တိတ္ထိတွေအမေး- အနာထပိဏ်သူဌေးအဖြေ ဒိဋ္ဌိကွာနိုင်တဲ့ အချိန်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
တိတ္ထိတွေအမေး- အနာထပိဏ်သူဌေးအဖြေ ဒိဋ္ဌိကွာနိုင်တဲ့ အချိန်
ညအလုပ်ပေးတရားတော်
(၂၃-၁၀-၆၁)
ဒုက္ခကြောက်လို့ပါ
ဒကာ ဒကာမတို့ တရားနာကြ၊ တရားအားထုတ်ကြတယ်ဆိုတာ ဘာတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒုက္ခကြောက်လို့ဆိုတာ တပြိုင်နက် အဖြေထွက်ဖို့ဆို ဒီဖြေဘဲ ရှိပါတယ်။ (မှန်ပါ့)။
တရားနာတယ်၊ တရားအားထုတ်ကြတယ်ဆိုတာသည် ဘယ်အတွက်ကြောင့်တုန်းလို့ မေးလို့ရှိရင် ဒုက္ခကြောက်လို့ပါ ဘုရားလို့ ဆိုတာ လူတိုင်းအဖြေတညီတည်း ထွက်မှာပါပဲ (မှန်ပါ့ ဘုရား) ဒီဒုက္ခသည်ကား လို့ဆိုရင် ဒုက္ခတွေက အမျိုးမျိုးရှိတော့ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ သောကပရိဒေဝ ဒုက္ခ၊ ဒေါမနဿဒုက္ခနဲ့ သစ္စာများမှာ ဟောလိုက်တာ နည်းတဲ့ ဒုက္ခတွေ မဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။
အဲ့ဒီ ဒုက္ခတွေရှိတဲ့ အနက်ကလည်း ဒကာ ဒကာမတွေ အကြောက်ဆုံးကို ပြောရလို့ရှိရင် အပါယ်ဒုက္ခဟာ အကြောက်ဆုံးဘဲ (မှန်ပါ့ ဘုရား)။
ဘယ်ဒုက္ခ အကြောက်ဆုံးပါလိမ့်။ (အပါယ်ဒုက္ခ အကြောက်ဆုံးပါ ဘုရား)။
အပါယ်ဒုက္ခကိုဖြင့် ဒကာ ဒကာမတွေ နည်းနည်းမှ ကြားလည်း မကြားချင်ဘူး။ ရောက်လဲ မရောက်ချင်ဘူး။ ပေါက်လဲ မပေါက်ချင်ဘူးဆိုတာဖြင့် အကြီးဆုံး ကြောက်စရာ တခုဘဲဆိုတာ ဒီတရားပွဲမှာ အားလုံး ဒကာ ဒကာမတွေ ဒါလဲ တပြိုင်နက် ထွက်ရမည့် အဖြေတခုပါပဲ (မှန်ပါ့ ဘုရား)။
အဲ့ဒီ ဒုက္ခဟာ အကြီးဆုံးသော ဒုက္ခဆိုတာ ဒကာ ဒကာမတွေက သိတော့ အကြီးဆုံးသော ဒုက္ခသည် ဒုက္ခဆိုတာ အကျိုးပါကလား (မှန်ပါ့ ဘုရား)
ဒုက္ခဆိုတာ အကြောင်းလား အကျိုးလား
ဒုက္ခဆိုတာ အကြောင်းလား အကျိုးလား (အကျိုးပါ) အကျိုးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ ဪ ဒုက္ခသစ္စာဘဲ၊ အပါယ်ဒုက္ခဆိုတာလည်း ဒုက္ခသစ္စာအကျိုးတရားဘဲ။
အကြောင်း ဘယ်သူပါလိမ့်မလဲလို့ ဒကာ ဒကာမတွေ အကြောက်ဆုံး ဒုက္ခ၏ အကြောင်း ဘယ်သူ ပါလိမ့်မလဲလို့ ဒကာသစ် တွေးဖို့လိုလာတယ် (လိုပါတယ်) လိုလာတော့ ဘာမှ အထူးတလည် ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ဖွေရှာမနေနဲ့။ ဪ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ ဒိဋ္ဌိဟာ အကြောင်းဘဲ။ (မှန်ပါ့ ဘုရား)
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္ခာဆိုတဲ့ အကြောင်း သမုဒယဟာ ဘယ်သူ့အကြောင်းပါလိမ့် (ဒုက္ခ၏ အကြောင်းပါ) အဲ အပါယ်ဒုက္ခ၏ ရေသောက်မြစ် အကြောင်းပါဘဲ (မှန်ပါ့ ဘုရား)။
ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်နေတာ ခန္ဓာငါးပါးကို ဤကဲ့သို့ ထင်နေတဲ့ ဥစ္စာသည်ကားလို့ ဆိုရင် ဒိဋ္ဌိ (မှန်ပါ့) အဲ့ဒီ ဒိဋ္ဌိပြုတ်သွားလို့ရှိရင်ဖြင့် အကြီးဆုံးသော ဒုက္ခ၏ ရေသောက်မြစ်ဖြင့် ငါတို့ ပြတ်ပြီဆိုတဲ့ ဥစ္စာမှတ်ရမယ် (မှန်ပါ့ဘုရား။)
ဒါဖြင့် ဒကာ ဒကာမတွေ အပါယ်၏ ရေသောက်မြစ်သည် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဥစ္စာထင်တာဘဲ (မှန်ပါ့) ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ မဟုတ်ဘဲနဲပ အထင်လွဲပြီး သကာလ နေတဲ့ ဒိဋ္ဌိသည် ဒကာ ဒကာမတို့အား အကြီးဆုံး နှိပ်စက်တဲ့ အကြောင်း ဒိဋ္ဌိဘဲဆိုတဲ့ ဥစ္စာ သေသေချာချာ မှတ်ပါ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
အပါယ်ဒုက္ခ၏ ရေသောက်မြစ်တွေ့ပါပြီ
အပါယ်ဒုက္ခ၏ ရေသောက်မြစ်တွေ့ပါပြီ (တွေ့ပါပြီ) ဘာပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ ထင်နေတဲ့ ဒိဋ္ဌိပါဘဲ (မှန်ပါ့) တဏှာ မာန ဒိဋ္ဌိ (မှန်ပါ့)
ဒီအထဲမှာ မာနဟာ ဒါလောက် ကြောက်စရာမရှိဘူး။ ဒိဋ္ဌိက သိပ်ကြောက်စရာကောင်းတယ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ် လေးစားစွာ မှတ်ထားပါ။ (မှန်ပါ့)
ဒိဋ္ဌိ ဘယ်ကလာပါလိမ့်မလဲဆိုတဲ့ ရေသောက်မြစ်တော့ဖြင့် ဒီနေ့တော့ ဒကာ ဒကာမတွေ အမြစ်ရှာပြီး သကာလ အတူးခိုင်းရတော့မှာဘဲ ဆိုတဲ့ ဥစ္စာပေါ်လာတယ် (မှန်ပါ့)
အမြစ်ကိုလဲ ဘုန်းကြီးက ဟောဒါဘဲဆိုတာ လက်ညှိုးညွှန်ပြပါတယ် (မှန်ပါ့) ဒကာ ဒကာမတွေကလည်း ဒီဟာကို တူးဆွပစ်လိုက်လို့ရှိရင်ဖြင့် သူအမြစ်တွယ်စရာ မရှိတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အပါယ်လေးပါးတည်းဟူသော ဒုက္ခသစ္စာ ခန္ဓာပင်ကြီး ပေါက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲ့ဒါလောက် အရေးကြီးပြီး သကာလ နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ ပြောလိုက်တာ ဦးခေါင်း မီးလောင်တာကွာ ဖြေးဖြေးမှ ငြိမ်းဟေ့၊ အပါယ်ရေသောက်မြစ် ဒိဋ္ဌိကို မြန်မြန်သတ်ကွတဲ့ (မှန်ပါ့) ရင်ဝလှံစူးတဲ့ ဥစ္စာ လှံကို အဝေးကနေ ပစ်လိုက်တဲ့ ဥစ္စာ ကိုယ့်ရင်ဘတ်နဲ့ တည့်နေသော်ငြားလည်း အဲ့ဒါ ဖြေးဖြေးမှ ရှောင်ချင်ရှောင် ဒိဋ္ဌိကို အရင်သတ်ကွတဲ့ (မှန်ပါ့)
အဲ ဒိဋ္ဌိကို အရင်သတ်ဆိုတာက ရင်ဝလှံစူးတာက တစ်ခါဘဲသေတာကိုးဗျ (မှန်ပါ့) ဒိဋ္ဌိရှိနေမယ်ဆိုရင် အဖန်ဖန်သေမှာကို ဘုရားက မြင်တော်မူသောကြောင့် အဲ့ဒါကို ဖြေးချင်ဖြေးကွ (မှန်ပါ့)
ဒီ ဒိဋ္ဌိကိုတော့ အရင်သတ်ကွာလို့ ဆိုတဲ့ အဓိပ္ပါယ် ဘုရားသခင် ကိုယ်တော်မြတ်ကြီး သံယုတ် ပါဠိတော်ကြီးများမှာ အကြီးအကျယ်ဘဲ ဟောပါတယ်။ (မှန်ပါ့)
ဒါကြောင့် အားလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဦးမာဒင်ကို၊ ဦးမောင်ကလေးတို့ အရေးတကြီးဟာ သူဘဲ (မှန်ပါ့) ဒိဋ္ဌိအရေးအကြီးဆုံး မှတ်ပါနော်။ (မှန်ပါ့)
ကိုင်း ဒါဖြင့် ဒိဋ္ဌိအကြောင်းကို ဒသကနိပါတ် အင်္ဂုတ္တိုရ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ တပည့်လဲဖြစ်၊ ကျောင်းဒါယကာလဲဖြစ်တဲ့ အနာထပိဏ် သူဋ္ဌေးကြီးဆိုတာ ရှိတယ်။ အနာထပိဏ်သူဋ္ဌေးကြီးက သာသနာမှ အပဖြစ်တဲ့ တိတ္ထိတွေကို ဖြေကြားပုံကလေး ယနေ့ ဒကာ ဒကာမတွေ ကောင်းကောင်းမွန်မွန်ကြားပြီး ကောင်းကောင်းမွန်မွန် ဝိပဿနာဉာဏ်နဲ့ နှုတ်နိုင်လိမ့်မယ် ဆိုတာလည်း ဘုန်းကြီး ယုံကြည်တယ်။ (မှန်ပါ့)
ဒိဋ္ဌိဘယ်လာသတုန်း
ကဲ ဒါဖြင့် အဲ့ဒါကလေး အကြောင်းပြကြပါစို့။ အပါယ်ရေသောက်မြစ်ဟာ ဒိဋ္ဌိဘဲ၊ ဒိဋ္ဌိဘယ်လာသတုန်းလို့ ဆိုပြီး သကာလ ဒကာသစ်တို့ ဦးမာဒင်တို့ ဦးမောင်ကလေးတို့ အမြစ်ရှာကြဦးစို့နော် (မှန်ပါ့)
ဝတ္ထုကလေး ထုတ်ကြမယ်။ အနာထပိဏ် သူဋ္ဌေးကြီးက ကျောင်းကို တစ်နေ့ သုံးခေါက် လာနေကြဖြစ်တယ်။ (မှန်ပါ့) ကျောင်းတနေ့ သုံးခေါက် လာနေကြဖြစ်တော့ကို နေ့လည်ကြီးလာတော့ ခပ်စောစောကလေး ဖြစ်နေတယ်။ (မှန်ပါ့)
ဇေတဝန်ကျောင်းနားရောက်ပြီး နေတဲ့ အချိန်မှာ သူ့စိတ်ထဲ ဪ ဒီအချိန်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလည်း တပါတည်း ကိန်းအောင်းပြီး သကာလ နေတဲ့အချိန်၊ တခါ သူဖူးမြော်ချင်တဲ့ ကိုယ်တော်တွေ ကြည့်လိုက်ပြန်တော့လည်း တို့ ကိုယ်တော်တွေလည်း ဒီလိုဘဲ တပါတည်း ကိန်းအောင်ပြီး သကာလ နေတဲ့အချိန် ဖြစ်နေတယ်။ (မှန်ပါ့)
စောပါသေးတယ်လေ ဘယ်သူနဲ့မှလည်း တွေ့ဖို့ ကြုံဖို့ အခါအခွင့်ကလည်း မကြုံသေးပါဘူးဆိုပြီး သကာလ ဘုရားကျောင်းတော်နားမှာလည်း သာသနာပ တိတ္ထိတွေ နေတဲ့ ကျောင်းတိုက်ကြီး တစ်တိုက်ရှိတယ်။ (မှန်ပါ့)
အဲ့ဒီကျောင်းတိုက်ကြီး ဝင်ပြီး သကာလ သွားတော့ မိစ္ဆာဒိဋ္ဌိတွေက အော်ကာ၊ ငင်ကာနဲ့ မဂ်ဖိုလ်မှ ဖီလာဖြစ်တဲ့ တိရစ္ဆာနကထာတွေ ပြောဆိုနေကြတယ်။ (မှန်ပါ့)
အနာထပိဏ် သူဋ္ဌေးကြီး
ပြောနေတော့ အနာထပိဏ် သူဋ္ဌေးကြီးက ကျောင်းပေါက်ဝင်လိုက်ရင်ဘဲ တိတ္ထိအချင်းချင်း ဟေ့ ဟိုမှာ ဘုရား၏ တပည့်သား အဝတ်ဖြူတွေ ဝတ်ပြီး သကာလ အနာထပိဏ်သူဋ္ဌေးကြီးဆိုတာ ဂေါတမဘုရား၏ တပည့်ကွ၊ သူလာတယ်ကွ တို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တို့စကားတွေ အကုန်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နေကြစို့ ဆိုပြီး သကာလ နေကြတယ်။ (မှန်ပါ့ ဘုရား)
ထိုကဲ့သို့ နေတဲ့ အချိန်မှာ အနာထပိဏ်သူဋ္ဌေးကြီး ရောက်လာပြီးတော့ တိတ္ထိတွေကလည်းထိုင်၊ သူကလဲ ထိုင်ပြီး သကာလ နေတုန်း တိတ္ထိတွေက အနာထပိဏ်သူဋ္ဌေးကြီးကို မေးလိုက်တယ်။ ဘယ်လိုမေးလိုက်လဲဆိုတော့ အနာထပိဏ်သူဋ္ဌေးကြီး တစ်နေ့ထဲ ကျောင်းကို နှစ်ခေါက် သုံးခေါက်သွားနေတယ်၊ အဲ့ဒီတော့ ကျုပ်တို့မေးတာကလေးဖြင့် ဖြေစမ်းပါဆိုပြီး သကာလ အဖြေတောင်းတယ်နော်။ (မှန်ပါ့)
ဘာမေးလိုက်သလဲ ဆိုတော့ အနာထပိဏ်သူဋ္ဌေးကြီး ဘုရားဟာ ဘယ်အယူလဲလို့ မေးလိုက်တယ်။ (မှန်ပါ့)ဒကာ ဒကာမတို့ ဘုရားကျောင်းနားနေပြီး ဘုရားဟာ ဘယ်အယူလဲဆိုတာကို သူတို့မသိဘူး။ (မှန်ပါ့) ဘုရားဟာ ဘယ်အယူလဲလို့ မေးလိုက်တဲ့ အခါကျတော့ ဘုရားအယူလဲ တပည့်တော် မဖြေတတ်ပါဘူး။ (မှန်ပါ့) အနာထပိဏ်သူဋ္ဌေးကြီးက လျှော့ပေါက်ကဘဲ နေလိုက်တယ်။ (မှန်ပါ့)
ဒါနဲ့ ဆက်လက်ပြီး သကာလ မေးပြန်တယ်။ တိတ္ထိတွေက မေးနေတာဘဲ (မှန်ပါ့) ဒါနဲ့ ဘုရားအယူကို ဒကာကြီး မသိလို့ရှိရင်ဖြင့် ဘုရား၏ တပည့်သား ရဟန်းတွေ၏ အယူကော ဒကာကြီး မသိဘူးလားလို့ မေးကြပြန်တယ်။ (မှန်ပါ့)မေးတဲ့ အခါကျပြန်တော့လည်း ရဟန်းတော်များ၏ အယူကို တပည့်တော် သိဖို့ အတော်ခဲယဉ်းပါတယ်ဘုရားတဲ့ ဆိုပြီး နှစ်ချီရှိပြီ မဖြေဘဲထားလိုက်တယ်။ (မှန်ပါ့)
နောက်ကျတော့ သုံးခုမြောက်မေးတယ်။ ဒါဖြင့် ဒကာကြီး အယူမေးရမယ်။ ဒကာကြီးအယူ ပြောစမ်းပါပြီး သကာလ တိတ္ထိတွေက မေးလိုက်ပါတယ်။ (မှန်ပါ့)
အရှင်ဘုရားတို့ အယူကို အရင်ပြောပါတဲ့
အဲ့ဒီကဲ့သို့ ပြောလိုက်တဲ့ အခါကျတော့ တပည့်တော် အယူပြောဖို့ကတော့ အလွယ်ကလေးပါဘုရား (မှန်ပါ့) တပည့်တော် အယူပြောဖို့ရာတော့ အလွယ်လေးပါဘဲတဲ့၊ သို့ရာတွင် အရှင်ဘုရားတို့ အယူကို အရင်ပြောပါတဲ့ (မှန်ပါ့)အရှင်ဘုရားတို့၏ အယူကို ပြောပါဆိုတော့ တိတ္ထိတစ်ယောက်က ထပြီး သကာလ ကျုပ်အယူကတော့ သင်္ခါရလောကဆိုတာ ခန္ဓာကိုယ်ကြီးပေါ့ဗျာ (မှန်ပါ့ ဘုရား) သင်္ခါရလောကကြီးဟာ မြဲတယ်လို့ ကျုပ်တစ်ခါတည်း ယူလိုက်တယ်တဲ့ (မှန်ပါ့)
ဒီအယူမှ တပါး ဘာမှ မယူဘူး။ ကျုပ်အယူသာ ကျုပ်မှန်တယ်လို့ တခါတည်း စွဲမြဲပြီး ထားလိုက်ပါတယ်။ ဒီလို သူက ဖြေလိုက်တယ်။ (မှန်ပါ့)
ဒါနဲ့ သူက တိတ္ထိတွေကို မေးလိုက်တယ်။ တယောက်သော တိတ္ထိက လာပြီး သကာလ ကျုပ်အယူကတော့ဗျာ သင်္ခါရလောကဆိုတဲ့ နာမ်ရုပ်လောကကြီးဟာ မမြဲဘူးလို့ ယူသဗျ (မှန်ပါ့) အနာထပိဏ် သူဋ္ဌေးကြီးက နားထောင်နေတယ် (မှန်ပါ့)
နောက်တိတ္ထိတယောက်က လာပြန်လဲ သင်္ခါရလောကကြီးဟာ အဆုံးရှိတယ်ဗျတဲ့ (မှန်ပါ့) ဒီအယူမှ အယူမှန် တဲ့ (မှန်ပါ့)
သူတို့ဟာတွေ ဦးမာဒင် စဉ်းစားကြည့်စမ်း။ တယောက်နဲ့ တယောက် တူရဲ့လား (မတူပါ ဘုရား)
နောက် စတုတ္ထ တိတ္ထိက လာပြန်တော့လည်း လောကကြီးဟာ အဆုံးမရှိဘူးလို့ ကျုပ်ယူတယ်။ ကျုပ်အယူသာ အမှန်ဘဲ တဲ့ (မှန်လှပါ) လေးယောက်ရှိသွားပြီ (မှန်လှပါ ဘုရား)
သတ္တဝါသေသည်၏ အခြားမဲ့၌ မဖြစ်တော့ဘူးလို့ ကျုပ်ယူတယ် (မှန်လှပါ) ‘ဧကစ္စသဿဒိဋ္ဌိ’ ဖြေလိုက်တယ် (မှန်ပါ့)
တယောက်သော ပုဂ္ဂိုလ်က သတ္တဝါသေတဲ့အခါ မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် ရှိသေးတယ်ဆိုတဲ့ ‘အမရာဝိက္ခေပ ဒိဋ္ဌိ’ဖြေလိုက်တယ် (မှန်ပါ့)
ဒါဟာ တိတ္ထိတွေက ‘ဒသဝတ္ထုကဒိဋ္ဌိ’ အတိုင်း ဦးမာဒင် ဖြေလိုက်ကြတယ်နော် (မှန်ပါ့) ဖြေလိုက်ကြတယ်တဲ့၊ ထိုကဲ့သို့ ဖြေတော့ တိတ္ထိတွေက ကိုင်း ကျုပ်တို့ ဖြေပြီးပြီ ကျုပ်တို့ အယူတွေကို၊ ခင်ဗျားအယူကို ပြောတော့ (မှန်ပါ့)။
ဘာကြောင့် ဒိဋ္ဌိဖြစ်တယ်ဆိုတဲ့ စွဲချက်တင်ပါပေ့ါလား
ဟာ တပည့်တော် အယူကို မပြောနိုင်သေးဘူး အရှင်ဘုရားတို့ အယူကို တပည့်တော် ဖြေရှင်းပေးရဦးမယ်ဆိုပြီး သကာလ ဒကာ ဒကာမတို့က ဒီနေရာမှာ အသားယူပြီး သကာလ ကိုယ့်စိတ်ထဲ ယုံကြည်ချက် ပြင်းထန်အောင် ဪ အနာထပိဏ်သူဋ္ဌေးကြီးက ဒီတိတ္ထိတွေကို စွပ်စွဲမည့် အချက်ကို ကြားရတော့ ဪ သောတာပန်က စွပ်စွဲတာပါကလား သောတာပန်က တိတ္ထိတွေကို ဘာကြောင့် ဒိဋ္ဌိဖြစ်တယ်ဆိုတဲ့ စွဲချက်တင်ပါပေ့ါလားဆိုတာ မှတ်ရမယ် (မှန်လှပါ ဘုရား)။
သောတာပန်ဆိုတာက ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပယ်ပြီးသားပေါ့ဗျာ (မှန်ပါ့)
ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပယ်ပြီးသား သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီး သကာလ နေတော့ သူက အရှင်ဘုရားတို့ ယူတဲ့ အယူဟာ ဘယ်လိုတုန်းလို့ ဆိုလို့ရှိရင် အရှင်ဘုရားတို့ ယူတဲ့အယူကို တပည့်တော် အထူးတော့ မပြောလိုပါဘူး တဲ့၊ အရှင်ဘုရားတို့ ယူတဲ့ ဒိဋ္ဌိအယူဟာ ကိုယ်ကိုယ်တိုင် နှလုံးသွင်းမှားလို့ ယူတာ ဖြစ်ပါလိမ့်မယ်တဲ့ (မှန်ပါ့ ဘုရား) ၁- နံပါတ် အဖြေထုတ်တယ် (မှန်ပါ့ဘုရား။)
အရှင်ဘုရားတို့ အခုယူနေတဲ့ အယူကဖြင့် ကိုယ်ကိုယ်တိုင် နှလုံးသွင်းမှားလို့ ရှိရင်လည်း ဖြစ်ပါလိမ့်မယ်။ (မှန်ပါ့)
သို့မဟုတ် တရားနာမှားလို့ရှိရင်လည်း ဖြစ်ပါလိမ့်မယ် (မှန်ပါ့) ဒါကြောင့် အရှင်ဘုရားတို့ ဒီအယူကို ယူတာ (မှန်ပါ့) ဆိုတော့ ဒီမှာ ဒကာ ဒကာမတွေ မှတ်စရာက ဒကာကြွယ် သိပ်အရေးကြီးလာတယ် (မှန်လှပါ) ဘယ်လို အရေးကြီးသတုန်းဆိုတော့ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းကို သူက ဖော်လိုက်တာကိုး (မှန်ပါ့ ဘုရား)
ကိုယ်ခန္ဓာပေါ်နှလုံးသွင်းမှားလို့
ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းက ကိုယ့်ကိုယ်ကို နှလုံးသွင်းမှားတာနဲ့ ကိုယ်ခန္ဓာပေါ်နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ခြင်းတပါး (မှန်လှပါ) တရားနာမှားလို့ ဒိဋ္ဌိဖြစ်ခြင်းတပါး (မှန်ပါ့ ဘုရား)
ဒီနှစ်ပါးကြောင့် ဒိဋ္ဌိဖြစ်ပေါ်လိမ့်မယ်လို့ အနာထပိဏ်သူဋ္ဌေးကြီးက တိတ္ထိတွေကို စွဲချက်တင်လိုက်တယ် (မှန်ပါ့ ဘုရား)
ဒကာ ဒကာမတို့ ဒီဟာကလေးဟာ သိပ်အဖိုးတန်တယ် (အဖိုးတန်ပါတယ် ဘုရား)
ဒီဟာကို ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက အဖိုးတန်တယ်လို့ ဘုရားဟောတော်မူတာကြီးကို အထူးတလည် ချီးကျူးရပါလိမ့်မလဲလို့ ဦးမာဒင်တို့ ဦးမောင်ကလေးတို့က မေးလို့ရှိရင်ဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းဟာ ဒီနှစ်ကြောင်းဟာ အရေးအကြီးဆုံးအကြောင်း (မှန်ပါ့) ရှိတာကတော့ ရှစ်ပါးရှိတယ် (မှန်ပါ့) ရှစ်ပါးရှိသော်လည်း အနာထပိဏ်သူဋ္ဌေးကြီး ဖြေတဲ့ နေရာမှာတော့ နှစ်ပါးတည်းနဲ့ ဖြေတယ် (မှန်ပါ့ ဘုရား)
ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းရှိတာကတော့ (ရှစ်ပါးရှိပါတယ်) သို့သော် အနာထပိဏ် သူဋ္ဌေးကြီးကတော့ နှစ်ပါးကိုပဓာနထားပြောတယ် (မှန်ပါ့ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)
ကဲ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အယူမှားနေတဲ့ တိတ္ထိတွေအတွက်မှာဖြင့် ဘယ်အတွက်ကြောင့် ခုနက အယူမှားတွေ လောကကြီး မြဲတယ်၊ လောကကြီး မမြဲဘူး၊ လောကကြီးဟာ အဆုံးရှိတယ်၊ အဆုံးမရှိဘူး၊ သတ္တဝါသေရင် ဖြစ်တယ်၊ မဖြစ်ဘူး၊ မဖြစ်ချည်တလှည့် ဖြစ်ချည်တလှည့်၊ မဖြစ်သည်လည်းမဟုတ်၊ ဖြစ်သေးတယ်ဆိုတဲ့ ဆယ်ပါးသော ဒိဋ္ဌိအယူတွေဟာ ဒကာ ဒကာမတို့ အနာထပိဏ်သူဌေးကြီး စွဲချက်တင်တာဟာ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းမှတ်လိုက်စမ်းပါ (မှန်ပါ့)
ကိုယ့်ကိုယ်ကို နှလုံးသွင်းမှားလို့လဲ ဒိဋ္ဌိဖြစ်နိုင်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဘာတုန်း (ကိုယ့်ကိုယ် နှလုံးသွင်းမှားလို့လဲ ဒိဋ္ဌိဖြစ်နိုင်ပါတယ် ဘုရား) ဪ ကိုယ့်ကို နှလုံးသွင်းမှားရင်လည်း ဒိဋ္ဌိဖြစ်နိုင်တယ်နော် (မှန်ပါ့ ဘုရား)
အားလုံး ဒကာ ဒကာမတွေ ခင်ဗျားတို့ ကိုယ်ကို ခင်ဗျားတို့ ဘုရားဟောတော်မူတိုင်း ဆရာဘုန်းကြီးပေးတဲ့နည်းနဲ့ နှလုံးမသွင်းဘဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ်ထင်သလို နှလုံးသွင်းလိုက်လို့ရှိရင် အဲ့ဒါသည် အပါယ်ရေသောက်မြစ် ဒိဋ္ဌိပေါ်တာဘဲ (မှန်ပါ့ ဘုရား)
ဦးမာဒင် ကြောက်စရာပါကလား (ကြောက်စရာပါ ဘုရား) ဦးမောင်ကလေး ဘယ့်နှယ်တုန်း (ကြောက်စရာပါ) ကိုယ့်ကိုယ်ကို နှလုံးသွင်းမှားလိုက်တာ (မှန်ပါ့ ဘုရား)
နက်နက်နဲနဲ ပြောရမည့် စကားဖြစ်နေတော့ ဒကာကြွယ်ရေ လေးလေးစားစားနဲ့ နားထောင်မှ ရမယ် (မှန်ပါ့) ကိုယ့်ကိုယ်ကို နှလုံးသွင်းမှားလို့လဲ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့)။
တရားနာမှားလို့လည်း ဒိဋ္ဌိဖြစ်ပါလိမ့်မယ်
အနာထပိဏ်သူဋ္ဌေးက ဒုတိယစွဲချက် တိတ္ထိတွေကို တင်လိုက်တာကတော့ အရှင်ဘုရားတို့ တရားနာမှားလို့လည်း ဒိဋ္ဌိဖြစ်ပါလိမ့်မယ်၊ အရှင်ဘုရားတို့ ယူထားတဲ့ အယူတွေဟာလေ (မှန်ပါ့) ဘယ်နှစ်ချက် စွဲချက်တင်လိုက်ပါလိမ့် (နှစ်ချက်တင်ပါတယ် ဘုရား)
၁- နံပါတ်က ဘာတဲ့ (ကိုယ့်ကိုယ်ကို နှလုံးသွင်း မှားလို့ပါ)
၂- နံပါတ်ကကော (တရားနာမှားလို့ပါ ဘုရား)
အမလေး ဒါဖြင့် ဦးမာဒင်တို့၊ ဦးမောင်ကလေးတို့ တရားနာပေမယ့် အရေးကြီးတယ် (အရေးကြီးပါတယ် ဘုရား)
ဒကာကြွယ် ဘယ့်နှယ်တုန်း (တရားနာပေမယ့် အရေးကြီးပါတယ် ဘုရား)။
ကိုယ့်ကိုယ် နှလုံးသွင်းမှားက အရေးကြီးရတဲ့အထဲ သူတပါး တရားနာမှုကြောင့်လည်း ဒိဋ္ဌိဖြစ်နိုင်သေးတယ် (မှန်ပါ့) ဒါ အနာထပိဏ်သူဋ္ဌေးကြီးဖြေတာ နောက်ဆုံးပိတ်ကြတော့ ဒကာကြွယ် ဘုရားထောက်ခံချက် ပေးလိမ့်မယ် (မှန်ပါ့ ဘုရား)
သူ ဒီတွင် မရပ်သေးဘူး။ ဒီအဖြေတွေပေးပြီး တိတ္ထိတွေနဲ့ အမျိုးမျိုးအဖုံဖုံ တရားဓမ္မတွေပြောပြီးသည်၏ အခြားမဲ့၌ ဘုရားဆီရောက်ဦးမယ် (မှန်ပါ့) ပြီးတော့မှ ဘုရားက အကြီးအကျယ် ထောက်ခံချက် ပေးဦးမှာ၊ အခု ဒီစွဲချက် နှစ်ခုကို (မှန်ပါ့)
ဒါဖြင့် ဒကာ ဒကာမတွေ ဒီနေ့ တရားပွဲမှာ ဒီနှစ်လုံးဖြင့် မပျောက်ပါစေနဲ့ (မှန်ပါ့ ဘုရား)
၁- နံပါတ် ဒိဋ္ဌိဖြစ်ခြင်းအကြောင်းက (ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်း မှားလို့ပါ) ၂- နံပါတ် ဒိဋ္ဌိဖြစ်ခြင်းအကြောင်းက (တရားနာမှားလို့ပါ ဘုရား)
ဪ ဒါဖြင့် ဒကာကြွယ်ရေ ဒါကလေးတွေ မသိလို့ ရှိရင် ကျုပ်တို့ ကိုယ်ကျိုးနည်းရတော့မယ် (မှန်ပါ့) ကိုယ့်ကိုယ်ဆိုတော့ အတူနေတာ (မှန်ပါ့)။
ကိုယ့်ကိုယ် အထင်မှားမှုဆိုတဲ့ ဒိဋ္ဌိကဘဲ
ဒီအပေါ်မှာ နှလုံးသွင်း မှားလိုက်မယ်ဆိုပြီး အထင်မှား အမြင်မှားတွေ လာလိုက်မယ်ဆိုလို့ရှိရင်လည်း သူတပါးက မချဘူး။ ကိုယ့်ကိုယ် အထင်မှားမှုဆိုတဲ့ ဒိဋ္ဌိကဘဲ အပါယ်ပို့လိုက်လိမ့်မယ် (မှန်ပါ့) ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)
ဒကာ ဒကာမတို့ သူတစ်ပါးက အပါယ်ပို့တာက တော်သေးတယ်နော် (မှန်ပါ့) ကိုယ့်ကိုယ်က အပါယ်ပို့တာ တယ် ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)
ဦးလှဘူး ဘာတဲ့တုန်း (ကိုယ့်ကိုယ်က အပါယ်ပို့တာ ကြောက်စရာကောင်းပါတယ် ဘုရား)
ဒုတိယအချက်ကတော့ တရားနာမှားလို့ အပါယ် ရောက်ပါတယ်။ တရားနာမှားလို့ ဒိဋ္ဌိဖြစ်ပါတယ်ဆိုတော့ ဒကာ ဒကာမတို့ အဲ့ဒါကတော့ သူတပါးကြောင့် ကိုယ် အပါယ်ရောက်မယ် (မှန်ပါ့) ဒါကလည်း နာတာဘဲ (နာပါတယ် ဘုရား)
ဒသကနိပါတ် အင်္ဂုတ္တိုရ် ဥပါလိဝဂ်မှာ အနာထပိဏ်သူဋ္ဌေးကြီး သေသေချာချာ ဟောထားတော့ ဒကာကြွယ်ရေ ဒီအရေးဟာ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းလို့ သေသေချာချာပြပါတယ် (မှန်ပါ့ ဘုရား)
ဒကာ ဒကာမတို့ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း (နှစ်ကြောင်းပါ ဘုရား) ၁- နံပါတ် အကြောင်းက ဘာပါလိမ့် (ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်းမှားလို့ပါ ဘုရား) ၂-နံပါတ် အကြောင်းက (တရားနာမှားလို့ပါ ဘုရား) သူတပါး တရားကို အနာမှားလို့ (မှန်ပါ့) ပြောသံကြားနဲ့ ယုံကြည်ပြီးဖြစ်တဲ့ ဒိဋ္ဌိပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒီအရေးနှစ်ခုကိုအရေးတကြီးပြောရမယ်
ဒါ့ကြောင့် ဒီအရေးနှစ်ခုကို ဦးမာဒင်ရေ ဦးမောင်ကလေးရေ အရေးတကြီးပြောရမယ် (မှန်ပါ့) မပြောရင် ဖြစ်ကို မဖြစ်ဘူး (မဖြစ်ပါ ဘုရား) မပြောရင် ဒကာ ဒကာမတို့ ဂျွမ်းထိုးမှောက်ခုံသွားမယ် (မှန်ပါ့ ဘုရား)
ဒါ့ကြောင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာသနာတော်မှာ ဒီအချက်အလက်တွေကို မသိတော့ဘူးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နေကြတော့မယ်။ ရိုးရာနဲ့ဘဲ တပည့်တော်တို့ဖြင့် ဘုရာ့ ဖြစ်သမျှအကြောင်း အကောင်းဘဲ ဆိုပြီး သကာလ လမ်းဆုံးနေကြမယ်ဆိုရင် ကိုယ့်ကိုယ် အတွက်လည်း ဖြစ်ရမှာ ဧကန်ဘဲ (မှန်ပါ့ ဘုရား)
သာမည ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တရားကို နာမိလု့ိ ရှိပြန်လို့ရှိရင်လည်း ဟိုအယူက ဒီမှာ လမ်းဆုံးနေပြန်ရင်လည်း ဒိဋ္ဌိဖြစ်ရမယ် (မှန်ပါ့) သိပ်ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား)
ဒကာကြွယ် နှစ်ချက်ဗျ (မှန်ပါ့) အာလုံး ဒကာ ဒကာမတွေ လေးလေးစားစားမှတ်ရမှာက ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ) နှစ်ချက်လို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒို့အပါယ်လေးပါးသွားဟာ ဘယ်သူတုန်း
အဲ့ဒီတော့ ဒီဥစ္စာကို သာမည နားနဲ့ မထောင်ဘဲနဲ့ ဒို့အပါယ်လေးပါးသွားဟာ ဘယ်သူတုန်းလို့ ရေသောက်မြစ်ရှာတော့မှ အပါယ်လေးပါးဟာ တို့အိမ်လို့ ဘုရားကလည်း ဟောထားတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့် တို့အိမ်လို့ ဟောပါလိမ့်မလဲလို့ လက်သည် ကြီးကြီးကျယ်ကျယိ ရှာလိုက်တော့ ဒိဋ္ဌိဘဲတွေ့တယ်။ (မှန်ပါ့ ဘုရား)
ကြည့်ပါ့လား “စတူဟာပါယေဟိ စ ဝိပ္ပမုတ္တော”လို့ ပရိတ်ကြီး သုထ္တနိပါတ် ပါဠိတော်မှာလာတော့ ဒိဋ္ဌိဝိစိကိစ္ဆာလွတ်ရင် အပါယ်လေးပါး လွတ်တယ်ဆိုတော့ ဪ ဒိဋ္ဌိပြောနေတာ (မှန်ပါ့) တဏှာတောင် မပြောဘူး (မှန်ပါ့) အဝိဇ္ဇာတောင် မပြောဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ဒါလည်း ဘုရားဟောဘဲ မဟုတ်ဘား (မှန်ပါ့)
အဲ “သဟာဝဿ ဒဿန သမ္ပဒါယ (ပ) သီလဗ္ဗတပရာမာသဉ္စ” ဆိုပြီး သကာလ ဒကာ ဒကာမတို့ ဒိဋ္ဌိကို ပဓာနထားပြောတယ် (မှန်ပါ့) ဒိဋ္ဌိပြုတ်လို့ရှိရင်လည်း ဝိစိကိစ္ဆာပြုတ်တာဘဲ (မှန်ပါ့ ဘုရား)
သီလဗ္ဗတပရာမာသဆိုတာလည်း တခြားမဟုတ်ပါဘူး ဒိဋ္ဌိဘဲ (မှန်ပါ့) သီလဗ္ဗတပရာမာသဒိဋ္ဌိပါ (မှန်ပါ့)
ဒါဖြင့် ဒိဋ္ဌိကြောင့် အပါယ်ရောက်တယ်ဆိုတာ သေချာတယ်။ (သေချာပါတယ်။) ဒကာကြွယ် ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)
ဒီဒိဋ္ဌိဘယ်က လာပါလိမ့်မတုန်းဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဉာဏ်ထဲ ရောက်နေတယ် (မှန်ပါ့)
ဘယ်လိုရောက်လာပါလိမ့်မတုန်းလို့ ကိုယ့်ကိုယ်ကိုယ် အဖိုးတန်မှန်းကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက် ချကြည့်လိုက်တော့မှ ဆရာဘုန်းကြီးက အနာထပိဏ်သူဋ္ဌေးကြီး ပြောပုံကလေး ပြောလိုက်တော့ ကိုယ့်ကိုယ် နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ရတယ် (မှန်ပါ့)
တရားနာမှားလို့ (ဒိဋ္ဌိဖြစ်ရပါတယ်) ဪ ဒါဘဲ ဒါဘဲဆိုတာ ကျုပ်တို့ လက်သည် ဖမ်းမိတယ် (ဖမ်းမိပါတယ်) မဖမ်းမိကြဘူးလား (ဖမ်းမိကြပါတယ် ဘုရား)
ဒါဘဲ ဒါဘဲဆိုတဲ့ လက်သည်ဖြင့် ကောင်းကောင်းမိတာဘဲ (မိပါတယ် ဘုရား) ဪ တို့ အပါယ်မှ ဘယ်အခါ ကာလမှ မလွတ်ခဲ့တဲ့ လက်သည်ဟာ ဘယ်သူပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှာ သူတို့ နှစ်ခုဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း
ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းသည် ဒကာ ဒကာမတို့ ရှင်းလောက်ပါပြီ (ရှင်းပါပြီ ဘုရား)။
ဘယ်နှစ်ကြောင်းပါလိမ့် (နှစ်ကြောင်းပါ) တကြောင်းက ဘာပါလိမ့် (ကိုယ့်ကိုယ် ကိုယ် နှလုံးသွင်းမှားလို့ပါ ဘုရား) တကြောင်းက (တရားနာမှားလို့ပါ ဘုရား)
အဲ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်မှ အရေးကြီးပါတယ်။ ကဲ ဒါဖြင့် ၁- နံပါတ် ရှင်းကြပါစို့နော် (မှန်လှပါ ဘုရား)
၁- နံပါတ်ရှင်းကြပါစို့ဆိုတော့ ဥပမာမယ် သုံးဆယ့်နှစ် ကောဋ္ဌာသနဲ့ ပုလိုက်တော့ သုံးဆယ့်နှစ်ပုံ ဖြစ်လာတယ် (မှန်ပါ့) ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစောနဲ့ ပုံလိုက်တဲ့ အခါကျတော့ သုံးဆယ့်နှစ်ပုံ လာဖြစ်တယ် (မှန်ပါ့)
တပုံတပုံကို ခွဲကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါကလည်ဆံ၊ ဒါက အမွှေး၊ ဒါက သွား၊ ဒါကလည်း အရိုး၊ ဒါကလည်း အရေနဲ့ ဝေဖန်လိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် ဒိဋ္ဌိက နည်းနည်းကလေးတော့ ဖြုံသလိုလို ရှိတယ် (မှန်ပါ့)
အင်း ဘယ်မတုန်း ဒီဥစ္စာ လှတာ၊ ချောတာ ဘယ်မှာရှိတော့မလဲဆိုတဲ့ တဏှာလေးတောင် သေသွားတယ် (မှန်ပါ့) ဒိဋ္ဌိမပြုတ်ချင်သေးဘူး (မှန်ပါ့)။
သုံးဆယ့်နှစ်ပုံပုံပြီး
သုံးဆယ့်နှစ်ပုံပုံပြီး သုံးဆယ့်နှစ်ကောဋ္ဌာသတရားနဲ့ ခွဲကြည့်လိုက်တယ် (မှန်ပါ့) ဒါဘယ်သူ့ဆံပင်တုန်းလို့ မေးတော့ ငါ့ဆံပင် (မှန်ပါ့)
အင်း ဒိဋ္ဌိက ဝင်လာပြီ (မှန်ပါ့) ဒီသွားကလေးဟာ ဘယ်သူ့သွားပါလိမ့်မတုန်း (ငါ့သွားပါ ဘုရား) ဟာ ဒါဖြင့် သုံးဆယ့်နှစ်ကောဋ္ဌာသနဲ့ မရချင်သေးဘူး နေယျပုဂ္ဂိုလ်၊ ပဒပရမပုဂ္ဂိုလ်မျိုးကို ရည်ရွယ်ပြီး မိန့်သည်။
သုံးဆယ့်နှစ်ကောဋ္ဌာသကို သာမည နှလုံးသွင်းရုံနဲ့ဖြင့် ဒိဋ္ဌိက မဖြုံသေးဘူး (မှန်ပါ့) ဒကာကြွယ် သိပ်ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)
သုံးဆယ့်နှစ် ကောဋ္ဌာသလောက်နဲ့ဖြင့် ဒကာ ဒကာမတို့ ငါ့အဖေ့ အရိုး၊ ငါ့အဖေ့ ဂူဆိုတာတွေက ရှိနေသေးတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)
သုံးဆယ့်နှစ် ကောဋ္ဌာသလောက်နဲ့များတော့ မဖြုံသေးဘူးပေ့ါ ဒိဋ္ဌိက (မှန်ပါ့) အပါယ်ငရဲမျိုးစေ့ ပြတ်ပေ့ါလို့ဆိုလို့ ရရဲ့လား (မရပါ ဘုရား)
ဪ ဒါဖြင့် ဒါနလည်း မရသေးဘူးဆိုတော့ ရုပ်ခန္ဓာကိုယ်တစ်ခုလုံးမှာ နှလုံးသွင်းမှားတော့ ဒိဋ္ဌိဖြစ်တယ်လို့ ဆိုသောကြောင့် သုံးဆယ့်နှစ်ကောဋ္ဌာသ ခွဲကြည့်တာတောင်မှ ဒိဋ္ဌိက မလွတ်ချင်သေးဘူး (မလွတ်ချင်သေးပါ ဘုရား)။
နာမ်ရုပ်လည်း ခွဲကြစို့
ဒါဖြင့် ဒကာ ဒကာမတို့ နာမ်ရုပ်လည်း ခွဲကြစို့။ ဟောဒါက နာမ်၊ ဟောဒါက ရုပ်၊ စားချင်တာက နာမ်၊ အိပ်ချင်တာက နာမ်၊ အိပ်တာက ရုပ်၊ ပြောချင်တာကနာမ်၊ အသံက ရုပ်ဆိုပြီး သကာလ ခွဲလိုက်တော့ ငါ့စိတ်ဆိုတာကလေးပြန်ပြီးလာတယ် (မှန်ပါ့) လာသေးတာဘဲ (မှန်ပါ့)
ငါပြောတာ မကြားဘူးလား အစရှိသည်နဲ့တဲ့ ဒကာ ဒကာမတို့ စိတ်ကို ငါစွဲချင်စွဲလိုက်တယ် (စွဲပါတယ်)အသံကို ငါစွဲချင်စွဲလိုက်တယ် (စွဲပါတယ် ဘုရား) ငါဒါလောက် အော်တာတောင်မှ နားပင်းနေသလားလို့ ပြောချင်ပြောလိုက်တယ် (မှန်ပါ့) ပြေသေးတယ်ဗျ (မှန်ပါ့)။
ပြောတော့ အင်း ဒါလောက်နဲ့လည်း သူ့ဟာ ဒကာကြွယ်ရေ ဒိဋ္ဌိက မဖြုံပါကလား (မဖြုံပါ ဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိနှလုံးသွင်း မမှားရအောင် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဒီအတိုင်းနေလို့တော့ဖြင့် မရတော့ဘူးတဲ့ ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်လိုက် (မှန်ပါ့)
ကာယာနုပဿနာ သတိပဋ္ဌာန်က ရုပ်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်က ဝေဒနာ၊ စိတ္တာနုပဿနာ သတိပဋ္ဌာန်က စိတ်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်က သစ္စာထားလိုက် (မှန်ပါ့)
ပေါင်းယူလိုက်တဲ့ အခါကျတော့ ခန္ဓာတစ်ခုလုံး ဖြစ်ပျက်ဒုက္ခသစ္စာချည်းဘဲ တွေ့တဲ့အချိန်ကျမှ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာကိုး (မှန်ပါ့ ဘုရား)အဲ့ဒီအချိန်ကျမှ သူပြေးပေတော့မယ် (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်မတွေ့သေးတဲ့ ပုဂ္ဂိုလ်များဒိဋ္ဌိကပ်တုန်း
ဒါဖြင့် ဒီ ဖြစ်ပျက်မတွေ့သေးတဲ့ ပုဂ္ဂိုလ်များအတွက်မှာဖြင့် ဒိဋ္ဌိဟာ ကပ်တုန်းဘဲ မကွာသေးဘူးဆိုတဲ့ အဓိပ္ပါယ် ရှင်းသွားတယ် (ရှင်းသွားပါတယ် ဘုရား)။
ဒါဖြင့် ဦးမာဒင် ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်များအတွက် ဒိဋ္ဌိကွာဖို့ဆိုရင် အတော်ခဲယဉ်းပါတယ် (ခဲယဉ်းပါတယ် ဘုရား)
အဲ့ဒီမှာ နှလုံးသွင်းမှားနဲ့ တွေ့လိုက်ရင် သိပြီးရောဆိုရင် အဲ့ဒီဆရာနဲ့ တွေ့ရင် သွားလိမ့်ဦးမယ် (မှန်ပါ့) သွားလိမ့်မယ် သွားလိမ့်မယ် ဦးမောင်ကလေး (မှန်ပါ့) သေသေချာချာသွားတယ် (မှန်ပါ့)
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာနဲ့ အနိစ္စဖြစ်ပြီး အနိစ္စာနုပဿနာဉာဏ်နဲ့ အနိစ္စနဲ့ အနိစ္စဉာဏ်နဲ့ တွဲမိမှ ဒကာသစ်ရေ ဒိဋ္ဌိက ပြုတ်တယ် (မှန်လှပါ ဘုရား) သဘောကျပြီလား (သဘောကျပါပြီ ဘုရား)
အနိစ္စနဲ့ အနိစ္စနုပဿနာဉာဏ်တွဲမိမှ (ဒိဋ္ဌိက ပြုတ်ပါတယ် ဘုရား) ဒိဋ္ဌိပြုတ်ရမယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
နှလုံးသွင်းမှားလို့ ဒိဋ္ဌိဖြစ်ရတယ်ဆိုတော့ အနိစ္စကို နိစ္စ၊ ခန္ဓာကိုယ်ကြီးကတော့ကွ ကျားကိုးစီး စားလို့ မကုန်ပါဘူး။ မင်းအတွက်က (မှန်ပါ့) နှလုံးသွင်းမှားပြီ (မှန်ပါ့) မမှားသေးဘူးလား (မှားပါပြီ ဘုရား)။
အို အသားအရေကလေးတွေက ပြေပြစ်လိုက်တာ မင်းအတွက်ကဖြင့်ကွာ လူပုံအလယ်မှာဖြင့် လူလားမြောက်လာတာ တယ် ကုသိုလ်ကံ ရှိတယ်ကွာလို့ ဆိုလို့ရှိရင်လည်း မြှောက်သလိုလိုနဲ့ ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့) မင်း ဖြစ်သွားတယ် (မှန်ပါ့ ဘုရား) မင်းဖြစ်သွားတော့ ငါရှိနေပြီ (မှန်ပါ့) ငါရှိလို့ သူဖြစ်တာဆိုတော့ ဘာဖြစ်သွားပြန်သတုန်း (ဒိဋ္ဌိဖြစ်သွားပါတယ် ဘုရား)
ကိုယ့်နာမ်ရုပ် ငါဘဲ (မှန်ပါ့) ဟို ပုဂ္ဂိုလ်ပြောလိုက်တာလဲ သူဘဲ။ (မှန်ပါ့ ဘုရား) ဪ ငါရှိလို့ သူဖြစ်ပြန်လို့ရှိရင် ဒါ နှလုံးသွင်းမှားကုန်ပြီ ဒိဋ္ဌိလာပြီ (မှန်ပါ့) မလာသေးဘူးလား (လာပါတယ် ဘုရား)
လာပြီတဲ့ ဒါဖြင့် ဒိဋ္ဌိ ဘယ်ကလာသတုန်းလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (နှလုံးသွင်းမှားက လာပါတယ် ဘုရား)။
မိမိကိုယ်ကိုပင်လျှင် ဒကာ ဒကာမတို့ မှန်ရှေ့မှာ ရပ်ပြီး သကာလ နေနိုင်ပါသေးတယ် တော်ပါသေးတယ် အစရှိသည်နဲ့ ငါလုပ်နိုင်ပါသေးတယ် ငါကိုင်နိုင်ပါသေးတယ် ငါပြောနိုင်ပါသေးတယ် ငါဘယ်သူ့အောက်မှ ကျစရာ အခုအချိန် မလိုသေးပါဘူးနဲ့ အမလေး မှန်ထဲများ ရှုပ်နေလိုက်တဲ့ ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ့ ဘုရား)။
မှန်ကြည့်ပြီး ဒိဋ္ဌိများဖြစ်နေလိုက်တယ်
မရှုပ်ဘူးလား (ရှုပ်ပါတယ် ဘုရား) ဘာတွေနဲ့ ရှုပ်နေသတုန်းဆိုတော့ ဒိဋ္ဌိနဲ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) မှန်ကြည့်ပြီး ဒိဋ္ဌိများဖြစ်နေလိုက်တယ် (မှန်ပါ့ ဘုရား)
ဒီမှန်သည်ကားလို့ဆိုရင် မကြည့်တတ်လို့ရှိရင် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) မကြည့်တတ်လို့ရှိရင် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) မကြည့်တတ်လို့ရှိရင် ငါ့မှာ မှဲ့ကလေးနဲ့ ငါ့မှာ တင်းတိတ်ကလေးနဲ့တဲ့ ငါချည်းပဲ (မှန်ပါ့ ဘုရား)
ဪ ငါ့မှာ ဒီအနာနဲ့ ငါနဲ့တော့ ခက်ပါသေးရဲ့ (မှန်ပါ့) ဟော မှန်ကြည့်လိုက်တဲ့အတွက် ဒိဋ္ဌိဖြစ်နေတယ် (မှန်ပါ့ ဘုရား)
ဒကာကြွယ် မှန်များကြည့်လိုက်တဲ့ အခါကျလို့ ရှိရင် အတော်ကြောက်စရာကောင်းတယ် (ကောင်းပါတယ် ဘုရား) သူ့အတွက်ကြောင့် (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ ဒါ့ကြောင့် မူလ ပဏ္ဏာသအဋ္ဌကထာမှာ ပြောတယ် (မှန်ပ့ါ) မှန်မကြည့်တတ်လို့ ရှိရင်ကွာတဲ့ ခြင်္သေ့ဖြစ်ပြီး သကာလ သေတတ်တယ်ကွတဲ့ (မှန်ပါ့)
မှန်ရှေ့မှာရှိတဲ့ ခြင်္သေ့တကောင်ကြည့်လိုက်တော့ သူူက သွားဖြဲလို့ရှိရင် မှန်ထဲက ခြင်္သေ့ရုပ်ကလည်း သွားဖြဲတာဘဲ (မှန်ပါ့) သူက ဟောက်လို့ရှိရင်ကော (မှန်ထဲက ဟောက်ပါတယ် ဘုရား)
အဲ့ဒါနဲ့ ပြင်ဘက်က ခြင်္သေ့ဟာ အရိပ်ကို အကောင်ထင်တာနဲ့ သေပွဲဝင်ရတယ်။ (မှန်ပါ) ဒီမှာလည်း မှန်ကြည့်လွဲတာနဲ့ အပါယ်ပွဲဝင်ရတယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ခင်ဗျားတို့က အိမ်မှာ မှန်ရှိမှာ တော်တယ်၊ မှန်ပေမယ့် သာမည အဖိုးတန်နဲ့ မတော်သေးဘူး၊ ထောင့်ချိုးတွေ ဘာတွေနဲ့ ဟုတ်လား (မှန်ပါ့) ကိုယ်လုံးကို တခါတည်း အကုန်ပေါ်လာလောက်မှ ဒီလိုမှလည်း ကျက်သရေ မင်္ဂလာရှိတယ်လို့ ခင်ဗျားတို့ ထင်ကြတယ် (မှန်ပါ့)
ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒီအဝတ်နဲ့ ဒီအထည်နဲ့ ငါနဲ့ သိပ်လိုက်ပါပြီ။ ဒါလောက်ဆိုရင် ကဲ့ရဲ့သင်္ဂြိုလ်ခြင်းမှ လွတ်လောက်ပါပြီ အစရှိသည်နဲ့ဆိုတော့ ဒကာကြွယ် ဒါဟာ ဘာတွေ ပေါ်လာတာတုန်း (မိမိအရိပ် ပေါ်လာပါတယ် ဘုရား)
ဒကာကြွယ် ပေါ်ဖူးရဲ့လား (ပေါ်ဖူးပါတယ် ဘုရား) ဘယ်သူကြောင့် ပေါ်တာပါလိမ့်(မှန်ကြောင့်ပေါ်တာပါ ဘုရား)၊
ဪ မှန်က သူ့ဟာသူနေတာ ခင်ဗျားတို့က ခြင်္သေ့မလို့ ပေါ်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
မှန်က သူ့ဟာသူနေတာဘဲ ကိုယ်က သွားကြည့်တော့ အထဲမှာ လူတယောက်ဖြစ်နေတော့ အထဲမှာ အရိပ်ကလေးတယောက် ပြင်ဘက်က တယောက်ကို မခွဲတတ်တော့ဘူး။ (မှန်ပါ့)။
မဟာဘုတ်က ငါဖြစ်လာတယ်
မခွဲတတ်တော့ အင်း ငါ တော်တော် နေရာကျသားဘဲဆိုပြီး သကာလ မဟာဘုတ်တွေကို ငါလုပ်ပြီး သကာလ ဒကာ ဒကာမတွေ ကြည့်လိုက်တဲ့အတွက်တဲ့ မဟာဘုတ်က ငါဖြစ်လာတယ် (မှန်ပါ့) ဘုတ်လေးပါးက (ငါဖြစ်ပါတယ် ဘုရား)
ဒါဟာ ဒကာကြွယ် လူကြည့်ကြည့်တာလားတဲ့၊ ခြင်္သေ့ကြည့်ကြည့်တာလား (ခြင်္သေ့ကြည့်ကြည့်တာပါ ဘုရား) နောက်တော့ ခြင်္သေ့ကြည့်တော့ မကြည့်ကြပါနဲ့တော့ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ခြင်္သေ့ကြည့် ကြည့်လိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ ဒီမှန်ကြောင့်ဘဲ အပါယ်ပွဲနွှဲရပါလိမ့်မယ်ဆိုတဲ့ ဥစ္စာဖြင့် ငြင်းဖို့ လိုသေးလား (မလိုပါ ဘုရား)
အဲ့ဒါ အကြည့်မတတ်တော့ နှလုံးသွင်းမှားကုန်တယ် (မှန်ပါ့) အထဲမှာ ခြင်္သေ့တကောင်လို့ ထင်လိုက်ကတည်းက ဘယ့်နှယ်ဖြစ်သွားသတုံး (နှလုံးသွင်းမှားသွားပါတယ် ဘုရား)
ငါ တော်တော် နေရာကျသားဘဲဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် မြင်လို့ပြောတာလား အရိပ်ပြောတာလား (အရိပ်ပြောတာပါ ဘုရား)
ဟာ အရိပ်အကောင်ထင်လို့ သွားပြီ (မှန်ပါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား)
အရိပ်အကောင်ထင်ကတည်းက (သွားပါပြီ ဘုရား) သွားပြီ အပါယ်လေးပါးကို ဒကာ ဒကာမတို့ ဒါဖြင့် ဒကာကြွယ် ရှေ့ကို မှန်ကြည့်တတ်ဖို့လည်း မလွယ်ဘူးနော် (မလွယ်ပါ) အလွယ်ကလေးဘုရား ရှေ့ကသွားရပ်ရင် ပြီးတာပဲလို့ ဒီလိုရော ဆိုချင်သေးလား (မဆိုဝံ့ပါ ဘုရား)
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မှန်ကြည့်တဲ့ အခါကျတော့ ဒီလိုကြည့်တာပေ့ါ (မှန်ပါ့) ဪ ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် မှန်က တခြားပြင်ဘက်က ခန္ဓာငါးပါးက တခြား၊ အတွင်းက အရိပ်က တခြား(မှန်ပါ့)။
သုံးပုံပုံလိုက်တဲ့အခါကျတော့ တခြားစီဖြစ်သွားတယ်
ဪ သုံးပုံပုံလိုက်တဲ့အခါကျတော့ တခြားစီဖြစ်သွားတယ် (မှန်ပါ့) တခြားစီ ဖြစ်သွားတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီဥစ္စာ မှန်ထဲမှာရှိတာကို ဒကာသစ်က ငါလို့ ဆိုမလား (မဆိုနိုင်ပါ) အရိပ်ကိုးဗျ (မှန်ပါ့)
သူတပါးလို့ဆိုမလား (မဆိုရပါ) သူတပါးလို့ ဆိုရမှာကလည်း မိမိနဲ့ တူနေတယ်။ (မှန်ပါ့) ဪ ဒါဖြင့် ငါလည်း မဟုတ် သူတပါးလည်း မဟုတ် ဒကာ ဒကာမတို့ ဓာတ်ရိပ်တွေဘဲလို့ မှတ်လိုက် (မှန်ပါ့)
ငါကော ဟုတ်ပါရဲ့လား (မဟုတ်ပါ) သူတပါးကော (မဟုတ်ပါ) ငါဟုတ်လို့ရှိရင်လည်း ပြင်ဘက်က လူကသူတစ်ပါးဖြစ်ရမယ် (မှန်ပါ့)
ငါမဟုတ်ဘူးလို့ တိုက်ရိုက်စွဲချက်တင်လိုက်ပြန်လို့ရှိရင်လည်း ကိုယ့်မျက်နှာနဲ့ မတူရဘူး အရိပ်နဲ့ (မှန်ပါ့) ဒါ့ကြောင့် ငါရော ဟုတ်ရဲ့လား (မဟုတ်ပါ) ငါဟုတ်တယ်လို့ မဆိုနဲ့နော် (မှန်ပါ့)
မှန်ထဲမှာရှိတဲ့ အရိပ်ဟာလေ (မှန်ပါ့) ငါရော (မဟုတ်ပါ) သူတပါးရော (မဟုတ်ပါ) ဪ ဒါဟာ မဟာဘုတ်တို့၏ ကြည်မှုဘဲလို့ မှတ်လိုက် (မှန်ပါ့) အဋ္ဌကထာဆရာက ဒီအတိုင်းပြောပါတယ် (မှန်ပါ့)
မဟာဘုတ်တို့၏ (ကြည်မှုပါ ဘုရား) အေး မဟာဘုတ်တို့၏ ကြည်သောကြောင့် ဒီပုံသဏ္ဍာန် ဟန်ပန်ထွက်လာတယ်ပေ့ါဗျာ (မှန်ပါ့) အဲ့ဒီတော့ ငါ သူတပါးမဟုတ်လို့ မှတ်လိုက် (မှန်ပါ့)ရှင်းလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် မိမိခန္ဓာ ငါသူတပါး မဟုတ်ကြောင်းသေချာကြပြီလား (သေချာပါပြီ ဘုရား)
မိမိခန္ဓာဟာ ငါကော ဟုတ်ရဲ့လား (မဟုတ်ပါ) သူတပါးကော (မဟုတ်ပါ ဘုရား) ငါလည်းမဟုတ်၊ သူတပါးလည်းမဟုတ်ဘူး (မှန်ပါ့)
ဒါ မဟောတတ်လို့ရှိရင် ဦးမာဒင် သိပ်ခက်တယ်နော်(မှန်ပါ့)မဟောတတ်လို့ရှိရင် ငါမဟုတ် သူတစ်ပါးပေါ့ (မှန်ပါ့ ဘုရား)
အင်း သူတပါးလို့ဆိုလို့ရှိရင်လည်း ဟိုမျက်နှာရိပ်က ဘယ့်နှယ့်နေသတုန်း (မိမိနဲ့ တူပါတယ်) မိမိနဲ့ တူနေတယ် မတူဘူးလား (တူပါတယ် ဘုရား)။
ငါလည်းမဟုတ်ဘူး သူတပါးလည်း မဟုတ်ဘူး
အဲ့ဒီတော့ ငါလည်းမဟုတ်ဘူး သူတပါးလည်း မဟုတ်ဘူး ဒီလို ယူမှ တည့်မယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ငါလည်း (မဟုတ်ပါ) သူတပါးရော (မဟုတ်ပါ) အေး ငါ သူတပါးမဟုတ်တဲ့ ဒကာ ဒကာမတို့၏ အနိစ္စခန္ဓာ၊ ဒုက္ခခန္ဓာ၊ အနတ္တခန္ဓာသာ ဆုံးဖြတ်ချက်ချလိုက်ပါတော့ (မှန်ပါ့)ပေါ်ကြပြီလား (ပေါ်ပါပြီ) အဲ့ဒါ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့မှ ဒါ ပေါ်လာတယ် (မှန်ပါ့)
ကဲ ဒါဖြင့် ဒကာကြွယ်တို့ နှလုံးသွင်းမှားလို့လည်း ဒိဋ္ဌိဖြစ်နိုင်တယ်ဆိုတာ မှန်ကြည့်လိုက်တာနဲ့ ခြင်္သေ့စိတ်နဲ့ ကြည့်လိုက်ပြီဆိုမှဖြင့်လည်း တခါတည်းကို ဒုက္ခရောက်တာဘဲ (မှန်ပါ့) နှလုံးသွင်းမှားမှုဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
တရားနာမှားမှုဆိုတာကလည်း ရှိသေးတယ် (မှန်ပါ့) ဥပမာတခု ဣဿရနိမ္မာနဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ် တရားနာလို့ တန်ခိုးရှင် ဣဒ္ဓိရှင်က ဖန်ဆင်းတာဘဲလို့ ဆိုတော့ ဟုတ်တာဘဲလို့ ယူလိုက်ရင် ဘယ်နှယ့်နေပါ့မလဲ (တရားနာမှားတာပါ ဘုရား) မှားသွားတာပဲ (မှန်ပါ့)
ဘယ်သူလုပ်လုပ် တန်ခိုးရှင်က ခံတာဘဲ ဆိုပြန်တော့ကော (မှားပါတယ် ဘုရား) တရားနာမှားလိုက်တာ ဘာဖြစ်သလဲ (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)
တခါ ကျုပ်တို့ ဗုဒ္ဓဘာသာတရားမှာလည်း မင်းလုပ် မင်းရမှာပေါ့ကွာ သူလုပ် သူရမှာပေါ့လို့ ကမ္မဿကတဉာဏ်လောက် ဟောပြန်လည်း ဒိဋ္ဌိက မကွာဘူး (မကွာပါ ဘုရား)
ဒါကျတော့ ဘာဖြစ်နေသလဲ ဪ တရားနာမှားတာနဲ့ ငါလုပ် ငါရမှာဘဲတဲ့၊ သူလုပ် သူရမှာပဲတဲ့ (မှန်ပါ့) ဒီဘဝလည်း ငါ၊ ဟိုဘဝလဲ (ငါပါ ဘုရား) ငါချင်းဆက်သွားတယ် (မှန်ပါ့) ငါချင်းဆက်သွားတော့ကို သဿတဒိဋ္ဌိဖြစ်မယ် (ဖြစ်ပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် တရားနာမှားလို့လည်း ဒိဋ္ဌိဖြစ်နိုင်တယ်ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
တရားနာမှားလိုက်တာ
တိုင်းပြည်ကြီးတောင် ပျက်အောင် ‘ဂုဏကဿပ’ဆိုတာ အင်္ဂတိမင်းကြီးဟောလိုက်တာ၊ ဘာမှ ကုသိုလ်မရှိဘူးဆိုလို့ တိုင်းပြည်ကြီးတောင် ပျက်သွားတာရှိသေးတယ် (မှန်ပါ့) တရားနာမှားလိုက်တာ နရဒဇာတ်မှာလေ (မှန်ပါ့)
ဒကာကြွယ် ကြားဖူးမှာပေ့ါ (ကြားဖူးပါတယ် ဘုရား) ဒါ ဘာဖြစ်သွားတာပါလိမ့် (တရားနာ မှားသွားတာပါ ဘုရား)
ဂုဏကဿပက ဟောလိုက်တာ၊ အရှင်မင်းကြီး အခုဘာလုပ်နေနေ၊ သူ့သားမယား ပြစ်မှား ပြစ်မှား၊ ဘာတွေသတ်သတ် ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ဘာမှ မရှိဘူး။ နောက်ကမ္ဘာပေါင်း လေးဆယ်ကျော်တဲ့အခါ အားလုံး နိဗ္ဗာန်ဝင်တာဘဲ။ အခု ဘာမှ မဖြစ်နိုင်ဘူးတဲ့ (မှန်ပါ့)
ဒီလို ပိတ်ဟောလိုက်တဲ့ အခါ ရှင်ဘုရင်က ယောင်တဲ့ပြီး သကာလ ဟုတ်တယ် ဘယ်သူ့သားမယား လွန်ကြူး၊ လွန်ကြူး၊ ဘာမှ အပြစ်မရှိဘူး၊ ဥပဒေတွေ အကုန်ဖြုတ်ဆိုပြီး သကာလ တရားနာမှားတာ တိုင်းပြည်ပျက်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ဒါက ဘာဖြစ်လို့ပါလိမ့် (တရားနာမှားလို့ပါ ဘုရား)
အေး ဒါ့ကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သုညတဆိုက်တဲ့ တရားကို နာရမှ ဒိဋ္ဌိပြုတ်မယ် (မှန်ပါ့) ခန္ဓာ၊ အာယတန၊ ဓာတ်တို့ကို သုညတဆိုက်အောင် ကြည့်နိုင်မှ ဒိဋ္ဌိပြုတ်မှာဘဲဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ်က တရားနာမည်ဆိုဦးတော့ ခက်လိုက်တဲ့ ဖြစ်ခြင်းက သူများပါးစပ်လမ်းဆုံးလို့ရှိရင် မကောင်းဘူး (မှန်ပါ့)
ဒါ့ကြောင့် ဘုန်းကြီးက ဒကာ ဒကာမတွေ လူကြီး၊ လူကောင်းတွေအားလုံး ဒကာ ဒကာမတွေ ဉာဏ်ချန်ခွင်ကလေး ပေးထားတယ် (မှန်ပါ့ ဘုရား) ဉာဏ်ချိန်ခွင်လေးပေးထားတယ်၊ ဘယ်လိုပေးထားသတုန်းဆိုလို့ရှိရင် သုညတ မဆိုက်သေးရင် ဒိဋ္ဌိမကွာသေးဘူး(မှန်ပါ့)
ဒိဋ္ဌိမကွာသေးလို့ရှိရင် အပါယ် မလွတ်သေးဘူး (မှန်ပါ့) မဂ်ဖိုလ်ကို တားမြစ်သေးတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
သုညတတရားဟာ အရေးအကြီးဆုံးဘဲ
အဲ့ဒါကြောင့် သုညတတရားဟာ အရေးအကြီးဆုံးဘဲ(မှန်ပါ့) သုညတတရားဆိုတာ တခြားရယ်လို့ ခင်ဗျားတို့က မှတ်မနေပါနဲ့ (မှန်ပါ့) သုညတတရားဆိုတာ ခန္ဓာငါးပါးသာ ရှိတယ်၊ ပုဂ္ဂိုလ်သတ္တဝါရှိသေးရဲ့လား (မရှိပါ ဘုရား)
ပဋိစ္စသမုပ္ပါဒ်အကြောင်းအကျိုးသာရှိတယ်ဆိုရင်ရော (မှန်ပါတယ်) ပုဂ္ဂိုလ်သတ္တဝါရှိသေးလား (မရှိပါ) ဟာ ဒုက္ခနဲ့ သမုဒယဘဲရှိပါတယ်ဆိုတော့ကော (မှန်ပါတယ် ဘုရား) ပုဂ္ဂိုလ်သတ္တဝါရှိသေးရဲ့လား (မရှိပါ ဘုရား)
အဲ့ဒီလို တရားကို နာမှသာလျှင် ဒိဋ္ဌိကလည်း ပြုတ်ပါတယ်။ (မှန်ပါ့) မဟုတ်လို့ရှိရင်တော့ ဒကာကြွယ်ရေ (ဒိဋ္ဌိမပြုတ်ပါ) ဒိဋ္ဌိမပြုတ်ပေဘူးပေါ့ (မှန်ပါ့)
ဒါ့ကြောင့် ဒိဋ္ဌိပြုတ်အောင်လို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးလက်ထက်က စပြီး ယခုထက်တိုင် ရှေးက သုတ္တန်ပါဠိတွေကို သူလုပ် သူရ၊ ငါလုပ် ငါရတွေကို မဟောဘူးလား (ဟောပါတယ်) ဟောပြီး နောက်ဆုံးပိတ်ကျတော့ ဤကား သုတ္တန်ဒေသနာတော် ဖြစ်ချေသည်(မှန်ပါ့)
အဘိဓမ္မာဒေသနာတော်မြတ်သည်ကားဆိုတော့ သုညတလုပ်ပစ်လိုက်တာ (မှန်ပါ့ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
ခင်ဗျားတို့က သုညတလည်း လုပ်မယ်ကြံရော ပြန်ကြရော (မှန်ပါ့) သုညတ မကြိုက်ကြဘူး(မှန်ပါ့)
ခက်လိုက်တာက အဘိဓမ္မာတပ်တော့မယ်ဆိုတော့ ဒကာကြွယ်တို့က တရားသိမ်းပြီဟေ့(မှန်ပါ့) သိမ်းတာလား သုညတနဲ့ ဖျက်ချတာလား (သုညတနဲ့ ဖျက်ချတာပါ) ဟို သုတ္တန်တွေကို အကုန်ဖျက်ချတာ (မှန်ပါ့)
သုတ္တန်တွေ အကုန်ဖျက်ချပြီး သကာလ ဤကား သုတ္တန် အဘိဓမ္မာဒေသနာတော်မြတ်သည်ကား “ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာ ဓမ္မာ”(မှန်ပါ့) တနည်းအားဖြင့် ဟေတုပစ္စယော အာရမ္မဏ ပစ္စယော (မှန်ပါ့) ဒီလိုမလာဘူးလား (လာပါတယ် ဘုရား)
ဒီဟာတွေက ဘာတွေတုန်းဆိုတော့ အကြောင်းအကျိုးပါကွာ ဟေတု၊ အာရမ္မဏတွေပါ (မှန်ပါ့) ဒါ သစ္စာလေးပါးတွေပါကွာ ဆိုပြီး ဖျက်ချလိုက်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
သုညတနဲ့ တို့နဲ့ မဆိုင်ဘူး
နို့ ဟိုဟာတွေလည်း မှားသလားဆိုတော့ မမှားပါဘူး၊ ဟိုတွင် တင်းတိမ်နေရင် ဒိဋ္ဌိရှိနေလို့ သုညတ နောက်က ထည့်ပေးတာကို ဒကာကြွယ်တို့ လူစုကတော့ သုညတ ထည့်တာ မကြိုက်နိုင်တော့ ပြီးပြီ တရား ပြန်ကြစို့တော့ (မှန်ပါ့) သုညတနဲ့ တို့နဲ့ မဆိုင်ဘူး (မှန်ပါ့)
တို့က အပါယ်သွားမယ့် လူတွေ ဒီလို ဖြစ်နေတာဗျ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
အမလေး ဒကာ ဒကာမတွေ ငယ်ကျိုး၊ ငယ်နာဖော်ပြောနေရတာနဲ့ တယ်တူတယ် (မှန်ပါ့) ငယ်ငယ်က ဖြစ်စဉ်တွေကိုးဗျ (မှန်ပါ့)
ငယ်ငယ်က ဖြစ်စဉ်တွေ၊ ဘုန်းကြီးကလည်း ရှည်လိုက်တာကွာ၊ ဟော အဘိဓမ္မ အခုမှ သတ်တယ်ကွာ ပြန်ကြစို့ (မှန်ပါ့) သုညတလဲ ဟောပါရော ဒကာကြွယ် ဘယ့်နှယ်တုန်း ပြန်ကြစို့နဲ့ သွားတွဲတာဘဲ (တွဲပါတယ် ဘုရား)
ဘာဖြစ်လို့တုန်းဆိုလို့ရှိရင် ဟိုမှာ ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့) မင်းပြုတဲ့ ကုသိုလ်တွေသည်ကားလို့ဆိုလို့ရှိရင် “ကမ္မံ သတ္တေ ဝိဘဇတိ” ဆိုတဲ့အတိုင်း မင်းလုပ်ထားတာ မင်းဘဲ အကျိုးခံစားရမှာဘဲဆိုပြီး ဟိုက သုတ္တန်နဲ့ ဟောနေတာ နားလည်မှုရှိအောင်လို့(မှန်ပါ့)
နောက်ဆုံးကျတော့ သတ္တဝါတွေ ဒိဋ္ဌိကပ်နေရစ်ချည်ရဲ့ဆိုပြီး သကာလ ဤကား သုတ္တန်ဆိုပြီး ဖြတ်လိုက်တယ် တပိုင်းက (မှန်ပါ့) အဘိဓမ္မာ ဒေသနာတော်မြတ်ကြီးသည်ကား ဆိုတော့မှ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာနဲ့ သုညတတွေ ဟောလာတယ် (မှန်ပါ့ ဘုရား) ဒကာကြွယ် သဘောကျပြီလား (ကျပါပြီ ဘုရား)
အဲ့ဒီတော့ ခင်ဗျားတို့ကလည်း တရားနာကလည်း မှားတယ် (မှားခဲ့ပါတယ် ဘုရား) အထက်ပိုင်းတွင် နာတယ်နော်၊ အောက်ပိုင်းမနာဘူး (မှန်ပါ့) အမလေး ကြောက်စရာလူတွေပါ့လား (မှန်ပါ့)။
ဒိဋ္ဌိပြုတ်တဲ့အပိုင်းတော့ မကြိုက်
ဒိဋ္ဌိမပြုတ်တဲ့ အပိုင်းတော့ ငါတို့ကြိုက်တယ် (မှန်ပါ့) ဒိဋ္ဌိပြုတ်တဲ့အပိုင်းတော့ (မကြိုက်ကြပါဘူး ဘုရား)
ဪ ဒါ့ကြောင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အပါယ်မလွတ်တာဟာ ဒါဘဲ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)
ဒါ ဒီနေ့ပြောတဲ့စကားကို သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) တော်တော်အရေးကြီးတယ် (ကြီးပါတယ် ဘုရား)။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်ကစ ပြီး သကားလ ဘုရားလည်း ဒါနကထာဟောတာဘဲ (မှန်ပါ့) သီလကထာကော (ဟောပါတယ် ဘုရား) သဂ္ဂကထာ (ဟောပါတယ် ဘုရား) သဂ္ဂကထာဆိုတာ နတ်ပြည်ရောက်ကြောင်း (မှန်ပါ့)
ပြီးတော့မှ ‘ကာမနံ အာဒီနဝကထာ’ဆိုပြီး ဖျက်ချပစ်လိုက်တယ် (မှန်ပါ့) နတ်ပြည်ရောက်သွားလည်းကွာ ငါးပါးအာရုံ ကာမဂုဏ်တွေဟာ မီးရှူးနဲ့ တူသကွ စသည်ဖြင့် ဒကာကြွယ် ဖျက်ချလိုက်တယ် (မှန်ပါ့) သုတ္တန်တွေဖျက်ပြီ (မှန်ပါ့) မဖျက်သေးဘူးလား (ဖျက်ပါတယ် ဘုရား)
ပြီးတော့မှ ‘နေက္ခမ္မေအာနိသံသကထာ’ဆိုပြီး တောထဲနေမှ ဟုတ်မှာဟေ့ (မှန်ပါ့ ဘုရား) မဟောဘူးလား (ဟောပါတယ် ဘုရား)
အဲ့ဒါတွေ ဒီနေက္ခမ္မကထာတွေ ဟောပြီး နောက်ဆုံးပိတ် စိတ်ထဲမှာ ဪ ဟုတ်သားဘဲ ဆိုပြီး ကိလေသာတွေ ဖြူစင်နေတဲ့အချိန်မှာ သစ္စာထိုးသွင်းရတယ် (မှန်ပါ့) သစ္စာထိုးသွင်းလိုက်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)
ဒါဖြင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရချင်ရင် ဟိုဟာတွေကို အကုန်ရှင်းရသေးတယ် (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)
တရားဟောစဉ်
အဲ့ဒါက တရားဟောစဉ်ဆိုတဲ့ ဥစ္စာ ဒကာကြွယ်မှတ်မိပြီလား (မှတ်မိပါပြီ ဘုရား)
ဒါဖြင့် ခင်ဗျားတို့ ဝမ်းထဲရှိတာတွေ အကုန်ရှင်းနေရတာနဲ့ တော်တော်ကြာ တရားက အစပြန်ပြန် ကောက်နေရတယ် (မှန်ပါ့) ရှင်းစရာက နည်းမှ မနည်းဘဲကိုး (မှန်ပါ့)
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သုညတဆိုက်တဲ့ တရားသည် ဘယ်တရားတုန်းဆိုလို့ရှိရင် ဤကား သုတ္တန် ဟုတ်လား (မှန်ပါ့ ဘုရား)
အဘိဓမ္မာဒေသနာတော်မြတ်သည်ကားဆိုရင် ဒါ သုညတ ဟောတမှတ် (မှန်ပါ့)
အဘိဓမ္မာမြတ်သည်ကားဆိုရင် (သုညတဟောတာပါ) သုညတဟောတာဘဲ သို့သော်လည်း ရှေးက ဟောကြတာက “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ” ဆိုရင် ဟောတဲ့ ဘုန်းကြီးကလဲ သိမ်းမလို့ ဟောတာပါဘဲ (မှန်ပါ့) သူက သေသေချာချာ ခန္ဓာရောက်အောင် ခွဲမပြတော့ဘူး (မှန်ပါ့)
သူက ဘာလုပ်မလို့ပါလိမ့် (တရားသိမ်းမလို့ ဟောတာပါ ဘုရား) အဲ ဒီလိုဖြစ်နေတာဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အစက အဘိဓမ္မာ
အခုတော့ ဘုန်းကြီးတို့ ခင်ဗျားတို့ အားလုံး ကုသိုလ်ကံတွေက ကောင်းတဲ့အခါကျတော့ အစက အဘိဓမ္မာ အလယ်မှာလည်း အဘိဓမ္မာ (မှန်ပါ့) နောက်ဆုံးလည်း အဘိဓမ္မာနဲ့ သိမ်းတာပဲ (မှန်ပါ့) အဲ့ဒီလို ကံက သိပ်ခြားနေတယ် (ထူးခြားနေပါတယ် ဘုရား)
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှားလို့ ဆိုတာလည်း ခုနက သုတ္တန်ဟောပြီး ပြန်သွားလို့ရှိရင်လည်း သူ့မှာ ဒိဋ္ဌိပါသွားမယ် (ပါသွားပါမယ် ဘုရား) ပါမပါစဉ်းစားစမ်း (ပါပါတယ် ဘုရား) အဘိဓမ္မာမနာရတော့ဘူး (မနာရတော့ပါ ဘုရား)။
အဘိဓမ္မာ ဒေသနာတော်မြတ်သည်ကားဆိုယင် ဒါသုညတဟောတာ မှတ် (မှန်ပါ့)။
အဘိဓမ္မာမြတ်သည်ကားဆိုယင် (သုညတဟောတာပါ) သုညတဟောတာဘဲသို့သော်လဲ ရှေးက ဟောကြတာက ‘ကုသလာဓမ္မာ၊ အကုသလာဓမ္မာ’ ဆိုယင် ဟောတဲ့ဘုန်းကြီးကလဲ သိမ်းမလို့ ဟောတာပါဘဲ (မှန်ပါ့) သူက သေသေချာချာ ခန္ဓာရောက်အောင် ခွဲမပြတော့ဘူး (မှန်ပါ့)။
သူက ဘာလုပ်မလိုပါလိမ့် (တရားသိမ်းမလို့ ဟောတာပါ ဘုရား) အဲ ဒီလိုဖြစ်နေတာဗျ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အစ အလယ် အဆုံး အဘိဓမ္မာ
အခုတော့ ဘုန်းကြီးတို့ ခင်ဗျားတို့ အားလုံး ကုသိုလ်ကံတွေက ကောင်းတဲ့အခါကျတော့ အစက အဘိဓမ္မာ အလယ်မှာလဲ အဘိဓမ္မာ (မှန်ပါ့) နောက်ဆုံးလဲ အဘိဓမ္မာနဲ့ သိမ်းတာဘဲ (မှန်ဖါ့) အဲဒီလို ကံက သိပ်ခြားနေတယ် (ထူးခြားနေပါတယ် ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှားလို့ဆိုတာလဲ ခုနင်က သုတ္တန်ဟောပြီး ပြန်သွားလို့ရှိယင်လဲ သူ့မှာ ဒိဋ္ဌိပါ သွားမယ် (ပါသွားပါမယ် ဘုရား) ပါမပါ စဉ်းစားစမ်း (ပါ-ပါတယ် ဘုရား) အဘိဓမ္မာ မနာရ တော့ဘူး (မနာရပါ ဘုရား)။
မနာရတော့ သူ သုတ္တန်နဲ့ဆိုတဲ့အခါကျတော့ သုတ္တန်ဟာ ဒကာ ဒကာမတို့ ဒီက အဖြူလုပ်ယင်လဲ ကောင်း တာလုပ်လဲ ကောင်းကျိုးပေးမှာဘဲ (မှန်ပါ့)။
မင်းက လှလှကလေးလှူယင် လှလှဖြစ်မှာဘဲမဟုတ်ဘူးလား (မှန်ပါ့) အရုပ်ဆိုးတွေ လှူနေယင် ( အရုပ် ဆိုးဖြစ်မှာပါ) မင်းကိုက ဆွံ့ငဲ့ဆွံ့ငဲ့နဲ့ လှူနေလို့ရှိယင် မင်းမှာ ဆွံ့ငဲ့ဆွံ့ငဲ့ဘဲ ရမှာ (မှန်ပါ့)။
အင်း ဒါလဲ ပုဂ္ဂိုလ်သတ္တဝါ ပေါ်ဟောနေရတယ်(မှန်ပါ့) မဟောရဘူးလား (ဟောရပါတယ် ဘုရား)။
ဟောရတယ်တဲ့ ဒကာကြွယ်ရ ဒီဥစ္စာကိုလဲ ( မှန်ပါ ) မဟောလို့ရှိယင် ကမ္မဿကတဉာဏ်တောင် သူ့မှာ မရှိတော့ (မှန်ပါ့) ကမ္မဿကတဉာဏ်မှ မရှိလို့ရှိယင် ဒိဋ္ဌိကတော့ ပြောစရာမလိုတော့ဘူး (မှန်ပါ့ ဘုရား) သဘောကျပလာ ကျပါပြီ ဘုရား)။
ဒါဖြင့် ကမ္မဿကတဉာဏ်တောင်မှ ဒိဋ္ဌိက မစင်သေးတော့ ခင်ဗျားတို့က ကမ္မဿကတဉာဏ် လောက်တရားနဲ့ တော်လောက်ပြီ တန်လောက်ပြီ ဆိုလို့ရှိယင် ဒကာကြွယ် – ငါးပါးမှောက်ပြီ (မှန်ပါ့ ဘုရား) မမှောက်ပေဘူးလား (မှောက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အနာထပိဏ်သူဌေးကြီးဘဲ ပြန်ဆက်ကြပါစို့ ဒကာ ဒကာမဘို့၊ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်း ဘယ်နှစ်ပါး ပါလိမ့် (နှစ်ပါးပါ ဘုရား) ၁-နံပါတ်က ဘာ (နှလုံးသွင်း မှားလို့ပါ ဘုရား)။
အဲ ယောက်ျား၊ မိန်းမ၊ ငါ၊ သူတပါးလို့ နှလုံးသွင်းလိုက်ယင် ဘာဖြစ်မလဲ (နှလုံးသွင်းများပါတယ် ဘုရား) ဒိဋ္ဌိဖြစ်ပြီး (မှန်ပါ့) ရှင်းပြီနော် ရှင်းပါပြီ ဘုရား)
ကိုင်း တခါ တရားနာမှားလို့ (ဒိဋ္ဌိဖြစ်ပါတယ်ဘုရား ) သဘောကျပလား (ကျပါပြီ ဘုရား)။
သုညတဆိုက်အောင် မနာတဲ့အတွက်
ဗုဒ္ဓဘာသာဖြစ်ဦးတော့ တရားနာဦးတော့ သုညတဆိုက်အောင် မနာတဲ့အတွက် သူထင်ရာ ယူသွားရော (မှန်ပါ့)။
အို ဘုရားက ဒီလိုဟောတာဘဲ၊ သူလုပ်၊ သူရမယ် ၊ ငါလုပ်ငါရမယ်တဲ့၊ ငါဘဲ ခံစားရမှာဘဲတဲ့၊ သူတပါး ခံစားတာတော့ မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား) ဆိုပြီး ဒီ-ငါကြီးဟာ တခါတည်း အကုန်ဆက်သွားတာ (မှန်ပါ့)။
နတ်ပြည်လဲ ဒီက နာမ်ရုပ် တတိုတစမှ မပါဘူး၊ ခုတော့ တကာကြယ်တို့က နတ်ပြည်လဲ ငါဘဲ ခံစားတာဘဲ (မှန်ပါ့) လူ့ပြည်လုပ်တာလဲ ( ငါပါဘဲဘုရား ) ငါဘဲ၊ ငါလုပ်လို့ နတ်ပြည်မှာ ငါဖြစ်ရတယ် (မှန်ပါ့)။
ဒီလိုဘဲ သွားနေမယ်ဆိုတော့ ဒကာ ဒကာမတို့ ကမ္မဿကတဉာဏ်ဟာ ဒိဋ္ဌိမပယ်နိုင်ဘူးဆိုတာ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းနှစ်ကြောင်း သိသွားပြီ ( သိပါပြီ ဘုရား)။
အဲဒီမှာ အနာထပိဏ်သူဌေးကြီးက အရှင်ဘုရားတို့ အခု လောကကြီးမြဲတယ် လောကကြီး မမြဲဘူး ယူတဲ့ အယူတွေဟာ အရှင်ဘုရားတို့၏ ခန္ဓာကိုယ် နှလုံးသွင်းမှားလို့ရှိယင်လဲ ဖြစ်ပါလိမ့်မယ် (မှန်ပါ့)။
တရားနာယင် အရှင်ဘုရားတို့ ဆရာ့တရား၊ သို့မဟုတ် ဘယ်က ဆရာဖြစ်ဖြစ် အဲဒီတရားနာမှားလို့လဲ ဒီအယူကို ဒိဋ္ဌိအယူယူတာ ဖြစ်ပါလိမ့်မယ် (မှန်ပါ့) ဒီလို အနာထပိဏ်သူဌေးကြီးက အဖြေပေးလိုက်တယ် (မှန်ပါ့)။
ကဲဒါဖြင့် ဒကာကြီး ကျုပ်တို့အယူတွေတော့ ခင်ဗျားက နှလုံးသွင်းမှားလို့ ကျုပ်တို့မှာ ဒိဋ္ဌိဖြစ်ရတယ်ဆိုတာ ရှင်း ပါပြီတဲ့ ၊ ခင်ဗျားအယူကို ပြောဦးတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ခင်ဗျားတို့အယူ ပြောပါဦးတဲ့ ခင်ဗျားကလဲ နဂိုရ်က ပြောထားတာဘဲတဲ့ အရှင်ဘုရားတို့ အယူ ပြောဦး၊ တပည့်တော်အယူကို ပြောဘို့ မခဲယဉ်းဘူးလို ၊ ခင်ဗျား ပြောထားတယ် ခင်ဗျားအယူ ပြောစမ်းပါဦး (မှန်ပါ့ ဘုရား)။
ဟာ တပည့်တော်အယူ ပြောရမှာဘဲဘုရာ့၊ တပည့်တော်က ဒီလိုယူပါတယ်၊ ဒီ ခန္ဓာကိုယ်ကြီးဟာ သင်္ခတတရား (မှန်လှပါ ဘုရား)။
သင်္ခတတရားဆိုတာ
သင်္ခတတရားဆိုတာ ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်းတရားလေးပါး၊ ပဋိစ္စသမုပ္ပါဒ်တည်းဟူသော ကြောင်းတရား သမုဒယသစ္စာတည်းဟူသော အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်ကြီးကို သင်္ခတတရားလို့ ဆိုပါတယ် (မှန်ပါ့)။
အဲဒီ သင်္ခတတရားသည်ကားလို့ဆိုလို့ရှိယင်ဖြင့် အနိစ္စပါဘဲ (မှန်ပါ့)။
သင်္ခါရက အနိစ္စက ကူးတာပါဘဲ (မှန်ပါ့) သင်္ခါရနဲ့ သင်္ခတ အတူတူဘဲ (မှန်ပါ့) အဲဒီ သင်္ခါရကနေပြီး အနိစ္စ ကူးပါတယ် အနိစ္စကနေပြီး ဒုက္ခဖြစ်ပါတယ် (မှန်ပါ့)။
အဲဒါကြောင့် အနိစ္စ ဒုက္ခတွေ ဖြစ်တာကို တပည့်တော်က ‘ဧတံမမ ဧသောဟမသ္မိံ ဧသော မေ အတ္တာ’ ဆိုတဲ့ ငါ့ကိုယ် ငါ့ဟာ-ငါ့ဥစ္စာလို တပည့်ဘော်က ဒီအပေါ်မှာ မယူပါဘူးတဲ့ (မှန်ပါ့)။
သင်္ခတတရား အနိစ္စတရား-ဒုက္ခတရားအပေါ်၌ ငါ့ကိုယ် ငါ့ဟာငါ့ဥစ္စာလို တပည့်တော်က မစွဲလမ်းပါဘူးတဲ့-(မှန်ပါ့) ဆိုတော့ သူ့အဖြေကတော့ တည့်နေတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ အားထုတ်တာနဲ့ကော ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား) ဒီတရားဟာ အနိစ္စဒုက္ခ အနတ္တဘဲဆိုပြီးသကာသ ခင်ဗျားတို့ ရှုနေကြတယ် (မှန်ပါ့)။
အခု အရှင်ဘုရား တပည့်တော်ကတော့ ဒီလိုဖြေလိုက်ပါ ပြီ တဲ့၊ အရှင်ဘုရားတို့ဟာကတော့ ဒီလိုမှ မဟုတ်ဘဲ တဲ့၊ တပည့်တော်ပြောတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို တဏှာ-မာန ဒိဋ္ဌိနဲ့စွဲနေတာ ( မှန်ပါ့ ) သူကပြန်တက်လိုက်တယ် (မှန်ပါ့) မှုန်ကော မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။
တဏှာ-မာန ဒိဋ္ဌိနဲ့စွဲနေတာ
တိတ္ထိတွေက အနိစ္စ ဒုက္ခ အနတ္တကို-(တဏှာ-မာန-ဒိဋ္ဌိနဲ့ စွဲနေပါတယ် ဘုရား) တဏှာ-မာန-ဒိဋ္ဌိနဲ့ စွဲနေတယ် (မှန်ပါ့)။
တပည့်တော်ကတော့ ဒီအနိစ္စ၊ ဒုက္ခ၊ အနတ္တကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဘူးလို့ယူသဖြင့် တဏှာ မာန ဒိဋ္ဌိချုပ်တယ် ( မှန်ပါ့) တပည့်တော်ကတော့ ဒီလိုယူပါတယ် (မှန်ပါ့ ဘုရား)။
ဒကာကြီး ဦးမာဒင်တို့ ဦးသန်းမောင်တို့ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား) အင်မတန် သူ့ဟာမှန် ပေတာဘဲ (မှန်ပါတယ် ဘုရား)။
ဒကာကြွယ် အလုပ် မလုပ်တဲ့လူအတွက်မှာ ဘယ့်နှယ်လုပ်ပြီး ဒါ သိမလဲဗျာ (မသိပါ ဘုရား)။
ဒကာကြွယ် အလုပ် မလုပ်တဲ့ပုဂ္ဂိုလ်အတွက်မှာ အနိစ္စတရား ဒုက္ခတရားသင်္ခတတရား၊ အဲဒီ သင်္ခတတရားဟာ အနိစ္စ ဒုက္ခ၊ အဲဒီ အနိစ္စ ဒုက္ခသည်ကားလို့ဆိုယင် ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါဘူးလို့ တပည့်တော်က ယူပါတယ် (မှန်ပါ့) ဆိုတော့ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဘူးလို့ယူသဖြင့် တဏှာနဲ့လဲ မစွဲဘူး၊ ဒိဋ္ဌိနဲ့ကော (မစွဲပါ ဘုရား) မာနနဲ့ကော (မစွဲပါ ဘုရား)။
အဲ တပည့်တော်တို့က ဒီလိုမစွဲဘူးတဲ့၊ အရှင်ဘုရားတို့ကတော့ သင်္ခတတရားကြီးဟာ ပင်ကိုယ်က သင်္ခတတရားသူများ ပြုပြင်လို့ဖြစ်ထားတဲ့ ရုပ်နာမ်သင်္ခတတရား အဲဒီသင်္ခတတရားဟာ အနိစ္စဒုက္ခတရားလဲ အမှန်ဖြစ်ပါ တယ် (မှန်ပါ့) အဲဒီ အနိစ္စ ဒုက္ခ အနတ္တ တရားကို အရှင်ဘုရားတို့က တဏှာ မာန ဒိဋ္ဌိနဲ့စွဲနေတာဘဲ (မှန်ပါ့) ဒါ့ကြောင့် အရှင်ဘုရားတို့ဟာက မှားတယ် (မှန်ပါ့)။
တပည့်တော်ဟာက သင်္ခတတရားဟာ အနိစ္စတရား ဒုက္ခတရား ဖြစ်ပါတယ် (မှန်ပါ့)။
အဲဒီ အနိစ္စဒုက္ခတရားမို့ တပည့်တော်က တဏှာနဲ့လဲ ခင်စရာမရှိဘူး (မှန်ပါ့) ဒိဋ္ဌိနဲ့လဲ ငါ့ကိုယ် ငါ့ဟာ လုပ်စရာ မရှိဘူး (မှန်ပါ့)။
မာနလဲ သူ အကြောင်းရင်းခံပြီး မာနတက်စရာလဲ တပည့်တော်တို့ ဘာမှမရှိဘူး (မှန်ပါ့)။
အဲဒီလို တပည့်တော်ကတော့ တဏှာ၊ မာန၊ ဒိဋ္ဌိဖြုတ်တဲ့ အယူပါဘုရား (မှန်ပါ့ ဘုရား) အရှင်ဘုရားကတော့ တဏှာ မာန ဒိဋ္ဌိစွဲတဲ့အယူပါ (မှန်ပါ့)။
အနာထပိဏ်သူဋ္ဌေးကြီးက ဖြေလိုက်တယ်
ကဲ အနာထပိဏ်သူဋ္ဌေးကြီးက ဖြေလိုက်တယ် (မှန်ပါ့ ) သောတာပန်က ဖြေတာပါ (မှန်ပါ့)။
တကာဘကာမတို့ ဘယ်သူက ဖြေတာတုံး (သောတာပန်က ဖြေတာပါ ဘုရား) ဦးမာဒင် သိပ်အဘိုး တန်တယ် (တန်ပါတယ် ဘုရား)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ ဒိုလုပ်နေတဲ့အလုပ်ဟာ တဏှာ မာန ဒိဋ္ဌိသတ်နေတဲ့ အနိစ္စတရား ဖြစ်ပျက်ဆိုတာ အနိစ္စဘဲ- ဖြစ်ပျက်ဆိုတာ ဒုက္ခဘဲ။ ဒို့လုပ်နေတဲ့အလုပ်ဟာ တဏှာ မာန ဒိဋ္ဌိ သတ်နေတာပါကလား (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။
ဒကာ ဒကာမတွေ နှလုံးသွင်းနေတာ ဘာပါလိမ့်-(တဏှာ မာန ဒိဋ္ဌိသတ်နေတာပါ ဘုရား)။
တဏှာမှ မရှိဘဲနဲ့လဲ သုံးဆယ့်တဘုံမှာ လည်စရာလိုသေးသလား (မလိုပါ ဘုရား) မာနမှ မရှိဘဲနဲ့လဲ လည်စရာရှိသေးသလား ( မရှိပါ ဘုရား) ဒိဋ္ဌိမှ မရှိဘဲနဲ့လဲ အပါယ်ကျစရာကော (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ဒီအလုပ်သည်ကားလို့ဆိုယင် ဒီခန္ဓာကိုယ်ကြီးကို ဒီခန္ဓာကိုယ်ကြီး ဘယ်ကလာပါလိမ့်၊ ဪ စိတ် ဥတု၊ အာဟာရ ပြုပြင်ထားလို့ လာဘာဘဲ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား (မှန်ပါ့) သမဒယသစ္စာကြောင့်ဖြစ်တဲ့ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ဒီတရားသည်ကားလို့ဆိုယင် သင်္ခတတရားမို့ ပျက်စီးတဲ့အနိစ္စဘဲ ( မှန်ပါ့ ) ပျက်စီးတဲ့ ဒုက္ခ ဘဲ (မှန်ပါ့ ဘုရား)
အဲဒီ အနိစ္စ၊ ဒုက္ခဖြစ်နေတဲ့တရားမို့ ဘယ်မှာတုံး- ငါ့ကိုယ် ငါ့ဟာငါ့ဥစ္စာ ဘယ်ရှိရမလဲ (မှန်ပါ့) ဆိုတော့ ကျုပ်တို့က ဒိဋ္ဌိပြုတ်ထွက်သွားတယ် (မှန်ပါ့) မပြုတ်ဘူးလား (ပြုတ်ပါ တယ် ဘုရား)။
အဲဒီတော့ ဒါက အပြောပါတဲ့ ခင်ဗျားတို့ ရှုနေကတည်းက ပြုတ်ပါတယ် ( မှန်ပါ့) သဘော ပါကြပလား (ပါးပါပြီ ဘုရား)။
ဒါက အပြောဘဲရှိသေးတယ်ရှိနေတဲ့ ပုဂ္ဂိုလ်ကတော့ ပြုတ်နေတာဘဲ (မှန်ပါ့)။
ကိုယ့်ခန္ဓာ ကိုယ်ကြည့်ပြီး ရှုနေကတည်းက ဒကာကြွယ် ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ ပျက်နေတယ် (မှန်ပါ့) ပျက်နေတာကြီးကို ဒကာကြွယ်က ငါ့ကိုယ်လို့ဆိုလို့ကော ( မရပါ) ငါ့ဟာလို့ကော (မရပါ ဘုရား) ငါ့ဥစ္စာလို့ကော (မရပါ ဘုရား)။
မရနိုင်ပါဘူး တဲ့ ဒီဥစ္စာ ပျက်နေတဲ့ ဥစ္စာကြီးဟာ အနိစ္စ တရား ဒုက္ခတရား (မှန်ပါ့ ဘုရား) ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာ မဟုတ်တဲ့တရား ဒါသာလျှင် ဖြစ်ရမယ် (မှန်ပါ့) ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် သုံးချက်မပြတ်ဘူးလား
ဒီလိုဆိုတော့ ပဋိစ္စသမုပ္ပါဒ် သုံးချက်မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား) တဏှာကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်လဲ ဦးမာဒင် သွားပြီး (မှန်လှပါ ဘုရား)
ဒိဋ္ဌိကြောင့်ဖြစ်တဲ့ပဋိစ္စသမုပ္ပါဒ် (သွားပါပြီ ဘုရား) သွားပြီ ခင်ဗျားတို့ ဖြစ်ပျက်မြင်တဲ့ဉာဏ်က သတ်ပစ်လိုက်တယ်-(မှန်ပါ့) မာနကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကော ( သွားပါပြီ ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီလို ရှင်းထားတဲ့အခါကျတော့ ဪ ဒို့လုပ်နေတဲ့ အလုပ်ဟာဖြင့် အင်း တရားနာလဲ မမှားဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့်ကိုယ်လဲ နှလုံးသွင်း မှန်တယ်ဟေ (မှန်ပါ) ရှင်းပလား ရှင်းပါပြီ ဘုရား)။
ကိုယ်ကိုယ်လဲ (နှလုံးသွင်းမှန်ပါတယ် ဘုရား) တရားနာလဲ ( မမှားပါ ဘုရား) မမှားဘူး တဲ့ တရားနာ မမှားလို့ပေါ့ တကာသစ်ရေ သင်္ခတတရားလို့သိတယ် (မှန်ပါ့)။
ကဲ ခန္ဓာကြီးကြည့်လိုက်တော့ ကံ စိတ် ဥတု အာဟာရ လုပ်ထားတဲ့ ခန္ဓာကြီး (မှန်ပါ) သူများပြုပြင်ထားတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်က ပြုပြင်လို့ဖြစ်တဲ့ အကျိုးခန္ဓာကြီးဆိုယင် ကော ( မလွှဲပါဘုရား ) သမုဒယသစ္စာကြောင့်ဖြစ်တဲ့ ဒုက္ခ သစ္စာခန္ဓာကြီးဆိုယင်ကော (မလွှဲပါ ဘုရား)။
ဒါဖြင့် ဒီဥစ္စာသည် တကာဘကာမတို့ သူများလုပ်ထားတာ အနိစ္စ ဒုက္ခ အနတ္တသာဖြစ်ရတယ် (မှန်ပါ့) ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလုပ်လို (မရပါ) ဪ မဖြစ်ပါဘူးဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
ဒီကတည်းက ငါ့ကိုယ်- ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးဆိုတဲ့ တဏှာရော မာနရော ဒိဋ္ဌိရောပြုတ်ထွက်သွားတယ် (ပြုတ်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါ့ကြောင့် ခင်ဗျားတို့ ဖြစ်ပျက်ကိုကြိုးကြိုးစားစားရှုစမ်းပါ (မှန်ပါ့) အပါယ် ရေသောက်မြစ်ကို သူဖြတ်ပေးနေတယ် (မှန်ပါ့) ဆိုတော့ ဒါ ကျေကျေနပ်နပ် လုပ်ထိုက်တယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကျေကျေ နပ်နပ်လုပ်ထိုက်ပါတယ်) ကျေကျေနပ်နပ် လုပ် ထိုက်တဲ့တရား (မှန်ပါ့) ထမင်းမစားရချင်နေပေစေ (မှန်ပါ့) စီးပွားမတက်ချင်နေပေစေ (မှန်ပါ့) ဒါကို ကျေကျေနပ်နပ် လုပ်ရမယ် (မှန်ပါ့)။
အပါယ်သွားယင် ဘာအသုံးကျသတုံး
ထမင်းစားပြီး အပါယ်သွားယင် ဘာအသုံးကျသတုံး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) ပစ္စည်းချမ်းသာပြီး အပါယ်သွားတာကော (အသုံးမကျပါ) ပစ္စည်းမွဲပြီး အပါယ်သွားရတာကော (အသုံးမကျပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ တဘဝတနပ်စာမငဲ့ဘဲနဲ့ တသံသရာလုံး ချမ်းသာတဲ့အလုပ်ကို အဓိက ထားလိုက် (မှန်ပါ့ ဘုရား)
ဘာ အဓိကထားရမှာတုံး (တသံသရာလုံး ချမ်းသာတဲ့ အလုပ်ကို အဓိကထားရမှာပါ ဘုရား)။
ဒါက ခင်ဗျားတို့ ဘုန်းကြီးမို့ လျှောက်တာနော် (မှန်ပါ့) တော်တော်ကြာ ကိစ္စပေါ်တယ် ဖြစ်ချင်ဖြစ်လာဦးမှာ· (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒါဟာ ခင်ဗျားတို့လျှောက်ပုံတွေက အတော် ကြောက်စရာကောင်းတယ် (ကောင်းပါတယ်) တပည့်တော်အလုပ်ကလေးတော့ လုပ်နေတာဘဲ ဘုန်းကြီးတို့ဆီမှာ ကိစ္စကလေးက မလွဲသာတာကလေး ရှိနေ သေးတယ်ဆိုတော့ တနပ်စာ သွားငဲ့တယ် (ငဲ့ပါတယ်) တသံသရာလုံးဆင်းရဲမှာကို သူ မကြောက်ဘူး ( မှန်ပါ့ဘုရား ) မလွဲဘူးလား (လွှဲပါတယ် ဘုရား)။
အဲဒါ ကိုယ်ပိုင်ဉာဏ်နဲ ကိုယ်တိုင်ချိန်ပါ (မှန်ပါ့ ဘုရား) ခင်ဗျားတို့ ကိစ္စကလေးဟူသ၍သည် ဘာငဲ့တာတုံး မေးယင် တကာသစ်ရေ ရဲရဲတင်းတင်း ဖြေစမ်းပါ (တနပ်စာငဲ့တာပါ) တနပ်စာဘဲဗျ၊ မဟုတ်ဘူးလား (မှန်ပါ့) တဘဝ- တနပ်စာ (မှန်ပါ့ ဘုရား)။
တဘဝ တနပ်စာငဲ့တဲ့ အလုပ်ကလေးကြောင့် တသံသရာလုံး ဆင်းရဲလက်စ မပြတ်တာကြီးဟာ ကျုပ်တို့မှာ ကြွေးတင်ရစ်ဘယ် (မှန်ပါ့) ဘယ်လောက်ကြောက်စရာကောင်းသလဲ (ကြောက်စရာကောင်းပါတယ် ဘုရား)။
အဲဒီတော့ ဘယ်ဘက်လိုက်ကြမတုံးလို့ လိုက်နေကျလိုက်လေ ဟုတ်ပလား ဒကာကြွယ် (မှန်ပါ့ ဘုရား)။
လိုက်နေကျဘက်က သွားရတဲ့လမ်းက အောက်လမ်းကိုဗျ (မှန်ပါ့) အောက်ရေစီးတဲ့ဆီကို တကာကြယ် လှော်ရသေးသလား သူ့အလိုလိုမျောသလား (သူ့အလိုလိုမျောပါတယ် ဘုရား) အင်း ခင်ဗျားတို့က ဒီဂိုဏ်းသားတွေလား (မသွားဘူးပါ ဘုရား)။
ကိုယ့်အရေးကို ကိုယ်ကြီး လိုက်ပါ
နောက်တော့ မသွားနဲ့ ဆိုတော့ ကိုယ့်အရေးကို ကိုယ်ကြီး လိုက်ပါ (မှပါ့) ကိုယ့်အရေးကို ကိုယ်ကြီး လိုက်ကြပါ ဒကာ ဒကာမတို့ မလွယ်လို့ပြောပါတယ် (မှန်ပါ့ ဘုရား)။
နောင်ကို ခင်ဗျားတို့ အခုဒိဋ္ဌိက္ခာပြီး သကာလ အခုကိစ္စပြီးအောင်ယင်လုပ်၊ မလုပ်လို့ရှိယင် ခင်ဗျားတို့ လူ့ဘဝရဘို့ရာ အကြောင်း ဘုရားဟောဘော်မူတာက လူ့ပြည်ကအပ်တစင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစင်း ထောင်ထား၊ အသားချင်းထိဘို့ ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တာလောက်ဟောတာ (မှန်ပါ့) ဖြစ်နိုင်ရဲ့လား တကာသစ် (မဖြစ်နိုင်ပါ ဘုရား)။
အဲဒီမဖြစ်နိုင်တာကို အဲဒါဖြစ်လိမ့်ဦးမယ်၊ မင်းတို့လူ့ ဘဝရဘို့ ဒီထက်ရခဲတယ်ဆိုတာတော့ ကမ်းကုန်နေပြီ (ကုန်ပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ တနပ်စာငဲ့မလား- တသံသရာလုံး ဒုက္ခသိမ်းတာ ငဲ့မလား ဒကာကြွယ်ရ အမှန်ထွက်စမ်းပါ (တသံသရာလုံး ဒုက္ခသိမ်းတာ ငဲ့ရမှာပါ ဘုရား)။
ဒါဖြင့် ကိစ္စမပေါ်စေနဲ့နော် (မှန်ပါ့) လုပ်နေကတည်းက ကိစ္စမပေါ်စေနဲ့ (မှန်ပါ့) ဦးမောင်ကလေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
တသံသရာလုံး ဒုက္ခသိမ်းတဲ့အလုပ်ကတော့ ဖြစ်ပျက်မြင်၍ ဖြစ်ပျက်မုန်းလို့ ဖြစ်ပျက်ဆုံးတဲ့နိဗ္ဗာန်ကိုမြင်လို ရှိယင် တကာသစ် ပြီးတာဘဲ (မှန်ပါ့ ဘုရား)။
ဒါ မမြင်သေးလို ရှိယင်ဖြင့်တဲ့ ဖြစ်ပျက်လဲ မတွေ့ရသေး မမုန်းသေး မဆုံးရသေး ဆိုလို့ရှိယင်ဖြင့် တနပ်စာ နှိပ်စက်တာနဲ့ တသံသရာ ခက်သွားလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် တနပ်ကိုအောင့်ဘို့ရာ ဒကာကြွယ် အချိန်ရောက်ပြီး (ရောက်ပါပြီ) အောင့်နိုင်ပါ့မလား (အောင့်နိုင်ပါတယ် ဘုရား)။
အံမာ လျှောက်ပုံတော့ မဆိုးဘူးနော် (မှန်ပါ့) လျှောက်ပုံတော့မဆိုးဘူး၊ လူကဲခတ်တော့ အလွဲဖြစ်နေလို့သာ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိကိုဖြတ်နေတယ်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာအလွန်အရေးကြီးတဲ့ ဒိဋ္ဌိကိုဖြတ်နေတယ်ဆိုတာ သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါနဲ အနာထပိဏ်သူဌေးကြီးက တိတ္ထိတွေကို အရှင်ဘုရားတို့ကတော့ တဏှာ မာန၊ ဒိဋ္ဌိနဲ့ အနိစ္စ ဒုက္ခ အနတ္တကို စွဲနေတာ (မှန်ပါ့) ဟော ခင်ဗျားတို့ မရှုပုဂ္ဂိုလ်ကဘော့ ဒီအတိုင်းပါဘဲ (မှန်ပါ့ ဘုရား)။
အနိစ္စ ဒုက္ခ အနတ္တကို (တဏှာမာဒိဋ္ဌိနဲ့ စွဲနေပါတယ် ဘုရား)။
တဲ့ပုဂ္ဂိုလ်ကတော့ အနိစ္စ ဒုက္ခ အနတ္တကို တဏှာ မာန ဒိဋ္ဌိနဲ့ မစွဲတဲ့ပုဂ္ဂိုလ် (မှန်ပါ့) မရှူတဲ့ပုဂ္ဂိုလ်ကတော့ ( စွဲပါတယ် ဘုရား) အနိစ္စဒုက္ခ အနတ္တကို (တဏှာ မာန ဒိဋ္ဌိနဲ့ စွဲပါတယ် ဘုရား)။
ကဲ မသိတဲ့ပုဂ္ဂိုလ်ကတော့ အနိစ္စတရား ဒုက္ခတရား၊ အနတ္တတရားကို ငြိတွယ်ပြီးသကာလ နေပါတယ်လို သေသေချာချာ အနာထပိဏ်သူဌေးကြီးက တိတ္ထတွေ ဟောနေတယ် (မှန်ပါ့ ဘုရား)။
တပည့်တော်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား ဖြစ်သောကြောင့် တဏှာနဲ့လဲမငြိ၊ မာနနဲ့လဲမငြိ၊ ဒိဋ္ဌိနဲ့လဲ မငြိပါဘူးတဲ့၊ တပည့်တော်က မငြိတဲ့ဂိုဏ်းကပါတဲ့ (မှန်ပါ့ ဘုရား)။
ဒါဟာ တပည့်တော် အယူပါဘဲတဲ့ (မှန်ပါ့) အရှင်းဘုရားတို့ အယူက ငြိတဲ့အယူ (မှန်ပါ့ ဘုရား)။
အနာထပိဏ်သူဌေးကြီးက ဒီအတိုင်းဖြေတော့ကို တိတ္ထတေက မခံချင်တော့ ခလေးလိုဖြစ်နေတယ် (မှန်ပါ့) ဒကာကြီးယူတဲ့ အယူဟာလဲတဲ့ အနိစ္စ ဒုက္ခ အနတ္တတွေကို ကျုပ်တော့ဖြင့် အနိစ္စ ဒုက္ခ အနတ္တတွေကို ငြိတယ်လို့ ခင်ဗျားကဆိုတယ် ခင်ဗျားကလဲ အနိစ္စ ဒုက္ခ အနတ္တတွေကို ငြိတာပါဘဲတဲ့ (မှန်ပါ့) ဘောက် ပြောလာတယ် (မှန်ပါ့ဘုရား ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နားမှ မလည်ဘဲ ဘောက်ပြောလာတယ် (မှန်ပါ့) မဟုတ်ဘူးဘုရာ့၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ အနိစ္စဆိုတာက ဖြစ်ပြီး ဘာမှမရှိတာ၊ ငြိစရာကိုမရှိဘူး ( မှန်ပါ) ဒုက္ခဆိုတာ ဒုက္ခရောက်သွားတာ ပြာဘောင်ရှာဖွေတာ မဟုတ်ဘူး ဒါ့ကြောင့် တပည့်တော်က ငြိစရာမရှိဘူး (မှန်ပါ့)။
ငြိစရာမရှိတဲ့ ပုဂ္ဂိုလ်လို့ မှတ်ပါ
အနတ္တဆိုတာလဲ အခုဖြစ်ပြီး အခုပျက်သွားတာ၊ နောင်တဖန် ပေါ်လာတာ မဟုတ်တော့ဘူးဘုရာ့၊ အဲ ဒါ့ကြောင့် တပည့် တော်က ငြိစရာမရှိတဲ့ ပုဂ္ဂိုလ်လို့ မှတ်ပါဆိုတော့မှ သေသေချာချာ ဖြစ်ပုံပျက်ပုံဘွေ ဖေါ်ပြောပြီး ငြိစရာမရှိလို့ တဏှာ ဘယ်မှမရှိဘူး၊ ဒိဋ္ဌပါဒါန် မဖြစ်ပါဘူးဆိုတော့မှ တိတ္ထိတွေက မှိုင်ကျသွားတယ် (မှန်ပါ့)။
မိုင်ကျသွားတော့မှ အင်း-ဒီတိတ္ထိတွေနဲ့တော့ ရှေ့လဲ ဆက်ပြီး စကားပြောစရာ မရှိဘူး၊ ဘုရားဆီ သွားမှဘဲဆိုပြီး ဘုရား သွားတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ ဘယ်က ပြန်လာသတုံး၊ တိတ္ထိတွေနဲ့ ဒီလို-ဒီလိုဘဲ အကျိုး အကြောင်းပြောခဲ့ရတယ်ဘုရာ့ ဒကာကြီးက ဘယ်လိုမေးသတုံး၊ သူတို့က ဘယ်လို မေးသတုံး အစရှိသည်နဲ့ မေးတော့ ခုနင်ကအတိုင်း တိတ္တတွေက ဘုရား အနိစ္စ ဒုက္ခ အနတ္တတရားကြီး တဏှာ မာန ဒိဋ္ဌိနဲ့ ငြိပြီးသကာလ လောကကြီး မြဲတယ်၊ လောကကြီး မမြဲဘူး အစရှိသည်နဲ့ ယူနေကြတယ်ဘုရား (မှန်ပါ့)။
တပည့်တော်က အရှင်ဘုရားတို့ ဒီလိုဆိုလိုရှိယင် အနိစ္စ ဒုက္ခ အနတ္တတရားကို တဏှာ မာန ဒိဋ္ဌိငြိနေတာပေါ့၊ တပည့်တော်တို့ကတော့ အနိစ္စ ဒုက္ခ အနတ္တတရားကို တဏှာ-မာန-ဒိဋ္ဌိနဲ့မငြိတဲ့ အယူပါလို့ ဖြေခဲ့ဘယ် (မှန်ပါ့)။
ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သာဓု သာဓုက္ခာ ဒီလို တကာတွေမှာလဲ သူများအယူကို မှားနေတာကို ပြင်ပေးတဲ့ဥစ္စာ ဘယ်အခါမဆို ပြင်ပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
နောက် အနာထပိဏ်သူဋ္ဌေးကြီး ပြန်သွားတယ်ပြန်သွားပြီး ရဟန်းတွေ စည်းဝေးစေပြီးတော့ ရဟန်းတို့ ဟော အနာထပိဏ် သူဌေးကြီးဟာကွာ အယူတွေ ဖြောင့်ပေးခဲ့လို့ သူတို့ ယူတာ မယူတာ အပထား၊ သိမှုကလေး တိုးသွားတဲ့ အတွက် အပါယ်လေးပါးကျဘို့ အတော် သက်သာတယ် (မှန်လှပါ ဘုရား)။
အဲဒီတော့ မင်းတို့လဲ ဝါတရာရပေစေ သူများအယူကို ဒီမှားနေတာကလေး ပြင်ပေးမည့် အလုပ်ကိုဖြင့် လုပ်ဖြစ်အောင် လုပ်ပါဆိုတဲ့ဥစ္စာ တရားဟောရစ်ပါတဲ့ (မှန်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိ ဘယ်က လာသတုံး
ဒါဖြင့် ဒကာ ဒကာမတွေ နာရီက စေ့လို ၊ ခင်ဗျားတို့ နှစ်လုံးတည်း မှတ်ရမှာ မလွဲပါနဲ့ (မှန်ပါ့) ဒိဋ္ဌိ ဘယ်က လာသတုံး (နှလုံးသွင်းမှားက လာပါတယ်) မိမိကိုယ်ကို နှလုံးသွင်းမှားမှုက လာပါတယ်၊ ပြီးတော့ကော (တရားနာမှားမှုကြောင့်လဲ လာပါတယ် ဘုရား)။
ဒါဖြင့် မိမိကိုယ် နှလုံးသွင်း မမှားရအောင် ဒကာ ဒကာမတို့ ခန္ဓာကြီးထဲမှာ ဘယ်ခန္ဓာမဆို ဖြစ်ပျက် နှလုံးသွင်းလိုက် (မှန်ပါ့) ဖြစ်ပျက်သာ ရှိဘာကိုး (မှန်ပါ့) နှလုံးသွင်းမှားစရာ ရှိသေးသလား (မရှိပါ ဘုရား)။
ကဲ တရားနာပြန်တော့လဲ သုညတတရားနဲ နာလိုက်ပြန်တော့လဲ ဪ ပုဂ္ဂိုလ်သတ္တဝါမူ ဆိတ်တာတွေဘဲ အနိစ္စတွေဘဲဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ဒါဖြင့် ခင်ဗျားတို့ တရားနာကော မှားသေးသလား (မမှားပါ) နှလုံးသွင်းမှားကော (မမှားပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအတိုင်းလုပ် အပါယ်လေးပါး တံခါးပိတ်တယ် (မှန်ပါ့) ရှင်းပ လား (ရှင်းပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာခု