13207

မာတိကာသို့

ဆရာ့တာဝန်နှင့် ဒကာ့တာဝန်

ဒုက္ခသစ္စာတရားတော်-အစေလကဿပ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

(”ဆရာ့တာဝန်နှင့် ဒကာ့တာဝန်” ဒုက္ခသစ္စာတရားတော်-အစေလ ကဿပမေး၊ ဘုရားအဖြေများ)အလုပ်ပေးတရားတော်

(၂၃-၁၁-၆၀)

ဒုက္ခသစ္စာကို မသိလို့ရှိရင်

ဒုက္ခသစ္စာဆိုတာ ဒကာ ဒကာမတွေ မသိသရွေ့ကာလပတ်လုံး ဒုက္ခသစ္စာပဲ ထပ်ပြီး သကာလ လိုချင်ရချင်ကြလိမ့်မယ်လို့ အောက်မေ့ပါ (မှန်ပါ့) ဒုက္ခသစ္စာကို မသိလို့ရှိရင်ဖြင့် ဒုက္ခသစ္စာကိုပဲ လိုချင် ရချင်ကြလိမ့်မယ်ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒုက္ခသစ္စာကို လိုချင်ရချင်ကြလိမ့်မလဲလို့ ဆိုလို့ ရှိရင်ဖြင့် လက်ရှိဒုက္ခသစ္စာမသိလို့ လက်မဲ့ဒုက္ခသစ္စာကို လိုချင် ရချင်ကြတာပဲလို့ မှတ်ပါ (မှန်လှပါ ဘုရား)။

အဲဒီတော့ ဘယ်သူ့ကို အကြောင်းပြုပြီး သကာလ ဒကာ ဒကာမတွေ လက်ရှိ ဒုက္ခသစ္စာမသိလို့ လက်မဲ့အနာဂတ်ဖြစ်တဲ့ ဒုက္ခသစ္စာကို လိုချင်ကြပါလိမ့်မလဲလို့ ဒကာသစ်တို့ ဒကာကြွယ်တို့ ဦးလှဘူးတို့က မေးခွန်း ထုတ်လို့ရှိရင် ဒီခန္ဓာကြီးထဲမှာရှိတဲ့ ရုပ်တွေနာမ်တွေ အစဉ်အတိုင်း ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပာဒ်တွေ ဒါတွေက ဒုက္ခသစ္စာတွေပဲ (မှန်ပါ့) ဒီ ဒုက္ခသစ္စာတွေ မသိပြီဆိုမှဖြင့် ဒါတွေဟာ ဒုက္ခသစ္စာလို့ မသိဘူး လူပဲ၊ နတ်ပဲ၊ ဗြဟ္မာပဲလို့ သိနေကြမယ်ဆိုရင်ဖြင့် နောက်ဘဝတွေ လိုချင်တာသည် လာမှာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် လက်ရှိခန္ဓာ အာယတနဓာတ်တွေကို ဒုက္ခသစ္စာရယ်လို့ မသိကြပြီဆိုမှဖြင့် လူ့ခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတွေ နောင်ရရပါလို၏ဆိုတဲ့ ဆုတွေတောင်းလို့ ရကြပြီဆိုမှဖြင့်လဲ ဒုက္ခသစ္စာပဲ ပြန်ရမယ် (မှန်ပါ့ ဘုရား)။

လက်ရှိဒုက္ခသစ္စာ မသိလို့

အဲ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဒုက္ခသစ္စာပြန်ရကြတာ ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံးလို့ ဆိုလို့ရှိရင်ဖြင့် လက်ရှိဒုက္ခသစ္စာ မသိလို့ပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာမသိလို့ပါလိမ့် (လက်ရှိဒုက္ခသစ္စာ မသိလို့ပါ ဘုရား)။

လက်ရှိဒုက္ခသစ္စာကို မသိတဲ့ပုဂ္ဂိုလ်များမှာ လာလတ္တံ့ဖြစ်တဲ့ လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာတို့ ချမ်းသာတယ်ဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေ တော်အောင်ဆွဲလိုက်တာနဲ့ ဒကာကြွယ်ရေ တဏှာရေထဲမှာ မျှောပြီး တောင်းချင်တဲ့ဆုတွေ တောင်းပြီး သကာလ ရချင်သလို မသာထည်တွေ မရပေဘူးလား (ရပါတယ် ဘုရား)။

ရချင်သလို မသာထည်တွေရတာသည် ဒကာသစ်က စဉ်းစား ဒကာကြွယ်က စဉ်းစား၊ ဦးလှဘူးက စဉ်းစား၊ ဘယ့်နှယ်ကြောင့် အနာဂတ် ဖြစ်တဲ့မသာထည် ဒုက္ခသစ္စာတွေ ရပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် လက်ရှိ မသိလို့ပါဘုရား (မှန်ပါ့) ဘယ်လိုဖြေကြမလဲ (လက်ရှိကို မသိလို့ပါ ဘုရား) လက်ရှိကို မသိလို့ ဖြေကြစမ်းပါ (မှန်ပါ့)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လက်ရှိ ခန္ဓာကြီးကို ဒုက္ခသစ္စာကို ပေါ်အောင် ဟောနိုင်တဲ့ဆရာ၊ ဒကာ ဒကာတွေလဲ နားလည်အောင် ထောင်နိုင်တဲ့နား ရှိကြပါမူကား သစ္စာသိလေသောကြောင့် အနာဂတ်ခန္ဓာတွေ ရပါဦးမလား (မရပါ ဘုရား) မရလို့ရှိရင်ဖြင့် အနာဂတ် ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းသွားတာသည် နိဗ္ဗာန်ပဲ (မှန်ပါ့)။

ဉာဏ်နဲ့ကြည့်ပြီး မြင်ဖို့အရေး

ဒါဖြင့် ဘုန်းကြီးအရေးဟာ ဘာအရေးပါလိမ့်မလဲလို့ အားလုံး ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ယခု ခန္ဓာဒုက္ခသစ္စာသိအောင် ပြောပေးဖို့အရေး (မှန်ပါ့) ဒါ ဘုန်းကြီး အရေးပါပဲ (မှန်ပါ့) ဒကာ ဒကာမတွေ အရေးက ဘာပါလိမ့်မတုံး ဆိုတော့ ဆရာပြောတဲ့အတိုင်း ဒုက္ခသစ္စာကို ဉာဏ်နဲ့ကြည့်ပြီး မြင်ဖို့အရေးဟာ ဒကာ ဒကာမတွေ၏ အရေးပါလား (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီနေ့ရှေ့ပိုင်းမှာ ဒကာ ဒကာမတို့ ဘုန်းကြီးကလဲ ဒုက္ခသစ္စာကို မြင်အောင် ပြပါလိမ့်မယ် (မှန်ပါ့) ဒကာ ဒကာမတွေကလဲ နားမလည်လည်အောင် ဪ တို့ခန္ဓာကြီး ယခုအစဉ်အတိုင်း ဖြစ်နေတာ ဆရာပြတဲ့အတိုင်း ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ဆိုတဲ့ ဒုက္ခသစ္စာမှတစ်ပါး ဘာမှမရှိပါကလားလို့ ထောင်နိုင်တဲ့နားနဲ့ ဝေဖန်နိုင်တဲ့ ဉာဏ်နဲ့ ဝေဖန်ကြလို့ရှိရင်ဖြင့် သာဝက ပါရမီဉာဏ်ဟာဖြင့် ဒီဘဝနိဗ္ဗာန်ရမည့်ဉာဏ်ပင် ပြည့်နိုင်ပါလိမ့်မယ် (မှန်ပါ့)။

ဒါကြောင့် တရားကို သေသေချာချာ ဒကာကြွယ် ဟောလိမ့်မယ်နော် (မှန်ပါ့) သေသေချာချာ နားနဲ့ထောင်ပြီး ဉာဏ်နဲ့ဝေဖန်ပါ (မှန်ပါ့ ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ယခုခန္ဓာကိုယ်ကြီးကဖြင့် တားလို့မရ ဆီးလို့မရ သုသာန်သွားမယ်ချည်း ပြောနေတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကြီးက နေ့တိုင်း ဘာပြောသလဲ (သုသာန်သွားမယ်ချည်း ပြောနေပါတယ်) သုသာန်သွားမယ်ချည်း ပြောနေတယ် ဒကာ ဒကာမတို့၊ အပူတပြင်း ပြောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘယ်သွားမယ်ချည်း ပြောနေပါလိမ့် (သုသာန်သွားမယ်ချည်းပြောနေပါတယ် ဘုရား)။

ဒါ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယဉ်ကျေးတဲ့ နားနဲ့မို့နော် (မှန်ပါ့) ဒကာကြွယ် သာမညနားနဲ့ဆိုရင် နားထောင်လို့မရပေဘူး (မရပါ ဘုရား) ဘယ်အချိန်များ ပြောနေပါလိမ့်မလဲလို့ တွေးချင်လို့ တွေးကြလိမ့်မယ် (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိပါပြီ၊ ထမင်းစားတာတောင်မှ ကျွေးရင်ကျွေး၊ မကျွေးရင် ကျုပ်သုသာန်သွားမယ် (မှန်လှပါ ဘုရား) ကျင်ကြီး ကျင်ငယ်စွန့်ချင်တာကိုလဲ စွန့်ချင် စွန့်ပေးပါ၊ မစွန့်ရင် ကျုပ်ဒီဝေဒနာနဲ့ သုသာန်သွားမယ် (မှန်ပါ့ ဘုရား) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ကျုပ် သုသာန်သွားမယ်

ကျင်ငယ်စွန့်ချင်တာကိုလဲ သူစွန့်ပေးရင်ပေးလိုက်၊ ပို့ရင်လိုက်ပို့၊ မလိုက်ပို့လို့ရှိရင် ဒီကနေ ကျောက်တည်ပြီး၊ ဆီးရောဂါ ဝေဒနာဖြစ်ပြီး ကျုပ် သုသာန်သွားမယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

သူက အိပ်ချင်လာတယ်၊ အိပ်ချင်လာလို့ သူ့ကို အိပ်ရာခင်းပေါ်မှာ လှဲပေးရင်ပေး မပေးလို့ရှိရင်ဖြင့် အိပ်ချင်တဲ့ ဝေဒနာနဲ့ မူးနောက်ပြီး သကာလ သုသာန်သွားလိုက်မယ် လို့ကော မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဒါဖြင့် တစ်နေ့ အကြိမ်ပေါင်း ဘယ်လောက်ပြောသတုံး (မရေမတွက်နိုင်ပါ ဘုရား) ဘယ်လိုများ ပြောပါလိမ့် (သုသာန်သွားမယ်လို့ ပြောပါတယ်) သုသာန်သွားမယ်လို့ အမြဲတမ်း ပြောနေတယ် (မှန်ပါ့ ဘုရား)။

ဪ ကျုပ်တို့ ရထားတဲ့ခန္ဓာကိုယ်ကြီးကဖြင့် စိတ်မချ လက်မချ၊ ကျုပ်တို့ကို ထင်သလို နှိပ်စက်နေတဲ့ ခန္ဓာကိုယ်ကြီး (မှန်ပါ့ ဘုရား) သွားလိုက်မယ်၊ သွားလိုက်မယ်၊ တောင်းပန်ရင် တောင်ပန်ကြပါ၊ မတောင်းပန်ရင် သွားလိုက်မယ်ဆိုတာ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဒကာကြွယ် တစ်နေ့ ဘယ်နှစ်ကြိမ်တုံးဆိုတာ မပြောဘူးလား (ပြောပါတယ် ဘုရား) ဒကာကြွယ် တစ်နေ့ ဘယ်နှစ်ကြိမ်တုံး (မရေမတွက်နိုင်ပါ ဘုရား) မရေမတွက်နိုင်အောင် ခန္ဓာကိုယ်ကြီးက ပြောပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ခေါင်းကိုက်တယ်ဆိုရင် ခေါင်းကိုက်ဆေးနဲ့ ကျုပ်ကိုတောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် ကျုပ်ခေါင်းကိုက်တဲ့ ဝေဒနာနဲ့ သုသာန် သွားလိုက်မယ် (မှန်ပါ့) အသေသွားလိုက်မယ်ပြောတာ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ငုတ်နေတဲ့ဝေဒနာနဲ့ ဖျားများ ဖျားနေကြတယ်၊ ပွင့်ဆေးကလေးနဲ့ တောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင် ကျုပ်သုသာန်သွားလိုက်မယ် (မှန်ပါ့) ဒကာ ဒကာမတို့ အကြိမ်ပေါင်း ဘယ်လောက်ရှိပလဲ (မရေမတွက်နိုင်ပါ ဘုရား) အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောနေတယ် ဆိုတာ သဘောပါပလား (ပါပါပြီ ဘုရား)။

တောင်းပန်ရင်းလဲ သွားမယ်လို့ ပြောနေတာပဲ

ဒါဖြင့် ဒီခန္ဓာကြီးမျိုး ဘယ်မှရရ ဒီဟာမျိုးပြောမှာပဲ (မှန်ပါ့ ဘုရား) နို့ တောင်းသာတောင်းပန်ရတယ်၊ တောင်းပန်ရင်ကော မသွားဘဲ နေသလား၊ ရပ်စဲနေသလားလို့ မေးပြန်ရင်ကော ဘယ့်နှယ်ဖြေကြမလဲ (သွားလျက်ပါပဲ ဘုရား)။ တောင်းပန်ရင်းလဲ သွားမယ်လို့ ပြောနေတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရထားတဲ့ခန္ဓာကိုယ်ကြီးကဖြင့် တောင်းပန်ရင်လဲ သွားနေတာပဲ မတောင်းပန်ရင်လဲ မြန်မြန်သွားမယ် (မှန်ပါ့) တောင်းပန်ရင် နှေးနှေးသွားမယ် (မှန်ပ့ါ) ဒကာကြွယ် မတောင်းပန်ရင် ဘာတဲ့ (မြန်မြန်သွားမှာပါ) တောင်းပန်ရင် (နှေးနှေးသွားမှာပါ ဘုရား) ဪ အလိုမလိုက်၊ အကြိုက်မပါတဲ့ ခန္ဓာကိုယ်ကြီးဆိုတာ သိကြပြီ (သိပါပြီ ဘုရား)။

ဒါဖြင့် ယခုဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီး ဒုက္ခရောက်နေတာကို မြင်အောင် ဆရာဘုန်းကြီးကလဲ မပြော၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလဲ ထောင်တတ်တဲ့နား မရှိလို့ မထောင်ဘူးဆိုလို့ရှိရင်ဖြင့် ဒီခန္ဓာသာ နှိပ်စက်တာပဲ၊ နောက်ခန္ဓာ လူခန္ဓာ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာဆိုတာ အန္တရာယ်ကင်းလို့ ဘေးရှင်းလိမ့်မယ်လို့ထင်ပြီး တောင်းကြမှာပဲ (မှန်ပါ့) တောင်းကြလို့ ရှိရင်ဖြင့် သူ့အပြောနဲ့သူ အသွားရပ်ပါ့မလား (မရပ်ပါ ဘုရား)။

သုသာန်သွားမယ်လို့ ပြောတာလဲ မရပါဘူး (မှန်ပါ့) တောင်းပန်လျက်သားနဲ့ သွားတာပဲ (မှန်ပါ့) မတောင်းပန်ရင် မြန်မြန်သွားတယ် (မှန်ပါ့) တောင်ပန်ရင် နှေးနှေးသွားတယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား) ဘယ်အချိန်များ ရပ်ခဲ့သတုံး (မရပ်ခဲ့ပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မတည့်အတူတူနေရတာချည်းနဲ့ နေရတာတောင်မှ ဉာဏ်မလှည့်မိတော့ ဦးလှဘူးရေ ရိပ်မိတဲ့ သဘောက မပေါ်ဘဲ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ရိပ်မိတဲ့သဘောက မပေါ်ဘဲ ဖြစ်ပြီး သကာလ နေတော့ ယနေ့က စပြီး သကာလ ထမင်းဆာတာ ဘာဖြစ်လို့ ဆာတာပါလိမ့်မတုံးဆိုတော့ သုသာန်သွားမလို့ ပြောပြီလို့ အောက်မေ့ပါ (မှန်ပါ့) ထမင်းဝလာလို့ အိုးတို့အင့်တင့် ဖြစ်လာရင်ကော (သုသာန်သွားမလို့ပါ ဘုရား) အဲဒါ အစာကြေဆေးနဲ့ ကူရင်ကူ မကူရင် သုသာန်သွားမယ်လို့ ဒကာကြွယ် ပြောပြီဗျာ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးဟာ ဒကာသစ်ပဲ စဉ်းစားပါတော့၊ ဘယ်ခန္ဓာရလို့ရှိရင် မပြောတဲ့ခန္ဓာ ရပါမလဲလို့ စဉ်းစားကြစမ်း (ပြောမှာချည်းပါပဲ ဘုရား) ဘယ်ခန္ဓာရရ ဒီအပြောနဲ့ပဲ အချိန်ကုန်မှာပဲ (မှန်ပါ့) သွားလဲ သွားမှာပဲ (မှန်ပ့ါ) တောင်းပန်ရင် (နှေးနှေးသွားပါမယ်) မတောင်းပန်ရင် (မြန်မြန်သွားမှာပါ ဘုရား)။

ဘယ်အချိန်များ ရပ်စဲပါလိမ့်မတုံး

ဪ ဒါဖြင့် ရပ်စဲလို့ရတဲ့ ခန္ဓာကိုယ်ကြီး ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) မသွားတော့ သူက “ဗျာဓိပိ ဒုက္ခော” နဲ့ နေတယ် (မှန်ပါ့) ရောက်တဲ့အခါကျတော့ “မရဏမ္ပိ ဒုက္ခံ” နဲ့ နေလိုက်တယ် (မှန်ပါ့) ဘယ်အချိန်များ ရပ်စဲပါလိမ့်မတုံး (ဘယ်အချိန်မှ မရပ်စဲပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းရှင်းကလေး မှတ်စမ်းပါ။ တောင်းပန်ရင် နှေးနှေးသွားသည်၊ မတောင်းပန်ရင် (မြန်မြန် သွားပါတယ် ဘုရား) ဆေးနဲ့ဝါးနဲ့ ထမင်းနဲ့ တောင်းပန်ရင် (နှေးနှေးသွားပါတယ် ဘုရား) ကဲ – မတောင်းပန်တော့ဘူးကွာဆိုရင် (မြန်မြန်သွားပါတယ် ဘုရား)၊ ဒါဖြင့် ဒီခန္ဓာကြီးဟာ ရပ်လို့၊ တားလို့၊ ဆီးလို့၊ ပိတ်ပင်လို့ ရကြရဲ့လား (မရပါ ဘုရား)။

ဒါကြောင့် အနတ္တခန္ဓာကိုယ်ကြီး၊ ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးလို့ ဒကာ ဒကာမတေါက သိပြီးနေပြီဆိုမှဖြင့် တော်ပြီ တန်ပြီ၊ သူ့တော့ဖြင့် ဆုတောင်းလဲ မယူတော့ပါဘူး၊ အားထုတ်လဲ မယူတော့ပါဘူး၊ ချော့လဲ မထားချင်တော့ပါဘူး၊ သူနဲ့သေခန်း ရှင်ခန်းပြတ်ရင် ကောင်းတာပဲလို့ ဒီဉာဏ်ပေါ်ကြစမ်းပါ (မှန်ပါ့)၊ ဒီဉာဏ်ပေါ်ကြစမ်းပါ ဒကာ ဒကာမတို့ ဒီဉာဏ် အင်မတန် အရေးကြီးပါတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား) ဒီဉာဏ်မှမပါတဲ့ ပုဂ္ဂိုလ်ဟူသရွေ့တော့ဖြင့် ဆွမ်းလှူ ကွမ်းလှူပြီး သကာလ တောင်းပန်မရတဲ့ခန္ဓာကိုယ်ကြီး၊ သုသာန်သို့ အပြေးသွားနေတဲ့ ခန္ဓာကိုယ်ကြီး၊ ဒါကြီး ရရပါလို၏လို့ ဆုတောင်းလို့ရှိရင်ဖြင့် ဒကာကြွယ် မိုက်လွန်းတယ် (မှန်ပါ့) ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

မိုက်လွန်းပါတယ် ဆိုတာကိုဖြင့် ဒကာ ဒကာမတွေကလဲ မနာကြပါနဲ့ (မနာပါ ဘုရား) သစ္စာသိလာတဲ့ပုဂ္ဂိုလ်ကျတော့ ဪ သူရှိသရွေ့ နှိပ်စက်နေတာပဲ ဒါကြောင့် သူမရှိတဲ့နိဗ္ဗာန်သာလျှင် ကောင်းတော့တယ်ဆိုတာ ဉာဏ်ရောက်ရမယ် (မှန်ပါ့ ဘုရား)။

လက်မဲ့ဒုက္ခသစ္စာကို တောင်းကြတော့မယ်

အဲဒီတော့ အခု အရေးကြီးတာက တရားစကတည်းက ဒကာ ဒကာမတွေကို သတိပေးလိုက်ပါတယ်၊ လက်ရှိဒုက္ခသစ္စာကို မသိလို့ရှိရင် လက်မဲ့ဒုက္ခသစ္စာကို တောင်းကြတော့မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတာဝန်သည် လက်ရှိဒုက္ခသစ္စာသိအောင်ဟောမှု (မှန်ပါ့) ဒကာ ဒကာမတွေ၏ တာဝန်သည် ဟောနေတဲ့ ဒုက္ခသစ္စာကို အမှန်သိဖို့ (မှန်ပါ့) ဒီနှစ်ခုနဲ့ ဒကာ ဒကာမတို့ ယနေ့ အလုပ်လုပ်ကြပါလို့ ဒီတရားပွဲမှာဖြင့် သဘောတူ၊ ဆရာ့တာဝန် ဒကာ့တာဝန်ဆိုတာ ဒကာကြွယ် ယူစို့နော် (မှန်ပါ့)။

အရေးအင်မတန် ကြီးတယ်နော် (မှန်ပါ့) အရေးအင်မတန်ကြီးတယ်ဆိုတော့ ဒကာ ဒကာမတွေ ရှေးဦးစွာ ဝတ္ထုသက်သေ သာဓက မထုတ်ခင် ခန္ဓာကြီး၏ ဒုက္ခသစ္စာကို ခဏခဏ ဖြစ်နေတာကို ရေရေလည်လည် ပြောကြဦးစို့ (မှန်ပါ့) ခုနင်ကဟာ ထင်ရှားတဲ့ဒုက္ခ ပြောတာ (မှန်ပါ့) အခုဟာက ဝိပဿနာဉာဏ်နဲ့ ကြည့်မှ မြင်နိုင်မည့် ဒုက္ခကို ပြောကြဦးစို့ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ သေသေချာချာ နားထောင်ကြပါ ဒကာ ဒကာမတို့၊ အဆင်းကလေးတစ်ခု ဖြူနီကြောင်ကျားဆိုတဲ့ ကားကလေးတစ်ခုကို မြင်တယ် (မှန်ပါ့) ဖြူနီကြောင်ကျားဆိုတဲ့ အဆင်းကလေးတစ်ခုကို စက္ခုဝိညာဏ်စိတ်က မမြင်လားဗျာ (မြင်ပါတယ် ဘုရား) အဲ-မြင်တဲ့တရားကလေးသည်ပင် ဒုက္ခသစ္စာပဲ (မှန်ပါ့)။

မြင်တဲ့တရားကလေး ပေါ်လာတာ (ဒုက္ခသစ္စာပါ ဘုရား) ဒကာသစ် သေသေချာချာ မှတ်နော် (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ မြင်တဲ့တရားကလေး အဆင်းနဲ့ စက္ခုပသာဒနဲ့ တိုက်ဆိုင်လို့ ပေါ်လာသည့် မြင်တဲ့တရား (မှန်ပါ့) အဆင်းနဲ့စက္ခုပသာဒရုပ်ကြောင့် ဖြစ်ပေါ်လာတဲ့ မြင်စိတ်ကလေးဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒီမြင်စိတ်ကလေး ဘာသစ္စာတုံး

ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဖြစ်ပြီး ဒီနေရာမှာ ပျက်ရမှာလား မပျက်ရဘူးလား (ပျက်ရမှာပါ) ဒါဖြင့် ဒီမြင်စိတ်ကလေး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ တို့သန္တာန် မြင်စိတ်ကလေး ဒုက္ခသစ္စာလို့ ဆိုသဖြင့် ဒကာ ဒကာမတွေ သန္တာန်ပေါ်လာတဲ့ ဝိညာဏက္ခန္ဓာပဲ (မှန်ပါ့) စိတ်ခန္ဓာကလေးပေါ့ဗျာ (မှန်ပါ့) မြဲရဲ့လား (မမြဲပါ ဘုရား) မမြဲတော့ ဖြစ်ပြီး ပျက်သွားတယ်၊ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။

မြင်ပြီး သကာလ ဒကာ ဒကာမတို့ မြင်ရတာကလေး ကောင်းလိုက်တာဆိုတော့ မြင်တာကလေးက ဒုက္ခသစ္စာဖြစ်ပြီး ချုပ်သွားပြီ၊ မြင်လို့ကောင်းတဲ့စိတ်ကလေး မပေါ်လာဘူးလား (ပေါ်လာပါတယ်) လောဘစိတ်ကလေး ပေါ်လာတယ် ထားလိုက်ပါတော့ (မှန်ပါ့) ဒါကလေးဟာ ကောင်းပြီး ဘာဖြစ်ပြန်သတုံး (ပျက်ပါတယ် ဘုရား) ဒါဖြင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ကျုပ်တို့သန္တာန်ပေါ်လာ၍ မြင်လာလဲ ဒုက္ခသစ္စာမြင်လို့ ကောင်းတာလဲ (ဒုက္ခသစ္စာပါ) မြင်တာကလေးဖြင့် ကျုပ်ဖြင့် အရလိုချင်တာပဲ ဆိုတာကလေး မြင်တာကလေး ချုပ်ပြီး သကာလ ဥပါဒါန်ဆိုတဲ့ စွဲလမ်းတဲ့ လိုချင်မှုကလေးကော မလာဘူးလား (လာပါတယ် ဘုရား)။

အင်မတန် စွဲလမ်းတဲ့ လိုချင်မှုကလေး လာပြန်တယ်၊ ဒီလိုချင်မှု ကလေးဟာလဲ အခုဖြစ်ပြီး သကာလ ပျက်မသွားဘူးလား (ပျက်သွားပါတယ်) လိုချင်မှုကလေးက လိုချင်မှုကြီး ပေါ်တာလဲ ဖြစ်ပျက်ပဲ (မှန်ပါ့) လိုချင်မှုကလေး ငယ်ငယ်တုန်းကကော (ဖြစ်ပျက်ပါပဲ ဘုရား) လိုချင်မှု ကြီးကြီး လာပြန်တော့ကော (ဖြစ်ပျက်ပါပဲ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒကာကြွယ်တို့ ဦးလှဘူးတို့က စဉ်းစား၊ တို့သန္တာန်ပေါ်လာသရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) မြင်စိတ်ကလေးကလဲ (ဒုက္ခသစ္စာပါ)။

ဪ ဒါဖြင့် လိုချင်လို့ရှိရင် ဒကာ ဒကာမတို့ ကာယကံနဲ့လည်း သွားပြီးယူကြတယ် (မှန်ပါ့) ဝစီကံနဲ့လည်း ယူကြ ပြောကြဆိုကြ၊ မနောကံနဲ့လည်း စိတ်ကူးကြတဲ့ ကံကလေး ပေါ်လာပြန်တော့လဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) လိုချင်မှုကြီး ချုပ်ပြီး ကံပေါ်ပြန်တော့ကော (ဒုက္ခသစ္စာပါ ဘုရား)။

ခန္ဓာထဲမှာ ပေါ်လာသရွေ့ ဘာသစ္စာတုံး

ဒါဖြင့် ဒကာ ဒကာမတို့ မြင်တယ်၊ လိုချင်တယ်၊ စွဲလမ်းတယ်၊ အားထုတ်တယ်၊ ဒီလေးခုစလုံး ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) တစ်နေ့ ဘယ်နှစ်ကြိမ် ဒီဒုက္ခသစ္စာဖြစ်ပါလိမ့် (မရေမတွက်နိုင်ပါ ဘုရား) ဒါဖြင့် ခန္ဓာထဲမှာ ပေါ်လာသရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဪ ဒါမျက်လုံးပေါက်က ပေါ်တာပဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) နားပေါက်ကလဲ ကြားတယ်ဆိုတဲ့ စိတ်ကလေး ပေါ်လာရင်ကော (ဒုက္ခသစ္စာပါ) ကြားလို့ ကောင်းတာကလေး ပေါ်လာရင်ကော (ဒုက္ခသစ္စာပါ ဘုရား) စွဲလမ်းလို့ နားထောင်ဖို့ သွားတဲ့ကာယကံမှုကလေးကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် မြင်တဲ့စိတ်တဏှာ လိုချင်တဲ့စိတ်၊ စွဲလမ်းလို့ ဥပါဒါန်၊ အားထုတ်တဲ့ကံ၊ ခန္ဓာကိုယ်ထဲမှာ ဒါတွေ လှည့်ပေါ်နေတာပဲ (ပေါ်ပါတယ် ဘုရား) ပေါ်နေတာဟူသရွေ့ ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။

ဟုတ်သားပဲ ဒကာသစ်တို့ ဖြစ်ပြီး ပျက်တာချည်း ပေါ်နေတယ် (မှန်ပါ့) ဖြစ်ပြီး ပျက်တာချည်း ပေါ်နေသောကြောင့် အနေဒုက္ခသစ္စာနဲ့ အသေဒုက္ခသစ္စာချည်း ပေါ်နေတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဖြစ်ပေါ်လာတဲ့ဟာ အနေ၊ ပျောက်သွားတာက အသေ (မှန်ပါ့ ဘုရား)။

ဪ ခန္ဓာကိုယ်ထဲမှာဖြင့် မြင်တဲ့သဘောကလေးဟာလဲ အနေ ဒုက္ခသစ္စာနဲ့ အသေဒုက္ခသစ္စာပဲ (မှန်ပါ့) လိုချင်တဲ့သဘောကလေးဟာကော (အနေဒုက္ခသစ္စာနဲ့ အသေဒုက္ခသစ္စာပါ ဘုရား) ဖြစ်ပျက်ရှုတာကိုးဗျ (မှန်ပါ့) အားထုတ်မှုကလေးဟာကော (အနေဒုက္ခသစ္စာနဲ့ အသေဒုက္ခသစ္စာပါ ဘုရား) အနေဒုက္ခသစ္စာနဲ့ အသေဒုက္ခသစ္စာပဲ ပေါ်တယ် (မှန်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ မျက်လုံးပေါက်က ပေါ်တာလဲ ဒီလေးခု ဒီအတိုင်းပဲ (မှန်ပါ့) နားပေါက်က ပေါ်တာကော (ဒီအတိုင်းပါပဲ ဘုရား) နှာခေါင်းပေါက်က ပေါ်တာကော (ဒီအတိုင်းပါပဲ ဘုရား) မနောပေါက် ပေါ်တာကော (ဒီအတိုင်းပါပဲ ဘုရား) ဒွါရခြောက်ပေါက် ပေါ်လာသရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

ဘယ်စက်ကြီးများ လည်နေပါလိမ့်မလဲ

ဒါဖြင့် ဒကာ ဒကာမတို့ တစ်နေ့လုံး ဒကာ ဒကာမတွေမှာ ဘယ်စက်ကြီးများ လည်နေပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခစက်ကြီး လည်နေပါတယ်) ဒါတွေဟာ ခန္ဓာထဲချည်းပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ခန္ဓာကြီးဟာ သေပြီးရင်းသေရင်း ဒါတွေသာ လှည့်နေတာပဲ (မှန်ပါ့) သေပြီးရင်း သေရင်း ဒါတွေသာလှည့်နေတော့ တစ်နေ့လုံး ခန္ဓာစက်ရဟတ်ကြီးက ဘာစက်ရဟတ်ပါလိမ့် (ဒုက္ခစက်ရဟတ်ပါ ဘုရား) ဒုက္ခစက်ရဟတ်ကြီးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီဟာတွေ ပေါ်တိုင်း ပေါ်တိုင်း ဉာဏ်ကလေးက နောက်က လိုက်တဲ့အခါကျတော့ ပထမဒုက္ခစက် ဖြစ်ပျက် နောက်က လိုက်တာကလေးက မဂ် (မှန်ပါ့) ဒုတိယဒုက္ခစက်ကြီး ဖြစ်ပျက် (မှန်ပါ့) နောက်က သိလိုက်တာ (မဂ်ပါ) တတိယဒုက္ခစက်ကြီးက (ဖြစ်ပျက်ပါ) နောက်က သိလိုက်တာက (မဂ်ပါ) စတုတ္ထဒုက္ခစက်ကြီးက (ဖြစ်ပျက်ပါ) နောက်က သိလိုက်တာက (မဂ်ပါ) အဲဒါသည် ဝိပဿနာအလုပ်ပါပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါ ဘာအလုပ်ပါလိမ့် (ဝိပဿနာအလုပ်ပါ ဘုရား) ဪ ဝိပဿနာဆိုတာ ခန္ဓာစက်လည်နေတာကို နောက်က ဉာဏ်စွက်ရပါကလား (မှန်ပါ့) ခန္ဓာစက်၊ နောက်က ဉာဏ်က စွက်စွက်စွက်စွက် ပေးလိုက်လို့ရှိရင်ဖြင့် ဒုက္ခနဲ့မဂ်နဲ့ ဒုက္ခနဲ့မဂ်နဲ့ချည်း တွဲသွားတယ် (မှန်ပါ့) မတွဲဘူးလား (တွဲပါတယ် ဘုရား)။

အဲဒီကဲ့သို့ တွဲတော့ ခင်ဗျားတို့ ဘာသိသတုံး မေးတဲ့အခါကျတော့မှ ဒုက္ခစက်ကြီး၏ ဖြစ်ပျက်ကို ဉာဏ်မဂ်နဲ့ သိပါတယ်ဘုရား (မှန်ပါ့ ဘုရား)။

ဉာဏ်မဂ်နဲ့ သိပါတယ်

ဒုက္ခစက်ဖြစ်ပျက်ကို (ဉာဏ်မဂ်နဲ့ သိပါတယ် ဘုရား) ဉာဏ်မဂ်နဲ့ သိပါတယ်ဘုရားဆိုတာကလေး ခင်ဗျားတို့သိတော့ ဪ-ဘယ်ခန္ဓာဖြစ်ဖြစ် ဒီစက်ထဲရှိမှာပဲ (မှန်ပါ့) နတ်ခန္ဓာဖြစ်လဲ (ဒီစက်ထဲပဲ ရှိမှာပါပဲ) ဒုက္ခစက်လည်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဗြဟ္မာခန္ဓာ ဖြစ်ပြန်တော့ကော (ဒုက္ခစက်လည်ပါတယ် ဘုရား) လေးကျွန်းသနင်း စကြာမင်းကြီး ဖြစ်ပြန်တော့ကော (ဒုက္ခစက်လည်ပါတယ် ဘုရား)။

ဒါဖြင့် ပစ္စုပ္ပန်ဒုက္ခစက်တွေသိသဖြင့် ဒကာ ဒကာမတို့ ဒုက္ခသိသွားသဖြင့် ဒုက္ခစက်ကြီးလည်နေတာကို သိတဲ့သစ္စာဉာဏ် သိသဖြင့် နောက်စက်လည်ချင်သေး သလားမေးရင် (မလည်ချင်ပါ ဘုရား)။

ဒါဖြင့် နောက်စက်မလည်ချင်တာသည် ပစ္စုပ္ပန်ဒုက္ခစက်ကို နောက်မဂ်နဲ့သိလို့ မလည်ချင်တာပဲ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဘာသစ္စာပေါ်ပါလိမ့် (ဒုက္ခသစ္စာပဲ ပေါ်ပါတယ် ဘုရား) ဒုက္ခသစ္စာပဲ ပေါ်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စားချင်တဲ့စိတ်ပေါ်တာလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) စွဲလမ်းတဲ့စိတ် ပေါ်တာလဲ (ဒုက္ခသစ္စာပါ ဘုရား) အားထုတ်တဲ့ကံတွေ ပေါ်လာလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဒကာသစ်ရေ တစ်နေ့လုံး ရက်ကန်းတွေ လျှောက်လုပ်၊ အထည်ဆိုင်သွား၊ ဘာသစ္စာတွေ သွားနေသတုံး မေးရင် (ဒုက္ခသစ္စာတွေ သွားနေပါတယ် ဘုရား) ဘယ်သစ္စာနဲ့ ထိုင်နေသတုံး (ဒုက္ခသစ္စာနဲ့ ထိုင်နေပါတယ်) ဪ တစ်နေ့လုံး သုခ ပါပါရဲ့လား (မပါပါ ဘုရား) မပါဘူးတဲ့ ခန္ဓာဖြစ်ပျက်ကြီးနဲ့ သွားနေတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုန်းကြီးခန္ဓာတစ်ကိုယ်လုံး ခြုံပြီး ကြည့်လိုက်တဲ့အခါကျတော့ ဒုက္ခစက်ရဟတ်ကြီး မပြတ်လည်နေတာပဲ ရှိတယ် (မှန်ပါ့ ဘုရား) ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ (ဒုက္ခစက်ရဟတ်ကြီး လည်နေတာပါ ဘုရား) ဒုက္ခစက်ရဟတ် မပြတ်လည်နေတာသာ ရှိတယ်ဆိုတာ ဦးလှဘူးတို့ ဒကာကြွယ်တို့ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ) ဒါဖြင့် ဒုက္ခသိပြီပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုန်းကြီးပြောတာ လွယ်လိုက်တာဘုရား၊ တပည့်တော်လဲ ကြည့်ရတဲ့အခါကျတော့ တော်တော် ကြည့်ရတယ်၊ မတွေ့နိုင်ဘူးလို့ ဒီလို မဆိုပါနဲ့ (မှန်လှပါ ဘုရား) ဒကာ ဒကာမတို့သန္တာန်မှာ အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာလဲ သူ့ကို ကြည့်လိုက် ဪ ဒါ ဒုက္ခသစ္စာပါလား (မှန်ပါ့) ဖြစ်ပြီး ပျက်သွားတာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြစ်ပြီး ပျက်ပါတယ်

ပျံ့လွင့်တဲ့စိတ်ကလေး ပေါ်လာရင်ကော (ဒုက္ခသစ္စာပါ) ကုသိုလ်စိတ်ကလေးပေါ်လာရင်ကော (ဖြစ်ပျက်ပါ ဘုရား) လောဘစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီး ပျက်ပါတယ် ဘုရား) ဒေါသစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီး ပျက်ပါတယ် ဘုရား) ဣဿာစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီး ပျက်ပါတယ်) မစ္ဆရိယစိတ်ကလေး ပေါ်လာရင်ကော (ဖြစ်ပြီး ပျက်ပါတယ်) ဖြစ်ပြီး ပျက်တော့ ဘာသစ္စာတွေသာ ပေါ်ပေါ်နေသတုံး (ဒုက္ခသစ္စာတွေသာ ပေါ်ပေါ်နေပါတယ် ဘုရား)။

အဲ ဒုက္ခသစ္စာ ပေါ်တိုင်း ပေါ်တိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပေါ်ပြီ ပေါ်ပြီလို့သာ သိနေလို့ရှိရင် ပစ္စုပ္ပန်ဒုက္ခသိပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပစ္စုပ္ပန်ဒုက္ခသိတော့ နောက်ခန္ဓာကြီးလာလဲ ဒီလိုပဲ ဒွါရခြောက်ပေါက်က လှည့်နေဦးမှာပဲ (မှန်ပါ့) မလှည့်ပေဘူးလား (လှည့်ပါတယ်) လှည့်တော့ ဘာသစ္စာ လှည့်နေမှာတုံး (ဒုက္ခသစ္စာတွေ လှည့်နေမှာပါ ဘုရား)။

ဒီလိုသိသွားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပစ္စုပ္ပန်ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အတွက် အနာဂတ် ဒုက္ခသစ္စာတွေ ကိုတော့ဖြင့် မလိုချင်တော့ပါဘူး၊ မရချင်တော့ပါဘူးဆိုတဲ့ မဂ်ဉာဏ်ဟာ မကြာခင် လာလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် အကွက်ကျကျ ပြောပြပါတယ် ဒကာကြွယ်ရေ၊ ပစ္စုပ္ပန်ဒုက္ခသစ္စာကို အစစ်ဖြစ်အောင် လုပ်ဖို့အရေးဟာ ကျုပ်တို့အရေး (မှန်ပါ့ ဘုရား) အသိ ရှင်းသည်ထက် ရှင်းအောင် အားထုတ်ဖို့အရေးဟာ ဒကာ ဒကာမတွေအရေး (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းကြပါပြီ ဘုရား)။

ကိုင်း ဝတ္ထုကလေး သာဓကကလေး သက်သေကလေးထုတ်ပြီး သကာလ ဒကာ ဒကာမတွေကို ပြပါ့မယ်၊ ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက သိနေတာက ခေါင်းကိုက်လေနာ နောက်ကြောတက် ဘေးကြောထိုးဆိုမှ ဒုက္ခသစ္စာ ထင်နေတယ် (မှန်ပါ့) ခန္ဓာကြီး၌ မျက်လုံးပေါက်ခန္ဓာတွေ လျှောက်ဖြစ်နေတာတွေလဲ ဒုက္ခသစ္စာ (မှန်ပါ့) နားပေါက်က ခန္ဓာလျှောက်စဉ်နေတာကော (ဒုက္ခသစ္စာပါ ဘုရား)။

ပေါ်ပျက်မှတစ်ပါး ဘာရှိသေးသတုံး

အဲဒီတော့ ခန္ဓာထဲပေါ်သရွေ့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ပျက်သရွေ့ (ဒုက္ခသစ္စာပါ) ပေါ်ပျက်မှတစ်ပါး ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ဒါဖြင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” မင်းတို့ ခန္ဓာကိုယ်ထဲ ဘာပဲပေါ်ပေါ် ဒုက္ခသစ္စာပါကွာတဲ့ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ပေါ်တာနဲ့ ပျက်တာသိအောင် ကြည့်နိုင်တဲ့ ဒကာ ဒကာမတွေသည် ဒုက္ခသစ္စာ သိတာပါပဲ (မှန်ပါ့) ပေါ်တာနဲ့ ပျက်တာကို သိတော့ကို ဒီခန္ဓာကြီး မလိုချင်တာက သမုဒယချုပ်တာ (မှန်ပါ့ ဘုရား)။

သမုဒယတဏှာ ချုပ်လိုက်တော့ တဏှာသာ ချုပ်တယ်လို့ မယူပါနဲ့၊ တဏှာချုပ်လို့ ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်တော့ နောက်ဘဝအကျိုးပေးမည့် ကံတွေလဲချုပ် (မှန်ပါ့) တဏှာ ဥပါဒါန်ကံတွေချုပ်တာက သမုဒယချုပ်တာ (မှန်ပါ့ ဘုရား) နောက်ဘဝခန္ဓာဟူသရွေ့ တစ်တိုတစ်စမှ ဒုက္ခသစ္စာမပေါ်လာတာ ဘယ့်နှယ်ဆိုမလဲ (နိရောဓသစ္စာပါ ဘုရား)။

နိရောဓသစ္စာဆိုတော့ ဪ ဒကာ ဒကာမတို့ လက်ရှိဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိရင် အနာဂတ်ဒုက္ခသစ္စာတည်းဟူသော ဝိပါကဝဋ်ကြီးဟာ ဒကာကြွယ် ကျကျနန ကျွတ်သွားတယ် (မှန်ပါ့) သစ္စာသိရင် ဝဋ်ကျွတ်တယ် (မှန်ပါ့ ဘုရား)။

သစ္စာသိရင် (ဝဋ်ကျွတ်ပါတယ် ဘုရား) သစ္စာမသိရင် (ဝဋ်မကျွတ်ပါ ဘုရား) ကိုင်း ဒါဖြင့် သစ္စာသိမှ ဝဋ်ကျွတ်တယ်ဆိုတဲ့ဥစ္စာ သဘောကျပလား (ကျပါပြီ ဘုရား) သစ္စာဆိုတာ ဘာပါလိမ့်မလဲ၊ ခန္ဓာထဲ ပေါ်ချင်ရာပေါ် ဘာသစ္စာပေါ်သတုံး (ဒုက္ခသစ္စာပါ) ဖြစ်ပျက်မှုမှ တစ်ပါး ဘာပေါ်သေးသတုံး (ဘာမှ မပေါ်ပါ ဘုရား) အနိစ္စမှတစ်ပါး (ဘာမှ မပေါ်ပါ ဘုရား)။

သစ္စာထဲ အကုန်ဝင်ရတယ်

အနိစ္စသည်ပင်လျှင် ဒုက္ခပဲဆိုတော့ ဒါ ဒုက္ခသစ္စာပဲ (မှန်ပါ့) ဒုက္ခသည် ပင်လျှင် အနတ္တပဲဆိုတာဟာလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာတွေပဲ သစ္စာထဲ အကုန်ဝင်ရတယ် (မှန်ပါ့) ဒါ့ကြောင့် အနိစ္စလဲ ဒုက္ခသစ္စာပဲ၊ ဒုက္ခလဲ ဒုက္ခသစ္စာပဲ၊ အနတ္တလဲ (ဒုက္ခသစ္စာပါပဲ) အသုဘလဲ (ဒုက္ခသစ္စာပါပဲ ဘုရား)။

ဒါကြောင့် ရှင်သာရိပုတ္တရာက “မဟာဟတ္ထိပဒေါပမသုတ်” (မူလပဏ္ဏာသပါဠိတော်၊ နှာ-၂၄၂) ဆိုပြီး ခြေရာခံပြီး သိတဲ့သုတ်များဟောတဲ့အခါကျတော့ သစ္စာထဲ အကုန်ဝင်တာပါပဲကွဆိုတာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဆင်၏ခြေရာလက်ရာသည် တစ်တောင်ရှိတယ် ထားကြပါစို့ (မှန်ပါ့) ဒီ့ပြင် သတ္တဝါတွေ သွားတဲ့အခါ ဆင်ခြေရာပေါ်ကို ဖုံးပြီး နင်းသွားနိုင်သလား၊ ဆင်ခြေရာ၏ အလယ်ထဲမှာပဲ ထောက်ပြုသွားကြရသလား (ဆင်ခြေရာ၏အလယ်ထဲမှာပဲ ထောက်သွားရပါတယ် ဘုရား)။

အဲ ဒီခန္ဓာတွေ အာယတနဓာတ်တွေဟာ ခန္ဓာကိုယ်ထဲ ဘာပဲပေါ်ပေါ် သစ္စာထဲဝင်တာပဲကွတဲ့ (မှန်ပါ့) ဆင်ခြေရာထဲ တစ်ပါးသော ခြေရာတွေဟာ ဝင်ရသလို တစ်ပါးသော တရားတွေဟာ ခန္ဓာဟောလဲ သစ္စာပဲ (မှန်ပါ့) အာယတနဟောလဲ (သစ္စာပါပဲ ဘုရား) ဓာတ်ဟောလဲ (သစ္စာထဲ ဝင်တာပါပဲ ဘုရား) သစ္စာပဲလို့သာ ဆုံးဖြတ်ချက် ချကြပါလို့ ဆိုတော့ ဒါကြောင့် ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို စပြီး ဒီနေ့ မူတည်ဟောပါတယ် (မှန်ပါ့) ဒကာကြွယ် ဘာမူတည်ဟောပါလိမ့် (ဓမ္မာနုပဿနာ မူတည်ဟောပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အစေလကဿပဝတ္ထု

ကိုင်း ဒါဖြင့် ဝတ္ထုသက်သေသာဓက ဒကာသစ် ထုတ်ကြစို့တော့ (မှန်ပါ့) မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ သာဝတ္ထိပြည်ထဲ ဆွမ်းခံဝင်လာတယ်၊ ဆွမ်းခံဝင်လာတော့ အဝတ်မဝတ်တဲ့ တိတ္ထိကြီး အစေလကဿဆိုတာ ရှိတယ်၊ သူ့နာမည်ကတော့ ကဿပလို့ ခေါ်တယ်၊ အဝတ်မဝတ် တာကြောင့် အစေလလို့ ခေါ်လိုက်တယ် (မှန်ပါ့) အစေလကဿပလဲ ဆွမ်းခံဝင်ပြီးလာတဲ့အခါကျတော့ မြတ်စွာဘုရားနဲ့ ဆွမ်းခံရင်းတွေ့ကြတယ်နော် (မှန်ပါ့ ဘုရား)။ (အစေလကဿပသုတ်၊ သံယုတ်ပါဠိတော်၊ ပ၊နှာ-၂၅၉)

ဆွမ်းခံရင်း တွေ့ကြတော့ ရှင်ကြီးဂေါတမတဲ့ ပုစ္ဆာလေးတစ်ခု မေးစမ်းပါရစေဆိုပြီး လျှောက်တယ် (မှန်ပါ့) ဆွမ်းခံရင်း မမေးပါနဲ့ကွာ လို့ ပထမအကြိမ် တားမြစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

နောက်ဆွမ်းခံရန် တစ်ပြလောက် နှစ်ပြလောက် ဘုရားက ကြွတဲ့အခါ သူကလဲ နောက်ကလိုက် ရှင်ကြီးဂေါတမတဲ့ ပုစ္ဆာကလေးဟာ မများပါဘူး၊ မေးပါရစေလို့ တောင်းပန်တယ်၊ နှစ်ချီရှိသွားပြီနော် (မှန်ပါ့) အဲဒီကဲ့သို့ တောင်းပန်သော်လဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆွမ်းခံရင်း ရှိသေးသကွာ၊ မမေးပါနဲ့ဦး ဆိုပြီး တားမြစ်လိုက်ပြန်တယ်နော် (မှန်ပါ့ ဘုရား)။

နောက် တတိယအကြိမ် အရှင်ဘုရားတဲ့ ပုစ္ဆာကလေးဟာ များလဲ မများပါဘူး မေးပါရစေလို့ ဆိုတဲ့အခါကျတော့ ကိုင်း အစေလကဿပ မေးတာပေါ့ကွာတဲ့ (မှန်ပါ့) မေးတာပေါ့လို့ ခွင့်ပြုလိုက်တော့လဲ တပည့်တော် အခွင့်ရလို့ရှိရင် မေးပရစေဘုရား၊ ဒုက္ခဟာ မိမိပြုတာလားတဲ့ (မှန်ပါ့)။

ဒုက္ခဟာ မိမိပြုတာ လားတဲ့

ဒကာ ဒကာမတွေ ဘယ်လိုမေးပါလိမ့် (ဒုက္ခဟာ မိမိပြုတာ လားတဲ့ ဘုရား) ဘုရားက အစေလကဿပ ဒုက္ခဟာ မိမိပြုတာ မဟုတ်ဘူးကွလို့ ဖြေလိုက်တယ် (မှန်ပါ့) ဘယ်လိုဖြေလိုက်သလဲ (ဒုက္ခဟာ မိမိပြုတာ မဟုတ်ပါဘူးတဲ့ ဘုရား)။

ဒကာ ဒကာမတွေ ဒုက္ခဟာ (မိမိပြုတာ မဟုတ်ပါ ဘုရား) အခု ဒကာ ဒကာမတွေလဲ ယူထားကြတာက ကိုယ့်ဒုက္ခ ကိုယ်ယူလို့ ကိုယ်ဒုက္ခ ရတာပဲ (မှန်ပါ့) ကိုယ်ယူလို့ ကိုယ်ဒုက္ခရတာပဲဆိုတော့ ဒုက္ခကို မိမိပြုတဲ့အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကြည့်လေ ဒကာ ဒကာမတို့ ပထမပုစ္ဆာပဲ ကြည့်ပါ၊ အစေလ ကဿပက ဒုက္ခကို မိမိပြုတာလား အရှင်ကြီးဂေါတမလို့ မေးလိုက်တယ်နော် (မှန်ပါ့) မဟုတ်ပါဘူးကွာလို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ့) ဒုက္ခဟာ မိမိပြုလို့ မိမိရတာ မဟုတ်ဘူးတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒုက္ခ မိမိပြုလို့ မရလို့ရှိရင်ဖြင့် ရှင်ကြီးဂေါတမ ဒုက္ခဟာ သူတစ်ပါးပြုလို့ မိမိရတာလားတဲ့ (မှန်ပါ့) လွှဲမေးလိုက်တယ်၊ သူတစ်ပါးပြုလို့ရတဲ့ ဒုက္ခလားတဲ့ (မှန်ပါ့) အစေလကဿပ ဒီလိုလဲ မဟုတ်ပါဘူးကွာတဲ့ (မှန်ပါ့) ဘယ်နှစ်ချက် ရှိသွားပလဲ (နှစ်ချက် ရှိသွားပါပြီ ဘုရား)။

ပြန်ပြောဦးမယ်၊ ပြန်ပြောဦးမယ် ဒကာ ဒကာမတွေ ရှင်းသည်ထက် ရှင်းအောင်လို့နော် (မှန်ပါ့) နောက် ဒီတရားနဲ့ပဲ ရှုနည်းရော ဒုက္ခသစ္စာမြင်နည်းရော အကုန်ရပါလိမ့်မယ် (မှန်ပါ့) ဒါကြောင့် အထူးဂရုစိုက်ပြီး ဉာဏ်နားနဲ့ ထောင်ပါလို့ ဦးလှဘူးတို့၊ ဒကာကြွယ်တို့ သတိပေးလိုက်တယ် (မှန်ပါ့)။

ဒုက္ခ မိမိပြုလို့ ရတာလားလို့ အစေလကဿပမေးတဲ့အခါကျတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါ ဘုရား) မဟုတ်ပါဘူးကွလို့ ဖြေလိုက်တယ်နော် (မှန်ပါ့) ကိုယ့်ဒုက္ခ ကိုယ်ခံရုံဆိုတဲ့ ဒကာ ဒကာမတွေနဲ့တော့ ကန့်လန့်ကြီးဖြစ်သွားပြီ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဒကာကြွယ်တို့ ဦးလှဘူးတို့ မသိခင်တုန်းက ဒီအတိုင်းသုံးပါတယ် (သုံးပါတယ် ဘုရား) သုံးခဲ့တဲ့အတိုင်းလဲ ထင်ခဲ့ပါတယ် (မှန်ပါ့ ဘုရား)။

စင်စစ်ကတော့ ဟောဒီမြင်စိတ်ကလေးကို အစက ရှင်းထားခဲ့တဲ့အတွက် ယခုတော့ နေရာကျ ပါလိမ့်မယ်လို့ အောက်မေ့တာပဲ၊ မြင်စိတ်ကလေးဟာလဲ ဖြစ်ပြီး ပျက်သောကြောင့် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) မြင်စိတ်ကလေး ချုပ်သွားပြီး လိုချင်တဲ့စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပာဒ် ရှေ့အကြောင်းကြောင့် ဖြစ်တာပဲ

ဒါဖြင့် ဒကာ ဒကာမတို့ မြင်စိတ်ကလေးကြောင့် လိုချင်တဲ့စိတ် ပေါ်လာတာ (မှန်ပါ့ ဘုရား) လိုချင်တဲ့စိတ် ကလေးဟာလဲ ဖြစ်ပျက် အနိစ္စမို့ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါပဲ ဘုရား) အလိုလို ပေါ်လာတာလား၊ ပဋိစ္စသမုပ္ပာဒ်ဆိုတဲ့ ရှေ့အကြောင်းကြောင့် ဖြစ်လာတာလား (ပဋိစ္စသမုပ္ပာဒ် ရှေ့အကြောင်းကြောင့် ဖြစ်လာတာပါ) ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် ရှေ့အကြောင်းကြောင့် ဖြစ်တာပဲ (မှန်ပါ့) မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ဟော ဒကာကြွယ် ရှင်းသွားပြီ (မှန်ပါ့) အကြောင်းကြောင့်ဖြစ်တဲ့ ဒုက္ခသစ္စာ (မှန်ပါ့) အကြောင်းမရှိရင် (မဖြစ်ပါဘူး ဘုရား) ဟောဒီမြင်စိတ်ကလေးချုပ်သွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒီလောဘစိတ်ကလေး ဟာလဲ ခဏနေပြီး မချုပ်တော့ဘူးလား (ချုပ်ပါတယ် ဘုရား) ချုပ်သွားပြန်တော့လဲ ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါတော့၊ အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အကျိုးချုပ်တာလဲ ဒုက္ခသစ္စာချုပ်သွားတာပဲ (မှန်ပါ့) အကြောင်း ပဋိစ္စသမုပ္ပာဒ်ကြောင့် အကျိုးဒုက္ခဖြစ်တယ် (မှန်ပါ့) အကြောင်း ပဋိစ္စသမုပ္ပာဒ်ချုပ်လို့ အကျိုးဒုက္ခချုပ်တယ်လို့ယူမှ သဿတက လွတ်တယ် (မှန်ပါ့ ဘုရား)။

အဲ ပဋိစ္စသမုပ္ပာဒ်နားမလည်ရင် ဒိဋ္ဌိဘယ်တော့မှ မစင်၊ ဒိဋ္ဌိမစင်သည်ရှိသော် ဘယ်လိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တအားထုတ် အားထုတ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရ (မှန်ပါ့) ဒိဋ္ဌိက ကန့်ကွက်နေလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဪ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ဘယ်လိုကြိုးစား အားထုတ်ငြားသော်လဲ ဒီဒိဋ္ဌိ ဝမ်းထဲက မပြုတ်လို့ရှိရင်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ဘယ်နည်းနဲ့မှ မရနိုင်ဘူး၊ ဒိဋ္ဌိက သေသေချာချာ တားတယ်လို့ မှတ်လိုက် (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဟောဒီမြင်စိတ်ကလေးသည် ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) မြင်စိတ်ဖြစ်သောကြောင့် လိုချင်တဲ့စိတ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

လိုချင်တဲ့စိတ်ဟာ အလိုလို ပေါ်တာလား

ကောင်းပြီ၊ ဒါဖြင့် လိုချင်တဲ့စိတ်ဟာ အလိုလို ပေါ်တာလား၊ မြင်စိတ်ကြောင့် ပေါ်တာလား (မြင်စိတ်ကြောင့် ပေါ်တာပါ ဘုရား) ဒါဖြင့် မြင်စိတ်က ပဋိစ္စသမုပ္ပာဒ်၊ လိုချင်တဲ့စိတ်က ပဋိစ္စသမုပ္ပန္န အကျိုးတရား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကဲ မြင်စိတ်ကလေး ချုပ်သွားပြီ၊ နောက်လိုချင်တဲ့ စိတ်ကလေးကလဲ နောက်ဆက်ပြီး မချုပ်ရဘူးလား (ချုပ်ပါတယ် ဘုရား) ဒါဖြင့် အကြောင်းချုပ်လို့ ဘာတုံး (အကျိုးချုပ်ပါတယ် ဘုရား) အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ် ဘုရား)။

ကောင်းပြီ၊ တစ်ခုသော ဒုက္ခသစ္စာအကြောင်းတရား ချုပ်သွားရင် နောက်ဒုက္ခသစ္စာလဲ ချုပ်တာပဲ (ချုပ်ပါတယ် ဘုရား) တစ်ခုသော ဒုက္ခသစ္စာဖြစ်ရင် နောက်ဒုက္ခသစ္စာကော (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခကို မိမိပြုတာလား၊ အကြောင်းပြုတာလား (အကြောင်းပြုတာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) ဒုက္ခမိမိပြုတာလား မေးလို့ရှိရင် မဟုတ်ပါဘူးဘုရား၊ သူ့အကြောင်းက ပြုတာပါ (မှန်ပါ့) (ဝါ) ပဋိစ္စသမုပ္ပာဒ်က ပြုတာပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သိလောက်ပါပြီ၊ ခန္ဓာကိုယ်ထဲမှာ ဒုက္ခ ဖြစ်လေသရွေ့ အကြောင်းကြောင့် ဖြစ်တာချည်းပဲ (မှန်ပါ့) မိမိမပါပါဘူး (မပါပါ ဘုရား) ဒကာကြွယ် သေသေချာချာရှင်းနော် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ သေသေချာချာ ရှင်းကြစမ်းပါ၊ သဿတဒိဋ္ဌိ ဖြုတ်နေတာပါ (မှန်ပါ့ ဘုရား)။

ငါလုပ် ငါခံစကားက ဒီကငါ ဟိုသွားပြီးခံရမည့် အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ်) အဲဒါ ဒကာသစ်တို့၊ ဒကာကြွယ်တို့၊ ဦးလှဘူးတို့ ဆုံဖြတ်ချက်ချ၊ ဒီငါက မသေဘူး အဓိပ္ပာယ် ရောက်တော့ပေါ့ဗျာ (မှန်ပါ့) ဘာဒိဋ္ဌိဖြစ်ပါလိမ့် (သဿတဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဿတဒိဋ္ဌိ ဖြစ်နေပါတယ်

အဲဒါသည် တော်တော့်ပုဂ္ဂိုလ်ဆိုလို့ရှိရင် ဒီအသုံးနဲ့ ဒီအနှုန်းကို သုံးလဲ သုံးတယ်၊ ထင်လဲ ထင်တယ်လို့ ဒကာကြွယ်တို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) ကဲ-ပြောလဲ မပြောကြဘူးလား (ပြောခဲ့ပါတယ် ဘုရား) ထင်ကော (ထင်ခဲ့ပါတယ် ဘုရား) ဘာဒိဋ္ဌိဖြစ်နေသတုံး (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား)။

အဲဒါ ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ (မှန်ပါ့ ဘုရား) အကြောင်းဒုက္ခ ဖြစ်ရင် (အကျိုးဒုက္ခ ဖြစ်ပါတယ်) အကြောင်းဒုက္ခချုပ်လို့ရှိရင် (အကျိုး ဒုက္ခချုပ်ပါတယ် ဘုရား) ဒီလိုသိမှသာလျှင် ဒကာ ဒကာမတို့ ဒုက္ခ မိမိပြုတာလားဆိုတော့ မိမိပြုတာ မဟုတ်ပါဘူး (မှန်ပါ့) ဘယ်သူက ပြုတာပါလိမ့် (အကြောင်းက ပြုတာပါ) အကြောင်းက ပြုလိုက်လို့ အကျိုးဒုက္ခဖြစ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ခန္ဓာကိုယ်ထဲမှာ အကြောင်း အကျိုးသာ ရှိတာကိုး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ပထမအမေးကို အစေလကဿပ ဘုရားကို မေးလိုက်တာ ဒုက္ခ မိမိပြုတာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါ ဘုရား) မဟုတ်ဘူးလို့ ဘုရားဖြေတာ ဒကာ ဒကာမတွေ ရှင်ပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတွေ ခန္ဓာဒုက္ခပေါ်လာတာက ဘယ်သူက ပြုပါလိမ့် (အကြောင်းက ပြုပါတယ် ဘုရား) ဪ ပဋိစ္စသမုပ္ပာဒ် အကြောင်းက ပြုလိုက်တယ်၊ အကြောင်းက ပြုလိုက်လို့ အကျိုးဒုက္ခ ပေါ်လာတယ် (မှန်ပါ့) မိမိပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

အကြောင်းဖြစ်လို့ အကျိုးဒုက္ခဖြစ်ပါတယ်

အေး ဒီလိုဆိုတော့ သဿတစင်သွားပြီ (မှန်ပါ့) သဿတစင်အောင် ဟောတော့ ဒကာကြွယ်ရေ ရှေ့မဂ်ရနိုင်တယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိ စင်သွားတော့ အကြောင်းဖြစ်လို့ အကျိုးဒုက္ခဖြစ်ပါတယ် (မှန်ပါ့) အကြောင်းချုပ်ရင် အကျိုးဒုက္ခချုပ်ပါတယ် (မှန်ပါ့) အကြောင်းချုပ်ရင် အကျိုးဒုက္ခချုပ်ပါတယ် (မှန်ပါ့) အဲဒီတော့ ဒီလိုသိသွားတာ သမ္မာဒိဋ္ဌိ (မှန်လှပါ ဘုရား)။

ဒုက္ခမိမိပြုလို့ မိမိရတယ်ထင်ရင် (သဿတဒိဋ္ဌိပါ) ဒုက္ခကို မိမိပြုတာ မဟုတ်ဘူး၊ အကြောင်းကပြုလို့ အကျိုးဖြစ်ပေါ်လာတယ်လို့ ယူလိုက်တဲ့အခါကျတော့ (သမ္မာဒိဋ္ဌိ ဖြစ်ပါတယ် ဘုရား)။

ဟော သမ္မာဒိဋ္ဌိ ဝင်လာပြီ၊ မိစ္ဆာဆိုတဲ့ သဿတဒိဋ္ဌိပြေးပြီ (ပြေး ပါပြီ ဘုရား) ဒကာကြွယ် မပြေးသေးဘူးလား (ပြေးပါပြီ ဘုရား)။

အင်မတန် အဖိုးတန်သွားပါပေါ့လား (တန်ပါတယ် ဘုရား)။

အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်လို့ ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ပထမပုစ္ဆာမှာ အစေလကဿပမေးလို့ ဘုရားက ဖြေလိုက်ပြီ (မှန်ပါ့) ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်ထဲ ရောက်ပလား (ရောက်ပါပြီ ဘုရား) ဘုရားဘက်သား ဖြစ်ပလား (ဖြစ်ပါပြီ ဘုရား)။

ပြန်ပေးပါဦးမယ် သုံးခေါက်စေ့အောင် ပြောပါဦးမယ်၊ ရှင်ကြီးဂေါတမ ဒုက္ခမိမိပြုတာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါ ဘုရား) ကဲ မဟုတ်ကြောင်းကော ဒကာ ဒကာမတွေ သိပလား (သိပါပြီ) ဒုက္ခဘယ်သူပြုတာပါလိမ့် (အကြောင်းက ပြုတာပါ) အဲ ပဋိစ္စသမုပ္ပာဒ် အကြောင်းက ပြုတာ (မှန်ပါ့) ဒါကြောင့် အကျိုးဒုက္ခပေါ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ တစ်ကိုယ်လုံးမှာ ပထမစိတ်လဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) ပထမစိတ်က ဒုတိယစိတ်ကို ဒုက္ခဖြစ်အောင် မလုပ်ဘူးလား (လုပ်ပါတယ်) သူလဲ ဒုက္ခသစ္စာပဲ (မှန်ပါ့) ဒုတိယစိတ် ချုပ်သွားပြန်တော့ တတိယစိတ် ဒုက္ခသစ္စာ မပေါ်ဘူးလား (ပေါ်ပါတယ်) သူလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါပဲ) ဒါဖြင့် ရှေ့အကြောင်းတွေက ပြုလို့ နောက်ဒုက္ခတွေ ဆက်ဆက်ပေါ်တယ် (မှန်ပါ့) ဒါဖြင့် ဒုက္ခအဝိုင်းလှည့်နေတယ်ဆိုရင်ကော (မလွဲပါ ဘုရား)။

ဘာတွေပေါ်ပေါ် ဘာသစ္စာ ပေါ်ပါလိမ့်

ဒါဖြင့် ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ဘာတွေပေါ်ပေါ် ဘာသစ္စာ ပေါ်ပါလိမ့် (ဒုက္ခသစ္စာပေါ်ပါတယ်) ဒုက္ခသစ္စာဟူသရွေ့လဲ ရှေ့အကြောင်း ကင်းရဲ့လား (မကင်းပါ ဘုရား)။

အဲဒီတော့ ရှေ့အကြောင်း မကင်းတော့ ဒုက္ခစက်ရဟတ်ကြီး လည်နေတာဟာ အကြောင်း ပဋိစ္စသမုပ္ပာဒ်က ဖြစ်စေလို့ အကျိုးပဋိစ္စ သမုပ္ပန္နဖြစ်တာပါ၊ အကြောင်းကြောင့် အကျိုးဒုက္ခတွေ လှည့်နေတာပဲ (မှန်လှပါ ဘုရား) ရှင်းကြကလား (ရှင်းပါပြီ ဘုရား)။

ဘာတွေများ လှည့်နေပါလိမ့် (အကြောင်းကြောင့် အကျိုးဒုက္ခတွေ လှည့်နေပါတယ် ဘုရား) အကြောင်းဒုက္ခကြောင့် အကျိုးဒုက္ခတွေ လှည့်နေတယ်ဆိုတာ ဒကာသစ်တို့ ဒကာကြွယ်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် တစ်နေ့လုံး ရောင်းကြ ဝယ်ကြ ပြောကြ ဆိုကြတဲ့ စိတ်တွေအမျိုးမျိုး အဖုံဖုံ စိတ်စဉ်တွေ တန်းပြီး မပေါ်ဘူးလား (ပေါ်ပါတယ်) ဘာသစ္စာတွေ လှည့်နေတာတုံး (ဒုက္ခသစ္စာတွေ လှည့်နေပါတယ်) ဘယ်သူ့ကြောင့် လှည့်နေပါလိမ့် (အကြောင်းကြောင့် အကျိုးလှည့်နေပါတယ် ဘုရား) အကြောင်းနဲ့ အကျိုးဒုက္ခဖြစ်နေတာ ချည်းပဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တစ်ကိုယ်လုံး တစ်နေ့လုံးမှာ လှည့်နေကြတာ ဘာသစ္စာများ လှည့်နေသတုံး (ဒုက္ခသစ္စာတွေ လှည့်နေပါတယ်) ဪ ဒါဖြင့် မိမိပြုတာမဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) အကြောင်း သမုဒယကြောင့် အကျိုးဒုက္ခတွေ (လှည့်နေပါတယ်) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒါတွေ သိသွားတော့ သဿတဒိဋ္ဌိစင်သွားပြီ၊ သမ္မာဒိဋ္ဌိ ရောက်လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပ့ါ) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဒုက္ခသည် သူတစ်ပါးပြုတာလားတဲ့

ကောင်းပြီ၊ တစ်ခါ ဒုတိယပုစ္ဆာကလေး သွားကြဦးစို့နော်၊ ရှင်ကြီး ဂေါတမတဲ့ ပထမပုစ္ဆာတော့ ဒုက္ခမိမိပြုတာလား ဆိုတော့ မဟုတ်ပါဘူး ဆိုတဲ့အတွက် ဒုတိယမေးခွန်း မေးပါရစေတဲ့ (မှန်ပါ့) ဒါဖြင့် ဒုက္ခသည် သူတစ်ပါးပြုတာလားတဲ့ (မှန်ပါ့) ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့) မဟုတ်ဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသူတစ်ပါး ပြုတာလားဆိုတော့ ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား) ဒီ ဒကာ ဒကာမတွေကတော့ ရှင်းနေပြီ၊ ဪ အကြောင်းက ပြုလို့ အကျိုးပေါ်တာပဲ (မှန်ပါ့) သူတစ်ပါး ဟုတ်သေးရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ဒီအကြောင်း သမုဒယကြောင့် အကျိုးတူဒုက္ခ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အကျိုးသည် ပင်လျှင် အကြောင်းလုပ်ပြီး သကာလ အကျိုးဒုက္ခတစ်ခု မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒီတော့ ဒုက္ခသူတစ်ပါးပြုတာလားလို့ မေးတဲ့အခါ ပြုတယ်လို့ ဆိုကြမလားတဲ့ အကြောင်းသမုဒယကြောင့် ဖြစ်တယ်လို့ ဆိုကြမလား (အကြောင်း သမုဒယကြောင့် ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသူတစ်ပါး ပြုတာလားလို့ မေးလိုက်တာက သူက သူတစ်ပါးပြုလို့ ခံရတယ်ဆိုတော့ ပြုတဲ့လူက တစ်ခြား၊ ခံစားတဲ့လူက (တစ်ခြားပါ ဘုရား) အဲဒီတော့ ဥစ္ဆေဒဒိဋ္ဌိ မေးပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိ မေးနေတော့

ဥစ္ဆေဒဒိဋ္ဌိ မေးနေတော့ ဒီ ဒကာ ဒကာမတွေ ဪ သူတစ်ပါးပြုလို့ မဟုတ်ပါဘူး၊ အကြောင်းကပြုလို့ အကျိုးဖြစ်တာဆိုတော့ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်တာ (မှန်ပ့ါ) ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒါ သိသွားတဲ့အခါကျတော့ ခင်ဗျားတို့မှာ ဘာဒိဋ္ဌိစင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

အကြောင်းမဖြစ်ရင် အကျိုးမဖြစ်ပါဘူး (မှန်ပါ့) အကြောင်းသာ ဖြစ်နေရင် (အကျိုးဖြစ်ပါတယ် ဘုရား) အကျိုးဒုက္ခတွေ ဖြစ်မနေဘူးလား (ဖြစ်နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ သိသွားတော့ကို ဒကာ ဒကာမတို့ သူတစ်ပါးပြုတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အကြောင်းပြုလို့ အကျိုးဖြစ်တာ (မှန်ပါ့) ဒီလို မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) အဲဒီလို သိသွားတော့ ဘယ်ဒိဋ္ဌိ စင်သွားသတုံး (ဥစ္ဆေဒဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။

အဲ (၁)နံပါတ်က သဿတဒိဋ္ဌိစင်ခဲ့ပါတယ် (မှန်ပါ့) (၂)နံပါတ် ကျတော့ ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခြောက်ဆယ့်နှစ်ပါးသောဒိဋ္ဌိ ရေသောက်မြစ်နှစ်ခု ပြတ်ပြီ (မှန်ပါ့) ဒိဋ္ဌိကွာရင် သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ရတော့မယ် (မှန်ပါ့) ဒိဋ္ဌိကွာရင် (သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်ရမယ်) သမ္မာဒိဋ္ဌိမဂ္ဂင်ရတော့မယ် ဒကာ ဒကာမတို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်တယ်ပြောတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သို့သော်လဲ မေးခွန်းကလေးကုန်အောင် တရားဒေတနာအစဉ်ကို ပြောစို့ဆိုတော့ ပုစ္ဆာနှစ်ခုကဖြင့် သဿတနဲ့ ဥစ္ဆေဒကို မေးလိုက်တယ် (မှန်ပါ့) အခု ဒကာ ဒကာမတွေ သဿတကော ယူသေးရဲ့လား (မယူပါ ဘုရား)။ ဥစ္ဆေဒကော (မယူပါဘူး ဘုရား)။

မိမိသူတစ်ပါးကို ပါသေးရဲ့လား

ကဲ မယူတော့ အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ်) အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ်) ဒါပဲရှိတော့ မိမိသူတစ်ပါးကို ပါသေးရဲ့လား (မပါပါ ဘုရား) မိမိပြုတာလဲ မပါဘူး၊ သူတစ်ပါး ပြုတာကော (မပါပါ ဘုရား)။

ဒါဖြင့် တရားနာနေတဲ့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးတန်းပြီး သကာလ ခန္ဓာအာယတနဓါတ်တို့၏ မပြတ်ကျင်လည်ရာ သံသရာဒုက္ခကြီးဟာ ဒကာ ဒကာမတို့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိအထဲမှာ ဝင်နေလို့ရှိရင်ဖြင့် ဘယ်နည်းနဲ့မှ နိဗ္ဗာန်မရဘူး (မရပါ ဘုရား)။

အခုတော့ဖြင့် ဒကာ ဒကာမတွေသန္တာန် ဘယ်စိတ်စဉ်တန်းကြီးဖြစ်ဖြစ် ဘယ်ရုပ်စဉ်တန်းကြီးဖြစ်ဖြစ် အကြောင်းဖြစ်ရင် (အကျိုးဖြစ်ပါတယ် ဘုရား) အကြောင်းချုပ်ရင် (အကျိုးချုပ်ပါတယ် ဘုရား) ဘယ်ဒိဋ္ဌိ စင်ကြသတုံး (သဿတနဲ့ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။

ဒါဖြင့် သဿတဥစ္ဆေဒဒိဋ္ဌိစင်ရင် ရှေ့ကို ဝိပဿနာဉာဏ် ဟောလိုက်ရင် ဒကာကြွယ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ် (မှန်ပါ့ ဘုရား)။

သဿတဥစ္ဆေဒ ဝမ်းထဲမှာ ရှင်းရှင်းလင်းလင်း မရှိရင် ဘယ်လို ဆုတောင်း ဆုတောင်း၊ ဘယ်လိုအနိစ္စ ဒုက္ခ အနတ္တ ရှုချင်တိုင်းရှု၊ ဘယ်တော့မှ နိဗ္ဗာန်မရ (မှန်လှပါ ဘုရား) ဒီနှစ်ခုခံနေတယ် (မှန်ပါ့ ဘုရား) ဦးလှဘူး အရေးမကြီးဘူးလားဗျာ (ကြီးပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဒီဥစ္စာ သေးသေးသိမ်သိမ် အဓိပ္ပာယ် ပြောနေတယ် ဟောနေတယ်လို့ ဘုရားကို မထင်နဲ့နော် (မှန်ပါ့ ဘုရား)။

အခုပုစ္ဆာ ဘယ်နှစ်ချက်ပြီးသွားပလဲ (နှစ်ချက်ပြီးသွားပါပြီ ဘုရား) နှစ်ချက်ပြီးသွားတော့၊ ဒကာ ဒကာမတွေ နားထောင်ရလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

ရှင်ကြီးဂေါတမတဲ့ ဒါဖြင့် ဒုက္ခဟာ မိမိသူတစ်ပါးနှစ်ဦးသား ပေါင်းလုပ်တာလားလို့ မေးပြန်တယ်၊ ဘုရားက ဒီလိုလဲ မဟုတ်ပါဘူးကွလို့ ဖြေလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မိမိသူတစ်ပါးနှစ်ဦးသား ပေါင်းလုပ်တာလား

ဒုက္ခဟာ မိမိသူတစ်ပါးနှစ်ဦးသား ပေါင်းလုပ်တာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါဘူးတဲ့) မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလားဆိုတော့ သဿတနဲ့ ဥစ္ဆေဒိကို ရောမေးပြန်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒီဒုက္ခကတော့ဖြင့် ကျုပ်ကြောင့်ပဲဆိုလဲ ဟုတ်တာပဲ သူတစ်ပါးကြောင့်ဆိုလဲ ဟုတ်တာပဲဆိုတဲ့အဓိပ္ပာယ် ရောက်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေ ရှေးဦးစွာ ဘုန်းကြီးက ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုး ရှင်းထားလိုက်တော့ ဒကာကြွယ်ရေ ပဋိစ္စသမုပ္ပာဒ်ကြောင့် ဖြစ်လာတယ်၊ ပဋိစ္စသမုပ္ပာဒ်ချုပ်လို့ (ချုပ်ပါတယ်) အကြောင်း ဖြစ်လို့ (အကျိုးဖြစ်ပါတယ်) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား)။

ဒီလိုနှစ်ခုစလုံး ပိုင်ပိုင်နိုင်နိုင် သိထားတော့ ဒုက္ခဟာ မိမိသူတစ်ပါး နှစ်ဦးသားပြုတာကော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ဒါဖြင့် သဿတဥစ္ဆေဒနှစ်ခုစလုံး မရောစေနဲ့ (မှန်ပါ့ ဘုရား)။

ဒုက္ခဟာ အလိုလိုဖြစ်တာလားတဲ့

ဒါနဲ့ အစေလကဿပ လေးခုမြောက်ပုစ္ဆာကို မေးပြန်တယ် လေးခုမြောက်ပုစ္ဆာက ဘာပါလိမ့်မတုံးဆိုတော့ ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခဟာ အလိုလိုဖြစ်တာလားတဲ့ (မှန်ပါ့) ဘယ်လို မေးပြန်ပါလိမ့် (ဒုက္ခဟာ အလိုလိုဖြစ်တာလားလို့ မေးပြန်ပါတယ် ဘုရား)။

အလိုလိုဆိုရင် အကြောင်းပါသေးရဲ့လား (မပါပါ ဘုရား) အကြောင်းမပါတော့ သူ့အကြောင်းကင်းတဲ့ ဒိဋ္ဌိမေးလိုက်တာ (မှန်ပါ့) ဒုက္ခဟာ အလိုလို ဖြစ်တာလားလို့ မေးလိုက်တော့ ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါ ဘုရား) ဒကာ ဒကာမတွေ ဖြေစမ်းပါ၊ ဒုက္ခဟာ ဘယ်သူကြောင့် ဖြစ်သတုံး (အကြောင်းကြောင့် ဖြစ်ပါတယ် ဘုရား) အဲ အကြောင်း ပဋိစ္စသမုပ္ပာဒ်ကြောင့် အကျိုးဒုက္ခဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် “ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” မလာဘူးလား (လာပါတယ် ဘုရား) ရှင်းပြီနော် (မှန်ပါ့) အကြောင်းသမုဒယဖြစ်လို့ အကျိုးဒုက္ခဖြစ်တာပဲ ဒကာသစ်ရေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခဟာ မိမိပြုတာလဲ မဟုတ်ဘူး (မဟုတ်ပါ ဘုရား) သူတစ်ပါး ပြုတာကော (မဟုတ်ပါ ဘုရား) မိမိသူတစ်ပါးနှစ်ဦးသား ရောပြုတာလား(မဟုတ်ပါ ဘုရား) ဒုက္ခအလိုလို ဖြစ်တာလား (မဟုတ်ပါ ဘုရား) ဒါဖြင့် အကြောင်းသမုဒယချုပ်ရင် အကျိုးဒုက္ခချုပ်မှာပဲ (မှန်ပ့ါ) အကြောင်းသမုဒယဖြစ်ရင် (အကျိုးဒုက္ခဖြစ်နေမှာပါ ဘုရား)။

အဲ ဝေဒနာသာရှိနေရင် တဏှာဖြစ်မှာပဲ (မှန်ပါ့) တဏှာသာရှိရင် ဥပါဒါန်ကော (ဖြစ်ပါတယ် ဘုရား) ဥပါဒါန်သာ ရှိနေရင် (ကမ္မဘဝဖြစ်ပါတယ် ဘုရား) ကံသာရှိနေရင် (ဇာတိဖြစ်ပါတယ်) ဇာတိသာရှိနေရင် ဇရာမရဏက (လာမှာပါ ဘုရား) မဖြစ်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒါတွေဟာ ဘာသစ္စာတွေချည်း ဆုံးဖြတ်ချက်ချကြမလဲ (ဒုက္ခသစ္စာပါ ဘုရား) ဪ ဒါဖြင့် ဘုန်းကြီးတို့ တရားတစ်ပွဲလုံးက ဖြေတဲ့အဖြေဟာ ဒိဋ္ဌိစင်သွားပါပြီ (မှန်ပါ့) ဒိဋ္ဌိစင်ရင် မဂ်ဝင်နိုင်ဖို့ နီးသွားပြီ (မှန်ပါ့) ဒိဋ္ဌိစင်ရင် မဂ်ဉာဏ်ရနိုင်ဖို့ (နီးသွားပါပြီ ဘုရား)။

ကဲ တရားတစ်ပွဲလုံး မေးပါဦးမယ်၊ ဒကာ ဒကာမတို့သန္တာန်မှာ ဘာစိတ်ပေါ်ပေါ် တစ်စိတ်ချုပ်ပြီး တစ်စိတ်ဖြစ်မှာပဲ၊ တစ်စိတ်ချုပ်ပြီး တစ်စိတ်ဖြစ်မှာပဲ၊ တစ်ရုပ်ဖြစ်ပြီး တစ်ရုပ်ဖြစ်မှာပဲ ဆိုတာ သိပြီးသား ထားပါတော့ (မှန်ပါ့ ဘုရား)။

ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာတွေပဲ

အဲဒါကြောင့် တစ်စိတ်ဖြစ်ပြီး တစ်စိတ်ဖြစ်တာတွေပဲ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာတွေပဲ (မှန်ပါ့) ရုပ်တွေလဲ ထိုနည်း၎င်းပဲ၊ တစ်ရုပ်ပြီးတစ်ရုပ် ဖြစ်လာတာတွေလဲ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာတွေချည့်ပဲ (မှန်ပါ့) အကြောင်း ကင်းကြရဲ့လား (မကင်းပါ ဘုရား)။

ဒါဖြင့် မေးပြီ ဒကာ ဒကာမတွေ၊ ခန္ဓာကိုယ်ကြီးဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှင်းထား၊ ရှင်းထား၊ ဒုက္ခသစ္စာချည်းပဲနော် (မှန်ပါ့) ကဲ ဒုက္ခသစ္စာချည်း နဂိုက သိပြီး သကာလ ထားနော်၊ ခန္ဓာကိုယ်ကြီးဟာ တစ်ဖျတ်ဖျတ်နဲ့ ခဏခဏလဲလိုက်တယ်၊ ဒုက္ခချင်းလဲ လဲပေးနေတာ (မှန်ပါ့)။

ဘာချင်းလဲတာပါလိမ့် (ဒုက္ခချင်းလဲတာပါ ဘုရား)။ ဒုက္ခချင်းလဲတာဆိုတာ သေချာပလား (သေချာပါပြီ) အဲ ပထမဒုက္ခချုပ်ပြီး ဒုတိယဒုက္ခဖြစ်တာပဲ (မှန်ပါ့) ဒုတိယဒုက္ခ ချုပ်သွားရင် (တတိယဒုက္ခ ဖြစ်ပါတယ် ဘုရား)။

ကဲ ခန္ဓာကိုယ်ထဲမှာ ဒုက္ခစက်လည်နေတယ် (မှန်ပါ့) စိတ်ဘက် ကြည့်လဲ ဒီလိုပါပဲ၊ ရုပ်ဘက်ကလဲ (ဒီအတိုင်းပါပဲ ဘုရား) ဒီအတိုင်း လည်နေတာ သိနေတော့ ဘုန်းကြီးကပဲ မေးလိုက်ပါတယ်၊ ဒါရှင်းထားပြီနော် (မှန်ပါ့) ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ဒိဋ္ဌိရှိမရှိ စစ်ဆေးတော့မယ် (မှန်ပါ့) ဒိဋ္ဌိပြုတ်ရင် သောတာပန်တည်ရမှာကိုး (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ ဒကာ ဒကာမတို့သန္တာန် ဒုက္ခစက်ကြီး လည်နေတာ မိမိပြုတာလား (မဟုတ်ပါဘူး ဘုရား) အင်း ဘယ်သူ ပါလိမ့် (အကြောင်းကြောင့် အကျိုးဖြစ်နေတာပါ) အကြောင်း ဒုက္ခကြောင့် (အကျိုးဒုက္ခဖြစ်တာပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခစက်ကြီးလည်နေတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့သန္တာန်မှာ ဒုက္ခစက်ကြီးလည်နေတာ သူတစ်ပါးပြုတာလား (မဟုတ်ပါ ဘုရား) ဘာပါလိမ့် (အကြောင်းကြောင့် အကျိုးဒုက္ခဖြစ်တာပါ) အကြောင်းဒုက္ခကြောင့် အကျိုးဒုက္ခဖြစ်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်မှာရှိတဲ့ ဒုက္ခစက်ကြီးလည်နေတာ မိမိသူတစ်ပါး နှစ်ဦးသာပြုလို့ လည်နေတာလား (မဟုတ်ပါ ဘုရား) ဘယ်လိုကြောင့်ပါလိမ့် (အကြောင်းဒုက္ခကြောင့် အကျိုးဒုက္ခဖြစ်တာပါ ဘုရား) ဒါ ပထမစကားကလေး ရှင်းထားနော် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေပဲ မေးပြန်ပါတယ်၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ သန္တာန်မှာ ဒုက္ခစက်ကြီးဟာဖြင့် ရုပ်ဒုက္ခစက်ကြီးလဲ လည်နေတာပဲ၊ နာမ်ဒုက္ခစက်ကြီးကော (လည်နေပါတယ် ဘုရား)။

အဲဒီလည်နေတဲ့ဒုက္ခစက်ကြီးဟာ အလိုလို လည်နေတာလား (မဟုတ်ပါ ဘုရား) ဘယ်လိုမှတ်ကြမယ် (အကြောင်းကြောင့် ဖြစ်နေတဲ့ အကျိုးဒုက္ခပါ ဘုရား) အဲ အကြောင်းဒုက္ခဖြစ်လို့ အကျိုးဒုက္ခတွေ ဆက်ဆက် လာနေမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီကဲ့သို့ သေချာတော့မှ ခင်ဗျားတို့ဖြင့် သဿတနဲ့ ဥစ္ဆေဒ ဒီတရားပွဲမှာ စင်ပါပေါ့ (မှန်ပါ့) ဘယ်လိုပါလိမ့် (သဿတနဲ့ ဥစ္ဆေဒ စင်ပါပြီ ဘုရား) ဒါဖြင့် သဿတဥစ္ဆေဒစင်ပြီးလို့ရှိရင် ဘုန်းကြီးက ဝိပဿနာဉာဏ် ဟောလိုက်လို့ရှိရင် ခင်ဗျားတို့ သေသေချာချာသာ အားထုတ်တော့၊ ဒိဋ္ဌိစင်ပြီး အားထုတ်ရင် မဂ်ရနိုင်တယ် (မှန်ပါ့ ဘုရား)။

ပုဗ္ဗဘာဂမဂ်၊ မဂ်မျိုးစေ့ရပြီ

ဒိဋ္ဌိစင်တယ်ဆိုကတည်းက မိစ္ဆာဒိဋ္ဌိစင်သွားပြီ၊ ဒီဉာဏ်ထဲမှာ ရှင်းနေတာက သမ္မာဒိဋ္ဌိဝင်လာလို့ ရှင်းနေတာ (မှန်ပါ့) သမ္မာဒိဋ္ဌိဆိုတာ ဒကာကြွယ် မှတ်လိုက် မဂ္ဂင် (မှန်ပါ့) ဒါဖြင့် မဂ်ရဖို့ အခြေ ပုဗ္ဗဘာဂမဂ်၊ မဂ်မျိုးစေ့ရပြီ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အရုဏ်တက်ပြီ ဒကာ ဒကာမတို့ နေထွက်ရုံ ကျန်ပါတော့တယ် (မှန်ပါ့ ဘုရား) သို့သော်လဲ သူ့ဝတ္ထုကလေး ဆုံးအောင် ပြောကြဦးစို့နော် (မှန်ပါ့) အစေကဿပ မေးပြန်တယ်၊ အခုလေးချက်တော့ ပြီးသွားပြီ (မှန်ပါ့)။

ရှင်ကြီးဂေါတမတဲ့၊ အခုမေးခဲ့တာ ဒုက္ခ မိမိပြုတာလားဆိုတော့လဲ မဟုတ်ဘူးလို့ ဖြေတယ်၊ ဒုက္ခသူတစ်ပါး ပြုတာလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား) ဒုက္ခမိမိသူတစ်ပါးနှစ်ဦးသား ပြုတာလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား) ဒုက္ခသည် အလိုလို ဖြစ်တာလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား)။

ကဲ ဘုရားက မဟုတ်လို့ဆိုတဲ့အတိုင်း ကျုပ်တို့ဉာဏ်ထဲမှာ မဟုတ်ဘူးဆိုတဲ့ အသိဉာဏ်ရောက်ပလား (ရောက်ပါပြီ ဘုရား) ဒါဖြင့် သမ္မာဒိဋ္ဌိဖြစ်ပါပြီ (မှန်ပါ့) သမ္မာဒိဋ္ဌိဖြစ်ပါပြီ ဒကာ ဒကာမတို့၊ ဒီအချိန်မှာတင် အပါယ်လေးပါး တံခါးပိတ်နိုင်နေပါပြီ (မှန်ပါ့) အားထုတ်လိုက်လို့ရှိရင် လုံးဝကို ငရဲအိုးသိမ်းလို့ ငရဲမီးငြိမ်းပါလိမ့်မယ်၊ အားထုတ်ကြရင် (မှန်ပါ့) အခုခဏတော့ ငြိမ်းနေပြီဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။

သို့ရာတွင် ဝတ္ထုက ခြောက်ချက်မေးတာ ဖြစ်နေတော့ ဒကာ ဒကာမတို့ ဆက်နားထောင်ပါဦး (မှန်ပါ့) ဆက်နားထောင်ပါဦးတဲ့၊ အလုပ်ကို ပြရမှာ ဧကန်ပါပဲ (မှန်ပါ့) အလုပ်ကို ပြရာ ဧကန်ဖြစ်ငြားသော်လဲ ဒေသနာအစဉ်က ရှိနေသေးတယ် ဒကာကြွယ် (မှန်ပါ့ ဘုရား)။

ဒုက္ခမရှိဘူးလားလို့ မေးပြန်တယ်

ဒါနဲ့ ရှင်ကြီးဂေါတမတဲ့ ကျုပ်မေးတဲ့ လေးချက်လဲ မဟုတ်ဘူးချည်း ပြောတယ်၊ ကျုပ်မေးပါရစေဦး (မှန်ပါ့) ဒုက္ခမရှိဘူးလားလို့ မေးပြန်တယ် (မှန်ပါ့) ကဲ ဒကာ ဒကာမတွေ ဘယ့်နှယ်ဖြေပါ့မလဲ (ရှိပါတယ် ဘုရား) ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ ဘာစက်ကြီး လည်နေသတုံး (ဒုက္ခစက်ကြီး လည်နေပါတယ် ဘုရား)။

ဟော ကျုပ်တို့ကတော့ သိတယ်၊ ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုး လှည့်နေတာပဲ၊ အကြောင်းလဲ ဒုက္ခသစ္စာ၊ အကျိုးကကော (ဒုက္ခသစ္စာပါ ဘုရား) ဒါတွေချည်း အကုန်လှည့်နေတာပဲ (မှန်ပါ့) ဒုက္ခမရှိဘူးလားလို့ အစေလကဿပက မေးတော့ ဘုရားက ဒုက္ခရှိတယ်တဲ့ (မှန်ပါ့)။

ဒကာ ဒကာမတွေလဲ ဘယ်လိုဆိုကြမလဲ (ဒုက္ခရှိပါတယ် ဘုရား) တစ်နေ့လုံး ဘာစက်လည်နေသတုံး (ဒုက္ခစက် လည်နေပါတယ် ဘုရား) တစ်သံသရာလုံး ဘာစက်လည်နေသတုံး (ဒုက္ခစက် လည်နေပါတယ်) ကြည့်ပါလား၊ ဒီမှာစုတိဒုက္ခပြီး ပဋိသန္ဓေဒုက္ခ လာတာပဲ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား) ဒုက္ခစက်ပဲ လည်နေတယ်ဆိုတာ သေချာပလား (သေချာပါပြီ) ကိုင်း ဒါဖြင့် ဒုက္ခရှိတယ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒုက္ခကို ရှင်ကြီးဂေါတမ မသိဘူးလား

ရှင်ကြီးဂေါတမ ဒုက္ခမရှိဘူးလားဆိုတော့ ဒုက္ခရှိတယ်လို့ ဖြေပြန်တယ်၊ ဆက်ပြီး မေးပါရစေဦးဆိုပြီး ခြောက်ခုမြောက် မေးလိုက်တယ် (မှန်ပါ့) ရှင်ကြီးဂေါတမ ဒါဖြင့် ဒုက္ခကို ရှင်ကြီးဂေါတမ မသိဘူးလား မေးတော့ ဒုက္ခကို ငါသိပါတယ်ကွာတဲ့ (မှန်ပါ့ ဘုရား)။

အကြောင်းလဲ ဒုက္ခသစ္စာ (မှန်ပါ့) အကြောင်းလဲ (ဒုက္ခသစ္စာပါ) ဒီအကျိုးက အကြောင်းဖြစ်လာပြန်တော့ကော (ဒုက္ခသစ္စာပါ ဘုရား) အင်း သူက ဖြစ်စေတဲ့အကျိုးကကော (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒကာသစ်၊ ဒကာကြွယ်တို့ ခန္ဓာကိုယ်ထဲ တစ်နေ့လုံး ဒုက္ခကြောင့် ဒုက္ခကျိုးတွေသာ လှည့်နေတာပဲ (မှန်ပါ့) ဘာတွေများ လှည့်နေပါလိမ့် (ဒုက္ခကြောင့် ဒုက္ခကျိုးတွေသာ လှည့်နေပါတယ် ဘုရား) အဲဒါ မသိဘူးလားဗျာ (သိပါတယ် ဘုရား)။

အဲဒါကြောင့် ရှင်ကြီးဂေါတမ၊ ဒုက္ခမသိဘူးလားလို့ မေးတော့ ဘုရားက သိပါတယ်လို့ ဖြေတော်မူတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ အခုခြောက်ချက်ကို မေးပြီး ဘုန်းကြီးက ရှေ့ပိုင်းက ပဋိစ္စသမုပ္ပာဒ်ကို တော်တော်ကလေး ရှင်းလင်းနေအောင် ပြထားတော့ ဒကာကြွယ်ရေ ပုစ္ဆာခြောက်ခုအနက် လေးခုက ဒိဋ္ဌိမေးတာ (မှန်ပါ့) ဒိဋ္ဌိနဲ့ ပတ်သက်တာ မေးနေတော့ ဒိဋ္ဌိ ကျုပ်တို့ ဉာဏ်ထဲမှာ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

နက်ဖြန်မှ အလုပ်တရား ဟောနိုင်မှာ

ကဲ ပြန်မေးပါတယ် ဒကာ ဒကာမတို့၊ နာရီစေ့လို့ နက်ဖြန်မှ အလုပ်တရား ဟောနိုင်မှာ (မှန်ပါ့) အခုဟာ ဒိဋ္ဌိကို ရှင်းတုန်းပဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။

ရှင်ကြီးဂေါတမ ဒုက္ခမိမိပြုတာလားဆိုတော့ ဘယ့်နှယ်တုံး (မဟုတ်ပါ ဘုရား) မဟုတ်တာကော ယုံကြည်ကြပလား (ယုံကြည်ပါပြီ ဘုရား) ဘယ်သူလုပ်ပါလိမ့်၊ အကြောင်းကြောင့် အကျိုးဒုက္ခဖြစ်တာပဲ (မှန်ပါ့) ပဋိစ္စသမုပ္ပာဒ်ကြောင့် (မှန်ပါ့) မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါနဲ့ ဒုတိယမေးခွန်းက ရှင်ကြီးဂေါတမ ဒုက္ခဟာ သူတစ်ပါး ပြုတာလားဆိုတော့ (မဟုတ်ပါ ဘုရား) နို့ ဒကာ ဒကာမတွေ ဘယ့်နှယ် ဖြေကြပါ့မလဲ (အကြောင်းကြောင့် အကျိုးဖြစ်တာပါ ဘုရား) အကြောင်းကြောင့် အကျိုးဒုက္ခ၊ အကြောင်းပဋိစ္စသမုပ္ပာဒ်ကြောင့် အကျိုးပဋိစ္စသမုပ္ပန္န ဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒုက္ခ မိမိသူတစ်ပါးနှစ်ဦးသား ပြုတာလားလို့ မေးလိုက်ပြန်တယ် (မဟုတ်ပါ ဘုရား) မဟုတ်လို့ရှိရင် ဘာပါလိမ့် (အကြောင်းကြောင့် အကျိုးဒုက္ခဖြစ်တာပါ) အဲ ပဋိစ္စသမုပ္ပာဒ်ကြောင့်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရှင်ကြီးဂေါတမတဲ့ ဒုက္ခအလိုလို ဖြစ်တာလားလို့ မေးတော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (မဟုတ်ပါ ဘုရား) မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ ရှင်းပလား (ရှင်းပါပြီ) ဘယ်လိုများ ရှင်းနေပါလိမ့် (အကြောင်းကြောင့် အကျိုးဒုက္ခပေါ်တာပါ) အဲ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊ အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား)။

ဪ ဒီ ဒကာ ဒကာမတွေ သေသေချာချာ သဿတဥစ္ဆေဒ အစွန်းလွတ်နေပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ စင်သွားတဲ့အခါ

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ စင်သွားတဲ့အခါကျတော့ သဿတ ဥစ္ဆေဒဒိဋ္ဌိစင်သွားလို့ ရှိရင် ခင်ဗျားတို့ အမြင်မှန် မရသေးဘူးလား (ရပါပြီ) အမြင်မှန်တာ သမ္မာဒိဋ္ဌိ (မှန်ပါ့ ဘုရား) အမြင်မှားက သဿတဥစ္ဆေဒ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အမြင်မှား မိစ္ဆာဒိဋ္ဌိစင်ပြီး သကာလ အမြင်မှန်သမ္မာဒိဋ္ဌိရောက်ပါပြီ (မှန်ပါ့) ဒါဖြင့် ဒါဟာ အသိနဲ့ ရောက်တာဖြစ်သောကြောင့် သမ္မာဒိဋ္ဌိနဲ့ နက်ဖြန်ကတော့ အပယ်နဲ့ ရောက်တဲ့ (ပယ်မှု) အလုပ်တရားကို ဟောလိမ့်မယ် (မှန်ပါ့ ဘုရား) ဒီနေ့တော့ နာရီ ပိုသွားပြီ (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု