12411

မာတိကာသို့

အပါယ်လွတ်ရေး စိတ်ချရတာ လုပ်ပြီးမှ

ပျော်ချင်ရာပျော်ကြပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်

ဟောကြားဆုံးမတော်မူအပ်သော

အပါယ်လွတ်ရေး စိတ်ချရတာ လုပ်ပြီးမှ

ပျော်ချင်ရာပျော်ကြပါ

ဟောတဲ့ပုဂ္ဂိုလ်ရော နာတဲ့ပုဂ္ဂိုလ်ပါ

ကျေးဇူးရှိနိုင်တဲ့နည်း

ညအလုပ်ပေးတရားတော်

(၂၃-၅-၆၂)

ကိုယ်လုပ်ဖို့ရာက အရေးကြီးတယ်

ဒကာ ဒကာမတွေ ဝတ္ထုသွားဟာ သိဖို့ပြောတာ၊ သူများ လုပ်တာကို ပြောတာ၊ ကိုယ်လုပ်ဖို့ရာက အရေးကြီး တယ်ဆိုတာကို မှတ်ထားရမယ်နော် (မှန်ပါ့ ဘုရား)။

သူများဘဝ ဝတ္ထုတွေ အခု ခေမက ဝတ္ထုထုတ်မှာပါပဲ၊ ရဟန္တာမြတ်ကြီး တန်းထုတ်မှာပါပဲ၊ ထုတ်ပင်ထုတ်ငြား သော်လဲ ဒါ သူများ အလုပ်စဉ်၊ ကိုယ်ကိုယ်တိုင် အတုခိုးပြီး လုပ်ဖို့ရာကတော့ ရှေ့ပိုင်းမှာ ဆရာသမားပြောတာကို သေသေချာချာ မှတ်ပါ။

ကိုင်း ဒါဖြင့် ဥပမာမယ် အခုစိတ်ရှုနေကြတယ်၊ ဝေဒနာရှုနေကြတယ်ဆိုတော့ တပည့်တော်တို့ ဘယ်တော့ ဒီရှုတဲ့စခန်းပြီးမှာတုံးဆိုတဲ့ မေးခွန်းလာတယ်နော်၊ ဘယ်တော့ ပြီးမှာတုန်းလို့ မေးဖို့ရာ အကြောင်းရှိတယ်နော်။

မေးဖို့ရာ အကြောင်းရှိတော့ ဦးအောင်ဇံဝေကြီးက “စိတ္တံ အနိစ္စ သညီ” တဲ့ ဒီစိတ်ကလေးတစ်ခုကို၊ ဪ ဒါကလေးဟာဖြင့် အနိစ္စလို့ပဲ တစ်ခါထဲ မှတ်မိအောင် မှတ်ပါ၊ မှတ်မိအောင် မှတ်ပါတဲ့နော် (မှန်ပါ့ ဘုရား)။

အနိစ္စတွေ့မှ

ပေါ်လာတဲ့တရားကလေးကို နောက်ကနေ ရှုတဲ့အခါကျတော့ ဒါကလေးဟာ စိတ်မဟုတ်ပါဘူး၊ ကိုယ်တွေ့တာ ဖြင့် အနိစ္စပါပဲလို့ဆိုလို့ရှိရင် ဒါဟာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် နီးပြီလို့ အောက်မေ့လိုက်။

ဦးမြ စိတ်တွေ့နေရင် မဟုတ်သေးဘူးနော်၊ ဘာတွေ့မှတုန်း (အနိစ္စတွေ့မှပါ)၊ အနိစ္စဆိုတဲ့ အပျက်တွေ့မှလို့ မှတ်ထားကြပါ။

အနိစ္စနုပဿီတဲ့ အနိစ္စကိုရှုပြီး အနိစ္စလို့မှတ်ဖြစ်အောင် မှတ်ထားလိုက်စမ်းပါ။ ရှေးဦးစွာ အနိစ္စလို့ရှု၊ ပြီးတော့ အနိစ္စလို့ ဒီဥစ္စာကလေးကို မှတ်ဖြစ်အောင် မှတ်ပါ။ စိတ်လို့ မှတ်မနေကြနဲ့၊ ဝေဒနာလို့ မှတ်မနေကြနဲ့ ဒကာ ဒကာမတွေ နော် (မှန်ပါ့)။

ဒါက တစ်ခဏနဲ့ နိဗ္ဗာန်ရနိုင်အောင်လို့ ပြောနေတဲ့တရားလို့ သေသေချာချာ မှတ်ကြပါနော် (မှန်ပါ့)။

ဘာဖြစ်လို့ ဆရာဘုန်းကြီးက စိတ်အရှုခိုင်းပြီး စိတ်ကို ပယ်နေပါလိမ့်မလဲလို့ ဦးမြတို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

လိုတယ်နော်၊ လိုတော့ကို ခင်ဗျားတို့ ရှုတဲ့ဉာဏ်ထဲမှာ ရှုတဲ့ဉာဏ်ကလဲ စိတ်ဖြစ်နေသောကြောင့် ပြိုင်နိုင်ပါ့မလား (မပြိုင်နိုင်ပါ ဘုရား)။

ရှေ့သဘောဟာ ချုပ်မသွားပေဘူးလား (ချုပ်သွားပါတယ် ဘုရား)၊ ချုပ်သွားတော့ စိတ်တွေ့သလား၊ မရှိတာတွေ့ သလားလို့ အမှန်ပြောကြာစမ်း (မရှိတာတွေ့ပါတယ် ဘုရား)။

စိတ်မရှိမှုကိုသိဖို့ အရေးကြီးတာ

မရှိတာတွေ့ကတည်းက ဦးအောင်ဇံဝေတို့ ဦးမြတို့ လူကြီးတွေက စဉ်းစားတာပေါ့၊ ဪ စိတ်ရှုခိုင်းပေမယ့် စိတ်မရှိမှုကိုသိဖို့ အရေးကြီးတာပါကလားလို့ ဉာဏ်ပြောင်းပစ်ကြ (မှန်ပါ့ ဘုရား)။

စိတ်မရှိမှုကို (ဉာဏ်ပြောင်းပစ်ရပါမယ်)၊ သိဖို့ အရေးကြီးတယ်ဆိုတာကို အားထုတ်မည့် ပုဂ္ဂိုလ်တွေလဲ သေသေ ချာချာ မှတ်ကြရလိမ့်မယ်နော် (မှန်ပါ့)၊ စိတ်တော့ အရှုခိုင်းတာပဲ။

နောက်က ဒကာ ဒကာမတွေ ဘာအရှုခိုင်းပါလိမ့် (စိတ်အရှုခိုင်းပါတယ် ဘုရား)။

စိတ်အရှုခိုင်းပေမယ့် ဥပမာမယ် နားထဲမှာဖြစ်တဲ့စိတ်၊ အဲဒါလာရင် ရှုပါလို့ဆိုတော့ ဝမ်းထဲကနေ ရှုရမှာ မနောထဲကနေရှုရမှာ ဖြစ်နေတော့ ဒီစိတ်နဲ့ဒီစိတ်ကလဲ ပြိုင်ဖြစ်ကဲ့လား၊ အရှုခံတဲ့စိတ်နဲ့ ရှုတဲ့စိတ်နဲ့ဟာ ပြိုင်ဖြစ်နိုင်ပါ့ မလား (မဖြစ်နိုင်ပါ ဘုရား)။

မဖြစ်နိုင်တာကို ထောက်လိုက်တော့ကို ဪ မရှိတာကို ရှုတဲ့ဉာဏ်က တွေ့မှာပဲလို့ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား)။

ဘာတွေ့မယ်ထင်သတုန်း (မရှိတာကို တွေ့ပါမယ် ဘုရား)၊ ဒါဖြင့် ဦးအောင်ဇံဝေတို့ ဦးမြတို့ အကဲခတ်စမ်း၊ စိတ်အရှုခိုင်းငြားသော်လဲ တပည့်တော်တို့ ဘာတွေ့မှ အမှန်ရောက်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတွေ့မှတုန်း (မရှိတာတွေ့မှပါ ဘုရား)၊ မရှိတာတွေ့မှ အမှန်ရောက်တယ်ဆိုတာ ဒီနေ့ တရားပွဲမှာ ဆုံးဖြတ် ချက်ချပါ (မှန်လှပါ ဘုရား)။

အားလုံးရှုတဲ့ ပုဂ္ဂိုလ်တွေ မရှိတာတွေ့ဖို့ အရေးကြီးပါတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

စိတ်ဆယ့်နှစ်မျိုး ပေးထားငြားသော်လဲ ဦးအောင်ဇံဝေတို့ ဘာတွေ့ဖို့ အရေးကြီးသတုံး (မရှိတာတွေ့ဖို့ အရေးကြီး ပါတယ်)၊ မရှိတာတွေ့ဖို့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ရှိတာတွေ့နေသေးရင် မှားသေးတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဦးမြ ရှိတာတွေ့နေရင် (မှားပါသေးတယ် ဘုရား)။

မှားသေးတယ်တဲ့၊ ရှိတာတွေ့နေရင် မပြိုင်နိုင်တာ၊ ပြိုင် မဖြစ်နိုင်တာ ပြိုင်ဖြစ်တဲ့ အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့ ဘုရား)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဥပယဗ္ဗယဉာဏ်ဆိုတာ

ဒါဖြင့် ဥပယဗ္ဗယဉာဏ်ဆိုတာ ဘာတုံးဘုရားလို့ စောဒကတက် မေးကြလို့ရှိရင် ဪ ဒီနေရာဖြစ်ပြီး ဒီနေရာ ပျက်သွားသကိုးလို့ ဉာဏ်ရောက်တာကို ဆိုတာပါ (မှန်ပါ့)၊ သူ့ကို တကယ်မြင်လိုက်တာကကော မရှိတာ သိတာပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတွေ့ကြသလဲ (မရှိတာတွေ့ပါတယ် ဘုရား) မရှိတာတွေ့တာပါပဲလို့ မှတ်လိုက်စမ်းပါ။

သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ ဝိဟရတိ အနိစ္စသညီတဲ့၊ ဒါဟာ မရှိတာ ကလေးဟာ အနိစ္စလို့သာ မှတ်လိုက်၊ နောက်ပြီးတော့ အနစ္စပဋိသံဝေဒီတဲ့၊ အနိစ္စလို့ပဲ ခင်ဗျားတို့က သိပေး၊ အနိစ္စလို့မှတ်၊ အနိစ္စလို့သိ၊ တစ်လုံးတည်းကိုနော် (မှန်ပါ့)။ (အံ၊ ၂။ ၄၀၅)။

မောင်အောင်ချီတို့က အရေးကြီးတယ်တကွ၊ လုပ်မည့်လူတွေ၊ အနိစ္စလို့ ရှေးဦးစွာ မှတ်လိုက်၊ အနိစ္စလို့ပဲမှတ်၊ အနိစ္စလို့ပဲ သိလိုက်တော့။

သတ တံ – တဲ့၊ ဒါကလေးဟာ အမြဲတွေ့ဖို့ အရေးကြီးတယ်ဟေ့တဲ့ (မှန်ပါ့)၊ သတတံ-အမြဲ၊ သမိတံ-မပြတ်တဲ့၊ မပြတ်အောင်တွေ့နေဖို့ အရေးကြီးသတဲ့၊ အဗ္ဗောကိဏ္ဏံတဲ့၊ ဒီ “အဗ္ဗောကိဏ္ဏံ” ဆိုတဲ့ ပါဠိတော်ကို အဋ္ဌကထာက “နိရန္တရံ အညေန စေတသာ အသံမ္မိဿံ” လို့ ဖွင့်ပါတယ် (မှန်ပါ့)၊ ဒါကလေးပြောချင်လို့ ဦးမြ ဒီစကား စလာတာနော် (မှန်ပါ့)။

နိရန္တရံ-မပြတ်၊ အညေန စေတသာ-တစ်ပါးသော စိတ်တို့နှင့်၊ အသမ္မိဿံ-မရောစေနဲ့တဲ့၊ အပျက်ကလေးနဲ့ မင်းတို့ရှုနေတဲ့ တရားကလေးကြားထဲမှာ ဘာစိတ်မှ မရောစေနဲ့တဲ့၊ ကြားမခိုစေနဲ့လို့ ဆိုလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ကြားမခိုစေနဲ့

အညေန-တစ်ပါးသော စေတသာ-စိတ်တရားတို့နှင့်၊ အသမ္မိဿံ-မရောစေနဲ့တဲ့၊ အနိစ္စလို့ သိ-အနိစ္စလို့ မှတ်နေ တာ၊ အနိစ္စလို့ ရှုနေတဲ့အထဲမှာ တစ်ပါးသော တရားတွေ စိတ်တွေ မောင်မြင့် ကြားမဝင်စေနဲ့နော် (မှန်ပါ့ ဘုရား)။

တစ်ပါးသော တရားဆိုတာ လောဘကလေး ကြားမဝင်စေနဲ့၊ ဒေါသကလေး ကြားမဝင်စေနဲ့၊ တခြားသော စိတ်ကလေး ကြားမဝင်စေနဲ့ဆိုတာ ဦးအောင်ဇံဝေက မှတ်မိပလား (မှတ်မိပါပြီ ဘုရား)။

သမိတံ-မပြတ်၊ အသမ္ပိဿံ-တစ်ပါးသောစိတ်နှင့် မရောမူ၍ (ဝါ) တစ်မျိုးသော စိတ်မခြားမူ၍၊ “စေတသာ အဓိမုစ္စမာနော” တဲ့၊ စေတသာ – ခင်ဗျားတို့ ရှုနေတဲ့စိတ်နဲ့၊ အဓိမုစ္စမာနော-နှလုံးသွင်းလျက်၊ ဒါကလေးကို ဒါ အနိစ္စမှတစ်ပါး ဘာမှမဟုတ်ဘူး၊ အနိစ္စအစစ်ပဲလို့သာ နှလုံးသွင်းနေပါတဲ့၊ ပေါ်တိုင်းပေါ်တိုင်း ကြားထဲမခြားစေနဲ့ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုလို့ရှိရင်ဖြင့် “ပညာယ ပရိယောဂါဟမာနော” ဝိပဿနာ ပညာကလေးနဲ့လဲ ဟုတ်သားပဲ၊ မရှိတာ ကလေး တွေ့လိုက်တာပဲ၊ စိတ်အရှုခိုင်းတာ ဘုန်းကြီးက စိတ်အရှုခိုင်းတယ်၊ မြတ်စွာဘုရားကလဲ စိတ္တာနုပဿနာကို ဟောတော်မူတယ်၊ ကိုယ်ရှုတော့ မရှိတာပဲ တွေ့တယ်လို့ ရှုတဲ့ပုဂ္ဂိုလ်တွေ ဒီအတိုင်းတွေ့ကြလို့ရှိရင် ဦးအောင်ဇံဝေ နည်းမှန်, လမ်းမှန်ကျပြီလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

နည်းမှန်၍ လမ်းမှန် (ကျပါပြီ)၊ နည်းမှန်, လမ်းမှန်ကျပြီလို့ ဆုံးဖြတ်ချက်ချလိုက်စမ်းပါ။

ဒီလိုများ ရှုလို့ရှိရင် ဘုရားတဲ့၊ တပည့်တော်တို့ ဘယ်တော့ အပါယ်လေးပါး တံခါးပိတ်တဲ့ သောတာပတ္တိမဂ်ရမှာ တုန်းဆိုတဲ့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် ရပါတယ်ကွတဲ့၊ တစ်ပါးသော တရားသာ ကြားမခိုပါစေနဲ့တဲ့။

ဦးမြကြီး ဘာတဲ့တုံး (ရနိုင်ပါတယ် ဘုရား)၊ သို့ရာတွင် ဘယ်ဟာ ကြားမခိုမှတုံး (တစ်ပါးသောတရား ကြားမခို မှပါ ဘုရား)။

အနိစ္စနဲ့ ရှုတဲ့ဉာဏ်နဲ့ ကြားထဲမှာ မောင်မြင့် တစ်ပါးသော တရားမဝင်စေနဲ့တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ မောင်အောင်ချီကော (ရိပ်မိပါပြီ ဘုရား)၊ ရိပ်မိပြီ၊ ဝင်ရင်ကြာမှာစိုးလို့ ဘုရားက (မှန်ပါ့)။

ဦးမြကြီး ကြားခိုရင် (ကြာမှာပါ ဘုရား)၊ ကြာမှာစိုးလို့ဆိုတော့ “ပညာယ ပရိယောဂါဟမာနော၊ သော အာသဝါနံ ခယာ” ကွတဲ့၊ အို ဒီပုဂ္ဂိုလ်ဟာ အာသဝ ကုန်ပါတယ်ကွဆိုတော့ ဒိဋ္ဌာသဝ အလျင်ကုန်မှာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အရေးကြီးဆုံးအချက်

အဲဒီတော့ ဒီပါဋ္ဌိတော်မှာ အခုတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ အရေးကြီးဆုံးအချက်ကို ဘုန်းကြီးပြောရလို့ရှိရင်ဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ဖို့ရာဟာ ဦးမြ အရေးအကြီးဆုံးပဲ (မှန်ပါ့)၊ ကြားထဲမှာခြားဖို့ လိုသေးသလား မလိုဘူးလား (မလိုပါ ဘုရား)။

မခြားရင် ဦးအောင်ဇံဝေ ရနိုင်တယ် (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ ကြားနေတယ်ဆိုတဲ့ ဥစ္စာက ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ အနိစ္စနဲ့ မဂ္ဂနဲ့ဟာ ကိုက်တဲ့အခါလဲ ကိုက်တယ်၊ မကိုက်တဲ့အခါလဲ တခြားသော စိတ်က ကြားဝင်ခိုနေတယ်၊ ရှုတဲ့ဉာဏ်က နောက်ကျနေတယ်၊ အဲဒီလိုဆိုလို့ရှိရင် ငါဘုရားဟောနဲ့ မကိုက်တဲ့အတွက် ကြာနေမှာပဲ၊ သတ္တက အင်္ဂုတ္တိုရ် ပါဋ္ဌိတော် အနိစ္စာနုပဿီသုတ် (အံ၊ ၂။ ၄၀၅) မှာနော် (မှန်ပါ့)၊ သဘောကျကြပလား (ကျပါပြီ ဘုရား)။

ဒီနေ့ ထိုင်လို့မကောင်းပါဘူးဆိုတဲ့ဥစ္စာ ဦးမြ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ကြားခိုတာ (မှန်ပါ့)၊ ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာတုံး (ကြားခိုတာပါ ဘုရား)။

ကြားက ဘယ်သူတုံး၊ ကိလေသာပေါ့ဗျာ (မှန်ပါ့ ဘုရား)၊ လောဘခို၊ ဒေါသခို၊ မောဟခို၊ တစ်နည်းအားဖြင့်လဲ တစ်ပါးသော ဣဿာခို, မစ္ဆရိယခို, မာနခို, သောကခို, ပရိဒေဝတွေခိုလို့ရှိရင်လဲ ဒါ ဒီနေ့တော့ ဘယ်နည်းနဲ့မှ ဒိဋ္ဌာသဝ မကုန်ဘူး၊ ကြာနေမှာပဲ၊ ဦးမြ မကြာပေဘူးလား (ကြာပါတယ် ဘုရား)။

ဒါဖြင့် ကျကျနန မှတ်စမ်းပါ၊ ရီကော်ဒါထဲမှာလဲ ဒါ ဘယ်ရောက်ရောက် သိရအောင်လို့ အနိစ္စနဲ့ မဂ္ဂကိုက်ဖို့ အရေးကြီးတယ် (မှန်ပါ့)။

ဘာတဲ့တုန်း (အနိစ္စနဲ့ မဂ္ဂကိုက်ဖို့ အရေးကြီးပါတယ်)၊ အနိစ္စဆိုတာက ရှေ့က ပျောက်ပျောက်သွားတာ (မှန်ပါ့)၊ မဂ္ဂဆိုတာက ပျောက်ပျက်တယ်လို့ သိလိုက်တာ (မှန်ပါ့)။

ပျောက်ပျက်သွားပြီဟေ့ ပျောက်ပျက်သွားပြီဟေ့လို့ သိလိုက်တာက ဘာပါလိမ့် (မဂ္ဂပါ ဘုရား)၊ ပျောက်ပျက်သွား တာက (အနိစ္စပါ ဘုရား)။

ပျောက်ပျက်သွားတာက အနိစ္စ

အဲ ပျောက်ပျက်သွားတာက အနိစ္စ၊ ပျောက်ပျက်သွားပြီလို့ သိလိုက်တာက (မဂ္ဂ ဘုရား) ဆိုတော့ ဟိုက ပျောက်ပျက်တာနဲ့ ဒီကသိတာနဲ့ ကြားထဲမှာ ဘာမှမရောလို့ရှိရင် မကြာမီအတွင်းမှာပဲ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရသွားမှာပဲ (မှန်ပါ့)၊ ဒီလိုချည်း ဆက်သွားတာပဲ (မှန်ပါ့)။

သတတံ သမိတံ၊ သတတံ-အမြဲ၊ သမိတံ-မပြတ်၊ အဗ္ဗောကိဏ္ဏံ တစ်ပါးသောတရား၊ တပါးသောစိတ် မရောမူ၍ “အညေန စေတသာ အသမ္မိဿံ” လို့ အဋ္ဌကထာ ဆရာဖွင့်သောကြောင့် တစ်ပါးသောစိတ် မရောဘဲနဲ့ ခင်ဗျားတို့ ကြိုးစားကြမယ်ဆိုရင် ကဲ တစ်နာရီအတွင်းဖြင့် အရောကို မခံနိုင်ဘူး၊ ဖြစ်ပျက်နဲ့ မဂ်၊ မျက်လုံးထဲ ဖြစ်ပျက်လာလဲ ဖြစ်ပျက်နဲ့ ဉာဏ်မဂ်နဲ့ကိုက်အောင် လုပ်မယ်၊ အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်အောင်လုပ်မယ်၊ နားမှာပေါ်လို့ရှိရင်လဲ နားကဟာနဲ့ မဂ္ဂနဲ့ ကိုက်အောင်လုပ်မယ်၊ ရှုစိတ်, ရှုက်စိတ်ကို ရှုနေလို့ရှိရင်လဲ ရှုစိတ်၊ ရှုက်စိတ်အပျက်နဲ့ မဂ်နဲ့ကိုက်အောင်လုပ်မယ်ဆို ရင်လဲ ဦးအောင်ဇံဝေ ဒီတစ်နာရီအတွင်းမှာ ခင်ဗျားတို့ အဓိဋ္ဌာန်ပြီး လုပ်ကြည့်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် အညေန စေတသာ အသမ္မိဿံ-တစ်ပါးသောတရား တစ်ပါးသောစိတ် မရောလို့ရှိရင်၊ ဒိဋ္ဌေဝဓမ္မေ-အခုဘဝမှာ ရနိုင်တယ်တဲ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဆရာကောင်း သမားကောင်း မတွေ့တဲ့ပုဂ္ဂိုလ်များ ဖြည်းဖြည်းရမှာပဲဆိုတဲ့ အသွားဟာ အတော် မှားတယ်၊ ပါဋ္ဌိတော်မတွေ့လို့ဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်လို့ရှိရင်

အဲဒီတော့ ဒကာ ဒကာမတွေ ဪ အနိစ္စနဲ့ မဂ္ဂနဲ့ ကိုက်လို့ရှိရင်ဖြင့် သောမာတို့ဆိုတဲ့ အမျိုးသမီးကလေးတွေ ဟာ အနိစ္စနဲ့မဂ္ဂနဲ့ ကိုက်တာနဲ့ နဂိုကတော့ ဆရာသမားဆီ နည်းယူထားပြီး သကာလ အနိစ္စနဲ့ မဂ္ဂနဲ့ကိုက်သွားတော့ မီးဖိုချောင်ထဲမှာပဲ ဟင်းရွက်တွေ ဘာတွေကြော်ရင်း, ခပ်ရင်းတောင် ရသွားတယ် (မှန်ပါ့)၊ ဘာဖြစ်လို့ ရသွားတာတုန်း (အနိစ္စနဲ့ မဂ္ဂကိုက်လို့ပါ ဘုရား)၊ ကြားမှာ ကိလေသာ မခြားဘူး (မှန်ပါ့)၊ ဦးအောင်ဇံဝေ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် သော အာသဝါနံ ခယာ၊ သော ထို အနိစ္စနဲ့ မဂ္ဂနဲ့ မပြတ်ကိုက်သွားတဲ့ ပုဂ္ဂိုလ်သည်၊ အာသဝါနံ-ဒိဋ္ဌာသဝတို့၏၊ ခယာ ကုန်ခြင်းကြောင့်၊ ဒိဋ္ဌေဝဓမ္မေ ယခု ပစ္စုပ္ပန်ဘဝ၌၊ အာသဝါနံ အပါယ်လေးပါး ကျစေတတ်တဲ့ ဒိဋ္ဌာသဝတို့၏ ခယာ ကုန်ခြင်းကြောင့်ဆိုတော့ မောင်အောင်ချီတို့, မောင်မြင့်တို့ နက်ဖြန် ဒါ ကိုက်အောင်လုပ်မယ်၊ ည ဒါကိုက်အောင် လုပ်မယ်ဆိုရင် သိပ်အဖိုးတန်မှာပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးမြကြီး ဒါ ကိုက်အောင်လုပ်ရမယ် (မှန်ပါ့)၊ ဦးအောင်ဇံဝေ ဘာလုပ်ရမလဲ (ကိုက်အောင်လုပ်ရပါမယ် ဘုရား)၊ အနိစ္စနဲ့ (မဂ္ဂ ကိုက်အောင်လုပ်ရပါမယ် ဘုရား)၊ ကြားထဲကို (ကိလေသာ မခိုစေရပါ ဘုရား)၊ ကြားမခိုအောင် အထူးဂရု စိုက်ပေး (မှန်ပါ့)၊ ကြားမခိုအောင် အထူးဂရုစိုက်ပေး၊ ဒါ အလုပ်သက်မရှည်အောင်ပေါ့ဗျာ (မှန်ပ့ါ)။

ကြားမခိုအောင် အထူးဂရုစိုက်ပေး

နို့မဟုတ်ရင်ဖြင့် အလုပ်သက်တွေ ရှည်နေလို့ရှိရင်လဲ ခင်ဗျားတို့မှာ နစ်နာသွားလိမ့်မယ်ဆိုတဲ့ဥစ္စာ မှတ်လိုက်ပါ။

အလုပ်သက် ရှည်သွားတော့ ဘာဖြစ်လို့ နစ်နာမှာတုန်းလို့မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီး က စိတ်မချရဘူး (မှန်ပါ့)၊ ဦးမြ ခန္ဓာကိုယ်က ဘာတဲ့ (စိတ်မချရပါ ဘုရား)။

ဘယ်စိတ်ချရမတုန်းတဲ့၊ သူသည် ပဋိသန္ဓေနေပြီးတဲ့နေ့ကစပြီး သကာလ သင်္ချိုင်းပြေးနေတာရပ်မှ မရပ်ဘဲ (မှန်ပါ့)၊ ရပ်တဲ့လား (မရပ်ပါ ဘုရား)။

ဘယ်ပြေးနေသလဲ (သင်္ချိုင်းပြေးနေပါတယ် ဘုရား)၊ သင်္ချိုင်းပြေးနေတယ်၊ ရပ်မှမရပ်ဘဲလို့ ခင်ဗျားတို့က တကယ်တမ်းသိပြီဆိုမှဖြင့် ဪ သူသင်္ချိုင်းရောက်သွားလို့ရှိရင်ဖြင့် ဒီတစ်ခါတွင် သေမှာမဟုတ်ဘူး၊ အဖန်ဖန်သေနေ မည့်ကိစ္စတွေ အများကြီးရှိနေတယ်လို့သိပြီး သကာလ ဒီ ဒကာ ဒကာမတွေက အင်း သူသင်္ချိုင်းမရောက်ခင် ကိုယ့်အနိစ္စနဲ့ မဂ္ဂင်နဲ့ကိုက်ပြီး အပါယ်လေးပါး တံခါးပိတ်တဲ့ ဒိဋ္ဌိပြုတ်အောင် လုပ်လိုက်မယ်၊ အနိစ္စနဲ့ မဂ္ဂနဲ့ကိုက်သွားရင် ဒိဋ္ဌိပြုတ်သွား တာပဲ (မှန်ပါ့)၊ အဲ ဒိဋ္ဌိပြုတ်သွားလို့ရှိရင်ဖြင့် အသေက မဦးခင် မဂ်ဉာဏ်က ဦးသွားတယ်လို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ဘယ်လိုမှတ်မယ် (အသေက မဦးခင် မဂ်ဉာဏ်က ဦးရပါမယ်) မဂ်ဉာဏ်က ဦးသွားတယ်ဆိုတော့ ကိုယ်လိုချင် တဲ့ပန်းတိုင်ရောက်တာပေါ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ခင်ဗျားတို့ကို တိုက်လဲ တိုက်တွန်းရတယ်၊ ဦးအောင်ဇံဝေရ၊ တရားလဲ ဟောရသေးတယ်၊ လွယ်တာမဟုတ်ဘူး (မှန်ပါ့ ဘုရား)။

တွန်းလဲတွန်းပေးရ သေးတယ်

တိုက်တွန်းရတာလဲ နောက်က တွန်းပေးနေရသေးတယ်၊ ဟ လုပ်ပါဟ၊ ဟ လုပ်ပါဟဆိုတာလဲ တွန်းလဲတွန်းပေးရ သေးတယ်၊ လုပ်နည်းလဲ ပေးရသေးတယ်ဆိုတဲ့ဥစ္စာ တရားဟောတဲ့ ဘုန်းကြီးမှာ မလွယ်ဘူး၊ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

ဒီ တွန်းမပေးပြန်လို့ရှိရင်လဲ သူတို့က မရွေ့ဘူး၊ လုပ်နည်းမပေးပြန်လို့ရှိရင်လဲ မလုပ်တတ်ဘူးဆိုတော့ ခက်လိုက် တာ၊ ရွေ့ဖို့ရာကတစ်မျိုး လုပ်တတ်ဖို့ရာကတစ်မျိုး ဆိုတော့အတော်လေးကိုပဲ အရေးကြီးတယ်၊ တရားဟောတဲ့ ဘုန်းကြီးက တရားဟောတတ်ရုံနဲ့ ဦးမြ မပြီးသေးဘူး၊ တိုက်တွန်းနည်းကိုလဲ ပြောဥိးမှ (မှန်ပါ့)၊ တိုက်တွန်းတဲ့အခါလဲ ဘာကြောင့် တိုက်တွန်းရတယ်ဆိုတဲ့အကြောင်းကိုလဲ လုံလောက်အောင် ပြောဦးမှ (မှန်ပါ့)။

အခုတော့ ပြောပြီးပါပြီတဲ့၊ အနိစ္စ ခန္ဓာကိုယ်ကြီးက သေဆီ သွားနေတော့ အသေက ဦးပြီးသွားလို့ ဉာဏ်က အပါယ်လေးပါးတံခါးပိတ်တဲ့ အနိစ္စနဲ့ မဂ္ဂနဲ့ကိုက်တဲ့ မဂ်ဉာဏ်ကလေးမရလိုက်ဘဲနဲ့ဆိုလို့ရှိရင်ဖြင့် နောက်ကို ဒီဆရာနဲ့လဲ မတွေ့၊ ဒီသာသနာတော်နဲ့လဲမတွေ့ရင်၊ သွားပြီဗျ (မှန်ပါ့)၊ ဘယ်လိုကယ်မလဲ၊ ကယ်စရာအကွက် မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောလိုက်တယ်ကွာတဲ့၊ ကျောက်ခဲရေကျဖြစ်သွားပြီတဲ့၊ ကျောက်ခဲရေထဲကျတော့ ဘာဘူ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

အဲသလိုဖြစ်သွားမယ်တဲ့၊ အသေက ဦးသွားလို့ ဉာဏ်က မဦးလို့ရှိရင် ကျောက်ခဲရေကျ ဖြစ်သွားမယ်၊ အောက်သံသရာဘက် လှည့်နေတော့မှာကိုး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာတဲ့တုန်း (အောက်သံသရာ ဘက်လှည့်နေမှာပါ)၊ အောက်သံသရာ လှည့်နေတော့မယ်ဆိုတော့ ဘုရားမှန်းလဲ မသိ၊ တရားမှန်းလဲ မသိ၊ သံဃာမှန်းလဲ မသိ၊ ရုပ်နာမ်မှန်းလဲမသိ၊ ဦးမြကြီး၊ ဦးအောင်ဇံဝေတို့ ဒီလိုလှည့်နေလို့ရှိရင်ဖြင့် ကမ္မဿကတာဉာဏ်တောင် ရှိသေးရဲ့လား မေးလိုက်တယ် (မရှိပါ ဘုရား)။

သံသရာ့သစ်ငုတ်ဖြစ်တယ်

ကမ္မဿကတာဉာဏ် မရှိတော့ ဒီ့ပြင်ဉာဏ်ဆိုတာ ဘယ့်နှယ်နေတော့မလဲ (ဒီ့ပြင်ဉာဏ်က ပိုခက်ပါတယ်)၊ ဒီ့ပြင်ဉာဏ်လဲ လုံးဝ မရနိုင်ဘူးဆိုတော့ သံသရာ့သစ်ငုတ်ဖြစ်တယ်ကွာတဲ့၊ ဘယ်ဘုရား ပွင့်တော်မူလာလာ သစ်ငုတ်ဖြစ် နေတော့မှာပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ်ငုတ်တိုဆိုတာက သူ့အနားကို ဘုရားရောက်လာလို့ကော သူသိရဲ့လား (မသိပါ)၊ သူများ ခလုတ်တိုက်သွား လို့ကော သူသိရဲ့လား (မသိပါ)၊ သူများ မီးရှို့တော့ကော (မသိပါ ဘုရား)။

အဲ မင်းတို့ ဒီတစ်ခါ ချော်သွားလို့ရှိရင် သံသရာ့သစ်ငုတ်ဖြစ်မယ်ဆိုတာ ဧကန်မှတ်ပါ (မှန်ပါ့ ဘုရား)။

ဘာဘူ ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ်)၊ သိပ်ကြောက်စရာ ကောင်းတယ်ဆိုတာ နောက်က ဒကာ ဒကာမတွေ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခင်ဗျားတို့ အမြင်ကလေးလောက်နဲ့တော့ဖြင့် ကိုယ့်ဟာကိုယ် ဘာမှ အသုံးမကျသေးဘူးဆိုတာကို ဆုံးဖြတ်ချက် ချပါ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ အမြင်ကလေးကလဲ စီးပွားကလေးကလဲ မလုံလောက်သေးလို့ဆိုတဲ့အမြင်ကလေးပေါ့ဗျာ (မှန်ပါ့)၊ သားသမီးကလေးတွေက စိတ်မချလောက်သေးလို့ဆိုတဲ့ အမြင်တိုကလေးတွေဟာ သံသရာ သစ်ငုတ်ကို စိတ်ကူးတဲ့ အလုပ်ပဲလို့ ဆုံးဖြတ်ချက်ခရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အဲဒါကြောင့် သံသရာ့သစ်ငုတ်ဖြစ်သွားလို့ရှိရင်ဖြင့် သွားပြီတဲ့၊ ဘယ်မှာဘုရားပွင့်လဲ သူက ငရဲမှာနေတာပဲ (မှန်ပါ့)၊ သံသရာ့ သစ်ငုတ်ကိုးဗျ (မှန်ပါ့ ဘုရား)။

ဘုရားပွင့်လဲ သူက တိရစ္ဆာန်ဘုံကို ရောက်နေမှာပဲ၊ ဘုရားက သူ့ဟာသူ ပွင့်နေတာဗျ၊ သူက တိရစ္ဆာန်ဖြစ်နေတာ၊ ဦးအောင်ဇံဝေ ဘာဆိုင်သေးသတုန်း (ဘာမှမဆိုင်ပါ)၊ ဘာမှ မဆိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

တိရစ္ဆာန်ဆိုတာ

ကောင်းပြီ တိရစ္ဆာန်ဆိုတာက နေမကောင်းလဲ ကိုယ့်ဟာကိုယ် ကျင်ကြီးပေါ်လူးပြီး သေလိုက်ရုံပဲရှိတယ်၊ ဘယ်သူ ဆေးပေးလို့ ဘယ်သူက ကူညီလို့ ဘယ်သူက ထူပေးမတုန်း ဦးအောင်ဇံဝေ (မရှိပါ) မရှိဘူး၊ သေပွဲဝင်ရုံမှတစ်ပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား)။

တစ်ခါသေပွဲဝင်တော့ သေပါစေတော့၊ သေတော့ ဘာစိတ်နဲ့သေသတုံးလို့ မေးတဲ့အခါကျလို့ရှိရင် သူ့ခန္ဓာကြီး မစွန့်ချင်တဲ့ တဏှာ ဒိဋ္ဌိနဲ့သေသွားတာ (မှန်ပါ့)၊ အပါယ်ပဲ ပြန်ရောက်တယ် (မှန်ပါ့)၊ တိရစ္ဆာန်ကနေ အပါယ်ပြန်ရောက် တယ် (မှန်ပါ့)၊ မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဦးမြကြီးတို့ ဦးအောင်ဇံဝေတို့ အသက်အတိုင်းနေနရင် မီရုံကလေးရှိတာပဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဆိုမလဲ (မီရုံကလေးရှိပါတယ်)၊ မီရုံကလေးရှိတယ်လို့ နောက်က ဒကာ ဒကာမတွေကော သေချာကြ ပလား (သေချာပါပြီ ဘုရား)။

ခင်ဗျားတို့ လဲမည့်ဆင်ခြေများ မသုံးကြစမ်းပါနဲ့ဆိုတာကို သေသေချာချာ သတိပေးပါတယ်၊ ခင်ဗျားတို့ လဲတဲ့ ဆင်ခြေသည်ကားလို့ဆိုရင်ဖြင့် ကြာလေ အရုပ်ဆိုးလေ ကြာလေ အရုပ်ဆိုးလေပဲ။

ကိုင်း ဒါဖြင့် မနေ့ကတရားကို ပြန်ဆက်ကြပါစို့၊ ဒါက တိုက်တွန်းပြီး လုပ်နည်းပြတယ်လို့ မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

အရှင်ခေမက

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဆီးတောကျောင်းမှာနေတဲ့ အရှင်ခေမက က အနာဂါမ် တည်ပြီးသားပဲ၊ ဂကောသမ္ဗီ ပြည်မှာနေတဲ့ မထေရ်ကြီးပေါင်း ခြောက်ဆယ်က ပုထုဇဉ် ရဟန်းတွေပါ၊ အရှင်ခေမက က တရားဟော နာမည်ရဖြစ် သောကြောင့် သူဟောရင် ကျွတ်တမ်းဝင်တာချည်းများသောကြောင့် အရှင်ခေမကရဲ့ တရားကိုလဲ မထေရ်ကြီး ခြောက် ဆယ်က နာချင်တယ်၊ နာချင်ပင် နာချင်ငြားသော်လဲ မမာဘူးဆိုတာ သတင်းကြားတော့ ဦးအောင်ဇံဝေ ပင့်ဖို့ရာ ခဲယဉ်းတယ် (မှန်ပါ့)။

သူတို့ကိုယ်တိုင် သွားနာမည်ဆိုပြန်တော့လဲ ဆီးတောကျောင်းဆိုတာ တစ်ခန်းကျောင်းကလေးဖြစ်နေတော့ နေစရာ ထိုင်စရာမရှိဘူး (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ပင့်ရမှာလဲ အရှင်ခေမက က ဘာဖြစ်နေသလဲ နေမကောင်းဘူး၊ သွားရမှာလဲ သူ့ကျောင်းက ဆံ့ရဲ့လား (မဆံ့ပါ ဘုရား)။

အဲဒါကြောင့် မထေရ်ကြီးခြောက်ဆယ်က ဒါသကရဟန်းငယ်ကို သွားချေစမ်းကွာ ခေမကရဟန်းဆီမှာ တို့တရား အင်မတန် နာချင်တယ်၊ နေကောင်းသလား၊ မကောင်းဘူးလားလို့ သွားမေးချေလို့ ပထမ ၁-နံပါတ် အခေါ် ခိုင်းလိုက်တယ် (မှန်ပါ့)၊ ဒါနဲ့ ဒါသကဆိုတဲ့ ရဟန်းက သွားလိုက်တယ်။

မထေရ်ကြီးခြောက်ဆယ်က အမေးလွှတ်လိုက်ပါတယ်ဘုရား၊ အရှင်ဘုရားနေကောင်းပလား မကောင်းဘူး လားလို့ ဟာ နေသိပ်မကောင်းသေးဘူးလို့ မထေရ်ကြီးခြောက်ဆယ်ကို လျှောက်လိုက်ပါကွာလို့ပြောတော့ ပြန်သွားတယ်။

အဲဒီမှာ တစ်ခေါက်ပြန်ပြီးတော့မေးတယ်၊ နေမကောင်းတာသည်ကား ငါက နေမကောင်းတာလား၊ သူက နေမကောင်းတာလား သွားကွာ မေးချေပါဆိုတဲ့သဘောနဲ့ အမေးခိုင်းလိုကတဲ့အခါကျတော့ အရှင်ဘုရား နေမကောင်း တာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ငါ ငါ့ဥစ္စာလို့ ရုပ်နာမ်ပေါ်များ ထားသေးသလားတဲ့။

နေမကောင်းတာကို တစ်ချို့က ငါနာတယ်၊ သူနာတယ် လုပ်တာက ရှိသေးတာကိုးဗျ (မှန်ပါ့)။

အရှင်ဘုရား ငါ ငါ့ဥစ္စာရယ်လို့ ခန္ဓာပေါ်များ ထားသေးသလားလို့ မေးလိုက်တယ်၊ အို ငါ ငါ့ဥစ္စာတော့ မထားပါဘူးကွာတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာတော့ ပြုတ်ပြီးသားပါ

အဲဒါ သွားချေကွာ မထေရ်ကြီး ခြောက်ဆယ်ကို ငါ ငါ့ဥစ္စာတော့ တပည့်တော်ပြုတ်ပြီးသားပါလို့ သွားလျှောက် ချေကွဆိုတော့ သူ သောတာပန်တည်ပြီးပြီ၊ သကဒါဂါမ်တည်ပြီးပြီ၊ အနာဂါမ်တည်ပြီးပြီလို့ ပြောလိုက်တာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ငါ ငါ့ဥစ္စာ ပြုတ်လို့ရှိရင် သောတာပန်တည်တယ်လို့ မောင်အောင်ချီတို့ မောင်ညွှန့်တို့ ဆုံးဖြတ်ချက်ချကြကွာ (မှန်ပါ့ ဘုရား) ငါ ငါ့ဥစ္စာ ပြုတ်သွားရင် သောတာပန်တည်ပြီလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။

ရှေ့တွင် ပျက်တာကလေးမြင်ပြီး ရှေ့တွင် ပျောက်တာကလေးသာ မြင်ပေစေ၊ ဪ ဒီဥစ္စာ ငါ ငါ့ဥစ္စာ မဟုတ်တာ အသေအချာပဲ၊ ငါ့စိတ်လို့သာ ထင်နေရတယ်၊ သူများက ငါ့စိတ်လို့ ငါမြင်တယ်လို့ထင်တယ်၊ ဒီမြင်တဲ့ စိတ်ကလေးကိုပဲ ကိုယ့်ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ ငါမြင်တယ်လို့ ထင်တဲ့ ဥစ္စာကလေး ကိုပဲ ကြည့်လိုက်တဲ့ အခါကျတော့ ဖြစ်ပေါ်ပြီး ပျောက်ထွက်သွားတော့ကို တားလို့ဆီးလို့ ရကြရဲ့လား (မရပါ ဘုရား)။

မရတာ ထောက်လိုက်တော့ ဒါ ငါ – ငါ့ဥစ္စာလို့ ဆိုကြမလား (မဆိုနိုင်ပါ ဘုရား)။

အဲဒီလိုတစ်ခါတည်း စိတ်ကလေးတစ်ခုကို ငါ ငါ့ဥစ္စာမဟုတ်ဘူး၊ ငါ ငါ့ဥစ္စာ မဟုတ်ဘူး၊ ဒါကလေးဟာ ဒကာ ဒကာမတွေက စိုက်ပြီး သကာလ ပေါ်လာတဲ့ စိတ်ကလေး ငါ ငါ့ဥစ္စာမဟုတ်ဘူး၊ အနိစ္စလေး သက်သက်ပဲ၊ ဒုက္ခကလေးသက်သက်ပဲ၊ အနတ္တကလေးသက်သက်ပဲလို့ ကိလေသာ မခြားစေဘဲနဲ့ မြင်နေအောင်သာ ကြည့်နေစမ်းပါ၊ ဒါ ငါ ငါ့ဥစ္စာ “ဖျတ်” ဆို ပြုတ်သွားလိုက်ရင် အပါယ်လေးပါး တံခါးပိတ်တာပဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါ ရှုရင်းပြုတ်ရမှာနော် (မှန်ပါ့)၊ ဒီအတိုင်း ပြုတ်လို့တော့ မရဘူးနော် (မှန်ပါ့)။

အဲဒီတော့ စာသမားပြုတ်နဲ့ ဦးမြရပါ့မလား (မရပါ)၊ မရဘူးတဲ့၊ ပွားများပြီး ပြုတ်မှဆိုတာ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့)။

ပွားများပြီး ပြုတ်ရမယ်

ဘယ်လိုမှတ်ကြမယ် (ပွားများပြီး ပြုတ်ရပါမယ်)၊ အေး ပွားများပြီး ပြုတ်ရမယ်၊ ပွားများပြီး ပြုတ်တာတောင်မှ သစ္စာသိပြုတ်မှတဲ့ (မှန်ပါ့)။

ဒါကလေးဟာ ပျောက်ပျက်သွားတော့ အနိစ္စ ဒုက္ခသစ္စာကလေးဟ လို့ (မှန်ပါ့)၊ အနိစ္စလဲ ဟုတ်တယ်၊ ဒုက္ခသစ္စာကော (ဟုတ်ပါတယ် ဘုရား)။

အဲဒီလို ဉာဏ်ထဲမှာ ရှင်းသွားအောင် ပြုတ်လိုက်လို့ရှိရင်တော့ဖြင့် အပါယ်လေးပါး တံခါးပိတ်ပြီ။

ဒါ့ကြောင့် မနေ့က ပြောသလိုပဲ ဒီလိုပြုတ်ပြီးတဲ့ပုဂ္ဂိုလ်မှ ပျော်မှုသားသမီးများ လုပ်ကျွေးမှုကို ထားပါဆိုတဲ့ ဥစ္စာ ပြောရတယ်နော် (မှန်ပါ့)။

ကိုယ့်အတွက် စိတ်ချရပြီးတော့မှ သူများအတွက် လုပ်တာပေါ့ (မှန်ပါ့ ဘုရား)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အခုတော့ ကိုယ့်အတွက်ကလဲ စိတ်မချရသေးဘူး သူများအတွက် လုပ်နေသေးတယ်ဆိုတော့ ကိုယ့်မှာလဲ အနာမပျောက်သေးဘူး၊ သူများ အနာလဲ ကုပေးချင်တယ်ဆိုတော့ ယုံကြည်စရာကော ရှိရဲ့လား (မရှိပါ ဘုရား)၊ အလာကားဆေးသမားနဲ့ တူနေတယ်နော် (မှန်ပါ့)၊ ရှင်းလောက်ပါပြီတဲ့။

ဒါနဲ့ အရှင်ခေမက က ခန္ဓာအပေါ်မှာ ငါ ငါ့ဥစ္စာတော့ မစွဲပါဘူးလို့ ပြောလိုက်တာနဲ့ ဒါသက ပြန်ပြီးတော့ ရဟန်းကြီး တွေကို ပြောတယ်၊ အရှင်ဘုရားတဲ့ နာတော့ နာတာပဲ၊ ကျင့်တော့ကျင့်တာပဲ၊ ခန္ဓာကိုယ်ဖျားတာ နားတာတော့ ဟုတ်ပါရဲ့၊ သို့သော်လဲ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ငါ ငါ့ဥစ္စာအဖြစ်တော့ မစွဲပါဘူးလို့ လျှောက်လိုက်ပါတယ်ဘုရားတဲ့။

ဒါသက လာဦးကွယ်တဲ့၊ သွားမေးချေဦးကွာ၊ ငါ ငါ့ဥစ္စာ မစွဲလို့ရှိရင် အရှင်ဘုရား ရဟန္တာလားလို့ သွားမေးချေ ဦး၊ မထေရ်ကြီးတွေက ခိုင်းလိုက်ပြန်တယ်နော် (မှန်ပါ့)။

အရှင်ဘုရား ရဟန္တာဖြစ်ပလား

ဦးအောင်ဇံဝေ ခိုင်းပြန်ပြီတစ်ခေါက်၊ သုံးခေါက်ရှိသွားပြီနော်၊ ဒါနဲ့ အရှင်ခေမကစီ သွားပြန်သွားပြန်တယ်၊ မင်းလာပြန်ပလား၊ လာပြန်ပြီ၊ အရှင်ဘုရားကို မေးခိုင်းပြန်တယ်ဘုရား၊ ဘယ်လိုများ အမေးခိုင်းသတုန်း၊ အရှင်ဘုရားက ငါ ငါ့ဥစ္စာလို့ မစွဲဘူးလို့ ပြောလိုက်တဲ့အတွက် ငါ ငါ့ဥစ္စာ မရှိလို့ရှိရင် အရှင်ဘုရား ရဟန္တာဖြစ်ပလားလို့ အမေးခိုင်းပါ တယ်။

ဘာဆိုင်သတုံး ဦးမြရဲ့ အနာဂါမ်ရှိသေးတာပဲနော် (မှန်ပါ့)၊ ရဟန္တာဖြစ်ပလားလို့ ကိုယ်တော်ကြီးတွေက အမေးခိုင်းလိုက်တာ တရားနာချင်လို့ အမေးခိုင်းတာနော် (မှန်ပါ့ ဘုရား)။

ဘယ်လိုကြောင့် အမေးခိုင်းတာတုန်း (တရားနာချင်လို့ အမေးခိုင်းတာပါ ဘုရား)။

တရားနာချင်လို့၊ သူ ဘယ်လိုဟောမတုန်းဟ၊ သူဟောသံကို ကြည့်ပြီးတော့ သူတို့ အားထုတ်မလို့ (မှန်ပါ့)။

အဲဒီတော့ ဒီတရားပွဲမှာ ဒကာ ဒကာမတွ ဒီကိုယ်တော်ရှင်ခေမကလဲ ဆက်ဟောနေတာ ခန္ဓာကြည့်ဟောနေ တယ်လို့ ဆုံးဖြတ်ချက်ချကြ (မှန်ပါ့)၊ မထေရ်ကြီး ခြောက်ဆယ်ကလဲ သူတို့ ပြောသရွေ့ အရှင်ခေမက ဖြေလွှတ်လိုက် တာကို ခန္ဓာကြည့်ပြီး သူတို့ ရှုရင်းမေတ္တာနဲ့ နေကြတာပဲလို့ မှတ်လိုက်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကြည့်ပြီး ဟောတယ်

ဒါဖြင့် အဟောသမားကလဲ ခန္ဓာကြည့်ပြီး ဟောတယ်နော် (မှန်ပါ့)၊ နာတဲ့ပုဂ္ဂိုလ်တွေကကော ခန္ဓာကြည့်ပြီး နာပါတယ် ဘုရား)၊ ခန္ဓာကြည့်ပြီး နာနေကြတယ်လို့ ဆုံးဖြတ်ချက် ချထားပါ။

ဒါနဲ့ပဲ အရှင်ခေမက က ဒါသက ဒီလို မှတ်သွားကွာတဲ့၊ ငါ ငါ့ဥစ္စာလဲ မယူပါဘူး၊ ရဟန္တာလဲ မဟုတ်သေးဘူး၊ မဟုတ်ပေမယ့်လဲ အခု ငါဖျားတဲ့အချိန်မှာတော့ဖြင့် ဒီခန္ဓာငါးပါးကို “အပိစမေ အဝုသော ပဉ္စသုဥပါဒါနက္ခန္ဓေသု အသ္မီတီ အဓိဂတံ၊ အယမဟ မသ္မီတိ နစ သမနုပဿာမိ” ဒါသကတဲ့ ငါ့စင်စစ်အမှန်ကို ပြောရလို့ရှိရင် ခန္ဓာငါးပါးကို အသ္မီတိ ငါယောင်ယောင်ဟူ၍အဓိကတံ ထင်နေပါသေးတယ်ကွာတဲ့၊ ခန္ဓာငါးပါး အပေါင်းကို ငါရယ်လို့ထင်နေသေးတဲ့၊ အယံ ဤခန္ဓာငါးပါးသည်၊ အဟံသမ္မီတိ ငါ တကယ်ဖြစ်၏ဟူ၍တော့၊ န စ သမနုပဿာမိ ရှုလဲမရှုပါဘူးတဲ့၊ ဒီလိုတော့ မယူတော့ပါဘူးတဲ့၊ ငါ တကယ်ဖြစ်တယ်လို့တော့ မယူပါဘူးတဲ့၊ ငါယောင်ယောင်တော့ ထင်သေးတယ်ကွတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ငါ တကယ်ဖြစ်တယ်ဆိုတော့ (မထင်ပါဘူး)၊ မယူတော့ဘူးတဲ့နော်၊ ငါယောင်ယောင်တော့ဖြင့် (ထင်ပါသေးတယ် ဘုရား)၊ ခန္ဓာငါးပါးအပေါင်းကို (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ခန္ဓာငါးပါးကို ငါဖြစ်တယ်လို့ကော ယူသေးရဲ့လား (မယူပါ ဘုရား)၊ ငါယောင်ယောင်တော့ (ထင်နေပါသေးတယ် ဘုရား)။

ငါယောင်ယောင်တော့ ထင်နေသေးတယ်

ခန္ဓာငါးပါးအပေါင်းကို ငါယောင်ယောင်တော့ ထင်နေသေးတယ်ဆိုတဲ့ဥစ္စာ ဒီမှာ အခု ဦးအောင်ဇံဝေတို့ ဦးမြတို့က အဖြေထွက်သွားပြီပေ့ါနော် (မှန်ပါ့)။

သူဟာ အနာဂါမ်သာ တည်ပါသေးတယ်၊ မာနကျန်တယ် တဏှကျန်ပါသေးတယ်လို့ ပြောလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာကျန်သတုံး (မာနနဲ့ တဏှာ ကျန်ပါတယ် ဘုရား)။

အဲဒီတော့ ဒိဋ္ဌိကိုသာ ပယ်သေးတာကိုးဗျ (မှန်ပါ့)၊ နောက်က ဒကာ ဒကာမတွေ ဘာသာပယ်သတုံး (ဒိဋ္ဌိသာ ပယ်ပါတယ်)၊ မာနနဲ့ တဏှက (ကျန်နေပါတယ်)၊ အဲ ပပဉ္စတရားသုံးပါးမှာ ဘယ်နှစ်ပါးပယ်သတုန်း (တစ်ပါးပယ်ပါ တယ် ဘုရား)။

ဦးမြ ဘယ်နှစ်ပါး ဘယ်သတုန်း (တစ်ပါးပယ်ပါတယ်)၊ တစ်ပါးပဲနော်၊ ဒိဋ္ဌိပပဉ္စတော အမြစ်နဲ့တကွ ပယ်ပြီးပြီ၊ သောတာပတ္တိမဂ်ကနော် (မှန်ပါ့)၊ တဏှာပပဉ္စနဲ့ မာနပပဉ္စဟာလဲတဲ့ ၄-ပိုင်း၊ ၁-ပိုင်း ပယ်ပြီးပြီလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုမှတ်မယ် (၄-ပိုင်း၊ ၁-ပိုင်း ပယ်ပြီးပါပြီ ဘုရား)။

၄-ပိုင်းမှာ ၁-ပိုင်းပယ်ပြီးပြီလို့ မှတ်လိုက်တဲ့အခါကျတော့ ဪ ၄-ပိုင်း၊ ၁-ပိုင်းဆိုတာ ဘာပါလိမ်မတုန်း မသိဘဲနေမှာစိုးလို့ တဏှာနဲ့မာန ၄-ပုံ ပုံလိုက်တော့ အပါယ်ကျစေတဲ့တစ်ပုံကို ပယ်ပြီးပြီလို့ မှတ်လိုက် (မှန်ပါ့)။

ဦးမြ ဘယ်လိုမှတ်မယ် (မပါယ်ကျစေတတ်တဲ့ တစ်ပုံပယ်ပြီးပါပြီ ဘုရား)၊ ကျန်တဲ့ သုံးပုံကျန်တယ် (မှန်ပါ့)။

အဲဒီတော့ ဒိဋ္ဌိသာပယ်သလား၊ မာန, တဏှာပါပယ်သလားလို့ မေးလို့ရှိရင်လဲ ဒိဋ္ဌိကို စင်လုံးချော ပယ်လိုက် တယ် (မှန်ပါ့)၊ မာန, တဏှာကို ၄-ပိုင်း၊ ၁-ပိုင်း ပယ်လိုက်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒိဋ္ဌိကို စင်းလုံးချောပယ်တယ်

ဒိဋ္ဌိကို (စင်းလုံးချောပယ်ပါတယ် ဘုရား)၊ မာနနဲ့ တဏှာကို (၄-ပိုင်း၊ ၁-ပိုင်း ပယ်ပါတယ် ဘုရား)၊ ၄-ပိုင်း၊ ၁- ပိုင်းဟာ ဘယ်သူတုန်းမေးလို့ရှိရင် ဦးအောင်ဇံဝေက ဘယ့်နှယ်ဖြေမလဲ (အပါယ်ကျစေတတ်တဲ့ သဘောပါ ဘုရား)။

အပါယ်ကျစေတတ်တဲ့အပိုင်းကို ပယ်ချလိုက်တယ် (မှန်ပါ့)၊ ဒီ့ပြင် ပျော်မည့်ပါးမည့် အပိုင်းကို ချန်ထားလိုက် တယ် (မှန်ပါ့)၊ အဲဒီတော့ မပယ်နိုင်သေးဘူးကွတဲ့ (မှန်ပါ့)။

ဒါကြောင့် မနေ့က ပြောခဲ့တာနဲ့ ဦးမြ ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား)၊ အပျော်ကို မပျော်ရဘူးလို့ ဟောတာ လားတဲ့၊ အပါယ်စိတ်ချရမှ ပျော်လို့ခိုင်းတာလား (အပါယ်စိတ်ချရမှ ပျော်လို့ခိုင်းတာပါ ဘုရား)၊ ကဲ အခု ပါဋ္ဌိတော်နဲ့ကော ရှင်းမနေဘူးလား (ရှင်းနေပါတယ် ဘုရား)။

ဒီအပါယ်ကျစေတတ်တာတွေတော့ ခုနင်က ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်တဲ့ပုဂ္ဂိုလ်မှာ ပယ်ပြီးသားပါ၊ အပါယ်မကျစေ တတ်တဲ့ တဏှာတွေတော့ ရှိတာပေါ့၊ မာနတွေလဲ ရှိတာပေါ့၊ ကိစ္စမရှိဘူးတဲ့၊ အဲဒါ ဘယ်လိုပျော်ပျော်၊ ဘယ်လို မာန ထောင်ထောင် ဒါတွေဟာ အပါယ်ကျစရာ အကြောင်းမရှိတော့ဘူးဆိုတော့ ဦးအောင်ဇံဝေ မသေချာဘူးလား (သေချာ ပါတယ် ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါနဲ့ ဒါသက ပြန်သွားတယ်၊ ပြန်သွားပြီ (မှန်ပါ့)၊ ခန္ဓာငါးပါးကို ငါယောင်ယောင်တော့ ထင်ပါသေး တယ်ကွာ၊ တကယ် ငါတော့ဖြင့် မယူပါဘူးလို့ ပြောတဲ့စကားကလေး ယူတဲ့ပြီးတော့ ဒါသက က မထေရ်ကြီးတွေဆီ ပြန်သွားတယ် (မှန်ပါ့)။

ပြန်သွားတော့ မထေရ်ကြီးတွေကလဲ ရှုကြတာပေါ့လေ၊ သူတို့လဲ ဒါသက ပြန်လာတော့ ဟေ့ ဘယ့်နှယ်ပြော သတုန်းကွ၊ ခန္ဓာငါးပါးအပေါင်းကိုတော့ ငါယောင်ယောင် ထင်သေးတယ်လို့ ပြောပါတယ်ဘုရား၊ တကယ် ငါဖြစ်ပြီလို့ တော့ သူမယူဘူးလို့ ပြောပါတယ်ဘုရားဆိုတော့ သူတို့လဲ ရှုကြ၊ ပွားကြပေါ့လေနော်၊ မထေရ်ကြီးတွေလဲ ခန္ဓာရှုနေကြ တာပဲ။

ရုပ်တရားကို ငါ ယောင်ယောင် ထင်တာလား

သို့သော်လဲ တရားနာချင်တဲ့စိတ်က ပြင်းပြနေတော့ ဦးအောင်ဇံဝေ အမေးခိုင်းလိုက်တယ် (မှန်ပါ့)။

ဒါသက လာဦးကွာ၊ မင်းပင်ပန်းတယ်လဲ မအောက်မေ့နဲ့ သွားမေးစမ်းပါဦးတဲ့၊ ရုပ်တရားကို ငါ ယောင်ယောင် ထင်တာလား၊ ရုပ်မှတစ်ပါး ငါယောင်ယောင်ထင်တာလားကွ၊ အကုန်စေ့အောင် မေးခိုင်းတာပေါ့ဗျာ ခန္ဓာငါးပါးစလုံး (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ ဒါသက သွားရပြန်တယ်၊ ဟေ့ မင်းဘာလာလုပ်ပြန်သတုန်းကွဆိုတော့ ဒီလို ဒီလိုပဲဘုရား အမေးခိုင်း ပြန်တယ်၊ မထေရ်ကြီးခြောက်ဆယ်က ရုပ်တရားကို ငါ ယောင်ယောင်ထင်တာလား၊ ရုပ်မှတစ်ပါး ငါယောင်ယောင် ထင်တာလား၊ ဝေဒနာကို ငါယောင်ယောင်ထင်တာလား၊ ဝေဒနာမှတစ်ပါးကို ငါယောင်ယောင်ထင်တာလား၊ စိတ်ကို ငါယောင်ယောင်ထင်သလား၊ စိတ်မှတစ်ပါးကို ငါယောင်ယောင်တာလားလို့ မေးပါတယ်ဘုရားဆိုတော့ကွာ မင်းပြန်ရ သွားရနဲ့ တစ်ဂါဝုတ်ခရီး ပြန်ရသွားရနဲ့ မင်းလေးခေါက်ရှိတော့မယ်၊ ကဲကွာ ငါပါ လိုက်တော့မယ်ဆိုပြီး တောင်ဝှေး ထောက်ပြီး မထေရ်ကြီးခြောက်ဆယ်ဆီကို လိုက်လာတယ်၊ လိုက်လာတော့ မထေရ်ကြီး ခြောက်ဆယ်နဲ့ ဦးမြတွေ့ပြီ နော် (မှန်ပါ့ ဘုရား)၊ ဦးအောင်ဇံဝေ တွေ့ကြတယ်နော် (မှန်ပါ့)။

မထေရ်ကြီး ခြောက်ဆယ်နဲ့ တွေ့တဲ့အခါ မထေရ်ကြီး ခြောက်ဆယ်က တစ်ခါတည်းဆီးပြီး မေးတာပဲ၊ အရှင် ဘုရား ဒါသက ပြောလိုက်တဲ့စကားထဲမှာတဲ့ ရုပ်ကို ငါယောင်ယောင်ထင်တာလား၊ ရုပ်မှတစ်ပါးကို ငါယောင်ယောင် ထင်တာလားလို့မေးတော့ တပည့်တော်ဘုရားလျှောက်ပါရစေတဲ့ အရှင်ဘုရားများကို ဥပမာနဲ့ လျှောက်တယ်။

ပဒုမ္မာကြာပွင့်တစ်ပွင့် ယူခဲ့ပါ

အရှင်ဘုရားတို့ ပဒုမ္မာကြာပွင့်တစ်ပွင့် ယူခဲ့ပါဘုရားတဲ့၊ အဲဒီ ကြာပွင့်ကလေးကို အရှင်ဘုရားတို့ မှတ်ထားပါ တဲ့၊ ဒီကြာပွင့်ဟာ နမ်းကြည့်တော့ မွှေးပါတယ်တဲ့၊ ဝတ်ဆံက မွှေးတာလား၊ အရွက်က မွှေးတာလား၊ အရိုးက မွှေးတာ လားလို့ မေးလို့ရှိရင် အရှင်ဘုရားတို့ မှန်မှန်ကန်ကန် ဖြေမယ်ဆိုရင် တစ်ပွင့်လုံးက မွှေးတာလို့ ဖြေရမှာပဲ၊ ရိပ်မပလား။ (ရိပ်မိပါပြီပါ ဘုရား)။

ဝတ်ဆံကချည်း မွှေးတာကော ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) အချုပ်ကလေးတွေက မွှေးတာကော (မဟုတ်ပါ ဘုရား)၊ အရိုးက မွှေးတာကော (မဟုတ်ပါ ဘုရား)၊ တစ်ပွင့်လုံးက ဘာတုန်း (မွှေးပါတယ် ဘုရား)။

အဲ မှန်မှန်ဖြေရင် တစ်ပွင့်လုံးက မွှေးတယ်ဆိုသလိုပဲတဲ့၊ တပည့်တော် ငါယောင်ယောင် ထင်တယ်ဆိုတာ ခန္ဓာငါးပါးအပေါင်းကို ငါယောင်ယောင်ထင်နေတာပါ၊ သဘောကျပလား (ကျပါပြီ)၊ တစ်ခုစီ ငါထင်နေတာ မဟုတ်ပါဘူး တဲ့ (မှန်ပါ့)။

ဘာတဲ့တုန်း (တစ်ခုစီ ငါထင်တာမဟုတ်ပါဘူးတဲ့)၊ ခန္ဓာငါးပါးအပေါင်းကို (ငါထင်တာပါ ဘုရား)၊ ငါယောင် ယောင်ထင်နေတာနော် (မှန်ပါ့)၊ တကယ် ငါအစစ်ကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

ငါယောင်ယောင်ထင်တာဆိုတော့ ဖြေပုံကလေးကော ဦးအောင်ဇံဝေ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒါဟာ အရိုး၏ အနံ့ဆိုမလား၊ ဝတ်ဆံ၏ အနံ့ဆိုမလား၊ အရွက်၏ အနံ့ဆိုကြမလားဆိုတော့ အမှန်အကန် ပြောမယ်ဆိုရင်ဖြင့် ကြာပွင့်တစ်ပွင့်လုံး၏ အနံ့လို့ဆိုရမှာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ခန္ဓာငါးပါးကို ငါယောင်ယောင်ထင်တာပါတဲ့၊ တစ်ခု တစ်ခုစီကျတော့ ငါမထင်ထားဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပါလား (ရိပ်မိပါပြီ ဘုရား)။

အပေါင်းကိုတော့ ငါယောင်ယောင် ထင်တယ်

အနာဂါမ်တည်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ ဘယ်လိုထင်လေ့ရှိပါလိမ့် (အပေါင်းကိုသာ ငါယောင်ယောင် ထင်ပါတယ် ဘုရား)၊ အပေါင်းကိုတော့ ငါယောင်ယောင် ထင်ပါတယ်၊ ရှင်းကြပလား (ရှင်းပါပြီ)၊ တစ်ခုစီကျတော့ (မထင်ပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် အပေါင်းကို ငါယောင်ယောင်ထင်တယ်၊ တစ်ခုတစ်ခုစီကျတော့ ငါမထင်တော့ပါဘူးဆိုတာ ဒိဋ္ဌိက တစ်ခုတစ်ခုစီပေါ်မှာ အကုန်ပြုတ်ပြီးသား (မှန်ပါ့)၊ အပေါင်းပေါ်မှာ မာနကျန်တော့ တဏှာ ကျန်တာလို့ ဦးအောင်ဇံဝေ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် သူက ဆက်ပြီးတော့ ဟောပြန်တယ်၊ အရှင်ဘုရားတို့တဲ့၊ အခု အပေါင်းပေါ်မှာ ငါ ကျန်တယ်ဆို တာ အရှင်ဘုရားတို့ ရိပ်မိပါပြီတဲ့၊ ရိပ်မိတော့ ဒီဥစ္စာကို ဒီအနံ့တော့ အခု တဏှာနံ့၊ မာနနံံ့တော့ ခန္ဓာငါးပါးမှာ ရှိမနေဘူးလား (ရှိနေပါတယ် ဘုရား)။

ရှိနေတော့ ဒီလိုလုပ်ရတယ်ဘုရားတဲ့၊ ဒကာ ဒကာမတို့ လုပ်ပုံကို ဟောပြန်တယ်၊ ဒီအနံ့တွေပျောက်အောင် ဒီအနံ့ဆိုတာ တဏှာနံ့ တဏှာနံ့ ထင်နေတဲ့အနံ့၊ မာနနဲ့ ထင်နေတဲ့ ငါယောင်ယောင်အနံ့တွေပေါ့လေနော် (မှန်ပါ့ ဘုရား)။

ဘာပါလိမ့် (ငါနံ့တွေပါ)၊ ငါယောင်ယောင်အနံ့တွေဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။

အဲဒီလိုလုပ်ပါဘုရားတဲ့၊ အရှင်ဘုရားတို့ ဒီခန္ဓာငါးပါးကို အရှင်ဘုရားတို့ ဖြစ်ပျက်သာ ပြန်ရှုပါ ဟောပြန် တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာဟောသတုန်း (ဖြစ်ပျက်တာရှုဖို့ ဟောပါတယ်)၊ ဖြစ်ပျက်သာ ပြန်ရှုပါတဲ့၊ “ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော” ဒါကလေးဟာ ဖြစ်တာပဲ၊ ဒါကလေးဟာ ပျက်တာပဲ၊ “ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော” လို့ ဒီလို အရှင်ဘုရားတို့ ရှုပါတဲ့၊ အခါကျလို့ ရှိရင်ဖြင့်တဲ့ ခုနင်က နဂိုက ကပ်နေတဲ့ အနုသယသဘောနဲ့ ကပ်နေတဲ့ တဏှာ၊ မာနဟာ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်းလို့ရှိရင် ဖြစ်ပျက်ဆုံးသွားပြန်လို့ရှိရင် သူတို့ယောင်ယောင်ထင်တာတွေ စတုတ္ထမဂ်ကျရင် ကုန်သွားရော့ ဘုရားတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

စတုတ္ထမဂ်ကျရင်

စတုတ္ထမဂ်ကျရင် ငါယောင်ယောင်ထင်နေတဲ့ မာနနဲ့ တဏှာ (သွားပါတယ်)၊ အကုန်သွားတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို တပည့်တော်ဥပမာကလေးနဲ့ အရှင်ဘုရားများကို လျှောက်ပါမယ်တဲ့၊ လူတစ်ယောက်က ဘုရားတဲ့၊ ပိုးလုံချည်အဝတ်နွမ်းတစ်ခုကို ဒိုဘီခဝါပေးလိုက်ပါတယ်တဲ့၊ ရှင်ခေမက က ပြောတာ (မှန်ပါ့ ဘုရား)။

ဒိုဘီအလုပ်လုပ်တဲ့လူ ခဝါဖွပ်စားတဲ့လူကို ပေးလိုက်ပါတယ်တဲ့၊ ထိုသို့ပေးလိုက်တဲ့အခါ သူတို့ ဆိုဒါရေတွေ၊ နွားချေးပြာရေတွေ၊ ဆပ်ပြာရေတွေနဲ့ ဖွပ်ကြ လျှော်ကြမှာပဲတဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဖြူတော့ ဖြူသွားမှာပဲတဲ့၊ ကိုယ်လိုချင်တဲ့ဆီ အဖြူရောက်အောင် ပေးလိုက်တော့ ဖြူတော့သွားမှာပဲတဲ့၊ ရောက် ပင်ရောက်ငြားသော်လဲ နွားချေးနံ့တို့၊ ဆပ်ပြာနံ့တို့ကလဲ ပါလာလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဝတ်တော့ ဖြူပါရဲ့၊ ဆပ်ပြာနံ့ကတော့ (ပါပါတယ်)၊ အဲဒီတော့ အိမ်မှာရှိတဲ့ အမွှေးအကြိုင်ထည့်တဲ့ သေတ္တာ ထဲ ဒိုဘီက ဖြူအောင်ဖွပ်ထားတဲ့အဝတ် ပြန်ပေးတဲ့အခါကျတော့ ထည့်ထားလိုက်တာပေါ့တဲ့၊ သေတ္တာထဲထည့်လိုက်တော့ အနံ့ဘယ့်နှယ်နေသတုန်း (ပျောက်သွားပါတယ်)၊ မွှေးကြိုင်နေတဲ့သေတ္တာထဲ ထည့်လိုက်တာကိုး (မှန်ပါ့)၊ မပျောက်ဘူးလား (ပျောက်ပါတယ် ဘုရား)။

ဒီလိုပဲဘုရားတဲ့၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်နေတုန်းမှာ သူ့မှာ ဒိုဘီပေးရတဲ့အဝတ်နဲ့ တူနေတယ် တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဘာနဲ့ တူသလဲ (ဒိုဘီပေးထားတဲ့ အဝတ်နဲ့ တူပါတယ် ဘုရား)။

ဒိုဘီပေးရတဲ့ အဝတ်နဲ့တူတယ်

ဒိုဘီပေးရတဲ့ အဝတ်နဲ့တူနေတယ်တဲ့၊ ဖြူပင်ဖြူငြားသော်လဲ အနံ့ရှိနေတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒိုဘီပေးထားတာ ပေးထားတာပဲတဲ့၊ အောက်မဂ်တွေနဲ့ ဖွပ်လျှော်ထားတာပေါ့ဗျာ (မှန်ပါ့)၊ သို့သော်လဲ အနံ့က ဘယ့်နှယ်နေသတုံး (ရှိပါသေးတယ် ဘုရား)။

အောက်မဂ်သုံးမဂ်နဲ့ ဖွပ်လျှော်ထားပါတယ် (မှန်ပါ့)၊ သို့သော် အနံ့က ရှိသေးတယ်၊ အနံ့က တဏှာနံ့၊ မာနနံ့ ပေါ်ပလား (ပေါ်လာပါပြီ ဘုရား)။

အဲဒါ အရဟတ္တ မဂ်တည်းဟူသော ခုနင်က ဖြစ်ပျက်တွေ ပြန်အားထုတ်လို့ ဆုံးတဲ့ဆီဆိုတဲ့ အရှင်ဘုရားတို့ ဒီသေတ္တာထဲထည့်မှ ရမယ်တဲ့၊ ဒါမှ ဒီအနံ့တွေ ပျောက်မယ်တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် နောက်ဆုံးမဂ်ကျမှ အနံ့တွေ အကုန်ပျောက်မယ်လို့ ပြောလိုက်တာပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ဘယ်လိုဟောပါလိမ့် (နောက်ဆံးမဂ်ကျမှ အနံ့ပျောက်ပါမယ် ဘုရား)။

နောက်ဆုံးမဂ်ကျမှ အနံ့တွေအကုန်ပျောက်မယ်လို့ ဟောလိုက်တော့ နောက်ဆုံးမဂ်ဟာ အမွှေးအကြိုင်ထည့် ထားတဲ့ သေတ္တာနဲ့တူတယ် (မှန်ပါ့ ဘုရား)၊ အလျင်သုံးမဂ်ကတော့ ဖြူရုံတင် ဖွပ်ထားတဲ့ အဝတ်နဲ့တူပါတယ် (မှန်ပါ့ ဘုရား)။

အလျင် သုံးမဂ်ကတော့ (ဖြူရုံတင် ဖွပ်ထားတဲ့ အဝတ်နဲ့တူပါတယ်)၊ ဖြူအောင် ဖွပ်ထားတဲ့ အဝတ်နဲ့ တူပါတယ်၊ ချေးညှော် တော့မရှိဘူး၊ အနံ့မပျောက်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ချေးညှော်တော့ (ပျောက်ပါတယ်)၊ အနံ့ကတော့ (မပျောက်သေးပါ)၊ အနံ့က ကျန်နေတယ်တဲ့၊ ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ အနံ့ရှိနေတဲ့အဝတ်ကော ကောင်းပါသလားလို့ မေးတဲ့အခါကျတော့ ဦးမြတို့ ဖြေကြစမ်းပါ (မကောင်းပါ)၊ မကောင်းဘူး အနံ့ရှိနေတော့ ဖြူပြီး သကာလ ဖြူသာဖြူတယ်ဟေ့၊ နံစော်လိုက်တာ ဆိုရင်ကော (မကောင်း ပါ ဘုရား)။

မကောင်းသေးဘူးဆိုတော့ စတုတ္ထမြောက် သေတ္တာထဲ ထည့်သင့်မထည့်သင့် (ထည့်သင့်ပါတယ်)၊ ဘာဖြစ်လို့ တုန်း (အနံ့ပျောက်အောင်လို့ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရှင်အာနန္ဒာက သောတာပန်

အဲဒါ ထင်ရှားအောင် လုံလောက်အောင် ဒကာ ဒကာမတွေ ပြောပါမယ်၊ အရှင်အာနန္ဒာက သောတာပန် တည်ပြီးသားနော် (မှန်ပါ့)၊ နောက် ခုနစ်ရက်ရှိတဲ့အခါကျတော့ သင်္ဂါယနာတင်တော့မယ်ဆိုတော့ အရှင်အာနန္ဒာက ဝင်သွားတော့ တို့အထဲကွာ ပြင်းထန်တဲ့ အနံ့ထွက်လာတဲ့ ပုဂ္ဂိုလ်တစ်ပါး ပါနေတယ်ကွလို့ပြောတယ် (မှန်ပါ့)၊ မပြောဘူး လား (ပြောပါတယ်)၊ ဒါ ဘယ်သူ့ကို ပြောတာတုန်း (အရှင်အာနန္ဒာကို ပြောတာပါ ဘုရား)။

သောတာပန်ဆိုတော့ ခုနင်က ပြောခဲ့တဲ့ အနံ့ရှိတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

တို့ထဲ ကိလေသာအနံ့ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါး ပါနေတယ်ကွဆိုတော့ အရှင်အာနန္ဒာကို စောင်းပြောနေတာ၊ ဒီ့ပြင် ပုဂ္ဂိုလ်တွေကတော့ ရဟန္တာချည်းပဲ၊ အနံ့မရှိဘူး၊ သံဃာငါးရာ အစည်းအဝေးမှာ (မှန်ပါ့)၊ သူတစ်ယောက်ပါနေ တာနဲ့ ဟိုက ကဲ့ရဲ့ကြတယ် (မှန်ပါ့)။ သဘောပါပလား (ပါပါပြီ ဘုရား)။

ဪ ဒါဖြင့် သောတာပန်၊ သကဒါဂါမ် တည်ပြီးသားတောင် အနံ့ ကျန်သေးတယ်၊ အဝတ်ဖြူငြားသော်လဲ နော် (မှန်ပါ့ ဘုရား)၊ ခန္ဓာဖြူငြားသော်လဲ အနံ့က (ကျန်နေပါတယ် ဘုရား)။

ပုထုဇဉ်ဆိုလို့ရှိရင် ဒါကြောင့် လူနံ့ကို နတ်ပြည်က မခံနိုင်ဘူးတဲ့၊ တန်ခိုးကြီးတဲ့ နတ်ဟူသရွေ့ ဆင်းမလာဘူး၊ တစ်ယူဇနာက နံတယ် (မှန်ပါ့ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘာတုံးဆိုတော့ ဦးအောင်ဇံဝေ ရိပ်မိပလား (ရိပ်မိပါပြီ)၊ လောဘ၊ ဒေါသ၊ မောဟ၊ ကိလေသာ အညစ် အကြေးတွေပေါ့ဗျာ (မှန်ပါ့)။

ဒကာ ဒကာမတွေ ကောင်းသေးရဲ့လား၊ ကိုင်း (မကောင်းပါ)၊ နတ်တွေကတောင် ဆင်းမလာနိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ဒီအနံ့တွေကြောက်လွန်းလို့ တစ်ယူဇနာက နံပါတယ်ဆိုတာ ဆယ့်သုံးမိုင်ကနေပြီး နံတာ (မှန်ပါ့)။

ဦးမြက ဒီကနေတယ်၊ ဟိုမှာ အထက်က ဆယ့်သုံးမိုင်ကနေပြီးတော့ (နံပါတယ်)၊ ဒကာ ဒကာမတို့ သဘောပါ ပလား (ပါပါပြီ ဘုရား)၊ ကဲ ဒါဖြင့် အရှင်အာနန္ဒာကို ပြောတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စတုတ္ထ သေတ္တာထဲထည့်မှ ဒီအနံ့ပျောက်မယ်

ဒါဖြင့် အရှင်ခေမက က ဟောလိုက်တာက ဖြစ်ပျက် ပြန်အားထုတ်ပြီး သကာလ အရဟတ္တမဂ်ဆိုတဲ့ စတုတ္ထ သေတ္တာထဲထည့်မှ ဒီအနံ့ပျောက်မယ်တဲ့၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

စတုတ္ထမဂ်ရမှာပေါ့လေ (မှန်ပါ့)၊ နို့မဟုတ်ရင်ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်လောက်ဆိုရင် ဖြူသာ ဖြူ၍ အနံ့မပျောက် (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (ဖြူသာဖြူ၍ အနံ့မပျောက်ပါ ဘုရား)၊ ဖြူသာဖြူပါတယ်တဲ့ ဒကာ ဒကာမတို့ အနံ့မပျောက် ပါဘူးတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အရှင်ဘုရားတို့ ဒီလိုလုပ်ပါဆိုတော့ မထေရ်ကြီးခြောက်ဆယ်ကလဲ အလုပ်လုပ်ပါတယ်နော် (မှန်ပါ့)၊ သူလဲ ခန္ဓာကြည့်ပြီး အလုပ်လုပ်တာပဲ၊ သူလဲ အနာဂါမ် (မှန်ပါ့)၊ သူလဲ ခန္ဓာကြည့်ပြီး ခုနင်က သူဟောတဲ့အတိုင်းပဲ ပြန်လုပ်တာပဲ (မှန်ပါ့)။

နာရင်းရှုရင်းနဲ့ ရဟန္တာဖြစ်တာပဲ

”ဣတိပံ ရူပံ၊ ဣတိ ရူပဿ သမုဒယော” ဒါကလေးဟာ ဖြစ်ပျက်ပဲ၊ ရုပ်ဖြစ်ပျက်ပဲ၊ ရုပ်ဖြစ်ပျက်ပဲ၊ ဝေဒနာဖြင့် ဝေဒနာဖြစ်ပျက်ပဲလို့ သူလဲ ဟောရင်းရှုရင်းနဲ့ ရဟန္တာဖြစ်တာပဲ၊ ဟိုမထေရ်ကြီးတွေကလဲ နာရင်းရှုရင်းနဲ့ ရဟန္တာဖြစ်တာပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် နာရုံပဲ နာလို့လား၊ ရှုလို့လား (ရှုလို့ပါ ဘုရား)၊ ဟိုကလဲ ဟောရုံပဲ ဟောနေတာလား၊ ရှုလို့လား (ရှုလို့ပါ ဘုရား)။

အဲဒါ ၊သံယုတ်ပါဋ္ဌိတော်ကြီးမှာ ဦးအောင်ဇံဝေတို့၊ ဦးမြတို့ သေသေချာချာ လာတာပဲ (မှန်ပါ့)၊ သဘောကျ ပလား (ကျပပါပြီ ဘုရား)။

ဒါဖြင့် ဟောတဲ့ပုဂ္ဂိုလ်လဲ ခန္ဓာကိုယ်ကြည့်ဟောပေါ့ဗျာ (မှန်ပါ့)၊ နာတဲ့ပုဂ္ဂိုလ်ကလဲ (ခန္ဓာကိုယ်ကြည့်နာရပါမယ်) ခန္ဓာကိုယ် ကြည့်နာပါ၊ အလုပ်လုပ်ရင်းနာပါ နောက်ကိုနော် (မှန်ပါ့)။

နာတဲ့ပုဂ္ဂိုလ်ကလဲ အလုပ်လုပ်ရင်းနာ၍ ဟောတဲ့ပုဂ္ဂိုလ်ကလဲ အလုပ်လုပ်ရင်း ဟောကြမယ်ဆိုလို့ရှိရင်ဖြင့် နှစ်ဦးနှစ်ဝ ကျေးဇူးရှိတယ်ဆိုတဲ့ စကားဟာ သေချာသွားပြီ (သေချာပါတယ်)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။