12608

မာတိကာသို့

”သုညတဆိုက်မှ နိဗ္ဗာန်ရမည်”

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

”သုညတဆိုက်မှ နိဗ္ဗာန်ရမည်”

ဖြစ်ပျက်မြင်လျှင် သုညဘ ဆိုက်နိုင်သည်

အနာထပိဏ္ဍိ ကောဝါဒသုတ် (၁)

နေ့အလုပ်ပေးတရားတော်

(၂၈-၉-၆၁)

မစွဲလမ်းမှု သိပ်အရေးကြီးတယ်

ဒကာ ဒကာမတွေ မှတ်စရာက မစွဲလမ်းမှုဆိုတဲ့ ဥစ္စာသိပ်အရေးကြီးပါတယ်၊ မစွဲလမ်းမှုဆိုတဲ့ ဥစ္စာ မစွဲလမ်းမှု ဘယ်နှစ်မျိုးရှိသလဲလို့ ဆိုလို့ရှိရင် အမျိုးအမည် မရေတွက်နိုင်ဘူးလို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုအမျိုးအမည် မရေတွက်နိုင်သလဲလို့ မေးလို့ရှိရင် ခင်ဗျားတို့က ဥပမာမယ်-နာရီကလေးမြင်တယ်၊ နာရီကလေးစွဲတာဘဲ၊ ကွမ်းအစ်ကလေးမြင်ပြန်လဲ ကွမ်းအစ်ကလေးစွဲတာဘဲ၊ ရှင်သာရိပုတ္တရာကစွဲရင် စွဲတဲ့နေရာမှာ သွားဖြစ်တာဘဲတဲ့ (မှန်ပါ့) စွဲရင် စွဲတဲ့နေရာမှာ သွားဖြစ်တယ်လို့ မှတ်ကြပါ (မှန်ပါ့) စွဲရင် (စွဲတဲ့နေရာမှာ သွားဖြစ်ပါ တယ် ဘုရား)။

ဥပမာမယ် သေကာနီးကိစ္စ ဖျာကလေးစွဲသွားတယ်၊ ဖျာမှာသွားပြီး ကြမ်းပိုးဖြစ်နိုင်တယ်၊ မဂ်နဲ့ မငယ်လေးသ၍ ကာလပတ်လုံး စွဲတဲ့နေရာမှာ သွားဖြစ်တယ်လို့ မှတ်ကြပါ (မှန်ပါ့) ဖျာစွဲသွားရင် ဖျာမှာ၊ သင်္ကန်းစွဲသွားရင် ဦးတိဿ ကြီးတို့ကျတော့ သင်္ကန်းမှာသွားပြီး သန်းကြီးဖြစ်ရတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အစွဲဆိုတာသည် မှတ်ထားကြပါ၊ ဥပါဒါန် (မှန်ပါ့) အစွဲဆိုတာ ဘာပါလိမ့် (ဥပါဒါန်ပါ ဘုရား)။

ဥပမာမယ် ဒါကလေးက သူ့နှမကလှူတဲ့ သင်္ကန်းဆိုတော့ ကိုယ်တော်ကြီးက ဒါကလေးကို တဏှာဥပါဒါန်နဲ့ စွဲသွားတယ်၊ တဏှာဥပါဒါန် ကံလုပ်လိုက်တော့ သန်းကြီးခန္ဓာငါးပါး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးဟာ သန်းလို့မှတ်ထားလိုက်တာပေါ့ (မှန်ပါ့) ဟာ-ဒီသန်း ဘယ်ကလာသတုန်းလို့ မေးတော့ ဒီအစွဲကြောင့် လာတယ် (မှန်ပါ့) ဒါဖြင့် စွဲရင် စွဲရာဖြစ်တယ် (မှန်ပါ့ ဘုရား)။

စွဲရင် စွဲရာဖြစ်တယ်

စွဲရင် ဘယ့်နှယ်ဆိုကြမယ် (စွဲရာဖြစ်ပါတယ် ဘုရား) အစွဲဟာ ကြောက်စရာကောင်းပါလားလို့ ဆရာဝန်ကြီး တို့မှတ်ရမယ် (မှန်ပါ့ ဘုရား)။

သား, မယားစွဲပြီး သေသွားကြတယ်၊ ဒီသား, မယားအိမ်မှာဘဲ ခွေးတို့-မြွေတို့ ဖြစ်သွားတာတွေလဲ ရှိသားဘဲ (မှန်ပါ့)။ ဒါဘယ်သူက ဖြစ်စေတာတုန်းဆိုတော့ အစွဲက ဖြစ်စေတယ်၊ အစွဲဆိုတာ တဏှာဥပါဒါန်ဆိုတယ် (မှန်ပါ့ ဘုရား)။

တဏှာဥပါဒါန်မချုပ်လို့ရှိရင် ဒီသား, မယားနားမှာဘဲ ခွေးငယ်ကလေး သွားဖြစ်လိုဖြစ်၊ ခလေးသွားဖြစ်လိုဖြစ်။ ဆရာဝန်ကြီးတို့ ဘယ့်နှယ်ဖြစ်တာတုန်းမေးရင် ဘယ့်နှယ်ပြောကြမတုံး (အစွဲကြောင့် ဖြစ်တာပါ ဘုရား)။

အစွဲကြောင့် ဖြစ်တယ်ဆိုတော့ ဒါက ရှေးစကားနော် (မှန်ပါ့) အခု ကိုယ့်ခန္ဓာဖြစ်စဉ်နဲ့ အစဉ်လျှောက်ပြီး ဖြစ်တယ်ဆိုလို့ရှိရင် မလွဲဘူး (မှန်ပါ့ ဘုရား)။

ဒါက သားမယား၊ သူ့ကို တဏှာနဲ့ စွဲတယ်၊ ဥပါဒါန်နဲ့ စွဲတယ်၊ တဏှာ ဥပါဒါန်က ဖျတ်ဆို သေပြီးသကာလ ဒီပဋိသန္ဓေနေတော့ ခွေးတို့မြွေတို့ သူ့ဝမ်းထဲမှာ ဖြစ်တဲ့ ခလေးတို့ ဆရာဝန်ကြီး ဖြစ်ရလိမ့်မယ်မှတ်ပါ (မှန်ပါ့) ဘာဖြစ်ရ ပါလိမ့် (စွဲလို့ပါ ဘုရား) စွဲလို့ဖြစ်တယ်ဆိုတာ မှတ်ထားကြနော် (မှန်ပါ့ ဘုရား)။

ဥပါဒါန်စွဲက သိပ်ပြင်းထန်တယ်

ဪ စွဲသွားရှာတယ်ဆိုတော့ ခင်ဗျားတို့သုံးတဲ့ အသုံးကတော့ အဖိုးမတန်ဘူး၊ ဟိုဖြစ်ပျက်ကတော့ သိပ် အဖိုးတန်တယ်၊ စွဲတယ်ဆိုတာ တဏှာ ဥပါဒါန်နှစ်ခုကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။

တဏှာစွဲ, ဥပါဒါန်စွဲ၊ တဏှာစွဲက သိပ်မပြင်းဘူး၊ ဥပါဒါန်စွဲက သိပ်ပြင်းထန်တယ်လို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

တဏှာဥပါဒါန်လာလို့ရှိရင်ဖြင့် ဆရာဝန်ကြီးကံက နေရစ်ပါ့မလား (မနေရစ်ပါ ဘုရား) တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ၊ ခန္ဓာငါးပါး (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) ဪ ဒါဖြင့် စွရင် စွဲတဲ့ နေရာမလာဘူးလာ (လာပါတယ် ဘုရား) ဪ ဒါဖြင့် စွဲရင်စွဲတဲ့ နေရာဖြစ်တာဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့ ခင်ဗျားတို့ကလဲ တစ်အိမ်လုံးမှာ ဝတ္ထုပစ္စည်းတွေဟာ လိုချင်လို့ ဝယ်ထားတာချည်းဘဲ (မှန်ပါ့ ဘုရား)။

တစ်အိမ်လုံးမှာ ဝတ္ထုပစ္စည်းတွေ ဘာလုပ်ဖို့ ဝယ်ထားသတုံး (လိုချင်လို့ ဝယ်ထားပါတယ် ဘုရား) လိုချင်လို့ ဝယ်ထားတယ်ဆိုတာ ကိုယ့်အစွဲရှိတယ်ဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

ဒါတွေ သေကာနီးအခါကာလ၌ တစ်ခုခုစွဲသွားရင် အဲဒီစွဲတဲ့ ပစ္စည်းနေရာမှာ သွားဖြစ်တယ်။ (မှန်ပါ့) ပိုးဟပ်တို့ ကြမ်းပိုးတို့ သန်းတို့ သွားဖြစ်တယ်(မှန်ပါ့) ကြောက်စရာပါလား(မှန်ပါ့ ဘုရား)။

မစွဲရင် ဘယ့်နှယ့်ဆိုမတုန်းလို့မေးရင် မစွဲရင်မဖြစ်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

မစွဲရင် မဖြစ်တာက ဘယ့်နှယ့်ကြောင့်တုံးဆိုတော့ မိမိမှာ ရှိတဲ့ ဝတ္ထုပစ္စည်းတစ်ခုခုကို မစွဲတော့ တဏှာချုပ် တယ်၊ ဥပါဒါန်ချုပ်တယ်၊ ကံချုပ်တယ်ဆိုတော့ ဒီခန္ဓာ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒီမလာတာထောက်တဲ့ အခါကျတော့ မစွဲလို့ မဖြစ်တာကိုး (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဝိပဿနာဉာဏ်ဝင်မှ မစွဲမှာ

ဒါဖြင့် စွဲနည်း မစွဲနည်းဟာ ဘာပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဝိပဿနာဉာဏ်ဝင်မှဘဲ ခင်ဗျားတို့ မစွဲမှာဘဲ (မှန်ပါ့ ဘုရား)။

ကိုယ် အင်မတန်နှစ်သက်တဲ့ ပစ္စည်း ကိုယ့်ခန္ဓာဖြစ်စေ၊ ကိုယ့်သား,မယား ခန္ဓာဖြစ်စေ၊ ဝတ္ထုပစ္စည်း တစ်ခုခု ဖြစ်စေ၊ ဘုံဘဝဖြစ်စေ အကုန်ခင်ဗျားတို့ ကိုယ့်ခန္ဓာတစ်ခုကို ဝိပဿနာရှုလို့ ရှိရင်ဖြစ်ပျက်တွေ မြင်ပြီးသကာလ နေကြမယ်ဆိုတော့ အနိစ္စလဲ မြင်တယ်၊ ဖြစ်ပျက်ဆိုတာ ဒုက္ခလဲမြင်တာဘဲ၊ ဒုက္ခဆိုတာ ဖြစ်ပျက် (မှန်ပါ့) အနတ္တဆိုတာလဲ ဖြစ်ပျက်၊ ဒုက္ခသစ္စာဆိုတာလဲ ဖြစ်ပျက် (မှန်ပါ့ ဘုရား)။

အဲ့ဒီဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များကျတော့ ဒီစွဲလမ်းမှုတွေ ဘာဖြစ်ကြသတုံး၊ ချုပ်တယ်၊ (ချုပ်သွားပါတယ် ဘုရား)။ စွဲလမ်းမှုတွေ ချုပ်တယ်ဆိုတော့ တဏှာချုပ်၊ ဥပါဒါန်ချုပ်၊ ကံချုပ်ဆိုတော့ နောက်ဘဝဇာတိ အစရှိ သည် လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့မှာ နိဗ္ဗာန်လိုချင်လို့ရှိရင်ဖြင့် စွဲတတ်တဲ့ တရားကို ဝိပဿနာရှုပါလို့ ဆုံးမရမယ် (မှန်ပါ့ ဘုရား) ခင်ဗျားတို့ စွဲတတ်တဲ့ တရားတွေဟာ ဘာလုပ်ရမတုံး (ဝိပဿနာရှုရပါ့မယ် ဘုရား)။

စွဲတတ်တဲ့ တရားတွေ ဝိပဿနာရှုလို့ရှိရင်ဖြင့် ဪ အနိစ္စမှန်းသိရင် ဆရာဝန်ကြီး စွဲဦးမလား (မစွဲပါ ဘုရား) ဒါကအနိစ္စ၊ ဒါကသိတယ်၊ အနိစ္စမှန်းသိလို့ အစွဲပြုတ်တယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဒုက္ခမှန်းသိလို့ (အစွဲပြုတ်ပါတယ် ဘုရား) အနတ္တမှန်းသိလို့ (အစွဲပြုတ်ပါတယ် ဘုရား) ဒုက္ခသစ္စာမှန်းသိလို့ (အစွဲပြုတ်ပါတယ် ဘုရား)။

အစွဲပြုတ်တဲ့ ဉာဏ်

ဒါဖြင့် ခင်ဗျားတို့ ဘုံဘဝကို ဒီဘဝနဲ့ ဇာတ်သိမ်းချင်ကြတယ် နောက်ဘဝလဲ မသွားချင်ကြဘူး ဆိုလို့ရှိရင် ဝိပဿနာဉာဏ်သည် အစွဲပြုတ်တဲ့ ဉာဏ်ဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဉာဏ်ကို ဘာဆိုကြမယ် (အစွဲပြုတ်တဲ့ ဉာဏ်ပါ ဘုရား) သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် ဝိပဿနာဉာဏ်သည် အစွဲပြုတ်တဲ့ ဉာဏ်ဘဲလို့ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အစွဲဆုံးဟာကတော့ ခန္ဓာငါးပါးပါဘဲတဲ့ (မှန်ပါ့ ဘုရား)။

ရှင်းပြီလား (ရှင်းပါပြီ) အစွဲဆုံးဟာဘာတုံး (ခန္ဓာငါးပါးပါ ဘုရား) အစွဲဆုံးကတော့ ခန္ဓာငါးပါးပါလို့ မှတ်ထား လိုက်ပါ (မှန်ပါ့ ဘုရား)။

ကွာ လူမသေငွေမရှားကွ ပြောကြတယ်၊ ဪ ငွေထက်လူခင်တယ်ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ဘယ်သူ့အခင်ဆုံးတုံး၊ ဥပမာ သားမယားတွေ ခင်ပါတယ်ဆိုငြားသော်လဲ ကိုယ့်ကိုလောက် မခင်ဘူး (မှန်ပါ့ ဘုရား)။

အိမ်ထောင်ပရိဘောဂတွေ ခင်ပါတယ်ဆိုငြားသော်လဲ ကိုယ့်ကိုယ်ကိုလောက် မခင်ဘူး၊ ဒါ့ကြောင့် ဘုရားက ကိုယ့်ကိုယ်ဖြစ်တဲ့ ခန္ဓာငါးပါးဟာ အခင်ဆုံးဖြစ်လို့ သူ့ကို ဝိပဿနာ ရှုခိုင်းတာ (မှန်ပါ့) သူရှုလိုက်ရင် ကျန်တာပြုတ် တယ် (မှန်ပါ့ ဘုရား)။

သူရှုလိုက်လို့ရှိရင် ခန္ဓာငါးပါးတွေလဲပြုတ်၊ ဒီပြင်အလုံးစုံလဲ အကုန်ပြုတ်တယ်ဆိုတဲ့ ဥစ္စာ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးတစ်ပါးပါးကို ရှုရလိမ့်မယ်

ဒါဖြင့် ခင်ဗျားတို့ကို ဘုန်းကြီးပြောထားတယ်၊ ခန္ဓာငါးပါးတစ်ပါးပါးကို ဆရာဝန်ကြီးတို့ ဝိပဿနာ ရှုရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ရှုလိုက်လို့ရှိရင်လဲ ဒီအစွဲဟာပြုတ်တယ် (မှန်ပါ့) တဏှာဥပါဒါန်ပြုတ်မှာဘဲ (မှန်ပါ့) တဏှာဥပါဒါန်ပြုတ်ရင် ကံပြုတ်တယ် (ပြုတ်ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒါဘယ်သူ့အကြောင်းအရင်းခံ ဟောသတုန်းလို့ မေးတော့မှ အနာထပိဏ်သူဋ္ဌေးကြီး သေခါနီးမှာ ရှင်သာရိပုတ္တရာ သွားဟောတယ် (မှန်ပါ့ ဘုရား)။

အနာထပိဏ်သူဋ္ဌေးကြီးက တစ်နေ့လျှင် ဘုရားကျောင်းတော်ကို နှစ်ခေါက်သုံးခေါက် နေ့တိုင်း ရောက်လာတယ် (မှန်ပါ့) နံနက် တစ်ခေါက်ရောက်တယ်၊ ယာဂုကလေး ဘာလေးပို့ရင်း ပြုရင်း နေ့လယ် တစ်ခေါက် ရောက်တယ်။

နေ့လယ် ကျောင်းထဲမှာ ရှင်းဘို့ လင်းဘို့ တစ်ခေါက်ရောက်တယ်၊ တစ်ခါတစ်လေ ညနေလဲ ရောက်တတ် တယ်၊ နှစ်ခေါက်သုံးခေါက် နေ့တိုင်းရောက်တယ် (မှန်ပါ့ ဘုရား)။

ကိုယ်တော်တွေကလဲ အနာထပိဏ်သူဋ္ဌေးကြီးနဲ့ တွေ့ပြီဆိုမှဖြင့် ဘုရားကစပြီး ဒကာကြီး ဒကာကြီး လုပ်နေတဲ့ ဒါနအလုပ်တွေဟာ သိပ်ကောင်းတယ်၊ သိပ်အကျိုးပေးမှာဘဲ၊ ဒါနကြောင့် ချမ်းသာနေကြတာဘဲ၊ ဒါတွေချည့်ဘဲဟော တယ် (မှန်ပါ့ ဘုရား)။

သူကတော့ သောတာပန်တည်ပြီးသားပါပဲ၊ ဘုရားနဲ့တွေ့တွေ့ချင်း တည်တဲ့ ပုဂ္ဂိုလ်ဘဲ။

တစ်နေ့သ၌ကျတော့ ကျောင်းကို မသွားနိုင်တော့ဘူး၊ ရောဂါစွဲကပ်တယ်၊ (မှန်ပါ့) ကျောင်းမသွားနိုင်ဘူး ရောဂါစွဲကပ်တော့ သူ့စိတ်ထဲမှာ ဒီဝေဒနာကတော့ သေမည့်ဝေဒနာဘဲ။

ဘယ်နည်းနဲ့မှ ဇေတဝန်ကျောင်းတော့ သူဆောက်ထားတဲ့ကျောင်းတော့ သွားနိုင်တော့မှာမဟုတ်ဘူး ဆိုပြီး သကာလ သူ့အခိုင်းအစေတစ်ယောက်ကို လွှတ်လိုက်တယ်။

ဟေ့ လာဦးကွာ၊ အနာထပိဏ်သူဋ္ဌေးကြီး ဝေဒနာပြင်းထန်နေတယ်လို့ ဘုရားကို သွားလျှောက်၊ ဘုရားသွား လျှောက်ပြီး ဝတ်ချခဲ့ကွာ။

အနာထပိဏ်သူဋ္ဌေးကြီး မမာဘူးဘုရာ့

နောက်ရှင်သာရိပုတ္တရာဆီကိုလဲ သွားဦးကွ၊ ရှင်သာရိပုတ္တရာကိုလဲ အနာထပိဏ်သူဋ္ဌေးကြီး မမာဘူးဘုရာ့ အဲဒီတော့ အိမ်ကို ခေတ္တကြွပေးပါဆိုတဲ့ ဥစ္စာ လျှောက်ပေးပါဆိုပြီးတော့ အခိုင်းအစေတစ်ယောက်ကို လွှတ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အခိုင်းအစေတစ်ယောက်ကလဲ ဘုရားဆီသွား ဝတ်ချခဲ့ပြီး မကျန်းမမာတဲ့ အကြောင်းလဲ လျှောက်ခဲ့၊ ရှင်သာရိ ပုတ္တရာကိုလဲ မမာတဲ့အကြောင်းလျှောက်ပြီး ပင့်ခဲ့ဆိုတော့ ရှင်သာရိပုတ္တရာကလဲ ကဲကွာ-အာနန္ဒာ အနာထပိဏ် သူဋ္ဌေးကြီး မမာဘူးတဲ့ကွ မင်းနဲ့ငါ သွားပြီးသကာလ လူမမာမေးရအောင်ကွာဆိုပြီး သကာလ ထွက်လာကြတယ် (မှန်ပါ့ ဘုရား)။

ထွက်လာကြပြီး အနာထပိဏ်သူဋ္ဌေးကြီးကလဲ မမာနေတော့ ရှင်သာရိပုတ္တရာက ထုံးစံအတိုင်း ဘယ့်နှယ့်တုံး ဒကာကြီး ကျန်းမာရဲ့လား၊ ယခုရောက်နေတဲ့ ဝေဒနာ နောက်ဆုတ်ရိပ်မြင်သလား၊ ရှေးတိုးရိပ်မြင်သလားမေးတော့

ဟာ ရှေ့ကို တိုးပါတယ်ဘုရား

ဘယ့်နှယ်တိုးနေသတုံး ပြောစမ်းပါဦး

ဟာ ခေါင်းကို စူးနဲ့ထိုးသလိုဘဲ၊ ခေါင်းကို ကြိုးနဲ့ပတ်ထားသလိုဘဲ၊ ဝမ်းထဲသားလှီးဓါးနဲ့ မွှေသလိုဘဲ၊ အားကောင်း တဲ့ လူနှစ်ယောက်က တပည့်တော်ကို ပွေ့ပိုက်ပြီး မီးကင်သလိုဘဲဆိုတော့ ရှင်သာရိပုတ္တရာက ရိပ်မိတယ်။

အင်း ဒီဝေဒနာ သေမည့်ဝေဒနာဘဲ (မှန်ပါ့) တစ်ခြားစကားတွေပြောနေရင် အပိုဘဲ၊ ဒီအနာထပိဏ်သူဋ္ဌေးကြီး ကို တရားဟောတာဘဲကောင်းတယ် (မှန်ပါ့) သေမှာသိတာကိုး (မှန်ပါ့ ဘုရား)။

သေမှာသိတော့ တရားဟောတာ ကောင်းတယ်တဲ့၊ ဒါ ဥပရိပဏ္ဏာသ ပါဠိတော်မှာလာတယ်လို့ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။

မစွဲအောင်လုပ်မှ မစွဲတာ

ဒါနဲ့ န ရူပံ ဥပါဒိယိဿာမိ နမေ ရူပနိဿိတံ ဝိညာဏံ ဘဝိဿတိ။ ဒကာကြီး ကိုယ့်ရူပခန္ဓာကြီးကို မစွဲလို့ ရှိရင် နောက်ရူပက္ခန္ဓာ မရဘူးလို့ ဒါဟောတယ် (မှန်ပါ့ ဘုရား)။

ဒကာကြီး ဝေဒနက္ခန္ဓာကိုမစွဲလဲ နောက်ဝေဒနာက္ခန္ဓာမပေါ်ဘူး (မှန်ပါ့) သညာက္ခန္ဓာမစွဲလဲ သညာက္ခာမပေါ် ဘူး (မှန်ပါ့ ဘုရား)။

သင်္ခါရက္ခန္ဓာ မစွဲလို့ရှိရင်လဲ နောက်သင်္ခါရက္ခန္ဓာ မဖြစ်ဘူးတဲ့ (မှန်ပါ့) ဝိညာဏက္ခန္ဓာ မစွဲလို့ရှိရင်လဲ နောက် ဝိညာဏက္ခန္ဓာ မပေါ်ဘူး (မှန်ပါ့) ဒါရှင်သာရိပုတ္တရာက ဟော၏။ (မှန်ပါ့ ဘုရား)။

အဲဒါ ကျုပ်တို့ကတော့ ဒကာ ဒကာမတွေက မစွဲဆိုတာ ဘာတုံးလို့ ဆရာဝန်ကြီးတို့က မေးဘို့လိုလာတယ် (မှန်ပါ့) မစွဲဆိုတာသည် မစွဲအောင်လုပ်မှ မစွဲတာ (မှန်ပါ့ ဘုရား)။

မစွဲတာသည် ဒီတရားတွေ၏ ပင်ကိုယ်သဘောသိမှ မစွဲမယ် (မှန်ပါ့) ခန္ဓာငါးပါးတို့၏ ပင်ကိုယ်သဘောသိမှ မစွဲမှာပါ (မှန်ပါ့) ပင်ကိုယ်သဘော မသိသေးရင် (စွဲမှာပါ ဘုရား)။

အဲ သူ့ကို ခင်ဗျားတို့ ဖြစ်ပျက်မြင်အောင် ရှုပေးရမယ်၊ သဘောကျပြီလား (မှန်ပါ့) ခန္ဓာငါးပါးကို ကျုပ်တို့ ဘာမြင်အောင် ကြည့်ပေးရမလဲ (ဖြစ်ပျက်မြင်အောင် ကြည့်ပေးရပါမယ် ဘုရား)။ ဒါမှ သူ့ပင်ကိုယ်သဘောသိမှာပေါ့။

ဪ အနိစ္စပါကလား၊ ဒီတရားတွေဟာ ဒုက္ခတွေပါလား၊ ဒီတရားတွေသည်ကား၊ အနတ္တတွေပါကလား၊ ဒီတရားတွေသည်ကား ဒုက္ခသစ္စာတွေပါကလား၊ ဒီလိုပင်ကိုယ်သဘောသိတော့ ဒါက ပင်ကိုယ်သဘော၊ သူကသိရ တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပင်ကိုယ်သဘောသိတာ

ဒါဖြင့် ပင်ကိုယ်သဘောသိလို့ရှိရင်ဖြင့် ခန္ဓာ၏ ပင်ကိုယ်သဘောသိတာသည် မှတ်ထားကြပါ၊ ဝိပဿနာ ဉာဏ် (မှန်ပါ့)၊ ခန္ဓာ၏ ပင်ကိုယ်သဘောသိတာ ဘာခေါ်ကြမယ် (ဝိပဿနာဉာဏ်ပါ ဘုရား)။

ခန္ဓာ၏ ပင်ကိုယ်သဘောဆိုတဲ့ ဥစ္စာက သူ့ရှိရင်းသဘောကတော့ အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသူစ္စာဘဲ၊ ဒါဘဲရှိတယ် (မှန်ပါ့ ဘုရား)။

အဲ့ဒါကို ကျုပ်တို့က မိဘရိုးရာနဲ့ မိဘရိုးရာကလဲ သူ့ကို ခန္ဓာငါးပါးမှန်းသိလျက်သားနဲ့ အခမဲ့လုပ်ထားတယ်၊ အဖေလုပ်ထားတယ်။ အမေရယ်လို့ အမှတ်ထင်ထား၊ အဖေရယ်လို့ အမှတ်ထင်ထားပြီဆိုမှဖြင့် မိဘရိုးရာ ဖုံးတာနဲ့လဲ ဆရာဝန်ကြီး အနိစ္စ ဒုက္ခ အနတ္တ ကွယ်သွားတယ် (ကွယ်ပါတယ် ဘုရား) မကွယ်ဘူးလာ (ကွယ်ပါတယ် ဘုရား)။

မိဘရိုးရာသင်မှုက အစွဲကြီးစွဲနေတာနဲ့လဲ ခန္ဓာငါးပါးပျောက် အမေမိဘအဖြစ်သို့ရောက် (မှန်ပါ့) မိဘရိုးရာနဲ့ဘဲ မင်းမှာ သားမယား မရှိသေးဘူး၊ သားမယား ထိမ်းမြားပေးရဦးမယ် ဆိုတာနဲ့လဲ သားမယားဖြစ်တယ် (မှန်ပါ့) ခန္ဓာငါးပါး ဘာဖြစ်သွားသတုံး (ပျောက်သွားပါတယ် ဘုရား)။

အဲဒီ ပတ်ဝန်းကျင်အခြေအနေ နှိပ်စက်မှုကိုလဲ ခင်ဗျားတို့၏ ရန်သူကြီးတစ်ခုမှတ်ပါ (မှန်ပါ့) ပင်ကိုယ်သဘော ပျောက်သွားတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပတ်ဝန်းကျင် နှိပ်စက်မှုကလဲ ဘာတုန်း (ပျောက်သွားပါတယ် ဘုရား) ပင်ကိုယ်သဘော ပျောက်တယ် (မှန်ပါ့ ဘုရား)။

ဒီပတ်ဝန်းကျင် နှိပ်စက်မှုဟာ သူတို့က နှိပ်စက်တာတော့ မဟုတ်ပါဘူး၊ ရိုးရာဖြစ်နေတာနဲ့ ခင်ဗျားတို့က ရိုးရာတတ်နေတာတဲ့ ပင်ကိုသဘော ပျက်သွားတယ် (မှန်ပါ့ ဘုရား)။

ဘာသဘော ပျောက်သွားပါလိမ့်

ဘာသဘော ပျောက်သွားပါလိမ့် (ပင်ကိုယ် သဘောပျောက်သွားပါတယ် ဘုရား) ပင်ကိုယ်သဘော ပျောက်သွား တယ်လို့ မှတ်လို့ရမယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ပင်ကိုယ်သဘော ပျောက်လို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ ဝိပ္ပလ္လာသဝင်ပါပြီလို့ မှတ်ပါ (မှန်ပါ) ပင်ကိုယ် သဘောပျောက်ရင် (ဝိပ္ပလ္လာသဝင်ပါ ဘုရား)။

ဝိပ္ပလ္လာသဆိုတဲ့ ဥစ္စာသည် တစ်ခြားလားမှတ်နေတယ်၊ ဝိပ္ပလ္လာသဟာ တစ်ခြားမဟုတ်ပါဘူး။ ဖေါက်ပြန်ပြီး မြင်တာဘဲမှတ်ပါ (မှန်ပါ့ ဘုရား)။

ဒါယောက်ျား၊ ဒါမိန်းမ၊ ဒါတွေသား၊ ဒါတွေမြေး ဒါတွေကို တကယ်တမ်းထင်နေလို့ရှိရင် ဖေါက်ပြန်တာလို့ မှတ်ပါ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သား၊ သမီး၊ မြေး၊ မြစ်ကို အဟုတ် သားသမီးမြေးမြစ်ထင်နေကြရင် ဘာအမြင်တုံး (ဖေါက်ပြန်မှုပါ ဘုရား) အဲဒါဝိပ္ပလ္လာသ (မှန်ပါ့ ဘုရား)။

ဆရာဝန်ကြီး ဘာတဲ့တုံး (ဝိပ္ပလ္လာသပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ) ပင်ကိုယ်သဘော ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား)။

ပင်ကိုယ်သဘော မဟုတ်ဘူးတဲ့၊ အဲဒီပင်ကိုယ်သဘောမဟုတ်တာကို ခင်ဗျားတို့စွဲလမ်းမှုလာပြီ (မှန်ပါ့) သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ပင်ကိုယ်သဘော မဟုတ်ဘာမြင်လို့ရှိရင် ဘာအမြင်ပါလိမ့် (စွဲလမ်းမှုလာပါတယ် ဘုရား) စွဲလမ်းမှုလာရင် နောက်ဘဝဖြစ်ရမယ် (မှန်ပါ့ ဘုရား)။

နောက်စွဲလမ်းမှုလာရင် (နောက်ဘဝဖြစ်ရပါ့မယ် ဘုရား) စွဲလမ်းမှု မလာလို့ရှိရင် နောက်ဘဝ မဖြစ်ရပါဘူး (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့ ခန္ဓာကိုယ်ကို စိုက်ပါ

ဒါဖြင့် ခင်ဗျားတို့မှာ ဝိပဿနာကို ကျကျနန မျက်လုံးမှိတ်ပြီး ဉာဏ်နဲ့ ခန္ဓာကိုယ်ကို စိုက်ပါမှ ပင်ကိုယ်သဘော ပေါ်တယ် (မှန်ပါ့ ဘုရား)။

သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါဖြင့် ပင်ကိုယ်သဘော ပေါ်ချင်လို့ရှိရင် မျက်လုံးမှိတ်ပြီး ဉာဏ်နဲ့ခန္ဓာကို စိုက်ပါမှ ဘာမြင်ရမတုံး (ပင်ကိုယ်သဘော ပေါ်ပါတယ် ဘုရား)။

ပင်ကိုယ်သဘောပေါ်ရင် အဲဒါ ဝိပဿနာရှုလို့ရပြီ (မှန်ပါ့) ပင်ကိုယ်သဘောမပေါ်လို့ရှိရင် ဝိပဿနာရှုလို့ မရသေးပါဘူး (မှန်ပါ့ ဘုရား)။

အဲ့ဒါကြောင့် ဝိပဿနာရှုတဲ့အခါမှာ ခင်ဗျားတို့ ခင်ဗျားတို့ ခန္ဓာဉာဏ်လှည့်တဲ့အခါမှာ မျက်လုံးမှိတ်ပြီး ကြည့်ရင် ကောင်းတယ် (မှန်ပါ့ ဘုရား)။

မျက်လုံးမှိတ်လိုက်တဲ့အခါကျလို့ အခါကျလို့ ရှိရင်ဖြင့် ခန္ဓာကပြောတယ် (မှန်ပါ့) ခန္ဓာက ယားလာလဲ ဪ သူဝေဒနာလို့ပြောတယ် (မှန်ပါ့ ဘုရား)။

ယောက်ျားမိန်းမကို သူမပြောဘူး (မှန်ပါ့) ကောင်းတာလဲ ခန္ဓာက ဝေဒနာလို့ဘဲပြောတယ် (မှန်ပါ့) ယောက်ျား မိန်းမလို့ မပြောဘူး (မပြောပါ ဘုရား)။

ဥပေက္ခာဆိုတဲ့ လျစ်လျူရှုမှုဟာလဲ ခန္ဓာထဲမှာ မျက်စိ၊ နား၊ နှာခေါင်းလျှာတို့မှာ ပေါ်လာလို့ရှိရင် ကျုပ်ဟာ ဥပေက္ခာလို့ပဲ သူကပြောလေ့ရှိတယ် (မှန်ပါ့) ယောက်ျား၊ မိန်းမလို့ ပြောလေ့မရှိဘူး (မှန်ပါ့ ဘုရား)။

အဲ့ဒါကို ခင်ဗျားတို့မသိအောင် ရှုလို့ မျက်လုံးမှိတ်ပြီး ကြည့်လိုက်လို့ ဪ ဝေဒနာက္ခန္ဓာကြီးဟာ ဖြစ်ပျက် သဘောကြီး သင်္ခါရအနိစ္စသဘောဘဲ၊ အစရှိသည်နဲ့ ခင်ဗျားတို့ မြင်လာလို့ ရှိရင်ဖြင့် မျက်လုံးမှိတ်ပြီး ကြည့်လို့ ဝိပဿနာ မျက်လုံးနဲ့ မြင်ပြီဆိုမှဖြင့် အားလုံးမှတ်ထားပါ အစွဲပြုတ်တယ် (မှန်ပါ့ ဘုရား)။

တဏှာဥပါဒါန်အစွဲပြုတ်တယ်

တဏှာဥပါဒါန်အစွဲပြုတ်တယ် (မှန်ပါ့ ဘုရား) အစွဲပြုတ်လို့ရှိရင်ဖြင့် နောင်ခန္ဓာပြုတ်ပါတယ် (မှန်ပါ့) နောင်ခန္ဓာ ရဦးမှာလား (မရပါ ဘုရား) အစွဲမပြုတ်လို့ရှိရင်ဖြင့် နောင်ခန္ဓာရမှာဘဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် အနာထပိဏ်သူဋ္ဌေးကြီး မမာနေတော့ ခန္ဓာငါးပါးတစ်ပါးပါးမှ မစွဲနဲ့နော်၊ စွဲရင်နောက်ခန္ဓာရ လိမ့်မယ်၊ ဒီအတိုင်းဟောတာဘဲ၊ ရှင်သာရိပုတ္တရာက (မှန်ပါ့ ဘုရား)။

ရူပက္ခန္ဓာလဲ မစွဲနဲ့ ဝေဒနက္ခန္ဓာလဲမစွဲနဲ့၊ ယုတ်စွအဆုံးဗျာ မြင်ဖူးတာကိုလဲမစွဲနဲ့၊ ကြားဖူးတာကိုလဲ မစွဲနဲ့၊ ကြားတာကိုလဲ မစွဲနဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် မြင်ဖူး၊ ကြားဖူး၊ တွေ့ဖူး၊ သိဖူးတာတွေလဲ ဘာတုန်း (မစွဲရပါ ဘုရား) မစွဲနဲ့ ဒါတွေအကုန် ဖြစ်ပျက်ရှု ရမယ် (မှန်ပါ့ ဘုရား)။

မြင်တာတွေကိုလဲ မြင်တဲ့ဆီလှမ်းပြီး သကာလ ဪ-သူလဲအနိစ္စတွေဘဲ၊ ကြားတာကောင်းတာ ထင်လို့ရှိရင်လဲ အဲဒီကြားတဲ့ အာရုံတွေလဲ ဖြစ်ပျက်တာ ရှုပစ်လိုက် (မှန်ပါ့) နို့-မဟုတ်ရင် စွဲလိမ့်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် မြင်တာကြားတာတွေလဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါ့မယ် ဘုရား) မရှုရင် ဘာဖြစ်မယ် ထင်သတုံး (စွဲပါတယ် ဘုရား) စွဲလိမ့်မယ်(မှန်ပါ့ ဘုရား)။

အဲ့ဒါကြောင့် ရှင်သာရိပုတ္တရာက ဒကာကြီး ကြာတာ၊မြင်တာ၊ တွေ့တာတွေ့တော့ ဘာမှမစွဲနဲ့၊ တဏှာဥပါဒါန်နဲ့ မစွဲနဲ့ဆိုပြီး ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ယုတ်စွမဆုံး အရူကလေးတောင်လဲမစွဲနဲ့၊ အဲဒီလိုစွဲလို့ရှိရင် စွဲတဲ့နေရာဖြစ်မှာပဲ (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

စွဲတဲ့အာရုံကို ဘာလုပ်ကြမတုံး

ဒါဖြင့် စွဲတဲ့အာရုံကို ဘာလုပ်ကြမတုံး (ဖြစ်ပျက်ရှုရပါ့မယ် ဘုရား) အကုန်နိစ္စမြင်အောင် လုပ်ရလိမ့်မယ် (မှန်ပါ့) စွဲတဲ့အာရုံတွေကို အကုန်နိစ္စဖြစ်အောင် လုပ်ရပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီလို ရှင်သာရိပုတ္တရာက အနာထပိဏ်သူဋ္ဌေးကြီး မမာတုန်း အိမ်လာပြီးဟောတော့ အနာထပိဏ်သူဋ္ဌေးကြီး က မစွဲရဘူးတဲ့ (မှန်ပါ့) သူသိတယ် (မှန်ပါ့ ဘုရား)။

ဘယ်အာရုံမှ မစွဲရဘူး၊ လူ့ပြည်နတ်ပြည် ဗြဟ္မာပြည် ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးတဲ့ ပုဆိုး, အိုးကအစ မစွဲရဘူးတဲ့ စွဲရင်စွဲတဲ့ နေရာမှာ ဖြစ်လိမ့်မယ်တဲ့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်နဲ့လဲ မကိုက်ဘူးလား (ကိုက်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်နဲ့လဲ ကိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီလိုကြားရတော့ သူကမျက်ရည် လည်လာတယ်၊ လူမမာက (မှန်ပါ့) ရှင်အာနန္ဒာလဲ ပါလာတယ်၊ ရှင်အာနန္ဒာနဲ့ ရှင်သာရိပုတ္တရာ အတူတူလာကြတာကိုး၊ ရှင်အာနန္ဒာက မေးလိုက်တယ်၊ ပစ္စည်းတွေနဲ့ ခွဲရမှာစိုးလို့ ငိုတာလား၊ ကုသိုလ် ဆုတ်ယုတ်တယ်ထင်လို့ ငိုတာလား၊ မေးလိုက်တယ်၊ ရှင်အာနန္ဒာက (မှန်ပါ့ ဘုရား)။

ပစ္စည်းတွေနဲ့ ခွဲရမှာစိုးလို့ ငိုတာလားမေးတော့ မဟုတ်ပါဘူးတဲ့ ကုသိုလ်တွေဆုတ်ယုတ်လို့လဲ တပည့်တော် ငိုတာမဟုတ်ပါဘူး၊ တပည့်တော်ဟာ နှစ်ပေါင်းသုံးလေးဆယ် တပည့်တော် ဆောက်ထားတဲ့ ဇေတဝန်ကျောင်းကို တစ်နေ့နှစ်ခေါက်သုံးခေါက်ရောက်တယ်၊ ကိုယ်တော်တွေက ဒါနတရားတွေချည်း ဟောကြတယ်၊ ဒီတရားမျိုးကို မဟောပါ ဘူးတဲ့ (မှန်ပါ့ ဘုရား)။

သုညတ-တရား

ဒီတရားက ဆရာဝန်ကြီးမှတ်ထား သုညတ-တရား သုညတဆိုတာ ပုဂ္ဂိုလ်သတ္တဝါပါသေးသလား (မပါပါ ဘုရား) ခန္ဓာငါးပါးဝေဒနာဖြင့် ဝေဒနာစိတ်ဖြင့် စိတ်ဆိုတော့ ပုဂ္ဂိုလ်သတ္တဝါပါသေးရဲ့လား (မပါပါ ဘုရား)။

ဒီတရားမျိုးကို တပည့်တော် နှစ်ပေါင်းသုံးလေးဆယ်ကျောင်းကို နေ့စဉ်ရောက်နေတဲ့ ဥစ္စာ တပည့်တော် မနာရဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒါက အလုံးစုံမစွဲနဲ့ဆိုတဲ့ တရားက ဥပါဒါန်ပြုတ်ပြီး ဥပါဒါန်တို့၏ ချုပ်ငြိမ်းရာဖြစ်တဲ့ အာသဝေါတရားတွေ၏ ကုန်ရာနိဗ္ဗာန်ရောက်တဲ့ တရားတဲ့ (မှန်ပါ့ ဘုရား)။

အာသဝေါတရားတို့၏ ကုန်ရာ နိဗ္ဗာန်ရောက်တဲ့တရား၊ အဲဒါကိုပင် နှစ်ပေါင်းသုံးလေးဆယ် ဆွမ်းဒကာ၊ ကျောင်းဒကာ၊ ဘုရားဒကာလုပ်ပြီး ဘုရားနဲ့တွေ့ပြန်လဲ ဒါနအကြောင်း ဒီပြင် ရဟန္တာတွေနဲ့လဲ တွေ့ပြန်လဲ ဒါနအကြောင်း၊ သီလအကြောင်း၊ ဒါလောက်သာဟောတယ်၊ သုညတတရား သူမနာရဘူးတဲ့ (မှန်ပါ့) သေခါနီးမှ နာရတယ် (မှန်ပါ့ ဘုရား)။

သေခါနီးမှ နာရတော့ တပည့်တော်က ဒါဝမ်းနည်းတယ်တဲ့ သုညတ တရားကို သေခါနီးမှ နာရတယ်လို့ (မှန်ပါ့ ဘုရား)။

ဒီဟာမှ နိဗ္ဗာန်ကိုတစ်ခါတည်း အစွဲမရှိလို့ ရောက်မယ်ဆိုတာ ကာမုပါဒါန် ဒိဋ္ဌိုပါဒါန်တွေချုပ်ပြီး သကာလ နိဗ္ဗာန်ရောက်တဲ့တရားကို တပည့်တော် မနာရဘူးတဲ့၊ သောတာပန်ဖြင့် တည်ခဲ့ပါပြီ သုညတ- တရားကို မနာရဘူး (မှန်ပါ့) ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။

ဖြစ်ပျက်ရှုပါဆိုတဲ့ တရား

ဖြစ်ပျက်ရှုပါဆိုတဲ့ တရားကို မနာရဘူးတဲ့ ဒါ့ကြောင့် တပည့်တော်က ငိုတာပါတဲ့၊ ပစ္စည်းတွေ စွန့်ရမှာကြောင့် ငိုရတာ မဟုတ်ပါဘူးတဲ့၊ ဒီခန္ဓာကြီးစွဲလို့ ငိုတာမဟုတ်ပါဘူးတဲ့၊ သုညတ တရားကို နှစ်ပေါင်းများစွာနေပြီး မနာခဲ့ရတဲ့ အတွက် တပည့်တော်ဝမ်းနည်းလို့ငိုတာ ဒီလိုပြောတာ ဒကာကြီးတဲ့ ဒီသုညတတရားဆိုတာ ရုပ်ဖြစ်ပျက်၊ နာမ်ဖြစ်ပျက်၊ ဝေဒနာဖြစ်ပျက်၊ စိတ်ဖြစ်ပျက်၊ ဖြစ်ပျက်ရှုရင် ဥပါဒါန်ချုပ်တယ်ဆိုတဲ့ တရားဟာတွေ့ဘူး၊ ကြုံဘူးတယ်လို့တောင် မစွဲနဲ့၊ ရှုဆိုတဲ့တရား၊လူတွေ ဟောလို့ တော့်ပါ့မလား။

လူတွေဟောလို့ မတော်ဘူးတဲ့၊ လူဟာ သားမယားများလဲခင်ရဲ့မင်ရဲ့တန်းလန်း ပစ္စည်းဥစ္စာတွေလဲ ခင်မင်မှု တန်းလန်း၊ စွဲလန်းမှုတန်းလန်းပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူ့ကိုတဲ့ ဒီသုညတ-တရားဟောလို့ မတော်ဘူးတဲ့ ထောင်နိုင်တဲ့နားရှိမှာ မဟုတ်ဘူးတဲ့ (မှန်ပါ့) သဘောပါကြပြီလား (ပါ-ပါပြီ ဘုရား)။

ထောင်နိုင်တဲ့နားရှိမှာ မဟုတ်ဘူးတဲ့၊ အနာထပိဏ်သူဋ္ဌေးကြီးက သေခါနီးမှပြောတယ် (မှန်ပါ့ ဘုရား)။

အရှင်ဘုရားတဲ့၊ အရှင်ဘုရား အခုပြောလိုက်တဲ့ စကားလဲမှန်ပါတယ်တဲ့၊ သို့သော် တပည့်တော် တောင်းပန် ပါရစေတဲ့ (မှန်ပါ့) တောင်းပန်ပါရစေဆိုတာနဲ့ ကဲ ပြောတာပေါ့လို့ ဆိုတော့ လူတွေဟာ အမျိုးမျိုးရှိတယ် (မှန်ပါ့)။

လူဟာ အမျိုးမျိုးရှိတယ်၊ လူတစ်မျိုးတည်း ရှိတယ်လို့ ယူလို့မရဘူး (မှန်ပါ့ ဘုရား) အချို့သော ပုဂ္ဂိုလ်မှာ ဉာဏ်ပေါ်မှာကိလေသာ အညစ်အကြေးဖုံးနေတာ အများကြီးဖုံးတဲ့ ပုဂ္ဂိုလ်ရှိတယ် (မှန်ပါ့) အချို့ချို့သော ပုဂ္ဂိုလ်မှာ ဉာဏ်အမြင်ပေါ်မှာ ကိလေသာ နည်းနည်းဖုံးနေတာရှိတယ် (မှန်ပါ့ ဘုရား)။

လူဟာ အမျိုးမျိုးရှိတယ်တဲ့

လူဟာ အမျိုးမျိုးရှိတယ်တဲ့၊ ဉာဏ်မျက်လုံးပေါ်မှာ ကိလေသာ အများကြီးဖုံးတဲ့ ပုဂ္ဂိုလ်တစ်မျိုး၊ ဉာဏ်မျက် လုံးပေါ်မှာ ကိလေသာ နည်းနည်းသာ ဖုံးနေတာ ဖွင့်ပေးမည့်သူမရှိလို့သာ မဖွင့်ရတာ၊ အဲဒီလို ပုဂ္ဂိုလ်လဲ ရှိပါတယ်တဲ့ (မှန်ပါ့ ဘုရား) အဲဒီတော့ ဒီသုညတတရားဆိုတာ နက်နဲပါတယ်တဲ့၊ ဒါတွေဖြစ်ပျက်ရှုရတယ်ဆိုတာ နက်နဲတဲ့တရားပါတဲ့။

အဲဒီတော့ကို ဉာဏ်ပေါ်မှာ ကိလေသာ အညစ်အကြေးလောဘ၊ ဒေါသ၊ မောဟ ဣဿမစ္ဆရိယဆိုတဲ့ အညစ် အကြေး အများကြီးဖုံးတဲ့ ပုဂ္ဂိုလ်အတွက်တော့ အရှင်ဘုရားတို့ ဪ ဒီလူဟာ ကိလေသာများလို့ သုညတတရား မဟောဘူးဆိုတာတော့ တပည့်တော်တို့ ကျေနပ်ပါတယ်တဲ့ (မှန်ပါ့ ဘုရား)။

ဉာဏ်ပေါ်မှာ ကိလေသာ နည်းနည်းဖုံးနေတဲ့ ပုဂ္ဂိုလ်တွေ ဒီတရားကို မနာရလို့ရှိရင် ကျွတ်မည့်ပုဂ္ဂိုလ် မကျွတ်ရ တော့ဘူး (မှန်ပါ့) နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ဟာ (မရောက်တော့ပါ ဘုရား)။

မရောက်တော့ဘဲ ဖြစ်သွားပါမယ်တဲ့၊ ဒါ့ကြောင့် အရှင်ဘုရားတို့ ဟောတဲ့ တရားသည် ဒကာကြီး လူတွေကို ဒီတရားဟောလို့ လူတွေဟာ သားရေး, သမီးရေး, စီးပွားရေးနဲ့ ကိလေသာ မြူများနေတဲ့ပုဂ္ဂိုလ်ကို ဒီတရားဟောလို့ တော်ပါ့မည်လား၊ ဒါ့ကြောင့် မဟောဘူးလို့ ပြောတဲ့ဥစ္စာ အရှင်ဘုရားပြောတာက ကိလေသာများတဲ့ ပုဂ္ဂိုလ်ပြောတာပါ (မှန်ပါ့) လူတိုင်း ကိလေသာများနေတယ်လို့ ဆိုလို့ မရဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဖုံးလျက် သေသွားမယ် ဆိုရင်

ကိလေသာ နည်းနည်းကလေး ဖုံးနေတဲ့ပုဂ္ဂိုလ်မှာ ဒီသုညတတရား မနာရလို့ မပွင့်ဘဲနဲ့ ဖုံးလျက် သေသွားမယ် ဆိုရင် နစ်နာပါတယ်တဲ့ (မှန်ပါ့)။

ဒါ့ကြောင့် အရှင်ဘုရား ဒီတရားကို မဟောဘဲ မရှိပါနဲ့တဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါတယ် ဘုရား)။

ဒီတရားကို မဟောဘဲမရှိပါနဲ့တဲ့၊ ဒါမဟောလို့ရှိရင် ဥပါဒါန်မချုပ်ဘူး၊ မချုပ်လို့ရှိရင် နိဗ္ဗာန်မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ အရေးအကြီးဆုံးတရား ဒီတရားပွဲမှာ အခုမှတ်နေကြတာ သုညတဖြစ်ဘို့ အရေးကြီး ပါတယ် (မှန်ပါ့) သုညတဆိုတာ ဟောဒီလဖြစ်ပျက်၊ ငါ့ကိုယ်, ငါ့ဟာမဟုတ်ဘူး (မှန်ပါ့) ဒီဟာလဲ ဖြစ်ပျက်၊ ငါ့ကိုယ်, ငါ့ဟာမဟုတ်ဘူးဆိုပြီး ဒါတွေဟာ ဖြစ်ပျက်မြင်လို့ရှိရင် ဆရာဝန်ကြီးတို့ မောင်ဘတုတ်တို့ သုညတသာ မှတ်ပေတော့ (မှန်ပါ့) ငါ့ဥစ္စာမဟုတ်လို့ ပျက်တာကိုးဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်မြင်ရင် ဘယ့်နှယ်ဆိုကြမလဲ သုညတဆိုက်တယ် (မှန်ပါ့ သုညတဆိုက်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ) ဖြစ်ပျက်မြင်ရင် (သုညတဆိုက်ပါတယ် ဘုရား)။

ကိလေသာနည်းတဲ့ပုဂ္ဂိုလ်မှာ ဟောလိုက်လို့ရှိရင်

အဲ အဲဒီ သုညတတရားဟာ ကိလေသာနည်းတဲ့ပုဂ္ဂိုလ်မှာ ဟောလိုက်လို့ ရှုလိုက်လို့ရှိရင် တစ်ခါတည်း ဥပါဒါန် ပြုတ်ပြီး နိဗ္ဗာန်ရောက်တာဘဲ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိလေသာများတဲ့ပုဂ္ဂိုလ် မဟောချင်နေပါကွဲ့၊ ကိလေသာနည်းတဲ့ ပုဂ္ဂိုလ်မှာတော့ သုညတတရားကို ဟောရမယ် တဲ့၊ ဒါမှ နိဗ္ဗာန်ဆိုက်မှာ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီလို ပြောဆိုပြီးသကာလ ဒီနေ့တရားမှာ အခုနာရီက စေ့တော့မယ် ဘာဆုံးဖြတ်ချက်ချပေးမလဲ၊ အနာထပိဏ်သူဋ္ဌေးကြီး ဝတ္ထုမကုန်ပါဘူး၊ ဒီနေ့ခင်ဗျားတို့ ဘာမှမစွဲအောင် ဘယ့်နှယ်လုပ်မတုံး မေးလို့ရှိရင် ဘယ်အာရုံ မဆို စွဲမည့်အာရုံတွေကို အနိစ္စ, ဒုက္ခ, အနတ္တမြင်အောင်ကြည့်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဆိုရင် မဂ်လာတယ်၊ မဂ်လာရင် ဥပါဒါန်ချုပ်မယ် (မှန်ပါ့) တဏှာ နိရောဓေါနိဗ္ဗာနံ ဥပါဒါန နိရောဓေါ နိဗ္ဗာနံဆိုတာ မရပေဘူးလား (ရပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။