11205

မာတိကာသို့

သစ္စာမသိတာ ကြောက်စရာအကောင်းဆုံး

ကျေးဇူးတော်ရှင် – အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်မြို့ မင်္ဂလာတိုက်

ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော

(သစ္စာမသိတာ ကြောက်စရာအကောင်းဆုံး)ညအလုပ်ပေး တရားတော်

(၂၆-၆-၆၁)

ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အမြင်နဲ့ပြောတာ ကြောက်စရာအကောင်းဆုံး ဘယ်သူ တုံးလို့ မေးတဲ့အခါကျတော့မှ မနေ့ကလည်း ပြောခဲ့တယ် မောင်နိုင်တို့ကို သစ္စာမသိတာ ကြောက်စရာအကောင်း ဆုံး (မှန်ပါ့)။

ဘာကြောက်စရာအကောင်းဆုံးလဲ (သစ္စာမသိတာ ကြောက်စရာအကောင်းဆုံးပါ)၊ သစ္စာမသိတာ ကြောက် စရာ အကောင်းဆုံးလို့ သေသေချာချာ မှတ်ထားကြပါ (မှန်ပါ့)။

ဘာဖြစ်လို့လဲဆိုတော့ သစ္စာမသိတော့ ဦးဘရှင်း မေးလိုက်ရင်ပဲ ရှင်းပါတယ်။ အခု ဒီဘဝက နောက်လူပြန် ဖြစ်ချင်တဲ့ လူတစ်ယောက်ပဲ အကဲခတ်တာပေါ့ (မှန်ပါ့)။

လူပြန်ဖြစ်ချင်တဲ့ လူတစ်ယောက် အကဲခတ်တော့ လူပြန်ဖြစ်တယ်ဆိုတော့ မောင်နိုင် လူ၏ အစ ဇာတိ က လာမှာ (မှန်ပါ့ ဘုရား)။

လူ၏အစ ဇာတိက

လူ၏အစ (ဇာတိက,ပါ ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ ဪ ဒါဖြင့် လူပြန်ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ဟာ သစ္စာသိလို့လား မသိလို့လား (မသိလို့ပါ ဘုရား)၊ မသိလို့ဆိုတဲ့သဘော မပေါ်လာဘူးလား (ပေါ်လာ ပါတယ် ဘုရား)။

ဒါဖြင့် လူပြန်ဖြစ်ချင်တော့ ပဋိသန္ဓေ နေချင်သေးလို့ ၊ ဦးဘရှင်း လွဲသလား (မလွဲပါ)၊ အိုချင်သေး လို့ဆိုရင် (မလွဲပါ)၊ သေချင်သေးလို့ဆိုရင် (မလွဲပါ)၊ အပါယ်ရောက်ချင်သေးလို့ဆိုရင် (မလွဲပါ ဘုရား)။

ဒါ ဘာကြောင့်ပါလိမ့် မောင်နိုင် အကဲခတ်စမ်း (သစ္စာမသိသေးလို့ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သူ အစိုးရိမ်ဆုံး, သူ အကြောင့်ကြဆုံးဟာ သစ္စာမသိမှာကို အစိုးရိမ်ဆုံးပဲ (မှန်ပါ့)။

သစ္စာမသိရင် သံသရာရှည်တယ်။ သဘောကျပလား (ကျပါပြီ)၊ သစ္စာသိတော့ သံသရာဆုံးတယ် (မှန်ပါ့)၊ ကိုင်း သစ္စာမသိတော့ (သံသရာရှည်ပါတယ် ဘုရား)။

ဒါ အခု ဘုန်းကြီးပြောနေတဲ့ ဟိုဘဝ, ဒီဘဝ ဆုတောင်းတဲ့ပုဂ္ဂိုလ်ဟာ ခင်ဗျားတို့ရှေ့တွင်ပဲ ဘုရားဖူးသွားတဲ့ အခါ ကြားနေကြမှာပါပဲ၊ ကောင်းလိုက်တဲ့ဆုတွေကလည်း ဘုရားတန်ခိုးကြီး ရှေ့မှာဆိုရင် မောင်နိုင် ပုံလို့ပေါ့ကွာ (မှန်ပါ့)။

ဒါတွေ ကိုဝ ကိုပေါ်တို့က စဉ်းစားစမ်း၊ သူတို့ ဘုံဘဝတွေ တောင်းနေတာ ဘယ့်နှယ်ကြောင့်ပါလိမ့်မတုံးလို့ ခင်ဗျားတို့ တွေးကြည့်ရင် အခုတော့ ဆရာကောင်းတပည့်ဖြစ်လို့ သိပါပြီ (မှန်ပါ့)၊ ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)။

ဒါဖြင့် သစ္စာမသိတဲ့သူဟာ ဒုက္ခကို တောင်းယူနေသလား ဟုတ်လား၊ သုခကို တောင်းယူနေသလား လို့ ခင်ဗျားတို့ပဲ ဝေဖန်ပါတော့ (ဒုက္ခကို တောင်းယူနေပါတယ်)၊ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ကိုယ်ကိုယ်တိုင် အမှားတွေကိုလည်း ဒကာ ဒကာမတွေ ပြင်ဖြစ်အောင် ပြင်ပါ (မှန်ပါ့)၊ သူတစ်ပါးမှားတာ သိလို့ရှိရင်လည်း နားထောင်မည့်ပုဂ္ဂိုလ်ဆို ပြင်ပေးပါ (မှန်ပါ့)၊ ဒီသစ္စာမသိမှုဟာ အရုပ်အဆိုးဆုံးပဲဆိုတာ သေချာကြ ပလား (သေချာပါပြီ ဘုရား)။

သစ္စာမသိမှုဟာ အရုပ်အဆိုးဆုံး

သစ္စာမသိတဲ့ ပုဂ္ဂိုလ်သည် အရုပ်အဆိုးဆုံးပဲဆိုတော့ သူဇာတိချည်း စ,တောင်းတယ် (မှန်ပါ့)၊ ဇာတိကို သူ ဒုက္ခသစ္စာလို့ကော သိရဲ့လား (မသိပါ ဘုရား)။

နောက်က ဒကာ ဒကာမတွေ သူ ဇာတိကို ဒုက္ခသစ္စာလို့ မသိတော့ လူဖြစ်ရပါလို၏။ နတ်ဖြစ်ရပါလို၏။ အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတော့ ကဲ သစ္စာသိတဲ့ ပုဂ္ဂိုလ်နားနဲ့ ထောင်ကြည့်တော့ ကိုပေါ်တို့က ဪ ဒုက္ခ အကြိမ်ကြိမ် ဖြစ်ရပါလို၏ သူဆိုနေတာကိုး (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာတုံး (ဒုက္ခအကြိမ်ကြိမ် ဖြစ်ရပါလို၏ပါ ဘုရား)။

ဒုက္ခအကြိမ်ကြိမ် ဖြစ်ရပါလို၏ဆိုတော့ ကဲ ဒီထဲမှာ လူကြီးတွေလည်းပါတော့ တောင်းကောင်း-မတောင်း ကောင်း အကဲခတ်စမ်း (မတောင်းကောင်းပါ ဘုရား)၊ ဒုက္ခဆိုတာ ရှောင်ကွင်းရမည့်အလုပ် (မှန်ပါ့)။

ဒုက္ခဆိုတာ (ရှောင်ကွင်းရမည့်အလုပ်ပါ ဘုရား)။

ရှောင်ကွင်းရမည့်အလုပ်ကို ဒကာ ဒကာမတွေက ဒုက္ခကိုပဲ မရ-အရ တောင်းယူနေကြတယ်ဆိုတော့ ကိုဝ ဒီထက့်လွဲရှိသေးရဲ့လား (မရှိပါ ဘုရား)။

ဒါ့ကြောင့် ဒကာ ဒကာမတွေ အဆိုးဆုံးတရားဟာ ဘယ်တရားပါလိမ့် (သစ္စာမသိမှုပါ ဘုရား)။

ဒါဖြင့် နောက်က ဒကာ ဒကာမတွေ လေးလေးစားစားနဲ့ သေသေချာချာမှတ်ပါ။ သစ္စာဖြင့် ငါမသိ-သိအောင် လုပ်မဟဲ့ဆိုတဲ့စိတ်ကိုဖြင့် မွေးဖြစ်အောင် မွေးပါဆိုတာ သတိပေးလိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် သစ္စာမသိရင် ဘာဖြစ်မလဲကွာလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့်ကွာ တဲ့ သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ အကန်းလမ်းသွားတယ်လို့သာ မှတ်လိုက်ပါတော့ (မှန်ပါ့)။

သစ္စာမသိတဲ့ ပုဂ္ဂိုလ်ဟာ အကန်းလမ်းသွား

သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ (အကန်းလမ်းသွားပါတယ် ဘုရား)။

ကန်းလည်းကန်းပြန် လမ်းလည်းသွားပြန်ဆိုတော့ မြွေနဲ့တွေ့လည်း မြွေက လာကိုက်မှာမဟုတ်ဘူး၊ သူက တိုးမှာ (မှန်ပါ့)၊ ခလုတ်တွေ တွေ့ပြန်တော့လည်း ခလုတ်က လာတိုက်တာလား သူက တိုးတာလား (သူကတိုးတာပါ ဘုရား)။

ကဲ ရန်သူတွေထဲ သွားပြန်ရော ရန်သူက မလာတောင် သူက မျက်လုံးမမြင်တော့ အရမ်းသွား မသွား ပေဘူးလား (သွားပါတယ် ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဘယ်သူအဆိုးဆုံးတုံး (သစ္စာမသိတာ အဆိုးဆုံးပါ ဘုရား)။

ခင်ဗျားတို့အိမ်များ သားတွက် သမီးတွက် ပူမည့်ကြံလို့ရှိရင် ဪ သူတို့အတွက် ခက်တယ်ဆိုလို့ရှိရင် ဒါ သစ္စာမသိလို့သာ မှတ်ပေတော့ (မှန်ပါ့)၊ ကိုယ့်အတွက် ခက်တာ တွေးရမယ် (မှန်ပါ့)၊ သူများအတွက် ခက်မနေ ကြပါနဲ့ဆိုတာ ဒကာ ဒကာမတွေ သတိပေးလိုက်တယ် (မှန်ပါ့)။

ဘယ်သူ့အတွက် ခက်ရမလဲ (ကိုယ့်အတွက် ခက်ရပါမယ် ဘုရား)။

ကိုယ့်အတွက် သစ္စာမသိရင် (ခက်ပါတယ် ဘုရား)၊ ခက်တယ်လို့ ဒီလိုအမှန်ယူပါလို့ ဦးဘကလေးတို့ သတိ ပေးလိုက်တယ် (မှန်ပါ့)။

ဒီသားတွေ သမီးတွေကလည်း မသုံးတတ် မဖြုန်းတတ် မရှာတတ် မဖွေတတ်နဲ့ သူတို့အတွက် ခက်ပါသေးတယ် လို့သာ ကိုဝတို့က ညည်းလေ့ရှိတယ်နော် (မှန်ပါ့)။

ကိုယ့်အတွက် သစ္စာမသိသေးလို့ ဉာဏ်နဲ့ သစ္စာကို ကောင်းကောင်းမွန်မွန် မရှင်းသေးလို့ ခက်သေးတယ်လို့ များ ညည်းဖူးကြရဲ့လား (မညည်းဖူးပါ ဘုရား)၊ မောင်နိုင် သိပ်လွဲနေပြီ (မှန်ပါ့)၊ မလွဲဘူးလား (လွဲပါတယ် ဘုရား)။

အဲဒီတော့ကွာတဲ့ သစ္စာမသိရင် မင်းတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဟိုပဋိသန္ဓေလည်း ဒုက္ခသစ္စာလည်း သူယူ ဖြစ်မှာပဲ (မှန်ပါ့)၊ ဒီပဋိသန္ဓေတွေကိုလည်း ဒုက္ခသစ္စာမှန်းမသိလို့ ယူဖြစ်မှာပဲ (မှန်ပါ့)၊ မယူဖြစ်ပေဘူးလား (ယူဖြစ် ပါတယ် ဘုရား)။

အဲဒီ ပဋိသန္ဓေယူမိလို့ရှိရင်ဖြင့် အိုဘေး, နာဘေး, သေဘေး စိုးရိမ်သောက ဗျာပါရဘေး, အပါယ်ဘေးတွေ လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် မလွတ်ပါလိမ့်

ဒါ ဘယ့်နှယ်ကြောင့် မလွတ်ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိလို့ဆိုတာ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တောင်ကြီးတစ်ခုပေါ် တက်သွားတယ်၊ ရဟန်းတစ်ပါး ခေါ်သွား တယ်၊ ရဟန်းတစ်ပါးခေါ်ပြီး တောင်ကြီးပေါ် တက်သွားပြီးတဲ့အခါကျတော့ တောင်ထိပ်ရောက်ကြတယ်၊ တောင်ထိပ် ရောက်ပြီး အောက်လှည့်ကြည့်လိုက်တော့ တောင်က တစ်ခြမ်းကပြိုနေတယ်၊ အရှင်ဘုရား ဒီချောက်ကြီး သိပ် ကြောက်စရာကောင်းပါကလားလို့ ရဟန်းက ဘုရားကို လျှောက်တယ် (မှန်ပါ့)။

ဟာ ရဟန်း ရဟန်း မင်းအမြင် မလွဲပါနဲ့ကွာ၊ ဒီတောင်ပေါ်က မင်း ခြေချော်လက်ချော် ကျသွားလို့ ရှိရင် တစ်ခါသေပါကွာ မကြောက်ပါနဲ့၊ သစ္စာမသိလို့ သေရမည့်အသေမျိုးသာ ကြောက်စမ်းပါ (မှန်ပါ့)၊ အကြိမ် အရေအတွက် မရှိဘူးတဲ့၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ဘာမသိလို့ သေတဲ့အသေမျိုးလဲ (သစ္စာမသိလို့ သေတဲ့အသေပါ)။

သစ္စာမသိလို့ သေတဲ့အသေမျိုးသာ မင်းကြောက်စမ်းပါဆိုတာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သစ္စာသံယုတ်မှာ ဟောတယ်လို့ ကိုပေါ် ကိုဝတို့ မှတ်လိုက် (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ကြောက်စရာကောင်းလိုက်တာဆိုတဲ့ဥစ္စာ ချောက်ကြီးမြင်လို့ကျရင် အရိုးတခြား အသားတခြား သွားမှာမြင်လို့ သူကြောက်တာပဲတဲ့၊ ကြောက်ပင်ကြောက်ငြားသော်လည်း ဒါမကြောက်ပါနဲ့ တစ်ခါသေပါကွတဲ့၊ မောင် နိုင် မဟောဘူးလား (ဟောပါတယ် ဘုရား)။

သစ္စာမသိမည့် အသေကဖြင့် (ကြောက်စရာကောင်းပါတယ်)၊ မရေတွက်နိုင်ဘူး (မှန်ပါ့)။

အဲဒါကြောင့် ဒီဘဝကို အားလုံး ဒကာ ဒကာမတွေ အကြောင်းညီညွတ်ဦးတော့ ကြုံကြဆုံကြပြီး သကာလ ဘုန်းကြီးကလည်း စေတနာကောင်း၊ ခင်ဗျားတို့ကလည်း ကိုယ့်ဇာတ်ကိုယ်သိမ်းအောင် သစ္စာသိအောင်လုပ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ခင်ဗျားတို့ကလည်း ကိုယ့်ဇာတ်ကိုယ် သိမ်းအောင် (လုပ်ရမှာပါ ဘုရား)။

သစ္စာသိအောင် လုပ်ရမယ်၊ ကိုယ့်ဇာတ်ဆိုတာက ဘာတုံးဆိုတော့ ယခု ရ,ထားတဲ့ဒုက္ခသစ္စာ (မှန်ပါ့)၊ နောက် လာမှာတွေကကော (ဒုက္ခသစ္စာပါ ဘုရား)။

အသိတစ်လုံးပိုင်ရင် သိမ်းတာပဲ

အဲဒီဇာတ်ကိုဖြင့် ဒကာ ဒကာမတွေ အသိတစ်လုံးပိုင်ရင် သိမ်းတာပါပဲ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ)။

ဘာပိုင်ရင်တုံး (အသိတစ်လုံးပိုင်ရင် သိမ်းပါတယ်ဘုရား)၊ အသိတစ်လုံးပိုင်ရင် သိမ်းတာပါပဲဆိုတာ ဒကာ ဒကာမတို့ ကျေကျေနပ်နပ် သဘောကျပလား (ကျပါပြီ)။

အိမ်များ မောင်နိုင်ရေ သားကလေးအတွက် မလိမ်မာလို့ စိုးရိမ်ရတယ်၊ သမီးအတွက် မလိမ်မာလို့ စိုးရိမ် တယ်ဆိုရင် ငါမှားပြီဟေ့၊ ကိုယ့်ဟာကိုယ် ဆုံးမကြပါ (မှန်ပါ့)။

ငါမှားပြီ၊ ငါမှားပြီဆိုတဲ့ဥစ္စာ လူကြီးဆိုတော့ကို ကိုဝ သူပြောချင်တာ ပြောတာနော် (မှန်ပါ့)။

ကိုယ့်ကိုယ် စိုးရိမ်ပါ၊ ငါသစ္စာမသိသေးလို့ နိဗ္ဗာန်မျက်မှောက်မပြုနိုင်သေးဘူး၊ ငါ့မှာ ဒုက္ခတွေ ပင်လယ်ဝေ အောင် ကျန်သေးတယ်၊ ငါ့အတွက် စိုးရိမ်တယ်ဆိုပြီး ချက်ချင်းပြောင်းပါ (မှန်ပါ့)။

ဘယ်ဘက်လှည့်သတုံး (ကိုယ့်ဘက်လှည့်ပါတယ် ဘုရား)။

ဘာဖြစ်လို့တုံးလို့ မေးတဲ့အခါကျတော့ ဘုန်းကြီးတို့ ပြောနေတာပဲ။ စိုးရိမ်တဲ့ပုဂ္ဂိုလ်က သေခါနီး၊ အစိုးရိမ်ခံရ တဲ့ပုဂ္ဂိုလ်က သေခါဝေးလို့ပြောတယ် (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကိုဝ ကြီးတဲ့ပုဂ္ဂိုလ်က သေခါနီးနော် (မှန်ပါ့)၊ ခင်ဗျားတို့ စိုးရိမ်တဲ့ကလေးတွေက (သေခါဝေးပါ ဘုရား)။

ဒါဖြင့် သေခါနီးက သေခါဝေး စိုးရိမ်တာသည် ဘယ်သူပိုမိုက်သတုံး (သေခါနီးက ပိုမိုက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီအတိုင်းပြောတော့ မခံချင်ဘူး။ မင်းက သေခါနီးမှ မိုက်တာလားလို့ဆိုလို့ရှိရင် မခံချင် ပေဘူး (မှန်ပါ့)။

သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ ကိုယ်က သစ္စာမသိသေး၊ ဟိုပုဂ္ဂိုလ်တွေက အသာထားပါ ဦး၊ စားရေး, သောက်ရေး, နေရေး, ထိုင်ရေး, ပညာရေး မပြည့်စုံသေးလို့ ပူမယ် ဆွေးမယ် ကြံလို့ရှိရင် ဘုန်းကြီးပြော တဲ့ဆီကို လှည့်လိုက်ပါ (မှန်ပါ့)။

မင်းသစ္စာသိအောင်လုပ်နေ၊ မင်းသစ္စာသိမှ မင်းအရေးပြီးမှာ၊ ဟိုဟာတွေအတွက်ကို မင်းစိုးရိမ်မနေနဲ့၊ မင်း အတွက်မင်း စိုးရိမ်ပြီး သကာလ မင်းသစ္စာသိအောင် လုပ်ပါလို့ ကိုယ့်ကိုယ်ကိုယ် ပြင်လိုက်စမ်းပါ (မှန်ပါ့)။

ဒါ သားနဲ့ သမီးနဲ့ ရန်တိုက်တာ မဟုတ်ပါဘူး။ အမှန်ပြောနေတာ (မှန်ပါ့)။

သားနဲ့ သမီးနဲ့ ရန်တိုက်တာလား ကိုဝ အမှန်ပြောတာလား (အမှန်ပြောတာပါ ဘုရား)။

သေခါနီးက သေခါဝေးအတွက် စိုးရိမ်တယ်

ဘာ့ကြောင့်ပြောရပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှ ဦးဘရှင်းရေ သေခါနီးက သေခါဝေးအတွက် စိုးရိမ်တယ် (မှန်ပါ့)။

ဘာစိုးရိမ်ရတာပါလိမ့် (သေခါနီးက သေခါဝေးအတွက် စိုးရိမ်ပါတယ် ဘုရား)။

အင်း သေခါနီးက သေခါဝေးအတွက် စိုးရိမ်တယ်ဆိုတော့ စည်းကမ်းကျ-မကျ (မကျပါ ဘုရား)။

သေခါနီးက ကိုယ့်အသေ လွတ်ဖို့ရာကိုသာ ဂရုစိုက်ရမယ် (မှန်ပါ့)၊ ဟိုသေခါဝေးက ဝေးသေးတာပဲ၊ သူ့ဂရု စိုက်စရာ လိုရဲ့လား (မလိုပါ ဘုရား)။

မလိုဘူးဆိုတော့ အဲ သစ္စာဉာဏ်နဲ့ ပြောလိုက်တော့ ခင်ဗျားတို့ ပြောနေတာတွေဟာ ကိုပေါ် အပိုချည်း ပဲ (မှန်ပါ့ ဘုရား)။

မောင်နိုင် ပိုလား-မပိုဘူးလား (ပိုပါတယ် ဘုရား)၊ နောက်က ဒကာ ဒကာမတွေ သဘောကျရဲ့လား (ကျပါ တယ် ဘုရား)။

ပူမယ်, ဆွေးမယ်, စိုးရိမ်မယ်, ကြောင့်ကြမယ်, ကြံတိုင်း, ကြံတိုင်း ဟ မင်းက ဘယ်သူ့အတွက် ပူတာ တုံး မေးတာပေါ့ မောင်နိုင်ရ (မှန်ပါ့)၊ ကိုယ့်ကိုယ်ကိုယ် မေးပါနော် ။

ကိုယ့်ကိုယ်ကိုယ်မေးတော့ အဖြေ ဘယ်လိုထွက်လာသတုံး၊ သေခါနီးက သေခါဝေးအတွက်ကို ဒါလောက် ကြောင့်ကြနေဖို့ မလိုဘူး (မှန်ပါ့)၊ သေခါနီးသည်ကားလို့ဆိုရင် နောင်မသေရတဲ့ နည်းကိုသာလျှင် ငါသစ္စာသိဖို့အရေး ကိုသာလျှင် အလိုကြီး လိုတော့တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား)။

သူ့မသိသေးရင် ခင်ဗျားတို့ ကုသိုလ်ပြုရာမှာလည်း အလွဲပဲ သူ့မသိသေးရင် (မှန်ပါ့)။

ကုသိုလ်ပြုတာလည်း (အလွဲပါ ဘုရား)၊ အကုသိုလ်ဆိုတာတွေ လွဲတယ်လို့ ဆိုစရာမလိုဘူး ပင်ကိုလွဲနေလို့ နော် (မှန်ပါ့ ဘုရား)။

ကုသိုလ်ပြုတာတောင်မှ ဘယ့်နှယ်တဲ့ (အလွဲပါ ဘုရား)။

ဘယ့်နှယ် ကိုဝ ရာ ဘုံဘဝလိုချင်တော့ ဒုက္ခသစ္စာ ဆုတောင်းမယူဘူးလား (ယူပါတယ် ဘုရား)။

ကုသိုလ်လည်း ပြုတာပဲ၊ ကုသိုလ်မပြုပဲနဲ့ သူတောင်းတာလား- ကုသိုလ်ပြုပြီးမှ တောင်းတာလား (ကုသိုလ် ပြုပြီးမှ တောင်းတာပါ ဘုရား)။

ဒါဖြင့် ဒီကုသိုလ်ကို ဒကာ ဒကာမတွေက ဒုက္ခရောက်မည့် ကုသိုလ်ကို အကောင်းကုသိုလ် ဆိုကြမလား အဆိုးကုသိုလ် ဆိုကြမလား (အဆိုးကုသိုလ်ပါ ဘုရား)။

အဲဒါပြင်မိအောင် ပြင်စမ်းပါဆိုတာကို အတင်းပြောတာပဲ (မှန်ပါ့)၊ မပြင်မိမှာကို ကိုဝ စိုးရိမ်ထိုက် မစိုးရိမ်ထိုက် (စိုးရိမ်ထိုက်ပါတယ် ဘုရား)။

အင်မတန် စိုးရိမ်ထိုက်တယ် ၊ ငွေကုန်ပြီး နောက်ဘဝ လူပန်းမှာ (မှန်ပါ့)။

ငွေကုန်ပြီးတော့ (လူပန်းမှာပါ ဘုရား)၊ လူပန်းမှာဆိုလို့ရှိရင်ဖြင့်တဲ့ နောက်ဘဝ အသေကကော လွတ် ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် သူ ငွေထိုးပြီးတော့ စက်ရှင်အမှု အထ,မြောက်အောင် လုပ်စမ်းပါဆိုတဲ့ ပုဂ္ဂိုလ်နဲ့ တူ မတူ (တူပါ တယ် ဘုရား)။

ကျုပ်ကိုလည်း သတ်ဖြစ်အောင် သတ်ပါ

သူက စက်ရှင်မှု ဖြစ်နေတယ်၊ ငွေလည်း သူထိုးတယ်၊ ကျုပ်ကိုလည်း သတ်ဖြစ်အောင် သတ်ပါဆိုတာနဲ့ ဘယ့်နှယ်နေသတုံး (တူတူပါပဲ ဘုရား)။

ဒါဖြင့် အလှူပေးတာက ငွေထိုးတာ (မှန်ပါ့)၊ ဟိုဘဝ သေရတာက စက်ရှင်မှုကို ကိုယ်ကိုယ်တိုင် ကျချင်လို့ တောင်းပန်တာနဲ့ မတူဘူးလား (တူပါတယ် ဘုရား)။

အဲဒါကြောင့် ဒီအရေးဟာ စကားကြီးကြီးပြောတာလား အလုပ်က ဒီအတိုင်းဖြစ်နေတာလား အကဲ ခတ် (အလုပ်က ဒီအတိုင်းဖြစ်နေပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီအရေးဟာ သစ္စာမသိလို့ ဖြစ်ပေါ်တဲ့အရေး (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဘာမသိလို့တုံး (သစ္စာမသိလို့ ဖြစ်ပေါ်တဲ့အရေးပါ ဘုရား)။

သစ္စာမသိလို့ ဖြစ်ပေါ်တဲ့ အရေးဆိုတဲ့ဥစ္စာ ဦးဘရှင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)၊ ဒကာကြီးလှိုင် ပေါ်ပလားဗျာ (ပေါ်ပါပြီ ဘုရား)။

ဒီအရေးဟာ ဘာအရေးပါလိမ့် (သစ္စာမသိလို့ ဖြစ်ပေါ်တဲ့အရေးပါ ဘုရား)။

သစ္စာမသိတော့ စက်ရှင်မှု လွတ်ဖို့ရာတောင်မှ စက်ရှင်မှု ငွေထိုးပြီး သကာလ ကိုယ့်ကိုယ် သတ်ပေးပါလို့ ခိုင်းတာနဲ့ ကိုဝ တူ-မတူ (တူပါတယ် ဘုရား)။

နောက်ဘဝ နတ်ဖြစ်ရပါလို၏၊ ဒီသား, ဒီသမီးနဲ့ မခွဲရပါလို၏ ဆိုလို့ရှိရင် နောက်ဘဝလည်း သေခြင်းဆိုး သေရပါလို၏ ပါ-မပါ (ပါပါတယ် ဘုရား)၊ ပါတယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါ ဘာမသိလို့ သူ ဒီအဓိပ္ပာယ်ချည်း သဘောကျနေပါလိမ့်မတုံးလို့ အကဲခတ်ကြည့်စမ်း (သစ္စာမသိလို့ ပါ ဘုရား)။

ကဲ ဒါဖြင့် ကိုပေါ်တို့, ကိုဝတို့ အရေးအကြီးဆုံးစကားပေါ်ပြီ (ပေါ်ပါပြီ ဘုရား)၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒကာကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ တရားနာနေကြတယ်ဆိုငြားသော်လည်း ဘယ်ဟာ အရေး ကြီးပါလိမ့်မတုံးဆိုတာလည်း ကိုယ့်ဟာကိုယ်လည်း သိကြပါ (မှန်ပါ့)။

သစ္စာသိတာနဲ့ တစ်ပြိုင်နက်တည်း လည်း နိဗ္ဗာန်ရောက်တာပဲ

သစ္စာသိဖို့ကိုပဲ ဆရာဘုန်းကြီးက အရေးတကြီး ဟောနေတယ် (မှန်ပါ့)၊ သစ္စာသိတာနဲ့ တစ်ပြိုင်နက်တည်း လည်း နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့)။

သစ္စာမသိသေးတဲ့ အလုပ်ဟူသရွေ့ကိုလည်း ခင်ဗျားတို့ကပဲ ဆုံးဖြတ်ချက်ချပါတော့ နိဗ္ဗာန်ရောက်ပါ့မလား (မရောက်ပါ)၊ မရောက်နိုင်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာကြီးလှိုင်ရေ ဒီနေ့ အရေးကြီးကြီးပြောတာကော သိပလား (သိပါပြီ)၊ ဘာသိရမလဲ (သစ္စာ သိရမယ် ပြောတာပါ)၊ သစ္စာသိရမယ်ဆိုတဲ့ဥစ္စာ။

ကိုင်း ဒါဖြင့် သစ္စာသိရမယ်ဆိုတော့ သစ္စာရှိတာကို အရင်ပြောရလိမ့်မယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ သစ္စာသိအောင်ဆိုတော့ သစ္စာရှိတာကို အရင်ပြောမှ အသိက နောက်ကလိုက်ရမယ် (မှန် ပါ့)။

ဒါဖြင့် အရှိပြောမှသာလျှင် အသိနောက်ကလိုက်မှာဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ ယခု ခန္ဓာကြီးဟာ ဖြင့် ဒုက္ခသစ္စာလို့ပဲ မှတ်လိုက်ပါ (မှန်ပါ့)၊ ယခု ခန္ဓာကြီးဟာဖြင့် (ဒုက္ခသစ္စာပါ ဘုရား)။

ယခု ခန္ဓာကြီးဟာဖြင့် ဒုက္ခသစ္စာပဲ၊ ဒါဖြင့် လုံးပြောလိုက်တော့ မောင်နိုင် ရှင်းမသွားဘူးလား (ရှင်းသွား ပါတယ် ဘုရား)။

အဲဒီတော့ ယခု ခန္ဓာကြီးဟာ ဒုက္ခသစ္စာဆိုတော့ ခန္ဓာထဲက ဘာပဲပေါ်လာ ပေါ်လာ မောင်နိုင်က ဘယ်လို ဆုံးဖြတ်ချက်ချမလဲ (ဒုက္ခသစ္စာပါ ဘုရား)။

ဝေဒနာပေါ်လာလည်း (ဒုက္ခသစ္စာပါ)၊ စိတ်ပေါ်လာလည်း (ဒုက္ခသစ္စာပါ)၊ ပူတဲ့, အေးတဲ့ ရုပ်တွေပေါ်လာ လည်း (ဒုက္ခသစ္စာပါ ဘုရား)။

ဘာဖြစ်လို့တုံး မေးတော့ ပင်ကိုက ဒုက္ခသစ္စာမို့ ပေါ်ပေါက်လာလည်း ဒုက္ခသစ္စာပဲ ပေါ်ပေါက်ရတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ပင်ကိုက (ဒုက္ခသစ္စာမို့)၊ သူ့ထဲ ထူးထူးခြားခြား ပေါ်လာရင် (ဒုက္ခသစ္စာပါပဲ ဘုရား)။

အဲဒါကို ခင်ဗျားတို့က ပထမအပေါင်းသိထားတော့ အပေါင်းသိထားလိုက်တာက ဒကာ ဒကာမတို့ သစ္စဉာဏ်ခေါ်ပါတယ် (မှန်ပါ့)။

ကိစ္စဉာဏ်ကျအောင် တက်သွားတယ်

နောက် အစိတ်ကလေးတွေပေါ်လာတော့ ဥပမာ- ဝေဒနာဝိပဿနာရှုမည့် ပုဂ္ဂိုလ်ဆိုရင် ဝေဒနာတွေပေါ်လို့၊ စိတ်ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဆိုရင် စိတ်တွေပေါ်တဲ့အခါ ဉာဏ်ထဲမှာ မဖမ်းမိပေဘူးလား (ဖမ်းမိပါတယ် ဘုရား)။

ဖမ်းမိတာက ဪ ဒီဥစ္စာသည် သစ္စာကို ရိုးရိုးအပေါင်းသိ မဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ထဲမှာ အစိတ်ပါ သိရတဲ့အတွက်တဲ့ ဒီဥစ္စာက ဪ သူတို့ နှိပ်စက်နေတာကိုးလို့ သိရတယ် (မှန်ပါ့ ဘုရား)။

ဒါကိစ္စဉာဏ်ကျအောင် တက်သွားတယ် (မှန်ပါ့)၊ အပေါင်းသိတာက သစ္စဉာဏ်၊ ဒီထဲပေါ်တဲ့ အစိတ်ကလေး တွေ သိတာက (ကိစ္စဉာဏ်ပါ ဘုရား)။

ဒါ သေသေချာချာမှတ်ပါ၊ ဒါ သေသေချာချာ မှတ်ပါ ဦးဘရှင်း၊ အပေါင်းကြီးဟာ ဘာတဲ့ (သစ္စာဉာဏ်ပါ ဘုရား)၊ ဒုက္ခသစ္စာလို့ မသိဘူးလား (သိပါတယ် ဘုရား)။

အပေါင်းကြီးက (ဒုက္ခသစ္စာလို့ သိပါတယ်ဘုရား)၊ ခန္ဓာငါးပါး အပေါင်းကြီး သိတာက (သစ္စဉာဏ်ပါ ဘုရား)၊ သစ္စဉာဏ် ။

နောက်က ဒကာ ဒကာမတွေ ပေါ့ပေါ့ဆဆ အေးစက်စက် မနာပါနဲ့နော် ၊ မှတ်မှတ်သားသားနဲ့ ဒါချက်ချင်း ကိစ္စပြီးမည့် တရားဖြစ်နေလို့ လေးလေးစားစား ပြောနေတယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါးကြီးဟာ အပေါင်းသိတာက ဘာတဲ့တုံး (သစ္စဉာဏ်ပါ ဘုရား)။

ဒီထဲကနေ ဝေဒနာကလေးတွေ ထိုးကျပြီး သကာလ ထွက်လာတယ်၊ သုခ, ဒုက္ခ, သောမနဿတွေ ကိုဝ မလာဘူးလား (လာပါတယ် ဘုရား)၊ စိတ်ကလေးတွေကလည်း ဘုန်းကြီးပြောထားတဲ့ ဆယ့်နှစ်မျိုးတို့, ဆယ့်လေးမျိုး တို့ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒါကလေးတွေ လာတိုင်း လာတိုင်း ဉာဏ်နဲ့ တည့်မိတာက သစ္စာသိတဲ့ ကိစ္စကြီး (မှန်ပါ့)၊ အရင်က အပေါင်းသိတဲ့ သစ္စဉာဏ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒီလိုပေါ်တိုင်း, ပေါ်တိုင်း ဖြစ်ပျက်မှုကို သိတာက ဘာတဲ့ (ကိစ္စဉာဏ်ပါ ဘုရား)၊ ဒါဖြင့် သစ္စဉာဏ်, ကိစ္စ ဉာဏ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကတဉာဏ်ဆို သောတာပန်တည်တာပဲ

တစ်ခါ သစ္စဉာဏ်နဲ့ ကိစ္စဉာဏ်ပြီးရင် တစ်ခါတည်းမှတ်ကြ ဒကာ ဒကာမတို့ ကတဉာဏ်ဆိုလို့ရှိရင် သောတာ ပန် တည်တာပဲ (မှန်ပါ့)။

ဒီနေ့ ဉာဏ်သုံးမျိုးနဲ့ တစ်မျိုးဟောတယ်လို့ မှတ်ရမယ်နော် (မှန်ပါ့)၊ အပေါင်းသိတာက ခန္ဓာငါးပါးကြီးဟာ ဒကာ ဒကာမတွေ အပေါင်းသိထားတာက ဘာတဲ့ (သစ္စဉာဏ်ပါ ဘုရား)။

သစ္စာတော့ မသိဘူးလား (သိပါတယ် ဘုရား)၊ ခန္ဓာငါးပါးအပေါင်းဟာ ဘာသစ္စာတဲ့တုံး (ဒုက္ခသစ္စာပါ)၊ အဲ အပေါင်းသိတာက သစ္စဉာဏ် (မှန်ပါ့)။

တစ်ခါ သတိပဌာန်လေးပါးထဲက တစ်ပါးပါးကို ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ကလေး ရှုပြီး သကာလ နေတာ ကတဲ့ ဒကာ ဒကာမတို့ ကိစ္စဉာဏ် (မှန်ပါ့)။

ဒီဖြစ်ပျက်ကို ဒကာ ဒကာမတွေက ဆုံးအောင်လိုက်လို့ ဆုံးသွားလို့ရှိရင် ကတဉာဏ် (မှန်ပါ့)၊ သဘောပါကြ လား (ပါပါပြီ ဘုရား)။

ခန္ဓာငါးပါး အပေါင်းကြီး သိနေတာ (သစ္စဉာဏ်ပါ ဘုရား)။

ဒီထဲက သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးစိတ်ဖြင့် စိတ်ဖြစ်ပျက်ကလေးတွေဟာ ဪ ဒါကလေးတွေ ဒုက္ခဿ ပိဠနဋ္ဌော သင်္ခတဋ္ဌော ဆိုတဲ့အတိုင်း သူတို့ နှိပ်စက်နေတာပဲ၊ ဒီဖြစ်ပျက်ကလေးဟာ နှိပ်စက်နေတာပဲလို့ သိပြန်တော့ ဘာဉာဏ်တဲ့တုံး (ကိစ္စဉာဏ်ပါ ဘုရား)။

ဒါဖြင့် ဒီဖြစ်ပျက်ကလေးတွေကို ဒကာ ဒကာမတွေက သိပြီး သကာလ နေတော့ ဖြစ်ပျက်တွေဟာ အင်း နှိပ်စက်တဲ့တရားတွေမို့ နှိပ်စက်နေတာပဲလို့ အမှန်အကန်သိသိ သိသိသွားတဲ့အခါကျတော့ ဒီဟာတွေ ဒီခန္ဓာကြီးဖြင့် မလိုချင်တော့ပါဘူးဆိုတဲ့အခါကျတော့ ဖြတ်ခနဲ ချုပ်သွားတယ် (မှန်ပါ့)၊ ချုပ်ပြီးမှ ပေါ်လာတဲ့ဉာဏ်ကို မောင်နိုင် ဘာဉာဏ်ခေါ်မလဲ (ကတဉာဏ်ပါ ဘုရား)။

ကတဉာဏ် ခေါ်တယ်၊ ဟာ ငါ သောတာပန်တည်ပြီလို့ သိတဲ့ဉာဏ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ငါ သောတာပန်တည်ပြီလို့ သိတဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမလဲ (ကတဉာဏ်ခေါ်ပါတယ် ဘုရား)၊ သုံးခေါက် ပြောမယ် ဒကာ ဒကာမတို့ ဒီဉာဏ်တွေ မဟောသေးလို့နော် (မှန်ပါ့ ဘုရား)။

အလုပ်ကို အတိုနဲ့တက်တာ

ဒကာ ဒကာမတို့ အလုပ်ကို အတိုနဲ့တက်တာလို့ မှတ်ပါ (မှန်ပါ့)၊ ကိုဝ ဘာနဲ့တက်သလဲ (အတိုနဲ့တက်တာပါ ဘုရား)။

ဓမ္မာနုပဿနာနဲ့ တက်တာ၊ ဦးဘကလေး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီတော့ ဒါဖြင့် ဒကာ ဒကာမတို့ ဉာဏ်သုံးဆင့်တော့ဖြင့် ဆရာဘုန်းကြီးက ဟောထားပြီ၊ ကဲ ဘုရား တပည့်တော်တို့ အပေါင်းသိတဲ့ဉာဏ်က သစ္စဉာဏ်၊ ဒီထဲက ဖြစ်ပျက်သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊ ဖြစ်ပျက်အဆုံး ကို သိတဲ့ဉာဏ်က ကတဉာဏ်ဆိုတာတော့ဖြင့် ယုံမှားသံသယမရှိပဲနဲ့ပဲ ရှင်းလိုက်ပါပြီ (မှန်ပါ့)။

ဒါဖြင့် လိုရင်းကို ပြောပါတော့မယ်၊ ဉာဏ်သုံးဆင့်ကို ဒကာ ဒကာမတွေ ကိစ္စဉာဏ်ဟာ အလုပ်လုပ်ရမည့် ဉာဏ် (မှန်ပါ့)၊ သစ္စဉာဏ်က သိရမည့်ဉာဏ် (မှန်ပါ့ ဘုရား)။

ကိစ္စဉာဏ်က (အလုပ်လုပ်ရမည့်ဉာဏ်ပါ ဘုရား)။

ကတဉာဏ်က ဝမ်းမြောက်ရမည့်ဉာဏ် (မှန်ပါ့)။

ဒါ သေသေချာချာမှတ်ပါ၊ သစ္စဉာဏ်က (သိရမည့်ဉာဏ်ပါ)၊ ကိစ္စဉာဏ်က (အလုပ်လုပ်ရမည့်ဉာဏ်ပါ)၊ ကတ ဉာဏ်က (ဝမ်းမြောက်ရမည့်ဉာဏ်ပါ ဘုရား)။

ဝမ်းမြောက်ရမည့်ဉာဏ်ဆိုတာ ကိစ္စပြီးပြီလို့ သိတာ (မှန်ပါ့ ဘုရား)။

ကိစ္စပြီးပြီလို့ သိတဲ့ပုဂ္ဂိုလ်ဟာ ဘယ်ကိစ္စပြီးပြီး-ပြီးသွားပြီဟေ့ ဆိုတဲ့ ဝမ်းမြောက်မှုမလာဘူးလား (လာပါ တယ်)။

အဲဒီတော့ ဝမ်းမြောက်ရမည့် ဉာဏ်က ဘာဉာဏ်တဲ့ (ကတဉာဏ်ပါ ဘုရား)၊ ကတဉာဏ်ဆိုတာ သေချာပလား (သေချာပါပြီ)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သေသေချာချာ ဒါဘယ်မှာလာပါလိမ့်မတုံးလို့ ကိုဝတို့က မေးလို့ရှိရင် ဖြင့် ဓမ္မစကြာမှာ လာတယ်လို့မှတ်ပါ (မှန်ပါ့ ဘုရား)။

ဓမ္မစကြာမှာ လာတယ်

ဘုရားတိုင်း မစွန့်တဲ့ ဓမ္မစကြာမှာ လာတယ်လို့ မှတ်ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘုရားတိုင်း မစွန့်တဲ့ (ဓမ္မစကြာမှာ လာပါတယ်)၊ ဓမ္မစကြာမှာ လာတယ်ဆိုတော့ သူ့ဟောလိုက်တော့ ကောဏ္ဍ ညနဲ့တကွ ဗြဟ္မာပေါင်း ရှစ်သောင်းလေးထောင်တွေ အကုန်ကျွတ်ကြတယ် (မှန်ပါ့)။

အကုန်လုံး တစ်ခါတည်း မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရကုန်ကြတယ်ဆိုတော့ ဪ ဒါအရေးအကြီးဆုံးပဲဆိုတာ ကိုဝ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် တစ်ခေါက် ပြန်ပြောတယ်။ သစ္စဉာဏ်က ဒကာ ဒကာမတို့ သိရမည့်ဉာဏ် မပါဘူးလား (ပါပါတယ် ဘုရား)။

အေး ဒါကြောင့် နောက်က ဒကာ ဒကာမတွေ ခန္ဓာကိုယ်က အစိုးမရပဲနဲ့ အလုပ်လုပ်ပြီး ဟောတဲ့ ပုဂ္ဂိုလ်ကလည်း သူ့ခန္ဓာက အနတ္တ၊ နာတဲ့ပုဂ္ဂိုလ်တွေကလည်း အနတ္တ၊ အနတ္တ-အနတ္တချင်း ကိုဝ ရိုင်းပင်းကူညီနေတာ (မှန်ပါ့)၊ ဖျောက်မပစ်ပါနဲ့ဆိုတာကိုလည်း သေသေချာချာ သတိပေးလိုက်ပါတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့် ကိစ္စဉာဏ် ပြောပါတော့မယ်တဲ့၊ သူ့ဝတ္ထုထုတ်လိုက်ဦးမယ် ဒကာ ဒကာမတို့။

ကိစ္စဉာဏ် ပြောပါတော့မယ်

ကုရုတိုင်းမှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးပါတယ်တဲ့၊ အဲဒီမှာ ကပိလဝတ်ပြည်ဆိုတာ ရှိတယ်၊ ရှိပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဆွမ်းခံသွားမလို့ဆိုပြီး စောလှပါသေးတယ်လေ ဆိုပြီး သကာလ ခဏနေပြီး သကာလ နောက်မှပဲ ကဲ အချိန်ရောက်ပြီဆိုပြီး သွားလိုက်တယ်၊ ကပိလဝတ်ပြည်ထဲ တစ်ပါးတည်းပဲ ကြွ တယ် (မှန်ပါ့)။

ကြွပြီး သကာလ ဆွမ်းတွေဘာတွေ ယူခဲ့ပြီး သကာလ တစ်ခုသောတောထဲ ဥသျှစ်ပင်အောက်မှာ ယူသွားပြီး ဆွမ်းဘုဉ်းပေးပြီး သကာလ နေ့သန့်စင် ဒီနေရာမှာပဲ ဖလသမာပတ် ဝင်စားနေတော့မယ်ဆိုပြီး သကာလ ကိုယ်တော် မြတ်ကြီး သီတင်းသုံးနေတယ် (မှန်ပါ့)။

သီတင်းသုံးပြီး သကာလ နေတော့ ဒဏ္ဍပါဏိဆိုတဲ့ ပုဂ္ဂိုလ်က ရွှေတုတ်ကောက်ကြီးနဲ့ ဘုရားလည်း ဝတ်မချဘူး၊ သစ်ပင်အောက် လာပြီးတော့ တုတ်ကောက်ကို မေးထောက်ပြီး သကာလ ဪ ရှင်ကြီးဂေါတမ ဒီရောက်နေ သကိုးလို့ သူက နှုတ်ဆက်တယ်။

အယူပြောစမ်းပါ၊ ဝါဒလည်း ပြောစမ်းပါ

ရှင်ကြီးဂေါတမ အယူပြောစမ်းပါ၊ ဝါဒလည်း ပြောစမ်းပါ၊ ရှင်ကြီးဂေါတမယူတဲ့ အယူလည်း ပြောစမ်းပါ၊ သူများကိုပေးတဲ့ ဝါဒကိုလည်း သိချင်ပါတယ်၊ ဒါမေးတာပဲနော် (မှန်ပါ့)။

မေးတဲ့အခါကျတော့ ဘုရားက ရိပ်မိတယ်၊ သူက ဒေဝဒတ်နဲ့ အမျိုးလည်းတော်တယ်၊ အမျိုးတော်ပြီး သူက ကျွတ်တမ်းဝင်မှာလည်း မဟုတ်ဘူးတဲ့ ဘုရားက၊ သို့သော်လည်း ငါ့ဝါဒရှိတာတော့ အကုန်ပြောလိုက်မှပဲ၊ ပြီးတော့ ဘုရားလည်း စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်။

ဒေဝဒတ်ကိုလည်း သံဃာအပေါင်းက ကြဉ်ထားလို့တစ်ကြောင်း ဒေဝဒတ်ကို တရားဟောတိုင်း ဟောတိုင်း အပါယ်သွားမည့် ပုဂ္ဂိုလ်ပဲ၊ ဘယ်သူကယ်လို့မှ မရတော့ဘူး၊ သူက သံဃာသင်းခွဲ သွေးစိမ်းတည်အောင် လုပ်ထားတာ ကိုး (မှန်ပါ့)၊ အဲဒါတွေဟောလည်း သူက မကြိုက်ဘူး။

ပြီးတော့ ဒီရာဟုလာကလေးကို အတင်းသင်္ကန်းဝတ်ပေးတာလည်း သူကမကြိုက်ဘူး၊ မကြိုက်တာက စကြဝတေးမင်းလောင်းကို တစ်ခါတည်း စကြဝတေးရတနာတွေ ဖျက်ပစ်တဲ့ပုဂ္ဂိုလ်ဆိုပြီး သူက လောကီသမား ဖြစ်နေ တာကိုး (မှန်ပါ့)။

အဲဒီလို မကြိုက်တာနဲ့တွေ့လို့သာ စကားပြောလိုက်ရတယ်။ ရှင်ကြီးဂေါတမ ဘယ်အယူရှိသတုံး၊ ရှင်ကြီးဂေါတမ ဝါဒက ဘယ်လိုဝါဒလဲ တဲ့။

ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ

သူ့ဝါဒကကွာ တဲ့၊ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ရှင်းပလား (ရှင်းပါပြီ)။

သူ့ဝါဒက ဘာတဲ့ (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဝါဒစစ်-ဝါဒမှန်ကဖြင့် ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဝါဒလို့ ကိုဝ မှတ်ထားလိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ကိုပေါ် (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ)၊ နောက်က ဒကာ ဒကာမတွေ (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ ဘုရား)။

နို့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒဆိုပြီး သကာလ ဘေးက ဘုရားမှာ ရန်သူတွေ ပေါလှချည်ကလား၊ တိတ္တိ တွေကလည်း တစ်ပုံကြီး၊ ဒေဝဒတတို့လို အဇာတသတ်တို့လိုဟာတွေ ရန်သူတွေက ပေါလိုက်တာ၊ မာရ်နတ်ကြီးက လည်း စစ်လာတိုက်လိုက်တာ မောင်နိုင်ဟင် (မှန်ပါ့)။

သူတစ်ပါးနဲ့ ရန်မဖြစ်ဘူးဆိုပြီး သကာလ ရန်ဖြစ်ရမည့်ပုဂ္ဂိုလ်တွေနဲ့ကို ခဏခဏ ရန်ပွဲမတွေ့ဘူးလား (တွေ့ ပါတယ် ဘုရား)။

သို့သော်လည်းတဲ့ ဘုရားသခင်ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ ဒီဝါဒ ကို မကြိုက်တဲ့လူက လာပြီး စစ်တိုက်တာ (မှန်ပါ့)၊ ဝါဒကတော့ အမှန်ပဲ (မှန်ပါ့)။

သူက ဘယ်လိုဟောလေ့ရှိသတုံး၊ သူတစ်ပါးက ဒါရှေးဘုရားတွေက ဒုက္ခသစ္စာလို့ ရှေးပညာရှိဘုရားတွေက ဒုက္ခသစ္စာပဲ ဟောလို့ရှိရင် သူဒုက္ခသစ္စာပဲ ပိုမဟောဘူး (မှန်ပါ့)။

ဒီဒုက္ခသစ္စာမှာလည်းဟေ့ သစ္စာသိမှု သစ္စဉာဏ်၊ ဖြစ်ပျက်သိမှု ကိစ္စဉာဏ်၊ ဖြစ်ပျက်တွေဆုံးသွားရင် ကတဉာဏ်ပဲဆိုတာလည်း ရှေးဘုရားတွေလည်း ဒီလိုပဲဟောတယ် (မှန်ပါ့)၊ သူကော (ဒီလိုပဲဟောပါတယ် ဘုရား)။

အဲဒီတော့ ပညာရှိနဲ့တော့ သူရန်ဖြစ်တယ်လို့ သူရှိရဲ့လား (မရှိပါ ဘုရား)။

မကြိုက်တဲ့ပုဂ္ဂိုလ်က ဒီဟာ နားမလည်တဲ့ပုဂ္ဂိုလ်ကတော့ သူ့ကို ရန်ဖြစ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ ဒါဖြင့် ဘုရားသည် သူက ရန်ဖြစ်တာလား တစ်ပါးသော ပုဂ္ဂိုလ်က ရန်ဖြစ်တာလား (တစ်ပါးသော ပုဂ္ဂိုလ်က လာရန်ဖြစ်တာပါ ဘုရား)။

ပညာရှိတွေ အကုန်လက်ခံနိုင်တဲ့ဝါဒ

ဒါကြောင့် သူ့ဝါဒကတော့ ရန်မဖြစ်ပါဘူးတဲ့၊ ပညာရှိတွေ အကုန်လက်ခံနိုင်တဲ့ ဝါဒပါ (မှန်ပါ့)၊ ပညာမဲ့တွေ က သူ့ကို ဘယ်တုံးကမှ မကြားဖူးဘူးဆိုပြီး သကာလ တဲ့ တိုက်ကြတာတော့ ငါမတတ်နိုင်ဘူးတဲ့ (မှန်ပါ့)။

ဘုရားဝါဒ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)၊ ဘာတဲ့တုံး (သူတစ်ပါးနဲ့ ရန်မဖြစ်တဲ့ဝါဒပါ ဘုရား)။

ဘယ်ပုဂ္ဂိုလ်နဲ့မှ ရန်မဖြစ်တဲ့ဝါဒဟာ ဘုရားဝါဒ (မှန်ပါ့)၊ ဒကာကြီးလှိုင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ဘယ်ပုဂ္ဂိုလ်နဲ့မှ ရန်မဖြစ်တဲ့ဝါဒဟာ (ဘုရားဝါဒပါ ဘုရား)၊ ဘုရားဝါဒလို့ မှတ်ကြစမ်းပါနော် (မှန်ပါ့)။

အဲဒီတော့ကို ခင်ဗျားတို့ အထဲမှာလည်း ဪ ရှေးရှေး အင်မတန်ကျသွားတဲ့ ပုဂ္ဂိုလ်နဲ့ဆို ကိုဝ အတော်ခက်တယ်နော် (မှန်ပါ့)။

မင်းတို့ဟာကွာ ဝိပဿနာအလုပ်၊ ဝိပဿနာအလုပ်နဲ့တဲ့ အနိစ္စ, ဒုက္ခ, အနတ္တ ပုတီးစိပ်နေတာလည်း ဒီအတိုင်း ပါပဲကွလို့ ဆိုလို့ရှိရင် သူ့ဟာ မြင်စိတ်မဟုတ်ဘူး၊ ရလို့ စိပ်နေတဲ့စိတ်နဲ့ ကျုပ်တို့က ပုတီးမပါပဲနဲ့ ဉာဏ်နဲ့ စိပ်နေ တဲ့စိတ်နဲ့ ကိုဝ ဘယ်ဟာက မှန်ပါ့မလဲ (ဉာဏ်နဲ့ စိပ်နေတာက မှန်ပါတယ် ဘုရား)။

မင်းတို့လက်ထက်မှာကွာ ကိုင်ရတာနဲ့ ပြုရတာနဲ့ ရှုရတာနဲ့ ပွားရတာနဲ့ တို့ဒီလိုလာခဲ့တာပါပဲ။ တို့ဆရာ ကြီးတွေလည်း ဒီလိုပဲဆိုလို့ရှိရင် အဲဒီလူနဲ့ ခင်ဗျားတို့ ရန်ဖြစ်လိမ့်မယ် (မှန်ပါ့)၊ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့က ဖြစ်တာလား သူတို့က မကြိုက်လို့ဖြစ်တာလား (သူတို့က ကြိုက်လို့ဖြစ်တာ ပါ ဘုရား)။

အဲဒီလိုပဲတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဝါဒဟာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ပညာရှိလက်ခံတဲ့ ဝါဒ၊ ဘုရားအစဉ်အဆက်သုံးတဲ့ ဝါဒဟာ ငါ့ဝါဒပဲ၊ သို့သော် ငါမကြားဖူးတဲ့ပုဂ္ဂိုလ် မသိဖူးတဲ့ပုဂ္ဂိုလ်တွေကဖြင့် ဒါရန် ဖြစ်မှာပဲကွာ ၊ ငါ့ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘုရားဝါဒဟာ ဘာပါလိမ့် (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ ဝါဒပါဘုရား)၊ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒလို့ မှတ်လိုက် စမ်းပါနော် (မှန်ပါ့)။

ဒါတွင်မကသေးဘူးကွ၊ ငါသည်တဲ့ သံသယ ဝိစိကိစ္ဆာကင်းပြီး သကာလ အလုံးစုံအပေါ်မှာတဲ့ တဏှာဖြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လို့လည်း မင်းမှတ်ပါတဲ့ ဒဏ္ဍပါဏိကို ဘုရားက ပြောနေတယ် (မှန်ပါ့)။

သံသယကင်းပြီးတဏှာဖြတ်တဲ့ အလုပ်ဟာ ငါ့အလုပ်

အလုံးစုံ သံသယကင်းပြီး သကာလ တဏှာဖြတ်တဲ့ အလုပ်ဟာ ငါ့အလုပ်လို့ မှတ်ပါတဲ့ (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဘယ်သူနဲ့မှ ရန်မဖြစ်တာက သူ့ဝါဒ (မှန်ပါ့)၊ သူ့အလုပ်က သံသယဝိစိကိစ္ဆာကင်းပြီး တဏှာဖြတ်တဲ့ အလုပ် ဟာဖြင့် ဒါ သူ့လုပ်ငန်းစဉ် (မှန်ပါ့)။

ဝါဒက ဘာတဲ့တုံး (ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပါ)၊ ဘယ်သူနဲ့မှ မဆန့်ကျင်တဲ့ဝါဒဖြင့် ဒါ သူ့ဝါဒ (မှန် ပါ့)၊ အလုပ်စဉ် ပြောစမ်းပါဆိုတော့ သံသယမရှိပဲနဲ့ တဏှာဖြတ်တဲ့ဝါဒ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါပြောပြီး သကာလ ဒဏ္ဍပါဏိကလည်း မောင်နိုင်ရ နားထောင်ပြီး ပြန်သွားတာပဲ (မှန်ပါ့)။

ဪ ဒီဝါဒကိုး ဒီအကျင့်ကိုးဆိုပြီး သကာလ ဒီလိုဟောလေ့ရှိသကိုးဆိုပြီး သကာလ ပြန်သွားတာပဲ (မှန် ပါ့)။

ပြန်သွားတော့ ကျောင်းပြန်ရောက်လာတဲ့အခါ ရဟန်းတစ်ပါးက အရှင်ဘုရား ဒီနေ့ ဘယ်ကြွပါတုံး ဘုရား၊ ငါ ဘယ်ကြွတယ်ကွာ၊ ဘာနဲ့တွေ့ပါသတုံး ဘုရာ့၊ ဒဏ္ဍပါဏိနဲ့ တွေ့သကွာ။ ဘာပြောခဲ့ပါသတုံး ၊ ငါဝါဒ နဲ့ အလုပ်စဉ် ပြောခဲ့တယ်ဟေ့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာပြောခဲ့သတုံး (ဝါဒနဲ့ အလုပ်စဉ် ပြောခဲ့ပါတယ် ဘုရား)။

ဝါဒနဲ့ အလုပ်စဉ် ပြောခဲ့တယ်ဆိုတဲ့ဥစ္စာ ပြောတော့ ဒါဖြင့် ဘုရားတပည့်တော်များ သိပါရစေတဲ့ ။

ဪ ငါ့ဝါဒဟာကွာ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ ၊ သံသယမရှိပဲနဲ့ ကိလေသာသတ်တဲ့ အလုပ် စဉ်ကွ (မှန်ပါ့)။

ဘယ်သူနဲ့မှ ရန်မဖြစ်တာ ငါ့ဝါဒ၊ သံသယတွေ သတ်ပြီး သကာလ ကိလေသာဖယ်ရှားတဲ့ အလုပ်ဟာ ငါ့အလုပ် စဉ်ကွ ဆိုတော့ ဦးဘရှင်း ဒီရဟန်းကလည်း ဗဟုသုတနည်းတော့ ဒီလောက်ကလေးနဲ့ သူ နားလည်ပါ့မလား (မလည်ပါ)။

မလည်ဘူးနော် (မှန်ပါ့)၊ မလည်တော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း ဒါကလေးပြောပြီး ကိုပေါ် ကျောင်းခန်းထဲ ကြွသွားတယ် (မှန်ပါ့)၊ အရှင်ဘုရား ဒါကလေး ဆက်ပြောပါဦးလို့ လိုက်တောင်းပန်လို့လည်း ရပါ့ မလား (မရပါ ဘုရား)။

မရတော့ တရားနာတဲ့ ရဟန်းကော, ဘေးက အပေါင်းအဖော်တွေကော သူတို့ စိတ်ကူးကြတယ်၊ ဪ ဘုရားကလည်း တရားကို တိုတိုဟောသွားတယ်၊ အကျယ်မဟောပဲနဲ့ အကျဉ်းပဲ ဟောသွားတယ်၊ ဝါဒလည်း ပြောသွား တယ်၊ အလုပ်စဉ်လည်း ပြောသွားတယ်၊ ဘယ်သူ့မေးရပါမတုံးလို့ သူတို့ လိုက်ရှာတော့ အရှင်မဟာကစ္စည်းကို သူတို့ သတိရတယ် (မှန်ပါ့)။

အရှင်မဟာကစ္စည်းက ဘုရားအကျဉ်းဟောတာကို သူချဲ့နိုင်တဲ့သတ္တိ ရှိတယ်၊ ဘုရားကလည်း သူ့ကို ချီးမွမ်း တယ် (မှန်ပါ့)၊ ဒီတော့ သူ့ဆီသွားကြစို့ဆိုပြီး အရှင်မဟာကစ္စည်းဆီ သွားကြတယ် (မှန်ပါ့)။

အရှင်မဟာကစ္စည်းထံ လျှောက်တယ်

သွားကြပြီး အရှင်မဟာကစ္စည်းထံ လျှောက်တယ်၊ အရှင်ဘုရား ဒဏ္ဍပါဏိဟောခဲ့တယ် တရား တပည့် တော်တို့ ဟောတာလည်း အင်မတန်မှ ကျဉ်းနေပါတတ်။

ဘာတုံးကွ ဘယ်လိုဟောသတုံး ဘုရားက တဲ့။

သူ့ဝါဒက ဘယ်သူနဲ့မှ မဆန့်ကျင်တဲ့ဝါဒလို့ ဟောပါတယ်။ သူ့မှာ သံသယမရှိပဲနဲ့ ကိလေသာကို သတ်တဲ့ အလုပ်ဟာ သူ့အလုပ်ပါပဲလို့လည်း ဟောတယ်၊ အဲဒါ တပည့်တော်တို့က ကျဉ်းလွန်းလို့ ဘာမှ နားမလည်ဘူးဆိုတော့ ဖြစ်ပျက်ရှုပါ၊ ဘယ်လိုလုပ်ပါဆိုတာ ဦးဘရှင်း ပါသေးလား (မပါပါ ဘုရား)။

မပါတော့ ရှေးကလည်း နားမလည်ဘူး (မှန်ပါ့)၊ ဒကာကြီးလှိုင် ရှေးကလည်း နားမလည်ဘူး (မှန်ပါ့)။

ဪ မင်းတို့ကလည်းကွာ အနှစ်ရှိတဲ့သစ်ပင်ဆီက အနှစ်မရှိတဲ့ သစ်ပင်ဆီလာပြီး အနှစ်တောင်းသလို ဖြစ်နေပါပေါ့လားလို့ အရှင်မဟာကစ္စည်းက ပြောလိုက်တယ် (မှန်ပါ့)။

ဘုရားက အနှစ်ရှိတာကိုး (မှန်ပါ့)၊ သူတို့က ဘုရားနှင့်စာတော့ အနှစ်က ဒီလောက်ပြည့်စုံတာမဟုတ်တော့ မဟုတ်ပါဘူး ဘုရားတဲ့၊ အနှစ်ရှိတဲ့ဆီက အနှစ်မရှိတဲ့ဆီ လာပြီး သကာလ တရားတောင်းတယ်လို့ ဒီလိုအယူမရှိပါနဲ့၊ အရှင်ဘုရားကို ဘုရားကလည်း ချီးမွမ်းပါတယ်၊ ဘုရားအကျဉ်းဟောထားလို့ရှိရင် အရှင်ဘုရား ချဲ့နိုင်တယ်ဆိုတဲ့ဥစ္စာ သတင်းက အင်မတန်မွှေးပါတယ်၊ ဒါ့ကြောင့် တပည့်တော်များ လာရပါတယ်ဆိုတော့ မင်းတို့ တကယ်နာချင် သလား တဲ့၊ တကယ်နာချင်ပါတယ်ဆိုတော့ ဒါဖြင့် ငါ့သစ္စာဟောမယ်ဆိုပြီး သစ္စာဟောတာပဲ (မှန်ပါ့)။

ကဲ ဒကာ ဒကာမတို့ သူဟောတဲ့သစ္စာ ဒီလိုမှတ်ကြပေတော့နော် (မှန်ပါ့)၊ ခင်ဗျားတို့ အလုပ်စဉ်ပေး တော့မယ်။

အလုပ်စဉ် ပေးတော့မယ်

အလုပ်စဉ် ပေးတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ မြင်စိတ်ကလေးပေါ်တယ်တဲ့နော် (မှန်ပါ့)။

အဆင်းကြည့်တော့ မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ လူသေမှာပေါ်သလား- လူရှင်မှာ ပေါ်သလား (လူရှင်မှာ ပေါ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် လူရှင်ဖြင့် မျက်လုံးရုပ်ကလေးကလည်း ပသာဒရုပ်ကလေးကလည်း ကြည့်သေးလို့ ဟိုဘက် က အဆင်းကလည်းရှိလို့ပေါ့ မောင်နိုင်ရာ (မှန်ပါ့)။

ဒါဖြင့် ဒီက မျက်လုံးအကြည်ရုပ်နဲ့ ဟိုက အဆင်းနဲ့ နှစ်ခုတိုက်တဲ့အခါကျတော့ ကြားထဲမှာ မျက်လုံးအကြည် ပေါ်မှာ မြင်တဲ့စိတ်ကလေး ဖြတ်ခနဲပေါ်တယ် (မှန်ပါ့)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် အဆင်းနဲ့ မျက်လုံးအကြည်နဲ့ ပေါင်းပြီးတော့ ကြားထဲမှာ အလယ်မှာ ဘာပေါ်သတုံး (မြင်စိတ်ပေါ်ပါ တယ် ဘုရား)။

မြင်စိတ်ပေါ်တယ်ဆိုတာ ဘုန်းကြီး ခဏခဏဟောတယ် (မှန်ပါ့)၊ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ ဆိုတဲ့ဥစ္စာ ပေါ်သွားပြီဆိုကြပါစို့ (မှန်ပါ့)။

မြင်စိတ်ကလေး မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား)၊ စက္ခုဝိညာဏံဆိုတာ မြင်စိတ်ပါပဲ။

အဲဒီတော့ ဒကာ ဒကာမတွေ ဘယ်အခါမြင်မြင် ဪ ဒီနှစ်ကြောင်းကြောင့် မြင်စိတ်ကလေးပေါ်တာ ကို မှတ်လိုက်တာပေါ့ (မှန်ပါ့)။

အဲဒီ့မြင်တော့ကိုတဲ့ ဒါထားပါဦးကွာတဲ့၊ မြင်ပြီး သကာလ ဘာလုပ်ကြသတုံးဆိုတော့ မြင်ပြီး သကာလ တွေ့တယ်ကွာ တဲ့ ဖဿဖြစ်ပါတယ်၊ မတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

ကျုပ်မျက်လုံးထဲ တွေ့တယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဖဿပစ္စယာ ဝေဒနာလာပါတယ်ကွာ တဲ့နော် (မှန်ပါ့)။

ဖဿပစ္စယာ (ဝေဒနာလာပါတယ် ဘုရား)။

ခုနက တိဏ္ဏံ သင်္ဂတိဖဿော၊ ဖဿပစ္စယာ (ဝေဒနာပါ ဘုရား)။

ဝေဒနာလာပြီး သကာလ ဝေဒနာတင် ခံစားတာမဟုတ်ဘူး မှတ်သေးတယ်ကွာတဲ့၊ ဒါကလေးဟာ နီလာပဲ၊ ဒါကလေးဟာ ကောင်းတယ်ဆိုတဲ့ ဒီကျောက်ကလေးဟာ ကောင်းတယ်ဆိုတဲ့ ဝေဒနာက အရင်လာတယ် (မှန်ပါ့)၊ ပြီးတော့ အနီကောင်းကလေးဟေ့၊ အပြာကောင်းကလေးဟေ့ဆိုတဲ့ သညာနောက်က လိုက်လာတယ် (မှန်ပါ့)၊ မလိုက် လာဘူးလား (လိုက်လာပါတယ် ဘုရား)။

အဲဒီလိုက်လာပြီးတော့မှ ဒကာ ဒကာမတွေက အင်း ဘယ်လိုတယ်ရမယ်၊ ချွန်းဘယ်ဘက်ထားရမယ် ဟုတ်လား၊ အစရှိသည်နဲ့ အမျိုးမျိုးအဖုံဖုံ မကြံကြဘူးလား (ကြံပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ မြင်ပြီးတော့ တွေ့တယ်၊ တွေ့ပြီးတော့ ခံစားတယ်၊ ခံစားပြီး သကာလ မှတ်တယ်၊ မှတ်ပြီး သကာလ မှ ကြံတာကိုး (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒါကေလးမှတ်ထားစမ်းပါ ဒကာ ဒကာမတို့။

အဆင်းနဲ့ မျက်လုံးအကြည်နဲ့ တိုက်ပြီးတော့ ကျောက်ကလေးမြင်စိတ် မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)၊ အဆင်းဟာ ကျောက်ပဲနော် ။

အဲဒီ့အဆင်းပေါ်လာပြီး သူတို့သုံးခု ပေါင်းမိတဲ့အခါ ဖဿမလာဘူးလား (လာပါတယ် ဘုရား)၊ တွေ့ထိတဲ့ ဖဿ လာပါတယ်၊ ဒါကလေးဖြင့် တွေ့ပြီး ကျောက်ကလေးတွေ့ပြီဆိုတာ လာပါတယ် (မှန်ပါ့)။

လာပြီး သကာလ ကောင်းလိုက်တာဟေ့ မကောင်းရင်လည်း မကောင်းဘူးဟေ့ဆိုတဲ့ ဝေဒနာ မလာဘူးလား (လာပါတယ် ဘုရား)။

ဝေဒနာလာပြီး သကာလ ဒီဥစ္စာကလေးကိုဖြင့် တဲ့၊ သညာကလည်း မှတ်ပါတယ်၊ မမှတ်သေးဘူးလား (မှတ်ပါတယ် ဘုရား)။

ခံစားတဲ့ဝေဒနာကို ဒါ အနီကောင်းကလေးလို့မှတ် အပြာကောင်းကလေးလို့ မှတ်တဲ့ သဘောမလာဘူးလား (လာပါတယ် ဘုရား)။

ပြီးတော့မှ ဒါကလေး ထောင်ကြည့်ပြီး သကာလ ကြံလုံးလာတယ်ကွာတဲ့ (မှန်ပါ့)၊ မလာလား (လာပါတယ် ဘုရား)။

တဏှာ, မာန, ဒိဋ္ဌိလာတယ်

ကြံလုံးလာပါတယ်တဲ့၊ ကြံပြီး သကာလ အကြံတည့်တဲ့အခါကျတော့မှ တဏှာ, မာန, ဒိဋ္ဌိလာတယ် (မှန်ပါ့)။

မောင်နိုင် အကြံတည့်သွားတော့ (တဏှာ, မာန, ဒိဋ္ဌိလာပါတယ်)၊ မကြံပဲနဲ့ ဝယ်တဲ့ ပုဂ္ဂိုလ်များ ရှိပါ့မလား (မရှိပါ ဘုရား)၊ အဲဒါ ကျောက်ကုန်သည် ဟောနေတယ်လို့ မယူနဲ့၊ ဘုရားဟောစဉ် (မှန်ပါ့)။

ပထမရှေးဦးစွာ ကျောက်ကလေးနဲ့ မျက်လုံးအကြည်နဲ့ တွေ့တဲ့အခါ ကျောက်မြင်တဲ့ စိတ်ကလေးပေါ်တယ်၊ မြင်ပြီးတွေ့တယ်၊ တွေ့ပြီးခံစားတယ်၊ ခံစားပြီးတော့ မှတ်တယ်၊ မှတ်ပြီး သကာလ မှ ကြံလုံးမထုတ်ဘူးလား (ထုတ်ပါ တယ်)။

ကြံလုံးထုတ်ပြီးတော့မှ ဝယ်မယ်-မဝယ်မယ်ဆိုတဲ့ ဝယ်ချင်တဲ့စိတ် တဏှာရင်လည်း လာလိမ့်မယ်၊ ဒါကလေး ငါကြိုက်တယ်ဆိုတော့ ဒိဋ္ဌိကော (လာပါတယ်)၊ သဘောကျပလား (မှန်ပါ့)။

အဲဒီတော့ ဒီကျောက်မျိုးဟာ ငါပဲဝယ်နိုင်တယ်ဆိုတဲ့ မာနကကော (လာပါတယ် ဘုရား)။

ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိ တစ်ခုခုတော့ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့်တဲ့ တဏှာ, မာန, ဒိဋ္ဌိ လိုက်လာတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိ ပဋိစ္စသမုပ္ပါဒ် မတန်းသေးဘူးလား (တန်းပါတယ် ဘုရား)။

အဲဒီတော့ကို ပထမ ဒကာ ဒကာမတွေ ဒီလိုမှတ်ရမယ်တဲ့၊ ဒီကျအောင်တန်းသွားတော့ ကျုပ်တို့သည် ပစ္စုပ္ပန် ဘဝက အနာဂတ်ဘဝကျအောင်ပဲ အကျိုးအကြောင်း မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)၊ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

မကောင်းတော့ဘူး ပပဉ္စလိုက်လာပြီ (မှန်ပါ့)၊ ပပဉ္စလိုက်လာတော့ ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။

ကြံပြီးတော့ ဘာလိုက်သတုံး မောင်နိုင် (ပပဉ္စလိုက်ပါတယ် ဘုရား)၊ တဏှာ, မာန, ဒိဋ္ဌိဆိုတဲ့ ပပဉ္စမလိုက် ဘူးလား (လိုက်ပါတယ် ဘုရား)။

အကြံသာတည့်သွားလို့ရှိရင် တဏှာက ဝယ်မယ်၊ မလာဘူးလား (လာပါတယ် ဘုရား)။

ဒိဋ္ဌိကလည်း ဒါကလေးဟာတော့ ငါ့မှာ အစပ်ရှိတယ်၊ ငါ့အစပ်နဲ့ အတော်ပဲဆိုတော့ ငါကလေးဟာကလည်း သွင်းလာတယ် (မှန်ပါ့)၊ ဒိဋ္ဌိကော မလာဘူးလား (လာပါတယ် ဘုရား)။

မာနကလည်း ဒီဥစ္စာတော့ ဒီအဖိုးတော့ဖြင့် သူများမမီအောင်ပဲ ပေးမှပဲ ရမှာပဲဆိုပြီး မာနကလေး နည်း နည်းကလေး ကူပေးလိုက်တယ် (မှန်ပါ့)၊ တစ်ခုခုတော့ လာရမယ်ဗျာ၊ မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် တဏှာ, မာန, ဒိဋ္ဌိ တစ်ခုခုမလာဘူးလား (လာပါတယ် ဘုရား)၊ ဒါဖြင့် ကြံပြီးမှလာတာ၊ ရှင်းကြပလား (ရှင်းပါပြီ)။

သံသရာမဆက်သေးဘူးလား

အဲဒီလိုဆိုလို့ရှိရင် မောင်နိုင် သံသရာမဆက်သေးဘူးလား ဆက်သလား (ဆက်ပါတယ် ဘုရား)။

ဆက်သွားပြီဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)၊ အဲဒီတော့ကွာတဲ့၊ ငါက တဏှာဖြစ်တဲ့ ဝါဒဆိုသော ကြောင့်တဲ့ မင်းတို့ကို ငါသစ္စာပြောမယ်တဲ့၊ ဟော အဆင်းရုပ်ကလေး ကျောက်အဆင်း ရုပ်ကလေးဟာလည်း ဒုက္ခသစ္စာပဲ၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မြင်စိတ်ကလေးဟာကော (ဒုက္ခသစ္စာပါပဲ)၊ အကြည်ရုပ်ကလေးဟာကော (ဒုက္ခသစ္စာပါပဲ)၊ အဲဒါ ကြိုက်ရာ တစ်ခုခုကို ဒကာ ဒကာမတွေကတဲ့ ပပဉ္စမလာခင် ဖြစ်ပျက်ရှုပါ (မှန်ပါ့ ဘုရား)။

ပပဉ္စမလာခင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ဒါဖြင့် ဖြစ်ပျက်ရှုလိုက်တော့ကိုတဲ့ ပပဉ္စမသိမ်းဘူးလား (သိမ်းသွား ပါတယ် ဘုရား)။

ပပဉ္စသိမ်းတယ်နော် (မှန်ပါ့)၊ ပပဉ္စသိမ်းတယ်ဆိုတော့ တဏှာသိမ်း, မာနသိမ်း, ဒိဋ္ဌိသိမ်း မကျဘူးလား (ကျပါတယ် ဘုရား)။

ဒါဖြင့် သူတို့သုံးခုကမှ သံသရာချဲ့တာကို ကျုပ်တို့က ဒီမြင်စိတ်ကလေးကြိုက်လို့ မြင်စိတ်ဖြစ်ပျက် ရှုလိုက် တယ်၊ အဆင်းကြိုက်လို့ အဆင်းဖြစ်ပျက် ရှုလိုက်တယ်၊ တည့်တာရှုပေါ့ဗျာ (မှန်ပါ့)။

အဆင်းရှုလို့ရှိရင် ကာယာနုပဿနာ၊ မြင်စိတ်ရှုလို့ရှိရင် စိတ္တာနုပဿနာ၊ အကြည်ရုပ်ကလေး ရှုလို့ရှိရင် လည်း ကာယာနုပဿနာသတိပဋ္ဌာန် ရုပ်ရှုတာပဲ (မှန်ပါ့)၊ ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။

အဲဒါ တစ်ခုခုကို ဒကာ ဒကာမတွေက ဘုန်းကြီးကတော့ ဒီနှစ်မှာ စိတ္တနုပဿနာကို မှန်မှန်ကြီးပြောနေတဲ့ အတွက် စိတ်သာရှု (မှန်ပါ့)၊ မြင်စိတ်ဖြစ်ပျက် ရှုလိုက်တော့ တဏှာ မာနဒိဋ္ဌိ ဘယ့်နှယ်နေသလဲ (မလာပါ ဘုရား)၊ မလာတာတော့ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ တဏှာ မာန ဒိဋ္ဌိ မလာတော့ ဪ ငါသည် နောက် ဘာများ ဘယ့်နှယ်ဟာများ ဖြစ်ဦး မှာပါလိမ့်မတုံးဆိုတဲ့ ဝိစိကိစ္ဆာ လာသေးလား (မလာပါ ဘုရား)။

ဝိစိကိစ္ဆာ သတ်တယ်

ဟော ဝိစိကိစ္ဆာ သတ်တယ်၊ ဝိစိကိစ္ဆာ မသတ်ဘူးလား (သတ်ပါတယ် ဘုရား)။

ပပဉ္စမှ မလာပဲ ကိုဝရ ဝိစိကိစ္ဆာ လာသေးရဲ့လား (မလာပါ ဘုရား)။

ငါ နောက်ဘဝ ဘာများဖြစ်မှာပါလိမ့်မတုံး ၊ အို ဒီမြင်စိတ်ကလေးဟာ ဖြစ်ပျက် ဒုက္ခသစ္စာ၊ ရှုတာ က မဂ္ဂသစ္စာလို့ ခင်ဗျားတို့သန္တာန်မှာ ပေါ်လေသရွေ့ ဒုက္ခသစ္စာကိုး (မှန်ပါ့)။

ဖြစ်ပျက်ဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒါဖြင့် ကိစ္စဉာဏ်နဲ့ ရှုလိုက် (မှန်ပါ့)။

ကိစ္စဉာဏ်နဲ့ ပွားပေးလိုက်၊ မြင်စိတ်ပေါ်တိုင်း, ပေါ်တိုင်းရှု၊ ကြားစိတ်ပေါ်တိုင်း ပေါ်တိုင်း (ရှုရပါမယ်)၊ အဲ တစ်နေ့က သင်တဲ့အတိုင်းပေါ့ဗျာ (မှန်ပါ့)။

အဲဒါတွေ ရှုပေးလိုက်တော့ ဘာဉာဏ်နဲ့ ရှုနေတာတုံး မောင်နိုင် (ကိစ္စဉာဏ်နဲ့ ရှုနေတာပါ)၊ ကိစ္စဉာဏ် နဲ့ ရှုနေတယ်၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကိစ္စဉာဏ်နဲ့ ရှုပြီး နေလိုက်တော့ ခုနက ကြံတုံးတို့, ပပဉ္စတို့ ဦးဘရှင်း လာသေးသလား (မလာပါ ဘုရား)။

မလာတော့ ငါ့ဝါဒဟာ တဏှာဖြတ်တဲ့ဝါဒဆိုတာကော သေချာပလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီတဏှာသည် အခု ဖြစ်ပျက်ရှုလိုက်ပါတယ်။ စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တော့ ခုနက တဏှာလည်း မလာ၊ မာနလည်း မလာ၊ ဒိဋ္ဌိလည်း မလာဆိုတော့ ကိုဝ ဒါ သေချာသွားပြီ (မှန်ပါ့)၊ ပပဉ္စ မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ပပဉ္စပြတ်တယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကော (ပြတ်ပါတယ်)၊ ဒီပပဉ္စက ချဲ့လို့ ပဋိစ္စသမုပ္ပါဒ် ဖြစ်ရတယ် (မှန် ပါ့)။

သေသေချာချာ မှတ်စမ်းပါ၊ ပဋိစ္စသမုပ္ပါဒ် ရှည်တန်းထွက်တာသည် ဘယ်သူက တန်းအောင်လုပ်တာတုံး (ပပဉ္စကလုပ်တာပါ ဘုရား)။

တဏှာ, မာန, ဒိဋ္ဌိ ဤသုံးခုက တန်းအောင်လုပ်တာ နှစ်ဘဝဆက်အောင် မောင်နိုင် မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

ဘဝများစွာဆက်အောင် ဘယ်သူက လုပ်ပါလိမ့်

ဘဝများစွာဆက်အောင် ဘယ်သူက လုပ်ပါလိမ့် (တဏှာ, မာန, ဒိဋ္ဌိက လုပ်ပါတယ်ဘုရား)။

အေး ပပဉ္စက လုပ်တယ်၊ ချုံးခေါ်တော့ ပပဉ္စ၊ ရှင်းပလား (မှန်ပါ့)၊ အခု လာသေးရဲ့လား (မလာပါ ဘုရား)။

မလာတော့ကိုတဲ့ ဒကာ ဒကာမတွေ ဒီတဏှာ, ဒီမာန, ဒီဒိဋ္ဌိဟာတဲ့ ဘယ်နားမှာ သေပါလိမ့်မတုံးလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ဟော ဒကာ ဒကာမတို့ ကျုပ်တို့က ကိစ္စဉာဏ်နဲ့ ဖြစ်ပျက်ဆိုတဲ့ မြင်စိတ်ကလေးကို ဖြစ်ပျက်ရှုလိုက်တော့ အဲဒီနေရာနားမှာ မဂ်က သတ်ပစ်လိုက်တယ် (မှန်ပါ့)။

မြင်စိတ်တည်းဟူသော ချည်တိုင်နားမှာ မဂ်က ဒီတဏှာ, မာန, ဒိဋ္ဌိ သတ်ပစ်လိုက်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မြင်စိတ်တည်းဟူသော ချည်တိုင်နားမှာ (မဂ်က သတ်ပစ်လိုက်ပါတယ်)၊ မဂ်က သတ်လိုက်တယ်။ ဘယ်သူ့ သတ်လိုက်ပါလိမ့် (တဏှာ, မာန, ဒိဋ္ဌိ သတ်လိုက်ပါတယ် ဘုရား)။

အဲ ဒါကြောင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ စိတ်ခြေရင်းမှာ တဏှာ, မာန, ဒိဋ္ဌိ သေရတယ် (မှန်ပါ့)၊ ဘယ်သူက သေအောင်လုပ်ပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့မှ ဒကာ ဒကာမတွေ မှတ်ထားလိုက်စမ်းပါတဲ့ ဘယ်သူ က သေအောင် လုပ်သတုံးဆိုတော့ ကိစ္စဉာဏ်က သတ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ဖြစ်ပျက်ကို သိတဲ့ ကိစ္စဉာဏ်က ဘာတုံး (သတ်ပစ်လိုက်ပါတယ် ဘုရား)၊ အဲ ဖြစ်ပျက်ကို သိလို့ ကိစ္စ ဉာဏ်က သတ်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကြားစိတ်ကလေးလာလည်း ခုနက ပပဉ္စ မလာရအောင် ကြားစိတ်ကလေး ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရပါမယ် ဘုရား)၊ ဖြစ်ပျက်ရှုတော့ ဘာဉာဏ်ရသလဲ (ကိစ္စဉာဏ်ရပါတယ်)၊ ကိစ္စဉာဏ် ရတယ်နော် (မှန်ပါ့)။

ကိစ္စဉာဏ် ရတယ်တဲ့၊ ကိစ္စဉာဏ်ဆိုတာ ဪ ဘာဉာဏ်ပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ပိဠနဋ္ဌော, သင်္ခတ ဋ္ဌော, သန္တာပဋ္ဌော ဝိပရိဏာမဋ္ဌော ၊ ဝိပရိဏာမဋ္ဌောဆိုတာ ဪ ဖောက်ပြန် ပျက်စီးသွားတာပဲကိုး လို့ မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)။

မြင်စိတ်ကလေးဟာလေ (မှန်ပါ့)၊ ကြားစိတ်ကလေးကော (ဒီအတိုင်း ပျက်စီးပါတယ်)၊ ဒီအတိုင်းပဲ ဖောက် ပြန် ပျက်စီးတာပဲ (မှန်ပါ့)၊ ဒါ ကိစ္စဉာဏ်ပဲ (မှန်ပါ့)။

မဖောက်ပြန်ပဲနဲ့ ပျက်စီးတာ ဟုတ်ရဲ့လား (မဟုတ်ပါ ဘုရား)၊ ဖြစ်လည်းဖြစ်တယ်။ ဖြစ်ပြီးလည်း ချုပ်သွား တယ် (မှန်ပါ့)၊ မချုပ်ဘူးလား (ချုပ်သွားပါတယ် ဘုရား)။

ကိစ္စဉာဏ်ရတယ်

အဲဒီတော့ ဖောက်ပြန်ပျက်စီးတဲ့ ဒါကလေး သိလိုက်တဲ့အတွက် ကိုဝ ဘယ်ဉာဏ်ရသတုံး (ကိစ္စဉာဏ် ရပါတယ် ဘုရား)။

ကြည့် ဟို ပါဠိတော် သွားကြည့်လိုက်၊ ပိဠနဋ္ဌော, သင်္ခတဋ္ဌော, သန္တာပဋ္ဌော, ဝိပရိဏာမဋ္ဌော ကိစ္စမှာလာတယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ ဝိပရိဏာမ ဖောက်ပြန်မသွားသေးဘူးလား (ဖောက် ပြန်ပါတယ် ဘုရား)။

ဒါဖြင့် ဖောက်ပြန်သွားတာကို ဉာဏ်က မသိလိုက်ဘူးလား (သိလိုက်ပါတယ် ဘုရား)။

အင်း ခုနက အရှင်ကလေး၊ အခု အသေဖြစ်ပြီ မရှိဘူး (မှန်ပါ့)၊ ကိုဝ ကျေနပ်ပြီ (ကျေနပ်ပါပြီ ဘုရား)။

ဒါဖြင့် ဒါ ဘာဉာဏ်နဲ့ ကြည့်လိုက်တာပါလိမ့် (ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တာပါ ဘုရား)။

ဒါဖြင့် ကိစ္စဉာဏ်နဲ့ ခင်ဗျားတို့စိတ်တွေ လာတိုင်း, လာတိုင်း မြင်စိတ်လာလာ ကြားစိတ်လာလာ ဝမ်းထဲလောဘစိတ်လာလာ ဒေါသစိတ်လာလာ မောဟစိတ်လာလာ မောင်နိုင်က ကိစ္စဉာဏ်နဲ့ရှု (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကိစ္စဉာဏ်ဆိုတဲ့ မဂ္ဂသစ္စာ

ဪ ဖောက်ပြန်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲ ဖောက်ပြန်တာ သိတာက ဘာပါ လိမ့် (ကိစ္စဉာဏ်ပါ ဘုရား)၊ ကိစ္စဉာဏ်ဆိုတဲ့ မဂ္ဂသစ္စာ (မှန်ပါ့)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကိစ္စဉာဏ်ဆိုတဲ့ (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာဆိုတော့ ဒကာ ဒကာမတွေ ပပဉ္စသေ-မသေ (သေပါတယ် ဘုရား)၊ ဒါဖြင့် ပပဉ္စသေတာသည် ဒကာ ဒကာမတို့ ပပဉ္စဆိုတာက သူ့နာမည်ရင်းက ပပဉ္စလို့ ပြောတာဟာ ကိုဝ ချဲ့လို့ပြောတာ (မှန်ပါ့)။

ဘာတွေချဲ့သတုံးလို့ မေးတဲ့အခါ တဏှာလာရင်လည်း ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ ချဲ့မှာပဲ (မှန်ပါ့)၊ မာနလာရင်လည်း မာန ကာမုပါဒါန်နဲ့ တစ်ခါတည်း ကံနဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဇာတိ ဇရာ မရဏကျအောင် မချဲ့ပေဘူးလား (ချဲ့ပါတယ် ဘုရား)၊ ဒိဋ္ဌိကလည်း ဒိဋ္ဌိ ဒိဋ္ဌု ပါဒါန် ဒိဋ္ဌိ အုပ်ချုပ်တဲ့ ကံနဲ့စပြီးသ ကာလ ကမ္မဘဝပစ္စယာ ဇာတိ ဇရာ မရဏ မချဲ့ပေဘူးလား (ချဲ့ပါတယ် ဘုရား)။

အင်း ဒါဟာ သူတို့ ပပဉ္စဟာ ပဋိစ္စသမုပ္ပါဒ်သုံးမျိုး မထွက်ဘူးလား (ထွက်ပါတယ် ဘုရား)။

အဲဒီ့ပဋိစ္စသမုပ္ပါဒ် သုံးမျိုးကို မဂ္ဂသစ္စာက မောင်နိုင် ဖြတ် မဖြတ် (ဖြတ်ပါတယ် ဘုရား)၊ ဒါဖြင့် ငါသည် တဏှာဖြတ်တဲ့ ဝါဒဆိုတာ မမှန်သေးဘူးလား (မှန်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ဒီလိုဖြတ်တဲ့ဝါဒကို ခင်ဗျားတို့က လိုက်မယ်ဆိုတော့ ပပဉ္စသေ မသေ (သေပါ တယ် ဘုရား)။

ပပဉ္စသေတယ်ဆိုတာ

ဒါဖြင့် ပပဉ္စသေတယ်ဆိုတာသည် ပဋိစ္စသမုပ္ပါဒ် ပြတ်တာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ပပဉ္စသေတာ ဘာခေါ်မယ် (ပဋိစ္စသမုပ္ပါဒ် ပြတ်တာပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်တာပဲဆိုတော့ ဘယ်သူ့ ပဋိစ္စသမုပ္ပါဒ် ပြတ်တာပါလိမ့် (ကိုယ့် ပဋိစ္စသမုပ္ပါဒ် ပြတ်တာပါ ဘုရား)၊ ကိစ္စဉာဏ်ရတဲ့ပုဂ္ဂိုလ်၏ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်ပုဂ္ဂိုလ်မှာ ပြတ်ပါလိမ့် (ကိစ္စဉာဏ်ရတဲ့ပုဂ္ဂိုလ်မှာ ပြတ်ပါတယ်ဘုရား)၊ ခုနက ဖြစ်ပျက်ကို ဝိပရိဏာမ ကိစ္စကို သိလိုက်တာကိုး (မှန်ပါ့)။

ဪ ကိုယ့်ခန္ဓာထဲ ဘယ်စိတ်တွေဖြစ်ဖြစ် ဖောက်ပြန်တဲ့ကိစ္စပဲ ရှိသကိုးဆိုတာ ဉာဏ်ကလေးနဲ့ မသိဘူးလား (သိပါတယ် ဘုရား)၊ အဲဒီတော့ ဒီဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကိစ္စဉာဏ်ပါ ဘုရား)။

အဲဒီ့ ကိစ္စဉာဏ်နဲ့ ဒကာ ဒကာမတွေက ဘယ်စိတ်ပေါ်လာလာ ဖောက်ပြန်ပျက်စီးပြန်ပြီ၊ ဘယ်စိတ်ပေါ်လာ လာ ဖောက်ပြန်ပျက်စီးပြန်ပြီလို့ သိတဲ့ဉာဏ် ဘာဉာဏ်တုံး (ကိစ္စဉာဏ်ပါ ဘုရား)။

ရှေ့က ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က (မဂ္ဂသစ္စာပါ ဘုရား)၊ မဂ္ဂသစ္စာကိစ္စဉာဏ်၊ သဘော ပါရဲ့လား (ပါပါပြီ)။

အဲဒီလိုချည်း ဒကာ ဒကာမတွေက ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ပပဉ္စတွေ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စဆိုတာ ဘာပါလိမ့်မတုံး မေးတဲ့အခါကျတော့ သံသရာကို အိုဘေး, နာဘေး, သေဘေးတွေ ပွား အောင် အပါယ်ဘေးတွေကို မရောက်ရောက်အောင် ပို့တဲ့တရားလို့ ဆိုလို့ရှိရင် လွဲပါ့မလား (မလွဲပါ ဘုရား)၊ ဒါဖြင့် ပပဉ္စ ချုပ်-မချုပ် (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ဘုရားက ဟောပြန်တယ် ကိုဝ သေသေချာချာ မှတ်စမ်း (မှန်ပါ့)၊ ငါဘုရားသည်ကားလို့ ဆိုလို့ ရှိရင်ဖြင့် ပပဉ္စ နိရောဓော နိဗ္ဗာနံလို့ ငါဟောတယ်ကွာ တဲ့ (မှန်ပါ့)။

မောင်နိုင် ဘာတဲ့ (ပပဉ္စ နိရောဓော နိဗ္ဗာနံပါ ဘုရား)၊ နောက်က ဒကာ ဒကာမတွေ ဘာတဲ့ (ပပဉ္စ နိရောဓောနိဗ္ဗာနံပါ ဘုရား)။

နိပ္ပပဉ္စဆိုတာ အဲဒီ့ချုပ်တဲ့နေရာ နိဗ္ဗာန်

ငါဟာ နိပ္ပပဉ္စကွ တဲ့၊ နိပ္ပပဉ္စဆိုတာ ငါဟောတဲ့ ဒီသုံးခုချုပ်သွားလို့ရှိရင် အဲဒီ့ချုပ်တဲ့နေရာ နိဗ္ဗာန် လို့ ငါဟောတယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ခုနက ပပဉ္စမလာတော့ နိပ္ပပဉ္စဖြစ်တာပေါ့ (မှန်ပါ့)၊ နိပ္ပပဉ္စဆိုတဲ့ဥစ္စာ ငါ စာလို သုံး တာပါကွာတဲ့ နိဗ္ဗာန်ကို ဆိုတာပါ (မှန်ပါ့)။

ကိုပေါ် ဘာတဲ့ (နိဗ္ဗာန်ကို ဆိုတာပါ)၊ နိပ္ပပဉ္စဆိုတော့ ပပဉ္စရှိနေရင် ပပဉ္စ (မှန်ပါ့)၊ ပပဉ္စမရှိလို့ရှိရင် နိပ္ပပဉ္စ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

နိပ္ပပဉ္စဆိုတာ ဘာပါလိမ့် (နိဗ္ဗာန်ပါ ဘုရား)၊ နိဗ္ဗာန်ပဲတဲ့ ပပဉ္စရှိတာကို ဆိုတယ် (မှန်ပါ့)၊ ပပဉ္စမရှိတာကို ဒကာ ဒကာမတွေ ဘာခေါ်ကြမယ် (နိဗ္ဗာန်လို့ ခေါ်ပါတယ်ဘုရား)။

ဒါဖြင့် နိဗ္ဗာန်ကို ဒကာ ဒကာမတွေသည် ဆုတောင်းလို့ရတာလား ကိစ္စဉာဏ်ကြောင့် ရတာလား (ကိစ္စဉာဏ်ကြောင့် ရတာပါဘုရား)၊ ကဲ ပပဉ္စချုပ်တာ ဒကာ ဒကာမတွေ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ဘယ်သူ့ကြောင့်ရပါလိမ့် (ကိစ္စဉာဏ်ကြောင့် ရပါတယ်ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ စိတ်တွေလာတိုင်း, လာတိုင်း ဘယ်စိတ်လာလာ ခင်ဗျားတို့ စိတ္တာနုပဿနာ ရှုပေးလိုက် တာပေါ့ (မှန်ပါ့)။

ရှုတော့ အရှုခံရတာက ဒုက္ခသစ္စာ မောင်နိုင် (မှန်ပါ့)၊ ရှုတဲ့ဉာဏ်က ကိစ္စဉာဏ် မဂ္ဂသစ္စာ (မှန်ပါ့)၊ မဖြစ်သေး ဘူးလား (ဖြစ်ပါပြီ)၊ သေတာက နိပ္ပပဉ္စ၊ ပပဉ္စမလာတော့ဘူး (မှန်ပါ့)။

ဒါဖြင့် ပပဉ္စနိရောဓော နိဗ္ဗာနံ လို့ ဆိုချင်လည်းဆို၊ နိပ္ပပဉ္စော နိဗ္ဗာနံလို့လည်း ဆိုချင်ဆိုပါတဲ့၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

နိပ္ပပဉ္စဆိုတဲ့ ပပဉ္စ မလာသောကြောင့်လည်း ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်း

ဒါဖြင့် နိဗ္ဗာန်သည် ကိုပေါ်တို့ ကိုဝတို့က စဉ်းစား တဲ့ နိဗ္ဗာန်သည်ကားလို့ဆိုရင် ဒကာ ဒကာမတို့ ဪ အလုပ်လုပ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခုပါကလား (မှန်ပါ့)။

ဘယ်လိုဆိုကြမယ် (အလုပ်လုပ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခုပါ ဘုရား)။

အလုပ်လုပ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခု၊ ပါးစပ်နဲ့ လိုချင်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်းတစ်ခု မဟုတ်ဘူး (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဘယ်သူမှ ပေးလို့ရတဲ့ ပစ္စည်းတစ်ခုလည်း (မဟုတ်ပါ ဘုရား)၊ သူများ ပေးလို့ရတဲ့ပစ္စည်းလည်း မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား)၊ သဘောပါပလား (ပါပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် တရားနာလို့ ရတဲ့ပစ္စည်းကော (မဟုတ်ပါ ဘုရား)၊ အလုပ်လုပ်လို့ရတယ် (မှန်ပါ့)၊ သဘောကျ ပလား (ကျပါတယ် ဘုရား)။

တရားပေးလို့ ရတဲ့ပစ္စည်းကော (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘူးတဲ့၊ ဘုရားက နည်းပေးတာပဲရှိတယ်၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် အမျှပေးလို့ ရတဲ့ပစ္စည်းကော (မဟုတ်ပါ ဘုရား)။

ခင်ဗျားတို့ အမျှဗျို့ အမျှဆိုတော့ တစ်ဝက်ပေးတာတွေ ဒါန, သီလတွေကျတော့ ရပါတယ် (မှန်ပါ့)။

ဒကာကြီးလှိုင် ရတယ်နော် (ရပါတယ်)၊ ဒီဟာကျတော့ ဘယ့်နှယ်တုံး (မရပါ)၊ ပပဉ္စချုပ်အောင်ဆိုတော့ ကိုယ့်ကိစ္စဉာဏ်နဲ့ ကိုယ်လုပ်ရလိမ့်မယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုလုပ်ရမှာတုံး (ကိုယ်ကိစ္စဉာဏ်နဲ့ ကိုယ်လုပ်ရပါမယ်)၊ ကိုယ့်ကိစ္စဉာဏ်နဲ့ ကိုယ်လုပ် တော့ ခုနက ပပဉ္စတွေ ဘယ့်နှယ်နေသတုံး (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် ပပဉ္စနိရောဓောကို ဘယ့်နှယ်ဆိုမလဲ (နိဗ္ဗာနံပါ)၊ နိပ္ပပဉ္စောတိ နိဗ္ဗာနံ (မှန်ပါ့)။

ဒါဖြင့် နိဗ္ဗာန်ဟာ အင်း ဘာပါလိမ့်မတုံး မေးတဲ့အခါ ပပဉ္စ မလာတာ နိဗ္ဗာန်ပဲ (မှန်ပါ့)၊ ဒကာ ကြီးလှိုင် ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် အနီးလား အဝေးလားတဲ့၊ ရှုတဲ့နောက်မှာ သူချုပ်တာပဲ (မှန်ပါ့)၊ ရှုတဲ့ ကိစ္စဉာဏ်လည်းလာရော သူလည်း မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။

နောက်ကျတော့ ခင်ဗျားတို့ရှုတဲ့ ဝိပရိဏာမ ကိစ္စတွေကို ရှုလို့မရတော့ဘူး၊ ဝိပရိဏာမ ကိစ္စတွေကို မောင်နိုင် မမြင်တော့ဘူးဆိုရင် ကတဉာဏ် ဖြစ်သွားတယ် (မှန်ပါ့)။

ဝိပရိဏာမ ကိစ္စတွေကို မမြင်တော့ဘူးတဲ့ ဒကာတို့၊ ရှေ့မှာ ဖြစ်ပျက်, ဖြစ်ပျက်ဆိုတာတွေ မမြင်တော့ဘူး၊ ဘယ်စိတ်မှလည်း မလာတော့ဘူး၊ ဖြစ်ပျက်တွေလည်း မတွေ့တော့ဘူးဆိုတော့ ဒါသည် နိဗ္ဗာန်ပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား)။

နိဗ္ဗာန်မြင်တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ်

ဒါဖြင့် နိဗ္ဗာန်ပေါ်လာတဲ့အခါကျတော့ နိဗ္ဗာန်မြင်တဲ့ဉာဏ် ဘာဉာဏ်ခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ခန္ဓာငါးပါးအပေါင်းသိတဲ့ဉာဏ်က (သစ္စဉာဏ်ပါ ဘုရား)၊ ဖြစ်ပျက်ကလေးတွေသိတဲ့ဉာဏ်က (ကိစ္စဉာဏ် ပါ)၊ ကိစ္စဉာဏ် ။

ဖြစ်ပျက်တွေ ဆုံးအောင်ပဲ ဒကာ ဒကာမတွေ လိုက်ပြီး ရှုလိုက်တဲ့အခါကျတော့ ဟို ပပဉ္စကလည်း ချုပ်၊ ရှေ့ကလည်း ဒုက္ခမရှိတာ မသိရဘူးလား (သိရပါတယ်)၊ ဒါကို ဘာဉာဏ်ခေါ်ကြမယ် (ကတဉာဏ်ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ဒီဉာဏ်သုံးဉာဏ်နဲ့ တက်လည်း ဝိပဿနာမှာ ရပါတယ် (မှန်ပါ့)။

ဘယ်သူတက်သတုံးလို့ မေးတဲ့အခါကျတော့ ပဉ္စဝဂ္ဂီငါးဦးနဲ့ ဗြဟ္မာပေါင်း ရှစ်သောင်း, လေးထောင် ဒီဉာဏ် သုံးဉာဏ်နဲ့ တက်တယ် (မှန်ပါ့)၊ မောင်နိုင် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ပဉ္စဝဂ္ဂီငါးဦးထဲ တစ်ပါးပဲ ဒီဥစ္စာ အရင်ဆုံး တက်တယ်နော် (မှန်ပါ့)၊ ဗြဟ္မာက ရှစ်သောင်းလေးထောင် ဒီဉာဏ်သုံးခုနဲ့ တက်တယ် (မှန်ပါ့)၊ သဘောပါကြပလား (ပါပါပြီ ဘုရား)။

ပထမ သစ္စဉာဏ်ကို သူသိလိုက်တယ် (မှန်ပါ့)၊ နောက်ကိစ္စဉာဏ်နဲ့ ပွားလိုက်တယ်၊ ပွားတာမှ ကိုဝ သိပ်ကြာတာ မဟုတ်ဘူးနော် တရားနာရင်း ပွားသွားတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ်လိုပွားတာတုံး (တရားနာရင်း ပွားတာပါ ဘုရား)။

ကိုင်း ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု ။