12517

မာတိကာသို့

အရှုခံတရားရော – အရှုဉာဏ်တရားရော

နှစ်ဘက်စလုံး သက္ကာယပြုတ်ရမည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

အရှုခံတရားရော – အရှုဉာဏ်တရားရော

နှစ်ဘက်စလုံး သက္ကာယပြုတ်ရမည်

နေ့အလုပ်ပေးတရားတော်

(၁၆-၉-၆၁)

တရားသုံးမျိုးလို့မှတ်ထား

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် သတ္တဝါဝေနေယျတို့အား သနားလို့တောင်းပန်းလို့ ဟောတာလဲ ရှိတယ် (မှန်ပါ့) မတောင်းပန်ဘဲနဲ့ဟောတာလဲရှိတယ်၊ အကြောင်းတိုက်ဆိုင်လို့ ဟောတာလဲရှိတယ် (မှန်ပါ့) တရားသုံး မျိုးလို့မှတ်ထားရမယ်နော် (မှန်လှပါ ဘုရား)။

ဘာကိုအကြောင်းပြုပြီး ဟောတော်မူပါဆိုလို့ ညီတော် အာနန္ဒာတောင်းပန်လို့ ဟောရတာလဲရှိတာပဲ (မှန်ပါ့ ဘုရား) အကြောင်းကိစ္စပေါ်လာတာနဲ့ ဟောရတဲ့ကိစ္စကလဲရှိတယ် (မှန်လှပါ) အကြောင်းကိစ္စမရှိဘဲနဲ့ သက်သက် ကရုဏာရှေးရှုပြီး ဟောတာလဲရှိတယ် (မှန်ပါ့)။

ဒါ ပင့်တာ,မပင့်တာ လိုရင်းမဟုတ်ဘူး၊ အခုဟာကတော့ (မှန်ပါ့) အကြောင်းကိစ္စတိုက်ဆိုင်လာလို့ရှိရင်လဲ ဪ ဒီပုဂ္ဂိုလ်ဟာ ဒီအကြောင်းဟောမှာဘဲ၊ သူ့ဆွေတော်, မျိုးတော်တွေ ရန်ဖြစ်တဲ့အခါကျလို့ရှိရင်ပဲ အကြောင်းက တိုက်ဆိုင်လာတာနဲ့ ဒီဝတ္ထုဟောမှဘဲဆိုပြီး သကာလ ကုဏာလဇာတ်တို့များဟောတဲ့အခါကျတော့ အကြောင်းတိုက်ဆိုင် လို့ဟောတာလို့ မှတ်ထားရမယ် (မှန်ပါ့)။

မဟာကရုဏာက ကြီးကျယ်တာဘဲ

တစ်ခါတစ်လေကျတော့လဲ ကျွတ်စေချင်လို့ပဲ မဟာကရုဏာက ကြီးကျယ်တာဘဲနဲ့ ထ,ဟောတာ ဒီလိုလဲရှိတာပဲ (မှန်ပါ့) တောင်းပန်လို့ဟောတာလဲရှိတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် တရားသည် သုံးမျိုးရှိတာပေါ့ (မှန်ပါ့) တောင်းပန်လို့ ဟောတာကတစ်မျိုး, အကြောင်း ိုက်ဆိုင်လို့ ဟောတာတစ်မျိုး, ကရုဏာလွန်ကဲ၍ (ဟောတာတစ်မျိုးပါ ဘုရား) ဘယ့်နှယ်မျိုးရှိသလဲ (သုံးမျိုးပါ ဘုရား)။

အဲဒီသုံးမျိုးထောက်လို့ရှိရင် သူ့မဟာကရုဏာတော်ဟာ ပေါ်လာတယ် (မှန်ပါ့)။

ဪ အကြောင်းတိုက်ဆိုင်လဲ လွန်ကျွံကုန်မှာ စိုးတာနဲ့ ဟောရှာတာပဲ (မှန်ပါ့) ဒါလဲ ကရုဏာတော်ဘဲ (မှန်ပါ့) တောင်းပန်လို့ ဟောပြန်တော့လဲ ဒီတောင်းပန်လို့ဟောပြန်တဲ့နေရာဘဲ ကျွတ်တမ်းဝင်ကြရတာလဲ ရှိတာပဲ၊ ဒါလဲအချည်းနှီးမဖြစ်ဘူးဆိုရင် ဟောလိုက်တာပဲ (မှန်ပါ့)။

ဘယ်သူမှလဲ မတောင်းပန်ပါဘူး၊ သူ့ကရုဏာနဲ့သူဘဲ၊ ဒီဟာဟောလိုက်ရလို့ရှိရင်ဖြင့် ဘယ်သူတောင်းပန်မှ စောင့်နေဖို့လဲ အချိန်မလိုပါဘူးဆိုပြီး ဟောတဲ့နေရာလဲရှိတယ် (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ယခုဗာလနဲ့ ပဏ္ဍိတကို ခွဲခြမ်းဝေဖန်ပြီး ငါဟောမယ်တဲ့၊ နိဒါနဝဂ္ဂသံယုတ်မှာ ဟောတယ် (မှန်ပါ့) ဘယ်သူတောင်းပန်လို့တုန်း ဘယ်သူမှမတောင်းပန်ဘူး (မှန်ပါ့)။

ကျင့်ခြင်း၏ခရီးပေါက်ပုံကို ပြလိုတာ

ဘယ်သူ့အကြောင်းပြုလို့တုန်း ဘယ်သူမှလဲ အကြောင်းမပြုဘူး ဒါပေမဲ သက်သက်လူလိမ္မာနဲ့ လူမိုက်ထူးခြား တာသိပါစေဆိုတာတစ်ကြောင်း၊ ကျင့်ခြင်း၏ခရီးပေါက်ပုံကို ပြလိုတာတစ်ကြောင်း ဒီအကြောင်းတွေကြောင့်သာဟော တယ်လို့ ခင်ဗျားတို့ကမှတ်ရမယ်နော် (မှန်ပါ့)။

လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုန်းကွဆိုတော့ ရဟန်းတွေက အနီးမှာရှိတာနဲ့ လူမိုက်နဲ့လူလိမ္မာ ဘာထူးသတုန်းကွ လို့ ဘုရားကမေးတော့ ရဟန်းတွေက အရှင်ဘုရား ကဿပဘုရားသာသနာကွယ်ကတည်းက တရားဟူသ၍အကုန်ကွယ် ခဲ့ပါတယ်၊ အဲဒီတော့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသလဲ မထူးဘူးဆိုတဲ့ ဥစ္စာတပည့်တော်များမှာ အရှင်ဘုရား စပြီးပြောရင် တော့ သိရမှာပါဘုရား၊ စပြီးမပြောရင်တော့ ဘယ်နည်းနဲ့မှသိဖို့ရာ အကြောင်းမရှိဘူးဆိုတဲ့ဥစ္စာလျှောက်တော့တာဘဲ (မှန်ပါ့ ဘုရား)။

ဒီမှာလဲ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေ စိတ်ထဲမှာ ဘယ်လိုမှတ်ရမတုန်းဆိုတော့ လူမိုက်နဲ့ လူလိမ္မာ ဘာထူးသတုန်းဆိုတော့ ခင်ဗျားတို့က ဆဲတတ်, ဆိုတတ် မတရားသဖြင့် လုပ်တဲ့ ပုဂ္ဂိုလ်လူမိုက်ပေါ့ဘုရား၊ လှူနိုင်, တန်းနိုင်, ပေးနိုင်တဲ့ပုဂ္ဂိုလ် လှူမှု, ပေးမှု, ကမ်းမှုကို ဝါသနာပါတဲ့ ပုဂ္ဂိုလ် လူလိမ္မာပေါ့ဘုရား ဒါဘဲလျှောက်မယ်၊ ဒီလောက်လျှောက်လို့လဲ ဘုရားက အလိုကျမယ် မဟုတ်ဘူး (မှန်ပါ့) ကျပါ့မလား (မကျပါ ဘုရား)။

မကျဘူးတဲ့ သူအလိုရှိတာ ဒါမဟုတ်ပါဘူး၊ ခင်ဗျားတို့သိသလောက်ကိ သူအလိုရှိတဲ့ အချက်အလက်ထဲမပါ ပါဘူး (မှန်ပါ့) သူအလိုရှိတဲ့အချက်အလက်က နောက်ခန္ဓာရမှု-မရမှု ဒါ အရေးအကြီးဆုံးအချက် (မှန်ပါ့) နောက်ခန္ဓာ မရရင်သူ့စိတ်ထဲမှာ မည်သူမဆို သဘောကျတယ်၊ နောက်ခန္ဓာရမယ်ဆိုရင် မည်သူမဆိုသနားတယ် (မှန်ပါ့ ဘုရား) ဒါ အဓိကအချက်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား)။

နောက်ခန္ဓာရမှုရှိရင် မည်သူမဆို သူသနားတယ် (မှန်ပါ့) နောက်ခန္ဓာရမှုမရှိဘူး ဆိုလို့ရှိရင် မည်သူ မဆိုသူသည် ဝမ်းမြောက်ပြီး သကာလ နေတော့တာပဲ (မှန်ပါ့)။

ဒါအခု ခင်ဗျားတို့ တရားနာနေတဲ့ပုဂ္ဂိုလ်တွေ ဪ ဒီနှစ်ချက်ဟာ အဓိကအချက်ပါလား ဘုရားအကြိုက်ဆုံး ဘုရားအချီးမွမ်းဆုံး ဒီနှစ်ခုပါလားလို့ မှတ်ထားလိုက်ပါ (မှန်ပါ့)။

နောက်ခန္ဓာရမှုကို ဘုရား အစက်ဆုပ်ဆုံး (မှန်လှပါ ဘုရား) သဘောကျပြီနော် (ကျပါပြီ ဘုရား) နောက်ခန္ဓာ ချုပ်ငြိမ်း ရုပ်သိမ်းသွားတယ်လို့ရှိရင် ဘုရားကအကြိုက်ဆုံးပဲ (မှန်လှပါ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ကောင်းပြီ အဲ့ဒီအကြောင်းကို သိစေချင်လို့ ဗာလပဏ္ဍိတသုတ်ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတော်မူတယ်။

အကြောင်းယုတ္တိလဲ သူပြတယ်

အဲဒီတော့ အကြောင်းယုတ္တိလဲ သူပြတယ်၊ အကြောင်းယုတ္တိ ဘာပြသတုန်းလို့ မေးတဲ့အခါကျတော့ လွန်ခဲ့တဲ့ ဘဝများစွာက အဝိဇ္ဇာ, လွန်ခဲ့တဲ့ ဘဝများစွာပြုတဲ့ ပုညာဘိသင်္ခါရနဲ့ အပုညဘိသင်္ခါရ၊ အနေဉ္စာဘိသင်္ခါရ ထည့်ချင်ထည့် ကိစ္စမရှိဘူး၊ ခင်ဗျားတို့နဲ့မဆိုင်လို့ မထည့်လိုက်တာ (မှန်ပါ့ ဘုရား)။

သင်္ခါရပစ္စယာ ဝိညာဏံဆိုပြီး သကာလ ဝိဉာဏ်ဆိုတော့ စိတ်ဝိညာဏ်ကလေးတစ်ခုဖြစ်တယ်လို့ ဒကာဒကာမ တွေက မယူပါနဲ့၊ ဝိညာဏ်ရယ်, နာမ်ရုပ်ရယ်, သဠာယတနရယ်, ဖဿရယ်, ဝေဒနာရယ်တွဲဖြစ်တယ် (မှန်ပါ့) ဒါဖြင့် ခန္ဓာငါးပါးဖြစ်ဆယ်ဆိုကြပါစို့ (မှန်ပါ့) စာဆိုမှာ ဒီငါးခုကတန်းထွက်နေတယ်၊ ဖြစ်စဉ်မှာတော့ ပေါင်းနေတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သုတ္တန်ချင်းချင်းဟောတော့ ဒါအတန်းလုပ်ဟောရမယ် (မှန်ပါ့) ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတန်းဟောရမယ် (မှန်ပါ့) နို့တန်းဟောတာသည် ဘာဖြစ်လို့တုန်း တန်းဟောတာသည် သုတ္တန်ကွ၊ တန်းဟောမှ သိမည့် ပုဂ္ဂိုလ် တန်းဟောရတယ်၊ အဘိဓမ္မာနည်းနဲ့ဖြင့် ဖြစ်စဉ်ကတော့ ငါးခုတစ်ပြိုင်နက်ပေါ်လာတာ၊ သဘောကျပြီ လား (မှန်ပါ့ ဘုရား)။

ဒီက သင်္ခါရဆိုတဲ့ ကံကပြုလိုက်ပြီဆိုမှဖြင့် ခန္ဓာငါးပါးဟာ ဘွားကနဲပေါ်လာတယ်လို့ မှတ်လိုက် စမ်းပါ(မှန်ပါ့) အဲဒါ သင်္ခါရပစ္စယ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာတွဲပေါ်တယ် (မှန်ပါ့) ခန္ဓာဘယ်နှစ်ပါးရှိသတုန်း (ငါးပါးပါ ဘုရား)။

ဝေဒနာသုံးပါးပေါ်သတဲ့

အဲဒီတေ့ ဒီငါးပါးပေါ်ပြီး ဒီအထဲမှာ လူမိုက်မှာလဲ သုခဝေဒနာ, ဒုက္ခဝေဒနာမပါဘူးလား (ပါပါတယ် ဘုရား) ဖဿပစ္စယာ သုခဝေဒနာ ဒုက္ခဝေဒနာ၊ လူမိုက်များလဲ ဒီဘဝမှာ ချမ်းသာတာလဲ သူခံစားတာပဲ၊ ဆင်းရဲတာရော (ခံစားပါတယ် ဘုရား) အလယ်အလတ်စားကော (ခံစားပါတယ် ဘုရား)။

အဲဒါကို ဘုန်းကြီးပြောချင်တာက အို စာက ဝေဒနာသုံးပါးပေါ်သတဲ့၊ ဒါမလိုချင်ဘူး (မှန်ပါ့) ဒါဘယ့်နှယ် ကြောင့်မလိုချင်သတုန်းလို့ မေးဖို့လိုပါတယ်။ ခင်ဗျားတို့က စာမှာ ဝေဒနာသုံးပါး ပြထားတယ်လို့ဆိုလို့ရှိရင် ဘုန်းကြီး တို့ကမကြိုက်ဘူး၊ စာမှာဝေဒနာသုံးပါးပေါ်သတဲ့၊ ခန္ဓာရတဲ့ပုဂ္ဂိုလ်ဝေဒနာသုံးပါးရှိသတဲ့ မလိုချင်ဘူး။

ဘာဖြစ်လို့ မလိုချင်သတုန်း မေးတဲ့အခါကျတော့ ဉာတပရိညာဖြစ်နေလို့ မလိုချင်ဘူး၊ ဉာတပရိညာဆိုတော့ သိမှုကလေးသက်သက်ပဲ (မှန်ပါ့) တီရဏပရိညာဆိုတာ ပွားမှုကိုဟောတယ် (မှန်ပါ့ ဘုရား)။

ဉာတပရိညာဆိုတော့ (သိမှုကိုဟောပါတယ်) တီရဏပရိညာက (ပွားမှုကိုဟောပါတယ် ဘုရား) ပွားမှုကိုဟော တယ်ဆိုတော့ ခင်ဗျားတို့မှတ်ထား၊ သူတို့သုံးခုက တစ်ပြိုင်နက်တည်းလည်း မပေါ်နိုင်ဘူး (မှန်ပါ့) ဖဿပစ္စယော သုခဝေဒနာ ဖဿပစ္စယော ဒုက္ခဝေဒနာ၊ ဖဿပစ္စယော ဥပေက္ခာဝေဒနာ (မှန်ပါ့) ဟိုထဲမှာ သဠာယတနက ပါနေတာ ကိုး၊ သဠာယတနပစ္စယာ ဖဿောပါနေတယ် (မှန်ပါ့) တစ်ပြိုင်နက်တည်း ပေါ်ပါ့မလား (မပေါ်ပါ ဘုရား)။

မပေါ်တော့ခင်ဗျားတို့က ပေါ်တဲ့အချိန်ကို ဪ ဖဿပစ္စယာ သုခဝေဒနာပဲ၊ ဒါခင်ဗျားတို့မှာ သိဖို့အရေးကြီး တယ် (မှန်ပါ့) သူစာတမ်းရေးထားတာ မသိချင်နေ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါမှ တီရဏပရိညာ

ဖဿပစ္စယာ ဒုက္ခဝေဒနာပေါ်တဲ့အချိန်မှာ ခင်ဗျားတို့ သိလိုက်ရမယ် (မှန်ပါ့) ဖဿပစ္စယော ဥပက္ခောဝေဒနာ ဘာလုပ်ရမလဲ (ပေါ်တဲ့အချိန်သိလိုက်ရပါယ် ဘုရား) ပေါ်တဲ့အချိန်သိရမယ်၊ အဲဒါမှ တီရဏပရိညာ (မှန်ပါ့) သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ကဲ ပေါ်တဲ့အချိန်မသိလိုက်လို့ စာထဲမှာ ခင်ဗျားတို့ ရှိတယ်လို့ထင်နေသေးလို့ရှိရင်ဖြင့် ပေါဋ္ဌိလလိုဖြစ်မှာပဲ (မှန်ပါ့) နိဗ္ဗာန်မရောက်တော့ဘူး (မှန်ပါ့) ရောက်ပါ့မလား (မရောက်ပါ ဘုရား)။

ဒါဖြင့် ဘယ်အချိန်သိရမှတုန်း (ပေါ်တဲ့အချိန်သိရပါမယ် ဘုရား) ဒါအလုပ်ပေးပြီး၊ နားလည်ပြီလား (မှန်ပါ့) ပေါ်တဲ့အချိန်မှာ သုခကလေးပေါ်လာလဲ သိရမယ်၊ ဒုက္ခကလေးပေါ်လာလဲ (သိရပါမယ်) ဥပေက္ခာပေါ်လာလဲ (သိရပါ မယ် ဘုရား)။

ဒါပေါ်တဲ့အချိန်သိမှ ဖဿပစ္စယာ သုခဝေဒနာ, ဖဿပစ္စယာ ဒုက္ခဝေဒနာ, ဖဿပစ္စယာ ဥပေက္ခာဝေဒနာ ကိုပေါ်တဲ့အချိန်သိမှ တီရဏပရိညာဖြစ်ပါတယ် (မှန်ပါ့) တီရဏပရိညာဖြစ်မှ ပဟာန ပရိညာဆိုတာလာနိုင်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘယ်အချိန်သိရမှာတုန်း (ပေါ်တဲ့အချိန်သိရပါမယ် ဘုရား) ဒါအလုပ်သမားတွေမှာ သတိထားပါ၊ ဖဿပစ္စယာဝေဒနာဆိုတာ ယားတယ်, ယံတယ်၊ အင်း ဒုက္ခဝေဒနာပေါ်တယ်ဆိုရင် ချက်ခြင်းဒီဥစ္စာ ဒုက္ခဝေဒနာကို သိလဲသိပါ၊ ကြည့်လဲကြည့်ပါ (မှန်ပါ့ ဘုရား)။

ကြည့်ပေးလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့က ကြည့်ပေးတဲ့စိတ်လာလို့ရှိရင် သူပျက်ပြီလို့မှတ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာနှစ်ခု မပြိုင်လို့

အဘယ့်ကြောင့် ကြည့်လိုက်တဲ့အချိန် ပျက်ပြီလို့ ခင်ဗျားတို့ကိုဟောရသတုန်းလို့ မေးတဲ့အခါ ဝေဒနာနှစ်ခု မပြိုင်လို့ မှတ်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကြည့်တာလဲ ဝေဒနာနဲ့တကွ သမ္ပယုတ္တဓမ္မတွေကြည့်တာကိုးဖြစ်တာလဲ ဝေဒနာနဲ့တကွ သမ္ပယုတ္တဓမ္မတွေ ဖြစ်နေတာ အကြည့်ခံ ဝေဒနာဖြစ်နေတုန်းကြည့်တဲ့ ဉာဏ်ဦးစီးတဲ့ဝေဒနာမဖြစ်ဘူးူ (မှန်ပါ့) အဲဒီတော့ ဝေဒနာမပြိုင် ကောင်းဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာမပြိုင်ကောင်းဘူး၊ ဒီမှာကြည့် ဉာဏ်ထဲမှာပါတာက သောမနုဿဝေဒနာ အကြည့်ခံတာက ဒုက္ခဝေဒနာ ဖြစ်နေတော့ ဝေဒနာပြိုင်ကောင်းပါ့မလား (မပြိုင်ကောင်းပါ ဘုရား) မပြိုင်ကောင်းတော့ တဝေဒနာချုပ်ပြီးမှ ကြည့်တဲ့ ဝေဒနာဖြစ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကြည့်တဲ့ဝေဒနာက အနိစ္စနော် (မှန်ပါ့ ဘုရား) အကြည့်ခံတဲ့ ဝေဒနာကအနိစ္စ (မှန်ပါ့) ကြည့်တဲ့ ဝေဒနာက သင်္ခါရ၊ သင်္ခါရကနေပြီး အနိစ္စကို သွားကြည့်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သင်္ခါရဆိုတာ ပေါ်တဲ့တရား၊ ပေါ်တဲ့တရားက ပျောက်တဲတရားကိုကြည့်တယ် (မှန်ပါ့)။

ဒါကိုမှတ်ကြပါ (မှန်ပါ့) ဘာတဲ့တုန်း (ပေါ်တဲ့တရားက အနိစ္စတရားကို ကြည့်ရပါတယ် ဘုရား) ဒါဖြင့် အနိစ္စ တရားကို သင်္ခါရနဲ့ကြည့် (မှန်ပါ့) သဘောပါရဲ့လား (ပါပါတယ် ဘုရား)။

အနိစ္စကိ (သင်္ခါရနဲ့ ကြည့်ရပါမယ် ဘုရား) ဒီကသင်္ခါရမရှိလို့ရှိရင် ကြည့်မဖြစ်တော့ဘူး (မှန်ပါ့) သဘောပါရဲ့ လား (မှန်ပါ့)။

အနိစ္စကို သင်္ခါရနဲ့ကြည်ပါ

အနိစ္စကို သင်္ခါရနဲ့ကြည်ပါ၊ ဒီဝေဒနာက ကိုယ်ပေါ်မှာ ပေါ်နေတယ် သုခ, ဒုက္ခပေါ်နေတယ်၊ ဝမ်းထဲကနေပြီး သကာလ အသစ်ပေါ်တဲ့ သင်္ခါရနဲ့ကြည့်ရမယ် (မှန်ပါ့) ချုပ်ပျောက်တဲ့အနိစ္စကို အသစ်ပေါ်လာတဲ့ သင်္ခါရနဲ့ကြည့်ပေး ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က ဒီသင်္ခါရ ချုပ်သွားရင်လဲ မရတော့ဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား) ခင်ဗျားတို့က တစ်ခါ သင်္ခါရချုပ်သွားလို့ရှိရင် ခင်ဗျားတို့မှာလဲဝမ်းထဲမှာ အနိစ္စဖြစ်နေတော့ အနိစ္စ, အနိစ္စချင်းတော့ မရှုနိုင်ဘူး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ချုပ်သွားတာက အနိစ္စ၊ ပေါ်လာတာက (သင်္ခါရပါ ဘုရား) အဲဒီသင်္ခါရနဲ့ကြည့်ပေး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒီကပေါ်တာက ပေါ်ပြီးော့ ကြည့်မယ်လို့လုပ်တော့ သူပျောက်တယ် (မှန်ပါ့) ပျောက်သွားတာနဲ့ ဒီကပေါ်လာတဲ့ ဓမ္မနဲ့သွားတွေ့တယ် (မှန်ပါ့) ပျောက်သွားတာနဲ့ ဒီကပေါ်လာတဲ့ ဓမ္မနဲ့သွားတွေ့တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ပျောက်သွားတာနဲ့ (ပေါ်လာတာနဲ့တွေ့ပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ မှာဘာဖြစ်မှာတုန်းတဲ့၊ ဒီနည်းကို မပြောလို့ရှိရင် ခင်ဗျားတို့ဝိပဿနာသမားတွေမှာ ဘာဖြစ်မတုန်းလို့ မေးလို့ရှိရင် လိုလာတယ် (မှန်ပါ့) မလိုဘူးလား (လိုပါတယ် ဘုရား)။

လိုတာကို ဦးမာဒင်တို့, ဦးလှတို့က သေသေချာချာမှတ်ရမယ် ရှုတဲ့တရားက အမြဲတမ်းရှိနေတာပဲ၊ ဒို့က သူ့ဘက်မလှည့်လို့၊ အနိစ္စဘက်ကို မလှည့်လို့၊ ဖြစ်ပျက်ဘက်ကို မလှည့်လို့ ရှုတဲ့တရားက ဝမ်းထဲမှာ မြဲတယ်ရှိနေလို့ ခင်ဗျားတို့ထင်မှာစိုးတယ် (မှန်ပါ့) နို့မဟုတ်ရင် ခင်ဗျားတို့က အတွင်းမှာ သဿတဖြစ်သွားမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အတွင်းမှာဘာဖြစ်မလဲ (သဿတဖြစ်နေပါမယ် ဘုရား) အဲဒါကြောင့် ဟိုကအနိစ္စကို ဒီကသင်္ခါရနဲ့ကြည့် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ပျောက်ပျောက်သွားတဲ့ အနိစ္စ

ပျောက်ပျောက်သွားတဲ့ အနိစ္စကို (သင်္ခါရနဲ့ရှုရပါမယ် ဘုရား) ပေါ်တဲ့ သင်္ခါရနဲ့ကြည့် (မှန်ပါ့) မဂ်သင်္ခါရပေါ့ဗျာ (မှန်ပါ့) ဝိပဿနာသင်္ခါရ, အခုသင်္ခါရနဲ့ကြည့်၊ ဝိပဿနာ မဂ် သင်္ခါရပေါ့ (မှန်ပါ့)။

ဦးလှကြီး တသက်မှ တစ်ခါကြားရတာ ခင်ဗျား ရီးတီးယားတား မလုပ်နဲ့ ဒီဥစ္စာ (မှန်ပါ့) ရီးတီးယားတားလုပ်ရင် သဿတ ဒိဋ္ဌိချက်ခြင်းဝင်သွားမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ရီးတီးယားတားနဲ့ သူများက ရှုခိုင်းတာကလေး ကိုယ်ကရှုနေတယ်လို့ ခင်ဗျားတို့က ဒီလိုဆိုလို့ရှိရင် ငါးပါးမှောက် တယ် (မှန်ပါ့)။

ဘာဖြစ်လို့ ငါးပါးမှောက်သတုန်းဆိုလို့ရှိရင် ခင်ဗျားတို့က ရှုတဲ့စိတ်ကလေးစိုက်ကြည့်နေတာပဲတဲ့၊ အို သဿတ ဖြစ်နေပြီ (မှန်ပါ့)။

ရှုတဲ့စိတ်ကလေးက သူလဲ အနိစ္စပဲ၊ သူလဲ သင်္ခါရအနိစ္စ (မှန်ပါ့) အရှုခံတရားကလဲ ဖြစ်ပေါ်တာသင်္ခါရ၊ ပျက်တာအနိစ္စ (မှန်ပါ့) ဖြစ်ပေါ်တာ (သင်္ခါရပါ ဘုရား) ပျက်တာက (အနိစ္စပါ ဘုရား)။

အဲဒီတော့ သူပျက်တာနဲ့ ဒီကသင်္ခါရပေါ်တာနဲ့မျ သွားကိုက်တယ် (မှန်ပါ့) နို့မဟုတ်ရင် ကိုက်ပါ့မလား (မကိုက် ပါ ဘုရား) အဲဒါသေသေချာချာမှတ်ရတယ်၊ ဒါမှ သဿတလွတ်မယ် (မှန်ပါ့)။

အာရမ္မဏီ ဘက်ကလဲ သဿတမရှိအောင် အရင်လုပ်ရမယ်၊ ဒိဋ္ဌိမကွာတဲ့ ဝိပဿနာဟာ လိုရင်း အကျိုးမရတဲ့ ဝိပဿနာလို့မှတ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိမကွာတဲ့ ဝိပဿနာဟာ အကျိုးသိပ်မများ

ဒိဋ္ဌိမကွာတဲ့ ဝိပဿနာဟာ (အကျိုးသိပ်မများတဲ့ ဝိပဿနာပါ ဘုရား) အကျိုးမများတဲ့ ဝိပဿနာဆိုရင် မဂ်, ဖိုလ်မဆိုက်ဘူး (မှန်ပါ့) တစ်ဖက်ဖက်ငြိနေရင် မကိုက်တော့ဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကကွာတဲ့ မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိမကွာမှာတစ်ခု အတွက် ငါအရေးကြီးဆုံး စိုးရိမ်တယ် (မှန်ပါ့) အရေးအကြီးဆုံးစိုးရိမ်တယ် (မှန်ပါ့)။

ခင်ဗျားတို့က နဂိုကမှတ်နေတာက ဝိပဿနာ သမားပင်ဆိုငြားသော်လဲ ခင်ဗျားတို့ကိုကလဲ ဘယ်လိုဖြစ်နေ သတုန်းမေးတဲ့အခါကျတေ ကျုပ်ကလဲ ရှုနေတာပဲ၊ တွေ့ကိုမတွေ့လို့တဲ့၊ ရှုနေတဲ့တရားကလေးက မြဲနေသလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

တွေ့ကိုမတွေ့လို့တဲ့၊ ဒီလို နဂိုကမထင်ဘူးလား ဒီလိုဆိုရင် ဒီအထဲက သဿတဖြစ်နေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒီနေ့ ပိုမိုရှင်းပေးလိုက်ပါတယ် (မှန်ပါ့) အနိစ္စကို သင်္ခါရနဲ့ရှုပါ (မှန်ပါ့) အနိစ္စကို သင်္ခါရနဲ့ရှုပါ (မှန်ပါ့) ဘာတုန်း (အနိစ္စကို သင်္ခါရနဲ့ရှုရပါမယ် ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဟိုနောက်က ဒကာမကြီးတွေလဲ သေသေချာချာမှတ်ကြ၊ ဒီစကားမျိုးက အင်မတန်မှခဲယဉ်းတဲ့စကားမျိုး (ခဲယဉ်းပါတယ် ဘုရား) မှန်တာလဲလွန်နေပြီ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့အာရုံမှာ အနိစ္စ, အာရမ္မဏိကမူ သဿတဖြစ်သွားနေတတ်တယ် (မှန်ပါ့)။

အာရုံမှာ (အနိစ္စပါ ဘုရား) အာရမ္မဏိကမှာ (သဿတသွားဖြစ်နေပါတယ် ဘုရား) ဒီလူဟာ သွားရောတစ် ခါတည်း၊ အာပေါက်အောင်အားထုတ်မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။

ဒါကြောင့် သင်္ခါရရော ဝိပဿန္တိ၊ အဌကထောဆရာက (မှန်ပါ့) သင်္ခါရတရားကို သင်္ခါရတရားက ရှုနေတာကွ၊ မင်းတို့ ဒီ့ပြင်ဟာ မှတ်မနေနဲ့ (မှန်ပါ့)။

သဿတဒိဋ္ဌိမကွာဘဲနဲ့ ရှုနေတာ

ဒါမသိရင်ဖြင့် ကျုပ်ဟာအမြဲရှုနေတယ်ပြောတာ (ဒီအတိုင်းယူပါတယ် ဘုရား) ဒီအတိုင်းယူမှာပဲ၊ ကျုပ်ဟာ အမြဲရှုနေတယ်ဆိုလို့ရှိရင် အထင်ကအမြဲထင်နေလို့ရှိရင် သဿတဒိဋ္ဌိမကွာဘဲနဲ့ ရှုနေတာ (မှန်ပါ့) သဿဒိဋ္ဌိမကွာ ပဲနဲ့ရှုနေလို့ရှိရင် သာတိဖြစ်မယ် (မှန်ပါ့)။

သာတိရဟန်းက တစ်ခါတည်း တခြားသော ရုပ်နာမ်တွေသာသေတယ်၊ စိတ်ဝိဉာဏ်ကလေးက မသေဘူးတဲ့ (မှန်ပါ့)။ဒါကြောင့် ဇနက္ကတို့ကနေပြီး သကာလ ဝေဿန္တရာဖြစ်လာတယ်၊ ဝိညာဏ်မသေပဲနဲ့ ကျန်တာတွေက သေတယ် တဲ့ (မှန်ပါ့ ဘုရား)။

ဒီမှာလဲခင်ဗျားတို့ ရှုတဲ့စိတ်ကလေးကမသေဘူး၊ အရှုခံကသာသေတယ်ဖြစ်နေတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာက သေသလဲ (ရှုတဲ့စိတ်ကမသေပဲနဲ့ အရှုခံတရားက သေပါတယ် ဘုရား) ဒါကဘာဖြစ်နေသတုန်း အဲဒီတော့ (သဿတာဖြစ်နေပါတယ် ဘုရား) ဘယ်က သဿတဖြစ်သတုန်း၊ အပြင်ကသဿတလား၊ အတွင်းက သဿတလား (အတွင်းက သဿတပါ ဘုရား) ကြောက်စရာကြီးပါလား (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ဘာဖြစ်နေသတုန်း (သဿတ ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား)။

အတွင်းက ဖြစ်နေတာ၊ အပြင်ကမဖြစ်ဘူးတဲ့ ၊ အတွင်းက ဖြစ်နေတာ (မှန်ပါ့)။

သင်္ခါရတရားကို ဒီကသင်္ခါရတရားနဲ့ ကြည့်တယ်

ဒါကြောင့် သင်္ခါရေ သင်္ခါရာ ဝိပဿန္တိ၊ သဘောကျပြီလား (မှန်ပါ့) ဟောဒီက သင်္ခါရတရားကို ဒီကသင်္ခါရ တရားနဲ့ ကြည့်တယ်၊ ဒီလိုမှတည့်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဥပမာမျက်လုံးထဲပေါ်လာတဲ့ ဖဿပစ္စယော ဝေဒနာကလေးသင်္ခါရတရားမနေဘူးလား (မှန်ပါ့) အဲဒီတရားကို မနောသင်္ခါရကနေပြီးကြည့်ပေး (မှန်ပါ့) သင်္ခါရကို သင်္ခါရချင်း ရှုတယ်ဆိုမှ နှစ်ဘက်ဒိဋ္ဌိကုန်တယ် (မှန်ပါ့)ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရ-သင်္ခါရချင်းရှုတယ်ဆိုမှ (နှစ်ဘက်ဒိဋ္ဌိကုန်ပါတယ် ဘုရား) နှစ်ဘက်ဒိဋ္ဌိကုန်တယ်တဲ့၊ နို့မဟုတ်လို့ရှိ ရင် တော်တော်ခဲယဉ်းသွားတယ် (မှန်ပါ့) တော်တော်မကဘူး မဂ်ဖိုလ်တားလိုက်တာပဲ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘာဖြစ်သတုန်း (မဂ်ဖိုလ်တားပါတယ် ဘုရား) ဟိုဘက် ဒိဋ္ဌိရှိလို့လဲ တားမှာပဲ၊ ဒီဘက်က ဒိဋ္ဌိရှိရလဲ (တားမှာ ပါ ဘုရား)။

ဒါကြောင့် “ သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” ပဋ္ဌာန်းကလဲ ဒီအတိုင်းလာတယ် (မှန်ပါ့) နောက်ကျတော့ အဋ္ဌကထာဆရာက “ သင်္ခါရေ သင်္ခါရာ ဝိပဿန္တိ “ ဟို သင်္ခါရကို ဒီသင်္ခါရနဲ့ရှုပေးကွ (မှန်ပါ့) ဒီတော့မှ ခင်ဗျားတို့ နှစ်ဘက်ဒိဋ္ဌိစင်မယ် (မှန်ပါ့) ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

ဘယ်လိုပေါ်သတုန်း (သင်္ခါရကို သင်္ခါရနဲ့ ရှုပေးရပါမယ် ဘုရား) အေး သင်္ခါရကို သင်္ခါရနဲ့ရှုဆိုပေမဲ့လဲ ဒီမှာ စကားကျန်နေတယ် (မှန်ပါ့) ဒီသင်္ခါရက ဥပမာ အရှုသင်္ခါရကို ရှုဉာဏ်သင်္ခါရက ရှုရမယ် (မှန်ပါ့) ရှုဉာဏ်သင်္ခါရက ရှုတော့မယ်ဆိုတော့ သူကသင်္ခါရမဟုတ်ဘူး၊ အနိစ္စအဖြစ်သို့ရောက်ပြီး အရှုခံတာ (မှန်ပါ့ ဘုရား) ဒီကတော့ သင်္ခါရဖြစ် တုန်းရှုတာ (မှန်ပါ့ ဘုရား) သူက အနိစ္စအဖြစ်နဲ့ အရှုခံတယ် (မှန်ပါ့ ဘုရား)။

ရှုဉာဏ်ကတော့ သင်္ခါရမြင်တုန်းသာ ရှုဉာဏ်ရတယ်

ဒီသင်္ခါရတရားက (အနိစ္စဖြစ်သွားပြီး အရှုခံပါတယ် ဘုရား) အနိစ္စဖြစ်ပြီး အရှုခံဖြစ်တယ်၊ ဒီကရှုဉာဏ်ကတော့ သင်္ခါရမြင်တုန်းသာ ရှုဉာဏ်ရတယ်၊ အနိစ္စဖြစ်သွားရင် သူမရှုနိုင်တော့ဘူး (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါပါပြီ ဘုရား)။

တော်တော်အရေးကြီးတယ် (ကြီးပါတယ် ဘုရား) အလွန်အရေးကြီးပါတယ် ဘုရား)။

ခင်ဗျားတို့ ဒီအတိုင်းသာ ဆရာကရှုဟဲ့ ရှုဟဲ့ဆိုလို့သာ ရှုနေမယ်၊ ဒီလိုလဲ ရှင်းပေးမည့်ဆရာနဲ့ မတွေ့ဘူးဆိုရင် တစ်ဖက်ဖက်ကတော့ မောင်ချစ်စိန် ဒိဋ္ဌိခံမယ် (မှန်ပါ့ ဘုရား) မခံပေဘူးလား (ခံပါတယ် ဘုရား)။

တစ်ဖက်ဖက်က ဒိဋ္ဌိခံနေလို့ရှိရင်ဖြင့် တစ်ခါတည်းသောတပတ္တိမဂ်ပေါ်ဖို့အရေးဟာ မရှိတော့ဘူး(မှန်ပါ့) ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သောတာပတ္တိမရ်က သူက ဒိဋ္ဌိသတ်ဖို့ပေါ်လာတာ (မှန်ပါ့) ဒိဋ္ဌိမရှိမှ ပေါ်နိုင်တာကိုးဗျ (မှန်ပါ့) အခုသူတည်း ဟူသော မိစ္ဆာဒိဋ္ဌိရှိနေရင် သောတာပတ္တိမဂ်တည်းဟူသော သမ္မာဒိဋ္ဌိက မလာနိုင်ဘူး (မလာနိုင်ပါ ဘုရား) လာနိုင် ပါ့မလား (မလာနိုင်ပါ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဟောတော်မူတာ၊ ဟိုနေရာမှာ ဘုရား တမျိုးဟောတယ်လို့ သွားမယူလိုက်ပါနဲ့၊ သူ့အကြောင်းနဲ့ သူ့အကျိုးဆက် လိုက်တဲ့ အခါကျလို့ရှိရင် အခုကြည့် ခင်ဗျားတို့မှာ အတွင်းက သဿတဒိဋ္ဌိ အပြင်ဘက်ကတော့ အနိစ္စ၊ အတွင်းက နိစ္စဖြစ်နေတယ် (မှန်ပါ့)။

အပြင်ဘက်က (အပြင်ဘက်က အနိစ္စပါ ဘုရား) အတွင်းက (အတွင်းက နိစ္စဖြစ်နေပါတယ် ဘုရား) ရနိုင်စရာများ မြင်သေးသလား (မမြင်ပါ ဘုရား)။

နိစ္စဒိဋ္ဌိ, သဿတဒိဋ္ဌိ ခံနေတယ်

မမြင်တော့ဘူး တဲ့ အပြင်ဘက်က အနိစ္စ၊ အတွင်းက နိစ္စဒိဋ္ဌိ (မှန်ပါ့ ဘုရား) နိစ္စဒိဋ္ဌိ, သဿတဒိဋ္ဌိ ခံနေတယ် (မှန်ပါ့ ဘုရား)။

ဦးလှကြီး သေခါနီးမှ ဒီရောက်လာလို့ တော်, တော်သေးတယ် ခင်ဗျား ဟင် (မှန်ပါ့)။

ဒါကလဲ ရှာမှလဲ ရတယ် (မှန်ပါ့) နို့မဟုတ် အပေါ်ယံနဲ့ဘဲ သွားလိမ့်မယ် (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က ဦးမာဒင်တို့ လူစုက တောင်ဖြတ်, မြောက်ဖြတ် ဖြတ်ယူလိုက်တာဘဲ (မှန်ပါ့ ဘုရား) မဟုတ်ဘူး၊ မြတ်စွာဘုရားဟောတော်မူတာကို ကျမ်းဂန် မစုံရင် မရဘူးနော် (မှန်ပါ့) ကဲ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် လူမိုက်မှာလဲ ဝေဒနာသုံးပါး ခံစားတာပဲနော် (မှန်ပါ့) လူလိမ္မာမှာလဲတဲ့ အဝိဇ္ဇာ, သင်္ခါရကြောင့် ဒီမှာ ခန္ဓာငါးပါးပေါ်ပြီး သကာလ သူလဲ သုခ, ဒုက္ခ, ဥပေက္ခာဆိုတဲ့ဝေဒနာခံစားတယ် (မှန်ပါ့) သူလဲဝေဒနာပေါ်တာပဲ၊ ထူးသေးသလား (မထူးပါ ဘုရား)။

အထက်က ပဋိစ္စသမုပ္ပါဒ်က လူလိမ္မာ၊ အောက်ကပဋိစ္စသမုပ္ပါဒ်က (လူမိုက်ပါ ဘုရား) သူတို့ဒီနေရာကျအောင် မထူးဘူး (မှန်ပါ့) ထူးသေးရဲ့လား (မထူးပါ ဘုရား) မထူးဘူး၊ သူလဲ ဖဿ,ပစ္စယာ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာ ဝေဒနာ ပေါ်ချင်ရာပေါ်တာပဲ (မှန်ပါ့) သူ့မှာလဲ ဖဿ,ပစ္စယာ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ ဖဿ, ပစ္စယာ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာပေါ်ချင်ရာပေါ်တာပဲ (မှန်ပါ့) သူ့မှာလဲ ဖဿ,ပစ္စယာ သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ ပေါ်ချင်တာ ပေါ်လိမ့်မယ် (မှန်ပါ့) အာရုံတိုက်ဆိုင်ရင် မပေါ်ပေဘူး လား (ပေါ်ပါတယ် ဘုရား)။

လူမိုက်အတန်းနဲ့ လူလိမ္မာအတန်း

ဒီထိအောင် မထူးပါဘူးတဲ့၊ လူမိုက်အတန်းနဲ့ လူလိမ္မာအတန်း ၁-၂-၃-၄-၅-၆၊ လူလိမ္မာလဲ ၆ဘဲ၊ လူမိုက်ရော (၆ပါဘဲ ဘုရား)။

အဲဒီတော့ လူလိမ္မာနဲ့လူမိုက်ဟာ ဒီလိုလာတယ်ကွတဲ့ ၊ မင်းတို့ ဘာထူးသတုန်းလို့ ရဟန်းတွေ မေးလိုက်တယ် (မှန်ပါ့) မမေးသင့်ဘူးလား (မေးသင့်ပါတယ် ဘုရား) ၆-ချင်းအတူတူပဲ၊ မတူဘူးလား မင်းတို့ (တူပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မှာ သူလဲ ၆-ခုမြောက် အတူတူပဲ၊ ဒီဘက်က ၆-ခုမြောက်ပဲ၊ အတူတူပဲ ဝေဒနာသုံးပါးချည်းဘဲ (မှန်ပါ့ ဘုရား)။

ဘာထူးသတုန်းကွလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကမေးတော့ ကဿပဘုရားရှင် သာသနာ ကွယ်ကတည်း က တရားကွယ်လာပါတယ်ဘုရား၊ ဒါကို အရှင်ဘုရားပြောမှ ဆိုမှသိရမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဆိုတာ မလျှောက် ပြောကြဘူးလား ရဟန်းတွေကလေ (မှန်ပါ့ ဘုရား)။

ကဿပဘုရား သာသနာမရှိကတည်းက တရားကွယ်တယ် (မှန်ပါ့) ကဿပမြတ်စွာဘုရားက အသက်ရှည် သကိုးဗျ၊ အသက်ရှည်တော့ ဘုရားပရိနိဗ္ဗာန်စံပြီး တရားပြတ်တယ် (မှန်ပါ့) ကျုပ်တို့မြတ်စွာဘုရားကတော့ အသက်တမ်း တိုတော်မူတဲ့ဘုရားမို့ သာသနာထားခဲ့တာကိုး (မှန်ပါ့ ဘုရား)။

သက်တိုဘုရားမို့ ကျုပ်တို့ ခင်ဗျားတို့ ပြောဟောခွင့်အခုရနေတာ (မှန်ပါ့) သက်ရှည်ဘုရားလက်ထက်ဆိုရင် ခင်ဗျားတို့အခုပြောတာတွေ မနာတတ်ဘူး၊ ကျုပ်လဲမဟောတတ်ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီ ဒါကောင်းကောင်းရှင်းပြီလား လူမိုက်မှာ ပဋိစ္စသမုပ္ပါဒ်ဘယ်နှစ်မျိုးလာသတုန်း (ခြောက်မျိုးပါ) ဝေဒနာကတော့ ပေါင်းပြလိုက်လို့သာ၊ စင်စစ်တော့ လေးနဲ့ပြီးပါတယ်နော်၊ သို့သော် ခင်ဗျားတို့ထင်ရှားအောင်လို့ သုခ, ဒုက္ခ, ဥပေက္ခာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါတွေဟာ ဘယ့်နှယ်ကြောင်တုန်းလို့ ဘုရားကို ခင်ဗျားတို့ကမေးလို့ရှိရင် ရှုဖို့ရာ အကွက်ဖော်ပေး တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဘာတုန်း ဝေဒနာဟာ လူမိုက်မှာလဲ သုံးမျိုး, လူလိမ္မာမှာလဲ သုံးမျိုး ဘာဖြစ်လို့တူနေသလဲဆိုတဲ့ဥစ္စာ၊ ဟေ့ တူချင်တူပါစေကွ၊ တူတာကတော့ လူမိုက်နဲ့ လူလိမ္မာ ဒီနေရာတော့ အတူရှိနေသေးတာပဲ (မှန်ပါ့) သဘောပါပြီနော် (ပါပါပြီ ဘုရား)။

လူမိုက်က နောက်ခန္ဓာရတယ်

နောက်ဆုံးပိတ်ဖြေလိုက်တာ့ နိဂုံးချုပ်ကို ဘုရားကဖြေလိုက်တယ်၊ အလယ်မှာ အလုပ်စခန်း မပါပဲနဲ့ဖြေချ လိုက်တာက ဘယ်လိုဖြေလိုက်သတုန်း လူမိုက်က နောက်ခန္ဓာရတယ်ကွာတဲ့ ဇာတိ, ဇရာ, မရဏ ရတယ် (မှန်ပါ့) လူမိုကု်မှာ ဒါရတယ်၊ လူလိမ္မာမှ ဒါမပါဘူးကွ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

လူမိုက်ကဘာတုန်း (နောက်ခန္ဓာရပါတယ် ဘုရား) လူလိမ္မာက (နောက်ခန္ဓာမရပါ ဘုရား) အဲ လူလိမ္မာက ၆ချင်းတူငြားသော်လဲ ဟိုဘက် ၃ကိစ္စကျတော့ လူလိမ္မာမှာမရှိဘူး (မှန်ပါ့) လူမိုက်မှာတော့ ၃ကိစ္စလာတယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

လူမိုက်မှာတော့ (၃-ကိစ္စလာပါတယ်) ၃-ကိစ္စဆိုတာ အကြိမ်ပေါင်းတော့ မရေတွက်နိုင်ဘူး (မှန်ပါ့)ရေတွက် နိုင်ရဲ့လား (မရေတွက်နိုင်ပါ ဘုရား)။

ကောင်းပြီ ဒါဖြင့် လူလိမ္မာမှာတော့ဖြင့် ဒကာ ဒကာမတို့ အကြိမ်ပေါင်းမပြောပါနဲ့တော့ တစ်ကြိမ်တောင် မလာတော့ဘူး (မှန်ပါ့ ဘုရား)။

ဒါဖြင့် တိုတိုပြောကြစို့ဆိုလို့ရှိရင် တစ်ဘဝ တစ်ဘဝပေါင်း နှစ်ဘဝမနေဘူးလား (မှန်ပါ့) တစ်ဘဝဟော လူမိုက်သုံးဘဝဖြစ်တယ်၊ ဟုတ်လား (မှန်ပါ့) လူလိမ္မာက (နှစ်ဘဝနဲ့ပြတ်ပါတယ် ဘုရား) အတိတ်ဘဝပြီးတော့ ပစ္စုပ္ပန် ဘဝပြီးရင် အနာဂတ်ဘဝမဆက်ဘူး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

လူလိမ္မာက (နှစ်ဘဝပါ ဘုရား) ကြည့်လေ ပုံကြည့်ပြော၊ ဒီအတိုင်းပြောရင် မှားကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။

နှစ်ဘဝနဲ့ပြတ်တယ်

လူလိမ္မာက ဘာတုန်း (နှစ်ဘဝပါ ဘုရား) နှစ်ဘဝနဲ့ပြတ်တယ် (မှန်ပါ့) လူမိုက်ကတော့ (၃ဘဝပါ ဘုရား)။

၃-ဆိုတဲ့ဥစ္စာဟာ ဘုန်းကြီးရှင်းပြပါ့မယ်၊ ၃-ဆိုတာ အစရှာမတွေ့ဘူး၊ ၃-ပွင့်ဆိုင် ဘယ်က အစတုန်း မေးရင် ခင်ဗျားတို့ဘယ့်နှယ်ဖြေပါ့မလဲ (ရှာမတွေ့ပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

၃ဆိုတာ သူအစလား သူကအစလားလို့ဆိုရင် ခင်ဗျားတို့ဘယ်လိုမှမဖြေနိုင်တော့ဘူး၊ ဖြေနိုင်သေးရဲ့လား (မဖြေနိုင်ပါ ဘုရား) အဲ-၃ဆိုတာ အစမရှိဘူးတဲ့ ကြက်ဥလိုနေတာ၊ လှည့်သွာတာပဲ (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ ၃-ကြိုက်သလား၊ ၂-ကြိုက်သလား၊ (၂-ကြိုက်ပါတယ် ဘုရား) ဦးလှကြီးရော (၂-ကြိုက်ပါတယ် ဘုရား)

၂ကြိုက်လို့ရှိရင်ဖြင့် ကျုပ်တို့ ကိုင်း ၂-ကြိုက်တဲ့ပုဂ္ဂိုလ်ဘာလုပ်ရမှာတုန်းမေးတော့ ဒကာ ဒကာမတို့ လူမိုက်က ၃-ဘဝဆက်တယ်၊ ၃-ကိုလည်တယ်နောာ် (မှန်ပါ့) လူလိမ္မာ ၂-မို့ ဒကာ ဒကာမတို့ တစ်ချောင်းဆွဲရင် တစ်ချောင်း ပြုတ်တာပဲ (မှန်ပါ့ ဘုရား)။

တစ်ချောင်းဆွဲရင် (တစ်ချောင်း ပြုတ်ပါတယ် ဘုရား) ၂-ခုထောင်ထားတာကိုးဗျ (မှန်ပါ့) တစ်ချောင်းဆွဲရင် တစ်ချောင်း ပြုတ်မှာပေါ့ (မှန်ပါ့) ၃-ထောင်ထားလို့ရှိရင်ဖြင့် ၁-ချောင်းဆွဲ၊ ၂-ချောင်းကျန်မှာပဲ (မှန်ပါ့)ထိပ်တိုက်ပြီးကျန် နေရစ်မှာပဲ (မှန်ပါ့) မကျန်ပေဘူးလား (ကျန်ပါတယ် ဘုရား) ဒါ့ကြောင့် ၃-ကလည်တယ်၊ ၂-ပြတ်တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ဘဝပေါင်းအကြိမ်ကြိမ်ဆုတောင်းသမားမှာဖြင့် ၃-လည်း က, မထင်ပါဘူးဟင် (မကပါ ဘုရား) ကင်းခြေများဖြစ်နေတယ် တစ်ချောင်းကျိုးအရေးမကြီးဘူးကွ အသွားမပျက်ဘူး (မှန်ပါ့ ဘုရား)။

ဒီမှာလဲ သံသရာ့ခရီးသည် သွားမယ်ကွ၊ အဓိပ္ပာယ်ပဲရနေတယ် (မှန်ပါ့) ဒီ့ပြင်ဘာရသေးသတုန်း (မရပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

မဂ္ဂင်ငါးပါး နောက်ကလိုက်တယ်

ကိုင်း ဒါဖြင့် မနေ့က ကတိထားခဲ့တော့ လူလိမ္မာက မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်တယ် (မှန်ပါ့) သူ မဂ္ဂင်ငါးပါး နောက်ကလိုက်တယ်ပြောတာ (မှန်ပါ့)။

လူမိုက်ကတော့ကွာတဲ့ ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံ,လိုက်တယ် (မှန်ပါ့) ဆက်ပေးလိုက်တော့ တဏှာ,ဥပါဒါန်ကံ, ဆိုပြီး ဇာတိဇရာမရဏဆက်တယ် (မှန်ပါ့)။

ဟိုကတော့ မဂ်လိုက်နေတယ်၊ တဏှာ ဥပါဒါန် ကံမလိုက်ဘူး (မှန်ပါ့) ဒါကြောင့် ၃-မဖြစ်ဘူး၊ ၂နဲ့ပြတ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

၃မဖြစ်ဘူး (၂နဲ့ပြတ်ပါတယ် ဘုရား) ဘာကြောင့်တုန်း ဆိုတော့ မဂ္ဂဗြဟ္မစရိယအကျင့်နော် (မှန်ပါ့) မဂ္ဂက နိဗ္ဗာန်ရောက်ကြောင်းခရီးအမှန်၊ ဗြဟ္မစရိယက အကျင့် (မှန်ပါ့) မဂ္ဂက နိဗ္ဗာန်ရောက်ကြောင်း ခရီးအမှန် ဗြဟ္မစရိယ ကအကျင့် (မှန်ပါ့)။

ဒါဖြင့် မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်တဲ့ပုဂ္ဂိုလ်ဟာ ၃-ချောင်းထောက်ဖြစ်မယ် (မှန်ပါ့) ဝဋ်သုံးပါးလာမယ် ပြောတာ၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် (မှန်ပါ့) ထိုဝိပါကဝဋ်ထဲမှာ ကိလေသဝဋ်, ကမ္မဝဋ် (မှန်ပါ့) လည်မသွား ဘူးလား (သွားပါတယ် ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘာလုပ်ရမတုန်း ၂-ဘဝနဲ့ပြတ်ချင်ကြရင် (မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရပါမယ် ဘုရား) ၂-ဘဝဆိုပေမဲ့လဲ ဟို တစ်ဘဝကတော့ ခင်ဗျားတို့ ကိစ္စပြီးခဲ့ပါပြီ၊ ခင်ဗျားတို့ အချေးဆပ်လို့လဲ မရတော့ပါဘူး (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား)။

ဒီပစ္စုပ္ပန်ဘဝမှာ ဝေဒနာသုံးပါးရှိလိမ့်မယ်ကွာတဲ့ (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား) ပစ္စုပ္ပန်ဘဝမှာ ဝေဒနာသုံးပါးရှိလိမ့်မယ် သုခ, ဒုက္ခ, ဥပက္ခော (မှန်ပါ့)။

သင်္ခါရတရားကို သင်္ခါရတရားနဲ့ရှုပါ

အဲဒီလို မင်းတို့သည်ကားလို့ဆိုရင် သင်္ခါရတရားကို သင်္ခါရတရားနဲ့ရှုပါ (မှန်ပါ့) အနိစ္စတရားကို သင်္ခါရနဲ့ ရှုပါ ဒီလိုလဲရတာပဲ၊ သင်္ခါရတရားကို သင်္ခါရချင်းရှုရင်လဲ (ရပါတယ် ဘုရား) ရတာဘဲဆိုတာ သေချာပြီလား (သေချာ ပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ကျုပ်တို့ ဘယ်လိုလုပ်ကြမတုန်း၊ လူူမိုက်ဖြုတ်ကြစို့နော် (မှန်ပါ့) လူမိုက်စွမ်းရည် သတ္တိကတော့ ဖြင့်ဆည်မရ, ကယ်မရဆိုတာတော့ ခင်ဗျားတို့ရှင်းနေပါပြီ (မှန်ပါ့ ဘုရား) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဆည်မရ၊ ကယ်မရဘဲ၊ ဒါကလေးသိရတာနဲ့ ခင်ဗျားတို့ အခုအများကြီးသေပျော်ပါပြီ (မှန်ပါ့) ဒါကလေး ယူလိုက်မယ်ဟဲ့ ဆိုလို့ရှိရင်ပဲ မဂ္ဂဗြဟ္မစရိယအကျင့်ကလေး ငါမလုပ်မယ်ဟဲ့ ဆိုကတည်းက ကိုယ့်သံသရာ ကိုယ်ဖြတ်မှရမယ် (မှန်ပါ့) သူများဖြတ်လို့မရဘူး (မှန်ပါ့)။

ကိုယ့်သံသရာကို (ကိုယ်ဖြတ်မှရပါမယ် ဘုရား) ကိုယ်ဆိုတာမဂ္ဂင် (မှန်ပါ့)။

ကိုယ်ဆိုတာ (မဂ္ဂင်ပါ ဘုရား) အဲဒါကြောင့် ဘုရားက “ အတ္တာဟိ အတ္တနော နာထော” (မှန်ပါ့) အတ္တာဟိ အတ္တာဧဝ = မိမိကိုယ်သည်သာလျှင်၊ အတ္တနော = မိမိ၏၊ နာထော = ကိုးကွယ်ရာတည်း၊ မိမိကိုယ်ကို မိမိအားကိုးမယ်တဲ့ (မှန်ပါ့)။

မိမိကိုယ်ဆိုတော့ အတ္တဒိဋ္ဌိဖြစ်နေမှာ စိုးသောကြောင့် အဌင်္ဂိကော မဂ္ဂေါလို့ တစ်ခါလာရပြန်တယ် (မှန်ပါ့) မဂ္ဂင်ကွတဲ့၊ မိမိကိုယ်ဆိုပေမဲ့ ဒါကြီးသွားမယူနဲ့ဦး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာအားကိုးရမလဲ (မဂ္ဂင်အားကိုးရပါမယ် ဘုရား) မဂ္ဂင်အားကိုးရမယ်ဆိုတာပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါ ခင်ဗျားတို့၏ခန္ဓာက ကျန်ခန္ဓာလေးပါးဆိုလိုက်ပါတော့နော် (မှန်ပါ့) ကျန်ခန္ဓာလေးပါးထဲက တစ်ခါ တစ်လေကျတော့လဲ သုခကလေးကလဲ ဒီအပေါ်ပေါ်တယ် (မှန်ပါ့) ပေါ်တဲ့သုခကို ခင်ဗျားတို့ ဒီကနေပြီး သကာလ မဂ်သင်္ခါရနဲ့ ပေါ်တဲ့အနိစ္စကိုရှုပေး (မှန်ပါ့)။

မဂ်သင်္ခါရနဲ့ ဘယ်သူ့ကိုရှုရမလဲ

ပေါ်တဲ့အနိစ္စကို (မဂ်သင်္ခါရနဲ့ ရှုပေးရပါမယ် ဘုရား) မဂ်သင်္ခါရနဲ့ ဘယ်သူ့ကိုရှုရမလဲ (ပေါ်တဲ့အနိစ္စကို ရှုရပါ မယ် ဘုရား)။

အဲ ပေါ်နေတဲ့ အနိစ္စကိုရှုပေး၊ မပေါ်တာကို သွားမရှုနဲ့ ပညတ်သွားဖြစ်နေမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တစ်ခါတစ်လေကျတော့ ဒီကိုယ်ပေါ်မှာပဲ ဒီကာယပေါ်မှာပဲ ဒုက္ခကလေး ပေါ်လာတယ်၊ ဒီမဂ်သင်္ခါရနဲ့ဘဲရှု (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

တစ်ခါတစ်လေ ကျတော့ ဥပေက္ခာပေါ်တယ်၊ ကျန်ခန္ဓာလေးပါးပေါ်မယ်၊ ဘာလုပ်ရမလဲ (မဂ်နဲ့ရှုပါမယ် ဘုရား) မဂ်သင်္ခါရနဲ့ရှုပေး (မှန်ပါ့)။

ဒါကြောင့် ခန္ဓဉာဏ်နဲ့ တည့်ထားတယ် (မှန်ပါ့) ခန္ဓာဉာဏ်နဲ့တည့်ထားတော့ သူတို့က ဒီခန္ဓာပေါ်မှတစ်ပါး၊ ဘယ်သူ့ရွှေ့မပေါ်ဘူး (မှန်ပါ့ ဘုရား) ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ခန္ဓာနဲ့ဉာဏ်နဲ့တည့်ထား

အဲဒီတော့ခင်ဗျားတို့ ဆုံးမထားတာကို လေးလေးစားစား နားထောင်ရမယ် (မှန်ပါ့) ခန္ဓာနဲ့ဉာဏ်နဲ့ တည့်ထား ရမယ် (မှန်ပါ့) ခန္ဓာနဲ့ဉာဏ်နဲ့တည့်ထားတော့ ဘာဖြစ်မတုန်း၊ ခန္ဓာနဲ့ဉာဏ်နဲ့ တည့်ထားတဲ့ အခါကျလို့ရှိရင်ဖြင့် ဘယ်မှ မလှည့်နဲ့ ခန္ဓာကထစ်ဆိုလို့ရှိရင်ဖြင့် ဉာဏ်ကလဲ ထစ်ဆိုသည်နဲ့ တစ်ပြိုင်နက်တည်း သူ့ဘက်ကိုလှည့် ဖြစ်အောင်လှည့် မယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

လောကီဥပမာ ပြောကြပါစို့ဆိုတော့ ခင်ဗျားတို့သည် အိမ်မုခ်ဝက ကြွက်ကလေးဝင်လာတယ်နော် (မှန်ပါ့) ကြွက်ဝင်လာတာကို ခင်ဗျားတို့က ကြွက်မဝင်ခင်မြင်သလား ကြွက်ဝင်မှမြင်သလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ ကြွက်ဝင်မှပဲမြင်ပါတယ် ဘုရား)။

ကြွက်ဝင်သလို ဒီမှာလဲအတူတူပဲတဲ့ သူပေါ်မှမြင်တယ် (မှန်ပါ့) ကြွက်မဝင်ခင်က ခင်ဗျားတို့စိတ်က ကြွက်ဆီမှာ မရှိဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ကြွက်မဝင်ခင်က ခင်ဗျားတို့စိတ်ဟာ ကြွက်ကြည့်မယ်လို့မရှိဘူး (မှန်ပါ့) ရှိရဲ့လား (မရှိပါ ဘုရား) ကြွက်ဝင်လာ တော့မှ ဟာ ဒါကြည့်မှပဲ၊ ကြည့်မှာပဲဆိုတော့ ကြွက်မြင်တဲ့စိတ်ကလေးပေါ်လာတယ် (မှန်ပါ့) ဒါဖြင့် ဒီသင်္ခါရဟာ အသစ်ပဲ (မှန်ပါ့)။

ရှုတဲ့သင်္ခါရက (အသစ်ပါ ဘုရား) ခံတဲ့သင်္ခါရက (အသစ်ပါ ဘုရား) အသစ်-အသစ်ချင်းကြည့်တယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘာတဲ့တုန်း (အသစ်အသစ်ချင်းကြည့်ပါတယ် ဘုရား) အသစ်အသစ်ချင်းကြည့်ပါ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား) ဘယ်လိုလုပ်ကြမယ် (အသစ် အသစ်ချင်းကြည့်ရမှာပါ ဘုရား)။

အသစ်အသစ်ချင်းကြည့်ရမယ်ဆိုတော့ ဒီနေ့နာရတဲ့တရားမှာ ဘာဖြစ်သွားသတုန်းလို့မေးဖို့လိုတော့တယ်၊ ဪ တပည့်တို့ အရှုခံဘက်ကလဲ သဿတပြုတ်နေပြီဘုရား၊ သဿတ, သက္ကာယပြုတ်ပြုတ်ပြီ (မှန်ပါ့) ရှုဉာဏ်ဘက် ကလဲ သဿတသက္ကာယ (ပြုတ်ပါပြီ ဘုရား) ဒီနေ့အတွက် ဒါ အထူးတလည်မှတ်ပါ (မှန်ပါ့ ဘုရား)။

ရှုဉာဏ်ဘက်ကကော သဿတ,သက္ကာယပြုတ်ပါတယ်

အရှုခံတဲ့ဘက်ကလဲ (သဿတ, သက္ကာယ ပြုတ်ပါတယ် ဘုရား) ရှုဉာဏ်ဘက်ကကော (သဿတ, သက္ကာယ ပြုတ်ပါတယ် ဘုရား) အဲဒီလိုပြုတ်ပြီးရှုရင် ခင်ဗျားတို့ မကြာတော့ဘူး ရတော့မယ် (မှန်ပါ့ ဘုရား) ဉာဏ်ကရှင်းထားပြီး (မှန်ပါ့ ဘုရား)။

ဪ အရှုခံတရားကလဲ သင်္ခါရ အနိစ္စလမ်းဆုံးတာပဲ၊ ရှုဉာဏ်တရားကလဲ သင်္ခါရအဖြစ်နဲ့ နေတုန်းသာရှု နိုင်တာ အနိစ္စဖြစ်တော့ကို မရှုနိုင်တော့ဘူး (မှန်ပါ့)။

ပြန်ပြောလိုက်ပါဦးမယ်၊ ဒီစကားနှစ်လုံးဟာ သိပ်အရေးကြီးနေလို့၊ အရှုခံတရားက သင်္ခါရဖြစ်နေတုန်းကို ခင်ဗျားတို့သင်္ခါရ မပေါ်နိုင်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) မိမိခန္ဓာကိုယ်သာ စိုက်ထားမယ်ဆိုလို့ရှိရင်ဖြင့် နှစ်ခု ပြိုင်ပြီး မပေါ်ကောင်းဘဲကိုး (မှန်ပါ့) “ ဧကစိတ္တသမာယတ္တော၊ လဟုသော ဝတ္တတေ ခဏော “ တစ်ခုတည်းသာ ပေါ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အရှုခံသင်္ခါရ ပေါ်နေတုန်း ရှုဉာဏ်သင်္ခါရပေါ်ပါမလား (မပေါ်ပါ ဘုရား) ဒါဖြင့် အရှုခံအနိစ္စအချိန် မှာ ရှုဉာဏ်သင်္ခါရပေါ်တယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား) ဒါဖြင့် ဟိုကအနိစ္စ ဒီကသင်္ခါရဆိုရင် သွားကိုက် တယ် (မှန်ပါ့ ဘုရား)။

အရှုခံက (အနိစ္စပါ ဘုရား) ရှုဉာဏ်က (သင်္ခါရပါပါ ဘုရား) အဲ ဟိုအနိစ္စကို ဒီသင်္ခါရနဲ့ရှုပေး (မှန်ပါ့) သေသေ ချာချာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီ၊ ဒီကြားမျာ ဘဝတွေ ဘာတွေခြားတာ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး၊ ဘာမှမဆိုင်ဘူး ကျုပ်တို့နဲ့ ဘဝ ဘယ်လောက်ခြားနေနေ ပုထုဇဉ်ပဲ ဘဝအရေအတွက်မရှိ ခြားမှာပဲ (မှန်ပါ့) ဒါကျုပ်တို့နဲ့မဆိုင်ဘူး (မှန်ပါ့)။

ကံက ဆက်ပေးနေတာ၊ ဒါကိလေသာမဆိုဘူး၊ ဒီကြားထဲ မှာ ဒီ့ပြငမဟာ ဝင်လာရင်တော့ ကိလေသာခြားတယ် (မှန်ပါ့ ဘုရား) ဘဝခြားတာတော့ ဘာမှကိစ္စမရှိဘူး၊ သဘောပါပြီလား (ပါပါပြီ ဘုရား)။

ဘဝခြားတာတော့ (ဘာမှကိစ္စမရှိပါ ဘုရား) ဘာမှကိစ္စ မရှိဘူး၊ အပြစ်မရှိဘူး (မှန်ပါ့) ကိလေသာခြားရင် တော့ (အပြစ်ရှိပါတယ် ဘုရား)။

ကိလေသာခြားရင်

ကိလေသာခြားရင် ခုနှစ်ရက်လောက်နဲ့ရမှာကို ဆယ့်လေးရက်ဖြစ်သွားမယ် (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)

ဒါဖြင့် ခန္ဓာသင်္ခါရပေါ်မျာ ဝေဒနာသုံးခု လှည့်လည်ပြီး သကာလ ပေါ်တိုင်း, ပေါ်တိုင်း သင်္ခါရမဂ်နဲ့ ရှု ရှုပေးပါဆိုတဲ့ ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝေဒနာခန္ဓာပေါ်မှာ ဘယ်နှစ်မျိုးပေါ်မလဲ (သုံးမျိုးပေါ်ပါမယ် ဘုရား) အဲဒီသုံးမျိုးအနိစ္စနဲ့ မဂ်သင်္ခါရနဲ့သွား, သွားကိုက်ပါစေ (မှန်ပါ့)။

သုံးမျိုးအနိစ္စနဲ့ (မဂ်သင်္ခါရသွားကိုက်ပါ) သွားကိုက်လို့ရှိရင် ဒီဘက်က တဏှာ, ဥပါဒါန်, ကံ လာဦးမလား (မလာပါ ဘုရား) မလာရင် ဇာတိ, ဇရာ, မရဏ (မလာပါ ဘုရား) ပြတ်တယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု…။