12207

မာတိကာသို့

ဒုက္ခ၏လက်သည်ကြီး အာသဝဖြစ်ပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရား မန္တလေးမြို့ ဦးချစ်ဆွေဓမ္မာရုံ၌

ဟောကြားတော်မူသော

ဒုက္ခ၏လက်သည်ကြီး အာသဝဖြစ်ပုံ

ညအလုပ်ပေးတရားတော်

(၂၁-၁၀-၆၁)

မင်းတို့ကို နှိပ်စက်နေတာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မင်းတို့ကို နှိပ်စက်နေတာ တခြားတရားမဟုတ်ပါဘူးကွာ၊ အာသဝေါတရားပါလို့ သေသေချာချာဟောတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေကိုမပြတ်နှိပ်စက်နေတာ ကာမာသဝဆိုတဲ့ လိုချင်မှုပေါ့ဗျာ (မှန်ပါ့) သဝါသဝဆိုတဲ့ ဘုံဘဝ တောင့်တပြီး သကာလ ဒီဘဝမကောင်းလို့ ဟိုဘဝပြောင်းချင်တဲ့ ဘဝတဏှာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိသဝဆိုတာ ခန္ဓာကြီးကိုပင်လျှင်ခန္ဓာငါးပါးရှိတာကို မသိဘဲနဲ့ အလုံးစုံအကုန်ဟာ ငါဘဲ ဒါတွေဟာ ငါ့ဥစ္စာတွေဘဲလို့ထင်တာက ဒိဋ္ဌာသဝ (မှန်ပါ့)။

အဝိဇ္ဇာသဝဆိုတာက ဒီခန္ဓာကြီးက ဒုက္ခသစ္စာလို့မသိဘူး (မှန်ပါ့) ခန္ဓာဖြစ်ကြောင်းက သမုဒယသစ္စာလို့ မသိဘူး (မှန်ပါ့) ခန္ဓာချုပ်တဲ့ နေရာကနိဗ္ဗာန်ဆိုတာလဲ သူ့စိတ်ထဲမသိဘူး (မှန်ပါ့) ခန္ဓာတို့၏ ချုပ်ရာချုပ်ကြောင်း နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂင်တွေကိုလဲ သူမသိဘူး (မှန်ပါ့) အဲဒါကို အဝိဇ္ဇာသဝလို့ခေါ်တယ် (မှန်ပါ့ ဘုရား)။

သူသတ်သမားလေးယောက် ဘယ်သူပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ ဒို့မသိအောင် ဒို့ကိုသံသရာထဲမှာ အရိုးတောင်နှယ်ပုံအောင် အသားတွေ မြေကြီး-ကြီးပွားအောင် ဒို့ကိုလုပ်နေတဲ့ သူသတ်သမားလေးယောက် ဘယ်သူပါလိမ့်မလဲလို့ စဉ်းစားတဲ့အခါကျတော့မှ အာသဝတရားလေးပါးလို့ မှတ်လိုက်စမ်းပါ (မှန်ပ့ါ ဘုရား)။

ဘယ်သူပါလိမ့်ဗျာ (အာသဝတရား လေးပါးပါ ဘုရား) အာသဝေါတရားလေးပါးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မှတ်ထားလိုက်တော့ ဪ ဒို့ကို အရိုးတောင်နှယ်ပုံအောင် အသွေးတွေ မဟာသမုဒ္ဒရာရေလောက်များအောင်၊ ခေါင်းတွေ မြင့်မိုရ်တောင်လောက် တခါတည်း စုပုံပြီး သကာလ အသေသတ်တဲ့တရားဟာ ဘယ်သူပါလိမ့်မလဲလို့ စဉ်းစားတဲ့အခါ ကျတော့မှ အာသဝေါတရား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတွေ အနှိပ်စက်ကြီး နှိပ်စက်နေတာ ဘယ်သူပါလိမ့် (အာသဝေါတရား လေးပါးပါ ဘုရား)။

အာသဝေါတရားလေးပါးဆိုတာ သိတော့ အဲဒီ့အာသဝေါတရား လေးပါးကို သဗ္ဗာသဝသုတ်ဆိုပြီး သကာလ မူလပဏ္ဏာသပါဠိတော်ကြီးမှာ ဟောတော်မူတယ် (မှန်ပါ့ ဘုရား)။

ဒီ အာသဝေါတရား လေးပါးသည်ကားလို့ ဆိုရင်ဖြင့် မည်သူ့ကိုနှိပ်စက်ပါလိမ့်၊ မည်သူ့ကို အရိုး တောင်နှယ်ပုံအောင် လုပ်ပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လက်သည်ရှာလိုက်တယ် (မှန်ပါ့ ဘုရား)။

အာသဝေါတရားသည် လူတိုင်းဘဲနှိပ်စက်သလား၊ ချွင်းချက်များရှိသေးသလားလို့ သူကြံလိုက်တယ် (မှန်ပါ့) ဟာ ချွင်းချက်ရှိသေးတယ်ဟေ့လို့ ကိုယ်တော်မြတ်ကြီး ဉာဏ်တော်ထဲမှာ ပေါ်လာတယ် (မှန်ပ့ါ ဘုရား)။

ခန္ဓာဉာဏ်ရောက်သိတဲ့ပုဂ္ဂိုလ်မှာ

ခန္ဓာဉာဏ်ရောက် မသိတဲ့ပုဂ္ဂိုလ်မှာ အာသဝေါနှိပ်စက်နိုင်တယ် (မှန်ပါ့) ခန္ဓာဉာဏ်ရောက်သိတဲ့ပုဂ္ဂိုလ်မှာ အာသဝေါ တရားမနှိပ်စက်နိုင်ဘူး (မှန်ပါ့)။

ဪ ဒါဖြင့် ဒကာကြွယ်တို့ လက်သည်ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ခန္ဓာဉာဏ်ရောက် ကြည့်နိုင်တဲ့ပုဂ္ဂိုလ်မှာ အာသဝေါတရားက အရိုးတောင်နှယ်ပုံအောင်၊ အသွေးသမုဒ္ဒရာထက်များအောင် မလုပ်နိုင်ပါဘူး (မှန်ပါ့ ဘုရား)။

ဪ ကိုယ်တော်မြတ်ကြီး ကျေးဇူးတော် ဂုဏ်တော်တွေ ဦးမာဒင် သိပ်ပြီးကျေးဇူးများတယ် (များပါတယ်) ဦးမောင်ကလေး ကျေးဇူးများတယ် (များပါတယ် ဘုရား)။

ကျုပ်တို့ ခင်ဗျားတို့ အလိုတော့ဖြင့် ဒီလိုစား ဒီလိုအိပ် ဒီလိုနေ ဒီလိုသေနဲ့ဘဲ အချိန်ကုန်ကြမှာ (မှန်ပါ့) ဒါသေမျိုးဘဲ သေမျိုးဘယ်တတ်နိုင်ပါ့မတုံး (မှန်ပါ့) ဆိုတဲ့ ဒီညည်းလုံးနဲ့ဘဲ ဇာတ်သိမ်းမှာဘဲ (မှန်ပါ့) ဒီလိုပူရတယ်ဆို ဪ ပူစရာရှိတော့လဲ ပူရမှာဘဲဆိုတော့ ပူစရာဖြတ်ကြောင်းလဲ သူသိမှာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား) သိပါဦးမလား (မသိပါ ဘုရား)။

အင်း ဘယ်သူတွေဖြင့် ပျက်စီးကုန်ပြီတဲ့၊ အို ပျက်စီးတတ်တဲ့အမျိုးတွေဘဲ (မှန်ပါ့) ဒီလိုဘဲ ရေလိုက် ကြာလိုက် သုံးတဲ့စကားဘဲ ဒကာကြွယ် များနေတယ် (များပါတယ်) ဘုရားမပွင့်ရင် ရေလိုက် ကြာလိုက်ပြောရမှာဘဲ (ပြောရမှာပါ ဘုရား)။

သေတတ်တဲ့အမျိုး သေမှာဘဲ၊ နာတတ်တဲ့အမျိုးနာမှာဘဲ၊ ခင်ဗျားတို့လဲ ဒါနားဆက်ဆတ် ကြားနေပါတယ် (ကြားပါတယ် ဘုရား) အိုတတ်တဲ့ အမျိုးမို့ အိုတာဘဲဆိုတာ (မှန်ပါ့ ဘုရား)။

အမြင်မှန်ကြီးပေါ်လာတယ်

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ ဒီအမြင်ထက် ထူးခြားပြီး သကာလ မြင်တဲ့အမြင်ထူး အမြင်မှန်ကြီး ပေါ်လာတယ် လို့ ဦးမာဒင်တို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။

ဪ ဒီအိုတတ်တဲ့ အမျိုးလုပ်တာလဲ အာသာဝဟ (မှန်ပါ့) နာတတ်တဲ့အမျိုးလုပ်တာလဲ (အာသဝပါ ဘုရား) အာသဝဘဲဆိုတာ ပေါ်လာတော့ ဒကာ ဒကာမတို့ ကျုပ်တို့၏ ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တဆိုတဲ့ ဥစ္စာကြီး ဟာဖြင့် ဉာဏ်ပေးလို့ ကျေးဇူးတင်ရတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုရားအစစ်ကိုရှာတော့ ဉာဏ်တော်ဘုရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားအစစ်ကိုရှာတော့ (ဉာဏ်တော်ဘုရားပါ ဘုရား) အဲဒီ့ဉာဏ်တော်ဘုရား ရောက်အောင်လဲ ခင်ဗျားတို့က ရှိမခိုးတတ်တော့ သပ္ပါယ်လိုက်တဲ့ ကိုယ်တော်ကြီးနဲ့ဘဲ ပြီးပြီးနေကြတာဘဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဘယ့်နှယ်ဖြစ်ကြသလဲ (သပ္ပါယ်လိုက်တဲ့ကိုယ်တော်ကြီးနဲ့ဘဲ ပြီးပြီးနေပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ပန်းရန်ဆီရောက်နေတယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ပန်းရန်ဆီရောက်နေတယ်

ပန်းရန်ဆီ ရောက်နေတယ်ဆိုကတည်းက ဒကာကြွယ်တို့က ရှေးတုန်းက ဒါဘဲ ဒီမှာရပ်နေတာဘဲ (မှန်ပါ့) တယ်ကြည်ညိုဖွယ်ရာကောင်းသဟေ့ ကိုယ်တော်မြတ်ကြီးဟာ သိပ်သပ္ပါယ်တာဘဲ၊ ဘယ်ပန်းရန်တုန်းကွ (မှန်ပ့ါ) သွားပြီပေါ့ဗျာ၊ ဘယ်ပန်းရန်တုံးကွ ဆိုပြီး မေးလိုက်ကတည်းက ဒကာ ဒကာမတို့ ခင်ဗျားတို့ ပူဇော်ပသမှု ပန်းရန်ဆီရောက်သလို ဖြစ်နေတယ် (ဖြစ်ပါတယ် ဘုရား)။

ဦးလှဘူး ကြောက်စရာပါလား (ကြောက်စရာပါ) ဉာဏ်က မဆုံးသင့်တဲ့နေရာ သွားပြီးဆုံးနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ဘဲ၊ အဲဒါ ဉာဏ်တော်မရောက်တော့ ပုံသဏ္ဌာန်တော် ရောက်ပါတယ်နော် (မှန်ပါ့)။

ဉာဏ်တော် မရောက်တော့ (ပုံသဏ္ဌာန်တော် ရောက်ပါတယ် ဘုရား)။

ခင်ဗျားတို့ ရှိခိုးရမှာက ဒီပုံကြီးကိုရည်မှတ်၍ သက်တော်ထင်ရှား မြတ်စွာဘုရား၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကြီး ကို ရှိခိုးပါ၏ ဒီလိုသွားရမှာဗျ (မှန်ပါ့) မရောက်ပါဘူး၊ ဒီကိုရောက်တဲ့လူက ရှားမှရှား (မှန်ပါ့) ဒီကိုရောက်တဲ့ပုဂ္ဂိုလ်က ဦးမောင်ကလေး ရှာမှရှား (ရှားပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ကိုယ်တော်မြတ်ကြီးဟာ ယနေ့ ကျုပ်တို့ လက်သည်ရှာပေးတဲ့ ကိုယ်တော်မြတ်ကြီး ငါတို့ကိုအရိုး တောင်နှယ်ပုံ အသွေးသမုဒ္ဒရာထက်များအောင် လုပ်နိုင်တဲ့ အာသဝေါတရားကို ကိုယ်တော်မြတ်ကြီးက သူတို့ဘဲကွ (မှန်ပါ့)။

သူတို့က ဒို့ကိုသတ်နေတာကွ (မှန်ပါ့) ဒါ ဘယ်လိုသတ်တာတုံး ဆိုလို့ရှိရင်ဖြင့် မင်းတို့ခန္ဓာကိုယ် အတွင်းရှိနေတဲ့ သဘော ခန္ဓာကိုရှုနေရမည့်သဘော ခန္ဓာ့ဖြစ်စဉ်ကို ကောင်းကောင်း မသိတဲ့ သဘောကြောင့် အာသဝေါထင်သလို နှိပ်စက်တာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အာသဝက ထင်သလိုနှိပ်စက်တာ

အာသဝက ထင်သလိုနှိပ်စက်တာ ဒကာ ဒကာမတွေ ခန္ဓာ့သဘောကို မသိလို့ (မှန်ပါ့ ဘုရား)။

ဒါ သေသေချာချာမှတ်ပါ (မှန်ပါ့) ခင်ဗျားတို့ အာသဝေါက အသေချည့်ခိုင်း အနာချည့်ခိုင်း အအိုချည့်ခိုင်း အပါယ်လေးပါးချည့် ရောက်ခိုင်းနေတာ အာသဝပါဘဲ (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် သူခိုင်းနိုင်သလောက် ကျုပ်တို့ကို ခိုင်းနေပါလိမ့်မလဲလို့ ဒကာသစ်မေးလို့ရှိရင် ကျုပ်တို့က ခန္ဓာအရှိနဲ့ ဉာဏ်အသိဆိုတာကို ကျုပ်တို့ မရလို့ (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိကို (မရလို့ပါ ဘုရား) ကြောက်စရာတယ်ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။

ခန္ဓာအရှိကို ဉာဏ်အသိ မရပြီဆိုမှဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်ကြပြီဆိုမှဖြင့် ဒကာ ဒကာမတို့ အာသဝေါ စီမံရာဖြစ်တဲ့ သုံးဆယ့်တဘုံပေါ့ဗျာ (မှန်ပါ့)။

အရိုးချင်းထပ်ပြီး သကာလ အလောင်းချင်းထပ်အောင် လုပ်နေတာ ဘယ်သူပါလိမ့် (အာသဝေါပါ ဘုရား) အဲဒီပုဂ္ဂိုလ်တွေဟာ ဖြစ်ချင်တိုင်း ဖြစ်နေတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တာဘဲ (မှန်ပါ့)။

သေသေချာချာမှတ်ပါ၊ ဒီတလုံးဟာ ခင်ဗျားတို့ သေပျော်တဲ့ တလုံးလို့ မှတ်စမ်းပါ (မှန်ပါ့) ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တဲ့အတွက် အာသဝေါတရား ထင်သလို ခြယ်လှယ်နေတယ် (မှန်ပါ့) ပေါ်ကြပြီ (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုပေါ်ကြပါလိမ့် (ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ အာသဝေါတရားထင်သလို ခြယ်လှယ်နေပါတယ် ဘုရား)။

အင်း ဘယ့်နှယ်ကြောင့် ကျုပ်တို့ကို ခြယ်လှယ်ပါလိမ့် (ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ပါ ဘုရား)။

ဪ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ (မှန်ပါ့) အံမာလေး ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒီ လက်သည်ကလေးကို ဘုရားသခင် ကိုယ်တော်မြတ်ကြီးပွင့်မှ “ဇာနတော ဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ”

ဇာနတော=ခန္ဓာအရှိကို ရှုသောပုဂ္ဂိုလ်အား၊ ပဿတော=ခန္ဓာအရှိကို မြင်သောပုဂ္ဂိုလ်အား၊ အာသဝါနံ=အာသဝေါတရားတို့၏၊ ခယံ=ကုန်ခြင်းကို၊ အဟံ=ငါဘုရားသည်၊ ဝါဒမိ=ဟောတော်မူ၏ ဆိုတော့ ကိုက်နေတာပေါ့ (မှန်ပါ့ ဘုရား) ဒကာကြွယ် သေပျော်တဲ့တရားဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ သာမညနားနဲ့ မထောင်ဘဲနဲ့ ဪ ဟုတ်ပါလားလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ နားနဲ့ ထောင်စမ်းပါ (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်ပြီဆိုမှဖြင့်

ဪ ဟုတ်ပါလား ဒီဥစ္စာ တယ်ဟုတ်ပါလား၊ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်ပြီဆိုမှဖြင့် အရိုးတောင်နှယ်ပုံ၊ အသွေးသမုဒ္ဒရာလောက် များတာဟာ ခန္ဓာအရှိ ဉာဏ်မသိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်ဖို့ရာလမ်းစဉ် (မှန်ပါ့) ရိပ်မိကြပါပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သေသေချာချာ ဒကာ ဒကာမတွေ စဉ်းစားပါ၊ ဆရာဘုန်းကြီး နေ့တိုင်း ဆုံးမသွန်သင်ပြီး သကာလ နေလိုက်တာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်ချည့် ပြောနေတယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးဟာ တနေ့လဲ ဝိပဿနာ၊ တနေ့လဲ ဝိပဿနာ၊ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်တာ ဝိပဿနာကိုးဗျ (မှန်ပါ့)။

အဲဒါကို ဘယ့်နှယ်ကြောင့် အရေးတကြီး ပြောနေပါလိမ့် မလဲဆိုတဲ့ ဥစ္စာဖြင့် ယနေ့ ဪ ပြောသင့်ပေတယ် (မှန်ပါ့ ဘုရား) ပြောသင့်ပေတယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ ယနေ့ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

တကယ်လို့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ဝိပဿနာကို ဆရာဘုန်းကြီးကလဲ မပြ၊ ဘုရားဟောတော်မူတဲ့နည်းကို မရဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ အာစဝေါစီမံရာဖြစ်တဲ့ ဆော့တတ်တဲ့ ခလေးငယ်ငယ်လက်ထဲ ရောက်တဲ့ ခွေးငယ်ကလေး ကြိုးတပ်ပြီး အကိုင်ခံရသလိုဖြစ်နေတယ် (မှန်ပါ့) ဟိုဆွဲသွားလိုက် လည်ပင်း တန်းလန်း-တန်းလန်းနဲ့၊ ဒီဘက် ဆွဲသွားလိုက လည်ပင်း တန်းလန်းနဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ခလေးနဲ့ခွေးဆိုတဲ့ဥစ္စာသည်ကား ခင်ဗျားတို့ သိတဲ့အတိုင်း ခလေးကလဲ ဘာမှမသိ၊ ခွေးကလဲ ဘာမှမသိနဲ့ ဖြစ်ချင်သလို ဖြစ်နေတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ်တို့ သေသေချာချာ ဉာဏ်နားနဲ့ ထောင်တော့မှ ခန္ဓာအရှိနဲ့ ဉာဏ်မသိ ဖြစ်နေလို့ရှိရင်ဖြင့် အဝိဇ္ဇာက ဒကာ ဒကာမတို့ကို ခလေးထားပြီး သကာလ ကျုပ်တို့က ခွေးသဏ္ဌာန်နဲ့ ဖြစ်ချင်သလို ဖြစ်ရမယ် (ဖြစ်ရပါမယ် ဘုရား)။

ဘယ်လောက် ကြောက်စရာ ကောင်းသတုံး (ကောင်းပါတယ် ဘုရား)။

သေသေချာချာ ဉာဏ်နားနဲ့ ထောင့်ကြည့်တော့မှ ဪ ဟုတ်ပါလား၊ ဒို့မှာ တနေ့သော်လဲ အာသဝေါ၏ စီမံရာ လိုက်ရ၊ တနေ့သော်လဲ အာသဝေါ၏စီမံရာလိုက်ရနဲ့ (မှန်ပါ့) ဒကာကြွယ်ကြီးတို့များ အခု နိုးလာတာ မကြာသေးပါဘူး (မကြာသေးပါ ဘုရား)။

အာသဝကနေပြီးထွက်ခိုင်းတယ်

တခါတည်း အာသဝကနေပြီး မိုးလင်းအိမ်က ထွက်ဟေ့ ဆိုပြီး သကာလ မိုးလင်း အိမ်က ထွက်ခိုင်းချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်သူက အထွက်ခိုင်းပါလိမ့် (ကာမာသဝက အထွက်ခိုင်းပါတယ် ဘုရား)။

ကာမာသဝက အထွက်ခိုင်းလိုက်တယ် (မှန်ပါ့) လုပ်ဟ ကိုင်ဟနဲ့ မောမှန်းမသိ၊ ပန်းမှန်းမသိ၊ မင်းသွားမှ မင်းရမည့်ဥစ္စာဘဲဆိုပြီး ကာမာသဝဆိုတဲ့ ငါးပါးအာရုံ ကာမဂုဏ်နောက်ကောက်ကောက်ပါအောင်လိုက်ကြတာ (မှန်ပါ့)။

ပြန်လာလဲ ဘယ်သူပါလိမ့်မတုံးလို့ လက်သည်ဖမ်းမမိဘူး (မမိပါ) သွားတော့လဲ ဘယ်သူထုတ်လိုက်ပါလိမ့်မတုံး ဒီအမောဆိုက်အောင်လို့ (မမိပါ ဘုရား) လက်သည်မမိဘူး (မှန်ပါ့ ဘုရား)။

ဦးမာဒင်တို့ ဦးမောင်ကလေးတို့ ဒကာသစ်တို့ ရိပ်မိလောက်ပါပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဟာ ဒီထဲမှာ လာတဲ့ပုဂ္ဂိုလ်ဟာ နည်းနည်းကလေး ရိပ်မိသယောင်ရှိတယ်နော် (မှန်ပါ့)။

အင်း အာသဝခိုင်းလို့ သွားရဦးမယ်ဆိုတဲ့ညည်းလုံးကလေးတချက် တချက်လာတယ် (မှန်ပ့ါ) ဘာမှမသိတဲ့ပုဂ္ဂိုလ်များ တခါတည်း ခုနင်က ခလေးနဲ့ခွေးဆွဲသလိုဘဲ (မှန်ပါ့) ဖြစ်ချင်သလိုဖြစ်ပြီး သကာလ နေတာဘဲ ဆိုတာဖြင့် ဒကာကြွယ် ငြင်းဆန်မနေနဲ့တော့ မှန်တယ် ဝန်ခံရမှာဘဲ (မှန်ပါတယ်) အတော်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။

အခု ဒကာသစ်တို့ လုပ်ကိုင်လာတာ လူလားမြောက်ကတည်းက အသက်မွေးဝမ်းကျောင်းရှာလာကြတယ် (မှန်လှပါ ဘုရား)။

ဟာ ဒကာသစ် ဘယ့်နှယ်ကြောင့်တုံး ခင်ဗျား တနေ့မှလဲ စိတ်ချမ်းသာ လက်ချမ်းသာ ဘဝင်အေးအေးနဲ့ ကိုယ့်အိမ်ကလေးဆောက်ထားပြီး ကိုယ့်အိမ် ကိုယ့်ယာကလေးမှာ လေပြေလေညှင်းခံပြီး ယပ်တောင် ကလေးခပ်ပြီး သကာလ အေးအေးဆေးဆေးမနေနိုင်တာ ဘာကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ လက်သည် ရှာမတွေ့ဘူး (မှန်ပါ့) ကာမာဘဝဘဲ (မှန်ပါ့)။

သူက အတော်တရားဟောကောင်း

အိမ်မနေနဲ့ကွ (မှန်ပါ့) အိမ်နေလို့ မင်းမှာ ပိုက်ဆံတပြားဝင်မှာလား (မှန်ပါ့) မင်းဟာ ပိုက်ဆံမရှိရင် လူ့အောက်ကျလိမ့်မယ် (မှန်ပါ့) အပါယ်ကျမှာတော့ ထည့်ပြီး မပြောပါဘူး (မပြောပါ ဘုရား)။

လူ့အောက်ကျမှာတော့ သူက အတော်တရားဟောကောင်းတယ် (မှန်ပါ့) ကာမာသဝက ဘုန်းကြီးတို့ထက် တရားဟော သာတယ် (မှန်ပါ့)။

ဘုန်းကြီးတို့ထက်သာတယ်၊ ဘုန်းကြီး တော်တော် အပြောကောင်းတယ် အောက်မေ့တယ်၊ ကာမာသဝနဲ့ ကျရင် ခင်ဗျားတို့က ကာမာသဝဘက်ကိုမှ မှန်ပါ့-ဟုတ်ပါ့နဲ့ လိုက်တာဘဲ (မှန်ပါ့) ဘုန်းကြီးဘက် မှန်ပါ့-ဟုတ်ပါ့လိုက်တာက ဒီနာရီကလေးတွင် (မှန်ပါ့)။

ဒီ့ပြင်အချိန်တွေကျတော့ ကာမာသဝက ဟောတာကိုဘဲ မှန်ပါ့-ဟုတ်ပါ့လိုက်နေတယ် (လိုက်နေပါတယ် ဘုရား) ဖြစ်မှဖြစ်ရလေ ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့)။

ဘယ်သူ့ လက်အောက်ခံ ဖြစ်နေသတုံး (ကာမာသဝ လက်အောက်ခံဖြစ်နေပါတယ် ဘုရား) ကာမာသဝက ရစရာရှိရင် သွားလိုက်လေကွာ၊ မင်းသွားမှ ပြီးမှာ မင်းမျက်နှာမှ သူတို့က လေးစားတာ (မှန်ပါ့)။

အံမာ မင်းသွားမှ တဲ့၊ ဘယ်သူက ခိုင်းပါလိမ့် (ကာမာသဝက ခိုင်းပါတယ် ဘုရား)။

ပြီးတော့ ခင်ဗျားတို့ ဘုန်းကြီးကို ကျေးဇူးတင်တာထက်တောင် တင်လိုက်သေးတယ် (မှန်ပါ့ ဘုရား) သွားမိလို့၊ ဒါကလေး ဒီအရင်းကလေးပြန်ပြီး သကာလ ရတာ၊ ဒီပုဂ္ဂိုလ်က အင်မတန် ကပ်တယ်ဆိုပြီး သကာလ သူ့ကျေးဇူးတင် သေးတယ် (မှန်ပ့ါ)။

ကာမာသဝကို ကျေးဇူးတင်သေးတယ်၊ ဘုန်းကြီးတို့ကျတော့ သီတင်းကျွတ်မှ သတိရတယ် (မှန်ပါ့)။

အင်း တန်ခူးလကျမှ သတိရတယ်၊ ကာမာသဝကိုတော့ နေ့တိုင်းသတိရတယ် (မှန်ပါ့)။

နေ့တိုင်းသတိရတယ်၊ သူ့ကျေးဇူး၊ ကိုယ် ထထ, ကြွကြွလုပ်နိုင်လို့ ဒါကလေး သိမ်းမိ ပိုက်မိတာ အခါကောင်း ကလေး မိလိုက်တာ (မှန်ပါ့) အဲ့ဒါ ဘယ်သူ့ကျေးဇူးတင်တာတုံး (ကာမာသဝ ကျေးဇူးတင်တာပါ ဘုရား)။

အာသဝဂုဏော အနန္တော

ဒါဖြင့် ခင်ဗျားတို့ဟာ ‘အာသဝဂုဏော အနန္တော’ ဖြစ်နေပြီ (မှန်လှပါ) အတော်ဆိုးနေပြီ (မှန်ပါ့) မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

အံမာလေး ဒကာ ဒကာမတွေ ဒါ့ကြောင့် အာသာဝများ ခိုင်းတဲ့အခါကျတော့ ဒိဋ္ဌိဆိုတဲ့ ဒိဋ္ဌာသဝက မင်းကွာ ဘယ်အရွက်ကလေးကိုင်ပြီး သွားပါလား၊ အင်း ဒိဋ္ဌာသဝက တွန်းလွတ်တယ် (မှန်ပါ့) ဘယ်နေ့ထွက်ကွ၊ ဒီနေ့ ရက်ရာဇာ မဟုတ်ဘူး၊ ဒီနေ့ နတ်နဲ့ရင်ဆိုင်ကျတယ်၊ အင်း ဒိဋ္ဌာသဝက (မှန်ပါ့) ဒိဋ္ဌာသဝကလဲ ပါသေးတယ် (ပါ-ပါတယ် ဘုရား)။

ကာမာသဝက တွန်းရတဲ့အထဲ ဒိဋ္ဌာသဝက နိမိတ်ယူဦးကွတဲ့ (မှန်ပါ့) ဖြစ်မှ ဖြစ်ရပလေ အရူးထပုံများ ပိုလိုက်တဲ့ ဖြစ်ခြင်း (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကာမာသဝက တွန်းထုတ်နေတဲ့ အခါကျတော့ ဒိဋ္ဌာသဝကလဲ အကူအညီပေးလိုက်တယ် (မှန်ပါ့)။

ဘာကြောင့်တုံးဆိုတော့ ရူးသည်ထက် ရူးပြီး သကာလ သေခြင်းဆိုး သေသည်ထက် သေအောင်လို့ ဖြည့်ပေးနေတယ် (မှန်ပါ့) အံမာလေး ကြောက်စရာကောင်းလိုက်တဲ့ အာသဝ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကာမာသဝက သွားကွ မင်းသွား၊ မင်းသွားရင် ဒီဟာနေရာကျမှာဘဲဆိုတာက ကာမာသဝ (မှန်ပါ့)။

ဒိဋ္ဌာသဝလိုက်လာတယ်

ဒိဋ္ဌာသဝက တခါတည်း ဒီနေ့ဒီရက် မကောင်းသေးဘူး၊ အဲဒီရက်ကျမှ မင်းသည်ကားလို့ဆိုရင်ဖြင့် ဘယ်လိုဟာ ကလေး ဘာကလေး ကိုင်ဆုပ်ပြီး သကာလ သွားကွာ (မှန်ပါ့) ဟိုပုဂ္ဂိုလ်က ပြုံးပြီး မင့်ကို လက်ခံလိမ့်မယ် (မှန်ပါ့) အင်း ဒါက ဘာပါလိမ့်မယ် (ဒိဋ္ဌာသဝပါ ဘုရား) ဖြစ်မှ ဖြစ်ရလေဗျာ ကာမာသဝနောက်က ဒိဋ္ဌာသဝလိုက်လာတယ် (လိုက်ပါတယ် ဘုရား)။

အဝိဇ္ဇာဘဝကလဲ သွားရင် သွားတဲ့ဒုက္ခ၊ ကျင်ကြီးကျင်ငယ် စွန့်ရတဲ့ဒုက္ခ၊ မောပန်းတဲ့ဒုက္ခကို မသိအောင်ဖုံးထားတဲ့ အဝိဇ္ဇာသဝ (မှန်ပါ့)။

အင်း သူကလဲ သွားသာသွားကွ၊ သွားကျိုးနပ်လိမ့်မယ်တဲ့ (မှန်ပါ့) မပြုံးနိုင်အောင် မောတာတောင်မှလဲ အဝိဇ္ဇာသဝကြောင့်လို့ သိရဲ့လား (မသိပါ ဘုရား) သူကလဲတွန်းထုတ်တာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါမှ မင်းပေးရ လှူရ တမ်းရတာ၊ ဒီဘဝ ဒါလောက်ချမ်းသာတယ်၊ နောက်ဘဝကျ ဒီ့ထက်ချမ်းသာမှာပေါ့ ဆိုပြီး တော့ ရလာလို့ရှိရင် ဘဝါသဝကလဲ ဝေဖန်တယ် (မှန်ပါ့) ဆွမ်းကလေး ကျွေးဦးကွ၊ ဒါမှ နောက်ဘဝ ချမ်းသာမှာ (မှန်ပါ့) ဘဝါသဝပါလာတယ် (ပါလာပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မရခင်တုန်းက ဘဝါသဝ မလာသေးဘူး (မလာသေးပါ ဘုရား) ရလာလို့များ တသောင်းရင်းလို့ တထောင်ဝင်လာတဲ့အခါများ ဘဝါသဝက ဝင်လာတယ် (မှန်ပါ့) ပေးတန်ပေး ဖဲ့တန်တာဖဲ့ပေးရတယ် တဲ့ (မှန်ပါ့)။

ဘဝါသဝက ဝင်လာတယ်

အံမာလေး ဖြစ်မှဖြစ်ရပလေ ဒကာ ဒကာမတို့ ဘယ်ဟာက ဝင်လာတာတုံး (ဘဝါသဝက ဝင်လာတာပါ ဘုရား)။

ဘဝါသဝက ခိုင်းတာ (မှန်ပါ့) မင်း ဒီဘဝချမ်းသာတာ မဖြစ်လောက်ပါဘူးကွာ၊ နောက်ဘဝ ဒီ့ထက်ချမ်းသာ တာတွေ အကြောင်းရှိသေးတယ်၊ အဲဒီတော့ တဘဝတည်းနဲ့လဲ မင်းနိဗ္ဗာန်ရမှာမဟုတ်ဘူး (မှန်ပါ့) ရလိမ့်ဦးမယ် ဟောတာတွေ အကုန်ဖုံးထားတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားက ညနေအားထုတ်ရင် မနက်ရပါတယ်လို့ ဟောထားတာ သူက ဖုံးလိုက်သေးတယ် (မှန်ပါ့) ဒါ ဘယ်သူက ဖုံးတာပါလိမ့် (ဘဝါသဝကဖုံးတာပါ ဘုရား)။

တဘဝတည်းနဲ့ နိဗ္ဗာန်ရမှာမဟုတ်ဘူးကွ၊ သံသရာမှာ မင်းဥစ္စာထုပ်မပါလို့ရှိရင် ရေဗူးနဲ့ ဖိနပ်မပါ နွေခါမှသိ ဒါနနဲ့ သီလမပါရင် သေခါမှသိ သူက ဟောတဲ့တရား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ဟောပါလိမ့် (ဘဝါသဝက ဟောပါတယ် ဘုရား) အဲဒီမှာ ခင်ဗျားတို့က ပြုံးပြီး သကာလ အလှူ့ရှင်ကြီးများ လုပ်နေလိုက်သေးတယ် (မှန်ပါ့)။

အံမာလေး ကြောက်စရာကြီးပါလား ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) အာသဝလေးခု ဝိုင်းပြီးများ နှိပ်စက်ချလိုက်တာ ဦးမာဒင်ကြီးတို့ ပြုံးခဲ့လှပါပြီ (ပြုံးခဲ့ပါပြီ ဘုရား)။

အာသဝ ဘယ်နှစ်ခုစီမံတာပါလိမ့် (လေးခုပါ ဘုရား) ဟာ သိကိုမသိဘူး ဒကာကြွယ်ရေ (မသိပါ ဘုရား) အိမ်ကအထွက်ခိုင်းတာ ဘာတုံး (ကာမာသဝပါ ဘုရား) ဘယ်နေ့ဘယ်ရက်မှထွက်ဆိုတာက (ဒိဋ္ဌာသဝပါ ဘုရား) လမ်းသွားရင် ဒုက္ခဖြစ်လိမ့်မယ်လို့ မသိအောင် ဖုံးထားတာက (အဝိဇ္ဇာသဝပါ ဘုရား) ရလာတဲ့ပစ္စည်းကလေး တဘဝတည်းနဲ့ မင်းပြီးမှာမဟုတ်ဘူး ဟောတာက (ဘဝါသဝပါ ဘုရား) သူတို့လေးခုထဲ မျောတော့တာဘဲ (မှန်ပါ့)။

မြုပ်လမ်း မျောလမ်းဘဲ

ဒါ ဘုန်းကြီး ကြံဖန်ပြောတာလား၊ ဖြစ်စဉ်ကိုက်လား ပြောပါဦး (ဖြစ်စဉ်ကိုက်ပါ ဘုရား) ဒကာကြွယ် ဘယ်နှစ်ခါဖြစ်ပြီးမလဲ (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး မြုပ်-မြုပ်ပါ့မလား (မြုပ်ပါတယ် ဘုရား) ဒါသေသေချာချာ ဟောရင် မြုပ်လမ်း မျောလမ်းဘဲ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒီဥစ္စာ ဒကာ ဒကာမတွေ အာသဝလေးခုဟာ အိမ်ထဲမှာ ခြယ်လယ်ပြီး သကာလ ခင်ဗျားတို့ကတော့ အတွင်းသူ အတွင်းသားလုပ်ထားတယ် (မှန်ပါ့)။

ဘယ်လိုလုပ်ထားသတုံး (အတွင်းသူ အတွင်းသားလုပ်ထားပါတယ် ဘုရား) ဘယ်သူ့ကို လုပ်ထားသတုံး (အာသဝလေးပါးကို လုပ်ထားပါတယ် ဘုရား) အာသဝလေးပါးကို အတွင်းသူ အတွင်းသားလုပ်ထားတယ် (မှန်ပါ့)။

ဒကာကြွယ် ယုံပလား (ယုံပါပြီ) အာသဝလေးပါးကို ခင်ဗျားတို့မှာ (အတွင်းသူ အတွင်းသားလုပ်ထားပါတယ်) သူမရှိရင် နေလို့မဖြစ်ဘူး (မှန်ပါ့) အံမာလေး ကြောက်စရာကြီးပါကလား (မှန်ပါ့ ဘုရား)။

ဟုတ်ပါတယ်တဲ့၊ အာသဝလေးပါးဟာ ခင်ဗျားတို့ အခု သေသေချာချာပြောတော့ပေါ်ပါတယ် (မှန်ပါ့) စီးပွားရှာထွက်ဟေ့ ထိုင်နေလို့တော့ဖြင့် ခြင်္သေ့ကြီးတောင် အိပ်နေရင် ပါးစပ်ထဲ သားကောင် ဝင်တာမဟုတ်ဘူးကွ၊ အံမာ ဟောပြီ-ဟောပြီ တရားကို (မှန်ပါ့) ဘယ်သူကဟောတာတုံး (ကာမာသဝကပါ ဘုရား)။

ကာမာသဝကဟောတာ ခင်ဗျားတို့ကလဲ ဟုတ်ပ့ါ-မှန်ပါ့ပေါ့လေ (မှန်ပေါ့) အံမာလေး တကယ့် လူတွေပါကလား (မှန်ပ့ါ ဘုရား)။

တကယ့်အဆင်းတွန်းလား

ဟောတဲ့ဆရာကလဲ ဘုန်းကံကြီးရှင်လား တကယ့်အဆင်းတွန်းလား (အဆင်းတွန်းပါ) အဆင်းတွန်းပေမဲ့ ခင်ဗျားတို့ကတော့ ဟုတ်ပ့ါ-မှန်ပါ့ဘဲ လိုက်ပြီး ဟုတ်တယ်၊ သွားမှ-သွားမှ ဒကာကြွယ်တို့ဖြင့် မိုးတောင်လင်းခဲတယ် အောက်မေ့နေမယ် (မှန်ပါ့)။

သို့သော်လဲ မိုးလင်းတဲ့ အခါကျလို့ရှိရင်ဖြင့် ဒီနေ့ နေ့ကောင်းနေ့မြတ်ပါဘဲ၊ ရက်ရာဇာကျတယ်၊ ကိုယ့်စိတ်ကူးနဲ့ တည့်လိုက်တာဆိုပြီး ထွက်သွားတယ် (မှန်ပါ့) ဒါကဘာတုံး (ဒိဋ္ဌာသဝပါ ဘုရား)။

ဒိဋ္ဌာသဝတဲ့၊ အံမာလေး ရွေးကြသေးလား (မှန်ပါ့) ဟာ ရွေးရတာပေါ့ဘုရား ပြက္ခဒိန်ရှိနေတာ (မှန်ပါ့) မရွေးကြဘူးလား ဒကာကြွယ် (ရွေးကြပါတယ် ဘုရား)။

စုံစုံစမ်းစမ်း လုပ်ရတယ်ကွတဲ့ လူကြီးက ဆုံးမထားတာ (မှန်ပါ့) လူကြီးတွေပါ-ပါသွားပြန်ပြီ (မှန်ပါ့) အတော်ဆိုးနေတာ (မှန်ပါ့ ဘုရား)။

”သုနက္ခတ္တံ သုမင်္ဂလံ” နဲ့တော့ တယ်လွဲတယ် ( မှန်ပါ့) ခင်ဗျားတို့ ပရိတ်ကြီး ပုဗ္ဗဏှသုတ်မှာ “သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ ဘာတံ သုဝုဋ္ဌိတံ” ဆိုတဲ့ဥစ္စာက ဒီနေ့ သူတော်ကောင်းအလုပ် လုပ်နေတဲ့ဟာ ကောင်းသောနက္ခတ်နှင့် ကြုံသကွ (မှန်ပ့ါ)။

ကောင်းသော နိုးခြင်းကွ

ဒီနေ့ သူတော်ကောင်း စိတ်ကလေးနဲ့ အနိစ္စဆိုပြီးနိုးလာတယ်ကွာ ဘုရားဆိုပြီး နိုးလာတယ်ဆိုရင် ကောင်းသော နိုးခြင်းကွ (မှန်ပ့ါ) နေ့ပါသေးသလား (မပါ-ပါ) ရက်ပါသေးသလား (မပါ-ပါ ဘုရား)။

အဲဒီပါဋ္ဌိတော်ကိုလဲ ခင်ဗျားတို့က ရတော့ ထားပါရဲ့ အန္တရာယ်ကင်းထဲသုံးထားတယ် (မှန်ပ့ါ) ဂွကျလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) ဒီလိုနိုးပါ ဒီလိုထပါလို့ သင်ထားတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ကောင်းသောစိတ်ထားနဲ့ ကောင်းသောမြည်တွန်ခြင်းနှင့် ကောင်းသော ဉာဏ်ရောက်ခြင်းနှင့်နိုးပါ ထပါကွာ ဒါ ကောင်းသောနက္ခတ်ဘဲလို့ ဘုရားကသင်ထားတာ (မှန်ပါ့ ဘုရား)။

အဲဒါ ဒကာကြွယ်တို့က ညအိပ်ရာဝင်မှ ပုဗ္ဗဏှသုတ်ကလဲ ရွတ်သကိုးဗျ (ရွတ်ပါတယ်) ထတော့ကော (တော်အောင်ထပါတယ်) တော်အောင် ထတာဘဲ ပုဗ္ဗဏှသုတ်ကိုမပါဘူး (မှန်ပါ့) အဲဒီပုဗ္ဗဏှသုတ်ကို ဘုရားက နိုးတာ ထတာကို အရေးတကြီး ထားဟောတာ (မှန်ပါ့ ဘုရား)။

အာသဝလှည့်စားသလို ခံနေရတယ်

ခင်ဗျားတို့က နိုးတာ ထတာတော့ဖြင့် ဘာနဲ့နိုးရနိုးရ၊ ဘယ်ကာမာသဝနဲ့ နိုးရနိုးရ၊ ဒိဋ္ဌာသဝနဲ့ နိုးရနိုးရ ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ အာသဝလှည့်စားသလို ခံနေရတယ် (ခံရပါတယ် ဘုရား)။

ဒါ အင်မတန်အရေးကြီးတဲ့ စကားကိုပြောနေတယ်၊ ဟောနေတယ်မှတ်ပါ (မှန်ပါ့) ဦးမာဒင် အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။

အင်မတန် အရေးကြီးတယ် ဒကာ ဒကာမတို့ (မှန်ပါ့) ခင်ဗျားတို့မှာဖြင့် ဘုန်းကြီးတို့လို ပုဂ္ဂိုလ်က မပြောတော့ဘူး ဆိုရင် မျက်စိဟာ ဒေါင်ချာစိုင်း လည်သွားတယ် (မှန်ပါ့) ပြင်ပေးရမည့်လူလဲ မလာဘူး (မလာပါ ဘုရား)။

ပြင်ပေးမည့်လူကလဲ ကိုယ်လိုလူဘဲ (မှန်ပ့ါ) အင်း သူကအသက်ကြီးတာတော့ ပိုရဲ့လေ၊ ဒါဘဲရှိတယ်၊ ဒီ့ပြင်တော့ မရှိဘူး (မှန်ပါ့ ဘုရား)။

အသက်ကြီးတာပိုတယ်၊ ရှေ့မှီ-နောက်မှီရယ်လို့ ခင်ဗျားတို့က အတည်ပြုတတ်တယ် (မှန်ပါ့) ခက်လိုက်တဲ့ဖြစ်ချင်း ကလဲ စင်စစ်တော့ဖြင့် အာသဝကြောင့် ကိုယ့်မှာဒေါင်ချာစိုင်းနေတဲ့ဥစ္စာကို ဒကာသစ်တို့ကလဲ ကျေးဇူးတော်ရင်းကြီးမှတ် နေတဲ့ အဓိပ္ပါယ်လဲ တစ်ဆိုးတယ် (ဆိုးပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

နေ့ကောင်းရက်သာများ ရွေးကြဦးကွ သွားမည် လာမည် ကြံရင် (မှန်ပါ့) အင်း ဘယ်သူကပါလိမ့် (ဒိဋ္ဌာသဝကပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လမ်းသွားလို့ရှိရင်ဖြင့်ကွာ သွားရတာလဲ လှမ်းရတဲ့ဒုက္ခ, ကြွရတဲ့ဒုက္ခ, ချရတဲ့ဒုက္ခ, စိတ်ကူရတဲ့ဒုက္ခ, သူတပါးဆီမှာ မျက်နှာအောက်ချပြီး သကာလ ပြောရတဲ့ဒုက္ခ, မျက်နှာတင်းထားပြီး သကာလ ပြောရတဲ့ ဒေါသနဲ့ ပတ်သတ်တဲ့ဒုက္ခ, ဝမ်းသာရတဲ့ သောမနဿဒုက္ခ, ဒီဒုက္ခတွေကို ငါဖြင့်ရှေ့သွားရင်ဖြစ်ရမှာ အကုန်ဒုက္ခချည့်ဘဲလို့ကော သိရဲ့လား (မသိပါ) အဲဒါက ဘာပါလိမ့် (အဝိဇ္ဇာသဝပါ ဘုရား)။

ဪ စုံလဲစုံပါ့ဗျာ (မှန်ပါ့) ဒကာကြွယ် မစုံဘူးလား ခင်ဗျားတို့ လမ်းထွက်သွားတဲ့အခါ (စုံပါတယ်) ဘယ်နှစ်ခု တွန်းထုတ်လိုက်သလဲ (လေးခုတွန်းထုတ်ပါတယ် ဘုရား)။

ကိုင်း မင်းကိုခိုင်းတန်သလောက် ငါခိုင်းဦးမယ်ကွနော်၊ ပြီးမှအပါယ်ပို့မယ် (မှန်ပါ့) ဘယ်သူပါလိမ့် (အာသဝပါ ဘုရား)။

အပါယ်ပို့မယ်ဆိုတာ ဘယ်သူတုံး

ခိုင်းနိုင်သလောက် ခိုင်းပြီးမှ မင်းကို အပါယ်ပို့မယ်ဆိုတာ ဘယ်သူတုံး (အာသဝပါ ဘုရား)။

ဒကာကြွယ် ကဲ ခင်ဗျားတို့က မသိဘူး (မှန်ပါ့) မသိဘူး ဒကာ ဒကာမတွေကလဲ ဒီဥစ္စာ ဪ လူရယ် လို့ဖြစ်တော့ ဒီလိုမှမနေလဲ ဘယ်ဖြစ်မတုံးတဲ့ (မှန်ပါ့) လူရယ်လို့ဖြစ်နေတာကိုး (မှန်ပါ့ ဘုရား)။

ခက်နေလိုက်တာ လူရယ်လို့ ဖြစ်ပြန်ပြီတဲ့ ဒိဋ္ဌာသဝက (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

လူရယ်လို့ဖြစ်နေတာ ဒီလိုမှမလုပ်ရင် ဒီသားနဲ့ ဒီသမီးနဲ့ ဒီလိုမှရှာမကျွေးရင် ဘယ့်နှယ်လုပ်ရမလဲဘုရာ့ အရှင်ဘုရားတို့က ပြောတော့ အလွယ်ကလေးရယ် (မှန်ပါ့) တပည့်တော်ဒိဋ္ဌိမစွန့်နိုင်ဘူး (မှန်ပါ့) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။

အံမာလေး ကြောက်စရာကြီးပါကလား ခင်ဗျားတို့ ဆင်ခြေကလဲ တပည့်တော်အပါယ်သွားတော့ မစွန့်နိုင်ဘူး ပြောတာ (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတဲ့တုံး (မစွန့်နိုင်ဘူူးပြောတာပါ) မစွန့်နိုင်ဘူးပြောတာ ပေတာဘဲမဟုတ်ဘူးလား (မှန်ပါ့ ဘုရား) လူကြီးပေလား ခလေးပေလားဗျာ (လူကြီးပေပါ ဘုရား)။

ကြောက်စရာကြီးပါလား ခင်ဗျားတို့အတွင်း တရားဟောရတဲ့ဘုန်းကြီးတောင် ခပ်ခက်ခက်ဖြစ်နေပြီ (မှန်ပါ့) လူကြီးပေတွေ ဟောရမလိုဖြစ်နေတာကိုး (မှန်ပါ့ ဘုရား)။

မသိလို့ဖြစ်နေကြတာ (မှန်ပါ့) ကိုင်း ယနေ့တော့ဖြင့် အသိဉာဏ်ဖွင့်ပြီး သကာလ ဒကာ ဒကာမတွေ ပေးပါပြီတဲ့၊ အိမ်ကနေပြီး ရစရာရှိတဲ့ဆီ သွားကွာဆိုတာက ဒကာသစ်ဘာတဲ့တုံး (ကာမာသဝပါ ဘုရား)။

သို့သော် ယနေ့ပိုပြီး သကာလ ရက်ရာဇာ ကျတယ်ဆိုပြီး သကာလ ခင်ဗျားတို့ကလဲ အမှတ်အသားနဲ့ သွားပြန်တယ် (မှန်ပါ့) ဒါကဘာတုံး (ဒိဋ္ဌာသဝပါ ဘုရား)။

လမ်းသွားလို့ရရင်ဖြင့် သွားရတဲ့ ဒုက္ခအမျိုးမျိုးဘဲဆိုတာ တွေးမိသေးရဲ့လား (မတွေးမိပါ) မတွေးမိဘူး မသိတာဘဲ (မှန်ပါ့) မသိတာက ဘာပါလိမ့် (အဝိဇ္ဇာသဝပါ ဘုရား)။

နောက်ဘဝမဆင်းရဲအောင်

ရလာတဲ့ပစ္စည်းကလေး ဒီနေ့တော့ဖြင့်ကွာ သောင်းကိုးထောင်ရလာခဲ့တယ်၊ လမ်းမှာတောင်းစားနေတဲ့ လူတွေ့လို့ရှိရင် မိတ်ဆွေသင်္ဂဟကလေး ဆင်းရဲတာတွေ့လို့ရှိရင်လဲ ၅ ိ-၁၀ ိ တော့ဖြန့်ခဲ့ဦးမယ် (မှန်ပါ့) နောက်ဘဝမဆင်းရဲအောင် (မှန်ပ့ါ) ဘာပါလိမ့် ဒါက (ဘဝါသဝပါ ဘုရား)။

လုပ်ကြလေဗျာ မတတ်နိုင်ဘူး အတော်ဆိုးနေတာ (ဆိုးပါတယ်) ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား)။

ဒီလို ဘုန်းကြီးပြောတာကို ဟာ ဘုန်းကြီးက ကျောင်းကပြောနေတာလို့ ထင်မနေနဲ့ (မှန်ပါ့) ခင်ဗျားတို့ဝမ်းထဲဖြစ်ပုံ ကို ပြောနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုန်းကြီးက ကျောင်းကနေပြောနေတာ မဟုတ်ပါဘူး ဝမ်းထဲမှာ ဖြစ်နေတတ်ပုံကို ပြောတာပါ (မှန်ပ့ါ ဘုရား)။

ဒကာကြွယ် ဒီလေးပါးဟာ တခါတည်း ဒကာ ဒကာမတွေကို နှိပ်စက်လိုက်တဲ့ဥစ္စာ အို မောလို့လဲ မောမှန်းမသိဘူး (မှန်ပါ့)။

သိပြန်တော့လဲ အမောကောင်းလို့တောင်မှ ကျေးဇူးတင်လိုက်သေးတယ် (မှန်ပါ့) ဒီနေ့တော့ မောကျိုးနပ်တယ်တဲ့ (မှန်ပါ့)။

ဘယ့်နှယ်ဖြစ်တာတုံး ဘာဖြစ်တာတုံး ဒကာကြွယ် (မောကျိုးနပ်ပါတယ်) မောကျိုးနပ်တယ်ဆိုတာ ဒုက္ခသစ္စာပို မသိဘူးပြောတာ (မှန်ပါ့)။

ဒုက္ခသစ္စာကို (ပိုမသိပါ) ပိုမသိဘူးလို့ ပြောလိုက်တာ (မှန်ပါ့) ဘယ်လောက်ကြီးကျယ်တဲ့ စကားလဲဆိုတာ အကဲခတ်ကြည့်စမ်း (မှန်ပါ့)။

သစ္စာသိဖို့များ ခဲယဉ်းတယ်ဆိုတာ

ဒါကြောင့် သစ္စာသိဖို့များ ခဲယဉ်းတယ်ဆိုတာ ဒကာ ဒကာမတွေ ဘယ်လောက်ထိအောင်များ ကွယ်ဝှက်နေတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် သစ္စာမသိရင်လဲ သောတာပန်, သကဒါဂါမ်, အနာဂါမ်ကလဲ မဖြစ်နိုင် (မှန်ပါ့) အာသဝလဲ ကုန်မယ်မဟုတ်ဘူး (မှန်ပါ့) ကုန်ပါ့မလား (မကုန်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ အသက်တွေလဲ ကြီးကုန်၊ အရွယ်တွေလဲ ကြီးကုန်ကြပြီ၊ ဒီ အာသဝနယ်ကဖြင့် ငါတို့ အရိုးတောင်နှယ်ပုံအောင် လုပ်တာ အာသဝလေးပါ့ဟ (မှန်ပါ့)။

မင်းတို့ကို အနိုင်မယူသေးသ၍ကာလပတ်လုံးဖြင့် ငါတို့ အရိုးပုံဟာဖြင့် နောက်လဲ ပုံလို့ ပြီးမှာမဟုတ်ဘူး (မှန်ပါ့) ဆိုပြီး သကာလ တကယ့်ရန်သူအစစ်လေးယောက် ယနေ့ဖမ်းပေးလိုက်တယ် (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ရန်သူ ဘယ်နှစ်ယောက်မိသလဲ (လေးယောက်မိပါတယ် ဘုရား)။

ဒါကြောင့် ဘုရားက အာသဝဆိုတဲ့ဥစ္စာက သံသရာထဲမှာ လည်အောင်၊ မြုပ်အောင်၊ မျောအောင် လုပ်နိုင်တာ အာသဝ (မှန်ပါ့) ရှင်းပြီးနော် (ရှင်းပါပြီ ဘုရား)။

အနာသဝဆိုတဲ့ဥစ္စာက အာသဝမရှိတာကွ (မှန်ပါ့ ဘုရား) အာသဝမရှိတာက နိဗ္ဗာန်ကွ (မှန်ပါ့)။

လည်စရာ, ပတ်စရာ, မြုပ်စရာ, မျောစရာ မရှိတာက (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့သည်တဲ့ ဒီ နိဗ္ဗာန်နဲ့ ဝေးနေတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့လဲ အာသဝကြောင့် (မှန်ပါ့)။

အာသဝ ဘယ့်နှယ်ကြောင့် ခြယ်လှယ်နိုင်ပါလိမ့်မတုံး မေးတော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ (မှန်ပါ့) ပေါ်ပါပြီဗျာ ဒါလောက်ဆိုရင် (မှန်ပ့ါ ဘုရား) ပေါ်ပြီ (မှန်ပါ့ ဘုရား)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်သ၍ကာလပတ်လုံး ဦးမာဒင်တို့ ဦးမောင်ကလေးတို့, ဒကာသစ်တို့ သေသေချာချာမှတ် ဘယ်တော့မှ အာသဝ မနိုင်ဘူး (မှန်ပါ့)။

အနိစ္စကလေးတလုံး မြင်လိုက်တယ်

ခန္ဓာထဲမှာ အနိစ္စကလေးတလုံး မြင်လိုက်တယ်၊ စိတ်ကလေးတခု ဖြစ်ပျက်သွားတာကလေး မြင်လိုက်တယ် (မှန်ပါ့) မြင်လိုက်သည်နဲ့ တပြိုင်နက်တည်း အဝိဇ္ဇာကလဲ ဝိဇ္ဇာဖြစ်သွားတယ် (မှန်ပါ့) အာသဝကလဲ ပါးသွားတယ် (မှန်ပ့ါ) ဝိပဿနာ ဉာဏ်နဲ့ဘဲ ပါးသွားတယ် (မှန်ပါ့) မပါးဘူးလား (ပါးပါတယ် ဘုရား)။

ဒိဋ္ဌာသဝကလဲ ဘယ်မှာတုံး ငါ့ဟာဆိုတာ ပြုတ်ထွက်သွားတယ် (မှန်ပါ့) ငါ့ဟာမဟုတ်လို့ ပြုတ်သွားတာ (မှန်ပါ့) ရှင်းမသွားသေးဘူးလား (ရှင်းပါတယ် ဘုရား)။

ကာမာသဝကလဲ ဒီလိုပျက်မှာဖြင့် မလိုချင်ဘူးဆိုတော့ ကာမာသဝချုပ်တယ် (မှန်ပ့ါ) သဘောကျရဲ့လား (ကျပါတယ်) သဘောပါကျရဲ့လား (ပါ-ပါတယ် ဘုရား)။

ဘဝါသဝကလဲ ဒီလိုဆိုလို့ရှိရင် ဘုံဘဝတောင့်တတာ အပိုဘဲ (မှန်ပါ့) ပျက်တာ ရမှာဘဲ (မှန်ပါ့) ဆိုတော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်လိုက်ရင် အာသဝေါတရားလေးပါးဟာ ဆိုင်ရာတွေ အကုန်ပါးတာကပါး ချုပ်တာက ချုပ်တယ် (မှန်ပ့ါ) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အကြီးဆုံးသော ရန်သူဖြစ်ကြောင်း

ဒါဖြင့် ယနေ့ ဟောမည့်တရားကဖြင့် ဒကာ ဒကာမတို့ အာသဝေါတရားသည် အကြီးဆုံးသော ရန်သူဖြစ်ကြောင်းကို သိပြီး သကာလ အာသဝေါတရားသည် ဘာမသိလို့ လာတယ်ဆိုတဲ့ အဓိပ္ပါယ် ကောင်းကောင်းရှင်း သွားပြီ (ရှင်းသွားပါပြီ ဘုရား)။

အာသဝေါစီမံရာ ငါတို့လိုက်နေခဲ့တာလဲ သံသရာမှာ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဲပြီ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) အလောင်းချင်းထပ် မျက်ရည်ချင်းစပ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဟို သမီးအတွက်က နေရာမကျလို့ ငိုနေတဲ့အထဲမှာသားက ထော်လော်ကန့်လန့်နဲ့ဆိုတော့ သားအတွက်က ငိုရပြန်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း ဘယ်သူက မျက်ရည် ဒါလောက် အထွက်ခိုင်းပါလိမ့် (အာသဝကပါ ဘုရား)။

အာသဝက ဒါနည်းနည်းကလေး ရှိသေးတယ်ကွ (မှန်ပါ့) မင်းကိုယ်မင်း သေခါနီးထွက် ထွက်ရဦးမယ်ဆိုတာ ကျန်သေးတယ် (မှန်ပါ့) ဒါလောက်ထိအောင် ဆိုးဝါးပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါ ချောက်လှန့်ဟောနေတဲ့ တရားလားတဲ့ အာသဝေါရှိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်စဉ်အမှန်လား (အာသဝေါရှိတဲ့ ပုဂ္ဂိုလ်၏ ဖြစ်စဉ်အမှန်ပါ) သေသေချာချာမှတ် ဖြစ်စဉ်အမှန် (မှန်ပါ့)။

ဒါကြောင့် ဒီ ဒကာ ဒကာမတွေ ဘုန်းရှိ ကံရှိလို့ ဪ ဒို့ တနေ့လုံး အိမ်က ထွက်တာ ဒီလေးချက်ပါလား (မှန်လှပါ ဘုရား)။

အငြိမ်မနေရတာဒီလေးချက်

ဒို့ အငြိမ်မနေရတာ (ဒီလေးချက်ပါ ဘုရား) ဒို့မှာ သေစရာတောင်မှ နေရာမရွေးနိုင်ဘူး (မှန်ပါ့) သေတဲ့ အထဲများ အတွန်းခိုင်းတာ ဘယ်သူပါလိမ့် (အာသဝပါ) ဒီအာသဝလေးချက်ဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒို့ကို ဒီဘုံတွင် အရှက်တကွဲ အကျိုးနည်းနဲ့ သေခြင်းဆိုးဖြစ်အောင် လုပ်တာ မဟုတ်သေးဘူး (မှန်ပါ့) နတ်ပြည်, ဗြဟ္မာပြည်တိုင်အောင်မှ ဒို့ကို မသာအဖြစ်ခိုင်းတာ ဘယ်သူပါလိမ့် (အာသဝပါ) အာသဝဘဲ။

မသာဖြစ်ရတာ မင်း ကြာပြီကွာ၊ အသက်ရှည်ရှည်နဲ့ အပါယ်ငရဲထဲ နှစ်ပေါင်းများစွာ နေလိုက်စမ်းဆိုတာကော (အာသဝပါ ဘုရား)။

ဒါဖြင့် ဒါလောက်ဆိုးတဲ့ ခင်ဗျားတို့၏ ကျေးဇူးရှင်မိတ်ဆွေလေးယောက်ကို ဒီနေ့ဖြင့် ကျေးစွပ်မှ တော်မယ် (မှန်ပါ့)။

ကျေးဇူးရှင် လေးယောက်ကို (ကျေးစွပ်မှ တော်ပါမယ် ဘုရား) ရဲပါ့မလား (ရဲပါတယ် ဘုရား) ဒကာကြွယ် ရဲပါ့မလား (ရဲပါတယ် ဘုရား) စဉ်းစားပါရစေသား၊ စဉ်းစားပါရစေဦးဆိုတဲ့ အဓိပ္ပာယ်ကလဲ ပါသေးတယ် (မှန်ပါ့)။

ပါသေးတယ် ဒါက ဘုန်းကြီးက ဖွင့်ပြီး သကာလ ပြောလိုက်ရင် ခင်ဗျားတို့ပေါ်လာမယ် (မှန်ပါ့) စဉ်းစားပါရစေဦး ဆိုတဲ့ တရားတလုံးဟာ တခါတည်း ဦးမာဒင် ထွက်လာတယ် (ထွက်လာပါတယ် ဘုရား)။

တခါတည်း အာသဝတရားဟာ ဪ သားက ငယ်သေး၊ သမီးကလဲ အချိန်မကျသေး တဲ့ (မှန်ပါ့)။

အင်း သေသေချာချာ နိဗ္ဗာန်ပေးတော့မယ် ဆိုလို့ရှိရင် တခါတည်း နောက်ဆုတ်တာဘဲ (မှန်ပါ့)။

အာသဝဟာ အမေနဲ့တူတယ်

နောက်ဆုတ်တယ် ဒကာကြွယ်၊ ဒါစဉ်းစားပါရစေဦး မဟုတ်လား (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘယ်သူ့သတ္တိထင်သတုံး (အာသဝသတ္တိပါ ဘုရား) အာသဝဟာ အမေနဲ့တူတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ အာသဝဟာ အမေနဲ့ တူတယ် (မှန်ပါ့) ဘယ်လိုအမေနဲ့တူသတုံးဆိုတော့ သားကလေးများ ရဟန်းခံသွားမယ်၊ ကျွန်တော်ဖြင့် ဒီလူ့ဘောင်ကို မပျော်တော့ပါဘူး၊ အို မပျော်တာတော့ ဒို့လဲ သဘောတူပါတယ်၊ ရဟန်းခံတာဘဲ ကောင်းရာသွားတာ ဖျက်ဖို့မလိုပါဘူး၊ လမ်းခင်းလိုက်တယ် (မှန်ပါ့) နောင် မပျော်လို့ထွက်လာတော့ ကန့်လန့်ဖြစ်နေမယ်၊ ဒီကနေ ပြန်ချုပ်ထားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခွင့်ပြုသလိုလိုနဲ့ ပြန်ချုပ်တယ် (မှန်ပါ့) အဲ အာသဝသတ္တိဘဲ၊ အာသဝကို ဒီအတိုင်းမှတ်ပါ (မှန်ပါ့) အာသဝကို ဒါ့ကြောင့် အမေနဲ့တူတယ် ပြောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အာသဝဟာ ဘာနဲ့တူလဲ (အမေနဲ့တူပါတယ် ဘုရား) သားကလေး သမီးကလေး ရဟန်းခံ သီလရှင် ဝတ်မယ်ဆိုရင် နေနိုင်ရင် ကောင်းပါရဲ့၊ မနေနိုင်တော့ တော်တော်ကြာကျတော့ မခက်ဘူးလား၊ သူတို့ကို ပြောတာပါတဲ့ (မှန်ပါ့) အင်း ကိုယ်က မှားတာတော့ မထည့်ဘူး (မှန်ပါ့)။

ကိုယ်က အာသဝရှိတာပါသေးသလား (မပါ-ပါ ဘုရား) အာသဝဟာ ဒါလောက် အလိမ်ပိရိတာဗျ (မှန်ပါ့) ကိုယ်က အာသဝရှိလို့ပြောတာ သူတို့ဖို့ဆိုပြီး ဟိုဘက်လွှဲချလိုက်တယ် (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဒါ ဘယ်သူ့သတ္တိတုံး (အာသဝသတ္တိပါ ဘုရား)။

အာသဝသတ္တိ၊ အဖုံးအဖိ သိပ်နိုင်တယ် (မှန်ပါ့) ဟုတ်သလိုလိုလဲ ထင်ရတယ် (မှန်ပါ့)။

တရက်နေရင် တရက်ကျေးဇူးများတယ်ဆိုတဲ့ ဉာဏ်က ဝင်လာရဲ့လား (မဝင်ပါ ဘုရား) မဝင်လာဘူး၊ အမြဲနေရင်ကောင်းပါတယ် (မှန်ပါ့)။

ဦးမာဒင် ဒီလိုကော ပြောဘူး ဆိုဘူးကြရဲ့လား သားတွေ သမီးတွေကို (ပြောဘူးကြပါတယ် ဘုရား)။

အံမာ-အတော့ အာသဝသမားကြီးတွေပါကလား (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အာသဝသတ္တိက ထွက်လာတာ (မှန်ပါ့)။

ဒကာကြွယ်ရေ ဒီဥစ္စာ အာသဝသတ္တိဟာ အမေနဲ့ တူတယ်ဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဓမ္မပဒပါဠိတော်မှာ ဟောတယ်နော် (မှန်ပါ့)။

အမိအဘနဲ့တူတဲ့ အာသဝကို မသတ်ရင် မရဘူးကွ

ဒါကြောင့် “မာတရံ ပိတရံ ဟန္တာ၊ ရာဇာနော ဒွေ စ ခတ္တိယေ” ဆိုတာ အမိအဘနဲ့တူတဲ့ အာသဝကို မသတ်ရင် မရဘူးကွ တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) အဝိဇ္ဇာနဲ့တဏှာဟာ အမိအဘဘဲကွ၊ သူတို့ကိုမသတ်ရင်မရဘူးကွ ဆိုတဲ့ဥစ္စာ ဓမ္မပဒပါဠိတော်ကြီးများမှာ အတော်ရှင်းရှင်းပြထားတယ် (မှန်ပါ့)။

ရှင်းရှင်းပြပေမဲ့လဲ ဒကာ ဒကာမတွေက ခုနင်က အမိနဲ့တူပုံ၊ ကိုယ့်ကိုယ်က အာသဝကြီးထွားနေပုံ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီၤ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

သမီးကလေးတယောက်ရှိတယ်၊ အမေမိဘတွေက အသက်အရွယ်ကြီးကုန်တော့ မျက်လုံးမှိတ်ဖို့များ ခဲယဉ်းလိုက်တာ (မှန်ပါ့) ဘာဖြစ်လို့တုံး နေရာမချထားရသေးလို့ (မှန်ပ့ါ) အံမာ ကြောက်စရာကြီးပါကလား (မှန်ပါ့)။

ဒုက္ခမပေးရသေးဘူး (မှန်ပါ့) ဘယ်သူကပါလိမ့်ဗျာ (အာသဝကပါ ဘုရား) အာသဝကဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟိုမှာ ဂျွမ်းထိုးမှောက်ခုံဖြစ်တော့မယ် (မှန်ပါ့) အဲဒါကို ပင်လျှင် ဒီကမျက်လုံးမမှတ်နိုင်သေးဘူး တဲ့ (မှန်ပါ့) ဘာဖြစ်လို့ မမှိတ်တာတုံးဆိုတော့ ဟိုမှာ ဒုက္ခမရောက်လို့တဲ့ (မှန်ပါ့)။

လိမ်ပုံကော မပိဘူးလား

ဟိုမှာ ဒုက္ခရောက်ရင် သူမျက်လုံးမှိတ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါလာတယ် (ပါလာပါတယ် ဘုရား) ဘယ်သူ့သတ္တိလဲ (အာသဝသတ္တိပါ ဘုရား) ဘယ်လောက်ဆိုးသတုံး (ဆိုးပါတယ် ဘုရား) လိမ်ပုံကော မပိဘူးလား (ပိပါတယ် ဘုရား)။

လိမ်ပုံက သိပ်ပိတယ် ဒကာ ဒကာမတို့၊ လိမ်ပုံက သိပ်ပိတယ်၊ ဪ လူကြီးဆိုတော့ အမြှော်အမြင် များတယ် တဲ့၊ ဟော ဒီကို သွားတော့တာဘဲ (မှန်ပါ့)။

လိမ်ပုံက သိပ်ပိတာ၊ ဟိုမှာ ဒုက္ခရောက်တာတော့ သိရဲ့လား (မသိပါ ဘုရား)။

အရင်တုန်းကတော့ ကိုယ့်ခန္ဓာကိုသာ ရုန်းရတယ်၊ အခုသား,လင်,ခင်ပွန်းခန္ဓာကိုပါ ရုန်းရရှာတယ် (ရုန်းရပါတယ် ဘုရား)။

နွားဟာ တထုပ်တင်မောင်းတာနဲ့ ၄-၅ထုပ် တင်မောင်းတာနဲ့ ဘယ်သူက အမောဆိုက်ပါ့မလဲ (၄-၅ထုပ် တင်မောင်းတာက အမောဆိုက်ပါတယ် ဘုရား)။

အဲဒါမှ မျက်လုံးမှိတ်မှာတဲ့ သူ့ဟာက (မှန်ပါ့) အံမာလေး ကြောက်စရာကြီးပါလား ဒကာကြွယ်ရ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

လှည့်ထားတာဗျ (မှန်ပါ့) ဘယ်သူပါလိမ့် (အာသဝပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီအာသဝ ဒါလောက်ပြောလို့ရှိရင်ဖြင့် မင်းနဲ့ငါနဲ့တော့ကွာ ဒီနေ့ တော်လှန်းရေး လုပ်ပါတော့မယ် လို့ ဦးမာဒင် လာဖို့ကောင်းပြီ (ကောင်းပါတယ် ဘုရား) ကောင်းသာကောင်းတယ် မလာဘူး (မှန်ပါ့) ကောင်းသာ ကောင်းတယ် ဒကာကြွယ်ရ လာဖို့ရာ မလွယ်ဘူး (မလွယ်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါ၊ ခင်ဗျားတို့က လာချင် မလာချင် ဘုန်းကြီးက အရေးမစိုက်ဖို့မလို (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ ခလေးပါးစပ်ထဲက ဒုတ်ချောင်းတော့ဖြင့် သွေးထွက်ထွက် ဆွဲထုတ်ရမှာဘဲ၊ ဒီနေ့တော့ မတတ်နိုင်ဘူး (မှန်ပါ့) ဒီနေ့ မတတ်နိုင်ဘူး၊ သူက အရမ်းမျိုထားတာကိုး (မှန်ပ့ါ)။

အာသဝတွေ မျိုထားကြတယ်

အရမ်းမျိုထားတော့ ဒီအတိုင်း ကြည့်နေလို့တော့ ဒကာကြွယ် (မတော်ပါ ဘုရား) ခင်ဗျားတို့ အာသဝတွေ မျိုထားကြတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သွေးထွက်ထွက် ဒကာကြွယ် လက်ညှိုးနဲ့ လက်မနဲ့ကောက်ပြီး ဆွဲထုတ်မယ် (မှန်ပါ့) ခင်ဗျားတို့ကြိုက်တဲ့တရားမျိုး မဟောတော့ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သွေးထွက်ထွက်ဆိုသလို မနာချင်လို့ ပြန်သွားချင်သွား ဟောတော့မှာဘဲ (မှန်ပါ့) ရိပ်မိပြီမဟုတ်လား (ရိပ်မိပါပြီ)။

ဘာဖြစ်လို့တုံးဆိုတော့ သေမှာလောက်တော့ မဆိုးဘူး (မှန်ပါ့) ခင်ဗျားတို့ရှေ့ကို ဒုက္ခရောက်မှာလောက်တော့ မဆိုးဘူး (မှန်ပါ့) အခုဟာက ကယ်တင်မှာဘဲဆိုတော့ သေချာပလား (သေချာပါပြီ ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတို့ မျက်လုံးမှိတ်ပြီး သကာလ ဉာဏ်ဦးတည်ပြီး နာရုံဘဲရှိတယ် (မှန်ပါ့)

သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဘာဖြစ်လို့တုံးဆိုတော့ ကိုယ့်အခြေအနေကတော့ မလှမှ မလှဘဲ (မှန်ပါ့) လှရဲ့လား (မလှပါ) ကိုယ့်အခြေအနေ ကဖြင့် ဒုတ်ချောင်းမျိုမိနေပြီ (မှန်ပါ့)။

ထွက်သက် ဝင်သက်အပေါက် ပိတ်တော့မယ် (ပိတ်တော့ပါမယ်) ဆရာသမားလုပ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီအတိုင်းကြည့်နေရမလား (မနေရပါ ဘုရား)။

ကြည့်နေလို့ရှိရင် ဒါဟာ အာစရိယဆိုတော့ကော ဖြစ်ပါတော့မလား (မဖြစ်ပါ) အဲဒီတော့ ခင်ဗျားတို့သည်ကား လို့ ဆိုလို့ရှိရင် ကြိုက်ကြိုက်-မကြိုက်ကြိုက် ဒီနေ့ ဒီတရားဟောရလိမ့်မယ် (မှန်ပါ့) ဦးမာဒင် ထပြီးပြေးဦးမှာလား (မပြေးပါ ဘုရား)။

မပြေးမှ ဒကာကြွယ် အမှန်ရောက်မှာနော် (မှန်ပါ့ ဘုရား) ပြေးရင် (အမှန်မရောက်ပါ) အမှန်မရောက်ပါဘူးဆိုတာ ယနေ့ ရှင်းရှင်းလင်းလင်းမှတ်ပါ (မှန်ပါ့ ဘုရား)။

အကြောင်းအကျိုး ဆက်ကြစို့နော်

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အကြောင်းအကျိုး ဆက်ကြစို့နော် (မှန်ပါ့) အာသဝက ဘယ့််နှယ်ကြောင့် ဒကာ ဒကာမတွေ အရိုးတောင်နှယ်ပုံပြီး အသွေး သမုဒ္ဒရာရေ လေးစင်းလောက် ဖြစ်အောင် ဘယ်သူ စီမံပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တဲ့ ပုဂ္ဂိုလ်လုပ်တာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်တာ (မှန်ပါ့) ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

ဘယ်လိုပုဂ္ဂိုလ်ကို နှိပ်စက်နိုင်သတုံး (ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တဲ့ ပုဂ္ဂိုလ်ကို နှိပ်စက်နိုင်ပါတယ် ဘုရား)။

ဒါကြောင့် ဘုရားက “ဇာနတော ဟံ ဘိက္ခဝေ ပဿတော အာသဝဒါနံခယံ ဝဒါမိ” ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင် လုပ်ကွတဲ့ (မှန်ပါ့) အာသဝေါချုပ်မယ် အာသဝေါကုန်မယ်ဆိုတာ ဒကာ ဒကာမတို့သေချာပလား (သေချာပါပြီ) ပဋိစ္စသမုပ္ပါဒ်တန်းပြဖို့တောင် ဦးမာဒင်မလိုပါဘူး (မလိုပါ ဘုရား) အဝိဇ္ဇာသဝလဲ အဝိဇ္ဇာသင်္ခါရသွားမှာပဲ (မှန်ပါ့) ကာမာသဝလဲ တဏှာ,ဥပါဒါန်,ကံသွားမှာဘဲ (မှန်ပါ့ ဘုရား)။

ဘဝါသဝကလဲ တဏှာ, ဥပါဒါန်, ကံ, ဇာတိ, ဇရာ, မရဏသွားမှာဘဲ (မှန်ပါ့) ဒိဋ္ဌာသဝကလဲ ဒိဋ္ဌိ- ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံ- ဇာတိ ဒီလိုဘဲသွားမှာဘဲ (သွားမှာပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအတိုင်းနေလို့တော့ဖြင့် ကိုယ့်အခြေအနေနဲ့ ကိုယ်ကြိုက်တာ ဟောလို့တော့ ဘုန်းကြီးလဲ ဖြစ်မှာမဟုတ်ဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကြိုက်တာဟောလို့တော့ (မဖြစ်ပါ ဘုရား) မဖြစ်တော့ဘူးတဲ့၊ ခင်ဗျားတို့ ငိုချင်လဲငို ဟုတ်လား (မှန်ပါ့) ခင်ဗျားတို့ မျိုထားတဲ့ အာသဝက မသက်သာဘူး (မသက်သာပါ) သက်သာပါ့မလား (မသက်သာပါ ဘုရား)။

ခင်ဗျားတို့ မျိုထားတဲ့ ကွမ်းသီးလုံး ဒုတ်ချောင်းကတော့ ချက်ခြင်း သေမှာနော် (မှန်ပါ့) အဲဒါကို ဆွဲထုတ်ရ လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကော ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်ဖို့ဟာ သိပ်အရေးကြီးပါတယ် (ကြီးပါတယ်) ပေါ်သွားပြီ ဒကာ ဒကာမ တို့ တရားသားအခုမှ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

မိုက်ပြစ်တွေ အကုန်ဖေါ်မှ

မိုက်ပြစ်တွေ အကုန်ဖေါ်မှ ဒကာ ဒကာမတို့ လိမ်မာဖို့ အရေးကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

လိမ်မာဖို့အရေး ဘယ်ကနေပြီး တွေးရမှန်း မသိပါဘူး ဦးလှဘူးရား (မှန်ပါ့) သိပ်ခက်ပါတယ်နော် (ခက်ပါတယ်)။

ကိုင်း ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တာလဲ ဘာကြောင့်တုံးလို့ အကြောင်းအကျိုး ဆက်လိုက်ပါဦး (မှန်ပါ့) သေသေချာချာမှတ်ကြပါနော် (မှန်ပါ့ ဘုရား)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တဲ့ ဥဟခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တဲ့ ဥစ္စာကွာတဲ့၊ အယောနိသော မနသိကာရလာလို့ရှိရင် အာသဝေါနယ် ရောက်သွားမယ်ကွတဲ့ (မှန်ပါ့ ဘုရား)။

ယောနိသောမနသိကာရဝင်လာရင် ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ် (မှန်ပါ့) ဒါက သဗ္ဗာသဝသုတ်မှာ သေသေချာချာ ဟောပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အယောနိသော မနသိကာရ လာလို့ရှိရင်ဖြင့် အာသဝေါ တရားစီမံရာလိုက်ရလိမ့်မယ် (မှန်ပါ့) ယောနသော မနသိကာရ လာလို့ရှိရင်ဖြင့် အာသဝေါတရားချုပ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဘာကြောင့်တုံး ဆိုလို့ရှိရင် ယောနိသော မနသိကာရ ဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ “အနိစ္စ အနိစ္စန္တိ, ဒုက္ခေဒုက္ခန္တိ, အနတ္တေ အနတ္တန္တိ, အသုဘေ အသုဘန္တိ” အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘကို အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘလို့ ဉာဏ်ထဲမှာ ကြည့်တိုင်းမြင်လို့ရှိရင်ဖြင့် အာသဝေါချုပ်လိမ့်မယ်ကွ (မှန်ပါ့)။

နှလုံးသွင်းမှန်ရင် ချုပ်လိမ့်မယ်

နှလုံးသွင်းမှန်ရင် ချုပ်လိမ့်မယ်ကွ (မှန်ပါ့) နှလုံးသွင်းမှားရင် လည်လိမ့်မယ်ကွတဲ့ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်ဘဲ နေတာဟာ နှလုံးသွင်းမှားပြီ (မှားပါပြီ) ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက် တာက (နှလုံးသွင်းမှန်ပါတယ် ဘုရား)။

နှလုံးသွင်းမှန်ဖို့ဘဲ၊ ဒါ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အလွန်ကြီးကျယ်တော်မူတဲ့ဉာဏ်နဲ့ ဒကာကြွယ်ရေ ဝေဖန်တော်မူတာဘဲ (မှန်ပါ့) ဟုတ်လဲဟုတ်ပါပေတယ် (မှန်ပါ့) မှန်ကော (မှန်ပါတယ် ဘုရား)။

မှန်ပါပေတယ် ဒကာ ဒကာမတို့၊ သိပ်ပြီး သကာလ ကျေးဇူးတော်အစုံ ဉာဏ်တော်အနန္တ ကိုယ်တော်ကြီးကို ကျုပ်တို့ ဦးတိုက်မဆုံးပါဘူး (မှန်ပါ့ ဘုရား)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တာ ဘာပါလိမ့်၊ အယောနိသော မနသိကာရကြောင့် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာကြောင့်တုံး (အယောနိသော မနသိကာရကြောင့်ပါ ဘုရား)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်အောင်ကတော့ ဘယ်လိုနှလုံးသွင်းရမလဲ (ယောနိသော မနသိကာရပါ) ဪ ယောနိသော မနသိကာရနော် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ယောနိသောမနသိကာရကို ကျုပ်တို့လှည့်ကြပါစို့ (မှန်ပါ့) ဒါမှ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်မယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီး နေ့တိုင်း ပြောနေကျ ဟောနေကျဖြစ်တဲ့ အလုပ်သာမပါဘူးဆိုရင် အာသဝေါက မဖြုံ (မှန်ပါ့ ဘုရား)။

အလုပ်မပါရင် အာသဝေါက မဖြုံ

ဘယ့်နှယ်ဆိုကြမလဲ (အလုပ်မပါရင် အာသဝေါက မဖြုံပါ) ဖြုံကို မဖြုံဘူး မလုပ်ရင် (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့သာ ခင်ဗျားတို့ကို ပြမပေးလို့ရှိရင်ဖြင့် အာသဝေါတရားက ကာမာသဝကလဲ မဖြုံဘူး (မဖြုံပါ ဘုရား) ဒိဋ္ဌသဝကလဲ (မဖြုံပါ) အဝဇ္ဇာသဝကလဲ (မဖြုံပါ ဘုရား) ကဲ ဒကာ ဒကာမတို့ ဘဝါသဝကကော (မဖြုံပါ ဘုရား)။

ဘယ်ဖြုံလိမ့်မတုံး၊ ဘယ်ဖြုံလိမ့်မတုံး ဒကာကြွယ်ရ (မှန်လှပါ) ငါတို့ ထင်သလို စီမံမယ်ဆိုပြီး လေးယောက်ပေါင်း ဝိုင်းနှိပ်စက်ချတယ် (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ယောနိသော မနသိကာရ ရှိမှသာလျှင် ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်၊ အယောနိသော မနသိကာရက ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်တာကို ဆိုပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ယောနိသော မနသိကာရဆိုတာ ဘာတုံး (ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်တာပါ ဘုရား) အဲ စာလိုသုံးတော့ ယောနိသော မနသိကာရ (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်တာ

မြန်မာလို ဒကာ ဒကာမတွေကို ရှင်းရှင်း ဘုန်းကြီးတို့ပြောနေသော ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်တာ (မှန်ပါ့) ဒါ ယောနိသော မနသိကာရဘဲ (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်တာက (အယောနိသော မနသိကာရပါ ဘုရား) အယောနိသော မနသကာရကို စာလိုသုံးနေတော့ ဦးမာဒင် သိပ်ဝေးသွားတယ် (မှန်ပါ့) အခုတော့ ဝေးသေးရဲ့လား (မဝေးပါ ဘုရား)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်ရင် (ယောနိသော မနသိကာရပါ) ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်ရင် (အယောနိသော မနသိကာရပါ ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ သုံးတာကတော့ ဒီ့ပြင်နေရာမှာ ယောနိသော မနသိကာရ မင့်ဟာ အသင့်အတင့် နှလုံးသွင်းမှပေါ့ကွာ လိုချင်တာတွေ မင်းချည့် အကုန်ယူလို့ တော်ပါ့မလား၊ မင်းဟာ အသင့်အတင့်လဲ နှလုံးသွင်းဦးမှပေါ့ (မှန်ပါ့)။

ဒီဘက် လှည့်သုံးတာကိုး သူ့ဟာက (မှန်ပါ့) ခင်ဗျားတို့ ယောနိသော မနသိကာရ သုံးတာကလေ (မှန်ပါ့) ဒါမဟုတ်ပါဘူး (မှန်ပါ့)။

ဒါ မဟုတ်ပါဘူး ဒကာကြွယ်ရ၊ အဲဒါက အလောဘပါ (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ်) အင်း တချို့မလိုချင်တော့ဘူး၊ တချို့သာ ယူမည်ဆိုတဲ့ဥစ္စာ အလောဘ၊ ဝေဖန်တာကလေး ပါတယ် (မှန်ပါ့) အဲဒါက ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့ တခြားစီဘဲ (မှန်ပါ့)။

ယောနိသော မနသိကာရဆိုတာ

ကိုင်း ဒါဖြင့် ယောနိသော မနသိကာရဆိုတာ ဘာပါလိမ့် (ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်တာပါ ဘုရား) အယောနိသော မနသိကာရဆိုတာက (ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်တာပါ ဘုရား)။

အဲ ဒါ့ကြောင့် ဒကာသစ်တို့ ကြိုးစားပါလို့ ပြောတယ် (မှန်ပါ့) ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်ရင် အာသဝေါချုပ်တာ ဘဲ (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိမကိုက်ရင် တခါတည်း အာသဝေါထကြွ သောင်းကျန်းလာတာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခန္ဓာကို မပြဘဲနဲ့ ဒကာကြွယ် တရားဟောလို့ မရပါဘူး (မှန်ပါ့) ရပါ့မလား (မရပါ) သေချာသွားပြီနော် (သေချာပါပြီ ဘုရား)။

တနေ့သော်လဲ ဒီခန္ဓာငါးပါးဘဲ ဘုန်းကြီးတို့က တန်ဆာဆင်ပြီး အမျိုးမျိုးပြောနေတာဘဲ လို့ ဆိုတော့ ဪ ပြောရတယ် ဒကာ ဒကာမတို့ (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ အာသဝေါစီမံနေတာ (မှန်ပါ့) သုံးဆယ့်တဘုံထဲမှာ ကျုပ်တို့ အမျိုးမျိုးအဖုံဖုံ လည်နေရတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်လို့ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ယခုတော့ဖြင့် ခန္ဓာအရှိနဲ့ ဉာဏ်အသိကို ပြရတော့မယ်ဆိုတော့ ဦးမာဒင် ခန္ဓာမှ မတန်းရလို့ရှိရင် ဉာဏ်ဘယ်လိုသွင်းမလဲ (မသွင်းနိုင်ပါ ဘုရား)။

ဒါကြောင့် သုညတတရားဆိုတာ ယောကျာ်း မိန်းမပျောက်ပြီး သကာလ ခန္ဓာငါးပါးပေါ်လာတယ် (မှန်ပါ့) အဲဒါဟာ သုညတတရားဘဲ (မှန်ပါ့)။

ခန္ဓာငါးပါးလို့ ဉာဏ်ထဲမှာ ရှင်းသွားလို့ ရှိရင်

ယောကျာ်း မိန်းမပျောက်ပြီးတော့ (ခန္ဓာငါးပါး ပေါ်ပါတယ် ဘုရား) ခန္ဓာငါးပါးလို့ ဉာဏ်ထဲမှာ ရှင်းသွားလို့ ရှိရင်ဖြင့် ယောကျာ်း မိန်းမမှ ဆိတ်တယ် ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်တယ် (မှန်ပါ့) ဒါကို သုညတတရား ခေါ်ပါတယ် (မှန်ပါ့)။

အဲဒီ သုညတတရားကိုမှ ဒကာ ဒကာမတွေ နာရခြင်း၊ သိရခြင်း မရှိတော့ဘူးဆိုလို့ရှိရင် အာသဝေါတရားကကွာ မင်းဟောချင်တာ ဟောစမ်းပါ ငါ့နယ်က လွတ်အောင် မဟောနိုင်ပါဘူး ပြောမှာဘဲ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

အဲ နတ်ပြည်ရောက်ကြောင်း, ဗြဟ္မာ့ပြည်ရောက်ကြောင်းတွေသာ ဒကာကြွယ်ဖို့ မိုးမွှန်နေမယ်ဆိုလို့ရှိရင် ကာမာသဝတရားသာ မှတ်ပေတော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘဝါသဝတရားဆိုရင်တော့ ဟုတ်တာဘဲ၊ ဒိဋ္ဌာသဝဆိုရင်ကော (ဟုတ်ပါတယ်) ငါလုပ် ငါရဆိုတာက သွားဦၤးမှာကိုး (သွားမှာပါ ဘုရား)။

အဝိဇ္ဇာသဝဆိုတာ ဟိုမှာရှိတာတွေ ဒုက္ခသစ္စာတွေ မသိအောင် ဖုံးနေတော့ အဝိဇ္ဇာသဝတရားဘဲ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါတွေ ဒကာကြွယ် သိပ်အရေးကြီးပါတယ် (ကြီးပါတယ်) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒကာ ဒကာမတွေက နဂိုက ရူးရတဲ့အထဲ နောက်အောင် ဗုံတီးမြှောက်ပြန်တော့ ဂွကျကုန်တာပေါ့ဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နဂိုက နောက်တောက်တောက် ပွဲနားသွားမိတော့ စိတ်ကမရဘူး ဆိုင်းသံကြားရင် ဖြစ်လာမှာ ခင်ဗျားတို့က (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ ဒီမှာလဲ ခင်ဗျားတို့ဆိုင်းနဲ့ ခင်ဗျားတို့နဲ့ တွေ့ဦးမှာတော့ အားကြီးစိုးရိမ်စရာကောင်းတယ် (မှန်ပါ့) အားကြီး စိုးရိမ်စရာကောင်းတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာကြွယ် ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်တာကို ‘ယောနိသော မနသိကာရ’ လို့ မှတ်လိုက် (မှန်ပါ့)။

ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်တာကို (ယောနိသော မနသိကာရမှတ်ရပါမယ် ဘုရား)။

ခန္ဓာငါးပါးပြပါပြီ တဲ့

ကိုင်း ဒါဖြင့် အခု ဒီရှေ့ကနေပြီး ဒကာ ဒကာမတွေ ခန္ဓာငါးပါးပြပါပြီ တဲ့၊ ခင်ဗျားတို့ ကိုင်လို့ တွယ်လို့ ရတာကြီးက ရူပက္ခန္ဓာ (မှန်ပါ့)။

ခန္ဓာကြီးကိုင်တော့ ပူတာ အေးတာလေးတွေက ဘာပါလိမ့်ဗျာ (ရူပက္ခန္ဓာပါ ဘုရား) ဒါကလေးကြိုက်တယ် ဒါကလေးဖြင့်မကြိုက်ဘူးလို့ ပြောတာတွေ ဘယ်သူပါ့လိမ့် (ဝေဒနာပါ ဘုရား)။

အင်း ဒါကလေးဟာ အဖြူဘဲ၊ အနီဘဲ၊ အကြောင်ဘဲ၊ အကြားဘဲ၊ သားဘဲ၊ သမီးဘဲလို့ မှတ်ထားတာကလေးက (သညာက္ခန္ဓာပါ ဘုရား) သွားမှ တော်မယ်- လာမှ တော်မယ်လို့ တိုက်တွန်းနှိုးဆော်နေတာ (သင်္ခါရက္ခန္ဓာပါ ဘုရား) သင်္ခါရက္ခန္ဓာစေတနာပေါ့ဗျာ (မှန်ပါ့)။

ကျုပ်မသိတာ ဘာမှ မရှိပါဘူးဗျ၊ ကျုပ်သိတာချည့်ပါဘဲ၊ မပြောချင်လို့မြုံနေတာ၊ ဒါက ဘာပါလိမ့် ဝိညာဏက္ခန္ဓာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ပြောသာနေတာ ဘယ်ခန္ဓာက အစွန်းထွက်လာတာလို့ ဒကာကြွယ်တို့ မဝေဖန်ဘူး (မှန်ပါ့ ဘုရား)။

အခုတော့ဖြင့် သိပါပြီ တဲ့ လေးတာ, ပေါ့တာ, ပူတာ, အေးတာ ဘာပါလိမ့် (ရူပက္ခန္ဓာပါ ဘုရား) ကောင်းတယ် ဆိုးတယ်လို့ ခဏခဏပြောနေတာက (ဝေဒနာက္ခန္ဓာပါ ဘုရား) အဖြူ, အနီ, အကြောင်, အကြားတွေ၊ သားတွေ, သမီးတွေ မှတ်နေတာက (သညာက္ခန္ဓာပါ ဘုရား)။

သွားဖို့စေ့ဆော် လာဖို့စေ့ဆော် – ထိုင်ဖို့စေ့ဆော်တာတွေက (သင်္ခါရက္ခန္ဓာပါ ဘုရား)။

ကျုပ်မသိတာ ဘာမှမရှိပါဘူးပြောတာက (ဝိညာဏက္ခန္ဓာပါ ဘုရား)။

ဝိညာဏက္ခန္ဓာဆိုတာ ဒါဟာ နဂိုရှိလို့ နဂိုင်းထွက်ပြီး ဒီအသံတွေ ထွက်လာတာ (မှန်ပါ့) ခန္ဓာက ထွက်လာတဲ့အသံ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူက ထွက်လာတာတုံး (ခန္ဓာက ထွက်လာတာပါ ဘုရား) ခန္ဓာက ထွက်လာတဲ့အသံဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

ငါးပါးရှိလို့ ငါးသံထွက်တယ်

ဒါဖြင့် ခန္ဓာဘယ်နှစ်ပါးရှိလို့ ဘယ်နှစ်သံထွက်လာပါလိမ့် (ငါးပါးရှိလို့ ငါးသံထွက်ပါတယ် ဘုရား) ငါးပါးရှိလို့ ငါးသံထွက်လာတယ် (မှန်ပါ့)။

ခင်ဗျားတို့က ငါးသံသာထွက်နေတယ် ဒါ ဘယ်သူကလို့ လက်သည်မရှာဘူး (မှန်ပါ့) အဲဒီတော့ ဒီခန္ဓာကြီး မြုပ်နေတယ် (မှန်ပါ့) ခန္ဓာမြုပ်သွားပြီ (မှန်ပ့ါ မြုပ်ပါတယ် ဘုရား) သဘောကျပလား (ကျပါတယ် ဘုရား)။

ငါးသံရှိလျက်သားနဲ့ ငါးသံဟာ ဘယ်သူကထွက်တဲ့ အသံပါလိမ့်မတုံးမှ ဉာဏ်နဲ့မှ မစိစစ်လိုက်တဲ့အခါကျတော့ အကုန် ငါ ဖြစ်သွားတော့တာပဲ (မှန်ပါ့) ငါပြောတာ မကြားဘူးလား ဖြစ်လာတယ် (မှန်ပ့ါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ငါးခုရှိလို့ ငါးသံထွက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ဦးမာဒင်တို့ ဦးမောင်ကလေးတို့ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

ဘယ်သူက ထွက်လာသတုံး (ခန္ဓာက ထွက်လာပါတယ်) ခန္ဓာက ငါးခုရှိလို့ ငါးမျိုးသော အသံထွက်လာတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် သူတို့သည် ဒကာ ဒကာမတို့ ခန္ဓာက ငါးခုရှိလို့ ငါးသံထွက်လာတယ်ဆိုတာ သိငြားသော်လဲ သူတို့သည် ဦးစီးရာက အသံထွက်လာတယ် (မှန်ပါ့)။

ဦးစီးရာက အသံထွက်လာတယ်

တခါတလေ ဝေဒနာက အသံထွက်တယ် (မှန်ပါ့) တခါတလေကျတော့ သညာက အသံထွက်တယ် (မှန်ပါ့) တခါတလေကျတော့ သင်္ခါရက အသံထွက်တယ် (မှန်ပါ့) တခါတလေကျတော့ ဝိညာဏ်ဆိုတဲ့စိတ်က (အသံထွက်ပါတယ်) တခါတလေကျတော့ ရုပ်က အသံထွက်တယ်၊ လက်ခုပ်များတီးလိုက်တဲ့အခါ ရုပ်-ရုပ်ချင်း အသံထွက်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်နှစ်သံထွက်ပါလိမ့် (ငါးသံထွက်ပါတယ်) ဒါဖြင့် ခင်ဗျားတို့မှာ ခန္ဓာ ဘယ်နှစ်ပါးရှိသတုံး (ငါးပါးရှိပါတယ် ဘုရား) အခုသိလာပြီ သိလာပြီၤ တော်သေးတယ် (မှန်ပါ့ ဘုရား)။

တော်သေးတယ်၊ ဝင်းထရံငါးချောင်း ရိုက်ပြတာကို ငါးချောင်းလို့ အခု မျက်လုံးမြင်လာပြီ (မှန်ပါ့ ဘုရား) နဂိုက တချောင်း ဖြစ်နေတာ (မှန်ပါ့)။

ရိုက်ထားတာကတော့ (ငါးချောင်းပါ ဘုရား) ကြည့်လိုက်တော့ (တချောင်းတည်းပါ ဘုရား) တချောင်းတည်း ရှေ့က (မှန်ပါ့) အံမာလေး ဒကာကြွယ် စုံလုံးကန်းဖြစ်နေတာ (မှန်ပါ့)။

စုံလုံးကန်းဖြစ်နေတာ အခုတော့ဖြင့် ‘ဇာနတော’ တော့ဖြစ်လာပြီ (မှန်ပါ့) ‘ဇာနတော’ တော့ သိလာပြီ၊ ပဿတောကလေး ကျန်သေးတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးရှိလို့ သိလို့ရှိရင် “ဇာနတောဟံ ဘိက္ခဝေ” ဘိက္ခဝေ= ရဟန်းတို့၊ အဟံ= ငါဘုရားသည်၊ ဇာနတော= သိသော်ပုဂ္ဂိုလ်အား တဲ့ (မှန်ပါ့) ဟ သိလာပြီ ဒကာ ဒကာမတို့ ခန္ဓာ ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)။

ပူတာ အေးတာ ဘာပါလိမ့် (ရူပက္ခန္ဓာပါ) ကောင်းတယ် ဆိုးတယ် ပြောတာက (ဝေနာက္ခန္ဓာပါ ဘုရား) အဖြူ, အနီ, အကြောင်အကြားကလေးကိုပြောနေတာက (သညာက္ခန္ဓာပါ ဘုရား)။

သွားဖို့စေ့ဆော် လာဖို့စေ့ဆော်တာက ဘယ်သူပါလိမ့် (သင်္ခါရက္ခန္ဓာပါ ဘုရား) အသိလုံးကလေးတွေ ဟူသ၍က (ဝိညာဏက္ခန္ဓာပါ ဘုရား)။

ဪ ဘယ်နှစ်သံထွက်သတုံး (ငါးသံပါ) ဘယ်နှစ်ခုရှိလို့ပါလိမ့် (ငါးခုရှိလို့ပါ ဘုရား) ငါးခုရှိလို့ ငါးသံထွက်တယ် ဆိုတာ ဇာနတော သိပြီ (မှန်ပါ့)။

မြင်အောင်ကြည့်ကြဦးစို့

‘ပဿတော’တဲ့ မြင်အောင်ကြည့်ကြဦးစို့ (မှန်ပါ့ ဘုရား) မြင်အောင်ကြည့်ကြပါစို့ ဒကာကြွယ်ရ (မှန်ပါ့) သိသာသိ၍ မမြင်တာက ရှိသေးတယ် (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကျုပ် ဟိုလူတော့ မှတ်မိပါတယ်ဗျာဆိုတော့ သူသိမှု မှတ်မှုတော့ ရှိပါတယ် တဲ့ မင်း မြင်ပလားလို့ ဆိုတော့ ဒကာ ဒကာမတို့ ဒီနှစ်ခုပေါင်းဆုံမိမှ အာသဝေါချုပ်တယ် (မှန်ပါ့)။

ဒီနှစ်ခုပေါင်းဆုံမိမှ (အာသဝေါချုပ်ပါတယ် ဘုရား)။

ဒါကြောင့် အာသဝဟောရတော့မယ်ဆိုတော့ ဦးမောင်ကလေးတို့ ဦးမာဒင်တို့ မလွယ်ဘူးဗျနော် (မှန်ပါ့ ဘုရား) ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်အောင်ဆိုတော့လဲ ပြောရတော့မယ်ဗျ၊ မပြောမဖြစ်ပါဘူး ဒကာ ဒကာမတို့ (မှန်ပ့ါ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်အောင်လို့ဆိုရင်ဖြင့် ကဲ တခုခုဘဲ ပြောကြပါ စို့ဆိုတော့ ဒကာ ဒကာမတို့ အဖြူကလေးမြင်တယ်၊ မြင်တော့ အဖြူကလေးလို့ဘဲ သူသိလိုက်တယ် (မှန်ပါ့) အဲဒါ ဝိညာဏက္ခန္ဓာ (မှန်ပ့ါ)။

အဖြူကလေးလို့သိတာ (ဝိညာဏက္ခန္ဓာပါ ဘုရား) အပြာကလေးလို့သိတာ (ဝိညာဏက္ခန္ဓာပါ ဘုရား) ဝိညာဏက္ခန္ဓာ၊ သူက အုပ်ချုပ်သွားတယ် (မှန်ပါ့)။

”မာယူပဉ္စ ဝိညာဏံ” ဆိုတဲ့အတိုင်း အဲဒီတော့ ဒီဒကာ ဒကာမတွေက အဖြူကလေးလို့သိတယ်၊ အနီကလေးလို့ သိတယ်၊ သိတဲ့ဥစ္စာသည် ဝိညာဏက္ခန္ဓာဘဲ၊ အဲဒီ သိလုံးကလေးကို ဒကာ ဒကာမတွေက ပဿတောနဲ့ လိုက်ပြီးရှုပါ (မှန်ပါ့ ဘုရား)။

မရှိတာတွေ့ပါတယ်

သိတာကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ရှိသေးသလား မရှိဘူးလားလို့ ‘ပဿတော’နဲ့ ဒကာသစ် လိုက်ပေး (မှန်ပါ့ ဘုရား) ဘာတွေ့သတုံး (မရှိတာတွေ့ပါတယ် ဘုရား)။

ဪ ဒါဖြင့် ငါ နဂိုတုန်းက ဇာနတော=ဝိညာဏ်သည် တပါးဘဲလို့ နဂိုကငါသိထားတယ် (မှန်ပါ့ ဘုရား) ပဿတော=ရှုလိုက်တဲ့အခါကျတော့ ဒီတရားကလေးရှာမတွေ့ဘူး (မှန်ပါ့) ဒါဖြင့် ဒီတရားဟာ ဖြစ်လဲဖြစ်တယ် မရှိလဲ မရှိတဲ့တရား (မှန်ပါ့) ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား)။

ဖြစ်လဲဖြစ်တယ် (ပျက်လဲ ပျက်ပါတယ်) ဒါဖြင့် ဖြစ်ပျက်ဘဲ ပြန်ရောက်တယ် (မှန်ပါ့ ဘုရား)။

ရှိလဲရှိတယ်၊ ပဿတောနဲ့ ကြည့်လိုက်တော့ (ပျက်လဲပျက်ပါတယ်) မရှိဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီတရားသည် ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ် ဆိုတော့ ပဿတောနဲ့ ရှုလိုက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဇာနတောနဲ့သိ ပဿတောနဲ့ရှုပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဇာနတောနဲ့ (သိပါတယ်) ခန္ဓာငါးပါးရှိကြောင်း သေသေချာချာသိတယ် (မှန်ပါ့) ပဿတောနဲ့ ရှုလိုက်တဲ့အခါကျတော့ သိလုံးကလေးကြည့်လိုက်ပြန်လဲ မရှိဘူး (မှန်ပါ့)။

ကြားလုံးကလေးကြည့်လိုက်ပြန်လဲ (မရှိပါ) နှာခေါင်းထဲမှာပေါ်တဲ့ စိတ်ကလေးကြည့်လိုက်ပြန်ကော (မရှိပါ) လျှာပေါ်မှာ စားစိတ်ကလေး ကြည့်လိုက်ပြန်တော့ (မရှိပါ ဘုရား)။

ကိုယ်ပေါ်မှာ ယားစိတ်ကလေး ကြည့်လိုက်ပြန်ကော (မရှိပါ) ကိုယ်ပေါ် ချမ်းသာစိတ်ကလေး ကြည့်လိုက် ပြန်ကော (မရှိပါ) ဝမ်းထဲမှာ ကုသိုလ်ဖြစ်ချင်တဲ့ စိတ်ကလေးပြန်ကြည့်လိုက်လဲ (မရှိပါ ဘုရား)။

အင်း ဒါဖြင့် ဇာနတောနဲ့ သိပြီး ပဿတောနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဖြစ်မှု ပျက်မှုဆိုတဲ့ အနိစ္စလက္ခဏာ (မှန်ပါ့) ဒုက္ခလက္ခဏာ (မှန်ပါ့) အနတ္တလက္ခဏာ (မှန်ပါ့) အသုဘလက္ခဏာ (မှန်ပ့ါ) ဒုက္ခသစ္စာ (မှန်ပါ့) ဒကာ ဒကာမတို့ ရှုလိုက်တာ ဒါသွားတွေ့တယ် (မှန်ပါ့) မတွေ့သေးဘူးလား (တွေ့ပါတယ် ဘုရား)။

ဇာနတောနဲ့ သိပြီး ပဿတောနဲ့ ရှုလိုက်တဲ့အခါ

အဲဒီ တွေ့တဲ့အခါကျတော့ ဪ ဇာနတောနဲ့ သိပြီး ပဿတောနဲ့ ရှုလိုက်တဲ့အခါကျတော့ ဒို့မှာ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာတွေ အကုန်လာပြီး သကာလ တွေ့ပါလားဆိုတာ ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင်ဖြင့် အနိစ္စ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ဒုက္ခ ဒုက္ခသစ္စာ (မှန်ပါ့) အနတ္တ ဒုက္ခသစ္စာ (မှန်ပါ့) အသုဘဒုက္ခသစ္စာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဒီ့ပြင်ဘာရှိသေးသတုံး (ဘာမှမရှိပါ ဘုရား)။

မရှိတဲ့အခါကျတော့ ကာမာသဝကလဲ ဒီခန္ဓာမျိုးကိုလိုချင်သေးရဲ့လား (မလိုချင်ပါ) ဘဝါသဝကလဲ နောက်ရမှာကို တောင့်တသေးရဲ့လား (မတောင့်တပါ ဘုရား)။

ဒိဋ္ဌာသဝကလဲ မခိုင်မှန်း မမြဲမှန်းသိသွားတော့ ချုပ်ရရှာတယ် (မှန်ပါ့) အဝိဇ္ဇာကလဲ အားလုံးဒုက္ခသစ္စာလို့ သိသဖြင့် သစ္စာဉာဏ်ရသွားတော့ မလာနိုင်တော့ဘူး (မှန်ပါ့) လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်တော့ ကာမာသဝကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်လဲပြတ် (မှန်ပါ့) ဒိဋ္ဌာသဝကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (ပြတ်ပါတယ်) အဝိဇ္ဇာသဝကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (ပြတ်ပါတယ်) ဘဝါသဝကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် (ပြတ်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်မရှိရင်

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ်မရှိရင် နောက်ခန္ဓာမရှိဘူး (မှန်ပါ့) နောက်ခန္ဓာမရှိရင် သေစရာမရှိဘူး (မှန်ပါ့) သေစရာမရှိလို့ရှိရင်ဖြင့် အရိုး တောင်နှယ်ပုံစရာကော (မရှိပါ) အသွေးတွေ သမုဒ္ဒရာလောက် ဖြစ်စရာကော (မရှိပါ ဘုရား)။

ဟာ ဒါဖြင့် ဇာနတောနဲ့ ပဿတောနှစ်ခုကို လက်ကိုင်ထားရင် ကိစ္စပြီးတယ်လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။