12413

မာတိကာသို့

ဒိဋ္ဌိဝိစိကိစ္ဆာဖြုတ်နည်း အမှတ် (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

ဒိဋ္ဌိဝိစိကိစ္ဆာဖြုတ်နည်း အမှတ် (၂)

ညအလုပ်ပေးတရားတော်

(၂၅-၅-၆၂)

ဝိညာဏ်ဆိုတာ စိတ်ကိုခေါ်တယ်

ဝိညာဏ်ပြောင်း မပြောင်းဟာ အင်မတန် အရေးကြီးတယ်ဆိုတာ မှတ်ထားကြစမ်းပါနော် (မှန်ပါ့)။

ဝိညာဏ်ဆိုတာ ခင်ဗျားတို့ စိတ်ကိုမှတ်ထားပါ၊ ဝိညာဏ်ဆိုတာ စိတ်ကိုခေါ်တယ်၊ မင်းတို့ ရှုနေတဲ့စိတ်ကို ခေါ်တာ၊ ငါပဲဆိုတာလဲ ဒီဟာလေးကို အတ္တဆိုတာလဲ ဒီဟာကလေးကို ဆိုနေတာ။

အဲဒီ ဝိညာဏ်ကလေးဟာ ဒကာ ဒကာမတွေ မနေ့က ပြောခဲ့တယ်၊ မျက်လုံးဝိညာဏ်မှာလဲ နှစ်ကြောင်းကြောင့် ဖြစ်တယ်၊ အဆင်းတစ်ကြောင်း၊ အကြည်တစ်ကြောင်း (မှန်ပါ့)။

ဒါကြောင့် စက္ခုံစ ပဋိစ္စ အကြည်ရုပ်ကြောင့်၊ ရူပေစ ပဋိစ္စ အဆင်းရုပ်ကြောင့်၊ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ မြင်စိတ်ဟာ နှစ်ကြောင်းကြောင့် ပေါ်တာကိုးလို့ မှတ်ထားပါ။

ထို့အတူပဲ ကြားစိတ်ဟာလဲ နားအကြည်နဲ့ အသံနဲ့ နှစ်ခုထိခိုက်လို့ ကြားစိတ်ကလေး ပေါ်တယ်လို့ မှတ်ထား လိုက်တော့ ရှင်းတယ်၊ ဒါ ဝိညာဏ် တွေပဲ၊ ပေါ်တဲ့ဥစ္စာ ဝိညာဏ်ချည်း မှတ်ပါ (မှန်ပါ့)။

အဲဒီတော့ စောစောစီးစီး မှတ်ထားတာပေါ့၊ ဒီ ဝိညာဏ်ဟာ ဪ အကြောင်းကြောင့်ဖြစ်တဲ့ ဝိညာဏ်လို့ ဦးမြ အစောကြီးမှတ်ထားလိုက် (မှန်ပါ့)။

အနံ့နဲ့ နှာခေါင်းအကြည့်အကြည်ရုပ်နဲ့ ပေါင်းမိပြန်လို့ရှိရင် နှာခေါင်း ဝိညာဏ်ပေါ်တာပဲ “ဃာနဉ္စ ပဋိစ္စ ဂန္ဓေစ ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ” စာလိုသုံးတော့ (မှန်ပါ့)။

တစ်ခါ သွားပါဦးတဲ့၊ လျှာမှာ စားစိတ်ကလေးပေါ်လာတယ်ဆိုတဲ့ဥစ္စာ လျှာအကြည်ရုပ်ကလဲ ရှိတယ်၊ စားသောက်တဲ့ အစာအာဟာရကလဲ ချို၊ ချဉ်၊ ဖန်၊ ငန် ပါနေတယ်၊ အဲဒီ ချို၊ ချဉ်၊ ဖန်၊ ငန်နဲ့ လျှာအကြည်နဲ့ သွားထိလို့ ချိုမှန်း ချဉ်မှန်းသိတဲ့ ဝိညာဏ်စိတ်ကလေး ပေါ်တယ်လို့ မှတ်ထားလိုက်တာပေါ့။

ကိုယ်အကြည်ဆိုတာ ကိုယ်ပေါ်မှာ တုတ်ကလေးနဲ့ ခြစ်လိုက်တယ်၊ တုတ်ကလေးဟာ အမာကလေး ဖြစ်နေတော့ ဖောဋ္ဌဗ္ဗာရုံခေါ်တယ်၊ ခြင်ကလေးက နှုတ်သီးနဲ့ထိုးတာ ဖောဋ္ဌဗ္ဗာရုံလို့ ခေါ်တယ်၊ အဲဒီ ကိုယ်အကြည်နဲ့ ခြင်နှုတ်သီး အမာလေးနဲ့ ထိလိုက်တဲ့အခါ ယားတယ်၊ တစ်ချို့ခြင်ကျတော့ နာတယ်၊ ဆူးကလေးနဲ့ ခြစ်လိုက်တဲ့အခါကျ တော့ နာတယ်ဆိုတော့ နာစိတ်ကလေး ကာယဝိညာဏ် ပေါ်တာပဲ၊ ဒါ အခုမှ ပေါ်လာတယ်လို့ အသစ်ကလေးလို့ မှတ်ထား လိုက်တာပေါ့။

တစ်ခါရှေ့သွားပါဦးတဲ့၊ မနောဝိညာဏ်ဆိုတော့ မင်းတို့ရေးထားတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟကို ဆိုပါတယ်၊ ဒါတွေကလဲ တွေးစရာ မနောအကြည်နဲ့ ကိုယ်က တွေးစရာ အာရုံနဲ့တွေ့လို့ မနော ဝိညာဏ်စိတ် ပေါ်တယ်လို့ ဦးအောင်ဇံဝေက မှတ်ထားလိုက်တာပေါ့နော် (မှန်ပါ့)။

ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်း

အဲဒီတော့ ဝိညာဏ်ဖြစ်ပေါ်ခြင်း၏ အကြောင်းဟာ တစ်ခုတစ်ခုမှာ ဘယ်နှစ်ကြောင်းရှိသတုန်း (နှစ်ကြောင်း ရှိပါတယ် ဘုရား)၊ နှစ်ကြောင်း နှစ်ကြောင်းရှိတယ်လို့ ဒကာ ဒကာမတွေက မှာထားလိုက်စမ်း။

ဒါဖြင့် ကိုယ်သန္တာန်ဖြစ်တဲ့ ဝိညာဏ်စိတ်နှစ်ကြောင်းကြောင့် ဖြစ်တော့ကို ဒီနှစ်ကြောင်းဟာတဲ့ ကိုယ်ထဲက အကြောင်းကိုကြည့်လိုက် ပြန်လို့ရှိရင်လဲ မျက်လုံးအကြည်၊ နားအကြည်ကို ကြည့်လိုက်ပြန်တော့ ရုပ်တရားတွေ၊ ရုပ်တရား တွေ ဖြစ်လေသောကြောင့် သူဟာ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ရုပ္ပတီတိ ရူပံ၊ ရုပ္ပတိဆိုတာပျက်စီးတတ်တဲ့ တရား သူက အနိစ္စတရား၊ အကြည်ရုပ်ကလဲ အနိစ္စပဲနော် (မှန်ပါ့)၊ အဆင်းရုပ်တွေကလဲ ထို့အတူပဲတဲ့၊ ဒကာ ဒကာမ တွေက မှတ်ပါတဲ့ အနိစ္စတရားပဲ (မှန်ပါ့)။

ဒါဖြင့် အနိစ္စတရားနှစ်ခုက မွေးတဲ့ဝိညာဏ်၊ မောင်အောင်ချီ မှတ်မိပြီလား (မှန်ပါ့)၊ အနိစ္စတရားနှစ်ခုက မွေးတဲ့ဝိညာဏ် (မှန်ပါ့)။

တစ်ခါ သူ့ကို ခင်ဗျားတို့က နိစ္စဆိုမလား အနိစ္စဆိုမလား ဝိညာဏ်ကို (အနိစ္စပါ ဘုရား)။

အနိစ္စပဲလို့ ဆိုကြရမယ်ဆိုတော့ ဪ ဝိညာဏံ အနိစ္စဆိုတော့ သိသွားပြီ (မှန်ပါ့)၊ ဝိညာဏံ အနိစ္စံ မလာဘူး လား (လာပါတယ် ဘုရား)။

အေး “ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ” တကယ်လို့များ ဒါကလေး ငါဖြစ်နေမယ်ဆိုလို့ရှိရင်တဲ့ “နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျတဲ့၊ ဒီဝိညာဏ်ကလေးဟာ ပျက်စီးမသွားရဘူးတဲ့၊ တကယ်လို့များ ငါဖြစ်နေလို့ ရှိရင်နော် (မှန်ပါ့)၊ အခုတော့ ဘယ့်နှယ်ဖြစ်သွားသတုန်း (ပျက်စီးသွားပါတယ် ဘုရား)။

လဗ္ဘေထစ ဝိညာဏေ ဒီ ဝိညာဏ်လေးကို မင်းတို့က ဒီလိုရအောင် လုပ်ပါလားတဲ့၊ ဟ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုမြဲလို့ ဦးမြ ဝိညာဏ်ကလေးကို ထားလို့ရရဲ့လား (မရပါ ဘုရား)။

ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသိ ဟ ဒီလိုမဖြစ်နဲ့၊ ဒီလိုဖြစ်စမ်းပါလို့ မင်းတို့ ရှုနေတဲ့အခါ ဒီဝိညာဏ်ကလေးဟာ ထားလို့ရရဲ့လား (မရပါ ဘုရား)။

”ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ” ဒါ့ကြောင့် ဝိညာဏ် ကလေးဟာကွာ မင်းတို့ မပိုင်ပါဘူး၊ မင်းတို့မဆိုင်ပါဘူး၊ မင်းတို့က ဒီလိုဖြစ်ဆိုလို့လဲ ဖြစ်တာမဟုတ်ဘူး၊ မင်းတို့က ဒီလို တည်တံ့ပါဦးလို့လဲ တားလို့ရရဲ့လား (မရပါ ဘုရား)။

အနတ္တတရားခေါ်လိုက်တာပေါ့

မရတဲ့အတွက် ဒီဝိညာဏ်ကလေးဟာ အနတ္တတရားခေါ်လိုက်တာပေါ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)၊ ဝိညာဏ်ကလေး ဘာခေါ်ကြမယ် (အနတ္တတရားပါ ဘုရား)။

ဒါဖြင့် တစ်ဝိညာဏ်ပြောလို့ရှိရင်ဖြင့် နောက်က ဒကာ ဒကာမတွေ ဘယ်ဝိညာဏ်မဆို အနတ္တချည်းလို့ ဆုံးဖြတ်ချက် ချလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

”အနိစ္စလက္ခဏေ ဒိဋ္ဌေ အနတ္တလက္ခဏံ ဒိဋ္ဌမေဝ ဟောတိ” အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ အနိစ္စမြင်ရင် အနတ္တမြင်တာပဲ ကွတဲ့၊ အဲဒီ အနိစ္စ၊ ဒုက္ခ၊ အနတ္တမျိုးကို ချုံးလိုက်လို့ရှိရင် မောင်အောင်ချီကမှတ် ဖြစ်ပျက်ပဲ (မှန်ပါ့ ဘုရား)။

အနိစ္စလို့လဲ မဆိုနဲ့၊ ဒုက္ခလို့လဲ မဆိုနဲ့၊ အနတ္တလို့လဲ မဆိုနဲ့၊ ဟောဖြစ်ပြီး ပျက်သွားတဲ့ ဓမ္မလေးပဲလို့ သိလိုက်ရင် ဦးမြကြီး သုံးခုပါသွားတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါ ဘယ်ပါဋ္ဌိတော်က ဟောသတုန်းဆိုတော့ နိဒါနဝဂ္ဂသံယုတ် ပါဋ္ဌိတော်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံခါနီး “အနိစ္စ ဝတ သင်္ခါရ ဥပ္ပါဒဝယ ဓမ္မိနော” ဪ ဖြစ်ခြင်း၊ ပျက်ခြင်းသာ ရှိတယ်လို့ ဒါ ဟောသွား တာ (မှန်ပါ့)။

ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ ဖြစ်ပြီး ပျက်တာပဲတဲ့၊ တေသံ ဝူပသမော သုခေါတဲ့၊ ထိုဖြစ်ပျက်နှစ်ခု မရှိတာဟာ နိဗ္ဗာန် ပဲတဲ့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဖြစ်ပျက်နှစ်ခု မတွေ့ကြတော့ဘူးဆိုလို့ရှိရင် (နိဗ္ဗာန်ပါ)၊ ဖြစ်ပျက်တွေ့နေလို့ရှိရင်ဖြင့် ဪ အနတ္တတွေ့နေတာပဲ (မှန်ပါ့)၊ အနိစ္စတွေ့နေတာပဲ၊ ဒုက္ခတွေ့နေတာပဲ၊ အနတ္တတွေ့နေတာပဲ ဦးမြကြီး (မှန်ပါ့)။

တေသံ ထိုဖြစ်မှု၊ ပျက်မှုနှစ်ပါးတို့၏၊ ဝိပသမော ချုပ်ဆုံးသော နိဗ္ဗာန်သည်၊ သုခေါ ချမ်းသာ၏ဆိုတော့ ဖြစ်မှု၊ ပျက်မှုလဲ ချုပ်သွားရော ဝမ်းထဲမှာ တစ်ခါတည်းအေးပြီး ချမ်းသာသွားတာပဲ (မှန်ပါ့)။

ဦးအောင်ဇံဝေက သေသေချာချာမှတ်၊ ဖြစ်မှုပျက်မှု ချုပ်သွားရင် ဝမ်းထဲအေးပြီး ချမ်းသာသွားတာပဲ (မှန်ပါ့)၊ ကိုယ်လုပ်ထားတာနဲ့ ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား)။

ဖြစ်မှု၊ ပျက်မှုချုပ်လို့ရှိရင် နိဗ္ဗာန်

ဖြစ်မှု ပျက်မှုလဲ ချုပ်သွားရော ဝမ်းထဲမှာတစ်ခါ ဝူပသမော ဖြစ်မှုပျက်မှု ချုပ်ခြင်းသည် သုခေါ ချမ်းသာ သွားတာပဲ၊ ဖြစ်မှုပျက်မှုလဲ ချုပ်ရော တစ်ခါတည်း ချမ်းသာသွားတာပဲ (မှန်ပါ့)။

ဒါ့ကြောင့် အားလုံးတရားနာ၊ တရားအားထုတ်တဲ့ ဒကာ ဒကာမတွေ ဖြစ်မှု၊ ပျက်မှုချုပ်လို့ရှိရင် နိဗ္ဗာန်မှတ်လိုက် (မှန်ပါ့)။

ဒီနေ့ အနတ္တလက္ခဏသုတ်ကို တည်ပြီး သကာလ ပြောလိုက်သဖြင့် တစ်ခါ သံယုတ်ပါဠိတော် အကိုးအကားနဲ့ ထုတ်လိုက်တော့ သဠာယတန သံယုတ်က ဟိုမနေ့က ပြောခဲ့တဲ့အတိုင်း ဘယ်ဝိညာဏ်မဆို သူ့ကိုဖြစ်စေတဲ့အကြောင်း နှစ်ကြောင်းက အနိစ္စဖြစ်သောကြောင့် ပေါ်တဲ့ ဝိညာဏ်ကို ဘယ်လိုဆုံးဖြတ်ချက်ချကြမတုန်း (အနိစ္စပါ ဘုရား)။

အနိစ္စပဲလို့ ဆုံးဖြတ်ချက်ချလိုက်တော့ ဪ ဖြစ်စေတဲ့အကြောင်းကိုက အနိစ္စမို့ဖြစ်ပေါ်တဲ့ အကျိုးတရား ကလေးဟာလဲ ဘယ့်နှယ်ဆိုမယ် (အနိစ္စပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်ပြောင်းလို့ဖြစ်ကဲ့လား (မဖြစ်ပါ ဘုရား)၊ ဝိညာဏ် ပြောင်းတယ်ဆိုတဲ့အယူ ယနေ့ ဇာတ်သိမ်း လိုက်ပါ (မှန်ပါ့)၊ အသက်ထွက်သွားတယ်ဆိုတဲ့ အယူလဲ ဘယ့်နှယ်ဆိုကြမလဲ (ဇာတ်သိမ်းရမှာပါ ဘုရား)။

အသက်မှ မရှိပဲကိုးဗျ (မှန်ပါ့)၊ အသက်ဆိုတာ ဒီဝိညာဏ်ကို သူတို့ စွဲခေါ်တာပဲ (မှန်ပါ့ ဘုရား)။

ဘဝပြောင်းတယ်ဆိုတာကော (ဇာတ်သိမ်းရမှာပါ ဘုရား)၊ ဇာတ်သိမ်းလိုက်၊ အကယ်၍ မပြောင်းလို့ရှိရင် ဒီဝိညာဏ်ကလေး ထွက်သွားတယ်လို့ယူရင် ဘာဒိဋ္ဌိထဲ ဝင်သတုန်း (သဿတဒိဋ္ဌိထဲ ဝင်ပါတယ် ဘုရား)၊ သဿတဒိဋ္ဌိ ဖြစ်နေတယ်ဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒီသဿတဒိဋ္ဌိရှိနေတော့ သဿတဒိဋ္ဌိရှိနေလို့ရှိရင်ဖြင့် “ဗြဟ္မစရိယဝါသော နဟောတိ” သံယုတ် ပါဠိတော်မှာ အတ္တကလေး တစ်ခုခိုင်မြဲတယ်လို့ အယူရှိနေလို့ရှိရင်ဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်မရဘူးဟေ့တဲ့ (မှန်ပါ့)။

ပြောင်းတယ်၊ ရွှေ့တယ်လို့ယူနေရင်

ဒါကလေး ပြောင်းတယ်၊ ရွှေ့တယ်လို့ယူနေရင် ဘာတဲ့တုန်း (မဂ်ဉာဏ်ဖိုလ်ဉာဏ်မရပါ ဘုရား)၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရနိုင်ဘူးကွတဲ့ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒိဋ္ဌိသည် ဦးအောင်ဇံဝေ မဂ်ဉာဏ်၊ ဖိုဉာဏ် နိဗ္ဗာန်ကို တား, မတား (တားပါတယ် ဘုရား)၊ ဒါက နိဒါန ဝဂ္ဂဝံယုတ်ပါဠိတော်နော် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတွေ ဒီ ဝိညာဏ်ကလေးကို အခု ဆယ့်နှစ်မျိုး မောင်အောင်ချီတို့ မောင်မြင့်တို့ကို ရေးပေးထားတယ်နော် (မှန်ပါ့)၊ ဘယ်ဟာပေါ်ပေါ် မင်းတို့က ဖြစ်ပျက်သာရှုချ၊ ဦးမြကြီးတို့ ဘာပေါ်ပေါ် ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဖြစ်ပြီးပျက်တဲ့ တရားပဲရှိတာကိုး (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။

ဘာမှ မရှိတော့ဘူးတဲ့၊ ဒ့ါကြောင့် ရဲ့ရဲ့တင်းတင်း ဆရာဘုန်းကြီးက ဖြစ်ပြီးပျက်တယ် ဆိုတာကလေးကို မင်းတို့မြင်အောင်သာ ကြည့်တော့ဟေ့၊ မရှိဘူး၊ မရှိဘူးဆိုတာကလေးကိုသိအောင် ကြည့်ဟေ့ဆိုတဲ့ဥစ္စာကို မောင်မြင့်တို့၊ မောင်အောင်ချီတို့က ဆရာဘုန်းကြီးပြောတဲ့အတိုင်း ကြည့်ရုံပဲ ရှိမှာပဲ (မှန်ပါ့)။

ကြည့်လိုက်တဲ့အခါကျတော့ ဖြစ်ပျက်တွေ့မှာပဲ၊ ဖြစ်ပျက်တွေ့ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ့တာပဲလို့ ဦးမြ ဆုံးဖြတ်ချက်ချလိုက် (မှန်ပါ့)။

ဒါ့ဖြင့် ဒီဝိညာဏ်သည် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့လား (မဆိုနိုင်ပါ ဘုရား)။

မဆိုနိုင်လို့ရှိရင် ငါ့ကိုယ်မဟုတ်၊ ငါ့ဟာမဟုတ်၊ ငါ့ဥစ္စာမဟုတ် ဆိုသဖြင့် ပပဉ္စစင်သွားတာပဲ (မှန်ပါ့)၊ ဒါဖြင့် “ပပဉ္စ နိရောဓော နိဗ္ဗာနံ”။

တစ်ခုသော ဝိညာဏ်ပေါ်လာတယ်၊ မောင်မြင့် ငါ့ကိုယ်လို့ကော ဆိုလို့ရရဲ့လား (မရပါ ဘုရား)၊ ဝိညာဏ်ဟာ ဝိညာဏ်ပေါ့ ဘယ်မှာ ငါ့ကိုယ်ဆိုလို့ရမတုန်း (မှန်ပါ့)၊ င့ါဟာဆိုလို့ကော (မရပါ ဘုရား)၊ သိမ်းပိုက်လို့ရရဲ့လား (မရပါ)၊ ငါ့ဥစ္စာဆိုလို့ကော စွဲမြဲထားလို့ (မရပါ ဘုရား)။

ဒါဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ကြောင်း သိလိုက်တော့ ငါ့ကိုယ်က တဏှာ၊ ငါ့ဟာက မာန၊ ငါ့ဥစ္စာက ဒိဋ္ဌိ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီ သုံးခုစင်သွားတော့ကို မင်းတို့ ရှုရင်းမတ္တနဲ့ ဝမ်းထဲမှာ တဏှာလဲ ချုပ်နေတယ်၊ မာနလဲချုပ်နေတယ်၊ ဒိဋ္ဌိလဲ ချုပ်နေတယ်ဆိုတော့ ပဋိစ္စသမုပ္ပာဒ် အလယ်ကချည်း ပြတ်နေတယ်လို့ ဦးမြကြီး ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ့)။

ဘယ်က ပြတ်သတုန်း (အလယ်က ပြတ်ပါတယ် ဘုရား)၊ အလယ်က ပြတ်တော့ကို အစ ပြန်ပတ်သေးရဲ့လား (မပတ်ပါ ဘုရား)၊ အဆုံးက ပြန်ပတ်သေးရဲ့လား (မပတ်ပါ ဘုရား)၊ အစကော ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် အစမပေါ်ပါလိမ့်

ဘယ့်နှယ်ကြောင့် အစမပေါ်ပါလိမ့်မတုန်းလို့ မောင်မြင့်က မေးလို့ရှိရင် မောင်အောင်ချီက မေးလို့ရှိရင် အဝိဇ္ဇာပေါ်မှ အစ ပေါ်မှာဆိုတော့ အခုဖြစ်ပျက်ရှုတဲ့အထဲ သမ္မာဒိဋ္ဌိမြင်လိုက်တော့ ဝိဇ္ဇာပေါ်လာတော့ အစကလဲ ပြတ်တယ်လို့ဆိုလိုက်တော့ (မှန်ပါ့)။

ဦးမြကြီး အစကကော (ပြတ်ပါတယ် ဘုရား)၊ အစကလဲ ပြတ်တာပဲ၊ အလယ်ကလဲ တဏှာ၊ မာန၊ ဒိဋ္ဌိမလာလို့ ဦးမြကြီး အလယ်ကကော (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် မင်းတို့ ဖြစ်ပျက်ရှုနေတဲ့ အသွားကလေးဟာ ဖြစ်ပျက်ကိုသာ မရှိဘူး၊ မရှိဘူးဆိုတာကို မြင်လို့ရှိရင်ဖြင့် ဝိဇ္ဇာကြောင့် မြင်တာ ဖြစ်သောကြောင့် အဝိဇ္ဇာချုပ်ပြီ (မှန်ပါ့)၊ ချုပ်ကတည်းက အဝိဇ္ဇာပစ္စယာ သင်္ခါရာ လာသေးရဲ့ လား (မလာပါ ဘုရား)။

တစ်ခါ ရှုတဲ့ဝိဇ္ဇာမဂ်ကလေးသည် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ အမှန်သိလိုက်သဖြင့် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်နေတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)၊ ချုပ်သွားတယ်။

ချုပ်သွားတာ သေချာသဖြင့် ဪ အစကလဲ ချုပ်သဟေ့၊ အလယ်ကလဲ ချုပ်သဟေ့ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ်၊ အစကလဲချုပ်၊ အလယ်ကလဲ (ချုပ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် အဝိဇ္ဇာဖြစ်တယ်၊ ဝိဇ္ဇာ ဥဒပါဒိ ဖြစ်သွားတယ် (မှန်ပါ့)၊ ဦးမြကြီး ဝိဇ္ဇာဥဒပါဒိ မဖြစ်သေးဘူးလား (ဖြစ်ပါပြီ ဘုရား)။

အဝိဇ္ဇာချုပ်ပေါ့၊ အဝိဇ္ဇာချုပ်တော့ ဝိဇ္ဇာ ဝိဇ္ဇာ သည်၊ ဥဒပါဒိ ဖြစ်ပေါ်လာ၏၊ မောင်အောင်ချီတို့ ရှုတဲ့အခါကျ တော့ ဝိဇ္ဇာ ပေါ်လာတယ် (မှန်ပါ့)။

”အာလောကော ဥဒပါဒိ” ဆိုတာလဲ ဒီဉာဏ်ဟာလဲ ခါတိုင်း ဖြစ်ပျက်ကို မမြင်ဘူးတဲ့ အခုတော့ ဖြစ်ပျက်ကို အဝိဇ္ဇာကွယ်နေတယ်၊ အခုတော့ အာလောကဆိုတဲ့ အလင်းကိုရလို့ မြင်ပြီတဲ့ (မှန်ပါ့)။

ဖြစ်ပျက်ကို မြင်သွားပြီတဲ့၊ ဒါ့ကြောင့် ဝိဇ္ဇာ ဥဒပါဒိ အပြင် အာလောကော ဥဒပါဒိတဲ့၊ တစ်ခါ ဒါလိုက်တယ် နော် (မှန်ပါ့)။

ဉာဏ်နဲ့မြင်တာပါကွာတဲ့

ဉာဏံ ဥဒပါဒိတဲ့၊ ဉာဏ်နဲ့မြင်တာပါကွာတဲ့၊ မျက်လုံးနဲ့မြင်တာ မဟုတ်ပါဘူးတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီလိုသိထားတော့မှ ဪ ဒီဝိညာဏ်ဟာဖြင့် တို့ ဒီလိုရှုလိုက်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် အစက ပြတ်၊ အလယ်က ပြတ်သည် ဖြစ်လေသောကြောင့် ဒီအရေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တို့မှာ သံသရာစခန်း သတ်တဲ့အရေး (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သံသရာဆိုတာ မောင်မြင့်တို့၊ မောာင်အောင်ချီတို့၊ ဦးအောင်ဇံဝေတို့ ရှင်းပြပါ့မယ်၊ တဏှာလာရင်၊ ဪ တဏှာသံသရာထဲ သူနေတာပဲ (မှန်ပါ့)၊ ခန္ဓာတို့၏ အစဉ်ကို သံသရာခေါ်တာကိုးဗျ (မှန်ပ့ါ)။

ဥပမာမယ် လိုချင်တဲ့စိတ်ကလေး လာတယ်၊ လိုချင်တဲ့ သံသရာထဲမှာ နေရတယ် (မှန်ပါ့)၊ ရှင်းလား (ရှင်းပါ ပြီ)၊ စွဲလမ်းရင် (စွဲလမ်းတဲ့ သံသရာထဲ ရောက်နေပါတယ် ဘုရား)၊ ခန္ဓာအစဉ်ကိုးဗျ၊ ခန္ဓာအစဉ်ကိုးဗျ၊ ခန္ဓာနဉ္စ ပဋိပါဋိ ဆိုတဲ့အတိုင်း ခန္ဓာအစဉ်ကို သံသရာခေါ်တာ (မှန်ပါ့)၊ ဟိုဘဝ ဒီဘဝ ကူးတာကို ဆိုတာမဟုတ်ဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးအောင်ဇံဝေ ရှင်းပြီလား (ရှင်းပါပြီ)၊ တစ်ခါ ကာယကံ၊ ဝစီကံနဲ့ နေကြပြန်ပြီ ဝစီကံနဲ့ပြော၊ ကာယကံနဲ့ အားထုတ် မကြ၊ ပွေ့ကြ ချီကြ၊ ဒါက ကံနဲ့ အသက်ရှည်နေပြန်ပြီ ဦးမြရေ (မှန်ပါ့)။

တော်တော်ကြာကျလို့ရှိရင်ဖြင့် ကြားစိတ်ကလေး ပေါ်ပြန်လို့ရှိရင်ဖြင့် ဘာနဲ့အသက်ရှင်နေသလဲ (ကြားစိတ်နဲ့ အသက်ရှင်နေပါတယ်)၊ နံစိတ်ကလေး ပေါ်ပြန်တော့ကော (နံစိတ်နဲ့ အသက်ရှင်ပါတယ် ဘုရား)။

ဒါဖြင့် ဒီခန္ဓာတွေ တန်းမနေဘူးလား (တန်းနေပါတယ်)၊ တော်တော်ကြာ ဝိညာဏက္ခန္ဓာနဲ့ ရှင်လိုက်၊ တော်တော် ကြာ သင်္ခါရက္ခန္ဓာနဲ့ ရှင်လိုက်၊ စေတနာနဲ့ရှင်တော့ သင်္ခါရက္ခန္ဓာနဲ့ ရှင်တယ်၊ ဥပါဒါနက္ခနဲ့ရှင်တော့ သင်္ခါရက္ခန္ဓာနဲ့ ရှင်နေတာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်)၊ အဲဒီ ခန္ခာအစဉ်ကို ဘာခေါ်ကြမယ် (သံသရာပါ ဘုရား)။

အဲဒီတော့ အခု ဖြစ်ပျက်ကို မြင်လိုက်တဲ့အခါကျတော့ကို ဝိဇ္ဇာဉာဏ်နဲ့ မြင်လိုက်တဲ့ အခါကျတော့ကို ဉာဏ်သည် သံသရာကိုဖြတ်တယ်ဆိုသဖြင့် အဝိဇ္ဇာနဲ့အသက်ရှင်မှုကော မဖြတ်ဘူးလား (ဖြတ်ပါတယ်)၊ တဏှာ၊ မာန၊ ဒိဋ္ဌိနဲ့ အသက်ရှင်မှုကော (ဖြတ်ပါတယ်)၊ ဪ ဒါဖြင့် မင်းတို့ အခု ခန္ဓာသံသရာကို ဖြတ်တာပါလား (မှန်ပါ့ ဘုရား)။

ခန္ဓာသံသရာကို ဖြတ်တာပါလား

ဟိုလာမည့် သံသရာဖြတ်တာလား၊ အခုခန္ဓာထဲ ဖြစ်မည့်စိတ်စဉ်ကလေး တန်းနေတာ ဖြတ်တာလား (စိတ်စဉ် ကလေး တန်းနေတာ ဖြတ်တာပါ)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ အပါယ်သွားတာလဲ ဒီစိတ်အစဉ်ကလေးက ပို့တာပဲ (မှန်ပါ့)၊ ဦးမြ၊ ဦးအောင်ဇံဝေ၊ စိတ်စဉ်ကလေးက ပို့တော့ကို ဒီမကောင်းတဲ့ စိတ်စဉ်ပြတ်သွားတယ်ဆိုကတည်းက ဒါ သံသရာပြတ်တာ (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

သံသရာပြတ်တယ်ဆိုတာ ဟိုဘဝ၊ ဒီဘဝ ပြတ်တာကိုဆိုတာလား၊ ယခု ခန္ဓာထဲ စိတ်အစဉ်ပြတ်တာကို ဆိုတာလား (စိတ်အစဉ်ပြတ်တာကို ဆိုပါတယ်)၊ ဒါကို သံသရာလို့ သေသေချာချာ ဦးမြကြီး မှတ်စမ်းပါ (မှန်ပါ့ ဘုရား)။

တခြားသော ပုဂ္ဂိုလ်တွေ ဟောချက်ကို ဟောကြလို့ရှိရင် ဪ ဟိုဘဝ ဒီဘဝ သံသရာကြီးက ရှည်လိုက်တာလို့ ဒီလို ဟောလိမ့်မယ်နော်၊ အဲဒါ သံသရာအစစ် ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား)

သံသရာအစစ်က ခန္ဓာကိုယ်ထဲမှာ တန်းနေတဲ့ တစ်စိတ်ပြီးတစ်စိတ်၊ လောဘပြီးတော့ကို မြင်တယ်ဆို မြင်စိတ် သံသရာပေါ်လာတယ်၊ မြင်စိတ်ခန္ဓာ မပေါ်ဘူးလား (ပေါ်ပါတယ်)၊ မြင်ပြီးလိုချင်တယ်ဆို လိုချင်တဲ့ ခန္ဓာ မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား)။

လိုချင်တဲ့ ဝိညာဏက္ခန္ဓာ ပေါ်တာပဲ၊ စွဲလမ်းတယ်ဆို ဥပါဒါနက္ခန္ဓာပေါ်တယ်၊ ဥပါဒါနက္ခန္ဓာ မပေါ်လာဘူးလား (ပေါ်လာပါတယ်)၊ အားထုတ်တယ်ဆိုရင်ဖြင့် ကံခန္ဓာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒါဟာ သံသရာပဲ၊ ဒီသံသရာပြတ်ဖို့ အရေးကြီးပါတယ်၊ ဟိုဘက် သံသရာကြီးက ဒါပြတ်ရင် ပြတ်တာပါပဲ (မှန်ပါ့ ဘုရား)။

ဟိုဘက် ဘဝကူးတာတွေ ဒါပြတ်ရင် ပြတ်တာပါလို့ ဦးအောင်ဇံဝေ တို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

တစ်စိတ်ဟာ တစ်သံသရာ

ဒါဖြင့် နေရာကျပါပြီဆိုတာကိုဖြင့် ခင်ဗျားတို့ ဪ တစ်စိတ်ဟာ တစ်သံသရာလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

တစ်စိတ်ပေါ်ရင် (တစ်သံသရာပါ)၊ ကြားတဲ့စိတ်ကလေး ပေါ်လာရင် ဒါ ခန္ဓာသံသရာပဲ၊ ဝိညာဏက္ခန္ဓာကိုးဗျ (မှန်ပါ့)၊ ကြားတဲ့စိတ်ကလေးပေါ်လို့ ကြားသည်နဲ့တစ်ပြိုင်နက်တည်း မုန်းလိုက်တာဆိုလို့ ရှိရင်ဖြင့် ဒေါသကလေးနဲ့ မနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါ ဝိညာဏက္ခန္ဓာ ဆိုတဲ့ ဒေါသကလေးနဲ့ အသက်ရှင်မနေဘူးလား (နေပါတယ်)၊ မုန်းပြီးသည်၏ အခြားမဲ့၌ ကျုပ်သည်ကားလို့ဆိုရင် သူ့ကို ကြားကို မကြားချင်ဘူးဆိုတဲ့ သူ့ကြားရတာ ကျက်သရေ မရှိပါဘူးဆိုတဲ့ အသွားတွေနဲ့ ဒီစိတ်တွေနဲ့ ရှင်နေပြန်လဲ ဒါ သံသရာနဲ့ ရှင်နေတာပဲ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သံသရာဆိုတာ ဟိုဘဝ၊ ဒီဘဝဆိုတာလား၊ စိတ်စဉ်တန်းတာကို ဆိုတာလား (စိတ်စဉ်တန်းတာကို ဆိုတာပါ ဘုရား)။

”ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတုအာယတနာနစ၊

အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ” (သုတ်မဟာဝါ အဋ္ဌကထာ၊ နှာ ၈၆) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မောင်မြင့်တို့ လုပ်နေကြတာ၊ မောင်အောင်ချီတို့ လုပ်နေတာ၊ ဦးအောင်ဇံဝေတို့ လုပ်နေကြတာဟာ ဘာလုပ်နေကြတာတုန်း၊ ဖြစ်ပျက် ရှုနေကြတာဆိုတော့ ဘာတုန်း၊ ခင်ဗျားတို့ ဘယ့်နှယ်ဖြေကြမတုန်း (သံသရာဖြတ် တာပါ)၊ သံသရာကို ဖြတ်နေတာ (မှန်ပါ့ ဘုရား)။

သံသရာကိုဖြတ်နေတာ

သံသရာကိုဖြတ်နေတာ၊ ဖျတ်ဆို၊ ရှုလိုက်၊ ဖြစ်ပျက်ကို မြင်လိုက်တယ်၊ မြင်တော့မြင်တဲ့ စိတ်နဲ့ အသက်ရှင်နေ တယ် (မှန်ပါ့)၊ မြင်တဲ့ စိတ်နဲ့ အသက်ရှင်နေတော့ မြင်တာက ဝိဇ္ဇာ၊ ဒါဖြင့် ဦးမြ ဝိဇ္ဇာနဲ့ အသက်ရှင်အောင် လုပ်နေတာ (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာနဲ့အသက်ရှင်အောင် လုပ်သလဲ (ဝိဇ္ဇာနဲ့ အသက်ရှင်အောင် လုပ်ပါတယ်)၊ ဝိဇ္ဇာနဲ့ အသက်ရှင်အောင် လုပ်နေတာဆိုတော့ မြို့ထဲ ရွာထဲ ရောင်းကြ ဝယ်ကြတယ်၊ ကြံကြ စည်ကြတယ်ဆိုတာတွေကတော့ ဦးအောင်ဇံဝေ အဝိဇ္ဇာနဲ့ အသက်ရှင်နေတာနော် (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် မြို့ထဲ ရွာထဲနေတဲ့ ပုဂ္ဂိုလ်များ ဘုန်းကြီးက ဒီကနေပြီးတော့ကို အားလုံးပဲ သိမ်းခြုံပြီး ပြောလိုက် ပါတယ်၊ သက်ဆိုးရှည်ဟေ့၊ မကောင်းတဲ့ တရားနဲ့ အသက်ရှင်နေတာ၊ ဦးမြ ဒါဟာ ကဲ့ရဲ့တာလား၊ အမှန်ပြောတာလား (အမှန်ပြောတာပါ ဘုရား)။

ခင်ဗျားတို့ နဂိုက သိထားတာကတော့ အဲဒါက အပြင် ကြည့်ပြောတာ၊ အခုဟာက ခန္ဓာ ကြည့်ပြောတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။

သားကလေးပွေ့ကာ ချီကာနဲ့ နေလိုက်တော့ သားကလေးလို့ ထင်နေတော့ ဒိဋ္ဌိနဲ့ အသက်ရှင်နေတာ၊ ကဲ သက်ကောင်းရှည်လား၊ သက်ဆိုးရှည်လား (သက်ဆိုးရှည်ပါ ဘုရား)။

သားကလေး ပွေ့လိုက်ချီလိုက် ကာယကံ၊ ဝစီကံနဲ့ နေပြန်တော့ ကောဗျာ၊ ဘယ့်နှယ်ဆိုကြမလဲ (သက်ဆိုးရှည် ပါ ဘုရား)၊ ဒီသား ကလေးကိုပဲ ချော့လိုက်၊ မော့လိုက် သီချင်းတအေးအေးနဲ့ ဆိုချင်ဆိုလိုက် ဆိုပြန်တော့ (သက်ဆိုးရှည်ပါ ဘုရား)။

အဲဒါ ရွာထဲမှာ ဘာတွေနဲ့ အသက်ရှည်နေကြပါလိမ့်မတုန်းလို့ မောင်အောင်ချီ၊ မောင်မြင့်တို့မေးရင် ဘယ့်နှယ် ဖြေပါ့မလဲ (သက်ဆိုးရှည်ပါ ဘုရား)။

မင်းတို့အခေါ်က တံငါလုပ်စားမှ သက်ဆိုးရှည်တယ်၊ တစ်သက်လုံးမကောင်းပါဘူး၊ သူ့ကို ကောင်းတဲ့စိတ်ကို မပါဘူး၊ ကိုယ့်ကလေး ပွေ့နေတာကိုတော့ ထည့်ကို မထည့်ဘူး၊ ပါသေးသလား (မပါပါ ဘုရား)။

ကိုယ်ကတော့ဖြင့် သူတော်ကောင်းကြီး လုပ်နေတယ်၊ စင်စစ်တော့ဖြင့် ကိုယ့်ဝမ်းထဲမှာကို ဒီတရားအတိုင်း ဖြစ်နေတယ်ဆိုတော့ ကိုယ်လဲ မကောင်းတဲ့စိတ်နဲ့ အသက်ရှင်နေတော့ကို သက်ဆိုးရှည်ပဲ ဆိုရမယ် (မှန်ပါ ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

သက်ဆိုးရှည်က များတယ်

အဲဒါ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ အခု ခန္ဓာအစဉ်နဲ့ ခန္ဓာထဲမှာဖြစ်တဲ့ စိတ်အစဉ်တွေနဲ့ စစ်ဆေးလိုက်နေတာ့မှ သက်ဆိုးရှည်နဲ့ သက်ကောင်းရှည်က ဦးမြ ဘယ်ဟာက များသတုန်း (သက်ဆိုးရှည်က များပါတယ် ဘုရား)။

ခင်ဗျားတို့အထင်က သူငယ်နာ ကုပ်ကျိုးကလေး ခြေကလေး လက်ကလေး ကောက်နေမှ ဪ ဒီကောင် ကလေးဟာ သက်ဆိုးရှည်ပြီလို့ ခင်ဗျားတို့က ဒီလိုထင်နေတာ၊ ကိုယ့်ဟာကိုယ် ခြေကောင်း လက်ကောင်းနဲ့ သက်ဆိုးရှည် နေတာတော့ဖြင့် ဘယ်သူမှ တွေးမိပုံ မရပါဘူး (မတွေးမိပါ ဘုရား)၊ အတူတူပဲ မနေဘူးလား (နေပါတယ် ဘုရား)။

အတွင်းစိတ်စဉ်က မကောင်းလို့ရှိရင်ဖြင့် အတွင်းစိတ်စဉ်က ပထမ လာတာလဲ မကောင်းဘူး၊ ဒုတိယလာတာလဲ မကောင်းဘူး၊ တတိယလာတာလဲ မကောင်းဘူးဆိုလို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ သက်ဆိုးရှည်တာပါ ဘုရား)။

အံမာလေး သက်ဆိုးရှည် (မှန်ပါ့)၊ ဘုရားရှိခိုးနေတယ်ဆိုတာတောင်မှ ဦးမြကြီး ဒီစိတ်ကလေးတစ်လုံးက သားရေး၊ သမီးရေး၊ စီးပွားရေးဘက် ဖောက်သွားလို့ရှိရင် ဘုရားရှိခိုးနေတုန်းတောင် သက်ဆိုးရှည်ပါလိုက်သေးတယ် (မှန်ပါ့ ဘုရား)၊ မပါဘူးလား (ပါပါတယ် ဘုရား)၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် အဲဒီ သက်ဆိုးရှည်ကို မင်းတို့ အလုပ်လုပ်နေတာဟာ မဂ်နဲ့ဖြတ်နေတာ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

လောဘစိတ်ကလေးလာလဲ ဆရာဘုန်းကြီးက ဘယ်လိုသင်ထားသတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက် ရှုလိုက်တော့ သူက အနိစ္စ၊ ဖြစ်ပျက်ရှုတာက မဂ္ဂ ဝိဇ္ဇာ၊ မဂ်ဝိဇ္ဇာပေါ့ဗျာ (မှန်ပါ့)၊ ဒါဖြင့် မဂ်နဲ့ အသက်ရှင်နေတာ။

ဒါဖြင့် လာတိုင်း လာတိုင်း ရှုနေတော့ ဘာနဲ့ အသက်ရှင်နေသလဲ (မဂ်နဲ့ အသက်ရှင်နေပါတယ် ဘုရား)၊ အဲဒါမှ သက်ကောင်းရှည်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)၊ ဒါမှ သက်ကောင်းရှည်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် နေရာကျပါပြီတဲ့၊ မင်းတို့သန္တာန် အခု ရေးပေးထားတဲ့ ဆယ့်နှစ်ခုရေးပေးထားတဲ့ ရှုနည်းသည် အကြောင်းနှစ်ခုကိုက အနိစ္စမို့ အကျိုးဝိညာဏ်ကို ဘယ့်နှယ်ခေါ်ကြမလဲ (အနိစ္စပါ ဘုရား)၊ ဘယ်နည်းနဲ့မှ နိစ္စဖြစ်နိုင်စရာ ကော ဦးအောင်ဇံဝေ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

သူ့အမေ၊ အဖေ နှစ်ခုကိုက အနိစ္စ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)၊ စက္ခုပသဒနဲ့ ရူပါရုံကိုက ဘာတုံး (အနိစ္စပါ ဘုရား)။

စက္ခုဝိညာဏ်ကလေးကျမှ ဦးမြကြီးက လောကွတ်ချော်ပြီး နိစ္စဖြစ်ချင်လို့ (မရပါ ဘုရား)၊ မရဘူး။

ဘယ်ဝိညာဏ်မဆို ဒါဖြင့် နှစ်ကြောင်းကြောင့်ဖြစ်တော့ကို မောင်မြင့် ဘယ်လိုဆိုကြမယ် (အနိစ္စပါ) အနိစ္စက မွေးလို့ ဘယ့်နှယ်ဆိုကြမယ် (အနိစ္စပါ ဘုရား)။

အကြောင်းအနိစ္စမို့

ဒါဖြင့် ဒီလိုလုပ်ကြပေတော့၊ အကြောင်းအနိစ္စမို့ ဖြစ်ပေါ်တဲ့အကျိုးကော (အနိစ္စပါ ဘုရား)၊ အကြောင်းဒုက္ခမို့ အကျိုးကော (ဒုက္ခပါ)၊ အကြောင်းအနတ္တမို့ (အကျိုးအနတ္တပါ ဘုရား)။

အဲဒီလိုသိသွားတော့ ဒီမှာ ဝိစိကိစ္ဆာကလေး ဒီနေ့ ကျယ်ကျယ်ကလေး သတ်လိုက်ပါတယ်၊ ဪ နောက်ဘဝက ငါနတ်များဖြစ်ခဲ့လေသလား၊ ဘာများဖြစ်ခဲ့လေသတုန်းဆိုတော့ ဘာမှမဖြစ်ဘူး၊ ဒီအကြောင်းအနိစ္စနဲ့ ဒီအကျိုးအနိစ္စတွေ ဖြစ်မှာပဲ (မှန်ပ့ါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ရှေ့လဲ နိဗ္ဗာန်မရသေးရင် ဘာဖြစ်ဦးမှာတုန်း၊ ဒီအကြောင်းအကျိုးတွေ ဆက်ပေါ်နေဦးမှာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီ့ပြင် ဘာခေါ်စရာရှိသေးသတုန်း (မရှိပါ ဘုရား)၊ ဘာမှ မရှိဘူးဆိုတာ ဉာဏ်ထဲမှာ ရှင်းမနေဘူးလား (ရှင်းနေပါတယ် ဘုရား)။

ဒီအကြောင်းအကျိုးတွေ ပေါ်တယ်လို့သိရင် ဦးမြကြီး ဝိစိကိစ္ဆာ သေပါပြီ (မှန်ပါ့)၊ ဒီအကျိုးတရားတွေဟာ ပျက်စီးတယ်လို့သိရင် ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ် ဘုရား)။

အကြောင်းတရားတွေကြောင့် ဖြစ်တယ်လို့သိရင် ဝိစိကိစ္ဆာ သေပါတယ် (မှန်ပါ့)၊ အကျိုးတရားတွေဟာ ပျက်ပျယ်သွားတာ မြင်လိုက်လို့ရှိရင် ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ်)၊ ဒိဋ္ဌိသေတယ်ဆိုတဲ့ဥစ္စာ၊ ရှင်းသွားပါပြီ၊ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဒီတရားမျိုးကို ဦးမြကြီးရေ မနာရ၊ မပြုရတဲ့ ပုဂ္ဂိုလ်မှာဖြင့် ဒိဋ္ဌိတန်းလန်းနဲ့ သေသွားချေရဲ့ကွ၊ ဘုန်းကြီးကလဲ စွဲချက်တင်လိုက်တယ် (မှန်ပါ့)။

ဦးမြက ထောက်ခံချက် ပေးမလား၊ ကန့်ကွက်မလား (ထောက်ခံပါတယ် ဘုရား)၊ ဝိစိကိစ္ဆာတန်းလန်းနဲ့ သေသွား လေရဲ့ဟေ့၊ ဘယ်လို ပေးကြမလဲ (ထောက်ခံချက်ပေးပါမယ် ဘုရား)။

ထောက်ခံချက် ပေးလို့ရှိရင်ဖြင့် ဒါဖြင့် သူတို့နှစ်ခု ရှိနေလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်စုတေသည်၏ အခြားမဲ့၌ ဘာများ သူ့အကြောင်းအကျိုးက ဆက်လိုက်ပါလိမ့်မတုန်းဆိုတော့ ဪ အကုသိုလ်နှစ်ခုက ဆက်လိုက်တော့ အကုသိုလ် နှစ်ခု အကျိုးပေးအပါယ်ခန္ဓာပေါ်မှာပဲ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိဝိစိကိစ္ဆာကပဲ အပါယ်မျိုးစေ့ကိုး

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ငါဟာတဲ့ အလွန်ကြီးကျယ်တဲ့ သဗ္ဗညုတဉာဏ်ကြီးနဲ့ ကြည့်တယ်၊ လူတစ်သိန်းမှာ တစ်ယောက်သာ သုဂတိသွားပါတယ်ကွာတဲ့၊ ကျန်အပါယ်ချည်း သွားတာပဲဟေ့တဲ့၊ လူတစ်သိန်း တစ် ယောက်လောက်ပဲ၊ နတ်ရွာ သုဂတိသွားသတဲ့၊ ကျန်တဲ့တစ်သိန်း တစ်ယောက်လျော့က ဘယ်သွားမတုန်း (အပါယ်သွား ပါတယ် ဘုရား)။

ကဲ ဘာနဲ့ သေသွားလို့တုန်း၊ မောင်မြင့်တို့ စဉ်းစားကြည့်စမ်း (ဒိဋ္ဌိနဲ့ သေသွားလို့ပါ ဘုရား)၊ ဝိစိကိစ္ဆာနဲ့ကော (သေသွားပါတယ် ဘုရား)၊ ဒိဋ္ဌိဝိစိကိစ္ဆာကပဲ အပါယ်မျိုးစေ့ကိုး (မှန်ပါ့)။

ကဲ တစ်ခါ အပါယ်ရောက်သွားပြန်တော့လဲ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ကဲ့လား (မပြုတ်ပါ ဘုရား)၊ တစ်ခါ နှစ်စေ့လို့ ပြန်တက်လာပြန်တော့ ဒီ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်ကဲ့လား (မပြုတ်ပါ ဘုရား)၊ မပြုတ်တော့ နောက်တစ်ခါ ဘယ်သွားမယ် ထင်သတုန်း (အပါယ်သွားပါမယ် ဘုရား)။

ဒါဖြင့် အပါယ်လေးဘုံပြီး အပါယ်လေးဘုံသာ လှည့်နေတော့တယ် (မှန်ပါ့)၊ သဘောကျပြီလား (ကျပါပြီပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ဒီခေတ်၊ ဒီအခါကလေးကို အခု ဆရာဘုန်းကြီးနဲ့ အကြောင်း ညီညွတ်တုန်း၊ ကိုယ်ကလဲ အသက်ရှင်တုန်း၊ ထောင်တတ်တဲ့နားလဲရှိတုန်း၊ ကျန်းမာရေးကလဲ ထိုက်တန်သလောက် ပြည့်စုံတုန်းကို ဒီနှစ်ခုစာ အသိနဲ့ချုပ်လဲ အပါယ်လွတ်တာပဲ၊ အပွားနဲ့ချုပ်လဲ လုံးလုံးလွတ်တာပဲ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီအလုပ်ဟာ အကြီးအကျယ်လုပ်ထိုက်တဲ့ တရားပါကလားလို့ တရားတစ်ပွဲလုံး ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

ဘယ်လို အောက်မေ့ကြမလဲ (အကြီးအကျယ်လုပ်ထိုက်တဲ့ တရားပါ ဘုရား)၊

အကြီးအကျယ်လုပ်ထိုက်တဲ့ တရားတဲ့၊ ဘုရားကဟောလိုက်တာက တစ်သိန်းမှာ တစ်ယောက်သာ သုဂတိ ရောက်သွားတယ်ဟေ့၊ ကျန်တာဖြင့် တစ်သိန်းတစ်ယောက် လျော့ကဖြင့် အပါယ်ချည်းသွားတာပဲဆိုတာ လူကို ပြောတာ၊ တိရစ္ဆာန်က သွားတာတွေတော့ မထည့်နဲ့တော့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူချလိုက်တာတုန်း

ဒါဖြင့် ဒါဟာ ဘယ်သူချလိုက်တာတုန်းဆိုတော့ မောင်အောင်ချီတို့၊ မောင်မြင့်တို့က ဘယ့်နှယ်ဖြေပါ့မလဲ (ဒိဋ္ဌိဝိစိကိစ္ဆာ ချလိုက်တာပါ)၊ ဒိဋ္ဌိက ချလိုက်၊ ဝိစိကိစ္ဆာက ချလိုက်၊ တဏှာ၊ မာန၊ ဒိဋ္ဌိကော (ချပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီဟာတွေက ရဲရဲတင်းတင်း ချပါလိမ့်မတုန်းဆိုတော့ အို ဝိဇ္ဇာကလဲ မဖြစ်ဘူးကွ၊ ဝိဇ္ဇာမဖြစ် တော့ တဏှာ၊ မာန၊ ဒိဋ္ဌိကလဲ (မချုပ်ပါ ဘုရား)၊ ဝိညာဏ်ဖြစ်ကြောင်းကော သိရဲ့လား (မသိပါ ဘုရား)၊ မသိရင် ဝိစိကိစ္ဆာ က ချမှာပဲ (မှန်ပ့ါ)။

ဝိညာဏ်ပျက်တာကို ဉာဏ်ထဲမှာ မမြင်သေးလို့ရှိရင်လဲ ခိုင်မြဲတယ်လို့ ယူပြန်တော့ ဒိဋ္ဌိကချမှာပဲ (မှန်ပါ့)၊ မချပေဘူးလား (ချပါတယ် ဘုရား)၊ အလွန်ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

အဲဒါကြောင့် သူများဘာလုပ်နေနေ ကိုယ် အပါယ်လွတ်ဖို့သာ အရေးကြီးတယ်၊ ဒီဘဝ လူ့ပြည်ခဏ အလည် လာပြီး မောင်အောင်ချီ အပါယ်သွားမည့်ဥစ္စာကြီး (မှန်ပါ့)၊ ဟုတ်လား ဒီနေ့ ရှင်ဘုရင် ဖြစ်ပေမယ့် နက်ဖြန် အဝိစိကျမှာ သိပြီး မင်းတို့က အားကျဖို့မလိုပါဘူး (မလိုပါ ဘုရား)၊ ဦးမြ လိုသေးသလား (မလိုပါ ဘုရား)။

ဒီနေ့ စကြဝတေမင်းကြီး နက်ဖြန်သေရင် အဝိစီဆိုတော့ နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ ကျောက် ကလေးတွေဟာ လွမ်းစရာ ရှိရဲ့လား (မရှိပါ ဘုရား)၊ မရှိပါဘူး၊ အဲဒါကြောင့် ဒီအရေးသာ ကြီးပွားတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ။

ကိုင်း ဒါဖြင့် ဝိညာဏ်သည် အကြောင်းအနိစ္စမို့ အကျိုးအနိစ္စဖြစ်ရပါတယ်၊ အကြောင်းဒုက္ခမို့ (အကျိုးဒုက္ခဖြစ် ရပါတယ် ဘုရား)၊ အကြောင်းအနတ္တမို့ (အကျိုးအနတ္တဖြစ်ရပါတယ် ဘုရား)။

အင်း ဒီနေ့ အနတ္တလက္ခဏသုတ်နဲ့ ရှင်းပြလိုက်တော့မယ်၊ ဘယ့်နှယ်တုန်း၊ ကျေနပ်ကဲ့လား (ကျေနပ်ပါတယ် ဘုရား)၊ ကျေနပ်တယ်နော် (မှန်ပါ့)။

တစ်ခါ သဠာယတနံသယုတ်ကလဲ အကြောင်းအနတ္တမို့ အကျိုးအနတ္တလို့ ပြောလိုက်ပြန်တော့ကို ရှင်းရဲ့မဟုတ်

လား (ရှင်းပါတယ် ဘုရား)။

အဲဒီတော့ ဒီလိုဖြစ်ပျက်ကို သိမထားလို့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ မချုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘုရားသခင် ကိုယ်တော် မြတ်ကြီးက မဟာတဏှာသင်္ခယသုတ်ဆိုပြီးတော့ မူလပဏ္ဏာသ ပါဠိတော်မှာ ဟောပြန်တယ် (မှန်ပါ့)။ မနေ့က ဟောခဲ့ တဲ့ထဲမှာ မကုန်လို့ (မှန်ပါ့)။

သာတိရဟန်းဝတ္ထု

ဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ် သီတင်းသုံးနေတော့ တံငါသည်ရဲ့သား သာတိ ဆိုတာ ရဟန်းဘောင် ဝင်လိုက်တယ်၊ ရဟန်းဘောင်ဝင်လိုက်တဲ့ အခါကျတော့ ရဟန်းဖြစ်၊ ရဟန်းဖြစ်တော့ ဘုရားဆီမှာ တရားနာ။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဆိုတဲ့ အတိုင်းပေါ့လေ၊ ဘူရိဒတ်တို့၊ ဒန္ဒကုမာရတို့ စသည့် ဇာတ်ကြီးဆယ်ဖွဲ့ အစကနေ ဟောလိုက်တယ်၊ ဘာပြီးဘာဖြစ်တယ်၊ ဘာပြီး ဘာဖြစ်တယ်ဆိုတော့ ဪ မဟာနာရဒအဖြစ်က ဝိဓူရအဖြစ်ပြောင်းတယ်၊ ဝိဓူရအဖြစ်ကနေပြီး သကာလ ဝေဿန္တရာလို့ ပြောင်းလိုက်တယ်၊ ဪ ဒါဖြင့် ခန္ဓာတွေကတော့ သေတယ်၊ ဝိညာဏ်မသေလို့ ပြောင်းတာပဲ။

အင်း သာတိက ယူလိုက်ပြီ ဦးမြ ရေ၊ ဝိညာဏ်ပြောင်းပြီတဲ့ (မှန်ပါ့)။

ဘယ်လိုယူပါလိမ့် (ဝိညာဏ်ပြောင်းတယ်လို့ ယူဆပါတယ်)၊ ဝိညာဏ်ပြောင်းတယ် ဆိုကတည်းက မသေဘူး ပေါ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုယူပါလိမ့် (ဝိညာဏ်မသေပါဘူးတဲ့)။

ဘဝပြောင်းတယ်တဲ့

ခင်ဗျားတို့ကလဲ နဂိုက ဒီဘုန်းကြီးနဲ့ မတွေ့ခင်က ဝိညာဏ်ပြောင်းပြီ၊ ဝိညာဏ်လို့တော့ သူတို့က နာမည်မထည့် ဘူး၊ ဦးအောင်ဇံဝေ ဘဝပြောင်းတယ်တဲ့၊ ဘဝပြောင်းတယ်ဆိုတော့ ဒီနေရာက ကုလားထိုင်တွေပါ အကုန်သယ်ပြီး သကာလ ဟိုအိမ်ပြောင်းသလို အိမ်ထောင်ပရိဘောဂတွေပါ ထမ်းပြောင်းသလို မောင်အောင်ချီ ဒီလိုပြောင်းပစ်တာတဲ့။ သေတာဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)၊ ပြောင်းပစ်တယ်တဲ့။

ရေစက်ချတွေ ဦးမြကြီး တို့ ကြားဖူးမှာပေါ့ (ကြားဖူးပါတယ် ဘုရား)၊ ဦးအောင်ဇံဝေတို့ (ကြားဖူးပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒါတွေကို ဦးမြဘူး ထူးထူးခြားခြား ပြင်မပေးလို့ရှိရင်လဲ ဒီလိုသွားတော့မှာပဲ၊ မသွားပေဘူးလား (သွားပါတယ် ဘုရား)၊ သွားမှာပဲဆိုတာ ဦးအောင်ဇံဝေ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

အခုတော့ ခင်ဗျားတို့ ဒီဟာ ရှိသေးရဲ့လား (မရှိပါ)၊ မြင်တဲ့ဝိညာဏ်ဟာ ဘယ်သွားသေးသတုန်း (မသွားပါ ဘုရား)၊ ဒီနေရာဖြစ်ပြီးတော့ (ဒီနေရာသေပါတယ် ဘုရား)၊ သူ့အကြောင်းကိုက နှစ်ပါးက ဘာတုန်း (အနိစ္စပါ ဘုရား)၊ ဒါဖြင့် ဒီဖြစ်ပေါ်တဲ့ အကျိုးကလေးကကော (အနိစ္စပါ ဘုရား)၊ ဒါဖြင့် မနောဝိညာဏ်ကကော (အနိစ္စပါ ဘုရား)၊ သူ့အကြောင်းကိုက (အနိစ္စပါ ဘုရား)၊ သူကကော (အနိစ္စပါ)၊ ဘယ်ပြောင်းနိုင်သေးသတုန်း (မပြောင်းနိုင်ပါ ဘုရား)၊ ဒီနေရာဖြစ် ဒီနေရာပျက်တာပဲ (မှန်ပါ့)။

ကဲ မယုံလို့ရှိရင် ကိုယ့်လက်မောင်းကို ကိုယ့်လက်ညှိုးကလေးနဲ့ ဘယ်ဘက်လက်မောင်းကို ညာဘက် လက်ညှိုးကလေးနဲ့ မောင်မြင့် ကုတ်ကြည့်ပါ၊ ကိုယ် ကုတ်ကြည့်ရင် ပေါ်တယ်၊ ကုတ်ကြည့်တော့ ဒီနေရာမှာ ကာယ ဝိညာဏ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ဘယ်မှာ ရွှေ့ပျောက်သတုန်း၊ ကုတ်တဲ့နေရာမှာပဲ ပျောက်သလား မေးရင် (ကုတ်တဲ့နေရာမှာပဲ ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် ဘယ်မှာ ပြောင်းစရာ ရှိမလဲကွ၊ ဒီဟာ ဝိညာဏ်ပဲနော် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ ပြောင်းနိုင် စရာကော (မရှိပါ ဘုရား)။

ကဲ ဒါဖြင့် ကုပ်ကလေး ကုတ်ကြည့်ပါဦးကွ မောင်မြင့်ရ၊ ကုပ်မှာ ဝိညာဏ်ကလေးမပေါ်ဘူးလား (ပေါ်ပါ တယ်)၊ ကာယဝိညာဏ်ကလေးလေ (မှန်ပါ့)၊ ဘယ်ပျောက်သွားသတုန်းမေးတော့ (ပေါ်တဲ့ နေရာမှာပဲ ပျောက်ပါတယ်)၊ ဒီနေရာပေါ်ပြီးတော့ (ဒီနေရာမှာပဲ ပျောက်ပါတယ် ဘုရား)။

ဘယ်ပြောင်းနိုင်သေးသလဲကွ (မှန်ပါ့)၊ ဒါဖြင့် ဝိညာဏ်ပြောင်းတယ် ဆိုတာ မင်းတို့ သူများပြောသံကြား ယုံမလား၊ ကိုယ်ကိုယ်တိုင် ကုတ်ကြည့်တာ အမှန်ယူမလား (ကိုယ်ကိုယ်တိုင် ကုတ်ကြည့်တာ အမှန်ယူပါမယ် ဘုရား)။

ဦးမြကြီး ကိုယ်ကိုယ်တိုင် ကုတ်ကြည့်စမ်းပါဦး၊ ဘယ်ဟာ အမှန်ယူမတုန်း (ကိုယ်ကိုယ်တိုင် ကုတ်ကြည့်တာ အမှန်ယူပါမယ် ဘုရား)။

သူများပြောနဲ့ ကိုယ်တွေ့

ဒါဖြင့် သူများပြောနဲ့ ကိုယ်တွေ့ကို မောင်မြင့်က ဘယ်ဟာယုံမှာတုံးကွ (ကိုယ်တွေ့ယုံမှာပါ ဘုရား)။

ကိုယ်တွေ့ယုံမည့်ဥစ္စာဖြင့် သူများက ဘာပြောနေနေ ဝိညာဏ်ပြောင်းတယ်၊ ဘဝပြောင်းတယ်ဆိုတဲ့ဥစ္စာ ဒီဝိညာဏ်ကို ဆိုနေတာ (မှန်ပ့ါ ဘုရား)။

မောင်အောင်ချီ ယူစရာလိုသေးသလား (မလိုပါ ဘုရား)၊ မင်းတို့ကိုယ်တိုင် ဝိညာဏ်တွေပေါ်ပြီ၊ ဒီနေရာတွင် ဖြစ်လို့ ဒီနေရာတွင် ချုပ်နေတဲ့ဥစ္စာ၊ သူများက ဝိညာဏ်ပြောင်းတယ်၊ ဘဝပြောင်းတယ်ဆိုတဲ့ဥစ္စာများ နောက်က ဒကာ ဒကာမတွ ယူကြဦးမှာလား။ (မယူပါ)။

ဟာ တော်တော်ခက်သွားပြီနော်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ကြောက်စရာကြီးပါလား ဦးမြရေ၊ ဒါကြောင့် ဒိဋ္ဌိကို တရားဟောဖို့ ခက်တယ်ဆိုတာ မောင်မြင့် အတော်စွဲနေတာကွ (မှန်ပါ့)၊ နည်းနည်းနောနော စွဲတာလာလား (အများကြီးစွဲတာပါ)၊ အများကြီးစွဲတယ်ဆိုတာ သဘော ကျပြီလား (ကျပါပြီ ဘုရား)။

ဘယ်မှမသွားနိုင်ဘူး၊ ဒီဆက်ပုံကလေး ရှင်းပြလိုက်လို့ရှိရင် ဦးမြကြီးတို့ ပေါ်ပါလိမ့်မယ် (မှန်ပါ့)၊ ဆက်ပုံကလေး က ဘာတုန်းဆိုတော့ ဒီလိုပါတဲ့၊ ဥပမာမယ် စက္ကူဖြူဖြူကလေးပေါ်မှာ စာတိုက်က ၁၉၆၂ ခု၊ ဧပြီလ ဘယ်နှစ်ရက်၊ မေလ ဘယ်နှစ်ရက်လို့ မင်မပါဘဲနဲ့ ရိုက်တယ်၊ ရိုက်လိုက်တော့ တံဆိပ်ကလေးတော့ ပါမသွားပေဘူးလား (ပါသွားပါတယ် ဘုရား)။

အဲဒီမှာ တံဆိပ်ပါသွားတယ်လို့ ဆိုမလား၊ တံဆိပ်၏သတ္တိ ပါသွားတယ်လို့ ဆိုမလား (တံဆိပ်၏ သတ္တိ ပါသွားတယ်လို့ ဆိုပါမယ်)၊ တံဆိပ်ကတော့ စာတိုက်မှာ ကျန်နေရစ်တယ် (မှန်ပါ့)၊ တံဆိပ်၏ သတ္တိကတော့ စာအိတ်ပေါ်မှာ ဘယ်နှယ့်တုန်း (ပါသွားပါတယ် ဘုရား)။

သတ္တိသာ ပါသွားတာ

အဲဒါ တံဆိပ်၏ သတ္တိသာ ပါသွားတာ၊ တံဆိပ်ပါသွားတာ မဟုတ်ဘူးဆိုတော့ ဒီတံဆိပ်က ဒီတွင်နေရစ်တယ်၊ ဟိုမှာ သတ္တိပါသွားတယ် (မှန်ပါ့ ဘုရား)။

ဒီမှာလဲ ဟိုဘဝမှာ ခန္ဓာပေါ်တာက ဒီကကံ၊ ကံတည်းဟူသော အကြောင်းတရား တံဆိပ်တွကြောင့် ဟိုမှာ အကျိုးတရားကလေးဟူသော တံဆိပ်ရာ ပါသွားတယ် (မှန်ပါ့)၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒီက တံဆိပ်၏ သတ္တိကော ကင်းရဲ့လား (မကင်းပါ ဘုရား)။ တံဆိပ်ကောလိုက်ကဲ့လား (မလိုက်ပါ)၊ ဟိုမှာကော မပေါ်ဘူးလား ပေါ်သလား (ပေါ်ပါတယ် ဘုရား)။

ပေါ်ပင်ပေါ်ငြားသော်လဲတဲ့ အကြောင်းအကျိုးကတော့ ဆက်တယ်၊ လိုက်တော့မလိုက်ဘူး (မှန်ပါ့)၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

အကြောင်းအကျိုးကတော့ (ဆက်ပါတယ်)၊ ဒီက တံဆိပ်နဲ့ ဟိုက တံဆိပ်ရာနဲ့တော့ မောင်မြင့် အကြောင်းအကျိုး ကတော့ (ဆက်ပါတယ် ဘုရား)။

ဒီက ရိုက်တာက အကြောင်း၊ ဟိုမှာ ပါသွားတာကအကျိုး၊ အကြောင်းအကျိုးတော့ မဆက်ဘူးလား (ဆက်ပါ တယ်)၊ သို့သော် ဒီကလိုက်သွားသလားမေးရင် (မလိုက်ပါ ဘုရား)။

အဲ အခု ဒကာ ဒကာမတွေ ဒီတံဆိပ် လိုက်သွားတယ်လို့ ယူလိုက်တယ်၊ ဒီပုဂ္ဂိုလ် ဟိုသွားတယ်လို့ ယူတာကိုး (မှန်ပါ့)၊ အဲဒါ လွဲသွားတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ရှင်းကြပလား (ရှင်းပါပြီ)၊ သဘောပါပြီနော် (ပါပါပြီ ဘုရား)။

သတ္တိလဲ မကင်းဘူး၊ လိုက်လဲမလိုက်ဘူး

ဒီက အကြောင်းသတ္တိကော ကင်းရဲ့လား (မကင်းပါ)၊ လုံးလုံးကော လိုက်ကဲ့လား (မလိုက်ပါ)၊ မလိုက်ဘူး၊ သတ္တိလဲ မကင်းဘူး၊ ဒကာ ဒကာမတို့ လိုက်လဲမလိုက်ဘူးဆိုမှ ဒိဋ္ဌိက စင်သွားတယ် (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒီနေ့ ဒီတစ်လုံးကို ပြောလိုက်ရသဖြင့် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးဆိုတာ တံဆိပ်ရာကြည့်လိုက် ရင် သိပါတယ်၊ ဒါ အကျိုး တရား၊ တံဆိပ်ထဲက ခုတွေ၊ နှစ်တွေက အကြောင်းတရား၊ အရာကေလးက (အကျိုးပါ)၊ ဟိုမှာ ပါသွားတဲ့ အရာကလေးပေါ့ဗျာ (မှန်ပါ့)၊ ဘာဆိုမတုန်း (အကျုးတရားပါ)၊ လိုက်သလား၊ ဒီကအကြောင်းက (မလိုက်ပါ ဘုရား)၊ မလိုက်ပေမယ့် သူ့သတ္တိ ကင်း မကင်း (မကင်းပါ ဘုရား)။

အဲဒါလောက် ယူရမယ်၊ အကြောင်းအကျိုးလဲဆက်တယ်၊ မဆက်ဘူးဆိုရင် ဥစ္ဆောဒဒိဋ္ဌိ (မှန်ပါ့)၊ လိုက်သွား တယ်ဆိုရင် သဿတဒိဋ္ဌိ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

မဆက်ဘူးဆိုရင် (ဥစ္ဆောဒဒိဋ္ဌိ)၊ လိုက်သွားတယ်ဆိုရင် (သဿတဒိဋ္ဌိပါ)၊ လိုက်တာတော့ ဟုတ်ကဲ့လား (မဟုတ်ပါ)။

အကြောင်းအကျိုးကော ကင်းရဲ့လား (မကင်းပါ ဘုရား)၊ မကင်းတော့ သဿတရော ဥစ္ဆောဒရော စင်သွားပြီ (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာစင်သွားပြီတုန်း (သဿတရော၊ ဥစ္ဆောဒရော စင်သွားပါပြီ ဘုရား)၊ စင်သွားပြီဆိုတဲ့ဥစ္စာဖြင့် ကျေကျေနပ်နပ် သဘောကျပြီ (မှန်ပါ့ ဘုရား)။

အဲ ခုနင်က သာတိကတော့ ဒီလိုမှ မယူပဲ၊ ဘုရားက သာတိ မင်းက ဝိညာဏ်တွေ ပြောင်းတယ်၊ ပြောင်းတယ်လို့ ယူတဲ့ မင့်သဿတဒိဋ္ဌိဟာကွာတဲ့ မင်းအတွက်တော့ဖြင့် မောဃပုရိသ မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်ပြီ (မှန်ပါ့ ဘုရား)။

မဂ်ဖိုလ်ဖြင့် မင်းမရတော့ဘူး

ကိုင်း မဂ်ဖိုလ်ဖြင့် မင်းမရတော့ဘူး၊ တစ်ခါတည်း ဗျာဒိတ်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)၊ မဂ်ဉာဏ် ဖိုဉာဏ် နိဗ္ဗာန်ကို (မရတော့ပါ ဘုရား)။

ဟာ ဘာဒိဋ္ဌိကြောင့် ဒါလောက် ကိုယ်တော်ကြီးက စွဲချက်အကြီးအကျယ် စွဲလိုက်ပါလိမ့် (သဿတဒိဋ္ဌိကြောင့် ပါ)၊ ကဲ ဒိဋ္ဌိပါရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရဘူးဆိုတာ သေချာလား (သေချာပါပြီ ဘုရား)။

ကဲ မောင်မြင့် ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။

တရားမနာရင် ဒါတွေ ဘယ့်နှယ်လုပ်ပြီး မင်းတို့ရှင်းကြမလဲ (မရှင်းနိုင်ပါ ဘုရား)။

တရားမနာဘဲနဲ့ ဒီအဓိပ္ပာယ်တွေရှင်းဖို့ဆို မိန်းမတွေ အိမ်နေပြီး ဘုရားလေးရှိခိုးပြီး ဆွမ်းတော်ကလေးတွေ နေ့တိုင်းတင်ပြီး ရေတွေလဲပြီး နေငြားသော်လဲ ဒိဋ္ဌိက ပြုတ်ကိုမပြုတ်ဘူး (မှန်ပါ့)၊ ပြုတ်ပါ့မလား (မပြုတ်ပါ ဘုရား)၊ ဘာမှ မပြုတ်သေးပါဘူး (မှန်ပါ့)။

မပြုတ်သေးသရွှေ့ ကာလပတ်လုံးလဲ မောင်မြင့် ရချင်တဲ့ ကုသိုလ်ရ ဒိဋ္ဌိက ဆွဲချဦးမှာပဲ (မှန်ပါ့)၊ တခြားပဲ သွားမှာပဲနော်၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဒါ မသိတဲ့လူက ပြန်ပြောတော့ ဪ သူတို့မှာ ဘုရားဝတ်တက် မြဲလိုက်တာ၊ သူတို့တော့ဖြင့် အပါယ်လေး ပါး တံခါးပိတ်ပြီဗျို့ ဦးမြ၊ တစ်ချို့က ဘေးကနေပြီး လှိုင်းသေးတာဗျ (မှန်ပါ့)။

မလှိုင်းဘူလား (လှိုင်းပါတယ် ဘုရား)၊ ဟိုပုဂ္ဂိုလ်ကလဲ သူ့ဟာသူ ပြုံးပြီးတော့ လက်ခံနေတယ် (မှန်ပါ့)။

ပြုံးပြီးတော့ ဘာတုန်း (လက်ခံပါတယ် ဘုရား)၊ အင်း သူတို့လဲ ဒီအကြောင်း မသိရှာဘဲကိုး၊ ကိုယ့်ဒိဋ္ဌိကိုယ် မပြုတ်တာ သူသိရဲ့လား (မသိပါ ဘုရား)။

မသိတော့ အင်း သူတော်ကောင်းကြိုက်တဲ့အလုပ်ပဲ၊ ဟိုပုဂ္ဂိိုလ်ကိုလဲ သူတော်ကောင်းလို့မြင်တယ်၊ ကိုယ်ကလဲ ဒိဋ္ဌိမပြုတ်သေးဘူး (မှန်ပါ့)။

သူကလဲ ရေတွေ၊ ပန်းတွေလဲပြီး သကာလ ဒိဋ္ဌိက (မပြုတ်ပါ ဘုရား)၊ မပြုတ်တော့ အင်း နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြတာပေါ့ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာလုပ်ကြတာတုန်း (နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ကြတာပါ)၊ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာဆိုတာ သေချာပလား၊ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တယ်ဆိုကတည်းက မီးတောက်စရာ မမြင်ဘူးပြောတာ (မှန်ပါ့ ဘုရား)၊ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

မောဃပုရိသဆိုတာ

အဲဒါကြောင့် အခု ဘုရားက ကြည့်စမ်း မင်းဒိဋ္ဌိရှိနေတော့ မောဃပုရိသပဲတဲ့၊ မောဃပုရိသဆိုတာ မောဃ က အချည်းနှီး၊ ပုရိသက ယောကျ်ား၊ မင်း အချည်းနှီးယောက်ျားတဲ့၊ မဂ်ဖိုလ်မရနိုင်တော့ဘူးတဲ့၊ ကဲ ဒိဋ္ဌိမစွန့်တာနဲ့ မရဘူးပြောလိုက်တယ် (မှန်ပါ့)၊ မင်း ဒီအယူ မစွန့်ရင် မရတော့ဘူး။

နတ်ရွာသုဂတိ မရောက်ဘူးပြောသလား၊ နိဗ္ဗာန်မရဘူးပြောသလား (နိဗ္ဗာန်မရဘူးပြောတာပါ ဘုရား)၊ ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ပြုတဲ့ ကုသိုလ်တွေကဟာ နိဗ္ဗာရောက်တဲ့ ကုသိုလ်တစ်မျိုး၊ နိဗ္ဗာန်မရောက်ဘဲ သုဂတိရောက်တဲ့ ကုသိုလ်တစ်မျိုး၊ ဦးမြ ဘယ်နှစ်မျိုးရှိသလဲ (နှစ်မျိုးရှိပါတယ် ဘုရား)။

နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်က ဒိဋ္ဌိပြုတ်ပြီး လုပ်တဲ့အလှူမှာ ဒါက နိဗ္ဗာန်ရောက်တယ်၊ ဒိဋ္ဌိမပြုတ်ဘဲနဲ့ လုပ်နေတဲ့ ကုသိုလ်က (နိဗ္ဗာန်မရောက်ပါ ဘုရား)၊ နိဗ္ဗာန်မရောက်တဲ့ကိုသိုလ် သုကဂတိတော့ ရောက်တဲ့ကုသိုလ် (မှန်ပါ့ ဘုရား)၊ ကုသိုလ်ဘယ်နှစ်မျိုးခွဲလိုက်သတုန်း (နှစ်မျိုးပါ ဘုရား)။

ဒါ ဒီ ဒကာ ဒကာမ အရင်းတွေဆိုတော့ ဪ ကုသိုလ်ဆိုရင် နိဗ္ဗာန်ရောက်တာချည်းပဲလို့ ခင်ဗျားတို့ဟာတွေ ယူချင်ယူလိမ့်မယ် ဟုတ်ဘူးလား (မှန်ပါ့)။

သာတိဟာ အခု ရဟန်းဗျ၊ ရဟန်းခံတယ်ဆိုကတည်းက ကိုသိုလ် လုပ်တာပဲ။ ၂၂၇ သွယ်သော သိက္ခာပုဒ် သီလတွေ မရှိဘူးလား (ရှိပါတယ် ဘုရား)။

သာတိဟာ ရဟန်း၊ ပြီးတော့ ဘုရားလက်ထက်က ရဟန်း၊ အခုလို ဘုရားမရှိတဲ့အခါမှလုပ်တဲ့ ရဟန်းလဲ မဟုတ်ဘူး၊ အဲဒီမှာ သူ့မှာ သီလ ရှိတယ်မဟုတ်ဘူးလား ဦးမြကြီး (မှန်ပါ့)။

သို့သော် ဘုရားက သူ့ကို မဂ်ဖိုလ်မှ အချည်းနှီး မောဃပုရိသကွတဲ့၊ မရတော့ဘူး နိဗ္ဗာန် မရနိုင်တော့ဘူးတဲ့၊ ဘာဖြစ်လို့ဆိုတာတုန်းဆိုတော့ သူ့သီလ နိဗ္ဗာန်မရောက်မည့်သီလ သွားဖြစ်တယ် (မှန်ပါ)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

သူ့သီလက (နိဗ္ဗာန်မရောက်မည့်သီလပါ)၊ နိဗ္ဗာန်မရမည့်သီလ၊ ဘာဖြစ်လို့တုန်းဆိုတော့ သဿတဒိဋ္ဌိခံနေပြီတဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိနဲ့နေတဲ့ ရဟန်း

ဒိဋ္ဌိနဲ့နေတဲ့ ရဟန်း၊ အဲဒီတော့ ဒီသီလကြောင့် သူဂတိတော့ ရောက်မှပဲ၊ နိဗ္ဗာန်တော့ (မရောက်ပါ ဘုရား)၊ မရောက်ဘူးတဲ့၊ ဒိဋ္ဌိက တားပြီ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ရဟန်းခံတိုင်း နိဗ္ဗာန်ရောက်တယ်လို့ အောက်မေ့နေလို့ မတော်ပါလေဘူး ဟုတ်လား (မှန်ပါ့)၊ ဒိဋ္ဌိဖြုတ်ပြီး သကာလ လုပ်မှသာလျှင် နိဗ္ဗာန်ရောက်တယ်လို့ ယူမှသာလျှင် အမှန်ဖြစ်တော့မယ်ဆိုတာ အခု ရဟန်းတစ်ပါး ကိုပဲ တစ်ခါတည်း မင်း မောဃပုရိသတဲ့၊ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သွားပြီကွတဲ့။

ဦးနေဖူး ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)၊ မကောင်းဘူးလား (ကောင်းပါ တယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေကော (ကောင်းပါတယ် ဘုရား)။

ဒီနေ့ ကုသိုလ်ဘယ်နှစ်မျိုး ဟောပါလိမ့် (နှစ်မျိုးပါ ဘုရား)၊ နိဗ္ဗာန်ရောက်တဲ့ကုသိုလ်က (တစ်မျိုးပါ)၊ နိဗ္ဗာန် မရောက်တဲ့ကုသိုလ်က (တစ်မျိုးပါ ဘုရား)။

အေး တစ်ချို့ ဒကာ ဒကာမတွေက နည်းရောင်း၊ များရောင်း တောင်းပြည့်ပြီးရောပေါ့။ အံမာ ဒီလိုက လာသေးသကိုး၊ ကုသိုလ်ဆိုတာ စုနိုင်ရင် ကောင်းတာပဲ၊ နည်းနည်းများများ ပေ့ါလေ၊ သူ့ဟာက မှတ်ရုံမှတ်နေ ထင်ပါရဲ့ ကွာ (မှန်ပါ့)။

ဦးမြကြီး၊ အတော်မဆိုးဘူးလား (ဆိုးပါတယ် ဒိဋ္ဌိ ဦးစီးတဲ့ ကုသိုလ်တွေစုနေမယ်ဆိုလို့ရှိရင်ဖြင့် ကုသိုလ်တော့ ရပါရဲ့ မောင်အောင်ချီ၊ နိဗ္ဗာန်တော့ (မရနိုင်ပါ ဘုရား)။

မရနိုင်ဘူးတဲ့၊ အခု သာတိဟာ ရဟန်းခံထားတာပဲတဲ့၊ နိဗ္ဗာန်ရောက်မယ် ပြောသလား၊ ဘုရားက မရောက်ဘူး ပြောသလား (မရောက်ဘူးပြောပါတယ် ဘုရား)။

ဒါဖြင့် သူ့မှ သီလကုသိုလ် ရှိ မရှိ (ရှိပါတယ်)၊ ရောက်နိုင်ရဲ့လား (မရောက်နိုင်ပါ)၊ မရောက်ဘူးလို့သာ ဟောလိုက်တယ်၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါတွေလဲ သေသေချာချာ မှတ်ကြစမ်းပါ၊ ခင်ဗျားတို့အဖြစ်က ဒီဆရာကောင်းမတွေ့လို့ရှိရင် ဒါအဖြစ်ဟာ အတော်ဆိုးနေကြဆို မင်းတို့ပေါ်ပြီကွ (ပေါ်ပါပြီ)၊ မောင်မြင့် မပေါ်သေးဘူးလး (ပေါ်ပါပြီ ဘုရား)

ဆရာကောင်းနဲ့သာ မတွေ့ရင် မင်းတို့အဖြစ်ဟာ ဘယ့်နှယ်ဆိုကြမလဲ (အတော်ဆိုးပါတယ် ဘုရား)၊ နိဗ္ဗာန် ရောက်တဲ့ ကုသိုလ်ကို လုပ်တတ်တော့မှ မဟုတ်ပါဘူး လုပ်တတ်ပါဦးမလား (မလုပ်တတ်ပါ ဘုရား)၊ မလုပ်တတ်တော့ ဘူးတဲ့၊ တစ်ခါတည်း အသေရှာကြသည့် ကုသိုလ်သာ လုပ်တတ်တော့မှပဲ (မှန်ပါ့)။

အသေချာတဲ့ ကုသိုလ်ဆိုတာ နောက်ဘဝ သွားသေမှာကိုးကွ၊ နတ်ပြည်သွားသေမယ် (မှန်ပါ့)၊ ဗြဟ္မပြည်သွား သေနဲ့၊ အသေရှာတဲ့ကိုသိုလ်သာ လုပ်တတ်တော့တယ်၊ အသေလွတ် ကုသိုလ်ကို (မလုပ်မိကြတေ့ာပါ ဘုရား)၊ အဲဒါလောက် ကျအောင် ဆိုးရွားသွားမှာစိုးလို့ အခု ပြောနေရတယ် (မှန်ပါ့ ဘုရား)။

မင်းပြောတဲ့ ဝိညာဏ်ဟာ ဘယ်ဝိညာဏ်တုန်း

ကိုင်း ဒါနဲ့ သာတိ ပြောစမ်းပါဦးကွတဲ့၊ မင်းပြောတဲ့ ဝိညာဏ်ဟာ ဘယ်ဝိညာဏ်တုန်းလို့ဆိုပြီး “ကတမံ တံ သာတိ ဝိညာဏန္တိလို့မေးတယ်၊ ယွာယံ ဘန္တေ ဝဒေါ ဝေဒေယျာ၊ တတြ တတြ ကလျာဏ ပါပကာနံ ကမ္မာနံ ဝါပါကံ ပဋိသံဝေဒေတိ” လို့ သာတိက ဘုရားကို အဖြေပေးလိုက်တယ်။

သာတိ သာတိရဟန်း၊ ကတမံဝိညာဏံ အဘယ်ဝိညာဏ်နည်း၊ မင်းဝိညာဏ်ပြောင်းတယ်ဆိုတာ ဘယ်ဟာတုန်း တဲ့၊ ဘုရားက

ဘန္တေ မြတ်စွာဘုရား၊ ယွာယံ ယောအယံ အကြင်သို့သဘောရှိသော ဝိညာဏ်သည်၊ ဝဒေါ သူပဲ ပြောဆိုတတ် တယ်၊ ဝေဒေယျော သူပဲ ခံစားတတ်တယ်။ တကြ တကြ ထိုထိုဘဝ၌၊ ကလျာဏပါပကာနံ ကမ္မာနံ ကောင်းကံဆိုးကံတို့၏၊ ဝိပါကံ အကျိုးကို၊ ပဋိသံဝေဒေတိ ခံစားတတ်၏၊ သူပဲ ထိုထို ဘုံဘဝသွားနေတာပဲတဲ့၊ ကိုင်း ဒီဝိညာဏ်ကလေး လှည့်သွားနေတာပဲတဲ့၊ ဦးအောင်ဇံဝေ၊ ဘာဒိဋ္ဌိဖြစ်နေသတုန်း (သဿတဒိဋ္ဌိပါ)၊ သိပ်ကြောက်စရာကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ဒီ ဒကာ ဒကာမတွေမှာ ဝိညာဏ်ကလေး မထွက်သေးဘူးကွနော်၊ ဆွေမျိုးစောင့်နေတယ်လို့ လုပ်ချင်လုပ်နေ တာ၊ အတော်ကြောက်စရာ ကောင်းနေတာ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ထင်ရာပြောနေတာ ဒကာ ဒကာမတွေက ထင်ရာပြောပြီး သကာလ နေတော့ ဒီဝိညာဏ်ကလေးက ထွက်စရာ မရှိသေးလို့ မထွက်သေးဘူးဆိုတဲ့ သဘောရောက်နေတော့ ပုဏ္ဏားတွေ သေတဲ့အခါ ကျလို့ရှိရင်ဖြင့် ဘာဘာတို့ မြင်ဖူးချင် မြင်ဖူးပါလိမ့်မယ်၊ ခေါင်းမှာ ဖောက်ထားတယ်၊ ဝိညာဏ်ထွက်စရာ မရှိမှာစိုးလို့ ခေါင်းဖောက်ထားတယ်၊ သိပ်ကြောက် စရာကောင်းတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

တစ်ချို့ကျတော့လဲ တစ်ခါတည်း သေခါနီးမှ ပက်လက်ကျောပိုးပြီး မောင်အောင်ချီနှယ် ကျောပိုးပြီး အိမ်ထဲက ထုတ်တယ်၊ ထုတ်ပြီးတော့ အိမ်ပတ်ပြီးတော့မှ အထွက်ခိုင်းတယ်၊ အံမယ်လေး ကြောက်စရာ ကြီးပါလား ဦးမြ (မှန်ပါ့)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)၊ ဝိညာဏ်ပြောင်းတယ်ဆိုတာ သူတို့ သေသေချာချာ ယူတယ်၊ အိန္ဒယမှာ ရှိတယ် (ရှိပါတယ် ဘုရား)၊ သိပ်ဆိုးရွားပါတယ်၊ ဘာဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)၊ အဲဒါ သာတိအယူမျိုးဗျ (မှန်ပါ့)။

ဘယ်သူ့အယူပါလိမ့် (သာတိအယူပါ ဘုရား)၊ အဲ ဒီဝိညာဏ်ပါ ပဲတဲ့၊ ဟိုပြောင်း ဒီပြောင်း ပြောင်းပြီး ပြောဆို နေတာလဲ ဝိညာဏ်က ပြောဆိုနေတာပါတဲ့၊ ကောင်းတာ မကောင်းတာ ခံစားတာလဲ ဝိညာဏ်က ခံစားတာပါလို့ ဘုရားကို သူလျှောက်တယ် (မှန်ပ့ါ)၊ ပြောင်းတာလဲ သူပါပဲတဲ့၊ ခံစားတာလဲ သူပါပဲတဲ့။

ဒါဖြင့်ကွာ မင်းမစွန့်လို့ရှိရင်ဖြင့် မင်းဟာဖြင့် မဂ်ဖိုလ်ကို မရတော့ဘူးတဲ့၊ သံဃာတွေရှေ့မှာကို ပြောလိုက်တယ် (မှန်ပါ့)။

မင်းတို့ကော ဒီလို ယူသလားတဲ့

ပြီးတော့မှ သံဃာတွေကို မေးတယ်၊ သံဃာတွေ မင်းတို့ကော ဒီလို ယူသလားတဲ့ ဘေးက သံဃာတွေကို မေးတယ် ဦးမြ (မှန်ပါ့)။

တပည့်တော်များ ဒီလိုမယူပါဘူးဘုရားတဲ့၊ တပည့်တော်တို့ယူတဲ့ အယူက ဒီလိုပါတဲ့။ ဥပမာ ဝါးကြောင့်ဖြစ်တဲ့ မီးကို ဝါးမီးခေါ်မှာပဲ၊ သစ်သားကြောင့်ဖြစ်တဲ့မီးကို (သစ်သားမီးခေါ်ပါတယ် ဘုရား)၊ နောက်ချေးကြောင့်ဖြစ်တဲ့မီးကို (နောက်ချေးမီး ခေါ်ပါတယ် ဘုရား)၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီလိုပဲတဲ့၊ မျက်လုံးကြောင့်ဖြစ်တဲ့ ဥစ္စာကို မျက်လုံးဝိညာဏ် ခေါ်မှာပဲ (မှန်ပါ့ ဘုရား)၊ နားအကြည်ကြောင့် ဖြစ်ရင် (နားဝိညာဏ်ပါ ဘုရား)၊ လျှာအကြည်ကြောင့်ဖြစ်ရင် (လျှာဝိညာဏ်ပါ ဘုရား)၊ ကိုယ်အကြည်ကြောင့်ဖြစ်ရင် (ကိုယ်ဝိညာဏ်ပါ ဘုရား)၊ မနောကြောင့်ဖြစ်ရင် (မနောဝိညာဏ်ပါ ဘုရား)။

အဲဒီတော့ကို အေး ငါလဲ ဒီလိုဟောတယ်၊ မင်းတို့လဲ ဒီလိုယူကြတဲ့ ဘုရားက ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါလဲ ဒီလိုဟောတယ်တဲ့၊ မင်းတို့လဲ ဒီလိုယူကြတဲ့၊ ကိုင်းကွာတဲ့၊ ပြီးတော့ မင်းတို့ ဒီလိုလဲ မှတ်ရလိမ့်မယ်တဲ့၊ ဒီအကြောင်းကလေးသည် မနောဝိညာဏ် မျက်လုံးက အကြည်ရုပ်ချုပ်သွားမယ် ဆိုလို့ရှိရင် ဝိညာဏ် ဘယ့်နှယ်နေ သတုန်း (ချုပ်ပါတယ် ဘုရား)။

စဉ်းစားကြည့်စမ်းပါလား၊ လူသေတယ်ဆိုတော့ မျက်လုံးအကြည် ရုပ်ကကော မသေဘူးလား (သေပါတယ် ဘုရား)၊ ဒါဖြင့် ဝိညာဏ်က မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အကြောင်းချုပ်လို့ အကျိုးချုပ်တယ်ဆိုတာ မထင်ရှား ဘူးလား (ထင်ရှားပါတယ် ဘုရား။)

အကြောင်းချုပ်လို့ အကျိုးချုပ်

ကောင်းပြီ၊ ဒါမျိုး ဝိညာဏ်ဟူသရွေ့ မောင်မြင့်တို့ ဘယ်လိုမှတ်မတုန်း (ချုပ်ပါတယ် ဘုရား)၊ အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ် ဘုရား)။

ဖြစ်စေတဲ့အကြောင်းချုပ်လို့ အကျိုးဝိညာဏ်ကော (ချုပ်ပါတယ် ဘုရား)၊ ချုပ်တယ်ဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။

အဲဒီလို ခင်ဗျားတို့ သန္တာန်မှာ တစ်ကိုယ်လုံး ဝိညာဏ်တွေဟာ ဝိညာဏဓာတ်ခြောက်ပါးရှိသည့်အနက်က အကုန် ဒီလိုချည်းပဲသာ ဦးမြကြီး မှတ်လိုက်ပေတော့ (မှန်ပါ့ ဘုရား)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲကွာတဲ့ အကြောင်းဖြစ်တဲ့ ဓမ္မကြောင့် အကျိုးဝိညာဏ်ဖြစ်တဲ့ဥစ္စာ အကြောင်းချုပ်တော့ အကျိုးကျန်နေရစ် ဦးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)၊ မဖြစ်နိုင်တဲ့အခါကျလို့ရှိရင်ဖြင့် အကြောင်းအနိစ္စ၊ အကျိုးအနိစ္စသာ ခန္ဓာကိုယ်ထဲမှာ ရှိတယ်နော် (မှန်ပါ့ ဘုရား)။

ပေါ်လာတာလဲ အကြောင်းကြောင့် အကျိုးပေါ်တယ်၊ အကြောင်း အနိစ္စရောက်လို့ အကျိုးအနိစ္စရောက်တယ်၊ ဒါ အတည့်ယူရတယ်နော် (မှန်ပါ့)။

ဒီလိုဆိုတော့ကွာတဲ့၊ မင်းတို့ နောက်ဘဝက ငါဘာဖြစ်ခဲ့ပါလိမ့်မတုန်းဆိုရင်တော့ ဝိစိကိစ္ဆာရှိသေးရဲ့လား (မရှိတော့ပါ ဘုရား)၊ နောက်ဘဝကလဲ ဒီအကြောင်းကအကျိုးပဲဖြစ်တာပေါ့ (မှန်ပါ့ ဘုရား)၊ ရှေ့နိဗ္ဗာန်မရသေးလဲ ဘာဖြစ် ကြမယ်ထင်ကြသလဲ (ဒီအကြောင်းပဲ ဖြစ်မှာပါပဲ) ဒီအကြောင်းမျိုးပဲ ပေါ်မှာပဲဆိုတော့ ဝိစိကိစ္ဆာ မသေသေးဘူးလား (သေပါတယ် ဘုရား)။

ဒီအကြောင်းအကျိုးဟာလဲတဲ့၊ တစ်ခါပေါ်ရာမှ ပျက်ပျက်နေတယ်ဆိုတာကော မသိဘူးလား (သိပါတယ် ဘုရား)၊ သိရင် ခိုင်တယ် မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိအယူ ယူသေးရဲ့လား (မယူပါ ဘုရား)၊ မယူတော့ဘူးတဲ့။

အဲဒီလို သာတိကို ဟောတာပဲ၊ သာတိတော့ သူ့ဒိဋ္ဌိနဲ့သူ ထင်ရှားမှာပဲတဲ့၊ မင်းတို့သည် ကားဆိုလို့ရှိရင် သာတိ အယူလို မယူကြနဲ့၊ သူတော့ဖြင့် ငါ ဘယ့်နှယ်မှ မတတ်နိုင်ဘူး၊ ရဟန်းပင် ဖြစ်ငြားသော်လဲ မဂ်ဖိုလ်မရတော့ ဘူးဟေ့လို့ဆိုတော့မှ သာတိဟာ တစ်ခါတည်း ပခုံးနှစ်ခုကြားထဲမှာ လည်ပင်းကလေးဟာ တိုပြီးတော့ ကြံမှိုင်ပြီးနေရတဲ့ အဓိပ္ပာယ်မျိုး ရောက်သွားတယ်၊ သဘောကျပြီလား (ကျပါပြီ)၊ မဂ်ဖိုလ်မရတော့ဘူး ဆိုလိုက်တော့ စိတ်ပျက်သွားတာပေါ့။

ထင်းကြောင့်ဖြစ်တဲ့ မီး ထင်းမီး

ဒီအယူကိုလဲ သူက မရှင်းတတ်ဘူးနော် (မှန်ပါ့)၊ အဲဒီတော့ ဘုရားကလဲ အခု သေသေချာချာ ရှင်းပေးပါတယ် တဲ့၊ ထင်းကြောင့်ဖြစ်တဲ့ မီး ထင်းမီး၊ ဒီထင်းကုန်ရင် မီးကုန်မှာပဲ၊ ဝါးကြောင့်ဖြစ်တဲ့ မီး ဝါးမီး၊ ဒီဝါးကုန်ရင် (မီးကုန်မှာပါ ဘုရား)။

နောက်ချေးကြောင့်ဖြစ်တဲ့ မီးကော (နောက်ချေးကုန်ရင် မီးကုန်ရပါမယ်)၊ နောက်ချေးကုန်ရင် (မီးကုန်ရပါမယ်)၊ မီးကုန်မယ်တဲ့။

မျက်လုံးကြောင့်ဖြစ်တဲ့ ဝိညာဏ်၊ နှစ်ကြောင်းကြောင့်ဖြစ်တဲ့ ဝိညာဏ်ဟာ အာရုံဒွါရကြောင့်ဖြစ်တဲ့ ဝိညာဏ်ဟာ အာရုံဒွါရချုပ်ရင် ဝိညာဏ်ချုပ်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အာရုံဒွါရကြောင့်ဖြစ်တဲ့ ဝိညာဏ်ဟာ အာရုံဒွါရချုပ်ရင် ဝိညာဏ်ချုပ်တယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အာရုံဒွါရကြောင့်ဖြစ်တဲ့ ဝိညာဏ်ဟာ အာရုံဒွါရချုပ်ရင် (ဝိညာဏ် ချုပ်ပါတယ်)၊ အဲ ခုနင်က ဖြစ်စေတဲ့ နှစ်ကြောင်းချုပ်ရင် ချုပ်တယ်၊ ဖြစ်စေတတ်တဲ့ နှစ်ကြောင်းဖြစ်လာပြန်ရင် ဖြစ်တယ်ဆိုတော့ ဪ အကြောင်းနှစ်ခုဖြစ် လို့ အကျိုးနှစ်ခုဖြစ်တယ်၊ အကြောင်းတစ်ခုချုပ်လို့ (အကျိုးတစ်ခု ချုပ်ပါတယ် ဘုရား)။

အကျိုးတစ်ခု ချုပ်တယ်လို့ ဒီအတိုင်း အမှန်ယူဖို့ရာ ငါဟောတာတဲ့၊ ပြောင်းတယ်လို့ ငါမဟောပါဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)၊ ပြောင်းသလား မပြောင်းဘူးလား (မပြောင်းပါ ဘုရား)။

အဲဒီတော့ကို ပြောင်းတယ်လို့ မင်းတို့ယူထားတဲ့ဘဝ ပြောင်းနေတဲ့ ဥစ္စာကို ငါဘုရားသခင် ကိုယ်တော်မြတ်ကြီး မဟောပါဘူးတဲ့၊ ဒီနေရာဖြစ်၊ ဒီနေရာပျက်တယ်ဆိုတဲ့ ဥစ္စာဟာ အမှန်ယူပါတဲ့ (မှန်ပါ့)။

လျှပ်စစ်လင်းတယ်ဆိုတာ

လောကီဥပမာ ငါပြမယ်ဆိုပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကျမ်းတစ်စောင်မှာ ပြသေးတယ် မောင်မြင့် ရဲ့နော် (မှန်ပါ့)။

လျှပ်စစ်ကလေး ကောင်းကင်မှာ လင်းတယ်၊ အပူနဲ့ အအေးနဲ့ တိုက်တာနဲ့ “ဖျတ်” ဆို အလင်းရောင် ကလေး မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

လျှပ်စစ်လင်းတယ်ဆိုတာ အထက်မှာရှိတဲ့ ပထဝီဓာတ်တွေနဲ့ အောက်က အခိုးဆိုတဲ့ ပထဝီဓာတ်နဲ့ တိုက်တာကိုး၊ တိုက်တော့ လျှပ်စစ်ကလေး လင်းခနဲ ဝင်းခနဲ ဖြစ်လာတယ်၊ လင်းတဲ့နေရာမှာ လင်းပြီး လင်းတဲ့နေရာမှာ ရွှေ့ပြောင်း သလား၊ ဒီနေရာမှာပဲ ပျောက်သလား (ဒီနေရာမှာပါ ပျောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒီနှစ်ခုတိုက်လို့ အလင်းပေါ်တယ်မဟုတ်လား၊ ဒီနေရာပေါ် ဒီနေရာပျောက်တာပဲ၊ မင်းတို့ ဝိညာဏ်ကလေးဟာလဲ နှစ်ခုတိုက်လို့ပေါ်တာ (မှန်ပါ့)။

ဒီနေရာမှာ မျက်လုံးထဲပေါ်ရင် (မျက်လုံးထဲမှာပဲ ပျောက်ပါတယ် ဘုရား)၊ နားထဲပေါ်ရင် (နားထဲမှာပဲ ပျောက်ပါတယ် ဘုရား)။

လျှာမှာပေါ်ရင် (လျှာမှာပျောက်ပါတယ် ဘုရား)၊ နှာခေါင်းအဆုံးမှာပေါ်ရင် (နှာခေါင်းအဆုံးမှာ ပျောက်ပါတယ် ဘုရား)၊ ဝမ်းထဲမှာပေါ်ရင် (ဝမ်းထဲမှာ ပျောက်ပါတယ် ဘုရား)၊ ကိုယ်မှာပေါ်ရင် (ကိုယ်ပေါ်မှာ ပျောက်ပါတယ်)၊ ကိုယ်ပေါ်မှာ ပျောက်မယ်ဆိုတော့ အဲဒီ ပျောက်တာကလေးသာ အကုန် ဪ ဒါဟာ ပျောက်တတ်တဲ့တရား၊ ပျောက် တတ်တဲ့တရား၊ ပျက်တတ်တဲ့တရား၊ ပျက်တတ်တဲ့တရားလို့သာ မင်းတို့ ရှုနေစမ်းပါ (မှန်ပါ့)။

ရှုနေလို့ရှိရင် ပျောက်ပျက်တာသည် မှတ်လိုက် ဦးမြ၊ အနိစ္စနော် (မှန်ပါ့)၊ ပျောက်ပျက်မှန်း သိတာသည် (မဂ္ဂပါ ဘုရား)။

မဂ်ဆိုတော့ ဝိဇ္ဇာမဂ်

မဂ္ဂဆိုတော့ မဂ်ဆိုတော့ ဝိဇ္ဇာမဂ် (မှန်ပါ့)၊ ဝိဇ္ဇာမဂ်ဆိုသဖြင့် ပဋိစ္စသမုပ္ပာဒ် အစကလဲပြတ်၊ အလယ် တဏှ၊ မာန၊ ဒိဋ္ဌိတွေကော (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် မဂ်သည် ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ စွမ်းရည်သတ္တိရှိတယ်ဆိုတဲ့ဥစ္စာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် တရားသိမ်းတော့မယ်တဲ့၊ နာရီက စေ့နေလို့၊ ဖြစ်ပျက် ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)၊ ရှုတဲ့ ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)၊ တဏှာ၊ မာန၊ ဒိဋ္ဌိသေတာက ဘာခေါ်ကြမတုန်း (သမုဒယ သေတာပါ)၊ သမုဒယ သေတာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိသေကတည်းက ဇာတိ၊ ဇရာ၊ မရဏ မလာတာက (နိရောဓသစ္စာပါ ဘုရား)၊ နိရောဓသစ္စာ၊ ဇာတိ၊ ဇရာ၊ မရဏလာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် ဇာတိနိရောဓော နိဗ္ဗာနံပဲ (မှန်ပါ့)၊ ဇရာနိရောဓော (နိဗ္ဗာနံပါ)၊ မရဏနိရောဓော (နိဗ္ဗာနံပါ) ရှင်းကြ ပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့လုပ်နေတာ သစ္စာနှစ်ချက်ထဲလုပ်တာနဲ့ မင်းတို့ လုပ်နေတဲ့ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ရှုတာနဲ့ သမုဒယသစ္စာချုပ်၍ နိရောဓသစ္စာကို ရပါတယ်ဆိုတာ ကိုယ့်အလုပ်ကို ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု…သာဓု…သာဓု။