ရာဓရာရဟန်းဝတ္ထု
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
”ရာဓရာရဟန်းဝတ္ထု”
နေ့အလုပ်ပေးတရားတော်
(၂၃-၉-၆၁)
သေမင်းဆိုတာ ဘယ်တရား၊ ဘယ်သူလဲ
ရှေ့နားတိုးကြ၊ အလုပ်သမားတွေလဲ စ ကြရတော့မယ်၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလက်ထက်က “ရာဓ” ဆိုတဲ့ရဟန်းတစ်ပါးရှိတယ်၊ အဲဒီ ရာဓဆိုတဲ့ ရဟန်းတစ်ပါးက အင်မတန်မှ မေးတတ် မြန်းတတ်တယ်။
ကဿပဘုရား လက်ထက်ကတည်းက တရားတွေကလဲ ကွယ် လာခဲ့တော့ အရှင်ဘုရားတဲ့၊ တပည့်တော်တို့ သိတာတွေကတော့ သေမင်း သေမင်းလို့ ပြောသံကြားတယ်၊ ဒီသေမင်းကိုလဲ တပည့်တို့က မသိပါဘူး၊ အဲဒါ သေမင်း အကြောင်းကို သေမင်းဆိုတာ ဘယ်တရား၊ ဘယ်သူလဲ သူ ဘယ်သူ့ကို ဘယ်လိုသတ်သလဲ၊ ဒါကို အင်မတန် သိချင်ပါ တယ်တဲ့၊ အဲဒီတော့ သေမင်းအကြောင်းကို တပည့်တော်အား ရှင်းပေးပါတဲ့ဆိုတော့ သုံးဆယ့်တစ်ဘုံမှာလဲ အနိုင်ဆုံး လူလဲ သတ္တဝါတွေဟူသ၍ သေမင်းက အနိုင်ဆုံး(မှန်ပါ့) ဘယ်လိုဘုန်းကံပါရမီ လက်နက်အင်အားနဲ့ ပစ္စည်းအင်အားနဲ့ ပြန်လည်ခုခံနိုင်တဲ့ စွမ်းရည်မရှိဘူး။
နောက်ဆုံးပိတ် သူ့ ထိုးအပ်လိုက်ရတာဘဲ၊ ခန္ဓာကိုယ်ကို သေမင်းဘဲ ထိုးအပ်လိုက်ရတယ်(မှန်ပါ့) ဘယ်လို ဆရာဝန်တွေဘယ်လိုလောကဓါတ် ဆရာကြီးတွေဘဲဖြစ်ဖြစ် ဆရာဝန်ကြီး တော်တော်ကြာ သူ့ဆီ ထိုးအပ်လိုက်ရတာ ဘဲ(မှန်ပါ့ ဘုရား)။
အဲဒီတော့ သေမင်းအကြောင်းတော့ သူရှင်းရှင်းသိချင်ပါတယ်ဘုရားတဲ့၊ အဲဒါကြောင့် သေမင်းတော့ ဟောတော်မူပါတဲ့၊ ရာဓ၊ ရဟန်က လျှောက်တယ်လို့ နောက်က ဒကာ ဒကာမတွေ မှတ်ရမယ် (မှန်ပါ့) အဲဒီတော့ ဒကာ ဒကာမတွေ မှတ်ဖို့ရာက ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို ရာဓဆိုတဲ့ရဟန်းက
မာရော မာရောတိဘန္တေဝုစ္စတိ၊
ကိတ္တာဝဘာနုခေါဘန္တေမာရောဘိ။
သေမင်းငါးယောက်ရှိတယ်ကွ
သေမင်း သေမင်းလို့ ဘုရားအားလုံးပြောကြပါတယ်။ အဲဒီသေမင်း ဘယ်နှစ်ယောက်ရှိသတုံး၊ ဘယ်လောက်ရှိ သတုန်း ရှိခဲ့သော် သူ့ဘယ်သူတုန်းဆိုတာ သိပါရစေဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်၊ ဒကာ ဒကာမတို့ မှတ်ထားရမှာက သေမင်းငါးယောက်ရှိတယ်ကွ တဲ့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့) သေမင်း ဘယ်နှစ်ယောက်တဲ့ တုံး(ငါးယောက်ပါ ဘုရား) ငါးယောက်ဆိုတာဟာ ခင်ဗျားတို့ အင်မတန် မြတ်နိုးနေတဲ့ ခန္ဓာငါးပါးကို ဆိုတာပါ (မှန်ပါ့) ဒီခန္ဓာငါးပါးဟာ သေမင်းချည်းဘဲတဲ့ (မှန်ပါ့)။
ဒီခန္ဓာငါးပါးဟာ သေမင်းချည်းဘဲဆိုတော့ ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူတဲ့ ဘုရားမြတ်စွာတွေကိုလဲ သူတို့က သတ်တာဘဲ (မှန်ပါ့)။
စတြဝတေးမန္ဓာတ် လေကျွန်းသေဋ္ဌိနင်းစတြာမင်းကြီးဆိုတာလဲ သူများအပေါ်သာ လေးကျွန်းသေဋ္ဌိနင်း စတြာ မင်းကြီးဆိုတာဘဲ၊ သူ့ကျတော့ အရှုံးပေးရတယ်၊ ခန္ဓာငါးပါး သတ်လိုက်တာနဲ့ စတြာဝတေးမင်းလဲ ဆုံးရှုံးရတာဘဲ (မှန်လှပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာထဲမှာ သေမင်းငါးယောက်ရှိတယ်လို့ မှတ်ထားရမယ်(မှန်ပါ့) ခန္ဓာငါးပါးထဲမှာ သေမင်းဘယ်နှစ်ယောက်ရှိသတုန်း (သေမင်းငါးယောက်ရှိပါတယ် ဘုရား) သေမင်း ငါးယောက်ရှိတယ် လို့ မှတ်ထားကြပါ။
ဪ ခင်ဗျားတို့ ဘုရားဖူး လည်ကြတယ်၊ ဆရာတော်သမားတော်တွေ သွားဖူးကြတယ်၊ ကန်တော့ကျတယ်၊ ဘယ်သူနဲ့များ အဖော်လုပ်ပြီး သွားကြပါလိမ့်မတုန်းလို့ မေးဖို့လိုလာတယ်(လိုလာပါတယ် ဘုရား)။
မလိုဘူးလား(လိုပါတယ် ဘုရား) ဘယ်သူနဲ့ အဖော်လုပ်သတုံး (သေမင်းနဲ့ အဖော်လုပ်ပါတယ် ဘုရား) သေမှ သေပါ့မလား၊ လမ်းသွားရင်းများ (မှန်ပါ့ ဘုရား)။
ဟင် လမ်းသွားရင် လဲသေမှ သေပါမလား ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ကို သတ်ချိန်မရောက်သေးလို့ မသတ်မသေး လို့သာ အတူကတော့ အမြဲနေရပြီ(မှန်ပါ့) အတူကတော့ (နေရပါတယ် ဘုရား) နေမြဲနေလာတာ (မှန်ပါ့ ဘုရား)။
သေမင်းနဲ့အတူနေရပါလို၏တဲ့
ဒါကြောင့် ခင်ဗျားတို့ ဘုံဘဝတွေ ဆုတောင်းတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီတရားမျိုး မနာဘူးတော့ လူဖြစ်ရပါလို၏ ဆိုပြီး ဒီခန္ဓာငါးပါး သွားတောင်းတယ် (မှန်ပါ့ ဘုရား)။
သေမင်းနဲ့အတူနေရပါလို၏တဲ့ (မှန်ပါ့) နတ်ဖြစ်ရပါလို၏ဆိုရင်ကော (သေမင်းနဲ့အတူနေရပါလို၏) ခင်ဗျား တို့ပါးစပ်ထဲ ထည့်ရတာ ထည့်ဝံ့တာဘဲ အံ့ပါရဲ့ (မှန်ပါ့ ဘုရား)။
မသိတာက ဆရာဝန်ကြီးရဲ့ သိပ်ဆိုးနေတယ်၊ ခင်ဗျားတို့ကကော အန္တရာယ်ကင်း ဘေးကင်းလိမ့်မယ်လို့ ထင်တယ်၊ ဒါမျိုးဆိုတာ သူသတ်ယောက်ျားနဲ့ အတူနေရပါလို၏ဆိုတာ ပါးစပ်ထဲ မထည့်ကောင်းဘူး (မှန်လှပါ ဘုရား)။
သူသတ်ယောက်ျားနဲ့ အတူနေရပါလို၏ဆိုတာ (ပါးစပ်ထဲ မထည့်ကောင်းပါ ဘုရား) ခင်ဗျားတို့ ဘာဖြစ်လို့ နှုတ်တက်နေသတုံးလို့မေးတော့ သေမင်းမှန်းမသိဘူးဘုရား (မှန်လှပါ) ဒါဘဲအဖြေထွက်မယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်အဖြေထွက်မလဲ (သေမင်းမှန်းမသိသေးပါ ဘုရား) ဪ ခက်လိုက်တဲ့ ဖြစ်ချင်းမှ၊ ထိပ်ရိုက်လို့မှ ဓါးပြမှန်းမသိသေးဘူး၊
ဘယ်သူဘာဝေဒနာနဲ့နေသတုံးလို့ ခင်ဗျားတို့မသာတွေ သွားမေးတဲ့အခါကျတော့ အပူလွန်လို့ ရူပက္ခန္ဓာ၊ အအေးလွန်လို့ ရူပက္ခန္ဓာ (မှန်ပါ့ ဘုရား)။
အင်း ဒီဥစ္စာနာပြီး သေသွားတယ်၊ ဟာ သူသည်ကား ဝမ်းမြောက်ပြီးသေသွားတယ်၊ ဝေဒနာက္ခန္ဓာ သတ်တာ (မှန်လှပါ ဘုရား)။
အမှတ်မှားပြီး သေတာလဲရှိတယ်
တစ်ခါတစ်လေကျတော့ သူသည်အမှတ်ရပြီး သကာလ အမှတ်မှားပြီး သေတာလဲရှိတယ်၊ အမှတ်ရပြီး သေသွား တာလဲရှိတယ်၊ သညာသတ်တာ (မှန်ပါ့ ဘုရား)။
အမှတ်မှားပြီး ဆေးမှားသောက်တယ်ဆိုတော့ သညာသတ်ချလိုက်တာ (မှန်ပါ့ ဘုရား) သားကလေးတွေ့တော့ သားမဟုတ်တာ သားဟူသောအမှတ်နဲ့ လွမ်းဆွတ်သေသွားတယ်၊ သညာသတ်ချလိုက်တာ (မှန်လှပါ ဘုရား)။
စေတနာတွေကလဲ ဟိုပို့ဒီပို့၊ လူ့ပြည်ပို့လိုက်၊ နတ်ပြည်ပို့လိုက်၊ ဒီဘုံမှာတစ်ခါတည်း ခင်ဗျားတို့သေစေတတ်တဲ့ စေတနာ ဒီစေတနာတွေကလဲ သတ်ချလိုက်တာပဲ (မှန်ပါ့ ဘုရား)။
တစ်ချို့များ စိတ်ကြောင့် သူ့စိတ်နဲ့သူ သေတယ်ဆိုတာပါသေးတယ်၊ မရှိဘူးလား(ရှိပါတယ် ဘုရား) ဒါလဲ ဝိညာဏန္ဓာသတ်တာ(မှန်ပါ့) ခန္ဓာငါးပါးဘယ်လိုရှုရမယ်(သေမင်းလို့ဝိပဿနာရှုရပါမယ် ဘုရား)။
သေမင်းလို့ ရှုရမှာဆိုတော့ ဘဝများစွာ သံသရာကလာခဲ့တဲ့ ခင်ဗျားတို့ ကုသိုလ်ကံ အကုသိုလ်ကံတွေက လုပ်သ၍ အထည်တွေဟူသ၍ဖြင့် သူ့အခွန်ဆက်ဖို့ ခင်ဗျားတို့က လုပ်ကြတာဘဲ(မှန်ပါ့ ဘုရား)။
ဒါနတွေလုပ်ပြီ၊ လူကောင်၊ နတ်ကောင်၊ ဗြဟ္ဗာကောင်ဖြစ်အောင်လုပ်တာဘဲ သူ့အခွန်ဆက်ဖို့ သေမင်း ငါးယောက်အခွန်ဆက်ဖို့လုပ်တာ (မှန်ပါ့) သီလတွေဆောက်တည်ပြီး သကာလ နေတာလဲ ဘာလုပ်ဖို့ပါလိမ့် (သေမင်း အခွန်ဆက်ဖို့ပါ ဘုရား)။
သမထာတွေအားထုတ်ကြပြန်တယ်၊ ဗြဟ္ဗာအဖြစ်နဲ့ သေမင်းအခွန်ဆက်ဖို့ဘဲ နာမည်ကတော့ ဗြဟ္ဗာပေါ့ဗျာ (မှန်ပါ့) ဖြစ်တော့ အသတ်ခံမားတွေ သေမင်းတွေက နှိပ်စက်စရာအမည်လုပ်ပေးတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ငါ ငါ့ဥစ္စာတွေမဟုတ်ဘူးဗျ
ရှင်းပြီလား(ရှင်းပါပြီ) ဒါဖြင့် ခင်ဗျားတို့ဪ ဒီတရားတွေ သစ္စာနဲ့ ပတ်သက်တဲ့ သုညတ တရားတွေ ဒါငါ ငါ့ဥစ္စာတွေမဟုတ်ဘူးဗျ သေးမင်းတွေ (မှန်ပါ့ ဘုရား)။
ဒါသေမင်းတွေကို ခင်ဗျားတို့က ဒါ ငါ့ဥစ္စာလို့ သိမ်ဒပိုက်လေလေ နီးနီးကပ်ကပ် သတ်ရလေလေဘဲ(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား)။
ဒါတွေကို ခင်ဗျားတို့က ငါဘဲ ငါ့ဥစ္စာဘဲလို့ ထင်တဲ့ပုဂ္ဂိုလ်မှန်လေ နီးနီးကပ်ကပ်သတ်လေဘဲ(မှန်ပါ့) အဝေး မှာ သတ်ရသလားတဲ့၊ နီးနီးကပ်ကပ်သတ်ဖို့ကို ခင်ဗျားတို့ သူအပေါ်မှာ ဒီဋ္ဌုပါဒါန်နဲ့ စွဲနေတာလားလို့ မေးရင်ဘယ့်နှယ် ဖြေကြမလဲ (နီးနီးကပ်ကပ် သတ်ဖို့ ဒီဋ္ဌုပါဒါန်နဲ့ စွဲနေပါတယ် ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ဟာ သေရမှာတော့ ကြောက်လိုက်တာ၊ သတ်မည့်လူတော့လဲ ဖက်ထားတယ်(မှန်ပါ့) ကဘာဖြစ်နေတုံး ဦးမာဒင်ကြီးတို့ (မပြောတတ်ပါ ဘုရား)။
ရူးချက်ကတော့ သန်တာဘဲ၊ ရိပ်မိကြရဲ့လား(ရိပ်မိပါတယ် ဘုရား) ရူးချက်မက သိပ်သံနေတယ်တဲ့ ခင်ဗျား တို့ ဒါဘုန်းကြီးပြောတာက နည်းသေးတယ်လို့ အောက်မေ့ပါ။ ခင်ဗျားတို့ ရူးချက်က ဒီထက်သန်နေတယ်(မှန်ပါ့) မသန်ဘူးလား (သန်ပါတယ် ဘုရား)။
ဒီခန္ဓာငါးပါးက ရူပက္ခန္ဓာကလည်း သတ်တာဘဲ၊ ရောင်ဖော်ပြီ ဝါယောဓါတ်ကလည်း သတ်ချလိုက်တာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ပိန်ခြောက်ပြီး တေဇောဓါတ်ကလည်း ဆရာဝန်ကြီး သတ်ချလိုက်တာဘဲ၊ လူပေါင်းရေတွက်နိုင်ရဲ့လား (မရေ တွက်နိုင်ပါ့ ဘုရား) ဒါဖြင့် သူဘာသာတွေဘဲ၊ ဒါတွေသေမင်းတွေဘဲဆိုတာ မှတ်ထားကြပါ(မှန်ပါ့ ဘုရား)။
အခု ဘယ်သူနဲ့ နေရသတုံးလို့ မေးတော့
ခင်ဗျားတို့အခု ဘယ်သူနဲ့ နေရသတုံးလို့ မေးတော့၊ မယုံရင် ကျောက်သေတ္တာထဲထည့်၊ လေလုံပိတ်၊ ဒီအထဲတွင် သူတို့သတ်တာနဲ့သေမယ် (မှန်ပါ့ ဘုရား)။
မသေပေဘူးလား (သေပါတယ် ဘုရား) ဘာဖြစ်လို့ သေရသတုံးလို့မေးတော့ ခင်ဗျားတို့ လူ့ဘဝရောက်ရပါလို့၏ ဆိုတော့ လူခန္ဓာသတ်လို့ သေရပါလို၏၊ နတ်ဘဝရောက်ရပါလို၏ (နတ်ခန္ဓာသတ်လို့ သေရပါလို၏) ဗြဟ္မာဘဝရောက်ရ ပါလို၏ (ဗြဟ္မာခန္ဓာသတ်လို့ သေရပါလို၏) တယ်လဲသေချင်ကြတာကိုး၊ အားဘဲမရနိုင်ဘူး(မှန်ပါ့) ကြောက်စရာလူတွေ ဗျ (မှန်ပါ့ ဘုရား)။
ကြောက်စရာလူတွေဘဲ၊ ဒီလို သုညတစ်ဖြစ်တဲ့ တရား၊ သစ္စာဆိုက်တဲ့တရားကို မနာရသေးရင် သေမင်းကို အဖော်လုပ်နေကြတာဘဲ (မှန်လှပါ) သူကဒုက္ခသစ္စာတွေ၊ ညှာတာမဖက်နှိပ်စက်တယ်။
ပိဠနဋ္ဌောဘဲ(မှန်ပါ့) ဘယ်သူ့ညှာသတုံး (ဘယ်သူမှ မညှာပါ ဘုရား) ဘုရားတောင်မညှာဘူး (မှန်ပါ့) ဘုရားလဲ သူ့လက်တွင်းမှာ ပရိနဗ္ဗာန်ပြုရရှာတာဘဲ(မှန်ပါ့) မပြုရဘူးလား (ပြုရပါတယ် ဘုရား)။
အဲဒီတော့ ဒီသစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်အတွက်မှာဖြင့် သေမင်းက အဖော်လုပ်၍ သေမင်းနဲ့ မတွေ့ရမှာဘဲ စိုးရိမ်တယ် (မှန်ပါ့) တယ်လဲကြောက်စရာကောင်းပါလား မျက်စိသိလည်နေသနော် ဦးမာဒင်(မှန်ပါ့) ဆရာဝန်ကြီး မျက်စိသိပ်လည်နေတာ (မှန်ပါ့ ဘုရား)။
သေမင်းရှာနေတဲ့ အလုပ်သာ လုပ်တယ်
ဒီထိုးထိုးထွင်းထွင်း သစ္စာဆိုက်တရားကို အဟုတ်တမ်း မနာရသေးဘူးတဲ့ လူ့အတွက်မှာဖြင့် ဦးမာဒင်တို့ ဆရာဝန်ကြီးတို့ မှတ်ပေတော့၊ သေမင်းရှာနေတဲ့ အလုပ်သာ လုပ်တယ် (မှန်လှပါ့) အခုလဲ သေစရာရှိလျက်ဘဲ(ရှိလျက်ပါ ဘုရား) နောက်သေစရာကိုလည်း (ရှာလျက်ပါ ဘုရား)။
ရှာလျက်ဘဲဆိုတော့ နောက်က ဒကာ ဒကာမတွေ တစ်ခါမိုက်လား နှစ်ခါမိုက်လား အဖန်ဖန်မိုက်လားဆိုတာ ကိုယ့်ကိုကိုယ်ပဲ စွဲချက်တင်ကြပါတော့ (မှန်ပါ့ ဘုရား) ဆရာဝန်ကြီးဘယ့်နှယ်တင်မယ် (အဖန်ဖန်မိုက်ပါ ဘုရား)။
အဖန်ဖန်မိုက်ဗျ(မှန်ပါ့) ခင်ဗျားတို့က အဖန်ဖန်တောင်းတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) အော် ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီသာသနာတွင်း ဘုရားစဖြစ်ကတည်းက ဒီသစ္စာကိုဟောတယ်၊ ဒီ့ပြင်ဟာတွေက ဒီပုဂ္ဂိုလ်ကိုငဲ့ပြီး ဟောရရှာတာ(မှန်ပါ့) ဒါတွေကတော့ မငဲ့နိုင်ဘူး။ စခန်းသတ်တဲ့ တရားတွေ(မှန်ပါ့)။
သံသရာဆက်တဲ့ တရားတွေဖြစ်နေတော့ ဪ သေမင်းတွေဟာ တစ်ခြားလားအောက်မေ့နေတယ်၊ ခင်ဗျား တို့ခန္ဓာထဲ အပြည့်အနှက်ရှိတာပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) မပေါ်လာဘူးလား (ပေါ်လာပါ တယ် ဘုရား) ခင်ဗျားတို့ ခန္ဓာထဲ ဘာရှိသတုံး(သေမင်းအပြည့်အနှက်ရှိပါတယ် ဘုရား) သေမင်းအပြည့်အနှက်ရှိတယ် ဆိုတော့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ စိတ်ချလက်ချ နေဖို့မသင့်ဘူး(မှန်ပါ့) ကျုပ်တို့သည် သေမင်းမှန်သိပြီး သကာလ သေမင်း အပေါ်မှာ ငြီးငွေ့ပြီး သေမင်းနဲ့ကောင်းအောင် လုပ်တဲ့အလုပ်ကို ကျုပ်တို့ လုပ်ဖို့အရေးဟာဖြင့် အချိန်ရောက်ပြီ(ရောက် ပါပြီ ဘုရား) မရောက်သေးဘူးလား (ရောက်ပါပြီ ဘုရား)။
ဒါကလဲ အခုပြောပြလို့ ရောက်တာကိုး ခင်ဗျားတို့ဟာလဲ ခက်လိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့(မှန်ပါ့) ဒီလိုမှ ပြောပေးမဲ့လူနဲ့ အကွက်ကျကျ စေ့စေ့ ရာဓရဟန်းလို မေးမည့််လူမရှိလို့ရှိရင် ဦးမာဒင်ကြီးတို့များ အို သူများ မြှောက်လို့ မြောက်လိုက်မည့်ဖြစ်ခြင်း ဘာပြောစရာရှိမတုန်း (မှန်လှပါ ဘုရား)။
မင်းတော့ကွာ ဒီဘဝမှာ အသင့်အတင့်ရှိတယ် နောက်ဒီလောက်မကဘူး၊ အို ဘဝင်ကို မြောက်တက် သွားတယ် (မှန်ပါ့) ဟင် (မြောက်ပါတယ် ဘုရား)။
အသေကြီး ကြီး ကြီးဖြစ်ရရင် အတော်ဝမ်းသာပစ်လိုက်တယ်(မှန်လှပါ့) ခင်ဗျား ရောင်ဖော သေချင်တဲ့စိတ်က သိပ်များတာ(မှန်ပါ့ ဘုရား) ဒါလောက်ထိအောင် အရုပ်ဆိုးနေတာ (မှန်ပါ့) မဆိုးကြဘူးလား(ဆိုးပါတယ် ဘုရား)။
ဒါကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါပြောတယ် ဆရာဝန်ကြီးရဲ့(မှန်ပါ့) ဪ ခင်ဗျားတို့လဲ မသာကြီးဗျ သိပ်ကြိုက်တာကိုး (မှန်ပါ့) မဟောထိုက်ဘူးလား(ဟောထိုက်ပါတယ် ဘုရား)။
လူမသာနဲ့ နတ်မသာ
လူမသာနဲ့ နတ်မသာ ဘယ်သူအထည်ကြီးသတုန်းဆိုတော့ ဟိုက သုံးဂါဝုတ်ရှိတာကိုးဗျ၊ နတ်ထည်က သုံးဂါ ဝုတ်ရှိတယ်(မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ နတ်ပြည်သွားပြီး သေချေဦးမယ်ဆိုတော့ မသာကြီး ချကြတာပေါ့(မှန်ပါ့) မကျဘူးလား(ကျပါ တယ် ဘုရား)။
ဒါဖြင့် မသာကလေးနဲ့ မသာကြီး ဘယ်သူက ကြောက်စရာကောင်းပါ့မတုံး (မသာကြီးက ကြောက်စရာ ပို ကောင်းပါတယ် ဘုရား)။
အဲဒါကို ဆုတောင်းယူတာ(မှန်ပါ့) အံမာ ရူးချက်ဘယ်လောက် သန်တယ်မသန်တယ် မပြောနဲ့တော့(မှန်ပါ့) ဒါကသစ္စာသိမှ (မှန်ပါ့) သစ္စာမသိလို့ရှိရင်ဖြင့် နှိပ်စက်သတ်တဲ့ သစ္စာလို့ မသိသေးသ၍ ကာလပတ်လုံး မသာကြီး လူတိုးကြိုက်တယ် (မှန်ပါ့ ဘုရား)။
အတော်ဆိုးနေပြီ အတော်ဆိုးနေပြီ ခင်ဗျားတို့ ဒီမှာ ဘုန်းကြီးဆီရောက်လာလို့မှ ဆရာဝန်ကြီးတို့ ဆွေမျိုး တကာတွေ မျက်စိလည် မပျောက်ရင် ဘယ်တော့မှမပျောက်ဘူး (မှန်ပါ့) ပျောက်စရာလဲ အကြောင်းမရှိဘူး (မှန်ပါ့ ဘုရား)။
မရှိဘူးတဲ့ ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ထောင်လဲ ထောင်နိုင်တဲ့ နားလည်ရှိဖို့ခဲယဉ်းတယ်၊ ပြောတဲ့ ပုဂ္ဂိုလ်ကလဲ ပြောနိုင်ဖို့ရာ မြတ်စွာဘုရား ဒေသနာ၊ သုညတစ်ဒေသနာ ဟောနိုင်ဖို့ရာဟာကလဲ ဘုရားက ဒုလ္လတရား ငါးပါးထဲ သွင်းထားတယ် အတော်ရှားတယ်၊ အင်္ဂုတ္ထိုရ်မှာ လာတယ်နော်(မှန်ပါ့ ဘုရား)။
ဒုလ္လတရား ငါးပါး
ဘုရားပွင့်ဖို့ရာ ခဲယဉ်းတယ်ကွတဲ့၊ ငါဘုရားဒေသနာတော်ကို ဟောနိုင်တဲ့ပုဂ္ဂိုလ်ကလည်း သုညတ ဒေသနာတော် ကို ဟောနိုင်တဲ့ပုဂ္ဂိုလ်၊ သစ္စာဆိုက်အောင် ဟောနိုင်တဲ့ပုဂ္ဂိုလ် ရှားတယ်ကွ(မှန်ပါ့ ဘုရား)။
သစ္စာဆိုက်အောင် ဟောနိုင်ပြန်လဲ ထောင်နိုင်ပြန်တဲ့နားက ရှားတယ်ကွ(မှန်ပါ့) ထောင်နိုင်ပြန်လို့ရှိရင်လဲ ဒီအတွင်းမှ လွတ်ကင်းဖို့ရာ ကျင့်နိုင်တဲ့ပုဂ္ဂိုလ် ရှားတယ်ကွ(ရှားပါတယ် ဘုရား)။
အဲဒီအမှားထဲမျာ ခင်ဗျားတို့ အခုကပ်ကပ်သပ်သပ် ဪ အရှားထဲမှာမှ ဒို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် နားထောင်ခွင့်ကြုံတယ်၊ ထောင်တတ်တဲ့နားလည်းရှိတယ်၊ ထောင်ဖို့ရာလည်း အရှာလာတယ်၊ ပြီးတော့ကို ဒီအလုပ်ကိုလဲ လုပ်မယ်ဆိုတော့ ခင်ဗျားတို့ ဒါနောက်ဆုံးပိတ် ကျွတ်တမ်းတောင်ဝင်နိုင်တဲ့ဘဝမျိုးလို့ အောက်မေ့ထားပါ(မှန်ပါ့ ဘုရား)။
ဒါနဲ့ ရာဓ ပြန်ဆက်ကြစို့ မာရော မာရောတိ ဘန္တေဝုစ္စတိ၊ ကိတ္တာဝတာနုခေါဘန္တေမာရောတိ၊ အရှင်ဘုရား သေမင်း သေမင်းဆိုတာ ဘယ်ဟာတုံး (သေမင်းပြောစမ်းပါ ဘုရားသေမင်း ဘယ်နှစ်ယောက်ရှိသတုန်းဆိုတော့ ရူပေ ခေါသတိ မာရောအဿ။ ရာဓ ရာဓရဟန်း ရူပေ= ရုပ်တရားသည်၊ သတိ-ရှိသော်၊ မာရော-သေမင်းသည်၊ အဿဘဝေယျ-ဖြစ်ရာ၏(မှန်ပါ့ ဘုရား)။
ရုပ်ရှိရင် မင်းတို့ကို ရုပ်ကသတ်လိမ့်မယ်တဲ့ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ရူပက္ခန္ဓာရှိရင် (ရူပက္ခန္ဓာက သတ်မှာပါ ဘုရား) ရူပက္ခန္ဓာကသတ်မှာတဲ့ (မှန်ပါ့) အဲဒါ တောသူ တောင်သားတွေ ရော၊ မြို့သူမြို့သားတွေရော သေမင်းနဲ့ စစ်ထိုးချင်တယ်လို့ မသာများမှာ သူတို့သားသမီးများ သေသွားတဲ့အခါမှာ ထငိုလိုက်တယ် (မှန်ပါ့) သေမင်းနဲ့ စစ်တိုက်ချင်တယ်တဲ့၊ ဒီလို ထငိုတာများ မင်းတို့ ကြားဖူးတယ်မဟုတ်လား (ကြားဖူးပါ တယ် ဘုရား)။
သေမင်းနဲ့ စစ်ထိုးချင်တယ်လို့များ သူက ထပြီးငိုလိုက်သေးတယ်(မှန်ပါ့) သူ့အထဲ သေမင်းကြီးက ဟင်(မှန်ပါ့) အဲဒါလောက် ကိုယ်ဆုတောင်းတာကို ပြည့်တာကိုပင်လျှင် ဒီကြတော့ မကြိုက်ပြန်ဘူး(မှန်ပါ့ ဘုရား)။
ခန္ဓာငါးပါး သေမင်းနဲ့ ကြုံရပါလို၏
နဂိုလ်ကတော့လည်း ဒီခန္ဓာငါးပါး သေမင်းနဲ့ ကြုံရပါလို၏(မှန်ပါ့) ဆုတောင်းပြည့်ပြန်တော့လဲ မကျေနပ်ဘူး (မှန်ပါ့) မပြည့်-ပြည့်အောင်လို့လဲ (တောင်းယူပါတယ် ဘုရား) ပြည့်ပြန်တော့လဲ(မကျေနပ်ပါ ဘုရား)။
ဟာ ခင်ဗျားတို့ကို ဘုရားလက်လျှော့ပြီ(မှန်ပါ့) ဘုရားလက်လျှော့ပြီ လျှော့ထိုက် မလျှော့ထိုက် (လျော့ထိုက်ပါ တယ် ဘုရား) ဒါကြောင့်လဲ ဘုရားတစ်ဆူဆူနဲ့ လွဲခဲ့တာဘဲ (မှန်ပါ့) ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။
သာမည လူစွမ်းကောင်းလား အမိုက်ကန်းကုန်နေတာ(မှန်ပါ့) မဖြစ်ဖြစ်အောင်၊ သေမင်း မရရအောင်တော့ ဆုတောင်းတယ်၊ သေမင်းက တကယ်သတ်လိုက်တဲ့အခါကျတော့ မကျေနပ်ဘဲ ခင်ဗျားတို့က ဖြစ်ပြန်တယ်၊ မဟုတ်ဘူး လား(မှန်ပါ့ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဟောဖို့တရား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ မတောင်းပါနဲ့ဆိုတော့ သေမင်းကို မရ-ရအောင်တောင်းတယ်၊ သတ်တော့လဲ မကျေနပ်ဘူးဆိုတော့ ငါဘုရား ဘယ်လိုစဉ်းစားရမတုံးဆိုတဲ့ ဥစ္စာ ဘုရား ညည်းစရာ ပေါ်လာတယ်(မှန်ပါ့ ဘုရား)။
ဒါကြောင့် ညည်းရှာတယ်၊ ဒီအန္ဓပုထုဇဉ်အကန်းတွေ ငါဘယ်လိုလုပ်ပြီး ဟောရပါမတုံး(မှန်ပါ့) သေမင်းကို လည်း ဆုတောင်းယူတယ်၊ သတ်ပြန်တော့လဲ မကျေနပ်ဘူးဆိုတော့ ဆရာဝန်ကြီးဘဲ စဉ်းစား၊ ဒီအမှုဘယ်လိုဆုံးဖြတ် ချက်ချမတုံးချဖို့က ဘယ့်နှယ်နေမတုံး(ခဲယဉ်းပါတယ် ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ နောက်က ဒကာဒကာတွေ ရူးချက်သန် မသန်(သန်ပါတယ် ဘုရား) သေမင်းကိုတော့ ဘာလုပ်သတုံး (ဆုတောင်းယူပါတယ် ဘုရား) သတ်ပြန်တော့လဲ (မကြိုက်ပါ ဘုရား)။
သတ်ပြန်တော့လဲ မကျေနပ်ဘူး၊ နဂိုလ်ကတော့ သတ်ဖို့ရာဆုတောင်းယူတယ်(မှန်ပါ့) သတ်လှည့်ပါလို့ ဆုတောင်းပြီး ခေါ်ထားတယ် (မှန်ပါ့) သတ်ပြန်တော့လဲ(မကြိုက်ပါ ဘုရား)။
သေချင် သေးလို့ပေါ့
မကြိုက်ပြန်တော့လဲ နောက်ကျတော့ မသေရာသွားပါတော့မယ်လို့ လာသလားတဲ့၊ ဒီပြင်နေရာကိုဘဲ၊ လူ့ပြည် နတ်ပြည်ဘဲ ဆုတောင်းပြန်သလားလို့ မေးတယ်(မှန်ပါ့) တောင်းသေးတာဘဲတဲ့(မတောင်းသေးတာပါဘဲ ဘုရား) သေချင် သေးလို့ပေါ့(မှန်ပါ့) မဟုတ်ဘူးလား(မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ်(သေချင်သေးလို့ပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးက တစ်ခါတစ်ခါပြောတယ်၊ ဦးမာဒင်တို့ လူစု ခင်ဗျားတို့ဟာ သိုးကောင် မိုက်သလို မိုက်နေတာ (မှန်ပါ့) သိုးကောင်ကို စဉ်းတီတုံးပေါ်တင်ပြီး ကုလားက လည်လှီးလိုက်တယ်ဆို နောက်တစ်ကောက်က ပြေးဝင်လာတာဘဲ (မှန်ပါ့ ဘုရား)။
သူလဲသတ်ပါဆိုတော့ ခင်ဗျားတို့ကော (အဲဒီလိုပါဘဲ ဘုရား) အတူတူဘဲ(မှန်ပါ့) အတူတူဘဲ ဒီဒကာ ဒကာမတွေ မိုက်ချက်ဟာ လေးချောင်းနဲ့ နှစ်ချောင်းကွာသနော်(မှန်ပါ့) မိုက်ချက်ကတော့ အတူတူဘဲ(အတူတူပါဘဲ ဘုရား)။
ကဲ ဒါဖြင့် သေမင်းသိပြီပေါ့ဗျာ(မှန်ပါ့) ခန္ဓာငါးပါးဟာ သူသတ်ယောကျ်ား ငါးယောက်(မှန်ပါ့) ခန္ဓာငါးပါးဟာ (သူသတ်ယောက်ျား ငါးယောက်ပါ ဘုရား)။
ရှင်းပြီလား (ရှင်းပါပြီ) ဒါဖြင့် ဒီသူသတ်ယောက်ျား ငါးယောက်ကိုဘဲ ခင်ဗျားတို့က အရ တောင်းထားပြီးတော့ ပရိတ်ကလေးနဲ့ (မှန်ပါ့ ဘုရား)။
အရှင်ဘုရား ပရိတ်ကလေးရွက်ခဲ့ပါဦး၊ တပည့်တော် သူသတ်ယောကျ်ားတွေ အပြင်ထွက်ပြေးရင် တပည့်တော် အသေနည်းတော့မယ်ဆိုသလို ဆရာဝန်ကြီးတို့ ဆွမ်းကလေးဘာလေး ကျွေးတဲ့အခါ ပရိတ်ကလေးများ ဘုရား ချီးမြှောက် ခဲ့ပါဦးတဲ့(မှန်ပါ့ ဘုရား)။
သေမင်းထွက်ပြေးသွားမှာစိုးလို့
ဘာအဝိုင်းခိုင်းတာတုံးလို့မေးရင် ဘယ့်နှယ် ပြောကြမလဲဟင်(သေမင်းထွက်ပြေးသွားမှာစိုးလို့ပါ ဘုရား) သေမင်းထွက်ပြေးသွားမှာစိုးလို့ နီးနီးကပ်ကပ်သတ်ပါစေတော့လို့ သူ့ကိုဝိုင်းပေးထားခဲ့တာ(မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဒါကအစစ်အမှန်ဟောရမယ်ဆိုတော့ ဒါဘဲပြောရမယ်(မှန်ပါ့) သေမင်းက အပြင်ဘက်နေတာ မဟုတ်ဘဲကိုး (မှန်ပါ့ ဘုရား)။
”ရူပေခေါရာဓ သတိမာရောဝါအဿ” ရာဓ=ရာဓရဟန်း။ ရူပေ-ရုပ်တရားသည်၊ သတိ၊ ရှိသော်၊ မာရောဝါ၊ သတ်သည်၊ အဿဘဝေယျဖြစ်ရာ၏။ ရုပ်သာရှိလျှင် မင်းသတ်မှာပဲတဲ့(မှန်ပါ့ ဘုရား)။
ဝေဒနာက္ခန္ဓရှိရင်လည်း သူကသတ်မှာဘဲ(မှန်ပါ့) သညာရှိရင်လဲ (သူကသတ်မှာပါ ဘုရား) စိတ်ဆိုတဲ့ ဝိညာဏ် ရှိရင်လဲ(ဝိညာဏ်စိတ်က သတ်မှာပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် ဦးမာဒင်က တစ်ယောက်တည်း၊ ဆရာဝန်ကြီးက တစ်ယောက်တည်း၊ သတ်မည့်သူက ငါးယောက်၊ ဘယ်တော့မဆို အရှုံးပေးရမယ်(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ ဘုရား)။
နို့ အခုတပည့်တော်တို့ ဘာဖြစ်လို့ မသေသေးတာတုံး ဘုရားသေမင်းရှိလျက်နဲ့ အို တောင်းပန်ထားလို့ (မှန်ပါ့) မနက် ထမင်းကလေးနဲ့ တောင်းပန်ထားတယ်၊ ရေကလေးနဲ့ကော(တောင်းပန်ပါတယ် ဘုရား)။
တတ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြင့်လဲ ဟောလစ်ကလေနဲ့ ကွေကာအုပ်လေးနဲ့ မဟုတ်ဘူးလား(မှန်လှပါ) ဒါဟာ ဆရာဝန် ကြီး ဘာလုပ်နေတယ် ထင်သတုန်း(သေမင်းတောင်းပန်တာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ)။
အဲဒီတော့ ခင်ဗျားတို့က ဒို့ကတော့ နည်းနည်းကလေး အကြောင်းညီညွတ်လို့ ကောင်းကောင်းမွန်မွန် ချက်စား နိုင်တယ်လို့ ခင်ဗျားတို့ထင်နေတယ်(မှန်ပါ့ ဘုရား)။
သေမင်းတောင်းပန်နေတာ
မဟုတ်ပါဘူးတဲ့ ကောင်းကောင်းမွန်မွန် ချက်စားနိုင်တာ မဟုတ်ပါဘူု ခင်ဗျားတို့ သေမင်း တောင်းပန်နေတာ (မှန်ပါ့) ဗြုန်းကနဲ မသတ်လိုက်ပါနဲ့ ကျုပ်တောင်းနိုင်သ၍ တောင်းပန်ပါ့မယ်ဆိုပြီး သကာလ တောင်းပန်ပြီးနေရတာ (မှန်ပါ့) ကျေနပ်ကြရဲ့လား(ကျေနပ်ပါတယ် ဘုရား)။
ဘယ်လိုနေကြသတုံး(တောင်းပန်နိုင်သ၍ တောင်းပန်ပြီးနေကြရပါတယ် ဘုရား) ဘယ်သူ့တောင်းပန်တာတုံး (သေမင်းကိုတောင်းပန်ရတာပါ ဘုရား)။
ဆုတောင်းပြီးမှ ကျွန်ဖြစ်ရတယ်(မှန်ပါ့) ဆုတောင်းပြီးမှဘာတုံး(ကျွန်ဖြစ်ရတာပါ ဘုရား)။
ဒါက အဘိဓမ္မာသဘောမှာဖြင့် ဒီပြင်ပိုပြီးမရှိဘူး(မှန်ပါ့) သူ့ကို မရရအောင် ဆုတောင်းတာဘဲ ခင်ဗျားတို့ ဘဲ(မှန်ပါ့) ကျွန်အဖြစ်နဲ့ တောင်းပန်နေရာတာကော(တပည့်တော်တို့ပါ ဘုရား)။
တယ် ခင်ဗျားတို့က လုပ်ပုံကဖြင့် အလွဲချည်းဘဲ (မှန်ပါ့ ဘုရား) ဆရာဝန်ကြီးဘယ်နှယ်ဆိုမလဲ(လုပ်ပုံအလွဲချည်း ပါ ဘုရား) အလွဲချည်းဘဲ (မှန်ပါ့ ဘုရား)။
ဆုတောင်းတာလဲ ငါတို့သေမင်းကို ဆုတောင်းယူထားတယ် အကောင်းမှတ်ပြီးတော့(မှန်ပါ့) အခုတော့ဖြင့် တောင်းပန်ပန်နဲ့ နေတိုင်းနေရတယ် (မှန်ပါ့ ဘုရား)။
ဆေးနဲ့ တောင်းပန်လိုက် အထည်အဝတ်ကလေးခြုံပြီးတော့ (တောင်းပန်ရပါတယ် ဘုရား) အစားအသောက် ကလေးမျှတအောင်ကျွေးပြီးတော့(တောင်းပန်ရပါတယ် ဘုရား)။
ရေတောင်မှ ရေခဲသေတ္တာနဲ့မှ၊ ရေစစ်အိုးနဲ့မှ ရေကျက်အေးနဲ့မှ၊ တောင်းပန်တဲ့ ရေပေါင်း ဘယ်လောက် ရှိသတုံး (များပါတယ် ဘုရား)။
ဒါ ခင်ဗျားတို့က တောင်းပန်တဲ့ ကျွန်ကပေမဲ့ ဘဝမြင့်တဲ့အခါပါသေးတယ်(မှန်ပါ့)။
ဪ မရှိတဲ့သူများကျတော့ တော်အောင်ပြီးရှာကြရတာဘဲ(မှန်ပါ့) ဒို့မှာတော့တတ်နိုင်လို့ ရေအမျိုးမျိုးနဲ့ တောင်းပန်နိုင်တယ်(မှန်ပါ့ ဘုရား)။
ဘာတုံးဗျ အဲ့ဒါ(သေမင်းတောင်းပန်တာပါ) သေမင်းတောင်းပန်တာများဂုဏ်ယူနေသလား။
ဂုဏ်ယူစရာများလိုသေးသလား
သေမင်းတောင်းပန်တာများ ကိုထွန်းအောင် ဂုဏ်ယူစရာများလိုသေးသလား(မလိုပါ ဘုရား) မလိုတော့ဘူး ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
သို့သော်လဲ ခင်ဗျားတို့ချင်း တန်းခွဲတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ(မှန်ပါ့) ဆရာဝန်ကြီးတစ်ချို့ တန်းခွဲသေး တယ်(မှန်ပါ့ ဘုရား)။
မခွဲဘူးလား(ခွဲပါတယ် ဘုရား) တန်းခွဲတယ်တဲ့၊ အဲဒါသေမင်းမှန်း မသိတာ(မှန်ပါ့) တောင်းပန်တဲ့ ပုဂ္ဂိုလ်ကို ငါက များများနိုင်တဲ့ပုံ ငါကများများတောင်းပန်တယ်လို့ဆိုတာ ငါက များများ အောက်ကျ တာဘဲ(မှန်ပါ့) ဘယ့်နှယ်ဆို မလဲ(များများတောင်းပန်ရင် များများအောက်ကျပါတယ် ဘုရား)။
နို့ များများတောင်းပန်တဲ့လူက လူ လူချင်းကတော့ ဘာဖြစ်လို့ သူဘဝင်မြင့်နေတာတုံး၊ ရူးလို့ (မှန်ပါ့ ရူးလို့ပါ ဘုရား)။
မသိလို့(မှန်ပါ့) ဒကာ ဒကာမတွေ ဆိုထိုက်ပြီလား(ဆိုထိုက်ပါတယ် ဘုရား) ဒါက ဉာဏ်နားနဲ့ ထောင်မှ ဉာဏ်နား နဲ့ မထောင်ရင် ဒကာ ဒကာမတွေမရဘူး (မှန်ပါ့ ဘုရား)။
အခုဉာဏ်နားနဲ့ ထောင်ကြည့်တော့လဲ ဪ မိုက်တဲ့အထဲ ဒို့က ဗိုလ်စွဲနေပြန်ပြီ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမယ်(မိုက်တဲ့အထဲ ဗိုလ်စွဲနေပါတယ် ဘုရား) မိုက်တဲ့အထဲမှာ ဗိုလ်စွဲရတယ်ဆိုတော့ အတော်ဆိုး နေပြီဆိုတာ နောက်က ဒကာ ဒကာမတွေပေါ်ပြီလား(ပေါ်ပါပြီ ဘုရား) မိုက်တာရိုးရိုးလား ဗိုလ်စွဲအောင်ဘဲ မိုက်သလား (ဗိုလ်စွဲအောင်ဘဲ မိုက်ပါတယ် ဘုရား)။
ရှင်းပြီလား(ရှင်းပါပြီ) ဒါဖြင့် ဒီလိုလုပ်ကြတော့တဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရာဓ= မင်းကိုသေမင်းတွေ ငါဟောပြီးပြီးကွတဲ့၊ သိပြီနော်(မှန်ပါ့ ဘုရား)။
သေမင်းတို့မရှိတဲ့နေရာကိုသာ
ဒါဖြင့် ဘုရားတဲ့၊ တပည့်တော်ဒီသေမင်းနဲ့ အိုးစားကွဲအောင် သေမင်းတို့မရှိတဲ့နေရာကိုသာ တပည့်တော် ရောက်အောင်သာ နည်းပေးပါဆိုတော့ သေမင်း သေမင်းလို့ရှု၊ ရုပ်တွေလဲ သေမင်းလို့ရှု၊ ဝေဒနာတွေလဲ(သေမင်းလို့ ရှုပါမယ် ဘုရား) ဒီလိုရှုကွာတဲ့၊ ဒီလိုရှုစမ်းပါတဲ့(မှန်ပါ့ ဘုရား)။
သေတတ်တဲ့တရားလိုလဲ ရှုပါကွ၊ သေအောင် လုပ်နေတာ သူဘဲလို့ လဲရှုပါကွ(မှန်ပါ့) အနာတွေဆိုတာလဲ သူဘဲလို့ ရှုပါကွတဲ့ သူတို့က အနာလုပ်ပြီး သတ်တာဘဲ(မှန်ပါ့ ဘုရား)။
ငြောင့် တံသင်းသဖွယ် ထိုးသတ်တာကွတဲ့၊ သဘောကျပြီလား(ကျပါပြီ) အကျိုးမပြီး အချည်းနှီးတရား နှိပ်စက်နေတဲ့ တရားလို့လဲ ရှုပေးပါ၊ အကျိုးမရှိအောင် လုပ်နေတဲ့ တရားမျိုးဘဲ၊ ဒီလိုလဲရှုပေးစမ်းပါတဲ့ (မှန်ပါ့ ဘုရား)။
ဒါကတော့ ပါဠိတော်လာတဲ့သဘော ကုန်အောင်ပြောလိုက်တာဘဲ၊ စင်စစ်တော့ သေအောင်သတ်တဲ့ တရား၊ သေအောင်သတ်တဲ့တရား၊ ဝေဒနာကလေး ပေါ်လာလဲ နှိပ်စက်တတ်တဲ့တရား၊ နှိပ်စက်တတ်တဲ့တရားချည်းရှုပေး (မှန်ပါ့ ဘုရား)။
ဒါသစ္စာနဲ့ ရှုခိုင်းတာ(မှန်လှပ်) ဓမ္မာနုပဿနာလို့ခေါ်တယ်(မှန်ပါ့ ဘုရား) ရှင်ပြီးလား(ရှင်းပါပြီ) ဘာနဲ့ အရှုခိုင်း သတုံး(ဓမ္မာနုဿနာနဲ့ အရှုခိုင်းပါတယ် ဘုရား) ဓမ္မာနုပဿနာအထဲမှာလဲ သစ္စာနဲ့ အရှုခိုင်းတယ်၊ သစ္စာဓမ္မာနုပဿနာ (မှန်ပါ ဘုရား)။
သေမင်းတွေလို့ ရှုပေးပါ
သေအောင်လုပ်တဲ့တရား၊ သေအောင်လုပ်တဲ့တရား၊ သေအောင်သတ်မည့်တရား၊ သေအောင်သတ်မည့်တရား လို့ ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်ထဲကနေပြီး ရှုပေးစမ်းပါ(မှန်လှပါ) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒါတွေသေမင်းတွေ၊ သေမင်းတွေ၊ သေမင်းတွေလို့ ရှုပေးပါ(မှန်ပါ့) တစ်နည်းအားဖြင့်လဲ နှိပ်စက်တတ် တဲ့တရား၊ နှိပ်စက်တတ်တဲ့တရား၊ နှိပ်စက်တတ်တဲ့တရား ဘာပေါ်ပေါ်ခန္ဓာငါးပါးထဲမှာ ပေါ်ရာကို နှိပ်စက်တတ်တဲ့ တရားလို့ ရှုပေးပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒီလိုရှုပေးပါ-တဲ့၊ ကောင်းပြီ ဒီလိုရှုလိုက်တဲ့အခါကျတော့ ရာဓက ဆက်မေးမြန်းတယ်၊ ကဲ ဘုရားတပည့်တော် ကတော့ ဒါတွေ သေမင်းတွေ သေမင်းတွေ နှိပ်စက်တတ်တဲ့ တရားတွေလို့ တပည့်တော်က ရှုပါပြီတဲ့၊ ရှုတော့ အမှန်မြင် လာပါပြီဘုရားတဲ့၊ သေမင်းအစစ်လို့ တပည့်တော် စိတ်ထဲမှာ အမှန်မြင်လာပါပြီတဲ့(မှန်ပါ့) မြင်တော့ ဘာကျေးဇူးရှိ သတုံးတဲ့၊ ဆက်မေးတယ်(မှန်ပါ့ ဘုရား)။
အဘယ်အကျိုးရှိသတုန်း
သမ္မာဒဿနံပန ဘန္တေ ကိမတ္တိယန္တိ၊ ဘန္တေ=မြတ်စွာဘုရား၊ သမ္မာဒဿနံပန=တပည့်တော် သေမင်းတွေကို မြင်လာတဲ့အခါကြတော့၊ ကိမတ္တိ=အဘယ်အကျိုးရှိသတုန်းလို့ သူမေးလိုက်တယ်(မှန်ပါ့ ဘုရား)။
သေမင်း သေမင်းလို့ တပည့်တော် ရှုနေပြီ-တဲ့၊ သေအောင်လုပ်တဲ့တရား သေအောင်လုပ်တဲ့ တရားလို့ တပည့်တော် ဒီတရားကို တွေ့တိုင်း ရှုနေပြီတဲ့၊ ဘာကျေးဇူးရှိသတုန်းတဲ့(မှန်ပါ့ ဘုရား)။
ဒီလိုပါ ကျေးဇူးရှိတယ်ဆိုတာ မင်းမှတ်ထားကွတဲ့၊ ဒီလိုရှုဖန်များလာတဲ့အခါကျတော့ နိဗ္ဗံ န္ဒဖြစ်လာလိမ့်မယ်၊ ငြီးငွေ့လာလိမ့်မယ်ကွတဲ့(မှန်ပါ့) သူ့ကို ငြီးငွေ့မုန်းလာမယ်တဲ့၊ သဘောကျပြီလား(မှန်ပါ့) မမုန်းပေဘူးလား(မုန်းပါတယ် ဘုရား)။
ဘယ့်နှယ်ဗျာ ကိုယ့်နှိပ်စက်တတ်တဲ့တရားကို သိလည်းသိပြီ အမှန်လဲသိပြီ၊ အမှန်လည်း မြင်တယ်ဆိုတော့ သူ့ကို မုန်းမလား မမုန်းဘူးလား၊ ခင်ဗျားတို့ဘဲ တွေးကြည့်ပါ (မုန်းပါတယ် ဘုရား) မုန်းမှာဘဲ၊ ဦးမာဒင်တို့ ဆရာဝန်ကြီး တို့မုန်းရမှာဘဲ(မှန်လှပါ)။
ဪ ဒါဖြင့် ဘုရားတပည့်တော် ရှုတဲ့ပုဂ္ဂိုလ်မှာ ရှုနိုင်သလောက် ရှုလို့ သေမင်း သေမင်းလို့ နှိပ်စက်တတ်တဲ့ တရားလို့ ရှုနေ၊ သေမင်းလို့ရှုနေ၊ နှိပ်စက်တတ်တဲ့ တရားလို့ရှုနေ၊ ဒါသစ္စာရှုခိုင်းတာ၊ ဒုက္ခဿပိဠနဠောလို့ ဆိုတာကို ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ရိုးရာဟောနေကြတာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲ ဟောတယ်၊ အဲဒါက ဒါလောက် မကြောက်ဘူး၊ ဒါကို ဟောမှ ကြောက်ကြတယ် (မှန်ပါ့ ဘုရား)။
နှိပ်စက်တတ်တဲ့ တရား သေအောင် လုပ်နေတဲ့တရားလို့ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို သတ်မည့်တရား၊ သဘောကျပြီလား (မှန်လှပါ ဘုရား)။
ငြီးငွေ့တဲ့ ဉာဏ်တွေ လာတော့မယ်တဲ့
အဲဒီလိုရှုလိုက်တဲ့အခါကျတော့ ရှုဖန်များလာတော့ ဘာအကျိုးရှိသတုံးဆိုတော့ နိဗ္ဗိဒတ္တံ တဲ့၊ မင်းမှာ ငြီးငွေ့တဲ့ ဉာဏ်တွေ လာတော့မယ်တဲ့ (မှန်ပါ့) မလာဘဲနေပါဆိုလို့ကော (မနေပါ ဘုရား) သေသေချာချာလာရမယ် (မှန်ပါ့ ဘုရား)။
သေမင်း သေမင်းလို့သာရှုနေ၊ ဝေဒနာပေါ်သေမင်းလို့သာရှုနေ၊ စိတ်ပေါ်ရင်ကော သေမင်းလို့ပဲရှု (မှန်ပါ့) သေမင်းလို့ရှု၊ သေအောင်လုပ်တတ်တဲ့တရား ခင်ဗျားတို့ ကြိုက်သလိုရှု (မှန်ပါ့) သူကတော့ဖြင့် မလွဲပါဘူး (မှန်ပါ့ ဘုရား)။
သူသတ်ပရိယာယ်တွေကို ခင်ဗျားတို့ ဘယ်လိုပြောပြော သူကဖြင့် သတ်တတ်တဲ့စွမ်းရည်သတ္တိတော့ မလျှော့ဘူး (မှန်ပါ့) လျှော့ပါ့မလား (မလျှော့ပါ ဘုရား) မလျှော့ဘူးလို့ မှတ်ထားပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) သဘောပါ ပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီလို သေမင်း သေမင်းလို့ ရှုဖန်များလာတော့ ဘာဖြစ်မတဲ့တုံး ဦးမာဒင်တို့ ငြီးငွေ့လာတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ရှုဖန်များလာရင် (ငြီးငွေ့လာပါတယ် ဘုရား)။
မငြီးငွေ့ပါနဲ့ဆိုလို့တော့ (မရပါ ဘုရား) မရဘူးတဲ့၊ ဒီဟာတွေမြင်တိုင်းမြင်တိုင်းကို မတွေ့ချင်ပါဘူး၊ မကြုံချင် ပါဘူး။ ကိုယ့်ရန်သူတွေပဲဆိုပြီး ဒီစိတ်လာရမှာလား၊ မလာရဘူးလား (လာရမှာပါ ဘုရား)။
အဲဒါငြီးငွေ့လာလိမ့်မယ်ဆိုတော့ ခုနင်ကဟာက သေမင်း သေမင်းလို့ရှုတာက ယတာဘူတဉာဏ်၊ ငြီးငွေ့တာက နိဗ္ဗိန္နဉာဏ်တက်သွားပြီ (မှန်လှပါ) သဘောကျပြီလား (ကျပါပြီ) ဒါက အလုပ်သမားတွေ လုပ်ရတော့မယ် (မှန်ပါ့ ဘုရား)။
ဒါနဲ့ ရာဓကဆက်မေးမယ်၊ နိဗ္ဗိန္နဉာဏ်တော့တက်ပါပြီ ဘုရားတဲ့၊ သေမင်းလို့ရှုလိုက်လို့ ဟုတ်တိုင်းမှန်စွာ သေမင်းလို့သိပါပြီ၊ သိပြီးသည့်နောက် ရှုဖန်များတဲ့အခါကျတော့ သူသတ်တွေကိုမုန်းရွံလာပါပြီ၊ နိဗ္ဗိန္နဉာဏ်ဖြစ်ပြီးတော့ကို ဘာကျေးဇူးရှိမတုံးတဲ့ ဆက်မေးတယ် (မှန်ပါ့ ဘုရား)။
နိဗ္ဗိန္နဉာဏ် ဖြစ်ပြီးပြီ ဘုရား၊ ဘာကျေးဇူးရှိ သတုံးလို့ မေးတဲ့အခါကျတော့၊ နိဗ္ဗိဒါခေါ ရာဓ ဝိရတ္တာ၊ နိဗ္ဗိန္န ဖြစ်ဆို ကိလေသာ ရာဂကင်းတယ်တဲ့ (မှန်ပါ့ ဘုရား)။
ငြီးငွေ့ပြီးရင် ချုပ်သွားလိမ့်မယ်တဲ့
ရှုဖန်များရင် ငြီးငွေ့ပြီးရင် ချုပ်သွားလိမ့်မယ်တဲ့ (မှန်ပါ့) မင်းပေါ်လာလိမ့်မယ် ပြောလိုက်တာ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဘာပေါ်လာမလဲ မဂ်ပေါ်လာမယ်ပြောတာပါ အဲ ဝိရတ္တာရာဂကင်းခြင်း အကျိုးရှိတယ်၊ ဝိရာဂေါတိမဂ္ဂေါတဲ့၊ အဋ္ဌကထာဆရာကဖွင့်တယ်၊ တစ်ခါတည်း မဂ်ဉာဏ်ပေါ်လာမယ်တဲ့ (မှန်ပါ့) ကဲ မဂ်ဉာဏ်ဝေးသလား (မဝေးပါ ဘုရား)။
ဒါဖြင့်ခင်ဗျားတို့ (၁) နံပါတ်သေမင်းကိုမြင်အောင်ကြည်ဖို့ အရေးကြီးတယ် (မှန်ပါ့) သဘောပါပြီနော် (ပါပါပြီ) (၂) နံပါတ်သေမင်းကို ရှုဖန်များလာလို့ရှိရင် ခင်ဗျားတို့ မမုန်းနဲ့ဆိုလို့ မရဘူး၊ မုန်းဉာဏ် တက်လာလိမ့်မယ်(မှန်လှ ပါ ဘုရား)။
(၃) နံပါတ်ကတော့ဖြင့် သူနဲ့ကိုဘဲ သူ့အပေါ်မှာ နဂိုလ်ကမှ သေမင်းပင်ဖြစ်ငြား သော်လဲ မတတ်သာပေါင်း ဆိုတာရှိသေးတယ်(မှန်ပါ့ ဘုရား)။
နောက်ကိုဖြင့် မင်းတို့လုံးဝ ငါမဆက်သွယ်တော့ပါဘူးဆိုတဲ့ မဂ်ဉာဏ်ပေါ်လိမ့်မယ်(မှန်ပါ့) သဘောာကျပြီလား (ကျပါပြီ) ဒါဖြင့် သုံးဉာဏ်နဲ့ မဂ်ပေါ်တယ်(မှန်လှပါ ဘုရား)။
နိဗ္ဗိန္ဒဖြစ်လျှင် ဘာကျေးဇူးရှိသတုန်းဘုရားလို့ ဘုရားကိုသူတိုက်ရိုက်လျှောက်တယ်(မှန်ပါ့) ဝိရာဂ အကျိုးငှာ ဖြစ်ပါတယ်ကွဲတဲ့(မှန်ပါ့ ဘုရား)။
ဝိရာဂဆိုတာ ဘာတုန်းကိုမေးရင် မဂ်ပေါ်လာလိမ့်မယ်ပြောတာ(မှန်ပါ့) ရှင်းကြပြီလား(ရှင်းပါပြီ) ဝိရာဂဆိုတာ ဘာပါလိမ့်(မဂ်ပေါ်လာမယ်ပြောတာပါ ဘုရား) မဂ်ပေါ်လာမယ်၊ မဂ္ဂင်ငါးပါးက ရှစ်ပါးတစ်ခါတည်းဖြစ်လာမယ်(မှန်ပါ့ ဘုရား)။
ဒါဖြင့် (၁) နံပါတ်နေရာတုံးက မဂ္ဂင်ငါးပါးနဲ့ရှုတယ်၊ (၂) နံပါတ်နေရာမှာလဲ ငါးပါးနဲ့ရှုတယ်၊ (၃) နံပါတ် ကြရင် ရှစ်ပါးဖြစ်လာမယ်(မှန်ပါ့) ပေါ်ပြီလား(ပေါ်ပါပြီ ဘုရား)။
မဂ်ပေါ်ပြီးတော့ကို ဘာကျေးဇူးရှိသတုန်း
မပြီးသေးဘူး၊ ရာဓက နို့ မဂ်ပေါ်ပါပြီဘုရားတဲ့၊ မဂ်ပေါ်ပြီးတော့ကို ဘာကျေးဇူးရှိသတုန်း၊ ရှေ့ကိုတဲ့ ဝိမုတ္တတ္ထံ ပေါ့ကွာတဲ့၊ ဖိုလ်ပေါ်လာတယ်တဲ့၊ မဂ်ပြီးရင် ဖိုလ်ပေါ်လာတာပေါ့တဲ့ (မှန်ပါ့ ဘုရား)။
မဂ်ဉာဏ်ပြီးတော့ ဖိုဉာဏ်ရတယ်ဆိုတာ ကျေနပ်ပါပြီတဲ့(မှန်ပါ့) သဘောကျပြီလား(ကျပါပြီ) မဂ်ဉာဏ်ပြီး တော့ ဖိုလ်ဉာဏ် ဆုတောင်းရသေးသလား (မတောင်းရပါ ဘုရား) မတောင်းရဘူး ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဒီတွင်ဆက်ပြီး သကာလ မေးပြန်တယ်၊ နိဗ္ဗာန်ရောက်တော့ကော ဒီ့ပြင်က ဘာများ ကျေးဇူးရှိသေးသတုန်းဆို တော့ နိဗ္ဗာန်ရောက်ဆိုတာက မင်းကိုယ်တိုင် အခုအာရုံပြုလို့ ရောက်တယ်၊ မင်းမေးစရာလဲကုန်ပြီတဲ့၊ ချမ်းသာအစစ် ဒါဘဲရှိတယ် ဆိုတာတစ်သံသရာလုံးပြုခဲ့သ၍၊ ဒါနပြုခဲ့သ၍၊ သီလလုပ်ခဲ့သ၍၊ ဥစ္စာလဲ အသိဉာဏ်ရှိတဲ့ဘဝ ဒါရှာတာ တွေ့ရင် လမ်းဆုံး ဒါပဲတဲ့(မှန်ပါ့) ဒါလမ်းဆုံး ဟောလိုက်ဒါပဲ(မှန်ပါ့) ရိပ်မိပြီလား(ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ဟင်္သာတက ဒကာ ဒကာမတွေ ခန္ဓာငါးပါးကို ခင်ဗျားတို့ နဂိုကလဲ လုပ်ဖူးကြတာရှိလို့ရှိရင် ဝေဒနာကြိုက်ရင် ဝေဒနာကို နှိပ်စက်ပြန်ပြီလို့သာ ရှုနေ(မှန်ပါ့ ဘုရား)။
ဝေဒနာကို နှိပ်စက်ပြန်ပြီလို့သာ ရှုနေ
သုခဝေဒနာလာလဲ နှိပ်စက်ပြန်ပြီ၊ ဒုက္ခဝေဒနာလာကော(နှိပ်စက်ပြန်ပြီ) ဥက္ခာဝေဒနာလာကော(နှိပ်စက်ပြန်ပြီ) နှိပ်စက်တယ်၊ နှိပ်စက်တယ်ချည်းသာ ရှုပါတဲ့(မှန်ပါ့) ရှင်းပြီးလားနော်(ရှင်းပါပြီ ဘုရား)။
ဒုက္ခဝေဒနာ နှိပ်စက်တာကတော့ ခင်ဗျားတို့ ထင်ရှားပါပြီ (မှန်ပါ့) သုခဝေဒနာလဲ နှိပ်စက်တာဘဲ၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
တစ်ချို့ သုခဝေဒနာက ခင်ဗျားတို့စဉ်းစားကြည့်ပါတဲ့၊ သုခဝေဒနာသတ်တဲ့ဥစ္စာ စားကောင်းလို့ သေသွားတဲ့ ပုဂ္ဂိုလ်တွေ ဆရာဝန်ကြီးစားကောင်းတဲ့ အနာတွေနဲ့ သေတာတွေလဲရှိတာဘဲ(မှန်လှပါ) သုခဝေဒနာသတ်ချလိုက်တာ (မှန်ပါ့ ဘုရား)။
ဥပေက္ခာဝေဒနာသတ်တာကလဲ ဥပေက္ခာဝေဒနာစက္ခုသောတယာန ဇီဝှါဖြစ်တယ်၊ မြင်ပြီးတော့ လန့်သေသွား တယ်၊ ဒါဥပက္ခောချည်းသတ်တာ(မှန်ပါ့ ဘုရား)။
သဘောကျပြီလား(ကျပါပြီ) ကြားတာနဲ့ လန့်သေတာတွေကော (ရှိပါတယ် ဘုရား) ဥပေက္ခာက သတ်တာ(မှန်ပါ့ ဘုရား)။
နံ ထာနဲ့၊ အနံ့တွေနဲ့ဘဲ တပည့်တော်ဖြင့် ဘုရားထကို မထနိုင်တော့ဘူး၊ တစ်ခါတည်း လေးလံလာတာဘဲ ဆိုတာ အနံ့က သတ်တာ(မှန်ပါ့ ဘုရား)။
အနံ့ကြောင့် ဥပေက္ခာဝေဒနာမပေါ်ဘူးလား(ပေါ်ပါတယ် ဘုရား) အဲဒီဝေဒနာ သတ်ချလိုက်တာ(မှန်လှပါ ဘုရား)။
ဒါကြောင့် ပဉ္စမဈာန် ဗြဟ္မာတွေကျတော့ ဥပက္ခာဝေဒနာကသတ်တာ(မှန်ပါ့) အောက်ဗြဟ္မာတွေ သောမနဿ ဝေဒနာသတ်တာ(မှန်ပါ့ ဘုရား)။
သောမနဿသတ်ချလိုက်တာ(မှန်ပါ့) လူ့ပြည် ရေထဲခုန်ဆင်းတာဟာ ဒေါမနဿသတ်ချလိုက်တာ(မှန်ပါ့ ဘုရား)။
သူသတ်ယောကျ်ားချည်းဘဲ
ဒါဖြင့် ဝေဒနာသုံးပါးဟာ သူသတ်ယောကျ်ားချည်းဘဲ(မှန်ပါ) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာရှုတဲ့ ဒကာ ဒကာမတွေလဲ ဘယ်ဝေဒနာပေါ်ပေါ် နှိပ်စက်ပြန်ပြီ နှိပ်စက်ပြန်ပြီလို့ရှု (မှန်ပါ့ ဘုရား)။
သေအောင်သတ်ဖြတ်ပြီး သေအောင်သတ်ဘို့သူသည် ဒို့အပေါ်မှာ နှိပ်စက်ပြန်ပြီ၊ ဒီလိုချည်းရှုနေ(မှန်ပါ့ ဘုရား)။
ရှုလိုက်ရင် မုန်းလာတယ်၊ မုန်းလာလို့ရှိရင်ဖြင့် သူနဲ့မပေါင်းသင်းချင်တဲ့ မဂ်ပေါ်ပါလိမ့်မယ်၊ သုံးဉာဏ်ထဲပါ (မှန်ပါ့) ရာဓသုတ်မှာလဲ ဒီအတိုင်းဘဲ(မှန်ပါ့ ဘုရား)။
ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) သဘောပေါက်ပြီလား (ပေါက်ပါပြီ ဘုရား)။
ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု…သာဓု…သာဓု။