ဉာဏ်အမြင် အနတ္တတွေ့ပါမှ အတ္တဒိဋ္ဌိပြုတ်မည့်အကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ဉာဏ်အမြင် အနတ္တတွေ့ပါမှ အတ္တဒိဋ္ဌိပြုတ်မည့်အကြောင်း
ညအလုပ်ပေးတရားတော်
(၁၈-၄-၆၂)
မပိုင်တာကြီးနဲ့၊ အတူတူနေရတာ
ဒကာ ဒကာမတွေ ဒီခန္ဓာကြီး ရနေတော့ ဒီခန္ဓာကြီးက အိုလိုက်၊ နာလိုက်၊ သေလိုက်၊ အိုလိုက်၊ နာလိုက်၊ သေလိုက်ဆိုတော့ သူ့ကို မအိုပါစေနဲ့ မနာပါစေနဲ့ မသေပါစေနဲ့လို့လည်း တောင့်တ ကြောင့်ကြလို့လည်း ဆုတောင်းက မပြည့်၊ မပြည့်တော့ မောင်နိုင်တို့က မှတ်ရမှာက ဪ မပိုင်တာကြီးနဲ့၊ အတူတူနေရတာကိုး (မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မယ် (မပိုင်တာကြီးနဲ့ အတူတူနေရပါမယ် ဘုရား)။
မပိုင်တာကြီးနဲ့ အတူတူနေရတော့ အိုတာလည်း တားလို့မရ၊ နာတာလည်း တားလို့မရ၊ ရောဂါဝေဒနာတွေ ပေါက်လာပြန်လည်း မဖြစ်ပါစေနဲ့လို့ ကိုပေါ်တို့ တားလို့ရပါ့မလား (မရပါ) ဘယ်လိုမူပြောလို့ဆိုလို့ (မရပါဘူး ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတို့ ဒီခန္ဓာကိုယ်ကြီးက ကိုယ့်အလို ကိုယ့်အကြိုက်ကို တစ်စက်မှ မလိုက်ဘူးဆိုတာ သေချာပလား (သေချာပါတယ် ဘုရား)။
ကိုယ့်အလို ကိုယ့်အကြိုက်ကို တစက်မှ မလိုက်တာ သေချာတယ်လို့ မှတ်ရမယ် (မှန်ပါ့)။
ဒီခန္ဓာကိုယ်ကြီး ကိုယ့်အလို ကိုယ့်အကြိုက် တစက်မှ မလိုက်သောကြောင့် ဒီခန္ဓာကိုယ်ကြီးဟာ အစိုးမရတဲ့ အနတ္တလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
အစိုးမရတဲ့ အနတ္တလို့ မှတ်ထားလိုက်တော့ကို ဒီအတိုင်းလည်း အိုမှု နာမှု သေမှု နဲ့တွေ့ရတယ် ထိုင်ရင်းမတ္တနဲ့ လည်း ကိုယ်ကမနာချင်ဘဲနဲ့ နာလို့တွေရ၊ တွေ့တော့ တွေ့တဲ့ဘက် ဆက်ပြီး သကာလ အနာလိုက်လာပြန်၊ အနာဖြစ်ပေါ် လာပြန်တော့ ပြောင်းရရွှေ့ရနဲ့ဆိုတော့ သူ့ကို ဘယ်လိုတောင့်တ ဘယ်လိုကြောင့်ကြ၊ ဘယ်လိုပြုစု၊ ဘယ်လိုယုယ ငြားသော်လည်း ကိုယ့်အလိုက် ကိုယ့်အကြိုက် ပါကြရဲ့လား (မပါ ပါဘူး ဘုရား)။
ငါးပါးစလုံး အနတ္တ
ဒါ့ကြောင့် ဒီခန္ဓာကိုယ် တကိုယ်လုံးထဲမှာ ခန္ဓာငါးပါး ရှိတယ်၊ ငါးပါးစလုံးကို ဒကာ ဒကာမတွေ အနတ္တလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။
ငါးပါးစလုံးဟာ ဘာတဲ့ (အနတ္တပါ ဘုရား) ငါးပါးစလုံး အနတ္တနော် (မှန်ပါ့)။
အဲဒီတော့ ဘုန်းကြီးက အသိ အနတ္တကို မလိုချင်ဘဲနဲ့ ဉာဏ်အမြင်အနတ္တကို ဦးဘရှင်းတို့ ရစေချင်တယ် (မှန်လှပါ ဘုရား)။
အသိအနတ္တလောက်တော့ စာကျက်ထားရင် ရတာပါပဲ (မှန်ပါ့ ဘုရား) ဉာဏ်အမြင်အနတ္တ မောင်နိုင် အရေးကြီး တယ် (မှန်ပါ့)။
ဒါ့ကြောင့် ဉာဏ်အမြင်အနတ္တ ပိုင်ကြလို့ရှိရင် သိပ်ကောင်းတယ် (မှန်ပါ့)။
ဉာဏ်အမြင်အနတ္တ ဆိုတဲ့ ဒီခန္ဓာကြီးထဲမှာ တပါးပါးကြည့်ရမယ်၊ သတိပဋ္ဌာန်လေးပါးရှိတယ် မောင်နိုင် (မှန်ပါ့ ဘုရား) ကာယာနုပဿနာသတိပဋ္ဌာန်ကြည့်လည်း အနတ္တတွေ့ရမယ် (မှန်လှပါ ဘုရား) ဝေဒနာနုပဿနာကြည့်လည်း (အနတ္တတွေ့ရမှာပါ ဘုရား) ဓမ္မာနုပဿနာကြည့်လည်း (အနတ္တတွေ့ရမှာပါ ဘုရား)။
အဲဒီ ဉာဏ်နဲ့ တွေ့တဲ့အနတ္တမှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေအား အတ္တဒိဋ္ဌိပြုတ်ပါတယ် (မှန်ပါ့)။
ဉာဏ်နဲ့ တွေ့တဲ့ အနတ္တရပါမှ
ဉာဏ်နဲ့ တွေ့တဲ့ အနတ္တရပါမှ (အတ္တဒိဋ္ဌိပြုတ်ပါတယ် ဘုရား) အတ္တဒိဋ္ဌိပြုတ်ပါတယ်။
အဲဒီတော့ အတ္တဒိဋ္ဌိဆိုတော့ ဒကာ ဒကာမတွေ သက္ကာယဒိဋ္ဌိဆိုတာပါ (မှန်ပါ့)။
အတ္တဒိဋ္ဌိဆိုတာ (သက္ကယဒိဋ္ဌိဆိုတာပါ ဘုရား)။
တော်တော်ကြာ စာထဲတွေ့တော့ အတ္တဒိဋ္ဌိက တမျိုးလားဟ၊ သက္ကာယဒိဋ္ဌိက တစ်မျိုးလားဟ လို့ လုပ်နေမှာ စိုးတဲ့အတွက် ဦးအောင်ဇံဝေတို့ ဦးဘသန်းတို့ အတူတူပဲလို့ မှတ် (မှန်ပါ့ ဘုရား)။
သက္ကာယဒိဋ္ဌိနဲ့ အတ္တဒိဋ္ဌိဟာ (အတူတူပါ ဘုရား) အတူတူပဲတဲ့။
အဲဒီတော့ ဒီခန္ဓာကြီးထဲမှာ အနတ္တမြင်မှ အတ္တဒိဋ္ဌိက ပြုတ်တယ်နော် (မှန်ပါ့) အနတ္တမြင်မှ အတ္တဒိဋ္ဌိက ပြုတ်တယ်လို့ဆိုတော့ ဪ ဒါဖြင့် အတ္တဒိဋ္ဌိပြုတ်ဖို့ရာ အနိစ္စလည်း အရေးကြီးတာပဲ၊ တစ်ခုမြင်မှ အကုန်မြင်ကြမှာ ချည်းပဲ (မှန်ပါ့)။
တစ်ခုမြင်မှ (အကုန်မြင်မှာပါ ဘုရား) အနိစ္စမြင်မှ ဒုက္ခ၊ အနတ္တမြင်တာပဲ၊ အနတ္တမြင်ပြန်တော့လည်း အနိစ္စနဲ့ ဒုက္ခအတွင်း ဝင်သွားတာ (မှန်ပါ့)။
အဲဒီလို မှတ်တားတော့ အခု ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးဟာ အကြမ်းဖျင်းပြောကြပါစို့ဆိုတော့ ခန္ဓာငါးပါး စလုံး အနတ္တပေါ့ဗျာ (မှန်ပါ့)။
သို့သော် ဒါက သညာအနတ္တဖြစ်ပြီး သကာလ ပညာအနတ္တဖြစ်ဖို့ရာ အရေးကြီးပြန်တော့လည်း ပညာအနတ္တ ဖြစ်ဖို့ဆိုတော့ ဉာဏ်နဲ့ ခန္ဓာနဲ့တည့်မှ ဖြစ်မယ် (မှန်ပါ့)။
ပညာ အနတ္တဖြစ်အောင် ဉာဏ်နဲ့ ခန္ဓာနဲ့တည့်မှ ဖြစ်ပါတယ် (မှန်ပါ့)။
ဉာဏ်နဲ့ ခန္ဓာနဲ့တည့်မှ ဖြစ်ပါတယ်
သေသေချာချာ မှတ်ပါ ပညာအနတ္တ ဖြစ်အောင် ဆိုတော့ ဘယ့်နှယ် တဲ့ (ဉာဏ်နဲ့ခန္ဓာနဲ့ တည့်ရပါမယ် ဘုရား) ဉာဏ်နဲ့ ခန္ဓာနဲ့တည့်ရမယ်၊ ဉာဏ်နဲ့ ခန္ဓာနဲ့တည့်မှ ဦးဘရှင်းတို့ ကိုပေါ်တို့ ဒါက အနတ္တအစစ် ရမယ်နော် (မှန်ပါ့) အဲဒါက ပညာအနတ္တဖြစ်ပါတယ်လို့ မှတ်ထားကြပါ (မှန်ပါ့)။
အဲဒီတော့ ဉာဏ်နဲ့ တည်တဲ့ခန္ဓာနဲ့ အဲဒီခန္ဓာက အနတ္တ၊ ဉာဏ်က မဂ္ဂသွားဖြစ်တယ် (မှန်ပါ့)။
ခန္တာက (အနတ္တပါ ဘုရား) ဉာဏ်က (မဂ္ဂပါ ဘုရား) ဪ ဒါဖြင့် ဘယ်ဟာမဆို အနိစ္စနဲ့မဂ္ဂနဲ့ ကိုက်ရင်အတူတူပဲ (မှန်ပါ့) ဒုက္ခနဲ့ မဂ္ဂကိုက်ရင်လည်း ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ (မှန်ပါ့) အနတ္တနဲ့ မဂ္ဂကိုက်ရင်လည်း (ပဋိစ္စသမုပ္ပါဒ်ပြတ်ပါ တယ် ဘုရား)။
ဪ ဒါ့ကြောင့် သုံးခုစလုံး နိဗ္ဗာန်ရောက်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ္ဂနဲ့သွားသွားကိုက်တာကိုး (မှန်ပါ့ ဘုရား) မဂ်ရဖို့သာ ဦအောင်ဇံဝေ လိုရင်းပါလား (မှန်ပါ့)။
အဲဒီတော့မှ မဂ်ကမှ သောတာပန်ဖြစ်နိုင်တော့ အနိစ္စမှ နိဗ္ဗာန်ရောက်တယ်မယူနဲ့၊ အနိစ္စရှုလိုက်လို့ ဉာဏ်က မြင်ပြန်လို့ ရှင်ရင်လည်း မဂ္ဂဖြစ်တာပဲ (မှန်ပါ့)။
ဒုက္ခကလေးတွေဖြစ်ပြီး ပျက်တဲ့ဒုက္ခကလေးတွေ မြင်လိုက်ပြန်လည်း ဒုက္ခသစ္စာနဲ့ မဂ္ဂနဲ့ ကိုက်ပြန်လည်း ပဋိစ္စသမုပ္ပါဒ် ပြတ်တာပဲ (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။
အနတ္တဆိုတဲ့ ရုပ်နာမ်ဓမ္မနဲ့ ကိုက်သ၍ ကာလပတ်လုံး တရားမှန်ချည့်မှတ် (မှန်ပါ့) နိဗ္ဗာန်မရောက်တဲ့တရား တစ်ခုမှ မရှိ (မှန်ပါ့)။
အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ သုံးမျိုးပြား ဟောထားပါလိမ့်
ဘယ့်နှယ်ကြောင့် ဘုရားက အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ သုံးမျိုးပြား ဟောထားပါလိမ့်မတုန်းလို့ မောင်နိုင်တို့က မေးလို့ရှိရင် တချို့က အနိစ္စလေ့လာပါများတဲ့ ပုဂ္ဂိုလ်ကျတော့ အနိစ္စနဲ့ သောတာပန်တည်အောင် ဟောလိုက်တယ် (မှန်ပါ့)။
တချို့ ဒုက္ခအလေ့အလာများတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုမြင့် ဒုက္ခနဲ့ ဟောလိုက်တယ် (မှန်ပါ့) သောတာပန်တည်တာဘဲ (မှန်ပါ့)။
တချို့အနတ္တအလေ့အလာများတဲ့ ပုဂ္ဂိုလ်ကျတော့ဘုရားက ဘာဟောမယ် (အနတ္တ ဟောပါတယ် ဘုရား)။
အနတ္တပဲ ဟောလိုက်တယ်၊ အနတ္တဟောလိုက်တော့ အနတ္တနဲ့ သူသည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဖြစ်တာပဲ (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် သူ့ထုံရာ ဝါသနာအလိုက် သုံးပါးပြောင်းနေတယ်လို့ မှတ်လိုက် (မှန်လှပါ ဘုရား) နိဗ္ဗာန်မဂ်ဖိုလ်မရတဲ့ တရားတော့ ဒီသုံးခု တစ်ခုမှ မရှိဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဘာအကိုးအကားထားပြီး ဆရာဘုန်းကြီး ဟောပါလိမ့်တုန်းလို့ မေးတဲ့အခါကျတော့ စိတ်ကလေးတွေ ရှုတဲ့အခါ လည်း ဖြစ်ပျက်မြင်တော့ ဖြစ်ပျက်က ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ဆိုတာသည် အနိစ္စလည်း ဖြစ်ပျက်၊ ဒုက္ခလည်း ဖြစ်ပျက်၊ အနတ္တလဲဖြစ်ပျက်၊ တသဘောတည်း (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အနိစ္စလည်း (ဖြစ်ပျက်ပါပဲ) ဒုက္ခလည်း (ဖြစ်ပျက်ပါ ဘုရား) အနတ္တလည်း (ဖြစ်ပျက်ပါပဲ ဘုရား)။
ဒီ ဖြစ်ပျက်ဟာ တသဘောတည်းပဲ၊ ဪ ဒီဖြစ်ပျက်ကို ငါအနိစ္စလို့ မှတ်မယ်ဆိုလို့သာ ငါဒုက္ခလို့ မှတ်မယ်ဆို လို့သာ ငါ- အနတ္တလို့ မှတ်မယ်ဆိုလို့သာ မှတ်တဲ့ ပုဂ္ဂိုလ်ကြောင့်သာ ပြားသွားတယ်၊ သူ့တို့ကတော့ဖြင့် အနိစ္စ၊ ဒုက္ခ အနတ္တ သုံးခု တပြိုင်နက် ပြတာပဲ (မှန်ပါ့)။
အနိစ္စဆိုတာ ကျုပ်ပါဘဲ
သူတို့ကတော့ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ သုံးခုတပြိုင်နက် ပြပါတယ် ဘုရား) တပြိုင်နက်ပြဘယ်၊ အနိစ္စဆိုတာ ကျုပ်ပါဘဲ၊ ဒုက္ခဆိုတာလဲ ကျုပ်ပါဘဲ ဖြစ်ပျက်ပါဘဲ၊ အနတ္တဆိုတာလဲ ကျုပ်ပါဘဲလို့ တပြိုင်နက်ပြတယ်နော်(မှန်ပါ့) ရှုတဲ့ပုဂ္ဂိုလ်ကြောင့် သုံးပါးပြားရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အကြောင်းကြောင့် ပြားတာလား အကျိုးကြောင့် ပြားတာလားလို့ မေးတဲ့အခါကျတော့ရှုသောပုဂ္ဂိုလ်က အကျိုးဖြစ်နေလို့ အကျိုးကြောင့် ပြားတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါကလေးတွေကိုလဲ သေသေချာချာမှတ်၊ တချို့တရားတစောင်းကို ဟောနေတာရှိသေးတယ်၊ အနိစ္စ,ဒုက္ခဟာ နိဗ္ဗာန်မရဘူး၊ အနတ္တမှ ရတယ်လို့ ဟောနေကြတယ် မစုံပြီဆိုမှဖြင့်နော် (မှန်ပါ့)။
စင်စစ်တော့ မောင်နိုင်တို့အားလုံး တရားတပွဲလုံးကမှတ်ပါ၊ ဖြစ်ပျက်နဲ့မဂ်နဲ့ ကိုက်လို့ရှိရင် အနိစ္စထင်လဲ ရောက်မှာဘဲ (မှန်ပါ့) ဒုက္ခထင်လဲ (ရောက်ရမှာပါ ဘုရား) ဘာဖြစ်လို့တုံး မဂ်ပေါ်တာချည့်ပဲကိုး (မှန်ပါ့) အနတ္တထင်လဲ (ရောက်မှာပါ ဘုရား)။
အဲဒီတော့ အနိစ္စ, ဒုက္ခ, အနတ္တကြောင့် ဒကာ ဒကာမတွေ ပုဂ္ဂိုလ်ပြားတာလားဆိုတော့ ဪ ယောဂီပုဂ္ဂိုလ်၏ ဉာဏ်က အလေ့အလာတွေ လိုက်ပြီး ပြားသွားတာ (မှန်ပါ့) အနိစ္စအလေ့အလာများတဲ့ ပုဂ္ဂိုလ်ဟာ အနိစ္စထင်ပြီး မဂ်ဝင် တယ် (မှန်ပါ့)။
ဒုက္ခအလေ့အလာများတဲ့ ပုဂ္ဂိုလ်ဟာ ဒုက္ခထင်ပြီး မဂ်ဝင်တယ် (မှန်ပါ့) အနတ္တအလေ့အလာများတဲ့ ပုဂ္ဂိုလ်က (အနတ္တထင်ပြီး မဂ်ဝင်ပါတယ်) အနတ္တထင်ပြီး မဂ်ဝင်လာတော့ ဪ ဒါကတော့ဖြင့် ပုဂ္ဂိုလ်အလိုက် ပြားတာဘဲ၊ စင်စစ်ကဖြင့် ဒါ့ကြောင့် ဒို့ဆရာဘုန်းကြီးဟောနေတာ ဥဒယဝယကို ဟောနေတယ်- ဥပ္ပါဒနဲ့ ဝယ,ကိုဘဲ ဟောနေတယ်၊ ဖြစ်ပျက်တလုံးမြင်ရင် အကုန်ပိုင်တယ်ကွလို့ ဆိုတာပါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဖြစ်ပျက်တလုံးမြင်ရင် (အကုန်ပိုင်ပါတယ် ဘုရား) မဂ်ရတာချည့်ဘဲလို့ ဦးဘသန်းတို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်တစ်လုံးမြင်ရင် မဂ်ရတာချည့်
ဖြစ်ပျက်တစ်လုံးမြင်ရင် (မဂ်ရတာချည့်ပါ ဘုရား) မဂ်ရတာချည့်ဘဲ၊ လောကီမဂ်ရရင် လောကုတ္တရာ မဂ်ရတာ ချည့်ဘဲ၊ လောကီမဂ်မူ မရသေးလို့ရှိရင် လောကုတ္တရာမဂ် မရသေးဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့်ဒီဒကာ ဒကာမတွေ ဒီနေ့ပြောလိုတာကတော့ အနတ္တကို ဦးစီးပြီး သကာလ အဓိကထားပြီး ပြောလို ပါတယ် (မှန်ပါ့)။
အဲဒီတော့ အနတ္တဆိုတာလဲ ဦးအောင်ဇဝေတို့ ဦးဘသန်းတို့က တခြားမှတ်မနေနဲ့၊ ဪ ဒို့ရှုနေတဲ့ ဖြစ်ပျက် ဆိုတာကိုး (မှန်ပ့ါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒို့ရှုနေတဲ့ဖြစ်ပျက်ဟာ ဘာပါလိမ့် (အနတ္တပါ ဘုရား) ဖြစ်ပျက်ဟာ အနတ္တဘဲဆိုတာ သေချာပလား (သေချာ ပါပြီ)။
ဘယ့်နှယ်ကြောင့် အနတ္တတုန်းလို့ မေးတဲ့အခါကျတော့မှဖြစ်တာလဲ ကိုယ့်သဘောမဟုတ်ဘူး (မှန်ပါ့) ပျက်တာလဲ ကိုယ့်သဘောမဟုတ်ဘူး (မှန်ပါ့) အင်း တရားသဘောဘဲ (မှန်ပါ့ ဘုရား)။
ဖြစ်တာလဲကိုယ့်သဘောမဟုတ်၊ ပျက်တာလဲ (ကိုယ့်သဘောမဟုတ်ပါ) ဘယ်သူ့သဘောပါလိမ့် (တရားသဘော ပါ ဘုရား)။
ဪ ဒါဖြင့်ဒါဟာ တရားသဘောအတိုင်း ဖြစ်နေတဲ့အတွက် တရားသဘောအတိုင်းသာလျှင် ဉာဏ်ကကြည့်ပြီး သကာလ တရားသဘောအတိုင်း ဖြစ်နေတာကို ငါဝင်မရှုပ်ရင် ဒါဟာအနတ္တဖြစ်သွားတာဘဲ (မှန်ပါ့ ဘုရား)။
တရားသဘောအတိုင်း ဖြစ်နေတာကို ငါဝင်မရှုပ်ရင် (အနတ္တဖြစ်သွားပါတယ် ဘုရား)။
ငါဘာဖြစ်ပါလိမ့်မတုန်းလို့ သွားလုပ်မနေနဲ့
ငါဘာဖြစ်ပါလိမ့်မတုန်းလို့ သွားလုပ်မနေနဲ့ (မှန်ပါ့) ဖြစ်နေတာကလေးဟာလဲ ငါလို့သွားမစွဲလိုက်နဲ့ (မှန်ပါ့) ငါဖြစ်ပြီ ငါပျက်ပြီလို့သွားမလုပ်နဲ့၊ မရှုပ်ဘဲနေရင် အနတ္တရှုပ်ရင် အတ္တ (မှန်ပါ့ ဘုရား)။
မရှုပ်ပဲနေရင် (အနတ္တပါ) ရှုပ်ရင် (အတ္တပါ ဘုရား) ဒါကလေးဟာ ဦးဘရှင်းမှတ်စမ်းပါ (မှန်ပါ) ဪ ငါတို့သည် အောက်ဆုံးဖြစ်တဲ့ သောတာပတ္တိမဂ်ကလေးတောင်မှ ငါတို့မရတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲလို့ မေးတော့မှ ဪ ဖြစ်မှုထဲလဲ ငါဝင်ရှုပ်လို့ (မှန်ပါ့) ပျက်မှုထဲလဲ (ငါဝင်ရှုပ်လို့ပါ ဘုရား)။
ကိုမြင့် မရှုပ်ကောင်းတဲ့နေရာ သွားရှုပ်တယ် (မှန်ပါ့) ဓမ္မသဘောဖြစ်နေတဲ့ဥစ္စာ ဓမ္မသဘောထဲမှာငါ့သဘော ဝင်သွားလို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဓမ္မသဘောထဲမှာ (ငါ့သဘောဝင်သွားလို့ပါ ဘုရား) ကြပ်ကြပ်နားထောင်စမ်းပါ ဒီအရေးဟာက အလွန်ကြီးတဲ့ အရေးဆိုတာကို ခင်ဗျားတို့ သေသေချာချာမှတ်ပါ၊ ဓမ္မသဘောထဲ ငါနှောနေတယ် (မှန်ပါ့ ဘုရား)။
ဓမ္မသဘောထဲမှာ (ငါနှောနေပါတယ်) ငါနှောနေလို့ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိရှိပြီ (မှန်ပါ့) ငါမနှောလို့ ရှိရင်ဖြင့် သက္ကာယဒိဋ္ဌိပြုတ်တယ် (မှန်ပါ့ ဘုရား)။
ငါနှောလို့ရှိယင် (သက္ကာယဒိဋ္ဌိရှိပါတယ်) ငါမနှောလို့ရှိရင် (သက္ကာယဒိဋ္ဌိပြုတ်ပါတယ်) သက္ကာယဒိဋ္ဌိပြုတ်တယ်။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေဆိုတဲ့ သောတာပတ္တိမဂ် ကလေးလောက် တောင်မှ မရကြဘဲနဲ့ ဒီလိုဘဲအပါယ်လေးပါး မိတ်ဆွေလုပ်ပြီး သကာလ နေကြရတဲ့ အဖြစ်ဟာ ဓမ္မသဘောထဲ ငါနှောနေ လို့ကိုး (မှန်ပါ့) ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား) ဓမ္မသဘောထဲ ငါရောနေတယ်, ငါနှောနေတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဓမ္မသဘောထဲ (ငါနှောြ့ပီး ငါရောနေပါတယ် ဘုရား) ဒါကိုမောင်နိုင်တို့က ဆရာကောင်းသမားကောင်းမတွေ့တဲ့ အခါကျတော့ စိတ်ကလေးတစ်ခုပေါ်လာတယ်၊ ဟာငါဘာဖြစ်ပြန်ပါလိမ့် (မှန်ပါ့ ဘုရား)။
စိတ်ကလေးပျက်သွားကော (ငါဘာဖြစ်ပြန်ပါလိမ့်) ငါဘာဖြစ်ပြန်ပါလိမ့်မတုန်းဆိုတော့ ဓမ္မသဘော အတိုင်းဖြစ် နေတာ ငါဝင်ပြီးရောလိုက်တဲ့အတွက် သက္ကာယဒိဋ္ဌိ သွားဖြစ်တယ် (မှန်ပါ့) ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား)။
ဓမ္မသဘောထဲ ငါမရောဘို့
ဪ ဒါဖြင့် ဓမ္မသဘောထဲ ငါမရောဘို့ အရေးဟာက အနတ္တပိုင်ဖို့အရေး (မှန်ပါ့ ဘုရား)။
ဓမ္မသဘောထဲ ငါမရောဘို့ အရေးဟာက (အနတ္တပိုင်ဖို့အရေးပါ) အနတ္တပိုင်ဖို့ အရေးလို့ဆိုတာ ဦးအောင်ဇံ ဝေတို့၊ ဦးဘသန်းတို့ သေသေချာချာမှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) နောက်က ဒကာ ဒကာမတွေကော (ရှင်းပါပြီ ဘုရား)။
နားကြီးကြီးနဲ့ထောင်ပေးပါ၊ သမာဓိရှိရှိနဲ့ ထောင်ပေးလိုက်ပါ၊ ကြားရခဲလို့ ဦးဘရှင်းပြောနေတယ် (မှန်ပါ) ဒီတလုံးပိုင်ရင် သောတာပန်တည်တော့မယ် (မှန်ပါ့) အဲဒီတော့ ဦးညိုကြီးအထူးဂရုစိုက်ရလိမ့်မယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဓမ္မသဘောထဲ ဘာမရောဘို့ အရေးကြီးပါလိမ့် (ငါမရောဘို့ အရေးကြီးပါတယ် ဘုရား)။
တော်တော်ကြာ ဝေဒနာကလေးပေါ်လာတယ်၊ ဒကာ ဒကာမတွေက ငါနာပြန်ပြီဆိုတော့ ဓမ္မဖြစ်နေတဲ့အထဲ ငါသွားရောတယ် (မှန်ပါ့) ဝေဒနာကလေးက ပျက်သွားပြန်တော့ ငါပျက်သွားပြီဆိုပြန်တော့လဲ ပျက်တဲ့အထဲ ငါသွား ရောတယ် (မှန်ပါ့) ဘယ့်နှယ်တုန်း ခင်ဗျားတို့ဟာ ဓမ္မသဘောထဲ ငါချည့်သွားရောတယ် (မှန်ပါ့ ဘုရား)။
ဝေဒနာထဲ ဘာသွား ရောသတုန်း
ဦးအောင်ဇံဝေ သေသေချာချာမှတ်ပါ၊ နာလာပြန်တော့ ငါဘာဖြစ်ပြန်ပါလိမ့်မတုန်း ဆိုတော့ ဝေဒနာထဲ ဘာသွား ရောသတုန်း (ငါသွားရောပါတယ် ဘုရား)။
ဒီနာတာကလေး ပျောက်သွားပြန်တဲ့အခါကတော့ ဝေဒနာပျောက်တာကို ငါပျောက်ပြီဆိုပြီး ပျက်တဲ့အထဲလဲ ငါဝင်ရောပြန်တယ် (ရောပါတယ် ဘုရား)။
ဪ ဒါ့ကြောင့် ခင်ဗျားတို့ဟာက ဓမ္မသဘောထဲငါဝင်ရောနေလို့ သောတာပန်မတည်တာ (မှန်ပါ့ ဘုရား)။
ကိုမြင် ဘာတဲ့ဗျာ (ဓမ္မသဘောထဲ ငါဝင်ရောနေလို့ သောတာပန်မတည်တာပါ ဘုရား)။
အင်း သုခဝေဒနာကလေးဖြစ်ပြန်လဲ ငါကောင်းစားပြန်ပြီတဲ့ (မှန်ပါ့) ဓမ္မထဲမောင်အောင်သိန်း ရောပြန်ပြီ (မှန်ပါ့) သုခဝေဒနာကလေး ပျောက်သွားပြန်တော့လဲ ငါဆင်းရဲပြန်ပြီတဲ့၊ ဓမ္မထဲဘာဝင်ရောနေသလဲ (ငါဝင်ရောနေ ပါတယ် ဘုရား)။
ဟာ ဒကာ ဒကာမတွေက ရှေးကကုလားကျောက်ဝယ်သလိုဖြစ်နေပြီကွ မောင်နိုင် (မှန်ပါ့) ကုလားကျောက်တည့် တော့ ဘဖြစ်သတုန်း ရောပစ်လိုက်တယ်၊ ရိပ်မိပလား (မှန်ပါ့) ကုလားကျောက်တည့်တော့ ဦးဘရှင်း ဘာလုပ်ပစ်လိုက် သလဲ (ရောပါတယ် ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ဟာက တယ်အရောက ဝါသနာပါတာကိုး (မှန်ပါ့) တယ်ရောတာ ဝါသနာ ပါတော့ကို ဪ ငါတို့ရောပြစ်သင့်နေတာဟ (မှန်ပါ့ ဘုရား)။
သောတာပန် မတည်တာဟာ (ရောပြစ်သင့်နေတာပါ) မပု ဘာအပြစ်သင့်နေသလဲ (ရောပြစ် သင့်နေပါတယ် ဘုရား)။
ခင်ဗျားတို့ဟာက ပါးစပ်က ထွက်လာတာနဲ့ ဟိုဓမ္မကဖြစ်နေတာနဲ့ဟာ ကျုပ်ဝမ်းသာလိုက်တာဆိုတော့ ဟော သောမနဿဝေဒနာထဲ ကျုပ်သွားရောပစ်တယ် (မှန်ပါ့) ကျုပ်ဝမ်းနည်းလိုက်တာဆိုတော့ ဒေါမနဿထဲ ကျုပ်သွားရော တယ် (မှန်ပါ) မရောဘူးလား (ရောပါတယ်) ကိုပေါ်၊ ဦးဘရှင်းတို့ (ရောပါတယ် ဘုရား)။
ဒါ ခင်ဗျားတို့ဟာက အကျင့်ထုံးစံဝါသနာကြီးဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဓမ္မသဘောကတော့ သူ့ဟာသူသောမနဿဖြစ်တယ်၊ သောမနဿချုပ်တယ်၊ ကြည့်နေဘို့ပါ၊ ငါမရောပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် သောတာပန်မတည်တာပါလိမ့်
ဦးညိုကြီး အရောဝါသနာပါသလား (မပါ-ပါ) မပါဘူးမပြောနဲ့ ခင်ဗျားသာဆိုးသေးတယ် (မှန်ပါ့) ဒီရောနေလို့ သောတာပန်မတည်တာ (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် သောတာပန်မတည်တာပါလိမ့် (ငါရောနေလို့ သောတာပန် မတည်တာပါ ဘုရား) ဓမ္မသဘောထဲ ငါရောနေလို့ (မှန်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဓမ္မသဘောထဲ ငါရောနေတော့ တော်တော်ကြာကျတော့ ငါရောရုံတွင်မကဘူး၊ မောင်နိုင် တက်လာတယ် (မှန်ပါ့) ငါရောရုံတွင် မကဘူးတဲ့၊ ဥပမာမယ် သုခဝေဒနာကလေးဖြစ်တော့ ဟာနေကောင်းပြီဆိုတော့ သုခဝေဒနာနဲ့ ငါနဲ့ရောသွားတယ် (မှန်ပါ့ ဘုရား)။
ဦးဘအုန်းကြီး ရောပစ်လိုက်တယ် (မှန်ပါ) မရောဘူးလား (ရောပါတယ် ဘုရား) ခင်ဗျားလဲ အရောဝါသနာပါ တဲ့အထဲက ပါဦးမှာပါပဲ၊ အတော်ခက်နေပြီ။
ဒါ့ကြောင့် သုခဝေဒနာကလေး ပျောက်သွားတဲ့အခါကျလို့ရှိရင် ငါသည်ကားလို့ ဆိုလို့ရှိရင် ဘာဖြစ်ပါလိမ့်မတုန်း ဖြစ်သွားတယ် (မှန်ပါ့) ပျောက်တဲ့အထဲ ရောပြန်ပြီ (မှန်ပါ့ ဘုရား)။
ကိုမြင့် (ပျောက်တဲ့အထဲ ရောပါတယ် ဘုရား) ပျောက်တဲ့အထဲရောတာ ခင်ဗျားတို့က ဆရာကောင်း, သမား ကောင်းတွေနဲ့လဲမတွေ့၊ ဓမ္မသဘောတွေ ပေါလောကြီးပေါ်လာအောင်က ပြောမည့်လူကမရှိ၊ ထုံးစံကို တခါကြည့် တော့လဲ မိဘရိုးရာက ဒါတွေကို အရောသင်ထားပြန်ဆိုတော့ နောက်က ဒကာ ဒကာမတွေ မရောရရင်လဲ ခင်ဗျားတို့က မကျေနပ်တဲ့သဘောတွေ ဖြစ်နေတော့ မရောရရင် မကျေနပ်တဲ့ သဘောတွေကို ဘုန်းကြီး ရှင်းရှင်းပြောပါ့မယ်၊ ရောလိုက်တော့ သက္ကာယဒိဋ္ဌိဝင်သွားတယ် (မှန်ပါ့)။
ဝေဒနာကို ငါထင်တဲ့အတွက်
ဝေဒနာကို ငါထင်တဲ့အတွက် သက္ကာယဒိဋ္ဌိမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ ‘ဝေဒနံ အတ္တတော သမနုပဿတိ’ မလာဘူးလား (လာပါတယ်) စိတ်ကလေးကို ရောလို့ရှိရင်လဲ ‘ဝိညာဏ’ အတ္တတော သမနုပဿတိ’ ဝိညာဏံ=ဝိညာဏ်ကို၊ အတ္တတော=ငါဟူ၍၊ သမနုပဿတိ=ရှု၏တဲ့၊ မပုကဲ ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား) ဒါရောပစ်လိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတွေ ရောကောင်းမရောကောင်း (မရောကောင်းပါ ဘုရား)။
သို့သော် ရောပြစ်ကလေးတော့ ကိုပေါ် ပြောပါရစေ (မှန်ပ့ါ) ရောပြစ်ကလေး ပြောပါရစေ၊ ဟေ့မောင်ထွန်း အောင် တို့သေသေချာချာနားထောင်ကွ (မှန်ပါ့)။
ဝေဒနာမှာငါသွားရောလိုက်တယ်၊ ရောလိုက်တဲ့အခါကျတော့ သက္ကာယဒိဋ္ဌိ သွားရောလိုက်တာကိုး မောင်နိုင်ရ (မှန်ပါ့ ဘုရား)။
ရောလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ချမ်းသာတာကလေးဟာ ငါပဲလို့ဆိုတော့ သုခဝေဒနာကလေးကို ငါနဲ့သွား မရောလိုက်ဘူးလား (ရောလိုက်ပါတယ် ဘုရား)။
ဦးအောင်ဇံဝေ သုခဝေဒနာကို (ငါနဲ့သွားရောပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒီဝေဒနာကလေးကြောင့် ဝေဒနာနဲ့ငါနဲ့သွားရောတော့ သက္ကာယဒိဋ္ဌိ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒိဋ္ဌိဖြစ်တော့ ပဋိစ္စသမုပ္ပါဒ်ဆက်လိုက်တော့ ကိုပေါ်ဒိဋ္ဌိကတဏှာပဲ မဟုတ်လား (မှန်ပါ့) ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်ဘက် လှည့်မယ်နော် (မှန်ပါ့)။
ဒိဋ္ဌိပြီးတော့ ဘာလာမယ် (ဥပါဒါန်လာပါတယ်) ဒိဋ္ဌုပါဒါန်မလာဘူးလား (လာပါတယ်) ဥပါဒါနပစ္စယာ (ကမ္မဘဝေါ) ကမ္မဘဝပစ္စယော (ဇာတိပါ) ဒီဇာတိကို ရိုးရိုးမဆိုနဲ့ ရောတဲ့ဇာတိဖြစ်သောကြောင့် အပါယ်ဇာတို (မှန်ပါ)။
အပါယ် ရောက်သွားတယ်
ဘယ့်နှယ်ဆိုကြမလဲ (အပါယ်ဇာတိပါ) ကဲ ခင်ဗျားတို့က ဪ အခြားသော ဆရာတော်ဟောတော့ တခြား သောပုဂ္ဂိုလ်တွေပြောတာဟာ ရောတာဟာကွာ မကောင်းဘူးလောက်ပြောတယ်၊ အခုဟာကမကောင်းတာက အပါယ် ရောက်သွားတယ် (ရောက်ပါတယ် ဘုရား)။
ဒါကြောင့် ဒိဋ္ဌိကအပါယ်ချပါတယ်ဆိုတာ မောင်နိုင်ပေါ်ပလား (ပေါ်ပါပြီ) ဒိဋ္ဌိကအပါယ်ချတာကိုး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ရောချက်ဟာ သေးသလား။ ကြီးသလား အကဲခတ်ကြည့် (ကြီးပါတယ် ဘုရား)
ကဲ ချမ်းသာတာကလေးဟာ အိုကျုပ်ဖြင့်ချမ်းသာလိုက်တာ၊ ရောပါလား မောင်နိုင် (ရောပါပြီ) ချမ်းသာတာနဲ့ ငါနဲ့ဘယ့်နှယ်နေသလဲ (ရောသွားပါတယ်) ရောတော့ ဒိဋ္ဌိမဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
ချမ်းသာတာကို ငါလုပ်ပစ်လိုက်ပြီ (မှန်ပါ့) ဒိဋ္ဌိဖြစ်တော့ကို ဒိဋ္ဌုပါဒါန်လာရမှာလား၊ မလာရဘူးလား (လာရမှာပါ) ဥပါဒါနပစ္စယော (ကမ္မဘဝေါပါ) ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား) ရိုးရိုးမဆိုနဲ့ ကိုပေါ်ရဒိဋ္ဌိကလာတာ အပါယ်ဇာတိ (မှန်ပါ့)။
ကမ္မဘဝပစ္စယာ (အပါယ်ဇာတိပါ) သဘောကျလား (မှန်ပါ့) ကဲ ဒကာ ဒကာမတို့ ဒိဋ္ဌိက အပါယ်ချတယ် ဆိုတာ ယုံကြည်ကြပလား (ယုံကြည်ပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ကလည်း အရောဝါသနာပါပါနဲ့ ဒိဋ္ဌိကလည်း အပါယ်ကို တကယ်ချတတ်တာနဲ့ တော့ဖြင့် မောင်နိုင် တွေ့ကြပေါ့ (မှန်ပါ့) ဒကာ ဒကာမတွေ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
နားကြီးကြီးနဲ့ ထောင်စမ်းပါ
နားကြီးကြီးနဲ့ ထောင်စမ်းပါ၊ ဦးအောင်ဇံဝေ သတိပေးရတယ် (မှန်ပါ့) သာမညဆိုတော့ ဪ သက္ကာယဒိဋ္ဌိ ဖြစ်တာ မကောင်းဘူးလောက်သာ မှတ်နေတယ်၊ မကောင်းရုံတွင်လားကိုမြင့် အပါယ်ရောက်သွားတာလား (အပါယ် ရောက်သွားတာပါ ဘုရား)
ဒီပဋိစ္စသမုပ္ပါဒ်က မောင်နိုင်ပဲစဉ်းစားကြည့်၊ နောက်က ဒကာ ဒကာမတွေဘဲ စဉ်းစားကြည့်၊ ဖြတ်လို့ရသေးသ လား (မရပါ) ငါဆိုတဲ့ ဒိဋ္ဌိဝင်လာလို့ရှိရင်ဖြင့်စွဲလမ်းတဲ့ဥပါဒါန်မလာပေးဘူးလား (လာပါတယ်) စွဲလမ်းတဲ့ဥပါဒါန်လာရင် ဦးဘရှင်း ကံကလိုက်မှာလား၊ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ရွတ်ကြည့်ပါ ခင်ဗျားတို့ ပါဋ္ဌိကို၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)ဟော မလာဘဲ နေရသလား၊ လာရသလား (လာရပါတယ်) ကမ္မဘဝပစ္စယော အပါယ်ဇာတိကော မလာဘူးလား လာမလား (လာမှာပါ ဘုရား)။
ဒါဘာပြစ်သင့်တာတုန်းလို့ ဦးဘအုန်းကြီး မေးရင်ဘယ့်နှယ်ဖြေမလဲ (ရောပြစ်သင့်တာပါ ဘုရား)။
ဪ ခင်ဗျားတို့ ဒီလိုဆရာကောင်း, သမားကောင်းနဲ့ ပြောပေးမည့်သူ ခလေးဆုံးမ,သလို ဆရာသမားက ဆုံးမ,မပေးလို့ရှိရင်ဖြင့် တရောထဲ ရောနေကြမှာဘဲ (မှန်ပါ့)။
မောင်နိုင် ဘယ့်နှယ်ဆိုမလဲ (တရောထဲ ရောနေမှာပါ) ဦဘသန်းကြီးဘယ့်နှယ်ဆိုမလဲ (တရောထဲ ရောနေမှာပါ) တရောထဲ ရောနေမှာပဲ၊ နောက်က တကာတကာမတွေကော ဘယ်လိုများ ထင်ကြသတုံး (တရောထဲ ရောနေမှာပါ ဘုရား)။
ရောနေတဲ့အပြစ်ဟာ
ဒါဖြင့်တရောထဲ ရောနေတဲ့အပြစ်ဟာ ခင်ဗျားတို့ “ပမတ္တဿနာမစတ္တာရော အပါယာ သကဂေသဒိသာ” ပမတ္တဿနာမ=မရောပါနဲ့ဆိုတာမေ့မေ့ပြီး ရောတဲ့ပုဂ္ဂိုလ်အား၊ စတ္တာရောအပါယာ = အပါယ်လေးဘုံတို့သည်၊ သကဂေဟသဒိသာ=မိမိနေရာ အိမ်ဂေဟာကြီးနှင့်တူလှကုန်၏၊ မရောနဲ့ဆိုတာကို သွားရောလို့ရှိရင် အပါယ်လေးပါးဟာ ခင်ဗျားတို့အိမ် ဖြစ်သွားပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မရောနဲ့ဆိုတာ ရောလိုက်ရင် (အပါယ်လေးပါးဟာ မိမိတို့အိမ်ဖြစ်သွားပါတယ် ဘုရား)။
မောင်နိုင်ဒီနေ့တရား သိပ်အဖိုးတန်ပါလား (မှန်ပါ့) နောက်ကလည်းတန်ခဲ့ပါတယ်၊ တန်ပင် တန်ငြားသော်လည်း ဒီနေ့ဥစ္စာမှာ ဒိဋ္ဌိနဲ့ပတ်သက်ပြီး သကာလ ပိုပြီးတန်ပြန်တယ်ဆိုတာ သေသေချာချာမှတ်ကြစမ်းပါ (မှန်ပါ့)။
ကဲ ဒီဥစ္စာခင်ဗျားတို့ သူများပစ္စည်းခိုးလို့အပါယ်ရောက်ရတာလား သီလပျက်လို့အပါယ်ရောက်ရတာလား ဟုတ်လား၊ ဘယ့်နှယ်ကြောင့် ရောက်ရပါလိမ့်မတုန်းဆိုတော့ ဘာဝနာပျက်လို့ရောက်ရတာ (မှန်ပါ့ ဘုရား)။
ကိုင်း ဘယ့်နှယ်ကြောင့်တုန်း (ဘာဝနာပျက်လို့ ရောက်ရတာပါ ဘုရား)။
သီလပျက်လို့လဲ ရောက်တာမဟုတ်ဘူးကွ (မှန်ပါ့) သမာဓိပျက်လို့လဲရောက်တာမဟုတ်ပါဘူး (မှန်ပါ့) ဘာဝနာ ပျက်သွားလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် (ဘာဝနာပျက်သွားလို့ ရောက်ရတာပါ ဘုရား)။
ဘာဝနာပျက်လို့ အပါယ်ရောက်
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ခဏခဏလည်း သတိပေးလိုက်ပါတယ်၊ ကျုပ်တို့တော့ ရှစ်သီတင်း -ကိုးသီတင်းတော့ သေချာပါတယ်၊ အပါယ်စိတ်ချရပြီတဲ့၊ ဟိုမှာ ဘာဝနာပျက်လို့ အပါယ်ရောက်တာတော့ သူသိမှ မသိဘဲ (မှန်ပါ့ ဘုရား) သူ့သီလကလေးကို သူအသားယူပြောနေတယ် (မှန်ပါ့ ဘုရား)။
တခါလှူဒါန်း, ပေးကမ်းထားတာကလေးတွေလည်း ကိုပေါ်တို့ လူစု ဦးဘရှင်းတို့က အသားယူချင်နေတာ (မှန်ပါ့) ဘာဝနာပျက်တာ ထည့်မိရဲ့လား (မထည့်မိပါ ဘုရား)။
အခုပဋိစ္စသမုပ္ပါဒ်နဲ့ သေသေချာချာကြည့်လိုက်တော့ ဘာဝနာပျက်လို့ ကြည့်စမ်း သွားရောလိုက်တဲ့အတွက် မပု အပါယ်ရောက်သွားတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ဒါဘာပျက်တာတုန်း (ဘာဝနာပျက်တာပါ ဘုရား)။
သီလလည်းမပျက်ပေါင်ဗျာ၊ သမထလည်း (မပျက်ပါ ဘုရား) ဘာဖြစ်သတုန်း (ဘာဝနာပျက်ပါတယ် ဘုရား) အဲဘာဝနာ ပညာပျက်သွားတယ် (မှန်ပါ့ ဘုရား) ရှင်းပလား- (ရှင်းပါပြီ ဘုရား)။
ပညာဆိုတာ ဘာဝနာကိုဆိုပါတယ်
ပညာပျက်သွားတော့ ပညာဆိုတာ ဘာဝနာကိုဆိုပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဦးဘရှင်း ဘာပျက်သွားသတုန်း (ဘာဝနာပျက်သွားပါတယ် ဘုရား) ဘာဝနာ ပျက်သွားတယ် (မှန်ပါ့)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း ဖော်ပြောနေရတာကလည်း ခဏခဏ၊ မဖော်လို့ရှိပြန်လည်း ကိုယ့်အားကိုးတာ ကလေးဟာ တကယ့်အခိုင်အမြဲထင်ပြီး သကာလ အားကိုးချင်ကိုးပစ်လိုက်တာ (မှန်ပါ့)။
တပည့်တော်တို့မပြုဖူးတဲ့ဒါန ဘယ်မှာရှိမတုန်း၊ ရေတွင်း, ရေကန်, ကျောင်း, ကန်, ဘုရားဆိုတာ စုံနေတာဘဲ (မှန်ပါ့) ကျုပ်တို့တော့ သေရင် ဘာပူစရာရှိသတုန်း (မှန်ပါ့) ငါရောတာတော့ မသိလိုက်ဘူး (မှန်ပါ့) သိလိုက်ကဲ့လား (မသိလိုက်ပါ ဘုရား)။
ကျုပ်တို့တော့ ငယ်ငယ်ကတည်းက ဝါသနာလည်းပါ ပါတယ်၊ အမေမိဘတွေအထုံနဲ့ ငါးပါးအိမ်မှာ လုံပါတယ်၊ ရှစ်ပါးဆိုတာတော့ တလရှစ်သီတင်းလောက်, လေးသီတင်းဆိုတာတော့ မပျက်ပါဘူး၊ အဲဒီတော့ ကျုပ်တို့တော့ဖြင့် သေပျော်ပြီလို့ မပုတို့ ဆိုချင်လည်း ဆိုလိုက်မယ် (မှန်ပါ့) မဆိုပေဘူးလား (ဆိုပါတယ် ဘုရား)။
ဟုတ်ကဲ့လားလို့မြေးပြန်တော့ ဘယ့်နှယ်ဖြေကြပါ့မလည်း (မဟုတ်သေးပါ ဘုရား) အပါယ်လွတ်ပလား (မလွတ်ပါ) ဘာပျက်နေသတုန်း (ဘာဝနာပျက်နေပါတယ် ဘုရား) ပညာဘာဝနာပျက်သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ့်နှယ်ဗျာ ဒကာ ဒကာမတွေ တိဿရဟန်းကြီးဟာ ဘုရားနဲ့ ဇေတဝန်ကျောင်းမှာနေပြီး သီလလုံလိုက်တာ လွန်လို့၊ ကျောင်းတော်ပေါ်မှာ အတူတူနေတာ (မှန်ပါ့) ဖျက်ကနဲ ဘဝနာပျက်လိုက်တာ သန်းကြီးသွားဖြစ်တယ် (မှန်ပါ့ ဘုရား) ဘဝနာပျက်တာနဲ့ ဘာဖြစ်သွားသတုန်း (သန်းကြီးသွားဖြစ်ပါတယ် ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
သေချာပြီနော် အဲဒါကြောင့် ဝတ္တုသက်သေသာဓကတွေထုတ်နေလို့ ရှိရင်ဖြင့် တရားသားကြီး နည်းသွားမှာ စိုးလို့မထုတ်တော့ပါဘူး မောင်နိုင် (မှန်ပါ့) ရှင်းအောင်, လင်းအောင်ပဲ မောင်အောင်သိန်း ငါပြောတော့မယ်နော် (မှန်ပါ့ ဘုရား)။
ခန္ဓာနဲ့ ငါနဲ့ရောရောပစ်တယ်
ဒကာ ဒကာမတွေ အခုခင်ဗျားတို့ အပါယ်တံခါးပွင့်နေတာ ဘာပါလိမ့်မတုန်းလို့ လက်သည်ယနေ့ဖမ်းပေးတယ် ဆရာဘုန်းကြီးက၊ ဘာတုန်းဗျ (ရောပစ်လို့ပါ ဘုရား) ခန္ဓာနဲ့ ငါနဲ့ရောရောပစ်တယ် (ရောပစ်ပါတယ် ဘုရား)။
ဘယ့်နှယ့်ဆိုကြမလဲ (ခန္ဓာနဲ့ ငါနဲ့ ရောရောပစ်ပါတယ် ဘုရား) ဝေဒနာနဲ့ငါနဲ့လည်း ရောလိုက်တာပဲ (မှန်ပါ့) ရုပ်နဲ့ငါနဲ့ကော (ရောပါတယ် ဘုရား) ငါပူလိုက်တာဆိုတာ ရုပ်နဲ့သွားရောတယ် (မှန်ပါ့) တေဇောဓါတ်နဲ့ သွားရောတယ် (မှန်ပါ့)။
ငါပူပြီ ငါဘာဖြစ်ပါလိမ့်မတုန်းဆိုတော့ ရုပ်နဲ့ငါနဲ့သွားရောတယ် (မှန်ပါ့)။
ငါအေးလိုက်တာ သွေးတောင် ရှိတယ်မထင်ဘူး၊ တေဇောနဲ့သွားရောပြန်ပြီ (မှန်ပါ့ ဘုရား) ဦးဘရှင်း ဘယ့်နှယ်တုန်း (ရောပါတယ် ဘုရား)။
ရောတော့ ဘာဖြစ်သတုန်းဆိုတော့ ဘယ့်နှယ်ဖြေကြမလဲ၊ ရောတော့ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ဒိဋ္ဌိဖြစ်တော့ ဒိဋ္ဌုပါဒါန်လာလိမ့်မယ်၊ ဒိဋ္ဌိလာရင် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံက (လာပါတယ် ဘုရား) ကမ္မဘဝပစ္စယော (ဇာတိပါ ဘုရား) ဟော အပါယ်ဇာတိလာပြီ (မှန်ပါ့)။
ဒါဟာဦးညိုကြီး ဘာပြစ်သင့်တာတုန်း (ရောပြစ်သင့်ပါတယ် ဘုရား) ရောပြစ်သင့်တယ်။
ယနေ့တရားမှာ ဒကာ ဒကာမတို့ ဘာပြစ်သင့်ပါသတုန်း (ရောပြစ်သင့်ပါတယ် ဘုရား)။
ရောပြစ်သင့်တယ်ဆိုတာ ခင်ဗျားတို့က ဥပုသ်စောင့်နေလဲ ဒီအရာက လျှော့တာမဟုတ်ဘူး (မှန်ပါ့) ဒါနလုပ်နေ ကော (မလျှော့ပါ ဘုရား)။
မလျှော့တော့ အင်း ဒါနကုသိုလ်ဟာ သူ့ဟာသူအကျိုးပေးတာက တခြား၊ ဒိဋ္ဌိဆွဲချမှာက တဖုံပေါ့ဗျာ (မှန်ပါ့) သီလကုသိုလ်က သူ့ဟာအကျိုးပေးမှာက တခြား၊ ဒိဋ္ဌိဆွဲချမှာက တဖုံ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိမပြုတ်ရင်
ဒါ့ကြောင့် ဒိဋ္ဌိမပြုတ်ရင် အပါယ်လေးပါး ဘယ်တော့မှစိတ်မချနဲ့တဲ့ (မှန်ပါ့) ဟောသင့်သလား (ဟောသင့် ပါတယ် ဘုရား)။
ဒါန, သီလတွေဟာ နတ်ရွာသုဂတိတွေ ရောက်မှာပဲ၊ ဒိဋ္ဌိတန်းလန်းနဲ့ ပါသွားတဲ့အတွက် ပြန်ရောက်ဦးမှာပဲ အပါယ်လေးပါး (မှန်ပါ့ ဘုရား) ဆိုနိုင်ကြသလား (ဆိုနိုင်ပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒါ-ဘယ်ကလာတဲ့ အပြစ်ပါလိမ့်မတုန်းဆိုတော့ ခန္ဓာနဲ့ငါရောတယ် (မှန်ပါ့)။
ဘာပါလိမ့် (ခန္ဓာနဲ့ငါနဲ့ ရောပစ်လိုက်တယ်နော် (မှန်ပါ့) ဒကာ ဒကာမတွေက အရောက ဝါသနာပါလိုက်တာ၊ ကိုယ့်ခန္ဓာနဲ့ ရောတဲ့အပြင်မှာ ငါ့သား-ဆိုတဲ့ သားသမီး ခန္ဓာနဲ့လည်း ငါနဲ့သွားရောလိုက်တယ် (ရောပါတယ်) ငါ့သမီး ဆိုတော့ (သမီးခန္ဓာနဲ့ရောပါတယ် ဘုရား) င့ါပစ္စည်းဆိုတော့ကော (ပစ္စည်းနဲ့ရောပါတယ် ဘုရား) ငါ့အမျိုးဆိုတော့ (အမျိုးနဲ့ရောပါ တယ် ဘုရား)။
ဪ ခင်ဗျားတို့ကလည်း အပါယ်သွားဖို့ရာတော့ဖြင့် ရောတတ်ပါပေ့ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အပါယ်သွားဖို့ရာ ရောတတ်ကြပါတယ် ဘုရား)။
ရောတတ်ပါပေ့ဆိုတာ ဦးဘရှင်း ဘုန်းကြီးပြောတာကြီးသလား ခင်ဗျားတို့ရောတာက များသလားလည်း အကဲခတ် ပါဦး (ရောတာက များပါတယ်) ရောတာက များတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဦးဘအုန်းကြီး မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား) ဘုန်းကြီးက သိပ်ပြောတာပဲ တို့ကိုဖြင့် မညှာမတာပြော တာပဲဆိုချင်သလား ကိုယ်လုပ်ထားတာက ပိုနေသေးသလား (ကိုယ်လုပ်ထားတာက ပိုနေပါသေးတယ် ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့ကို ဖော်ပြောနေပါတယ်တဲ့၊ မောင်နိုင်ဒီလိုမပြောရင် ရပါ့မလား (မရပါ ဘုရား)။
ကဲ ကိုမြင့် နောက်အရောတော့ဖြင့် သတိထားပါ (မှန်ပါ့ ဘုရား) အရောတော့ဖြင့် (သတိထားရမှာပါ) ရောချင် ရင်ပညာနဲ့ ရောပစ်ပါ (မှန်ပါ့ ဘုရား)။
ရောချင်ရင် (ပညာနဲ့ ရောရမှာပါ) ပညာနဲ့တော့ဖြင့် တခါတည်းဖြစ်ပျက်နဲ့ မဂ်နဲ့ဖြင့် ရောချင်ရောလိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဖြစ်ပျက်လာတိုင်း မဂ်နဲ့သွား သွားပြီးတော့ အာရုံပြုလိုက် (မှန်ပါ့)။
ဖြစ်ပျက်လာတိုင်း မဂ်နဲ့အာရုံပြု
ဖြစ်ပျက်လာတိုင်း (မဂ်နဲ့အာရုံပြုရပါမယ်) သွားသွားပြီး အာရုံပြုသောအားဖြင့် ရောလိုက် (မှန်ပါ့) ဦးဘရှင်း ဒီလိုဆိုတော့ ဒိဋ္ဌိချုပ်တယ် (ချုပ်ပါတယ် ဘုရား)။
ဒိဋ္ဌိချုပ်တော့ ဥပါဒါန် (ချုပ်သွားပါတယ်) ဥပါဒါန်ချုပ်သွားတော့ (ကံချုပ်သွားပါတယ်) ကံချုပ်တော့ အပါယ် ဇာတိကော (ချုပ်သွားပါတယ် ဘုရား)။
ဪ ရောတတ်ပြန်တော့လည်း ဟင် (မှန်ပါ့) မဂ်နဲ့ရောရမယ် (မှန်ပါ့) ဖြစ်ပျက်နဲ့ မဂ်နဲ့ ရောရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်နဲ့ မဂ်နဲ့ရောရင်ဖြင့် အပါယ်ဇာတိချုပ်ပါတယ် (မှန်ပါ့) ခန္ဓာနဲ့ ငါနဲ့ ရောရင်ဖြင့် အပါယ်ဇာတိပေါ်ပါ လိမ့်မယ် (မှန်ပါ့) ဆိုနိုင်ကြမလား (ဆိုနိုင်ပါတယ် ဘုရား)။
ဪ ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာတွေ သေသေချာချာမှတ်ပါ၊ မင်းတို့ကွာတဲ့၊ သောတာပန်တည်အောင် မြန်မြန်လုပ်စမ်းပါ၊ မြင့်မိုရ်တောင်ကြီးဟာ သဲမှုန့်ကလးတွေ ဘယ်လောက်ရှိသတုန်း-ဆိုလို့ရှိရင် မရေတွက်နိုင်ဘူး ဖြေရမှာပဲ (မှန်ပါ့ ဘုရား)။
ငါ့လက်သည်းပေါ်တင်တဲ့ သဲမှုန့်နဲ့ ဘယ်သူများသတုန်းမေးရင် မပြောလောက်ပါဘူး ဖြေရမှာပဲ (မှန်ပါ့) အဲသောတာပန်တည်အောင် လုပ်လိုက်ရင် ငါနဲ့မရောလို့ရှိရင် လက်သည်းပေါ်တင်တဲ့ မြေမှုန့်လောက် မင်းတို့ဒုက္ခကျန်ပါ တော့တယ်ကွာ၊ မြင်းမိုရ်တောင်နဲ့အမျှ သဲမှုန့်နဲ့အမျှ ဒုက္ခတွေမင်းတို့ကုန်ပါပြီတဲ့ (မှန်ပါ့ ဘုရား)။
ငါနဲ့မရောတဲ့ဥစ္စာ ဘယ်လောက်ထိအောင် ဒုက္ခကင်းသွားသတုန်း (မှန်ပ့ါ) မြင်းမိုရ်တောင်နဲ့အမျှ သဲမှုန့်နဲ့အမျှ ဒုက္ခတွေ ဦးဘရှင်း ကုန်သွားတယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ကုန်သွားသတုန်းဆိုတော့ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ) ဘယ်လိုကြောင့်ပါလိမ့် (ငါနဲ့မရောလို့ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အံမလေး တရားတွေဘယ်လိုပင် ဘုန်းကြီးက စကားတတ်လို့ ခင်ဗျားတို့ကို အမျိုးမျိုးအဖုံဖုံနားလည်မှုကို တန်ဆာဆင်ပြီး ပြောနေငြားသော်လဲ ယနေ့တရားမှာ ငါနဲ့မရောဖို့ အရေးကြီးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ပညာနဲ့ရောပါ
ငါနဲ့မရောလို့ရှိရင်ဖြင့် ဘယ်သူနဲ့ရောရမှာတုန်းမေးတော့ ပညာနဲ့ရော (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ပညာနဲ့ရောပါ၊ ငါနဲ့မရောပါနဲ့ (မှန်ပါ့ ဘုရား)။
အခုတော့ ပညာနဲ့တော့ ခင်ဗျားတို့က မရောဘူူး၊ မတော်နိဗ္ဗာန်မြင်သွား မခက်ဘူးလား၊ ဒီသား, ဒီသမီးတွေနဲ့ ခွဲရလိမ့်မယ်၊ ဒီကျအောင် ကြောင့်ကြတယ် (မှန်ပါ့)။
ကိုပေါ် အရုပ်ဆိုးလိုက်တာ (ဆိုးပါတယ်) မဆိုးကြဘူးလား (ဆိုးပါတယ် ဘုရား)။
ခင်ဗျားတို့က ဟိုမရှိတဲ့ကျောက် ရမ်းပြီးတူးနေတဲ့အလုပ်ကိုဘဲ ကျေနပ်နေသလို ဖြစ်နေတယ် (မှန်ပ့ါ) ကျောက်တူး တယ်ဆိုတာ ရမ်းတူးတာရယ်၊ ပြောသံကြားနဲ့တူးတာရယ် (မှန်ပါ့ ဘုရား)။
ဘယ်သူက ဒီနေရာမတူးဖူးဘူး၊ ဒီနေရာမှာ အခိုင်မြေရှိတယ်ဆိုပြီး ဦးဘရှင်း အရမ်းလုပ်နေတာ (မှန်ပါ့) တကယ်ရှိတာတော့ ဟုတ်ကဲ့လား (မဟုတ်ပါ) ပြောတဲ့လူကကော တကယ်သိတာလား (မသိပါ ဘုရား)။
အဲဒီတော့ အရမ်းအလုပ်ကိုတော့ ခင်ဗျားတို့သည် ရဲတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) အခုဟာက အရမ်းလုပ်ရ မှာလားတဲ့၊ ဒီခန္ဓာထဲရှိတာကို ငါနဲ့မရောဘဲနဲ့ ဝေဒနာပေါ်ရင် ဉာဏ်နဲ့ရောလိုက်၊ စိတ်ပေါ်ရင်ကော (ဉာဏ်နဲ့ရောရမှာ ပါ ဘုရား)။
ဉာဏ်နဲ့ရောလိုက်တယ်ဆိုတော့ တွေ့တာချည့်ဘဲ မနေဘူးလား (နေပါတယ်) တွေ့လို့ရှိရင် အပါယ်လေးပါး တံခါးပိတ်တဲ့ ဉာဏ်ကြီးမရဘူးလား (ရပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အရမ်းတော့တူးရဲတယ်၊ တကယ်တွေ့မှာကျတော့ ရှောင်ဖယ် ရှောင်ဖယ်ဆိုတော့ ဦးညိုကြီးတို့ပြန်ချင်တာဟာ အရမ်းတူးချင်လို့ ပြန်ချင်တာ (မှန်ပါ့) နောက်ပိုင်းပြန်ပါရစေဦး၊ ဘာလုပ်မလို့တုံး အရမ်း သွားတူးမလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာလုပ်သွားကြမှာတုန်း (အရမ်းသွားတူးကြမှာပါ ဘုရား) နက်ဖြန်သဘက် လ,ပြည့်ထားပါဦး၊ ဒကာ ဒကာမ တွေက လ, ပြည့်ကျော်တရက်နေ့ကျလို့ရှိရင်ဖြင့် တပည့်တော်တို့ စီးပွားရှာရလိမ့်မယ်ဆိုတော့ တကယ်ရမှာ ရှာရမှာလား၊ အကြောင်းညီညွတ်မှ ရမှာလားမေးရင်ကော (အကြောင်းညီညွတ်မှရမှာပါ ဘုရား)။
အဲ ဧကန်ရမှာကို လက်လွှတ်ပြီး အကြောင်းညီညွတ်မှရမှာကို အတော်အားကိုးတယ် (မှန်ပါ့) အတော်မဆိုးဘူး လား (ဆိုးပါတယ်) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိန်းသေကို လိုက်စမ်းပါကွာ
ကဲ ဒါဖြင့် မောင်နိုင် ကိန်းသေကို လိုက်စမ်းပါကွာ (မှန်ပါ့) ဘယ်လိုလုပ်ကြမယ် (ကိန်းသေကို လိုက်ရပါမယ်) ကိန်းသေလိုက်စမ်းပါကွ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိန်းသေကိုလိုက်စမ်းပါ၊ မင်းတို့ပတ္တမြားတပွင့်ရလို့ ဘယ်လောက်ရရ, တဘဝတနပ်စာပါပဲ၊ ဆယ်သိန်းတန်ထား ပါတော့ မောင်နိုင် တဘဝတနပ်စာပဲ (မှန်ပါ့) ဒီဒိဋ္ဌိလွတ်သွားလို့ရှိရင် တဘဝလားတဲ့ တသံသရာလုံး အပါယ်လေးပါး လွတ်မှာလား (တသံသရာလုံး အပါယ်လေးပါးလွတ်ပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် ဦးညို ရမ်းမတူးချင်ပါနဲ့၊ တကယ်ရှိတာ တကယ်ရှုလိုက်စမ်းပါ (မှန်ပါ့) ဘယ့်နှယ်တုံး (တကယ်ရှိတာ တကယ်ရှုရမှာပါ ဘုရား)။
အခုဟာက တွင်းရှိတဲ့ပုဂ္ဂိုလ်က တွင်းကြောင့် ပြန်ချင်တာက ရမ်းတူးချင်တာ (မှန်ပါ့) သေချာပလား (သေချာ ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် အရမ်းအလုပ်တော့ မလုပ်တော့ပါဘူး၊ တကယ်ရှိတာကို တကယ်အမြတ်ထွက်အောင် လုပ်ပါတော့ မယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ ချမ်းသာစစ်ကဖြင့် မရောတာဟာ အကောင်းဆုံး (မှန်ပါ့ ဘုရား)။
ချမ်းသာစစ်ကဖြင့် (မရောတာဟာ အကောင်းဆုံးပါ) ဟိုတူးရွင်းကြီးနဲ့ ထွက်ရတာကတော့ ဘယ့်နှယ်တုံး၊ တူးရွင်းပေါက်ပြားတွေနဲ့ ထွက်ရတာကတော့ ဟုတ်ချင်မှဟုတ်တာ (မှန်ပါ့ ဘုရား)။
တိုတိုပြောတော့ မဟုတ်တာကများတယ် (မှန်ပါ့) မများဘူးလား (များပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မရောစေနဲ့နော် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် မြင်တယ် ငါမြင်တယ်ဆိုတော့ မြင်စိတ်နဲ့ငါနဲ့ရောပြီ (ရောပါပြီ) မရောစေနဲ့တခါတည်း မြင်တဲ့စိတ်က လေးကို ဖြစ်ပျက်လိုက်လိုက် (မှန်ပါ့)။
ဖြစ်ပျက်သိတဲ့ ဉာဏ်နဲ့ ရောပေးလိုက်
ကြားတာကလေးဟာ ငါကြားတယ်လို့ မရောစေနဲ့ (မှန်ပါ့) ဘယ်လိုလိုက်ရမလဲ (ဖြစ်ပျက်လိုက်ရပါမယ်) အဲဖြစ်ပျက်သိတဲ့ ဉာဏ်နဲ့ ရောပေးလိုက် (မှန်ပါ့)။
ဒီလိုဆိုတော့ ဒိဋ္ဌိမပြုတ်ဘူးလား (ပြုတ်ပါတယ်) ဥပါဒါန်ကော (ပြုတ်ပါတယ်) ကံကော (ပြုတ်ပါတယ်) ဪ ဒါကဧကန် ချမ်းသာရတဲ့ အလုပ်ပါလား (မှန်ပ့ါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါက ဘာတဲ့ (ဧကန်ချမ်းသာရတဲ့ အလုပ်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အခုတော့ ဒကာ ဒကာမတွေ မြင်စိတ်နဲ့လဲ ငါနဲ့ မရောနဲ့၊ ကြားစိတ်နဲ့လဲ ငါနဲ့ မရောစေနဲ့ (မှန်လှပါ ဘုရား)။
နံစိတ်, မွှေးစိတ်နဲ့လဲ (ငါနဲ့ မရောရပါ) ငါးစားတယ်ဆိုတာနဲ့လဲ (မရောစေရပါ) ငါယားတာနဲ့ကော (မရောစေ ရပါ) ငါ ကုသိုလ်လုပ်ချင်တာနဲ့ကော (မရောရပါ) ငါလောဘဖြစ်တယ်ဆိုတာနဲ့ကော (မရောရပါ) ငါလိုချင်တယ်နဲ့ လဲ မရောစေနဲ့ (မှန်ပါ့)။
ငါစိတ်ဆိုးတာနဲ့ကော (မရောရပါ) ငါတွေဝေတယ်ဆိုတာနဲ့ကော (မရောရပါ) ငါကုသိုလ်ပြုဦးမယ်ဆိုတာနဲ့ ကော (မရောရပါ) ငါသနားတယ်ဆိုတာနဲ့ကော (မရောရပါ) မရောစေနဲ့ သနားတာဟာ ကရုဏာ၊ ဒီကရုဏာဖြစ်ပျက်ကို လိုက်ရပေးမယ် (မှန်ပါ့)။
ဦးညိုကြီး မရောစေနဲ့နော်၊ ဒကာ ဒကာမတွေ ဘယ်လိုတုံး (မရောရပါ) မရောစေနဲ့နော် ရောရင်ဘာဖြစ်မတုံး (အပါယ်ကျမှာပါ ဘုရား) ရောရင် အပါယ်ကျမယ်၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း အတော်သတိထားရဦးမှာဘဲ (မှန်ပါ့) ဒကာ ဒကာမတွေ ယနေ့တရားနာရတော့ ခုနင်က အသံဟာ မထွက်ပေဘူးလား (ထွက်ပါတယ်) ဘယ်လိုထွက်လာသတုန်း အတော်သတိထားရလိမ့်မယ် (မှန်ပါ့) အဲဒီ အတော်သတိ ထားမှု သတိပဋ္ဌာန်အလုပ်က ပေါ်လာတာ (မှန်ပါ့)။
နဂိုတုန်းက သတိပဋ္ဌာန်ကို မရှိဘူး
အတော်သတိထားမှ (သတိပဋ္ဌာန်အလုပ်က ပေါ်ပါတယ်) နဂိုတုန်းက သတိပဋ္ဌာန်ကို မရှိဘူး (မှန်ပါ့) နိဗ္ဗာန်ရောက်တဲ့တရားကို ခင်ဗျားတို့မှာ မရှိဘူး (မှန်ပါ့) အခုမှ ယနေ့မှစပြီး အတော်သတိထားရမယ် (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဦးဘရှင်း ဘယ်လိုများ အသံထွက်လာမယ် ထင်သတုန်း၊ မရောရအောင် အတော်သတိထားရဦးမယ် (မှန်ပ့ါ)။
မပု ဘယ်လိုသတိထားရမှာတုံး (မရောရအောင် သတိထားရပါမယ်) နဂိုကဘယ့်နှယ်တုံး၊ နဂိုရ်ကသတိပါ သေးသလား (မပါ-ပါ ဘုရား) ဒါဖြင့် သတိပဋ္ဌာန်မရှုပါဘူး ခင်ဗျားတို့ (မှန်ပါ့)။
နဂိုရ်က အပါယ်သွားဖို့ချည့် လုပ်နေတာ (မှန်ပါ့) ဒီနေ့မှ စ, ပြီး သကာလ အင်း ဆရာဘုန်းကြီးကတော့ ဟောတယ်၊ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်လိုက်ပြန်တော့လဲ မှန်လိုက်တာ၊ ဪ အတော်သတိထားရဦးမှာပဲဆိုတာ ပေါ်လာကြ တယ် (ပေါ်လာပါတယ် ဘုရား)။
အင်း ဒီအရင်တုန်းကတော့ သတိထားသလား မေးတော့ (မထားပါ) ဒါဖြင့် ဒီအရင်တုန်းက သတိပဋ္ဌာန်ဘယ့် နှယ်တုန်း (မရှိပါ) အခုမှ စ, ပြီး ဘာလုပ်ကြမယ် (သတိပဋ္ဌာန် လုပ်ရမှာပါ ဘုရား)။
ဖြစ်မှ ဖြစ်ရလေဗျာ ဦးဘရှင်း ဒီစကားဟာ မပေါ်ဘူးလား ပေါ်သလား (ပေါ်ပါတယ်) အတော် သတိထားရဦး မယ်၊ ကျုပ်တို့ ဒီနေ့တရားထူး နာလိုက်ရတော့ ရောတဲ့အပြစ်က တယ်ကြီးသကိုး၊ အဲဒီတော့ ကျုပ်တို့အတော်သတိထား ရမယ် (မှန်ပါ့) အံမာ ခင်ဗျားတို့ချင်း လက်တို့ပြီး ပြောကြဦးမယ် (မှန်ပါ့)။
အတော် သတိထားရဦးမှာလို့ မပြောပေဘူးလား (ပြောမှာပါ) ပြောတဲ့အခါကျလို့ရှိရင်ဖြင့် ကိုယ့်ကိုယ် ကိုယ်သိ သွားပြီ (မှန်ပါ့)။
တိရစ္ဆာန်တွေလို ဖြစ်နေတာပေါ့
ဪ နဂိုက သတိပဋ္ဌာန် လုံးဝမရှိပါကလား (မှန်လှပါ) သတိပဋ္ဌာန်မရှိတော့ တိရစ္ဆာန်တွေလို ဖြစ်နေတာပေါ့ (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့၊ ဒီ သတိပဋ္ဌာန်လက်လွတ်ပြီဆိုမှဖြင့် ရောမိပြီဆိုမှဖြင့် တခါတည်း ဝေဒနာနဲ့ စိတ်နဲ့ ငါနဲ့ ရောမိပြီ၊ ရုပ်နဲ့ ငါနဲ့ ရောမိပြီဆိုဖြင့် မောင်နိုင်ရေ ဘယ်လိုဖြစ်လာသတုန်း အားကိုးလာတယ် (မှန်ပါ့)။
ရောမိရင် ဘာဖြစ်လာသတုန်း (အားကိုးလာပါတယ်) ဪ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ဒီအိမ်မှာ ကျုပ် ခေါင်းဆောင်၊ ကျုပ်မာမှ အားလုံးမျှတကြမှာ၊ အင်း တကိုယ်လုံးကို တစ်ခါတည်း ငါမာမှ နင်တို့ ဝဝဖြိုးဖြိုး စားကြရ သောက်ကြရမယ် လူချင်းတူတူ သူချင်းမျှမျှ ဖြစ်ကြမယ်၊ အဲဒီတော့ကို ကျုပ်ဟာလည်း ကျုပ်ကိုယ်ကို ကျုပ်အားကိုး ပါတယ်၊ သူတစ်ပါးတော့ အားမကိုးပါဘူး၊ ကိုယ်မာမှ ကိုယ်ရှာနိုင်တယ်ဆိုပြီး သကာလ ကိုယ်ကလည်း လူကြီးဖြစ်နေ တယ်၊ ကိုယ်ကမှ ဝေဘန်နိုင်တာ ဖြစ်နေတော့ အမလေး ငါနဲ့ရောတဲ့ နေရာမှာရောပါများတော့ အားကိုးလုံးဖြစ်လာတယ် (မှန်ပါ့)။
ဘာတဲ့ (ရောပါများတော့ အားကိုးလုံးဖြစ်လာပါတယ် ဘုရား)။
ခက်ပရော။ ကြည့်ပါ တချို့ ဒကာ ဒကာမတွေ အိမ်ပေါ်မှာ လေမြေများ ထိုးတဲ့ပြီး သကာလ ရောနေတယ်၊ ကျုပ် ခေါင်းဆောင်လုပ်နေတာ၊ ဟောဒီအိမ်လည်း ကျုပ်ကြောင့် ဖြစ်ရတာ၊ ဒီအဆောက်အဦတွေ ကျုပ်ကြောင့်၊ ဒီ ပရိဘောဂတွေ ကျုပ်ကြောင့်၊ ဒီအိမ်မှာ ဝတ်စားနေတာကစပြီး အလုံးစုံ အကုန်ဟာ ကျုပ်ကိုကျုပ် အတော်မာအောင် လုပ်ရတယ်၊ ကျုပ်ပဲ အားကိုးနေကြရတယ်၊ ဒါ့ကြောင့် ကျုပ်ကိုလည်း ကျုပ်စောင့်ရှောက်ပါတယ်၊ ကျုပ်ကိုကျုပ်အားကိုး တာပေါ့၊ သားသမီးလုပ်စာများ ကျုပ် မမြှော်လင့်ပါဘူး၊ ကိုယ့်ကိုယ် အားကိုးသတဲ့၊ အမာ ငါထင်တဲ့အပြစ် ဘာဖြစ်လာပြန် သတုန်း (အားကိုးပါတယ် ဘုရား) သွားပရောကွ (မှန်ပါ့)။
တောင်ကြီးပမာ အားကိုးပစ်လိုက်တယ်
သွားပြီ ဒကာ ဒကာမတို့ အနတ္တကို တစ်ခါတည်း တောင်ကြီးပမာ အားကိုးပစ်လိုက်တယ် (မှန်ပ့ါ)။
ဘယ့်နှယ်ဖြစ်သွားသတုန်း (အနတ္တကို တောင်ကြီး ပမာအားကိုးပစ်လိုက်ပါတယ် ဘုရား) တောင်ကြီးပမာ အားကိုးပစ်လိုက်တဲ့အဓိပ္ပါယ်ရော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေရောပါများရင် အားကိုးလုံးလာလိမ့်မယ် (မှန်ပါ့)။
တရားမများသေးဘူး ဦးဘအုန်း၊ ရေ မရောနဲ့ တစ်လုံး (မှန်ပါ့) ရောရင် အားကိုးလုံး လာလိမ့်မယ် (မှန်ပါ့) အားကိုးလုံးလာလို့ရှိရင်ဖြင့် အိုတတ်၊ နာတတ်၊ သေတတ်တဲ့ ခန္ဓာကြီး အားကိုးပစ်လိုက်တယ် (မှန်ပါ့)။
အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အနတ္တကို အားကိုးပစ်လိုက်တဲ့အတွက် နောက်ကျတော့ အားကိုးမှားပြီးသကာ လ ခြေကမသန် မျက်လုံးကတရွှဲ့၊ ကြည့်စရာ၊ ရှုစရာ မျက်လုံးတွေကလည်း မွဲတော့မှ ဪ ခဲယဉ်းပါပေါ့ဆိုပြီး မျက်ရည်ကြီးငယ် ကျတယ်၊ (မှန်ပါ့) အားကိုးလိုက်တာ အားကိုးလွဲသွားလို့ (မှန်ပါ့) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ မပုတို့ မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ဒါ ဘာဖြစ်လို့တုန်း နဂိုက ရောခဲ့တယ်၊ ရောပါများတော့ ဘာလိုက်လာသတုန်း (အားကိုးလုံး လိုက်လာပါတယ် ဘုရား) အားကိုးလုံးက အနတ္တသဘောလည်း ပြောလိုက်ပါရော သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဒကာ ဒကာမတွေ လိုက်လာတယ် (မှန်ပါ့) မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ဪ အမှားသုံးချက်ဆင့်ပြီ (မှန်ပါ့) မရောကောင်းတာ ရောတာက အမှားတစ်ချက် (မှန်ပါ့) ရောပါများလို့ အားကိုးတက (တစ်ချက်ပါ ဘုရား) အားကိုးမခံလို့ သောက ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ အမှားတွေလိုက်တာက (တစ်ချက်ပါ ဘုရား) ဘယ်နှစ်ချက်ရှိပြီလဲ (သုံးချက်ရှိသွားပါပြီ) ရော သိပ်ကြောက်စရာကောင်းပါကလား (မှန်ပါ့)။
ဒါ့ကြောင့် ဒကာ ဒကာမတွေ ကိုယ့်အတွက်ကိုဖြင့် မျက်ရည်ကျတယ် (မှန်ပါ့) သူများအားကိုးနေလို့လည်း မျက်ရည်ကျတယ် (မှန်ပါ့) မြင်ဘူးကြပြီ (မှန်ပ့ါ)။
ဘာအပြစ်သင့်တာတုန်း
ဒါဟာ မောင်နိုင် လက်သည်ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) အစက ဘာအပြစ်သင့်တာတုန်း (ရောပြစ်သင့်တာပါ ဘုရား) ရောပြစ်ကြောင့် ဘာဖြစ်လာသတုန်း (အားကိုး လိုက်လာပါတယ် ဘုရား)။
ဒီခန္ဓာကြီး အားကိုးတယ် (မှန်ပ့ါ) ကိုယ့်ခန္ဓာဖြစ်စေ သူတပါးခန္ဓာဖြစ်စေ အားကိုးတယ် (မှန်ပ့ါ) အားကိုးတဲ့ အတွက် နောက်ဆုံးပိတ် အားကိုးမခံတော့ ဘာဖြစ်သွားသတုန်း (သောသ ပရိဒေဝ လိုက်ပါတယ် ဘုရား) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿလိုက်တယ် (မှန်ပ့ါ)။
ဒါ့ကြောင့် ဘယ် ဒကာ ဒကာမတွေ ငိုနေတယ်၊ ဘယ် ဒကာတွေ စိတ်မချမ်းမသာ မျက်စိမျက်နှာ မသာမယာ ဖြစ်နေတယ်ဆိုတာ အားကိုးပြုတ်လို့ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီအားကိုး ဘယ်ကလာသတုန်းဆိုခဲ့လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အားမကိုးကောင်းတာ အားကိုးထားလို့ (မှန်ပ့ါ ဘုရား) ဒီအားကိုးက ဘယ်ကလာသတုန်း ဆိုလို့ရှိရင် ဦးဘရှင်းရောပြစ်သင့်တယ် (မှန်ပါ့ ရောပြစ်သင့်ပါတယ် ဘုရား)။
ဒါဖြင့် ရောပါများတော့ အားကိုးလုံးလားတယ် (မှန်ပ့ါ) အားကိုးလုံးပြုတ်သွားတော့ ဒုက္ခ၊ ဒေါမနဿလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါ ဝတ္ထုမထုတ်နိုင်ပါဘူး နာရီကစေ့နေလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
စိတ်နဲ့ ပညာနဲ့ ရောပါစေ
ဒါဖြင့် ယနေ့ကစ ပြီး သကာလ စိတ်နဲ့ ငါနဲ့ ရောစေနဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) စိတ်နဲ့ ပညာနဲ့ ရောပါစေ (မှန်ပ့ါ)။
စိတ်နဲ့ ငါနဲ့ (မရောရပါ ဘုရား) စိတ်နဲ့ဘာတုန်း (ပညာနဲ့ရောစေရပါတယ် ဘုရား)။
ဒါဖြင့် မြင်စိတ်နဲ့မဂ်နဲ့ရော (မှန်ပါ့ ဘုရား) ကြားစိတ်နဲ့ (မဂ်နဲ့ ရောရပါမယ် ဘုရား) ဒါဖြင့် ကြားစိတ်ဝင်ရင် ကိုယ့်ကိုယ် မဂ်နဲ့လိုက် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
နံစိတ်လာရင် (မဂ်နဲ့ရောရပါမယ်) ဖြစ်ပျက်သိတဲ့ မဂ်နဲ့ရောပစ်လိုက် (မှန်ပ့ါ) စားစိတ်လာရင် (ဖြစ်ပျက်သိတဲ့ မဂ်နဲ့ ရောရပါမယ်) ယားစိတ်၊ ယံစိတ်လာရင် (ဖြစ်ပျက်သိတဲ့မဂ်နဲ့ ရောရပါမယ်) လောဘကလေးလာရင် (မဂ်နဲ့ရော ရပါမယ်) ဖြစ်ပျက်နဲ့ မဂ်နဲ့ရောပေး (မှန်ပ့ါ) ဒေါသလာရင် (မဂ်နဲ့ရောရပါမယ် ဘုရား) မောဟလာရင် (မဂ်နဲ့ရောရပါမယ် ဘုရား)။
အလောဘဆိုတဲ့ လှူချင်၊ တန်းချင် ၊ ပေးချင်၊ ကမ်းချင် တဲ့ စိတ်ကလေးလာပြန်ရင် (မဂ်နဲ့ရောပါမယ် ဘုရား) အဒေါသဆိုတဲ့ မေတ္တာလာပြန်ပြီ (မဂ်နဲ့ရောရပါမယ် ဘုရား)။
ငါရှူတယ်လို့ မရောလိုက်ပါနဲ့
ဘာမှ မရှိလို့ရှိရင် ရှူစိတ်၊ ရှိုက်စိတ် လာပြန်လို့ရှိရင် ငါရှူတယ်လို့ မရောလိုက်ပါနဲ့ (မှန်ပ့ါ) သူလည်း ဖြစ်ပျက်ပဲ (မှန်ပ့ါ) ရှိုက်စိတ်လာရင်လည်း ငါ ရှိုက်ကောင်းတယ်လို့ မလုပ်လိုက်ပါနဲ့ (မှန်ပါ့) သူလည်း ဖြစ်ပျက်ပဲ (မှန်ပ့ါ) ရှိုက်စိတ်လာရင်လည်း ငါ ရှိုက်ကောင်းတယ်လို့ မလုပ်လိုက်ပါနဲ့ (မှန်ပါ့) သူ့ကိုလည်း ဘယ်လိုမှတ်ကြမယ် (ဖြစ်ပျက်ပါပဲ ဘုရား)။
အဲဒီကဲ့သို့ ဖြစ်ပျက်နဲ့ မဂ်နဲ့သာ ရောပေးလိုက်လို့ရှိရင် တဏှာ၊ ဥပါဒါန်၊ ကံတွေ အကုန်ချုပ်ပြီး သကာလ ဇာတိ ဇရာ မရဏ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့နိဗ္ဗာန် ဧကန်ရတဲ့တရားလို့ မှတ်လိုက်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြပါအုံးစို့။
သာဓု သာဓု သာဓု။