12801

မာတိကာသို့

သမုဒယသစ္စာ၏ နိဒါနဋ္ဌသဘော

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

ဟောကြားဆုံးမတော်မူသော

သမုဒယသစ္စာ၏ နိဒါနဋ္ဌသဘော

နေ့ အလုပ်ပေးတရားတော်

(၂၇-၁၁-၅၇)

ဒီနေ့တော့ ဒုက္ခတွေပေးပါတော့မယ်တဲ့၊

မနေ့က သမုဒယသစ္စာဟာ ဒုက္ခဝတ္တု၊ ဒုက္ခမှုတွေကို စုစုပြီး သကာလ ဒကာ ဒကာမတွေ ဝေခြမ်းပေးနေတဲ့ သဘော တွေကို ဟောထားခဲ့ပြီးပြီ (မှန်ပါ့) ဒီနေ့တော့ နိဒါနဋ္ဌောဆိုတဲ့ ဘုရားဟောတော်မူတာ ပြောရမယ် (မှန်ပါ့ ဘုရား)။

ဒုက္ခဝတ္တု၊ ဒုက္ခမှုတွေကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ်ဆောင်နှင်းစေအပ်တဲ့ သဘောသည် လည်းကောင်း (မှန်ပါ့) မနေ့ကတော့ ဒုက္ခတွေစုထားတာဟောတယ် (မှန်ပါ့ ဘုရား) ဒီနေ့တော့ ဒုက္ခတွေပေးပါတော့မယ်တဲ့၊ ဒုက္ခတွေပေး ပါတော့မယ်ဆိုတာ သမုဒယပဲ (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာသည် ဒကာ ဒကာမတို့ ဒုက္ခမျိုးစုံကို စုထားတာ ယနေ့ ဖြန့်ကြဲပြီး သကာလ ပေးတတ်တဲ့သဘောလည်း သူပါပဲလို့မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒုက္ခမျိုးစုံအကုန်ပေးတတ်တဲ့ သဘောလဲဘယ်သူပါလိမ့် (သမုဒယသစ္စာပါ) သမုဒယသစ္စာ တဏှာ လောဘ လို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။

ဒီဒုက္ခကိုဖြင့် မင်းလက်ခံပါ

တစ်ခါတည်း ဒကာ ဒကာမတို့ မယူချင်မနေရအောင် ဒါမင်းယူတော့၊ ဒါကိုမင်းလက်ခံပါ၊ ဒီဒုက္ခကိုဖြင့် မင်းလက်ခံ ပါ၊ မယူဘဲမရှိပါနဲ့ ဆိုပြီး သကာလ ပေးတတ်တဲ့ သဘောသတ္တိဟာ ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ) သမုဒယသစ္စာ တဏှာ လောဘလို့ ဒကာသိုက်တို့ ဒကာကြွယ်တို့ မှတ်ထားတာပေါ့ (မှန်ပါ့ ဘုရား)။

အဲ့ဒါ ဒကာ ဒကာမတွေကလဲ ဒီသမုဒယသစ္စာတည်းဟူသော တဏှာ လောဘကို မစွန့်နိုင် မခွါနိုင် မပယ်နိုင်ပြီ ဆိုမှဖြင့် သူပေးသ၍ကို အကောင်းအဆိုးရယ်လို့ မရွေးနိုင်ဘူး၊ အဆိုးချည့်ပေးတာဆိုပင်လျှင် လက်ခံယူကြရတာဘဲ (မှန်ပါ့) သူ့ကို မပယ်နိုင် မစွန့်နိုင် မခွါနိုင်တဲ့ ပုဂ္ဂိုလ်ဟာ သူပေးသ၍ ယူရုံဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သမုဒယသစ္စာသည် ဒကာ ဒကာမတို့ကို ဒုက္ခမျိုးစုံ အကုန်ပေးတတ်တဲ့တရား (မှန်ပါ့) ဒါကြောင့် ဪ ကံမကောင်း အကြောင်းမသင့်လို့ တပည့်တော်တို့မှာဖြင့် ဒုက္ခမျိုးစုံနဲ့ အကုန်ကြုံပြီး သကာလ နေတယ်ဆိုတာက ကမ္မဝါဒီ ဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်ဆိုတာပါ၊ ပေးတာက သမုဒယသစ္စာပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီ သမုဒယချုပ်တဲ့အခါကျတော့ မနေ့ကပြောခဲ့တယ် ဒကာကြွယ်တို့ ကံကောမချုပ်ဘူးလား (ချုပ်ပါတယ်) ကံဟာ ပေးနိုင်သေးရဲ့လား (မပေးနိုင်ပါ ဘုရား)။

သမုဒယမချုပ်သေးလို့ရှိရင်တော့ ကံက မျက်နှာပြောင်တိုက်ပေးတာဘဲ (မှန်ပါ့) တကယ် နောက်က နေပြီး အကြံ ဉာဏ်ပေးတွေ ရှိတာကတော့ သမုဒယဘဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကံက တစ်ခါတည်း ဒကာ ဒကာမတို့ကို အထင်အရှား သူကတော့ဖြင့် မျက်နှာပြောင်တိုက်ပေးနေရတယ်၊ သူကတော့ မြင်ခံပေးတာပေါ့ဗျာ (မှန်ပါ့) တကယ်တမ်း လက်သိပ်ထိုးနဲ့ မပေးမနေရအောင် သူ့အပေါ်မှာ ဩဇာအုပ်ချုပ်နေတာက သမုဒယသစ္စာ တဏှာ လောဘ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကံကပေးထားတာလား

ဒါဖြင့် ကံကပေးထားတာလား၊ သမုဒယသစ္စာ၏ ဩဇာကို မလွန်ဆန်နိုင်တာနဲ့ ကံက မျက်နှာပြောင် တိုက်ပြီး ပေးနေ ရတာလားဆိုတာ စဉ်းစားပါ (သမုဒယ၏ ဩဇာကို ကံက မျက်နှာပြောင်တိုက်ပြီး ပေးနေရတာပါ ဘုရား)။

သူ့ဩဇာကို မလွန်ဆန်နိုင်တာနဲ့ဘဲ ဒကာသစ်၊ ဒကာကြွယ်ရေ ကံတွေကပေးပြီးနေရတော့ ဒကာ ဒကာမတွေကလဲ ကံကိုဘဲစွဲချက်တင်နေကြတယ် (မှန်ပါ့)။

ကံမကောင်း အကြောင်းမသင့်လို့ တပည့်တော်တို့ ဒုက္ခမျိုးစုံကြုံရတယ်၊ ကံမကောင်းအကြောင်းမသင့်လို့ ဒုက္ခမျိုးစုံ ကြုံရတယ်၊ ဒီလိုချည့်ပဲ စွဲချက်တင်နေကြတယ် (မှန်ပါ့) လွဲလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါ နဲ့တော့ တရားခံအစစ်ကို မမိသေးဘူး (မှန်ပါ့ ဘုရား)။

ကံက မျက်နှာပြောင်တိုက်တာ၊ ကံကမျက်နှာပြောင်တိုက်တာ တကယ်တမ်း အကြံပေးအရာရှိက ဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား) တကယ်တမ်း ဩဇာရှိတာဘယ်သူတုံး (သမုဒယသစ္စာပါ ဘုရား)။

မယုံလို့ရှိရင် ဒကာ ဒကာမတို့ အင်္ဂုလိမာလသတ်ထားတဲ့ကံတွေဟာ မနည်းဘူးပေါ့၊ အဲ့ဒီကံတွေဟာ ဘုရားနဲ့တွေ့ တော့ ကိလေသာကုန်ခမ်းအောင် တရားဓမ္မဟောပြီး သူက တရားဓမ္မတွေ ခန္ဓာဉာဏ်ရောက်အောင် ကျင့်လိုက်တော့ သမုဒယသစ္စာ ချုပ်ထွက်သွားတယ် (မှန်ပါ့ ဘုရား)။

ဘယ်သူချုပ်ငြိမ်းလို့ပါလိမ့်

ချုပ်ထွက်သွားတော့ ကံတွေက ပဋိသန္ဓေအကျိုးပေးဖို့ရာ ငရဲအိုးတွေ ငရဲမီးတွေဟာ ချုပ်ငြိမ်းရတယ် (မှန်ပါ့) ဘယ်သူ ချုပ်ငြိမ်းလို့ ချုပ်ငြိမ်းတာလဲဆိုတာ သဘောကျပြီလား (ကျပါပြီ) ဘယ်သူချုပ်ငြိမ်းလို့ပါလိမ့် (သမုဒယသစ္စာချုပ်ငြိမ်းလို့ပါ ဘုရား)။

အဲ့ဒီကတည်းက အားလုံး ဒကာ ဒကာမတွေက စဉ်းစားရမယ် ဪ တို့ကံကိုချည့် အပစ်ချနေတာ မမှန်လှသေး ပါဘူး လွဲတယ်ဟေ့ (မှန်ပါ့) ကံချနေတာ တို့လွဲတယ်ဟေ့ သမုဒယမချုပ်သေးသမျှသာ ကံကလုပ်နိုင်တာ၊ သမုဒယချုပ်ရင် ကံက အဟောသိကံချည့်ဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံကိုကြောက်ရမှာလား သမုဒယကိုကြောက်ရမှာလား (သမုဒယကို ကြောက်ရမှာပါ) အဲ့ဒီမှာ ဒကာ ဒကာမတွေ ယနေ့ကစပြီးတော့ ကံကလက်အောက်ခံပါ ကံကို ကြောက်စရာမရှိလှပါဘူး၊ သမုဒယခေါင်းစည်းပါ ခေါင်းစည်းကိုကြောက်ရမှာ ဒကာ ဒကာမတွေ ကံကိုကြောက်နေတဲ့အတွက် အမှားတစ်မျိုးဖြစ်နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာကိုကြောက်ရမှာတုံး (သမုဒယကို ကြောက်ရမှာပါ) ကံကိုသာ ကြောက်နေကြတယ် ဒကာကြွယ်တို့ ဒါပြင်ပေးမဲ့ ဆရာသမားများနဲ့ မတွေ့ရင် ကံကိုသာ ကြောက်နေရမှာဘဲ ကံကိုဘဲ တောင့်တနေမှာဘဲ (မှန်ပါ့ ဘုရား)။

ကံကိုတောင့်တနေပြန်လို့ရှိရင်လဲ ဝေဿန္တရာမင်းဘဝက လှူထားတဲ့ ကံတွေဟာ တစ်ခါတည်း ကုသိုလ်ကံတွေမှ နည်းတာတွေမဟုတ်ဘူး၊ အဲ့ဒီကံတွေလည်း ခုနေက သမုဒယက သေတော့ ကံတွေ အကျိုးပေး တာတွေဟာ ရုပ်သိမ်းလိုက် ရတယ် (မှန်ပါ့ ဘုရား)။

တဏှာကို ရုပ်သိမ်းလိုက်

ကုသိုလ်ကံတွေအပေါ်လည်း သူကနိုင်တာဘဲ၊ အကုသိုလ်ကံတွေအပေါ်ကော (နိုင်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ကံတွေကို ရုပ်သိမ်းချင်လို့ရှိရင် ကံကိုရုပ်သိမ်းမနေနဲ့ တဏှာကို ရုပ်သိမ်းလိုက် (မှန်ပါ့) ဒါ အင်မတန်သဘောပေါက် တယ်လို့မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဘာကို ရုပ်သိမ်းကြမလဲ (တဏှာကိုရုပ်သိမ်းကြရပါမယ်) ဒကာကြွယ်တို့ ဘာကိုရုပ်သိမ်းမှ သင့်မတုံး (တဏှာကို ရုပ်သိမ်းမှသင့်ပါမယ်) တဏှာရုပ်သိမ်းတော့ တဏှာနိရောဓာ ဘယ့်နှယ့်ဆက်ကြမတုံး (ဥပါဒါနနိရောဓော) ဥပါဒါနနိရောဓာ (ကမ္မဘဝနိရောဓော) ကမ္မဘဝနိရောဓောဆိုတော့ ကုသိုလ်ရော အကုသိုလ်ရော အကုန်ချုပ်တယ် (မှန်ပါ့)။

ပါဠိတော်နဲ့ ကိုက်နေတာဘဲ (မှန်ပါ့) ကုသိုလ်ကံကလဲ အဲ့ဒီမှာကြည့်စမ်း တဏှာနိရောဓောထဲ ရောပြီးသွားတော့တာဘဲ ချုပ်သွားတယ် (မှန်ပါ့ ဘုရား)။

အကုသိုလ်ကံတွေကော (ချုပ်သွားပါတယ် ဘုရား) ဒါဖြင့် ဒီကံတွေဟာ ဘယ်သူ့လက်အောက်ခံဆိုတာ ယနေ့ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဘယ်သူ့လက်အောက်ခံပါလိမ့် (သမုဒယလက်အောက်ခံပါ ဘုရား)။

အဲ့ဒီမှာ ဝတ္တုထုတ်ပြလိုက်တယ် တိုတိုဘဲနော် (မှန်ပါ့) အင်္ဂုလိမာလ ခိုးသူကြီး အကုသိုလ်ကံတွေ ရုပ်သိမ်းသွားတာဘဲ တဏှာရုပ်သိမ်းလို့ ကံတွေရုပ်သိမ်းရတယ် (မှန်ပါ့)။

ဘုရားဟာ ဝေဿန္တရာမင်းလက်ထက်က လှူထားတာတွေပင် အကျိုးပေးခံစားနေမယ်ဆိုရင် ဘယ်မှာဆုံးပါ့မလဲ၊ ကောင်းကျိုးတွေ ကောင်းကျိုးတွေ (မှန်ပါ့ ဘုရား)။

အဲ့ဒါတွေလဲ ဘယ်သူက ရုပ်သိမ်းလိုက်ပါလိမ့် (တဏှာတွေရုပ်သိမ်းလို့ ကုန်သွားပါတယ်) တဏှာ ရုပ်သိမ်းလိုက်သည် နဲ့တပြိုင်တည်း သူတို့လည်း ရုပ်သိမ်းပြီးသားဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

ကံပေါ်မှာ ဘယ်သူဦးစီးနေလဲ

ဒါဖြင့် ကံပေါ်မှာ ဘယ်သူဦးစီးနေလဲဆိုတာ ယနေ့တရားမှာပေါ်လာတယ် (မှန်ပါ့) ဘယ်သူဦးစီးနေသတုံး (သမုဒယ ဦးစီးနေပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ အမြဲတမ်း ဒုက္ခခပ်သိမ်းငြိမ်းချင်ကြလို့ရှိရင်ဖြင့် ကံကိုရုပ်သိမ်းမနေကြပါနဲ့၊ ဘာကိုရုပ်သိမ်း ရမလဲ (သမုဒယကိုရုပ်သိမ်းရပါမယ် ဘုရား)။

တဏှာရုပ်သိမ်းလိုက်ရင် ကံတွေပါသွားတာဘဲ (မှန်ပါ့) အဲ့ဒီမှာ မယူတတ် မပြုတတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သစ္စဉာဏ် တွေ မဆိုက်တဲ့ပုဂ္ဂိုလ်တွေကျတော့ ကံချည့် အပြစ်တင်ထားတာဘဲ ဒကာကြွယ်ရေ (မှန်ပါ့ ဘုရား)။

တဏှာကို အပြစ်တင်တာပါရဲ့လား (မပါ ပါ ဘုရား) စင်စစ် တဏှာက နောက်မှာပုန်းလျှိုးနေတယ် (မှန်ပါ့) ကံက မျက်နှာပြောင်တိုက်ပြီး သူကစီမံနေတယ် (မှန်ပါ့ ဘုရား)။

တကယ် အုပ်ချုပ်ရေးကတော့ဖြင့် နောက်ကနေပြီး ကြိုးဆွဲနေတာက တဏှာကြိုးဆွဲနေတယ် (မှန်ပါ့) အကုသိုလ် ကံတွေ အနန္တ အကျိုးပေးဖို့ကိုလဲ ဘယ်သူကကြိုးဆွဲနေသတုံး (တဏှာက ကြိုးဆွဲနေပါတယ်) အကုသိုလ်ကံတွေ ဘုံဘဝတွေ ဆက်ဆက် ဆက်ဆက်ပြီး ဘုံဘဝတွေပြောင်းပေးနေတာလဲ ဘယ်သူတုံး (တဏှာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကံနဲ့ တဏှာဟာ ဘယ်ဟာကြောက်စရာကောင်းသတုံး (တဏှာကြောက်စရာ ကောင်းပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ)။

ဒါကြောင့် ခင်ဗျားတို့ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ နမက္ကာရ ဘုရားရှိခိုးမှာ “ကုသလာ ကုသလံဇဟံ” ကုသိုလ် အကုသိုလ် စွန့်လိုက်ပြီဆိုတာ ကံတွေစွန့်လိုက်တာ တဏှာသေပြီလို့ပြောတာ (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်နဲ့ တဏှာကိုသတ်ပစ်လိုက်နိုင်ပြီ၊ ဒါကြောင့် ကုသိုလ်အကျိုးပေးလဲ မပေးနိုင်တော့ဘူး၊ အကုသိုလ်အကျိုး ပေးကော (မပေးနိုင်ပါ ဘုရား) ဘာကိုသတ်ပြစ်လိုက်လို့ပါလိမ့် (တဏှာကို သတ်ပြစ်လိုက်လို့ပါ ဘုရား)။

နိဒါနဋ္ဌောဆိုတာ

ကဲ တဏှာမသတ်တဲ့ ဒကာ ဒကာမတွေကျတော့ နိဒါနဋ္ဌောဆိုတာ လာလိမ့်မယ် (မှန်ပါ့) နိဒါနဋ္ဌောဆိုတာ ဒုက္ခ ဝတ္တု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲကျန်အောင် ပေးမယ်တဲ့ ဒုက္ခကို (မှန်ပါ့ ဘုရား)။

တစ်ရံမစဲတော့ ဘယ်တော့မှလည်း ခင်ဗျားတို့ အားလပ်ခွင့်မရပါဘူးတဲ့ (မှန်ပါ့) အမြဲပေးအပ် ဆောင်နှင်း တတ်တဲ့ အနက်သဘောသည်လည်းကောင်း ကဲ သမုဒယသစ္စာ၏သတ္တိပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ်ဆောင်နှင်းရမယ်တဲ့ (မှန်ပါ့) ဒီဒုက္ခတွေ မကျန် အကုန်ယူ ရမယ် ငြင်းကိုမငြင်းနဲ့တဲ့ (မှန်ပါ့) ဘယ်သူကတုံး (သမုဒယသစ္စာကပါ ဘုရား)။

ကြောက်စရာကောင်းလိုက်တာ ဒကာ ဒကာမတွေ သမုဒယသစ္စာဟာ သာမညဆိုလို့ရှိရင် အကုသိုလ်စိတ်ဟာ အဲ့ နှစ်ခုက လောဘစေတသိက်ခေါ်တဲ့ သမုဒယပြုတ်ရင် အကုန်ပြုတ်တယ်လို့ ဟောထားတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ ဒကာသိုက်တို့က စဉ်းစားရမယ် ကံသတ်ရုံနဲ့တော့ မသေနိုင်သေးဘူး ဘာသတ်မှတုံး (သမုဒယ သတ်မှပါ) တဏှာသတ်လိုက်လို့ရှိရင်ဖြင့် တစ်ခါတည်း ဒကာ ဒကာမတို့ အကျိုးပေးဟူသ၍ ပဋိသန္ဓေ အကျိုးပေးမည့်ဟာတွေ အလုံးစုံ အကုန်ချောထွက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်သူ့ကြောက်ရမှာပါလိမ့်

ဒါဖြင့် ဘယ်သူ့ကြောက်ရမှာပါလိမ့် (တဏှာကြောက်ရမှာပါ ဘုရား) တဏှာကိုတော့မကြောက်ဘူး ကံကိုကြောက်နေ ကြတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခဲကိုသာကြောက်နေတယ်၊ ပစ်တဲ့သူကိုမကြောက်တဲ့ တိရစ္ဆာန်လိုဖြစ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခဲကိုသာကြောက်ပါတယ်၊ ပစ်တဲ့သူကို မကြောက်ဘူးဆိုလို့ရှိရင် ဒကာ ဒကာမတိုပ တိရစ္ဆာန်ကြောက် ဖြစ်နေတယ် (မှန်ပါ့) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ခဲဆိုတာ ကံနဲ့တူတယ်၊ ပစ်တဲ့သူက တဏှာနဲ့တူတယ် (မှန်ပါ့) ပစ်တဲ့လူကို ကြောက်ရမှာ ခဲကိုကြောက်မနေနဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခဲနဲ့ပစ်တဲ့လူ ဘယ်ဟာကို ကြောက်ရမှာတုံး (ပစ်တဲ့လူကို ကြောက်ရမှာပါ) သို့သော် မသိတဲ့ ခွေးတိရစ္ဆာန်များ ကိုကြည့် ပါ၊ ခဲနဲ့ပစ်ရင် ခဲကိုသာရှောက်ပြီး ကိုက်နေတာဘဲ၊ တုတ်လာရင် တုတ်ကိုရှောက်ပြီး ကိုက်နေတာဘဲ၊ ပစ်တဲ့လူကို လိုက်ပြီး ကိုက်ပါ့မလား၊ ဒီလိုတော့ မကိုက်ဘူး မဟုတ်လား (မကိုက်ပါ ဘုရား)။

အဲ့ဒီတော့ ဒါဟာ တိရစ္ဆာန်မို့ အကြောင်းအကျိုးကွဲသေးရဲ့လား (မကွဲပါ ဘုရား) သေသေချာချာ စဉ်းစားကြပါ၊ ပဋိစ္စ သမုပ္ပါဒ်မှာ တဏှာ ဥပါဒါန်က အကြောင်း ကံက ဘာတုံး (အကျိုးပါ ဘုရား)။

အကျိုးဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတွေဟာ အကျိုးကို ကြောက်နေတယ်၊ အကြောင်း ဖြစ်တဲ့ တဏှာကို မကြောက်ဘူးလို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အကြောက်ကို မှားနေသေးတယ်

တယ်လဲ မသိတာဟာနစ်နာပါလား (မှန်ပါ့) ဒကာ ဒကာမတို့ မသိတာ အဆိုးဆုံးပဲ (မှန်ပါ့) ကြောက်စရာကောင်းတာ တော့မကြောက် ကြောက်စရာမကောင်းတာကို (ကြောက်ပါတယ် ဘုရား) အဲ့ဒါ အကြောက်ကို မှားနေသေးတယ်လို့ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ်) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

အခုတော့ ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို မယူရင်မနေရအောင် ပေးလေသမျှ ဘယ်သူတုံး (သမုဒယပါ) ရှင်းပြီလား (ရှင်းပါ ပြီ ဘုရား)။

အဲ့ဒီတော့ ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို သူကပေးတော့ ခင်ဗျားတို့ကလည်း မငြင်းသာ မဆန်သာဆိုသလိုဘဲ လက်ခံကြ ရတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဘယ်သူပေးတာတုံး (သမုဒယပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ခင်ဗျားတို့ကြည့်ပါလား ဆရာသမားကောင်းများနဲ့ မတွေ့ခင်တုံးက ခင်ဗျားတို့ ဘဝတွေတောင့်တပြီး သကာလ ဒါန သီလတွေ မလုပ်ကြလားဗျာ (လုပ်ပါတယ်) ခင်ဗျားတို့က တောင့်တတော့ သမုဒယသစ္စာဘက်ပါနေပြီ (မှန်ပါ့) မပါသေး ဘူးလား (ပါ ပါတယ်) ဘဝသပ္ပတ္တိ၊ ဘောဂသပ္ပတ္တိ တောင့်တတာက သမုဒယသစ္စာ တဏှာလောဘ (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ သူကနေပြီး သကာလ ကိုင်း မင်းတို့က လူ့ပြည် နတ်ပြည် အကြိမ်ကြိမ် ခံစားချင်တဲ့ သဘောတွေရှိတော့ ရော့ဟဲ့ ဇာတိဒုက္ခ၊ ပေးလိုက်တယ် (မှန်ပါ့) ဘယ်သူကပေးတာတုံး (သမုဒယကပေးတာပါ) တဏှာနဲ့တောင်းလို့ပေးတာ (မှန်ပါ့ ဘုရား)။

တဏှာနဲ့တောင်းလို့ပေးတာ

တဏှာနဲ့တောင်းတော့ ဇာတိဒုက္ခကပေးတော့ ခင်ဗျားတို့မှာ ဝမ်းခေါင်းထဲရောက်တဲ့အခါကျတော့ ဪ မရချင် ပါဘူး၊ ဒီဒုက္ခကြီး၊ ကြီးကျယ်လှချည့်ရဲ့လို့ ရုန်းနိုင် ကန်နိုင်သေးရဲ့လား (မရုန်းနိုင်ပါ ဘုရား)။

ဘယ်သူပေးထားတာတုံး (သမုဒယသစ္စာ တဏှာကပေးထားတော့ ခင်ဗျားတို့က ဝမ်းထဲက ဘယ်တော့ ပြင်ဘက် ရောက်ပါ့မတုံး၊ ဘယ်တော့ အစားစားရပါ့မတုံး၊ ဘယ်တော့ အဝတ်ဝတ်ရပါ့မတုန်း၊ ဒီနေရာမှာ ကျဉ်းမြောင်းလိုက်တဲ့ဖြစ်ခြင်း မလှည့်သာ မပတ်သာနဲ့ ရှုစရာလည်းလွန်လို့ ဆိုပြီး သကာလ ခင်ဗျားတို့မှာ ထွက်လဲပြေးပေါက်မရှိဘူး (မှန်ပါ့ ဘုရား)။

အကုန်လက်ခံနေရတယ် (မှန်ပါ့) ကျဉ်းမြောင်းတာတွေလာလဲလက်ခံ၊ ရှုစရာတွေလာလဲ (လက်ခံပါတယ်) အစား မစားရတာလဲ (လက်ခံပါတယ်) အငတ်အဖြစ်နဲ့ လက်ခံ (မှန်ပါ့ ဘုရား)။

အဝတ်မဝတ်ရတာကော (လက်ခံရပါတယ်) အပူလာလဲလက်ခံ အအေးလာလဲလက်ခံ၊ တစ်ခါတည်း ဒုက္ခဟူသ၍ ဘယ့်နှယ့်တုံး (လက်ခံရပါတယ် ဘုရား) အို ဘယ်သူပေးထားတာတုံး (တဏှာသမုဒယ ပေးထာပါတယ် ဘုရား)။

သမုဒယသစ္စာ တဏှာ လောဘ ပေးထားတာကို ခင်ဗျားတို့က မယူချင်ပါဘူးလို့ နေလို့ရသေးရဲ့လား (မရပါ ဘုရား) ဒကာသိုက် ရသေးရဲ့လား (မရပါ ဘုရား)။

ဘယ်သူပေးထားတာတုံး (သမုဒယသစ္စာက ပေးထားတာပါ ဘုရား) ဘယ်လောက်များဆိုးသတုံး ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။

ခင်ဗျားတို့ ရှောင်စရာ ပြေးစရာရှိသေးရဲ့လား (မရှိပါ) အကုန်လက်ခံလိုက်ရတယ် (မှန်ပါ့) အမေက စားသောက်တဲ့ အစာကို အချိုစားလဲ လက်ခံတယ်၊ အဟစပ်စားလဲ လက်ခံတယ်၊ အချဉ်စားလဲ လက်ခံတယ်၊ အကုန်လက်ခံရတယ် (မှန်ပါ့ ဘုရား)။

သားငယ်ကလေးဖြစ်တဲ့ ခုနေက ဝဋ်ကောင်ကလေးမှာ ဘယ်ဟာဖြင့် ကျုပ်ပေါ်မကျပါစေနဲ့လို့ တားလို့ဆီးလို့ရသေး ရဲ့လား (မရပါ ဘုရား)။

တစ်ခါတည်း ကျလာတဲ့ အဟာရတွေ အကုန်လက်ခံရတယ် (မှန်ပါ့) တည့်တာ မတည့်တာကို ရွေးနိုင်သေးရဲ့လား (မရွေးနိုင်ပါ ဘုရား)။

ဘယ်သူကပေးထားတာတုံး

ဘယ်ဒုက္ခကိုဖြင့် ကျုပ်မကြိုက်ဘူး၊ ဘယ်ဒုက္ခကိုဖြင့် သက်သာအောင် လုပ်ပေးပါဦးလို့ကော ရွေးနိုင်သေးရဲ့လား (မရွေးနိုင်ပါ) ဘယ်သူကပေးထားတာတုံး (သမုဒယသစ္စာက ပေးထားတာပါ ဘုရား)။

ကိုင်း ဒကာကြွယ်က ဒါဘုန်းကြီးတို့ကနာပြီး သားကိုပြန်ဟောတာပါ၊ ဒကာ ဒကာမတို့ သူပေးတဲ့လက်ချက်ကို တို့သည်ကားလို့ဆိုရင် အကုန်လက်ခံရပါကလား၊ နိဒါနဋ္ဌောဆို ပေါ်လာတာပေါ့ဗျာ (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ကလဲ မသိသေးတော့ သမုဒယအကြောင်း ကောင်းကောင်းမသိသေးတော့ လူ့ဘဝရပါမူ ကောင်းလေ စွ လူ့ဘဝရရင် နေရာကျမှာဘဲ လူ့ဘဝပဲရဖို့ အရေးကြီးနေတာကိုး (မှန်ပါ့) သိသေးရဲ့လား (မသိပါ ဘုရား)။

မသိသေးတော့ သမုဒယနဲ့ တောင်းချလိုက်တယ် (မှန်ပါ့) တောင်းချလို့ ရော့ အင့် ယူတော့ ဆိုတော့ ဘယ့်နှယ့်နေ သတုံး၊ ရော့ အင့် ယူတော့လို့ပေးတော့ ခင်ဗျားတို့ ခံနိုင်သေးရဲ့လား (မခံနိုင်ပါ) ရွှေ့ပြောင်းလို့ကော (မရပါ ဘုရား)။

ဒီထဲမှာ ဝေဒနာရောက်လို့ ဘယ်သူက ဆေးကုပေးမှာတုံး (မလာပါ ဘုရား) ညောင်းလို့ ညာလို့ ခြေထောက်ဆန့်လို့ ရမှာလား (မရပါ ဘုရား) ဒုက္ခမျိုးစုံဟာ သူတစ်ယောက်တည်းမှာ ဘယ်လောက်စုံတယ်ဆိုတာ ရိပ်မိကြရဲ့လား (ရိပ်မိပါပြီ ဘုရား)။

ဒီအမိဝမ်းခေါင်းထဲ နေတဲ့ပုဂ္ဂိုလ်မှာ သူမကြုံတာရယ်လို့ ရှိသေးရဲ့လား (မရှိပါ) ဘယ်သူက ပေးထားတာတုံး (သမုဒယ သစ္စာက ပေးထားပါတယ် ဘုရား)။

အဲ့ဒါကြောင့် ဘုရားက နိဒါနဋ္ဌော ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းစေတတ်တဲ့ အနက်သဘောသည်လည်းကောင်းလို့ ဟောတော်မူတာ (မှန်ပါ့ ဘုရား)။

တဏှာအကြောင်း ကောင်းကောင်းမသိတော့

တဏှာအကြောင်း ကောင်းကောင်းမသိတော့ တဏှာခိုင်းတဲ့အတိုင်း ရှောက်ပြီးတော့ ရော့ယူကွာ ဒီဒုက္ခတွေ မင်းဟာ ချည့်ဘဲဆိုပြီး ပေးလိုက်တယ် (မှန်ပါ့) ဘယ်သူကပေးသတုံး (သမုဒယသစ္စာက ပေးပါတယ် ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

နောက်ထပ်များ အဖော်လုပ်လို့ရလို့ရှိရင်ဖြင့် မိတ်ကောင်း ဆွေကောင်းအဖြစ်နဲ့ အိမ်ဦးခန်းမှာ ထားပြီး ပူဇော်ချင်သေး သလားတာ မေးချင်တော့တာပါဘဲ (မှန်ပါ့) ဘယ့်နှယ့်တုံး သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ဒကာကြွယ် ပူဇော်ချင်သေးသလား (မပူဇော်ချင်တော့ပါ ဘုရား) ဘယ့်နှယ့်တုံး (ဒုက္ခတွေပေးလို့ပါ ဘုရား) သူက ဒုက္စပေးနေတဲ့ဥစ္စာ ခင်ဗျားတို့က ဘယ်နည်းနဲ့မှ သူ့ကို ကျေးဇူးရှင်လို့ ဆိုစရာအချက်အလက်အကွက် မြင်သေးရဲ့လား (မမြင်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကိစ္စမရှိဘူးကွာ၊ မင်းလူ့ဘဝရချင်တယ်ဆိုပြီး တဏှာနဲ့ တောင်းတာတော့ ငါတည်းဟူသော တဏှာက မင်းကိုတော့ ဖြင့်ကွာ ရော့ ဇာတိဒုက္ခဆိုပြီး ပေးချလိုက်တာဘဲ (မှန်ပါ့ ဘုရား)။

ကြည့်စမ်း ဘယ်သူကပေးတာတုံး (သမုဒယသစ္စာ တဏှာကပေးတာပါ) သမုဒယသစ္စာဆိုတဲ့ တဏှာက ပေးချတယ် (မှန်ပါ့) မင်းတောင်းထားတာဆုအကုန်မပြည့်သေးဘူးတဲ့၊ မင်းတောင်းထားတာ ဒါလောက်မကဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ တောင်းထားတာက ဒါလောက်ကရဲ့လား (မကပါ ဘုရား) ကဲကွာတဲ့ ခါးကိုင်း၊ နားထိုင်း၊ သွားကျိုး ဆံဖြူတဲ့ ဇရာဒုက္ခလဲ ရော့ယူကွ ဆိုတော့ ဒကာ ဒကာမတွေ အခုဇရာနဲ့ ခွဲလို့ရသေးရဲ့လား (မရပါ ဘုရား)။

လာဘ်ကြီးတွေအများကြီး ပါပေါ့လား

ဘယ်သူက ပေးထားတာတုံး (သမုဒယသစ္စာ တဏှာ လောဘက ပေးထားတာပါ ဘုရား) လာဘ်ကြီးတွေအများကြီး ပါပေါ့လား (မှန်ပါ့)။

ဘယ့်နှယ့်ဆိုကြမယ်၊ လာဘ်တွေအတော်များနေကြပါလား ဒကာ ဒကာမတို့ (များပါတယ် ဘုရား) ဇရာဒုက္ခကြီးဟာ အခုကြည့်စမ်း သွားတဲ့အခါလဲ သူက နေရစ်ကဲ့လား (မနေရစ်ပါ ဘုရား)။

စားတဲ့အခါ (မနေရစ်ပါ ဘုရား) အိပ်တဲ့အခါ (မနေရစ်ပါ ဘုရား) ဘယ်သူက ပေးထားတာတုံး (သမုဒယသစ္စာ တဏှာ လောဘက ပေးထားတာပါ ဘုရား) ခွဲလို့ ခွါလို့ (မရပါ ဘုရား)။

ဒါဖြင့် ပေးတဲ့သူကို ခင်ဗျားတို့ ရိပ်မိကြရဲ့လား (မရိပ်မိပါ ဘုရား) အခုမှ ရိပ်မိတာ (မှန်ပါ့) ဒကာသိုက် နဂိုရ်က မရိပ်မိပါဘူး (မှန်ပါ့) နဂိုရ်ကထင်တာကတော့ ကံမကောင်းလို့အိုပေမဲ့လဲ အိုခြင်းဆိုးနဲ့ တွေ့ရတယ် (မှန်ပါ့ ဘုရား)။

ကံပေါ်ချည့် ချနေတယ်၊ ကံမကောင်း အိုရပေမဲ့လည်း သူများအိုပုံနဲ့မတူဘူး ကိုယ့်မှာ အထူးကို ဒုက္ခရတယ်တဲ့ (မှန်ပါ့) မဟုတ်ဘူး အိုတာဟာ တတန်းတည်းသာမှတ် (မှန်ပါ့)။

တေဇောမီးလောင်လို့ အိုကြတာချည်းဘဲ (မှန်ပါ့) ထူးသေးရဲ့လား (မထူးပါ ဘုရား) အဲ့ဒီတော့ ဒကာ ဒကာမတို့ ရုန်းနိုင် ကန်နိုင်ကြသေးရဲ့လား (မရုန်းနိုင် မကန်နိုင်ပါ ဘုရား)။

သေချား သေချင်ပါပေါ့လို့ ခင်ဗျားတို့ တခါတခါ ညည်းတယ် ထလို့မရ ထိုင်လို့မရ ကွေးလို့မရ ဆန့်လို့မရနဲ့ အမြန်သွားလို့မရ အနှေးသွားလို့လည်းမရ အမြန်သွားပြန်တော့လည်း အားကမပါလို့ မလိုက်နိုင်၊ ဒီလိုဖြင့် နေဘဲမနေပါဘူး ဘုရား၊ သေဘဲသေချင်ပါပေါ့နဲ့များ ညည်းလုံးထုတ်ကြတယ် (မှန်ပါ့ ဘုရား)။

အရှက်တကွဲ အကျိုးနည်း နာလိုက်ပါဦး

ဘယ်သူကပေးတာတုံး (သမုဒယသစ္စာ တဏှာကပေးတာပါ ဘုရား) သို့သော် ဗြုန်းကနဲ မသေပါနဲ့ဦးတဲ့၊ လူပုံအလည် မှာ အရှက်တကွဲ အကျိုးနည်း နာလိုက်ပါဦး (မှန်ပါ့ ဘုရား)။

ဗြုန်းကနဲ သေသွားတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အရှက်တကွဲ အကျိုးပေးကလေးက နည်းနေဦးမှာ စိုးရတယ် (မှန်ပါ့ ဘုရား)။

လူပုံအလည်မှာ ကိုယ့်ထမင်းမှကိုယ် မစားနိုင်၊ ကိုယ့်အဝတ်မှ ကိုယ်မဆည်နိုင်၊ ကိုယ့်ဟာကိုယ်မှ လုံအောင်မဖုံးနိုင် တဲ့ အရှက်တကွဲ အကျိုးနည်း ဒုက္ခကလေးပေးပါရစေဦး၊ ဗြုန်းကနဲ မသေပါနဲ့ဦးတဲ့ (မှန်ပါ့) ဘယ်သူတုံးဗျာ (သမုဒယသစ္စာ တဏှာ လောဘကပါ) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီလာဘ်ကိုရဦးမှာလား မရတော့ဘူးလား (ရဦးမှာပါ ဘုရား) ဒကာသိုက်ကော (ရဦးမှာပါ ဘုရား) အားလုံး ဒကာ ဒကာမတွေ ဘယ့်နှယ့်တုံး (ရဦးမှာပါ ဘုရား)။

အခုဟန်လုပ်သ၍ အကုန်ပေါ်ဦးမယ် (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ဦးမှာပါ ဘုရား) ဒါ ဘယ်သူပေးတာပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘက ပေးထားတာပါ ဘုရား)။

အမယ်လေး ရက်စက်လှချည့်လားဗျာ (မှန်ပါ့) ရက်သာ ရက်စက်တာ ခင်ဗျားတို့ကလဲ ကံမကောင်း အကြောင်းမသင့် လို့ အနာများရတယ်လို့ ပြောချင်ပြောနေဦးမှာ (မှန်ပါ့) မဖမ်းမိဘူး (မှန်ပါ့ ဘုရား)။

ကံမကောင်း အကြောင်းမသင့်လို့ သေတာတောင်ကြည့်ပါဦး လူမုန်းမှသေရတယ် (မှန်ပါ့) လူမုန်းသည့်တိုင်အောင် ပြုရတယ်၊ ကံများခေလိုက်တာတဲ့ (မှန်ပါ့ ဘုရား)။

ဒကာကြွယ်တို့ ညည်းလုံးများ လွဲလိုက်သေးတယ် (မှန်ပါ့) သမုဒယက ဘေးကနေကြည့်ပြီး ပြုံးမှာပေါ့၊ ငါလုပ်ထားတာ ချတော့ ကံပေါ်ချနေကြတယ်ကွ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) စွဲချက်တင်ထားတာက ဘယ်သူတုံး (ကံပါ ဘုရား)။

ဖြစ်မှ ဖြစ်ရပါလေဗျာ ဒီကတည်းကိုက သမုဒယသစ္ခာအကြောင်းကို ကောင်းကောင်းမသိရင် နိဗ္ဗာန်မရောက်တော့ဘူး ဆိုတာ ရောက်မှာမဟုတ်ပါဘူး ကံချည့်ချနေလို့ (မှန်ပါ့ ဘုရား)။

ဘယ်သူ့အကြောင်းကောင်းကောင်းသိရမှာတုံး (သမုဒယသစ္စာအကြောင်း ကောင်းကောင်းသိရမှာပါ ဘုရား)။

ဘုရားဟောက၊ သမုဒယအကြောင်းသိရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့) ခင်ဗျားတို့က သမုဒယအကြောင်း မသိတဲ့ အပြင် ကံပေါ်လွှဲချတယ် (မှန်ပါ့ ဘုရား)။

ဘယ်မှာပါးလို့တုံး

ကံက ဒကာကြွယ်တို့ ပါးတယ် ပါးတယ်နဲ့ ဘယ်မှာပါးလို့တုံး (မပါးပါ ဘုရား) ဒကာသိုက်ကော ပါးသေးရဲ့လား (မပါးပါ ဘုရား)။

နို့မို့ပွဲစားလို့ ခေါ်ကြတာဘဲ၊ ပွဲစားဆိုတာ နှစ်ဖက်စားဆိုတာ သိကြသားဘဲ၊ သို့သော် ဒီနေရာကျတော့ မပါးဘဲ ဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လက်သည်ဘယ်သူတုံး (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) ညည်းတော့ ဘယ်သူ့အတွက်ညည်းမိသတုံး (ကံအတွက် ညည်းမိပါတယ် ဘုရား)။

ကိုင်း ဒါဟာ ပါးလို့လားဗျာ (မပါးပါ ဘုရား) လုပ်တဲ့လူကတခြား စွဲချက်အတင်ခံရတာက (တခြားပါ ဘုရား) ပေးတာက ဘယ်သူပေးနေတာတုံး (သမုဒယသစ္စာ တဏှာကပေးနေတာပါ) စွဲချက်တော့ ခင်ဗျားတို့က ဘယ်သူ့ကိုစွဲချက်တင်လိုက်သတုံး (ကံကိုစွဲချက်တင်ပါတယ် ဘုရား)။

အဲ့ဒီကတည်းကိုက ခင်ဗျားတို့ တဏှာကိုမသိတော့ဘူး (မှန်ပါ့) မသိတော့ ပဟာတဗ္ဗကိစ္စအဖြစ်နဲ့ ပယ်ဖြစ်ပါဦးမလား (မပယ်ဖြစ်ပါ ဘုရား) မပယ်ဖြစ်ရင် ဒီဥစ္စာကိုဘဲ အမြဲပေးနေမှာဘဲ (မှန်ပါ့ ဘုရား)။

ငါ့မှ သူမသိသေးဘဲ၊ ငါပေးတာဘဲ သူတို့ယူနေကြတာဘဲ၊ ငါ့ကိုမှမသတ်ဘဲ ငါ့ကိုမှမဖြတ်ဘဲ ဆိုပြီး သကာလ သူ့ကိုမထိ ဘူး၊ ကံချည့်သွားထိနေတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) ဒကာ ဒကာမတွေ ထူလွန်းလို့ပြောရတာ (မှန်ပါ့)။

ကံသာလျှင်အမိ ကံသာလျှင်အဖဆိုတာ

ထူတာကလဲ ခင်ဗျားတို့က အတော်ကြာပြီ၊ ပြီးတော့ ကြားနာရတာကလဲ ကံသာလျှင်အမိ ကံသာလျှင်အဖဆိုတာ ကြားနာကြရတော့ ကမ္မဝါဒီသဘောကိုသာ နားလည်နေကြတယ် (မှန်ပါ့ ဘုရား)။

ကံ၏ အချုပ်အချာ ကံ၏ကြိုးဆွဲကိုမသိကြဘူး (မှန်ပါ့) သစ္စာထိအောင်မရောက်တော့ ကံကြိုးဆွဲကိုမသိဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)

သစ္စာထိအောင်သိတော့ ကံပေါ် ဘယ်သူက ကြိုးဆွဲနေသတုံး (သမုဒယသစ္စာ တဏှာ လောဘကကြိုးဆွဲနေပါတယ်) သမုဒယသစ္စာ တဏှာ လောဘကကြိုးဆွဲနေတော့ သူကြိုးဆွဲကို ကျုပ်တို့က ဖြတ်လိုက်ရင် ကံက ဗိုင်းဗိုင်းလဲတယ် (မှန်ပါ့) မလဲဘူးလား (လဲပါတယ် ဘုရား)။

အဲ့ဒါ အခုတော့ ဒကာ ဒကာမတွေက ဖမ်းတော့ဖမ်းပါရဲ့၊ ဖမ်းပေမဲ့လည်း ကိုယ့်ဉာဏ်က အရင်းကျအောင်မရောက်၊ မရောက်တော့ သမုဒယသစ္စာကိုမထိဘူး (မှန်ပါ့) မထိတဲ့အခါကျတော့ သူပေးသ၍ ကျုပ်တို့ယူ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကဲအခု ဒကာ ဒကာမတွေ အိုခြင်းဆိုးကြီးလက်ခံနေရတာ ဘယ့်နှယ့်ကြောင့်တုံး (သမုဒယသစ္စာ တဏှာ လောဘ ကြောင့်ပါ ဘုရား) သို့သော် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရုန်းနိုင် ကန်နိုင် ပြေးနိုင်ကြသေးရဲ့လား (မပြေးနိုင်ပါ ဘုရား)။

နိဒါနဋ္ဌောတဲ့ ဤဒုက္စဟာ မင်းဒုက္ခတဲ့၊ ရော့ယူ ၊ နိဒါနဌဆိုတာ ဤဒုက္ခဟာ မင်းဒုက္ခဘဲ ရော့ ယူလို့ပေးတာ နိဒါနဋ္ဌ သာမှတ်ပေတော့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အားလုံး ဒကာ ဒကာမတွေ အခုဘာတွေလက်ခံထားသတုံး (အိုခြင်းဆိုးကို လက်ခံထားပါတယ်) လိုချင်လို့ရတာလား မလိုချင်ဘဲရတာလား (မလိုချင်ဘဲရတာပါ ဘုရား)။

ဘယ်သူ့ကို အပေါင်းမှားတာမို့ ဒါကြီးနဲ့နေရတာပါလိမ့် (သမုဒယသစ္စာ အပေါင်းမှားလို့ ဒါကြီးနဲ့နေရပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ သစ္စာဟောပေးမဲ့ဆရာနဲ့တွေ့လို့ ဒကာကြွယ် တော်ဘဲတော်သေးတယ် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် ကံအမိ ကံအဖ သူစီမံသလိုခံရုံဘဲ ကျုပ်တို့ မတတ်နိုင်ဘူးလို့ ဘုတ်ထိုင် ထိုင်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဉာဏ်ဓားနဲ့သာ ဖြတ်ကြည့် စမ်းပါ

ဘယ်မှာ ဘုတ်ထိုင် ထိုင်ရမတုံးဗျ၊ သမုဒယသစ္စာကိုသာ ခင်ဗျားတို့ ခန္ဓာပေါ်မှာတင်ပြီး ဉာဏ်ဓားနဲ့သာ ဖြတ်ကြည့် စမ်းပါ၊ ဒီကံတွေ အကုန်အဟောသိကံဖြစ်တယ် (မှန်ပါ့)။

ခုနင်ကပြောခဲ့တဲ့ အရှင်အင်္ဂုလိမာလမှာ အဟောသိကံဖြစ်ခဲ့ရတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝေဿန္တရာမင်း စတဲ့ ဘဝက ကုသိုလ်တွေ နတ်ပြည်ခြောက်ထပ်မှာ အကြိမ်ကြိမ်ခံစားနေမယ်ဆိုရင် ပြီးမှာမဟုတ်တော့ဘူး၊ ဝမ်းခေါင်းပြောင်း လို့ကို ပြီးပါ့မလား (မပြီးပါ ဘုရား)။

အဲ့ဒါတွေ သမုဒယဖြတ်သည်နဲ့ တပြိုင်နက်တည်း အဲ့ဒီအကျိုဲးပေးတွေ ဘာဖြစ်ကုန်သလဲ (အဟောသိကံဖြစ်ပါတယ် ဘုရား) အဲ သမုဒယ အချုပ်အချာဘဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) သူ့ကို မဖြတ်သ၍ နေရာမကျသေးပါဘူး သဘောပါပြီလား (ပါ ပါပြီ ဘုရား)။

ကိုင်း အခုဘာကိုလက်ခံထားကြသတုံး (သမုဒယကို လက်ခံထားကြပါတယ်) အိုခြင်းဆိုး လက်ခံထားရတယ်လုပ်ပါ (မှန်ပါ့) သမုဒယကိုလက်ခံရင် နောက်ဒုက္ခရောက်ဦးမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အခုဘာကိုလက်ခံထားရသတုံး (အိုခြင်းဆိုး လက်ခံထားရပါတယ် ဘုရား) ကိုင်း ရှေ့ကို လက်ခံစရာကလေး ပေးပါလိမ့်မယ် ဒကာကြွယ်ရ၊ မျက်နှာတော့ ပျက်မသွားကြနဲ့၊ ရိပ်မိပြီလား (ရိပ်မိပါပြီ) နာ့ခြင်းဆိုး ပေးရလိမ့်ဦးမယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ရှေ့ပေးမဲ့လာဘ်ကြီးကို ဆုကြီးကဘာတဲ့တုံး (နာခြင်းဆိုးပါ ဘုရား) ဘယ်သူကပေးမှာတုံး (သမုဒယသစ္စာ တဏှာ လောဘက ပေးမှာပါ ဘုရား)။

မလိုချင်ဘူး ညည်းကြည့်စမ်းပါ (မရပါ ဘုရား) ဘာဖြစ်လို့မရတာတုံး (သမုဒယသစ္စာမပယ်ခဲ့လို့ပါ) သူ့ သမုဒယသစ္စာ ခင်ဗျားတို့က မပယ်ခဲ့တော့ သူစီမံရာခံရုံဘဲရှိတယ် (မှန်ပါ့) သူ့ကိုမပယ်ခဲ့တဲ့အတွက် သူစီမံတာ ဘာလုပ်ရမလဲ (ခံရုံပါပဲ ဘုရား)။

သမုဒယသစ္စာ တဏှာလောဘ

အဲ့ဒါကြောင့် နိဒါနဋ္ဌော၊ ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရဲမစဲ အမြဲပေးအပ်ဆောင်နှင်း ပေးရမှာ ဘဲကွတဲ့ မပူပါနဲ့တဲ့ မင်းတို့ဒုက္ခမျိုးစုံတော့ ငါပေးတတ်ပါတယ် တာဝန်ယူပါတယ်တဲ့ (မှန်ပါ့) ကဲ ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား) ဘယ်သူပါလိမ့် ဒကာ ဒကာမတို့ (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့ ဝိပဿနာကြိုးစားလုပ်စမ်းပါ၊ သူမှနိုင်ပါတော့တယ်၊ သမုဒယချုပ်တာဖြင့် ဝိပဿနာဘဲရှိပါတော့ တယ်ဆိုတာဖြင့် ဒကာကြွယ်တို့ တိုက်တွန်းစရာတောင် မလိုတော့ူဘူး (မှန်ပါ့ ဘုရား)။

သူအရုပ်ဆိုးမှန်းသိလေလေ ကျုပ်တို့က သူ့ကို သတ်ရဖို့ အလုပ်များများလုပ်လေမှဘဲ ဝဋ်ကျွတ်မှာပေါ့ဗျာ (မှန်ပါ့) နို့မဟုတ်ရင် ဝဋ်ကျွတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ခက်ပြီ၊ ရှေ့ပေးမည့်ဟာကြီးကလဲ မလိုချင်ပါဘူးဆိုလို့ ငြင်းလို့ပယ်လို့ (မရပါ) ဟာ မငြင်းရဘူးတဲ့သူက၊ သမုဒယသစ္စာက မင်းတို့ဒီဥစ္စာလက်ခံရမယ်တဲ့၊ နိဒါနဋ္ဌောဆိုတဲ့ အဓိပ္ပာယ်က (မှန်ပါ့ ဘုရား)။

ငါပေးတာဟူသ၍ လက်ခံရတယ်၊ ဘယ်ဟာမဆို မသွေမလှန်ဘဲနဲ့ကို လက်ခံရမယ် (မှန်ပါ့ ဘုရား) အမယ်လေး ရဲရဲတင်းတင်း အာဏာပိုင်အဖြစ်နဲ့ပေးတာ (မှန်ပါ့) ခင်ဗျားတို့က ပွေ့ပိုက်ပြီးနေရုံဘဲရှိတယ် (မှန်ပါ့ ဘုရား)။

ဘာကြီးပွေ့ပိုက်ပြီး အရပ်လည်ပြရမှာတုံး

ဒကာ ဒကာမတို့ ဘာကြီးပွေ့ပိုက်ပြီး အရပ်လည်ပြရမှာတုံး (နာခြင်းဆိုးကြီးပွေ့ပိုက်ပြီး အရပ်ထဲ လည်ပြရမှာပါ) ဘယ့်နှယ့်ဖြစ်နေသတုံးလို့ လူတိုင်းမေးလိမ့်မယ်၊ ခင်ဗျားတို့ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ့်တုံး ခြေတစ်ဖက်ကလည်း ဘာဖြစ်သတုံး၊ မျက်လုံးတစ်ဖက်ကလည်း ဘာဖြစ်နေသတုံး၊ ခါးက ဘယ့်နှယ့် ဖြစ်နေသတုံး အမယ်လေး ကောင်းတာများ မေးမည့်ပုဂ္ဂိုလ်ပါရဲ့လား (မပါပါ ဘုရား)။

မြင်မကောင်း ကြည့်မကောင်းလို့ မေးကြတာမဟုတ်လား (မှန်ပါ့) အဲ့ဒီကိစ္စကျန်သေးတယ်၊ မေးရလိမ့်ဦးမယ် (မှန်ပါ့) ဘယ်သူကမေးမှာတုံး (သမုဒယသစ္စာ လောဘကမေးမှာပါ ဘုရား)။

ကဲ ဒကာကြွယ် အရှက်ကွဲဦးမတဲ့ (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းတဲ့တရားတုံး (ကောင်းပါတယ် ဘုရား) ဒကာ ဒကာမတို့ အရှက်ခွဲဦးမတဲ့၊ ဗြုန်းကနဲ သေပါရစေလို့ တောင်းပန်လို့မှား ရမယ်ထင်သလား (မထင်ပါ ဘုရား)။

မဟုတ်သေးဘူးကွတဲ့၊ ငါက ဒုက္ခကို အစဉ်လိုက်ပေးသွားဦးမှာတဲ့၊ ဘယ်သူကပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘကပါ ဘုရား)။

ဒါလောက်တောင် မကောင်းမှန်းသိရင် မြန်မြန်သေခွင့်ပေးပါတော့ဆိုတော့ ဒီလိုလဲသေခွင့်မပေးဘူး (မှန်ပါ့ ဘုရား) ဒီလိုလဲ သေခွင့်မပေးဘူး ဒကာကြွယ် ခက်လိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့ ဘုရား)။

အရှက်ခွဲဦးမတဲ့၊ အရှက်ခွဲလို့ တစ်ခါတည်း မြို့ထဲ ရွာထဲမှာဘဲ လူစုံ သိကြပြီလား၊ လူစုံသိတဲ့အခြေအနေကြမှ သူက ရပ်မှာ (မှန်ပါ့ ဘုရား)။

ကဲ ကျေးဇူးပေါ်ရင် ပေါ်ကြပြီလား (ပေါ်ပါပြီ) ဘယ်သူပါလိမ့် (သမုဒယသစ္စာ တဏှာ လောပါ) ကြောက်စရာ ကောင်းလိုက်တဲ့ဖြစ်ခြင်း ဒကာ ဒကာမတွေ ဟင် (မှန်ပါ့ ဘုရား)။

အဲ့ဒါကို ဒကာကြွယ်တို့က မသွေမလှန် လက်ခံရမှာဘဲ မဟုတ်ဘူးလား (မှန်ပါ့) နာခြင်းဆိုးပေးတော့ မယူချင်ပါဘူး လို့ငြင်းလို့ရရဲ့လား (မရပါ ဘုရား)။

ဘယ့်နှယ့်ကြောင့် မငြင်းနိုင်ကြတာတုံး

ဘယ့်နှယ့်ကြောင့် မငြင်းနိုင်ကြတာတုံး အတင်းပေးနေလို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) အတင်းပေးနေတဲ့ ဥစ္စာ လျှော့လို့ရသေးရဲ့လား (မရပါ ဘုရား)။

မင်းတောင်းတဲ့ဆုကိုကွာ အပြည့်အစုံပေးရမှာဘဲတဲ့ (မှန်ပါ့) ဘူဖြစ်ရပါလို၏ဆိုတော့ ဇာတိဒုက္ခလည်း ပါတယ် ဒါကြောင့် သေသေချာချာပေးတော့မှ ဇရာဒုက္ခကို မလိုချင်ပါဘူးဆိုလို့ မရဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဗျာတိ ဒုက္ခကို မလိုချင်ပါဘူးဆိုလို့ (မရပါ ဘုရား) မရဏဒုက္ခ မလိုချင်ပါဘူးဆိုလို့ (မရပါ ဘုရား) မရဘူး တဲ့၊ အခုမှ ငြင်းမနေပါနဲ့တော့ အကုန် လက်ခံရမယ်တဲ့ (မှန်ပါ့) ဘယ်သူက အမိန့်ချနေတာတုံး (သမုဒယသစ္စာ တဏှာ လောဘက အမိန့်ချနေတာပါ ဘုရား) ဘယ်လောက်ဆိုးတဲ့တရားလဲဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ရှေ့ကို ဘယ်ဇာတ်များခင်းကြဦးမှာတုံးဆိုတာ ကိုယ့်ဟာကိုယ်စဉ်းစားထားကြ၊ အရှက်တကွဲ အကျိုးနည်းဇာတ်ကို ခင်းရဦးမယ် (မှန်ပါ့)။

ရှေ့ကို ဘာဇာတ်ခင်းရမယ် (အရှက်တကွဲ အကျိုးနည်း ဇာတ်ကို ခင်းရပါမယ် ဘုရား) ဒီက ရပ်ပါတော့ ဆိုလို့ ရပ်ပါ့ မလား (မရပ်ပါ ဘုရား)။

ဘယ့်နှယ့် ကြောင့်တုံးဗျ၊ သူက ပေးနေလို့ပေါ့ဗျ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) သူက ဘယ်လိုပေးသတုံး (အရှက် တကွဲအကျိုးနည်းပေးပါတယ် ဘုရား) အရှက်တကွဲ အကျိုးနည်း ဇာတ် မင်းတို့ကို ခင်းရဦးမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဟိုကဖြင့်လဲ အဘိုးကြီး၊ ဒီကဖြင့်လဲ အဖွားကြီး မခေါ်ကြပေဘူးလား (ခေါ်ကြပါတယ် ဘုရား) အဘိုးကြီး အဖွားကြီး ဆိုတဲ့ ဥစ္စာသည် ဒကာ ဒကာမတို့ဒါ မျက်နှာရှိလို့ခေါ်တာလား ဟုတ်လား၊ သူ့ကြည့်ရတာကဖြင့် ကျက်သရေမရှိလို့ ခေါ်တဲ့အသံ ဘဲလား (ကျက်သရေမရှိလို့ ခေါ်တဲ့အသံပါ ဘုရား) တကယ်တမ်းပွဲနေ ပွဲထိုင်ကြတော့ သူတို့ပါသေးရဲ့လား (မပါပါ ဘုရား) ဘာဖြစ်လို့ မပါတာတုံးဗျ (ကျက်သရေမရှိလို့ပါ ဘုရား)။

လူထဲမဝင်အောင် ပေးထားတာ

ဒီဟာနဲ့ ချိန်ကြည့်တဲ့အခါကျတော့ ဪ မောင်မင်းကြီးသားပေးထားတဲ့ အိုခြင်းဆိုး နာခြင်းဆိုးကဖြင့် လူထဲမဝင် အောင် ပေးတာပါလား (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်ထဲမဝင်အောင်ပေးထားသတုံး (လူထဲမဝင်အောင် ပေးထားတာပါ ဘုရား) ဘယ်သူက ပေးသတုံး (သမုဒယသစ္စာ တဏှာ လောဘက ပေးပါတယ် ဘုရား) မယူချင်ပါဘူးလို့ ငြင်းပါ့မလား (မငြင်းပါ ဘုရား)။

ခက်ပြီ ခက်လိုက်တဲ့ဖြစ်ခြင်းမှ လည်ပင်းမှာ ခွေးသေကောင်ပုပ် ဆွဲထားတာ ချွတ်မရသလိုဖြစ်နေတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီမှာတော့ ချွတ်ရသေးရဲ့လား (မရပါ ဘုရား) ဒီမှာလည်း ဘယ့်နှယ့်ဖြစ်နေကြသတုံး (ဖယ်လို့ ငြင်းလို့မရပါ ဘုရား) ဒီတိုင်းဖြစ်နေတာ။

ကိုင်း ဒကာ ဒကာမတို့ ရှေ့ဇာတ်ကော သိကြမလား (သိပါပြီ ဘုရား) နားခြင်းဆိုးဇာတ် (မှန်ပါ့) ခင်းရမယ်နော် (ခင်းရဦးမှာပါ ဘုရား) တာရှည်ခင်းကြမယ် စိတ်ကူးသလား (ခပ်မြန်မြန်ပါ ဘုရား)။

သမုဒယသစ္စာ မရဘူး၊ မရဘူးတဲ့ မင်းကလဲ အသက်ရှည်ဖို့ရာ ဆုတောင်းထားသေးတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) အသက် ၁၂၀ ရှည်ဖို့ စသည်ဖြင့် မင်း ဆုတောင်းထားခဲ့သေးတယ် အဲ့တော့ နာခြင်းဆိုးကို များများဆွဲမှ (မှန်ပါ့)။

ဘယ်လောက်ဆွဲရမှာတဲ့ (များများဆွဲရမှာပါ ဘုရား) ကျေးဇူးတော်ရှင်တော့ ပေါ်ရောပေါ့ဗျာ (မှန်ပါ့) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား) ဘယ်သူပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘကပါ ဘုရား)။

မင်းတို့ အခု သားသမီးမုန်း၊ အရပ်မုန်းတာ နည်းသေးတယ်ကွ၊ တာရှည်မုန်းပြီးတော့မှ မင်းကို သတ်ရမှာတဲ့ ဆိုတော့ အဲ့ဒီဇာတ်ပွဲကို ခပ်ရှည်ရှည်ခင်းရမယ် ခင်းမယ်လို့ တဲ့ (မှန်ပါ့ ဘုရား) အမယ်လေး ဖြစ်မှ ဖြစ်ရပလေထဲ ကျနေပြီ (မှန်ပါ့)။

ဇာတ်ရှည်ကြီးခင်းရဦးမှာဘဲ

ဒကာ ဒကာမတို့ ဒီဇာတ်ကြီးကို ရှေ့ကိုဖြင့် ဇာတ်ရှည်ကြီးခင်းရဦးမှာဘဲ (မှန်ပါ့) ဘယ်သူခင်းမှာတုံး (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား)။

မခင်းပါရစေနဲ့လို့ တောင်းပန်စမ်းပါဦးလား (မရပါ ဘုရား) ကျုပ်က နိဒါနဋ္ဌော တဲ့ ခင်ဗျားတို့ကို ဒုက္ခဝတ္တု ဒုက္ခမှုကို တစ်ခုမကျန်တဲ့၊ ကျန်နေမှာစိုးလို့ကိုးဗျ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

တစ်ရံမစဲတဲ့၊ ဘယ်တော့မှလည်းမစဲဘူးတဲ့၊ ဒုက္ခနဲ့ သူနဲ့ကို တွဲထားမှာတဲ့ (မှန်ပါ့ ဘုရား) အမြဲပေးအပ်တဲ့ တစ်ခါတည်း ကို ခင်ဗျားတို့မှာဘယ်တော့မှ မခွဲရအောင် ပေးမယ်တဲ့ (မှန်ပါ့) ပြီးတော့ သွားတဲ့ လာတဲ့အခါမှာလည်း ဆောင်နှင်းပြီး သွားလာ နေရမယ်တဲ့၊ အိပ်နေလဲ ဆောင်ထားရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) ဘယ်သူ့သတ္တိပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ရိပ်မိပေမဲ့ ခင်ဗျားတို့ကလည်းအခု အထည်ဈေးကလေးကောင်းတယ်ဆိုရင် ပေါ်လာလို့ရှိရင် သူ့ကြောင့်ရတယ် ထင်နေသေးတာ ခင်ဗျားတို့ ဥစ္စာက (မှန်ပါ့) ရိပ်သာ ရိပ်မိတယ် မင်းကိုဖြင့် အလာမခံတော့ပါဘူးလို့ ဒကာကြွယ် ဗြုန်းကနဲ ဝိပဿနာ မရှုဖြစ်ဘူးဗျ (မှန်ပါ့)။

ဟာ လောဘလာပြီဟ၊ လာလို့ရှိရင်ဖြင့် ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးဦးမှာဘဲ၊ လာပြန်ပြီ၊ အခုပေးထားတာတောင် မကောင်းတာတွေရှိနေတာ၊ သူလာပြန်ပြီ နောက်ထပ်ဆက်ပေးဦးမလို့ ဘဝဆက်တိုင်း ဆက်ပေး ဦးမလို့၊ မင်းကိုလက်မခံဘူးကွဆိုပြီး အနိစ္စ စသည်ကို ကပြာကယာ ရှုရမှာ ရှုဖြစ်ကဲ့လား (မရှုဖြစ်ပါ ဘုရား) လူပါ လောဘ ပို့ရာ လွင့်ပြေးတာဘဲ (မှန်ပါ့) ဒါဖြင့် နောက်ထပ်ယူဦးမယ်ဆိုတာပေါ့ (မှန်ပါ့)။

ဒကာကြွယ် ဘယ့်နှယ့်ဆိုတာတုံး (နောက်ထပ်ယူဦးမယ်ဆိုတာပါ ဘုရား) နောက်ထပ်ယူဦးမယ်ဆိုတဲ့ အဓိပ္ပာယ် ရောက် မရောက် (ရောက်ပါတယ် ဘုရား) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါကြောင့် ခင်ဗျားတို့ မပါသေးဘူးလို့၊ ဒကာကြွယ်တို့ ပြောရတယ် (မှန်ပါ့ ဘုရား) ပါးတဲ့ အဓိပ္ပာယ်ရောက်ပြီလား (မရောက်သေးပါ ဘုရား) မရောက်သေးဘူး မရောက်သေးဘူး အခုဘဲ မထည်ဈေးကလေး ကောင်းတယ်ဆိုလို့ရှိရင် အခုဘဲ အဲ့ဒီနေရာကို သမုဒယကလေး ခေါင်းဆောင်ပြီး ခိုင်းလိုက်တော့ သွားပြန်တာဘဲ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။

ဒီဘဝလဲပေးမယ် နောက်ကိုလဲပေးမှာ

သွားလိုက်တဲ့အခါကျတော့ အဲ့ဒီသမုဒယက သူဘာလုပ်ဦးမယ်ထင်သတုံး၊ ဒုက္ခဝတ္တု ဒုက္ခမှုတွေ ပေးဦးမယ် (မှန်ပါ့) ဒီဘဝလဲပေးမယ် နောက်ကိုလဲ (ပေးမှာပါ ဘုရား)။

သို့သော် ပေးတဲ့တရားကို ခင်ဗျားတို့က တစ်ခါတစ်လေများ ကျေးဇူးများတင်နေသေးတယ် (မှန်ပါ့) အင်း သွားမိလို့ ရလာခဲ့သေးတယ် ကိုယ့်အတွက်ကလေးတဲ့၊ ကျေးဇူးများတောင် တင်လိုက်သေးတယ် (မှန်ပါ့)။

ဘယ့်နှယ့်တုံး ဒကာသိုက် သွားမိတော့ အခုတော့ တော်သေးရဲ့တဲ့ (မှန်ပါ့) ဒီလိုများ မပြောမိဘူးလား (ပြောပါတယ် ဘုရား)။

ဖြစ်မှဖြစ်ရလေဗျာ၊ ဒါ အကျိုးမပေးခင် ပြောသေးတာပေါ့ဗျာ၊ အကျိုးပေးတော့လဲ ခင်ဗျားတို့ မလှမပကြီးဆိုတာ အင်မတန်မထင်မရှားဘူးလား (ထင်ရှားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီကရှေ့ သူပေးမည့်ဟာကြီးက နာခြင်းဆိုးတဲ့ (မှန်ပါ့) အခုဟာက အိုခြင်းဆိုးနဲ့ တရားနာနေကြတာ (မှန်ပါ့) ရှေ့ပေးမှာက (နာခြင်းဆိုးပါ ဘုရား)။

ဒကာသိုက် ဘယ့်နှယ့်တုံး (နာခြင်းဆိုးပေးဦးမှာပါ ဘုရား) ခင်ဗျားကလဲ မငြင်းတော့ဘူးလား (ငြင်းလို့မရပါ ဘုရား) မရဘူး ဒကာ ဒကာမတွေ နာခြင်းဆိုးပေးမယ်ဆိုတော့ ဘယ်သူများ လက်ခံချင်ကြတာတုံး ပြောပါဦး ဒီအထဲက (ဘယ်သူမှ လက်မခံချင်ပါ ဘုရား) ဘယ်သူမှ လက်မခံချင်ဘူး ဟုတ်လား (မှန်ပါ့)။

သူစီမံတာခံပါ့မယ်ဆိုပြီး

သို့သော် မနေရဘူး တဲ့၊ ဘာဖြစ်လို့တုံး၊ သူ့ကို အတိတ်ဘဝက တဏှာလောဘကို ခင်ဗျားတို့က မသတ်ခဲ့ဘူး၊ မသတ်ခဲ့တဲ့အတွက် သူစီမံတာခံပါ့မယ်ဆိုပြီး ခင်ဗျားတို့က ခံဝန်ချုပ်က ပါခဲ့ကြတော့ ဒီဘဝကျမှ မကောင်းမှန်းသိတာနဲ့ ဒါတောင်မှ ဆရာသမား ကောင်းများနဲ့တွေ့လို့ မကောင်းမှန်းသိတာပါ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင်ဖြင့် အိုဘဲ အိုရဦးတော့ ဟိုအိမ်က အဖွားကြီးဆိုရင် အိုရပေမဲ့ တော်သေးရဲ့ လုပ်ချင်လုပ်ဦးမှာ (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်မှာပါ ဘုရား)။

ခင်ဗျားတို့ကတော့ ကြံဖန်ပြီး သကာလ မသာယာမှာကို သာယာနေတာတွေကလဲ တပုံကြီးဘဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အိုခြင်းဆိုးဆိုတဲ့ဥစ္စာ ဘယ်ဟာမှမကောင်းဘူး (မကောင်းပါ ဘုရား) ဒီကနေပြီး ဆက်သွားရမည့် နာခြင်းဆိုးကကော (မကောင်းပါ ဘုရား) မကောင်းပေမဲ့လည်း ခံရမယ်တဲ့ (မှန်ပါ့) ဘယ်သူ ပေးတာတုံး (သမုဒယသစ္စာက ပေးတာပါ ဘုရား)။

ဒကာကြွယ် သူ့အကြောင်းကောင်းကောင်းသိရင် နိဗ္ဗာန်ရောက်တယ်ဆိုတာများ မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား)။

သမုဒယအကြောင်း ကောင်းကောင်းသိရင် ဘာတဲ့ (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

အခုတော့ ကောင်းကောင်းကို မရိပ်မိသေးတဲ့အတွက် အလုပ်ကလေးလုပ်တဲ့အချိန်ပဲရပ်တယ်၊ ဝိပဿနာ အလုပ်ချိန် ရပ်တယ် (မှန်ပါ့)။

အလုပ်မလုပ်တဲ့အချိန်ဆိုရင် သူကနေပြီး ကြိုးဆွဲနေပြီ (မှန်ပါ့) ဘယ်သွားလိုက်ပါဦးလား၊ ဘာပြောလိုက်ပါဦးလား ဒါကလေးဟာ ဟာသွားလိမ့်မယ်၊ မသွားမိလို့ရှိရင် ဒီဥစ္စာ အကျိုးအကြောင်းဟာ မညီညွတ်ပေဘူးလား (မှန်ပါ့)။

သူခိုင်းတာကလေး ခင်ဗျားတို့က ကြော့ကြော့ ကြော့ကြော့နဲ့ သွားကာ လာကာ လုပ်နေသေးတယ် (မှန်လှပါ ဘုရား) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲ့ဒီတော့ သူ့အကြောင်းသိလို့လား၊ ခိုင်းတာကို ကျွန်တော်မျိုး ပီလို့လား (ကျွန်တော်မျိုးပီလို့ပါ ဘုရား) ဒကာကြွယ် ဒီအရွယ်တောင် ကျွန်တော်မျိုးပီတာ မကောင်းဘူးနော် (မှန်ပါ့) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား) မကောင်းဘူး၊ မကောင်းဘူး ဒကာ ဒကာမတို့ ခေါင်းဖြူ စွယ်ကြိုးကြီးတွေခိုင်းတာကတော့ အတော်ဆိုးတယ် (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

နာခြင်းဆိုးနဲ့ အရှက်ခွဲဦးမယ်တဲ့

ကိုင်း ဒါဖြင့် ရှေ့ကို ခင်ဗျားတို့ နာခြင်းဆိုးနဲ့ အရှက်ခွဲဦးမယ်တဲ့ ဒကာသိုက်ရ (မှန်ပါ့) ဘယ်သူက အရှက်ခွဲမှာတုံး (သမုဒယသစ္စာ တဏှာ လောဘကပါ ဘုရား) သိပြီလား သူ့အကြောင်းကို (သိပါပြီ ဘုရား) သိပေမဲ့လည်း ဒီအနာနဲ့ဘဲ တာရှည် ထားဦးမယ်လို့ သူပြောတာ (မှန်ပါ့) တချို့ ယောင်ဖောနေတယ်၊ မသေနိုင်ဘူးဗျ၊ စားချင်လိုက်တာလဲ လွန်လို့ဟင် (မှန်ပါ့ ဘုရား)။

ကျွေးမည့်သူကလဲမရှိဘူး၊ စားချင်တာကလဲ မတည့်တာချည်းဘဲ၊ အဲ့ဒီမှာ အငတ်ပြဿနာကြီး ပြလိုက်တာ ဘယ်သူ ပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) ပြီးတော့ အော်တဲ့ မတဲ့လို့ ခိုင်းပြန်တာကကော (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) နင်တို့ အကုန်လူမသိသေးဘူး တဲ့၊ ဒီဒုက္ခဝဋ်က နည်းသေးတယ်၊ အများကြီး အရှက်ခွဲပြီးမှ နင့်ကို သတ်ရမှာ တဲ့ (မှန်ပါ့) ဘယ်သူတုံးဗျ (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

သူ့ကိုမသတ်ရင်တော့ ခင်ဗျားတို့ ဒီအရှက်တကွဲအကျိုးနည်း နည်းလမ်းချည်း ဖွင့်ပေးနေမှာဘဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် နာခြင်းဆိုးပွဲကြီးသိမ်းတဲ့အခါကျတော့ သူ ဘာပြဦးမယ်ထင်သတုံး (သေခြင်းဆိုးပွဲ ပြဦးမှာပါ ဘုရား) တော်တော်ကြာကျတော့ ဝိဉာဏ် မချုပ်နိုင်လို့ ပိုက်ဆံကလေး ထည့်ပါဦး၊ ဘာကလေး လုပ်ကြပါဦး၊ ကျောအောက်ကနေပြီး ဖိနပ်ကလေးထိုးပါဦး၊ ဩဇာရွက်ထားပါဦးနဲ့ ဖုတ်ဝင်နေတယ်ထင်ပါရဲ့နဲ့ လုပ်ကုန်ကြပြီ (မှန်ပါ့) ဘာကိုပြပြန်တာပါလိမ့် ဒကာ ဒကာမတို့ ဒါက (သေခြင်းဆိုးပြတာပါ ဘုရား)။

အဲ့ဒီမှာကော အရှက်ကိုအတော်ကွဲရသေးတယ် (မှန်ပါ့) မကွဲရဘူးလား (ကွဲရပါတယ် ဘုရား)။

ဘေးကလူတွေကလည်း တံတွေးထွေးကြ၊ မတတ်သာလို့သွားမေးပေမဲ့လည်း မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ကြရဲ့လား (မကြည့်ပါ ဘုရား)။

ဘယ့်နှယ့်နေသတုံး၊ တော်ပါလိမ့်မယ်ထင်ပါရဲ့ အားမငယ်ပါနဲ့နော်ဆိုပြီး လှည့်ပြန်တာဘဲ (မှန်ပါ့) တယ်မေးချင်မှ မဟုတ်တာဘဲကိုး (မှန်ပါ့)။

သေကာနီး သွားရတဲ့ဥစ္စာ မတော်လို့အိမ်မှာ ခလေးတွေဘာတွေနဲ့ ညများ လန့်ပြုနေရင် ခက်ချေရဲ့ဆိုပြီး မတတ်သာ တတ်သာနဲ့ သွားတာနော် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူ့သတ္တိတွေ ပါလိမ့်

တကယ် ကြည်ညိုလို့သွားတာများ ပါကြရဲ့လား ဒကာ ဒကာမတို့ ဒီလို အရှက်တကွဲ အကျိုးနည်းသူများက မျက်စောင်းထိုးပြီး သကာလ ကျုပ်ဖြင့် မြင်ခဲ့ရတာ လူကို ဟုတ်တယ်မထင် ပါဘူး၊ ပယောဂ သက်သက် ထင်တယ်၊ နာတာရှည်ကြီး သူ့ဟာက၊ စားတော့လည်း စားတယ်၊ အသားအရည်က မဖြစ်ဘူး၊ ဖုတ်ဝင်နေတယ်ထင်ပါရဲ့ စသည်နဲ့ ဒကာကြွယ် အရှက်ခွဲဦးမှာတွေ ရှိသေးတယ်နော် (မှန်ပါ့) အဲ့ဒါ ဘယ်သူ့ သတ္တိတွေ ပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘသတ္တိတွေပါ ဘုရား)။

ဒကာ ဒကာမတို့ သေကာနီး ဒီဒုက္ခကြီးပေးတာ ဘယ်သူပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား)။

ကိုင်း မောင်မင်းကြီးကျေးဇူးတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ကြည်ညိုစရာများ ကောင်းရဲ့လား (မကောင်းပါ ဘုရား) ဉာဏ်ရောက်ကြပြီလား (မှန်ပါ့) ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမယ် (ပယ်ရပါ့မယ် ဘုရား)။

သမုဒယသစ္စာကို ဘုရားက ဘာလုပ်ကြရမလဲ (ပယ်ရပါမယ် ဘုရား) ပယ်ရမည့် ပဟာတဗ္ဗတရားလို့ ဘုရားက ဟောထားတယ် (မှန်ပါ့)။

အဲ့ဒါ ယနေ့ကစပြီး ခင်ဗျားတို့ လက်သပ် မမွေးပါနဲ့တော့ (မှန်ပါ့) မပယ်သ၍ကာလပတ်လုံးဖြင့် ဒီဇာတ်ချည့် ခင်းနေလိမ့် မယ်ဆိုတာ မှတ်ပါ (မှန်ပါ့) ကိုင်း ခဏနားပါဦး၊ မီးရထားသံ လာနေတယ်။

တရားနှလုံးသွင်းကြ ဒကာ ဒကာမတို့၊ သေကာနီးလဲ ဒကာ ဒကာမတို့ ကိုယ်သေချင်သလို သေမယ် ထင်သလား (မထင်ပါ ဘုရား)။

အလောင်းမှ လှစရာ မြင်သေးရဲ့လား

သူက အရှက်ခွဲသလို ခွဲနိုင်သလောက် ခွဲပြီးမှ သေပွဲဝင်ရမှာ (မှန်ပါ့) ကြောက်စရာကောင်းလှချည့်လား (ကောင်းပါတယ် ဘုရား) အလောင်းမှ လှစရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ကဲ ဒါဟာ ဘယ်သူ့ဒဏ်ချက်တွေပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ဒါဟာ ဘယ်သူ့ ဒဏ်ချက်တွေပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူဟာ လူသတ်သမားဆိုရင်လဲ လွဲပါ့မလား (မလွဲပါ ဘုရား) လူသတ်သမား ဘဲတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့)။

လူသတ်သမားဆို့ဥစ္စာ တခြားမဟုတ်ဘူး၊ ဒီလို ပဋိသန္ဓေနေခြင်း ဆင်းရဲနဲ့ကြုံအောင်၊ အိုခြင်းဆင်းရဲနဲ့ ကြုံအောင် နာခြင်းဆင်းရဲနဲ့ ကြုံအောင်၊ သေခြင်းဆင်းရဲနဲ့ကြုံအောင် လုပ်တာဟူသ၍ ဘယ်သူပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒါကို ဧဝ မေ တဿ၊ ဧကဝလဿ ဒုက္ခက္ခန္ဓဿ = သူပေးထားတာ ဒုက္ခအစု ကြီးတွေကွ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ဟောပင် ဟောငြားသော်လည်း ခင်ဗျားတို့ကလဲ တဏှာကို မိတ်ဆွေဘဲ ထင်နေသေးတာသည် မသိမှု အဝိဇ္ဇာကလဲ လွှမ်းမိုးနေတယ် (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီသမုဒယသည် ဘယ်သူဖြင့် သုသာန်ကိုပို့လိုက်ပြီ တဲ့ စသည်ဖြင့် အရိုးကို တောင်နှယ် ပုံနေပြီတဲ့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ဒါ ဘယ်သူ့လက်ချက်တုံး (သမုဒယသစ္စာ တဏှာ လောဘလက်ချက်ပါ ဘုရား)။

တစ်ဇာတ်သိမ်းပြီး အစက ပြန်ခင်းတယ်

အသေဒုက္ခပြီးတော့ အနေဒုက္ခ ဆက်ပေးဦးမလို့ ဒါ တစ်ဇာတ်သိမ်းလိုက်တယ် (မှန်ပါ့) တစ်ဇာတ်သိမ်းပြီး အစက ပြန်ခင်းတယ်၊ ပဋိသန္ဓေနေတဲ့ ဒုက္ခကို ပြန်ခင်းလိုက်တယ် (မှန်ပါ့)။

ဘယ်သူ ခင်းပေးပြန်သတုံး (သမုဒယသစ္စာ တဏှာ လောဘက ခင်းပါတယ် ဘုရား) နောက်ကိုလဲ ဒီဇာတ်ချည့် လှည့်ပြီး ခင်းပေးမှာ ဘယ်သူပါလိမ့် (သမုဒယသစ္စာပါ ဘုရား)။

နင် သားပူတွေ့ပြီလား ရော့ ယူဆိုပြီး သားတစ်ယောက်ပေးလိုက်တာဘဲ (မှန်ပါ့) ဒီတော့ အမေမှာ ဘာပူတွေ့ရ သတုံး (သားပူတွေ့ရပါတယ် ဘုရား)။

တစ်ခါ သမီးပူ တွေ့ဖူးပြီလားလို့ မေးပြန်တာဘဲ၊ မေးပြန်တော့ ရော့ သမီးတစ်ယောက်ဆိုပြီး ခင်ဗျားတို့က ဆုတောင်း ယူလိုက်ကရော၊ သားနဲ့ သမီးနဲ့ ပြည့်ပြည့်စုံစုံ ဖြစ်ရပါလို၏ဆိုတော့ ရော့ ပေးလိုက်တာဘဲ (မှန်ပါ့)။

ပေးလိုက်တဲ့အခါ သမီးပူကောတွေရပြီလား (တွေ့ရပါတယ် ဘုရား) ဆွေပူ မျိုးပူကော (တွေ့ရပါတယ် ဘုရား) ဘယ်သူ ပေးတာတုံး (သမုဒယသစ္စာ တဏှာ လောဘကပေးတာပါ ဘုရား) သဘောကျပြီလား (မှန်ပါ့)။

ကဲ သောကပရိဒေဝ၊ ဒုက္ခဒေါမနဿ ပေးလေသမျှလဲ ဘယ်သူကတုံး (သမုဒယသစ္စာ တဏှာ လောဘက ပေးတာ ပါ ဘုရား) သတ်လေသမျှ (သမုဒယသစ္စာပါဘဲ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နွားရိုးတွေ လှည်းနဲ့ အစီးတစ်ရာလောက် တင်ပြီး သကာလ ဥပမာ ရန်ကုန်ပို့ကြမယ် ဆိုကြပါစို့၊ ဒီနွားတွေသည်ကား လို့ဆိုရင် တစ်နေရာတည်းက ပို့တယ်ဆိုသဖြင့် နွားသတ်ကုလား၏ လက်ချက်ဘဲဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား) ဒီမှာလဲ ဟိုရွာသေပြန်ပြီ တဲ့၊ ဒီရွာမှာ သေပြန်ပြီ တဲ့၊ ဒီနေ့ အလောင်း ဘယ်နှစ်လောင်း ရောက်ပြန်ပြီတဲ့ သုသာန်ကို၊ မြို့ကြီး ပြကြီးတွေမှာ ဘယ်သူ့လက်ချက်ထင်ကြသတုံး (သမုဒယသစ္စာ တဏှာ လောဘ၏ လက်ချက်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

နွားသတ်သမား၏ လက်ချက်

နွားရိုးတွေပုံနေတာ နွားသတ်သမား၏ လက်ချက် ဆိုတာ သိရသလိုပေါ့ဗျာ ဒီမှာလဲ အသေတွေ အကုန်လုံး စုပြုံ နေကြာတာ ဘယ်သူ့လက်ချက်ပါလိမ့် (သမုဒယသစ္စာ တဏှာ လောဘလက်ချက်ပါ ဘုရား) သမုဒယသစ္စာ တဏှာ လောဘ လက်ချက်ဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူရှိနေသ၍ ကာလပတ်လုံး ဆင်းရဲအမျိုးမျိုးကြုံ ဟုတ်လား (မှန်ပါ့) နောက်ဆုံးပိတ်သေပွဲ နဲ့ ပေါင်းပေးလိုက်တာဘဲ (မှန်ပါ့) မသေခင် ဆင်းရဲအမျိုးမျိုးနဲ့ ထားတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဆင်းရဲအမျိုးမျိုးနဲ့လဲ အကုန်ခံပြီးပြီလား စုံပြီလား ဆိုလို့ရှိရင်ဖြင့် သတ်ပွဲထဲ သွင်းလိုက်တာဘဲ (မှန်ပါ့) ဘယ်သူ့ လက်ချက်တွေလဲ (သမုဒယသစ္စာ တဏှာ လောဘလက်ချက်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူမသေသ၍ကာလပတ်လုံး ကံတွေက အမျိုးမျိုးအဖုံဖုံ ပေးနေဦးမှာဘဲ (မှန်ပါ့) သူမသေ သေးရင် တဏှာမသေသေးရင်လဲ ကံတွေက ပေးနေဦးမယ် (မှန်ပါ့)။

သူသေရင်တော့ (မပေးတော့ပါ ဘုရား) တဏှာနိရောဓါ (ဥပါဒါန နိရောဓါ) ဥပါဒါန နိရောဓါ (ကမ္မဘဝ နိရောော ပါ ဘုရား)။

ဟော ကမ္မဘဝနိရောဓောဖြစ်ပြီ (မှန်ပါ့) ကံတွေ အကုန်ချုပ်ပါတယ် တဲ့၊ သူသေလို့ ချုပ်တာနော် သူမသေရင် (မချုပ်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကံချုပ်ဖို့လိုသလား တဏှာချုပ်ဖို့လိုသလား (တဏှာချုပ်ဖို့ လိုပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသိမ်းချင်လို့ရှိရင် ဒုက္ခမသိမ်းနဲ့ တဏှာသိမ်း (မှန်လှပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခသိမ်းရမလား ဘာသိမ်းရမတုံး (တဏှာသိမ်းရပါမယ် ဘုရား) ကိုင်း ဒကာ ဒကာမတို့ သူ့ကို သိမ်းနိုင်တဲ့ နည်းကတော့ ဟင်း လျှော့စားလဲ လျှော့တဏှာလာတာဘဲ (မှန်ပါ့ ဘုရား) အဝတ်လျှော့ဝတ်ပြန်တော့ကော (လျှော့တဏှာ လာပါတယ် ဘုရား) လျှော့တဲ့တဏှာက ရှိနေသေးတာဘဲ (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒီလိုကို လုပ်မနေနဲ့တော့ သူဟာ ဘယ်သူ့ကို မှီနေသတုံးသာကြည့်၊ ကြည့်တော့ သူဟာ ခန္ဓာငါးပါး မှီနေတယ်ဆိုတာ လာရမယ် (မှန်ပါ့) ခန္ဓာငါးပါးမှာ တဏှာနဲ့ ဒိဋ္ဌိတွဲပြီး မှီနေတယ် (မှန်ပါ့)။

တဏှာဟာ ဘယ်မှာမှီသတုံး

တဏှာဟာ ဘယ်မှာမှီသတုံး (ခန္ဓာငါးပါးမှီနေပါတယ် ဘုရား) အေး ခန္ဓာငါးပါးမှီနေတယ် ဒကာ ဒကာမတို့ ဒီမှာ ငါးလုံးချထားတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတဲ့အတိုင်း ဟောပါမယ် ဒကာ ဒကာမတို့၊ တဏှာကို ဒီကနေ သတ်မှရမယ်၊ သူမှီတဲ့နေရာကို သတ်ရမှာဘဲ၊ ဒါမှ ခရီးပိုရောက်မယ်၊ သူပေါ်လာမှ သတ်လို့ရှိရင်တော့ သူက ဥပါဒါန်ကိုတောင် လှမ်းပြီး ကျေးဇူးပြုချင် ပြုလိုက်လိမ့်မယ် (မှန်ပါ့)။

ဒီတော့ သူပေါ်လာမှ သူ့ကိုသတ်ခြင်းထက် သူမှီနေတဲ့ နေရာကို သတ်ခြင်းက ပိုမိုခရီးရောက်နိုင်ပါတယ် (မှန်ပ့ါ) သဘောကျပြီလား (ကျပါပြီဘုးရား)။

ဒါကြောင့် သူမှီနေတဲ့နေရာကိုဖျက်ကြစို့ (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “မနောလောကေ ပီယရူပံသာ ကရူပံ၊ ဝိဉာဏက္ခန္ဓာ ဆိုတဲ့ စိတ်တစ်လုံးဘဲပြောပါမယ် (မှန်ပါ့ ဘုရား)။

လောကေ = လောက၌၊ မနော = စိတ်သည်၊ ပီယရူပံ = ချစ်အပ်တဲ့သဘောရှိတယ်၊ သာတရူပံ = ချစ်အပ်တဲ့သဘော ရှိတယ်၊ သာတရူပံ = သာယာအပ်တဲ့သဘောရှိတယ် (မှန်ပါ့) ကိုယ့်စိတ်ကလေးကို ကိုယ်သာယာနေတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကိုယ့်စိတ်ကလေးကို ကိုယ်သာယာနေတယ်ဆိုသဖြင့် ကိုယ်စိတ်မနောကံကနေပြီး တဏှာဟာ စိတ်ကိုအစွဲပြုပြီး တဏှာပေါ်ပါတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ပါဠိတော်ကဘာတဲ့ “မနောလောကေ ပီယရူပံ သာတရူပံ” အဲ့ဒါ သတိပဌာန်ပါဠိတော်မှာလာတာ၊ သီလရှင်တွေ ဘက်ကဆိုရင် ရတာများပါလိမ့် (မှန်ပါ့) အဲ့ဒီ မနဆိုတဲ့စိတ်မှာ ပီယသာတဖြစ်နေတယ်၊ ပီယဆိုတာ ခင်တာ၊ သာတ ဆိုတာ သာယာတာ အဲ့ဒီမှာ တဏှာရှိနေတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက် ရှုလိုက်လို့ရှိရင်

စိတ်ပေါ်မှာဘာရှိနေသတဲ့ (တဏှာရှိပါတယ် ဘုရား) တဏှာရှိတယ်ဆိုတော့ ခင်ဗျားတို့ ကျုပ်တို့သည် စိတ်ပေါ်တိုင်း ပေါ်တိုင်း၊ ပီယသာတ မဖြစ်အောင် ဧတ္တေသာ တဏှာ ပဟိယမာနာ ပဟိယတိနိရုဇ္ဈမာနာ နိရုဇ္ဈတိတဲ့ သူ့ကို ဖြစ်ပျက် ရှုလိုက်လို့ရှိရင် တဏှာချုပ်သွားမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဖြစ်ပျက်မရှုရင် တဏှာလာမယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မရှုရင် (တဏှာလာပါမယ် ဘုရား) ပါဠိတော်ကြည့် ဘုရားဟောတော်မူတာ အင်မတန် မှန်ကန်ပါတယ်၊ မနောလောကေ ပီယရူပံ သာတရူပံတဲ့ ရှုတဲ့ပုဂ္ဂိုလ်မှာ (မှန်ပါ့) “ဧတ္တေတဏှာ ဥပ္ပဇ္ဇတိ နိဝိသမာနာနိဝိသတိတဲ့ တဏှာဟာ တစ်ခါတည်းဖြစ်တာဘဲတဲ့ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်ကျတော့၊ မနောလောကေ ပီယရူပံ သာတရူပံ ဧတ္တေသာတဏှာ ပဟိယမာနာပဟိယတိနိရုဇ္ဈ မာနာ နိရုဇ္ဈတိ ဖြစ်ပျက်ရှုရင်တော့ ချုပ်သွားတယ်တဲ့ (မှန်ပါ့)။

ဖြစ်ပျက် မရှုရင်တော့ စိတ်ကိုအမှီပြုပြီး ဘာလာသတဲ့ (တဏှာလာပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ သန္တာန်မှာတဲ့စိတ် ကာမစိတ်တွေပေါ့ဗျာ အဲ့ဒီခင်ဗျားတို့ သန္တာန်လာတဲ့ စိတ်ဟူသ၍ကို ဖြစ်ပျက်ရှုပါ (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ သူမှီနေတဲ့ တဏှာဟာ သူသည်ကားလို့ဆိုရင် စိတ်ဆိုရင် သာယာတယ် (မှန်ပါ့)။

အနိစ္စမှန်းသိတော့ (မသာယာပါ ဘုရား) အဲ အနိစ္စကို ကျုပ်တို့က ဖြစ်အောင် လုပ်နိုင်တဲ့ ဉာဏ်နဲ့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ တဏှာဟာ မလာတော့ဘူး (မှန်ပါ့ ဘုရား) အနိစ္စ မဖြစ်ရင်တော့ဖြင့် (လာမှာပါ ဘုရား)။

ဘယ်စိတ်လာလာ ဘာလုပ်ရမလဲ

ဒါဖြင့် ဘယ်စိတ်လာလာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) အဲ ဖြစ်ပျက်ရှုလိုက်တော့ စိတ်ကလေးတစ်လုံး ဆိုကြပါစို့၊ လောဘစိတ်လာလဲ ဖြစ်ပျက်ရှု၊ ဒေါသစိတ်ဖြစ်လာရင် (ဖြစ်ပျက်ရှုရပါမယ်) မောဟစိတ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

မရှုရင် တဏှာလာမယ်၊ မနောလောကေ ပီယရူပံ သာတရူပံကိုး (မှန်ပါ့) မနဆိုတဲ့စိတ်ကြောင့် ပီယသာတ လာမယ်တဲ့ (မှန်ပါ့) အဲ့ဒီတော့ မလာချင်လို့ရှိရင် ဧတ္တေသာတဏှာ၊ ပဟိယမာနာ ပဟိယတိနိရုဇ္ဈမာနာ နိရုဇ္ဈတိလုပ်ပါ၊ ပယ်ပစ်ပါ၊ ချုပ်အောင်လုပ်ပစ်ပါ (မှန်ပါ့ ဘုရား)။

စာက ဆိုထားတာကို ခင်ဗျားတို့က အလုပ်မလုပ်တတ်မှာစိုးလို့ ခင်ဗျားတို့ ဖြစ်ပျက်ရှုပစ်လိုက်ကြပါ (မှန်ပါ့) ဘယ်စိတ် ကလာလာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုလိုက်တော့ မနောကပ်နေတဲ့ တဏှာဟာ နေနိုင်သေး ရဲ့လား (မနေနိုင်ပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တဏှာလာနိုင်သေးရဲ့လား

ဒါဖြင့် စိတ်က ဖြစ်ပျက်ရှု၊ ရှုတာက မဂ်လာဖြစ်တယ် (မှန်ပါ့) အဲ့ဒီတော့ ဒကာ ဒကာမတို့ ဒီလိုရှုလိုက်တဲ့အခါ ကျတော့ မဂ်နောက်ကနေပြီးလာတဲ့ တဏှာလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား) တဏှာချုပ်တယ် (မှန်ပါ့) တဏှာချုပ်တော့ ဥပါဒါန်ကကော (ချုပ်ပါတယ်) ကံတွေကကော (ချုပ်ပါတယ် ဘုရား)။

ဘယ့်နှယ့်ကြောင့် ကံတွေက ကာယကံ ဝစီကံ မနောကံတွေ ချုပ်ပါလိမ့်မလဲလို့ စဉ်းစားကြည့်စမ်း ဒကာ ဒကာမတို့ (ဖြစ်ပျက်ရှုလိုံပါ) မနောကို ဖြစ်ပျက်ရှုလိုက်တော့ မနောနောက်ကလိုက်မည့် တဏှာက ဘာဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား) တဏှာချုပ်တော့ ဥပါဒါန်ကကော (ချုပ်ပါတယ်) ကံတွေက (ချုပ်ပါတယ်) ဇာတိ ဇရာ မရဏတွေဟာ (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေခြင်းဆိုတဲ့ ရော့ယူတော့ဆိုတော့ ယူစရာလိုသေးသလား (မလိုပါ ဘုရား) အိုခြင်းဆိုးနဲ့ အရှက်ခွဲမှာကော (ယူစရာမလိုပါ ဘုရား) မခွဲရတော့ဘူး (မှန်ပါ့) တဏှာချုပ်လို့မခွဲတာ (မှန်ပါ့ ဘုရား)။

နာခြင်းဆိုးနဲ့ အရှက်ခွဲမှာကော (မခွဲတော့ပါ) သေခြင်းဆိုးနဲ့ အရှက်ခွဲတော့ ဘာဖြစ်လို့မခွဲတော့သတုံး မေးကြည့် (တဏှာချူပ်လို့ပါ ဘုရား) တဏှာမချုပ်ရင် (ခွဲမှာပါ ဘုရား) ဒီတဏှာ ဘယ်မှာနေသတုံး ဆိုတော့ (ခန္ဓာငါးပါးမှာ နေပါတယ်) ခန္ဓာငါးပါးမှာ နေတယ်ဆိုတော့ မနောမှာလဲမနေဘူးလား (နေပါတယ် ဘုရား)။

အဲ့ဒီတော့ စိတ်ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရမှာပါ) စိတ်ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ မနောရယ်လို့ ဆိုရသေးသလား မနောဟာ ဘာဖြစ်သွားသတုံးမေးတော့ နဂိုရ်ကတော့ မနဆိုတဲ့ စိတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အနိစ္စမြင်အောင်ကြည့်နိုင်လို့ရှိရင် မဂ်လာမယ်

အဲ့ဒါ ခင်ဗျားတို့စိတ်ကို စိတ်အတိုင်းထားလို့ရှိရင် တဏှာ ဥပါဒါန်လာမယ် (မှန်ပါ့) ခင်ဗျားတို့စိတ်ကို ဖြစ်ပျက်အဖြစ် နဲ့ အနိစ္စမြင်အောင်ကြည့်နိုင်လို့ရှိရင် မဂ်လာမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲ့ဒီတော့ စိတ်ကို စိတ်အတိုင်းထားရင် တဏှာ ဥပါဒါန် ကံတွေအကုန်လာမှာပေါ့ (မှန်ပါ့) စိတ်ကို အနိစ္စရှုနိုင်မှ နောက် တဏှာ ဥပါဒါန်တွေ ဘာတုံး (ချုပ်မှာပါ ဘုရား) ဒါဖြင့် စိတ်က ဖြစ်ပျက်ရှုတာက (မဂ်ပါ) သေတာက (သမုဒယ) သေတာကသမုဒယနော် (မှန်ပါ့) အကျိုးပေးတွေတည်းဟူသော ဒုက္ခတွေလဲလာသေးရဲ့လား (မလာပါ ဘုရား) ဒီတော့ ချုပ်မှာ ကဘာတုံး (ဒုက္ခတွေချုပ်မှာပါ ဘုရား) ဒါဖြင့် ဒုက္ခနိရောဓော နိဗ္ဗာနံ၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကိုယ့်စိတ်ကို ဝိပဿနာရှုစမ်းပါ

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကို ဝိပဿနာရှုစမ်းပါ (မှန်ပါ့) စိတ်ရှုရင် ဝေဒနာပါတယ် ရုပ်ပါတယ် အကုန်မပါ နိုင်ဘူးလား (ပါနိုင်ပါတယ်) ဟာ တပည့်တော်တို့က စိတ်ကို မနိုင်ဘူးဆိုရင် ဝေဒနာရှု၊ ဟာ ဝေဒနာမရှုဘူးဆိုတော့လဲ ရုပ်ရှု၊ ရှုချင်တာရှု၊ ဒီမှာ ပီယသာတဆိုတဲ့ တဏှာကပ်နေတာချည်းပဲမှတ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ခန္ဓာငါးပါး အကုန်ကပ်နေတာဘဲ (မှန်ပါ့) မကပ်ဘူးလား (ကပ်ပါတယ် ဘုရား)။

ဒါကြောင့် ရူပံလောကေ ပီယရူပံ သာတရူပံ ရုပ်လဲကပ်တာဘဲ စက္ခုသမ္ဖသာဇာ၊ ဝေဒနာလောကေ ပီယရူပံ သာတရူပံ ဝေဒနာလဲကပ်တာဘဲ (မှန်ပါ့) ရူပသညာလေကေ ပီယရူပံ သာတရူပံ သညာလဲကပ်တာဘဲတဲ့ (မှန်ပါ့) ရူပသေဉ္စတနာလောကေ ပီယရူပံ သာတရူပံလို့ဟောပြန်တော့ သင်္ခါရက္ခန္ဓာလဲ သူကပ်နေတာဘဲ (မှန်ပါ့) စက္ခု ဝိညာဏံ လောကေပီယရူပံ သာတရူပံ စိတ်လဲသူကပ်နေတာဘဲတဲ့ (မှန်ပါ့) မကပ်ဘူးလား (ကပ်ပါတယ် ဘုရား)။

ဒါဖြင့် တဏှာကပ်နေတာသည် ခန္ဓာငါးပါး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) တပါးပါးကို ခင်ဗျားတို့ မိအောင် ဖြစ်ပျက်ရှု (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဖြစ်ပျက်မိအောင် ရှိုလိုက်လို့ရှိရင်ဖြင့် ဝေဒနာဟာ ဝေဒနာလား အနိစ္စလား (အနိစ္စပါ) စိတ်ဟာ စိတ်လား အနိစ္စလား (အနိစ္စပါ) အဲ့ဒီစိတ်ကို စိတ်အတိုင်းထားရင် တဏှာလာမယ်၊ ဝေဒနာကို ဝေဒနာအတိုင်းထားရင် (တဏှာလာပါမယ်) သညာကို သညာအတိုင်းထားရင် (တဏှာလာပါမယ် ဘုရား)။

နာမ်ရုပ်သိရုံနဲ့ မဂ်ဖိုလ်ထိအောင် မသွားသေးဘူး

ရုပ်ကို ရုပ်အတိုင်းထားရင် (တဏှာလာပါမယ်) အဲ့ဒါကြောင့် နာမရူပ ပရိစ္ဆေဒဉာဏ်လောက်နဲ့ ရပ်ထားရင် မဂ် ဖိုလ်ထိအောင် မသွားသေးဘူးလားဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

နာမ်ရုပ်သိရုံနဲ့ မဂ်ဖိုလ်ထိအောင် မသွားသေးဘူး (မှန်ပါ့) လက္ခဏာရေး ရောက်မှ ဒုက္ခသစ္စာဖြစ်မှ အထက် ဝိပဿနာ ဉာဏ်တွေရောက်ပြီး မဂ်ဖိုလ်ထိအောင်သွားမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒုက္ခသစ္စာမဖြစ်သေးဘူးလား (ဖြစ်ပါပြီ) ဖြစ်ပျက် ဘာသစ္စာ (ဒုက္ခသစ္စာ) မြင်တာက (မဂ္ဂသစ္စာ) သေတာက (သမုဒယ သစ္စာ) နောက် ဇာတိ ဇရာ မရဏမလာတာက (နိရောဓသစ္စာပါ ဘုရား)။

အဲ့ဒီမှာ ထင်ရှားနေတော့ ဪ ဖြစ်ပျက်ဒုက္ခသစ္စာမမြင်သေးရင် တဏှာဘယ်တော့မှ မသေဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ဖြစ်ပျက် ဒုက္ခသစ္စာမြင်ရင် ဘာသေမတုံး (တဏှာသေပါမယ် ဘုရား)။

တဏှာသေလို့ရှိရင် နိဒါနဋ္ဌော ဒုက္ခဝတ္တု ဒုက္ခမှုတို့ကို တစ်ခုမကျန် တစ်ရံမစဲ အမြဲပေးအပ်ဆိုတာ ပေးနိုင်သေးရဲ့လား (မပေးနိုင်တော့ပါ ဘုရား) တဏှာရှိရင်ဖြင့် ဘာတုံး (ပေးမှာပါ) ဘာတွေပေးမယ်ထင်သတုံး (ဒုက္ခတွေပေးမှာပါ) အဲ ပေးမည့်သူ မသေသေးဘူးလား (သေပါတယ် ဘုရား)။

ပေးမည့်သူ သေကတည်းကိုက ဒကာ ဒကာမတို့ ကျုပ်တို့မှာ ဘာပူစရာရှိသတုံး (ဘာမှပူစရာမရှိပါဘူး) ဒုက္ခတွေ အကုန်ပူစရာမရှိတော့ဘူး (မှန်ပါ့) သုခဘဲရှိတော့တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်စိတ်ကို ဖြစ်ပျက်ရှု ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာ) ရှုဉာဏ်က (မဂ္ဂသစ္စာ) သေတာက (သမုဒယသစ္စာ) ဇာတိ ဇရာ မရဏ ချုပ်တာက (နိရောဓသစ္စာပါ ဘုရား)။

ဒုက္ခအစစ်ဘဲလို့သာ ဆုံးဖြတ်ချက်ချပြီး

အဲ ဒါဖြင့် ဒုက္ခသစ္စာကို ပရိညေယျနဲ့ တစ်ခါတည်း ဖြစ်ပျက်ဟာ ဒုက္ခမှတစ်ပါး ဘာမှမဟုတ်ဘူး၊ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ ဖြစ်ပျက်မှတစ်ပါး ဘာမှမဟုတ်ဘူး၊ ဒုက္ခအစစ်ဘဲလို့သာ ဆုံးဖြတ်ချက်ချပြီး ရှုနေပါ (မှန်ပါ့) မရှုနိုင်ကြဘူးလား (ရှုနိုင်ပါတယ် ဘုရား)။

ရှုနိုင်လို့ရှိရင် တဏှာမသေဘူးလား (သေပါတယ် ဘုရား) နဂိုရ်က တဏှာက ဒါတွေဟာ ခန္ဓာရယ်လို့ဆိုပြီး ကပ်နေတာ (မှန်ပါ့) ကျုပ်တို့ ဒုက္ခသစ္စာလုပ်ပစ်တော့ သူကပ်နိုင်သေးရဲ့လား (မကပ်နိုင်ပါ ဘုရား)။

အဲ ဒုက္ခသစ္စာကိုလဲ အရိညေယျနဲ့ ပိုင်းခြားပါရော မဂ်ဉာဏ်ပေါ်လာလို့ ဒုက္ခသစ္စာလဲ ပဟာတဗ္ဗနဲ့သွားတော့ နိရောဓ ဆိုတာ သစ္စိ ကာတဗ္ဓနဲ့ ဒီဒုက္ခတွေချုပ်သွား နိဗ္ဗာန်ပေါ်လာတာဘဲ (မှန်ပါ့) အဲ့ဒီတော့ သစ္စာလေးချက် တစ်ပြိုင်နက် ပေါ်ရမယ် ဆိုတာ မှန်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဟာ ဒုက္ခတွေလို့ ပိုင်းခြားတာက ဒုက္ခပိုင်းခြားလိုက်သည်နဲ့ ဒုက္ခချုပ်သွားတော့ နိဗ္ဗာန် မြင်လာတယ်၊ ပေါ်မလာဘူး လား (မှန်ပါ့) အဲ နိရောဓက နိရောဓသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ သေတာက (သမုဒယသေတာပါ) အဲ့ဒီမှာ တစ်ပြိုင်နက် ပေါ်တာဘဲ ဒကာကြွယ် (မှန်ပါ့ ဘုရား)။

မဂ္ဂသစ္စာဆိုတာ ဘာဝေတဗ္ဗကိစ္စပွားများရမယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒုက္ခသစ္စာကိုဖြင့် အရေးတကြီးပွားများရလိမ့်မယ် (မှန်ပါ့) ပွားများလိုက်လို့ရှိရင် မဂ္ဂသစ္စာဖြစ်ပြီ (မှန်ပါ့) မဂ္ဂသစ္စာဆိုတာ ဘာဝေတဗ္ဗကိစ္စပွားများရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခဏခဏ ပွားများ ကိုယ်စိတ်ကို၊ ပွားများနေလို့ရှိရင် ဖြစ်ပျက်မြင်လာမယ် (မှန်ပါ့) နောက်ဘာဖြစ်လာ မတုံး (မုန်းလာပါမယ်) နောက်ကျတော့ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာဆိုပြီး မဆုံးပေဘူးလား (ဆုံးပါတယ်) ဆုံးရင်ဘာပေါ်လာမယ် (နိရောဓပေါ်လာပါမယ်)။

ဒါတွေဟာ ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား) အဲ နိရောဓလဲဖြစ်လာရော ဒကာ ဒကာမတို့ သမုဒယတွေ အမြစ်နဲ့တကွ မပြတ်သေးဘူးလား (ပြတ်ပါတယ်) သူအမြစ်နဲ့ပြတ်တော့ သူပေးမဲ့ဒုက္ခတွေ ကျုပ်တို့ယူစရာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲ့ဒါလည်း နိရောဓသစ္စာဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။