12704

မာတိကာသို့

သက္ကာယအပေါ်၌ ဒိဋ္ဌိပြုတ်တဲ့တရား

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မင်္ဂလာတိုက်ကျောင်း၌ ဟောကြားတော်မူအပ်သော

သက္ကာယအပေါ်၌ ဒိဋ္ဌိပြုတ်တဲ့တရား

သက္ကာယ၌ မိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့

(စိတ်၁၃-မျိုးရှုပွားနည်း)နေ့အလုပ်ပေး တရားတော်

(၅-၁၀-၆၁)

စိတ္တာနုပဿနာ သင်နေတယ်

သောတာပန် အငယ်စားဖြစ်တယ်လို့ မှတ်ထားကြပါ (မှန်ပါ့) ဥပမာ မျက်လုံးက ဖွင့်လိုက်တယ်၊ ဖွင့်လိုက်လို့ ရှိရင်ဖြင့် တစ်ခုခုတော့ သူမြင်တော့မှာပဲ (မှန်ပါ့)။

မျက်လုံးဖွင့်လိုက်တယ်၊ ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း ဦးမာဒင် တို့၊ ဦးသန်းမောင် တို့ ဖျတ်ဆို မြင်စိတ် ကလေးဟာ ပေါ်လာတယ်။

ဪ ဒါ မြင်စိတ်ကလေးပါလားလို့ ပေါ်ပေါ်ချင်း သိပေးရမယ် (မှန်ပါ့)။

ပေါ်ပေါ်ချင်း ဘာလုပ်ရမလဲ (သိပေးရပါမယ် ဘုရား) ဪ အခုမှပေါ်တဲ့ မြင်စိတ်ကလေးပါလား၊ အားလုံး ဒကာ ဒကာမတွေ အခုမှပေါ်တဲ့ မြင်စိတ်ကလေးပါလားလို့ သိပေးရမယ် (မှန်ပါ့)။

ဖျက်ဆို အသံကလေးတစ်ခု ကြားလိုက်တယ်၊ မြင်စိတ်မရှိဘူး၊ ကြားစိတ်ကလေး ပေါ်တယ်လို့ သိပေးပါ (မှန်ပါ့)။

အနံ့ကလေးတွေ လေကယူလာတယ်၊ နှာခေါင်းထဲသွားတိုးတယ်၊ တိုးတဲ့အခါ မွှေးတယ်, ကြိုင်တယ်၊ ဪ ဒါဟာ အနံ့သိတဲ့စိတ်ကလေး ပေါ်ပါလားလို့ ပေါ်ရင်သိပေးပါ (မှန်ပါ့)။

လျှာပေါ်မှာ ကိုယ့်တံတွေး မျိုမျို၊ လျက်ဆားကလေးလျက်လျက် ဒီ့ပြင် စားသောက်ဖွယ်, ဘောဇဉ် စားချင်တာ စား၊ စားတဲ့စိတ်ကလေး လျှာလယ်ရောက်လို့ ပေါ်လာတယ်ဆိုရင် ချိုတာသိ၊ ချဉ်တာသိ၊ ဒီသိတဲ့ စိတ်ကလေးဟာလဲ ဪ ဒါဟာ စားစိတ်ကလေး ပေါ်ပါလားလို့ ပေါ်တိုင်းသိပေးပါ (မှန်ပါ့)။

ကိုယ်ပေါ်မှာ ယားတယ်, ယံတယ်, နာတယ်, ဪ ဒါဟာ ယားတဲ့စိတ်ကလေးပါလား၊ နာတဲ့စိတ်ကလေးပါလား၊ သူ့နေရာနဲ့သူ ဪ ဒါပေါ်တာကိုးလို့ သိပေးပါ၊ ကိုယ်ပေါ်မှာ ယားတဲ့စိတ်ကလေးနော် (မှန်ပါ့) ဒုက္ခစိတ်ကလေး (မှန်ပါ့)။

ပြီးတော့ ကိုယ်ပေါ်မှာ လေကလေး ဘာကလေးတိုက်၊ နေကောင်းတဲ့စိတ်ကလေး ပေါ်တတ်တယ် (မှန်ပါ့)။

လေကလေး တိုက်တယ်ဆိုရင် ဒီနေရာကလေးက နေရာကျလိုက်တာ၊ လည်ပင်းတိုက်တယ်၊ လည်ပင်းတွင်ပဲ ချမ်းသာတဲ့ စိတ်ကလေးပေါ်တယ်၊ ကိုယ်ပေါ်မှာ သုခစိတ်ကလေးလဲ ပေါ်နေတယ် (မှန်ပါ့)။

ဒါဖြင့် ကိုယ်ပေါ်မှာတော့ သုခစိတ်၊ ဒုက္ခစိတ် ဒါကြောင့် အနီနှစ်ခု ခွဲပြတယ် (မှန်ပါ့)။

ဒါဖြင့် မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ် (မှန်ပါ့) ကိုယ်ပေါ်ကျတော့ တစ်ခါတစ်လေ သုခပေါ်တယ်၊ တစ်ခါတလေ ဒုက္ခပေါ်တယ်၊ ဒုက္ခစိတ်၊ သုခစိတ် (မှန်ပါ့)။

ဒါကို အားလုံး ဒကာ ဒကာမတွေက ပေါ်တိုင်း၊ ပေါ်တိုင်း သိပေးပါနော် (မှန်ပါ့)။

ဝမ်းထဲမှာတော့ ဘာပေါ်လေ့ရှိသတုန်းလို့ မေးတဲ့အခါကျတော့ ဒါဟာ စိတ္တာနုပဿနာ သင်နေတယ်လို့လဲ မှတ်ကြပါ (မှန်ပါ့)။

ဟဒယ ဝတ္ထုပေါ်မှာ ပေါ်တယ်

တစ်ခါတလေကျတော့ ဝမ်းထဲမှာ ဝမ်းသာစရာကလေး ရန်ကုန်ကဖြစ်စေ၊ ဟင်္သာတကဖြစ်စေ အကြောင်းကြားတယ်၊ ဝမ်းသာစရာကလေးကျတော့ ဝမ်းသာတဲ့စိတ်ဟာ ဝမ်းထဲမှာပေါ်တယ်၊ သူကတော့ နေရာတခြား ဟဒယ ဝတ္ထုပေါ်မှာ ပေါ်တယ် (မှန်ပါ့)။

တစ်ခါတလေကျတော့လည်း ဝမ်းမသာတဲ့စိတ်၊ ပျင်းရိတဲ့စိတ်ပေါ်တယ် (မှန်ပါ့) ဒါဖြင့် ဒေါသစိတ်ပေါ့နော် (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့လဲ ဦးမာဒင် တို့၊ ဦးသန်းမောင် တို့ ဟိုဘက်က ဒကာမကြီးတွေက သံသယရှိတဲ့ စိတ်ကလေးပေါ်တယ် (မှန်ပါ့) ဘယ်ဟာရယ်လို့ မဟုတ်ဘူး၊ သံသယရှိတယ် ဒါ မောဟစိတ်လို့ မှတ်ပါ (မှန်ပါ့)။

တစ်ခါတလေကျတော့လည်း လောဘစိတ်၊ ဒေါသစိတ်တွင် မဟုတ်ပါဘူးတဲ့၊ အလောဘ လှူချင်တန်းချင်တဲ့ စိတ်ကလေးကလဲ ဖျတ်ခနဲပေါ်ချင်ပေါ်တာပဲ (မှန်လှပါ)။

အဲဒါကျတော့ အလောဘစိတ် (မှန်ပါ့)။

တစ်ခါတလေကျတော့ အားလုံးသတ္တဝါတွေ ဪ ကိုယ်က သိတန်သလောက် သိရတယ်၊ မသိရှာသေးဘူးဆိုပြီး သကာလ မေတ္တာကလေးလဲ ပေါ်တတ်တယ်၊ အဲဒါကျတော့ မှတ်ပါတဲ့၊ အဒေါသစိတ်လို့ (မှန်ပါ့)။

ကိုင်း အားလုံး ဒကာ ဒကာမတွေ ဒါကမြင်စိတ် (မှန်ပါ့ ဘုရား) ဒါကဘာတုန်း (ကြားစိတ်ပါ ဘုရား) ဒါက (နံစိတ်ပါ ဘုရား) ဒါက (စားစိတ်ပါ ဘုရား)။

ဒါက ယားနာစိတ် (မှန်လှပါ) ဒါက ကောင်းတဲ့စိတ် (မှန်ပါ့) ဒါက ကိုယ်ပေါ်မှာ ပေါ်တယ်နော် (မှန်ပါ့ ဘုရား)။

ယားနာစိတ်လဲ ကိုယ်ပေါ်မှာပဲ၊ ကောင်းတဲ့စိတ်လည်း ကိုယ်ပေါ်မှာပဲ (မှန်ပါ့) ဒီငါးခုက ဝမ်းထဲမှာ ပေါ်တယ် (မှန်လှပါ ဘုရား)။

တစ်ခါတလေ လောဘ ပေါ်တယ်၊ လိုချင်တဲ့ လောဘ၊ တစ်ခါတလေကျတော့ ဒေါသ၊ တစ်ခါတလေကျတော့ မောဟ ပေါ်တယ်၊ တစ်ခါတလေကျတော့ ပေးချင်ကမ်းချင်တဲ့ အလောဘ ပေါ်တယ်လု့ိသိပေးရမယ် (မှန်ပါ့)။

တစ်ခါတလေကျတော့ အဒေါသဆိုတဲ့ မေတ္တာကလေးများ ပေါ်လာတာရှိသေးတယ် (မှန်ပါ့) အဲဒါလဲ အဒေါသစိတ် မေတ္တာပေါ်တယ်လို့ သိပေး (မှန်ပါ့)။

ပြင်ဘက်က ခြောက်ခု၊ အတွင်းက ငါးခု

ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ အလုပ်သင်ပါပြီတဲ့၊ ပြင်ဘက်က ခြောက်ခု၊ အတွင်းက ငါးခု မှတ်ပါ (မှန်လှပါ)။

ကောင်းပြီ ဒါ အပြင်စိတ်ဆိုတာ အပြင်ဘက်ကပေါ်တာ၊ ဝမ်းထဲမှာပေါ်တာ မဟုတ်ဘူး (မှန်ပါ့) ကြားစိတ် ဆိုရင်တော့ (အပြင်ဘက်မှာပေါ်ပါတယ် ဘုရား) နံစိတ်ဆိုရင် (အပြင်ဘက်မှာ ပေါ်ပါတယ် ဘုရား) ယားစိတ်, ယံစိတ်, နာစိတ်ကော (ကိုယ်ပေါ်မှာ ပေါ်ပါတယ် ဘုရား)။

အဲ ကိုယ်ဆိုတော့လဲ ပြင်ဘက်မှာပဲ ပေါ်တယ်နော် (မှန်ပါ့) တစ်ခါ ကောင်းတဲ့စိတ်ကလေး ချမ်းသာတဲ့ စိတ်ကလေးကော (အပြင်ဘက်မှာ ပေါ်ပါတယ် ဘုရား)။

အဲဒါ အပြင်ဘက်က ရှုစရာ၊ ပြင်ဘက်မှာ ပေါ်တဲ့စိတ်ဟာ ခြောက်မျိုး (မှန်ပါ့)။

လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, ဒါက အတွင်းမှာပေါ်တဲ့ စိတ်ငါးခု (မှန်ပါ့ ဘုရား)။

ပြီးတော့ ဒီနှစ်ခုတည်းပဲ ဒါကလေးကို ပြင်ဘက်ထုတ်တဲ့စိတ်၊ ဒါကလေးကို ပြန်ရှိုက်တဲ့စိတ် (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတွေ မှတ်စရာက ဪ အပြင်ဧည့်သည်ခြောက်ယောက်၊ အတွင်းဧည့်သည်က ငါးယောက်၊ အိမ်သည်နှစ်ယောက် (မှန်ပါ့)။

အိမ်သည်ဆိုတာက

အိမ်သည်ဆိုတာက ခင်ဗျားတို့ လေကလေး ပြင်ဘက်ထုတ်တဲ့စိတ် ပေါ်တယ်၊ တစ်ခါတလေ လေကလေး ပြန်ရှိုက်တဲ့ စိတ်ပေါ်တယ် (မှန်ပါ့)။

ပေါ်တာက ဦးမာဒင် တို့၊ ဦးသန်းမောင် တို့ ဘာလုပ်တာတုန်း၊ အိုမသေအောင် စောင့်နေတာ (မှန်ပါ့) ခင်ဗျားတို့ ပုပ်သိုးပြီး မသွားအောင်လို့ စောင့်နေတဲ့စိတ် (မှန်ပါ့)။

ဒါဖြင့် အိမ်သည်စိတ် နှစ်ခု (မှန်လှပါ ဘုရား) ခန္ဓာအိမ်ကို စောင့်နေတဲ့စိတ်က နှစ်ခုလို့မှတ်ထား၊ အားလုံး မှတ်ထားကြနော် (မှန်ပါ့) ဒါမမှတ်လို့ရှိရင် ဖြစ်ကိုမဖြစ်ဘူး (မှန်ပါ့ ဘုရား)။

ပြင်ဘက်ဧည့်သည် ခြောက်၊ အတွင်းဧည့်သည် ငါး၊ အိမ်သည်နှစ်ဦး၊ ဒါပဲ ခင်ဗျားတို့ သန္တာန်မှာရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါကို ဒီလိုမှတ်ရမယ်၊ ဪ ခန္ဓာကိုယ်ထဲမှာ ဟောဒီတစ်ခုပေါ်နေလို့ရှိရင် အားလုံး အခုပြထားတာက ဆယ့်သုံး ပြထားတယ်၊ ခန္ဓာကိုယ်ထဲမှာတော့ ဒီတစ်ခုဖြစ်နေလို့ရှိရင် ကျန်တဲ့ဆယ့်နှစ်ခု မရှိဘူး (မှန်ပါ့) ဒီတစ်ခု ဖြစ်နေရင်ကော (ကျန်တဲ့ဆယ့်နှစ်ခု မရှိပါ ဘုရား) ဒီတစ်ခုဖြစ်နေရင်ကော (ကျန်တဲ့ဆယ့်နှစ်ခု မဖြစ်ပါ ဘုရား) ကုသိုလ် ကလေးများ ဖြစ်နေရင်ကော (ကျန်တဲ့ဆယ့်နှစ်ခု မရှိပါ ဘုရား)။

စိတ်တစ်ခုနဲ့ အသက်ရှင်နေတယ်

ဪ ဒါဖြင့် ဒကာ ဒကာမတို့ အားလုံး ဒကာ ဒကာမတွေမှတ်ပါ၊ တစ်စိတ်နဲ့ အသက်ရှင်နေတယ်လို့ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (စိတ်တစ်ခုနဲ့ အသက်ရှင်နေပါတယ် ဘုရား) တစ်စိတ်နဲ့ အသက်ရှင်နေတယ်လို့ ဆုံးဖြတ်ချက် ချပါနော် (မှန်ပါ့)။

အခု ဒီရှုတဲ့စိတ်ကလေးနဲ့ အသက်ရှင်နေတယ်၊ နောက် ဒီရှူတဲ့စိတ် မလာရင် သေတာပဲ (မှန်ပ့ါ) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

ရှိုက်တဲ့စိတ် ရှုတဲ့စိတ် မလာရင် (သေပါတယ် ဘုရား) မလာရင် (သေပါတယ် ဘုရား)။

ဪ ဒါဖြင့် ဦးသန်းမောင် တို့၊ ဦးမာဒင် တို့ အသက်တမ်း ဘယ်လောက်ပါလိမ့် (၁ နဲ့ ၂ ပါ ဘုရား)။

အဲ့ဒါ ဒီတစ်စိတ် ချုပ်ပျောက်သွားပြီး နောက်တစ်စိတ်မလာရင် ခင်ဗျားတို့ သေတာပဲ (မှန်ပါ့)။

ဒါဖြင့် ဒီ ဒကာ ဒကာမတွေ သက်တမ်းဟာရှင်းပါပြီ၊ တစ်စိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (တစ်စိတ်ပဲ အသက်ရှင်နေပါတယ် ဘုရား)။

ဒါဖြင့် ဒီတစ်စိတ်ပဲ အသက်ရှင်နေတယ်ဆိုတာ သိတော့ ဪ ဒီ ဒကာ ဒကာမတွေမှာ ဥပမာ ဒီတစ်စိတ် ပေါ်တယ်၊ မြင်တဲ့စိတ်ကလေးပေါ်တယ်၊ သူပေါ်ပြီး နောက်စိတ်မလာတော့ဘူးဆိုရင် ဦးမာဒင် တို့၊ ဦးသန်းမောင် တို့ ဘယ်နှယ့်ဆိုမလဲ (သေပါပြီ ဘုရား)။

ဥပမာ ပြောကြပါစို့၊ ခင်ဗျားတို့ စက်တွေဟာ ကိုင်လာကြတယ်၊ ဦးမာဒင် ဆိုရင် စက်နဲ့ အသက်မွေးတာ၊ စက်မှာ ပထမသာ ပန်းလိုက်တယ်၊ ပထရိုဖြစ်ပြီးတော့ (မှန်ပါ့)။

နောက်ထပ်ရိုက်တဲ့ စက်ကလဲ မရိုက်ဘူး၊ သူကလဲ မပန်းနိုင်ဘူးဆိုရင် စက်ဟာ ဖျတ်ခနဲ ရပ်သွားတယ် (မှန်လှပါ) ပထရိုထွက်တဲ့ တစ်ပတ်ပဲ၊ နောက်တစ်ခါ တစ်ပတ်မထွက်ရင် (ရပ်ပါတယ် ဘုရား)။

အဲဒီအတိုင်းပဲ၊ ဒီအတိုင်းနေတာ ခင်ဗျားတို့ အသက်က၊ ဒီတစ်စိတ်ပေါ်ပြီး နောက်စိတ်မလာဘူး၊ ဒကာ ဒကာမတို့ ဘယ်နှယ့်ဆိုမလဲ (သေပါတယ် ဘုရား)။

ဒီစိတ်ပြီးရင် ဒီစိတ်ပေါ်မယ်

ဪ ဒီစိတ်တွေဟာ ခင်ဗျားတို့ သန္တာန်မှာ သူတို့က ဒီစိတ်ပြီးရင် ဒီစိတ်ပေါ်မယ်၊ ဒီစိတ်ပေါ်မယ်၊ ကျုပ်တို့ ပေါ်ချင်သလို ပေါ်ပေးနေမယ်၊ အသက်တစ်ရာပြည့်အောင် ပေါ်ပေးနေမယ်လို့ ခင်ဗျားတို့ကို တာဝန်ခံတဲ့စိတ် တစ်စိတ်မှ မရှိဘူး (မှန်ပါ့) ရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒီတော့ ဦးမာဒင် တို့ မှတ်၊ ဦးသန်းမောင် တို့ မှတ်၊ ဒေါ်ကောက် တို့လဲ မှတ်ကြရလိမ့်မယ်၊ တစ်စိတ်နဲ့ အသက်ရှင်နေတာ သေချာပြီ (မှန်ပါ့)။

အဲဒီတော့ကို ဒီဆယ့်သုံးခုမှာ အပြင်ဧည့်သည်က ဘယ်နှစ်ယောက်တဲ့တုန်း (ခြောက်ဦးပါ ဘုရား)။

အတွင်းဧည့်သည်က (ငါးဦးပါ ဘုရား) အိမ်သည်က (နှစ်ဦးပါ ဘုရား)။

ကောင်းပြီ၊ ဒါ ခင်ဗျားတို့ သန္တာန်မှာ ဒီဥစ္စာ ခင်ဗျားတို့ကို အသေကောင်အဖြစ်ကို မလုပ်တာ၊ သူတို့ပေါ်ချင် သလို အလှည့်အပတ်နဲ့ ပေါ်နေလို့ မသေတာ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ဒီဆရာနဲ့ ဒီဒကာ ဒကာမတွေနဲ့ တွေ့စရာအကြောင်းမရှိပါဘူး (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား)။

မရှိဘူး၊ အိပ်နေ၊ ဦးသန်းမောင်က အိပ်နေ၊ ဒကာကြီးဦးမာဒင်က အိပ်နေ၊ အိပ်စိတ်တော့လာတယ်၊ နိုးစိတ် မလာတော့ ဦးမာဒင်ရဲ့ ဘယ့်နှယ်ဆုံးဖြတ်ချက်ချမတုန်း (သေပါတယ် ဘုရား)။

နိုးစိတ်ဟာ ခင်ဗျားတို့ အားထုတ်ယူရတာလား အကြောင်းတိုက်ဆိုင်လို့ ပေါ်တာလား (အကြောင်းတိုက်ဆိုင် လို့ပေါ်တာပါ ဘုရား)။

အကြောင်းတိုက်ဆိုင်လို့ အသက်ရှင်နေတာ

ခင်ဗျားတို့ အကြောင်းတိုက်ဆိုင်လို့ အသက်ရှင်နေတာပါလား (မှန်လှပါ) မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

အိပ်တဲ့စိတ်ကလေးလဲ ရှူတဲ့စိတ်၊ ရှိုက်တဲ့စိတ်၊ ရှူးရှဲရှူးရှဲနဲ့ ဒါကလေးနဲ့ အိပ်နေတာပဲ၊ အိပ်တဲ့အခါကျလို့ရှိရင် ခင်ဗျားတို့ကမှတ်၊ အပြင်ဧည့်သည် ခြောက်ယောက်တစ်ယောက်မှမလာ (မှန်လှပါ)။

အတွင်းဧည့်သည်ငါးယောက် တစ်ယောက်မှမလာ၊ သူတို့နှစ်ခုတွင်အလုပ်လုပ်နေတယ် (မှန်လှပါ) သူတို့နှစ်ခုက ရှူရှိုက်နေတယ်၊ ဒါကလေးနဲ့ပဲ (မှန်ပါ့)။

ကောင်းပြီ၊ ဪ ဒါကလေးနှစ်ခုဟာ အိပ်စိတ်လဲ ဟုတ်တယ်၊ ရှင်တဲ့အခါမှာလဲ သူများမဖြစ်လို့ရှိရင် သူက ခင်ဗျားတို့ မသေအောင် စောင့်ရှောက်နေတဲ့စိတ်ကို အိမ်သည်စိတ် (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဟိုဒကာမကြီးတွေလဲ နားလည်တယ်မဟုတ်လား (လည်ပါတယ် ဘုရား)။

သေသေချာချာမှတ်ပါ၊ သေသေချာချာမှတ်ပါ၊ ဒီဥစ္စာဘုန်းကြီးက ဒါကလေးတွေ ဟောနေတယ်လို့ ဒီလိုမအောက်မေ့ပါနဲ့ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိ ပြုတ်တယ်

ဒါကလေးတွေ ဟောနေတယ်လို့ မအောက်မေ့နဲ့၊ မဟုတ်ပါဘူး၊ ခင်ဗျားတို့မှာ ဒါကလေး ကြားလိုက်သဖြင့် သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်လှပါ ဘုရား)။

ဪ ဒီအထဲမှာ ငါအလုပ်တစ်လုပ်မှ မပါဘူး၊ ဒီစိတ်ကလေးက လုပ်လိုက်တယ်, မြင်တယ်၊ မြင်တဲ့အခါ ဒီစိတ်အလုပ် (မှန်ပါ့) ကြားတဲ့အခါ ဒီစိတ်အလုပ်။

ကဲ ခင်ဗျားတို့ အလုပ်ပါသေးရဲ့လား (မပါပါ ဘုရား)။

ဒါကြောင့် ဪ ဒါကလေးတွေ ပြောနေတယ်လို့ မအောက်မေ့ပါနဲ့၊ ငရဲမျိုးစေ့ ဖြုတ်တာလို့ အောက်မေ့ပါ (မှန်ပါ့)။

သက္ကာယဒိဋ္ဌိဖြုတ်ပေးနေတာ၊ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား) ဘာဖြုတ်နေသတုန်း (သက္ကာယဒိဋ္ဌိ ဖြုတ်နေပါ တယ် ဘုရား)။

သူပြုတ်ရင် တွေ့စရာမရှိဘူး

အဲဒီတော့ တစ်သံသရာလုံးဟာ ခင်ဗျားတို့ ဘယ်တော့မှမဖြုတ်ခဲ့တဲ့အတွက် တစ်ခါတည်း သံသရာထဲမှာ အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့၊ အပါယ်ဘေးတွေနဲ့၊ ကပ်ဘေးတွေနဲ့ သူမပြုတ်လို့ တွေ့ရတာ (မှန်ပါ့) သူပြုတ်ရင် တွေ့စရာမရှိဘူး (မတွေ့ရပါဘူး) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ခန္ဓာကိုယ်ထဲမှာ ဒါတွေဟာ ခန္ဓာတွေပါပဲ၊ ဘာတုန်း ဒါဝိဉာဏက္ခန္ဓာဘုရား၊ သူနဲ့တွဲနေတာ တွေကတော့ နာမက္ခန္ဓာပါဘုရား (မှန်ပါ့) ခန္ဓာတွေချည့်ပဲမှတ်ပါ (မှန်ပါ့)။

ဒီခန္ဓာ ဖြစ်နေရင် ဒီခန္ဓာမဖြစ်၊ ကျန်တဲ့ နာမက္ခန္ဓာမဖြစ် (မှန်ပါ့)။

အဲဒီလို သိသိ၊ သိသိထားတော့ အပြင်ဧည့်သည်ကခြောက်၊ အတွင်းဧည့်သည်က ငါး၊ အိမ်သည်ကနှစ်၊ ဒါကို ဒကာ ဒကာမကြီးတွေက ဒကာကြီးတွေက ဒီနေ့ကစပြီးတော့ ပေါ်တိုင်းသိနေရမယ် (မှန်လှပါ)။

သူပေါ်ရင်လဲ သိရမယ်၊ သူပေါ်ရင်ကော (သိရပါမယ် ဘုရား)။

ဘယ်သူမှ မရှိဘူးဆိုရင် သူတို့နှစ်ခုက ကျုပ်ပေါ်ပြီ၊ ကျုပ်ပေါ်ပြီလို့ သူပြောလိမ့်မယ် (မှန်ပါ့) သူတို့နှစ်ခုချင်း လှည့်ကြည့် (မှန်ပါ့) သဘောကျပြီနော် (ကျပါပြီ ဘုရား)။

သူတို့နှစ်ခု လှည့်ကြည့်ရင်း မတ္တနဲ့ပဲ ဖျက်ဆိုမြင်စရာကလေးပေါ်လို့ရှိရင် ဒီစိတ်ပေါ်တယ်၊ သူတို့နှစ်ခုက ရပ်တယ် (မှန်ပါ့ ဘုရား)။

သူရဲ့အသက်ရှင်နေတယ်

တစ်ခါတလေတော့ ဒီယားတဲ့စိတ်ကလေးက ပေါ်နေတော့ ယားတဲ့စိတ်၊ နာတဲ့စိတ်၊ ကိုယ်ပေါ် ပေါ်နေတော့ ဪ သူရဲ့အသက်ရှင်နေတယ် မှတ်လိုက်တာပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ခင်ဗျားတို့မသိပြော ပြောနေကျငြားသော်လည်း မှန်တဲ့နေရာ ရှိသေးတယ်၊ မသိပြောတော့ ပြောတာ ဘဲ (မှန်ပါ့ ဘုရား)။

သူ့မှာ ဝေဒနာနဲ့ အသက်ရှင်နေတာ၊ ဒါ မသိပြောပြောလိုက်တာ၊ မှန်တော့မှန်တယ် (မှန်ပါ့)။

ဒုက္ခစိတ်နဲ့ အသက်ရှင်နေတာ၊ နာတယ်၊ နာတယ်အော်ရင်းနဲ့ သူ့အသက်ရှင်နေတာ (မှန်ပါ့) နောက်မအော် တော့သေသွားတာဘဲ (မှန်ပါ့) အော်တော့ ဒုက္ခစိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

မသိပြော ပြောပေမယ့် တချို့နေရာမှန်တယ် (မှန်ပါ့) သဘောကြပြီလား (မှန်ပါ့)။

ဒါဖြင့် ဒီစိတ်တွေကို ဦးမာဒင်ကရော၊ ဦးသန်းမောင်တို့၊ ဒေါ်ကောက်တို့ကရော ပေါ်တိုင်း ပေါ်တိုင်း သိနေရင် တော်ပြီ ဘုန်းကြီးက (မှန်ပါ့)။

ပေါ်တိုင်းပေါ်တိုင်း သိနေရင်တော်ပြီ၊ ဘာဖြစ်လို့တော်ရတာတုန်း၊ အို ပေါ်တိုင်းပေါ်တိုင်း ဒီဥစ္စာတွေဟာ ပုဂ္ဂိုလ် သတ္တဝါမဟုတ်မှန်းသိပြီ၊ ဒါကလေးတွေ ပေါ်တာလို့သိပြီ၊ ပုဂ္ဂိုလ်သတ္တဝါပေါ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ယောကျာ်း, မိန်းမပေါ်တာကော (မဟုတ်ပါ ဘုရား) ဒါကလေးတွေ ပေါ်နေတာ (မှန်ပါ့)။

ဒါကလေးတွေကလဲ စိုက်သာကြည့်နေ၊ တော်တော်ကြာတစ်မျိုး၊ တော်တော်ကြာတစ်မျိုး အကုန်ပေါ်နေတာပဲ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပေါ်တာကို ဒါ့ကြောင့် ဒီမှာ သေသေချာချာကြည့်ပါ၊ လောဘ, မောဟ, အလောဘ, အဒေါသ (မှန်ပါ့) အမောဟဆိုတာ မပါဘူး (မှန်ပါ့)။

ဒီမှာတစ်ခု ချွတ်ယွင်းချက်ရှိတယ် (မှန်ပါ့) လောဘ, ဒေါသ, မောဟဆိုသဖြင့် အလောဘ, အဒေါသ, အမောဟ ဆိုတာ လာရမယ် မဟုတ်လား (မှန်ပါ့)။

ဒါကို ချန်ထားတယ်၊ ချန်ထားတာက သဘောနဲ့နားထောင် သူကလာတိုင်း သိရမယ့် တရားဖြစ်လို့ ချန်ထားတာ (မှန်ပါ့ ဘုရား) ဟိုဟာတွေက သိစရာ၊ သူကသိတာ (မှန်ပါ့)။

ဟိုဟာတွေက (သိစရာပါ ဘုရား) သူက(သိတာပါ ဘုရား) အဲ သူကသိတာ၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဆယ့်သုံးခုက သိစရာ

ကျန်ဆယ့်သုံးခုက (သိစရာပါ ဘုရား) သိစရာတွေ ပေါ်တိုင်းပေါ်တိုင်း သိစရာ (မှန်ပါ့) သူကပေါ်တိုင်းပေါ်တိုင်း သိတာဖြစ်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါတွေက ပေါ်တိုင်းပေါ်တိုင်း ဘာတုန်း (သိစရာတွေပါ ဘုရား) သိစရာအဖြစ်နဲ့ ခင်ဗျားတို့ကထား (မှန်ပါ့ ဘုရား)။

ဒါကသိတတ်တဲ့ တရားအဖြစ်နဲ့ထားပါ (မှန်ပါ့) သူကအမြဲတမ်း သိပေးနေရမယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သိစရာက ဆယ့်သုံးခု၊ သိတာကတစ်ခု (မှန်ပါ့)။

ကောင်းပြီ၊ ဒါဖြင့် ဒီလိုသိနေတယ်ဘုရား ဒကာကြီး ဦးမာဒင်လဲသိတယ်၊ ဒကာမကြီးတွေကလည်းသိတယ်၊ ဒါသိနေလို့ရှိရင် ဘာကျေးဇူးရှိသတုန်း၊ အင်း ကိုယ့်အဖြစ်ကိုယ်သိတာပေါ့ (မှန်လှပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါကလေးဖြစ်တော့လည်း ဒီကသိပေး၊ ဒါလဲဝမ်းထဲကနေသိတာပဲ (မှန်ပါ့)။

မနောဒွာရကနေပြီး သိတာပဲ၊ အဲဒီကဲ့သို့ ဒကာ ဒကာမတွေ ပေါ်တိုင်းပေါ်တိုင်း သိနေတော့ကို ပုဂ္ဂိုလ်သတ္တဝါ၊ ငါသူတစ်ပါး ယောကျာ်း မိန်းမဒီအထဲမှာ တစ်ခုမှ မပါဘူး (မှန်ပါ့) ပါသေးရဲ့လား (မပါပါ ဘုရား)။

ဒါတွေ ဘာမှမပါတော့ပါဘူး၊ ဒါတွေ ဘာမှမပါကြောင်း သိတော့ကို သူသည်သက္ကာယကို သိတယ်၊ ဒိဋ္ဌိတော့ မဖြစ်တော့ဘူး (မှန်လှပါ)။

ဒါတွေက သက္ကာယတရားကိုး၊ ဒိဋ္ဌိမပါတော့ဘူး (မှန်ပါ့ ဘုရား)။

အဲ သက္ကာယဖြစ်၍ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့)။

သူတို့ကတော့ သက္ကာယပဲ (မှန်ပါ့ ဘုရား)။

သို့သော် ခင်ဗျားတို့က သက္ကာယကို ငါ, သူလို့ထင်သေးရဲ့လား (မထင်ပါ ဘုရား) မထင်ရင် ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) သေသေချာချာ မှတ်ပါ (မှန်ပါ့)။

သက္ကာယအပေါ်၌ ဒိဋ္ဌိပြုတ်တဲ့တရား

သက္ကာယအပေါ်၌ (ဒိဋ္ဌိပြုတ်တဲ့တရားပါ ဘုရား) ဒိဋ္ဌိပြုတ်တဲ့တရား (မှန်ပါ့) ဘယ်လောက်အဖိုးတန်သတုန်း (တန်ပါတယ် ဘုရား)။

ခင်ဗျားတို့ သိထားတာက သက္ကာယဒိဋ္ဌိ (မှန်ပါ့)။

ခင်ဗျားတို့ သိထားတာက ဘယ်လိုသိတာတုန်း (သက္ကာယဒိဋ္ဌိလို့ သိပါတယ် ဘုရား) သက္ကာယဒိဋ္ဌိလို့ သိတယ်။

အခု ဘုန်းကြီးက ရှင်းပြောလိုက်တော့ သက္ကာယဒိဋ္ဌိဆိုတာ သူတို့က သက္ကာယပါတဲ့၊ ဒီမှာ သမ္မာဒိဋ္ဌိက မပါဘဲနဲ့ မိစ္ဆာဒိဋ္ဌိဆိုလို့ တရားက မြင်တာပဲ ငါပဲ၊ မိစ္ဆာဒိဋ္ဌိနဲ့လဲ သွားသွားတွဲတယ် (မှန်ပါ့) အဲဒီတော့ သက္ကာယဒိဋ္ဌိ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါကုသိုလ်စိတ်ကလေးဖြစ်တာပဲ ငါလှူချင်တယ် (မှန်ပါ့) ဒါကလေးက ကုသိုလ်၊ ငါလှူချင်တယ်ဆိုတော့ လှူချင်တာက ကုသိုလ်စိတ်၊ လှူချင်တာကို ငါသွားရောတယ် (မှန်ပါ့)။

ငါကသွားရောတော့ ကုသိုလ်စိတ်က သက္ကာယ၊ ငါကသွားရောတော့ ဒိဋ္ဌိ (မှန်ပါ့) သက္ကာယ ဒိဋ္ဌိဒီလိုသွားရော တယ် (မှန်ပါ့)။

ဒီနေ့ ဘုန်းကြီးက ဒီဒကာ ဒကာမတွေ ထင်လိုက်တာက ဟောဒီ သက္ကာယဟာဒါတွေ သက္ကာယတွေပဲ၊ ဒါတွေ သက္ကာယချည့်ပဲလို့ သိတဲ့အခါကျလို့ရှိရင် ဒါတွေသက္ကာယတရားတွေ မြင်စိတ်၊ ကြားစိတ်၊ မြင်လဲမြင်တဲ့စိတ် ပေါ်ပြီလို့ သိတာပဲ (မှန်ပါ့)။

သူကသမ္မာဒိဋ္ဌိ

ကြားကော (ကြားတဲ့စိတ်ပေါ်ပြီလို့သိပါတယ် ဘုရား) သိတော့ သူကသမ္မာဒိဋ္ဌိ (မှန်ပါ့ ဘုရား) ငါဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ငါနဲ့သွားရောသလား (မရောပါ ဘုရား)။

မရောတော့ကို သက္ကာယသာ ဖြစ်၍ ခုနင်ကငါဆိုတဲ့ဒိဋ္ဌိက အရင်တော့ ငါမြင်တယ်၊ ငါလှူချင်တယ်ဆိုတော့ သူသွားသွားရောတယ် (မှန်ပါ့) ဒီဟာတွေနဲ့ သွားသွားရောတယ်၊ မရောဘူးလား (ရောပါတယ် ဘုရား)။

သက္ကာယထဲမှာ ဒိဋ္ဌိသွားသွားရောတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အခုတော့ မရောဘူးတဲ့၊ မြင်တာကိုလဲ ဪမြင်စိတ်ပေါ်တယ်လို့ ဒီကသိတယ်၊ ကြားတာကိုလဲ (ကြားစိတ်ပေါ် တယ်လို့ သိပါတယ် ဘုရား)။

ဒါဖြင့် သက္ကာယသာဖြစ်တော့တယ်၊ ဒိဋ္ဌိကမဖြစ်တော့ဘူး၊ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့ပြုတ်ပါတယ် ဘုရား)။

ဘာဖြစ်လို့ ပြုတ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သက္ကာယနဲ့ ခါတိုင်းတွဲနေကျ ဒိဋ္ဌိကိုသမ္မာဒိဋ္ဌိက ဝင်ပြီး ဖြတ်လိုက်တယ် (မှန်ပါ့)။

နောက် အမှန်သိတာက သမ္မာဒိဌိ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အမှန်သိတာက (သမ္မာဒိဋ္ဌိပါ ဘုရား) အဲ သမ္မာဒိဋ္ဌိနဲ့ သွားတွဲလိုက်တယ် (မှန်ပါ့) သက္ကာယနဲ့ဒိဋ္ဌိတော့ မတွဲဘူး (မတွဲပါ ဘုရား)။

ဘယ်သူနဲ့ သွားတွဲသတုန်း (သမ္မာဒိဋ္ဌိနဲ့ သွားတွဲပါတယ် ဘုရား) သက္ကယနဲ့ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ)။

အဲဒီတော့ သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ့) ဒိဋ္ဌိပြုတ်တော့ကို သက္ကာယနဲ့ ဘယ်သူနဲ့ နေသတုန်းလို့ မေးတော့ သက္ကာယသမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သေသေချာချာရှင်းပါတဲ့။

အပြင်ဧည့်သည်ခြောက်၊ အတွင်းဧည့်သည်ငါး၊ အိမ်သည်ကနှစ်၊

ဒါဖြင့် ဒီနေ့ အပြင်ဧည့်သည်ခြောက်၊ အတွင်းဧည့်သည်ငါး၊ အိမ်သည်ကနှစ်၊ ပေါ်တိုင်း၊ သိလို့ရှိရင် ဒါတွေ ဟာပေါ်တိုင်း ဘယ်သူပေါ်ပြီ ဘယ်သူပေါ်ပြီလို့ သိနေတဲ့အခါကျလို့ရှိရင်ဖြင့် အရင်တုန်းကတော့ ငါနဲ့သွားသွားရော တယ် မရောဘူးလား (ရောပါတယ် ဘုရား)။

အရင်တော့ ဒါတွေက သက္ကာယ၊ ဒါကတော့ဖြင့် ဆယ့်သုံးခု ကတော့ကို ဦးမာဒင်ရော၊ ဦးသန်းမောင်ရော မှတ်ကြပါ၊ သူကတော့ သက္ကာယပဲ (မှန်ပါ့)။

သူကတော့ နဂိုက သက္ကာယတရား (မှန်ပါ့) ခန္ဓာတရားမို့ သက္ကာယတရားလို့ မှတ်လိုက် (မှန်ပါ့)။

ခန္ဓာတရားကို (သက္ကာယတရားလို့ မှတ်ပါ ဘုရား) သက္ကာယတရားလို့မှတ်လိုက်၊ အဲဒီမှာခင်ဗျားတို့က အတွဲတွဲလို့ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။

ခုနင်က ငါနဲ့သွားသွားရောရင် ဘာဖြစ်မလဲ (သက္ကာယဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။

မရောဘူး တဲ့၊ ဒါဟာဒါပဲ၊ မြင်စိတ်ဟာမြင်စိတ်ပဲလို့ သိနေတော့ ငါနဲ့ရောသေးရဲ့လား (မရောပါ ဘုရား) မရောလို့ရှိရင်ဖြင့် တဲ့၊ သက္ကာယသာ ကျန်ရစ်တယ်၊ ဒိဋ္ဌိက ပြုတ်သွားတယ် (မှန်လှပါ)။

ဘယ့်နှယ့်ကြောင့် ပြုတ်ပါလိမ့်မတုန်းလို့ဆိုတော့ အမှန်သိတဲ့ သမ္မာဒိဋ္ဌိဝင်လို့ သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလုပ်ကဘာလုပ်ကြရမှာတုန်းလို့ မေးတဲ့အခါကျတော့ ပေါ်တိုင်းပေါ်တိုင်းကို ပေါ်တဲ့တရား မြင်စိတ်ပေါ်ပြီ၊ ကြားစိတ်ပေါ်ပြီ၊ နံစိတ်ပေါ်ပြီ၊ စားစိတ်ပေါ်ပြီ၊ ကုသိုလ်စိတ်ပေါ်တယ်၊ အကုသိုလ်စိတ်ပေါ်တယ်၊ ရှူစိတ်ပေါ်တယ်၊ ရှိုက်စိတ်ပေါ်တယ်လို့ ခင်ဗျားတို့ သိနေလို့ရှိရင်ဖြင့် သူတို့၏ ပင်ကိုယ်ဖြစ်စဉ်ကို ခင်ဗျားတို့ကသိတဲ့ အတွက် သက္ကာယသာဖြစ်၍ ဒိဋ္ဌိမဖြစ်ဘူး (မဖြစ်ပါ ဘုရား)။

ဒိဋ္ဌိမဖြစ်တော့ ဘာဖြစ်သတုန်းဆိုတော့ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သက္ကာယနဲ့ (သမ္မာဒိဋ္ဌိနဲ့ တွဲပါတယ် ဘုရား) အရင်တုန်းကတော့ (မိစ္ဆာဒိဋ္ဌိနဲ့တွဲပါတယ် ဘုရား) မိစ္ဆာဒိဋ္ဌိနဲ့ တွဲ တယ် (မှန်ပါ့)။

အဲဒါ ဆရာသမားဆီရောက်လို့ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့တွဲနေတာ။

အဲဒီတော့ သောတာပန်မှာလဲ ဘုန်းကြီးပြောတဲ့စိတ်တွေ အကုန်ပေါ်တာပဲ၊ သူက ဒါနဲ့ချည့် သွားသွားတွဲတယ်၊ ပုထုဇဉ်ကတော့ ဒါနဲ့သွားတွဲတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့ သွားသွားတွဲတယ် (မှန်ပါ့) ထူးပြီလား (ထူးပါပြီ ဘုရား)။

ဪ ဒါဖြင့် တို့ဆရာဘုန်းကြီးသင်တာ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့တွဲ (မှန်ပါ့) သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိဖြုတ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သက္ကာယနဲ့ (သမ္မာဒိဋ္ဌိနဲ့တွဲရပါမယ် ဘုရား) ဘယ်သူ့ကိုဖြုတ်ရမတုန်း (မိစ္ဆာဒိဋ္ဌိကို ဖြုတ်ရပါမယ် ဘုရား)။

အဲ ရှေးတုန်းက တစ်သံသရာလုံးကတော့ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိနဲ့သာ သွားသွားတွဲတယ်၊ တွဲတာ မတွဲတာကို ဦးသိန်းမောင်တို့ ဒကာကြီး ဦးမာဒင်တို့က နားထောင်ကြည့်၊ ကိုယ်ကိုယ်တိုင်တွဲပါတယ် (မှန်ပါ့)။

ဒါကလေးတွေဟာ ယားစိတ်၊ ယံစိတ်မဟုတ်လား (မှန်ပါ့ ဘုရား)။

ယားတဲ့စိတ်နဲ့ ငါနဲ့သွားတွဲတယ်

တစ်ခါတည်း ဘာဖြစ်တုန်း၊ ခင်ဗျား ဒကာမကို ပြောလို့ရှိရင် အို ငါယားလို့ပေါ့ကွ၊ ယားတဲ့စိတ်နဲ့ ငါနဲ့သွား တွဲတယ်၊ မိစ္ဆာဒိဋ္ဌိနဲ့သွားတွဲတယ် (မှန်လှပါ)။

နို့ အခု ဘယ့်နှယ်နေသတုန်း၊ မဟုတ်ဘူးလား (မှန်ပါ့) ငါ သက်သာသွားပြီ၊ ငါနဲ့ သက်သာတဲ့သုခနဲ့သွားတွဲ တယ် ပျောက်သွားတော့ သုခနဲ့လဲ ငါပဲသွားတွဲတယ် (မှန်ပါ့)။

ဒါဖြင့် သက္ကာယနဲ့ (မိစ္ဆာဒိဋ္ဌိနဲ့ သွားသွားတွဲတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) သက္ကာယနဲ့ (မိစ္ဆာဒိဋ္ဌိနဲ့ သွားသွားတွဲပါတယ် ဘုရား) အခုတွဲသေးရဲ့လား (မတွဲပါ ဘုရား)။

အခုတော့ ဒကာ ဒကာမတွေ သက္ကာယနဲ့တွဲချင်ရင် သမ္မာဒိဋ္ဌိနဲ့တွဲ (မှန်ပါ့)။

သက္ကာယနဲ့ ဘာနဲ့တွဲကြမလဲ (သမ္မာဒိဋ္ဌိနဲ့တွဲရပါမယ် ဘုရား)။

ဒါဖြင့် သာက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့တွဲတာက အရိယာတို့၏ တပည့်သားဖြစ်မှတွဲတတ်တယ် (မှန်ပါ့)။

သုတ ဝါ – အကြားအမြင်ရှိသော အရိယ သာဝကော အရိယာတို့၏ တပည့်သားဖြစ်မှ သက္ကာယနဲ့သမ္မာဒိဋ္ဌိ တွဲတတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အရိယာတို့၏ တပည့်သားမဟုတ်ဘူး၊ တော်အောင်ကြီးလာတဲ့ တော်အောင်နဲ့ပဲ ဆန်ပေါလို့ကြီးလာတဲ့ ပုဂ္ဂိုလ် မျိုးတွေကျတော့ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သက္ကာယကြောင့် အပါယ်ကျတာလား၊ မိစ္ဆာဒိဋ္ဌိကြောင့် အပါယ်ကျတာလား (မိစ္ဆာဒိဋ္ဌိကြောင့် အပါယ် ကျတာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားအတွဲတွဲလို့ (မှန်လှပါ) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဘာလွဲတာတုန်း (မိစ္ဆာဒိဋ္ဌိနဲ့ သက္ကာယအတွဲလွဲပါတယ် ဘုရား)။

ပေါ်တဲ့ ဓမ္မနဲ့ မိစ္ဆာဒိဋ္ဌိနဲ့သွားတွဲ၊ ပေါ်တဲ့ဓမ္မနဲ့ မိစ္ဆာဒိဋ္ဌိနဲ့သွားတွဲ၊ ခင်ဗျားတို့က လောကွတ်များလွန်းပါတယ် (မှန်ပါ့ ဘုရား)။

သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ်

အဲဒီတော့ ခင်ဗျားတို့ “ သုတဝါ အရိယသာဝကော “ ဖြစ်မှသာလျှင် ဒါနဲ့သွားနိုင်တယ် (မှန်ပါ့) သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ့)။

ဒါဖြင့် မြင်စိတ်ပေါ်လာတယ်၊ မြင်စိတ်လို့ ကိုယ်ကသိပေး (မှန်ပါ့) မြင်စိတ်နဲ့ သူနဲ့သွားတွဲတာ သမ္မာဒိဋ္ဌိနဲ့ သွားတွဲတယ် (မှန်ပါ့) ကြားစိတ် ပေါ်လို့ရှိရင် ကြားစိတ်လို့သိလိုက်ရင် သမ္မာဒိဋ္ဌိနဲ့သွားတွဲတယ် (မှန်ပါ့) ပေါ်တော့ကော (နံစိတ်နဲ့သွားတွဲရပါမယ် ဘုရား) နံစိတ်ရယ်လို့ ဒီကသိ (မှန်ပါ့) ဘာနဲ့သွားတွဲသတုန်း (သမ္မာဒိဋ္ဌိနဲ့သွားတွဲပါတယ် ဘုရား) ဒီအရင်တုန်းကတော့ (မိစ္ဆာဒိဋ္ဌိနဲ့သွားတွဲပါတယ် ဘုရား)။

ကြားတာဟသ ငါကြားတာကွ၊ ငါ နားနဲ့ဆတ်ဆတ်၊ အမယ်လေး (မှန်လှပါ ဘုရား) ငါနားနဲ့ဆတ်ဆတ်လို့ မသုံးဘူးလား (သုံးပါတယ် ဘုရား)။

ဒါဖြင့် ကြားစိတ်နဲ့ ဦးသန်းမောင်တို့ ဒီဒိဋ္ဌိ သွားသွားတွဲတယ် (မှန်ပါ့) မတွဲပေဘူးလား (တွဲပါတယ် ဘုရား)။

ဒါဖြင့် မတွဲကောင်းတာနဲ့သွားတွဲတယ်၊ တွဲကောင်းတာနဲ့သွားမတွဲတဲ့အတွက် ခင်ဗျားတို့မှာ နစ်နာပါတယ် (မှန်လှပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါပေါ်တိုင်း သိနေရ မယ်

ဒါဖြင့် ဒီက ရှေ့အတွဲမှန်အောင် တွဲကြမလားလို့ ဒီနေ့တရားစ,ပေးတယ် (မှန်ပါ့ ဘုရား) ဒါပေါ်တိုင်း သိနေရ မယ် (မှန်လှပါ ဘုရား)။

ပေါ်တိုင်းဘာတုန်း (သိနေရပါမယ် ဘုရား) မြင်တာက မျက်လုံးထဲ သိတာက ဝမ်းထဲကသိရင် တော်ပြီ (မှန်ပါ့ ဘုရား)။

ဖြစ်တာက ကိုယ်ပေါ်မှာ၊ ဝမ်းထဲက ဒီဥစ္စာ ဪ ယားစိတ်ကလေးပေါ်ပြီလို့ သိရင်တော်ပြီ (မှန်ပါ့)။

ကောင်းတဲ့စိတ်ကလေး ပေါ်တယ်လို့သိရင်တော်ပြီ၊ လောဘကလေးပေါ်တာကော (လောဘစိတ်ပေါ်မှန်းသိရင် တော်ပါပြီ ဘုရား) သိရင်တော်ပြီ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒေါသစိတ်ပေါ်လာရင်ရော (ဒေါသစိတ် ပေါ်လာတယ်လို့သိရင်တော်ပါပြီ ဘုရား) ဒေါသစိတ် ပေါ်မှန်းသိရင် တော်ပြီ၊ ဝမ်းထဲက သိ,သိပေး (မှန်ပါ့)။

မောဟစိတ် ပေါ်လာရင်ရော (မောဟစိတ်မှန်းသိရင် တော်ပါပြီ ဘုရား) ဝမ်းထဲက သိပေးနေရင်တော်ပြီ။

ဒါဖြင့် ဒီက သက္ကာယာ၊ ဒီက သမ္မာဒိဋ္ဌိ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သက္ကာယနဲ့ သမ္မာဒိဋ္ဌိ ခင်ဗျားတို့ တွဲတတ်ပြီတဲ့၊ သက္ကာယနဲ့ မိစ္ဆာဒိဋ္ဌိ ကွဲသွားပြီ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သက္ကာယနဲ့ (မိစ္ဆာဒိဋ္ဌိ ကွဲသွားပါပြီ ဘုရား) ကွဲပြီ (မှန်ပါ့) အခုဘာနဲ့ တွဲနေကြသလဲ (သမ္မာဒိဋ္ဌိနဲ့တွဲနေပါတယ် ဘုရား)။

သက္ကာယနဲ့ (သမ္မာဒိဋ္ဌိနဲ့တွဲနေပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့နားလည်ထားတာက သက္ကာယဒိဋ္ဌိသာ နားလည် တယ်၊ သက္ကာယ, သမ္မာဒိဋ္ဌိကို နားမလည်ဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) သက္ကာယဒိဋ္ဌိလို့ ပါးစပ်ထဲမှာကို ဝေနေတယ် ပြောကြာတာ (မှန်ပါ့)။

အဆိပ် ဆေးသာ နုတ်တက်နေတာပဲ

ဪ သက္ကာယနဲ့ ဒိဋ္ဌိတော့တွဲတတ်တယ်၊ သက္ကာယနဲ့ သမ္မာဒိဋ္ဌိနဲ့မတွဲတတ်ဘူးဆိုတော့ကို ခင်ဗျားတို့ဟာ အဆိပ် ဆေးသာ နုတ်တက်နေတာပဲ၊ အဆိပ်ဖြေတဲ့ဆေးကို မလာဘူး (မှန်ပါ့) လာသေးရဲ့လား (မလာပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် ယနေ့အားထုတ်ရမယ့်တရားဘယ်တရားတုန်း ဘုရားဆိုလို့ရှိရင် ရှူလိုက် ရှိုက်လိုက် ရှူလိုက် ရှိုက်လိုက်နေတော့ ရှူမှန်း ရှိုက်မှန်း သိရာကနေပြီးတော့ ဖျတ်ဆို မျက်လုံးကလေး ဖွင့်လိုက်လို့မြင်စိတ်ပေါ်တယ်၊ မြင်စိတ်ဖြစ်ပြီလို့ သိပေး (မှန်ပါ့) ကြားစိတ်ဖြစ်ရင် (ကြားစိတ်ဖြစ်ပြီလို့ သိပေးရပါမယ် ဘုရား) နံစိတ်ဖြစ်ရင် (နံစိတ် ဖြစ်ပြီလို့ သိရပါမယ် ဘုရား)။

အဲဒီ့ကဲ့သို့ သိသိနေတော့ ဪ ဘယ်လိုသိရလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ သမ္မာဒိဋ္ဌိ (မှန်ပါ့) သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက သိတာ (မှန်ပါ့)။

ဪ ဦးသန်းမောင်တို့၊ ဦးမာဒင်တို့အမှန်သိရောပေါ့ (မှန်ပါ့)။

ဘာတုန်း (အမှန်သိသွားပါပြီ ဘုရား) အရင်တုန်းကတော့ အမှားသိ (မှန်ပါ့ အမှားသိပါ ဘုရား) အရင်တုန်း ကတော့ (အမှားသိပါတယ် ဘုရား)။

အဲ ငါမြင်တယ်ဆိုတော့ ဪ ဒီဥစ္စာက မျက်လုံးစိတ်မြင်တာ မျက်လုံးစိတ်က မြင်တာ မျက်လုံးစိတ် ငါလုပ် လိုက်အတွက်အမှားသိဖြစ်နေတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီနေ့တရားနာရတာ ထူးခြားပြီး အားထုတ်ဖို့တာဝန်ပေးတာဖြင့် တို့ရပြီ (မှန်ပါ့)။

အပြင်ဧည့်သည် ဘယ်နှစ်ယောက် (ခြောက်ယောက်ပါ ဘုရား) အတွင်းဧည့်သည် (ငါးယောက်ပါ ဘုရား) အိမ်သည် (နှစ်ယောက်ပါ ဘုရား)။

ဒါတွေမပေါ်လို့ရှိရင် အခုနောက်ထပ် အားထုတ်မယ့်ပုဂ္ဂိုလ်များ ဒါကလေးနှစ်ခု ဪ လေကလေးထွက် လာတယ် သူကလုပ်တာ (မှန်ပါ့)။

လေကလေး ပြန်ရှိုက်နေတာကော (သူလုပ်တာပါ ဘုရား) ရှိုက်တဲ့စိတ်က လုပ် (မှန်ပါ့) ဒါကလေးသိ (မှန်ပါ့)။

ကြားဖြတ်ပေါ်ရင်

ဒါကလေးသိရာမှ စိတ်ထဲကဟာဘုန်းကြီး ဘာလှူဦးမယ်ဆိုရင် ဒါကြားဖြတ်ပေါ်လာတာ ကြားဖြတ်ပေါ်ရင် သူတို့မရှိဘူး (မှန်ပါ့) ဒါကုသိုလ်စိတ်ကလေးလို့သိပေး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီနေ့က ဥပမာ အိုက်လွန်းလို့ ယပ်ခတ်ချင်တဲ့ အခါကျတော့ အိုက်တဲ့စိတ်ကလေးပေါ်နေတဲ့နေရာကို ဪ အိုက်တဲ့စိတ်ပေါ်ပြန်ပြီဆိုပြီ ဒီကသိပေး (မှန်ပါ့)။

အိုက်တာကလေးပျောက်သွားပြန်လဲ ပျောက်တဲ့စိတ်ကလေး ပေါ်ပြီလို့ ပျောက်တဲ့စိတ်ဟာ ကိုယ်ပေါ်မှာပဲ ပျောက်သွားတယ်၊ ဒီကနေသိပေး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒါတွေပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့ ဘာလုပ်ရမှာတုန်း (သိရပါမယ် ဘုရား) အသိနောက်က လိုက်ပေး (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း (အသိနောက်ကလိုက်ပေးရပါမယ် ဘုရား) ဘယ်နှစ်ခုတုန်း (ဆယ့်သုံးခုပါ ဘုရား)။

ဆယ့်သုံးခုတည်းဆိုလို့ရှိရင် ခင်ဗျားတို့ မများဘူးလို့ ဆိုရမယ် (မှန်ပါ့) များသေးသလား (မများပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီလိုသိတာဟာ ဘာတုန်းလို့မေးတော့ နိဂုံးချုပ်ပဲပြောလိုက်ပါမယ်၊ ဒိဋ္ဌိနှစ်မျိုးရှိ တယ် (မှန်ပါ့)။

အနုသယသဘောနဲ့ ကိန်းနေတဲ့ ဒိဋ္ဌိတစ်မျိုး၊ ထကြွလာတဲ့ သဘောနဲ့ကိန်းနေတဲ့ ဒိဋ္ဌိတစ်မျိုး (မှန်ပါ့)။

ဒါဖြင့် အနုသယဒိဋ္ဌိ၊ ပရိယုဋ္ဌာနဒိဋ္ဌိ၊ ဒိဋ္ဌိဘယ်နှစ်မျိုးတုန်း (နှစ်မျိုးပါ ဘုရား)။

အဲ စာလိုဖြစ်နေတော့ ခင်ဗျားတို့ နားမလည်ဘူး၊ ဒါက ဘုရားဟောတဲ့ သဘောအတိုင်းပြောတာ (မှန်ပါ့) ခင်ဗျားတို့ ရှင်းအောင် တစ်မျိုးပြောရမယ်။

ကြွက်ကိုမြင်ရင် ဖမ်းမယ်

ခင်ဗျားတို့ရှင်းအောင်ကတော့ ကြောင်ဟာ ဦးသန်းမောင် ကြွက်ကို မြင်လို့ရှိရင် နေနိုင်တဲ့ အကောင်မျိုးမဟုတ် ပါဘူး၊ နေနိုင်ပါ့မလား (မနေနိုင်ပါ ဘုရား)။

ဒါဖြင့်သူ့ဝမ်းထဲမှာ ကြွက်ကိုမြင်ရင် ဖမ်းမယ်ဆိုတဲ့ စိတ်ကလေးဟာ ဝမ်းထဲမှာရှိတယ်၊ ဒါအနုသယသဘောပဲ ကိန်းနေတယ် (မှန်ပါ့)။

ကြွက်မြင်ရင်ဖမ်းမယ်ဆိုတဲ့စိတ်ကလေးဟာ ဝမ်းထဲမှာ ကိန်းနေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တစ်ခါ ကြွက်ကလေးက သူနဲ့မနီးမဝေးလာတဲ့အခါကျတော့ ဖျတ်ဆို ကပျာကယာထလိုက်ပြီး ခြေသည်းလက် သည်းကလေးက ထွက်လာတယ်၊ မခုတ်သေးဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒါကပင်ကိုက ကြွက်မြင်ခုတ်မယ်ဆိုတဲ့ စိတ်၊ ခုတ်တတ်တဲ့စိတ် သူက (မှန်ပါ့) သူကတော့ ခုတ်မယ်ပြင် တဲ့ စိတ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကြောင်ဟာ ဘယ်နှစ်စိတ်ရှိသလဲ (နှစ်စိတ်ပါ ဘုရား) ပင်ကိုယ်ကခုတ်တတ်တဲ့စိတ်၊ ကြွက်မြင် မှ ခုတ်ဖို့ပြင်တဲ့စိတ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ကြွက်မြင်ရင် ခုတ်တတ်တဲ့စိတ်က တစ်မျိုး၊ ခုတ်မယ်ပြင်တဲ့စိတ်ကတစ်မျိုး (မှန်ပါ့) နှစ်မျိုးရှိတယ်။

အဲ ယနေ့တော့ဖြင့် ဒီဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်မျိုးရှိသွားပြီ (မှန်ပါ့ ဘုရား) ဒါ အနုသယဒိဋ္ဌိဆိုတာက ပင်ကိုယ်သဘောက ခင်ဗျားတို့ဝမ်းထဲမှာကိန်းနေတဲ့ ဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ကြွက်မြင်ရင်ခုတ်ချင်တဲ့ သဘောကလေးဟာ ပင်ကိုယ်သဘောကရှိတယ် (မှန်ပါ့) နောက်ကြွက်မြင်တဲ့အခါ ခြေသည်းလက်သည်း ထွက်လာတဲ့စိတ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။ အဲဒီ ဒိဋ္ဌိကလဲ တစ်မျိုးပဲ (မှန်ပါ့)။

ပရိယုဋ္ဌာနဒိဋ္ဌိပြုတ်ပါပြီ

ဒါဖြင့် အနုသယဒိဋ္ဌိ၊ ပရိယုဋ္ဌာန ဒိဋ္ဌိ (မှန်ပါ့) ဒီနေ့ဒါတွေကို ပေါ်တိုင်း ပေါ်တိုင်း သိလိုက်သဖြင့် ဟောဒီ ဒိဋ္ဌိပြုတ်သွားပြီ (ပရိယုဋ္ဌာနဒိဋ္ဌိပြုတ်ပါပြီ) အနုသယဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့)။

အနုသယဒိဋ္ဌိကတော့ ဘုန်းကြီးက နောက်အလုပ်ဆက်ပေးရဦးမယ် (မှန်ပါ့)။

ဒါဖြင့် ဒိဋ္ဌိနှစ်မျိုးရှိရာတွင် ပရိယုဋ္ဌာန ထကြွတဲ့ ဒိဋ္ဌိပြုတ်ပြီ (မှန်ပါ့) ကိန်းနေတဲ့ ဒိဋ္ဌိမပြုတ်သေးဘူးလား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီဒိဋ္ဌိပြုတ်ရင် သောတာပန်အငယ်၊ ဒီဒိဋ္ဌိပြုတ်ရင် သောတာပန်အကြီး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကြွက်မြင်ရင် လက်သည်းပြင်တာဆိုတဲ့ ဒိဋ္ဌိမျိုးပြုတ်ရင် သောတာပန်အငယ်စားဖြစ်ပါတယ်၊ အတွင်းမှာရှိတဲ့ ခုတ်တတ်တဲ့စိတ်ပျောက်သွားပြီဆိုရင် သောတာပန်အစစ် (မှန်ပါ့) သဘောကျပါပြီလား (ပါပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒီဟာတွေ ပေါ်တိုင်း ပေါ်တိုင်း၊ သိနေရင် ခုနက ကြွက်မြင်ရင် ခြေသည်း, လက်သည်းပြင်တဲ့ ဒိဋ္ဌိပြုတ်တာ (မှန်ပါ့) ပရိယုဋ္ဌာနပြုတ်တယ်၊ အနုသယမပြုတ်နိုင်ဘူး (မှန်ပါ့)။

အနုသယတော့ ခင်ဗျားတို့ အားထုတ်လို့ဖြစ်ပျက်တွေ နောက်တော့ဆုံးပါလိမ့်မယ်၊ အဲဒီဆုံးတဲ့အခါကျတော့မှ သူပြုတ်ပြီပြောရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အပါယ်ကိုကျစေတတ်တဲ့ ဒိဋ္ဌိ

ဒါဖြင့် ဒီနေ့သည် ဘာဖြစ်တဲ့နေတုန်းလို့ မေးလို့ရှိရင်ဖြင့် ပေါ်တိုင်းပေါ်တိုင်းသာ နောက်အားထုတ်တဲ့ ပုဂ္ဂိုလ် တွေ အကုန်ထုတ်ကြမယ်လို့ဆိုရင်ဖြင့် အပါယ်ကိုကျစေတတ်တဲ့ ဒိဋ္ဌိ၊ အပါယ်ကို အမြဲတမ်း ကျစေတတ်တဲ့ဒိဋ္ဌိ၊ အပါယ်ကို ကျစေတတ်တဲ့ ဒိဋ္ဌိ၊ တစ်ဘဝ, နှစ်ဘ)ကျအောင်ပြုတ်တယ် (မှန်ပါ့ ဘုရား)။

အမြဲတမ်း ဒိဋ္ဌိလွတ်အောင်တော့ နောက်မှ ဟောရမယ်၊ ဟောရလိမ့်မယ်၊ ဟောလို့လဲမပြီးသေးဘူး၊ အဲဒါက (မှန်ပါ့ ဘုရား)။

သေလွန်လို့ရှိတောင် အပါယ် တော့မကျဘူး

ခင်ဗျားတို့အားထုတ်ရမယ် (မှန်ပါ့) အခုဟောလို့နားလည်တာနဲ့ ဒီဘဝစုတေမနေ၊ သေလွန်လို့ရှိတောင် အပါယ် တော့မကျဘူး (မှန်ပါ့)။

ဘုန်းကြီးတို့က ဟောရဲတယ် (မှန်ပါ့) ပရိယုဋ္ဌာနပြုတ်သွားတယ် (မှန်လှပါ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကိုယ့်ဒုက္ခ ကိုယ်အပါယ်သွားရမယ့်ဒုက္ခ ကိုယ်ဇာတ်သိမ်းတာ ဖြစ်သော ကြောင့် ပေါ်တိုင်း ပေါ်တိုင်း သိကြပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ရမတုန်း (ပေါ်တိုင်းသိရမှာပါ ဘုရား) ပေါ်တိုင်းသိပါ၊ သဘောပါပြီလား (ပါပါပြီ ဘုရား)

ကဲ ဒီနေ့ ဒီတွင်တော်ပါဦး။

သာဓု ….သာဓု ….သာဓု။