12310

မာတိကာသို့

ကံကို အတ္တစွဲလမ်းထားကြပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြား ဆုံးမတော်မူသော

ကံကို အတ္တစွဲလမ်းထားကြပုံ

ညအလုပ်ပေးတရားတော်

(၂၆-၄-၆၂)

ဥပါဒါနက္ခန္ဓာဆိုတာ

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော့ ရဟန်းပေါင်း ငါးရာ ခေါင်းဆောင်တစ်ပါးနဲ့ လာတယ်၊ ခေါင်းဆောင် ရဟန်းကြီးကနေပြီး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဝတ်ချပြီး အရှင်ဘုရား ပုစ္ဆာမေးပါရစေတဲ့၊ အေး-မင်းနေရာ မင်းထိုင်ပြီး သကာလ မေးတာပေါ့ကွာဆိုပြီး သကာလ ဘုရားက ခွင့်ပြုလိုက်တယ်။

ဥပါဒါနက္ခန္ဓာဆိုတာဟာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာက္ခန္ဓာဆိုတာ မဟုတ်ဘူး လားလို့ဆိုတော့ သာဓု သာဓုကွာ ဟုတ်တယ်တဲ့၊ သူက သိပြီးသား မေးတဲ့ပုဂ္ဂိုလ်ကိုး (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာဟာ ဒီလိုကိုင်တွယ်လို့ ရတာကြီးက ရူပက္ခန္ဓာ၊ စားသောက်ကောင်းတယ်၊ နေထိုင်ကောင်းတယ်၊ နေထိုင်မကောင်းဘူး အသင့်အတင့်ရှိပါရဲ့ဆိုတာ ဥပေက္ခာဝေဒနာက ပြောနေတာ အဲဒါ ဝေဒနာက္ခန္ဓာက ပြောနေတာ (မှန်ပါ့)။

စားကောင်းရဲ့လား၊ ကောင်းတယ်လို့ဆိုတာ ဝေဒနာက ပြောနေတာနော် သုခဝေဒနာက ပြောနေတာ (မှန်လှပါ ဘုရား)။

မကောင်းဘူးလား မကောင်းဘူး၊ ဒါက ဒုက္ခဝေဒနာက ပြောနေတာ၊ ဘယ့်နှယ်နေသတုန်း၊ အသင့်အတင့် ရှိပါရဲ့ဆိုတာ ဥပေက္ခာဝေဒနာက ပြောနေတာ၊ အဲဒါ ဝေဒနာက္ခန္ဓာ မှတ်ထားလိုက်။

ကိုင်တွယ်လို့ ရတာက ရူပက္ခန္ဓာ ကောင်းတယ်၊ မကောင်းဘူး အစရှိသည် ပြောနေတာက ဘယ်သူက ပြော နေတာတုန်း (ဝေဒနာက္ခန္ဓာကပါ) ဝေဒနာက္ခန္ဓာက ပြောနေတာ။

ကောင်းပြီ ဒါတွေကို စောစောစီးစီး မှတ်ထားပါ၊ နောက်က ဒကာ ဒကာမတွေလဲ သေသေချာချာမှတ်ထား၊ ဝေဒနာက ပြောနေတာနော် (မှန်ပါ့)။

ဒါဖြင့် အနီပဲ၊ ဒါဖြင့် အပြာပဲ၊ ဒါဖြင့် ဂေါ်ကြိုးပဲ၊ ဒါ မှတ်ထားတာကလဲ သညာက မှတ်ထားတာ (မှန်လှပါ ဘုရား)။

ဪ ဒါဖြင့် အဖြူ အနီ အကြောင် အကြားတွေ မှတ်နေတာ ဘယ်သူက မှတ်သတုန်း (သညာက မှတ်ပါတယ်) သညာက မှတ်တာ၊ သညာက္ခန္ဓာ၏ အလုပ်တွေနော် (မှန်ပါ့) သညာက္ခန္ဓာ၏ အလုပ်တွေလို့ မှတ်ထားလိုက်စမ်းပါ။

ဪ ဒါဖြင့် တို့ သားမှတ်ထားတာ၊ သမီးမှတ်ထားတာ ပစ္စည်းမှတ်ထားတာတွေ ငါမှတ်ထားတာ ဘယ်သွား သတုန်းဆိုတာမျိုး ဒီအမှတ်ကလေးတွေဟူသ၍ဟာ သညာက္ခန္ဓာ၏အလုပ်လို့ မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။

နေချင်တယ်၊ ပြောချင်တယ်၊ ဆိုချင်တယ်၊ သူများသွားခိုင်းတယ်၊ ဒါစေတနာဆိုတဲ့ သင်္ခါရက္ခန္ဓာ၏ အလုပ်တွေ နော် (မှန်ပါ့)။

ကျုပ်သိပါတယ်၊ မြင်လဲ မြင်ပါတယ်၊ ဒါကော မြင်တယ်ဆိုတာ မြင်စိတ်က မြင်တာ၊ ကြားလဲကြားပါတယ်၊ ကြားစိတ်ကကြားတာ၊ နံလဲ နံပါတယ်၊ နံစိတ်က နံတာဆိုတော့ ဒါတွေ လျှောက်ပြောလို့ရှိရင် ဒါ ဝိညာဏက္ခန္ဓာ၏ အလုပ်ချည့်လို့ ဦးအောင်ဇံဝေက မှတ်ထား (မှန်ပါ့)။

စုနေတဲ့ ခန္ဓာငါးပါးပဲ

အဲဒီဥစ္စာ ခန္ဓာငါးပါးစုနေတော့ ခန္ဓာငါးပါး အခုတရားနာနေကြတာ မည်သူတွေတုန်းလို့ မေးတဲ့အခါကျတော့ ခန္ဓာငါးပါးတွေပဲ စုနေတဲ့ ခန္ဓာငါးပါးပဲလို့ ဆိုလို့ရှိရင် မလွဲဘူးပေါ့ဗျာ (မလွဲပါ ဘုရား)။

အဲဒီတော့ ဒီခန္ဓာငါးပါး သိထားတော့ ဘုရားက အေးကွာ-တဲ့၊ ဒါဟာ ဥပါဒါနက္ခန္ဓာဆိုတာ ဒါပဲတဲ့။

ဒီခန္ဓာငါးပါးဟာလဲ ဘုရား အားလုံးပဲ ရှိပြီးနေကြတယ်၊ ဘယ်သူ့ကြောင့်များ ဖြစ်ပါလိမ့်မလဲတဲ့၊ ဦးအောင်ဇံဝေ ဘယ်သူ့ကြောင့် ဖြစ်ပါလိမ့်မလဲလို့ ရဟန်းက မေးပြန်တယ်နော် (မှန်ပါ့) ဒါက တဏှာဆန္ဒကြောင့် ဖြစ်တာကွ-တဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူ့ကြောင့် ဖြစ်သတုန်း (တဏှာဆန္ဒကြောင့် ဖြစ်ပါတယ် ဘုရား)။

တဏှာဆန္ဒကြောင့် ဖြစ်တာလို့ မှတ်ထားလိုက်စမ်းပါ၊ ဪ တို့ခန္ဓာငါးပါးကြီးဟာ သိကြား၊ ဗြဟ္မာ ဘုရားလာ ပြီး ဖန်ဆင်းတာလား၊ တို့ တဏှာဆန္ဒကြောင့် ဖြစ်တာလား မေးရင် ဘယ့်နှယ်ဖြေကြမလဲ (တဏှာဆန္ဒကြောင့် ဖြစ် တာပါ ဘုရား)။

ဟုတ်တယ်, ဟုတ်တယ် ဦးဘသန်း မှတ်ထား၊ တဏှာဆန္ဒကြောင့် ဖြစ်နေတာ ဒီခန္ဓာကြီးဟာနော် (မှန်ပါ့)။

တဏှာဆန္ဒက တခါတည်း လူဖြစ်ချင်တာလဲ တဏှာဆန္ဒပဲ၊ နတ်ဖြစ်ချင်တာလဲ တဏှာဆန္ဒပဲဆိုတော့ ဪ သူ့လက်ချက်တွေကြောင့် ဒီခန္ဓာငါးပါး ပေါ်နေတာကိုးလို့ မှတ်ထားလိုက်စမ်းပါ။

ဘယ်သူ့လက်ချက်ပါလိမ့်

ဦးအောင်ဇံဝေ ဘယ်သူ့လက်ချက်ပါလိမ့် (တဏှာဆန္ဒာ၏ လက်ချက်ပါ ဘုရား) တဏှာဆန္ဒ၏ လက်ချက် ကြောင့် ဒီခန္ဓာကြီး ပေါ်ပြီး သကာလ နေတယ်။

ရဟန်းက ဒါဖြင့် ဘုရားတဲ့ သုံးခုမြောက် မေးလိုက်တယ် ဥပါဒါနက္ခန္ဓာလို့ ဆိုပါတယ်တဲ့၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ က အတူတူပဲလားတဲ့ မေးလိုက်တယ်နော် (မှန်ပါ့)။

ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ ဥပါဒါန်က စွဲလမ်းတာ၊ ခန္ဓာက ခန္ဓာငါးပါး၊ ဥပါဒါန်နဲ့ ခန္ဓာနဲ့ဟာ အတူတူပဲလားလို့ မေးလိုက်တဲ့အခါကျတော့ ဟာ မတူပါဘူးကွာ တဲ့၊ ခန္ဓာကတခြား၊ ဥပါဒါန်က တခြားပါတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်း ပါပြီ ဘုရား)။

ခန္ဓာက (တခြားပါ) ဥပါဒါန်က (တခြားပါ) တခြားလို့ ဦးဘသန်း မှတ်ထားရမယ်နော် (မှန်ပါ့) ခန္ဓာကတခြား ဥပါဒါန်က တခြားလို့ မှတ်ထားလိုက်ပါတဲ့။

နို့ ဘယ့်နှယ်ကြောင့် ဥပါဒါနက္ခန္ဓာလို့ ခေါ်နေသတုန်းလို့ မောင်အောင်ချီတို့က မေးလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာ ကိုယ်စွဲလမ်းနေခြင်းကြောင့် ခုနင်က ဥပါဒါန်က စွဲလမ်းနေတယ်၊ ခန္ဓာကြီးကျန်းမာဖို့ ခန္ဓာကြီး ချမ်းသာဖို့ ခန္ဓာကြီး လူလားမြောက်ဖို့ ခန္ဓာကြီး စားဖို့နဲ့ ဒီခန္ဓာကြီးစားဖို့ စွဲလမ်းမနေကြဘူးလား (မှန်ပါ့)။

ဒီခန္ဓာကြီးနေဖို့ဆိုတော့ ခုနင်က တဏှာဆန္ဒက ဥပါဒါန်ဖြစ်ပြီး စွဲလမ်းနေတယ်ကွ တဲ့၊ အဲဒီတော့ကို ဒီတဏှာ စွဲလမ်းတဲ့ ပုဂ္ဂိုလ်ကျတော့ ဥပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်၊ ကိုယ့်ခန္ဓာ ကိုယ်မစွဲလမ်းတဲ့ ပုဂ္ဂိုလ်ကျတော့လဲ ခန္ဓာလို့သာ ခေါ်တယ်၊ ဥပါဒါနက္ခန္ဓာလို့ မခေါ်နဲ့ (မှန်ပါ့)။

စွဲလမ်းတဲ့ပုဂ္ဂိုလ် ဘယ့်နှယ်ဆိုကြမလဲ (ဥပါဒါနက္ခန္ဓာပါ ဘုရား) မစွဲလမ်းတဲ့ပုဂ္ဂိုလ်ကျတော့ (ခန္ဓာပဲ ခေါ်ပါတယ်) ခန္ဓာပဲဆိုပါတဲ့။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးလဲ ခန္ဓာငါးပါးရှိတာပဲ၊ ဥပါဒါန်က ချုပ်နေတော့ ဥပါဒါနက္ခန္ဓာလို့ သူ့ကို မဆိုပါနဲ့နော် (မှန်ပါ့) ခန္ဓာရိုးရိုးပဲ။

တို့ သူတကာတွေကတော့ ကိုယ့်ခန္ဓာကလေးကို ဘယ်လောက်စွဲလမ်းသလဲဆိုတာ ခြင်ကလေးကိုက်လဲ မကိုက်ရ အောင် ယင်ကလေးအုံလဲ မအုံရအောင်၊ ဆာလောင်မွတ်သိပ်တယ်ဆိုလို့ရှိရင် ကပျာကယာ ရှာကျွေးတယ် (မှန်ပါ့ ဘုရား)။

ချမ်းတယ်၊ အေးတယ်ဆိုလို့ရှိရင် ကပျာကယာ ခြုံပေးဆိုတော့ ဒီခန္ဓာကြီး ဘယ်လောက်စွဲလမ်းနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် တို့ရှိတဲ့ခန္ဓာတော့ ဘာခန္ဓာခေါ်ကြမလဲ ခန္ဓာရိုးရိုးပဲ ခေါ်ကြမလား စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာလို့ ခေါ်ကြ မလား (စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာပါ ဘုရား)။

စွဲလမ်းတဲ့ပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာ

ဪ ဒါကြောင့် ဥပါဒါနက္ခန္ဓာဆိုတာကွာတဲ့ စွဲလမ်းတဲ့ပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာပါတဲ့ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုရားတဲ့ ဥပါဒါနက္ခန္ဓာတော့ တပည့်တော် သဘောကျပါပြီတဲ့၊ ဒီခန္ဓာဟာ အမျိုးမျိုးပြားတာကတော့ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ တိရစ္ဆာန်ခန္ဓာ အမျိုးမျိုးပြားတာကတော့ ဘယ့်နှယ်ကြောင့်တုန်း ခန္ဓာက အတူတူပဲလားဆိုတော့ မတူဘူးကွာ-တဲ့၊ ခန္ဓာအမျိုးမျိုးပြားတယ်-တဲ့၊ ငါးပါးချင်းပေမယ့် ပုံသဏ္ဍာန်ကွာခြားတယ်ကွ-တဲ့။

ဘယ့်နှယ်ကြောင့် ကွာခြားသတုန်းဆိုတော့ ခွေးကလဲ သူ ခွေးအမေနဲ့ ခွေးအဖေနဲ့ မခွဲချင်ဘူး၊ ခွေးမနဲ့ မခွဲ ချင်ဘူး၊ ခွေးထီးနဲ့ မခွဲချင်ဘူး၊ အဲဒီတော့ သူသေသည်၏ အခြားမဲ့၌ သူစွဲလမ်းတဲ့အတိုင်းပဲ နောက်ခွေးပြန်ဖြစ်တယ်၊ လူလဲ ဒီအမေ၊ ဒီအဖေနဲ့ မခွဲရပါလို၏-ဆိုတဲ့ပုဂ္ဂိုလ်များကျတော့ ဒီအမေ၊ ဒီအဖေဆီပဲ ကုသိုလ်ဒါနကလဲ ပို့လိုက်မယ် ဆိုရင် ဦးအောင်ဇံဝေ ရောက်ချင်ရောက်တယ် (မှန်ပါ့)။

အဲဒီတော့ ခန္ဓာဟာ အတူတူနေပါ့မလား၊ အများကြီး ပုံသဏ္ဍာန်တွေ မပြားပေဘူးလား (ပြားပါတယ် ဘုရား)။

အဲဒါကြောင့် ပုံသဏ္ဍာန်တွေ ပြားတာကတော့ကို ကိုယ့်အလိုအတိုင်း ပြားကြတာပဲကွ-တဲ့၊ ဘယ်သူ ဖန်ဆင်းတာ မှ မဟုတ်ဘူး-တဲ့ (မှန်ပါ့) ကိုယ့်အကြိုက်အတိုင်းပြားတာ (မှန်ပါ့)။

ခွေးကြားကလေးဖြစ်တာ မောင်အောင်ချီ မြင်ဖူးမှာပေါ့-ကွ (မြင်ဖူးပါတယ် ဘုရား) ခွေးကြားကလေးဟာ သူများက ပန်းချီဆေးရေးလို့ ကြားတာလား သူ့ကိုယ်က ကြားချင်တဲ့ စိတ်ကလေးကြောင့် ကြားချင်တဲ့တဏှာကြောင့် သူမွေးလာတဲ့အခါ ခွေးကြားကလေးဖြစ်တာလားမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (သူ့ကိုယ်က ကြားချင်လို့ ခွေးကြားကလေး ဖြစ်တာပါ ဘုရား) သူ့ကိုယ်က ကြားချင်တဲ့ စိတ်ကလေး ကြောင့် ကြားချင်တဲ့ တဏှာကြောင့် သူမွေးလာတဲ့အခါ ခွေးကြား ကလေးဖြစ်တာလားမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (သူ့ကိုယ်က ကြားချင်လို့ ခွေးကြားကလေးဖြစ်တာပါ ဘုရား) သူ့ကိုယ်က နောက်က ဒကာ ဒကာမတွေ ကြားချင်လို့ကြားတာ (မှန်ပါ့)။

သူ့ဆန္ဒကြောင့် ခန္ဓာအမျိုးမျိုးပြားတယ်

သူ့တဏှာက ကြားချင်တယ် (မှန်ပါ့) ငါ ခွေးဖြစ်ရလို့ရှိရင် ခွေးကြားကလေး ဖြစ်ရပါလို၏ ခွေးကြောင်ကလေး ဖြစ်ရပါလို၏၊ အဲဒါကြောင့် ခန္ဓာတမျိုးတည်း မမှတ်ပါနဲ့ကွာ-တဲ့၊ သူ့ဆန္ဒကြောင့် ခန္ဓာအမျိုးမျိုးပြားတယ်လို့ ဦးအောင်ဇံဝေ မှတ်ထားရမယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ လူတွေ ရုပ်အဆင်းသဏ္ဍာန် မတူတာကော သိကြပလား (မှန်ပါ့ ဘုရား) ဒါတွေလဲ ကိုယ့်အကျိုးပေးအတိုင်း ဖြစ်နေကြတယ်၊ ဒါ့ကြောင့် ခန္ဓာဟာ ဒီလိုပြားပါတယ်-တဲ့ (မှန်ပါ့)။

ကောင်းပြီ-တဲ့၊ ဒီခန္ဓာတွေတော့ ဘယ်သူက ဖြစ်စေတာတုန်း၊ အို-ရူပက္ခန္ဓာကကွာ မဟာဘုတ်လေးပါး ပထဝီ, အာပေါ, တေဇော, ဝါယော၊ ဥပါဒါန်ရုပ်တွေ ဖြစ်စေတာပေါ့၊ ဝေဒနာက္ခန္ဓာတော့ “ဖဿပစ္စယာဝေဒနာ” ဆိုတဲ့ ဖဿက ဖြစ်စေတာပဲ၊ သညာက္ခန္ဓာလဲ ဖဿက ဖြစ်စေတာကွ၊ သင်္ခါရက္ခန္ဓာလဲ ဖဿက ဖြစ်စေတာကွ၊ စိတ်ကျတော့ ကွာ-တဲ့ “နာမရူပပစ္စယာ ဝိညာဏ” လို့ ဆိုတာကလေး မှတ်ထားလိုက်ပါ၊ နာမ်, ရုပ်ကြောင့် စိတ်ဖြစ်တာ ဝိညာဏက္ခန္ဓာ ဖြစ်တာပဲနော် (မှန်ပါ့)။

ရှင်းပြီဘုရား-တဲ့၊ ဒါဖြင့် ရှင်းပါပြီ-တဲ့၊ ဒီလိုရှင်းတဲ့အခါကျတော့ တဏှာ, မာန, ဒိဋ္ဌိချုပ်တဲ့ ဘယ့်နှယ်လုပ်ရမှာ တုန်း-တဲ့ (မှန်ပါ့) ခန္ဓာဖြစ်စေတဲ့ တဏှာ, မာန, ဒိဋ္ဌိတွေ ချုပ်အောင်တော့ ဘယ့်နှယ်လုပ်ရမှာတုန်း-တဲ့၊ ဒါတော့ကွာ-တဲ့ မင်းတို့ ခန္ဓာကိုယ် ဉာဏ်စိုက်ပြီး သကာလ ဝေဒနာကလေးပေါ်လာလဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုရမယ် (မှန်ပါ့) သညာကလေးပေါ်လာကော (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုရပါမယ် ဘုရား) စေတနာကလေး ပေါ်လာရင်ကော (စေတနာကို ရှုရပါမယ် ဘုရား)။

ငါ့ကိုယ်,ငါ့ဟာ,ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှု

ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုပေး၊ စိတ်ကလေး ပေါ်လာရင်ကော (စိတ်ကလေးဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ရှုပေးရပါမယ် ဘုရား) အေး ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုပေးလိုက်။

ဪ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးဆိုတော့ အကုန်အနတ္တဖြစ်သွားတယ် (မှန်ပါ့ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဦးဘသန်း ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) အဲဒါက ရှုနည်းကို သင်တာပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဝေဒနာပေါ်လဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ကြည့်ပေး၊ သညာပေါ်လဲ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ကြည့်ပေး၊ သို့သော် စာမို့လို့ အကုန်ပြောနေပါတယ်၊ တခုခုမှတ်ပြီးကြည့်ပါ၊ သတိပဋ္ဌာန် လေးပါးထဲက တပါးပါးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ မဟုတ်ဘူးလို့ ကြည့်ပေး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အလုပ်သမားတွေပဲ-တဲ့ ဒါလောက်ဆိုရင် ရိပ်မိပါပြီ၊ စိတ်ရှုတဲ့ပုဂ္ဂိုလ်ကလဲ စိတ်ကလေး ပေါ်တိုင်း, ပေါ်တိုင်း ဪ ငါ့ကိုယ်လဲမဟုတ်ဘူးဆိုတော့ ရှင်းမနေဘူးလား (ရှင်းပါတယ် ဘုရား)။

ဝေဒနာကလေး ပေါ်လာလဲ ဦးဘသန်း ဘယ့်နှယ်ရှုမယ် (ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုရပါမယ် ဘုရား) ငါ့ကိုယ်လဲ မဟုတ်ဘူး၊ ငါ့ဟာကော (မဟုတ်ပါ ဘုရား) ငါ့ဥစ္စာကော (မဟုတ်ပါ ဘုရား) မဟုတ်ဘူး ဒါ ဝေဒနာကလေးပဲ၊ ဝေဒနာဆိုတော့ အနိစ္စပဲ၊ အနတ္တပဲ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘုရားက ဒီလိုရှု-လို့ခိုင်းတယ်

အဲဒါ မင်းတို့ရှုနည်းပါ၊ ယနေ့ ရဟန်းကမေးလို့ ဘုရားက သင်ပေးတာ (မှန်ပါ့) ဘုရားက ဒီလိုရှု-လို့ ဦးဘသန်း ခိုင်းတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားက ဒီလိုရှုလို့ ခိုင်းတဲ့အတွက် ခင်ဗျားတို့က ဒီလိုရှုရုံပဲ (မှန်ပါ့) ဪ ငါ့ကိုယ်လဲ မဟုတ်ဘူးဆိုတဲ့ဥစ္စာလဲ တဏှာသေတာပဲ (မှန်ပါ့) ငါ့ဟာလဲ မဟုတ်ဘူးဆိုတာ မာနသေတာနော် (မှန်ပါ့) ငါ့ဥစ္စာမဟုတ်ဘူးဆိုတာက ဒိဋ္ဌိသေ တယ် (မှန်ပါ့)။

ဒါ့ကြောင့် ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှု-ရှုပေးရမယ် ဉာဏ်နဲ့တည့်ပြီးတော့ပေါ့ဗျာ (မှန်ပါ့)။

အဲဒီလိုရှုလိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိဟာ လာသေးရဲ့လား (မလာပါ ဘုရား) မလာတော့ဘူး သေသွားတာပဲ ဆိုတော့ ယနေ့ည ရဟန်းကမေးလို့ ဘုရားက ရှုနည်းပါ သင်တာကိုတော့ဖြင့် ရှင်းသွားပြီလို့ မှတ်ရမယ် (မှန်ပါ့)။

ရှင်းသွားတော့ကို ဒီအထဲမှာ ရဟန်းငါးရာတို့တွင် ရဟန်းတပါးက ဪ ခန္ဓာကိုယ် တကိုယ်လုံးမှာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာ တခုမှမရှိဘူးဆိုရင် ဘာများ အားကိုးရပါ့မလဲ-လို့ ဗွေဖောက်လာတယ် (မှန်ပါ့)။

ဗွေဖောက်လာတယ်

ဦးဘသန်း ဘာဖြစ်လာသတုန်း (ရဟန်းတပါးက ဗွေဖောက်လာပါတယ် ဘုရား) ဗွေဖောက်လာတယ်၊ အကုန် ခန္ဓာငါးပါးကို ဘုရားက ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုရမယ်ဆိုတော့ ဘာများ အားကိုးရပါ့မလဲလို့ အားကိုး ရှာတာပဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အကုန် ခန္ဓာငါးပါးကို အနတ္တလို့ ဘုရားက ဟောလိုက်တယ်၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူး၊ အကုန် အနတ္တချည်းပဲလို့ ဟောလိုက်တယ်မဟုတ်လား (မှန်ပါ့ ဘုရား) အဲဒီတော့ ရဟန်းတပါးက ဘာဖြစ်လာသတုန်း (ဗွေဖောက် လာပါတယ် ဘုရား) ဘယ်လို ဗွေဖောက်သတုန်း (ဘာ အားကိုးရမတုန်းလို့ ဗွေဖောက်ပါတယ် ဘုရား)။

ဘာ အားကိုးရမှာတုန်း-တဲ့၊ ခန္ဓာငါးပါး တပါးပါးမှ အားကိုးစရာမရှိလို့ရှိရင် ဘာအားကိုးရမှာတုန်းလို့ ဗွေဖောက် တယ်၊ ဘုရားက ဟောရင်းသိတယ်၊ ဪ-ဒီအထဲမှာ အဝိဇ္ဇာများပြီး ဉာဏ်နည်းတဲ့ပုဂ္ဂိုလ်က ဗွေဖောက်နေပါပေါ့လား တဲ့ (မှန်ပါ့ ဘုရား)။

”အဝိဒွါ အဝိဇ္ဇာဂတော၊ တဏှာဓိပတေယျေ စေတသာ သတ္ထုသာသနံ အတိဓါဝိတဗ္ဗံ မညေ”။

ပညာကမရှိ၊ အဝိဇ္ဇာက ဖုံးလွှမ်းနေပါပေါ့လားလို့ ဘုရားက သိတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာငါးပါး အကုန် အနတ္တဖြစ်နေတော့ ဦးဘသန်း အားကိုးစရာမရှိဘူးတဲ့၊ ဘာများ အားကိုးရပါ့မတုန်းလို့ ဖြစ်လာတယ် (မှန်ပါ့)။

ဘာများ အားကိုးရပါ့မတုန်းလို့

ခန္ဓာငါးပါး ဘာမှ အားကိုးစရာမရှိဘူးတဲ့၊ အကုန် အနတ္တတွေ ဖြစ်နေပေါ့ပဲ-တဲ့၊ ဘာများ အားကိုးရပါ့မတုန်းလို့ ဗွေဖောက်လာတယ် (မှန်ပါ့)။

ဗွေဖောက်လာတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သိတယ်၊ ပညာကလဲမပါ အဝိဇ္ဇာကလဲ ဖုံးပြန်၊ တဏှာကလဲ ကြီးစိုးနေတဲ့ ပုဂ္ဂိုလ်မို့ ငါက အနတ္တတွေ အားမကိုးကောင်းဘူးလို့ ဟောလိုက်တာ၊ သူက ဘယ်ဟာ အားကိုးရပါ့မလဲဆိုပြီး အားကိုးရှာပြန်ပြီ၊ အဝိဇ္ဇာများတဲ့ပုဂ္ဂိုလ်နော် (မှန်ပါ့ ဘုရား)။

အဝိဇ္ဇာကများ တဏှာကကြီးစိုး, ပညာက မဲ့နေတဲ့ပုဂ္ဂိုလ်ပဲတဲ့ ဒီရဟန်း ဒါ့ကြောင့် အားကိုး ရှာနေတယ်တဲ့ (မှန်ပါ့ ဘုရား)။

ဒီတွင်မှ ရဟန်းကပဲ သူ့ဟာသူ ဆုံးဖြတ်ချက်ချတယ်၊ ကဲလေ ကိုယ်လုပ်ထားတဲ့ကံပဲ အားကိုးရရုံရှိတော့တယ်၊ ကံအားကိုးလိုက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာအားကိုးသလဲ (ကံအားကိုးပါတယ် ဘုရား) ကံအားကိုးလိုက်တယ်။

ဦးဘသန်းကြီး ဘာအားကိုးလိုက်သလဲ (ကံအားကိုးလိုက်ပါတယ် ဘုရား) ကံကို အားကိုးလိုက်တယ် ရဟန်းက ကံပဲ ငါ့ဟာ လုပ်ဖို့ရှိတော့တာပဲဆိုတော့ ကံကိုကျတော့ သူ အနတ္တမယူတော့ဘူး (မှန်ပါ့) ယူသေးရဲ့လား (မယူပါ) ဒါဖြင့် သူ ဒိဋ္ဌိဖြစ်သွားပြီ (မှန်ပါ့ ဘုရား)။

ကံကို ငါ့ဟာလုပ်ပစ်လိုက်တယ်

ဒိဋ္ဌိ သေသေချာချာဖြစ်သွား ကံကို ငါ့ဟာလုပ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါက ဒီနေ့ညမှာ ပြောရမည့်စကားက သေးသေးကွေးကွေးစကားလို့ ဦးအောင်ဇံဝေက မမှတ်လိုက်နဲ့ (မှန်ပါ့ ဘုရား)။

အခု ဒီရဟန်းက ဘာကို ငါ့ဟာလုပ်ပစ်လိုက်တာတုန်း (ကံကို လုပ်ပစ်လိုက်ပါတယ် ဘုရား)။

ကံကို ငါ့ဟာ လုပ်ပစ်လိုက်တယ် ဆိုတော့ သူဟာ ကံကို မပျက်စီးဘူး ယူလိုက်တဲ့အဓိပ္ပါယ် မရောက်ဘူးလား- ရောက်သလား (ရောက်ပါတယ်) ရောက်တယ်ဆိုတော့ အတ္တလား-အနတ္တလား (အတ္တပါ ဘုရား) အတ္တဖြစ်သွားတယ်။

အဲဒီတော့ အခု မင်းတို့ အခု ဆရာဘုန်းကြီးက လမ်းခင်းပြီး ပြောလိုက်တဲ့အတွက် ဪ သူဟာ ကံကို အတ္တယူသွားပြီ၊ သဗ္ဗေဓမ္မာ အနတ္တာဆိုတာ အလုံးစုံ အနတ္တဖြစ်ပါလျက်သားနဲ့ ကံကို သူအတ္တလို့ ခိုင်တယ်, မြဲတယ်ယူဆ သောကြောင့် ကံပဲအားကိုးရတော့မယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။

တရားဟောရင်း ဗွေဖောက်လာတာကိုး (မှန်ပါ့) တရားဟောရင်း ဗွေဖောက်ပြီး ကံကိုပဲ အားကိုး တော့မယ် ကံကိုပဲ အားကိုးတော့မယ်တဲ့ ဘာမှ အားကိုးစရာမရှိတော့ဘူးတဲ့ဆိုတော့ ဒါဟာ ဒီဒကာ ဒကာမတွေအပေါ်မှာ ဒီစကား ဟာ ရောက်လာတယ် ဦးအောင်ဇံဝေတို့အပေါ်မှာ ရောက်လာတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့လဲ ဒီဆရာသမားနဲ့ မတွေ့ခင်တုန်းက ကံပဲအားကိုးရမှာပဲ (မှန်ပ့ါ) မလာကြဘူးလား (လာပါတယ် ဘုရား)။

အတ္တဒိဋ္ဌိသွားဖြစ်တယ်

ဘာအားကိုးရမယ် (ကံကို အားကိုးရပါမယ်) ကံပဲ အားကိုးရမယ်ဆိုတော့ ကံက မပျက်တော့ဘူး ဖြစ်နေတယ်၊ ကံကအမြဲရှိနေတဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ကံအပေါ်မှာ အနိစ္စလဲမရှိဘူး, ဒုက္ခလဲမရှိဘူး, အနတ္တလဲမရှိဘူး၊ ရှိသေးရဲ့လား (မရှိပါ) ဒါဖြင့် ကံကို ခိုင်မြဲတယ် ယူလိုက်တဲ့အတွက် အတ္တဒိဋ္ဌိသွားဖြစ်တယ် (မှန်ပါ့ ဘုရား) သွားပြီကွ၊ တရားနာရင်းကို ဒိဋ္ဌိလာဖြစ်တယ် (မှန်ပါ့) ဦးဘသန်း ဘာလာဖြစ်နေသလဲ (တရားနာရင်း အတ္တဒိဋ္ဌိ ဖြစ်ပါတယ်) အတ္တဒိဋ္ဌိဖြစ်တယ် တရားနာရင်းနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် လှညွန့်တို့လူစု၊ မောင်အောင်ချီတို့ လူစုဘာများ အားကိုးနေကြသတုန်းမေးရင် ဘယ့်နှယ်ဖြေမလဲ ရှေးက ရှေးက (ရှေးက ကံကို အားကိုးနေကြပါတယ်) ဪ ကံကတော့ မပျက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ (မှန်ပါ့) ဒါဖြင့် ကမ္မဝါဒီဒိဋ္ဌိ ဦးဘသန်းတို့ (မှန်ပါ့ ဘုရား)။

ကမ္မဝါဒီဒိဋ္ဌိ

ဘယ့်နှယ်ဆိုကြမလဲ (ကမ္မဝါဒီ ဒိဋ္ဌိပါ) ကမ္မဝါဒီဒိဋ္ဌိ ကံကိုအယူရှိပြီး ဒိဋ္ဌိဖြစ်နေတယ်ဆိုတော့ အခုဒီဟာ သံယုတ်ပါဠိတော်မှာ ဒီရဟန်းဗွေဖောက်နေပြီတဲ့ ဘုရားက (မှန်ပါ့)။

ကံကလဲ အနတ္တပဲ၊ အနိစ္စ, ဒုက္ခ, အနတ္တပဲ သူမပါဘူးလား (ပါ-ပါတယ်) သူပျက်မသွားဘူးလား (ပျက်ပါတယ်) သူလဲ အခု စေတနာပေါ် အခုပျက်တာပဲ၊ စေတနာနဲ့ ကံနဲ့ အတူတူပဲ၊ ပျက်နေတာပဲ (မှန်ပါ့ ဘုရား)။

ပျက်တာကို သူက ပျက်တယ်လို့ မထင်တော့ ကံကိုပဲ အားကိုးရမှာပဲတဲ့၊ အလုံးစုံအားကိုးစရာ ရုပ်လဲမရှိဘူး၊ ဝေဒနာလဲအားမကိုးနဲ့၊ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ်ဘူးလို့ ရှုဆိုတော့ အားကိုးစရာမရှိတော့ဘူး၊ အဲဒီတော့ ကံပဲ အားကိုးမှ တော်တော့မယ်ဆိုတဲ့ စိတ်ကူးပြောင်းပြီး အားကိုးလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ဒါ ရဟန်းက အားကိုးတာနော် ဘုရားလက်ထက်က (မှန်ပါ့) မောင်အောင်ချီ လွဲသလား၊ မှန်သလား (လွဲပါ တယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (လွဲပါတယ် ဘုရား)။

ကံကို ခိုင်တယ် မြဲတယ်ဆိုတဲ့ အတ္တယူပစ်လိုက်တယ် (မှန်ပါ့) သိပ်နာမသွားဘူးလား (နာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့လဲ သာမညဆရာသမားနဲ့ တွေ့လို့ရှိရင်ဖြင့် ကြားဖူးနားဝကလေး ရှိသလောက်နဲ့ဆိုရင် ခင်ဗျားတို့လဲ ကံအားကိုးနေတဲ့ ပုဂ္ဂိုလ်တွေပဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ကံအားကိုး နေကြတာပဲ၊ နောက်က ဒကာ ဒကာမတွေ ဘာအားကိုးနေကြသလဲ (ကံအားကိုးနေကြပါတယ် ဘုရား)။

မိုးကုတ်မှာ သာဆိုးသေးတယ် (မှန်ပါ့) ကံကျောက်မပါသေးဘူး သာဆိုးသေးတယ်၊ ကံကျောက် မပါသေးဘူးတဲ့ ဦးဘသန်းရဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူ့အယူအတိုင်း ဆိုရင် ကံဟာ ခိုင်မြဲတယ်, အစိုးရတယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်နေတယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ကံအမိ, ကံအဖပဲ-တဲ့၊

ပြီးတော့ ခင်ဗျားတို့ သိထားတာကလဲ ခက်လိုက်တာက ပြင်ပေးမည့်လူက မရှိတော့ ကံအမိ, ကံအဖပဲ-တဲ့၊ လာပြန်ပြီ (မှန်ပါ့) လာပြန်ပြီ မပြတ်ဖူး ယူထားတာက (မှန်ပါ့ ဘုရား)။

ကံအမိ, ကံအဖပဲ ဒီကံရှိမှ ဒီလိုစံနေရမှာပဲဆိုတော့ သူက သေဟဲ့ဆို သေလိုက်ပေါ့ဗျာ၊ သူက ရှင်ဟဲ့ဆို ရှင်လိုက်၊ သူက ကျောက်ကြီးရလိုက်ဆိုရင် ရလိုက်။

အံမာ ကံက လုံးဝမပျက်တော့ဘူး၊ နောက်က တခါတည်း တယောက်ကစောင့်ပြီး သကာလ ပြင်ပေးနေသလိုပဲ (မှန်ပါ့) အဓိပ္ပါယ် ဒီမရောက်ကြဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ကံကို သူ့အယူအတိုင်းဆိုလို့ရှိရင် ကံအမိ, ကံအဖ ယူထားတဲ့ပုဂ္ဂိုလ်များမှာ ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ သဘောပါ-မပါ (ပါ-ပါတယ်) ပါလို့ရှိရင် အဲဒါ ကမ္မဝါဒီဒိဋ္ဌိလို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

ဒီနေ့ညမှ ဒါ အထူးပဲ (မှန်ပါ့ ဘုရား) ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား) ဘာဒိဋ္ဌိဖြစ်နေသလဲ (ကမ္မဝါဒီ ဒိဋ္ဌိပါ ဘုရား)။

မပျက်ဘူး ယူထားတယ်၊ ဘုရားက အလုံးစုံအနတ္တပါလို့ ဟောလိုက်ရဲ့သားနဲ့ အနတ္တအကုန်ဖြစ်နေလို့ရှိရင် ကံပဲ ကိုယ်လုပ်ထားတာကလေး အားကိုးရုံရှိတော့တာပဲလို့ ဖောက်လာတယ်၊ ကံကို ခိုင်တယ်ယူထားတာ၊ ဦးအောင်ဇံဝေ တို့လဲ ဖောက်ခဲ့လှပါပြီ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေကော (ဖောက်ခဲ့ပါတယ်) ဖောက်ခဲ့လှပါပြီ ဦးဘသန်းကြီးကော (ဖောက်ခဲ့ပါတယ် မိုးကုတ်မှာဆိုတော့ ကံလိုက်တယ်လို့ ပြောနေကြပါတယ် ဘုရား)။

ကံလိုက်တယ်လို့ ပြောနေတော့ သူက ပျက်ကို မပျက်တော့ဘူး၊ ဟင် ကံက နောက်က လူသွားရာ အရိပ်ပါ သလို လိုက်နေတယ် ဦးဘသန်းကြီး (မှန်ပါ့)။

ဒါဟာ မန္တလေးမှာလဲ ဒီလိုပဲ (မှန်ပါ့ တပည့်တော်တို့လဲ ဒီလိုပဲ အောက်မေ့ခဲ့ပါတယ် ဘုရား) ဒီလိုပဲ အောက်မေ့ တာပဲ (မှန်ပါ့)။

လွယ်ပါတယ်-တဲ့၊ ကံဟာ စေတနာမဟုတ်လားဗျ (မှန်လှပါ ဘုရား) သင်္ခါရက္ခန္ဓာ၊ ခန္ဓာဖွဲ့ရင် သင်္ခါရက္ခန္ဓာဆို တော့ ရူပက္ခန္ဓာလဲ အနိစ္စ, ဒုက္ခ, အနတ္တပဲ ဝေဒနာက္ခန္ဓာကော (အနိစ္စ ဒုက္ခ အနတ္တပါ ဘုရား)။

သညာက္ခန္ဓာကော (အနိစ္စ ဒုက္ခ အနတ္တပါ ဘုရား) သင်္ခါရက္ခန္ဓကော (အနိစ္စ ဒုက္ခ အနတ္တပါ ဘုရား)။

ဘယ်မှာရှိလို့တုန်း၊ အနိစ္စ ဒုက္ခ အနတ္တပါ ရောက်သွားတာပဲ၊ ခင်ဗျားတို့က စောင့်နေတယ်လို့ ထင်နေလို့ ခက်နေတာ (မှန်ပါ့ ဘုရား)။

စောင့်နေတယ်လို့ ထင်တယ်

ဦးအောင်ဇံဝေတို့က စောင့်နေတယ်လို့ ထင်တယ် (ထင်ပါတယ် ဘုရား) နောက်က ဒကာဒကာတွေက (ထင်ပါ တယ် ဘုရား)။

စောင့်နေတယ်လို့ ထင်တော့ မပျက်တော့ဘူးပေါ့၊ သူက မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) သူတို့က မပျက်တော့ဘူး ယူလိုက်တော့ ဒါဟာ အတ္တဒိဋ္ဌိ သွားဖြစ်ပါတယ် (မှန်ပါ့ ဘုရား) ဦးဘသန်း သဘောကျပလား (ကျပါပြီ ဘုရား)။

စောင့်နေတယ်လို့ ယူလို့ရှိရင် (အတ္တဒိဋ္ဌိပါ ဘုရား) အတ္တဒိဋ္ဌိပေါ့၊ ခိုင်တယ်, မြဲတယ်, ယူပစ်လိုက်တယ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေကော သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ခင်ဗျားတို့ ဗွေဖောက်နေတာ ဒီဥစ္စာ၊ ခုနင်က ရဟန်း ဗွေဖောက်တာလဲ မှန်တာပဲ၊ ခင်ဗျားတို့လဲ ဒီ ဗွေဖောက် တဲ့အထဲ အပါအဝင်တွေပဲ (မှန်ပါ့ ဘုရား) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ကံပဲ သွားလေရာရာမှာ ကံသာလျှင် အမိ, ကံသာလျှင်အဖ၊ လူသွားရာ အရိပ်ပါသလို သူက နောက်က ပါနေတာပဲလို့ ဦးအောင်ဇံဝေ ယူထားတယ် (မှန်ပါ့ ဘုရား) ပြောလဲ ပြောနေကြတာပဲ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ကံကို ခိုင်တယ်လို့ ဒီရဟန်းတော့ ယူပြီနော် (မှန်ပါ့) မပျက်ဘူးလို့ ယူတဲ့အဓိပ္ပါယ် မရောက်ဘူး လား (ရောက်ပါတယ် ဘုရား) ရောက်တော့ မင်းတို့ ဝိပဿနာရှုတာနဲ့ ကိုက်သေးရဲ့လား (မကိုက်ပါ ဘုရား)။

မကိုက်တော့ ဒီပြင်ဟာတွေတော့ အနတ္တ၊ ကံတော့ အတ္တဖြစ်နေတယ် (ဖြစ်နေပါတယ် ဘုရား)။

တခြားသော တရားတွေတော့ (အနတ္တပါ ဘုရား) ကံကျတော့ (အတ္တဖြစ်နေပါတယ် ဘုရား) အတ္တခိုင်တယ်, မြဲတယ် ယူပစ်လိုက်တယ်။

အဲဒီတော့ကိုတဲ့ ဒါဟာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ “အဝိဒွါ အဝိဇ္ဇာတော (ပ) သတ္ထုသာသနံ အတိဓာဝိတဗ္ဗ မညေ” လို့ ဘုရားက ညည်းလိုက်တယ်၊ အဝိဒွါ=ပညာမရှိတဲ့ ပုဂ္ဂိုလ်ကွ-တဲ့၊ ပျက်နေတဲ့တရား ပျက်မှန်း မသိတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။

”အဝိဇ္ဇာဂတော” တဲ့ သူ့မှာ အဝိဇ္ဇာဖုံးလွှမ်းနေတော့ ကံပျက်တာလဲ သူ မမြင်ဘူးတဲ့ (မှန်ပါ့) အခု လက်မြှောက် ချင်တဲ့ ကံကလေးဟာ မြှောက်ပြီးရင်ပဲ မြှောက်လိုတဲ့ ဝေဒနာရှိသေးရဲ့လား (မရှိပါ ဘုရား) ချလိုက်ရင်ကော ချပြီးရင် စေတနာကလေးဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ကံလဲ အနိစ္စ ဒုက္ခ အနတ္တပေါ့၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ကမ္မဝါဒီ ဒိဋ္ဌိက သိပ်များတယ်

အဲဒါ ခင်ဗျားတို့က ယူထားလိုက်တာက ကံပဲ အားကိုးရမှာပဲ၊ သူတခု ကျန်တော့တာပဲ မြန်မာပြည်တခုလုံးမှာ ဗုဒ္ဓဘာသာဝင်ဆိုပြီး ကမ္မဝါဒီ ဒိဋ္ဌိက သိပ်များတယ် (များပါတယ် ဘုရား)။

ဒီဝတ္ထုမျိုး ဒီပါဠိတော်မျိုးကို မတွေ့တဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင် ကမ္မဝါဒီဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

ရေစက်ချပြန်တော့လဲ ဒီအတိုင်းပဲ ကံသာလျှင် အမိ, ကံသာလျှင် အဖ၊ ဒါပဲ ချနေကြတာပဲ (မှန်ပါ့) ဒါဖြင့် ကံဟာ စေတနာပါ၊ သင်္ခါရက္ခန္ဓာပါ၊ သူတော့ အနတ္တမဖြစ်ရတော့ဘူးလား (မှန်ပါ့)။

”သဗ္ဗေဓမ္မာ အနတ္တာ” ဆိုတော့ သဗ္ဗေနဲ့လာတော့ ဘယ့်နှယ်တုန်း (ဖြစ်ရပါမယ် ဘုရား) အကျုံးဝင်သွားတယ်၊ ဘုရားက “သဗ္ဗေဓမ္မာ အနတ္တာ” ဟောတာကိုးဗျ (မှန်ပါ့)။

ခင်ဗျားတို့က တခုတည်း ထုတ်ထားတယ်ဆိုတော့ ခင်ဗျားတို့ အယူမှားဆိုတာ သေချာပလား (သေချာပါပြီ ဘုရား) “သဗ္ဗေဓမ္မာ အနတ္တာ” နဲ့ ကိုက်သေးရဲ့လား (မကိုက်တော့ပါ ဘုရား)။

သဗ္ဗေ=အလုံးစုံကုန်သော၊ ဓမ္မာ=မင်းတို့ခန္ဓာ၌ ရှိသရွေ့ တရားတွေသည်၊ အနတ္တာ=အစိုးမရတဲ့တရား မပိုင်တဲ့ တရားချည်းပဲ-ကွဆိုတော့ အကုန် အနတ္တဆိုတာ ပျောက်သွားရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပျောက်သွားရမှာကို ခင်ဗျားတို့က အို-ကျုပ်တို့တော့ ကံက နောက်က လိုက်နေတာပဲ၊ အရေးမကြီးပါဘူးဆို သကာလ တခါတည်း ခင်ဗျားတို့က မပျက်တဲ့ကံ နောက်ကလိုက်နေတာ၊ မြင်လဲမြင်ရတာမဟုတ်ဘူး ရမ်းပြောနေတာ (မှန်ပါ့ ဘုရား)။

သူ့နောက်က လိုက်နေတာပဲ၊ ကံခေါင်းဆောင် မွေးလာတာတဲ့၊ အံမာလေး အတော်ခက်ပါလားဗျ (မှန်ပါ့) သူ ပျက်တယ်လို့ကို ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

ကံတခုကို သူက နုတ်ထားတယ်

တယ်လဲ အရူးထပါကလားဆိုတာ မဆိုထိုက်ဘူးလား ဆိုထိုက်သလား (ဆိုထိုက်ပါတယ် ဘုရား)။

”သဗ္ဗေဓမ္မာ အနတ္တာ” လို့ ဘုရားက ဟောပါလျက်သားနဲ့ ကံတခုကို သူက နုတ်ထားတယ် (မှန်ပါ့ ဘုရား)။

ဦးဘသန်းကြီးလဲ မသေသေးလို့ ဒီဥစ္စာတွေ့ရတယ်၊ တော်သေးတယ်၊ ဒါအဖြေပေးလိုက်တာနော် (မှန်ပါ့) အဖြေပေးပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘုရားကတော့ဖြင့် အဝိဒွါ=ပညာမရှိတဲ့ပုဂ္ဂိုလ်-ကွတဲ့၊ ကံကိုအားကိုးတဲ့ပုဂ္ဂိုလ်ဟာ ကံခိုင်တယ်လို့ ယူတဲ့ပုဂ္ဂိုလ် ပေါ့လေ (မှန်ပါ့)။

”အဝိဇ္ဇာဂတော” တဲ့ အဝိဇ္ဇာကြောင့် ဖြစ်ရှာတာတဲ့၊ “တဏှာဓိပတေယျေန စေတသာ” တဲ့ တဏှာ ကြီးစိုးနေ တယ်-တဲ့၊ ဒါ့ကြောင့် သူ ဒါလောက် အားကိုးနေတာပဲတဲ့၊ ခိုင်တယ်လို့ ယူနေတာတဲ့ (မှန်ပါ့)။

”သတ္ထုသာသနံ အတိဓါဝိတဗ္ဗံ မညေ” တဲ့၊ ငါဘုရားအဆုံးအမကို ကျော်လွန်သွားပြီ-တဲ့၊ ငါဘုရား ဆုံးမတဲ့ အတိုင်း သူမယူတော့ဘူး ကျော်သွားပြီ-တဲ့ (မှန်ပါ့) ကဲ ဘယ်လောက်ထိအောင် နာသွားသတုန်း (နာပါတယ် ဘုရား) မနာဘူးလား (နာပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်တုန်း အနတ္တကို သူက အတ္တလုပ်လိုက်ပကော (မှန်ပါ့) ဘုရားအဆုံးအမ မလွန်သေးဘူးလား (လွန်ပါတယ် ဘုရား)။

အနတ္တကို ဘာလုပ်လိုက်သတုန်း (အတ္တလုပ်ပါတယ် ဘုရား)။ အတ္တလုပ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ မောင်အောင်ချီတို့လူစု နောက်က ဒကာ ဒကာမတွေ နားကြီးကြီးနဲ့ နားထောင်ကြည့်တော့မှ ဪ တို့ဟာ အလွဲပါကလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

လွဲလိုက်တာမှ ဦးအောင်ဇံဝေ အနတ္တကို အတ္တလုပ်ပါတယ်ဆိုကတည်းက ဒီ့ထက်အလွဲရှိသေးရဲ့လား (မရှိပါ ကြောက်စရာကောင်းပါတယ် ဘုရား) အင်မတန် လွဲနေတာ (မှန်ပါ့ ဘုရား)။

လွဲပုံကလဲ အခု ခင်ဗျားတို့ ဒီနေ့ည နာရီလို့သာ ဪ တို့ဟာ အလွဲပါကလား၊ ကံအမိ ကံအဖဆိုပြီး သကာလ သူ့ပဲ အားကိုးနေတယ်၊ သူ မပျက်တဲ့ သဘောယူထားတယ်၊ ကံ ခေါင်းဆောင်မွေးလာတယ်၊ ဟေ ကံကျောက်ပဲ မြှော် နေတာပဲ၊ အခုတော့ စားလောက်, သောက်လောက်ရုံပဲ မရှုံးရုံကလေး ကံကျောက်က မပါသေးဘူးတဲ့၊ မိုးကုတ်က သိပ်ညည်းတာပဲ ဒီဥစ္စာမျိုးတွေ (မှန်ပါ့) မညည်းဘူးလား (ညည်းပါတယ် ဘုရား)။

“သဗ္ဗေဓမ္မာ အနတ္တာ” နဲ့ ကိုက်ရဲ့လား

ဒါဖြင့် သူ ကံက ပျက်တယ်လို့ ယူသလား၊ စောင့်နေတယ်လို့ ယူသလား (စောင့်နေတယ်လို့ ယူပါတယ် ဘုရား) ဒါဖြင့် အတ္တဖြစ်နေတယ် ခိုင်တယ် ယူလိုက်တာပဲ (မှန်ပါ့ ဘုရား)။

ဦးဘသန်း ဘယ့်နှယ်ယူလိုက်သလဲ (ခိုင်တယ်လို့ ယူလိုက်ပါတယ်) ခိုင်တယ်လို့ ယူလိုက်တော့ “သဗ္ဗေဓမ္မာ အနတ္တာ” နဲ့ ကိုက်ရဲ့လား (လွဲနေပါတယ် ဘုရား)။

လွဲနေတယ်၊ သဗ္ဗေ= ခပ်သိမ်းကုန်သော၊ ဓမ္မာ= မင်းတို့ခန္ဓာ၌ရှိတဲ့ တရားတွေသည်၊ ရုပ်ရော, နာမ်ရောပြောတာ၊ သူလဲ နာမ်ပဲကိုး (မှန်ပါ့) အနတ္တာ=အနတ္တကွတဲ့ ဆိုတော့ အင်မတန် ရှင်းနေတာပဲ (မှန်ပါ့)။

ဘုရားက အနတ္တ၊ မင်းတို့ကလဲ ခိုင်တယ်လို့ အတ္တတဲ့၊ အတ္တဆိုတာ ခိုင်တယ်လို့ယူတာ၊ လှညွန့်ကြီးတို့များ သာဆိုးလိုက်သေးတယ် ဟင်၊ ခေလိုက်တာကံများ-တဲ့၊ တခါတည်း ရှုပ်ပွေနေတာပဲ၊ တမှုပြီးတမှုပေါ်နေတာပဲ ကံများ ဘာများဖြစ်နေတယ် မပြောတတ်ပါဘူး (မှန်ပါ့)။

ဘာမှမဖြစ်ဘူး၊ ကံဟာ ရှိကိုမရှိတော့ဘူး၊ ကံဟာ လုပ်တုန်းကပဲ ပျက်စီးသွားတာပဲ၊ ဆွမ်းကျွေးလဲ ဆွမ်းကျွေးတုန်း ပျက်စီးသွားတာပဲ၊ တရားနာလဲ (နာပြီးပျက်တာပါပဲ ဘုရား) ပျက်စီးသွားတာပဲ သူလဲ အနတ္တကိုးဗျ (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့က လူသွားရာ၌ အရိပ်ပါတယ်လို့ ယူထားတယ်၊ ကံက နောက်က အရိပ်သဖွယ် လိုက်နေတယ်၊ မယူဘူးလား (ယူပါတယ် ဘုရား) နွားသွားရာ ဘီးလိုက်နေသလိုကော မယူဘူးလား (ယူပါတယ် ဘုရား)။

ဒါဟောတဲ့နေရာတော့ ဘုရားက ဟောရတာပဲ “ဆာယာဝ အနုပါယိနီ” တဲ့၊ ဆာယာဝ=အရိပ်ကဲ့သို့၊ အနုပါယိနီ= အစဉ်တစိုက်လိုက်နေ၏လို့ သေသေချာချာဟောတယ် ဘုရားက (မှန်ပါ့) ဘုရားကိုက ဟောထားတာရှိတယ် (မှန်ပါ့)။

သို့သော်လဲတဲ့ ငါဘုရားဟောထားတာ နှစ်မျိုးပဲလို့ မှတ်ရမယ်တဲ့၊ ဒါကို မသိကြဘူး (မှန်ပါ့) ထင်တာမြင်တာကို ဆောင်ပြီးဟောထားတာတမျိုး၊ တိုက်ရိုက်ဟောတာတမျိုး (မှန်ပါ့)။

ဆောင်ဟောတာသည် နေယျတ္ထနည်း

ထင်လွယ်၊ မြင်လွယ်အောင် ဆောင်ဟောတာသည် နေယျတ္ထနည်း၊ တိုက်ရိုက်ဟောတာသည် နိတတ္ထ နည်း။

ဘုရား ဘယ်နှစ်မျိုးဟောသတုန်း (နှစ်မျိုးဟောပါတယ်) ထင်လွယ် မြင်လွယ်အောင်လို့ ဟောတာ (တမျိုးပါ ဘုရား) တိုက်ရိုက်ဟောတာ (တမျိုးပါ ဘုရား)။

အဲဒီတော့ ဟိုဟာက ဆောင်ဟောထားတာတဲ့၊ လူသွားရာ အရိပ်ပါသလိုဟေ့ ကံဟာ နောက်က လိုက်နေတယ်ဆို တာ ငါ ဆောင်ဟောထားတာတဲ့၊ မင်းတို့ ထင်လွယ်မြင်လွယ်အောင်လို့ စင်စစ်တော့ သူ မလိုက်ဘူးတဲ့၊ သူ အနတ္တပဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နာနာက္ခဏိက ကမ္မသတ္တိဖြင့် ဟောတော်မူသည်ကို သဟဇာတသတ္တိ အကောင်အထည်ကြီး အမြဲရှိနေ သည်ဟု သတ္တဝါတို့ ယူဆပြောဆိုစွဲလမ်းကြသည်ဟု ဆိုလိုသည်။

ဒါဖြင့် ခင်ဗျားတို့က တကြိုးတည်းမှတ်ထားတာကိုး ဘုရားက နှစ်ကြိုးဟောထားတာ (မှန်ပါ့) ခင်ဗျားတို့က မသိဘူး၊ မသိတော့ နောက်က လိုက်တယ်ပဲယူတယ်၊ စင်စစ် အဲဒါ ဆောင်ဟောတာ၊ ထင်လွယ် မြင်လွယ်အောင်လို့ ဟောလိုက်တာ ဘုရားက (မှန်ပါ့) နေယတ္ထဒေသနာနည်းတဲ့၊ နိတတ္ထ တိုက်ရိုက်ဆိုတော့ ငါ ဒီလိုမဟောပါဘူးတဲ့ “သဗ္ဗေ ဓမ္မာ အနတ္တာ” ပါပဲတဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘယ့်နှယ်ယူကြမလဲ၊ ဆောင်ဟောထားတာကို ခင်ဗျားတို့က တိုက်ရိုက်ယူပစ်လိုက်တယ် (မှန်ပါ့) လွဲကုန်ပြီ (မှန်ပါ့)။

ဆောင်ဟောထားတာကို (တိုက်ရိုက်ယူပါတယ် ဘုရား) တိုက်ရိုက်ယူလိုက်တဲ့အတွက် ခင်ဗျားတို့မှာ ဒိဋ္ဌိဖြစ်သွား တယ်၊ (ညွှန်ပြတဲ့ဆရာကလဲ မတွေ့ခဲ့လို့ပါ ဘုရား) မတွေ့ခဲ့ဘူးလေ၊ ဒါ့ကြောင့် ဒီဆရာမျိုးကလဲ မောင်အောင်ချီ ရှာမှ ရှားတာကိုး (မှန်ပါ့)။

မင်းတို့က ဒီအတိုင်း နာနေရင် ဒီအတိုင်း သွားနေမှာပဲ (မှန်ပါ့) အရှင်ဘုရား ရေစက်ချကြွပါဦးဘုရားဆိုရင် ကံအမိ၊ ကံအဖနဲ့ လာပြန်တာပဲ (မှန်ပါ့) မလာဘူးလား-လာသလား (လာပါတယ် ဘုရား)။

ဒါပဲ မင်းတို့မှာ (တပည့်တော် နာနေရတာကတော့ နေယျတ္ထနည်းတွေချည့် နာနေရပါတယ် ဘုရား) ဒါပဲ ဒီအတိုင်းလာတာပါပဲ၊ နိတတ္ထ တိုက်ရိုက်ဟောတာကို မရောက်တော့ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာတုန်း (နိတတ္ထဆီမရောက်ပါ ဘုရား) ညှိယူရမှာကို ညှိမပြတော့ဘူး၊ ဟိုဟာက ပုဂ္ဂိုလ်လိုက်ပြီး ဒီလိုဟောမှ ဟိုပုဂ္ဂိုလ်က သူ့ဉာဏ်နဲ့မြင်မှကိုးဗျ (မှန်ပါ့) မမြင်ပေဘူးလား (မြင်ပါတယ် ဘုရား) စင်စစ်တော့ လိုက်နိုင်တဲ့တရား ဟုတ်ကဲ့လား (မလိုက်နိုင်ပါ ဘုရား)။

မလိုက်နိုင်ဘူး-တဲ့၊ မလိုက်နိုင်တဲ့တရားကို လိုက်နိုင်တဲ့တရားလုပ်ပြီး ငါဆောင်ပြီးဟောတာကို မင်းတို့က တိုက်ရိုက်ယူလိုက်တဲ့အတွက် ဒိဋ္ဌိဖြစ်တာတဲ့ဆိုတော့ အဖြေထွက်သွားပြီ (မှန်ပါ့ ဘုရား)။

ဆောင်ပြီးဟောတာကို တိုက်ရိုက်ယူလိုက်တဲ့အတွက်

ဆောင်ပြီးဟောတာကို တိုက်ရိုက်ယူလိုက်တဲ့အတွက် ဘာဖြစ်သွားသတုန်း (အဖြေထွက်သွားပါတယ် ဘုရား) ဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) ဒိဋ္ဌိဖြစ်တဲ့အဖြေဟာ ထွက်မလာဘူးဘား (ထွက်လာပါတယ် ဘုရား)။

ရဟန်းကိုက ဗွေဖောက်တာဗျ ဒီဝတ္ထုမှာ (မှန်ပါ့) ဘာမှ အားကိုးစရာမရှိဘူး-တဲ့၊ ကိုယ်ပြုထားတဲ့ကံပဲ အားကိုး စရာရှိတော့တယ်ဆိုတော့ သူ့ကိုက ဗွေဖောက်တာ၊ ခင်ဗျားတို့က အဲဒီအထဲက အပါအဝင်တွေ (မှန်ပါ့ ဘုရား) မပါကြဘူး လား (ပါ-ပါတယ် ဘုရား) သိပ်မနာဘူးလား (နာပါတယ် ဘုရား) အတ္တဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) ကံ-ကံ၏အကျိုး ယုံကြည်ရုံမျှဉာဏ်ဟာ ဒိဋ္ဌိမပြုတ်ဘူးဆိုတာ ဒိပါဠိတော်ကလာတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကံ-ကံ၏အကျိုး ယုံကြည်တဲ့ဉာဏ်က (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ဒိဋ္ဌိကိုမပြုတ်ဘူးတဲ့၊ ဒိဋ္ဌိမပြုတ်သောကြောင့် နိဗ္ဗာန်မရောက်နိုင်ဘူး ဒိဋ္ဌိပြုတ်မှ သောတာပန်တည်မှာကိုးဗျ (မှန်ပါ့) ဒိဋ္ဌိပါနေရင် (သောတာပန်မတည်နိုင်ပါ ဘုရား)။

မဖြစ်နိုင်တော့ဘူး-တဲ့၊ ဒီကမ္မဿကတဉာဏ်လောက်နဲ့တော့ မရနိုင်တော့ဘူးကွ-တဲ့၊ သူက အတ္တဒိဋ္ဌိပါနေတယ်-တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါ သေသေချာချာမှတ်မှ ဟင် (မှန်ပါ့) ကဲ-ဒါဖြင့် ဆောင်ပြီးဟောထားတာကို တိုက်ရိုက်ယူလိုက်တဲ့အတွက် ဒိဋ္ဌိဖြစ်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဆောင်ပြီးတော့ ဟောထားတာကို (တိုက်ရိုက်ယူလိုက်တဲ့အတွက် ဒိဋ္ဌိဖြစ်သွားပါတယ်) ဒိဋ္ဌိဖြစ်သွားတယ်ဆို တော့မှ ဒါဖြင့်ဘုရား တပည့်တော်တို့ ရှင်းပေးပါဦး၊ ဆောင်ပြီးဟောတာကို ထားခဲ့၊ တိုက်ရိုက်ဟောတာကိုယူ ဆိုတော့ သဗ္ဗေဓမ္မာ အနတ္တာ ယူရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘာယူရမတုန်း (သဗ္ဗေဓမ္မာ အနတ္တာ ယူရပါမယ် ဘုရား) ဒါဖြင့် စေတနာကလေးလဲ ကံကလေးလဲ ဘာဆိုကြ မလဲ (အနတ္တပါ ဘုရား) အနတ္တပဲ။

ဘာအကျိုး ခံစားရမတုန်း

ဒါဖြင့်ဘုရား တပည့်တော်တို့ လုပ်ထားတဲ့ ကုသိုလ်ကံတွေဟာ အနတ္တဖြစ်သွားပြီ၊ တပည့်တော်တို့ ဘာအကျိုး ခံစားရမတုန်းဆိုတဲ့ မေးခွန်းက ပြန်ထွက်လာတယ် (မှန်ပါ့) မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

တပည့်တော်တို့ ပြုထားတဲ့ကံတွေဟာ ဘုရား အကုန်အနတ္တဖြစ်သွားတော့ကို တပည့်တော်တို့လုပ်ထားတာ အဟောသိကံပဲ ဖြစ်ရတော့မှာလားလို့ဆိုတဲ့ အမေးဟာ တခါတည်း ထွက်လာတယ် (မှန်ပါ့) မထွက်ပါနဲ့ဆိုလို့ ရသေးရဲ့ လား (မရပါ ဘုရား)။

မရဘူး ဒီအမေးထွက်လာတယ်၊ ဒီအမေး ထွက်တော့ကို လွယ်တယ် ဘုရားက အဖြေပေးလိုက်တာ လွယ်ပါတယ် တဲ့။

အခု ဒီဆွမ်းကျွေးလိုက်တယ်၊ ဆွမ်းကျွေးတဲ့ စေတနာကံကလေးဟာ ဆွမ်းကျွေးတဲ့အချိန်မှာ ချုပ်တာပဲ (မှန်ပါ့) ချုပ်သွားတော့ကိုတဲ့ သူ ဆွမ်းကျွေးတုန်းက နာမ်ရုပ်နဲ့ ကျွေးလိုက်တာကိုးဗျ (မှန်ပါ့ ဘုရား)။

ဆွမ်းကျွေးတုန်းက နာမ်ရုပ်ပါဘူးလား (ပါ-ပါတယ်) နာမ်ရုပ်ရှိနေတော့လဲ ဟိုမှာ နတ်ဖြစ်တယ်ဆိုတော့လဲ တခြားပေါ်သလားတဲ့ နာမ်ရုပ်ပဲ ပေါ်သလားလို့မေးရင် ဘယ့်နှယ်ဖြေကြမလဲ (နာမ်ရုပ်ပဲ ပေါ်ပါတယ်) ဗြဟ္မာဖြစ်တော့ ကော (နာမ်ရုပ်ပဲ ပေါ်ပါတယ် ဘုရား)။

အလားတူပဲ ပေါ်သကွ

ဪ ဒီက နာမ်ရုပ်မျိုး အလားတူပဲ ပေါ်သကွ-တဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာလုပ်တဲ့ နာမ်ရုပ်မျိုး ဟိုမှာပေါ်တာလဲ ဘာတုန်း (အလားတူပေါ်ပါတယ် ဘုရား)။

အလားတူ ပေါ်တယ်ဆိုတော့ ဒီက နာမ်ရုပ်လဲ မလိုက်ဘူး၊ စေတနာပါမလိုက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဟိုမှာ အတူပေါ်တယ်၊ ဒီလိုယူမှတည့်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီမှာပြုတဲ့ ကုသိုလ်နာမ်ရုပ်ဟာ ဒီတွင်ပဲ အကုန်ချုပ်တယ် (မှန်ပါ့) နို့ အကျိုးမပေးတော့ဘူးလားဆိုတော့ နိဗ္ဗာန်မရသေးရင် ဟိုမှာ အလားတူပေါ်တယ် (မှန်ပါ့) လှချင်လဲလှမှာပဲလေ၊ ဝချင်လဲဝမယ်၊ နာမ်ရုပ်တော့ နာမ်ရုပ်ပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

လှချင်လှ၊ ဝချင်ဝကတော့ ထူးသေးရဲ့လား (ထူးပါတယ်) နာမ်ရုပ်ကတော့ အတူတူပဲ (မှန်ပါ့) ဒါဖြင့် ဒီမှာ နာမ်ရုပ်ချုပ်ပြီး သကာလ ဟိုမှာ နာမ်ရုပ် အလားတူပေါ်တာ အကျိုးပေးတာ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဦးအောင်ဇံဝေ ရထားတဲ့ပါဠိမှ ပါ-ပါတယ်၊ ပစ္စယနိဒ္ဒေသမှာနော် (မှန်ပါ့) “အနန္တရနိရုဒ္ဓါ စိတ္တ စေတသိကာဓမ္မာ ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော” လို့ မလာဘူးလား။ (လာပါတယ် ဘုရား)။

”ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ” တဲ့ ဟိုမှာပေါ်တာလဲ စိတ်စေတသိက်ပေါ်တာပဲတဲ့၊ အတူပေါ်တာကို ဆိုတာပါတဲ့၊ ဒီကတော့ ချုပ်လျက်ပဲတဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အကျိုးမပေးဘူးလား ပေးသလားဆိုတော့ ဘယ့်နှယ်ဖြေမလဲ (ပေးပါတယ် ဘုရား)။

လိုက်တယ်ဆိုရင် သဿတဒိဋ္ဌိ

ဒီက လိုက်သလားလို့မေးတော့ (မလိုက်ပါ) လိုက်တယ်ဆိုရင် သဿတဒိဋ္ဌိ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) မလိုက်ဘူးဆိုရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား)။

လွတ်ပလား အခု (လွတ်ပါပြီ) သဿတကော ရှိသေးရဲ့လား (မရှိပါ) ဥစ္ဆေဒကော (မရှိပါ) ဒါဖြင့် အလားတူ ပေါ်တာကို အကျိုးပေးတယ်လို့ဆိုတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီက ကျောက်လှူလို့ ဟိုနောက်ဘဝ ကျောက်ရတာကော အလားတူပဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ကျောက်ရတယ်ဆိုတော့ ကျောက်ဆိုတာလဲ ရုပ်ပေါ်တာရှိတာပဲ၊ ဒီမှာလဲ ကျောက်ရုပ်ကိုလှူလို့ ဟိုမှာလဲ နောက်ဘဝ ပတ္တမြားတွင်း ပေါက်တယ်ဆိုတာလဲ ဒီရုပ်ချုပ်ပြီးတော့ ဟိုရုပ်ပေါ်တာပဲ၊ လိုက်တာ ဟုတ်သေးရဲ့ လား (မဟုတ်ပါ ဘုရား)။

လိုက်တော့ မလိုက်ပါဘူးတဲ့၊ လိုက်တယ်ဆိုရင်လဲ သဿတဒိဋ္ဌိ သွားဖြစ်တယ် (မှန်ပါ့) ဒီစေတနာက ဟိုလိုက် သွားတယ်ဆိုရင် မချုပ်ဘဲနဲ့ လိုက်သွားတာ (မှန်ပါ့) အနတ္တနဲ့ ကန့်လန့်ကြီးမနေဘူးလား (နေပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ ဪ လိုက်တယ်လို့ ယူရင် သဿတဒိဋ္ဌိ၊ မလိုက်ဘူးယူပြန်တော့လဲ ပြတ်သွားတယ်လို့ ဥစ္ဆေဒဒိဋ္ဌိဘက် သွားပြန်တာပဲ (မှန်ပါ့) အတူပေါ်တယ်ဆိုတော့ ဒီကလဲချုပ်တယ် ဟိုမှာလဲ အလားတူတမျိုးပေါ်တယ်ဆို တော့ကို အတူပေါ်အောင်သာ ကျေးဇူးပြုတယ်၊ လိုက်တော့မလိုက်ဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီလိုဆိုတော့ကို သဿတ၊ ဥစ္ဆေဒကော လာသေးရဲ့လား (မလာပါ) ဒါ သေသေချာချာ မှတ်ရမယ် ဆိုတာကော သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ခုနင်က ရဟန်းကမှားနေပြီနော်

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒီရဟန်းကို သူ အတ္တဒိဋ္ဌိပြုတ်အောင်လို့ ကဲကွာ ငါဟောပါတယ် ဆိုပြီး သကာလ ခုနင်က ရဟန်းကမှားနေပြီနော် (မှန်ပါ့) ကံပဲ အားကိုးရတော့မှာပဲ သူပဲလိုက်တော့မှာပဲလို့ ယူလိုက်တော့ ဘုရားက ရုပ်ဟာ အနိစ္စလား၊ ဒုက္ခလား၊ အနတ္တလားမေးတာပဲ ရဟန်းတွေကို (မှန်ပါ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါ ဘုရား)။

ဝေဒနာမေးလိုက်၊ စေတနာမေးလိုက်၊ အကုန်အနတ္တဖြေရမှာပေါ့ကွာ (မှန်ပါ့) ဒီတော့ ခုနင်က သူယူထားတဲ့ အယူပယ်ပြီးသား မကျဘူးလား (ပယ်ပြီးသားဖြစ်ပါတယ် ဘုရား)။

ကဲ သင်္ခါရက္ခန္ဓာဆိုတဲ့ စေတနာလဲ အနိစ္စလား၊ ဒုက္ခလား၊ အနတ္တလားလို့ မေးပြန်တော့ သူကိုယ်တိုင်ပဲ ဒါလဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါပဲလို့ ဖြေတာပါပဲ (မှန်ပါ့ ဘုရား)။

စိတ်တွေကောကွာ အလုံးစုံ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါပဲဆိုတော့မှ ခုနင်က ငါးရာစလုံးပေါ့ဗျာ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်ပြီး သကာလ ခုနင်က ဒိဋ္ဌိတွေဖြုတ်လိုက်တော့မှ ခုနင်က လိုက်တဲ့ ဒိဋ္ဌိကပြုတ်သွားတာကိုး (မှန်ပါ့ ဘုရား)။

အကုန် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟောလိုက်တော့ မပြုတ်သေးဘူးလား (ပြုတ်ပါတယ်) ခုနင်က သူခိုင်တယ်လို့ ယူထားတာ ရသေးရဲ့လား (မရပါ ဘုရား)။

အဲဒီကျတော့မှ ခုနင်က ခေါင်းဆောင်ကတော့ နဂိုက ရဟန္တာဖြစ်ပြီးသားမို့ သူ့နောက်က လိုက်တဲ့ရဟန်း ငါးရာဟာ ဒီတရားနဲ့ ဒီကံကို အတ္တဒိဋ္ဌိဖြုတ်ပြီး ဟောလိုက်တော့မှ အနတ္တနဲ့ ဟောလိုက်တော့မှ ရဟန္တာဖြစ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကံအကြောင်း ယနေ့ ကောင်းကောင်းသိပလား (သိပါပြီ) လိုက်သလား မလိုက်ဘူးလား (မလိုက်ပါ) ဒီတွင်ချုပ်တာပဲ (မှန်ပါ့) နို့ အကျိုးမပေးဘူးလား၊ ပေးသလား (ပေးပါတယ်) ပေးတော့ ဘယ်လိုပေးသတုန်း မေးရင် ဘယ့်နှယ်ပြောမလဲ (အတူပေါ်ပါတယ်) အလားတူပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒီမှာ နာမ်ရုပ်ချုပ်ပြီး ဟိုမှာနာမ်ရုပ် အလားတူပေါ်တယ်၊ နိဗ္ဗာန်မရသေးရင် ဒါလဲ ထည့်ပေး (မှန်ပါ့ ဘုရား) နိဗ္ဗာန်ရရင်လဲ မပေါ်တော့ဘူးနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် လိုက်တယ်လို့ ယူလို့ရှိရင် သဿတဒိဋ္ဌိနော် (မှန်လှပါ ဘုရား)။

ဒိဋ္ဌိရှိနေရင် သောတာပန်တည်နိုင်ပါ့မလား

ဒါဖြင့် ရှေးနားတွေနဲ့ဆိုရင် ဦးဘသန်း သဿတဒိဋ္ဌိက များနေမှာပဲ (များပါတယ် ဘုရား) များရင်လဲ နိဗ္ဗာန် ရောက်ပါ့မလား (မရောက်ပါ ဘုရား) ဒိဋ္ဌိရှိနေရင် သောတာပန်တည်နိုင်ပါ့မလား (မတည်နိုင်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အလားတူပေါ်တာကိုသာ ဆိုတယ်နော် (မှန်ပါ့) ဒီက နာမ်ရုပ်လဲ ဒီမှာချုပ်တယ် (မှန်ပါ့) ဟိုမှာ နာမ်ရုပ်က ဘာပေါ်သတုန်း (အလားတူပေါ်ပါတယ် ဘုရား) ဒီက နာမ်ရုပ်က (ဒီမှာ ချုပ်ပါတယ် ဘုရား)။

အဲဒီတော့ အကြောင်း အကျိုးလောက် ဆက်တာတဲ့ လိုက်တာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲဒီတွင်မှ အားလုံး ရဟန္တာဖြစ်တယ်ဆိုတာကော အတ္တဒိဋ္ဌိပြုတ်လို့ဖြစ်တာ (မှန်ပါ့) အတ္တဒိဋ္ဌိမပြုတ်ရင် (မဖြစ်နိုင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒီနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။