12507

မာတိကာသို့

သံသရာဖြတ်ခန်း၏ ရေသောက်မြစ်ရှာသည့်တရားတော် (၂)

အလုပ်စခန်းနဲ့ သဿတ, ဥစ္ဆေဒဖြုတ်ပုံ

(အစေလက ကဿပသုတ်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားဆုံးမတော်မူအပ်သော

သံသရာဖြတ်ခန်း၏ ရေသောက်မြစ်ရှာသည့်တရားတော် (၂)

အလုပ်စခန်းနဲ့ သဿတ, ဥစ္ဆေဒဖြုတ်ပုံ

(အစေလက ကဿပသုတ်)(၁၄-၉-၆၁)

ဒီဘက်ကသုံးခုက ဇာတိ, ဇရာ၍ မရဏ၊ ဒါက ဒုက္ခဥပါယာသ ဒုက္ခလို့ မှတ်ထားပါ၊ မနေ့ကဝတ္ထုက မဆုံးလို့ ပြန်ပြောရပါတယ် (မှန်ပါ့)။

ဒီ ဒုက္ခဟာ ဒကာ ဒကာမတွေမှာ အခု ဇာတိကလည်း လွန်ခဲ့ပြီ ဆိုပါတော့၊ အခု ဇရာထဲ ရောက်နေကြတယ်၊ အိုတဲ့အထဲ ရောက်နေကြတယ်၊ အိုရာကနေပြီး အခုသေကာနီးသွားနေကြတယ် (မှန်ပါ့)။

ဒါကို ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ ဒီဒုက္ခ အလိုလိုဖြစ်တာလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား) မဟုတ်ဘူးတဲ့၊ ဪ အလိုလိုဖြစ်တဲ့တရားလည်း မဟုတ်ဘူး။ သူတစ်ပါးပြုတာလည်း (မဟုတ်ပါ ဘုရား)။

ဒုက္ခအပြည့်နဲ့ရှိတယ်

အလိုလိုဖြစ်တာလား (မဟုတ်ပါ ဘုရား) မိမိသူတစ်ပါးနှစ်ဦးသော အကြောင်းကြောင့် ဖြစ်တာကော (မဟုတ်ပါ ဘုရား) ဒါဖြင့် ဒုက္ခသည် အခု ဒကာ ဒကာမတွေ ခန္ဓာကိုယ်မှာ ဒုက္ခအပြည့်နဲ့ရှိတယ် (မှန်ပါ့)။

မိမိပြုထားတာလည်း မဟုတ်ဘူး၊ သူတစ်ပါး ပြုထားတာလည်း မဟုတ်ဘူး၊ မိမိ, သူတစ်ပါး နှစ်ဦးသား ပြုလုပ်ထားတာလည်း မဟုတ်ဘူး၊ အလိုလိုဖြစ်တာလည်း မဟုတ်ဘူး။

အဲဒီတော့ ဒီဒုက္ခသည်ကားလို့ ဆိုလို့ရှိရင် အကြောင်းရှိပါလိမ့်မယ်၊ မဆိုထိုက်ကြဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒီဒုက္ခဟာ အကြောင်းရှိပါလိမ့်မယ်ဆိုတော့ အကြောင်းဟာက သေသေချာချာမှတ်ကြပါ ဓမ္မအကြောင်းရှိ လိမ့်မယ် ပုဂ္ဂိုလ်သတ္တဝါနဲ့ မဆိုင်ဘူး (မှန်ပါ့)။

ဘာရှိလိမ့်မလဲ (ဓမ္မအကြောင်းပါ ဘုရား) ဓမ္မအကြောင်းရှိမယ် ပုဂ္ဂိုလ်သတ္တဝါနဲ့ မဆိုင်ဘူး၊ ဓမ္မတည်းဟူသော အကြောင်းကြောင့် ဖြစ်ရလိမ့်မယ်ဆိုတော့ ဓမ္မကိုရှာလိုက်တဲ့အခါကျတော့ ဪ ဒီဇာတိ, ဇရာ, မရဏဟာ ကမ္မဘဝ ကြောင့် ဖြစ်တာပဲ (မှန်ပါ့) ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။

ဘယ်သူ့ကြောင့် ဖြစ်သလဲ (ကမ္မဘဝကြောင့် ဖြစ်ပါတယ် ဘုရား) ဒါကတော့ မိမိလည်းမဟုတ်ဘူး၊ သူတစ်ပါး လည်းမဟုတ်ဘူး၊ မိမိ, သူတစ်ပါးနှစ်ဦးသားလည်း (မဟုတ်ပါ ဘုရား) ကမ္မဘဝကြောင့် ဖြစ်တာပဲလို့ မှတ်ထားကြပါ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မိမိပြုတာလည်း မဟုတ်ဘူး၊ သူတစ်ပါး ပြုတာလည်း မဟုတ်ဘူးကွ ဒုက္ခတွေဟာ မိမိ, သူတစ်ပါး နှစ်ဦးသားပြုတာလည်းမဟုတ်ဘူးကွ၊ အလိုလိုဖြစ်တာလဲ မဟုတ်ဘူးကွ ကဿပရဆိုတော့ ဒါ ပုဂ္ဂိုလ်သတ္တဝါပျောက်တဲ့ သုညတဓမ္မက ပြုလုပ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုညတဓမ္မက ပြုလုပ်တာ

ဘယ်သူက ပြုလုပ်တာတုန်း (သုညတဓမ္မက ပြုလုပ်တာပါ ဘုရား) ဒါ ပုဂ္ဂိုလ်သတ္တဝါကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

သို့သော်လည်း ဒီဓမ္မကင်း၍ ဒီဓမ္မတွေဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား) ကမ္မဘဝကင်း၍ ဇာတိ, ဇရာ,မရဏ မဖြစ်နိုင်ဘူး (မဖြစ်ပါ ဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကျတော့ ကုသလာ, ကုသလံဇဟံ ကမ္မဘဝကို စွန့်လိုက်တယ် (မှန်ပါ့) ကုသိုလ်, အကုသိုလ်စွန့်လိုက်တယ်ဆိုတာ ကမ္မဘဝစွန့်ချလိုက်တယ် (မှန်ပါ့) ကမ္မဘဝစွန့်တဲ့ ပုဂ္ဂိုလ်မို့ သူ့မှာ ဒီဒုက္ခမရဘူး (မှန်ပါ့)။

ကျုပ်တို့က ကမ္မဘဝကိုပဲ အလိုရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေသောကြောင့် အခုရ,ထားတဲ့ ဒုက္ခဟာ ကမ္မဘဝကြီး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာကြောင့်ရကြသလဲ (ကမ္မဘဝကြောင့် ရပါတယ် ဘုရား)။

ခင်ဗျားတို့က ဘယ်တော့ကံကောင်းပါမတုန်း မျှော်နေတာပဲ (မှန်ပါ့) ရှေ့ကို ကံကောင်းအောင် ဘယ့်နှယ်လုပ်ရ ပါ့မတုန်း ဒါပဲမျှော်နေတယ် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့မျှော်တာ ဘာမျှော်တာတုန်းလို့ မေးလို့ရှိရင် ဦးလှတို့ ဦးမာဒင်တို့ ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခမျှော်နေပါတယ် ဘုရား) ဒုက္ခမျှော်တယ်။

ဪ ဘယ်တော့အခါကျမှ တပည့်တော်တို့ ကံကလေးများ ကောင်းပါ့မတုန်း၊ အခုဖြင့် ကံက မကောင်းတာနဲ့ ချည့်ကြုံနေရတယ် ဘယ်တော့များ ကံကောင်းပါ့မလဲတဲ့၊ အင်း ဘာများ မျှော်ကြပါလိမ့်ဟင် (ဒုက္ခမျှော်ပါတယ် ဘုရား) ကမ္မဘဝပစ္စယာဇာတ၊ ဇာတိဒုက္ခမလာဘူးလား (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဘာမျှော်ကြသတုန်း

ဘာမျှော်ကြသတုန်း (ဇာတိဒုက္ခမျှော်ပါတယ် ဘုရား) တစ်နည်း “ကမ္မံ ဝိပါကဿ”တဲ့ ပဋ္ဌာန်းကျမ်းမှာကျ တော့ အကျိုးပေးမျှော်လိုက်တယ် (မှန်ပါ့) ကံက သမုဒယသစ္စာ, အကျိုးက ဒုက္ခသစ္စာ (မှန်ပါ့) ဘာမျှော်သတုန်း (ဒုက္ခသစ္စာမျှော်ပါတယ် ဘုရား)။

ဪ ခင်ဗျားတို့ ရူးလည်း ရူးတဲ့လူတွေပဲ (မှန်ပါ့) အဘိုးကြီးတွေ အရွယ်ကြီးမှ အရူးထတာ မကောင်းဘူးဗျ၊ အရွယ်ကြီးမှ အရူးထ,ဟာ အတော်ဆိုးဝါးတယ်ဆိုတာ ခင်ဗျားတို့ သေသေချာချာစဉ်းစားမှ ပေါ်ပါတယ် (မှန်ပါ့ ဘုရား)။

ကံကလေးများ ဘယ့်နှယ်နေသတုန်းလို့ ဗေဒင်ကလေးများ မေးချင်တယ်၊ မမေးချင်ဘူးလား (မေးချင်ပါတယ် ဘုရား) ကံကလေးများ ဘယ့်နှယ်နေသတုန်းလို့ ဗေဒင်များချင်တော့ တပည့်တော် ဒုက္ခဘယ်တော့ရောက်ပါ့မတုန်း (မှန်ပါ့) ဒါမေးတာပါ (မှန်ပါ့) အခုရှိနေသော ဒုက္ခထက် ဘယ်တော့ ဒုက္ခပိုပါ့မလဲ၊ ဒါမေးတာပါ (မှန်ပါ့ ဘုရား)။

ဘယ်တော့များ သိန်းပေါင်းများစွာ ချမ်းသာပါ့မလဲ အခု ရှိတဲ့ ဒုက္ခထက် ဘယ်တော့များ ပိုပါ့မလဲ၊ ဆရာကြည့် ဟောစမ်းပါ၊ အံမာလေး လူတွေအတော်ရူးတဲ့ လူတွေထဲက ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

”ကမ္မံ ဝိပါကဿ ကမ္မပစ္စယေန ပစ္စယော” ပဋ္ဌာန်းဒေသနာတော်က ရှိပြီးသားပဲ (မှန်ပါ့) ကမ္မံက=သမုဒယ သစ္စာ၊ ဝိပါကဿက=ဒုက္ခသစ္စာ၊ ဘယ်တော့များ တပည့်တော် အကြီးအကျယ် ဒုက္ခရောက်ပါ့မလဲ၊ အခု ရောက်ရတဲ့ဒုက္ခ နည်းသေးတယ်၊ ဦးလှဒါမေးတာ (မှန်ပါ့ ဘုရား)။

မျက်စိကသိပ်လည်တယ် (မှန်ပါ့လည်ပါတယ် ဘုရား) ဘုရားက ဒီဥစ္စ ဒီကံနှိပ်စက်နေတာကွတဲ့၊ မဟုတ်ဘူးလား (မှန်ပါ့) သူက ကမ္မဝဋ်, ဒါက ဝိပါကဝဋ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဆံပင်ဖြူမှ အရူးထ

ဝိပါကဝဋ်မှ ခင်ဗျားတို့က ကြိုက်နေတာ (ကြိုက်ပါတယ် ဘုရား) ဦးလှကြီးတို့များ ဆံပင်ဖြူမှ အရူးထ, နေလို့ ခက်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) နားမလည်ရင် ဒီဥစ္စာအရူးထနေတာ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် မြို့ထဲ,ရွာထဲမှာ ဒီလိုသမုဒယနဲ့ ဒုက္ခမသိတဲ့ ပုဂ္ဂိုလ်တွေကများတယ် (များပါတယ်) များတာဟာ ဒုက္ခကြိုက်သမားများတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုကြမလဲ (ဒုက္ခကြိုက်သမား များပါတယ် ဘုရား) ဒုက္ခကြိုက်သမား များတယ်၊ သားသမီးတစ်ယောက် က နှစ်ယောက်က သုံးယောက်ဆိုရင် ထွန်းကားလာတယ်ယူတာ (မှန်ပါ့ ဘုရား)။

ထွန်းကားလာတာလား ဒုက္ခကြီးတာလား (ဒုက္ခကြီးတာပါ ဘုရား) ဒုက္ခကြီးတာကို ဦးမာဒင်တို့ လူစုက လူလာလို့ ဧည့်ခံရင် ဘာနဲ့ဧည့်ခံသတုန်း (ဒုက္ခနဲ့ ဧည့်ခံပါတယ် ဘုရား)။

သားကလေး, သမီးကလေးတွေ ထွန်းကားလာတယ်၊ အိုစာ မင်းစာတဲ့ (မှန်ပါ့) ဦးလှ ဒီအတိုင်း ဖြစ်နေတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဘုရားကလည်း ဒီကံကို တစ်နေ့ကပဲ ဟိုအင်္ဂုတ္တိုရ်ပါဠိတော်မှာလာတဲ့အတွက် အကဏှ အသုက္က ကံဖြစ်အောင် မဂ္ဂင်ပွားများကွ အကဏှအသုက္ကကံမှ ကံကိုဖြတ်တာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ်) အကဏှ အသုက္ကဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးမှ ကံကိုဖြတ်တယ်၊ ဒီကံကိုဖြတ်မှ မင်းတို့ ဟောဒီ ဝိပါက ဝဋ်ကျွတ်မယ် (မှန်ပါ့) မဟောဘူးလား (ဟောပါတယ် ဘုရား)။

အဲ ဘုရားကလည်း ကျွတ်စေချင်၊ ခင်ဗျားတို့ကလည်း ဝဋ်မျှော်တဲ့ လူတွေနဲ့တော့ အတော် ကန့်လန့် ကျနေတာ (မှန်ပါ့) မကျဘူးလား (ကျပါတယ်) ပေါ်ပလား (ပေါ်ပါပြီ) နည်းနည်းရူးတာလား များများရူးတာလား စဉ်းစားကြည့်ပါဦး (များများရူးတာပါ ဘုရား) များများရူးနေတာ (မှန်ပါ့ ဘုရား)။

အဲဒါက သေသေချာချာ စဉ်းစားတော့မှ အတော်သိခဲပါလားဆိုတာ ပေါ်လာတယ် (မှန်ပါ့) အခု သေသေချာ ချာ ပေါ်ပလား (မှန်ပါ့ ဘုရား)။

အကျိုးပေးဒုက္ခကို လိုချင်တာ

ဒါ ဘာသစ္စာကြီး ပြန်လာသတုန်း (ဒုက္ခသစ္စာပြန်လာပါတယ် ဘုရား) ကြည့်လေ ဒါက ဘာသစ္စာတုံး (သမုဒယ သစ္စာပါ ဘုရား) ဒီဘက်က (ဒုက္ခသစ္စာပါ ဘုရား) ဒါကို ခင်ဗျားတို့က ဒီအကျိုးပေး ဘယ်တော့ ကြီးကျယ်ပါ့မတုန်း ပြောနေတာ (မှန်ပါ့) ကံကလေး ဘယ်တော့ကောင်းပါ့မတုန်း၊ ကံကိုလိုချင်နေတာ မဟုတ်ဘူး၊ ခင်ဗျားတို့လိုချင်တာက ဒါကိုလိုချင်တာ (မှန်ပါ့ အကျိုးပေးဒုက္ခကို လိုချင်တာပါ ဘုရား)။

အကျိုးပေးဒုက္ခလိုချင်တော့ သေးသေးလိုချင်တာလား ကြီးကြီးလိုချင်တာလား မေးရင် (ကြီးကြီးလိုချင်တာပါ ဘုရား) ကြီးကြီးလိုချင်တယ် (မှန်ပါ့ တမင်ပြုစုယူနေကြပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဥစ္စာက ခဲကြီးကြီးမှန်ရင် ကြိုက်တယ်(မှန်ပါ့) ခဲသေးသေးမှန်ရင် (မကြိုက်ပါ) ပက်လက် လန်လဲပြီး ဂျွမ်းထိုးမှောင်ခုံသေရမှ ဒီလိုကြိုက်တာကိုး (မှန်ပါ့ ဘုရား)။

အင်း ဝိပ္ပလ္လာသ၊ အတော် ကြောက်စရာကောင်းတာဗျ (မှန်ပါ့) တရားကို ဆက်လိုက်လို့ရှိရင် တဆက်တည်းပဲ (မှန်ပါ့) ဟိုအရူးကျအောင် ခဲကြီးကြိုက်နေတယ်၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အရူးကျအောင် (ခဲကြီးကြိုက်ဖြစ်နေပါတယ်) ခဲကြီးနဲ့ ခဲလေးမှန်တော့ ကဲ ဘယ်သူကနစ်နာသလဲ (ခဲကြီးက နစ်နာပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့က ဘာကြိုက်သတုန်းမေးရင် (ခဲကြီး ကြိုက်ပါတယ်) ခဲကြီးကြိုက်တယ်၊ တရာလုံးနဲ့ ပေါက်ရင်မကြိုက်ဘူး၊ တသိန်းလုံးနဲ့ ပေါက်ရင်တော့ ကံကောင်းတယ် အောက်မေ့နေတာ (မှန်ပါ့ ဘုရား)။

ဟိုမှာ အဆိပ်တွေကွ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဃောရဝိသံ ဟေ့ ဟိုမှာ အဆိပ်တွေကွ၊ အာနန္ဒာကြည့်စမ်း၊ ဟိုမှာ ငွေထုပ်ကြီးမြင်တော့ အဆိပ်တွေပြောနေတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဘုရားကတော့ ပြန်ကြွသွားတာပဲ၊ အဆိပ်တွေက မြွေတွေက ကိုက်လိုက်မယ်ကွ၊ ပြောပြီးပြန်သွားတာပဲ။ ဟိုမှာ လယ်ထွန်သမားက မြွေဆိုတော့ သွားကြည့်တော့ ငွေဖြစ်နေတော့ သိမ်းပိုက်ထားပြီးတော့ ဝိုင်းပြီးရိုက်တာပေါ့ (မှန်ပါ့) ကဲ-ရှင်းပလား (ရှင်းပါပြီး ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီအကျိုးပေးကို မိမိပြုတာလား (မိမိပြုတာ မဟုတ်ပါ ဘုရား) သူတစ်ပါးပြုတာလည်း မဟုတ်ဘူး (မှန်ပါ့) သူတစ်ပါးဆိုရင် ဒါခင်ဗျားတို့ ပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

မိမိပြုတာလား (မဟုတ်ပါ) မိမိဆိုလို့ရှိရင်လည်း ဒီဥစ္စသဿတဒိဋ္ဌိဖြစ်ပြီ (မှန်ပါ့ ဘုရား)။

ကံကို မိမိယူရင် (သဿတဒိဋ္ဌိပါ) အေး ကံက, ကံပဲမိမိဆိုတဲ့ ပုဂ္ဂိုလ်သတ္တဝါမဖြစ်ရဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သူတစ်ပါးလား (မဟုတ်ပါ ဘုရား) မိမိသူတစ်ပါးနှစ်ဦးသား ပြုတာကော (မဟုတ်ပါ ဘုရား) အလိုလိုဖြစ်တာ လား (မဟုတ်ပါ) ဒါဖြင့် ဘာတုန်း ဒီအကျိုးပေးဟာ သုညတဓမ္မက လုပ်လိုက်တာ (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူကလုပ်သတုန်း (သုညတဓမ္မကလုပ်ပါတယ် ဘုရား) ဒါမှ သူ-သုညတက ပုဂ္ဂိုလ်သတ္တဝါ မဟုတ်တဲ့ တရားက လုပ်တယ် (မှန်ပါ့) အဲဒါ ခင်ဗျားတို့က ငါလုပ်လို့ ငါခံရတာ တဲ့ (မှန်ပါ့)။

သုညတကို နားမလည်တဲ့အတွက်

ခင်ဗျားတို့ ဘယ်လိုပြောလေ့ရှိသတုံး (ငါလုပ်လို့ ငါခံရတယ် ပြောလေ့ရှိပါတယ် ဘုရား) အဲဒါ ခင်ဗျားတို့ သုညတကို နားမလည်တဲ့အတွက် ဒီမှာ သဿတ ဝင်နေတာ (မှန်ပါ့ ဘုရား)။

သုညတ နားမလည်လို့ ဘာဝင်လာသတုန်း (သဿဘ ဝင်လာပါတယ် ဘုရား)။

တယ်လဲ ကြောက်စရာကောင်းပါလား ခင်ဗျားတို့ ဥစ္စာက၊ တစ်ဖက်က နည်းနည်းကလေး လျှော့ပေးလိုက်ပြန်လို့ ရှိရင်လည်း ဒိဋ္ဌိက ဝင်အောင် ထိုးသွင်းလိုက်တယ် (မှန်ပါ့)။

တစ်ဖက်ကိုသာသာကလေး ပြောလိုက်ပြန်လို့ရှိရင်လည်း ခင်ဗျားတို့က မဟုတ်တာကြီးစွဲပြီးသကာလ ပြင်းပြင်း ထန်ထန် လုပ်ကြတယ် (မှန်ပါ့) အလည်လမ်းကို ခင်ဗျားတို့ မရောက်နိုင်ဘူး (မရောက်ပါ ဘုရား) အတော် ကြောက်စရာ ကောင်းနေပြီ (မှန်ပါ့)။

ကဲ ဒါဖြင့် သွား၊ ဒီကံ ဘယ်ကလာသတုန်း သွားဦး မနေ့ကလိုပဲနော်၊ ဥပါဒါန်က လာတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) ဥပါဒါန်က သမုဒယသစ္စာ ကံက ဒုက္ခသစ္စာ(မှန်ပါ့) ခင်ဗျားတို့က ဒီကံကို ဒုက္ခသစ္စာလို့ မထင်ဘူး (မှန်ပါ့ မထင်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီး ဥပါဒါန် ဘယ်သူက လုပ်သတုန်း (တဏှာက လုပ်ပါတယ် ဘုရား) တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က (ဒုက္ခသစ္စာပါ ဘုရား) ဒါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ လာတယ် (မှန်ပါ့)။

ဒီတဏှာကလည်း လုပ်လိုက်တယ်

ကောင်းပြီ ဒီတဏှာကလည်း ဥပါဒါန်, ကံတွေကို အို, နာ, သေတွေကို လုပ်လိုက်တယ်၊ ဘယ့်နှယ်ကြောင့် ဒီတဏှာတွေက အို, နာ, သေကျအောင်ပဲ ဆက်သွယ်ပေးပါလိမ့်မတုန်း ဆိုတော့ ခင်ဗျားတို့က ခန္ဓာငါးပါးကို ဒုက္ခသစ္စာ တရားလို့ မသိလို့နော် (မှန်ပါ့)။

ခန္ဓာငါးပါးကို (ဒုက္ခသစ္စာတရားလို့ မသိလို့ပါ ဘုရား) မသိတော့ ခင်ဗျားတို့က ခင်လိုက်တယ် (မှန်ပါ့) ခင်လိုက် ပြီး စွဲလမ်းလိုက်တယ် (မှန်ပါ့ ဘုရား) စွဲလမ်းလိုက်တော့ကို ရရာရကြောင်း အားထုတ်တယ် (မှန်ပါ့) အားထုတ်တဲ့အတွက် ဟိုမှာ ဘာတွေရသလဲ (ဇာတိ, ဇရာ , မရဏရပါတယ် ဘုရား) ဘာသစ္စာတွေရသတုန်း (ဒုက္ခသစ္စာတွေရပါတယ် ဘုရား)။

ဪ ဒီဟာ ဒုက္ခသစ္စာမသိလို့ ဒီဟာ ဒုက္ခသစ္စာရတာ (မှန်ပါ့ ဘုရား) မူလပစ္စုပ္ပန်ခန္ဓာကို ဒုက္ခသစ္စာလို့ မသိတာနဲ့ အနာဂတ်ဒုက္ခသစ္စာရတယ်နော် (မှန်ပါ့ ရပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အခုရ, ထားတာက နောက်ဘဝက ခန္ဓာကို ဒုက္ခသစ္စာလို့ မသိခဲ့ဘူး (မှန်ပါ့) ယခုရ,ထားလို့ အတူတူနေရတယ် (မှန်ပါ့) ဒုက္ခသစ္စာနဲ့ အတူတူမနေရဘူးလား (နေရပါတယ် ဘုရား)။

ဒုက္ခသစ္စာနဲ့ အတူတူ နေရတာနဲ့ တစ်ခါ ဒီ ဒုက္ခသစ္စာကို ခင်ဗျားတို့က သိအောင် အားမထုတ်ပြန်ဘူး ဆိုလို့ ရှိရင်လည်း ဒီဒုက္ခသစ္စာက ဒီနေရာ ပြန်ရောက်မှာပဲ (ရောက်မှာပါ ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား) ရောက်မယ်ဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာက ဒုက္ခပြီး ဒုက္ခရှာတယ် (မှန်ပါ့)ရော ခက်နေပြီကော၊ ခင်ဗျားတို့ သုခကို တစ်ခါမှ မရှာဖူးဘူး (မှန်ပါ့) ဘာပြီး ဘာရှာနေသတုန်း (ဒုက္ခပြီး ဒုက္ခရှာနေပါတယ် ဘုရား)။

အံမာ ရူးချက် အတော်သန်နေပါသလားလို့ ဆိုမလား၊ ဘယ့်နှယ်ဆိုကြမလဲ (ရူးချက်သန်နေပါတယ် ဘုရား) ရှင်းပလား (မှန်ပါ့)။

ဒုက္ခပြီး ဒုက္ခရှာတာပဲ

ဒုက္ခပြီးရင် ဘာရှာသတုန်း (ဒုက္ခရှာပါတယ် ဘုရား) ဒုက္ခပြီး ဒုက္ခရှာတယ်ဆိုတဲ့ဥစ္စာ အခု ဉာဏ်မျက်လုံးနဲ့ကြည့် လို့သာ ဪ -ဒုက္ခပြီး ဒုက္ခရှာတာပဲ၊ နောက်ဘဝက ဒါတွေ ဒုက္ခသစ္စာလို့ မသိခဲ့လို့ တဏှာ, ဥပါဒါန်, ကံနဲ့ ခင်လို့ ယခု ဒုက္ခသစ္စာရပြန်တယ် (မှန်ပါ့)။

ယခု အနာဂတ်ဘဝရောက်ခဲ့ပြီ၊ ရောက်ပေမယ်လည်း ဒီဟာတွေက ပြီးခဲ့တယ်၊ ဒါ ပစ္စုပ္ပန်ပြန်ဖြစ်တယ် (မှန်ပါ့) ဒါကြီးဒုက္ခသစ္စာ မသိလိုက်လို့ရှိရင် ဒီသုံးခု ပြန်လာဦးမယ် (မှန်ပါ့ ဘုရား) လာရင် ဟိုဘက် ဘာလာဦးမလဲ (ဒုက္ခသုံးပါးလာပါမယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီ-ဒုက္ခမသိလို့ ဒီဒုက္ခရတယ် (မှန်လှပါ ဘုရား) ဒီဒုက္ခ မသိပြန်လို့ရှိရင် (နောက်ဒုက္ခရပါ မယ် ဘုရား)။ နောက်ဒုက္ခမသိပြန်ရင် (နောက်ဒုက္ခပါမယ် ဘုရား)။

နို့-ခင်ဗျားတို့ဟာက ဘာတွေ အမွေပြန်ရနေသတုန်း (ဒုက္ခတွေ အမွေပြန်ရပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခပဲ အမွေခံရနေတယ်ဆိုတဲ့ဥစ္စာ ဒါဖြင့် ခင်ဗျားတို့ အကဲခတ်ကြည့်လို့ရှိရင်ပေါ်ပြီ (မှန်ပါ့ ဘုရား) ဘယ်တော့မှ ဝိပဿနာများ လုပ်ဖူးပုံမရပါဘူး (မှန်လှပါ မရပါ ဘုရား)။

ဝိပဿနာလုပ်ဖူးပုံ မရဘူး

ဘယ်တော့မှ ဝိပဿနာလုပ်ဖူးပုံ မရဘူး၊ ဝိပဿနာလုပ်ဖူးလို့ ရှိရင် ဝိဘင်းပါဠိတော်က သစ္စာနုလောမိကဉာဏ်ဆိုတာ ရှည်ရှည်ပြောနေဖို့မလိုပါဘူး “ရူပံ အနိစ္စံ ဒုက္ခ” အနိစ္စဆိုတာ ပါပဲ၊ ဒုက္ခဆိုတာပါပဲတဲ့ (မှန်ပါ့ ဘုရား) အနတ္တဆိုတာပဲဆိုတော့ အဲဒီ့သစ္စာနုလောမိကဉာဏ်ကို မရခဲ့ဘူး (မရပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘဝက မရခဲ့လို့ရှိရင်လည်း ဒီဒုက္ခနဲ့ မြဲတယ် (မှန်ပါ့) အခု ဒီဘဝရောက်ပြီနော် (မှန်ပါ့) ဒီဘဝမှာ ဒါကို ဒုက္ခသစ္စာလို့ သစ္စာနဲ့လျော်စွာသိတဲ့ ဉာဏ်ခင်ဗျားတို့ မရသေးလို့ရှိရင် ဒီဒုက္ခသွားဦးမယ် အနာဂတ်တစ်မျိုးနဲ့ (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ-ဒါဖြင့် မနေ့က အစေလကဿပကို ပြန်ဆက် သူ့ဝတ္ထုနဲ့သူ (မှန်ပါ့ ဘုရား) ရာဇဂြိုဇ်ပြည်တွင်း ဆွမ်းခံသွား တော့ အစေလကဿပက ဟောဒီဒုက္ခတွေ မိမိပြုတာလား ဆိုတော့ ဘုရားက မဟုတ်ဘူးကွ တဲ့ (မှန်ပါ့) မိမိသူတစ်ပါး နှစ်ဦးသားပြုတာလားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား) အလိုလိုဖြစ်တာလားလို့ မေးပြန်တယ် (မဟုတ်ပါ ဘုရား) လေးချက်ရှိပြီနော် (မှန်ပါ့) နောက်နှစ်ချက် နားထောင်ဦး။

ရှင်ကြီးဂေါတမတဲ့၊ ဒုက္ခမရှိဘူးလားလို့ မေးတော့ဘုရားက ဘယ့်နှယ်ဖြေသလဲ (ရှိတယ်လို့ဖြေပါတယ် ဘုရား) ဒါကြီးရှိနေတယ်(မှန်ပါ့)။

တစ်ခါဆက်မေးပြန်တယ်၊ ရှင်ကြီးဂေါတမ ဒုက္ခမသိဘူးလားလို့ မေးပြန်တော့ ဘုရားက ဘယ့်နှယ်ဖြေသလဲ (သိတယ်လို့ဖြေပါတယ် ဘုရား) နောက်နှစ်ချက်ကျတော့ အဖြေထွက်တယ်နော် (မှန်ပါ့) ဒုက္ခဟာလည်း ရှိလည်း ရှိတယ် တဲ့၊ သိလည်းသိတယ်တဲ့ (မှန်ပါ့)။

ဒါဖြင့် ရှင်ကြီးဂေါတမ ဒုက္ခရှိတယ်လို့လည်း ပြောတယ်၊ သိတယ်လို့လည်းပြောတယ်၊ ဟောစမ်းပါတဲ့ (မှန်ပါ့)။

မင့်ကိုဆုံးမစရာရှိသေးတယ်တဲ့

ကွာ-တဲ့ ငါမဟောခင် မင့်ကိုဆုံးမစရာရှိသေးတယ်တဲ့၊ မဟောသေးပါဘူးတဲ့၊ မင့်ကို ဆုံးမရဦးမယ်တဲ့ (မှန်ပါ့) မင်းက ဟောဒီဒုက္ခကို မိမိပြုသလားလို့မေးတယ်တဲ့ (မှန်ပါ့)။

မိမိပြုတယ် ဆိုရင် ဟောဒီကံကို သူ မိမိယူလိမ့်မယ် (မှန်ပါ့) ဥပါဒါန်ကို မိမိယူလိမ့်မယ်၊ တဏှာကို မိမိယူမှာပါ (မှန်ပါ့ ဘုရား)။

တဏှာဥပါဒါန်ကံတို့ကတော့ ဒါလုပ်တာကိုး၊ သူတို့က သမုဒယသစ္စာသုံးခု၊ သူက ဒုက္ခသစ္စာတစ်ခု၊ ပဋိသမ္ဘိ ဒါမဂ်ကျမှ ဒါတွေက သိနိုင်မယ်နော် (မှန်ပါ့) အဘိဓမ္မာပိဋကတ် ဓမ္မသင်္ဂဏီလောက် ကြည့်လျှင်တော့ ဒါကလေး တစ်လုံးတည်းယူထားတယ် (မှန်ပါ့)။

ကိုင်း-ဒါဖြင့် ဒုက္ခမိမိပြုတာလားလို့ မေးတော့ ငါက မဟုတ်ဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့) ဖြေရမယ်ကွ၊ မဖြေရင် မင့်အတွက် ဒါအများကြီး ခက်သွားမယ် (မှန်ပါ့)။

မင့်အတွက် အများကြီးခက်သွားမယ်တဲ့ ဒီဒုက္ခကို မိမိပြုတာလားလို့ မေးလို့ရှိရင်ဖြင်တဲ့ မိမိပြုလို့ မိမိဒုက္ခရောက် တယ်ဆိုတော့ မိမိတစ်ဆက်တည်း မနေဘူးလား (နေပါတယ် ဘုရား)။

မိမိ တစ်ဆက်တည်းနေတော့ မိမိဟာ ဒီကြားထဲမှာ အခြားမရှိတော့ဘူး အနန္တရ မရှိတော့ဘူး (မှန်ပါ့) အနနန္တရမရှိတော့ သဿတသွားဖြစ်တယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲ-ဒုက္ခဟာ မိမိပြုတာလားလို့ မေးလိုက်တော့ မင်းက မိမိပြုတယ်လို့ ငါဟောလိုက်လို့ရှိရင် မင်းဟာ သဿတ ဒိဋ္ဌိ ဖြစ်ရှာတော့မယ် (မှန်ပါ့)။

သဿတဒိဋ္ဌိဖြစ်လို့ရှိရင် မိစ္ဆာဒိဋ္ဌိဖြစ်တာပဲကွ၊ မိစ္ဆာဒိဋ္ဌိထက် အပြစ်ကြီးတာလည်း ငါဘုရားရှာမတွေ့ဘူးတဲ့ (မှန်ပါ့ ဘုရား)။

မိစ္ဆာဒိဋ္ဌိ ဒီတစ်လုံးရှိရင်

ဘုရားအဆူဆူ ချွတ်တာတောင် ရနိုင်ခဲတယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိ ဒီတစ်လုံးရှိရင် သံသရာ့သစ်ငုတ်မှတ်ပါ (မှန်ပါ့ ဘုရား)။

သဿတ ဒိဋ္ဌိရှိရင် ဘယ့်နှယ်ဆိုမလဲ (သံသရာ့ သစ်ငုတ်ပါ ဘုရား) ဘုရားအဆူဆူ ခလုတ်သာတိုက်သွားတယ်၊ တကယ်မကျွတ်ဘူး (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ ကိုယ်ပြုလို့ ကိုယ်ခံရတယ်ဆိုတာ ခင်ဗျားတို့မှာ ဘာဒိဋ္ဌိရှိသတုန်း (သဿတဒိဋ္ဌိရှိပါ တယ် ဘုရား) အဲဒါ ဗုဒ္ဓဘာသာတွေမှတောင် ရှိနေတတ်တဲ့ မိစ္ဆာဒိဋ္ဌိခေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာခေါ်ကြမယ် (ဗုဒ္ဓဘာသာတွေမှာ ရှိနေတတ်တဲ့ မိစ္ဆာဒိဋ္ဌိပါ ဘုရား) ကိုယ်ပြုလို့ ကိုယ်ခံရတယ် (မှန်ပါ့) ဒါလည်း ကိုယ်ပဲ၊ တဏှာဥပါဒါန်ကံကိုလည်း ကိုယ်ယူတယ် (မှန်ပါ့ ဘုရား)။

ဒီကို ဇာတိဇရာမရဏကိုလည်း (ကိုယ်ယူပါတယ် ဘုရား) ကိုယ်ပြုလို့ (ကိုယ်ခံရတယ် ဘုရား) ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

အဲဒီ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိရှိနေလို့ ရှိရင်ဖြင်တဲ့ ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျလို့ရှိရင် –

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊

ယံ ဧဝံ မဟာသာဝဇ္ဇံ ၊ ယထယိဒံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ၊

မိစ္ဆာဒိဋ္ဌိ ပရမာနိ ဘိက္ခိဝေ မဟာသာဝဇ္ဇာနိ။(ဧကကနိပါတ်၊၃၅)

အင်္ဂုတ္တိုရ်ပါဠိတော်မှာ (မှန်ပါ့)။

မိစ္ဆာဒိဋ္ဌိလောက်အပြစ်ကြီးတာ ငါရှာလို့ကို မတွေ့ဘူး

မိစ္ဆာဒိဋ္ဌိလောက်အပြစ်ကြီးတာ ငါရှာလို့ကို မတွေ့ဘူးတဲ့၊ ပဉ္စာနန္တရိယကံထက်ကြီးသေး တယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့မှာ သဿတဒိဋ္ဌိ သွားပြီးဖြစ်နေတယ် (မှန်ပါ့) အဲဒါ ကမ္မဿကတ သမ္မာဒိဋ္ဌိလောက် ယူထားတဲ့ ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိမလွတ်သေးဘူး (မှန်ပါ့)။

ပဏ္ဏာသမှာလည်း ဒီအတိုင်းလာတာပဲ၊ ခုနင်က အဂုၤတ္တိုရ်ကတော့ မိစ္ဆာဒိဋ္ဌိ အပြစ်ကြီးကြောင်းလာတယ်၊ ပဏ္ဏသကတော့ ကမ္မဿကတဉာဏ်လောက်နဲ့ လှူဒါန်း, ပေးကမ်းနေတဲ့ ပုဂ္ဂိုလ်မိစ္ဆာဒိဋ္ဌိ မလွတ်ပါဘူးကွာတဲ့ (မှန်ပါ့)။

သူလုပ်လို့ သူရထားတာ (မှန်ပါ့) မယူဘူးလား (ယူပါတယ် ဘုရား) ဘာဒိဋ္ဌိဖြစ်နေသတုန်း (သဿတဒိဋ္ဌိ ဖြစ်နေပါတယ် ဘုရား) သဘောပါပလား (ပါ ပါတယ် ဘုရား)။

အဲဒါကြောင့် ကမ္မဿကတ သမ္မာဒိဋ္ဌိ ဝိပဿနာသမ္မာဒိဋ္ဌိ မဂ်သမ္မာဒိဋ္ဌိ ဖိုလ်သမ္မာဒိဋ္ဌိလို့ သမ္မာဒိဋ္ဌိတွေ အများကြီးရှိတာကို ခင်ဗျားတို့က တလုံးတည်းယူထားလို့ ဂွကျနေတယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ကမ္မဿကတ သမ္မာဒိဋ္ဌိနဲ့ တော်လောက်ပလား (မတော်လောက်ပါ ဘုရား) မတော်လောက်သေးဘူးတဲ့၊ ဒါ သေသေချာချာ မှတ်ရမယ် (မှန်ပါ့) သဿတ မလွတ်ဘူးတဲ့၊ လွတ်ပလား (မလွတ်ပါ ဘုရား) ကိုယ်ပြုလို့ ကိုယ်ရတယ် ဆိုတော့ ဒါ ဘာဒိဋ္ဌိတုန်း (သဿတဒိဋ္ဌိပါ ဘုရား)။

နေယျတ္တဒေသနာ တော်တွေ

နို့ ကမ္မဿကတဉာဏ်နဲ့တော့ မဟုတ်ဘူးလားဗျ၊ သူပြုထားတာ သူ့အကျိုးပေးတာ-ဆာယာဝ အနုပါယိနီ မဟုတ်ဘူးလား (မှန်ပါ့) စက္ကံ ဝ ဝဟတောပဒံ တဲ့ ဓမ္မပဒပါဠိတော်ကလာတယ်၊ သုတ္တန်နည်းတွေ, နေယျတ္တဒေသနာ တော်တွေ, နိတတ္ထဟောမဟုတ်ဘူး (မှန်ပါ့) ဘယ်မှာ နောက်ကလိုက်နေတယ်ဆိုရင် သဿတဖြစ်မှာပေါ့ (မှန်ပါ့)။

အဲဒီတော့ နေယျတ္ထဒေသနာ ဆောင်ပြီး ခင်ဗျားတို့ နားလည်အောင် ဟောထားတော့ ခင်ဗျားတို့က တိုက်ရိုက် ယူထားလို့ ဂွကျတာ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဘုရားကတော့ သိလွယ်အောင်လို့ ဪ ဒီလိုမှ မပြောလို့ရှိရင်လည်း သူတို့ ဘာမှ နားလည်တော့မှာ မဟုတ်ဘူး၊ မင်းတို့နောက်က ကံက အမြဲလိုက်နေတယ်ကွာလို့ ဟောလိုက်တော့ (မှန်ပါ့)။

ဘယ်မှာ အကောင်အထည်ကြီးနဲ့တော့ လိုက်နိုင်လိမ့်မယ်ဗျ၊ စေတနာဆိုတာ အနိစ္စ၊ သဗ္ဗေသင်္ခါရာ အနိစ္စ ဆိုတာ ဘယ်မှာလိုက်နေနိုင်လိမ့်မလဲ၊ လိုက်နိုင်ပါ့မလား (မလိုက်နိုင်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကြောင်းအကျိုး သဘောဆက်စပ်မှုကို ဆောင်ဟောထားတာ ခင်ဗျားတို့က တိုက်ရိုက်ယူပစ်လိုက်တယ် (မှန်ပါ့) ဥပမာအားဖြင့် ပြရလို့ရရင် ဒီလိုတော့ ဖြစ်တတ်ပါတယ်ကွာလို့ ဥပမာ ပြောတဲ့ဥစ္စာကို ခင်ဗျားတို့ ဥပမာ ပြောတဲ့ ဥစ္စာကိုတကယ် လိုက်တယ် ယူထားပစ်လိုက်တယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

သဿတဒိဋ္ဌိ မလွတ်ဘူးတဲ့

အဲဒါကြောင့် ခင်ဗျားတို့ ဘာဒိဋ္ဌိဖြစ်နေသလဲ (သဿတဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) အဲ ကမ္မဿကတဉာဏ် လောက် ပုဂ္ဂိုလ်ဟာ သဿတဒိဋ္ဌိ မလွတ်ဘူးတဲ့ (မှန်ပါ့) ပဏ္ဏသ အဋ္ဌကထာမှာ သိပ်ဖွင့်တာပဲ ဒီဥစ္စာ (မှန်ပါ့)။

အတ္တဒိဋ္ဌိ ပရာမသတ္တာ=အတ္တဒိဋ္ဌိကို သုံးသပ်သည်ဖြစ်သောကြောင့် ကမ္မဿကတဉာဏ်ဟာ ဒါကြောင့် သူ အာသဝနယ်က မလွတ်ဘူးဟေ့တဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နတ်ရွာသုဂတိပို့လိုက်တော့ သူ အာသဝနယ်မကျဘူးလား (ကျပါတယ် ဘုရား) နိဗ္ဗာန်ရောက်နိုင်ပါ့မလား (မရောက်နိုင်ပါ ဘုရား) အာသဝနယ်က မလွတ်ဘူးတဲ့၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် တရားဟော မလွယ်ဘူးဆိုတဲ့ ဥစ္စာက ကိုယ်ဟောလိုက်တာက ကိုယ်ကမှ မပိုင်တော့ နိတတ္တလား, နေယျတ္ထလားမသိ၊ ကျမ်းကလည်းမစုံတော့ ထင်မိထင်ရာ စွတ်ပြောရော ကိုယ်ပါ ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းသလဲ (ကောင်းပါတယ် ဘုရား)။

ကိုယ်ပါ ဘာဖြစ်နေသတုန်း (ဒိဋ္ဌိဖြစ်နေပါတယ် ဘုရား) သိပ်ကြောက်စရာကောင်းတယ်တဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သုညကလည်း နားမလည်တဲ့အတွက်

ပြီးတော့ သုညကလည်း နားမလည်တဲ့အတွက် ဒါတွေဟာ မိမိလာတာဖြစ်နေတယ် (မှန်ပါ့) မိမိပြု၍ မိမိဖြစ် တာလား အစေလကကဿပမေးသလိုဖြစ်နေတယ် (မှန်ပါ့) ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ အလုပ်ကြိုးစားလုပ်၊ အလုပ်ကြိုးစားမလုပ်ရင် သုညတက မတွေ့ဘူး (မှန်ပါ့) မတွေ့သေးလို့ရှိရင် တစ်ခါတည်း ဒီအထဲမှာ ငါလုပ်လို့ ငါရတာဆိုတာ လာနေမှာဘဲ (မှန်ပါ့)မလာပေဘူးလား (လာပါ တယ် ဘုရား) အလွန်အရုပ်ဆိုးသနော် (မှန်ပါ့)။

ကဲ တစ်ခါ သွားပါဦး၊ အစေလက ကဿပ တစ်ချက်မေးတာ ဘုရားက ဖြေလိုက်တယ်နော် (မှန်ပါ့) ရှင်ကြီး ဂေါတမ ဒုက္ခ မိမိပြုတာလားဆိုတော့ ဘုရားက မဟုတ်ဘူးကွတဲ့ (မှန်ပါ့ ဘုရား)။

မိမိပြုတာလို့ ဆိုရင်ဒီအစေကကဿပ ဘယ်သွားမယ်ထင်ကြသလဲ (သဿတဒိဋ္ဌိဘက်သွားပါမယ် ဘုရား) ဒုက္ခ မိမိပြုတာလား၊ အေး မိမိပြုတယ်လို့ ပြောလိုက်လို့ရှိရင် အစေလကကဿပ ဘယ်ထဲသွားမယ် ထင်သတုန်း (သဿတဒိဋ္ဌိသွားပါမယ် ဘုရား) သွားပြီအပါယ်၊ သဿတဒိဋ္ဌိမစွန့်တာနဲ့ (မှန်ပါ့ ဘုရား)။

သုဂတိကတော့ ရောက်တော့ရောက်မှာဘဲ ရောက်ပြီး အပါယ်ပြန်သွားမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဘာဒိဋ္ဌိစွဲလိုက်လို့လဲ (သဿတဒိဋ္ဌိစွဲလို့ပါ) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒုတိယမေးခွန်း သူမေးပြန်တယ်

တစ်ခါ ဒုတိယမေးခွန်း သူမေးပြန်တယ်၊ ရှင်ကြီးဂေါတမဒုက္ခကို သူတစ်ပါးကိုပြုတာလားတဲ့၊ ဒါ သုညတ နားမလည်လို့ (မှန်ပါ့) ဒုက္ခ သူတစ်ပါးပြုတာလားလို့ မေးလိုက်တော့ မဟုတ်ဘူးလို့ပဲ ဘုရားက ဖြေတယ် (မှန်ပါ့ ဘုရား)။

ဒီလိုမဟုတ်ဘူးတဲ့၊ သူတစ်ပါးပြုတယ်ဆိုရင် သူက ဥစ္ဆေဒဒိဋ္ဌိဘက် သွားတော့မယ် (မှန်ပါ့) ပြုတဲ့လူက သူတစ်ပါး၊ ခံတဲ့လူက တခြား (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ဘာဒိဋ္ဌိဖြစ်နေသတုန်း (ဥစ္ဆေဒဒိဋ္ဌိဖြစ်နေပါတယ်) အကြောင်းအကျိုး ဆက်သေးရဲ့လား (မဆက်ပါ ဘုရား)။

ပြုတဲ့လူက တစ်ယောက်၊ ခံတဲ့လူက (တစ်ယောက်ပါ) ဒီလိုပြောလိုက်ပြန်တော့ ဘုရားက မဟုတ်ဘူးလို့ဖြေ လိုက်တယ် (မှန်ပါ့) သူ့အယူအတိုင်းဖြေလိုက်ရင် ဟုတ်တယ်ကွ ဖြေလိုက်ရင် သူဥစ္ဆေဒဒိဋ္ဌိဘက် သွားမယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူမေးတာလေးခွန်ပေါ့ဗျာ (မှန်ပါ့) မိမိသူတစ်ပါး နှစ်ဦးသား ပြုတာလားဆိုတော့ သဿတ ဥစ္ဆေဒရောမေးတာ (မှန်ပါ့) အလိုလိုဖြစ်တာလားလို့ သူ့မေးလိုက်တယ်၊ အဲဒါ အဟေတု ဒိဋ္ဌိ သူမေးချလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အဟေတုကဒိဋ္ဌိလည်း မဟုတ်ဘူးကွ ဖြေလိုက်တယ် ဘုရားက (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ပြောစမ်းပါဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကလုပ်တာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘယ်သူကလုပ်တာ တုန်း (ပဋိစ္စသမုပ္ပါဒ်က လုပ်တာပါ ဘုရား)။

ဒုက္ခဟူသရွေ့ကို ဘယ်သူက လုပ်တာတုန်း (ပဋိစ္စသမုပ္ပါဒ်ကလုပ်တာပါ) ဒါဖြင့် သူက ပဋိစ္စသမုပ္ပါဒ်၊ ဒုက္ခက ပဋိစ္စသမုပ္ပန္န(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းက (ပဋိစ္စသမုပ္ပါဒ်ပါ) အကျိုးက (ပဋိစ္စသမုပ္ပန္နပါ)အဲ ပဋိစ္စသမုပ္ပါဒ်ကြောင့် ဖြစ်တယ် (မှန်ပါ့) ဒါကြောင့် ဪ ဒုက္ခဟူသရွေ့ ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တယ် ခင်ဗျားတို့တစ်ဖွဲ့လုံး ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ဒုက္ခဟူသရွေ့ (ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်ပါတယ်) ဘယ်သိကြားကလာပြီး နှိပ်စက်လို့ ဘယ်သူကလာပြီး နှိပ်စက်လို့ မဟုတ်ဘူးဒီဥစ္စာ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒုက္ခဟာ ပဋိစ္စသမုပ္ပါဒ်ကြောင့်ပဲ

ဘယ်သိကြား ဗြဟ္မာ ဘယ်သူက ဘယ်စိုးကြောင့် ဘာမှမဆိုင်ဘူး၊ ဒုက္ခဟာ ပဋိစ္စသမုပ္ပါဒ်ကြောင့်ပဲ (မှန်ပါ့ ဘုရား) ဘယ်သူ့ကြောင့်တုန်း (ပဋိစ္စသမုပ္ပါဒ်ကြောင့်ပါ) ဒုက္ခဟူသရွေ့ဘယ်သူ့ကြောင့်တုန်း (ပဋိစ္စသမုပ္ပါဒ်ကြောင့်ပါ ဘုရား)။

ခင်ဗျားတို့ စဉ်းစားဖို့ကောင်းပါတယ်၊ ဪ ဒုက္ခမျိုးစုံအကုန်ချုပ်ချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ပြတ်မှာပဲ (မှန်ပါ့) ပေါ်ပြီ (မှန်ပါ့ ဘုရား)။

ဒုက္ခမျိုးစုံ အကုန်ချုပ်ချင်ရင် (ပဋိစ္စသမုပ္ပါဒ်ပြတ်မှပါ) အဲဒါကျတော့ ခင်ဗျားတို့က မလုပ်ဘူး၊ ဟုတ်လား ယတြာတော့ချေနေတယ် (မှန်ပါ့) အတော်ရှော်တဲ့လူတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လွဲတာက အင်မတန်လွှဲနေလို့ ဒါသိပ်ပြီးတည့်နေရတာ (မှန်ပါ့) ဒုက္ခမျိုးစုံ အကုန်ချုပ်ငြိမ်း ရုပ်သိမ်းချင်လို့ ရှိရင် ပဋိစ္စသမုပ္ပါဒ်ပြတ်အောင် လုပ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒုက္ခမျိုးစုံ ချုပ်ငြိမ်း ရုပ်သိမ်းချင်ရင် (ပဋိစ္စသမုပ္ပါဒ်ပြတ်အောင် လုပ်ရပါမယ်) ဒီ့ပြင် ဘာမှမလုပ်နဲ့၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါ့မြင် ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ နည်းကို ပြောကြပါစို့ဆိုတော့ ခင်ဗျားတို့ နေ့တိုင်းဟောနေတဲ့ ခန္ဓာ့နောက်က မဂ်လိုက်နေမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာ့နောက်က ဘာလိုက်ရမလဲ (မဂ်လိုက်ရပါမယ် ဘုရား) မဂ်လိုက်ရင် တဏှာ, ဥပါဒါန်, ကံ ဘယ့်နှယ်တုံး (ပြတ်ပါတယ် ဘုရား) လာပါစေသတည်းဆိုလို့ (မရပါ ဘုရား) သွားစေသတည်းဆိုလို့ (မရပါ) လာပါစေသတည်း သွားပါစေသတည်းဆို၍ မဂ်ကိုမရဘူး (မရပါ ဘုရား)။

သူ့အာရုံနဲ့ သူတိုက်မှ ပေါ်မယ်

ဒါဖြင့် ခင်ဗျားတို့ ဝဋ်တိုတိုနဲ့ မဂ်ဖိုလ်ရ-ရပါလို၏ဘုရားလို့ ဘုရားရှေ့သွားသွားပြီး ခင်ဗျားတို့က ပူဆာတာ ဘာဖြစ်လို့ ပူဆာရသတုန်းလို့ ဆိုလို့ရှိရင် အမေမှတ်နေလို့လား မဟုတ်ဘူး၊ သူ့အာရုံနဲ့ သူတိုက်မှ ပေါ်မယ် (မှန်ပါ့ ဘုရား) သူ့အာရုံနဲ့ သူမတိုက်လို့ရှိရင် (မပေါ်ပါ) ဒါဖြင့် သူ့အာရုံနဲ့ သူတိုက်ဖို့ သိပ်အရေးကြီးတာပဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် သူ့အာရုံနဲ့ သူတိုက်တယ်ဆိုတော့ ခန္ဓာနဲ့ဉာဏ်နဲ့ သွားတိုက်ရမယ် (မှန်ပါ့ ဘုရား)။

ခန္ဓာဆိုတာသည် ဒကာ ဒကာမတို့ ငါးပါးရှိတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့) ငါးပါးတွင် တစ်ပါးပါးနဲ့ ဉာဏ်နဲ့ဟာဖြင့် တိုက်ရမယ်၊ မတိုက်ဘဲဖြစ်ကိုမဖြစ်ဘူး (မှန်ပါ့ ဘုရား)။

ပဋ္ဌာန်းပါဠိတော် သွားကြည့်၊ ပဋ္ဌာန်းပါဠိတော်ဆိုတာ ပုဂ္ဂိုလ်, သတ္တဝါငဲ့ပြီး ဟောတဲ့ တရားမဟုတ်ဘူး ဓမ္မနိယာမ တရားဟုတ်လား (မှန်ပါ့) နိတတ္ထတရား တိုက်ရိုက်ဟောတာ နေယျတ္တဆောင် သိမနေနဲ့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

”သင်္ခါရေ အနိစ္စတော ဒုက္ဓတော အနတ္တတော ဝိပဿတိ” ဒီသင်္ခါရတွေကို အနိစ္စ, ဒုက္ခ, အနတ္တ, ဝိပဿနာ ရှုမှ ရှုတဲ့မဂ်ပေါ်မယ်( မှန်ပါ့ ဘုရား)။

သင်္ခါရတွေကို ဝိပဿနာရှုမှ

”သင်္ခါရေ အနိစ္စတော ဒုက္ဓတော အနတ္တတော ဝိပဿတိ” သင်္ခါရတွေကို ဝိပဿနာရှုမှ မဂ်ဖြစ်တယ်တဲ့၊ သင်္ခါရကို ဝိပဿနာမရှုရင် (မဂ်မဖြစ်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ-မဂ်ဟာ ဆုတောင်းလား သင်္ခါရကို အာရုံပြုရမှာလား (သင်္ခါရကို အာရုံပြုရမှာပါ)

ဝိပဿနာမဂ်ကို ဆိုလိုသည်။

ဒါဖြင့် ခင်ဗျားတို့က ဘုရားရှေ့သွားပြီး တောင်းနေရုံနဲ့ ဘယ်ကသာ ရမှာတုန်း (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါ ပြီ ဘုရား)။

သင်္ခါရကို အာရုံပြုမှ ဝိပဿနာမဂ်ပေါ်မယ်၊ နို့မဟုတ်ရင် အာရုံအာရမ္မဏိက တလွဲဖြစ်မှာပေါ့ (မှန်ပါ့) အာရုံအာရမ္မဏိကဆိုတာ လွဲကောင်းတာလား မလွဲဘဲနေရမှာလား (မလွဲဘဲနေရမှာပါ) အာရုံကြောင့် အာရမ္မဏိက ဖြစ်တာကိုးဗျ၊ အလိုလိုဖြစ်တဲ့တရား ရှိကို မရှိဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မဂ်ဟာ သင်္ခါရအာရုံကို မပြုတဲ့ပုဂ္ဂိုလ်မှာ (မပေါ်ပါ ဘုရား) မပေါ်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် မဂ်ပေါ်ခြင်း၏ အကြောင်းက ဆုတောင်းနဲ့လည်း မဆိုင်ဘူး၊ ဘုရားကလည်း ရော့ အင့်လို့ မပေးနိုင် ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားကလည်း ရော့-အင့်လို့ မပေးနိုင်ဘူး၊ ခင်ဗျားတို့ကလည်း ပေးတော်မူပါတဲ့၊ ငါ့ဟာလည်းမရှိဘူး ပြောမှာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာက လူ့ဂွကြီးတွေပါ၊ မသိဂွကြီးတွေ (မှန်ပါ့) မသိလည်း မသိဘူး၊ မပေးနိုင်တာလည်း မသိဘူး၊ ရမ်းတောင်းတာဘဲ ခလေးများလို ကျနေတယ်၊ အမေဖြင့် ပိုက်ဆံရှာရတာ မောလို့ ရှိလည်း မရှိဘူး မုန့်ဖိုး တောင်းတာက ခက်နေတယ် (မှန်ပါ့)။

ဒီလိုဖြစ်နေတော့ ခင်ဗျားတို့ အမေမိဘက ဘယ့်နှယ်ဆိုမလဲ ခလေးများ တယ်မိုက်ပါလား၊ ရှိ-မရှိ မသိဘူး၊ ရမ်းတောင်းတာပဲ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ဘုရားရှေ့သွားတောင်းနေတာ

ခင်ဗျားတို့ ဘုရားရှေ့သွားတောင်းနေတာ မဂ်ဖိုလ်ပေးတော်မူပါဆိုတာ ရှိ မရှိ သိလို့တောင်းတာလား ပေးနိုင် လို့တောင်းတာလား မပေးနိုင်လို့ တောင်းတာလား (မပေးနိုင်တာ တောင်းတာပါ ဘုရား) မပေးနိုင်တာ တောင်းတာ (မှန်ပါ့) မပေးနိုင်တာတောင်းတော့ ကိုယ်က ခလေးမိုက်ဖြစ်နေတယ်၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခု ပဋ္ဌာန်းပါဠိတော်က ဘယ်လိုတဲ့တုန်း သင်္ခါရကို အာရုံပြုတဲ့ တရားမှ ဝိပဿနာမဂ်ကွ (မှန်ပါ့) သင်္ခါ တရားအာရုံမပြုရင် (ဝိပဿနာမဂ်မဖြစ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ပုဂ္ဂိုလ် သတ္တဝါ အာရုံပြုရင်လည်း မဂ်မဖြစ်ဘူးတဲ့ (မှန်ပါ့ ဘုရား) သင်္ခါရ အာရုံပြုမှ (ဝိပဿနာမဂ်ဖြစ်ပါတယ် ဘုရား)။

အခုတိုက်ရိုက်ပဲ “သင်္ခါရေ အနိစ္စတော ဒုက္ဓတော အနတ္တတော ဝိပဿတိ”၊ ပါဠိတော်ကိုက ဒီအတိုင်းလာတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒါ သင်္ခါရမဟုတ်ဘူးလား ဟုတ်သလား (ဟုတ်ပါတယ် ဘုရား) ဒါ ခင်ဗျားတို့ မရှင်းလို့ရှိရင် ကျုပ်ကနောက်က ဆက်ပေးရဦးမှာ ခင်ဗျားတို့က အတော်ထိုင်းတဲ့ လူတွေ (မှန်ပါ့)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရပါ ဘုရား) သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) ဝိညာဏ်ဆိုတော့ ခန္ဓာငါးပါးလို့ ကျုပ် ပြောခဲ့တယ် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟာ တပြိုင်နက်ဖြစ်တာ (မှန်ပါ့)။

အဲဒီတော့ ဒီတရားက ပြုလိုက်လို့ သူပေါ်လာတာ (မှန်ပါ့) သူများပြုလို့ ပေါ်လာတာဟာ သင်္ခါတရား (မှန်ပါ့) အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ ဒီ သင်္ခါရက ပြုပြင်လို့ ခန္ဓာငါးပါး (မှန်ပါ့)။

ပြုပြင်လို့ပေါ်လာတာ သင်္ခါရတရား

ဒါဖြင့် ပြုပြင်လို့ပေါ်လာတာ သင်္ခါရတရား (မှန်ပါ့) ဒါ့ကြောင့် “ သင်္ခါရရေ အနိစ္စတော ဒုက္ဓတော အနတ္တတော ဝိပဿတိ” လုပ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) သင်္ခါရကပါ စပြီး ရှင်းပေးရနေရတယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့သည် ဝေဒနာကြိုက်တဲ့လူက ဝေဒနာသင်္ခါကို ဖြစ်ပျက်ရှု (မှန်ပါ့) စိတ်ကြိုက်တဲ့လူက (စိတ်ကို ဖြစ်ပျက်ရှုရပါမယ် ဘုရား) စိတ်သင်္ခါရကို ဖြစ်ပျက်ရှုရမယ်။

ဒါကြောင့် “သဗ္ဗေသင်္ခါရာ အနိစ္စာ ယဒါ ပညာယပဿတိ” နဲ့လာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာငါးငါး, သုံးပါးကို လှည့်ရှု (မှန်ပါ့) စိတ်ဖြင့်လည်း စိတ်ဆယ့်သုံးပါးကို လှည့်ရှု၊ ရှုလို့ရှိရင်ဖြင့် ခင်ဗျားတို့သည် အနိစ္စနဲ့ မဂ္ဂနဲ့ သွားကိုက်တယ် (မှန်ပါ့) မဂ္ဂနဲ့ သွားကိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ပြောတဲ့ တဏှာ ဥပါဒါန် ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်တယ်၊ အကြောင်းတရားတွေ ချုပ်ရင် အကျိုးဒုက္ခတွေ (ချုပ်ပါတယ် ဘုရား) သဘောကျမလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သန်ရာတစ်ခုတည်းရှု

ဒါ အလုပ် လုပ်လို့ရှိရင် ဝေဒနာကြိုက်တဲ့လူ ဝေဒနာသင်္ခါကို ဖြစ်ပျက်ရှု၊ စိတ်ကြိုက်တဲ့လူ စိတ်သင်္ခါရကို ဖြစ်ပျက်ရှုရမယ်၊ (မှန်ပါ့ ဘုရား) သန်ရာတစ်ခုတည်းရှု (မှန်ပါ့) ရုပ်နဲ့ နာမ်နဲ့ တွဲရှုလို့ ရှိရင်မဖြစ် (မှန်ပါ့) ဘာဖြစ်လို့ တုန်း သတိပဋ္ဌာန်ရောမှာစိုးလို့ (မှန်ပါ့ ဘုရား)နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဖြစ်ပျက်သွားဆုံးတော့ အတူတူပါပဲ၊ ရုပ်သင်္ခါရနဲ့ နာမ်သင်္ခါရ မရောနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရုပ်သင်္ခါနဲ့ (နာမ်သင်္ခါရ မရောနဲ့) မရောနဲ့ ရုပ်သင်္ခါရဖြင့် ရုပ်ချည့်ရှု၊ နာမ်သင်္ခါရဖြင့် နာမ်ချည့်ရှု၊ နာမ်လေးပါး ကတော့ ဖြစ်တူ, ပျက်တူ သဟဇာတပစ္စယောပဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု … သာဓု… သာဓု။