ကျပါပြီ)။ အဲဒါဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။

အခုအနောက်နိုင်ငံမှာ ဖြစ်နေတဲ့ အဏုမြူတွေဟာ သတ္တဝါတွေ သေရာသေကြောင်းကို သူတို့ဓာတ်တွေ ဖမ်းနိုင်တယ်၊ အသုံးချနိုင်တယ်ဆိုတဲ့ ဥစ္စာတွေဟာ မသိကောင်းတာ သိထားတာ (မှန်ပါ့)၊ အဲဒါကို ဘာဆိုကြမလဲ (အဝိဇ္ဇာပါ ဘုရား)။

အခုနောက်နိုင်ငံမှာဖြစ်နေတဲ့ အဏုမြူတွေဟာ သတ္တဝါတွေ သေရာသေကြောင်းကို သူတို့ဓာတ်တွေ ဖမ်းနိုင် တယ်၊ အသုံးချနိုင်တယ်ဆိုတဲ့ ဥစ္စာတွေဟာ မသိကောင်းတာသိတာ (မှန်ပါ)။ အဲဒါကို ဘာဆိုကြမလဲ (အဝိဇ္ဇာပါ ဘုရား)။

အဲဒီတော့ အဝိဇ္ဇာဟာ ဒကာ ဒကာမတို့ သူကြီးပွားလာတယ်ဆိုတာဟာ မောင်နိုင်တို့၊ ကိုစံလှတို့ အထူးပြော ဖို့မလိုတော့ဘူး (မှန်ပါ့ ဘုရား)။

ဘုရားသာသနာတော်ကြီး ဆုတ်ဆုတ်-ဆုတ်ဆုတ်သွားလေလေ ခင်ဗျားတို့ ကျုပ်တို့အပေါ်လောကဓာတ်က ထက်လေလေဆိုတာ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာတည်းဟူသောတရား ထက်မြက် ထက်မြက်လာတာကို တွေ့လို့ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ သူတို့ အနောက်နိုင်ငံသားတွေဟာတယ်ပြီး ဉာဏ်ကောင်းတယ်လို့ ဒီလိုမယူလိုက်ပါနဲ့ မောင်နိုင် (မှန်ပါ့)၊ မသိကောင်းတာကို သိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား)။

အဲ ရှေးကလူသတ်ကြောင်းကို ဒါလောက် ထက်ထက်မြက်မြက် သူတို့သိပါရဲ့ လား (မသိပါဘူး)၊ အခုတော့ အဏုမြူတွေဖမ်းပြီး သကာလ ကောင်းကင်က နေပြီး ဗုံးထဲထည့်ခွဲရလို့ရှိရင်ဖြင့် မည်သူမှ မကျန်ဘူး၊ အကုန်သေနိုင်တယ်ဆိုတဲ့ ဉာဏ်ဟာ ကိုစောမောင်ရသွားပြီ (မှန်ပါ့)၊

ဒါဟာ သာသနာနောက်ဆုတ်တယ်ဆိုတဲ့ အကြောင်းကိုလဲ ခင်ဗျားတို့ အခုအမြင်အထင်အားဖြင့် မသိကောင်းတာ သိတဲ့ အဝိဇ္ဇာထက်မြတ်လာတယ်ဆိုတာ သိကြပေတော့ (မှန်ပါ့)။ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မသိကောင်းတာ သိတာကို ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ)။

သိကောင်းတာ မသိတာ

သိကောင်းတာ မသိတာကတော့ဖြင့် သစ္စာသိမှ နိဗ္ဗာန်ရောက်မှာ။ သစ္စာကျတော့ အခုဒီမှာ ဆရာကောင်း သမားကောင်းတွေ့လို့သာ ကြားကြသိကြရသေးတာကိုး ကိုစောမောင် (မှန်ပါ့)။ တစ်ချို့နေရာမှာ ရှိလိမ့်မယ်များ ကိုစောမောင်ထင်သလား (မထင်ပါဘူး ဘုရား)။ မထင်နဲ့တော့ ကွယ်ကိုနေပါတယ် (မှန်ပါ့)။

အဲဒါအင်မတန်ကံကောင်း အကြောင်းသင့်ပြီး ကိုစံလှတို့ ကြုံကြဆုံကြတယ် မှတ်ရမယ်နော် (မှန်ပါ့) သိကောင်း တာကို ကျုပ်တို့သိရသေးတယ် (မှန်ပါ)။

အနောက်နိုင်ငံ ဘာတွေမှာဆိုတော့ အခုအပြိုင်အဆိုင်လုပ်နေကြတာသည် မသိကောင်းတာသိဖို့ ကြိုးစားနေ ကြတာ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ)။

ဒါဖြင့် အဝိဇ္ဇာသည်ကားလို့ဆိုရင် ယနေ့ပြောတဲ့ အဓိပ္ပာယ်ဟာ မသိကောင်းတာသိတာ အဝိဇ္ဇာ၊ သိကောင်းတာ ကိုမသိတာလဲ (အဝိဇ္ဇာပါ ဘုရား)။

မိစ္ဆာဉာဏ်

ဪ အဝိဇ္ဇာဟာ တယ်စွမ်းရည်သတ္တိ ထက်ပါကလား ဆိုတော့ သေသေချာချာ ခင်ဗျားတို့ မှတ်ကြလော့၊ အတိုကောက်နာမည်နဲ့ပြောလိုက်တယ်၊ မိစ္ဆာဉာဏ်လို့မှတ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (မိစ္ဆာဉာဏ်ပါ ဘုရား) မိစ္ဆာဉာဏ်လို့ ဒကာ ဒကာမတွေက မှတ်လိုက်တော့ အခုကျောက် တွေဘာတွေအမျိုးမျိုး အဖုံဖုံ ရောင်းကြ ဝယ်ကြ ပယောဂတွေဝင်ပြီး သကာလ ဉာဏ်ကွန့်ပြီး လုပ်ကြကိုင်ကြတာတွေလဲ ရှိသေးတာပေါ့၊ ဒါတွေလဲ ဘာဉာဏ်လို့ ခေါ်ကြမလဲ (မိစ္ဆာဉာဏ်ပါ ဘုရား) မိစ္ဆာဉာဏ်ဆိုတော့ တရားကိုယ်ကောက်လိုက် တော့ မသိကောင်းတာ၊ မလုပ်ကောင်းတာကို လုပ်တတ်သိတဲ့ အဝိဇ္ဇာပဲ (မှန်ပါ)။ သိကောင်းတာ လုပ်ကောင်းတာကို တော့မသိ၊ မလုပ်တတ်တာဘဲလို့ ကိုစံလှ သေသေချာချာ မှတ်စမ်းပါ (မှန်ပါ)။ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဪ တယ်ဆိုးပါကလား ဒကာ ဒကာမတို့။ ဒီလိုပြောလိုက်ရင် ဒီလိုဆိုလိုက်ရင် ဒီလူဟာပါလာရဲ့။ ဒီလို ရောင်းသွားတယ်၊ ဒီလိုဝယ်သွားတယ်ဆိုတဲ့ ဉာဏ်တွေဟာလဲ ကိုစောမောင် ဘာထင်သတုန်း (အဝိဇ္ဇာပါ ဘုရား)။ မိစ္ဆာဉာဏ်လေဗျာ။ မိစ္ဆာဉာဏ်ဆိုတာကတော့ အဝိဇ္ဇာပဲ မဟုတ်လား (မှန်ပါ့)။ ဒါတွေက မထွန်းကားဘူးလား၊ထွန်းကား သလား၊ အကဲခတ်ကြပါ (ထွန်းကားပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မသိကောင်းတာ သိတာက ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ)။ သိကောင်းတာ မသိတာက ရော (အဝိဇ္ဇာပါပဲ)။

အဝိဇ္ဇာဆိုတာ

“အဝိန္ဒိယံ ဝိန္ဒိတိ ဝိန္ဒိယံ နဝိန္ဒိတိကိ အဝိဇ္ဇာ”

လို့ဆိုထားတော့ မသိကောင်းတာ သိတာ အဝိဇ္ဇာ၊ သိကောင်းတာကိုမသိတာ အဝိဇ္ဇာဆိုတော့ ကျုပ်တို့ ခင်ဗျားတို့မှာ အခုထိုက်သင့်တဲ့ ပုဂ္ဂိုလ်တွေလောက်ပဲ သိကောင်းတာ သိနေသေးတာကိုးဗျ။

ဒီ့ပြင်ဟာတွေကဖြင့် လောက၌လည်တယ်ဆိုတာ ကိုစောမောင် အကဲခတ်လိုက်စမ်းပါ။ မသိ ကောင်းတာ သိတာချည်းပဲ (မှန်ပါ့)။ လောကမှာ သူများ မျက်ခုံးမွှေးပေါ်မှာ လမ်းလျှောက်သွားနိုင်တယ် ဆိုတဲ့ဉာဏ်တွေ ဟာ ဘာခေါ်ကြမလဲ။ (မသိကောင်းတာ သိတာပါ ဘုရား)။

မသိကောင်းတာ သိတော့ တရားကိုယ် ကောက်လိုက်တော့ ဘာရသတုန်း (မောဟပါ ဘုရား)။ အဲဒီအဝိဇ္ဇာသမားတွေဟာ ယခုအခါမှာ မောင်နိုင်တို့ အချီးမွမ်း ခံနေရတယ်(မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဘာသမားကို လူချီးမွမ်းနေကြသတုန်း (အဝိဇ္ဇာသမားကို ချီးမွမ်းနေကြပါတယ်)။ ချီးမွမ်းတဲ့သူကလဲ ဒကာ ဒကာမတွေ သူကလဲ အဝိဇ္ဇာသမားပဲ (မှန်ပါ) ဟိုကလဲ သူ့ထက် ထက်တဲ့ အဝိဇ္ဇာနဲ့ လမ်းသွားနေတယ်လို့ ကိုစောမောင် ဆိုလိုက်ပါတော့ (မှန်ပါ)။

ချီးမွမ်းတဲ့လူကလဲ အဝိဇ္ဇာနဲ့မသိလို့ ချီးမွမ်းတာပဲမဟုတ်လား (မှန်ပါ့)။ ထိုပုဂ္ဂိုလ်ကလဲ သူ့ထက်ထက်တဲ့ အဝိဇ္ဇာနဲ့ သူများမျက်ခုံးမွေးပေါ် စကြႍလျှောက်သွားနေတယ်ဆိုတဲ့ ဥစ္စာလဲ လက်ခုပ်တီးတဲ့လူလဲအဝိဇ္ဇာ ပဲ။ ဟိုပုဂ္ဂိုလ်ကလဲ သူ့ဟာနဲ့သူ ဘဝင်မြင့်နေတာကလဲ ဘာဆိုကြမလဲ (အဝိဇ္ဇာပါ)။

အမိုက်မှာ ထက်မြက်လွန်းလို့

ဘယ်လောက်များ ကြောက်စရာကောင်းတယ်ဆိုတာ ပေါ်ကြပြီလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ ဘုရား)။ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိဟာ ထက်လွန်းလို့၊ မိုက်လွန်းအားကြီးလို့ အမိုက်မှာ ထက်မြက် လွန်းလို့ အားလုံးပဲ ကိုပေါ်တို့ လူစုပြောလို့ မကုန်အောင်ဘဲ သူ့အဓိပ္ပာယ်ဟာ များပါတယ် (မှန်ပါ ဘုရား)။ ဘယ်လောက်ဆိုးတဲ့ တရားဆိုတာ သိကြ ပြီလား ဒကာ ဒကာမတို့ (သိပါပြီ ဘုရား)။

အဲဒီတော့ အဝိဇ္ဇာလက်အောက်မှာ ဒကာ ဒကာမတွေက နေကြတော့ အဝိဇ္ဇာဟာ မုဆိုးမွေးထားတဲ့ ယဉ်နေတဲ့ တောသမင်မနဲ့တူတယ်တဲ့ (မှန်ပါ)။ ဒကာ ဒကာမတို့ မုဆိုးမွေးထားတဲ့ ယဉ်ကျေးနေတဲ့ တောသမင်မဲ့တူတယ်တဲ့ (မှန်ပါ)။

ဒီတောသမင်မက-သမင်လဲဖြစ်ပြီး သကာလ နေပြန်တော့ မုဆိုးကလဲမွေးထားပြန် (မှန်ပါ)၊ မုဆိုးဆိုတာက သေမင်းလို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)၊ သမင်မက အဝိဇ္ဇာပါပဲ (မှန်ပါ)။

အဲဒီသမင်မနဲ့တူတဲ့အဝိဇ္ဇာက ဒကာ ဒကာမတို့ တောထဲမှာ သမင်တွေကို ဖြားယောင်းပြီး သကာလ မုဆိုးရှိရာ ကို ခေါ်ခေါ်လာတာပဲ (မှန်ပါ) မုဆိုးရှိရာခေါ်လာတော့ မုဆိုးသည် ပင်ပင်ပန်းပန်းနဲ့ သတ်ဖို့ဖြတ်ဖို့ ဖြစ်ရသေးသလား (မဖြစ်ရပါဘူး) လွယ်လွယ်ကူကူနဲ့ပဲ သတ်ဖို့ဖြတ်ဖို့ ဖြစ်မလား (ဖြစ်ပါတယ် ဘုရား)။

အဝိဇ္ဇာတည်းဟူသော အောင်းသမင်မ

ဒီမှာလဲ ဇရာ၊ မရဏဆိုတဲ့ သေမင်းနှစ်ယောက်ဆီသို့ အဝိဇ္ဇာတည်းဟူသော အောင်းသမင်မက ဒကာ ဒကာမတို့ သင်္ခါရတည်းဟူသော ကျော့ကွင်းတွေထဲ မတိုး-တိုးအောင် လုပ်လိုက်ပါတယ် (မှန်ပါ)။

သင်္ခါရနှစ်ခုက ဘာနဲ့တူသလဲ (ကျော့ကွင်းနဲ့တူပါတယ်)၊ အဝိဇ္ဇာက အောင်းသမင်နော် (မှန်ပါ့) ဇရာက မရဏ မုဆိုးနော် (မှန်ပါ)။

သင်္ခါရနှစ်ခုကျော့ကွင်းထဲကို မဝင်-ဝင်အောင် အောင်းသမင်မက ဖြားယောင်းပြီး သကာလ ပို့တယ် (မှန်ပါ) ထိုကျော့ကွင်းနှစ်ခုထဲ ဝင်တော့ ကုသိုလ်ကျော့ကွင်းထဲဝင်လဲ (ခန္ဓာရလို့ သေပွဲဝင်မှာပါပဲ)။ ကြောက် စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ)။

ဒါအလင်းပြချင်လို့ ဪ တယ်ဆိုးနေပါကလားဆိုတာ ပေါ်အောင်လို့ မောင်နိုင် ပဏ္ဏာသကထုတ်ပြီးပြော နေတယ် (မှန်ပါ) ကိုစောမောင် ဒါဘယ်လောက်ဆိုးသတုန်း (ဆိုးပါတယ် ဘုရား)။

ဒကာ ဒကာမတို့ အဝိဇ္ဇာကဘာတဲ့ (အောင်းသမင်မနဲ့တူပါတယ်) သင်္ခါရနှစ်ခုက မုဆိုးထောင်ထားတဲ့ကျော့ ကွင်းနှစ်ခုနဲ့တူတယ် (မှန်ပါ)- အောင်းသမင်မက ဖြားယောင်းလာလို့ရှိရင် ဒီကျော့ကွင်းတော့ဖြင့် မိတော့မှာပဲ (မှန်ပါ)။

တိုးမိလို့ရှိရင် ပုထုဇဉ်မိုက်နဲ့တူတဲ့ ခန္ဓာဝန်ထမ်းသမားသည် မမိပေဘူးလား-မိမလား (မိပါတယ် ဘုရား)။ မိလို့ရှိရင် ဇရာ မရဏတည်းဟူသော သေမင်းလက်ချက်နဲ့ အသက်ထွက်မယ်သာပြင်ပေရော့ ဒီမုဆိုးရဲ့ စားဖတ်ဝါးဖတ်ဖြစ်ရတော့ မယ် (မှန်ပါ)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီအတိုင်းနေတော့ ဘာမှမသိဘူး

ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ခင်ဗျားတို့ ဒီအတိုင်းနေတော့ ဘာမှမသိဘူး။ အခုဆရာသမား နားရောက်လာတော့ ဪ တယ်ပြီးနယ်ကျယ်ပါကလား။ လောကမှာ သေပွဲဝင်တဲ့ ပုဂ္ဂိုလ်ဟူရွေ့၊ နာပွဲဝင်တဲ့ပုဂ္ဂိုလ် ဟူရွေ့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မုဆိုးက ထောင်ထားတဲ့ကျော့ကွင်း နှစ်ခုဆီသို့ အဝိဇ္ဇာအောင်းသမင်က ဖြားယောင်း ပြီးသွင်းလိုက်တဲ့အတွက် ပုထုဇဉ်မိုက်ဟူသရွေ့သည် သင်္ခါရကျော့ကွင်းထဲမှာ ဒါတွေလုပ်ပြီး သကာလ ခန္ဓာငါးပါးတည်း ဟူသော အကောင်ကြီးဟာ အမိခံရတာပဲ သင်္ခါရပြင်ဘက်မထွက်နိုင်တော့ဘူး (မှန်ပါ) ထွက်နိုင်သေးရဲ့လား (မထွက် နိုင်ပါဘူး)။

အဲဒီတော့ ဇရာ မရဏတွေဟာ ကိုစောမောင်ခန္ဓာရနေတော့ လိုက်ပြီးသတ်ရသလား မိပြီသားသတ်ရသလား (မိပြီးသား သတ်ရပါတယ်)။

တယ်လဲ ဒကာ ဒကာမတို့ အဝိဇ္ဇာအသုံးဟူသော အောင်းသမင်မက ဖြားယောင်းချက်ကလဲ တယ်ကောင်းပါ ကလား (ကောင်းပါတယ် ဘုရား) မုဆိုးထောင်ထားတဲ့ ကျော့ကွင်းထဲ မမိ-မိအောင် ဖြားယောင်းလာခဲ့တာလဲ အဝိဇ္ဇာ ၏ စွမ်းရည်သတ္တိ (မှန်ပါ)၊ ဒီကျော့ကွင်းထဲမှာ ပုထုဇဉ်မိုက်တွေ ဟူသရွေ့ကလဲ မမိဘူးလို့ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါဘူး)၊

ကုသိုလ်လုပ်မှကွ၊ ဆုတောင်းမှကွ ဘုံဘဝတွေဆိုတော့ ကျော့ကွင်းနှစ်ခုထဲ မိတော့တာပဲ (မှန်ပါ) မမိသေးဘူးလား (မိပါတယ် ဘုရား) မိလိုက်ပြီဆိုမှဖြင့် ခန္ဓာကြီး မပေါ်လာသေးဘူးလား (ပေါ်လာပြီ ဘုရား) ခန္ဓာက ကျော့ကွင်းကမိ နေတဲ့ခန္ဓာကိုး မောင်နိုင်ရ (မှန်ပါ) ဘယ့်နှယ်လုပ်ပြေးမတုန်းဟေ့ (မပြေးနိုင်ပါဘူး ဘုရား) မပြေးနိုင်တဲ့ ဇရာ မရဏလက် တွင်းခေါင်းစင်းပြီးတော့သာ ဝင်လိုက်ပေတော့။ သေပွဲသာဝင်ကြပေတော့ (မှန်ပါ)။

အောင်းသမင်မ၏ ဖြားယောင်းချက်

ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာတည်းဟူသော အောင်းသမင်မက ဖြားယောင်းချက်က တယ်ကောင်းပါကလား ဆိုလို့ရှိရင်လဲ မလွဲဘူးဆိုရမှာပဲ (မှန်ပါ)။

ဘယ်ထိအောင် ဖြားယောင်းထားသတုန်း ဆိုတော့ သေမင်းထောင်ထားတဲ့ ကျော့ကွင်းနှစ်ခုဆိုတဲ့ ပုညာဘိသင်္ခါရ၊ အပုညာဘိ သင်္ခါရ၊ ဒီဟာနဲ့ထောင်ထားတယ် (မှန်ပါ) ထောင်ထားတော့ ပုထုဇဉ် မိုက်ကလဲ မသိတော့ ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရကို လုပ်လိမ့်မယ် ကိုစောမောင် (မှန်လှပါ) လုပ်လိုက်တဲ့ အခါကျတော့ ခန္ဓာပေါ်-မပေါ် (ပေါ်ပါတယ် ဘုရား)။ ပေါ်ရင်သေမယ့်သာ ပြင်တော့ (မှန်ပါ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (သေဖို့သာပြင်ပါတော့) သေဖို့သာပြင်တဲ့ဆိုတဲ့ ဥစ္စာဖြင့် ရှင်းရှင်းလင်းလင်းပဲ ဒကာ ဒကာမတွေကို ဟောပါတယ် (မှန်ပါ) ဒါဟာမလုပ်ကောင်းတဲ့ အကုသိုလ်နဲ့ မတောင်းကောင်းတဲ့ဆု ဆိုတာရော ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ဝဋ်ကျွတ်အောင် သစ္စာမြင်ပြီး ဒုက္ခသစ္စာကြီးကျွတ်ချင်လို့ လုပ်တဲ့ကုသိုလ်မျိုးကိုတော့ ပုညဘိသင်္ခါရ သွားပြီးမဆိုနဲ့။ သဘောကျပြီလား (ကျပါပြီ)။

မုဆိုးထောင်ထား တဲ့ကျော့ကွင်း

အဲဒီကုသိုလ်မျိုးကို ဆိုသည် မဟုတ်ပါဘူး၊ ဒီဘုံအကြိမ်ကြိမ် ခံစားချင်တဲ့ ကုသိုလ်မျိုးဟာ မုဆိုးထောင်ထား တဲ့ကျော့ကွင်း၊ သေမင်းထောင်ထားတဲ့ ကျော့ကွင်းသာ မှတ်ပေတော့ (မှန်ပါ) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ထူးထူးလည်လည်ပဲပြောနေတဲ့ အတွက် ဪ တို့သည်ကားလို့ဆိုရင် ယခုဘယ် အထဲများ ရောက်နေပါလိမ့်မတုန်းလို့ ကြည့်လိုက်တော့မှ ခန္ဓာငါးပါးကြီး ပေါ်နေတာက ဒီကုသိုလ်၊ အကုသိုလ် ကျော့ကွင်း ၏ စွမ်းရည်သတ္တိကို လွန်နိုင်သေးရဲ့လား (မလွန်နိုင်ပါဘူး ဘုရား) ကိုစောမောင် ဒီကုသိုလ်ပြုသ၍ခံရုံပဲ (မှန်ပါ ဘုရား) မလာဘူးလား (လာပါတယ် ဘုရား) ဒီဆုတောင်း ပြည့်သရွေ့ (ခံရုံပါပဲ ဘုရား)။

လေနာတယ်၊ ရင်နာတယ် အမျိုးမျိုး အဖုံဖုံ ဒုက္ခထွေထွေ ဒါတွေဟာ ဆုတောင်းပြည့်တာလို့ ဆရာဘုန်းကြီးက ခဏခဏဟောတယ် (မှန်ပါ) မဟောထိုက်ဘူးလား ဟောထိုက်သလား (ဟောထိုက်ပါတယ် ဘုရား)။

မောင်နိုင်-ဆံဖြူတယ်၊ သွားကျိုးတယ်၊ ရောဂါတွေများတယ်၊ ခါးကိုက်တယ်၊ ရင်နာတယ်၊ လေအောင့်တယ် အစရှိသည်နဲ့ ဒကာ ဒကာမတွေ ဖြစ်နေတာဟာ ဪ ဘာကြောင့်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ကျော့ကွင်း ထဲမှာ ကျော့ကွင်းမိနေလို့ ကျော့ကွင်းနာ ဆင်တာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကျော့ကွင်းမှာ ရုန်းလေ ခြေထောက်မှာ အနာရလေပဲ။ ပြုတ်များ၊ ပျက်များ သွားလိမ့်မယ်လို့ မအောက်မေ့နဲ့နော် (မှန်ပါ) ကြိုးပြတ်နိုင်ရဲ့လား (မပြတ်နိုင်ပါဘူး) မပြုတ်ပျက်နိုင်အောင်ကို ကျုပ်တို့ကလုပ်ထားတာ (မှန်ပါ)၊ ဆုတောင်းပြည့်တယ်ဆိုတာ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ပုညာဘိသင်္ခါရနဲ့လုပ်ပြီး အပုညာဘိသင်္ခါရဆိုတဲ့ တဏှာလွှမ်းမိုးပြီး ဆုတောင်းလိုက်တာ ကတော့ဖြင့် ပြုတ်ဖို့ ပျက်ဖို့ပါသေးရဲ့လား (မပါပါဘူး)။

သေမင်းရဲ့အစာကြီးဖြစ်ပါပြီ

အိုဘေး နာဘေးတွေ သူ့ပစ္စည်းတွေ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ်) အဲ ဒါဟာ ဘယ်သူက အတင်းသွင်းလိုက်တာနဲ့ ဒီကျော့ကွင်းနှစ်ခုထဲမှာ ဒီပုဂ္ဂိုလ်မိရပါလိမ့်မတုန်းဆိုတော့ အောင်းသမင်မနဲ့တူတဲ့ အဝိဇ္ဇာက ဘာမှမသိအောင် ဖြားယောင်းပြီး ပုထုဇဉ်မိုက်တွေ ခေါ်လာပြီး သကာလ ပုညာဘိ သင်္ခါရတည်းဟူသော ကျော့ကွင်းထဲသွင်း၊ အပုညာဘိသင်္ခါရတည်းဟူသော ကျော့ကွင်းထဲသွင်းလို့ ကိုယ်ကိုယ်တိုင် ကျော့ကွင်းတွေကို ဒကာ ဒကာမတွေက အကောင်းထင်ပြီး သကာလ လုပ်တဲ့အတွက် အခုတော့ဖြင့် ခန္ဓာငါးပါးဆိုတဲ့ သေမင်းရဲ့အစာကြီးတော့ ဖြင့် ဖြစ်ပါပြီ (မှန်ပါ) မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ခန္ဓာငါးပါးဟာ သေမင်း၏ အစာဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

အဲဒါ ဒကာ ဒကာမတွေ ကောင်းကောင်းကြီး သတိပေးလိုက်ပါတယ်။ ဪ ဒီဒကာ ဒကာမတွေဟာ ကုသိုလ်တော့ လုပ်ကြရှာတာပါပဲ၊ မလုပ်တတ်ကြတော့ ကျော့ကွင်းထဲမိတာပဲ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြပါ့မလဲ (မလုပ်တတ်တော့ကျော့ကွင်းထဲ မိပါတယ်) လုပ်တော့လုပ်တာပါပဲ။ မလုပ်တတ်တော့ ကျော့ကွင်းထဲပဲမိတယ် (မှန်ပါ)။

မိတယ် မမိတယ် ကိုယ့်ခန္ဓာကြီး အခုဘယ်လို နေတယ်သာ စဉ်းစားပါ။ ရှေ့တိုးလို့ရရဲ့ လား (မရပါဘူး) နောက်ဆုတ်လို့ရော (မရပါဘူး) ဒီအပူတွေ ငြိမ်စေချင်လို့ရော (မရပါဘူး) ဒီသူခိုးဒုက္ခ သူဝှက် ဒုက္ခတွေ ကင်းစေချင်လို့ရော (မရပါဘူး)။

အို အခုတော့ ကမ္မသကာပဲ မပြေးသာ မရှောင်သာဖြစ်နေပေါ့ပဲလို့ နေကြ ရတယ်၊ ကျော့ကွင်း ပြင်ဘက်ကို ကိုစောမောင် ထွက်အောင် ရုန်းနိုင်သေးရဲ့လား (မရုန်းနိုင်ပါဘူး)။

မရုန်းနိုင်တော့ ကျော့ကွင်းမိနေတဲ့ ပုဂ္ဂိုလ်သည် မရဏမင်းနဲ့တူတဲ့ မုဆိုးက သူ့သမင်က ဖြားယောင်းလာတဲ့ ဥစ္စာကို သူ့သမင်မက ဖြားယောင်းလာလို့ ဤကျော့ကွင်းနှစ်ခုထဲ ပုထုဇဉ်မိုက်မိနေတာကို ကိုစောမောင် တခြားသွားရှာရမှာလား အနီးကလေး တွင်ပဲလား၊ အကဲခတ်ကြည်ပါ (အနီးကလေးတွင်ပါ ဘုရား) သဘောပါကြပြီလား (ပါပါပြီ)။

ကျော့ကွင်းကလွတ်ရဲ့လား

တယ်လဲ ဆိုးဝါးပါကလားဆိုတာ ဒကာ ဒကာမတွေ ဉာဏ်နဲ့ စဉ်းစားပါနော် (မှန်ပါ) အခုဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအရပ်မကောင်းလို့ ဟိုအရပ်ပြောင်းစရာလဲ ပုညာဘိသင်္ခါရ ကျော့ကွင်းကလွတ်ရဲ့လား (မလွတ်ပါဘူး)။

ဒီအရပ်မကောင်းလို့ ဟိုအရပ်ပြောင်းပြန်တော့လဲ အပုညာဘိသင်္ခါရ မရှိတာက ကိုစောမောင်ခန္ဓာမရှိမှဘဲ သူလွတ်တော့ မယ် (မှန်ပါ) ခန္ဓာသာရှိနေရင် (မလွတ်ပါဘူး ဘုရား) ကျော့ကွင်းပြင်ဘက်ကို ရောက်သေးရဲ့လား (မရောက်ပါဘူး) စဉ်းစားမိကြပြီလား (မှန်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က အခုလို ဆရာသမားများနဲ့ ကြုံတုန်းမှာ ဒီကျော့ကွင်းမျိုး နောက်ထပ်မဖြစ်စေရဘူးကွ၊ ဒီသမင်မ ဖြားယောင်းတာ မရဘူးကွဆိုပြီး ဒီလိုအခုအခါမှာ တက်နိုင်ရင်တက်ပါ။ မတက်နိုင်လို့ရှိရင် ဒီထက်ကိုယ်ကျိုး နည်းတာတော့ မရှိတော့ဘူး (မှန်ပါ)။

နောက်ဘဝလဲ ဒီလိုပဲ ဒီသမင်မပဲ ဖြားယောင်း ဒီကျော့ကွင်းတွေရအောင်လုပ်။ ဒီပုထုဇဉ်မိုက်ကိုမိ။ ဒီမုဆိုးက ခေါင်းဖြတ်ပြီး အသက်ကိုသတ်။ ကိုစောမောင် ဒီလိုချည်း မနေပေဘူးလား (နေပါတယ်) ကိုစံလှ ကောင်းကောင်းရိပ်မိပြီလား (ရိပ်မိပါပြီ)။

အခုခင်ဗျားတို့ မသေရာကို ပြေးကြည့်စမ်းပါ၊ ရသေးရဲ့လား (မရပါ ဘုရား) ဘာ့ကြောင့်တုန်းဆိုတော့ ကျော့ ကွင်း စွမ်းရည်သတ္တိကို ခင်ဗျားတို့က ခုန်ကျော်ပြီး သကာလ ပြတ်အောင် တောက်အောင် လုပ်နိုင်သေးရဲ့လား (မလုပ် နိုင်ပါဘူး) အင်မတန်မနာဘူးလား (နာပါတယ် ဘုရား)။

သစ္စာဆိုက်အောင် ဟောတဲ့တရားမှမဟုတ်ဘဲ

ဪ ခက်လိုက်ပါဘိတော့တယ် တို့မှာ တစ်ချို့ကတော့ ပြောမှာပဲ မင်းတို့ကံကောင်းလိုက်တာကွာ၊ မင်းတို့ မိုးကုတ်မြို့ လူလာဖြစ်တဲ့အတိုင်း စီးပွားရေးလဲ သိပ်ပြီးမပင်ပန်းကြဘူး။ အဲဒါက သာမညဟောတဲ့တရားကိုး ကိုစော မောင် (မှန်ပါ) သာမညဟောတာ သစ္စာဆိုက်အောင် ဟောတဲ့တရားမှမဟုတ်ဘဲ (မှန်ပါ) ဒါကမြှောက်တဲ့တရားလို့ သာဆိုရမယ်။ တကယ်တမ်း အဖြစ်တရားလို့ မဆိုနဲ့အုံး (မှန်ပါ) ဆိုလို့ရော ရပါ့မလား၊ (မရပါဘူး) ခန္ဓာကိုဘာသစ္စာဖွဲ့ ကြမလဲ (ဒုက္ခသစ္စာပါ)။

ဒီဒုက္ခသစ္စာမလွတ်သေးသရွေ့ ဘယ်သူက မြှောက်မြှောက်အနာမပျောက်သေးတဲ့ ပုဂ္ဂိုလ်မှာဖြင့်မင်းကြည့်ရတာ စိတ်ချမ်းသာလိုက်တာ ဆိုငြားသော်လည်း ကျုပ်မှာ အနာနဲ့လို့သာ ပြောလိုက်ပါ (မှန်ပါ) သဘောကျပြီလား (ကျပါပြီ)။

ဘေးက ပုဂ္ဂိုလ်ကတော့ ပြောချင်တာပြောမယ်၊ ကိုယ့်မှာဖြင့် အနာကမပျောက်သေးဘူး၊ သူများကတော့ဖြင့် မင်းကြည့်ရတာ ဝဝဖြိုးဖြိုးလေးနဲ့ လေးလုံးခြောက်ဖက်ကြီးပဲ ကျားကိုစီး စားလို့မကုန်နိုင်ဘူး။ မင်းကြည့်ရတာ စိတ်ချမ်း သာလိုက်တာဆိုပေမယ် သူ့မှာတော့ အနာကပူနေတယ် (မှန်ပါ)။

ဒါဖြင့် သူများပြောလမ်းဆုံးလို့ တော်ပါ့မလား (မတော်ပါဘူး) ကိုယ့်ခန္ဓာကြီးက ပျောက်ပြီလား (မပျောက်သေး ပါဘူး) သေမင်းက ဘယ်အချိန်လာဆက်မလဲ ကျော့ကွင်းမိနေတဲ့ ဥစ္စာ၊ ကြီးသူက ကံကောင်းတယ် ပြောနေတယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)၊ သူများပြောယုံရမှာလား ကိုယ်မိနေတာ သေချာတာလား (ကိုယ်မိနေတာက သေချာ တာပါ)။

ကျော့ကွင်းထဲ မိမှန်းကို မသိလို့ပြောနေတာ

ရှင်းကြပါ၊ ရှင်းကြပါ၊ ဒါကို သေသေချာချာ ပြောနေတယ်၊ ရှင်းကြစမ်းပါ၊ ခင်ဗျားတို့ဥစ္စာက ကိုယ့်ဟာကလေးနဲ့ ကိုယ် အတော်ကျေနပ်နေမှာစိုးလို့။ ကျော့ကွင်းထဲ မိမှန်းကို မသိလို့ပြောနေတာ (မှန်ပါ)။

ကိုစောမောင်ရဲ့ စီးပွားရေးကလေးအကြောင်း ညီညွတ်၊ လူကကျန်းမာ၊ ရှာလို့ဖွေလို့က တည့်ပြီဆိုမှဖြင့် အတော် နေရာကျနေတယ်ထင်လိုက်တယ်။ သူ့မှာကျော့ကွင်းက ပြတ်ထွက်သွားပြီလား (မပြတ်သေးပါဘူး)၊ တို့သေမင်းလာသတ် တဲ့အချိန်ဟာ သူရုန်းကန်ပြီး သကာလ လွတ်ရာသို့ ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါဘူး) ဘာကံကောင်းတာလဲလို့ မေးစမ်းပါဦး (ဘာမှမကောင်းပါဘူး ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီထဲမှာ ဒေါ်ကံကောင်းတို့ ကိုကံကောင်းတို့များပါနေသေးသလား (မပါပါဘူး ဘုရား) သစ္စာနဲ့ဟောရင်ပါကို မပါဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ)၊ ပါကြရဲ့လား (မပါပါဘူး) ဘာဖြစ်လို့တုန်းဆိုတော့ ကျော့ကွင်းနှစ်ခုကို ဒကာ ဒကာမတွေ အဝိဇ္ဇာသမင်က ဖြားယောင်းလို့ ကျော့ကွင်းနှစ်ခုထဲ အမိကြီးမိပြီး ဇရာ မရဏကလဲ စောင့်နေပြီမောင်နိုင် (မှန်ပါ)၊ သေရုံကျေရုံတင်ကျန်တော့တဲ့ ဥစ္စာ ဘယ်မှာ ကံကောင်းတာတုန်းလို့ မေးစမ်းချင်တယ်ဆိုရင် ဒီတရားပွဲ တစ်ပွဲလုံး ဘယ့်နှယ်ဖြေကြမတုန်း (ကံကောင်းမပါပါဘူး ဘုရား) ဦးမူ ကံကောင်းများ ပါသေးရဲ့လား (မပါပါဘူး ဘုရား)၊ မပါ-ပါဘူး၊ ခင်ဗျားတို့ အချိန်မရွေး လာသတ်တာခံရတော့မယ် (မှန်ပါ)။

ကိုစောမောင် ဇရာ မရဏရဲ့ လက်တွင်းမှာဖြင့် ဘယ်အချိန်တုန်းလို့ မဆိုနဲ့၊ မိနေတဲ့ ပုဂ္ဂိုလ်ကတော့ သူူဟင်းလို တဲ့အချိန်သာ မှတ်ပေတော့ (မှန်ပါ)၊ ဘယ့်နှယ်ဆိုကြမယ် (ဟင်းလိုတဲ့အချိန်ပါ ဘုရား) ဟင်းလိုတဲ့အချိန်ပဲ။ ဝက်ကို ခြံထဲလှောင်ထားကတည်းကိုက ဘယ်မှမပြေးသာတဲ့ အခါကျတော့ ဟင်းလိုတဲ့အချိန်၊ ဟင်းဈေးကောင်းမယ့်အချိန်၊ ဈေးနေ့ ဒါပဲရှိတော့တယ် (မှန်ပါ)၊ ဒီ့ပြင်ဘာရှိသေးသတုန်း (မရှိပါ ဘုရား)။

ကံကောင်းတစ်ယောက်မှ မပါဘူး

ဒီမှာလဲ ဒကာ ဒကာမတို့ ကံကောင်းတစ်ယောက်မှ မပါဘူး ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကမ္မဿကတာ ဉာဏ်ကလေးလောက်တော့ သွားပြီးမပြောနဲ့၊ ဇရာ မရဏမလွတ်တာကို ပဓာနထား (မှန်ပါ)။

ကိုစောမောင် ဘာကိုပဓာနထားရမတုန်း (ဇရာ မရဏမလွတ်တာကို ပဓာန ထားရပါမယ်)။

ဇရာ မရဏလွတ်မှ ကိုစောမောင် ဒုက္ခကျွတ်တယ် မဟုတ်လား (မှန်ပါ)၊ ဇရာ မရဏမလွတ်သေးတဲ့ ပုဂ္ဂိုလ်ဖြင့် ဇရာ မရဏ မုဆိုးသည်ကားလို့ဆိုရင် အလိုရှိတဲ့အချိန်မှာ အသုံးချဖို့ ဘယ်မှ မပြေးနိုင်တဲ့ ပုထုဇဉ်သတ္တဝါကို ထင်သလို ညည်းပြီး သကာလ ၊ သတ်ဖြတ်ပြီး သကာလ နေဖို့ပဲ မဟုတ်လား (မှန်ပါ)၊ ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

ဒါလောက်ဆိုးဝါးတဲ့ အခြေအနေရောက်နေကြတယ် ဆိုတာ ဒကာ ဒကာမတွေ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)၊ ဪ ဒါဖြင့် ခင်ဗျားတို့ အခုကားကလေးနဲ့ တိုက်ကလေး ဘာကလေးနဲ့၊ စိန်ကလေး ရွှေကလေးနဲ့ ပျော်နေကြတာဟာ ဝက်ခြံထဲမှာ ထမင်းရည်အိုးကလေး လာချတဲ့အခါ ဝက်တွေ တအီအီနဲ့ ပျော်နေတာနဲ့ သိပ်တူတယ် (မှန်ပါ ဘုရား)၊ မတူဘူးလား (တူပါတယ် ဘုရား)၊ ဈေးနေ့မရောက်ခင်ကလေးနော် (မှန်ပါ)။

ဘာပါလိမ့် (ဈေးနေ့မရောက်ခင်ကလေးပါ ဘုရား) ဒီအချိန်မှာ ပျော်နေတာ (မှန်ပါ့) ခြံအပြင်ဘက် ပျော်ရ မှာလား ခြံတွင်းလား (ခြံတွင်းပါ ဘုရား)။

ဒါဖြင့် ဒီဝက်သတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုချင်တဲ့ အချိန်မှာ အသာဆွဲထုတ်သွားရုံပဲဆိုလို့ရှိရင် လွဲပါ့မလား (မလွဲ ပါဘူး)။

အဲဒီတော့ ကိုယ်ပျော်နေတဲ့ အပျော်ကလေးလဲ ဒီနေ့ရှင်းပြလိုက်ပါတယ် ဒကာ ဒကာမတို့၊ ကိုယ့်ကျောက် ကလေးနဲ့ ကိုယ့်တိုက် ကိုယ့်ကား ကိုယ့်မြေ ကိုယ့်ယာ ကိုယ့်ရွှေ ကိုယ့်စိန်ကလေးနဲ့ ပျော်ပြီး သကာလ နေတာ ဝက်စာ အိုးကျိုလာပြီး ဝက်ခြံထဲ လာချတဲ့အခါ ဝက်တွေ ပျော်သလိုဖြစ်နေပြီ (မှန်ပါ)၊ ခြံရဲ့အပြင်ဘက်လဲ ကိုစောမောင် သွားနိုင်ရဲ့လား (မသွားနိုင်ပါဘူး)၊ စားရတာလဲ မသိလို့မြိန်နေတာ (မှန်ပါ)။

ဝက်ခြံထဲမှာ ဝက်ပျော်ပျော်ပြီး

ဘယ့်နှယ်ဆိုကြမလဲ (စားရတာဟာ မသိလို့မြိန်နေကြတာပါ ဘုရား) မသိလို့ မြိန်တာမှတစ်ပါး ဘာရှိသေး သတုန်း (မရှိပါဘူး ဘုရား)။

ဒီမှာလဲ သားနဲ့သမီးနဲ့၊ ဆွေနဲ့ မျိုးနဲ့ ပျော်နေကြတဲ့ ပုဂ္ဂိုလ်ဟာ ဝက်ခြံထဲမှာ ဝက်ပျော်ပျော်ပြီး သကာလ မသိ လို့ မြိန်တယ် မှတ်လိုက်စမ်းပါ (မှန်ပါ)၊ မုဆိုးထောင်ထားတဲ့ ဝက်ခြံထဲမှာ ပုညာဘိသင်္ခါ၊ အပုညာဘိသင်္ခါရ လွတ်မှ မလွတ်တော့ပဲ ကိုစောမောင် (မှန်ပါ ဘုရား)၊ လွတ်သေးရဲ့လား (မလွတ်ပါဘူး ဘုရား)၊ မိပြီးသားမနေဘူးလား (နေပါ တယ် ဘုရား)။

ခင်ဗျားတို့ကိုယ်တိုင် ပြောနေတာက ကံပြုသလို ခံရုံပဲ (မှန်ပါ)၊ မိပြီးသားအကြောင်းကို ကိုယ့်ဟာကိုယ်ပြော တာ (မှန်ပါ)။

ဘယ်လိုပြောပါလိမ့် (ကံပြုသလိုခံရုံပဲ)။ ကံပြုသလိုခံရုံပဲလို့ ဦးမူတို့ ခဏ ခဏမသုံးဘူးလား (သုံးပါတယ် ဘုရား)၊ ကိုယ့်မှာ မိနေပါပြီ ပြောတာ (မှန်ပါ)။

ကံကိုတော့ ဘယ်နည်းနဲ့ ခင်ဗျားတို့ ရုန်းနိုင်သေးရဲ့လား (မရုန်းနိုင်ပါဘူး)၊ မရုန်းနိုင်တော့ ကံက ထောင်ထား တဲ့ ကံမိနေတော့ ကံက မိရုံကလေး ဖမ်းထားတာပါ၊ သတ်တာကတော့ ဇရာ မရဏ သတ်တာ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကံကတော့ဘာတုန်း (မိရုံဖမ်းထားပါတယ်)၊ မပြေးနိုင်အောင် ဖမ်းထားတယ်၊ သုံးဆယ့်တစ်ဘုံပြင်ဘက်မှာ နိဗ္ဗာန်ရှိတယ်၊ မသွားသာအောင် ဖမ်းထားတယ် (မှန်ပါ)၊ ပုညာဘိသင်္ခါရ ကုသိုလ်ကပဲ ဖမ်းထားတယ် ဝဋ်တောင့်တလုပ် တဲ့ ကုသိုလ်ဟာ ဖမ်းထားတဲ့ ကုသိုလ်ပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကိုစောမောင် သဘောပါရဲ့လား (ပါပါတယ် ဘုရား) ဝဋ်တောင့်တပြီး လုပ်တဲ့ ကုသိုလ်ဟာ ဘာတုန်း (ဖမ်းထား တဲ့ ကုသိုလ်ပါ ဘုရား) ဒီသုံးဆယ့်တစ်ဘုံပြင်ဘက် ထွက်နိုင်သေးရဲ့လား (မထွက်နိုင်ပါဘူး)၊ ဒါဖြင့် ခြံထဲတွင်ပေါ့ဗျာ (မှန်ပါ)၊ ခြံထဲတွင် ဝက်ပျော် ပျော်နေတဲ့ အဓိပ္ပာယ်ဆိုတာရော ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အလင်းကိုမရရင် အခက်ကြီး ခက်ပေါ့

အဲဒါကြောင့် ဒကာ ဒကာမတွေကို ပြောရတယ်၊ ခင်ဗျားတို့ အခုဘုန်းကြီး ဟောလတ္တံ့ဖြစ်တဲ့ အလင်းကိုမရရင် အခက်ကြီး ခက်ပေါ့ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ ဘုရား)၊

သို့မဟုတ်လို့ရှိရင် ကိုယ့်အခြေအနေကလေးနဲ့ ကိုယ်နဲ့ အတော်အသင့်ဟောပြောတဲ့ ဆရာသမားတွေနဲ့ အတော်အသင့် ရေးထားတဲ့ စာအုပ်ကြည့်မယ် ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေက တော်သေးတယ်ဟေ့ (မှန်ပါ)၊ ဝက်ခြံတွင်း တော်သေးတယ် ပြောပြီ ကိုစောမောင် (မှန်ပါ)။

မောင်နိုင် ဘယ့်နှယ်ပြောတာပါလိမ့် (ဝက်ခြံတွင်းတော်သေးတယ် ပြောပါတယ် ဘုရား)၊ ကိုပေါ်-ပြောမိသေး သလား (မပြောမိပါဘူး ဘုရား)၊ မပြောမိရင် တော်သေးတာပေါ့ (မှန်ပါ)။

နို့မဟုတ်ရင် ဝက်ခြံတွင်း ဝက်ပျော်ပျော်နေတာဆိုလို့ရှိရင်ဖြင့် ဦးဘကလေး ငြင်းဖို့လိုသေးသလား (မလိုပါဘူး)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

သေသေချာချာပြောတော့ ဪ အကုသိုလ်ကလဲ ဘယ်တော့ဝင်လာမယ်မသိဘူး၊ သူဝင်လာတဲ့အချိန် ကျုပ် တို့သေရုံပဲဆိုတော့ အပုညာဘိသင်္ခါရကို သူကြောက်နေရတယ် (မှန်ပါ)၊ ကုသိုလ်ကလဲ ဘယ့်တော့များ ဖြုတ်လိုက်မယ် မသိဘူး၊ သူဖြုတ်လိုက်မယ် တစ်နေ့ ကျုပ်တို့ သေပွဲ ဝင်ရုံပဲဆိုတော့ မရဏမင်းလက်ရောက်ရုံပဲ ပြောတာပဲ (မှန်ပါ)၊ မပြောကြဘူးလား (ပြောပါတယ်) အဲဒီတော့ ဝက်ခြံတွင်း မိနေတယ်ဆိုတဲ့ အကြောင်းဟာ ဒကာ ဒကာမတို့သေချာ တယ် (သေချာပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ပြုံးမယ်များ ကြံရင် စဉ်းစားပါဦး

အဲဒီတော့ ပြုံးမယ်များ ကြံရင် စဉ်းစားပါဦးဆိုတာကို ဆရာဘုန်းကြီးက သတိပေးလိုက်ပါတယ် (မှန်ပါ)။

ဘယ်လိုသတိပေးတာပါလိမ့် (ပြုံးမယ်ကြံရင် စဉ်းစားပါဦး)၊ ပြုံးမယ်ကြံရင် ငါဟာခြံထဲတွင် ပြုံးတာလား၊ လွတ်လာလို့ ပြုံးတာလားဆိုတဲ့ အဓိပ္ပာယ်ကိုကြည့်ပြီး ပြုံးပါ (မှန်ပါ)၊ ကိုစောမောင် သဘောပါရဲ့လား (ပါပါတယ် ဘုရား)။

အားလုံးက ဒကာ ဒကာမတွေ၊ မေတ္တာရှေ့ထားပြီး သေသေချာချာ သစ္စာသိအောင် ပြောနေတဲ့ အဓိပ္ပာယ်လို့ ရှင်းရှင်းလင်းလင်း မှတ်လိုက်စမ်းပါ (မှန်ပါ)၊

သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ဒကာ ဒကာမတို့ အပျော်ကြီးပျော်နေ တာပဲ (မှန်ပါ)၊ သားနဲ့ပျော်လိုက်၊ သမီးနဲ့ပျော်လိုက်၊ ပစ္စည်းနဲ့ပျော်လိုက်၊ စိုးရိမ်ကြောင့်ကြပြီး သကာလ နေလိုက် အမျိုး မျိုးအဖုံဖုံနဲ့ မသေမယ့်ပုံဘဲ တစ်ခါတည်း မိပြီးသားကဖြင့် သားလဲမိပြီးသား၊ သမီးလဲမိပြီးသား၊ ပစ္စည်းလဲမိပြီးသား၊ ဝက်ခြံပြင်ဘက်တော့ မရောက်ပါဘူး၊ ရောက်သေးရဲ့လား (မရောက်ပါဘူး)၊

ဈေးနေ့မကြုံသေးလို့ စိုးရိမ်ကြတယ်၊ ပူပင်ကြတယ်၊ ကြောင့်ကြကြတယ် ပြောနေတာပါ။ ဈေးနေ့ကြုံရင်တော့ဖြင့် မိရာ အကောင်တော့ အသားတိုးလေလေ လှံချက်နီးလေလေလာမှာပါပဲ (လာမှာပါ ဘုရား) မလာပေဘူးလား လာမလား (လာမှာပါ ဘုရား)၊ သဘောကြပြီလား (ပါပါပြီ ဘုရား)။

အဲဒါလောက် ခင်ဗျားတို့ ကျုပ်တို့ရဲ့ အဖြစ်ကြီးကဖြင့် ဒီထက်ဆိုးစရာ မောင်နိုင်ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါ သံဝေဂ ရရုံ ဟောတာလားဆိုတော့ သံဝေဂ ရရုံမဟုတ်ပါဘူး၊ ဖြစ်စဉ်ပြောနေတာ (ပေါ်ပါပြီ ဘုရား)။

ဦးဘတင် သံဝေဂပြောတာလား၊ ဖြစ်စဉ်ပြောတာလား (ဖြစ်စဉ်ပြောတာပါ)၊ သံဝေဂဆိုတာက ခင်ဗျားတို့ လန့်အောင်၊ ထိတ်အောင်ပြောတာ (မှန်ပါ)၊ အခုဟာကလန့်အောင်၊ ထိတ်အောင်ဆိုပြီးချောက်တာ မဟုတ်ဘူး။ တကယ် မိနေပြီဟေ့ မင်းတို့ သတိထားတော့ ပြောတာ (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အချိန်ပိုင်းကျန်တော့တယ်

တကယ်ဖြင့် ဘယ့်နှယ်တုန်း (မိနေပါပြီ ဘုရား) မင်းတို့ သတိထားတော့၊ အချိန်ပိုင်းကျန်တော့တယ်၊ ဒါကို ပြောတာပါ၊ ချောက်တာမဟုတ်ပါဘူး (မှန်ပါ)၊ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ပြုံးမယ်ကြံရင် စဉ်းစားပါဦးဆိုတဲ့ တစ်လုံးကိုမမေ့ကြပါနဲ့။ (မှန်ပါ ဘုရား)။

ဘယ့်နှယ်များ မှာပါလိမ့် (ပြုံးမယ်ကြံရင် စဉ်းစားပါဦး) ဘာဖြစ်လို့တုန်း ဝက်ပြုံး ပြုံးမှာစိုးလို့ (မှန်ပါ) ကိုစောမောင် ခုနက ပြောခဲ့တဲ့ ဟင်းနုနွယ်၊ ဖွဲနုစသည်နဲ့ရောပြီး ကျိုချက်လာတဲ့ ဝက်စာကြီးကို ဝအောင်ကျွေးတာလား၊ ကိုစောမောင်၊ အသားတိုးအောင် ကျွေးတာလား (အသားတိုးအောင် ကျွေးတာပါ)

အသားတိုးရင် သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ-မပါ (ပါပါတယ် ဘုရား)၊ အဲဒါနဲ့ ပြုံးနေတော့ အသားတိုးအောင်လို့ ကျွေးတာဟာ သထားကျွေးလား ကိုစောမောင်၊ (မဟုတ်ပါဘူး ဘုရား)၊ သတ်မယ်လို့ကျွေးတာမှတ်ပါ။ ဘာများငြင်းစရာပါသေးသတုန်း (မပါပါဘူး ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒီမှာလဲ ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်ကဖြင့် မလွတ်လပ်လိုက်တဲ့ဖြစ်ခြင်းဟာ အချိန်သာလို ပါတော့လား၊ ဒီကျော့ကွင်း မပြတ်တော့ဘူး ဘယ်မှ ပြေးစရာမရှိတော့ဘူး (မှန်ပါ)၊ ကိုစောမောင်ရှိသေးသလား (မရှိပါဘူး)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ အလင်းမရလို့ ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ ဆရာသမားများကသာ အကူအညီသာ မပေးတော့ပါဘူး ဆိုရင် ဒီခြံထဲမွေး၍ ဒီခြံထဲ သေပြီး သကာလ ဒီဝက်ထိုးသမားလက်အောက်မှာ အသက်ပျောက်၊ ဒီ့ပြင်ဘာမှမရှိဘူး (မှန်ပါ)။ ရှိသေးရဲ့လား (မရှိပါဘူး)။ ကောင်းကောင်း သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့က သားကိစ္စ၊ သမီးကိစ္စ ဆွေကိစ္စတွေ အရေးထားတယ်။ ကိုယ်သေမယ့် အရေးတော့ အရေးမထားဘူးဆိုတော့ တယ်လဲခက်ပါလား (မှန်ပါ ဘုရား)။ ပြောထိုက် မပြောထိုက် ကိုစံလှ (ပြောထိုက်ပါတယ် ဘုရား)။

သူတို့နေမကောင်းလို့တဲ့

သားကလေး နေမကောင်းလို့တဲ့၊ သမီးကလေးနေမကောင်းလို့၊ သူတို့နေမကောင်းလို့တဲ့၊ ကိုယ်ကဖြင့် ဈေးနေ့ စောင့်နေတာ၊ သူတို့ လူလားမြောက်တာ အရေးမကြီးဘူး။ ကိုယ်လွတ်အောင် ရုန်းမယ်ဆိုတဲ့ အသွားကတော့ပါရဲ့လား (မပါပါဘူး)။ ဒါလောက် အ-တာ၊ ဒါလောက် န-တာတွေဟာဖြင့် အတော်ခဲယဉ်းတဲ့ ပုဂ္ဂိုလ်တွေပဲလို့ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

မိနေတာတောင်မှ ကိုစောမောင် မိနေမှန်း မသိအောင်ကို သမင်မက ဒါလောက်ဖြားယောင်း တာကောင်းပါတယ် (မှန်ပါ)။

မိနေတာတောင် ဘယ့်နှယ်တုန်း (ဖြားယောင်းကောင်းပါတယ်)။ မိနေတာတောင် ပျော်ပျော်ခံနေလို့ ပြောလိုက် သေးတယ် (မှန်ပါ)။

ဒကာ ဒကာမတို့၊ ဇရာ မရဏ မုဆိုးထောင်ထားတဲ့ ကျော့ကွင်းဟာ မိပြီးသားလား မမိသေးဘူးလား (မိပြီးသား ပါ ဘုရား)။ အဲဒီမိပြီးသားဟာဖြင့် လွတ်ရာလွတ်ကြောင်း ကြံဖို့အချိန်တောင် အဝိဇ္ဇာသမင်မ၏စွမ်းရည်သတ္တိဟာ ဒီအပေါ်မှာ လွှမ်းမိုးနေတယ်၊ ပျော်ပျော်နေလိုက်စမ်းကွ (မှန်ပါ)။ ပျော်ပျော်နေ သေခဲ၊ လာသေးတယ် (မှန်ပါ)။ မလာဘူးလား (လာပါတယ်)။

ဒကာ ဒကာမတို့၊ ဘယ်လောက်ထိအောင် ဆိုးဝါးသလဲဆိုတာ တွေးကြည့်မှ ဆိုးမှန်းသိတယ်နော် (မှန်ပါ)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါတွေအားလုံး ဒကာ ဒကာမတွေ မိဘဆွေမျိုးဉာတကာ မတော်ဖူးသူ မည်သည်မရှိနိုင်သလောက်မို့ သေသေချာချာ ပြောနေပါတယ်လို့ မှတ်ပါ (မှန်ပါ)။ သံဝေဂလား၊ ဖြစ်စဉ်ကိုက်လား (ဖြစ်စဉ်ကိုက်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ-အခုဘယ်ထဲရောက်နေကြသတုန်းဆိုတော့ ကျော့ကွင်းထဲမိပြီးသား ဖြစ်ပြီလား (ဖြစ်ပါပြီ ဘုရား)။ ဒါဖြင့် ရုန်းလို့ ကန်လို့ရော လွတ်သေးရဲ့လား (မလွတ်ပါဘူး ဘုရား)။ အင်မတန်ကြီးတဲ့ ထူးခတ်ထားတာနော် (မှန်ပါ)။

ပုညာ ဘိသင်္ခါရ ကုသိုလ်ကြိုးဆိုတာ ကိုစောမောင် သေလို့မဆုံးအောင်ကို ချည်ထားတာ (မှန်ပါ)။ အပုညာဘိသင်္ခါရကလဲ မပြေးနိုင်အောင်ကို မြဲထားတာပဲ (မှန်ပါ)။ မမြဲဘူးလား မောင်နိုင် (မြဲပါတယ် ဘုရား)။

မုဆိုးတည်းဟူသော သေမင်း

ဒါဖြင့် ခုနက မုဆိုးတည်းဟူသော သေမင်းက ဇရာ မရဏ၊ သေမင်းကဖြင့် ဒကာ ဒကာမတို့ အရှာခက် သလား၊ အသာကလေး ယူရုံ ဖမ်းရုံပဲလား (အသာကလေး ယူရုံ ဖမ်းရုံပါ ဘုရား)။ အသာယူရုံဖမ်းရုံပဲဆိုတာ နောက်က ဒကာ ဒကာမတွေ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ သေတဲ့အခါများ သွားကြည့်ကြပါ။ အိမ်ပေါ်မှာ ဖျားတတ်တဲ့အိမ်၊ သေမယ့်အိမ်၊ ကျုပ် ပြေးပါတော့မယ်လို့ ဆိုရသလား၊ ဒီအိမ်ပေါ်ကပဲ ထမ်းပစ်လိုက်ရသလား ဆိုတာ အကဲခတ်ပါ (ဒီအိမ်ပေါ်ကထမ်းပစ် လိုက်ရပါတယ် ဘုရား)။ ကိုစောမောင် ဘယ်ပြေးနိုင်သတုန်း (မပြေးနိုင်ပါဘူး) ပုညာဘိသင်္ခါရနဲ့ အပုညာဘိသင်္ခါရ ကျော့ကွင်း ဘယ်လောက်ဆိုးတယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။ ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဟာအလင်းမရေသေးသရွေ့ ကာလပတ်လုံး ဒီသမင်မက ဖြားယောင်း၊ ဒီကျော့ကွင်းနှစ်ခုဆီတွန်းပြီး ဇရာ မရဏ မုဆိုးက အသက်သတ် (မှန်ပါ)။ ဒါဟာနောက်ကလဲ ဒီအတိုင်း၊ ရှေ့လဲ အလင်းမရသေးရင် ဒီအတိုင်းသွားမှာပဲ (မှန်ပါ)။ မသွားပေဘူးလား၊ သွားမလား (သွားမှာပါ ဘုရား)။ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

တပည့်တော်တို့ ဘယ်တော့များ ဘုရား-ကံကောင်းအကြောင်းသင့်ပါ့မလဲဆိုတော့ အိုဒီကံတွေ၊ ကံကောင်း အကြောင်းသင့်ပါ့မလဲဆိုတော့ အိုဒီကံတွေ၊ ကံကောင်းအကြောင်းသင့်ကို ထည့်မနေစမ်းနဲ့။ ဉာဏ်ကောင်းအကြောင်းသင့် ဆိုရင်ဖြင့် လွတ်ပေါက်ရှိတယ် (မှန်ပါ)။ ကံကောင်း အကြောင်းသင့်ဆိုတာတော့ (လွတ်ပေါက်မရှိဘူး)။

ဉာဏ်ကောင်းရင်လွတ်မယ်

ကဲ ဒါဖြင့် ဉာဏ်ကောင်းရင်လွတ်မယ် (မှန်ပါ)။ ကံကောင်းရင် မိနေမယ်ဆိုတဲ့ အဓိပ္ပာယ်ရော (ရှင်းပါပြီ ဘုရား)။

သေသေချာချာ ပြောပါပြီ ဒကာ ဒကာမတို့။ ဒါအငဲ့အကွက်မပါဘူး၊ သေသေချာချာပြောတဲ့ သစ္စာမို့အမှန် ပြောနေရတယ်ဆိုတာ မှတ်လိုက်ပါ (မှန်ပါ)။ သဘောပါကြပြီလား (ပါပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒါက ဒီဟာ အမှောင်တွေပြနေတယ်ဆိုတာရော ရိပ်မိပြီလား (ရိမ်မိပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ကတရားပဲ ပြန်ပြီး သကာလ မှတ်ကြပါ။ အမှောင်က ငါးစင်းလို့ မနေ့က မပြောဘူးလား (ပြောပါတယ်)။

အဝိဇ္ဇာဘယ်နှစ်ချက်ပါလိမ့်

အမှောင်က ဒီက ၁။ အဝိဇ္ဇာ၊ ၂။ အဝိဇ္ဇာ။ ၃။ အဝိဇ္ဇာ။ ၄။ အဝိဇ္ဇာ။ ၅။အဝိဇ္ဇာ။ အမှောင် ငါးစင်းတဲ့ (မှန်ပါ)။

အဝိဇ္ဇာဘယ်နှစ်ချက်ပါလိမ့် (ငါးချက်ပါ ဘုရား)။ ဒကာ ဒကာမတို့ အဝိဇ္ဇာတစ်မျိုးတည်း မှတ်နေတယ်၊ ကိုစောမောင်တို့က (မှန်ပါ)။ ဘယ်နှစ်မျိုးပါလိမ့် (ငါးမျိုးပါ ဘုရား)။ ၁-နံပါတ်ဆိုတဲ့ အဝိဇ္ဇာအမှောင်ဓာတ်၊ ဒကာ ဒကာမတို့ ကံ ကံ၏အကျိုးတောင် မယုံကြည်နိုင်တဲ့ ကံ ကံ၏အကျိုးတောင် မသိအောင် ဉာဏ်ကိုဖုံးထားတယ် (မှန်ပါ)။ ၁-နံပါတ်ဆိုတဲ့ အဝိဇ္ဇာက ကမ္မဿကတာဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

၁-နံပါတ် အဝိဇ္ဇာက (ကမ္မဿကတာဉာဏ်ကို ဖုံးထားပါတယ် ဘုရား)။

၂-နံပါတ် အဝိဇ္ဇာက ဒကာ ဒကာမတို့၊ နာမ်နဲ့ရုပ်ကို မသိအောင် နာမရူပ ပရိစ္ဆေဒဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။

၃-နံပါတ် အဝိဇ္ဇာက ဒကာ ဒကာမတို့၊ ခင်ဗျားတို့ ကျုပ်တို့ နေ့တိုင်းသင်နေတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး သိမယ့် ဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။

ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုး မသိအောင်ဖုံးထားတဲ့ ဉာဏ်ဟာ ၃-နံပါတ် အဝိဇ္ဇာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ)။ ပဋိစ္စသမုပ္ပါဒ် သိမှုဉာဏ်ကို ဖုံးထားတယ် (မှန်ပါ)။

ခန္ဓာကြီးဟာ ပဋိစ္စမသမုပ္ပါဒ်လို့ ခဏခဏလဲနေတာရော ပြန်ပြီး နှလုံးသွင်းဖြစ်သေးရဲ့လား (မသွင်းဖြစ်ပါဘူး)။ အဲဒါ ဘယ်နံပါတ်-အဝိဇ္ဇာ သတ္တိပါလိမ့် (၃-နံပါတ် အဝိဇ္ဇာသတ္တိပါ)။ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

၄-နံပါတ် အဝိဇ္ဇာက ခန္ဓာထဲမှာဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် အနိစ္စကလေးတွေဟာ ရှိပါလျက် သားနဲ့ အနိစ္စကိုရှာမတွေ့အောင် ဖုံးထားတဲ့ အဝိဇ္ဇာကရှိသေးတယ် (ရှိပါတယ် ဘုရား)။ ၄-နံပါတ် အဝိဇ္ဇာက လက္ခဏာ ရေးသုံးပါးဖုံးထားတယ် (မှန်ပါ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

၄-နံပါတ် အဝိဇ္ဇာက ဘာဖုံးထားသတုန်း

၄-နံပါတ် အဝိဇ္ဇာက ဘာဖုံးထားသတုန်း (လက္ခဏာရေးသုံးပါးဖုံးထားပါတယ်)။ ဒကာ ဒကာမတွေ နားလည်နေတာ နဲ့ ပြောကြပါစို့ဆိုတော့ ဖြစ်ပျက်မသိအောင် ဖုံးထားတယ် (မှန်ပါ)။ ဒါကြောင့် တစ်ချို့ဖြစ်ပျက်ရှာ မတွေ့ဘူး (မှန်ပါ)။

ဘာတဲ့တုန်း ဒကာ ဒကာမတို့ (ဖြစ်ပျက်ရှာမတွေ့ပါဘူး)။ အနိစ္စာဝတသင်္ခါရာဆိုတဲ့ ဥစ္စာ ဘယ်သူ့မှာများလွတ် သတုန်း ကိုစောမောင် (မလွတ်ပါဘူး ဘုရား)။ အဲဒါရှာမတွေ့ဘူးတဲ့ (မှန်ပါ)။

ဖြစ်တာနဲ့ပျက်တာ ရှာမတွေ့ဘူး၊ ကျုပ် ဒီနေ့ ဘာဖြစ်တယ် မသိဘူးတဲ့၊ မလာဘူးလား (လာပါတယ်)။ ဘာမှဖြစ်တာ မဟုတ်ဘူး။ ၄-နံပါတ် အဝိဇ္ဇာဖုံးနေတယ် (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒီအထဲမှာ တရားပွဲထဲမှာ ဒကာ ဒကာမတွေ ဖြစ်ပျက်မှာ မတွေ့သေးရင် ၄-နံပါတ် အဝိဇ္ဇာဖုံးတယ် ဆိုတာ သေချာပြီလား (သေချာပါပြီ)။

ဖြစ်ပျက်အဆုံးဟာ နိဗ္ဗာန်လို့ ဆရာဘုန်းကြီးက မဟောဘူးလား (ဟောပါတယ်)။ အဲဒီဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မတွေ့သေးလို့ရှိရင်လဲ ၅-နံပါတ်အဝိဇ္ဇာက ဖုံးတယ် (မှန်ပါ)။

ကိုင်း ဒကာ ဒကာမတို့၊ အဝိဇ္ဇာဘယ်နှစ်ချက်ပါလိမ့် (ငါးချက်ပါ ဘုရား)။

အလင်းငါးချက်ကို အမှောင်ငါးချက်က အုပ်နေတယ်

ဒါဖြင့် အလင်းငါးချက်ကို အမှောင်ငါးချက်က အုပ်နေတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါအကျယ်မလာသေးပါဘူး၊ ဒကာ ဒကာမတွေ မှတ်မိရုံကလေးနဲ့ ခေါင်းစဉ်ပြတာပါ (မှန်ပါ)။ သဘောပါကြ ပြီလား (ပါပါပြီ)။ ဒါဘယ်မှာလာသတုန်း မေးတော့ သုက္ကနိပါတ် ပါဠိတော်မှာလဲ လာတယ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာလဲလာတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သို့သော် ဒကာ ဒကာမတွေအနေနဲ့ ဒီလိုစစ်စစ်မြစ်မြစ် ကြားဖူးဖို့၊ စစ်စစ်မြစ်မြစ် ခွါတတ်ဖို့ ရှားပါလိမ့်မယ်နော် (မှန်ပါ)။ အင်မတန်မှ ခဲယဉ်းပါတယ်ဆိုတဲ့ အဓိပ္ပာယ်လဲ တွေးကြည့်မှ သိပါလိမ့်မယ် (မှန်ပါ)။

ဦးပြန့်တို့ သေသေချာချာ နားထောင်ကြပါ။ ဒီဥစ္စာတစ်နေ့ကို တစ်ထပ်တစ်ထပ်ခွါမှ သင့်ရုံကလေး ရှိတယ်နော် (မှန်ပါ)။

ဒါနဲ့ မနေ့က ဒကာ ဒကာမတွေကို ခွါပေးလိုက်တယ်။ ကံကံ၏အကျိုးကို သိတတ်တဲ့ ဉာဏ်ကလေး ကိုတောင် မှ ဖုံးထားတဲ့ ဥစ္စာလဲ ၁-နံပါတ်က အဝိဇ္ဇာ ကိုစောမောင် ရှိ မရှိ (ရှိပါတယ် ဘုရား)။

ကဲ ကြည့်လိုက်စမ်းပါ မိစ္ဆာဒိဋ္ဌိတွေ ကျတော့ ကံ ကံ၏အကျိုးကို ယုံကြည်သလား၊ သူတို့ကို ဖန်ဆင်းထားတယ်တဲ့ တန်ခိုးရှင်ကို ယုံကြည်နေသလား (သူတို့ဖန်ဆင်းထားတဲ့ တန်ခိုးရှင်ကို ယုံကြည် နေကြပါတယ်)။ ကံ ကံ၏ အကျိုးကြောင့် ဖြစ်တယ်ဆိုတာ ပါသေးရဲ့လား (မပါပါဘူး)။ အဲဒီတော့ သိတဲ့ဉာဏ်ကလေး ဘယ့်နှယ်နေသတုန်း (ဖုံးထားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် အဲဒီသိထားတဲ့ ဉာဏ်ကလေးတောင် ဖုံးထားတဲ့ လူဦးရေနဲ့ မဖုံးတဲ့ လူဦးရေ ဘယ်ဟာကများ မတုန်း (ဖုံးထားတာက များပါတယ်)။ တိရစ္ဆာန်တွေတော့ ထည့်မနေပါနဲ့တော့ ကိုစောမောင် တိရစ္ဆာန်ဆိုတာကတော့ အဝိဇ္ဇာတုန်းကြီးဖြစ်နေလို့ အထူးထည့်ပြောဖို့ မလိုပါဘူး (မှန်ပါ)။

၁-နံပါတ်အဝိဇ္ဇာတောင် မကွာလို့ရှိရင်ဖြင့်

လူရယ်လို့ ဖြစ်လာတာတောင်မှ လူဦးရေနည်းနည်းလောက်ပဲ ဒါကလေးတွေ ခွါနိုင်တာက (မှန်ပါ)။ ဒါတွေကို ဖုံးထားတဲ့ လူဦးရေက ကိုစောမောင်များတယ် (မှန်ပါ ဘုရား)။ အင်မတန်မများဘူးလား (များပါတယ်)။

အဲဒါတွေကြည့်လိုက်တော့ ဪ ၁-နံပါတ်အဝိဇ္ဇာတောင် မကွာလို့ရှိရင်ဖြင့် မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ-ဆိုတဲ့ မနေ့ကပြောတဲ့စကား မလွဲပါဘူး (မလွဲပါဘူး ဘုရား)။ လွဲသေးသလား (မလွဲပါဘူး ဘုရား)။

မှောင်ထဲပဲ မွေးတယ်၊ မှောင်ထဲပဲသေတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ သွားကြည့်ပါ ကိုစော မောင်တို့၊ တစ်ခါတလေလဲ ရောက်ဖူးပါလိမ့်မယ် တောထဲတောင်ထဲမှာ တောတွင်းသား မယဉ်ကျေးသေးတဲ့ လူအမျိုး မျိုးမရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ဓားတစ်ချောင်း၊ လှံတစ်ချောင်း၊ ဒူးလေးတစ်ချောင်း စသည်ချိတ်ပြီး သကာလ တိရစ္ဆာန်တွေ သတ်ဖြတ်စားသောက်နေတဲ့ ပုဂ္ဂိုလ်တွေ ပရိယေသနကလဲ ခပ်ကျပ်ကျပ်နဲ့ဆိုတော့ ကိုစောမောင် ဘယ်လို ဆိုမတုန်း (မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေပါ ဘုရား)။ အားလုံး ဒကာ ဒကာမတွေ ပေါ်ပြီလား (ပေါ်ပါပြီ)။ အဲဒါတွေကျတော့ ဒီပထမ ၁-နံပါတ်အထပ်ကို ကွာနိုင်ရဲ့လား (မကွာနိုင်ပါဘူး ဘုရား)။

မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ

ဒါဖြင့် ဒီဘဝလဲ မကွာ၊ နောက်လဲ (မကွာပါဘူး)။ နောက်ထပ်ဖြစ်တော့လဲ မှောင်ထဲပဲ မွေးဦးမှာပဲ (မှန်ပါ)။ နေတော့ရော (မှောင်ထဲပဲနေမှာပါ ဘုရား)။ နောက် သေတော့ရော (မှောင်ထဲပဲ သေမှာပါ ဘုရား)။ သေတော့ အလင်းရ မလား (မရသေးပါဘူး ဘုရား)။ ကဲ- ဒီ့ထက်ကိုယ်ကျိုးနည်းများ ဒကာ ဒကာမတွေ ရှိသေးရဲ့လား (မရှိဘူး ဘုရား)။

ဒီတစ်ခါ ခင်ဗျားတို့ လင်းရင်လင်းကြပါတော့၊ ဒီတစ်ခါမှ မလင်းတော့ဘူးဆိုရင်ဖြင့် ဘယ်သူမှ ကယ်နိုင် လိမ့်မယ်လို့တော့ မယူပါနဲ့ (မှန်ပါ)။

ငါးတွေဟာ ဒကာ ဒကာမတို့၊ မွေးတော့ ဘယ်မှာမွေးသတုန်း၊ ရေထဲပဲမွေးတယ် (မှန်ပါ)၊ နေတော့ (ရေထဲ ပဲနေပါတယ်)။ သေတော့ရော (ရေထဲပဲသေပါတယ်)။ ဘာနဲ့များ တွေ့သွားသတုန်း မေးလို့ရှိရင် ဘယ်ဘုရား၊ ဘယ် ရဟန္တာ၊ ဘယ်ဒါန၊ ဘယ်သီလနဲ့များ တွေ့သွားသတုန်း (မတွေ့ပါဘူး ဘုရား)။

တောတွင်း တိရိစ္ဆာန်တွေရော ဒကာ ဒကာမတို့၊ ဘယ်ဒါန ဘယ်သီလနဲ့တွေ့သွားသတုန်း (မတွေ့ပါဘူး ဘုရား)။ ကမ္မဿကတာဉာဏ်ကလေးတောင် တွေ့ မသွားဘူး (မှန်ပါ)။

ကိုစောမောင် ဘယ့်နှယ်ဆိုပါ့မလဲ သူ့အတွက် (ကမ္မဿကတာ ဉာဏ်ကလေးတောင် တွေ့မသွားပါဘူး ဘုရား)။ မတွေ့တော့ သူ့အတွက်က မှောင်ထဲမွေး၊ မှောင်ထဲနေ၊ မှောင်ထဲသေ (မှန်ပါ ဘုရား)။ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ပထမအလင်းကလေး ရတယ်

အဲဒါ ခင်ဗျားတို့ မသေသေးတဲ့ ပုဂ္ဂိုလ်များ၊ ဆရားသမားကောင်းများနဲ့၊ ကရုဏာ မေတ္တာရှေ့ထားတဲ့ ပုဂ္ဂိုလ်နဲ့၊ ထင်အောင် မြင်အောင် ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်များနဲ့လာပြီး သကာလ တွေ့လို့ ကိုစောမောင် ပထမအလင်းကလေး ရတယ် (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

သို့သော် အမှောင်က ဘယ်နှစ်ချက်ကျန်သေးသတုန်း (လေးချက်ကျန်ပါ တယ်သေးတယ်)။ လေးချက်ကျန်တော့ အဲဒီလေးချက်ဟာ နိဗ္ဗာန်တို့ မဂ်ဉာဏ်တို့ အုပ်နေတာ ကိုစံလှ (မှန်ပါ ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။ ကျန်တဲ့အချက်တွေကို အုပ်နေတယ်ဆိုတာ သဘောပါကြပြီလား (ပါပါပြီ)။

ဒါဖြင့် အခုတရားနာလာကြတဲ့ ဒကာ ဒကာမတွေ ကမ္မဿကတာဉာဏ်ဆိုတာက ကံကံ၏အကျိုးကို ယုံကြည် တာ (မှန်ပါ)။ သားကလေး ဘာကလေး ရှင်ပြုကြ၊ ဆွမ်းကလေး ဘာလေးလဲ မကြာမကြာ ကျွေးကြ လှူကြ စသည်နဲ့ ကိုစောမောင် ကမ္မဿကတဉာဏ်ကလေးတွေ လုပ်ကြတာပဲ (မှန်ပါ)။ ဝါတွင်း ဝါပ၌ပင် ထိုက်တန်တဲ့ ဥပုသ်ကလေး ဘာကလေး စောင့်ကြတယ်။ အသက်ရှည်တာ သီလကျေးဇူးပေါ့ကွ၊ နောက်ဘဝတွေ အသက်ရှည်ချင်လဲ ဒီသီလပဲ အားကိုးရာ ရှိတယ်ဆိုတော့ ခန္ဓာပဲ ပြန်လှည့်လိုက်တယ် (မှန်ပါ)။

နောက်ဘဝဆိုတော့ ဘာလှည့်လိုက်သတုန်း (ခန္ဓာပဲပြန်လှည့်လိုက်ပါတယ်)။ ခန္ဓာပြန်လှည့်လိုက်တယ်ဆိုတော့ ပုညာဘိသင်္ခါရသတ္တိဟာ လွတ်ကိုမလွတ်ဘူး။ ကျော့ကွင်းထဲမှာ မိနေတာပဲ (မှန်ပါ)။ မမိဘူးလား (မိပါတယ် ဘုရား)။

အဲဒီတော့ နောက်ဘဝ ပါနေကတည်းကိုက ဒကာ ဒကာမတို့ အဝိဇ္ဇာ၏ စွမ်းရည်သတ္တိ မကုန်သေးဘူး ဆိုတာ မှတ်ကြပါ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။ ကျန်တဲ့လေးခုသော အဝိဇ္ဇာတို့၏ အုပ်ချုပ်ရေး လွတ်ပြီလား(မလွတ် ပါဘူး)။ အဲဒါကြောင့် သူူဟာ နောက်ဘဝတွေ နောက်ဘဝတွေ ပြေးနေတာ (မှန်ပါ)။ ကိုစောမောင် ရှင်းပြီလား (ရှင်း ပါပြီ)။

အလုပ်ကလဲ ဒီထဲမှာပါရဦးမှာ

အဲဒါ ဒကာ ဒကာမတို့ လေးလေးစားစား နားထောင်ပြီး သကာလ ဖြည်းဖြည်းဆေးဆေးဟောမှ ဒကာ ဒကာမတွေရမယ်နော် (မှန်ပါ)၊ ဒါကို သွက်သွက်ကြီးဟောသွားလို့ရှိရင် ဒါက ဒါဖုံးတယ်၊ ဒါက ဒါဖုံးတယ်ဆိုရင် မောင်နိုင် မှတ်မိမှာ မဟုတ်တော့ဘူး (မှန်ပါ)။ သိပါ့မလား (မသိပါဘူး ဘုရား)။ မသိပါဘူး။ ပြီးတော့ အလုပ်ကလဲ ဒီထဲမှာပါရဦးမှာ (မှန်ပါ)။

အလုပ်ကလဲ အလုပ်လုပ်ပြီး ထည့်ရမှာ ကိုစောမောင် (မှန်ပါ)။ အလုပ်စခန်းက အများကြီးပါပြီး သကာလ နေတော့တယ် ဒကာ ဒကာမတွေ ဖြည်းဖြည်းဆေးဆေး ၅-ရက် ၆-ရက်ဆိုသလို ဟောမှ ဒီဥစ္စာကရှင်းမယ် (မှန်ပါ)။ နို့မဟုတ်လို့ရှိရင် မောင်နိုင်ရှင်းပါ့မလား (မရှင်းပါဘူး)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြောရတယ်၊ တစ်ရက်တည်း မှန်းပြီး မလာနဲ့နော် ဒီဥစ္စာ ခင်းကတည်းက မဂ်ဉာဏ်ဆိုက်အောင် ပြောရမှာ၊ နိဗ္ဗာန်ဆိုက် အလုပ်လုပ်စဉ်နဲ့တကွ ပြောရမှာဖြစ်နေတော့ ဖြုန်းခနဲ နိဗ္ဗာန်ဆိုက်အောင် ပြောလိုက်ပါတော့လား၊ ဘာဖြစ်လို့ ဆွဲနေသလဲလို့ ကိုစောမောင် မေးချင်မေးလိမ့်မယ် (မှန်ပါ)။

ခင်ဗျားတို့ ကြေးတွေက တွန်းလို့ ပွတ်လို့ မကုန်လို့ပြောနေတာ (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ကြေးက ထူလိုက်တာက ဘဝအဆက်ဆက်က ကပ်လာတာ ဘယ်အခါကာလမှ ဆပ်ပြာနဲ့ ရေမချိုးဘူးတဲ့ ကြေးတွေပဲ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

တောဒေယျပုဏ္ဏားမှာ

ကိုင်း ဒါဖြင့် သေသေချာချာနားထောင်ကြပါ၊ ကမ္မဿကတာဉာဏ်မှ မယုံနိုင်လို့ ဘုရားလက်ထက်က တုဒိရွာ မှာ တောဒေယျပုဏ္ဏားဆိုတာ မရှိလား -(ရှိပါတယ်)။

ပေးကမ်းရင် ပစ္စည်းကုန်တယ်။ များလို့စုရင် ပစ္စည်းပွားတယ်၊ ကိုစောမောင် ဒီလိုယူကြတာ သူတို့က (မှန်ပါ)။ မျက်စဉ်းတောင် ပုလင်းထဲထည့်ပြီး မျက်စဉ်းတံကလေးနဲ့တို့ရင် ကုန် သေးတယ်။ ပျားလိုစုထားရင် ဘယ်လောက် ကောင်းမလဲ။ ဒါ့ကြောင့် တို့တော့မပေးပါဘူး။ မလှူပါဘူးဆိုတော့ သူ့မှာ ကမ္မဿကတာ ဉာဏ်တောင်မရှိဘူး (မှန်ပါ)။

တောဒေယျပုဏ္ဏားမှာ ဒီဉာဏ်တွေရှိရဲ့လား (မရှိပါဘူး)။ ဘယ်နှစ်ချက်အုပ်နေသတုန်း (ငါးချက်တောင် အုပ်ပါတယ်)။ ငါးချက်တောင် လုံခြုံနေအောင် အုပ်တယ်ဆိုတာရော ရှင်းကြပါပြီ (ရှင်းပါပြီ)။

အဲဒါနဲ့ သေသွားတဲ့အခါကျတော့ သူ့သားရဲ့ အိမ်မှာပဲ ခွေးဖြစ်တယ်ဆိုတာလဲ အထင်အရှားမဟုတ်လား (ထင်ရှားပါတယ် ဘုရား)။ ဘယ့်နှယ်ကြောင့် ခွေးဖြစ်ပါလိမ့်မတုန်းမေးတော့ အပုညာဘိသင်္ခါရကြောင့်ပေါ့ ကိုစောမောင် (မှန်ပါ)။ အပုညာဘိသင်္ခါရကို ဘယ်သူက အုပ်ချုပ်နေသတုန်းဆိုတော့ အဝိဇ္ဇာက အုပ်ချုပ်နေတယ် (မှန်ပါ)။ သဘော ကျပြီလား (ကျပါပြီ)။ အဝိဇ္ဇာက သိကောင်းတာတော့ မသိဘူး ဆိုပါတော့။ မသိကောင်းတာကို သူသိနေတယ် (မှန်ပါ)။ ကုန်မှာတော့ သူသိတယ်။ ရမှာတော့ သူမသိဘူး (မှန်ပါ)။

သူသေတော့ ခွေးသွားဖြစ်တယ်

ပစ္စည်းကုန်မှာတော့ (သိပါတယ်)။ နောက်ဘဝကောင်းကျိုးရမှာ၊ နိဗ္ဗာန်တိုင်အောင်ရမှာတော့ (မသိပါဘူး ဘုရား)။ အဲဒါကြောင့် တောဒေယျဟာ ပေးကမ်းလှူဒါန်းလုပ်သေးရဲ့လား (မလုပ်ပါဘူး ဘုရား)။ မလုပ်တော့ သူ့သား သုဘဆိုတဲ့ လုလင်အိမ်မှာ သူသေတော့ ခွေးသွားဖြစ်တယ် ဆိုတာ မထင်ရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ဒကာ ဒကာမတို့ သဘောပါပြီလား (ပါပါပြီ)။ ဒါဘယ်ဉာဏ်ကိုတောင်မှ အုပ်ချုပ်ထားတယ်ဆိုတာရော ပေါ်ပြီလား (ပေါ်ပါပြီ)။ ကမ္မဿတာဉာဏ်ကိုတောင်မှ လင်းခွင့် ပွင့်ခွင့် ကိုစောမောင် ပေးသေးရဲ့လား (မပေးပါဘူး)။ ၁-နံပါတ် အဝိဇ္ဇာက အုပ်ထားလိုက်တယ် (မှန်ပါ)။ ၂-နံပါတ်၊ ၃-နံပါတ်၊ ၄-နံပါတ်၊ ၅-နံပါတ်တို့တော့ ပြောဖို့ရာ မရှိ ပေါ့ဗျာ အုပ်မြဲပေါ့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကိုင်း ကမ္မဿတာဉာဏ်ကလေးတောင် နတ်ရွာသုဂတိ ရောက်ဖို့ရာကလေးတောင် နိဗ္ဗာန်ဆိုတာ အသာထား စမ်းပါဦး ကိုစောမောင် အဲဒီဉာဏ်ကလေးတောင် မပွင့်ဘူး အုပ်ထားတယ် (မှန်ပါ)။ အဝိဇ္ဇာပစ္စယာ အပုညာဘိသင်္ခါရ သူ့ကျတော့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ကိုင်း ဒကာ ဒကာမတို့၊ အဝိဇ္ဇာကြောင့် အကုသိုလ်ဖြစ်ရတယ်ဆိုတာ နှမြောတဲ့ အကုသိုလ်တွေ မလာဘူးလား (လာပါတယ် ဘုရား)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဘုရားက ဆွမ်းခံသွားတော့ အဲဒီခွေးက မဟောင်ဘူးလား (ဟောင်ပါတယ်)။ ဘုရားကတော့ ဟေ့ တောဒေယျ မင်းဟာ ကမ္မဿတာဉာဏ်လောက်မှ မရှိခဲ့တဲ့ဆွမ်းတစ်ဇွန်း တစ်ယောက်မတောင် မလှူမတန်းဘဲ သေသွားလို့ ခွေးဖြစ် နေတာ အခု ငါဘုရားကို နောက်ထပ်အမိုက်ဓာတ်နဲ့ ပြစ်မှား ပြန်ပြီလားလို့ မေးလိုက်တယ် (မှန်ပါ)၊ တောဒေယျက ဖြစ်လာတဲ့ ခွေးနဲ့စကားပြောရတယ် (မှန်ပါ)။

ခွေးကလေးနဲ့ ဘာဖြစ်လို့ စကားပြောပါလိမ့်

ဘုရားက အင်မတန် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး ခွေးကလေးနဲ့ ဘာဖြစ်လို့ စကားပြောပါလိမ့်မတုန်း ဆိုတော့ တောဒေယျရဲ့ သားကလေး ကျွတ်တမ်းဝင်ပါစေတော့လို့ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သူမွေးထားတဲ့ သားကလေးကို ဘာဖြစ်စေလိုလို့လဲ (ကျွတ်တမ်းဝင်အောင်လို့ပါ)။ ဒါတောင်မှ ကျွတ်တမ်းဝင် ဖို့အရေးကို သူ့အဖေပြချွတ်ရမှာ မောင်နိုင် (မှန်ပါ)။ ဒီတွင်မှ သူ့သား သုဘလုလင်က ဒီခွေးကို အင်မတန်ချစ်ခင် နေတော့ ခွေးဟောင်သံကြားတယ်၊ ဟေ့-ဆိုပြီး ဆင်းလာပြီး အခိုင်းအစေတွေ မေးတော့ မြတ်စွာဘုရားကြွလာတယ်။ ခွေးကို ပြောသွားတယ်။ ဘယ့်နှယ်ပြောသွားသတုန်း။ တောဒေယျလို့ ခွေးကို ခေါ်ပါတယ်၊ ဆွမ်းတစ်ဇွန်း တစ်ယောက် မလောက်မှ လှူခဲ့တာ မရှိလု့ိ ခွေးဖြစ်ရတဲ့ အထဲမှာ အခုငါဘုရားကို ပြစ်မှားပြန်ပြီလား။ မင်းဒီတစ်ခါ သေရင် အဝီ စိသွားလိမ့်မယ် ပြောသွားတယ်လို့ ပြန်ပြောပြတယ် (မှန်ပါ)။

သူကလဲ ပုဏ္ဏားမျိုး ဖြစ်နေတော့ မကျေနပ်လိုက်တာ ဒကာ ဒကာမတို့။ သူတို့ပုဏ္ဏားများသေရင် ဗြဟ္မာဖြစ် တယ်လို့ ယူထားတာကိုး (မှန်ပါ)။ ရှင်းပြီလား (ရှင်းပါပြီ)။

ဒါနဲ့မကျေနပ်ပါဘူး။ ကျောင်းလိုက်ပြီး မေးပါမယ်ဆိုပြီးမေးတော့ မင်းအဖေ ခွေးဖြစ်နေတယ်လို့ ဘုရားက အတိအလင်းပဲ မိန့်ကြားလိုက်တယ် (မှန်ပါ)။ မင်းမယုံလို့ရှိရင် နက်ဖြန်ကျတော့ ရေမရောတဲ့ နို့ရည်နဲ့ ဆန်ပြုတ်ကျိုပြီး ကျွေးစမ်း၊ နို့ထမင်းကျိုပြီး ကျွေးစမ်းကွာ။ သူအိပ်ချင်လို့ နည်းနည်ကလေး မျက်စိမှေးတဲ့အခါ မင်းကကျောကလေး သပ်ပေး။ ရွှေဘယက် ရွှေခြေနင်း ဘယ်ထားခဲ့သတုန်း၊ ရွှေလင်ပန်း ဘယ်မှာထားခဲ့သတုန်းမေး။ ပြောပါလိမ့်မယ် မိန့်လိုက် တယ် (မှန်ပါ)။

ကျောသပ်ပြီးမေးတော့ ရတာပဲ

ဒါနဲ့ ပြန်လာခဲ့ပြီး နက်ဖြန်ကျတော့ ကျွေးလဲကျွေးတာပဲ မောင်နိုင်။ ကျွေးပြီးတော့ အိပ်ချင်နေတုန်း မျက်လုံး မှေးမှေးနေတဲ့အချိန်မှာ ကျောသပ်ပြီးမေးတော့ ရတာပဲ။ ပြောတော့ သူခြေကလေး လက်ကလေးနဲ့ယက်ပြီးနေရာတိုင်း လျှောက်ပြတာကိုစောမောင်။ တူးကြည့်တော့ရတာပဲ (မှန်ပါ)။ ဘယ်သူက ဖြစ်လာတဲ့ခွေးလဲ။ သူ့အဖေက ဖြစ်လာတဲ့ ခွေး (မှန်ပါ)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဘာနဲ့သေသွားသတုန်းလို့ မေးတဲ့အခါကျတော့ သူ့သားကလေးကိုလဲ သုံးဖြုန်းပစ်မှာ သိပ်စိုးရိမ်တယ်။ ငါစုထား တာတွေ နည်းတာမဟုတ်ဘူး။ ဒီကောင်က ရမ်းပြီး ဖြုန်းပစ်လိုက်လို့ရှိရင် ခက်ချေရဲ့ဆိုတဲ့ တဏှာနဲ့စွဲသွားတော့ အပုညာဘိသင်္ခါရမနေဘူးလား (နေပါတယ်)။ ဘယ်သူကအုပ်ချုပ်ထားသတုန်း (အဝိဇ္ဇာကအုပ်ချုပ်ထားပါတယ် ဘုရား)။ အဝိဇ္ဇာက ပစ္စယာဘယ့်နှယ်ဆိုကြမလဲ (သင်္ခါရပါ ဘုရား)။ အပုညာဘိသင်္ခါရ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါကလေးတွေ သားလဲ အမွေပေးပြီးပါရော ကိုစောမောင် သေတာပါပဲ။ သေပြီး ငရဲသွားပါလေရော (မှန်ပါ)။

ကဲ သမ္မဿကတာဉာဏ်တော် ဖုံးထားတယ်ဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ကမ္မဿကတာဉာဏ်ကို ဘယ်သူအုပ်ထားသတုန်း

ကံ ကံ၏အကျိုးယုံကြည် ရဲ့ အလှူအတန်းကလေး၊ သီလကလေးလောက်တောင်မှ ပါသေးရဲ့လား (မပါပါဘူး ဘုရား) ဘယ်လောက်များဆိုသတုန်း (ဆိုးပါတယ် ဘုရား)။ ဘယ်သူအုပ်ထားတယ်ဆိုတာ သက်သေခံလုံလောက်ပြီလား (လုံလောက်ပါပြီ)။

၁-နံပါတ် ကမ္မဿ ကတာဉာဏ်ကို ဘယ်သူအုပ်ထားသတုန်း (အဝိဇ္ဇာအုပ်ထားပါတယ်)။

ကိုင်း ယခု ဒကာ ဒကာမတွေတော့ ဒါဟာ မအုပ်ပါဘူးလို့ဘဲ ဘုန်းကြီးက ဆိုပါတယ် (မှန်ပါ)။ သို့သော် အုပ်တဲ့အခါလဲ အုပ်သေးတယ်နော် (မှန်ပါ)။ ဆွမ်းတော်ကို မမျှနိုင်ဘူး၊ ဝမ်းတောင်မှ မဝဘဲနဲပ ဆိုတဲ့အခါကျတော့ အုပ်သွားပြန်တာပဲ (မှန်ပါ)။ မလာဘူးလား လာသလား (လာပါတယ်)။

ဆွမ်းတော် မမျှနိုင်ဘူး၊ ဝမ်းတောင်မှ မဝတဲ့အခါဆိုတော့ မစ္ဆရိယ ကိုစောမောင် ပါ မပါ (ပါပါတယ် ဘုရား)။ ဒီကျတော့ အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)။ အပုညာဘိသင်္ခါရလုပ်ပါ (မှန်ပါ)။

ကိုင်း နောက်ဘဝကောင်းစားရေးဆိုပြီး တစ်ခါလုပ်ပြန်တယ်။ ဒီဘဝလဲ တို့လူတမ်းစေ့စေ့နေနိုင်တယ်။ ဒီလို လှူလို့ရှိရင် နောက်ဘဝ ဒီထက်ပိုဆင်းရဲချေရဲ့ဆိုပြီး လှူပြန်ရော။ လှူပြန်တော့ပြန်ရွတ်ကြပါဦး။ အဝိဇ္ဇာပစ္စယာ (ပုညာ ဘိ သင်္ခါရပါ)။ ပုညာဘိသင်္ခါရဘက် သွားပြန်ရော ကိုစောမောင် (မှန်ပါ)။

မလှူဘဲနေပြန်တော့လဲ အဝိဇ္ဇာပစ္စယာ (အပုညာဘိသင်္ခါရပါ ဘုရား)။ ဝဋ်တောင့်တပြီး ဘုံဘဝတွေ တောင့်တ ပြီးနောက်ဘဝ မျှော်လင့်ရင်းနဲ့ လုပ်ပြန်တော့လဲ (အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရပါ ဘုရား)။ ဘယ်ဟာမှမကောင်းဘူး (မှန်ပါ)။ ရိပ်မိပြီလား (ရိပ်မိပါပြီ)။

မကောင်းတာချည်းပဲဆိုတော့ သို့သော် မကောင်းထဲ ကမှ မကောင်းရှာတော့ အပုညာဘိသင်္ခါရ ပိုပြီးမကောင်း တယ် (မှန်ပါ)။ ဒါမကောင်းထဲကမှ အကောင်းရှာလို့ရှိရင် ပုညာဘိသင်္ခါကမှ တော်သယောင် ရှိသေးတယ်။

သို့သော် သံသရာ့ အပြင်ဘက်တော့ မထွက်ဘူး (မှန်ပါ)။ အိုဘေး၊ နာဘေး၊ သေဘေးတော့ (မလွတ်ပါဘူူး ဘုရား)၊ မလွတ်ဘူး ဆိုတာ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုပြီး လှူကြပါ

အဲဒါကြောင့် ဒီကုသိုလ်မျိုးကို မလုပ်ပါနဲ့။ လှူမယ် တန်းမယ်၊ ပေးမယ်ကမ်းမယ် ဆိုလို့ရှိရင် မိမိခန္ဓာကြီးကို ဝိပဿနာရှုလို့ ဟောဒီ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဆိုပြီး လှူကြပါဆိုတာ ဆရာဘုန်းကြီးက ခဏခဏ သတိပေးပါတယ် (မှန်ပါ)။ သစ္စာမြင်ပြီး လှူစေချင်လို့ ပြောပါတယ် (မှန်ပါ)။ ဒုက္ခဝဋ်မှ ကျွတ်စေချင်လို့နော် (မှန်ပါ)။

အဲဒါမျိုးကျတော့ ဘယ်လောက်ပဲလှူလှူ ဒကာ ဒကာမတို့ ပုညာဘိသင်္ခါရ မဖြစ်တော့ဘူး (မှန်ပါ)။ ဝိဝဋ္ဋကုသိုလ် ဖြစ်သွားပြီဆိုတာ သဘောကျပြီလား (ကျပါပြီ)။ ဒီဝဋ်ဒုက္ခသစ္စာ ကျွတ်ချင်လို့ စွန့်တာကိုးဗျာ။ ဒုက္ခသစ္စာ ကျွတ်ချင်တာက ဉာဏ်မဟုတ်လား (မှန်ပါ)။ သစ္စာဉာဏ်နဲ့လှူတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

သစ္စာဉာဏ်နဲ့ လှူခဲ့လို့ ဒီဥစ္စာက သံသရာတိုတယ် (မှန်ပါ)။ ဘုရားက ငါဘုရားက သစ္စာမသိလို့ သံသရာရှည်ခဲ့ တယ် (မှန်ပါ)။ မင်းတို့လဲ သစ္စာသိပြီးလုပ်ရင် သံသရာပြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဘုရားက ထောက်ခံချက်မပေးဘူး လား (ပေးပါတယ် ဘုရား)။

စကုန္နံ အရိယသစ္စာနံ ယထာဘူတံ အဒဿနာ သန္ဓာဝိဿံ သံသရိတံ ဒီဃမဒ္ဓါနံ-ဆိုတာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ဟောတာ (မှန်ပါ)။ သစ္စာမသိတော့ ငါဘုရားလဲ သံသရာရှည်ခဲ့တာပါပဲ (မှန်ပါ)။ သစ္စာသိတဲ့အချိန်ကျမှ ကိုယ်တော်ကြီးလဲကျွတ်တမ်းဝင်တော်မူခဲ့ရတယ်။ သစ္စာသိတဲ့ အချိန်ကျမှ ခန္ဓာဇာတ်သိမ်းတော့တယ်ဆိုတာလဲ ဘုရားက လုံလောက်အောင် ကိုစောမောင် ဟောသွား-မသွား (ဟောသွားပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဿကတာ ဉာဏ်ဖုံးနေတဲ့ ၁-နံပါတ်အဝိဇ္ဇာတော့ဖြင့် ဟောဒီတရားပွဲမှာ ဒကာ ဒကာမတွေ အကုန်ပဲခွါပြီးသားပါပဲ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

အမှောင်ခွင်းလို့ အလင်းရောက်ပြီလား

ဒါဖြင့် ၁-နံပါတ်ဖြုတ်လိုက်ပါ ဒကာ ဒကာမတို့ ဘယ်နှစ်ခုကျန်သတုန်း (လေးခုကျန်ပါတယ် ဘုရား)။ ဒီတော့ အမှောင်ခွင်းလို့ အလင်းရောက်ပြီလားလို့ မေးရင် ကိုစောမောင်က ဘယ့်နှယ်ဖြေမတုန်း (မရောက်သေးပါဘူး ဘုရား)။ နောက်က ဒကာ ဒကာမတွေ (မရောက် သေးပါဘူး ဘုရား) အမှောင်ဘယ်နှစ်ချက်လိုသေးသတုန်း (လေးချက်လိုပါတယ် ဘုရား)။

လေးချက်အုပ်နေသေးတယ် ဆိုကတည်းက ဒကာ ဒကာမတွေ ရေးရေးကလေးရှိသေးတယ် (မှန်ပါ)။ ရေးရေးကလေးဆိုတော့ တော်တော်စူးမယ့် ဆူးကို မြင့်ပါ့မလား (မမြင်ပါဘူး)။ တော်တော်သေးတဲ့ မြွေကို မြင့်ပါ့မလား (မမြင်ပါဘူး)။ ဒါဖြင့် ဒီမြွေကိုက်လို့၊ ဒီဆူး စူးလို့ သေပါလိမ့်ဦးမယ်၊ ရေးရေး ရှိသေးတာကိုး (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ မြင်ကြပါဦး၊ ဆင်ကြပါဦး၊ ဒီဥစ္စာဖြင့် ခွါကြပါဦးဆိုတာကို သတိပေးထိုက်၊ မပေးထိုက် (ပေးထိုက်ပါတယ် ဘုရား)။ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

၂-နံပါတ် ခွါကြပါစို့

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ၂-နံပါတ် အဝိဇ္ဇာကို ခွါကြပါစို့။ ၂-နံပါတ် ခွါကြပါစို့ဆိုတော့ ခန္ဓာကိုယ် ကြီးထဲမှာ ရုပ်နဲ့နာမ်ပဲရှိတယ် ကိုစောမောင် (မှန်ပါ)။

အားလုံးတရားနာနေတဲ့ ဒကာ ဒကာမတွေ ဘာပဲရှိပါလိမ့် (ရုပ်နဲ့နာမ်ပဲ ရှိပါတယ် ဘုရား)။

ဒါကလေးတောင်မှ တစ်ခါတစ်ခါ ဒကာ ဒကာမတွေက ရုပ်နာမ်ကလေးကိုပဲ တယ် – ငါရိုက်လိုက်ရ သေကုန် တော့မယ်၊ ငါအော်လိုက်လို့ရှိရင် လူကြားကုန်တော့မယ်၊ ရုပ်နာမ်တွေကို ငါလုပ်လာလိုက်သေးတယ်။ မလာဘူးလား (လာပါတယ် ဘုရား)။

ငါအော်လိုက်လို့ရှိရင်ဖြင့် အိမ်ကို ပွက်လန်သွားတော့မယ်၊ ငါ ဒါကြောင့် ရေငုံနေတာ စသည်ဖြင့် ရှုပ်လို့ ကိုစောမောင် (မှန်ပါ)။ ဒါရုပ်နာမ်ကို မသိတဲ့ အဝိဇ္ဇာက လုပ်နေတာ ကိုစောမောင် (မှန်ပါ)။

ဘယ်သူက လုပ်တာပါလိမ့် (အဝိဇ္ဇာကလုပ်တာပါ)။ ၂-နံပါတ် အဝိဇ္ဇာကလုပ်တာ (မှန်ပါ)။ ရုပ်နာမ်မှန်းမသိ အောင် ဖုံးထားတဲ့ အဝိဇ္ဇာက လုပ်တယ်။ ရုပ်နာမ်ပေါ်သေးရဲ့လား (မပေါ်ပါဘူး)။

အဲဒါကျတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လျှော့ပေးလို့ မရတော့ဘူး၊ ရှိနေသေးတယ်လို့ ဟောရမယ် (မှန်ပါ)။

အလုပ်မလုပ်တဲ့အချိန်မှာ ရှိနေတယ်

ကိုစောမောင် ဘယ့်နှယ်ဟောရမတုန်း (ရှိနေသေးတယ်လို့ ဟောရပါမယ် ဘုရား) ရှိနေသေးတယ်ပဲ ဟောရ မယ်။ ဒါအလုပ်မလုပ်တဲ့အချိန်မှာ ရှိနေတယ်နော် (မှန်ပါ)။

ဒါဖြင့် အဝိဇ္ဇာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရှိလို့သာ ဒီ ဒိဋ္ဌိထွက်လာတာ ကိုစောမောင် (မှန်ပါ)။ အဝိဇ္ဇာအုပ် ချုပ်ရေး ရှိနေလို့ ဒိဋ္ဌိလောဘထွက်လာတာပေါ့ (မှန်ပါ)။ သူလဲ တိုတိုပြောတော့ သူလဲ သင်္ခါရထဲကပါပဲ (မှန်ပါ) ရှင်း ကြပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ အိမ်မှာ နေတဲ့အချိန် သူတော်ကောင်းအလုပ်ကို ဆရာဘုန်းကြီးက လုပ်ကြစမ်းပါ၊ လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေးမြင်အောင် လုပ်ကြစမ်းပါ၊ ဖြစ်ပျက်ကလေး မုန်းသွားအောင် လုပ်ကြစမ်းပါ၊ ဖြစ်ပျက် ကလေးဆုံးသွားအောင် လုပ်ကြစမ်းပါ ဆိုတာများ ခင်ဗျားတို့ အလင်းရပါစေတော့လို့ ပြောနေတာ (မှန်ပါ)။

ခင်ဗျားတို့က ဂျေးထူနေသေးတယ်ု၊ တပည့်တော်တို့က အမှောင်ကြိုက်ဘုရားလို့၊ ကြေးထူတဲ့လူဟာ အမှောင်ကြိုက်လို့ဆိုတဲ့စကား နဲ့ရော ထူးသေးရဲ့လား (မထူးပါဘူး)။

ကိုစောမောင် သဘောပါရဲ့လား (ပါပါတယ် ဘုရား)။ လုပ်တော့လုပ်မယ်လို့ ရည်ရွယ်ချက်တော့ရှိတယ်၊ ရည် ရွယ်ချက်တော့ရှိတယ်။ ရည်ရွယ်ချက်တော့ရှိရင် အမှောင်ထဲ ပျော်သေးလို့လားလို့ အခုမေးရုံပဲ (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။

မှောင်ထဲမှာ စမ်းသွားနေရလို့ ခလုတ်တံသင်းတွေနဲ့ စူးလိုက်တိုက်လိုက်နဲ့။ သားတည်းဟူသော ဆူး ကစူးလိုက်၊ သမီးတည်းဟူသော ဆူးကစူးလိုက်၊ ဒါကို ကြိုက်နေသေးတယ်လို့လားလို့ မေးဖို့ မလိုဘူးလား (လိုပါတယ်)။

သားတည်းဟူသော ဆူးက စူးလိုက်လဲ ရင်ထဲမှာ ထိတ်ခနဲ၊ သမီးတည်းဟူသော ဆူးက စူးလိုက်လဲ ရင်ထဲမှာ ထိတ်ခနဲ။ မျက်ရည်တွေ ဖြိုက်ခနဲ ကျလာတယ်၊ မကျဘူးလား-ကျပါတယ်၊ အဲဒါမှောင်ထဲ သွားနေလို့ ဖြစ်ချင်သလိုဖြစ်နေတာ (မှန်ပါ)။ သဘောကျပြီလား (ကျပါပြီ)။

၂-နံပါတ် အဝိဇ္ဇာ မကွာလို့

အဲဒီလိုဖြစ်တာတွေ ဟူသရွေ့ကို ဒကာ ဒကာမတွေက စဉ်းစားခန်း ထုတ်လိုက်တဲ့အခါကျတော့ ဪ ၂-နံပါတ် အဝိဇ္ဇာ မကွာလို့ ဒီဆူး အစူးခံနေရတာ (မှန်ပါ)။ သားသမီးဆူးစူး၊ ပစ္စည်းဆူးကစူး၊ ပစ္စည်းတွေကလဲ တစ်ခါ တလေကျတော့ မြတ်မယ်လို့ ထားလိုက်တာ ရှုံးတယ်ဆိုတော့ ဟိုက်ခနဲ စူးလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ)။

အငြိမ်ကို နေလို့ရရဲ့လား (မရပါဘူး ဘုရား)။ အခုသွားပါဟ အခုပြောပါဟ၊ အခုဆိုပါဟ၊ အခုလိုက်ပါဟ စသည် မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါ ရုပ်နာမ်မှ မသိတဲ့ အဝိဇ္ဇာအုပ်ချုပ်ပြီး သကာလ ထားလိုက်တဲ့အတွက် ကျုပ်တို့မှာဖြင့် ဆူးဟူသရွေ့ဟာ ကျုပ်တို့ အတွက်ချည်းပဲ (မှန်ပါ)။ သားကစူးလိုက်၊ သမီးကစူးလိုက်နဲ့ အဖေအမေမှာ လိုက်စူးနေတာပဲ (မှန်ပါ)။ သားသမီး က စူးတာရော (အဖေအမေမှာပါ)။ ပစ္စည်းကစူးတာရော (အဖေအမေပါပဲ)။ ခေါင်းဆောင်မှာသာပြီးစူးတယ်လို့ဆို ကြပါစို့ (မှန်ပါ)။

ဘယ့်နှယ်ဆိုကြပါ့မလဲ (ခေါင်းဆောင်မှာ သာပြီး စူးပါတယ်)။ သူကမှောင်ထဲ အပြေးသန်သကိုး (မှန်ပါ)။ မှောင်ထဲ အပြေးသန်တဲ့ ပုဂ္ဂိုလ်ဟာ ဆူးများလိမ့်မယ်ဆိုတာရော ဦးပြန့်ရိပ်မိပြီလား (ရိပ်မိပါပြီ)။ ခင်ဗျားတို့က အိမ် ခေါင်းဆောင်တွေဆိုတော့ အတော်ခက်နေတာ။ အိမ်ကလူကတော့ ပြန်မှသိရမယ်၊ ကိုယ်ကဖြင့် စူးပြီးခဲ့ပြီဆိုတဲ့ အဓိပ္ပာယ် မျိုး လာမသွားဘူးလား (လာသွားပါတယ်)။

ရုပ်နာမ်ရယ်လို့ သိသေးရဲ့လား

ရုပ်နာမ်ရယ်လို့ သိသေးရဲ့လား (မသိပါဘူး)။ အဲ မသိတဲ့ အခါကျတော့ ငါလုပ်ဖြစ်တယ်ဆိုပြီး သကာလ ငါနဲ့ ချည်းသွားလိုက်ကြတာ၊ မသိအောင်ဖုံးထားတဲ့ အဝိဇ္ဇာက ဖုံးထားလိုက်တာ အကုန်ငါဖြစ်ပြီး သကာလ ရုပ်နာမ်တွေ ငါဖြစ်မသွားဘူးလား (သွားပါတယ်)။

အဲဒီကျအောင် ဖုံထားတာက ဘယ်နံပါတ် အဝိဇ္ဇာပါလိမ့် (၂-နံပါတ်အဝိဇ္ဇာပါပဲ)။ ၂-နံပါတ် အဝိဇ္ဇာဆိုတာ တော်တော်ခွါလို့ လွယ်တယ်မှတ်သလား (မလွယ်ပါဘူး)။

မလွယ်ဘူး ဒကာ ဒကာမတွေ။ ၂-နံပါတ် အဝိဇ္ဇာက သူကတော့ အမှောင်ထဲသွားနိုင်တယ်၊ ခုနကပြောတဲ့ဆွေ ကိစ္စ မျိုးကိစ္စ စသည်ဖြင့် နေမကောင်းလဲ မနေနိုင်ဘူး၊ မရှိလဲ ပေါင်နှံပြီး သကာလ ကူတန်ကူရမယ့် ကိစ္စတွေရော (ရှိပါတယ် ဘုရား)။ လှည့်ပတ်ပြီး ပေးရမယ့်ကိစ္စတွေရော (ရှိပါတယ် ဘုရား)။

အို-မပြောပါနဲ့တော့ အဲဒါတွေက တစ်ခါ တည်းချမ်းသာပဲပေး၊ မချမ်းသာလဲပေး၊ ရှိလဲပေး၊ မရှိဘဲပေး မတတ်နိုင်ဘူး၊ ဆင်းရဲတဲ့ဘဝကျလာရင် ဒီဥစ္စာတွေဟာ တစ်ခါတည်း ကိုယ့်ကိုယ်ချည်းစူးတဲ့ အဓိပ္ပာယ်မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီစူးချက်သန်နေ ပါလိမ့် မှောင်ထဲပြေးနေတာကိုး(မှန်ပါ)။ ၂-နံပါတ် အမှောင်အောက်မှာ သူပြေးနေတာ (မှန်ပါ)။ ရုပ်နာမ်မှ မသိတော့ ဘဲကိုးဗျ (မှန်ပါ)။

ရုပ်နာမ်သိလို့ရှိရင် ငါဆိုတဲ့ ဒိဋ္ဌိက ကွာမနေဘူးလား (ကွာပါတယ်)။ ငါမှ မရှိဘူးဆိုလို့ရှိရင် ငါမရှိရင် သားဆိုတာရော (မရှိပါဘူး)။ သားဆူးလဲ မစူးတော့ဘူး၊ သမီးဆူးရော (မစူးပါဘူး)၊ ပစ္စည်းဆူးရော (မစူးပါဘူး)။

အခုတော့ ၂-နံပါတ် အဝိဇ္ဇာကအုပ်ချုပ်ပြီး သကာလ နေတော့ ဒိဋ္ဌိတည်းဟူသော ဆူးကလဲ ငါရှိပြီး သကာလ နေပြန်တော့ သားကိစ္စနဲ့ကြုံပြန်လဲ ဟိုက်ခနဲ ရင်ပူလိုက် တန်းခုန်လိုက် မြေလူးလိုက် လာပြန်တာပဲ။ မလာဘူးလား (လာပါတယ် ဘုရား)။

ရုပ်နာမ်မသိအောင် ဖုံးထားတဲ့ အဝိဇ္ဇာဒဏ်ချက်ကြောင့်

အဲဒါတွေ ကြည့်လိုက်တော့ ဘယ်အဝိဇ္ဇာ မကျော်လွှားနိုင်လို့ ဒီကိစ္စတွေ အကြုံကြီး အဆုံးကြီး ဆုံနေရပါလိမ့် မလဲ အကဲခတ်မိကြပြီလား (ခတ်မိနေပါပြီ)။ ဘယ်အဝိဇ္ဇာတုန်း (၂-နံပါတ်အဝိဇ္ဇာပါ ဘုရား)။

၂-နံပါတ် ရုပ်နာမ်မသိ အောင် ဖုံးထားတဲ့ အဝိဇ္ဇာဒဏ်ချက်ကြောင့် သားဆူး၊ သမီးဆူး၊ ဆွေဆူး၊ မျိုးဆူး၊ ငါတည်းဟူသော ဆူးတွေက စူး လိုက်တဲ့ဖြစ်ခြင်း မောင်နိုင်ရေ၊ ရှေ့သွားနောက်ဆူး (မှန်ပါ)။ အိမ်နေတဲ့အချိန်မှာလဲ အဝေးအတွက် လှမ်းစူးလိုက်တာ ကလဲ နည်းသလား (မနည်းပါဘူး)။

ဘယ်လောက်ထိအောင် ဒကာ ဒကာမတွေက ရုပ်နာမ်ပါလို့ဆိုတာ မသိတဲ့အတွက် ကိုစောမောင်ရေ ငါရှိလို့ ငါ့သားက ရှိနေတာကိုး၊ ရုပ်နာမ်ရယ်လို့ သိသေးရဲ့လား (မသိပါဘူး)။ ငါရှိလို့ ငါ့သမီးကရော (ရှိနေပါတယ်)။ ငါရှိနေလို့ ငါ့ပစ္စည်းကရော (ရှိပါတယ် ဘုရား)။ ငါရှိလို့ ငါ့ဆွေမျိုးကရော (ရှိပါတယ် ဘုရား)။ ငါရှိလို့ ငါ့ဥစ္စာတွေရော (ရှိပါတယ် ဘုရား)။

ရှုပ်လိုက်တဲ့ ဖြစ်ခြင်းတွေ။ မောင်နိုင်အားသေးရဲ့လား (မအားပါဘူး ဘုရား)။ အဲဒီ မအားအောင် စူးတာသည် ဒကာ ဒကာမတို့ ငါတည်းဟူသော ရုပ်နာမ်တွေ မသိတဲ့ ဒိဋ္ဌိက မပြုတ်ပါဘူး။ မပြုတ်တော့ အဝိဇ္ဇာအုပ်လျက်ပဲဆိုတာ မသေချာဘူးလား (သေချာပါတယ်)။

ဒါကြောင့် ဒကာ ဒကာမတို့၊ ရုပ်နာမ်ကလေး သိလို့ရှိရင်ဖြင့် ၂-နံပါတ်အဝိဇ္ဇာကွာမယ် (မှန်ပါ)။ သဘောကျပြီ လား (ကျပါပြီ)။

ရုပ်နာမ်သိဖို့ဆိုတော့ မခက်လှပါဘူး

ရုပ်နာမ်သိဖို့ဆိုတော့ မခက်လှပါဘူး ဒကာ ဒကာမတို့။ ခင်ဗျားတို့ ကိုင်တွယ်စမ်းသပ်လို့ရတဲ့ အလေးချိန် ရှိတာကြီးဟာ ရုပ်ပဲ (မှန်ပါ)။ ဒီထဲမှာ စားချင်သောက်ချင်ပြောချင်ဆိုချင် ဆိုတာကလေးတွေဟာ အထည်လဲမရှိဘူး၊ ချိန်တွယ်လို့လဲမရဘူး။ ဖျစ်ဖျစ် ဖျစ်ဖျစ်နဲ့ ပေါ်လာပြီး ချုပ်သွားကြတဲ့ ဝေဒနာကလေးတို့၊ စိတ်ကလေးလို့၊ သညာကလေး တို့ဟာ မောင်နိုင် နာမ်လို့ မှတ်လိုက်ပါ (မှန်ပါ)။

ဒါဖြင့် အခိုင်းသမား နာမ်၊ အလုပ်သမားကရုပ်လို့ မှတ်လိုက်ရင်လဲ-မပြီးဘူးလား (ပြီးပါတယ် ဘုရား)။ ဒီလိုချည်း သိနေပြန်လို့ရှိရင်လဲ ငါဆိုတာ ရှာတွေ့သေးရဲ့လား (မတွေ့ပါဘူး)။ အဲ ငါရှာမတွေ့တဲ့ အခြေအနေရောက်ပြန်တော့လဲ ဒကာ ဒကာမတို့ ၂-နံပါတ်အဝိဇ္ဇာ ကွာသွားတဲ့အတွက် ငါမရှိလို့ ငါ့သား၊ ငါ့ပစ္စည်း၊ ငါ့ကိုပြုသွားပြန်ပြီး အစရှိသည်နဲ့ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

ဒါဖြင့် ရုပ်နာမ်ကွဲမှာ ကိုစောမောင် ၂-နံပါတ်အဝိဇ္ဇာ ကွာမယ် (မှန်ပါ)။

သို့သော် ဝိဇ္ဇာဥဒပါဒိ ဆိုတဲ့ စတုတ္ထ၊ ပဉ္စမတို့နဲ့ အဝေးကြီးကျန်သေးတယ် (မှန်ပါ)။ မကျန်ဘူးလား (ကျန်ပါ တယ်)။ သဘောပါကြပြီလား (ပါပါပြီ)။

အလင်း ကလေး နှစ်လင်းတော့ရပြီ

ဒါဖြင့် ရုပ်နဲ့နာမ်သိလို့ရှိရင် ဘယ်အဝိဇ္ဇာကွာသတုန်း (၂-နံပါတ်အဝိဇ္ဇာကွာပါတယ်)။ အဲ အလင်းကလေး နှစ်လင်းရောင်တော့ဖြင့် ရပေါ့လို့ ဆုံးဖြတ်ချက် မချနိုင်ဘူးလား (ချနိုင်ပါတယ် ဘုရား)။ ကမ္မဿကတာဉာဏ်အလင်း ကလေးလဲ ဒီ ဒကာ ဒကာမတွေရှိနေပါပြီ၊ ရုပ်နာမ်သိတဲ့ အလင်းဉာဏ်ကလေးရော (ရှိပါတယ် ဘုရား)။ အဲ အလင်း ကလေး နှစ်လင်းတော့ရပြီ၊ အမှောင်က ဘယ်နှချက်အုပ်နေသတုန်း (ငါးချက်ပါ)။ ရတာက ၂-အုပ်နေသေးတာက ၃-ဆိုရင် ကိုစောမောင် မထေမိဘူး။ ထေမိပါ့မလား (မထေမိပါဘူး)။

အဲဒါကြောင့် အဆုံးထိအောင် ခင်ဗျားတို့ အလုပ်လုပ်ပြီး သွားကြရလိမ့်မယ်ဆိုတာ သဘောပါပြီလား(ပါပါပြီ)။

ကဲ ယနေ့ ဒီတွင် တော်ပါဦး။

သာဓု သာဓု သာဓု။