11607

မာတိကာသို့

ဝိပ္ပလ္လာသတံတိုင်းအတွင်း မှောင်ကျနေပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ ဓမ္မာရုံ၌ – ဟောကြားတော်မူသော

(ဝိပ္ပလ္လာသတံတိုင်းအတွင်း မှောင်ကျနေပုံ)နေ့အလုပ်ပေး-တရားတော်

(၂-၈-၆၁)

တရားနှလုံးသွင်းကြ

ကိုင်း တရားနှလုံးသွင်းကြ တရားနှလုံးသွင်းကြ၊ အလုပ်တရားကိုလည်း ဒကာ ဒကာမတွေ ပေးမယ်၊ အလုပ်တရား မပေးမီ ရှေ့အဖို့ကာလ၌ အမှားတွေကိုလည်း ပြင်ပေးလိမ့်မယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)။

အမှားပြင်ပြီးမှ အလုပ်ပေး၊ အလုပ်ပေးတော့မှ ဉာဏ်တက်၊ ဉာဏ်တက်တော့မှ ဉာဏ်က ကိလေသာ သတ်၊ ကိလေသာ သတ်လို့ရှိရင်ဖြင့် နိဗ္ဗာန်မြင်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ အကြွေးတရား မဟုတ်ဘူး၊ ချက်ချင်း ကို မြင်ပါလိမ့်မယ် ဆိုတဲ့ဥစ္စာ မှတ်ရမယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် အမှားပြင်ကြဦးစို့၊ ဒကာ ဒကာမတို့ အမှားပြင်တော့မယ်ဆိုတဲ့ဥစ္စာ ဒီအမှားကလည်း အမှားသက်ရှည်ကြီးလို့လည်း မှတ်ရမယ်နော် (မှန်ပါ့)။

ဒကာ ဒကာမတို့၏ ခန္ဓာငါးပါး ရှိကြပါတယ်တဲ့၊ ရုပ်ကြီးက ရူပက္ခန္ဓာ၊ ဆိုးတာ, ကောင်းတာ ခံစားတာက ဝေဒနာက္ခန္ဓာ၊ အဖြူ, အနီ, အကြောင်အကျားတွေ မှတ်နေတာက သညာက္ခန္ဓာ၊ စေ့ဆော်တိုက်တွန်းတာက သင်္ခါရက္ခန္ဓာ၊ သိလုံး ဟူသ၍က ဝိညာဏက္ခန္ဓာ ဆိုတော့ ဒါ တရားနာနေတဲ့ ခန္ဓာငါးပါးလို့ မှတ်ပါ (မှန်ပါ့)။

အခု အလယ်က ပြထားတဲ့ ငါးလုံးပြူးဟာ ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) တရားနာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ့ ဘုရား)။

ဒီတရားနာနေတဲ့ ခန္ဓာငါးပါးမှာ ဒကာ ဒကာမတို့က အမှတ်မှားဆိုတာကလေးကလည်း ရှိတယ်၊ အသိမှားဆိုတာ ကလေးကလည်း ရှိတယ်၊ အယူမှားဆိုတာကလေးတွေကလည်း ရှိပြီးသကာလ နေတယ်လို့ မှတ်ရမယ် (မှန်ပါ့)။

တရားနာနေတဲ့ ခန္ဓာငါးပါးမှာ, အမှတ်မှား, အသိမှား, အယူမှားလို့ သုံးခုရှိတယ်နော် (မှန်ပါ့)။

အမှတ်မှား, အသိမှား, အယူမှား

တရားနာနေတဲ့ ခန္ဓာငါးပါးမှာ ဒကာ ဒကာမတို့ မိမိတို့၏ ခန္ဓာငါးပါးက ဒီအထဲမှာ မိမိတို့က မသိဘဲနဲ့ နေတာက အမှတ်မှားတစ်ခု ၁-နံပါတ်ရှိတယ် (မှန်ပါ့) အသိမှားတစ်ခု ၂-နံပါတ်ရှိတယ် (မှန်ပါ့) အယူမှားတစ်ခုက ၃-နံပါတ်ရှိတယ်၊ ဒါကို သေသေချာချာမှတ်ပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒီခန္ဓာငါးပါး ရုပ်နာမ်ဓမ္မတွေကို ဒကာ ဒကာမတွေက မိမိသားဆိုလို့ရှိရင်ဖြင့် ကိုယ်က မွေးဖွားတာကလေး သားလို့ မမှတ်ကြဘူးလား (မှတ်ကြပါတယ်)။

ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါးထဲမှာရှိတဲ့ သညာဆိုတဲ့ တရားကလေးက တစ်ခါတည်း ဒါ သားပဲ၊ သမီးပဲ၊ ခင်ပွန်းပဲလို့ မှတ်ထားတဲ့ အမှတ်ကလေးက အမှတ်မှားကလေးက ဝမ်းထဲမှာ မပျောက်ဘဲ ဖြစ်နေတယ် (မှန်ပါ့)။

အမှတ်မှား ဝမ်းထဲမှာ မပျောက်တော့ ဒါသည် အမှတ်မှား၊ စာလိုသုံးရင် သညာဝိပ္ပလ္လာသ၊ မြန်မာလိုသုံးရင် အမှတ်မှားလို့ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့)။

ဒီကနေပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အမှတ်မှားတော့ သားကလေးရယ်လို့လည်း မှတ်မိရော ကိုယ့်သား ကိုယ်မခင်ရင် ဘယ့်နှယ်လုပ်မလဲဆိုတဲ့ စိတ်နဲ့ ခင်ချင်တဲ့အသိမှားကလေးကလည်း နောက်က လိုက်လာတယ် (မှန်ပါ့ ဘုရား)။

အင်း အခု ဒီခန္ဓာကြီးမှာ ဒကာ ဒကာမတို့ ၁-နံပါတ်ကလည်း ဝိုင်းနေပြီ၊ ၂-နံပါတ်ကလည်း ဝိုင်းပြီ (မှန်ပါ့) နောက်ကျတော့ ဒီသားပဲ ကိုယ့်ကိုယ်လည်း အားကိုးရမှာပဲ၊ ဒီသားကလေးကြီးလာလည်း အားကိုးရမှာပဲ ဆိုပြီး ခင်ဗျားတို့ အနတ္တခန္ဓာကိုယ်ကြီးကို အားကိုးမှားဆိုတဲ့ အယူမှားကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ အမှားဘယ်နှစ်ချက်ရှိပါလိမ့် (သုံးချက်ရှိပါတယ်) အမှတ် မှား အသိမှား အယူမှား (မှန်ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ သုံးချက်တောင် အမှားရှိနေတယ် (မှန်ပါ့) ဒါ သောတာပတ္တိမဂ် မရရင် ဒကာသစ် ခက်သေးတယ် (မှန်ပါ့ ဘုရား)။

ရှေးဦးစွာ ဝိပဿနာမဂ်နဲ့ ပယ်ပြမယ်

ဒါ့ကြောင့် ဒီနေ့မဂ်ဉာဏ်နဲ့ ပယ်မှရမည့်တရားကိုလည်း ရှေးဦးစွာ ဝိပဿနာမဂ်နဲ့ ပယ်ပြမယ်၊ ဝိပဿနာမဂ်နဲ့ ပယ်ပြပြီးတော့မှ ဒကာ ဒကာမတွေ အလုပ်တရားပြပြီး အလုပ်နဲ့ ပယ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီအမှားက ဒီဘဝမှာလည်း ကိုယ့်ဝမ်းထဲမှာ သားကလေးဆိုတာ အမှတ်မှား၊ သားကလေးဆိုတာ ခင်ရမှာပဲ ဆိုတာက (အသိမှားပါ) ဒီသားကလေးပဲ အားကိုးရမှာပဲ ဆိုတာက (အယူမှားပါ ဘုရား)။

ဪ ဒါဟာ မိမိခင်ပွန်းမကိုလည်း ခင်ပွန်းမက ခြယ်ခြယ်လှယ်လှယ် ရှိလို့ရှိရင် ထို့အတူပဲ ဒါ ခင်ပွန်းမလို့ မှတ်တာပဲ (မှန်ပါ့) အမှတ်မှားတာပဲ (မှန်ပါ့ ဘုရား)။

သူ့ကိုပဲ ခင်ရမင်ရမှာပဲဆိုတာကော မရှိဘူးလား (ရှိပါတယ်) အဲဒါက အသိမှားပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သူ့ပဲ အားကိုးနေရတယ် တစ်အိမ်လုံးကဆိုတော့ ဘယ့်နှယ်ဆိုကြမလဲ (အယူမှားပါ ဘုရား)။

ဪ ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်မှာလည်း အမှားသုံးချက်က သူ့မှာ မဖြုတ်နိုင်ဘူး (မှန်ပါ့) မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ခင်ပွန်းသည်အားကိုး သားအားကိုးဆိုရင် ဘယ့်နှယ်ချက်ပါလိမ့် (သုံးချက်ပါပဲ ဘုရား)။

ဒီသုံးချက်သည် ဒကာဒကာမတို့ အမှတ်မှားနောက်ကလည်း အသိမှားလိုက်တယ်၊ အသိမှားနောက်ကလည်း အယူမှားလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးမှာ အမှားသုံးချက်ဝိုင်းနေတယ်

တစ်ခါ ဒကာ ဒကာမတွေမှာ ဒီခန္ဓာကိုယ်ကြီးမှာ အမှားသုံးချက်ဝိုင်းနေတယ်၊ ဒီဘက်က သမီးအတွက်မှာလည်း သမီးဆိုတာ ဘာပါလိမ့် (အမှတ်မှားပါ) သမီးမို့ ခင်ရတယ်ဆိုတာက (အသိမှားပါ) သူ့ပဲ အားကိုးရပြန်တယ်လို့ ယူလိုက်ပြန်တော့ (အယူမှားပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သမီးအတွက်ကလည်း ကိုယ့်မှာ ဝိုင်းနေတဲ့ အမှားသုံးချက်က လာပြန်တယ် (မှန်ပါ့ ဘုရား)။

တစ်ခါ မိမိခန္ဓာကိုယ်ကို ကြည့်လိုက်ပြန်တဲ့အခါလည်း ထို့အတူပဲ၊ မိမိယောကျ်ားပဲ ဆိုတာက အမှတ်မှား (မှန်ပါ့) ယောက်ျားမို့ ခင်ရတယ်ဆိုတာကကော (အသိမှားပါ) ယောက်ျားပဲ အားကိုးနေရတယ် ဆိုတာကော (အယူမှား ပါ) အင်း ဒီဘက်ကလည်း သုံးချက်ပဲနော် (မှန်ပါ့သုံးချက်ပါ ဘုရား)။

ခင်ပွန်းမဘက်ကလည်း ထို့အတူပဲ အမှတ်မှား, အသိမှား, အယူမှားနဲ့ သုံးချက်မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီဟာတွေက ဝိုင်းပြီးနေတယ်၊ ခန္ဓာကြီးကတော့ ခန္ဓာငါးပါး (မှန်ပါ့) ဒီဟာကတရားနာနေတဲ့ ခန္ဓာငါးပါး (မှန်ပါ့) တရားနာနေတဲ့ ခန္ဓာငါးပါးမှာ အမှားသုံးချက်တွေ ထပ်ပြီး ဝိုင်းထားတယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ပဲ ဒကာ ဒကာမတို့ အမှားတွေက ဝိုင်းပြီး ကာရံထားလိုက်တော့ တစ်နေ့ကျပြန်တော့လည်း ဒီကသားအပေါ် မှာ သားဟူသော အမှတ်ဟာ နက်ဖြန် ဒီအမှတ်ထပ်ဆင့်တာပဲ (မှန်ပါ့) ဒီအသိကကော (ဆင့်ပါတယ်) ဒီအယူကကော (ဆင့်ပါတယ် ဘုရား)။

တစ်နေ့တစ်နေ့ ဆင့်လိုက်တာလည်း ဒကာ ဒကာမတို့ အကနိဋ္ဌဗြဟ္မာ့ပြည်မကပါဘူး (မကပါ) သားဟူသော အမှတ်နဲ့ဆင့်ဆင့် ဆင့်ဆင့်၊ ပထမအမှတ်ပေါ်မှာ ဒုတိယအမှတ်ဆင့်၊ ပထမအသိပေါ်မှာ (ဒုတိယအသိဆင့်) တတိယ အမှားဖြစ်တဲ့ ပထမဒိဋ္ဌိပေါ်မှာ ဒကာ ဒကာမတို့ ဒုတိယဒိဋ္ဌိဆင့်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့မှာ ဒီတံတိုင်းကြီးတွေဟာ အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် ဒကာဒကာမတွေကို ဝိုင်း ထားတယ် (မှန်ပါ့ ဘုရား)။

တံတိုင်းပေါင်း ဘယ်လောက်ခြံရံနေသတုံး

ဒါ ဒကာ ဒကာမတွေ ထားပါတော့ (မှန်ပါ့) ဒကာ ဒကာမတွေမှာ တံတိုင်းပေါင်း ဘယ်လောက်ခြံရံနေသတုံး ဆိုတော့ အမှားပေါင်း ထောင်, သောင်း, သိန်း, သန်းမက ခြံရံပြီး ဝိုင်းထားတယ် (မှန်ပါ့ ဘုရား)။

ဒီအလယ်မှာရှိတဲ့ ဒကာ ဒကာမတွေသည် အမှန်ထဲမှာ နေရသလား အမှားထဲမှာ နေရသလား (အမှားထဲမှာ နေရပါတယ် ဘုရား)။

အမှတ်မှားထဲလည်း နေရတယ် (နေရပါတယ်) အသိမှားထဲကော (နေရပါတယ်) အယူမှားထဲကော (နေရပါတယ် ဘုရား)။

ဒါကို အခုလို သာသနာတွင်းကြုံ ဆရာကောင်း သမားကောင်းနဲ့ဆုံတဲ့အချိန်မှာ ဒီအမှားတွေကို အမှတ်မှား, အသိမှား, အယူမှားတွေကို တပည့်တော်တို့ဖြင့် ဘုရား မပြင်နိုင်အောင် ဖြစ်နေတယ်၊ ပြင်ပေးမယ့်လူလည်း မရှိဘူးဘုရာ့ ဆိုလို့ရှိရင်ဖြင့် အမှားသေ မှားပြီး ဒီအထဲမှာပဲ သေသွားတယ် (မှန်ပါ့) မှားပြီးတော့ (ဒီအထဲမှာပဲ သေသွားပါတယ် ဘုရား)။

ဒီတံတိုင်းကြီးတွေက အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင်ပဲ ဝိုင်းနေတဲ့အမှတ်တွေ ဆင့်ဆင့်-ဆင့်ဆင့်သွားတယ် (မှန်ပါ့) အသိတွေ ဆင့်ဆင့်သွားတော့ အယူတွေကော (ဆင့်ဆင့်-ဆင့်ဆင့်သွားပါတယ် ဘုရား)။

အကနိဋ္ဌ ဗြဟ္မာ့ပြည် မကဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့) ဒါဖြင့် တစ်ဘဝမှာလည်း ဒီအမှားတံတိုင်းတွေ ကြားထဲမှာပဲ သေတယ် (သေရမှာပါပဲ) ဒုတိယဘဝကျတော့လည်း ဒီအတိုင်းပဲ သား, လင်, ခင်ပွန်းနဲ့ နေကြပြန်တော့ ဒုတိယဘဝလည်း ဒီတံတိုင်းကြီး အရင်တံတိုင်းပေါ်မှာ ဆင့်သာလာတယ် ဒကာသစ် ပြိုပျက်သွားရဲ့လား (မသွားပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဘဝတိုင်းဆင့်လာတဲ့ တံတိုင်းကြီးသည် ဘယ်လောက်များ မြင့်မားမလဲလို့ မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား)။

မရေတွက်နိုင်ဘူး၊ ဒါ့ကြောင့် ဒကာ ဒကာမတွေ ကိုယ့်တံတိုင်း ကိုယ်ခတ်တယ်လို့ အောက်မေ့ပါ (မှန်ပါ့) ဝိုင်းကြပါစို့ဆိုတော့ ထွက်ပေါက်မရှိတော့ပါဘူးနော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ အခုဝိုင်းပြလိုက်တာ ထွက်ပေါက်ရှိသေးရဲ့လား (မရှိပါ ဘုရား)။

တချို့များ သမီးအမှတ်နဲ့ သေသွားတယ်၊ သမီးခင်စိတ်နဲ့ သေသွားတယ်၊ သမီးအားကိုးရင်း မတ္တနဲ့ သေသွားတော့ ဒကာ ဒကာမတို့ ဒီတံတိုင်းကြီးကြားထဲမှာ သေသွားတယ် (မှန်ပါ့) အမှတ်မှား, အသိမှား, အယူမှားနဲ့ သေသွားပြီ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဘယ်အခါကာလမှ သူတို့မှာ အမှတ်မှန်, အသိမှန်, အယူမှန်ဆိုတဲ့အဖြစ်နဲ့ ဒကာ ဒကာမတို့ ကြုံခဲ့ရတဲ့ ဘဝများ ရှိပါရဲ့လား (မရှိပါ ဘုရား)။

ကဲ ကြည့်ပါလား တစ်ဘဝ, တစ်ဘဝမှာ ဖြိုဖျက်နိုင်သလား၊ ဆင့်သာသွားသလား (ဆင့်သာသွားပါတယ် ဘုရား)။

ကိုင်း ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ) တပည့်တော်တို့ သံသရာထဲမှာ ဘယ်လိုများ နေခဲ့ထိုင်ခဲ့ရပါလိမ့် မလဲဘုရား ဆိုတော့၊ အို မှောင်ကျနေတဲ့ တံတိုင်းကြီးထဲမှာ အလင်းမရဘဲနဲ့ သေပွဲဝင်ခဲ့ကြရတယ် (မှန်ပါ့ ဘုရား)။

နောက်ဘဝလည်း ဒီထဲမွေးတာပဲ (မှန်ပါ့) နောက် ဘဝပေါင်းများစွာကော (ဒီအထဲ မွေးတာပါပဲ) ဪ ဒီအထဲမွေးပြီး ဒီအထဲသေ (မှန်ပါ့ ဘုရား)။

မှောင်ထဲမွေး မှောင်ထဲသေ

ဒါဖြင့် မှောင်ထဲမွေး မှောင်ထဲသေပေါ့ (မှန်ပါ့ ဘုရား) အမှတ်မှားနဲ့သေလိုက်၊ အသိမှားနဲ့ကော (သေလိုက်ပါ) အယူမှားနဲ့ကော (သေလိုက်ပါ) ပြင်ပေးမည့်လူက (မရှိပါ ဘုရား)။

ဒီအထဲက ဒကာသစ် မှတ်လိုက်စမ်း၊ ဒီဘက် ထုကြီးကလည်း ထူလိုက်တာ မနည်းဘူး (မှန်ပါ့) မြင့်မားလိုက်တာ ကလည်း နေရောင်, လရောင်တောင် မထိုးနိုင်ဘူး (မှန်ပါ့ ဘုရား)။

နေရောင်, လရောင်, နက္ခတ်ရောင်တွေတောင် (မထိုးနိုင်ပါ ဘုရား)။

အံမာ ဒကာ ဒကာမတို့ ဘယ်သူကာထားတဲ့တံတိုင်းပါလိမ့်မတုံးမေးရင် ကိုယ့်ဟာကိုယ် ကာထားတဲ့တံတိုင်း လို့ မှတ်ပါ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (ကိုယ့်ဟာကိုယ် ကာထားတဲ့ တံတိုင်းပါ ဘုရား)။

ဒီဘဝလည်း ကာလျက်နဲ့ ကာပြီးသကာလ ဒီအတွင်းမှာပဲ သေသွားတယ် (မှန်ပါ့) နောက်ဘဝကျတော့လည်း ဒီအတွင်းမှာ သေတော့ ဒီအပေါ်မှာ ထပ်ကာပြန်တာပဲ (မှန်ပါ့) အမှတ်မှား, အသိမှား, အယူမှားတွေ ထပ်ပြန်တာပဲ (မှန်ပါ့ ဘုရား)။

ကဲ ဒကာသစ် ပေါ်ပလား (ပေါ်ပါပြီ) ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

နို့ ဘုရားက ဘယ်နေရာ ပွင့်ပါလိမ့်မတုံးလို့ မေးတော့ ဘုရားက ဒကာ ဒကာမတို့ အပြင်ဘက်က ပွင့်တယ် (မှန်ပါ့ ဘုရား)။

ဘုရားက အပြင်ဘက်က ပွင့်ပြီးသကာလနေတော့ သူ့အမှတ်မှား တံတိုင်းကြီးကိုလည်း မဖြိုနိုင်ဘူး (မှန်ပါ့) အသိမှားတံတိုင်းကြီးကိုလည်း မဖြိုနိုင်ဘူး (မှန်ပါ့) အသိမှားတံတိုင်းကြီးကလည်း ဆင့်ထားတာ မြင့်မားလွန်းလို့ မဖြိုနိုင်ဘူး (မှန်ပါ့) အယူမှား တံတိုင်းကြီးကလည်း ဘဝများစွာက ဆင့်လာလို့ ဘုရားက ဖြိုဖျက်နိုင်ရဲ့လား (မဖြိုဖျက် နိုင်ပါ ဘုရား)။

ဒါ့ကြောင့် ဂင်္ဂါဝါဠု သဲစုမက ဘုရားတွေ ပွင့်သွားငြားသော်လည်း ကျုပ်တို့မပါတာ ကျုပ်တို့၏ လုံခြုံရေးကို ကျုပ်တို့ကာနေလို့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူ့ကြောင့်ပါလိမ့် (တပည့်တော်တို့၏ လုံခြုံရေး တပည့်တော်တို့ ကာနေလို့ပါ ဘုရား)။

အရှင်ဘုရားမကြွလာနဲ့

အရှင်ဘုရား မကြွလာနဲ့ အရှင်ဘုရားမကြွလာနဲ့လို့ဆိုတာ ဒကာ ဒကာမတို့က ဘုရားကိုယ်တော်မြတ်ကြီး မကြွပါနဲ့ဘုရားလို့ မဆိုသော်လည်း ဆိုဘိသကဲ့သို့ ကိုယ့်ဟာကိုယ် ကာနေတယ် (မှန်ပါ့ ဘုရား)။

မယုံလို့ရှိရင် စဉ်းစားသာ ကြည့်ကြပါတော့တဲ့ ဒီဒကာ ဒကာမတွေ ကလေးကလေး အချိန်အရွယ်ရောက်လို့ ဟောဒီဘက်မှ တရားဟောနေတယ် ဘုရားက (မှန်ပါ့) ဘုန်းကြီးကပဲ ဟောတယ်ထား (မှန်ပါ့) မလာနိုင်ဘူးတဲ့ (မှန်ပါ့) သမီးဟူသော အမှတ်တံတိုင်းကြီး ကာနေတယ် (မှန်ပါ့) သမီးခင်မှုတည်းဟူသော စိတ်မှားကြီးကကော (ကာနေပါတယ်) သမီးဆိုတဲ့ အယူမှားကြီးကကော (ကာနေပါတယ် ဘုရား)။

ကိုင်း တရားနားတောင် ထွက်ခွင့်မပေးဘူး (မှန်ပါ့) သဘောပါကြလား (ပါပါပြီ ဘုရား)။

ဒါ ဒီဘဝထင်ရှားတောင် ပြောပါတယ်- ဒကာ ဒကာမတို့ တရားနာတောင် ထွက်ခွင့်ပေးရဲ့လား (မပေးပါ ဘုရား)။

ဒါဖြင့် တရားနာထွက်ခွင့် မပေးဘူး၊ စီးပွားရှာလည်း သွားခွင့်မပေးဘူး (မှန်ပါ့) သမီးဆီပဲ ရောက်နေလို့ စိတ်မချ လက်မချရှိနေလို့ သမီးကပါလျက်ကိုးဗျ (မှန်ပါ့) ဒါ အမှတ်မှားဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား) စိတ်မချဘူးဆိုတော့ အသိမှားမကျဘူးလား (ကျပါတယ် ဘုရား)။

ဪ သူ့ပဲ အိုတဲ့အခါကျလို့ရှိရင် ကိုးစားရာ, အားထားရာအဖြစ်နဲ့ တွေ့ရမှာ ဥတစ်လုံး တစ်ကောင် ကြွက်တော့ မဖြစ်ချင်ဘူးဆိုတဲ့ အယူမှားကကော (လာပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ တရားနာမထွက်ဖြစ်တာလည်း အမှားသုံးချက် တံတိုင်းကာလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဘုရားအဆူဆူနဲ့ လွဲခဲ့ရတာကော (အမှားသုံးချက် တံတိုင်းကာလို့ပါ ဘုရား) အမှားသုံးချက် တံတိုင်းကာ နေတယ် (မှန်ပါ့)။

ဘုရားက တံတိုင်းအတွင်းမှာ ပွင့်သလား။ တံတိုင်းအပြင်ဘက်မှာ ပွင့်သလား (တံတိုင်းအပြင်ဘက်မှာ ပွင့်ပါ တယ် ဘုရား)။

သညာဝိပ္ပလ္လာသ သမားထဲမှာ ဒကာသစ် မဝင်နိုင်ဘူး (မှန်ပါ့) စိတ္တဝိပ္ပလ္လာသ သမားထဲမှာကော (မဝင်နိုင်ပါ) ဒိဋ္ဌိဝိပ္ပလ္လာသ သမားထဲမှာကော (မဝင်နိုင်ပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တပည့်တော်တို့က ပိတ်ပင်လို့ပါ

ဪ တို့သည်ကားလို့ဆိုရင် ဘုရားအဆူဆူ ဂင်္ဂါဝါဠု သဲစုမကဆိုတော့ သဲတစ်မှုန့် ဘုရားတစ်ဆူ၊ ဒီဘုရား တွေက တို့ကို မသနားလို့လား တို့က လုံခြုံရေးနဲ့ မလာပါနဲ့လို့ ပိတ်ပင်လို့လားဆိုတာ ဒီတရားမှာ အကဲခတ်ကြည့် ပါ (မှန်ပါ့) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (တပည့်တော်တို့က ပိတ်ပင်လို့ပါ ဘုရား)။

ဘုရားကို အလာမခံဘူး (မှန်ပါ့) ဘုရားလာမည်ကြံရင် သမီးဟူသော အမှတ်နဲ့ သမီးခင်မှုနဲ့ ကာလိုက်၊ သမီး အားကိုးမှုနဲ့ ကာလိုက် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါ မအားလို့ မအားလို့ ဆိုတဲ့ဥစ္စာ တံတိုင်း ကိုယ့်ဟာကိုယ် ကာနေတာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ မအားလို့ဆိုတာ ဘာပါလိမ့် (တံတိုင်း ကိုယ့်ဟာကိုယ် ကာတာပါ ဘုရား)။

ဪ ဒကာ ဒကာမတို့က မအားတဲ့ဥစ္စာ ကိုယ့်ဟာကိုယ် တံတိုင်းကာတာ၊ ဘုရား မဝင်နိုင်အောင် တရား မဝင်နိုင်အောင် ကာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ်တို့ တော်,တော်သေးတယ်၊ ဒီထွက်လာနိုင်တာ တံတိုင်းကျော်ပြီး ထွက်လာနိုင်တာဟာ တော်,တော် သေးတယ် (မှန်ပါ့)။

အခုလာတဲ့ ဒကာ ဒကာမတွေ ကိုယ့်မှာ တံတိုင်းအသီးသီးရှိတာ ဒီဘဝ ဆရာဘုန်းကြီးကလည်း ဆွဲ၊ ကိုယ့်အရေး လည်း ကိုယ်သိတဲ့ ကောင်းမြတ်တဲ့စိတ်ကလေး ပေါ်လာလို့ အခု ပြင်ဘက်ထွက်လာတာ (မှန်ပါ့)။

ဒီကပြန်ရင် ဘယ်သွားကြမှာတုံး၊ ဟောဒီအတွင်း ပြန်ဝင်မယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) ဒီကပြန်ရင် (တံတိုင်းအတွင်း ပြန်ဝင်ရမှာပါ ဘုရား)။

ဪ ခင်ဗျားတို့ တံတိုင်းကလည်း ခက်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ခဏကလေး ထွက်လာ နောက် တစ်ခါ ပြန်ဆင့်တာပဲ (မှန်ပါ့)။

ခဏကလေး ထွက်လာပြီး (နောက်တစ်ခါ ပြန်ဆင့်ပါတယ်) ဒါက ဘာကြောင့် ပြန်ဆင့်ကြသတုံး မေးလို့ရှိရင် ဖြင့် ဒီသား ဒီသမီး ဒီမြေးဆိုတဲ့ ဒကာ ဒကာမတို့ ဒီလင် ဒီသား ဒီမယားဆိုတဲ့ အသွားတွေတည်း ဟူသော တံတိုင်း ကြီးထဲက မထွက်လိုလို့ ပြန်ဝင်ရတာ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မထွက်လိုလို့ ပြန်ဝင်ရတာ

ဘယ်လိုကြောင့်ပါလိမ့် (မထွက်လိုလို့ ပြန်ဝင်ရတာပါ) ဒကာကြွယ် ဒီကပြန်ရင် အိမ်ပြန်များ မှားဦးမလားဗျာ (မမှားပါ) မမှားဘူး (မှန်ပါ့)။

ဘာပြုလို့တုံးလို့ မေးတဲ့အခါကျတော့ ဒီနေရာမှာ ဒီတံတိုင်းကြီးတွေက ရှိပြီးသကာလ နေတော့ ဒီအတွင်း နေရလို့ရှိရင် ဒကာကြွယ် မမှားဘူးလား (မှားပါတယ် ဘုရား)။

သားကလေး, မြေးကလေးဆိုတဲ့ အမှားကလေးကကော မလာဘူးလား (လာပါတယ်) မြေးကလေးတွေ့ရင် ခင်မှပဲဆိုတဲ့ အသိမှားကကော မလာဘူးလား (လာပါတယ်) မြေးကလေးပဲ ကြီးတော့ ဆေးပေးမီးယူနဲ့ လုပ်ရမှာဆိုတဲ့ အားကိုးလုံး အမှားကော (လာပါတယ် ဘုရား)။

ဟော ဒီကပြန်ရင် ခင်ဗျားတို့ ဘယ်များ ကြွကြမှာတုံး မေးလို့ရှိရင် တပည့်တော် ခိုအောင်းရတဲ့ ဘုရား အဆူဆူ ကာကွယ်ရေးရတဲ့ တံတိုင်းထဲ သွားရပါလိမ့်မယ်ဘုရား (မှန်လှပါ ဘုရား) ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ရယ်စရာပြောတာ မဟုတ်ဘူး၊ ခင်ဗျားတို့ဖြစ်စဉ်က ဒီအတိုင်းပဲ (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းတယ်နော် (ကြောက်စရာကောင်းပါတယ် ဘုရား)။

ဉာဏ်နဲ့ကြည့်မှ ဒကာသစ်ရ (မှန်ပါ့) ဒီတံတိုင်းကို ဘုန်းကြီးက ချိုးပေးရမယ် (မှန်ပါ့) ဖောက်ပေးရမယ်၊ ဖျက်ဆီးပေးရမယ် (မှန်ပါ့)။

ဒီတံတိုင်း မကျိုးတဲ့ပုဂ္ဂိုလ် မဖောက်နိုင်တဲ့ပုဂ္ဂိုလ်ဟူသ၍ဖြင့် နောက်ဘုရားတွေလည်း ဂင်္ဂါသဲမှုန့်နဲ့အမျှ ရှိပါ သေးတယ် (မှန်ပါ့)။

ဘယ်ဘုရားမှ မတိုးနိုင်ဘူး ခင်ဗျားတို့ အဆင့်ဆင့်ကာလို့ (မှန်ပါ့) ဘယ်ဘဝမှာလည်း မဖျက်ဆီးခဲ့ဘူး၊ အရင် အုတ်ပေါ် နောက်အုတ်ဆင့်သလိုပေါ့ဗျာ (မှန်ပါ့)။

ရောင်ခြည် တော်တောင် ဝင်ခွင့်မရဘူး

ဒီလိုနဲ့ မြင့်မားပြီး ထူထပ်တာလည်း ဘုရား မတိုးနိုင်ဘူး (မှန်လှပါ) မြင့်မားလိုက်တာလည်း ဘုရား ရောင်ခြည် တော်တောင် ဝင်ခွင့်မရဘူး (မှန်ပါ့)။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်ခါနီး ဥဒယဗ္ဗယဉာဏ်များ ကြိုးစားလိုက်တဲ့အခါ ရောင်ခြည်တော် တွေဟာ ဒကာကြွယ် ငရဲများ ဖောက်တယ် (မှန်ပါ့ ဘုရား) ငရဲတစ်ခုလုံး လင်းတယ် (မှန်ပါ့)။

အထက်သွားလိုက်တာလည်း အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင် အကုန်လင်းတယ် (မှန်ပါ့) ခင်ဗျားတို့ အထဲ မဝင်လာဘူး (မဝင်လာပါ ဘုရား)။

အံမာလေး တယ်ပြီး ကာချက် ဆီးချက် ကောင်းပါလား (မှန်ပါ့) ဘာကြောင့် ဒါလောက် ကာကြ ဆီးကြ ပါလိမ့်မတုံး ဆိုတာတော့ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

မကျွတ်ချင်ဘူး ဘုရာ့ ရိုးရိုးပြောမယ် တပည့်တော် ၊ ဒါ ပြတာပဲ (မှန်ပါ့ ဘုရား) သဘောပါလား (ပါပါပြီ ဘုရား)။

ဒီအထဲမှာပဲ မှောင်ထဲမှာပဲ တပည့်တော် မွေးတယ်၊ မှောင်ထဲမှာပဲ သေချင်လို့ (မှန်ပါ့) ဒီကြားထဲမှာ ဘာရှိသတုံး မေးတော့မှ သုံးဆယ့်တစ်ဘုံရှိတယ် (မှန်ပါ့)။

ဒီ အလယ်ထဲမှာ ဘာရှိသတုံး (သုံးဆယ့်တစ်ဘုံ ရှိပါတယ် ဘုရား)။

သုံးဆယ့်တစ်ဘုံထဲမှာ အိုပွဲ, နာပွဲ, သေပွဲ, မျက်ရည်ကျပွဲချည်း တပည့်တော် ခင်းပြီး နေမယ်ဘုရာ့ (မှန်ပါ့) ဒီ ဝိပ္ပလ္လာသ မကျော်နိုင်ရင် ဒါနဲ့ သေရမယ် (မှန်ပါ့)။

ဒကာကြွယ် ကြောက်စရာကောင်းတာလား၊ ကိုယ်လုပ်ထားတာက ဒီ့ထက် ခမ်းနားသေးတယ်လို့ ဆိုရမှာလား (ကိုယ်လုပ်ထားတာက ဒီ့ထက် ခမ်းနားပါသေးတယ် ဘုရား)။

ဒါ ဘုန်းကြီးနဲ့သာ ဒကာ ဒကာမတွေ ချိုးပေးမည့်, ခွဲပေးမည့်, ဖောက်ပေးမည့် ပုဂ္ဂိုလ်မတွေ့ဘူးဆိုရင် ခင်ဗျား တို့ နောက်ဘုရားတွေ ရှိငြားသော်လည်း ခင်ဗျားတို့ ဘုရားတစ်ဆူမှ မဟုတ်ဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ နောက်ဘုရားကျအောင်လည်း မတောင့်တပါနဲ့ အခု ဆရာဘုန်းကြီးပြောတာနဲ့ပဲ ချိုးလိုက်, ဖောက် လိုက်ပြီး ဒီဘက် ပြင်ဘက်, အလင်းဘက် ထွက်ကြပါတော့ (မှန်ပါ့) ဒီမှောင်ထဲမှာမွေး မှောင်ထဲမှာနေ မှောင်ထဲမှာသေ ဆိုတာတွေတော့ဖြင့် ဖြုတ်ကြပါတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝိပ္ပလ္လာသ တံတိုင်းကြီးက ဒကာကြွယ် ဘယ်လောက်မြင့်မားသတုံး (မရေတွက်နိုင်ပါ) အများကြီး မြင့်မားတယ်၊ ထူထပ်တာက ဘယ်လောက် ထူထပ်သတုံးဆိုလို့ရှိရင် စကြာဝဠာတံတိုင်းကြီးဟာ ဒါလောက် မထူဘူး (မှန်ပါ့) သဘော ကျပလား (ကျပါပြီ ဘုရား)။

နေ့စဉ်ထပ်နေတယ်

ဒါ ခင်ဗျားတို့ နေ့စဉ်ထပ်နေတယ်၊ သားခင်မှပဲ အားကိုးရမှာပဲ၊ သမီးခင်မှပဲ အားကိုးရမှာပဲ၊ ငွေခင်မှပဲ ငွေဆိုတာ ခင်မှပဲ ဆိုတဲ့ဥစ္စာက ငွေမခင်ရင် အရူးဖြစ်မှာပေါ့ ဆိုတဲ့ အတွေးစိတ်မှားကလည်း မရှိဘူးလား (ရှိပါတယ်) လောကမှာ ငွေပဲ အားကိုးနေရတယ် ဆိုတဲ့ အယူမှားကကော (ရှိပါတယ် ဘုရား)။

အဲဒါ တစ်နေ့ ဒကာသစ်တို့ ဘယ်နှစ်ခါ ဆင့်သတုံး (မရေတွက်နိုင်ပါ) မဆင့်ကြဘူးလား (ဆင့်ပါတယ်) နောက် ဘဝကကော ဖျက်ခဲ့ရဲ့လား (မဖျက်ခဲ့ပါ) ဒါဖြင့် ဒီဘဝထပ်ဆင့်တာပေါ့ (မှန်ပါ့) ဘဝပေါင်းများစွာ ဆင့်ခဲ့တာ ဘယ်လောက်ကြာပလဲ (မရေတွက်နိုင်ပါ ဘုရား)။

ဒါဖြင့် ထုက ဘယ်လောက်ထူသတုံး မေးရင် (မတိုင်းထွာနိုင်ပါ) မြင့်မားတာက ဘယ်လောက်တုံး မေးရင်ကော (မရေတွက်နိုင်ပါ) ဘယ်နှစ်ဖက်ကာသတုံးဆိုတော့ ဝိုင်းကာတယ် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတို့ ဒီတစ်ခါ ခင်ဗျားတို့ လွတ်ရေး, ကျွတ်ရေး ရှာချင်ရှာတော့နော် (မှန်ပါ့) ဒီတစ်ခါမှ မတွေ့တော့ပါဘူးဆိုရင် ခင်ဗျားတို့ ဒီ့ထက်ပိုအောင် ဆင့်လိမ့်မယ် (မှန်ပါ့) ဒီ့ထက်ပိုအောင် ထု-ထူအောင်လုပ်တော့ မယ် ဆိုတာ မသေချာဘူးလား (သေချာပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် အခုဒကာကြွယ်ရေ မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရသေးရင် တံတိုင်းအတွင်းမှာပဲ ရှိသေးတယ် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်, ဖိုလ်ဉာဏ် မရသေးရင် (တံတိုင်းအတွင်းမှာပဲ ရှိပါသေးတယ်) တံတိုင်းအတွင်းမှာပဲ ရှိသေးတယ် ဆိုတာ ကောင်းကောင်းသဘောကျပလား (ကျပါပြီ ဘုရား)။

ကာကွယ်ရေး ထူထပ်လွန်းလို့

ဒါဖြင့် ဒကာသစ်ရေ ဘုရားပေါင်း ဘယ်လောက်ပွင့်သွားပြီတုံး (မရေတွက်နိုင်ပါ) ကိုယ်တော်တွေက ကျုပ်တို့ကို မသနားလို့လား၊ ကျုပ်တို့က ကာကွယ်ရေး ထူထပ်လွန်းလို့လား (ကာကွယ်ရေးထူထပ်လို့ပါ ဘုရား)။

ဒါဖြင့် ဘုရားဟူ၍ သပိတ်မှောက်လာတာ ဘယ်လောက်ကြာပလဲ (မရေတွက်နိုင်ပါ) ရိုင်းရိုင်းပြောတာ မဟုတ်ပါ ဘူး (မှန်ပါ့ ဘုရား)။

ရိုင်းရိုင်းပြောတယ်လို့ မထင်ကြပါနဲ့၊ ခင်ဗျားတို့ကိုယ်တိုင် ဘုရားနဲ့မတွေ့ချင်, တရားနဲ့မတွေ့ချင်၊ ကိုယ့်တံတိုင်း ကိုယ်ကာပြီး လုံအောင် မှောင်ထဲမှာကြိုက်ပြီး မှောင်ထဲမွေး, မှောင်ထဲသေနဲ့ နေခဲ့ရတဲ့ဘဝချည့်ပဲ ဆိုတာကော ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

ဘယ်တော့ အလင်းရသလဲ (မရခဲ့ပါ) ဒီတစ်ခါ မရရင် ဒကာကြွယ် ကိုယ်ကျိုးနည်းပြီ (မှန်ပါ့) ဒီတစ်ခါ မရရင် (ကိုယ်ကျိုးနည်းပါပြီ ဘုရား)။

ကိုင်းဒါဖြင့် ဒီတရားကို ဒကာ ဒကာမတို့ တစ်ရက်တည်းနဲ့လည်း ဟောလို့ မပြီးနိုင်၊ တစ်ခုပြီးတစ်ခု သညာ ပယ်ပြီးမှ စိတ်ပယ်ရမယ်၊ စိတ်ပယ်ပြီးမှ ဒိဋ္ဌိပယ်ရမယ်ဆိုတော့ ဒကာသစ်ရေ သူ့မဂ်နဲ့သူ ပယ်ရမှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးတွေဟာ ကောင်းကင်ပျံ မြေထျှိုးနိုင်ငြားသော်လည်း ခင်ဗျား တို့ တံတိုင်းမြင့်မားလို့ ခင်ဗျားတို့ တံတိုင်းကြီးက ထူထပ်လွန်းလို့ လက်လျှော့ပြီး သကာလ ပရိနိဗ္ဗာန်စံရတယ် (မှန်ပါ့) စံရတဲ့ ကိုယ်တော်ပေါင်း ဘယ်လောက်ရှိသတုံး (မရေတွက်နိုင်ပါ ဘုရား)။

တံတိုင်းချိုးပေးမည့်ပုဂ္ဂိုလ်

နောက် ကိုယ်တော်တွေလည်း ခင်ဗျားတို့ အခုလို တံတိုင်းချိုးပေးမည့်ပုဂ္ဂိုလ် ဖောက်ပေးမည့်ပုဂ္ဂိုလ် ဉာဏ်အမြင် ပေးမည်ပုဂ္ဂိုလ်မှ မလာသေးလို့ရှိရင် နောက်ကိုယ်တော်တွေလည်း ခင်ဗျားတို့ကို လက်လျှော့မယ် (မှန်ပါ့ ဘုရား)။

ဒီထဲမှာ အပါယ်လေးပါး ရှိတယ်နော် (မှန်ပါ့) ဒီအထဲမှာမွေး၊ ဒီအထဲမှာသေ၊ ဒီအပါယ်လေးပါးထဲမှာပဲနေ (မှန်ပါ့) ဒီတံတိုင်းက ပြင်ဘက်က ခြံရံလျက်ပဲ (မှန်ပါ့) တံတိုင်းအတွင်းမှာ သုံးဆယ့်တစ်ဘုံရှိပါတယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ)။

ဒီထဲမှာ ခင်ဗျားတို့ ခန္ဓာကိုယ်ကလည်း အိုဘေး, နာဘေး, သေဘေးတွေနဲ့ ဒီထဲ မှောင်ထဲမှာမွေးလိုက်၊ မှောင် ထဲသေပြီး မြှုပ်လိုက်၊ မှောင်ထဲပြန်ဖြစ်လိုက်၊ ဒီတံတိုင်းအတွင်းက ပြင်ဘက်ကို မွေးဖွားဖူးသူရှိရဲ့လား (မရှိပါ ဘုရား)။

အဲဒါ သောတာပတ္တိမဂ်ရမှ ဒိဋ္ဌိဝိပ္ပလ္လာသ ပယ်နိုင်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သောတာပတ္တိမဂ်မှ မရသေးရင် (မပယ်နိုင်ပါ ဘုရား)။

မပယ်နိုင်သေးရင် တံတိုင်း သုံးထပ်ခတ်လျက်ပဲ (မှန်ပါ့) သညာ, စိတ္တ, ဒိဋ္ဌိ (မှန်ပါ့) သညာဝိပ္ပလ္လာသ, စိတ္တ ဝိပ္ပလ္လာသ, ဒိဋ္ဌိဝိပ္ပလ္လာသ၊ သုံးခုသုံးထပ်သွားတာပဲ (မှန်ပါ့ ဘုရား)။

အခုကောတဲ့ ဒီတရားနာနေတဲ့ ဒကာ ဒကာမတွေထဲမှာ အို ဒါလောက်တောင် ကာထားတာကို ဘဝများစွာ က အခုဘဝလည်း ဆင့်တုန်းကိုး (မှန်ပါ့) ရှေ့လည်း ဒီလိုဆရာကောင်း သမားကောင်းနဲ့ မတွေ့သေးရင် ဒီလို ဆင့် နေဦးမှာပဲ (မှန်ပါ့ ဘုရား)။

ဘယ်သူ့လုံခြုံရေးလဲ မေးတဲ့အခါ ကိုယ့်နိဗ္ဗာန်မသွားလိုလို့ ဒုက္ခထဲမှာ လုံလုံခြုံခြုံ နေမယ်ဆိုတဲ့ အဓိပ္ပာယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အင်မတန် ကိုယ်ကျိုးနည်းခဲ့ကြပါတယ် (မှန်ပါ့) သိပ်သနားစရာကောင်းတယ်နော်- ဒကာ ဒကာမတို့ ကိုယ်ပိုင် ဉာဏ်နဲ့ ကိုယ်တိုင်စဉ်းစားကြည့်စမ်း၊ ကိုယ့်နေမှုဟာ သိပ်ကြောက်စရာကောင်းပါလား (ကောင်းပါတယ် ဘုရား)။

တစ်နေ့ သားဘက် လှည့်တွေးလည်း တံတိုင်းခတ်တာပဲ (မှန်ပါ့) သမီးဘက်လှည့်တွေးလည်း (တံတိုင်းခတ်တာပဲ) ပစ္စည်းဘက်လှည့်တွေးလိုက်ပြန်လည်း (တံတိုင်းခတ်တာပါပဲ ဘုရား)။

ဘုရားအဆူဆူနဲ့ လွဲအောင်လုပ်နေတာ

ဟာ ဒကာသစ် ဒါ ဘာလုပ်နေတာတုံးလို့ မေးတော့ တပည့်တော် ဘုရားအဆူဆူနဲ့ လွဲအောင်လုပ်နေတာ (မှန်ပါ့ ဘုရား)။

ဘယ်လိုဆိုကြမလဲ (ဘုရားအဆူဆူနဲ့ လွဲအောင်လုပ်နေတာပါ ဘုရား) ဘယ်သူက လုပ်တာတုံး (ကိုယ့်ဟာကိုယ် လုပ်တာပါ ဘုရား)။

ကိုယ့်ဟာကိုယ် ကာနေတာ (မှန်ပါ့) တစ်နေ့ ဘယ်နှစ်ခါ လုံ့လဝီရိယနဲ့ ကာပါလိမ့် (မရေတွက်နိုင်ပါ ဘုရား)။

နောက်က အကာတွေကို ဖြုတ်ပြီးတော့မှ အသစ်ကာတာလား၊ အဲဒီပေါ်ထပ်ပြီး ဆင့်တာလား (ထပ်ဆင့်တာပါ ဘုရား) ဒကာကြွယ် သွားပြီ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီတရားမျိုးကိုလည်း မနာဘူး (မှန်ပါ့) မနာဖူးတော့ ဒီကဲ့သို့ ဖျက်ဆီးမှုကို လည်း နည်းရမယ် မဟုတ်ဘူး (မရဖူးပါ ဘုရား) မရတော့ ခင်ဗျားတို့ ဘာလှူလှူ ဘာတန်းတန်း ဘာပေးပေး ဘာ ကမ်းကမ်း ခင်ဗျားတို့ ဒီအမှောင်ထဲမှာပဲနေတယ် (မှန်ပါ့) မှောင်ထဲမှာပဲ သေတယ် (မှန်ပါ့) ပြင်ဘက်ကိုတော့ဖြင့် ဝိပ္ပလ္လာသတံတိုင်း သုံးထပ် ကျော်နိုင်သေးရဲ့လား (မကျော်နိုင်ပါ ဘုရား)။

သောတာပန်မှ တစ်ထပ်ကျော်နိုင်တာ (မှန်ပါ့) သကဒါဂါမ် အနာဂါမ်ဆိုရင် နှစ်ထပ် (မှန်ပါ့) ရဟန္တာမှ သုံးထပ်ကျော်နိုင်တာ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာ ဒကာမတို့ တော်တော့်ပုဂ္ဂိုလ်ဆိုတော့ ခုန်ထွက်ဖို့ ဝေးပါသေးတယ် (ဝေးပါတယ် ဘုရား) သောတာပန်မှ တစ်ထပ်ကျော်နိုင်တယ် (မှန်ပါ့) တံတိုင်းက သုံးထပ်ကိုး (မှန်ပါ့ ဘုရား) ဒါ ပလတ်စတစ်ခွက် မလောက်လို့ တစ်ထပ်တည်း ကာပြတာ (မှန်ပါ့)။

ခင်ဗျားတို့ ကာထားတာက ဘယ်နှစ်ထပ်တုံး (သုံးထပ်ပါ ဘုရား) သုံးထပ်မှာလည်းပဲ တစ်ခုတစ်ခု အထပ်ကြီးဟာ သေးလှတာ မဟုတ်ဘူး (မှန်ပါ့) အင်မတန် ထုကြီးပါတယ်၊ အင်မတန်မှ မြင့်မားပါတယ် ဆိုတာ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဘယ်တော့မှလည်း မဖျက်ဘူး (မှန်ပါ့) ထပ်သာဆင့်လေ့ရှိတယ်ဆိုတာကော သဘောကျပလား (ကျပါပြီ ဘုရား)။

ဒကာကြွယ် ဒီဘဝ ဒီလိုမှ ဝိပ္ပလ္လာသတံတိုင်းကြီးကို ချိုးပေးမည့်ပုဂ္ဂိုလ်, ဖျက်ပေးမည့်ပုဂ္ဂိုလ် မရှိတော့ဘူး ဆိုလို့ရှိရင်ဖြင့် ဘယ်သူမှ နိဗ္ဗာန်မရဘူးလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား)။

တံတိုင်းပြင်ဘက်ကို မရောက်ဘူး

ဘာတရားဟောလို့ ဘယ်သူက နိဗ္ဗာန်ရောက်လိမ့်မယ် ပြောပြော ယုံကို မယုံနဲ့ (မှန်ပါ့) တံတိုင်းပြင်ဘက်ကို မရောက်ဘူး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

သညာကော ကျော်နိုင်ရဲ့လား (မကျော်နိုင်ပါ ဘုရား) စိတ္တဝိပ္ပလ္လာသကော (မကျော်နိုင်ပါ ဘုရား) ဒိဋ္ဌိဝိပ္ပလ္လာသ (မကျော်နိုင်ပါ ဘုရား) ဒိဋ္ဌိမှ မကျော်နိုင်ရင် သောတာပန်ဖြစ်ဖို့ ဘယ့်နှယ်ဆိုကြမလဲ (မဖြစ်ပါ ဘုရား) ထုံးစံရှိရဲ့လား (မရှိပါ ဘုရား)။

ကိုင်း- ဒကာ ဒကာမတို့ ဒီတရားမျိုးမှ မနာရလို့ ဒီလိုမှ ချိုးဖဲ့ပေးမည့်ပုဂ္ဂိုလ်မှ မရှိဘူးဆိုရင်ဖြင့် ခင်ဗျားတို့ သည်တဲ့ ဒီအမှောင်ထဲမှာမွေး၍ အမှောင်ထဲ သေရုံပဲ (မှန်လှပါ) နောက်တစ်ခါ မွေးတော့ကော (အမှောင်ထဲမွေး၍ အမှောင်ထဲ သေရုံပါပဲ ဘုရား) နောက်တစ်ခါ မွေးပြန်တော့လည်း (အမှောင်ထဲမွေး၍ အမှောင်ထဲ သေရုံပါပဲ ဘုရား)။

နို့ ရိုးရိုးမွေးပြီး ရိုးရိုးသေတာလား၊ ထပ်ဆင့်ပြီးမှ သေကြတာလား (ထပ်ဆင့်ပြီးမှ သေကြတာပါ ဘုရား) ကိုယ်ကျိုးနည်းပြီ (မှန်ပါ့) ဒကာကြွယ် ကိုယ်ကျိုးနည်းပြီ (မှန်ပါ့ ဘုရား)။

ကိုင်း ဒကာဒကာမတို့ သဘောပါကြရဲ့လား (ပါ-ပါတယ် ဘုရား) ဪ တို့အဖြစ်ကဖြင့် ဆိုးလိုက်တဲ့ ဖြစ်ခြင်းတန်းကုန်ပဟ လို့ သေသေချာချာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား) အဖြစ်ဆိုးဖြင့် တန်းကုန်ပြီ (မှန်ပါ့)။

ဘယ်မှာ ဒကာ ဒကာမတို့ သား, လင်, ခင်ပွန်းရယ်လို့ ပျက်စီးသွားတဲ့အခါကျလို့ရှိရင်ဖြင့် တော်တော်ကြာ ရက်စေ့လို့ နှစ်စေ့လို့ နှစ်ပတ်လည်လို့ ဆွမ်းကျွေးပြန်တယ် (မှန်ပါ့) ဟ ဘာလုပ်တာတုံး၊ အို ဝိပ္ပလ္လာသထပ်တာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာလုပ်ကြတာ ထင်သတုံး (ဝိပ္ပလ္လာသ ထပ်ဆင့်တာပါ ဘုရား) နဂိုရ်က ဒါ ဘာတော်သတုံးမေးရင် သူ ဘယ့်နှယ် တဲ့ ခင်ပွန်းတော်တယ် (မှန်ပါ့) ခင်ပွန်းတော်တော့ အခု ဆယ့်နှစ်လပြည့်ပြန်တော့ ခင်ဗျား ဘာလုပ်သတုံး မေးတဲ့ အခါကျတော့ ဒီခင်ပွန်း ရည်မှန်းပြီးသကာလ လုပ်ပါတယ် တဲ့၊ ခင်ပွန်းကို မပြုတ်ဘူး (မှန်ပါ့ ဘုရား) ပြုတ်ကဲ့ လား (မပြုတ်ပါ ဘုရား)။

ငါ့ခင်ပွန်းဆိုတာ ပြုတ်သေးရဲ့လား

သညာဝိပ္ပလ္လာသက ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား) စိတ္တဝိပ္ပလ္လာသ ခင်လုံးကကော (မပြုတ်ပါ ဘုရား) ဒိဋ္ဌိဝိပ္ပလ္လာသကလည်း ငါ့ခင်ပွန်းဆိုတာ ပြုတ်သေးရဲ့လား (မပြုတ်ပါ ဘုရား)။

ဪ ဒါဖြင့် ဆယ့်နှစ်လစေ့တိုင်း ဆွမ်းကျွေးတာလား၊ ဝိပ္ပလ္လာသ ထပ်တာလား မေးရင် (ဝိပ္ပလ္လာသ ထပ်တာပါ ဘုရား)။

ခင်ဗျားတို့က သာဓုများ ခေါ်လိုက်သေးတယ် ဒကာကြွယ်တို့က (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ခင်ဗျားက ဘာလုပ်လေ့ရှိသလဲ (သာဓုခေါ်လေ့ရှိပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး သူကျတာ ဝမ်းသာလို့လား၊ သူ့တံတိုင်း သူချတာလေ (မှန်ပါ့) သူ့ဟာသူချတာကို ဒကာကြွယ် တို့က တော်ပေ့ကွာ မင်း သတိရတယ်ဟေ့၊ အံမာ စားကောင်းအောင် လုပ်ရသေးတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ) အဲဒီလောက် ဆိုးနေပါတယ် (ဆိုးပါတယ် ဘုရား)။

သေသေချာချာ စဉ်းစားပြီး ဉာဏ်နားနဲ့ထောင်မှ ဒီအဓိပ္ပာယ်ပေါ်တယ်နော် (မှန်ပါ့ ဘုရား) သာမညဆိုရင် ဖြင့် ကုသိုလ်ရတယ်ပဲ အောက်မေ့ပါတယ် (မှန်ပါ့) ရတော့ ရပါတယ်တဲ့၊ ဝိဝဋ္ဋကုသိုလ်တော့ မရဘူး၊ ဝဋ်ကုသိုလ်တော့ ရတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝဋ်ကုသိုလ်တော့ (ရပါတယ် ဘုရား) ဝဋ်ထဲ လည်မဲ့ကုသိုလ်တော့ ရတယ်၊ ဝိဝဋ္ဋကုသိုလ်တော့ (မရပါ ဘုရား) ဘာကြောင့်တုံး ဆိုတော့ ဝိပ္ပလ္လာသကြောင့် လုပ်တာကိုး (မှန်လှပါ ဘုရား)။

ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါ့ကြောင့် ခင်ဗျားတို့ကလည်း သက်စေ့တွေ ရှုပ်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ ဒကာကြွယ်ရေ ဒါ ဝိပ္ပလ္လာသက လာတာ (မှန်ပါ့ ဘုရား)။

ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာတဲ့တုံး (ဝိပ္ပလ္လာသက လာတာပါ ဘုရား)။

ဝိပ္ပလ္လာသက လာတာ တဲ့၊ ငါ-ခြောက်ဆယ်ပြည့်ပြီ ၊ ခြောက်ဆယ့်ခြောက်ဆို သေတတ်တယ်၊ အင်း ငါ အန္တရာယ်ကင်းလို့ ငါ ဘေးရှင်းအောင် ဆိုတဲ့ အသွားမျိုးတွေ ဟူသ၍ဟာ ငါ့ကို ငဲ့တာချည်းပဲ (မှန်ပါ့) ဘယ်သူငဲ့ပါ လိမ့် (ငါ-ငဲ့ပါတယ် ဘုရား)။

ငါ ဆိုတာသည်ကားလို့ အမှတ်မှား

ငါ ဆိုတာသည်ကားလို့ ဆိုရင် ဒကာကြွယ်ပဲ ထားလိုက်ပါတော့ ဒကာကြွယ်ဆိုတာက အမှတ်မှား (မှန်ပါ့ ဘုရား) ကိုယ့်ကိုယ်ခင်လို့ လုပ်တာလား၊ မခင်လို့ လုပ်တာလား (ခင်လို့လုပ်တာပါ ဘုရား)။

အဲဒါက အသိမှား (မှန်လှပါ ဘုရား) ငါ ကျန်းမာအောင်လို့ ဆိုတာက မကျန်းမာတဲ့ခန္ဓာကိုယ်ကြီး ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးကို သုခသစ္စာထင်တာက အယူမှား (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဘာနဲ့လုပ်မိသလဲ (အမှားနဲ့ပါ ဘုရား) အမှားသုံးချက်နဲ့ လုပ်မိတယ်ဘုရား (မှန်ပါ့ ဘုရား)။

ဪ ဒါနဲ့ ဒကာကြွယ်ကြီးကို ဦးလှဘူးတို့ လူစုက တရားနာဘက် ဓမ္မမိတ်ဆွေတွေဖြစ်တော့ တယ် ခင်ဗျား သတိရတယ်၊ ဘာသတိရသတုံးဆိုတော့ တံတိုင်းမေ့မှာစိုးလို့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာလုပ်ရတာပါလိမ့် (တံတိုင်းမေ့မှာစိုးလို့ပါ) ဘာဖြစ်လို့တုံး နောက်ဘုရားတွေနဲ့ လွဲအောင် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါလောက် ဆိုးပါတယ်ဆိုတာ ဒါကြောင့် ဘုန်းကြီးတို့ပြောတဲ့ တရားကိုမှ ဒီဒကာ ဒကာမတွေ နားထဲမှာ မရှင်းဘူး ဆိုလို့ရှိရင် ဒီတံတိုင်းထဲမှာ ပျော်ပြီး (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

ရူးလည်း ရူးသေးတယ်၊ ကန်းလည်း ကန်းသေးတယ်

ဒီအထဲမှာ ခင်ဗျားတို့က ရူးလည်း ရူးသေးတယ်၊ ကန်းလည်း ကန်းသေးတယ်၊ ဒီအထဲ နေရတာ (မှန်ပါ့) အပါယ်လေးပါးကလည်း ဒီအထဲမှာပဲ ဒီအထဲကျတယ်၊ တံတိုင်းပြင်ဘက်မှာ မရှိဘူး (မှန်ပါ့) သုံးဆယ့်တစ်ဘုံကလည်း တံတိုင်းအတွင်းမှာပဲ ရှိတယ် (မှန်ပါ့)။

ကဲ လွတ်ရေး, ကျွတ်ရေး ဘယ့်နှယ်နေကြသလဲ (မရှိပါ) ဒါဖြင့် ဝိပ္ပလ္လာသကျော်မှ ရတယ် (မှန်ပါ့)။

ပထမ ဒိဋ္ဌိဝိပ္ပလ္လာသ ကျော်မှ ဒီအထဲမှာရှိတဲ့ အပါယ်လေးပါးတွေ လွတ်သွားတယ် (မှန်လှပါ ဘုရား) သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဒီအထဲ စိတ္တဝိပ္ပလ္လာသတွေ ကျော်နိုင်မှ ကာမရူပတွေ လွတ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သညာဝိပ္ပလ္လာသတွေ ကျော်လိုက်တဲ့အခါကျတော့မှ သစ္စာသိတဲ့ဉာဏ်တွေ ရပြီး လွတ်သွားတယ် (မှန်ပါ့)။

ကိုင်း ခင်ဗျားတို့ ဒကာကြွယ်တို့ ဘုန်းကြီးပြောတဲ့ ဝိပဿနာအလုပ်သာ မလုပ်တော့ဘူး လို့ ဆိုလို့ရှိရင် ဝိပ္ပလ္လာသ ကျော်ဖို့တော့ ဘယ်သူမှ မတတ်နိုင်ဘူး (မတတ်နိုင်ပါ ဘုရား) တတ်နိုင်ပါ့မလား (မတတ်နိုင်ပါ့ ဘုရား)။

ကိုင်း-ဒါဖြင့် ဒကာ ဒကာမတို့ ထွဋ်ခေါင်ဆရာတော်ရေးတာက ဒကာကြွယ်တို့ ကြားဖူးမယ်၊ “တဆူမသင့်၊ တဆူသင့် ဖူးခွင့်သင့်လှပြီ” ကျုပ်တို့က မသင့်ဘူးဗျ (မှန်ပါ့) သူက ဟိုဘက်လှည့်နေလို့ ပြောတာ (မှန်ပါ့)။

ကျုပ်တို့က ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (မသင့်ပါ ဘုရား) ကျုပ်တို့က ဘယ်ဘုရားမှ မဖူးသင့်ဘူး (မှန်ပါ့) ဘယ်ဘုရားမှ ကျုပ်တို့ကို လာချွတ်တို့ကို ကျုပ်တို့သည် အလိုရှိသူတွေ မဟုတ်ဘူး (မှန်ပါ့)။

အပြောကတော့ဖြင့် အလိုရှိတယ် (မှန်ပါ့) အလုပ်သွားက ကတော့ ကာတယ် (မှန်ပါ့)။

အပြောကတော့ (အလိုရှိပါတယ်) အလုပ်သွားက (ကာပါတယ်) ဒါဖြင့် အပြောနဲ့ အလုပ်သွား ဘုရား ဘယ် နေရာက ဝင်ရမတုံး (မှန်ပါ့)။

ဒကာကြွယ် ရိပ်မိပြီ၊ ခပ်တိုးတိုး ပြောနော် ကိုယ့်အလုပ်က အတော်ဆိုးနေတယ် (မှန်ပါ့ ဆိုးပါတယ်) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကိုင်း အားလုံး ဒကာ ဒကာမတွေ ဒီလိုမှ ပြောပေးမည့်ပုဂ္ဂိုလ် ဆိုပေးမည့်ပုဂ္ဂိုလ် ဝိပ္ပလ္လာသ ဖယ်ပေးမည့် ပုဂ္ဂိုလ် မရှိတော့ဘူးဆိုရင်ဖြင့် ဒကာ ဒကာမတို့ လွန်တဲ့ ဘုရားတွေလည်း ကျုပ်တို့ သပိတ်မှောက်တဲ့ဘုရား (မှန်ပါ့) နောက်လာမည့်ဘုရားတွေလည်း (သပိတ်မှောက်တဲ့ဘုရားပါ ဘုရား)။

အလွန် ကရုဏာရှိတဲ့ ကိုယ်တော်ကြီး

ဘုရားက မှောက်ချင်တာလား ၊ ကျုပ်တို့ကိုယ်တိုင်ကိုက ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို မတွေ့ချင်တာ လား (တပည့်တော်တို့ ကိုယ်တိုင်က မတွေ့ချင်တာပါ ဘုရား)။

ဘုရားကတော့ “မဟာကာရုဏိကော နာထော” ဆို—— (မှန်ပါ့) အလွန် ကရုဏာရှိတဲ့ ကိုးကွယ်ရာရှိတဲ့ ကိုယ်တော်ကြီးပါလို့ သူ့ကိုယ်သူ ပြောလျက်ပါပဲ (မှန်ပါ့)။

ပုဂ္ဂိုလ်ဟူသ၍ ရာဟုလာ သားနဲ့ မခြားဘဲ တသားတည်း ထားနိုင်ပါတယ်ဆိုတာ ဘုရားဟူသ၍ ဒီအတိုင်းပါပဲ (မှန်ပါ့ ဘုရား)။

သို့သော် ခင်ဗျားတို့က မနက်မိုးလင်းရင် တားပြီ (မှန်ပါ ဘုရား) မကြွနဲ့ ကိုယ်တော့၊ ရိပ်မိပလား (ရိပ်မိပါပြီ) နေ့လယ်ကျတော့ ဘာလုပ်ပြန်သလဲ (တားပါတယ်) ညကျပြန်တော့ (တားပြန်တာပါပဲ) နက်ဖြန်ကျပြန်တော့ (တား ပြန်တာပါပဲ ဘုရား)။

ဪ ဒါ ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ဒီကာချက် ပြင်းထန်ပါလိမ့်မတုံး မေးလိုက်တဲ့အခါကျတော့ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘုရားနဲ့ မတွေ့လိုလို့ဘုရာ့

ဘုရားနဲ့ မတွေ့လိုလို့ဘုရာ့ (မှန်ပါ့) တရားနဲ့ကော (မတွေ့လို့ပါ ဘုရား) သံဃာတွေ အဆုံးအမနဲ့ကော (မတွေ့ လိုလို့ပါ ဘုရား)။

တယ်ရိုင်းပါလား (ရိုင်းပါတယ် ဘုရား) ဒကာ ဒကာမတို့ သေသေချာချာကြည့်မှ ဒကာကြွယ် ရိုင်းမှန်းသိတယ် (မှန်လှပါ ဘုရား)။

ဒီ အမှတ်သုံးခုနဲ့ သားခင်မှပဲ၊ အားကိုးရမှာပဲ ဆိုတာ နေ့တိုင်း ဆင့်နေတယ် (မှန်ပါ့)။

သမီးဆိုတော့ သညာမှားပေါ့ဗျာ (မှန်ပါ့) ခင်မှပဲဆိုရင်ဖြင့် စိတ်မှား (မှန်ပါ့) အားကိုးရမှာပဲဆိုတော့ (အယူ မှားပါ ဘုရား)။

ဒါဖြင့် အမှတ်မှား, အသိမှား, အယူမှားက မျက်လုံးဖွင့်လိုက်ရင် ဆင့်ပြီးပြီ (ဆင့်ပြီးပါပြီ) နားက အသံကြားရင် (ဆင့်ပြီးပါပြီ) နှာခေါင်းက အနံ့ရှူရှိုက်လိုက်ရင် (ဆင့်ပြီးပါပြီ) လျှာက စားရ သောက်ရလို့ရှိရင် (ဆင့်ပါပြီ) ကိုယ်ပေါ်က ဝတ်ဆင်ရရင် (ဆင့်ပြီးပါပြီ) မနောထဲက ကြံလုံးထုတ်ရင် (ဆင့်ပြီးပါပြီ ဘုရား)။

အံမာလေး ဒကာ ဒကာမတို့ ခင်ဗျားတို့ ပန်းရံသမားတွေကလည်း ဒွါရခြောက်ပေါက် အကုန်လုပ်နေတာပဲ၊ အုတ်တွေ လျှောက်စီနေတာပဲ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဪ ဒကာကြွယ် သနားစရာ သိပ်ကောင်းပါလား (မှန်ပါ့) ဒီထုကြီးကိုလည်း ဘယ်သူ ထူအောင် လုပ်ပါလိမ့် ဦးလှဘူး (ကိုယ့်ဟာကိုယ်ထူအောင် လုပ်ပါတယ်) မြင့်မားအောင်ကော (ကိုယ့်ဟာကိုယ် လုပ်ပါတယ်) တစ်နေ့ ဘယ်နှစ်ခါ လုပ်သတုံး (မရေတွက်နိုင်ပါ ဘုရား)။

ဘူရားအဆူဆူနဲ့ လွဲအောင်လို့

ဘယ့်နှယ်ကြောင့် ဒါလောက် အရေးတကြီး လုပ်ရသတုံး မေးတော့ ဘူရားအဆူဆူနဲ့ လွဲအောင်လို့ (မှန်ပါ့) အဖြေက ဒါပဲရှိတယ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က ဆုတောင်းတာက ဒီအထဲကနေပြီး မေတ္တေယျဘုရားဆိုရင် ကြာငါးခိုင်နဲ့ ရှေးဦးစွာ ဖူးရပါလို၏ (မှန်ပါ့) ဟ ငါ မလာဘူးတဲ့ (မှန်ပါ့) မလာနိုင်ဘူး၊ တိုးမှ မတိုးနိုင်ဘဲ (မှန်ပါ့) ခင်ဗျားတို့က ဒီအထဲကကိုး (မှန်ပါ့)။

မှောင်ထဲက ထုတွေ ထူပြီးသကာလ မြင့်မားအောင် မိုးထားတဲ့အထဲ မှောင်ကြီးထဲ ဘုရားကြွပါ့မလား (မကြွပါ ဘုရား)။

ဒါဖြင့် အပြောသာ ခင်ဗျားတို့ တွေ့ချင်တာ၊ အလုပ်နဲ့တော့ မတွေ့ချင်ဘူး (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အပြောနဲ့တော့ (တွေ့ချင်ပါတယ်) ဒါက စာက ရေးထားတာ လွမ်းအောင် ရေးထားတာ တွေ့ချင်တာပေါ့ (မှန်ပါ့) အလုပ်ကျတော့ ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ် အမှတ်တွေ ဖြုတ်ရတော့မယ်ဆိုတော့ အို ဒါတော့ဖြင့် တော်တော်ခဲယဉ်းတယ် (မှန်ပါ့)။

မလာပေဘူးလား (လာပါတယ်) ဒီ ခင်မှု ရပ်စဲရမယ် ဆိုတာကော (ခဲယဉ်းပါတယ်) ဒီအယူလည်း ဖျောက်ရလိမ့် မယ် ဆိုတော့ (ခဲယဉ်းပါတယ် ဘုရား)။

ဒီလိုဆိုရင် တပည့်တော် ဆုတောင်းပြန်လျှော့ပါတယ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး ဒကာကြွယ် အလကား လုပ်နေကြတာ ဆိုတာ အခု ဝိပ္ပလ္လာသနဲ့ ဝေဖန်ပြောတော့မှ ရှင်း တယ် (မှန်ပါ့)။

ဪ သူက ဘုရားကြီးထဲမှာ ဖြစ်စေ, ပုထိုးကြီးမှာဖြစ်စေပေါ့ဗျာ၊ အို ကောင်းလိုက်တဲ့ဆု ဒီသား ဒီသမီးနဲ့ အိုအောင်မင်းအောင် ပေါင်း၊ ရောက်ရာဘဝမှာလည်း ထို့အတူပဲ၊ ထပ်တာပဲ သွားတယ် (မှန်ပါ့)။

ဘုရားရှေ့သွားပြီး ဘာတွေ လုပ်နေသတုံး (တံတိုင်း ထပ်နေပါတယ် ဘုရား) အရှင်ဘုရား ထပ်ဖြစ်အောင် ထပ်ပေးပါ (မှန်ပါ့) ဒါမှ တပည့်တော်သည်ကား ချောက်ကျမယ် (မှန်လှပါ) ဒီအဓိပ္ပာယ် သွားပြောနေတယ် (မှန်ပါ့)။

ကိုယ့်ပါးစပ်က ထွက်တာကတော့ အကောင်းပဲ ထင်ကြတယ် ဒကာ ဒကာမတို့ (မှန်ပါ့) အရုပ်ဆိုးလိုက်တာ ကတော့ ဘုရားက ဒီတံတိုင်းတွေ ချိုးပြီးသကာလ ဒီထဲကနေပြီး လွတ်အောင် ကယ်တင်ချင်တာ (မှန်ပါ့)။

ဆုများ မပြည့်လို့ရှိရင်

ခင်ဗျားတို့က ထပ်ပေးပါ (မှန်ပါ့) ဆုများ မပြည့်လို့ရှိရင် ရွှေကြက်ယက်များ သွားဦးမလား မပြောတတ်ဘူး (မှန်ပါ့) အတော်ဆိုးတဲ့ ဒကာ ဒကာမတွေ (မှန်ပါ့) မဆိုးဘူးလား ဆိုးသလား (ဆိုးပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ရွှေကြက်ယက် သွားပြီးသကာလ မသိတဲ့ပုဂ္ဂိုလ် ဘာလုပ်သတုံးလို့ မေးလို့ရှိရင် ဒကာကြွယ် ဖြေတတ်ပလား (ဖြေတတ်ပါပြီ) ဘယ့်နှယ်ဖြေမလဲ (တံတိုင်းထပ်တာပါ ဘုရား)။

ထုသေးလို့ ထပ်တာလား (မှန်ပါ့) ကြီးသထက်ကြီးအောင်လို့ (မှန်ပါ့) အမြင့်ကလေးများ တော်တော်ကလေး နိမ့်နေသေးလို့လား (မှန်ပါ့) နိမ့်လို့ နိမ့်တယ်ထင်လို့ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ အခု ဘုန်းကြီးပြောလို့သာ ပေါ်လာတာ (မှန်ပါ့) ကိုယ့်အလုပ်ကို အလုပ်မှန်လို့ပဲထင်တယ် (မှန်ပါ့)။

ခင်ဗျားတို့ ထင်တာက ဘယ့်နှယ်ပါလိမ့် (အလုပ်မှန်လို့ ထင်ပါတယ် ဘုရား)။

ဘယ်မှန်ရမတုံး ဒကာ ဒကာမတို့ ဒီသား, ဒီသမီး, ဒီမြေး, ဒီမြစ်နဲ့ ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်းက ပါသေးတယ် (ပါပါတယ်) မပါဘူးလား (ပါပါတယ်) အဲ ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်းက (ပါပါတယ် ဘုရား) ပါတာက စုံလို့ (မှန်လှပါ ဘုရား)။

ဒီတော့ ငှက်ဖြစ်လည်း သူက အမှတ်မှား အယူမှားနဲ့ နေပါရစေ (မှန်ပါ့) ဆင်ဖြစ်သော်လည်း (အမှတ်မှား အယူမှားနဲ့ နေရပါရစေ) နတ်ဖြစ်သော်လည်း (အမှတ်မှား အယူမှားနဲ့ နေပါရစေ) ဗြဟ္မာဖြစ်တော့ကော (အမှတ်မှား အယူမှားနဲ့ နေပါရစေပါ ဘုရား)။

ဒါဖြင့် အမှန် ဘယ်တော့မှ မရောက်ပါရစေနဲ့ ဘုရား (မှန်ပါ့ ဘုရား) သွားပြီ၊ တောက်လျှောက်သွားပြီ (မှန်လှ ပါ ဘုရား)။

သစ္စဉာဏ်ကို ဘယ်တော့မှ မရပါရစေနဲ့

ဒကာကြွယ် တောက်လျှောက်သွားပြီ (သွားပါပြီ ဘုရား) အမှန်ဆိုတဲ့ သစ္စဉာဏ်ကို ဘယ်တော့မှ မရပါရစေနဲ့ (မှန်ပါ့ ဘုရား)။

ကဲ ဒီ့ထက်ဆိုးတာများ ဦးဘအုန်း ရှိသေးရဲ့လား (မရှိတော့ပါ) ဒကာကြွယ် ကြားရလို့ပဲ ဝမ်းသာတော့ (မှန်ပါ့ သာပါတယ်) နောက် ပယ်နည်းတွေတော့ဖြင့် နောက်ရက်တွေနဲ့ အမျိုးမျိုး အဖုံဖုံ ဒကာ ဒကာမတွေ ဒီဥစ္စာ ကျွတ်လောက်အောင်တော့ ပြောမှာပဲ (မှန်ပါ့) ခင်ဗျားတို့က အားထုတ်ရင် ကျွတ်လောက်မှာပါပဲ (မှန်ပါ့ ဘုရား)။

သို့သော်လည်း ခင်ဗျားတို့ မိုက်ချက်ပြင်းထန်တာကို စုံအောင်ပြောပါရစေဦး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိ ပါပြီ ဘုရား)။

မိုက်ချက်က ဘယ့်နှယ်နေသတုံး ဒကာကြွယ် (ပြင်းထန်ပါတယ်) ပြင်းထန်လွန်းလို့ ဒါကို ဪ တို့သည် ကားလို့ ဆိုရင် ဒီဆရာသမားနဲ့ ဒီလိုမှ အကြောင်းညီညွတ်လို့ မတွေ့ခဲ့လို့ရှိရင်ဖြင့် တို့ မိုက်ချက်သည်ကား တို့ လုံခြုံ ရေး တို့ကျွတ်လွတ်ရေးကို တို့ လုံးဝ အလိုမရှိတဲ့ အသွားပဲ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဉာဏ်နားနဲ့ထောင်မှ

သေသေချာချာ ဉာဏ်နားနဲ့ထောင်မှ ခင်ဗျားတို့သည်တဲ့ ဝိပဿနာဉာဏ် အရေးကြီးမှန်းသိတယ် (မှန်ပါ့) ဝိပဿနာဉာဏ်ကမှ ဖြစ်ပျက်အနိစ္စနဲ့ သူလှန်ရမှာကိုး (မှန်ပါ့) နို့မဟုတ်ရင် လှန်လို့ရပါ့မလား (မရပါ ဘုရား)။

ကိုင်း ဦးလှဘူး ရိပ်မိပလား (ရိပ်မိပါပြီ) ဒါဖြင့် ဘုန်းကြီးက မေးပါရစေ၊ ရှေးဘုရားတွေသည် ဒကာ ဒကာမတို့ကို ကရုဏာကင်းပြီး ကျုပ်တို့ အခုတရားနာနေတဲ့ ဒကာ ဒကာမတွေကို ကရုဏာကင်းပြီး ပရိနိဗ္ဗာန်စံသလား၊ လက်လျှော့ပြီး စံသလား (လက်လျှော့ပြီးစံပါတယ် ဘုရား)။

ညီညွတ်တယ်-ညီညွတ်တယ်၊ ဒါမုသားမဖြစ်ဘူး၊ စိတ်ချ (မှန်ပါ့) စိတ်ချ၊ မုသားကို မဖြစ်ဘူး၊ လက်လျှော့တာ။

ဒကာကြွယ် မုသားဖြစ်သလား-မှန်သလား (မှန်ပါတယ် ဘုရား)။

အံမာလေး ဘုရားလက်လျှော့တဲ့ လူတွေကို ဒီဘုန်းကြီးပေဟောနေတာ အံ့စရာကောင်းလိုက်တာ၊ အင်မတန် အံ့စရာကောင်းတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါတယ် ဘုရား)။

ဘုရားပေါင်း ဘယ်လောက်လက်လျှော့သတုံး ဒကာသစ် (မရေတွက်နိုင်ပါ) ဂင်္ဂါဝါဠုသဲစုမက လက်လျှော့တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါတယ် ဘုရား)။

ကရုဏာမရှိလို့လား လက်လျှော့ရတာလား

အဲဒီလက်လျှော့တာဟာ ဘုရားက လက်လျှော့ရတာဟာ ကရုဏာမရှိလို့လား လက်လျှော့ရတာလား (လက်လျှော့ ရတာပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ကိုယ်တော်မြတ်ကြီးတွေ သည်ကားလို့ ဆိုရင်ဖြင့် ငါးကူးသလို ကူးမြောက်စေရမယ် “တိဏ္ဏော တာရေယျ” သမုဒ္ဒရာပင်လယ်ဆိုတဲ့ ကိလေသာနယ်မှ ဟိုမှာဘက်ကမ်းတည်း ဟူသော နိရောဓနယ်သို့ ငါကူးသလို ကူးစေရမယ်ဆိုတဲ့ ကြိမ်းဝါးတာကို ခင်ဗျားတို့ကျတော့ လက်လျှော့တယ် (မှန်ပါ့) မလျှော့ဘူးလား (လျှော့ပါတယ် ဘုရား)။

”မုတ္တော မောစေယျ” တဲ့ ငါဝဋ်သုံးပါးမှ ငါလွတ်သလို အားလုံးသော ပုဂ္ဂိုလ်တွေ လွတ်စေ့မယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဘုရားဆုပန်လာတာ (မှန်ပါ့) အဲဒီကိုယ်တော်မြတ်ကြီးတွေ ဘာလုပ်သွားကြသလဲ (လက်လျှော့သွားကြပါတယ် ဘုရား)။

ကြိမ်းဝါးလေသမျှ ကျုပ်တို့အတွက်တော့ သဲထဲရေသွန် ဖြစ်သွားတာပဲ (မှန်ပါ့) ဘယ်လောက်နစ်နာသလဲ (နစ်နာပါတယ် ဘုရား)။

”ဗုဒ္ဓေါဗောဓေယျ” ငါသစ္စာလေးပါး သိသလို အားလုံးသောပုဂ္ဂိုလ်တွေ သိစေမကွ၊ ဝိပ္ပလ္လာသတွေ အကုန်ပယ်စေ မကွာ ဆိုတဲ့ဥစ္စာ မပါဘူးလား (ပါပါတယ် ဘုရား)။

သို့သော် ဂေါတမဘုရားလည်း ဒကာကြွယ် ဘာဖြစ်သွားသတုံး (လက်လျှော့သွားပါတယ် ဘုရား)။

ဒီကိုယ်တော်ကြီး ဘာကြောင့် လက်လျှော့တာလဲတဲ့၊ ကျုပ်တို့ကိုက အလိုမရှိလို့ သူလျှော့တာလား (တပည့်တော် တို့ကိုက အလိုမရှိလို့ လျှော့တာပါ ဘုရား)။

သေသေချာချာ စဉ်းစားတော့မှ အလိုမရှိတာပေါ်လာတယ် (မှန်ပါ့ ဘုရား)။

တို့ဒုက္ခရောက်ရေးပဲ

ဒကာကြွယ် ဒီနေ့တရားမှာ သိပ်ဆိုးတယ် (မှန်ပ့ါ) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

သေသေချာချာ ဉာဏ်နားနဲ့ ထောင်တော့မှ ဪ တို့မသိတဲ့ အရေးဟာဖြင့် တို့လုံခြုံရေး, တို့ဒုက္ခရောက်ရေးပဲ ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒကာသစ် ဒီကရှေ့ ပြင်ကြဦးစို့ဗျာ (မှန်ပါ့) အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ပြင်ကြ,ဆင်ကြစို့ ဆိုတော့ (မှန်ပါ့) ဒီအတိုင်းဆိုရင်တော့ မရတော့ဘူး (မရပါ ဘုရား)။

ကြည့်လေ ဒကာကြွယ်၊ အခု ဘယ်ကလာခဲ့သတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ဘုရား ဝိပ္ပလ္လာသ တံတိုင်းအတွင်းက ခဏထွက်ခဲ့ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) တရားပွဲသိမ်းရင် အလုအယက် ပြန်ဦး မယ် (မှန်ပါ့ ဘုရား)။

ဟ ဘယ်ပြန်မှာတုံး (တံတိုင်းအတွင်း ပြန်မှာပါ) ဘာဖြစ်လို့တုံး လင်းလို့လား မှောင်လို့လား (မှောင်လို့ပါ) ဖြစ်မှဖြစ်ရပလေ မှောင်လို့ပြန်တာ (မှန်ပါ့ ဘုရား)။

ဪ ကိုယ့်အရေးကို သေသေချာချာ ကိုယ်တွေးကြည့်တော့မှ ရူးတာလည်း ကျုပ်တို့ပဲ, ကန်းတာလည်း ကျုပ်တို့ပဲဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ်) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ရူးတာကော (တပည့်တော်တို့ပါ) ကန်းတာကော (တပည့်တော်တို့ပါ ဘုရား)။

ဒကာကြွယ် တချို့ကျတော့ နည်းနည်းကလေး အချိန်ကလေးလွန်သွားလို့ တရားကများ ရှည်သွားမယ်ဆို အို ဒီဘုန်းကြီးရှည်လိုက်တာတဲ့ (မှန်ပါ့) ရှည်လိုက်တာ အလိုက်ကို ဘာမှမသိဘူး (မှန်ပါ့) ကိုယ်က မှောင်ထဲ ပြန်ဝင်ချင်တာ ကြာလှပြီ (မှန်ပါ့ ကြာလှပါပြီ) ဒီအဓိပ္ပာယ် မရောက်ဘူးလား ရောက်သလား (ရောက်ပါတယ် ဘုရား)။

ဒါ စကားတတ်လို့ ပြောတာမဟုတ်ပါဘူး၊ ခင်ဗျားတို့ စိတ်ထဲပေါ်လာတာက ဒီထုံးစံရှိလို့ ပြောတာပါ (မှန်ပါ့ ဘုရား)။

မှောင်ထဲပျော်တဲ့ ဝါသနာဓလေ့ ကြီးကျယ်တယ်

ဒကာကြွယ် သဘောပါပလား (ပါပါပြီ) ဘယ်လောက်တံတိုင်းအတွင်းမှာ မှောင်ထဲပျော်တဲ့ ဝါသနာဓလေ့ ကြီးကျယ်တယ်ဆိုတဲ့ဥစ္စာ ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဒီမှောင်ထဲမှာ ဆိုတာကလည်း သေသေချာချာ စဉ်းစားကြည့် ဘာမှမသိဘူး (မသိပါ ဘုရား)။

သစ္စာလေးပါး ဒီမှောင်ထဲပေါ်ရဲ့လား (မပေါ်နိုင်ပါ) ဘုရားပွင့်နိုင်ရဲ့လား (မပွင့်နိုင်ပါ) ဘုရားက မပွင့်နိုင် တော့ သစ္စာလေးပါး သိဖို့ ဉာဏ်အလင်းကရနိုင်ရဲ့လား (မရနိုင်ပါ ဘုရား)။

မရနိုင်တော့ ဒီအထဲမွေး, ဒီအထဲပျော်, ဒီအထဲသတ်ကြ ဖြတ်ကြ, ဒီအထဲ ဒီဒယ်အိုးထဲဆင်း (မှန်ပါ့) နတ်ပြည် ဆိုတဲ့ဥစ္စာများ ဒီနေရာ မသာမြှုပ် (မှန်ပါ့) ဒီအထဲ ပျော်နေတာကိုး (မှန်ပါ့) ဘယ်လောက်ဆိုးတယ်ဆိုတာ ဒကာ ဒကာမတွေပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဒီဝိပ္ပလ္လာသသုံးချက်ကို ဒကာသစ်ရေ တစ်ခုချင်း ချိုးဖဲ့ပေးရမှာနော် (မှန်ပါ့) ဒကာကြွယ် သေသေချာချာ မှတ်စမ်းတဲ့၊ ဒီဝိပ္ပလ္လာသ ချိုးဖဲ့ပေးမည့်လူ မရှိရင် ခင်ဗျားတို့ ကျွတ်ရေး, လွတ်ရေးဟာ ဘယ်နည်းနဲ့မှ မဖြစ်ဘူး (မဖြစ်ပါ) ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

ဘာပဲ ခင်ဗျားတို့လုပ်နေနေ ဒီဆရာဘုန်းကြီးက နည်းမှ မပေးတော့ဘူး၊ ဟော သညာဝိပ္ပလ္လာသ တံတိုင်း ကြီး ဒီလိုချိုးလိုက် ဖဲ့လိုက်၊ စိတ္တဝိပ္ပလ္လာသတံတိုင်းကြီး ဒီလို ချိုးလိုက် ဖဲ့လိုက်၊ ဒိဋ္ဌိဝိပ္ပလ္လာသ တံတိုင်းကြီးကို ဒီလိုချိုး လိုက် ဖဲ့လိုက်၊ ဒီဟာကို ပြောပေးလို့ ခင်ဗျားတို့ကလည်း ချိုးဖဲ့ပြီး ထွက်ပါမှ ရမယ် (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ဒီအကြောင်းနဲ့ ဒီအကျိုး ဒီမှောင်ထဲမှာပဲ သေ (မှန်လှပါ ဘုရား) သဘောကျကြပလား (ကျပါပြီ ဘုရား)။

ကိုင်း-ဒါဖြင့် ဒီတစ်ခါ ဒီတရားပွဲဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ဖွင့်ပေးတဲ့ပွဲပဲ (မှန်ပါ့) ဒီဟာ လွတ်သွားလို့ ဒီဘုန်းကြီးလည်း ပျံတော်မူပြီ၊ ခင်ဗျားတို့ကလည်း အသေစောမယ်ဆိုရင်ဖြင့် ဒီထဲမွေး ဒီထဲ သေကြပေတော့ (မှန်လှပါ) ဘယ့်နှယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူး (မတတ်နိုင်ပါ ဘုရား)။

သူ့မဂ်နဲ့သူ တစ်လုံးစီ ချိုးရမည့်ရက်

ဒကာကြွယ် ဒါ အဟောကော လွယ်ရဲ့လား (မလွယ်ပါ ဘုရား) နောက် ဒီသူ့မဂ်နဲ့သူ တစ်လုံးစီ ချိုးရမည့်ရက် တွေက ဒကာသစ် ကျန်သေးတယ်နော် (ကျန်ပါသေးတယ် ဘုရား) ကျန်သေးတော့ ဦးဘအုန်း ဒီဥစ္စာ ဗြုန်းကနဲ လုပ်လို့ ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

မဖြစ်တော့ တစ်ရက်က နှစ်ရက်တိုင်တိုင် သုံးရက်တိုင်တိုင် အလုပ်တရားတွေပြပြီး ချိုးဖဲ့ဖျက်ဆီးပစ်တော့မှ ဪ လွတ်ပြီ,ကျွတ်ပြီ ဆိုတာလာမှာ (လာမှာပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု ယနေ့ကစပြီး ဖြစ်နေတဲ့အချိန်ကလေးဟာ ဘယ်သူ အနိစ္စပုတီးစိပ်လို့ ဘာစိပ်နေ မဟုတ်သေးဘူး (မှန်ပါ့) ဒီတံတိုင်းအတွင်းမှာပဲ ရှိသေးတယ် (မှန်ပါ့) ဒီမှောင်ထဲမှာပဲ (ရှိပါသေးတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒကာကြွယ် သေမှာတောင် အောင့်ထားဦးနော် (မှန်ပါ့ ဘုရား) အလွန်အရေးကြီးနေတယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

တစ်ခါ ဘုန်းကြီးကလည်း တစ်နာရီပဲ ပြောနိုင်တယ် (မှန်ပါ့) တစ်နာရီနဲ့လည်း ဦးဘအုန်း စုံအောင်ပြောဖို့ လွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

တစ်ရက်တည်းနဲ့တော့ မရနိုင်ဘူး

အဲဒီတော့ ရက်ပေါင်းများစွာစုလို့ ခန္ဓာက အသက်ရှည်လို့ ဒကာ ဒကာမတွေကလည်း အသက်ရှည်မှ ကျွတ် တမ်း လွတ်တမ်းရကြမယ် (မှန်ပါ့) တစ်ရက်တည်းနဲ့တော့ မရနိုင်ဘူး (မရနိုင်ပါ ဘုရား)။

မရနိုင်ဘူး တဲ့၊ ဒါအပြစ်တွေ ပြပြီးသကာလ ဪ ငါ့အပြစ် တယ်ကြီးပါလား၊ ဘယ်လိုများ ထွက် ပေါက်ရှာရပါ့မတုံး (မှန်ပါ့) ဟာ ဆရာတော်က ထွက်ပေါက်ပေးမတဲ့ (မှန်ပါ့) ဒီလိုစောင့်ပြီး နာသွားရမှာပဲ (မှန်ပါ့)။

ဒီအတိုင်း ကျုပ် တရားနာခဲ့ရတာပဲ၊ တစ်နာရီဆိုတော့ နာမည်တော့ကြီပါရဲ့၊ နာမည်ကြီးလို့ သွားနာတယ်။ ကျုပ်နာတဲ့နေ့က ဒီလို ကြားခဲ့တာပဲ၊ ကျုပ်လည်း တယ်နားမလည်ဘူး၊ နောက်လည်း နားမလည်တော့ မသွားချင်ဘူးဆို မသွားချင် ဒီအထဲနေ (မှန်ပါ့) ဒါပဲရှိတယ်၊ ဒီ့ပြင် ဘာမှမရှိဘူး (မရှိပါ ဘုရား) သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

မသွားချင်လို့ရှိရင် ဒီအထဲမွေး ဒီအထဲသေ (မှန်ပါ့) ကုဋိထဲ မွေးတဲ့ လောက်ကြီး ဒကာ ဒကာမတို့ ဘယ်အထဲသေ ပါလိမ့် (ကုဋိထဲသေပါတယ် ဘုရား) သူပျော်တာကလည်း ဘယ်အထဲပျော်သလဲ (ကုဋိထဲပဲ ပျော်ပါတယ် ဘုရား) မယုံရင် တုတ်နဲ့ ယက်ပြီး ပြင်ဘက်ထုတ်၊ ဟိုအထဲ ပြေးချေရဲ့ (မှန်ပါ့) မပြေးပေဘူးလား (ပြေးပါတယ် ဘုရား)။

ခင်ဗျားတို့ဖြစ်စဉ်က ဒီအတိုင်း (မှန်လှပါ) အခုထောင်ထဲက ခဏ တစ်နာရီတောင်မြို့ လာကြတယ်၊ ဒီဓမ္မာ ရုံလာကြတယ် (မှန်ပါ့) ဒီကပြန်ရင် ဘယ်သွားမလဲ၊ ဒီလောက်ပုံထဲ သွားမယ် (မှန်လှပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာ့ကြောင့် ဒီနေရာ ဒါလောက်ပျော်ရသတုံး

ဘာ့ကြောင့် ဒီနေရာ ဒါလောက်ပျော်ရသတုံး ၊ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား) ဒီနေရာမှာ ဘဝ တဏှာဆိုတဲ့ စိတ္တဝိပ္ပလ္လာသက ချည်ထားတယ် (မှန်ပါ့) သညာဝိပ္ပလ္လာသက ငါ့သမီး, ငါ့သားနဲ့ နီးနီးဆိုတော့ သညာ ဝိပ္ပလ္လာသကလည်း ဒီအထဲ ပြန်ဆွဲတယ် (မှန်ပါ့ ဘုရား) စိတ္တဝိပ္ပလ္လာသကလည်း သူတို့နဲ့နေရမှ နည်းနည်းကလေး စိတ်ချမ်းသာတယ် ဆိုတာ စိတ္တဝိပ္ပလ္လာသ ခင်မှုကလည်း ဒီအထဲချည်ထားတယ် (မှန်ပါ့) ဒိဋ္ဌိဝိပ္ပလ္လာက ဒီံ့ပြင်နေရာ ခိုကိုးရာမဲ့တဲ့၊ ဒီအထဲမှာ ခိုကိုးရာရှိတယ်ဆိုတော့ ကုဋိထဲမှာ ခိုကိုးရာရှိသလို ဖြစ်နေတယ် (မှန်လှပါ) ဘယ်လောက်များ ဆိုးနေတယ်ဆိုတာ ဒကာကြွယ် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့ စကားဟာ ဒကာသစ် မကြီးဘူးနော် (မကြီးပါ ဘုရား) ဘုရားအဆူဆူ လက်လျှော့တယ် (မှန်ပါ့) ဒကာကြွယ်ကြီးသလား (မကြီးပါ ဘုရား)။

ကြီးတယ်ဆိုရင်လည်း ခင်ဗျားနဲ့ ကျုပ်နဲ့ တွေ့ဖို့မလိုတော့ဘူး (မှန်ပါ့) နိဗ္ဗာန်ရောက်သွားပြီ (မှန်ပါ့) အခုတော့ ဒကာကြွယ် ဘယ့်နှယ်ကြောင့် ကျန်နေရစ်သတုံး၊ အို-တပည့်တော်ဘုရား လက်လျှော့တဲ့လူ ပြောသောပြော (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ အခု တရားနာလာနေကြတာ အရင်ဘုရားတွေ လက်ထက်က ပါမသွားတာ ဘာဖြစ်လို့တုံးမေးရင် ဘယ့်နှယ်ပြောကြမလဲ (ဘုရား လက်လျှော့တဲ့လူမို့ပါ ဘုရား) သာမည စွမ်းရည်သတ္တိ မဟုတ်ဘူးဗျ (မှန်ပါ့)။

ဘာကြောင့် ဘုရားလက်လျှော့သတုံးဆိုတော့ နေ့တိုင်းကာနေတဲ့ တပည့်တော် တံတိုင်းကို ဘုရားဝင်ခွင့် မရဘူး ဘုရာ့ (မှန်လှပါ) မြင့်မားလိုက်တာလည်း ဘုရားကို တန်ခိုးတော်နဲ့ ဝင်ခွင့်မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကျုပ်တို့ ဝိပ္ပလ္လာသတံတိုင်းကို မအောင်ရှာဘူး

ထုကြီးက ထူလိုက်တာလည်း ဘုရားကို ဉာဏ်တော်နဲ့ ထိုးဖောက်လို့ မရဘူး (မှန်ပါ့) မာရ်နတ်မင်းကို ဒေဝပုတ္တ မာရ် အောင်ငြားသော်လည်း ကျုပ်တို့ ဝိပ္ပလ္လာသတံတိုင်းကို မအောင်ရှာဘူး၊ လျှော့ရတယ် (မှန်ပါ့)။

ဒကာကြွယ် ဒါ စကားကြီးတာလား-အမှန်ပဲလား (အမှန်ပါ ဘုရား) အမှန်မို့ ခန္ဓာကြီးက ပြနေပေါ့ (မှန်ပါ့) ခန္ဓာကြီးက ပြနေတယ် (မှန်ပါ့ ဘုရား) မပြသေးဘူးလား (ပြပါတယ် ဘုရား)။

အဲဒါကြောင့် ဒီတစ်ခါလွဲရင်ဖြင့် အမွဲနဲ့ ဆင်းရဲဟာ ကိုယ်ပိုင်ပစ္စည်းလို့ မှတ်ကြ (မှန်လှပါ ဘုရား)။

အမွဲနဲ့ ဆင်းရဲဟာ (ကိုယ်ပိုင်ပစ္စည်းပါ ဘုရား) အိုခြင်းဆင်းရဲ, နာခြင်းဆင်းရဲဆိုတဲ့ ဥစ္စာတွေကလည်း ကိုယ်ပိုင် ပစ္စည်း (မှန်ပါ့ ဘုရား)။

အမွဲဆိုတာကတော့ ခင်ဗျားတို့ သိန်းတစ်ရာ ချမ်းသာလည်း လိုချင်ရင် မွဲတုန်းပဲ (မှန်ပါ့ ဘုရား)။

သိန်းတစ်ရာ ချမ်းသာတဲ့ပုဂ္ဂိုလ်ဟာ လိုချင်တုန်း ရှိသေးတယ် ဆိုရင်ဖြင့် (အမွဲပါ ဘုရား) မွဲလို့ လိုချင်တာပေါ့ ဗျ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့သည် ဒီတစ်ခါ ဒီတရားပွဲမှာ ဝိပ္ပလ္လာသတွေ သတ်ပုံ, ဖြတ်ပုံ အလုပ်,လုပ်ပုံနှင့်တကွ ခင်ဗျားတို့ နားလည်လို့ ကျင့်လိုက်လို့ ရှိရင်ဖြင့် အမှောင်ခွင်း၍ အလင်းရောက်ပြီ (မှန်လှပါ ဘုရား)။

အဲဒီကျမှ စက္ခုံဥဒပါဒိ (မှန်ပါ့) ဉာဏံ ဥဒပါဒိ (မှန်ပါ့) အာလောကော ဥဒပါဒိ (မှန်ပါ့ ဘုရား) ဝိဇ္ဇာဥဒပါဒိ ဆိုတာ ခင်ဗျားတို့ ရွတ်သာနေတာ ဒီ့အပြင်ဘက်မှာရှိတယ်၊ ဒီအတွင်း မရှိဘူး (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝိပ္ပလ္လာသအတွင်းမှာ ရှိပါရဲ့လား (မရှိပါ ဘုရား) ဒကာကြွယ် တော်တော်သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ဒီတရားကို ဒကာကြွယ် ဒါလောက်ကလေးနာရုံနဲ့ဖြင့် တော်ပါ့မလား (မတော်ပါ ဘုရား)။

အခုတော့ မိုက်ပြစ်တွေ ပြောတုန်းရှိသေးတယ် (မှန်ပါ့ ဘုရား) လိမ္မာဖို့ သင်ကို မသင်ရသေးဘူး (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ ဘာတွေ ပြောနေပါလိမ့် (မိုက်ပြစ်တွေ ပြောနေပါတယ် ဘုရား)။

ဘုန်းကြီး တရားဟောခိုင်းတာ ကိုယ့်မိုက်ပြစ်တွေ ဖော်နေတယ်လို့ ခင်ဗျားတို့က ဆိုချင် ဆိုလိမ့်မယ် (မှန်လှပါ ဘုရား)။

ကိုယ်မိုက်တာ ကိုယ်မသိရင်

သို့သော် ကိုယ်မိုက်တာမှ ကိုယ်မသိရင် မိုက်သည်ထက် ပိုမိုက်ပြီလို့ အောက်မေ့ပါ (မှန်ပါ့) ကိုယ်မိုက်တာ ကိုယ်မသိရင် (မိုက်သည်ထက် မိုက်ပါပြီ ဘုရား)။

ဘုရားက မိုက်တာကို မိုက်မှန်းသိရင် ပညာရှိတဲ့ (မှန်ပါ့) မိုက်တာကို မိုက်မှန်းမသိဘူး၊ သူ့ဟာသူ လူလိမ္မာ ထင်နေရင် (လူမိုက်ပါ ဘုရား) မိုက်သည်ထက် ပိုမိုက်တယ် (မှန်လှပါ ဘုရား) ဘုရားက ဓမ္မပဒပါဠိတော်မှာ သေသေ ချာချာ ဟောတယ် (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲဒါ ဝတ္ထုကလေး နည်းနည်း တိုတို နားထောင်လိုက်၊ ဒီဥစ္စာဟာ ဒကာ ဒကာမတို့ ခင်ဗျားတို့ သေသေချာချာ ခရီးပေါက်မည့်တရား, နိဗ္ဗာန်ရောက်မည့်တရား, ပထမမဂ်ရမည့်တရားလို့ မှတ်ပါ (မှန်ပါ့)။

ခါးပိုက်နှိုက် နှစ်ယောက်က လိုက်လာကြတယ်

ကျုပ်တို့ ဂေါတမမြတ်စွာဘုရားက တရားဟောတယ်၊ ဒီလိုပဲ တရားပွဲကြီးကလည်း လူစည်တယ်၊ ခါးပိုက်နှိုက် နှစ်ယောက်က လိုက်လာကြတယ်၊ ဟိုမှာ တရားနာတဲ့ပုဂ္ဂိုလ်တွေ ခါးပိုက်နှိုက်ဖို့ (မှန်လှပါ)။

ဒါနဲ့ တစ်ယောက်တော့ ဘုရားတရားနာရင်းနဲ့ သောတာပန်တည်သွားတယ် (မှန်ပါ့) ခါးပိုက်နှိုက်မလို့ ရည်ရွယ် ချက်ရှိပြီး သကာလ နေငြားသော်လည်း တရားတော်၏သဘောကို နည်းနည်းသက်ဝင်သွားတာနဲ့ ဒကာကြွယ်ရေ ဝိပ္ပလ္လာသတွေ ကျော်ပြီး သောတာပန်တည်တယ် (မှန်ပါ့)။

တစ်ယောက်သောပုဂ္ဂိုလ်ကတော့ တစ်ပဲရတယ်၊ နှိုက်လိုက်တာ သူက (မှန်ပါ့ ဘုရား) အိမ်ကျတော့ နှစ်ယောက် ဆုံမိကြတယ်၊ ခါးပိုက်နှိုက်ခြင်း အဖော်ကိုးဗျ (မှန်ပါ့)။

မင်းတရားနာနေလို့ တစ်ပဲဖိုးမှ မင့်မှာ ချက်စားစရာရှိရဲ့လား၊ ငါ့မှာတော့ တစ်ပဲရတဲ့အတွက် တစ်ပဲဖိုးတော့ ချက်စားစရာရှိသေးတယ်လို့ သူက လူလိမ္မာအဖြစ်နဲ့ ပြောတယ် (မှန်ပါ့ ဘုရား)။

မိုက်တာ မိုက်မှန်းသိကြပလား

အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို သောတာန်ပန် ခါးပိုက်နှိုက်က သွားလျှောက်တယ်၊ တပည့်တော် ဒီလို အဆိုခံရပါတယ်ဘုရားဆိုတော့

ယော ဗာလော မညတိ ဗာလျံ၊

ပဏ္ဍိတော ဝါပိ တေန သော။

ဗာလောစ ပဏ္ဍိတမာနီ၊

သဝေ ဗာလောတိ ဝုစ္စတိ။(​ဓမ္မပဒ၊ ၂၂)

ယောဗာလော = အကြင်သူမိုက်သည်၊ ဗာလျံ = မိမိမိုက်သည့်အဖြစ်ကို၊ မညတိ = အောက်မေ့၏၊ သော = ထို ပုဂ္ဂိုလ်သည်၊ ပဏ္ဍိတောဝါပိ = ပညာရှိသည်လည်း၊ ဟောတိ = ဖြစ်၏။

ခင်ဗျားတို့ မိုက်တာ မိုက်မှန်းသိတဲ့တရားကို နာရလို့ရှိရင် ပညာရှိ ဒီနေ့ဖြစ်တယ် (မှန်လှပါ ဘုရား)။

မိုက်တာ မိုက်မှန်းသိကြပလား (သိပါပြီ ဘုရား) တစ်နေ့ တစ်နေ့ ဘယ်နှစ်ထပ်ကာသတုံး (မရေတွက်နိုင်ပါ ဘုရား) ဘာဖြစ်လို့ ကာသတုံး (မိုက်လို့ကာပါတယ် ဘုရား)။

အဲ့ ပညာရှိဖြစ်ပြီ၊ ငါ ချိုးထွက်မယ် ဒီနေ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ငါ ဒီဟာတွေ ချိုးဖဲ့ပြီး ထွက်မယ်ဆိုတဲ့ ပညာရှိဖြစ်ပါပြီ (မှန်လှပါ)။

ဗာလောစ = မိုက်သည်ဖြစ်ပါလျက်၊ ပဏ္ဍိတမာနီ = သူ့ကိုယ်သူ ပညာရှိဟု ထင်၏၊ သော = ထိုပုဂ္ဂိုလ်ကို၊ ဝေ = စင်စစ်၊ အတိဗာလောတိ = အလွန့်ကို မိုက်တဲ့သူဟူ၍၊ အဟံ = ငါဘုရားသည်၊ ဝုစ္စတိ = ဟောတော်မူ၏ (မှန်လှပါ ဘုရား)။

သူက မိုက်တော့ မိုက်ပြီး သူ့ကိုယ်သူ ပညာရှိထင်နေတဲ့ပုဂ္ဂိုလ်မှ ဒီပုဂ္ဂိုလ်ဟာ ပိုမိုက်တဲ့ပုဂ္ဂိုလ်လို့ ငါ ဘုရားဆိုလိုက် တယ် ဆိုတော့ ခုနင်က တစ်ပဲရတဲ့ ခါးပိုက်နှိုက်ကို ဆိုလိုက်တာ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။

မိုက်တာ မိုက်မှန်းသိရင် လူလိမ္မာ

ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ဘာတွေ သိရသတုံးလို့ မေးရင်ဖြင့် နာရီက စေ့တော့မယ်၊ ဘာတွေ သိရပါ လိမ့် (ကိုယ်မိုက်တာကိုယ်သိရပါတယ် ဘုရား)။

ဒကာကြွယ် ပါးစပ်က ဖွင့်ရဲရဲ့လား (ဖွင့်ရဲပါတယ် ဘုရား) သေသေချာချာ သောတာပတ္တိမဂ် မရသေးဆိုလို့ရှိရင် ဒကာကြွယ် အဝိဇ္ဇာ အမိုက်အမဲက ရှိတယ် (မှန်ပါ့) တဏှာ အညစ်အကြေးကကော (ရှိပါတယ် ဘုရား)။

မိုက်တာ မိုက်မှန်းသိရင် လူလိမ္မာ (မှန်ပါ့) မိုက်တဲ့လူက လူလိမ္မာထင်ရင် (လူမိုက်ပါ ဘုရား) ပိုမိုက်တဲ့ပုဂ္ဂိုလ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ယနေ့ ဒကာ ဒကာမတွေ တရားနာရတော့ ဪ ငါတို့သည်ကားလို့ ဆိုလို့ရှိရင် ဘဝများစွာ သံသရာက မိုက်သည်ထက်မိုက်- တူးသည်ထက် တူးလာတာကိုးဆိုတာ သေချာသွားပြီ (သေချာပါပြီ ဘုရား)။

အဲဒီတော့ မိုက်မှန်းသိတဲ့ပုဂ္ဂိုလ်ကျလာတော့ ဒကာ ဒကာမတို့ ပညာရှိထဲ ဝင်ပါပြီ (မှန်ပါ့) မိုက်မှန်းသိတော့ (ပညာရှိထဲ ဝင်ပါပြီ ဘုရား)။

အို ဒီတရားမျိုးလည်း မနာရဘဲနဲ့ ကျုပ်တို့စားဖို့ရာတောင် မနည်းလုပ်နေရတယ်၊ တရားဘယ်က နာနိုင် လိမ့်မတုံးဗျ၊ ဒီလိုလူလည်း တစ်ပုံကြီးပေါ့ဗျာ (မှန်လှပါ ဘုရား)။

အဲဒါကျတော့ ဒကာကြွယ်တို့က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (မိုက်သည်ထက် မိုက်ပါတယ် ဘုရား)။

ဖဲထီး အိုးမဲသုတ်လို့ ထူးစရာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီလို ဖြစ်နေပြီဆိုတော့ သိပ်သနားစရာကောင်း တယ် (မှန်ပါ့ ဘုရား) မကောင်းဘူးလား ဒကာ ဒကာမတို့ (ကောင်းပါတယ် ဘုရား)။

တရားပြန်ကောက်ကြပါစို့

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တရားပြန်ကောက်ကြပါစို့ (မှန်လှပါ) ခင်ဗျားတို့မှာ သမီးကလေးရှိတယ်၊ သားကလေးရှိတယ်၊ သမီးကလေးဆိုပြီးသကာလ ဒါ-ဘာတော်သတုံး၊ သမီးကလေးပါတဲ့ (မှန်ပါ့) ရုပ်နာမ်ကို သမီး ကလေး ထင်သောကြောင့် အမှတ်မှား (မှန်လှပါ)။

ဒါဖြင့် သမီးကလေးပဲထင်ရင် ဘယ့်နှယ်ဆိုကြမယ် (အမှတ်မှားပါ ဘုရား) ဪ သမီးကလေးကတစ်ယောက် တည်း ဖြစ်နေတော့ ပိုမိုပြီးသကာလ သူ့ကို ယုယရတယ်ဆိုတော့ အသိမှား (အသိမှားပါ ဘုရား)။

သူ့ အနတ္တ ခန္ဓာကိုယ်ကြီး ဘယ်လိုယုယယုယ ပျက်စီးနေတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

ဒီသမီးကလေးပဲ ယုယရင်းမတ္တနဲ့ပဲ၊ ပြီးတော့လည်း အားကိုးလောက်တဲ့ အခြေအနေကလေးကလည်း ရှိတယ်၊ ဒါက ဘာပါလိမ့် (အယူမှားပါ ဘုရား)။

ဒါဖြင့် သမီးဆိုတဲ့ဥစ္စာက အမှတ်မှား (မှန်ပါ့) သမီးမို့ ခင်ရတယ်ဆိုတာက (အသိမှားပါ ဘုရား) အားကိုးရမှာ ပဲလို့ ယူလိုက်တယ် (အယူမှားပါ ဘုရား) သဘောကျပလား (ကျပါပြီ) ဒီဥစ္စာက ဒီသုံးချက်က တစ်ခုလာလို့ရှိရင် အကုန်လာတယ် (မှန်ပါ့)။

တစ်ခုလာလို့ရှိရင် (အကုန်လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သမီးတစ်ယောက် ပြောသဖြင့်၊ သားလည်း အတူတူ, ခင်ပွန်းလည်း အတူတူ, အမေလည်း အတူတူ, အဖေလည်း အတူတူပဲ။ ခင်ဗျားတို့ ဘယ်သူ့အပေးမှ ဝိပ္ပလ္လာသတံတိုင်းကြီး ဖြိုတယ်, ဖျက် တယ်လို့ ရှိရဲ့လား (မရှိပါ ဘုရား) ဆင့်တာ ထပ်တာသာ ရှိတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာတည်းဟူသော လက်နက်နဲ့

ဒါဖြင့် ဒီဥစ္စာကို ဝိပဿနာတည်းဟူသော လက်နက်နဲ့မှ ဦးဘအုန်း မဖျက်လို့ရှိရင် ရစရာမြင်သေးလား (မမြင်ပါ ဘုရား)။

ဆုတောင်းတာက ဒီအထဲက တောင်းတာလို့ ပြောထားပြီ (မှန်ပါ့) မှောင်ထဲကနေ တောင်းတာ (မှန်လှပါ) မထွက်နိုင်တဲ့ အထဲကနေ တောင်းတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဝိပဿနာ ရှုလိုက်တဲ့အခါကျတော့မှ ဒကာ ဒကာမတို့ သညာမှားကလည်း သူပျောက်ချိန်ကျတော့ ပျောက် ရမှာကိုးဗျ (မှန်ပါ့) စိတ်မှားကလည်း (ပျောက်ချိန်ကျတော့ ပျောက်ရမှာပါ ဘုရား) အယူမှားကကော (ပျောက်ချိန်ကျ တော့ ပျောက်ရမှာပါပဲ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အမှားကို ပျောက်စေတတ်တာသည် အနိစ္စကမှ ပျောက်စေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား)။

အမှားကို ပျောက်စေနိုင်တာသည် (အနိစ္စကမှ ပျောက်စေနိုင်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် အနိစ္စကမှ ပျောက်စေနိုင်တယ်ဆိုသဖြင့် ဦးလှဘူးက စဉ်းစားတာပေါ့၊ ဝိပဿနာ မပါလို့ရှိရင် ဝိပ္ပလ္လာသ မကျော်နိုင်ဘူးဟေ့ (မှန်လှပါ)။

ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဝိပဿနာ မပါရင် ဝိပ္ပလ္လာသ မကျော်နိုင်ပါ ဘုရား)။

ဝိပ္ပလ္လာသ မကျော်နိုင်ဘူး ၊ မကျော်နိုင်ရင် ဘုရားအဆူဆူ လက်လျှော့တယ် (မှန်ပါ့)။

မကျော်နိုင်လို့ရှိရင် (ဘုရားအဆူဆူ လက်လျှော့ပါတယ် ဘုရား) မလျှော့ရပေဘူးလား (လျှော့ရပါတယ် ဘုရား) အခုလျှော့ပြီး တဲ့ ဘုရားပေါင်း ဘယ်လောက်တုံး (မရေတွက်နိုင်ပါ ဘုရား)။

အခု ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်သည်ကားလို့ ဆိုရင် ဒီဘဝလည်း မရဘူး၊ နောက်ဘုရားတွေကလည်း လက်လျှော့ ဦးမှာပဲ (မှန်ပါ့) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ဝိပ္ပလ္လာသတွေပယ်လို့ ဘုရားဖြစ်တာ

ဒါဖြင့် ဒကာကြွယ် ဒီအလုပ်ဟာ အရေးအကြီးဆုံးအလုပ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် ဘုရား သခင် ကိုယ်တော်မြတ်ကြီး ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ ဝိပ္ပလ္လာသတွေ ပယ်လို့ ဘုရားဖြစ်တာ (မှန်လှပါ)။

ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ (ဝိပ္ပလ္လာသတွေပယ်လို့ ဘုရားဖြစ်တာပါ ဘုရား) သူ ဖြစ်ပျက် အားထုတ်လို့ရတာ (မှန်ပါ့ ဘုရား) ဖြစ်ပျက် အားမထုတ်လို့ရှိရင် (မရပါ ဘုရား)။

အဲဒီတော့ ဗြုန်းကနဲတော့ ခင်ဗျားတို့က ပါရမီဆယ်ပါး အပြားသုံးဆယ်ကြောင့် ဘုရားဖြစ်တယ်လို့ ဆိုချင် ဆိုလိုက်လိမ့်မယ် (မှန်ပါ့)။

အဲဒါတွေက ဝေးသောအကြောင်း (မှန်ပါ့) ဘုရားဖြစ်တဲ့ နီးသောအကြောင်းက ဝိပဿနာဉာဏ်, မဂ်ဉာဏ် ကြောင့်ဖြစ်တာ (မှန်ပါ့)။

ဦးဘအုန်း ရိပ်မိပြီ (ရိပ်မိပါပြီ) ဘုရား တကယ်ဖြစ်တာက ကိလေသာသတ်နိုင်လို့, ဝိပ္ပလ္လာသသတ်နိုင်လို့ ဘုရားဖြစ်ရတာကိုး (မှန်ပါ့) နို့မဟုတ်ရင် ဖြစ်နိုင်ပါ့မလား (မဖြစ်နိုင်ပါ ဘုရား)။

ဒါဖြင့် ဒကာကြွယ် ကောင်းကောင်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ယနေ့ ဒကာ ဒကာမတွေ ယခု ဘယ်အထဲမှာ ဆရာဘုန်းကြီးထားပစ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ ရိပ်မိ ပလား (ရိပ်မိပါပြီ) ဘယ်အထဲ ထားပစ်ခဲ့သလဲ (မှောင်ထဲထားပစ်ခဲ့ပါတယ် ဘုရား)။

တံတိုင်းကြီး ထူထပ်တဲ့အထဲ, အမြင့် မိုးထိတဲ့အထဲမှာ ခင်ဗျားတို့ ဒီအထဲမှာ နေရစ်ခဲ့ဆိုတဲ့ဥစ္စာ ယနေ့ အထိမ်း အမှတ်ထား (မှန်ပါ့) နက်ဖြန်ဆိုလို့ရှိရင်ဖြင့် ဒါ တစ်စတစ်စ ဖွင့်တော့မှာပဲ (မှန်ပါ့) ဒီအတိုင်းဖွင့်လို့ ဒကာကြွယ် ရပါ့မလား (မရပါ ဘုရား)။

ဝိပဿနာနဲ့ ဖွင့်ရပါမယ်

ဒကာသစ် ဘာနဲ့ဖွင့်ရမလဲ (ဝိပဿနာနဲ့ ဖွင့်ရပါမယ် ဘုရား) အလုပ်နဲ့ဖွင့်မှ ရမယ် (မှန်ပါ့) တံတိုင်းကြီး ပြိုပါစေ ပြိုပါစေတော့လို့ ဆုတောင်းလို့တော့ မရဘူး (မှန်ပါ့-မရပါ ဘုရား)။

တံတိုင်းကြီးကို ထိုးဖောက်တဲ့ ဉာဏ်လက်နက်တွေနဲ့, ဉာဏ်စူးတွေနဲ့, ဉာဏ်ဆောက်တွေနဲ့ ဖောက်လို့ရှိရင်တော့ (ရပါမယ် ဘုရား)။

အဲဒါကြောင့် ဒီအထဲမှာဖြင့် မှောင်ထဲနေတဲ့ပုဂ္ဂိုလ်ကို ဘုန်းကြီးက ဉာဏ်ပေးရမှာ၊ ဟ-ဒီလိုဖောက်ထွက်ပါ၊ ဒီလက်နက်ကိုင်ပါ၊ ဒီလိုဖောက်ထွက်ပါ (မှန်ပါ့) မဆိုရပေဘူးလား (ဆိုရမှာပါ ဘုရား)။

သို့သော်လည်း မှောင်ထဲ မပျော်တဲ့ပုဂ္ဂိုလ်မှ မိုက်တာ မိုက်မှန်းသိတဲ့ပုဂ္ဂိုလ်မှ ထွက်မှာ (မှန်ပါ့) မိုက်တာ လိမ္မာတယ်ထင်နေတဲ့ ပုဂ္ဂိုလ်ကတော့ အသေရှိလျက်နဲ့ အသေရှာဦးမှာပဲ (မှန်ပါ့) မရှာပေဘူးလား (ရှာပါတယ် ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

ကိုင်း နာရီစေ့ပြီ၊ နက်ဖြန်မှ ဟောကြဦးစို့။

သာဓု သာဓု သာဓု။