ကိုယ့်ခန္ဓာသုံးသပ်ပုံ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ ဓမ္မာရုံ၌ – ဟောကြားတော်မူသော
ကိုယ့်ခန္ဓာသုံးသပ်ပုံ
နေ့အလုပ်ပေး-တရားတော်
(၁-၈-၆၁)
ဝေဖန်တဲ့ဉာဏ်ကလေး ပေးပါ့မယ်
ကိုယ့်ကိုယ်ကိုယ် လူဖြစ်တယ်, မဖြစ်တယ်ဆိုတဲ့ဥစ္စာ ဝေဖန်ကြစို့လို့ စောစောပိုင်းမှာ ပြောချင်ပါတယ်နော် (မှန်လှပါ ဘုရား)။
ကိုယ့်ကိုယ်ကိုယ် လူဖြစ်တယ်, မဖြစ်ဘူးဆိုတဲ့ ဥစ္စာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်တဲ့ဉာဏ်ကလေး ဆရာဘုန်းကြီးက ပေးပါ့မယ် (မှန်ပါ့ ဘုရား)။
ကိုယ့်ကိုယ် ဝေဖန်တဲ့ဉာဏ်က ဘယ်ဉာဏ်ပါလိမ့်မလဲလို့ အမေးထုတ်တော့ ခန္ဓာကိုယ်ကြီးက ခန္ဓာငါးပါးရှိ တယ် ၊ ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်တဲ့အခါကျတော့ ဘယ်ဟာကလေး ကြည့်လိုက် ကြည့်လိုက်၊ ရုပ်တရားကြည့် လိုက်လည်း ဖြစ်မှုပျက်မှုပဲ ရှိတယ် (မှန်ပါ့ ဘုရား) ဝေဒနာ ကြည့်လိုက်လည်း ဖြစ်မှုပျက်မှုပဲ ရှိတယ် (မှန်ပါ) သညာ ဆိုတဲ့ မှတ်သားမှုကလေး ကြည့်လိုက်ပြန်လို့ရှိရင်လည်း ဖြစ်မှု ပျက်မှုပဲရှိတယ် (မှန်ပါ့) သင်္ခါရဆိုတဲ့ စေတနာကလေး သဒ္ဓါကလေးတွေ ကြည့်လိုက်ပြန်လည်း ဖြစ်မှုပျက်မှုပဲရှိတယ် (မှန်ပါ့)။
ဘယ်စိတ်ပေါ်ပေါ် အာရုံဒွါရ တိုက်ဆိုင်လို့ ပေါ်ပြန်လည်း ပြစ်မှုပျက်မှုပဲ၊ ပေါ်ပြီး ပျက်တာပဲ (မှန်ပါ့)။
ခန္ဓာအရှိကဖြင့် ဖြစ်ပျက်ပဲ
အဲဒါကလေးတွေကို မြင်လို့ ဪ ဒါသည် ခန္ဓာအရှိကဖြင့် ဖြစ်ပျက်ပဲ၊ မိမိဉာဏ်အသိကလည်း ဪ ဖြစ်ပျက်ကြည့်လို့ ဖြစ်ပျက်သိတာပဲ ဆိုပြီး သကာလ နေကြမယ်ဆိုရင်ဖြင့် မျက်စိနှစ်ကွင်း အလင်းရတယ်လို့ မှတ်လိုက် ပါ (မှန်ပါ့ ဘုရား) မျက်စိနှစ်ကွင်း (အလင်းရတယ် လို့ မှတ်ရပါမယ် ဘုရား)။
ရှိတော့ ရှိတာပဲဘုရား၊ တပည့်တော်တို့ မိဘရိုးရာ မျက်လုံးကြီးနဲ့သာ ကြည့်နေရတော့ အရိယာများ ပေးတဲ့ မျက်လုံးက မကြည့်ရဘဲ ဖြစ်နေတော့ တပည့်တော်တို့ဖြင့် ရှိပင်ရှိငြားသော်လည်း မမြင်ဘဲနဲ့ သားအမှတ်, သမီးအမှတ်, ဆွေအမှတ်, မျိုးအမှတ်နဲ့ပဲ အချိန်ကုန်ပြီး သကာလ သေဆုံးသွားကြမယ်ဆိုလို့ရှိရင်ဖြင့် မွေးကတည်းက အကန်းကလေး မွေးလာပြီး သေတော့ အကန်းကလေး ခေါင်းထဲ ရောက်လေရဲ့ (မှန်ပါ့) သိပ်နစ်နာတယ် (နစ်နာပါတယ် ဘုရား)။
မွေးတုန်းက ဘာပါလိမ့်ဗျာ (အကန်းကလေးမွေးပါတယ် ဘုရား) ခေါင်းထဲသွားတော့လည်း (အကန်းကလေးပဲ သွားပါတယ် ဘုရား)။
ဪ ဒါကြောင့် ဘုရားက အန္ဓပုထုဇဉ် ကန်းတဲ့ပုထုဇဉ်ကွ၊ ဥမ္မတ္တက ပုထုဇဉ်ရူးတဲ့ ပုထုဇဉ်ကွ တဲ့ (မှန်ပါ့)။
တီကောင်များဟာ မျက်လုံးမပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့ တူပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ တီကောင်များဟာ မျက်လုံးမပါဘူး (မှန်ပါ့) မွေးကတည်းက မျက်လုံးမပါဘဲနဲ့ သွားမိသွားရာ သွားပြီး သကာလ သေမိသေရာ သူများပါးစပ်ထဲသော်လည်း ောင်း၊ ချောက်ကျ၍ ကျင်းကျ၍သော်လည်းကောင်း သေကြရှာတယ်ဆိုတော့ ဪ အကန်းကလေးမွေးပေါ့၊ အကန်း သွားမိသွားရာသွား အကန်းသေ, သေပြီး သကာလ လမ်းဆုံးရလေရဲ့လို့ ဆိုရင်လည်း တီကောင့်အပေါ်မှာ ဒီအတိုင်း ပြောဖို့ပဲ (မှန်လှပါ ဘုရား)။
ဒီမှာလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဆရာဘုန်းကြီးပေးတဲ့မျက်လုံးကို တပ်ပြီး မကြည့် ဘုရားပေး တဲ့ မျက်လုံးကို တပ်ပြီး မကြည့်ဘဲနဲ့ သားကလေးအမှတ်, သမီးကလေးအမှတ်, မိမိကိုယ်အမှတ်, တကယ် မိမိကိုယ်ပဲလို့ ထင်ပြီး သကာလ ဖြစ်မှုပျက်မှုတွေ မမြင်ဘဲနဲ့ သေသွားကြမယ်ဆိုရင်ဖြင့် ခုနက တီကောင်ဟာ တိရစ္ဆာန်ပဲ (မှန်ပါ့ ဘုရား) သွားတော့ တိရစ္ဆာန်သွား, သွားတယ် (မှန်ပါ့) သေတော့ကော (တိရစ္ဆာန်သေ, သေပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဝေဖန်ကြည့်တော့မှ ရှိတတ်တဲ့ လက္ခဏာ တွေ အကုန်ပါ၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ ရှိတယ်၊ ဖြစ်ပျက်ပါပဲ ပေါင်းလိုက်တော့ (မှန်လှပါ ဘုရား)။
အဲဒါ မသိဘဲနဲ့ ဒကာ ဒကာမတွေ သေမယ်ဆိုလို့ရှိရင် တိရစ္ဆာန်ကလေးမွေး၊ တိရစ္ဆာန်ကလေး အသက်ရှည် နေတယ်၊ တိရစ္ဆာန်သေ, သေသွားလေရဲ့ဆိုရင်ဖြင့် ဒကာကြွယ် မငြင်းနဲ့တော့ နော် (မငြင်းပါ ဘုရား) ဒီအတိုင်း ဖြစ်မသွားပေဘူးလား (ဖြစ်ပါတယ် ဘုရား)။
အမြင်မှန်ကလေး ရဖို့ဖြင့် ကြိုးစားကြစမ်းပါ
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ တဲ့၊ ဒီအမြင်မှန်ကလေး ရဖို့ဖြင့် ကြိုးစားကြစမ်းပါဆိုတာ တိုက်တွန်းရတယ် (မှန်လှပါ ဘုရား)။
ခန္ဓာကိုယ်ထဲ ဖြစ်ပြီးပျက်တဲ့ ဥဒယဗ္ဗယ ရှိပါတယ်၊ ဥပဒယဝယ ရှိတာကို ဥဒယ-ဝယ သိတဲ့ဉာဏ်ကလေးနဲ့ သေကြမယ် ။ ဥဒယ-ဝယ မုန်းတဲ့ဉာဏ်ကလေးနဲ့ သေကြမယ်၊ ဥဒယ-ဝယဆုံးတဲ့ဉာဏ်ကလေးနဲ့ သေကြမယ်လို့ အခုပြောတဲ့ စကားသုံးလုံးကို ဒကာ ဒကာမတွေသည် ဥဒယ-ဝယ အဆုံးနဲ့ သေကြမယ်ဆိုရင်ဖြင့် ပုထုဇဉ်အကန်း မွေးငြားသော်လည်း အလယ်ပိုင်းဟာ ဉာဏ်မျက်စိအလင်းရသွားတယ် (မှန်ပါ့)။
သေတဲ့အခါကျလို့ရှိရင်ဖြင့် ဪ အသေကောင်းပဲ အလင်းရပြီး သကာလ သေသွားတဲ့အတွက် အပါယ် လေးပါးဖြင့် မလားရပေဘူးလို့ ဆိုတဲ့ အဓိပ္ပာယ်ဟာ သေသေချာချာ သက်ရောက်ပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည် ဒီတရားမျိုး ရှားလည်းရှားတော့ ကြိုးစားလည်း ကြိုးစားပြီးတော့ ဪ ဒါမှသာလျှင် အလင်းရတဲ့ တရားပါလား၊ ဒါမှသာလျှင် အမြင်မှန်ပါလား ဆိုပြီး သကာလ ဒကာဒကာမတို့ ကိုယ့်ခန္ဓာအရှိနဲ့ ကိုယ့်ဉာဏ်အသိကို တစ်ခါတည်း ကိုက်အောင် ကြည့်စမ်းပါ (မှန်ပါ့ ဘုရား)။
ကိုယ့်ခန္ဓာအရှိနဲ့ ကိုယ့်ဉာဏ်အသိနဲ့ (ကိုက်အောင်ကြည့်ရပါမယ် ဘုရား)။
သမ္မာဒိဋ္ဌိမျက်လုံး ဖြစ်လာတယ်
ထိုကဲ့သို့ ကိုက်အောင် ကြည့်လိုက်ပြီဆိုမှဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကြီးကို တကယ်အရှိကို တကယ်ဉာဏ်နဲ့ သိပြီဆိုမှဖြင့် အမှန်သိဖြစ်ပါတယ် (မှန်ပါ့ ဘုရား) အဲဒီကျတော့မှ သမ္မာဒိဋ္ဌိမျက်လုံး ဖြစ်လာတယ် (မှန်ပါ့)။
သမ္မာဒိဋ္ဌိမျက်လုံး ဖြစ်ပြီး သကာလ လာတော့ သမ္မာသင်္ကပ္ပမျက်မှန်ကောင်းရလို့ သမ္မာဒိဋ္ဌိမျက်လုံးနဲ့ မြင်တာ (မှန်ပါ့ ဘုရား)။
သမ္မာသတိ, သမ္မာသမာဓိ, သမ္မာဝါယမဆိုတဲ့ မဂ္ဂင်သုံးပါးအကူအညီနဲ့ အင်း အရိယာမျက်လုံးဖြင့် စုံပေါ့ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီလို အရိယာမျက်လုံးနဲ့ စုံပြီး သကာလ ကိုင်း သူများမမြင်တဲ့နိဗ္ဗာန်ကိုပဲ ဖြစ်ပျက်အဆုံးဖြစ်တဲ့ နိဗ္ဗာန် ကို မြင်ပြီး သေရမယ်ဆိုတော့ ဒကာ ဒကာမတို့ ပြုံးပြီး သေခါနီးမှာ သေရရှာတယ် (မှန်ပါ့)။
နို့မဟုတ်လို့ရင် ဒီအမြင်မှန်မရဘဲနဲ့ စုံလုံးကန်း သေ, သေကြမယ်ဆိုလို့ရှိရင်ဖြင့် သေခါနီးကျတော့ နိမိတ်တွေက ခွေးနက်ကြီးတွေ ထင်လိုထင်၊ ငရဲမီးတွေ မြင်လိုမြင်၊ တောတွေ, တောင်တွေ, ချောက်တွေ, ချားကြီးတွေ ထင်ချင်ရင် (မှန်ပါ့ ဘုရား)။
ငါဖြင့် အနေမှားနေခဲ့တဲ့အတွက် အသေမှားဖြင့် သေရပြီ ဆိုပြီး သကာလ ဒကာ ဒကာမတို့ ကန်လိုက်, ကျောက် လိုက်, ညည်းလိုက်, ညူလိုက်, အော်လိုက်၊ ကယ်ပါဦး ယူပါဦး၊ မကယ်နိုင်ကြတော့ဘူးလား မယူနိုင်ကြတော့ဘူးလား ဆိုတဲ့ ကြောက်လုံး, လန့်လုံးနဲ့ သေသွားတယ် (မှန်ပါ့ ဘုရား)။
မျက်စိနှစ်ကွင်း အလင်းမရပြီဆိုမှဖြင့်
မျက်စိနှစ်ကွင်း အလင်းမရပြီဆိုမှဖြင့် ကြောက်လုံး, လန့်လုံးနဲ့ သေတော့ မဲ့သေ သေရတယ်ဆိုတာ ဘုရားကလည်း ဟောခဲ့တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ပြုံးသေကလေး သေသွားရတဲ့အခါကျလို့ ရှိရင်ဖြင့် ဪ သူတော်ကောင်းမို့ ပြုံးနိုင်တာပဲ (မှန်ပါ့) ပြုံးနိုင်တဲ့ မဂ်လေးတန် ရပြန်တော့လည်း နိဗ္ဗာန်မြင်တယ် (မှန်ပါ့)။
မဂ်လေးတန် မရပြန်တော့လည်း သုဂတိကနေ နိဗ္ဗာန်ကူးမှာ ဖြစ်လေသောကြောင့် သုဂတိနိမိတ်တွေ မြင်လာ တယ် (မှန်ပါ့) ဪ ငါသည် အနေကောင်း နေခဲ့လို့ အသေကောင်းဖြင့် သေရပေါ့ဆိုပြီး ပြုံးရှာတယ် (မှန်ပါ့)။
တစ်နည်းအားဖြင့်လည်း မြေအိုးတွေကို စွန့်ပြီး ရွှေအိုးတွေ ရမှာဖြစ်သောကြောင့် ပြုံးရှာတယ် (မှန်ပါ့)။
(၁၇၉၂ ကြိမ်) မှာတယ်
အဲဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် အကြိမ်ပေါင်း ၁၇၉၂-ကြိမ်တိုင်တိုင် ဈာယထ = ဝိပဿနာ ရှုကြ၊ မာပမာဒတ္ထ = မေ့လျော့ပေါ့ဆ၍ မနေလိုက်ကြနဲ့၊ ပစ္ဆာ = သေရာညောင်စောင်း လျောင်းစက်တဲ့အခါကာလ ကျမှ၊ ဝိပ္ပဋိသာရိနော = နှလုံးမသာယာခြင်း ရှိကြကုန်သည်၊ မာ အဟုဝတ္ထ = မဖြစ်ကြကုန်လင့်၊ အယံ = ဤဆိုခဲ့တဲ့ စကားသည်၊ ဝေါ တုမှာကံ = သင်ချစ်သားတို့အား၊ အမှာကံ = ငါဘုရားတို့၏၊ အနုဿာသနီ = အကြီးအကျယ်ဆုံး ဆုံးမခြင်းပါပေတည်း ဆိုသော အကြိမ်ပေါင်း (၁၇၉၂ ကြိမ်) မှာတယ် (မှန်ပါ့)။
ဝိပဿနာရှုကြကွ ဝိပဿနာရှုကြကွ ၊ မဲ့သေ သေရလိမ့်မကွ ၊ ဝိပဿနာ မရှုရင် မဲ့သေ သေရလိမ့် မယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေက အခုတွေ့တဲ့ အာရုံကလေးတွေကို အဟုတ်ထင်မနေပါနဲ့ (မှန်ပါ့) အခုတွေ့တဲ့ အာရုံကလေးတွေက သားကလေးက ငယ်ငယ်ကလေး သမီးကလေးက လူလားမမြောက်သေး၊ အပိုတွေ မလုပ်ပါနဲ့ (မှန်ပါ့) ခင်ဗျားတို့ကို ကယ်မည့် ယူမည့်လူ မဟုတ်ပါဘူး (မှန်ပါ့) ခင်ဗျားတို့၏ ရန်သူအကြီးတွေပါ (မှန်လှပါ ဘုရား)။
ရန်သူ အကြီးစားတွေကို ခင်ဗျားတို့က သားကလေးတွေကို မွေးဖွားပြီး လာတယ်၊ ရွေပေါ် မြတင်ရယ်လို့ ခင်ဗျားတို့ ယုယလေလေ မိဘဝတ္တရားထက် ပိုပြီး သကာလ ယုယလေလေ သေခြင်းဆိုးသေဖို့ အားထုတ်လေပဲ (မှန်ပါ့) ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)။
ဆရာကောင်း သမားကောင်းနဲ့ တွေ့တုန်း
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုအချိန်ကလေး ဆရာကောင်း သမားကောင်းနဲ့ တွေ့တုန်း မပေါ့လိုက်နဲ့နော် (မှန်ပါ့)။
ပေါ့လိုက်ပြီဆိုမှဖြင့် ဘုန်းကြီးပြောပြမယ်၊ ဒကာ ဒကာမတို့ သေကာနီး ငရဲနိမိတ်တွေက ထင်တော့ ထင်လာတဲ့ နိမိတ်အတိုင်း ငရဲရောက်သွားတယ် (မှန်ပါ့)။
ငရဲရောက်သွားပြီဆိုရင် ငရဲသက်ကို ရဟန်းတပါးက မေးတယ် (မှန်ပါ့) ငရဲသက်ဟာ တစ်ခါကျရင် ဘယ်လောက် ကြာပါလိမ့်မလဲ ဘုရားတဲ့ ၊ ငါ မပြောနိုင်ဘူးကွတဲ့ (မှန်ပလှပါ ဘုရား)။
မသိလို့လားလို့ မေးတော့ သိပါရဲ့တဲ့ ၊ ရှည်လွန်းလို့ မပြောနိုင်ဘူး (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ တစ်ချက်တိမ်းရင် ပြန်တက်ဖို့ ရှိသေးသလား (မရှိပါ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့က အသိဉာဏ် သာမညနဲ့တော့ အင်း တိုက်ကြီးတည်လို့ ကားစီးလို့ စိန်တွေ ရွှေတွေ ဝိုင်းရံလို့ ကုန်တိုက်ကြီးတွေ ဖွင့်ပြီး ကုန်ပစ္စည်းတွေနဲ့ ကုန်တွေထွက်လေ အင်မတန်ကောင်းလေ ခင်ဗျားတို့ က ဪ အကျိုးပေးသန်လိုက်တာ (မှန်ပါ့) ဘယ်ဟုတ်မလဲ လောကီအကျိုးပေးတော့ သန်တာပေါ့၊ လောကုတ္တရာ ဘက်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် တားနေတာ (မှန်လှပါ ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ် တားနေတာ
လောကုတ္တရာဘက်က ကြည့်လိုက်တော့ (မဂ်ဉာဏ် ဖိုလ်ဉာဏ် တားနေတာပါ ဘုရား)။
မဂ်ဉာဏ် ဖိုလ်ဉာဏ် တားနေတယ် ဆိုကတည်းက အပါယ်လေးပါးတံခါးက ပွင့်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒကာကြွယ် ဒါတွေ အပိုတွေနော် (မှန်ပါ့) အပိုဟုတ်တယ်, မဟုတ်တယ် ဒကာ ဒကာမတို့ ဒီပစ္စည်း တွေ ဒီဘက်က သိန်းတစ်ရာလောက် ပုံထား၊ ဒီဘက်က သိန်းတစ်ရာလောက် ပုံထား၊ ကြားထဲမှာ မမာကြည့်တော့မှ ဒီပစ္စည်းသည် ရင်ထဲ ပူနေတာ အေးအောင်လည်း မတတ်နိုင်ဘူး (မှန်ပါ့) အနာ သက်သာအောင်ကော (မတတ်နိုင် ပါ့) ဘာမှ မတတ်နိုင်ဘူး ဆိုကြပါစို့ (မှန်ပါ့)။
အဲဒီကော မတတ်နိုင်တော့ မတတ်နိုင်တာတွေ ဒကာကြွယ်တို့က ရှာပြီး စုဆောင်းနေသလားလို့ မေးလို့ရှိရင် ဖြင့် အရှင်ဘုရား မသိကြလို့ မှားကြပါတယ် (မှန်ပါ့) အဖြေမထွက်ရဘူးလား (ထွက်ရပါတယ်)၊ အဲဒီတော့မှားတာ တော့ မသိခင်က မှားတာ မှားကြပါစေတော့၊ မသိတဲ့လူဟာ မှားမြဲပဲ၊ မှားတာကို သိတဲ့အချိန်မှာ မှားသက်မရှည်စေနဲ့ (မှန်ပါ့)။
မှားပြီး သိတဲ့အချိန်မှာ (မှားသက် မရှည်ရပါ ဘုရား) အခု ဒကာ ဒကာမတွေက ဘုန်းကြီးက မြည်တယ်, တွန်တယ်လို့လည်း မအောက်မေ့ပါနဲ့ (မှန်ပါ့)။
ခင်ဗျားတို့ အကျိုးသက်သက်
ဘုန်းကြီးစိတ်နဲ့ ထားပြီး သကာလ ပြောတယ်လို့လည်း ခင်ဗျားတို့က အပြစ်မတင်ပါနဲ့ (မှန်ပါ့) ခင်ဗျားတို့ အကျိုးသက်သက်ကို ပြောတာလို့သာ မှတ်ပြီး နားထောင်ပါ (မှန်ပါ့)။
အဲဒီတော့ သိပြန်တော့လည်း အလုပ်တွေကဘုရား ကျယ်လွန်းလို့ အသိမ်းအဆည်း သိပ်ခက်နေပြီဆိုတော့ ဪ သေကာနီးတော့ သေရွာသွားတော့ ခက်နေပြီ၊ ကျုပ် မသေပါရစေနဲ့ဦးဆိုလို့ ရရဲ့လား (မရပါ ဘုရား)။
အဲဒီ့ အပိုတွေကိုလည်း မသုံးပါနဲ့ (မှန်ပါ့) သေကြည့်လိုက်တာပေါ့၊ သေတော့ ဒီပစ္စည်းတွေက မပြီးပြတ်သေး လို့ စာရင်းမချုပ်, အင်းမချုပ်နဲ့ ရှိနေသေးလို့ ကျုပ်ကို ဆိုင်းခွင့်ပေးပါဦးဆိုလို့ ရရဲ့လား (မရပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည်ကားလို့ ဆိုလို့ရှိရင် ကိုးစားရာ အားထားရာ ဆိုလို့ရှိရင် သူတို့နဲ့ တံစိုးလက်ဆောင်ပေး ပြီး သေမင်းတားနိုင်ဖို့ ဝတ္တရားရှိပါတယ် (မှန်ပါ့) ယခုတော့ ဒီလို ဖြစ်နိုင်ရဲ့လား (မဖြစ်နိုင်ပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် အခုမှ အဝိဇ္ဇာက ဖုံးလို့ မေ့လို့ပါ၊ ခင်ဗျားတို့ ရွှေသူဌေးကြီးတွေ, စကြဝတေးမင်းကြီးတွေ, မန္ဓာတ်မင်းကြီးတွေ ဖြစ်ဖူးလှပါပြီ (မှန်ပါ့ ဘုရား) နိဗ္ဗာန်တော့ဖြင့် မရခဲ့တာ အမှန်ပဲ (မှန်ပါ့ ဘုရား)။
ယခုတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ကြီးက ဒီကို လာကတယ်၊ မန္တလေးက လာလာ ၊ တောင်မြို့က လာလာ ၊ အဝေးကပဲ လာကြလာကြ အသုဘခန္ဓာကြီး ထမ်းပြီး လာကြရတယ် (မှန်ပါ့)။
မသေခင်ကျတော့လည်း ပြန်တော့မယ်။ ဘာထမ်းပြီး ပြန်ကြမလဲ (အသုဘခန္ဓာကိုယ်ကြီး ထမ်းပြန်ပါမယ် ဘုရား)။
ဪ ခင်ဗျားတို့ဟာ ခင်ဗျားတို့တော့ဖြင့် သွားနိုင်, လာနိုင်သေးလို့ တော်သေးရဲ့လို့ အောက်မေ့တယ် (မှန်ပါ့ ဘုရား)။
အရိယာမျက်လုံး တပ်ကြည့်လိုက်တော့
ကိုယ့်ဟာကိုယ် အရိယာမျက်လုံး တပ်ကြည့်လိုက်တော့ အသုဘတွေထမ်းပြီး လာခဲ့ကြရတယ် (မှန်ပါ့) အသုဘ တွေ ထမ်းပြီး (ပြန်ကြရပါမယ် ဘုရား)။
နောက်ဘဝတွေ ဒီလိုများ ဖြစ်ဦးမယ်ဆိုလို့ရှိရင်ဖြင့် သူကောင်ထမ်းဘဝ အဖြစ်မှကို လွတ်ရေး, ကျွတ်ရေး မမြင်သေးပါဘူး (မှန်ပါ့)။
ခင်ဗျားတို့က ဒွန်းစဏ္ဍား စဏ္ဍာလမှ သူကောင်ထမ်းလို့ အောက်မေ့နေတယ် (မှန်ပါ့) ဟိုက သူများဟာ ထမ်းတယ်၊ သူ့ကိုယ်လည်း သူထမ်းတယ်၊ သူများဟာလည်း ထမ်းတယ် (မှန်ပါ့) ဟိုက နှစ်ဖက်ထမ်းပေါ့ဗျာ (မှန်ပါ့)။
ဒီကတော့ကို ကိုယ့်ကိုယ်ကိုယ်ထမ်းတယ် (မှန်ပါ့) တစ်နည်း ကိုယ့်သားသမီးကလေးတွေ ကိုယ်ပွေ့ချီပြီး သကာလ မထမ်းကြဘူးလား (ထမ်းပါတယ် ဘုရား)။
ကိုယ့် သားသမီးကလေးတွေကလည်း အသုဘပဲ (မှန်လှပါ) ကိုယ့်ထမ်းတဲ့ပုဂ္ဂိုလ်ကကော (အသုဘပါပဲ ဘုရား)။
ဪ ဒါဖြင့် မထူးခြားလှပါဘူး (မှန်ပါ့ ဘုရား) ထူးခြားသေးရဲ့လား (မထူးခြားပါ ဘုရား)။
အဲဒီ ဇာတ်တွေကို ဒကာ ဒကာမတို့ အရိယာမျက်လုံး တပ်ပြီး အရိယာပုဂ္ဂိုလ်တွေက ကြည့်လိုက်တဲ့အခါကျ တော့ ရွံလွန်းလို့ စက်ဆုပ်လွန်းလို့ ဒီအသုဘခန္ဓာကိုယ်ကြီး ဘယ်တော့များ စွန့်ရပါ့မတုံး ဆိုတာ ရဟန္ဇာဖြစ်တဲ့နေ့က စပြီး ညည်းလုံးများ ထုတ်ကြတယ် (မှန်ပါ့) သူကောင်ထမ်းဘဝမှ လွတ်ချင်လွန်းလို့ (မှန်ပါ)။
ဒီ ဒကာ ဒကာမတွေက ရွှေတွဲလွဲ ငွေတွဲလွဲ စိန်တွဲလွဲ မြတွဲလွဲနဲ့များ ထမ်းရမယ်ဆို့လို့ရှိရင် ပြုံးများ ထမ်းလိုက် သေးတယ် (မှန်ပါ့)။
အံမာလေး ရူးချက်သန်လိုက်တဲ့ ဖြစ်ခြင်းမှ မပြောပါနဲ့တော့ (မှန်ပါ့ ဘုရား) ဒကာကြွယ် ဘယ့်နှယ်လုပ် မလဲ (ရူးချက်သန်ပါတယ် ဘုရား) မဆိုးဝါးဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ အရိယာမျက်လုံး တပ်ကြည့်လိုက်တဲ့အခါကျတော့ အတွင်းမှာရှိတဲ့ ကျင်ကြီး, ကျင်ငယ် သလိပ်, သွေး, ပြည် အကုန်မပါဘူးလား (ပါပါတယ် ဘုရား) သွားရာမှာ ချထားခဲ့ရသလား ထမ်းမသွား ရဘူးလား (ထမ်းသွားရပါတယ် ဘုရား)။
အသုဘတွေ ထမ်းလာတယ်
ဒါဖြင့် ခင်ဗျားတို့ ဘာတွေများ ထမ်းလာကြသတုံး မေးရင် ဘယ့်နှယ်ပြောပါ့မလဲ (အသုဘတွေ ထမ်းလာ ပါတယ်) နို့ ပြန်တော့ ဘာတွေ ထမ်းပြန်ရသလဲ (အသုဘတွေ ထမ်းပြန်ရပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အရိယာမျက်လုံး တပ်ကြည့်တဲ့အခါကျလို့ရှိရင်ဖြင့် အသုဘထမ်းသမား သွားဖြစ်နေတယ် (မှန်ပါ့)။
ဒကာကြွယ် ဘာဖြစ်နေပါလိမ့် (အသုဘထမ်းသမားတွေ ဖြစ်နေပါတယ် ဘုရား)။
ဒါဖြင့် ဒီဟာကို ကျွတ်ဖို့ လွတ်ဖို့အရေးဟာဖြင့် ကျုပ်တို့ဖြင့် ဒီအမျိုးထဲ မဖြစ်ပါရစေနဲ့၊ ရတိုင်းသချုႋင်းမှာ သုဘရာဇာတွေရှိလို့ ဒီအမျိုးထဲ မဖြစ်ပါရစေနဲ့ ဆိုတာ ဒီခန္ဓာမဖြစ်ပါရစေနဲ့ဆိုမှ ကိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာမဖြစ်ပါရစေနဲ့ဆိုမှ ကိုက်တာတုံး (ဒီခန္ဓာ မဖြစ်ပါရစေနဲ့ဆိုမှ ကိုက်တာပါ ဘုရား)။
အဲ ဒီခန္ဓာ မဖြစ်ပါရစေနဲ့ဆိုတော့ ဒီအသုဘဒုက္ခသစ္စာကြီး ထမ်းရသေးရဲ့လား (မထမ်းရပါ ဘုရား) အဲ နိဗ္ဗာန်ဆိုတာ ဒကာ ဒကာမတို့ အသုဘလည်း မရှိဘူး၊ ဒုက္ခသစ္စာလည်း မရှိဘဲနဲ့ ချမ်းသာမှု သက်သက်နဲ့ သန့်ရှင်းမှု သက်သက်နဲ့ နေတာဟာ နိဗ္ဗာန်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အဲဒီနိဗ္ဗာန်ကို ဒကာ ဒကာမတွေက ဒါဖြင့်ဘုရား ဘုရားတပည့်တော်တို့ ယခု အရှင်ဘုရား မျက်လုံးတပ် ပေးတာနဲ့ပဲ အလာလည်း ကိုယ့်အသုဘ ကိုယ်ထမ်းလာခဲ့ရတယ် ၊ အပြန်လည်း ကိုယ့်အသုဘ ကိုယ်ထမ်းပြန်ရတယ်၊ ခရီးဝေးလို့ရှိရင်ဖြင့် ထမ်းစင်ဆိုတဲ့ မော်တော်ကားနဲ့ ထမ်းပြန်ရတယ် (မှန်ပါ့) ခရီးဝေးတော့ ခရီးဝေးတော့ (မှန်ပါ့)။
ဒကာကြွယ် ဘာနဲ့ ထမ်းလာခဲ့ရသလဲ (ထမ်းစင်နဲ့ ထမ်းလာခဲ့ရပါတယ် ဘုရား)။
အံမာ ခင်ဗျားတို့က မော်တော်ကား ၄-၅ သောင်းတန်ဆိုသလို စီးနိုင်တာနဲ့ ငါ့ထမ်းစင်က ကြက်သရေ ရှိတယ် ထင်ရင်တော့ လွဲပါသေးရဲ့ (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်သူမှ ကြက်သရေမရှိဘူး
အဲဒါ ဘယ်သူမှ ကြက်သရေမရှိဘူးမှတ်ပါ (မှန်ပါ့ ဘုရား) လှည်းစီးလည်း ထမ်းစင်ပဲ၊ ကားစီးကော (ထမ်းစင် ပါပဲ ဘုရား) ဘာတွေထမ်းသတုံးမေးတော့ အသုဘထမ်းတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီအသုဘထမ်းတာချင်းပဲ မသိသေးတဲ့ အရိယာမျက်လုံး မတပ်ရသေးတဲ့ပုဂ္ဂိုလ်က သူ့ထမ်းစင်က သာသလိုလို (မှန်ပါ့) ငါ့ထမ်းစင်က ခေတ်နောက်ပေါ် နံပါတ်အဆုံးဆိုပြီး သကာလ ကားမျိုးကို ပုံအမျိုးမျိုးပြပြီး ရောင်းစားတာကို ထမ်းစင်ကောင်းများ ရွေးပြီး ဒကာကြွယ် ကားလည်း စီးသေးတယ်ဗျ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ထမ်းစင်ရွေးတာ (မှန်လှပါ ဘုရား)။
ဘာရွေးတာတုံး (ထမ်းစင်ရွေးတာပါ) ဒါ နာနာပြောတာလား အမှန်လားဆိုတော့ (အမှန်ပါ) စဉ်းစားမိ ပလား (စဉ်းစားမိပါပြီ ဘုရား)။
အဲဒါ ကားစီးတဲ့ လူအပေါင်း လှည်းစီးတဲ့လူအပေါင်းဟာ ဪ ခန္ဓာကြီးကလည်း အသုဘ၊ အောက်က စီးလာရတာလည်း ထမ်းစင် (မှန်ပါ့) ထမ်းစင်နဲ့ အသုဘနဲ့ဖြင့် မဟပ်တာ အမှန်ပဲဟ (မှန်ပါ့)။
ခင်ဗျားတို့ ထမ်းစင်တစ်ခုကို ရတိုင်းသချိုင်းက အိမ်များ ပြန်ထမ်းတယ်လို့ ရှိသေးသလား (မရှိပါ) ဘာဖြစ်လို့ လဲ ထမ်းစင်မို့ဘုရား (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခင်ဗျားတို့ ကားကလေးကျတော့ တိုက်ကလေးထဲ သော့ခတ်လို့ ၊ အံမယ် ဒကာကြွယ်တို့က ဖြစ်နေ လိုက်တာ (မှန်ပါ့) ထမ်းစင် ပြန်သိမ်းတယ် (မှန်ပါ့)။
မသာပို့တာ ဒီထမ်းစင်နဲ့ သွားပို့လိုက်တယ်၊ ပြန်လာတော့ ထားပစ်ခဲ့သလား ဒီကားကို (မထားပစ်ခဲ့ပါ) အိမ်မှာ တိုက်ကလေးထဲ သော့ခတ်ပြီး သိမ်းတယ် (မှန်ပါ့)။
ဒါက အရိယာမျက်လုံး မတပ်သေးခင်တော့ဖြင့် ထမ်းစင်အဖြစ်လည်း မသိသေး ဒကာကြွယ်ရေ (မှန်ပါ့) ထမ်းတဲ့ အသုဘလည်း (မသိသေးပါ ဘုရား)။
စီးပြီး သွားနေရတာ ထမ်းစင်ပါလား
ကဲ အခုတော့ဖြင့် ခေတ်ပေါ်မူတွေ စီးပြီး သွားနေရတာ ထမ်းစင်ပါလား (မှန်ပါ့) စီးနေတဲ့ပုဂ္ဂိုလ်ကလည်း သုဘလား အသုဘလား (အသုဘပါ ဘုရား)။
ဒီထမ်းစင်နဲ့ ဒီအသုဘနဲ့ ဘယ်တော့များ ခွဲရပါ့မလဲ ၊ အရိယာမျက်လုံး တပ်ကြည့်လိုက်တော့ ရှက်စရာ ကောင်းလွန်းလို့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးများကျတော့ ပဋိသမ္ဘိဒါပတ္တတွေ ဈာနလာဘီပုဂ္ဂိုလ်တွေကျတော့ ဒကာကြွယ် ထမ်းစင်ရှာသေးရဲ့လား (မရှာပါ) ကွေးတဲ့လက် ဆန့်သလောက်အချိန်နဲ့ ဗြဟ္မာပြည်များ ရောက်သွားတယ် (မှန်လှပါ ဘုရား) ထမ်းစင်ပါသေးရဲ့လား (မပါပါ ဘုရား)။
ဘယ့်နှယ်ကြောင့် မပါပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ သူတို့မှာတော့ဖြင့် ဒကာ ဒကာမတို့ ကိလေသာ ရန်သူတွေက ဝမ်းထဲမှာ ငြိမ်းနေသောကြောင့် အညစ်အကြေးတွေ မရှိတဲ့အတွက် ကွေးတဲ့လက် ဆန့်သလောက်နဲ့ နတ်ပြည်သွားလည်း ရောက်တယ်၊ ဗြဟ္မာပြည်သွားလည်း (ရောက်ပါတယ် ဘုရား)။
ဒါဟာ သုဘခန္ဓာကိုယ်ကြီး ဖြစ်နေတဲ့အတွက် ဒကာကြွယ် မရောက်လွယ်ဘူးလား (ရောက်လွယ်ပါတယ် ဘုရား)။
ဒီမှာတော့ ထမ်းစင်နဲ့ ထမ်းတာတောင်မှ ခါးကျိုးမတတ် တစ်ခါတလေ ဖြစ်သေးတယ် (မှန်ပါ့) မဖြစ်ဘူးလား ဖြစ်သလား (ဖြစ်ပါတယ် ဘုရား)။
အသုဘခန္ဓာကိုယ် အညစ်အကြေး စုဝေးတာ များလွန်းလို့ဆိုရင်ဖြင့် ငြင်းစရာလိုသေးသလား (မလိုပါ ဘုရား)။
အေး ဒါ့ကြောင့် ဒီဆရာဘုန်းကြီးက ဒီဇာတ်တွေ ထမ်းစင်နဲ့ အသုဘဇာတ်ကိုဖြင့် စခန်းသတ်မှတ်မှသာ လျှင် နိဗ္ဗာန်ဆိုတဲ့ အရပ်သို့ ရောက်တော့မှာပဲ၊ နိဗ္ဗာန်မှာ ထမ်းစင်လည်း မရှိဘူး၊ အသုဘလည်း မရှိဘူး (မှန်ပါ့)။
ဒကာကြွယ်တို့ အရောက်သွားရလိမ့်မယ် (မှန်ပါ့ ဘုရား) မသွားရင် တော်ပါ့မလား (မတော်ပါ) ထမ်းစင်ရှာရတဲ့ စရိတ်ကလည်း မသေးလှဘူးနော် (မသေးပါ ဘုရား)။
ဒကာကြွယ် သေးပါ့မလား (မသေးပါ) မသေးဘူး ၊ မသေးဘူး၊ အခုအခါမှာ ၂-သောင်း၊ ၃-သောင်းတန်တဲ့ ကားဆိုလို့ရှိရင် လိုင်စင်ရမှ ပြင်ဘက် ဝယ်မယ်ဆိုရင် ၂-သောင်းက ၄-သောင်းဖြစ်မယ် (မှန်ပါ့) ၅-သောင်းဖြစ်မယ်၊ ၇-သောင်းကျအောင်ရှိတယ် အစရှိသည်နဲ့ အမျိုးမျိုး အဖုံဖုံ ပေါ်နေပါတယ် (မှန်ပါ့)။
ထမ်းစင်ရှာရတဲ့ ကိစ္စဟာ ဘာ့ကြောင့်တုံး
ဒါ့ကြောင့် ဒကာ ဒကာမတို့ ဒီဥစ္စာ ထမ်းစင်ရှာရတဲ့ ကိစ္စဟာလည်း ဘာ့ကြောင့်တုံးဆိုတော့ အသုဘကြောင့် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ထမ်းစင်ရှာရတာ ဘာ့ကြောင့်ပါလိမ့် (အသုဘကြောင့်ပါ ဘုရား) အသုဘခန္ဓာကြီးက ဟိုနားကျရင် မလိုက် တော့ဘူးလို့ သူက ညည်းချင် ညည်းနေတာ (မှန်ပါ့)။
ဟိုနားကျ ချွေးထွက်ပြီး သကာလ ထိုင်တော့မည့်ပုံ လဲတော့မည့်ပုံ ယိုင်တော့မည့်ပုံ ရွဲ့တော့မည့်ပုံ ဗြုန်းကနဲပဲ လေဖမ်းတော့မည့်ပုံမို့ အသုဘခန္ဓာကိုယ်ကြီး ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးအတွက် ဒကာကြွယ် အလွန်ပင်ပန်းအောင် ရှာရပါတယ် (ရှာရပါတယ်) မရှာရဘူးလား (ရှာရပါတယ် ဘုရား)။
ဒါဖြင့် ဒီ အသုဘဇာတ်မသိမ်းသ၍ ကာလပတ်လုံး ထမ်းစင်ဝယ်ပေးတဲ့အလုပ်ဟာ ဇာတ်သိမ်းနိုင်ပါ့မလား (မသိမ်းနိုင်ပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာဇာတ်သိမ်းမှ ငြိမ်းအေးတဲ့ နိဗ္ဗာန်ရောက်မယ် ဆိုတာလည်း ပေါ်လာပါပြီ (ပေါ်ပါပြီ) မပေါ်သေး ဘူးလား (ပေါ်ပါပြီ ဘုရား)။
ကိုယ့်ခန္ဓာ အသုဘဒုက္ခသစ္စာ
ကဲ ဒါဖြင့် ငြိမ်းအေးတဲ့ဇာတ်ဟာ တခြားမဟုတ်ပါဘူး၊ ခုနင်က ပြောခဲ့တဲ့ အရိယာမျက်လုံး “သုတဝါ အရိယသာဝကော” ဆိုတဲ့ သုတဝါက အကြားအမြင်များတဲ့၊ အရိယသာဝကော = အရိယာသာဝကဆိုတဲ့ အကြား အမြင်များတဲ့ အရိယာမျက်လုံး တပ်ကြည့်လိုက်တော့မှ ကိုယ့်ခန္ဓာ အသုဘဒုက္ခသစ္စာ ပေါ်လာတယ် (မှန်ပါ့)။
ပေါ်လာတော့မှ ပေါ်တဲ့အခြင်းအရာကို သိတော့မှ ဪ-အသုဘဒုက္ခသစ္စာပါလားလို့ ရှေးဦးစွာ မြင်လာ တယ် (မှန်လှပါ ဘုရား)။
ပြီးတော့မှ အသုဘဒုက္ခသစ္စာကြီးထဲ နေရတာ ဪ ရွံစရာ မုန်းစရာပါလားဆိုတဲ့ ဒုတိယဉာဏ် တွေ့တတ် လာတယ် (မှန်ပါ့)။
ဒီအသုဘ ဒုက္ခသစ္စာကြီးနဲ့ အိုးစားကွဲမှပဲ မလိုချင်မှပဲ တော်မှာပဲဆိုရင် မဂ်ဉာဏ်တက်လာတယ် (မှန်ပါ့)။
အဲဒီမဂ်ဉာဏ်တက်လာတော့မှ ခန္ဓာကြီးပါ အကုန်ပျောက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ခန္ဓာပျောက် သွားတာဟာ အကောင်းပျောက်တာလား အဆိုးပျောက်သွားတာလား (အဆိုးပျောက်သွားတာပါ ဘုရား)။
ဒါ့ကြောင့် ခင်ဗျားတို့က ခန္ဓာပျောက်သွားတယ်၊ နိဗ္ဗာန်မှာ ခန္ဓာမရှိဘူးဆိုတော့ အဆိုးပျောက်သွားတာ ဝမ်းသာ ရမယ် (မှန်ပါ့)။
ခင်ဗျားတို့ကတော့ ဘာမှမရှိလို့ ခက်တော့တာပဲလို့ ယူချင်လည်း ယူလိုက်လိမ့်မယ် (မှန်ပါ့) စင်စစ်တော့ အဆိုးပျောက်ပြီး သကာလ အကောင်းချည့် ကျန်ရစ်တာကို ဆိုပါတယ် (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အလုပ်သဘောနဲ့မှပဲ မြင်အောင်ပြောနိုင်မယ်
ကိုင်း ဒါဖြင့် ဒီဥစ္စာကိုတော့ဖြင့် ဒကာ ဒကာမတို့ အလုပ်သဘောနဲ့မှပဲ မြင်အောင်ပြောနိုင်မယ် (မှန်ပါ့ ဘုရား) အလုပ်သဘော မပါရင် (မြင်အောင် မပြောနိုင်ပါ ဘုရား)။
ဟောတရားနဲ့တော့ မရဘူး (မှန်ပါ့) ဟောတရားနဲ့တော့ ဒကာဒကာမတွေ ဘယ်နည်းနဲ့မှ ကိုယ့်ခန္ဓာဒုက္ခသစ္စာ လို့ မသိပါဘူး (မသိပါ ဘုရား)။
ကိုင်း ဒါဖြင့် ဂရုစိုက်ပြီး ကြည့်ကြတဲ့၊ ဆရာဘုန်းကြီး သတိပေးတော့မယ်နော် (မှန်ပါ့)။
ဒီက,နေပြီး သကာလ ဒကာကြွယ်တို့ သေတ္တာထဲထားတဲ့ ရွှေတွေ, ငွေတွေ, စိန်တွေ, မြတွေပေါ့ဗျာ (မှန်ပါ့) ဒါ ရွှေတွေ, ငွေတွေ, စိန်တွေ, မြတွေထားတဲ့ သေတ္တာပဲ ဆိုလိုက်ပါတော့ (မှန်လှပါ)။
ဒီကနေပြီး သကာလ မနောကလေးနဲ့သွားပြီး ထိလိုက်ပါ (မှန်ပါ့) သွားပြီး သူ့ဘက် လှည့်လိုက်ပါ (မှန်ပါ့) လှည့်လိုက်တော့ ဒီဖဿဆိုတဲ့ ဓမ္မကလေး မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
ဪ ဒါ အိပ်ရာထဲကနေ သွားထိတာ (မှန်ပါ့ ဘုရား) ထိလိုက်တဲ့အခါ ဖဿ၊ ဖဿပစ္စယာဆိုတော့ ဪ ငါ့မှာ ဒါလောက်, ဒါလောက် ရှိလို့ရှိရင်ဖြင့် ဒါတွေ ပိုးတွေ ဝယ်ပြီး သကာလ ဒီကနေ အထည်ဖြစ်ပြီး ရောင်းလိုက်လို့ရှိရင် ငါ့အတွက် အမြတ်အစွန်း ဘယ်လောက်လဲဆိုပြီး သကာလ တဲ့ ဝေဒနာကော (လာပါတယ် ဘုရား) လာတယ်နော် (မှန်ပါ့ ဘုရား)။
ဒါ အိပ်ရာထဲတွင် ပဋိစ္စသမုပ္ပါဒ် (မှန်လှပါ) ဘယ်မှာလာတဲ့ ပဋိစ္စသမုပ္ပါဒ်ပါလိမ့် (အိပ်ရာထဲလာတဲ့ ပဋိစ္စသမုပ္ပါဒ်ပါ ဘုရား)။
အင်း ဒကာ ဒကာမတွေကလည်း ပဋိစ္စသမုပ္ပါဒ်လည်စရာ ရှားရှားပါးပါးထိုင်ရင်း လည်ပြီးပြီ၊ ပြောရင်း လည် ပြီးပြီ၊ ဝတ်ရင်း လည်ပြီးပြီ၊ စားရင်း လည်းပြီးပြီ၊ ကြည့်ရင်း လည်ပြီးပြီ၊ အခု အိပ်ရင်းမတ္တနဲ့ ပဋိစ္စသမုပ္ပါဒ်လည်ဦးမယ် (မှန်လှပါ) ဘယ်လောက် ဆိုးဝါးသတုံး (ဆိုးဝါးပါတယ် ဘုရား)။
ရှေးဦးစွာ စိန်, ကျောက်, မြ, ပတ္တမြားနဲ့ တွေ့တာက ဘာပါလိမ့် (ဖဿပါ ဘုရား)။
ဪ ဒီဥစ္စာတွေသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တော်, တော်သေးရဲ့၊ ဒါလောက် ခံသာရည်ရှိလို့ တော်, တော်သေးရဲ့ ဆိုပြီး ဝမ်းသာတာက ဘာပါလိမ့် (ဝေဒနာပါ ဘုရား)။
တဏှာ ဥပါဒါန် ကံ
ဒါတော့ဖြင့် အရင်းတော့ အပျောက်ခံလို့ မတော်ဘူးဆိုတဲ့ တဏှာကလေးကကော (လာပါတယ် ဘုရား)။
ဘယ်နည်းနဲ့မဆို ဒီဥစ္စာကိုတော့ဖြင့် ကိုယ့်လက်ထဲကဖြင့် ဖျောက်ပစ်လို့ မတော်ဘူး၊ အစားထိုးလာလို့ရှိရင် အစားထိုးတာနဲ့ပဲ နေရမှာပဲဆိုပြီး သကာလ ဒီဟာတော့ အပျောက်မခံနိုင်ဘူးဆိုတာက ဥပါဒါန် (မှန်ပါ့ ဘုရား)။
အဲဒီ ကာယကံ-ဝစီကံနဲ့ ကိုယ့်သားမယားတိုင်ပင်လို့ တို့-ဒါလောက်ရှိတာပဲကွ၊ အဲဒီတော့ တို့ ဒါ ဘယ်လိုရင်း, ဘယ်လိုနှီးမယ်ဆိုလို့ရှိရင်ဖြင့် ဘယ်လိုအကျိုးရှိပါတယ်ဆိုပြီး ထ,များ တိုးတိုးများ ပြောလိုက်သေးတယ် (မှန်လှပါ) ဒါက ဝစီကံပေါ့ဗျာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကာယကံနဲ့ အိပ်နေရင် နှိုးပြောလိုက်သေးတယ် (မှန်ပါ့) ဒါက ကာယကံ (မှန်ပါ့)။
ဒါဖြင့် ကာယကံ, ဝစီကံကျအောင် အိပ်ရာထဲ ပဋိစ္စသမုပ္ပါဒ် မလှည့်သေးဘူးလား (လှည့်ပါတယ် ဘုရား)။
ကြည့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယော (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝေါဆိုတာ ကာယကံ ဝစီကံကို ဆိုပါတယ် (မှန်ပါ့) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒကာ ဒကာမတို့ အိပ်ရာထဲမှာ ဘာများ ခင်ဗျားတို့ ကြိုးစားနေကြသတုံးလို့ မေးတဲ့အခါကျတော့ တပည့်တော်တို့ဘုရား ၊ နေ့လယ်က အပါယ်သွားတဲ့ ကံတွေစုရတာ အားမရသေးလို့ အိပ်ရာထဲ ကြံစု,စုတယ် ဘုရာ့ (မှန်ပါ့) သွားပေါ့ (မှန်ပါ့) မသွားသေးဘူးလား (သွားပါပြီ ဘုရား)။
ဒကာကြွယ် ဒီဥစ္စာ အပါယ်မသွားဘူး လို့ ဆိုလို့ ရသလား (မရပါ ဘုရား)။
နဖူးပေါ်လက်တင်မှ ဒီကြံလုံးက လာတာ
နဖူးပေါ်လက်တင်မှ ဒီကြံလုံးက လာတာကိုး (မှန်ပါ့) နေ့လယ်ကတော့ဖြင့် ဒကာ ဒကာမတွေ ကာယကံဝစီကံ တွေက ရှုပ်ပြီး သကာလ နေလို့ စာရင်းမချုပ်နိုင်ဘူး (မှန်လှပါ ဘုရား) ညကျမှ စာရင်းချုပ်တဲ့အခါကျတော့ ကံတွေက မြောက်နေလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်လှပါ ဘုရား)။
သူက ဘယ်အချိန် လာတတ်သတုံး လို့ မေးတဲ့အခါကျတော့ ထုံးစံအတိုင်း ဘုရားရှိခိုးပြီး အိပ်ရာထဲဝင်လို့ နဖူးပေါ်လက်တင်မှ အပါယ်သွားမယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်က လာတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဘယ်ကနေပြီး သူ အပါယ်သွားမယ် စိတ်ကူးပါလိမ့်မတုံး ဆိုတော့ အိပ်ရာထဲက သွားမယ် စိတ်ကူးတယ် (မှန်လှပါ ဘုရား)။
ဘယ်က သွားမယ် စိတ်ကူးသလဲ (အိပ်ရာထဲက သွားမယ် စိတ်ကူးပါတယ် ဘုရား)။
ဪ အိပ်ရာထဲက သွားမယ် စိတ်ကူးတယ်ဆိုတာ ဒကာ ဒကာမတွေက ဒါ တပည့်တော်တို့ ဘာ အပြစ်ရှိသတုံး လို့ မေးချင်လို့ မေးလို့ရှိရင်လည်း သီလအလို အပြစ်မရှိပါဘူး (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါနအလို အပြစ်မရှိပါဘူး၊ ဘာဝနာအလိုမှာဖြင့် အကြီးဆုံး အပြစ်သင့်နေပါပြီ (မှန်လှပါ ဘုရား) မနောကံကိုးဗျ (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ဘာကံပါလိမ့် (မနောကံပါ ဘုရား)။
ဪ ခင်ဗျားတို့ ကြောက်စရာကောင်းလိုက်တာ၊ လောကကြီးမှာ ကာယကံနဲ့ လူသတ်လို့ရှိရင် လူ တစ်ယောက်က လူပေါင်း လေးဆယ် ဓားနဲ့ခုတ်ပြီးရင် ကိုယ်လက်တွေ ဘာတွေ ပန်းလာတာနဲ့ မသတ်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ဝစီကံနဲ့ မန်းမှုတ်ပြီး သတ်မယ်ဆိုရင် ထောင့်ကိုးရာလည်း သတ်နိုင်မယ် (မှန်ပါ့) မနောကံဲ့ သတ်မယ်ဆိုရင် တတိုင်းပြည်လုံး သတ်နိုင်တယ် (မှန်လှပါ ဘုရား)**
**မဇ္ဈိမ ပဏ္ဏာသပါဠိတော် ဥပါလိသုတ်ကြည့်ပါ။
ကံသုံးပါးမှာ ဘယ်ကံအကြီးဆုံးတုံး
ဒါ့ကြောင့် ကံသုံးပါးမှာ ဘယ်ကံအကြီးဆုံးတုံး (မနောကံအကြီးဆုံးပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့က နေ့လယ် ရောင်းဝယ်လာပြီး ညကျမှ အကြီးဆုံးကံ ကြိုးစားတယ် (မှန်ပါ့)။
အံမာလေး ဒကာ ဒကာမတွေက မသိတော့လည်း လူမှာ အကြံအစည်မရှိ မခက်ဘူးလားဘုရား (မှန်ပါ့) မခက်ပါဘူး ဒကာ ဒကာမတို့ အကြံအစည်ရှိလို့ အပါယ်သွားရပါတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့သိတာက ဒါတွေကို ပြင်ပေးနေရတာနဲ့ ဘုန်းကြီးတရားဟာ ရှည်သွားတယ် (မှန်ပါ့ ဘုရား) ဝိပဿနာ အရှုခိုင်းလိုက်ရင် ခဏကလေးရယ် (မှန်ပါ့)။
သို့သော်လည်း အားလုံး ဒကာ ဒကာမတွေက ဒီအဖြစ်ကျအောင်ပဲ တို့ အဖြစ်ဆိုးကြီး လုပ်နေပါလားဆိုတာ မသိဘူး (မှန်လှပါ ဘုရား)။
အဲဒါနဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာရှာတယ်၊ ကွာ တဲ့ မင်းတို့ ကြံရ ကြံရပါတယ်၊ ကြံချင်လို့ ရှိရင်ဖြင့် ကာမဝိတက် ဆိုတဲ့ ဒီငါးပါးအာရုံ ကာမဂုဏ်တွေ မကြံပါနဲ့၊ ဗျာပါဒဝိတက်တွေလည်း ရှုံးမလား, မြတ်မလား ဆိုတာ မကြံပါနဲ့ ဝိဟိံ သဝိတက်ဆိုတာ သူတစ်ပါးကို ဒီလို ဈေးချိုးလိုက်ရလို့ရှိရင်ဖြင့် ကိုယ်လည်း နည်းနည်းတော့ အနာခံရမှာပဲ၊ နောက်မှ အမြတ်ထွက်မှာပဲဆိုတဲ့ ဝိဟိံသဝိတက်တွေလည်း မလုပ်ပါနဲ့ကွ၊ ကြံချင်ရင် ခန္ဓာကိုယ်ထဲပေါ် တာ ဘာသစ္စာတုံး လို့ တွေးစမ်းပါ (မှန်ပါ့ ဘုရား)။
ကြံချင်ရင် ဒီလိုကြံပါ လို့ သစ္စသံယုတ်မှာ ဟောတယ် (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် ဒီလိုများ ကြံမိရဲ့လား (မကြံမိပါ ဘုရား) ဒါဖြင့် အပါယ်သွားဖို့ချည်း ကြံနေတာပဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ဒီအတိုင်းပဲ ဖြစ်ပါတယ် ဆိုတဲ့ဥစ္စာဖြင့် ဘုရားဟော ပါဠိတော်နဲ့အညီ ကိုယ့် ခန္ဓာထဲ ဖြစ်စဉ်ကြည့်လိုက်တော့လည်း ဒီကံ ရောက်ပါတယ် (မှန်ပါ့ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဟို ရွှေကလေး, စိန်ကလေး, မြကလေး အရင်းကလေးနဲ့ သွားတွေ့တာက ဖဿ (မှန်ပါ့ဖဿပါ ဘုရား) အင်း တော်သေးရဲ့ဆိုတာက (ဝေဒနာပါ) ဪ ဒါကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် သူ့မခင်ရင် ဘယ့် နှယ်လုပ်မလဲ ဆိုတာက (တဏှာပါ) ခင်ရုံတွင်မကဘူး၊ သူ့တော့ဖြင့် စွဲစွဲလမ်းလမ်းကလေးကိုထားမှ (ဥပါဒါန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အိပ်ရာထဲကနေ ဘယ်သွားတာတုံး
ဥပါဒါန် ရှိနေတဲ့ပုဂ္ဂိုလ်ဖြင့် ကာယကံ, ဝစီကံနဲ့ နက်ဖြန်ကျတော့ကွာ ဒီအရင်း အကုန်ဖြုန်းလိုက်မယ်၊ ပြီးမှ အမြတ်ရှာယူမယ်ဆိုပြီး သကာလ ကာယကံ, ဝစီကံတွေနဲ့ တိုင်ပင်နှီးနှောတဲ့အလုပ်တွေ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။
ဒကာသစ်ရေ ဒါ အိပ်ရာထဲကနေ ဘယ်သွားတာတုံး (အပါယ်သွားတာပါ) ခြေလျင်သွားသလား ဒကာ ဒကာမ တို့ စိတ်နဲ့သွားနေတာလား (စိတ်နဲ့သွားနေတာပါ) ပဋိစ္စသမုပ္ပါဒ်နဲ့ သွားနေတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီတော့ အပါယ်သွားတဲ့ပုဂ္ဂိုလ်, နတ်ရွာသုဂတိသွားတဲ့ပုဂ္ဂိုလ်များ ဒကာ ဒကာမတို့ ခြေလျင်သွားတာ မြင်ဖူးကြ ရဲ့လား (မမြင်ဖူးပါ) ဒီကံကနေပြီး ပို့ချလိုက်တယ် (မှန်ပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒီကံတွေ အိပ်ရာထဲကနေလုပ်တော့ အိပ်ရာထဲကနေပြီး သကာလ အပါယ်သွားရမယ် (သွားရမှာပါ) စုတေမနေ သေလွန်တော့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုရားကလည်း ကြံချင်ကြံကြပါကွာ- ပဋိစ္စသမုပ္ပါဒ် ကြံကြပါ၊ အခုပေါ်တဲ့တရား ဘာသစ္စာပါလိမ့်၊ အခုပေါ်တဲ့တရား ဘာသစ္စာပါလိမ့်၊ အခုပေါ်တဲ့တရား ဘာသစ္စာပါလိမ့်လို့ ကြံကြပါ (မှန်ပါ့ ဘုရား)။
ဦးလှဘူး ဘုရားသခင် ကိုယ်တော်မြတ်ကြီးကတော့ဖြင့် အိပ်ရာထဲကနေ အပါယ်သွားတာ မကြည့်နိုင်လို့ကို ဟောတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
အိပ်ရာထဲကနေပြီး (အပါယ်သွားတာ မကြည့်နိုင်လို့ပါ) ကဲ ဆုံးမစရာ လိုသေးသလား (မလိုပါ ဘုရား)။
ခင်ဗျားတို့ကဖြင့် ဒွါရခြောက်ပေါက် ဘယ်အပေါက်က သွားရသွားရ အပါယ်တိုက်ရိုက်ချည့် ဆိုတဲ့ အဓိပ္ပာယ် ရောက်တယ်၊ တကာသစ်ရ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ကြံကြစို့ ဆိုတော့ ဒကာ ဒကာမတို့ ကြံဆိုတာ ဝိပဿနာရှုတာပါပဲ (မှန်ပါ့) ဟိုက စိန်ထုပ်, မြထုပ်, စိန်သေတ္တာ, မြသေတ္တာကို ဒီကနေပြီး ဖဿနဲ့သွားပြီး သကာလ အာရုံကလေး ပြုလိုက်တဲ့အခါကျတော့ မနော ထဲ မတွေ့ဘူးလား (တွေ့ပါတယ်) တွေ့တာကလေးဟာ ဘာသစ္စာတုံးလို့ နောက်ကကြံ (မှန်ပါ့ ဘုရား)။
တွေ့တာကလေးဟာ (ဒုက္ခသစ္စာပါ) ဒုက္ခသစ္စာပေါ့၊ ဖြစ်ပြီး ပျက်တာ (မှန်ပါ့) သူ့ကို ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
ကြံလုံးကလေးက ဘာတုံး
အင်း ဒါဖြင့် သူက ဒုက္ခသစ္စာဆိုတော့ ဒကာ ဒကာမတို့ ဒီက ကြံလုံးကလေးက ဘာတုံး (မဂ္ဂသစ္စာပါ ဘုရား)။
အေး ဒါကြောင့် ပေါ်လာတာက ဒုက္ခသစ္စာ (မှန်ပါ့) ဘာကလေးပေါ်လာပါလိမ့်မတုံး ကြည့်လိုက်တော့ ဒုက္ခသစ္စာကလေး ပေါ်လာပါကလားလို့ သိတာက မဂ္ဂသစ္စာတဲ့ (မှန်ပါ့) ကြံရင် ဒီလိုကြံပါကွာတဲ့ (မှန်ပါ့ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဖြင့် ဒကာကြွယ် အစွမ်းကုန်ပြောပြီ (မှန်ပါ့) လိုက်နာမလား ဒကာကြွယ်ရေ (လိုက်နာပါ့မယ်) လိုက်နာရမှာပဲ (မှန်ပါ့ ဘုရား)။
အားလုံး တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကဖြင့် အင်မတန်မှ ခင်ဗျားတို့ အပါယ်လေးပါးရောက်မှာ သံသရာကြီးထဲ ကျွမ်းထိုးမှောက်ခုံ ဖြစ်နေရစ်မှာ စိုးရိမ်လွန်းလို့ ကြံတော့ကြံပါကွာ၊ ကိုယ့် သန္တာန်ဖြစ်တာ ဘာသစ္စာတွေပါလိမ့်မတုံးလို့ ကြံစမ်းပါ (မှန်ပါ့) ဆိုတော့ ကြံလိုက်ရင် ဝိပဿနာဖြစ်ပြီ (မှန်ပါ့ ဘုရား)။
အာရုံနဲ့တွေ့တဲ့ ဖဿက ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဖြစ်ပြီး ပျက်တာကိုးဗျ ဒုက္ခသစ္စာပေါ့ (မှန်ပါ့ ဘုရား)။
ဒါကလေး ဘာလေးပါလိမ့်မတုံးလို့ ကြံလုံးကလေးက ဘာသစ္စာတုံး (မဂ္ဂသစ္စာပါ) ဪ ဒါဖြင့် ဖဿက ဒုက္ခသစ္စာ (မှန်ပါ့) ဒကာ ဒကာမတို့ ကြံလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
ဒီလိုဆိုတော့ ဒုက္ခမဂ္ဂ ဆိုတော့ နောက်က သမုဒယတွေ အကုန်သေတယ် (မှန်ပါ့) မသေပါနဲ့ဆိုလို့ (မရပါ ဘုရား)။
ဒါဗျာ ပိုက်ဆံလည်း ပေးရသလား တဲ့၊ ဒကာ ဒကာမတို့ အပါယ်တံခါးကော မပိတ်ဘူးလား (ပိတ်ပါတယ် ဘုရား)။
ပွင့်တဲ့အကြံချည့် ကြံနေတာ၊ ခင်ဗျားတို့က ပိတ်တဲ့အကြံကို မကြံဘူး (မှန်ပါ့) တော်တော်ပျော်နေပုံရတယ် ခင်ဗျားတို့ အပါယ်ကို (ပျော်ရာကျပါတယ်) အဓိပ္ပာယ်က ဒီရောက်နေတယ် (ရောက်ပါတယ် ဘုရား)။
အပါယ်တံခါးပိတ်တဲ့ အကြံအစည်တော့ မကြံစည်ဘူး (မှန်ပါ့) အပါယ်တံခါးပွင့်တဲ့ အကြံအစည်တော့ (ကြံစည်ပါ တယ် ဘုရား)။
အပါယ်သွားတဲ့ အကြံဖြင့် လျှော့ကြပါတော့
ဒကာကြွယ် အသက်လည်းကြီးပြီ၊ ဒကာသစ်တို့လည်း ကြီးပြီ၊ ဦးလှဘူးတို့လည်း ကြီးပြီ၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကလည်း ကြီးကုန်ပြီ၊ အပါယ်သွားတဲ့ အကြံဖြင့် လျှော့ကြပါတော့ (မှန်ပါ့ ဘုရား)။
ဘယ်လို တောင်းပန်ပါလိမ့် (အပါယ်သွားတဲ့အကြံတော့ လျှော့ကြပါတော့ပါ ဘုရား)။
လျှော့ကြပါတော့ ဒကာ ဒကာမတို့ ဒီဥစ္စာ ခင်ဗျားတို့ မတော်လွန်းလို့ လွန်လွန်းလို့ ဆိုးဝါးလွန်းလို့ အိပ်တာ တောင်မှ အိပ်ကာနီး အပါယ်သွားပြီးမှ အိပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေသောကြောင့် ဒီအကြံအစည်ဖြင့် လျှော့ ဖြစ်အောင် လျှော့ပါ၊ နင့်အချိန်မဟုတ်ဘူးဆိုပြီး အမြဲနှင်ထုတ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
နင့်အချိန်မဟုတ်ဘူးလို့ အမြဲနှင်ထုတ်ရမယ် (မှန်ပါ့ ဘုရား)။
ဘုရားကလည်း အခု သေသေချာချာ မမှာဘူးလား (မှာပါတယ်) ကြံချင်ရင် ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသဝိတက် ဆိုတဲ့ ကာမအလိုဆိုတဲ့ စီးပွားရေးပေါ့ဗျာ (မှန်ပါ့) ဗျာပါဒ ဝိတက်ဆိုလို့ရှိရင် စိတ်မချ လက်မချ ထားခဲ့ရတာတွေကွာ၊ စိတ်မှချရပါ့မလားဆိုတဲ့ အကြံအစည်မျိုးဟာ ဗျာပါဒဝိတက်ပေါ့ဗျာ (မှန်ပါ့) ဝိဟိံသဝိတက်ကြ တော့ ကုန်တွေက သူတို့က လျှော့ချနေတယ်ကွာ ငါတို့ကလည်း မလျှော့ရင် မဖြစ်ဘူး၊ ပြီးမှသာလျှင် တစ်မျိုး တမည် ကြံကြဖို့ ဆိုတော့ စိတ်ဆိုးတဲ့ ဝိဟိံသ ဝိတက်ကော (ပါ-ပါတယ်) ပါတယ်နော် (မှန်ပါ့ ဘုရား)။
ပါတဲ့အခါကျတော့ ဒီအကြံအစည်ကို ဘုရားက ကြံရမယ်တဲ့လား မကြံရဘူးတဲ့လား (မကြံရပါ ဘုရား)။
ငါ့သန္တာန် ပေါ်တဲ့တရား ဘာတရားပါလိမ့်
ကြံချင်ရင် ငါ့သန္တာန် ပေါ်တဲ့တရား ဘာတရားပါလိမ့်မတုံးလို့ ကြံပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ငါ့သန္တာန်ပေါ်တဲ့တရား (ဘာတရားပါလိမ့်မတုံးလို့ ကြရပါမယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေ ယားတဲ့စိတ်ကလေး ပေါ်တယ်၊ ဪ ယားတာကလေးဟာ ဒုက္ခသစ္စာလို့ပဲ ကြံပစ်လိုက်ပါ (မှန်ပါ့ ဘုရား)။
နာပြန်ရင်ကော (ဒုက္ခသစ္စာပါ) ဪ နာတာကလေးဟာ ဒုက္ခသစ္စာ၊ ကောင်းပြန်ရင်ကော (ဒုက္ခသစ္စာပါ ဘုရား)။
အကုန် ခန္ဓာထဲ ပေါ်တာတွေ ဟူသ၍ ပေါ်ချင်တာပေါ် ထင်ထင်ရှားရှားပေါ် ဒုက္ခသစ္စာချည့်ပါလားလို့သာ ကြံနေ (မှန်ပါ့ ဘုရား)။
အဲဒီတော့ အကြံခံရတာက ဒုက္ခသစ္စာ ကြံဉာဏ်က မဂ္ဂသစ္စာဖြစ်တော့ သေတာက သမုဒယ ဖြစ်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရောက်မှာက နိရောဓသစ္စာဖြစ်ပါတယ် (မှန်ပါ့) အကြံကောင်းတစ်ချက်ဆိုတာ ဒါပဲ (မှန်ပါ့ ဘုရား)။
ဒကာကြွယ်တို့ သုံးနေတာ ဒါ မဟုတ်ပါဘူး (မှန်ပါ့) နွေခါလှောင် ဆောင်းတွင်းရောင်းတာ၊ အို အကြံ ကောင်းတော့ တစ်ချက်ပဲဟေ့၊ ထိုးတက်လာတာပဲ (မှန်ပါ့) ဖြစ်မှဖြစ်ရလေတယ်။
အဲဒီ့အကြံတွေက ဘာမှ အသုံးမကျပါဘူး၊ အပါယ်သွားတဲ့ အကြံတွေဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကြံချင်ရင် ခန္ဓာကိုယ်ထဲပေါ်တဲ့ တရားတွေဟာ ဘာတရားပါလိမ့် မတုံးသာ ကြံပေတော့ (မှန်ပါ့) လောဘကလေးက ပေါ်လာတယ်၊ အင်း မင်း သမုဒယသစ္စပါလားလို့ သိပေးလိုက် (မှန်ပါ့ ဘုရား) ဒေါသကလေး ပေါ်လာတယ်၊ မင်း ဒုက္ခသစ္စာပါလားလို့ သိပေး (မှန်ပါ့) မောဟကလေး ပေါ်လာလို့ ရှိရင်လည်း မင်း ဒုက္ခသစ္စာပါလားလို့ သိပေးပါ (မှန်ပါ့) ဘယ်စိတ်ပေါ်ပေါ် ဘယ်လိုသိရမလဲ (ဒုက္ခသစ္စာလို့ သိရပါ မယ် ဘုရား)။
အိပ်ရာထဲတွင် မဂ်ရနိုင်ပါတယ်
ဒါဖြင့် ပေါ်လာတာ ဒုက္ခသစ္စာ၊ သိတာက (မဂ္ဂသစ္စာပါ) အိပ်ရာထဲတွင် မဂ်ရနိုင်ပါတယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်မှာ မဂ်ရနိုင်သလဲ (အိပ်ရာထဲတွင် မဂ်ရနိုင်ပါတယ်) မလိုချင်ဘူးဘုရာ့၊ အဲဒါက အပါယ်တံခါး ပိတ်တာမို့ မလိုချင်ဘူး (မှန်ပါ့) ခင်ဗျားတို့က ဇွတ်ငြင်းဆန်လိုက်တာကလည်း မပြောပါနဲ့တော့ (မှန်ပါ့)။
ကိုယ့် အပါယ်တံခါးကို ကိုယ့်ဉာဏ်နဲ့ ပိတ်ရတယ် (မှန်ပါ့) ကိုယ့်အပါယ်တံခါးကို ကိုယ့်တဏှာက ဖွင့်တာကိုးဗျ (မှန်ပါ့) ကိုယ့်တဏှာက ဖွင့်တော့ ကိုယ့်ဉာဏ်နဲ့ ပိတ်ရမယ် (မှန်ပါ့)။
အပါယ်ဘယ်သူက ဖွင့်ပေးသတုံး (ကိုယ့်တဏှာက ဖွင့်ပါတယ်) ကိုယ့်တဏှာက ဖွင့်တယ် (မှန်ပါ့)။
ကဲ မင်းက ဒီ ကိန်းရာပုဂ္ဂိုလ်ကို အပါယ်ချမလို့ မင်းက ဖွင့်ပေးလို့ရှိရင်ဖြင့် တို့က ကိုယ့်ဉာဏ်နဲ့ ပိတ်မယ် ကွ ဆိုပြီး ပေါ်လာတဲ့လောဘကို ဖြစ်ပျက် ရှုပေးလိုက် (မှန်ပါ့)။
ဖြစ်ပျက် ရှုလွှတ်လိုက်တော့ ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ ဘုရား)။
ဒီလိုဆိုတော့ သူက အပါယ်တံခါး ဖွင့်တယ် (မှန်ပါ့) မိမိဉာဏ်က အပါယ်တံခါးပိတ်လိုက်မယ်ဆိုတော့ ဒကာ ဒကာမတို့ ကိုယ့်အရေးဟာ လိုချင်တဲ့ဆီ မဆိုက်ဘူးလား (ဆိုက်ပါတယ်) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အပါယ်တံခါးဖွင့်တာ ဘာသစ္စာ (သမုဒယသစ္စာပါ) အပါယ်တံခါးပိတ်တာက (မဂ္ဂသစ္စာပါ) ရှင်းပြီ ဒကာ ဒကာမတို့ (မှန်ပါ့)။
အပါယ်တံခါးဖွင့်တာက (သမုဒယသစ္စာပါ) သူသာ ပေါ်လာရင်ဖြင့် အပါယ်တံခါးဖွင့်မလို့ လာပြီဟေ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သူ့ကို ဖြစ်ပျက်ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ့်နှယ်ဆိုကြမလဲ (အပါယ်တံခါး ပိတ်ပါတယ်) အပါယ်တံခါးပိတ်တယ် (မှန်လှပါ ဘုရား)။
ဉာဏ်နဲ့ပိတ်ရင် ပြီးတာပဲ
အဲဒီတော့ ဆရာဘုန်းကြီးက ဒကာ ဒကာမတွေ အပါယ်တံခါးကလည်း ခင်ဗျားတို့ ဖွင့်တာနော် (မှန်ပါ့) ပိတ်ချင်လို့ ရှိရင်လည်း (တပည့်တော်တို့ ပိတ်ရမှာပါပဲ ဘုရား) ခင်ဗျားတို့ ဉာဏ်နဲ့ပိတ်ရင် ပြီးတာပဲ (မှန်ပါ့)။
ဒါဖြင့် အပါယ်လေးပါးကို ရှင်းရှင်းပြောကြပါစို့ ဆိုတော့ ဒကာ ဒကာမတွေ ဒီကနေပြီး ငရဲအိုးတည်တယ် (မှန်ပါ့) ဒီကနေ ငရဲမီး ငြိမ်းချင်ရင် ရတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီကနေ ဒယ်အိုးတည်ရင်ရော (ရပါတယ်) သမုဒယသစ္စာတည်ပေး (မှန်ပါ့) မဂ္ဂသစ္စာနဲ့ ငြိမ်းလိုက်မယ် ဆိုတော့ လည်း (ရပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာ ငရဲအိုးတော့ တည်တတ်တယ်၊ ငြိမ်းတော့ မငြိမ်းတတ်ဘူးဆိုတော့ ငရဲမီးကြီးအောင်လည်း လုပ်နေကြသလားလို့ ဆိုတာ မေးဖို့ အခွင့်အရေးကြုံလာတယ် (ကြုံလာပါတယ်) မကြုံဘူးလား (ကြုံလာပါတယ် ဘုရား)။
ဒီကရှေ့ အပါယ်တံခါးကိုလည်း ပိတ်တတ်ပလား (ပိတ်တတ်ပါပြီ) ဖွင့်ကော (ဖွင့်တတ်ပါပြီ ဘုရား)။
အို မပြောနဲ့ဗျာ နိမိတ်မရှိပါဘူး၊ အပါယ်တံခါးဖွင့်တာတော့ သိပ်ဆိုးပါတယ် (မှန်ပါ့) သို့သော်လည်း ခင်ဗျားတို့မှာ နေ့တိုင်း ဖွင့်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကဲ-အပါယ်တံခါးကို ဒကာ ဒကာမတို့ ဘယ်သူက ဖွင့်ပါလိမ့် (သမုဒယက ဖွင့်ပါတယ်) သမုဒယသစ္စာက အပါယ်တံခါးကို ဖွင့်ပေးတယ် (မှန်ပါ့)။
ခင်ဗျားတို့က မပိတ်တတ်တော့ဘူးဆိုလို့ရှိရင်ဖြင့် တစ်နေ့ ဘယ်နှစ်ခါဖွင့်သတုံး (မရေတွက်နိုင်ပါ) ကြာတော့ တံခါးတိုင်ပါ ကျိုးပြီး ဟင်းလင်းကြီး ဖြစ်ပြီး ချောင်ချောင်ဝင်ရတဲ့ အဓိပ္ပာယ်ရောက်သွားတယ်ဗျာ (မှန်ပါ့) မဆိုးဝါး ဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်အပါယ်ကို ဘယ်က တည်ဆောက်သတုံး၊ လူ့ပြည်က တည် ဆောက်တယ် (မှန်ပါ့) အပါယ်တံခါး ဘယ်ကနေ ပိတ်သတုံး (လူ့ပြည်ကနေ ပိတ်ပါတယ် ဘုရား)။
ဒီက ဖွင့်တာပဲဗျာ၊ ဒီက ပိတ်တာပဲ (မှန်ပါ့) လောကီ ဥပမာ ပြောကြပါစို့ ဆိုတော့ ဒီလာတဲ့မီးတွေ ဒကာ ဒကာမတို့ ဟို တံခွန်တိုင်က ဒိုင်နမိုကနေ ပိတ်လိုက်လည်း ရတာပဲ (ရပါတယ် ဘုရား)။
တံခွန်တိုင်ဟာ အချုပ်အခြာ
တံခွန်တိုင်ကနေပြီး ဒိုင်နမိုဖွင့်လိုက်လည်း ဒီမှာ လင်းတာပဲ (မှန်ပါ့) တံခွန်တိုင်ဟာ အချုပ်အခြာလို့ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။
အင်ဂျင်ရှိသကိုးဗျ သူက (မှန်ပါ့) အင်ဂျင်ရော ဒိုင်နမိုရော ရှိတယ်ဆိုတော့ ထို့အတူပဲတဲ့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ အပါယ်တံခါးဖွင့်တဲ့ တရားလည်း ရှိတာပဲ (မှန်ပါ့) အပါယ်တံခါးပိတ်တဲ့တရားလည်း (ရှိပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးရှင်းအောင် ပြောပါ့မယ်၊ လူ့ပြည်မှာ ကျောင်းဆောက်တဲ့ နန္ဒိယဆိုတာ ရှိတယ် ဒကာသစ် (မှန်ပါ့)။
ရှင်မောဂ္ဂလာန်ကြီးက နတ်ပြည်ကြွသွားတော့ နန္ဒိယက မသေသေးဘူး နတ်ပြည်မှာ ဘုံပေါက်နေတယ် (မှန်ပါ့)။
ဟ မနေ့က ဒီနေရာ ဘုံမရှိပါလား နတ်သမီးတွေ မမြင်ဘူး၊ ယနေ့မှ ဒီနေရာ ငါ ဒီနေ့ ကြွလာတော့မှ နတ်သမီးတွေနဲ့ ဘုံကြီးနဲ့ ဘယ်သူ့ဟာတုံး၊ အို လူ့ပြည်က နန္ဒိယ ကျောင်းဆောက်လို့ သူ မလာခင်က ဘုံပေါက် နေပါတယ်ဘုရား (မှန်လှပါ ဘုရား)။
ဒယ်အိုးတွေက ဆူလှပြီ
အင်း ခင်ဗျားတို့လည်း မလာခင်က ဒယ်အိုးတွေက ဆူလှပြီ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့ ပြုထားတဲ့ အကုသိုလ်တွေက စောင့်နေတယ် (မှန်ပါ့) မစောင့်ပေဘူးလား (စောင့်ပါတယ် ဘုရား)။
အဲဒါ ဘယ်ကနေပြီး တည်ဆောက်ပါလိမ့် (လူ့ပြည်က တည်ဆောက်ပါတယ် ဘုရား)။
အဲ လူ့ပြည်ကနေပြီး ဒယ်အိုးတည်လည်း ရတယ်နော် (မှန်ပါ့) လူ့ပြည်ကနေပြီး ဘုံပေါက်အောင်လုပ်ရင် ကော (ရပါတယ်) လူ့ပြည်ကနေပြီး ဒယ်အိုးလည်း မရှိ၊ ဘုံလည်း မရှိတဲ့ နိဗ္ဗာန်ချမ်းသာကို လုပ်ရင်ကော (ရပါတယ် ဘုရား)။
ရတာချည့်ပဲဆိုတော့ ခင်ဗျားတို့မှာ အခုတော့ တစ်ခုတည်း ပေလိုက်နေတယ် (မှန်ပါ့) ဒယ်အိုးတည်တဲ့ လိုင်းချည့် လိုက်နေတယ် (မှန်ပါ့)။
အတော်ဆိုးနေပါပကော (ဆိုးပါတယ် ဘုရား) ဒါဆုံးမတာ ဆုံးမတာ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါ ခင်ဗျားတို့က ဪ ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် တို့ ဆရာကောင်း, သမားကောင်းနဲ့ တွေ့လို့ရှိရင် ဒီကနေပြီး သကာလ အပါယ်တံခါးပိတ်လည်း ရတာပဲ (မှန်ပါ့) ဖွင့်တုန်းကလည်း ဘယ်ကနေ ဖွင့်သလဲ (ဒီကနေ ဖွင့်ပါတယ်) ပိတ်ချင်တော့ (ဒီကနေ ပိတ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာသစ်ရေ လူ့ပြည်ဟာ အတော့်ကို အဖိုးတန်တယ် (တန်ပါတယ် ဘုရား)။
ဆရာကောင်း သမားကောင်းနဲ့တွေ့ရင်ဖြင့် (အဖိုးတန်ပါတယ်) မတွေ့လို့ ခင်ဗျားတို့ မိဘရိုးရာနဲ့ ကြီးနေကြ မယ်ဆိုရင်တော့ အလကားပဲ (အလကားပါ) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ကြံချင်ရင် ဘာသစ္စာကြံကြမယ်
ကိုင်း ဒါဖြင့် ကြံချင်ရင် ဘာသစ္စာကြံကြမယ် (ဒုက္ခသစ္စာကြံပါမယ် ဘုရား)။
ခင်ဗျားတို့ ခန္ဓာကိုယ်ထဲ ပေါ်ချင်တာပေါ် စားချင်တဲ့စိတ်ပေါ်လည်း ဪ ဒါ ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာ ပါလား၊ အိပ်ချင်တဲ့စိတ်ပေါ်ကော (ဖြစ်ပြီးပျက်တဲ့ဒုက္ခသစ္စာပါ) ရချင်တဲ့စိတ်ကလေးပေါ်လာရင် (ဖြစ်ပြီး ပျက်တဲ့ ဒုက္ခသစ္စာပါ) နောက်က ဒုက္ခသစ္စာပဲ ဒုက္ခသစ္စာပဲဆိုတဲ့ ကြံလုံးကလေးလိုက်လိုက်ပေးစမ်း (မှန်ပါ့ ဘုရား)။
ဒါဖြင့် ရှေ့က ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) နောက်က ကြံလုံးကလေးက (မဂ္ဂသစ္စာပါ) ဒီလိုဆိုရင် အပါယ်တံခါး အမြဲပိတ်တယ် (မှန်ပါ့) မပိတ်ဘူးလား (ပိတ်ပါတယ် ဘုရား)။
ပိတ်ရုံတွင် မကပါဘူး ဒကာ ဒကာမတို့ ကြာတော့ ဒီဒုက္ခသစ္စာတွေ အကုန်ချုပ်ပြီး နိဗ္ဗာန်မျက်မှောက်ပြု ချက်ချင်းမြင်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ယနေ့ကစပြီး သကာလ အိပ်ရာထဲ ဝင်တော့မယ် ကြံလို့ရှိရင် စာရင်းတွေ အင်းတွေ ချုပ်မနေနဲ့၊ ဈေးဆိုင်က ပြီးခဲ့ပြီးပြီ (မှန်ပါ့) ဒီနေရာမှာဖြင့် ကိုယ့်သန္တာန်မှာ ပေါ်တဲ့စိတ်တွေ ကိုယ့်သန္တာန်ပေါ်တဲ့ ရုပ်တွေဟာ ဖြစ်ပျက် ဒုက္ခသစ္စာချည့်ပဲလို့ ပေါ်တိုင်းသာ ကြံနေ (မှန်ပါ့ ဘုရား)။
ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) ကြံလုံးက (မဂ္ဂသစ္စာပါ) နောက်လာမည့် သေလုံးတွေက (သမုဒယသစ္စာ ပါ) အဲ စုတိမနေ သေလွန်သွားတဲ့အခါ ရောက်ရမည့်ဌာနက (နိရောဓသစ္စာပါ) နိရောဓသစ္စာ နိဗ္ဗာန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါ အိပ်ရာထဲက နိဗ္ဗာန်သွားတယ် (မှန်ပါ့) အိပ်ရာထဲကနေ သစ္စာလေးချက် ဒကာ ဒကာမတို့ တစ်ချက်သာ အားထုတ်လိုက်ရင် လေးချက်ပါတာပဲ (မှန်ပါ့ ဘုရား)။
ကြံတတ် စည်တတ်ပလား
ဒါဖြင့် ကြံတတ် စည်တတ်ပလား (ကြံတတ်ပါပြီ) ဘယ်လိုကြံကြမလဲ (ပေါ်သ၍သာ ဒုက္ခသစ္စာပါ) တိုးတိုးပြော ခင်ဗျားတို့ ဒီဥစ္စာ အပါယ်သွားမှာများကျတော့ ကျုပ်က အော်လိုက်မယ် ပြောလိုက်သေးတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အပါယ်တံခါးပိတ်မှာကျတော့ ပါးစပ်ထဲက မထွက်ရက်ဘူး (မှန်ပါ့ ဘုရား)။
ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ သွားနေကျလမ်း မဟုတ်လို့ မဖုံဘူးဘုရာ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အတော်ဆိုးနေတယ်၊ ဒီအထဲက သီလရှင်တွေက သာဆိုးတယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်သန္တာန် ပေါ်တိုင်းပေါ်တိုင်း ဘာသစ္စာပေါ်လေ့ရှိသတုံး (ဒုက္ခသစ္စာ ပေါ်လေ့ရှိပါတယ် ဘုရား)။
အဲဒီ့ ပေါ်တဲ့တရားကို ကြံလုံးကလေးကလည်း ဒုက္ခသစ္စာတွေချည့်ပါလား၊ ဒုက္ခသစ္စာတွေချည့်ပါလားလို့ ကြံလုံး ထုတ်ပါ (မှန်ပါ့ ဘုရား)။
ကြံလုံးထုတ်လိုက်တဲ့အခါကျတော့ ဒါဟာ ပေါ်တဲ့တရားသည် ပျက်သွားတာပဲဆိုတော့ ဖြစ်ပျက်မြင်တာပါပဲ (မှန်ပါ့ ဘုရား) ဖြစ်ပျက် ဘာသစ္စာ (ဒုက္ခသစ္စာပါ) အင်း ဉာဏ်ကလေးက (မဂ္ဂသစ္စာပါ) သူ့နောက်က သေတာ တွေက (သမုဒယသစ္စာပါ ဘုရား)။
နောက်ကျတော့ကို ဒကာ ဒကာမတွေ သမုဒယတွေ သေတော့ နောက်ဒုက္ခမလာတာက (နိရောဓသစ္စာပါ) ဒီအတိုင်းပဲ ဖြစ်တာပဲဆိုတာ ပေါ်ကြပြီနော် (ပေါ်ပါပြီ ဘုရား)။
ကိုင်း ဒကာ ဒကာမတို့ ယနေ့သည်ကားလို့ ဆိုလို့ရှိရင် အင်မတန် ကြက်သရေမင်္ဂလာရှိတယ်တဲ့၊ ကြံလုံးသည် အလကား ကြံလုံးလား၊ ဝိပဿနာ အလုံးလားဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒကာကြွယ် ဒါဖြင့် ကိုယ့်သန္တာန် ပေါ်တိုင်းပေါ်တိုင်း ဘယ်တရားပေါ်ပေါ် ခင်ဗျားတို့သန္တာန်မှာ ရှေ့ကဒုက္ခ သစ္စာ၊ နောက်က ဒီရှေ့တရားကလေးက ဒုက္ခသစ္စာပါလားလို့ သိတဲ့ဉာဏ်ကလေး နောက်ကလိုက်တာက မဂ္ဂသစ္စာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ကွာ တဲ့၊ ကြံချင်ရင် သစ္စာလေးပါးကြံပါ (မှန်ပါ့) အလကား ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသဝိတက်တွေ မကြံပါနဲ့ဆိုတာ အတော်ဆုံးမရှာတယ် (မှန်ပါ့ ဘုရား)။
ဝမ်းထဲပေါ်လာသ၍ဟာ ဒုက္ခသစ္စာ
ကဲ ဒါဖြင့် ဦးလှဘူး ကြံတတ်ပလား (ကြံတတ်ပါပြီ) ဘယ်လိုကြံမတုံး (ဝမ်းထဲပေါ်လာသ၍ဟာ ဒုက္ခသစ္စာ လို့ ကြံရပါမယ် ဘုရား)။
ရှူတဲ့စိတ်ကလေး ပေါ်လာလည်း (ဒုက္ခသစ္စာပါပဲ) ရှိုက်တဲ့စိတ်ကလေး ပေါ်လာလည်း (ဒုက္ခသစ္စာပါပဲ) ထမင်း စားချင်တဲ့စိတ်ကလေး ပေါ်လာလည်း (ဒုက္ခသစ္စာပါ) ပေါ်ပြီးပျက်တာကိုးဗျ (မှန်ပါ့) စားချင်တဲ့ စိတ်ကလေးဟာ ပေါ်ပြီးပျက်တာပဲ၊ စားကို မစားလိုက်ရပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီ့ပေါ်တဲ့စိတ်ဟူသ၍ ဘာသစ္စာချည့်ဆိုမလဲ (ဒုက္ခသစ္စာချည့်ပါ) အဲဒီ ဒုက္ခသစ္စာချည့်လို့ သိလုံးကလေးက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒါကလေးသာ ကြံနေလို့ရှိရင် ကြံရင်းမတ္တနဲ့ အိပ်ရာထဲကနေပြီး ခင်ဗျားတို့သည် အပါယ်လေးပါးတံခါးပိတ် ပြီး သကာလ အရိယာဖြစ်နိုင်ပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဟင်းရွက် အစိမ်းတွေကို ဆီနဲ့ကြော်တာနဲ့တောင် ဒကာသစ်ရေ နိဗ္ဗာန်ဘက်ကူးတယ် (မှန်ပါ့) ခန္ဓာဉာဏ်လှည့် ပစ်လိုက်တယ် (မှန်ပါ့) မရဘူးလား (ရပါတယ် ဘုရား)။
ခန္ဓာဉာဏ်လှည့်လိုက်တော့ ဒီအထဲ ဖြစ်ပျက်တွေပါလား ဆိုပြီး ဖြစ်ပျက်တွေ ဉာဏ်ထဲမှာလည်း ရှင်းပါရော ဒီနေရာတွင် တစ်ခါတည်း သောတာပန်တည်တာတွေ ရှိပါတယ် (မှန်ပါ့ ဘုရား)။
ဒါ့ကြောင့် ဒကာ ဒကာမတို့ အကြံကောင်းတစ်ချက်ဆိုတာ ပေါ်ပလား ဒကာသစ် (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ပေါ်တိုင်းပေါ်တိုင်း ဘာသစ္စာပေါ်လေ့ရှိသတုံး (ဒုက္ခသစ္စာ ပေါ်လေ့ရှိပါတယ် ဘုရား)။
ပေါ်တိုင်းပေါ်တိုင်း မသိလိုက်လို့ရှိရင်
ပေါ်တိုင်းပေါ်တိုင်း မသိလိုက်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”ပဲ (မှန်ပါ့) သိလိုက်လို့ ရှိရင် အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောပဲ (မှန်ပါ့) သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ကဲ ဖဿကလေးပေါ်တယ်၊ ဒကာကြွယ် ဒါကလေး ဘာကလေးပါလိမ့်မတုံးလို့ ကြံလိုက်တော့ ဘာသစ္စာတွေ့ သတုံး (ဒုက္ခသစ္စာတွေ့ပါတယ်) ဒုက္ခသစ္စာတွေ့တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပျောက်ပျက်တာက ဒုက္ခသစ္စာ။ ကြံလုံးကလေးက (မဂ္ဂသစ္စာပါ) ဆိုတော့ ဒကာ ဒကာမတို့ ဒါက အကြံကောင်းတဲ့အတွက် မဂ်ပေါ်တာ (မှန်ပါ့ ဘုရား)။
ပေါ်တော့ ပေါ်တာပဲတဲ့ ဖဿကလေးပေါ်တယ်၊ မသိလိုက်ဘူး (မှန်ပါ့) မသိလိုက်တော့ မသိတဲ့တရားသည်ကား လို့ဆိုရင် ဒကာ ဒကာမတို့ ဘာပါလိမ့်မတုံး မေးတဲ့အခါကျတော့ ဖဿပေါ်တယ် ကိုယ်က မသိလိုက်ဘူး (မှန်ပါ့) မသိလိုက်တော့ မသိတာက အဝိဇ္ဇာ (မှန်ပါ့) အဝိဇ္ဇာပစ္စယာ သင်္ခါရာပါဘုရား၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)။
ဪ ဒကာ ဒကာမတို့ ဒီမှာ အဝိဇ္ဇာသင်္ခါရကြောင့် ဟောဒါ ဝိညာဏ်ဆိုတဲ့ အပါယ်လေးပါး ဝိညာဏ် သွားပေါ်တယ် (မှန်ပါ့ ဘုရား)။
ဒါ မနေ့က ပြတာနဲ့ မတူဘူး (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဒါ ပဋိစ္စသမုပ္ပါဒ်အစက စ,ပုံပြ တယ် (မှန်ပါ့) ခုနင်က ပြတာက အလယ်က စ,ပုံပြတယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ဒါဖြင့် ဖဿပေါ်ရင် မသိလိုက်ရင် ဘာဆိုကြမယ် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရာ (မှန်ပါ့)။
သိလိုက်တယ်၊ ဒါကလေးဟာ ဖဿကလေးဟာ ဒုက္ခသစ္စာပဲလို့ ဉာဏ်ကလေးနဲ့ သိလိုက်တယ်နော် (မှန်ပါ့) သိလိုက်တဲ့အခါကျတော့ အဝိဇ္ဇာနိရောဓာ (သင်္ခါရနိရောဓာပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အကြံကောင်းတော့ နိဗ္ဗာန်ရောက်
ဒါဖြင့် “ဧဝမေဘဿ ကေဝလဿဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” အကုန် နိဗ္ဗာန်ရောက်တော့တာပဲ (မှန်ပါ့) (အကြံကောင်းတော့ နိဗ္ဗာန်ရောက်တယ် (မှန်လှပါ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒီဥစ္စာတွေလည်း ဒီနေ့ ကြံပုံ စည်ပုံကို အထူးတလည် ဟောလိုက်သဖြင့် ဒကာကြွယ်ရေး မကြံတတ် ရင် အပါယ်သွား (မှန်ပါ့ ဘုရား) ကြံတတ်ရင် နိဗ္ဗာန်သွား (မှန်ပါ့) မကြံတတ်ရင် (အပါယ်သွားရမှာပါ ဘုရား) ကြံတတ် ရင် (နိဗ္ဗာန်သွားရမှာပါ ဘုရား)။
ဒါကြောင့် ခင်ဗျားတို့ နေ့တိုင်း အကြံထုတ်နေကြတာ ဒကာကြွယ်ရေ ဘာတွေများ ထုတ်နေကြသလဲ (အပါယ် သွားဖို့ ထုတ်နေကြတာပါ ဘုရား)။
ဘယ်နှစ်ပင်လိမ်လုပ်ကွ ၊ ဘယ်အရောင်နဲ့ ဘယ်အရောင် ရောကွ (မှန်ပါ့) အံမာ ဒကာကြွယ် ကြီးက သူ ဗိုလ်လုပ်နေတာကိုးဗျ၊ ဘာဗိုလ်ပါလိမ့်၊ ငရဲဗိုလ်ကြီးဖြစ်နေတာ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒါတွေကို ယနေ့ကစပြီး သကာလ ဪ လောကီဟူသ၍ ဟာဖြင့် တဏှာခိုင်းလို့ လုပ်နေတဲ့အလုပ်ပါ လား၊ ဒီတဏှာဟာ ငရဲဖွင့်ပေးနေတာ (မှန်လှပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
မသေသေးလို့ ပြင်ချိန်ကလေးရှိတုန်း
ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကလည်း မသေသေးလို့ ပြင်ချိန်ကလေးရှိတုန်း ပြင်ပေးနေတာ (မှန်ပါ့) ဟို ခင်ဗျားတို့ ဘိုးတွေ, ဘွားတွေ, အမေတွေ, အဖေတွေ သေကုန်ကြပြီ (မှန်ပါ့) ဒုက္ခသစ္စာကြံလုံးနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်ဟာ ရှာမှရှားလိမ့်မယ် (ရှားပါတယ် ဘုရား) သားရေး သမီးရေးကြံပြီး သေသွားတဲ့ပုဂ္ဂိုလ်ကတော့ များလိမ့် မယ် (များပါတယ် ဘုရား)။
ဪ အခုအခါ ဘယ်များ နေရှာကြပါလိမ့်မတုံး လို့ မေးဖို့မသင့်ဘူးလား (သင့်ပါတယ် ဘုရား) ဘာမှ မမေးနဲ့ အကုန် အပါယ်ချည်းပဲ (မှန်ပါ့) ရိပ်မိပလား ( ရိပ်မိပါပြီ ဘုရား)။
ဘာဖြစ်လို့တုံး၊ ဒီကြံလုံးလာမှ မလာဘဲ (မှန်ပါ့ ဘုရား) လာသေးရဲ့လား (မလာပါ ဘုရား)။
ကဲ ဒါဖြင့် ယနေ့ကစပြီး ဒို့သည်ကား လို့ ဆိုရင် ဘာကလေးပေါ်ပေါ် ဘယ်လိုကြံမတုံး (ဒုက္ခသစ္စာလို့ ကြံပါမယ် ဘုရား)။
ဪ ပေါ်ဏလာတာကလေးတွေဟာ ဖြစ်ပျက်ပဲ၊ ဒုက္ခသစ္စာပဲ (မှန်လှပါ) သူက ဖြစ်ပျက်ဒုက္ခသစ္စာ၊ ကြံလုံးကလေးက (မဂ္ဂသစ္စာပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒီဥစ္စာသည်ကားလို့ ဆိုလို့ရှိရင် ကြံတတ်, စည်တတ်တာ သမ္မာသင်္ကပ္ပ (မှန်ပါ့) ကြံလို့ မြင်တာသည် သမ္မာသိဋ္ဌိ (မှန်ပါ့)။
အကြံကောင်းက (သမ္မာသင်္ကပ္ပ) အကြံကောင်းတဲ့အတိုင်း အမြင်မှန်ရတာက (သမ္မာဒိဋ္ဌိပါ ဘုရား)။
အဲ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပနဲ့ ကြံလိုက်တော့ သစ္စာသိတယ် (မှန်ပါ့) ဖြစ်ပျက်ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ဒီက အကြံကောင်းနဲ့ အမြင်ကောင်းက ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။
မဂ္ဂသစ္စာဆိုတော့ မဂ်ဟာ ဒီကိလေသာတွေ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား) ဒီဘုံဘဝတွေကော (ဖြတ်ပါ တယ် ဘုရား) ဒါဖြင့် ကိလေသာဖြတ်, ဘုံဘဝဖြတ်လို့ရှိရင် ဒကာ ဒကာမတို့ သမုဒယနဲ့ ဒုက္ခချုပ်တယ် (မှန်ပါ့ ဘုရား)။
အကြံအစည်ပြောင်းကြစမ်းပါဦး
ဘယ့်နှယ်ဆိုကြမလဲ (သမုဒယနဲ့ ဒုက္ခချုပ်ပါတယ် ဘုရား) ဪ ငါ နိဗ္ဗာန်မှ ရောက်ပါ့မလား၊ ဒီကြံလုံးနဲ့ လို့ မေးနေစရာ လိုသေးသလား (မလိုပါ ဘုရား) ဒါဖြင့် အကြံအစည်ပြောင်းကြစမ်းပါဦး (မှန်ပါ့)။
ဒကာသစ်ရေ ချည်ထည်မကော်းလို့ ပိုးထည်ပြောင်းမယ် မကြံနဲ့၊ အဲဒါ မဟုတ်ဘူး (မှန်ပါ့ ဘုရား) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား) ဘယ်အကြံအစည်ပါလိမ့်မတုံး ဆိုတာကော ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
လောဘအကြံအစည်မှတစ်ပါး ‘ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသဝိတက်” ဆိုတဲ့ အကြံအစည်မှတစ်ပါး၊ ‘နေက္ခမ္မဝိတက် အဗျာပါဒဝိတက် အဝိဟိံသဝိတက်’ ဆိုတဲ့ မဂ်အကြံအစည်နဲ့ ကြံစမ်းပါလို့ ပြောင်းလိုက်ပါ (မှန်ပါ့) သဘောပါလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာကြွယ်ရေ အသက်ကြီးမှပဲ အင်း ကြံပုံစည်ပုံနည်းကလေး နည်းမှန်ရပေတော့တယ် (မှန်လှပါ ဘုရား) နဂိုရ်ကဖြင့် မိဘရိုးရာအတိုင်း ဆိုရင်ဖြင့် ဒကာသစ်တို့ ဒကာကြွယ်တို့က အကြံကြီးသမားတွေ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အကြံကြီးတော့ ဒယ်အိုးကြီးတာပေါ့ဗျာ (မှန်ပါ့) ခင်ဗျားတို့က ဟိုမှာ ဒယ်အိုးပြိုင်ချင်သေးသလား၊ သူ့ဒယ်အိုး ကြီးတယ်၊ ငါ့ဒယ်အိုးကြီးတယ်နဲ့ ပြိုင်ချင်သေးသလား (မှန်လှပါ)။
ကဲ ဒါဖြင့် ယနေ့တရားမှာ ဒကာ ဒကာမတို့ ကြံပုံဟာ ဒကာသစ်ရေ မဂ္ဂသစ္စာ (မှန်ပါ့) ဖြစ်တိုင်း ဖြစ်တိုင်း, ပျက်တိုင်း ပျက်တိုင်းသိနေတဲ့ ကြံလုံးကလေးဟာ ဘာပါလိမ့် (မဂ္ဂသစ္စာပါ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား) ကြံလုံးကလေးတွေက (မဂ္ဂသစ္စာပါ ဘုရား) သူကြံလိုတဲ့အခါ ကျတော့ အရင်လို ပဋိစ္စသမုပ္ပါဒ် တန်းသေးသလား၊ ပြတ်ထွက်သွားသလား (ပြတ်ထွက်သွားပါတယ် ဘုရား) အဲ ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် နိရောဓသစ္စာ (မှန်ပါ့)။
ကြံလုံးတစ်ခုတည်းနဲ့ နိဗ္ဗာန်သွားဖို့
ပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် (နိရောဓသစ္စာပါ ဘုရား) ဪ ဒကာ ဒကာမတို့ တယ်အဖိုးတန်ပါလား (တန်ပါတယ် ဘုရား) ဒါ ကြံလုံးတစ်ခုတည်းနဲ့ နိဗ္ဗာန်သွားဖို့ (မှန်ပါ့ ဘုရား) သဘောဉာဏ် ရောက်ကြပလား (ရောက်ပါ ပြီ ဘုရား)။
ယနေ့ကစပြီး ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိပ်ရာထဲ ဝင်တော့မယ်ဆိုလို့ရှိရင်ဖြင့် ဆရာဘုန်းကြီး ပြောတဲ့ အတိုင်း ဘုရားမှာတဲ့အတိုင်း နေ့လယ်က ဈေးထဲကဟာတွေ စက်ရုံထဲကဟာတွေ ဒကာကြွယ် အိပ်ရာထဲ မပါစေနဲ့ နော် (မှန်ပါ့)။
နေ့လယ်က ဈေးထဲကဟာတွေ စက်ရုံထဲကဟာတွေ ဒကာသစ် ဘယ်လိုမှာသတုံး (အိပ်ရာထဲမပါစေနဲ့ပါ ဘုရား) အိပ်ရာထဲကို မပါစေနဲ့တဲ့ (မှန်ပါ့) ပါရင် အိပ်ပျော်မှာ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။
ပါလို့ရှိရင် (အိပ်ပျော်မှာ မဟုတ်ပါ ဘုရား) အိပ်ပျော်မယ် မဟုတ်ဘူးဆိုတာ သဘောကျပလား (ကျပါပြီ)။
အိပ်မပျော်တာသည် ဘာတုံး လို့ မေးတဲ့အခါကျတော့ သောကနဲ့ ဒေါသ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီး ဘုရား) အိပ်မပျော်တာ ဘာပါလိမ့် (သောကနဲ့ ဒေါသပါ ဘုရား) သဘာပါပလား (ပါပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မင့်နေရာ မဟုတ်ဘူးဆိုပြီး သကာလ ဒီနေရာဟာ တို့ဆရာဘုန်းကြီးခိုင်းတဲ့နေရာ၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒီလိုကြံစည်ပြီး အကြံပြောင်းရမည့်နေရာ ဖြစ်သောကြောင့် တောင်းတောင်းပန်ပန်နဲ့ ပဲ မင်းမလာပါနဲ့ကွ လို့ ထားပစ်ခဲ့ပါ (မှန်ပါ့) နို့မဟုတ်ရင် အိပ်ရာထဲကနေပြီး သူက အပါယ်တံခါးဖွင့်မလားလို့ လိုက်လာတယ် (မှန်ပါ့ ဘုရား)။
အိပ်ရာထဲကနေ ဖွင့်ပေးဦးမယ်
မင်းကို တစ်နေ့လုံး ဈေးချိုထဲမှာဖြင့် အပါယ်တံခါးဖွင့်ပေးခဲ့ရတာ တဏှာလောဘက ငါများခဲ့ပြီ (မှန်ပါ့) သို့သော်လည်း မင်းအပါယ်သက်ရှည်အောင် အိပ်ရာထဲကနေ ဖွင့်ပေးဦးမယ်ဆိုပြီး လိုက်လာတယ် (မှန်ပါ့) ဘယ်လောက် များ ဆိုးတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒါ ဒကာ ဒကာမတွေက ဘာမှမသိတဲ့ ဒကာဒကာမတွေကျတော့ ကျုပ်တို့ ကောင်းသော ရောင်းဝယ်ခြင်းပါပဲ (မှန်ပါ့) ကောင်းသောများ ထည့်လိုက်သေးတယ် (မှန်လှပါ ဘုရား)။
အိမ်ကျလာပြန်လည်း ဘာစိတ်မှတော့ မထားပါဘူး၊ အရောင်းအဝယ်ကလေး အနည်းအကျဉ်းတွေးပြီး အိပ် လိုက်တာပါပဲ၊ နည်းနည်းကျဉ်းကျဉ်းတဲ့ (မှန်ပါ့)။
အံမာလေး ဒကာ ဒကာမတွေ ဒကာကြွယ် နည်းနည်းကျဉ်းကျဉ်းလား ၊ အများကြီးလား (အများကြီး ပါ ဘုရား) သဘောပါပလား (ပါပါပြီ) အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ကြံချင်ရင် ဘာသစ္စာကြံရမလဲ (ဒုက္ခသစ္စာကြံရပါမယ် ဘုရား)။
ဒါဖြင့် ခင်ဗျား ခန္ဓာပေါ်လေသ၍ ဘာတွေပေါ်လေ့ရှိသလဲ (ဒုက္ခသစ္စာတွေ ပေါ်လေ့ရှိပါတယ် ဘုရား)။
”သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” (မှန်ပါ့) ခင်ဗျားတို့ သန္တာန်မှာလည်း ခန္ဓာငါးပါးပဲ ရှိပါတယ်တဲ့၊ အဲဒီတော့ ပေါ်ချင်တာတော့ ပေါ်ပါလိမ့်မယ်၊ ပေါ်တာ ဒုက္ခသစ္စာလို့သာ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆုံးဖြတ်ချက်ချတာက မဂ္ဂသစ္စာ
ဆုံးဖြတ်ချက်ချတာက မဂ္ဂသစ္စာ (မှန်ပါ့) ပေါ်တာက (ဒုက္ခသစ္စာပါ) ပေါ်တာက (ဒုက္ခသစ္စာပါ) အားလုံး ဒုက္ခသစ္စာချည်းပဲလို့ ဉာဏ်ထဲ ပေါ်တိုင်းပေါ်တိုင်း ဆုံးဖြတ်ချက်ချတာက (မဂ္ဂသစ္စာပါ ဘုရား)။
အဲ ကြံချင်လို့ရှိရင်ဖြင့် ကြံပါ (မှန်ပါ့) ကြံတော့ ကြံလုံးက ဘာသစ္စာလာဖြစ်သလဲ (မဂ္ဂသစ္စာ လာဖြစ်ပါ တယ်) အကြံခံရတာက (ဒုက္ခသစ္စာပါ) အကြံဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား) အဲဒီလိုဆိုတော့ အိပ်ရာထဲတွင် မဂ်ရတယ် (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဘယ်နေရာ မဂ်ရသတုံး (အိပ်ရာထဲတွင် မဂ်ရပါတယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့သည် အိပ်ရာထဲတွင် မဂ်ရမယ်ဆိုလို့ရှိရင်ဖြင့် အိပ်ရာထဲမှာ ခင်ဗျားတို့ စိတ်ပေါင်း ဘယ်လောက် ပေါ်မလဲ (မရေတွက်နိုင်ပါ) ပေါ်သ၍ကို ဒုက္ခသစ္စာချည့်သာ ရှုချ (မှန်ပါ့)။
ပေါ်သ၍ကို (ဒုက္ခသစ္စာချည့် ရှုရပါမယ်) ဒုက္ခသစ္စာချည့် ရှုပြီး ချလိုက်တဲ့အခါကျတော့ ကိုယ့်မှာ မဂ်ပေါင်း ဘယ်လောက်ရသလဲ (မရေတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် မဂ်သည် ကိလေသာကို တဖြည်းဖြည်း ပါးစေတယ်ဆိုတာ သဘောပါကျပလား (ကျပါပြီ) သူ အကြိမ် များလို့ ရှိရင်ဖြင့် ကိလေသာ အကုန်မပျောက်ပေဘူးလား (ပျောက်ပါတယ် ဘုရား)။
အကုန်ပျောက်ရင် ကိလေသာ ချုပ်ငြိမ်းတာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဪ အကြံကောင်းလို့ရှိရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)။
အကြံကောင်းရင် နိဗ္ဗာန်ရောက်
ဒကာ ဒကာမတို့ အကြံကောင်းရင် (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန်ရောက်တယ်ဆိုတာ သေချာပလား (သေချာ ပါပြီ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိပ်ရာထဲမှာ ကြံတတ်ပလား (ကြံတတ်ပါပြီ ဘုရား)။
အခုတော့ ဒကာ ဒကာမတွေက ဒကာကြွယ် ကလေးတွေများ အိပ်နေလို့ရှိရင် ခင်ဗျားတို့က ဒေါသများ ဖြစ် လိုက်သေးတယ် (မှန်ပါ့) အရွယ်ရှိတဲ့ပုဂ္ဂိုလ်က အိမ်ရောက်ရင် သူတို့မှာ အကြံအစည် မရှိဘူး၊ ထိုးအိပ်တာပဲ (မှန်ပါ့) တို့ဖြင့် ကြံလိုက်ရတာ ဒယ်အိုးမှ ရပါ့မလားလို့ အံမာလေး ကြောက်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကတော့ဖြင့် လူကြီး ဂုဏ်ယူတာပဲ (မှန်ပါ့) စင်စစ်ကတော့ဖြင့် ခင်ဗျားတို့ကြံတာ ဟူသ၍ကတော့ဖြင့် အပါယ်တံခါး ဖွင့်နေတာချည့်ပဲ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဒါဖြင့် သစ္စာကြံမှုမှတစ်ပါး လောကီကြံမှုကိုဖြင့် အိပ်ရာထဲမှာ လျှော့လိုက်ပါ (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ တစ်နေ့လုံးပဲ အပါယ်သွားဖို့ အလုပ်တွေ လုပ်ပြီးပေါ့ပဲ ဒကာကြွယ်ရာ ညကလေး အဆစ်ထည့်လိုက်ဦးမယ်ဆိုရင် မတော်နိုင်ပါဘူး (မှန်လှပါ ဘုရား) အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ဘာစိတ်ပေါ်ပေါ် ဒုက္ခသစ္စာ
ကိုင်း ဒါဖြင့် ကိုယ့်သန္တာန်ပေါ်တဲ့စိတ်ဟူသ၍ကိုဖြင့် ဘာစိတ်ပေါ်ပေါ် ဒုက္ခသစ္စာရှုပါ (မှန်ပါ့)။
ပေါ်တဲ့စိတ်ဟူသ၍ (ဒုက္ခသစ္စာရှုရမှာပါ) မရှုရပေဘူးလား (ရှုရပါမယ် ဘုရား) အဲဒီတော့ အရှုခံရတာက (ဒုက္ခသစ္စာပါ) ရှုတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာ ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ သိနေတော့ သမုဒယသစ္စာက အလိုလိုသေပါတယ် (သေပါတယ် ဘုရား)။
နိရောဓသစ္စာကလည်း သမုဒယသာ ချုပ်လို့ရှိရင်ဖြင့် သူ့ဆီလာပါလို့ မခေါ်သော်လည်း ခေါ်ဘိသကဲ့သို့ ဧကန် ရောက် တကယ်ရောက်ရတော့မယ်ဆိုတာ ဒကာ ဒကာမတို့ ဘာမှမငြင်းပါနဲ့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ယနေ့ တရားမှာဖြင့် ဒကာသစ် ဘာတွေ ဟောနေသလဲ၊ ကြံပုံ-စည်ပုံဟောတဲ့တရား (မှန်ပါ့)။
ဘာဟောကြပါလိမ့် (ကြံပုံ-စည်ပုံ ဟောပါတယ် ဘုရား) ကာမဝိတက်ဆိုတဲ့ ငွေရကြောင်း မကြံပါနဲ့ (မှန်ပါ့)။
ဗျာပါဒဝိတက်ဆိုတဲ့ ဒီကုန်တွေဟာဖြင့် ရှုံးတော့မယ် ထင်တယ်ဆိုတဲ့ ကြံလုံးတွေကော (မကြံရပါ) အဲဒါက ဗျာပါဒဝိတက်ခေါ်တယ် (မှန်ပါ့)။
ဝိဟိံသဝိတက် ဆိုတာကတော့ဖြင့် ဒကာ ဒကာမတို့ သူတစ်ပါး ချိုးဖဲ့ပြီးတော့မှ နှိမ်နင်းပြီးမှ ရောင်းမည့် အသွားမျိုးဟာ ဘာပါလိမ့် (ဝိဟိံသဝိတက်ပါ ဘုရား)။
အဲဒီ ကြံလုံးတွေကို လျှော့ပြီး သကာလ နေက္ခမ္မဝိတက် နိဗ္ဗာန်ဘက် ထွက်မယ်ကွ (မှန်ပါ့) အဗျာပါဒဝိတက် ဆိုတဲ့ သူတစ်ပါး သနားမယ်ကွ (မှန်ပါ့) အဝိဟိံသ ဝိတက်ဆိုတဲ့ သူတစ်ပါးကို မညှဉ်းဆဲဘူးဆိုတဲ့ ကြံစည်လုံးသုံးမျိုးနဲ့ ကြံစည်ရင်လည်း ကောင်းတယ် (မှန်ပါ့)။
ပေါ်လာတဲ့ဓမ္မ ဘာသစ္စာပါလိမ့်
သို့မဟုတ် အဲဒါတွေက ရှည်သေးတယ်၊ သမထ ခပ်ဆန်ဆန် ဖြစ်နေသေးတယ်၊ ပေါ်လာတဲ့ဓမ္မ ဘာသစ္စာပါလိမ့် မလဲသာကြံတော့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပေါ်လာတဲ့ဓမ္မ (ဘာသစ္စာပါလိမ့်မလဲလို့ ကြံရပါမယ် ဘုရား) ကြံတော့ ဘာသစ္စာလို့ တွေ့ရသလဲ (ဒုက္ခသစ္စာလို့ တွေ့ရပါတယ် ဘုရား)။
ဪ ခန္ဓာကိုယ်ထဲ ပေါ်လေသ၍ ဒုက္ခသစ္စာ (မှန်ပါ့) သိလေသ၍က (မဂ္ဂသစ္စာပါ ဘုရား) သေလေသ၍ (သမုဒယသစ္စာပါ ဘုရား)။
ဪ ဒီလိုဆိုလို့ရှိရင် ဒကာ ဒကာမတို့ အကြံကောင်းတာနဲ့ နိဗ္ဗာန်ရောက်ပါတယ် (မှန်ပါ့)။
ဒါ့ကြောင့် နိဗ္ဗာန်ရောက်တဲ့ တရားထဲမှာ သမ္မာသင်္ကပ္ပအတော်အရေးကြီးတယ် (မှန်ပါ့) သူ အကြံကောင်းမှ နိဗ္ဗာန်ရောက်တာ (မှန်ပါ့)။
သူ အကြံကောင်းမှ ဒကာ ဒကာမတို့ သမ္မာဒိဋ္ဌိတက်တယ်နော် (မှန်ပါ့) ဒါကြောင့် သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပဟာ ဥပရိပဏ္ဏသပါဠိတော်မှာ ပညာမဂ္ဂင်နှစ်ပါးကွတဲ့ (မှန်ပါ့)။
ဒကာသစ် ဆိုထိုက်သလား (ဆိုထိုက်ပါတယ်) အကြံကောင်းမှ အမှန်မြင်တာကိုးဗျ (မှန်ပါ့) အကြံမကောင်းရင် (အမှန်မမြင်ပါ ဘုရား)။
ကြံတာ ဘာပေါ်လာလာ ခင်ဗျားတို့သန္တာန် ဘာတွေပေါ်သတုံး (ဒုက္ခသစ္စာ ပေါ်ပါတယ် ဘုရား)။
အဲဒီတော့ သမ္မာသင်္ကပ္ပ ခေါင်းဆောင်လို့ အကြံကောင်းနဲ့ ကြံလိုက်ရင် သမ္မာဒိဋ္ဌိက ဒုက္ခသစ္စာလို့ မြင်တာ (မှန်လှပါ ဘုရား)။
အကြံသမားက ဒုက္ခသစ္စာလို့ သိတော့ အမြင်သမားက ဪ ဟုတ်သားပဲလို့ လိုက်တာ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ ဘုရား) မျက်မှန်နဲ့ မျက်လုံးလို့ မှတ်လိုက်စမ်း ဒကာကြွယ် (မှန်ပါ့)။
မျက်မှန်ကလည်း အကူအညီ မပေးဘူးလား
မျက်လုံးမွဲတဲ့ ပုဂ္ဂိုလ်မှာ မျက်မှန် မကောင်းလို့ရှိရင်ဖြင့် မြင်ထိုက်တာ မြင်သေးရဲ့လား (မမြင်ပါ) ဒါဖြင့် မျက်လုံးနဲ့မျက်မှန်သည် တွဲလျက် အကူအညီ ပေးကြရတယ် (မှန်ပါ့ ဘုရား)။
မျက်မှန်ကလည်း အကူအညီ မပေးဘူးလား (ပေးပါတယ်) မျက်မှန်က မြင်တာလား မျက်လုံးက မြင်တာလား (မျက်လုံးက မြင်တာပါ ဘုရား)။
ဒါဖြင့် မျက်မှန်က အကူအညီပေးသမား (မှန်ပါ့) မျက်လုံးက မြင်သမား (မှန်ပါ) ဒါ့ကြောင့် နိဗ္ဗာန်သွားချင်လို့ ရှိရင် သမ္မာသင်္ကပ္ပမျက်မှန်နဲ့ သမ္မာဒိဋ္ဌိမျက်လုံး မတွဲရင် ရကို မရဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က ဘာသစ္စာ (ဒုက္ခသစ္စာပါ) သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပက (မဂ္ဂသစ္စာပါ) အကြံကောင်းတဲ့အတွက် နောက်သမုဒယတွေ သေတာက သမုဒယချုပ်တာ (မှန်ပါ့) သမုဒယချုပ်လို့ နောက် ခန္ဓာမလာတာက (နိရောဓပါ) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ယနေ့ဖြင့် အိပ်ရာထဲ ရောက်သည်နဲ့ တစ်ပြိုင်တည်း ဒီဟာပဲ ကြံတော့မည်ဆိုပြီး ဆုံးဖြတ်ချက်ချ၊ ကြံကြ။
ကဲ နာရီစေ့ပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။