သုတဝါအရိယသာဝကဖြစ်မှ ဒိဋ္ဌိပြုတ်ကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားတော်မူူသော
( ၁၆-၉-၆၁ )
” သုတဝါ အရိယသာဝကော “ ဖြစ်မှ
” သုတဝါ အရိယသာဝကော “ ဖြစ်မှ ဒိဋ္ဌိပြုတ်မယ် (မှန်ပါ့ ဘုရား)။
”သုတဝါ အရိယဿဝကော” ဖြစ်မှ (ဒိဋ္ဌိပြုတ်ပါမယ် ဘုရား) ဒိဋ္ဌိပြုတ်လို့ရှိရင်လဲ သောတာပန် တည်ပဲလို့ ဒကာ ဒကာမတွေ မှတ်ထားပါ (မှန်ပါ့)။
ဒိဋ္ဌိပြုတ်အောင် ဒကာ ဒကာမတွေ ကြိုးစားကြမယ်ဆိုရင်ဖြင့် တဏှာတော့ကျန်ဦးမယ် (မှန်ပါ့) ကျန်ပင် ကျန်ငြားသော်လဲ အပါယ်ကျတဲ့တဏှာ မရှိပါဘူး (မှန်ပါ့) အပါယ်ကျတဲ့မာနလဲ (မရှိပါ ဘုရား) ဪ ဒါဖြင့်ဒိဋ္ဌိထဲမှာ ရောပါသွားလို့ပဲ (မှန်ပါ့ ဘုရား)။
ဒိဋ္ဌိထဲမှာ တစ်ခါတည်း ဒကာ ဒကာမတို့ အပါယ်ကျစေတတ်တဲ့တဏှာ အပါယ်ကျစေတတ်တဲ့ မာနရော ပါသွားတယ် (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒိဋ္ဌိကိုသာ အရေးတကြီး ဖြုတ်ကြပါစို့ ဆိုတဲ့ ဥစ္စာကိုလဲ သတိပေး ရတယ် (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ဘာလုပ်ရမလဲ
အဲဒီ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ဘာလုပ်ရမလဲလို့ မေးတဲ့အခါကျတော့ သုတဝါလဲ ရှိရမယ် (မှန်ပါ့) အရိယ သာဝကောလဲ ဖြစ်ရမယ် (မှန်ပါ့ ဘုရား)။
ဘုရားက ဒီဥစ္စာကို ဘယ်ပါဠိတော်မဆို ဒိဋ္ဌိခန်းနဲ့ ပတ်သတ်လာလို့ရှိရင် “သုတဝါ အရိယသာဝကော ၊ သုတဝါ အရိယာသာဝကော” ဒကာကြွယ် အလွန်ဟောလေ့ရှိတယ် (မှန်ပါ့) သုတဝါ= ပညာနားနဲ့ကြားဖူးခြင်းရှိသော ၊ ဒိဋ္ဌိဖြုတ်နည်းကို ပညာနားနဲ့ ကြားဘူးမှတဲ့ (မှန်ပါ့) ပကတိနားနဲ့ ကြားလို့မရဘူူး (မှန်ပါ့)။
ဒါဖြင့် ဘယ်နားနဲ့ ကြားရမလဲ (ပညာနားနဲ့ ကြားရပါမယ် ဘုရား) ပညာနားနဲ့ကြားဖူးမှတဲ့ (မှန်ပါ့) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့်ကျုပ်တို့လို အခုကြားနေတဲ့နားက အလကားနား (မှန်ပါ့) အလကားနားဖြစ်နေတယ် (မှန်ပါ့) သုတဝါ= ပညာနားနဲ့ ကြားဖူးခြင်းရှိသော တဲ့ (မှန်ပါ့) အရိယာသာဝကော=အရိယာတို့၏တရားကို မှတ်သားကျင့်ကြံသောတဲ့၊ သာဝကောဆိုပေမဲ့လဲ တပည့်ရိုးရိုးဆိုရုံနဲ့ မဖြစ်သေးဘူး (မှန်ပါ့) အရိယသာဝကော= အရိယာတို့၏တရားကို မှတ်သားကျင့်ကြံလေ့ရှိသော တဲ့ (မှန်ပါ့)။
ဪ အရိယာတို့၏တရားကိုလဲ ကိုယ်ကကျင့်ကြံတဲ့ တပည့်ဖြစ်ရဦးမယ်တဲ့ (မှန်ပါ့)။
ဒါဖြင့် ပညာနားနဲ့ ကြားဖူးတာကို အရိယာတို့ ဟောတဲ့တရားကိုပညာနားနဲ့ ကြားဖူးတာကတော့ ၁-နံပါတ် အချက် (မှန်ပါ့) ကြားဖူးတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်ရမှာကလဲတစ်ချက် (မှန်ပါ့ ဘုရား)။
ဤနှစ်ချက်ရှိလို့ရှိရင် ဒကာ ဒကာမတို့ အပါယ်လေးပါးတံခါးပိတ်စေနိုင်တဲ့ ဒိဋ္ဌိပြုတ်နည်း နိဿယည်းဟာဖြင့် ဒကာကြွယ် ပူစရာမရှိပါဘူး (မှန်ပါ့)။
ဒါဖြင့်အရေးကြီးတာ ဘာပါလိမ့်မတုန်း ၊ သုတဝါ=ပညာနားနဲ့ ကြားဖူးကြကုန်သောဆိုတာ အရေးကြီးတယ် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒီနေ့ဖြင့် ပညာနားနဲ့ ကြားဖူးအောင်လဲ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေကို ဘယ်ယူ ပို့ဆောင်လိမ့်မယ်လို့ မှတ်တာပေါ့ (မှန်ပါ့)။
ခင်ဗျားတို့က အရိယသာဝကော=အရိယာတို့၏ တရားကို မှတ်သားကျင့်ကြံလေ့ရှိသော၊ ခင်ဗျားတို့ မှတ်သားကျင့်ကြံဖို့ဘဲ (မှန်ပါ့) ဘုန်းကြီးကကြားဖူးအောင် ခင်ဗျားတို့ သယ်သူပို့ဆောင်မယ်ဆိုတာ မှတ်လိုက်တာပေါ့နော် (မှန်ပါ့)။
ဘုန်းကြီးတာဝန်ကကျေ
ဒါဖြင့် ဘုန်းကြီးတာဝန်ကကျေ၊ ဒကာ ဒကာမတွေ တာဝန်က ကျေဆိုတဲ့ဥစ္စာ ဒကာကြွယ် မှန်ထားလိုက်ပါ (မှန်ပါ့) မကြားဖူးတာ ကြာဖူးအောင် ဒကာ ဒကာမတွေကို ပြောမှုက ဘုန်းကြီးတာဝန်(မှန်ပါ့)။
အရိယာသာဝကော=အရိယာတို့၏စကားကို မှတ်သားကျင့်ကြံလေ့ရှိသောဆိုတာမှတ်သားပြီး သကာလ ခင်ဗျားတို့က ကျင့်ကြံရမည့်အလုပ်က သာဝကတို့၏ အလုပ်ပေါ့ဗျာ (မှန်ပါ့) ကြားဖူးဖို့အလုပ်က ဆရာသမားအလုပ် (မှန်ပါ့) ကျင့်ကြံတဲ့အလုပ်က ဒကာ ဒကာမတွေ၏အလုပ် (မှန်ပါ့)။
ဒီနှစ်ခု တွဲမိလို့ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ ဘာမှပူစရာမရှိပါဘူး ၊ သောတာပတ္တိမဂ်ဆိုတာသည် မခဲယဉ်းတဲ့အလုပ်ပဲ၊ ဒီနှစ်ခုပြည့်စုံဖို့သာ အရေးကြီးတယ် ဆိုတာကို ဒကာသစ်တို့, ဦးမာဒင်တို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဂရုစိုက်ပြီး သကာလ ဪ ငါတို့ဝမ်းထဲမှာ ငရဲမျိုးစေ့တွေ ရှိနေတာလဲ သိကြပြီ (မှန်ပါ့) ငရဲမျိုးစေ့က ဒါနပေးလှူပြီး ပယ်လိုက်လို့လဲ မရဘူး (မှန်ပါ့) သီလဆောက်တည်ပြီး ငရဲမျိုးစေ့ပယ်ပါမယ်ဆိုလို့လဲ (မရပါ ဘုရား)မရဘူး၊ သမထအားထုတ်ပြီး ပယ်လိုက်မယ်ဆိုရင်ကော (မရပါ ဘုရား)။
မရဘူးတဲ့ ၊ သူက ဘယ်လိုတုန်းလို့ မေးတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ဒိဋ္ဌာနုသယလို့ ဘုရားက ဟောတယ် (မှန်ပါ့) ဒိဋ္ဌိလဲဖြစ်တယ်ကွ၊ အနုသယလဲ ဖြစ်တယ်ကွ တဲ့ (မှန်ပါ့)။
အနုသယဆိုတာ
အနုသယဆိုတာက ဒကာ ဒကာမတွေ ပြင်ဘက်ပေါ်လာတာ မဟုတ်ပါဘူး (မှတ်ပါ့) သူ့ဟာသူ ဒကာ ဒကာမ တွေ သန္တာန်၌ အကြောင်းတိုက်ဆိုင်ရင် ဖျက်ကနဲ-ဖျက်ကနဲ ပေါ်လာတာကို အနုသယခေါ်တယ် (မှန်ပါ့)။
မဂ်နဲ့မပါယ်သေးဘူး၊ အကြောင်းတိုက်ဆိုင်ရင် ဖျက်ကနဲ- ဖျက်ကနဲ ပေါ်လာတယ် (မှန်ပါ့) ဒါ ဘာခေါ်ကြမယ် (အနုသယပါ ဘုရား)။
အဲဒီအနုသယကိုတော့ဖြင့်တဲ့ ဒကာ ဒကာမတွေ ကိုယ်ကတော့ဖြင့် မရှိဘူးထင်တာဘဲ ၊ စင်စစ်အားဖြင့် တော့ မဂ်နဲ့မပယ်သေးရင် ရှိနေသေးတယ်လို့ မှတ်ပါ (မှန်ပါ့)။
မဂ်နဲ့မပယ်သေးရင် (ရှိနေသေးတယ်လို့ မှတ်ရပါမယ်) ရှိနေသေးတယ်လို့ ဒကာသစ်တို့, ဦးမာဒင်တို့ မှတ်ထားပါ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဥပမာမယ် ကိုယ့်သားကလေးတွေ, သမီးကလေးတွေ ကြည့်လိုက်တဲ့အခါ ဒါတွေ ရိုးနေပြီ၊ ဒါဘယ်သူတုန်း ကျွန်တော့်သားကလေးပဲ ၊ ဒါဘယ်သူတုန်း ကျွန်တော့်သမီးကလေးပဲ၊ ပြောရုံပြောတာကတော့ အရေးမကြီးဘူး (မှန်ပါ့)။
တကယ်ထင်နေလို့ရှိရင် ဒါ-ငါပဲ, ငါ့ဥစ္စာကလေးပဲလို့ ထင်နေလို့ရှိရင် ဒါ- အကြောင်းမရှိတော့ ကျုပ်တော့ သားတွေ, သမီတွေပဲ ဥပေက္ခာထားတာပါပဲ၊ ပြောလိုက်တယ် (မှန်ပါ့)။
အကြောင်းရှိလာတဲ့အခါ သားကလေးက မျက်နှာမကောင်း, သမီးကလေးက မျက်နှာမကောင်းဆိုမှဖြင့် ငါ့ဟာကလေးတွေ ဘာဖြစ်ပါလိမ့် (မှန်ပါ့) အကြောင်းရှိမှ ငါ့ဟာကလေးတွေ ဘာဖြစ်ပါလိမ့် (မှန်ပါ့)။
ဒါဖြင့် အကြောင်းမရှိတဲ့အခါမှာတော့ ဥပေက္ခာသဘောနဲ့ငုပ်နေတာဘဲ (မှန်ပါ့) အကြောင်းရှိတဲ့အခါကျတော့ ဒကာ ဒကာမတွေ အင်း ငါ့ဟာကလေးတွေ ဘာဖြစ်ပါလိမ့်မတုံး သူတို့က ဖြစ်တာနည်းနည်း၊ ငါကဖြစ်တာက များများ (မှန်ပါ့)။ ဒီလိုကော မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီလိုရှိတာတွေ ထောက်တော့ ဪ အကြောင်းရှိမှ ပေါ်လာတာ အနုသယခေါ်ပါကလား (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အကြောင်းရှိမှ ပေါ်လာတာ အနုသယပါ ဘုရား)။
အကြောင်းရှိမှ ပေါ်လာတာ အနုသယလို့ မှတ်ပါ (မှန်ပါ့) အနုသေတိ= “အနုရူပံတာရဏံ လဘိတွာ ဥပ္ပဇ္ဇတီတိ အထ္ထော”လို့ ဆိုသောကြောင့် လျောက်ပတ်သော အကြောင်းရရင် သူက ပေါ်တာဘဲ (မှန်ပါ့) လျောက်ပတ်သော အကြောင်းမရသေးရင် (မပေါ်ပါ ဘုရား)။
ကိုယ့်ဟာကိုယ် စိတ်ချပြီးမနေနဲ့
ကျုပ်တို့တော့ဖြင့် သောတာပန်ကိစ္စတော့ဖြင့် ပြီးနေပြီလို့ ကိုယ့်ဟာကိုယ် စိတ်ချပြီးမနေနဲ့ (မှန်ပါ့) အကြောင်းရှိလို့ပေါ်လာမယ်ဆိုရင် ဟာမဟုတ်သေးပါကလား ဆိုတော့ အဲဒီကျမှ ကပြာသုတ်သက် ရုတ်တရက် အလုပ်-လုပ်ပါဦးမယ်ဆိုတော့ အချိန်နောက်ကျသွားမှာလဲ စိုးရတယ် (မှန်ပါ့) မစိုးရိမ်ရဘူးလား (စိုးရိမ်ရပါတယ် ဘုရား)။
အဲဒါကြောင့် ကိုယ့်ဟာကိုယ်ရှင်းအောင် ဒကာ ဒကာမတွေ သုတဝါ= အရိယာတို့၏တရားကို ကြားဖူးသော ပညာနားနဲ့ ကြားဖူးမှ (မှန်ပါ့) အရိယာတို့၏တရားကို (ပညာနားနဲ့ ကြားဖူးမှပါ ဘုရား)။
ဘုရားသခင်က ိုယ်တော်မြတ်ကြီးက အရိယာအစစ်ပါပဲ (မှန်ပါ့) အဲ သူဟောထားတဲ့တရားကို ခင်ဗျားတို့ ပကတိနားနဲ့ မကြားဘဲနဲ့ ပညာနားနဲ့ ကြားမှ ကိုက်မယ် (မှန်ပါ့)။
ပညာနားနဲ့ ကြားမှ ကိုက်မယ်
ဒကာကြွယ် ဘာနားအရေးကြီးသတုန်း (ပညာနားအရေးကြီးပါတယ် ဘုရား)။
ကျုပ်-ဘုန်းကြီးဟောတာကြားပါတယ်ဗျ ဆိုရုံနဲ့မပြီးဘူး (မှန်ပါ့) ဒါက ပကတိနားနဲ့ကြားတာ (မှန်လှပါ)။
ပညာနားနဲ့ ကြားမှုဆိုတာတော့ ဪ ဒို့ခန္ဓာကိုယ်ထဲမှာ အသက်ကလေးရှိတယ်လို့ထင်တယ်၊ ငါကလေးရှိတယ်လို့ ထင်တယ်လို့ ဒီအထင်ကလေးရှိနေလို့ရှိရင်ဖြင့် ပညာနားနဲ့ ကြားဖူးတာမဟုတ်သေးပါဘူး( မှန်ပါ့)။
ပညာနားနဲ့ (ကြားဖူးတာမဟုတ်သေးပါ ဘုရား) ကြားဖူးတာ မဟုတ်သေးဘူးလို့ ဒကာ ဒကာမတွေက မှတ်ထားပါ (မှန်ပါ့)။
အသက်ကလေးမထွက်နိုင်သေးဘူး၊ ဒါ ပညာနားနဲ့မကြားဖူးသေးဘူး၊ ရှိမှမရှိဘဲ (မှန်ပါ့) ဝိညာဏ်ကလေး ကချုပ်သေးဘူးဆိုရင် မှန်သေးတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် သုတဝါ= ပညာနားနဲ့ ကြားဖူးခြင်းရှိသော၊ အရိယသာဝကော= အရိယာတို့၏တရားကို မှန်သားကျင့်ကြံလေ့ရှိသောပုဂ္ဂိုလော= ပုဂ္ဂိုလ်သည်လို့ ဆိုသောကြောင့် ဒါ ဒိဋ္ဌိပြုတ်တဲ့ပုဂ္ဂိုလ်မှာ ပညာနားနဲ့ကြား ပြီး သကာလ တဲ့ ပညာနဲ့ ဒီဒိဋ္ဌိပယ်မှသာလျှင် ဒကာ ဒကာမတို့ အပါယ်တံခါးပိတ်ပါတယ် (မှန်ပါ့)။
ကြားတော့ ဘာနဲ့ကြားရမယ် (ပညာနားနဲ့ ကြားရပါမယ် ဘုရား) ပညာနားနဲ့ ကြားပြီး သကာလ ဒကာ ဒကာမတွေ ကျင့်တော့ ဘာနဲ့ကျင့်ရမယ် (ပညာနဲ့ ကျင့်ရပါမယ်) = ပညာနဲ့လဲကျင့်ရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ပြောကြပါစို့ တဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။
ဘုရားသခင် ကိုယ်တော်ကြီးက သံယုတ်ပါဋ္ဌိတော်မှာ အနတ္တသုတ်ဆိုပြီး ဟောတယ် (မှန်ပါ့) “ရူပံဘိက္ခဝေ အနတ္တာ၊ ဝေဒနာ အနတ္တာ၊ သညာ အနတ္တာ၊ သင်္ခါရာ အနတ္တာ၊ ဝိညာဏံ အနတ္တာ၊ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါအရိယသာဝသော” ဤကဲ့သို့ ပညာနားနဲ့ကြားပြီး အရိယာတို့၏စကားကို လိုက်နာမှတ်သားပြီး ကျင့်တဲ့ ပုဂ္ဂိုလ်သည်၊ ဝေဒနာယပိ = ဝေဒနာ၌လည်း၊ နိဗ္ဗိန္ဒတိ=ဪ ငြီးငွေ့လာတယ် (မှန်ပါ့) ဝေဒနာ ငြီးငွေ့လာတယ်နော် (မှန်ပါ့)။
ဝေဒနာတွေ ရှုရင်း-ရှုရင်း ဒကာသစ် ဘာဖြစ်လာသတုန်း (ငြီးငွေ့လာပါတယ် ဘုရား)။
ဝေဒနာကလေးကို ငြီးငွေ့တာကလဲ သံဝေဂငြီးငွေ့တာတမျိုး၊ ဝိပဿနာဉာဏ်နဲ့ ငြီးငွေ့တာတမျိုး (မှန်ပါ့)။
သံဝေဂ ငြီးငွေ့တာဆိုတာက
သံဝေဂ ငြီးငွေ့တာဆိုတာက ဪ ဒီဟာကြီးတွေက အမြဲနှိပ်စက်ပြီးနေတော့ ခန္ဓာကိုယ်ကြီးဟာ ကြောက်စရာကြီးပါလား၊ ခန္ဓာရတယ်ဆို ဝေဒနာတွေကလဲ နှိပ်စက်လိုက်တာ လွန်လို့ ကြောက်စရာကြီးပါလား လို့ဆိုရင် သံဝေဂငြီးငွေ့တာ (မှန်ပါ့) ဒါနဲ့ မဂ်နဲ့မဆိုင်သေးဘူး (မှန်ပါ့)။
ဒါနဲ့မဂ်နဲ့မဆိုင်သေးဘူး၊ တပည့်တော်တို့ဖြင့် ငြီးငွေ့လှပါပြီဘုရား ၊ ဟိုကနာ-ဒီကအောင့်နဲ့ ဘယ်လို တားလို့မှ မရဘူး၊ ငြီးငွေ့လှပါပြီဆိုတဲ့ အဓိပ္ပါယ်ဖြင့် ဒါ သံဝေဂဉာဏ်နဲ့ ငြီးငွေ့တာလဲ (မှန်ပါ့)။
ဝိပဿနာဉာဏ်နဲ့ ငြီးငွေ့တာက ဒီငြီးငွေ့နည်းမဟုတ်ဘူး (မှန်ပါ့) ဒီခန္ဓာကြီးဟာ ဝေဒနာက္ခန္ဓာကြီး၊ ဝေဒနာတွေချည့်ပဲ လှည့်ပေါ်နေတယ်၊ လှည့်ပေါ်နေတဲ့ဝေဒနာတွေ ကြည့်လိုက်ပြန်လဲ မပေါ်ပါနဲ့ဆိုလို့လဲ မရဘူး၊ မပျောက်ပါနဲ့ ဆိုလို့လဲ မရဘူး၊ ဝေဒနာတွေချည့် ပေါ်လိုက်-ပျောက်လိုက်၊ ဝေဒနာတွေ ပေါ်လိုက်ပျောက်လိုက်၊ ဒါတွေချည့်မြင်ပြီး သကာလ နေလို့ငြီးငွေ့တာမဟုတ်ဘူး (မှန်ပါ့) ဝေဒနာတွေဟာများလွန်းလို့ ပေါ်လိုက်-ပျောက်လိုက်၊ ပေါ်လိုက်-ပျောက်လိုက်ဆိုတာ ငြီးငွေ့တာမှ ဝိပဿနာနိဗ္ပိန္ဒဉာဏ် (မှန်ပါ့) ဝေဒနာနှိပ်စက်လို့ ငြီးငွေ့တာကတော့ သံဝေဂဉာဏ်လို့မှတ်လိုက် (မှန်ပါ့)။
ဒကာ ဒကာမတွေ ဒါဟာ ရှုပ်ပြီးနေမှာစိုးလို့ ဘုန်းကြီးက ရှင်းပေးတာ (မှန်ပါ့) တချို့ ဒကာ ဒကာမတွေက တစ်ခါတည်း ဝေဒနာတွေက အမြဲကပ်ပြီးနေတော့ ဪ ဒီခန္ဓာကြီးတော့ဘုရား ရကို-မရချင်ဘူးဘုရာ့၊ နှိပ်စက် တာလွန်လို့ဘဲ ဘုရား (မှန်ပါ့)။
ဝေဒနာတွေ၏ဖြစ်ပျက်မြင်သလား
အင်း ဝေဒနာတွေ၏ဖြစ်ပျက်မြင်သလား၊ သူ့ဟာသူ့ ဒီဝေဒနာခံစားနေရတာ မပျော်မွေ့တာလားလို့ မေးရင် ဒကာသစ် ဘယ့်နှယ်ဖြေမလဲ (ဝေဒနာတွေ ခံစားနေရတာ မပျော်မွေ့တာပါ ဘုရား)။
အဲဒါ သံဝေဂခေါ်တယ် (မှန်ပါ့) ဝိပဿနာဏ်နဲ့ မဆိုင်သေးဘူး (မှန်လှပါ) ဒါ ဘယ့်နှယ်ခေါ်ကြမယ် (သံဝေဂဉာဏ်ပါ ဘုရား)။
အဲဒီ သံဝေဂကိုပဲ ဒကာ ဒကာမတွေက မသိတော့ ဉာဏ်တတ်တယ်လို့ အောက်မေ့နေတယ် (မှန်ပါ့) မဟုတ်သေးပါဘူးတဲ့၊ ဒါ ဉာဏ်တတ်တာ မဟုတ်သေးပါဘူး (မှန်ပါ့) ဒါက လူမပြောပါနဲ့ တိရစ္ဆာန်တောင် သိကြတယ် (မှန်ပါ့) ဒါ ဉာဏ်မဟုတ်ပါဘူး၊ တိရစ္ဆာန်ဆိုတော့ ဉာဏ်ပါသေးရဲ့လား (မပါပါ ဘုရား)။
အဲ ဉာဏ်မပါတဲ့ တိရစ္ဆာန်တောင် သိနေတဲ့ဥစ္စာ ဒါကသံဝေဂလို့ ခေါ်တယ် (မှန်ပါ့) ဒကာကြွယ်-မှန်မိပါပြီ ဘုရား)။
နာလွန်း, ကျင်လွန်း, ကိုက်လွန်း, ခဲလွန်းလို့ ဆေးသမားနဲ့ ဝါးသမားနဲ့ မပြတ်ရဘူး၊ ဒီခန္ဓာကြီးဖြင့် ဒီဝေဒနာတွေဖြင့် တပည့်တော် စက်ဆုပ်ပါပြီဘုရား၊ ဒကာကြွယ် ဘာထင်သလုံး ဒီဥစ္စာ (သံဝေဂပါ ဘုရား) သံဝေဂ၊ ထိတ်လန့်တဲ့ဉာဏ်ဘဲရှိတယ်တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါက ဘာတုန်း (ထိတ်လန့်တဲ့ဉာဏ်ပါ ဘုရား) ထိတ်လန့်တယ်၊ ဒီခန္ဓာကြီးနဲ့ နေရတာ ထိတ်လန့်တယ် (မှန်ပါ့) ထိတ်လန့်တဲ့ ဉာဏ်လဲ ရှိပြီး သကာလ နေသောကြောင့် ထိတ်လန့်တဲ့ ဉာဏ်လောက်နဲ့တော့ မရသေးဘူး (မှန်ပါ့ ဘုရား)မုန်းဉာဏ်မှ အဖိုးတန်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
မုန်းဉာဏ်မှ အဖိုးတန်တယ်
ထိတ်လန့်တဲ့ ဉာဏ်လောက်နဲ့ (မရသေးပါ ဘုရား) မုန်းဉာဏ်ဆိုရင် (ရပါတယ် ဘုရား)။
မုန်းဉာဏ်ကတော့ ဝေဒနာတွေက ပေါ်လာလိုက်- သုခပေါ်လာတယ်၊ မပေါ်ပါနဲ့ဆိုလို့ မရဘူး (မရပါ ဘုရား) ပျက်သွားပြန်တော့ကော မပျက်ပါနဲ့ဆိုလို့ မရဘူး (မရပါ ဘုရား) ဒုက္ခကလေး မပေါ်ပါနဲ့ဆိုလို့ (မရပါ) မပျက်ပါနဲ့ ဆိုလို့ မရဘူး (မရပါ ဘုရား) ဥပေက္ခာဝေဒနာကလေးနေတွေ မပေါ်ပါနဲ့ဆိုလို့ (မရပါ ဘုရား) မပျက်ပါနဲ့ဆိုလို့ (မရပါ) သဘောကျပလား (ကျပါပြီ) အဲဒီလို ဖြစ်ပျက်ကို မုန်းလာမှ ဝိပဿနာဉာဏ် (မှန်ပါ့)။
ဖြစ်ပျက်မုန်းလာမှ (ဝိပဿနာဉာဏ်ပါ ဘုရား) ခုနင်က ဟာက အရပ်ထဲ သူပြော-လူပြောနဲ့ ကိုယ်တွေ့နည်းနဲ့ ဒီဝေဒနာကလေးတွေ အခုလိုဖြစ်ပျက်မမြင်ဘဲနဲ့ ဒီခန္ဓာကြီးကို မုန်းခြင်း ဝင်နေတာကတော့ဖြင့် ဒကာကြွယ်ရေ ဒါသံဝေဂဉာဏ်ခေါ်တယ် (မှန်ပါ့) ဝိပဿနာဉာဏ်မဟုတ်သေးဘူး (မှန်ပါ့) သံဝေဂဉာဏ်လောက်ပြီးရင် ဝိပဿနာ ဉာဏ်ကို ကျေးဇူးပြုတဲ့ သဘောသာရှိသေးတယ် (မှန်ပါ့)။
ဝိပဿနာအားထုတ် ၊ ဝိပဿနာအားထုတ်မှ ဒီခန္ဓာကြီးနဲ့ အိုးစားကွဲပြီး လွတ်ရာနိဗ္ဗာန် ရောက်မယ်ဆိုတဲ့ အားပေးမှုလောက်ရှိသေးတယ် (မှန်ပါ့) တကယ်ရောက်အောင် ပို့မှာကတော့ ဝိပဿနာဉာဏ်ကမှ ရောက်အောင်ပို့မှာ (မှန်ပါ့ ဘုရား)။
ဒါဖြင့်သံဝေဂဉာဏ်က ဝိပဿနာဉာဏ်ကို ဥပနိဿယပစ္စယော အားကြီးသော အကြောင်းနဲ့ ကျေးဇူးပြုလိုက် တယ် (မှန်ပါ့) ပြီးတော့မှ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ်ကို ကျေးဇူးပြုမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဉာဏ်နှစ်ဉာဏ်ထူးသွားပြီ
ဒါဖြင့် ဒီနေ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်နှစ်ဉာဏ်ထူးသွားပြီ (မှန်ပါ့ ဘုရား) သံဝေဂဉာဏ်က တမျိုး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ဝိပဿနာဉာဏ်က (တစ်မျိုးပါ ဘုရား)။
တမျိုးဆိုတော့ ဪ ဒီလိုလဲ ထူးခြားသေးပါကလား ဆိုတာကိုလဲ သေသေချာချာမှတ်ပါ (မှန်ပါ့) ဦးမာဒင် သေသေချာချာမှတ်နော် (မှန်ပါ့)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သုတဝါ ဆိုတဲ့ဥစ္စာ ဒီဉာဏ်နားနဲ့ အခုပြောတဲ့အတိုင်း ဪ ဒါက သံဝေဂဉာဏ်၊ ဒါက ဝိပဿနာဉာဏ်ဆိုတာလေး ကြားဖူးထားမှ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါနှစ်ခုမကြားဖူးပြန်လို့ရှိရင်လဲ ကိုယ့်ဟာကိုယ် ဘဝင်မြင့်ပြီး သကာလ ဒီခန္ဓာကြီးတော့ဘုရား ၊ ဒီနေ့စွန့်ချင် တာပဲ (မှန်ပါ့)။
ဟ ဘာဖြစ်လို့တုန်း ၊ ဟာ အကိုက်အခဲက တယ်ထူတာကိုး (မှန်ပါ့) ဒါ-သံဝေဂပြောတာ၊ ဒါဘာမှမဆိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာဉာဏ်ဆိုတာကတော့ဖြင့် နာတာ, ကျင်တာ, ကိုက်တာ, ခဲတာတွေ ဒါလောက်မဟုတ်ဘူး (မှန်ပါ့) တားမရ, ဆီးမရဖြစ်နေတာကို သူ့ကို မုန်းတယ် (မှန်ပါ့)။
တားမရ, ဆီးမရဖြစ်နေတာကိုမုန်းတယ်
တားမရ, ဆီးမရ ဖြစ်နေတဲ့နေရာကို (မုန်းပါတယ် ဘုရား) အဲဒါကမှ ဝိပဿနာဉာဏ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ယနေ့ဉာဏ်နှစ်ဉာဏ် အထူးကို စောစောကြီး မှတ်ရမယ် (မှန်ပါ့ ဘုရား)။
ဉာဏ်နှစ်ဉာဏ် အထူးကို (စောစောကြီး မှတ်ရပါမယ် ဘုရား) စောစောကြီး မှတ်ထားလိုက်ပါဆိုတော့ ကဲ ဒါဖြင့်သုတဝါ အရိယသာဝကော၊ သုတဝါ=ပညာနားနဲ့ ကြားဖူးခြင်းရှိသော ဆိုတော့ ခင်ဗျားတို့ ပညာနား ရသွားပြီး (မှန်ပါ့ ဘုရား)။
ဪ ဖြစ်တာပျက်တာကလေးတွေ သုခဝေဒနာ ဖြစ်ပျက်နေတာလဲ မဖြစ်ပါစေနဲ့ဆိုလို့လဲ မရဘူး (မှန်ပါ့) မပျက်ပါစေနဲ့ဆိုလို့လဲ (မရပါ ဘုရား)။
ဪ ဒါကြောင့် အနတ္တဘဲဆိုပြီး သူ့ကိုမုန်းလာမှ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီး ဘုရား)။
သုခဝေဒနာကလေး ပေါ်လာလဲ မပေါ်ပါနဲ့ဆိုလို့ (မရပါ ဘုရား) မပျက်ပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဖြစ်ပျက်ကိုမြင်ပြီး မုန်းလာမှ
ဪ ဒီလိုဆိုလို့ရှိရင်ဖြင့် တားမရ, ဆီးမရ ဒီခန္ဓာကြီးနဲ့ နေရတာကိုးဆိုတော့ ဒီခန္ဓာကြီး ဖြစ်ပျက်ကိုမြင်ပြီး မုန်းလာမှ ဝိပဿနာဉာဏ်၏ အခြေပါ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဥပေက္ခာဝေဒနာကလေး ပေါ်လာလဲ မပေါ်ပါနဲ့ဆိုလို့လဲ မရဘူး (မှန်ပါ့) မပျက်ပါနဲ့ ဆိုလို့လဲ တာလို့ဆီးလို့ မရဘူး (မှန်ပါ့)။
ဒါတွေ သိလိုက်တဲ့အခါကျတော့ ဪ ဒီခန္ဓာကြီးဟာ တကယ့် အစိုးရစွာ အလိုပါသော ကိုယ်အတ္တ မဟုတ်ပါလား (မှန်ပါ့) အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အစိုးရစွာ ၊ ခင်ဗျားတို့က အစိုးရတယ်၊ ခင်ဗျားတို့ အလိုပါလို့ အတ္တမဟုတ်ဘူး ၊ ဒါ-အနတ္တ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့အစိုးရသလား (မရပါ) ခင်ဗျားတို့အလိုကောလိုက်ကဲ့လား (မလိုက်ပါ) ဒါဖြင့် အစိုးရစွာ အလိုပါသော ကိုယ်အတ္တမဟုတ်ဘူး (မဟုတ်ပါ ဘုရား) ကိုယ်လဲ မဟုတ်ဘူးနော် (မဟုတ်ပါ ဘုရား) အတ္တကော (မဟုတ်ပါ ဘုရား) ဖြစ်ပျက်ဟာအနတ္တဘဲ (မှန်ပါ့) သက်သက်ဘာပါလိမ့် (အနတ္တပါ ဘုရား)။
ဒါကတော့နိဗ္ဗိန္ဒပါကလား
အဲဒီဖြစ်ပျက် အနတ္တကို မုန်းလာမှ ဪ ဒါကတော့နိဗ္ဗိန္ဒပါကလားဆိုတာ တကာကြွယ် ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။
အဲဒါဖြင့် ခင်ဗျားတို့ ဒီပညာနားနဲ့ ဪ ဒီလိုမြင်တယ် ဒီလိုမြင်ပြီး သကာလ ဒီလိုအနတ္တဆိုတာ ဒီသဘောကိုဆိုတော့ သုသဝါ=ပညာနားနဲ့ ကြားဘူးခြင်းရှိသော ဆိုတော့ ဟို-သံဝေဂနဲ့ အခုမြင်တဲ့ မပိုင်လို့, အစိုးမရလို့, ဒကာ ဒကာမတွေမှာ မလိုချင်မုန်းလာတာသည် ဒါက ဝိပဿနာ၏နိဗ္ဗိန္ဒ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကဲ ကြားဖူးကြပလား (ကြာဖူးပါပြီ) အစိုးရစွာအလိုပါသော ကိုယ်အတ္တမဟုတ်ုဘူးလို့ သိလာမှ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အစိုးကော ရပါရဲ့လား (မရပါ) အလိုကောပါပါရဲ့လား (မပါပါ) ကိုယ်အတ္တလို့ ကောဆိုနိုင်ပါရဲ့လား (မဆိုနိုင်ပါ ဘုရား)။
အဲ အစိုးရစွာ အလိုပါသော ကိုယ်အတ္တ မဟုတ်ဘူးဆိုတာကို ဒီဖြစ်ပျက်ကလေးတွေက ဖြစ်တာလဲတားမရ, ပျက်တာလဲ တားမရ (မှန်ပါ့, ဖြစ်တာလဲ ကန့်ကွက်လို့မရ၊ ပျက်တာကိုလဲ ဆိုင်းပါဦးဆိုလို့မရ (မှန်ပါ့)။
အဲဒါကလေးတွေ မြင်ပြီး ငြီးငွေ့ပြီးလာမှ ဦးမာဒင်ရေ နိဗ္ဗိန္ဒ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒါက တရားကောင်းအောင် ဟောတာမဟုတ်ပါလား၊ တရားတတ်တာကို ကိုယ်ကိုယ်တိုင် သိဖို့ ဆုံးဖြတ်ချက် ချပေးနေတာပါကလားလို့သိ (မှန်ပါ့) ပညာတတ်တာဆိုတာ ဪ ဒီအင်္ဂါတတ်လာတာဘဲ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) ပညာဘာပါလိမ့် (တတ်လာပါတယ် ဘုရား)။
ပညာနားနဲ့ကြားဖူးလို့
အဲဒါက သုတဝါ= ပညာနားနဲ့ကြားဖူးလို့ ဒီဆုံးဖြတ်ချက်ချနိုင်တာ (မှန်ပါ့)။
ပြီးတော့လဲ အရိယသာဝကော= အရိယာတို့၏ တရားကို မှတ်သားကျင့်ကြံလေ့ရှိတဲ ပုဂ္ဂိုလ်မှလဲ ဒီအဓိပ္ပါယ်က ရှင်းသွားတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ရှေးဦးစွာ သုတဝါဖြစ်ဖို့ အရေးကြီးတယ် (မှန်ပါ့) ပြီးတော့မှ အရိယ သာဝကောဆိုတဲ့ အရိယာတို့၏ စကားကို မှတ်သားကျင့်ကြံတဲ့ တပည့်လဲ ဖြစ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ကြားဖူးမှုက ၁-နံပါတ်၊ ကျင့်မှုက ၂-နံပါတ် (မှန်ပါ့ ဘုရား)။
ကြားဖူးမှုက (၁-နံပါတ်ပါ) ကျင့်မှုက (၂-နံပါတ်ပါ ဘုရား)။
ကျင့်တဲ့အခါမှာလဲတဲ့ ကြားဖူးတဲ့အတိုင်း ဪ-ဖြစ်တား တားမရ, ပျက်တာ တားမရနဲ့ ဘယ်လိုတားလို့မှ မရပါကလား ၊ ဒီဖြစ်ပျက်မှုသဘောဟာက (မှန်ပါ့)။
ကောင်းတာကလေးလဲ မပျောက်ပါစေနဲ့ဆိုလို့ မရဘူး (မရပါ) ကောင်းတာတဲ့ ကောင်းတဲ့ သုခဝေဒနာ ကလေးလဲ ပေါ်ပျောက် (မှန်ပါ့)။
ဆိုးတဲ့ ဒုက္ခဝေဒနာကလေးလဲ မပေါ်ပါနဲ့ဆိုလို့ (မရပါ) မပျောက်ပါနဲ့ဆိုလို့ (မရပါ) မရဘူး ၊ ပေါ်တုန်း ကတော့ ပြီးတော့ ပျောက်ပြန်တာပဲ (မှန်ပါ့ ဘုရား)။
ဥပေက္ခာ ဝေဒနာကလေးတွေ့ပြန်လဲ ဝေဒနာက္ခန္ဓာကိုးဗျ ၊ လှည့်ပေါ်လိုက်တာပဲ (မှန်ပါ့) အကြောင်း တိုက်ဆိုင်လို့ အာရုံဒွါရ ထိခိုက်သလို ပေါ်နေတာ (မှန်ပါ့)။
အဲဒီတော့ ပေါ်နေတာကလေးကို ဒါကြောင့် ဒီခန္ဓာကြီးကို (မှန်ပါ့) ဟော ဝေဒနာက္ခန္ဓာကြီးကို ဆိုလိုက် တယ် (မှန်ပါ့)။
အနတ္တဉာဏ်က အတ္တဒိဋ္ဌိဖြုတ်ချလိုက်တယ်
ဒါကြောင့် ဒီခန္ဓာကြီးသည်ကားလို့ ဆိုရင်ဖြင့် အစိုးရစွာ အလိုပါတဲ့ ကိုယ့်အတ္တမဟုတ်ဘူး (မှန်ပါ့) ဒီလိုဉာဏ် ထဲမှာ ထင်ထင်-ထင်ထင်သွားလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ငါဆိုတဲ့ ဒိဋ္ဌိဟာ အနားကပ်သေးရဲ့လား (မကပ်ပါ ဘုရား) အနတ္တဉာဏ်က အတ္တဒိဋ္ဌိဖြုတ်ချလိုက်တယ် (မှန်ပါ့)။
အနတ္တဉာင်္ဏက (အတ္တဒိဋ္ဌိဖြုတ်ချပါတယ် ဘုရား) အတ္တဒိဋ္ဌိ ဖြုတ်တယ်ဆိုတာကို ဒကာကြွယ် သေသေချာချာ မှတ်ပါ့ (မှန်ပါ့ ဘုရား)။
ဦးမာဒင်တို့ အနတ္တဉာဏ်က ဘာဖြုတ်တယ် အတ္တဒိဋ္ဌိ ဖြုတ်ပါတယ် ဘုရား)။
ဪ အတ္တဒိဋ္ဌိဖြုတ်လိုက်တယ်ဆိုတော့ ဒကာသစ် ကျေကျေနပ်နပ် သေဘာကျပြီပေါ့ (မှန်ပါ့) ဘာကြောင့် တုန်းဆိုတော့ အနတ္တမလာနိုင်တာက အတ္တခံနေလို့ကိုးဗျ (မှန်ပါ့)။
အခုတော့ အစိုးရစွာ အလိုပါတဲ့ ကိုယ့်အတ္တ မဟုတ်ဘူးလို့ ဖြစ်မှုကလေးတွေ- ပျက်မှုကလေးတွေ မြင်လိုက် တဲ့အခါကျတော့ အတ္တဆိုတဲ့ဥစ္စာက ခိုင်တယ်-မြဲတယ်ယူတဲ့ သဘောက အတ္တ (မှန်ပါ့) အဲဒါကလေး ဦးမာဒင် အနား ကပ်နိုင်သေးရဲ့လား (မကပ်နိုင်ပါ ဘုရား)။
ဪ ဒါဖြင့် ဒီအနတ္တသည် အတ္တကိုဖြတ်တောက်တဲ့ တရားပဲလို့ ဒကာသစ် ဆိုနိုင်မလား (အဆိုနိုင်ပါ တယ် ဘုရား)။
အဲဒါ ကိုယ့်ဉာဏ်နဲ့ ကိုယ်ကျတော့ ဉာဏ်စိုက်လိုက် (မှန်ပါ့) ဉာဏ်စိုက်လိုက်တော့ ဟိုနေရာကလေးက ဝေဒနာ ကလေးက ပေါ်လာပြန်, ပျောက်သွားပြန်၊ ဒီနေရာကလေးက ပေါ်လာပြန်၊ ပျောက်သွားပြန် (မှန်ပါ့)။
ဟိုနေရာကလေး ပေါ်လာပြန် ပျောက်သွားပြန် (မှန်ပါ့) ဪ အစိုးရစွာ အလိုပါသော ကိုယ့်အတ္တ မဟုတ်ဘူးဆိုတာ ဒါတွေကိုး (မှန်ပါ့ ဘုရား)။
လက်ရိုက်ဟာ ရိုက်ပါများတော့
ဒါတွေကိုးလို့ ဉာဏ်ထဲမှာ ရှင်းရှင်း-ရှင်းရှင်း သွားရင်ဖြင့် အတ္တဒိဋ္ဌိဟာ မနေ့ကပြောတဲ့ လက်ရိုက်လိုပဲ (မှန်ပါ့) လက်ရိုက်ဟာ ရိုက်ပါများတော့ လက်ချောင်းရာတွ အရိုးမှာထင်လာတယ် (ထင်လာပါတယ် ဘုရား) ဘယ့် နှယ်ကြောင့် ထင်လာပါလိမ့်မတုန်းမေးတော့ လက်က စားလို့ပါဘုရာ့ (မှန်ပါ့)။
လက်က စားတာနဲ့ လက်ရိုက်အရိုးမှာ ဒကာ ဒကာမတို့ မြင်တဲ့အတိုင်း လက်ချောင်းရာ လက်မရာတွေ ဘယ့်နှယ်တုန်း (ထင်ပါတယ် ဘုရား) မစားဘဲနဲ့ ထင်သလား (မဟုတ်ပါ) စားလို့ထင်တာ (မှန်ပါ့)။
ဒီမှာလဲ ခင်ဗျားတို့ အတ္တဒိဋ္ဌိ ဘဝများစွာ သံသရာက ပါလာတဲ့ လက်ရိုက်ရိုးပင်ကိုယ်ချော အနတ္တဆိုတဲ့ ဉာဏ်ကလေးနဲ့ ခဏခဏ နှလုံးသွင်းလိုက်တော့ သူက ပါးပါး-ပါးပါးသွားတယ် (မှန်ပါ့)။
ကြာတော့ သုံးမဖြစ်အောင် ဖြစ်လာတယ် (မှန်ပါ့) အတ္တဒိဋ္ဌိ ကိုယ်မဖြစ်အောင် ဖြစ်လာတယ် (မှန်ပါ့)။
ဒါကြောင့် ကြပ်ကြပ်ရှုပေးပါ ၊ ပါးပါလိမ့်မယ်ဆိုတာ လက်ရိုက်ရိုးပမာနဲ့ ပလဂတ္တသုတ်ဆိုပြီး ခန္ဓဝဂ္ဂ သံယုတ်မှာ သေသေချာချာဟောတယ် (မှန်ပါ့)။
ငါ-ဘုရားသခင်ကိုယ်တော်မြတ်ကြီးကွာ တစ်နေ့ ဒိဋ္ဌိ ဘယ်လောက်ပြုတ်တယ်ဆိုတော့ ငါ-မပြောနိုင်ဘူးတဲ့၊ ဒီ ဖြစ်ပျက်ကလေးတွေ ရှုနေလို့ အစိုးရစွာ အလိုပါသော ကိုယ့်အတ္တ မဟုတ်ဘူးလို့ သိနေတဲ့ပုဂ္ဂိုလ်ဟာ နေ့တိုင်းပါး နေတယ် (မှန်ပါ့) နေ့တိုင်း အတ္တဒိဋ္ဌိ လျော့လျော့နေတာပဲတဲ့ (မှန်ပါ့) ကဲ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဘုရားကိုက လက်ရိုက်ရိုး ဥပမာနဲ့ သေသေချာချာ ပြတာ ဒကာသစ်ရေ- ကျေနပ်ဖို့ပဲ (မှန်ပါ့)။
ကျုပ် ဝိပဿနာ ရှုနေတာ ကြာပြီဗျာ ၊ ဘာမှလဲ ခရီးက မပေါက်သေးဘူး ၊ ဒီ ညည်းလုံးမလာစေနဲ့ (မှန်ပါ့)။
ဒီညည်းလုံးမလာစေနဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား) လက်ရိုက်ရိုးဟာ တစ်နေ့ ဘယ်လောက်ပါးတယ်လို့ ငါဘုရား မဟောနိုင်ဘူးကွ တဲ့၊ စားတာတော့ အမှန်ပဲ (အမှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
လက်က လက်ရိုက်ရိုးကို (စားပါတယ် ဘုရား) တစ်နေ့ ဘယ်လောက်စားသတုန်း (မရေတွက်နိုင်ပါ ဘုရား) ဒီလိုတော့ မတွက်နိုင်ဘူး တဲ့ စားတာတော့ သိတယ် (မှန်ပါ့)။
မဂ်တည်းဟူသော စွဲကိုင်မှု
မဂ်တည်းဟူသော စွဲကိုင်မှုက လက်ရိုက်ရိုး တည်းဟူသော အသားတွေကို တစ်ခါတည်း လက်ကနေပြီး စားစား-စားစားသွားတော့ လက်ရိုက်ရိုးသည် ဒကာသစ် လက်ချောင်းရာ၊ လက်မရာတွေ မထင်ပါနဲ့ဆိုလို့ (မရပါ ဘုရား) ဟာ စားလို့ ထင်တာလား မစားလို့ ထင်တာလား (စားလို့ ထင်တာပါ ဘုရား)။
ဒီမှာလဲ လုပ်သာလုပ်ကွ တဲ့ ဘုရားက၊ လက်ရိုက်ရိုးလိုပဲ အင်း ဒီအနတ္တမြင်နေတဲ့ဉာဏ်က အတ္တဒိဋ္ဌိ တည်းဟူသော လက်ရိုက်ရိုးကိုတော့ နေ့တိုင်းစားနေတယ် (မှန်ပါ့)။
မင်းမလျှော့နဲ့ တဲ့ (မှန်ပါ့) ကြာရင် သူ-လုံးလုံး ပြုတ်သွားမယ် တဲ့၊ (မှန်ပါ့ ဘုရား) ဆိုတော့ ဦးမာဒင်ရေ ဘုရားကိုယ်တိုင် အရေးတကြီးဟောတယ် (မှန်ပါ့)။
ဒကာသစ် ဘုရားကိုယ်တိုင်က အရေးတကြီးဟောတဲ့အတွက် ကျုပ်တို့က ညည်းလုံးထုတ်ပြီး သကာလ ကြာပြီ အားထုတ်နေတာ အခုထက်ထိ ဘာမှလဲ ခရီးမပေါက်သေးဘူး တဲ့ (မှန်ပ့ါ ဘုရား)။
သူ့ခရီးပေါက်တာကို သူညည်းလို့မသိတော့ ပေါက်နေတာကို ပေါက်မှန်းမသိဖြစ်နေတယ် (မှန်ပါ့)။
ပေါက်နေတာကို (ပေါက်မှန်းမသိဖြစ်နေပါတယ် ဘုရား) အဲဒါ ဒီကဲ့သို့ ဘုရားကိုက “သုတဝါ အရိယသာဝကော” ဆိုတဲ့အတိုင်း သုတဝါ=ပညာနားနဲ့ ကြားဖူးခြင်းရှိသော ခုနင်က ညည်းလုံးလာတယ် (မှန်လှပါ ဘုရား) အခုတော့ ညည်းလုံးလာစရာ လိုသေးသလား (မလိုပါ ဘုရား) နေ့တိုင်း ဘယ့်နှယ်တုန်း (စားနေပါတယ် ဘုရား)။
မလုပ်တဲ့အတွက် ဖြတ်ထားတဲ့ ပုဂ္ဂိုလ်ကတော့ စားသေးသလား (မစားပါ ဘုရား) ခဏခဏ ရိုက်နှိက်နေတဲ့ ပုဂ္ဂိုလ်ကတော့ (စားပါတယ် ဘုရား)။
မိစ္ဆာဒိဋ္ဌိ စားစားသွားတယ်
ထိုနည်းအတူပဲ ခဏခဏ ခန္ဓာဉာဏ်လှည့်ပြီး သကာလ ဪ ဖြစ်တာလဲ အနတ္တ၊ ပျက်တာလဲ အနတ္တ မဖြစ်ပါနဲ့ဆိုလို့လဲ မရ၊ မပျက်ပါစေနဲ့ ဆိုလို့လဲမရ၊ ဒါကလေးတွေ စိုက်စိုက်-စိုက်စိုက်ပြီး ဉာဏ်တည်းဟူသော သမ္မာ ဒိဋ္ဌိနဲ့ ကြည့်ပြီး သကာလ နေတော့ ဟို-မိစ္ဆာဒိဋ္ဌိ စားစားသွားတယ် (မှန်ပါ့) မိစ္ဆာဒိဋ္ဌိတည်းဟူသော လက်ရိုက်ရိုးက ကုန်ကုန်သွားတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အကြားအမြင်များလို့ တရားထူးနာရမှ ဪ ဒို့ခရီးမပေါက်ဘူး ထင်နေတာ ပေါက်သားပဲ (မှန်ပါ့) ဦးလှဘူး ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား)။
လက်ရိုက်ဥပမာ ဘုန်းကြီးက ထုတ်ပြတယ်လို့ ငါတို့မယူနဲ့ (မှန်ပါ့) ပလဂတ္တသုတ်ဆိုပြီး ခန္ဓဝဂ္ဂသံယုတ်မှာ ကိုယ်တော်တိုင် ဟောထားတယ်လို့ မှတ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီမှာ ဘုန်းကြီးတို့က ဒီသုတ်မျိုးကို ဥပမာမယ် ဒကာကြွယ်က မကြားဖူးဘူး ၊ ဦးမာဒင်တို့က မကြား ဖူးတော့ နောက်ဆုတ်ချင်တဲ့ စိတ်ကလေးများ လာမှာစိုးလို့ ဒီသုတ်မျိုး မကြားဖူးတော့ကို ငါ့မှာ ပါရမီက မပါလို့လား ငါ့ကိုက ဖျင်းလို့လား၊ ဒီဘဝ မရထိုက်တဲ့ပုဂ္ဂိုလ်မို့လား၊ ငါ့မှာ ကံကြီးတွေများ ရှိနေလို့လား၊ နဂိုရ်မှ ကိလေသာကနေပြီး နောက်ဆုတ်ခိုင်းရတဲ့အထဲ ကိုယ့်တွေးလုံးနဲ့ ကိလေသာဆွဲချသွားလိုက်တော့ ဒိဋ္ဌိပြုတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒီတွေးလုံးတွေ မလာစေနဲ့ (မှန်ပါ့) နေ့တိုင်းစားတယ်လို့ မှတ် (မှန်ပါ့)။
ဒကာကြွယ် ဘယ့်နှယ်မှတ်မယ် (နေ့တိုင်းစားပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိက နေ့တိုင်းစားပစ်နေတယ်
မိစ္ဆာဒိဋ္ဌိ လက်ရိုက်ရိုးကို သမ္မာဒိဋ္ဌိက နေ့တိုင်းစားပစ်နေတယ်ဆိုတာကို ဦးမာဒင်တို့ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။
ဒါ အားပေးတရားလား၊ ဘုရားဟောတာ အမှန်ပြောနေတာလား (ဘုရားဟောတာ အမှန်ပြောနေတာပါ ဘုရား)။
အဲ ဘုန်းကြီးက စကားတတ်လို့ အားပေးတဲ့တရားကလေးများ ထည့်လိုက်ရင်တော့ ငါးပါးမှောက်မှာပဲ (မှန်ပါ့) ဘာမှမဟုတ်ဘူး၊ ဘုရားကိုက တိုက်ရိုက်ဟောတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ်သူက ဟောပါလိမ့် (ဘုရားကိုက တိုက်ရိုက်ဟောပါတယ် ဘုရား)။
တစ်နေ့ ဘယ်လောက်စားတယ်တော့ ငါဘုရားဟောလို့ မရဘူးကွာ တဲ့၊ မင်းတို့ အနတ္တမြင်တဲ့ အချိန် တိုင်း-အချိန်တိုင်း သမ္မာဒိဋ္ဌိကတော့ မိစ္ဆာဒိဋ္ဌိကို စားပစ်လိုက်တာပဲ (မှန်ပါ့ ဘုရား) ကြာတော့ စားပါများရင် ကုန်ရ မည်ဆိုတဲ့ အဓိပ္ပာယ်က မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲဒါကြောင့် ဘာပါရမီတွေ ဘယ်အန္တရာယ်တွေ ဘယ်နေရာတွေ ဦးမာဒင် ရှုပ်မနေနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ရှုပ်မနေနဲ့နော် (မှန်ပါ့ ဘုရား) ရှုပ်နေရင် ကိလေသာဝင်ပြီ အောက်မေ့ပါ (မှန်ပါ့) ရှုပ်ရင် (ကိလေသာ ဝင်ပြီ အောက်မေ့ရပါမယ် ဘုရား)။
ကိလေသာဝင်လာလို့ ရှုပ်တယ်
ရှုပ်လာလို့ရှိရင်ဖြင့် သူသည် ကိလေသာဝင်လာလို့သာ ရှုပ်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)
ကိလေသာက နဂိုရ်ကမှ ဒီအလုပ်-လုပ်တာကို သဘောမှ မကျဘဲ (မှန်ပါ့) လောဘကိလေသာက သဘော မကျဘူး (မကျပါ ဘုရား) မကျတော့ သူက ဆင်ခြေလဲလာတယ် (မှန်ပါ့)။
အင်း ဒါလောက်ဆိုရင်လဲ သေပျော်ပြီလို့ သူက ပြောချင်ပြောနေတာ (မှန်ပါ့) ခင်ဗျားတို့က အင်း နေပျော်ပြီဆိုပြီး ထိုင်လိုက်ရင် သွားပါရော (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)
ဒါဖြင့် သေပျော်-နေပျော်ရယ်လို့ ဒကာကြွယ် အားကျစရာမလိုသေးဘူး (မှန်ပါ့)။
အနာပဲ ဟုတ်လား၊ မင်းဟာ ပြည်နည်းနည်း ကျန်သေးတယ်ဆိုလို့ရှိရင်ဖြင့် ဦးမာဒင် ပျောက်ချင်သလား မပျော်ကချင်ဘူးလား (ပျောက်ချင်ပါတယ် ဘုရား)။
နဂိုရ်က ပြည်လုံးကြီးတော့ မရှိဘူး၊ သို့သော်လဲ ပြည်လက်စက မပြတ်သေးဘူးဆိုလို့ရှိရင် အနာဆုံးအောင် ကုပါ (မှန်ပါ့ ဘုရား)။
အနာကျန်သေးလို့ရှိရင် မန်းကျန်မယ်၊ မန်းကျန်ရင် ဒီအနာနောက်ထပ် အကြီးအကျယ်ဖြစ်နိုင်သေးတယ် (မှန်ပါ့) ဒီလို မှတ်ပြီး သကာလ နည်းနည်းကျန်လဲ မကောင်းဘူးသာ မှတ်ပေတော့ (မှန်ပါ့) လုံးလုံးပျောက်တာ ကောင်းတယ် (မှန်ပါ့ ဘုရား)။
ဘယ်လို မှတ်ကြမယ် (လုံးလုံးပျောက်တာ ကောင်းပါတယ် ဘုရား)။
အနာကုသလို မှတ်ပါ (မှန်ပါ့) ဒကာကြွယ် အနာကလေးကျန်နေတော့ ဆရာလက်လွှတ်တာကို ကျေနပ်ကဲ့ လား (မကျေနပ်ပါ ဘုရား) ဆရာကလဲ ပျောက်အောင် လုပ်ပါဆိုတဲ့ဥစ္စာ ငွေများတဲ့ဆီ လိုက်သွားထင်ပါရဲ့-အစရှိသည်နဲ့ ဆရာအပြစ်တင်သလိုပေါ့ဗျာ (မှန်ပါ့) ဒီမှာလဲ ခင်ဗျားတို့ တဏှာများတဲ့ဆီ လိုက်မသွားပါနဲ့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
တဏှာက ဆင်ခြေသိပ်ပေါတယ်နော် (မှန်ပါ့) အင်း ထမင်းစားမကောင်းဘူး ၊ ဒီနေ့တော့ လျှော့လိုက် ဥိးမယ် (မှန်ပါ့) ဒီနေ့လဲ ဝေဒနာကလေးက ထူဘာနဲ့ နည်းနည်းလျှော့လိုက်ဦးမယ်၊ ပြန်လျှော့ပြန်လဲ ဘာမှလဲ ကျန်မှာ မဟုတ်တော့ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဂြိုဟ်ဝင်တာ
အံမာလေး တဏှာကို ခင်ဗျားတို့ ဝင်လာတာလဲ မသိဘူး၊ ခင်ဗျားတို့ကလဲ အတော်ဖျင်းတယ် (မှန်ပါ့)။
ကိုယ့်ဖာသာလုပ်နေလို့ လျှော့ချင်တာကလေး ဝင်လာလို့ရှိရင်ဖြင့် ဦးမာဒင် ဘယ်သူတုန်း ဒါ (တဏှာပါ ဘုရား) ဂြိုဟ်ဝင်တာဗျ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒကာကြွယ် ဘာဝင်တာတုန်း (ဂြိုဟ်ဝင်တာပါ ဘုရား)။
အဲဒါ ဂြိုဟ်ဝင်တာ ဒကာ ဒကာမတွေက ဂြိုဟ်ဝင်တာကို ဘယ့်နှယ်ထင်လိုက်သတုန်း ဆိုလို့ရှိရင်ဖြင့် အသက် ဉာဏ်စောင့် အင်း လာပြီ-လာပြီ (မှန်ပါ့) ဂြိုဟ်ဝင်တာကို အသက်ဉာဏ်စောင့်လို့များ ကာကွယ်နေလိုက်သေး တယ်(မှန်ပါ့)။
ဒကာကြွယ် အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား) ဂြိုဟ်ဝင်တာကို လူများက ဘယ့်နှယ်ထင်သတုန်း (အသက်ဉာဏ်စောင့်လို့ ထင်ပါတယ် ဘုရား)။
ဖြစ်မှ-ဖြစ်ရပလေ ၊ နိဂိုရ်က ဖျင်းရတဲ့အထဲ အပျင်းပိုပြီး ဖြည့်ရင်တော့ သာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
ဖျင်းတဲ့အထဲ အပျင်းဖြည့်ရင် ဒကာကြွယ် (ဆိုးပါတယ် ဘုရား) ခရီးပေါက်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ပျင်းရတဲ့အထဲ အပျင်းကနောက်ဆုတ်ခိုင်း
အဲ ဒါကြောင့် ဒကာ ဒကာမတွေ ပြောရတယ်၊ ဖျင်းတဲ့အထဲ အပျင်းတွေတော့ မဖြည့်ပါနဲ့တော့ (မှန်ပါ့)။
ဖျင်းတဲ့ဥစ္စာကလေးက နဂိုရ်ကမှ ထင်ခဲ, မြင်ခဲနေလို့ရှိရင် ဖျင်းရတဲ့အထဲ အပျင်းက နောက်ဆုတ် ခိုင်းလိုက် ပြန်လို့ရှိရင် ဗလာပဲ ကျန်တော့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဗလာကျန်တော့ ဒိဋ္ဌိက ဒကာ ဒကာမတို့ ငါ့ကိုထိအောင် မလုပ်နိုင်ဘူး ဆိုပြီး သကာလ ငါစီမံရာ သူခံပေ တော့ ဆိုပြီး အပါယ်လေးပါး ပစ်ချလိုက်တယ် (မှန်ပါ့) ဘယ်လောက် ကြောက်စရာကောင်းသတုန်း (ကောင်း ပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ “သုဘဝါ အရိယသာဝကော” ဆိုတဲ့အတိုင်း အခု ပညာနားနဲ့ ကြားကြပလား (ကြားပါပြီ ဘုရား)။
ကိလေသာရန်သူက ခင်ဗျားတို့ ချော့ကာမော့ကာနဲ့ နောက်ဆုတ်ခိုင်းတာတွေ ပညာနားနဲ့ ကြားကြပလား (ကြားပါပြီ ဘုရား)။
ဝေဒနာကလေး ပေါ်လိုက်-ပျက်လိုက် သဘောဟာ တားမရ, ဆီးမရတဲ့သဘောမို့ အနတ္တဆိုတာလဲ သုတဝါ ဆိုတဲ့အတိုင်း ပညာနားနဲ့ ကြားပလား (ကြားပါပြီ ဘုရား)။
ကြားလို့ရှိရင်ဖြင့် တစ်ခုသောကြားမှုကို နားမထောင်နဲ့ (မှန်ပါ့) တစ်ခုသော ကြားမှုကို ကြိုးစားလုပ် (မှန်ပါ့)။
ကိလေသာရန်သူ ဒီလိုထူထပ်ပါတယ်ဆိုတဲ့ ကြားမှုကိုတော့ ဒကာ ဒကာမတွေ သူ့ကို လက်မခံနဲ့ (မှန်ပါ့) ခုနင်က အနတ္တတွေ ခဏခဏပေါ်နေတာကို အနတ္တနဲ့ ဉာဏ်မပြတ်အောင်ဖြင့် လိုက်နာရလိမ့်မယ် (မှန်ပါ့) သဘော ပါကြပလား (ပါပါပြီ ဘုရား)။
အနတ္တနဲ့ ဉာဏ်နဲ့ မခွဲလိုက်ပါနဲ့ (မှန်ပါ့ ဘုရား) ဦးမာဒင် ဘယ်လိုမှာပါလိမ့် (အနတ္တနဲ့ ဉာဏ်နဲ့မခွဲလိုက်ပါနဲ့ ဘုရား)။
အနတ္တနဲ့ ဉာဏ်နဲ့ခွဲလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း အတ္တဒိဋ္ဌိက အသားတက်လာတယ် (မှန်ပါ့) လက်ရိုက် ရိုးကလေး မရိုက်ဘဲထားရင် အဲဒီနေရာက လက်တင်တဲ့နေရာက မှိုမတက်ရင် ဘုန်းကြီးတို့ ဆိုချင်သလိုဆို (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ပစ်ထားကြည့်တော့ ဘယ့်နှယ်ဖြစ်လာသတုန်း၊ မိုးကလေး ရွာမယ်ဆိုတော့ မှိုကလေးတွေ တက် လာတယ် (တက်ပါတယ် ဘုရား) မှိုတက်လာတဲ့အခါကျတော့ မကိုင်နိုင်တော့ဘူး ဖြစ်လိမ့်မယ် (မှန်ပါ့) မကိုင်နိုင် သူက ကြီးထွားလာမှာပဲ (မှန်ပ့ါ) သဘောပါပလား (ပါပါပြီ ဘုရား)။
အဲဒီတော့ မှိုတက်လဲ မခံပါနဲ့ ဒီဥစ္စာ စားသည်ထက်စားပြီး ပြောင်သည်ထက်ပြောင်ပြီး သုံးမဖြစ်အောင် လုပ်လိုက်စမ်းပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အံမာ မနည်းပြောရပါလား ဒကာကြွယ်ရ၊ လူကြီးတွေမို့ တွန်းရတာထင်ပါရဲ့ဗျာ ၊ လူကြီးတွေမို့ တွန်းရတာလား ဒကာကြွယ်ရ၊ မကောင်းပါဘူးဗျာ၊ ကလေးတွန်းရတယ် ဆိုတော့ ကြိမ်ကလေး ဘာကလေးပြခိုင်းရင် ရသေးတယ်နော် (မှန်လှပါ ဘုရား)။
လူကြီးတွေကျတော့ ဒီဥစ္စာ ဒို့ အတွန်းခံရတာပဲ နာလှပြီကွ၊ ငါ့နေရာကျလို့ရှိရင် ဒီ လက်ရိုက်ရိုးတော့ ကျိုးအောင်ပဲ ကိုင်ပြီး ရိုက်နေမယ်ကွ လို့ ဆိုရင်ဖြင့် ဒါ သိပ်အဖိုးတန်မယ် (မှန်ပါ့) သဘောပါပလား (ပါပါ ပြီ ဘုရား)။
လူကြီးမို့ အတွန်းခံရတာဆို ရှက်စရာကြီး
အခုကွာ ဘုန်းကြီးက လူကြီးတွေ သိပ်တွန်းနေလို့ (မှန်ပါ့) ဒီလိုများသွားပြီ မယူလိုက်ပါနဲ့နော် (မှန်ပါ့)။ ယူ လိုက်လို့ရှိရင် အင်း လူကြီးမို့ အတွန်းခံရတာဆို ရှက်စရာကြီး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီအထဲ လူငယ်တစ်ယောက်မှ မပါဘူး- (မပါပါ ဘုရား) ထောင်နိုင်တဲ့ နားရှိတဲ့ ပုဂ္ဂိုလ်တွေ ချည့်ပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် အတိုက်တွန်းဖြင့် ဘုရား၊ နောက်တော့ တိုက်တွန်းတဲ့တရား မဟောပါနဲ့ ၊ တရားမှန်သာ ပြောပါလို့ နောက် တောင်းပန်ချင်တောင်းပန် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ရိပ်မိပလား ဒကာကြွယ်ရ (ရိပ်မိပါပြီ ဘုရား) တိုက်တွန်းတဲ့ စကားသုံးရတာ တပည့်တော်တို့ အရွယ်နဲ့မလိုက် တော့နာလွန်းလို့ (မှန်ပါ့) ဒကာသစ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တရားသားပြောကြပါစို့ (မှန်ပါ့ ဘုရား)။
ဒါက ရူပက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာလေးပါ (မှန်ပါ့ ဘုရား) ဝေဒနာက္ခန္ဓ ချန်ထား (မှန်ပါ့ ဘုရား)။
ဝေဒနာက္ခန္ဓာ ဘာဖြစ်လို့ ချန်ထားသတုန်းလို့ မေးတဲ့အခါကျတော့ ဝေဒနာက္ခန္ဓာ ဒကာ ဒကာမတို့ ကျန် ခန္ဓာ လေးပါးမှီပြီး ပေါ်ရတယ် (မှန်ပါ့) ဒီခန္ဓာလေးပါးအပေါ်မှာ မှီပြီးပေါ်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါ ပြီ ဘုရား)။
ဒီခန္ဓာလေးပါးအပေါ်မှာ ဝေဒနာက ဘာဖြစ်မလဲ (မှီပြီးပေါ်ရပါမယ်) မှီပြီးပေါ်ရမယ်ဆိုတော့ မှီပေါ်တယ်- မပေါ်တယ် ဒကာ ဒကာမတွေ စဉ်းစားကြည့်ပါတဲ့ ၊ နေပူတယ်ဆိုတဲ့ အခါကျတော့မှ ခေါင်းပေါ်မှာ နေပူတယ်, ကျောပေါ်မှာ နေပူတယ်ဆိုတော့မှ ဒီခန္ဓာပေါ်မှာ ဒုက္ခဝေဒနာကလေးက အခုမှလာပေါ်တယ် (မှန်ပါ့) ဪ..သူက အမှီတရားပါလား (မှန်ပါ့)။
အမှီတရား
အမှီတရားဆိုကတည်းက ဒကာ ဒကာမတွေက စဉ်းစားမိပြီ ဪ အခုမှပေါ်လာတာ (မှန်ပါ့) မဟုတ် ဘူးလား (မှန်ပါ့)။
အခုမှ ပေါ်လာတဲ့တရားကို အသက်တမ်းကြည့်လိုက်, အသက်တမ်းကြည့်လိုက်တဲ့ အခါကျတော့ တစ်-ဆိုရင် ဖြစ်၊ နှစ်-ဆိုရင်ပျက် (ပျက်ပါပြီ ဘုရား)။
ဒါဖြင့် အခုမှပေါ်တဲ့ တရားဟာလဲ ပေါ်ပြီးပျက်မယ် (မှန်ပါ့) ဒါ-နေပူတဲ့ ဒုက္ခဝေဒနာကလေးပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဖျတ်ဆို နေရိပ်ထဲမှာ ဒီခန္ဓာကြီးက ရောက်သွားပြန်တော့လဲ ဒကာ ဒကာမတို့ သုခဝေဒနာကလေး ပေါ်လိုက် တယ် (ပေါ်ပါတယ် ဘုရား)။
ဒီပေါ်မှာပဲ ထပ်ပေါ်တယ် (မှန်ပါ့) သူလဲ ဧည့်သည်ပဲဆိုတာ သဘောကျပလား (ကျပါပြီ) သူလဲ ပေါ်ပြီး သကာလ သူ့အသက်တမ်းစေ့ရုံပဲ နေနိုင်မှာလဲ (မှန်ပါ့)။
သူ့အသက်တမ်းစေ့ရုံဆိုတာက ဖြစ်မှုရယ်၊ ပျက်မှုရယ် (မှန်ပါ့) ဖြစ်မှုမှာမွေးတယ်, ပျက်မှုမှာသေတယ်ဆိုတော့ သူလဲ ဧည့်သည်အဖြစ်နဲ့ ဒီနေရာမှာပဲ ပျောက်ရရှာတယ် (မှန်ပါ့ ဘုရား)။
ဘယ်နေရာ ရွှေ့သေးသတုန်း (မရွှေ့ပါ ဘုရား) သဘောကျပလား (ကျပါပြီ) ကောင်းကင်မှာ လျှပ်စစ်လင်း သလိုသာ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ကောင်းကင်မှာ လျှပ်စစ်လင်းတော့ ဒီနေရာမှာ လင်းတဲ့လျှပ်စက်ကလေးဟာ ဒီနေရာမှာပဲ ပျောက်သွားတယ် (မှန်ပ့ါ)။ နေရာများ ရွှေ့သေးသလား (မရွှေ့ပါ ဘုရား)။
အဲ ဒီမှာလဲ ဝေဒနာကလေးတွေဟာ ဒကာ ဒကာမတို့ ဒီနေရာပေါ်, ဒီနေရာပျောက်တာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီလေးပါးအပေါ်မှာ မျက်စိက မြင်လိုက်တဲ့ ဥပေက္ခာ ဝေဒနာကလေးပေါ်တယ်၊ အင်း ဒီနေရာပေါ်တာပဲ၊ ဒီခန္ဓာပဲပေါ်တယ် (မှန်ပါ့) သေသေချာချာမှတ်ပါ ဒီ-ဥစ္စာကို (မှန်ပါ့ ဘုရား)။
ဦးမာဒင် ဘာတဲ့ဗျာ (ခန္ဓာပေါ်မှာ ခန္ဓာဆင့်ပေါ်ပါတယ် ဘုရား)
ဒါဖြင့် ခန္ဓာပေါ်မှာ ခန္ဓာဆင့်တော့ ဒါကြောင့် ခန္ဓာငါးပါးလို့ ဆိုငြားသော်လဲ ခင်ဗျားတို့က ပြောတော့ ငါးပါး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဧည့်သည်ခန္ဓာသိမှ ဝိပဿနာဉာဏ် ဝင်လို့ရတယ်
သို့သော် အိမ်သည် ခန္ဓာကြီးတော့ ခင်ဗျားတို့သိပြီ ဧည့်သည်ခန္ဓာမသိလို့ရှိရင် ဝိပဿနာဉာဏ်ဝင်လို့ မရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဧည့်သည်ခန္ဓာသိမှ ဝိပဿနာဉာဏ် ဝင်လို့ရတယ် (မှန်ပါ့)။
ကဲ ဝေဒနာက ဒကာကြွယ် ဘာခန္ဓာဆိုမလဲ အိမ်သည် ခန္ဓာဆိုမလား ၊ ဧည့်သည်ခန္ဓာဆိုမလား (ဧည့်သည်ခန္ဓာပါ ဘုရား)။
ဒါကိုလဲ ရှင်းထားရသေးတယ် (မှန်ပါ့) ဒါကို မရှင်းရင် တော်ကို-မတော်ဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကြည့်လေ ဒီခန္ဓာကြီးက ဒကာ ဒကာမတို့ ယခုလက်ရှိ ခန္ဓာကြီး (မှန်ပါ့) ဒီအပေါ်နေပူလိုက်တယ်၊ ထီးတစ်လက် မပါဘူးဆိုရင် လူမှာစပ်ဖျင်းဖျင်းဆိုတဲ့ ဒုက္ခဝေဒနာပေါ်တယ် (ပေါ်ပါတယ် ဘုရား) ဧည့်သည်ဟုတ် မဟုတ် (ဟုတ်ပါတယ် ဘုရား)။
သူက ဧည့်သည်ဗျ (မှန်ပါ့) သို့သော် ဒကာသစ်က သိပြီးသား ဦးမာဒင်တို့က သိပြီးသားဖြစ်နေတော့ ဧည့်သည် အသက်ဘယ်လောက်ရှည်သတုန်း ၊ ဧည့်သည်ဆိုတာ ခဏပေါ့ကွာ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (ဧည့်သည်ဆိုတာ ခဏပါ ဘုရား) ဒါဖြင့် သူ့အသက်တမ်းရှိသလောက် သူနေပြီး ဒီအပေါ် မှာပဲမွေးပြီး ဒီအပေါ်မှာပဲ သေရရှာတယ် (မှန်ပါ့) ဒုက္ခဝေဒနာ ဖြစ်နေတော့ ဦးမာဒင် ဝေဒနာကို ဧည့်သည်မှတ် လိုက် (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကုန် ဧည့်သည်တော့ ဟောရမှာပဲတဲ့၊ သို့သော်လဲ တစ်နေ့တည်းနဲ့လဲ လုံးထွေးပြီး ဟောလို့မဖြစ်သေးဘူး (မှန်ပါ့) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။
ကဲ ဒါဖြင့် ဒီနေ့ ကျန်ခန္ဓာလေးပါးက အိမ်သည် (မှန်ပါ့) ဝေဒနာက (ဧည့်သည်ပါ) ဧည်သည်ပဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ဧည့်သည်သည် ဒကာ ဒကာမတို့ ဘယ်နှစ်ယောက် ရှိသတုန်းလို့ မေးတဲ့အခါကျတော့မှ ခင်ဗျားတို့ သန္တာန်မှ ဧည့်သည် သုံးယောက်ရှိတယ် (မှန်ပါ့)။
ဧည့်သည် သုံးယောက်ရှိတယ်
ဧည့်သည်ဘယ်နှစ်ယောက် ရှိသတုန်း (သုံးယောက်ရှိတယ်) သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ ဒါပဲရှိတယ် (မှန်ပါ့) ဒါပဲရှိတယ်လို့ ဘုရားက ဧည့်သည်သုံးယောက်ရှိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဲဒီ ဧည့်သည် သုံးယောက်ကို တစ်ခါတလေကျလာတော့ ခင်ဗျားတို့ကလဲ တော်တော်ခက်တယ်၊ သုခဝေဒနာ ကလေးက ဧည့်သည်အဖြစ်နဲ့ ခန္ဓာကိုယ်ပေါ်ရောက်လာတယ် (မှန်ပါ့)၊ ငါချမ်းသာတာပဲ၊ ငါချမ်းသာတာ ဘယ်သူက မျက်စော်ငးထိုး ဘာဖြစ်ရမတုန်းတဲ့ (မှန်ပါ့)။
အင်း ဒါကလေးကို ငါလုပ်ပစ်လိုက်တယ် (မှန်ပါ့) ဧည့်သည်ကို ငါလုပ်ပစ်လိုက်တယ် (မှန်ပါ့) သဘော ပါပလား (ပါပါပြီ ဘုရား)။
ဧည့်သည်ကို (ငါလုပ်ပစ်လိုက်ပါတယ် ဘုရား) ဪ ဒါ ဒိဋ္ဌိပဲ ဒကာ ဒကာမတို့လဲ ဧည့်သည် ငါလုပ်တယ် ဆိုတော့ ဧည့်သည်ဆိုတာ အိမ်ရှင်မပိုင်တာကြီး သိလျက်သားနဲ့ ဧည့်သည် ငါလုပ်လိုက်ကတည်းကိုက ဒိဋ္ဌိကပ်ပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဧည့်သည်ငါလုပ်ရင် (ဒိဋ္ဌိကပ်ပါတယ် ဘုရား) အခုလို လည်လည်ပယ်ပယ်နဲ့ ဧည်သည်-အိမ်သည် ခွဲမဟောလို့ ရှိရင်လဲ ဦးမာဒင် သိပ်ရှုပ်တယ် (ရှုပ်ပါတယ်) အခုရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် နေရာကျပြီ (ကျပါပြီ ဘုရား) ကဲ ဒါဖြင့် တစ်ခါတလေကျတော့ ဒုက္ခဝေဒနာကလေးက ရောက်လာတယ် (ရောက်ပါတယ် ဘုရား)။
အို ဒို့များ ဆင်းရဲတော့ ဒို့အိမ် ခြေဦးမှမလည့်ဘူး (မှန်ပါ့) ဟာ လာပြန်ပြီ (မှန်ပါ့) ဒို့ဆင်းရဲတော့ ဒါ- ဒို့လုပ်ပြန်ပြီဗျ (မှန်ပါ့)။
ဒို့ ဆင်းရဲတဲ့အခါများ ဘယ်သူမှ ဒို့အိမ်များ ခြေဦးကိုလှည့်မဲ့လူမရှိဘူး၊ ဒို့အိမ် အရင်တုန်းကဖြင့် ဆူဆူညံညံ နဲ့ လာလိုက်ကြတာ မျက်နှာချိုသွေးလို့ (မှန်ပါ့) အင်း ဘာလုပ်ကြတာတုန်း ခင်ဗျားတို့ဟာပြော-ပြောစမ်းပါဦး (မျက်နှာချိုသွေးတာပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဧည့်သည်ကို ဘာလုပ်နေပြန်သတုန်း (ငါလုပ်ပါတယ် ဘုရား) ဧည့်သည်ငါလုပ်ပြန်ဦးမလို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဧည့်သည်မှန်း အနတ္တမှန်းမသိ
ကောင်းပြီ၊ ဒါ ဧည့်သည်မသိပြီဆိုမှဖြင့် ဒကာကြွယ်ရေ- ဧည့်သည်ကို တစ်ခါတည်း ငါလုပ်ပြီး နေတော့တာပဲ (မှန်ပါ့) ဝေဒနာမှန်းလဲမသိ ဧည့်သည်မှန်းလဲမသိ၊ အနတ္တမှန်းလဲ မသိတော့ ဒါတွေနဲ့ ဟိုအိမ်နဲ့, ဒီအိမ်ရန်ဖြစ်နေကြ တယ် (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ကြောင့် ရန်ဖြစ်တာပါလိမ့် (ဧည့်သည်မှန်း မသိလို့ပါ) ဧည့်သည်မှန်း အနတ္တမှန်းမသိ (မှန်ပါ့) ဧည့်သည်မှန်းမှမသိတော့ အနတ္တကသိသေးရဲ့လား (မသိပါ) အဲဒါနဲ့ ခင်ဗျားတို့ မျက်စောင်းထိုး မေးငေါ့တွေ ပေါ်လာ တာ ဒါပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) တယ်လဲ ကြောက်စရာ ကောင်းပါကလား (ကောင်းပါတယ် ဘုရား)။
ဒကာကြွယ် ဒီလိုများဖြစ်ဖူးသေးသလား (ဖြစ်ဖူးပါတယ်) ရိုးရိုးပြောစမ်းပါဗျာ (မှန်ပါ့ ဘုရား)။
ရိုးရိုးပဲ (မှန်ပါ့) အဲ- ဒကာ ဒကာမတွေဘက်က ကြပ်ကြပ်သတိထားပါ (မှန်ပါ့) ဒီဧည့်သည်ဟာ အခုခဏ ကလေးပေါ်တာ (မှန်ပါ့) ဒီပေါ်မှာ တာရှည်ကော နေနိုင်ရဲ့လား (မနေနိုင်ပါ) သူ့သက်တမ်းစေ့ သူသေတာပဲ (မှန်ပါ့ ဘုရား)။
သူ့သက်တမ်းကလဲ ဘာမှမတွေးနဲ့၊ ၁-ဖြစ်ပြီးရင် ၂-ပျက်တာပဲ (မှန်ပါ့) ၁-၂ ရေတွက်နေတာက ကြာသေး တယ် ဒကာ ဒကာမတို့ သူ့အပျက်က ဒီ့ထက်မြန်တယ် (မှန်ပါ့) ခုနင်က ယပ်တောင်ကလေး ဟိုဘက်ရောက်သွားလို့ ရှိရင်ပဲ ဒုက္ခဝေဒနာ ချက်ခြင်းပေါ်တယ် (ပေါ်ပါတယ် ဘုရား)။
ယပ်တောင်ကလေးနဲ့ လေကလေးနဲ့ ယပ်လိုက်ပြန် သုခဝေဒနာ ချက်ခြင်းပေါ်တယ် (ပေါ်ပါတယ်) ဧည့်သည် ဆိုတာ မသေချာဘူးလား (သေချာပါတယ်) အာရုံ ဒွါရထိမှပေါ်တဲ့ ဧည့်သည်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
အဲ ဧည့်သည်ကိုဖြင့် ဒကာ ဒကာမတွေက ငါချမ်းသာတယ်၊ ငါဆင်းရဲလို့ ခြေဦးမလှည့်လာဘူးလို့ မလုပ် ပါနဲ့ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အကြားအမြင် မရှိဘူးဘုရာ့
ဒကာကြွယ် ဝေဒနာတွေဟာ အိမ်သည်လား၊ ဧည့်သည်လား (ဧည့်သည်ပါ) ဧည့်သည်တွေနဲ့ ခင်ဗျားတို့က ဘာများကြွားလုံး ဘာလုံးထုတ်နေတာတုန်း၊ သုတဝါ-အကြားအမြင် မရှိဘူးဘုရာ့ (မှန်ပါ့) အရိယာတို့၏ သာဝက ဆိုတာ အရိယာတို့ ဟောတဲ့တရားကို မကျင့်ဖူးဘူးဘုရာ့ (မှန်ပါ့)။
ဒါကြောင့် တပည့်တော်တို့က ဧည့်သည်မှန်း မသိတော့ကို ငါ့ကို ဘာထင်လို့တုန်း (မှန်ပါ့) ငါမချမ်းသာပေမယ့် ဘယ်သူ့ဆီမှ ဆားတစ်လျက် ငါတောင်းတာမဟုတ်ဘူး (မှန်ပါ့ ဘုရား) အံမာလေး ရှုပ်လိုက်တဲ့ဖြစ်ခြင်း၊ ဧည့်သည် ကို ငါထင်နေတာကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အတော်ကို ဆိုးနေတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ) အင်း ဒါဟာ ဝေဒနာကို ငါထင်နေတယ် (မှန်ပါ့) ချမ်းသာတာလဲ ဝေဒနာ၊ ဆင်းရဲတာကော (ဝေဒနာပါ) အလတ်စားကော (ဝေဒနာပါ)။
အလတ်စား ဥပမာပြောလိုက်သေးတယ် ဒကာ ဒကာမတို့ ဥပေက္ခာ ဝေဒနာ ပေါ်လာနေတယ်၊ ကျုပ်တို့က မရှိ-မရှား (မှန်ပါ့ ဘုရား)။
မရှိ-မရှားဆိုတော့
ဦးမာဒင် ဘယ့်နှယ်ပြောသတုန်း (မရှိ-မရှားပါ) မရှိ-မရှားဆိုတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ ကျုပ်တော့ ကျေနပ် နေတာပဲ (မှန်ပါ့)။ ဒါကလေး ကျုပ်ဖြစ်ပြီး ကျေနပ်တယ် (မှန်ပါ့ ဘုရား)။
ဥပေက္ခာ ဝေဒနာက ဘာဖြစ်ပြီး ကျေနပ်သတုန်း (ကျုပ်ဖြစ်ပြီး ကျေနပ်ပါတယ် ဘုရား)။
ဖြစ်မှဖြစ်ရပလေ ဧည့်သည်မှန်းကို မသိတာကိုးဗျ (မှန်ပါ့) အတော်ဆိုးနေပါပေါ့လား (ဆိုးပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ဒါဖြင့် ခင်ဗျားတို့၏ မျက်စောင်းထိုးမှု ခုံဖိနပ်ဆောင့်နင်းမှု ပေါ်ပလား (ပေါ်ပါပြီ) ဒီဝေဒနာကြောင့် ဖြစ်တာ (မှန်ပါ့ ဘုရား)။
ဒါကို ဘေးကလူတွေကလဲ တစ်ခါတလေကျတော့ အသိဉာဏ်ကလေးနဲ့ ပြောတဲ့ပုဂ္ဂိုလ်ကျတော့ သိလို့တော့ ပြောတာမဟုတ်ဘူး ဦးမာဒင်ရေ တချို့က သူ့သွားပြီးမစပါနဲ့၊ သူက ဝေဒနာသည်ဖြစ်နေတယ် (မှန်ပါ့) ဒါကြောင့် သူပြောချင်ရာ ပြောနေတာ (မှန်ပါ့) အစရှိသည်နဲ့ ပြောတဲ့လူကလဲ ဝေဒနာသည်သာ ပြောတာ၊ ဟိုမှာ ဝေဒနာဆိုတာ သူက အနာကြီးပြောနေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီ ခဏခဏ ပေါ်တဲ့ နာမ်ဝေဒနာကို ဆိုတာဟုတ်ကဲ့လား (မဟုတ်ပါ) မဟုတ်ဘူး သူက ပြည်ထည့်နေတဲ့ အနာကြီး ပြောနေတာ (မှန်ပ့ါ) အံမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဝေဒနာသိပြန်တော့လဲ အနာသိတာ (မှန်ပါ့) အနာသိတာဆိုတော့ အနာဆိုတာက ရုပ် (မှန်ပါ့) အဲ ရုပ်ကြီးသိနေပြန်တော့ ဦးမာဒင်ခက်ပြီ (ခက်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဧည့်သည်ဘယ်နှစ်ယောက် ရောက်နိုင်သတုန်း (သုံးယောက် ရောက်နိုင်ပါတယ် ဘုရား)။
ဧည့်သည်မှန်းသိပါ
ဧည့်သည် ရောက်တိုင်း ရောက်တိုင်း ဒကာ ဒကာမတို့ ခင်ဗျားတို့ ဧည့်သည်မှန်းသိပါ (မှန်ပါ့ ဘုရား)။
ဧည့်သည်ရောက်တိုင်း ရောက်တိုင်း (ဧည့်သည်မှန်းသိပါ ဘုရား)။
ဒါဟာ ဒကာကြွယ် ဧည့်သည်ရောက်တိုင်း ရောက်တိုင်း သိလို့ရှိရင် ခင်ဗျားတို့ နိဗ္ဗာန်ရမယ် (မှန်ပါ့) ဧည့်သည် ရောက်တိုင်း, ရောက်တိုင်းသိရင် (နိဗ္ဗာန်ရပါမယ် ဘုရား)။
အခုတော့ ခင်ဗျားတို့က ဧည့်သည်ကနေပြီး ဧည်ကျယ်လုပ်ထားတော့ အတော်ခက်နေတယ် (မှန်ပ့ါ) မခက် ဘူးလား (ခက်ပါတယ် ဘုရား)။
ဧည့်သည်ကနေပြီး ဘာလုပ်ထားသလဲ (ဧည်ကျယ်လုပ်ထားပါတယ်) ငါလုပ်ထားတာကိုးဗျ ငါ့မထိနဲ့၊ ဟော သူက ဧည့်ကျယ်လုပ်သွားပြီ (မှန်ပါ့) ငါ့မထိနဲ့ဟုတ်လား၊ ကိုယ့်ကံနဲ့ ကိုယ်ချမ်းသာတာ (မှန်ပါ့ ဘုရား)။
ဘယ်သူမျက်စောင်းထိုးလို့၊ ဘယ်သူမကြည်ညိုလို့ ဘာဖြစ်ရမှာတုန်း (မှန်ပါ့) ဟောသူက ဧည့်ကျယ်ဖြစ်သွား ပြီ (မှန်ပါ့) သူက ထ,ပြီး စကားပြောကုန်ပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ သုတဝါဆိုတဲ့ အရိယာတို့၏တရား မနာဘူးလို့ဖြစ်တာ (မှန်ပါ့) အရိယာသာဝကောဆိုတဲ့ အရိယာ တို့၏ ဟောစဉ်ကို မကျင့်ဖူးလို့ဖြစ်ရတာ (မှန်ပ့ါ ဘုရား)။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တရားဟောတော့မယ်ဆိုရင် “သုတဝါ အရိယာသာဝကော” ဖြစ်ပါစေကွာ (မှန်ပါ့) “သုတဝါ အရိယသာဝကော”ဖြစ်ပါစေ (မှန်ပါ့ ဘုရား)။
ဒကာသစ် ဒီဥစ္စာကို အများကြီးဆုံးမတယ် (မှန်ပါ့) သံယုတ်ပါဠိတော်တွေမှာ ဒကာ ဒကာမတို့ ပါတယ်၊ အင်္ဂုတ္တိုရ်မှာလဲ ပါတာပဲ၊ ပဏ္ဏာသမှာလဲ ပါတာပဲ (မှန်ပါ့) တရားဟောတော်မူမယ်လို့ဆိုရင် ဒီနှစ်ခုစပြီးချလာပြီ (မှန်လှပါ ဘုရား)။
အရိယာတို့၏ ကျင့်စဉ်အတိုင်း
သုတဝါ=ပညာနားနဲ့ ကြားဖူးတာဖြစ်ပါစေကွ (မှန်ပါ့) အရိယသာဝကော=အရိယာတို့၏ ကျင့်စဉ်အတိုင်း မှတ်သားပြီး ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါစေကွ (မှန်ပါ့)။
ဒီအရေးနှစ်ခုဟာ ဦးမာဒင် မကြီးဘူးလားဗျာ (ကြီးပါတယ် ဘုရား)။
အင်မတန်ကြီးပါတယ် ၊ ပညာနားနဲ့ ကြားဖူးဖို့ကော လွယ်ရဲ့လား (မလွယ်ပါ ဘုရား) အရိယာတို့၏ ကျင့်စဉ်အတိုင်း ကျင့်ဖို့ကော (မလွယ်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့မှာ အရိယာမျိုးစေ့ကို မရှိလို့ အရိယာပင် မပေါက်နိုင်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဪ..ငါ နိဗ္ဗာန်မဂ်ဖိုလ် ဘာဖြစ်လို့ မရပါလိမ့်၊ အရိယာမျိုးစေ့ နှစ်ခုဟာ ဘာမှမရှိဘူး (မှန်ပါ့) မရှိတော့ အရိယာပင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။
အဲဒီတော့ ပါရမီမရှိလို့လား၊ မျိုးစေ့မရှိလို့လား (မျိုးစေ့မရှိလို့ပါ ဘုရား)။
အဲ ဒါဖြင့် ယနေ့တော့ဖြင့် ဒကာ ဒကာမတို့ မျိုးစေ့ပေးပါပြီ၊ သုတဝါ=အရိယာတို့၏ ဟောတဲ့တရားကို ဒကာ ဒကာမတို့ ပညာနားနဲပလဲ ထောင်လိုက်ပါ (မှန်ပါ့)။
သုတဝါ=ကြားတယ်၊ ကြားတယ် ဆိုပေမယ့် ဒကာ ဒကာမတို့ ပညာနားနဲ့ ကြားဖူးမှနော် (မှန်ပါ့)။
အရိယသာဝကော-ဆိုတော့ အရိယာတို့၏ ကျင့်စဉ်အတိုင်း ကျင့်မှ သာဝကဖြစ်တယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ကျင့်သွားတယ်
ဒါဖြင့် ဘုရား အရိယာတို့ ကျင့်သွားတာက ဖြစ်ပျက်ကျင့်သွားတယ်၊ သာဝက,က ခိုင်တယ်-မြဲတယ် ယူနေရင် ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)။
အဲ ဒါကြောင့် သုတဝါကလဲ ပညာနားနဲ့ထောင်ရမယ် (မှန်ပါ့) အရိယာသာဝကောကလဲ အရိယာတို့၏ ကျင့်စဉ်အတိုင်း ဖြစ်ပျက်မြင်လို့ ဖြစ်ပျက်အတိုင်းပဲ ကျင့်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒကာသစ်ရေ သွားကြပါဦးစို့၊ ဒီခန္ဓာကြီးပေါ်မှာ ဧည့်သည် ဘယ်နှစ်ယောက်တဲ့ (သုံးယောက်ပါ ဘုရား) ဘာဝေဒနာပါလိမ့် (သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခဝေဒနာပါ ဘုရား)။
ဒါကို ခင်ဗျားတို့ ရှုဖြစ်အောင် ရှုပါနော် (မှန်ပါ့) ဧည့်သည်လာတိုင်း-လာတိုင်း ဆရာဘုန်းကြီးက အရိယာ သာဝကတို့၏ စိတ္တုပ္ပါဒ်မွေးလိုက်တယ် (မှန်ပါ့)။
အရိယာသာဝက၏ (စိတ္တုပ္ပါဒ်မွေးပါတယ် ဘုရား)စိတ္တုပါဒ် မွေးလိုက်တဲ့အခါကျတော့ ဒါ ဧည့်သည်မရှိဘူး၊ ဧည့်သည်မရှိဘူး (မှန်ပ့ါ ဘုရား) ဒါနဲ့ ကြည့်ကြည့်ပေးပါ (မှန်ပါ့ ဘုရား)။
အရိယာတို့၏ ကျင့်စဉ်အတိုင်း ဧည့်သည်မရှိဘူး၊ ဧည့်သည်မရှိဘူး ဒီလိုကြည့်ပေးရမယ် (မှန်ပါ့)။
ဧည့်သည်မရှိဘူး ကြည့်ပေးလိုက်တဲ့အခါကျလို့ရှိရင် “ဝေဒနာ အနတ္တာ”ဖြစ်သွားတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။
ဝေဒနာ (အနတ္တာပါ ဘုရား) ဧည့်သည်မရှိဘူး၊ မြန်မာလိုပြန်လိုက်တော့ (မှန်ပါ့)။
မြန်မာလိုပြန်လိုက်တော့ (ဧည့်သည် မရှိပါ ဘုရား) နို့ ဧည့်သည်ကော မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
ဒီလေးပါး အပေးမှာ တစ်ခါတလေမှသုခက ပေါ်တာ (မှန်ပါ့) တစ်ခါတလေမှ ဒုက္ခရော (ပေါ်ပါတယ် ဘုရား) တစ်ခါတလေမှ ဥပေက္ခာကော (ပေါ်ပါတယ် ဘုရား) ဒါဖြင့် ဧည့်သည်ရှိရဲ့လား (မရှိပါ ဘုရား) ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဪ ဒါဖြင့် ဧည့်သည် ဒီကနေပြီး သကာလ ဧည့်သည်ကို မသိချင်နေပါစေတော့ ဧည့်သည်ကို ဘုန်းကြီး ပြောထားလို့ ကြားဖူးပါပြီ၊ ဧည့်သည်မရှိဘူးသိရင် တော်ပါပြီ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ကို မိအောင်ရှု
မရှိဘူးသိရင် တော်ပါပြီ (မှန်ပါ့) ဒါကြောင့် ဖြစ်တယ်ဆိုတာ ဧည့်သည် (မှန်ပါ့) ပျက်တယ်ဆိုတဲ့ဥစ္စာ မရှိတာ (မှန်ပါ့ ဘုရား) ဒါကြောင့် ဖြစ်ပျက်ကို မိအောင်ရှု (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်ကို (မိအောင်ရှုရပါမယ် ဘုရား) အဲဒီတော့ ဘာဖြစ်မမိလိုက်ပါဘူးဆိုရင် အပျက်မိရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အဖြစ်မမိလိုက် ရှိပါစေတော့ (မှန်ပါ့) အပျက်တော့ဖြင့် (မိရပါမယ် ဘုရား)။
ဘာဖြစ်လို့တုန်းဆိုတော့ အဖြစ်မမိချင် ရှိပါစေတော့ဆိုတာ ဒါက ဖြစ်နေတုန်း သူက ဖြစ်ခွင့်မရဘူး (မှန်ပါ့) ရှုဉာဏ်က ဖြစ်ခွင့်မရဘူး (မရပါ ဘုရား) သူက ပျက်သွားလို့ မရှိတဲ့အချိန်မှ ဒီရှုဉာဏ်က အရိယာတို့၏ ကျင့်စဉ်က ပေါ်လာတယ် (မှန်ပါ့)
ကျင့်စဉ်က ပေါ်လာတဲ့အခါကျတော့ ဦးမာဒင်ရေ ဧည့်သည်မရှိဘူးလို့ သူမသိဘူးလား (သိပါတယ် ဘုရား)။
ဒါဖြင့် ဧည့်သည်မရှိတာက အနိစ္စ၊ အနတ္တ (မှန်လှပါ) သဘောကျကြပလား (ကျပါပြီ ဘုရား)။
ဧည့်သည်မရှိတာက အနတ္တ၊ မရှိမှန်းသိတာက (မဂ္ဂပါ ဘုရား) မဂ္ဂပဲဆိုတော့ ဒကာ ဒကာမတို့ ဪ မဂ်ဆို ဒီလိုယူရတာပါလား (မှန်ပါ့) မဂ်ခန္ဓာကိုယ်ထဲ ပေါ်ချင်လို့ရှိရင် ဧည့်သည်မရှိတာသိမှ မဂ်ပေါ်တယ် (မှန်ပါ့)။
ဧည့်သည်မရှိတာသိရင် (မဂ်ပေါ်ပါတယ် ဘုရား) ဒါဖြင့် မဂ်ဟာ ဆုတောင်းယူရတာလား၊ မရှိတာသိမှ ပေါ် တာလား (မရှိတာသိမှ ပေါ်တာပါ ဘုရား)။
မဂ်ဖိုလ်ကို ဘဝတိုတိုနဲ့ ရရပါလို၏ လုပ်မနေနဲ့
ဒါကြောင့် မဂ်ဖိုလ်ကို ဘဝတိုတိုနဲ့ ရရပါလို၏ လုပ်မနေနဲ့ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မဂ်ဖိုလ်ကို ဘဝတိုတိုနဲ့ (ရရပါလို၏လုပ်မနေနဲ့) ဘဝလဲ တိုမှာမဟုတ်ဘူး၊ ခင်ဗျားတို့ ဒီလို မဂ်ကို ရှုလို့မှ မပေါ်လို့ရှိရင် ဘဝတိုစရာအကြောင်း မမြင်ဘူး (မမြင်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲ မဂ်ဖိုလ်ကို ဘဝတိုတိုနဲ့ ရချင်တယ်ဆိုလို့ရှိရင်ဖြင့် ဧည့်သည်မရှိတာသိမှ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဧည့်သည်မရှိတာက အနတ္တ (မှန်လှပါ) သိတာက (မဂ္ဂပါ ဘုရား) မဂ္ဂဆိုတော့ ဪ မဂ်လာတော့ ဒကာ ဒကာမတွေ သိတဲ့အတိုင်း တဲ့ သူဟာ သုခဝေဒနာဆိုပါဦးတော့ ဧည့်သည် (မရှိပါ ဘုရား) မရှိတာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ သုခဝေဒနာ ပစ္စယာတဏှာ, ဥပါဒါန်,ကံ၊ ဒီဘက် ဇာတိ ဇရာ မရဏ အနာဂတ်ဘဝဆက်သွားတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ) ဒါ ဧည့်သည်မရှိတာကို မသိလိုက်လို့ (မှန်ပ့ါ ဘုရား)။
ဧည့်သည်မရှိတာကို (မသိလိုက်လို့ပါ) မသိလိုက်တော့ ပဋိစ္စသမုပ္ပါဒ်က ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်က လာတော့မယ် (မှန်ပါ့) စာဆို ပဋိစ္စသမုပ္ပါဒ်မယူပါနဲ့ (မှန်ပါ့) ဘာယူရမှာတုန်း (ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ် ယူရမှာပါ ဘုရား)။
ဒီခန္ဓာပြီးရင် ဒီခန္ဓာ လာတော့မှာပဲ (မှန်ပါ့) ဒီခန္ဓာပြီးရင် ဒီခန္ဓာကော (လာမှာပါ ဘုရား)။
အဲ ဒီဝေဒနာက္ခန္ဓာကို မသိတဲ့ပုဂ္ဂိုလ်သည် ချုပ်မှန်း၊ ပျက်မှန်း မသိတဲ့ပုဂ္ဂိုလ်ဟာ ဝေဒနာပစ္စယာ တဏှာ (မှန်ပ့ါ) တဏှာပစ္စယာ (ဥပါဒါနံပါ) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။
ဧည့်သည်မရှိတာကို မသိလိုက်လို့ပါ
အဲ ဇာတိဆိုတော့ ဦးမာဒင် ဘဝကူးသွားပြီ (မှန်ပါ့) ဘဝ-ဘဝ ဆက်မသွားဘူးလား (ဆက်သွားပါ တယ် ဘုရား)။
ဒါ- ဘယ့်နှယ်ကြောင့်တုန်း ၊ ဧည့်သည်မရှိတာ တပည့်တော်တို့က မသိလိုက်လို့ ဘုရာ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ) ဧည့်သည်မရှိတာကို (မသိလိုက်လို့ပါ ဘုရား)။
နို့ ခင်ဗျားတို့အိမ်က ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးမှာ ဧည့်သည် တစ်နေ့ ဘယ်နှစ်ကြိမ် ရောက်မယ်ထင် သတုန်း (မရေတွက်နိုင်ပါ ဘုရား) မသိတာကလဲ မရေတွက်နိုင်ဘူးပေါ့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ်ရေ- လာတဲ့ဧည့်သည်ကလဲ မနည်းဘူးတဲ့၊ မသိလိုက်တာတွေကလဲ များတယ် (များပါတယ် ဘုရား)။
မသိလိုက်တာများတော့ ခင်ဗျားတို့ မသိလိုက်တာ ကိစ္စမရှိပါဘူးတဲ့ ခင်ဗျားတို့ စိတ်စဉ်က ရပ်ကဲ့လား (မရပ်ပါ ဘုရား)။
ကြည့်လေ ဒီဧည့်သည် မသိလိုက်တော့ ဟောဒီစိတ်စဉ်ပေါ်လာတယ် (မှန်ပါ့) တဏှာဖြစ်စဉ် ပေါ်လာတော့ ဥပါဒါန် ဖြစ်စဉ်ကော (ပေါ်လာပါတယ် ဘုရား)။ ကမ္မဘဝ ဖြစ်စဉ်ကော (ပေါ်လာပါတယ် ဘုရား)။
သေသည်၏ အခြားမဲ့၌ ဇာတိအစဉ်ကြီးကော လာမလာ (လာပါမယ် ဘုရား) သေပြီးရင်တော့ လာတော့ လာမှာပဲ (မှန်ပါ့)။
ဒါ-ဘယ့်နှယ်ကြောင့်ပါလိမ့်မတုန်းလို့ ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ မေးတော့ ဧည့်သည်လာတာကို မသိလိုက်လို့ (မှန်ပါ့) ဧည့်သည်၏သဘောကို မသိလိုက်ဘူး (မှန်ပါ့ ဘုရား)။
ဧည့်သည်သည် နေလဲ နေသွားတယ် ၊ သေလဲ သေသွားတယ်လို့ မသိလိုက်ဘူး (မှန်ပါ့)။
မသိလိုက်တာ အဝိဇ္ဇာ
အနေနဲ့ အသေကို (မသိလိုက်ပါ) မသိလိုက်တော့ကို ခင်ဗျားတို့က မသိလိုက်တာ ဘယ်သူတုန်းလို့ မေးတော့ တစ်ချက် ကလေးတိုးလိုက်ပါဦး၊ မသိလိုက်တာ ဘယ်သူတုန်းဆိုတော့ မသိလိုက်တာ အဝိဇ္ဇာ (မှန့်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
အဝိဇ္ဇာကနေပြီး တဏှာသင်္ခါရ ကျေးဇူးပြုလိုက်တယ် (မှန်ပါ့) တဏှာကနေပြီး ဥပါဒါန်ကို ကျေးဇူးပြုလိုက် တယ် (မှန်ပါ့)။
ဥပါဒါန်ကဆက်ပြီးတော့ ကံကို ကျေးဇူးပြုလိုက်တယ် ၊ သေသည်၏ အခြားမဲ့၌ (ဇာတိပါ ဘုရား) ဇာတိ ကိုသွားပြီး ကျေးဇူးပြုလိုက်တယ် (မှန်ပါ့ ဘုရား)။
ကောင်းသေးရဲ့လား ဒကာကြွယ်ရေ (မကောင်းပါ ဘုရား) အင်း ဒါ-မသိလိုက်တဲ့အပြစ်လေ (မှန်ပ့ါ) မသိလိုက်တဲ့အပြစ် ဒကာ ဒကာမတို့ တော်တော်ကြီးတယ် (ကြီးပါတယ် ဘုရား) သံသရာကို ဆက်သွားစေတယ် (မှန်ပါ့)။
မသိလိုက်တဲ့ အပြစ်ဟာ (သံသရာကို ဆက်သွားစေပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က စောင့်ကြည့်နေတာပဲ ၊ ကြည့်နေပေမယ့်လဲ မမြင်လိုက်ပါဘူး၊ (မှန်ပ့ါ) အင်း မမြင်လိုက်လို့ ရှိရင် သွားပေတော့ အပါယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။ စိတ်စဉ်က (သူပို့တာပါ ဘုရား) ဘုန်းကြီးတို့က ပို့တာမဟုတ်ပါဘူး (မှန်ပ့ါ)။
ဘုန်းကြီးက ဘာမှမဆိုင်ဘူးလေ ၊ ဘုန်းကြီးက စိတ်စဉ်ဟာ ခင်ဗျားတို့ ထုံးစံအတိုင်း လာလိမ့်မယ်ပြော တာ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့အိမ်မှာ ခင်ဗျားတို့ ဧည့်သည်ဘယ်နှစ်ယောက် လာတတ်သတုန်း (သုံးယောက် လာပါတယ် ဘုရား)။
မသိတာများရင် အပါယ်ချည့်သွားတယ်
သိတာကများသလား ၊ မသိတာက များသလား (မသိတာက များပါတယ် ဘုရား) ဟာ မသိတာများရင် အပါယ်ချည့်သွားတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မသိတာများလို့ရှိရင် (အပယ်ချည့် သွားပါတယ် ဘုရား)။
မသိတာဆိုတာ အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာကြောင့် ဒီဘက်က (တဏှာပါ ဘုရား) တဏှာကြောင့် (ဥပါဒါန်ပါ ဘုရား)။
ဒါတွေက ဒီကမှ မသိတာ ဒီတဏှာကော သိပါဦးမလား (မသိပါ ဘုရား) ဒီဥပါဒါန်ကော (မသိပါ ဘုရား) ဒီကံဖြစ်တာကော (မသိပါ ဘုရား)။
ဪ မသိသလို ခင်ဗျားတို့ ကျုပ်တို့က ဘာမှမသိတာ ခပ်အေးအေး နေလိုက်တာပဲ (မှန်ပါ့) ဒကာ ဒကာမတွေ ဒီလိုသုံးချင်လဲ သုံးလိုက်မယ် (သုံးပါမယ် ဘုရား) ဟ မအေးဘူး၊ ဒယ်အိုးရောက်အောင်သွားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အပါယ်ဒယ်အိုးကျအောင် ဘယ့်နှယ်တုန်း (သွားပါတယ် ဘုရား)။
အဲဒီတော့ ကျုပ်တို့ကလဲ မသိတော့ မသိသလိုပဲ နေလိုက်တာပဲ (မှန်ပါ့)။ မသိသလိုနေရတာလား၊ ဒကာ ဒကာမတို့ အပါယ်ရောက်သွားတာလား (အပါယ်ရောက်သွားတာပါ ဘုရား)။
အဲဒီတော့ နောက် ဒီအသုံး-မသုံးနဲ့ (မှန်ပါ့) အပါယ်အရောက်ခံပြီး မသိ-မသိသလိုနေလိုက်တာပဲဆိုတာ ဘယ်တော့မှ မသုံးပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီဧည့်သည်ကလေး လာတိုင်း-လာတိုင်း ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
လာတိုင်း-လာတိုင်း ဘာလုပ်ကြရမယ်
ဧည့်သည်လာနေတာကို သိရတယ် ၊ ဧည့်သည်ပြန်တာ သိရမယ် (မှန်ပါ့)။
ဧည့်သည်ဖြစ်တာကို (သိအောင်လုပ်ရပါမယ်) ဧည့်သည်ပျက်တာကို (သိအောင်လုပ်ရပါမယ် ဘုရား)။
သိတဲ့အခါကျတော့ ဖြစ်ပျက်သိတော့ ဖြစ်ပျက်မဂ်ဆိုတော့ မဂ်ဆိုတာ ဒီအဝိဇ္ဇာကိုသတ်တယ်(မှန်ပါ့) အဝိဇ္ဇာ လဲသတ်တယ် တဏှာကော (သတ်ပါတယ် ဘုရား) ဥပါဒါန်ကော (သတ်ပါတယ် ဘုရား)။
ခေါင်သူကြီး သတ်လိုက်ပေါ့ဗျာ၊ ဒီဟာတွေ ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား) အဲဒီတော့ ခင်ဗျား တို့၏ အပါယ်ဖြစ်စဉ်ဖြတ်တာ (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဘာဖြတ်တာပါလိမ့် (အပါယ်ဖြစ်စဉ် ဖြတ်တာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဧည့်သည် လာတိုင်း-လာ တိုင်း အသိအမှတ်ပြုပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကြောင့် ဘုရားက “သုခံဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ”တဲ့ မင်းသိအောင် လုပ်ကွ (မှန်ပ့ါ) သူ့ဧည့်သည် လာတာသိအောင်လုပ် (မှန်ပါ့) မသိရင် မင်း ဒုက္ခရောက်လိမ့်မယ် (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။
မသိရင် မသိတဲ့ဧည့်သည် လက်ခံမိရင် ခင်ဗျားတို့ အခုအခါမှာ သူပုန်တွေဘာတွေက လာပြီးတည်းလို့ရှိရင် ဖြင့် ကိုယ့်အိမ်မှာ လက်ခံမှုဒုက္ခတော့ ရောက်ဦးမှာပဲ (မှန်ပါ့) မသိတဲ့ ဒုက္ခသေးသလား (မသေးပါ ဘုရား)။
အဲ အဲဒီဒုက္ခက မကြီးသေးဘူး ထောင်ကျရုံတင်ရှိသေးတယ်၊ ဟိုက အပါယ်ထဲက လွတ်မှာမဟုတ်ဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဧည့်သည်လာရင် ဖြစ်ပျက်ရှု
ဒါဖြင့် ဘယ့်နှယ်လုပ်ကြမလဲ (ဧည့်သည်လာရင် ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဧည့်သည်က ဘယ်နှစ်ယောက် လာမှာတုန်း (သုံးယောက်လာမှာပါ) သုံးယောက်တည်း သိပ်မများပါဘူးဗျ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့ ဈေးရောင်းတဲ့အခါကျတော့ တစ်နေ့တစ်နေ့ သုံးဦးပဲ ရောင်းရတယ်လို့ ဒီလိုများရှိကြရဲ့လား (မရှိပါ ဘုရား) မကပါဘူး အများကြီးပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒါတွေကျတော့ မျက်စိ မျက်နှာများ မှတ်ထားပါလို့ ခင်ဗျားတို့က နှုတ်ဆက်ကောင်းလိုက်တာ လွန်လို့ (မှန်ပါ့) ဒီဟာကျတော့ မျက်စိ မျက်နှာမှတ်ထားပါ မဟုတ်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။