ဗလပဏ္ဍိတသုတ်အဆက် သူတောင်းစား ၆ ယောက်
ဥပမာပြ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရား အမရပူရမြို့ ဓမ္မာရုံ၌
ဟောကြားတော်မူအပ်သော
ဗလပဏ္ဍိတသုတ်အဆက် သူတောင်းစား ၆ ယောက်
ဥပမာပြ
နေ့ အလုပ်ပေးတရားတော်
(၂၆-၂-၆၁)
လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်း
မနေ့က ဒကာ ဒကာမတွေ ပြောထားတယ်၊ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်းလို့ မေးတဲ့အခါ ကျတော့ကို လူမိုက်က အမှောင်ထဲကလာပြီး အမှောင်ထဲနေပြီး အမှောင်ထဲပဲ သေသွားတယ် (မှန်ပါ့)၊ အမှောင်ထဲနေပြီး သကာလ အမှောင်ထဲမှာဘဲ သေသွားတယ်၊ အမှောင်ထဲပဲ ပြန်ရောက်တယ်၊ ဒါဘယ်သူပါလိမ့် (လူမိုက်ပါ ဘုရား)၊ လူလိမ္မာကတော့ ဖြင့် အမှောင်ထဲက လာတယ်၊ အလင်းထဲနေပြီး သကာလ အလင်းထဲပဲ ရောက်သွားတယ်လို့ တိုတိုပဲ မှတ်ထားကြရမယ်၊ (မှန်ပါ့)။
အဓိပ္ပါယ်က ဒါရတယ်၊ သဘောပါကြပလား (ပါပါပြီ ဘုရား)၊ အဲဒီတော့ ဘယ့်နှယ်ကြောင့် လူမိုက်မှာတော့ ဖြင့် အမှောင်ထဲကလာပြီး အမှောင်ထဲနေပြီး အမှောင်ထဲပြန်ဆင်းသွားရသလဲ၊ လူလိမ္မာကတော့ဖြင့် အမှောင်ထဲက တော့ လာပါရဲ့ အလင်းထဲမှာ နေပြီး သကာလ အလင်းထဲပဲရောက်သွားရတယ် ဆိုတာ ဘာထူးသတုန်းလို့ မေးတော့ မဂ္ဂဗြဟ္မစရိယ အကျင့် ထူးလို့ မနေ့က အဖြေထွက်လာတယ်။
မဂ္ဂဗြဟ္မစရိက အကျင့်ကျင့်လို့
ဘာထူးလို့တုန်း (မဂ္ဂဗြဟ္မစရိက အကျင့်ကျင့်လို့ပါ ဘုရား)၊ မဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်တဲ့အတွက် အမှောင်ထဲ က လာငြားသော်လဲ အလင်းအလုပ်လို လုပ်သောကြောင့် အလင်းထဲပဲရောက်ရတယ် ဆိုတဲ့ဥစ္စာ ကျေကျေနပ်နပ် သဘောကျဖို့ သိပ်ကောင်းပါတယ်၊ သဘောပါပြီနော် (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မဂ္ဂဗြစရိယအကျင့်ဟာ ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်ကို မကျင့်တဲ့ ပုဂ္ဂိုလ်လောက် လောကကြီးထဲမှာ ကြောက်စရာကောင်းတာ ရှိကိုမရှိတော့ဘူး။
အခု ဒကာ ဒကာမတွေ ဘုန်းကြီးဆုံးမတာက ခင်ဗျားတို့ အဝိဇ္ဇာ, တဏှာ တည်းဟူသော နောက်ဘဝအမှောင် ထဲက ဒီဘဝရောက်လာကြတယ်၊ ဒီဘဝမှာလဲ သားရေး သမီးရေး စီးပွားရေးနဲ့ အချိန်ကုန်နေမယ်ဆိုလို့ရှိရင်ဖြင့် အမှောင်ထဲက လာပြီး ကိလေသာ အမှောင်ထဲမှာဘဲ နေကြတော့တယ်လို့ ဆိုရတော့မှာဘဲ (မှန်ပါ့ ဘုရား)၊ သေသည် အခြားမဲ့၌လည်း ဒုဂ္ဂတိလမ်းဆိုတဲ့ အမှောင်လမ်းပဲ သွားရတော့မယ်၊ သိပ်ကြောက်စရာကောင်းပါလား (မှန်ပါ့ ဘုရား)။
အလင်းထဲ ရောက်ပါစေတော့
ဒါကြောင့် ယခု ဒကာ ဒကာမတွေမှာ တဲတဲလေးအချိန်ကျန်တဲ့အထဲမှာ ပြင်ဆင်နေတယ်ဆိုတာ မှတ်ရလိမ့် မယ် (မှန်ပါ့)၊ အမှောင်ထဲကလာငြားသော်လဲ အလင်းထဲ ရောက်ပါစေတော့ဆိုပြီး ဆရာဘုန်းကြီးက ကယ်တင်နေတယ် (မှန်ပါ့ ဘုရား)၊ ကယ်တင်တဲ့အတိုင်း ဒကာ ဒကာမတွေက ကယ်ယူူမှုကိုခံယူကြမယ်ဆိုရင်ဖြင့် နောက်ဒုက္ခအကုန် သိမ်းပါပေါ့လား ဆိုတဲ့ဥစ္စာမှတ်ပါ (မှန်ပါ့)။
လာလတ္တံ့ဒုက္ခတွေ အကုန်ချုပ်ငြိမ်း ရုပ်သိမ်းပြီး သကာလ ဒုက္ခချုပ်တာ နိဗ္ဗာန်ရောက်တယ်လို့ ဦးဝတို့မှတ် (မှန်ပါ့)၊ ဒါကြောင့် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်ဖို့အရေးတကြီး ပြောရတော့မယ်၊ ဘယ်အကျင့် ပြောရမယ် (မဂ္ဂဗြဟ္မစရိယအကျင့်ပါ ဘုရား)၊ မဂ္ဂဗြဟ္မစရိယ အကျင့်ကို ပြောရတော့မယ်ဆိုတော့ မဂ္ဂဗြဟ္မစရိယ အကျင့်မှာတဲ့ တရားကိုယ်ကို ကောက်ယူလို့ရှိရင် သမ္မာဒိဋ္ဌိအလုပ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ သမ္မာဒိဋ္ဌိ
မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ သမ္မာဒိဋ္ဌိကို ဆိုတယ်လို့မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ သမ္မာဒိဋ္ဌိကလဲ (၁)နံပါတ် ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ကမ္မဿကတာသမ္မာဒိဋ္ဌိ ဆိုတာက ဒကာ ဒကာမတွေရှင်းပြတော့ ဒကာ ဒကာမတွေ လှူဒါန်း ပေးကမ်းနေတယ်ဆိုတဲ့ ဥစ္စာ ကောင်းတာလုပ် ကောင်းကျိုးပေးမှာဘဲ၊ မကောင်းတာလုပ်လို့ရှိရင် ဒို့မကောင်းတာခံရ တော့မှာဘဲ၊ ဒီဉာဏ်ကလေးရှိတာ (မှန်ပါ့)၊ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်၊ မကောင်းတာလုပ်ရင် မကောင်း ကျိုးပေးတယ်ဆိုတဲ့ ဉာဏ်လေးတော့ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဒါ ဦးဘအုန်းတို့၊ ဦးခင်မောင်။ ဒကာသစ်တို့ မှတ်စရာက ဪ ဒို့ ကံ ကံ၏အကျိုးလောက်သိတဲ့ဉာဏ်လေး ပါလား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိပဲ၊ သမ္မာဒိဋ္ဌိ ပေမယ့် ကောင်းတာ လုပ်ရင် ကောင်းကျိုးပေးတယ် (မှန်ပါ့)၊ ဒုစရိုက်လုပ်လို့ရှိရင် ဒုစရိုက်ကျိုးပေးတယ်၊ သုစရိုက်လုပ်လို့ရှိ ရင် သုစရိုက်အကျိုးပေးတယ်၊ ဤမျှလောက်ပဲ သိနေတဲ့ သမ္မာဒိဋ္ဌိသည် ကမ္မဿကတာ သမ္မာဒိဋ္ဌိ (မှန်ပါ့)။
ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ
အဲဒီ ကမ္မဿ ကတာ သမ္မာဒိဋ္ဌိဆိုတာ ခင်ဗျားတို့ လှူဒါန်းပေးကမ်း နေတာတွေလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အဲဒီ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ဒို့ကောင်းတာ လုပ်နေတာပဲ ဆွမ်းကျွေး၊ ကွမ်းကျွေး၊ လှူဒါန်းနေတာပဲဆိုပြီး ကောင်းတာချည်းလုပ်နေတာ ကောင်းကျိုးပေးတော့မှာဘဲလိုပ သိနေတဲ့ ဉာဏ်ကလေးကို ကမ္မဿကတာ သမ္မာဒိဋ္ဌိ လို့ ဦးဘတင်တို့ မှတ်ရလိမ့်မယ်၊ မမှတ်ထိုက်ဘူးလား (မှတ်ထိုက်ပါတယ် ဘုရား)၊ အဲ ကမ္မဿကတာ သမ္မာဒိဋ္ဌိလေးဟာ ဒကာ ဒကာမတို့ ဘယ်လိုများ အကျိုးပေးမလဲလို့ ဦးခင်မောင်တို့ မေးဖို့လိုတယ်နော် (မှန်ပါ့)။
ဘဝ ဘောဂ သမ္ပတ္တိံ ဒေတိ လို့ဆိုတော့ ဘဝရမှာပဲဟေ့၊ နောက်ဘဝ ကျန်းမာမှာ ခန္ဓာရပြီး စည်းစိမ်းပေါများ တာပဲ၊ ရမှာဘဲကွ တဲ့၊ ဒီဉာဏ်လေးလောက်နဲ့ သေသွားရင် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
နောက်ဘဝ စည်းစိမ်ပေါများတဲ့ ခန္ဓာလေးလောက် ရပြီး သကာလ ဘာဖြစ်သွားမယ် သေသွားမယ်၊ သေသွား တော့ကို သေပြီးပဋိသန္ဓေ ဆက်နေရမှာပေါ့ဗျာ (မှန်ပါ့)၊ မနေရပေဘူးလား (နေရမှာပါ ဘုရား)။
ထိုကဲ့သို့ နေရသည်ရှိသော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ကမ္မဿကထာ သမ္မာဒိဋ္ဌိ အစွမ်းဟာ ဘဝသမ္မတ္တိ ဘောဝသမ္ပတ္တိပဲ လမ်းဆုံးသကိုး (မှန်လှပါ)၊ ဒီဉာဏ်လေးလောက်နဲ့ဟာ နိဗ္ဗာန်နဲ့ ဒို့သည်ကားဆိုလို့ရှိရင် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်နဲ့ ဝေးပါသေးလား၊ ဒီဉာဏ်လေးလောက်နဲ့ တင်းတိမ်နေလို့ မတော်ပါသေးလားလို့ဆိုတာ ဒကာ ဒကာမတွေ ယနေ့ပဲ မှတ်ရတော့မယ်။
ဒါ ဘာဒိဋ္ဌိတဲ့ဗျာ (ကမ္မဿကတာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ကမ္မဿကထာ သမ္မာဒိဋ္ဌိနဲ့ သေလို့ရှိရင် ဘဝသမ္မတ္တိ ဘဝ၏ပြည့်စုံမှု၊ ဘောဂသမ္ပတ္တိ စည်းစိမ်၏ပြည့်စုံမှု၊ စီးပွား၏ပြည့်စုံမှုတော့ ဒကာ ဒကာမတွေ သေသေချာချာ ရမယ်နော်၊ သေသေချာချာရတယ်တဲ့၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်ဆီကျတော့ အင်မတန် အကြောင်းအကျိုး ဝေးနေတယ်၊ မရနိုင်ဘူး (မှန်ပါ့)၊ ရှင်းပြီနော် (မှန်ပါ့ ဘုရား)။
ကောင်းပြီ ဒါဖြင့် ကမ္မဿကထာ သမ္မာဒိဋ္ဌိ ဆိုတာသည် ကံကံ၏ အကျိုး ယုံကြည်တဲ့ဥစ္စာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ သူ့အကျိုးပေးကြည့်လိုက်တော့ ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိ ဒကာသစ်တို့၊ ကိုမြရွှေတို့ ကြည့်လိုက်တော့ ဒါပဲရမယ် (မှန်ပါ့)။
ဒါနဲ့တင်းတိမ်နေလို့ တော်ပါ့မလား
ဒါနဲ့တင်းတိမ်နေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)၊ မတော်တော့ မတော်တော့ ဒီသမ္မာဒိဋ္ဌိ လောက်ဟာ ဒကာ ဒကာမတွေ ရှင်းရှင်းလင်းလင်း ပြောတော့ သာသနာပ သမ္မာဒိဋ္ဌိ (မှန်ပါ့)၊ ဘယ်လိုမှတ်ကြမယ် (သာသနာ ပသမ္မာဒိဋ္ဌိပါ ဘုရား)၊ သာသနာပသမ္မာဒိဋ္ဌိ၊ သာသနာပမှာဝေလာမပုဏ္ဏားကြီး၊ ဒီအလှူအတန်းတွေ လုပ်ပြီး သကာလ နေတာပဲတဲ့၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိနဲ့ဟုတ်ပါတယ်တဲ့၊ အဲဒီတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိအကြောင်းတော့ဖြင့် ယခုပြောလို့တော်တော်လေး ရေရေလည်လည် နားလည်ကြပြီးဆိုပါစို့နော် (မှန်ပါ့)။
ဈာန သမ္မာဒိဋ္ဌိ
၂-နံပါတ် ဈာန သမ္မာဒိဋ္ဌိလာပြန်တယ်၊ ၂-နံပါတ် ဈာနသမ္မာဒိဋ္ဌိ၊ သမထတွေလုပ်ပြီး အပ္ပနာ ဇောတွေနဲ့ စောပြီး သကာလ သေကြ ကြေကြ နေကြမယ်ဆိုရင်ဖြင့် ရူပ, အရူပဘုံတည်းဟူသော ဘုံဘဝပဲရမယ် (မှန်ပါ့)၊ ဒါလဲ သမ္မာဒိဋ္ဌိတော့ သမ္မာဒိဋ္ဌိ (မှန်ပါ့)။
သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိသွားသတုန်း (နှစ်မျိုးပါ ဘုရား)၊ ကမ္မဿကဘာ သမ္မာဒိဋ္ဌိက တစ်၊ ဈာန သမ္မာဒိဋ္ဌိက နှစ်မှတ်ထားပါ၊ သူလဲ ရူပ, အရူပကို အကျိုးပေးတယ်ဆိုကတည်းက သူတို့က သက်ဆိုးရှည်ပဲဆိုကြဦးစို့။
သက်ဆိုးရှည်ပဲလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချလိုက်ပါ (မှန်ပါ့)၊ ဒါ မလေးစားလောက်သေးဘူး၊ ခင်ဗျားတို့ရဲ့ လိုချင်အရင်းကို မဆိုက်သေးပါဘူးဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒါလဲ သာသနာပ တရားပဲ မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား)။
တစ်, နှစ်က ဘာတရားတဲ့ (သာသနာပတရားပါ ဘုရား)၊ သာသနာပရှိတဲ့ သမ္မာဒိဋ္ဌိ ဉာဏ်တွေပါပဲ (မှန်ပါ့ ဘုရား)၊ ကမ္မဿကတဉာဏ်လဲ သာသနာပရှိတာပဲ၊ ဈာန သမ္မာဒိဋ္ဌိလဲ (သာသနာပရှိတာပါပဲ ဘုရား)၊ သမထ အလုပ်တွေ ဟာလဲ့ ရှိတာပဲလို့ ဦးဝတို့ သေသေချာချာမှတ် (မှန်ပါ့ ဘုရား)။
ဝိပဿနာ သမ္မာဒိဋ္ဌိ
၃-နံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိ၊ သုံးနံပါတ်က ဘာပါလိမ့် (ဝိပဿနာ သမ္မာဒိဋ္ဌိပါ ဘုရား)၊ ဝိပဿနာသမ္မာဒိဋ္ဌိ ကတော့ သာသနာတွင်းမှာရှိတယ် (မှန်ပါ့)၊ ဝိပဿနာ သမ္မာဒိဋ္ဌိကတော့ (သာသနာတွင်းမှာရှိပါတယ် ဘုရား)။
သာသနာတွင်းမှာ ရှိတယ်လို့ မှတ်စမ်းပါ၊ ဪ သာသနာတွင်းမှာရှိတယ်ဆိုတော့ ဝိပဿနာ သမ္မာဒိဋ္ဌိရဲ့ အကျိုးကတော့ ဘယ်လိုပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ဒီဘဝ အားထုတ်လို့ ရှိရင်ဖြင့် အားထုတ်တဲ့ လုံ့လဝီရယ မလျှော့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်တိုင်ရောက်နိုင်တယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာ သမ္မာဒိဋ္ဌိက သာသနာတွင်း သမ္မာဒိဋ္ဌိနော် ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘယ်နှစ်မျိုးရပြီလဲ (သုံးမျိုးပါ ဘုရား)၊ သုံးနံပါတ် ဝိပဿနာ သမ္မာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှသာလျှင် စတုတ္တဖြစ်တဲ့ မဂ္ဂသမ္မာဒိဋ္ဌိ ရနိုင်တယ် (မှန်ပါ့)၊ ဝိပဿနာ သမ္မာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှ (မဂ္ဂသမ္မာဒိဋ္ဌိရနိုင်ပါတယ် ဘုရား)။
မဂ္ဂသမ္မာဒိဋ္ဌိက သူ့အကျိုးဘာပါလိမ့်မတုန်းဆိုတော့ မဂ်ဆိုတာ ဝဋ်ဖြတ်တယ်လို့သာ မှတ်လိုက်တော့ (မှန်ပါ့ ဘုရား)၊ မဂ္ဂသမ္မာဒိဋ္ဌိက ဒကာ ဒကာမတွေ ဘာလုပ်တတ်ပါလိမ့် (ဝဋ်ဖြတ်တတ်ပါတယ် ဘုရား)၊ ဝဋ်ကြီးဖြတ် လိုက်တယ်၊ မဂ်ရှေ့က တားလိုက်တော့ ကိလေသဝဋ်, ကမ္မာဝဋ်တွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ ဝိပါကဝဋ်တွေ ကော (မလာပါ ဘုရား)။
မဂ္ဂသမ္မာဒိဋ္ဌိသည် ဘာလုပ်ပါလိမ့်
ဪ မဂ္ဂသမ္မာဒိဋ္ဌိသည် ဘာလုပ်ပါလိမ့် (ဝဋ်ဖြတ်ပါတယ် ဘုရား)၊ ဝဋ်ဖြတ်နိုင်တယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့)၊ အဲဒီ မဂ္ဂသမ္မာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်မှာတဲ့ ဖလသမ္ပာဒိဋ္ဌိ၊ ဖိုလ် သမ္မာယဒိဋ္ဌိရှိသူ ပုဂ္ဂိုလ်ကတော့ဖြင့် ဒကာ ဒကာမ တို့တစ်ခါတည်း နောက် ပဋိသန္ဓေတွေဟူသရွေ့ အကုန် တားမြစ်ပါတယ်၊ (မှန်ပါ့ ဘုရား)။
သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးပါလိမ့် (၅ မျိုးပါ ဘုရား)၊ ၅ မျိုးမှာ ၂မျိုးက သာသနာပ၊ ၃မျိုးက သာသနာတွင်း (မှန်ပါ့ ဘုရား)၊ ၂မျိုးက (သာသနာပပါ ဘုရား)၊ ၃မျိုးက (သာသနာတွင်းပါ ဘုရား)။
၃မျိုးက သာသနာတွင်းလို့ဆိုတော့မှ ဪ ဒို့ဆရာ ဘုန်းကြီးက စစ, စစပြီး ဟောနေလိုက်တာ ဝိပဿနာ ရှုကြဟေ့ ဒို့ ဒကာ ဒကာမတွေဆိုတော့ အားလုံး ဒကာ ဒကာမတွေက ထောက်ခံချက်ပေးလိုက်မယ်။
ဪ ဘယ်တရားများ ဟောနေပါလိမ့်မတုန်းဆို မေးတော့မှ သာသနာတွင်း သမ္မာဒိဋ္ဌိက စဟောနေတာလို့ မှတ်ဖို့ ပေါ်လာတယ် (မှန်ပါ့)၊ မပေါ်သေးဘူးလား (ပေါ်လာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ သာသနာပ သမ္မာဒိဋ္ဌိက ၂မျိုးနော်၊ သာသနာတွင်း သမ္မာဒိဋ္ဌိက (၃မျိုးပါ)၊ သာသနာတွင်း သမ္မာဒိဋ္ဌိက ဝိပဿနာ သမ္မဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, ဖလသမ္မာဒိဋ္ဌိ, သာသနာတွင်း သမ္မာဒိဋ္ဌိက ၃-မျိုး၊ ကိုင်း-ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ ဘာပါလိမ့်မတုန်းဆိုတော့။
မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ ဘာပါလိမ့်
ယခု နောက် ပြောမယ့် နောက် ၃-မျိုးတို့ကို ဆိုသည်လို့မှတ်၊ နောက် ၃မျိုးက ဝိပဿနာ သမ္မာဒိဋ္ဌိ, မဂ္ဂ သမ္မာဒိဋ္ဌိ, ဖလ သမ္မာဒိဋ္ဌိ ဤ ၃မျိုးသည်သာလျှင် မဂ္ဂဗြဟ္မစရိယ အကျင့်စစ်၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ဘာပါလိမ့် (မဂ္ဂဗြဟ္မစရိယ အကျင့်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ မဂ္ဂဗြဟ္မစရိယ အကျင့် ကျင့်ကြ ပါစို့ ဦးခင်မောင်တိုက်တွန်းတယ် (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်ပါမှ ဒကာ ဒကာမတို့ ဝဋ်ပြတ်မယ် (မှန်ပါ့)။
မကျင့်ရင် မှောင်ထဲကလာ မှောင်ထဲမှာနေ မှောင်ထဲမှာသေ (မှန်ပါ့)၊ ကျင့်တဲ့အခါကျတော့ မှောင်ထဲက လာငြားသော်လဲ အလင်းမြင်တဲ့ နေရာရောက်မယ်၊ ရှင်းပြီနော် (မှန်ပါ့)၊ ကောင်းပြီ ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်ဟာ ဒကာ ဒကာမတို့ ဝိပဿနာ သမ္မာဒိဋ္ဌိက စကြပါစို့ (မှန်ပါ့)။
ဝိပဿနာ သမ္မာဒဋ္ဌိကို ဒကာ ဒကာမတွေ သေသေချာချာ ကြိုးစားမှသာလျှင် မဂ္ဂသမ္မာဒိဋ္ဌိရ၍ ဖိုလ် သမ္မာဒိဋ္ဌိတည်းဟူသော တရားကို ကိုယ်ပိုင် ကိုယ်ဆိုင်အဖြစ်နဲ့ ရကြပါလိမ့်မယ်ဆိုတာ လေးစားစွာနဲ့ မှတ်ထားပါ၊ (မှန်ပါ့ ဘုရား)။
ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်များမှာ
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးက ပြောချင်တယ်၊ ဪ ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်များမှာ သာသနာတွင်း မကျသေးပါလား (မှန်ပါ့)၊ ဘယ်လိုဆုံးဖြတ်ချက်ချမယ် (ဝိပဿနာမလုပ်ရင် သာသနာတွင်း မကျသေးပါ ဘုရား)။
သာသနာတွင်း မကျသေးပါဘူး၊ သာသနာတွင်း တရားကိုဗျ၊ အဲဒီတော့ ခင်ဗျားတို့က ဒီ့ပြင်ဟာတော့ လွယ် ကူကြပြီ ဝိပဿနာကျတော့ မလွယ်ကူကြလို့ရှိရင် သာသနာတွင်းဖြစ်မှာကိုပဲ ကြောက်နေတယ် (မှန်ပါ့)၊ အဲဒီတော့ ဦးဘတို့ လူစုက သာသနာတွင်းနဲ့တူအောင် ဝဋ်ကျွတ်တဲ့ အလုပ်ကိုဖြင့် လုပ်ဖို့သင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချ၊ သေသေ ချာချာမှတ် (မှန်ပါ့ ဘုရား)။
အခု ၃နံပါတ်ဖြစ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိသည် အင်္ဂုတ္တိုရ်အဋ္ဌကထာဆရာက သေသေချာချာ ဖွင့်လိုက်တာက ဒီအတိုင်းသာကျင့်သွားမယ် ဆိုရင်ဖြင့်ကွာ ဒီဘဝမှာဘဲ ရဟန္တာဖြစ်နိုင်တယ်၊ အကယ်၍ မဖြစ်နိုင်လဲ ခုနစ်ဘဝပြီး ဖြစ်နိုင်တာပဲကွာဆိုတော့ သူ့အတွက် စိတ်ချစရာကြီးပါလား (မှန်ပါ့)။
မဂ္ဂသမ္မာဒိဋ္ဌိရတဲ့ ပုဂ္ဂိုလ်မှာတဲ့၊ အို မဂ္ဂသမ္မာဒိဋ္ဌိက ဝဋ်ပြတ်တာပဲ၊ ဖလသမ္မာဒိဋ္ဌိကတော့ ပဋိသန္ဓေပြတ်တာ ပေါ့ကွ၊ အစရှိသည်နဲ့ သေသေချာချာ ဟောထားတော့ ဒကာ ဒကာမတွေ ဒီဥစ္စာ ပျင်းပြီးမနေကြနဲ့။
ဒီ ၃ချက်ဟာဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီပို့မယ့် သမ္မာဒိဋ္ဌိလို့မှတ်၊ ဒီ ၃-ချက်ဟာ ဘာပါလိမ့် (ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ဆီပို့မှာပါ ဘုရား)၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ဆီပို့မယ့် သမ္မာဒိဋ္ဌိဆိုသောကြောင့် ဪ မဂ္ဂဗြဟ္မစရိယဆိုတာ ၃နံပါတ် ကစလုပ်ရမှာ ကိုးဆိုတာကိုး (မှန်ပါ့)။
မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ (၃နံပါတ်က စလုပ်ရမှာပါ ဘုရား)၊ ၃နံပါတ်က စလုပ်ရမယ် (မှန်ပါ့)၊ ကောင်း ပြီ၊ ဒါဖြင့် သမ္မာဒိဋ္ဌိ ၅မျိုးတော့ ဦးခင်မောင်တို့လူစု ရိပ်လဲရိပ်မိပြီ၊ မှတ်လဲမှတ်မိပြီ၊ ကျေလဲ ကျေနပ်ပြီ၊ သူ့အကြောင်း သူ့အကျိုးလဲ သိကြပြီ မသိကြသေးဘူးလား (သိကြပါပြီ ဘုရား)။
သိပြီတဲ့ ဒါဖြင့် ၁နဲ့ ၂ကိုဖြင့် ဒကာ ဒကာမတွေသာ သနာတွင်းသာဖြစ်နေသောကြောင့် မဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်ဖို့ ဟောရမှာ ဧကန်ဖြစ်နေသောကြောင့် မနေ့က ဗာလပဏ္ဍိတသုတ်မှာ မဂ္ဂဗြဟ္မစရိယကျင့်မှ ပဏ္ဍိတဖြစ် မှာကိုး။
မဂ္ဂဗြဟ္မစရိယ အကျင့်မကျင့်က ပဏ္ဍိတမဖြစ်ပေဘူး
မဂ္ဂဗြဟ္မစရိယ အကျင့်မကျင့်က ပဏ္ဍိတမဖြစ်ပေဘူး၊ အဲဒါကြောင့် (၃)က စပြရတော့မယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်ကစပြရမယ် (၃ကစပြရမှာပါ ဘုရား)၊ ဒါဖြင့် သာသနာပ ၂ခုကို ခင်ဗျားတို့ ရှေ့တင်ပဲ ဖြုတ်လိုက်ပါပြီ၊ သာသနာပမှာ သူတို့ရှိနိုင်တာ သေချာပြီနော် (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်တော့မယ်ဆိုတော့ ၃နံပါတ်က စပြီး ၄နံပါတ်၊ ၅နံပါတ်ဒါတွေဟာ မဂ္ဂဗြဟ္မစရိယ အကျင့်တရားတွေပဲဆိုတာသိပြီ။
မဂ္ဂဗြဟ္မစရိယ အကျင့်ဟူသည် ဘယ်အပေါ်မှာ ကျင့်ရမှာတုန်း ဘုရားလို့မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။ အဲဒီတော့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ခင်ဗျားတို့ ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ကျင့်ပါ (မှန်ပါ့)။
ဘယ်လိုပါလိမ့် (ပေါ်လာတဲ့ပဋိစ္စသမုပ္ပါဒ်အပေါ်မှာ ကျင့်ရမှာပါ ဘုရား)၊ ပေါ်လာတဲ့ပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ကျင့်ပါ (မှန်ပါ့)၊ ဪ ဒါဖြင့် ဘုရား ပဋိစ္စသမုပ္ပါဒ် မသိတဲ့ပုဂ္ဂိုလ်များဖြင့် ဦးခင်မောင် ငါးပါးမှောက်တယ် (မှန်ပါ့)၊ သေသေချာချာ မှောက်တယ်၊ ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် မသိတဲ့ပုဂ္ဂိုလ် ငါးပါးမှောက်တယ်လို့ ဆရာဘုန်းကြီးကလေး စားစွာနဲ့ ပြောလိုက်ခြင်းသည် ကိုယ့်သန္တာန်ပေါ်လာတဲ့ ဓမ္မမှကိုယ်မသိတဲ့ အဓိပ္ပါယ်ရောက်နေတယ် (မှန်ပါ့ ဘုရား)။
ဘယ်လောက်နစ်နာ သွားသလဲ (နစ်နာသွားပါတယ် ဘုရား)၊ အင်မတန် နစ်နာတယ်ဆိုတော့ နောက်က ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊
ပဋိစ္စသမုပ္ပါဒ် ပေါ်မှာ ကျင့်ရလိမ့်မယ်
ကိုင်း-ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့် ကျင့်ရတော့မယ်ဆိုလို့ရှိရင်ဖြင့် ဘယ်ပေါ်မှာ ကျင့်ရပါလိမ့်မတုန်း ဆိုလို့ရှိယင်ဖြင့် ကိုယ့်သန္တာန်ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် ပေါ်မှာ ကျင့်ရလိမ့်မယ် (မှန်ပါ့)၊ ဦးဘအုန်းတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ မဂ္ဂဗြဟ္မစရိယ အကျင့် ဦးခင်မောင် ဘယ်ပေါ်မှာ ကျင့်ရမှာ ပါလိမ့် (ကိုယ့်သန္တာန်ပေါ်မှာ ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ကျင့်ရမှာပါ ဘုရား)၊ ကိုယ့်သန္တာန်မှာ အခုဖျက်ခနဲ ပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ပေါ်မှာ ကျင့်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
အခု ဖျတ်ခနဲပေါ်လာတာနော်၊ တို့ ချုပ်ပြီးသားသွားလုပ်မနေနဲ့အုံး၊ တစ်သက်လုံး ပဋိစ္စသမုပ္ပါဒ် နောက်ကဟာ တွေက ရှာတွေ့တာတွေ မဟုတ်ဘူး (မှန်ပါ့)၊ ရှာတွေ့တာမဟုတ်တာကို ဦးဇံရင်တို့က ရှုနေလို့ မြင်ပါ့မလား (မမြင်ပါ ဘုရား)။
မမြင်နိုင်တော့ ဪ ဒီအချက်ဟာ တော်တော်အရေးကြီးတဲ့အချက်ပါလားဆိုတဲ့ ဥစ္စာ ပေါ်ပလား (ပေါ်ပါ ပြီ ဘုရား)၊ ကိုယ့်သန္တာန်အခု တစ်ခါတည်းပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ အဲဒီအပေါ်မှာ မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်နိုင်မှသာလျှင် ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယ အကျင့်ကလဲ အကျင့်မှန်ဖြစ်တော့မယ် (မှန်ပါ့ ဘုရား)။
ကိုယ့်သန္တာန် ချက်ချင်းပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်
ဦးဘတင် လွယ်ကူတဲ့ အဓိပ္ပါယ်မဟုတ်ဘူးနော် လွယ်ကူတဲ့အဓိပ္ပါယ် မဟုတ်ပါဘူး၊ ကိုင်း ဒါဖြင့် လွယ်ကူတဲ့ အဓိပ္ပါယ်မဟုတ်တော့ ပြောကြစို့ ဆိုတော့ ကိုယ့်သန္တာန် ချက်ချင်းပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်၊ ဒကာ ဒကာမတွေ အခု ဘုန်းကြီးက တရားဟောနေတယ်၊ ဒကာ ဒကာမတို့ ကြားကြရဲ့လား (ကြားပါတယ် ဘုရား)။
ဘယ်ကနေ ကြားကြပါလိမ့်ဗျာ (ကြားစိတ်က ကြားပါတယ် ဘုရား)၊ အဲဒါ စပေါ်တာပဲ (မှန်ပါ့)၊ အဲဒါစပေါ် တဲ့ကြားစိတ်ကလေးပဲ (မှန်ပါ့ ဘုရား)။
ဪ ပဋိစ္စသမုပ္ပါဒ်ဟာ ဒါ အိမ်က ပါလာတဲ့ကြားစိတ်လေးလား၊ အခု ဒီအပေါ်ကျမှ ယခုဆရာသမားအသံ ကို ကြားမှပေါ်လာတဲ့ပဋိစ္စသမုပ္ပါဒ် အစဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ အိမ်ကပါလာတယ်လို့များ ရှိသေးသလား (မရှိပါ ဘုရား)၊ မရှိဘူးတဲ့ (မှန်ပါ့)။
တိုက်တဲ့ ကြားစိတ်လေး ရှိသေးလား (မရှိတော့ပါ ဘုရား)၊ ထိုင်တုန်းကဟာကော ရှိပါရဲ့လား (မရှိပါ ဘုရား)၊ ဪ ယခု ဘုန်းကြီးက အသံကိုအသံနဲ့ ပြောလိုက်တဲ့အခါကျတော့မှ ဆရာသမားပြောတဲ့ အသံကြောင့် ကြားစိတ် ဒကာ ဒကာမတွေ သန္တာန်ပေါ်မလားဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါ ပဋိစ္စသမုပ္ပါဒ်အစ (မှန်ပါ့)၊ ဒါကြောင့် ကြားတဲ့သောတဝိညာဏ်စိတ်ကလေး ဦးဘအုန်းတို့ ဦးခင်မောင် တို့ ပေါ်ပြီဗျ (မှန်ပါ့)၊ ဒါဘာအစပါလိမ့် (ပဋိစ္စသမုပ္ပါဒ်အစပါ ဘုရား)။
အိမ်က ဟာတွေ ရှုနေယင် အတိတ်ဖြစ်မယ်
အိမ်က ဟာတွေ ရှုနေယင် အတိတ်ဖြစ်ကုန်မှာပေါ့ (မှန်ပါ့)၊ အိမ်က ဟာတွေ ရှုနေယင် အတိတ်ဖြစ်မယ်၊ ဒီမှာ လှေကားတက်တုန်းက ဟာတွေ ရှုရင် အတိတ်ဖြစ်နေမယ် ပြန်ရှုနေ အလကားပါပဲ။
ကဲ ဒါဖြင့် အခုကြားစိတ်ကလေး ဘုန်းကြီးက ထပ်ပြန်တလဲလဲ ပြောနေတော့ နားထဲ ကြားစိတ်ကလေးမပေါ် ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အဲဒီ ကြားစိတ်ကလေးဟာ ဒီအထဲက ဒကာမတွေဖြစ်နေ၊ ဒါ ဒကာမတစ်ယောက်ပဲ၊ ဒါလေးနဲ့ အသက်ရှင်နေတယ်၊ ကြားစိတ်ကလေးနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)၊ ဒကာဖြင့်လဲ ဒကာတစ်ယောက် သမုတိသစ္စာပြောလိုက်ပါတယ်၊ ဒါလေးနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)၊ ကျေနပ်လား (ကျေနပ်ပါပြီ ဘုရား)။
အင်း ကြားစိတ်ကလေးနဲ့ ဘာဖြစ်နေကြတုန်း (အသက်ရှင်နေကြပါတယ် ဘုရား)၊ အေး ကြားစိတ်ကလေး ဒီ စိတ်တစ်လုံးနဲ့ အသက်ရှင်တာလား၊ စိတ်ဖြစ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စေတသိက်ဆိုတဲ့ ဝေဒနာကလဲ ပါပြီးသားပဲ၊ မပါဘူးလား (ပါ ပါတယ် ဘုရား)။
သညာတွေကကော (ပါ-ပါတယ် ဘုရား)၊ စေတနာတွေကကော (ပါ-ပါတယ်)၊ ကြားရုပ်ကလေးတွေကကော (ပါ-ပါတယ် ဘုရား)၊ လူသေသွားပြောတော့ ကြားမှမကြားရဘဲ၊ ကြားရုပ်ကလေးကလဲ သောတပသာဒရုပ်ခေါ်တဲ့ ကြားရုပ်ကလေးနဲ့တွဲလျက် (မှန်ပါ့)။
ဒါဖြင့် ကြားတယ်ဆိုရင် ခန္ဓာ ၅-ပါး၊ ပေါ်တယ် (မှန်ပါ့)၊ ကြားတယ်ဆိုရင် (ခန္ဓာ ၅ပါး ပေါ်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် ဘယ်သူကြားတာပါလိမ့်တုန်းလို့ အမေးထုတ်လို့ရှိရင်ဖြင့် ခန္ဓာ ၅-ပါးက ကြားတာ (မှန်ပါ့)။
ဘယ်သူကြားတာပါလိမ့်
ဒကာ ဒကာမတို့ ဒီက ပြောလိုက်တဲ့အသံ၊ ဘယ်သူများကြားပါလိမ့် (ခန္ဓာ ၅-ပါးက ကြားပါတယ် ဘုရား)၊ သေသေချာချာမှတ်ပါ၊ ဒီဥစ္စာကို (မှန်ပါ့)၊ သာမညနားနဲ့ သာမညဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာ ၅-ပါး ဖျတ်ခနဲလဲသွားတာကို ဦးဝ သိမယ်မဟုတ်ဘူး (မှန်ပါ့)၊ သိနိုင်ပါ့မလား (မသိနိုင်ပါ ဘုရား)။
ခန္ဓာ ၅-ပါးဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ရုပ်နာမ်နှစ်ပါးဆိုတာသူပဲနော် (မှန်ပါ့)၊ ကြားတဲ့အခိုက်အတန့်မှာ ပေါ်တာ ခန္ဓာ ၅-ပါးပါပဲ (မှန်ပါ့)၊ ဒါဖြင့် ဪ ဒီခန္ဓာ ၅-ပါးသည်ကား ဆိုလို့ရှိရင်ဖြင့် ပဝတ္ထိဝိညာဏ်၊ ပဝတ္တိဆိုတာ ပဋိသန္ဓေ ဝိညာဏ်ကို ဆိုတာမဟုတ်ဘူး၊ ယခုအခါမှာ ပေါ်တဲ့ သောတဝိညာဏ်ကိုဆိုတာ (မှန်ပါ့)။
ဒီ လောကဝိညာဏ် စိတ်ကလေးကလဲ သူ့ချည်းဖြစ်ကောင်းတဲ့ တရားမဟုတ် သောကြောင့် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်, သောတပသာဒ ရုပ်နဲ့ ဦးဝ ခန္ဓာ ၅-ပါး တစ်ပြိုင်နက်ဖြစ်လိုက်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကို ဒါလေးတွေဟာ ဪ ဆရာဘုန်းကြီးအသံနဲ့ တိုက်ဆိုင်ပြီး ဒို့နားထဲ ခန္ဓာ ၅-ပါး ပေါ်လာတယ် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ခန္ဓာဘယ်နှစ်ပါး ပေါ်ပါလိမ့် (၅-ပါး ပေါ်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ နားထဲဘာပေါ်ပါလိမ့် (ခန္ဓာ ၅-ပါး ပေါ်ပါတယ် ဘုရား)၊ ဦးခင်မောင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ ဦးဘတင်တို့ကော (ကျေနပ်ပါတယ် ဘုရား)၊ နားထဲ ဘယ်နှစ်ပါး ပေါ်ပါလိမ့် (ခန္ဓာ ၅-ပါး ပါ ဘုရား)၊ ဦးခင်မောင် တစ်ယောက်၊ ဦးဘတင်တစ်ယောက် မဆိုထိုက်ဘူးလား (ဆိုထိုက် ပါတယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ
ဒါဖြင့် လူတစ်ယောက်သည် ဆိုလို့ရှိရင်ဖြင့်တဲ့ ဆရာဘုန်းကြီးက ဒကာ ဒကာမတို့ မဂ္ဂဗြဟ္မစရိယအကျင့်ပါ လို့ဆိုတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာက အခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ်ရှုလို့ပြောတာ (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယအကျင့် ဆိုတာ (အခုပေါ်လာတဲ့ ပဋိစ္စသမုပ္ပါဒ် ရှုရမှာပါ ဘုရား)၊ ဒါဖြင့် အခုနားထဲ ပဋိစ္စသမုပ္ပါဒ်ဖြစ်တဲ့ ခန္ဓာ ၅-ပါးစပြီး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဒါမိအောင် ဖမ်းရတော့မယ် (မှန်ပါ့)၊ ဦးဇံရင် ဘာလုပ်ရမယ် (မိအောင်ဖမ်းရပါမယ် ဘုရား)၊ ဒါမိအောင် ဖမ်းတဲ့အခါကျတော့ကိုတဲ့ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒီကနေပြီးကြားတဲ့ စိတ်ကလေးကို ဒကာ ဒကာမတွေက ကြားပြီး ကြားတုန်းက ကြားတဲ့စိတ်ကလေးနဲ့ ကြားတာ မဟုတ်လား (မှန်ပါ့)၊ မကြားတော့ဘူး ဆိုတော့ ကြားတဲ့စိတ်ကလေးဆိုတဲ့ ကြားတဲ့ ဒကာဖြစ်စေ, ကြားတဲ့ ဒကာမဖြစ်စေ, ကြားတဲ့ခန္ဓာ ၅-ပါး၊ ကြားတဲ့ခန္ဓာ ၅ပါးကဖြင့် မရှိလို့မကြားတာ (မှန်ပါ့)။
မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဘယ့်နှယ့်ကြောင့်ပါလိမ့် (မရှိတော့လို့ မကြားတာပါ ဘုရား)၊ ဪ ဒါဖြင့် ကြားတဲ့ ခန္ဓာ ၅-ပါးသည် မကြားသည်အဖြစ်သို့ ရောက်သွားပြီလို့ ဦးဝနောက်က မဂ္ဂင် ၅ပါနဲ့ ရှုပါ (မှန်ပါ့)၊ မဂ္ဂင် ၅ပါးနဲ့ဘာလုပ်ရ (ရှုရမှာပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့်နော် (မှန်ပါ့)၊ ဦးခင်မောင်ဘာတဲ့ (မဂ္ဂဗြဟ္မစရိယအကျင့်ပါ ဘုရား)၊ ကြားတဲ့ ခန္ဓာ ၅ပါးဟာ တစ်ခါတည်း မကြားတဲ့အဖြစ်သို့ ရောက်သွားတာသည် ဘယ့်နှယ့်ကြောင့် ပါလိမ့်မတုန်း ဆိုတော့။
ဖြစ်ပြီးပျက်သွားတာပဲ
ဒကာ ဒကာမတို့ ငါလဲမပါ၊ ငါလဲမဆိုင်ဘဲနဲ့ ဓမ္မသဘောအတိုင်းဖြစ်ပြီး ဓမ္မသဘောအတိုင်း ပျောက်ပျောက် သွားတဲ့အခါကျတော့ ဖြစ်ပြီးပျက်သွားတာပဲဆိုတဲ့ အထဲရောက်သွားတယ် (မှန်ပါ့)၊ ဘယ်ကိုရောက်ပါလိမ့် (ဖြစ်ပြီး ပျက်တဲ့အထဲရောက်သွားပါတယ် ဘုရား)။
အင်း သူ့ဟာသူပဲ ဖြစ်ပျက်နေတာပဲ ဒကာ ဒကာမတွေရ၊ ဒကာ ဒကာမတွေက မကြည့်လဲ သူ့ဟာသူဖြစ်ပျက် နေတာပဲ (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာက ဖြစ်ပျက်နေတာလေးကို လေ့လာပေးစမ်းပါ ဘာဖြစ်နေတယ်သိရ အောင် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်နေတာလေးကို လေ့လာပေးစမ်းပါဆိုတာ ဒကာ ဒကာမတို့ အလေ့အကျင့်လေးလုပ်ပေးစမ်းပါ (မှန်ပါ့)၊ နားထဲကြားတဲ့ ခန္ဓာ ၅ပါးကို ဘာဖြစ်နေတယ်ဆိုတာ လေ့လာတဲ့အကျင့်လုပ်ပေးစမ်းပါဆိုတာ။
ဪ တပည့်တော် ရိပ်မိပြီဘုရား၊ ဒီဓမ္မာလေးဟာ နားထဲမှာပေါ်ပြီး နားထဲမှာပျောက်သွားကြောင်းကို အလေ့အကျင့်နှင့်တကွ သိပါပြီ သဘောကျပလား (မှန်ပါ့)၊ ဒါဖြင့် နားထဲပေါ် နားထဲပျောက်တဲ့ ဥစ္စာကို အလေ့အကျင့် လုပ်တာ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတာ နားထဲမှာ ခန္ဓာ ၅ပါးပေါ်ပြီး နားထဲမှာ ခန္ဓာ ၅-ပါးဆုံးရှုံးသွားတာသည်ကားလို့ ဆိုရင်လေ့ကျင့်ကြည့်ကြပါ၊ လေ့ကျင့်ကြည့်လိုက်တဲ့အခါကျတော့။
သာသနာတွင်း ဝိပဿနာသမ္မာဒိဋ္ဌိ
ဪ-ဒီကြားတဲ့ ခန္ဓာ ၅ပါး ဒကာဝဖြင့် ဒကာဝ၊ ဦးခင်မောင်ဖြင့် ဦးခင်မောင်၊ တစ်ယောက်တော့ဖြင့် ဘုရား၊ ပေးတဲ့မဂ္ဂဗြဟ္မစရိယ အကျင့်၊ သာသနာတွင်း ဝိပဿနာသမ္မာဒိဋ္ဌိ၊ သူနဲ့ကြည့်လိုက်တဲ့ အခါကျတော့ ဪ ဘာများ ဖြစ်သွားပါလိမ့်မတုန်း၊ နားထဲမှာဆိုတော့ ခန္ဓာ ၅-ပါးဖြစ်၍ ခန္ဓာ ၅ပါး ပျက်သွား၊ ခန္ဓာ ၅-ပါးဖြစ်၍ (ခန္ဓာ ၅-ပါး ပျက်သွားပါတယ် ဘုရား)။
အင်း အဲဒီတော့ ဒကာ ဒကာမတွေက ဘုန်းကြီးကပေါင်းပြီးတော့ ဒကာ ဒကာမတွေမှတ်စရာကတော့ ဪ-နားထဲမှာ ကြားပြီးကြားတဲ့ သဘောလေးက ကြားတဲ့စိတ်ကလေးဟာ နားထဲမှာပဲ ချုပ်သွားတယ်၊ ကြားပြီး မကြားဘဲနေတာသည် ပျက်သွားလို့ပဲ (မှန်ပါ့)။
ကြားပြီးတော့ကို (မကြားဘဲနေတာ နားထဲမှာ ပျက်သွားလို့ပါ ဘုရား)၊ အဲဒီ ပျက်သွားသည့် ကြားစိတ်ကလေး ချည်းပျက်သွားတာလား၊ သူနဲ့ အဖော်တွေပါ ရောပျက်တာလား (အဖော်တွေပါ ရောပျက်တာပါ ဘုရား)။
ကြားတဲ့ ခန္ဓာ ၅-ပါး
အဖော်တွေပါ ရောပျက်သွားတဲ့အတွက် ခန္ဓာဖွဲ့လိုက်တော့ ဘယ်နှစ်ပါးဖြစ်သွားပါသလဲ (ခန္ဓာ ၅-ပါး ပါ ဘုရား)၊ ခန္ဓာ ၅ပါးဆိုတော့ ကြားတဲ့ ခန္ဓာ ၅-ပါး (မှန်ပါ့)၊ ကြားတဲ့ ခန္ဓာ ၅-ပါးဖြင့် မကြားတဲ့ အဖြစ်သို့ ရောက်သွား ရှာပြီလို့မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပြီး ပျက်သွားတဲ့ အနိစ္စပေါ်လာပြီ (မှန်ပါ့)၊ အင်း ဘာနဲ့ကြည့်လိုက်လို့ပါလိမ့်မတုန်းဆိုတော့ မဂ္ဂဗြဟ္မ စရိယအကျင့်နဲ့ ကြည့်လို့် (မှန်ပါ့ ဘုရား)။
ဦးခင်မောင် ဘာနဲ့ကြည့် (မဂ္ဂဗြဟ္မစရိယနဲ့ ကြည့်ပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘာနဲ့များ ကြည့်တာပါလိမ့် (မဂ္ဂဗြဟ္မစရိယ အကျင့်နဲ့ကြည့်တာပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့်၊ မဂ္ဂက နိဗ္ဗာန်သို့ရောက်တာ၊ ဗြဟ္မစရိယက မြတ်တာ၊ အကျင့်က ဒကာ ဒကာမတို့ အင်မတန် နိဗ္ဗာန်သို့ ရောက်တဲ့ မြတ်တဲ့အကျင့်၊ အကျင့်မှန်နဲ့ကြည့်တာ အကျင့်မှန်နဲ့ကြည့်တာ (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ ဘုရား)။
မသာဖြစ်သွားတာမြင်လိုက်ရတယ်
ဪ ဒါဖြင့် ဒီလိုကြည့်လိုက်တဲ့အခါကျတော့၊ ဘာဖြစ်သတုန်းလို့ မေးတဲ့အခါကျတော့၊ ဘာဖြစ်သတုန်းလို့ ဆိုတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတဲ့ မဂ္ဂင် ၅-ပါးက တစ်ခါတည်း ကိုယ်ခန္ဓာ ၅-ပါးကြီးတစ်ခါတည်း အစပျောက် မသာဖြစ်သွားတာမြင်လိုက်ရတယ် (မှန်ပါ့)၊ ဘယ်လိုဖြစ်ပါလိမ့် (အစပျောက် မသာဖြစ်သွား တာကို မြင်လိုက်ရပါတယ် ဘုရား)၊ အင်း အစပျောက် မသာဖြစ်သွားတာ မြင်လိုက်ရတယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
ကောင်းကောင်းကြီး ရိပ်မိပလား (မှန်ပါ့ အစပျောက် မသာဖြစ်သွားတာကို မြင်လိုက်ရပါတယ် ဘုရား)၊ မြင် လိုက်ရတော့ ဪ ဒါဖြင့် ဘယ့်နှယ့်ကြောင့် မြင်လိုက်ရပါလိမ့်မတုန်း၊ ဘယ်အခါမှ မမြင်ဘူးတာကြီး ထူးထူးခြားခြား မြင်လိုက်ရပါလိမ့်မတုန်း (မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လို့ပါ ဘုရား)၊ ကောင်းပြီ ကျင့်လိုက်တော့ ကိုယ့်အသေကို ဒီနေရာမွေး၊ ဒီနေရာသေတာကို သိလိုက်တယ် (မှန်ပါ့ ဘုရား)။
ကိုယ်မွေးပြီး ကိုယ်သေတာ
သူများမွေးပြီး သေတာကို သိတာလား၊ ကိုယ်မွေးပြီး ကိုယ်သေတာသိတာလား (ကိုယ်မွေးပြီး ကိုယ်သေတာကို သိတာပါ ဘုရား)၊ ကိုယ့်ကိုယ်တိုင်ဆိုတဲ့ ဒီစိတ်ပေါ် ဒါမိမိဘဲ မိမိသည်ပင်လျှင် ဒီနေရာဖြစ်ပြီး ဒီနေရာသေသွား (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ ဘာအကျင့်ကြောင့် သိပါလိမ့်၊ (မဂ္ဂဗြဟ္မစရိယအကျင့်ကြောင့် သိပါ တယ် ဘုရား)၊ ကောင်းပြီ ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့်ကို ကျင့်လိုက်တဲ့အခါကျတော့ အနိစ္စမဂ္ဂသွားဖြစ်တယ်။
ဘယ့်နှယ် ဆိုကြမယ် (အနိစ္စမဂ္ဂသွားဖြစ်ပါတယ် ဘုရား)၊ အနိစမဂ္ဂသေသေချာချာ သွားဖြစ်တယ်၊ ဪ ဒါကြောင့် ဆရာဘုန်းကြီးက ဒီပါဠိတော်တွေ အားကိုးပြီး “မဂ္ဂဗြဟ္မစရိယ အကျင့် ကျင့်မှသာလျှင် သံသရာပြတ်တယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းပဲ ပြောပါတယ် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာသစ်တို့၊ ကိုမြရွှေတို့ ဒီမဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လိုက်တာ ကိုယ့်အသေ ကိုယ်သိပြီ နော် (မှန်ပါ့)၊ ကိုယ်မွေးတာကော (သိပါတယ် ဘုရား)၊ ကိုယ့်အသေကော (သိပါတယ် ဘုရား)။
အင်း နဂိုတုန်းကတော့ ကျုပ်မွေးတာ ဘယ်နှစ်ခုနှစ်က ဆိုတာသိလား၊ ဒါသူများပြောသံကြားနဲ့ (မှန်ပါ့)၊ ကျုပ်မွေးတာ ခုနှစ်ဆယ်နဲ့ ဘယ်နှစ်ခုနှစ်၊ ဘယ်လ, ဘယ်ရက်, ဘယ်အချိန်ပေါ့ဗျာ၊ အဲဒါ သူများပြောတာ သိတာနော် (မှန်ပါ့)၊ ကိုယ်မွေးတာ ကိုယ်သိတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။
နောက်တစ်ခါ အသက်တမ်းနေလို့ ရောဂါဝေဒနာရောက်ပြီး သေတော့ ကိုယ့်သေတာ ကိုယ်သိရဲ့လား (မသိ ပါ ဘုရား)၊ ဒီလိုသိမယ် ဆိုရင်ဖြင့် ကိုယ့်အလောင်းကြီး သူများအထမ်းခံမနေဘူး (မှန်ပ့ါ ဘုရား)။
ခန္ဓာ ၅ပါးမှတစ်ပါး အပိုရှိသေးလား
ငါ့ဟာငါ ထမ်းသွားမယ်ဆိုမှာပေါ့၊ သုဿန်သွားပြီးပို့မှာပေါ့၊ ဒါဖြင့် မွေးတာလဲ ကိုယ်မသိခဲ့ပါဘူး (မှန်ပါ့)၊ ကိုယ့်အသေလဲ (ကိုယ်မသိပါ ဘုရား)၊ အခုမဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လိုက်တော့မှ ဘယ့်နှယ်ဖြစ်သွားတုန်း (ကိုယ်မွေး ကိုယ်သေ သိရပါတယ် ဘုရား)၊ကိုယ်မွေးတာလဲ ကိုယ်သိလိုက်၊ နားထဲမှာကြားစိတ်နှင့်တကွ ခန္ဓာဘယ်နှစ်ပါးတုန်း (၅ပါးပါ ဘုရား)၊ အင်း ဒကာ ဒကာမတို့၊ နားထဲမှာ ခန္ဓာ ၅ပါးမှတစ်ပါး အပိုရှိသေးလား (မရှိပါ ဘုရား)။
မကြားတော့ဘူးဆိုတော့ ခန္ဓာဘယ်နှစ်ပါးချုပ် (၅ပါးချုပ်ပါတယ် ဘုရား)၊ ဪ ဒါဖြင့် ကိုမြရွှေဆိုတဲ့ နားထဲမှာ ပေါ်တဲ့ခန္ဓာ ၅ပါးဆိုင်းဘုတ်ဆွဲတာတော့ ဆွဲတာပေါ့ဗျာ၊ ကိုမြရွှေဆွဲဆွဲ၊ ဒကာဝဆွဲဆွဲချင်တာဆွဲ မွေးတာ, သေတာပဲ ရှိတယ် (မှန်ပါ့)၊ ဆွဲတာတော့ ဆွဲချင်တာဆွဲတာပေါ့ဗျာ (မှန်ပါ့)။
ဆွဲပေမယ့် ဆိုင်းဘုတ်နောက်ကို ခန္ဓာ ၅-ပါးက လိုက်တဲ့လား (မလိုက်ပါ ဘုရား)၊ မလိုက်ပါဘူး၊ ခင်ဗျားတို့ မြတ်နိုးလို့ မှည့်ထာ၊ ဦးဝလို့မှည့်ထားသော၊ ကိုမြရွှေလို့ မှည့်တာပဲ၊ဒါ သူ့အမေ အဖေ မြတ်နိုးလို့ မှည့်တဲ့ နာမည်အတိုင်း ခန္ဓာ ၅ပါးက နေရဲ့လား (မနေပါ ဘုရား)၊ မနေပါဘူးဗျာ။
သူက မွေးမယ်၊ သေမယ်၊ ဖြစ်မယ်၊ ပျက်မယ်၊ ဒီ့ပြင်တာရှိသေတုန်း (မရှိပါ ဘုရား)၊ အဲဒီ ဖြစ်မယ် ပျက်မယ် မှတစ်ပါးသူ့မှာ ဘာမှစွမ်းရည်သတ္တိမရှိတဲ့အတွက် သူသည်ခဏခဏပဲ ခင်ဗျားတို့ ကြားလိုက် ခန္ဓာ ၅ပါးပေါ်လိုက်ပြန် ပြီ (မှန်ပါ့)၊ ကြားတဲ့အဆုံးမှာ ခန္ဓာ ၅ပါး ဘာဖြစ်ပြန်တုံး (ချုပ်ပြန်ပါတယ် ဘုရား)၊ အဲဒါကို မဂ္ဂဗြဟ္မစရိယ အကျင့်နဲ့ ခုနက ကြားတာလေး ဘယ်ရောက်သတုန်းဆိုတဲ့ အလေ့အကျင့်လေး လုပ်ပါ(မှန်ပါ့ ဘုရား)။
ဘယ်သူများ သေပါလိမ့်မတုန်း
အလေ့အကျင့်လေး လုပ်တဲ့အခါကျတော့ ဪ သွားပြီ၊ ဖြစ်ပြီ၊ ပျက်ပြီ၊ သေပြီ (မှန်ပါ့)၊ အင်း ဘယ်သူများ သေပါလိမ့်မတုန်းဆိုတော့ ခုနက ခန္ဓာ ၅ပါးသေတာ (မှန်ပါ့) ၊ မိမိခန္ဓာ ၅ပါးသေတာ၊ မိမိဉာဏ်နဲ့ မြင်လိုက်ရတယ် (မှန်ပါ့)၊ မိမိခန္ဓာ ၅ပါးသေတာကို (မိမိဉာဏ်နဲ့မြင်တာပါ ဘုရား)၊ ဪ ဒါဖြင့် ကျုပ်တို့ခုမှ လူလားမြောက်သကိုးဗျ၊ ခုမှ လူလားမြောက်တယ် ဒကာသစ်တို့ရ။
နဂိုတုန်းက သူများက မင်းတို့ဘယ်တုန်းက မွေးတုံးဆိုတော့ အဖေ, အမေကပြောတာမှတ်ထားလိုက်တာ (မှန်ပါ့)၊ မွေးတာလဲ ကိုယ်မသိဘူး၊ တချို့ကျတော့လဲ သေတာဘယ်နှစ်လရှိပြီတုန်းဆို သူများပြောသံကြားတာနဲ့ ဘယ် နှစ်လရှိပြီဆိုတာ ပြောလိုက်တယ် (မှန်ပါ့)၊ ကိုယ်မွေးတာလဲ (မသိပါ ဘုရား)၊ ကိုယ်သေတာလဲ (မသိပါ ဘုရား)၊ အင်း မဂ္ဂဗြဟ္မစရိယ အကျင့်မကျင့်တဲ့ ပုဂ္ဂိုလ် ဟူသရွေ့သည် မွေးတာလဲမသိ၊ သေတာလဲမသိ၊ နေတာလဲ မသိတော့ဘူး(မှန်ပါ့ ဘုရား)။
မသိသလိုနေပြီး မသိသလိုဘဲ သေသွားမှာ
နေတော့လဲ ယောကျ်ားအဖြစ်နဲ့၊ မိန်းမအဖြစ်နဲ့ နေတယ်လို့ပဲ ထင်လိုက်တယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအဖြစ်နဲ့ (မသိပါ ဘုရား)၊ ဪ ဒါဖြင့် ဦးဘအုန်းတို့သွားပြီဗျာ၊ အနေကော (မသိပါ ဘုရား)၊ အသေကော (မသိပါ ဘုရား)၊ ဒါဖြင့် မသိဘဲလား၊ မသိသလိုနေပြီး မသိသလိုဘဲ သေသွားမှာ (မှန်ပါ့)၊ လူလားကို မမြောက်ဘူး (မှန်ပါ့)၊ ဘယ့်နှယ် ဆိုကြမယ် (လူလားမမြောက်ပါဘူး ဘုရား)၊ ကြောက်စရာကောင်းလိုက်တာ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
လူလားမမြောက်ဘဲနဲ့ ခင်ဗျားတို့က ဆယ်နှစ် ကလေးလေး လူ့အကြောင်းမသိဘဲ သေသွားလို့ နှမြောရှာတယ်၊ ကိုယ်က ဒီထက်ဆိုးတယ်၊ ခင်ဗျားတို့ ငိုချင်းဖွဲ့ပြီး ငိုချင်ငိုကြတာပေါ့၊ သဘောကျပလား၊ ငိုချင်းချပြီး မငိုချင်ကြဘူးလား၊ ကဲ ဒါဖြင့် ကိုယ့်အသေ ကိုယ်သိကြပလား (သိပါပြီ ဘုရား)။
ဪ ဒါဖြင့် ကိုယ့်အသေ ကိုယ်သိကြတဲ့ ပုဂ္ဂိုလ်သည်ကား၊ ဒကာ ဒကာမတွေ မဂ္ဂဗြဟ္မစရိယအကျင့်ကျင့် တဲ့ ပုဂ္ဂိုလ်သည်ကား ခဏခဏ သေတာကို ခဏခဏပဲ သူသိတယ် (မှန်ပါ့)၊ ဪ ဒီဥစ္စာသည်ကားဆိုရင် ဘာတုန်းလဲ အောက်မေ့နေတယ်။
လူ့ပြည်ဆိုတာ
လူ့ပြည်ဆိုတာလူ့စည်းစိမ်လို့ခေါ်ကြ၊ နတ်ပြည်ဖြင့်လည်း ဒီခန္ဓာ ၅-ပါးနတ်စည်းစိမ်ခေါ်ကြ၊ ဗြဟ္မာ့ပြည် ကျတော့ဗြဟ္မာစည်းစိမ်ခေါ်ကြ (မှန်ပါ့)၊ ဒီ မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်ပြီး သေသေချာချာ ကိုယ်ပိုင်ဉာဏ်နဲ့ကြည့်လိုက် တဲ့အခါကျတော့ စည်းစိမ်လား၊ ဒုက္ခ ရောက်တာချည်းတွေ့နေရာတာလား (ဒုက္ခရောက်တာချည်းတွေ့နေရပါတယ် ဘုရား)။
ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘာတွေ တွေ့တွေ့နေ (ဒုက္ခရောက်နေတာချည်း တွေ့တွေ့ နေရပါတယ် ဘုရား)၊ ဒါဖြင့် ဒီဥစ္စာ ဘာသစ္စာဖွဲ့မတုန်း (ဒုက္ခသစ္စာဖွဲ့ရပါမယ် ဘုရား)၊ အင်း သိသာသည် ဘာခေါ်ကြမယ် (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့်မှန်ပြီ၊ မှန်ပြီ၊ မှန်ပြီ ဦးခင်မောင်ရေ၊ မဂ္ဂဗြဟ္မစရိယ အကျင့်မမှန်သေးဘူးလား (မှန်ပါပြီ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ အဲဒီကျလာတော့မှ ဪ အနိစ္စ, ဒုက္ခသစ္စာပါလား၊ အနိစ္စဆိုတော့လဲ ဖြစ်ပြီးပျက်တာပဲ (မှန်ပါ့) ဒုက္ခသစ္စာ ဆိုတော့လဲ ဖြစ်ပြီးပျက်တာပဲ။
မွေးတာလဲ မကြာ၊ သေတာလဲမကြာတဲ့ဒုက္ခ (မှန်ပါ့)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ယခုရထားတဲ့ နားထဲ ပေါ်တဲ့ ခန္ဓာ ၅ပါး၊ လျှာပေါ် ပေါ်တဲ့ ခန္ဓာ ၅-ပါး၊ ကိုယ်ပေါ်ပေါ်တဲ့ ခန္ဓာ ၅-ပါး၊ ဝမ်းထဲပေါ်တဲ့ခန္ဓာ ၅-ပါးဟာဘာတွေပါလိမ့် မတုန်းလို့ မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ “ဪ တပည့်တော်တို့ တစ်ကိုယ်လုံး ဒီနေရာ ခန္ဓာ ၅-ပါး ဖျတ်ခနဲပေါ် ဒီနေရာ သေတဲ့ဒုက္ခသစ္စာ သက်သက်ပါလားဘုရား” လို့ လျှောက်နိုင်ရမယ်၊ မလျှောက်နိုင်ဘူးလား (လျှောက်နိုင်ပါတယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ ကြည့်မှနော်
ဒါ မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ ကြည့်မှနော် (မှန်ပါ့)၊ တစ်ခြားနဲ့ ကြည့်လို့ရပါ့မလား (မရပါ ဘုရား)၊ ဪ ဒါဖြင့် ဒကာ ဒကာမတို့၊ မဂ္ဂဗြဟ္မစရိယ အကျင့် ကျင့်လိုက်တဲ့အတွက် ကျင့်လုံးလေးဟာ ဦးခင်မောင်ရေ သံသရာကို ပြတ်သွားတယ် (မှန်ပါ့)။
ဒါဖြင့် သံသရာပြတ်တယ်ဆိုတော့ အရှင်ဘုရား၊ အင်မတန်အဖိုးတန်သွားပြီ တပည့်တော်တို့၊ ဘယ်လိုပြတ် သွားပါလိမ့်မတုန်းဆိုတော့ ဒီ မဂ္ဂဗြဟ္မစရိယဆိုတဲ့ မဂ္ဂ ၅-ပါးနဲ့၊ မဂ္ဂ ၅ပါးဆိုတာက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါ ယာမ၊ သမ္မယသတိ၊ သမ္မာသမာဓိဆိုတော့ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လို့ အို, နာ, သေ ပြတ်သွားတာ (မှန်လှပါ ဘုရား)။
ဦးဘအုန်းတို့ မကျင့်ကြဘူးဆိုပါစို့၊ မကျင့်ဘူးဆိုတော့ ဒီခန္ဓာ ၅ပါး ဝေဒနာ ဦးစီးနေတယ်၊ ဝေဒနာပစ္စယတဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါဆိုတော့ မဂ္ဂဗြဟ္မစရိယ အကျင့် မကျင့်လိုက်တော့ ဒကာ ဒကာမတွေ တဏှာ၊ ဥပါဒါန်ကံဆိုတဲ့ အမိုက်တရား ၃-ခုပေါ်လာတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝဝေါပါ ဘုရား)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)၊ ဇာတိ ပစ္စယာ (ဇရာမရဏပါ ဘုရား)။
အို ခန္ဓာ ၅ပါး၏ သေသွားတာကို မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ မကြည့်လိုက်, မသိလိုက်တာနဲ့ ဝေဒနာက ဝေဒနာ ပစ္စယာတဏှာလုပ်သွားတာ (မှန်ပါ့)၊ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံ ပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား)၊ ဪ ဒီဘဝမှာ ကံကုန်ကြပါစို့ ဒကာ ဒကာမတို့၊ ကံကုန်တော့ သေကြတဲ့အခါ ကျတော့ ဟောဒီမှာ အပါယ်လေးပါးပါလား (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။
ဘာဖြစ်လို့ အပါယ်လေးပါး ဒုက္ခသစ္စာလာပါလိမ့်
ဘာဖြစ်လို့ အပါယ်လေးပါး ဒုက္ခသစ္စာလာပါလိမ့်မတုန်းလို့ ဦးဇံရင်တို့ မေးရင် ဘယ့်နှယ်ဖြေကြမတုန်း (မဂ္ဂဗြဟ္မစရိယ အကျင့် မကျင့်လို့ပါ ဘုရား)၊ မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် အနာဂတ်အ ကြောင်း ၃ခုပေါ်လာပြီး အနာဂတ်အကျိုး ဒုက္ခသစ္စာကြီးဟာ ကိုယ်ပိုင်ရတယ် (မှန်ပါ့)၊ မရပေဘူးလား (ရပါတယ် ဘုရား)၊ သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ဒကာ ဒကာမတို့က စိန်နဲ့, ရွှေနဲ့, တိုက်နဲ့, တာနဲ့, ကားနဲ့ အမျိုးမျိုးနေရတော့ သေပျော်ပြီများ မအောက်မေ့ပါ နဲ့၊ မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်ရသေးလို့ရှိရင် ယာယီဟေ့၊ မင်းအပါယ်သွားရလိမ့်အုံးမယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါ တယ် ဘုရား)၊ ဦးခင်မောင် ယာယီဗျနော် (မှန်ပါ့)၊ ယာယီဆိုတဲ့ ဥစ္စာမဏ္ဍပ်ဆောက်ထားတာ ဘယ့်နှယ်ဆိုကြမယ် (ယာယီပါ ဘုရား)၊ ယာယီဆိုတာမျိုးက ခိုင်တာမြဲတာပါရဲ့လား (မပါပါ ဘုရား)၊ တော်ကြာ ဟိုကနေပြီး တံစဉ်းလေးနဲ့ ချိတ်လေးနဲ့ ဟိုကနေ ဆွဲချ ဒီကနေဆွဲချ။
လေလေးလာ ဟိုကလန်သွား၊ ဒီကနေပဲ့သွား၊ အဲဒီအတိုင်းသာ အခုနေရတာ ယာယီသာမှတ်ပါ (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယ အကျင့်သာ မကျင့်ရင် (ယာယီပါ ဘုရား)၊ သဘောကျပလား (ကျပါတယ် ဘုရား)၊ အဲဒီတော့ ယာယီကို ခင်ဗျားတို့က ဪ-တော်သေးရဲ့ တော်သေးရဲ့ လုပ်မနေနဲ့၊ ဦးဘအုန်း၊ ယာယီကို ဘယ့်နှယ်တုန်း (တော်သေးရဲ့လုပ် မနေရပါ ဘုရား)၊ ဒီယာယီက လဲတော့မယ်၊ တဏှာ, ဥပါဒါန်, ကံကုန်ရင် ဟိုဘက်ဘာဖြစ်မယ်ထင်တုန်း (အပါယ်လေး ပါးပါ ဘုရား)။
အပါယ်ဇာတိ
အပါယ်ဇာတိ, ဇရာ, မရဏမလာဘူးလား (လာပါတယ် ဘုရား)၊ အပါယ်ဇာတိ, ဇရာ, မရဏ လာလို့ရှိရင် ဒီယာယီကုန်သွားပြီ၊ ယာယီကုန်သွားတဲ့အတွက် ဒကာ ဒကာမတို့ ယာယီပျက်ပြီး သကာလ ဒုက္ခကြီးလှလှ တွေ့နေပါ ပေါ့လား (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အိမ်ပြန်ပြီး သွားကြတဲ့အခါကျတော့ ကိုယ့်သားနဲ့၊ ကိုယ့်သမီးနဲ့၊ ကိုယ့်အိုးနဲ့၊ ကိုယ့်အိမ် နဲ့၊ ကိုယ့်ယာနဲ့၊ ကိုယ့်ရွှေနဲ့၊ ကိုယ့်တိုက်နဲ့ နေကြတော့ ဪ ဘာတွေပါလိမ့်မတုန်းလို့ အကဲခတ်တတ်ပလား (ခတ်တတ် ပါပြီ ဘုရား)၊ ဦးခင်မောင် အကဲခတ်တတ်ပလား (ခတ်တတ်ပါပြီ ဘုရား)။
ဘယ်လိုခတ်မတုန်း (ယာယီတွေပါ ဘုရား)၊ ယာယီတွေပဲ၊ ဒီယာယီတွေကလဲ ဒကာ ဒကာမတို့၊ မဂ်မရသေး သရွေ့ခိုင်မြဲပြီလို့ “သမ္ပတ္တနိပုတာ ဓမ္မာ”လို့ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)၊ ဒကာ ဒကာမတို့၊ သမ္ပတ္တနိယထာဆိုတာ မဖောက်မပြန်ဘဲနဲ့ မြဲတာက မဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်မှ ရမှာ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ မဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်မှရမှာ (မှန်ပါ့ ဘုရား)။
ဥပရိဒေဝီမိဖုရား မဂ္ဂဗြဟ္မစရိယ အကျင့်မကျင့်ရတော့ မိဖုရားတည်းဟူသော ယာယီပြုတ်သွားပြီး အပါယ် နောက်ချေးပိုးထိုး သွားဖြစ်ရတယ်၊ နောက်ချေးပိုးဖြစ်နေတော့ သူကိုယ်တိုင်က ဥပရိဒေဝီလို့ ဖော်ပြရတယ်၊ မပြောရ ဘူးလား (ပြောရပါတယ် ဘုရား)၊ ဒါကြောင့် ခင်ဗျားတို့ အခုနေတဲ့ အရေးဟာ ဘာမှမဟုတ်ဘူး၊ ယာယီလို့မှတ်ပြီး၊ မဂ္ဂဗြဟ္မစရိယအကျင့် အောင်မြင်မှသာလျှင် ခိုင်မြဲတဲ့နိဗ္ဗာန်ရမယ်။
အကြောင်းခိုင်မှ အကျိုးခိုင်မယ်
အကြောင်းခိုင်မှ ဦးခင်မောင် အကျိုးခိုင်မယ် (မှန်ပါ့)၊ အကြောင်းမဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်မှ ဘုရားက သမ္ပတ္တနိယတာ ဓမ္မာ မဖောက်ပြန်ဘဲနဲ့ မြဲတယ်ကွာ၊ အဲဒါကြောင့် မဖောက်ပြန်ဘဲနဲ့ မြဲမှသာလျှင် မဖောက်မပြန်တဲ့ အကျိုးပေးကို ကိုယ်ပိုင်မှာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခု ပြုံးနေတာ ဘုန်းကြီးတို့ သနားစရာပေါ့ (မှန်ပါ့ ဘုရား)။
ဦးခင်မောင်ကြီးတို့ ပြုံးနေတာ ဘယ်နှယ်ဆိုကြမယ် (သနားစရာပါ ဘုရား)၊ ဘာပြုံးနေတာတုန်းမေးတော့ မဏ္ဍပ်ကလေး ကြည့်ပြုံးနေတာ (မှန်ပါ့)၊ ဝါဆို, ဝါခေါင်မကျသေးလို့ပေါ့ဗျာ၊ လေကြမ်းနဲ့တွေ့လိုက် ဘယ့်နှယ်နေကြ မယ် (ပြုတ်ကျကုန်မှာပါ ဘုရား)၊ သူဝါးလုံးစိုက်ထားတာ မြေထဲမှာ ၆လက်မ၊၁၀ လက်မအနက်ရှိတယ်၊ တကယ့်လေကြမ်း တိုက်လိုက်ရင် ဘယ်လိုနေကြမယ် (ပြုတ်ကျ ကုန်မှာပါ ဘုရား)၊ ယာယီကိုးဗျ၊ သဘောကျပလား (ကျပါတယ် ဘုရား)။
ခင်ဗျားတို့လဲ ဥပစ္ဆေဒက, ဥပဃာ တက ကံတွေက နောက်ကလိုက်နေတာ (လိုက်နေပါတယ် ဘုရား)၊ အဲဒီလို ကံတည်းဟူသော လေးကြမ်းတိုက်လိုက်တော့ ဝုန်းခနဲ ပြုတ်ကျတယ် (မှန်ပါ့)၊ ပြုတ်ပြီး သကာလ နောက်ချေးပိုးထိုး ဇာတ်သွားခင်းလိုက် (မှန်ပါ့)၊ ခွေးဖြစ်တဲ့ဇာတ်ကော (ခင်းပါတယ် ဘုရား)၊ ခင်းချင်ခင်း ပစ်လိုက်တယ် (မှန်ပ့ါ ဘုရား)။
အားကိုးရာ ကိုးစားရာမဂ္ဂင်ဖောင်ကြီး
ဘယ့်နှယ်ကြောင့် ဒီဇာတ်တွေဟာ အမြန်ခင်းနိုင်ပါလိမ့်မတုန်းလို့ အမေးထုတ်ကြစမ်းပါ (မဂ္ဂဗြဟ္မစရိယ အကျင့်မကျင့်လို့ပါ ဘုရား)၊ ဒါဖြင့် ကျုပ်တို့၏ အားကိုးရာ ကိုးစားရာမဂ္ဂင်ဖောင်ကြီးဆိုတာ အခုမှ သေသေချာချာ ပေါ်လာတယ် (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်မှာသာလျှင် ကိုယ့်အရေးပြီးတော့မှာပါလား၊ ဒီ့ပြင်ဟာ ဘေးချိတ် ဖို့အချိန်ရောက်ပါပေါ့လား၊ ခင်ဗျားတို့ သေသေချာချာ စိတ်ကူးစဉ်းစားကြဖို့ကောင်းပြီ (မှန်ပါ့ ဘုရား)။
ဒီ့ပြင် အလုပ်တွေဟာ ဘာတဲ့တုန်း (ဘေးချိတ်ချိန်ပါ ဘုရား)၊ ဘေးချိတ်ဖို့ကောင်းတယ်၊ ခင်ဗျားတို့ဟာ ဘေး မချိတ်ဘူး၊ လွယ်ထားတာက အတော်ဆိုးနေတယ်၊ ဘေးချိတ်ဆိုတာ ထရံသွားချိတ်ရမှာ၊ အခုတော့ ဟိုဘက်ပခုံးလွယ် ပြီ၊ ဒီဘက်ပခုံး ပြောင်းလွယ်နေတယ်ဆိုတာ ကလေးနှစ်ယောက်ပွေ့သလိုဖြစ်နေတယ် ဟုတ်လား၊ ဘယ်အသုံးကျတာ ရှိတုန်း (မရှိပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘေးချိတ်ရမယ့်အလုပ်ကို ပွေ့ထားမယ် ဆိုလို့ရှိရင်ဖြင့် အင်း သေချင်းဆိုးသေချင်လို့သာ မှတ်ပေတော့ (မှန်ပါ့)၊ မဆိုထိုက်ဘူးလား၊ ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ အနာကုတဲ့အခါ ကျတော့ နောင်မပေါ်အောင် ကုတတ်တဲ့ ဆရာကို, ဆေးကို အလိုရှိသလား၊ ယာယီလေးပျောက်တဲ့ဆေးကို အလိုရှိ သလားမေးလို့ရှိရင်ဖြင့် ငွေကုန်ချင် ကုန်ပါစေဘုရား၊ အနာဇတ်သိမ်းတာ ကောင်းပါတယ် (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
အနာဇာတ်သိမ်းတဲ့ အလုပ်
ဒီမှာလဲ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့်၊ အနာဇာတ်သိမ်းတဲ့ အလုပ်က ဆိုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယ အကျင့် (မှန်ပါ့)၊ မဂ္ဂဗြဟ္မစရိယ အကျင့်မှာ ခန္ဓာနာ ဘယ်တော့မှမပေါက်ဘူး၊ ခန္ဓာနာ ဘယ်တော့မှ မပေါက်တဲ့ဥစ္စာ မဂ္ဂဗြဟ္မစရိယ အကျင့်ကျင့်မှ (မှန်ပါ့)၊ ဒီအကျင့်ကိုတော့ မကျင့်ဖြစ်ပါဘူး နောက်ဒုက္ခကြီးတော့ ကြောက်လှချည်ရဲ့ (မှန်ပါ့ ဘုရား)။
အို ကြောက်မနေနဲ့၊ ခင်ဗျားတို့ မလိုချင်တာ ဟူသရွေ့ခင်ဗျားတို့ ပစ္စည်းချည်း ဖြစ်လိမ့်မယ် (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)၊ အားမငယ်နဲ့ ဦးခင်မောင်၊မလိုချင်တာ ဟူသရွေ့ ဘယ်သူ့ပစ္စည်းဖြစ်ရမတုန်း (ကိုယ့်ပစ္စည်း ပါ ဘုရား)၊ မျက်ရည်ကျစရာလဲ (ကိုယ့်ပစ္စည်းပါ ဘုရား)၊ ကြမ်းခုန်စရာလဲ (ကိုယ့်ပစ္စည်းပါ ဘုရား)၊ ကိုယ့်ပစ္စည်းချည်းပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါ ဘာကြောင့်တုန်းလို့မေးတယ် (မဂ္ဂဗြဟ္မစရိယအကျင့်မကျင့်လို့ပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ယနေ့တရား မှာ လူလိမ္မာဖြစ်ချင်ရင်ဖြင့် အမှောင်ထဲက လာငြားသော်လဲ အလင်းထဲကို နေမိတဲ့အတွက် အလင်းဖြစ်တဲ့ နိဗ္ဗာန်ကို ရကြမှာဘဲ (မှန်ပါ့)။
မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်မှနော် (မှန်ပါ့)၊ ဒီပြင်သမ္မာဒိဋ္ဌိနဲ့ကတော့ ဦးခင်မောင်တို့၊ ဦးဘအုန်းတို့ ဝေးသေး ဗျာ၊ သူကသာသနာ့တွင်းကိုးဗျ၊ သူက ဘာတုန်း (သာသနာတွင်းပါ ဘုရား)၊ သာသနာတွင်း ကြုံနေတဲ့ပုဂ္ဂိုလ်။
ဒီ ဒကာ ဒကာမတွေက ဘယ်အခါမဆို လုပ်စားနေတဲ့ သုံးဆယ့်တစ်ဘုံကြီးမှာ၊ ဘယ်အခါမဆို ခွေးတွေတောင် မှအစာရှာစားနေရတဲ့ အလုပ်ကြီးတစ်ခုကို မလုပ်မဖြစ်လို့ လုပ်နေရတယ်ဆိုတော့ မလုပ်မဖြစ်တာက အင်မတန်ရှားတဲ့ အလုပ်က မဂ္ဂဗြဟ္မစရိယအလုပ် (မှန်ပါ့)၊ ထမင်းရှာစားတဲ့အလုပ်က သုံးဆယ့်တစ်ဘုံသားတိုင်း အလုပ်ပဲ၊ အဲဒါ တပည့် တော်တို့ကလဲ အလုပ်တွေ ရှုပ်လွန်းလို့၊ အဲ ရှုပ်နေရှုပ်နေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အင်း ရှုပ်နေရှုပ်နေ၊ ဘယ်အခါမှ မအားတဲ့အလုပ်ကို ရှုပ်နေတယ်လို့ပြောတာဖြစ်နေတယ်၊ သဘောပါပလား (ပါပါတယ် ဘုရား)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မကြုံစဘူး အကြုံထူးတဲ့ အလုပ်ကိုသာလျှင် ခင်ဗျားတို့ အရဖမ်းရလိမ့်မယ်၊ ရိုးရာအလုပ်ကြီးကို မပြီးနိုင်တဲ့ အလုပ်ကြီးကို မလုပ်ပါနဲ့တော့ (မှန်ပါ့)။
ရိုးရာအလုပ်ကိုမလုပ်ပါနဲ့တော့
ဦးခင်မောင် ဘယ်လိုတားမြစ်တုန်း (ရိုးရာအလုပ်ကိုမလုပ်ပါနဲ့တော့ တားမြစ်ပါတယ် ဘုရား)၊ မပြီးနိုင်တဲ့အလုပ် (မှန်ပါ့)၊ မပြီးနိုင်တဲ့အလုပ်ဆိုတော ခင်ဗျားတို့ ချက်တဲ့ထမင်း အိုးသေးသာကြည့်၊ မနက်တစ်ခါ ဆေးပြီးတော့ ညနေကျ တော့လဲ (ဆေးရပြန်ပါတယ် ဘုရား)၊ ချက်ပြီးတစ်ခါသာ လုပ်ရပြန်တုန်း (ဆေးရပြန်ပါတယ် ဘုရား)။
ဆေးပြီး သကာသ မနက်ကျတော့ ဘာလုပ်ရပြန်တုန်း (ဆေးရအုံးမှာပါပဲ ဘုရား)၊ ဆေးရအုံးမှာပါပဲ၊ ဘယ်တော့ ပြီးမှာတုန်း (မပြီးနိုင်ပါ ဘုရား)၊ မပြီးနိုင်တဲ့အလုပ်ကို မအားလို့ ဆင်ခြေလဲနေကြလို့ရှိရင် မပြီးအောင်လဲလုပ်နေသေး တယ်၊ မအားလို့လဲ ပြောသေးတယ်၊ တချို့ကပြီးချင်ပုံ မပါဘူး၊ အဓိပ္ပါယ်က ဒီမရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒါဖြင့် ဘယ်လောက်ရူးတဲ့ပုဂ္ဂိုလ်တွေလဲဆိုလို့ရှိရင်ဖြင့် ဦးဘတင်ရေ အတော်ခဲယဉ်းသွားပြီဗျ (မှန်ပါ့)၊ မင်းတို့ ဘာတွေလုပ်နေတုန်းလို့ ခင်ဗျားတို့ ယောက်ျားတွေက မေးဘူးလား (မေးဖူးပါတယ် ဘုရား)။
ဘယ့်နှယ်မေးကြသတုန်း (မင်းတို့ဘာတွေ လုပ်နေလဲလို့ မေးပါတယ်)၊ ရူးတာပဲ မပြီးတာ လုပ်နေကြတယ်လို့ မေးဖို့ သိပ်ကောင်းတယ် (မှန်ပါ့)၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ မပြီးတာက ဘယ်တော့မှ မပြီးတဲ့အလုပ်၊ ဒီခန္ဓာရှိနေသရွေ့ ကာလပတ်လုံး သူတောင်းစားအဖြစ်နဲ့ တောင်းနေမှာဘဲ (မှန်ပါ့)။
သူတောင်းစားက ဘယ်နှစ်ခု ပါနေတုန်း
ဒီခန္ဓာရှိနေရင် (တောင်းနေမှာပါ ဘုရား)၊ ပါးစပ်က တောင်းလိုက် ထမင်းဆာလှပြီ (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ နားက စိန်တွေ ရွှေတွေ တောင်းလိုက်၊ အင်း သူတောင်းစားက ဘယ်နှစ်ခု ပါနေတုန်း (၆ယောက်ပါ ဘုရား)။
ခင်ဗျားတို့ ခန္ဓာထဲမှာ သူတောင်းစား ဘယ်နှစ်ယောက်ပါနေတုန်း (၆ယောက်ပါနေပါတယ် ဘုရား)၊ အဲဒီ ၆ယောက်ကို တစ်ယောက်တည်းက နေပြီး သကာလ ၊ ခင်တဲ့သူတစ်ယောက်တည်းကနေပြီး အခွန်ဆက်နေရတော့ ဘယ်သူမှ အားမှာမဟုတ်ပါဘူး(မှန်ပါ့)၊ အားစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ တောင်းရမ်းနေတဲ့လူက ၆ယောက် ပေးမယ့်သူက တစ်ယောက်တည်း၊ ဒါဖြင့် လက်မလည်ဘူး၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
လက်လည်စရာများ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အမယ်လေး ဒကာ ဒကာမတွေ အတော်သည်းခံနိုင်တဲ့ ခင်ဗျားတို့၊ တော်သေးရဲ့နော် သဘောကျပလား (ကျပါပြီ ဘုရား)၊ အတော်ဆိုးနေတဲ့ အဓိပ္ပါယ် ရှင်းပေးနေပါတယ် (မှန်ပါ့)။
ပါးစပ်ကတောင်းတယ်-တဲ့
စဉ်းစားကြည့်ပါ ဒကာ ဒကာမတို့ ပါးစပ်ကတောင်းတယ်-တဲ့ (မှန်ပါ့)၊ တော်ကြာ ထမင်းတောင်းပြန်၊ လက်ဖက် ရည်အခါး တောင်းပြန်ပြီ၊ အချိုတောင်းပြန်ပြီ (မှန်ပါ့)၊ မတောင်းဘူးလား (တောင်းပါတယ် ဘုရား)။
ပါးစပ်ပေါက်တင်ပဲ အလုပ်လုပ်နေရမလားဆိုပြီး တော်ကြာ ကျင်ကြီးစွန့်ချင်တဲ့ ပေါက်က ငါ့လိုက်ပို့အုံး (မှန်ပါ့)၊ မင်း ဟိုကိုသာ အခွန်ဆက်နေတယ်၊ ငါ့ အခွန်မဆက်ဘူး ငါ ခိုင်းတာမလုပ်ဘူးဆိုပြီး သူကများ မာန်လိုက်သေး တယ် (မှန်ပါ့ ဘုရား)။
ကျွန်တော်မျိုး ပီသတော့ ကပျာကရာ ပြေးရတယ် (မှန်ပါ့)၊ မပြေးရဘူးလား (ပြေးရပါတယ် ဘုရား)၊ အားသေး ရဲ့လား (မအားပါ ဘုရား)၊ အဲဒီက ပြန်လာတဲ့အခါကျတော့ ခန္ဓာကိုယ်ကြီးက အိုက်သလေး ပူသလေးနဲ့ ယပ်ခတ် များ ပူဇော်လိုက်ရသေးတယ် (မှန်ပါ့)၊ အားသေးရဲ့လား (မအားပါ ဘုရား)၊ ယပ်ခတ်လို့ အေးခါလေးရှိသေး အင်း စားဖို့ သောက်ဖို့ အရှာထွက်ဆိုပြီးသကာ မနောပေါက်ကနေ ခိုင်းပြန်တယ်။
ဘယ့်နှယ်တုန်း၊ ယပ်ကလေးချပြီး ကပျာကယာပြေးရတယ် (မှန်ပါ့)၊ ဦးခင်မောင်ရေ၊ ခြေကျင့် ပြေးရတာ နှေးနေလို့ ကားနဲ့များကော မပြေးရဘူးလား (ပြေးရပါတယ ဘုရား)၊ သူတောင်းစားက ဘယ်နှစ်ယောက်ရှိတုန်း (၆ယောက်ပါ ဘုရား)၊ သူတောင်းစားတွေကို အခွန်ဆက်နေရတဲ့သူက ဘယ်နှစ်ယောက်တုန်း (၁ယောက်ပါ ဘုရား)၊ သေပါလိမ့်မယ်၊ အမောဆိုက်ပြီး သေပါလိမ့်မယ် စိတ်သာချ (မှန်ပါ့ ဘုရား)။
သေခြင်းဆိုး မသာ
ဒကာသစ် အမောမဆိုက်သေးဘူးလား၊ အင်း ဒီအမောဆိုက် သေလို့ရှိရင်ဖြင့် သေခြင်းကောင်းလား၊ သေခြင်း ဆိုးလား (သေခြင်းဆိုးပါ ဘုရား)၊ အင်း မသာပို့လို့ရှိရင် သေခြင်းဆိုး မသာလို့ဆိုပြီး ပို့ကြရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။
အင်မတန်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ အဲ ဒကာ ဒကာမတွေက မရိပ်မိလို့ ဖော်ပြောနေတာ (မှန်ပါ)။ ခင်ဗျားတို့ နှိပ်စက်နေတဲ့ အမြဲတမ်းတောင်းနေတဲ့ သူတောင်းစားဟုတ်လား (ဟုတ်ပါတယ် ဘုရား)။
ဘယ်နှစ်ယောက်ရှိတုန်း (၆ယောက်ပါ ဘုရား)၊ ၆ယောက်နော် (မှန်ပါ)၊ ဘယ်လောက်ကြာပြီတုန်း သူတို့တောင်း တာ (မရေတွက်နိုင်ပါ ဘုရား)၊ မရေနိုင်ဘူး၊ ဒီဘဝတွင် အကြိမ်ပေါင်း မရေနိုင်ပါဘူး (မှန်ပါ့)။
မရေနိုင်တဲ့ဥစ္စာကို မပေးဘူးသွားတော့၊ ဒီလိုများဆိုဖူးကြရဲ့လား (မဆိုဘူးပါဘူး ဘုရား)၊ ဒီပြင် အမြင်သူ တောင်းစားကျတော့ ခင်ဗျားတို့က သွား မနေ့ကလဲပေးပြီးပြီ၊ ဒီနေ့လဲ လာရမှန်းသိလေ လာလေ၊ ရမှန်းသိလေလာလေ (မှန်လှပါ ဘုရား)။
ခင်ဗျားတို့က အမြင်သားက တော်တော်ဆိုးဖြစ်ကြတယ်၊ မျက်စောင်းက တော်တော်ထိုးတဲ့လူတွေ၊ ဒီခန္ဓာကိုယ် ကြီးကျအမြင်သားဆိုးကြရဲ့လား (မဆိုးပါ ဘုရား)၊ အံမယ် ပြုံးများပြီး သကာလ ၊ ကိုယ့်ဟာကိုယ်များကျတော့ နှိပ်များ ပေးနေလိုက်သေးတယ် (မှန်ပါ့)။
ဘယ်နေရာကများနာပါလိမ့်၊ ဘယ်နားကများအောင့်ပါလိမ့်၊ ဒီနေရာလေးထောက်ပေးလိုက်၊ တော်တော်လဲ ပူဇော်ချက်ကောင်းနေတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)၊ အင်း ခင်ဗျားတို့သည်ကား ဆိုလိုရှိရင် နှိပ်စက်တာကို မသိတဲ့အတွက် ပူဇော်ကဲနေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။
နှိပ်စက်တာ မသိတော့
ဘာမသိတာတုန်း (နှိပ်စက်တာမသိတာပါ ဘုရား)၊ နှိပ်စက်တာ မသိတော့ ဘာဖြစ်နေတုန်း (ပူဇော်နေပါတယ် ဘုရား)၊ အမလေးဘုရား မဟုတ်ဘူးဗျာ၊ ကြပ်ကြပ် စဉ်းစားရသေးတယ်ဘုရား မဟုတ်ဘူး ရိပ်မိရဲ့လား (ရိပ်မိပါပြီး ဘုရား)။
ကောင်းပြီး ဒကာ ဒကာမတွေ ဒါဖြင့် ဒီ ကျွန်စာရင်းက လွတ်ကင်းဖို့ရာအရေး သူ့ကိုသာဒီလို ပူဇော်ပသနေရင်း နဲ့ ဒီ သူတောင်းစား ၆ယောက်ကို အလိုမပြည့်ဘဲနဲ့ နောက်ဆုံး ဘိတ်တစ်နေ့ သေကာခေါင်းထဲ ဝင်လိမ့်အုံးမယ် (မှန်ပါ့ ဘုရား)။
သူ့ အလိုပြည့်ရဲ့လား (မပြည့်ပါ ဘုရား)၊ မပြည့်ဘူးတဲ့ မင်းမျက်လုံးသာ ဖြည့်တယ်၊ နားပေါက်သာဖြည့်တယ်၊ ကိုယ်ပေါက်ဆိုတဲ့ ဝေဒနာတွက်တွေကိုတော့ ဂရုမစိုက်ဘူးဆိုတော့ ငါခေါင်းထဲပြေးမယ်ဆိုတော့ ပြေးတာပဲ၊ ကိုယ် ပေါက်ကနေ ဝေဒနာနဲ့ပြေးတာပဲ၊ ကိုယ်နာပေါက်ပြီးသေလိုက်၊ နှလုံးနာဖြစ်ပြီး (သေလိုက်ပါတယ် ဘုရား)၊ မနောပေါက် ကနေခေါင်းထဲဝင်လိုက်၊ ဒီလိုနဲ့သာ ခင်ဗျားတို့ တစ်သက်လုံးပဲ (မှန်ပါ့ ဘုရား)။
အမောဆိုက်အောင်လဲ ပြုခဲ့၊ နောက်ဆုံးဘိတ်ကျတော့ ခင်ဗျားတို့ကို ခြေကန်တွက် (မှန်ပါ့)၊ မထွက်ဘူးလား ထွက်သလား (ထွက်ပါတယ် ဘုရား)၊ ဦးဘအုန်းတို့များ ခင်ဗျားတု့ိမို့ တည့်အောင်ပေါင်းနိုင်တာ တကယ့်ပါရမီရှင်တွေ ပါလား (မှန်ပါ့)။
မဆိုနိုင်ဘူးလား ဆိုနိုင်သလား (ဆိုနိုင်ပါတယ် ဘုရား)၊ အမလေး ဒကာ ဒကာမတွေ မနည်းဖော်ပြောနေတာ တောင် ရိပ်မိရုံလေးရှိသေးတာ ဦးခင်မောင်ရေ (မှန်ပါ့)၊ ရိပ်မိပြီးလား (ရိပ်မိပါတယ် ဘုရား)။
ခန္ဓာကိုယ်နဲ့ ရန်ဖြစ်ရမှာ
ရန်ဖြစ်တတ်ပလား (ဖြစ်တတ်ပါပြီ ဘုရား)၊ ဘယ်သူနဲ့ဖြစ်ရမှတုန်း (ခန္ဓာနဲ့ပါ ဘုရား)၊ ခန္ဓာကိုယ်နဲ့ ရန်ဖြစ်ရမှာ (မှန်ပါ့)၊ ခန္ဓာကိုယ်ကို သေသေချာချာ စဉ်းစားကြည့်တော ခင်ဗျားတို့ကို ပေးလေသမျှ ဒုက္ခချည်း၊ ဒုက္ခချည်းမှတ် (မှန်ပါ့)၊ နားကပေးတာကော (ဒုက္ခပါ ဘုရား)၊ နှာခေါင်းကပေးတာကော (ဒုက္ခပါ ဘုရား)။
နှာခေါင်းက နှပ်ထွက်လာတယ်ဆိုလို့ရှိယင်ပဲ ဒကာ ဒကာမတို့ ခင်ဗျားတု့ိက လူကြည့်မကောင်းတာနဲ့ သုတ်ပေး ရမယ်၊ ဒီနှာခေါင်းကပေးတဲ့ ဒုက္ခကလဲ မနည်းလှဘူး၊ သူကမွှေးမွှေးကြိုင်ကြိုင် ရှူချင်ပါတယ်ဆိုတဲ့အတွက် ဈေးထဲသွား ဝယ်ပေးတာလဲ မနည်းလှဘူး (မှန်ပါ့)၊ ပါးစပ်ပေါက်ကဆိုတော့ ငွေဘယ်လောက်ကုန်ကျပြီတုန်း (မရေတွက်နိုင်ပါ ဘုရား)၊ စေတီကြီးတစ်ဆူူ တည်နိုင်တယ်နော် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ သူ့သာမကျွေးပဲထားမယ်ဆို မတည်နိုင်ဘူးလား၊ တည်နိုင်သလား (တည်နိုင်ပါတယ် ဘုရား)၊ တည်နိုင် တယ်၊ သို့သော်လဲ စေတီကြီးထက် သူ့ကြည်ညိုလို့ပေါ့ဗျာ (မှန်ပါ့)၊ ဒီ အဓိပ္ပါယ်က သေသေချောချာ ရောက်နေတယ် ဒီအဖြစ်တွေ မသိကြရင် မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်ကြမှာမဟုတ်ဘူး၊ ကိုမြရွှေ ဒီအပြစ်တွေ မသိရင် (မဂ္ဂဗြဟ္မ စရိယအကျင့်မကျင့်ပါ ဘုရား)။
ဒါတွေဟာ ဒုက္ခသစ္စာတွေဆိုပြီး သကာလ ဒါတွေဟာ ဒုက္ခဆိုလဲဟုတ်ပါတယ်၊ သစ္စာလဲမှန်ပါတယ်၊ သူ့ခင်တဲ့ ပုဂ္ဂိုလ် အမြဲနှိပ်စက်ပါတယ်ဆိုတာ သိအောင်လို့ ဒီအဓိပ္ပါယ် ဖော်ပြောနေရတယ် (မှန်ပါ့)၊ သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။
ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ဒီဘက်ခန္ဓာ ၅ပါးဟာလေ (မှန်ပါ့)၊ သူ့ဒုက္ခသစ္စာကြီး၊ အဲဒီ ဒုက္ခသစ္စာ ကြီး ခင်ဗျားတို့က သူ့နောက်နေပြီး တဏှာ သူ့ခင်တဲ့ တဏှာ၊ သူ့စွဲလမ်းတဲ့ ဥပါဒါန်၊ သူ့ကို ချီပွေ့ပြီး သကာလ ဟိုသွား ချင် ဒီသွားချင်ဆိုတဲ့ ကာယကံ၊ အမလေး ခင်ဗျားတို့က ကြည်ညိုလိုက်တာ။
ဒီသုံးခုနဲ့ ဘယ်နှယ်တုန်း၊ ဦးဘအုန်း ဒီသုံးခု ပေါ်လာရင် သူ့ကြည်ညိုလုံးပေါ်လာတာ (မှန်ပါ့)၊ ဘာပေါ်လာတာ တုန်း (ကြည်ညိုလုံးပေါ်လာတာပါ ဘုရား)၊ ဖြတ်လုံးဆိုကြမလား (မဟုတ်ပါ ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့်ကတော့
မဂ္ဂဗြဟ္မစရိယ အကျင့်ကတော့ ကိုင်း-မင်းကတော့ ဒုက္ခသစ္စာပဲဆိုပြီး မဂ္ဂင် ၅ပါး ဝင်လာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ကြည်ညိုတာလား မင်းနဲ့ အိုးစားကွဲမယ်ပြောတာလား (အိုးစားကွဲမယ်ပြောတာပါ ဘုရား)။
အိုးစားကွဲတော့မယ်လို့ ပြောတဲ့ တရားမှသာလျှင် ခင်ဗျားတို့ ကျွန်ဘဝက လွတ်တော့မယ် (မှန်ပါ့)၊ နို့မို့ရင် လွတ်နိုင်စရာ အချက်အကွက် အလက်မြင်သေးရဲ့လား (မမြင်ပါ)၊ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘုန်းကြီးနဲ့လဲ တွေ့ပြန်တယ် ကိုယ်ကိုယ်ကျိုးနည်းတဲ့ အလုပ်တွေချည်းပဲ အားကျနေကြမယ်ဆိုလို့ရှိရင် မဂ္ဂဗြဟ္မစရိယ အကျင့် ဦးခင်မောင် မပါတော့ဘူး (မှန်ပါ့)။
မပါဆိုလို့ရှိရင် သူတောင်းစား ၆ယောက်ကို အခွန်ဆက်ပြီးနေပါတော့မယ်၊ သူက ခြေနဲ့ကန်ထုတ်ပြီး သကာလ ‘ငါခေါင်းထဲဝင်တော့မယ် မင်းဆက်တာတွေဟာ အလကားပဲ’ဆိုပြီး သကာလ သူ့ခေါင်းထဲက ဝင်သွားတော့မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဘယ်လောက်ဆိုးတုန်း (ဆိုးပါတယ် ဘုရား)။
နောက်ဘဝကျတော့ ခင်ဗျားတို့ လာချော့ပြန်ပြီ၊ အင်း ယောက်ျားလေးဖြစ်ပြန်တော့လဲ ယောက်ျားခန္ဓာကိုယ် ပူဇော်ပသ၊ မိန်းခလေးရယ်လို့ ဖြစ်လာတော့ (ပူဇော်ပသရပါတယ် ဘုရား)၊ ပူဇော်ပသပြီး သကာလ တစ်သက်လုံး ကျွန်ခံရအုံးမယ် (မှန်ပါ့)။
သူ့ခင်လေ နှိပ်စက်လေပဲ
ပြီးတော့ နောက်ဆုံးပိတ် ခြေကန်ထွက်အုံးမှာဘဲ၊ ဘယ်တော့မှ အကောင်းရယ်လို့ ပေးစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ သူက ဘာသစ္စာမို့လို့တုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ အို ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာ ဒုက္ခဿ ပိဠနဌော သတ္တဝါကို ညှာတာမတက် အမြဲနှိပ်စက် သူ့ခင်လေ နှိပ်စက်လေပဲ။
ဪ ခင်ဗျားတို့ကလဲ ကိုယ့်ကိုယ်ကိုမှ မခင်လို့ရှိရင် တိရစ္ဆာန်လားလို့ ကိုယ့်ဟာကိုယ်များမေးလိုက်ကြ သေးတယ် (မှန်ပါ့)၊ ကိုယ့်ကိုယ်များ မခင်ရင် လူ့တိရစ္ဆာန်၊ အံမယ် ခင်ဗျားတို့က တစ်ယောက်နဲ့တစ်ယောက်များ အသားယူနေကြလိုက်သေးတယ်၊ မယူကြဘူးလား (ယူပါတယ် ဘုရား)။
အဲဒီလို ခင်လေလေ သူ့ ဘာလုပ်လေလေတုန်း (နှိပ်စက်ပါတယ် ဘုရား)၊ ခန္ဓာ ၅ပါးနောက်က ကံမလိုက်ဘူးလား ကဲ ကံလိုက်တော့ ကမ္မဘဝပစ္စယာအပါယ်ဇာတိ (မှန်ပါ့)၊ ခင်တဲ့အတွက် အပါယ်ဇာတိပေးပစ်လိုက်တယ် (မှန်ပါ)။
ဦးခင်မောင် ခင်တဲ့အတွက် (မှန်ပါ့)၊ ခင်လဲ ခင်ရသေးတယ်ဗျာ၊ အပါယ်လဲ သူ့ကြောင့်ရောက်ရသေးတယ် ဆိုတော့ ဒကာ ဒကာမတွေ ဘယ်မှာသာလျှင် သူပေါင်းသင်းစရာ ကောင်းရဲ့လား (မကောင်းပါဘူး ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါတော့ ခင်ဗျားတို့ကလဲ ခလုတ်မသိ ဆူးမငြိပါစေနဲ့၊ လုပ်နေတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ခလုတ်မထိ ဆူးမငြိဘဲနဲ့ အသက်ရာကျော်ရှည်ပါစေ၊ ပြုနိုင်ပါရစေ၊ စုနိုင်ပါရစေ၊ သူများလက်အောက်တော့ မကျပါ ရစေနဲ့ ဟုတ်လား၊ ကိုယ်သူတောင်းစားလက်အောက်ကိုပဲ ကျပါရစေ၊ ဒီအဓိပ္ပါယ်မရောက်ဘူးလား၊ ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။
မဂ္ဂဗြဟ္မစရိယ အကျင့်ကို နိဂုံးချုပ်ပါမယ်
အတော်မဆိုးနေဘူးလား (ဆိုးပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ အမလေး ဒကာ ဒကာမတွေ မဂ္ဂဗြဟ္မစရိယ အကျင့်ကို နိဂုံးချုပ်ပါမယ်၊ ကုန်တော့မကုန်ဘူးပေါ့ဗျာ၊ ခင်ဗျားတို့ ပေါ်လာတဲ့အစ ပဋိစ္စသမုပ္ပါဒ်ကို မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ ကျင့်မှ (မှန်ပါ့)။
ကျင့်လို့ရှိရင်ဖြင့် အင်မတန်နှိပ်စက်နေတဲ့ သူတောင်းစား ခန္ဓာကိုယ်ကြီးနဲ့ မပြုဘဲမနေရဘဲနဲ့၊ ခင်ဗျားတစ် သံသရာလုံးကနေပြီး သကာလ ကျွန်သပေါက်အဖြစ်နဲ့ ခိုင်းလာတာ၊ သူ့ကို ဒုက္ခသစ္စာမှန်းသိတော့ မပေါင်းချင် တစ်နေ့ ကျလို့ရှိရင် ခင်ဗျားတို့ လူချမ်းသာဖြစ်ပြီ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။