11412

မာတိကာသို့

အနတ္တထင်အောင် ရှုရန်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

အမရပူမြို့- ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

(အနတ္တထင်အောင် ရှုရန်)ညအလုပ်ပေး – တရားတော်

(၁၅-၉-၆၂)

ပုဂ္ဂိုလ်အလိုလဲ မလိုက်ဘူး

ကိုင်း တရားမှတ်ကြတဲ့၊ ပြုတဲ့အခါကျတော့ ဒကာ ဒကာမတွေ ခန္ဓာငါးပါးရှိတယ် ခန္ဓာငါးပါးရှိပြီး သကာလ နေတော့ အချို့အချို့ ပုဂ္ဂိုလ်မှာလဲ ရုပ်ရှုမှ ဖြစ်ပျက် မြင်တာရှိတယ်၊ အချို့အချို့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာရှုမှ ဖြစ်ပျက်မြင်တာရှိတယ်၊ သညာရှုမှ ဖြစ်ပျက်မြင်တာ ရှိတယ်၊ အချို့ ဖဿရှုမှ၊ အချို့ကျတော့လဲ ဝိညာဏ်ရှုမှ ဖြစ်ပျက်မြင်တာ ရှိတယ်။

ဘာပဲရှုရှုတဲ့၊ နောက်ဆုံးပိတ်တနေ့မှာ သဗ္ဗေဓမ္မာ အနတ္တာချည့်ဘဲ၊ သဗ္ဗေ=အလုံးစုံကုန်သော၊ ဓမ္မာ=တရားတို့သည်၊ အနတ္တာ=ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တဲ့ တရားဘဲ (မှန်ပါ့)။

ပုဂ္ဂိုလ်အလိုလဲ မလိုက်ဘူး၊ သတ္တဝါအကြိုက်လဲ သူမလိုက်ဘူးနော် (မှန်ပါ့) ကိုယ့်အကျင့်စရိုက်နဲ့လဲ မလျော်ဘူး (မှန်လှပါ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်အလို၊ သတ္တဝါအကြိုက်အကျင့်စရိုက်ကို မလိုက်တာဟာ အနတ္တလို့ မှတ်ထားကြပါ (မှန်ပါ့)။

ပုဂ္ဂိုလ်အလိုလဲ (မလိုက်ပါ ဘုရား) သတ္တဝါအလိုကော (မလိုက်ပါ ဘုရား) ကိုယ့်အကျင့်စရိုက်ကော (မလိုက်ပါ ဘုရား)။

အဲဒါကြောင့် အနတ္တဆိုတာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် အားထုတ်နေတဲ့ပုဂ္ဂိုလ်၏ အလိုကိုလဲ ခန္ဓာငါးပါးတစ်ပါးပါးက မလိုက်ပါဘူးနော် (မှန်ပါ့)။

သတ္တဝါ၏ အလိုကိုလဲ ခန္ဓာငါးပါးတစ်ပါးပါးက မလိုက်ပါဘူးလို့ မှတ်ထားပါ (မှန်ပါ့) သူ့အကြိုက် သူ့စရိုက်ကိုကော ဓမ္မတွေက လိုကကဲ့လား (မလိုက်ပါ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တာ အနတ္တ (မှန်ပါ့)။

ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တာ အနတ္တ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) အေး ဒါကြောင့် ခန္ဓာငါးပါး ဒုတိယအကွက်မှာရှိတဲ့ ခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးသည် ပုဂ္ဂိုလ်အလိုကိုလဲ ဘယ်တော့မှမလိုက် (မှန်ပါ့) သတ္တဝါအကြိုက်ကိုလဲ (မလိုက်ပါ) အကျင့်စရိုက်နဲ့ကော (မကိုက်ပါ ဘုရား)။

အကျင့်စရိုက်နဲ့လဲ ဘယ်တော့မှ မလျော်ဘူး၊ သူ့သဘောသူဆောင်နေတာဘဲ (မှန်ပါ့) ဒါ့ကြောင့် အနတ္တဆိုတာ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တာ အနတ္တလို့မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

အဲ အနတ္တဆိုတာ နောက်က ဒကာ ဒကာမတွေ လေးလေးစားစားမှတ်ပါလို့ သတိပေးလိုက်တယ်နော် (မှန်လှပါ ဘုရား)။

အားထုတ်နေတဲ့ ပုဂ္ဂိုလ်၏အလိုကို (မလိုက်ပါ) အားထုတ်နေတဲ့ သတ္တဝါ၏အကြိုက်ကို (မလိုက်ပါ) မလိုက်ဘူး၊ သူရဲ့အထုံ ဝါသနာကို (မလိုက်ပါ) မလိုက်တာကို ဘာခေါ်ကြမယ် (အနတ္တခေါ်ပါတယ် ဘုရား)။

သူ့သဘောသူဆောင်တာ

ဪ ဒါဖြင့် အနတ္တဆိုတဲ့ဥစ္စာသည် သူ့သဘောတစ်ခုသာ သူဆောင်တာဘဲ (မှန်ပါ့)။

ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) အနတ္တ။

ဒါဖြင့် သူ့သဘောသူဆောင်တာသာ (ရှိပါတယ် ဘုရား)။

အဲဒီတော့ ဒီလိုကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာဉာဏ်နဲ့စိုက်ပြီး ဒကာ ဒကာမတွေက ကြည့်ပါလို့ ဘုန်းကြီးက သတိပေးတယ် (မှန်ပါ့)။

ဖျတ်ဆို ယားတဲ့ ဝေဒနာကလေးပေါ်လာတယ် (မှန်ပါ့) ဖျတ်ဆို ယားတဲ့ ဝေဒနာကလေး ပေါ်လာရင် ပုဂ္ဂိုလ်မလို ငါ၏အလိုလဲ မဟုတ်ပါလား (မှန်ပါ့) သတ္တဝါအလိုလဲမဟုတ်ပါလား၊ ငါ့အကြိုက်လဲမဟုတ်ပါလား၊ ဖျတ်ဆို ဒီ ယားတာကလေးဟာလဲ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာကလေးဟာလဲ ပျောက်သွားပြန်တော့ အင်း၊ ပေါ်လာတုန်းကလဲ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက် မဟုတ်ဘူး၊ ပျောက်သွားတော့လဲ ပုဂ္ဂိုလ် သတ္တဝါကို ဘာမှမငဲ့, မညှာဘဲ ပျောက်ပျက်သွားတယ် (မှန်ပါ့)။

ဒါ့ကြောင့် ယားတဲ့ ဝေဒနာကလေးပေါ်လာတဲ့ ဒကာ ဒကာမတွေက အနတ္တဘဲ ရှုပေးပါ (မှန်ပါ့) ယားတဲ့ ဝေဒနာကလေးပေါ်လာရင် (အနတ္တရှုပေးရပါမယ်) သဘောပါပြီ (ပါပါပြီ ဘုရား)။

တခါ ယားတဲ့ ဝေဒနာမဟုတ်ပါဘူးတဲ့၊ ခံသာတဲ့ သုခဝေဒနာကလေး ပေါ်လာပြန်ပါတယ်လို့ ဆိုပါဦးတော့နော် (မှန်ပါ့)။

သုခဝေဒနာကလေး ပန်ကာလေကလေးက တိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ပေါ်မှာ ချမ်းသာလုံးကလေး တစ်နေရာရာမှာ ပေါ်ပါလိမ့်မယ် (မှန်ပါ့)။

အဲဒီ့ ချမ်းသာလုံးကလေးဟာလဲ ပုဂ္ဂိုလ်အလိုနဲ့ ပေါ်လာတာလား၊ ပေါ်ပါစေ ပေါ်ပါစေဆိုလို့ ပေါ်လာတာလား (မဟုတ်ပါ ဘုရား)။

မဟုတ်ဘူး၊ သူ့ဟာသူ အာရုံဒွါရတိုက်ဆိုင်လို့ ပေါ်လာတာ(မှန်ပါ့) သတ္တဝါအကြိုက်ပေါ်လာတာလားဆိုရင်ကော (မဟုတ်ပါ) ကိုယ့်အကြိုက်အတိုင်းပေါ်လာတာလားလို့မေးရင် (မဟုတ်ပါ ဘုရား)။

မဟုတ်ပါဘူးတဲ့၊ ပန်ကာနဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကာယပသာဒနဲ့ ထိခိုက်လို့ သုခသဟဂုတ်ကာယဝိညာဏ် သုခဝေဒနာပေါ်တာဘဲရှိတယ် (မှန်ပါ့)။

အဲဒါကြောင့် သုခပေါ်လဲ ဪ အနတ္တကလေးတစ်ခုဘဲ၊ ဒုက္ခပေါ်လာရင်ကော (အနတ္တကလေးတစ်ခုပါ) အနတ္တတစ်ခုဘဲလို့ မှတ်ထားစမ်းပါတဲ့။

ဖျတ်ဆို ဒကာ ဒကာမတွေ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ စားတယ်၊ စားတဲ့ စိတ်ကလေးတွေ စားတဲ့ဝေဒနာကလေးတွေ ပေါ်လာတော့ ဪ၊ မြင်တယ်ဆိုတော့ မြင်တတ်တဲ့သဘောကလေး ဥပေက္ခာဝေဒနာကလေး ပေါ်လာတာဘဲ၊ နံတဲ့ဥပေက္ခာဝေဒနာကလေး ပေါ်လာတာဘဲ၊ စားတဲ့ ဥပေက္ခာဝေဒနာကလေး ပေါ်လာတာဘဲ။

ဒါကလေးတွေဟာလဲ ပုဂ္ဂိုလ်အကြိုက် ပေါ်လာတာလားလို့ မေးတဲ့အခါကျတော့ မဟုတ်ဘူး၊ မြင်တယ်ဆိုရင် အာရုံနဲ့တိုက်ဆိုင်လို့ မြင်တဲ့ ဝေဒနာကလေး ပေါ်လာတာ (မှန်လှပါ ဘုရား)။

ကြားတာလဲ အာရုံနဲ့တိုက်ဆိုင်လို့ (ကြားတဲ့ဝေဒနာကလေး ပေါ်တာပါ ဘုရား) ကြားတဲ့ ဝေဒနာပေါ်တယ်တဲ့။

နှာခေါင်းထဲမှာ နံတဲ့ စိတ်ကလေး ပေါ်လာပြန်တော့ကော (နံတဲ့အာရုံနဲ့ ဒွါရတိုက်ဆိုင်လို့ ပေါ်ပါတယ် ဘုရား) အာရုံကြောင့်ပေါ်လာတာ (မှန်ပါ့)။

သတ္တဝါအလိုကြောင့် ပေါ်တာလား

သတ္တဝါအလိုကြောင့် ပေါ်တာလား (မဟုတ်ပါ) ပုဂ္ဂိုလ်အကြိုက်ကြောင့် ပေါ်လာတာလား (မဟုတ်ပါ) ကိုယ့်အကျင့်စရိုက်အတိုင်း ပေါ်တာလား (မဟုတ်ပါ) မဟုတ်တော့ သူ့ကိုဘယ့်နှယ်ဆိုကြမယ် (အနတ္တပါ) အနတ္တဘဲ၊ ရှင်းပြီနော် (မှန်ပါ့ ဘုရား)။

တခါ ဝမ်းထဲမှာဝမ်းသာလုံးကလေးပေါ်လာပြန်တယ်၊ ကျန်းမာကြောင်း ချမ်းသာကြောင်း စီးပွားရေးဖြောင့်ကြောင်းများ စာကလေးရောက်လာလို့ ဝမ်းသာတယ်၊ အို စာကြောင့်ဝမ်းသာတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ အလိုအတိုင်း ဝမ်းသာတာလား၊ စာပြုပြင်ရာ ဝမ်းသာတာလား (စာပြုပြင်ရာ ဝမ်းသာတာပါ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်အလိုလဲ မဟုတ်ဘူး (မှန်ပါ့) သတ္တဝါအကြိုက်လဲ (မဟုတ်ပါ) အကျင့်စရိုက်ကော (မဟုတ်ပါ ဘုရား)။

မဟုတ်ဘူးတဲ့၊ ဟိုကစာနဲ့ပြုပြင်လိုက်တာနဲ့ ဝမ်းထဲမှာ သောမနဿဆိုတဲ့ ဝမ်းသာလုံးကလေးပေါ်လာတယ် ်(မှန်ပါ့ ဘုရား)။

ဒါကြောင့် ဝမ်းထဲမှာရှိတဲ့ သောမနဿ လုံးကလေးကိုလဲ ဝမ်းသာလုံးကလေးလိုလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ပေါ်လာရင် အနတ္တဘဲ ရှုပေးပါ (မှန်ပါ့ ဘုရား)။

ဘာ့ကြောင့်တုံးဆိုတော့ ပုဂ္ဂိုလ်အလိုပေါ်လာတာမဟုတ်ဘူး၊ သတ္တဝါအကြိုက် အကိုက်ပေါ်လာတာမဟုတ်ဘူး၊ ကိုယ့်အကျင့်စရိုက်အတိုင်း ပေါ်လာတာလဲမဟုတ်ဘူး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ) အာရုံဒွါရ တိုက်ဆိုင်တာနဲ့ ဓမ္မသဘောပေါ်လာတာဘဲ (မှန်ပါ့ ဘုရား)။

ဓမ္မသဘော ပေါ်လာသောကြောင့် ဝမ်းသာလုံးကလေးလာလဲ ဪ ဒါကလေးဟာ ကဗျာကရာ ရှုပါ အနတ္တလို့နော် (မှန်ပါ့) ဝမ်းသာလုံးကလေးလာတယ်လို့ မရှုဘဲ မနေလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

တခါ စာကလေးသော်၎င်း၊ အကြောင်းကလေးသော်၎င်း၊ မောင်ချစ်စိန်တို့၊ မောင်သစ်တို့ကြားရပြန်တယ်၊ ကြားရတော့ စိတ်ထဲ မချမ်းသာလုံးကလေးပေါ်လာတယ် (မှန်ပါ့) ပေါ်လာပြန်လို့ရှိရင် ဒီဥစ္စာလဲ စာရဲ့သဘောလဲ၊ ပုဂ္ဂိုလ်သဘောဟုတ်ကဲ့လား (မဟုတ်ပါ) သတ္တဝါအကြိုက်ကော (မဟုတ်ပါ ဘုရား) ကိုယ့်စရိုက်နဲ့ကော ကိုက်ညီတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

ကိုယ့်စရိုက်နဲ့လဲ မကိုက်ညီဘူး၊ စရိုက်က အကောင်းကြိုက်ကိုး (မှန်ပါ့) ဒါဟာ သူက မကောင်းတာပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ပေါ်လဲအနတ္တ ပျောက်လဲ အနတ္တ

အဲဒါကြောင့် ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကိုမလိုက်တဲ့သဘောကလေးပေါ်လာသောကြောင့် ဒေါမနဿဝေဒနာကလေးပေါ်လာလဲ ဒကာ ဒကာမတွေက ဪ ဒါကလေးဟာ အနတ္တကလေးဘဲ၊ ပေါ်လဲအနတ္တ ပျောက်လဲ အနတ္တဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပေါ်လဲ (အနတ္တပါဘဲ) ပျောက်လဲ (အနတ္တပါဘဲ) အနတ္တဘဲလို့ဆိုတာ ဝေဒနာကမ္မဋ္ဌာန်းကို ယနေ့ ပေးနေပြန်တယ်ဆိုတာ ရှုချင်တာရှုရအောင်လို့နော် (မှန်ပါ့) တစ်ခုရှုရင် အကုန်ပါတာဘဲ (မှန်ပါ့ ဘုရား)။

ကြားတာက ဥပမာ စာကလေးသော်၎င်း၊ သတင်းကလေးသော်၎င်း ကြားရတယ်၊ ဘာမှ တုန်လှုပ်တဲ့သဘောမရှိဘူး (မှန်ပါ့) တုန်လှုပ်တဲ့သဘောမရှိတော့ ဥပေက္ခာကလေးပေါ်လာတယ် (မှန်ပါ့) ကိုယ့်မှာတော့ တုန်လှုပ်တာပါမလာဘူး (မှန်ပါ့) အင်း၊ ကြားသ၍ အကြောင်းတိုက်ဆိုင်သ၍ ကမ္မဿကာဘဲဆိုတဲ့ ဝမ်းထဲ ဥပေက္ခာဝေဒနာကလေး ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဒါကလဲ ကြားရတဲ့သဘောကြောင့် ဥပေက္ခာပေါ်လာသောကြောင့် ပုဂ္ဂိုလ်အလိုနဲ့လဲ ဘာမှမဆိုင်ဘူး၊ ကြားရတဲ့သဘောကြောင့် ပေါ်တာ (မှန်ပါ့) ကိုယ်ပုဂ္ဂိုလ်နဲ့ ဘာဆိုင်သေးသတုံး (မဆိုင်ပါ ဘုရား)။

သတ္တဝါအကြိုက်ကော ဟုတ်ကဲ့လား (မဟုတ်ပါ) သတ္တဝါတော့ ကောင်းတာကြိုက်နေတာဘဲ၊ သူက ဥပေက္ခာကြီးပေါ်နေတယ် (မှန်ပါ့) ဟုတ်ကဲ့လား (မှန်ပါ့ ဘုရား)။

ကိုယ့်အကျင့်စရိုက်နဲ့ကော လိုက်ပါရဲ့လား (မလိုက်ပါ ဘုရား)။

ကိုယ့်အကျင့်စရိုက်က ဥပေက္ခာဆိုတာ မကြိုက်ပါဘူး (မှန်ပါ့) ကိုယ့်အကျင့်စရိုက်က သာယာတာ ကြိုက်တယ် (မှန်ပါ့ ဘုရား)။

အခုလို ကိုယ့်အကျင့်စရိုက် မကြိုက်ပေမဲ့လဲ ဓမ္မသဘောနဲ့ဥပေက္ခာကလေးက ဝမ်းထဲပေါ်လာတာဘဲ (မှန်ပါ့ ဘုရား)။

ပေါ်လာပြန်တဲ့အခါကျလို့ရှိရင်လဲ ဦးကျော်မောင်တို့၊ ဦးစံဖေတို့က ဪ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်မလိုက်တဲ့ ဓမ္မကလေးတစ်ခုဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒါကြောင့် သူ့ကိုဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

အေး ဒါကြောင့် ဒကာ ဒကာမတို့ သုခလာလဲ ချမ်းသာလုံးကလေးလာလဲ အနတ္တဘဲရှုပါ၊ ဆင်းရဲတဲ့ ဝေဒနာကလေးလာလဲ (အနတ္တဘဲရှုရပါမယ်) မြင်ကာ ကြားကာမတ္တ စားကာမတ္တ ဥပေက္ခာပေါ်ရင်လဲ (အနတ္တပါဘဲ ဘုရား)။

အနတ္တဘဲနော် (မှန်ပါ့) ဝမ်းထဲသောမနဿကလေး ပေါ်လာရင်လဲ (အနတ္တပါဘဲ) ဒေါမနဿကလေး ပေါ်လာရင် (အနတ္တပါဘဲ) ဥပေက္ခာပေါ်လာရင် (အနတ္တပါဘဲ ဘုရား)။

ဘယ့်နှယ်ကြောင့် အနတ္တတုံးဆိုတော့မှ ဪ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့ တရားချည့်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုဂ္ဂိုလ်အလို (သတ္တဝါအကြိုက်အကျင့်စရိုက်နဲ့ မကိုက်တဲ့တရားမို့အနတ္တ)။

ဒီသုံးချက်နဲ့ညီလို့ရှိရင် အနတ္တသာမှတ်ကြပါ (မှန်ပါ့) သေသေချာချာမှတ်ကြပါ၊ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မလိုက်တဲ့ ဓမ္မချည့် ဝမ်းထဲမှာပေါ်လိမ့်မယ် (မှန်ပါ့ ဘုရား)။

တစ်ကိုယ်လုံးထဲမှာ ဦးဘသန်း ဉာဏ်နဲ့ဝေဖန်လိုက်လို့ရှိရင် ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မလိုက်တဲ့တရားချည့်ဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကိုယ်ထဲ ပေါ်တတ်တဲ့တရားဟူသ၍ ဘယ်နှစ်ခုတဲ့ သူ့အင်္ဂါက ပုဂ္ဂိုလ်အလိုလဲ ပေါ်လာတာမဟုတ်ဘူး (မဟုတ်ပါ ဘုရား) သတ္တဝါအကြိုက်လဲ (မဟုတ်ပါ ဘုရား) ကိုယ့်အကျင့်ဝါသနာစရိုက်နဲ့ ကိုက်တဲ့တရားကော ပေါ်လာတာလား (မဟုတ်ပါ ဘုရား)။

မပေါ်လာတော့ ပေါ်လာတဲ့ ဓမ္မဟူသ၍ ဘာလုပ်ကြမယ် (အနတ္တရှုရပါမယ်) အနတ္တရှုရမယ် တဲ့၊ အနတ္တရှုရမယ်။

အနတ္တဆိုတာ အင်္ဂါသုံးချက်

ဒါဖြင့် အနတ္တဆိုတာသည် အင်္ဂါသုံးချက် (မှန်လှပါ) ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့တရားကို အနတ္တ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ပြောကြစမ်း နောက်က ဒကာ ဒကာမတွေက ဘာတဲ့တုံး၊ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့တရားဟာ (အနတ္တပါ ဘုရား) မကိုက်တဲ့တရားချည့်ပေါ်တယ်၊ ခန္ဓာကိုယ်ထဲမှာ (မှန်ပါ့ ဘုရား)။

ဒီတရားကို ကြပ်ကြပ်စဉ်းစားပါ (မှန်ပါ့) ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့တရားချည့် ပေါ်တယ် (မှန်ပါ့) အဲဒီ့ပေါ်တဲ့တရားကို ဘာခေါ်ကြမယ် (အနတ္တပါ) အနတ္တလို့ သေသေချာချာမှတ်ပါနော် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတွေ ယားတဲ့စိတ်ကလေး ယားတဲ့ ဝေဒနာကလေးပေါ်လာတယ်၊ ပုဂ္ဂိုလ်အလိုဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) သတ္တဝါအကြိုက်ကော (မဟုတ်ပါ) အကျင့်စရိုက်နဲ့ကော (မကိုက်ပါ) မကိုက်တော့ ဒီယားတာကလေး ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

ဪ အနတ္တ။ ယားတာကလေးဟာ ယားဆဲလဲအနတ္တ၊ ပျောက်သွားလဲ အနတ္တ။ ရှင်းကြပလား (ရှင်းပါပြီ)။

တခါ နာတာကလေးပေါ်လာတယ် တဲ့။ ကိုယ်ပေါ်မှာ ဟိုကအင့်တယ်၊ ဒီကအောင့်တယ် အစရှိသည်နဲ့ ပေါ်လာပြန်တယ်တဲ့။ လေထိုးတယ်။ ရင်ကြပ်တယ်။ လည်ချောင်းကပ်တယ်။ ဒါလဲ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကို မလိုက်တဲ့ဒုက္ခတွေဘဲ (မှန်ပါ့) ဒါကလေး ဘယ့်နှယ်ရှုရမယ် (အနတ္တဘဲ ရှုရပါမယ် ဘုရား)။

အနတ္တဘဲ ရှုရမယ်။ အနတ္တမှာ အင်္ဂါဘယ်နှစ်ပါးရှိသတုံး (သုံးပါးပါ ဘုရား) သုံးပါးနော် (မှန်ပါ့ ဘုရား)။

ပုဂ္ဂိုလ်အလိုမလိုက်တာ တချက် (မှန်ပါ့) သတ္တဝါအကြိုက်နဲ့မကိုက်တာ (တချက်ပါ ဘုရား) ကိုယ့်အကျင့် စရိုက် ဝါသနာနဲ့လဲ နည်းနည်းမှ မလျော်တာချည့်ပေါ်တယ် (မှန်ပါ့) ဒီလိုပေါ်လာတာ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

ဝေဒနာသုံးပါးလှည့်ပေါ်တာ

အဲဒါကြောင့် ဒကာ ဒကာမတွေ ဪ ဒီသုံးချက်ကို မှတ်ထားတော့မှ ခန္ဓာကိုယ်တကိုယ်လုံးမှာ ဝေဒနာသုံးပါးလှည့်ပေါ်တာ ပုဂ္ဂိုလ်အလိုကြောင့် ပေါ်တာ တစ်ခုမှမရှိဘူး (မှန်လှပါ ဘုရား) သတ္တဝါစရိုက်နဲ့ ကိုက်တာ တစ်ခုမှ မရှိဘူး (မှန်လှပါ ဘုရား) ကိုယ့်စရိုက် ဝါသနာနဲ့လျော်တာလဲ တစ်ခုမှ မရှိဘူး (မှန်ပါ့) ဒါဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

အဲဒါကြောင့် ဘာပဲလှည့်ပေါ်ပေါ် ဝေဒနာသုံးပါးလှည့်ပေါ်ချင်တာ ပေါ်ပါလိမ့်မယ်။ ပေါ်ပင်ပေါ်ငြားသော်လဲ ဤအင်္ဂါသုံးပါးနဲ့ စစ်ဆေးလိုက်တဲ့အခါကျတော့ ပုဂ္ဂိုလ်အလိုနဲ့လဲ မကိုက်ပါဘူး၊ ဟင် (မှန်ပါ့) သတ္တဝါအကြိုက်နဲ့ကော (မကိုက်ပါ ဘုရား) ကိုယ့်အကျင့်စရိုက်ဝါသနာနဲ့ကော (မကိုက်ပါ ဘုရား)။

မကိုက်ဘူး။ သူ့အလိုက်ပေါ်တာလို့ ရှိရဲ့လား။ သူ့စရိုက်အတိုင်း အလိုက်ပေါ်လာတဲ့ တရားရယ်လို့ (မရှိပါ ဘုရား)။

မရှိတော့ အင်္ဂါဘယ်နှစ်ပါးနဲ့ပြည့်စုံတာကို အင်္ဂါသုံးပါးနဲ့ မညီညွတ်တဲ့တရားကြီးပေါ်လာတာ အနတ္တ (မှန်ပါ့) အင်္ဂါသုံးပါးနဲ့ မညီညွတ်ဘူး။

ဦးအောင်ဇံဝေ (မညီညွတ်ပါ ဘုရား) အင်္ဂါသုံးပါးဆိုတာ ပုဂ္ဂိုလ်အလိုနဲ့ကော ကိုက်ရဲ့လား (မကိုက်ပါ ဘုရား) သတ္တဝါအကြိုက်ကော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ကိုယ့်အကျင့်စရိုက်နဲ့ကော သူသည် ကိုက်ညီရဲ့လား (မကိုက်ညီပါ ဘုရား)။

အဲဒီ အင်္ဂါသုံးပါးနဲ့စစ်ဆေးကြည့်လိုက်လို့ရှိရင် ဘယ်ဝေဒနာကြည့်ကြည့် မကြိုက်ဘူး (မှန်ပါ့)။

ဒါ့ကြောင့် ဘယ်ဝေဒနာပေါ်လာပေါ်လာ ဒကာ ဒကာမတွေက ပေါ်လာတဲ့အခိုက်အတန့်မှာဖြစ်စေ၊ ပျောက်ပျက်သွားတဲ့အခိုက်အတန့်မှာဖြစ်စေ အနတ္တချည့်ရှုပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

အင်္ဂါဘယ်နှစ်ပါးပါလိမ့် (သုံးပါးပါ ဘုရား) ပုဂ္ဂိုလ်အလိုတချက် မလိုက်ဘူး (မှန်ပါ့) သတ္တဝါအကြိုက်နဲ့လဲ မကိုက်ဘူး။ ကိုယ့်အကျင့်စရိုက်ဝါသနာနဲ့ကော (မကိုက်ပါ ဘုရား) မကိုက်တဲ့တရားချည့်ဘဲ ခန္ဓာထဲမှာ ပေါ်လာလိမ့်မယ် (မှန်လှပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒီ့ခန္ဓာထဲပေါ်လာတဲ့တရားဟူသ၍ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

ဪ အနတ္တဆိုတော့ ဟုတ်ပြီ တဲ့။ ဒါဖြင့် ဒီအနတ္တဟာ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မလျော်တဲ့ဓမ္မတွေဖြစ်လေသောကြောင့် မောင်ချစ်စိန် အနတ္တ (မှန်ပါ့)။

ဒီ သုံးချက်ကို သေသေချာချာဝေဖန်ရမယ် (မှန်ပါ့) ဒီလိုဝေဖန်လိုက်တော့မှ ဦးကျော်မောင်တို့ ဪ ဟုတ်သားဘဲ၊ သုံးချက်နဲ့ ဝေဖန်ကြည့်လိုက်လို့ရှိရင် သုံးချက်စလုံးနဲ့ကိုဘဲ မကိုက်တဲ့တရားချည့် ခန္ဓာကိုယ်ထဲရှိပါကလား ဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ဟုတ်ပလား (ဟုတ်ပါတယ် ဘုရား)။

အဲဒီကဲ့သို့ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့မကိုက်တဲ့တရားကို ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

ဝေဒနာကမ္မဋ္ဌာန်းကို အနတ္တထင်အောင်

ယနေ့ ဆရာဘုန်းကြီးသည် ဝေဒနာကမ္မဋ္ဌာန်းကို အနတ္တထင်အောင် အင်္ဂါသုံးပါးနဲ့ ရွေးချယ်ပြီး သကာလ ဟောလာတယ်ဆိုတဲ့ဥစ္စာ မှတ်ရမယ် ဦးဘသန်း (မှန်ပါ့) ဒါ မဟောဖူးသေးဘူးနော် (မှန်ပါ့ မဟောဖူးသေးပါ ဘုရား)။

မဟောဖူးသေးဘူးတဲ့။ အနတ္တစစ်ချင်လို့ရှိရင် ဒီသုံးပါးနဲ့သာ ဝေဖန်လိုက် (မှန်ပါ့) ဒီ ဝေဒနာကလေး တစ်ခုပေါ်လာတယ်။ဘာပေါ်ပေါ် မောင်သစ် ပုဂ္ဂိုလ်အလိုအတိုင်းပေါ်လာတာလား (မဟုတ်ပါ ဘုရား) သတ္တဝါအကြိုက်အတိုင်း ပေါ်လာတာလား (မဟုတ်ပါ ဘုရား) ကိုယ့်ဝါသနာစရိုက်အတိုင်းပေါ်လာတာလား (မဟုတ်ပါ ဘုရား) ဒါဖြင့် ဓမ္မသဘောအတိုင်း ပေါ်လာတာ (မှန်ပါ့)။

ဒါဖြင့် ဘယ့်နှယ်ဆိုမလဲ (ဓမ္မသဘောအတိုင်းပေါ်တာပါ ဘုရား) အနတ္တဘဲဆိုတာ အင်္ဂါသုံးပါးနဲ့ စစ်ဆေးလိုက်လို့ရှိရင်ဖြင့် ခန္ဓာထဲမှာ ဝေဒနာသုံးပါးလှည့်ပေါ်ပါတယ် (မှန်ပါ့) ပေါ်တိုင်း ပေါ်တိုင်းဟာ ဘာရယ်လို့ စဉ်းစားမနေဘဲနဲ့ အင်္ဂါသုံးပါးနဲ့ မညီသောကြောင့် အနတ္တဓမ္မသက်သက်သာ ပေါ်လာတယ်လို့ ဦးဘသန်း ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ဒါ ရှုတဲ့အခါမှာ အင်မတန်သဘောပါတဲ့တရားလို့ မှတ်လိုက်စမ်းပါ နော် (မှန်ပါ့)။

ရှုတဲ့အခါမှာ အင်မတန်သဘောပါတယ်။ ရှုလိုက် ဝေဒနာကလေးတစ်ခုပေါ်လာတယ်ဆိုရင် ဪ ရှုနေတဲ့ ပုဂ္ဂိုလ်၏အလိုလား၊ ဝေဒနာကလေးစစ်ဆေးလိုက်(မှန်ပါ့) ရှုနေတဲ့ပုဂ္ဂိုလ်၏ အလိုလား၊ သူ့အလိုအတိုင်းပေါ်လာတာလား ကြည့်လိုက် (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (သူ့အလိုအတိုင်းပေါ်တာပါ ဘုရား)။

မဟုတ်ဘူး။ သူ့အလိုအတိုင်းလဲမဟုတ်ဘူး (မှန်ပါ့) ဒါဖြင့် သတ္တဝါတို့၏ အများအကြိုက်လားလို့ မေးပြန်တော့ (မဟုတ်ပါ ဘုရား) ဒါလဲ မဟုတ်ဘူး။ သူ့သဘောသူ သူ့ဟာသူ ပေါ်လာတာဘဲ (မှန်ပါ့) ကိုယ့်အကျင့် ဝါသနာစရိုက်နဲ့ကောကိုက်ရဲ့လား (မကိုက်ပါ ဘုရား)။

မကိုက်တော့ ဒီသုံးပါးနဲ့စစ်ဆေးလိုက်လို့ရှိရင် ပေါ်လာတဲ့ဓမ္မဟာ အနတ္တဖြစ်ရတော့မယ် (မှန်ပါ့) သဘောပါကြရဲ့လား (ပါ ပါတယ် ဘုရား) း

ပုဂ္ဂိုလ်အလို၊ သတ္တဝါအကြိုက်၊ အကျင့်စရိုက်နဲ့ မကိုက်တဲ့တရား ဘာခေါ်မယ် (အနတ္တပါ ဘုရား)။

ဦးကျော်မောင် ဘာတဲ့ (ပုဂ္ဂိုလ်အလို၊ သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့တရား အနတ္တပါ ဘုရား)။

အို နေရာကျလိုက်တာ နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ဘက်က ဆိုစမ်း ဘာတုံး (ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့တရား အနတ္တပါ ဘုရား)။

အဲ ဓမ္မကလေးတစ်ခုပေါ်လို့ ယားပေါ်လာပေါ်လာ။နာပေါ်လာပေါ်လာ။ အယားအနာတို့၏ ကြားထဲမှာ ဖြစ်တဲ့ဥပေက္ခာဘဲ ပေါ်လာပေါ်လာ။ ပေါ်ချင်တာပေါ်လာ။ ဒီသုံးချက်နဲ့ စစ်ဆေး (မှန်ပါ့) ဟုတ်ပလား (မှန်ပါ့) ဒီ သုံးချက်နဲ့ စစ်ဆေးလိုက်တဲ့အခါကျလို့ရှိရင် ဒီသုံးချက်နဲ့ တစ်ခုမှ ညီမှာမဟုတ်ဘူး (မှန်ပါ့)။

ပုဂ္ဂိုလ်အလိုလဲ မဟုတ်ဘူး။ ဒီ ဓမ္မကလေးဟာ (မှန်ပါ့) သတ္တဝါအကြိုက်လဲ (မဟုတ်ပါ ဘုရား) ကိုယ့်အကျင့် စရိုက် ဝါသနာနဲ့ကော ကိုက်ရဲ့လား (မကိုက်ပါ ဘုရား) မကိုက်လို့ရှိရင် ပေါ်လာတဲ့ ဓမ္မကလေးဘယ့်နှယ်ဆိုမလဲ (အနတ္တပါ ဘုရား) အနတ္တလို့ဆိုတော့ ဪ ဒကာ ဒကာမတို့၊ ထိုင်ရင်းညောင်းလာတော့ စဉ်းစားကြည့်ပါလား။ ထိုင်ရင်းညောင်းလာတော့ ညောင်းတတ်တဲ့ ဒုက္ခဝေဒနာကလေးဟာ ပုဂ္ဂိုလ်အလိုကော ဟုတ်သေးရဲ့လား (မဟုတ်ပါ) သတ္တဝါအကြိုက် (မဟုတ်ပါ) ကိုယ့်အကျင့်စရိုက်နဲ့ကော ကိုက်ရဲ့လား (မကိုက်ပါ) မကိုက်တော့ ညောင်းတဲ့ ဝေဒနာကလေး ဘာဆိုကြမယ် (အနတ္တပါ) အနတ္တ။

ထို့အတူ ဝမ်းနည်းလာတယ် ဟုတ်လား (မှန်ပါ့) ဝမ်းနည်းလာတယ်တဲ့၊ ဝမ်းနည်းတဲ့ ဒေါမနဿဝေဒနာကလေး ပေါ်လာတယ် ဝမ်းထဲမှာ။ ပုဂ္ဂိုလ်အလိုအတိုင်း ပေါ်တာလား (မဟုတ်ပါ) သတ္တဝါအကြိုက်လား (မဟုတ်ပါ) ကိုယ့်အကျင့်စရိုက်အတိုင်း ပေါ်လာတာကော (မဟုတ်ပါ ဘုရား)။

အင်္ဂါသုံးပါးနဲ့ စီစစ်လိုက်လို့ရှိရင်

မဟုတ်ပါဘူးတဲ့၊ အာရုံဒွါရက အာရုံက နှိပ်စက်လိုက်သည်နဲ့ တပြိုင်နက်တည်း ပေါ်လာတာ (မှန်ပါ့)။

အဲဒီ အကြောင်းကြောင်းကြောင့် အင်္ဂါသုံးပါးနဲ့ စီစစ်လိုက်လို့ရှိရင် ပေါ်လာတဲ့ဓမ္မ ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား)။

အေး၊ ဒါကြောင့် ဘာပေါ်ပေါ် ဒီသုံးပါးနဲ့ စစ်ဆေးလိုက်လို့ရှိရင် အနတ္တဆိုတာ ဓမ္မက ပြောမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အနတ္တဆိုတာ (ဓမ္မက ပြောပါတယ် ဘုရား)။

ဓမ္မကပြောတယ်ဆိုတော့ ခန္ဓာကိုယ်တကိုယ်လုံးမှာ ဘာတွေဖြစ်သွားသတုံးဆိုတော့မှ ပုဂ္ဂိုလ်လဲမရှိဘူး၊ သတ္တဝါလဲမရှိဘူး၊ ကိုယ့်အကျင့် ကိုယ့်အကြိုက်နဲ့ ကိုက်တာလဲ တစ်ခုမှမရှိသောကြောင့် ခန္ဓာကိုယ်တကိုယ်လုံးကို သဗ္ဗေဓမ္မာအနတ္တာလို့ ဒီသွားပေါ်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သဗ္ဗေဓမ္မာ (အနတ္တာပါ) ဟန်ကျကြပလား (ကျပါပြီ) အင်း၊ သဗ္ဗေဓမ္မာ အတ္တန ဒီတကိုယ်လုံးစုနေတဲ့ ခန္ဓာငါးပါးဟာ မောင်ချစ်စိန် ဘယ်အထဲဝင်သွားသတုံး (သဗ္ဗေဓမ္မာအနတ္တာပါ) အဲဒီထဲသွားဝင်တယ် (မှန်ပါ့ ဘုရား)။

တကိုယ်လုံးမှာ ဖြစ်နေတဲ့ ရုပ်ဘက်ကကြည့်ကြည့်၊ ဝေဒနာဘက်က ကြည့်ကြည့်၊ သညာဘက်ကကြည့်ကြည့်၊ စေတနာဘက်ကကြည့်ကြည့်၊ သင်္ခါရက္ခန္ဓာဘက်က ကြည့်ကြည့်ပေါ့ဗျာ (မှန်ပါ့) ဝိညာဏက္ခန္ဓာဘက်ကကြည့်ကြည့်၊ ကြည့်ချင်တာကြည့် ခန္ဓာထဲမှာဖြင့် ပုဂ္ဂိုလ်အလိုတစ်ခုမှမပါဘူး (မပါ ပါ) သတ္တဝါအကြိုက်နဲ့ တစ်ခုမှမကိုက်ဘူး၊ ကိုက်သေးရဲ့လား (မကိုက်ပါ) ကိုယ့်အကျင့်စရိုက်အတိုင်း ပေါ်လာတာရော ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)။

အဲဒါကြောင့် ဤသုံးချက်နဲ့ စစ်ဆေးရင် ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တာချည့်ဘဲ (မှန်ပါ့) မကိုက်တာချည့်ရှိသောကြောင့် ခန္ဓာထဲပေါ်သ၍ ဘာဆိုကြမယ် (သဗ္ဗေဓမ္မာအနတ္တာပါ ဘုရား)။

သဗ္ဗေဓမ္မာအနတ္တာ

အဲ သဗ္ဗေဓမ္မာ အနတ္တချည့်ဆိုတော့ မင်းတို့ချွင်းချက် ငါမပြောပါဘူးကွာ၊ ခန္ဓာထဲ အလုံးစုံသာယူလိုက်ပါတော့နော် (မှန်ပါ့ ဘုရား)။

သဗ္ဗေ=အလုံးစုံကုန်သော၊ ဓမ္မာ=ရုပ်နာမ်ဓမ္မ ဟူသမျှတို့သည်၊ အနတ္တာ=ဆိုတော့ ဦးကျော်မောင် ရွေးနေဖို့လိုသေးသလား (မလိုပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဘယ့်နှယ်ကြောင့် အလုံးစုံကို ဘုရားက အနတ္တလို့ ဟောလိုက်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ခုနက သုံးချက်နဲ့စစ်ဆေးတော့ တစ်ခုမှမကိုက်ဘူး (မှန်လှပါ) ပုဂ္ဂိုလ်အလိုနဲ့ကော (မကိုက်ပါ) သတ္တဝါအကြိုက်နဲ့ကော (မကိုက်ပါ) ကိုယ့်အလိုက်ဘာသာ ဝါသနာစရိုက်နဲ့ကော (မကိုက်ပါ ဘုရား)။

မကိုက်တော့ ဒီသုံးချက်နဲ့ စစ်ဆေးလိုက်လို့ရှိရင်ဖြင့် အားလုံး ဒကာ ဒကာမတွေ သဗ္ဗေဓမ္မာ အနတ္တာဆိုတာ ယနေ့ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။

ရှင်းသွားပြီ၊ အင်မတန် သဘောပါတဲ့ တရား (မှန်ပါ့) အင်မတန် သဘောပါတယ် ဦးအောင်ဇံဝေ (မှန်ပါ့ ဘုရား)။

ခင်ဗျားနေမကောင်းတာ ခင်ဗျား ပုဂ္ဂိုလ်အလိုလဲ ဟုတ်ရဲ့လား (မဟုတ်ပါ) ခင်ဗျားအကြိုက်ရော (မဟုတ်ပါ ဘုရား) ခင်ဗျားအကျင့်စရိုက်နဲ့ရော ကိုက်ရဲ့လား (မကိုက်ပါ) ဒါဖြင့် ဘာဖြစ်နေတာတုံး (အနတ္တပါ) အနတ္တကို ဘုရားက ဘယ့်နှယ်ဟောသတုံး (သဗ္ဗေဓမ္မာ အနတ္တာပါ ဘုရား)။

အဲဒါ မင်းတို့က ဘာလုပ်နေနေကွာ၊ တကိုယ်လုံးဟာ အနတ္တ၊ မင်းတို့အလို မင်းတို့အကြိုက် မင်းတို့စရိုက်နဲ့တော့ ဘယ်ဟာမှကိုက်မှာမဟုတ်ဘူး (မှန်ပါ့) ဆိုပြီး သကာလ ခန္ဓာက ပြောနေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကပြောတဲ့အခါကျတော့ ဪ ဒါက ဆရာဘုန်းကြီးဟောနေတာ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့ အနတ္တကိုဟောနေတာကိုး ယနေ့တရားမှာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ တဲ့၊ တနည်း အနတ္တကိုဟောလိုက်ဦးမယ်၊ ဒါက အခုပေါ်လာတဲ့ ဓမ္မကလေးကို အင်္ဂါသုံးချက်နဲ့ စစ်ဆေးတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ပေါ်လာတဲ့ ဓမ္မကလေးကိုတခါ တမျိုးအနတ္တနဲ့ဝေဖန်ပြီး သကာလ ဘုရားဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

တမျိုးအနတ္တနဲ့ ဝေဖန်တော့ကို ဘယ်လိုဝေဖန်ပါလိမ့်မတုံးဆိုတော့ ဝိညာဏ်ကြောင့် ဒုတိယအကွက်မှာ ဒကာ ဒကာမတို့ ကြည့်စမ်း ဘာဖြစ်သတုံး (နာမ်ရုပ်ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဝိညာဏ်ချုပ်ရင် နာမ်ရုပ်ချုပ်ရမယ် (မှန်ပါ့) ဝိညာဏ်ဖြစ်ရင် (နာမ်ရုပ်ဖြစ်ရပါမယ် ဘုရား)။

ဪ ဒါနဲ့ကြည့်လိုက်ပြန်တော့လဲ အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ် (မှန်ပါ့) အကြောင်းချုပ်လို့ (အကျိုးချုပ်ပါတယ်) ဟောဒီအနတ္တလဲ တစ်မျိုး (မှန်ပါ့ ဘုရား)။

အကြောင်းဖြစ်သောကြောင့် (အကျိုးဖြစ်ပါတယ်) အကြောင်းချုပ်သောကြောင့် (အကျိုးချုပ်ပါတယ် ဘုရား)။

အကြောင်းအနတ္တမို့ အကျိုးအနတ္တပါ

ဪ ဒါဖြင့် ဒီအနတ္တကတော့ဖြင့် အကြောင်းအနတ္တမို့ အကျိုးအနတ္တပါလားဆိုတော့ ခုနကဟာနဲ့တစ်မျိုး (မှန်ပါ့) အနတ္တချင်းတော့ အတူတူပါဘဲ (မှန်ပါ့ ဘုရား)။

အနတ္တချင်းတော့ အတူတူပါဘဲနော် (မှန်ပါ့) အကြောင်းအနတ္တမို့ ဘာတုံး (အကျိုးအနတ္တဖြစ်ပါတယ်) ဝိညာဏ်ကလဲ မိမိပြုပြင်ထားတာ ဟုတ်ရဲ့လား (မဟုတ်ပါ) အဲ သူကလဲ အနတ္တနော် (မှန်ပါ့ ဘုရား)။

သူက ပြုပြင်တဲ့ နာမ်ရုပ်ကကော ဒကာ ဒကာမတို့အနတ္တဘဲ မကျဘူးလား (အနတ္တပါ) ဝိညာဏ်ကိုက မိမိသဘောအတိုင်းပေါ်လာတာမဟုတ်ဘူး (မဟုတ်ပါ) တစ်ခါ ဝိညာဏ်ကပြုလိုက်တဲ့ နာမ်ရုပ်ကလဲ တဲ့၊ မိမိတို့နဲ့ဘာဆိုင်သလဲ (မဆိုင်ပါ ဘုရား)။

ဒါဖြင့် ဝိညာဏ်အနတ္တမို့ နာမ်ရုပ် (အနတ္တပါ) အေ ဝိညာဏ်ကဖြစ်ရင် နာမ်ရုပ်ကဖြစ်လိမ့်မယ် (မှန်ပါ့) ဝိညာဏ်ကချုပ်ရင် (နာမ်ရုပ်ချုပ်မှာပါ ဘုရား)။

အဲဒီအနတ္တက ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တစ်မျိုးဟောပြန်တယ် (မှန်ပါ့) ဪ၊ ဒါက မင်းတို့ကွာတဲ့၊ ခုနက သတ္တဝါအလို ပုဂ္ဂိုလ်အကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့အနတ္တက အနတ္တချင်းတော့ အတူတူပါဘဲကွ တဲ့၊ သို့သော် မင်းတို့ဉာဏ်ရှင်းသထက် ရှင်းအောင်ဆိုပြီး အကြောင်း အနတ္တမို့ အကျိုးအနတ္တဟေ့တဲ့ (မှန်ပါ့) နောက်ဟောတာ (မှန်ပါ့ ဘုရား)။

အရင်ဟာက ပုဂ္ဂိုလ်နဲ့ညှိတယ်၊ အခုဟာတော့ ဓမ္မချင်းညှိတယ် (မှန်ပါ့ ဘုရား) အနတ္တနှစ်မျိုး ဟောထားတယ်၊ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား)။

အရင်တော့ ပုဂ္ဂိုလ်နဲ့နောက်ဟာကဓမ္မနဲ့ညှိတယ် (မှန်ပါ့) ပေါ်ကြရဲ့လား (ပေါ်ပါတယ် ဘုရား)။

အရင်ဟာက ဘာတဲ့တုံး (ပုဂ္ဂိုလ်နဲ့ညှိပါတယ်) အဲ ပုဂ္ဂိုလ်နဲ့ညှိတော့ ကိုက်ရဲ့လား (မကိုက်ပါ ဘုရား) အဲဒါကြောင့် အနတ္တ (မှန်ပါ့ ဘုရား)။

နောက်ဟောက ဓမ္မနဲ့ညှိတာတစ်ခုသောအကြောင်း ဓမ္မပေါ်လာရင် တစ်ခုသောအကျိုးဓမ္မမပေါ်ဘူးလား (ပေါ်ပါတယ်) တစ်ခုသော အကြောင်းဓမ္မချုပ်သွားတော့ တစ်ခုသောအကျိုးဓမ္မကော (ချုပ်သွားပါတယ် ဘုရား)။

ဪ ဒါကြောင့် အကြောင်းဓမ္မက အနတ္တမို့ အကျိုးဓမ္မလဲ အနတ္တဖြစ်ကြတယ်လို့ဆိုတာ ဝေဖန်ရလိမ့်မယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အကြောင်းဓမ္မက အနတ္တမို့ (အကျိုးဓမ္မ အနတ္တဖြစ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် သွားလိုက် ဝေဒနာကို ဆက်ကြပေတော့ (မှန်ပါ့) ဖဿပစ္စယာဆိုတာ ဒကာ ဒကာမတွေ ၂ နံပါတ်တွေ့ပါလိမ့်မယ်ဟင် (တွေ့ပါတယ်) မတွေ့ဘူးလား(တွေ့ပါတယ် ဘုရား)။

ဖဿပစ္စယာ ဝေဒနာ

ဖဿပစ္စယာ (ဝေဒနာပါ) ဒါဖြင့် ဖဿက (အကြောင်းပါ ဘုရား) ဝေဒနာက (အကျိုးပါ) မယုံရင်ကြည့် ဖဿပစ္စယာဝေဒနာ (မှန်ပါ့) ဖဿကြောင့် (ဝေဒနာဖြစ်ပါတယ် ဘုရား)။

ဖဿပစ္စယာ=ဖဿသုံးပါးတို့ကြောင့်၊ ဝေဒနာ=ဝေဒနာသုံးပါးတို့သည်၊ ဥပ္ပဇ္ဇန္တိ=ဖြစ်ကုန်၏ဆိုတော့ ဝေဒနာသုံးပါးစလုံးနော် (မှန်ပါ့) (ဝါ) တနည်း ငါးပါးစလုံး (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဖဿဖြစ်လို့ (ဝေဒနာဖြစ်ပါတယ်) ဪ ဖဿဓမ္မကလဲ ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဓမ္မဟာ ပုဂ္ဂိုလ်အလိုမလိုက်တဲ့ ဓမ္မဘဲနော် (မှန်ပါ့) ဖဿဓမ္မကြောင့် ဝေဒနာဓမ္မဖြစ်တာဘဲ၊ ဖဿဓမ္မချုပ်ပြန်တော့လဲ ဝေဒနာဓမ္မချုပ်ပါတယ်။

ဪ ဒါဖြင့် အကြောင်း ဖဿဓမ္မက အနတ္တဖြစ်လို့အကျိုးဝေဒနာဓမ္မ အနတ္တဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ဒီအထဲငါဝင်မရှုပ်တော့ဘူးတဲ့တရားက၊ ငါဝင်ရှုပ်သေးလား (မရှုပ်ပါ ဘုရား)။

အကြောင်း ဖဿက အနတ္တမို့ အကျိုးဝေဒနာသည် (အနတ္တပါ ဘုရား) ငါဝင်အလှည့်ကို မပါဘူး၊ ပါသေးသလား (မပါပါ ဘုရား)။

ငါ ဝင်စရာမပါဘူး ဦးကျော်မောင်တို့ ဦးစံဖေတို့ (မှန်ပါ့) ငါဝင်စရာ မပါဘူး မောင်ချစ်စိန်တို့ ငါဝင်စရာ ဘယ့်နှယ်တုံး (မပါပါ ဘုရား)။

သူတို့နှစ်ခု ဖဿနဲ့ဝေဒနာသာ ဆက်သွယ်နေတယ်၊ ငါကြားထိုးလို့ မရဘူး (မရပါ ဘုရား) ရသေးရဲ့လား (မရပါ ဘုရား)။

ငါ မရှုပ်ကြနဲ့ ဒီကြားထဲမှာ

ဒါဖြင့် ဒီ အနတ္တကတဲ့ ဆဆက္ကသုတ်မှာ ဟောတော်မူတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတဲ့ အနတ္တနော် (မှန်ပါ့ ဘုရား)။

အဲဒါ ပဏ္ဏာသမှာ လာတဲ့ အနတ္တတဲ့၊ ခုနက လာတာက သံယုတ်မှာလာတဲ့ အနတ္တနော် (မှန်ပါ့)။

ကဲ ဒါဖြင့် ဖဿတည်းဟူသော အကြောင်းဖြစ်လို့ရှိရင် ဝေဒနာတည်းဟူသော အကျိုးဟာ မဖြစ်ဘူးလား (ဖြစ်မှာပါ ဘုရား)။

အင်း ငါ မရှုပ်ကြနဲ့ ဒီကြားထဲမှာ၊ ငါရှုပ်လို့ရသေးရဲ့လား (မရပါ ဘုရား) ငါဖြစ်စေချင်လို့ ဖြစ်တာလို့ လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်သောကြောင့် ဪ အကြောင်းက ဖြစ်စေလို့ အကျိုးဖြစ်တာဘဲ (မှန်ပါ့) အကြောင်းချုပ်လို့ (အကျိုးချုပ်တာပါ ဘုရား)။

အကျိုးချုပ်တာဘဲဆိုတော့ အကြောင်းအကျိုးမျှသာရှိတယ်၊ အကြောင်းအနတ္တမို့ အကျိုးအနတ္တဆိုတာသာ ရှိတယ်ဆိုတာ ဉာဏ်ကနေဝေဖန်လိုက်ပြန်တော့ ဒီထဲမှာ ငါ,ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယပြုတ်သွားတယ်၊ အနတ္တဉာဏ်ပေါက်သွားတယ် (မှန်ပါ့) မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား)။

အဲဒီလို တခါ ဉာဏ်နဲ့ ဝေဖန်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ သန္တာန် ယားတဲ့ ဝေဒနာကလေး ပေါ်လာပြန်လဲ အင်းတစ်ခုခုနဲ့ထိလို့ဘဲ (မှန်ပါ့)။

နာတဲ့ ဝေဒနာကလေး ပေါ်လာပြန်လဲ (တစ်ခုခုနဲ့ ထိလို့ပါ ဘုရား) ဒါဖြင့် ဖဿပစ္စယာ ဝေဒနာပေါ့ (မှန်ပါ့)။

ငါ့မှာ ဘာဖြစ်နေပါလိမ့်မလဲလို့ လုပ်မနေပါနဲ့ (မှန်ပါ့) ဖဿက ထိတွယ်လိုက်လို့ တစ်ခုခုနဲ့ ထိလို့ ဝေဒနာပေါ်လာခြင်းဖြစ်ပါတယ် (မှန်ပါ့) ငါ ဘာဖြစ်ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက ဒီအထဲ ငါဝင် မရှုပ်ပါနဲ့ (မှန်ပါ့)။

ဖဿတစ်ခုခု မရှိဘဲနဲ့ ဟုတ်လား (မှန်ပါ့) ဆူးကလေးနဲ့သော်၎င်း၊ အဝတ်ကြမ်းကလေးနဲ့သော်၎င်း ထိတဲ့ ဖဿကလေးပေါ်လို့သာ ဝေဒနာပေါ်တယ် (မှန်ပါ့) နို့ မဟုတ်ရင် ပေါ်စရာ မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။

ဒါဖြင့် ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဖဿနိရောဓာ (ဝေဒနာနိရောဓောပါ ဘုရား)။

ဝေဒနာနိရောဓောဆိုတော့ ဪ ဒါဖြင့် ဒီ ဒကာ ဒကာမတွေမှာဖြင့်တဲ့ ငါ ဝင်မရှုပ်နိုင်တဲ့ အနတ္တဟောပြန်တာဘဲ (မှန်ပါ့ ဘုရား) ဦးကျော်မောင် အဖိုးတန်လိုက်တာ (တန်ပါတယ် ဘုရား)။

နောက်က ဒကာ ဒကာမတွေ နားလည်ရဲ့လား (လည်ပါတယ် ဘုရား) ငါ ဝင်မရှုပ်နိုင်ဘူး၊ ရှုပ်နိုင်သေးရဲ့လား

(မရှုပ်နိုင်ပါ ဘုရား)။ ရှုပ်ကို မရှုပ်နိုင်ဘူးတဲ့၊ ကြည့် ပဋိစ္စသမုပ္ပါဒ်ဒုတိယကွက်မှာ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား) ဝေဒနာဆိုတော့ ဖဿကြောင့် ဝေဒနာဖြစ်ပါတယ်လို့ ဘုရားကဟောတယ် (မှန်ပါ့)။

တခါ ဝေဒနာကလေး ပျောက်သွားတော့ အလိုလိုပျောက်တာလားလို့ မေးတဲ့အခါကျတော့ ဖဿနိရောဓာ (ဝေဒနာနိရောဓောပါ ဘုရား) ဟော ဖဿချုပ်လို့ ဝေဒနာချုပ်တယ် (မှန်ပါ့)။

ဒါဖြင့် ဒီအထဲမှာ အကြောင်း ဖဿဖြစ်လို့ အကျိုးဝေဒနာဖြစ်တယ်၊ အကြောင်းဖဿချုပ်လို့ (အကျိုးဝေဒနာချုပ်ပါတယ်) ဟော ငါကို ဝင်ခွင့်မရဘူး (မှန်ပါ့) ငါ့ဥစ္စာဆိုတာ ဝေးရော (မှန်ပါ့) ငါတောင် ဝင်ခွင့်မရပါဘူးဆိုတာ ပေါ်လာတယ် (မှန်ပါ့)။

ပုဂ္ဂိုလ်သတ္တဝါ ဝင်ရှုပ်လို့ရသေးရဲ့လား

ကဲ ဒါဖြင့် ဒီ အနတ္တက ပုဂ္ဂိုလ်သတ္တဝါ မတုနိုင်တဲ့ အနတ္တ မောင်ချစ်စိန်ရ (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါ ဝင်ရှုပ်လို့ရသေးရဲ့လား (မရပါ) ပဋိစ္စသမုပ္ပါဒ်နဲ့ပြနေတာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်ကိုမလိုက်တဲ့ အနတ္တကတော့ ခန္ဓာကြည့်ပြီး သကာလ ဪ ပုဂ္ဂိုလ်အလိုက်မဟုတ်ပါလား၊ သတ္တဝါအကြိုက်မဟုတ်ပါလား၊ ကိုယ့်အကျင့်စရိုက်နဲ့ လျော်တာလဲမဟုတ်သောကြောင့် ပုဂ္ဂိုလ်နဲ့ နှိုင်းချိန်ပြီး ကိုယ့်အကြိုက်နဲ့ နှိုင်းချိန်ပြီး အနတ္တ (မှန်ပါ့) အဲဒီ အနတ္တက တစ်မျိုးနော် (မှန်ပါ့)။

အခုဟောတဲ့ အနတ္တကတော့ မဟုတ်ဘူးတဲ့ ပုဂ္ဂိုလ်သတ္တဝါကို ကြားမဝင်နိုင်အောင် ငါကလေးက နည်းနည်း မရှုပ်နိုင်အောင် ကြားမထိုးနိုင်အောင် ဖဿဖြစ်လို့ (ဝေဒနာဖြစ်ပါတယ်) ဖဿချုပ်လို့ (ဝေဒနာချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ် သတ္တဝါနဲ့ ကြားဝင်စရာရှိသေးရဲ့လား (မရှိပါ) ဪ ဓမ္မသဘောအတိုင်း အကြောင်းဓမ္မက ဖြစ်စေလို့ အကျိုးဓမ္မဖြစ်စေတာဘဲ၊ အကြောင်းဓမ္မချုပ်လို့ အကျိုးဓမ္မချုပ်တာဘဲလို့ဆိုတော့ ငါ မဝင်နိုင်အောင်လို့ ဟောထားတဲ့ အနတ္တ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

သဿတဒိဋ္ဌိလဲ စင်,ဥစ္ဆေဒဒိဋ္ဌိလဲ စင်တယ်

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒီအနတ္တ သဘောကျလိုက်သဖြင့်တဲ့ ခင်ဗျားတို့မှာ သဿတဒိဋ္ဌိလဲ စင်,ဥစ္ဆေဒဒိဋ္ဌိလဲ စင်တယ် (မှန်ပါ့)။

ဒီအနတ္တ သဘောကျလိုက်တာဘာတဲ့ (သဿတဒိဋ္ဌိလဲစင်,ဥစ္ဆေဒဒိဋ္ဌိလဲ စင်ပါတယ် ဘုရား)။

အံမာလေး အင်မတန် အဖိုးတန်ပါကလား မောင်သစ် (မှန်ပါ့)။

သဿတရော (စင်ပါတယ် ဘုရား) ကြည့်လေ အကြောင်းဖြစ်တော့ကို အကျိုးဖြစ်တယ် (မှန်ပါ့)။

အကြောင်းဖဿဖြစ်တော့ကို (အကျိုးဝေဒနာဖြစ်ပါတယ်) အကျိုးဝေဒနာဖြစ်တယ် ဆိုသဖြင့် စဉ်းစားကြည့်ပါလား တဲ့၊ အကြောင်းဖဿဖြစ်လို့ အကျိုးဝေဒနာဖြစ်ပါတယ်ဆိုတော့ ဪ သူတို့ အကြောင်း,အကျိုးဆက်နေကြတာကိုး လို့ သိတယ် (မှန်ပါ့)။

အကြောင်းဖြစ်ရင် အကျိုးဖြစ်တာဘဲ ဆိုလို့ရှိရင်ဖြင့် အဖြစ်မြင်သဖြင့် ဥစ္ဆေဒစင်သွားပြီ (မှန်ပါ့) မစင်သေးဘူးလား (စင်ပါတယ်) ဖဿကြောင့် ဝေဒနာဖြစ်တယ်။

ဖဿဖြစ်လို့ (ဝေဒနာဖြစ်ပါတယ်) ဒီကျတော့ အကြောင်းအကျိုးပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) မပြတ်တော့ကို ပြတ်တယ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ် (မှန်ပါ့) မစင်သေးဘူးလား (စင်ပါတယ် ဘုရား)။

တခါ အကြောင်းချုပ်သွားလို့ရှိရင်လဲ မောင်သစ် ဘာတဲ့ (အကျိုးချုပ်သွားပါတယ် ဘုရား)။

အကျိုးချုပ်သွားတယ်ဆိုလို့ရှိရင်လဲ ခိုင်မြဲတဲ့ သဿတ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ငါ့မှာ ခိုင်မြဲတာတွေ ရှိသေးတယ်၊ ဖဿလဲ ခိုင်မြဲတယ်၊ ဝေဒနာလဲ ခိုင်မြဲတယ်လို့ ဒီလို အယူဝါဒဟာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါက ဘယ်ဒိဋ္ဌိ စင်သွားသတုံး (သဿတဒိဋ္ဌိ စင်ပါတယ်) ဒါဖြင့် အခု နောက်ပြောတဲ့အဓိပ္ပါယ်နဲ့ ခုနက စပြီးပြောခဲ့တဲ့အဓိပ္ပါယ် နှစ်ခုစလုံးကို နားလည်ကြလို့ရှိရင်ဖြင့် သဿတ,ဥစ္ဆေဒ စင်သွားပြီ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သဿတနဲ့ (ဥစ္ဆေဒစင်သွားပါပြီ) ခိုင်မြဲတယ်ယူတဲ့ သဿတနဲ့ ပြတ်တောက်တယ်ယူတဲ့ ဥစ္ဆေဒ စင်သွားတော့ကို ဆရာဘုန်းကြီးသည် ဒီ အနတ္တဟောလိုက်တာ သောတာပတ္တိမဂ်ကိုတားတဲ့ ဒိဋ္ဌိနှစ်ခု စင်အောင် ဟောနေတာကိုးလို့ မှတ်လိုက်ပါ (မှန်ပါ့) ဒီဒိဋ္ဌိနှစ်ခု စင်ရင် သေဘာပတ္တိမဂ်ရတာဘဲ (မှန်လှပါ ဘုရား)။

ဒီ ဒိဋ္ဌိနှစ်ခုစင်ပြီးမြင်နေတဲ့ အနတ္တဖြစ်ရင် သောတာပန်တည်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အင်မတန် အဖိုးတန်တဲ့ နေ့

ဒါဖြင့် အင်မတန် အဖိုးတန်တဲ့ နေ့, အင်မတန်ကြက်သရေမင်္ဂလာရှိတဲ့နေ့, အင်မတန် နက္ခတ်ကောင်း ကြုံတဲ့နေ့လို့ ဆုံးဖြတ်ချက်ချရင် မမှားတဲ့ နေ့ဘဲ (မှန်ပါ့ ဘုရား) “ကာလေနဓမ္မဿဝနံ”ဆိုလဲ ဟုတ်တာဘဲနော် (မှန်ပါ့)။

”ကာလေနဓမ္မဿဝနံ” ဆိုလဲ ဟုတ်တာဘဲတဲ့၊ ဒါ့ကြောင့် မင်္ဂလာရှိတဲ့ နေ့ ဆိုလို့ရှိရင် မလွဲတော့ဘူး (မလွဲပါ) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဒကာ ဒကာမတို့ ဒိဋ္ဌိဘယ်နှစ်မျိုးစင်ပါလိမ့် (နှစ်မျိုးစင်ပါတယ်) ဘယ်ဒိဋ္ဌိနဲ့ ဘယ်ဒိဋ္ဌိလဲ (သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား)။

တခေါက် ပြန်ပြောဦးမယ်၊ ဝေဒနာပစ္စယာ တဏှာ ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်များ မလာပေဘူးလား (လာပါတယ် ဘုရား) ဝေဒနာဖြစ်လို့ တဏှာဖြစ်တာဘဲ (မှန်လှပါ ဘုရား)။

ဝိပဿနာ မရှုတဲ့ ပုဂ္ဂိုလ်များ ဝေဒနာဖြစ်ရင် တဏှာဖြစ်မှာဘဲ (မှန်ပါ့)။

အဲဒီတော့ စဉ်းစားကြည့်ပါလား တဲ့၊ ဝေဒနာက ဖြစ်စေတဲ့ တဏှာ (မှန်ပါ့) ဝေဒနာချုပ်ရင် (တဏှာချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဝေဒနာဖြစ်ရင် တဏှာဖြစ်တယ်လို့ သိလိုက်သဖြင့် အကြောင်းနဲ့အကျိုးပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား) မပြတ်လို့ရှိရင် ဥစ္ဆေဒစင်သွားပြီ (မှန်ပါ့) မစင်သေးဘူးလား (စင်ပါပြီ ဘုရား)။

မပြတ်တော့ ဘာစင်သွားသတုံး (ဥစ္ဆေဒစင်သွားပါတယ် ဘုရား) ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း၊ တခါ သွားလိုက်ပါဦး၊ ဝေဒနာချုပ်တော့လဲ တဏှာကချုပ်ရမယ် (မှန်ပါ့) ဝေဒနာနိရောဓာ (တဏှာနိရောဓောပါ ဘုရား)။

တဏှာနိရောဓောဆိုသဖြင့် တဲ့ ဝေဒနာချုပ်တော့လဲ တဏှာချုပ်တာကို ဒကာ ဒကာမတွေ သိသွားတော့ ဪ အကြောင်းလဲ မခိုင်, အကျိုးလဲမခိုင်၊ ဟုတ်လား (မှန်ပါ့ ဘုရား)။

မမြဲတဲ့တရားချည့်ဘဲလို့ အနတ္တချည့်ဘဲလို့ သိလိုက်ပြန်သဖြင့်လဲ ခိုင်မြဲတယ်ဆိုတာ ယူထားတဲ့ သဿဒိဋ္ဌိဆိုတာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီလို ယူလိုက်တာပေါ့၊ အကြောင်းဖြစ်၍ အကျိုးဖြစ်တာမြင်ရင်ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တာမြင်ရင် (သဿတဒိဋ္ဌိစင်ပါတယ် ဘုရား)။

ဒါကြောင့် ခုနက ပြောခဲ့တဲ့ မူလကပြောခဲ့တဲ့ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်တဲ့ အနတ္တလဲ ဒီနှစ်ခုစင်စေတာဘဲ (မှန်ပါ့)။

ဒီ အကြောင်း,အကျိုးနဲ့ ဝေဖန်တဲ့အနတ္တကို နားလည်ပြန်တော့လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ သဿတ,ဥစ္ဆေဒစင်တာဘဲ (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒီ ဒိဋ္ဌိမစင်ဘဲနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကကွာတဲ့ ဘယ်သူနိဗ္ဗာန်ရတယ်ဆိုလို့ ဘယ်တော့မှမယုံနဲ့တဲ့ (မှန်ပါ့)။

ဒိဋ္ဌိမစင်ဘဲနဲ့ မရနိုင်ဘူး

ဒီ ဒိဋ္ဌိနှစ်ခု မစင်ဘဲနဲ့ နိဗ္ဗာန်ရတယ်ဆိုလို့ရှိရင်ဖြင့် ဘယ်သူကပြောပြော မယုံနဲ့တဲ့၊ မရဘူးကွ တဲ့၊ ဆိုတော့ ဒီနေရာ မောင်သစ်တို့က စဉ်းစားကြည့်ပါ၊ ဪ ဒါန,သီလတွေနဲ့တော့ ဝေးပါသေးတယ်ဆိုတာ ပေါ်လာတယ် (မှန်ပါ့) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒီ ဒိဋ္ဌိမစင်ဘဲနဲ့ မရနိုင်ဘူး (မှန်ပါ့) ဒီဒိဋ္ဌိကလဲ အခုပဋိစ္စသမုပ္ပါဒ်ကို နားလည်မှ စင်မှာ (မှန်ပါ့) နို့မဟုတ်ရင် (မစင်ပါ ဘုရား)။

မစင်တော့ ဒါန,သီလသမားဟာ ဒီပဋိစ္စသမုပ္ပါဒ်ကို သူနားလည်ရဲ့လား (မလည်ပါ) မလည်တော့ သူနဲ့တော့ ဝေးသောအကြောင်းဖြစ်မှာဘဲ (မှန်ပါ့) နိဗ္ဗာန်ကို နီးသောအကြောင်းတော့ (မဖြစ်ပါ ဘုရား)။

မဖြစ်နိုင်ဘူးဆိုတော့ ဘုန်းကြီးတို့က ပြောတာလား၊ ဓမ္မကပြောတာလားဆိုတာ ပေါ်ရောပေါ့ (ဓမ္မက ပြောနေတာပါ ဘုရား)။

ဓမ္မက ပြောနေတာတဲ့၊ ဘုန်းကြီးတို့က ဟာ ဘယ်ဘုန်းကြီးက ပြောနေတယ်လို့ ဒီလိုမယူလိုက်ပါနဲ့ (မှန်ပါ့ ဘုရား)။

သစ္စာနုလောမိကဉာဏ်တောင် မရဘူးတဲ့

ဒီ ဒိဋ္ဌိကို ဘုရားက အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဟောတယ် “သော ဝတ ဘိက္ခဝေ ဘိက္ခု ကဉ္စိ သင်္ခါရံ”ဆိုတော့ ဖဿတို့ ဝေဒနာတို့ကလေ (မှန်ပါ့) “နိစ္စတော့ သမနုပဿန္တော အနုလောမိ ကာယ ခန္တိယာ သမ္မန္နာဂတော ဘဝိဿတီတိနေတံ ဋ္ဌာနံ ဝိဇ္ဇတိ” အင်္ဂုတ္တိုရ်ပါဠိတော်မှာ (မှန်ပါ့ ဘုရား)။

ဘိက္ခဝေ=ရဟန်းတို့၊ ဝတ=စင်စစ်၊ ဘိက္ခု=ရဟန်းသည်၊ ကဉ္စိသင်္ခါရံ=တစ်ခုသောဖဿ, တစ်ခုသောဝေဒနာကို၊ နိစ္စတော=နိစ္စအားဖြင့်၊ သမနုပဿန္တော=ရှုသည်ရှိသော်၊ အနုလောမိကာယခန္တိယာ= သစ္စနုလောမိကဉာဏ်နှင့်၊ သမန္နာကတော=ပြည့်စုံသည်၊ ဘဝိဿတိ=ဖြစ်လိမ့်လတ္တံံ့၊ ဣတိ=ဤသို့၊ ဧတံဋ္ဌာနံ ဤအကြောင်းသည်၊ နဝိဇ္ဇတိ=မရှိ တဲ့။

သစ္စာနုလောမိကဉာဏ်တောင် မရဘူးတဲ့၊ နိဗ္ဗာန်ရမှာဝေးလို့ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

နိဗ္ဗာန်ရမှာဝေးလို့တဲ့၊ သဿတ ဥစ္ဆေဒ တစ်ခုခုရှိနေလို့ရှိရင်ဖြင့် ဘယ်နည်းနှင့်မှ နိဗ္ဗာန်မရပါဘူးကွာ၊ ငါတာဝန်ခံပါတယ်တဲ့ (မှန်ပါ့) ဘယ်သူက ကန့်ကွက်တယ်ဆိုတာ ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက နိဗ္ဗာန်ကန့်ကွက်သတုံး (သဿတနဲ့ ဥစ္ဆေဒက ကန့်ကွက်ပါတယ် ဘုရား)။

သဿတနဲ့ ဥစ္ဆေဒက သေသေချာချာကန့်ကွက်တဲ့ တရားဆိုတာ သဘောကြီးကြီးနဲ့ မှတ်ပါနော် (မှန်ပါ့ ဘုရား)။

တစ်ခုသော သင်္ခါရတရားကို တစ်ခုသောဖဿကလေးကို တစ်ခုသောဝေဒနာကလေးကို နိစ္စလို့ ထင်နေတယ်ဆိုတော့ သဿဘဒိဋ္ဌိမနေဘူးလား (မှန်ပါ့) အဲဒီလို တစ်ခုခုထင်နေလို့ရှိရင် သစ္စာနုလောမိကဉာဏ်တောင် မရနိုင်ဘူးတဲ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီ့ သစ္စာနုလောမိကဉာဏ်မှ မရတဲ့ဥစ္စာ မရခဲ့လို့ရှိရင် သမ္မတ္တနိယာမဆိုတဲ့ မဂ်ဉာဏ်ကို (ဝါ) မဂ်စိတ်ပေါ်လိမ့်မယ်လို့ ငါဘုရားဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့ ဘုရား)။

သစ္စာနုလောမိကဉာဏ်မှ မရလို့ရှိရင် မဂ်ဉာဏ်နောက်ကပေါ်လိမ့်မယ်လို့ ငါမဟောဘူးတဲ့၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာနုလောမိကဉာဏ်မှ မရလို့ရှိရင် (မဂ်ဉာဏ်မရပါ) မဂ်ဉာဏ်မရနိုင်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

တစ်ခုသောတရားကို နိစ္စထင်ရင် သစ္စာနုလောမိကဉာဏ်တောင် မရဘူး (မှန်ပါ့) သစ္စာနုလောမိကဉာဏ်မှ မရလို့ရှိရင် မဂ်ဉာဏ်မရဘူး (မှန်ပါ့) မဂ်ဉာဏ်မှမရဘဲနဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ နိဗ္ဗာန်မျက်မှောက်ပြုလိမ့်လို့ ငါဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့) ကမ်းကုန်ပြီ၊ မကုန်ဘူးလား (ကုန်ပါတယ်) သဘောပါကြလား (ပါ ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီနေ့ ဟောတဲ့တရားမှာ နောက်က ဒကာ ဒကာမတွေ တော်တော့ကို အရေးကြီးပါလား၊ ဒီနှစ်ခုခွါဖို့ တော်တော်အရေးကြီးပါလားဆိုတာ ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

သဿတ ဥစ္ဆေဒလွတ်မှတဲ့ကွ

သဿတ ဥစ္ဆေဒလွတ်မှတဲ့ကွနော် (မှန်ပါ့) သဿတဥစ္ဆေဒမလွတ်လို့ရှိရင်ဖြင့်တဲ့ မောင်သစ်ရေ အာပေါက်အောင် အားထုတ်ကွ၊ မရပါဘူး (မှန်ပါ့) ဟုတ်လား၊ ထမင်းရည်ချောင်းစီးလှူပါ၊ မရဘူး ဟင် (မရပါ ဘုရား) အသက်နဲ့လဲပြီး သီလဆောက်တည်ပါ (မရပါ ဘုရား)။

တစ်ခုသောတရား သဿတ ဥစ္ဆေဒခံနေရင် တစ်ခုခုခံနေရင်မရဘူးတဲ့ (မှန်ပါ့) သဘောပါကြလား (ပါ ပါတယ် ဘုရား)။

ကောင်းပြီ ဒီလိုအင်္ဂုတ္တိရ်ပါဠိတော်ကြီးများမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သေသေချာချာဟောသောကြောင့် ဪ ဒီအနတ္တပေါ်၌ နားမလည်လို့ရှိရင်ဖြင့် သဿတသော်၎င်း၊ ဥစ္ဆေဒသော်၎င်း ရှိတော့မှာဘဲဆိုတာ ဒကာ ဒကာမတွေ သန္တာန်မှာ ရှိရလိမ့်မယ်၊ ရှိတတ်တယ် (မှန်ပါ့ ဘုရား)။

ရှိခဲ့လို့ရှိရင် ဦးအောင်ဇံဝေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (နိဗ္ဗာန်မရပါ) နိဗ္ဗာန်မရနိုင်တော့ဘူး (မှန်ပါ့) မရနိုင်တော့ဘူး နောက်က ဒကာ ဒကာမတွေ (မရနိုင်ပါ ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရအောင် ဒကာ ဒကာမတွေ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို ရောက်စေချင်တဲ့ဆန္ဒ ပြင်းပြပါမူကား နိဗ္ဗာန်ကိုအသာထားပြီး ဒိဋ္ဌိခွါတာရှေ့ထား ဟောမှသာလျှင် တရားအဆင်ပြေတော့မယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

နို့မဟုတ်ရင် တရားအဆင်မပြေဘူး၊ ဖက်ဆူးတရား ဖြစ်နေလိမ့်မယ်၊ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဒါကြောင့် တရားဆိုတာ နာရင် ကုသိုလ်ရတာချည့်ဆိုတာ ကုသိုလ်တော့ ရတာဘဲတဲ့၊ နိဗ္ဗာန်တော့ ရတဲ့တရား မရတဲ့တရား ရှိသေးတယ် (မှန်ပါ့) ကုသိုလ်ကတော့ ရတာချည့်ဘဲနော် (မှန်ပါ့ ဘုရား)။

တရားနာရင် ကုသိုလ်ကတော့ ရတာဘဲ၊ နိဗ္ဗာန်တော့ရမယ် မရမယ်ဆိုတာ ဒိဋ္ဌိခွါတဲ့တရားမှ နိဗ္ဗာန်ရမယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒါဖြင့် ဦးကျော်မောင်ကြီးတို့ မှတ်ထားပါ တရားနာ ကုသိုလ်ရ၊ ကုသိုလ်ရ နိဗ္ဗာန်ရတာပေါ့ကွလို့ ရိတီတီနဲ့ ဒီလိုများသွားမပြောလိုက်ပါနဲ့ (မှန်ပါ့) ဒီလိုသွားပြောတာ ဦးအောင်ဇံဝေ အတော်နာတယ် (နာပါတယ်) ဟုတ်မှမဟုတ်ဘဲ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိကွာတဲ့ တရားမှ နိဗ္ဗာန်ရတယ်

တရားနာတာ ကုသိုလ်ရတာက တစ်မျိုးနော် (မှန်ပါ့) တရားနာရင် ဒိဋ္ဌိကွာတာက (တစ်မျိုးပါ) အဲ ဒိဋ္ဌိကွာတဲ့ တရားမှ နိဗ္ဗာန်ရတယ်(မှန်ပါ့) ဒိဋ္ဌိမကွာတဲ့တရား ကုသိုလ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒိဋ္ဌိမကွာတဲ့တရားက (ကုသိုလ်ရပါတယ် ဘုရား)။

မင်းလုပ် မင်းရမယ်လို့ ဟောတဲ့တရားကို နာလို့ရှိရင် ကုသိုလ်ရတယ် (မှန်ပါ့) မင်းလုပ်ပေမဲ့ကွာ မင်းလဲမရှိဘူး၊ ရမည့်သူလဲ မရှိဘူးကွလို့ အကြောင်းအကျိုးမျှဘဲလို့၊ အကြောင်းဖြစ်လို့အကျိုးဖြစ်တာဘဲ၊ အကြောင်းချုပ်လို့ အကျိုးချုပ်တာဘဲလို့သိပြီး ဆရာသမားနဲ့တွေ့တော့ ဪ ဒါက အနတ္တဟောတာကိုး၊ သဿတလဲ မရှိအောင် ဥစ္ဆေဒလဲခွါအောင် ဒီလိုမှသာလျှင်လဲ ဝိပဿနာဉာဏ်မှာ အနတ္တကိုဉာဏ်ထဲမှာ ရှင်းပေတော့တယ်တဲ့၊ ဒီတရားမျိုးနာရမှသာလျှင် နိဗ္ဗာန်ရမယ် (မှန်ပါ့) နို့မဟုတ်လို့ရှိရင် (မရပါ ဘုရား)။

မရနိုင်ဘူးဆိုတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့က မိန်းမသားတွေနောက်က ဖြစ်ပြီး သကာလ နေတော့ တော်အောင် သာမညဆရာသမားနဲ့ ကုသိုလ်ရအောင် ဟောတတ်တဲ့ ဆရာသမားကတစ်မျိုး၊ နိဗ္ဗာန်ရောက်အောင် ဟောတတ်တဲ့ ဆရာသမားကတစ်မျိုး (မှန်ပါ့ ဘုရား)။

ဒါဦးကျော်မောင်တို့က အခုမှကွဲတာဗျ (မှန်ပါ့) နဂိုက ကွဲတာမဟုတ်ဘူး၊ နဂိုကမကွဲဘူး၊ မင်းလုပ် မင်းရလိမ့်မယ်ဆိုတဲ့တရားမျိုးခင်ဗျားတို့ သိပ်သဘောကျတယ် (မှန်ပါ့) အဲဒါ သဿတပါနေတယ် မပါဘူးလား (ပါ ပါတယ် ဘုရား)။

မင်းလုပ်တော့ သေတော့ မင်းဘဲရမှာဘဲဆိုတာက ဘာတရားတုံး (သဿဒိဋ္ဌိပါ) ဒါ နိဗ္ဗာန်မရဘူး၊ သဿတဒိဋ္ဌိပါနေတယ်တဲ့ (မှန်ပါ့ ဘုရား)။

ကုသိုလ် အကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ် မရှိ

မင်းလုပ်ပေမဲ့ကွာ အနတ္တဘဲကွ၊ အကြောင်းအကျိုးဘဲ၊ ဟုတ်လား (မှန်ပါ့) အကြောင်းအားလျော်စွာ အကျိုးကလဲဖြစ်မှာဘဲ၊ အကြောင်းချုပ်လဲ အကျိုးချုပ်သွားမှာဘဲကွ၊ မင်းဟာရယ်လို့တော့ ဘာမှမရှိဘူးဆိုတဲ့ စေတနာတွေပါ အနတ္တ၊ အကျိုးပေးတွေပါ အနတ္တ၊ ဒါကြောင့် ကမ္မဿ ကာရကော နတ္ထိ၊ ဝိပါကဿစ ဝေဒကော။ သုဒ္ဓဓမ္မာ ပဝတ္တန္တိ၊ ဧဝေတံ့ သမ္မဒဿနံ၊ ဒါဟောတယ် ဝိသုဒ္ဓိမဂ်က (မှန်ပါ့ ဘုရား)။

ကမ္မဿ=ကုသိုလ် အကုသိုလ်ကံကို၊ ကာရကော=ပြုတတ်တဲ့ပုဂ္ဂိုလ်သည်၊ နတ္ထိ=မရှိဘူး တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကုသိုလ် အကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ် (မရှိပါ) ရှိမှ မရှိဘဲ၊ ပုဂ္ဂိုလ်မှမရှိဘဲ (မှန်ပါ့ ဘုရား)။

”ဝိပါကဿစ ဝေဒကော”တဲ့၊ သူကပြုလိုက်တဲ့ အကျိုးကို ခံစားမည့် ပုဂ္ဂိုလ်သတ္တဝါလဲ မရှိဘူးတဲ့ (မှန်ပါ့ ဘုရား)။

ဒီလို့ကို ဉာဏ်ထဲမှာ မြင်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်မှ “သုဒ္ဓဓမ္မာ ပဝတ္တန္တိ”သက်သက် ဪ အကြောင်းကြောင့် အကျိုးဖြစ်တာဘဲရှိတယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တာဘဲရှိတယ်လို့သိတယ် (မှန်ပါ့) “ဧဝေတံ သမ္မဒဿနံ” အဲဒီအမြင်နဲ့ မြင်ပါမှ နိဗ္ဗာန်ရမှာတဲ့ (မှန်ပါ့) သဘောပါကြပလား (ပါ ပါပြီ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အခုနောက်ပိုင်းကလေးမှာထိုးထိုးထွင်းထွင်းပြောတတ်တဲ့ဆရာ ဝေဖန်ပြီး ပြောတတ်တဲ့ ဆရာသမားနဲ့တွေ့လို့ တော် တော်သေးတယ် (မှန်ပါ့) နို့ မဟုတ်လို့ရှိရင် နည်းရောင်း များရောင်း တောင်းပြည့်ပြီးရော ကုသိုလ်ဆိုရင် အကောင်းချည့်ဘဲလို့ ဆိုချင်ဆိုကြမယ် (မှန်ပါ့) မဆိုဘူးလား (ဆိုပါတယ် ဘုရား)။

အကောင်းလဲ ဝေဖန်ရလိမ့်ဦးမယ်

ဆိုခဲ့သည်ရှိသော် အကောင်းချည့်ဘဲလားဆိုတော့ ကောင်းတော့ကောင်းပါရဲ့၊ သို့သော် နိဗ္ဗာန်ရတဲ့ ကုသိုလ်အကောင်းက တစ်မျိုး၊ နိဗ္ဗာန်မရတဲ့ အကောင်းက တစ်မျိုးရှိသေးတယ်ကွ၊ အကောင်းလဲ ဝေဖန်ရလိမ့်ဦးမယ် (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။

အဲဒါတွေကိုကျတော့ တော်တော့်နား တော်တော့အကြံသမားနဲ့ တော်တော့ဉာဏ်နဲ့ ဒီဥစ္စာနားလဲ မလည်နိုင်ဘူး (မလည်ပါ ဘုရား)။

မလည်နိုင်ဘူး မောင်သစ်ရ (မှန်ပါ့) ဘာဖြစ်လို့တုံးဆိုတော့ နဂိုကြိုက်ထားတာက ကုသိုလ်ဆိုရင် နည်းရောင်း များရောင်း တောင်းပြည့် ပြီးရောဆိုတာ ကြိုက်ထားတာကိုး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဟ ကုသိုလ်ဆိုတာ အကောင်းချည့်ပေါ့ကွ ဆိုတာကလဲ လူတိုင်းပါးစပ်မှာ နှုတ်တက်နေတယ် (မှန်ပါ့) မတက်ပေဘူးလား (တက်ပါတယ် ဘုရား)။

တက်နေတော့ ဘယ်ဟာမဆို နိဗ္ဗာန်ရောက်တယ် ယူထားတယ် (မှန်ပါ့) ဒိဋ္ဌိတန်းလန်းနဲ့ ကုသိုလ်က နိဗ္ဗာန်မရောက်ဘူး (မှန်ပါ့) ဒိဋ္ဌိပြုတ်တဲ့ကုသိုလ်က နိဗ္ဗာန်ရောက်တယ်ဆိုတော့ ကဲ၊ ဒါဖြင့် ဒီနေ့ပြောလိုက်တော့ ဒကာ ဒကာမတွေ ရှင်းသွားပါပြီတဲ့၊ ဪ အနတ္တဟာ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက်အကျင့်စရိုက်ကို မလိုက်တဲ့ အနတ္တကတစ်မျိုး၊ ဟုတ်လား (မှန်ပါ့) ဓမ္မသဘောအတိုင်းအကြောင်းဖြစ်၍ အကျိုးဖြစ်ပြီး အကြောင်းချုပ်၍ အကျိုးချုပ်တဲ့ဓမ္မတွေ သဘောအတိုင်းဖြစ်နေတဲ့ပုဂ္ဂိုလ်ကို ငါဝင်မရှုပ်နိုင်တဲ့ သဘောအနတ္တက တစ်မျိုး (မှန်ပါ့) ပေါင်းလိုက်တော့ ဘယ်သူမှ မပိုင်တာချည့်ပါဘဲနော် (မှန်ပါ့ ဘုရား)။

နှစ်ခုစလုံး အဓိပ္ပါယ်မှာ နောက်ဆုံးပိတ်ကျတော့ ထပ်သွားတယ် (မှန်ပါ့) ဘယ်လိုထပ်သွားသတုံး ဆိုတော့ ဟိုဓမ္မက အကြောင်းသာမသိမ်းဆည်းတာ ဪ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့ မကိုက်ဘူး၊ ဒါကြောင့် အနတ္တ (မှန်ပါ့) နောက်ဟောလိုက်တဲ့ အနတ္တက ဓမ္မတစ်ခုကကျေးဇူးပြုလိုက်တယ်၊ ကျေးဇူးပြုတဲ့ ဓမ္မကိုက အနတ္တမို့ ကျေးဇူးအပြုခံရတဲ့ ဓမ္မဟာလဲ အနတ္တဘဲ၊ ဓမ္မ ဓမ္မချင်းအနတ္တ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါတွေ သိထားတော့မှတဲ့ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစင်သွားတဲ့ အဓိပ္ပါယ်ရပါတယ် (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်ကလဲ အနတ္တ

အဲဒီ့ ဒိဋ္ဌိနှစ်ခုစင်တဲ့ အနတ္တဉာဏ်ကိုရှုမှ နိဗ္ဗာန်မြင်လာတယ် (မှန်ပါ့) ဘာ့ကြောင့် မြင်လာသတုံးလို့မေးတော့ ဒီညတရားနိဂုံးချုပ်တာကို ကြပ်ကြပ်သတိထားမှတ်ပါ (မှန်ပါ့) နိဗ္ဗာန်ကလဲ အနတ္တ၊ ခင်ဗျားတို့ အရှုခံတဲ့ ဓမ္မကလဲအနတ္တ (မှန်ပါ့ ဘုရား)။

အနတ္တ ဘယ်နှစ်မျိုးရှိသတုံး (နှစ်မျိုးပါ) အနတ္တနှစ်မျိုး၊ ခုနက နှစ်မျိုးနဲ့ မရောစေနဲ့ (မှန်ပါ့) နိဗ္ဗာန်ကလဲအနတ္တ၊ အရှုခံရတဲ့ တရားကလဲ (အနတ္တပါ ဘုရား)။

နိဗ္ဗာန်ကလဲ (အနတ္တပါ) အရှုခံရတဲ့တရားကလဲ (အနတ္တပါ ဘုရား) အနတ္တဘဲဆိုတော့ အရှုခံရတဲ့ အနတ္တကိုမုန်းတယ်၊ အရှုခံရတဲ့ အနတ္တကိုသိ (မှန်ပါ့ ဘုရား)။

အရှုခံရတဲ့ အနတ္တကိုသိပြီးတော့ အရှုခံရတဲ့ အနတ္တကိုမုန်း၊ အရှုခံရတဲ့ အနတ္တကြီးကိုမလိုချင်မှ ဟုတ်လား (မှန်ပါ့) မည်သူမှ မပြုတဲ့ အနတ္တဆိုတဲ့ နိဗ္ဗာန်ရမယ်၊ နို့ မဟုတ်ရင် မရဘူး (မှန်ပါ့ ဘုရား)။

ဒါ သေသေချာချမှတ်စမ်းပါ၊ ဒီစကားတစ်လုံးဟာ မလွယ်ဘူး (မှန်ပါ့) အရှုခံရတဲ့ သင်္ခါရအနတ္တပေါ့ဗျာ၊ သဘောကျပလား (မှန်ပါ့) သင်္ခါရအနတ္တဆိုတာ ရုပ်နာမ်အနတ္တ (မှန်ပါ့ ဘုရား)။

အဲဒီ့ အရှုခံရတဲ့ အနတ္တကိုမြင်၊ ပြီးတော့မှမုန်း၊ ပြီးတော့မှ ဒီအနတ္တကြီးကို မလိုချင်လို့ဆုံးမှ ဟို ဘယ်သူမှပြုလုပ်လို့မှမဖြစ်၊ ဘယ်သူမှ ကြံစည်လို့မရတဲ့ နိဗ္ဗာန်အနတ္တကို ရမယ်၊ ဒီအနတ္တအဆုံးမှာ ဟိုအနတ္တရှိတယ် (မှန်ပါ့ ဘုရား)။

သင်္ခါရအနတ္တအဆုံးမှာ အသင်္ခတအနတ္တရှိတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

သင်္ခါရအနတ္တအဆုံးမှာ (အသင်္ခတ အနတ္တရှိပါတယ်) ဒါဖြင့် ဒါ အနတ္တ အနတ္တချင်း မတူဘူးပေါ့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သင်္ခါရ အနတ္တအဆုံးမှာ (အသင်္ခတ အနတ္တရှိပါတယ်) အသင်္ခတ အနတ္တရှိတယ်ဆိုတော့ သင်္ခါရအနတ္တမှ မတွေ့သေးတဲ့ပုဂ္ဂိုလ်ဟာ သင်္ခါရအနတ္တဆုံးအောင် လမ်းလျှောက်နိုင်ပါ့မလား (မလျှောက်နိုင်ပါ ဘုရား)။

မလျှောက်နိုင်လို့ရှိရင် အသင်္ခတ အနတ္တ ရလိမ့်မယ်လို့ မျှော်လင့်ချက် ထားငြားသော်လဲ ကြာလေဝေးလေဖြစ်မှာဘဲ (မှန်ပါ့) မဖြစ်ပေဘူးလား (ဖြစ်ပါတယ် ဘုရား)။

ကြာလေ ဝေးလေဖြစ်လိမ့်မယ်ဆိုတာ မောင်သစ် ယုံကြည်ပလား (ယုံကြည်ပါတယ် ဘုရား)။

သင်္ခါရအနတ္တအဆုံးမှာ အသင်္ခတအနတ္တရှိတယ်

ဒါဖြင့် တကယ့် အနတ္တနိဗ္ဗာန် လိုချင်လို့ရှိရင်ဖြင့် သင်္ခါရအနတ္တကို ဆုံးအောင်လိုက်မှသာလျှင် အသင်္ခတ အနတ္တကို ရောက်ဖြစ်တော့မယ် (မှန်ပါ့) သင်္ခါရအနတ္တအဆုံးမှာ အသင်္ခတအနတ္တရှိတယ်၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတဲ့တုံး (သင်္ခါရအနတ္တအဆုံးမှာ အသင်္ခတအနတ္တရှိပါတယ်) ဒါဖြင့် သင်္ခါရ အနတ္တကို မတွေ့တဲ့ပုဂ္ဂိုလ်များအတွက်မှာ ဪ အသင်္ခတ အနတ္တကြီး နီးပေါ့လို့ဆိုတဲ့ စကားဟာမသုံးထိုက်ဘူး (မှန်ပါ့) ဦးစံဖေ သုံးနိုင်ပါ့မလား (မသုံးနိုင်ပါ ဘုရား)။

ခင်ဗျားတို့ ဒီစကားတွေက ထူးထူးဆန်းဆန်းကြားနေရတယ်၊ လွယ်တာမဟုတ်ဘူးဟင် (မှန်ပါ့ ဘုရား) နောက်က ဒကာ ဒကာမတွေ လွယ်တယ်များ ထင်မနေနဲ့ (မလွယ်ပါ ဘုရား)။

သင်္ခါရ အနတ္တကိုမှ မတွေ့တဲ့ပုဂ္ဂိုလ်ဟာ အသင်္ခတ အနတ္တကို မောင်ချစ်စိန် တွေ့ကိုမတွေ့ဘူး (မတွေ့ပါ ဘုရား)။

သင်္ခါရ အနတ္တကို တွေ့မှသာလျှင် သင်္ခါရ အနတ္တကိုမြင်၊ သင်္ခါရအနတ္တကိုမုန်း၊ သင်္ခါရအနတ္တကို သစ္စာရယ်လို့ သိပြီးဆုံးသွားမှ အသင်္ခတအနတ္တက ပေါ်လာတာ (မှန်ပါ့ ဘုရား)။

ဒါကြောင့် အနတ္တနှစ်မျိုးဟောတယ် (မှန်ပါ့) နောက်နျစ်မျိုး (မှန်ပါ့) အရင်ပြောခဲ့တဲ့ ကျင့်နည်းအနတ္တကနှစ်မျိုး၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို မြင်နည်းအနတ္တက နှစ်မျိုး၊ ကျင့်နည်းအနတ္တက နှစ်မျိုး (မှန်ပါ့ ဘုရား)။

မြင်နည်းအနတ္တက ပဌမဟောခဲ့တာ နာရီသုံးမတ် ဟောခဲ့တာ (မှန်ပါ့) မြင်နည်းအနတ္တက နှစ်မျိုးဟုတ်လား (မှန်ပါ့) ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက် အကျင့်စရိုက်နဲ့မကိုက်တဲ့အနတ္တက တစ်မျိုး (မှန်ပါ့) အကြောင်းအနတ္တမို့ အကြိုးအနတ္တဖြစ်ရတာက တစ်မျိုး၊ အဲဒါက မြင်နည်းအနတ္တ ဟောခဲ့ပါတယ် (မှန်ပါ့ ဘုရား)။

ကျင့်နည်း အနတ္တ

နောက်နည်းက ကျင့်နည်းအနတ္တက နှစ်မျိုး (မှန်ပါ့) ကျင့်နည်း အနတ္တဆိုတာက ပဌမကျင့်လိုက်တယ်၊ ဖြစ်ပျက်ကလေးတွေဟာ အနတ္တ၊ သင်္ခါရကလေးတွေဟာ အနတ္တဘဲ၊ သဗ္ဗေဓမ္မာ အနတ္တဘဲ။ အဲဒီအနတ္တကလေးကို မြင်အောင်ရှု။ အဲဒီ့အနတ္တကလေးဟာ တကယ့်ရွံစရာ မုန်းစရာ-ငြီးငွေ့စရာပါကလားလို့ အဲဒီကျအောင်လုပ် (မှန်ပါ့) နောက်မှ ဒီအနတ္တဆိုတာ တခြားမဟုတ်ပါလား။ သူ့ဟာသူ ဒုက္ခရောက်တာ ကြည့်နေရတာပါလား ဆိုတာ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခတွေကော သူတွေ့တာဘဲ။ ဒီ့ပြင် ဘာမှမတွေ့ပါဘူး။ ပေါ်ပလား (ပေါ်ပါပြီ)။

အဲဒီ့ အနတ္တတွေတွေ့တော့အနတ္တတွေ ဒုက္ခသစ္စာမှန်းသိတော့ ဆုံးသွားတဲ့အခါကျတော့မှ ဪ သင်္ခါရ အနတ္တ အဆုံးမှာ အသင်္ခတ အနတ္တရှိနေပါလားလို့ဆိုတဲ့ဥစ္စာက ကျင့်စဉ်အနတ္တ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

သိဖို့ အနတ္တက နှစ်မျိုး။ ကျင့်စဉ်အစ,အဆုံးအနတ္တက နှစ်မျိုး

ဒါဖြင့် သိဖို့ အနတ္တက နှစ်မျိုး။ ကျင့်စဉ်အစ,အဆုံးအနတ္တက နှစ်မျိုး။ ဒီနှစ်မျိုးကို ဒကာ ဒကာမတွေ ဝေဖန်ပြီး သကာလ မှ မသိသေးလို့ရှိရင်ဖြင့် တဲ့ ဘယ်နည်းနှင့်မှ ဒုက္ခ ခပ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်, ကိလေသာသိမ်းတဲ့ နိဗ္ဗာန်ကို, ဒုက္ခဟူသ၍မှလဲ လွတ်တဲ့ ကျွတ်တဲ့ ဝိမုတ္တဖြစ်တဲ့ နိဗ္ဗာန်ကို ဦးကျော်မောင် ရမယ် မဟုတ်ဘူးဆိုတော့ ခင်ဗျားတို့ အခု ယနေ့နာရတဲ့တရားသည် မောင်သစ် အလွန်ထူးခြားတယ် (ထူးခြားပါတယ် ဘုရား) အလွန်ထူးခြားတယ်ဆိုတဲ့ အဓိပ္ပါယ်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဒါက ဉာဏ်ကြီးရင် လိုနေတဲ့ဥစ္စာ အများကြီးကျန်ပါသေးလားဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့) ကျင့်တော့ ကျင့်တာဘဲတဲ့။ ဆရာသမားက ဖြစ်ပျက်ရှုခိုင်းရင် ဖြစ်ပျက်ရှုလိုက်တာဘဲတဲ့။ ရှုပင်ရှုငြားသော်လဲ ဒို့ဉာဏ်ထဲမှာ ရှင်းသထက်ရှင်းအောင်လို့ ပုဂ္ဂိုလ်အလို သတ္တဝါအကြိုက်အကျင့်စရိုက်နဲ့ မကိုက်တဲ့သဘောဆိုတာ ဒါဘဲလို့ ဉာဏ်နဲ့ တခါတည်း ထင်ထင်ရှားရှားဖြစ်အောင် လုပ်လိုက်ဦး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

ဟာ သူ့အကြောင်းကိုက ဝေဒနာအကြောင်းကိုက အနတ္တမို့ တဏှာတည်းဟူသော အနတ္တပေါ်လာတယ်ဟေ့၊ ဝေဒနာအကြောင်းအနတ္တချုပ်ပြန်တော့လဲ တဏှာအနတ္တ ချုပ်သွားတာဘဲလို့ဆိုပြန်တော့ တဏျာနောက်နေပြီး သကာလ မဂ်ဝင်လိုက်တာဘဲ။ မဟုတ်ဘူးလား (မှန်ပါ့)။

တဏှာနောက်က ဘယ့်နှယ်တုံး (မဂ်ဝင်ပါတယ် ဘုရား)။

မဂ်ဝင်လိုက်တဲ့အခါကျတော့ ဥပါဒါန် ကံပြတ်ထွက်သွားတာဘဲ (မှန်ပါ့) မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

အဲဒီကဲ့သလို့ ပြတ်သွားခြင်းကြောင့်လဲ အကြောင်းအကျိုးအနတ္တကို သိပြန်ခြင်းကြောင့်လဲ ဪ ဒီလိုလဲ ရှုနည်းတစ်မျိုးပါလား (မှန်ပါ့)။

အကြောင်းအနတ္တမို့ အကျိုးအနတ္တဖြစ်ရတယ် ဆိုတဲ့ ရှုနည်းတစ်မျိုးကလဲ မလာဘူးလား (လာပါတယ် ဘုရား)။

ဒီရှုနည်းအတိုင်း ရှုကြဟေ့

အဲဒီကဲ့သို့ ရှုနည်းတွေ လာတော့မှ ကိုင်း ဒါဖြင့် ဒီရှုနည်းအတိုင်း ရှုကြဟေ့၊ ရှုကြ ရှုကြ ဆိုတော့ ဒီ အနတ္တကို ယထာဘူတဉာဏ်နဲ့မြင်ရော (မှန်ပါ့) ဒီ အနတ္တကို နိဗ္ဗိန္ဒဉာဏ်နဲ့ မုန်းရော နော် (မှန်ပါ့ ဘုရား) ဒီ အနတ္တကို ဒုက္ခသစ္စာလို့ သိပြီး သကာလ သွားတော့ အနတ္တသဘောတွေက ချုပ်သွားတာပေါ့လေ (မှန်ပါ့ ဘုရား)။

ချုပ်သွားတော့ သင်္ခါရအနတ္တတွေချုပ်သွားတယ်၊ ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ သင်္ခါရအနတ္တတွေ ချုပ်သွားတယ် (မှန်ပါ့)။

ဒါဖြင့် ဖြစ်မှု ပျက်မှု ကင်းတဲ့ အနတ္တဆိုတဲ့ နိဗ္ဗာန်ကြီးဟာ ပေါ်နေတယ် (မှန်ပါ့)။

ဖြစ်မှု ပျက်မှု ကင်းတဲ့ နိဗ္ဗာန်ဟာ (ပေါ်နေပါတယ် ဘုရား) အဲဒါ ဘယ်အနတ္တက ဘယ်အနတ္တအား ကျေးဇူးပြုလိုက်ပါလိမ့်မတုံးဆိုတော့ သင်္ခါရအနတ္တက အသင်္ခတ အနတ္တ ကျေးဇူးပြုလိုက်တယ် (မှန်ပါ့) ဒါ့ကြောင့် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

သင်္ခါရအနတ္တအဆုံးမှာ အသင်္ခတအနတ္တရှိတယ်ဆိုတာ ယနေ့တရားမှာ မှတ်ရမယ် (မှန်ပါ့) မှတ်လိုက်တဲ့အခါကျတော့ ဒါအလုပ်စဉ်နဲ့ တက်သွားရင် ဒီနေရာ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

ကဲ ရောက်အောင်ကြိုးစားရလိမ့်မယ် ဆုံးဖြတ်ချက်ချ (မှန်ပါ့ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။