နှလုံးသွင်းမှန်၍ အားထုတ်က နိဗ္ဗာန်ရောက်ပုံတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မန္တလေးမြို့၊ ဦးချစ်ဆွေဓမ္မာရုံကြီးပေါ်တွင်
ဟောကြားဆုံးမတော်မူသော
နှလုံးသွင်းမှန်၍ အားထုတ်က နိဗ္ဗာန်ရောက်ပုံတရားတော်
(၁၃-၃-၆၀)
အတုလ ကိုယ်တော်မြတ်ကြီး
ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဘယ်သူနဲ့မှ မတူလို့ အတုမရှိ “အတုလ ကိုယ်တော်မြတ်ကြီး” ဆိုတာ အားလုံးပဲ ကြားလဲ ကြားဖူးကြပါတယ်။ ဘုရားနဲ့တူတာ လောကကြီးထဲမှာ ဘယ်သူများ ရှိသတုံး (မရှိပါ ဘုရား) ဒါ့ကြောင့် အတုမရှိ ကိုယ်တော်ကြီးဆိုတာ လူတိုင်းသိကြပါတယ်၊ အသံတော်လဲ မတူဘူး၊ ဉာဏ်တော်လဲ မတူဘူး၊ မရှိဘူး၊ ဘုန်းတော်လဲ တူသူမရှိဘူး၊ ကံတော်လဲ တူသူမရှိဘူး၊ ရူပကာယတော်လဲ တူသူမရှိဘူး၊ အလုံးစုံမတူသောကြောင့် သူဟာ အတုမရှိကိုယ်တော်ကြီးဆိုတာ ဒကာ ဒကာမတို့ ဘုရားရှိခိုးတဲ့အခါ ဪ အတုမရှိ ကိုယ်တော်ကြီးဆိုတာ သိပြီးသားဖြစ်ကြပါတယ် (မှန်ပါ ဘုရား)။
အဲဒီ အတုမရှိကိုယ်တော်ကြီးက ဒကာ ဒကာမတွေ သူဟာ အတုမရှိ ကိုယ်တော်ကြီး ဖြစ်ပြီး နေလင့်ကစား သူနဲ့ ထပ်တူပင် ဒကာ ဒကာမတွေကို နိဗ္ဗာန်ရောက်ဖို့က အတူတူထားချင်တယ် (မှန်ပါ) သူလဲ ဒုက္ခခပ်သိမ်းငြိမ်း တဲ့ နိဗ္ဗာန်ကြီးကို မြင်ပြီး သကာလ နေပါတယ်၊ ဒီ ဒကာ ဒကာမတွေကိုလဲ သူနဲ့ထပ်တူ မြင်စေချင်တယ်ဆိုတော့ သူနဲ့ အတူထားတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ် (မှန်ပါ) မရဘူးလား (ရပါတယ် ဘုရား)။
သူနဲ့ အတူထားပါတယ်တဲ့၊ သူဟာ အတုမရှိ ကိုယ်တော်ကြီးဆိုတာ ပင်ကိုဂုဏ်ရှိပါတယ်၊ ရှိပင်ရှိငြားသော်လဲ ဒီဂုဏ်ငါမယူပါဘူးကွာ၊ ကိုယ်တော်တိုင်လဲ ဒုက္ခခပ်သိမ်းငြိမ်းတဲ့နိဗ္ဗာန်ကြီးကိုမြင်လဲ မြင်ရပါပြီ၊ ပရိနိဗ္ဗာန်စံလွန်တဲ့အခါ တကယ်ပဲ ရောက်ပါတယ်၊ သတ္တဝါဝေနေယျတွေလဲ မြင်အောင် လုပ်ကြပါ၊ ဒီလိုပဲ ထပ်တူမြင်အောင် လုပ်ကြပါ၊ ကိုယ်တော်မြတ်ကြီးနဲ့ ထပ်တူထပ်မျှ ထားပါတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတွေ ပါဠိတော်များမှာ သေသေချာချာ လာပါတယ် (မှန်ပါ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်တော်မြတ်ကြီးသည် အတုမရှိ ကိုယ်တော်မြတ်ကြီးက ထပ်တူ ထပ်မျှ သူကဲ့သို့ နိဗ္ဗာန်ရောက်စေချင် သူကဲ့သို့ပဲ ချမ်းသာစေချင်တဲ့စိတ်ထားဆန္ဒ ပြင်းပြပြီး သကာလ နေသောကြောင့် ဪ တို့အပေါ်မှာ သာမညကရုဏာ၊ သာမညစေတနာ၊ သာမညမေတ္တာလို့ ဒကာ ဒကာမတွေက ဆိုကြမလား (မှန်ပါ ဘုရား) ထပ်တူထပ်မျှ ထားတော်မူတယ်ဆိုတဲ့အဓိပ္ပာယ်ကို မှတ်ကြပါ (မှန်ပါ ဘုရား)။
နှလုံးသွင်းမှန် အားထုတ်မှန်
ပါဠိတော်က ဘယ့်နှယ်တုံးဆိုတော့
မယှံ ခေါ ဘိက္ခဝေ ယောနိသောမနသိကာရော ယောနိသော သမ္မပ္ပဓာနာ အနုတ္တရာ
ဝိမုတ္တိ အနုပ္ပတ္တာ၊ အနုတ္တရာ ဝိမုတ္တိ သစ္ဆိကထာ။ တုမှေပိ ဘိက္ခဝေ ယောနိသော
မနသိကာရာ ယောနိသော သမ္မပ္ပဓာနာ အနုတ္တရံ ဝိမုတ္တိံ အနုပါပုဏာထ၊ အနုတ္တရံ
ဝမုတ္တိံ သစ္ဆိကရောထ။
(ပဌမ မာရပါသသုတ်၊ သံယုတ်ပါဠိတော်၊ပ၊နှာ-၁၀၆)
ဒီလိုဟောတော်မူတယ်၊ ဒါက ပါဠိတော် မြန်မာလိုပြန်တော့ ဒကာ ဒကာမတွေ ရှင်းအောင်လင်းအောင် ပြောပါ့မယ်၊ ငါဘုရားသည် မှန်မှန်ကန်ကန် ယောနိသောမနသိကာရနဲ့ နှလုံးသွင်းခြင်းကြောင့် မှန်မှန်ကန်ကန် အားထုတ်သောကြောင့် အတုမရှိ မြတ်လှသည့် အို၊ နာ၊ သေ ကင်းတဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်သို့ ရောက်လဲရောက်ပါပြီ မျက်မှောက်လဲ ပြုပါပြီတဲ့ (မှန်ပါ)။
မင်းတို့ကို ငါနဲ့ထပ်တူထားပြီး သကာလ ယောနိသောမနသိကာရ နှလုံးသွင်းမှန်ပြီး ငါရောက်တဲ့နိဗ္ဗာန်၊ ငါမြင် ရတဲ့နိဗ္ဗာန်ကို ရောက်ကြပါစေ၊ မျက်မှောက်ပြုကြပါစေဆိုတာ ငါစိတ်ထား ပင်ကိုရိုးရိုးပါပဲလို့ ပြောတာ (မှန်ပါ ဘုရား)။
ဦးခင်မောင် ဒီလောက်ကြီးမားတဲ့ ကရုဏာတော်ရှင်ကြီးကိုဖြင့် ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင် ပူဇော်သမျှ ပြုရလို့ မဆုံးနိုင်လောက်အောင်ပဲ ကျေးဇူးများတယ်ဆိုတာ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
ကြည့်စမ်း ဒကာ ဒကာမတို့၊ ဘယ်လောက် အရေးကြီးလို့ ကိုယ်တော်ကြီးပြောတယ်ဆိုတာ ငါလဲကွာတဲ့နှလုံး သွင်းမှန်းပြီး အားထုတ်သောကြောင့် အတုမရှိတဲ့ နိဗ္ဗာန်ကြီးကို ရောက်လဲရောက်ခဲ့ပါပြီ၊ မျက်မှောက်လဲ ပြုနိုင်ပါပြီတဲ့၊ ငါ၏တပည့်သားများလဲ ငါကဲ့သို့ အသင့်အတင့် နှလုံးသွင်းပြီး အသင့်အတင့် အားထုတ်ပြီး သကာလ ဝိမုတ္တဆိုတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကြီးကိုလဲ မျက်မှောင်ပြုနိုင်ကြပါစေသတည်း၊ ဝိမုတ္တိဆိုတဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကြီးကိုလဲ ရောက် နိုင်ကြပါစေသတည်းဆိုတာ ငါ၏ပင်ကိုယ်စိတ် ထားပါပဲလို့ သေသေချာချာ ဖော်ပြောတာ (မှန်ပါ) ဘယ်လောက် စိတ်ထားကြီးကျယ်မွန်မြတ်တယ် ဆိုတာ ဒကာ ဒကာမတွေ သိလောက်ပါပြီ (မှန်ပါ) တစ်တန်းတည်း ရောက်စေချင် တယ် ဆိုတာ သိကြပလား (သိပါပြီ ဘုရား)။
နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိကြပါကွာ
ဒါဖြင့် ဒကာ ဒကာမတို့ကို တစ်ထပ်တည်း ရောက်စေချင်တဲ့ ပုဂ္ဂိုလ်ကြီးက အတုမရှိတဲ့ ကိုယ်တော်ကြီးက ကျုပ်တို့ကို အင်မတန် သနားလွန်းလို့ အင်မတန်ပဲ သနားစရာတွေချည်း မြင်နေသောကြောင့် နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိကြပါကွာ၊ ငါလဲ နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိတဲ့ အတွက် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်ခဲ့ ပါတယ်၊ မင်းတို့လဲ နှလုံးသွင်းမှန်ပြီး အားထုတ်ကြမယ် ဆိုလို့ရှိရင်ဖြင့် ငါကဲ့သို့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်လဲရောက်ပါ လိမ့်မယ်၊ မျက်မှောက်လဲ ပြုပါလိမ့်မယ်လို့ ကိုယ်တော်နဲ့အမျှ ထပ်တူထားပြီး မင်းတို့အား ဟောပြော ပါတယ်၊ (မှန်ပါ) အတုမရှိတဲ့ ကိုယ်တော်ကြီးက ထပ်တူထားပြီးတော့ ဒကာ ဒကာမတွေအား ချီးမြှောက်တယ် (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အတုမရှိတဲ့ ကိုယ်တော်ကြီးက နဂိုက အတုမရှိတာ ဘယ်သူနဲ့မှ မတူဘူးဆိုတာ ဒကာ ဒကာမတွေ သိပြီးသား ဖြစ်ပါတယ် (မှန်ပါ) အဲဒီ အတုမရှိတဲ့ ကိုယ်တော်ကြီးက ထပ်တူထားပြီး သကာလ ဒီကဲ့သို့ ငါဖြင့် ဖြစ်စေချင်တာပဲဆိုတော့ ကမ်းကုန်ရော့ (မှန်ပါ ဘုရား)။
ထပ်တူထားပြီး မင်းတို့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးရောက်အောင် ကြိုးစားကြပါကွာ၊ နှလုံးသွင်းမှန်ပြီး သကာလ ရောက်အောင်ကြိုးစားပါ၊ နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်ကြစမ်းပါ၊ ငါနဲ့ထပ်တူထပ်မျှပဲ ထားပါတယ်ဆို တော့ ဦးခင်မောင် ကမ်းကုန်သွားပြီ (မှန်ပါ ကုန်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒါလောက်တောင်ပဲ ကျုပ်တို့အပေါ်မှာ ထပ်တူ သနားတယ်ဆိုတော့ အထက်စီးက ပြောတဲ့ စကားလို့ မယူလိုက်ပါနဲ့ (မှန်ပါ) ထပ်တူထားတယ်ဆိုတော့ ဦးဘတင် အထက်စီးက ပြောတဲ့စကား များလားဗျာ (မဟုတ်ပါဘူး ဘုရား) တစ်တန်းတည်းထားတာ (မှန်ပါ ဘုရား)။
အတုမရှိတဲ့ကိုယ်တော်ကြီးက တစ်တန်းတည်းထားပြီး သကာလ မင်းတို့ကို ရောက်စေချင်ပါတယ်၊ ရောက်ေ အောင် ကြိုးစားကြပါကွ၊ ထပ်တူထားပါတယ်ဆိုကတည်းက ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ပဲ တကယ့်ကျေးဇူး တော်ရှင်ကြီးက ဂုဏ်ကိုတောင်မှ မငဲ့ဘူး၊ ထပ်တူထားပြီး သကာလ ရောက်စေချင်တယ်ဆိုကတည်းက ကြိုးစားသင့်ပါ တယ်၊ ကြိုးစားထိုက်ပါတယ်ဆိုတာဖြင့် စိတ်ထားပြင်ကြစမ်းပါဆိုတာကိုဖြင့် ရှေးဦးစွာ တိုက်တွန်းပါတယ် ဒီပါဠိတော် ရှိနေတဲ့အတွက် (မှန်ပါ ဘုရား)။
ကလေးစိတ်ပေါက်မနေကြပါနဲ့
အဲဒီတော့ ကိုယ်က ကလေးစိတ်ပေါက်မနေကြပါနဲ့၊ ကိုယ်က ကလေးစိတ်ပေါက်မနေကြပါနဲ့လို့ ဒကာ ဒကာမ တွေကို ပြောလိုက်တယ် (မှန်ပါ) ကိုယ်က ကလေးစိတ်ပေါက်နေရင် အမေမိဘဆိုတာကတော့ ခလုတ်မထိ ဆူးမငြိစေနဲ့၊ အန္တာရာင်ကင်းလို့ ဘေးရှင်းကြပါစေဆိုတာ ကိုယ့်ကိုယ်ဖြစ်လိုက်စေချင်သေးတယ်၊ ကိုယ့်သား ကိုယ့်သမီးကို မဖြစ်စေ ချင်ဘူးဆိုတာ ဦးခင်မောင်တို့ ကိုယ်တွေ့ဖြစ်ပါလိမ့်မယ် (မှန်ပါ)။
အဲဒီတော့ ကလေးလုပ်တဲ့ပုဂ္ဂိုလ်ကတော့ အမေက ဘယ်လိုစိုးရိမ်တယ်၊ အမေက ဘယ်လိုပူဆွေးတယ်၊ အမေက ဘယ်လိုကြောင့်ကြတယ်ဆိုတာ မသိဘဲနဲ့ ကလေးက ပြေးချင်သလိုပြေး၊ စားချင်သလိုစား၊ နေပူထဲသွား ချင်သလိုသွား၊ ရေချိုးချင် ရေချိုးချ စားချင်တာစား၊ တည့်တာ မတည့်တာ မရွေးဘဲနဲ့ စားဆိုလို့ရှိရင်ဖြင့် အမေ့ကဂရုဏာ အမေ့ မေတ္တာတွေဟာ အချည်းအနှီး အလကားဖြစ်ရလိမ့်မယ် (မှန်လှပါ ဘုရား)။
ဒီမှာလဲ ဒကာ ဒကာမတွေက သူနဲ့ထပ်တူထားပြီး အတုမရှိတဲ့ကိုယ်တော်ကြီးက ထပ်တူထားပြီး ခင်ဗျားတို့ အား နှလုံးသွင်းမှန်ပြီး ကြိုးစားကြစမ်းပါကွာ၊ ငါရောက်တဲ့နိဗ‘္ဗာန် မင်းတို့ ထပ်တူ ရောက်ပါစေ၊ ငါရောက်တဲ့နိဗ္ဗာန် ထပ်တူမြင်ပါစေဆိုတာ ငါ့စိတ်ထား ဒီအတိုင်းပါပဲလို့ ပြောလျက်သားနဲ့ ဒီ ဒကာ ဒကာမတွေက ဖြစ်စေ၊ အားလုံးသော ပုဂ္ဂိုလ်တို့က ဖြစ်စေ မလိုက်နာကြဘူးဆိုလို့ရှိရင် အမေ မိဘ ရင်ကျိုးပဲရှိမှာပဲ (မှန်လှပါ ဘုရား) အမေမိဘရင်ကျိုး ပြီး သကာလ ဪ သားဆိုး သားမိုက် မွေးရတာ စိတ်ဆင်းရဲတယ်ဆိုတဲ့ အဓိပ္ပာယ် မရောက်ပေဘူးလား (ရောက်ပါ တယ် ဘုရား)။
ဒီမှာလဲ ကျုပ်တို့ ထော်လော်ကန့်လန့် အဆင်နဲ့ဖြင့် ဦးဝတို့ နေဖို့ မလိုတော့ဘူး (မလိုပါဘူး ဘုရား)၊ အတုမရှိတဲ့ ကိုယ်တော်ကြီးက ဘယ်လိုထားတုံး (ထပ်တူထားပါတယ် ဘုရား) ဒကာ ဒကာမတို့ အတုမရှိတဲ့ ကိုယ်တော်ကြီးက ထပ်တူထားတယ်ဆိုကတည်းကိုက ဪ ဘယ်လောက်သနားတယ်၊ ဘယ်လောက်ထိအောင် မင်းတို့ကို ငါသည်ကားဆို လို့ရှိရင် ကယ်တင်ချင်တဲ့ စိတ်ဆန္ဒပြင်းပြတယ်၊ ငါလက်နဲ့ယူပြီး မကယ်တင်နိုင်ဘူး၊ တရားနဲ့သာ ကယ်တင်နိုင်တယ်၊ တရားကလဲ နည်းသာပေးနိုင်တယ်၊ ကိုယ့်ဟာကိုယ်အားထုတ်ကြိုးစားပြီး သွားကြရမှာ၊ ဒါ့ကြောင့် ဒါလောက် ပြောနေတာ (မှန်ပါ)။
မျောက်မင်းဖြစ်တုန်းက
တကယ်တမ်း လက်နဲ့ယူပြီး ခန္ဓာကိုယ်နဲ့ သယ်ပိုးပြီး ကျောကုန်းပေါ်များတင်ပြီး သွားလို့ရနိုင်မယ်ဆိုလို့ရှိရင် မျောက်မင်းဖြစ်တုန်းက သွေးစက်နဲ့တောင်မှ သူ့ရန်သူကို မြို့ရောက်အောင် ရွာရောက်အောင် လိုက်ပို့သေးတယ် မဟုတ်လား (မှန်ပါ) တိရစ္ဆာန်ဘဝ ဖြစ်စဉ်တုန်းကတောင် ဒါလောက် ကရုဏာကြီးတယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းကြပါ ပြီ (ရှင်းပါပြီ ဘုရား)။
အခု ဘုရားဖြစ်လာတော့ အသိဉာဏ်တော်ကလဲ အထွဋ်အထိပ်ဆုံး ဖြစ်နေတော့ ထပ်တူကို ထားပြီး သကာလ “မယှံ(ပ) သိစ္ဆိကရောထ” ငါဘုရားဟာ နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်မှုရှိတာနဲ့ မျက်မှောင်ပြုနိုင်သလို မင်းတို့လဲ သင့်တင့်စွာ နှလုံးသွင်းပြီး သကာလ သင့်တင့်စွာ အားထုတ်ကြလို့ရှိရင်ဖြင့် ရောက်ကြပါစေသတည်း မြင်ကြပါစေသ တည်းဆိုတာ ကိုယ်တော်နဲ့ထပ်တူထားပါတယ်၊ တစ်ထပ်တည်း ရောက်စေချင်ပါတယ် (မှန်ပါ ဘုရား)။
ကမ်းကုန်နေပြီ ဒကာ ဒကာမတို့ (ကုန်ပါပြီ ဘုရား) ဦးခင်မောင် ကမ်းကုန်နေပြီ (မှန်ပါ ဘုရား) ကိုယ်တော် မြတ်ကြီးရဲ့ ကရုဏာတော် မကြီးမားဘူးလား (ကြီးမားပါတယ် ဘုရား) ဒါ့ကြောင့် အဲဒီ ထပ်တူထားြ့ီး သတိပေးတဲ့အထဲက လိုရင်းနှစ်လုံးပါတယ်လို့ ဒကာသစ်တို့ ကိုမြရွှေတို့မှတ်ပေါ့ဗျာ (မှန်ပါ)။
ငါဟာ နှလုံးသွင်းမှန်လို့တဲ့
လိုရင်းနှစ်လုံးက ဒီအထဲမှာ ဒကာ ဒကာမတွေ “မယှံ ခေါ ဘိက္ခဝေ ယောနိသော မနသိကာရာ” ငါဟာ နှလုံးသွင်းမှန်လို့တဲ့။ “ယောနိသော သမ္မပ္ပဓာနာ”တဲ့၊ နှလုံးသွင်းကောင်းပြီး အားထုတ်ခြင်းကြောင့် နိဗ္ဗာန် မဂ်ဖိုလ် ကြီးကို အစဉ်အတိုင်းလဲ ရောက်ခဲ့ပါတယ်၊ မျက်မှောက်လဲ ပြုခဲ့ပါတယ်ဆိုတော့ အဲဒီမှာ စကားနှစ်လုံးပါသွားတယ် (မှန်ပါ) အဓိပ္ပာယ်နှစ်မျိုးပါသွားတယ် (နှစ်မျိုးပါပါတယ် ဘုရား)။
ကဲ ဒါဖြင့် ယောနိသော မနသိကာရရှိပြီး သင့်တင့်မှန်ကန်စွာ ကြိုးစားရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ) အဲဒါ ဘုရားက ဟောတာနော် (မှန်ပါ) ယောနိသောမနသိကာရရှိပြီး အားထုတ်ရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။
ကိုင်း ဒကာ ဒကာတို့ တို့လဲ ယောနိသော မနသိကာရ ဖြစ်အောင် လုပ်မဟ၊ အားလဲထုတ်မကွဆိုတဲ့ နှစ်ချက်ဖြင့် ကြိုးစားကြပါ (မှန်ပါ) အဲဒီနှစ်မျိုးမှာ ယောနိသောမနသိကာရဆိုတာက တွေ့တဲ့အာရုံ ပရမတ္ထဓမ္မဖြစ် သွားအောင် နှလုံးသွင်းလို့ရှိရင် ဦးခင်မောင်မှတ် ယောနိသော မနသိကာရ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
တွေ့တဲ့ဓမ္မကို တစ်ခုခုသောဓမ္မကို ခန္ဓာကိုယ်ထဲမှာ မနေ့က ပြောခဲ့တယ်၊ တစ်ခုခုသော ပဋိစ္စသမုပ္ပာဒ်ဓမ္မ ကလေးကို မပေါ်ပေဘူးလား (ပေါ်ပါပြီ ဘုရား) အဲဒါဟာ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါဘူးလို့ နှလုံးသွင်းတည့်သွားလို့ရှိရင်ဖြင့် ဒါဟာ ယောနိသော မနသိကာရ ဖြစ်ပါရော (မှန်ပါ ဘုရား)။
ဓမ္မကလေးတစ်ခု ပေါ်လာရင် ဒါဟာ ဝိညာဏ်ဓမ္မကလေးပေါ်တာပဲ၊ ဝေဒနာဓမ္မပေါ်တာပဲ၊ ရုပ်ဓမ္မပေါ်တာပဲ၊ ဒီလိုပေါ်လာတဲ့ ဓမ္မကလေးကို ဓမ္မသဘောကလေးပေါ်တာပဲ၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူးလား၊ ဓမ္မပေါ်လို့ ဓမ္မကို သိလို့ရှိရင်ဖြင့် ဦးဝ ယောနိသောမနသိကာရ ဖြစ်ပါပြီ (မှန်ပါ) ဓမ္မပေါ်လို့ ဓမ္မမှန်းသိရင် (ယောနိသောမနသိကာရ ဖြစ်ပါပြီ ဘုရား)။
ဖြစ်ပျက်ကို အားထုတ်လိုက်ပါ
အဲဒီတော့ ယောနိသောမနသိကာရဖြစ်ပြီးလို့ရှိရင် ယောနိသော သမ္မပ္ပဓာနနဲ့ မှန်ကန်အောင် ဖြစ်ပျက်ကို အားထုတ်လိုက်ပါတဲ့ (မှန်ပါ) နှလုံးသွင်းမှန်ပြီးတော့ ဖြစ်ပျက်အားထုတ်လိုက်လို့ရှိရင် ငါဘုရား မျက်မှောင်ပြုတဲ့နိဗ္ဗာန် မင်းတို့လဲ ထပ်တူထပ်မျှ ရောက်ပါလိမ့်မယ်၊ ဒါကိုဖြင့် လုပ်ဖြစ်အောင် လုပ်ပါ၊ ငါလဲ ဒါလုပ်တာပဲ၊ ဒီနှစ်လုံးနဲ့ ရောက်တာပါပဲ၊ မင်းတို့လဲ ငါနဲ့ထပ်တူ ထပ်မျှ ရောက်စေချင်တဲ့အတွက် ဒီနှစ်လုံးကိုဖြင့် လုပ်ဖြစ်အောင် လုပ်စမ်းပါဆို တော့ ကမ်းကုန်နေပြီ (မှန်ပါ ဘုရား)။
ဥိးခင်မောင် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား) နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်မှုရှိရမယ်၊ ဒါပဲ ဒကာ ဒကာမတို့ (မှန်ပါ ဘုရား)။
ကောင်းပြီ၊ ဒါဖြင့် နှလုံးသွင်းမှန်ပြီးတော့ အားထုတ်မှုရှိခဲ့လို့ရှိရင်ဖြင့် အတုမရှိတဲ့ နိဗ္ဗာန်ရောက်နိုင်မယ် (မှန်ပါ) ဘုရားဟာ ဘယ့်နှယ်ကြောင့် ဒုက္ခခပ်သိမ်းကင်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်ရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ နှလုံးသွင်းမှန်ပြီးတော့ အားထုတ်မှုရှိစေချင်ပါတယ်၊ ဒါမှ ငါနဲ့ထပ်တူထပ်မျှ ဖြစ်တော့မယ်ဆိုတဲ့ဥစ္စာ အတုမရှိတဲ့ ကိုယ်တော်ကြီးက ထပ်တူထားပြီး သကာလ ရောက်ရအောင်၊ ချမ်းသာရအောင် ဆိုတဲ့စိတ်ထားကို ပြင်းပြစွာ မွေးတော် မူတယ်ဆိုတာ ဦးခင်မောင် ပေါ်ပြီဗျာ (ပေါ်ပါပြီ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ကိုယ်တော်ကြီးကလဲ အသင့်အတင့် နှလုံးသွင်း မှန်ပြီး သကာလ အားထုတ်လို့ရှိရင် နိဗ္ဗာန် ရောက်ပါလိမ့်မယ်လို့ဆိုတယ်၊
ဒုက္ခရောက်မည့် အလုပ်ကို အားကျနေတယ်
တို့ကလဲ စားဖို့ သောက်ဖို့ အရေးကြီးနေတယ်၊ ဝတ်ဖို့ စားဖို့က အရေးကြီးနေတယ်လို့ ဆင်ခြေပေးပြီး ကလေးမိုက်တော့ မိုက်မနေကြပါနဲ့ဆိုတာကို သတိပေးလိုက်တယ် (မှန်ပါ ဘုရား) ခင်ဗျားတို့ အလုပ်က ဒုက္ခရောက်မည့်အလုပ်ကို အားကျနေလို့ (မှန်ပါ) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ဘာအားကျနေသတုံး (ဒုက္ခရောက်မည့် အလုပ်ကို အားကျနေပါတယ် ဘုရား) အဲ ဒုက္ခရောက်မည့် အလုပ်ကို အားကျပြီးနေတော့ ခုနင်က ပြောခဲ့တဲ့ အမေမိဘ ရင်ကျိုးရုံပဲ ရှိမယ်နော် (မှန်ပါ) သားသမီးဆိုးတွေနဲ့ တွေ့ပြီဆိုမှဖြင့် အမေမိဘ ရင်ကျိုးရုံအပြင် ပိုပြီး ရှိပါ့မလား (မရှိပါ ဘုရား)။
ဒါကြောင့် ကိုယ့်အထင်တွေ အကုန်ဖျောက်၊ ဘုရားဟောတော်မူတာကို အမှန်စင်စစ် အကုန်နားထဲရောက်ပြီး သကာလ ဉာဏ်ထဲပါ ပေါက်ရောက်ကြပါစေဆိုတာကို ဘုရားက လေးစားစွာ တိုက်တွန်းတော်မူတာပဲ (မှန်ပါ) ကိုယ့် အထင်ကတော့ ဘယ်ဟာ ကောင်းတယ် ထင်ထင် စုံကန်းက ထင်တာ အရူးက ထင်တာဖြစ်လေသောကြောင့် ကိုယ့် အထင်တော့ ပြောမနေနဲ့၊ အမှားချည်းသာ ဆုံးဖြတ်ချက်ချ (မှန်ပါ ဘုရား)။
ဦးခင်မောင် သေချာပလား (သေချာပါပြီ) ကိုယ့်အထင် ကိုယ့်အမြင်ကတော့ ဘယ်လို ဆုံးဖြတ်ချက် ချမတုံး (အမှားချည်းပါ ဘုရား) ဪ စားဖို့ကလဲ မပြည့်စုံလို့ သားတန်းလန်းနဲ့ သီးတန်းလန်းနဲ့ ဒီအလုပ် လုပ်ရမယ်ဆိုတာ မခက်ဘူးလားတဲ့၊ ဒါသူတို့ အထင်ကိုးဗျ (မှန်ပါ) သူ့အထင်ဆိုတာ သဘောကျပလား (ကျပါတယ် ဘုရား)။
သူ့အထင် ဘာတုံး (အမှားချည်းပါ ဘုရား) အမှားချည်းပဲ၊ သူ့အထင်က ဒုက္ခရှာတာကိုးဗျ (မှန်ပါ) သူ့အထင်က သံသရာရှည်တဲ့အလုပ်ကို သူလုပ်နေတယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊
အပျက်မြင် အောင် အားထုတ်ရတော့မယ်
အဲဒါကြောင့် ကိုယ်လဲမည့် ဆင်ခြေ ကလေးတွေကို လာမယ်ကြံရင်လေ ဘုရားက အသင့်အတင့် နှလုံးသွင်းမှန်ရမယ်၊ ဖြစ်တဲ့ဓမ္မလေးပေါ်လာရင် ဓမ္မပေါ် တယ်လို့ သိရမယ် (မှန်ပါ) သိပြီး နှလုံးသွင်းမှန်ပြီး အားထုတ်ရမယ်လို့ဆိုတော့ ပေါ်လာတဲ့ဓမ္မကလေးကို အပျက်မြင် အောင် အားထုတ်ရတော့မယ် (မှန်ပါ ဘုရား)။
ပထမရှေးဦးစွာ နှလုံးသွင်းမှန်တာက ပေါ်တာကို နှလုံးသွင်းမှန်အောင်သိဖို့ အရေးကြီးတယ် (မှန်ပါ) ပြီးတာ့မှ အပျက်ကိုသိအောင် အားထုတ်မှု အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိလို့ရှိရင် ငါဘုရားရောက်တဲ့နေရာကို မင်းတို့ကိုလဲ ထပ်တူထပ်မျှ ရောက်စေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်လာတယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဘက်ကိုလှည့်ပြီး ဆုံးမရတယ်နော် (မှန်ပါ) ဘုရားကလဲ ဟောရှာပါ တယ်၊ တကယ်လဲ သနားတော်မူတာ မှန်ပါလျက် မလုပ်နိုင်တာက ခက်တယ်၊ ဒီလိုဟာမျိုးတော့ မလာစေနေဲ့ (မှန်ပါ)၊ ကိုယ်က မလုပ်နိုင်တာခက်တယ်လို့ မလာစေနဲ့ (မှန်ပါ)။
ကိုယ့်ကိုယ်ကို ဆုံးမ၊ အခု ဆရာသမားကလဲ သတိပေးလိုက်တယ်၊ မင်းဟာ အရူးစိတ်ပေါ်လာလို့ ဒီဆင်ခြေလဲ တာလား၊ (မှန်လှပါ ဘုရား) မင်းဟာ အမြင်ကလေးက ကျဉ်းကျဉ်းနဲ့ မလုပ်နိုင်တာ ခက်တယ်ကွာလို့များ မင်းက အရူးထပြီး အရူးသံများ ထွက်နေသေးသလား ကိုယ့်ကိုယ်ကိုမေးစမ်းပါ (မှန်ပါ) မမေးထိုက်ဘူူးလား (မေးထိုက်ပါတယ် ဘုရား)။
ဘုရားက အင်မတန် အမြင်တော်ကျယ်ပြီး ခင်ဗျားတို့ ဒုက္ခတွေရောက်မှာစိုးလို့ ထပ်တူထပ်မျှ ထားပြီး သကာလ နှလုံးသွင်းမှန်ပြီး အားထုတ်လို့ရှိရင် ငါနဲ့ထပ်တူမျှ ရောက်ပါတယ်လို့ တကယ်အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ကြီးက ဟောနေတာ၊ ကိုယ်က မလုပ်နိုင်တာ ခက်တယ်ဆိုတဲ့ ကလေးစကား သုံးနေပြန်လို့ရှိရင် ကိုယ့်ကိုယ် ဆုံးမကြစမ်းပါနော် (မှန်ပါ ဘုရား)။
အရူးအကန်းက ထွက်တဲ့အသံ
ဘုရားက မင်းတို့လိုပုဂ္ဂိုလ်ကို အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က အရူးလို့ အကန်းလို့ ဆိုတော်မူတယ်၊ မင်းပြောနေတဲ့ စကားဟာ အရူးအကန်းက ထွက်တဲ့အသံ၊ အရူးအကန်းက ထွက်တဲ့အသံ၊ မင်းမထွက်နဲ့၊ မှိတ်ပြီးလိုက်နာ၊ မင်းရူးတာ မင်းကန်းတာကိုတော့ မင်းဟာ မင်းနှုတ်ပိတ်ထား၊ လိုက်ဖြစ်အောင်သာ လိုက်ပါဆိုတာကို အတင်းသာတွန်းကြနော် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဇွတ်ကို ပြောနေရတာ (မှန်ပါ) ဘယ့်နှယ်ကြောင့်ဇွတ်ပြောနေရတာတုံး၊ ကလေးစိတ် မကုန်လို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထပ်တူထားပြီးတော့ တစ်ခါတည်းကို ကျုပ်တို့အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး အသွေးလှူ၊ အသားလှူ၊ အရိုးလှူနဲ့ လုပ်လာခဲ့ရသေး၊ ဘုရားဖြစ်လို့ကယ်တင်ခံရမည့်လူ တွေက ကန့်လန့်လဲ လုပ်သေးတယ်ဆိုတော့ ဦးခင်မောင် ခင်ဗျားတို့ လောကသုံးစကားနဲ့ ပြောလို့ရှိရင် ရင်ကျိုးရုံ ရှိတော့မှာပေါ့ (မှန်ပါ ဘုရား)။
ဘုရားကတော့ ခင်ဗျားတို့ နားမထောင်ရင် ဪ နားမထောင်ဘဲကိုးဆိုပြီး အသာနေလိုက်ရုံပဲ ရှိတယ်၊ ကိုယ်တော်မြတ်ကြီးကိစ္စက ပြီးပြီးသားသား မနေဘူးလား (နေပါတယ် ဘုရား) ဒီက ထော်လော်ကန့်လန့် လုပ်တဲ့လူမှာသာ ဘုရားက ဟောတာတော့ ဟုတ်ပါရဲ့၊ ကိုယ့်မှာ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ဆိုတော့ အခက်ကြီးပဲ၊ သာမှု နာမှုတွေနဲ့ ဘယ်ကရမတုံး၊ ဒီပိုက်ဆံကို ဒီလိုမရှာလို့ ဘယ့်နှယ်လုပ်မတုံး၊ ဒီတရားချည်းပဲ၊ ဘယ့်နှယ်အားထုတ်မတုံး – အစရှိသည်နဲ့ ကလေးစိတ်တွေ ပေါက်ပြီး ပြောချင်တာ ပြောမှာပေါ့ (မှန်ပါ) ဘာစိတ်တွေ ပေါက်နေသတုံး (အရူး စိတ်တွေ ပေါက်နေ ပါတယ်) အရူးစိတ်၊ ကလေးစိတ်တွေ ပေါက်မနေဘူးလား (ပေါက်နေပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကိုယ် မြည်တွန်ကြစမ်းပါ
အဲဒီတော့ ပေါက်လာတိုင်းလာတိုင်း ဦးခင်မောင် ဒီဟာကို တွေးဖြစ်အောင် တွေးပါနော် (မှန်ပါ) မင်းဟာ ဘာမှ မသိတဲ့လူကနေပြီး ဆင်ခြေများ များနေသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြည်တွန်ကြစမ်းပါဆိုတာ သတိပေး လိုက်ပါတယ် (မှန်ပါ ဘုရား)။
ဘာမှ မသိသေးတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဆင်ခြေလဲနေတဲ့ကိစ္စ ဟိုကမြွေကိုက်လိမ့်မည်လို့ ပြောနေလျက် သားနဲ့ ခဏသွားပါရစေဦးလို့ ပြောရင် မြွေကိုက်သေချင်လို့ပဲ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား) အဲဒီ ဆင်ခြေမျိုးတွေကို ခင်ဗျားတို့က လဲနေတာ၊ အိမ်မှာ ဆင်ခြေလဲနေကြတာက (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီနေတော့ ရစရာလေးရှိသေးလို့ သွားဦးမယ်၊ ပြောစရာကလေးရှိသေးလို့ သွားပြီး သကာလ မျက်နှာပြလိုက် ရဦးမယ်- အစရှိသည်နဲ့ သူတော်ကောင်း အလုပ်တွေကို တစ်ခါတည်း ဘုရားမကြိုက်တဲ့ အသုံးတွေကို သုံးသုံးနေတယ် (မှန်ပါ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒါဟာ လိုရာဆွဲပြီး ပြောနေတာမဟုတ်ပါဘူး။ ဒီပါဠိတော် ရှိနေတာ ကိုယ်တော်မြတ်ကြီးနဲ့ ထင်တူထပ်မျှထားပါတယ်လို့ ပြောလို့ ဟောလို့ ပြောနေရတာ (မှန်ပါ) ရှင်းပလား (ရှင်းပပြီ ဘုရား)။
အသက်ကြီးတဲ့ ဒကာ ဒကာမကြီးတွေက ထော်လော်ကန့်လန့်များ လုပ်ချင်ကြသေးသလား (မလုပ်ချင်ပါ ဘုရား) ဒီအချိန်ကျအောင် ထော်လော်ကန့်လန့်ဆိုရင်လဲ ခက်ရချေသေးရဲ့ထဲက ကျနေတယ်ထင်တယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ သူပြောတဲ့အထဲမှာ သူနဲ့ထပ်တူဖြစ်ချင်လို့ရှိရင် ထပ်တူလမ်းစဉ်အတိုင်း လုပ်ရလိမ့်မယ်ဆိုတာကလေးလဲ နှစ်လုံးပါတယ်ဆိုတာ ဦးခင်မောင်တွေ့လိုက်ပြီ (တွေ့လိုက်ပါပြီ ဘုရား) ဘာကလေး တွေ့လိုက်ပါလိမ့်မလဲ (နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်မှုရှိရပါမယ် ဘုရား)။
နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိရမယ်၊ အဲဒီလိုဆိုရင် ငါနဲ့ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်ဆိုတာ ဘုရားက တာဝန်ခံပါတယ် (မှန်ပါ ဘုရား) ကဲ ဒါဖြင့် ယနေ့နှလုံးသွင်းမှန်နဲ့ စကြစို့၊ နှလုံးသွင်းမှန်ကစပြီး အားထုတ်မှု နောက်က လိုက်ကြစို့ (မှန်ပါ)။
နှလုံးသွင်းမှန်မှု ၁-နံပါတ်
ဦးခင်မောင် တရားမများပါဘူး (မှန်ပါ့ မများပါ ဘုရား) နှလုံးသွင်းမှန်မှု ၁-နံပါတ်၊ အားထုတ်မှုရှိမှု (၂-နံပါတ်ပါ ဘုရား) အဲဒါဆိုရင် ကိုယ်တော်မြတ်ကြီး ရောက်တဲ့နိဗ္ဗာန်၊ ကိုယ်တော်မြတ်ကြီး မျက်မှောက်ပြုတဲ့နိဗ္ဗာန် သေသေချာချာ ရောက်နိုင်ပါတယ်၊ ဒီနှစ်လုံးနဲ့ ကိုယ်တော်မြတ်ကြီး ရောက်တဲ့နေရာကို ထပ်တူထပ်မျှ ရောက်နိုင်ပါတယ် (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် နှလုံးသွင်းမှန်တဲ့ စကားကလေး ဦးခင်မောင်ပြောကြစို့ (မှန်ပါ) နှလုံးသွင်းမှန်ဆိုတာ တခြားမဟုတ် ပါဘူး ဒကာ ဒကာမတွေ ဘယ်ဟာဘာလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဥပမာ ဒကာ ဒကာမတွေက ဒီကနေပြီး သကာလ ရှေးဦးစွာ တစ်ခုခိုကို ကြည့်လိုက်ပါ၊ မြင်တယ်ဆိုတဲ့ စိတ်ကလေးတော့ ပေါ်မှာပဲ (ပေါ်ပါတယ် ဘုရား) ဒါဟာ ပုဂ္ဂိုလ်သတ္တဝါလား၊ မြင်တဲ့စိတ် ဝိညာဏက္ခန္ဓာပါလား (မြင်တဲ့စိတ် ဝိညာဏက္ခန္ဓာ ဘုရား) အဲဒါ နှလုံးသွင်းမှန် တာပဲ (မှန်ပါ ဘုရား)။
နှလုံးသွင်းမှန်ပြီး၊ ဦးခင်မောင် ပုဂ္ဂိုလ်သတ္တဝါက မြင်တာမဟုတ်ဘူးဗျ (မှန်ပါ) စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာက မြင်တာ (မှန်ပါ)။
ပုဂ္ဂိုလ်သတ္တဝါက မြင်တာလား (မဟုတ်ပါ ဘုရား) ငါက မြင်တာလား၊ သူက မြင်တာလား (မဟုတ်ပါ ဘုရား) ယောကျ်ားတွေက မြင်တာလား၊ မိန်းမတွေက မြင်တာလား (မဟုတ်ပါ ဘုရား)၊ ဘယ်သူကမြင်တာပါလိမ့် (မြင်စိတ် ကလေးကပါ ဘုရား) မြင်စိတ်ကလေးက ဝိညာဏက္ခန္ဓာ (မှန်ပါ) ဒါဖြင့် မြင်စိတ် ဝိညာဏက္ခန္ဓာက မြင်တာပေါ့ဗျာ (မှန်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
မြင်စိတ် ဝိညာဏက္ခန္ဓာက မြင်တာ
ဘာကမြင်တာပါလိမ့် (မြင်စိတ် ဝိညာဏက္ခန္ဓာက မြင်တာပါ ဘုရား) အဲဒါက ရှင်းအောင် ပြောတာ ဦးခင်မောင် (မှန်ပါ) သေသေချာချာကျတော့ ဝိညာဏက္ခန္ဓာက မြင်တယ်လို့ နောက်ရှင်းတော့ ဒီအတိုင်း သုံးလိုက်ကြတာပေါ့ စကားရှည်နေမှာစိုးလို့နော် (မှန်ပါ) မြင်တဲ့စိတ်ကလေး ဝိညာဏက္ခန္ဓာနော် (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာက မြင်တာပေါ့ (မှန်ပါ ဘုရား)။
ဘယ်လိုဆိုကြမယ် (ခန္ဓာက မြင်ပါတယ် ဘုရား) ခန္ဓာက မြင်တယ်ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါ ငါတွေပျောက်ပြီ (မှန်ပါ) ဦးဘတင် ပျောက်ပြီ (ပျောက်ပါပြီ ဘုရား)။
ဒီလိုကစပြီး နှလုံးသွင်းမှန်ရမှာပါလား ဦးခင်မောင်ရေ (မှန်ပါ) အခုကြည့်စမ်း ဒီက ပလပ်စတစ်ကလေး ချလိုက်တော့ အားလုံး ဒကာ ဒကာမတွေက ဝိုင်းကြည့်ကြတယ်၊ မြင်ကြရဲ့လား (မြင်ပါတယ် ဘုရား) ဘယ်သူက မြင်တာပါလိမ့် (ခန္ဓာက မြင်တာပါ ဘုရား) ခန္ဓာက မြင်တယ်ဆိုတော့ ယောကျ်ားကလဲ မြင်တာလဲ မဟုတ်ဘူး၊ မိန်းမက လဲ မြင်တာလဲမဟုတ်ဘူး၊ ငါက မြင်တာလဲ မဟုတ်ဘူး၊ သူက မြင်တာလဲ မဟုတ်ဘူး၊ ဝိညာဏက္ခန္ဓာက မြင်တာ ဦးခင်မောင်ရေ (မှန်ပါ ဘုရား)။
”ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ” ကိုးဗျ (မှန်ပါ) အဲဒီတော့ ဘာခန္ဓာက မြင်တာပါလိမ့် (ဝိညာဏက္ခန္ဓာ က မြင်တာပါ ဘုရား) ကိုမြရွှေတို့ ဒကာသစ်တို့ နေရာကျပြီ (ကျပါပြီ ဘုရား)။
ကဲ နှလုံးသွင်း မှန် မမှန်ကြည့်၊ ဦးခင်မောင် နှလုံးသွင်းမှန်ပလား မမှန်သေးဘူးလား (မှန်ပါပြီ ဘုရား) မှန်လာပြီ၊ အရင်တုန်းကတော့ နှလုံးသွင်း မမှန်ခင်တုန်းကတော့ ဒကာ ဒကာမတို့ ခန္ဓာကို ငါရယ်လို့ ထင်ချင်ထင် နေတာ (မှန်ပါ) မထင်ဘူးလား (ထင်ပါတယ် ဘုရား) အခုတော့ ခန္ဓာပဲလား၊ ငါပဲလားလို့ မေးလို့ရှိရင် မြင်တာကလေး ဟာ ခန္ဓာပဲလား၊ ငါပဲလား စဉ်းစားကြည့်စမ်း (ခန္ဓာပါ ဘုရား) ဝိညာဏက္ခန္ဓာပဲနော် (မှန်ပါ) ဒါဟာ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ပြီ (မှန်ပါ ဘုရား)။
မြင်တဲ့စိတ်ကလေးဟာ မြင်တဲ့စိတ်ပဲလို့ သိတာက ဘာပါလိမ့် (နှလုံးသွင်းမှန်တာပါ ဘုရား)။
နိဗ္ဗာန်ကြီးကို မျက်မှောက်ပြုနိုင်တယ်
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဘုရားသည်လဲ နှလုံးသွင်းမှန်ပြီးတော့ အားထုတ်တာနဲ့ အတုမရှိတဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကြီးကို မျက်မှောက်ပြုနိုင်တယ် ရောက်ခဲ့ပါတယ်ဆိုတော့ ဒကာ ဒကာမတို့ တစ်လုံးတော့ဖြင့် ကိုယ်တော်မြတ်ကြီးက တိုက်တွန်းတဲ့အတိုင်းမင်းတို့လဲ ဒီလိုလုပ်ပါဆိုလို့ ဒီလိုတော့ လုပ်ကြပြီ ကျုပ်တို့ (မှန်ပါ) နှလုံး သွင်းမှန်မှု အလုပ် မလုပ်သေးဘူးလား (လုပ်တယ် ဘုရား)။
နှလုံးသွင်းမှန်မှုအလုပ်ကို လုပ်ကြပြီ ဒကာ ဒကာမတို့၊ အခု ပလပ်စတစ်ကလေး ချလိုက်တဲ့အခါကျတော့ မြင်ကြရဲ့လား (မြင်ပါတယ်) ဘယ်သူက မြင်ပါလိမ့် (ခန္ဓာက မြင်တာပါ ဘုရား) ဟုတ်ပြီ ဟုတ်ပြီ ခန္ဓာက မြင်တယ်နော်၊ ခန္ဓာက စစ်စစ်ပေါက်ပေါက် ထုတ်လိုက်တဲ့အခါကျတော့ ဝိညာဏက္ခန္ဓာက မြင်တယ် (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒီလို သိလိုက်တော့ ခင်ဗျားတို့ နှလုံးသွင်းတော့ဖြင့် သေသေချာချာ မှန်သွားပြီ၊ ဘာဖြစ်လို့ နှလုံးသွင်းမှန် တယ်လို့ ဆိုရသတုံးဆိုတော့ ကမ္ဘာဦးသား လူအများတို့ တော်အောင် သမုတ်ထားတာကို ဖယ်ရှားပြီး သကာလ တကယ့် နဂိုပင်ကိုအဖြစ်ကို သိပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကမ္ဘာဦးသားလူတွေ သမုတ်ထားတာတွေကို ဖယ်ရှားပြီး သကာလ ဘုရားဟောတကယ်ရှိကို တကယ်သိပြီ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒီတစ်လုံးက နှလုံးသွင်းမှန်တဲ့ တစ်လုံးရတယ်လို့ ဆိုလို့ရှိရင်ဖြင့် နောက်ထပ် ဒုတိယ တစ်လုံးရရင်ဖြင့် ကိစ္စပြီးစီးနိုင်တယ် (မှန်ပါ ဘုရား)။
ငါနဲ့ထပ်တူ ဖြစ်ပါလိမ့်မယ်
ပြန်ပြောပါဦးမယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် နှလုံးသွင်းမှန်ပြီး အားထုတ်တာကြောင့် နိဗ္ဗာန်မဂ်ဖိုလ် ကို သူရောက်ခဲ့တယ်တဲ့ (မှန်ပါ) မင်းတို့လဲ နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်လို့ရှိရင် ငါနဲ့ထပ်တူထပ်မျှ ဖြစ်ပါ လိမ့်မယ်တဲ့ (မှန်ပါ) ငါနဲ့ထပ်တူ ဖြစ်ပါလိမ့်မယ်ဆိုတော့ ဒကာ ဒကာမတို့ အင်မတန်မှ ကြီးကျယ်တဲ့စကားလို့ ဆိုရလိမ့်မယ် (မှန်ပါ ဘုရား) မဆိုရဘူးလား (ဆိုရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အခု ပလပ်စတစ်ကလေးချတာ မြင်ကြရဲ့လား (မြင်ပါတယ် ဘုရား) မြင်တယ် မြင်တယ်၊ ဘယ်သူက မြင်ပါလိမ့် (ခန္ဓာက မြင်ပါတယ်)၊ ဘယ်ခန္ဓာကပါလိမ့် ( ဝိညာဏက္ခန္ဓာကပါ ဘုရား) အဲ ဟုတ်သားပဲ၊ “ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ”ကိုး၊ ဦးခင်မောင် ရှင်းလို့ဗျာ (မှန်ပါ ဘုရား) “ဥပေက္ခာသဟဂတံ စက္ခုဝိညာဏ” ဆိုတော့ ဦးဘတင်ရေ မြင်ကာမတဈ္တ ဝိညာဏ်ပဲ (မှန်ပါ ဘုရား) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ်) ဥပေက္ခာမို့လဲ မြကာမတ္တ၊ ဝိညာဏ်မို့လဲသိပါတယ် (မှန်ပါ) မြင်မှန်းသိတယ်၊ မြင်သောအားဖြင့် သိတယ်၊ မြင်၍ သိတယ်၊ မြင်သိပဲနော် (မှန်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မြင်စိတ်ကလေးဟာ ဒီမှာပေါ်တယ် ဆိုကြပါစို့ဗျာ၊ မြင်တာကတော့ ခင်ဗျားတို့ မျက်လုံးထဲပေါ်တာပဲ၊ သို့သော် ဒီကပြတဲ့အခါ သိရှိနားလည်အောင်လို့ ဒါကို မြင်စိတ်ကလေး ထားကြပါစို့ (မှန်ပါ) ဒါဖြင့် မြင်စိတ်ကလေး ပေါ်လာပြီး သကာလ ငါဘုရားသည် နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်လိုက်တဲ့အတွက် ဘုရားအဖြစ်သို့ ရောက်လာတယ်၊ အရဟတ္တဖိုလ်နိဗ္ဗာန်ရောက်တယ်ဆိုတော့ နှလုံးသွင်းမှန်ပြီး အားထုတ်မှုကလေး ကျုပ်တို့လိုက်ကြဦးစို့ (မှန်ပါ) မလိုက်ရပေဘူးလား (လိုက်ရမှာပါ ဘုရား)။
အားထုတ်မှု ဘာလိုက်ရမှာတုံး
နှလုံးသွင်းမှန်ပြီး အားထုတ်မှုကလေးလိုက်ပါဦးဆိုတော့ ဒကာ ဒကာမတွေ အားထုတ်မှု ဘာလိုက်ရမှာတုံး မေးတော့ ဦးခင်မောင် ဒီဟာကလေး ကြည့်လိုက်တာပေါ့၊ ဒီဝိညာဏက္ခန္ဓာလေး ကြည့်လိုက်တာပေါ့ဗျာ (မှန်ပါ) ဝိညာဏက္ခန္ဓာကလေး ကြည့်လိုက်တော့ ခုနင်က ပေါ်လာတာကလေးဟာ ဝိညာဏက္ခန္ဓာကလေး မဟုတ်ဘူးလား၊ ဒီဝိညာဏက္ခန္ဓာကလေးကို နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်ရမယ်ဆိုတော့ အားထုတ်ပြီး သကာလ ဉာဏ်ကလေးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဪ ဒါ ကလေး ဝိညာဏက္ခန္ဓာဆိုတော့ ဝိညာဏက သိတာ ခန္ဓာက အစုအပေါင်းသိတဲ့ အစုကလေးဖြစ်ပြီ၊ သိတဲ့အစုကလေးဆိုတာက တခြားမဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ဝေဒနာ သညာ သင်္ခါရတို့နဲ့ ပေါင်းစုနေတာပါပဲ (မှန်ပါ) ဒီအထဲမှာ သိတဲ့အစုကလေးဖြစ်ပြီးနေတယ်လို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီ သိတဲ့အစုကလေး ဖြစ်ပြီး သကာလ နေတော့ အားထုတ်ရမယ်ဆိုတော့ ဒါကလေး နည်းနည်းလေး မင်းတို့က နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်လိုက်ပါကွာဆိုတော့ ဒါကလေးကို အစအဆုံးကလေး ကြည့်လိုက်ပါဦး (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကလေးကို ခုနင်က ပြောသလို အစတော့ ခင်ဗျားတို့က နှလုံးသွင်းမှန်ပြီး၊ အဆုံးကျအောင်ကလေး ကြည့်လိုက် တဲ့အခါကျတော့ ဒကာ ဒကာမတို့ ကိုယ့်မျက်လုံးထဲမှာ ပေါ်တဲ့စိတ်ကလေးဟာ မြင်ပြီး ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတာကလေးကော မသိလိုက်ဘူးလား( သိလိုက်ပါတယ်) မရှိတာကလေးကို ဒကာ ဒကာမတွေက သိလိုက်တဲ့အခါ ကျတော့မှတဲ့ နှလုံးသွင်းမှန်ပြီး အားထုတ်လိုက်တော့ နှလုံးသွင်းမှန်တာက ရုပ်နမ် (သို့မဟုတ်) ခန္ဓာရယ်လို့ ဖြစ်တာ သိတယ်၊ စောင့်ပြီးနည်းနည်း အားထုတ်လိုက်တော့ ဖြစ်ပျက်တာသိတယ်ဆိုတော့ ဖြစ်ပျက် ဒုက္ခသစ္စာ သိတယ်၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဖြစ်ပျက် ဒုက္ခသစ္စာ သိတယ်
ဘာသိပါလိမ့် (ဖြစ်ပျက်ဒုက္ခသစ္စာ သိပါတယ် ဘုရား) ဖြစ်ပျက် ဒုက္ခသစ္စာ သိတယ် (မှန်ပါ ဘုရား)။
ဒါဖြင့် ဒုက္ခသစ္စာသိတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိရင် သောတပန် သဒါဂမ် အနာဂါမ် ရဟန္တာထိအောင် ဖြစ်ရတော့မယ် (မှန်ပါ) ဦးခင်မောင် မဖြစ်ချင်ပါနဲ့ဆိုလို့ (မရပါ ဘုရား) သစ္စာသိပြီကိုးဗျ “စက္ခုံ ဥဒပါဒိ” ဖြစ်ရပြီ (မှန်ပါ) စက္ခုံ၊ ဒုက္ခကို ပိုင်းခြားတဲ့ စက္ခုသည်၊ ဥဒပါဒိ၊ ဖြစ်ပေါ်လာ၏၊ မလာရပေဘူးလား (လာရပါတယ်) ဦးဘတင် သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားသည် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပါဠိတော်နှင့်တကွ ငါသည် သင့်တင့်မှန်ကန်စွာ နှလုံးသွင်းပြီး အားထုတ်လိုက်တဲ့အတွက် အတုမရှိတဲ့နိဗ္ဗာန်မဂ်ဖိုလ်ကြီး ငါရောက်ခဲ့တယ်၊ မျက်မှောက်ပြုခဲ့တယ်၊ ငါနဲ့ ထပ်တူထပ်မျှရောက်အောင် မျက်မှောက်ပြုနိုင်အောင် မင်းတို့လဲ နှလုံးသွင်းမှန်ကြပါ၊ အားထုတ်ကြပါ၊ ထပ်တူထပ်မျှ ရောက်စေချင်ရစေချင်လို့ (မှန်ပါ) ငါတစ်ရာချမ်းသာသလို မင်းတို့ကိုလဲ တစ်ရာချမ်းသာစေချင်တယ်၊ ငါတစ်သိန်း ချမ်းသာသလို မင်းတို့ကိုလဲ တစ်သိန်းချမ်းသာစေချင်တဲ့ဆိုတဲ့ ထပ်တူသဘောမျိုးမပါဘူးလား (ပါပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ တရားအားထုတ် တရားအားထုတ်ဆိုတာ ဘာပါလိမ့်မလဲလို့ဆိုတော့ နိဗ္ဗာန်ရောက် ချင်တဲ့ပုဂ္ဂိုလ်တော့ နှလုံးသွင်းမှန်ပြီးတော့ အားထုတ်မှုရှိ ပြီးရော (မှန်ပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
နှလုံးသွင်းမှန်တုန်းက ဒိဋ္ဌိပြုတ်ခဲ့တယ်
ဘယ်လိုပါလိမ့် (နှလုံးသွင်းမှန်ပြီးတော့ အားထုတ်မှုရှိရင် ပြီးတာပါပါပဲ) နှလုံးသွင်းမှန်တယ်ဆိုကတည်းက ဦးခင်မောင် ဒိဋ္ဌိဝိစိကိစ္ဆာက ပြုတ်နေပြီဗျ အားထုတ်မှု ရှိတယ်ဆိုကတည်းက တစ်ခါတည်း ဒကာ ဒကာမတို့ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မသိသေးဘူးလား (သိပါတယ် ဘုရား) ဒါဖြင့် နှလုံးသွင်းမှန်တုန်းက ဒိဋ္ဌိပြုတ်ခဲ့တယ်၊ သဘောကျပလား (ကျပါပြီ) အားထုတ်မှုကလေး တိုးလိုက်တဲ့အခါလို့ရှိရင် သစ္စာကို ပိုင်းခြားနိုင်တယ် (မှန်ပါ) နှလုံးသွင်းမှန်တုန်းက ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ခဲ့တယ် (မှန်ပါ) အားထုတ်မှုရှိတော့ သစ္စာကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တယ် (မှန်ပါ ဘုရား)။
သေသေချာချာ မှတ်ပါ၊ ဒီနေ့ တရားတစ်မျိုးပဲလို မှတ်ရမယ် (မှန်ပါ) တစ်မျိုးပဲလို့ ဦးဝတို့ သေသေချာချာ မှတ်ပါ (မှန်ပါ) ဒါက ဒီပါဠိတော်ကို တစ်နေ့ကတည်းက ဟောဖို့ တစ်နေ့ကတော့ ပါဠိတွေများ နေလို့၊ ပါဠိတစ်လုံး တစ်လုံးဟောမှ ခင်ဗျားတို့ကလဲ ကျေကျေလယ်လယ်ရှိပြီး မှတ်မိမယ်နော် (မှန်ပါ ဘုရား)။
ကိုင်း ဒီနေ့ပါဠိမှာ ဒကာ ဒကာမတို့ ဘုရားထပ်တူထားတဲ့ ပါဠိကို သိကြပလား (သိပါပြီ ဘုရား) နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိလို့ရှိရင် နိဗ္ဗာန်ရတယ်ပြောတာ (မှန်ပါ) ဘုရားနဲ့ထပ်တူထပ်မျှ နိဗ္ဗာန်ရောက်မယ်ပြောတာ (မှန်ပါ) ဦးဇံရင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
နှစ်လုံးထဲရေး၊ များများမရေးနဲ့၊ ခင်ဗျားတို့စာအုပ်မှာနော် (မှန်ပါ) နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိလို့ရှိရင် နိဗ္ဗာန်ရတယ်သာရေးထား (မှန်ပါ) ဘုရားနဲ့ ထပ်တူထပ်မျှ နိဗ္ဗာန်ရောက်မယ် ပြောတာသာ ရေးထားပါ (မှန်ပါ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိလို့ရှိရင်
ဘယ်လိုပါလိမ့်၊ နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိလို့ရှိရင် (နိဗ္ဗာန်ရပါတယ် ဘုရား)။
ကိုင်း ဦးခင်မောင်တို့က ဖြည့်ကြပေတာ့၊ နှလုံးသွင်းမှန်ကတည်းက ဒိဋ္ဌိဝိစိကိစ္ဆာပြုတ်နေပြီ (မှန်ပါ) အားထုတ်မှု ရှိကတည်းက ဒုက္ခပိုင်းခြား၍ သိတဲ့မဂ်ဖြစ်လာပြီ (မှန်ပါ) ဘာကျန်သေးသတုံးဗျ (ဘာမှမကျန်ပါ ဘုရား) တစ်ခါတည်း ဘုရားရောက်တဲ့နိဗ္ဗာန်ကို ထပ်တူထပ်မျှရောက်တာပဲ (မှန်ပါ) ဘုရားလဲ သောတပန်ကစ အရဟတ္တဖိုလ်ရောက်ပြီး သဗ္ဗညုတဉာဏ်တော်ရလို့ ဘုရားဖြစ်တာပဲ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ကျုပ်တို့လဲ ဘုရားက ငါနဲ့ထပ်တူ ထပ်မျှ ရောက်စေချင်တယ်ဆိုသဖြင့် မင်းတို့လဲ နှလုံးသွင်းမှန်မှုကို အားထုတ်ကြပါ၊ နှလုံးသွင်းမှန်မှုလဲ ရှိကြပါစေ၊ အားထုတ်မှုလဲ ရှိကြပါစေကွာ၊ သူနဲ့ထပ်တူထပ်မျှ ရောက်စေချင်လွန်း လို့ အဓိပ္ပာယ်ပါ မပါ (ပါပါတယ် ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကို အလုပ်ပေးတာ ယနေ့များသလား (မများပါ ဘုရား) မများပါဘူး ဒကာ ဒကာမတို့၊ ဒါကလေး မြင်တုန်းက ဘယ်သူက မြင်တာပါလိမ့်ဗျာ၊ (ခန္ဓာက မြင်တာပါ ဘုရား) ဝိညာဏက္ခန္ဓာက မြင်နေတယ်ဆိုတော့ နှလုံးသွင်း ဘယ့်နှယ်နေကြသတုံး (မှန်ပါတယ် ဘုရား)။
နှလုံးသွင်းမှန်ရောပေါ့ဗျာ အသုဘက သုဘမှ မဖြစ်ဘဲနဲ့ တစ်ခါတည်း ပုဂ္ဂိုလ်သတ္တဝါ ဟူ၍ ဘာမှမရှိဘဲ ခန္ဓာပေါ်လာလို့ ခန္ဓာက မြင်ပါတယ် ပြောတာပဲဆိုတော့ ဦးဝ မှန်နေပြီ (မှန်နေပါတယ် ဘုရား) ဦးခင်မောင် ဒီအမြင် မှန်နေပြီ (မှန်ပါ ဘုရား) ဒီထက် မှန်စရာဘယ်ရှိတော့မလဲ (မရှိပါ ဘုရား)။
အာရုံဒွါရတိုက်လို့သာ ပေါ်တာပဲဆိုတာ
အဲဒီတော့ သူ့ခန္ဓာမြင်လို့ ခန္ဓာက မြင်တယ်ဆိုကတည်းက ပုဂ္ဂိုလ် သတ္တဝါမြင်မှုဆိုတာ ဦးဘတင် ဆိတ်သုန်း သွားပြီ (ဆိတ်သုန်းသွားပါ ပြီ ဘုရား) မြင်တဲ့စိတ်ကလေးဟာလဲ အာရုံဒွါရတိုက်လို့သာ ပေါ်တာပဲဆိုတာ သိပြီးသား ဖြစ်နေတော့ ဝိစိကိစ္ဆာလဲ သေနေတာပဲ (သေပါတယ် ဘုရား)။
ဒါဖြင့် မြင်တာက ခန္ဓာက မြင်တာပဲလို့ ဒကာ ဒကာမတွေက သိသဖြင့် မြင်စိတ်ကလေးပေါ်တာ မြင်စိတ် ကလေးဟာ ခန္ဓာကိုယ်ထဲမှာ ပေါ်လာတယ်၊ မြင်တယ်ဆိုတဲ့စိတ်ကလေးပေါ်လာတာသည် ဪ ဒါဟာ ဝိညာဏက္ခန္ဓာ ကလေးပဲလို့ သိနေကတည်းကိုက ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်နေပြီ (မှန်ပါ) ဘယ့်နှယ်ကြောင့်တုံး (နှလုံးသွင်းမှန်လို့ပါ ဘုရား)။
ဦးဇံရင် ဘာဖြစ်လို့ (နှလုံးသွင်းမှန်လို့ပါ) နောက်က ဒကာ ဒကာမတွေ (နှလုံးသွင်းမှန်လို့ပါ ဘုရား) ရှေးတုန်းကတော့ နှလုံးသွင်း မမှန်ခင်တုန်းကတော့ ခင်ဗျားတို့ဖြစ်စဉ်က အားကြီးသနားစရာ ကောင်းတယ် (မှန်ပါ)။
ငါမြင်ထားခဲ့တယ်ဟေ့၊ ငါမြင်ထားတာကလေးကိုဖြင့် မယူရစ်ပါနဲ့၊ ဈေးဆိုင်မှာ ဆစ်ထားခဲ့တဲ့အခါကျတော့ ပေါ့လေ (မှန်ပါ) ငါမြင်ထားတာကလေးတော့ မယူရစ်ပါနဲ့ဆိုတော့ တကယ်ကို ငါလုပ်သွားတာ (မှန်ပါ) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
အဲဒီတော့ ငါမှတ်ထားခဲ့ပါတယ်ဆိုတာ မပါဘူးလား (ပါပါတယ် ဘုရား) မှတ်ထားတာက သညာက မှတ်ထားခဲ့တာကိုလဲ ငါဖြစ်နေတယ် (မှန်ပါ) ငါမြင်ထားတာကိုတော့ဖြင့် မယူကြပါနဲ့ဆိုတော့ မြင်တတ်တဲ့ ဝိညာဏက္ခန္ဓာလဲ ဦးခင်မောင် ငါဖြစ်နေပြန်တယ် (မှန်ပါ ဘုရား) နှလုံးသွင်းမှန်ကြသေးရဲ့လား (မမှန်ပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ရှေးက မပြင်ခဲ့တာတုံး
အဲဒီတော့ နှလုံးသွင်းမမှန်တာကိုလဲ အခုမှ ဆရာဘုန်းကြီးက ပြင်ပေးရတယ် (မှန်ပါ) ဘယ့်နှယ်ကြောင့် ရှေးက မပြင်ခဲ့တာတုံး၊ အို ရှေးက မိဘရိုးရာ တစ်ခါတည်းတောက်လျှောက်ကြီး ဒီအတိုင်း သင်လာတော့ ဒီအတိုင်း တက်လာကြတော့ ဒါ ဘယ့်နှယ်မှ မတတ်နိုင်တဲ့ အခြေအနေရှိနေတယ် (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ မြင်တယ်ဆို ဘယ်ခန္ဓာကမြင် (ဝိညာဏက္ခန္ဓာက မြင်ပါတယ် ဘုရား) ဝိညာဏက္ခန္ဓာက မြင်မှန်း သိကတည်းက ဒါဟာ ဦးခင်မောင်ပရမတ် ဆိုက်သွားပြီ (မှန်ပါ) မဆိုက်သေးဘူးလား (ဆိုက်ပါတယ် ဘုရား) ခန္ဓာပရမတ်လေ (မှန်ပါ ဘုရား)
ခန္ဓာ ပရမတ်ဆိုက်သွားပြီ ဒကာ ဒကာမတို့ (မှန်ပါ) ဒါဖြင့် နှလုံးသွင်းမှန်သွားပြီတဲ့ ၁-နံပါတ် မအောင် မြင်သေးဘူးလား (အောင်မြင်သွားပါပြီ ဘုရား)။
နှလုံးသွင်းမှန်ပြီး သကာလ ငါအားထုတ်သောကြောင့် ငါနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုတော့ ကျုပ်တို့လဲပဲတဲ့ နှလုံးသွင်း မှန်ပြီး သကာလ မဇ္ဈိမပဋိပဒါနဲ့ အားထုတ်ကြဦးစို့ဆိုတော့ ဒါလေးစောင့်ကြည့်တော့ ဦးခင်မောင် ပျက်သွား တာပဲ (မှန်ပါ)၊ ပျက်သွားတော့ကို ဒီဥစ္စာကလေးဟာ ဪ ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာ သဘောပါလားလို့ ကျုပ်တို့က မသိလိုက်ရဘူးလား (သိလိုက်ရပါတယ် ဘုရား)၊ သိလိုက်ရတော့ ဒီမဂ္ဂင်ငါးပါးနဲ့ သိတာကိုးဗျ (မှန်ပါ)။
မဂ္ဂင်ငါးပါးနဲ့ သိပြီးနေတော့
မဂ္ဂင်ငါးပါးနဲ့ သိပြီးနေတော့ နှလုံးသွင်းမှန်ပြီး အားထုတ်မှုလေးလဲ ရှိလိုက်ပါရော တစ်ခါတည်း မဂ်ဝမ်းထဲ ရောက်လာတယ်ဆိုတာက ပေါ်လာတယ် (မှန်ပါ) သဘောကျပါလား (ကျပါပြီ ဘုရား)။
မဂ်ဝမ်းထဲ ရောက်လာတာ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်လို့ မဂ်ဝမ်းထဲ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ဒါကလေးက ဝိညာဏက္ခန္ဓာ ကလေးဖြစ်ပြီး ပျက်သွားတော့ကို ဪ ဖြစ်ဒုက္ခ ပျက်ဒုက္ခနဲ့ ကြုံသွားလေရဲ့လို့ မဂ္ဂင်က မသိဘူးလား (သိပါတယ်) ဒါဖြင့် နှလုံးသွင်းမှန်ပြီး သကာလ ဖြစ်ပျက်ကို အားထုတ်လိုက်တဲ့အတွက် ဒကာ ဒကာမတို့ မဂ်ဆိုက်သွားတယ် (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘာဖြစ်သွားသတုံး (မဂ်ဆိုက်သွားပါတယ် ဘုရား) ဪ ဒါဖြင့် “ကိလေသေ မာရေန္တော ဂစ္ဆစတီတိ မဂ္ဂေါ”၊ ကိလေသေ-ကိလေသာတို့ကို၊ မာရေန္တော သတ်လျက်၊ ဂစ္ဆိတိ-နိဗ္ဗာန်သို့ သွား၏ဆိုတော့ မဂ်ကိစ္စဟာ ဒကာ ဒကာမတို့ ကိလေသာ သတ်တဲ့ကိစ္စလဲ သူ့ကိစ္စပဲ (မှန်ပါ) နိဗ္ဗာန်ပို့တဲ့ကိစ္စရော (သူ့ကိစ္စပါ ဘုရား)၊ သူဘယ်နှစ် ကိစ္စပါလိမ့် (နှစ်ကိစ္စပါ ဘုရား) ကိလေသာ သတ်တဲ့ကိစ္စလဲ သူ့ကိစ္စပဲ၊ နိဗ္ဗာန်ဆောင်ပိုတဲ့ကိစ္စရော (သူ့ကိစ္စပါ ဘုရား)။
ဒီမဂ်ဟာ နှစ်လုပ်လုပ်တယ်
ဒါဖြင့် ဒီမဂ်အလုပ်ဟာ ဒကာ ဒကာမတို့ နှစ်မျိုးအလုပ်လုပ်တော့တယ်ဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ ကိုင်း အခုဟာက စာပြောပဲ ရှိပါသေးတယ်၊ ခင်ဗျားတို့လက်တွေ့မြင်အောင် ပြပါဦးမယ် (မှန်ပါ) ဒီမဂ်ဟာ နှစ်လုပ်လုပ်တယ်ဆိုတဲ့ဥစ္စာ ဦးဘတင် သေသေချာချာ ကြည့်နော် (မှန်ပါ) ကိလေသာကို သတ်တာလဲ မဂ်ကိစ္စ (မှန်ပါ) နိဗ္ဗာန်ပို့ဆောင်တာကော (မဂ်ကိစ္စပါ ဘုရား) မဂ်ဟာ ဘယ်နှစ်ကိစ္စ ဆောင်ရွက်သတုံး (နှစ်ကိစ္စပါ ဘုရား)
ဒါဖြင့် မှန်ကန်စွာ နှလုံးသွင်းပြီး သကာလ မှန်ကန်စွာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာဖြင့် ကိလေသာသေ၍ နိဗ္ဗာန်ရောက်တယ် (မှန်ပါ ဘုရား)။
ဦးခင်မောင် နေရာကျလိုက်တာ (မှန်ပါ ဘုရား) အသင့်အတင့် နှလုံးသွင်းမှန်၍ အားထုတ်မှု မှန်ကန်တဲ့ ပုဂ္ဂိုလ်များမှာ ကိလေသာသေ၍ နိဗ္ဗာန်ရောက်တယ်ဆိုတော့ ကိလေသာသေအောင်လဲ မဂ်ကလုပ်တာပဲ (မှန်ပါ ဘုရား) နိဗ္ဗာပို့တာလဲ (မဂ်က ပို့တာပါပဲ ဘုရား) မဂ်ကပို့တာပဲ ဆိုတာ ဒကာ ဒကာမတို့ လေးလေးစားစား ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
သို့သော်လဲ စာပြောပဲ ရှိသေးတယ်၊ ဉာဏ်နဲ့တစ်ခါတည်း မြင်ရအောင် ရှင်းပြပါဦးမယ် (မှန်ပါ) ရှင်းပြမယ် ဒကာ ဒကာမတို့၊ ဂရုစိုက်ပြီးကြည့်ပါ (မှန်ပါ) မဂ်ကိစ္စဟာ ဘယ်နှစ်ကိစ္စတုံး ခုနင်က ပြောခဲ့တာ (နှစ်ကိစ္စပါ ဘုရား) နှစ်ကိစ္စဟုတ်မဟုတ် နှလုံးသွင်းမှန်ပြီးတော့ အားထုတ်လိုက်တော့ မဂ်ဟာ နှစ်ကိစ္စ ရွက်ဆောင်သွားတယ် (မှန်ပါ) သဘောကျပလား (မှန်လှပါ)။
ငါပဲဆိုတော့ နှလုံးသွင်းက မှားပြီ
ကဲ နှလုံးသွင်းသာ မှားကြည့်စမ်းပါဆိုတော့ မြင်တာကလေး ငါပဲဆိုတော့ နှလုံးသွင်းက မှားပြီ (မှားပါပြီ ဘုရား) ငါဆိုတာ ဒိဋ္ဌိမဟုတ်ဘူးလား (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိလို့ဆိုရင်ဖြင့် ဒကာ ဒကာမတို့ ဖြစ်စက ဒိဋ္ဌိပဲ၊ လောဘဒိဋ္ဌိပေါ့ဗျာ (မှန်ပါ) တော်တော်ကြာကျတော့ တဏှာပစ္စယာ ဒိဋ္ဌုပါဒါန် မလာရပေဘူးလား (လာရပါတယ် ဘုရား)။
ကိလေသာ ပထမတော့ ဒိဋ္ဌိကလေး၊ နောက်တော့ ဒိဋ္ဌုပါဒါန် မလာဘူးလား (လာပါတယ် ဘုရား) ဥပါဒါန ပစ္စယာ ကမ္မဘဝေါ မလာပေဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် တဏှာဥပါဒါန်ကံပဲ လာတယ် (မှန်ပါ) ပထမေတော့ ဒိဋ္ဌိတဏှာ၊ ဒါက ဒိဋ္ဌုပါဒါန် (မှန်ပါ) ဒါကျတော့ “ဥပါဒါနပစ္စယာ ကမ္မဘဝေါ” ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)။
ကိုင်း ခုနင်က မဂ် မလာလို့ရှိရင် ဒီ ကိလေသာတွေ သုံးခုစလုံးလာမယ် (မှန်ပါ) တဏှာဥပါဒါန်ကံက လာ မလာ (လာပါတယ် ဘုရား) တဏှာ ဥပါဒါန် ကံလာလို့ရှိရင် နောက်ကလဲ မဂ်မလာနိုင်တော့ သွားပေတော့ ဇာတိချောင်ထဲ ကို (မှန်ပါ) ဧရာ မရဏ ချောက်ထဲကို (သွားပါတယ် ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့်တုံး မေးတော့ နှလုံးသွင်းက မမှန် အားထုတ်မှုက မရှိတဲ့အတွက် ဒကာ ဒကာမတို့ သံသရာခရီးကိုဖြင့် ဒိုင်းဒိုင်းပြေး အပါယ်လေးပါးအထိ သွားတော့တာပဲ (မှန်ပါ) သေချာပလား (သေချာပါပြီ ဘုရား)။
မဂ်က ဘာလုပ်သတုံး
အခုကြည့်စမ်း၊ မဂ်ပေါ်လိုက်တော့ ဒီကိလေသာတွေကော လာသေးရဲ့လား၊ (မလာပါ ဘုရား) ဒီမဂ်က နိဗ္ဗာန် လဲ မပို့ဘူးလား (ပို့ပါတယ် ဘုရား) “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော”ဆိုတော့ မဂ်က နိဗ္ဗာန်ကိုလဲ အာရုံ ပြုပါတယ် (မှန်ပါ) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ကျတော့ မဂ်က ဘာလုပ်သတုံး ကိလေသာကို ပဲ (သတ်ပါတယ်) နိဗ္ဗာန်ကိုလဲ (ပို့ပါတယ် ဘုရား)။
နှလုံးသွင်းမမှန်တဲ့ပုဂ္ဂိုလ်ကျတော့ တဏှာ၊ ဥပါဒါန် ကံတွေသာ လာတော့တယ်၊ ဒကာ ဒကာမတို့ သဘောကျပ လား (မှန်ပါ) ပထမတော့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိဥပါဒါန် အုပ်ချုပ်တဲ့ကံ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဆိုတော့ တဏှာကလေးပေါ့ဗျာ၊ ဒိဋ္ဌုပါဒါန်ဆိုတော့ ရင့်ကျက်မလာဘူးလား (လာပါတယ် ဘုရား)၊ အဲဒိဋ္ဌုပါဒါန် က ကျေးဇူးပြုလိုက်တော့ ကံမလာသေးဘူးလား (လာပါတယ်) “ဥပါဒါနပစ္စယာ ကမ္မဘဝေါနဲ့ သွားပြီး ကိုက်ပလား (ကိုက်ပါပြီ ဘုရား) အဲဒါ နှလုံးသွင်းမမှန်တဲ့ပုဂ္ဂိုလ်မှာ တဏှာ ဥပါဒါန် ကံလာပြီး အပါယ်လေးပါးသွားလိုက်ရတယ် (မှန်ပါ) ကဲ နိဗ္ဗာန်ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ကိလေသာသတ်ပြီး နိဗ္ဗာန်ပို့တယ်
ခုနင်က ပြောသလို နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်လိုက်တဲ့အခါကျတော့ မဂ္ဂင်က ကိလေသာသတ်ပြီး နိဗ္ဗာန်ပို့တယ်၊ သဘောကျပလား (ကျပါပြီ) အဲဒီတော့ မဂ္ဂင်က ကိလေသာသတ်ပြီး နိဗ္ဗာန်အရောက်ပို့တယ်၊ ဒကာ ဒကာမတို့ အင်မတန် ရှင်းသွားပြီ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးသတုံး၊ နှလုံးသွင်းမှန်ပြီး အားထုတ်ဖို့အရေးဟာ ကျုပ်တို့အရေး (မှန်ပါ) ကိုယ်တော်မြတ်ကြီးနဲ့ ထပ်တူ ထပ်မျှ ဖြစ်ချင်ရင် ဒီအတိုင်း လုပ်ရမှာပဲ (မှန်ပါ ဘုရား)။
ကိုယ်တော်ကြီးက ထပ်တူထပ်မျှ ထားစေချင်လို့ မင်းတို့ နှလုံးသွင်းမှန်ပြီး သကာလ အားထုတ်မှုရှိကြလို့ရှိရင် ဖြင့် မင်းတို့သည် ငါမြင်တဲ့နိဗ္ဗာန် ငါရောက်တဲ့နိဗ္ဗာန် မျက်မှောက် ပြုနိုင်ကြပါလိမ့်မယ်၊ ငါနဲ့လဲ ထပ်တူထပ်မျှ ရောက်ပါ လိမ့်မယ်ဆိုပြီး သကာလ သေသေချာချာ လုပ်ပါဆိုပြီး သကာလ မတိုက်တွန်းဘူးလား (တိုက်တွန်းပါတယ် ဘုရား)။
အဲဒီကဲ့သို့ တိုက်တွန်းတာထောက်ပြီး ကျုပ်တို့အရေးချည်းပြောတာ၊ သူ့အရေးကတော့ ဗောဓိပင်နဲ့ရွှေပလ္လင် အောင်မြင်တော်မူကစပင် ပြီးခဲ့ပါပြီ (မှန်လှပါ ဘုရား) သူ့အရေးက မပြီးသေးဘူးလား (ပြီးခဲ့ပါပြီ ဘုရား) ကျုပ်တို့ အရေးကိုသာလျှင် သူပြောနေတာဆိုတာကော ပေါ်လာပလား (ပေါ်လာပါပြီ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့က အမေမိဘ ရင်ကျိုးအောင် မလုပ်ကြပါနဲ့၊ သားသမီးတွေက (မှန်ပါ) သမီးပျိုကလေး ဖြစ်လာမယ်၊ သားပျိုကလေးဖြစ်လာမယ်ဆိုရင် မိဘက အရိပ်တကြည့်ကြည့်နဲ့ သားကလေးလဲ အရိပ်တကြည့်ကြည့်နဲ့ နေတဲ့အထဲမှာ ဗွေဖောက်သွားတာတွေကော မတွေ့ဖူးကြဘူးလား (တွေ့ဖူးပါတယ် ဘုရား)။
ကိုယ်ကတော့ ကိုယ်နဲ့ထပ်တူထားတယ်
ဒီတော့ အမေမိဘက ဘယ်လိုပြောလေ့ရှိသတုံး၊ ရင်ကျိုးတာပဲ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဘာဖြစ်လို့ တုံးဆိုလို့ရှိရင်ဖြင့် ကိုယ်ကတော့ ကိုယ်နဲ့ထပ်တူထားတယ်၊ မထားဘူးလား (ထားပါတယ် ဘုရား) ကိုယ်တစ်ထည်ဝတ်ရင် သူလဲ တစ်ထည်ဝတ်စေမယ်၊ ကိုယ်ဟင်းကောင်းကောင်းစားရင် သူ့လဲ စားစေရမယ်၊ ထပ်တူချည်းထားတာပဲ၊ တစ်ခါ တလေ ပိုများနေလိုက်သေးတယ် (မှန်ပါ) သူတို့ရှေ့ကထားပြီး ကိုယ်က နောက်ကလိုက်တဲ့အခါများ ပါလိုက်သေးတယ် (မှန်ပါ) မပါဘူးလား (ပါပါတယ် ဘုရား) အဲဒီအထဲက ဗွေဖောက်သွားတော့ မိဘရင်မကျိုးဘူးလား (ကျိုးပါတယ် ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ ဘုရားက အင်မတန် သတိပေးဟောပြောနေတာကို ခင်ဗျားတို့က နားမထောင်ဘဲ ဗွေဖောက် သွားကြမယ်ဆိုရင် မိဘရင် ကျိုးအောင်လုပ်သလို ရှိနေမှာပေါ့ (မှန်ပါ ဘုရား)။
ခင်ဗျားတို့ ဗွေဖောက်နေတယ်ဆိုတာ ဆင်ခြေတွေများနေတတ်တယ် (မှန်ပါ) ဒီနေ့တော့ နေပစေဦးလေ၊ စိတ်တွေက ဘာဖြစ်မှန်းကို မသိဘူး၊ “သမာဓိကို” ထားလို့မရဘူး နက်ဖြတ်လောက်မှ ဂရုစိုက်ရမှာပဲ၊ အင်း သူတို့ နည်းနည်းကြီးပါစေဦးလေ၊ နောင်ရေးလုံလောက်ပါစေဦး၊ တဖြည်းဖြည်း ကြိုးစားမယ် ဒကာ ဒကာမတို့၊ ဒီဆင်ခြေတွေ ဟာ ဘာလုပ်တာတုံးလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ သူနဲ့ထပ်တူထပ်မျှ ရောက်စေချင်တဲ့ ကိုယ်တော်ကြီးကို ရင်ကျိုးအောင် လုပ်ရာကျတာ တစ်မျိုး (မှန်ပါ) ကိုယ့်ကိုယ်ကိုလဲ ချောက်ထဲသွားနိုင်သရွေ့ သွားပါရစေဦးလို့လဲ ကျုပ်တို့ အတင်းပြေးတာကလဲ တစ်မျိုး (မှန်ပါ ဘုရား)။
ကိုယ့်ကိုယ်လဲ ချောက်ထဲ အတင်းသွားပါရစေဦးလို့ (ပြောရာကျပါတယ်) မပြောသော်လဲ ပြောဘိသကဲ့သို့ အတင်းပြေးနေတာကလဲ မသေချာလား (သေချာပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကို အတင်းပြေးတဲ့အလုပ်
အဲဒီတော့ ကိုယ့်ကိုယ်ကို အတင်းပြေးတဲ့အလုပ်လဲ သေချာပါတယ်၊ ထပ်တူထပ်မျှ ရောက်စေချင်တဲ့ ကိုယ်တော် ကြီးကိုလဲ ရင်ကျိုးအောင် လုပ်ရာကျတယ်ဆိုတော့ ဦးခင်မောင်အတော်ဆိုးတယ်နော် (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတို့ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဆင်ခြေတွေ မလဲကြနဲ့နော် (မှန်ပါ) အိမ်ပြန်သွားကြလို့ ရှိရင်ဖြင့် ခင်ဗျားတို့ ဆင်ခြေကလေးကတော့ ပေါ်လိမ့်မယ်၊ ဆင်ခြေတွေ သိပ်ပေါတဲ့လူတွေ (မှန်ပါ ဘုရား) ဆင်ခြေတွေ ပေါတာမှ သူတို့ဆင်ခြေကလဲ တကယ့်ကိုဗျာ ခက်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့၊ ခိုးလဲခိုသေးရဲ့၊ ကျုပ်မခိုးပါဘူးဆိုပြီး မိုးကြိုးပစ်သေပါရစေ ကျိန်တာနဲ့က အတူတူဖြစ်နေတယ် (မှန်ပါ) ခိုးလဲခိုသေးရဲ့ မိုးကြိုးပစ်သေပါရစေဆိုတော့ သေရုံရှိ မှာပဲ၊ ဒီ အဓိပ္ပာယ်မရဘူးလား (ရပါတယ် ဘုရား)။
အဲဒီလို ဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့ ဆင်ခြေလဲတာဟာ ထပ်တူထားတဲ့ ကိုယ်တော် ကြီးကိုလဲ ထော်လော်ကန့်လန့်လုပ်ခြင်းကြောင့် ကိုယ်တော်ကြီးကို ရင်ကျိုးအောင် လုပ်ရာကျတယ်ဆိုလို့ရှိရင်လဲ မလွဲဘူး (မှန်ပါ) ကိုယ်တိုင်အပါယ်သို့ ဒိုင်းဒိုင်းပြေးတဲ့အလုပ်ကို လုပ်ပါတယ်ဆိုရင်ကော (မလွဲပါ ဘုရား)။
ဘုရားလဲ မကြည်ညို
အဲဒီတော့ ခင်ဗျားတို့ဟာ ဘုရားလဲ မကြည်ညို၊ ကိုယ့်ကိုယ်လဲ မသနားဘူးဆိုတော့ လူမဟုတ်ပါဘူး။ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘုရားလဲ (မကြည်ညိုပါ ဘုရား) ကိုယ့်ကိုယ်လဲ (မသနားပါ ဘုရား) ဟာ ဒါဖြင့် ဘယ်အထဲ အသုံးချ ကြမလဲ (အသုံးချလို့မရဖြစ်နေပါတယ် ဘုရား) ရိပ်မိကြလား (ရိပ်မိပါပြီ ဘုရား) ဒကာ ဒကာမတို့ စကားတတ်လို့ ပြောတာမဟုတ်ပါဘူး၊ ကိုယ့်ဖြစ်စဉ်လဲ တွေးကြည့်ကြစမ်းပါ (မှန်ပါ ဘုရား)။
ခင်ဗျားတို့သည် အင်မတန်မှ ဆိုးဝါးတဲ့အဖြစ်ဟာ အခုလို ကိုယ်တော်ကြီး ထပ်တူထပ်မျှထားပြီး ရောက်စေချင် တဲ့ “ပါဠိတော်တွေ့တော့ “မှ ဦးခင်မောင်တို့ ကိုယ်ဆိုးဝါးတာပေါ်လာတာ (မှန်ပါ) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်ကစကားလဲ အသုံးမခံကြပါနဲ့၊ ရှက်စရာလဲ ကောင်းပါတယ် (မှန်ပါ ဘုရား) ဘုရားလဲ ဘာတုံး (မကြည်ညို) ကိုယ့်ကိုယ်လဲ (မသနား) ဘယ်မှာနေလို့မှ ခင်ဗျားတို့ ဒီစကားသုံးလို့ကောင်းပါ့မလား (မကောင်းပါ ဘုရား) အိမ်တွေမှာလဲ ဒီစကားသုံးလို့ မကောင်းဘူး၊ မဟုတ်ဘူးလား (မှန်ပါ ဘုရား)။
အိမ်မှာသုံးမယ်ဆိုရင် ဘုရားစင်က ကိုယ်တော်ကြီးရော ညောင်ရေအိုးတွေရော တခြားပို့လိုက်သလို ဖြစ်နေပြီ (မှန်ပါ) ဘာဖြစ်လို့တုံးဆိုတော့ ဘုရားလဲ ဘာတုံး (မကြည်ညို) မကြည်ညိုရင် အိမ်ပေါ်တင်ထားတာ အဓိပ္ပာယ်တောင် မရှိဖြစ်နေတယ်၊ ဆိုင်းဘုတ်ဆွဲရုံသာ၊ အလှပြရုံသာထားသလိုဖြစ်နေမှာပေါ့ (မှန်ပါ) ကိုယ့်ကိုယ်လဲ မသနားလို့ရှိရင်ဖြင့် ခင်ဗျားတို့ အဝတ်ကို မဝတ်နဲ့တော့၊ သေချင်သေ၊ နေချင်နေ၊ ဒီလိုပဲနေဖို့ မကောင်းဘူးလား (မကောင်းပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဟာက အတော်ဆိုးဝါးနေတယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကရှေ့တော့ ပြင်ကြဦးဗျာ၊ ဘုရားလဲ ကြည်ညို၊ ကိုယ့်ကိုယ်လဲ သနားကြပါဦး (မှန်ပါ ဘုရား)။
ဘယ်လိုမှာပါလိမ့် (ဘုရားလဲကြည်ညို၊ ကိုယ့်ကိုယ်လဲ သနားပါဦး)။
ရိုးရာလား ကန့်လန့်လုပ်တာလား
ဒီအရွယ်ကြီးတွေမို့ ပြောနေရတာနော် (မှန်ပါ) ကိုင်း ဒါဖြင့် ဒီအတိုင်းပြောနေတော့ ကျုပ်တို့ ဗုဒ္ဓဘာသာပါ၊ ကျုပ်တို့ အမေမိဘကိုက ရိုးရာပါ (မှန်ပါ) ဟ ဘာရိုးရာတုံး၊ ညောင်ရေအိုးစင်ပေါ် ဘုရားထားတာ ရိုးရာလား ကန့်လန့်လုပ်တာလား မေးဖို့မလိုပါဘူးလား (လိုပါတယ် ဘုရား)။
ဘုရားစင်ထားရုံ ရိုးရာက တစ်မျိုး၊ ဘုရားရှေ့ ကန့်လန့်လုပ်တာက (တစ်မျိုးပါ ဘုရား) ဒါဖြင့်ကွယ်ရာ ကန့် လန့်လုပ်တာနဲ့ ရှေ့တွင် ကန့်လန့်လုပ်တာ ဘယ်သူက မိုက်သတုံး (ရှေ့တွင် ကန့်လန့်လုပ်တာ မိုက်ပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ) အတော်ဆိုးမနေဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ထပ်တူထပ်မျှ ရောက်စေချင်တဲ့အတိုင်း ခင်ဗျားတို့က “မယံှ(ပ)သစ္ဆိကရောထ” သေသေချာချာဟောတာပဲ (မှန်ပါ) ငါဟာ အသင့်အတင့်နှလုံးသွင်း မှန်ကန်စွာအားထုတ် သောကြောင့် “အတုမရှိတဲ့ အရဟတ္တဖိုလ်” နိဗ္ဗာန်ကြီးကို မျက်မှောင်လဲပြုနိုင်တယ်၊ ရောက်လဲရောက်ခဲ့ပါတယ်၊ ငါ၏ တပည့်သားများလဲ ငါကဲ့သို့ပဲ သင့်တင့်မှန်ကန်စွာ နှလုံးသွင်းပြီး သင့်တင့်မှန်ကန်စွာ အားထုတ်လို့ရှိရင်ဖြင့် ငါနဲ့ထပ်တူထပ် မျှ ရောက်ပါလိမ့်မယ်၊ ဒီအတိုင်းဖြစ်စေချင်တဲ့ဆန္ဒ တကယ်ကို ပြင်းပြပါတယ်ဆိုတာ သေချာမဟောဘူးလား (ဟောပါ တယ် ဘုရား) ဒီတော့ ဒီနှစ်ခုကို ကျုပ်တို့ မလုပ်ထိုက်ဘူးလား (လုပ်ထိုက်ပါတယ်) နှလုံးသွင်းမှန်မှုရယ်၊ မှန်ကန်စွာ အားထုတ်မှုရယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘယ်လိုလုပ်သင့်သတုံး (နှလုံးသွင်းမှန်ပြီး မှန်ကန်စွာ အားထုတ်သင့်ပါတယ်) အဲ နှလုံးသွင်းမှန်မှု အားထုတ်မှု သည် ကိုယ်တော်နဲ့ထပ်တူထပ်မျှ သွားရမည့်အလုပ်ကို ကျုပ်တို့လုပ်ဖြစ်တာပဲ (မှန်ပါ) ဒီတော့ ကိုယ်တော်ကြီးလဲ ကြည်ညိုရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ကိုယ့်ကိုယ်ရော (သနားရာရောက်ပါတယ် ဘုရား)။
ကိုယ့်ကိုယ်လဲ သနားတယ်ဆိုရင်
အဲ ကိုယ်တော်ကြီးလဲ ကြည်ညို၊ ကိုယ့်ကိုယ်လဲ သနားတယ်ဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်အတွက်လဲ အပါယ်လွတ် မြောက်နိုင်တာပဲ (မှန်ပါ) ဘုရားကြည်ညိုတဲ့အတွက်လဲ ကျုပ်တို့ ခင်ဗျားတို့သည်ကားလို့ဆိုရင် “ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တ” ဖြစ်တဲ့ ကိုယ်တော်မြတ်ကြီး မြတ်နိုးတဲ့အလုပ်ကိုလုပ်မိကြတယ် (မှန်ပါ) ဘာဖြစ်လို့တုံး၊ တရားနဲ့ ပူဇော်တာကိုး (မှန်ပါ) ပူဇော့်တကာ ပူဇော်ထဲမှာ ဘာနဲ့ပူဇော်တာ အကြိုက်ဆုံးလဲ (ဓမ္မနဲ့ ပူဇော်တာ အကြိုက်ဆုံးပါ ဘုရား) အဲ “ဓမ္မာနုဓမ္မပဋိပတ္တိ” ပဋိပတ္တိကျင့်ပြီး ပူဇော်တာ အကြိုက်ဆုံး (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ကျုပ်တို့ ယနေ့ “ဗုဒ္ဓဘာသာဝင်” အစစ်တော့ ဖြစ်ရမယ်ဆိုတာ ဦးခင်မောင်သေချာပလား (သေချာပါပြီ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ပြီး အားထုတ်ကြဦးစို့၊ အလုပ်တရားဖြင့် ပြပါတော့မယ်၊ အလုပ်တရားနှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိရင် ပြီးတာပဲ (မှန်ပါ ဘုရား)။
ဦးခင်မောင် ဘာတုံးဗျ (နှလုံးသွင်းမှန်ပြီး အားထုတ်မှုရှိရင် ပြီးပါတယ် ဘုရား)။
နှလုံးသွင်းမှန်တယ်ဆိုတဲ့ဥစ္စာ ဘာပါလိမ့်မတုံး ပေါ်လာတာပေါ်လာတာတွေဟာ ပဋိစ္စသမုပ္ပန္နတရာတွေ (မှန်ပါ) အကြောင်းက ပဋိစ္စသမုပ္ပါဒ်နော်၊ ပေါ်လာတဲ့အကျိုးကပဋိစ္စသမုပ္ပါဒနော် ပေါ်လာတဲ့အကျိုးက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ ဘုရား)။
ပဋိစ္စသမုပ္ပန္နဆိုတာ
ပဋိစ္စသမုပ္ပါဒ်က တစ်မျိုး၊ ပဋိစ္စသမုပ္ပန္နက တစ်မျိုး၊ ဦးခင်မောင် နှစ်မျိုးမှတ်နော် (မှန်ပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်က အကြောင်းကိုဆိုတာ (မှန်ပါ) ပဋိစ္စသမုပ္ပန္နဆိုတာ ခင်ဗျားတို့ သန္တာန်ပေါ်လာတဲ့အကျိုးတရား ကို ဆိုတာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့ မြင်စိတ်ကလေးဟာ ပေါ်လာတဲ့အကျိုးတရားမနေဘူးလား (နေပါတယ် ဘုရား) မြင်အောင် လုပ်တဲ့သူ ပေါ်ခြင်း၏ အကြောင်းက ပဋိစ္စသမုပ္ပါဒ် (မှန်ပါ) ဘယ်သူတုံး၊ အာရုံဒွါရက ပဋိစ္စသမုပ္ပါဒ်၊ မြင်လာတဲ့ စိတ်ကလေးက ပဋိစ္စသမုပ္ပန္န (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီ ပဋိစ္စသမုပ္ပန္နဖြစ်တဲ့ တရားကလေးဟာ ခင်ဗျားတို့ ဪ ဒါကလေးဟာ ခန္ဓာကလေး ပေါ်လာပေါ့၊ ခန္ဓာကလေးပေါ်လာပေါ့လို့ သိအောင်လုပ်ပါ (မှန်ပါ) ဒီလိုဆိုတော့ ဦးဘတင်တို့ “ယောနိသော မနသိကာရ” ဆိုက်ပလား (ဆိုက်ပါပြီ ဘုရား) ဓမ္မပေါ်လာတာကို ဓမ္မပေါ်လာတယ်လို့ သိရင် ဆိုက်ပလား (ဆိုက်ပါပြီ ဘုရား)။
အဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါလဲ ဒီလိုနှလုံးသွင်းတာပဲကွတဲ့ (မှန်ပါ) ဒီလို သိလိုက်မယ်ဆိုရင် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝမ်းသာတာပေါ့ ဒကာ ဒကာမတို့၊ အမေမိဘများဟာ ကလေးတွေ လက်ကလေးမြှောက် ပြီး သကာလ လမ်းသွားများသင်တဲ့အခါကျတော့ သူလဲ သွားတာပဲ၊ ကလေးကလေးသွားတတ်ပဟေ့ ဆိုပြီးတော့ မအေ မိဘကလဲ ဝမ်းသာတယ်၊ ပြုံးတယ်၊ မပြုံးဘူးလား (ပြုံးပါတယ် ဘုရား) သူကလဲ လမ်းသွားပြတယ်၊
ကလေးကလေးကလဲ လက်ကလေးဆွဲပြီး လမ်းသွားပြတော့ အမေမိဘများက ဘာဖြစ်သွားသတုံး (ပြုံးပါတယ် ဘုရား) တန်းတူသွားလို့ ဝမ်းသာတာ (မှန်ပါ ဘုရား)။
ကိုယ်တော်ကြီးက ဝမ်းသာနေပြီ
ဒီမှာလဲ ခင်ဗျားတို့ နှလုံးသွင်းမှန်ရင် ကိုယ်တော်ကြီးက ဝမ်းသာနေပြီ (မှန်ပါ) ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပန္န တရားကလေး ပေါ်လာတာကို ပဋိစ္စသမုပ္ပန္နတရားပေါ်ပြီလို့ သိလိုက်တာကိုပဲ ခုနင်က ပြောသလို သွားတတ်ပေ့ဆိုသလိုပဲ ဝမ်းသာပြီး (မှန်ပါ ဘုရား)။
အမေမိဘ လုပ်တဲ့ပုဂ္ဂိုလ်က ကလေးကလေးအတွက် သွားတတ်ပေ့ သွားတတ်ပေ့ ဆိုရတာကို ဆိုလဲ ဆိုရသေးတယ်၊ ဝမ်းလဲသာလျက်ပဲ (မှန်ပါ) ဒီအတိုင်းမနေဘူးလား (နေပါတယ် ဘုရား) အသွားလဲ သင်တယ်၊ ဝမ်းလဲ သာတယ် (မှန်ပါ ဘုရား)။
ဒီမှာလဲ ကိုယ်တော်ကြီးက ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ နှလုံးသွင်းမှန် သွားတော့ ဘုရားဝမ်းသာတဲ့အလုပ်ပဲ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပေါ်လာတဲ့မြင်စိတ်ကလေးသည်ကားလို့ ဆိုရင်ဖြင့် အကြောင်းကြောင့် ပေါ်လာတာ မဟုတ်လား (မှန်ပါ) ဦးခင်မောင် အာရုံဒွါရမရှိဘဲနဲ့ (မပေါ်ပါဘူး) အာရုံဒါွရမရှိဘဲနဲ့ ဘယ်မှာ ဝိညာဏက္ခန္ဓာ ပေါ်မှာတုံးဗျ (မှန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာတို့ နှလုံးသွင်းမှန်ပလား (မှန်ပါ ဘုရား) ဝိညာဏက္ခန္ဓာကလေး ပေါ်လာတယ်နော် (မှန်ပါ) သူမြင်တာလား၊ ငါ မြင်တာလား၊ ခန္ဓာ မြင်တာလား (ခန္ဓာကမြင်တာပါ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါများ ရောနေသေးသလား (မရောပါ ဘုရား) မရောတော့ပါဘူး၊ ဒီဥစ္စာ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားတွေက မြင်နေတယ်ဆိုတာ သေချာသဖြင့်လဲ ဝိစိကိစ္ဆာလွတ်သွားတယ် (မှန်ပါ) မြင်တဲ့တရားကလေး ခန္ဓာက မြင်တယ်၊ ပုဂ္ဂိုလ်သတ္တဝါကမှ မြင်တာ မဟုတ်ဘူးဆိုသဖြင့် ဒိဋ္ဌိကလဲ လွတ်သွားတယ် (မှန်ပါ) ဝိစိကိစ္ဆာလွတ်၊ ဒိဋ္ဌိလွတ်ဆိုတော့ နှလုံးသွင်းမှန်လို့ ဒါလွတ်သွားတာ (မှန်ပါ ဘုရား)။
ဦးဘတင် ဘာကြောင့်ပါလိမ့် (နှလုံးသွင်းမှန်လို့ လွတ်သွားတာပါ ဘုရား)။
အားထုတ်သူတွေ နိဗ္ဗာန်ဝင် အရိယာဖြစ်ကြတယ်
ဒီတရားမျိုးကို ဒီလိုများ စောစောစီးစီးက သိခဲ့ရင် သောတာပန် တည်မည့်ပုဂ္ဂိုလ်ချည်းပဲ (မှန်ပါ ဘုရား) မတည်ကြပေဘူးလား (တည်ပါတယ် ဘုရား) နှလုံးသွင်းက နဂိုက မှန်လာပေါ့ဗျာ၊ (မှန်ပါ) နှလုံးသွင်း မှန်လာတော့ ကုရုတိုင်းလို ဖြစ်သွားမှာပဲ၊ ကုရုတိုင်းမှာ အများအားဖြင့် သတိပဋ္ဌာန်တွေ အားထုတ်တော့ အားထုတ်သူတွေ နိဗ္ဗာန် ဝင် အရိယာ ဖြစ်ကြတယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်လိုက်တာက ဒိဋ္ဌိ ဝိစိကိစ္ဆာသေတယ် (မှန်ပါ) မှန်ကန်စွာ အားထုတ်လိုက်စမ်းပါဆိုတော့ ခုနင်က ဝိညာဏက္ခန္ဓာလေး ခဏကြည့်လိုက်တော့ ပျက်သွားတာကလေး မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား) အပျက်ကလေးတွေ့တဲ့အခါကျတော့ နှလုံးသွင်းမှန်ပြီး အားထုတ်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာစင်ပြီး သကာလ ဖြစ်ပျက်မြင်တယ်ဆိုရပြီ (မှန်ပါ ဘုရား)။
ဒိဋ္ဌိဝိစိကိစ္ဆာလဲ စင်ပြီး (ဖြစ်ပျက်မြင်ပါတယ် ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာလဲ စင်လိုက်သေးတယ်၊ ဖြစ်ပျက်ကော (မြင်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ စင်တာဟာလဲ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်လို့ (မှန်ပါ) ဖြစ်ပျက်မြင်တာက ဖြစ်ဒုက္ခ ပျက်ဒုက္ခ မြင်တာက မဂ်လာလို့ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
နှလုံးသွင်းမှန်မှုကြောင့် ဒိဋ္ဌိဝိစိကိစ္ဆာ စင်သည်၊ ဖြစ်ပျက် မြင်မှုကြောင့် မဂ်ဝင်လာတယ် (မှန်ပါ) သေချာပလား (သေချာပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီအတိုင်းသာ ဒကာ ဒကာမတွေက နှလုံးသွင်းမှန်ပြီး သကာလ အမှန်အကန်မြင်အောင် အားထုတ် နှလုံးသွင်းမှန်ပြီး သကာလ အမှန်အကန်မြင်အောင် အားထုတ်ကြပါ (မှန်ပါ) အားထုတ်လိုက်တော့ ဒကာ ဒကာမတို့ ပေါ်လာတဲ့တရားကလဲ ခန္ဓာတစ်ခုခုပေါ်ရမှာပဲ (မှန်ပါ)။
ပျက်တဲ့တရားကလဲ ဒုက္ခသစ္စာဖြစ်ရမှာပဲ (မှန်ပါ) ပေါ်လာတဲ့ တရားက ခန္ဓာ၊ သဘောကျပလား (ကျပါပြီ ဘုရား) ပျက်သွားတော့ ခန္ဓာ့ဒုက္ခ (မှန်ပါ) ဒါဖြင့် “သံခိတ္တေနပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ခန္ဓာ့ဒုက္ခဖြစ်ပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
နှလုံးသွင်းမှန်တုန်းကတော့ ဘာတုံး
ခန္ဓာနဲ့ ဒုက္ခ ဆက်တတ်လား (ဆက်တတ်ပါပြီ ဘုရား) နှလုံးသွင်းမှန်တုန်းကတော့ ဘာတုံး (ခန္ဓာသိပါတယ် ဘုရား) နှလုံးသွင်းမှန်တော့ ခန္ဓာမသိဘူးလား (သိပါတယ် ဘုရား) အပျက်မြင်တဲ့အခါကျတော့ (ဒုက္ခသိပါတယ် ဘုရား) ဒါဖြင့် ဒီခန္ဓာဟာ ဒုက္ခခန္ဓာ (မှန်ပါ)။
ခင်ဗျားတို့ အရှုခံတဲ့သဘောကလေးက ဘာပါလိမ့် (ဒုက္ခခန္ဓာပါ ဘုရား) ဒုက္ခခန္ဓာလို့ မဆိုနိုင်ဘူးလား (ဆို နိုင်ပါတယ် ဘုရား) “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတဲ့ ပါဠိတော်ထဲ ဝင်-မဝင် (ဝင်ပါတယ် ဘုရား) သေချာပလား (သေချာပါပြီ) အင်မတန် အဖိုးတန်ပါတယ် ဦးဘတင် (မှန်ပါ ဘုရား) ပါဠိတော်နဲ့ကော ကိုက်ပလား (ကိုက်ပါတယ် ဘုရား)။
ပါဠိတော်နဲ့ ကိုက်ဆိုတော့ မူလပါဠိတော်ကလဲ ဘုရားဟော (မှန်ပါ) နောက်ဓမ္မစကြာပါဠိတော်နဲ့ ထိုးပြလိုက် တော့လဲ ဘုရားဟောပဲ (မှန်ပါ) ဒီအတိုင်းပဲဆိုတော့ ဒါဟာ တစ်ထပ်တည်းကတော့ သွားတော့မှာပဲ (မှန်ပါ) မသွားပါနဲ့ဆို လို့ ရသေးရဲ့လား (မရပါ ဘုရား)။
ဒကာ ဒကာမတို့ စာထဲမှာတော့ “သံခိတ္တေန ပဉ္စုပါဒါနက္ခခန္ဓာပိ ဒုက္ခာ” ဆိုတာ ငါ ကျဉ်းကျဉ်းပြောရမယ်ဆို တော့ကွာတဲ့ ခန္ဓာဟာ ဒုက္ခချည်းပါပဲတဲ့ ဦးဘတင် မဟောဘူးလား (ဟောပါတယ် ဘုရား) ခန္ဓာဟာ ဒုက္ခချည်းပါပဲ ဆိုတော့ အခု ခင်ဗျားတို့ နှလုံးသွင်းလိုက်တော့ ဘာတွေ့ကြသတုံး (ခန္ဓာတွေ့ပါတယ် ဘုရား)။
အားထုတ်လိုက်တော့ ဘာတွေ့သတုံး
အားထုတ်လိုက်တော့ ဘာတွေ့သတုံး (ဒုက္ခတွေ့ပါတယ်) ဒုက္ခတွေ့တယ် ပေါင်းလိုက်တော့ ဒီခန္ဓာဟာ ဘာဖြစ် သွားသတုံး (ခန္ဓာဒုက္ခ ဖြစ်သွားပါတယ်) ခန္ဓာဒုက္ခဖြစ်သွားတော့ သစ္စာသိတော့ သစ္စပါဆိုက်လိုက်တော့ ဒုက္ခခန္ဓာဟာ သစ္စာပဲ (မှန်ပါ ဘုရား)။
ဒုက္ခခန္ဓဿ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ) သစ္စာကော မဆိုက်သေးဘူးလား (ဆိုက်ပါပြီ ဘုရား) ကိုင်း – ဒါဖြင့် ဒုက္ခသစ္စာသိတဲ့ အဓိပ္ပာယ်ကော ဒကာသစ်တို့ ကိုမြရွှေတို့ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် နှလုံးသွင်းမှန်ပြီး အားထုတ်မှသာလျှင် ဒကာဒကာမတို့ ဘုရားနဲ့ထပ်တူထပ်မျှ ဖြစ်တယ် (မှန်ပါ ဘုရား) နို့မဟုတ်ရင် ဖြစ်စရာအကြောင်းရှိသေးရဲ့လား (မရှိပါဘူး)။
ကောင်းပြီ ဒါဖြင့် ကြားတယ်ဆိုရင် ဒကာ ဒကာမတို့ ဘာခန္ဓာ ပေါ်သတုံး (ဝိညာဏက္ခန္ဓာပေါ်ပါတယ်) အင်း နှလုံးသွင်းမှန်ပြီး (မှန်ပါ) ဒါကလေးကို ဦးခင်မောင်က ကြည့်လိုက်တော့ ကြားတာကလေး ရှိသေးရဲ့လား (မရှိတော့ပါဘူး) မရှိတော့ ဒုက္ခရောက်သွားပြီ (မှန်ပါ) နှလုံးသွင်းမှန်ပြီး ခင်ဗျားတို့ အားထုတ်တ်လိုက်တဲ့အတွက် ဘယ်သစ္စာ မြင်လိုက်သတုံး (ဒုက္ခသစ္စာမြင်လိုက်ပါတယ် ဘုရား) ဘယ်ဒုက္ခသစ္စာတုံးဆိုတော့ ခန္ဓာ့ဒုက္ခ (မှန်ပါ) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဘယ်ဒုက္ခပါလိမ့် (ခန္ဓာ့ဒုက္ခပါ) ဒါဖြင့် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဆိုတာ တွေ့ြ့ပီဘုရား (မှန်ပါ) ဒုက္ခသစ္စာ တွေ့ပြီဘုရား (မှန်ပါ)။
တပည့်တော်တို့ သစ္စာဆိုတာ တခြားလား အောက်မေ့နေတယ်၊ တပည့်တော်တို့ နှလုံးသွင်းမှန်ပြီး အားထုတ် ပြီး သကာလ မြင်လိုက်တာကလေးက ဒုက္ခသစ္စာပါလား၊ ဟိုပါဠိတော်ထဲ အကုန်ဝင်သွားပါပေါ့လား၊ ပါဠိတော်က ရေးထား တာ အရှည်ကြီးရှိနေတယ်၊ ဟိုမျာ စာရှည်နေတာ ဒီကခန္ဓာ ဒုက္ခရောက်တာ (မှန်ပါ) ဦးခင်မောင် ခန္ဓာတစ်ခု ဒုက္ခသစ္စာ တွေ့တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အနံ့ကလေးနံတယ်ဆိုရင်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အနံ့ကလေးနံတယ်ဆိုရင် နံတဲ့စိတ်ကလေး နှာခေါင်းထဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒါ ဘယ်သူက နံတာမွှေးတာတုံး (ဝိညာဏက္ခန္ဓာက နံတာမွှေးတာပါ) ခန္ဓာက ဆိုကြပါစို့ ဟုတ်လား၊ ဝိညာဏက္ခန္ဓာပဲနော် (မှန်ပါ) အဲဒါကလေးကို ခဏကလေးစိုက်ပြီး ကြည့်လိုက်တဲ့အခါကျတော့ ပျက်မသွားဘူး လား (ပျက်သွားပါတယ် ဘုရား) ပျက်ဒုက္ခ တွေ့သွားတယ် (မှန်ပါ) ပေါင်းလိုက် ခန္ဓာနဲ့ ဒုက္ခပေါင်းလိုက်တော့ (ခန္ဓာဒုက္ခ ဖြစ်သွားပါတယ်) ဒုက္ခခန္ဓာဖြစ်သွားပြီ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒုက္ခခန္ဓာမဖြစ်သေးဘူးလား (ဖြစ်ပါတယ်) ဒါဖြင့် ဒုက္ခသစ္စာပေါ့ ဦးခင်မောင်ရ (မှန်ပါ ဘုရား) ဒါဖြင့် ဒုက္ခသစ္စာ ကို ခင်ဗျားတို့ ပိုင်ပိုင်နိုင်နိုင် သိကြတာပဲ (မှန်ပါ) နှလုံးသွင်းကောင်းပြီး အားထုတ်လိုက်တာနဲ့ ဒုက္ခသစ္စာ သိတာပဲ၊ ဒုက္ခသစ္စာကို သိရာမှ အသိရင့်ကျက်သွားပြီး ပိုင်ပိုင်နိုင်နိုင် ထိုးထိုးထွင်းထွင်းသိရင် မဂ်ပဲ (မှန်ပါ) သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီလိုပေါ်လာတဲ့တရားကလေးကို သိအောင်လုပ်နေမှ ခင်ဗျားတို့ မဂ်ကလဲ ရမှာနော် (မှန်ပါ) နို့မဟုတ်ရင် ပေါ်လာတဲ့တရားသိအောင် မလုပ်ရင် ဒီမဂ်ရမှာ မဟုတ်ဘူး (မှန်ပါ ဘုရား)။
ပေါ်လာတဲ့တရားကလေးကို ဦးခင်မောင်တို့ သေသေချာချာစောင့်ကြည့်တဲ့ သဘောလုပ်မှာနော် (မှန်ပါ) စောင့်ကြည့်တဲ့ သဘောမှမပါဘူးဆိုလို့ရှိရင်ဖြင့် ခန္ဓာလဲ မတွေ့ ဒုက္ခကော ဖြစ်နိုင်သေးရဲ့လား (မဖြစ်နိုင်ပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ခန္ဓာရော ဒုက္ခရော တွေ့အောင်ဆိုတော့
ဒါဖြင့် ခန္ဓာရော ဒုက္ခရော တွေ့အောင်ဆိုတော့ နှလုံးသွင်းမှန်ပြီး အားထုတ်မှု ရမယ် (မှန်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လျှာပေါ်မှာ ချိုချဉ်ဖန်ငန် အရသာတွေ တင်လိုက်တဲ့ အခါကျတော့ ချိုသိစိတ်၊ ချဉ်သိစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ဘာပေါ်တာပါလိမ့် (ခန္ဓာ ပေါ်တာပါ ဘုရား) ဘာခန္ဓာပါလိမ့် (ဝိညာဏက္ခန္ဓာပါ ဘုရား) ဝိညာဏက္ခန္ဓာပေါ်တော့ ဦးခင်မောင် စောင့်ကြည့်လိုက်စမ်း ဘယ့်နှယ်နေသတုံး (ပျက်သွား ပါတယ်) ပျက်သွားတော့ ခန္ဓာ ဘာဖြစ်သွားသတုံး (ဒုက္ခရောက်သွားပါတယ် ဘုရား)။
ဒါဖြင့် ဒုက္ခခန္ဓာဆိုတာ သူများပြောလား၊ ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား) ဒါဖြင့် ဒိဋ္ဌဓမ္မောပေါ့ဗျ (မှန်ပါ) “ပရိယောဂါဠဓမ္မော” တိဏ္ဏဝိစိကိစ္ဆောတဲ့” သံသယရှိသေးသလား (မရှိပါ ဘုရား) ကဲ ဒါဖြင့် အဖြေရောက်လို့ ပိုင်ပိုင်နိုင်နိုင်သိရင် သောတပန်အသိ ဖြစ်သွားပြီ (မှန်ပါ ဘုရား)။
အဲဒီလိုသာ သိသိ သိသိသွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ပြီး အားထုတ်မှုသာရှိရင် ဦးဘတင် ဘာပူစရာလိုသေးသတုံး (မလိုပါ ဘုရား) ကိုမြရွှေတို့လဲ ဘယ်လောက် နေရာကျသတုံး (ကျပါတယ်) အဲ ကိုယ်ပေါ်ယားယံ တယ်၊ ဒကာ ဒကာမတို့ ယားစိတ်ကလေးပေါ်တယ် တစ်ခုခုနဲ့ထိလို့ မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)။
နေနဲ့ထိလို့၊ လေနဲ့ထိလို့၊ ခုံနဲ့ထိလို့၊ ဖုံနဲ့ထိလို့၊ မြေမှုန့်တွေနဲ့ထိလို့၊ ယားတယ် အစရှိသည်နဲ့ဆိုတော့ ပဋိစ္စသမုပ္ပာဒ် ကလဲ အားထုတ်လိုက်တော့ ပဋိစ္စသမုပ္ပန္နဆိုတဲ့ ယားစိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒါဘာတုံးဆိုရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာပါ) ဝိညာဏက္ခန္ဓာပဲ (မှန်ပါ) အဲဒီ ဝိညာဏက္ခန္ဓာကလေးကို ဦးဝတို့ စောင့်ကြည့်လိုက်တော့ ဘယ့်နှယ်နေသတုံး (ပျက်သွားပါတယ်) ပျက်သွားတာဟာ ဒကာ ဒကာမတို့ ချမ်းသာတာလား ဆင်းရဲတာလား (ဆင်းရဲ ပါတာပါ ဘုရား)။
နဂိုက ပေါ်လာတာက ခန္ဓာ၊ ခန္ဓာပျက်သွားတာက ဆင်းရဲတယ်၊ ဟုတ်လား (မှန်ပါ)၊ ဒါဖြင့် ဒုက္ခခန္ဓာ သေချာပလား (သေချာပါပြီ ဘုရား)။
ဘယ်ခန္ဓာပေါ်ပေါ် ဘာပေါ်လိမ့်မယ်ထင်ကြသတုံး
ဘာခန္ဓာတဲ့ (ဒုက္ခခန္ဓာပါ ဘုရား) အဲ ဒုက္ခခန္ဓာဆိုတော့ ဘယ်ခန္ဓာပေါ်ပေါ် ဘာပေါ်လိမ့်မယ်ထင်ကြသတုံး (ဒုက္ခခန္ဓ ပေါ်ပါတယ်) ဒါဖြင့် ပါဠိတော်ရွတ်လိုက်ပါလား “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ” ဘုရားက ပေါင်းထား တယ်၊ အဲဒီအထိကြည့်လိုက်တော့ အဲဒီလိုမြင်လာရမယ် တို့က အစိတ်အစိတ်မြင်ပေါ့ဆိုတာ သေချာနေတယ် (မှန်ပါ) မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒီကဲ့သို့ သိတဲ့အခါကျတော့မှ ဪ ဒုက္ခခန္ဓက ဒုက္ခသစ္စာနော် (မှန်ပါ) ပိုင်ပိုင်နိုင်နိုင်သိတာက မဂ္ဂသစ္စာ၊ တဏှာဝင်မရှုပ်တာက တဏှာသေနေလို့ ဒီမဂ္ဂင်က နိဗ္ဗာန်ကို မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား) ထိုကဲ့သို့ အမြင်ခံ ရတာက နိရောဓသစ္စာ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘာများလိုသေးသတုံး (မလိုပါဘူး ဘုရား) ဝမ်းထဲမှာ ကြံစည်စိတ်ကလေး ပေါ်လိုက်တယ်၊ ဘာဖြစ်ဖြစ် ကောင်းတာကြံကြံ မကောင်းတာ ကြံကြံ ခင်ဗျားတို့ ကြံချင်တာကြံ၊ အဲဒီကြံစိတ်ကလေးဟာ တစ်ခုခုတော့ မပေါ်ပေဘူး လား (ပေါ်ပါတယ် ဘုရား) အဲဒါ ဘာပေါ်တာပါလိမ့် (ခန္ဓာပေါ်တာပါ) ဘာခန္ဓာပါလိမ့် (ဝိညာဏက္ခန္ဓာပါ) ဝိညာဏ က္ခန္ဓာပေါ့၊ မနောဝိညာဏ်ကိုး (မှန်ပါ ဘုရား)။
ကဲ ဝိညာဏက္ခန္ဓာလဲ ဟုတ်ပါပြီတဲ့ စောင့်ကြည့်လိုက်တော့ ဒီကြံစိတ်ကလေးဘယ့်နှယ်တုံး (ပျက်သွားပါတယ်) ပျက်သွားတာ ဒကာ ဒကာမတွေ သေတာပဲ မဟုတ်လား (မှန်ပါ) သေတာက ချမ်းသာတာလား၊ ဆင်းရဲတာလား (ဆင်းရဲတာပါ) အဲ ဆင်းရဲတာကို ခုနင်က ခန္ဓာနဲ့ပေါင်း (ဒုက္ခခန္ဓာပါ) ဒုက္ခခန္ဓာ၊ ဒုက္ခာ ဆင်းရဲတာ၊ ခန္ဓာက ခန္ဓာ၊ ဪ ဒုက္ခခန္ဓာဆိုတာဟုတ်ပါပြီ ဘုရားဟောတော်မူတာ ကိုယ်တွေ့သဘောကျပြီ (မှန်ပါ ဘုရား)။
ဘုရားဟောတော်မူတာ ဘာတုံး (ကိုယ်တွေကသဘောကျပြီ ဘုရား) ကိုယ်တွေ့ဆိုတာ ဉာဏ်တွေ့နော် (မှန်ပါ) “ဒိဋ္ဌဓမ္မော ပတ္တဓမ္မော” ဆုံးဖြတ်ချက် ချနိုင်ပလား၊ ဒီအချိန်မှာ (ချနိုင်ပါတယ် ဘုရား) အဲဒါ သောတပန်အသိဗျ (မှန်ပါ) သူများအသိလို့ ယူပြီး မနေကြပါနဲ့ ဒကာ ဒကာမတို့ (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အသိခံရတာက ဒုက္ခသစ္စာ
အဲဒီတော့ အသိခံရတာက ဒုက္ခသစ္စာ၊ သိဉာဏ်တွေက (မဂ္ဂသစ္စာပါ) အပိတ်အပင်အဆီးအတားမရှိလို့ သိတာ မဟုတ်လား (မှန်ပါ) အပိတ်အပင် အဆီးအတား တရားတွေ ရှိသေးရဲ့လား (မရှိပါ ဘုရား) မရှိတာက သေသွားတာ (မှန်ပါ) သမုဒယအမိုက်အမဲတွေ သေသွားတယ် (မှန်ပါ) သမုဒယ အမိုက်အမဲတွေ သေသွားတော့ ခုနင်က မဂ်ဉာဏ်က နှစ်ခု အမှုထမးတယ်၊ ဒုက္ခလဲ ပိုင်းခြားတယ်၊ နိဗ္ဗာန်ကိုလဲ သူ မမြင်ဘူူးလား (မြင်ပါတယ်) အဲ-သူမြင်တဲ့နိဗ္ဗာန်က “နိရောဓသစ္စာဆိုတာ” မသေချာဘူးလား (သေချာပါတယ်) အဲဒီလို ထိအောင် လုပ်လို့ရှိရင်ဖြင့် မဂ်လေးတန် တန်းရတယ် (မှန်ပါ ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါလဲ သင့်တင့်မှန်ကန်စွာ နှလုံးသွင်းလို့ မှန်ကန်စွာ အားထုတ် ခြင်းကြောင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့နိဗ္ဗာန်ကြီးရောက်ခဲ့တယ်၊ မျက်မှောက်ပြုနိုင်ခဲ့တယ်၊ ငါ၏တပည့်သားများလဲ သင့်တင့်မှန်ကန်စွာ နှလုံးသွင်းပြီး မှန်ကန်စွာအားထုတ်လို့ ငါကဲ့သို့ ထပ်တူထပ်မျှ ရောက်ပါစေဆိုတဲ့အဓိပ္ပာယ်က ခင်ဗျားတို့ လုပ်ရင် တစ်ထပ်တည်း ရောက်မယ် (မှန်ပါ) တစ်ထပ်တည်းရောက်လို့ရှိရင်ဖြင့် ကိုယ်တော်မြတ်ကြီးလဲ ကြည်ညို (မှန်ပါ) ကိုယ့်ကိုယ်လဲသနား (သနားပါတယ် ဘုရား)။
ဆင်ခြေလဲနေလို့ရှိရင်
ဆင်ခြေလဲနေလို့ရှိရင်တော့ ဘယ်နှယ့်ဆိုမတုံး (ကိုယ်တော် မြတ်ကြီးလဲ မကြည်ညို ကိုယ့်ကိုယ်လဲ မသနားပါတယ် ဘုရား)။
အဲဒီလိုဆိုတော့ တိရစ္ဆာန်များတောင် ဖြစ်သွားပြီ (မှန်ပါ) လူစင်စစ်ကတော့ တိရစ္ဆာန်အဖြစ်မခံနိုင်ဘူးဟ၊ ကိုယ်တော်ကြီးအိမ်ပေါ်ထားပြီး သကာလ ကြည်ညိုပါတယ်ဆိုတာလဲ ပါးစပ်နဲ့ ပြောနေရတာ မဟုတ်ဘူး၊ အလုပ်လုပ်မှ ပြီးတော့မယ်ဆိုပြီး လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ဒီတွင် တော်ကြဦးစို့
သာဓု သာဓု သာဓု။