ဝေဒနာနုပဿနာတရားသိကြားအမေး-ဘုရားအဖြေ
တဏှာသင်္ခယသုတ်-၁
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော
(၇-၁၀-၆၁)
သိကြားမင်းကြီး စိတ်ကူးတစ်ခု ပေါ်လာတယ်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ပုဗ္ဗါရုံကျောင်းမှာသီတင်းသုံးနေတုန်း သာဝတိသာနတ်ပြည်ကသိကြား မင်းကြီးက ဥယျာဉ်ထဲမှ နတ်သမီးနတ်သားတွေနဲ့ ပျော်မယ်ပါးမယ်လို့ ထွက်လာတုန်း စိတ်ကူးတစ်ခု ပေါ်လာတယ်လို့ ဒကာကြွယ် မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ ပုဗ္ဗါရုံကျောင်းမှာသီတင်းသုံးနေတယ် (မှန်ပါ့)။
တာဝတိသာမှာရှိတဲ့သိကြားကလဲ အပျော်ဆိုပြီး သကာလ နတ်သမီးနတ်သားတွေနဲ့ ဧရာဝဏ်ဆင်ကြီးစီးပြီး သကာလ ဥယျာဉ်ထဲထွက်ပြီးလာတော့ ဥယျာဉ်ပေါက်ဝရောက်ရင်ပဲ စိတ်ကူးကလေးတစ်မျိုး ပေါ်လာတယ် (မှန်ပါ့)။
ကာမဂုဏ်ကြားထဲကမှ တဲ့ အလင်းရောင်ကလေးဖြစ်တဲ့ စိတ်ကလေးတစ်ခုပေါ်လာတယ် (မှန်ပါ့)။
ကာမဂုဏ်တွေအင်မတန်ထူပြောနေတုန်း ပျော်မယ်ပါးမယ်လို့လုပ်တုန်းပဲ စိတ်ကူးကလေး နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ကူးထဲက ဖြတ်ထိုးပေါ်လာတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့ ဘုရား)။
အဲဒီနိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ဖြတ်ထိုးကလေးဟာ ဘာပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဧရာဝဏ်ဆင်စီး ပြီး ဥယျာဉ်ပေါက်ဝထွက်လာရင်းနဲ့ တဏှာအမြန်ကုန်တဲ့နည်းဟာ ဘယ်နည်းပါလိမ့်မတုန်းဆိုတဲ့ စိတ်ကူးကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
တဏှာကိုအမြန်ကုန်စေတဲ့နည်းဟာ ဘယ်နည်းပါလိမ့်မလည်းလို့ စိတ်ကူးကလေးပေါ်လာတယ် (မှန်ပါ့ ဘုရား)။
တဏှာကိုအမြန်ကုန်စေတဲ့နည်း
ဒါသူသိတာတော့မဟုတ်ဘူး ဒကာကြွယ်ရ တဏှာကိုအမြန်ကုန်စေတဲ့နည်းဟာ ဘယ်နည်းများပါလိမ့်မတုန်း ဆိုတဲ့တွေးလုံးလေးပေါ်တယ် (မှန်ပါ့)။
အဲ့ဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှတ်ထားစရာကတော့ဖြင့် တဏှာကုန်ရင် နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့)။
တဏှာကုန်ရင် (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန်ရောက်တယ်လို့ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ နိဗ္ဗာန်ကိုလဲ ဘုန်းကြီးကနေရာရှင်းချင်ပါတယ် နိဗ္ဗာန်ဆိုတဲ့ဥစ္စာသည် ဦးမာဒင်တို့ ဦးသန်းမောင်တို့ မှတ်စရာက ဪ ခန္ဓာဝန်ထမ်းရတဲ့ ဒုက္ခလဲမရှိ (မှန်ပါ့) ကျွေးမွေးသုတ်သင်နေရတဲ့ ဒုက္ခကော (မရှိပါ ဘုရား)။
ကျွေးမွေးသုတ်သင်ရတဲ့ ဒုက္ခမရှိတဲ့အတွက် ရှာမှုဖွေမှုဒုက္ခကော (မရှိပါ ဘုရား) မရှိဘူးလို့ မှတ်ထားပါနော် (မှန်ပါ့ ဘုရား)။
သူများဝမ်းထဲအောင်းရတဲ့ ဒုက္ခကော (မရှိပါ) ခါးကိုင်း၊ နားထိုင်း၊ သွားကျိုး၊ ဆံဖြူရောဂါထူတဲ့ ဥစ္စာကော (မရှိပါ ဘုရား)။
မရှိဘူးတဲ့ ပြီးတော့လူမမာကြီးဖြစ်ပြီး သူ့အားကိုးရတော့မလိုလို ငါ့အားကိုးရတော့မလိုလို ဒီဝေဒနာမှအထ မြောက်ဖို့ဆိုတဲ့ စိတ်၏ပင်ပန်းခြင်း၊ ကိုယ်၏ပင်ပန်းခြင်း၊ မထနိုင်၊ မကြွနိုင်နဲ့ ဗျာမိဒုက္ခတွေကော (မရှိပါ ဘုရား)။
သေခါနီးဝိညာဉ်မချုပ်နိုင်လို့ ဟိုနိမိတ်ဒီနိမိတ်တွေထင်လာပြီး မျက်ရည်ကြီးငယ်ကျရတဲ့ ဒုက္ခကော (မရှိပါ ဘုရား)။
မသေခင်ကမြင်ရတဲ့ အမှတ်အသားတွေ
ဒကာ ဒကာမတို့ကျပ်ကျပ်စဉ်းစားကြပါနော် (မှန်ပါ့) သေခါနီးဗြန်းကနဲ ဝိညာဉ်ချုပ်သွားတယ်လို့ မအောက် မေ့ပဲနဲ့ ကိုယ်လုပ်ထားတဲ့ကုသိုလ် ကိုယ်ပြုထားတဲ့အကုသိုလ်တွေ၏ သွားရမည့်လမ်းခရီးကိုမြင်တဲ့ ကိုယ်တစ်ယောက်မြင် ရတဲ့ အမှတ်အသားတွေ ဦးမာဒင် ရှိသေးတယ် (မှန်ပါ့) မသေခင်ကမြင်ရတယ် (မှန်ပါ့)။
မသေခင်ကမြင်ရတဲ့ အမှတ်အသားတွေရှိပြီး သကာလ နေတယ်ဆိုကတည်းကိုက အင်း ကိုယ်ကသားရေ၊ သမီးရေးစီးပွားရေးနဲ့ အချိန်ကုန်နေတဲ့ပုဂ္ဂိုလ် ဝိပဿနာအလုပ်မလုပ်ပဲနဲ့ သစ္စာတွေမမြင်ပဲနေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ခွေးနက်ကြီးတွေကလာထင် ငရဲမီးတွေကမြင် ဝိညာဉ်ကမချုပ်သေး (မှန်ပါ့) အသက်မသေသေးဘူးပေါ့ဗျာ (မှန်ပါ့)။
အဲဒီမှာတစ်ခါတည်းဦးမာဒင်ရေ ဦးသန်းမောင်တို့ခေါင်းအုံးပေါ်မှာ မျက်ရည်ကြီးငယ်ကျတယ် (မှန်ပါ့)။
ဘာဖြစ်လို့ကျပါလိမ့်မတုန်းလို့ ဒကာကြွယ်တို့ ဦးလှဘူးတို့မေးလု့ိရှိရင် သူသွားရမည့်လမ်း သူတစ်ယောက်တည်း ဖြစ်ပြီး သကာလ ငါအနေမှားခဲ့လို့ အရောက်တော့ဖြင့် မှားရတော့မှာပဲဆိုပြီး ကိုယ်ကျိုးနည်းပေါ့ဆိုပြီး မျက်ရည်ကျတယ် (မှန်ပါ့ ဘုရား) ဒီအချိန်မှာဝိညာဉ်မချုပ်သေးဘူး (မချုပ်သေးပါ ဘုရား)။
ဒကာ ဒကာမတို့ ဒီအချိန်မှာဘာတုန်း (ဝိညာဉ်မချုပ်သေးပါ ဘုရား)။
ဒကာကြွယ် ဖုံးလေသမျှ ကုန်းမှပေါ်ဆိုတဲ့ လောကီဥပမာတွေလဲ တစ်သက်လုံးတော့ဖြင့် လျှာအရိုးမရှိတာနဲ့ ကျုပ်တို့လည်း စိတ်ကောင်းစိတ်မြတ်တွေ ရှိပါတယ်။ မအားမလပ်သေးလို့ သူတော်ကောင်း အလုပ် မလုပ်ရသေး တာပါ ဟုတ်နေတာပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဟုတ်ရင်းမတ်တပ်နဲ့ သေပေါက်သေဝသို့ ရောက်လာတော့ ဒီအမြင်တွေမသေခင်ကမြင်ရတယ် (မှန်ပါ့)။
မသေခင်ကမြင်ရတော့ မျက်ရည်ကြီးငယ်တွေကျပြီး သကာလ ဪ ငါ့မှာလဲ သားကျွန်၊မယားကျွန်၊ဆွေကျွန် မျိုးကျွန်ခံရတာနဲ့ သူတို့အတွက်တွေ လုံးပမ်းနေရတာနဲ့ကိုယ့်အရေး ဘာမှမပါလို့အခုမြင်ရတဲ့ ငါသွားရမည့်လမ်းကဖြင့် လမ်းဆိုး လမ်းကြမ်း အပါယ်လေးပါးပါကလား (မှန်ပါ့ ဘုရား)။
ငရဲမီးတွေမြင်လာတယ်
ငရဲသွားမည့် ပုဂ္ဂိုလ်က ငရဲမီးတွေမြင်လာတယ် (မြင်လာပါတယ်) တိရစ္ဆာန်ဘုံသွားမှာက သူ့ဆိုင်ရာဂနိနိမိတ် တွေမြင်လာတယ် (မှန်ပါ့) တောင်ကြီးတွေချောက်ကြီးတွေ ကြားကြီးတွေမြင်လာတယ် (မှန်ပါ့ ဘုရား)။
ဦးလှဘူးတို့ ဦးသန်းမောင်တို့ ကိုဗထွေးတို့ ဒီအချိန်ကျမှပြင်ချိန်ဆင်ချိန် ရသေးရဲ့လား (မရပါ ဘုရား)။
အခုတော့ရသေးတယ်လို့ အောက်မေ့ (မှန်ပါ့) အခုငါတို့ဆရာသမားဆီမှာလာပြီး ဆည်းကပ်တာ ဪ ဟို အချိန်မှာ သေခြင်းဆိုးတွေဆိုတဲ့ ခေါင်းအုံးပေါ်မှာမျက်ရည်တွေရွဲကျပြီး သကာလ သားလဲမတတ်နိုင်ပဲနဲ့ ကိုယ်သွားရမယ့် လမ်းကြီးကိုယ်မြင်ပြီး ဝမ်းနည်းတဲ့ကိစ္စကြီး (မှန်ပါ့) သိပ်ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါခင်ဗျားတို့ ပျော်သလောက်ပျင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ကော ဒကာကြွယ်ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ပျော်သလောက် (ပျင်းရပါမယ်) အဲဒီကိစ္စကလဲ ဒကာ ဒကာမတို့အခုစပ်မိလို့ပြောပါတယ်နော် သိကြား အကြောင်းလဲ ဟောမှာပါဘဲ (မှန်ပါ့ ဘုရား) ဒါဘာလုပ်တာတုန်း ဆရာဘုန်းကြီးက ဒီတရားကြားညှပ်ပြီး ဘာပြောတာ တုန်း ဆိုလို့ရှိရင်ဖြင့် ဪ ဆရာကောင်းသမားကောင်းဆိုတာ ဒကာ ဒကာမတို့အနာဂတ်လှမ်းပြီး မြင်တဲ့အတွက် တပည့်သားမြေးကိုဟေ့ ဒီလိုမနေနဲ့ ဝိပဿနာဉာဏ်နဲ့အားထုတ် မင်းအဲဒီကိစ္စဟာ ဝိပဿနာသာအားမထုတ်လို့ရှိရင် မင်းဒီကိစ္စတွေ့ရလိမ့်မယ် (မှန်ပါ့)။
မျက်ရည်ကြီးငယ်ကျရတဲ့ ကိစ္စသေခါနီးဘယ်သူမှမပြောနိုင်ပဲနဲ့တစ်ယောက်တည်း ဝမ်းနည်းပြီးမျက်ရည်ကျပြီး သကာလ ဦးမာဒင် ဝိညာဉ်ချုပ်သွားလိမ့်မယ် (မှန်ပါ့) မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
ဘေးက ပစ္စည်းတွေက ဘာကယ်ဖော်ရသတုန်း (ဘာမှမရပါ ဘုရား) အင်မတန်ကိုယ်ကျိုးနည်းပြီးဆိုတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
လူတိုင်း တွေ့ရမယ့်အလုပ်
ဒါကလူတိုင်း တွေ့ရမယ့်အလုပ်လုပ်ထားတဲ့ ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား) ရဟန်းသော၊ လူသော၊ နတ်သော အကုန် တွေ့ရမည့်ကိစ္စ (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ဟာ အခုဘုန်းကြီးကဒီအလုပ်လုပ်ရင် မျက်ရည်ကြီးငယ်ကျတဲ့ကိစ္စ မတွေ့ရပါဘူး ပြုံးပြီး သကာလ ဒကာ ဒကာမတွေ သေရပါလိမ့်မယ် (မှန်ပါ့) ဒီအခုဘုန်းကြီးပြောတာသာလုပ် (မှန်ပါ့) ပြုံးပြီး သကာလ သေရမယ် (မှန်ပါ့)။
ပြုံးပြီး သကာလ သေရတာကတခြားကြောင့် မဟုတ်ဘူးတဲ့ ဒကာ ဒကာမတို့ဒီအလုပ်သဘောတွေက မဂ်ဉာဏ် တွေက ဝမ်းထဲရောက်ပြီး သကာလ နေတော့ နိဗ္ဗာန်ကြီးကိုမြင်၍၎င်းင်း (မှန်ပါ့)။
ဟိုသုဂတိသွားရမည့်လမ်းခရီးတွေက အဲဒီကမှ တစ်ဆင့်ကူးပြီးသွားရမည့် သုဂတိကနတ်ရထားတွေ လာဆိုက် ပြီး ကြိုနေတာမြင်ရသောကြောင့် ၎င်းင်း (မှန်ပါ့)။
ဪ ငါတော့ဖြင့် သုဂတိကနေ နိဗ္ဗာန်ကူးရမှာပဲ ဆိုပြီး သကာလ သူသွားရမည့်ခရီးကဒီလူပြည်နေရတဲ့ လမ်းကြီးကို ရှင်းလင်းပြီး သကာလ ချမ်းသာတွေကမြင်နေရတော့ ဒကာကြွယ်ပြုံးပြီးသေတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေဆရာဘုန်းကြီးက ဘယ်နှယ်ကြောင့် ဒါလောက်တောင်ကြိုးစားပြီး နေ့တိုင်းပြောပြီးနေပါလိမ့်မတုန်း တစ်နေ့တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်ပြော တွေ့တိုင်းလဲဆုံးမဆိုတော့ ဪ ပြုံးသေစေချင် လို့ဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုသေစေချင်လို့လဲ (ပြုံးပြီးသေစေချင်လို့ပါ) ဘာဖြစ်လို့တုန်း မေးတဲ့အခါကျတော့မှ မသေကောင်းတဲ့ လမ်းကလည်းမဟုတ်တော့ ဒကာကြွယ်သေကြရမှာပဲ (မှန်လှပါ ဘုရား)။
အဲဒီသေခါနီးမှ ဒီ ဒကာ ဒကာမတွေဘုန်းကြီးတို့က အချိန်မမှီလို့ကိုယ်ခိုင်းတုန်းက သူတို့ကဘာမှမလုပ်ခဲ့လို့ မဂ္ဂင်လမ်းကြီးကို မတွေ့ရှာကြလို့ သေခါနီးမှမဲ့ရွဲ့ပြီး သကာလ ကိုယ်ကျိုးနည်းပေါ့ အကြောတွေကဆွဲ မြင်ရတဲ့နိမိတ်တွေ ကလာတော့ ကိုယ်တစ်ယောက်တည်းမြင်ရတာ ဘယ်သူမှလဲ ပြောလို့မဖြစ် (မှန်ပါ့)။
ကြောက်စရာလန့်စရာ ဓားတွေလှံတွေမြင်ရ၊ ခွေးနက်ကြီးတွေလာဆွဲတာမြင်ရ (မှန်ပါ့) ငရဲမီးတွေဟုန်းဟုန်း တောက်နေတာမြင်ရ (မှန်ပါ့)။
မျက်ရည်ကျပြီး ဝိညာဉ်ချုပ်တယ်
ဒီလိုမြင်ရတော့မှ ဪ ဒို့နေခဲ့သ၍ဟာဖြင့်ယခုအချိန်ဖြင့် လုံးလုံးအချိုးတွေပေါ်ပါပေါ့လား ဆိုပြီး သကာလ ဒကာကြွယ် မျက်ရည်ကျတယ် (မှန်ပါ့)။
မျက်ရည်ကျပြီး သကာလ ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဒကာသစ်တို့ဝိညာဉ်ချုပ်တယ် (မှန်ပါ့ ဘုရား) ချုပ်သည် နဲ့တပြိုင်နက်တည်း မြင်ရသည့်နေရာရောက်သွားမယ် (မှန်လှပါ ဘုရား)။
ကဲ ကယ်ချိန်ယူချိန်ရှိသေးရဲ့လား (မရှိပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒါမတွေ့ရမှာလား တွေ့ရမှာလားမေးတော့ သေကိစ္စဆိုတာ ပိုက်ဆံရှိတဲ့လူလဲတွေ့ရမှာဘဲ မရှိတဲ့လူလဲ (တွေ့ရမှာပါပဲ ဘုရား)။
သို့သော် အဲဒီအချိန်ကျမှပြင်ပေးဆင်ပေးလို့တော့မရတော့ပါဘူး (မရပါ) အခုဘုန်းကြီးပြင်ပေးနေတဲ့ မဂ္ဂင် အလုပ်ဝမ်းထဲရောက်လို့ရှိရင် အဲ့ဒါမဂ္ဂင်လမ်းမတော်လို့မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဒီလမ်းကနေလျှောက်သွားတော့ မအိုမသေအမြဲနေတဲ့ တစ်ခါမှမတွေ့ဘူးတဲ့ချမ်းသာစုံရှိတဲ့ နေရာကို တစ်ခါ တည်းမြင်လဲမြင်ရ ရောက်လဲရောက်သွားပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဥစ္စာဘုရားကိုကသုံးဆယ့်နှစ်ကြိမ်တိုင်တိုင် ဆုံးမတယ် (မှန်ပါ့) မင်းမပေါ့နဲ့ သေခါနီးမှာ မျက်ရည်ကြီးငယ်မကျချင်နဲ့ (မှန်ပါ့ ဘုရား) မျက်ရည်ကြီးငယ်မကျချင်နဲ့ဆိုတဲ့ဥစ္စာ သုံးဆယ့်နဲ့ နှစ်ကြိမ်တိုင်တိုင် ဒကာကြွယ်ဆုံးမတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ဒီဥစ္စာ အရေးမကြီးဘူးလား ကြီးသလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့်အခုကပဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမဂ္ဂင်အလုပ်ကိုလုပ်ပြီး ပြင်ပြီးသားဆင်ပြီးသားရှိကြပါစေ ပြင်ပြီး သား ရှိတဲ့ပုဂ္ဂိုလ်ကျတော့ ပြုံးပြီး သကာလ အင်းမြေအိုးတွေစွန့်ပြီး သကာလ ရွှေအိုးရသလိုစိတ်ထဲမှာပြုံးနေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
လူပုံအလယ်မှာလဲအရှက်မကွဲချင်ပါဘူး
အဲဒီတော့ ဪ ဒို့ဖြင့်မဲ့သေရွဲ့သေအဖြစ်ဖြင့် လူပုံအလယ်မှာလဲအရှက်မကွဲချင်ပါဘူး သံသရာမှာလဲ ကိုယ်ကျိုး မနည်းချင်ပါဘူး (မှန်ပါ့)။
ပြုံးသေနဲ့ လူပုံအလယ်မှာလဲ တင့်တယ်တယ် (မှန်ပါ့) ရောက်ရာဌာနလဲ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ဆီ သွားရအောင် မဂ္ဂင်ပဲကယ်မည့်သူရှိတယ်ဆိုပြီး မဂ္ဂင်အလုပ်ဖြင့် အရိုးကြေကြေအရေခြောက်ခြောက်ဆိုပြီး သကာလ ဒကာ ဒကာမတွေ ကြိုးစားပါဆိုတာ သိကြားမင်း အကြောင်းမပြောခင် ဒကာကြွယ် တိုက်တွန်းပါတယ် (မှန်ပါ့)။
ဦးမာဒင်တို့ ဦးသန်းမောင်တို့ ဦးဘထွေးတို့ကိုယ့်အရေးနော် (မှန်ပါ့) ခင်ဗျားတို့အခုရှိတဲ့ အလုပ်အကိုင်တွေ အရောင်းအဝယ်တွေ ရွှေတွေငွေတွေတိုက်တွေတာတွေဟာ ဒကာကြွယ်အလကားနော် (မှန်ပါ့)။
ရောဂါတစ်ခုသက်သာအောင်သေမည့် ရောဂါတားနိုင်တဲ့သဘောမပါဘူး (မပါပါ ဘုရား) ပါပါရဲ့လား (မပါပါ ဘုရား)။
တဏှာကမြှောက်လို့သာ ကျုပ်တို့မြောက်နေကြတာ (မှန်ပါ့) ပယောဂဝင်နေလို့သာဒို့ တော်သေးရဲ့နေသာ ထိုင်သာရှိသေးရဲ့ဆိုပြီး ပြောနေတာ (မှန်ပါ့) အားကိုးစရာအစစ်က မဂ္ဂင်ပဲရှိတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အားကိုးရာအစစ်က (မဂ္ဂင်ပဲရှိပါတယ် ဘုရား) မဂ္ဂင်ဆိုတာကလဲ ဒကာ ဒကာမတို့ ဘုန်းကြီးများ ပေးလိုက်သော အလွယ်ကလေးပါ (မှန်ပါ့) မရအရယူပါ ဆိုတာဖြင့် လှိုက်လှိုက်လှဲလှဲ တောင်းပန်တယ် (မှန်ပါ့) မရအရယူကြစမ်းပါ ဆိုတာဖြင့် ခင်ဗျားတို့ကို လှိုက်လှိုက်လှဲလှဲတောင်းပန်ပါတယ် (မှန်ပါ့ ဘုရား)။
ဒါ မရလို့ရှိရင်ဖြင့် မဲ့ရွဲ့ပြီး သကာလ အသေဆိုးနဲ့ရောက်ရာမှာအနေဆိုးဖြင့် ခင်ဗျားတို့ကြုံရတော့မယ် (ကြုံရမှာ ပါ ဘုရား)။
ဒီမဂ္ဂင်အလုပ်ရပြီးသား ပုဂ္ဂိုလ်များကျပြန်တော့အသေကောင်း (မှန်ပါ့) ရောက်ရာမှာအနေကောင်း (မှန်ပါ့) အနေကောင်းဆိုတာ နိဗ္ဗာန်ထိအောင်ရောက်မယ် (မှန်ပါ့ ဘုရား)။
လုံ့လဝီရိယ မလျော့ပါနဲ့
အဲ့ဒါကြောင့် ဒီဒကာ ဒကာမတွေ လုံ့လဝီရိယ မလျော့ပါနဲ့ (မှန်လှပါ) ဒီလိုလမ်းနှစ်လမ်းဟာ ပြနိုင်တဲ့ခေတ်က လည်းသာသနာရှိတုန်းမှ (မှန်ပါ့)။
သာသနာရှိပြန်တော့လည်း ပြောတတ်ဆိုတတ်တဲ့ပုဂ္ဂိုလ်နဲ့ ကြုံအုံးမှ (မှန်လှပါ) လမ်းပေးတတ်တဲ့ ပုဂ္ဂိုလ်နဲ့ကြုံအုံး မှ (မှန်ပါ့) လမ်းပေးတတ်တဲ့ပုဂ္ဂိုလ်ရှိပြန်တော့လဲ ခင်ဗျားတို့နဲ့ဆုံအုံးမှ (မှန်ပါ့) မဆုံလဲအလကားဘဲ (မှန်ပါ့)။
အဲဒါကြောင့်ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ တော်တော်သေးတာပဲ အသေကလဲမစောသေး (မှန်ပါ့ ဘုရား)။
ရှုတတ်တဲ့မဂ်ဉာဏ်ကလေးကလဲရလာပြီ (မှန်ပါ့ ဘုရား) ဒါကလေးပဲ အားကိုးရမှာပဲဆိုတော့ ရှုရင်းမတ္တနဲ့ မင်းစိတ်ချတော့ဆိုတာ အလုပ်ကပြောပါလိမ့်မယ် (မှန်ပါ့)။
ရှုရင်းမတ္တနဲ့ (မင်း စိတ်ချတော့ဆိုတာအလုပ်က ပြောပါလိမ့်မယ် ဘုရား) မင်းစိတ်ချတော့ဆိုတာ ဘုန်းကြီးပြော တာက နည်းပါလိမ့်မယ် အလုပ်ကသက်သေခံပါလိမ့်မယ် (မှန်ပါ့) ခင်ဗျားတို့ကိုယ်တိုင်ဒုက္ခချုပ်တာမြင်ရမယ် (မှန်ပါ့)။
ဪ ကိုယ့်ဒုက္ခဇာတ်သိမ်းပြီး ကိုယ်ငြိမ်းတဲ့ကိုယ့်အတွက်ဖြင့် ကျုပ်ဖြင့်သေမှာလဲမကြောက်ပါဘူး (မှန်ပါ့) ရောက်ရာဌာနမှာလဲ ကျုပ်တို့သည် လမ်းဆုံးပါပြီ ခရီးသည်မဟုတ်တော့ဘူး (မှန်ပါ့)။
ကိုယ့်အလောင်းကိုထမ်းပြီးသွားနေတာ ဟိုဘုံဒီဘုံကခရီးသည်တွေ (မှန်ပါ့) ဒီလမ်းကိုလဲ ဒို့ရုပ်သိမ်းပါပြီဆိုပြီး သကာလ ရှင်တုန်းကတည်းက တရားအားထုတ်ကတည်းကသိပြီဗျ (မှန်ပါ့)။
အဲ့ဒါကြောင့်အကြွေးတရားလဲ မဟုတ်ဘူး လက်ငင်းတရားဖြစ်နေတော့ ဦးမာဒင်တို့ ဦးဘထွေးတို့ ဪ ဒီပြင် ဟာတွေ ချိတ်ထားမယ်ဟေ့ (မှန်ပါ့)။
ကိုယ့်အရေးကိုယ်ကြည့်မဟေ့ ဆိုတဲ့ ဥစ္စာယနေ့စိတ်ပြောင်းပစ်ပါ (မှန်ပါ ဘုရား) မပြောင်းရင်မဖြစ်ပါဘူးနော် (မှန်ပါ့) မပြောင်းရင်မဖြစ်လို့ လေးလေးနက်နက်ပဲ ဦးမာဒင်ပြောနေပါတယ် (မှန်ပါ့)။
အားကိုးစရာသာမညဆိုတာ
ဒီလိုမှမပြောလို့ရှိရင်လည်း ခင်ဗျားတို့က အားကိုးစရာသာမညကလေး အားကိုးမှာစိုးရတယ် (မှန်ပါ့)။
အားကိုးစရာသာမညဆိုတာ ခင်ဗျားတို့ပင်လယ်သင်္ဘောပျက်တဲ့အခါကျတော့ ငှက်ပျောတုံးကြီးတစ်ခုရတယ် ထားပါတော့ (မှန်ပါ့)။
ဪ အလွန်ခံလှခုနှစ်ရက်ပဲ သင်္ဘောပျက်လို့ငှက်ပျောတုံးရလို့ ငှက်ပျောတုံးပေါ်ခွစီးပြီး သကာလ နေရှာတယ် ဆိုငြားသော်လည်း ဦးဘထွေးတို့ ဦးသန်းမောင်တို့ စိတ်ချရပါ့မလား (စိတ်မချရပါ ဘုရား)။
ငှက်ပျောတုံးကခုနှစ်ရက်ရှိရင်ပုပ်ရိပြီး လူပါမြှုပ်တယ် (မှန်ပါ့) အဲဒါမျိုးဟာလဲ အားကိုးအစစ်မဟုတ်ဘူး (မှန်ပါ့)။ သဘောကျပလား (ကျပါပြီး)။
တစ်ခါဝါးဖောင်ကြီးတစ်ခုတွေ့ပြန်တယ် ဒီဝါးဖောင်ကြီးကလည်းပင်လယ်ထဲ ဟိုလည်ဒီလည်နဲ့ရောက်နေတယ် ကိုယ်ကသင်္ဘောပျက်လို့တွေ့ပြန်လည်းသူကလဲ ပင်လယ်ဒီရေဝဲတွေနဲ့တွေ့လို့ရှိရင် ဦးမာဒင်ကစင့်ကရဲဖြစ်သွားလိမ့်မယ် (ဖြစ်သွားပါတယ် ဘုရား) အင်း ဒါလဲအားကိုးလို့မဖြစ်သေးပါဘူး (မဖြစ်ပါ ဘုရား)။
တကယ့်မဂ္ဂင်ဖောင်ကြီး ဘယ်လှိုင်းဘယ်ရေဘယ်လေနဲ့မှမပျက်နိုင်တဲ့ မဂ္ဂင်ဖောင်ကြီးရထားလို့ရှိရင် ဒကာ ဒကာမတို့ စိတ်ချတော့ (မှန်ပါ့)။
ဒါကြောင့် မဂ္ဂင်ဝမ်းထဲရောက်ကြပါစေ မဂ္ဂင်ဝမ်းထဲရောက်ကြပါစေ မဂ္ဂင်ဝမ်းထဲရောက်လို့ရှိရင် မုချအားကိုးရပါ တယ်ကွဆိုတဲ့ဥစ္စာမဂ္ဂင်ကို သေသေချာချာပေးတယ် (မှန်လှပါ ဘုရား)။
ဒကာကြွယ်သဘောကျပလား (ကျပါပြီ) ဒါဖြင့်ဘာကိုအားကိုးကြမယ် (မဂ္ဂင်ကိုအားကိုးရပါမယ် ဘုရား)။
အားလုံးဒကာ ဒကာမတွေ အမိအဖဆွေမျိုး ဉာတကာတွေထားပြီး သကာလ ဘုရားဟောတော်မူသော ဘုရား ဟောတဲ့အလုပ်ရော ခင်ဗျားတို့ မဂ္ဂင်ဖောင်ကြီးလဲ ကိုယ်ပိုင်ရပါစေဆိုပြီး သကာလ အခုတော့ဖြင့် သဘောၤပျက် တုန်း ဘယ်ဆွဲရမှန်းမသိဖြစ်နေတယ် (မှန်ပါ့)။
ဒါကြောင့် ဒါနဖောင်ကလေးလောက်လဲ ငှက်ပျောတုံးလောက်မို့ ဦးမာဒင်သိပ်အားမကိုးလောက်ဘူး (မှန်ပါ့) သီလဖောင်ကလေးလဲဝါးဖောင်လောက်ဖြစ်နေတယ် တယ်အားမကိုးရဘူး (မှန်ပါ့) ရက်အနည်းငယ်သာခံပြီး တော်တော် ကြာ ကစင့်ကရဲဖြစ်သွားပြန်တာဘဲ (မှန်ပါ့)။
ဝိပဿနာမဂ္ဂင်ဖောင်ကြီး
အဲဒီတော့ ဝိပဿနာမဂ္ဂင်ဖောင်ကြီးတစ်ခုသာလျှင် ဘယ်လှိုင်းဘယ်လေဘယ်ဂယက်ဘယ်ဝဲနဲ့ ကြုံငြားသော် လည်း သူတုန်ခြင်း၊ လှုပ်ခြင်း၊ ပျက်ခြင်း၊ စီးခြင်းမရှိတဲ့ မဂ္ဂင်ရထား မဂ္ဂင်ဖောင်ကြီးကို ဖြစ်ပျက်ရှုလို့ရှိရင် ရပါတယ် (မှန်ပါ့) နောက်ဖြစ်ပျက်အဆုံး နိဗ္ဗာန်မြင်လည်း ကိုယ်ပိုင်ရတာပဲ (မှန်ပါ့)။
အဲဒီဖောင်ကြီးကလဲ ခင်ဗျားတို့ဒါနပြုသလိုမမှတ်နဲ့ ခင်ဗျားတို့သီလဆောက်တည်သလိုမမှတ်နဲ့ (မှန်လှပါ) ယောကျာ်းလုပ်ရင်ယောကျာ်းမဂ္ဂင်ဖောင် မိန်းမလုပ်ရင် (မိန်းမသာပိုင်တဲ့မဂ္ဂင်ဖောင်ပါ ဘုရား) ငါ့ဖောင်ကိုမင်းစီးခဲ့လို့ ခေါ်လို့မရဘူး။ ဒါတခြားစီ (မှန်ပါ့)။
အဲဒါကြောင့်ဘုန်းကြီးကဆုံးမတယ် ယောကျာ်းလုပ်တဲ့ပုဂ္ဂိုလ်ကလည်းဪ မင်းတို့သွားပြီးလှူဒါန်းပေးကမ်း မင်းတို့သွားမင်းတို့အားထုတ် ပြန်လာရင်ဒို့ကိုပြန်ပြီးအမျှပေး အဲဒါလည်းဒါနကုသိုလ်၊ သီလကုသိုလ်ရတယ်နော် (မှန်ပါ့)။
မဂ်စစ်ဖောင်ကြီးကုသိုလ်မျိုးက ဦးမာဒင် မရပါဘူး ကိုယ်လုပ်မှကိုယ်ရမယ် (မှန်ပါ့ ဘုရား) မယုံလို့ရှိရင်ခင်ဗျား တို့ ဟိုဟာရွတ်ကြည့်လိုက် ခင်ဗျားတို့တရားဂုဏ်တော်အဆုံးကိုရွတ်ကြည့်လိုက် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” (မှန်ပါ့)။
ရွတ်စမ်း ဒကာကြွယ်ဘာတဲ့တုန်း (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ) ဒါလူတိုင်းရတယ် (မှန်ပါ့) ရပေမယ့်ခင်ဗျားတို့ က တရားရှိခိုးတာသာလုပ်နေကြတယ် (မှန်ပါ့) ဒါကတရားရှိခိုးတာ (မှန်လှပါ)။
တရားရှိခိုးတဲ့အထဲ ထည့်သုံးနေတယ် (မှန်ပါ့ ဘုရား) စင်စစ်ကတော့ဒါပါတဲ့ ပစ္စတ္တံ(အသီးသီး) ဝိညူဟိ(မဂ္ဂင်) အားထုတ်သည့် ပုဂ္ဂိုလ်များသည်သာလျှင် ဝေဒိတဗ္ဗော(ရအပ်သိအပ်၏) အသီးသီးရတယ်တဲ့ (မှန်လှပါ) ကိုယ်လုပ်ကိုယ် ရတယ် (မှန်လှပါ)။
သားသမီးလုပ်ရင်သားသမီးရတယ် (မှန်ပါ့) အဖေအမေမဂ္ဂင်လုပ်လို့ရှိရင် (အဖေအမေရပါတယ်) အသီးသီး ရတယ် ဟေ့တဲ့ ဒါအမျှပေးလို့တစ်ယောက်ဖောင်ကိုတစ်ယောက်ကကူးတက်လို့ မရဘူးတဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အသီးသီးမဂ္ဂင်ဖောင်ကြီး
ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ တဲ့ (မှန်ပါ့) အဓိပ္ပာယ်က ဒကာ ဒကာမတွေ ပါဠိရွတ်ပါအုံး (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ ပါ ဘုရား) ဝိညူဟိ မဂ္ဂင်အလုပ်အားထုတ်သည့်ပုဂ္ဂိုလ်တို့သည်သာ (မှန်ပါ့) ပစ္စတ္တံ အသီးသီးမဂ္ဂင်ဖောင်ကြီးကို ဝေဒိတဗ္ဗော ရအပ်သိအပ်၏။
ဝိညူဟိဆိုတဲ့ဥစ္စာ ဝိပဿနာအလုပ်လုပ်တဲ့ပညာရှိမှတဲ့ (မှန်ပါ့) ပစ္စတ္တံ အသီးအသီးမဂ္ဂင်ဖောင်ကြီးကို ယောကျာ်း လုပ်ရင်ယောကျာ်းတစ်ယောက်တည်းရတယ် (မှန်ပါ့) မိန်းမလုပ်ရင် (မိန်းမတစ်ယောက်တည်း ရပါတယ် ဘုရား)။
အသီးသီးသာရနိုင်ကြတယ်ဟေ့ တစ်ယောက်ကအကုန်ဆွဲပြီး ဒီဖောင်ပေါ်လိုက်ခဲ့တော့လို့ မအိုရာ၊ မနာရာ မကွဲရာမစိုးရိမ်ရာကိုလိုက်ခဲ့လို့ ယောကျာ်းကမဂ္ဂင်ဖောင်ရလို့ မိန်းမနှင့်တကွသားသမီး ဆွေမျိုးညာတကတွေကို ဦးမာဒင် တို့ ဦးသန်းမောင်တို့မခေါ်နိုင်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ပါဠိတော်ကြည့်ပါ ဘုရားဟောတ ပစ္စတ္တံ ဝေဒိတဗ္ဗော (ဝိညူဟိ) ပါ ဝိညူဟိပညာရှိတို့သည် ပစ္စတ္တံ အသီးသီး ဆိုတော့ ကဲ သူများပါသေးလား (မပါပါ ဘုရား)။
အသီး အသီး တစ်ယောက်စီပဲတဲ့ လုပ်မယ့်တစ်ယောက်သာရမယ်ကွတဲ့ (မှန်ပါ့) မဂ္ဂင်အလုပ်ကဒီလိုမဟုတ်ဘူး (မှန်ပါ့ ဘုရား) တယ်ကွာခြားပါလား (ကွာခြားပါတယ် ဘုရား)။
ဒကာကြွယ် ဒါကြောင့်ကိုယ့်သားသမီးများတိုက်တွန်းလည်း ကြည့်ဟေ့ ပါဠိကဘုရားဟောထားတာ ဒီလိုရှိတယ် ပစ္စတ္တံ ဝေဒိတဗ္ဗော (ဝိညူဟိ) ဝိညူဟိ မဂ္ဂင်အလုပ်အားထုတ်သည့် ပုဂ္ဂိုလ်တို့သည်သာ ပစ္စတ္တံ ကိုယ့်အတွက် ကိုယ့် အတွက်ဟုတ်လား (မှန်ပါ့ ဘုရား) ဝေဒိတဗ္ဗော ရနိုင်သိနိုင်ရတဲ့ (မှန်ပါ့ ဘုရား)၊
ကဲ ကိုယ့်အတွက်သာကိုယ်ရတယ် (မှန်ပါ့) သူများမရဘူး (မရပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)
အဲ့ဒီတော့ သားလင်ခင်ပွန်းသည်တို့ ခင်ဗျားတို့ချစ်ကြခင်ကြ ကြင်နာကြတယ် ဆိုလို့ရှိရင်ဖြင့် တဲ့ လုပ်ပါ ကိုယ့်အလုပ်ကိုယ် လုပ်ပါလို့ တိုက်တွန်းပါ (မှန်ပါ့)။
ယောကျာ်းလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း မိန်းမကိုကိုယ့်အလုပ်ကိုယ်လုပ်ပါ မဂ္ဂင်အလုပ်ဆိုတာဟေ့ အမျှပေးလို့မရဘူး (မှန်ပါ့ ဘုရား)။
ဦးမာဒင်ဘာတဲ့တုန်း (မဂ္ဂင်အလုပ်ဟာအမျှပေးလို့မရပါ ဘုရား)။
ကိုယ်သောတာပန်တည်တာကို မိန်းမသောတာပန်တည်ပါစေလို့ ဆုတောင်းပေးလို့မရဘူး (မရပါ ) ကိုယ် သကဒါဂမ်တည်တာကို (မိန်းမသကဒါဂမ်တည်ပါစေလို့လည်းဆုတောင်ပေးလို့မရပါ ဘုရား။
ကိုယ့်ကိုကိုသနားရင် ကိုယ်လုပ်ပါ
မရပါဘူး ဦးလှဘူးရာ ဒါကြောင့်အသီးသီး သာရသဗျ (မှန်ပါ့) ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်လုပ်မှကိုယ် ရတယ်ဆိုတာ သေချာပလား (သေချာပါပြီ) ကိုယ့်ကိုကိုသနားရင် ကိုယ်လုပ်ပါ (မှန်ပါ့)။
ဘုန်းကြီးကဘာမှတိုက်တွန်းစရာမလိုပါဘူး (မလိုပါ ဘုရား) ကိုယ့်ကိုယ်ကိုတစ်ခါတည်း ဝဲထဲမှ၊ ငရဲထဲမှလွတ်ချင် လို့သေခန်းရှင်ခန်း ဒါတွေနဲ့ပြတ်ချင်ပါတယ်ဆို ကိုယ့်ကိုကိုသနားဖို့အတွက်သာလုပ်တော့ ဘုန်းကြီးကြည်ညိုလို့ မလုပ်နဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်လိုစိတ်ထားရှိရမလဲ (ကိုယ့်ကိုကိုသနားတဲ့အလုပ်ပါ ဘုရား) ကိုယ့်ကိုကိုသနားလို့လုပ်ပါတော့ (မှန်ပါ့ ဘုရား)။
ပျင်းတဲ့အချိန်ကလေး သူဝင်လာတယ် ဒါကလေးဟာအားထုတ်မယ် ထိုင်ပြီးအားထုတ်မယ် သွားရင်းအားထုတ် မယ် လို့စိတ်ကူးတော့ ဒီအလုပ်မလုပ်ဖြစ်တဲ့ သဘောကလေးပါတယ် ကိစ္စကလေးများက များလွန်းလို့ဘုရား (မှန်ပါ့)။
ဪ မင်းနှယ်မိုက်လိုက်တာ ကိုယ့်ကိုကိုသနားတဲ့အထဲ မင်းမပါဘူး (မှန်ပါ့) ကိုယ့်ကိုယ်ကိုဆုံးမရမယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်သနားတဲ့အထဲမှာ (မင်းမပါပါ ဘုရား) ဪ မင်းက ကိုယ့်ကိုမှမသနားတဲ့ပုဂ္ဂိုလ်က မင်းကသူများ အန္တရာယ်ကင်းပါစေ၊ ဘေးရှင်းပါစေလို့ မင်းလောကွတ်ချော်တာများ အလကား (မှန်ပါ့) သူများကို မေတ္တာပို့တာလေ (မှန်ပါ့)။
ကိုယ့်ကိုမှမသနားတဲ့ ပုဂ္ဂိုလ်က သူများမေတ္တာပို့ရင် ခင်ဗျားတို့ အမှန်ယူကြမလား၊ လောကွတ်ဆိုကြမလား (လောကွတ်ပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါလောက်ပြောလို့ရှိရင်ဖြင့် ဪ ဒီပါဠိတော်ကြီးကလဲရှိ ဘုရားအဆူဆူ ဒီအတိုင်းဟောသွားတယ် ကိုယ် လုပ်မှကိုယ်ရတယ် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဆိုတာ ခင်ဗျားတို့လူတိုင်းရပါတယ် (ရပါတယ် ဘုရား) အခုတော့ရှင်းပြီ (ရှင်းပါပြီ ဘုရား)။
ကိုယ်မဂ္ဂင်လုပ်မှကိုယ်ရမယ်
ကိုယ်မဂ္ဂင်လုပ်မှကိုယ်ရမယ် (မှန်ပါ့) သူတစ်ပါးကို ငါ့မဂ္ဂင်ဖောင်ပေါ်လိုက်ခဲ့ဆိုလို့ (မရပါ ဘုရား) သေချာပလား (သေချာပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ လောကကြီးထဲက ဘယ်လိုဖြစ်နေသတုန်းလို့ မေးတဲ့အခါကျတော့ ငါတို့တော့မသွားနိုင်ဘူး မင်းတို့သွား (မှန်ပါ့)။
မင်းတို့သွားလို့ရတာလဲ ဒို့ကဒီက အတူတူပေါ့ကွာ တဲ့ (မှန်ပါ့) အဲဒါက ဒါနကုသိုလ်သီလကုသိုလ်ရတယ် (မှန်ပါ့) မဂ္ဂင်ကျတော့ (မရပါ ဘုရား)။
မဂ္ဂင်ကျတော့မရဘူး (မှန်ပါ့) ဒီပါဠိတော်ရွတ်လိုက်ပါ ဒကာကြွယ်ဘာတဲ့တုန်း (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိပါ ဘုရား) ပစ္စတ္တံ အသီးသီး ကိုယ်လုပ်မှကိုယ် (မှန်ပါ့) ဝိညူဟိ ပညာရှိမှတဲ့ (မှန်ပါ့) ပညာရှိမှလည်း အသီးအသီး ကိုယ်လုပ်တဲ့မဂ္ဂင် ကိုယ်ရတယ်တဲ့ သားမယားများမပေးနိုင်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိသိသဖြင့် မိန်းမကလဲ ယောကျာ်းလုပ်နေတာကို ကိုယ်တစ်ဝက် ဆိုင်တယ်လို့ မယူပါနဲ့ (မှန်ပါ့) ဒါနအမွေသီလအမွေလို မဟုတ်ပါဘူးတဲ့ မဂ္ဂင်အမွေကမရနိုင်ဘူးတဲ့ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဦးမာဒင်တို့ဘယ်နှယ်လုပ်ကြမတုန်း (ကိုယ်လုပ်မှကိုယ်ရမှာပါ) ကိုယ့်အလုပ် ကိုယ်တိုင် ဖြစ်အောင်လုပ် (လုပ်ရမှာပါ ဘုရား) ဒါမှအခုနပြောတဲ့ မဲ့သေတွေ္ဂရုပ်သိမ်း၍ ပြုံးသေ အဖြစ်သို့ ပြောင်းပါလိမ့်မယ် (မှန်ပါ့)။
မဲ့သေတွေ ရုပ်သိမ်း၍ (ပြုံးသေအဖြစ် ပြောင်းပါလိမ့်မယ် ဘုရား) ပြုံးသေအဖြစ် ပြောင်းပါလိမ့်မယ် ဆိုတဲ့ ဥစ္စာ လောကကြီးမှာ လူတစ်လုံးသူတစ်လုံး လုပ်ပြီး သကာလ လူပုံအလယ်မှာတင့်တင့်တယ်တယ် နေငြားသော်လည်း သေခါနီးမှမဲ့ပြီး မျက်ရည်တွေကျလာရတော့ အရှက်ကွဲလိုက်တဲ့ဖြစ်ခြင်း မပြောနဲ့တော့ (မှန်ပါ့) ကြောက်စရာမကောင်းဘူး လား (ကောင်းပါတယ်) အရှက်ကွဲတာမှ အကြီးအကျယ်ကွဲတာပဲ (ကွဲပါတယ် ဘုရား)။
သံသရာဘေးကျတော့လဲ
ကဲ သံသရာဘေးကျတော့လဲ အလိုလေးအမယ်လေးနဲ့ အပါယ်ထဲမှာသံရည်ပူတွေသောက်ပြီး သံတွေခဲတွေ စားပြီး သကာလ သံထွေပြားကြီးပေါ်မှာလှဲအိပ်ပြီး သကာလ ပဲကွပ်တွေနဲ့ တိရစ္ဆာန် ခုတ်သလို ခုတ်ပြီး ရွေချနေတဲ့သွေးတွေက မီးတွေထတောက်ပြီး ကိုယ်ပြန်လောင်နေတဲ့ကိစ္စဟာ အပါယ်ငရဲကိစ္စ (မှန်ပါ့ ဘုရား)။
ဒါတွေကျတော့ တွေးမှတွေးဝံ့ကြရဲ့လား (မတွေးဝံ့ပါ ဘုရား) မတွေးဝံ့ဘူးဆိုတဲ့ဥစ္စာ ဦးမာဒင်တို့ ဦးသန်းမောင် တို့ ဦးဘထွေးတို့ သေချာတော့ (သေချာပါတယ် ဘုရား)။
ဒီနေရာသွားမှ ကြည့်ရဲပါ့မလား (မကြည့်ရဲပါ) ကိုယ်ကိုယ်တိုင်ဖြစ်ရမယ်ဆို ခံရဲပါ့မလား (မခံရဲပါ ဘုရား)။
အဲဒါမဂ္ဂင်ကတော့ကယ်နိုင်မယ်နော် (မှန်ပါ့) မဂ္ဂင်ကတော့သေသေချာချာ ကယ်နိုင်ပါတယ် (မှန်ပါ့) ဒကာကြွယ်ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကိုင်း ဒါလောက်ခင်ဗျားတို့ကို အကျိုးအကြောင်းသိပြီး သကာလ ဒီအလုပ်မလုပ်မဖြစ်တဲ့ အထဲမှာထည့်ပါတော့ ဆိုတော့ဆိုတာ ဘုန်းကြီးတိုက်တွန်းဖို့မလိုပါဘူး ကိုယ့်ကိုယ်သနားရင်လုပ် (မှန်ပါ့)။
ဘယ်လိုမှာသတုန်း (ကိုယ့်ကိုသနားရင်လုပ်) ကိုယ့်ကိုသနားရင်ဖြင့်လုပ်ကြပါ (မှန်ပါ့) ပိုက်ဆံလဲမကုန်ပါဘူး (မကုန်ပါ ဘုရား) ဉာဏ်ထုတ်ရုံပါ (မှန်ပါ့)။
ခန္ဓာကပြောတာကို ဉာဏ်ကခေါင်းညိတ်
ဉာဏ်ကလေးနဲ့ ခန္ဓာလှည့်ပြီး ကြည့်လိုက်လို့ရှိရင် ခန္ဓာကပြောတာကို ဉာဏ်ကခေါင်းညိတ်လိုက်ပါ (မှန်ပါ့)။
ခန္ဓာကပြောတာကို (ဉာဏ်ကခေါင်းညိတ်လိုက်ပါ) ခန္ဓာကအနိစ္စပြောလဲ ဪ အနိစ္စပဲလို့ ဉာဏ်ကခေါင်းညိတ် လိုက် (မှန်ပါ့) ခန္ဓာကဒုက္ခပြောရင် (ဒုက္ခခေါင်းညိတ်လိုက်ပါ) ဉာဏ်ကဪ ဒါဒုက္ခလို့ပြောတယ်ဆိုပြီးလိုက်နေ (မှန်ပါ့) အဲ့ဒါဝိပဿနာအလုပ်မှတ်ပါ (မှန်ပါ့ ဘုရား)။
ဦးမာဒင် ကျေနပ်ပလား (ကျေနပ်ပါပြီ) မပြောတဲ့ ခန္ဓာရယ်လို့ရှိရဲ့လား (မရှိပါ ဘုရား)။
မပြောတဲ့ခန္ဓာရယ်လို့မရှိတာ ဘုန်းကြီးရှင်းပြမယ် (မှန်ပါ့) မပြောတဲ့ခန္ဓာရယ်လို့မရှိပါဘူး ခန္ဓာကဘာတုန်း ဆိုလို့ရှိရင်ဖြင့် ဝေဒနာက္ခန္ဓာဆိုလို့ရှိရင်ဖြင့် ကျုပ်သုခဝေဒနာရယ်လို့ ဖြစ်ပြီးပျက်ပြီဆိုတာ ခန္ဓာကပြောတာ (မှန်ပါ့) ဒုက္ခဝေဒနာကလေးကဖြစ်ပြီး ပျက်ပြီဆိုတာကော (ပြောပါတယ် ဘုရား)။ ဥပေက္ခာဝေဒနာက ဖြစ်ပြီးပျက်ပြီဆိုတာကော (ခန္ဓာကပြောပါတယ်) အဲခန္ဓာကပြောတာ ဉာဏ်ကခေါင်းညိတ်လိုက် (မှန်လှပါ ဘုရား)။
ခန္ဓာကပြောတာကို (ဉာဏ်ကခေါင်းညိတ်လိုက်ရပါမယ်) ဉာဏ်ကခေါင်းညိတ်ပြီး လိုက်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ ဆိုရင်ဖြင့် ခန္ဓာကအပြောသမား (မှန်ပါ့)။
ဉာဏ်ကခေါင်းညိတ်သမားဆိုတော့ ဒီဉာဏ်သည်အားလုံးမှတ်ပါ ဘယ်လှိုင်းဘယ်လေဘယ်ဂယက်မှ မမိနိုင်တဲ့ မဂ္ဂင်ဆိုတာ ဒီဉာဏ်ကိုဆိုတာ (မှန်ပါ့) သေချာကြပလား (သေချာပါပြီ ဘုရား)။
ဘယ်လှိုင်းဘယ်လေဘယ်ဂယက်ကြောင့်မှ မပျက်စီးနိုင်ဘူးဆိုတဲ့ ဥစ္စာလောကဓံလေ ဘာပဲတိုက်တိုက် မပျက်စီး ဘူးဆိုတဲ့ ဥစ္စာဒီမဂ္ဂင်ကိုဆိုတာ (မှန်ပါ့) ခေါင်းညိတ်တဲ့ဉာဏ်သည်မဂ္ဂင်ပါဘဲ (မှန်ပါ့)။
ခေါင်းညိတ်တဲ့ဉာဏ်သည် (မဂ္ဂင်ပါ ဘုရား) ဒကာကြွယ်ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ကဲ ဦးမာဒင်တို့ ဦးသန်းမောင်တို့ နားလည်ပါပြီ (နားလည်ပါပြီ) ဒါဖြင့်ကိုယ့်ကို သနားရင်ဘာလုပ်ရမလဲ (မဂ္ဂင်လုပ်ရပါမယ် ဘုရား)။
မဂ္ဂင်အလုပ်ဟာ တခြားမှာရှိသလား၊ ခန္ဓာကပြောတာဉာဏ်နဲ့ ခေါင်းညိတ်တာမဂ္ဂင်ပဲလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။
ဉာဏ်နဲ့ခေါင်းညိတ်တာမဂ္ဂင်
ခန္ဓာကပြောတာကို (ဉာဏ်နဲ့ခေါင်းညိတ်တာမဂ္ဂင်ပါ) ဉာဏ်ကခေါင်းညိတ်ရင် ဒါမဂ္ဂင်အစစ်သာမှတ် (မှန်လှပါ ဘုရား)။
ဪ ဒါဖြင့် မဂ်ရပါလို၏လို့ ဆုတောင်းလို့ဝမ်းထဲ ရောက်လာတာလား ခန္ဓာကပြောတာဉာဏ်နဲ့ ခေါင်းညိတ် လိုက်လို့အဲဒီ ဉာဏ်ကမဂ္ဂင်ဖြစ်တာလားမေးရင် ဘယ်နှယ်ဖြေကြမလဲ (ခန္ဓာကပြောတာဉာဏ်က ခေါင်းညိတ်လိုက်လို့ မဂ္ဂင်ဖြစ်တာပါ ဘုရား) ဉာဏ်ကမဂ္ဂင်ဖြစ်လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူကမဂ္ဂင်ဖြစ်ပါလိမ့် (ဉာဏ်ကမဂ္ဂင်ဖြစ်ပါတယ်) အဲဒါကြောင့် ဒကာ ဒကာမတို့ ဉာဏ်ဟာမဂ္ဂင်လို့မှတ် လိုက်စမ်းပါ (မှန်ပါ့)။
ဉာဏ်ဟာဘာတုန်း (မဂ္ဂင်ပါ) အဲဒီတော့ ကိုယ့်ခန္ဓာကပြောလို့ ကိုယ်ခေါင်းညိတ်လို့ ကိုယ်မဂ္ဂင်ရတာ ဒကာ ဒကာမတို့ ကိုယ့်မဂ္ဂင်ဖောင်ကြီးဟာ ကိုယ့်ဝမ်းထဲမှာဖြစ်တယ် (မှန်ပါ့ ဘုရား)။
ကိုယ့် သားသမီးဝမ်းထဲမှာဖြစ်သလား (မဖြစ်ပါ ဘုရား) ဪ ခင်ပွန်းမတွေဝမ်းထဲမှာကော (မဖြစ်ပါ ဘုရား)။
ဒါဖြင့် အသီးအသီးသာရတယ် “ပစ္စတ္တံ အသီးအသီး ဝေဒိတဗ္ဗော သိအပ်၏ ရအပ်၏ (မှန်ပါ့) ဉာဏ်နဲ့ ခေါင်းညိတ်တဲ့ပုဂ္ဂိုလ်ရတာကွတဲ့ ဘယ်သူကပေးလို့မှရတာမဟုတ်ဘူးတဲ့ (မှန်ပါ့)။
သားများ၊ မယားများကို ကိုယ်ရထားပေမယ့် သူမှခေါင်းမညိတ်ရင်သူမရဘူး (မှန်ပါ့ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ ကိုယ့်ကိုသနားရင်ဘာလုပ်ရမလဲ (မဂ္ဂင်လုပ်ရပါမယ်) မဂ္ဂင်အလုပ်ကို လုပ်ရမယ်ဆိုတဲ့ ဥစ္စာဖြင့် ထိပ်သံမှိုစွဲသလို ဒကာကြွယ်မှတ်ရမယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒီဥစ္စာဘုန်းကြီးဘာပြောနေတာတုန်းလို့မေးလို့ရှိရင်ဖြင့် တဏှာသင်္ခယသုတ်ကိုပြောနေသည် (မှန်ပါ့) တဏှာက တဏှာ သင်္ခယကကုန်တာ တဏှာကုန်တာကိုပြောမလို့ (မှန်ပါ့)။
မဂ်ရတဲ့ပုဂ္ဂိုလ်တဏှာကုန်တယ်
မဂ်ရတဲ့ပုဂ္ဂိုလ် (တဏှာကုန်ပါတယ်) အဲ့ဒါကြောင့်သိကြားမင်းကြီးသည် ဥယျာဉ်တော်ထွက်ရင်းမတ္တနဲ့ ဧရာဝဏ် ဆင်ကြီးစီးပြီး သကာလ အပျော်အပါးရယ်လို့ သိန်းပေါင်းများစွာသော နတ်သားနတ်သမီးတွေနဲ့ အပျော်အပါးထွက်လာ တုန်းပဲ တဏှာအမြန်ဆုံးကုန်တဲ့နည်း (ဝါ) မဂ္ဂင်ဖောင်ကိုယ်ပိုင်ရတဲ့နည်းဟာဖြင့် ဘယ်နည်းပါလိမ့်မလဲလို့ သူ့စိတ်ထဲပေါ် လာတယ် (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ ပေါ်လာခြင်း ဪ ဒီဥယျာဉ်ထဲမှာနတ်သားနတ်သမီးတွေနဲ့ ပျော်လိုက်ပါးလိုက်တီးကြမှုတ်ကြ ခုန်ကြလို့ရှိရင် ဒီအကြံကလေးအခု တဏှာအမြန်ကုန်တဲ့နည်း ဘယ်နည်းပါလိမ့်မတုန်းဆိုတဲ့ တွေးလုံး ကလေးပျောက် သွားချေရဲ့ဆိုပြီး သကာလ ကပျာကယာ ဆင်ပေါ်ကဆင်းပြီး လူပြည်မှာပုဗ္ဗါရုံကျောင်းတွင် ဘုရား သီတင်းသုံးနေတုန်း ဦးမာဒင်ရောက်လာတယ် (မှန်ပါ့) ကွေးသည့်လက် ဆန့်သလောက်နဲ့ ရောက်လာတယ် (မှန်ပါ့) သိကြားဆင်းလာတာ ရိပ်မိ ပြီ (ရိပ်မိပါပြီ ဘုရား)။
အဲဒီတွင်မှ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူဝင်လျှောက်တယ် (မှန်ပါ့) အရှင်ဘုရား တရားလဲသုတ်သုတ် ဟောတော်မူပါဘုရား (မှန်ပါ့) “ကိတ္တာဝတာ နုခေါ ဘန္တေ တဏှာသင်္ခယ ဝိမုတ္တောဟောတိ” ဘယ်ကဲ့သို့များ အားထုတ်ရ လု့ိရှိရင်ဖြင့် တဏှာအမြန်ကုန်တဲ့ မဂ္ဂင်ဖောင်ကြီး ကိုယ်ပိုင်ရပါ့မလဲ (မှန်ပါ့ ဘုရား) ဒါမေးတာပဲ (မှန်ပါ့)။
အမြန်ဆုံးကုန်တဲ့နည်း သိချင်ပါတယ်
အရှင်ဘုရား ဒီဥစ္စာကိုလဲ တပည့်တော်ကလဲ ဥယျာဉ်ထဲမှာပျော်မလို့ ပါးမလို့ ဟိုမှာအဆင်သင့်ပြင်ထားခဲ့ ပြီးသား ဥယျာဉ်ဝမှာသတိရတာနဲ့ ထွက်လာတာဘုရား မြန်မြန်ဟောပါတဲ့ (မှန်ပါ့) အမြန်ဆုံးကုန်တဲ့နည်း တပည့်တော် သိချင်ပါတယ် (မှန်ပါ့ ဘုရား) မဂ္ဂင်ဖောင်ကြီးကိုကိုယ်ပိုင်ရချင်တယ် ပြောတာပါဘဲ (မှန်ပါ့)။
အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာ တဲ့ ဝေဒနာမင်းတို့ ခန္ဓာကိုယ်ထဲမှာ သိကြားမင်း ကျတော့ သိကြားမင်းနဲ့ လျော်တဲ့တရား ဟောတယ်လို့မှတ်ပါ (မှန်ပါ့)။
မင့် ခန္ဓာကိုယ်ထဲမှာ ဝေဒနာသုံးပါးရှိတယ်ဟေ့ တဲ့ (မှန်ပါ့) သိကြားကိုဟောပြီ ဒကာ ဒကာမတို့ (မှန်ပါ့) သိကြားခန္ဓာထဲမှာ ဝေဒနာဘယ်နှစ်ပါးရှိသတုန်း (သုံးပါးရှိပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ) ခင်ဗျားတို့ခန္ဓာ ထဲမှာကော (သုံးပါးရှိပါတယ် ဘုရား)။
ခင်ဗျားတို့ ခန္ဓာထဲမှာလဲ ဒကာကြွယ် သုံးပါးရှိတယ် (မှန်ပါ့) ဒကာကြွယ်တို့ဝမ်းသာတယ်ဆိုတဲ့ စိတ်ကလေး ကော မပေါ်လာဘူးလား (ပေါ်ပါတယ် ဘုရား) အဲဒါသုခဝေဒနာဘဲ (မှန်ပါ့)။
တစ်ခါတစ်လေ ကျုပ်ဖြင့်စိတ်ပျက်တယ်ဆိုတာကော (ဒုက္ခဝေဒနာပါ ဘုရား) ကျုပ်ဖြင့်နေရတာသည်ကား လို့ဆိုရင် ဝမ်းသာ၊ ဝမ်းနည်းကင်းပါရဲ့လားဆိုတော့ (ဥပေက္ခာဝေဒနာပါ ဘုရား)။
အဲဒီတော့ ဝမ်းသာတာလဲ ဝမ်းသာတဲ့စိတ်ကို ကျုပ်ကို ဪ နောက်ကနေပြီး သကာလ ရှိသေးသလားပဲကြည့် (မှန်ပါ့) မရှိဘူးလို့သိရင် မဂ်ရပြီ (မှန်ပါ့) ဝမ်းနည်းတဲ့စိတ်ကလေးလဲ ပြန်ကြည့် (မှန်ပါ့)။
တာရှည်မနေနဲ့ ဒီဝမ်းနည်းတဲ့စိတ်ကလေးဟာ ရှိသေးသလား ပြန်ကြည့် (မှန်ပါ့ ဘုရား) မရှိမှန်းသိလို့ရှိရင် မဂ်ရပြီအောက်မေ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝမ်းသာ ဝမ်းနည်းတဲ့စိတ်ကလေး ပေါ်နေတယ် ဝေဒနာကလေးပေါ်နေတယ် စိတ်နဲ့ဝေဒနာအတူတူပဲ (မှန်ပါ့) ဒါကလေးပေါ်လာလဲ ရှိသေးသလားလို့ပြန်ကြည့် (မှန်ပါ့) ကြည့်လိုက်တော့ ဘာတွေ့မယ်ထင်သတုန်း (မရှိတာ တွေ့ပါတယ် ဘုရား)။
မဂ်ဟာ မရှိတာသိလို့ ပေါ်တာ
မရှိတာတွေ့တော့ မရှိတာသည် ဒကာ ဒကာမတို့ အနိစ္စဟုတ်လား (မှန်ပါ့) သိတာသည် (မဂ္ဂပါ ဘုရား)။
ဒါက ကဲ အားလုံး ဒကာ ဒကာမတွေ တရားတစ်ပွဲလုံးပဲတွေးကြပေတော့ ဒီမဂ်ဟာအလိုလိုပေါ်တာလား မရှိတာသိလို့ ပေါ်တာလား (မရှိတာသိလို့ပေါ်တာပါ ဘုရား)။
ဒါဖြင့် ဟိုဒကာ ဒကာမတွေက ကိုယ့်ခင်ပွန်းမတွေက မရှိတာမသိတော့ သူတို့မဂ်မရဘူး (မှန်ပါ့) ယောကျာ်းတွေ က ဘုန်းကြီးပြောတဲ့အတိုင်း ဝိပဿနာရှုလိုက်လို့ မရှိတာသိလိုက်ရင် (မဂ်ရပါတယ် ဘုရား)။
အဲဒီမဂ်ကပဲ မင်း အမျှယူတော့ ဆိုလို့ရပါ့မလား (မရပါ ဘုရား) ဘယ်ရမလဲ ကိုယ့်ပဋိစ္စသမုပ္ပါဒ် ကိုယ်ဖြတ်တာ ဦးမာဒင် (မှန်ပါ့)။
ကိုယ့်ဝမ်းထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို (ကိုယ်ဖြတ်တာ ဘုရား) ကိုယ့်မဂ္ဂင်ကဖြတ်တယ် (မှန်ပါ့) သဘောကျပ လား (ကျပါပြီ)။
ဟို ဒကာမခန္ဓာ သားသမီးခန္ဓာသွားပြီး ဒီမဂ်ကသွားပြီးဖြစ်နိုင်ရဲ့လား (မဖြစ်နိုင်ပါ ဘုရား) ဒါကြောင့်အမျှ ပေးလို့မရဘူး (မှန်ပါ့) ဆိုတော့ခုနင်က ပါဠိဟာ ဒကာကြွယ်ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုန်း ပြန်ရွတ်စမ်းပါ အုံး (ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိပါ ဘုရား)။
ဝိညူဟိ ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်တို့သည်သာလျှင် ပစ္စတ္တံ အသီးအသီးကိုယ်ပိုင် ဟော အသီးအသီး ကိုယ်ပိုင်ရတယ် (မှန်ပါ့) ဝေဒိတဗ္ဗော ရအပ်သိအပ်၏ (မှန်ပါ့) ဪ ကိုယ်အားထုတ်မှကိုယ်ရတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ဘာတဲ့ (ကိုယ်အားထုတ်မှကိုယ်ရပါတယ် ဘုရား) ဘေးက သာဓုတန်းကနေလို့ (မရပါ ဘုရား)။
သာဓုတန်းကနေလို့မရပါ
ခင်ဗျားတို့က ဘယ်သူဘာလုပ်တယ်ဆိုရင် သာဓု သာဓုတဲ့ (မှန်ပါ့) ဘယ်သူဘာလုပ်တယ်ဆိုရင် (သာဓု သာဓုပါ ဘုရား) အဲ သာဓုတန်းကမရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ကနဂိုရ်က သာဓုတန်းကနေတော့ ရလိမ့်မယ်ထင်နေတယ် (ထင်ခဲ့ပါတယ် ဘုရား) ရပါတယ်တဲ့ ခင်ဗျားတို့ထင်တာတော့ ဒါနအမျှပေးလို့ သာဓုတန်းကရပါတယ် (မှန်ပါ့) သီလဆောက်တည်တာတွေ အမျှ အမျှဆိုရင် ရပါတယ် (မှန်ပါ့)။
ဒီမဂ်ဉာဏ်ကတော့ဖြင့် သူ့ဝမ်းထဲသူဖြစ်တာ ဖြစ်နေသောကြောင့် သူ့ပဋိစ္စသမုပ္ပါဒ်သာသူဖြတ်တာ သူများ ပဋိစ္စသမုပ္ပါဒ် ဦးမာဒင် ဖြတ်ပေးရဲ့လား (ဖြတ်မပေးပါ ဘုရား)။
ဒါဖြင့် ဒီမဂ်ုသည်ကားလို့ ဆိုရင်ဖြင့် ကိုယ်သန္တာန်မှာဖြစ်၍ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုယ်ဖြတ်တဲ့ မဂ်ဖြစ်နေသော ကြောင့် ကိုယ်သာရတယ် (မှန်ပါ့)။
ကိုယ်သာဒုက္ခစက်ကိုဖြတ်ပေးသောကြောင့် ကိုယ်သာနိဗ္ဗာန်ရတယ် (မှန်ပါ့) သူများတော့ (မရပါ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
အဲဒါခင်ဗျားတို့ဆိုင်ရာ ဆိုင်ရာကိုလဲ ရှေးမူတွေဖျောက်ပြီး သကာလ ရှေးမူဖျောက်မယ်ဆိုတာကတော့ သာဓု တန်းကနေပြီး သကာလ အချောင်ယူတာရှိသေးတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါက ဒါနတွေသီလတွေရတယ်ဟေ့ တကယ့်မဂ်ဉာဏ်ဖိုလ်ဉာဏ်ပြုံးပြီး သေရမည့်နိဗ္ဗာန်မြင်တဲ့ ဉာဏ်ကတော့ သာဓုတန်းကမရဘူးဟေ့ လို့မှတ်ထားပါ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သာဓုတန်းက (မရပါ ဘုရား) အဲ ဝိပဿနာအလုပ်ကတော့ သာဓုတန်းသမားနဲ့ တခြားစီလို့ ဒကာကြွယ်က သေသေချာချာ မှတ်ပါ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
အဲဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကွာ တဲ့ အမြန်မဂ္ဂင်ဖောင်ကြီးရချင်တယ် ဆိုလို့ရှိရင်ဖြင့် ဝေဒနာသုံးပါးရှိတယ်ကွာ အဲဒီသုံးပါးကို မင်းသည်မင့်သန္တာန်ငါပေးတဲ့မဂ္ဂင်နဲ့ ဒါတွေအပျက်မြင်တဲ့ ဉာဏ်ကလေးသွင်း လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
အပျက်မြင်တဲ့ ဉာဏ်သွင်းရမယ်
ဒါတွေဘာတဲ့ (အပျက်မြင်တဲ့ ဉာဏ်သွင်းရပါမယ် ဘုရား) အင်းဝေဒနာကို အပျက်မြင်တဲ့ ဉာဏ်ကလေးကို မင်းလိုက်စမ်းပါကွာ တဲ့ (မှန်ပါ့)။
ဝေဒနာအပျက်မြင်တဲ့ ဉာဏ်ကလေးသွင်းလိုက်တော့ ဝေဒနာပစ္စယာတဏှာ မလာတော့ဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ)။
ဝေဒနာ ပစ္စယာ တဏှာလာသေးရဲ့လား (မလာပါ ဘုရား) အပျက်မြင်တဲ့ မဂ်ကဝင်ဖြတ်လိုက်တယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
အပျက်မြင်တဲ့မဂ်က (ဝင်ဖြတ်လိုက်ပါတယ် ဘုရား) ထုံးစံကတော့ဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) အဲဒါက ခင်ဗျားတို့ဒီဥစ္စာက ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ဟောတဲ့ ပါဠိတော်လို့မှတ်လိုက် (မှန်ပါ့)။
ဘယ်သူဟောသတုန်း (ဝိပဿနာမလုပ်တဲ့ ပုဂ္ဂိုလ်ဟောတာပါ ဘုရား) မဂ်ရအောင်မလုပ်တဲ့ ပုဂ္ဂိုလ်ကို ဟောတဲ့ ပါဠိ (မှန်ပါ့) မဂ်ရအောင်လုပ်တဲ့ ပုဂ္ဂိုလ်ကိုဟောတဲ့ ပါဠိတော်ကခင်ဗျားတို့ကမရဘူး (မှန်ပါ့) ကဲ ဘုန်းကြီးကသင်ပေးပါ တယ်တဲ့။
သုခဝေဒနာကလေးဟာ ကိုယ်ထဲမှာချမ်းသာတာကလေး ပေါ်တယ် အဲဒီချမ်းသာတာကလေးကို ခင်ဗျားတို့က ရှိသေးသလား မရှိသေးသလား ကြည့်လိုက်တော့ ဖြစ်ပြီးပျက်သွားပြီလို့ မသိဘူးလား (သိပါတယ် ဘုရား) ဒါဖြင့်ဖြစ်ပျက် ကဝေဒနာ (မှန်ပါ့) သိတာက မဂ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဖြစ်ပျက်ကအနိစ္စ သိတာက (မဂ်ပါ ဘုရား) ကိုင်းခင်ဗျားတို့ကို အမြင်ပြပြီ (မှန်ပါ့) ဒကာ ဒကာမတို့ အမြင် ပြလိုက်တဲ့အခါကျတော့ ဝေဒနာနောက်က မဂ်လိုက်တယ် (မှန်ပါ့)။
ဝေဒနာနောက်က မဂ်လိုက်တယ်
ဦးမာဒင် ဘာလိုက်သတုန်း (ဝေဒနာနောက်က မဂ်လိုက်ပါတယ် ဘုရား)။
ဦးသန်းမောင်တို့ ဦးဘထွေးတို့ ကြည့်စမ်းဒီပါဠိတော် (မှန်ပါ့) ဝေဒနာနောက်ကဘာလိုက်သတုန်း (မဂ်လိုက်ပါ တယ် ဘုရား)။
ဝေဒနာကတော့ ဖြစ်ပျက်သွားတယ် (မှန်ပါ့) ဖြစ်ပျက်ကို ဉာဏ်ကမြင်လိုက်တော့ ဉာဏ်ဟာမဂ် ဖြစ်သွားတယ် (မှန်ပါ့ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့ ရထားတဲ့ ပါဠိတော်ကဝေဒနာ ပစ္စယာ တဏှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီကဝေဒနာတို့ကို မဟုတ်တော့ဘူး တဲ့ (မှန်ပါ့) ဖြစ်ပျက်ဆိုကတည်းက (အနိစ္စဖြစ်သွားပါပြီ ဘုရား)။
ဒါဖြင့် ဝေဒနာပစ္စယာ ဒီမှာတော့ အနိစ္စ ပစဈ္စယာ ပညာ (မှန်ပါ့ ဘုရား) အနိစ္စပစ္စယာ နောက်ကပညာလိုက် ပေး။ ဝေဒနာ ပစ္စယာ တဏှာ ပျောက်ကွယ်သွားတယ် (ပျောက်သွားပါတယ် ဘုရား)။
ပျောက်ထွက်သွားတော့ ဒီဥစ္စာကဘယ်လိုပုဂ္ဂိုလ်ပျောက်တာတုန်းဆိုတော့ ဒီခန္ဓာကြီး၏ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်းဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်မှာတော့တဏှာပျောက်တယ် (မှန်ပါ့)။
ဖြစ်ပျက်ရှုတဲ့ ပုဂ္ဂိုလ်မှာ (တဏှာပျောက်ပါတယ် ဘုရား) တဏှာပျောက်ပြီး မဂ်ရတယ် (မှန်ပါ့)
ကြည့်ပါ ကြည့်ပါ ဒကာ ဒကာမတို့ တဏှာပျောက်ပြီ (မှန်ပါ့)။
မင်းဝေဒနာရှုတဲ့
သိကြားက မေးတယ် အရှင်ဘုရား တဏှာကို အမြန်ကုန်နိုင်တဲ့ တရား တပည့်တော် ဟောစမ်းပါဆိုတော့ မင်းဝေဒနာရှုတဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်နှယ်ပြောလိုက်သလဲ (မင်းဝေဒနာရှုလို့ပြောလိုက်ပါတယ်)
ဒကာ ဒကာမတို့ မြင်ကြပြီ (မြင်ပါပြီ ဘုရား) ဝေဒနာရှုတော့ဝေဒနာမြင်ရတာလား တဲ့ ဖြစ်ပြီးပျက်တာမြင်ရ တာလား တဲ့ (ဖြစ်ပြီးပျက်တာမြင်ရတာပါ ဘုရား)။
ဒါဖြင့်ဖြစ်ပျက်ကဖြစ်ပျက် (မှန်ပါ့ ဘုရား) ရှုတာကမဂ် (မှန်ပါ့) ဆိုတာ့ ဦးမာဒင်စဉ်စား ဝေဒနာပစ္စယာလို့ကို အသံထွက်စရာမပါဘူး (မပါပါ ဘုရား) ပါသေးရဲ့လား (မပါပါ ဘုရား)။
သူက ဝေဒနာကိုဟုတ်သေးရဲလား (မဟုတ်ပါ ဘုရား) သူကဖြစ်ပျက် အနိစ္စ (မှန်ပါ့) ဒီဘက်ကဟာတွေကကော (ဖြစ်ပျက်အနိစ္စပါ) ဒီဘက်ကဟာကကော (ဖြစ်ပျက်အနိစ္စပါပဲ)။
ဒါဖြင့် ခင်ဗျားတို့ရထားတဲ့ ပါဠိတော်က မရှုတဲ့ပုဂ္ဂိုလ်ဆိုတာ (မှန်ပါ့)။
မရှုတဲ့ပုဂ္ဂိုလ်ဆိုတာ
ခင်ဗျားတို့ရထားတဲ့ ပါဠိတော်က (မရှုတဲ့ပုဂ္ဂိုလ်ဆိုတာပါ) ရွတ်စမ်း ရွတ်စမ်း ဒကာကြွယ်ခင်ဗျားရထားတဲ့ ပါဠိတော်က (ဝေဒနာပစ္စယာတဏှာပါ ဘုရား) အဲ့ဒါဘယ်ပုဂ္ဂိုလ်ဆိုတာတုန်း (မရှုတဲ့ပုဂ္ဂိုလ်ဆိုတာပါ)။
ကျေနပ်တော့ဦးမာဒင်တို့ (မှန်ပါ့ ဘုရား) ကျေနပ်ပြီဦးသန်းမောင်တို့လဲ (မှန်ပါ့) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) အဲဒါဘယ်ပုဂ္ဂိုလ်ဆိုတာတုန်း (မရှုတဲ့ပုဂ္ဂိုလ်ဆိုတာပါ)။
ရှုတဲ့ပုဂ္ဂိုလ်ကျတော့ ဒီကနောက်ကရှုတဲ့စိတ်လာနေတော့ ဝေဒနာသည်ကားလို့ဆိုရင် ဝေဒနာကတော့ဝေဒနာပဲ ရှုလိုက်တဲ့အခါကျတော့ မရှိတာပဲတွေ့တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မရှိတာပဲတွေ့တာကို ခင်ဗျားတို့ရထားတဲ့ ပါဠိတော်ကျက်ပြီး သကာလ ခင်ဗျားတို့နိဗ္ဗာန်ရောက်သည်ဆိုတဲ့ ပါဠိတော်ကလာထွက်တယ် (မှန်ပါ့ ဘုရား) နိဗ္ဗာန်ရောက်သည်ဆိုတဲ့ ပါဠိတော်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဝေဒနာနိရောဓါ တဏှာနိရောဓေါ (မှန်ပါ့) ဟော တစ်ခါတည်းထွက်လားတယ် (မှန်ပါ့) ဒီကတော့ ဝေဒနာချုပ်မသွားဘူး လား (ချုပ်သွားပါတယ်) ချုပ်သွားလို့ ဖြစ်ပျက်ဖြစ်တာကိုး (မှန်ပါ့ ဘုရား)။
ဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ ဘုရား) ဟော တဏှာနိရောဓေါဆိုတော့ တဏှာချုပ်အောင်လုပ်နိုင်တာ လဲမဂ်ဘဲ (မှန်ပါ့ ဘုရား)။
ဘယ်နှယ်ကြောင့်တုန်းဆိုတော့ ဝေဒနာချုပ်တာကို မဂ်ကမြင်လိုက်လို့ တဏှာနေရာမှာလဲ မဂ်ပေါ်တယ် (မှန်ပါ့) ဝေဒနာနေရမှာလဲ နိရောဓဖြင့် ဝေဒနာချုပ်သွားတယ် (မှန်ပါ့ ဘုရား)။
ဝေဒနာတို့၏ဖြစ်မှုပျက်မှု (ချုပ်သွားပါတယ် ဘုရား) အဲ့ဝေဒနာတို့၏ချုပ်ပျောက်သွားတာမြင်လိုက်တဲ့ အတွက် ဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ ဘုရား)။
ဒကာ ဒကာမတို့ တဏှာနိရောဓေါ နိဗ္ဗာန်ပဲ (မှန်ပါ့) တဏှာချုပ်ရင်ဘာတုန်း (နိဗ္ဗာန်ပါ ဘုရား)။
ဒါကြောင့်ခင်ဗျားတို့ တစ်ဘဝထက်တစ်ဘဝ တဏှာပါး၍ ကိလေသာတွေခေါင်းပါးပြီး သကာလ နိဗ္ဗာန်မဂ်ဖိုလ် ကြီးရက်တိုတိုနဲ့ရပါရစေဘုရား ဆိုလို့လည်းမရပါဘူး (မှန်ပါ့ ဘုရား) ရှုရင်တော့ သူ့ဟာသူချုပ်တယ် (မှန်ပါ့ ဘုရား)။
ဝေဒနာလား နိရောဓလား
ရှုလိုက်တော့ဒါကလေးက ဖြစ်ပျက်ဖြစ်သွားတယ် (မှန်ပါ့) ဖြစ်ပျက်ဖြစ်သွားတော့ ဝေဒနာက ချုပ်မသွားဘူး လား (ချုပ်သွားပါတယ် ဘုရား) ဖြစ်ပျက်ဆိုတော့ ဒါအနိစ္စဖြစ်သွားရော (မှန်ပါ့) အနိစ္စဆိုတာမရှိတာပဲ (မှန်ပါ့) ဒါ ဖြင့်ဒီဝေဒနာသည် ဝေဒနာလားနိရောဓလား (နိရောဓပါ ဘုရား)။
ဒါဖြင့် ဝေဒနာနိရောဓါ (တဏှာနိရောဓေါ) တဏှာနိရောဓေါတိ မဂ္ဂေါ (မှန်ပါ့) တဏှာနိရောဓဆိုတာ မဂ် ပေါ်တာကွတဲ့ဆိုတော့ ဒီမဂ်ဟာမရှုတဲ့ပုဂ္ဂိုလ်ပိုင်သလား ရှုတဲ့ပုဂ္ဂိုလ်ပိုင်သလား (ရှုတဲ့ပုဂ္ဂိုလ်ပိုင်ပါတယ် ဘုရား) အမျှပေး စမ်းဗျာ (မရပါ ဘုရား)။
ကဲသေချာကြပလား (သေချာပါပြီ ဘုရား) အမျှပေးလို့မရပါဘူး (မရပါ ဘုရား) ခင်ဗျားတို့ဟာ ခင်ဗျားတို့ လောကွတ်ချော်ပြီးပေးရင်တောင် သူကမလိုက်ဘူး (မှန်ပါ့)မလိုက်ပါဘူးဆိုတာဖြင့် ဒကာကြွယ်သေချာပြီ (သေချာပါပြီ ဘုရား)။
ကဲ ဒါဖြင့် သိကြားမင်းကြီးက နန္ဒဝန်ဥယျာဉ်ထွက်ရင်း မတ္တနဲ့ တဏှာအမြန်ချုပ်တဲ့တရား တပည့်တော် သနားပါ လို့ လူပြည်ဆင်းပြီး ပုဗ္ဗါရုံကျောင်းမှာ လျှောက်တော့ ဝေဒနာသုံးပါအလှည့်အလည် ရှုကွတဲ့ (မှန်ပါ့ ဘုရား) အင်းဘယ်သူ က ဟောပါလိမ့် (ဘုရားကဟောပါတယ် ဘုရား) အဲ့ဒါတဏှာအမြန်ချုပ်တဲ့နည်းပဲကွဆိုတော့ ဦးမာဒင်ကျေနပ်လောက်ပြီ (ကျေနပ်ပါပြီ ဘုရား)။
သိကြားလျှောက်လို့ ဘုရားကဟောရတဲ့ အဓိပ္ပာယ်မှာလည်း ဒကာ ဒကာမတို့ သံသယမရှိပါနဲ့တော့ (မှန်ပါ့ ဘုရား) ဒီနေ့စာလျှောက်လို့ မဂ္ဂင်အမြန်ရတဲ့နည်း ပြောစမ်းပါဘုရား (ဝါ) တဏှာ အမြန် ချုပ်တဲ့နည်း ပြောစမ်းပါဘုရား ဆိုတော့ဆရာက အခုပုံစံနဲ့ပြောလိုက်တော့ ဝေဒနာဖြစ်တိုင်းဖြစ်တိုင်း ကြည့်လိုက်တာ့ ဉာဏ်နဲ့ကြည့်လိုက်တော့ နှစ်ခု ကတော့ ပြိုင်မဖြစ်ကောင်းဘူး ချုပ်တာပဲဖြစ်ရမှာပဲ (မှန်ပါ့) ချုပ်တာကဘယ်သူချုပ်တာတုန်း (ဝေဒနာချုပ်တာပါ ဘုရား)။
ဝေဒနာချုပ်တာမြင်ရင် မဂ်ရတာပဲ
ဒါဖြင့် ပါဠိဆက်လိုက် ဝေဒနာနိရောဓာ (တဏှာနိရောဓေါပါ ဘုရား) တဏှာနိရောဓေါဆိုတော့ ဒါပဲမဂ်ပဲ (မှန်ပါ့) သေချာပလား (သေချာပါပြီ ဘုရား)။
ဪ ဒါဖြင့် ဝေဒနာချုပ်တာမြင်ရင် မဂ်ရတာပဲ (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာကဘာခန္ဓာပါလိမ့်မတုန်း (ဝေဒနာက္ခန္ဓာပါ ဘုရား)။
ဘယ်တော့ဝေဒနာများကင်းသတုန်း (မကင်းပါ ဘုရား) ချမ်းသာတဲ့အခါလဲ ချမ်းသာတဲ့ဝေဒနာနဲ့ (မှန်ပါ့) ဆင်းရဲ၊ ချမ်းသာကင်းတဲ့အခါ ဥပေက္ခာဝေဒနာနဲ့ (မှန်ပါ့) ဝေဒနာဟာ ဒကာ ဒကာမတို့သန္တာန်ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။
အဲဒီတော့ ဝေဒနာသုံးပါးကိုလှည့်ပြီး ခန္ဓာကြီးရှုနေလိုက်တာ ပေါ်ရာလိုက်ရှုလိုက် (မှန်လှပါ) ပေါ်ရာလိုက်ရှု လိုက်တော့ ဝေဒနာမြင်သလား ချုပ်တာမြင်သလား (ချုပ်တာမြင်ပါတယ် ဘုရား)ဒါဖြင့် ချုပ်တာက ချုပ်တာမြင်တာက မင်္ဂ (မှန်ပါ့)။
ချုပ်တာက (ချုပ်တာပါ ဘုရား) အေးမြင်တာက (မဂ်ပါ ဘုရား)။
ဒါဖြင့်ချုပ်တာက ဒီသုံးမျိုးထဲမှာဝေဒနာနိရောဓါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဝေဒနာနိရောဓါ နောက်ကချုပ်တာမြင်တဲ့ မဂ်မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။
ဦးမာဒင် သေပျော်တဲ့တရား (မှန်ပါ့) သေပျော်တဲ့တရား ဆိုတာ ချီးမြှောက်ပြောတယ်လို့ မယူလိုက်ပါနဲ့ (မှန်ပါ့) ဒီ ဒကာ ဒကာမတွေဒီအတိုင်း လုပ်လို့ရှိရင်ဖြင့် အခုလုပ်အခုရတယ် (မှန်ပါ့)။
အခုလုပ်ရင် (အခုရပါတယ် ဘုရား) အခုရတော့ ဒီဥစ္စာကဪ သူများရသလား လုပ်တဲ့သူရသလား (လုပ်တဲ့ သူရပါတယ်) ဦးလှဘူး သဘောကျပြီ (ကျသွားပါပြီ ဘုရား)။
ကိုင်း ပါဠိတော်ရွတ်ပါအုံး (ဝေဒနာနိရောဓါ တဏှာနိရောဓါ တဏှာနိရောဓေါထိ မဂ္ဂေါပါ ဘုရား) ဟော “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” နဲ့လာကိုက်တယ် (မှန်ပါ့) ပစ္စတ္တံ အသီးအသီး ဝိညူဟိ ဝေဒိတဗ္ဗော လုပ်တဲ့လူသာ ဒီ မဂ်ရတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်ပါပြီ ဘုရား)။
အသီးအသီးရသတဲ့ ဟိုဘက်က ဒကာမတို့လုပ်တဲ့ ဟိုဘက်က ဒကာမတို့ မဂ်ရတယ် (မှန်ပါ့) ဒီဘက်က ဒကာတွေကော သူ့အလုပ်သူလုပ်နေရင်ကော (ရပါတယ်) ဟိုမှာအိမ်မှာ သားရေးသမီးရေး စီးပွားရေးနဲ့ ဘုရားရှိခိုးနေလို့ တော့မရဘူး ဒီမဂ်က (မှန်ပါ့) မရနိုင်ဘူးတဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီမလား)။
ကိုယ်လုပ်မှကိုယ်ရတာ
ဒါဖြင့် ဦးမာဒင် “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့ အဓိပ္ပာယ်ကလေးဟာလဲ ယနေ့ ကိုယ်လုပ်မှ ကိုယ်ရတာ ရှင်းပြီ (ရှင်းသွားပါပြီ ဘုရား)။
သူများအမျှပေးလို့လဲ (မရပါ ဘုရား) မရဘူးဆိုတာလဲ ရှင်းသွားတော့ ဒကာကြွယ်နေရာကျပြီ (ကျပါပြီ ဘုရား)။
အိမ်မှာရှိကြမယ် ခင်ခင်တို့ ကဲ မြေးကလေးတို့ဟုတ်လား (မှန်ပါ့) မလုပ်တော့ရပါမလား (မရပါ ဘုရား) ဘယ်နှယ်ကြောင့်မရသတုန်းလို့ မေးတဲ့အခါကျလို့ရှိရင် သူကဖြစ်ပျက်ကိုမှမမြင်နိုင်ကိုး (မှန်ပါ့) သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမကြီးတို့သည် ဒီမဂ်ရတော့ကို ဟုတ်လား သေခါနီးကျတော့ ဒီမဂ်ရတော့ကို ဟုတ်လား သေခါနီးမှာကျတော့ ဒီမဂ်နဲ့ပဲ ကျုပ်တို့က ခန္ဓာရှုပြီး ဒီမဂ်ကလေးနဲ့ နေလိုက်တဲ့အခါကျတော့ အင်း နောက်ခန္ဓာရမည့် ဘဝတွေကော မြင်ရသေးလား (မမြင်ရပါ ဘုရား)။
ဟင်ဘာမှမမြင်ရဘူး (မှန်ပါ့) ဘဝချုပ်ငြိမ်းတာပဲ မြင်နေတယ် (မှန်ပါ့) နောက်လာမည့်ဒုက္ခတွေ အကုန်လာသေးရဲ့လား (မလာပါ ဘုရား) လူကောင်ဒုက္ခနတ်ကောင်းဒုက္ခတွေ မြင်သေးရဲ့လား (မမြင်ပါ ဘုရား) ငရဲမီး ငရဲမီးလျှံတွေကော (မမြင်ရပါ ဘုရား)။
အင်း ဒုက္ခသိမ်းပေပေါ့ဆိုတဲ့ နိဗ္ဗာန်ကိုပဲမြင်ရတယ် (မှန်လှပါ) မပြုံးပေဘူးလား (ပြုံးပါတယ် ဘုရား)။
အဲ ဒီလိုရထားတဲ့ ပုဂ္ဂိုလ်ကဖြင့် မဲ့သေရွဲ့သေများပါတယ် (မှန်ပါ့) ဒီအလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်က (မဲ့သေရွဲ့သေ များပါတယ် ဘုရား)။
အလောင်းကျအောင် အရှက်ကွဲသေးတယ်
ဒါဖြင့်သေခါနီးမှ အလောင်းကျအောင် အရှက်ကွဲသေးတယ် (မှန်ပါ့) ဘယ်နှယ့်ဆိုကြမလဲ (အလောင်းကျမှ အရှက်ကွဲပါသေးတယ် ဘုရား) ဒကာကြွယ် ကွဲချင်သေးသလား အရှက် (မကွဲချင်ပါ ဘုရား)။
ဒါဖြင့် ဒီဟာကိုယ်ပိုင်ရအောင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုသနားသော အားဖြင့်လုပ်ပါ (မှန်ပါ့) ဘုန်းကြီးကို ကြည်ညိုချင်ကြည်ညို မကြည်ညိုချင်နေ ကိစ္စမရှိပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုယ့်ကိုယ်သနားရင် လုပ်ပါ (မှန်ပါ့) ဟာသူကဆုံးမပေတယ်လို့ ဘုန်းကြီးကို ကြည်ညိုနေလို့ အပိုပဲ (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ကို ဪ ငါ့မှာအနေဆိုးနဲ့ အသေးဆိုးအရောက်ဆိုး ဒါတွေဟာကိုယ့်အတွက် တယ်အရေးကြီးနေပါ လားဆိုရင် ကိုယ့်ကိုယ်ကိုသနားတာနဲ့လုပ်ပါ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့ အလုပ်လုပ်ရမှာတုန်း (ကိုယ့်ကိုယ်ကို သနားလို့ပါ ဘုရား)။
ဒါဖြင့်မလုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဦးဘထွေးတို့ ဦးသန်းမောင်တို့ကဘယ်လိုများ ဆုံးဖြတ်ချက်ချမလဲ (ကိုယ့် ကိုယ်ကို မသနားတဲ့ ပုဂ္ဂိုလ်တွေပါဆရာ)။
အင်း အရောင်းနဲ့အချိန်ကုန်နေတယ် အဝယ်နဲ့အချိန်ကုန်နေတယ် စီးပွားရေးနဲ့အချိန်ကုန်နေတဲ့ပုဂ္ဂိုလ်များ ကျတော့ သွားရာဂတိကလဲ ကိုယ်ကအပါယ်သွားရမယ် (မှန်ပါ့) ဟုတ်လားတကယ်လို့ နတ်ရွာ သုဂတိသွားလဲ ခဏပဲ (မှန်ပါ့) ဟိုကျတော့ ပဋိသန္ဓေနေခြင်း ဆင်းရဲ၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆင်းရဲသေခြင်းဆင်းရဲနဲ့တွေ့ရအုံးမယ် (မှန်ပါ့) မတွေ့ရပေဘူးလား (တွေ့ရပါတယ် ဘုရား)။
အဲဒီပုဂ္ဂိုလ်တွေကျတော့ သူတို့ လိုရင်းမပါဘူး ဘာများလုပ်နေကြပါလိမ့်မလဲလို့ ခင်ဗျားတို့က အခုဘုန်းကြီးပေး ထားတဲ့ ဉာဏ်ကလေးနဲ့တပ်ကြည့်လိုက် (မှန်ပါ့)။
ကိုယ့်ကိုယ်ကိုမသနားတဲ့ ပုဂ္ဂိုလ်တွေ
တပ်ကြည့်လိုက်တော့ ဘယ်လိုပုဂ္ဂိုလ်တွေတုန်းလို့ ဆုံးဖြတ်ချက်ချ (ကိုယ့်ကိုယ်ကိုမသနားတဲ့ ပုဂ္ဂိုလ်တွေပါ) ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီအသုံးဟာ ဦးမာဒင်အင်မတန်အရေးကြီးလို့ပြောပါတယ် (မှန်ပါ့) ကိုယ့်ကိုကိုယ်သနားတဲ့ မသနားတဲ့ပုဂ္ဂိုလ် ဘယ်ဟာပိုများသတုန်း (မသနားတဲ့ပုဂ္ဂိုလ်ကများပါတယ်) သဘောကျပလား (ကျပါပြီ) ကိုယ့်ကိုယ်ကိုမသနားတဲ့ ပေါက်လွှတ်ပဲစားထားတဲ့ ပုဂ္ဂိုလ်ကများတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့်ဘုရားကို ကောသလမင်းကြီးလျှောက်ထားတဲ့အချက်ကို ခင်ဗျားတို့ကြားထိုးပြီးတော့ ဆုံးမလုံးတစ်လုံး ပေးလိုက်ပါတယ် (မှန်ပါ့)။
အရှင်ဘုရားတဲ့လူများဟာ ကိုယ့်ကိုယ်ကိုသနားတယ်ဆိုပြီးတော့ ရောင်းကာ၊ ဝယ်ကာနဲ့မုသားကလေးတွေနဲ့ အမျိုးမျိုးအဖုံဖုံ အသင့်တင့်လည်းလှည့်ပတ်ပြီး လိမ်လည်ကောက်ကျစ်ပြီး သကာလ အပြောကလေးနဲ့ ဖုံးပြီးစားနေကြတဲ့ ပုဂ္ဂိုလ်များဟာကိုယ့်ကိုကို သနားတဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လားတဲ့ (မှန်ပါ့ ဘုရား)။
ဤဟာ ဒကာကြီးအတွေးဟာ သိပ်မှန်တာပဲတဲ့ အဲ့ဒါကိုယ့်ကိုသနားတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်ကိုဝအောင်ကျွေးနေလို့ကိုယ့်ကို သနားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူး (မှန်လှပါ ဘုရား) ရောင်းရေးဝယ်ရေးနဲ့ မုသားကလေးနဲ့ လိမ်လည်ကောက်ကျစ်၍ အမျိုးမျိုးအဖုံဖုံပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဲဒါနဲ့ ရှာကြံကျွေးနေသော ကိုယ့်ကိုယ်ကိုသနားတာမဟုတ်ဘူးတဲ့။ ဒီဥစ္စာကိုယ့်ကိုမသနားတဲ့ ပုဂ္ဂိုလ်၏အလုပ် လို့ ဘုရားကအဖြေပေးလိုက်တယ် (မှန်ပါ့ ဘုရား)။
ဦးမာဒင်ရိပ်မိပြီ (ရိပ်မိပါပြီ) ဒါဖြင့်ကိုယ့်ကိုယ်ကိုသနားတဲ့ ပုဂ္ဂိုလ်၏အလုပ်ကမဂ္ဂင် (မှန်ပါ့) ကိုယ့်ကိုယ်ကို မသနားပဲနဲ့ လုပ်နေတဲ့အလုပ်က စီးပွားရေး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကိုယ့်ကိုယ်ကို မသနားတဲ့အလုပ်က (စီးပွားရေးပါ ဘုရား) စီးပွားရေးဆိုတော့ ကောင်းတာလဲပါတယ် မကောင်း တာလည်းပါတယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ်ကို သနားတဲ့အလုပ်က (မဂ္ဂင်အလုပ်ပါ ဘုရား)။
ချိန်ခွင်ကလေးသာပေး လိုက်တယ်
ဒါဖြင့် ခင်ဗျားတို့ဟာခင်ဗျားတို့ ချိန်ကြပေတော့ (မှန်လှပါ) ဘုန်းကြီးတို့ကနမူနာ ချိန်ခွင်ကလေးသာပေး လိုက်တယ် (မှန်ပါ့ ဘုရား)။
ငါဟာကိုယ့်ကိုယ်ကိုသနားတာ ဒီနေ့ဘယ်နှနာရီတုန်း မသနားတာက ဘယ်နှစ်နာရီတုန်း (မှန်ပါ့ ဘုရား) နာရီနဲ့ချိန်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မလုပ်မိတဲ့အချိန်ကျတော့ ဘယ်နှယ်ဆိုကြမလဲ (မသနားတဲ့အချိန်ပါ ဘုရား) လုပ်မိတဲ့အချိန်ကျတော့ (မသနား တဲ့အချိန်ပါ ဘုရား) အင်းအချိန်နဲ့တွက်လိုက်တဲ့အခါကျတော့ မိုက်ချိန်၊ လိမ်မာချိန် ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဘာပေါ်လာတာတုန်း (မိုက်ချိန်၊ လိမ်မာချိန်ပေါ်လာပါတယ် ဘုရား)။
ဒါဖြင့်မိုက်ချိန်က ခင်ဗျားတို့ကိုယ်တိုင် တွက်ကြည်လို့ရှိရင်ဖြင့် အင်မတန်များလိမ့်မယ် (များပါတယ် ဘုရား) လိမ်မာချိန်ကလေးက (နည်းပါတယ် ဘုရား) ဒါဖြင့်တစ်လမ်းသွားများဖြစ်နေကြမလား (တစ်လမ်းသွားနေပါတယ် ဘုရား)။
သို့သော်လည်း ဒကာ ဒကာမတို့ ရွှေတစ်ကျပ်သားနဲ့ ဂွမ်းခွက်တစ်ဆယ်နဲ့ ထည့်ချိန်ကြည့်လို့ရှိရင်ဖြင့် ဂွမ်းခွက် တစ်ဆယ်ကတော့လေးမှာပဲ (မှန်လှပါ) တန်ဖိုးကိုကြည့်လို့ရှိရင်တော့ ရွှေတစ်ကျပ်သားက များမယ် (များပါတယ် ဘုရား)။
တန်ဖိုးကို ကြည့်ရင် (ရွှေတစ်ကျပ်သားကများပါတယ် ဘုရား)။
အဲဒီတော့ ဒီမဂ္ဂင်အလုပ်လုပ်လို့ရှိရင် ဂွမ်းခွက်တစ်ဆယ်တွေဟာ အကုန်ပျောက်ပါတယ် (မှန်ပါ့ ဘုရား) တန်ဖိုးသူကကြီးတယ် (မှန်ပါ့မလား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တန်ဖိုးက (သူကကြီးပါတယ် ဘုရား) သူကကြီးတယ် သူကရွှေကိုး၊ ဟိုကဂွမ်းခွက်တစ်ဆယ်က ဘာလုပ်ဖို့တုန်း (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ကို ခင်ဗျားတို့ တစ်နေ့နံနက်တစ်ကြိမ် ညတစ်ကြိမ် နေ့လည်တစ်ကြိမ်လောက် အားထုတ်လဲ ထုတ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
တန်ဖိုးများတဲ့ ဥစ္စာဖြင့်သူပဲ
တန်ဖိုးများတဲ့ ဥစ္စာဖြင့်သူပဲဆိုတော့ ခင်ဗျားတို့ တစ်သက်လုံးမိုက်လား ဒီရွှေနဲ့တင်ကျေတယ် (မှန်ပါ့) တစ်သက် လုံး မလိမ်မာခဲ့တာ အခုသိတဲ့အချိန်လိမ်မာလိုက် အကုန်ပျောက်တယ် အကုန်ပျောက်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကလဲဝတ္ထုသက်သေ သာဓကနဲ့တကွအထောက်အထားတွေ ဒကာကြွယ်သိပ်များပါတယ် (မှန်လှပါ) သို့သော် ရှည်နေမှာစိုးလို့ ဒီနေ့ဆုံးမလုံးများပြီးတော့ကို နှစ်လုံးတည်းပဲတရားပါတယ် (မှန်ပါ့ ဘုရား)။
တရားကနှစ်လုံးတည်းပါတယ် ရှုတဲ့ပုဂ္ဂိုလ်မှာဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ ဘုရား) ဟောတဏှာနိရော ဓေါဖြစ်တဲ့ မဂ်ပေါ်တယ်တဲ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မရှုတဲ့ပုဂ္ဂိုလ်တော့ ဝေနာပစ္စယာ (တဏှာပါ ဘုရား) ဟောဝေဒနာတဏှာ ဥပါဒန်ကံဇာတိဇရာ မရဏသွားပြီး ပေါ့ (မှန်ပါ့) ဒါကွာတယ် (မှန်ပါ့ ဘုရား)။
ရှုတဲ့ပုဂ္ဂိုလ်ကသံသရာပြတ်တယ် (မှန်ပါ့) မရှုတဲ့ပုဂ္ဂိုလ်က (သံသရာဆက်ပါတယ် ဘုရား) သံသရာဆက်တယ် ဆိုတာကဲ အားလုံး ဒကာ ဒကာမတွေရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သံသရာဆက်တယ်ဆိုတာ (အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးလွတ်တာကိုဆိုတာ (မှန်ပါ့) ကဲ ဘယ်လောက်ခြားနားသတုန်း (ခြားနားပါတယ်) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီနေ့ဒို့လုပ်လို့ရှိရင် ဘယ်ခရီးပေါက်တယ် ဒို့မလုပ်လို့ရှိရင် ဘယ်လိုခရီးဆက်တယ်ဆိုတာ ဒီနေ့နှစ်လုံးရှင်း သွားပြီ (မှန်ပါ့ ဘုရား)။
လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ဝေဒနာနိရောဓါ (တဏှာနိရောဓေါပါ ဘုရား) ဟော တဏှာနိရောဓေါတိ မဂ္ဂေါ (မှန်ပါ့ ဘုရား)။
တစ်ခါတည်းမဂ်ရတယ်
မဂ်ပေါ်တယ် (မှန်ပါ့ ဘုရား) သဘောကျပမလား (ကျပါပြီ ဘုရား)။
တစ်ခါတည်းမဂ်ရတယ် (မှန်ပါ့) မဂ်ရတော့ ကိလေသာတွေအကုန်ကုန် (မှန်ပါ့) ကိလေသာကုန်တော့လဲ တဏှာနိရောဓေါနိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။
ဪ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ရတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲမလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဒီဝေဒနာတွေကတော့ပေါ်မှာပဲ (မှန်ပါ့ ဘုရား) ဝေဒနာပစဪ ္စယာ တဏှာဆိုတော့ ဆက်သွားမယ် တဏှာပစ္စယာ (ဥပါဒန်နံပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဟောသွားပြီတဲ့ ဇာတိပေါင်းဘယ်လောက်မှန်းမသိဘူးတဲ့ (မှန်ပါ့) ပဋိသန္ဓေနေရမည့်ဘဝပေါင်းဘဝပေါင်း ဘယ်လောက်မှန်းမသိဘူး တဲ့ (မှန်ပါ့ ဘုရား) ဘယ်လောက်ကြောက်စရာကောင်းသတုန်း (ကောင်းပါတယ် ဘုရား)။
ဒါ ဘယ်ပုဂ္ဂိုလ်မှာဆက်သွားတာတုန်း (မရှုတဲ့ပုဂ္ဂိုလ်မှာပါ ဘုရား) အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာဆက်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့်အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ဒါ တန်းထားလိုက် ဒီမဂ္ဂင်သွင်းလိုက် (မှန်ပါ့ ဘုရား) ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ဒါကလေးတွေဟာ ရှိသေးသလား မရှိတော့ဘူးလား ကြည့်လိုက်တဲ့အခါကျတော့ မရှိမှန်းမသိပေဘူးလား (သိပါတယ် ဘုရား) မရှိတာကအနိစ္စ သိတာက မဂ္ဂ (မှန်ပါ့)။
ဒီမဂ်ဝင်လိုက်တဲ့အတွက်
ဒီဘက်ကမရှိတာက (အနိစ္စပါ) သိတာက (မဂ္ဂပါ) ဒီမဂ်ဝင်လိုက်တဲ့အတွက် ဒီအစဉ်ကြီးဟာ တန်းမလို့တန်း စရာ အဆက်အစပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
မပေါ်တဲ့အတွက် တဲ့ ဒီဘက်မှာ တဏှာချုပ် ဥပါဒန်ချုပ် ကံချုပ် ဇာတိဟူသ၍ (ချုပ်ပါတယ် ဘုရား) အကုန် ချုပ်စေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဘယ်သူကချုပ်စေတာတုန်း (မဂ်ကချုပ်စေတာပါ ဘုရား) ဒါဖြင့်တပည့်တော်တို့ဟာ ဝေဒနာပစ္စယာ တဏှာကို ဖြင့်ရပ်ပါပြီ (မှန်ပါ့)။
”ဝေဒနာနိရောဓါ တဏှာနိရောဓေါ” နဲ့ပဲတပည့်တော်တို့ ကြိုးစားပါတော့မယ်ဆိုတဲ့ဥစ္စာ ကိုယ့်ကိုယ်သနားရင် ဆုံးဖြတ်ချက်ချ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ကဲ ယနေ့ ဒီတွင်တော်ကြအုံးစို့။
သာဓု သာဓု သာဓု။