လောင်စာသိမ်း၍ မီးငြိမ်းရန် ဝိပဿနာရှုနည်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော
လောင်စာသိမ်း၍ မီးငြိမ်းရန် ဝိပဿနာရှုနည်း
နေ့အလုပ်ပေး တရားတော်
(၁၂-၉-၆၁)
တရားနှလုံးသွင်းကြ- တရားနှလုံးသွင်းကြ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခန္ဓာကိုယ်ကို မကျွေးမွေးရဘူး လို့ မဆိုပါဘူး (မှန်ပါ့ ဘုရား)။
သို့သော် လူမိုက်တို့၏ ကျွေးမွေးခြင်းတစ်မျိုး၊ လူလိမ္မာတို့၏ ကျွေးမွေးခြင်းတစ်မျိုး နှစ်မျိုးထားရမယ် (မှန်ပါ့ ဘုရား)။
လူမိုက်တို့၏ ကျွေးမွေးခြင်း
လူမိုက်တို့၏ ကျွေးမွေးခြင်းက ပါဏာတိပါတကံတွေ လွန်ကျူးပြီး သကာလ အသက်မွေးရတယ်နော် (မှန်ပါ့)၊ အဒိန္နာဒါနကံတွေ သူများပစ္စည်း ခိုးပြီး သကာလ မိမိခန္ဓာကိုယ် ကျွေးမွေး၊ သားမယားတွေ ကျွေးမွေး (မှန်ပါ့)၊ အပြစ်ရှိတဲ့ ကာယကံသုံးပါးနဲ့ ခန္ဓာကိုယ်ကျွေးမွေး၊ ဝစီကံလေးပါးနဲ့ ကျွေးမွေး၊ မနောကံသုံးပါးနဲ့ ကျွေးမွေးပြီး သကာလ ခန္ဓာကိုယ် အသက်ရှည်အောင် လုပ်တယ် (မှန်ပါ့ ဘုရား)။
အဲဒီလိုလုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ကို ဒကာကြွယ်တို့၊ ဒကာသစ်တို့က ဪ လူမိုက်များ ကျွေးမွေးနေ တာပါကလား (မှန်ပါ့ ဘုရား)၊ အသက်ရှည်လေ ဆိုးဝါးလေပဲ (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆိုကြမယ် (အသက်ရှည်လေ ဆိုးဝါးလေပါပဲ ဘုရား)။
အသက်ရှည်လေလေ ဆိုးဝါးလေလေတဲ့ (မှန်ပါ့)၊ လောကီဥပမာပြောကြပါစို့ဆိုလို့ရှိရင်ဖြင့် ကျွေးမွေးပြီးသ ကာလ ခန္ဓာကိုယ်ဝဖြိုးပြီး အသက်ရှင်နေငြားသော်လည်း ဝက်အသားတိုးသလိုဖြစ်နေတယ် (မှန်ပါ့)၊ ဝက်အသားတိုး တော့ ဘာဖြစ်သတုံးလို့ မေးတဲ့အခါကျတော့မှ အသားတိုးတဲ့ဝက်သည် အရင်လှံချက်မိရတယ် (မှန်ပါ့ ဘုရား)။
အသားတိုးတဲ့ဝက်ဟာ (အရင်လှံချက်မိရပါတယ် ဘုရား)၊ အရင်လှံချက်မိရတာ ဘာဖြစ်လို့တုံးလို့ မေးတော့ မကောင်းသဖြင့် စားဖို့မကောင်းသဖြင့် ဘေးတွေ့တယ် (မှန်ပါ့ ဘုရား)။
ဒီမှာလည်း ဒကာ ဒကာမတွေ လူမိုက်တို့၏ ကျွေးမွေးခြင်းဖြင့် ခန္ဓာကိုယ်ကို မကောင်းသဖြင့် ရောင်းဝယ် ဖောက်ကားပြီး ကျွေးမွေးနေကြမယ်ဆိုလို့ရှိရင် အပါယ်လေးပါး လှံချက်မိဖို့ရာပဲ (မှန်ပါ့)၊ လူမိုက်တို့၏ ကျွေးမွေးခြင်း ဆိုတာ ဒါပါပဲ (မှန်ပါ့ ဘုရား)။
လူလိမ္မာတို့၏ ကျွေးမွေးခြင်း
လူလိမ္မာတို့၏ ကျွေးမွေးခြင်းကတော့ ကာယကံသုံးပါး ရှောင်ကြဉ်တယ်၊ ဝစီကံလေးပါး ရှောင်ကြဉ်တယ်၊ မနောကံသုံးပါး ရှောင်ရှားပြီး သကာလ ကျွေးမွေးတယ်၊ သူတော်ကောင်းအလုပ်ဖြစ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရောက် ကြောင်း အလုပ်တွေ ကျင့်ကြံကြိုးကုတ်ပြီး သကာလ သွားပြန်တော့လည်း ခန္ဓာကိုယ်ကျွေးခြင်းမွေးခြင်း ဝန်ထမ်းပြီးသ ကာလ နိဗ္ဗာန်မဂ်ဖိုလ်ကို အပို့ခိုင်းလိုက်တယ် (မှန်ပါ့ ဘုရား)။
ခန္ဓာကိုယ် ထမ်းမြဲတိုင်း ကျွေးမွေးပြီး သကာလ သူတော်ကောင်းအလုပ် ထမ်းမယ်ဆိုလို့ရှိရင်လည်း ဒီခန္ဓာကိုယ် ကြောင့်ပဲ ဥပနိဿယပစ္စယော-ဆိုတဲ့အတိုင်း အားကြီးသော အကြောင်းကြောင့် ဒကာကြွယ်,ရေ နိဗ္ဗာန်ပို့ပြန်တယ် (မှန်ပါ့)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ လူမိုက်တို့၏ ကျွေးမွေးခြင်းဖြင့် မကျွေးမွေးကြပါနဲ့ (မှန်ပါ့)၊ လူ လိမ္မာတို့၏ ကျွေးမွေးခြင်းဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခန္ဓာကိုယ် ကျွေးမွေးပြီး သကာလ သူတော်ကောင်းအလုပ် ကို အင်း သူ့ထမ်းပြီး သကာလ သူ့ပဲ အပို့ခိုင်းရမှာပဲဆိုပြီး သကာလ ခန္ဓာကိုယ် သမ္မာအာဇီဝနဲ့ အသက်မွေးပြီးသ ကာလ နိဗ္ဗာန်ရောက်ကြောင်း အလုပ်ကိုလည်း လုပ်ပြီး သကာလ နိဗ္ဗာန်ကူးကြပါဆိုတာ လူလိမ္မာတို့၏ ကျွေးမွေးခြင်း ပေါ့ဗျာ (မှန်ပါ့)။
ဒါဖြင့် လူမိုက်တို့၏ ခန္ဓာကိုယ် ကျွေးမွေးခြင်း, လူလိမ္မာတို့၏ ခန္ဓာကိုယ် ကျွေးမွေးခြင်းတို့တွင် ကာယကံသုံးပါး, ဝစီကံလေးပါး, မနောကံသုံးပါး ရှောင်ပြီး သကာလ ကျွေးရင် လူလိမ္မာတို့၏ အသက်မွေးခြင်း (မှန်ပါ့ ဘုရား)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။
မရှောင်ဘဲနဲ့ ကာယကံသုံးပါး လွန်ကျူး, ဝစီကံလေးပါး လွန်ကျူး, မနောကံသုံးပါး လွန်ကျူးပြီး သကာလ ဒီခန္ဓာကိုယ်ကြီး ကျွေးကြ, မွေးကြမယ်ဆိုရင် ဝက်အသားတိုးသလို မှတ်လိုက်တော့ (မှန်ပါ့)၊ ကြပ်ကြပ်အသက်ရှည် လေလေ အပါယ်အသက်ရှည်လေလေပဲ (မှန်ပါ့)။
အပါယ်ရောက်သွားတဲ့အခါ
အဲဒီတော့ အပါယ်ရောက်သွားတဲ့အခါ အပါယ်မှာဆိုတာကတော့ နှစ် ကန့်သတ်လို့မရှိဘူး (မှန်ပါ့)၊ အပါယ် မှာ ဘယ်နှစ်နှစ်ခံရမှာတုံးဘုရား လို့ မေးလို့ရှိရင်ဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “ယာဝ ကမ္မံ နခီယတိ၊ တာဝ စရဏ ဘာဝတော”လို့ ဟောထားတယ် (မှန်ပါ့)၊ သူပြုတဲ့ကံအတိုင်း ခံရတာကွ အသက်တမ်းမပါဘူး တဲ့ (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ထောင်က အနှစ်နှစ်ဆယ်ဆိုရင် တန်းကုန်သေးတယ်နော် (မှန်ပါ့)၊ အပါယ်က ဒီလို တန်းကုန်ရှိရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဦးမာဒင်တို့ အားလုံးပဲ ဒကာ ဒကာမတို့ တစ်ဘဝ တစ်ခဏတာကလေးနဲ့ဖြင့် ခန္ဓာကိုယ်ကို မတရားသဖြင့် မကျွေးပါနဲ့ (မှန်ပါ့)၊ တစ်ခါတည်း ရှောင်ကြဉ်ပြီး ဒီ့ပြင်ရှောင်ကြဉ်တဲ့အလုပ်ကို လုပ်ပြီး သကာလ ဒကာ ဒကာမတွေ စားကြ,သောက်ကြပြီး သူတော်ကောင်းအလုပ်ကိုလည်း မင်းပဲကျွေးမယ် မင်းပဲခိုင်းပြီး သကာလ နိဗ္ဗာန်အပို့ခိုင်းမယ်ဆိုလည်း ဒကာသစ် ရပါတယ် (ရပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ပြောရမှာက အဂ္ဂိခန္ဓောပမသုတ်နဲ့ အလားတူ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာ ဒကာ ဒကာမတွေ ကုသိုလ်မပြုကြလို့ မီးပုံကြီးကြီးပွားတယ် (မှန်ပါ့)၊ အဲဒါက တစ်မျိုး နာကြရလိမ့်မယ် ဆိုတဲ့ဥစ္စာ မှတ်ရလိမ့်မယ်နော် (မှန်ပါ့)။
မီးဟုန်းဟုန်းတောက်နေတဲ့ဘုံ
ကိုင်း သေသေချာချာ ဒကာ ဒကာမတွေ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်လာတဲ့အချိန်မှာ သတ္တဝါတွေမှာတဲ့ ဘယ်လိုဖြစ်နေသတုံးဆိုလို့ရှိရင်ဖြင့် သုံးဆယ့်တစ်ဘုံကြီးတာက ဒကာသစ်တို့ ဦးမာဒင်တို့ မှတ်စရာ က ဪ မီးဟုန်းဟုန်းတောက်နေတဲ့ ဘုံကြီးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
သုံးဆယ့်တစ်ဘုံမှာ ခန္ဓာကိုယ်ရတဲ့ပုဂ္ဂိုလ်ဟာ မီးတောက်တဲ့ခန္ဓာကြီး ရနေတယ် (မှန်ပါ့)၊ မီးတောက်တဲ့ခန္ဓာ ကြီးရတယ်ဆိုတော့ ဒကာ ဒကာမတွေက ဗြုန်းခနဲ မသိမှာစိုးသောကြောင့် ဇာတိမီး, ဇရာမီး, မရဏမီးတွေကလည်း လောင်လျက် (မှန်ပါ့)၊ ခန္ဓာကြီးမှာလေ (မှန်ပါ့)။
ခန္ဓာကြီးမှာ မီးသုံးမီးကလည်း (လောင်လျက်ပါ ဘုရား)၊ ကိလေသာမီးတွေကလည်း ဝမ်းထဲကနေပြီး လိုချင်, ရချင်မှု, စိုးရိမ်ကြောင့်ကြမှုဆိုတဲ့ မီးတွေကလည်း ဝမ်းထဲမှာ ဘယ့်နှယ်ဖြစ်နေသတုံး (လောင်လျက်ပါ ဘုရား)။
လောင်စာ ခန္ဓာကိုယ်ကြီး
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီးဟာ ဘယ်လိုခန္ဓာကိုယ်ကြီးပါလိမ့်မတုံး ဆိုတော့ မီးနဲ့ထင်းနဲ့ တွဲနေတဲ့ လောင်စာ ခန္ဓာကိုယ်ကြီး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီခန္ဓာကိုယ်ကြီးက ဘာဖြစ်နေသတုံးမေးတဲ့အခါ ဇာတိမီး, ဇရာမီးကလည်း လောင်လျက်ပါပဲ (မှန်ပါ့)၊ ကိလေသာမီးတွေကကော (လောင်လျက်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ထာဝရလောင်တဲ့မီး, ခဏခဏပြောင်းပြီး လောင်တဲ့မီး (မှန်ပါ့)၊ ထာဝရ လောင်တဲ့မီးက ဇာတိမီး, ဇရာမီး, မရဏမီး၊ ခန္ဓာကြီးလောင်နေတာလေ (မှန်ပါ့)။
ခဏခဏ ပြောင်းပြောင်း-ပြောင်းပြောင်းပြီးလောင်တဲ့ မီးကတော့ ဒေါသဖြစ်လိုက်-ဒေါသမီးက ခန္ဓာကိုယ် လောင်လိုက် (မှန်ပါ့ ဘုရား)၊ လောဘဖြစ်လိုက် လောဘမီးက ခန္ဓာကိုယ်လောင်လိုက်၊ မောဟဖြစ်လိုက် မောဟမီးက ခန္ဓာကိုယ်လောင်လိုက်၊ သောကဖြစ်ပြန်တော့လည်း သောကမီးကလည်း ခန္ဓာကိုယ်လောင်လိုက် (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီးဟာ မီးလောင်စာ ခန္ဓာကိုယ်ကြီး မီးနဲ့တွဲနေတဲ့ ခန္ဓာကိုယ် ကြီးကို ဒကာကြွယ်တို့, ဦးမာဒင်တို့ ရ,ထားကြတယ် (ရပါတယ် ဘုရား)။
အင်း ဒီခန္ဓာကြီး ရ,ထားတာကဖြင့် ဒီအတိုင်း ဉာဏ်မပါဘဲနဲ့ နေကြလို့ရှိရင် အရတော်လေစွလို့ အောက် မေ့ချင် အောက်မေ့ကြမယ်နော် (မှန်ပါ့)။
ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါ
သေသေချာချာ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါကျတော့ ဇာတိဆိုတဲ့မီးကလည်း လောင်လျက်ပဲ (မှန်ပါ့)၊ ဇရာဆိုတဲ့မီးကကော (လောင်လျက်ပါ ဘုရား)။
လောင်တယ် မလောင်တယ် ကိုယ့်ခန္ဓာ မှန်ရှေ့မှာထားပြီး ကြည့်လိုက်တော့မှ အိုပါပေါ့လားဆိုတာ ဇရာမီး (မှန်ပါ့ ဘုရား)။
အင်း ဝမ်းထဲမှာ အနာမျိုးစုံက ရှိနေတော့ ဗျာဓိမီးကလည်း (လောင်လျက်ပါ ဘုရား)၊ အင်း တော်တော်ကြာကျတော့ သုသာန်ပို့ရတဲ့ အခြေမျိုးထိအောင် လောင်တဲ့ မရဏမီးက လာဦးမယ် (မှန်ပါ့)။
ဪ ဒါဖြင့် ခန္ဓာကိုယ်ကြီးသည် ဒကာ ဒကာမတို့ သေသေချာချာ စဉ်းစားကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် အမြဲလောင်တဲ့မီးက လေးမီးပေါ့ (မှန်ပါ့)၊ တစ်ခါတစ်ခါမှဝင်ပြီး ဖျတ်ခနဲ ဖျတ်ခနဲ လောင်တဲ့မီးကလည်း မိုးလင်းလာ ရင် ရချင်တဲ့ လောဘမီးစိုးရိမ်တဲ့ သောကမီးတွေ, အလိုမကျတဲ့ ဒေါသမီးတွေ သားနဲ့ သမီးဆိုသလို, အမေနဲ့ အဖေဆိုသလို အမျိုးမျိုးအဖုံဖုံ လောင်နေကြတော့ ဪ ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ကြီးသည် ဘယ်ရောက် ရောက် မီးလောင်စာ ခန္ဓာကိုယ်ကြီး (မှန်ပါ့ ဘုရား)။
ဘယ်လိုဆိုကြမယ် (ဘယ်ရောက်,ရောက် မီးလောင်စာခန္ဓာကိုယ်ကြီးပါ ဘုရား)၊ ဘယ်ရောက်,ရောက် မီးလောင် စာ ခန္ဓာကိုယ်ကြီးဆိုတာ သေသေချာချာမှတ်ပါနော် (မှန်ပါ့)။
ဇရာမီးလောင်လို့
ငါတို့ဆံပင်တွေ ဘယ့်နှယ်ကြောင့် ဖြူပါလိမ့်၊ အသားအရေတွေ ဘယ့်နှယ်ကြောင့် မည်းပါလိမ့်၊ အသားအရေ တွေ ဘယ့်နှယ်ကြောင့် တွန့်လိပ်ပါလိမ့်၊ အသားအရေတွေ ဘယ့်နှယ်ကြောင့် တွဲပါလိမ့်မတုံးလို့ မမေးပါနဲ့တော့ ဒကာ ဒကာမတို့ ဇရာမီးလောင်လို့သာ မှတ်လိုက် (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (ဇရာမီးလောင်လို့ပါ)၊ ဘယ်လိုပဲ အပေါ်ကဖုံးဖုံး, အမျိုးမျိုးအဖုံဖုံ အဝတ်ကောင်းတွေနဲ့ ဖုံး ဟုတ်လား ၊ ရရဲ့လား (မရပါ ဘုရား)၊ တစ်နေ့တခြား ဆိုးဝါးလာတယ် (ဆိုးဝါးလာပါတယ် ဘုရား)။
တစ်နေ့တခြား ဆိုးဝါးလာတာ ထောက်လိုက်တဲ့အခါကျလို့ရှိရင် ဪ တို့ခန္ဓာကိုယ်ကြီးဟာ မီးပုံကြီးပါ ကလား (မှန်ပါ့)၊ မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ခန္ဓာကိုယ်ကြီးဟာ ဘာပါလိမ့်မတုံး (မီးပုံကြီးပါ ဘုရား)၊ မီးပုံကြီးပဲဆိုတာ ငြင်းဖို့မလိုဘူး (မလိုပါ ဘုရား)။
ဒီအထဲ မိုးလင်းလို့ရှိရင် ကိစ္စကြီးငယ်ကလေးနဲ့ ဆုံပြီဆိုတော့ ဒကာသစ်တို့ သွားရမည့်ကိစ္စက ပျာပျာသလဲ မမှီမှာစိုးရတဲ့ ဒေါသမီး (မှန်ပါ့)၊ ဒါတွေကလည်း ဘယ်သူ့လောင်တာတုံး (ခန္ဓာကိုယ်လောင်ပါတယ် ဘုရား)၊ အတွင်း မီးက အတွင်းလောင်တာပေါ့ဗျာ (မှန်ပါ့)။
အေး ဒီလိုမီးတွေကလည်း တစ်နေ့ အကြိမ်ပေါင်း ဘယ်လောက်လောင်သလဲလို့ ဦးမာဒင်တို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။
ဪ ဒါဖြင့် လူ့ဘဝအရတော်လေစွလား ၊ လောင်စာနဲ့ မီးမပြတ်ဘဲ လောင်နေရတာပဲလားလို့ မေးရင် ဒကာကြွယ် ဘယ့်နှယ်ဖြေပါ့မလဲ (လောင်စာနဲ့မီး မပြတ်ဘဲ လောင်နေတာပါဘုရား)၊ မပြတ်အလောင်ခံနေရ တယ် (မှန်ပါ့)၊ ရှင်းကြပြီ (ရှင်းပါပြီ ဘုရား)။
ဒီလောင်စာနဲ့မီးဖြင့် သိမ်းမှကိုက်မှာ
ဪ ဒါဖြင့် ဒကာ ဒကာမတွေ မသိလို့ ဉာဏ်မျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ မသိလို့သာ ပျော်ရတယ် ဉာဏ်မျက်လုံးတပ်ကြည့်မယ်ဆိုရင်ဖြင့် ဒီလောင်စာနဲ့မီးဖြင့် သိမ်းမှကိုက်မှာပဲဆိုတဲ့ စိတ်ကလေးပေါ်ဖို့ တယ်ကောင်းတယ် (မှန်ပါ့)၊ ပေါ်ဖို့တယ်ကောင်းတာပဲ (မှန်ပါ့ ဘုရား)။
ဒီအထဲ ဒကာ ဒကာမတွေက ဟိုဘုံရောက်ချင်, ဒီဘုံရောက်ချင်၊ ဟ ဘာဖြစ်ချင်တာတုံးလို့ ဒကာကြွယ် မေးလို့ရှိရင်ဖြင့် မီးပြောင်းချင်လို့ပေါ့ ဘုရာ့ (မှန်ပါ့)။
ဘယ်လိုဆိုကြမလဲ (မီးပြောင်းချင်လို့ပါ ဘုရား)၊ အင်း မသိတဲ့ပုဂ္ဂိုလ်များကတော့ ဒကာကြွယ်ရေ မီးပြောင်း ချင်တယ် (မှန်ပါ့)။
ဒီဘုံမှာလောင်ရတာ ကိစ္စပြီးသွားတဲ့အခါကျလို့ရှိရင် ဟိုဘုံရွှေ့ပြီး သကာလ လောင်မီးကျချင်သေးတယ် (မှန်ပါ့)၊ ကောင်းတဲ့တွေးလုံးတွေကို မလာဘဲ ဆိုးတဲ့တွေးလုံးချည့်ပဲ လာတယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
ဒါ့ကြောင့် ဦးမာဒင်တို့ မှတ်ရမှာ ဒကာကြွယ်တို့ မှတ်ရမှာက ဪ လောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာ ဟာ အကောင်းဆုံးပဲ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လောင်စာသိမ်း၍ မီးငြိမ်းတဲ့နေရာဟာ အကောင်းဆုံးပါ ဘုရား)၊ လောင်စာသိမ်း ၍ မီးငြိမ်းတဲ့နေရာဟာ အကောင်းဆုံးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်၊ ပုထုဇန်များဟာကွာ သူ့ခန္ဓာကြီးလည်း မီးလောင် နေတယ် ၊ မီးလောင်နေတဲ့အထဲမှာ တစ်ခါ ဘာတွေလုပ်ပြန်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ဒီခန္ဓာ ကိုယ်ကို ခုနင်ကလိုပဲ မတရားသဖြင့် ရှာကြံပြီး ကျွေးမွေးတဲ့ အကုသိုလ်အလုပ်တွေ လုပ်ပြန်တယ် (မှန်ပါ့)၊ ဘုံဘဝ နောက်ဘဝ ကောင်းစားဖို့ဆိုတဲ့ ကုသိုလ်ကိုလည်း လုပ်ပြန်တယ် (လုပ်ပါတယ် ဘုရား)။
မီးမငြိမ်းအောင် ထင်းထည့်တာဟေ့
ဘာလုပ်ပြန်တာတုံးလို့ မေးတဲ့အခါ မီးမငြိမ်းအောင် ထင်းထည့်တာဟေ့ (မှန်ပါ့ ဘုရား)။
အင်း အကုသိုလ်တွေလုပ်တာလည်း ဘာလုပ်တာပါလိမ့် (ထင်းထည့်တာပါ ဘုရား)၊ ခန္ဓာကြီး တစ်ခါ တည်း ဒကာ ဒကာမတို့ မီးဟုန်းဟုန်းတောက်နေတာ ငြိမ်းမှာစိုးလို့ (မှန်ပါ့)။
အကုသိုလ်တွေလုပ်တာလည်း ခန္ဓာသစ် ထင်းထည့်လိုက်တယ် (မှန်ပါ့)၊ ဘုံဘဝတောင့်တတဲ့ ကုသိုလ်တွေ လုပ်လိုက်ပြန်လို့ရှိရင်ကော (ထင်းထည့်တာပါ)၊ ခန္ဓာသစ်တစ်ခု ထင်းထည့်တယ် (မှန်ပါ့)၊ အရင်မီးထဲ ထပ်ထည့်တယ် (မှန်ပါ့)။
ဒကာကြွယ် ငြိမ်းစရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ ငြိမ်းစရာ မမြင်ပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ မီးဟာ ငြိမ်းတာကောင်းတာ ဘယ့်နှယ်ကြောင့် ထင်းချည့် ထည့် နေပါလိမ့်မလဲဆိုတဲ့ဥစ္စာသည် ဪ တပည့်တော်တို့က ပုထုဇန်မိုက်ဘုရား (မှန်ပါ့ ဘုရား)။
မီးငြိမ်းချင်လို့ဆိုပြီး ထည့်တော့ထည့်တာပဲ သို့သော် မီးအားပေးသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
မီးငြိမ်းချင်လို့ (ထည့်တော့ထည့်တာပါပဲ ဘုရား)၊ သို့သော် ဘာဖြစ်သတုံး (မီးအားပေးသလို ဖြစ်နေပါတယ် ဘုရား)။
ဪ ဒီဘဝမကောင်းလို့ ဟိုဘဝပြောင်းရရင် ကောင်းလိမ့်မယ်လို့ ထင်လိုက်တာဟာ အေးချင်လို့တော့ သူလုပ်တာပဲ ထင်းသစ်ထည့်မိလို့ ရှည်နေတယ် (မှန်ပါ့ ဘုရား)။
အေးချင်လို့ ထည့်ငြားသော်လည်း (ထင်းသစ်ထည့်မိလို့ ရှည်နေပါတယ် ဘုရား)၊ ဒကာသစ် တယ်ဆိုးဝါးပါ ကလား (ဆိုးဝါးပါတယ် ဘုရား)။
မီးကိုငြိမ်းစေချင်လို့ရှိရင်ဖြင့်
ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အနားကနေပြီး ကြည့်တယ်၊ ဟေ့ မီးလုပ်ကျွေးတဲ့ပုဂ္ဂိုလ် မင်းသည်ကား လို့ဆိုရင် မီးကိုငြိမ်းစေချင်လို့ရှိရင်ဖြင့် ထင်းသစ်မထည့်ရဲဘူးကွ (မှန်ပါ့)၊ ဘုရားက အနားက ပြောတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ သစ္စာမသိတော့ ဝဋ္ဋကုသိုလ်တွေပြုပြီး ဘုံဘဝတွေ ဆုတောင်း (မှန်ပါ့)၊ ပုထုဇန်မိုက်တွေ ကဖြင့် ခန္ဓာကိုယ်ကို မတရားသဖြင့် ကျွေးမှု, မွေးမှုဆိုတဲ့ အကုသိုလ်တွေ လုပ်ပြန်တော့ အကုသိုလ် ထင်းကောင်ကြီး တွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ကုသိုလ်ထင်းတွေ ပုညဘိသင်္ခါရဆိုတဲ့ ဘုံဘဝဆိုတဲ့ နတ်ခန္ဓာထင်းကြီးတွေ, လူခန္ဓာထင်းကြီးတွေ ပေါ်မလာဘူး လား (ပေါ်လာပါတယ် ဘုရား)။
အင်း အရင် ခန္ဓာ မီးပုံကြီးဟာ မရပ်ဘဲနဲ့ ဒီထင်းတွေ ထည့်မိမယ်ဆိုလို့ရှိရင် ဒီမီးနဲ့ ဒီထင်းဟာ ပြတ် စရာရှိသေးရဲ့လား (မပြတ်ပါ ဘုရား)။
ဪ ဒါဖြင့် မကောင်းတဲ့ အကုသိုလ်တွေလုပ်တာလည်း ထင်းထည့်တာပဲ (မှန်ပါ့)၊ ဘုံဘဝတောင့်တတဲ့ ကုသိုလ်တွေလုပ်တာလည်း ဘယ့်နှယ်ဆိုကြမလဲ (ထင်းထည့်တာပါ ဘုရား)။
ဒကာကြွယ် ဒါ ကြပ်ကြပ်သတိထားပါ (မှန်ပါ့)၊ ဒကာ ဒကာမတွေမှာ မီးငြိမ်းချင်လို့ ထင်းထည့်တဲ့အဓိပ္ပာယ် ရောက်တယ် (ရောက်ပါတယ် ဘုရား)။
ဦးမာဒင် ဘယ့်နှယ်ဆိုပါ့မလဲ (မီးငြိမ်းချင်လို့ ထင်းထည့်တဲ့ အဓိပ္ပာယ်ရောက်ပါတယ် ဘုရား)။
ဒကာသစ်ပဲ ဘေးကနေကြည့်ပါလား ၊ မီးငြိမ်းချင်ရင် ထင်းထည့်ရမှာ ၊ ဒီအတိုင်းမထည့်ဘဲ နေရမှာ လား (ဒီအတိုင်းမထည့်ဘဲ နေရမှာပါဘုရား)။
သူ့စိတ်ထဲကတော့ ငြိမ်းချင်တယ်
ရော ဘယ့်နှယ်ဖြစ်နေသတုံး၊ ဟိုဘဝဆုတောင်း, ဒီဘဝဆုတောင်းပြီး ခန္ဓာထင်းတွေချည့် အရင်မီးပုံထဲ ထပ်ထပ်ထည့်နေတယ် (ထည့်ပါတယ် ဘုရား)၊ ဒကာကြွယ် တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)၊ သူ့စိတ်ထဲကတော့ ငြိမ်းချင်တယ် (မှန်ပါ့ ဘုရား)။
သူ့စိတ်ထဲကတော့ ဘာတဲ့ (ငြိမ်းချင်ပါတယ် ဘုရား)၊ ငြိမ်းချင်ရင် ဒီအတိုင်းနေရမယ် (မှန်ပါ့)၊ ထင်းတွေဖြင့် ထည့်လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။
ဪ ဒကာ ဒကာမတွေ အသိဆိုးဝါးလိုက်တဲ့ဖြစ်ခြင်း ဦးမာဒင်ရေ (မှန်လှပါ ဘုရား)။
သားရေး, သမီးရေး, စီးပွားရေး, အကုသိုလ်အလုပ်ကလည်း ဘာပါလိမ့်ဗျာ (ထင်းထည့်တာပါ ဘုရား)၊ အင်း တိရစ္ဆာန်အကောင်ဖြစ်တော့ တိရစ္ဆာန်ထင်းဖြစ်ပြန်တယ် (မှန်ပါ့)။
အရင် ဇာတိဇရာမရဏမီးတွေမှ မငြိမ်းသေးဘဲကိုးဗျ (မှန်ပါ့)၊ ဇာတိဇရာဗျာဓိမရဏမီးတွေက နိဗ္ဗာန်ကျမှ ငြိမ်းတဲ့ဥစ္စာပဲ၊ အဲဒီ့မီးပုံထဲမှာ တိရစ္ဆာန်ထင်း, ပြိတ္တာထင်းထည့်လိုက်တော့ ဦးမာဒင်ရေ ငြိမ်းလက်စသတ်ပါ့မလား (မသတ်ပါ ဘုရား)၊ တဟုန်းဟုန်းသာ တောက်နေတော့မယ်ဆိုတာ ငြင်းဖို့ လိုသေးသလား (မလိုပါ ဘုရား)။
တစ်ခါ ကုသိုလ်ရယ်လို့ လုပ်ပြန်တော့လည်း လူချမ်းသာ, နတ်ချမ်းသာ လိုချင်လို့လုပ်တဲ့ ကုသိုလ်တွေဟာလည်း ဒကာကြွယ် ဘာလုပ်ပြန်တာလဲ (ထင်းထည့်တာပါ ဘုရား)။
အရင် ဇာတိ, ဇရာ, မရဏမီးတွေ ငြိမ်းပလား (မငြိမ်းသေးပါ ဘုရား)၊ မငြိမ်းသေးခင် ဒါတွေထင်းလုပ်ပြီးသ ကာလ ထည့်ပြန်တော့ အရင်မီးနဲ့နောက်မီးဟာ ဆက်သွားတယ် (ဆက်သွားပါတယ် ဘုရား)။
ဉာဏ်နားနဲ့ နာကြပါ
ဉာဏ်နားနဲ့ နာကြပါ ဒကာ ဒကာမတို့၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားကိုယ်တော်တိုင် ဟောတာပါ (မှန်ပါ့)။
ကဲ ဘယ့်နှယ်နေကြသတုံး ဒကာ ဒကာမတို့ မီးလောင်ရင်း အေးချမ်းချင်လွန်းလို့ ဟိုဘုံဆုတောင်း, ဒီဘုံဆုတောင်းဆိုတဲ့ဥစ္စာဟာ ဦးမာဒင်ရေ ယခု သေသေချာချာကြည့်တော့ အရင်မီးမငြိမ်းခင် နောက်ထင်းထည့်တာ ပဲ (မှန်ပါ့)၊ အရင်မီး (မငြိမ်းခင် နောက်ထင်းထည့်တာပါဘုရား)။
ဒကာကြွယ် ဒါတွေသိရတော့မှ ဪ အမှားနှယ်ပြင်းထန်လိုက်တော့ ကြီးကျယ်လိုက်တာဆိုတာ ပေါ်လာ တယ် (ပေါ်လာပါတယ် ဘုရား)။
အမှားကြီးကျယ်လိုက်တာ, ပြင်းထန်လိုက်တာဆိုတာ ဒကာ ဒကာမတွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဦးမာဒင်တို့ တော်သေးတယ်-တော်သေးတယ်နော် (မှန်ပါ့)၊ ဒီထင်းမထည့်ကောင်းဘူးဆိုတာ သိပြီ (သိပါပြီ ဘုရား)၊ သူ့ဟာသူ သွားမည့်ဥစ္စာ ခင်ဗျားတို့ ဆတ်ဆော့တာနဲ့ မီးပုံကြီး ကြီးကြီးလာတယ် (မှန်ပါ့)။
သူ့ဟာသူ ဇာတိ, ဇရာ, ဗျာဓိ, မရဏမီးပုံနဲ့ဥစ္စာ နောက်ထပ်သာ ခန္ဓာထင်းတွေ မလုပ်ကြတော့ဘူးဆိုလို့ရှိရင် ဖြင့် ဒီလောင်စာနဲ့ ဒီထင်း ကုန်သွားရင် အေးသွားမှာပဲ (အေးသွားပါတယ် ဘုရား)။
အခုတော့ မဟုတ်ပါဘူး၊ ဒကာ ဒကာမတွေက မီးလုပ်ကျွေးတဲ့ ဒကာ ဒကာမတွေဖြစ်နေတော့ အကုသိုလ်လည်း လုပ်လိုက်၊ ခန္ဓာဖြစ်ပြီး ထင်းဖြစ်လိုက် (မှန်ပါ့)၊ ကုသိုလ်တွေ လုပ်ပြန်တော့လည်း ဘုံဘဝဆုတောင်းတဲ့ ဝဋ္ဋကုသိုလ်တွေ လုပ်ပြန်တော့လည်း ခုနင်က ဇာတိ, ဇရာ, ဗျာဓိ, မရဏမီးကလည်း မငြိမ်းသေး (မှန်ပါ့)၊ အဲဒီ အထဲခန္ဓာကြီးက သွားပြီး ထည့်မိလျက် ကြုံပြန်တော့လည်း မီးပုံကြီးကလည်း မသေစရာဖြစ် (မှန်ပါ့)၊ ဦးလှဘူး-ရေ ကြောက်စရာကြီး ပါလား (ကြောက်စရာကြီးပါ ဘုရား)။
အဲဒီဟာ ဒကာ ဒကာမတွေက မသိကြတော့ အင်း သူတို့ကုသိုလ်ပြုနေလိုက်တာ၊ သာဓု သာဓု သာဓု တဲ့၊ အံမာ ဦးမာဒင်တို့ လူစုတွေက ခေါ်လိုက်သေးတယ် (ခေါ်လိုက်ပါတယ် ဘုရား)၊ ဒကာကြွယ်တို့က ကော (ခေါ်လိုက်ပါတယ် ဘုရား)။
ဟ ဟိုမသိတဲ့လူပြုတဲ့ကုသိုလ်တွေကတော့ မီးငြိမ်းမှာစိုးလို့ ထင်းထည့်နေတယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (ထင်းထည့်နေပါတယ် ဘုရား)၊ ဝဋ်တောင့်တတဲ့ ကုသိုလ်တွေဆိုပါတယ် (မှန်ပါ့)။
ဘယ်သူပါလိမ့် (ဝဋ်တောင့်တလုပ်တဲ့ ကုသိုလ်တွေပါ ဘုရား)၊ အဲဒါကတော့ ဘာလုပ်တာပါလိမ့် (ထင်းထည့် နေတာပါ ဘုရား)။
မငြိမ်းခင်က ထင်းထည့်တာ
မီးငြိမ်းပလား (မငြိမ်းသေးပါ ဘုရား)၊ မငြိမ်းခင်က ဘာလုပ်တာတုံး (ထင်းထည့်တာပါ ဘုရား)၊ ဒါဖြင့် ငြိမ်းမှာစိုးလို့ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ်ရေ တော်တော့ကို ပြောနိုင်, ဆိုနိုင်မှ ဦးမာဒင်တို့ သင့်ရုံကျမယ်နော် (မှန်ပါ့)၊ သင့်ရုံကျမယ် ဒကာ ဒကာမတို့၊ ဒါတောင်မှ ထင်းထည့်တာ ဇာတ်သိမ်းလိုက်ကြစမ်းပါဆိုရင် မျက်ရည်များကျမလား မပြောတတ် ဘူး (မှန်ပါ့)။
အရှင်ဘုရား တပည့်တော်တို့က လုပ်နေကျဘုရာ့၊ သားရေး, သမီးရေး, စီးပွားရေးဆိုတာ လုပ်ရတယ် ဘုရာ့ တဲ့ (မှန်ပါ့)၊ မလုပ်နဲ့ ဟောတာမဟုတ်ပါဘူး၊ မတရားသဖြင့် မရှာပါနဲ့ ဟောတာပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကုသိုလ်လည်း မလုပ်နဲ့ ဟောတာမဟုတ်ပါဘူး၊ ထင်းဖြစ်မည့်ကုသိုလ် မလုပ်နဲ့၊ မီးငြိမ်းတဲ့ကုသိုလ် လုပ်ပြော တာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
မသိတဲ့ ဒကာ ဒကာမတွေက မလွှဲသာလို့ဘုရား၊ သားရေး သမီးရေး စီးပွားရေးကြောင့် မလွှဲသာလို့တဲ့၊ မတော်မတရားတဲ့ စကားကလေးတွေလည်း ပါသွားတာပဲဘုရာ့ (မှန်ပါ့)။
အင်း သူက ထင်းထည့်ရမှာကို ထည့်ချင်တဲ့သဘောကလေး ပါလာတယ် (ပါပါတယ် ဘုရား)။
နိဗ္ဗာန်ကလည်း ဗြုန်းခနဲ ရမှာမဟုတ်တော့ဘုရား နိဗ္ဗာန်မရမီ စပ်ကြား ဆင်းရဲနေမှာစိုးတဲ့အတွက် လူကောင်, နတ်ကောင်, ဗြဟ္မာကောင်ကြီးဖြစ်ဖို့လည်း ဆုတောင်းလိုက်ရတယ် ဘုရာ့ (မှန်ပါ့ ဘုရား)၊ အင်း ထင်းထည့်ပြန် ပြီ (ထည့်ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
ဘာလုပ်ကြရတာတုံး (ထင်းထည့်ကြတာပါ ဘုရား)၊ မီးငြိမ်းပလား (မငြိမ်းသေးပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ မီးပုံကကြီး၊ ခင်ဗျားတို့က ထင်းထည့်ကြဦးမယ်ဆိုလို့ရှိရင်ဖြင့် တစ်သံသရာ လုံး မီးမငြိမ်းဘူး (မှန်ပါ့)။
တစ်သံသရာလုံး မီးမငြိမ်းပါ
ဘယ့်နှယ်ဆိုကြမလဲ (တစ်သံသရာလုံး မီးမငြိမ်းပါ ဘုရား)၊ ဘာဖြစ်လို့ မငြိမ်းပါလိမ့်မတုံးလို့ ဒကာသစ်တို့, ဦးမာဒင်တို့ မေးလို့ရှိရင်ဖြင့် တပည့်တော်တို့က မီးလုပ်ကျွေးတဲ့လူမို့ ဘုရား (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (မီးလုပ်ကျွေးတဲ့လူမို့ပါ ဘုရား)၊ အံမာလေး ခင်ဗျားတို့ သူတော်ကောင်းအလုပ်လား အောက်မေ့တယ်၊ မီးလုပ်ကျွေးနေတဲ့လူတွေဆိုတော့ ဒကာသစ်ရေ တော်တော်ဆိုးသွားတဲ့စကားပဲ (မှန်ပါ့)၊ မဆို နိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ကဲ ဒကာကြွယ် ဘယ်အထဲကတုံး၊ မီးလုပ်ကျွေးတော့မလား၊ မီးငြိမ်းအောင်ပဲ ဒီအတိုင်း ထိုင်နေတော့ မလား မေးရင် ဘယ့်နှယ်ပြောပါ့မလဲ (ဒီအတိုင်းနေပါမယ် ဘုရား)၊ ဒီအတိုင်းနေရင် ငြိမ်းသွားတာပဲ (မှန်ပါ့ ဘုရား)၊ လုပ်ကျွေးနေရင်တော့ဖြင့် (မငြိမ်းပါ ဘုရား)။
အဲဒါကြောင့် အကုသိုလ်လည်း မလုပ်ပါနဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အကုသိုလ်လုပ်တော့လည်း ထင့်ထည့်တာတွေပဲ (မှန်ပါ့)၊ ဝဋ္ဋကုသိုလ်တွေ ဘုံဘဝ တောင့်တလုပ်ပြန်တော့လည်း (ထင်းထည့်တာပါ ဘုရား)။
ဆယ့်တစ်ပါးသောမီး ငြိမ်းရပါလို၏
အဲဒါကြောင့် အကုသိုလ်ကိုရှောင်၊ ကုသိုလ်လုပ်တဲ့အခါမှာလည်း ဆယ့်တစ်ပါးသောမီး ငြိမ်းရပါလို၏၊ ငြိမ်းချင် လို့ လုပ်တယ်ဆိုပြီး သကာလ မီးငြိမ်းရာ တောင့်တလို့ရှိရင်လည်း ထင်းမဖြစ်ပါဘူး (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကျုပ်တို့သံသရာရှည်ခဲ့တာဖြင့် ယနေ့ အကြီးအကျယ်ပဲ ပင်ရင်းလက်သည် ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)၊ ခန္ဓာမီး ဘယ့်နှယ်ကြောင့် မငြိမ်းခဲ့ပါလိမ့်မတုံးဆိုတော့ အို တပည့်တော်တို့က ဆတ်ဆော့လို့ (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (တပည့်တော်တို့ ဆတ်ဆော့လို့ပါ ဘုရား)၊ တပည့်တော်တို့က ဆတ်ဆော့လို့ဆိုတဲ့စကား သေချာသွားပြီ (သေချာသွားပါပြီ ဘုရား)။
တပည့်တော်တို့က သားရေး, သမီးရေး, ကိုယ့်အရေးဆိုပြီး မတရားသဖြင့် စီးပွားတွေရှာတော့ အကုသိုလ်ခန္ဓာ တွေက ပေါ်ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ပေါ်လာတော့ အဲဒါတွေက ဇာတိ ဇရာ မရဏမီးထဲမှာ ဒီခန္ဓာကြီးက ထင်းအဖြစ်နဲ့ သွားပြီး သကာလ ပေါ် ရပြန်တယ် (မှန်ပါ့ ဘုရား)၊ အဲဒါကြီး မီးထဲမှာ ထင်းထည့်လိုက်ပြန်တော့ ဦးလှဘူး ပိုတောက်တယ် (တောက်ပါတယ် ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
လူ့ဘဝ, နတ်ဘဝ အကြိမ်ကြိမ် ခံစားပြီးမှ
ကောင်းပြီ ကုသိုလ်တွေ လုပ်ပြန်တော့လည်း ခင်ဗျားတို့က စိတ်မချ, လက်မချနဲ့ နိဗ္ဗာန်မရနိုင်သေးသည့် စပ်ကြားဆိုပြီး သကာလ လူ့ဘဝ, နတ်ဘဝ အကြိမ်ကြိမ် ခံစားပြီးမှဆိုတော့ ထင်းတွေကို ဘယ်တော့မှ မီးမသေမှဆိုတဲ့ အဓိပ္ပာယ်ပါတယ် (ပါပါတယ် ဘုရား)၊ မီးမသေရင် ဘယ်မှာ နိဗ္ဗာန်တုံးဗျ (မှန်ပါ့ ဘုရား)၊ ဆယ့်တစ်မီးငြိမ်းမှ နိဗ္ဗာန်မဟုတ်လား (မှန်ပါ့ ဘုရား)။
သူက မီးမသေတဲ့ ထင်းတွေထည့်ပြီး သကာလ ထားပြန်တော့ ဆယ့်တစ်မီးငြိမ်းတဲ့ နိဗ္ဗာန်နဲ့ ဒကာသစ် အဝေး ကြီးပေါ့ (အဝေးကြီးပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒီကရှေ့ ဒကာ ဒကာမတို့ ထင်းထည့်လုပ်ငန်းကို သိမ်းရလိမ့်မယ် (သိမ်းပါမယ် ဘုရား)။
ဒကာကြွယ် ဘယ်ဟာ သိမ်းရမလဲ (ထင်းထည့်လုပ်ငန်း သိမ်းရမှာပါဘုရား)၊ ထင်းထည့်လုပ်ငန်း သိမ်းရလိမ့် မယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ထင်းထည့်လုပ်ငန်းဆိုတာ ခုနင်ကပြောခဲ့တဲ့ မတရားသဖြင့် လုပ်ငန်းနဲ့ ခန္ဓာကိုယ်ကျွေးတာလည်း ထင်းထည့် လုပ်ငန်း (မှန်ပါ့)၊ ဘုံဘဝတွေ တောင့်တပြီး သကာလ ဝဋ္ဋဖြစ်တဲ့ ဆွမ်းလှူ, ဘုရားတည်ဆိုတာတွေလည်း (ထင်းထည့် လုပ်ငန်းပါပဲ ဘုရား)၊ ဒါတွေ ဘာလုပ်ရမလဲ (သိမ်းရပါမယ် ဘုရား)။
သိမ်းရလိမ့်မယ်၊ မီးပုံကြီးထဲ ထင်းဖြစ်ပြီး သကာလ မီးလက်စမသတ်အောင် လုပ်တဲ့အလုပ်တွေ ဖြစ်လေသော ကြောင့် သိမ်းရလိမ့်မယ် (မှန်ပါ့)။
နိဗ္ဗာန်ရောက်ကြောင်း သစ္စာသိပြီး လုပ်တဲ့ ကုသိုလ်တွေဖြင့် ဒါနလည်းလုပ်, သီလလည်းလုပ် ဆယ့်တစ်မီး ငြိမ်းတဲ့နေရာ ရောက်ရပါလို၏၊ ရောက်ချင်လို့ လုပ်ပါတယ်ဆိုရင် လုပ်သာလုပ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ ထင်းထည့်ချင်လို့ လုပ်တဲ့အလုပ်ဖြင့် (မလုပ်ပါနဲ့ ဘုရား)၊ မလုပ်ထိုက်ဘူး မလုပ်သင့်ဘူးဆိုတာဖြင့် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
အဲဒါဖြင့် ခင်ဗျားတို့က တဏှာအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ် (မှန်ပါ့)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ဟာ တဏှာက အုပ်ချုပ်တယ် (အုပ်ချုပ်ပါတယ် ဘုရား)၊ သားကလေး နေမကောင်းလည်း သူနေကောင်းဖို့ ကျွေးရဦးမယ် (မှန်ပါ့)။
အင်း ဒါထင်းထည့်တဲ့အလုပ်ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သူ့သက်စေ့ ငါးလွှတ်ရဦးမယ် (မှန်ပါ့)၊ ဘာလုပ်ကြတာတုံး (ထင်းထည့်တာပါ ဘုရား)။
ခန္ဓာကြီးပွားရေးလုပ်တာ
အင်း သူ ကျန်းမာဖို့ဆိုတော့ ကိုယ်လည်း ကုသိုလ်ရဖို့ဆိုတော့ ဒါဟာ ဒကာ ဒကာမတို့ ထွက်ရပ်လမ်း တောင့်တလုပ်တာလား ခန္ဓာကြီးပွားရေးလုပ်တာလား (ခန္ဓာကြီးပွားရေးလုပ်တာပါ ဘုရား)၊ ဒါဖြင့် ဒီအလုပ် ဘာအလုပ် ခေါ်ကြမလဲ (ထင်းထည့်တဲ့အလုပ်ပါ ဘုရား)။
ဪ ဘာဖြစ်လို့ ဒကာကြွယ်-ဦးမာဒင်တို့က ဒီအလုပ်တွေ လုပ်ဖြစ်ပါလိမ့်မလဲ ဆိုတော့ ဪ သူတို့အပေါ်၌ အုပ်ချုပ်ရေးတဏှာကရှိတော့ ခိုင်းတာ လုပ်ရှာတာပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုပါ့မလဲ (အုပ်ချုပ်ရေးတဏှာကရှိတော့ ခိုင်းတာလုပ်ပါတယ် ဘုရား)၊ ခိုင်းတာ လုပ်ကြတာပဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အင်း သားကလေးက နေမကောင်းဘူး၊ သမီးကလေးက အချိုးမကျ၊ ရောဂါဝေဒနာကထူ၊ တို့အိမ်များ ဘာဖြစ်တယ်မသိဘူး၊ ဆွမ်းကလေး ကျွေးကြဦးစို့ဟေ့ (မှန်ပါ့ ဘုရား)၊ ရှားမီးကလေး ပူဇော်ကြဦးစို့ သက်စေ့-သက်စေ့ တဲ့ (မှန်ပါ့)၊ ဒကာကြွယ် ဘာလုပ်တာတုံးဗျ (ထင်းထည့်တာပါ ဘုရား)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
သို့သော်လည်း ဘေးကတော့ ဒကာကြွယ်တို့က ဗြုန်းခနဲဆိုတော့ သူ့ကို ထင်းထည့်တဲ့ကိစ္စ ကျကျနန မသိသေး တော့ ကုသိုလ်လုပ်တယ် တဲ့ (မှန်ပါ့)။
ကုသိုလ်တော့ ဟုတ်ပါရဲ့ တဲ့၊ မီးငြိမ်းတဲ့ကုသိုလ်ကတစ်မျိုး ထင်းထည့်တဲ့ကုသိုလ်ကတစ်မျိုး (မှန်ပါ့)၊ ဘယ် နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးပါ ဘုရား)။
သို့သော် သမုဒယတဏှာက အုပ်ချုပ်မိပြီဆိုမှဖြင့် တဏှာနဲ့ရောတဲ့ ကုသိုလ်ဟူသ၍သည်ကားလို့ဆိုလို့ ရှိရင်ဖြင့် ပုညာဘိသင်္ခါရကုသိုလ် ဖြစ်ပါတယ် (မှန်ပါ့)၊ သင်္ခါရပစ္စယာ ဝိညာဏံဆိုတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးဖြစ်ကြောင်းမှတစ်ပါး ဘာမှမလုပ်ဘူး (မှန်ပါ့)၊ တဏှာအုပ်ချုပ်တဲ့ ကုသိုလ်ကလေ (မှန်ပါ့)။
တဏှာက စဉ်းစားကြည့်စမ်းပါလား ဒကာ ဒကာမတို့ ကာမာသဝ တဲ့ (မှန်ပါ့)။
အာသဝ အုပ်ချုပ်တဲ့ကုသိုလ်
တဏှာက ဘာတဲ့တုံး (ကာမာသဝပါ ဘုရား)၊ ဒါဖြင့် အာသဝက လုပ်ခိုင်းတာသာ လုပ်တယ် (မှန်ပါ့)၊ အာသဝ အုပ်ချုပ်တဲ့ကုသိုလ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (အာသဝအုပ်ချုပ်တဲ့ ကုသိုလ်ပါဘုရား)၊ ကောင်းနိုင်ပါ့မလား (မကောင်းနိုင်ပါ ဘုရား)၊ နိဗ္ဗာန်ဆိုတာ အာသဝေါကုန်တာ (မှန်ပါ့)။
ခင်ဗျားတို့ အခု သားမမာလို့, သမီးမမာလို့ ကိုယ့်ရေသယောက်နဲ့ကိုယ်နဲ့ ရေသယောက်သွယ်မှ အသက်ရှည် မယ်ဆိုတဲ့ အသွားမျိုးကဖြင့် ဒကာ ဒကာမတို့ ခန္ဓာငဲ့တယ် (မှန်ပါ့)၊ မငဲ့ဘူးလား (ငဲ့ပါတယ် ဘုရား)၊ ဒါဖြင့် ထင်းဖြစ် ကျိုး ငဲ့တယ် (မှန်ပါ့)၊ မဆိုထိုက်ကြဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒါကတော့ ဒကာ ဒကာမတို့ စဉ်းစားကြည့်ပါတော့တဲ့၊ ဒီဥစ္စာသည်ကား လို့ဆိုရင် အရင် မီးမသေခင် ထင်းထည့်တဲ့အလုပ်ပဲ (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒကာကြွယ် တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)၊ ခင်ဗျားတို့က ဆိုးတာလား ခင်ဗျားတို့ အရှင်သခင်ကြီး က စီမံတာကို ကျွန်တော်မျိုးက လိုက်နေရတာလား အကဲခတ်ပါဦး (အရှင်သခင်ကြီးက စီမံရာကို လိုက်နေရတာပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
တဏှာအရှင်သခင်ကြီး
တဏှာအရှင်သခင်ကြီးက တစ်အိမ်လုံး အုပ်ချုပ်ထားတယ် (မှန်ပါ့)၊ တဏှာအရှင်သခင်ကြီးက တစ်အိမ်လုံး အုပ်ချုပ်ပြီး သကာလ ထားတော့ ပြုလုပ်တဲ့ကုသိုလ်ကလည်း သူ့လက်အောက်ခံ သွားရတယ် (မှန်ပါ့)။
ဒါဖြင့် သူက ကာမာသဝ၊ အာသဝ အုပ်ချုပ်တဲ့ကုသိုလ် (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဘယ့်နှယ်ဆိုပါ့မလဲ (အာသဝ အုပ်ချုပ်တဲ့ကုသိုလ်ပါ ဘုရား)။
ဪ- ဤကုသိုလ်သည် အာသဝနယ်ထဲသာ အကျိုးပေးရမယ် (မှန်ပါ့)၊ အာသဝေါကုန်ရာ နိဗ္ဗာန်ကို အကျိုး မပေးနိုင်ဘူး (မပေးနိုင်ပါ ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့ ကြိုက်တာက နိဗ္ဗာန် (မှန်ပါ့)၊ အရှင်သခင်ကြီး ခိုင်းတဲ့အတိုင်း လုပ်နေတာက မီးငြိမ်း အောင်လုပ်ကဲ့လား (မလုပ်ပါ ဘုရား)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
သေသေချာချာ ဉာဏ်နားနဲ့ ထောင်ကြည့်တော့မှ ဪ တို့ဟာ အလွဲနဲ့အချော်ချည့်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ ဒကာသစ် မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဘာလုပ်တာများသတုံးလို့ မေးလို့ရှိရင် ဒကာ ဒကာမတို့ အကုသိုလ် လုပ်တာကတော့ သက်သက် ထင်းလုပ်တာ (မှန်ပါ့)၊ အရင်မီးပုံထဲမှာ ခန္ဓာကိုယ်အပါယ်ကောင် ထင်းဖြစ်အောင် တိရစ္ဆာန်ကောင် ထင်းဖြစ်အောင်လုပ်တာ (မှန်ပါ့)။
ထင်းဆက်မိအောင် လုပ်တာ
ဝဋ်တောင့်တပြီး သကာလ ငဲ့ပြီးလုပ်တာတွေကဖြင့် ဒကာကြွယ်ရေ အရင်မီး ဇာတိ, ဇရာ, မရဏမီးက မငြိမ်း ခင်လုပ်တာဖြစ်လေသောကြောင့်လည်း ထင်းဆက်မိအောင် လုပ်တာ (မှန်ပါ့ ဘုရား)။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ထင်းဆက်မိအောင် လုပ်တာပါ ဘုရား)။
ဒကာကြွယ် ဒါတွေဟာ စဉ်းစားရတယ် (မှန်ပါ့)၊ ဒါတွေလည်း သာသနာတွင်းမို့ မြတ်စွာဘုရား ဒေသနာတော် တွေနဲ့မို့ ဘုန်းကြီးကလည်း ဦးမာဒင် ပြောနိုင်တာနော် (မှန်ပါ့ ဘုရား)၊ သာသနာပမှာဆိုရင် ထင်းထည့်တဲ့အလုပ်မှ တစ်ပါး ဘာမှမရှိဘူး (မှန်ပါ့ ဘုရား)။
သာသနာပ အကုသိုလ်ဟူသ၍ဟာဖြင့် ဘာလုပ်ကြတာတုံး (ထင်းထည့်တာချည့်ပါ ဘုရား)၊ အရင်မီးမငြိမ်းခင် နောက်ထင်းထည့်တဲ့အလုပ်ချည့်ပဲ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အရင်မီးမငြိမ်းခင် (နောက်ထင်းထည့်တဲ့အလုပ်ချည့်ပါ ဘုရား)၊ ဘယ်အခါတုန်းဗျာ (သာသနာပအခါပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့လည်း ဒီအခါမှာ ဒါတွေလုပ်နေမယ်ဆိုရင် ဒီလူတွေ သာသနာတွင်း မွေးပြီး သကာလ သာသနာပ ဝါသနာမစွန့်သေးပါဘူး (မှန်ပါ့)၊ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ဘုန်းကြီးက ပြောတာလား ၊ ခင်ဗျားတို့ဖြစ်စဉ်က မှန်နေတာလား (ဖြစ်စဉ်က မှန်နေတာပါဘုရား)။
ဒကာကြွယ်ရ အသက်လည်းကြီးပြီ ပြင်ကြဦးစို့ (မှန်ပါ့)၊ ဦးမာဒင်တို့ ဘယ့်နှယ်ဆိုကြမလဲ (ပြင်ရဦးမှာပါ ဘုရား)၊ ပြင်ကြဦးစို့ဗျ ၊ ဒီအတိုင်းဆိုရင် မဖြစ်တော့ဘူး (မှန်ပါ့)။
သာသနာပမှာတော့ ထင်းထည့်တဲ့ကုသိုလ်တွေ လုပ်တယ်ဆိုတာ ဘုန်းကြီးတို့ ဪ-သာသနာကမရှိ၊ သာသနာ ဆိုတာ အဆုံးအမကိုးဗျ (မှန်ပါ့)၊ အဆုံးအမ,မရှိတဲ့အခါ ရမ်းလုပ်ရတာကတော့ ဒကာကြွယ် ရှိပါစေတော့ (မှန်ပါ့)၊ ဟုတ်ပလား (မှန်လှပါ ဘုရား)။
မီးငြိမ်းတဲ့အလုပ် လုပ်ရမယ်
သာသနာတွင်းမှာ ထင်းထည့်တဲ့အလုပ် ရုပ်သိမ်းပြီး သကာလ မီးငြိမ်းတဲ့အလုပ် လုပ်ရမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ကုသိုလ်လုပ်လည်း ဝိဝဋ္ဋလုပ်ကြပါ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကုသိုလ်တွေလုပ်လို့ရှိရင် (ဝိဝဋ္ဋလုပ်ရပါမယ်)၊ အေး ဘယ်ဒါနလုပ်လုပ် ဝိဝဋ္ဋဖြစ်အောင်လုပ်ပါ ၊ ဒီခန္ဓာကြီးရွံလို့, မုန်းလို့, ငြီးငွေ့လွန်းလို့, ခန္ဓာကြီးမရချင်လို့ ခန္ဓာဇာတ်သိမ်းငြိမ်းရာကိုသာ ရချင်လို့ လုပ်ပါတယ်ဆိုပြီး သကာလ ဒါနလုပ်လုပ်, သီလလုပ်လုပ်ပေါ့ဗျာ (မှန်ပါ့)၊ ထင်းထည့်ရာ ရောက်သေးရဲ့လား (မရောက်ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ခင်ဗျားတို့ ပုထုဇန်တွေက ဘာနဲ့တူသတုံးဆိုတော့ မီး လုပ်ကျွေးတဲ့ ပုဂ္ဂိုလ်နဲ့ တူသတဲ့ (မှန်ပါ့)။
ခန္ဓာကိုယ်ကြီးက တဟုန်းဟုန်းတောက်နေတာက မီးပုံကြီးနဲ့တူတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ သုံးဆယ့်တစ်ဘုံက ဒကာ ဒကာမတို့ မီးဖြစ်ရာဌာနကြီးနဲ့ တူတယ် (မှန်ပါ့)။
ခန္ဓာကြီးက မီးပုံနဲ့တူတယ်
သုံးဆယ့်တစ်ဘုံက ဘာတဲ့ (မီးဖြစ်ရာဌာနကြီးနဲ့ တူပါတယ်ဘုရား)၊ ခန္ဓာကြီးက မီးပုံနဲ့တူတယ် (မှန်ပါ့)၊ ပုထုဇန်က မီးထည့်သမားနဲ့ တူနေတယ် (မှန်ပါ့)။
အဲဒီတွင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မီးဖြစ်ရာ ဌာနကြီးပြင်ပြန်တော့လည်း ဪ ဒီအထဲ မီးပုံကြီးကလည်း တောက်နေတယ် ၊ မီးပုံကြီးတောက်တဲ့အထဲ မီးလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်ကလည်း ဒကာ ဒကာမတို့ အကုသိုလ်တွေလုပ်ပြန်လည်း မီးထည့်တာပဲ (မှန်ပါ့)၊ ဝဋ္ဋကုသိုလ်တွေလုပ်ပြန်တော့ ဒကာကြွယ် ဘာတဲ့ (မီးထင်းထည့် တာပါ ဘုရား)။
ဒါကြီးမြင်တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အနားထရပ်ပြီး သကာလ ဟေ့ မီးလုပ်ကျွေးတဲ့လူ၊ မင်း ဘာဖြစ်လို့ လုပ်ကျွေးတာတုံး တဲ့ (မှန်ပါ့)။
သူက အဖြေပေးနေတယ် ၊ မီးငြိမ်းချင်လို့တဲ့ (မှန်ပါ့)၊ မှန်ပါ့မလားဗျာ (မမှန်ပါ ဘုရား)၊ ထင်းတွေထည့် နေတာ မီးငြိမ်းစေချင်လို့ဆိုလို့ ကိုက်ပါ့မလား (မကိုက်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။
ဒီမှာလည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မေးတယ်၊ အဂ္ဂိဇဂ္ဂိကပုဂ္ဂိုလ်ကို ၊ အဂ္ဂိဇဂ္ဂိကပုဂ္ဂိုလ်ဆိုတာ မီးလုပ်ကျွေးတဲ့ပုဂ္ဂိုလ် (မှန်ပါ့)။
မီးလုပ်ကျွေးတဲ့ပုဂ္ဂိုလ်
မီးလုပ်ကျွေးတာ မင်း-ဘယ့်နှယ်ကြောင့် မီးလုပ်ကျွေးရသတုံးကွဆိုတော့ မီးသေအောင်လို့ လုပ်နေတာတဲ့ သူကပဲ ပြန်ပြောလိုက်တယ် (မှန်ပါ့)။
ဟ မီးသေချင်ရင် ဒီလိုမလုပ်ရဘူး၊ မင်းဟာမင်း ထိုင်နေတဲ့ (မှန်ပါ့)၊ မင်းဟာမင်း ထိုင်နေကွ၊ ထင်းတွေ ထည့်မနေရဘူးကွ (မှန်ပါ့)၊ ဘုရားက အနားက (မှန်ပါ့)။
ဒီမှာလည်း ဒကာ ဒကာမတို့ ဆရာဘုန်းကြီးက ဘုရား၏တပည့်သားဖြစ်တဲ့အတိုင်း အနားကနေပြီး ဒကာ ဒကာမတွေ ခန္ဓာမီးသိမ်းပလားလို့ မေးတော့ ဒကာသစ်က ဘယ့်နှယ်ဖြေပါ့မလဲ (မသိမ်းသေးပါ ဘုရား)။
ဒီအထဲ ဝဋ္ဋဒါနတွေ လုပ်နေဦးမယ်ဆိုရင် ခင်ဗျား ဘာလုပ်နေတာတုံးမေးတော့ (ထင်းထည့်နေတာပါ)၊ မဆိုင်တဲ့ အကုသိုလ်တွေ မတရားသဖြင့် အကုသိုလ်တွေ လုပ်နေပြန်လည်း ဒကာကြွယ် ဘာလုပ်တာတုံး မေးတော့ (ထင်းထည့်တာပါ ဘုရား)။
ဟာ ဘာလို့ ဒါလောက်တောင် ထည့်တာတုံး မေးတော့ တပည့်တော်တို့ဘုရား အေးအောင်လို့, ငြိမ်းအောင်လို့ (မှန်ပါ့)၊ အေးအောင်လို့, ငြိမ်းအောင်လို့ဆိုတော့ ကိုယ့်စိတ်အေး,လက်အေး နေရအောင်လို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဟာ ဘယ်ဟုတ်ရမတုံး ဒကာသစ်ရ ၊ မီးငြိမ်းစေချင်လို့ရှိရင် ဒီထင်းနှစ်ချောင်း မထည့်ရဘူး (မှန်ပါ့)၊ ပုညာဘိသင်္ခါရ ကုသိုလ်ထင်းလည်း မထည့်ရဘူး (မှန်ပါ့)။
အကုသိုလ်ကြောင့်ဖြစ်တဲ့ ထင်းတွေကိုလည်း မထည့်ရဘူး (မှန်ပါ့)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒီမီးသေမှာစိုးလို့ အားကို မအားဘူး
အဲဒီတော့ သူက ဘယ့်နှယ်ပြောလိုက်သတုံးဆိုတော့ မီးလုပ်ကျွေးနေတဲ့ပုဂ္ဂိုလ်က အရှင်ဘုရားကသာ ပြောတာ တပည့်တော်တို့ဖြင့် ဒီမီးသေမှာစိုးလို့ အားကို မအားဘူး (မှန်ပါ့)။
အံမာလေး ခင်ဗျားတို့က ဘယ့်နှယ်များ ဖြစ်နေသတုံး မပြောတတ်ပါဘူး (မှန်ပါ့)။
ဒကာကြွယ် ခင်ဗျားတို့ နေ့တိုင်းမအားတာ သိပလား (သိပါပြီ)၊ ဘာဖြစ်လို့တုံး (ထင်းထည့်နေရလို့ပါ)၊ မီး သေမှာစိုးလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း ဟိုနားသွားပြီး ကိုယ်မပါမပြီးလို ပြောလိုက်, ဆိုလိုက်တာလည်း အကုသိုလ်ဝစီကံတွေလည်း ပါလို့ (မှန်ပါ့)၊ ဒါတွေဟာလည်း ထင်းထည့်တဲ့အလုပ်ပါပဲ (မှန်ပါ့)။
တစ်ခါ ပေးကမ်းပြန်တော့လည်း ဟေ့ တို့ ဒီဘဝ ချမ်းသာတာကတော့ နောက်ဘဝက လှူခဲ့, တန်းခဲ့လို့၊ နောက်ဘဝချမ်းသာအောင် လုပ်ဦးမှပဲကွ (မှန်ပါ့)၊ သူက ချမ်းသာချင်လို့ လုပ်တာဗျ (မှန်ပါ့)။
တော်တော်ကြာကျတော့ ဘဝတောင့်တ လုပ်လိုက်ပြန်တော့ နောက်ဘဝချမ်းသာချင်လို့ဆိုတော့ နောက်ဘဝ ထင်းဖြစ်သွားတယ် (မှန်ပါ့)။
အင်း နဂိုမီးက သေပလား (မသေသေးပါ)၊ နဂိုမီးက မသေခင် ဒကာကြွယ် ထင်းကလေး ပွေ့ကာ ပွေ့ ကာနဲ့ ဟင် ဗြုန်းခနဲ ထည့်လိုက်မယ်လို့ စိတ်ကူးများနေသေးသလား (မှန်ပါ့)၊ အတော်ဆိုးတဲ့လူတွေပါကလား (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါက ရေရေလည်လည်ပြောမှ ဒကာ ဒကာမတွေ ဒီတရားနားလည်မယ်နော် (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့က ကုသိုလ်ဆိုတာကွာ ဘာလုပ်လုပ် ကောင်းတာချည့်ပေါ့ကွတဲ့ (မှန်ပါ့)၊ အင်း ဆုံးဖြတ်ချက်ချတဲ့လူက တစ်ပုံကြီးဗျ (မှန်ပါ့ ဘုရား)။
ကုသိုလ်ဆိုတာတွေကွာ မတောင်းတာ ဘယ်ရှိမတုံး (မှန်ပါ့)၊ ဒကာကြွယ် ပြောဖူးသလား (ပြောဖူးပါတယ် ဘုရား)၊ ဟာသွားပြီကော ခင်ဗျားလည်း (မှန်ပါ့ ဘုရား)။
ဝဋ္ဋကုသိုလ်မကောင်းဘူး၊ ထင်းထည့်တာ (မှန်ပါ့)၊ ဝိဝဋ္ဋကုသိုလ်တော့ ကောင်းတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သက်ကြီးစကားကြောင့် သက်ငယ်မှားတယ်
အဲဒါ ခင်ဗျားတို့ လူကြီးစကားရယ်လို့ သက်ကြီးစကား သက်ငယ်တွေကများ မှားကြဦးမယ်ဆိုရင် သွားပါပြီ (သွားပါပြီ)၊ သက်ကြီးစကားကြောင့် သက်ငယ်မှားတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ ဒကာကြွယ် ဒီအဆုံးအမ, အသွန်အသင်မျိုးကိုတော့ ဖြုတ်ရလိမ့်မယ် (ဖြုတ်ရမှာပါ ဘုရား)၊ ကုသိုလ်ဆိုတာ အကောင်းချည့်ပေါ့ကွာ ဘာလုပ်လုပ်ပေါ့၊ မင်းကြိုက်တာမင်းလုပ်ပေါ့၊ ကုသိုလ်မကောင်းဘူးလို့ ဘယ် ဘုရားဟောမတုံးကွ (မှန်ပါ့)၊ အံမာ-ဘုရားနဲ့များ ကိုင်ပေါက်လိုက်သေးတယ် (ပေါက်ပါတယ်)၊ ကြောက်စရာကြီးပါလား (မှန်ပါ့ ဘုရား)။
လူကြီးတွေ အလုပ်ဆိုပြီး သကာလ အမှန်ရပါ့မလားဆိုပြီး ဘယ်ဘုရား ဟောမတုံးဆိုတဲ့ အဓိပ္ပာယ်တွေတောင် ပြောလိုက်သေးတာ၊ ဘုရားကဟောတာ အခုဟာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ကုသိုလ်တိုင်းကောင်းတယ်လို့ ဆိုရမှာလား (မဟုတ်ပါ ဘုရား)၊ ဝဋ္ဋကုသိုလ်ဟာ ဘာလုပ်တာတုံး (ထင်းထည့်တာပါ ဘုရား)၊ အဲ ဝိဝဋ္ဋကုသိုလ်က မီးငြိမ်းတာ (မှန်ပါ့)၊ ဝဋ္ဋကုသိုလ်က (ထင်းထည့်တာပါ)၊ အဲဒါဖြင့် ကုသိုလ်နှစ်မျိုးဖြစ်နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ်ရေ နောက်ထပ် ထင်းထပ်ထပ်ထည့်တာတွေ့တော့ အသာလျှော်လိုက်ပါတော့ဗျာ (မှန်ပါ့)၊ ခင်ဗျား တို့ဥစ္စာက လောကွတ်ကများများနဲ့ အင်း ဒီဥစ္စာတွေ ထင်းထည့်တဲ့အလုပ်ကလည်း သေးလှမယ်မဟုတ်ဘူး (မှန်ပါ့)၊ မသေးလှဘူးနော် (မသေးပါ ဘုရား)။
ကုသိုလ်လည်းရ, ဝမ်းလည်းဝပေါ့ကွ
အိမ်လာလို့ ကျွေးရမွေးရတဲ့ ပုဂ္ဂိုလ်တွေကလည်း တချို့ကျတော့လည်း အရောင်းအဝယ် တည့်စေချင်လို့ ကျွေးရမွေးရတာတွေလည်း တစ်ပုံကြီး (မှန်ပါ့)၊ သူ့ဆီက အကြောင်းညီညွတ်အောင်လို့ ကျွေးရမွေးရတာတွေကော (တစ်ပုံကြီးပါ)၊ ဒါတွေက ဘာလုပ်တာတုံးလို့ မေးရင် ဘယ့်နှယ်ဖြေမလဲ (ထင်းထည့်တာပါ)၊ ဟေ့ ကုသိုလ်လည်းရ, ဝမ်းလည်းဝပေါ့ကွ (မှန်ပါ့)၊ ဒီလိုတောင်ရှိသေး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကုသိုလ်လည်းရ ဘာတဲ့ (ဝမ်းလည်းဝပါ)၊ ဝမ်းလှည့်ပြီ သေချာပြီ (မှန်ပါ့)၊ ဝမ်းလှည့်ကတည်းက ခန္ဓာပါလာ ပြီ၊ ဟာ ဒါရချင်လို့ဆိုတာ မသေချာဘူးလား (သေချာပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ဟာ ဘာလုပ်တာပါလိမ့် ဒီဥစ္စာ (ထင်းထည့်တာပါ ဘုရား)။
ဒီဟာတွေတော့ဖြင့် တပည့်တော်တို့ လူရယ်လို့ဖြစ်တော့ မလွတ်နိုင်ဘူးပေါ့ ဘုရား၊ လေပြေထိုးချင်လည်း ထိုးကြလေဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ထိုးသာထိုးတယ် ခင်ဗျားတို့ လောင်ဖို့ပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
မီးလက်စသတ်စရာ မြင်သေးရဲ့လား
အခုမီးက ငြိမ်းပလား (မငြိမ်းသေးပါ)၊ နောက်မီးက ခန္ဓာဖြစ်အောင် လုပ်နေမယ်ဆိုရင်ဖြင့် မီးလက်စသတ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒကာသစ် ဒီဥစ္စာတွေက လောကီလူသားမှာနော် (မှန်ပါ့)၊ ဪ ဆိုလာလို့ရှိရင် ဘုန်းကြီးတော့ လန့် သွားတာပဲ (မှန်ပါ့)၊ တပည့်တော်တို့ကလည်း မကင်းနိုင်တော့ (မှန်ပါ့) ဟ ဘာမကင်းနိုင်တာတုံး မီးနဲ့ မကင်းနိုင် ဘူး ဘုရာ့ (မှန်ပါ့ ဘုရား)။
ဘာနဲ့ မကင်းနိုင်တာတုံး (မီးနဲ့မကင်းနိုင်တာပါ)၊ မီးဆိုတာ ဝေးဝေးရှောင်ရတယ် (မှန်ပါ့)၊ အခုတော့ ထင်း ထည့်ရတဲ့မီးနဲ့ တပည့်တော်တို့က မကင်းနိုင်လို့ (မှန်ပါ့)၊ ဒီလိုတော့လည်း ခင်ဗျားတို့က ပြောလေ့ဆိုလေ့ရှိတယ် (ရှိ ပါတယ်)၊ ဒကာသစ် ကောင်းပါ့မလား (မကောင်းပါ ဘုရား)။
မျက်လုံးမှိတ်ရမည့် အလုပ်ပေမယ့် ခင်ဗျားတို့တော့ လူ့ပြည်ဆိုတော့ဘုရား အရှင်ဘုရားများလိုလည်း သပိတ် တစ်လုံး သင်္ကန်းသုံးထည်နဲ့ နေနိုင်တာ မဟုတ်သေးတော့ သားနဲ့, သမီးနဲ့, ဆွေနဲ့မျိုးနဲ့, လူချင်းတူတူ သူချင်းမျှမျှ မင်းကိစ္စ စိုးကိစ္စတွေကလည်း နည်းတာမဟုတ်တော့ မလွှဲသာတဲ့ အလုပ်တွေကလည်း မနည်းဘူးဘုရာ့ ထင်းထည့်ရ တာ (မှန်ပါ့)၊ အဲဒီကျအောင် သွားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
မလွဲသာလို့ ဘာလုပ်ရသတုံး (ထင်းထည့်ရပါတယ်)၊ ဟာ ထင်းထည့်ရင် ခင်ဗျားတို့မီးပုံဟာ သေးသွားမလား ကြီးလာမလား (ကြီးလာမှာပါ ဘုရား)။
ဘယ်သူကြီးလာတာတုံး ပြောပါဦး (တပည့်တော်တို့ လောင်တာပါ ဘုရား)၊ ဒါဖြင့် ခင်ဗျားတို့လောကွတ်နဲ့ ခင်ဗျားတို့လောင်တာ ကျုပ်မတတ်နိုင်ဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ဒကာကြွယ် တယ်ဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
အလုပ်ကလည်း ငြိမ်းမှ
ဒါဖြင့် ဒါတွေ ဘယ့်နှယ်လုပ်ကြမတုံး ဒကာကြွယ်ရေ (ငြိမ်းရမှာပါ)၊ ပါးစပ်တွင်ကိုးဗျ ခင်ဗျားတို့ဟာက အလုပ်ကလည်း ငြိမ်းမှ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ရမလဲ (အလုပ်ကလည်း ငြိမ်းမှပါ)၊ အလုပ်ကလည်း ငြိမ်းမှဆိုတော့ ဒီလိုလုပ်ကြပါစို့တဲ့၊ ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ အနားကရပ်ပြီးပြောတယ်၊ ခင်ဗျားတို့ကလည်း မီးနဲ့၊ မူလမီးက လည်း မသေ၊ နောက်ထင်းကိုလည်း တရွယ်ရွယ်နဲ့ ထည့်ကြ (မှန်ပါ့)ဆိုတော့ ဒီမီးလက်စ ဘယ်တော့ပြတ်ပါ့မလဲ (မပြတ်ပါ ဘုရား)။
အဲဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကိုင်း တဲ့ မင်းတို့ ဒီလိုသာ ထည့်နေကြမယ်ဆိုရင် မီးပုံ ကြီးဟာဖြင့် မြင့်မားရုံမှတစ်ပါး ဘာမှ မင်းတို့ အမြတ်အစွန်းမထွက်ဘူး (မှန်ပါ့)၊ ကဲ မင်းဟာမင်း အေးအေးနေစမ်း ပါကွာဆိုပြီး သကာလ အသာနေလိုက်လို့ရှိရင်လည်း ဒကာ ဒကာမတို့ ဒီမီးပုံကြီးဟာ ငြိမ်းသွားမှာပဲ (ငြိမ်းသွားမှာပါ ဘုရား)။
ကုသိုလ်ထင်းလည်း မထည့်နဲ့၊ ဝဋ္ဋကုသိုလ်ထင်းပေါ့ဗျာ (မှန်ပါ့)၊ အကုသိုလ်ထင်းကော (မထည့်ရပါ ဘုရား)၊ မထည့်လိုက်တော့ ထင်းကလည်း ဒီဟာပဲရှိတော့ ဒကာကြွယ်ရေ ဒီမီးတွေဟာ ပင်ကိုခန္ဓာလောင်စာ သိမ်းသွားလို့ရှိရင် ဒကာသစ်ရေ ငြိမ်းရုံပဲရှိတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ထင်းမထည့်နဲ့ဆိုတာက ဘာလုပ်ရမှာတုံး မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ထင်းထည့်တဲ့ အကြောင်းကို ရှင်းမှ ထင်းမထည့်ချင်တာ ပေါ်လာတယ် (မှန်ပါ့)၊ ခန္ဓာခင်လွန်းလို့ ထည့်မိတာ (မှန်ပါ့ ဘုရား)။
ဘာ့ကြောင့်ပါလိမ့် (ခန္ဓာခင်လွန်းလို့ ထည့်မိတာပါ ဘုရား)၊ ခန္ဓာခင်လွန်းလို့ (မှန်လှပါ)၊ ခန္ဓာခင်လွန်းတော့ မတရားသဖြင့် ကျွေးမိတယ် (မှန်ပါ့)၊ ဒီခန္ဓာကြီး ခင်လွန်းလို့ နောက်ခန္ဓာရလာတဲ့အခါ ဆင်းရဲမှာစိုးလွန်းလို့ လုပ်မိ တယ်ဆိုတော့ ခင်ဗျားတို့ဟာ ဥပါဒါန်နဲ့ လုပ်နေတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒါက ခင်ဗျားတို့ နောက်ခန္ဓာမီးပုံကြီးနော် (မှန်ပါ့)၊ ဒါကြီး ခင်လွန်းလို့ဆိုတော့ တဏှာကော မလာ ဘူးလား (လာပါတယ်)၊ ဥပါဒါန်ကော (လာပါတယ်)၊ ကံကော (လာပါတယ်)၊ ဟာ ဒါဖြင့် နောက်ခန္ဓာ ဇာတိ, ဇရာ, မရဏ ထင်းပေါ်ပြီပေါ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒီထင်းတွေ ပေါ်လာတော့ ဒကာ ဒကာမတွေ ဒီမှာလည်းလောင်ဆဲ (မှန်ပါ့)၊ ဒီကလည်း ထင်းတွေ ပွေ့ပွေ့ပြီး ဒီခန္ဓာချင်း စပ်မသွားပေဘူးလား (စပ်သွားပါတယ်)၊ ခန္ဓာချင်းစပ်တော့ မီးရပ်ပါ့ဦးမလား (မရပ်ပါ ဘုရား)။
ဒီမီးနဲ့ ဒီထင်းနဲ့တွဲရင်
ကဲ ဒါဖြင့် ဒါကလည်း မီးပုံ၊ နောက်ရတာကကော (ထင်းပါ)၊ မီးပုံနဲ့ထင်းနဲ့ မရဘူးလား (ရပါတယ်)၊ အဲဒီတော့ ဒီမီးနဲ့ ဒီထင်းနဲ့တွဲရင် ဒီမီးပုံနဲ့သွားပြီး မဆက်သွယ်မိဘူးလား (ဆက်သွယ်မိပါတယ် ဘုရား)။
အဲဒါ ခန္ဓာခင်မှုကြောင့်လာတဲ့ ဒကာ ဒကာမတို့ နောက်ထင်း (မှန်ပါ့)၊ ခန္ဓာကိုစွဲလမ်းတဲ့ တဏှာ, ဥပါဒါန်, ကံကြောင့် နောက်ခန္ဓာထင်းသစ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီတော့ ဒီခန္ဓာသေမှ ဒီထင်းပုံလုပ်ဖြစ်တာလား- မသေခင်က လုပ်ထားတာလား (မသေခင်က လုပ်ထား တာပါ ဘုရား)၊ ဒါဖြင့် မီးမသေခင် ထင်းရှာတယ် (မှန်ပါ့)၊ ပေါ်ပြီ-ပေါ်ပြီ (မှန်ပါ့ ဘုရား)။
ဘယ်လိုပေါ်လာသတုံး (မီးမသေခင် ထင်းရှာထားတာပါ ဘုရား)၊ ကြောက်စရာကြီးပါလား (ကြောက်စရာ ကြီးပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ထင်းရှာထားကြသတုံး (မီးသေသွားမှာစိုးလို့ပါ ဘုရား)။
ဟ မီးဆိုတာသည် ဒကာ ဒကာမတို့ သူများ လောင်နေတာလား မိမိလောင်နေတာလား (မိမိလောင်နေ တာပါ ဘုရား)။
ဟာ မိမိလောင်ရင်းနဲ့ပဲ မိမိက ထင်းရှာပြီး သကာလ မီးပုံကြီးပွားအောင်လုပ်တာ (မှန်ပါ့)၊ အင်း သေခြင်းဆိုး သေချင်သေးလို့လုပ်တာ (မှန်ပါ့)၊ ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါ ပြီ)။
မီးပုံကြီးကို မီးပုံမှန်းမသိလို့ ခင်လိုက်တယ်
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟူသော မီးပုံကြီးကို မီးပုံမှန်းမသိလို့ ခင်လိုက်တယ် (ခင်လိုက် ပါတယ် ဘုရား)၊ ခင်တော့ တဏှာမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါ)၊ ကမ္မဘဝပစ္စယာ (ဇာတိ)၊ ဒါဖြင့် ဇာတိဆိုတော့ ခန္ဓာငါးပါးပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ဘာပေါ်လာသတုံး (ခန္ဓာငါးပါးပေါ်လာပါတယ် ဘုရား)၊ ခန္ဓာငါးပါးသည် ဒကာ ဒကာမတို့ ထင်းပဲ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ဒီထင်းဟာ ဒကာ ဒကာမတို့ ပထမမီးပုံသေလို့ လုပ်တာလား- မီးပုံမသေဘဲနဲ့ မသေအောင်လို့ပဲ ဆက်ပြီး ထင်းထည့်မယ်လို့ ရှာထားတာလား (မသေအောင်လို့ပဲ ဆက်ပြီး ထင်းထည့်မယ်လို့ ရှာထား တာပါ ဘုရား)။
သေသေချာချာကြည့်ပါ ဒကာ ဒကာမတို့ ဟောဒီ့ကိုယ့်ခန္ဓာမီးက မသေသေးဘူး (မသေသေးပါ ဘုရား)။
မီးဆယ့်တစ်မီးငြိမ်းပလား (မငြိမ်းသေးပါ ဘုရား)၊ နိဗ္ဗာန်မရသေးပါဘူး (မရသေးပါ ဘုရား)၊ မီးတောက်တုန်း ရှိပါသေးတယ် (တောက်တုန်းပါ ဘုရား)။
ဒီခန္ဓာကြီးခင်တဲ့တဏှာကြောင့် အရောင်းအဝယ်လုပ်ကြပေါ့ဗျာ (မှန်ပါ့)၊ မတရားသဖြင့် အရောင်းအဝယ်ကို ဆိုလိုပါတယ် (မှန်ပါ့)၊ မတရားသဖြင့် စွဲလမ်း၊ မတရားသဖြင့် ကံတွေကော (လုပ်ပါတယ် ဘုရား)။
လုပ်လိုက်တော့ နောင်ကို ဘာရမယ်ထင်သတုံး (ခန္ဓာငါးပါးရပါမယ် ဘုရား)၊ ခန္ဓာငါးပါးရတော့ ထင်းလား- မီးလား (ထင်းပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ မီးသေပြီးမှ ရှာလို့ရှိရင်လည်း မီးမွှေးစရာ အတော်ခက်တယ် (မှန်ပါ့)၊ အခုတော့ ဒကာ ဒကာမတို့က မီးကို အရပ်အစဲ မခံနိုင်တာနဲ့ စောစောစီးစီးက ဘာလုပ်ထားသတုံး (ထင်းရှာထားပါတယ် ဘုရား)။
မီးလုပ်ကျွေးတဲ့အထဲဖြင့် ပထမတန်း
ဪ ဒါဖြင့် ခင်ဗျားတို့ ကြည့်ရတာဖြင့် ဒကာကြွယ်ရေ- မီးလုပ်ကျွေးတဲ့အထဲဖြင့် ပထမတန်း လူတွေ ပါပဲ (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဆိုပါ့မယ် (မီးလုပ်ကျွေးတဲ့အထဲမှာ ပထမတန်းလူတွေပါ ဘုရား)၊ ဘာဖြစ်လို့တုံး ထင်းကိုချည့် ရှာ ထားလို့ (မှန်ပါ့ ဘုရား)။
အံမာလေး ကိုယ့်လောင်မည့်ဥစ္စာကို ဝီရိယကောင်းကောင်းနဲ့ ထင်းရှာထားတယ်ဆိုတော့ ဒကာကြွယ် ဒီ့ထက်မိုက်တာတော့ (မရှိပါ ဘုရား)။
အဲဒါ ဒီတရားမျိုးကို ကျကျနန မနာရတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ထင်းရှာတဲ့အလုပ်ကိုပင်လျှင် သူတို့သည်ကား လို့ဆိုရင် ရိုးရာအလုပ် (မှန်ပါ့)။
ထင်းရှာတဲ့အလုပ် ဘာထင်ကြသတုံး (ရိုးရာအလုပ်ပါ ဘုရား)၊ ဒီတွင် ဘုရားက ပြောတာပဲ၊ ဟေ့ မီး ငြိမ်းချင်တဲ့ပုဂ္ဂိုလ်ဟာ ထင်းရှာနေတာကိုးကွ၊ ထင်းထပ်လည်း မထည့်ရဘူး (မှန်ပါ့ ဘုရား)။
အို ဒါ-ရိုးရာအလုပ်လို့ သူက ပြန်ပြောတယ် (ပြောပါတယ် ဘုရား)၊ မီးလုပ်ကျွေးတဲ့ပုဂ္ဂိုလ်က (ပြောမှာ ပါ ဘုရား)။
ဒီမှာလည်း ခင်ဗျားတို့က ဒီအတိုင်း ပြန်မပြောပေဘူးလား (ပြောပါတယ် ဘုရား)၊ ဒကာကြွယ် ကိုယ်ဆိုးဝါး ပုံ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ထင်းရှာတဲ့အလုပ်က များတယ်
အဲဒါ အားလုံးနားလည်လောက်အောင်ဖြင့် တော်တော်ပဲ ဘုန်းကြီးများလည်း ပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်စပ်ပြီးသ ကာလ ဦးမာဒင် ပြောတာပဲ (မှန်ပါ့)၊ ခင်ဗျားတို့ လုပ်သ၍ များသောအားဖြင့် ဘာတွေများသတုံး- ဆိုတော့ မီးသေမှာ စိုးလို့ ထင်းရှာတဲ့အလုပ်က များတယ် (များပါတယ် ဘုရား)။
ဘယ့်နှယ်ဆိုကြမလဲ (မီးသေမှာစိုးလို့ ထင်းရှာတဲ့အလုပ်က များပါတယ် ဘုရား)။
ဘာဖြစ်လို့ ဒါလောက်တောင် ဒကာသစ်က ထင်းရှာထည့်ရတာတုံးမေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (မီးသေမှာ စိုးလို့ပါ ဘုရား)၊ ၁-မီးသေသွားမှာစိုးလို့ ၂-ထင်းကို အဆင်သင့်ထားရတယ်ဘုရာ့ (မှန်ပါ့)။
၁-မီးပုံသေသွားမှာစိုးလို့ (၂-ထင်းကို အဆင်သင့်ထားရပါတယ် ဘုရား)၊ ၂-နံပါတ်ထင်းကို တပည့်တော်တို့ က ရိုးရာထင်းကို ရှာထားရတယ်ဘုရာ့ ဆိုတော့ ဒကာ ဒကာမတို့ ဒီမီးပုံကြီး ဘယ်တော့ငြိမ်းမလဲ (ဘယ်တော့မှ မငြိမ်းပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမီးပုံကြီး မသိမ်းသ၍ကာလပတ်လုံးပဲ ကျုပ်တို့သည် ဘယ်အခါကာလမှ အေးချမ်း တဲ့နိဗ္ဗာန်ရမှာ မဟုတ်ပါဘူး (မရပါ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒီလိုလုပ်ကြစို့တော့ (မှန်ပါ့ ဘုရား)၊ ဒီလိုလုပ်ကြစို့တော့ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးကြီးကို သာယာ တဲ့သဘောကြောင့် ထင်းရှာတာဟေ့ (မှန်ပါ့)၊ ထင်းရှာလို့ ထပ်ထည့်မိတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီခန္ဓာငါးပါးကြီးကို ခင်မှုကြောင့် ဘာဖြစ်သတုံး (ထင်းရှာပါတယ် ဘုရား)၊ ထင်းရှာမိတယ် (မှန်ပါ့)၊ သူ့ခင်မှု မရှိရင် ထင်းရှာမိပါ့မလား (မရှာမိပါ ဘုရား)။
ဒါဖြင့် ဪ ထင်းရှာတယ်- ထင်းရှာတယ်ဆိုတာကလည်း တခြားလား အောက်မေ့တယ်၊ ဒီမီးပုံကြီး မီးပုံမှန်းမသိလို့ ခင်ကြ, မင်ကြ, စွဲလမ်းကြလို့ အားထုတ်ခြင်းကြောင့် နောက်ထင်းရှာကြတယ် (မှန်ပါ့)။
မီးပုံမှန်း ကျကျနနသိလို့ရှိရင် ဦးမာဒင် ရှာပါဦးမလား (မရှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီခန္ဓာကြီးကို ခင်ဗျားတို့ ဝိပဿနာရှု (မှန်ပါ့)။
ဘာဖြစ်လို့ ဝိပဿနာရှုရသတုံး
ဒီခန္ဓာငါးပါးကြီး ဘာလုပ်ရမလဲ (ဝိပဿနာရှုရပါမယ် ဘုရား)။
ဘာဖြစ်လို့ ဝိပဿနာရှုရသတုံးဆိုတော့ မီးပုံမှန်းသိအောင် ဇာတိမီးဖိုလည်းမြင်အောင်, ဇရာမီးဖိုလည်းမြင် အောင်, မရဏမီးဖိုလည်းမြင်အောင် ခဏခဏ တစ်ခါတည်း ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးမှာ ဖြစ်လိုက်-ပျက်လိုက်၊ ဖြစ်လိုက်-ပျက်လိုက်ဆိုတာတွေဟာ ဒကာ ဒကာမတွေ သိတဲ့အတိုင်းတဲ့၊ ဪ ဒါတွေဟာ တကယ်လိုချင်စရာ, ရချင်စရာ မဟုတ်ပါလား ၊ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘော, အသုဘသဘော, ဒုက္ခသစ္စာသဘော မှတစ်ပါး ဘာမှမဟုတ်ပါလားလို့ ဒီကနေပြီး ဝိပဿနာရှုပေး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ဘာလုပ်ပေးရမလဲ (ဝိပဿနာရှုပေးရပါမယ်)၊ ဝိပဿနာရှုပေးလိုက်တဲ့အခါကျတော့ အနိစ္စနဲ့ မဂ္ဂ သွားဖြစ် တယ် (မှန်ပါ့)၊ အနိစ္စနဲ့မဂ္ဂ သွားဖြစ်တော့ ထင်းရှာချင်တဲ့သဘောတွေ လာသေးရဲ့လား (မလာပါ ဘုရား)။
ထင်းရှာချင်တဲ့ သမုဒယသဘောတွေ (မလာပါ)၊ မလာတဲ့အခါကျတော့ နောက်ထင်း ပေါ်ဦးမလား (မပေါ်ပါ ဘုရား)။
နောက်ထင်းမပေါ်တော့ ဒကာ ဒကာမတို့ အရင်မီးငြိမ်းရင် ငြိမ်းတော့တာပဲ (မှန်ပါ့)။
နောက်ထင်းမပေါ်တော့ ဒကာ ဒကာမတို့ ဘယ့်နှယ်ဆိုကြမလဲ (အရင်မီးငြိမ်းရင် ငြိမ်းပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဝိဝဋ္ဋဖြစ်အောင် လုပ်ရမယ်
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့မှာ ဒါနလုပ်ပြန်လည်း ဝိဝဋ္ဋဒါနဖြစ်အောင် လုပ်ရမယ် (မှန်ပါ့)၊ သီလဆောက်တည် ပြန်တော့ကော (ဝိဝဋ္ဋဖြစ်အောင် ဆောက်တည်ရပါမယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဝိပဿနာလုပ်တော့မယ်ဆိုတော့ အသိဉာဏ်ရှိနေတော့ သူကတော့ ဝိဝဋ္ဋအစစ် သွားဖြစ် တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဝိပဿနာအလုပ် ခန္ဓာကိုယ်မီးပုံကြီးအဖြစ်နဲ့ ကြည့်ပြီး သကာလ အင်း ဇာတိမီးလောင်ပြီ, ဇရာမီးလောင်ပြီ၊ ဒါ့ကြောင့် အနိစ္စပဲ, ဒါ့ကြောင့် ဒုက္ခပဲ, ဒါ့ကြောင့် အနတ္တပဲလို့ ခင်ဗျားတို့က ကြပ်ကြပ်ရှုပေးတဲ့အခါကျလို့ရှိရင်ဖြင့် မီးကိုမြင်သောကြောင့်တဲ့ ဒကာ ဒကာမတို့ လိုချင်တဲ့တဏှာ ဘယ့်နှယ်တုံး လာသေးရဲ့လား (မလာပါ ဘုရား)။
ဒါဖြင့် တဏှာချုပ်တယ်, ဥပါဒါန်ချုပ်တယ်, ကံကော (ချုပ်ပါတယ် ဘုရား)၊ ကံချုပ်တယ်ဆိုကတည်းက နောက်ထင်းပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ဖြစ်ပျက်တွေဟာ မီးလောင်နေတာပဲ (မှန်ပါ့)၊ ဒီမီးလောင်တာတွေများ မရှိ ရင် ကောင်းတယ်ဆိုတဲ့ မဂ်စစ်များ ပေါ်လာမယ်ဆိုလို့ရှိရင်ဖြင့် ဒီမီးတွေ အကုန်သိမ်းတယ် (မှန်ပါ့)၊ မသိမ်းပေဘူး လား (သိမ်းပါတယ် ဘုရား)။
ခန္ဓာမီးသိမ်း၍ ငြိမ်းပါပြီ
ဒီမီးတွေ အကုန်သိမ်းသွားတဲ့အခါကျတော့ ဒီယောဂီပုဂ္ဂိုလ်က, ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်က ဘယ်လို ထင်လာသတုံး ဆိုရင် အင်း ကိုယ့်ခန္ဓာမီးသိမ်း၍ ငြိမ်းလေပြီ (မှန်ပါ့ ဘုရား)။
ခန္ဓာမီးသိမ်း၍ (ငြိမ်းပါပြီ ဘုရား)၊ ဒါ့ကြောင့် “ပဉ္စာနံ ခန္ဓာနံ နိရောဓော နိဗ္ဗာနံ”(ပဋိသမ္ဘိဒါမဂ်ပါဠိ) လို့ ဟောတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ပဉ္စက္ခန္ဓ နိရောဓော (နိဗ္ဗာနံပါ ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမီးငြိမ်းတဲ့ဥစ္စာသည် ခန္ဓာထဲမှာရှိတဲ့ ဇာတိ, ဇရာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဇာတိ, ဇရာလည်း မရှိတော့ အရိုးတွေ, အသားတွေဆိုတဲ့ ထင်းတွေကော (မရှိပါ ဘုရား)။
အဲဒီမရှိမှုသည်ကားလို့ဆိုရင်ဖြင့် မီးသိမ်း၍ ခန္ဓာငြိမ်းတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒီမီးဖိုကို အပြစ်မြင်အောင် မကြည့်နိုင်သ၍ ကာလပတ်လုံး ထင်းရှာနေမှာပဲ (မှန်ပါ့)၊ မီးဖိုမှန်းသိလာရင်ဖြင့် ထင်းရှာတဲ့အလုပ် လုပ်ဖြစ်ပါ့မလား (မလုပ်ဖြစ်ပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးမှာ ဇာတိမီး, ဇရာမီး, ဗျာဓိမီး လောင်နေသောကြောင့် ပျက်တယ် ပျက်တယ်ဆိုတာ ဘာ့ကြောင့်ပျက်ပါလိမ့် (မီးလောင်လို့ ပျက်တာပါ ဘုရား)။
ဇာတိမီး, ဇရာမီး, မရဏမီးလောင်တာနဲ့ ဝေဒနာကလေး ပေါ်လာလည်း ပျက်သွားတာပဲ (ပျက်သွားပါတယ်)၊ သုခပေါ်လာလည်း (ပျက်သွားပါတယ်)၊ ဒုက္ခပေါ်လာလည်း (ပျက်သွားပါတယ်)၊ ဥပေက္ခာပေါ်လာလည်း (ပျက်သွား ပါတယ် ဘုရား)။
လိုချင်တဲ့စိတ် ချုပ်ငြိမ်းရင် ရှေ့ကမီး ငြိမ်းတယ်
ဪ- သူ့မီးနဲ့ သူလောင်ပြီးပျက်တာ ဖြစ်နေသောကြောင့် တကယ့်မီးပုံကြီးပါကလား၊ လိုချင်စရာ, ရချင်စရာ မရှိပါကလားလို့ မလာပေဘူးလား (လာပါတယ် ဘုရား)။
လာတဲ့အခါကျတော့ ဒကာ ဒကာမတွေ လိုချင်တဲ့စိတ်ကလေး လာသေးရဲ့လား (မလာပါ)၊ လိုချင်တဲ့စိတ် ချုပ်ငြိမ်းရင် ရှေ့ကမီး ငြိမ်းတယ် (မှန်ပါ့)။
လိုချင်တဲ့စိတ် ချုပ်ငြိမ်းရင် (ရှေ့ကမီးသိမ်းပါတယ်)၊ မလိုချင်တဲ့စိတ်သာလာရင် ရှေ့ကတစ်ခါတည်း မီးတွေ အကုန်သိမ်းတာပဲ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မီးသိမ်းတာ နိဗ္ဗာန် (မှန်ပါ့)၊ မလိုချင်တာက (မဂ်ဉာဏ်ပါ ဘုရား)၊ နောက်ထင်းမရှာတာက သမုဒယ ချုပ်တာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။
နောက်ထင်းမလာတာက နိဗ္ဗာန် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ နောက်ထင်းမလာတာသည် ထင်း သိမ်းတာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တဏှာနိရောဓာ ဥပါဒါနနိရောဓော, ဥပါဒါနနိရောဓာ ဘဝနိရောဓော, ဘဝ နိရောဓာ ဇာတိဇရာမရဏနိရောဓော ဆိုတဲ့ဥစ္စာ ဒါဟောတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
မီးလောင်လို့ ပျက်စီးတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးမှာ ဖျတ်ဖျတ်-ဖျတ်ဖျတ်နဲ့ ပျက်စီးနေတာတွေ ဘာဖြစ်လို့ ပျက်စီးတာ တုံး (မီးလောင်လို့ ပျက်စီးတာပါ)၊ မီးလောင်လို့ ပျက်စီးတယ် (မှန်ပါ့)၊ သေချာပြီနော် (သေချာပါပြီ ဘုရား)။
ဇာတိမီး, ဇရာမီး, မရဏမီး, လောင်တာနဲ့ ဝေဒနာကလေးပျက်စီး (မှန်ပါ့ ပျက်စီးပါတယ်)၊ စိတ်ရှုလိုက်တဲ့ ပုဂ္ဂိုလ် စိတ်ပျက်စီးတာလည်း ရိပ်မိပလား (ရိပ်မိပါပြီ)၊ ရုပ်တွေကြည့်တဲ့ပုဂ္ဂိုလ် ရုပ်ပျက်စီးတာကော (ရိပ်မိပါတယ် ဘုရား)။
အင်း ဒီလိုကြည့်တော့ ပျက်စီးတာသည် ဒကာ ဒကာမတို့ ဒုက္ခသစ္စာ (မှန်ပါ့)၊ ပျက်စီးမှုမြင်တာက (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒီတော့ ပျက်စီးတာ မြင်တိုင်း-မြင်တိုင်း ဪ ဒုက္ခပါကလား၊ ဪ ဒုက္ခပါကလားလို့ ခင်ဗျားတို့က ကြည့်ပေး (မှန်ပါ့ ဘုရား)။
ထိုကဲ့သို့ ကြည့်ပေးတဲ့အခါကျတော့ ပျက်စီးတာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဒုက္ခသစ္စာဆိုတော့ ပိုင်ပိုင်နိုင်နိုင် သိသွားတယ် (မှန်ပါ့)၊ အဲဒါ ဒုက္ခပိုင်ပိုင်နိုင်နိုင် သိတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
ပျက်စီးတာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ အလိုလို ပျက်စီးတာလား၊ မီးလောင်လို့ ပျက်စီးတာလား (မီးလောင်လို့ ပျက်စီးတာပါ ဘုရား)။
ညှာတာမဖက် အမြဲနှိပ်စက်
မီးလောင်ခြင်းခံရသောကြောင့် ပိဠနဋ္ဌော=ညှာတာမဖက် အမြဲနှိပ်စက်တယ်ဆိုတော့ ဒကာကြွယ် ဝေဒနာက္ခန္ဓာ ကို ဇာတိ, ဇရာ, မရဏမီးက အမြဲနှိပ်စက်တယ်ဆိုတာ ပေါ်ပြီ (ပေါ်ပါပြီ)၊ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကို ဇာတိ, ဇရာ, မရဏမီးက အမြဲနှိပ်စက်တယ်ဆိုတာကော (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ အနှိပ်စက်ခံရသောကြောင့် သူ့ကို ဘာသစ္စာဆိုမတုံး (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ဝေဒနာမှာလည်း ဇာတိ, ဇရာ, မရဏ နှိပ်စက်ခံရသောကြောင့် (ဒုက္ခသစ္စာပါ)၊ စိတ်ကလေးမှာလည်း (ဒုက္ခသစ္စာပါပဲ)၊ ရုပ်ကလေးပေါ်လာလည်း (ဒုက္ခသစ္စာပါပဲ ဘုရား)။
အဲဒီကဲ့သို့ ရှုတိုင်း-ရှုတိုင်း ဪ ဒါတွေ ပျောက်ပျောက်သွားတာ အနှိပ်စက်ခံပြီး ပျောက်ရတာကိုး၊ မီးလောင်ခံပြီး ပျောက်ရတာကိုးလို့ ကြပ်ကြပ်ကြည့်ပါ (မှန်ပါ့)၊ ကြပ်ကြပ်ကြည့်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီလို မီးလောင်ခံ ခန္ဓာကိုယ်ကြီး ကြည့်ရတာ မုန်းလာတယ် (မှန်ပါ့ ဘုရား)။
ဒီကြည့်ရတဲ့ ခန္ဓာကိုယ် ရကိုမရချင်တော့ပါဘူးဆိုတော့ ဒကာ ဒကာမတို့ ရှေ့ဘဝမကူးပါဘူးတဲ့၊ ဒီမီးလောင် တဲ့ ခန္ဓာကြီး မလိုချင်တဲ့ဉာဏ်လည်း ပေါ်ပါရော-ချုပ်တယ် (မှန်ပါ့ ဘုရား)။
မီးသိမ်းတာနိဗ္ဗာန်
ဒါဖြင့် မီးသိမ်းတာ (နိဗ္ဗာန်ပါ)၊ မီးသိမ်းကြောင်းသိတာက (မဂ်ဉာဏ်ပါ)၊ ထင်းရှာတဲ့တရား ချုပ်တာက ဘယ်လိုဆိုကြပါ့မယ် (သမုဒယသေတာပါ)၊ နောက်ထင်း မလာတာကလည်း ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
အဲ ယခုဘဝနိဗ္ဗာန်မြင်မှ သေတော့ နိဗ္ဗာန်အစစ်ရောက်တယ် (မှန်ပါ့)၊ ယခုဘဝမှ နိဗ္ဗာန်မမြင်သေးတဲ့ ပုဂ္ဂိုလ်သေတော့ နိဗ္ဗာန်အစစ် မရောက်နိုင်ဘူးဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ မီးလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်အဖြစ်မှ လွတ်အောင် ဝိပဿနာကြပ်ကြပ်လုပ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ယနေ့ နာရီစေ့ပြီ ယနေ့တော်ကြဦးစို့။
သာဓု သာဓု သာဓု။