11410

မာတိကာသို့

ကုသိုလ်စစ်ကို ရအောင် ရှာပါ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ် ဆရာတော်ဘုရားကြီး

အမရပူမြို့- ဓမ္မာရုံ၌ ဟောကြားဆုံးမတော်မူသော

( ကုသိုလ်စစ်ကို ရအောင် ရှာပါ )ညအလုပ်ပေး – တရားတော်

(၁၂-၉-၆၂)

တရားနာတယ်ဆိုတာ

တရားနာကြတယ်ဆိုတဲ့ဥစ္စာ မတရားလုပ်တာ ကာကွယ်တာပဲလို့ မှတ်ကြပါ (မှန်ပါ့) တရားနာတယ် တရားနာတယ်ဆိုတာ မတရားတာတွေ ကာကွယ်တဲ့တရားလို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

မတရားတွေ ကာကွယ်တယ်ဆိုတာ တခြားမဟုတ်ဘူး တနေ့လုံးဟာ လူမှာဆိုလို့ရှိရင် လောဘတွေ, ဒေါသတွေ, မောဟတွေ, ဣဿာတွေ, မစ္ဆရိယတွေ, မာနတွေ, ဒါတွေက များပြီးသကာလနေတော့ ဒီတရားတည်းဟူသော မဂ္ဂင်ရေနဲ့ ဆေးကြောမှပြောင်မှာဖြစ်နေလို့ မဂ္ဂင်ရေနဲ့ ဆေးကြောတဲ့အလုပ်ကို လုပ်ကြရတယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

မဂ္ဂင်ရေနဲ့ ဆေးကြောလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ စင်ကြယ်ပြီးသကာလ သွားပါတယ် (မှန်ပါ့) ဒီ့ပြင်ရေနဲ့ ဆေးလို့ရှိရင် မစင်ကြယ်ပါဘူး (မှန်ပါ့ ဘုရား)။

ဘာကြောင့်တုံးလို့ မေးတဲ့အခါကတော့မှ ကုသိုလ်လုပ်တယ်၊ တံမြက်စီးလှဲတဲ့ ကုသိုလ်၊ ရေလှူတဲ့ ကုသိုလ် အမျိုးမျိုးအဖုံဖုံရှိတယ်၊ သူက ကုသိုလ် ကုသိုလ်တခြားဘဲ၊ အကုသိုလ်ဟာ အကုသိုလ်တခြားဘဲ၊ ဖြတ်နိုင်တဲ့ စွမ်းရည်သတ္တိမရှိဘူး (မှန်ပါ့ ဘုရား)။

မဂ်တစ်ခုကအနိုင်ဆုံးဘဲ

မဂ်ကတော့ဖြင့် အတိတ်ကပါလာတာဖြစ်စေ၊ ပစ္စုပ္ပန်မှာဖြစ်စေ အလုံးစုံအကုန် ပစ္စုပ္ပန်မှာ ပါလာတဲ့ ဒီဘဝမိုက်မဲထားတာတွေ၊ အတိတ်ကပါလာတဲ့ မိုက်မဲမှု၊ အပါယ်မှာ ခန္ဓာနဲ့ ကျွေးမဆပ်ရသေးတာတွေ အလုံးစုံ အကုန်ဟူသ၍သည် မဂ်တစ်ခုကအနိုင်ဆုံးဘဲ (မှန်ပါ့ ဘုရား)။

ဒါ့ကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကို နားထောင်ကြည့်ပါ “ကုသလာ ကုသလံ ဗဟံ” ကုသိုလ် အကုသိုလ်တွေ စွန့်လိုက်တယ်ကွာဆိုတဲ့ဥစ္စာ သူဘာကြောင့် ဒီအသံ ဒါလောက် ထွက်ပါလိမ့်မတုံးလို့ ဘုရားကမေးလို့ရှိရင်ဖြင့် ဪ ငါ မဂ်ရပြီးပြီလို့ ပြောတာဘဲ (မှန်ပါ့ ဘုရား)။

မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ဖြင့် ဒကာ ဒကာမတွေ မှတ်ကြ ကုသိုလ်လဲ စွန့်ပစ်လိုက်တယ်၊ အကုသိုလ်လဲ စွန့်ပစ်လိုက်တယ်လို့ မှတ်ကြပါ (မှန်ပါ့ ဘုရား)။

နို့ ကုသိုလ်ဘာဖြစ်လို့ စွန့်ရတာတုံး၊ အို ကုသိုလ်ပေမဲ့ ခင်ဗျားတို့က ဘုံဘဝ အကျိုးပေးမည့် ကုသိုလ်တွေ ဆိုတော့ မောင်ချစ်စိန် ဇာတိ,ဇရာ,မရဏ လာဦးမှာဘဲ (မှန်ပါ့) အကုသိုလ်က လုပ်ပေးတဲ့အခါ ဇာတိ,ဇရာ,မရဏတွေ လာဦးမှာပေါ့၊ ကုသိုလ်က သုဂတိဇာတိ, ဇရာ, မရဏတွေ ဦးမြမောင် လာဦးမှာပေါ့ (မှန်ပါ့) ဒါတွေမစွန့်လို့ရှိရင် ဒုက္ခသစ္စာ အဆက်ပြတ်ပါ့မလား (မပြတ်ပါ ဘုရား)။

ကြောက်စရာကုသိုလ်တွေ ရှိသေးသကိုး

ဒါ့ကြောင့် ကုသိုလ်ပေမဲ့လဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ရတယ်၊ ဪ ကုသိုလ်ပေမဲ့လဲ ကြောက်စရာကုသိုလ်တွေ ရှိသေးသကိုး (မှန်ပါ့ ဘုရား)။

မောင်သစ်တို့က ကုသိုလ်ဆိုရင် အကောင်းချည်းပဲ ဆိုလို့ရှိရင် မဂ်ဟာ ဟောစရာမလိုတော့ဘူး (မှန်ပါ့) ကုသိုလ်ပေမဲ့လဲ ဇာတိ, ဇရာ, မရဏ ကျေးဇူးပြုတဲ့ ကုသိုလ်ကျတော့ ဒါ ကုသိုလ်ကောင်း ကုသိုလ်စစ်လို့ ဦးမြမောင်တို့၊ ဦးဘသန်းတို့က မဆိုလိုက်နဲ့ (မှန်ပါ့ ဘုရား)။

ဇာတိ,ဇရာ,မရဏ ကျေးဇူးပြုတော့ ဇာတိ,ဇရာ,မရဏ,ဒုက္ခသစ္စာလို့ ပဋိစ္စသမုပ္ပါဒ်မှာ ပါနေတယ်(မှန်ပါ့) ဒါဖြင့် ဒုက္ခသစ္စာကျေးဇူးပြုမည့် ကုသိုလ်ဖြင့် ကျုပ်တို့အကြိုက် ကျနိုင်ပါ့မလား သစ္စာသိတဲ့ ပုဂ္ဂိုလ်က (မကျနိုင်ပါ ဘုရား)။

မကျနိုင်ဘူး တဲ့၊ သစ္စာသိတဲ့ပုဂ္ဂိုလ်က ဘယ်နည်းနျင့်မှ မကျနိုင်ဘူးဆိုတာ မှတ်ထားပါ (မှန်ပါ့) အဲဒီတော့ကို သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကတော့ ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ကဲ ဦးကျော်မောင်တို့ လူကြီးပါပါတယ်၊ ဦးအောင်ဇံဝေတို့ လူကြီးပါပါတယ်၊ ကုသိုလ်တိုင်း နဂိုက ကြိုက်ရမယ်လို့ အောက်မေ့ထားတာ အခု ဆရာဘုန်းကြီးက ပြင်လိုက်ပါတယ်၊ ကုသိုလ်တိုင်းမကြိုက်နဲ့ (မှန်ပါ့) ကုသိုလ်တိုင်း ကြိုက်လို့ရှိရင် ခင်ဗျားတို့ ဥပမာ နတ်ပြည်ရောက်တဲ့ ကုသိုလ်, ဗြဟ္မာပြည်ရောက်တဲ့ကုသိုလ်, စကြဝတေး မန္ဓာတ်ဖြစ်တဲ့ကုသိုလ်ဆိုရင်ဖြင့် ဇာတိဇရာ၊ဗျာတိ၊ မရဏလွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

မလွတ်သေးဘူးတဲ့၊ အမေမှား အဖေမှားတွေမှာကော ပဋိသန္ဓေမနေနိုင်ဘူးလား (နေနိုင်ပါတယ် ဘုရား)။

ထိုကဲ့သို့ နေနိုင်ပြန်လို့ ရှိရင်လဲ အမေမှား အဖေမှား သင်ရာကြောင့် ဝါဒပြောင်းပြီး သကာလ အမျိုးမျိုးသော အကုသိုလ်တွေ မလုပ်ဖြစ်ဘူးလို့ ဆိုနိုင်ကြပါ့မလား (မဆိုနိုင်ပါ ဘုရား)။

မဆိုနိုင်တော့ ဪ ဒါဖြင့် ကုသိုလ်တိုင်းကောင်းတယ်လို့ အကုန်ယူလို့ မရဘူးဆိုတာ ယနေ့ညမှတ်ရမယ် (မှန်ပါ့ ဘုရား)။

အကဏှ အသုက္ကဖြစ်တဲ့ ကုသိုလ်သာကြိုက်တယ်

ကိုယ်က ကုသိုလ်ဆိုလို့ရှိရင်ဖြင့် အကောင်းချည့်ဘဲလို့ ဦးမြမောင်တို့က ယူလိုက်လို့ရှိရင်တဲ့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူကြိုက်တဲ့ ကုသိုလ်က အကဏှ အသုက္ကဖြစ်တဲ့ ကုသိုလ်သာကြိုက်တယ် (မှန်ပါ့ ဘုရား)။

ကဏှသုက္က=ဖြူစင်တဲ့ ကုသိုလ်ဆိုငြားသော်လဲ ကာမာဝစရကုသိုလ်တွေဖြစ်နေတော့ ကာမဘုံတွင် လျှောက်ပြီးအကျိုးပေးနေတော့ ဦးကျော်မောင် ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

ဒါ့ကြောင့် ကံလေးပါး ခွဲလာတဲ့အခါမှာလဲ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်ပါ၊ အကဏှ=မမည်းမနက်၊အသုက္ကမဖြူ၊ ဖြူလဲမဖြူ မည်းလဲမမည်းဘဲနဲ့ ကုသိုလ်မျိုးကို ဦးအောင် ဇံဝေ ဘုရားကြိုက်တယ် (မှန်ပါ့) အဲဒီ့ကံက ဘယ်သူတုံးလို့ဆိုတော့ မဂ္ဂင်ရှစ်ပါးကို ကံလို့ခေါ်တယ်လို့ မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌ နဂိုကမှတ်ထားတာက မောင်သစ်တို့ မှတ်ထားတာက ငယ်ငယ်က မှတ်ထားတာတွေက ဦးဘသန်းကြီးတို့ ငယ်ငယ်ကမှတ်ထားတာတွေက ကုသိုလ်ဆိုကွာ ကောင်းတာဘဲ (မှန်ပါ့) ဒီလို ယူထားကြတယ် (မှန်ပါ့ ဘုရား)။

နို့ ဘုန်းကြီးက ကုသိုလ်ပယ်တာလားလို့မေးတော့ ပယ်တာတော့ မဟုတ်ဘူးဗျ၊ အကောင်းအဆိုးရွေးတာ (မှန်ပါ့) ပယ်တာတော့ မဟုတ်ပါဘူး။ အကောင်း အဆိုး ရွေးတယ်လို့ ဒကာ ဒကာမတွေက မှတ်ရမယ်နော် (မှန်ပါ့)။

အကောင်း အဆိုး ရွေးတော့ မကောင်းတဲ့ ကုသိုလ်လို့ ဆိုလိုက်ပြန်တော့လဲ သစ္စာဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျတော့ လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည် အကျိုးပေးလို့ရှိရင် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒုက္ခချုပ်ငြိမ်းတဲ့ ကုသိုလ်သာလျှင်

မလွတ်ရင် ဒီကုသိုလ်ကို ခင်ဗျားတို့ သစ္စာသိထားတဲ့ ပုဂ္ဂိုလ်က ဒုက္ခသစ္စာအကျိုးပေးတဲ့ ကုသိုလ်ကို ရမ်းကြိုက်နေလို့ရှိရင်ဖြင့် ဦးမြမောင် အမှားဘဲ (မှန်ပါ့) ဒုက္ခချုပ်ငြိမ်းတဲ့ ကုသိုလ်သာလျှင် ကုသိုလ်စစ် ကုသိုလ်မှန်လို့ သေသေချာချာ မှတ်ရမယ် (မှန်ပါ့)။

အဲဒီတော့ ဒီနေရာမှာ မောင်သစ် ဆရာကောင်း သမားကောင်း သိပ်လိုတယ်၊ ညွှန်ပြမည့်သူ လိုတယ်ဆိုတာ ဦးမြမောင် ပေါ်ပြီ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုယ့်နဂိုအမှတ်နဲ့ တခြားစီမသွားဘူးလား (သွားပါတယ် ဘုရား) နဂိုအမှတ်ကတော့ ခင်ဗျားတို့ ကြားဘူးနားဝရှိပြီး ဆရာတွေ သမားတွေနဲ့ လာကြတာကတော့ဖြင့် ကုသိုလ်ဆိုကွာ ကောင်းတာချည့်ဘဲ။ ဘာလုပ်လုပ် ကောင်းတာချည့်ဘဲလို့ ဆိုငြားသော်လဲ ဘုံဘဝအကျိုးပေးတဲ့ ကုသိုလ်မျိုးဟာ မကောင်းဘူး (မှန်ပါ့)။

ဘုံဘဝမှ လွတ်မြောက်တဲ့ ကုသိုလ်မျိုးသည် (ကောင်းပါတယ် ဘုရား) ကောင်းတယ်လို့ ဆိုတော့ ဘာကလေး လုပ်လုပ်၊ ဒါနလုပ်လုပ်၊ သီလ လုပ်လုပ်၊ ဒီဘုံဘဝ မလိုချင်တဲ့ဉာဏ် ဦးစီးလုပ်တဲ့ ကုသိုလ်ဆိုတော့ ဘုန်းကြီးများကလဲ ကြိုက်ကြဟေ့ လို့ဘဲ အားပေးပါတယ် (မှန်ပါ့ ဘုရား)။

ဘုံဘဝတွေ ခင်ဗျားတို့က တောင်းတပြီး သကာလ ကုသိုလ်တွေ လုပ်ပြီး သကာလ နေကြလို့ရှိရင်တော့ သူ့ဒုက္ခ သူရှာတာဘဲ (မှန်ပါ့) ဦးကျော်မောင် ဆိုထိုက်၊ မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

နားကြီးမှလဲရတယ်

အဲဒီတော့ ဒါကတော့ နားကြီးမှလဲရတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းထားမှ (မှန်ပါ့) နားမကြီးလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒါရှင်းလှမယ်မဟုတ်ပါဘူး (မှန်ပါ့) အခုတော့ သင်ပြထားတာတွေက များတော့ ဪ ရှင်းပေါ့ဆိုတဲ့ အဓိပ္ပာယ်တော့ မရောက်သေးဘူးလား (ရောက်ပါပြီ)။

ဘုံဘဝအကျိုးပေးတဲ့ ကုသိုလ်ဟာ ကုသိုလ်ကောင်းလား ကုသိုလ်ဆိုးလား (ကုသိုလ်ဆိုးပါ ဘုရား) ဘုံဘဝလွတ်တဲ့ဆီ အကျိုးပေးတဲ့ ကုသိုလ်မှသာလျှင် ကုသိုလ်ကောင်းလို့ ဒကာ ဒကာမတွေက ဆုံးဖြတ်ချက်ချပါနော် (မှန်ပါ့)။

မယုံရင် ကိုယ်တိုင်နာကြည့်ပါ။ ကိုယ်တိုင်အိုကြည့်ပါ။ ကိုယ်တိုင်သေခါနီးဖြစ်ကြည့်ပါ ဦးအောင်ဇံဝေ (မှန်ပါ့) ကြိုက်ပါ့မလား (မကြိုက်ပါ ဘုရား)။

လူ့ဘဝဘဲ၊ နတ်ဘဝဘဲ၊ ဗြဟ္မာဘဝဘဲလို့ ဆိုငြားသော်လဲ ပြေသံကြားကောင်းနဲ့ ဦးမြမောင်တို့က ကြိုက်နေတာ (မှန်ပါ့ ဘုရား)။

သူ့အထဲမှာ အတွင်းသားမှာ ခွါလိုက်တော့ ခန္ဓာအတွင်းသားမှာ ကြည့်လိုက်တော့ ဇာတိ ဇရာ ဗျာဓိမရဏတွေက ပါနေတယ် (မှန်ပါ့) ပဋိသန္ဓေနေမှုဆင်းရဲ, အိုမှုဆင်းရဲ, နာမှုဆင်းရဲ, သေမှုဆင်းရဲ, စိတ်အလိုမကျမှုဆင်းရဲ ဦးကျော်မောင် မပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့ ကိုယ်တိုင် ဒါတွေဟာ မိုးမွှန်နေအောင်တွေ့ပြီးသားဖြစ်နေတော့ တခါတခါ ခင်ဗျားတို့ ညည်းလုံးထုတ်တယ်။ ကုသိုလ်များကလဲကွာ ဘယ့်နှယ်တုံး ပြောဘဲပြောတတ်ပါဘူးဆိုတဲ့ဥစ္စာ ခင်ဗျားတို့ ကိုယ်တိုင် ညည်းနေတာ (မှန်ပါ့) မညည်းဘူးလား (ညည်းပါတယ် ဘုရား)။

ဇာတိ ဇရာ မရဏက ခဏခဏနာ၊ ခဏခဏဖျား၊ ခဏခဏငွေကုန်များနေတဲ့အခါကျတော့ အားလုံး ဒကာ ဒကာမတွေ သိတဲ့အတိုင်း ကုသိုလ်ကို ညည်းနေတာဘဲ (မှန်ပါ့) ညည်းပေမဲ့လဲ ခင်ဗျားတို့က ဒီ ကုသိုလ်ကို ဪ မလုပ်ကောင်းတဲ့ ကုသိုလ်အစရှိသည်နဲ့ ခင်ဗျားတို့က မယူဆဘဲနဲပ ကံဆက်ဦးမှဘဲဆိုပြီး ဆက်ပြန်တယ် ဦးမြမောင်တို့က (မှန်ပါ့)။

ကံဆက်တော့ နဂိုကမှ ဇာတိ ဇရာ မရဏ အကျိုးပေးတဲ့ ကုသိုလ်ကိုး၊ နောက်ကံက ပြန်ဆက်လိုက်ကတည်းကိုက ဇာတိ ဇရာ မရဏ အသက်ရှည်ရုံမှတပါး ဘာမှမလာဘူး (မှန်ပါ့)။

ခင်ဗျားတို့ကတော့ ကံဆက်ချင်တဲ့ လူတွေ

သို့သော် ဒါ ဆရာကောင်း သမားကောင်းမို့ ဦးဘသန်း အမှန်ပြောတာ နော် (မှန်ပါ့) ခင်ဗျားတို့ကတော့ ကံဆက်ချင်တဲ့ လူတွေ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

ကံကောင်းချင်တဲ့လူတွေဆိုတော့ ကံမကောင်းဘူး၊ ကံဆက်ချင်တယ် (မှန်ပါ့) ကုသိုလ်ကံတွေက နည်းတယ်ထင်လို့ အိမ်မှာ လူမမာတွေ များလွန်းလို့ ရောဂါဝေဒနာတွေ ထူလွန်းလို့ ကပ်တွေက တိုက်လွန်းလို့ဆိုပြီး ကုသိုလ်ကလေးများ ဆက်ကြဦးစို့လေ ဆိုတော့ နောက် ခန္ဓာရတာလဲ ဇာတိ ဇရာ ဗျာဓိ မရဏက နေရစ်တာမှ မဟုတ်ဘဲ (မှန်ပါ့) မပါလာဘူးလား (ပါလာပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ အလွဲတော်ပုံကြီးကလဲ လွဲပြီးရင်း လွဲရင်း (မှန်ပါ့) လွဲပြီးရင်း လွဲရင်းလို့ ဦးအောင်ဇံဝေ ဆိုလို့ရှိရင် ဘယ့်နှယ်တုံး (မှန်ပါတယ် ဘုရား) မှန်တယ်လို့ဘဲ ဆုံးဖြတ်ချက်ချရမှာဘဲ (မှန်ပါ့)။

အဲဒါ့ကြောင့် ဒီ ဒကာဒကာမတွေတော့ဖြင့် ကုသိုလ်လုပ်တိုင်း၊ လုပ်တိုင်း ခန္ဓာဝန်, ဒုက္ခဝဋ်မှ ကျွတ်တဲ့ ကုသိုလ်မျိုးကိုသာ လုပ်ပါ (မှန်ပါ့)။

ဘာကလေးလှူလှူ၊ ဘာကလေးတန်းတန်း၊ ဘာကလေးဝယ်ဝယ်၊ သားရှင်ပြုပြု၊ သမီးမင်္ဂလာ အခမ်းအနားဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဆိုတော့ အလှူကတော့ ပါသေးတာကိုး (မှန်ပါ့) ပါဝင်ပါငြားသော်လဲ ဒါကိစ္စကြုံလို့ လုပ်တယ်လို့ မယူဘဲနဲ့ ကိုယ့်ခန္ဓာ ဒုက္ခဝဋ်မှ ကျွတ်ချင်လို့ သစ္စာမြင်ပြီးတော့ လုပ်လိုက်စမ်းပါ (မှန်ပါ ဘုရား)။

ဒီလိုဆိုတော့ ဦးမြမောင် မှားစရာရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒါကျတော့ နောက် ခန္ဓာရသေးရဲ့လား (မရပါ ဘုရား)။

အဲ နောက်ခန္ဓာမရတဲ့ဥစ္စာသည် ကုသိုလ်စစ် ကုသိုလ်မှန် (မှန်ပါ့) နောက် ခန္ဓာရတဲ့ ကုသိုလ်ဟူသ၍သည် သစ္စာဉာဏ်နဲ့ကြည့်လေလေ၊ ဆိုးဝါးလေဘဲ (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အဲဒါကြောင့် ဒီနေ့ည ပြောရမည့်တရားသည် ကုသိုလ်ဟူသ၍ အကောင်းချည့်ဘဲလို့ မှတ်ထားလို့ မဖြစ်သေးဘူး ဆိုတဲ့ အဓိပ္ပာယ်ရှင်းပေးနေတယ် (မှန်ပါ့ ဘုရား)။

ပြင်တတ်၊ ဆင်တတ်ကြပလား

ကဲ ဒါဖြင့် ပြင်တတ်၊ ဆင်တတ်ကြပလားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (ပြင်တတ်၊ ဆင်တတ်ပါပြီ ဘုရား) ပြင်တတ် ဆင်တတ်ပြီ၊ ဪ ကုသိုလ်ပေမဲ့လဲ ဒို့ငယ်ငယ်ကမှတ်တာတွေ အကုန်ဖျောက်ပြီး သကာလ ဆရာသမားပြင်ပေးတဲ့ နောက်ကို အကုန်လိုက်မှသာလျှင် ဒို့မှန်းခြေပေါက်မယ် (မှန်ပါ့) နို့မဟုတ်လို့ရှိရင် မှန်းခြေမပေါက်ဘူး (မှန်ပါ့ ဘုရား)။

လိုချင်တာ ချမ်းသာ၊ ရတာက ဆင်းရဲဆယ့်တစ်ပါး (မှန်ပါ့) မဖြစ်ပေဘူးလား ဖြစ်သလား (ဖြစ်ပါတယ်) လိုခင်တာက (ချမ်းသာပါ ဘုရား) ရတာက (ဆင်းရဲပါ ဘုရား)။

အဲဒီတော့ကိုပြောသံကြားနဲ့ ဦးမြမောင်တို့ လူစု ဦးကျော်မောင်တို့ လူစုတွေက မရွေးတတ် မချယ်တတ်ဘဲနဲ့ ခုနစ်ဆယ့်ငါးကျပ်သား ထည့်ပေးတာကို တစ်ပိဿာထင်ပြီး ခင်ဗျားတို့ လုပ်နေတဲ့အလုပ်ဟာလဲ အလွဲအချော်ဘဲ (မှန်ပါ့)။

အလွဲအချော်ဘဲတဲ့၊ ထည့်ပေးတဲ့ ဈေးသည်က ခုနစ်ဆယ့်ငါးကျပ်၊ ကိုယ်က တစ်ပိဿာမှတ်ပြီး ယူသွားလို့ရှိရင်ဖြင့် ဒါဟာ ကိုယ့်မှာ ဆုံးရံှုးခြင်း တစ်ခုဘဲ (မှန်ပါ့) ကုသိုလ်လုပ်ငြားသော်လဲ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ ကုသိုလ်မျိုး ရှိသေးတယ် (မှန်ပါံ) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဥပမာ နောက်ဘဝကျတော့ နတ်ဖြစ်လဲ သေပွဲဝင်ရတယ်၊ ဗြဟ္မာဖြစ်လဲ (သေပွဲဝင်ရမှာပါလုရား) သေပွဲတွေ အကုန်ဝင်ရတော့ ဘယ်သူက သတ်တာတုံးမေးတော့ ကုသိုလ်က သတိတာ (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ပုံရိုင်းရိုင်း ပြောကြပါစို့ ဆိုတော့ စက်ရှင်မှုဖြစ်နေတဲ့ ပုဂ္ဂိုလ်ဟာ မြန်မြန်သတ်ပါလို့ ငွေတိုးလိုက်တဲ့အခါကျတော့ ဒီစက်ရှင်သမားလောက်မိုက်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

နောက်ထပ်သေပါရစေဦး

နဂိုကလဲ သေမိန့်ကျပြီးသား၊ နောက်ထပ်သေဖို့ရာ ငွေထိုးသလို (မှန်ပါ့) ခင်ဗျားတို့မှာလဲ ခန္ဓာကြီးရထားတော့ သေရမည့် ခန္ဓာကြီး ဒီဘဝရ,ထားပါလျက်သားနဲ့ နောက်ထပ်သေပါရစေဦး ဆိုပြီး သကာလ နတ်ဖြစ်ချင်, ဗြဟ္မာဖြစ်ချင်တဲပကုသိုလ်တွေဆိုတော့ ငွေထိုးသလိုဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ပုံရိုင်းတယ်ထင်သလား၊ မှန်နေသလား (မှန်နေပါတယ်) မှန်နေတယ်ဆိုတာကို သေသေချာချာ တွေးမှသာလျှင် မောင်ချစ်စိန်ပေါ်လာတယ် (မှန်ပါ့) နို့ မဟုတ်ရင် ပေါ်ပါ့မလား (မပေါ်ပါ) ရှင်းကြပြီနော် (ရှင်းပါပြီ ဘုရား)။

အေး ဒါကြောင့် ဒီဥစ္စာ ဘယ့်နှယ်ကြောင့် ကုသိုလ်တွေလုပ်ဖြစ်ပါလိမ့်မတုံးလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးတော့ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ မှတ်လိုက်တာပေါ့။ ဦးစံဖေမှတ်၊ သစ္စာမသိလို့လုပ်တာ (မှန်ပါ့)။

ဘာမသိလို့လဲ (သစ္စာမသိလို့ပါ ဘုရား) သစ္စာမသိလို့ မှားလိုက်တာ (မှန်ပါ့) သစ္စာသိတဲ့ ပုဂ္ဂိုလ်ကတော့ ဒီ ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏။ လာလတ္တံံ့ ဒုက္ခဝဋ်ကြီးကို ကြောက်လွန်းလို့၊ ရွံလွန်းလို့၊ မုန်းလွန်းလို့ဆိုပြီး သစ္စာမြင်တဲပ ဉာဏ်နဲပ လုပ်လိုက်တဲ့ အခါကျတော့ကို ဝိဝဋ္ဋ၊ ဝဋ်မှ ကျွတ်တဲ့ ကုသိုလ်သွားဖြစ်တယ် (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့ကို ဘယ်သူက ဘယ်လိုသင်သင် မင်းဘာလုပ်လုပ်ကွာ “နိဗ္ဗာနပစ္စယောဟောတု” ဆိုပြီး လုပ်ကောင်းတာပါဘဲလို့ ဆိုငြားသော်လဲ ပြောသံကြားသာကောင်းတာ (မှန်ပါ့) ကိုယ့်အမြင်က နောက်ခန္ခာကြိုက်နေလို့ရှိရင် လွဲတာဘဲ (မှန်ပါ့) မလွဲဘူးလား (လွဲပါတယ် ဘုရား)။

နောက်ခန္ဓာမကြိုက်ပါမှ တရားမှန်

အဲဒီတော့ ကိုယ့်အမြင်က နောက်ခန္ဓာမကြိုက်ပါမှ တရားမှန်၊ တရားစစ်ဆိုတဲ့ဥစ္စာ ဦးမြမောင် အဝေးကြီးက လာရတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ကိုယ့်အမြင်မရှိဘဲနဲ့ သူများက ‘နိဗ္ဗာနပစ္စယောဟောတု’ ဆိုငြားသော်လဲ ကိုယ်ကလဲ ရမ်းလိုက်လိုက်တယ် (မှန်ပါ့) လိုက်ပေမဲ့ ကိုယ့်အကြိုက် လိုက်တာလား ပြောသံကြား လိုက်တာလား မေးရင် ဘယ့်နှယ်ဖြေမလဲ (ပြောသံကြား လိုက်တာပါ ဘုရား)။

ဒါဖြင့် သစ္စာမသိဘဲ လိုက်နေလို့ရှိရင် အကျိုးပေးဦးမှာဘဲ ဘုံဘဝတွေ (မှန်ပါ့) အကျိုးပေးနေလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းဦးမှာဘဲ (မှန်ပါ့)။

ဦးကျော်မောင် ကိုယ်ကျိုးမနည်းပေဘူးလား (နည်းပါတယ်) အေး ဒါတွေ သိတော့မှ ပြောသံကြားနဲ့များ ဘာမှလုပ်ဖို့ မတော်ပါလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ကိုယ်တိုင်သိပြီး လုပ်မှသာလျှင် နောက်က ဒကာ ဒကာမတွေ အဖိုးတန်မယ်ဆိုတာ ပေါ်ကြပလား (ပေါ်ကြပါပြီ) ကိုယ်တိုင်သိကလေးဟာ တော်တော်အရေးကြီးတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။

ကိုယ်တိုင် ဘာသတိရမတုံး ဆိုတဲပအခါကျတော့မှ မောင်ချစ်စိန် ကိုယ့်ခန္ဓာဒုက္ခသစ္စာကို ကိုယ့်ဉာဏ်နဲ့ သိရမယ် (မှန်လှပါ) ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို (ကိုယ့်ဉာဏ်နဲ့ သိရပါမယ် ဘုရား)။

ကိုယ့်ဉာဏ်နဲ့သိရမယ်ဆိုတော့ အလုပ်သမား မဟုတ်လို့ရှိရင် ဦးမြမောင် ဘယ်နည်းမှ မသိဘူး (မှန်ပါ့)။

အလုပ်သမားမဟုတ်ရင် (မသိနိုင်ပါ ဘုရား) ပြောသံကြားကိုဘဲ မှတ်နေဦးမှာဘဲ (မှန်ပါ့)။

အဲဒါကြောင့် နောက်က ဒကာ ဒကာမတွေ အလုပ်နဲ့ သိပြီးလှူတဲ့ အလှူသည် ဝိဝဋ္ဋအစစ် ဖြစ်ပါတယ် (မှန်ပါ့) အလုပ်မပါလဲနဲ့ လှူတန်း ပေးကမ်း ပြောသံကြားသာ နိဗ္ဗာနပစ္စယောနဲ့တော့ဖြင့် မရသေးပါဘူး (မှန်ပါ့) မရသေးပါဘူး၊ လိုသေးတယ်။

ကိုယ်တိုင်မြင်တဲ့ သစ္စာ ဟုတ်ပလား

ကိုယ်တိုင် ဒိဋ္ဌဓမ္မော, ပတ္တဓမ္မော ဖြစ်ပြီလား (မဖြစ်သေးပါ ဘုရား) ကိုယ်တိုင်မြင်တဲ့ သစ္စာ ဟုတ်ပလား (မဟုတ်သေးပါ ဘုရား) ကိုယ်တိုင်တွေ့ရတဲ့ ဒုက္ခသစ္စာကော ဟုတ်ပလား (မဟုတ်သေးပါ ဘုရား)။

မဟုတ်သေးလို့ရှိရင်ဖြင့် ဒီဥစ္စာ သူများပြောနဲ့ သူများပါးစပ် လမ်းဆုံးပြီး နိဗ္ဗာနပစ္စယောဖြစ်နေတယ် (မှန်လှပါ) မဖြစ်ဘူးလား ( ဖြစ်ပါတယ်ဘုရား )။

အဲဒါကြောင့် ဒကာ ဒကာမတွေ လိုတာဖြည့်ပေးတဲ့ညဘဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဘုရားက ဟောလိုက်တာက မနေ့က အဆက်ကို ပြန်ဆက်ကြစို့၊ မနေ့က အဆက်က ဘာတုံးဆိုတော့ ယမကရဟန်းဟာ ရဟန္တာသေယင် ဘာမှမဖြစ်တော့ဘူး၊ အကုန်သုဉ်းသွားတာဘဲ၊ သွန်သွားတာဘဲလို့ သူမယူဘူးလား (ယူပါတယ် ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူကြီးကို ယမကယူနေတာတုံးလို့ မေးတဲ့အခါကျလို့ ရှိရင်ဖြင့် နိဗ္ဗာန် သဘောမကျလို့ (မှန်လှပါ)။

မှတ်ချက်။ ”သဘောမကျ” ဆိုခြင်းသည် သဘာဝကျအောင် မသိခြင်းကို ဆိုလိုသည်။

ဘာသဘောမကျလို့တုံး (နိဗ္ဗာန်သဘောမကျလို့ပါ) ရဟန္တာသေတယ်ဆိုလို့ရှိရင်ဖြင့် ဘာမှမဖြစ်တော့ဘူးဆိုတော့ သူက ရုပ်နာမ်မဖြစ်တာ ရုပ်နာမ်မရှိလို့ရှိရင် ဘာမှမရှိတော့ဘူး ယူလိုက်တော့ကိုတဲ့၊ ဘုန်းကြီးရှင်းပြပါ့မယ်၊ ရုပ်နာမ်မရှိတဲ့ ချမ်းသာနဲ့ ရုပ်နာမ်ရှိတဲ့ သဘောနဲ့ဟာ အများကြီး ခြားနားပါတယ် (မှန်ပါ့)။

ရုပ်နာမ်မရှိတဲ့ ချမ်းသာသည် ရုပ်နာမ်က ဒုက္ခသစ္စာ ဖြစ်နေတော့ အခု အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေက ရုပ်နာမ်မရှိတာကို သဘောကျပြီးသကာလ ရုပ်နာမ်မရှိတဲ့ ချမ်းသာကို သဘောကျနေပြီးသကာလ လုပ်ကြရမယ် (မှန်ပါ့)။

အဲဒီတော့ ရုပ်နာမ်ကို ဒုက္ခသစ္စာလို့ သိထားတော့မှ ရုပ်နာမ်မရှိတာ သုခသစ္စာလို့ ဉာဏ်ထဲမှာ ပြောင်းလို့ရတယ် (မှန်ပါ့) နို့ မဟုတ်လို့ရှိရင် (ပြောင်းလို့မရပါ ဘုရား)။

ပြောင်းလို့ မရဘူးဆိုတောာ့ မောင်သစ်တို့ မေးမယ်၊ ဦးမြမောင်တို့ မေးမယ်၊ ဦးကျော်မောင်တို့ မေးမယ်၊ အိပ်ရေးပျက်နေတဲ့သူတစ်ယောက် ချိုက်ချိုက်မြိုက်မြိုက်အိပ်ပျော်ပြီးအိပ်မောကျနေတဲ့အခါ ရှိတယ်နော် (ရှိပါတယ် ဘုရား) ရုပ်ရှိမှန်းလဲ မသိဘူး၊ နာမ်ရှိမှန်းလဲ မသိဘူး၊ သိသေးရဲ့လား (မသိပါ ဘုရား)။

ရုပ်နာမ်မရှိတဲ့ ချမ်းသာ

မသိပေမဲ့ အိပ်ရာက နိုးလာတဲ့အခါကျတော့ ချမ်းသာလိုက်တာဗျာ ချမ်းသာလိုက်တာ၊ အိပ်ကောင်းတုန်း ချမ်းသာလိုက်တာဆိုတော့ ရုပ်နာမ်မရှိတဲ့ ချမ်းသာကို ချမ်းသာ သူပြောလာတာ (မှန်ပါ့) ရုပ်နာမ်ရှိတယ်လို့ သူသိသေးရဲ့လား (မသိပါ ဘုရား)။

မသိပေမဲ့ အိပ်ရာက နိုးလာတဲ့အခါကျတော့ အိပ်ရေးကလဲ ဝ,သွားတဲ့ အခါကျတော့ စိတ်ထဲမှာ ခုမှဘဲ ချမ်းသာသွားပေတော့တယ်ဆိုတော့ ဟိုက ချမ်းသာနေလို့ ရုပ်နာမ်ရှိလျက်နဲ့တောင်မှ မသိတဲ့အချိန်မှာ ချမ်းသာနေတယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

အိပ်မောကျပြီး အိပ်ရေးတွေ ဘာတွေ ဝ,ပြီးသကာလ နေလို့ ကိုယ့်ဟာကိုယ်တောင် မသိတာတောင်မှ အိပ်ရာက နိုးတဲ့ပုဂ္ဂိုလ်ကျတော့ မင်း ဘယ့်နှယ်တုံးဟေ့၊ အိပ်ရေး ဝ,ရဲ့လား၊ နေရ,ထိုင်ရလို့၊ အို ဒီ အိပ်ရေးဝ,နဲ့ နေရ,ထိုင်ရတာ သိပ်ချမ်းသာတာဘဲ (မှန်ပါ့)။

ဟာ မင်း ဘာဖြစ်လို့ ချမ်းသာတာတုံး မေးတဲ့အခါကျတော့ အိပ်လိုက်ရလို့ ပြောတာ (မှန်ပါ့) မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဒါဖြင့် အိပ်လိုက်ရတုံးက ကိုယ်သိရဲ့လားလို့ မေးတော့ ဘယ့်နှယ်ဖြေမလဲ (မသိပါ ဘုရား) မသိပင် မသိငြားသော်လဲ နိုးတော့ ဘယ့်နှယ်ပြောသတုံး (ချမ်းသာတယ်လို့ ပြောပါတယ် ဘုရား)။

ချမ်းသာတယ်လို့ ပြောတော့ ဪ နိဗ္ဗာန်ဆိုတာ ရုပ်နာမ်ရှိတာတောင်မှ ရုပ်နာမ်ရှိတာ မသိတဲ့ အချိန်မှာ နောက်ချမ်းသာဆိုတာက ကိုယ် နှလုံးသွင်းလို့ရတယ် (မှန်လှပါ ဘုရား)။

ရုပ်နာမ်က တကယ်လို့ ဒုက္ခသစ္စာတွေ လုံးလုံးမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် ဒီချမ်းသာထက်ကြီးတော့မှာဘဲ (မှန်ပါ့) ဦးမြမောင် ဆိုနိုင်မလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒီ ဥပမာကလေးကို သေသေချာချာ မှတ်ပါ

ဒီ ဥပမာကလေးကို သေသေချာချာ မှတ်ပါ (မှန်ပါ့) ဒီဥပမာကလေး သေသေချာချာမှတ်ပါ၊ တစ်ခါမှ မောင်သစ်တို့ မကြားဘူူးသေးဘူး (မကြားဘူးသေးပါ ဘုရား)။

ကိုယ်တိုင်တွေ့ဘဲ ဒီဥစ္စာ (မှန်ပါ့) မနက်ကျလာတဲ့အခါ ရုပ်တွေလဲ ရွှင်လန်းပြီးသကာလ ညက အိပ်ရေးတွေ ဝ,နေတဲ့အခါကျတော့ ခင်ဗျား ဘယ့်နှယ်တုံး နေရ,ထိုင်ရတာ ဦးကျော်မောင် ဘယ့်နှယ်တုံးဆို၊ ဟာ မနေ့ညကဖြင့် သိပ်ပြီး အကြောင်းညီညွတ်သွားးလို့ တပည့်တော်ဖြင့် ယနေ့ သိပ်ချမ်းသာတာဘဲ (မှန်ပါ့)။

ဟ မနေ့ညက ဘာဖြစ်လို့တုံး၊ မနေ့ညက ရုပ်နာမ်ရှိတာ မသိလို့ ချမ်းသာတာ (မှန်ပါ့) ဘယ်လိုကြောင့် ချမ်းသာတာတုံး (ရုပ်နာမ်ရှိတာ မသိလို့ ချမ်းသာတာပါ ဘုရား)။

အဲ ရုပ်ရော နာမ်ရောကို သူ့မှာ အိပ်နေတော့ ရှိတယ်လို့ သိသေးရဲ့လား (မသိပါ ဘုရား) အဲ မသိချမ်းသာတာ (မှန်ပါ့) ရုပ်နမ်ရှိတယ်လို့ မသိတာနဲ့ကို ချမ်းသာတာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အတုချမ်းသာတောင်မှ ဒါလောက် ချမ်းသာသေးတာဘဲ၊ တကယ်မရှိလို့ ချမ်းသာဆိုလို့ရှိရင်ဖြင့် အားလုံးတရားနာတဲ့ ဒကာ ဒကာမတွေ မည်မျှလောက် ချမ်းသာလိမ့်မယ်ဆိုတာ ပြောစရာကို မလိုတော့ဘူး (မှန်ပါ့) လိုသေးရဲ့လား (မလိုတော့ပါ ဘုရား)။

အေး ဒါကြောင့် ရုပ်နာမ်မရှိတဲ့ ချမ်းသာမှ နိဗ္ဗာန်သဘောကျဖို့ပြောတာဘဲ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်သဘောကျဖို့ပြောတာ

ဘာသဘောကျဖို့ ပြောတာတုံး (နိဗ္ဗာန်သဘောကျဖို့ပြောတာပါ) နိဗ္ဗာန်သဘောကျဖို့ ပြောတာဘဲဆိုတာ သေချာသွားပါတယ် (မှန်ပါ့ ဘုရား)။

ဦးဘသန်းကြီး ဒီဥစ္စာ ကိုယ့်ကိုယ်တိုင် အတွေ့မို့လား (မှန်ပါ့) အိပ်မောကျပြီး ကောင်းကောင်းမွန်မွန် အိပ်ရေးဝပြီးသကာလနေတဲ့အခါ အိပ်တုန်းကလဲ ကိုယ်အိပ်တယ်လို့ ဘယ်သူမှ မသိပါဘူး (မှန်ပါ့) အိပ်ပျော်ဆဲမှာ ဘယ်သူမှသိတယ်လို့ ထုံးစံမရှိဘူး (မှန်ပါ့ ဘုရား)။

သို့သော် အိပ်ရာကနိုးတဲ့ အခါကျတော့ ဘယ့်နှယ်နေသတုံးဟေ့၊ ဟာ ချမ်းသာတယ်ဗျာ၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဟာ မင်းချမ်းသာတာ ဘာတုံးဆိုတော့၊ အို ရုပ်နာမ် မသိဘဲနဲ့ နေရလို့ ချမ်းသာတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ရုပ်နာမ်သိနေရလို့ရှိရင်ဖြင့် ချမ်းသာဟာ မလာဘူး (မှန်ပါ့) ဒါကြောင့် နိဗ္ဗာန်ဆိုတာ ရုပ်ရော, နာမ်ရော ချုပ်ငြိမ်းရုပ်သိမ်းတာကို ဘာခေါ်ကြမယ် (နိဗ္ဗာန်လို့ခေါ်ပါတယ်) နိဗ္ဗာန်လို့ ခေါ်တယ်ဆိုတဲ့ဥစ္စာ ကောင်းကောင်း သဘောကျသွားပြီနော် (ကျပါပြီ ဘုရား)။

ယမက သောတာပန်တည်တယ်

ရုပ်နာမ်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ဘယ်လိုဖြစ်တတ်သတုံးဆိုတော့ ဒကာ ဒကာမတို့ မနေ့က ယမကကို ပြန်ဆက်လိုက်တဲ့အခါကျတော့ ပေါ်လာပါတယ်၊ ယမက-က ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတော့ သူသောတာပန်တည်အောင် အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေးသုံးပါး ဟောလိုက်တော့ ရှင်သာရိပုတ္တရာက ဟောလိုက်တော့ ယမက သောတာပန်တည်တယ် (မှန်ပါ့ ဘုရား)။

သောတာပန်တည်တော့ သူ့ကိုဘဲ မေးလိုက်တယ်၊ ရှင်သာရိပုတ္တရာက၊ မင်းကွာ အခုတော့ မင်းက သောတာပန်တည်ပြီးသားဖြစ်ပြီးနေတော့ တရားထူး တရားမှန် ဧကန်တကယ်ရနေသောကြောင့် မင်းမှာဖြင့် နေရာကျပြီ၊ သို့သော်လဲ မင်းက နဂိုက ဘွေဖောက်ပြီးသကာလ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိအယူ ယူထားတယ် (မှန်ပါ့ ဘုရား)။

ဥစ္ဆေဒဒိဋ္ဌိအယူ ယူထားတဲ့ အခါကျတော့ အခုအချိန်မှာ မင်းကို ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလားလို့ မေးရင် မင်းဘယ့်နှယ်ဖြေမတုံးဆိုတော့ သောတာပန်တည်ပြီးပြီနော် (မှန်ပါ့ ဘုရား)။

အဲဒီ့ အချိန်ကျလာတော့ အကြင်ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာ, အနိစ္စတရားသည် ဒုက္ခတရား၊ အဲဒီ့ဒုက္ခတွေမရှိတာကို ဖြေပါ့မယ် (မှန်ပါ့) (ဒုက္ခ)မရှိတာဟာ နိဗ္ဗာန်ဘဲ၊ မရှိတဲ့သုခဟာ ရဟန္တာသေလို့ရှိရင် ဒါဖြစ်သွားတာဘဲ၊ ချမ်းသာသွားတာဘဲ (မှန်ပါ့ ဘုရား)။

ရုပ်နာမ်ဟာ အနိစ္စတရားနော် (မှန်ပါ့) အနိစ္စတရားဟာ ဒုက္ခတရားကော မဖြစ်ဘူးလား (ဖြစ်ပါတယ်) အဲဒီဒုက္ခတွေကုန်သွားတာဘဲ (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ရုပ်နာမ်ဒုက္ခတွေ ကုန်သွားတာဟာ နိဗ္ဗာန်ဘဲ

ရုပ်နာမ်ဒုက္ခတွေ ကုန်သွားတာဟာ နိဗ္ဗာန်ဘဲ (မှန်ပါ့) သူ နိဗ္ဗာန်သဘောမကျလို့ ဥစ္ဆေဒဒိဋ္ဌိဖြစ်တာပါ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါက မနေ့က အဆက်ကိုပြန်ဆက်ပြီး သကာလ ရှေ့တက်မယ်လို့ စ,လိုက်တဲ့ စကားဆိုတာလဲ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါနဲ့ ရှင်သာရိပုတ္တရာက ဒီပုဂ္ဂိုလ်ဟာ ဒါလောက်နဲ့သောတာပန်လောက် တည်အောင်ဟောလို့ မတော်သေးပါဘူး သကဒါဂါမ်, အနာဂါမ်, ရဟန္တာ ဖြစ်အောင် ငါဟောဦးမှတော်တော့မယ်ဆိုပြီး ရှင်သာရိပုတ္တရာက ဦးအောင်ဇံဝေ ကရုဏာပိုလာတယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒီဒကာ ဒကာမတွေက ယနေ့ ထူးထူးလည်လည်မှတ်ဖို့ရာက ဪ သောတာပန် တည်အောင်က ခုနင်က ပြောခဲ့တဲ့ အကြင်တရားသည် အနိစ္စ၊ ထိုတရားဟာ ဒုက္ခဘဲ၊ ထိုဒုက္ခတရားသည်ကားလို့ ဆိုလို့ရှိရင် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ဘူးကွဆိုတော့ ဒိဋ္ဌိကိုသတ်ပေးလိုက်တာနဲ့ ယမကသောတာပန်တည်သွားတယ် (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိသတ်လိုက်တာနဲ့ ဘာတုံး (ယမကသောတာပန် တည်သွားပါတယ်) ယမက သောတာပန် တည်သွားတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

တဏှာသတ်ဟောပြန်တယ်

ဒါဖြင့် အထက်မဂ် အထက်ဖိုလ်တက်ချင်တော့ ဘာသတ်ရမှာတုံးဆိုတဲ့ မေးခွန်းထွက်လာသောကြောင့် ဟော ဒီမှာ ရှင်သာရိပုတ္တရာက ယမကကို ဆက်ပြီးသကာလ တဏှာသတ်ဟောပြန်တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အောက်ဆုံးမဂ် လိုချင်ရင် ဒိဋ္ဌိသတ်ရမယ် (မှန်ပါ့) အထက်မဂ်လိုချင်ရင် (တဏှာသတ်ရမှာပါ ဘုရား)။

တဏှာသတ်ရမယ် ဆိုတာကို ရှင်သာရိပုတ္တရာက ပြောရှာတယ် တဲ့၊ ယမက တရားနာဦးကွဆိုပြီး သကာလ အနာခိုင်းပါတယ် (မှန်ပါ့ ဘုရား)။

ယမက ရေတဲ့ သူဋ္ဌေးသားတစ်ယောက် ရှိတယ်ကွာ တဲ့၊ အဲဒီ့ သူဋ္ဌေးသားကလဲ သူ့မှာစည်းစိမ်နဲ့၊ အစောင့်နဲ့အရှောက်နဲ့နေတော့ လူငါးယောက်ကလဲ သူ့ကိုဘဲ သတ်ဖို့ရာရည်ရွယ်ချက်ရှိတယ်ကွာ တဲ့။

လူသတ်သမားငါးယောက်

သူ့တော့သတ်ချင်တယ်၊ သတ်ချင်ပေမဲ့လဲ သူ့မှာအစောင့်တွေ အရှောက်တွေနဲ့ သူဋ္ဌေးသားကလဲ ဖြစ်နေတော့ အင်မတန်ခဲယဉ်းတယ်၊ သူ့အတွင်းရောက်ဖို့ရာ အင်မတန် ခဲယဉ်းပြီးသကာလ နေတော့ လူငါးယောက်က ကြံစည်ကြတယ် (မှန်ပါ့ ဘုရား)။

လူငါးယောက်က ဘယ်လိုကြံစည်သတုံး မေးတဲ့အခါကျတော့ ဒို့ဟာ သူ့ဆီမှာ ကျွန်တော်တို့ ကုသိုလ်ဖြစ် တစ်ခါတည်းပြုပါရစေ၊ စုပါရစေ ဝတ်ကြီးဝတ်ငယ် ပြုစုပါရစေဆိုပြီးသကာလ ဝင်ရလို့ရှိရင်ဖြင့် သူလက်ခံမှာဘဲ (မှန်ပါ့) လက်ခ့လို့ အတွင်းသူ အတွင်းသား အဖြစ်နဲ့ ယုံကြည်တဲ့အခါကျမှ ဒို့အကြံအစည်အထမြောက်မှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကိုယ့်အကြံအစည် အထမြောက်မှာတဲ့၊ အဲဒီတော့ ဒို့ကြံစည်ကြစို့ဆို့ပြီး လူငါးယောက်က သူဋ္ဌေးသားဆီ ဝင်လိုက်တယ်၊

“ရှင်သူဌေးသား၊ ကျွန်တော်တို့မှာ အလုပ်မရှိပါဘူး၊ သူဋ္ဌေးသားကိုကြည်ညိုလွန်းလို့ ကျွန်တော်တို့အိပ်တဲ့အခါမှာလဲ နောက်မှအိပ်ပါ့မယ်၊ နိုးတဲ့အခါကျလို့ရှိရင်လဲ ကျွန်တော်တို့က စောစောနိုးပါ့မယ်၊ ဝေယျာဝစ္စပြုစရာရှိလို့ရှိရင်လဲ ကျွန်တော်တို့က အရင် ရှေးဦးစွာဘဲ ပြုချင်စုချင်သောကြောင့် စိတ်အလိုကိုယ်၏ဆန္ဒအတိုင်းပြည့်အောင် ကျွန်တော်တို့ ဝတ်ပြုဖိုပအတွက်ခွင့်ပေးပါ ဆိုပြီးသကာလ လူ၅-ယောက်က သူဌေးသားထံကို ဒကာ ဒကာမတို့ဝတ်ပြုဖို့ အခွင့်တောင်းကြတယ် (မှန်ပါ့)။

အဲဒီလို ဝတ်ပြုဖို့ အခွင့်တောင်းပြီးသကာလနေတော့ ခုနက သူဋ္ဌေးသားက လုပ်စရာရှိလို့ရှိရင် သူတို့က ထ,ပြီး လုပ်တယ်။ ပါးစပ်က ပြောစရာရှိလို့ရှိရင် သူတို့ကစောင့်ပြီး ရှေ့ကအကျိုးပြီးအောင် ပြော။ ဒီလိုချည့်ဘဲ နေလိုက်တော့ သူဌေးသားက ဪ တယ်တော်တဲ့ လူတွေပါလား၊ တယ်မိတ်ဆွေပီသပါကလား။ တယ်သူတစ်ပါးအကျိုးစီးပွား အလိုရှိပါကလား ဆိုပြီးသကာလ မောင်သစ် အကျွမ်းတဝင်ဖြစ်လာတယ် (မှန်ပါ့)။

အတွင်းသူ၊ အတွင်းသားအဖြစ် ရောက်ပြီ

အကျွမ်းတဝင်ဖြစ်လာတဲ့အခါကျတော့ လူ၅-ယောက်က ရည်ရွယ်ချက်အတိုင်း ဟေ ဒို့တော့ဖြင့် အတွင်းသူ၊ အတွင်းသားအဖြစ်နဲ့ဖြင့် ရောက်လဲရောက်ပေပြီ၊ ဒို့ အကြံအစည် အထမြောက်ဖို့ဘဲ လိုတော့တယ် (မှန်ပါ့) ဆိုပြီးသကာလ အတွင်းသူအတွင်းသားအဖြစ်နဲ့ရောက်၊ ပြုစရာရှိလဲ သူတို့က ရှေးဦးစွာပြု၊ ပေးစရာရှိလဲ သူတို့ကဘဲ ထ,ပြု ပေးကမ်းပြီး တစ်ခါတည်းကျွေးမွေး၊ အိပ်တဲ့အခါ သူတို့က နောက်မှအိပ်၊ နိုးတဲ့အခါ အရင်နိုး၊ သူဌေးသား ဝေယျာဝစ္စဆို အကုန်လုံးပေါ့ဗျာ (မှန်ပါ့) ဘာမှ လိုလေသေးမရှိအောင် ဦးအောင်ဇံဝေ ပြုနေတာဘဲ (မှန်ပါ့)။

အကောင်းပြုတာလား၊ သတ်မယ်လို့ အတွင်းသူ အတွင်းသားဖြစ်အောင်လို့ ဒါလောက်တောင် ရွက်ဆောင်တာလား မေးရင် ဘယ့်နှယ်ဖြေကြမယ် (သတ်မလို့ ရွက်ဆောင်တာပါ ဘုရား) ရှင်းသွားပြီ (မှန်ပါ့)။

ဒါ အသာထားပါ တဲ့၊ ဒါက ဥပမာပြတာ (မှန်ပါ့) ဥပမေယျကတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ သန္တာန်မှာ ခင်ဗျားတို့က လူ,ဖြစ်ရပါလို၏ ဆိုတဲ့ ဆုတောင်းသမားတစ်ယောက်က ဆုတောင်းလိုက်တယ် (မှန်ပါ့) ဆုတောင်းလိုက်တော့ ခန္ဓာငါးပါးက ရောက်လာတာဘဲ (မှန်ပါ့)။

ဆုတောင်းတဲ့ ပုဂ္ဂိုလ်ဘဲ ဆုတောင်းတာနဲ့ အတွင်းသူ ခန္ဓာငါးပါးက မောင်သစ်ရောက်လာတယ် (မှန်ပါ့)။

ဆုတောင်းလိုက်တော့ ဘယ့်နှယ်လဲ (ခန္ဓာငါးပါးရလာပါတယ် ဘုရား) ခန္ဓာငါးပါးရောက်လာတော့ ဪ ဒါဖြင့်ခန္ဓာငါးပါးရောက်လာရင် ခင်ဗျားတို့က အင်း လူ,ဖြစ်လာပြီဟေ့၊ ခြေလဲအသန်သား၊ လက်လဲအသန်သား၊ ခြေနဲ့လဲ လုပ်နိုင်တယ်၊ လက်နဲ့လဲ လုပ်နိုင်တယ်၊ ပါးစပ်ကလဲ ပြောနိုင်တယ်ဆိုပြီး ကိုယ့်အဖြစ်တွေကိုယ် တယ်ပြီးသဘောကျတယ် (မှန်လှပါ ဘုရား)။

ခြေကလဲ ငါကြွချင်ကြွနိုင်တာဘဲ (မှန်ပါ့) လက်ကလဲ ငါမြှောက်ချင် မြှောက်နိုင်တာဘဲ၊ ပါးစပ်ကလဲ ငါပြောချင်ပြောနိုင်တာဘဲ၊ နှာခေါင်းကလဲ ငါရှူရှိုက်ချင်ရှူရှိုက်နိုင်တာဘဲ၊ နားကလဲ ငါထောင်ချင်ထောင်နိုင်တာဘဲ၊ စိတ်ကလဲ ငါကြံချင်ကြံနိုင်တာဘဲဆိုပြီး ခန္ဓာငါးပါးကိုရတဲ့ ပုဂ္ဂိုလ်က ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်က တခါတည်း အတွင်းသူ အတွင်းသားလုပ်ပစ်တာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ခန္ဓာငါးပါးကို ဘာလုပ်လိုက်သလဲ

ခန္ဓာငါးပါးကို ဘာလုပ်လိုက်သလဲ (အတွင်းသူ အတွင်းသားလုပ်လိုက်ပါတယ် ဘုရား) အပြီးသတ်တော့ သတ်မလို့ ဝင်လာတာ (မှန်ပါ့) ခန္ဓာမရှိရင် သေစရာမရှိပါဘူး (မှန်လှပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့က မသိသေးတဲ့ ဒကာ ဒကာမတွေကတော့ ဪ ခန္ဓာငါးပါးကို သူသတ်ယောကျ်ားလို့ မယူဘဲနဲ့တော်တော်သေးတယ်၊ လက်ကလဲသန်သန်၊ ခြေထောက်ကလဲသန်သန်၊ ပါးစပ်ကလဲ ပြောနိုင်၊ဆိုနိုင်၊ ခန္ဓာငါးပါးစလုံးအကုန်ဟာ ကိုယ့်အလို ကိုယ့်အကြိုက်ချည့်ဘဲ လိုက်နေကြတာဘဲ ခင်ဗျားတို့က အတွင်းသူ အတွင်းသားအဖြစ်နဲ့ ခန္ဓာကိုယ်ကြီးပေါင်းထားတယ် (မှန်ပါ့)။

ဆုတောင်းတုန်းကလဲ ခင်ဗျားတို့ တောင်းထားတယ်၊ ရောက်လာပြန်တော့လဲ သတ်မည့်လူရယ်လို့ သိရဲ့လား (မသိပါ ဘုရား) အတွင်းသူ၊အတွင်းသားအဖြစ်နဲ့ ဘာလုပ်ထားသတုံး (ပေါင်းထားပါတယ် ဘုရား)။

တော်တော်ကြည်ညိုသလားလို့ မေးတဲ့အခါကျတော့ အို အင်မတန်ကြည်ညိုတယ် (မှန်ပါ့) သူရေချိုးချင်တယ်ဆို ခန္ဓာငါးပါးရေချိုးပေးနေတာဘဲ (မှန်ပါ့) ခုနင်က ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်က (မှန်ပါ့) သူ ဆာတယ်ဆိုရင် ကျွေးနေတာဘဲ (မှန်ပါ့)။

အင်း သူဆာတယ်ဆိုရင် ကျွေး၊ သူ့မှာ နှပ်တွေပေနေတယ်ဆိုရင် သုတ်သင်ပေး၊ ကျင်ကြီး ကျင်ငယ်တွေရှိတယ်ဆိုလို့ရှိရင် သွားစွန့်ပေး၊ အမွှေးအကြိုင်တွေ လိမ်းကျံပေး၊ ဟာ ဦးမြမောင် တယ် ကြည်ညိုပါလား (မှန်ပါ့)။

ရည်ရွယ်ချက်က ဘယ်လိုနဲ့ ဝင်လာတာတုံး

သူက ရည်ရွယ်ချက်က ဘယ်လိုနဲ့ ဝင်လာတာတုံး (သတ်မလို့ ဝင်လာတာပါ ဘုရား) သတ်မလို့ ဝင်လာတာ သူက အတွင်းသူ အတွင်းသားအဖြစ်နဲ့ ချီးမြှင့်ထောက်ပံ့လိုက်တာတွေကလဲ မနည်းပါလား (မှန်ပါ့)။

အဲဒါ ခင်ဗျားတို့ ခန္ဓာခင်နေတဲ့ဥစ္စာ သတ်မည့်လူ ခင်နေတာ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ကြားကြရဲ့လား (ကြားပါတယ် ဘုရား)။

ကိုယ့်ခန္ဓာ ကိုယ်ခင်တာ ဘယ်ဟာရည်ရွယ်ချက်ထားပြီး ခင်ကြတာတုံးဆိုတော့ (ဘာရည်ရွယ်ချက်မှ မရှိပါ ဘုရား)၊ သူသတ်ယောကျ်ားမှန်း မသိလို့ ခင်မိတာပါ (မှန်ပါ့)။

ဘယ့်နှယ်ဆိုကြမယ် (သူသတ်ယောကျ်ားမှန်းမသိလို့ ခင်မိတာပါ ဘုရား)။

သူသတ်ယောက်ျားမှန်းမသိလို့ ခင်ကြ, ဖီးကြ, လိမ်းကြ, ဆင်ကြ ဟုတ်လား၊ သူ့ကို မေတ္တာများပို့နေလိုက်သေးတယ် (မှန်ပါ့) “ အဟံ အဝေရောဟောမိ၊ အဟံ=အကျွနု်ပ်ဆိုတဲ့ခန္ဓာငါးပါးသည်။ အဝေရော=ရန်မရှိသည်။ ဟောမိ=ဖြစ်ရပါလို၏။ အဗျာပဇ္ဇော=ကြောင့်ကြခြင်းမရှိသည်။ ဟောမိ=ဖြစ်ရပါလို၏ “ တယ်ကြည်ညိုပစ်လိုက်တာကိုး (မှန်ပါ့)။

ရည်ရွယ်ချက်ဖြင့် ခင်ဗျားတို့ ဆုတောင်းလို့ ရောက်လာတဲ့ ခန္ဓာငါးပါး၊ဘယ်,အကျိုးငှာ ရောက်လာသတုံး (သတ်ရန်အကျိုးငှာပါ ဘုရား)။

ကြည့် ဒီ ရူပက္ခန္ဓာက ဖောက်ပြန်ပြီး ရောင်ဖော သတ်လိုက်မယ်ဆိုလဲ သေတာဘဲ (မှန်ပါ့) ဝေဒနာက္ခန္ဓာက စားချင်တာစားပြီး စားမှားသတ်လိုက်ရင်ကော (သေပါတယ် ဘုရား) သညာက္ခန္ဓာက အမှတ်မှားပြီး လန့်ဖြန့်ပြီးသေအောင် လုပ်လိုက်ရင်ကော (သေပါတယ် ဘုရား) သညာက္ခန္ဓာက အမှတ်မှားပြီး လန့်ဖြန့်ပြီးသေအောင် လုပ်လိုက်ရင်ကော (သေပါတယ် ဘုရား) စေတနာက မစားကောင်းတဲ့ဥစ္စာ စားကောင်းတယ်လို့ တိုက်တွန်းပြီး သတ်လိုက်ရင်ကော (သေပါတယ် ဘုရား) စိတ်ကလဲ ကိုယ့်စိတ်ကိုယ် မနိုင်ဘဲနဲ့ ဒီ စိတ်ကဘဲ ရေထဲဆင်းသေတဲ့ ပုဂ္ဂိုလ်တွေလဲ ခင်ဗျားတို့ တပုံကြီးဘဲ (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် သူတို့က ဘာတွေတုံးလို့ မေးလို့ရှိရင်ဘယ့်နှယ်ဖြေမလဲ (သူသတ်ယောကျ်ားတွေပါ ဘုရား) အို ခင်ဗျားတို့ကလဲ ဆုတောင်းယူထားတာ၊ သူတို့က နဂိုကတည်းက ခင်ဗျားတို့မသိတဲ့ ပုဂ္ဂိုလ် သူဋ္ဌေးသားနဲ့ တူတဲ့ ဆုတောင်းသမားကို သတ်ချင်လို့ လာတာ (မှန်ပါ)။

သတ်ချင်လို့ ခင်ဗျားတို့ တောင်းတဲ့ ပုဂ္ဂိုလ် သန္တာန်မှာရောက်လာတာ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) ရောက်လာတော့ ခင်ဗျားတို့က အင်း၊ အရတော်လေစွများ အောက်မေ့နေလိုက်သေးတယ် (မှန်ပါ့)။

သတ်မည့်ခန္ဓာကြီး

ရောက်လာပြီးခန္ဓာငါးပါးနဲ့ ကိုယ့်မှာ ပြည့်ပြည့်စုံစုံဘာမှမလိုတဲ့ အဓိပ္ပာယ်မျိုးတောင် ခင်ဗျားတို့က ဝမ်းသာလိုက်တာ၊ ခြေကလေးက မြှောက်မယ်ဆိုလို့ရှိရင်လဲ မြှောက်နိုင်တာ၊ လက်က မြှောက်နိုင်တာ၊ ပါးစပ်ကပြောနိုင်တာ၊ နားက ထောင်နိုင်တာ၊ နှာခေါင်းက ရှူနိုင် ရှိုက်နိုင်တယ်၊ ဘာမှ လိုလေသေးမရှိဘူးဆိုပြီးသကာလ သတ်မည့်ခန္ဓာကြီးကို အင်မတန် အတွင်းသူအတွင်းသာ အဖြစ်နဲ့ ပေါင်းထားလိုက်တာ (မှန်ပါ့) ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

သတ်မည့် ခန္ဓာဘယ်လိုပေါင်းကြသလဲ (အတွင်းသူ အတွင်းသားအဖြစ်နဲ့ ပေါင်းထားပါတယ် ဘုရား) အတွင်းသူ အတွင်းသား အဖြစ်နဲ့ ပေါင်းပြီးသကာလ ထားလိုက်တော့ ဪ ခင်ဗျားတို့ ကျုပ်တို့မှာ မပေါင်းရမည့်သူမှန်းလဲ မသိ၊ ပေါင်းရမည့်လူမှန်းလဲမသိ ဟင် အင်မတန် မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။

အရတော်လေစွဆိုတဲ့လူတွေဟာ အတော်မှား

အခု ဒီတရားကိုနာရတော့မှ ဪ ကိုယ့်ဘဝ အရတော်လေစွဆိုတဲ့လူတွေဟာ အတော်မှားတဲ့ လူတွေ (မှန်ပါ့) ကိုယ့်ဘဝ အရတော်လေစွဆိုတဲ့ လူတွေဟာ (အတော်မှားပါတယ် ဘုရား) အတော်မှားတဲ့ လူတွေဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

ဘယ်ဟာ အရတော်လေစွ ဟုတ်ရမှာတုံးဗျ၊ ခင်ဗျားတို့ခေါ်သည့်ရည်ရွယ်ချက်က သူအကုန် ပဋ္ဌမတော့ အလိုလိုက်မယ်၊ ပြီးမှသတ်မှာ (မှန်ပါ့ ဘုရား)။

ပဌမတော့ စိတ်ကလဲ အလိုလိုက်မယ် (မှန်ပါ့) ရုပ်ကလဲ (အလိုလိုက်မှာပါ) ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်၏ အလိုလိုက်မယ် (မှန်ပါ့) ပြီးတဲ့အခါကျတော့မှ သတ်မှာ (မှန်ပါ့ ဘုရား)။

အဲဒီတော့ကို ဒီစကားကို တခါရပါပြီးသကာလ ခင်ဗျားတို့ ဪ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ မသာဘယ်နှစ်လောင်းပို့ဖူးကြပလဲ မေးရင် ဘယ့်နှယ်ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား) ခင်ဗျား မသာတွေလေ (မှန်ပါ့ ဘုရား)။

ဟ ဘာဖြစ်လို့တုံး၊ ဒီမသာတွေ များလှချည့်လား၊ ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်မို့ ရူပက္ခန္ဓာသတ်တဲ့ မသာ (မှန်ပါ့) ဝေဒနာသတ်တဲ့ (မသာပါ) သညာသတ်တဲ့ (မသာပါ) အစားမှားသေသွားရှာတယ်၊ သညာသတ်တာ (မှန်ပါ့) မသွားကောင်းတဲ့လမ်း သွားအောင် တိုက်တွန်းလိုက်ပြန်တော့လဲ စေတနာသတ်လိုက်တာ (မှန်ပါ့) သူ့စိတ် သူမနိုင်တာနဲ့ တက်ပြီးသေသွားတာတွေကော စိတ်က သတ်လိုက်တာ (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒီတော့ ခင်ဗျားတိုပ မသာပို့တော့ ဘာမသာတုံး မေးလို့ရှိရင် ဆရာဝန်ညံ့တဲ့ မသာရင်လဲ ခင်ဗျားတိုံက ပြောချင်ပြောလိမ့်မယ် (မှန်ပါ့) မဟုတ်ပါဘူးတဲ့၊ သူ့ကို အတွင်းသူ အတွင်းသားအဖြစ်နဲ့ ခ,စားလာတဲ့ ခင်ဗျားတို့က တောင်းလို့ ခ,စားလာတဲ့ ခန္ဓာငါးပါး တပါးပါးက သတ်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူက သတ်တာတုံး (ခန္ဓာငါးပါး တပါးပါးကသတ်တာပါ) ခန္ဓာငါးပါး တပါးပါးက သတ်တာဆိုတော့ ဦးမြမောင် ခင်ဗျားမှာ အခု ဘယ်သူနှင့် နေရပါသတုံး မေးဖို့လိုတော့တယ် (မှန်ပါ့) အခု ဘယ်သူနဲ့ နေရသတုံး (လူသတ်သမားတွေနဲ့ နေရပါတယ် ဘုရား)။

အဲဒါ ခင်ဗျား စိတ်ချလက်ချမနေနဲ့ တနေ့သူခေါင်းထဲ ပို့လိမ့်မယ် (မှန်ပါ့) မပို့ပေးဘူးလား (ပို့မှာပါ ဘုရား)။

ဒါ ဘယ့်နှယ်ကြောင့် ဒီလိုပို့ရတာတုံးဆိုတော့ ခင်ဗျားတို့က သူ့ကို အတွင်းသူအတွင်းသားအဖြစ်နဲ့ ပေါင်းပြီး ယုယပြီးသကာလ ရန်သူကို မိတ်ဆွေအဖြစ်နဲ့ ပေါင်းပြီး ဆုတောင်းယူထားတဲ့အတွက် မလွတ်ပါဘူး သေပွဲကဖြင့် (မှန်ပါ့ ဘုရား)။

သေပွဲမလွတ်ပါ

ဘယ့်နှယ်ဆိုကြမယ် (သေပွဲမလွတ်ပါ) ဒါဖြင့် ခန္ဓာရအောင် ဆုတောင်းတဲ့ပုဂ္ဂိုလ်သည် သူသတ်ယောကျ်ားကို လက်ခံနိုင်ရပါလို၏။ သူသတ်ယောကျ်ားလက်ချက်နဲ့ အသက်ဝိညာဏ်ချုပ်ဆုံးရပါလို၏ဆိုတဲ့ စကားဟာ မလွဲဘူး (မလွဲပါ ဘုရား)။

လွဲရဲ့လား (မလွဲပါ) ယမကကို ဟောနေတာ (မှန်ပါ့) ယမကဝတ္ထုထဲက ဘုန်းကြီးက အကျယ်တဝင့် ဖော်ထုတ်ပြီးသကာလ ပြောဆိုနေတာပါ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် ဒီအထဲ စိတ်ချရတဲ့ ဒကာ ဒကာမတွေပါပလား (မပါ ပါ ဘုရား)။

ဟာ ဒါဖြင့် ခင်ဗျားတို့မှာ ခန္ဓာငါးပါးကလဲ ရှိပြန်၊ ဒီထဲက ဒကာ ဒကာမတွေ အန္တရာယ်ကင်းလို့ ဘေးရှင်းမဲ့ ဒကာ ဒကာမတွေ အသေလွတ်များ ပါကြရဲ့လား မေးရင် (မပါပါ ဘုရား)။

ဪ နဂိုက မင်းတို့က ရန်သူကိုဆုတောင်းယူပြီးလက်ခံမှားတယ်၊ ရန်သူကို ချော့မော့ပြီးသကာလ ရန်သူတွေကို ခင်ဗျားတို့က ပြုကြစုကြ အတွင်းသူ အတွင်းသားအဖြစ်နဲ့ပေါင်းနေတဲ့အတွက် တနေ့နေ့တော့ ခင်ဗျားတို့အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်ကိုဘဲ သတ်မလို့ ပုဂ္ဂိုလ်ဟာ ရည်ရွယ်ချက်တော့ အထမြောက်တော့မှာဘဲဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

စိတ်ချလက်ချ မနေကြနဲ့ ဦးကျော်မောင်ရ (မှန်ပါ့) နေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

အဲဒီတော့ ဒီတရားဟာ ဦးမြမောင်တို့လူစု နောက်က ဒကာ ဒကာမတွေ ဘဝတွေနဲ့ ဆက်ပြီးဆုတောင်းတဲ့ ပုဂ္ဂိုလ်များဟာ မောင်သစ် ကြီးကျယ်လိုက်တဲ့အမှား (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်တုံး (အမှားကြီးကျယ်ပါတယ်) သိပ်ကြီးကျယ်တဲ့ အမှားလို့ဦးဘသန်းဆိုရင်လွဲပါ့မလား (မလွဲပါ ဘုရား)။

သူသတ်ယောက်ျားနဲ့ ဘယ်တော့မှ မခွဲရပါလို၏၊ ဘဝတိုင်း ဘဝတိုင်းမှာ (မှန်ပါ့) ဒါမပါဘူးလား (ပါပါတယ် ဘုရား)။

အဲဒီလောက် မသိတာဟာ ခန္ဓာငါးပါးက ကိန်းရာပုဂ္ဂိုလ်ကို ညှာတာမဖက် အမြဲနှိပ်စက်တတ်တဲ့ သဘောကို သူမသိဘူးတဲ့၊ သစ္စာမသိဘူး (မှန်ပါ့) ကိန်းရာပုဂ္ဂိုလ်သတ်မှာသူက (မှန်ပါ့ ဘုရား)။

မဟုတ်ဘူးလား (မှန်ပါ့) ဆုတောင်းထားတဲ့ ပုဂ္ဂိုလ်ကို (သတ်မှာပါ) အဲဒီတော့ သတ်တတ်တဲ့ သစ္စာရယ်လို့ ပိဠနဋ္ဌော=ညှာတာမဖက် အမြဲနှိပ်စက်တတ်တဲ့ သစ္စာရယ်လို့ သူသိသေးရဲ့လား (မသိပါ ဘုရား)။

မသိလို့ လူခန္ဓာဖြစ်ရပါလို၏၊ နတ်ခန္ဓာ သူသတ်ယောကျ်ားဖြစ်ရပါလို၏လို့၊ သူသတ်ယောကျ်ား သူတို့ကမထည့်ဘူး၊ လူကောင်း နတ်ကောင်းဖြစ်ရပါလို၏ (မှန်ပါ့ ဘုရား)။

အို လွဲလိုက်တဲ့ဖြစ်ခြင်းမှ မပြောပါနဲ့တော့ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ လူကောင်း၊ နတ်ကောင်းများ ဖြစ်ချင်သေးသလား (မဖြစ်ချင်တော့ပါ ဘုရား)။

အခုမှ ဒီအသံတွေများ ထွက်လာတာပါ၊ နဂိုတုန်းကဆိုလို့ရှိရင်ဖြင့် အကြိမ်ကြိမ်ခံစားပြီး၍များလာချင်သေးတယ် (မှန်ပါ့) ဘာခံစားရမှာတုံး မေးတော့မှ သေပွဲခံစားရမှာ (မှန်ပါ့ ဘုရား)။

ဘာခံစားရမှာတုံး (သေပွဲခံစားရမှာပါ) သေပွဲခံစားရမှာကို သူတို့က နေပွဲ ခံစားရလိမ့်မယ်လို့ မှတ်နေတယ် (မှန်ပါ့) ဦးကျော်မောင် လွဲလိုက်တဲ့ဖြစ်ခြင်း (လွဲပါတယ် ဘုရား)။

မောင်ချစ်စိန် မလွဲဘူးလား (လွဲပါတယ် ဘုရား) မင်းတို့ကိုယ်တိုင် လွဲပြီးပလား မေးရင် ဘယ့်နှယ်ဖြေမလဲ (လွဲပြီးပါပြီ ဘုရား)။

ဘယ်တုန်းကလွဲတာတုံး

အို ကြောက်စရာလူတွေပါလား (မှန်ပါ့) ဘယ်တုန်းကလွဲတာတုံး မေးတော့မှ ဒုက္ခသစ္စာ၏ ညှာတာမဖက်အမြဲ နှိပ်စက်တတ်တဲ့ ခန္ဓာငါးပါးကိန်းရာပုဂ္ဂိုလ်ကို နှိပ်စက်လိမ့်မယ်ဆိုတဲ့သစ္စာကို မသိလိုက်ဘူး၊ မသိလိုက်တုန်းက လွဲလိုက်တာ (မှန်လှပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါပြီ ဘုရား) အင်မတန် သဘောပါတဲ့ တရားဆိုတာလဲ ဦးမြမောင် မှတ်စမ်းပါ (မှန်ပါ့)။

အင်မတန် သဘောပါတယ် (မှန်ပါ့) ခင်ဗျားတို့ကတော့ အတွင်းသူ အတွင်းသားအဖြစ်နဲ့ ပေါင်းထားတာကိုး (မှန်လှပါ ဘုရား)။

ဘယ်လောက်ထိအောင် ပေါင်းသလဲဆိုတာ ဒီ ခန္ဓာကြီးခလုတ်မထိ ဆူးမငြိပါစေနဲ့တဲ့၊ သူသတ်ယောကျ်ားတွေကို ခင်ဗျားတို့က (မှန်ပါ့) ဒီလိုဘဲ မပြောကြဘူးလား (ပြောကြပါတယ် ဘုရား)။

ဟ သူသတ်ယောကျ်ားကို မေတ္တာပို့နေတာပါကလား (မှန်ပါ့) ကိုယ့်အတွင်းသူအတွင်းသားအဖြစ်နဲ့ ပေါင်းနေတာပါကလားဆိုရင်တောင် (မလွဲပါ ဘုရား)။

ဪ သေအောင်သတ်မည့် ပုဂ္ဂိုလ်တွေကိုဘဲ သူ့စိတ်ထဲမှာ သေအောင်လုပ်မည့် သစ္စာတွေလို့ သိရဲ့လား (မသိပါ ဘုရား)။

ဒါမသိလို့ သေပွဲချည့်တောင်းတယ်ဆိုတာ ပေါ်ကြရဲ့လား (မှန်ပါ့ ဘုရား) ဘာမသိတာတုံး (သစ္စာမသိတာပါ ဘုရား)။

ညှာတာမဖက် အမြဲ သတ်ဖြတ်နှိပ်စက်

အဲ ဒုက္ခသစ္စာရယ်လို့ မသိဘူး (မှန်ပါ့) ဒုက္ခဿ=ဒုက္ခသစ္စာ၏ ပိဠနဋ္ဌော=ညှာတာမဖက် အမြဲ သတ်ဖြတ်နှိပ်စက်တတ်တဲ့ သဘောသည်လည်းကောင်း၊ ဟော ဘယ်သူ့နှိပ်စကာသတုံး (ဆုတောင်းထားတဲ့ပုဂ္ဂိုလ်ကို နှိပ်စက်ပါတယ် ဘုရား)။

အံမာလေး ခင်ဗျားတို့ကလဲ အတွင်းသူ,အတွင်းသားအဖြစ်နဲ့ မဖြစ်ဖြစ်အောင်ဘဲ လာခဲ့ပါလို့ ခေါ်တဲ့အဓိပ္ပာယ်ရောက်နေတယ် (မှန်ပါ့ ဘုရား) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဦးကျော်မောင် အလကားကြီးနေတဲ့ အသက်လို့ ဆိုရမယ် (ဆိုရပါမယ် ဘုရား) မဆိုရပေဘူးလား (ဆိုရပါမယ် ဘုရား) ဦးမြမောင်ကော (ဆိုရပါမယ် ဘုရား)။

အလကားကြီးနေတဲ့ အသက်တွေဘဲ၊ ရန်သူနဲ့ မိတ်ဆွေမှမကွဲဘဲ (မှန်ပါ့) ကွဲရဲ့လား (မကွဲပါ ဘုရား) ကွဲတဲ့ လူကလဲ ရှာမှ ရှားကိုး (မှန်ပါ့)။

ဒီ တရားထူး တရားမြတ်မှ မနာရလို့ရှိရင် မောင်သစ်တို့ မောင်ချစ်စိတ်တို့ ဘယ်သူမှ မသိဘူး (မှန်ပါ့) သိမည့်ပုဂ္ဂိုလ်၊ ဒီထဲမှာ ထူးချွန်ပြီး ထွက်လာမည့်ပုဂ္ဂိုလ်များ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

တစ်နေ့ နေ့လယ်ကျလို့ ဒီနေ့ ဓာတ်မီးစက်မလာလို့ ဓာတ်အားမလာလို့ တရားဟောတဲ့အခါ ခန္ဓာကို အို ယပ်ကလေးနဲ့ ပူဇော်ရ ဘာနဲ့ ပူဇော်ရနဲ့ သတ်မည့်ပုဂ္ဂိုလ်ကို ပူဇော်နေတာ (မှန်ပါ့) မပူဇော်ရဘူးလား (ပူဇော်ရပါတယ် ဘုရား)။

ဟ ဘာဖြစ်ကြတာတုံးလို့ မေးလို့ရှိရင် မိတ်ဆွေမှတ်လို့ (မှန်ပါ့) ဘာဖြစ်ကြတာတုံး (မိတ်တွေမှတ်လို့ပါ ဘုရား)။

အင်း သူစီးဖို့ ဖိနပ်ကလေးမျး ဆိုလို့ရှိရင် ခပ်နုနုကလေး ဝယ်ပေးရတယ် (မှန်ပါ့) ထီးဆိုလို့ရှိရင်လဲ လုံလုံခြုံခြုံကလေး လှလှပပကလေး ဝယ်ပေးရတယ် (မှန်လှပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ပူဇော်ရ

အတွင်းအင်္ကျီ,အပြင်အင်္ကျီဆိုလို့ရှိရင် ချောဖို့ မောဖို့ ဆိုတာကလေး ပူဇော်ရတယ် (မှန်ပါ့) ဘာတုံး၊ ဘယ့်နှယ်ကြောင့် ပူဇော်ရတာတုံးမေးတော့ (သစ္စာမသိလို့ပါ ဘုရား)။

သတ်မည့် သစ္စာကိုမသိတော့ ကျေးဇူးများတဲ့လူတစ်ယောက်ဆိုပြီး ကျေးဇူးများတဲ့ ခန္ဓာကြီးဆိုပြီး ခင်ဗျားတို့က ပူဇော်ကြတယ် (မှန်ပါ့)။

ခင်ဗျားတို့ခန္ဓာ ပူဇော်တာနဲ့ ခင်ဗျားတို့ လှူတန်း ပေးကမ်းတာနဲ့ ကုန်စရိတ် ဘယ်သူက များပါ့မတုံး (ခန္ဓာပူဇော်တာက များပါတယ် ဘုရား) တော်တော်ရင်းရင်းနှီးနှီးပေါင်းခဲ့တာဘဲ (မှန်ပါ့)။

တော်တော် ရင်းရင်းနှီးနှီးပေါင်းထားတာ၊ ဘယ်လိုပေါင်းထးတာတုံး မေးတော့မှ (သတ်မည့်လူကို ပြန်ပေါင်းထားပါတယ် ဘုရား)။

ဘာပြုလို့တုံးဆိုလို့ရှိရင် သူသတ်ယောက်ျားမှန်းမသိလို့ ဒါလောက်ယုယပြီး ပေါင်းတာဘဲ (မှန်ပါ) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

ဒါက ဉာဏ်ကြီးရှင် သစ္စာသိပြီးသား ပုဂ္ဂိုလ်မှ ဒီတရားနာရတာ (မှန်ပါ့) သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကို ဒီတရား ဟောလို့ရှိရင် ဘယ်သူဟာ ဘာလုပ်တယ်လို့ ဘာမှန်းကို မသိဘူး (မှန်ပါ့) သိပါ့မလား (မသိပါ ဘုရား)။

တဏှာသတ်ဟောနေတာ

ရှင်သာရိပုတ္တရာက ရှင်ယမကကို သူသတ်ယောက်ျားအဖြစ်နဲ့ ခန္ဓာကြီးကို မင်း ရှုရလိမ့်မယ်၊ မင်း ခန္ဓာကို ခင်တဲ့ မင်း တဏှာသေမယ်၊ တဏှာသေမှ မင်း အထက်မဂ်ကိုရမယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် အခု ဘာတွေ ဟောနေသတုံးဆိုတော့ တဏှာသတ်ဟောနေတာ (မှန်ပါ့) တဏှာက ခန္ဓာပေါ် အခင်ဆုံးကိုးဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တဏှာက ဘယ်အပေါ်မှာ (ခန္ဓာအပေါ်မှာ အခင်ဆုံးပါ ဘုရား) အဲဒီတော့ အခင်ဆုံးလူကလဲ ရန်သူကြီး အကြီးဆုံး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အခင်ဆုံးကလဲ ခန္ဓာ (မှန်ပါ့) သတ်မည့်သူကလဲ (ရန်သူအကြီးဆုံးပါ ဘုရား) ရန်သူ အကြီးဆုံးဟာ ခန္ဓာဘဲ (မှန်လှပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ဟာ ခင်ချင်လို့ရှိရင်ဖြင့် မိတ်ဆွေခင်လို့ရှိရင် တော်သေးတယ် (မှန်ပါ့) အခုတော့ ရန်သူခင်နေတယ် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် မိတ်ဆွေတော့ မခင်၊ ကယ်မည့် ယူမည့် မဂ္ဂသစ္စာတော့ မခင်ဘူး၊ ဟင် (မှန်ပါ့) သတ်မည့်ခန္ဓာငါးပါးကျတော့ (ခင်ပါတယ် ဘုရား)။

သစ္စာမသိတဲ့ ဒဏ်ချက်

မောင်သစ် ဘာဖြစ်နေတာတုံးကွ၊ ပြောပါဦး (သစ္စာမသိလို့ပါ ဘုရား) သစ္စာမသိတဲ့ ဒဏ်ချက် (မှန်ပါ့) အတော်ကြီးကျယ်ခမ်းနားတယ် (မှန်ပါ့) မပေါ်လာသေးဘူးလား (ပေါ်လာပါပြီ ဘုရား)။

သစ္စာမသိတဲ့ ဒဏ်ချက်လောက်ကြီးတာ မောင်ချစ်စိန် ရှာမတွေ့ဘူးဟေ့ (မှန်ပါ့) သစ္စာမသိတဲ့ ဒဏ်ချက်ဟာ အပြင်းထန်ဆုံးဘဲဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ဦးမြမောင် လာမိပေလို့ မလာမိ ငါးပါးမှောက်ဘဲ (မှန်ပါ့) ဦးကျော်မောင်ကော (ငါးပါးမှောက်ပါတယ် ဘုရား)။

သေသေချာချာမှောက်တယ် (မှန်ပါ့) သေသေချာချာမှောက်မယ်တဲ့ (မှန်ပါ့ ဘုရား)။

အခု ဒီခန္ဓာကြီးကို သူသတ်ယောကျ်ားလို့ မသိလို့ရှိရင်ဖြင့် ခင်ဗျားတို့ မသာတွေသာ ပို့ချေပါ၊ ဆီးချုပ် သေလို့ရှိရင်လဲ ရူပက္ခန္ဓာသတ်တာ (မှန်ပါ့) အားအင်ဗလ ချိနဲ့နေတယ်ဆိုလို့ရှိရင် ဝါယောဓါတ် ပျက်ပြီးသေတာဘဲ (မှန်ပါ့) ပထဝီဓါတ် ပျက်ပြီး သေတာဘဲဆိုတော့ ရူပက္ခန္ဓာက သတ်တာ (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အစားလွန်ပြီးသေသွားတယ်ဆိုရင် ဝေဒနာက္ခန္ဓာက သတ်တာဘဲဆိုတော့ အကုန်ပါဘဲတဲ့၊ ဒါတွေ ခင်ဗျားတို့ပြုစုနေငြားသော်လဲ ပြုကျိုး စုကျိုး, ပြင်ကျိုး ဆင်ကျိုးတော့ ပေးမှာမဟုတ်ဘူး (မှန်ပါ့) ဘုရားတောင် မပေးဘူးဗျ (မှန်ပါ့) ပေးရဲ့လား (မပေးပါ ဘုရား)။

ကိုယ်တော်ကြီးဟာ အောင်ခြင်းရှစ်ပါး ကိုယ်တော်ကြီး၊ သူများကိုသာ အောင်တယ်၊ ကိုယ်တော်ကြီးတော့ အာပေါဓါတ်က ဝမ်းလျှောတဲ့ ဝေဒနာနဲ့ အာပေါဓါတ်က သတ်ချလိုက်တယ် (မှန်ပါ့) သူများသာ အောင်တာ၊ သူ့ခန္ဓာသူမအောင်ဘူး (မှန်ပါ့) ပရိနိဗ္ဗာန်စံပြီးမှသာ နိုင်တော့တယ် (မှန်ပါ့) မစံခင်က မနိုင်ဘူး (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ခန္ဓာငါးပါးရှိတဲ့ ပုဂ္ဂိုလ်ဖြင့် ဘယ်လိုဖြစ်ရမှာတုံး ဘုရားလို့ ဦးမြမောင်က မေးမေး၊ ဦးကျော်မောင်က မေးမေး၊ ဦးဘသန်းက မေးမေး၊ ခန္ဓာငါးပါးရှိရင် သေရဦးမှာဘဲ၊ သူကသတ်မှာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အခုလဲ ရွယ်နေတာဘဲ၊ ရွယ်နေတာမှ ခင်ဗျားတို့က ဆေးကလေးနဲ့ တောင်းပန်၊ အစာကလေးနဲ့ တောင်းပန်နေရတယ် (မှန်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဝတ်ကလေးနဲ့ကော (တောင်းပန်ရပါတယ်) ချွေးကလေးထွက်ချင်တော့ ရွယ်လိုက်၊ တောင်းပန်တာကလေး ငဲ့တဲ့ပြီး သကာလ ခဏနားလိုက် (မှန်ပါ့) တာရှည်ကျအောင် နားပါ့မလားလို့ဆိုရင် ဘယ့်နှယ်ပြောကြမယ် (မနားပါ ဘုရား)။

မနားဘူး၊ နောက်တော့ တောင်းပန်ပေမဲ့ မင်းကို သတ်မှာဘဲဆိုတဲ့အဓိပ္ပာယ် သေသေချာချာ ရောက်ပါတယ် (ရောက်ပါတယ် ဘုရား) မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

သူသတ်ယောကျ်ားအဖြစ်နဲ့မှ မသိသေးရင်

ကိုင်း ဒါဖြင့် ခန္ဓာငါးပါးကို ခင်ဗျားတို့က သူသတ်ယောကျ်ားအဖြစ်နဲ့မှ မသိသေးရင် ခန္ဓာခင်တဲ့ တဏှာလာတယ် (မှန်ပါ့ ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့ အထက်မဂ် တက်တော့မယ်ဆိုရင် တဏှာမသတ်လို့ရှိရင် ဘယ်နည်းနှင့်မှ အထက်မဂ် တက်လို့မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒီခန္ဓာငါးပါးဟာ သူသတ်ယောကျ်ားအစစ်ကို ခင်ဗျားတို့မသိသ၍ ကာလပတ်လုံးဖြင့် ခန္ဓာချည့်နေပြီးသကာလ ခန္ဓာသတ်လို့ဘဲ ခန္ဓာဆုတောင်းတဲ့ ပုဂ္ဂိုလ် ခန္ဓာခင်တဲ့ပုဂ္ဂိုလ် သေကြရမှာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ အလိုလိုသေတဲ့ မသာတော့မရှိပါဘူး (မှန်ပါ့) ရှိပါ့မလား (မရှိပါ ဘုရား) ဘယ်သူ သတ်တာတုံး (ခန္ဓာငါးပါး တပါးပါးက သတ်တာပါ ဘုရား)။

ခန္ဓာငါးပါး တစ်ပါးပါးက အားကုန်သတ်လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ နေလို့ ထိုင်လို့ရကြသေးရဲ့လား (မရပါ ဘုရား)။

မရဘူး တဲ့၊ ဪ ဒါဖြင့် သူတို့က ခင်ဗျားတို့ဆုတောင်းလိုက်တဲ့ အခါကျတော့ ခန္ဓာငါးပါးရောက်လာတာက ခင်ဗျားတို့ကို ခ,စားလာတယ်လို့ ခင်ဗျားတို့ကို လုပ်ကျွေးမလို့ ပြုမလို့ စုမလို့ လာတယ်လို့ ခင်ဗျားတို့က ထင်တယ်၊ဟိုကသတ်မလို့လာတာ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ကလဲ လက်ယပ်ခေါ်တယ်၊ ဆုတောင်းတဲ့ လူကလေ (လက်ယပ်ခေါ်ပါတယ် ဘုရား)။

ဘယ်သူ့လက်ယပ်ခေါ်တာတုံး

လက်ယပ်ခေါ်တယ်ဆိုတော့ ဘယ်သူ့လက်ယပ်ခေါ်တာတုံးမေးတော့မှ (သူသတ်ယောက်ျားကို လက်ယပ်ခေါ်တာပါ ဘုရား)။

ဖြစ်မှ ဖြစ်ရလေ (မှန်ပါ့) ဒါလောက်မိုက်တဲ့ လူများရှိသေးသလားလို့ မေးရင် ဘယ့်နှယ်ပြောကြမယ် (မရှိပါ ဘုရား) ဒီအတိုင်းကျနေတာဘဲ (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ဟာက ဘယ့်နှယ်ကြောင့် လက်ယပ်ခေါ်မိပါလိမ့်မတုံး ဆိုတော့ သတ်မည့်လူကို ဒုက္ခသစ္စာလို့မသိဘူး (မှန်ပါ့) ဒါ သစ္စာတစ်လုံးတည်းဟောနေတာ ဒီနေ့ည (မှန်ပါ့ ဘုရား)။

သတ်မည့်လူ ဒုက္ခသစ္စာလို့ (မသိလို့ပါ ဘုရား) မသိဘူးတဲ့၊ အဲဒါကြောင့် ဒကာ ဒကာမတွေမှာ သိစရာ ကျန်သေးတယ်ဆိုတဲ့ဥစ္စာ မောင်ချစ်စိန် ပေါ်ပလား (ပေါ်ပါပြီ) သိစရာအများကြီးကျန်တယ် (ကျန်ပါတယ် ဘုရား)။

အခု ကြည့်စမ်းပါလားတဲ့၊ ဒီခန္ဓာကြီး ရ,ထားလို့ဘဲ တော်သေးရဲ့၊ စီးပွားရှာရဦးတော့ ကိုယ့်ဟာ ကိုယ်ရင်းရှာရ၊ အင်း သူများလို ပခုံးထမ်းပြီးသကာလ ပေါက်ပြားမကိုင်ရဘူး (မှန်ပါ့) အံမာ ဒီခန္ဓာကြီးကို ခင်ဗျားတို့က အရတော်လေစွများ ဖြစ်နေလိုက်သေးတယ် (မှန်ပါ့)။

ဦးအောင်ဇံဝေကြီး နဂိုက ဘယ်လိုများဖြစ်နေသတုံး (ဒီအတိုင်းပါ ဘုရား) အရတော်လေစွလို့များဖြစ်ပြီး နေလိုက်သေးတယ် (မှန်ပါ့)။

အင်း၊ မသိရှာဘူး (မှန်ပါ့) မသိရှာဘူး၊ ဘေးက ကြည့်လိုက်တဲ့ ပုဂ္ဂိုလ်ကဖြင့် သူက အရတော်လေသေးတဲ့ (မှန်ပါ့ ဘုရား)။

အင်း၊ ခန္ဓာငါးပါးလက်တွင်း ငါးလိုစင်းပြီး သေပွဲဝင်ရမှာသူမသိရှာဘူး (မှန်ပါ့) သိပါ့မလား (မသိပါ ဘုရား)။

ငါးလို ဖြစ်နေတယ်တဲ့၊ မြှုံးထဲမှာရှိတဲပ အစာကလေးစားရတာ ကိုယ်ကတော့ မြှုံးမိနေပြီ (မှန်ပါ့) မြှုံးထဲရှိတဲ့အစာကလေး စားရတာ ကံကောင်းတယ် အောက်မေ့နေတာ (မှန်ပါ့)။

ကံကောင်းတာလား သေကွက်တိုးမိတာလား

ကံကောင်းတာလား သေကွက်တိုးမိတာလား (သေကွက်တိုးမိတာပါ ဘုရား) အဲဒါ ငါးက ဘယ့်နှယ်ထင်နေသတုံး (ကံကောင်းတယ်ထင်နေပါတယ် ဘုရား)။

နို့၊ ခင်ဗျားတို့ကော အခု ကိုယ်ရ,ထားတဲ့ ဘဝကြီး ဘယ့်နှယ်ထင်နေသတုံး (ကံကောင်းတယ်ထင်နေပါတယ်)ဟာ ငါးပေါ့ဗျ ဒါဖြင့်၊ ဒီအတိုင်းကျနေတာဘဲ၊ မိနေပြီ ခန္ဓာငါးပါးသတ်မှာကတော့ သေချာနေပြီ (မှန်ပါ့) မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားကို လူ့တိရစ္ဆာန်တွေလို့ ပြောလဲ မလွဲလှဘူး (မှန်ပါ့) လွဲပါ့မလား (မလွဲပါ ဘုရား) လူတိရစ္ဆာန်တွေဘဲလို့ မောင်သစ်တို့ ပြောလို့ရှိရင် မလွဲဘူး (မှန်ပါ့ ဘုရား)။

ဘာ့ကြောင့်တုံးဆိုတော့ ဒီလို အရောင်းနဲ့၊ ဒီလို အဝယ်နဲ့၊ ဒီလို ဆွေမျိုးနဲ့၊ ဒီလို အခြံအရံနဲ့၊ ဒီလို အရင်းအနှီးနဲ့ ဆိုလို့ရှိရင် တော်သေးရဲ့ အောက်မေ့နေတာ (မှန်ပါ့) တော်သေးရဲ့ အောက်မေ့နေတာ။

တော်သေးတာလားတဲ့၊ သေကွက်ထဲ ရောက်နေတာလား (သေကွက်ထဲ ရောက်နေတာပါ ဘုရား)ဒါဖြင့် ဘယ်တော်ရမတုံးဗျ (မှန်ပါ့)။

တော်သေးတယ်ဆိုလို့ရှိရင် ခန္ဓာမရှိတဲ့ နိဗ္ဗာန်ရောက်သွားလို့ရှိရင် တော်သေးတယ်ဆိုတာ သုံးနိုင်ပါတယ် (မှန်လှပါ ဘုရား)။

အခုတော့ ဒီလိုသုံးနိုင်ကြသလား၊ သေတဲ့အထဲရောက်ပြီးသကာလ တော်သေးတယ် သုံးတာလား (သေတဲ့အထဲ ရောက်ပြီးတော်သေးတယ် သုံးတာပါ ဘုရား)။

ဖြစ်မှ ဖြစ်ရပလေ၊ နွားသတ်ရုံသွားတဲ့ နွားဟာ တွန်သလိုဖြစ်နေပြီ (မှန်ပါ့) ဘယ့်နှယ်ဖြစ်နေသတံုံး (နွားသတ်ရုံသွားတဲ့နွားဟာ တွန်သလို ဖြစ်နေပါတယ် ဘုရား)။

ဒီလို ဖြစ်နေတာ ခင်ဗျားတို့ ဝမ်းသာနေတာက (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီလောက် မသိမှု ကြီးကျယ်တယ်ဆိုတာ သစ္စဉာဏ် မရတာ (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သစ္စဉာဏ် ကိစ္စဉာဏ် ရသေးရဲ့လား

သစ္စဉာဏ် ကိစ္စဉာဏ် ရသေးရဲ့လား (မရပါ ဘုရား) မရတော့ကိုတဲ့ သူမရသ၍ ကာလပတ်လုံးလဲ သူသတ်ယောကျ်ားချည့် ဆုတောင်းယူမှာဘဲ (မှန်ပါ့)။

လာပါ လာပါချည့်ခေါ်နေတာဘဲ (မှန်ပါ့) သတ်လှည့်ပါ သတ်လှည့်ပါချည့် (ခေါ်နေမှာပါဘဲ ဘုရား) ခေါ်နေမှာဘဲဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဦးကျော်မောင်ရေ အခု ဒီ ဆရာကောင်း, သမားကောင်းသာ မတွေ့မယ်ဆိုလို့ရှိရင် ရှေ့လဲ ခေါ်ဦးမှာဘဲ (မှန်လှပါ ဘုရား)။

ခေါ်ဦးမယ် ခေါ်ဦးမယ် ခင်ဗျားတို့ (ခေါ်မှာပါ) တကယ့်ကို မိုက်လုံးသန်လှချည့်လား (မှန်ပါ့)အင်မတန် မိုက်လုံးသန်တယ်ဆိုတဲ့ ဥစ္စာက ခင်ဗျားတို့က မိုက်တာမဟုတ်ပါဘူး၊ ခင်ဗျားတို့သန္တာန်ရှိတဲ့ အဝိဇ္ဇာကမိုက်နေတာ (မှန်ပါ့) ‘ဒုက္ခေအညာဏံ’ ကိုးဗျ၊ ဒုက္ခသစ္စာ သူမသိဘူးတဲ့ (မှန်ပါ့) အဲဒီတရားက ဝင်ပြီးမိုက်နေတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်သူက ဝင်မိုက်နေတာတုံး (အဝိဇ္ဇာက ဝင်မိုက်နေတာပါ) အဝိဇ္ဇာက ဝင်မိုက်တော့ သူ့ပါဠိတော်က ဘယ့်နှယ်တဲ့တုံး (ဒုက္ခေအညာဏံ ပါ ဘုရား) ဒုက္ခေ=ဒုက္ခသစ္စာ၌၊ အညာဏံ=မသိခြင်းသည်၊ အဝိဇ္ဇာ=အဝိဇ္ဇာဘဲကိုး (မှန်ပါ့) သူ တလုံးနှိပ်စက်လိုက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သံသရာအစ အဝိဇ္ဇာ, တဏှာက ဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ပေါ်ပြီ၊ သူတို့ မိုက်အောင်လုပ်နေတာဘဲ (မှန်ပါ့)။

ဟိုနားသေကွ၊ ဟိုနားသေလိုက်ကွ၊ ဟိုနား သေလိုက်ကွ ဆိုတာ ဒီ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကြည့်လိုက်တော့ ၁-နံပါတ် အဆုံးလဲ သေပွဲဟာ သူလုပ်တာဘဲ (မှန်ပါ့)။

၃-နံပါတ်အဆုံး သေပွဲဝင်ရတာကော (သူဘဲ လုပ်တာပါဘဲ ဘုရား)တခါ ၃-နံပါတ်ကနေပြီး ၄-နံပါတ်ကိုဆက်ပြီး အသေခိုင်းတာကော (သူဘဲ လုပ်တာပါ ဘုရား)။

သူဘဲ လုပ်ထားတယ်ဆိုတော့ ဒကာ ဒကာမတို့ အတော်ဆိုးဝါးတဲ့ တရားဘဲ (မှန်ပါ့)။

အဝိဇ္ဇာက ဝိဇ္ဇာမဖြစ်သ၍

ဒါဖြင့် အဝိဇ္ဇာက ဝိဇ္ဇာမဖြစ်သ၍ကာလပတ်လုံး ဒီ ဒကာ ဒကာမတွေ ဒုက္ခသစ္စာမသိတဲ့အတွက် သေမင်းချည့် လျှောက်ရှာကြမှာဘဲ (မှန်ပါ့)။

ဘာလုပ်ကြမယ် (သေမင်းချည့်လျှောက်ရှာနေမှာပါ ဘုရား) သေမင်းချည့် လျှောက်ရှာလိမ့်မယ်၊ ဒီ ဒကာ ဒကာမတွေ ဖြစ်ထွေက (မှန်ပါ့)။

အဲဒါကြောင့်အခု ခင်ဗျားတို့ စိတ်ကလေးတွေဖြစ်ပျက်ရှုပါ ဖြစ်ပျက်ရှုပါဆိုတာကို ဆယ့်သုံးချက်စာရွက်ကလေးနဲ့ ပေးထားတဲ့ဥစ္စာဟာ သေမင်းမှန်း သိအောင်လို့ (မှန်ပါ့) သူက သတ်လိမ့်မယ်၊ သူက မသတ်ခင် ကိုယ်က သတ်ပါဆိုတဲ့ဥစ္စာ လုပ်နေတာ (မှန်ပါ့)။

သူက မသတ်ခင် ကိုယ်က သတ်ပါ

သူကတော့ သတ်တော့မှာဘဲ၊ သူက မသတ်ခင် ကိုယ်ကကိုယ့်ဉာဏ်က သတ်လိုက်ရလို့ရှိရင်ဖြင့် ဒီစိတ်ဆုံးသွားလို့ရှိရင် တစ်ဘဝသာ ကိုယ်သေတော့မယ်၊ နောက်သေစရာမရှိဘူး (မှန်လှပါ ဘုရား)။

နို့ မဟုတ်လို့ရှိရင် ဘဝများစွာ သံသရာတွေ လာလို့ရှိရင် စိတ်ပါလာဦးမှာဘဲ၊ မပါလာဘူးလား (ပါလာပါတယ် ဘုရား)။

ဦးမြမောင်တို့တခါတလေကျတော့ စိတ်ကများ အရောင်းအဝယ်ကလေးမျး လွဲသွားတဲ့အချိန် ရှုံးသွားတဲ့ အချိန်များ ကိုယ့်စိတ်ကများ ကိုယ့်ရုပ်ကို သတ်ထားလိုက်တာ ခင်ဗျားဘာဖြစ်သတုံးကို မေးယူရတယ် (မှန်ပါ့)။

ခင်ဗျား ဘာများဖြစ်ခဲ့သတုံးဆိုတော့ သူ့ရုပ်က ပြတယ်၊ စိတ်က ရုပ်ကို နှိပ်စက်ထားလိုက်တာ (မှန်ပါ့)။

ဪ ခင်ဗျား တော်တော် ကြီးကြီးကျယ်ကျယ်ဘဲ ဒုက္ခတွေ့နေပြီထင်တယ် (မှန်ပါ့) စိတ်က သေအောင်သာ မသတ်သေးတာကိုးဗျ၊ အရုပ်ပျက် အဆင်းပျက်တော့လဲ လုပ်ထားပြီ (မှန်ပါ့) မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒါလဲ စ,ပြီးရွယ်တာဘဲ၊ နောက်တော့ မထူးပါဘူးကွာ၊ ဒီလောက် အရှုံးများလှတယ်၊ လူ့ပြည် မနေပါဘူးဆိုတော့ ဒီစိတ်ကဘဲ ပြန်သတ်တာဘဲ (မှန်ပါ့) မသတ်ဘူးလား (သတ်ပါတယ် ဘုရား)။

အေး၊ ဒါကြောင့် စိတ်ဆိုတဲ့ တရားဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)ကိန်းရာပုဂ္ဂိုလ်ကို ဘာလုပ်တတ်သတုံး (ညှာတာမဖက်ပါ) ညှာတာမဖက် အမြဲနှိပ်စက်ပြီး သတ်တတ်တယ် (မှန်ပါ့)မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ခန္ဓာငါးပါးထဲက မသတ်မည့်လူ ပါရဲ့လား (မပါပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးကို ခင်ဗျားတို့ စိတ်ကလေးကို ဒကာ ဒကာမတွေက ရှုကြ၊ အင်း သူသတ်ယောကျ်ားဘဲ၊ သူသတ်ယောကျ်ားဘဲ၊ ကိန်းရာပုဂ္ဂိုလ်ကို သတ်မှာဘဲ၊ ကိန်းရာပုဂ္ဂိုလ်ကိုသတ်မှာဘဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အခုတော့ ဖြစ်ပျက်ဘဲ ရှုပါတဲ့၊ မရောက်သေးတဲ့ပုဂ္ဂိုလ် (မှန်ပါ့) လွန်ပြီးသား ပုဂ္ဂိုလ်ကတော့ သူသတ်ယောကျ်ားလို့ ရှုရလိမ့်မယ် (မှန်ပါ့)။

လွန်ပြီးသား ပုဂ္ဂိုလ်များက (သူသတ်ယောကျ်ားလို့ ရှုရမှာပါ) သူသတ်ယောကျာ်းလို့ ရှုရမယ်ဆိုတော့ သတ်ကော မသတ်ပေဘူးလား (သတ်ပါတယ် ဘုရား) သတ်မှာလဲ သေချာတယ်နော် (မှန်ပါ့)။

အဲဒါကြောင့် မင်း ဒီခန္ဓာငါးပါးကို ဝဓကတော လို့ ရှှုစမ်းကွ၊ သူသတ်ယောကျ်ားလို့ရှုစမ်း၊ သတ်တတ်တဲ့ ပုဂ္ဂိုလ်လို့ ရှုစမ်းဆိုတော့ ယမက-က မောင်သစ် ရှုတာပေါ့၊ ရှုရင်း ရှုရင်းနဲ့ဘဲ ခန္ဓာပေါ်မှာ ခင်တွယ်တဲ့ တဏှာသုံးမျိုးစလုံး သေတယ် (မှန်ပါ့) ကာမတဏှာရော၊ ရူပတဏှာရော၊ အရူပတဏှာရော အကုန်သေတယ်၊ အဲ သေသွားတဲ့အခါ ဘဝတဏှာလဲသေတော့ အဲဒီမှာ ရှုရင်းမတ္တနဲ့ ဖြစ်ပျက်မြင် ဖြစ်ပျက်ဆုံးဆိုတဲ့စိတ်၏ အဆုံးမှာ သူ ရဟန္တာဖြစ်တယ် (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘယ်လိုရှုရမှာတုံးဆိုတော့ တဏှာသတ်နဲ့ ရှုပါ (မှန်ပါ့) အဲ ခင်ဗျားတို့ကလဲ အင်း၊ ဘယ်အချိန် သတ်မတုံးဆိုတာ ကိုယ့် ခန္ဓာထဲမှာ သတ်တတ်တဲ့ တရားမှ တပါး အန္တရာယ်ကင်းတဲ့ တရားတော့ မရှိဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။

ခန္ဓာထဲ ဘာတရားတွေ ရှိသတုံး (သတ်တတ်တဲ့ တရားတွေရှိပါတယ်) သတ်တတ်တဲ့ တရားတွေဘဲ ရှိတယ်ဆိုတော့ နို့တစ်ပေးလို့ရှိရင်လဲ သတ်တော့မယ် (မှန်ပါ့)။

ဝေဒနာကလေးက ကျင်လာတယ်၊ ကိုက်လာတယ်ဆိုရင် ဟင်၊ နို့တစ်ပေးပြီး သတ်တော့မယ် (မှန်ပါ့) စိတ်ကလေးက မတည်မတံ့ ဖြစ်လာရင်ကော (သတ်တော့မှာပါ ဘုရား) သတ်တော့မယ်။

သူသတ်ယောက်ျားဆိုတာ ကိုယ်တွေ့

အမှတ်ကလေးတွေက ခဏခဏ မေ့တယ်,မှားတယ်ဆိုရင်ကော (သတ်တော့မှာပါ)သတ်တော့မလို့ဘဲတဲ့၊ ပူတယ်,အေးတယ်,တောင့်တယ်,တင်းတယ် လာရင်ကော (သတ်တော့မလို့ပါ ဘုရား)။

သတ်တော့မလို့ လာတဲ့ဥစ္စာတွေ ဖြစ်နေတော့ သူသတ်ယောက်ျားဆိုတာတော့ သူများပြော မဟုတ်ပါဘူး၊ ကိုယ်တွေ့ပါဘဲ (မှန်ပါ့ ဘုရား) သူသတ်ယောက်ျားဆိုတာ (ကိုယ်တွေ့ပါ ဘုရား)။

ကိုယ်တွေ့ပါဘဲဆိုတဲ့ဥစ္စာ အဲဒါ သူတို့က အလိုလိုလာတာလား၊ ခင်ဗျားတို့ကိုက ခေါ်ယူတာလား (ခေါ်ယူတာပါ ဘုရား)။

ခေါ်ယူတော့ ခင်ဗျားတို့ ဒီဘဝ ဆုတောင်းပြည့်အောင်တော့ သူလုပ်ဦးမှာဘဲ၊ သတ်ဦးမှာဘဲ (မှန်ပါ့) ဘာဖြစ်လို့တုံး ခင်ဗျားတို့က အင်း လူ့ဘဝရရပါလို၏ (မှန်ပါ့)။

ခန္ဓာငါးပါး သူသတ်ယောကျ်ားကြီးကလဲ အေး ဒို့လာပြီးသကာလာ သတ်ပါဦးမယ်ဆိုတဲ့ ဥစ္စာ၊ လူထင်နေတာကိုးဗျ၊ သူသတ်လို့ မထင်ဘူး (မှန်ပါ့)။

ဘယ့်နှယ်ထင်သတုံး (လူထင်နေပါတယ် ဘုရား) လူထင်နေတယ်၊ နတ်ထင်နေတယ်၊ ဗြဟ္မာထင်နေတယ်၊ သူသတ်ရယ်လို့ ထင်ကြရဲ့လား (မထင်ပါ ဘုရား) အခုတော့ ဘယ့်နှယ်တုံး (သူသတ်ယောက်ျားပါ ဘုရား)။

ခင်ဗျားတို့ကလဲ မသာတွေ လျှောက်ပို့ပြီးတာတောင်မှ နားက မလည်သေးဘူး (မှန်ပါ့) အင်း ဆေးမကောင်းလို့ သေထင်ပါရဲ့၊ အစားမပြည့်စုံလို့ သေထင်ပါရဲ့၊ ဒါသာ အလွဲသာချောတွေ့နေတာဘဲ (မှန်ပါ့) ခန္ဓာငါးပါး တပါးတပါးက သတ်တာ ဒါမှအမှန်ကိုး (မှန်ပါ့)။

သူက ကျောက်ရုပ် ကျောက်ခဲဆိုလို့ရှိရင် ဟိုက ဥတုတွေဘာတွေက ဘာလုပ်နေနေ သေပါ့မလား (မသေပါ ဘုရား) မဟုတ်ဘူးလား (မှန်ပါ့)။

အခုတော့ သူကိုက သတ်လို့ သေရတာ (မှန်ပါ့) ဒီ့ပြင်ဟာတွေက အကူအညီလောက်တွင် (မှန်ပါ့) တကယ်သတ်တာကတော့ ဘာတွေတုံး (ခန္ဓာငါးပါးပါ ဘုရား)။

အဲဒါကြောင့် ခန္ဓာငါးပါးဟာ သူသတ်ယောကျ်ားလို့ ခင်ဗျားတို့ သေသေချာချာ ရှုနိုင်လို့ရှိရင် အထက်မဂ်,အထက်ဖိုလ် သေသေချာချာရတယ် (မှန်ပါ့) သဘောပါကြလား (ပါပါတယ် ဘုရား)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။