11403

မာတိကာသို့

သစ္စာသိမှသံသရာ ပြတ်ပုံ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့-ဓမ္မာရုံ၌ ဟောကြား ဆုံးမတော်မူသော

(သစ္စာသိမှသံသရာ ပြတ်ပုံ)ညအလုပ်ပေး-တရားတော်

(၃-၉-၆၂)

ဒိဋ္ဌိဟာအဆိုးဆုံးဘဲ

ဒကာ ဒကာမတွေ သန္တာန်၌ရှိတဲ့ ဒိဋ္ဌိဟာအဆိုးဆုံးဘဲ လို့ မှတ်ကြရမယ်နော် (မှန်ပါ့)။

ဘယ်သူအဆိုးဆုံးပါလိမ့် (ဒိဋ္ဌိဟာ အဆိုးဆုံးပါ ဘုရား) ဒိဋ္ဌိအဆိုးဆုံးလို့ မှတ်ရမယ်၊ ဒိဋ္ဌိက ခိုင်တယ်ယူတဲ့ သဿတဒိဋ္ဌိကတစ်မျိုးနော် (မှန်ပါ့) မြဲတယ်ခိုင်တယ်ယူတဲ့ (သဿတ ဒိဋ္ဌိတစ်မျိုးပါ ဘုရား)။

ရုပ်နာမ်တွေဟာ မြဲတယ်ခိုင်နေတယ် လို့ ယူကြရင်ဘာဒိဋ္ဌိဆိုကြမလဲ (သဿတဒိဋ္ဌိပါ ဘုရား) သဿတဒိဋ္ဌိနော် (မှန်ပါ့ ဘုရား)။

ရုပ်နာမ်တရားသည် တစ်ခါဖြစ်ပြီး ပြတ်ထွက်သွားတာဘဲလို့ ယူလို့ရှိရင်လဲ ဥစ္ဆေဒဒိဋ္ဌိနော် (မှန်ပါ့)။

ရုပ်နာမ်ဟာဖြစ်ချီတစ်လှည့်၊ တစ်ချို့ ရုပ်နာမ်ဟာ ဖြစ်တယ်၊ တစ်ချို့ရုပ်နာမ်ဟာ မဖြစ်တော့ဘူးလို့ ယူလို့ရှိရင်ဖြင့် ဧကစ္စသဿတဒိဋ္ဌိ၊ တစ်ပိုင်းကြောင့် သဿတဒိဋ္ဌိဖြစ်တယ်နော် (မှန်ပါ့ ဘုရား)။

ရုပ်နာမ်ဟာ မဖြစ်သည်မဟုတ်၊ ဖြစ်သေးတယ်ယူလို့ရှိရင်အမရာ ဝိက္ခေပဒိဋ္ဌိ (မှန်ပါ့) ဒိဋ္ဌိ ဘယ်နှစ်မျိုးရှိပါလိမ့် (လေးမျိုးရှိပါတယ် ဘုရား) လေးမျိုး။

သောတာပတ္တိမဂ်တားတဲ့ ဒိဋ္ဌိလေးမျိုး

ပြန်ပြောပါဦးမယ်နော် သောတာပတ္တိမဂ်တားတဲ့ ဒိဋ္ဌိလေးမျိုး (မှန်ပါ့ ဘုရား) ခင်ဗျားတို့ အခုရှေးဦးစွာ အားထုတ်ရမှာက သောတာပတ္တိမဂ်ရအောင် အားထုတ်ရမှာ (မှန်ပါ့ ဘုရား)။

အဲ့ဒီ သောတာမတ္တိမဂ်ကိုရအောင် အားထုတ်ရမည့် အလုပ်ကိုဒိဋ္ဌိလေးမျိုးက အမြဲတားနေလို့ တစ်ဘဝတစ်မျိုး၊ တစ်ဘဝတစ်မျိုး တစ်ဘဝတစ်မျိုးဆိုသလိုဘဲ တားနေတဲ့အတွက် တဲ့ ဒကာ ဒကာမတွေ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဝေးခဲ့ကြတာ၊ ကံမကောင်းအကြောင်းမသင့်လို့ ဝေးခဲ့ကြတာမဟုတ်ပါဘူး၊ ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုး တားနေလို့လို့ မှတ်လိုက်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ဘယ်နှစ်မျိုးတားသလဲ (လေးမျိုး တားပါတယ်ဘုရား ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုးလှည့်တားနေတာနဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ဥစ္စာ မရခဲ့တော့ နိဗ္ဗာန်မရောက်ခဲ့ကြဘူး (မှန်ပါ့ ဘုရား)။

အဲ့ဒီ မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတာ မရောက်ခဲ့ကြတာသည် ပထမ မဂ် မရလို့မှတ်ပါ ဦးကျော်မောင် (မှန်ပါ့ ဘုရား)။

ပထမ မဂ်မရတော့ ဒုတိယ၊ တတိယ၊ စတုတ္ထမဂ် ဦးမြမောင်ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား) မရနိုင်ဘူးတဲ့။

ပထမ မဂ်တားတာက ဘယ်သူတုံးလို့ မေးလို့ရှိရင် ဒိဋ္ဌိလေးမျိုးတစ်မျိုးမျိုးလို့ ဦးဘသန်း မှတ်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သို့သော် ရှင်းပြပါဦးမယ် ခင်ဗျားတို့ကို ရုပ်နာမ်ကို ကျောက်တိုင် ကျောက်ခဲကဲ့သို့ မြဲတယ်လို့ယူရင် သဿတဒိဋ္ဌိ(မှန်ပါ့)။

ရုပ်နာမ်ဟာ ဖြစ်တာ ပျက်တာဘဲ၊ ဒီတစ်ခါ ဖြစ်ပြီးရင်နောက် ဘယ်တော့မှမဖြစ်တော့ဘူး၊ ပြတ်ထွက်သွားတာ ဘဲလို့ယူရင် ဥစ္ဆေဒဒိဋ္ဌိ (မှန်ပါ့ ဘုရား) ဘယ်နှစ်မျိုးရှိသွားပလဲ (နှစ်မျိုးရှိသွားပါပြီ ဘုရား)။

တစ်ချို့ရုပ်နာမ်တော့ ဖြစ်တယ်၊ တစ်ချို့ရုပ်နာမ်က နောက်ထပ်ဖြစ်တယ်၊ တစ်ချို့ရုပ်နာမ်က မဖြစ်ဘူးလို့ ယူလို့ရှိရင် တစ်ပိုင်းကြောင့် ဧကစ္စ သဿတဒိဋ္ဌိ နော် (မှန်ပါ့)။

ရုပ်, နာမ်, ဟာ မဖြစ်သည် မဟုတ် ဖြစ်သေးတယ်လို့ ယူလို့ရှိရင်လဲ အမရာဝိက္ခေပဒိဋ္ဌိ၊ အဲ့ဒီ ဒိဋ္ဌိလေးမျိုးတို့တွင် တစ်မျိုးမျိုးက ဒကာ ဒကာမတွေကို တားနေတယ် (မှန်ပါ့)။

အဲ့ဒါ ဖြုတ်ပေးတတ်တဲ့ ဆရာသမားနဲ့ မတွေ့ခဲ့လို့ရှိရင် ဘာကြီးလှူလှူ ဘာကြီးတန်းတန်းနေနေ နိဗ္ဗာန်မရလို့ မှန်လိုက်ပါ (မှန်ပါ့)။

ဒိဋ္ဌိမဖြုတ်တတ်လို့ရှိရင်

ဒိဋ္ဌိဖြုတ်ပေးမည့်လူမရှိလို့ ဒိဋ္ဌိမဖြုတ်တတ်လို့ရှိရင် ဘာကြီးလှူလို့ ဘာကြီးတန်းနေနေ မရပါဘူး (မှန်ပါ့)။

ဘာကြောင့်တုံး လို့ မေးတဲ့အခါကျတော့မှ နိဗ္ဗာန်တားတာကဒိဋ္ဌိ (မှန်ပါ့)၊ ဒါနထဲလဲ သူကဝင်လိုက်တာဘဲ၊ သီလထဲလဲ သူကဝင်လိုက်တာဘဲ၊ သမထဝိပဿနာထဲကော (ဝင်လိုက်ပါတယ် ဘုရား) ဝင်လိုက်တာဘဲဆိုတော့ ဒါက တားတဲ့တရားဝင်တာလို့ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

အဲ တားတဲ့တရားဝင်တာ ဖြစ်ပြီး သကာလနေသောကြောင့် ခင်ဗျားတို့ နိဗ္ဗာန်ရောက်ကြောင်း ဒါန,သီလ, သမထဝိပဿနာတွေ လုပ်ငြားသော်လဲ မရတာ ဘာကြောင့်ပါလိမ့်မတုံး၊ နိဗ္ဗာနပစ္စယောတွေလဲ ဒို့လုပ်ခဲ့တာ များလှပြီ၊ ဘာကြောင့် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီး မရပါလိမ့်မလဲလို့ ဒိဋ္ဌိလေးမျိုးတစ်မျိုးမျိုးက တားလို့သာ ဦးမြမောင် မှတ်လိုက်စမ်း (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကောင်းပြီ ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုးတားနေလျက်နဲ့ ဘုန်းကြီးသင်တဲ့ ဒကာ ဒကာမတွေမှာ သတိပဋ္ဌာန်လေးပါးထဲ က တစ်ပါးပါးဖြစ်ပျက်ရှုနေစေကာမူ ဝမ်းထဲက ဒီ ဒိဋ္ဌိလေးမျိုး တစ်မျိုးမျိုးရှိနေလို့ဆိုရင် ဘယ်တော့မှ နိဗ္ဗာန်မရလို့ မှတ် (မှန်ပါ့ ဘုရား) ဖြစ်ပျက်မြင်ဦး မရဘူး (မှန်ပါ့) မရပါဘူး၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်တားတဲ့အထဲမှာ ဒိဋ္ဌိအတားဆုံးလို့မှတ်ပါ (မှန်ပါ့)။

ပထမ မဂ်မှာတားတာ ဒိဋ္ဌိဘဲ

ပထမ မဂ်မှာတားတာ ဒိဋ္ဌိဘဲ (မှန်ပါ့) ပထမ မဂ်မှမရဘဲနဲ့ ဦးဘသန်းကြီး ဒုတိယ, တတိယ, စတုတ္ထမဂ်ရချင်လို့ မရနိုင်ဘူး (မှန်ပါ့)။

ဒါဖြင့် ပထမ မဂ် ဘယ်သူတားသတုံး (ဒိဋ္ဌိတားပါတယ် ဘုရား) အဲ ပထမ မဂ် ဒိဋ္ဌိတားတယ်လို့ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

အဲဒီတော့ ဒိဋ္ဌိကိုသိမှုနဲ့စင်ပြီးမှ အားထုတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒီနေ့တရားကို အားထုတ်ကြမည့် ဒကာ ဒကာမတွေ သိမှုစင်ကြယ်အောင် ဘုန်းကြီးက တစ်နာရီလောက် တစ်နာရီလောက်ရှင်းပေးမယ် (မှန်ပါ့) အားထုတ်လို့ရှိရင် ခရီးပေါက်အောင်လို့ (မှန်ပါ့ ဘုရား)။

နို့မဟုတ်လို့ရှိရင် သိမှုကမစင်ကြယ်ဘဲနဲ့ ရောက်လာရင် ဦးမြမောင်ရေ ဟော ကမ္မဋ္ဌာန်းကျောင်းထဲသွားပြီး တရားအားထုတ်၊ ဦးကျော်မောင် သွားအားထုတ်ဆိုတဲ့ ဆရာသမားနဲ့တွေ့ရင် ခင်ဗျားတို့ ငါးပါးမှောက်မယ် (မှန်ပါ့ ဘုရား)။

ဖြုတ်စရာရှိတာဖြုတ်ပေး၊ ရှင်းစရာရှိတာ ရှင်းမပေးဘဲနဲ့ အားထုတ်လို့ရှိရင် နှစ်ပေါင်းလေးဆယ် အားထုတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေတောင် မရဘူး၊ ဘုရားနားမှာကို အားထုတ်တာ (မှန်ပါ့ ဘုရား)။

မရဘူး ဘာဖြစ်လို့တုံးဆိုတော့ သိမှု, ပွားမှု, ပယ်မှုဆိုတာရှိပါတယ် (မှန်ပါ့) “ဉာတပရိညာ=သိမှု၊ တီရဏပရိညာ=ပွားမှု၊ ပဟာနပရိညာ=ပယ်မှု” ဘယ်နှစ်ခုရှိသတုံး (သုံးခုရှိပါတယ် ဘုရား)။

သုံးခုရှိတဲ့အနက်က နို့ဘယ်သူဟာ ၁၊ ဘယ်သူ ၂၊ ဘယ်သူ ၃ တုံးလို့ ဒီ ဒကာ ဒကာမတွေက မေးလို့ရှိရင် သိမှု ၁ (မှန်ပါ့) ပွားမှု-၂၊ ပယ်မှု-၃ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူရှေ့ထားပြီး ခင်ဗျားတို့ ကြိုးစားရမတုံး (သိမှုကိုရှေ့ထားပြီး ကြိုးစားရပါမယ် ဘုရား)။

အဲ သိမှုရှေ့ထားပြီး ဘုန်းကြီးဆီက သိမှုယူပါ (မှန်ပါ့) ယူပြီး ခင်ဗျားတို့ ပေးထားတဲ့ နေရာမှာ ပွားများမှသာလျှင်ရမယ် (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဘုရားရှေ့သွားပြီး သကာလ ဒကာ ဒကာမတွေက ပန်းကလေးခူးလို့ မီးကလေး ဖယောင်းတိုင် ကလေးနဲ့ ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်ရ ရပါလို၏ ဆိုတော့ သိမှုကိုမပါဘူး (မှန်ပါ့) ပွားမှုကော (မပါ ပါ ဘုရား) အဲဒီတော့ ပယ်မှုဆိုတာတော့ ဝေးရော (မှန်ပါ့) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။

အဲ့ဒါနဲ့ ချိန်ကြည့်တော့မှ ဘုန်းကြီးတို့က အပြောကြမ်းတယ်လို့ မယူနဲ့၊ ဒီပါဠိတော် ပရိညာသုံးပါးနဲ့ ဝေဖန်လိုက်တော့မှ သိမှုမရှိဘဲနဲ့ ကျင့်မှုမဖြစ်နိုင် (မှန်ပါ့) ကျင့်မှုမရှိဘဲနဲ့ ကိလေသာပယ်မှုမဖြစ်နိုင်၊ ပယ်မှုမှ နိဗ္ဗာန်ရောက်မှာကိုး (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ၁-နံပါတ် ဦးဘသော် ဘယ်သူပါလိမ့် (သိမှုပါ) သိမှုနော် (မှန်ပါ့ ဘုရား)သိမှု၊ ဘာသိရမှာတုံးဆိုတော့ ဒိဋ္ဌိပယ်ခြင်းကိုသိမှု (မှန်ပါ့) သဘောပါပလား (ပါ ပါပြီ ဘုရား)။

ဒိဋ္ဌိပယ်ခြင်းကို (သိမှုပါ ဘုရား)သိမှု၊ ဒါကို ၁-နံပါတ်ထားရမယ်ဆိုတာတော့ ဒကာ ဒကာမတွေ သဘောပါ ပါပြီတဲ့။

ကဲ ဒါဖြင့် ဝတ္ထုနဲ့ ပဋိစ္စသမုပ္ပါဒ်ကပ်ပြားနဲ့ ခင်ဗျားတို့ ကိုက်ပြီးတော့ ယနေ့ဟောမယ် (မှန်ပါ့) ခန္ဓဝဂ္ဂသံယုတ်ပါဠိ တော် ဝေသာလီပြည်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသီတင်းသုံးနေတယ်လို့ မှတ်လိုက်ပါ (မှန်ပါ့ ဘုရား)။

အနုရာဓရဟန်း ဆီ လာလည်တယ်

အဲဒီမှာ ဘုရားနဲ့ မနီးမဝေးမှာ ကျောင်းကလေး တစ်ကျောင်းဆောက်ပြီးသကာလ အနုရာဓဆိုတဲ့ ရဟန်းကလေးက နေပါတယ်၊ နေတဲ့အခါမှာ တိတ္ထိဆရာကြီးတွေက ဒိဋ္ဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးက အနုရာဓရဟန်း ဆီ လာလည်တယ်။

အရှင်အနုရာဓ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ယောကျာ်းမြတ်ဖြစ်တယ်၊ မြတ်သည်ထက် မြတ်သော ပုဂ္ဂိုလ်လဲ ဖြစ်တယ်၊ အသိဉာဏ်မှာလဲ အလွန်လွန်ကဲတဲ့ ပုဂ္ဂိုလ်လဲဖြစ်တယ်၊ အဲဒီတော့ အရှင်ဘုရား ဘုရားဆီက ဘယ်လိုများကြားဘူးသတုံး တဲ့၊ တပည့်တော် အခုမေးလတ္တံ့ ပုဂ္ဂိုလ်ကို (မှန်ပါ့ ဘုရား)။

မေးလတ္တံ့ပုဂ္ဂိုလ်ကို အရှင်ဘုရား ဘယ်လိုကြားဖူးသတုံး တဲ့၊ သတ္တဝါသေရင် ဖြစ်သေးသလား တဲ့၊ ၁-နံပါတ်မေးလိုက်တယ် (မှန်ပါ့ ဘုရား)။

သတ္တဝါသေရင် (ဖြစ်သေးသလားတဲ့) ဖြစ်သေးသလားလို့မေးလိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါမေးပြီးတော့ ၂-နံပါတ်က သတ္တဝါသေရင် မဖြစ်တော့ဘူးလား တဲ့၊ ၂-နံပါတ်မေးလိုက်တယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ပြီးတော့မှ ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုက်ပြပါ့မယ်၊ သတ္တဝါသေရင်အချို့ဖြစ်တယ်၊ အချို့မဖြစ်ဘူးလို့ အရှင်ဘုရားတို့ ဘုရားဟောသလားတဲ့ (မှန်ပါ့ ဘုရား)။

သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ ဖြစ်သေးတယ်လို့များ ဟောသလားတဲ့ (မှန်ပါ့) အဲ့ဒီ အယူဝါဒလေးချက်ကို တပည့်တော်အား အမိန့်ရှိစမ်းပါတဲ့၊ အနုရာဓ ရဟန်းကလေးကို တိတ္ထိတွေက မေးလိုက်ကြတယ် (မှန်ပါ့ ဘုရား)။

မေးတဲ့အခါကျတော့ မောင်သစ် ကျေကျေလည်လည် မဖြေနိုင်ဘူး ဒီကိုယ်တော် (မှန်ပါ့) ကျေကျေလည်လည် မဖြေနိုင်၊ ဘုရားနား ကျောင်းနားမှာ ကမ္မဋ္ဌာန်းအားထုတ်နေတယ်၊ လက္ခဏာရေးသုံးပါး အားထုတ်နေတယ် (မှန်ပါ့) မဖြေနိုင်ဘူး။

သောင်မတင် ရေမကျဖြေလိုက် တယ်

မဖြေနိုင်တော့ သူဖြေလိုက်တာက ဘယ်လိုဖြေလိုက်သတုံးဆိုတော့ သောင်မတင် ရေမကျဆိုသလိုဘဲ ဖြေလိုက် တယ်၊ ဘုရားကတော့ ဒီလေးပါးကြဉ်ပြီး ဟောတာဘဲ ဒီလေးပါးတော့ မဟောပါဘူး (မှန်ပါ့) ဒီလေးပါးကို ကြဉ်ဖယ်ပြီး ဟောပါတယ် (မှန်ပါ့ ဘုရား)။

သူ ဒီတော့ ဒီလိုဖြေထားတယ်၊ ဒီလေးပါးကိုမဟောဘူး၊ ဒီလေးပါးကြဉ်ဖယ်ပြီး သကာလ ဟောပါတယ်ဆိုတော့ ဪ တိတ္ထိတွေက ဒီပုဂ္ဂိုလ်ကလေးဟာ သူဖြေပုံနားထောင်ရတော့ ဘုရားကို ဒီလေးပါးကိုတော့ မဟောဘူး၊ ဘယ်လိုမှ မဟောဘူး ကြဉ်ဖယ်ပြီးသကာလ ဟောတယ်ဆိုတော့ သူဟာဘုရားဟောပေမယ့်လဲ့ လူငယ်ကလေးဖြစ်နေတော့ နားမလည်သေးဘူး (မှန်ပါ့) လူကြီးဖြစ်လို့ရှိရင်လဲ လူမိုက်မို့ ဘာမှနားမလည်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုပြီး သူ့ကို လူငယ်ကလေးအဖြစ်နဲ့တင် အပြစ်တင်၊ လူကြီးမိုက်အဖြစ်နဲ့ အပြစ်တင်ပြီး ပြန်သွားကြတယ် (မှန်ပါ့ ဘုရား)။

သူဖြေပုံကော သဘောကျရဲ့လား (မှန်ပါ့)သူက ဘုရားတော့ ဒီလိုမဟောပါဘူးတဲ့၊ ဒါလောက်ဘဲ ဖြေလိုက်တယ်၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

သူကိုယ်တိုင် မရှင်းတဲ့အဖြေ

အဲ အခုဟာ အဖြေက သူကိုယ်တိုင် မရှင်းတဲ့အဖြေမကျဘူးလား (ကျပါတယ် ဘုရား) အဲ ခင်ဗျားတို့မှာလဲ ယခုပြပါတော့မယ်တဲ့၊ ခင်ဗျားတို့မှာလဲ မရှင်းတဲ့အဖြေရှိနေလို့ ရှိရင်ဒါ ဒိဋ္ဌိရှိနေလို့သာမှတ်လိုက် (မှန်ပါ့) သဘောပါပ လား (ပါပါပြီ ဘုရား)။

မရှင်းတဲ့အဖြေရှိနေရင် (ဒိဋ္ဌိရှိနေလို့ပါ ဘုရား) ဒိဋ္ဌိရှိလို့လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဦးမြမောင် ဒီနားတိုး၊ ပဋိစ္စသမုပ္ပါဒ်ကြည့်ကြပါ၊ ဒီလိုဘဲမြင်နေရင်လဲ ကိစ္စမရှိဘူးပေါ့ဗျာ၊ ဒီထဲမှာ အဝိဇ္ဇာသင်္ခါရ၊ ၁-နံပါတ်မှာ ခင်ဗျားတို့ အဝိဇ္ဇာသင်္ခါရပါပါတယ် (မှန်ပါ့ ဘုရား)။

သတ္တဝါပါသလား၊ သမုဒယသစ္စာဘဲ ပါသလား (သမုဒယသစ္စာလို့ ပါပါတယ် ဘုရား)။

အဲ သမုဒယသစ္စာပါတော့ အဝိဇ္ဇာသင်္ခါရ အားထုတ်တဲ့အတွက် စုတေသွားတဲ့အခါမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဖြစ်တယ် မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

သတ္တဝါဖြစ်တာလား ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿဝေဒနာဖြစ်တာလား လို့၊မေးရင် ဘယ့်နှယ်ဖြေ ကြမလဲ(ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဖြစ်တာပါ ဘုရား)။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဖြစ်တယ်ဆိုတာ သဘောကျတော့ သူတို့မေးတာက ဒါကိုလဲ ပတ်သက်ပါတယ် (မှန်ပါ့) ဒီသတ္တဝါလုပ်မေးနေတာ (မှန်လှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ကတော့ ယနေ့ဆရာဘုန်းကြီးနဲ့ ကောင်းကောင်းမွန်မွန်တွေ့ရတဲ့အတွက် ဪ အဝိဇ္ဇာသင်္ခါရသမား ဟာဒီနေရာမှာ သေတာဘဲ၊ သေတဲ့အခါကျလို့ရှိရင် အဝိဇ္ဇာသင်္ခါရတို့ကြောင့် ယခုပစ္စပ္ပန်၌ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ ဝေဒနာပေါ်လာတာဘဲ (မှန်ပါ့ ဘုရား)။

သတ္တဝါသေလို့ဖြစ်တာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) အကြောင်းကြောင့် (အကျိုးဖြစ်တာပါ ဘုရား) သမုဒယသစ္စာကြောင့် (ဒုက္ခသစ္စာ ဖြစ်တာပါ ဘုရား)။

အကြောင်းမှာလဲ သတ္တဝါမပါ

ကျုပ်တို့က ဒီလိုနားလည်ထားတယ် (မှန်ပါ့) ကျုပ်တို့က ဒီလိုနားလည်ထားတယ်၊ အဲ့ဒီတော့ ဟိုက သတ္တဝါသေ ရင် ဖြစ်သေးသလားလို့မေးတော့ အကြောင်းမှာလဲ သတ္တဝါမပါ (မှန်ပါ့)အကျိုးမှာကော (သတ္တဝါမပါ-ပါ ဘုရား)။

၁-နံပါတ်မှာလဲနောက်က ဒကာ ဒကာမတွေ သတ္တဝါမပါ-ပါဘူး၊ ၂-နံပါတ် အကျိုးတရားမှာကော (သတ္တဝါမပါ-ပါ ဘုရား)။

အဲဒီတော့ သတ္တဝါသေရင် ဖြစ်သေးသလားဆိုတော့ မေးကတည်းက သတ္တဝါမရှိလို့ ဖြစ်သေးသလားဆိုတဲ့ စကားလဲ ပြောစရာ ဖြေစရာရှိပါ့မလား (မရှိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဝိဇ္ဇာသင်္ခါရကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဖြစ်တယ်လို့ ဦးကျော်မောင်တို့ ဦးဘသော်တို့ကယူလိုက် (မှန်ပါ့ ဘုရား) သတ္တဝါပါရဲ့လား (မပါ-ပါ ဘုရား) သတ္တဝါသေတာကော ရှိသေးရဲ့လား (မရှိပါ ဘုရား)။

မရှိဘူးတဲ့၊ အဝိဇ္ဇာသင်္ခါရကြောင့် စုတိဖြစ်တယ် (မှန်ပါ့) စုတိဖြစ်ပြီးတော့ ဒီမှာ ပဋိသန္ဓေမဟုတ်ဘူးလား (မှန်ပါ့) ဝိညာဏ်ဆိုတာ ပဋိသန္ဓေဘဲ, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဒါဘဲပေါ်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးလို့ရှိရင် ခင်ဗျားတို့ကိုယ်တိုင် ရှုပ်နေလို့ရှိရင် သတ္တဝါမရှိလို့ ဖြစ်သေးသလားဆိုတဲ့ မေးခွန်း ကျုပ်တို့မဖြေတတ်ဘူးလို့ ဖြေလိုက် (မှန်ပါ့)ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

သတ္တဝါမရှိလို့ သတ္တဝါသေရင် ဖြစ်သေးသလားလို့မေးတဲ့ အမေးလာခဲ့သော်နော် (မှန်လှပါ) ဖြေစရာမရှိဘူး လို့သာ ခင်ဗျားတို့က ငြင်းပယ်ပါ (မှန်ပါ့ ဘုရား)။

ဘာကြောင့် ငြင်းပယ်ခိုင်းသတုံးလို့ ဆရာဘုန်းကြီးက မေးရင် ခင်ဗျားတို့ကိုယ်တိုင် ရှင်းနေပြီ (မှန်ပါ့) အကြောင်းထဲမှာလဲ (သတ္တဝါမပါ-ပါ ဘုရား) အကျိုးထဲမှာလဲ(သတ္တဝါမပါ ပါ ဘုရား)။

သတ္တဝါသေရင် ဖြစ်သေးသလား

အဲ့ဒါကြောင့် တိတ္ထိဆရာကြီးမေးတဲ့ သတ္တဝါသေရင် ဖြစ်သေးသလားဆိုတဲ့အမေးသည် ခင်ဗျားတို့မေးရင် ဘယ်နှယ့်ဖြေကြမလဲ (ဖြေစရာမရှိပါ ဘုရား) ဘာဖြစ်လို့တုံး (သတ္တဝါမရှိလို့ပါ ဘုရား)။

သတ္တဝါမရှိလို့ ဟုတ်လား (မှန်ပါ့) သတ္တဝါသေတယ်ဆိုတာလဲ ရှာမတွေ့ဘူး၊ သတ္တဝါဖြစ်တယ်ဆိုတာလဲ ရှာမတွေ့ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ဒါဖြင့် ပထမပုစ္ဆာပြေရောပေါ့ဗျာ (မှန်ပါ့) မောင်သစ် ပဋိစ္စသမုပ္ပါဒ်နဲ့ ပြလိုက်တော့မှ ရှင်းတယ် (မှန်ပါ့) ဦးကျော်မောင်ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။

အကြောင်းထဲမှာ သတ္တဝါ (မပါပါ ဘုရား) အကျိုးထဲမှာ (သတ္တဝါ မပါပါ ဘုရား)။

အို သမုဒယ သစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ်လို့ ပြောရင် မှန်တယ် (မှန်ပါ့ ဘုရား)။

သမုဒယသစ္စာကြောင့် (ဒုက္ခသစ္စာဖြစ်တယ်လို့ ပြောရပါမယ် ဘုရား) ဒုက္ခသစ္စာဖြစ်တယ်လို့ ပြောလို့ရှိရင် အမှန်ဘဲ (မှန်ပါ့ ဘုရား)။

သတ္တဝါပါရင် ဖြစ်သေးသလားလို့မေးလို့ရှိရင် ဒီမှာသတ္တဝါမပါလို့ ဒီမှာဖြစ်တယ်လို့ သုံးဖို့မလိုဘူး၊ ဒီဟာလဲ သတ္တဝါမဟုတ်ဘူး၊ ဒီဘက်က အကျိုးတရားကော (သတ္တဝါမဟုတ်ပါ ဘုရား) သတ္တဝါမဟုတ်ဘူးဆိုတာ ကောင်းကောင်းသေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ၊ဒါဖြင့် ခင်ဗျားတို့ ကောင်းကောင်းသဘောကျအောင် နားထောင်ပါနော် (မှန်ပါ့) ကဲဒါဖြင့် ပထမ ပုစ္ဆာအရှင် အနုရာဓကိုတိတ္ထိတွေကမေးလို့ ဦးကျော်မောင်တို့ ဦးဘသော်တို့ဟင် (မှန်ပါ့) သတ္တဝါသေရင် ဖြစ်သေး သလားလို့မေးတော့ ဟိုရဟန်းကလေးက အနုရာဓကဖြေလိုက်တယ် ဘုရားတောင် ဒီလိုမဟောပါဘူးဆိုတော့ ကျုပ်တို့လိုသူက မရှင်းသေးတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ် (မှန်ပါ့)။

မရှင်းသေးတော့ အို သတ္တဝါမှမရှိဘဲ သတ္တဝါသေရင် ဖြစ်သေးသလား လို့ မေးဖို့မလိုပါဘူးဆိုတာနဲ့ ပြေသွား တယ် (မှန်ပါ့)။

သူကဒီလိုလဲမဖြေတတ်ဘူး၊ ဘုရားကတော့ ဒီလိုမဟောပါဘူး၊ သူကဒါလောက်တွင် ဖြေတယ် (မှန်ပါ့) ဒီလိုဆိုတော့ သူကိုယ်တိုင် ဒိဋ္ဌိမကွာသေးတဲ့ပုဂ္ဂိုလ် (မှန်လှပါ ဘုရား)။

သူ ရဟန္တာဖြစ်မယ်၊ နောက် ဒီဟာတွေ ဘုရားက ရှင်းပေးတော့မှ ဖြစ်ပျက်ရှုပြီး ရဟန္တာဖြစ်မှာကိုး (မှန်လှပါ ဘုရား)။

သိမှုနဲ့မကွာဘူး

ကြည့်စမ်း ဘုရားကျောင်းနဲ့ ကပ်နေတာ (မှန်ပါ့) ဝိပဿနာလဲ မောင်ချစ်စိန် ရှုနေတာ၊ ရှုပင်ရှုငြားသော်လဲ ဘယ့်နှယ်တုံး (ဒိဋ္ဌိမကွာပါ ဘုရား) သိမှုနဲ့မကွာဘူး (မှန်ပါ့ ဘုရား)။

သိမှုနဲ့မကွာတဲ့အတွက် နောက်က ဒကာ ဒကာမတွေ မရဘဲဖြစ်နေတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။

သိမှုနဲ့မကွာတဲ့အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို (မရဘဲဖြစ်နေပါတယ် ဘုရား)။

အဲဒါကြောင့်ခင်ဗျားတို့ ဆရာသမား အရေးကြီးတယ်ဆိုတာ ပေါ်ပါပြီ (ပေါ်ပါပြီ ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဦးမြမောင်တို့ကို ဦးစံဖေတို့ကို ပြောပါတယ် “ရောက်လာရင် အားထုတ်ဆိုတဲ့ ကမ္မဋ္ဌာန်းတိုက်ကို မသွားနဲ့၊ ရှင်းပေးပြီးမှ အားထုတ်ဆိုတဲ့ ကမ္မဋ္ဌာန်းတိုက်ကိုသွား” (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)

ကိုယ့်မှာ ဒိဋ္ဌိကြီးတန်းလန်းနဲ့လုပ်နေတော့ ဒီအနုရာဓလိုဖြစ်နေမှာပေါ့ဗျ (မှန်ပါ့) အနုရာဓရဟန်းကလေးဟာ ကြည့်ဖြေတောင် ဖြေတတ်ရဲ့လား (မဖြေတတ်ပါ ဘုရား)။

ဘုရားတော့ ဒီလိုမဟောပါဘူး၊ ဒါလောက်တင်ဖြေတတ်တယ်၊ သူ အကျယ်တဝင့် ဒိဋ္ဌိခွါတဲ့သဘောနဲ့ ဖြေတတ်ရဲ့လား (မဖြေတတ်ပါ ဘုရား)။

အခု ဘုန်းကြီးတို့ ပြောလိုက်တာကတော့ ဟော အကြောင်းထဲမှာလဲ သတ္တဝါမပါလို့ အကျိုးထဲမှာလဲ သတ္တဝါမရှိဘူး (မှန်ပါ့) ဒီလိုဖြေမှ သူကအဖြေတည့်တယ်နော် (မှန်ပါ့)။

အကြောင်းထဲမှာလည်း (သတ္တဝါမပါပါ ဘုရား) အကျိုးထဲမှာကော (အကျိုးထဲမှာလည်း သတ္တဝါမပါပါ ဘုရား) အဲ မပါတော့ကို ဖြေစရာရှိသေးရဲ့လား (မရှိပါ ဘုရား)။

သတ္တဝါသေရင် ဖြစ်သေးသလားလို့ မေးတော့ အို ဒီဥစ္စာမဖြေကောင်းတဲ့အမေးဘဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘယ်လိုအမေးပါလိမ့် (မဖြေကောင်းတဲ့အမေးပါ ဘုရား) မဖြေကောင်းတဲ့ အမေးဘဲဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

သတ္တဝါသေရင် မဖြစ်တော့ဘူးလား

၂-နံပါတ် အမေးကို တိတ္ထိတွေက မေးပြန်တယ်နော် (မှန်ပါ့) ဒါဖြင့်အရှင်အနုရာဓ တဲ့ သတ္တဝါသေရင် မဖြစ်တော့ဘူးလားဆိုတော့ ခင်ဗျားတို့ကတော့ ဖြေတတ်ပြီ၊ ဘယ့်နှယ်ဖြေကြမလဲ (သတ္တဝါမရှိပါ ဘုရား) သတ္တဝါမရှိလို့ မဖြစ်ဘူး ဖြစ်တယ်လို့ ဖြေစရာမလိုဘူး၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား) မဖြစ်ဘူးလို့လဲ ဖြေစရာမလိုဘူး၊ သတ္တဝါနဲ့ မေးထားတာကိုး (မှန်ပါ့)။

ဟို ဟင်္သာတက ဒကာ ဒကာမကြီးတွေ ကျကျနန နားထောင်ပါ (မှန်ပါ့) ကျကျနနနားထောင်ပါ၊ ဒါ မကွာသေးလို့ရှိရင် အာပေါက်အောင် အားထုတ်ပါ၊ ဖြစ်ပျက်တွေမြင်ချင်သလောက်မြင်ပါ၊ လက္ခဏာရေးသုံးပါ မြင်ချင်သလောက်မြင်ပါ၊ ဦးမြမောင် နိဗ္ဗာန်မရဘူး (မှန်ပါ့) မဂ်ဉာဏ်မရဘူး၊ ဒိဋ္ဌိအပင်းခံနေတယ် ဝမ်းထဲမှာ (မှန်ပါ့) ဒိဋ္ဌိအပင်းခံနေတယ် မရဘူး (မှန်ပါ့။)

အဲ့ဒီတော့ ဒိဋ္ဌိကိုအရင်ရှင်းပြီးမှ အားထုတ်ရမှာကြောင့် ယနေ့စပြီး ပဋိစ္စသမုပ္ပါဒ်နဲ့ ဒိဋ္ဌိရှင်းပေးတယ်လို့ မောင်သစ်မှတ်လိုက်စမ်းပါ (မှန်ပါ့)။

အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ဒါဖြင့်အရင်လုပ်ရမှာ အရင်လုပ်တာပေါ့၊ အခုဘုန်းကြီးပြောတာ ကတော့ နောက်လုပ်ရမှာ နောက်လုပ် မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

သစ်လုံးကြီး မရွေ့ဘဲနဲ့ တစ်ခါတည်း လွှစင်တင်ပြီး တိုက်ချင်လို့ရှိရင်တော့ မဖြစ်ပေဘူး၊ အကိုင်းအခတ်တွေ မဖြုတ်ဘဲနဲ့ ဟင် (မှန်ပါ့ ဘုရား) ဒီအတိုင်းဆိုရင် အလကားပင်ပန်းရုံဘဲရှိမယ်၊ သစ်ကောင်း,ဝါးကောင်းလဲ ရမှာမဟုတ်ပါဘူး (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် သတ္တဝါသေရင် မဖြစ်တော့ဘူးလားလို့ တိတ္ထိတွေကမေးရင် ခင်ဗျားတို့ ဘယ့်နှယ်ဖြေကြမလဲ (ဖြေစရာမလိုပါ ဘုရား)။

သတ္တဝါမရှိလို့ ဖြေစရာမလိုဘူး

ဘာကြောင့်တုံး (သတ္တဝါမရှိလို့ပါ ဘုရား) သတ္တဝါမရှိလို့ ဖြေစရာမလိုဘူးဆိုတာ ပေါ်သွားပြီ (မှန်ပါ့)။

ဒါ ခင်ဗျားတို့ကတော့ အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာသာ ဖြစ်တယ်ဆိုတော့ သတ္တဝါ ဆိတ်သုဉ်းနေသောကြောင့် ခင်ဗျားတို့က သတ္တဝါဟူသော အမှတ် ဆိတ်သုဉ်းနေသောကြောင့် ခင်ဗျားတို့ကဉာဏ်ထဲမှာ ဒိဋ္ဌိပြုတ်နေတယ်လို့ ဖြေစရာမရှိဘူး ပြောချလိုက်တာ (မှန်ပါ့) ခင်ဗျားတို့က ဒိဋ္ဌိပြုတ်နေတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဦးဘသန်းကြီးသိမှုနဲ့ ပြုတ်နေတယ် (မှန်ပါ့) သိမှုနဲ့ပြုတ်နေတယ်၊ ဖြေစရာမရှိဘူးတဲ့ (မှန်ပါ့)။

အဲဒီတော့ ခင်ဗျားတို့က အခုဖြေစရာမရှိဘူးလို့ ဒီတရားပွဲရှိတဲ့ ဒကာ ဒကာမတွေက သုံးလိုက်ခြင်းသည် ခင်ဗျားတို့မှာ သိမှုနဲ့ဒိဋ္ဌိပြုတ်နေလို့ ဖြေစရာမရှိဘူး သုံးတာ (မှန်ပါ့ ဘုရား)။

ဟိုရဟန်းကလေးက ဒီလိုသုံးတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ဘုရားကတော့ ဒီလိုမဟောပါဘူး၊ ဟော တွေ့ရဲ့လား၊ တစ်မျိုးစီ (မှန်ပါ့)။

ဘုရားကတော့ ဒီလိုမဟောပါဘူးတဲ့၊ ဒါကြဉ်ပြီးဟောပါတယ်တဲ့၊ ဒီဥစ္စာ အကွက်ကျဖြေနိုင်သေးရဲ့လား (မဖြေနိုင်ပါ ဘုရား)။

အဲ သူကတော့ကိုတဲ့ ဒိဋ္ဌိသိမှုနဲ့ မပြုတ်သေးတဲ့ အနုရာဓဖြစ်နေတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။

သိမှုနဲ့ (မပြုတ်သေးပါ ဘုရား) ကျင့်မှုနဲ့ နောက်ဖြုတ်ရဦးမှာ၊ ကျင့်မှုနဲ့ ဖြုတ်တော့မှ ပယ်မှုရောက်မှာကိုး (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ဪ ရှေ့နောက်လွဲမှာများ စိုးရိမ်စရာကောင်းတယ် (မှန်ပါ့) မောင်သစ် ရှေ့နောက်လွဲမှာများ စိုးရိမ်စရာကောင်းတယ် (မှန်ပါ့) မောင်ချစ်စိန် ဘာစိုးရိမ်စရာကောင်းသတုံး (ရှေ့နောက်လွဲမှာ စိုးရိမ်စရာကောင်းပါတယ် ဘုရား)။

ရှေ့နောက် လွဲနေလို့

ရှေ့နောက်လွဲမှာများ စိုးရိမ်စရာကောင်းလိုက်တာ ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)နို့ ရှေ့နောက် လွဲနေလို့ အနုရာဓမှာ ဖြေလဲမဖြေတတ်ဘူး၊ ဘုရားဆီမှာ အားထုတ်နေတာဘဲ၊ မဂ်ဉာဏ်,ဖိုလ်ဉာဏ်မရဘူး (မှန်ပါ့)။

ကဲ ဘယ်လောက် ကြောက်စရာကောင်းသတုံး၊ ဘုရားနဲ့တွေ့နေတာဘဲ (မှန်ပါ့) အလုပ်စဉ် ရှေ့နောက်လွဲနေတယ် (မှန်ပါ့)။

ဦးဘသန်းကြီး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) အဲဒါခင်ဗျားတို့က လက်ဦးတော့ ဘုရားကိုဖူးတွေ့ရပါလို၏ ဆိုငြားသော်လည်း မဟုတ်သေးဘူးပေါ့ (မှန်ပါ့) ရှေ့နောက်တည့်မှ၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘုရားဖူးရလို့ရှိရင် ဗုဒ္ဓါနုဿတိပေါ့ (မှန်ပါ့) ဗုဒ္ဓါနုဿတိဆိုတော့ သမထရမှာပေါ့၊ နိဗ္ဗာန်မရပါဘူး (မှန်ပါ့) သမထကုသိုလ်ဘဲ ဖြစ်မယ်၊ ဝိပဿနာကုသိုလ်ဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက ရှေ့လောကြီးပြီး ဘုရားနဲ့တွေ့ရင် ကျွတ်လိမ့်မယ်ထင်နေလို့၊ မကျွတ်ဘူး (မှန်ပါ့) ဘုရားနဲ့တွေ့ရင် တွေ့တာဘဲ၊ ဗုဒ္ဓါနုဿတိ သမထဘဲဖြစ်မယ်၊ မကျွတ်ဘူး (မှန်ပါ့)။

ကျွတ်နိုင်တာက ကိုယ့်သန္တာန်ဒိဋ္ဌိဖြုတ်တတ်တဲ့ ဉာဏ် ရရင်တော့ ကျွတ်လိမ့်မယ် (မှန်ပါ့) ကဲ အခုဘယ်နှစ်ချက် ပြေသွားမလဲ (နှစ်ချက်ပြေသွားပါပြီ ဘုရား) နှစ်ချက်ပြေသွားပြီ၊ သုံးချက်စမယ် (မှန်ပါ့)။

သုံးချက်စမယ်၊ ပဋိစ္စသမုပ္ပါဒ်နဲ့ရှင်းပြလိုက်တော့မှနော် (မှန်ပါ့) ဒါဖြင့် သတ္တဝါသေရင် အချို့ဖြစ်တယ်၊ အချို့မဖြစ်ဘူးလို့ဘုရားဟောပါသလားတဲ့ (မှန်ပါ့) ခင်ဗျားတို့ကဘယ့်နှယ်ဖြေမလဲ (ဖြေစရာမလိုပါ ဘုရား)။

ဖြေစရာမလိုဘူး သတ္တဝါမရှိလို့ (မှန်ပါ့) သတ္တဝါမှမရှိဘဲနဲ့ တစ်ချို့ဖြစ်တယ်၊ တစ်ချို့မဖြစ်ဘူးလို့ဆိုတဲ့အဖြစ်ဟာ ဦးကျော်မောင်ကြီး ပါးစပ်ကထွက်ရဲပါ့မလား (မထွက်ရဲပါ ဘုရား)။

ဒါ ဘာဖြစ်လို့ မထွက်ရဲပါလိမ့်မတုံး မေးရင် မောင်သစ် ဘယ့်နှယ်ဖြေမတုံး (သတ္တ္တဝါမရှိလို့ပါ ဘုရား)။

ခင်ဗျားတို့မှာ သိမှုနဲ့ ပြုတ်နေတယ်

အဲ နဂိုရ်ကတည်းက ခင်ဗျားတို့ သတ္တဝါမရှိဘူး၊ ပုဂ္ဂိုလ်မရှိဘူးဆိုတာ ယူထားတော့ ဒိဋ္ဌိက ခင်ဗျားတို့မှာ သိမှုနဲ့ ပြုတ်နေတယ် (မှန်ပါ့) ဒါကြောင့် ခင်ဗျားတို့က အဖြေမှန်ထွက်လာတာ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ၃-နံပါတ်လဲ ပြေသွားပြီပေါ့ (မှန်ပါ့) ၄-နံပါတ်က သတ္တဝါသေလို့ရှိရင် မဖြစ်သည်မဟုတ် ဖြစ်သေးသလား တဲ့၊ အမရာဝိက္ခေပ မေးလိုက်တယ်နော်၊ ခင်ဗျားတို့က ဘယ့်နှယ်ဖြေမလဲ (ဖြေစရာမလိုပါ ဘုရား)။

ဖြေစရာမလိုဘူးတဲ့၊ သတ္တဝါနဲ့သူမေးတာကိုး (မှန်ပါ့) ကြည့် ၁-ကွက်ထဲမှာ သတ္တဝါပါသလား (မပါပါ) စုတိကျပြီးတော့ ၂-ကွက်သို့ ရောက်ပြန်တော့လဲ သတ္တဝါ ပါရဲ့လား (မပါပါ ဘုရား) ၃-ကွက် ရောက်ပြန်တော့ကော (မပါပါ ဘုရား) ၄-ရောက်ပြန်တော့ကော (မပါပါ ဘုရား)။

အို ဓမ္မလည်နေတာရှိတယ်၊ ပုဂ္ဂိုလ်မဟုတ်ပါဘူး (မှန်ပါ့) ဓမ္မနိယာမ ဆက်နေတာဘဲရှိတယ် (မှန်ပါ့)။

ဓမ္မနိယာမ (ဆက်နေတာဘဲ ရှိပါတယ် ဘုရား) ပုဂ္ဂိုလ်လည်တာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒီတော့ ဒီထဲမှာ သတ္တဝါမပါဘူးဆိုတာ သတ္တဝါသုညတဖြစ်သွားတယ်တဲ့နော် (မှန်ပါ့) သတ္တဝါသုတ ဖြစ်သွားတယ်၊ သတ္တဝါဟူသော အထိမ်းအမှတ် ခင်ဗျားတို့မှာ ဆိတ်သုဉ်းသွားပြီ (မှန်ပါ့)။

ဒိဋ္ဌိကွာသွားပြီဆိုတာဘဲ၊ သိမှုနဲ့ကွာသွားပြီလို့ ဆိုလိုက်ပါတယ် (မှန်ပါ့ ဘုရား) ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

လေးလုံးပြည့်သွားပြီနော် (မှန်ပါ့) အဲ့ ဒါဖြင့် ဒါကလေးအသာချိတ်ထားပြီးတော့ ရှေ့ အနုရာဓအကြောင်း ဆက်ကြဦးစို့ (မှန်ပါ့)။

တိတ္ထိတွေက မေးတော့

ဒါနဲ့ အနုရာဓက ဒီလေးခုကို တိတ္ထိတွေက မေးတော့ သူဖြေပုံက ဘုရားသည် ဒီလေးပါး ကြဉ်ဖယ်ပြီးသကာလ ဖြေသွားပါတယ်၊ ဒီလိုတော့ မဖြေပါဘူးဆိုတော့ တိတ္ထိတွေက ဪ အနုရာဓဆိုတဲ့ ကိုယ်တော်ကလေးဟာ သင်္ကန်းဝတ်တာ ကြာသေးတယ်မထင်ပါဘူး၊ လူငယ် လူမိုက်ကလေး ရှိသေးထင်ပါရဲ့၊ အကယ်၍ သူအသက်ကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်လဲ မသိတဲ့လူမိုက်ဖြစ်မှာဘဲ၊ ဒါကြောင့် ဘာမှမဖြေနိုင်ဘူးဆိုပြီး ပြန်သွားကြတယ် (မှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တိတ္ထိတွေက ပြန်သွားကြပြီနော် (မှန်ပါ့) တိတ္ထိတွေ ပြန်သွားမှ သူက သံသယဖြစ်လာတယ် အနုရာဓက (မှန်ပါ့) အနုရာဓကသံသယဖြစ်လာတယ်၊ ဘယ်လို သံသယဖြစ်လာသတုံးလို့ မေးတဲ့အခါကျတော့မှ ဪ တိတ္ထိတွေကလဲ ဒီလိုလေးချက်မေးသွားတယ်၊ ငါကလဲ ဘုရားတော့ ဒီလိုဖြေတယ်၊ ဒါကြဉ်ဖယ်ပြီးတော့ ဖြေတယ်လို့ ပြောလိုက်တယ်၊ သူတို့လဲမကျေနပ်ဘူး၊ ငါ့ကိုလူမိုက်ကလေး လူကြီးဖြစ်ခဲ့လို့ရှိရင်လဲ လူမိုက်ကြီး၊ လူငယ် ဖြစ်ခဲ့လို့ရှိရင်လဲ ကလေးကလေးဘဲ။ လူကြီးဖြစ်လဲ့လို့ရှိရင်လဲ မသိ-မိုက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဘဲလို့ ငါ့ကိုပြောသွားကြတယ်၊ ဒီ့ထက်များ နောက်တစ်ခေါက်လာရင် ရှေ့တက်မေးရင် ငါခက်မယ် (မှန်ပါ့ ဘုရား) သူ ဒိဋ္ဌိမပြုတ်တာ သေချာသွားတယ် (မှန်ပါ့ ဘုရား)။

ဒီလေးချက်ထက် ရှေ့တက်မေးလို့ရှိရင်လဲ ငါအရှက်တွေ့တော့မယ် (မှန်ပါ့) ကဲ သူ ဒိဋ္ဌိပြုတ် မပြုတ် ခင်ဗျားတို့ အကဲခတ်ကြည့်စမ်း (မပြုတ်ပါ ဘုရား) အနုရာဓမပြုတ်ဘူး (မှန်ပါ့)။

ဒါနဲ့ဒီလေးချက်ထက် ရှေ့တက်မေးလို့ရှိရင်ဖြင့် ငါခက်မယ်လို့ ရမ်းဖြေပြန်လဲ ဘုရားအလိုတော်ကျမှာ မဟုတ်ဘူး (မှန်ပါ့) တရားတွေ ဖောက်ဖျက်ရာ ရောက်မှာဘဲ (မှန်ပါ့ ဘုရား)။

ဒီလို သူကိုယ်သူအောက်မေ့ပြီး တစ်ခါတည်း ဘုရားစီပြေးတယ်၊ ကျောင်းနဲ့နီးနီးကလေးကိုး (မှန်ပါ့)။

ဒီလိုမေးပါတယ်ဘုရား

ဘုရားစီပြေးတယ် ဦးမြမောင်ရ (မှန်ပါ့) ဘုရားစီပြေးပြီးသကာလ အရှင်ဘုရား တပည့်တော်စီ တိတ္ထိတွေ လာတယ်ဘုရာ့ လာပြီး သတ္တဝါသေရင် ဖြစ်သေးသလား၊ အရှင်ဘုရားတို့ ဘုရားက မြတ်တဲ့ပုဂ္ဂိုလ်လဲဖြစ်ပါတယ်၊ လွန်တဲ့ပုဂ္ဂိုလ်လဲဖြစ်ပါတယ်၊ ထူးခြားတဲ့ပုဂ္ဂိုလ်လဲဖြစ်ပါတယ်၊ အဲ့ဒါ ဒီလေးချက် ဘယ်လိုများဟောဘူးသတုံးလို့ တပည့်တော်ကို လာမေးတယ်ဘုရာ့ သတ္တဝါသေရင် ဖြစ်သေးသလား၊ သတ္တဝါသေရင် မဖြစ်တော့ဘူးလား၊ သတ္တဝါသေ ရင် အချို့ဖြစ်တယ်၊ အချို့မဖြစ်ဘူးလား၊ သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ လုံးဝမဖြစ်တော့ဘူး ဖြစ်သယောင်ယောင်ဆိုတဲ့ သဘောကလေးတော့ လာသေးတယ်၊ ဒီလိုမေးပါတယ်ဘုရား။

အဲဒီတော့တပည့်တော်ကတော့ ဘုရားတော့ ဒီလိုမဟောဘူး၊ ဒါလောက်ဘဲ ဖြေလိုက်သေးတယ်ဘုရာ့ ဆိုတော့ ဘုရားကရိပ်မိတယ်၊ ဒါလိုရင်း (မှန်ပါ့) မောင်သစ် ဒါလိုရင်းမှတ်ထား (မှန်ပါ့) ဘုရားက သူလျှောက်ကတည်းက ရိပ်မိတယ်။

အဲဒီတော့ တပည့်တော်စိတ်ထဲမှာတဲ့ တိတ္ထိတွေက ဒါတွေမေးသွားပြီး တပည့်တော်စိတ်ထဲမှာတဲ့ တိတ္ထိတွေက ဒါတွေမေးသွားပြီး တပည့်တော်ကို လူမိုက်ကလေး၊ လူကြီးဖြစ်လဲမလိမ္မာသေးတဲ့ပုဂ္ဂိုလ်၊ ငယ်ရင်လဲ လူမိုက်ကလေးမို့ဘဲ၊ တပည့်တော်အပြစ်တင်သွားကြတယ်၊ ဒါကြောင့် ဒီ့ထက်ပိုမေးရင် တပည့်တော်ခက်ရချေရဲ့ (မှန်ပါ့)ဆိုတော့မှ ဘုရားက ဪ ငါ့လူကိုယ်တိုင်က ဒိဋ္ဌိမပြုတ်ပါလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ငါ့လူကိုက ဘာတဲ့တုံး (ဒိဋ္ဌိမပြုတ်ပါ ဘုရား) ဒိဋ္ဌိမပြုတ်ဘူး၊ သဘောပါကြပလား (ပါပါပြီ)။

သူတပည့် အနုရာဓကိုက ဘာတဲ့တုံး (ဒိဋ္ဌိမပြုတ်ပါ ဘုရား)။

ဒိဋ္ဌိမပြုတ်ဘူးသူဟာ အားထုတ်သာနေတယ် ဘုရားကျောင်းတော်နားမှာကပ်ပြီးတော့ မဂ်ဖိုလ်မရဘူး (မှန်ပါ) အားလဲထုတ်နေတယ် (မှန်ပါ့)။

ကဲ ဦးဘထွန်းကြီးတို့က အားထုတ်ရင် ခရီးပေါက်တယ်လို့ ထင်ချင်ထင်နေမှာ (မှန်ပါ့) မသိဘဲနဲ့အားထုတ်တာ ဟာအလကားပေါ့ (မှန်ပါ့)။

သိမှုရှေ့ထားရပါမယ်

ဦးဘသော်မသိဘဲနဲ့ အားထုတ်နေတာသည် (အလကားပါ ဘုရား)။

ဒိဋ္ဌိမပယ်ဘဲနဲ့ အားထုတ်နေရတာ အလကားဘဲဆိုတာ ကျေနပ်ပလား (မှန်လှပါ)။

ဒါဖြင့် ကျင့်မှုနဲ့သိမှု ဘယ်ဟာရှေ့ထားကြရမယ် (သိမှုရှေ့ထားရပါမယ် ဘုရား)။

အခုဘုရားက ငါ့လူကိုက ဒိဋ္ဌိမပြုတ်သေးဘူးတဲ့၊ သိမှုနဲ့မပြုတ်သေးဘူးတဲ့၊ ဒါကြောင့် ငါ့ဆီ လာလျှောက်တာဘဲ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီနော်၊ အဲဒီတော့မှ ဟေ့ အနုရာဓ ဘုရားက မေးလိုက်တယ်။

ကဲ ခင်ဗျားတို့ရှုနေတာလဲ အဲဒီထဲက အဲဒီလိုဖြစ်သွားပါတယ်နော်၊ ခင်ဗျားတို့ကိုလဲ မေးပါတယ်၊ ခင်ဗျားတို့ကိုလဲ အရှုခိုင်းထားတယ်။

ဦးကျော်မောင်တို့ ဦးဘသော်တို့ မြင်စိတ်ကလေးဟာ အနိစ္စလား နိစ္စလား မေးရင် ခင်ဗျားတို့ ဘယ့်နှယ်ဖြေကြမလဲ (အနိစ္စပါ ဘုရား)။

အင်း ခင်ဗျားတို့ကလဲ အနိစ္စလို့ဖြေတယ် (မှန်ပါ့ ဘုရား)။

ဒီ အနိစ္စဖြစ်တဲ့တရားဟာ ဒုက္ခလား သုခလားမေးရင်ဘယ့်နှယ်ဖြေကြမလဲ (ဒုက္ခပါ ဘုရား)ဒုက္ခဘဲ။

အဲဒီ အနိစ္စဒုက္ခဖြစ်တဲ့ မြင်စိတ်ကလေးဟာ ဟုတ်လား ငါ့ကိုယ် ငါ့ဥစ္စာ ငါ့ဟာလို့ဆိုနိုင်ပါ့မလား (မဆိုနိုင်ပါ ဘုရား)။

ခင်ဗျားတို့က ဖြစ်ပျက်ရှုထားတော့ ဖြစ်ပြီးပျက်တာဘဲ တဲ့အနိစ္စဘဲ၊ ဖြစ်ပြီးပျက်တဲ့ဒုက္ခဘဲ၊ ဟုတ်လား (မှန်ပါ့) ဖြစ်ပြီးပျက်တဲ့ဥစ္စာကို ငါ့ကိုယ်လို့လဲဆိုလို့မရဘူး၊ ငါ့ဟာလို့ကော (ဆိုလို့မရပါ ဘုရား) ငါ့ဥစ္စာလို့ကော (ဆိုလို့မရပါ ဘုရား)။

ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့လဲ ဆိုလို့မရဘူးဆိုတော့ ခင်ဗျားတို့က သိနေတယ် (မှန်ပါ့) အဲဒီတော့မှ အနုရာဓဟေ့ မြင်စိတ်ကလေး ဘယ်နှယ့်တုံးကွ အနိစ္စလား နိစ္စလားလို့ဘုရားက အနုရာဓမေးတယ် (အနိစ္စပါ ဘုရား) ၎င်းင်းအနိစ္စဖြစ်တဲ့ တရားဟာ ဒုက္ခလား သုခလားကွ (ဒုက္ခပါ ဘုရား) အဲ့ဒီအနိစ္စဒုက္ခဖြစ်တဲ့ မြင်စိတ်ကလေးဟာ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လားကွလို့ မေးလိုက်တယ် (မဆိုနိုင်ပါ ဘုရား)။

ရဟန္တာဖြစ်သွားတယ်

အဲဒီကျမှ ဉာဏ်ရောက်လာတယ် (မှန်ပါ့) ဉာဏ်ရောက်ပြီးသကာလ ဒီလိုနဲ့ဘဲ ဖြစ်ပျက်တွေမြင်လို့ ဘုန်းကြီးရေးထားတဲ့အတိုင်းပေါ့ဗျာ ဦးမြမောင် (မှန်ပါ့) ဖြစ်ပျက်တွေမုန်းလာတယ် (မှန်ပါ့) အားထုတ်ရင်းမတ္တနဲ့ ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေဆုံးတော့ သူ ရဟန္တာ ဖြစ်သွားတယ် (မှန်ပါ့) ရဟန္တာဖြစ်သွားတယ်နော် ဘုရားက ဒိဋ္ဌိခွါပေးလိုက်တာကိုး (မှန်ပါ့)။

ဘုရားက ဒိဋ္ဌိခွါပေးလိုက်တော့ မောင်သစ် ကိစ္စပြီးသွားတယ်ဆိုပါတော့ ရဟန္တာဖြစ်သွားတယ် (မှန်ပါ့) အဲဒီတွင်မှ ဘုရားက ဟေ့ အနုရာဓ မင်းကို တိတ္ထိတွေက လာမေးတော့ မင်းတို့ဆရာဘုရားဟာ မြတ်တဲ့ပုဂ္ဂိုလ် လွန်တဲ့ပုဂ္ဂိုလ် ထူးခြားတဲ့ပုဂ္ဂိုလ် သတ္တဝါသေရင် ဖြစ်သေးသလား လို့ မေးလို့ရှိရင် မင်း ဘယ့်နှယ်ဖြေမတုံးတဲ့၊ အဖြေတောင်းတယ် (မှန်ပ့ါ) သူက သောတာပန် တည်ပြီးပြီပေါ့ဗျာ (မှန်ပါ့)။

တည်ပြီး အဖြေတောင်းတော့ တပည့်တော်ကတော့ ဒီလိုဖြေမှာဘဲဘုရာ့ ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တယ်လို့ ဖြေမှာဘဲ၊ သတ္တဝါမရှိဘူး တဲ့ (မှန်ပ့ါ)။

ဒုက္ခသစ္စာဖြစ်၍ (ဒုက္ခသစ္စာ ချုပ်ပါတယ် ဘုရား) ဒုက္ခသစ္စာချုပ်တာဘဲရှိတယ် (မှန်ပါ့)။

သာဓု သာဓု သာဓု ကွာ တဲ့ (မှန်ပ့ါ) ခင်ဗျားတို့ရှုနေတာလဲ ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာပျက်တာဘဲ (မှန်ပ့ါ) ဖြစ်ပျက်တာ (မှန်ပါ့)။

အေး ဦးဘသန်းကြီး အေးစက်စက်လုပ်မနေနဲ့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဖြစ်ပျက်ဆိုတာဘာတုံး (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာပါ ဘုရား) ဒုက္ခသစ္စာချုပ်တာ၊ ဒါဘဲရှိတယ် (မှန်ပါ့ ဘုရား)။

ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာ

နောက်က ဒကာ ဒကာမတွေ ဘာတဲ့တုံး (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာပါ ဘုရား) ဒါဘဲရှိတာဘဲ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

ကြည့် ဒီအထဲမှာ ခင်ဗျားတို့ရှုတော့ ဘာသစ္စာတုံး၊ ၂-နံပါတ်ကြည့်ပါ (ဒုက္ခသစ္စာပါ ဘုရား)။

ဒုက္ခသစ္စာထဲ စိတ်မပါဘူးလား (ပါပါတယ် ဘုရား) အဲ့ဒီ စိတ်ကလေးဟာ ဖြစ်တယ်ပျက်တယ်လို့ဆိုပြီး ခင်ဗျားတို့က ဉာဏ်ကလေးနဲ့ သိတော့ ဒုက္ခသစ္စာဖြစ်တာဘဲ၊ ပျက်သွားတာကော (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာ ပျက်သွားတာဘဲ၊ ချုပ်သွားတာ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။

အဲဒီတော့ သတ္တဝါသေလို့ ဖြစ်တာပျက်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

သတ္တဝါမှမပါဘဲ (မှန်ပါ့) ဒုက္ခသစ္စာဖြစ်၍ (ဒုက္ခသစ္စာချုပ်တာပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့ကို အလုပ်ပေးနေတာ ဪ ငါတို့ဘာတွေများ အကြည့်ခိုင်းပါလိမ့်မတုံး ဘုရားက မေးတဲ့အခါကျတော့ ဪ ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာ အကြည့်ခိုင်းတာပါလား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာတဲ့တုံး (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာကို အကြည့်ခိုင်းတာပါ ဘုရား) ကြည့် အကွက်ထဲမှာလဲ ဘယ်နံပါတ်ကို ရှုရမှာတုံး (၂-နံပါတ်ကို ရှုရမှာပါ ဘုရား)။

၂-နံပါတ်ရှုတော့ကို ၃-နံပါတ် မကူးအောင်လို့ ကြားထဲမဂ်ကလေးနဲ့ ဝိပဿနာမဂ်ဝင်ပြီး သကာလ ဒီဘက်က တရားတွေ ဦးမြမောင်တို့၊ ဦးကျော်မောင်တို့ ကြည့်စမ်းပါဆိုတော့ဖြစ်တာနဲ့ ပျက်တာတွေ့တယ် (မှန်ပ့ါ) ဖြစ်တာလဲ ဒုက္ခသစ္စာဘဲ (မှန်ပါ့) ပျက်တာကော (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာပျက်တာကို ဉာဏ်နဲ့မြင်လိုက်တယ် (မှန်ပ့ါ) မြင်တော့ မဂ်မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ပေါ်တော့ ၃-ကူးသေးရဲ့လား (မကူးတော့ပါ) ဪဒါဖြင့် တို့လုပ်နေတာ ပဋိစ္စသမုပ္ပါဒ်နဲ့အကွက်ကျ ထောက်ကြည့်တော့မှ ပစ္စုပ္ပန်လဲ တည့်လိုက်တာလွန်လို့(မှန်ပ့ါ) ပစ္စုပ္ပန်ကာလ မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ပစ္စုပ္ပန်တည့်အောင်ရှု

ပစ္စုပ္ပန်တည့်ပြန်ပြီတဲ့၊ ဟေ့ ပစ္စုပ္ပန်တည့်အောင်ရှု တည့်အောင်ရှုလို့ ဆိုစရာလိုသေးသလား (မလိုပါ ဘုရား) မလိုဘူး၊ ဒီအကွက်ကြည့်ပါ၊ ဘာကာလတုံး (ပစ္စုပ္ပန်ကာလပါ ဘုရား) ပစ္စုပ္ပန်ကာလကို ရှုတာလဲ ဘယ်ကာလကနေရှုတာတုံး (ပစ္စုပ္ပန်ကာလကဘဲ ရှုပါတယ်) ပစ္စုပ္ပန်-ပစ္စုပ္ပန်ချင်းရှုတာဘဲ (မှန်ပါ့) တယ်အဖိုးတန်သွားပြီ (တန်ပါပြီ) အင်တန်အဖိုးတန်သွားပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါကို အနုရာဓကလဲ ခင်ဗျားတို့ ဖြေသလိုဘဲတဲ့ ခင်ဗျားတို့အသိဉာဏ်နဲ့ ဖြေသလို အနုရာဓ ဟေ့ မင်းကြားစိတ်ကလေးဟာ နိစ္စလား-အနိစ္စလားမေးရင် ခင်ဗျားတို့ အနုရာဓလုပ်ပြီး ဖြေစမ်း (အနိစ္စပါ ဘုရား)။

အဲဒီ့အနိစ္စဖြစ်တဲ့တရား ဒုက္ခလား သုခလားမေးယင် (ဒုက္ခပါ ဘုရား) ဒုက္ခသစ္စာဘဲ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အနတ္တလား-အတ္တလားလို့မေးရင်ကော (အနတ္တပါ) အဲ အနတ္တကို ကြည့်ချင်တော့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာဟုတ်-မဟုတ်ကိုကြည့်လိုက် (မှန်ပါ့) ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ပျက်သွားတာဘဲ ငါ့ကိုယ်, ငါ့ဟာ,ငါ့ဥစ္စာ လို့ ဆိုလို့ရပါ့မလား (မရပါ) “ဧတံမမ၊ ဧသောဟမသ္မိ၊ ဧသောမေအတ္တာ”ဆိုတဲ့စကား ဝင်နိုင်သေးရဲ့လား (မဝင်နိုင်ပါ ဘုရား) သဘောပါပလား (ပါ-ပါပြီ ဘုရား)။

အဲဒီလိုမပါတဲ့အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်နဲ့ ခင်ဗျားတို့မကိုက်သေးဘူးလား (ကိုက်ပါပြီ ဘုရား)။

ကိုက်တော့ကို ဒီအထဲမှာ ခင်ဗျားတို့က ဪ တို့ အရှုခိုင်းတာဟာ ဒုက္ခသစ္စာဖြစ်တာရယ်၊ ဒုက္ခသစ္စာချုပ်တာ ရယ်၊ တို့ အရှုခိုင်းတာကိုး ဆရာဘုန်းကြီးက (မှန်ပါ့) ပုဂ္ဂိုလ်သတ္တဝါအကြည့်ခိုင်းတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ပုဂ္ဂိုလ်သတ္တဝါ နဂိုရ်ကကောပါရဲ့လား (မပါ-ပါ ဘုရား)။

ခင်ဗျားတို့ဒိဋ္ဌိခွါပြီးမှ အရှုခိုင်းတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာခွါပြီးမှလဲ (ဒိဋ္ဌိခွါပြီးမှပါ) ဒါဖြင့် ဒိဋ္ဌိခွါမပေးဘဲနဲ့ ရှုဟဲ့ ရှုဟဲ့ ဆိုတဲ့ ဆရာတွေနဲ့ တွေ့ရင် ခင်ဗျားတို့ ငါးပါးမှောက်တော့မယ် (မှန်ပါ့ ဘုရား)။

ဦးကျော်မောင် မမှောက်သေးဘူးလား (မှောက်ပါတယ် ဘုရား) အခုဘုရားက အပြစ်တင်လိုက်တယ်၊ ဪ တိတ္ထိတွေက နောက်တစ်ခါ ဒီထက်ထက်ပြီး ဆင့်မေးခဲ့သည်ရှိသော် ငါ့မှာခက်တော့တာဘဲ ဆိုကတည်းက အနုရာဓက သူကိုယ်တိုင် ပုဂ္ဂိုလ်သတ္တဝါမပျောက်ဘဲ ဖြစ်နေတယ် (မှန်ပ့ါဘုရာ)။

ဪ ငါ့လူကိုက ဒိဋ္ဌိမကွာသေးပါလားဆိုပြီး ဒိဋ္ဌိကွာတဲ့ တရားကိုဟောယူရတယ် (မှန်ပါ့) မဟောရဘူးလား (ဟောရပါတယ် ဘုရား)။

ဖြစ်ပျက်မြင်ရင် သုံးခုဝင်တယ်

ကဲ ခင်ဗျားတို့ကိုလဲ စုံအောင်ဟောပါ့မယ်တဲ့၊ ကဲ ကြားစိတ်ကလေးဗျာ၊ ဖြစ်ပျက်သွားတာ ဘာပေါ်ကြမယ် (အနိစ္စပါ ဘုရား)။

အဲ့ဒီ အနိစ္စဖြစ်တဲ့ တရားကလေးကို ဒုက္ခလားသုခလားမေးရင် (ဒုက္ခပါ ဘုရား) ပျက်သွားတာဒုက္ခဘဲ (မှန်ပါ့ ဘုရား)။

အဲ့ဒီ အနိစ္စ,ဒုက္ခ ရောက်သွားတဲ့တရားကလေးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား) မဆိုနိုင်ရင် အနတ္တ (မှန်ပါ့) ဆိုတော့ ခင်ဗျားတို့ကတော့ ရှင်းသွားပြီ (မှန်ပါ့ ဘုရား)။

အဲဒီတော့ အနိစ္စ, ဒုက္ခ, အနတ္တချည့် ရှုမနေနဲ့ ဦးမြမောင်ရ ဖြစ်ပျက်မြင်ရင် သုံးခုဝင်တယ် (မှန်ပါ့ ဘုရား)။

အနိစ္စလဲ ဖြစ်ပျက်ထဲဝင်သွားတာဘဲ (မှန်ပါ့) ဒုက္ခကော (ဖြစ်ပျက်ထဲဝင်သွားတာပါဘဲ) အနတ္တကော (ဖြစ်ပျက်ထဲ ဝင်သွားတာပါဘဲ) ဒုက္ခသစ္စာကော (ဖြစ်ပျက်ထဲဝင်သွားတာပါဘဲ ဘုရား)။

ဒီကြည့်လေ ဒုက္ခသစ္စာလို့ပြောထားပြီ (မှန်ပါ့) ခင်ဗျားတို့က သံသယရှိဖို့လိုသေးလား (မလိုပါ ဘုရား) ဘုရားဟော ဒေသနာကြီးက ဒီမှာ တန်းနေတာဘဲ (မှန်ပါ့) သဘောပါကြပလား (ပါ-ပါပြီ ဘုရား)။

ကဲ တစ်ခါသွားပါဦးတဲ့၊ လျှာပေါ်မှာ စားစိတ်ကလေးပေါ်တယ်၊ မနက်စားကြ သောက်ကြ၊ နေ့လည် လက်ဖက် ရည်သောက်ကြ စားကြနဲ့၊ အဲ့ဒီစိတ်ကလေးဟာ အနိစ္စလား-နိစ္စလားမေးရင် ဘယ့်နှယ်ဖြေမလဲ (အနိစ္စပါ ဘုရား)။

အဲ့ဒီ အနိစ္စဒုက္ခရောက်သွားတဲ့ တရားကလေးကို ဒုက္ခလို့ဆိုမလား သုခလို့ဆိုမလား (ဒုက္ခလို့ဆိုရမှာပါ ဘုရား)။

အဲ့ဒီ အနိစ္စရောက်သွားတဲ့ တရားကလေးကို ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ) မဆိုနိုင်ရင် အနတ္တဘဲ (မှန်ပါ့ ဘုရား)။

အနုရာဓ သောတာပန်တည်တယ်

အဲ ဒီလိုဟောလိုက်တော့မှ အနုရာဓ သောတာပန်တည်တယ်၊ သူ့ဟာသူ ဉာဏ်နဲ့ရောက်တယ် (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့တော့ ဆုံးအောင်ဟောရမယ် တဲ့၊ ကိုယ်ပေါ်မှာ ယားစိတ်, နာစိတ်, ကောင်းစိတ် ပေါ်တယ် မဟုတ်လား (မှန်ပါ့ ဘုရား)။

အဲဒါကလေးတွေလဲ အနိစ္စလား နိစ္စလား မေးရင် (အနိစ္စပါ ဘုရား) ဒါဖြင့် ပေါ်တိုင်းရှု (မှန်ပါ့) အဲ့ဒီ အနိစ္စဖြစ်တဲ့တရား ဒုက္ခလား သုခလားလို့မေးရင် (ဒုက္ခပါ ဘုရား)။

အဲ့ဒီ အနိစ္စဖြစ်တဲ့ အနိစ္စ, ဒုက္ခကလေးဟာ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာလို့ ဆိုနိုင်ရဲ့လား (မဆိုနိုင်ပါ ဘုရား) မဆိုနိုင်ရင် ဘာခေါ်ကြမယ် (အနတ္တပါ ဘုရား) အနတ္တဘဲ။

”နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ” ဆိုတာ ဒါကထွက်လာတာ (မှန်ပါ့) မြန်မာလိုပြန်တော့ ငါ့ကိုယ်, ငါ့ဟာ, ငါ့ဥစ္စာမဟုတ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။