11708

မာတိကာသို့

ဒိဋ္ဌိပြုတ် အဂ္ဂိဝစ္ဆသုတ်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(ဒိဋ္ဌိပြုတ် အဂ္ဂိဝစ္ဆသုတ်)နေ့အလုပ်ပေး တရားတော်

(၁၈-၈-၆၁)

လူ့သံယောဇဉ်မစွန့်ဘဲနဲ့

ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ဝစ္ဆဆိုတဲ့ ပရိဗိုဇ်က မေးတဲ့ဥစ္စာကလေး ပြန်ပြီးသတိပေးရတယ်နော် (မှန်လှပါ ဘုရား)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဝစ္ဆဆိုတဲ့ ပရိဗိုဇ်က ဝေသာလီပြည်မှာနေတုန်း မေးတဲ့အခါကျတော့ လူများ ဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ကြီး ရနိုင်ပါ့မလားလို့ မေးတဲ့မေးခွန်းကလေးဟာ သိပ်ကောင်း တယ် (မှန်လှပါ ဘုရား)။

လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်နိုင်ပါ့မလားလို့ ဘုရားကို သူ ရှေးဦးစွာ မေးတာကိုး (မှန်ပါ့)။

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း မရောက်နိုင်ဘူးကွာလို့ အဖြေကိုရှာတယ် (မှန်ပါ့)။

သူမေးပုံဖြေပုံတွေဟာ ဒကာ ဒကာမတွေ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက် နိုင်ပါမလားလို့ ဝစ္ဆကမေးတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (မရောက်နိုင်ပါ ဘုရား)။

မရောက်နိုင်ဘူးလို့ ဖြေတော့ ဒကာ ဒကာမတွေ အားငယ်စရာသိပ်ကောင်းတယ် (မှန်ပါ့)။

အားငယ်စရာ သိပ်ကောင်းပြီး သကာလ နေတော့ ဘုရားကတော့ ဒီအတိုင်းဖြေတာပဲ (မှန်ပါ့)၊ သို့သော် ဒကာ ဒကာမတွေက ဘုရားအာဘော်မသိလို့ရှိရင် ခက်တယ် (မှန်ပါ့)။

ဘုရား၏ အာဘော်ကိုလည်း ဒကာ ဒကာမတွေ သိကြပါ၊ ဘုရား၏ စိတ်ထားနှလုံးသွင်းကိုလည်း သိကြပါ (မှန်ပါ့)။

ဒကာ ဒကာမတွေကို ဘုရားက ဝိပဿနာရှုကြဟေ့-ဝိပဿနာရှုကြဟေ့ဆိုတာ ရှုနေတဲ့ အခိုက်အတန့်မှာ ဒကာသစ်တို့, ဒကာကြွယ်တို့, ဦးလှဘူးတို့ သိတဲ့အတိုင်း ဖြစ်ပျက်နဲ့ ဝိပဿနာမဂ်နဲ့သာ ကိုက်နေရင် သံယောဇဉ်ဟာ ရှိကိုမရှိဘူး (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်နဲ့ ဝိပဿနာမဂ်နဲ့ ကိုက်နေရင်

ဖြစ်ပျက်နဲ့ ဝိပဿနာမဂ်နဲ့ ကိုက်နေရင် (သံယောဇဉ်မရှိပါ ဘုရား)၊ သံယောဇဉ်မရှိပါဘူးတဲ့ (မှန်ပါ့)။

ဒါဖြင့် ဒီသံယောဇဉ်မရှိတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဪ- ဒီအချိန်မှာ ဆက်ပြီး ကြိုးစားလိုက် လို့ရှိရင်ဖြင့် ဝိပဿနာဉာဏ်က လောကုတ္တရာဖြစ်တဲ့ သစ္စာသိတဲ့မဂ်ဉာဏ်ကူးသွားရင် မရဘဲ ခံနိုင်ပါ့မလား (မနိုင်ပါ ဘုရား)။

ဝိပဿနာမဂ်က လောကုတ္တရာမဂ်ကူးသွားပြီ ဒကာသစ်ရ (မှန်ပါ့ ဘုရား)၊ ဒီလောကုတ္တရာဘက် ကူးသွား ပြီဆိုကတည်းက လောကုတ္တရာမဂ် မရသေးဘူးလား (ရပါပြီ ဘုရား)၊ လောကုတ္တရာမဂ် ရလို့ရှိရင်ဖြင့် နိဗ္ဗာန်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဘုရားသည် အချိန်ကို ကန့်သတ်ဆိုတာပါကလား (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (အချိန် ကန့်သတ်ဆိုတာပါ ဘုရား)။

အချိန်ကန့်သတ်ပြီး သကာလ ဆိုတာတဲ့၊ အဲဒီတော့ ဒကာ ဒကာမတွေက ဪ- တို့လည်း ကိုယ်တိုင်ပဲ လုပ် နေကြတာပဲ လုပ်ပြန်တော့လည်း ဒီအချိန်မှာ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို မိမိတို့ အာရုံပြုနိုင်တဲ့ ပုဂ္ဂိုလ်လည်း ရှိကြတာပဲ (မှန်ပါ့)၊ ဘေးက သံယောဇဉ်တွေက ဒီလုပ်နေတုန်း ဝင်သေးရဲ့လား (မဝင်ပါ ဘုရား)။

ဒါဖြင့် ဒကာအုန်းရေ သေသေချာချာ စဉ်းစားတော့ လုပ်နေတဲ့ အခိုက်အတန့်ဆိုတာ (မှန်ပါ့)။

ဘယ်လိုဆိုကြပါ့မလဲ (လုပ်နေတဲ့အခိုက်အတန့်ဆိုတာပါ)၊ ဝိပဿနာ အားထုတ်နေတဲ့ အခိုက်အတန့်ဆိုတာ ပါလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ထားတော့ အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေအတွက်မှာဖြင့် ဘယ်တော့မှ သံယောဇဉ်ပြတ်မှာ မဟုတ်ပါဘူး (မပြတ်ပါ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဝိပဿနာမှ သာလျှင်လည်း ဒကာ ဒကာမတို့ကို ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို အရောက်ပို့နိုင်တယ်ဆိုတာ ဝစ္ဆက ဘုရားကို မေးတာ ထောက်လိုက်သဖြင့် ဒကာ ဒကာမတွေ ရှင်းသွားပြီ (ရှင်းပါ ပြီ)၊ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရနိုင်ပါ့မလားဆိုတော့ မရဘူး (မှန်ပါ့ ဘုရား)။

ဒီအချိန် သံယောဇဉ်လာသေးသလား

နို့ ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်များ ဒီအချိန် သံယောဇဉ်လာသေးသလား (မလာပါ ဘုရား)။

တစ်ခါ ဒီကနေပြီး ဝိပဿနာဉာဏ်ကနေပြီး သကာလ နိဗ္ဗိန္ဒဉာဏ် ထိုးတက်သွားပြန်တော့ ဝိပဿနာဉာဏ်ပဲ ထားပါဦး၊ ဖျတ်ဆို မဂ်ဉာဏ်ဘက် ကူးသွားပြီး နိဗ္ဗာန်မြင်သွားပြီ (မှန်ပါ့)၊ ဆိုတော့ နိဗ္ဗာန်မြင်သွားတဲ့အတွက် ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး မမြင်ရလား (မြင်ရပါတယ် ဘုရား)။

ထိုကဲ့သို့ မြင်ရတဲ့အချိန်ကျတော့ အင်း-တို့သည်ကားလို့ဆိုရင် လူဝတ်ကြောင်နဲ့ပဲ (မှန်ပါ့ ဘုရား)၊ လူဝတ် ကြောင်နဲ့ဆိုတော့ လူ့သံယောဇဉ် မစွန့်ဘူးဆိုတာ ဘေးကအကြည့်ကို ပြောတာ (မှန်ပါ့ ဘုရား)၊ လုပ်နေတဲ့ပုဂ္ဂိုလ်က တော့ ဒီအချိန်မှာ သံယောဇဉ်တွေ မလာပါဘူး (မလာပါ ဘုရား)၊ လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ ဪ ဒါဟာ အလုပ်စဉ် ဆက်သွားပြန်လို့ ရတာကိုး (မှန်လှပါ ဘုရား)။

အလုပ်စဉ်ဆက်သွားတော့ (ရပါတယ် ဘုရား)၊ ရတယ်လို့ သေသေချာချာ မှတ်ထားတော့ ဘာမှ အားငယ် စရာမရှိဘူး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ သန္တတိ အမတ်ကြီးတို့ဟာ ဘုရားဆီ သံယောဇဉ်ကြောင့် လာခဲ့တာပဲ (မှန်ပါ့)၊ သံယောဇဉ် အတွက်နဲ့ ငိုရယ်ပြီး လာခဲ့တာပဲ (မှန်ပါ့)။

သို့သော် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သံယောဇဉ်စွန့်တဲ့ ဝိပဿနာဉာဏ် ဟောလိုက်တော့ ရသွား တယ် (မှန်ပါ့)၊ လူဝတ်ကြီးနဲ့ ဘောင်းတွေ နားဋောင်းတွေနဲ့ပဲ ဒကာသစ် ရသွားတယ် (မှန်ပါ့)။

ဝိပဿနာဘက် အာရုံစိုက်နေလို့ရှိရင်

အဲဒီတော့ ဒီဘက် အာရုံမစိုက်ဘဲနဲ့ ဝိပဿနာဘက် အာရုံစိုက်နေလို့ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်ဘက်ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ကူးနိုင်တဲ့အဖြစ်ကို သေသေချာချာ ယုံယုံကြည်ကြည်မှတ်ပါ (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါဖြင့် လူဟာ လူ့သံယောဇဉ် မစွန့်ဘဲနဲ့ နိဗ္ဗာန်ရနိုင်ပါ့မလားဆိုတဲ့ အမေးက သံယောဇဉ် ကြား ညှပ်ရင်လည်း မပြေဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ရှုတယ်၊ ရှုနေရင်းမတ္တနဲ့ စိတ်က သံယောဇဉ်ဘက် လှည့်သွားလိုက်၊ ပြီးမှ ပြန်ရှုလိုက် ဆိုလို့ရှိရင်လည်း မရ ပေဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဘုန်းကြီးများက အင်္ဂုတ္တိုရ်ပါဠိတော် အကိုးအကားထားပြီး ဟောထားတာကို ပြောရပါတယ် (မှန် ပါ့ ဘုရား)။

ကိလေသာ ကြားမခြားလို့ရှိရင်

ဒကာ ဒကာမတို့ ကိလေသာ ကြားမခြားလို့ရှိရင် ဝိပဿနာရှုရတယ်၊ ကိလေသာ ကြားမခြားလို့ရှိရင် မနက် အားထုတ်၊ ညနေရတယ် (မှန်ပါ့)၊ ညနေအားထုတ် မနက်ရတယ်လို့ဆိုတာ ဘုရားက ဟောပြန်တယ်ဆိုတော့ အားလုံး ဒကာ ဒကာမတွေ အခုပြောတာက ပဏ္ဏာသ၊ ရှေးဦးစွာ ဝစ္ဆမေးတာက ပဏ္ဏာသပါဠိတော် (မှန်ပါ့ ဘုရား)။

ခုနင်က ကိလေသာ ကြား,မခြားလို့ရှိရင် ရနိုင်တယ်လို့ဆိုတာ အင်္ဂုတ္တိုရ်ပါဠိတော်၊ ကိုယ်တော်တစ်ပါးတည်း ဟောသွားတာ (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဪ-သံယောဇဉ်ဆိုတာ ကြား,ခြားတာ ဆိုတာကိုး (မှန်လှပါ ဘုရား)၊ ဝိပဿနာလေးရှုလိုက်-ရှုရင်းမတ္တနဲ့ သားစိတ်, သမီးစိတ်ကလေး စိုးရိမ်ကြောင့်ကျတဲ့ စိတ်ကလေးတွေက ဝင်လာလိုက်ဆိုရင်တော့ဖြင့် ကြာလိမ့်မပေါ့ဗျာ (မှန်လှပါ ဘုရား)၊ မရနိုင်ဘူး ကြာသွားလိမ့်မယ် (မှန်ပါ့)။

ဟာ- တောက်လျှောက်ပဲ တပည့်တော်တို့ဖြင့် ဒီအချိန်နဲ့ ဒီအချိန်အတွင်းတော့ ဘာမှမဝင်မခံတော့ဘူးဆိုတဲ့ အဓိဋ္ဌာန်ချက်ကလေးနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ်ပါဆိုတာကိုလည်း တိုက်တွန်းရပြန်တယ် (မှန်လှပါ ဘုရား)၊ နားလည်ပလား (နားလည်ပါပြီ ဘုရား)။

ဒီအချိန်နဲ့ ဒီအချိန်အတွင်း သားစိတ်, သမီးစိတ်, ဆွေစိတ်, မျိုးစိတ်, ရောင်းစိတ်, ပယ်စိတ်ဆိုတာတွေ မဝင် တော့ပါဘူးကွာ၊ ဒီအချိန်နဲ့ ဒီအချိန်ဟာ မင့်အချိန်လည်းမဟုတ်ဘူးဆိုပြီး သကာလ ဒကာ ဒကာမတွေ ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ကြိုးစားနေမယ်ဆိုရင် ဒကာကြွယ် ရပါတယ် (မှန်ပါ့)၊ ဒီအချိန်စွန့်နေတာပဲဆိုတာကော သေချာ ပလား (သေချာပါပြီ)၊ သံယောဇဉ်တွေလေ (မှန်ပါ့)။

အေး ဒါတွေမသိတော့ အချို့အချို့က ပြောကြတယ်၊ မင်းတို့ဟာကွာ ငါးပါးအာရုံ ကာမဂုဏ်တွေနဲ့ နေကြ ထိုင်ကြတဲ့အထဲမှာ ဘယ်မှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရနိုင်ပါ့မလဲလို့ ပြောတဲ့ဥစ္စာကိုလည်း အခုပြောတဲ့ အခိုက်အတန့်ကို သူ့စိတ်ထဲမရှင်းလို့ ပြောတာလို့ မှတ်လိုက် (မှန်ပါ့)၊ အခုတော့ ရှင်းသွားပလား (ရှင်းသွားပါပြီ ဘုရား)၊ ကိုယ်လုပ်နေ တဲ့ အခိုက်အတန့် ဝင်မရှုပ်ရင် ပြီးတာပဲ (မှန်ပါ့)။

သံယောဇဉ်တွေ ဝင်မရှုပ်တော့ဘူးဆိုလို့ရှိရင်

ကိုယ်လုပ်နေတဲ့ အခိုက်အတန့် (ဝင်မရှုပ်ရင် ပြီးတာပါပဲ ဘုရား)။

သံယောဇဉ်တွေ ဝင်မရှုပ်တော့ဘူးဆိုလို့ရှိရင်ဖြင့် ဘယ်အချိန်မဆို ရပါတယ်ဆိုတဲ့ဥစ္စာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အားငယ်စရာရှိရဲ့လား (မရှိပါ ဘုရား)။

ကိုယ်က အလုပ်,လုပ်တဲ့အခါမှာ ဒကာအုန်းတို့ ဂရုစိုက်စရာက ဒီအချိန်နဲ့ ဒီအချိန်မှာဖြင့် ဘယ်နည်းနဲ့မှ တခြားစိတ် အဝင်မခံဘူးကွာ (မှန်ပါ့)။

ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်အောင်ပဲ လုပ်နေမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမဂ်က အဆုံး၊ လောကုတ္တရာမဂ်က အစနဲ့ သွားတွေ့မှာပဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် ဘုန်းကြီး ဆုပေးတဲ့အခါကျတော့ ဒကာ ဒကာမတွေက သတိထားနားထောင်ပါ (မှန်ပါ့)၊ မိမိအား ထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည် မပါဘူးလား (ပါပါတယ် ဘုရား)။

လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ဆိုတဲ့-ဥစ္စာကြားထဲ ကိလေသာ မခြားစေနဲ့ ပြောတာ (မှန်ပါ့)။

မိမိအားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်ဆိုတာ ဝိပဿနာဉာဏ်၊ ဖြစ်ပျက်မြင်တဲ့ဉာဏ် (မှန်ပါ့)၊ လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ဆိုတော့ ကိလေသာကြား, မခြားလို့ရှိရင် ဝိပဿနာဉာဏ်က မဂ်သို့ ကူးသွား တယ် (မှန်ပါ့)၊ မကူးပေဘူးလား (ကူးပါတယ် ဘုရား)။

ဝိပဿနာဉာဏ် ဖြစ်ပျက်တွေ့တာ (မှန်ပါ့)၊ မဂ်ဉာဏ်က နိဗ္ဗာန်နဲ့တွေ့တာ (မှန်ပါ့)။

အဲ-ဝိပဿနာဉာဏ်ကနေ ဆက်ပြီး အားထုတ်သွားလို့ရှိရင်ဖြင့် လောကုတ္တရာမဂ်ဉာဏ် ရသွားမယ်ဆိုလို့ရှိရင် ကိလေသာကြား,ခိုစရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒီလိုကြား,ခိုစရာမရှိလို့ရှိရင် ဒကာကြွယ်ရေ ဘယ်အချိန်မဆို ရနိုင်တယ် (မှန်ပါ့ ဘုရား)၊ စင်ပြီးသား မကျ ဘူးလား (ကျပါတယ်)၊ သံယောဇဉ်တွေ ဘယ့်နှယ်နေသတုံး (စင်ပါတယ် ဘုရား)။

သံယောဇဉ်တွေ စင်ပြီးသား ကျပြီး သကာလ နေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ အားငယ်စရာ မလိုပါဘူး (မလိုပါ ဘုရား)။

ဘုရားလက်ထက်က တရားပွဲ,တစ်ပွဲမှာ ကျွတ်တမ်းဝင်ပြီး သကာလ သွားလိုက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိ တယ် (မှန်ပါ့)၊ တရားပွဲထဲမှာပဲ ခန္ဓာနဲ့ ဉာဏ်နဲ့ တည့်နေတုန်းမို့ တရားပွဲအလယ်မှာ သောတာပန်တည်တာ၊ အဆုံး ရဟန္တာဖြစ်ကြတာတွေ ဒကာသစ် ဒါတွေက အရှိသားပဲ (ရှိပါတယ် ဘုရား)။

ဝိပဿနာဉာဏ် မဂ်ဉာဏ်က စွန့်ပြီးသား

သူတို့ သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေတော့ အိမ်မှာ ထားပစ်ခဲ့တာပဲ (မှန်ပါ့)။

အဲဒီသံယောဇဉ်တွေ ဒီအချိန်မှာတော့ ဝိပဿနာဉာဏ် မဂ်ဉာဏ်က စွန့်ပြီးသားဖြစ်နေတယ် (မှန်ပါ့)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုယ့်အချိန်ကလေး ကိုယ်ထားပြီး သကာလ အဓိဋ္ဌာန်ချက်ကလေးနဲ့ လုပ်ကြမယ်ဆိုလို့ရှိရင် ဒကာသစ် လိုရာခရီး အပြီးအပိုင် ရောက်မယ်ဆိုတာ မှတ်ရမယ် (မှန်ပါ့)၊ အားငယ်စရာရှိရဲ့ လား (မရှိပါ ဘုရား)။

မြန်မြန် ဒကာ ဒကာမတို့ ဒုက္ခဝဋ် သိမ်းကြ (မှန်ပါ့ ဘုရား)။

မြန်မြန်-ဘာတဲ့တုံး (ဒုက္ခဝဋ်သိမ်းရပါမယ် ဘုရား)၊ ဒုက္ခဝဋ်သိမ်းကြလို့ဆိုတာ တခြားမဟုတ်ပါဘူး ဒီခန္ဓာကြီး က ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

သူ့ဖယ်ထားတော့ ဘာသစ္စာဖြစ်ဦးမှာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဘယ်နေရာထားထား သူ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။

လူ့ပြည်ထားပြန်လည်း (ဒုက္ခသစ္စာပါ)၊ နတ်ပြည်ထားပြန်ကော (ဒုက္ခသစ္စာပါ)၊ ဗြဟ္မာ့ပြည်ထားပြန်ကော (ဒုက္ခသစ္စာပါ)၊ စကြဝတေးမန္ဓာတ်အဖြစ်နဲ့ ထားပြန်ကော (ဒုက္ခသစ္စာပါ ဘုရား)။

ဪ- ဒါဖြင့် ဒီဟာ ဒုက္ခဝိပါကဝဋ်ဆိုတာ ဒကာသစ် ဒကာကြွယ်တို့ သိပြီးသားထားပါတော့ (မှန်ပါ့)၊ ဘယ်ထားလို့မှ သစ္စာဆိုတာ မဖောက်မပြန် မှန်ပါတယ် (မှန်ပါ့ ဘုရား)။

ဟာ-လူဖြစ်လို့ ချမ်းသာလိမ့်မယ်လို့ ဒကာကြွယ် ထင်တာ သစ္စာမသိလို့ (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကြီးက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဟာ-လူမို့သာ ဆင်းရဲတာ၊ နတ်ပြည်ကျတော့ ချမ်းသာ မှာပေါ့လို့ဆိုတာလည်း ဘာမသိလို့ ပြောတာတုံး (သစ္စာမသိလို့ပါ ဘုရား)။

အဲဒါ သစ္စဉာဏ် မသိသေးသရွေ့ ကာလပတ်လုံးဟာဖြင့် တစ်နေရာနဲ့ တစ်နေရာပြောင်း အကောင်းချည်း ထင်ကြမှာပဲ (မှန်လှပါ ဘုရား)၊ ထင်စရာ ရှိရဲ့လား (မရှိပါ ဘုရား)။

မရှိဘူး ဒကာ ဒကာမတို့ မရှိပါဘူး၊ ဘယ်နေရာသွားပြန်သလဲ၊ စားပြီး စွန့်ရမယ့် ကျင်ကြီးကိစ္စ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

စကြဝတေးမင်း ဖြစ်နေပြန်လည်း စားရ သောက်ရမှာပဲ၊ ပြီးတော့ ကျင်ကြီးစွန့်ရတဲ့ကိစ္စ, အသုဘဖြစ်ရတဲ့ ကိစ္စက စွန့်ပါ့မလား (မစွန့်ပါ ဘုရား)။

အဲ ဘယ်မှာနေနေ ဒီခန္ဓာကြီးဟာဖြင့် ဒုက္ခသစ္စာ အသုဘဆိုတဲ့ အဓိပ္ပာယ်ကဖြင့် ဘယ်မှာနေနေ သူက တော့ ရှိလျက်ပါပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ (မှန်ပါ့)၊ ဒီဒုက္ခသစ္စာကြီးကို ခင်ဗျားတို့ မစွန့်ချင်သရွေ့ကာလပတ်လုံး လူဖြစ်ရပါလို၏ဆိုတာ ဒုက္ခသစ္စာ မစွန့်တာ (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ (ဒုက္ခသစ္စာ မစွန့်တာပါဘုရား)၊ ဗြဟ္မာဖြစ်ရပါလို၏ (ဒုက္ခသစ္စာ မစွန့်တာပါဘုရား)။

ဪ-ဒုက္ခသစ္စာ မစွန့်ချင်တဲ့ ပုဂ္ဂိုလ်ကတော့ ဒါ လူ့သံယောဇဉ် မစွန့်တဲ့အတွက် ဒကာအုန်း နိဗ္ဗာန်မရဘူး (မှန်လှပါ့ ဘုရား)။

ဒီခံစားတဲ့အလုပ်က မဆုံးပါ

ခင်ဗျားတို့ကတော့ တောင်းနေတာပဲ၊ လူ့စည်းစိမ်, နတ်စည်းစိမ် အကြိမ်ကြိမ်ခံစားပြီး၍ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ရ,ရပါလို၏ (မှန်ပါ့)၊ ဒကာကြွယ်တို့ နဂိုက နှစ်သက်တယ်၊ လူ့ပြည်နတ်ပြည် အကြိမ်ကြိမ် ခံစားပြီး၍ဆိုတာ တဏှာ့ကိစ္စမဟုတ်လား (မှန်ပါ့)၊ အဆုံးစွန်သောဘဝ၌ နိဗ္ဗာန်ရောက်ရပါလို၏ဆိုတော့ ဒီတဏှာတွေ ခံစားပြီးနေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တော့ဆုံးမှာတုံး၊ ဒီခံစားတဲ့အလုပ်က (မဆုံးပါ ဘုရား)၊ ဒါဖြင့် ဘယ်တော့မှ မရောက်ပါဘူး (မရောက် ပါ ဘုရား)၊ မရောက်နိုင်ဘူးဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အေး-ဒါကြောင့် ခုနင်က ပုစ္ဆာကလေးဟာ လူဟာ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်ရောက်ပါ့မလားလို့ ဝစ္ဆက မေးတော့ ဘုရားက မရောက်နိုင်ဘူးဆိုတာ အဲဒီဆုတောင်းသမားမျိုးကိုဆိုတာ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဒီဆုတောင်းဟာ ဆောင်ရမှာလား ရှောင်ရမှာလား (ရှောင်ရမှာပါ ဘုရား)၊ ရှောင်ရမယ်ဆိုတာ သေချာပြီ (သေချာပါပြီ ဘုရား)။

သုဂတိနတ်ပြည် ရောက်နိုင်ပါ့မလား

ကဲ-ဒါဖြင့် ဒုတိယအချက် မေးခွန်းကလေးလည်း ကြားဖူးတဲ့ပုဂ္ဂိုလ်က နည်းနေတော့ မကြားဖူးတဲ့ပုဂ္ဂိုလ်က လည်း အသစ်မှတ်ပြီး သကာလ ဪ ဒီလိုလည်းရှိပါသေးသလားဆိုတာလည်း မှတ်ရမယ် (မှန်ပါ့)၊ လူဟာ လူ့ သံယောဇဉ်မစွန့်ဘဲနဲ့ သုဂတိနတ်ပြည် ရောက်နိုင်ပါ့မလားလို့ ဝစ္ဆကဘုရားကို မေးပြန်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီကျတော့ ရောက်နိုင်တယ်ဟေ့ တဲ့၊ ဘုရားက ဖြေပြန်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ လူဟာ လူ့သံယောဇဉ်ကို မစွန့်ဘဲနဲ့တဲ့၊ လူမှု, တန်းမှု, ပေးမှု, ကမ်းမှုသည် နတ်ရွာသုဂတိ ရောက်နိုင်ပါ့မလားလို့ မေးတဲ့အခါကျတော့ ဘုရားက ဘယ့်နှယ်ဖြေသတုံး (ရောက်နိုင်ပါတယ် ဘုရား)။

နတ်ရွာသုဂတိတော့ တဏှာပါလည်း ရပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ နိဗ္ဗာန်ကျတော့ တဏှာ ပါရင် မရဘူးကွ ဆိုတော့ မထူးခြားဘူးလား (ထူးခြားပါတယ် ဘုရား)။

နိဗ္ဗာန်ကျတော့ (တဏှာပါရင် မရပါဘုရား)၊ တဏှာပါရင် မရဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်လှပါ ဘုရား)။

ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ လူ့ပြည်, နတ်ပြည်တွေကျတော့ (တဏှာပါလည်း ရပါ တယ်)၊ တဏှာပါငြားသော်လည်းတဲ့ မင်းတို့ရတဲ့ ကုသိုလ်က ဆုတောင်းပြီး သကာလ တဏှာနဲ့ တောင်းတာနဲ့ ရပါတယ် တဲ့ (မှန်ပါ့ ဘုရား)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

မိစ္ဆာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန်ရနိုင်ပါ့မလား

ကဲ တစ်ခါရှေ့က ဒကာအုန်းတို့ မှတ်လိုက်ပါဦး၊ မိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်များ၊ ဥပမာ သက္ကာယဒိဋ္ဌိရှိရှိ သဿတ ဒိဋ္ဌိရှိရှိ၊ ဥစ္ဆေဒဒိဋ္ဌိရှိရှိပေါ့ဗျာ၊ မိစ္ဆာဒိဋ္ဌိရှိတဲ့ ပုဂ္ဂိုလ်များ နိဗ္ဗာန်ရနိုင်ပါ့မလားလို့ မေးလိုက်တယ် (မှန်ပါ့)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုမှ ခိုင်မြဲတယ်ဆိုတဲ့ ငါမဟုတ်ကြောင်းလည်း ခန္ဓာကိုယ်ကြီး ဖြစ်မှုပျက်မှု မြင်လိုက်တော့ ငါမဟုတ်တဲ့ သက္ကာယဒိဋ္ဌိတွေလည်း ပြုတ်ပါတယ် (ပြုတ်ပါတယ် ဘုရား)၊ ဖြစ်ပြီးပျက်သွားတာ မြင် သဖြင့်လည်း ခိုင်တယ် မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိကော (ပြုတ်ပါတယ် ဘုရား)။

ဖြစ်ပြီးပျက်သွားတာ မြင်သဖြင့်လည်း ခိုင်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိကော (ပြုတ်သွားပါတယ် ဘုရား)။

ဖြစ်ပြီးပျက်သွားတာလည်း နောက်ဖြစ်ပျက်ဟာ သူ့အရင်ဖြစ်ပျက်က အစားထိုးထားခဲ့တယ်ဆိုတာလည်း မသေ ချာဘူးလား (သေချာပါတယ် ဘုရား)။

ချုပ်သွားတဲ့တရားဟာ အစားထိုးထားခဲ့တာသိသဖြင့်လည်း ဥစ္ဆေဒဒိဋ္ဌိကော မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)၊ အကြောင်းအကျိုးက ဆက်သေးသကိုးဗျ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

အဲဒီလို မိစ္ဆာဒိဋ္ဌိတွေကို ဘုန်းကြီးတို့က ရှင်းပေးထားတာပဲ၊ ခုနင်က ဝစ္ဆမေးသလိုတဲ့၊ အာဇီဝက တိတ္ထိတွေဟာ နိဗ္ဗာန်ရောက်ပါ့မလားဆိုတော့ ဘုရားက မရောက်ပါဘူးကွာတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဒါ့ကြောင့် ခင်ဗျားတို့ကို အရေးတကြီး တစ်ခါတည်း ခန္ဓာကိုယ်ထဲမှာ ဝေဒနာကလေးတွေ့ရင် ဝေဒနာဖြစ်ပျက် ကို တွေ့အောင် ရှုပါဆိုတဲ့ဥစ္စာ ဒကာ ဒကာမတို့ ဒိဋ္ဌိသတ်ပေးနေတာ (မှန်ပါ့)၊ နို့မဟုတ်ရင် နိဗ္ဗာန်ကို ကန့်ကွက်မှာ စိုးလို့ဆိုတဲ့ အဓိပ္ပာယ်မှတ်ပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကောင်းပြီ-တဲ့၊ ဒါဖြင့် မိစ္ဆာဒိဋ္ဌိရှိလို့ရှိရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုသော်လည်း ဒကာ ဒကာမတို့ လေးလေးစားစား မှတ်လိုက်ပါ၊ သက္ကာယဒိဋ္ဌိရှိလည်း မရဘူး (မရပါ ဘုရား)၊ သဿတဒိဋ္ဌိရှိလည်း (မရပါ ဘုရား)၊ ဥစ္ဆေဒဒိဋ္ဌိရှိလည်း (မရပါ ဘုရား)။

ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ သုံးမျိုးစလုံး စင်ပါတယ်

မရဘူးလို့ သေသေချာချာ မှတ်ထားလိုက်တော့ ဒါတွေဟာ ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်များ သုံးမျိုးစလုံး စင်ပါတယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်များ (သုံးမျိုးစလုံး စင်ပါတယ် ဘုရား)။

ဪ- ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း “အနိစ္စာဝတ သင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော” တဲ့၊ ဪ-ဖြစ်ပျက်ဟာ အရေးကြီးတယ်ကွလို့ ပြောတာပဲ (မှန်ပါ့)၊ ဥပ္ပါဒနဲ့ ဝယ အင်မတန် အရေးကြီးတယ်ကွတဲ့၊ ဥပ္ပဇ္ဇိတွာနိရုဇ္ဈန္တိ-တဲ့၊ ဖြစ်ပြီးချုပ်တာပဲဆိုတာ မင်းတို့မြင်ဖို့ အတော်အရေးကြီးတယ်တဲ့ (မှန်ပါ့)။

တေသံ=ထိုဖြစ်ပြီးချုပ်တတ်တဲ့ တရားတို့၏၊ ဝူပသမော=ဆုံးသွားခြင်းသည်၊ သုခေါ=နိဗ္ဗာန်ပဲတဲ့ (မှန်ပါ့)။

ဪ- ဒီဖြစ်ပျက်ဆုံးအောင် ရှုလိုက်ရင် ဘာတဲ့တုံး (နိဗ္ဗာန်ပါ ဘုရား)။

နိဗ္ဗာန်ပဲဆိုတာကိုလည်း သံယုတ်ပါဠိတော်ကြီးများမှာ ဟောထားပြန်တော့ ဒကာ ဒကာမတို့ ဖြစ်ပျက်မြင် ကတည်းက ဒိဋ္ဌိစင်လို့ ဖြစ်ပျက်ဆုံးတာ (မှန်ပါ့)။

ဖြစ်ပျက်မြင်ကတည်းက (ဒိဋ္ဌိစင်ပါတယ် ဘုရား)၊ ဒိဋ္ဌိစင်သွားတော့ကို-တဲ့ တော်တော်ကလေး ရှုဖန်များလာ တော့ ဖြစ်ပျက်တွေ မဆုံးဘူးလား (ဆုံးပါတယ် ဘုရား)။

အဲ-ဆုံးသွားတဲ့အခါ ဒိဋ္ဌိခွါပြီးသားမို့ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်ကို မြင်ရတာ (မှန်ပါ့)၊ ဒိဋ္ဌိမခွါသေးလို့ရှိရင် (မမြင်ရပါ ဘုရား)၊ ဖြစ်ပျက်ဆုံးတဲ့ နိဗ္ဗာန်မြင်ရပါ့မလား (မမြင်ရပါ ဘုရား)။

အဲဒါကြောင့်ပဲ ဒိဋ္ဌိရှိရင် မရဘူးဆိုတာလည်း သေချာကြပလား (သေချာပါပြီ)၊ သဘောပါပလား (ပါပါပြီ)၊ ပုစ္ဆာသုံးခုရှိသွားပြီ (မှန်ပါ့ ဘုရား)။

အာဇီဝကအယူရှိတဲ့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေ

ပုစ္ဆာသုံးခုရှိသွားပြီ ဒကာ ဒကာမတို့ (မှန်ပါ့)၊ လေးနံပါတ်ကို တစ်ခါမေးတယ်၊ အဲဒီအာဇီဝကအယူရှိတဲ့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့်တဲ့၊ သုဂတိများကော ရောက်နိုင်ရဲ့လားတဲ့ (မှန်ပါ့)၊ ဟာ- သုဂတိတော့ ရောက်နိုင်ပါတယ်ကွာတဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာ့ကြောင့်တုန်းဆိုတော့ ငါလုပ်-ငါရမယ်လို့ ဒိဋ္ဌိနဲ့လည်း ပြုပြီးတော့ ရောက်သေးတာကိုးဗျ (မှန်ပါ့)၊ သဘော ပါကြပလား (ပါပါပြီ ဘုရား)။

အေး-ဒါကြောင့် ဒီလေးချက်ကိုလည်း မမေ့ဘဲနဲ့ မှတ်သားပြီး သကာလ ထားတော့မှ ကိုယ့်အလုပ်မှာ ရဲရဲ တင်းတင်း လုပ်လိုက်လို့ရှိရင်ဖြင့်တဲ့ ကိစ္စအမြန်ပြီးသွားမှာပဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ယနေ့တရားပွဲမှာ သက်သေသာဓက လုံလောက်အောင် ပြပြီး သကာလ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေအား ဪ- လုပ်လို့ရတာပဲကိုးဆိုတာကိုဖြင့် ဆုံးဖြတ်ချက်ချပါဆိုတာ ရှေ့ပိုင်းမှာ တိုက်တွန်းတယ် (မှန်ပါ့ ဘုရား)။

လုပ်ရင် (ရပါတယ်)၊ ရတာပဲဆိုတာကိုဖြင့် ဒကာကြွယ် သံသယမရှိနဲ့ (မှန်ပါ့)၊ သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား)၊ ရှိဖို့ မလိုပါဘူး (မှန်ပါ့ ဘုရား)။

ကံနဲ့ အကျိုးပေးဖြတ်နေတာ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီအလုပ်ဟာ အင်း ဝိပဿနာအလုပ် လုပ်ရတော့မယ်ဆိုလို့ရှိရင် ဖြင့် အဘယ်အကျိုးငှာ လုပ်ရပါသတုံးလို့ မေးတဲ့အခါကျတော့ ဝိပဿနာအလုပ်ဆိုတာ ဒကာ ဒကာမတွေ ဘယ်လို ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ကံနဲ့ အကျိုးပေးဖြတ်တာပဲ (မှန်ပါ့ ဘုရား)။

ဝိပဿနာအလုပ်ဟာ (ကံနဲ့ အကျိုးပေးဖြတ်နေတာပါ)၊ ကံနဲ့ အကျိုးပေးဖြတ်နေတာတဲ့ ဒကာ ဒကာမတွေ နော် (မှန်ပါ့ ဘုရား)။

ကံနဲ့ (အကျိုးပေးဖြတ်နေတာပါ)၊ ဒကာကြွယ် ကြိုက်မှ ကြိုက်ပါ့မလား (ကြိုက်ပါတယ် ဘုရား)။

ခင်ဗျားတို့က မကြိုက်ရှိရမယ်၊ ဟောဒါက အကုသိုလ်ကံ၊ ဟောဒါက အပါယ်လေးပါးအကျိုးပေး (မှန်ပါ့)၊ ကြိုက်-မကြိုက် (မှန်ပါ့)၊ ဒကာ ဒကာမတွေ ကံနဲ့အကျိုးပေးဖြတ်တာကို ကြိုက်-မကြိုက် (ကြိုက်ပါတယ်)၊ မကြိုက်ရင် ခင်ဗျားတို့ ကျချင်လို့ပေါ့ (မှန်ပါ့)၊ ဒါပဲရှိတာပဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝိပဿနာအလုပ်ဆိုတာ ယနေ့ စကားတစ်လုံး ထူးထူးလည်လည်ပြောတယ်လို့ အောက်မေ့လိုက်စမ်း ပါ (မှန်ပါ့ ဘုရား)။

ဝိပဿနာအလုပ်-လုပ်တော့ ကံနဲ့ အကျိုးပေးတာ (ပြတ်ပါတယ်)၊ ကံနဲ့ အကျိုးပေးပြတ်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေက ကံက ခေလိုက်တာ ဘယ်တော့များမှ အကျိုးပေးပါ့မတုံး (မှန်ပါ့)၊ ဒကာ ဒကာမတွေ မျှော်လင့်ချက်က တစ်မျိုး (မှန်ပါ့ ဘုရား)။

ဪ-မသိရှာတော့ ဒကာ ဒကာမတွေ သူလိုချင်တာက ကံ ဒီကံက အမျိုးမျိုးရှိနေတာ သူကမသိဘူး (မသိ ပါ)၊ သူလိုချင်တာက ဘာတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အဖြူကံက ဘယ်တော့များ အဖြူအကျိုးပေး ပါ့မလဲ (မှန်ပါ့)၊ ဒါကို သူမျှော်တာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ သူ့မှာ အဖြူကံက ဒီအဖြူကံ အကျိုးပေးတာသာ သူမျှော်နေတယ်၊ သူ့မှာ ကံက သုံးမျိုးတောင် ရှိ တယ် (မှန်ပါ့ ဘုရား)။

အမည်းကံက အမည်းအကျိုးပေးတယ်၊ ဒကာ ဒကာမတွေမှာ ရှိတာပဲ (ရှိပါတယ်)၊ အဖြူကံက အဖြူအကျိုး ပေးကော (ရှိပါတယ်)၊ အမည်းအဖြူ ရောတဲ့ကံက အမည်းအဖြူ အကျိုးပေးတာကော (ရှိပါတယ် ဘုရား)။

သူက ဘာမျှော်တာတုံး (အဖြူကံ မျှော်ပါတယ်)၊ အဖြူကံက အဖြူအကျိုးပေး မျှော်နေလေတော့ ဘယ်တော့ များ စီးပွားဥစ္စာရတနာ တက်ပါ့မတုံး၊ ဘယ်တော့မှ သားကောင်း သမီးကောင်း, မိတ်ကောင်း, ဆွေကောင်းများ တွေ့ရပါ့မလဲဆိုတာ အဖြူကံမျှော်နေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီလိုပုဂ္ဂိုလ်ကတဲ့၊ အဲ-မင်းကံဟာ ဒီကံကိုဖြတ်မှ မင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်ရောက်မှာဆိုရင် ကြိုက်နိုင်ပါ့မလား (မကြိုက်နိုင်ပါ ဘုရား)။

မကြိုက်နိုင်ဘူးဆိုရင် ဒီကံဖြတ်တာမှလည်း မကြိုက်ဘူးဆိုရင် ဟိုကံလည်း သူဖြတ်တာကို ဘယ်နည်းနဲ့မှ မလုပ်ဘူး (မှန်ပါ့)၊ ဟိုကံလည်း ပြန်ဆက်ပြီး အကျိုးပေးမှာပဲ (ပေးမှာပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကံဖြတ်မှ နိဗ္ဗာန်ရမယ်

ဒါဖြင့် ကံဟူသရွေ့သည် ဒကာ ဒကာမတို့ အမည်းကံလည်း ဖြတ်မှ နိဗ္ဗာန်ရမယ် (မှန်ပါ့)၊ အဖြူကံလည်း (ဖြတ်မှနိဗ္ဗာန်ရမှာ)၊ ဒီအထဲ ကိုယ်လုပ်ထားတာတွေက အများကြီးကိုးဗျ (မှန်ပါ့ ဘုရား)။

အမည်းအဖြူရောတဲ့ကံလည်း (ဖြတ်မှ နိဗ္ဗာန်ရမှာပါ)၊ ဖြတ်မှပဲရမယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အဖြူကံတော့ဖြင့် ဖြတ်တာကြိုက်ပါတယ်၊ အမည်းကံကတော့ ဖြတ် တာ မကြိုက်ဘူးဆိုရင်လည်း ကံက မျက်နှာကြီး မျက်နှာငယ် မလိုက်ပါဘူး (မလိုက်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အမည်းကံလာလည်း ငါဖြတ်မှာပဲ (မှန်ပါ့)၊ သူဖြတ်တာမှ မလုပ်ပဲ (မှန်ပါ့)၊ အဖြူကံလာလည်း (ငါဖြတ်မှာ ပါပဲ)၊ အမည်းအဖြူရောတဲ့ ကံကော (ဖြတ်မှာပါပဲ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ကွက်ကြားကလေး ကြိုက်ရုံနဲ့ဖြင့် မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်ဘူး (မရနိုင်ပါ ဘုရား)။

ကွက်ကြားကြိုက်ရုံနဲ့ (မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရနိုင်ပါ)၊ ကဲ- ဒါဖြင့် ကံဟူသရွေ့ အမည်းကံလည်း ဖြတ်မှပဲ (မှန်ပါ့)၊ အဖြူကံလည်း (ဖြတ်မှပါပဲ)၊ အမည်းအဖြူ ရောတဲ့ကံကော (ဖြတ်မှာပါပဲ)၊ ဒါ အတိတ်ဘဝက လာတာတွေ ဆိုတာနော် (မှန်ပါ့)၊ ဒီဘဝ ဆရာကောင်း သမားကောင်းနဲ့ တွေ့လို့ ဝိဝဋ္ဋကံတွေဆိုတာ မဟုတ်ပါဘူး (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကံဖြတ်မှ မဂ်ဉာဏ်ကွ

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကံပြတ်ဆိုတာ ကျေနပ်ထိုက်သလား မကျေနပ်ထိုက်ဘူးလားဆိုတာ ဘုရားကဖြင့် ကျေနပ်ထိုက်လို့ ကံဖြတ်ကို ကံဖြတ်မှ မဂ်ဉာဏ်ကွ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားကတော့ ဘာတဲ့ (ကံဖြတ်မှ မဂ်ဉာဏ်ပါ)၊ ကံဖြတ်မှ မဂ်ဉာဏ်ကွာလို့ ဟောထားတာ ကံများဖြတ်သွား ရင် ခက်ရချည်ရဲ့များ ဒကာကြွယ်က ညည်းချင်သေးသလား (မညည်းချင်ပါ ဘုရား)။

မညည်းနဲ့ မညည်းနဲ့၊ ကံပြတ်သွားလို့ရှိရင်ဖြင့် ခင်ဗျားတို့တတွေကလည်း သိတာက မဟုတ်တာ သိထားတာ ကိုး (မှန်ပါ့)၊ ကိုယ်က အကျိုးပေးနေပြီ (မှန်ပါ့)၊ ကြိုက်ကလေးက ဝင်လာတော့ ကိုယ့်ကံပြတ်သွားပြီ (မှန်ပါ့)၊ ဒါကိုသာ ခင်ဗျားတို့က သဘောကျနေတာကိုး (မှန်ပါ့)၊ အဖြူကံထဲ အမည်းဝင်ရင် မကြိုက်ဘူး (မကြိုက်ပါ)၊ သဘောကျပလား (ကျပါပြီ)၊ အဖြူကံအကျိုးပေးနေရင် (ကြိုက်ပါတယ် ဘုရား)။

အဖြူကံက အကျိုးပေးတော့လည်း နတ်ရွာသုဂတိ ဆိုပြန်တော့လည်း သစ္စာနဲ့ ပြန်လှည့်တော့ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာမသိသေးလို့ သူကြိုက်နေတာ

အဲဒါပဲ ဒုက္ခသစ္စာမသိသေးလို့ သူကြိုက်နေတာ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ကံဟူသရွေ့သည် ဒကာ ဒကာမတို့ အကျိုးပေးနဲ့ အဆက်အသွယ်ရှိတာကို ကယ်မည့်သူ ယူမည့်သူ တည်းဟူသော မဂ်ဉာဏ်မှတစ်ပါး ဖြတ်ပေးမည့်သူ မရှိဘူးဆိုရင် ဒကာအုန်း ကျုပ်တို့သည် ကံအကျိုးပေးနဲ့ လှည့်နေ မှာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ သေသေချာချာသိချင်တော့ ဒီက ဘုန်းကြီးက ပြပေးမယ်၊ ကံပေါ်မှာ ဘယ်သူ အုပ်ချုပ်သတုံးဆိုတော့ ကိလေသာက အုပ်ချုပ်တယ် (မှန်ပါ့)၊ ကိလေသာပြီးတော့ ကံ (မှန်ပါ့)၊ ကံပြီးတော့ အကျိုးပေး (မှန်ပါ့)၊ သဘောပါ ပလား (ပါပါပြီ ဘုရား)။

ကိလေသာ ပြီးတော့ (ကံပါ)၊ ကံပြီးတော့ (အကျိုးပေးပါ ဘုရား)၊ ဒါ့ကြောင့် ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါက ဝဋ် မလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ကိလေသာဖြတ်ရင် ကံပြတ်ပါတယ် (မှန်ပါ့)၊ ကိလေသာဖြတ်ရင် (ကံပြတ်ပါတယ် ဘုရား)။

အဲဒီတော့ ဝိပဿနာအလုပ်ဆိုတာသည် ကံဖြတ်ဆိုလည်း ဟုတ်တာပဲ (မှန်ပါ့)၊ ကံ၏ အရှင်သခင်ကို ဖြတ် တယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)၊ ကံ၏ အရှင်သခင်ကို ဖြတ်တယ်ဆိုလည်း ဒကာအုန်း မှန်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သစ္စာ နေရာကျတော့ကို ဒကာ ဒကာမတို့ သမုဒယသစ္စာ ဖြတ်မှ (မှန်ပါ့ ဘုရား)၊ ကံနေရာကျတော့ ဘုရား သခင် ကိုယ်တော်မြတ်ကြီးက ကံဖြတ်မှလို့ ဟောတယ် အတူတူပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိလေသာဖြတ်ရင် ကံပြတ်ပါတယ်

ကိလေသာဖြတ်ရင် (ကံပြတ်ပါတယ် ဘုရား)၊ ကံပြတ်တာပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါဖြင့် ဒကာ ဒကာမတို့ ကံဖြတ်အလုပ်ဆိုတာသည် ဝိပဿနာအလုပ် (မှန်ပါ့)၊ သဘောပါကြ ပလား (ပါပါပြီ)၊ ကောင်းပြီ ဒါဖြင့် ပြောကြစို့၊ အလုပ်ပြကြစို့ဆိုတော့ မနေ့က စိတ်ဘက်ကပြတယ် (မှန်ပါ့)၊ ဒီနေ့ တော့ ဝေဒနာဘက်ကပဲ ကြိုက်တဲ့ပုဂ္ဂိုလ်များ ရှုကြ (မှန်ပါ့)၊ သို့သော် မနေ့ကပြတာက ဒိဋ္ဌိပြုတ်-ငါစွဲများတဲ့ပုဂ္ဂိုလ် စိတ်ကိုရှုပါ (မှန်ပါ့)။

ငါစွဲများတဲ့ပုဂ္ဂိုလ် (စိတ်ကိုရှုပါ ဘုရား)၊ စိတ်ကို ရှုပါ၊ ငါ့ကိုယ်-ငါ့ဟာ အစွဲများနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာတုံး (စိတ်ကိုရှုရပါမယ် ဘုရား)၊ မနေ့က ပြောခဲ့တဲ့ ဆယ့်သုံးရှု (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီနေ့တော့ ဒကာ ဒကာမတွေ ဘုန်းကြီးများက သူ့စရိုက်နဲ့သူ လျော်ရာပေးရတော့ ဘာဖြစ်ဖြစ်** လိုချင် ရချင်များတဲ့ ပုဂ္ဂိုလ်ကျတော့ကို ဝေဒနာရှုရမယ် (မှန်ပါ့)။

** တဏှာစရိုက်များသည်ဟု ဆိုလိုသည်။

လိုချင် ရချင်များတဲ့ ပုဂ္ဂိုလ်ကျတော့ (ဝေဒနာရှုရပါမယ် ဘုရား)၊ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်မှာ (စိတ်ရှုရပါမယ် ဘုရား)။

တဏှာများတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာရှု ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား)။

အနာနဲ့ဆေး သင့်အောင်ပေး

အနာနဲ့ဆေး သင့်အောင်ပေးလို့ရှိရင်ဖြင့် ပျောက်ရေးမခက်ဘူးဆိုတဲ့ ရှေးပုံပြင်လို ဒီမှာလည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ်ရဖို့အရေးဟာ လျော်အောင် ပေးရပါတယ်ဆိုတာကိုလည်း သေသေချာချာ မှတ်ပါ (မှန်လှပါ)။

ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ် (စိတ်ရှုရပါမယ် ဘုရား)၊ အဲ ဝိပဿနာရှု (မှန်ပါ့)။

တဏှာများတဲ့ပုဂ္ဂိုလ် (ဝေဒနာနုပဿနာ ရှုရပါမယ်ဘုရား)၊ အေး ဒါကြောင့် ဒီနေ့ ဝေဒနာဘက်က သင်ပေးမယ် (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဒီနေ့ ဝေဒနာဘက်က သင်လိမ့်မယ်၊ အဲဒါ ကြပ်ကြပ်သတိထားပါ (မှန်လှပါ ဘုရား)။

ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ တစ်ခါတလေ ချမ်းသာတာရှိတယ်နော် (မှန်ပါ့)၊ ချမ်းသာတဲ့ဥစ္စာ သုခဝေဒနာ (မှန်ပါ့)၊ ဆင်းရဲတာက (ဒုက္ခဝေဒနာပါ ဘုရား)၊ ချမ်းသာဆင်းရဲ လွတ်နေတာက (ဥပေက္ခာဝေဒနာပါ ဘုရား)၊ အလတ်စားက ဥပေက္ခာဝေဒနာနော် (မှန်ပါ့)၊ ကောင်းပြီ ဒါ သုခ-ဒုက္ခ-ဥပေက္ခာ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါ ပြီ ဘုရား)။

သို့သော် ရှုတဲ့နေရာ အကွက်မကျပြန်လို့ရှိရင်လည်း ဒကာကြွယ်ရေ မှားတတ်တယ်နော် (မှန်ပါ ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ မျက်လုံးထဲ ဘာပဲပေါ်ပေါ် ဥပေက္ခာမှတ် (မှန်ပါ့)၊ နားထဲက ဘာကြားစိတ်ပေါ်ပေါ် ဥပေက္ခာပါ ဘုရား၊ နှာခေါင်းထဲက ဘာပဲနံနံ (ဥပေက္ခာပါ ဘုရား)၊ ဘာပဲမွှေးမွှေး ဥပေက္ခာ၊ သဘောကျပလား (ကျပါပြီ)၊ လျှာပေါ်က ဘာပဲစားစား (ဥပေက္ခာပါ ဘုရား)၊ လျှာပေါ်မှာ ပေါ်တဲ့ ဝေဒနာဟူသရွေ့ စိတ်ဟူသရွေ့ ဥပေက္ခာလို့ မှတ်လိုက် (မှန်လှပါ ဘုရား)။

ကိုယ်ပေါ်မှာတော့ ဒကာ ဒကာမတို့ တစ်ခါတလေကျတော့ ချမ်းသာသုခဝေဒနာ ပေါ်ပါတယ် (မှန်ပါ့)၊ တစ်ကိုယ်လုံးမှာ ပေါ်ချင်တဲ့နေရာပေါ်၊ ပေါ်တဲ့နေရာ ဝိုက်ရလိမ့်မယ်နော် (မှန်ပါ့)။

တစ်ခါတလေ တစ်ကိုယ်လုံးမှာ အပ်သွားချစရာမရှိအောင် နာတာလည်း ပါသေးတယ် (မှန်ပါ့)၊ ကိုယ်ပေါ်မှာ ဒုက္ခဝေဒနာ (မှန်ပါ့)။

အပြင်ဧည့်သည် ဒကာသစ်ခြောက်ယောက်

အဲဒီတော့ မနေ့ကပြောသလိုပဲ အပြင်ဧည့်သည် ဒကာသစ်ခြောက်ယောက်ပဲ မှတ်လိုက် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဥပေက္ခာ ၄၊ သုခ ဒုက္ခ၊ ဘယ်နှစ်ခု ရှိသွားပြီလဲ (ခြောက်ခုပါ ဘုရား)၊ ခြောက်ခုရှိသွားပြီလို့ ဒကာ ဒကာမ တွေ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဝမ်းထဲကျလာတော့ ငွေကလေး ရွှေကလေး ရလို့ရှိရင် သောမနဿ ဝင်တယ် (မှန်ပါ့)၊ ဝမ်းသာလိုက်တာဆိုတာ ဝမ်းထဲမှာပေါ်လို့ ဝမ်းသာတယ်လို့ ပြောတာ (မှန်ပါ့)။

တစ်ခါတလေကျတော့ စိတ်သည်ကားလို့ဆိုရင် ဝမ်းနည်းတယ် (မှန်ပါ့ ဘုရား)၊ ဝမ်းနည်းတယ်ဆိုတော့ ဝမ်း ထဲမှာပဲ ဒေါမနဿဖြစ်တာကို ဆိုပါတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ဝမ်းသာတယ် ဝမ်းနည်းတယ် မဆိုကြဘူးလား (ဆိုကြပါတယ်)၊ တစ်ခါတလေကျတော့ ဝမ်းသာဝမ်းနည်း မရှိပါဘူးဆိုတာကော (ရှိပါတယ် ဘုရား)၊ ဝမ်းထဲမှာ ဝမ်းသာဝမ်းနည်းတဲ့စိတ် မရှိပါဘူးဆိုတာ ဥပေက္ခာပေါ်တာ (မှန်ပါ့)။

ဒီစိတ်မပေါ်ရင်လည်း သေသွားမယ် (မှန်ပါ့)၊ ဝမ်းသာ,ဝမ်းနည်း မရှိလို့ရှိရင်လည်း ကြားရှိရသေးတယ် (မှန်ပါ့)။

တစ်ခါတလေ ဝမ်းသာတာနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)၊ တစ်ခါတလေကျတော့ (ဝမ်းနည်းတာနဲ့ အသက် ရှင်ပါတယ် ဘုရား)။

တချို့များ ငိုရင်းမတ္တနဲ့ အသက်ရှင်နေတာ အရှိသားပဲ (မှန်ပါ့)၊ ဝမ်းနည်းတဲ့ဝေဒနာက အသက်ရှင်အောင် လုပ်ထားတယ် (မှန်ပါ့)၊ တချို့ကျတော့လည်း ဝမ်းသာဝမ်းနည်းကင်းနေတော့ သူ့မှာ ဝမ်းသာတဲ့စိတ်လည်း မရှိဘူး၊ ဝမ်းနည်းတဲ့ဝေဒနာလည်း မရှိဘူးဆိုသဖြင့် ဝမ်းသာဝမ်းနည်း ကင်းတဲ့ ဥပေက္ခာဝေဒနာနဲ့ အသက်ရှင်နေတယ် (မှန်ပါ့)။

အတွင်းဧည့်သည်က သုံးယောက်

ဒါက အတွင်းဧည့်သည်က ဒကာ ဒကာမတွေ သိတဲ့အတိုင်း သုံးယောက်ပေါ့ (မှန်ပါ့)၊ ဝမ်းထဲမှာပေါ်လို့ အတွင်းထားလိုက်ပါတယ် (မှန်ပါ့)၊ အပြင်ဘက်မှာ ပေါ်လို့ အပြင်ဧည့်သည်ခြောက်ယောက် ထားလိုက်ပါတယ် (မှန် ပါ့)။

တစ်ခါတလေကျတော့ ဒကာ ဒကာမတွေ ဝမ်းသာတာနဲ့ အသက်ရှင်နေတယ်လို့ရှိတယ် (မှန်ပါ့)၊ ဝမ်းနည်းနည်း နဲ့ အသက်ရှင်နေတာကော (ရှိပါတယ် ဘုရား)၊ စိတ်ညစ်ညစ်နဲ့ ရှုနေတာ၊ ဒေါမနဿနဲ့ ရှုနေတာ (မှန်ပါ့)၊ မရှိဘူး လား (ရှိပါတယ် ဘုရား)၊ တစ်ခါတလေကျတော့ ဝမ်းသာဝမ်းနည်းနဲ့ ရှုနေတာကော (ရှိပါတယ် ဘုရား)။

ရှူစိတ်ရှိုက်စိတ်က သုံးခု

အင်း ရှိတယ်ဆိုတော့ ဪ-ဒါဖြင့် အသက်ရှူတာလည်း သုံးခုနဲ့ ရှူပါလား၊ ဝမ်းသာတဲ့စိတ်ကလည်း ရှူစေနိုင်တယ်၊ ရှိုက်စေနိုင်ပါတယ်၊ ဝမ်းနည်းတဲ့စိတ်ကကော (ရှူစေနိုင် ရှိုက်စေနိုင်ပါတယ်)၊ ဝမ်းနည်းတဲ့စိတ်ကကော (ရှူစေနိုင်၊ ရှိုက်စေနိုင်ပါတယ် ဘုရား)။

ခင်ဗျားတို့ မောနေတဲ့အခါ ကြည့်စမ်းပါလား၊ နှပ်တရှုတ်ရှုတ်နဲ့ မမြင်ရဘူးလား (မြင်ရပါတယ် ဘုရား)၊ မကြားကြရဘူးလား (ကြားကြရပါတယ် ဘုရား)၊ တစ်ခါတလေ သိပ်များရှူနေတဲ့အခါပါတယ် (ပါပါတယ် ဘုရား)၊ တစ်ခါတလေ သိပ်ရှိုက်နေတဲ့အခါကော (ပါပါတယ် ဘုရား)၊ အဲဒါ ဒေါမနဿဝေဒနာနဲ့ တစ်ခါတည်း ရှူလိုက်, ရှိုက် လိုက် လုပ်နေတာ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

တစ်ခါတလေကျတော့ လူမသိ သူမသိ ရှူနေတဲ့အခါကျတော့ ဥပေက္ခာပါတယ် (မှန်ပါ့ ဘုရား)၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ရှူစိတ်ရှိုက်စိတ်က သုံးခုပေါ့ဗျာ (မှန်ပါ့)၊ ပေါ်ချင်တာပေါ်လိမ့်မယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဝေဒနာသည် အပြင်ဧည့်သည် ခြောက်ယောက် အတွင်းဧည့်သည်သုံး ဟုတ်လား (မှန်ပါ့)၊ အိမ်သည်သုံး ထားလိုက်ပါတော့ (မှန်ပါ့)၊ ပေါ်အောင်ပြောရတယ်နော် (မှန်ပါ့)။

မဂ္ဂင်ငါးပါးနဲ့ လိုက်ပါ

အဲဒါတွေကို ဒကာ ဒကာမတွေပေါ်ရာကို မဂ္ဂင်ငါးပါးနဲ့ လိုက်ပါ (မှန်ပါ့)၊ ပေါ်ရာကို (မဂ္ဂင်ငါးပါးနဲ့ လိုက်ရ ပါမယ် ဘုရား)။

လိုက်တော့ ဝေဒနာက ဖြစ်ပျက်၊ လိုက်တာက မဂ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝေဒနာက (ဖြစ်ပျက်ပါ ဘုရား)၊ လိုက်တာက (မဂ်ပါ ဘုရား)။

အဲဒီလို ရှုရှု ရှုရှုနေတော့ ဝေဒနာပစ္စယာ တဏှာမလာဘူးလား (မလာပါ ဘုရား)။

သုခဝေဒနာပစ္စယာ တဏှာကော (မလာပါ ဘုရား)၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသကော (မလာပါ)၊ ဥပေက္ခာ ဝေဒနာပစ္စယာ မောဟကော (မလာပါ ဘုရား)။

မလာဘူး ဒကာ ဒကာမတို့ ဪ ဝေဒနာရှုတာ လောဘ ဒေါသ မောဟ သေသကိုး (မှန်ပါ့)။

ဝေဒနာရှုတာ (လောဘ, ဒေါသ, မောဟ သေပါတယ် ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်ဆိုတာ လောဘ, ဒေါသ, မောဟကင်းရင် ရောက်တာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာ (လောဘ, ဒေါသ, မောဟ ကင်းရင် ရောက်ပါတယ်)၊ လောဘ, ဒေါသ, မောဟ ကင်းရင် ရောက်တာပဲဆိုတဲ့ဥစ္စာ ဒကာကြွယ် ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အပြင်ဝေဒနာက ဘယ်လောက်ပါလိမ့် (ခြောက်ပါးပါ ဘုရား)၊ အတွင်းဝေဒနာက (သုံးပါးပါ)၊ အမြဲတမ်းရှိသလိုလိုဖြစ်နေတဲ့ ဝေဒနာက (သုံးပါးပါ ဘုရား)။

အဲဒါ ဉာဏ်ကလေးက ပြင်ဘက်မပေါ်လို့ရှိရင် ပြင်ဘက်မရှုနဲ့၊ အတွင်းဘက်မပေါ်လို့ရှိရင်လည်း အတွင်း မရှုနဲ့ (မှန်ပါ့)၊ ဘာမှမရှိတဲ့အခါ ဒီအိမ်သည်သုံးခု တစ်ခုခုတော့ ပေါ်ရမယ် (မှန်လှပါ ဘုရား)၊ မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ပေါ်လို့ရှိရင် ဒကာ ဒကာမတွေက ရှုပါ (မှန်ပါ့)၊ ရှုတော့ကို ရှုလိုက်တဲ့အခါကျတော့ ဝေဒနာဟာ အခုပြောလိုက်တဲ့အခါကျတော့ ခြောက်ရယ်, သုံး နှစ်ခုရယ်နော် (မှန်ပါ့)။

ကောင်းပြီး ဆယ့်နှစ်ပဲရှု (မှန်ပါ့)၊ ဆယ့်နှစ်ပဲ ရှိတယ်ဆိုတာ အမြင်အတိုင်းပေါ့ဗျာ (မှန်ပါ့)။

ဒါ ခင်ဗျားတို့ ရေးတဲ့ပုဂ္ဂိုလ်လည်းရေး၊ မှတ်တဲ့ပုဂ္ဂိုလ်လည်း မှတ်ထားပေါ့ဗျာ (မှန်ပါ့)။

ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်က ဪ-ဒီလိုရှုရမှာကိုး၊ ဒါပဲ တို့သန္တာန်ပေါ်သကိုးဆိုတာ မှတ်ပြီး ရှုတာပေါ့ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာရှုဆိုတာလည်း ဖြစ်ပျက်ရှုခိုင်းတာ

ကောင်းပြီ ဒီနေ့ရှင်းပြီးသည်၏ အခြားမဲ့၌ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဝေဒနာသည်ပြားသာနေတာ တဲ့၊ ဒကာ ဒကာမတို့ ဝေဒနာအမျိုးအမည်သာ ပြားနေတာ ခင်ဗျားတို့ မြင်သရွေ့ ပြောစမ်းပါဆိုတော့ ဒကာကြွယ် ရေ သစ္စာတွေ့တာပဲ (မှန်ပါ့)၊ ဖြစ်ပျက်ဟာ ဘာသစ္စာ (ဒုက္ခသစ္စာပါ)၊ ဟာ ဒါပဲတွေ့တာပါပဲ (မှန်ပါ့)။

ဒါဖြင့် ဝေဒနာရှုဆိုတာလည်း ဖြစ်ပျက်ရှုခိုင်းတာ (မှန်ပါ့)၊ စိတ်ရှုဆိုတာကော (ဖြစ်ပျက်ရှုခိုင်းတာပါ)၊ ဖြစ်ပျက် အရှုခိုင်းတာပဲဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဘယ်သူ၏ ဖြစ်ပျက်တုံး မေးတဲ့အခါကျမှသာလျှင် ဪ- ဒါဟာ အပြင်ဝေဒနာ၏ ဖြစ်ပျက်ပါ ဘုရား၊ အတွင်းဝေဒနာ၏ ဖြစ်ပျက်ပါဘုရား၊ အိမ်သည်ဝေဒနာ၏ ဖြစ်ပျက်ပါဘုရားလို့ မသိဘဲနေမှာစိုးလို့ ပြရတာ ခင်ဗျားတို့ ဉာဏ်အတွေ့မှာတော့ ဝေဒနာမတွေ့ပါဘူး၊ ဥဒယနဲ့ ဝယတွေ့ပါတယ် (မှန်ပါ့)။

ဥဒယဆိုတာ ဖြစ်တာ (မှန်ပါ့)၊ ဝယဆိုတာ (ပျက်တာပါ)၊ အဲ-ဖြစ်ပျက်ပဲ တွေ့တာပဲ ဒကာကြွယ်ရေ (မှန်ပါ ဘုရား)။

ဘာတွေ့ကြသလဲ (ဖြစ်ပျက်တွေ့ပါတယ် ဘုရား)၊ အဲဒီတော့ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များ ချုံးပြီး သကာလ ပြောစမ်းပါ ဘုရားဆိုရင်ဖြင့် အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတွေ အမှတ်ကြီးသာ မှတ်လိုက်ပါတော့ ဖြစ်ပျက် တွေ့ရင် ခင်ဗျားတို့ ဝိပဿနာတွေ့တာပဲ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်တွေ့ရင် (ဝိပဿနာတွေ့ပါတယ် ဘုရား)၊ ဝိပဿနာအလုပ် တွေ့ပြီလို့ အောက်မေ့ပေတော့ (မှန်ပါ့)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်တွေ့ဆိုငြားသော်လည်းတဲ့ ဝေဒနာကို ဒီကနေပြီး နောက်ကနေပြီး မဂ္ဂင်နဲ့လိုက်တဲ့အခါကျတော့ ဝေဒနာတို့၏ ဖြစ်ပြီးသား ပျက်ပြီးသား တွေ့တာပဲ (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (ဝေဒနာတို့၏ ဖြစ်ပြီးသား ပျက်ပြီးသား တွေ့ပါတယ် ဘုရား)။

ဥပမာ ဒကာသစ်တို့ အိမ်ထဲမှာ ညမှာ ဒကာသစ်တို့က အိပ်ကြပြီ၊ ဆင်တစ်ကောင်က ကျောက်လမ်းပေါ် လာအိပ်တယ် (မှန်ပါ့)၊ လာတာလည်း ဒကာသစ် မသိလိုက်ပါဘူး ဒီကအိပ်နေကြပေါ့ကိုး (မှန်ပါ့)၊ မနက်ကျတော့ လူမနိုးခင် ထသွားတယ် (မှန်ပါ့)၊ လူမနိုးခင် ထသွားတဲ့အခါကျတော့လည်း သိလိုက်ကဲ့လား (မသိလိုက်ပါ ဘုရား)။

ဒါဖြင့် အိပ်ကော မအိပ်ဘူးလား (အိပ်ပါတယ်)၊ သွားကော မသွားဘူးလား (သွားပါတယ်)၊ ဒါဖြင့် ဖြစ်လည်း ဖြစ်တယ် ပျက်လည်းပျက်တယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)။

သို့သော် နံနက် ဒကာသစ်တို့က ထ,ကြည့်လိုက်တဲ့အခါကျတော့ ဪ ဆင်ဟာ ဒီနေရာ အိပ်ပြီးသွား ပြီ (မှန်ပါ့)၊ ဒါဖြင့် စိတ်ဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ် (မှန်လှပါ ဘုရား)။

တစ်ခုသောစိတ်နဲ့ အသက်ရှင်နေတယ်

**တစ်ခုသောစိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့)၊ နောက်တစ်ခု စိတ်နဲ့ အသက်ရှင်နေတာ အရင်တစ်ခုသော စိတ်ကို ရှာတွေ့သေးရဲ့လား (မတွေ့ပါ ဘုရား)၊ သို့သော် မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ်)၊ မပျက်ဘူးလား ပျက်သလား (ပျက်ပါတယ် ဘုရား)။

** ဝေဒနာနှင့်စိတ်သည် သဟဇာတ၊ အတူဖြစ်, အတူပျက်သောကြောင့် ဝေဒနာနှင့်စိတ်သည် မကွဲဟုဆိုနိုင် သည်။

အဲ အရင်စိတ်ဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပြီး ပျက်သွားလေရဲ့လို့ သိလို့ရှိရင် ဒါ ဝိပဿနာဉာဏ်ဆိုက်ပြီ (မှန် ပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နာမ်နာမ်ချင်းရှုတာ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဆန်းကြယ်တယ်မှတ်ပေတော့ (မှန်ပါ့)။

နှစ်ခု ပစ္စုပ္ပန်ကော တည့်ရဲ့လား ဘုရားဆိုတော့ တည့်တယ်ပဲဖြေ (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် တည့်တယ်လို့ ဖြေရသတုံးလို့ မေးတဲ့အခါကျတော့မှ ကြားထဲမှာ ဒကာ ဒကာမတို့ တစ်ပါးသောတရားမှ ဝင်မှမဝင်ဘဲ (မှန်ပါ့ ဘုရား)၊ ဝင်သေးရဲ့လား (မဝင်ပါ ဘုရား)။

အဲ သူဖြစ်ချုပ်သွားတာနဲ့ ဖြစ်ချုပ်သွားပြီးကြည့်တာနဲ့ ကြားထဲ ဘာမှမပါဘူး (မှန်ပါ့)၊ အသိနဲ့ ကိုက်မနေ ဘူးလား (ကိုက်နေပါတယ် ဘုရား)။

အဲဒီကဲ့သို့ အသိနဲ့ ကိုက်နေလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိလေသာကြား မခြားပါဘူး (မှန် ပါ့ ဘုရား)၊ ပစ္စုပ္ပန်တည့်တာပဲ (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာတည့်ပါလိမ့် (ပစ္စုပ္ပန်တည့်ပါတယ် ဘုရား)၊ အဲဒါ အိမ်မှာစမ်းကြည့်ပါ၊ ဒကာ ဒကာမတို့ စမ်းကြည့်လိုက် လို့ရှိရင်ဖြင့် အသက်တစ်ရာနေရတာနဲ့ ဒီတစ်ချက်တွေ့တာနဲ့ ဒါက မြတ်သေးတယ်လို့ ဘုရားက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒီအလုပ်ဟာ ဒကာ ဒကာမတို့ လုပ်ဖြစ်အောင် လုပ်ရမည့်အလုပ်ဆိုတာကော သေချာပလား (သေချာ ပါပြီ ဘုရား)။

လုပ်ဖြစ်အောင် (လုပ်ဖြစ်အောင် လုပ်ရမည့်အလုပ်ပါ)၊ လုပ်ဖြစ်အောင် လုပ်ရမည့်အလုပ် (မှန်ပါ့ ဘုရား)။

ဘာ့ကြောင့်လုပ်ဖြစ်အောင် လုပ်ရမည့်အလုပ်လို့ မေးဖို့လိုသတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဒီဝေဒနာပစ္စယာ ထုံးစံဆိုရင် (တဏှာပါ)၊ ဟော- သူ့မရှုလို့ရှိရင် ဘယ်သူက ဝင်သတုံး (တဏှာဝင်ပါတယ် ဘုရား)။

တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝပါ)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

နှစ်ဘဝဆက်တယ်

ကိုင်း- ဒကာ ဒကာမတို့ နှစ်ဘဝဆက်သွားတယ် (မှန်ပါ့)၊ နှစ်ဘဝဆက်တယ်ဆိုတော့ ဒကာ ဒကာမတွေ မရိပ်မိမှာစိုးတော့ ဝေဒနာကို မရှုလို့ ဒီဝေဒနာလေးတစ်ခုကို ဥပမာ- သုခဖြစ်ဖြစ်, ဒုက္ခဖြစ်ဖြစ်, ဥပေက္ခာဖြစ်ဖြစ် ဒကာ ဒကာမတို့ မရှုမိတော့ကို သူ့ထုံးစံအတိုင်း ပဋိစ္စသမုပ္ပါဒ်က ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံပါ)၊ ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ)၊ ဪ ဒါက ပစ္စုပ္ပန်ဘဝ ဒီလေးခုက ပစ္စုပ္ပန် (မှန်ပါ့ ဘုရား)။

ဘဝပစ္စယာ (ဇာတိပါ)၊ အဲဒါက အနာဂတ်ဘဝ (မှန်ပါ့ ဘုရား)။

ဪ- ဝေဒနာမရှုလိုက်တာ တို့မှာဖြင့် ဘဝနှစ်ခုဆက်သွားပြီ (မှန်ပါ့)၊ သေရင် ဆက်ရမှာပဲ (မှန်ပါ့ ဘုရား)။

ဝေဒနာမရှုလိုက်တာ ဘာတဲ့ (ဘဝနှစ်ခု ဆက်သွားပါတယ် ဘုရား)၊ မသေခင်က ဆက်ဖို့ ရွယ်ထားတဲ့ အဓိပ္ပာယ်ပါတယ် (ပါပါတယ် ဘုရား)။

မသေခင်က (ဆက်ဖို့ ရွယ်ထားတဲ့ အဓိပ္ပာယ်ပါပါတယ်)၊ ဆက်ဖို့ရွယ်ထားတဲ့ အဓိပ္ပာယ်ပါနေတာဟာ ခင်ဗျား တို့ အပြောလား အမြင်လား (အမြင်ပါ ဘုရား)။

ကဲ ဒါဖြင့် စားပွဲပေါ်အမြင်နဲ့ ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်ဟာလည်း ကိုက်ပါရဲ့လား (ကိုက်ပါတယ် ဘုရား)။

ဒီဝေဒနာကို မရှုမိတဲ့အခါကျတော့ စားကောင်းတယ်ဆိုတာ ဝေဒနာမနေဘူးလား (မှန်ပါ့)၊ စားကောင်းတော့ ကြိုက်တယ် (မှန်ပါ့)၊ ကြိုက်လို့ရှိရင်ဖြင့် ကျုပ်တို့ စွဲစွဲလမ်းလမ်းဖြင့် ကြိုက်တယ် (မှန်ပါ့)၊ နောက်တစ်ဖန် စားရအောင် အားထုတ်မယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ တဏှာ ဥပါဒါန် ကံတွေ မလာဘူးလား (လာပါတယ်)၊ ကဲ ကံလာတော့ သေသည်၏ အခြားမဲ့၌ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေက သံသရာကြောက်ပါတယ်လည်းဆိုရဲ့ ကျုပ်ဖြင့် နောက်ပဋိသန္ဓေတွေ့ရမှာများ ဒီဇာတိလာမှာ သိပ်ကြောက်တာပဲ (မှန်ပါ့)၊ ဒီဇာတိလာမှာ သိပ်ကြောက်တာပဲ ကျုပ်ဖြင့် အခု အိုတာကိုလည်း လန့် လှပါပြီ ဒါ ပဋိသန္ဓေနေမိလို့ အိုရတာ (မှန်ပါ့ ဘုရား)။

လန့်သာ လန့်နေတာ၊ အခုဟာ အလန့်ပျောက်ကြောင်း အလုပ်ကိုတော့ မလုပ်ဘူး (မလုပ်ပါ ဘုရား)။

လန့်သာလန့်နေတယ် အလန့်ပျောက်ကြောင်း အလုပ်ကိုတော့ (မလုပ်ပါ)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို ဒကာ ဒကာမတွေ အနာသာရှိ၍ ဆေးမသိတဲ့ပုဂ္ဂိုလ်နဲ့ တူနေတယ် (မှန်ပါ့ ဘုရား)။

အနာသာရှိ၍ (ဆေးမသိတဲ့ပုဂ္ဂိုလ်နဲ့ တူနေပါတယ်)၊ ဆေးမသိတဲ့ပုဂ္ဂိုလ်တွေနဲ့ တူပြီး သကာလ နေတဲ့အတွက် ဒကာ ဒကာမတွေ ယနေ့သိပါပြီ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်မှုကနေ ရှုလိုက် (မှန်ပါ့)၊ ရှေ့က ဝေဒနာ နောက်က ရှုတဲ့မဂ် (မှန်ပါ့)၊ ဒီလိုရှုလိုက်တဲ့အခါကျတော့ ဝေဒနာနောက်က တဏှာ လာသေးရဲ့လား (မလာပါ)၊ ဥပါဒါန်, ကံတွေကော (မလာပါ ဘုရား)။

ဒါဖြင့် ဒီဘဝမှာ ဒကာ ဒကာမတို့ ပေါ်နေကျ တရားတွေ ပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)။

ဒီဘဝ ပေါ်နေကျတရားမှ မပေါ်လို့ရှိရင်ဖြင့် နောက်ဘဝ ပေါ်စရာအကြောင်းကော (မရှိပါ)၊ ဒီဘဝ ပေါ်နေ ကျ တရား တဏှာ, ဥပါဒါန်, ကံမှ မပေါ်ပဲ (မှန်ပါ့ ဘုရား)။

ကံကို ဘယ်သူဖြတ်လိုက်ပါလိမ့်

အဲဒါ ဘယ်သူပါလိမ့်မတုံးလို့ သေသေချာချာမေးတော့မှ ဪ မဂ်ဖြတ်တာပဲ (မှန်ပါ့ ဘုရား)။

တဏှာ, ဥပါဒါန်, ကံကို ဘယ်သူဖြတ်လိုက်ပါလိမ့် (မဂ်ဖြတ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် မဂ်သည် ဒကာကြွယ် ဘယ်တရားမျိုးတုံးဆိုတော့ တဏှာ, ဥပါဒါန်, ကံဖြတ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ တိုတိုပြောချင်တော့ ကံဖြတ်တယ် (မှန်ပါ့ ဘုရား)။

ရှင်းရှင်းတိုတို ပြောချင်တော့ ဘယ့်နှယ်ပြောကြမလဲ (ကံဖြတ်ပါတယ် ဘုရား)။

ဒီကံဖြတ်လိုက်တော့ ဒီဇာတိဒုက္ခ မလွတ်ဘူးလား (လွတ်ပါတယ်)၊ ဒီဇာတိသည် ဒကာ ဒကာမတို့ အပါယ် ဇာတိ (မှန်ပ့ါ ဘုရား)။

ဒါဖြင့် ဒကာသစ် ဒီကံဖြတ်လိုက်တာ ကြိုက်-မကြိုက် (ကြိုက်ပါတယ်)၊ နတ်ဇာတိလို့ ဆိုပြန်တော့ကော (ကြိုက်ပါတယ် ဘုရား)၊ ကြိုက်ရမှာပဲ ဒုက္ခသစ္စာကိုး (မှန်ပါ့)၊ ဗြဟ္မာဇာတိလို့ ဆိုပြန်တော့ (ကြိုက်ပါတယ်)၊ ဘာဖြစ် လို့တုံး (ဒုက္ခသစ္စာမို့ပါ)၊ အဲဒါကြောင့် သစ္စာသိတဲ့ပုဂ္ဂိုလ်မှ ကံဖြတ်ကြိုက်တယ် (မှန်ပ့ါ ဘုရား)။

သစ္စာသိတဲ့ပုဂ္ဂိုလ်မှ (ကံဖြတ် ကြိုက်ပါတယ်)၊ သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်ဟာ (ကံမျှော်ပါတယ် ဘုရား)။

သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်ဟာ ကံမျှော်ပါတယ်

သစ္စာမသိသေးတဲ့ပုဂ္ဂိုလ်ဟာ ကံမျှော်ပါတယ် (မှန်ပါ့)၊ မမျှော်ဘူးလား (မျှော်ပါတယ် ဘုရား)။

မျှော်တယ် မမျှော်တယ် ခင်ဗျားတို့ ဒီ့ပြင်ဟာ ဘာမှသွားပြီး သကာလ အကဲခတ်မနေနဲ့ ကိုယ်အကြောင်း မညီညွတ်တဲ့အခါမှာ ဗေဒင် ယာယီကလေး မေးဦးမှ ထင်ပါရဲ့ (မှန်ပါ့)၊ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ဗေဒင်ယာယီကလေး မေးဦးမှထင်ပါရဲ့၊ ဟိုက ဘာတွေဟောသလဲ၊ ဟာ မင်းအကျိုးပေးလှူပါပေါ့လားဆိုတာ ကံမျှော်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ကံမျှော်တယ် မမျှော်တယ်ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့၏ အလွဲတော်ပုံကဖြင့် အရေးရှိ ကံမျှော်ပြီ (မှန်ပါ့ ဘုရား)။

ဘုရားကလည်း ဒီကံ ဘာတဲ့ (ဖြတ်ရပါမယ်)၊ ခင်ဗျားတို့ကတော့ (မျှော်နေပါတယ် ဘုရား)။

ဪ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကံဖြတ်ကို ကြိုက်တယ်၊ ခင်ဗျားတို့က ကံမျှော်တယ်ဆိုတော့ ကျောချင်းကပ်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ဖြစ်နေသလဲ (ကျောချင်းကပ်ဖြစ်နေပါတယ် ဘုရား)။

ကျောချင်းကပ်ဖြစ်နေတယ်၊ မျက်နှာချင်းဆိုင်ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ဘယ်သူနဲ့ ကျောချင်းကပ်တာတုံး (ဘုရားနဲ့ ကျောချင်းကပ်တာပါ ဘုရား)။

ဪ ဘုရားက အရှေ့ဘက် လှည့်ရင် ခင်ဗျားတို့က အနောက်ဘက် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားက အရှေ့ဘက်လှည့်ရင် (တပည့်တော်တို့က အနောက်ဘက်လှည့်ပါတယ် ဘုရား)။

ဘုရားက နိဗ္ဗာန်ဘက်လှည့်ရင် ခင်ဗျားတို့က ငရဲဘက် လှည့်တယ် (မှန်ပါ့)၊ ရိပ်မိပလာ (ရိပ်မိပါပြီ ဘုရား)။

အဲဒါလောက် ကံမျှော်တဲ့ပုဂ္ဂိုလ်များဟာ ဒါလောက်ဆိုးဝါးနေပါတယ်ဆိုတာဖြင့် သေသေချာချာ မှတ်ပါတော့ (မှန်ပါ့ ဘုရား)။

ကံမျှော်တဲ့ပုဂ္ဂိုလ်များသည် (ဆိုးဝါးပါတယ်)၊ ဒီထဲ အရပ်သဘောနဲ့တော့ဖြင့်ဟာ တစ်ယောက်က ဒကာ ကြွယ်တို့က အားပေးချင်သေးတယ်နော် (မှန်ပါ့)၊ ဟ- ဘယ်ဆရာတော်သလဲဟ၊ သွားမေး စုံးစမ်းလိုက်ပါဦးလား နင် တို့အိမ် အထစ်ထစ် အငေါ့ငေါ့ချည်းပဲ (မှန်ပါ့)၊ အံမာ- ဒကာကြွယ်လေ (မှန်ပါ့ ဘုရား)။

အထစ်ထစ် အငေါ့ငေါ့ ဘယ်သူတော်တယ်၊ အဲဒီလူဟာ ပညာတော်တယ်၊ အဲဒီတော့ နင်တို့ကံအခြေအနေ ကလေး သိရအောင် ဘယ်တော့ အကျိုးပေးမှာတုံးဆိုတာ အဲဒီသွားလိုက်ပါဦးလား (မှန်ပါ့)။

ရသေ့စိတ်ဖြေသွားတာလား၊ တကယ် ယုံယုံကြည်ကြည်နဲ့ သွားတာလား (တကယ် ယုံယုံကြည်ကြည်နဲ့ သွားတာ ပါ ဘုရား)။

ဟာ- လူကြီးလူကောင်းတစ်ယောက်က တိုက်တွန်းတာကိုးဗျ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလို တိုက်တွန်းလိုက်တဲ့အခါကျတော့ ဟိုလူကလည်း ယောင်တောင်တောင် ဒီက ခပ်ချာချာနဲ့ သွားပြီး ကြည့်လိုက်တဲ့အခါကျတော့ ဟိုပုဂ္ဂိုလ်မှာ တစ်ခါတည်း ကမ္မဝဋ်သူဌေးကြီးသွားဖြစ်တယ် (မှန်ပါ့)၊ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒီတော့ ဒကာကြွယ်ရေ ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့ ဗေဒင်ဆရာ ဟောတာ နားလှည့်ကြစို့နော် (မှန်ပါ့)၊ နားလှည့်တဲ့အခါကျတော့ကို ကံဖြတ်တာပဲ (မှန်ပါ့)။

ဘုရားက ကံဖြတ်ရမယ်တဲ့

ဘုရားကကော (ကံဖြတ်ရပါမယ် ဘုရား)၊ ဘုရားက ကံဖြတ်ရမယ်တဲ့ (မှန်ပါ့ ဘုရား)၊ ဗေဒင်ဆရာက ဘာ လုပ်ပေးလိုက်သလဲ (ကံဆက်ပေးပါတယ် ဘုရား)၊ သွားပါပြီဗျာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားက ဘာကြိုက်သတုံး (ကံဖြတ်တာ ကြိုက်ပါတယ် ဘုရား)၊ ဒါဖြင့် ကံဖြတ်ပေးလိုက်ဦး-တဲ့။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အင်မတန်ဆိုးဝါးတဲ့ မိစ္ဆာဒိဋ္ဌိထဲကို ကျုပ်တို့ ခင်ဗျားတို့ဟာ ကြာတော့ သက်ဝင် သွားတယ် (မှန်ပါ့)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ကံဖြတ်တရားသည် အင်မတန် ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)၊ ဪ ဝေဒနာရှုလိုက်တော့ တဏှာ, ဥပါဒါန်, ကံတွေ ဘယ့်နှယ်နေကြသလဲ (ပြတ်ပါတယ် ဘုရား)။

ဝေဒနာရှုလိုက်တော့ (တဏှာ, ဥပါဒါန်, ကံပြတ်ပါတယ် ဘုရား)။

ဘုရားက ဟောတော်မူတယ် သုခဝေဒနာ မရှုဘဲနဲ့ တဏှာသေလိမ့်မယ်လို့ ငါဘုရား ဘယ်တော့မှ မဟော ဘူးတဲ့ (မှန်ပါ့)၊ ဆက်ပြီးပြောပြန်တယ် ဒီတဏှာမသေဘဲနဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ရောက်လိမ့်မယ်လို့ ငါ ဘယ် တော့မှ မဟောဘူး တဲ့ (မှန်ပါ့)၊ နှစ်ချက်ရှိသွားပြီ (မှန်ပါ့)။

သုခဝေဒနာမရှုဘဲနဲ့ ဒကာ ဒကာမတို့ တဏှာသေလိမ့်မယ်လို့ ငါဘုရား မဟောဘူးတဲ့ (မှန်ပါ့)။

တဏှာမသေဘဲနဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့လည်း ငါဘုရား မဟောဘူးတဲ့ (မှန်ပါ့)၊ နှစ်ချက်ရှိသွားပြီ၊ သဘော ပါပလား (ပါပါပြီ ဘုရား)။

တစ်ခါသွားဦး ဒုက္ခဝေဒနာလည်း မရှုဘဲနဲ့ ဒေါသ, သောက သိမ်းလိမ့်မယ်လို့လည်း (ငါဘုရား မဟောပါ ဘူး)၊ ဒေါသ, သောက မသိမ်းဘဲနဲ့လည်း နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ငါဘုရား မဟောဘူး၊ ဒီနေရာမှာ ဘယ်လောက် အရေးကြီးအောင် ဟောထားသတုံး (ဟောထားပါတယ် ဘုရား)။

ဥပေက္ခာဝေဒနာ မရှုဘဲနဲ့ မောဟသိမ်းလိမ့်မယ်လို့ ငါဘုရား မဟောဘူးတဲ့ (မှန်ပါ့)၊ မောဟမသိမ်းဘဲနဲ့လည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့လည်း ငါဘုရား မဟောဘူးတဲ့ (မှန်ပါ့)။

ဝေဒနာသုံးပါး လှည့်ရှုရမယ်

ဒီလိုဆိုတော့ ဒကာ ဒကာမတွေ ဝေဒနာသုံးပါး လှည့်ရှုရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြင့် ဒကာကြွယ် ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)။

ဝေဒနာသုံးပါး ဘာလုပ်ရမလဲ (လှည့်ရှုရပါမယ် ဘုရား)၊ လှည့်ရှုရမယ်ဆိုတော့ ဒကာ ဒကာမတွေက ဪ ဟိုလှည့်လိုက် ဒီလှည့်လိုက်နဲ့ ဒီလိုများရှုနေရင် ခက်သေးတယ် (မှန်ပါ့ ဘုရား)။

ဒီလိုလှည့်ရမှာ မဟုတ်ဘူး ဒကာ ဒကာမတွေရဲ့နော် (မှန်ပါ့)၊ ဝေဒနာက သူပေါ်ချင်ရာပေါ်တာ၊ ကိုယ်က ဉာဏ်နဲ့ တည့်မိအောင် တည့်ပါ (မှန်ပါ့)။

ဝေဒနာက (သူပေါ်ချင်ရာပေါ်ပါတယ် ဘုရား)၊ သူပေါ်ချင်ရာပေါ်မှာပဲ၊ အဲဒါ ကိုယ်ကဉာဏ်နဲ့ ကြည့်ရမယ် (မှန်ပါ့ ဘုရား)။

ဝေဒနာက အလှည့်နဲ့ပေါ်တာ ကိုယ်က မလိုက်နိုင်လို့ ခက်နေတယ် ဒီနည်းမလုပ်ပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာက သူပေါ်ချင်ရာပေါ်တယ်၊ တစ်ခါတလေ သုခချည်း ထပ်ပေါ်ချင်ပေါ်တာ (မှန်ပါ့)၊ ဒုက္ခချည့်ကော (ထပ်ပေါ်ချင် ပေါ်တာပါဘုရား)၊ ဥပေက္ခာချည့်ကော (ထပ်ပေါ်ချင် ပေါ်တာပါ ဘုရား)။

သူပေါ်ချင်ရာ ပေါ်တယ် တဲ့၊ ပေါ်ပင်ပေါ်ငြားသော်လည်း ခင်ဗျားတို့ပေါ်တာနဲ့ ဉာဏ်နဲ့မခွဲရင် ပြီးတာ ပဲ (မှန်ပ့ါ ဘုရား)။

ပေါ်တာနဲ့ ဉာဏ်နဲ့ (မခွဲရင် ပြီးပါတယ်ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဆဆက္ကသုတ်မှာ ခုနင်ကပြောခဲ့တဲ့ သုခဝေဒနာ မရှုဘဲနဲ့ တဏှာသေလိမ့်မယ်လို့ ငါဘုရား မဟော ဘူးတဲ့၊ တဏှာမသေဘဲနဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့လည်း ငါဘုရား မဟောပါဘူး တဲ့ ရှင်းပြီနော် (ရှင်းပါ ပြီ ဘုရား)။

ဒုက္ခဝေဒနာ မရှုပဲနဲ့လည်း ဒေါသ, သောက သေလိမ့်မယ်လို့ ငါဘုရား မဟောပါဘူး တဲ့၊ ဒေါသ, သောက မသေဘဲနဲ့ နိဗ္ဗာန်ရောက်လိမ့်မယ်လို့ ငါဘုရား မဟောဘူး တဲ့၊ ကဲ မဟောဘူးချည့်ပဲ လာတယ် (မှန်ပါ့)။

ဥပေက္ခာဝေဒနာနဲ့ မရှုဘဲနဲ့ မောဟသေလိမ့်မယ် လို့ ငါဘုရား မဟောဘူး တဲ့၊ မောဟမှ မသေဘဲနဲ့ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်လိမ့်မယ်လို့ ငါဘုရား မဟောပါဘူးတဲ့။

ရောက်လိမ့်မယ်လို့ ငါဘုရားမဟောပါဘူးဆိုတော့ ဒကာကြွယ် တန်းကုန်ပြီ (ကုန်ပါပြီ ဘုရား)။

ဒါဖြင့် ဝေဒနာလည်း သူ့နေရာနဲ့သူ အရေးကြီးတယ် (မှန်ပါ့)၊ မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ရင့်ကျက်လာရင် ဖြစ်ပျက်တွေ့ပါလိမ့်မယ်

ကိုင်း ဒါဖြင့် ဒီဝေဒနာ တပည့်တော်တို့ ဘယ်လိုရှုရမှာတုံးဘုရား ဆိုတော့ ပထမတော့ ဒကာ ဒကာမတို့ ဝေဒနာပဲ တွေ့ချင်တွေ့မယ်၊ နောက်တော့ ခင်ဗျားတို့ ရင့်ကျက်လာရင် ဖြစ်ပျက်တွေ့ပါလိမ့်မယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ရင့်ကျက်လာတဲ့အခါ (ဖြစ်ပျက်တွေ့မှာပါ ဘုရား)၊ ဖြစ်ပျက်တွေ့လိမ့်မယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အဲ ဖြစ်ပျက်တွေ့လို့ရှိရင်ဖြင့် မုန်းတဲ့ဉာဏ်ဟာ သူ့ဟာသူ လိုက်လာလိမ့်မယ် (မှန်ပါ့)၊ လိုက်လာလို့ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ဝေဒနာ ရှာမတွေ့တော့ဘူး ဆိုတော့ ခန္ဓာကိုယ်ကြီးဟာ ဘာခန္ဓာတဲ့ (ဒုက္ခခန္ဓာ ပါ ဘုရား)၊ ဝေဒနာက္ခန္ဓာ (မှန်ပ့ါ ဘုရား)။

ဝေဒနာက္ခန္ဓာဟာ ဝေဒနာသေသွားတော့ ဒီခန္ဓာရှိဦးမှာလား (မရှိပါ ဘုရား)။

အဲ ဝေဒနာဆုံးသည့်တိုင်အောင် လိုက်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝေဒနာအဆုံးဟာ နိဗ္ဗာန်ပဲ (မှန်ပါ့ ဘုရား)။

ဝေဒနာအဆုံးဟာ နိဗ္ဗာန်

ဝေဒနာအဆုံးဟာ (နိဗ္ဗာန်ပါ ဘုရား)၊ ဝေဒနာက သူဝေဒနာက္ခန္ဓာကြီးကိုး (မှန်ပါ့)၊ ဒါတွေဆုံးသွားပါတယ် ဆိုကတည်းက ဒကာကြွယ် ဘာခေါ်မယ် (နိဗ္ဗာန်ပါ ဘုရား)၊ ခန္ဓာပါ ဆုံးပြီးပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)၊ ဒါကြောင့်

”ဝေဒနာနံ ခယော ဘိက္ခု နိစ္စတော ပရိနိဗ္ဗုတော” ဝေဒနာနံ=ဝေဒနာတို့၏၊ ခယော=ကုန်အောင် ရှုနိုင်သော၊ ဘိက္ခု=ရဟန်းသည်၊ နိစ္စတော=နောက်က တဏှာမရှိသည်ဖြစ်၍၊ မဂ်ဝင်လိုက်တော့ တဏှာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ပရိနိဗ္ဗုတော တဲ့၊ ခန္ဓာပင်ရှိငြားသော်လည်း ကိလေသာ သေပေါ့လို့ မှတ်လိုက် (မှန်ပါ့)။

ခန္ဓာပင်ရှိငြားသော်လည်း (ကိလေသာသေပါတယ် ဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာဟာ အရှာများ ခက်နေသလား (မခက်ပါ ဘုရား)၊ လုပ်ကြည့်မှ သိတယ်နော် (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့ ယားလို့ရှိရင် ဘာဝေဒနာတုံး (ဒုက္ခဝေဒနာပါ ဘုရား)၊ ကောင်းပြီ စားကောင်းလိုက်တာ ဆိုတော့ (သုခဝေဒနာပါ ဘုရား)၊ ဒီအတိုင်းကောင်းတာလည်း မပါဘူး၊ ဆိုးတာလည်း မပါဘဲနဲ့ ဒီအတိုင်း နေတဲ့အခါ ကျတော့ ရှူရှိုက်နေရင် (ဥပေက္ခာဝေဒနာပါ ဘုရား)၊ ဥပေက္ခာဝေဒနာဖြစ်နေတယ်၊ ရှုစာမရှိတဲ့အခါ ပါသေးရဲ့လား (မပါပါ ဘုရား)။

အဲဒါကြောင့် ဘဝပေါင်းငါးရာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ မယ်တော် ခမည်းတော်ဖြစ်ခဲ့တဲ့ နကုလ ပိတာကို ဘုရားက ဟောခဲ့တာ ဒကာကြီး တဲ့၊ သတ္တဝါတစ်ယောက်မှာ ဝေဒနာကင်းတယ်ဆိုတာ လူမိုက်တဲ့ (မှန် ပါ့ ဘုရား)။

သတ္တဝါတစ်ယောက်မှာ ဝေဒနာကင်းတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူထားရင် (လူမိုက်ပါ)၊ ဒကာကြွယ် ရှင်းပ လား (ရှင်းပါပြီ ဘုရား)။

သတ္တဝါတစ်ယောက် တစ်ယောက်မှာတဲ့ ဝေဒနာကင်းပါတယ်လို့ သူ့စိတ်ထဲထင်နေလို့ရှိရင်ဖြင့် ဘာတုံး (လူမိုက် ပါ)၊ လူမိုက် မသိတဲ့ပုဂ္ဂိုလ်မို့ပါ (မှန်ပါ့)၊ ဘယ်သူမှ ဝေဒနာမကင်းဘူး (မှန်ပါ့)၊ ရှင်းပြီနော် (ရှင်းပါပြီ)၊ ဝေဒနာအကုန် ကင်းရင် နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာ အကုန်ကင်းလို့ရှိရင် (နိဗ္ဗာန်ပါပဲ)၊ နိဗ္ဗာန်ပဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကုန်အောင် လိုက်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဝေဒနာကုန်အောင် လိုက်ရပါမယ်

ဘယ်လိုပါလိမ့် (ဝေဒနာကုန်အောင် လိုက်ရပါမယ် ဘုရား)၊ ဝေဒနာကုန်အောင် လိုက်ရပါမယ် ဒကာ ဒကာမတို့ ပထမတော့ ဖြစ်ပျက် တော်တော်ကြာကျတော့ ဖြစ်ပျက်ဝေဒနာတွေမုန်း၊ တော်တော်ကြာကျတော့ ဖြစ်ပျက် ဝေဒနာတွေဟာ ဪ ဝေဒနာဆိုတာသည်ကားလို့ဆိုရင် ဒုက္ခသစ္စာ (မှန်ပါ့)၊ သတ္တဝါဟူသရွေ့မှာဖြင့် အသေသတ် နေတာ ဝေဒနာချည့်မှတ် (မှန်ပါ့ ဘုရား)။

သတ္တဝါသတ်တာ ဘယ်သူပါလိမ့် (ဝေဒနာပါ)၊ ဒကာကြွယ် မသာ ပို့ဖူးရဲ့လား (ပို့ဖူးပါတယ် ဘုရား)၊ မေး တော့ ဒကာကြွယ်တို့ ပါးစပ်က ဘယ့်နှယ်မေးသတုံး ဘာဝေဒနာတုံး (မှန်လှပါ ဘုရား)။

ဦးလှဘူးတို့ ဘယ်လိုမေးသတုံး (ဘာဝေဒနာတုံးလို့ မေးပါတယ် ဘုရား)။

မသာ့ရှင် မေးတဲ့အခါကျလို့ဖြစ်စေ၊ မသာ့ အိမ်နီးချင်း မေးတဲ့အခါဖြစ်စေ ဘယ်လိုမေးလေ့ရှိပါလိမ့် (ဘာ ဝေဒနာတုံးလို့ မေးပါတယ်ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့၏ ခန္ဓာကိုယ်ထဲမှာ သူသတ်သမားရှိတယ် (မှန်ပါ့)၊ ဝေဒနာ ဟာ ဘာပါလိမ့် (သူသတ်သမားပါ ဘုရား)။

ဝေဒနာဟာ သူသတ်သမား

ဝေဒနာဟာ သူသတ်သမားဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒကာကြွယ် နေရာကျပလား (ကျပါပြီ)။

တစ်ခါတလေ ဝမ်းသာလွန်းအားကြီးလို့ တက်သေသွားတဲ့ပုဂ္ဂိုလ် ရှိသေးတယ် (ရှိပါတယ်)၊ သုခဝေဒနာ သတ်ချလိုက်တာ (မှန်ပါ့)၊ ဝမ်းသာတာနဲ့ပဲ တစ်ခါတည်း ဥပမာမယ် အသပြာတစ်ရာကို ဆယ်မှမကိုင်ဘူးတဲ့ ပုဂ္ဂိုလ် ဟာ သောင်းကိုးထောင်, သိန်းကိုးသောင်း ရတယ်ဆိုရင် ဒကာကြွယ်ရေ ဝမ်းသာသွားတာနဲ့ပဲ တက်သွားတယ် (မှန်ပါ့)၊ တက်ပြီးပြန်ဆည်လို့ရသေးရဲ့လား (မရပါ ဘုရား)။

အဲ-မရတဲ့ပုဂ္ဂိုလ်ကျလို့ရှိရင် ဘာဝေဒနာ သတ်ပါလိမ့် (သောမနဿဝေဒနာ သတ်ပါတယ် ဘုရား)။

တစ်ခါတလေကျတော့ တချို့ ဒကာမတွေ ကြည့်စမ်း စိတ်သိပ်ကြီးတယ်၊ ယောကျ်ားနဲ့ ရန်ဖြစ်တယ်ဆိုရင် တက်တာနဲ့ ချောသွားတာရှိသေးတယ် (မှန်ပါ့)၊ မရှိဘူးလား ရှိသလား (ရှိပါတယ ဘုရား)။

အဲဒါကျတော့ တချို့လည်း ခြေမချိုးလို့မှ မရအောင် တက်သွားတဲ့ပုဂ္ဂိုလ်တွေကျတော့ ဘာဝေဒနာသတ်လိုက် ပါလိမ့် (ဒေါမနဿဝေဒနာ ဒေါမနဿ သတ်ပါတယ်)၊ ဒေါမနဿဝေဒနာ သတ်လိုက်တယ်ဆိုတာ သဘောကျပလား (ကျပါပြီ)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒေါမနဿဝေဒနာများ ရှိကြရဲ့လား (ရှိပါတယ်)၊ အင်း သတ်လိမ့်မယ်နော် သတိထား (မှန်ပါ့ ဘုရား)။

သတ်လိမ့်မယ် ဒီဥစ္စာ၊ သူတို့က ခင်ဗျားတို့သန္တာန်မှာ တစ်ဝေဒနာပြီး တစ်ဝေဒနာ၊ သတ်မည့်ဝေဒနာတွေ က သူသတ်မည် ငါသတ်မည်နဲ့ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

တစ်ခါတလေကျတော့ မျက်လုံးထဲ ဘာဝေဒနာပေါ်ကြသလဲ (ဥပေက္ခာဝေဒနာ ပေါ်ပါတယ်)၊ အင်း ဥပေက္ခာ ဝေဒနာနဲ့ ဟိုက သစ်ပင်ကြီးကိုပဲ ဘီလူးကြီးလို့ထင်ပြီး လန့်ပြီး သေသွားတာ ရှိသေးတယ် (မှန်ပါ့)၊ အဲဒါကျတော့ ဘာဝေဒနာက သတ်လိုက်သလဲ (ဥပေက္ခာဝေဒနာက သတ်ပါတယ် ဘုရား)။

အင်း-ခင်ဗျားတို့ မျက်လုံး သိပ်မဖွင့်နဲ့ (မှန်ပါ့)၊ မတော် ဒီဥပေက္ခာဝေဒနာကနေပြီး မင်းကိုသတ်ရမယ်ဆိုပြီး ဥပေက္ခာဝေဒနာကနေပြီး သတ်လို့ ဒကာ ဒကာမတို့ သုသာန်ပို့လိုက်ရတာလည်း တစ်ပုံကြီး (မှန်ပါ့ ဘုရား)။

ဒကာကြွယ်ရေ အသုဘပို့တဲ့အခါမှာ လန့်သေတာပဲ (မှန်ပါ့)၊ ဟော လာပြီဗျာ (မှန်ပါ့)၊ လန့်သေတာပဲဆိုတော့ ဘာဝေဒနာက သတ်လိုက်သလဲ (ဥပေက္ခာဝေဒနာက သတ်ပါတယ် ဘုရား)။

နားထဲ ကြားတယ်ပဲ ထားပါဦးတော့ လန့်သေတယ်ဆိုတော့ ဘာတုံး (ဥပေက္ခာဝေဒနာပါ)၊ ဥပေက္ခာဝေဒနာ ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း-အစားမှားလို့ သေသတဲ့ဆိုတာကော (ဥပေက္ခာဝေဒနာပါ)၊ လျှာပေါ်မှာ ဥပေက္ခာဝေဒနာကြောင့် (သေ ပါတယ် ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ သူသတ်သမား ဘယ်နှစ်ယောက်ရှိသတုံး (သုံးယောက်ရှိပါတယ် ဘုရား)။

သူသတ်သမား သုံးယောက်သတ်မှ သေမှာလား တစ်ယောက်တည်းသတ်တာနဲ့ သေရမှာလား (တစ်ယောက် တည်း သတ်တာနဲ့ သေရမှာပါ ဘုရား)။

ဝေဒနာကုန်အောင် ရှုဟေ့

ဒါ့ကြောင့် ဘုရားက ဝေဒနာကုန်အောင် ရှုဟေ့၊ ဒါမှ အသေလွတ်တဲ့ နိဗ္ဗာန်ရောက်မှာ (မှန်ပါ့ ဘုရား)။

ဝေဒနာရှိသရွေ့ ကာလပတ်လုံး တစ်နေ့နေ့တော့ဖြင့် ခင်ဗျားတို့ သူနဲ့ပဲ ဝိညာဏ်ချုပ်ရလိမ့်မယ်ဆိုတာ အောက် မေ့ပါ (မှန်ပ့ါ ဘုရား)။

ဒကာသစ် ကိုယ့်ကိုယ်လည်း စမ်းကြည့်ဦးဗျ (မှန်ပါ့)၊ ဝေဒနာ ဘယ်နှစ်မျိုးရှိနေသတုံး (သုံးမျိုးရှိပါတယ်)၊ ခင်ဗျားတို့ ကုသိုလ်ဖြစ်လာအောင် စောင့်ရှောက်နေတာလား၊ သတ်မလို့လား (သတ်မလို့ပါ)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တစ်ခါတလေကျတော့လည်း ဝေဒနာက အစားမှားတယ်ဆိုရင် အစာကျေဆေးနဲ့ တောင်းပန်ရတယ် (မှန်ပါ့)၊ ဒါက ဥပေက္ခာဝေဒနာ တောင်းပန်ရတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဝမ်းသာလွန်းတယ်ဆိုလို့ရှိရင်လည်း ဒကာ ဒကာမတွေ ခြောက်လှန့်ပြီး ကလေးတွေ မင်းတို့ အူမြူးလှတယ် သေချင်လို့ ငိုတယ်လို့ ထင်တယ်ဆိုပြီး ခြောက်လှန့်ပေးရတယ် (မှန်ပါ့)၊ မတော်-သောမနဿဝေဒနာ သတ်တာနဲ့ သေသွားမှာစိုးလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ခါတလေ ဥပေက္ခာဝေဒနာနဲ့ ဟိုသွား-ဒီသွား မသွားနဲ့ လန့်တတ်တယ်ဆိုတာလည်း ဥပေက္ခာဝေဒနာ သတ်မှာစိုးလို့ ပြောနေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒီတရားပွဲထဲ ဝေဒနာကင်းတဲ့ပုဂ္ဂိုလ် ပါကြရဲ့လား (မပါပါ)၊ အင်း ဒါဖြင့် တယ်ကြာကြမယ် မဟုတ်ပါဘူး (မှန်ပါ့)၊ သူသတ်သမား တစ်ယောက်တစ်ယောက်မှာ ဘယ်နှစ်ယောက်စီ ရှိသတုံး (ဆယ့်နှစ်ယောက်စီ ရှိပါတယ်)၊ ကိုယ်စီကိုယ်ငှပဲ မဟုတ်လား (ကိုယ်စီကိုယ်ငှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ လူ့ပြည်ဆုတောင်းလည်း ငါတို့လိုက်ခဲ့ဦးမယ် (မှန်ပါ့)၊ ဝေဒနာသုံးပါး သူသတ်ယောကျ်ားကလေ (မှန် ပါ့)၊ နတ်ပြည်ဆုတောင်းရင်ကော (ငါတို့လိုက်ခဲ့ဦးမယ် ဘုရား)။

ငါတို့လိုက်ခဲ့ဦးမယ်ဆိုတော့ ခင်ဗျားတို့က ဒီအသေတွေကို အားမရလို့ ဟိုဘုံသွားပြီး သကာလ မသာလောင်း ဖြစ်ရချင်သေးသလားဆိုတာ မေးရတော့မယ် (မှန်ပါ့)၊ မမေးသင့်ဘူးလား မေးသင့်သလား (မေးသင့်ပါတယ်)၊ ဒကာ ကြွယ် သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတို့ ယနေ့ဝေဒနာသည် အင်မတန်အရေးကြီးတဲ့ ရှုနည်းတွေလည်း ပြောပြီးပါပြီ (မှန်ပါ့)၊ ဝေဒနာသတ်လို့ တစ်သံသရာလုံး သေပွဲဝင်ခဲ့ရတာလည်း မဆုံးခဲ့ပါဘူး (မှန်ပါ့)။

ဝေဒနာကို ဖြစ်ပျက်ရှု

ဒီဝေဒနာနဲ့ဖြင့် အဖော်မလုပ်ဘဲနဲ့ ဝေဒနာကို ဖြစ်ပျက်ရှု (မှန်ပါ့)၊ ဝေဒနာဖြစ်ပျက်မုန်းအောင် (ရှုရပါမယ် ဘုရား)။

ဝေဒနာဖြစ်ပျက်ကို ဆုံးအောင် ဒကာ ဒကာမတွေ လိုက်မှ ‘ဝေဒနာနံ ခယောဘိက္ခု နိစ္စတော ပရိနိဗ္ဗုတော’ ဆိုတဲ့ဥစ္စာ ဝေဒနာဆုံးမှ တဏှာဆုံးပြီး နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့)၊ ဝေဒနာမဆုံးဘဲနဲ့ တဏှာကော (မဆုံးပါ ဘုရား)၊ မဆုံးရင် နိဗ္ဗာန်ရောက်စရာကော မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါ့ကြောင့် ယနေ့တရားမှာဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးခု လှည့်ရှု (မှန်ပါ့)၊ သဘောပါကြပလား (ပါပါ ပြီ ဘုရား)။

ကိုင်း နာရီစေ့ပြီ၊ တော်ကြဦးစို့။

သာဓု သာဓု သာဓု။