”ဝေဒနာက္ခန္ဓာနဲ့ တရားနာနေပုံ”
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူသော
”ဝေဒနာက္ခန္ဓာနဲ့ တရားနာနေပုံ”
သက္ကာယဒိဋ္ဌိကင်းစင်ရေး
နေ့အလုပ်ပေး တရားတော်
(၄-၁၀-၆၁)
ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတယ်
အားလုံးတရားနာလာကြတဲ့ ဒကာ ဒကာမတွေ မိမိတို့ခန္ဓာကိုယ်ကြီးကို မနေ့က ပြောခဲ့တဲ့အတိုင်း ဉာဏ်က လှည့်လိုက်တဲ့အခါမှာ ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။
ဉာဏ်က ခန္ဓာကိုယ်လှည့်ထားတော့ ကျန်းမာလို့ တရားနာနိုင်တယ် ဆိုလို့ုရှိရင် သုခဝေဒနာနဲ့ တရားနာတယ် (မှန်ပါ့ ဘုရား)။
ချောင်းတွေ, ဘာတွေဆိုးပြီး တရားနာနေကြတော့ ဪ-ဒုက္ခဝေဒနာနဲ့ တရားနာနေတာပါလား (မှန်ပါ့) နားကလဲကြားပြီး တရားနားနေပြန်တော့လဲ ဪ-ဥပက္ခောဝေဒနာနဲ့ နာနေတာပါကလား (မှန်ပါ့ ဘုရား)။
ဒါဖြင့် တရားနာနေတာ ဘယ်သူတွေတုံးလို့ မေးတဲ့အခါကျတော့ သူ့အခိုက်အတန့် သူ့အခိုက်အတန့်နဲ့ ဝေဖန် လိုက်တဲ့အခါကျတော့ ဝေဒနာက္ခန္ဓာနဲ့ တရားနာနေရတယ် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ဝေဒနာက္ခန္ဓာနဲ့ တရားနာနေပါ တယ် ဘုရား)။
ဝေဒနာက္ခန္ဓာနဲ့ တရားနာနေတာ၊ မနာမကျင် မကိုက်မခဲဘဲနဲ့ နာရတော့ သုခဝေဒနာနဲ့ တရားနာနေရတယ် (မှန်ပါ့ ဘုရား)။
ချောင်းဆိုးရင်း, ရင်ကြပ်ရင်းနဲ့ နာနေရပြန်တော့ (ဒုက္ခဝေဒနာနဲ့ နာရပါတယ် ဘုရား) ဆရာသမားကြည့်, ဆရာသမားဖူး, ဆရာသမားပြောတဲ့ အသံတွေကြားရပြီး နာရပြန်တော့ (ဥပေက္ခာဝေဒနာနဲ့ နာရပါတယ် ဘုရား)။
ဪ ဒီဥစ္စာအားလုံး တရားနာလာကြတဲ့ဥစ္စာဝေဒနာက္ခန္ဓာပြောင်းလွဲပြီး နာနေကြတယ် (မှန်ပါ့) သုခဝေဒနာ ဖြစ်ခိုက်နဲ့ တရားနာလိုက် (မှန်ပါ့) ဥပေက္ခာဝေဒနာဖြစ်ခိုက်နဲ့ (တရားနာပါတယ် ဘုရား)။
ဪ တရားနာနေကြတာ ယောကျ်ားတွေလား, မိန်းမတွေလား, မည်သူမည်ဝါတွေလားလို့ မေးလို့ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာတွေပါဘုရားလို့ဆိုရင်ဖြင့် ဦးလှဘူး အမှန်ဘဲ (မှန်ပါ ဘုရား) ဦးမာဒင် အမှန်ဘဲနော် (မှန်ပါတယ် ဘုရား)။
သက္ကာယဒိဋ္ဌိ ပြုတ်ပါစေလို့ဆိုပြီး
ဒီဥစ္စာ ဆရာသမား ဘယ့်နှယ်ကြောင့် ဒီအကြောင်းပြောပါလိမ့်မတုန်းလို့ ဒကာသစ်က မေးလို့ရှိရင် ငါတရားနာ နေတယ်ဆိုတဲ့ သက္ကာယဒိဋ္ဌိ ပြုတ်ပါစေလို့ဆိုပြီး ဒါကိုပြောနေတာ (မှန်ပါ့ ဘုရား)။
ကျမတို့ တရားနာနေတယ်ဆိုတဲ့ဥစ္စာ မဖြစ်ပါစေနဲ့ ကျနော်တို့ တရားနာနေတယ်ဆိုတဲ့ဥစ္စာ မဖြစ်ပါစေနဲ့ ဝေဒနာတွေနဲ့ ပြောင်းပြီ ဝေဒနာက္ခန္ဓာတွေနဲ့ နာနေတာ ထင်ရှားပါစေတော့ဆိုပြီး ဒကာ ဒကာမတို့ ဒါခန္ဓာဉာဏ်ရောက် ပြောနေတဲ့တရားလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒကာကြီးဦးမာဒင် ဘာတဲ့တုံးဗျာ (ခန္ဓာဉာဏ်ရောက်ပြောနေတဲ့ တရားပါ ဘုရား)။
သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှတ်ပါ ထိုင်လို့ကောင်းကောင်းနဲ့ တရားနာရင် ဘာတဲ့ (သုခ ဝေဒနာနဲ့နာတာပါ ဘုရား)။
ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ပါဘူး၊ ကျန်းမာလို့ နာနိုင်တယ်ဆိုကတည်းက သုခဝေဒနာနဲ့ နာတာ (မှန်ပါ့ ဘုရား)။
ချောင်းဆိုး, ရင်ကြပ်ဝေဒနာနဲ့ တရားနာနေရပြန်တော့လဲ အင်း ဒုက္ခဝေဒနာနဲ့နာတယ် (မှန်ပါ့) မျက်လုံးက ဆရာသမားဆီမှာ စိုက်ပြီး သကာလ , နားက ဆရာသမားပြောတဲ့ အသံတွေကြားပြီး သကာလ နာနေရပြန်တော့ (ဥပေက္ခာ ဝေဒနာနဲ့ နာပါတယ် ဘုရား)။
လူတွေကများတော့ တယောက်အနံ့နဲ့ တယောက်အနံ့နဲ့ ရှူရင်း ရှိုက်ရင်းနဲ့ နာနေရပြန်တော့ ဘာပါလိမ့် (ဥပေက္ခာဝေဒနာနဲ့ နာပါတယ် ဘုရား) သဘောကျပြီ (ကျပါပြီ ဘုရား)။
တခါတလေ တံတွေးကလေးမျိုရင်းနဲ့ နာနေကြတယ်၊ တခါတလေကျတော့ ရှူရင်းရှိုက်ရင်းနဲ့လဲ နာနေကြတယ် အင်း-ဒါဘယ်သူတွေပါလိမ့် (ဥပေက္ခာဝေဒနာတွေပါ ဘုရား)။
အဲဒီလို ဉာဏ်ထဲမှာ ရောက်သွားတော့ ဪ-ယောကျ်ားတွေ တရားနာနေတာမဟုတ်ဘူး၊ မိန်းမတွေ တရား နာနေတာ မဟုတ်ဘူး၊ ဝေဒနာက္ခန္ဓာကြီး အလှည့်အပတ်နဲ့ တရားနာနေတာ (မှန်ပါ့) ဘယ်သူတွေ တရားနာနေပါလိမ့် (ဝေဒနာက္ခန္ဓာအလှည့်အပတ်နဲ့ တရားနာနေပါတယ် ဘုရား)။
ဉာဏ်နဲ့ လက်ညှိုး ထိုးရင်ဖြင့်
ဝေဒနာက္ခန္ဓာအလှည့်အပတ်နဲ့ တရားနာနေတော့ ဒါကြောင့် ဘယ်အချိန်လက်ညှိုးထိုးထိုး, ဉာဏ်နဲ့ လက်ညှိုး ထိုးရင်ဖြင့် ဝေဒနာထိုးမိရမယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ်ကြီးကို ဉာဏ်နဲ့ လက်ညှိုးထိုးမယ် ဘာထိုးမိရမလဲ (ဝေဒနာထိုးမိပါတယ် ဘုရား)။
အဲဒါကြောင့် ဦးလှဘူးရေ မည်သူမည်ဝါ တရားနာနေသလဲမေးရင် ဝေဒနာက္ခန္ဓာ တရားနာနေပါတယ်ဘုရား (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဪ ဒကာ ဒကာမတွေ ဒီအထဲမှာ အန္တရာယ်ကင်းဘေးရှင်းတဲ့ပုဂ္ဂိုလ်များ ပါသေးသလား (မပါပါ ဘုရား) ဝေဒနာနဲ့ တရားနာနေကြတာချည့်ဘဲ (မှန်ပါ့) အန္တရာယ်ကင်းဘေးရှင်း တယောက်မှ မပါဘူး (မပါ ပါ ဘုရား)။
သို့သော် ဒကာ ဒကာမတွေအထင်ကတော့ အန္တရာယ်ကင်းဘေးရှင်းတုန်း တရားကြီုးစားကြတာဘဲလို့ ဒီလို ထင်ကြတယ် (မှန်ပါ့) ထင်သာထင်တယ် ခင်ဗျားတို့ ဝေဒနာက္ခန္ဓာနဲ့ တရားနာနေကြတာ (မှန်ပါ့ ဘုရား)။
တခါတလေ ချောင်းဆိုးရင်းများ တရားနာနေတယ်ဆိုတော့ ဘာဝေဒေနာနဲ့ တရားနာနေသလဲ (ဒုက္ခဝေဒနာနဲ့ တရားနာနေပါတယ် ဘုရား)။
ဘယ်မှာ ချမ်းသာရမတုန်း (မချမ်းသာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အောင်လျက်နာလျက်နဲ့ ကျင်လျက်နဲ့ဘဲ တရားအာရုံတွေ ပျက်သွားမှာစိုးလို့ဘုရား၊ နာနေရတယ်ဆိုပြန်တော့ လဲ ဘယ်ဝေဒနာနဲ့ တရားနာနေသလဲ (ဒုက္ခဝေဒနာနဲ့ တရားနာနေပါတယ် ဘုရား)။
ဒီဟာကလေးကို ဉာဏ်က ဒီဘက်ကိုလှည့်ပေးပါ (မှန်ပါ့) လှည့်လှည့်ပေးလိုက်တဲ့ အခါကျတော့ ဝေဒနာပေါ် မှန်းသိတော့ ဦးမာဒင် ဝေဒနာပျက်မှန်းသိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝေဒနာပေါ်မှန်သိတော့
ဝေဒနာပေါ်မှန်သိတော့ (ဝေဒနာပျက်မှန်း သိပါတယ် ဘုရား)။
ဒီလိုသိလိုက်တဲ့အခါကျတော့ ပေါ်တာကော ပျက်တာသည်ကားလို့ ဆိုရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊ ဝေဒနာက္ခန္ဓာအစစ်ဘဲဆိုတဲ့ ဉာဏ်က မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ရောက်တော့ သက္ကာယဒိဋ္ဌိပြုတ် တယ် (မှန်ပါ့ ဘုရား)။
ပေါ်တာလဲသိ, ပျက်တာလဲသိ, ပြုတ်သွားမယ်ဆိုရင်ဖြင့် ဒီတရားပွဲမှာပင် သောတာပန်တည်နိုင်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒကာသစ်တို့ တရားနာတိုင်း နာတိုင်း ဘယ်သူတရားနာသတုံးလို့ မေးတိုင်း မေးတိုင်း ဉာဏ်က ခန္ဓာလှည့်ပြီး ဪ ဝေဒနာတွေလှည့်ပြီး တရားနာနေတာ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ဝေဒနာတွေလှည့်ပြီး တရားနာ နေပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာတွေ လှည့်ပြီး တရားနာနေတယ်ဆိုရင်ဖြင့် အမှန်ပါဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဝေဒနက္ခန္ဓာနဲ့ တရားနာနေတော့ကို ဒီဥစ္စာသက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) ဝေဒနာက္ခန္ဓာနဲ့ တရားနာနေမှန်းသိတော့ ဘာပြုတ်သတုန်း (သက္ကာယဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ဝေဒနာက္ခန္ဓာဟာ နာရင်းမတ္တနဲ့ ဘဲ ဒုက္ခပြောင်းသွားလိုက် သုခပြောင်းသွားလိုက် (မှန်ပါ့) ဒုက္ခပျက်သွားလိုက် သုခပေါ်လိုက်၊ သုခပျက်သွားလိုက်၊ ဥပေက္ခာပေါ်လိုက် (မှန်ပါ့ ဘုရား)။
အင်း ဝေဒနာပေမဲ့လဲ နာမည်သာတူ၍ ပျက်လိုက်, ဖြစ်လိုက်, ပြောင်းလိုက်, လွဲလိုက်တွေကတော့ရှိနေတာကော ဧကန်ဘဲ (မှန်ပါ့) ဦးလှဘူး ဧကန်ပေါ့ဗျာ (မှန်ပါ့ ဧကန်ပါ ဘုရား)။
အဲဒီ ဧကန်ကြီး ကြည့်လိုက်ပြန်တော့ ဒုက္ခပျက်လိုက်, သုခအစားထိုးလိုက်၊ သုခပျက်သွားပြန်ပြီ၊ ဥပေက္ခာ အစားထိုးလိုက်၊ ဪ ပျက်လျက်နဲ့ တရားနာနေတယ် (မှန်ပါ့ ဘုရား)။
တရားနာနေတာ မခိုင်မြဲပါလား
ပျောက်လျက်နဲ့ တရားနာနေတော့ ဪ တရားနာနေတာ မခိုင်မြဲပါလား၊ ပျောက်ပျက်မှုနဲ့, တရားနာနေ ပါကလားဆိုတာ ပေါ်လာပါတယ် (ပေါ်လာပါတယ် ဘုရား)။
ထိုကဲ့သို့ ပေါ်လာတာ ထောက်လိုက်တော့ သက္ကာယဒိဋ္ဌိက ဦးမာဒင် ပြုတ်သွားတယ် (ပြုတ်ထွက်သွားပါတယ် ဘုရား) ပျက်ပြီး တရားနာနေတယ်၊ သုခဝေဒနာ ပျောက်သွားပြီး ဒုက္ခဝေဒနာက တရားနာနေတယ် (မှန်ပါ့) ပျောက်ပျက် ပြီး တရားနာရတဲ့သဘောတွေသိလိုက်တော့ သဿတဒိဋ္ဌိလဲပြုတ်တယ် (မှန်ပါ့ ဘုရား)။
တခါ ဥစ္ဆေဒဒိဋ္ဌိပြုတ်အောင် ဉာဏ်နဲ့ကြည့်မယ် ဆိုတော့ ဒုက္ခဝေဒနာပျောက်ပြီး သုခဝေဒနာတွေက အစားထိုး လာပြန်တော့ နေရာကလေးပြောင်းလာပြန်တော့ သုခဝေဒနာကလေးဖြစ်ပြီးလာရပြန်တယ် (မှန်ပါ့) ဒုက္ခပျောက်ပြီး သုခနဲ့ နာနေပြန်တယ် (မှန်ပါ့ ဘုရား)။
ဒုက္ခပျောက်ပြီး သုခနဲ့ နာနေတာ ထောက်လိုက်ပြန်တော့လဲ ဒကာ ဒကာမတို့ ဒုက္ခက သုခအစားထိုးသကိုး ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိ ပြုတ်တယ်ဆိုတဲ့ အယူဟာ ယူလို့ရသေးရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာနဲ့ တရားနာနေတယ်လို့သိရင် သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) တခုသော ဝေဒနာကလေး ပျက်သွားတာမြင်လိုက်လို့ရှိရင် သဿတဒိဋ္ဌိပြုတ်တယ် (မှန်ပါ့ ဘုရား)။
တခုသော ဝေဒနာကလေး အစားထိုးတာ မြင်လိုက်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ် (မှန်ပါ့ ဘုရား)။
ဦးလှဘူး သဘောကျပလား (ကျပါပြီ) မကျမရှိနဲ့၊ ဒီဟာသဘောမကျလို့ရှိရင် ခင်ဗျားတို့ အပါယ်လေးပါး ငရဲမျိုးစေ့ မပြုတ်မှာစိုးလို့ ရှေ့ပိုင်းမှာ ဦးမာဒင် ဒါထည့်ပေးနေတယ် (မှန်ပါ့ ဘုရား)။
ဒကာသစ် အရေးကြီးတယ်နော် (ကြီးပါတယ် ဘုရား)။
ဘာကုသိုလ်ကြီးပြုလို့ ဘာကြီးလုပ်နေနေ ဒကာ ဒကာမတို့ ဒီအပါယ်မျိုးစေ့ သက္ကာယရယ်, သဿတရယ်, ဥစ္ဆေဒရယ်, ဒီသုံးခုမပြုတ်လို့ရှိရင် မဂ်ဖိုလ်လဲတားမယ်၊ အပါယ်လဲသွားရမယ် (မှန်ပါ့ ဘုရား)။
မဂ်ဖိုလ်လဲထား အပါယ်လဲသွား
သက္ကာယ, သဿတ, ဥစ္ဆေဒ, ဆိုတဲ့ ဒီသုံးခု တခုခု ရှိခဲ့သည်ရှိသော် ဘယ်လိုပင် အားထုတ်ငြား သော်လဲ မဂ် ဖိုလ်ကိုတား၏ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) မဂ်ဖိုလ်လဲထား အပါယ်လဲသွားရတယ် (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘာတဲ့တုံး (မဂ်ဖိုလ်လဲတား အပါယ်လဲ သွားရပါတယ် ဘုရား) ဒိဋ္ဌိဘယ်နှစ်မျိုးပါလိမ့် (သုံးမျိုးပါ ဘုရား)။
ဒီသုံးမျိုး တမျိုးမျိုးရှိခဲ့သော် ခန္ဓာထဲမှာ ဒီဟာကို ဉာဏ်ထဲမှာ မရှင်းဘဲ နေခဲ့သော် ဒိဋ္ဌိတမျိုးမျိုးရှိပြီး (မှန်ပါ့) ထိုကဲ့သို့ရှိလျက် လှူကြ, ပေးကြ, ကမ်းကြလို့ရှိရင် နတ်ရွာသုဂတိတော့ရောက်၏ နိဗ္ဗာန်တော့ မရောက်နိုင် (မှန်ပါ့ ဘုရား)။
နတ်ရွာသုဂတိတော့ (ရောက်ပါတယ် ဘုရား) နိဗ္ဗာန်တော့ (မရောက်နိုင်ပါ ဘုရား) ဒကာသစ် ဘယ့်နှယ်ကြောင့် ပါလိမ့်မတုံး (ဒိဋ္ဌိခံနေလို့ပါ ဘုရား) ဒိဋ္ဌိမပြုတ်လို့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိမပြုတ်လို့ဆိုတော့ ဒိဋ္ဌိပြုတ်မှ ကျုပ်တို့ အပါယ်လွတ်မှာ (မှန်ပါ့) ဒိဋ္ဌိပြုတ်မှလဲ အပါယ်တံခါးပိတ်မယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ရှေ့ပိုင်မှာ ဒကာ ဒကာမတို့ နေကောင်းလျက်နဲ့ တရားနာရင်ကော ဘာနဲ့နာသတုံး (သုခဝေဒနာနဲ့ နာပါတယ် ဘုရား)။
အင်း ပုဂ္ဂိုလ်သတ္တဝါပျောက်ပြီး (ပျောက်ပါတယ် ဘုရား) ချောင်းဆိုးရင်း, ရင်ကျပ်ရင်းနဲ့ဘဲ တရားနာနေရတယ် (ဒုက္ခဝေဒနာနဲ့ နာပါတယ် ဘုရား)။
ဪ ဒုက္ခဝေဒနာနဲ့ တရားနာနေတယ်ဆိုတာ သိပြီနော် (မှန်ပါ့) မျက်လုံးက ဆရာသမားဆီကြည့် နားက ကြားလျက်နဲ့ နာနေရပြန်တော့ (ဥပေက္ခာဝေဒနာနဲ့ နာပါတယ် ဘုရား) ဒီလိုသိပြန်တော့ သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်လှပါ)။
သက္ကာယဒိဋ္ဌိဖြုတ်နေတာကိုး
ဒကာ ဒကာမတို့ ဘာပြုတ်သွားပါလိမ့် (သက္ကာယဒိဋ္ဌိပြုတ်သွားပါတယ် ဘုရား) ကြပ်ကြပ် မပျင်းမရိဘဲနဲ့နာ၊ ဒီဥစ္စာ ဪ ဒို့ ဒီဟာကလေးတွေ ရှိနေလို့ရှိရင် ဒို့ပြုတဲ့ ကုသိုလ်ဟာ သုဂတိကဘဲ မတက်တော့ဘူး၊ နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့) သူကဘဲ ဆွဲချနေတာ ( မှန်ပါ့ ဘုရား)
ဒါ့ကြောင့် ဒို့ဆရာဘုန်းကြီး ရှေ့ပိုင်းမှာ သက္ကာယဒိဋ္ဌိဖြုတ်နေတာကိုး၊ ဒါ့ကြောင့် ဒို့အရေးတကြီး မှတ်ပြီးတော့ ဒို့အိမ်ရောက်တဲ့အခါလဲ ဪ သုခဝေဒနာနဲ့ ထိုင်လိုက်တယ်၊ ဪ ဒုက္ခဝေဒနာနဲ့ ထိုင်လိုက်ပြန်ပြီ၊ ဪ ဥပေက္ခာ ဝေဒနာနဲ့ ထိုင်ပြန်ပြီဆိုတာလဲ နှလုံးသွင်းပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ထိုကဲ့သို့ နှလုံးသွင်းလိုက်လို့ရှိရင် ဦးမာဒင် သက္ကာယဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့ ဘုရား)။
သုခဝေဒနာကလေး ချုပ်သွားတာ မြင်လိုက်လို့ရှိရင်လဲတဲ့ သဿတပြုတ်ပါတယ် (မှန်ပါ့) ဒုက္ခဝေဒနာ ကလေး အစားထိုးတာ မြင်လိုက်လို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့ ဘုရား)။
သုခပျောက်သွားတာ မြင်လိုက်တော (သဿတဒိဋ္ဌိပြုတ်ပါတယ် ဘုရား) သုခနေရာ ဒုက္ခကလေး အစားထိုးပြီး တရားနာနေရပြန်တော့ (ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ဒိဋ္ဌိဘယ်နှစ်မျိုးပြုတ်သလဲ (သုံးမျိုးပြုတ်ပါတယ် ဘုရား) ဘယ်ဟာနဲ့ တရားနာနေတယ်လို့သိရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ် (မှန်ပါ့ ဘုရား)။
ဪ အခုတရားနာနေတဲ့ ဝေဒနာကလေးဟာလဲ ပျောက်သွားပြန်ပြီလို့သိရင် (သဿတဒိဋ္ဌိ ပြုတ်ပါတယ် ဘုရား) ဒီပျောက်သွားတဲ့ တရားကလေးကို ရှေ့ပိုင်းကနဲ့လဲ မသေဘဲနဲ့ နောက်ဝေဒနာနဲ့ တရားနာနေတာသိရတော့ ဥစ္ဆေဒဒိဋ္ဌိပြုတ်ပါတယ် ဘုရား)။
ခင်ဗျားတို့ သေပျော်တဲ့တရားဘဲ (မှန်ပါ့) အင်မတန် အဘိုးတန်သွားပြီ (အဘိုးတန်ပါပြီ ဘုရား) ဦးမာဒင် ဘယ့်နှယ်တုံး (အဘိုးတန်သွားပါပြီ ဘုရား)။
အင်မတန်အဘိုးတန်သွားတယ်၊ ဘုန်းကြီး ချီးမြှောက်ပြောတာလားလို့ မေးတဲ့အခါကျတော့ ခင်ဗျားတို့ တသံသရာလုံးက သူအပါယ်ချနေတာ (မှန်ပါ့) ဒိဋ္ဌိမပြုတ်လို့ သူက အပါယ်ချတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိအလုပ်မဟုတ်ဘူး၊ ဝေဒနာအလုပ်တွေ
အခုတော့ဖြင့် ဪ ဒိဋ္ဌိအလုပ်မဟုတ်ဘူး၊ ဝေဒနာအလုပ်တွေ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) တရားနာတာ ဘယ်သူ့အလုပ်တုန်း (ဝေဒနာ အလုပ်ပါ ဘုရား)။
တရားနာတဲ့အတွင်းမှာလဲ တခါတလေ ကျန်းကျန်းမာမာနဲ့ နာရတယ်၊ ကျန်းမာတာ ချုပ်ပြီး မကျန်းမာတာနဲ့ နာရတာရှိသေးတယ် (ရှိပါတယ် ဘုရား)။
ကျန်းမာတာ ချုပ်တာ မြင်လိုက်ပြန်တော့လဲ သဿတဒိဋ္ဌိကုန်တယ် (မှန်ပါ့) မကျန်းမာလျက်နဲ့ နာနေရတာ မြင်လိုက်ပြန်တော့လဲ ဥစ္ဆေဒဒိဋ္ဌိကုန်တယ် (မှန်ပါ့) အင်မတန် သဘောပါတယ်လို့မှတ် (မှန်ပါ့ ဘုရား)။
တရားကလဲ စစ်လိုက်တာ ခန္ဓာအဖြစ်နဲ့လဲ ကိုယ်တယ် (ကိုက်ပါတယ် ဘုရား) တရားကလဲအစစ် ခန္ဓာအဖြစ်နဲ့ ကိုက်တယ်လို့ ဦးလှဘူး သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) ဦးမာဒင် ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဝေဒနာတွေကို ဒီကဲ့သို့ မသိကြဘူးတဲ့ သုခနဲ့ တရားနာနေတယ်၊ ဒုက္ခနဲ့တရားနာနေတယ် ဥပေက္ခာနဲ့ တရားနာနေတယ်လို့၊ ဝေဒနာက္ခန္ဓာကြီးနဲ့ တရားနာနေတယ်လို့မသိကြတော့ ဘယ့်နှယ်ဖြစ်နေသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဝေဒနာပစ္စယာ တဏှာဆိုတာ လာပါတယ် (လာပါတယ် ဘုရား)။
ဝေဒနာပစ္စယာ တဏှာ
ဪ ဘယ့်နှယ့်ကြောင့် ဒီတဏှာဟာ ဥပမာ ဒါ ဝေဒနာက္ခန္ဓာကြီးလို့ ထားပါတော့ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ဒီဝေဒနာသည် နောက်လာပြီး ဝေဒနာ, ပစ္စယာ, တဏှာ, ဝေဒနာ, ပစ္စယာ, တဏှာနဲ့ ခန္ဓာဖြစ်စဉ်ကြီးက သွားနေပါလိမ့် မလဲဆိုတဲ့ မေးခွန်း မထုတ်ထိုက်ဘူးလား (ထုတ်ထိုက်ပါတယ် ဘုရား)။
ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) အင်း ဝေဒနာပစ္စယာ တဏှာလို့ ဟောတော်မူတယ်၊ ကိုယ့်သန္တာန် ကြည့်ပြန် တော့လဲ ဟုတ်-မဟုတ် အကဲခတ်ကြည့်ပြန်တော့ ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာခင်တာ ဘာပါလိမ့်မယ် (တဏှာပါ ဘုရား)။
ခန္ဓာက-ဝေဒနာက္ခန္ဓာ၊ ခင်တာက တဏှာ (မှန်ပါ့) ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား) ဪ ဒါကြောင့်လဲ ဟောပေတာကိုး (မှန်ပါ့ ဘုရား)။
ဪ ကိုယ့်ခန္ဓာကိုယ်ကြီးက ဘာခန္ဓာ (ဝေဒနာက္ခန္ဓာပါ ဘုရား) ဒီခန္ဓာကိုယ်ကြီးကို ခလုတ်မထိ ဆူးမငြိပါစေနဲ့ ဆိုပြီးတော့ ခင်ရှားလွန်းလို့ အန္တရာယ်ကင်း ဘေးရှင်းပါရစေဆိုပြီး သကာလ မေတ္တာတွေများပို့ပြီး အဟံ အဝေရော ဟောမိ။ အဟံ=အကျွနု်ပ်သည်၊ အဝေရော=ရန်မရှိသည်၊ ဟောမိ=ဖြစ်ရပါလို၏ဆိုတော့ မေတ္တာလိုလိုနဲ့ ခင်လွန်းလို့ကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မေတ္တာလိုလိုနဲ့ ဘာဖြစ်သတုံး (တဏှာဖြစ်ပါတယ် ဘုရား)။
ဒါကြောင့် ရာဂေါ မေတ္တာယ ဝဉ္စေတိ=သတ္တဝါကို လှည့်စား၏ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ကိုယ့်ဟာကိုယ်များ မေတ္တာပို့ပြီး သကာလ နေကြတဲ့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် တခါတလေကျတော့ ကိုယ့်ကိုခင်လို့ ပို့တာလဲရှိတယ်၊ ကိုယ့်ကိုသနားလို့ ပို့တာလဲရှိတယ် (မှန်ပါ့) သို့သော် ရိုးရိုး, ဦးမာဒင်တို့ ဦးလှဘူးတို့ ဒကာသစ်တို့က ပြောရလို့ရှိရင် ဘာပို့ဖြစ်လိမ့်မယ်ထင်ကြသတုံး (တဏှာပို့ဖြစ်မှာပါ ဘုရား)။
သွားပြီပေါ့ဗျာ မေတ္တာဘယ်ဟုတ်တော့မလဲ (မှန်ပါ့) ခင်လို့ပို့တာ (မှန်ပါ့) ဦးလှဘူး ဘယ်လိုပို့တာပါလိမ့် (ခင်လို့ပို့တာပါ ဘုရား)။
နောက်က ဒကာ ဒကာမတွေ မုသားလဲမဖြစ်စေနဲ့ ဘယ်လိုကြောင့်ပို့ကြတာပါလိမ့် (ခင်လို့ပို့တာပါ ဘုရား) သွားပြီးမေတ္တာကိုမဟုတ်ဘူး (မဟုတ်ပါဘူး)။
မေတ္တာဆိုတာက ခင်တဲ့အထဲ မထည့်ပါနဲ့ (မှန်ပါ့) သနားတယ်၊ ချစ်ခင်တယ်၊ မုဒိတာဝမ်းမြောက်အောင် ဒီလိုလုပ်ရမှာကိုး (မှန်ပါ့ ဘုရား)။
အန္တရာယ်ကင်း ရိုးရိုးသာ ကင်းစေချင်လို့ ပို့ရမှာ (မှန်ပါ့) တဏှာနဲ့ခင်လို့တော့ (မပို့ရပါ ဘုရား)။
နို့ ခင်ဗျားတို့ပို့နေတာက ဪ-ဒီခန္ဓာကြီး ခလုတ်မထိဆူးမငြိအောင်ဆိုပြီး သကာလ သူ့ဘဲအားကိုးပြီး သကာလ သူကျန်းမာမှ စီးပွားရေးက နေရာကျတာဆိုတော့ ဦးမာဒင်ဘာရောနေသတုံး (တဏှာရောနေပါတယ် ဘုရား)။
ရာဂက မေတ္တာလိုလိုနဲ့
ဒါကြောင့် ရာဂက မေတ္တာလိုလိုနဲ့ မေတ္တာအပို့ခိုင်း၏ (မှန်ပါ့) အံမာလေး တဏှာက အပို့ခိုင်းနေတာ (မှန်ပါ့) သို့သော် ဒကာ ဒကာမတွေက ဒါလောက်မသိပါဘူး (မသိပါ ဘုရား)။
အဟံအဝေရောဟောမိ၊ အဟံ၊ ကျွန်ုပ်သည်၊ အဝေရော၊ ရန်မရှိသည်၊ ဟောမိ၊ ဖြစ်ရပါလို၏။ ခင်ဗျားတို့စ, ကြတယ် (မှန်ပါ့ ဘုရား)။
ဦးလှဘူး ဘယ်အကျိုးငှာလို့ ဘာတုံးလို့ မေးတဲ့အခါကျတော့မှ ဟာ ကိုယ့်ကိုယ် အခင်ဆုံးဘဲဘုရား၊ ခင်လို့ ပို့ရတာ (မှန်ပါ့) ဒါဟာမေတ္တာကို မဟုတ်ပါဘူး၊ တဏှာဖြစ်နေတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီး ဘုရား)။
ဒါတသက်လုံးလိုဘဲ ခင်ဗျားတို့အခုဆရာဘုန်းကြီးက ဖော်မပြောရင်ဖြင့် ဦးမာဒင်သွားပြီး (မှန်ပါ့) ဘာနဲ့ပို့ နေတာတုံး (တဏှာနဲ့ပို့နေပါတယ် ဘုရား) ရော ခင်ဗျားတို့က မေတ္တာတဲ့ဆို (မသိခဲ့ပါ ဘုရား) မသိဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဘယ်သူကလုပ်နေတာတုံးဆိုတော့ လူတဦးတယောက်မှာစုန်းပယောဂပူးနေသလို သူပြောနေတာက သဘောရိုးပြောနေတာလား၊ ပယောဂပြောနေတာလား၊ (ပယောဂကပြောတာပါ ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ မေတ္တာပို့နေတာဟာ တဏှာပယောဂဝင်ပို့နေတာ မေတ္တာက နောက်ဆုတ်နေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မေတ္တာ ဘယ်ရောက်နေသတုံး (နောက်ဆုတ်နေပါတယ် ဘုရား) ဘယ်သူကဝင်ပို့နေသတုံး (တဏှာပယောဂက ဝင်ပို့နေပါတယ် ဘုရား)။
ပယောဂပူးနေတာကိုး
ဟာ ဒါဖြင့် ခင်ဗျားတို့ဟာ ပယောဂပူးနေတာကိုး (မှန်ပါ့) ဦးမာဒင် ဘာဖြစ်နေတာတုံး (ပယောဂ ဝင်ပူး နေတာပါ ဘုရား)။
သို့သော်လဲ ခင်ဗျားတို့က မသိပါဘူး၊ မသိလိုက်တဲ့ဖြစ်ခြင်းမှ ကြာကြပလား၊ မေတ္တာပို့တာ ဒီနည်းနဲ့ ပို့နေတာ ကြာကြပလား၊ မေးရင် ဒကာသစ်ဘယ့်နှယ်ဖြေပါ့မလဲ (ကြာပါပြီ ဘုရား)။
ဟာ ဒါဖြင့် နာတာရှည်တွေပါလား (မှန်ပါ့) ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။
အေး ဒါကြောင့် ပြင်ကြစမ်းပါဦးဆိုရတယ်နော် (မှန်ပါ့ ဘုရား)။
အခုတော့ဖြင့် ဝေဒနာပစ္စယာ တဏှာဆိုတာ ဝေဒနာက္ခန္ဓာကြီးကို တဏှာနဲ့မေတ္တာပို့နေတယ် (မှန်ပါ့) အင်း တဏှာနဲ့ မေတ္တာပို့တယ်လို့ ပြောရတာ သိပ်နာတယ် (မှန်ပါ့ ဘုရား)။
မေတ္တာပို့တာဟာ မေတ္တာစေတသိတ်နဲ့ပို့ရမယ် (မှန်ပါ့) တဏှာနဲ့ပို့လို့ မရဘူး (မရပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သိစရာတွေကလဲ များလိုက်တာ (များပါတယ် ဘုရား) ရာဂေါ မေတ္တာယ ဝဉ္စေတိ၊ ရာဂေါ-ရာဂဆိုတဲ့တဏှာက။ မေတ္တာယ၊မေတ္တာလိုလိုနဲ့။ ဝေဉ္စတိ၊ ကိုယ့်ကိုယ် အပို့ခိုင်း၏။ အံမာလေး တဏှာက အပို့ခိုင်းနေတာဘဲ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်သူက အပို့ခိုင်းသတုံး (တဏှာက အပို့ခိုင်းပါတယ် ဘုရား)။
တဏှာက နင့်ကိုယ်နင် ချမ်းသာအောင် ပို့ဆိုပြီး သကာလ တဏှာဝင်ပြီး ဦးမာဒင် ပယောဂဖြစ်ပြီး သကာလ ဝင်ပြီးများပို့နေလိုက်တာ ကျုပ်အန္တရာယ် မကင်းတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ မသိရှာဘူး (မှန်ပါ့ ဘုရား)။
မေတ္တာမှမဟုတ်ဘဲ (မှန်ပါ့) တဏှာကဝင်ပြီး ပယောဂအဖြစ်နဲ့ ပို့နေတဲ့ဥစ္စာ ဦးလှဘူးသိပါပြီ (သိပါပြီ ဘုရား) ပြင်ကြနော် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် သွားကြပါစို့ ဒကာ ဒကာမတို့ ဝေဒနာပစ္စယာတဏှာကတော့ပေါ်ပြီ (မှန်ပါ့) ဒီခန္ဓာကြီးက ဝေဒနာက္ခန္ဓာ (မှန်ပါ့ ဘုရား)။
ဒီခန္ဓာကြီး ကျန်းမာလို့ ဝမ်းဘဲသာရသေးတယ်(မှန်ပါ့) ကျန်းမာဘို့ ဘယ့်နှယ်နေသတုံး (ဝမ်းပဲသာ ရပါသေး တယ် ဘုရား)။
ခင်လွန်းလို့ ဝမ်းသာတာ
ဒီကျန်းမာတဲ့ သုခဝေဒနာ၊ ဝမ်းသာတာကလေး ခင်လွန်းလို့ ဝမ်းသာတာ (မှန်ပါ့) ဝမ်းသာတာ တဏှာဖြစ်တယ် (မှန်ပါ့)။ဒါကြောင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကျန်းမာလို့ ဝမ်းသာရသေးတယ်၊ ဟုတ်ကြရဲ့လား (မှန်ပါ့) ဒီလိုကော အယူကောရှိသေးရဲ့လား (ဝမ်းသာပါတယ် ဘုရား) ဝမ်းသာတယ်၊ အံမာလေး ဖြစ်မှဖြစ်ရပလေ။
ဒကာ ဒကာမတို့ ကျန်းမာတာ သုခဝေဒနာဟုတ်လား (မှန်ပါ့) ဝမ်းသာတာက (တဏှာပါ ဘုရား) ဒါဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။
ဪ ဒါကြောင့် ဘုရားဟောတော်မူတာဘဲ (မှန်ပါ့) ခင်ဗျားတို့ ကျန်းမာမှာများ ဘုန်းကြီးကြောက်လိုက်တာ မပြောနဲ့တော့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ကျန်းမာရင် တဏှာဖြစ်ပြီး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကျန်းမာရင် ဘာဖြစ်သတုန်း (တဏှာဖြစ်ပါတယ် ဘုရား) ဒါဖြင့် ကျိုးကန်းနေတာက တော်သေးသလို ကျနေတယ် (အတော်ဆိုးနေတယ်၊ ဒကာ ဒကာမတို့ (ဆိုးပါတယ် ဘုရား)။
ကြည့်စမ်းပါလား ဒကာသစ်တို့ ဦးမာဒင်တို့ ဦးသန်းမောင်တို့ သေသေချာချာ စဉ်းစားကြည့်ပါ၊ ကျန်းမာတုန်း ရှာမှဘဲ (မှန်ပါ့ ဘုရား)။
ကျန်းမာတာက ဝေဒနက္ခန္ဓာ ရှာမှဘဲဆိုတာ၊ တဏှာ (မှန်ပါ့) ဟာ ဒီလူကျန်းမာရင် အပါယ်သွားဘို့ လုပ်ပြီ (မှန်ပါ့) ဘယ့်နှယ်ဆိုမတုံး (ကျန်းမာရင် အပါယ်သွားဘို့ လုပ်ပါတယ် ဘုရား)။
ဦးလှဘူး ဘယ်နှယ်ဖြစ်ကုန်သတုံး၊ ဒါက ငြင်းစရာကောရှိသေးသလား ( မရှိပါ ဘုရား)။
ကျန်းမာတာက ဦးလှဘူး၊ ဒကာသစ်တို့၏ ခန္ဓာ၊ ဘာခန္ဓာတုံး (ဝေဒနက္ခန္ဓာပါ ဘုရား) ဝေဒနာပေမဲ့လဲ သုခ ဝေဒနာ (မှန်ပါ့ ဘုရား)။
ကျန်းမာတာတော့ သုခဝေဒနာ (မှန်ပါ့) ကျန်မာတော့ ငွေရှာတယ်၊ မရှာကြဘူးလား (ရှာပါတယ် ဘုရား)။
ကျန်းမာရင် အပါယ်သွားဘို့ လုပ်ကြပြီ
ကျန်မာရင် ငွေရှာတယ်၊ ငွေရှာတာက ဘာတဲ့ (တဏှာပါ ဘုရား) ဒါဖြင့် ခင်ဗျားတို့ ကျန်းမာရင် အပါယ်သွားဘို့ လုပ်ကြပြီ (မှန်လှပါ ဘုရား) သေသေချာချာ ဝိပဿနာမျက်စိနဲ့ စဉ်းစားမှနော် (မှန်ပါ့)။
မသိတဲ့လူ ကျန်းမာမှာကို ဦးမာဒင် ကြောက်စရာ ဖြစ်နေတယ် (မှန်ပါ့)။
ဘယ်နှယ်ကြောင့် ကြောက်ပါလိမ့်မတုံး၊ ဆရာ ဘုန်းကြီးကလဲ ဒို့ကျန်းမာမှကိုး ၊ ဒို့ တကာရင်း ရောင်းရင်း တွေဘဲ ကျန်းကျန်းမာမာရှိရင် သူကြိုက်ဘို့ဘဲ (မှန်ပါ့) အို ခင်ဗျားတို့က မူမမှန်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့က ဘာတုံး (မူမမှန်ပါ ဘုရား) ဘုန်းကြီးကတော့ ကျန်းမာရင် ကြိုက်ပါတယ် ဒကာသစ်ရ ၊ ခင်ဗျား တို့က ကျန်းမာရင် မူကိုက မမှန်တော့ဘူး (မမှန်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်လို မူမမှန်ပါလိမ့် (တဏှာတွေဖြစ်နေပါတယ် ဘုရား) ကျန်းမာရင် ငွေရှာမယ်လေ (မှန်ပါ့) ကျန်းမာရင် တရားအားထုတ်မယ်ဆိုတာ တော်တော်နည်းပါတယ် (မှန်ပါ့ ဘုရား) ကျန်းမာရင် ငွေရှာမယ်ဆိုတော့ ကျန်းမာတာက ဝေဒနာ (သုခဝေဒနာပါ ဘုရား) ငွေရှာတာက (တဏှာပါ ဘုရား) ဒါဖြင့် ဝေဒနာ, ပစ္စယာ (တဏှာပါ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက မသိဘူး၊ တယောက်ကတယောက်များ တွန်းပေးကြသေးတယ် (မှန်ပါ့)၊ ဦးလှဘူးတို့ တွန်းပေးတယ် (မှန်လှပါ ဘုရား)။
မင်း ကျန်းမာတုန်း ဘာလုပ်နေသတုံးကွ၊ မကျန်းမာတော့ မခက်ဘူးလား၊ ကျန်းမာတုန်း ရှာရ, ဖွေရတယ် ဒီစကားလေးဗျာ (မှန်ပါ့ ပြောမိပါတယ် ဘုရား) ဦးမာဒင်တို့ ဘာစကားပါလိမ့် (လူကြီးစကားပါ ဘုရား) အံမာလေး ကြောက်စရာလူကြီးပါလား (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့က ဒီအထဲမှာ လူကြီးချည့်ပါဘဲ (မှန်လှပါ) ကိုယ့်သားနဲ့ ကိုယ့်သမီးနဲ့ မွေးဖွားထားကြတာတွေ ဒီအတိုင်းပြောကြတာဘဲ (မှန်ပါ့)။
ကျန်းမာရင် ဘာလုပ်ကြသတုံး
ကဲ ကျန်းမာရင် ဘာလုပ်ကြသတုံး (ငွေရှာပါတယ် ဘုရား) ကဲ ပါဠိတော်ထဲ သွင်းလိုက် (ဝေဒနာပစ္စယာ, တဏှာပါ ဘုရား) သုခဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)။
ကဲ ဒါဖြင့် တဏှာ, ပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိရိုးရိုးမဆိုနဲ့ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (မှန်ပါ့) ကျန်းမာတာကိုးဗျ (မှန်ပါ့ ဘုရား) ကြောက် စရာကြီးပါလား။
ဒကာ ဒကာမတို့ ကျန်းမာတာ ဘယ့်နှယ် ဖြစ်သတုန်း (တဏှာဖြစ်နေပါတယ် ဘုရား) ဦးလှဘူး ဒါဖြင့် ဘယ်လို နေချင်သတုံး ခင်ဗျားတို့ ပြောဘဲပြောစမ်းပါဦး အတော်ခက်နေပြီ (မှန်ပါ့)။
အတော်ခက်နေပြီ ဒကာသစ်၊ မကျန်းမာဘဲ နေပြန်လဲ ပဋိစ္စသမုပ္ပါဒ်ပြလိမ့်ဦးမယ် (မှန်ပါ့ ဘုရား) မကျန်းမာ ရင်လဲ ဒေါသ, သောကနဲ့ သူသွားဦးမယ် ဇာတိကျအောင် (မှန်ပါ့) အလတ်စား တနေ့ရွှေ၊ တနေ့ငွေနေပြန်လဲ ဥပေက္ခာ လာဦးမှာကိုး (မှန်ပါ့)။
အဲဒါကြောင့် ခင်ဗျားတို့ ဝိပဿနာ မညှပ်လို့ ရှိရင်ဖြင့် အပါယ်အလုပ်ကိုသာ သွားဘို့များနေတယ် (မှန်ပါ့ ဘုရား) သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။
ကျုပ်တို့အတွက် ကျုပ်တို့ စိတ်ချတယ်
ဒကာ ဒကာမတွေ ကျုပ်တို့ အိမ်ပေါ်မှာ နေတာဘဲ၊ ငါးပါးသီလလဲ လုံပါတယ်၊ တခါတလေ ရှစ်ပါးတောင် ကျုပ်တို့က ဖြည့်လိုက်သေးတယ် ဥပုသ်နေ့ ဘာနေ့ဆိုရင် (မှန်လှပါ ဘုရား)။
ကျုပ်တို့အတွက် ကျုပ်တို့ စိတ်ချတယ်၊ ကြည့်ပါလားရှာပေမဲ့လဲ ကျုပ်တို့ရိုးရိုးရှာတာတဲ့ (မှန်ပါ့) ရိုးရိုးရှာလဲ တဏှာဘဲ (မှန်ပါ့) ရိမ်မိပလား (ရိပ်မိပါပြီ ဘုရား) ဆန်းဆန်းရှာလဲ တဏှာဘဲ (မှန်ပါ့ ဘုရား)။
တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါန ပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝ ပစ္စယာ (အပါယ် ဇာတိပါ ဘုရား)။
အဲဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဟောတယ်၊ လူတသိန်း သေလို့ သုဂတိတယောက်ရောက်ဘို့ ခဲယဉ်းတယ်လို့ ဟောတော်မူတယ် (မှန်လှပါ ဘုရား) ဟောသင့်သလား မဟောသင့်ဘူးလား (ဟောသင့်ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဘယ့်နှယ်တုံး သဘောတူကြရဲ့လား (တူပါတယ် ဘုရား) အကုန်သာ သွားကြတော့ ဒါဖြင့် ခင်ဗျားတို့ အပါယ်ကို (မှန်ပါ့)။
ဒီအတိုင်းဘဲဖြစ်နေတာ (ဖြစ်ပါတယ် ဘုရား) သိပ်ကြောက်စရားကောင်းပါလား (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဖြစ်စဉ်ကို ဒါ ဘယ်နှစ်ခါ ဖြစ်ပြီပလဲ ကျန်းမာတုန်းငွေရှာတာ (မရေမတွက်နိုင်ပါ ဘုရား) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။
ကျန်းမာရင် ဘာလုပ်ကြတယ် (ငွေရှာပါတယ် ဘုရား) ငွေရှာတော့ ကျန်းမာတာဟာ ဝေဒနာက္ခန္ဓာ၊ ငွေရှာတာ က (တဏှာပါ ဘုရား) ဒါဖြင့် ဝေဒနာပစ္စယာတဏှာ (မှန်ပါ့) ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က ဒီလောက်ထိအောင် နှစ်နှစ်ခါခါမသိတော့ ခုနင်က ပြောခဲ့တဲ့ ငါးပါးသီလကလေး လုံရင် အပါယ်တော့ မရောက်တော့ဘူး၊ ရှစ်ပါးသီလတောင် ဖြည့်ထားတော့ ကျုပ်တို့တော့ စိတ်ချရတယ်၊ ဘယ် စိတ်ချရမတုံး ဒကာ ဒကာမတို့ ကျန်းမာလို့ ငွေရှာတာက နေ့တိုင်းဘဲ ပဋိစ္စသမုပ္ပါဒ်တွေ ဆက်နေတာ သဘောကျပလား (ကျပါပြီ ဘုရား)။
တက်လမ်းရှိသေးရဲ့လား
ဒါဖြင့် ဒီနေ့တိုင်းဟာ ငွေရှာတာသည် ဒကာ ဒကာမတို့ နေ့တိုင်းလား၊ နာရီတိုင်းလား (နာရီတိုင်းပါ ဘုရား) ဟာ တက်လမ်းမရှိဘူး (မရှိပါ ဘုရား) တက်လမ်းရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဟာ ဒကာ ဒကာမတွေ ဘုန်းကြီးက ဒီရင်းရင်းချာချာတွေကို အားလုံးဘဲပြောတယ်၊ ဝိပဿနာ လုပ်ကြပါလို့ (မှန်ပါ့ ဘုရား)။
အရှင်ဘုရားပြောတော့ အလွယ်ကလေး၊ အလုပ်က မအားဘူး (မှန်ပါ့) ဪ သူကအပါယ်သွားမည့် အလုပ်က မအားဘူးပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သွားမည့် အလုပ်မအားဘူး ပြောတာတုံး (အပါယ်သွားမည့် အလုပ်မအားဘူး ပြောတာပါ ဘုရား) ဒါဖြင့် ကျုပ်မတတ်နိုင်ဘူး၊ ခင်ဗျားတို့ကလဲ တယ်ခြောသွက်သကိုးဗျ၊ ဒါဘဲ ပြောရုံရှိတယ် (မှန်ပါ့ ဘုရား)။
ဒီ့ပြင်များ ဘာပြောစရာ ရှိသေးသတုံး (မရှိပါ ဘုရား) ဒကာသစ်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဟာ ဆရာရင်း သမားရင်းမို့ ဪ ဒို့ အဖြစ်ဟာ ဒို့ကသာပြုံးနေတာ၊ ဓမ္မကတော့ အပါယ်ရောက်အောင် ပို့လျှက်ပဲ (မှန်ပါ့ ဘုရား)။
အဲဒီတာ့ကို ခင်ဗျားတို့ ပြုံးတာက အမှန်လား ဓမ္မစီမံတာကအမှန်လား (ဓမ္မစီမံတာက အမှန်ပါ ဘုရား)။
ဒါဖြင့် ငါသေရင် သပိတ်မသွတ်နဲ့ဟေ့လို့ပြော (မှန်ပါ့) ဘာဖြစ်လို့တုံး၊ အပါယ်ငရဲ တောက်လျှောက် ရောက်တာ သပိတ်သွတ်လဲ အပိုပဲ၊ ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီကရှေ့၌ နည်းနည်းကလေးပြင်ကြ၊ ကျန်းမာတာကို၊ ကျန်းမာတိုင်း၊ ကျန်းမာတိုင်း ဒီကနေပြီး သိအောင်လုပ် (မှန်ပါ့ ဘုရား)။
ကျန်းမာတာကို သိအောင်လုပ်၊ ငွေရှာရပ်သွားမယ် (မှန်ပါ့) မရပ်ဘူးလား၊ ရပ်မလား (ရပ်ပါတယ် ဘုရား)။
ပေါ်တိုင်းပေါ်တိုင်း သိအောင်လုပ်ပါ
ကျန်းမာတာသည် သုခဝေဒနာ (မှန်ပါ့) ပေါ်တိုင်းပေါ်တိုင်း သိအောင်လုပ်ပါ (မှန်ပါ့) ပေါ်တိုင်းပေါ်တိုင်း သိတော့ ပျက်တိုင်းပျက်တိုင်းသိတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကျန်းမာတာက ဖြစ်ပျက်၊ သိတာက မဂ်ဆိုတော့ဒါဖြတ်ချလိုက်တယ်၊ အပါယ် မသွားတော့ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကျန်းမာတာက (ဖြစ်ပျက်ပါ ဘုရား) ကျန်းမာမှန်း သိတာက (မဂ်ပါ ဘုရား) ဒါဖြင့် ငွေရှာပြတ်သွားတယ် (ပြတ်သွားပါတယ် ဘုရား)။
ဒါဖြင့် ဒကာသစ်တို့က ဆင်ခြေလဲမယ်၊ ဦးမာဒင်တို့ကလဲ စကားတတ်တယ်၊ ဦးသန်းမောင်တို့ကလဲ စကား တတ်တယ်၊ ဆင်ခြင်လဲတော့မယ်၊ တပည့်တော်တို့ ဘာနဲ့စားမတုံး ဘုရားလို့ (မှန်ပါ့) သူတဏှာနဲ့ လှည့်လာတယ် (မှန်ပါ့ ဘုရား)။
ဘယ်ဘက်လှည့်သွာသတုံး (တဏှာဘက် လှည့်သွားပါတယ် ဘုရား)။
တဏှာဘက်လှည့်သွားတော့ ဪ ခင်ဗျားတို့ကလဲ ဒီစားချင်တဲ့ တဏှာသေမှ နိဗ္ဗာန်ရောက်မှာကိုး (မှန်ပါ့) စားချင်တဲ့ တဏှာမသေလို့ရှိရင် ဦးမာဒင် ဘယ်တော့မဆိုငတ်နေမှာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ ခင်ဗျားတို့က ဘာနဲ့စားမတုံး ဆိုတော့ ဝမလားလို့မေးတာ (မှန်ပါ့) သူလာရင်ငတ်မယ် (မှန်ပါ့) တဏှာလာရင် (ငတ်မှာပါ ဘုရား)။
တဏှာက တသိန်းရှိလဲ တော်ပြီလို့ ပြောရဲ့လား (မပြောပါ ဘုရား) ဆယ်သိန်းရှိကော (မပြောပါ ဘုရား) သူ ဘယ်တော့မှ အငတ်ပြေသတုံး (ဘယ်တော့မှမပြေပါ ဘုရား)။
ဒါဖြင့် ခေါင်းထဲဝင်တော့တောင်မှ တခါတည်း သားတွေသမီးတွေ ခင်လျှက်တန်းလန်း (မှန်ပါ့) ကောင်းကောင်း နေရစ်ကြပေတော့၊ ငါတော့မတတ်သာလို့ သွားရတော့မယ်ဆိုပြီး ငတ်လျှက်နဲ့ သေသွားတယ် (မှန်ပါ့ ဘုရား) ရိပ်မိကြ ပလား (ရိပ်မိပါပြီး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျန်းမာတာကဖြစ်ပျက် (မှန်ပါ့) ခန္ဓာထဲ ဝေဒနာကြည့်လိုက်ရင် သိတာပဲ (မှန်ပါ့) ကျန်းမာတာက (ဖြစ်ပျက်ပါ) သိလိုက်တာကမဂ်ပါ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က တဏှာနဲ့သိနေတာ
အဲဒီတော့ ခင်ဗျားတို့က ကျန်းမာမှန်းသိတာက တဏှာနဲ့သိနေတာ (မှန်ပါ့) အခု ဆရာဘုန်းကြီး သင်နေတာက ဉာဏ်နဲ့သိတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အခုတယောက်နဲ့ တယောက်ဧည့်ခံကြတော့ ဦးမာဒင်မာရဲ့လား၊ ဦးသန်းမောင်မမေးတယ် (မှန်ပါ့) ဟာ မာလို့ဒီမှာ နေနိုင်တာပေါ့ဗျာ၊ သူဟာတဏှာနဲ့သိနေတာ (မှန်ပါ့) ဉာဏ်နဲ့သိတာလား (မသိပါ ဘုရား)။
ဉာဏ်နဲ့ သိလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အင်း-ကျန်းတော့ ကျန်းမာပါတယ်၊ ခန္ဓာဉာဏ်စိုက်ပြီး ကျန်းမာတာ ကလေးကလဲဖြစ်ပြီ ပျက်သွားလေရဲ့ဆိုပြီး ဒီလိုသိမှ အမှန်ကိုးဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကိုင်း ဒကာ ဒကာမတို့ ကျန်းမာရင် ငွေရှာတယ်ဆိုလို့ရှိရင်ဖြင့် သွားပြီ (သွားပါပြီး ဘုရား) ဒါကို သီလနဲ့ ဆင်ခြေမလဲနဲ့တဲ့ (မှန်ပါ့ ဘုရား)။
သီလကတော့ဖြင့် သူများဟာမခိုးလို့ရှိရင်၊ မဝှက်လို့ရှိရင်၊ မလိမ်မကောက်လို့ရှိရင်၊ သီလက မပျက်ပါဘူး (မှန်ပါ့ ဘုရား)။
မပျက်ပေမဲ့ ဒီပဋိစ္စသမုပ္ပါဒ်ကို သီလက ဖြတ်နိုင်သလားလို့မေးတော့ မဂ်ကမှ ဖြတ်နိုင်တယ် (မှန်ပါ့) ဝိပဿနာ ကမှ ဖြတ်နိုင်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ ခင်ဗျားတို့အတွက်ဟာ အမျိုးမျိုးသော ဆင်ခြေတွေက ခင်ဗျားတို့မှာ ရှိနေတော့ အချို့ငယ်မှတ်တွေလဲ မှားနေတော့ ဦးမာဒင် အတော်ပြင်ရတယ် (ပြင်ရပါတယ် ဘုရား)။
ငတ်မှတ်တွေက မင့်မှာငါးပါးရှစ်ပါးနဲ့ကွာ မင်းသေရင်ဘာစိုးရိမ်စရာရှိသတုံး (မှန်ပါ့) သူကဒီလောက် နားလည်တာ ခန္ဓာထဲတန်းနေတာက ကျန်းမာရင် ငွေရှာဆိုတာ သေချာနေတယ် (မှန်ပါ့ ဘုရား)။
ဒီဟာက ဘယ်သူပြင်လို့ရသလဲ (မရပါ ဘုရား) တဏှာဥပါဒါန်ကံ အပါယ်ဇာတိ ကဲပြင်လို့ ဘယ်သူရသလဲ (မရပါ ဘုရား) ပြင်တတ်တာက ဒီမဂ်ဘဲပြင်နိုင်တယ် (မှန်ပါ့) ဒိပြင်ဟာက (မပြင်နိုင်ပါဘူး)။
ဒီမဂ်ပြောတာကိုယုံ
ဒါဖြင့် အရပ်က ပြောတာတွေမယုံနဲ့၊ ဒီမဂ်ပြောတာကိုယုံ၊ သူကဖြတ်ပေးတယ် (မှန်ပါ့ ဘုရား)။
သူကခန္ဓာနဲ့ တဏှာ ဘယ့်နှယ့်တုံး (ဖြတ်ပေးပါတယ် ဘုရား)။
ဒါဖြင့်ခင်ဗျားတို့ အရပ်က ပြောတာယုံမလား၊ ဒီမဂ်ကပြောတာယုံမလား (မဂ်ကပြောတာယုံပါမယ် ဘုရား)။
ဒီကရှေ့၌ အရပ်ပြောတာတွေဖြုတ် (မှန်ပါ့) ဟုတ်ကိုမဟုတ်ဘူး သူ့ဟာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မင့်ငါးပါး ရှစ်ပါးနဲ့ကွာ မင့်အတွက်များတော့ စိတ်ချရပါတယ်-တဲ့၊ သဘောကျပလား (ကျပါပြီ) ဘယ်မှာ အနှစ်နှစ်သောင်း သီလပြည့်စုံစွာ ကျင့်နေတဲ့ ရဟန်းတပါးဟာ မြစ်ထဲမှာ တတိရစ္ဆာန်ဘုံသွားပြီး နဂါးကြီး သွားဖြစ်တယ် အနှစ် နှစ်သောင်း သီလဆောက်တည်ခဲ့တာတောင် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါ ဒေါမနဿပဋိစ္စသမုပ္ပါဒ်တွေ ဆက်သွားလို့ သံသယက အပါယ်ချလိုက်တာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတို့ မဂ်မှဘဲစိတ်ချရတော့တယ် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတွေ၏ အားကိုးရာ အစစ်သည် မဂ္ဂင်အစစ်ဘဲ (မှန်ပါ့)။
ဒါမရသေးလို့ရှိရင်ဖြင့် ဘယ်အခါ ကာလမှ တင်းတိမ်တဲ့စိတ်မထားကြနဲ့ဆိုတာကို လေးလေးစားစားနဲ့ ကန့်ကွက်ပြီး သတိပေးလိုက်ပါတယ် (မှန်ပါ့) သူများပြောလို့ မယုံနဲ့၊ မဂ်ပြောတာကို ယုံပါ (မှန်ပါ့ ဘုရား)။
ဦးမာဒင် သူများပြောကိုယုံမလား၊ ဒီပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ်ကိုယုံမလား (ပဋိစ္စသမုပ္ပါဒ် ပြတ်မပြတ်ကို ယုံပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ ပဋိစ္စာသမုပ္ပါဒ်ဆက်လို့ ရောက်တာလား၊ ပြတ်လို့ ရောက်တာလား (ပြတ်လို့ရောက်တာပါ ဘုရား)။
ပြတ်အောင် ဘယ်သူလုပ်သတုံး
ဒါဖြင့် ပြတ်အောင် ဘယ်သူလုပ်သတုံး (မဂ်ကလုပ်ပါတယ် ဘုရား) ဒါဖြင့် သေချာနေပြီ (မှန်ပါ့ ဘုရား)။
ခိုင်လုံနေတော့ ဦးမာဒင်တို့က ငယ်မှတ်တွေနဲ့ ဆင်ခြေလဲချင်သေးသလား (မလဲချင်ပါ ဘုရား) မလဲနဲ့၊ မလဲနဲ့၊ လဲလေလွဲလေဘဲ (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့ တုံးဆိုတော့ ထိုက်တန်တဲ့ ဒါနလဲ မင်းပြုထားပြီကွာ၊ ထိုက်တန်တဲ့ သီလတွေဆိုတာလဲ မင်းအသက် နဲ့ တွက်ရင်မနည်းလှပါဘူး။
မင့်အတွက်တော့ ဒို့အားလုံးထဲမှာ စိတ်အချ ဆုံးဘဲဟေ့ အစရှိသည်နဲ့ ပြောလိုက်တယ်၊ ကျန်းမာလို့ ငွေရှာတာစ, တဲ့ ပဋိစ္စသမုပ္ပါဒ်တွေ ဆက်နေတာတော့ သူမထည့်ဘူး (မှန်ပါ့) ထည့်သေးရဲ့လား (မထည့်ပါ ဘုရား)။
အဲဒါကျတော့ ဘယ်လိုပြောတတ် ဆိုတတ်သတုန်းမေးတော့ ကျန်းမာလို့ ငွေရှာတာတော့ကွာ၊ သမ္မာအာဇီဝပဲ ကိစ္စမရှိပါဘူး၊ ကိုယ့်ငွေအရင်းကကိုယ်ငွေအညွှန့်ထွက်လာတာဘဲ၊ ဒီလိုပြောလိုက်တယ် (ပြောပါတယ် ဘုရား)။
ဒီလိုပြောတော့ သီလတော့ မပျက်ဘူး၊ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သီလကတော့ မပျက်ပါဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ် ပြတ်ကဲ့လားလို့မေးတော့ (မပြတ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တချက်ပြန်မေးမယ်၊ ခင်ဗျားတို့ ခုနင်က စကားကို နိဗ္ဗာန်ရောက်တာသည် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ပြတ်မှ ရောက်တာလား၊ မပြတ်ဘဲနဲ့ရောက်တာလား (ပြတ်မှရောက်တာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ပြတ်မှုဟာ အရေးအကြီးဆုံးအချက် (မှန်လှပါ) သူပြတ်မှနိဗ္ဗာန်ရောက်မယ် (မှန်ပါ့ ဘုရား)။
ဒါတွေ အကိုး အကားတွေ ထုတ်နေမယ်ဆိုလို့ရှိရင် ဒုက္ခက္ခန္ဓဿ နိရောဓေါဟောတိ၊ ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်သည် (မှန်ပါ့ ဘုရား)။
ဒုက္ခချုပ်ရင် နိဗ္ဗာန်ဘဲ
ဒုက္ခနိရောဓေါ နိဗ္ဗနံ၊ ဒုက္ခချုပ်ရင် နိဗ္ဗာန်ဘဲ (မှန်ပါ့) မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သူပြော လူပြော မယုံနဲ့၊ ဟောဒီခန္ဓာပြတ်မပြတ်ကိုအရေးကြီးပါ (မှန်ပါ့) ဟောဒီ ဝေဒနက္ခန္ဓာနဲ့၊ ဟောဒီတဏှာ ခန္ဓာနဲ့ မဆက်ရင် ခင်ဗျားတို့ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့) ဆက်နေသ၍ ကာလပတ်လုံး (မရောက်နိုင်ပါ ဘုရား)။
ကဲ ဒါဖြင့် သူ့ကို ခုံတင်ကြစို့ (မှန်ပါ့) သူပြောလူပြော ကို ခုံမတင်ပါနဲ့ (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ်ကို (ခုံတင်ရမှာပါ ဘုရား) ခုံတင်လိုက်တော့ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဘုရားဟောခဲ့လို့ ဖြစ်နေတယ် လို့ ဒီလိုမယူပါနဲ့ (မှန်ပါ့) ဘုရားမရှိလဲ သူက ရှိနေတာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဘုရားပွင့်တော်မူတဲ့အချိန်ကျတော့မှ ဒီအစဉ် မင်းတို့သန္တာန်မှာ ရှိတယ်လို့ ဟောတော်မူမှ ကျုပ်တို့က သိတယ်၊ နဂိုက ရှိပြီးသား (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
နဂိုရ်က (ရှိပြီးသားပါ ဘုရား) နဂိုကရှိပြီးသားဆိုတော့ဘုရားက နာမည်တပ်ပြီး ဟောကြားတော်မူဖို့ ပွင့်လာ တော်မူတာ (မှန်ပါ့) ပင်ကိုယ်က သူရှိပြီးသား (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဘုရားမပွင့်ခင်က အပါယ်သွားကြတာတော့ ပဋိစ္စသမုပ္ပါဒ် ကင်းသွားသလား၊ ခုန်ချသလား ဒီအစဉ် အတိုင်းသွားသလား (ဒီအစဉ်အတိုင်း သွားပါတယ် ဘုရား) ဒါဖြင့် ဘုရားမပွင့်ခင်က ရှိတယ် (ရှိပါတယ် ဘုရား)။
တခါ ရှင်းပြပါ့မယ်၊ ဘုရားမပွင့်ချိန်၌ ပစ္စေကဗုဒ္ဓါတွေပွင့်ကြတယ်၊ ဘယ်သူနဲ့ ပစ္စေကဗုဒ္ဓါတွေဟာ နိဗ္ဗာန်များ ကြွတော်မူကြပါလိမ့်၊ ဟောဒီမဂ်နဲ့ ဖြတ်လိုက်တာ (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ်က ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား) ဒါ့ကြောင့် ပစ္စေကဗုဒ္ဓါဖြစ်တော်မူတယ်ဆိုတော့ ဘုရားမပွင့်ခင်လဲရှိတာ သေချာတယ် (မှန်ပါ့) သဘောပါကြ ပလား (ပါပါပြီ ဘုရား)။
ဪ ခင်ဗျားတို့ ရှင်းအောင်ပြောရတာတမျိုး၊ နားလည်အောင် ပြောရတာမျိုးနဲ့ ခက်နေပါပြီ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ကဲ-ဒါဖြင့် တရားဘက် ဆက်ကြပါစို့၊ ဒကာသစ်ရ-နော် (မှန်ပါ့ ဘုရား) ကျန်းမာတာက ဘာဝေဒနာတုံး (သုခဝေဒနာပါ ဘုရား) ကျန်းမာတော့ ဒကာသစ်တို့ ဘာများ လုပ်ချင်ကိုင်ချင်ရှိပါလိမ့် (ငွေရှာပါတယ် ဘုရား) ငွေရှာ တော့ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
အဲ ကျန်းမာလို့ ငွေရှာတဲ့ဥစ္စာကို ဒီမနောကံ ပဋိစ္စသမုပ္ပါဒ်ကြီးကတော့ဖြင့် ခင်ဗျားတို့ ဒီအတိုင်းဘဲ နေမှာဘဲ တဲ့ဘုန်းကြီးက လျှော့ဟောလဲ ဘုန်းကြီးအပြစ်မကင်းဘူး-တဲ့ (မှန်ပါ့) အမှန်ပြောမှဘဲ သစ္စာဖြစ်မှာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း-ဒါဖြင့် ဝေဒနာပစ္စယာ တဏှာလို့ ဘုရားဟောတာကျန်းမာလို့ ငွေရှာတာမျိုးဟောတာ (မှန်ပါ့)။
ဘယ်သူဟောသတုံး (ကျန်းမာလို့ ငွေရှာတာမျိုးဟောတာပါ ဘုရား)။
ကျန်းမာလို့ ငွေမရှာတာကတော့ ခင်ဗျားတို့ရှင်းတယ်၊ ဝေဒနာပစ္စယာ မဂ္ဂေါ=ဒါ ကျန်းမာလို့ ငွေမရှာတာ (မှန်ပါ့ ဘုရား)။
သူက နိဗ္ဗာန်ရှာတယ်
ဝေဒနာဖြစ်ပျက်ကို မဂ်နဲ့ အားထုတ်နေတာကတော့ (ကျန်းမာလို့ ငွေမရှာတာပါ ဘုရား) ကျန်းမာတာနဲ့ ငွေ မရှာဘူး သူက နိဗ္ဗာန်ရှာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျန်းမာတဲ့အခါမှာ မသိတဲ့ပုဂ္ဂိုလ်၏ ကျန်းမာမှာများ ဦးမာဒင် ဘုန်းကြီး စိုးရိမ်တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား) ဪ သူတော့ ကျန်းမာပြီသွားရှာတော့မှာဘဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သူကျန်းမာရင် သွားရှာတော့မှာဘဲ (မှန်ပါ့) ဒါမသိတဲ့ပုဂ္ဂိုလ်အတွက် ဟောတာ (မှန်ပါ့ ဘုရား) သိတဲ့ ပုဂ္ဂိုလ် အတွက်ကတော့ ဒကာ ဒကာမတို့ ကျန်းမာလို့ မဂ်ရတယ်၊ သူ့ကို ဖြစ်ပျက်ရှုလိုက် (မှန်ပါ့)။
ကျန်းမာတဲ့ဝေဒနာ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်ရှုလိုက်တော့ ရှုတဲ့မဂ်ကလေးဟာ နောက်ကလိုက်တယ် (မှန်ပါ့) သူက ကျန်းမာလို့ မဂ်ရတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ကျန်းမာတဲ့နည်းကိုလဲ ခင်ဗျားတို့ အမျိုးမျိုး သုံးကြပြီ၊ ငွေရှာတဲ့နည်းသုံးမလား မဂ်ရတဲ့နည်းသုံးမလား (မဂ်ရတဲ့နည်း သုံးမှာပါ ဘုရား) ဒါက လူထဲမို့ ခင်ဗျားတို့ ရှက်လို့ ပြောတာကိုး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အခုတော့ ရိပ်မိပြီတဲ့၊ အားလုံး ဒကာ ဒကာမတွေ ဒါအမိတွေ, အဖတွေ ဆွေမျိုးဉာဒကာတွေ မတော်ဘူး သည်မည်သည် မရှိခဲ့လို့ တရားစစ်ကို ပြောတော့ ဒါ ဘယ်နည်းနဲ့မှ ဖျက်မလာနိုင်ဘူး (မှန်ပါ့)။
ကျန်းမာလို့ ဝိပဿနာ အားထုတ်ရင်
ဦးမာဒင် ဘုန်းကြီးက ဖျက်ဟောလဲ ဘုန်းကြီးမှားမှာဘဲ (မှန်ပါ့) ခင်ဗျားတို့အတွက်လဲ ငဲ့ပြီး လျှော့မဟောနိုင်ဘူး (မှန်ပါ့) တရားဟာ တရားဘဲ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား) ကျန်းမာလို့ ငွေရှာရင် ဘယ်သွားနိုင်သလဲ (အပါယ်သွားနိုင်ပါတယ် ဘုရား) ကျန်းမာလို့ ဝိပဿနာ အားထုတ်ရင် မဂ်ရနိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကျန်းမာ၍ (ဝိပဿနာ အားထုတ်ရင် မဂ်ရနိုင်ပါတယ် ဘုရား) အဲဒါ တခြားမှာ တရားရှာမနေပါနဲ့ ၊ ကျန်းမာတဲ့ ဝေဒနာကိုသာ ဖြစ်ပျက်ရှုပါ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာကို ဖြစ်ပျက်ရှုရမလဲ (ကျန်းလာတဲ့ဝေဒနာကို ဖြစ်ပျက်ရှုရမှာပါ ဘုရား)။
ကဲ ဒကာ ဒကာမတို့ ခင်ဗျားတို့က ကျန်းမာရင် ခြေလှမ်းပြင်တယ် (မှန်လှပါ ဘုရား)။
ကျန်းမာရင် ဘာလုပ်ကြသလဲ (ခြေလှမ်းပြင်ပါတယ် ဘုရား) အို အပါယ်လှမ်းတယ်သာဆိုလိုက်ပါ၊ ရှုပ်မနေ ပါနဲ့တော့ (မှန်ပါ့)။
ဒကာသစ်ရေ မသေချာဘူးလား (သေချာပါတယ် ဘုရား) ကျန်းမာရင် ခြေလှမ်း ဘယ်မှာပြင်ကြသတုံး (အပါယ်လှမ်းဘို့ ပြင်ကြပါတယ် ဘုရား)။
ကဲ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ရိမ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ တရားထူးကိုမနာကြသေးသ၍ ကာလပတ်လုံးဖြင့် ကိုယ့်ဟာကလေးနဲ့ ကိုယ်ပြုံးနေလိမ့် မယ် (မှန်ပါ့) ဦးလှဘူး (ပြုံးနေမှာပါ ဘုရား)။
မပြုံးပါနဲ့ဦး (မှန်ပါ့) မပြုံးပါနဲ့၊ တာနေ့ ဒီပဋိစ္စပမုပ္ပါဒ်ဘယ်နှစ်ကြိမ်တုံး (မရေတွက်နိုင်ပါ ဘုရား) ကျန်းမာလို့ ငွေရချင်တဲ့တဏှာနဲ့ သွားနေတဲ့ ပဋိစ္စသမုပ္ပါဒ်ဟာ ဘယ်နှစ်ကြိမ်တုံး (မရေတွက်နိုင်ပါ ဘုရား)။
ကဲ မရေတွက်နိုင်တာအသာထား၊ ဒီကရတဲ့ ငွေကလေးနဲ့ ခင်ဗျားတို့က ဆွမ်းကလေးကျွေး၊ ကျောင်းဆောက်၊ ဘုရားတည်တာက ဒီကအရှိန်နဲ့ ဆွမ်းကျွေး၊ ဘုရားတည်၊ ကျောင်းဆောက်နဲ့ ဘယ်ဟာကများသတုံး (အရှိန်ကများ ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) အဲဒီတော့ ကယ်နိုင်ယူနိုင်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒီအထဲကတခါ ပိုမိုပြီးရှင်းချင်လို့ရှိရင် ခင်ဗျားတို့က ကျန်းမာလို့ လှူပြန်လဲ ငါလုပ်ငါရတယ်ဆိုတဲ့ ဒိဋ္ဌိကလဲ မပြုတ်ပြန် (မှန်ပါ့ ဘုရား)။
ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား) ဒိဋ္ဌိကလဲ ခင်ဗျားတို့ ကုသိုလ်ကို သုဂတိတော့ပို့တယ် ပို့ပြီးဆွဲချပြန်တာဘဲ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ လုပ်တာ အလွဲနဲ့အချော်ချည်းဘဲ
အဲဒီတော့ ခင်ဗျားတို့ လုပ်တာ အလွဲနဲ့အချော်ချည်းဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပြင်ကြပါဦး ပြင်ချိန်ကလေး ရသေးတယ်ဆိုတာ ဦးမာဒင် ဘုန်းကြီးသည် ခြောက်ပြီး ပြောတာလား၊ အမှန် ပြောတာလား (အမှန်ပြောတာပါ ဘုရား) အမှန်ပြောတာ၊ ခြောက်ပြောတာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ မိဘ၊ ညီအစ်ကို မောင်နှမ ဆွေမျိုးဉာတကာ မတော်ဘူးသူ၊ မည်သည် မရှိလို့ သနားလို့ ပြောနေတာ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကတော့ ဆင်ခြေကတော့ အင်မတန်များတယ် (မှန်ပါ့) ဒီဆင်ခြင်ဟူသ၍ကိုလဲ ဘုန်းကြီးများကလဲ သတိထားမိတယ် ဪ သူ့ဆင်ခြေဟာ သူမအားဘူးဆိုတာ အပါယ်သွားမှာ ဒါပြောတာကိုး (မှန်ပါ့) အဲဒါ ဒီပြင် ဆင်ခြေလဲစရာကို မပါဘူး (မပါပါ ဘုရား)။
ဒကာ ဒကာမတွေ တရားအားထုတ်ဖြစ်ကြရဲ့လား၊ မနေ့ကဘုရား ဒီရတုန်းရခါကလေး ရှာဖွေရတယ် (မှန်ပါ့) အင်း ရတုန်းရခါတဲ့၊ ခက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောနဲ့တော့ တပည့်တော်တို့ ဒီနှစ်လသုံးလမှ မမိလိုက်ရင် တနှစ်လုံး ချောတာဘုရား (မှန်ပါ့ ဘုရား)။
အံမာလေး ကြောက်စရာကြီးပါလားသူ့ဟာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာ ပစ္စယာဘာတုံး (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပဒါနပစ္စယာ (ကမ္မ ဘဝေါပါ ဘုရား)။
ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) အပါယ်ဇာတိ ထည့်ဖြစ်အောင်ထည့်ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီတဏှာ ဥပါဒါန်ကံက လုပ်တဲ့ ဇာတိကတော့ ဒကာသစ်ပြောင်းလို့ ကိုမရဘူး (မရပါ ဘုရား) အပါယ်လေးပါးဘဲ ရမယ် (မှန်ပါ့ ) ဦးမာဒင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ချင်းတွေ့လဲ သတိပေးပါ၊ ကျန်းမာလို့ ဒို့ငွေရှာတဲ့ဥစ္စာ ငွေရှာတာမဟုတ်ဘူးဟေ့၊ ဒယ်အိုးရှာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဘာရှာတာဘာလိမ့် (ဒယ်အိုးရှာတာပါ ဘုရား) ငရဲဒယ်အိုး ရှာတာ။
ဆွမ်းသွတ်လို့ ရ-မရအကဲခတ်
အဲဒီကျတော့ ဆွမ်းသွတ်လို့ ရ-မရ အကဲခတ်စမ်း (မရနိုင်ပါ ဘုရား) ခင်ဗျားတို့ တင်လိုက်တဲ့ ဆွမ်းကလေးကိုလဲ အမေမိဘရယ်လို့ သားသမီးတွေက ရှာဖွေ ထားခဲ့တာကလဲ တပုံကြီး ကျေးဇူးဖြင့် ရှိတယ်၊ ဆွမ်းကလေးဖြင့် သွတ်မှပဲ (မှန်ပါ့ ဘုရား)။
ဒီသွတ်လိုက်တဲ့ ဆွမ်းကလေးလဲ ကဲ-သူက ဘာကြိုက်တတ်တယ်ဆိုပြီး ကန်တော့ပွဲထဲ ဘာကလေးထည့်၊ အဲဒါစားကိုမစားနိုင်ဘူး၊ ဟိုက (မှန်ပါ့) ငရဲရောက်တော့ ငရဲအစာနဲ့ ပြီးရတယ် (မှန်ပါ့ ဘုရား)။
ရေငတ်တယ်ဆို သံရည်ပူသောက်ရုံဘဲ (မှန်ပါ့) ထမင်းဆာတယ်ဆို သံခဲတွေမျိုရုံဘဲ (မှန်ပါ့ မရဘူးလို့ ဘုရားက သေသေချာချာဟောတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ငွေမရှာတာကို မရှာချင်လို့ လားလို့ မေးတဲ့အခါကျတော့ အပါယ်ရောက်မှာစိုးလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် မှားတုန်းက မှားခဲ့တာကို ပြင်ကြစို့ ဆိုတော့ ကျန်းမာတာ ဖြစ်ပျက်ဗျ (မှန်ပါ့ ဘုရား)။
ကျန်းမာတာ ဝေဒနာ (သုခဝေဒနာပါ ဘုရား) ဒါကို ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ရှုလိုက်တော့
ဖြစ်ပျက်ရှုလိုက်တော့ အခုပြတဲ့ ပဋိစ္စသမုပ္ပါဒ်ကြည့်ပါတဲ့ ဝေဒနာနိရောဓေါ တဏှာနိရောဓေါ သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။
တဏှာနိရောဓါ (ဥပါဒါနနိရောဓေါ) ဥပါဒါနနိရောဓါ (ကမ္မဘဝနိရောဓေါ) ဘဝနိရောဓါ (ဇာတိနိရောဓေါ) ဟော အပါယ်ဇာတိတွေ အကုန်ချုပ်တယ်၊ ဝိပဿနာ ကုလိုက်တော့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဝိပဿနာ ကုလိုက်တော့လဲ အပါယ်ဇာတိတွေ ဘယ့်နှယ်ဖြစ်သွားသတုံး (ချုပ်သွားပါတယ် ဘုရား) ဪ ဆေးလဲအရှိသားဘဲ၊ ခင်ဗျားတို့က အနာချည်း ပေါက်ချင်နေလို့ ခက်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဦးလှဘူးတို့က ဘယ်အစားထဲကတုံး (အနာချည်းပေါက်ချင်တဲ့ အစားထဲကပါ ဘုရား) အင်း ခက်ပါသေးရဲ့။
ကျန်းမာလို့ရှိရင် ဒကာ ဒကာမတို့ ဝိပဿနာကြိုးစားပါ (မှန်ပါ့) မကျန်းမာတော့ကောလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ်ထဲမှာ ဒုက္ခဝေဒနာပေါ်တယ် (မှန်ပါ့ ဘုရား)။
ဒုက္ခဝေဒနာ ပေါ်ပြန်တော့လဲ ဒကာ ဒကာမတို့ မကျန်းမာတော့ ခင်ဗျားတို့က ဪ တပည့်တော်တို့ မကျန်း မာတာ (သိပ်ခက်တာဘဲ ဘုရား) မကျန်းမာတော့ ဘာတွေ ပေါ်လာသတုံး၊ သိပ်ခက်တာဘဲ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒုက္ခကြောင့် ဒေါမနဿလိုက်ပြီ (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား) ဒေါမနဿနောက် သောက (လိုက်ပါတယ် ဘုရား)။
သောကနောက်က ပရိဒေဝ (လိုက်ပါတယ် ဘုရား) ပရိဒေဝနောက် ဥပါယာသ (လိုက်ပါတယ် ဘုရား) ဥပါယာသ နောက်က အဝိဇ္ဇာ (လိုက်ပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား)။
ဪ ခင်ဗျားတို့ မကျန်းမာတာလဲ စိုးရိမ်တာပဲ (မှန်ပါ့) ခင်ဗျားတို့ မကျန်းမာမှာဘဲ (စိုးရိမ်ပါတယ် ဘုရား) သေမှာကို စိုးရိမ်တာမဟုတ်ပါဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အပါယ်သွားမှာစိုးရိမ်တာပါ
မကျန်းမာတာကို ဘာစိုးရိမ်ပါလိမ့်၊ အပါယ်သွားမှာစိုးရိမ်တာပါ ဒကာ ဒကာမတို့ မပျောက်မှာ စိုးရိမ်တာ မဟုတ်ပါဘူး (မှန်ပါ့) ဝိပဿနာ မပါရင် မကျန်းမာမှာလဲ စိုးရိမ်ရတယ် (စိုးရိမ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ဒကာ ဒကာမတို့ မကျန်းမာတဲ့ ဝေဒနာကို ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ရှုတော့ မကျန်းမာ တာက ဖြစ်ပျက်၊ ရှုတာက (မဂ်ပါ ဘုရား) ဟောဒီဒုက္ခ ဒေါမနဿသောကပရိဒေဝ ဥပါယာသ၊ အပါယ်ဇာတိ ဘယ့်နှယ် တုံး (ချုပ်ပါတယ် ဘုရား) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
မကျန်းမာလဲ နိဗ္ဗာန်သွားနိုင်တယ်၊ သဘောကျပလား (ကျပါပြီ) ကျန်းမာလဲ (နိဗ္ဗာန်သွားနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မကျန်းမာလို့ ရဟန္တာဖြစ်တာတွေလဲ တပုံကြီးပဲ (မှန်ပါ့) တနေ့က ဦးမာဒင်တို့ကို ပြောခဲ့တဲ့ ဆန္နမထေရ်ကျတော့ မကျန်းမာတာနဲ့ ရဟန္တာဖြစ်တယ် (မှန်လှပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကို သနားလို့ ရှိရင်ဖြင့် ဘုန်းကြီးများက ခင်ဗျားတို့စပ်ဆော့တဲ့ လူတွေမို့ ကျန်းမာရင် ငွေရှာချင်တော့ မကျန်းမာတာပဲ ကြိုက်တယ်၊ သဘောတူကြပလား (တူပါတယ် ဘုရား) ဟာ အသံနည်းသွားတယ်၊ ခင်ဗျားတို့အသံအများကြီးနည်းသွားတယ်။
မကျန်းမာလို့ရှိရင် ခင်ဗျားတို့ မကျန်းမာတဲ့ဝေဒနာကို ဖြစ်ပျက်ရှုပေးပါ (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်တော့ ဒီဘက်ကဒုက္ခဒေါမနဿ သောက အဝိဇ္ဇာ သင်္ခါရ ဘယ့်နှယ် နေသတုံး (ချုပ်ပါတယ် ဘုရား) ဪ ဒါဟာ မကျန်းမာ လို့လဲ နိဗ္ဗာန်သွားနိုင်တယ် (မှန်ပါ့) ကျန်းလာလို့လဲ (နိဗ္ဗာန်သွားနိုင်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် တပည့်တော်တို့ ကျန်းမာတာလဲမဟုတ်ဘူး၊ မကျန်းမာဘူးလဲ မဟုတ်ဘူး ဆိုတဲ့ ဥပေက္ခာ ဝေဒနာကော ခန္ခာထဲမှာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
ဝေဒနာပေါ်လဲ ဖြစ်ပျက်ရှုပါ
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာဆိုတဲ့ ဥပေက္ခာ ဝေဒနာမရှိဘူးလား (ရှိပါတယ် ဘုရား) သားတွေ၊ သမီးတွေ ပစ္စည်းတွေ အလုံးစုံ ဥပေက္ခာထားနိုင်တဲ့ ဥပေက္ခာ ဝေဒနာကော မရှိဘူးလား (ရှိပါတယ် ဘုရား) အဲဒီ ဝေဒနာပေါ်လဲ ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက် ရှုလိုက်လို့ ရှိရင်ဖြင့် ဒီဘက်က အဝိဇ္ဇာ သင်္ခါရ ဝိညာဏ်နာမ်ရုပ် အကုန်ချုပ်တယ် (မှန်လှပါ) မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးပါးသည် နိဗ္ဗာန်သွားတဲ့တရား (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဝေဒနာသုံးပါး တပါးပါးပေါ် အပါယ်ချည်း သွားပါလိမ့်မတုံးဆိုတော့ မဂ်မဝင်လို့မှတ်လိုက် (မှန်ပါ့ ဘုရား)။
ကြားထဲက မဂ်မဝင်ဘူး (မှန်ပါ့) ဦးမာဒင် ရိပ်မိပြီ (ရိပ်မိပါပြီ) ဦးသန်းမောင်တို့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဝေဒနာ နောက်ကရှုတဲ့ မဂ်မလိုက်လို့ ဒကာ ဒကာမတွေ ကိုယ်ကျိုးနည်းရတယ် (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ဆေးရှိလျှက်နဲ့ မသောက်မိလို့ အပါယ်ရောက်ရတယ် (မှန်ပါ့ ဘုရား)။
ဆေးရှိတာ သောက်မိလို့ရှိရင် အပါယ်နာ ပျောက်မယ်၊ (မှန်ပါ့) မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က ဆင်ခြေကတော့ လဲတတ်တယ်နော် (မှန်ပါ့) ခင်ဗျားတို့လဲလိုက်တဲ့ဆင်ခြေကလဲ ဦးမာဒင် တို့ ဦးသန်းမောင်တို့ သိပ်ကြောက်တာဘဲ ဘုန်းကြီးက (မှန်ပါ့) ဘာဖြစ်လို့ ကြောက်သတုံးလို့ မေးတဲ့အခါကျတော့ အပါယ်မျက်စောင့်ထိုးထိုးပြီးဆင်ခြေလဲတယ် (မှန်ပါ့ ဘုရား)။
ဘယ်လိုပါလိမ့် (အပါယ်မျက်စောင်းထိုးထိုးပြီးလဲပါတယ် ဘုရား) ဦးလှဘူး၊ ရိပ်မိရဲ့လား (ရိပ်မိပါပြီ ဘုရား)။
တပည့်တော်တို့က ငယ်လဲငယ်သေးတယ်၊ ကိုယ်ကမွေးထားတဲ့ ဘုစုခရုကလေးတွေလဲ ရှိနေတော့ အရှင်ဘုရား များလို မလွယ်ဘူး (မှန်ပါ့ ဘုရား)။
အင်း သူသွားတော့မယ်၊ သွားတော့မယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်သွားမှာတုံး (အပါယ်သွားမှာပါ ဘုရား) အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား)။
မအားဘဲနဲ့ အပါယ်သွားရတယ်
ဪ ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ မအားဘဲနဲ့ အပါယ်သွားရတယ် (မှန်ပါ့) အလုပ်နဲ့လက်နဲ့ကော ပြတ်ကဲ့လား (မပြတ်ပါ ဘုရား)။
အပါယ်တော့ (သွားရပါတယ် ဘုရား) ဪ ဒါဖြင့် မအားရာက အပါယ်နာပေါက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မအားရာအနာပေါက်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) အခုလဲအလုပ်နဲ့ လက်နဲ့ ပြတ်ကဲ့လား (မပြတ်ပါ ဘုရား) သေတော့အပါယ်နာကြီး ပေါက်လာတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ခင်ဗျားတို့အတွက်ကဖြင့် မျှော်လင့်ချက်ကို မရှိဘူး (မရှိပါ ဘုရား) ပစ္စုပ္ပန်မှာမအား၊ သံသရာမှာ အပါယ်အနာပေါက် (မှန်ပါ့) ဦးမာဒင် ဘယ်ဟာကြိုက်သတုံး (မကြိုက်ပါ ဘုရား) ဟာ မကြိုက်ပေမဲ့ ခင်ဗျားယူရမယ် (မှန်ပါ့ ဘုရား)။
မကြိုက်ပေမဲ့ ယူရမှာဘဲ (ယူရမှာပါ ဘုရား) နည်းနည်းကလေးမို့ ကျန်းမာလာလို့ရှိရင်ဘဲ ကိုယ့်ဆိုင်ရာ ဆိုင်ရာ မေးချင်တာဘဲ၊ ဘယ့်နှယ်နေသတုံး၊ ဘယ့်နှယ်နေသတုံး၊ ဘယ့်နှယ်နေသတုံးဆိုရင် တဏှာကစ, တာ (မှန်ပါ့) ရိပ်မိကြ ပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ့်နှယ်နေသတုံးဆိုတာ ဘယ့်နှယ်ဖြေကြပါလိမ့် (တဏှာကစ, ပါတယ်) အသင့်အတင့် ရှိပါတယ်၊ အေး-ကြိုးစားလုပ်ဖို့ဆိုတော့ ဥပါဒါန်ကလာပြီ (မှန်ပါ့) မလာသေးဘူးလား (လာပါတယ် ဘုရား)။
ဥပါဒန်လာတယ်ဆို ကာယကံ၊ ဝစီကံနဲ့ ငါလဲကူညီနိုင်တဲ့ဘက်က ကူညီမယ်ဆိုတော့ ကာယကံ၊ ဝစီကံ၊ မလာ သေးဘူးလား (လာပါတယ် ဘုရား) သွားပေတော့ အပါယ်ဇာတိ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးဘုရား အားထုတ်ရတာဟာ တပည့်တော်တို့ သေသေချာချာ သိလာတော့ ရှာဖွေချိန်မရှိဘူးလို့ (မှန်ပါ့) ဒါကိုခင်ဗျားတို့ တပွဲလုံးက ထောက်ခံမယ် (မှန်ပါ့ ဘုရား)။
သေသေချာချာ ထောက်ခံမယ်၊ ဘယ်နှယ်တုံး ဒကာ ဒကာမတို့ ရှာဖွေချိန်ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ရှာဖွေချိန်မရှိတော့ ဘုန်းကြီးတရားသာ နာရလို့ရှိရင် ရှာဖွေချိန်မရှိတော့ဘူး၊ ဘာ့ကြောင့်တုံး သုခဝေဒနာပေါ်လဲ ရှုရမှာကိုး၊ ဒုက္ခဝေဒနာပေါ်လဲ (ရှုရမှာပါ ဘုရား) ဝေဒနာကလဲမပြတ်ဘူးဘုရား၊ ရှုလဲနေရမယ်ဆို ရှာဖွေချိန် မရှိတော့ဘူး (မှန်ပါ့ ဘုရား)။
ရှုသာနေ ချမ်းသာတယ်
ဪ ခင်ဗျားတို့ကလဲ ခက်လိုက်တာ ရှာဖွေချင်တဲ့၊ သင်္ခါရနယ်အတွင်းက တဏှာမျက်စိနဲ့ ပြောတာကိုး (မှန်ပါ့) မရှာဘဲနဲ့ ချမ်းသာလို့ရှိရင် ရှုသာနေ ချမ်းသာတယ် (မှန်ပါ့) ရှာဖွေချင်လို့ရှိရင် အပါယ်ထိအောင် သွားရမယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ရှာဖွေချင်တဲ့ ပုဂ္ဂိုလ်သည် ဒကာ ဒကာမတို့ တဏှာဥပါဒါန်သွားတဲ့ပုဂ္ဂိုလ် (မှန်ပါ့) မဂ်အားထုတ် နေရတဲ့ပုဂ္ဂိုလ်သည် အငတ်ပျောက်တဲ့ပုဂ္ဂိုလ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ်အားထုတ်တဲ့ပုဂ္ဂိုလ်က (အငတ်ပျောက်တဲ့ ပုဂ္ဂိုလ်ပါ ဘုရား)။
အဲဒီတော့ အငတ်ပျောက်တဲ့ အလုပ်မှ မလုပ်ဘဲနဲ့ အဝတ်သဘောချည်းပြောနေရင် ဒါတွေလာမှာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဆင်ခြေကော လဲချင်သေးသလား (မလဲချင်ပါ ဘုရား) လဲရင်လဲ ခင်ဗျားတို့သွားပြီ (မှန်ပါ့) မသွားသေး ဘူးလား (သွားပါတယ် ဘုရား)။
အရှင်ဘုရား တရားသာအားထုတ်နေမယ်ဆိုရင်၊ ဘုရားဟောတော်မူတာချည်းသာ လိုက်နေရရင်တပည့်တော် တို့ ရှာဖွေချိန်မရှိဘူ (မှန်ပါ့ ဘုရား)။
ဘုန်းကြီးက ရှာဖွေမှာ အင်မတန်ကြောက်တယ် (မှန်ပါ့) ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန် ရောက်စေချင်တယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ကလဲ ကြက်လိုယက်ပြီး စားရမှ၊ ဝတ်ရမှ၊ ကြိုက်လေတော့မတတ်နိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အတော်မဆိုးဘူးလား(ဆိုးပါတယ် ဘုရား)။
ကဲ ဒါဖြင့်ရှာဖွေရတာကြိုက်မလား၊ ကဲ မရှာဘဲနဲ့ဝတာကြိုက်မလား (မရှာဘဲနဲ့ ဝတာ ကြိုက်ပါတယ် ဘုရား)။
ဟာ ဒီဥစ္စာ ခင်ဗျားတို့ အပြောသာညီညွတ်မှာနော်၊ အလုပ်ကျတော့ လုပ်မှာမဟုတ်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လုပ်ဖြစ်အောင်လုပ်ပါ
ကဲ ဒါဖြင့် လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ့) သုခဝေဒနာပေါ်လဲ (ဖြစ်ပျက်ရှုရပါတယ် ဘုရား) ဒုက္ခဝေဒနာ ပေါ်အောင် (ဖြစ်ပျက်ရှုရပါတယ် ဘုရား)။
ဥပေက္ခာ ဝေဒနာပေါ်ရင်လဲ (ဖြစ်ပျက်ရှုရပါတယ် ဘုရား) ဟော ဝတ်တဲ့တဏှာပျော်ကပြီ (မှန်ပါ့) လိုချင်တဲ့ တဏှာ (ပျောက်ပါပြီ ဘုရား)။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် တပည့်သာဝကတွေကို သက်သေခံ လုံလောက်အောင် ဒကာသစ်ပြပြီနော် (မှန်ပါ့ ဘုရား)။
ရဟန္တာဖြစ်တဲ့ နေ့ကစပြီး ဆွမ်းခံ ကျွေးနေတာကို မကျွေးချင်ဘူး (မှန်ပါ့) ခန္ဓာကျွန်ခံရတာ နာလိုက်တာလို့ စိတ်ထဲမှာ ဒီအတိုင်းပေါ်တယ် (မှန်ပါ့ ဘုရား)။
ခန္ဓာ့ကျွန်ခံရတာက တသံသရာလုံးကလဲ ကုန်းခံရသေးတယ်၊ အခုထက်ထိ တဏှာကုန်တာတောင်မှ ဒီခန္ဓာကြီး ဟာနံနက်ကျွေးပါဦးဆိုတော့ ခိုင်းနေသေးတယ်ဆိုပြီး သကာလ ရဟန္တာဖြစ်တဲ့နေ့ကစပြီး ခန္ဓာကြီး ပရိနိဗ္ဗာန် စံချင်စိတ် ချက်ချင်းပေါ်တာဘဲ (မှန်ပါ့) ခန္ဓာကျွန်ခံရမှာ ဘယ်လောက်ကြောက်သလဲ (ကြောက်ပါတယ် ဘုရား)။
ခင်ဗျားတို့ကဖြင့် မေးလိုက်တာ တရားအားထုတ်နေရင်ဘယ့်နှယ်တုံး၊ ဘာလုပ်စားမလဲ (မှန်ပါ့) တယောက် တယောက်လဲ ခင်ဗျားတို့က ဒါဘဲတွန်းနေတာ (မှန်ပါ့ ဘုရား)။
မင်းတို့ သိပ်မလိုက်နဲ့နော်၊ ဝတ်ကုန်မယ် (မှန်ပါ့) အံမာလေး ဒုက္ခပဲ၊ နဂို ငတ်နေတာတော့မသိဘူး (မှန်ပါ့) အခုတော့သိကြပလား (သိပါပြီ ဘုရား)။
တရားအားမထုတ်ရင် အငတ်ကြီးပွားတယ်
ဒါဖြင့် တရားအားထုတ်တာသည် ဒကာ ဒကာမတို့ အငတ်ပျော်ကတယ် အောက်မေ့ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) တရားအားမထုတ်ရင် အငတ်ကြီးပွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တရားအားထုတ်ရင် (အငတ်ပျောက်ပါတယ် ဘုရား) တရားအားမထုတ်ရင် (အငတ်ကြီးပွားပါတယ် ဘုရား) ဒါဖြင့် ဘယ်ဟာကြိုက်သတုန်း (အငတ်ပျောက်တာ ကြိုက်ပါတယ် ဘုရား) အငတ်ပျောက်တာကြိုက်ရင် အားသာထုတ်ပါ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။