11411

မာတိကာသို့

ပပဉ္စချုပ်ပျောက်ကြောင်း

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

အမရပူမြို့ ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

( ပပဉ္စချုပ်ပျောက်ကြောင်း )ညအလုပ်ပေး – တရားတော်

(၁၄-၉-၆၂)

တဏှာ,မာန,ဒိဋ္ဌိ

ဒကာ ဒကာမတွေ သန္တာန်မှာတဲ့ တဏှာဆိုတဲ့ လိုချင်မှုခန္ဓာခင်မှုတဲ့ တစ်ခုရှိပါတယ်၊ ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့ တဏှာ၊ တနည်းအားဖြင့် ဗဟိဒ္ဓပစ္စည်းတွေ ခင်တဲ့ သား, သမီး, မြေး, မြစ်,ခင်ပွန်း အစရှိသည်တို့ခင်တဲ့ တဏှာ၊ ဒီတဏှာလဲရှိတယ်တဲ့။

ဒီဟာတွေ အကြောင်းရင်းခံပြီး သကာလ တစ်ခါ ကိုယ့်ကိုအကြောင်းရင်းခံပြီးသကာလ ငါလုပ်နိုင် ကိုင်နိုင်သေးတယ်၊ ရှာနိုင် ဖွေနိုင်သေးတယ်ဆိုတဲ့ မာနကလဲ ခန္ဓာကြောင့်ဘဲ လာတာဘဲ။

ဒိဋ္ဌိကလဲ ငါခိုင်တယ်၊ ငါမြဲတယ်လို့ဆိုတာ ခန္ဓာကြည့်ပြီးသကာလ လာတာဘဲ။

အဲဒီတော့ အကျဉ်းချုပ် ဒီဒကာ ဒကာမတွေ မှတ်ထားဖို့ရာက တဏှာ,မာန,ဒိဋ္ဌိ ဆိုတဲ့တရားဟာ အလိုလိုပေါ်လာတဲ့တရားမဟုတ်ပါဘူး၊ ခန္ဓာကို အစွဲပြုပြီးသကာလ ဖြစ်ပေါ်လာတဲ့ တရားလို့ မှတ်ထားကြပါ (မှန်ပါ့ ဘုရား)။

တဏှာရယ်, မာနရယ်, ဒိဋ္ဌိရယ် ဆိုတဲ့ ပပဉ္စတရားဟာ “သံသာရဒုက္ခံ ပပေဉ္စန္တိ ဝိတ္ထာရေန္တီ ပပဉ္စာ” သံသာရဒုက္ခံ သံသရာ၌ဖြစ်တဲ့ ဆင်းရဲဒုက္ခ အဆက်ဆက်ကို၊ ပပေဉ္စန္တိ ဝိတ္ထာရေန္တိ = ကျယ်ပွားအောင်, ကြီးထွားအောင်, မဆုံးနိုင်အောင် ပြုလုပ်တတ်ကုန်၏။ (မှန်ပါ့ ဘုရား)။

ဒါကြောင့် တဏှာ, မာန, ဒိဋ္ဌိဟာ ဘယ်ကလာသတုံးလို့ ဦးကျော်မောင် မေးမေး၊ ဦးစံဖေ မေးမေးပေါ့ဗျာ၊ ခန္ဓာကလာတယ်ချည့် ဖြေကြပါ (မှန်ပါ့ ဘုရား)။

တဏှာ, မာန, ဒိဋ္ဌိဟာ ဘယ်ကလာသတုံး (ခန္ဓာကလာပါတယ်) ခန္ဓာကလာတယ်လို့ ဆိုသဖြင့် စဉ်းစားကြည့်ပါတဲ့ ဦးမြမောင် ကိုယ့်ခန္ဓာကိုယ်က ကြည့်တဲ့ပြီး သကာလ သားတွေ, သမီးတွေ ပြောလိုက်တယ်၊ ဟေ့ ငါလုပ်နိုင် ကိုင်နိုင်သေးတယ်ကွ၊ လက်သီး လက်မောင်းတန်းပြ၊ ရိုးရိုးဘဲပြောပြော၊ ခန္ဓာငဲ့ပြောတာဘဲ (မှန်ပါ့ ဘုရား)။

တဏှာကလဲ ဘာလေးဖြစ်ဖြစ် အန္တရာယ်လွတ်အောင် ရှောင်မယ်ကွဆိုတာလဲ ခန္ဓာခင်လွန်းလို့ ပြောတာဘဲ (မှန်ပါ့) ခန္ဓာကို ခလုတ်မထိ ဆူးမငြိအောင်လို့ ဘယ်ဟာဖြစ်ဖြစ်လွတ်အောင် ရှောင်မယ်လို့ စိတ်ထားရှိကြတာလဲ ခန္ဓာခင်လို့ဘဲ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တဏှာလဲ ဘယ်ကလာသတုံးမေးရင် (ခန္ဓာကလာပါတယ်) ငါလုပ်နိုင် ကိုင်နိုင်သေးတယ်ကွ၊ ဘယ်သူ့လက်အောက်မှ မကျသေးပါဘူး ဆိုတာလဲ မာနဘဲ (မှန်ပါ့) ဒီမာနကလဲ ဘယ်သူ့အစွဲဲပြုပြီးလာတဲ့ မာနပါလိမ့် (ခန္ဓာအစွဲပြုပြီးလာတာပါ) ခန္ဓာအစွဲပြုပြီးလာတဲ့ မာနလို့မှတ်ထားပါနော် (မှန်ပါ့ ဘုရား)။

ငါ ငါ့ဟာလို့ ကိုယ့်ခန္ဓာကြီးကို ငါ့အပေါ် ဘယ်သူမှအစိုးမရနဲ့ကွ၊ ငါမကြိုက်ဘူးကွ၊ငါ့ဟာငါ နေချင်တဲ့သဘောဘဲ၊ငါ့သဘောနဲ့ ငါလုပ်ချင်တဲ့ သဘောဘဲ၊ ဒီလိုလဲ ခင်ဗျားတို့ပြောလေ့ဆိုလေ့ရှိပါတယ် (မှန်ပါ့ ဘုရား)။

ဒီဒိဋ္ဌိကလဲ ဘယ်သူ့အစွဲပြုပြီး ပေါ်လာပါလိမ့်မလဲမေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာကိုယ် အစွဲပြုလာပါတယ် ဘုရား)။

ခန္ဓာဟာ မှီခိုရာဋ္ဌာန စွဲဖြစ်ရာဋ္ဌာန

ခန္ဓာဟာ တဏှာ,မာန, ဒိဋ္ဌိတို့၏ မှီခိုရာဋ္ဌာန စွဲဖြစ်ရာဋ္ဌာန၊ သဘောကျပလား (ကျပါပြီ) တဏှာ,မာန, ဒိဋ္ဌိတို့၏ မှီခိုရာဋ္ဌန၊သူ့စွဲပြီးသကာလ ပေါ်ရာဋ္ဌာနပေါ့ဗျာ (မှန်ပါ့ ဘုရား)။

လောကီဥပမာ ပြောကြပါစို့ဆို၊ မှိုဘယ်က ပေါက်သတုံး၊မြေပေါ်ကပေါက်တယ်ဆိုသလို မှိုနဲ့တူတဲ့ တဏှာ,မာန, ဒိဋ္ဌိဟာ မြေအစွဲပြုပြီးလာတာဘဲ (မှန်ပါ့) ဒီမှာလဲ ခန္ဓာအစွဲပြုပြီးသကာလ တဏှာ,မာန, ဒိဋ္ဌိလာရတယ်နော် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီခန္ဓာတော့ ဟုတ်ပြီတဲ့၊ဒီခန္ဓာအစွဲပြုပြီး တဏှာ,မာန, ဒိဋ္ဌိကလာတယ်၊ ခန္ဓာကို အကြည့်မှားနဲ့ လာတာလား၊အကြည့်မှန်နဲ့ လာတာလားလို့ တစ်ခါမေးခွန်းပြန်ထုတ်ရမယ်၊ဟင် (မှန်ပါ့ ဘုရား)။

မေးခွန်းထုတ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေက မှတ်ထားပါတဲ့၊ ခန္ဓာကိုကြည့်လိုက်တယ်၊ မျက်လုံးနဲ့ကြည့်ကြည့်၊အသံကိုနားနဲ့ထောင်ထောင်၊ အနံ့ကို နှာခေါင်းနဲ့ ရှူရှူ၊ အရသာကို လျှာနဲ့လျက်လျက်၊ အတွေ့အထိကို ကိုယ်နဲ့ဘဲစမ်းသပ်စမ်းသပ်၊ ဓမ္မာရုံကို မနောနဲ့ဘဲ တွေ့ထိတွေ့ထိ၊ဒါတွေဟာတဲ့၊တစ်ခုခုနဲ့ မျက်လုံးနဲ့ကြည့်လိုက်တဲ့အတွက် မျက်လုံးအကြည့်မှား နားအထောင်မှား၊ နှာခေါင်း အရှူအရှိုက်မှား၊ လျှာအစားအသောက်မှား၊ ကိုယ်အတွေ့အထိမှား၊ မနောကြံစည်မှား ဤမှားတဲ့ သဘောနဲ့ ခန္ဓာကိုယ်ကြည့်လိုက်တော့မှ ကြားထဲမှာ တဏှာ,မာန, ဒိဋ္ဌိ ပေါ်လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဪ တဏှာ,မာန, ဒိဋ္ဌိဆိုတာ အလိုလိုပေါ်တာလား ခန္ဓာအစွဲပြုပေါ်တာလား (ခန္ဓာအစွဲပြုပေါ်တာပါ ဘုရား)။

မှတ်ထား မှတ်ထား ခန္ဓာအစွဲပြုပေါ်တယ်၊ ခန္ဓာအစွဲပြုပေါ်တာတော့ ကျေနပ်ပါပြီတဲ့၊ မိမိခန္ဓာငါးပါး အစွဲပြုပြီး ပေါ်လာတယ်၊ ခန္ဓာကြည့်တိုင်း ကြည့်တိုင်း အရိယာများကျတော့ မပေါ်ဘူးတဲ့ (မှန်ပါ့) တဏှာ,မာန, ဒိဋ္ဌိ မပေါ်ဘူး၊ ခင်ဗျားတို့ကျတော့ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

ဪ ဒါဟာ အကြည့်မှား အကြားမှား၊ဒါကြောင့်လာတာ (မှန်ပါ့) သဘောပါသလား (ပါပါပြီ ဘုရား)။

အကြည့်မှား အကြားမှားကြောင့် လာတာ

အကြည့်မှား အကြားမှားကြောင့် (လာတာပါ ဘုရား) ဒွါရခြောက်ပေါက် အကုန်ပေါ့ မောင်သစ် (မှန်ပါ့ ဘုရား)။

မျက်လုံးအကြည့်မှားတာနဲ့လဲ တဏှာ,မာန, ဒိဋ္ဌိ လာတယ် (မှန်ပါ့)နားအထောင်မှားတာနဲ့လဲ (တဏှာ,မာန, ဒိဋ္ဌိ လာပါတယ်) နှာခေါင်းအရှူအရှိုက်မှားတာနဲ့လဲ (တဏှာ,မာန, ဒိဋ္ဌိလာပါတယ်)လျှာ အစားအသောက်မှားတာနဲ့ (တဏှာ,မာန, ဒိဋ္ဌိလာပါတယ်)ကိုယ်နဲ့တွေ့ထိတာမှားတာနဲ့ (တဏှာ,မာန, ဒိဋ္ဌိလာပါတယ်) ကောင်းပြီ၊ ကြံစည်မှုမှားတာနဲ့ (တဏှာ,မာန, ဒိဋ္ဌိလာပါတယ် ဘုရား)။

ဒါဖြင့် ဒီလိုလုပ်ကြပေတော့ တဏှာ,မာန, ဒိဋ္ဌိဟာ ခန္ဓာနဲ့အကြည့်မှား နားထောင်မှားကို အစွဲပြုပြီး ပေါ်လာတာ (မှန်ပါ့ ဘုရား)။

ဪ တဏှာ,မာန, ဒိဋ္ဌိက နှစ်ခုပေါင်းစပ်ပြီး သကာလပေါ်လာတာဆိုတာ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

လောကီဥပမာပြပါမယ်တဲ့၊ပြဒါးသုတ်ထားတဲ့မှန်ရှေ့ကထား ဦးမောင်တို့က မှန်ရှေ့က တည့်တည့်ရပ်ပါ (မှန်ပါ့)အလယ်ရိပ်မှာ အရိပ်ပေါ်မယ် (မှန်ပါ့)မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အလယ်မှာ အရိပ်ပေါ်တယ်၊ ဪ ဒါဖြင့် မှန်လဲရှိလို့ ရှေ့ကလူလဲရပ်လို့ အလယ်မှာ အရိပ်ပေါ်တာဘဲ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲ ထို့အတူပဲတဲ့ ခန္ဓာလဲရှိလို့ ရှေ့ကအကြည့်မှားလဲရှိလို့ အလယ်မှာ တဏှာ မာန ဒိဋ္ဌိပေါ်တယ် (မှန်ပါ့) အရိပ်နဲ့တူတဲ့ တဏှာ မာန ဒိဋ္ဌိပေါ်တယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ သေသေချာချာ မှတ်ပါ၊ ဒီဥစ္စာ လွယ်ကူတဲ့ အဓိပ္ပါယ်မဟုတ်ဘူး (မှန်ပါ့) ခင်ဗျားတို့က တဏှာ မာန ဒိဋ္ဌိ ပပဉ္စတရားဆိုတာတော့ ကြားဘူးတယ် (မှန်ပါ့ ဘုရား)။

ပပဉ္စတရားဟာ ဘယ့်နှယ်ကြောင့် ပေါင်းပြီး လုပ်လိုက်တဲ့ပပဉ္စဆိုတာ မသိဘဲ ဖြစ်နေတယ် (မှန်ပါ့)။

ဘယ့်နှယ်ကြောင့် ပေါင်းပြီးလုပ်လိုက်တဲ့ ပပဉ္စဆိုတာ မသိဘဲ ဖြစ်နေတော့ ဦးကျော်မောင်တို့က ဪ ခန္ဓာလဲရှိလို့ဒီက အကြည့်မှားလဲရှိလို့ အလယ်မှာ တဏှာ မာန ဒိဋ္ဌိပေါ်တာဘဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကိုအကြည့်မှားနဲ့ ကြည့်လိုက်တဲ့အတွက် အလယ်မှာဘာပေါ်လာသတုံး (တဏှာ,မာန, ဒိဋ္ဌိ ပေါ်လာပါတယ်)တဏှာ,မာန, ဒိဋ္ဌိပေါ်လာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒါဖြင့် တဏှာ မာန ဒိဋ္ဌိဟာ အလိုလိုပေါ်တာလားလို့မေးရင် ခန္ဓာလဲ ရှိလို့နော် (မှန်ပါ့) နှလုံးသွင်းမှားနဲ့လဲ ကြည့်လိုက်လို့ ဘာပေါ်လာသတုံး ( တဏှာ မာန ဒိဋ္ဌိ ပေါ်လာပါတယ် ဘုရား)။

တဏှာ မာန ဒိဋ္ဌိသေရင်လဲ နိဗ္ဗာန်ဘဲ

သေသေချာချာမှတ်ပါ၊ သေသေချာချာမှတ်ပါ၊ ဒီ တဏှာ မာန ဒိဋ္ဌိသေရင်လဲ နိဗ္ဗာန်ဘဲ (မှန်ပါ့)”နိပ္ပပဉ္စ တထာဂတာ” ဘုရားမှာ ဘယ့်နှယ်ကြောင့် ဘုရားဖြစ်ရပါလိမ့်မတုံးမေးတော့ နိပ္ပပဉ္စ ပပဉ္စမရှိလို့ ဘုရားဖြစ်တာကွတဲ့ (မှန်ပါ့)။

ဒီမှာလဲ ခင်ဗျားတို့ ပပဉ္စမရှိမှ သောတာပန် သကဒါဂါမ် အနာဂါမ် အစရှိသည် ဖြစ်ကြမှာ ဖြစ်နေတော့ ပပဉ္စကို အတိအလင်း သေသေချာချာ ယနေ့ ဦးကျော်မောင် ဟောရမယ် (မှန်ပါ့)။

သတ်နည်းရော ပေါ်နည်းပါသိမှ သတ်နည်းသိမယ်ဆိုတာ သေသေချာချာ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

ခန္ဓာလဲရှိ၊ဒွါရခြောက်ပေါက် အကြည့်မှားလဲရှိ၊ အကြည့်မှားနားထောင်မှားလဲ ရှိပြီးသကာလ နေသောကြောင့်သာလျှင် ငါဆိုတဲ့ တဏှာ မာန ဒိဋ္ဌိဟာ အလယ်မှာ ပေါ်လာတယ်လို့ ဦးအောင်ဇံဝေက မှတ်ရမယ်(မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဥပမာ ဒီမိုက်ကလေးက ခန္ဓာထားပါတော့၊ဒီက ဘုန်းကြီးက နှလုံးသွင်းမှား နားတို့ မျက်လုံးတို့နဲ့ ထောင်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် မြင်လိုက်လို့ရှိရင် ငါ့ဟာဆိုတာ နောက်မှ ထွက်လာတာ (မှန်ပါ့) ငါ့ပစ္စည်း ဆိုတာကလေးက (နောက်မှ ထွက်လာတာပါ ဘုရား)။

ဒါဖြင့် သူက နှစ်ခုပေါင်းပြီးမှ နောက်မှ လာတာပေါ့ (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒီက နှလုံးသွင်းမှားနဲ့ ဟိုက ခန္ဓာအာရုံနဲ့ တိုက်တဲ့အခါကျတော့မှ တဲ့ တဏှာ,မာန, ဒိဋ္ဌိက ငါ့ဟာ ငါ့ဥစ္စာ ငါ့ဟာ ဘယ်သူမှ ဂရုစိုက်စရာ မရှိဘူးဆိုတာ ပေါ်လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

မောင်သစ်တို့ နေရာကျပလား (ကျပါပြီ) အလိုလိုပေါ်တာလား၊ ခန္ဓာနဲ့ နှလုံးသွင်းမှားနဲ့ ပေါင်းမိမှ ပေါ်တာလား (ခန္ဓာနဲ့ နှလုံးသွင်းမှားနဲ့ ပေါင်းမိမှ ပေါ်တာပါ ဘုရား)။

ဪ ခန္ဓာနဲ့ နှလုံးသွင်းမှားနဲ့ ပေါင်းမိမှလာတာ (မှန်ပါ့)နောက်က ဒကာ ဒကာမတွေ ဘယ်လိုကြောင့် တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ခင်ဗျားတို့ နိဗ္ဗာန်တားမြစ်တဲ့ တရားသုံးခု ပေါ်ပါလိမ့်မလဲလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ခန္ဓာနဲ့နှလုံးသွင်းမှားနဲ့ ပေါင်းမိလို့ ပေါ်တာပါ ဘုရား)။

တော်လာပြီ၊ ဒီတစ်လုံး ပြောနိုင်တာကို ဦးကျော်မောင် သေပျော်ပြီ (မှန်ပါ့) တဏှာ မာန ဒိဋ္ဌိဆိုတဲ့ တရားဟာ ပပဉ္စတရား (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ကြည့်လိုက်စမ်းပါ ဒကာ ဒကာမတို့ တတိယကွက်မှာ (မှန်ပါ့)ပပဉ္စဟုတ်တယ် မဟုတ်တယ်၊ ဒီခန္ဓာကြီးကိုခင်တော့ တဏှာ ဥပါဒါန်ကံမလာဘူးလား (လာပါတယ် ဘုရား)။

ဒီခန္ဓာ အကြောင်းရင်းခံပြီးသကာလ မာန ဥပါဒါန် ကံကော မလာဘူးလား (လာပါတယ်) ဒီခန္ဓာအကြောင်းရင်းခံပြီးသကာလ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန် ကံကော (လာပါတယ်)။

ကဲ ခန္ဓာကြောင့် လာတာ (မှန်ပါ)ပေါ်ကြပလား (ပေါ်ပါပြီ)၂-က ၃-ကူးတာသည် ဘယ့်နှယ်ကြောင့် ကူးပါလိမ့်မတုံးလို့ ဦးမြမောင် မေးတဲ့အခါကျတော့ကို နှလုံးသွင်းမှားနဲ့ ခန္ဓာကြည့်မိလို့ ၃-ကူးသွားတာ (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ်ထဲဝင်လာတာဘဲ

ပဋိစ္စသမုပ္ပါဒ်သမားတွေ သေသေချာချာကြည့်ပါ (မှန်လှပါ)သေသေချာချာကြည့်ပါ။ ၂-နံပါတ်ခန္ဓာကြီးကို နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တာ တဏှာ ဥပါဒါန်ကံလာတော့တယ် (မှန်ပါ့) မလာဘူးလား၊ ပပဉ္စပေါ်လာတယ် (လာပါတယ် ဘုရား)။

မာန မာနုပါဒါန် ကံကော (လာပါတယ် ဘုရား)ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန် ကံကော (လာပါတယ်) ဟ ဘယ့်နှယ်ကြောင့် ၂-က ၃-ကူးသွားပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေ မေးရင်ဘယ့်နှယ် ဖြေမယ် (နှလုံးသွင်းမှားလို့ပါ) နှလုံးသွင်းမှားနဲ့ ဒီဘက် ၂-နံပါတ်သွားကြည့်တယ် (မှန်ပါ့)။

စဉ်းစားပါ၊ နှလုံးသွင်းမှားနဲ့ ဘာကို ကြည့်မိသတုံး (ခန္ဓာကို ကြည့်မိပါတယ်)နံပါတ်ပြောလိုက်စမ်း (၂-နံပါတ်ကြည့်မိပါတယ် ဘုရား)

၂-နံပါတ်ကိုတဲ့ နှလုံးသွင်းမှားနဲ့ကြည့်မိတဲ့အတွက် ၃-သို့ကူးသွားတယ် (မှန်ပါ့) ၂-နံပါတ်ကို (နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ ၃-သို့ ကူးသွားပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်ထဲဝင်လာတာဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာနှလုံးသွင်းမှားနဲ့ ကြည့်လိုက်တော့ တဏှာ,မာန, ဒိဋ္ဌိဟုတ်လား (မှန်ပါ့) မာန, မာနုပါဒါန်, မာနအုပ်ချုပ်တဲ့ကံ၊ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ဆိုတဲ့ ဒကာ ဒကာမတို့ ၃-နံပါတ်ကူးသွားတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဪ ဒါဖြင့် တဏှာ,မာန, ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရား (ဝါ) နိဗ္ဗာန်ကန့်ကွက်တဲ့ တရားသုံးခု (မှန်ပါ့)သံသရာချဲ့တယ်ဆိုတာ နိဗ္ဗာန်ကွယ်သွားတော့တာပေါ့ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှားနဲ့ ကြည့်မိလို့

အဲဒီ့ တဏှာ,မာန, ဒိဋ္ဌိဆိုတဲ့ တရားသုံးခုဟာ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့၊ ဦးဘသန်းတို့ ဘယ်ကလာသတုံး (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား)။

ခန္ဓာကို နှလုံးသွင်းမှားနဲ့ကြည့်မိတဲ့အခါကျတော့ ဘာပေါ်လာသတုံး (တဏှာ မာန ဒိဋ္ဌိ ပေါ်လာပါတယ် ဘုရား)။

အဲ ဒီနေရာမှာ တဏှာလဲပေါ်တယ်၊ မာနကော (ပေါ်ပါတယ်) ဒိဋ္ဌိကော (ပေါ်ပါတယ်) ပေါ်လာတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

သူပေါ်လာလို့ရှိရင် ဥပါဒါန်,ကံ ကကော (လိုက်မှာပါဘဲ ဘုရား) အဲဒီကံလိုက်ရင် ဇာတိ, ဇရာ, မရဏဆိုတဲ့ သံသရာမချဲ့ဘူးလား ချဲ့မလား (ချဲ့မှာပါ ဘုရား)။

အဲ ကြောက်စရာကြီးပါလား (မှန်ပါ့) ကြောက်စရာကြီးပါလား ဦးအောင်ဇံဝေရ-ဟင် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ မိဘရိုးရာအတိုင်းသာ ကြည့်နေကြမယ်ဆိုရင် ဆရာကလဲအကူအညီမပေးတော့ပါဘူးဆိုရင် ဦးမြမောင် သွားပြီ (သွားပါပြီ) ၂-နံပါတ်က ၃-၃ံပါတ်ချည့်ကူးမှာဘဲ (မှန်ပါ့) ကူးရင် ၄-နံပါတ်ဆီ မသွားပေဘူးလား (သွားပါတယ် ဘုရား)။

ကဲ ဒါခင်ဗျားတို့ ကိုယ်ပိုင်ဉာဏ်စွမ်းနဲ့ မောင်သစ် ဘယ့်နှယ်လုပ်ပြီးသကာလ မကူးအောင်လုပ်မလဲဆိုတော့ အခက်အခဲတစ်မျိုးပဲလို့ ဆိုရမှာဘဲ (မှန်ပါ့) မဆိုရပေဘူးလား (ဆိုရပါတယ် ဘုရား)။

အခက်အခဲ တစ်မျိုးပဲလို့ ဆိုရမှာဘဲ (မှန်ပါ့) တယ်ကြောက်စရာကောင်းပါလား (မှန်ပါ ဘုရား)။

ဒါဖြင့် ဘုန်းကြီးပေးပါမယ် တဲ့၊ ဒကာ ဒကာမတို့ ခန္ဓာနှလုံးသွင်းမှားနဲ့ ကြည့်လိုက်တဲ့အခါ တဏှာ,မာန, ဒိဋ္ဌိလာတယ် (မှန်ပါ့ ဘုရား)။

တဏှာ,မာန, ဒိဋ္ဌိ ဘယ်ကလာသတုံး (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်လို့ပါ) ခန္ဓာချည့်သက်သက်လဲ မဖြစ်ဘူး (မှန်ပါ့) နှလုံးသွင်းမှားနဲ့လဲ ပေါင်းဦးမှ (မှန်ပါ့ ဘုရား)။

ခန္ဓာချည့် သက်သက်လဲမဖြစ်ဘူး (မှန်ပါ့) နှလုံးသွင်းမှားနဲ့လဲ (ပေါင်းဦးမှပါ) ပေါင်းတဲ့အခါကျတော့ အလယ်မှာ ဘာတွေပေါ်လာသတုံး (တဏှာ,မာန, ဒိဋ္ဌိတွေ ပေါ်လာပါတယ် ဘုရား)။

မောင်သစ် နေရာကျပြီကွ၊ တဏှာ,မာန, ဒိဋ္ဌဆိုတဲ့ဥစ္စာ ထွက်လာတယ် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ခင်ဗျားတို့ ဒီ တဏှာ,မာန, ဒိဋ္ဌိဟာ နဂိုရှိတာမဟုတ်ဘူးနော် (မှန်ပါ့)နှစ်ခုပေါင်းမိမှ (ပေါ်လာတာပါ ဘုရား)။

နှစ်ခုပေါင်းမိမှ ခန္ဓာကို နှလုံးသွင်းမှားနဲ့ ပေါင်းမိမှ ပေါ်လာတာ (မှန်ပါ့) ရွာထဲ ရန်ဖြစ်ကြတာ ဘာကြောင့်ပါလိမ့် မပေါ်သေးဘူးကွ-ဟင် (နှလုံးသွင်း မှားလို့ပါ ဘုရား)။

သူက ခန္ဓာကိုး (မှန်ပါ့) ဒီကနေပြီး (နှလုံးသွင်းမှားလို့ပါ ဘုရား) ငါ့ရန်သူဘဲလို့ နှလုံးသွင်းမှားလိုက်တာ၊ မဟုတ်ဘူးလား (မှန်ပါ့) နှလုံးသွင်းမှားတော့ ဆဲကြဆိုကြတာဘဲ (မှန်ပါ့ ဘုရား)။

ရွာထဲရန်ဖြစ်ကြတာ ဘာကြောင့်ပါလိမ့်

ဒါဖြင့် ရွာထဲရန်ဖြစ်ကြတာ ဘာကြောင့်ပါလိမ့် (ခန္ဓာကိုနှလုံးသွင်းမှားလို့ပါ)အဲ ကြည့်တဲ့လူက နှလုံးသွင်းမှားတယ်၊ ဟိုကခန္ဓာ (မှန်ပါ့) ဟိုကခန္ဓာကို တကယ့်မိန်းမဘဲ၊ တကယ့်ယောကျ်ားဘဲ၊ တကယ့်ရန်သူကြီးဘဲ၊ ဒီလို ဒီကနေမျက်လုံးနဲ့ကြည့်လိုက်တဲ့ အခါကျတော့ ဒီက မခံနဲ့ကွ၊ ပြောကွ ဆိုကွ, ရိုက်ကွ နှက်ကွ မလာဘူးလား (လာပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး ဦးမြမောင်ရ (ခန္ဓာကိုနှလုံးသွင်းမှားလို့ပါ ဘုရား)။

အဲ ခင်ဗျားနဲ့ ခင်ဗျားဒကာမနဲ့ ရန်ဖြစ်တော့မယ်ဆိုလို့ရှိရင်ဖြင့် ခင်ဗျားက ဒကာမကို နှလုံးသွင်းမှားတဲ့အတွက် (မှန်ပါ့) နှလုံးသွင်းမှားနဲ့ ဒကာမခန္ဓာကို ကြည့်မိတဲ့အတွက်မင်းဘဲဖြုန်းနေတာ မင်းဘဲသုံးနေတာ မင်းဘဲ မလိမ်မာတာ၊ ဒါကြောင့် ကလေးတွေ ဆိုးဝါးကုန်တာဘဲ (မှန်ပါ့ ဘုရား)။

ပေါ်ကုန်ပြီ ပေါ်ကုန်ပြီ (မှန်ပါ့) ဘာနဲ့ဘာပေါင်းမိတာတုံး (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ပေါင်းမိတာပါ ဘုရား)။

ခင်ဗျားကဘာတုံး (နှလုံးသွင်းမှားပါ) ဒကာမက (ခန္ဓာပါ ဘုရား)အဲ ဒကာမခန္ဓာနဲ့ ဒီကယောက်ျား၏နှလုံးသွင်းမှားနဲ့ ပေါင်းမိမှ ခုနက မာနကလာတယ် (မှန်ပါ့ ဘုရား)။

တခါ အိမ်ထောင်ကျကြတဲ့ ပုဂ္ဂိုလ်များကြည့်ကြတဲ့အခါ ယောကျ်ားကလေးနဲ့ မိန်းမကလေး အိမ်ထောင်ကျတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဟို မိန်းကလေးခန္ဓာကို ယောကျ်ားကလေးက ဘာတုံး ချောတယ်,လှတယ်လို့ နှလုံးသွင်းလို့ (မှန်ပါ့) နှလုံးသွင်းမိတော့ တဏှာပေါ်လာတယ် (မှန်ပါ့) သဘောကျရဲ့လား (ကျပါပြီ ဘုရား)။

ခုနင်ကတော့ မာနပေါ့ (မှန်ပါ့) တော်တော်ကြာကျတဲ့အခါကျတော့ ဟို ကလေးငယ်ကလေးကျတဲ့အခါကျတော့ ငါ့ကလေး ငါ့ရင်သွေး၊ ဒီက နှလုံးသွင်းမှားနဲ့ ဟိုကလေး ခန္ဓာနဲ့သွားတွေ့တာကိုး (မှန်ပါ့) ဒီမှာဒါငါ့ကလေးဆိုတာ ဒိဋ္ဌိကလေးပေါ်လာတယ် (မှန်ပါ့) ဒိဋ္ဌိဆိုတဲ့ ပပဉ္စမလာဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် တဏှာ မာန ဒိဋ္ဌိဟာ အလိုလိုပေါ်တာလား ခန္ဓာနှလုံးသွင်းမှားကြောင့် လာတာလား (ခန္ဓာနှလုံးသွင်းမှားကြောင့် လာတာပါ ဘုရား)။

ပပဉ္စ ဘယ်သူ့ကြောင့်လာတယ်

အဲ ခင်ဗျားတို့ သိထားတာက တဏှာ မာန ဒိဋ္ဌိ မဖြစ်စေနဲ့ဟေ့၊ ပပဉ္စ ပပဉ္စလို့ ဦးကျော်မောင်ကြီးတို့က ဒါဘဲ သုံးတာဘဲ (မှန်ပါ့) ဘယ်သူ့ကြောင့်လာတယ်ဆိုတာတော့ သိကို မသိဘူး (မသိပါ ဘုရား) အခုတော့ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

မောင်သစ် ဘယ်သူ့ကြောင့်တုံးကွ (နှလုံးသွင်းမှားနဲ့ ခန္ဓာကြောင့်ပါ ဘုရား)တပါးသောခန္ဓာဖြစ်ဖြစ်, မိမိခန္ဓာဖြစ်ဖြစ် နှလုံးသွင်းမှားနဲ့ ကြည့်မိရင် (တဏှာ မာန ဒိဋ္ဌိ ဝင်လာပါတယ် ဘုရား)။

တဏှာ မာန ဒိဋ္ဌိ တစ်ခုခုပေါ်ရမယ် (မှန်ပါ့) မပေါ်ပါနဲ့ဆိုလို့ (မနေပါ ဘုရား) မနေဘူးတဲ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဲဒီ့ တဏှာ မာန ဒိဋ္ဌိကို ခင်ဗျားတို့ စဉ်းစားကြည့်တာပေါ့တဲ့ ဪ ၃-နံပါတ်တရား ၃-နံပါတ်တရား၊ ဆိုနိုင်ကြရဲ့လား (ဆိုနိုင်ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ ဘယ်နံပါတ်လဲ (၃-နံပါတ်တရားပါ) ဘာသစ္စာတုံး (သမုဒယသစ္စာပါ) ဒုက္ခသစ္စာတော့ ကျေးဇူးပြုတော့မှာဘဲ (မှန်ပါ့)။

ဒုက္ခသစ္စာတော့ (ကျေးဇူးပြုတော့မှာပါဘဲ ဘုရား)ကျေးဇူးပြုတော့မှာဘဲဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

အေး၊ ဒါကြောင့် ၃-နံပါတ် မကူးစေနဲ့၊ ကူးရင် သမုဒယသစ္စာဖြစ်မယ် (မှန်ပါ့)ဖြစ်ရင် ၄-ဒုက္ခသစ္စာ အကျိုးပေးတော့မယ် (မှန်ပါ့)ငြင်းဆန်လို့ ရသေးရဲ့လား (မရပါ ဘုရား)။

အဲဒီလောက် ခင်ဗျားတို့မှာ အခုလိုနေ့တရား အေးအေးဆေးဆေးနဲ့ ပြောရလို့ မောင်သစ် ဒါပေါ်လာတာ (မှန်ပါ့ ဘုရား)။

ဟို လူပုံလယ်မှာ တခါတည်း အော်ကာ ဟစ်ကာနဲ့ ပြောနေရလို့ရှိရင် တခါတည်း မပေါ်နိုင်ဘူး (မှန်ပါ့)ခပ်ကြမ်းကြမ်းနဲ့ မြက်ကြမ်း ဓါးကြမ်းနဲ့ ရှင်းရသလို ရှင်းရတာတဲ့၊ ဆံပင်နု အမွှေးနုကလေးကို သင်တုန်းနုနဲ့ ရိတ်ရသလို ဒီမှာတော့ လုပ်ရတယ် (မှန်ပါ့)။

ကဲ ဦးမြမောင်တို့က အရေးကြီးတယ်၊ ခင်ဗျားတို့သန္တာန်မှာ တဏှာ ဘယ်ကလာသတုံး (ခန္ဓာကို အမှားနဲ့ ကြည့်မိလို့ပါ ဘုရား)နှလုံးသွင်း (မှန်ပါ့)ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ (မှန်ပါ့)။

မာန ဘယ်ကလာသတုံး (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား) ကိုယ့်ခန္ဓာကို ကြည့်လို့လဲ လာနိုင်တယ် (မှန်ပါ့)သူတပါးခန္ဓာကြည့်ကော (လာနိုင်ပါတယ်) လာနိုင်တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

မာနကကော (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ)ဒါဖြင့် မြို့ထဲ ရန်ဖြစ်ကြတာ ဘာ့ကြောင့်တုံးမေရင် (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား)။

အင်း တဦးနဲ့ တဦး အိမ်ထောင်ကျကြတာလဲ ဘာ့ကြောင့်ပါလိမ့်(ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား) ဒါဖြင့် ဒါပေါ်ကုန်ပြီ၊ မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။ ကလေးတွေကို ခင်ဗျားတို့ ခြင်ကလေးခတ်၊ ယပ်ကလေးနဲ့ ကာကွယ်ကြ၊အငတ်ကလေးနဲ့ လုံးထွေးပေးကြ၊ ဟာ ဘာ့ကြောင့် ဒီကျွန်ခံနိုင်ပါလိမ့်မတုံးဆိုတော့ ဘယ့်နှယ်ပြောကြမလဲ (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား)။

ဒီကလေးခန္ဓာကို ဒီကနေ နှလုံးသွင်းမှားနဲ့ ငါ့ကလေး မဟုတ်ဘူးလား (မှန်ပါ့) ငါ့ကလေးဆိုပြီး ဒီက နှလံးသွင်းမှားနဲ့ ကြည့်လိုက်တာနဲ့ ငါ့ကလေး ဖြစ်သွားတယ် (မှန်ပါ့)။

ငါ့ကလေးဖြစ်လာတဲ့အခါကျလို့ရှိရင်ဖြင့် ခြုံဖို့,ရုံဖို့ သူ့ကျင်ကြီး,ကျင်ငယ်ကြုံးဖို့ ဝန်လေးသေးရဲ့လား (မလေးပါ ဘုရား)။

အတော် ရဲတင်းပါလားနော် (မှန်ပါ့) ခန္ဓာနှလုံးသွင်းမှားလိုက်တဲ့ဖြစ်ခြင်းမှ ကျင်ကြီး,ကျင်ငယ်ကြုံးဖို့တောင် ဝန်မလေးတဲ့ အခြေအနေရောက်သွားတယ် (မှန်ပါ့)။

ဦးကျော်မောင် တယ်ဆိုးပါလား (ဆိုးပါတယ် ဘုရား) ဆိုးသာဆိုးတယ် ခင်ဗျားတို့ကလဲ ဒီအလုပ်မလုပ် ရလို့ရှိရင်မကျေနပ်တဲ့လူမျိုးတွေ (မှန်ပါ့)မကျေနပ်ဘူး၊ မကျေနပ်ဘူး။

ဘယ့်နှယ်ကြောင့် မိုက်ကြပါလိမ့်မတုံး

ကိုယ့်ဟာ ကိုယ်မိုက်မှန်းသိကြပလား (သိပါပြီ)အဲဒီတော့ ဘယ့်နှယ်ကြောင့် မိုက်ကြပါလိမ့်မတုံးဆိုရင် ဖြေတတ်ကြပလား (ဖြေတတ်ပါပြီ ဘုရား)။

မိုက်တရားသုံးခုလုံး ဘယ်ကလာသတုံး (ခန္ဓာကိုနှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား) အဲ ခင်ဗျားတို့ ဒီနေ့ ဒီတစ်လုံးကို အားလုံးသဘောကျပြောနိုင်ကြတာနဲ့ကို ဘုန်းကြီးများက ဝမ်းသာပါတယ် (မှန်ပါ့)။

ခင်ဗျားတို့ကလဲ ကိုယ့်ခန္ဓာ နှလုံးသွင်းမှားနဲ့က တဏှာ မာန ဒိဋ္ဌိ ပေါ်လိုက်တယ် (မှန်ပါ့)ကိုယ့်သားမယား ခန္ဓာကြည့်ပြီးသကာလနှလုံးသွင်းမှားနဲ့ ကြည့်လိုက်ပြန်တော့(တဏှာ မာန ဒိဋ္ဌိပေါ်ပါတယ်)သားသမီးတွေကြည့်ပြီးသကာလ နှလုံးသွင်းမှားလိုက်ပြန်တော့ (တဏှာ မာန ဒိဋ္ဌိ ပေါ်ပါတယ် ဘုရား) ကိုယ့်ရှိတဲ့ပစ္စည်းကလေး စာရင်းကလေး တွက်ကြည့်လိုက်ပြန်တော့ (တဏှာ မာန ဒိဋ္ဌိ ပေါ်ပါတယ် ဘုရား)။

အပါယ်ကကို တက်စရာ မမြင်ပါဘူး (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)တဏှာ ဥပါဒါန် ကံ၊ မာန ဥပါဒါန်ကံ၊ ဒိဋ္ဌိ ဥပါဒါန် ကံ ၃-နံပါတ်ချည့်သွားတာဘဲ (မှန်ပါ့) ၃-နံပါတ်ကဆိုတော့ ၄-နံပါတ်ကိစ္စဟာ မရှောင်သာ, မလွှဲသာခံရမယ် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ အိပ်များနေကြလား၊ ကြားကြရဲ့လား (ကြားပါတယ် ဘုရား)ဘယ်က လာတာတုံး၊ ဒီ တဏှာ မာန ဒိဋ္ဌိဟာ (ခန္ဓာကို နှလုံးသွင်းမှားနဲ့ ကြည့်မိလို့ပါ ဘုရား)။

ကံမကောင်း အကြောင်းမသင့်လို့ ကျုပ်မှာဖြင့် ဖြစ်ရလေခြင်းဆိုတာ တစ်လုံးမှ မရှိဘူး (မှန်ပါ့)ခင်ဗျားတို့က ကံအပေါ်မှာသာ ချနေတာ ဟုတ်ကိုမဟုတ်ဘူးလား၊ မဟုတ်ဘူးလား (မှန်လှပါ ဘုရား)။

ငိုရတာလဲ ငါ့ပစ္စည်းပျောက်သွားလို့၊ ဒိဋ္ဌိကြောင့် ငိုရတာ (မှန်ပါ့)ကံမကောင်းလို့လား (မဟုတ်ပါ ဘုရား) နှလုံးသွင်းမှားလို့ (မှန်ပါ့)။

နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ကျတော့

နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ကျတော့ ရှင်သာရိပုတ္တရာကြီးပရိနိဗ္ဗာန် စံမယ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကို သူ့လက်ျာရံကြီးက တပည့်တော် ပရိနိဗ္ဗာန်စံဖို့အချိန်ရောက်ပါပြီတဲ့၊ မင်း ဘယ်အရပ်သွားပြီး စံမှာတုံး မေးလိုက်တယ် (မှန်ပါ့ ဘုရား) စောပါသေးတယ်ကွာလို့များ ပြောသေးလား (မပြောပါ ဘုရား) တဏှာ မာန ဒိဋ္ဌိက မရှိဘူးဗျ (မှန်ပါ့) ရှိသေးလား (မရှိပါ ဘုရား)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မင်းတို့ကျတော့ဖြင့် အင်း သေမှာက နောက်ဆယ်နှစ်လောက် အခုကတည်းက သေများသေရင် အခက်ကြီးဆိုတာ လုပ်နေပြီ (မှန်ပါ့)မလာသေးဘူးလား (လာပါတယ် ဘုရား)။

သေများသေရင် အခက်ကြီးဆိုတော့ စောလှချည့်လား။ သေမှာက အဝေးကြီးကျန်သေးတယ် (မှန်ပါ့)ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခန္ဓာနှလုံးသွင်းမှားနဲ့ ကြည့်ရင် ဘယ်အချိန်မဆို တဏှာ မာန ဒိဋ္ဌိပေါ်ရမယ် (မှန်ပါ့)ဒါဖြင့် ဒီအရေးဟာကော မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ဒီ တဏှာ မာန ဒိဋ္ဌိ မသေသ၍လဲ ပပဉ္စတဲ့၊ ဘုရားကတော့ နိပ္ပပဉ္စ၊ ပပဉ္စမရှိဘူးကွတဲ့၊ သတ္တဝါတွေကတော့ ပပဉ္စရှိတယ်၊ ဒါ့ကြောင့် သတ္တဝါတွေဟာတော့ အိုပွဲ,နာပွဲ,သေပွဲ ဘယ်တော့မှမလွတ်ဘူး (မှန်ပါ့) ပပဉ္စရှိလို့ (မှန်ပါ့ ဘုရား)။

ပပဉ္စမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အိုပွဲ, နာပွဲ, သေပွဲဟာ အခုတခါတွေ့ပြီး နောက်မတွေ့တော့ဘူး (မှန်ပါ့) ဒါတောင် ငိုပွဲ, ဆွေးပဲကျတော့ မလာဘူး၊ အိုပွဲ, နာပွဲ, သေပွဲသာ တွေ့တယ် (မှန်ပါ့) သဘောပါလား (ပါ ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံး၊ ဘာခြားနားသတုံး (ပပဉ္စမရှိလို့ပါ) အဲဒီတော့ ခင်ဗျားတို့ ပပဉ္စ ယနေ့မရှိရင် ယနေ့ချမ်းသာမယ် (မှန်ပါ့)နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုံး (ပပဉ္စယနေ့မရှိရင် ယနေ့ချမ်းသာမှာပါ ဘုရား)။

အခု ခင်ဗျားတို့မှာ ပပဉ္စက နေရာတိုင်း(မှန်ပါ့) ပပဉ္စက နေရာတိုင်းမှာ (မှန်ပါ့) မကောင်းလို့ သွားရဦးမှာဘုရာ့ ဆိုတော့ကော (ပပဉ္စပါ) နှလုံးသွင်းမှားပြီ (မှန်ပါ့ ဘုရား)။

မတော် ဒီများ ဒီ့ထက်ပိုမိုဖြစ်နေရင် ငါ့အပြစ်တင်ချီရဲ့ဆိုတော့ ဒိဋ္ဌိကလာပြီ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)ပပဉ္စတွေဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပပဉ္စဒဏ်ချက်ဟာ သေးသလား (မသေးပါ ဘုရား) မသေးဘူးတဲ့၊ ပပဉ္စဒဏ်ချက်ဟာ အတော်ကြီးတယ် (မှန်ပါ့ ဘုရား)။

ရှင်ပုဏ္ဏက ဥပမာပေးလိုက်တယ်

ကိုင်း ဒါဖြင့် ရှင်ပုဏ္ဏက ဥပမာပေးလိုက်တယ်၊ ဒါပုဏ္ဏ ဟောနေတဲ့တရား (မှန်ပါ့) ပုဏ္ဏက အာနန္ဒဟောနေလို့ ရဟန်းပေါင်းတစ်ရာ သောတာပန်တည်မည့် တရား (မှန်ပါ ဘုရား)။

ဒါဖြင့် အရိပ်ဘယ်ကလာသတုံးလို့ မေးဖို့လိုလာတယ် (မှန်ပါ့)မှန်ရယ် ရှေ့ကရပ်တဲ့ လူရယ် နှစ်ခုပေါင်းမိလို့ ရှေ့က အရိပ်ပေါ်တယ်နော် (မှန်ပါ့ ဘုရား)၊

ပြဒါးသုတ်ထားတဲ့ မှန်ရယ် ရှေ့ကရပ်တဲ့လူရယ် နှစ်ခုပေါင်းမိတော့ (အရိပ်ပေါ်ပါတယ်) နဂိုက ရှိတာလား (မရှိပါ ဘုရား)နဂိုက မရှိဘူးနော် (မှန်ပါ ဘုရား)။

ဟေ့ မောင်ချစ်စိန် နဂိုက ဘယ့်နှယ်တုံး (နဂိုကမရှိပါ ဘုရား)ဟ ဘယ့်နှယ်ကြောင့် ဒီအရိပ်ပေါ်ပါလိမ့်မတုံး (ရှေ့ကရပ်တဲ့လူရယ် မှန်ရယ် ပေါင်းမိလို့ပါ ဘုရား)။

အဲ မှန်ရယ် ရှေ့ကရပါတဲ့လူရယ် နှစ်ခုပေါင်းမိလို့ ပေါ်လာကြတယ် (မှန်ပါ့) ဒါဖြင့် ဒီမှန်ထဲမှာ အရိပ်ဟာ ဦးမြမောင်က ကြည့်တယ်၊ ဦးကျော်မောင်က ကြည့်တယ်၊အဲဒီ့ မှန်ထဲမှာ ပေါ်နေတဲ့ အရိပ်ဟာ ဦးမြမောင်လား၊ ဦးကျော်မောင်လားလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ) ဟင် (မဟုတ်ပါ ဘုရား)။

အရိပ်ဆိုလို့ရှိရင် အရိပ်တော့ အရိပ်ဘဲတဲ့၊ အဲဒီအရိပ်သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဦးမြမောင်နဲ့ကင်းပြီး ဖြစ်တာလား (မကင်းပါ) သူနဲ့တူနေတယ် (မှန်ပါ့) မတူဘူးလး (တူပါတယ် ဘုရား)သူက ရှေ့က ရပ်တာကိုး (မှန်ပါ့ ဘုရား)။

သူနဲ့တူနေတယ်တဲ့၊ သူနဲ့လဲတူတယ်၊ သူကောဟုတ်ကဲ့လားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ ဘုရား)။

ဒါဖြင့် သူနဲ့တော့တူတယ်၊ သူလဲမဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ)သူနဲ့ကော (တူပါတယ်) ရပ်တဲ့လူနဲ့လဲ တူတယ် (မှန်ပါ့)မတူဘူးလား (တူပါတယ် ဘုရား)။

ရပ်တဲ့လူနဲ့တူတယ်၊ ရပ်တဲ့လူကော ဟုတ်ပါရဲ့လား (မဟုတ်ပါ) အရိပ်ဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ကို တဲ့၊ ဒီမှန်ထဲပေါ်သလို ဒီမှာလဲ ခန္ဓာနဲ့ နှလုံးသွင်းမှားနဲ့ ပေါင်းမိတော့ တဏှာ, မာန, ဒိဋ္ဌိ အရိပ်ပေါ်လာတယ် (မှန်ပါ့ ဘုရား)။

အရိပ်ပေါ်ပါတယ်

ခင်ဗျားတို့ဝမ်းထဲမှာ ခန္ဓာနဲ့ နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တော့ (အရိပ်ပေါ်ပါတယ်) ဘာရိပ်ပေါ်သလဲ (တဏှာ,မာန,ဒိဋ္ဌိအရိပ် ပေါ်လာပါတယ် ဘုရား)။

အဲဒါ ငါလားလို့ မေးလို့ရှိရင်လဲ ဘယ့်နှယ်ဖြေကြမလဲ (မဟုတ်ပါ) သူတပါးလားလို့မေးရင် (မဟုတ်ပါ ဘုရား)။

ဒါဖြင့် ငါ သူတပါးမဟုတ်တဲ့တရား (မှန်ပါ့)တဏှာကိုလဲ အနတ္တရှုရမယ်၊ မာနကိုကော (အနတ္တရှုရမှာ) ဒိဋ္ဌိကိုကော (အနတ္တရှုရမှာပါ ဘုရား)။

ဘာ့ကြောင့်တုံး(မရှိတဲ့တရားပါ) ငါလဲမဟုတ်ဘူး၊ သူတပါးလဲ (မဟုတ်ပါ) ငါလဲမဟုတ်ဘူး သူတပါးလဲ မဟုတ်ဘူး (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာတဲ့တုံး (ငါလဲမဟုတ်ဘူး၊သူတပါးလဲမဟုတ်ပါ)ကြည့်ပါ မှန်ပြန်ကြည့်ပါ ခင်ဗျားတို့နော်(မှန်ပါ့) ဒါမှရေရေလည်လည်လာမယ်၊မှန်ပြန်ကြည့်လိုက်တဲ့အခါကျတော့ကိုတဲ့ ဦးမြမောင်က ကိုယ့်အိမ်ကရှိတဲ့ မှန်ကို ကြည့်လိုက်တဲ့အခါကျတော့ မှန်ထဲကလူဟာ ငါဆိုလို့ရှိရင်လဲ ကြည့်တဲ့လူဟာ သူတပါးဖြစ်ရမယ် (မှန်ပါ့ ဘုရား)။

မှန်ထဲက သူတပါးလို့ ဆိုလို့ရှိရင်လဲ ကြည့်တဲ့လူနဲ့ မတူရဘူး (မှန်ပါ့) တူနိုင်ပါ့မလား (မတူနိုင်ပါ ဘုရား)။

မှန်ထဲမှာရှိတဲ့ အရိပ်ဟာ ငါလား

ဒါဖြင့် မှန်ထဲမှာရှိတဲ့ အရိပ်ဟာ ငါလားလို့မေးလို့ရှိရင်လဲ (မဟုတ်ပါ)သူတပါးလား မေးရင် (မဟုတ်ပါ ဘုရား)။

အဲဒီတော့ ငါ သူတပါးမဟုတ်တဲ့ တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)ဘယ့်နှယ်တဲ့ (ငါသူတပါးမဟုတ်တဲ့ တရားပါ ဘုရား) ငါ,သူတပါး မဟုတ်တဲ့တရားဆိုတာ ဦးအောင်ဇံဝေတို့ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး ဆိုတော့ မှန်ကြည်လွန်းလို့ ဖြစ်ရတဲ့တရား၊ မဟုတ်ဘူးလား (မှန်ပါ့) မှန်ကြည်လွန်းလို့ ဖြစ်ရတဲ့တရားဆိုတာ သေချာသွားပြီ (မှန်ပါ့ ဘုရား)။

ဒါကြောင့် တဏှာ,မာန,ဒိဋ္ဌိကို ခင်ဗျားတို့က ငါလို့လဲမဆိုနဲ့ ငါ့ဥစ္စာလို့လဲ မဆိုနဲ့၊သူတပါးလို့လဲမဆိုနဲ့ (မှန်ပါ့ ဘုရား)။

ဒီတရားကလေးတွေဟာ အကြောင်းနှစ်ခုမှန်နဲ့ လူနဲ့ခွဲလိုက်ရင် ချက်ခြင်းဒီအရိပ်ပျောက်တယ် (ပျောက်ပါတယ် ဘုရား) မှန်နဲ့လူနဲ့ခွဲလိုက်ရင် (အရိပ်ပျောက်သွားပါတယ် ဘုရား)။

ဒါဖြင့် အကြောင်းပျောက်လို့ရှိရင် အကျိုးပျောက်တယ် (မှန်ပါ့) ဒါဖြင့် ဒီတရားကလေးဟာက အကြောင်းနှစ်ခုပေါင်းရင် ဖြစ်တယ် (မှန်ပါ့) အကြောင်းနှစ်ခုမပေါင်းရင် (မဖြစ်ပါ ဘုရား)။

ဒါဖြင့် သူဟာ ဖြစ်ပျက်ဘဲ (မှန်ပါ့) ဒါကြောင့် တဏှာလာလဲ ဖြစ်ပျက်ရှု၊ မာနလာလဲ (ဖြစ်ပျက်ရှုရပါမယ်)ဒိဋ္ဌိလာလဲ (ဖြစ်ပျက်ရှုရပါမယ်) အကုန်ရှုရမယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဘာဖြစ်လို့ ရှုခိုင်းရပါလိမ့်မလဲလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ နဂိုက ငါလဲမဟုတ်တဲ့ အရိပ် (မှန်ပါ့) သူတပါးကော (မဟုတ်ပါ) ငါ သူတပါး မဟုတ်တာဟာ အနတ္တဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ သူတပါးမဟုတ်တာ (အနတ္တပါ) အဲ ငါ သူတပါးမဟုတ်တာ အနတ္တဆိုသဖြင့် ခင်ဗျားတို့သန္တာန် ခင်တွယ်တဲ့တဏှာလာလဲ အနတ္တဘဲရှု (မှန်ပါ့) အနတ္တဆိုတာ ဖြစ်ပြီးပျက်သွားလို့ အနတ္တပေါ့လေ (မှန်ပါ့) မာနကလေး ပေါ်လာရင်ကော (ဖြစ်ပြီးပျက်သွားသောကြောင့်အနတ္တပါ ဘုရား)အနတ္တရှု။

ဘာကြောင့်တုံးဆိုတော့ ခုနကမှန် ဥပမာကို ခင်ဗျားတို့ ပြောပြီးပါပြီ၊ မှန်က ကြည်လွန်းလို့ ရပ်တဲ့လူနဲ့ အရိပ်ဟာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်တော့ အဲဒီအရိပ်ကို မိမိလားလို့ မေးရင်ဘယ့်နှယ်ဖြေမလဲ (မဟုတ်ပါ ဘုရား)၊ သူတပါးလားလို့မေးရင် (မဟုတ်ပါ ဘုရား)။

မိမိလားလို့ မေးလိုက်လို့ရှိရင် ပြင်ဘက်ကကြည့်တဲ့လူက သူတပါးဖြစ်မှာစိုးရတယ် (မှန်ပါ့) သူတပါးလားလို့မေးလိုက်ပြန်တော့လဲ ကြည့်တဲ့လူနဲ့ သွားတူနေပြီ (မှန်ပါ့) အဲဒါကြောင့် သူတပါးခေါ်မလား၊ ဟုတ်ကဲ့လာား (မဟုတ်ပါ ဘုရား) ကြည့်တဲ့လူနဲ့ ဘယ့်နှယ်တုံး၊ အတွင်းက အရိပ်နဲ့ (တူပါတယ် ဘုရား)။

ဒါကြောင့် မိမိကော (မဟုတ်ပါ ဘုရား) သူတပါးကော (မဟုတ်ပါ ဘုရား)။

ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြမယ်

အဲဒါကြောင့် ခင်ဗျားတို့ ပေါ်လာတဲ့ ဓမ္မကလေးတွေကို လောဘပေါ်လဲ၊ မာနပေါ်လဲ၊ ဒိဋ္ဌိပေါ်လဲ ဒီ့ပြင်တရားတွေ အကုန်ကုသိုလ်ပေါ်တာ စပြီး ဒီအရိပ်ကြောင့် ပေါ်တာချည့်ဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပေါ်တိုင်း ပေါ်တိုင်း ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက် အနတ္တ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဖြစ်ပျက် အနတ္တရှုပါ တဲ့။ ဒါက ရှင်ပုဏ္ဏက “ပုဏ္ဏောနာမ အာဝုသော မန္တာနီပုတ္တော အမှာကံ နဝကာနံသတံ” မိမိတို့နှင့်တကွ တစ်ရာသော ရဟန်းတို့အား တဲ့၊ ပုဏ္ဏ အမည်ရှိတဲ့ မန္တာနီပုဏ္ဏေးမ၏သား ပုဏ္ဏသည် ငါတို့ တစ်ရာသောရဟန်းတို့အား ဗဟုပကာရော=အလွန်ကျေးဇူးများတယ် တဲ့။

ဒီ တရားဟောတာနဲ့ ဒီအနတ္တအရှုခိုင်းတာနဲ့ ငါတို့ရဟန်းတစ်ရာအား အလွန်ကျေးဇူးများတယ်။ ရှင်အာနန္ဒာဟာ ဘုရားကြောင့် သောတာပန်တည်တာမဟုတ်ဘူး။ ပုဏ္ဏကြောင့် တည်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ရှင်အာနန္ဒာဟာ ဘယ်သူ့ကြောင့်တုံး (ပုဏ္ဏကြောင့်ပါ) ပုဏ္ဏက ဟောလို့၊ ပုဏ္ဏက ဟောတဲ့အတိုင်း အားထုတ်လို့ (မှန်ပါ့ ဘုရား)။

ရှင်သာရိပုတ္တရာကြောင့် သောတာပန်တည်တာ မဟုတ်ဘူး၊ ရှင်သာရိပုတ္တရာဆိုရင် ရှင်အဿဇိက ဟောလို့တည်တာ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။

မန္တာနီပုဏ္ဏေးမ၏သား ပုဏ္ဏဆိုတာ

အဲဒီအတိုင်းပါဘဲ တဲ့။ မန္တာနီပုဏ္ဏေးမ၏သား ပုဏ္ဏဆိုတာကွာ တဲ့၊ ရှင်အာနန္ဒာက ငါတို့ ရဟန်းတစ်ရာအား အလွန်ကျေးဇူးများတယ်ကွာ တဲ့၊ သူက ဟောပုံက သိပ်ကောင်းတာဘဲကွ တဲ့၊ အင်မတန်ထင်လွယ်၊ မြင်လွယ်ပါတယ် တဲ့၊

ဘယ်လိုထင်လွယ်၊ မြင်လွယ်သတုံးလို့ ဆိုတဲ့အခါကျတော့ “ဥပါဒါယ အသ္မိဟောတိ” ဥပါဒါယ=ခန္ဓာကိုစွဲ၍၊အသ္မိ=တဏှာ မာန ဒိဋ္ဌိသည်။ ဟောတိ=ဖြစ်၏၊ ဟုတ်လား၊ ဒါက သူ့ပါဠိတော် (မှန်ပါ့)။

”နော အနုပါဒါယ” အနုပါဒါယ=မစွဲတဲ့ ပုဂ္ဂိုလ်ကျတော့ကို။ အသ္မိ=တဏှာ မာန ဒိဋ္ဌိသည်။ နောဟောတိ=မဖြစ်ပါဘူးကွ တဲ့ ဆိုတော့ ပါဠိတော်အတိုင်းက ဒါလောက်ဘဲရှိတယ် နော် (မှန်ပါ့)။

ဘုန်းကြီးကတော့ နားလည်မှုကို ခင်ဗျားတို့ ပြောရတဲ့အတွက်တဲ့ နှလုံးသွင်းမှားနဲ့ ခန္ဓာနဲ့ ပေါင်းမှ ပေါ်သဟေ့ဆိုတာ ဘုန်းကြီးက ထင်အောင်ပြောရတယ် (မှန်ပါ့)။

သူကတော့ “ဥပါဒါယ အသ္မိ ဟောတိ” ဘဲ (မှန်လှပါ ဘုရား) ဥပါဒါယ=ခန္ဓာကိုစွဲ၍။ အသ္မိ= တဏှာ မာန ဒိဋ္ဌိပေါ်လာ၏။ ဒါ ဟောတာဘဲ (မှန်ပါ့)။

ဒီကတော့ ထင်သထက် ထင်ရှားအောင်လို့ ခန္ဓာကို နှလုံးသွင်းမှာနဲ့ ကြည့်မှ တဏှာ မာန ဒိဋ္ဌိကပေါ်တယ် (မှန်ပါ့) နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တော့ အနိစ္စ ဒုက္ခ အနတ္တ ပေါ်နေတယ် (မှန်ပါ့)။

အဲဒါကြောင့် ဒီကတော့ တခါပြန်ပြီးသကာလ ဟိုမှာက ဉာဏ်ကြီးရှင်တွေဆိုတော့ ကျွတ်တမ်းဝင်တာပေါ့ဗျ (မှန်ပါ့) ခင်ဗျားတို့ကတော့ ဘယ်ဉာဏ်ကြီးရှင်မှ မဟုတ်ဘဲ၊ ပြောတဲ့စကားတောင် ကျန်နေရစ်သေးတာ မေ့တာက၊ ဟင် (မှန်ပါ့)။

အဲဒီတော့ ဒကာကာမတို့ “ဥပါဒါယ အသ္မိ ဟောတိနော အနုပဒါယ” ဥပါဒါယ=ခန္ဓာကိုစွဲ၍။ အသ္မိ=တဏှာ မာန ဒိဋ္ဌိသည်။ ဟောတိ=ဖြစ်၏။ အနုပါဒါယ=မစွဲခဲ့လို့ရှိရင် ခန္ဓကို မစွဲခဲ့လို့ရှိရင်။ အသ္မိ=တဏှာ မာန ဒိဋ္ဌိသည်။ နေဟောတိ=မဖြစ်ပါဘူးကွာ တဲ့ (မှန်ပါ့)။

ကိဉ္စဘိက္ခဝေဟောတိ=အဘယ့်ကြောင့်နည်း “ရူပံ နိဿယ အသ္မိဟောတိ ဝေဒနံ နိဿယ (ပ)ဟောတိ” သူက ခန္ဓာငါးပါးစွဲပြီး ဖြစ်တယ် တဲ့။ သူက ဒီလိုဟောပစ်တာ (မှန်ပါ့ ဘုရား)။

ဟုတ်ပါတယ် တဲ့။ ဟုတ်ပေမဲ့ ခင်ဗျားတို့မှာတော့ မချဲ့ရင် ရကိုမရဘူး (မရပါ ဘုရား) ရကို မရနိုင်ဘူး။

ကဲ ဒါဖြင့် ရုပ်ကို အမှီပြုပြီးသကာလ တဏှာ မာန ဒိဋ္ဌိ ပေါ်တယ်။ ရုပ်ကိုလဲ နှလုံးသွင်းမှားနဲ့ကြည့်မှ (မှန်ပါ့) ရုပ်ဟာ ရုပ်ဖြစ်ပျက်ကို မြင်လို့ရှိရင်လဲ တဏှာ မာန ဒိဋ္ဌိက မလာဘူး၊ မဟုတ်ဘူးလား (မှန်ပါ့)။

အဲဒီတော့ နှလုံးသွင်းမှားကလေး မထည့်ရင် မရဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။

နှလုံးသွင်းမှား မပါရင်

နှလုံးသွင်းမှား မပါရင် (မရပါ ဘုရား) နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တဲ့အခါကျတော့ ရဟန်းတွေ၊ အရိယာတွေကြည့်တာကျတော့ ဒါက သမီးကလေးအရွယ်၊ ဒါက အစ်မအရွယ်၊ ဒါကအမေအရွယ်လို့ နှလုံးသွင်းမှန်နဲ့ချည့် ကြည့်လိုက်တဲ့အခါကျတော့ ဘယ်တဏှာ မာန ဒိဋ္ဌိလာသေးရဲ့လား (မလာပါ ဘုရား)။

တချို့ ရဟန္တာတွေကျတော့ အသုဘကိုလဲ သုဘဖြစ်အောင် သူတို့ကြည့်တယ် ရှုတယ် (မှန်ပါ့) သုဘကိုလဲ အသုဘဖြစ်အောင် ချက်ချင်းပြောင်းတယ်။ ရဟန္တာကျတော့ (မှန်ပါ့)။

ကဲ သူတို့ကတော့ နှလုံးသွင်းပြောင်းလို့ရတယ် (ရပါတယ် ဘုရား)။

ခင်ဗျားတို့ကတော့ ဒီကဆရာသမားအကူအညီနဲ့မှ အတော်ပြောင်းရမယ် (မှန်လှပါ ဘုရား) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား) ကျင့်သားရထားတာက အလွဲကျင့်သားရထားတာ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ မှတ်ချက်ဟာက ခန္ဓာကို နှလုံးသွင်းမှားနဲ့ကြည့်ရင် ဘာပေါ်သတုံး (တဏှာ မာန ဒိဋ္ဌိ ပေါ်လာပါတယ် ဘုရား)။

ဒါဖြင့် ခန္ဓာကို နှလုံးသွင်းမှားနဲ့ကြည့်လိုက်ရင် တဏှာ မာန ဒိဋ္ဌိ ပေါ်တော့ ဘုန်းကြီးက ရှင်ပုဏ္ဏလုပ်ပြီး ဟောရဦးမယ်။ ကဲ ကွာ၊ မင်းတို့ ခန္ဓာနှလုံးသွင်း မမှားစေနဲ့ ဆိုတော့ တဏှာ မာန ဒိဋ္ဌိ လာဦးမလား (မလာပါ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေမှာ ဘုန်းကြီးပေးထားတဲ့စက္ကူကလေးရှိပါတယ်နော် (မှန်ပါ့) ဟို ကြည့်ဖို့ စက္ကူကလေးရှိပါတယ်နော် (မှန်ပါ့) ဟို ကြည့်ဖို့ စက္ကူကလေးရှိပါတယ်။ အဲဒီ စက္ကူကလေးကြည့်ကြစမ်း။

မြင်စိတ်ကလေးဟာလဲ ခန္ဓာဘဲ (မှန်ပါ့) မြင်စိတ်ကလေးမပါကြဘူးလား။ အဲဒီမှာကြည့်ကြစမ်း (ပါ ပါတယ် ဘုရား) အဲဒီမြင်စိတ်ကလေးဟာ ဝိညာဏက္ခန္ဓာ။အဲဒီ ခန္ဓာကို ဝိညာဏက္ခန္ဓာမြင်ပြီးပျက်တာဆိုပြီးနှလုံးသွင်းမှန်နဲ့ကြည့်လိုက်လို့ရှိရင် ဒါမြင်စိတ်ကလေးဘဲ၊ အနိစ္စဘဲလို့ ကြည့်လိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိလာသေးရဲ့လား (မလာပါ ဘုရား) တဏှာ မာန ဒိဋ္ဌိချုပ်သွားတယ်။ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ကဲ ကြားစိတ်ကလေးကို ဒကာ ဒကာမတွေက အင်း၊ ဒီစိတ်ကလေးဟာ ငါမို့ ငါကြားလိုက်လို့ တော်သေးတယ်။ ဒီလိုမလုပ်နဲ့ (မှန်ပါ့) ကြားတဲ့စိတ်ကလေးဟာ ကြားပြီးတော့ပျက်တာဘဲလို့ ရှုလိုက်တော့ နှလုံးသွင်းမှန်နဲ့ ရှုလိုက်တော့ မောင်သစ် တဏှာ,မာန,ဒိဋ္ဌိလာသေးရဲ့လား (မလာပါ ဘုရား)။ အဲဒါကြောင့် နောက်က ဒကာ ဒကာမတွေ နှာခေါင်းထဲ နံတဲ့စိတ်ကလေးပေါ်လာလဲ ဦးအောင်ဇံဝေ ဒါ အလုပ်သင်နေတာနော် (မှန်ပါ့ုရား)။

နံတဲ့စိတ်ကလေး ပေါ်လာလို့ရှိရင်လဲ နံတဲ့စိတ်ကလေးကို ငါနံတယ်လို့ မဖြစ်ရအောင် ဟုတ်လား (မှန်ပါ့) နံတဲ့စိတ်ကလေးဟာ နှာခေါင်းထဲ ပေါ်တယ်၊ ပေါ်တဲ့အချိန်မှာလဲ ဖြစ်တယ် ပျက်တယ်လို့ ရှုပေးပါ (မှန်ပါ့ ဘုရား)။

ရှုပေးလို့ရှိရင် တဏှာ,မာန,ဒိဋ္ဌိဘယ့်နှယ်တုံး (မလာပါ ဘုရား)မလာတော့ဘူး။ စားစိတ်ကလေး ထမင်းစားတယ်၊ ဟင်းစားတယ်၊လျှာလယ်မှာပေါ်တယ် (မှန်ပါ့)ပေါ်တဲ့စိတ်ကလေးကို ဖြစ်ပြီးပျက်တာဘဲလို့ စောင့်ကြည့်ပြီးရှုနေလို့ရှိရင် တဏှာ,မာန,ဒိဋ္ဌိ (မလာတော့ပါ ဘုရား)။

ဒါဖြင့် နော အနုပါဒါယ တဲ့၊ အနုပါဒါယ=ဒီခန္ဓာကို တဏှာ,မာန,ဒိဋ္ဌိနဲ့ မစွဲလို့ နှလုံးသွင်းမမှားလို့ရှိရင်လဲ တဲ့၊ အသ္မိ= တဏှာ,မာန,ဒိဋ္ဌိသည်၊ နောဟောတိ မဖြစ်ပါဘူးတဲ့၊

သူ့ကိုမစွဲလန်းလို့ရှိရင်လဲ တဏှာ,မာန,ဒိဋ္ဌိ မဖြစ်ပါဘူး၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ယားတယ်,ယံတယ်,နာတဲ့စိတ်ကလေးလဲ ပေါ်လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရမှာပါ ဘုရား)။

သမ္မာဒိဋ္ဌိပေါ်တယ်

ဖြစ်ပျက်ရှုလိုက်တော့ကို ဖြစ်ပြီးပျက်တဲ့ ဓမ္မဘဲလို့ နှလုံးသွင်းလိုက် (မှန်ပါ့) နှလုံးသွင်းလိုက်တော့ကို ဒီနေရာမှာ နှလုံးသွင်းမှန်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ်) သမ္မာဒိဋ္ဌိပေါ်တယ်၊ မဂ်ပေါ်သောကြောင့် ဒီတဏှာ,မာန,ဒိဋ္ဌိ လာသေးရဲ့လား (မလာပါ ဘုရား)။

ဒါဖြင့် နှလုံးသွင်းမှန်နဲ့ ကြည့်လိုက်တော့လဲ ဦးကျော်မောင် တဏှာ,မာန,ဒိဋ္ဌိ မလာပါဘူး (မလာပါ) ချုပ်သွားတယ်၊ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကဲတခါ၊ဒကာ ဒကာမတို့အတွင်းမှာလောဘစိတ်ကလေးပေါ်လာတယ်၊လိုချင်တဲ့ လောဘစိတ်ကလေးပေါ်လာတယ်၊ ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်) နှလုံးသွင်းမှန်နဲ့ရှုပေး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒေါသစိတ်ကလေးပေါ်လာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်)မောဟစိတ်ကလေးပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုပေး၊ ဖြစ်ပြီးပျက်တဲ့ဓမ္မဘဲ၊ ဥဒယဗ္ဗယဘဲလို့သာ ရှုပေး (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အလောဘစိတ်ဆိုတာကလေး ပါသေးတယ်၊ ဦးမြမောင်တွေ့တယ်မဟုတ်လား (တွေ့ပါတယ်) အဲဒါက ပေးချင် ကမ်းချင် လှူချင် တန်းချင်တဲ့စိတ်ကလေး (မှန်ပါ့) အဲဒါကလေးဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဝိပဿနရှုနေတုန်း ပေးချင် ကမ်းချင်တဲ့ စိတ်ကလေးမရှုပ်ပါနဲ့ (မှန်ပါ့) ရှုပ်လို့မရဘူး (မှန်ပါ့) သူ့ကိုလဲဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ရှုတော့ ဘာဖြစ်သွားသတုံး (တဏှာ,မာန,ဒိဋ္ဌိသေပါတယ်) တဏှာ,မာန,ဒိဋ္ဌိသေသွားတယ်၊ လာကို လာသေးရဲ့လား (မလာပါ ဘုရား)။

ကြည့်လေ ဒီနားပေါ်တာဘဲ ဦးမြမောင်ရ၊ ဒီနားပေါ်တာဘဲ၊ ဒီအဆက်ပြတ်တယ် (ပြတ်ပါတယ်) ၂-နဲ့ ၃-အဆက်ဖြတ်လိုက်တာ နှလုံးသွင်းမှန်က ဖြတ်လိုက်တာ (မှန်ပါ့) နှလုံးသွင်းမှန်ကနေ ဖြတ်ပစ်လိုက်ပါတယ်ဆိုတာ သဘောကျပလား (ကျပါပြီ) ရှင်းပြီနော် (မှန်ပါ့ ဘုရား)။

အဒေါသစိတ် တဲ့၊ ခင်ဗျားတို့က တရားနာရင်း မေတ္တာပို့ချင်တယ်ဆိုလို့ရှိရင်လဲ မဖြစ်ဘူး (မှန်ပါ့) တရားအားထုတ်ရင်း မေတ္တာမပို့ရဘူး၊ ပို့ချင်ရင် စောစောစီးစီးကသာ ပို့ရတယ် (မှန်ပါ့) အဲဒီ့ မေတ္တာစိတ်ကလေးကိုလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်တော့ ဘာဖြစ်မလဲ (တဏှာ,မာန,ဒိဋ္ဌိ သေပါတယ်)ဪ ဖြစ်ပျက်ရှုလိုက်တယ်ဆိုတာ နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တာဘဲ (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ရှုလိုက်တယ်ဆိုတာ

ဖြစ်ပျက်ရှုလိုက်တယ်ဆိုတာ (နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တာပါ) အဲ နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တော့လဲ မဂ်ပေါ်တယ် (မှန်ပါ့) နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တော့ တဏှာ,မာန,ဒိဋ္ဌိပေါ်တယ် (မှန်ပါ့) မခြားနားဘူးလား (ခြားနားပါတယ် ဘုရား)။

နှလုံးသွင်းမှန်နဲ့ကြည့်လိုက်တော့ (မဂ်ပေါ်ပါတယ် ဘုရား) နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တဲ့အခါ (တဏှာ,မာန,ဒိဋ္ဌိ ပေါ်ပါတယ်) တဏှာ,မာန,ဒိဋ္ဌိ ပေါ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ၂-နဲ့ ၃-မကူးဖို့ရာ နှလုံးသွင်းမှန်ပေါ်မှာ မှီနေတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) နေရာကျပါပြီတဲ့၊ ကိုင်း ဒါဖြင့် မှန်ကိုခွဲလိုက်သဖြင့်လဲ အရိပ်ပျောက်တယ် (မှန်ပါ့ ဘုရား)။

မှန်ကိုခွဲလိုက်ရင် (အရိပ်ထွက်ပျောက်ပါတယ်) ဘယ်သူရပ်ရပ်၊ ရှေ့ကရပ်ချင်သလိုရပ်၊ မှန်ကိုထုချေပစ်လိုက် ဘာတုံး (အရိပ်ပျောက်သွားပါတယ်) တဏှာ,မာန,ဒိဋ္ဌိ ပျောက်တယ်။

ဒီမှာလဲ မှန်ဖြစ်တဲ့ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ခင်ဗျားတို့ ဝိညာဏက္ခန္ဓာတွေကို ဖြစ်ပျက်ရှုလိုက်တော့ မှန်ခွဲပစ်လိုက်တယ် (မှန်ပါ့) မှန်ခွဲပစ်လိုက်တော့ တဏှာ,မာန,ဒိဋ္ဌိ အရိပ်လာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား)။

မှန်ကွဲပြီဆိုတော့ မှန်ကြောင့် ကျုပ်တို့မှာ ထွက်မည့်အရိပ်၊ တဏှာအရိပ်၊ မာနအရိပ်၊ ဒိဋ္ဌိအရိပ် ဦးမြမောင် လာသေးရဲ့လား (မလာတော့ပါ) ဘာဖြစ်လို့တုံး (မှန်ကွဲသွားလို့ပါ ဘုရား)။

အဲဒီမှာလဲ ခင်ဗျားတို့သူ့ကို အနိစ္စရှုပစ်လိုက်ရင် ပြီးတာဘဲ (မှန်ပါ့) ရုပ်အနိစ္စရှုလိုက်လဲ တဏှာ မာန ဒိဋ္ဌိချုပ်တာဘဲ (မှန်ပါ့) ဝေဒနာအနိစ္စရှုကော (တဏှာ မာန ဒိဋ္ဌိချုပ်ပါတယ်)သညာရှုရင်ကော (တဏှာ မာန ဒိဋ္ဌိ ချုပ်ပါတယ်) သင်္ခါရရှုရင်ကော (တဏှာ မာန ဒိဋ္ဌိချုပ်ပါတယ်) စိတ်တွေရှုရင်ကော (တဏှာ မာန ဒိဋ္ဌိချုပ်ပါတယ် ဘုရား)။

အေး ဒါကြောင့် ခင်ဗျားတို့ဘာမှမရှိရင် လေကိုထုတ်တဲ့စိတ်ကလေး ဖြစ်ပျက်ရှုနေပါ (မှန်ပါ့) နို့မဟုတ်ရင် ငါအရှုကောင်းလိုက်တာလို့ လုပ်နေမှာ စိုးရသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ရှူစိတ် ရှိုက်စိတ်ကိုလဲ ဖြစ်ပျက်ရှု

လေကလေး ရှိုက်လိုက်တဲ့ အခါကျလို့ရှိရင်လဲ ငါရှိုက်ကောင်းလိုက်တာ၊ အရင်တုန်းက ဒီလို ရှိုက်မကောင်းဘူး၊ ငါက ဝင်ချင်ဝင်ဦးမှာ (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။

အဲဒီတော့ ရှူစိတ် ရှိုက်စိတ်ကိုလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုရမယ်ဆိုတာ ၁၂-ချက် မစုံသေးဘူးလား (စုံပါပြီ ဘုရား)။

အဲဒါ နောက်က ဒကာ ဒကာမတွေကို ဦးအောင်ဇံဝေသင်ပေးနေတာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို မှန်ကိုခွဲပစ်လိုက်သဖြင့်လဲ တဏှာ မာန ဒိဋ္ဌိရိပ် မထွက်တော့ပါဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ခင်ဗျားတို့ မှန်တည်းဟူသော ရှေ့ပိုင်းမှာပါတဲ့ ၂-နံပါတ်ဟာ ခန္ဓာငါးပါး၊ခန္ဓာငါးပါးဟာမှန်ဘဲ (မှန်လှပါ ဘုရား)နှလုံးသွင်းမှားနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ဒီခန္ဓာကြောင့် ဪ ငါနေရာကျသားဘဲ၊ ငါဘယ်သူ့အောက်မှ မကျသေးပါကလား၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) ငါ့ကိုယ်လဲအသားအရေပြည့်ဖြိုးသေးလို့ အတော်ကြည့်ကောင်းပါသေးကလား (မှန်လှပါ ဘုရား)။

ဒါ ခန္ဓာမှန်ကြောင့်လာတာ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။

အဲဒါကြောင့် အခု ဒကာ ဒကာမတွေ တစ်ယောက်နဲ့တစ်ယောက် အားပေးကြတဲ့အခါ သိပ်ထင်ရှားတယ် (မှန်ပါ့) မင်းတို့ကွာ မညည်းကြစမ်းပါနဲ့၊ မပူကြစမ်းပါနဲ့၊ ငါ မာပါသေးတယ်။ ကိုယ့်ခန္ဓာကြည့်ပြောလိုက်တယ် (မှန်ပါ့)။

ငါ မာပါသေးတယ်ဆိုတာ လုပ်ကိုင်ကျွေးနိုင်ပါသေးတယ် တဲ့။ ဘာမှပူစရာမလိုသေးပါဘူးတဲ့ (မှန်ပါ့) ဘာကြည့်ပြောတာတုံး (ခန္ဓာကြည့်ပြောတာပါ ဘုရား)။

ကိုယ့်ခန္ဓာကို ဘာနဲ့ကြည့်လိုက်တာတုံး (တဏှာ မာန ဒိဋ္ဌိ နဲ့ကြည့်ပြောတာပါ ဘုရား) တဏှာနဲ့ ကြည့်လိုက်တယ် (မှန်ပါ့) မာနနဲ့လဲ (ကြည့်ပါတယ် ဘုရား) ဒိဋ္ဌိနဲ့ကော (ကြည့်ပါတယ် ဘုရား)။

ငါ ခိုင်ခန့်ပါသေးတယ်ကွ ဆိုတာကော ဒိဋ္ဌိနဲ့ကြည့်တာ (မှန်ပါ့)။

ကိုယ့်ကိုယ်ခင်နေရင် တဏှာနဲ့ကြည့်တယ် (မှန်ပါ့)။

ကိုယ့်ကိုယ်အကြောင်းရင်းခံပြီးသကာလ ဘယ်သူ့အောက်မှ မကျသေးပါဘူးကွာဆိုလို့ရှိရင် (မာနနဲ့ကြည့်ပါတယ် ဘုရား)။

ကိုယ့်ကိုယ်ဟာ ကိုယ့်ကိုယ်အစစ်ဘဲလို့ ထင်နေရင် (ဒိဋ္ဌိနဲ့ ကြည့်တာပါ ဘုရား)။

အဲ အဲဒီသုံးခု တစ်ခုခုနဲ့ ဦးမြမောင်တို့ ကြည့်နေကြတယ်။ ဦးကျော်မောင်တို့ (မှန်ပါ့)။

ကြည့်တာနဲ့ဘဲ ဟိုလူအားပေး၊ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည် (မှန်ပါ့) ကိုယ့်ကိုယ်အတွက်လဲ နိစ္စဒိဋ္ဌိက လာချင်လာ ဟုတ်လား (မှန်ပါ့) သူတစ်ပါးအားပေးချင်တော့ မာနကလာ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒိဋ္ဌိကလဲ ငါရှိနေလို့ရှိရင် ငါ့သား, ငါ့သမီး, အတွက် ဘာပူစရာရှိသတုံး၊ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ တဏှာ မာန ဒိဋ္ဌိ သုံးခုဟာ မောင်သစ်ရေ၊ ခန္ဓာမှန်ကြည်ရာက လာတာလို့မှတ် (မှန်ပါ့ ဘုရား)။

တဏှာ မာန ဒိဋ္ဌိအရိပ်က ထွက်လာတာ

ခန္ဓာမှန်ကြည့်လိုက်တော့ ကြည်နေလို့ တဏှာ မာန ဒိဋ္ဌိအရိပ်က ထွက်လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

ခန္ဓာမှန်ကြီးဟာ ဘာတဲ့ (ကြည်နေလို့ပါ ဘုရား)။

ကြည်နေတော့ ပုထုဇန်မျက်လုံး တပ်ကြည့်လိုက်တဲ့အခါ နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တဲ့အခါ ဘာရိပ်တွေ ပေါ်လာသတုံး ( တဏှာရိပ် မာနရိပ် ဒိဋ္ဌိရိပ်တွေ ပေါ်လာပါတယ် ဘုရား)။

ဒါကြောင့် ခင်ဗျားတို့မှာ တဲ့၊ သွားနိုင်သေးတယ်ကွ ငါ၊ ပြောနိုင်သေးတယ်ကွ ငါ၊ ဆွဲနိုင်ဆန့်နိုင်သေးတယ်ကွ ငါ (မှန်ပါ့)ဒါနဲ့ဘဲ ခင်ဗျားတို့က ကျွန်သက်ရှည်ပြီး နေတာနဲ့တူတယ် (မှန်ပါ့)။

နှလုံးသွင်းမှားနဲ့ ကြည့်လိုက်တဲ့အတွက် မမောလဲ မမောနိုင်၊ သေခါနီးလဲ တောင်ဝှေးထောက်ပြီး လုပ်ကျွေးချင်တုန်း (မှန်ပါ့) ဘာဖြစ်တာတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)။

နှလုံးသွင်းမှားနဲ့ ဘယ်သူ့ကြည့်တာတုံး (ခန္ဓာကြည့်ပါတယ် ဘုရား)။

ခန္ဓာကြည့်ဆိုက်တဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ တဏှာကလဲ ပေါ်လာတာဘဲ (မှန်ပါ့) မာနကလဲ (ပေါ်လာတာဘဲ) ဒိဋ္ဌိကကော (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ မှန်မခွဲလို့ပေါ်တာ (မှန်ပါ့)မှန်ထုချေပစ်လိုက်လို့ရှိရင်တော့ အကြည့်မှန်သွားပြီ (မှန်ပါ့) အရိပ်ထွက်ပါဦးမလား (မထွက်ပါ ဘုရား)။

ဒါကြောင့် ခန္ဓာကို ဖြစ်ပျက်ဖြစ်ပျက် အနိစ္စရှုကြပါဆိုတာ အရိပ်မထွက်အောင်လို့ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ခန္ဓာကို ဖြစ်ပျက်ရှုခိုင်းတာ ဘယ့်နှယ်ကြောင့်ပါလိမ့် (အရိပ်မထွက်အောင်လို့ပါ ဘုရား)အရိပ်ထွက်လို့ရှိရင် ခင်ဗျားတို့ ဒုက္ခရောက်တော့မယ် (မှန်ပါ့)။

အရိပ်ထွက်လို့ရှိရင် ခင်ဗျားတို့ ပပဉ္စဖြစ်ပြီ (မှန်ပါ့)။

အရိပ်ထွက်ရင် (ပပဉ္စဖြစ်ပါပြီ ဘုရား) အရိပ်မထွက်သေးရင်တော့ (ပပဉ္စချုပ်ပါတယ် ဘုရား)။

ဒါဖြင့် အရိပ်မထွက်အောင်လုပ်ဖို့ရာ မှန်ကို ဘယ့်နှယ်လုပ်ကြမတုံးဆိုတော့ အနိစ္စနဲ့ထုချေ (မှန်ပါ့) အနိစ္စဉာဏ်နဲ့ ထုချေ၊ ဒုက္ခဉာဏ်နဲ့ ထုချေ။ အနတ္တဉာဏ်နဲ့ (ထုချေရမှာပါ ဘုရား)။

အဲဒီလို မထုချေနိုင်သေးသ၍ ကာလပတ်လုံး ပပဉ္စမချုပ်ဘူး (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားက “ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ” ဆိုပြီး နောက်ဆုံးပိတ်ကျတော့ ရှင်အာနန္ဒာကို ရှင်ပုဏ္ဏကလဲ မောင်သစ် ဒါ ဟောတာဘဲ (မှန်ပါ့)။

ဟေ့ အာနန္ဒာနဲ့တကွ ရဟန်းပေါင်းတစ်ရာ၊ ရုပ်ဟာ အနိစ္စလား နိစ္စလား မေးတာဘဲ (မှန်ပါ့) အနိစ္စပါဘုရား တဲ့။ အနိစ္စဖြစ်တဲ့တရား ဒုက္ခလား၊ သုခလားလို့ မေးပြန်တာဘဲ (မှန်ပါ့) ဒုက္ခပါဘုရားတဲ့။ ၎င်းင်း အနိစ္စ,ဒုက္ခဖြစ်တဲ့ တရားသည် ဧတံ မမ ဧသော မေ အတ္ထာ=ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ကြရဲ့လား ကွ (မှန်ပါ့) ဟို ရဟန်းတွေက ဒီတော့ မဆိုနိုင်ပါဘူးတဲ့။ ခန္ဓာငါးပါးစလုံး ရှောက်မေးတယ် (မှန်လှပါ ဘုရား)။

မှန်ခွဲပစ်တာ။ အရိပ်မထွက်အောင်လို့

အဲ မှန်ခွဲပစ်တာ။ အရိပ်မထွက်အောင်လို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။

မှန်ခွဲပစ်တော့ကို တဏှာ မာန ဒိဋ္ဌိ အရိပ်ကို နှလုံးသွင်းမှားနဲ့ ကြည့်ဦးတော့ အရိပ်မထွက်ဘူး (မှန်ပါ့) ထွက်သေးရဲ့လား (မထွက်ပါ ဘုရား)။

ဒါဖြင့် အနိစ္စကို အနိစ္စမှန်းသိသွားပြီ (မှန်ပါ့) ဒုက္ခကို (ဒုက္ခမှန်း သိသွားပါပြီ) အနတ္တကို (အနတ္တမှန်း သိသွားပြီ)။

နှလုံးသွင်းမှန်နဲ့ သိသွားတဲ့အခါကျတော့ နှလုံးသွင်းမှန်ကတော့ကို “ယောနိသော ဘိက္ခဝေ မနသိကာရော အနုပ္ပန္နာစေဝ အကုသလာ အနုပ္ပဇ္ဇန္တိ” မဖြစ်သေးတဲ့ အကုသိုလ်တွေလဲ မဖြစ်တော့ဘူး ကွတဲ့ (မှန်ပါ့) “ဥပ္ပန္နာ စ အကုသလာပဟီယန္တိ” ရှေးကံ ဖြစ်ပြီးသားတွေကိုလဲ ပယ်ချလိုက်တာဘဲ (မှန်ပါ့) နှလုံးသွင်းမှန်ပြီဆိုမှဖြင့် (မှန်ပါ့) သဘောပါကြလား (ပါ ပါတယ် ဘုရား)။

နှလုံးသွင်းမှန်ရင် မဖြစ်သေးတဲ့ တဏှာ မာန ဒိဋ္ဌိလဲ (ပယ်ပါတယ် ဘုရား) ပယ်ချတယ်။ ဖြစ်ပြီးတဲ့ တဏှာ မာန ဒိဋ္ဌိလဲ ပယ်ချတယ်။ မဖြစ်သေးတာလဲ မဖြစ်ရဘူး (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ကြောင်း တရားမှာ မောင်သစ် ဘာအရေးကြီးသတုံးဆိုတော့ နှလုံးသွင်းမှန်ဖို့ မူတည်လာတယ် (မှန်ပါ့) မှန်ခွဲမှုကော (မူတည်ပါတယ် ဘုရား) မှန်လဲခွဲရမယ် (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ)။

မှန်ဆိုတာ ခင်ဗျားတို့ ခန္ဓာကိုယ်, တစ်ကိုယ်လုံးဟာ မှန်နော် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ တစ်ကိုယ်လုံးဟာ မှန်ဘဲ တဲ့၊ သူ့ကြည့်လိုက်လို့ရှိရင် တဏှာရိပ်က ထွက်ချင်ထွက်လာတယ် (မှန်ပါ့)မာနရိပ်ကကော (ထွက်ပါတယ် ဘုရား) ဒိဋ္ဌိရိပ်ကကော (ထွက်ပါတယ် ဘုရား) ကြည်လွန်းလို့ ခန္ဓာကိုယ်ကြီးက (မှန်ပါ့) နှလုံးသွင်းမှားနဲ့ ကြည့်လိုက်သည်နဲ့ တပြိုင်နက်တည်း တဏှာ မာန ဒိဋ္ဌိရိပ်တွေ (ထွက်လာပါတယ် ဘုရား) အကုန်ထွက်လာတယ်။ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်မှန်လာလာ ၁၂ ချက်စလုံး ဖြစ်ပျက်ရှု

အဲဒီတော့ မှန်ကို ကျုပ်တို့က ဘယ်အချိန်မှအကောင်းမထားဘဲနဲ့ တခါတည်း စိတ်ဆိုတဲ့ ဝိညာဏက္ခန္ဓာ မှန်လာလဲ ဘယ်မှန်လာလာ ၁၂ ချက်စလုံး ဦးအောင်ဇံဝေ ဘာလုပ်ရမတုံး (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ထုချေတတ်တဲ့ ဖြစ်ပျက်ရှု (မှန်လှပါ ဘုရား)။

အဲဒီတော့ သူ့ကို ကြည့်ငြားသော်လဲ ကျုပ်တို့က တခါတည်း တဏှာ မာန ဒိဋ္ဌိဆိုတဲ့ အရိပ်သည် မောင်သစ် ထွက်သေးရဲ့လား (မထွက်ပါ ဘုရား) မထွက်တော့ဘူးဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။

ဒါဖြင့် ဒီအနိစ္စ, ဒုက္ခ, အနတ္တဟာ ကြည်နေတဲ့မှန် နှလုံးသွင်းမှားနဲ့ ကြည့်လိုက်လို့ရှိရင် ဒီမှန်ကြည့်လိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိ အရိပ်တွေ ကြီးစိုးတဲ့အတွက် သူ့ကို အနိစ္စ ဒုက္ခ အနတ္တနဲ့ ထုချေရတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အနိစ္စ ဒုက္ခ အနတ္တဆိုတာ ဘယ်အကျိုးငှာတုံး (မှန်ထုချေဖို့ပါ ဘုရား) ဒီမှန်ကြီး ကြည်နေလို့ရှိရင် ဘယ့်နှယ်တုံး (အရိပ်ပေါ်မှာပါ ဘုရား) ဘာရိပ်တွေ ထွက်ထွက်လာသတုံး (တဏှာ မာန ဒိဋ္ဌိရိပ်တွေ ထွက်ပါတယ် ဘုရား)။

ဟာ ဒီမှန်ကြီးက သူ့ကြောင့်ဖြစ်နေတာ ဆိုပြီးသကာလ ဘုရားက “ရူပံ အနိစ္စံ ဝါ နိစ္စံ ဝါ ဝေဒနံ အနိစ္စံ ဝါ ဒုက္ခံ ဝါ”လို့ မောင်သစ် မလာဘူးလား (လာပါတယ်) “ဝိညာဏံ အနိစ္စံ ဝါ အနတ္တံ ဝါ” အစရှိသည်နဲ့ အကုန်ထုချေနေတာဘဲ (မှန်ပါ့)။

အဲဒီ့ ထုချေလိုက်တဲ့အခါကျတော့ကိုတဲ့ ကြည့်မြဲတိုင်း ကြည့်လိုက်တဲ့အခါကျတော့ အနိစ္စ ဒုက္ခ အနတ္တသာ မြင်တော့ နှလုံးသွင်း မှန်မသွားဘူးလား (မှန်သွားပါတယ် ဘုရား)။

နှလုံးသွင်းမှန်သွားတော့

နှလုံးသွင်းမှန်သွားတော့ကို နှလုံးသွင်းမှန်ဆိုတဲ့ သမ္မာဒိဋ္ဌိက ယောနိသော မနသိကာရက တဏှာ မာန ဒိဋ္ဌိကို မောင်ချစ်စိန်လာစေသေးရဲ့လား (မလာစေပါ ဘုရား) လာသေးသလား (မလာစေပါ ဘုရား)။

ဒါဖြင့် ၂-က ၃-ကူးသေးရဲ့လား (မကူးပါ) ၂-က ၃-မကူးကတည်းက ကျုပ်တို့မှာတဲ့ ဒကာ ဒကာမတို့ မဂ်ဉာဏ်ရတာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဟာ ၃-နံပါတ်ချုပ်လို့ရှိရင် ၃-နံပါတ်က သမုဒယသစ္စာ (မှန်ပါ့) ၄-နံပါတ်ဒုက္ခသစ္စာကော လာသေးရဲ့လား (မလာတော့ပါ ဘုရား)။

မလာလို့ရှိရင် သမုဒယချုပ်၍ ဒုက္ခသိမ်းတယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သမုဒယချုပ်၍ (ဒုက္ခသိမ်းပါတယ် ဘုရား) မောင်သစ် ဘာပူစရာရှိတော့သတုံး (မရှိပါ ဘုရား) အဲဒီလို တခါတည်း မှန်ကိုထုချေပေးပါ (မှန်ပါ့) ရှင်ပုဏ္ဏက ရှင်အာနန္ဒာနဲ့တကွ တစ်ရာသောရဟန်းတွေ ဟောလိုက်တယ် (မှန်ပါ့)။

ဒီတရားလဲ ဆုံးရော သူတို့က ခန္ဓာထဲဉာဏ်ကလဲ သွင်းလိုက်တော့ ဖြစ်ပျက် မြင်တာဘဲ (မှန်ပါ့) တော်တော်ကြာကျတော့ ဒီဖြစ်ပျက်တွေကိုထုချေတာတွေကိုပင်လျှင် တခါတည်း မုန်းလာတယ် (မှန်ပါ့)။

ဒီဖြစ်ပျက်တွေကို ဒုက္ခသစ္စာမှန်းသိပြီး ဒုက္ခသစ္စာတွေ ချုပ်သွားတော့ ရှင်အာနန္ဒာနဲ့တကွ ရဟန်းပေါင်းတစ်ရာ သောတာပန်တည်တာဘဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ရှုမှုဟာ မောင်သစ် အရေးကြီးဆုံးပေါ့ (မှန်ပါ့) ဒီ့ပြင် ဘာလိုသေးသတုံး (မလိုပါ ဘုရား) ဘာမှမလိုဘူးတဲ့ ဒီဥစ္စာ ဒကာ ဒကာမတို့ သစ္စာဆိုက်အောင် ရှုနိုင် ပြီးတာဘဲ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့က စောစောစီးစီးမှတ်ပါ ၂-နံပါတ် အကွက်မှာရှိတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) အဲ ရှိနေလဲ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား) ပျက်နေလဲ (ဒုက္ခသစ္စာပါ ဘုရား)။

၂-နံပါတ်အကွက်မှာ ရှိတာတွေ ဘာသစ္စာတွေတုံး (ဒုက္ခသစ္စာပါ) ဝေဒနာရှိလဲ (ဒုက္ခသစ္စာပါ) သညာရှိလဲ (ဒုက္ခသစ္စာပါ) စိတ်ရှိလဲ (ဒုက္ခသစ္စာပါ) ရုပ်ရှိလဲ (ဒုက္ခသစ္စာပါ ဘုရား) ကဲ ဒါဖြင့် ဒီအကွက် ပေါ်လေသ၍ ပျောက်လေသ၍ မောင်ချစ်စိန် ဘာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

နှလုံးသွင်းမှန်နဲ့ ကြည့်ရင် မဂ္ဂသစ္စာဖြစ်မယ်

အဲ သူက ဒုက္ခသစ္စာပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့က နှလုံးသွင်းမှန်နဲ့ ကြည့်ရင် မဂ္ဂသစ္စာဖြစ်မယ် (မှန်ပါ့) နှလုံးသွင်းမှန်နဲ့ ကြည့်ရင် (မဂ္ဂသစ္စာဖြစ်ပါတယ် ဘုရား)။

သူ မဂ္ဂသစ္စာ၊ဒီက ဒုက္ခသစ္စာကလဲ မပြတ်ပြမှာဘဲ (မှန်ပါ့) ခင်ဗျားတို့ကလဲ မပြတ်ကြည့်နေရင် မဂ္ဂသစ္စာဖြစ်မယ် (မှန်ပါ့ ဘုရား)မပြတ်ပါနဲ့ဆိုလို့ ရသေးရဲ့လား (မရပါ ဘုရား)။

မရတော့ကို ဒီ ၃-နံပါတ်မှာ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတွေဟာ လာခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

လာခွင့်မရတော့ ၃-ကွက်ချုပ်၍ ၄-ကွက် မပေါ်လာ (မှန်ပါ့)သဘောကျပလား (ကျပါပြီ) ၃-နံပါတ်အကွက်တွေ အကုန်ချုပ်၍ (၄-ကွက်မပေါ်လာပါ ဘုရား)။

၄-နံပါတ်ဒုက္ခသစ္စာတွေ မပေါ်လာတော့ ဒီဥစ္စာ ပဌမ သောတာပန်တည်တယ်ဆိုတာကတော့ကိုတဲ့ ဒိဋ္ဌိ ဒိဋ္ဌုပါဒန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံ ချုပ်လို့လို့မှတ်လိုက် (မှန်ပါ့)။

ဒီဘက် ၄-နံပါတ်မှာတော့ အပါယ်ဇာတိ ဇရာ မရဏ ချုပ်လို့လို့မှတ်လိုက် (မှန်ပါ့)။

ဒါလောက်ဆိုရင်ဘဲ သောတာပန် တည်တာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် လုပ်တတ်ကြပလား (လုပ်တတ်ပါပြီ)ဘယ်လိုလုပ်မတုံး၊ မှန်နဲ့ လူနဲ့ ကြည့်လိုက်တဲ့အခါ တဏှာ မာန ဒိဋ္ဌိ အရိပ်ပေါ်တယ် (မှန်ပါ့ ဘုရား) မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီ အရိပ်မပေါ်စေချင်ရင် ဘာလုပ်ကြမယ် (မှန်ကိုခွဲရပါမယ် ဘုရား) မှန်ကို ခွဲပါ (မှန်ပါ့) တရားလည်သွားပါပြီ၊ တော်တော် လည်လည်ပယ်ပယ် ရှိသွားပြီ (မှန်လှပါ ဘုရား)။

ဒကာ ဒကာမတို့ မှန်နဲ့လူနဲ့ ရပ်လိုက်တဲ့အခါ ဘာပေါ်သတုံး (အရိပ်ပေါ်ပါတယ် ဘုရား)။

အဲ ဒီမှာလဲ ခန္ဓာနဲ့ လူနဲ့သာ ရပ်နေမယ်ဆိုရင် တဏှာ မာန ဒိဋ္ဌိအရိပ်တွေ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။

အဲဒီတော့ ခန္ဓာတည်းဟူသော မှန်ကို အနိစ္စဒုက္ခ အနတ္တဖြစ်အောင် ထုချေပစ်ရမယ် (မှန်ပါ့)ထုချေပစ်လိုက်လို့ရှိရင် တဏှာ မာန ဒိဋ္ဌိအရိပ်လာသေးရဲ့လား (မလာပါ ဘုရား)သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် တဏှာ မာန ဒိဋ္ဌိအရိပ်မလာကတည်းက မဂ်ဉာဏ်ပေါ်ရောပေါ့ (မှန်လှပါ ဘုရား)မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

မဂ်ဉာဏ်ပေါ်ရင် တတိယအကွက် ဘာဖြစ်သွားမယ်

ကဲ ဒါဖြင့် မဂ်ဉာဏ်ပေါ်ရင် တတိယအကွက် ဘာဖြစ်သွားမယ် (ချုပ်သွားပါမယ် ဘုရား)တတိယအကွက် ချုပ်သွားလို့ရှိရင် သမုဒယသစ္စာချုပ်တာဘဲ (မှန်ပါ့) စတုတ္ထအကွက်လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်ရင် ဘာပေါ်မယ် (နိရောဓသစ္စာပါ ဘုရား) နိရောဓသစ္စာဘဲဆိုတာ သေချာပလား (သေချာပါပြီ) ဒါဖြင့် ယနေ့မှန်ခွဲရမယ်၊ မှန်ထုချေရမယ် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ မှန်တော့ တခြားမှန်မဟုတ်ပါဘူးတဲ့၊ ဒီ ဒကာ ဒကာမတွေ အကွက်တွေ ၁၂-ခုကိုသာ အနိစ္စဖြစ်အောင်ရှု (မှန်ပါ့)သဘောကျပလား (ကျပါပြီ ဘုရား)။

၁၂-ခုကို (အနိစ္စဖြစ်အောင်ရှုရပါမယ်) အဲဒါ ခန္ဓာမှန်ကိုထုချေနေတာဘဲ (မှန်ပါ့) တဏှာ မာန ဒိဋ္ဌိအရိပ်လာနိုင်သေးရဲ့လား (မလာနိုင်တော့ပါ ဘုရား)။

မလာနိုင်လို့ရှိရင် ကျုပ်တို့သည် နိပ္ပပဉ္စဖြစ်ပါတယ် (မှန်ပါ့) ပပဉ္စတရား လာသေးရဲ့လား (မလာပါ ဘုရား) ပပဉ္စမရှိတဲ့အဓိပ္ပာယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ရောက်မှ ရောက်ပါ့မလား လို့ သံသယရှိဖို့ လိုသေးသလား (မလိုပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။