11613

မာတိကာသို့

ခိုကိုးရာ, အားထားရာ, မှီခိုရာအစစ် ရှာသင့်ကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

(ခိုကိုးရာ, အားထားရာ, မှီခိုရာအစစ် ရှာသင့်ကြောင်း)နေ့အလုပ်ပေး တရားတော်

(၈-၈-၆၁)

တရားနာကြတဲ့ ဒကာ ဒကာမတွေ ပင်လယ်ထဲ သင်္ဘောပျက်တဲ့အခါကျလို့ရှိရင်ဖြင့် တုံးလည်းမတွေ့- ဖောင် လည်းမတွေ့- ကျွန်းလည်းမမြင်ရ- ကမ်းလည်းမမြင်ရ ဆိုရင်တော့ဖြင့် ကိုးကွယ်ရာမဲ့ဖြစ်ကြမယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး (မလိုပါ ဘုရား)။

ပင်လယ်ထဲ သင်္ဘောပျက်တဲ့ ပုဂ္ဂိုလ်သည်ကား လို့ ဆိုလို့ရှိရင်ဖြင့် ဖောင်လည်းမတွေ့-တုံးလည်းမတွေ့၊ ကမ်းလည်းမတွေ့-သောင်လည်းမတွေ့ဆိုရင်ဖြင့် ကူးချင်ရာ ကူးငြားသော်လည်း မှန်းခြေပေါက် ဘယ်နေရာမှမရှိလို့ ကိုးကွယ်ရာမရှိသောကြောင့် မြုပ်ခြင်း, မျောခြင်းကို လမ်းဆုံးရတယ်ဆိုတာ ဒကာကြွယ်တို့ ငြင်းဖို့ မလိုဘူး (မလိုပါ ဘုရား)။

ကိုးကွယ်ရာကလေးတော့ကွာ ရှာထားကြ

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အင်္ဂုတ္တိုရ်ပါဠိတော်မှာ

”သနာထာ ဘိက္ခဝေ ဝိဟရထ၊ မာအနာထာ၊ အနာထော ဘိက္ခဝေ ဒုက္ခံဝိဟရတိ ”လို့ ဟောတော်မူတယ် (မှန်ပါ့ ဘုရား)။

ဘိက္ခဝေ=ငါ၏ ချစ်သားသမီးများတို့၊ သနာထာ=ကိုးကွယ်ရာ ရှိကြကုန်သည် (ဝါ) အားကိုးစရာ ရှိကြကုန်သည်၊ ဟောထ=ဖြစ်ရစ်ကြကုန်လော့ (မှန်ပါ့)။

မင်းတို့ ကိုးကွယ်ရာ အားထားရာကလေးတော့ကွာ ရှာထားကြဟေ့၊ ကိုးကွယ်ရာ အားထားရာတော့ ရှာထား ပါ (မှန်ပါ့ ဘုရား)။

မာ အနာထာ=ကိုးကွယ်ရာ အားထားရာ မရှိကြကုန်သည် မဖြစ်ကြပါကုန်လင့်၊ ကိုးကွယ်ရာမဲ့ အားထားရာ မဲ့ဖြင့် မင်းတို့ မနေပါနဲ့ဆိုတဲ့အကြောင်း မှာတော်မူတယ် (မှန်ပါ့)။

ကိုးကွယ်ရာမရှိဘဲနဲ့ နေခဲ့လို့ရှိရင်ဖြင့် မင်းတို့သည်ကား လို့ဆိုရင်ဖြင့် ဒုက္ခပင်လယ် ဝေရစ်မှာပဲ တဲ့ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုးကွယ်ရာ အားထားရာ တစ်ခုခုတော့ ကျုပ်တို့ ရှိရတော့မှာပဲ (မှန်ပါ့)၊ ရှိတဲ့အထဲ မှာလည်း စဉ်းစားရလိမ့်မယ်နော်၊ အင်း ဒါနလုပ်ထားတာပဲ ဆိုပြန်တော့လည်း သက္ကယဒိဋ္ဌိမပြုတ်တော့ ဒါန ဖောင် သင်္ဘောနစ်နေတဲ့ သံသရာ့ခရီးသည်မှာ ဒါနဖောင် အားကိုးပြန်တော့လည်း ဝါးဖောင်ဖြစ်နေတော့လည်း ခုနစ်ရက်လောက်ပဲ ဝါးက လှိုင်းလေ ဂယက်ခံနိုင်ပြီး သကာလ တော်တော်ကြာ ဗလဖွာကျဲ၍ လူပါမြုပ်ခြင်း, မျော ခြင်းထဲ ရောက်ရမယ် (မှန်လှပါ)။

မဂ္ဂင်ဖောင်ကိုသာ ကိုးစားရာရှိကြပါစေ

ထို့အတူ သီလ, ဖောင်တွေ အားကိုးလိုက်ပြန်လည်း လုံးလုံး ကိုးစားလောက်တဲ့အဖြစ်က မဖြစ်သောကြောင့် ဒကာ ဒကာမတို့ မပျက်စီးနိုင်တဲ့ မဂ္ဂင်ဖောင်ကိုသာ ကိုးစားရာ အားထားရာရှိကြပါစေဆိုတဲ့ အကြောင်းကို ဘုရား သခင် ကိုယ်တော်မြတ်ကြီးသည် မှာတော်မူတယ် (မှန်ပါ့)။

သံသရာ့ခရီးသည်ဆိုတော့ ဒကာ ဒကာမတို့ သံသရာထဲမှာ ကန့်သတ်မရှိ သွားနေရတဲ့ပုဂ္ဂိုလ် (မှန်ပါ့)၊ ခိုကိုးရာ အားထားရာ မတွေ့ပြီဆိုမှဖြင့်လည်း အလွန် အားငယ်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီအားငယ်တဲ့ဥစ္စာမှာ ဟာ ငါတို့ ကိုးစားရာ တစ်ခုခုတော့ ရှိပါစေတော့ဆိုပြီး ရမ်းပြီး အားကိုးလိုက် ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတို့ မခိုင်မမြဲတဲ့ ဖောင်တွေ တွေ့မယ်ဆိုလို့ရှိရင်လည်း ခဏယာယီ သက်သာမှုတော့ ရှိမှာပဲ (မှန်ပါ့)၊ စိတ်ချလက်ချ ခိုကိုးရပြီ၊ ကိုးကွယ်ရပြီ စိတ်ချရပြီဆိုတာ ဒကာကြွယ်တို့, ဦးလှဘူးတို့ မရှိနိုင်ဘူး (မရှိပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လေးစားစွာနဲ့ သတိပေးလိုက်တာကဖြင့် မဂ္ဂင်ဖောင်မှတစ်ပါး နိဗ္ဗာန်ကို မြင်ပြီး သကာလ ကိုးစားရာ အားထားရာအစစ်ဖြစ်တဲ့ တရားဟာဖြင့် သူပဲ အကြီးအကျယ် အခမ်းနားဆုံး မပျက်မစီး ခိုင်မြဲတဲ့ နိဗ္ဗာန်ကို သူပဲ မဂ္ဂင်သင်္ဘောနဲ့ ကူးခတ်နိုင်တယ် ၊ မဂ္ဂင်ဖောင်ကြီးနဲ့ သွားနိုင်တယ်ဆိုတဲ့ဥစ္စာ သူ့ကိုပဲ ကိုးစားရာ အားထားရာ လုပ်ရလိမ့်မယ် (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

သေရမည့်ကိစ္စဆိုတာ လူတိုင်း၏ကိစ္စ

အဲဒီတော့ ဒီဒကာ ဒကာမတွေမှာ သေရမည့်ကိစ္စဆိုတာ လူတိုင်း၏ကိစ္စ (မှန်ပါ့)၊ သေရမည့်ကိစ္စဆိုတာ (လူတိုင်း၏ ကိစ္စပါ ဘုရား)။

လူတိုင်း၏ ကိစ္စဖြစ်နေတော့ သေရတဲ့အခါကျလို့ရှိရင်ဖြင့် တောင်ဆွဲ မြောက်ဆွဲပြီး မဆွဲရအောင် (မှန်ပါ့)၊ တောင်ဆွဲ မြောက်ဆွဲ မဆွဲရအောင် ဒကာ ဒကာမတို့သည် ကိုယ့်ခန္ဓာကိုယ်ရှုပြီး သကာလ ဪ အနိစ္စခန္ဓာကိုယ် ကြီးပါလားဆိုရင် မဂ္ဂင်ရောက်လာပြီ (မှန်လှပါ)၊ ဪ ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးပါလားဆိုတော့ ဝမ်းထဲ မဂ္ဂင် ရောက်ပြီ (မှန်ပါ့)။

သေခါနီး အခါကာလမှာပဲ ဗြုန်းခနဲ သေမယ့်ပုဂ္ဂိုလ် မဟုတ်တဲ့ အချိုးအစားတွေက ရှိသေးတယ် (မှန်လှပါ)၊ ထိုကဲ့သို့ ရှိတဲ့အခါကျတော့ ကိုင်း ငါသည်ကားလို့ဆိုရင်ဖြင့် ဘဝမကူးလိုတော့ပါဘူး၊ ဘဝဆိုတာသည်ကားဆိုရင် ကူးလိုက်ရင် ဒုက္ခသစ္စာရမှာ ဧကန်သိ တကယ်ရှိဖြစ်နေတော့ သူ့စိတ်ထဲ မကူးလိုတော့ပါဘူး၊ ဒုက္ခသစ္စာကြီး လှမ်းပြီး သကာလ မလိုချင်တော့ပါဘူးဆိုတဲ့ဉာဏ်တွေ အဲဒီ့အချိန်မှာလည်း ပေါ်ပြီး သကာလ ဝိညာဏ်ချုပ်ကားနီးနဲ့ မဂ်ရတာ နဲ့လည်း တစ်ပြိုင်နက် ဖြစ်သေးတယ် (မှန်လှပါ ဘုရား)။

ဝိညာဏ်ချုပ်ကာနီးနဲ့ မဂ်ရတာနဲ့ သမသီသီ ရဟန္တာဖြစ်နိုင်သေးတယ်ဆိုတာ ယခုလို စောစောစီးစီး လုပ်ထား တဲ့ ပုဂ္ဂိုလ်ဆိုတာပါ (မှန်လှပါ)။

အဲဒီပုဂ္ဂိုလ်ကျလာတော့ ဒကာ ဒကာမတို့ ကိုးစားရာ, အားထားရာ အစစ်ဖြစ်တဲ့ မဂ္ဂင်ဖောင်ကြီးနဲ့ သေသေ ချာချာ တွေ့ပြီး သကာလ နေတော့ ဖျတ်ဆို နိဗ္ဗာန်မြင်ပြီး သကာလ ဪ တစ်သံသရာလုံး မြုပ်-မျောနဲ့ နေခဲ့ တာဖြင့် မြုပ်-မျောဇာတ်သိမ်းပြီး သကာလ ခိုကိုးရာ အားထားရာရှိတဲ့ နိဗ္ဗာန်သောင်ကမ်းကြီးဖြင့် မြင်ရပြီ၊ ရောက်ရ ပြီ၊ တွေ့ရပြီဆိုပြီး ပြုံးပြီးတော့ ဝိညာဏ်ချုပ်ပါတယ် (မှန်ပါ့)။

ပြုံးပြီးတော့ ဝိညာဏ်ချုပ်ပါတယ်

ပြုံးပြီးတော့ (ဝိညာဏ်ချုပ်ပါတယ် ဘုရား)၊ ပြုံးပြီးတော့ ဝိညာဏ်ချုပ်တယ်လို့ဆိုတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကား လို့ဆိုရင် ခိုကိုးရာ စောစောကလုပ်ထားလို့ (တစ်နည်း) ခိုကိုးရာအရှိန် အတော်ကြီးတာ နဲ့ သေခါနီး အပြင်းအထန် လုပ်လိုက်တာနဲ့လည်း မဂ္ဂင်ဉာဏ်ကြီး ‘စက္ခုံ ဥဒပါဒိ’ဆိုတဲ့ မဂ္ဂင်ဉာဏ်ကြီးဟာ ပေါ်ပေါက် ပြီး သကာလ ပြုံးနိုင်ကြတယ် (မှန်ပါ့)။

အဲဒီတော့ ဒကာ ဒကာမတို့ကို ခဏခဏသတိပေးတယ်၊ ပြုံးသေ,မဲ့သေဆိုတာ ခိုကိုးရာမရှိတဲ့ပုဂ္ဂိုလ်မှာ တွေ့ တဲ့ ခိုကိုးရာကလည်း ကြောက်စရာကြီးဖြစ်နေတော့ မဲ့ပြီး ဝိညာချုပ်ရတယ် (မှန်ပါ့)။

အခုလို ဝိပဿနာအလုပ်တွေ လုပ်ပြီး သကာလ မဂ်မဆိုက်ချင်နေဦး သေခါနီးမှာဖြင့် တကယ် ကြိုးစားတော့ မယ်ဆိုတဲ့စိတ်က မလွှဲသာလို့ အကြီးအကျယ် ကြုံတဲ့အခါကျလို့ရှိရင် မလုပ်မဖြစ်ဘူးဆိုတဲ့ ဝီရိယတွေ ပြင်းထန်, ပညာဉာဏ်တွေ တက်လာမယ်ဆိုလို့ရှိရင်လည်း ချက်ချင်းပဲ ရနိုင်ပါတယ် (မှန်ပါ့)။

ချက်ချင်းရနိုင်တဲ့အတွက် ပြုံးပြီး သကာလ တစ်သံသရာလုံး မြုပ်-မျောနဲ့ နေခဲ့ရတာ မြုပ်-မျော ဇာတ်သိမ်း ပေါ့ဟ သောင်ပေါ်, ကမ်းပေါ် အေးချမ်းစွာ ရန်သူငါးတန် ဘေးမဆက်ဆံတဲ့နေရာဖြင့် ရောက်ပေါ့ဟ ဆိုပြီး သကာလ ဒကာကြွယ် ဦးလှဘူးတို့ ပြုံးပြီး ဝိညာဏ်ချုပ်တယ် (မှန်လှပါ ဘုရား)။

ပြုံးသေ,မဲ့သေ

အဲဒီတော့ ပြုံးသေ,မဲ့သေ နှစ်ပါးတို့တွင် ဒကာ ဒကာမတို့ ခိုကိုးရာဖြစ်တဲ့ အလုပ်တရား လုပ်မထားလို့ရှိရင် ဖြင့် မဲ့သေဖြစ်ကြလိမ့်မယ် (မှန်လှပါ)၊ ခိုကိုးရာအစစ်ဖြစ်တဲ့ မဂ္ဂင်အလုပ် ကျကျနနသာ ဒကာ ဒကာမတွေ လုပ်ထား ကြမယ်ဆိုလို့ရှိရင်ဖြင့် ပြုံးပြီး သကာလ အခု ခန္ဓာကြီး စွန့်ရတာ ဝမ်းမြောက်လိုက်တာ (မှန်ပါ့)၊ နောက်ခန္ဓာသစ် မရ ခြင်းကြောင့်လည်း ဝမ်းသာလိုက်တာဆိုတော့ သူ့မှာ ဝမ်းသာမှုနှစ်ခုနဲ့ပဲ ပြုံးပြီး သကာလ ဝိညာဏ်ချုပ်ရတဲ့အတွက် ဒါ ကိုးကွယ်ရာလုပ်ထားတဲ့ မဂ္ဂင်သမားကို ဆိုတာ (မှန်ပါ့)။

ကိုးကွယ်ရာ လုပ်ထားတဲ့ (မဂ္ဂင်သမားကို ဆိုတာပါ ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရမ်းပြီး သကာလ ဟိုဆွဲ-ဒီဆွဲလည်း မဆွဲရအောင် ကိုယ့်သန္တာန်မှာ မဂ္ဂင်ရှစ်ပါး ယာဉ်ရထား မဂ္ဂင်သင်္ဘောကြီး မပြိုမပျက်နိုင်တဲ့ ဘယ်လိုလှိုင်းလေဂယက်မှ တိုက်ခတ်၍ မပျက်စီးနိုင်တဲ့ မဂ္ဂင်အလုပ်ကိုဖြင့် ဦးလှဘူးတို့ ဒကာကြွယ်တို့ ကြိုးကြိုးစားစား လုပ်ထားရမယ် (မှန်ပါ့)၊ နို့မဟုတ်ရင် သေခါနီးမှ အရှက်တကွဲ အကျိုးနည်းဖြစ်တတ်တယ် (မှန်ပါ့)။

သေခါနီးမှ အရှက်တကွဲ အကျိုးနည်းကော (ဖြစ်တတ်ပါတယ် ဘုရား)။

အေး အရှက်တကွဲ အကျိုးနည်းဆိုတာ ကယ်ကြပါဦး၊ ယူကြပါဦး၊ ခွေးနက်ကြီးက လာဆွဲနေပြီ၊ ကြောက် စရာကြီး, လန့်စရာကြီးဆိုပြီး သကာလ ဒီလိုအော်အင်ပြီး ကမ္မနိမိတ်တွေထင်လို့ ဂတိနိမိတ်တွေကလည်း မဟုတ်တာ တွေ ပေါ်ပေါက်လာပြီဆိုမှဖြင့် သားမကယ်နိုင်, သမီးမကယ်နိုင်, တိုက်တာရွှေငွေ ကျောက်သံပတ္တမြား မိတ်ဆွေသင်္ဂဟ တွေကလည်း မကယ်နိုင် မယူနိုင်ဘဲနဲ့ ခိုကိုးရာမဲ့ ကိုးကွယ်ရာမဲ့ဖြစ်ပြီး သေသွားလို့ရှိရင်ဖြင့် သစ်ပင်လှုပ်ရသလိုပဲ (မှန်ပါ့)။

ဗရမ်းဗတာ ကျတယ်

သစ်ပင် အရင်းကနေပြီး အရွက်တွေ ခြောက်တဲ့အချိန်မှာ လှုပ်ချလိုက်ပြီဆိုမှဖြင့် သစ်ရွက်တွေဟာ ဗရမ်း ဗတာကျတယ် (မှန်ပါ့ ဘုရား)။

သစ်ရွက်တွေဟာ ဘာပါလိမ့် (ဗရမ်းဗတာ ကျပါတယ် ဘုရား)၊ အေး သစ်ရွက်တွေက ဗရမ်းဗတာ ကျတာသည်ကားလို့ဆိုရင်ဖြင့် လေယူရာ သွားရသလိုပဲ (မှန်ပါ့)၊ လှုပ်သောပုဂ္ဂိုလ်၏ လုံ့လပယောဂကြောင့်ပဲဆိုရင် ကော လွဲပါ့မလား (မလွဲပါ ဘုရား)။

လှုပ်သောပုဂ္ဂိုလ်၏ လုံ့လ ပယောဂ လေက တိုက်ချင်သလို တိုက်ဆိုတော့ ဒကာ ဒကာမတို့ သစ်ရွက်ဟာ မှန်းခြေပေါက်ကျရရဲ့လား (မကျရပါ ဘုရား)၊ ဗရမ်းဗတာ ကျရတယ် (မှန်လှပါ ဘုရား)။

အဲဒီ ဝိနိပါတိကဘေးဆိုတဲ့ ဗရမ်းဗတာဘေးဟာ ခိုကိုးရာမဲ့ပုဂ္ဂိုလ်၏ဘေး (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ခိုကိုးရာမဲ့ပုဂ္ဂိုလ်၏ ဗရမ်းဗတာ ဘေးတွေသင့်လာလို့ ကျုပ်တို့ ခင်ဗျားတို့ တစ်နေ့က ဥပုသ်နေ့က ဟောသလို နတ်သမီးငါးရာ ဗရမ်းဗတာ ဘေးသင့်လိုက်တာ တစ်ခါတည်း အောက်ရောက်ကုန်တယ် (မှန်ပါ့)၊ မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

ဗရမ်းဗတာ ဘေးသင့်တာ

ဟို ဥပရိမိဖုရားကြီးတို့ ဗရမ်းဗတာဘေးသင့်လိုက်တာ နောက်ချေးပိုးထိုး ပဋိသန္ဓေနေရရှာတယ် (မှန် ပါ့)။

မလ္လိကာမိဖုရားတို့ သေခါနီး ဗရမ်းဗတာ ဘေးသင့်ချလိုက်တာ အဝီစိရောက်သွားတယ် (မှန်ပါ့)။

ဒါ ဘာတုံး၊ ခိုကိုးရာမဲ့နေကြလို့ ဗရမ်းဗတာ ဘေးသင့်တာ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ခိုကိုးရာအစစ် မည်သည့်တရား ဖြစ်ပါလိမ့်မတုံး လို့ မေးတော့မှ ဪ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်သည်သာလျှင် ခိုကိုးရာအစစ်၊ ကိုးကွယ်ရာအစစ်အမှန် ဖြစ်တော့တယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဒကာ ဒကာမတို့ ကိုယ့်ခိုကိုးရာမရှိလို့ရှိရင်ဖြင့် ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ ၊ မိုးရွာတယ်ဆိုရင် ဇရပ် ကလေးမှ ဆောက်မထားတဲ့ပုဂ္ဂိုလ် ဟိုပြေးရတော့မလို ဒီပြေးရတော့မလို မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)၊ ပြေးရင်လည်း စိုရွှဲမှာပဲ (ရွှဲမှာပါ ဘုရား)။

အဲ ခိုကိုးရာမရှိတဲ့ပုဂ္ဂိုလ်မှာဖြင့် သံသရာ့ခရီးသည်ဆိုတာ ပြေးလွှားနေတာ (မှန်ပါ့)။

ဟိုပြေး-ဒီပြေးနဲ့ပဲ ရောက်ရာမမြဲ သေပွဲတွေရှိတဲ့ဆီသာ ပြေးပြီး သကာလ နေတဲ့ အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ပိုးကောင်ကလေးတွေများ သစ်ပင်ခြေရင်း ပြေးကြတယ် (မှန်ပါ့)၊ ပုတ်သင်ညိုက ဆီးဆီး-ဆီးဆီးပြီး စားတယ် (မှန်ပါ့)၊ သူတို့ကတော့ ခိုကိုးရာရယ်လို့ဆိုပြီး ပြေးရှာကြတယ် (မှန်ပါ့)၊ ပြေးပေမယ့် သူ့ကိုနိုင်တဲ့ သတ္တဝါက စားမှု သောက်မှုကိစ္စ ပြီးသွားရတယ် (မှန်ပါ့)။

ဒီမှာလည်း ဒကာ ဒကာမတို့ တစ်သံသရာလုံး လျှောက်ပြီး ပြေးလာလိုက်တာ ခင်ဗျားတို့ ခိုကိုးရာကို အစစ် လုပ်မထားတဲ့အတွက် မရဏမင်း၏ ခံတွင်းအတွင်းမှာပဲ ခန္ဓာကိုယ်တွေ ထိုးထိုးအပ်ကြရတယ် (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ခိုကိုးရာအစစ်ကို တစ်ခါမှ မတွေ့ခဲ့တဲ့အတွက် ဘာဖြစ်၊ နတ်ဖြစ်ပြန်လည်း မရဏမင်းခံတွင်း ခေါင်းစင်းပြီး တိုးဝင်လိုက်ရတယ် (မှန်လှပါ)၊ အင်း သူဌေးသူကြွယ် မင်းစိုးဖြစ်ပြန်တော့လည်း မရဏမင်းခံတွင်း ခေါင်းစင်းပြီး ဝင်လိုက်ရတယ် (မှန်ပါ့)။

ဪ ခုနင်က ပိုးပရစ်, ပိုးဟတ် အစရှိသည်တို့သည် ခိုကိုးရာရှာပြီး သစ်ပင်ခြေရင်း ပြေးလိုက်ပြန်တော့ ပုတ်သင်ညို၏ အစာ (မှန်ပါ့)။

နိုင်ရာစားပုဂ္ဂိုလ်တို့၏ အစာကော မဖြစ်ရဘူးလား (ဖြစ်ရပါတယ် ဘုရား)။

ခိုကိုးရာအစစ်ကို ရှာမတွေ့တဲ့အတွက်

ဒါ ခိုကိုးရာအစစ်ကို ရှာမတွေ့တဲ့အတွက် ခိုကိုးရာမှားတွေကြောင့် သူများပါးစပ်ထဲမှာ စားမှု သောက်မှုအဖြစ် နဲ့ လမ်းဆုံးရရှာတယ် (မှန်ပါ့)။

ကျုပ်တို့လည်း တစ်သံသရာလုံးမှာ ရှာလိုက်တဲ့ ခိုကိုးရာ အမေပဲ ခိုကိုးရမလား ၊ အဖေပဲ ခိုကိုးရမလား ဆိုပြီး သကာလ ရှာလိုက်တာ ဒကာ ဒကာမတွေ တော်တော်ကြာ အမေသေ၊ ကိုယ့်မှာ တစ်ကောင်ကြွက် ကျန်ရစ် (မှန်ပါ့)၊ အဖေသေ တစ်ကောင်ကြွက် ကျန်ရစ် (မှန်ပါ့)၊ ပစ္စည်းခိုကိုးရမလား အောက်မေ့တယ် ရန်သူငါးတန်က သိမ်းသွားတာနဲ့ ဒကာ ဒကာမတို့ ခိုကိုးရာမဲ့ ဖြစ်ရတယ် (မှန်ပါ့)။

နောက်ဆုံးပိတ် တစ်နေ့ကျလို့ရှိရင်ဖြင့် ခန္ဓာကိုယ်ပါ ဒကာ ဒကာမတို့ မရဏမင်း ပါးစပ်တွင်းမှာ ခေါင်းစင်း ပြီး ထိုးအပ်လိုက်ရတယ်ဆိုတဲ့ အဓိပ္ပာယ်က ရှင်းလင်းသွားတယ် (မှန်လှပါ ဘုရား)။

အဲဒါ ကိုးကွယ်ရာမဲ့ နေခဲ့တဲ့ ဒကာ ဒကာမတွေမို့ ဘယ်ဘဝမှာ အန္တရာယ်ကင်းလို့ ဘေးရှင်းခဲ့ပါသတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် မရဏမင်းကို တပည့်တော်တို့ ခေါင်းစင်းအပ်ရတဲ့ ဘဝချည်းပါပဲ ဘုရား ဆိုတာ ခိုကိုးရာအစစ် မတွေ့ခဲ့ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာမတွေ့ခဲ့ပါလိမ့် (ခိုကိုးရာအစစ် မတွေ့ခဲ့ပါ)၊ အခု ဒကာ ဒကာမတွေလည်း သံဝေဂတွေက ပြောရမယ် ဆိုလို့ရှိရင် မဆုံးပါဘူး ဒကာကြွယ်ရ (မှန်ပါ့)။

အမေ အားကိုးလို့လည်း ဒကာကြွယ် အခု ရှိသေးရဲ့လား (မရှိပါ)၊ အဖေ အားကိုးခဲ့တာကော (မရှိပါ ဘုရား)။

ဪ ခိုကိုးရာမဲ့ အခုဖြစ်နေပြီ (မှန်ပါ့)၊ သားတွေ, သမီးတွေ အားကိုးပြန်တော့လည်း သူတို့က မမာ တာနဲ့ သူတို့က မကျန်းမာတာနဲ့ နောက်ဆုံးပိတ် သူတို့က ခွဲခွါသွားတာနဲ့ဆိုတော့ ခိုကိုးရာအစစ် ဖြစ်ပါရဲ့လား (မဖြစ်ပါ ဘုရား)။

အင်း လောကကြီး ခိုကိုးရာ ရှာပြီးလာကြတာတွေ ပိုးမွှားတိရစ္ဆာန် ရှာသလို ရှာလာကြတာ အစစ်ကို မတွေ့ဘူး (မတွေ့ပါ ဘုရား)။

သေပွဲချည်း နွှဲခဲ့ရတယ်

အစစ်ကို မတွေ့တော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာတဲ့ သေပွဲချည်း နွှဲခဲ့ရတယ် (မှန်ပါ့)။

ဘယ်လိုဆိုကြမလဲ (သေပွဲချည်း နွှဲခဲ့ရပါတယ်)၊ သေပွဲချည်း နွှဲခဲ့ရတာဟာ ဒကာသစ်တို့ စဉ်းစားကြည့်ပါ ခိုကိုးရာအရှာလွဲလို့ (မှန်ပါ့)။

ဖျတ်ဆို ကဲကွာ လူ့ပြည် အသက်တိုလှတယ်၊ နတ်ပြည် အသက်ရှည်တယ်ကွ ၊ ဆွမ်းကလေး ကွမ်း ကလေးနဲ့ နတ်ပြည်သွားပါဦးမယ်ဆိုပြန်တော့လည်း နတ်ပြည်မှာလည်း မရဏမင်း အခွန်ဆက်ရတာပဲ (ဆက်ရပါတယ် ဘုရား)။

နတ်ပြည်သွားပြန်တော့ ဘယ်သူ့ အခွန်ဆက်ရမလဲ (မရဏမင်း အခွန်ဆက်ရပါတယ် ဘုရား)။

မရဏမင်းကလည်း ဒကာ ဒကာမတို့ ခန္ဓာကိုယ်နဲ့ အခွန်ဆက်ရပါတယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဟာ နတ်ပြည် အသက်တိုတယ် ဗြဟ္မာလုပ်ငန်း လုပ်ပါဦးမယ်ဆိုပြန်တော့လည်း ဗြဟ္မာပြည်မှာ မရဏ မင်းက ရှိလို့ အဲဒီမှာခေါင်းစင်းပြီး အပ်လိုက်ရတယ် (အပ်လိုက်ရပါတယ်)၊ ခိုကိုးရာလွဲကြတာ (လွဲပါတယ် ဘုရား)။

ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ခိုကိုးရာ အားထားရာ ကိုးကွယ်ရာ ရှိကြပါစေဆိုတာ သနာထ သုတ်ဆိုပြီး အင်္ဂုတ္တိုရ်ပါဠိတော်ကြီးမှာ သေသေချာချာ ဟောတယ် ခင်ဗျားတို့ မဂ္ဂင်အလုပ်မှတစ်ပါး အန္တရာယ် ကင်းလို့ ဘေးရှင်းတဲ့နေရာကို ပို့နိုင်တဲ့ တရားမရှိသောကြောင့် ခိုကိုးရာ အစစ်ဧကန်ဖြစ်အောင်ဖြင့် မဂ္ဂင်အလုပ် လုပ်ကြပါ (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဘာလုပ်ကြရမယ် (မဂ္ဂင်အလုပ် လုပ်ကြရပါမယ်)၊ မဂ္ဂင်အလုပ်ဆိုတာလည်း ဒကာ ဒကာမတို့ ခဏခဏ ပြောနေရတယ်နော် (မှန်ပါ့)။

ဆုတောင်းလို့ မဂ်ဖိုလ်ရတာ မဟုတ်ဘူး၊ ပွားများယူမှ မဂ္ဂင်ရမယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဆုတောင်း လို့ မဂ္ဂင်ရမှာလား ၊ ပွားများယူရမှာလား (ပွားများယူရမှာပါ ဘုရား)။

ပွားများယူမှ ရမယ်ဆိုတာ သေချာတော့ ပွားများလိုက်ရင် ဒကာ ဒကာမတို့ အမှားတွေ အကုန်ပျောက်၊ အမှန်တွေ အကုန်ရောက်လာလိမ့်မယ် (မှန်ပါ့)။

အမှန်တွေ အကုန်ရောက်ပါတယ်

ပွားများလိုက်ရင် (အမှားတွေ အကုန်ပျောက်ပြီး အမှန်တွေ အကုန်ရောက်ပါတယ် ဘုရား)။

အမှားတွေ အကုန်ပျောက်ပြီးတော့ အမှန်တွေ အကုန်ရောက်လာလိမ့်မယ်ဆိုတာတော့ဖြင့် ဒကာ ဒကာမတို့ မပွားများဘဲနဲ့ သညာကလည်း မပျောက်ပါဘူး (မှန်ပါ့)၊ သညာဝိပ္ပလ္လာသကလည်း မပျောက်၊ စိတ္တဝိပ္ပလ္လာသကော (မပျောက်ပါ)၊ ဒိဋ္ဌိဝိပ္ပလ္လာသ (မပျောက်ပါ ဘုရား)။

အေး ဒါကြောင့် မဂ်မှာ ဘာကိစ္စရှိသတုံးလို့ မေးတော့ မဂ်မှာ ဘာဝေတဗ္ဗကိစ္စရှိသကွ၊ ပွားများမှ ပြီး နိုင်တယ်ဆိုတာကိုလည်း ဒကာသစ် သေသေချာချာ ဘုရားဟောထားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒီမဂ္ဂင်ကို ပွားများတော့မယ်ဆိုတော့လည်း အနိစ္စကို နိစ္စထင်နေတယ်, နိစ္စလို့ မှတ်နေမယ်, နိစ္စလို့ သိနေမယ်, နိစ္စလို့ ယူနေမယ်ဆိုလို့ရှိရင်လည်း မယဉ်ကျေးတဲ့စိတ် (မှန်ပါ့)။

အနိစ္စကို နိစ္စထင်နေရင် (မယဉ်ကျေးတဲ့ စိတ်ပါ)၊ အနိစ္စကို နိစ္စလို့ သိနေမယ်ဆိုရင်ကော (မယဉ်ကျေးတဲ့ စိတ်ပါ)၊ မယဉ်ကျေးတဲ့စိတ်ချည်းပဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အနိစ္စကို နိစ္စလို့ အယူမှားကြီးနဲ့ ယူနေမယ်ဆိုလို့ရှိရင်လည်း မယဉ်ကျေးတဲ့ အယူပဲ (မှန်ပါ့)၊ မယဉ်ကျေးတဲ့ စိတ်ကြောင့် ဖြစ်ရတာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒါကြောင့် “စိတ္တံ ဒန္တံ သုခါဝဟံ”လို့ ဓမ္မပဒပါဠိမှာ ဟောလိုက်တယ် (မှန်ပါ့)၊ စိတ္တံ ဒန္တံ=အမှန်ကိုသိ၍ ယဉ်ကျေးသော စိတ်သည်၊ သုခါဝဟံ=နိဗ္ဗာန်ကို ဆောင်တတ်သည် (ဝါ) မဂ္ဂင်ဖြစ်သည်၊ ဟောတိ=ဖြစ်၏ဆိုတဲ့အတိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ မယဉ်ကျေးတဲ့စိတ်ကို ယဉ်ကျေးအောင်ဆိုပြီး အခု ၄-၅ ရက်ရှိနေပြီ အမှားတွေ ပြနေတာ၊ မယဉ်ကျေးတဲ့စိတ်ကြောင့် ဖြစ်ရတာ (မှန်ပါ့)၊ အမှန်တွေ ပေါ်လာမှဖြင့် ယဉ်ကျေးပေါ့ဆိုတာ အောက်မေ့ ရမယ် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ပြကြစို့တဲ့ ဒီဒကာ ဒကာမတွေကို၊ ဒီနေ့တော့ အလုပ်နဲ့တကွ သွားရမည့်နေ့ ဖြစ်နေတော့ အမှားကလေး ရှေ့ပိုင်းက ခန္ဓာငါးပါး ရုပ်နာမ့်တရားဆိုတာ ဒကာကြွယ် ဒီရှေ့နားကပေါ့ဗျာ (မှန်ပါ့)၊ မယဉ်ကျေး သေးတဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာတော့ဖြင့် အနိစ္စကို နိစ္စလို့မှတ်ပြီး အမှတ်မှားကလည်း လာပြန်တယ် (မှန်ပါ့)။

အနိစ္စကို နိစ္စလို့ သိနေတဲ့ အသိမှားကကော (လာပါတယ်)၊ အနိစ္စကို နိစ္စလို့ ယူထားတဲ့ အယူမှားကကော (လာပါတယ်)၊ မယဉ်ကျေးသော စိတ်ရှိတဲ့ပုဂ္ဂိုလ်မှာ ဒီသုံးခုလိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ ဒီသုံးခု လိုက်ပါတယ် (မှန် ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မယဉ်ကျေးသော စိတ်ရှိတဲ့ပုဂ္ဂိုလ်

ဒုက္ခကို သုခလို့ မှတ်နေတဲ့ ပုဂ္ဂိုလ်ဟာကော (မယဉ်ကျေးသော စိတ်ရှိတဲ့ပုဂ္ဂိုလ်ပါ)၊ မယဉ်ကျေးသော စိတ် ရှိတဲ့ ပုဂ္ဂိုလ် (မှန်ပါ့)၊ သဘောကြပြီတဲ့ ။

ဒုက္ခကို သုခလို့ သိနေတာကော (မယဉ်ကျေးတဲ့ပုဂ္ဂိုလ်ပါ)၊ မှတ်ထား၊ မှတ်ထား၊ ကိုယ့်မှာ ကိုယ့်ကိုယ်ကြီး ချမ်းသာတယ်လို့ ထင်ပြီး သကာလ နေကြလို့ရှိရင် မယဉ်ကျေးသောစိတ် ရှိသေးလို့ပဲလို့ မှတ်လိုက်တာပေါ့ဗျာ (မှန်ပါ့)။

ဒုက္ခကို သုခလို့ ယူနေကြလို့ရှိရင်လည်းတဲ့ ဒကာ ဒကာမတို့ မယဉ်ကျေးသော အယူရှိတာပဲ (မှန်ပါ့)၊ မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အနတ္တကို အတ္တလို့ မှတ်နေလည်း မယဉ်ကျေးတာပဲ (မှန်ပါ့)၊ အနတ္တကို အတ္တလို့ သိနေပြန်လည်း (မယဉ်ကျေးတာပါ)၊ အနတ္တကို အတ္တလို့ ယူထားပြန်လည်း မယဉ်ကျေးတဲ့ အယူလို့ဆိုရင် လွဲပါ့ မလား (မလွဲပါ ဘုရား)။

ဒါ့ကြောင့် “စိတ္တံ ဒန္တံ သုခါဝဟံ”နော် (မှန်ပါ့)၊ ဒန္တံ=ယဉ်ကျေးသော၊ စိတ္တံ=စိတ်သည်၊ သုခါဝဟံ=နိဗ္ဗာန်ကို ဆောင်နိုင်သည်၊ ဟောတိ=ဖြစ်၏၊ ဆိုတော့ ဝိပ္ပလ္လာသပျောက်တဲ့စိတ်ကို ဆိုပါတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ခန္ဓာကိုယ်ကြီးဟာ ဘယ်အချိန်မဆို ကျင်ကြီးစွန့်ချင်ရတာနဲ့ ကျင်ငယ်စွန့်ရတာနဲ့ ချွေးထွက်လာရ တာနဲ့၊ သလိပ်တွေ အန်လာရတာနဲ့၊ အနံအစော်တွေများ ပြင်းထန်လာရတာနဲ့၊ ရေချိုးလို့ အမွှေးတို့ဘာတို့ လိမ်းကြ ရတယ်၊ ပြုပြင်ကြရတယ်ဆိုတော့ သူ့ခန္ဓာကိုယ်ကြီးက အသုဘဟာမို့ အသုဘသဘောကို ဘယ်အချိန်မဆို ပြောပါတယ် (ပြောပါတယ် ဘုရား)။

ပြောပင် ပြောငြားသော်လည်း မယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မှာတော့ဖြင့် အသုဘကို သုဘလို့ မှတ်ပြန်တယ် (မှန် ပါ့)၊ အသုဘကိုပဲ သုဘလို့ပဲ သိပြန်ပါတယ် (မှန်ပ့ါ)၊ အသုဘကို သုဘလို့ ယူပြန်ပါတယ် (မှန်ပ့ါ ဘုရား)။

ဒါမယဉ်ကျေးသော စိတ်ရှိတဲ့ ပုဂ္ဂိုလ်မှာ အမှားဆယ့်နှစ်ခုလိုက်တယ်လို့ဆိုတာ အင်္ဂုတ္တိုရ်မှာ လာပြန်တယ် (မှန်ပါ့ ဘုရား)။

မယဉ်ကျေးသော စိတ်ရှိတဲ့ပုဂ္ဂိုလ်မှာ အမှား ဘယ်နှစ်ခုလိုက်သတုံး (ဆယ့်နှစ်ခုလိုက်ပါတယ်)၊ ရှင်းပြီ (ရှင်းပါ ပြီ ဘုရား)။

ဘုရားရှောင်ခဲ့ကြတယ်

ဒါဖြင့် တစ်သံသရာလုံး ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီအမှား ဆယ့်နှစ်ခုကိုပဲ အကာအကွယ်ယူပြီး ဘုရားရှောင်ခဲ့ကြတယ် (မှန်ပါ့ ဘုရား)။

ဒီအမှားဆယ့်နှစ်ခုကို (အကာအကွယ်ယူပြီး ဘုရားရှောင်ခဲ့ကြပါတယ်)၊ အကာအကွယ်ယူပြီး ဘုရားရှောင် တရားရှောင်ဆိုတာ လာခဲ့ကြတာ ကျုပ်တို့ သာမညမိုက်တဲ့ လူစားတွေလို့ ဒကာကြွယ် မဆိုနဲ့ (မှန်လှပါ ဘုရား)။

အမှားဆယ့်နှစ်ခု အကာအကွယ်ယူပြီး ဘုရားတွေရှောင်, တရားတွေရှောင်၊ ခိုကိုးရာမဲ့နေရာကို အပျော်ကြီး ပျော်ပြီး သကာလ နေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ဒကာသစ်ရေ သူ့ထက်လွဲချော်ပြီး သကာလ ဆိုးဝါးတာတော့ဖြင့် မရှိတော့ ပါဘူး (မရှိတော့ပါ)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အင်း ကျုပ်တို့ တစ်သံသရာလုံး ဘာတွေ အကာအကွယ်ယူပြီး သကာလ မိုက်တွင်းနက်နေပါလိမ့်မလဲ မေးလို့ရှိရင်ဖြင့် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ ဘုရား)၊ အမှားဆယ့်နှစ်ခုကို အကာအကွယ်ယူပြီး မိုက်တွင်းနက် နေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမှားဆယ့်နှစ်ခုကို (အကာအကွယ်ယူပြီး မိုက်တွင်း နက်ပါတယ် ဘုရား)။

ဒါ ဒီအခါ၊ ဒီအချိန်၊ ဒီဆရာသမားနဲ့ ဒီနားနဲ့ တွေ့တုန်းမှာ အမှားဆယ့်နှစ်ခုကို မကျော်တော့ဘူး၊ မလွှားတော့ဘူး၊ မပယ်တော့ဘူး၊ မစွန့်တော့ဘူး ဆိုလို့ရှိရင်ဖြင့် ဘုရားတိုင်းကို ကျုပ်တို့ ကာကွယ်နေဦးမှာပဲ (မှန်ပါ့)၊

ဘုရားတွေ့ရင် ရန်ဖြစ်မယ်

ကာကွယ်ရုံတွင် မကဘူး၊ ဘုရားတွေ့ရင် ရန်ဖြစ်မယ် ဆိုတဲ့ ဒေဝဒတ်အသွားတွေလဲ လာတော့မှာပဲ (လာပါတယ်)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရားကိုလဲ ကာကွယ်မယ်၊ ဘုရားကိုလဲ ရန်ဖြစ်မယ် တွေ့ရင် (မှန်ပါ့)၊ မတွေ့အောင် လဲကာကွယ်မယ်၊ တွေ့ရင်လဲရန်ဖြစ်မယ် (မှန်ပါ့ ဘုရား)။

မတွေ့အောင် ကာကွယ်မယ်ဆိုတာကလဲ ကိုယ့်အုတ်ချပ် ကိုယ်စီသလို ဒီအုတ်တွေကို ဆင့်တာပဲ (မှန်ပါ့)၊ ဝိပလ္လာသ ဆယ့်နှစ်ပါးသောအုတ်ချပ်တွေကို ဆင့်လိုက်တာပဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါက ဘုရားနဲ့ မတွေ့ချင်လို့ တရားနဲ့ မတွေ့ချင်လို့ ဒကာကြွယ်ရေ၊ ကိုယ်အုတ်ကိုယ် စီပြီး သကာလ ကိုယ့်ကိုကာကွယ်တာ (မှန်ပါ့ ဘုရား)။

အကယ်၍ အကြောင်းတိုက်ဆိုင်လို့ တွေ့ပြန်တော့လဲ ဝိပလ္လာသရှိတဲ့ ပုဂ္ဂိုလ်က ရန်ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။

ဇနပဒကလျာဏီတို့ ဘုရားနဲ့လဲ ရန်ဖြစ်တာပဲ၊ ဘုရားက အသုဘဟောတယ်။ သူမကြိုက်နိုင်ဘူး (မှန်လှပါ)၊ ဒကာသစ် ရန်များ ဖြစ်လိုက်သေးတယ် (မှန်ပါ့)၊ ရန်မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဲဒါတွေ ထောက်ကြည့်လို့ရှိရင် ဪ ဒါတွေ မပယ်သရွေ့ကာလပတ်လုံး ဘုရားတရားကိုလဲ ဒို့ လုံခြုံအောင် ကာမဟ (မှန်ပါ့)၊ ဘုရားတရား မဝင်နိုင်အောင် လုံခြုံအောင် ကာမဟဆိုတာလဲ ဝိပလ္လာသ ဆယ့်နှစ်ပါး (မှန်ပါ့ ဘုရား)။

အကယ်၍ အတင်းဝင်လာလို့ တွေ့လို့ရှိရင်ဖြင့် ရန်ဖြစ်မယ် ဆိုတာလဲ ဝိပလ္လာသပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် သံသရာရှည်ခဲ့ကြရ၊ အိုဘေး, နာဘေး, သေဘေးတွေနဲ့ အဖော်လုပ်ခဲ့ တာ၊ ကာကွယ်မှုကြောင့်လဲ အိုဘေး နာဘေး သေဘေးတွေနဲ့ မခွဲနိုင်ဖြစ်ရတယ် (မှန်ပါ့)၊ တွေ့တဲ့ ဘုရားနဲ့လဲ ဝိပလ္လာသ လက်ကိုင်ထားပြီး ဒီလက်နက်တွေနဲ့ ဘုရားတွေ ပစ်ခတ်ပြီး ထုတ်တာနဲ့ ကျုပ်တို့ အပါယ်မှာ မြုပ်ရတာတွေလဲ ဘဝများလှပြီ (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဝိပလ္လာသကြောင့် ကျုပ်တို့သည်ကားလို့ ဆိုရင်ဖြင့် အရှုံးကြီးရှုံးပြီး အနစ်နာကြီး နစ်နာခဲ့တာ ယခုအချိန်တွင် ကိုယ့်အမှား ကိုယ်သိပြီး သကာလ ဝိပလ္လာသကို ပယ်တဲ့ မဂ္ဂင်ကို ငါတို့သည် ကိုးကွယ်ရာ- ဆည်းကပ်ရာအဖြစ်နဲ့ လုပ်ပါတော့မယ်ဆိုတာ ယနေ့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ အင်မတန် အရေးကြီးသွားပြီ (ကြီးသွားပါပြီ ဘုရား)။

ဝိပလ္လာသ ပယ်ကြပါစို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဝိပလ္လာသ ပယ်ကြပါစို့၊ သူ ခန္ဓာငါးပါးကြောင့် ဖြစ်ပေါ်လာတယ်နော် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာငါးပါးက ဒကာ ဒကာမတွေ ငါးပုံ ပုံလိုက်တော့လဲ ငါးပါးဖြစ်ရမှာပဲ (မှန်ပါ့ ဘုရား)။

ငါးပုံ ပုံလိုက်တော့ (ငါးပါးဖြစ်ရပါမယ်)၊ ကောင်းပြီ၊ ဒီခန္ဓာငါးပါး ငါးပုံ, ပုံလိုက်တော့ ငါးပါးဖြစ်တယ်ဆိုတာ ဒကာ ဒကာမတွေ အထင်အရှားဖြစ်နေတော့ သတိပဋ္ဌာန်နဲ့ ပုံလိုက် တော့ ဘယ်နှစ်ပါးတုံး (လေးပါးပါ ဘုရား)။

ရုပ်က ကာယာနုပဿနာ၊ ဝေဒနာက ဝေဒနာနုပဿနာ၊ သညာနဲ့ သင်္ခါရက ဓမ္မာနုပဿနာ၊ စိတ်က စိတ္တာနုပဿနာ ဆိုတော့ သတိပဋ္ဌာန်လေးပါးနဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးဟာ လေးပါးဖြစ်တော့တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးဟာ (လေးပါးဖြစ်ပါတယ်)၊ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။ ခန္ဓာငါးပါး ရှုနေလို့ရှိရင် ကြာပါလိမ့်မယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သတိပဋ္ဌာန်လေးပါးကို (တစ်ပါး ပါး ကြိုးစားရမှာပါ)၊ တစ်ပါး ပါး ကြိုးစားလိုက်လို့ ရှိရင် အကုန်ပါ ပါတယ် (မှန်ပါ့ ဘုရား)။ ဘယ့်နှယ်ကြောင့် အရှင်ဘုရား-ဘုရားက လေးပါးဟာထားပါလျက်သားနဲ့ တစ်ပါး ကြိုးစားအကုန်ပါသတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတို့ ထင်ရှားပါတယ်။

မနေ့က ပြောခဲ့တယ်၊ ဒကာကြွယ်လဲမှတ်မိပါလိမ့်မယ်၊ ဟတ္ထိပဒေါပမမှ သုတ်ဆိုတာ ရှင်သာရိပုတ္တရာက ဟောတယ်၊ မူလပဏ္ဏာသပါဠိတော်မှာနော် (မှန်ပါ့)။

ဘယ်ခြေရာမဆို ဆင်ခြေရာထဲ ဝင်ကြရတယ်

ခြေရာတွေ အများကြီး ရှိငြားသော်လဲ ဘယ်ခြေရာမဆို ဆင်ခြေရာထဲ ဝင်ကြရတယ် ကွတဲ့ (မှန်လှပါ ဘုရား)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ခြေရာတွေ မြေပေါ်သွားတဲ့ ခြေရာတွေ အများကြီး ရှိငြားသော်လဲ ဆင်ခြေရာထက်ကြီး တဲ့ ခြေရာ မရှိဘူး (မရှိပါ ဘုရား)၊ ဆင်ခြေရာထဲပဲ ထောက်လှမ်းပြီး သကာလ သွားကြရ တယ်ဆိုတာ ကိုလဲ ဒကာ ဒကာမတွေ သိပါပြီ (သိပါပြီ ဘုရား)။

သိတော့ သစ္စာထဲ ဝင်တာပဲ (မှန်ပါ့)၊ ဘာပဲ ဟောနေ, နေ ဝေဒနာရှုဆိုတာလဲ သစ္စာပဲ (မှန်ပါ့)၊ ရုပ်ရှုဆိုတာကော (သစ္စာပါပဲ ဘုရား)၊ ဓမ္မာနုပဿနာရှု ဆိုပြန်တော့ (သစ္စာပါပဲ) စိတ္တာနုပဿနာ ရှုပါဆိုတော့ (သစ္စာပါပဲ ဘုရား)။

ဪ ဟုတ်ပြီ၊ ဒကာ, ဒကာမတို့ ဒါဖြင့် ဒုက္ခသစ္စာ တစ်လုံးပဲရှုဖို့ပဲ (မှန်ပါ့)။

ဒါဖြင့် ဒုက္ခသစ္စာကို တပည့်တော်တို့ မသိဘဲနေမှာစိုးရပါတယ်ဘုရားဆိုတော့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဥဒယနဲ့ ၀ယပဲရှိတယ် (မှန်ပါ့)။

ဘာရှိသတုံး (ဥဒယနဲ့ ဝယပဲ ရှိပါတယ် ဘုရား)၊ ဥဒယဆိုတာ ဖြစ်မှု၊ ဝယဆိုတာ ပျက်မှုပေါ့ဗျာ (မှန်ပါ့)၊ ဒါပဲရှိတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဥဒယ ၀ယသည် ဘာပါလိမ့်

အဲဒီတော့ကိုတဲ့၊ ဥဒယ ၀ယသည် ဘာပါလိမ့်မတုံးလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊

ဒုက္ခံ တိဋ္ဌတိ ဝေတိစ။

နာညတြ ဒုက္ခာ သမ္ဘောတိ၊

နာညံ ဒုက္ခာ နိရုဇ္ဈတိ လို့ သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်ကြီး ဝဇိရာသုတ် နှာ-၁၃၇ များမှာ ဟော ထားပြန်တော့ ဖြစ်တာ ဒုက္ခ၊ ပျက်တာဒုက္ခ၊ ဒါပဲရှိတယ်ဟေ့ (မှန်ပါ့)၊ ဒီတော့ ဒုက္ခသစ္စာချည်း ဖြစ်သွားတယ် (မှန်ပါ့)။

ဖြစ်တာလဲ (ဒုက္ခပါ ဘုရား)၊ ဝေဒနာကလေးဖြစ်တာလဲ (ဒုက္ခပါ ဘုရား)၊ ဝေဒနာ ကလေး ပျက်တာလဲ (ဒုက္ခပါ ဘုရား)၊ စိတ်ကလေးဖြစ်တာလဲ (ဒုက္ခပါ ဘုရား)၊ စိတ်ကလေး ပျက်တာလဲ (ဒုက္ခပါ ဘုရား)။

ဒီဒုက္ခဖြစ်၊ ဒုက္ခပျက်မှတစ်ပါး တစ်ခြားခန္ဓာကိုယ်ထဲမှာ ရှိသေးလား (မရှိပါ ဘုရား)။ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက် တွေ့အောင်ရှာဖို့ပါ (မှန်ပါ့)။ ဘာ အရေးကြီးပါလိမ့် (ဖြစ်ပျက်တွေ့အောင် ရှာဖို့ပါ ဘုရား)။

ဖြစ်ပျက်တွေ့အောင် ရှာကြစို့

ကိုင်း ဒါဖြင့် ဒကာဒကာမတို့ ဖြစ်ပျက်တွေ့အောင် ရှာကြစို့ (မှန်ပါ့)၊ ဒကာကြွယ် ဘာရှာရမယ် (ဖြစ်ပျက်တွေ့အောင် ရှာရပါမယ် ဘုရား)။

ဖြစ်ပျက်တွေ့အောင် ရှာတော့မယ်ဆိုတော့ ယနေ့ လုပ်နည်းကလေး ဒကာ ဒကာမတို့ အားကိုးရာ​ ဖြစ်တဲ့ မဂ္ဂင်အလုပ်ကို လုပ်နည်းကလေးလိုက်တော့

ကာယံ ဣမံ သမ္မသထ၊ ပရိဇာနာထ ပုနပ္နံ၊

ကာယေ သဘာဝံ ဒိသာန၊ ဒုက္ခဿန္တံ ကရိဿထ။ (မိလိန္ဒပဉ္စာပါဠိ၊ နှာ -၃၆၂)

ရှင်သာရိပုတ္တရာက ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဣမံကာယံ=ဤခန္ဓာကိုယ်ကြီးကို၊ ရုပ်ကြည့်ကြည့်, စိတ်ကြည့်ကြည့်ပေါ့ဗျာ (မှန်ပါ့)၊ သမ္မသထခင်ဗျားတို့ စောင့်ပြီး သုံးသပ်ကြည့်ပါ (မှန်ပါ ဘုရား)၊ စောင့်ပြီး သုံးသပ်တဲ့ အခါကျလို့ ရှိရင် ခန္ဓာကိုယ်ကြီးက ဟိုနေရာက ယားသလိုလို၊ ဒီနေရာက နာသလိုလို၊ ဒီနေရာက အောင့်ချင်သလိုလို၊ ဒီနေရာက ရွှေ့ချင်သလိုလို ဟိုဘက်ပဲ စောင်းလိုက်ချင်သလိုလို၊ ဒီဘက်ပဲ လှည့်လိုက်ချင် သလိုလို လာလိမ့်မယ် (မှန်လှပါ ဘုရား)၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီကဲ့သို့ လာလို့ရှိရင် ဪ ပင်ကိုယ်သဘော စွန့်တာပဲ (မှန်ပါ့ ဘုရား)။

ဘယ်လိုမှတ်ကြမယ် (ပင်ကိုယ်သဘောစွန့်တာပါ ဘုရား)၊ ဪ ပင်ကိုယ်သဘော က ဖြစ်မှု၊ စွန့်တာက ပျက်မှု (မှန်လှပါ ဘုရား)။

ပင်ကိုယ်သဘောက (ဖြစ်မှုပါ ဘုရား)၊ စွန့်တာက (ပျက်မှုပါ ဘုရား)၊ ဒကာကြွယ်၊ ဒါ စောင့်ကြည့်နေ (မှန်ပါ့ ဘုရား)။

ပထမ ရှေးဦးစွာ အာနာပါနကလေး မှန်မှန်ကလေး ရှုနေ (မှန်ပါ့)၊ ပြင်းပြင်းထန်ထန် မရှုပါနဲ့၊ ထုံးစံအတိုင်း ခင်ဗျားတို့ ရှုမြဲတိုင်းရှုတာပေါ့ (မှန်ပါ့)၊ ရှုပြီး သကာလ သတိကလေးက ထားပြီးရှုနေတော့ ခန္ဓာကိုယ်ကြီးထဲက အင်းဝေဒနာကလေးတွေကလဲ ဟိုကယား, ဒီကနာ ပေါ်ချင်လဲ ပေါ်လာမယ် (မှန်လှပါ ဘုရား)။

စိတ်ကလေးကလဲ ပြုံးချင်သလိုလို၊ ရယ်ချင်သလိုလို အင်း ဒီလိုလဲ လာချင်လာလိမ့် မယ် (မှန်ပါ့)၊ ပျင်းသလိုလိုကော (လာပါတယ် ဘုရား)။

ဒါတွေဟာ အရှုခံလာတာ

ဒါတွေလာလို့ရှိရင် ဒကာ ဒကာမတွေက ဘာမှမအောက်မေ့နဲ့၊ ဪ ဒါတွေဟာ အရှုခံလာတာလို့ အောက်မေ့လိုက် (မှန်ပါ့ ဘုရား)၊ သဘောပါပလား (ပါ, ပါပြီ ဘုရား)။

ဒါတွေ ဘာလုပ်လာကြပါသတုံး (အရှုခံလာတာပါ ဘုရား)၊ ဒကာကြွယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ပျင်းတဲ့စိတ်ကလေးဆိုတဲ့ ဒေါသစိတ်ကလေးနဲ့ ထိုင်နေရတာ ရှူလိုက် ရှိုက်လိုက်နဲ့ လိုက်တာလို့ လာချင်လဲလာမယ် (မှန်ပါ့ ဘုရား)၊ လာလို့ရှိရင်ဖြင့် အဲဒီ ပျင်းတဲ့စိတ်ဟာ ဒကာ ဒကာမတို့ ဒေါသပဲ (မှန်လှပါ ဘုရား)။

ဒီဒေါသကလေးဟာ ဘာလိုလာတာတုံးလို့ ဒကာသစ် မေးရင် ဘယ့်နှယ်ပါမည် (အရှုခံလာတာပါ ဘုရား)။

အရှုခံလာတဲ့ စိတ်ကို ခင်ဗျားတို့က ခုနင်ကဘုန်းကြီးပြောတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဆိုတဲ့ လောကီမဂ္ဂင်ငါးပါးနဲ့ ပျင်းရင် ပျင်းတဲ့စိတ် ကလေးက အရင်ပေါ်လာရင် ပျင်းတဲ့စိတ်ကို အရင်ရှုပစ်လိုက် (မှန်လှပါ ဘုရား)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ပျင်းတဲ့စိတ်ကလေးလာရင် (ပျင်းတဲ့စိတ်ကို အရင်ရှုရပါမယ် ဘုရား)။

ဘာဖြစ်လို့ အရှင်ဘုရား၊ ပျင်းတဲ့ပုဂ္ဂိုလ် ပျင်းတဲ့စိတ် အရှုခိုင်းသတုံးလို့ မေးတဲ့ အခါကျတော့ ခင်ဗျားတို့ သိပါတယ်တဲ့၊ ဧဟိ=လာခဲ့ပါ။ ပဿ=ရှုပါ၊ ဧဟိပဿိကော (မှန်ပါ့)။ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဧဟိ=လာခဲ့ပါ၊ ပဿ=ငါ့ကိုရှုပါ

ပျင်းတဲ့စိတ်ကလေးဟာ ဒကာ ဒကာမတို့ ဧဟိ=လာခဲ့ပါ၊ ပဿ=ငါ့ကိုရှုပါလို့ ခေါ်ပါတယ် (ခေါ်ပါတယ် ဘုရား)။

အဲဒါ သူက အရူခေါ်တာ၊ ခင်ဗျားတို့က သူ့ကို ရှုရမည့်ဥစ္စာ ခင်ဗျားတို့က ဒီနေရာက ထပြေးဖို့ မလိုဘူး (မလိုပါ ဘုရား)။

သို့သော် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဒီလို သင်ကြားပေးမည့် ဆရာသမား မရှိတော့ ထိုင်ရတာ ပျင်းလှပြီဗျာ၊ သွားတော့မယ် (မှန်ပါ ဘုရား)၊ ဆိုတော့ ခေါ်တဲ့ဆီ သွားသလားတဲ့။ ဒကာ ဒကာမတွေက “ဧဟိ ပဿိကော” ဆိုတဲ့ ဓမ္မကို လိုက်နာရသလား။

ခုနင်က ပျင်းတဲ့စိတ် စီမံရာကိုပဲ ပျင်းတဲ့စိတ်က ဒကာ ဒကာမတွေ အပါယ်လေးပါး ဆွဲချချင်လို့ လာတဲ့စိတ်ဟင် (မှန်လှပါ ဘုရား)၊ အဲဒီစိတ်နောက် လိုက်သွားသလား (အဲဒီစိတ်နောက် လိုက်သွားပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် မပြတ်ဘဲနဲ့ ပဋိစ္စသမုပ္ပါဒ် ဆက်နေတဲ့နောက် လိုက်တယ် (မှန်လှပါ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ခန္ဓာကိုယ် စောင့်ကြည့်ရင် ပျင်းတဲ့စိတ်ကလေး အရင်လာ တယ် ဆိုကြပါစို့ (မှန်လှပါ ဘုရား)။

ခန္ဓာကိုယ်စောင့်ကြည့်တော့ ဘယ်စိတ်က အရင်လာတတ်သတုံး (ပျင်းတဲ့စိတ်က အရင်လာတတ်ပါတယ် ဘုရား)။

အင်း ဘုန်းကြီးက ရှူပြီးနေပါ၊ ရှိုက်ပြီးနေပါ။ မှန်မှန်ကလေးပြီးတဲ့အခါကျမှ ဖမ်းရှုတာပေါ့ဆိုတော့ ရှူ ရှိုက်နေရတာလဲ ကြာပြီဆိုပြီး ပျင်းလှပါပြီဆိုတဲ့ ဒေါသကလေး မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကလေး လာလို့ရှိရင် ခင်ဗျားတို့က တစ်ခါတည်းမှတ်ထား၊ ဧဟိပဿိကောသာ ရွတ်လိုက် (မှန်ပါ့ ဘုရား)။

ဘာရွတ်မယ် (ဧဟိပဿိကော ရွတ်ရပါမယ်)၊ ဧဟိက ဘာတုံး (လာပါ)။ ပဿ (ရူပါ ဘုရား)။ ပဿကရှုပါ (မှန်ပါ့)၊ ဧဟိက (လာပါ)၊ ပဿက (ရူပါ ဘုရား)။

နဂိုတုန်းက ဘာမှမရှိဘူး၊ ရှူတာ ရှိုက်တာကလေးနဲ့ နေရတာ ရှုစရာကို မရှိ သေးတာ၊ ယခု ပျင်းတဲ့စိတ်ကလေးက ပေါ်လာတော့ ခင်ဗျားတို့ မသိဘူးလား (သိပါတယ် ဘုရား)။

သူခေါ်ရာကို မဂ္ဂင်ကလိုက်ပါ

သိလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဪ ဒီစိတ်ကလေးဟာလဲ အခုမှပေါ်တဲ့ အသစ် ကလေးပဲ (မှန်ပါ့) အခုပဲ ပျက်သွားတာပဲလို့သူခေါ်ရာကို မဂ္ဂင်ကလိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။ သူခေါ်ရာကို (မဂ္ဂင်က လိုက်ရပါမယ်) မဂ္ဂင်က လိုက် လိုက်တော့ ဘုရားဟောနဲ့ ခင်ဗျားတို့က ညီသွားတယ် (ညီပါတယ်)၊ အင်း ဘယ်ပါဠိတော်နဲ့ ညီသွားပါလိမ့် (ဧဟိပဿိကောပါ) ဧဟိ=လောခဲ့ဆိုတာ ဒီပျင်းတဲ့စိတ်က ခေါ်တာ (မှန်ပါ့) ပဿ = ရှုပါ ဆိုတာကော (သူကပါပဲ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဧဟိ=လာခဲ့ဆိုတာ ဘယ်သူက ခေါ်သတုံး (ပျင်းတဲ့ စိတ်က ခေါ်ပါတယ်) ပျင်းတဲ့စိတ်က၊ ပဿ= ရှုပါလို့ဆိုတာလဲ ကျုပ်ကို ရှုပါလို့ ဆိုတာ သူကပဲခေါ်တာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိ=လာခဲ့၊ ပဿရှုပါဆိုပြီး ခေါ်တာ ကျုပ်တို့က ထပြေးရမှာလား၊ ရှုရမှာလား (ရှုရမှာပါ ဘုရား)။

ဟိုက မဂ်ဉာဏ်ပေးမလို့ ခေါ်နေ၊ ခင်ဗျားတို့က အပါယ်ပြေးမယ်၊ စိတ်ကူးတယ် (မှန်ပါ့ ဘုရား)။

ဟိုက ဘယ်လိုခေါ်တာပါလိမ့် (မဂ်ဉာဏ်ပေးမလို့ ခေါ်တာပါ) ဧဟိ=လာခဲ့ပါ။ ပဿ= ရှုပါဆိုလို့ရှိရင် သူ့ရှုလိုက်ရင် ကျုပ်တို့ မဂ်ပေါ်တာပဲ (မှန်ပါ့ ဘုရား)။

သူက မဂ်ပေးမလို့ ခေါ်တာ

သူ့ရှုလိုက်ရင် (မဂ်ပေါ်ပါတယ်) ဪ ပျင်းလှသေးတယ်ဆိုတဲ့ ထပြေးမည့် စိတ်လာတာကတော့ သူကတော့ မဂ်ပေးမလို့ ခေါ်တာ၊ ကျုပ်တို့က ဒယ်အိုး သွားယူသလို ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

သူက ဘာပေးမလို့ ခေါ်တာတုံး (မဂ်ပေးမလို့ ခေါ်တာပါ ဘုရား) အားကိုးရာဖြစ်တဲ့ မဂ်ပေးမလို့ ဒကာကြွယ်ရ ခေါ်တာပါ (မှန်ပါ့ ဘုရား)။

အားကိုးရာဖြစ်တဲ့ မဂ်ပေးမလို့ ခေါ်တာကို ဒကာ ဒကာမတွေက ပျင်းတဲ့စိတ်ကလေး ပေါ်လာတော့ ပျင်းတဲ့စိတ်ဆိုတာ ဒေါသ (မှန်ပါ့) ဒေါသနောက်ကနေပြီးတော့ ခင်ဗျားတို့က “ဧဟိ ပဿိကော” နဲ့ မဂ္ဂင်မလိုက်ဘဲနဲ့ ဒါက ဒေါသ (မှန်ပါ့) ဒေါသနောက်က သောက၊ သဘောကျပလား (ကျပါပြီ) ပရိဒေဝ ဒုက္ခဒေါမနဿ (မှန်ပါ့) ဒါတွေထဲမှာ အဝိဇ္ဇာက တွဲလျက် (မှန်ပါ့) ဒီအထဲက အဝိဇ္ဇာက မပါဘူးလား (ပါ ပါတယ် ဘုရား)။

အဲဒီတော့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ အပါယ်ဝိညာဏံ” ဆိုပြီး ခင်ဗျားတို့ အပါယ်ပြေးတယ် (မှန်ပါ ဘုရား)။

ခေါ်တာက ခင်ဗျားတို့ အားကိုးရာ မဂ်ရအောင်လို့ ဧဟိ ပဿိကောနဲ့ ဒေါသက ခေါ်တယ် (မှန်ပါ့) ခင်ဗျားတို့က ခေါ်ရာ မသွားဘဲနဲ့ ဒကာ ဒကာမတို့ ကျုပ်သွားချင်တဲ့ဆီ သွားမယ်ဆိုပြီး သကာလ ပျင်းတာနဲ့ပျင်းတဲ့ ပဋိစ္စသမုပ္ပါဒ် ဖြစ်နေတယ် (မှန်ပါ) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

ပျင်းတဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ

ပျင်းတဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ပျင်းတာက ဒေါသ (မှန်ပါ့)၊ သူ့ နောက်က သောက (မှန်ပါ့) “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ အဝိဇ္ဇာသင်္ခါရ” မလာဘူးလား (လာပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ မဂ်ပေးမလို့ခေါ်တာ၊ ကျုပ်တို့က အပါယ်သွားမလို့ ဆုံးဖြတ်ချက် ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ခေါ်တာ ဘာပါလိမ့် (မဂ်ပေးမလို့ ခေါ်တာပါ) ခင်ဗျားတို့ စိတ်ထဲက ဘယ်သွား ချင်ပါလိမ့် (အပါယ်သွားချင်ပါတယ် ဘုရား)။

ခက်တယ်-ခက်တယ် ဒကာ ဒကာမတို့နော် (မှန်ပါ့) ဒကာကြွယ်၊ သိပ်ခက်ပါလား (ခက်ပါတယ် ဘုရား)။

အသုံးမချတတ်တော့ တယ်ခက်ပါလား (ခက်ပါတယ်) ပထမခေါ်တဲ့စိတ်ကလေးဟာ ဒကာသစ် ပျင်းတဲ့စိတ်ကလေးဟာတော့ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်မှာ ရှေးဦးစွာ လာချင်လဲ လာတတ်တယ် (မှန်ပါ့ ဘုရား)။

လာတော့ သူ့နေရာကို ခင်ဗျားတို့က ဘာနဲ့ သွားရမတုံး (မဂ်နဲ့သွားပါမယ် ဘုရား)။ မဂ်နဲ့ သွားလိုက်တဲ့အခါကျတော့ သွားတဲ့အချိန် သူရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကျုပ်ဟာ အနိစ္စ ပါပဲ

ခေါ်တဲ့အချိန်မှာ သူရှိတယ် (မှန်ပါ) သွားကြည့်လိုက်တဲ့အချိန်ကျတော့ သူရှိသေးရဲ့လား (မရှိပါ ဘုရား)။ မရှိတော့ သူသည် ကျုပ်မရှိတော့ပါဘူး၊ ကျုပ်ဟာ အနိစ္စ ပါပဲလို့ ပြောသွားတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့က ခန္ဓာကိုယ်ထဲ “သဒေါသံဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ဇာတိ” ဆိုတဲ့အတိုင်း ဒီ ဒေါသစိတ် ကလေးဟာလဲ ဖြစ်ပြီးပျက်တာပါလားလို့ မဂ်က မသိဘူးလား (သိပါတယ် ဘုရား)။

ဒီလိုသိတော့ အနိစ္စ၊ မဂ္ဂ (မှန်ပါ့) သွားဖြစ်တယ် (မှန်ပါ့ ဘုရား)။ အနိစ္စ (မဂ္ဂဖြစ်သွားပါတယ်)၊ ခေါ်တာက အနိစ္စ၊ လိုက်တာက မဂ္ဂ (မှန်ပါ့ ဘုရား)။

ခေါ်တာက (အနိစ္စပါ ဘုရား) လိုက်တာက (မဂ္ဂပါ ဘုရား)၊ ဪ ဒါဖြင့် ခေါ်ရာကို လိုက်ပြန်လို့ ရှိရင်လဲ ဒကာ ဒကာမတို့ မဂ်ရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ခေါ်ရာ လိုက်ပြန်တော့ (မဂ်ရပါတယ် ဘုရား) အဲဒါကြောင့် အခု တရားနာတဲ့ ပုဂ္ဂိုလ်တွေ ပျင်းရင် ပျင်းတဲ့စိတ် ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)။

ပျင်းတဲ့စိတ် ဖြစ်ပျက်ရှု

ပျင်းရင် (ပျင်းတဲ့စိတ် ဖြစ်ပျက်ရှုရပါမယ်) ပျင်းတဲ့စိတ် ဘယ်မှာပေါ်သတုံးဆိုတာ ဒေါသစိတ်ဟာ ဟဒယဝတ္ထုပေါ်မှာ ပေါ်လေ့ရှိပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါသဟာ ဘယ်မှာပေါ်လေ့ ရှိကြသတုံး (ဟဒယဝတ္ထုပေါ်မှာ ပေါ်လေ့ရှိပါတယ်) အဲဒီပေါ်တဲ့ စိတ်ကို ဘာလုပ်ကြရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဘာဖြစ်လို့ ခင်ဗျားတို့က ဖြစ်ပျက်ရှုရတာတုံးမေးတော့ ပါဠိတော်ရွတ်လိုက် (ဧဟိပဿိကော-ပါ ဘုရား)။

ဧဟိ ပဿိကောနော် (မှန်ပါ့) ဧဟိ=ပျင်းတဲ့စိတ်က လာခဲ့ပါတဲ့၊ ပဿ=ကျုပ်ကိုပဲ ရှုပါ (မှန်ပါ့) မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။

ဪ ဒကာ ဒကာမတို့ကလဲ ဧဟိပဿိကော ဘုရားရှေ့သာ ရွတ်တတ်တယ်၊ ကိုယ့်ကို တိုက်ရိုက်ခေါ်တော့ မသွားတတ်ဘူး (မသွားတတ်ပါ ဘုရား)။

ဒါဖြင့် ဘုရားရှေ့တော့ ခင်ဗျားတို့က စာပြန်တာပါ၊ မမေ့အောင်ဟုတ်လား (မှန်ပါ့) အလုပ်လုပ်ပါ ဆိုတော့ မလုပ်တတ်ဘူး (မလုပ်တတ်ပါ ဘုရား) စာပြန်ပါဆိုတော့ (ပြန်တတ် ပါတယ်) စာတော့ဖတ်တယ်၊ အဓိပ္ပါယ်မသိတဲ့ ကလေးတွေနဲ့ တူနေတယ် (မှန်ပါ့ ဘုရား)

အင်္ဂလိပ်စာ ဖတ်တော့ ဖတ်တတ်တယ်။ အဓိပ္ပာယ်ပြန်စမ်းပါဆိုတော့ ဒါတော့ မသိဘူး၊ ဖတ်တတ်တာ ရှိတာပဲ (မှန်ပါ့)၊ ခင်ဗျားတို့လဲ ဒီလိုဖြစ်နေတယ် (မှန်ပါ့)။

ဒကာကြွယ် ဒါဖြင့် ယနေ့ကစပြီး ဧဟိပဿိကောဆိုတာ သဘောကျပလား (ကျပါပြီ)၊ ဧဟိက ဘာတုံး- (လာပါ)၊ ပဿက (ရှုပါ)။

ဒါဖြင့် ပေါ်တဲ့ ဓမ္မဟူသရွေ့ဟာဖြင့် ခေါ်တာချည်းပဲ (မှန်ပါ့)၊ ခင်ဗျားတို့ မလိုက်တာက ခဲယဉ်းတယ် (မှန်လှပါ ဘုရား)။

စီမံရာလိုက်ရင် အပါယ်ရောက်မယ်

ခေါ်တဲ့ဆီ မလိုက်လို့ရှိရင်ဖြင့် စီမံရာသွားမယ်ဆိုတဲ့အဓိပ္ပါယ် ရောက်တယ် (ရောက်ပါတယ် ဘုရား)။ ခေါ်တဲ့ဆီ မလိုက်ရင် (စီမံရာ သွားမယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်ပါတယ် ဘုရား)။ ဒကာကြွယ် ဒီနှစ်ခုရှင်းရဲ့လား (ရှင်းပါတယ်)၊ခေါ်တဲ့ဆီ လိုက်ရင် မဂ်ရမယ် (မှန်ပါ) စီမံရာလိုက်ရင် အပါယ်ရောက်မယ် (ရောက်မှာပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခေါ်တဲ့ဆီလိုက်ရင် (မဂ်ရပါမယ် ဘုရား)၊ စီမံရာလိုက်ရင် (အပါယ်ကျပါမယ် ဘုရား)။

ခေါ်တဲ့ဆီလိုက်တော့ ဖြစ်ပျက်၊ မဂ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ခေါ်တဲ့ဆီလိုက် တော့ (ဖြစ်ပျက်မဂ်ပါ)၊ ဖြစ်ပျက်နဲ့ မဂ်ကိုက်သွားတယ် (မှန်ပါ့)။

ခေါ်တော့ ခေါ်တယ်ဘုရား တပည့်တော်တို့ကလဲ မသိလိုက်ဘူးဟုတ်လား (မှန်ပါ့)၊ မသိလိုက်ဘူး ဆိုတဲ့အခါကျလို့ရှိရင် အဝိဇ္ဇာ သင်္ခါရဘက် လိုက်သွားတယ် (မှန်လှပါ ဘုရား)။

အဝိဇ္ဇာပစ္စယာ (သင်္ခါရာပါ) ဒီဘက် လိုက်သွားတယ်၊ မလိုက်လို့ရှိရင်လဲ ဒေါသ နောက်က ကိုယ့်ဒေါသ ကိုယ် မနိုင်လို့ သောကတွေ ပရိဒေဝတွေ ဒုက္ခဒေါမနဿ အဝိဇ္ဇာသင်္ခါရ ဘက်လိုက်သွားတယ် (မှန်ပါ့)။

ဒါဖြင့် ခေါ်ရာလိုက်ရင် မဂ် (မှန်ပါ့) စီမံရာကိုလိုက်ရင် အပါယ်လေးပါး (မှန်ပါ့)။

ခေါ်ရာလိုက်ရင် (မဂ်ပါ ဘုရား) စီမံရာလိုက်ရင် (အပါယ်လေးပါးပါ ဘုရား)။

ဒကာကြွယ် ဒီနှစ်လုံးဟာ သေပျော်တဲ့တရား (မှန်ပါ့)၊ ဒီနှစ်လုံးဟာ သေပျော်တဲ့ တရားပါပဲ (မှန်ပါ)။

ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ) ခေါ်ရာကိုလိုက်ရင်တော့ (မဂ်ပါ ဘုရား) မဂ်ရတယ် နော် (မှန်ပါ့) ခေါ်ရာမလိုက်ပါဘူး၊ သူတို့ စီမံရာလိုက်ပါတော့မယ်ဆိုတော့ (အပါယ်လေးပါး ပါ ဘုရား) အပါယ်လေးပါးပဲရတယ် (မှန်ပါ့)။

ကြည့်လေ အဝိဇ္ဇာ သင်္ခါရဆိုတော့ ဝိညာဏ် နာမ်ရုပ်ဘက် လှည့်မသွားဘူးလား (လှည့်သွားပါတယ်) အဲ ပဋိသန္ဓေ ဝိညာဉ်က အပါယ်ဝိညာဉ်လဲ ဖြစ်နိုင်ပါတယ် (မှန်လှပါ ဘုရား)။

ဉာဏ်ကလိုက်၊ မဂ္ဂင်ငါးပါးနဲ့ လိုက်ပါ

ဒါကြောင့် ဆရာဘုန်းကြီးမှာတာက စောင့်ပြီးကြည့်လို့ရှိရင် ပျင်းတဲ့စိတ် အရင်လာချင် လာလိမ့်မယ် (မှန်ပါ့) လာလို့ရှိရင် ပျင်းတဲ့စိတ်နောက်ကို ကျုပ်တို့ ဉာဏ်ကလိုက်၊ မဂ္ဂင်ငါးပါးနဲ့ လိုက်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်း ဘုန်းကြီးက အဆန်းဟောနေတာလား၊ အင်္ဂုတ္တိုရ် ပါဠိတော်မှာပဲ မင်းတို့ ‘ဧဟိ ပဿိကော’ သဘောကျအောင်လုပ်ရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရနိုင်တယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပျင်းတဲ့စိတ်က ဧဟိ-ငါ့ဆီလာခဲ့ (မှန်ပါ့) ပဿ=ငါ့ကိုရှုပါ (မှန်ပါ့) ဒကာ ဒကာမ ကို သူကခေါ်လဲ ခေါ်တယ်၊ ငါ့ရှုလို့ ဆိုပြီး မဂ္ဂင်နဲ့လိုက် လိုက်တဲ့အခါကျတော့ ရှိသေးရဲ့ မှ မရှိပါ ဘုရား) ဘယ်ရှိမလဲ၊ နှစ်စိတ်မှ မပေါ်ကောင်းဘဲ (မှန်ပါ့ ဘုရား)။ ပျင်းတဲ့စိတ်ချုပ်၊ မဂ်စိတ်နဲ့ အသက်ရှင်နေတယ် (မှန်ပါ့)။

ပျင်းတဲ့စိတ်က (ချုပ်ပါတယ် ဘုရား) မဂ်စိတ်နဲ့ (အသက်ရှင်ပါတယ် ဘုရား)။

မရှိတာတွေ့တယ်

မဂ်စိတ်နဲ့ အသက်ရှင်တော့ အရှင်ကနေပြီး အသေကြည့်လိုက်တဲ့အခါကျတော့ မရှိတာတွေ့တယ် (မှန်ပါ့) ဒါဖြင့် မရှိတာက အနိစ္စ၊ တွေ့တာက (မဂ္ဂပါ ဘုရား)။

မရှိတာက (အနိစ္စပါ ဘုရား) တွေ့သိတာက (မဂ္ဂပါ ဘုရား) ကဲ ပါဠိတော်နဲ့ သူက ကိုက်သွားတယ် (ကိုက်ပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဘုန်းကြီးပြောတာ မရှုတတ်စရာ ရှိသေးသလား (မရှိပါ ဘုရား)။

ဘယ်သူက ခေါ်ခေါ်လိုက် (မှန်ပါ့) ဥပမာမယ် ကိုယ်ပေါ်မှာ ယားတယ်၊ ယားတာကလေး ပေါ်လာတယ် ဆိုကြပါစို့ (မှန်ပါ့)၊ ဒကာသစ်က ဘာလုပ်မယ် (မဂ်နဲ့လိုက်ရပါမယ် ဘုရား)။

လိုက်တဲ့အခါကျတော့ကို ယားတာကလေးကို တွေ့သေးရဲ့လား (မတွေ့ပါ) ယားတာ က ဘာဆိုကြမယ် (အနိစ္စပါ)၊ ယားတာက အနိစ္စ၊ သိတာက မဂ္ဂဆိုတော့ သူခေါ်ရာ လိုက်ရင် မဂ်ရတယ် (မှန်ပါ့)။

သူခေါ်ရာလိုက်ရင် (မဂ်ရပါတယ်) အင်း ဒါဖြင့် ဒကာ ဒကာမတို့ စားချင်တဲ့စိတ် ကလေး ပေါ်လာတယ်၊ လောဘစိတ် ကလေးဆိုကြပါစို့ (မှန်ပါ့)ထမင်းဆာလာတယ်၊ တရား အားထုတ်တာ နည်းနည်းကလေး ကြာလာလို့ ထမင်းဆာလာတယ်ဆိုတော့ ထမင်းဆာ တဲ့ စိတ်ကလေးနောက်ကို ခင်ဗျားတို့က ထမင်းဆာတဲ့စိတ်ဟာ ဒီအတိုင်းနေမည့်စိတ်လား ပျက်စီးမည့် စိတ်လားလို့ လိုက်ကြည့်စမ်း (ပျက်စီးမည့်စိတ်ပါ ဘုရား)။

ပျက်စီးတာက ဘာခေါ်သတုံး

ဘာတွေ့သတုံး (ပျက်စီးတာတွေ့ပါတယ်) ဒါဖြင့် ပျက်စီးတာက ဘာခေါ်သတုံး (အနိစ္စပါ) လိုက်တာက (မဂ္ဂပါ ဘုရား)။

ဒါ စိတ္တာနုပဿနာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)၊ ဒါ ဝေဒနာနုပဿနာဆိုလဲ တတာပဲ၊ ဓမ္မာနုပဿနာဆိုလဲ ဟုတ်တာပဲ၊ ဖြစ်ပျက်တွေ့တဲ့ အခါကျတော့ သစ္စာချည်းတွေ့တာပဲ (မှန်ပါ့)။

သစ္စာတွေ့ရင် ဓမ္မာနုပဿနာ ဖြစ်သွားတာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့်မတုံးဆိုတာ ခေါ်ရာလိုက်တဲ့အလုပ် (မှန်ပါ့)။

မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား) ဝိပဿနာအလုပ်ဆိုတာ (ခေါ်ရာလိုက်တဲ့ အလုပ်ပါ ဘုရား)။

ခင်ဗျားတို့က ယားတယ်ဆိုလို့ရှိရင် ယားတဲ့ဆီကို ဉာဏ်နဲ့လိုက်ရမယ် (မှန်ပါ့)။

ခင်ဗျားတို့က ဒီလိုတော့ မလိုက်ဘူး၊ ယားပဲ ယားနိုင်လွန်းတယ်ဆိုတော့ ယားတဲ့ နောက်ကနေပြီး ဒုက္ခနောက် ဒေါသလိုက်သွားတယ် (မှန်ပါ့)။

တော်တော်ခက်ပါသေးတယ် (မှန်ပါ့) ခင်ဗျားတို့က ခေါ်တဲ့ တရားနဲ့ ရန်ဖြစ်တယ် (မှန်ပါ့)၊ မဂ်ဉာဏ်ပေးမည့် တရားနဲ့ (ရန်ဖြစ်ပါတယ် ဘုရား)။

ဖြစ်မှ ဖြစ်ရလေ၊ ပစ္စည်းပေးမည့် ပုဂ္ဂိုလ်၊ အိုဘေး၊ နာဘေး၊ သေဘေး တား ပေးမည့် ပုဂ္ဂိုလ်နဲ့ ရန်ဖြစ်ရတယ် ဆိုကတည်းက ခင်ဗျားတို့လောက် ဆိုးရွားတာလဲ ရှာမတွေ့ | ဘူး (မတွေ့ပါ) တွေ့သေးရဲ့ လား (မတွေ့ပါ ဘုရား)။

ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့်

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ အလုပ်ဆိုတာ ဘာပါလိမ့် (ခေါ်ရာလိုက်တဲ့ အလုပ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒေါသက ခေါ်လဲ ဒေါသနောက်လိုက် (မှန်ပါ့) လောဘ ကခေါ်ရင် (လာဘနောက်လိုက်ရပါမယ် ဘုရား) ဘာနဲ့ လိုက်မယ် (မဂ်နဲ့လိုက်ပါမယ် ဘုရား)။

လိုက်လိုက်တဲ့အခါကျတော့ ခေါ်တဲ့တရားကခေါ်ခေါ် သေသေ (မှန်ပါ့)၊ နောက် ခေါ်ခေါ် (သေသေပါ ဘုရား)။ အဲဒီတော့ ဘာတွေ့သတုံး (အနိစ္စတွေ့ပါတယ်) အနိစ္စ တွေ့တော့ကို အနိစ္စနဲ့မဂ်နဲ့ဟာ ကိုက်သွားတယ် (ကိုက်သွားပါ တယ် ဘုရား)။

အနိစ္စနဲ့ (မဂ်နဲ့ကိုက်သွားပါတယ်) ဒုက္ခနဲ့ မဂ္ဂနဲ့ကော (ကိုက်သွားပါတယ်) အနတ္တနဲ့ မဂ္ဂ (ကိုက်သွားပါတယ်) အသုဘနဲ့ မဂ္ဂနဲ့ (ကိုက်သွားပါတယ် ဘုရား)။

ဒီ-ဝိပလ္လာသတွေ အကုန်ချောတာပဲ (မှန်ပါ့ ဘုရား) ဒီလိုသာ ကိုက်အောင် လုပ်နေ လို့ရှိရင်ဖြင့် သညာဝိပလ္လာသ အမှတ်မှားကလဲ၊ အင်း အနိစ္စမြင်ကတည်းက မရှိဘူး (မှန်ပါ) ဒုက္ခမြင်ကတည်းက စိတ္တဝိပလ္လာသက မရှိဘူး (မှန်ပါ့) အနတ္တမြင်ကတည်းက ဒိဋ္ဌိဝိပလ္လာသ (မရှိပါ ဘုရား)။

မရှိတော့ဘူး၊ ဪ ဒီတံတိုင်းကြီး ပြိုသွားတာ ခေါ်ရာလိုက်တဲ့နည်းနဲ့ လိုက်မှ ဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဘယ်ဟာပေါ်ပါလိမ့် (ခေါ်ရာလိုက်တဲ့နည်းနဲ့လိုက်တာ ပေါ်ပါတယ် ဘုရား)။ ဧဟိ ဆိုတာဘာပါလိမ့် (ခေါ်တာပါ) လာခဲ့ (မှန်ပါ့ အရှုခိုင်းတာပါ ဘုရား) အင်း လာခဲ့ခေါ်တာ။ (မှန်ပါ ဘုရား)။ ဧဟိက ဘာပါလိမ့် (လာခဲ့ခေါ်တာပါ) ပဿက (ရှုခိုင်းတာပါ)။ အဲ ရှုပါ ဆိုတာလာပါ-ရူပါ (မှန်ပါ့) တရားဓမ္မက မခေါ်ဘူးလား (ခေါ်ပါတယ်) ဘယ်လိုခေါ် ပါလိမ့် (ဧဟိပဿိကောပါ ဘုရား)။

ကျုပ်က ဒုက္ခသစ္စာ ပြောပါ့မယ်

အေး ဧဟိက=လာခဲ့၊ ပဿက=ရှုပါ၊ လာသာရှုစမ်းပါ၊ ဟုတ်လား ခင်ဗျားတို့ လာရှုရင် ကျုပ်က ဒုက္ခသစ္စာ ပြောပါ့မယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာပြောပါမယ်လို့ မပြောဘူးလား (ပြောပါတယ်) ကဲရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ယားတဲ့နေရာဆိုလို့ရှိရင် သွားမဖျောက်နဲ့၊ ဉာဏ်နဲ့လိုက်လိုက် (မှန်ပါ့) နာတဲ့နေရာကို (ဉာဏ်နဲ့ လိုက်ရပါတယ် ဘုရား)။

စားချင်တဲ့စိတ်ကလေး ရှိတဲ့နေရာကာ (ဉာဏ်နဲ့ လိုက်ရပါမယ်) အိပ်ချင်တဲ့ စိတ်ကလေး ရှိတဲ့နေရာ (ဉာဏ်နဲ့ လိုက်ရပါမယ် ဘုရား)။

အကုန်လိုက်ပါ “သံခိတ္တံ ဝါ စိတ္တံ သံခိတ္တံ စိတ္တန္တိ ပဇာနာတိ” ဆိုတဲ့ ထိနမိဒ္ဓပေါ်ရင် ထိုထိနမိဒ္ဓကို ဖြစ်ပျက်ရှု (မှန်ပါ့ ဘုရား)။

ဝိက္ခိတ္တံဝါ စိတ္တံ ဝိက္ခိတ္တံ စိတ္တန္တိ ပဇာနာတိဆိုတော့ ဥဒ္ဓစ္စကုက္ကုစ္စတွေပေါ်လဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ ခေါ်ရာလိုက်လို့ရှိရင်ဖြင့် ဖြစ်ပျက်နဲ့ မဂ်နဲ့ ကိုက်ပါတယ် (မှန်ပါ့) ခေါ်ရာ မလိုက်တော့ပါဘူး ဆိုလို့ရှိရင် ဒီတရားတွေဖြစ်ရင် အကုန်ပဋိစ္စသမုပ္ပါဒ် ဆက်ပြီး အပါယ်လေးပါး ချည်းပို့တယ် (မှန်ပါ့ ဘုရား)။

ခေါ်ရာမလိုက်ကြလို့ရှိရင် (အပါယ်လေးပါးချည်း ပို့မှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါကြောင့် သတိပဋ္ဌာန် တယ်အရေးကြီးပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

သတိပဋ္ဌာန်ဟာ (အရေးကြီးပါတယ် ဘုရား) အရေးကြီးတယ်ဆိုတာ ရှင်းရှင်း လင်းလင်း မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါကြောင့် ဧဟိပဿိကော ဆိုတာကလေးကိုဖြင့် ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။

‘ဧဟိ ပဿိကော”က ဘုရားရှိခိုးဖို့ တရားရှိခိုးဖို့ ဟောထားတာဆိုလဲ ဟုတ်ပါတယ် မှန်ပါ့) အဲဒါ ဓမ္မာနုဿတိဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာလုပ်တဲ့အခါ

ဝိပဿနာလုပ်တဲ့အခါကျတော့ ဓမ္မာနုဿတိ မဟုတ်ဘူး၊ ဝိပဿနာ သွားဖြစ်တယ် (မှန်ပါ့) မဂ်ရဖို့ သွားဖြစ်တယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် “ဧဟိပဿိကော” ဆိုတဲ့ ဥစ္စာ ခေါ်ရာလိုက်တာပဲ (မှန်ပါ့) ခေါ်ရာလိုက် တော့ ခင်ဗျားတို့ ရိုးရိုးတော့ မလိုက်ပါနဲ့တဲ့ (မှန်ပါ့) ရိုးရိုးမလိုက်ပါနဲ့ ဒကာဒကာမတို့၊ တစ်လုံးတိုးလိုက်စမ်းပါဦးနော် (မှန်ပါ့) သန္ဒိဋ္ဌိကော ကိုယ့်အမြင်နဲ့ကိုယ် လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သန္ဒိဋ္ဌိကောဆိုတာ (ကိုယ့်အမြင်နဲ့ကိုယ် လိုက်ရမှာပါ ဘုရား)။

ကိုယ့်အမြင်နဲ့ ကိုယ် လိုက်လိုက်တဲ့ အခါကျတော့ ခေါ်ရာကိုလဲ ဧဟိပဿိကောနဲ့ လိုက်လိုက်တော့ ဒီအတိုင်း မလိုက်ပါနဲ့တဲ့၊ ဉာဏ်အမြင်နဲ့ လိုက်-လိုက်စမ်းပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အင်း ဘာအမြင်နဲ့ လိုက်ရမလဲ (ဉာဏ်အမြင်နဲ့ လိုက်ရပါမယ် ဘုရား)။

ဉာဏ်အမြင်နဲ့ လိုက်-လိုက်စမ်းပါ

ဉာဏ်အမြင်နဲ့ လိုက်လိုက်တော့ အရင်ခေါ်တဲ့လူက ရှိတယ် (မှန်ပါ့) ခေါ်တဲ့လူက ရှိတယ်၊ နောက်ကျလာတော့ တကယ့်ဉာဏ်အမြင်နဲ့လိုက်၊ လိုက်တဲ့အခါကျတော့ မရှိတာ တွေ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို ကိုယ်တိုင်မြင်လား၊ သူတစ်ပါးပြောတာလား (ကိုယ်တိုင်မြင်တာပါ ဘုရား)။

အဲဒါ အနိစ္စ ကိုယ်တိုင်မြင်ဆိုတာ ဒကာ ဒကာမတို့ ဧဟိ ပဿိကာ ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့လိုက်၊ လိုက်လို့ရှိရင် ကိုယ်တိုင်မြင်တာပါပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဧဟိပဿိကောက ခေါ်သနော် (မှန်ပါ့) သန္ဒိဋ္ဌိကာက ဘယ်လိုလိုက်ရမယ် (ဉာဏ်အမြင်နဲ့ လိုက်ရပါမယ် ဘုရား)၊ ကိုယ်တိုင်မြင်အောင် ဉာဏ်နဲ့လိုက်၊ လိုက်ပါ (မှန်ပါ့ ဘုရား)။

ဉာဏ်နဲ့ လိုက် လိုက်တဲ့ အခါကျတော့ ရှိတာတွေ့သလား မရှိတာ တွေ့သလား (မရှိတာ တွေ့ပါတယ် ဘုရား)။

ဒါဖြင့် မရှိတာ ဘာခေါ်မယ် (အနိစ္စပါ ဘုရား)၊ အဲ မရှိမှန်း သိတာက (မဂ္ဂပါ ဘုရား)။

အဲဒီတော့ အနိစ္စနဲ့ မဂ္ဂနဲ့သာ ခင်ဗျားတို့ လိုက်နေပါဆိုတာ ဧဟိပဿိကော-က ခေါ်သော်လဲ ဟိုမှာ ဒကာ ဒကာမတို့ ဥပမာ – သားက လက်ယပ်ခေါ်နေလို့ အမေက သွားသလို ခင်လို့သွားတာမျိုး မသွားဘဲနဲ့ သိန္ဒိဋ္ဌိကောနဲ့ ကိုယ်တိုင်မြင်အောင် ဉာဏ်နဲ့ သွားစမ်းပါ (မှန်ပါ့)။

တဏှာခေါ်လို့ ပြေးတာ

ဒါဖြင့် ခင်သွား မသွားနဲ့၊ ဉာဏ်သွား သွားပါလို့ သန္ဒိဋ္ဌိကော- က ဟောတယ် (မှန်ပါ့)။ ခင်သွား မသွားဘဲနဲ့ (ဉာဏ်သွား သွားရပါတယ်) ခင်လို့ သွားတာကတော့ ကလေးက ဟိုကငိုပြီး သကာလ နေတာနဲ့ ငိုခေါ်-ခေါ်လိုက်တာနဲ့ အမေတွေက ကပျာကယာ ပြေးရတာ အဖေတွေက ကပျာကယာ ပြေးရတာ ရှိသေးတာ (မှန်လှပါ ဘုရား)။

အဲဒါက တဏှာခေါ်လို့ ပြေးတာ (မှန်ပါ့) တဏှာဆွဲတာနဲ့ ပြေးလိုက်၊ သံယောဇဉ်က သံယောဇနိယ ဖြစ်တဲ့ အာရုံကဆွဲတာနဲ့ ပြေးရတယ် (မှန်ပါ့) အဲဒါက ဉာဏ်နဲ့သွားတာ မဟုတ်ဘူး (မဟုတ်ပါ ဘုရား)။

ဒါကြောင့် အမေ မိဘတွေ သွားတဲ့အခါကျတော့ ခလုတ်တိုက်ရတာနဲ့၊ ဆူးငြိရတာနဲ့၊ အဝတ်မမြဲရတာနဲ့ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါကြောင့် ဧဟိပဿိကော-က ခေါ်ငြားသော်လဲ သန္ဒိဋ္ဌိကောဆိုတဲ့ ဉာဏ်ဦးစီးပြီး – ပြေးလိုက်တော့ ဘာတွေ့သတုံး (မရှိတာတွေ့ပါတယ် ဘုရား)။

ဝိပလ္လာသသုံးချက်စင်တယ်

မရှိတဲ့ အနိစ္စတွေ့တယ် (မှန်ပါ့) အဲဒီတော့မှ ဉာဏ်ကနေပြီး သကာလ သန္ဒိဋ္ဌိကော တို့က ရှုရတဲ့ဉာဏ်သည် အနိစ္စ ခန္ဓာကြီးပါလားဆိုတော့ အမှတ်မှား ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ခင်စရာ မင်စရာဆိုတဲ့ အသိမှားကော (မရှိပါ) ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ အယူမှားကော (မရှိပါ ဘုရား)။

ဪ ဒါဖြင့် ဧဟိပဿိကော ခေါ်ရာ၌ သန္ဒိဋ္ဌိကောဆိုတဲ့ ကိုယ့်ဉာဏ်နဲ့ လိုက် လိုက်ပြီဆိုမှဖြင့် ဝိပလ္လာသသုံးချက်စင်တယ် (မှန်ပါ့)။

ဘယ်နှစ်ခု စင်ပါလိမ့် (ဝိပလ္လာသ သုံးချက် စင်ပါတယ် ဘုရား)။

ဒကာသစ်ရေ သိပ်နေရာကျနေပြီး (မှန်ပါ့) ဒီတရားကို ဘယ့်နှယ်ကြောင့် ဆရာ ဘုန်းကြီး တွင်တွင် ဟောနေပါလိမ့်မတုံး ဆိုတော့ ခင်ဗျားတို့ ရပြီးသား ပါဠိကို ခင်ဗျားတို့ အသုံးမချတတ်လို့။

ဒကာကျော် ဘာတဲ့တုံး (ကိုယ်ရပြီးသား ပါဠိကို ကိုယ်အသုံးမချတတ်လို့ပါ ဘုရား)။

သောက်ဆေးကိုလိမ်းဆေးလုပ်နေ

ဆေးက သောက်ဆေး၊ ခင်ဗျားတို့က လိမ်းဆေးလုပ်နေတယ် (မှန်ပါ့)။

ဆေးက ဘာဆေးပါလိမ့် (သောက်ဆေးပါ ဘုရား)၊ ခင်ဗျားတို့က (လိမ်းဆေးလုပ်နေပါတယ် ဘုရား)။

ခက်ပြီ ၊ ဒီရောဂါ ပျောက်မှာမဟုတ်ပါဘူး (မပျောက်ပါ ဘုရား)၊ ကိလေသာ နာပျောက်စရာ မြင်သေး ရဲ့လား (မမြင်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး ဆေးအသုံး မှားနေတယ် (မှန်ပါ့ ဘုရား)၊ ဆေးအသုံး မှားနေလို့ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့က အန္တရာယ်ကင်း, ဘေးကင်းရွတ်တယ် (မှန်ပါ့ ဘုရား)၊ ဒါ လိမ်းဆေးလုပ်တယ် (မှန်ပါ့)၊ ဟ- ဒီဥစ္စာလိမ်းဆေး မလုပ်တော့ဘူး၊ ငါသည် ခေါ်ရာလိုက်နာရင် ဉာဏ်နဲ့ လိုက်မယ်ဆိုရင်တော့ သောက်ဆေးဖြစ်ပြီ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် တရားဂုဏ်တော်တွေ ရှိငြားသော်လည်း အသုံးမချတတ်တာနဲ့ လိမ်းဆေးလုပ်ပြီး သုံးနေကြတာနဲ့ သံသရာရှည်တဲ့ သဘောရောက်တယ် (ရောက်ပါတယ် ဘုရား)။

သောက်ဆေးလုပ်လို့ရှိရင် ခုလောက်ရှိရင် ကိစ္စပြီးပြီ (မှန်လှပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ)၊ ရှင်းပြီ နော် (ရှင်းပါပြီ ဘုရား)။

ဝိပဿနာဆိုတာ

ဒါဖြင့် ဝိပဿနာဆိုတာ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ (မှန်ပါ့ ဘုရား)။

သေသေချာချာ မှတ်ပါ၊ ဒီနှစ်လုံးဟာ အကုန်ပြီးတဲ့တရားလို့ ဒကာကြွယ် မှတ်လိုက်စမ်း (မှန်ပါ့)။

ဧဟိပဿိကော ခေါ်ရာကို (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)။

အင်း သန္ဒိဋ္ဌိကောဆိုတော့ သာမံပဿိတဗ္ဗော၊ သာမံ=ကိုယ်တိုင်ဉာဏ်နဲ့၊ ပဿိတဗ္ဗော=မြင်အောင်လိုက် ပါ (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုလိုက်လိုက်တဲ့အခါကျတော့ ခုနင်က ခေါ်တဲ့တရား၏ ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။

ဘာဖြစ်လို့တုံး ၊ သန္ဒိဋ္ဌိကော ဆိုတဲ့ လိုက်တဲ့ဉာဏ်က ဒကာ ဒကာမတို့ တစ်ခါတည်း ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်လိုက်ပါတယ် (မှန်ပါ့ ဘုရား)၊ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဪ သူက ဧဟိပဿိကော ဟုတ်လား၊ သူက သန္ဒိဋ္ဌိကော ဆိုတဲ့ မဂ်ဉာဏ်နဲ့ လိုက်လိုက်တော့ ဒီဘက်က ပဋိစ္စသမုပ္ပါဒ်တွေဟာ တန်းပြီး လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် ပြတ်ရတယ် (ပြတ်ပါ တယ် ဘုရား)၊ မလိုက်တဲ့ပုဂ္ဂိုလ်မှာဖြင့် ပဋိစ္စသမုပ္ပါဒ် ဆက်လျက် (မှန်ပါ့)၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါနဲ့ ဒီလိုပဲ ရှုရှု-ရှုရှုပြီးနေတော့ အဖြစ်အပျက်တွေက ခန္ဓာကိုယ်ထဲ စုံနေအောင် မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

ယထာဘူတဉာဏ်

အင်း ဖြစ်ပျက်တွေ အကုန်စုံအောင် တွေ့လို့ရှိရင် ဒကာသစ် ယထာဘူတဉာဏ်ရပြီ (မှန်လှပါ)။

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ ဉာဏ်နဲ့ချည်းလိုက်လိုက်တော့ မရှိတာတွေချည်း မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)၊ ဒါဘာဉာဏ်ပါလိမ့် (ယထာဘူတဉာဏ်ပါ ဘုရား)။

သို့သော်လည်း အမြဲတမ်း ခန္ဓာကြီးက ရှိပြီး သကာလ ခဏခဏ ဖြစ်လိုက်,ပျက်လိုက်တွေက ခေါ်ခေါ်နေပြန် တော့ ဒကာကြွယ်ရေ အဆုံးတွေ့အောင်, မုန်းသည်တိုင်အောင် လိုက်ရလိမ့်မယ် (မှန်ပါ့ ဘုရား)၊ မလိုက်ရင် တော်ပါ့မလား (မတော်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခေါ်ရာလိုက်ပါများတော့ ဘာတွေတွေ့သတုံး ဆိုတော့ မရှိတဲ့ အသေတွေ တွေ့တယ်ဘုရာ့ (မှန်လှပါ ဘုရား)။

မရှိတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ဒုက္ခ၊ အစိုးမရတဲ့ အနတ္တဟုတ်လား (မှန်ပါ့)၊ ရွံ့စရာ, မုန်းစရာဖြစ်တဲ့ အသုဘတွေဟာ တစ်ခါတည်းတွေ့တယ် (မှန်လှပါ ဘုရား)၊ တွေ့လိုက်ကတည်းကိုက ခုနင်က ဝိပ္ပလ္လာသတွေ ခံနိုင်သေးရဲ့လား (မခံနိုင် ပါ ဘုရား)၊ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဪ ဒါဖြင့် ဧဟိပဿိကောခေါ်ရာ သန္ဒိဋ္ဌိကောနဲ့ လိုက်တာနဲ့ ဝိပ္ပလ္လာသတောင်ကြီး ပြိုရတယ် (မှန်လှ ပါ ဘုရား)၊ ဝိပ္ပလ္လာသ တံတိုင်းကြီး ပျက်စီးရတယ် (မှန်လှပါ)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီတံတိုင်း ပျက်စီးပါလိမ့်မတုံး မေးတဲ့အခါကျတော့မှ ဒကာသစ်ရေ အကာလိ ကော (မှန်ပါ့)၊ အခါမလင့် အကျိုးပေးချလိုက်တယ် (မှန်ပါ့)။

ဘယ်လိုအကျိုးပေးပါလိမ့် (အခါမလင့် အကျိုးပေးပါတယ် ဘုရား)။

အခါမလင့် အကျိုးပေးလိုက်တယ်

အပါယ်သွားမည့် တရားတွေ နောက်ဆက်တွဲ မလာနိုင်အောင် အခါမလင့် အကျိုးပေးလိုက်တယ် (မှန်ပါ့)။

ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တာနဲ့ အကာလိကောဆိုတဲ့ ခုနင်က အခါမလင့် အကျိုးပေး တယ်ဆိုတော့ အပါယ်သွားမည့်တရားတွေ အကုန်ဖြတ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်သူက ဖြတ်ပါလိမ့် (မဂ်က ဖြတ်ပါတယ် ဘုရား)၊ မဂ်ကဖြတ်လိုက်တော့ ဘယ့်နှယ်ဆိုကြမလဲ (အကာလိ ကောပါ ဘုရား)။

အကာလိကောဆိုတာ အခု မဂ်ဆိုရင် အခုပြတ်တယ် (မှန်ပါ့ ဘုရား)၊ လောကီမဂ်ကလည်း လောကီပဋိစ္စ သမုပ္ပါဒ် ပြတ်တာပဲ (မှန်ပါ့ ဘုရား)၊ မပြတ်သေးဘူးလား (ပြတ်ပါတယ် ဘုရား)။

ကိုင်း ဒကာ ဒကာမတွေ ဒီပဋိစ္စသမုပ္ပါဒ်တွေ ပြတ်တယ်ဆိုကတည်းက ဝိပ္ပလ္လာသပြတ်လို့ ပြတ်တာ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဝိပ္ပလ္လာသ မပြတ်ရင် (မပြတ်ပါ ဘုရား)။

ကိုင်း ဒါဖြင့် ဝိပဿနာရှုမှသာလျှင် ခိုကိုးရာဖြစ်တဲ့ မဂ်ကိုလည်း ရမယ် (မှန်ပါ့ ဘုရား)၊ ရမှသာလျှင် အကာလိကော ဆိုတဲ့ သံသရာ့ခရီးသည်တွေ ပြတ်မယ် (မှန်ပါ့)၊ တဏှာ, ဥပါဒါန်, ကံတွေကော (ပြတ်ပါတယ် ဘုရား)၊ သောက ပရိဒေဝ ဒုက္ခဒေါမနဿ (ပြတ်ပါတယ် ဘုရား)၊ အဝိဇ္ဇာ သင်္ခါရ (ပြတ်ပါတယ် ဘုရား)။

အပါယ်သံသရာပြတ် တယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကော ခေါ်ရာကို ဘာနဲ့လိုက်မယ် (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဘုရား)၊ သန္ဒိဋ္ဌိကောနဲ့ လိုက်,လိုက်တဲ့အခါကျတော့ ဘယ်လို ကျေးဇူးခံစားရသတုံး ဆိုတော့ အပါယ်သံသရာပြတ် တယ် (မှန်လှပါ ဘုရား)။

ဘာ့ကြောင့်တုံး ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အကာလိကော=အခါမလင့် အကျိုးပေးလိုက်တော့ ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ် ဆက်နိုင်သေးရဲ့လား (မဆက်နိုင်ပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် မဆက်နိုင်တာ ဘာပါလိမ့် (အကာလိကောပါ ဘုရား)၊ အကာလိကော=အခါမလင့် အကျိုးပေး လိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီလို အခါမလင့် အကျိုးပေးတော့ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ဆက်စရာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါက မဂ်စစ် မဟုတ်သေးဘူး၊ ဝိပဿနာမဂ်တွင် ဟောနေသေးတယ် (မှန်ပါ့)၊ နက်ဖြန် လောကုတ္တရာမဂ် ဟောတော့ ဒီ့ထက်ရှင်းလိမ့်မယ် (မှန်ပါ့)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကဲ နာရီစေ့ပြီ၊ ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။

ဤတွင် အမှတ်စဉ် (၁၆) ပြီးပါပြီ။