11014

မာတိကာသို့

ဗာလပဏ္ဍိတသုတ် (၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော

ဗာလပဏ္ဍိတသုတ် (၂)

ညအလုပ်ပေးတရားတော်

(၁၂-၆-၆၂)

ဗာလပဏ္ဍိတသုတ်ဆိုတာ အလုပ်ပေးမယ်လို့ပြောတာ မောင်နိုင် တို့ မှတ်မိပါလိမ့်မယ်နော် (မှန်ပါ့)။

ဗလဆိုတာ ဒကာ ဒကာမတို့ ပညတ်နယ်ကပြောတော့ လူမိုက်ပဲနော် (မှန်ပါ့)။

ကိုစောမောင် ပညတ်နယ်ကပြောတော့ (လူမိုက်ပါ ဘုရား)။

ပဏ္ဍိတဆိုတာ ပညတ်နယ်ကပြောတော့ လူလိမ်မာ (မှန်ပါ့)။

သို့သော် ဒီဥစ္စာ ဒီလိုယူကြပါ၊ လူကမိုက်တယ်ဆိုတဲ့ ဥစ္စာကမရှိပါဘူးနော် (မှန်ပါ့) အတွင်းမိုက်တဲ့ တရားကို မိုက်တယ်လို့ယူပါ (မှန်ပါ့)။

ဦးဘရှင်း လူကမိုက်တယ်လို့ မရှိပါဘူး (မှန်ပါ့) အတွင်းမှာ မိုက်တဲ့တရား အဝိဇ္ဇာကိန်းလာရင် (မိုက်ပါတယ် ဘုရား) ပညာကိန်းလာရင် (လိမ္မာပါတယ် ဘုရား)။

ပုဂ္ဂိုလ်နဲ့ဘာမှမဆိုင်ဘူး

ဪ ဒါဖြင့် ပုဂ္ဂိုလ်ကို တင်စားဟောတာပါလား၊ လူမိုက်နဲ့ လူလိမ္မာဆိုတာ ပညတ်နဲ့မကင်းလို့ ဟောတာပါလား၊ စင်စစ်အားဖြင့်ဆိုလို့ရှိရင်ဖြင့် မိုက်တယ်ဆိုတဲ့ဥစ္စာ ပုဂ္ဂိုလ်က ဘယ်မိုက်မတုန်း၊ မဟုတ်ဘူးလား (မှန်ပါ့) ဒီထဲ မိုက်တဲ့တရား ကလေးရောက်လာတဲ့အချိန်မှာ မိုက်တယ် (မှန်ပါ့) လိမ္မာတဲ့တရားကလေး ရောက်လာတဲ့အချိန်မှာ (လိမ္မာပါတယ် ဘုရား) ဒါဖြင့် ပုဂ္ဂိုလ်နဲ့ဘာဆိုင်သလဲ (ဘာမှမဆိုင်ပါ ဘုရား)။

ပုဂ္ဂိုလ်နဲ့ဘာမှမဆိုင်ဘူးတဲ့၊ ဓမ္မက မိုက်လို့ရှိရင်ဖြင့် ဓမ္မကိန်းရာဌာနကြီးဟာ မိုက်လာတယ်၊ ဓမ္မက လိမ္မာလာလို့ ရှိရင်ဖြင့် ဓမ္မကိန်းရာဌာနကြီးဟာလဲ လိမ္မာလာတယ်၊ မိုက်စရာရှိလဲ ဓမ္မပဲ၊ လိမ္မာစရာရှိလဲ (ဓမ္မပါပဲ ဘုရား)။

အဲဒါ ခင်ဗျားတို့ ဒကာ ဒကာမတွေ ဆုံးမပြီးသကာလနေတာ ဟေ့ လူမိုက်နဲ့ မပေါင်းနဲ့နော်၊ ပေါင်းရင် မင်းခက်လိမ့်မယ်၊ အမေမိဘတွေက သားသမီးကို ဆုံးမတယ်၊ လူလိမ္မာနဲ့ပေါင်းကွ၊ ကိုစောမောင် ဒီလိုဆုံးမရမယ့် ဝတ္တရားကိုး (မှန်ပါ့)။

ကောင်းရာညွှန်ပြရမည့် ဝတ္တရားရှိပါတယ်ဆိုပြီး ဆုံးမကြတာပဲ၊ သို့သော် ဒကာဒ ကာမတွေက သူများဆုံးမပြီး နေငြားသော်လဲ ကိုယ်မိုက်တာနဲ့ ကိုယ်လိမ္မာတာ မသိတာက ဆိုးတယ် (မှန်ပါ့)။

သူများကိုဆုံးမတာက မှန်တယ်၊ ကိုယ်မိုက်တာနဲ့ ကိုယ်လိမ္မာတာ မသိတာက သာမဆိုးဘူးလား (ဆိုးပါတယ် ဘုရား)။

သူများဆုံးမချင်တဲ့ပုဂ္ဂိုလ်သည် ကိုယ့်အကြောင်း ကိုယ်သိပြီးသကာလ ဆုံးမသွန်သင်ကြလို့ရှိရင်လဲ ဦးဘရှင်း အမှန်ပေါ့ဗျာ (မှန်ပါ့)။

အဝိဇ္ဇာနဲ့ ဝိဇ္ဇာကို ဟောတာ

အဲဒီတော့ လူမိုက်နဲ့ လူလိမ္မာဆိုတဲ့ဥစ္စာ ပညတ်တင်စားပြီးဟောတာ (မှန်ပါ့) မင်္ဂလသုတ်မှာလာတာက အသေဝနာစ ဗာလနံကိုး၊ ဗာလနံ = မိုက်တဲ့တရားကို၊ အသေဝနာစ = မမှီဝဲရခြင်းသည်လည်းကောင်း၊ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

မိုက်တဲ့တရားကို (မမှီဝဲရခြင်းသည်လည်းကောင်း) မိုက်တဲ့တရားမှီဝဲရင် ဘာဖြစ်လာမတုန်း (လူမိုက်ပါ ဘုရား) မိုက်တယ်။

‘ပဏ္ဍိတာနဉ္စ သေဝနာ’ ဆိုတော့ ပုဂ္ဂိုလ်ပေးထားလို့၊ ပဏ္ဍိတာနဉ္စ = ပညာတရားကို၊ သေဝနာ = မှီဝဲရမယ်၊ ပညာကိုမှီဝဲရင် လိမ္မာလာမယ် (မှန်ပါ့) အဝိဇ္ဇာမှီဝဲရင် (မိုက်ပါတယ် ဘုရား) ဝိဇ္ဇာကိုမှီဝဲရင် (လိမ္မာပါတယ် ဘုရား) အဝိဇ္ဇာနဲ့ ဝိဇ္ဇာကို ဟောတာပါကလား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့က ဟိုလူနဲ့မပေါင်းနဲ့- ဒီလူနဲ့မပေါင်းနဲ့ ပြောတာလား၊ ကိုယ်ကိုယ်တိုင် အဝိဇ္ဇာနဲ့မပေါင်းနဲ့ ဝိဇ္ဇာနဲ့ပေါင်း ကွဲ့လို့ ဒီလိုဆိုတာလား အကဲခတ်ကြည့်စမ်း (ဝိဇ္ဇာနဲ့ပေါင်းရပါမယ် ဘုရား)။

ကိုယ်ကိုယ်တိုင် ဘာနဲ့ပေါင်းရမှာပါလိမ့် (ဝိဇ္ဇာနဲ့ပေါင်းရမှာပါ ဘုရား)။ ဝိဇ္ဇာနဲ့ပေါင်း၊ အဝိဇ္ဇာနဲ့ (မပေါင်းရပါ ဘုရား)။

ပုဂ္ဂိုလ်က မိုက်တာလား ဒီတရားရောက်လာလို့ မိုက်တာလား (ဒီတရားရောက်လာလို့ မိုက်တာပါ ဘုရား) နို့မဟုတ်လို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ အယူကလွဲပြီးသကာလ ဟိုပုဂ္ဂိုလ်က သူ့ထဲ တရားကောင်းကိန်းလာရင် လိမ္မာတယ်၊ ခင်ဗျားမပေါင်းနဲ့ဆိုတဲ့လူက တရားကောင်း ကိန်းလာလို့ရှိရင် ကိုစောမောင် (လိမ္မာပါတယ် ဘုရား)။

ဒါဖြင့် ပုဂ္ဂိုလ်နဲ့ဆိုင်ရဲ့လား (မဆိုင်ပါ) သူ့မှာ တရားစီမံသလိုခံနေရတယ် (မှန်ပါ့) ဒါဖြင့် ခင်ဗျားတို့ ဘာနဲ့ပေါင်း ရမယ်၊ ဘာနဲ့သင်းရမယ်ဆိုတာလဲ ဗာလပဏ္ဍိတသုတ်မှာ သူဆိုင်လာလို့ မင်္ဂလာသုတ် ထည့်လိုက်ပါတယ်ဆိုတာကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ယုတ်တဲ့တရားဖြတ်လို့ မင်္ဂလာ

ဘယ်သူနဲ့ပေါင်းရမှာလဲ (ဝိဇ္ဇာနဲ့ပေါင်းရမှာပါ) ဘယ်သူနဲ့မပေါင်းရဘူးလဲ (အဝိဇ္ဇာနဲ့မပေါင်းရပါ) မောင်နိုင် ရှင်းပြီလား (ရှင်းပါပြီ) ဒါဖြင့် မင်္ဂလာ မင်္ဂလာဆိုတာက ဧတံမင်္ဂလမုတ္တမံ၊ ဧတံ = ဤတရားသည်။ မင်္ဂလံ = မင်္ဂလာဆိုတာ က “မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလာ” ဆိုတော့ ယုတ်တဲ့တရားဖြတ်တယ်လို့ မင်္ဂလာကိုး (မှန်ပါ့) ဝိဇ္ဇာက နို့ -အကုသိုလ် တွေ မဖြတ်ဘူးလား (ဖြတ်ပါတယ် ဘုရား) ဝိဇ္ဇာကလေ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတွေက စဉ်းစားတာပေါ့၊ ဪ ဒါဖြင့် ဝိဇ္ဇာဆိုတာ သူက အကုသိုလ်ဖြစ်တာပဲ၊ သူက ဖြစ်ပျက်ရှုလိုက်တော့ မဂ် ဝိဇ္ဇာကနေပြီး အကုသိုလ်တွေ မဖြတ်လိုက်ဘူးလား (ဖြတ်လိုက်ပါတယ် ဘုရား) ဒါဖြင့် သူ မင်္ဂလာဟုတ် မဟုတ် (ဟုတ်ပါတယ်)။

”မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလာ” ဆိုတဲ့အတိုင်းတဲ့ သူက အကုသိုလ်ဖြတ်လို့ မင်္ဂလာဆိုတော့ ပုဂ္ဂိုလ် ဟောတာလားတဲ့၊ ဓမ္မဟောနေတာလား (ဓမ္မဟောနေတာပါ ဘုရား) ဪ ဒါဖြင့် ခင်ဗျားတို့ ယူထားတာအကုန်လွဲ ကုန်ပြီ (လွဲပါတယ် ဘုရား)။

ဒကာကြီးလှိုင် (မှန်ပါ့) ဘယ့်နှယ်မှန်တာတုန်း (လွဲကုန်ပါတယ်) လွဲကုန်ပြီတဲ့၊ လွဲကုန်ပြီ လွဲကုန်ပြီ ဒကာ ဒကာမတွေ အကုန်လွဲကုန်ပြီ၊ ပုဂ္ဂိုလ်တွေ တခါတည်း ခင်ဗျားတို့က အင်း ဘယ်သူ့သားနဲ့မပေါင်းနဲ့၊ ဘယ်သူ့သမီးနဲ့ မပေါင်းနဲ့ ပျက်ကုန်လိမ့်မယ်တဲ့ (မှန်ပါ့)။

ကိုစောမောင် ပျက်တာက အတွင်းကဖျက်နေတာ၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ)။

ဦးဘအုန်းကြီး ဘာနဲ့ပေါင်းမတုန်း (ဝိဇ္ဇာနဲ့ပေါင်းရပါမယ်) ဝိဇ္ဇာနဲ့ ပေါင်းလို့ရှိရင်ဖြင့်တဲ့ မင်္ဂလာဖြစ်ပါတယ် (မှန်ပါ့) နို့ မင်္ဂလာဆိုတာ ဘာတုန်းဆိုတော့ မကောင်းတဲ့ ပဋိစ္စသမုပ္ပါဒ် တဏှာ, ဥပါဒါန်, ကံ, တွေကို ဝိဇ္ဇာကမဖြတ်ဘူး လား (ဖြတ်ပါတယ် ဘုရား)။

တစ်ခုသော ခန္ဓာကိုယ်ကြီးကို ဖြစ်ပျက်ရှုလိုက်တယ်၊ ဝေဒနာဖြစ်ပျက်ရှုလိုက်တယ်ဆိုလို့ရှိရင်ဖြင့် ဖြစ်ပျက်က အနိစ္စနော် (မှန်ပါ့) ရှုတာက မဂ္ဂဖြစ်သွားတော့ ဝိဇ္ဇာမဂ္ဂ ဖြစ်မသွားဘူးလား (ဖြစ်ပါတယ်) ပဋိစ္စသမုပ္ပါဒ် တန်းနိုင်သေး ရဲ့လား (မတန်းနိုင်ပါ ဘုရား)။

ဝိဇ္ဇာကဖြတ်ပါတယ်

မတန်းနိုင်အောင် ဘယ်သူက ဖြတ်သတုန်း (ဝိဇ္ဇာကဖြတ်ပါတယ်) ဒါဖြင့် ဝိဇ္ဇာနဲ့ပေါင်းပေါ့၊ ဒါမှ မင်္ဂလာဖြစ်မှာ ပေါ့ (မှန်ပါ့) အဝိဇ္ဇာနဲ့ပေါင်းရင် မင်္ဂလာဖြစ်ပါ့မလား (မဖြစ်ပါ ဘုရား)။

အဲ ဦးဘရှင်း တို့ ဒီအရွယ်ကျမှ ဒါသိရတာ တော်သေးတာပေါ့ဗျာ (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် ခင်ဗျားတို့က သားသမီးတွေကို လူကြီးရယ်လို့ဆိုပြီးသကာလ ဆုံးမများနေလိုက်တာ နည်းတာမဟုတ်ဘူး၊ လက်ညိုးသာ ညွှန်နေတာပဲ၊ သူများသာ ညွှန်နေတယ်၊ ကိုယ့်အထဲ ညွှန်တဲ့လက်ညိုးပါရဲ့လား (မပါပါ ဘုရား)။

အဲ ညွှန်ရမှာက အခုဘာတဲ့တုန်း (ကိုယ့်အထဲပါ ဘုရား) ကိုယ့်အထဲညွှန်ရမယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) ဟ ဘုန်းကြီးက ကြံကြံဖန်ဖန်ပြောတာလား၊ မင်္ဂလာဆိုတာ အကုသိုလ်ဖြတ်တာ မင်္ဂလာခေါ်တယ်လို့ နောက်ဆုံးပိတ် ဘုရားမဟောဘူးလား (ဟောပါတယ် ဘုရား)။

မင်္ဂလာဆိုတဲ့ဥစ္စာသည် အကုသိုလ်တရားတွေဖြတ်တတ်သောကြောင့် မင်္ဂလာဆိုတော့ ဒီဝိဇ္ဇာကိုဆိုနေတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် ဘာနဲ့ပေါင်းရမယ် (ဝိဇ္ဇာနဲ့ပေါင်းရပါမယ်) ဘယ်သူ့ကိုရှောင်ရမယ် (အဝိဇ္ဇာကို ရှောင်ရပါမယ်) ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ) ဒါဖြင့် အဝိဇ္ဇာ ခန္ဓာကိုယ်ထဲရောက်လာလို့ရှိရင် အမင်္ဂလာ (မှန်ပါ့) ဝိဇ္ဇာ ခန္ဓာကိုယ်ထဲရောက်လာလို့ရှိရင် (မင်္ဂလာပါ ဘုရား)။

ဒီနေ့တော့ မင်္ဂလသုတ်နဲ့ကို မနည်းရှင်းသွားပါပြီ (မှန်ပါ့) မောင်နိုင် ရှင်းပြီလား (ရှင်းသွားပါပြီ) ကိုပေါ် တို့ကော (ရှင်းပါပြီ)။

ညီအစ်ကိုတွေများ ဆုံးမနေလိုက်တာ မင်းကွာ လူပေါင်းက သိပ်မှားတာကိုး၊ မင်းကိုက မိုက်တဲ့လူနဲ့ပေါင်းတော့ မိုက်တာပေါ့ကွဆိုတော့ မိုက်တဲ့ဟာ လူနဲ့ပေါင်းတာမဟုတ်ဘူး (မှန်ပါ့) မိုက်တတ်တဲ့ အဝိဇ္ဇာနဲ့ပေါင်းလိုက်လို့ ဘာဖြစ်သွား သတုန်း (မိုက်သွားပါတယ်) လိမ္မာတတ်တဲ့ဝိဇ္ဇာနဲ့ပေါင်းလိုက်လို့ရှိရင် (လိမ္မာပါတယ်) လိမ္မာတယ်ဆိုတာ သေချာကြပြီ လား (သေချာပါပြီ ဘုရား)။

အခု ဗာလပဏ္ဍိတသုတ်ကျလာတော့ ကြည့်စမ်း ဒကာ ဒကာမတို့ ဘာဟောသတုန်းဆိုတော့ လူမိုက်ဆိုတာဟေ့ တဲ့ နောက်ခန္ဓာ ရတယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် သူဟောတာ (မှန်ပါ့)။

လူလိမ္မာက နောက်ခန္ဓာမရဘူး

လူလိမ္မာက နောက်ခန္ဓာမရဘူးဆိုတော့ မဂ်ကို သူဟောတာ (မှန်ပါ့) ဝိဇ္ဇာမဂ်ကို မဟောဘူးလား (ဟောပါ တယ် ဘုရား)။

နောက် ခန္ဓာရတာက အဝိဇ္ဇာကြောင့် (မှန်ပါ့) နောက်ခန္ဓာမရတာက (ဝိဇ္ဇာကြောင့်ပါ ဘုရား) ဝိဇ္ဇာကြောင့် ဆိုတော့ ကိုစောမောင် လူမိုက်ပါသေးလား (မပါပါ ဘုရား) တရားကိုယ်စစ်လိုက်တော့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ဒါဖြင့် မင်္ဂလသုတ်နဲ့ သံယုတ်ပါဠိတော်နဲ့ တစ်ထပ်တည်းထပ်မိသွားတယ် (ထပ်မိပါတယ် ဘုရား) ဒါဖြင့် ဘာကိုပေါင်းကြမယ် (ဝိဇ္ဇာကိုပေါင်းကြပါမယ် ဘုရား) ဘာကိုရှောင်ကြမယ် (အဝိဇ္ဇာကိုရှောင်ကြပါမယ် ဘုရား)။

ဝိဇ္ဇာပေါင်းရင် မင်္ဂလာ၊ အဝိဇ္ဇာပေါင်းရင် (အမင်္ဂလာပါ ဘုရား) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဒါဖြင့် မိုးလင်းရင် စဉ်းစားကြပေတော့ ခင်ဗျားတို့နော် (မှန်ပါ့)။

မိုးလင်းရင် စဉ်းစားကြပေတော့၊ မနက်မိုးလင်း-လာပြီဟေ့ ဒီနေ့ မင်္ဂလာနေ့လား၊ အမင်္ဂလာနေ့လားဆိုတာ ကိုယ့်ကိုယ်ထဲ ကိုယ်စစ်ဆေးလိုက် (မှန်ပါ့)။

ကိုယ့်ကိုယ်ထဲ ကိုယ်စစ်ဆေးလိုက်တဲ့အခါကျတော့ အိပ်ရာက နိုးလာတယ်ဆိုလို့ရှိရင်လဲ နိုးလို့ ဖြစ်ပျက်ရှုမိလိုက် ရင်ဟာ ဒီနေ့ဟာ မင်္ဂလာပဲဟေ့၊ အိပ်ရာကနေ နိုးကတည်းက စားခန်း၊ သောက်ခန်းကိုပဲ သတိရပြီးသကာလနေမယ် ဆိုလို့ရှိရင် ဘယ့်နှယ်ဆိုကြမလဲ (အမင်္ဂလာပါ ဘုရား)။

ကောင်းသော နိုးခြင်း

နိုးနိုးခြင်းပဲ၊ ဒါဖြင့် သုဝုဋ္ဌိတံဆိုတဲ့ ကောင်းသော နိုးခြင်းလဲဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)။

ဒါက ပုဗ္ဗဏှသုတ်မှာ မလာဘူးလား (လာပါတယ် ဘုရား) ကောင်းသောနိုးခြင်း၊ ကောင်းသော ထခြင်း ဖြစ်အောင်ဆိုတာ အဲဒါလဲ မင်္ဂလာပဲ မဟုတ်လား (မှန်ပါ့)။

ဒါဖြင့် ကောင်းသော နိုးခြင်း၊ ကောင်းသော ထခြင်းဖြစ်အောင် နက်ဖြန်က,စ၍ စဉ်းစားတာပေါ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ကိုစောမောင် တို့ အိပ်ရာထဲက ထတတ်ပြီလားမေးရင် (ထ,တတ်ပါပြီ ဘုရား) ဘာနဲ့လဲ မင်္ဂလာနဲ့ ထ, မလား (မှန်ပါ့) အမင်္ဂလာနဲ့တော့ (မထ,ပါ ဘုရား) မထ,ဘူးဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကောင်းသောအိပ်ခြင်းကော အိပ်တတ်ပါပြီလား (အိပ်တတ်ပါပြီ) အဲ ဖြစ်ပျက်ရှုပြီး အိပ်ပေါ့ဗျာ (မှန်ပါ့) ကောင်းသော နိုးခြင်းကော (နိုးတတ်ပါပြီ ဘုရား)။

နိုးတတ်ပါပြီဆိုတော့ အိပ်တုန်းကလဲ မင်္ဂလာနဲ့အိပ်ပါနော် (မှန်ပါ့) နိုးတဲ့အခါလဲ (မင်္ဂလာနဲ့ နိုးပါတယ် ဘုရား)။

ဒါဖြင့် ဝိဇ္ဇာ အဖော်လုပ်ပေါ့ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (ဝိဇ္ဇာအဖော်လုပ်ပါတယ် ဘုရား) ဝိဇ္ဇာ အဖော်လုပ်ရမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဓမ္မနဲ့ပေါင်းသင်းမှု

ကိုင်း ဒါဖြင့် မင်္ဂလာဆိုတဲ့ဥစ္စာ ပုဂ္ဂိုလ်နဲ့ပေါင်းသင်းမှုကိုဆိုတာလား၊ ဓမ္မနဲ့ပေါင်းသင်းမှုကို ဆိုတာလား (ဓမ္မနဲ့ ပေါင်းသင်းမှုကို ဆိုတာပါ ဘုရား)။

ကိုပေါ် အတော်ရှင်းပြီလား (ရှင်းပါပြီ) မောင်အောင်သိန်း တို့ ရှင်းမသွားဘူးလား (ရှင်းပါတယ် ဘုရား) မောင်အောင်ချီ တို့ကော (ရှင်းပါတယ် ဘုရား) ဘာနဲ့ပေါင်းကြမလဲ၊ (ဓမ္မနဲ့ပေါင်းရပါမယ် ဘုရား) ဓမ္မနဲ့ပေါင်းရမယ်၊ ဓမ္မက မိတ်ဆွေစစ်၊ ကိုစောမောင် ပုဂ္ဂိုလ်က ဘာဆိုင်သတုန်းဗျ၊ ပုဂ္ဂိုလ်က ဘာလုပ်တတ်သတုန်း (ဘာမှမလုပ်တတ်ပါ ဘုရား)။

ပုဂ္ဂိုလ်ဆိုတာ ပညတ်၊ ဓမ္မက ပရမတ်၊ မိုက်တဲ့ ပရမတ်နဲ့ပေါင်းရင် (မိုက်ပါတယ် ဘုရား) လိမ္မာတဲ့ ပရမတ်နဲ့ ပေါင်းရင် (လိမ္မာပါတယ် ဘုရား)။

အဲဒီတော့ကို ခင်ဗျားတို့ အယူအဆ သိပ်လွဲနေတယ်ဆိုတော့ ခုနက “မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ” ဆိုတဲ့ဥစ္စာလဲ အကုသိုလ်ဖြတ်မှ မင်္ဂလာဆိုတော့ ဪ ဝိဇ္ဇာဆိုနေတာပါကလား၊ ဝိဇ္ဇာနဲ့ပေါင်း (မှန်ပါ့) မပေါ်သေးဘူး လား (ပေါ်ပါပြီ) အဝိဇ္ဇာရှောင်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဪ ဒို့သည်ကားလို့ဆိုရင်ဖြင့် ဒီ ဆရာသမားတွေနဲ့မှ မတွေ့လို့ရှိရင် ယူမိ ယူရာ ယူနေမှာပဲ (မှန်ပါ့)။

ကိုစောမောင် ဘယ့်နှယ်တုန်း (ယူမိယူရာ ယူနေမှာပါ ဘုရား)။

ယူမိယူရာကလဲ အလွဲ၊ ဟိုကောင်နဲ့ မပေါင်းနဲ့၊ ဟိုဒကာမနဲ့ မပေါင်းနဲ့၊ ကိုပေါ် ဒါပဲဆုံးမ-နေတယ် (မှန်ပါ့)။

ကိုယ်ပေါင်းနေတာကော (လွဲပါတယ် ဘုရား) မရိပ်မိဘူး ကိုယ်ကတောင် ဆရာလုပ်နေလိုက်သေးတယ် (မှန်ပါ့)။

ပေါင်းတာ ကိုယ်က အဝိဇ္ဇာနဲ့ပေါင်းပြီး ဟိုပေါ်မှာ ဆရာလုပ်နေသေးတယ်ဆိုတော့ ကိုစောမောင် ဘယ့်နှယ် တုန်း (မတော်ပါ ဘုရား) မတော်ဘူးဆိုတာကော ဒကာ ဒကာမတွေ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဗာလပဏ္ဍိတဆိုတာ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

ဗာလက ဒကာ ဒကာမတို့ အဝိဇ္ဇာကိုဆိုလိုတာနော် (မှန်ပါ့) ပဏ္ဍိတက ဝိဇ္ဇာကို ဆိုပါတယ်ဆိုတာ သဘောကျပြီ လား (ကျပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဗာလပဏ္ဍိတသုတ်ကို ကျုပ်တို့ စ-ကြပါစို့ ဒီနေ့အလုပ်ပေးမယ်လို့ မနေ့က ကတိ ထားပစ်ခဲ့ တယ်နော် (မှန်ပါ့)။

အတိတ်က ဘယ်သူတုန်း

အဲဒီတော့ မနေ့ကဟာကလေး မောင်နိုင် ပြန်စ-လိုက်တာပေါ့နော် (မှန်ပါ့) လူမိုက်မှာလဲ ပညတ်တင် ဟောလိုက်ရင် အဝိဇ္ဇာ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။

အဝိဇ္ဇာသင်္ခါရကြောင့် (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖြစ်ပါတယ်) ဖဿ ဝေဒနာကျအောင် သွားလိုက် (မှန်ပါ့)။

ကိုစောမောင် အဝိဇ္ဇာသင်္ခါရကြောင့် (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဖြစ်ပါတယ် ဘုရား) ဒကာကြီးလှိုင် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် အတိတ်က ဘယ်သူတုန်းလို့ မောင်နိုင် မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ (အဝိဇ္ဇာသင်္ခါရပါ ဘုရား) အဝိဇ္ဇာနဲ့ သင်္ခါရ၊ အတိတ်ကနှစ်ခု၊ ပစ္စုပ္ပန်မှာ ငါးခု၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတော့ ငါးခုနော် (မှန်ပါ့)။

အတိတ်က ဘယ်နှစ်ခုပါလိမ့် (နှစ်ခုပါ ဘုရား) အတိတ်က နှစ်ခုဆိုတာ ဘယ်ဟာလဲ နောက်ဘဝက အဝိဇ္ဇာ သင်္ခါရ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒီခန္ဓာငါးပါး ဘယ်သူတည်ထောင် ပါလိမ့်

နောက်ဘဝက (အဝိဇ္ဇာသင်္ခါရပါ) ဒီဘဝမှာ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပါ ဘုရား)။

ဒါဖြင့် အဲဒါပေါင်းလိုက်တော့ ခန္ဓာငါးပါးလို့ မနေ့ကဟောခဲ့တယ် (မှန်ပါ့) ဒီခန္ဓာငါးပါး ဘယ်သူတည်ထောင် ပါလိမ့်မတုန်း မေးတော့ လွန်ခဲ့တဲ့ဘဝက အဝိဇ္ဇာသင်္ခါရက တည်ထောင်တယ်၊ ရှင်းပြီလား (ရှင်းပါပြီ) ဘယ်သိကြား ဗြဟ္မာ ဘုရားလာပြီး ဖန်ဆင်းတာ ဟုတ်သေးရဲ့လား (မဟုတ်ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ကို ဒါဟာလူလိမ္မာဖြစ်မည့်ပုဂ္ဂိုလ်မှာလဲ မောင်နိုင် ရေ – အတိတ်အကြောင်းက ထူးသေးရဲ့လား (မထူးပါ ဘုရား)။

အတိတ်အကြောင်းက လူလိမ္မာမှာလဲ အဝိဇ္ဇာသင်္ခါရ၊ ဒီဘဝရတာကော (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပါ ဘုရား) မိုက်တဲ့ပုဂ္ဂိုလ်မှာကော (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပါပဲ ဘုရား) အတိတ် အကြောင်းကကော (အဝိဇ္ဇာနဲ့ သင်္ခါရပါပဲ ဘုရား) အတိတ်အကြောင်းကလဲ အဝိဇ္ဇာ သင်္ခါရပဲ (မှန်ပါ့)။

ကိုပေါ် (မှန်ပါ့) ဒါဖြင့် အတိတ်ကတူကြတယ်၊ ပစ္စုပ္ပန်အရမှာကော (တူပါတယ် ဘုရား)။

တပည့်တော်တို့ မဖြေတတ်ပါ

ဒါဖြင့် လူမိုက်နဲ့ လူလိမ္မာ ဘာတူသတုန်းကွလို့ ရဟန်းတွေကိုမေးတော့ တပည့်တော်တို့ မဖြေတတ် မကြားတတ် ပါဘုရား၊ ကဿပဘုရား လက်ထက်က တရားကွယ်လို့ အရှင်ဘုရားက အခု စ,မေးတော့ အရှင်ဘုရားကို ဖြေစရာ အတွက်ဟာ တရားတွေကွယ်ပြီးသားဖြစ်လို့ တပည့်တော်တို့ မဖြေနိုင်ပါဘုရား ယခုအချိန်မှာဖြင့် အရှင်ဘုရားပြောမှ ဆိုမှသာလျှင် တရားစစ်ကို ကြားရမည့် သဘောဖြစ်ပါတယ်၊ ဒါ့ကြောင့် အရှင်ဘုရားပဲ အမိန့်ရှိပါလို့ ပြောတဲ့အခါ ကျတော့ မနေ့က ဘုန်းကြီးတို့ ရှင်းပေးတယ်၊ ဝေဒနာနောက်က တဏှာ, ဥပါဒါန်, ကံလိုက်ရင် ဘာတဲ့တုန်း (လူမိုက်ပါ ဘုရား) လူမိုက် ရှင်းကြပြီလား (ရှင်းပါပြီ)။

ဝေဒနာနောက်က (ဥပါဒါန်, ကံလိုက်ရင် လူမိုက်ပါ ဘုရား) တဏှာထည့်ပါဦး (တဏှာ, ဥပါဒါန်, ကံလိုက်ရင် လူမိုက်ပါ ဘုရား) ဝေဒနာပစ္စယာ တဏှာကိုးနော် (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ဝေဒနာနောက်က တဏှာလိုက်ရင်ဘာတုန်း (လူမိုက်ပါ ဘုရား)။

ကဲ ဦးဘရှင်း တဏှာ , ဥပါဒါန်, ကံမလိုက်ဘူးတဲ့၊ ဘယ့်နှယ်ဆိုမလဲ (လူလိမ္မာပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ)။

ဪ ပဋိစ္စသမုပ္ပါဒ်နဲ့ ပြောလိုက်တဲ့အခါကျတော့ အရှင်းကြီး ရှင်းသွားတော့တယ်ဆိုတဲ့ဥစ္စာ ကိုစောမောင် ပေါ်ရောပေါ့ (ပေါ်ပါပြီ ဘုရား)။

ဒါ့ကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကပ်တွေလဲ ဝေထားတော့ ကြည့်လိုက်တာပေါ့ (မှန်ပါ့) အင်း လူမိုက်က ဘာပါလိမ့်မတုန်း၊ လူလိမ္မာက ဘာပါလိမ့်မတုန်းဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့)။

အတိတ်မှာတူနေတယ်

ကဲ ဒါဖြင့် အတိတ်မှာတူနေတယ်နော် (မှန်ပါ) ပစ္စုပ္ပန်မှာလဲ ခန္ဓာငါးပါးရတယ် (တူပါတယ် ဘုရား) သို့သော် လဲတဲ့ အပေါင်းအသင်းလွဲတယ်၊ လူမိုက်က တဏှာ, ဥပါဒါန်, ကံနဲ့ပေါင်းတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) လူလိမ္မာက (ပညာနဲ့ပေါင်းပါတယ် ဘုရား) ပညာနဲ့ပေါင်းတယ် ရှင်းပြီလား (ရှင်းပါပြီ)။

လူလိမ္မာက ပညာနဲ့ပေါင်းတယ်၊ လူမိုက် အဝိဇ္ဇာနဲ့ပေါင်းတယ်၊ ကဲဒါဖြင့် အပေါင်းမှားတော့ ကိုစောမောင် ကြီးပွားသလား ဆုတ်ယုတ်သလားလို့ မေးတော့ကို ခုနက လူမိုက်မှာ တဏှာ, ဥပါဒါန် ,ကံတွေနဲ့ ပေါင်းမိတဲ့ အတွက် ဇာတိ, ဇရာ မရဏရတယ်၊ မရဘူးလား (ရပါတယ် ဘုရား) လူလိမ္မာက မဂ်ပညာနဲ့ပေါင်းမိတဲ့အတွက် တဏှာ, ဥပါဒါန်, ကံက ဘယ့်နှယ်နေသလဲ (မလာပါ ဘုရား) နောက် ဇာတိ, ဇရာ, မရဏက (မရပါ ဘုရား) မရဘူး၊ ဪ တယ်ထူးပါကလား (ထူးပါတယ် ဘုရား)။

ဒါဖြင့် လူလိမ္မာက ဆင်းရဲသိမ်းတယ်၊ သဘောကျပြီလား (ကျပါပြီ) လူမိုက်က ဆင်းရဲဆက်တယ်၊ သဘောကျ ပြီလား (ကျပါပြီ ဘုရား)။

လူလိမ္မာက (ဆင်းရဲသိမ်းတယ်) လူမိုက်က (ဆင်းရဲဆက်ပါတယ် ဘုရား) ဒါဖြင့် ဘယ်ဟာကြိုက်သလဲ (ဆင်းရဲ သိမ်းတာကြိုက်တာပါတယ် ဘုရား) ဆင်းရဲသိမ်းတာ ကြိုက်တယ်နော် (မှန်ပါ့ ဘုရား)။

ဪ ဒါဖြင့် ဆင်းရဲသိမ်းတာ ကြိုက်လို့ရှိရင်ဖြင့်တဲ့ ဆင်းရဲသိမ်းကြပါစို့လို့ပြောရတယ် (မှန်ပါ့)။

ဘုရားကဟောတာက ဘယ်လိုဟောလိုက်သတုန်းဆိုတော့ကွာတဲ့ လူလိမ္မာကတော့ကိုတဲ့ အဝိဇ္ဇာနဲ့တဏှာ ချုပ်စေတယ်ကွ၊ ရှင်းပြီးလား (ရှင်းပါပြီ) လူမိုက်ကတော့ အဝိဇ္ဇာနဲ့တဏှာ မချုပ်စေတဲ့အတွက် နောက်ခန္ဓာဆိုတဲ့ ဇာတိ ဇရာ မရဏ သောကပရိဒေဝတွေ မလာဘူးလား (လာပါတယ် ဘုရား)။

တဏှာဥပါဒါန် ချုပ်မှသာလျှင် လူလိမ္မာ

ဪ ဒါဖြင့် တဏှာဥပါဒါန် ချုပ်မှသာလျှင် လူလိမ္မာဖြစ်မယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

အဝိဇ္ဇာတဏှာချုပ်မှ (လူလိမ္မာဖြစ်ပါတယ် ဘုရား) အဝိဇ္ဇာတဏှာမချုပ်ရင် (လူမိုက်ပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတဏှာရှေ့နားမှာ မောင်နိုင် ဘယ်သူရှိသတုန်းမေးလို့ရှိရင် ခန္ဓာငါးပါးရှိတယ် (မှန်ပါ့)။

အဝိဇ္ဇာတဏှာရှေ့နားမှာ (ခန္ဓာငါးပါးရှိပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ်မှာလေ (မှန်ပါ့) ဟို တဏှာဆိုတာ အဝိဇ္ဇာနဲ့တွဲလျက်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

တဏှာဆိုတာ (အဝိဇ္ဇာနဲ့တွဲလျက်ပါ ဘုရား) မသိလို့တဏှာဖြစ်တာကိုး၊ သူ သဟဇာတပေါ့နော် (မှန်ပါ့)။

အဲဒီတော့ အဝိဇ္ဇာတဏှာ ဥပါဒါန်ကံဆိုတဲ့ ဥစ္စာသည် လူမိုက်၏လမ်းစဉ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင် ပါတယ် ဘုရား)။

အဝိဇ္ဇာတဏှာချုပ်တယ်မဟုတ်လား၊ ဒကာ ဒကာမတို့ ဥပါဒါန်,ကံပါ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား) လူလိမ္မာ၏ လမ်းစဉ်ဆိုရင် လွဲပါ့မလား (မလွဲပါ ဘုရား)။

အေး ဒါကြောင့် နောက်က ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ်ကဒ်ပြားတွေလဲ ဝေထားလို့ ခင်ဗျားတို့ အခုလဲ သေသေချာချာ ရှင်းရှင်းလင်းလင်းပြောပါ့မယ်နော် (မှန်ပါ့ ဘုရား)။

ပြောတော့ကိုတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုက အခု ဗာလပဏ္ဍိတသုတ်မှာ နိဂုံးချုပ်လိုက်တဲ့အခါကျ တော့ ဘာပြောသတုန်းဆိုတော့ လူမိုက်ကကွာ ဗြဟ္မစရိယအကျင့်ကို မကျင့်ဘူး။

ဦးဘရှင်း ဘာတဲ့တုန်း (လူမိုက်က ဗြဟ္မစရိယအကျင့်ကို မကျင့်ပါ ဘုရား)။

အဲဒါ စာလိုသုံးနေတာ၊ ခင်ဗျားတို့ ဝိပဿနာ မရှုဘူးပြောနေတာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

လူမိုက်က ဝိပဿနာမရှု

လူမိုက်က (ဝိပဿနာမရှုပါ ဘုရား) လူလိမ္မာက (ဝိပဿနာရှုပါတယ် ဘုရား)။

ဝိပဿနာရှုလိုက်တော့ ကျုပ်တို့ ပဋိစ္စသမုပ္ပါဒ်မှာ စဉ်းစားကြည့်တော့ တဏှာ, ဥပါဒါန်, ကံ လာသေးရဲ့လား (မလာပါ ဘုရား) မောင်နိုင် ရှင်းပြီ (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ တဏှာ ဥပါဒါန် ကံချုပ်တယ် (မှန်ပါ့) အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အကုန် ချုပ်တယ် မရှုတဲ့ပုဂ္ဂိုလ်မှာဖြင့် ဦးဘရှင်း တို့ (အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ မချုပ်ပါ ဘုရား)။

မချုပ်တော့ အနာဂတ်ဘဝ လာ-မလား (လာပါတယ် ဘုရား) လာမယ်ဆိုတာ သေချာကြပြီလား (သေချာပါ တယ် ဘုရား) ဒါဖြင့် သူက ဒုက္ခဆက်တယ်ပေါ့ (မှန်ပါ့)။

နောက်က ဒကာ ဒကာမတွေ ရှင်းပါရဲ့လား (ရှင်းပါတယ် ဘုရား)။

ဒါဖြင့် တရားကို ဒီလိုသိထားတော့မှ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ဆက်တဲ့တရားဟူသ၍ အမှား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့တရားဟူသ၍ (အမှန်ပါ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ဆက်တဲ့တရားဆိုရင် (အမှားပါ ဘုရား)။

အမှားသော်လည်းကောင်း ဖြစ်ရမယ်၊ ဝေနေယျငဲ့ပြီး သူက သုဂတိလောက်တန်လို့ သုဂတိပို့တဲ့တရားလို့ မှတ်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် မောင်နိုင်တို့ကို ဘုန်းကြီးက ရှင်းပေးနေတာက ပုံစံနဲ့ရှင်းပေးနေတာပါကလား မောင်နိုင် (မှန်ပါ့) ဒီအတိုင်း အရမ်းရှင်းတာ ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား)။

အရမ်းရှင်းတာမဟုတ်၊ ခင်ဗျားတို့ဉာဏ်ထဲမှာ အခု ပဋိစ္စသမုပ္ပါဒ်တန်းမိပြီမဟုတ်လား (မှန်ပါ့)။

အင်း ဒါဖြင့် တဏှာရှေ့နားမှာ ခန္ဓာဘယ်နှစ်ပါးရှိသလဲ (ငါးပါးရှိပါတယ် ဘုရား) ပညာရှေ့နားမှာကော (ခန္ဓာငါးပါးပဲရှိပါတယ် ဘုရား)။

ဪ ဒါဖြင့် ခန္ဓာငါးပါးကို တဏှာနဲ့ပညာ လဲပေးတယ် – (မှန်ပါ့) ပေါ်ပြီပေါ့ (ပေါ်ပါပြီ ဘုရား)။

ခန္ဓာငါးပါးမှာ အဝိဇ္ဇာနဲ့ပညာ လဲပေးဆိုလဲ ဟုတ်တာပဲ၊ ဘာ့ကြောင့်တုန်း၊ တဏှာနဲ့ အဝိဇ္ဇာနဲ့က သဟဇာတမို့ တွဲဘက်ကိုး၊ အဝိဇ္ဇာနဲ့ ဝိဇ္ဇာက လဲပေးရမယ် (မှန်ပါ့)။

အဝိဇ္ဇာ တဏှာရှေ့နားမှာလဲ ခန္ဓာငါးပါး

ဒါဖြင့် သူရှေ့နားမှာ အဝိဇ္ဇာ တဏှာရှေ့နားမှာလဲ ခန္ဓာငါးပါးပဲရှိတယ် (မှန်ပါ့) ပညာရှေ့နားမှာလဲ (ခန္ဓာငါးပါးပဲ ရှိပါတယ် ဘုရား) ခန္ဓာငါးပါးပဲရှိတယ်ဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

ဒါဖြင့် ရှေ့နားမှာ ခန္ဓာငါးပါးရှိကြတာချည်းပဲ၊ လူမိုက်က ခန္ဓာငါးပါးမသိတာနဲ့ ခန္ဓာ၏အကျိုးအကြောင်း၊ ခန္ဓာ၏အဖြစ်အပျက်၊ ခန္ဓာ၏ဒုက္ခသစ္စာဆိုတာ မသိတာနဲ့ ကိုယ့်ခန္ဓာကိုယ် မသိလို့ ခင် – ခင်လို့စွဲလမ်း၊ စွဲလမ်းလို့ နောက်ခန္ဓာရအောင် အားထုတ်ယ်၊ အားထုတ်လို့ နောက် – ဇာတိ ဇရာ မရဏ လာတယ် (မှန်ပါ့)။

ဒါ ပဋိစ္စသမုပ္ပါဒ်အတိုင်းပြောတာပဲ (မှန်ပါ့)။

ဘုန်းကြီးဟောနေတဲ့တရားလား၊ ခင်ဗျားတို့ ဖြစ်စဉ် ကြည့်ပြောနေတာလား (ဖြစ်စဉ်ကြည့်ပြောတာပါ ဘုရား)။

ဘုန်းကြီးဟောတဲ့တရားလို့ မယူလိုက်ပါနဲ့၊ ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်ကြည့်ပြောနေတယ် (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

ကောင်းပြီ – ဒါဖြင့် ခန္ဓာဖြစ်စဉ်ကြည့်ပြောနေတော့ မှားတယ် မှန်တယ်လို့ ဝေဖန်မနေနဲ့တော့ (မှန်ပါ့) ကိုယ့်ခန္ဓာဖြစ်စဉ် မှားတယ်-မှန်တယ် ဝေဖန်ဖို့ အချိန်လိုသေးသလား (မလိုပါ ဘုရား) မလိုဘူးတဲ့။

မလိုတော့ပါဘူး ကိုယ့်ခန္ဓာဖြစ်စဉ်က ဒီအတိုင်းကိုး (မှန်ပါ့)။

ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံရှေ့မှာလဲ ခန္ဓာငါးပါးရှိတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ဝိဇ္ဇာရှေ့မှာလဲ (ခန္ဓာငါးပါးပဲရှိပါတယ် ဘုရား) ခန္ဓာငါးပါးပဲရှိတယ်၊ ပေါ်ပြီလား မောင်နိုင် (ပေါ်ပါပြီ)။

ဒကာ ဒကာမတွေ ဒီနေ့ပိုရှင်းအောင်လို့ ပြောနေပါတယ် ပုံစံလဲမချတော့ပါဘူး ကိုစောမောင် တို့နော် – (မှန်ပါ့) ဒီလောက်ဆိုရင် သိလောက်တဲ့အဓိပ္ပါယ်ရောက်ပါပြီ (ရောက်ပါပြီ ဘုရား)။

ကောင်းပြီ ပဋိစ္စသမုပ္ပါဒ်က တော်တော်ကလေး ဦးဘကလေး တို့ ကျေနေပြီ (မှန်ပါ့)။

ကိုင်း ဒကာ ဒကာမတွေ အဝိဇ္ဇာ တဏှာ ရှေ့နားမှာလဲ ဘာရှိပါလိမ့် (ခန္ဓာငါးပါးရှိပါတယ် ဘုရား) သူကလဲ ခန္ဓာငါးပါးကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ ဖြစ်တာကိုး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဝိဇ္ဇာရှေ့မှာ ဘယ်သူရှိပါလိမ့်

ကဲ လူလိမ္မာကလဲ သူရှေ့မှာ ဝိဇ္ဇာရှေ့မှာ ဘယ်သူရှိပါလိမ့် (ခန္ဓာငါးပါးပဲရှိပါတယ် ဘုရား) သူက ခန္ဓာငါးပါး ကြောင့်ပဲ သံသရာစခန်းသတ်တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။

လူမိုက်ကလဲ ခန္ဓာငါးပါးကြောင့် (သံသရာဆက်ပါတယ် ဘုရား) သံသရာဆက်တယ်၊ လူလိမ္မာမှာဆိုတဲ့ ဝိဇ္ဇာမှာ တော့ (သံသရာပြတ်ပါတယ် ဘုရား)။

သူရှေ့ခန္ဓာငါးပါးကို သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အမှန်မြင်တာနဲ့ပဲ နောက် ခန္ဓာ ဇာတ်သိမ်းတယ် (မှန်ပါ့) ဒီတော့ ဒါဟာဖြင့် အင်မတန် စကေးကိုက်ဟောတဲ့ တရားပဲဆိုတာဖြင့် ခင်ဗျားတို့သိလောက်ပြီ (မှန်ပါ့) ဘယ်ကမှ ယူလာတဲ့တရားမဟုတ်ဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးက စာအုပ်ထဲက ယူလာတဲ့တရားလား၊ ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်မှာ ခန္ဓာမှာ နှစ်မျိုးသွားဖို့ပြောတာ လား (ခန္ဓာမှာ နှစ်မျိုးသွားဖို့ ပြောတာပါ ဘုရား)။

ခန္ဓာဖြစ်စဉ် နှစ်မျိုးရှိနေတယ်၊ တစ်မျိုးက ကွယ်နေတယ်၊ တစ်မျိုးက သွားနေကျလမ်းဖြစ်နေတယ်၊ ဒါပြောတာပါ (မှန်ပါ့)။

တစ်မျိုးကဘာတဲ့ (ကွယ်နေပါတယ် ဘုရား) တစ်မျိုးက (သွားနေကျလမ်းဖြစ်နေပါတယ် ဘုရား)။

အဲဒီတော့ ကွယ်တာကို ဘုန်းကြီးက ပြောလိုက်လို့ရှိရင် ခင်ဗျားတို့သန္တာန် ဘုရားပွင့်တယ် (မှန်ပါ့)။

ကွယ်တာပြောလိုက်လို့ရှိရင် (ဘုရားပွင့်ပါတယ် ဘုရား) ခန္ဓာထဲမှာ တစ်ခါတည်း ခင်ဗျားတို့ သိလုံးပေါ်လာတယ် (မှန်ပါ့) သိလုံးပေါ်လာတဲ့အခါ ဒါ ဘုရားပွင့်တယ်ဆိုတာပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ဘုရားနဲ့တွေ့ပေမဲ့ ခန္ဓာထဲမှာဒီဥစ္စာ မပေါ်လာလို့ရှိရင် သူ့မှာဘုရားမပွင့်ဘူး (မှန်ပါ့) ဒိဋ္ဌိတွေ အပါယ်ကျကုန်တာ ကြည့်ပါလား၊ ဒေဝဒတ်တို့ အဝီစိကျသွားတယ်၊ အဇာတသတ်တို့ မောင်နိုင် (အပါယ်ကျပါတယ် ဘုရား) ဘာဖြစ်လို့ တုန်း ဝိဇ္ဇာ မပေါ်လာဘူး (မှန်ပါ့) ဘာပေါ်လာသတုန်း (အဝိဇ္ဇာပေါ်လာပါတယ် ဘုရား) အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ ပေါ်လာတယ်။

ကံပေါ်လာတော့ ဇာတိဆိုပြီး လောဟကုမ္ဘီငရဲမကျဘူးလား (ကျပါတယ်) ဇာတိခန္ဓာကြီးနဲ့ လောဟကုမ္ဘီငရဲ ရောက်သွားတယ် (မှန်ပါ့)။

ဗိမ္ဗိသာရမင်းကြီး

သူ့အဖေ ဗိမ္ဗိသာရမင်းကြီး အဇာတသတ်၏ အဖေကျတော့ ပညာရှိ သူက သောတာပန်ကိုးနော် (မှန်ပါ့)။

ကိုစောမောင် ဝိဇ္ဇာနဲ့ပေါင်းလိုက်တဲ့အတွက် သူကတော့ဖြင့်တဲ့ သုဂတိကနေ နိဗ္ဗာန်မကူးဘူးလား၊ သူက အပေါင်းမှန်သွားတယ် (မှန်ပါ့) ဟိုက အပေါင်းလွဲသွားတယ်ဆိုတော့ ဝမ်းထဲမှာ အပေါင်းလွဲသွားတာ မသေချာ သေးဘူးလား (သေချာပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်မှာလဲ ခန္ဓာငါးပါးရှိတယ်၊ လူလိမ္မာမှာလဲ (ခန္ဓာငါးပါးရှိတယ်) ရှိတာပဲ ဘယ်သူက သက်သေခံနေသတုန်းဆိုတော့ ခန္ဓာဖြစ်စဉ်က (မှန်ပါ့)။

ဘယ်သူက သက်သေခံနေသတုန်း (ခန္ဓာဖြစ်စဉ်က သက်သေခံနေပါတယ် ဘုရား) ခန္ဓာဖြစ်စဉ်က သက်သေခံ နေတယ်၊ ရှင်းကြပြီလား (ရှင်းပါပြီ)။

ဘယ်သူက သက်သေခံသတုန်း (ခန္ဓာဖြစ်စဉ်က သက်သေခံပါတယ် ဘုရား) ခန္ဓာဖြစ်စဉ်က ဒီအတိုင်းဖြစ်နေတယ်။

အခုခင်ဗျားတို့ ခန္ဓာငါးပါးရှိပါသလားမေးရင် မောင်နိုင် ရှိတယ်ပြောမယ် (မှန်ပါ့) အဲဒီ ခန္ဓာငါးပါးထဲက အခု ဘာတွေများ နောက်ဆက်နေသတုန်းမေးတော့ အခုတရားနာနေတဲ့ ဉာဏ်သွင်းပြီးနာနေလို့ရှိရင် ခန္ဓာငါးပါးနဲ့တကွ တပည့်တော် ဝိဇ္ဇာဖြစ်နေတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

အခု ဉာဏ်လှည့်ပြီး ကြည့်လိုက်လို့ရှိရင်လဲ ယခုရထားတဲ့ ခန္ဓာငါးပါးနောက်က တပည့်တော် ဝိဇ္ဇာဖြစ်နေတယ်၊ သဘောကျပြီလား (ကျပါပြီ)။

ကဲ အိမ်မှာနေကြတယ်၊ တရားနှလုံးမသွင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ အခု ခန္ဓာငါးပါးနောက်က ဘာရှိနေသတုန်း ဆိုရင် (အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ရှိနေပါတယ်)။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန် မရှိပေဘူးလား (ရှိပါတယ်) သူ့ခန္ဓာကိုယ်ထဲ ယောကျာ်း, မိန်းမ ထင်နေတာ အဝိဇ္ဇာပေါ့ကွာ (မှန်ပါ့)။

အဝိဇ္ဇာ ရှိလို့ရှိရင် သူ့ခန္ဓာ သူခင်လို့ တဏှာ, ဥပါဒါန်တွေက (လာပါတယ်) ကံတွေကော (လာပါတယ်)။

ဒါဖြင့် အခုတရားနာနေကြတဲ့ ဒကာ ဒကာမတွေမှာ ခန္ဓာငါးပါးကတော့ ယခုရှိနေပြီ၊ ဟုတ်လား (မှန်ပါ့) ရှိနေတော့ နောက်ကပြင်ဖို့အရေးကြီးတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

နောက်က အဝိဇ္ဇာနဲ့ ဝိဇ္ဇာနဲ့လဲပေး

ဘယ်ကပြင်မလဲ (နောက်ကပြင်ရပါမယ်) နောက်က အဝိဇ္ဇာနဲ့ ဝိဇ္ဇာနဲ့လဲပေး (မှန်ပါ့)။

ကိုစောမောင် ဘာလဲပေးရမလဲ (အဝိဇ္ဇာနဲ့ ဝိဇ္ဇာနဲ့လဲပေးရပါမယ်)။

အဝိဇ္ဇာနဲ့ ဝိဇ္ဇာလဲပေးရမယ်ဆိုတာ ဒကာ ဒကာမတွေ သေချာပြီလား (သေချာပါပြီ)။

မလဲရင်ကော အသေဝနာစ ဗာလနံ (မှန်ပါ့)။

မလဲရင် (အသေဝနာစ ဗာလာနံပါ) လဲရင် ပဏ္ဍိတာနဉ္စ သေဝနာ၊ ဒါပြောင်းပါ (မှန်ပါ့)။

ခင်ဗျားတို့ ဒါအင်မတန် အရေးကြီးသွားပြီ၊ ခုနက ပထမ ရှင်းခဲ့တယ်မဟုတ်လား ဒီစကားကို (မှန်ပါ့)။

ဦးဘကလေး တို့ ဒီထဲ အေးစက်စက်လုပ်မနေနဲ့ သဘောကြပြီလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် ခန္ဓာငါးပါးနောက်က ဝိဇ္ဇာဉာဏ်ထည့်ပေးမယ်ဆိုရင် ခင်ဗျားတို့ မင်္ဂလသုတ်ရွတ်၊ ဘာဖြစ်သလဲ (ပဏ္ဍိတာနဉ္စ သေဝနာပါ) ပညာကိုမှီဝဲပြီး၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ပညာကို (မှီဝဲပါပြီ) ဒါဖြင့် ဧတံမင်္ဂလ မုတ္တမံပဲနော် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ကဲ-ထုံးစံအတိုင်းနေကြမယ်ဆိုတော့ ပါဠိရွတ်စမ်း (အသေဝနာစ ဗာလာနံပါ) မမှီဝဲကောင်းတာကို (မှီဝဲပါတယ်) အသေဝနာစ ဗာလာနံဖြစ်တယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ်)။

ခန္ဓာနောက်က အဝိဇ္ဇာ, တဏှာ, လိုက်လာရင် (အသေဝနာစ ဗာလာနံပါ) ဒါ သေသေချာချာစဉ်းစား အပေါင်းလွဲသွားပြီ (မှန်ပါ့) မလွဲသေးဘူးလား (လွဲပါပြီ ဘုရား)။

ဦးဘရှင်း ဒါသူများပြောလား – ကိုယ့်ခန္ဓာထဲမှာ အခုပေါ်တာ ပြောနေတာလား (အခုပေါ်တာ ပြောနေတာပါ ဘုရား)။

အခုပေါ်တာပြောနေတာ ခင်ဗျားတို့ဘာမှ ချေးထူနေစရာမလိုဘူး (မှန်ပါ့) လိုသေးသလား (မလိုပါ ဘုရား)။

ကိုစောမောင် အခုပေါ်တာတွေပြောတာ (မှန်ပါ့) ခန္ဓာကလဲရှိပြီးသားကိုးဗျ (ရှိပြီးသာပါ ဘုရား)။

ခန္ဓာနောက်က ဘယ်သူလိုက်-မလိုက်၊ ခန္ဓာထဲမှ အခုဘယ်သူပေါ်-မပေါ်၊ ဒီ ပဋိစ္စသမုပ္ပါဒ်ပေါ်-မပေါ် ဒါသာ အကဲခတ် မောင်နိုင် ရ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာကြီးနောက်က ဝိပဿနာအလုပ် မလုပ်ပါဘူးဆိုရင်

ဒါဖြင့် ခန္ဓာကြီးနောက်က-နေပြီးသကာလ ဝိပဿနာအလုပ် မလုပ်ပါဘူး၊ ကဲ ဒကာ ဒကာမတို့ ဒီခန္ဓာငါးပါး ကိုပဲ တစ်ပါးပါးကိုမှ ဖြစ်ပျက်မရှုတော့ပါဘူးဆိုတော့ ဉာဏ်လာသေးရဲ့လား (မလာပါ ဘုရား) ဝိဇ္ဇာဉာဏ်လာသေးရဲ့ လား (မလာပါ ဘုရား)။

ဒါဖြင့် သူသည် မသိတဲ့အဝိဇ္ဇာနဲ့ တဏှာလာမယ် (မှန်ပါ့) အဲဒါ ပါဠိရွတ် (အသေဝနာစ ဗာလာနံပါ ဘုရား) အေး အသေဝနာစ ဗာလာနံ၊ ဒါမိုက်တဲ့အတွက်ဆိုတာ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ကဲ ဒါဖြင့်၊ ကောင်းသော နိုးခြင်း၊ ကောင်းသော အိပ်ခြင်းဖြစ်အောင် ခုနက သင်တဲ့အတိုင်း ဉာဏ်ကလေးနဲ့ ခန္ဓာတစ်ခုခုကို ဖြစ်ပျက်ရှုပြီး အိပ်ကြမယ်၊ ဖြစ်ပျက်ရှုပြီးတော့ နိုးကြမယ်၊ နိုးနိုးခြင်းပဲ ရှုမယ်ဆိုလို့ရှိရင် ကိုစောမောင် ရွတ်စမ်းပါဠိ (ပဏ္ဍိတာနဉ္စ သေဝနာပါ ဘုရား)။

ဒါဖြင့် ဧတံမင်္ဂလ မုတ္တမံဖြစ်ပြီ (မှန်ပ့ါ) ဟိုဟာဆိုရင် ဧတံ မင်္ဂလ မုတ္တမံ မဖြစ်ဘူး (မှန်ပါ့) ဟုတ်လား၊ အမင်္ဂလာဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

ကဲ ဒါဖြင့် အိပ်တတ် , နိုးတတ်ပြီလား (နိုးတတ်ပါပြီ ဘုရား) နိုးတတ်, အိပ်တတ်ပြီဆိုတဲ့ဥစ္စာ တော်တော်အရေး ကြီးတယ် (မှန်ပါ့)။

နိုးတတ်, အိပ်တတ်လို့ရှိရင်ဖြင့် သွားတတ်, လာတတ်, ပြောတတ်, ဆိုတတ်ပြီလားဆိုတာ ဦးဘရှင်း ဒါတွေ ပါသွားပြီ (ပါသွားပါပြီ) မပါသေးဘူးလား (ပါ-ပါပြီ ဘုရား)။

ကိုယ့်သန္တာန်မှာ မင်္ဂလာရှိ -မရှိ

ဒါဖြင့် ကိုယ့်သန္တာန်မှာ မင်္ဂလာရှိ -မရှိကိုလဲ ခင်ဗျားတို့ ယနေ့ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) ကိုယ့်သန္တာန် မှာ (မင်္ဂလာရှိ-မရှိ ရှင်းသွားပါပြီ ဘုရား)။

ဒီ သပြေပန်းကလေးနဲ့ မင်္ဂလာဆောင်သွားလို့ ဘုန်းကြီးတို့ မန္တလေးကျတော့ သပြေပန်းကလေး ရေမွှေးဖျန်းပြီး သကာလ ဟိုအိတ်ထိုး ဒီအိတ်ထိုးနဲ့ ကလေးမကလေးတွေက မထိုးကြဘူးလား (ထိုးကြပါတယ် ဘုရား) အဲဒါ မင်္ဂလာလား ခင်ဗျားတို့ (မဟုတ်ပါဘူး ဘုရား)။

မဟုတ်ဘူး၊ သပြေပန်းထိုးတာ သက်သက်လို့မှတ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဝမ်းထဲကတော့ သူ ဒါခင်လို့ လက်ဖွဲ့လာတာပဲ၊ အစရှိသည်ဖြင့် မကောင်းလို့ လက်ဖွဲ့လာတာပဲ၊ အားနာလို့ လာတာပဲဆိုတာသာ ဦးဘရှင်း ဒါပဲရှိတယ် (မှန်ပါ့)။

ခင်လို့ လာလို့ရှိရင်လဲ တဏှာနဲ့လာတာ အမင်္ဂလာနဲ့လာတာပဲ၊ မဟုတ်ဘူးလား (မှန်ပါ့) မကောင်းလို့ လာလို့ ရှိရင်လဲ ဒေါသကလေးနဲ့လာတယ်၊ အင်း သူ့လက်လာလို့မှ ကိုယ့်လက်မလာလို့ရှိရင် မကောင်းဘူး (မှန်ပါ့)။

အဲဒါ သပြေပန်းထိုးတာ ကိုစောမောင် တို့က မင်္ဂလာကြီး မှတ်နေတော့လွဲနေတယ်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အခုတော့ဖြင့် အမင်္ဂလာနဲ့ မင်္ဂလာ ကွဲပြီလား ဦးဘရှင်း (ကွဲပါပြီ) အင်း ကိုယ်ကိုယ်တိုင် မင်္ဂလာဆောင်လာတဲ့ လူတွေကို မကွဲခဲ့တာ အတော်ခက်နေတာ (မှန်ပါ့) ကဲ ကွဲကြပြီလား (ကွဲပါပြီ ဘုရား)။

ခန္ဓာငါးပါးနောက်က အခုရှိနေတဲ့ ခန္ဓာငါးပါးနောက်က ဝိဇ္ဇာလိုက်လို့ရှိရင် ပါဠိရွတ်စမ်း (ပဏ္ဍိတာနဉ္စသေဝနာ ပါ ဘုရား) အဝိဇ္ဇာ တဏှာ ဥပါဒါန် လိုက်-လိုက်ရင် (အသေဝနာစ ဗာလာနံပါ ဘုရား)။

ကဲ ကိုယ့်ဟာ ကိုယ်ဆုံးဖြတ်ချက် ဟုတ်လား၊ ဦးဘရှင်း ကိုယ့်ဟာကို (ဆုံးဖြတ်ချက် ချရပါမယ် ဘုရား)။

သူများ မေးနေစရာ (မလိုပါဘူး ဘုရား) သူများမေးနေတာက သူက အဘိညာဏ်မရတော့ တွေးဆပြောတာ၊ မင်းမိုက်နေတယ် ထင်တယ် (မှန်ပါ့)။

မိုက်နေတယ်ထင်တယ် ဆိုပေမဲ့လဲ ဟိုက အနိစ္စနှလုံးသွင်းနေရင်ခက်တယ် (မှန်ပါ့) မဟုတ်ဘူလား ကိုစောမောင် (မှန်ပါ့)။

ဘယ်သူက ဝမ်းထဲမှာ ခိုးဖို့ကြံစည်နေတယ်၊ ဪ ဒီကောင်က ဣန္ဒြေသိပ်ရပါကလားဆိုတော့ ဂွကျတယ် (မှန်ပါ့) မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒီတော့ သူများအကဲခတ်ရတာ ရှင်သာရိပုတ္တရာတို့၊ ဘုရားတို့က ခဲယဉ်းတယ်ကွ၊ ကိုယ့်ဟာကိုယ် အကဲခတ် တဲ့ (မှန်ပါ့) ကိုယ့်ဟာ ကိုယ်အကဲခတ်ရင် နိဗ္ဗာန်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

ရှင်းပြီနော် (မှန်ပါ့) ကိုယ့်ဟာ ကိုယ်အကဲခတ်ရင် (နိဗ္ဗာန်ရပါတယ် ဘုရား) သူများအကဲခတ်နေရင် မှားမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

သူများ အကဲခတ်ရင် မှားသည်ရှိ၏၊ မှန်သည်ရှိ၏၊ ကိုယ့်ဟာ ကိုယ်အကဲခတ်လိုက်လို့ရှိရင် ပညာရှိနဲ့ လူမိုက် ရှင်းသွားတယ်၊ မရှင်းသေးဘူးလား (ရှင်းပါတယ် ဘုရား)။

မိုက်တဲ့အချိန်က များနေပါတယ်

ဒကာကြီးလှိုင် ရေ အိုမှ ဒီတရားနာရတာ ပေါ်ပြီလား (ပေါ်ပါပြီ) မိုက်တဲ့အချိန်ကော သိပြီလား (သိပါပြီ) လိမ္မာတဲ့အချိန်ရော (သိပါပြီ) ဘယ်ဟာက များနေတယ်ထင်သတုန်း (မိုက်တဲ့အချိန်က များနေပါတယ် ဘုရား)။

ဟာ တကာကြီးလှိုင် အရွယ်နဲ့မလိုက်ပါဘူး၊ အရွယ်နဲ့လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား)။

အဲဒါ ဒကာကြီးလှိုင်က သူမှန်မှန်ပြောလို့ နောက်ကလူတွေလဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဒီအတိုင်း ဆုံးဖြတ်ချက် ချရလိမ့်မယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် ပြောကြစို့တဲ့ အလုပ်သွင်းကြပါစို့။

အလုပ်သွင်းတော့မယ်ဆိုတော့ ဪ ခန္ဓာနောက်ကနေပြီး ဝိဇ္ဇာလိုက်ပါရပါကလား (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ခန္ဓာနောက်က (ဝိဇ္ဇာလိုက်ရပါမယ် ဘုရား)။

ဒါဖြင့် ဝိဇ္ဇာလိုက်ပါတော့မယ်ဘုရားလို့ ဒီတရားတစ်ပွဲလုံးက တာဝန်ခံကြတော့ကို သူ့ရှေ့ ဘယ်သူရှိသတုန်း မေးရင် (ခန္ဓာငါးပါးရှိပါတယ်) ဒါပဲရှိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။

ခန္ဓာကတော့ ငါးပါးရှိတယ်တဲ့၊ သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ဘယ်နှစ်ပါးရှိသလဲ (လေးပါးရှိပါတယ် ဘုရား)။

လေးပါးဖြစ်တယ်၊ ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာရယ်လို့ လေးပါးပဲ ရှိပါတယ် (မှန်ပါ့)။

လေးပါးကို တစ်ခါ သစ္စာနဲ့ ဝေဖန်လိုက်တော့ မောင်နိုင် ဒီ-သတိပဋ္ဌာန်လေးပါးစလုံး ခန္ဓာငါးပါးစလုံးဟာ ဘာသစ္စာတွေဖြစ်သလဲ (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာဆိုတာ ဘယ်ဟာ ဒုက္ခသစ္စာတုန်း မေးတော့ ဖြစ်တာလဲ ဒုက္ခသစ္စ၊ ပျက်တာလဲ (ဒုက္ခသစ္စာ ပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက် ရှုရုံပဲ၊ ချုံးလိုက်တော့ ဒီရောက်လာတယ် (မှန်ပါ့)။

ကိုစောမောင် ချုံးပုံကို သဘောကျပြီလား (ကျပါပြီ)။

သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ လေးပါး

ခန္ဓာငါးပါးစလုံး သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ လေးပါးမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) လေးပါးကို သစ္စာနဲ့ ဝေဖန်လိုက်တော့ ဒုက္ခသစ္စာတစ်ပါးပဲရှိတယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

သစ္စာနဲ့ ဝေဖန်လိုက်တော့ (ဒုက္ခသစ္စာတစ်ပါးပဲရှိပါတယ် ဘုရား)။

ဒီဒုက္ခသစ္စာကိုပဲ တစ်ခါ အကုန်လျှောက်ပြီးရှာနေရင် ကြာမှစိုးလို့ ဘယ်ဓမ္မမဆို ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိတယ် (မှန်ပါ့) အဲဒါ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ ရှုနေတဲ့ ဝေဒနာ ရှုလို့ ဖြစ်ပျက်တွေ့ရင် ဒုက္ခသစ္စာရှုတာပဲ (မှန်ပါ့) စိတ်ရှုလို့ ဖြစ်ပျက်တွေ့ ရင် (ဒုက္ခသစ္စာ ရှုတာပါ ဘုရား)။

ဒါဖြင့် ဒုက္ခသစ္စာတစ်လုံးပဲ ရှုစရာရှိတယ် (မှန်ပါ့) ဒီ့ပြင် ဘယ်ဟာရှိသေးသတုန်း (မရှိပါ ဘုရား) ဘယ်ဟာမှ မရှိဘူးဆိုတာ ကောင်းကောင်းသေချာပြီလား (သေချာပါပြီ ဘုရား)။

ဒီလိုလုပ်ကြပါစို့၊ ဒါဖြင့် ကိုစောမောင် ဖြစ်ပျက်တစ်လုံးကို မူတည်ထားကြပါစို့ (မှန်ပါ့) ဘာကို မူတည်ထားမလဲ (ဖြစ်ပျက်တစ်လုံးတည်းကို မူတည်ထားပါတယ် ဘုရား)။

သတိပဋ္ဌာန်လေးပါးမှ ပါရဲ့လားလို့မေးရင် ဘယ့်နှယ်ပြောမလဲ (ပါ-ပါတယ် ဘုရား) ခန္ဓာငါးပါးမှ ပါရဲ့လား (ပါ-ပါတယ်) အာယတန တစ်ဆယ့်နှစ်ပါးမှ (ပါ-ပါတယ် ဘုရား)။ ဓါတ်တစ်ဆယ့်ရှစ်ပါးမှ (ပါ-ပါတယ် ဘုရား)။

ဟာ ဒါဖြင့် ခင်ဗျားတို့ဟာ ဖြစ်ပျက်ထဲ အကုန်ဝင်လာတာပဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အမယ်လေး ဒါအလုပ်သင်နေတာ ကိုစောမောာင် (မှန်ပါ့) မလုပ်ရသေးဘူး၊ ကိုယ်လုပ်တဲ့အလုပ်ကို ရှင်းရှင်း လင်းလင်းဖြစ်အောင် ပေးနေတယ် (မှန်ပါ့)။

ကိုယ်လုပ်တဲ့အလုပ်ကို (ရှင်းရှင်းလင်းလင်းဖြစ်အောင် ပေးနေပါတယ် ဘုရား) သံသယဝိစိကိစ္ဆာ သတ်ပေးနေ တယ် (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဘာလုပ်နေတယ် (သံသယ ဝိစိကိစ္ဆာ သတ်ပေးနေပါတယ် ဘုရား)။

အေး သံသယ ဝိစိကိစ္ဆာ မရှိအောင် လုပ်ပေးနေတယ်ဆိုတော့ ဪ ဒီလို ချုံးလိုက်တော့လဲ ဆရာသမား ဟောထားတဲ့ တစ်လုံးထဲ အကုန်ဝင်တာကိုး (မှန်ပ့ါ)။

ကိုစောမောင် ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။

ဖြစ်ပျက်အရှုခိုင်းတာ

မသိတဲ့ပုဂ္ဂိုလ်ကတော့ ဟာ ဘုန်းကြီး ဝိပဿနာ အရှုခိုင်းရင် ဖြစ်ပျက်အရှုခိုင်းတာပဲကွ၊ ဒါပဲ (မှန်ပါ့) အင်း သူက ဖြစ်ပျက်ကို ဘယ်လောက်ထိအောင် နားမလည်လို့သာ သူပြောတဲ့စကားဆိုတာ ကိုစောမောင် ပေါ်သွားပြီလား (ပေါ်သွားပါပြီ ဘုရား)။

ရှိတာကလဲ ခန္ဓာငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဓါတ်တစ်ဆယ့်ရှစ်ပါးပဲရှိတယ် (မှန်ပါ့) ရှုလိုက်တော့ ဒါတွေလဲ ချုံးလိုက်တော့ ခန္ဓာငါးပါးလာဖြစ်တယ် (မှန်ပါ့) အာယတန ချုံးလိုက်ရင်လဲ ခန္ဓာလာဖြစ်မှာပဲ၊ ဓါတ်ချုံး လိုက်ရင်ကော (ခန္ဓာလာဖြစ်မှာပါ ဘုရား)။

ခန္ဓာချုံးလိုက်တော့ သတိပဋ္ဌာန်လာဖြစ်တယ် (မှန်ပါ့) ဘယ်နှစ်ပါးဖြစ်သလဲ (လေးပါးဖြစ်ပါတယ် ဘုရား)။

သတိပဋ္ဌာန်လေးပါးကို ဒကာ ဒကာမတွေက ချုံးလိုက်ပြန်တော့ ဘာသစ္စာဖြစ်သလဲ (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား) ဒုက္ခသစ္စာပဲရှိတယ် (မှန်ပါ့)။

ဒီ ကိုယ့်ရှေ့မှာ ခန္ဓာငါးပါးပဲရှိတာကိုး ကိုစောမောင် ရဲ့ (မှန်ပါ့) အဲဒါချုံးလိုက်တာ့ (ဒုက္ခသစ္စာဖြစ်ပါတယ် ဘုရား) ဒါ-သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ လေးပါးစလုံး ဒီအထဲမှာရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။

အင်း ဒါတွေ သိတော့ကို သစ္စာနဲ့ဖွဲ့လိုက်တော့ ဘာသစ္စာရှိသလဲ (ဒုက္ခသစ္စာရှိပါတယ် ဘုရား) ဒီထဲ မဂ္ဂသစ္စာကို မပါသေးဘူး (မှန်ပါ့) ကျုပ်တို့ ခန္ဓာငါးပါးထဲမှာ ရှုမှ ပါလာမှာကိုးဗျ (မှန်ပါ့) မရှုခင်က (မပါ-ပါ ဘုရား) မပါဘူးဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။

သစ္စာချုံးလိုက်တော့ သစ္စာတစ်ပါးတည်း

အဲ သေချာတဲ့အခါကျတော့မှ ဪ ဒါဖြင့် သစ္စာချုံးလိုက်တော့ သစ္စာတစ်ပါးတည်းရှိတယ်၊ တစ်ပါးတည်း တစ်ခါချဉ်းကြဦးစို့- ချုံးကြဦးစို့ဆိုတော့ ဘယ်သစ္စာကြည့်ကြည့်၊ ဝေဒနာကြည့်လဲ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ကြည့်ကြည့် ဒုက္ခသစ္စာ၊ အဲဒီ ဒုက္ခသစ္စာကြည့်ပြန်တော့လဲ ဖြစ်ပျက်ရှိတယ်၊ မဟုတ်ဘူးလား (မှန်ပါ့) စိတ္တာနုပဿနာရယ်လို့ ရှုလို့ပြန်တော့လဲ ဒုက္ခသစ္စာ (မှန်ပါ့)။

ဒုက္ခသစ္စာကြည့်လိုက်ပြန်တော့လဲ မောင်နိုင်က ဘာတွေ့သလဲ (ဖြစ်ပျက်ပဲတွေ့ပါတယ် ဘုရား)။

ရုပ်ကြည့်လိုက်ပြန်တော့လဲ ကာယာနုပဿနာ သတိပဋ္ဌာန်၊ အင်း သူ့ကြည့်လိုက်တော့ (ဖြစ်ပျက်ပါ ဘုရား)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူ့ပါဠိတော်မှာ သွားကြည့်လိုက်တော့ ဪ ရှုတိုင်း ရှုတိုင်း ဝေဒနာကျပြန်တော့လဲ ပထမတုန်းကတော့ ဘုရားက “သုခံဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ” ပထမတုန်းကတော့ ဒီလိုဟောတယ် သတိပဋ္ဌာန်မှာ (မှန်ပါ့)။

ဖြစ်ပျက်တင်ရှုလို့ပြောတာ

နောက် သတိပဋ္ဌာန ဘာဝနာကျလာတော့ ဒီလိုမဟောဘူး “သမုဒယဓမ္မာနုပဿီဝါ ဝေဒနာသု ဝယဓမ္မာ နုပဿီဝါ” သမုဒယနဲ့ ဝယသာရှုကွ၊ ဖြစ်ပျက်တင်ရှုလို့ပြောတာ (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ်)။

ရုပ်ပိုင်းကြည့်လိုက်ပြန်တော့လဲ “သမုဒယဓမ္မာနုပဿီဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီဝါ ကာယသ္မိံ ဝိဟရတိ” ဆိုတော့ ဘာဆိုပြန်တာတုန်း (ဖြစ်ပျက်ရှုခိုင်းတာပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဪ ဒါဖြင့် ခင်ဗျားတို့က ရှေ့ပိုင်းသာ ကြည့်နေတာကိုး ဝေဒနာနုပဿနာ စိတ္တာနုပဿနာနဲ့ နောက်ပိုင်း ကြည့်လိုက်တော့ ဖြစ်ပျက်ရှုခိုင်းနေတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

နောက်ပိုင်းကြည့်လိုက်တော့ (ဖြစ်ပျက်ရှုခိုင်းနေတာပါ) မပေါ်သေးဘူးလား (ပေါ်ပါပြီ)။

ဒီ သတိပဋ္ဌာန်ထဲမှာကို မဝေဖန်တတ်လို့ခက်နေတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) ဝေဖန်တတ်ပြီလား (ဝေဖန်တတ်ပါပြီ)။

ချုံးလိုက်တော့ ဘာတွေတွေ့သလဲ (ဖြစ်ပျက်တွေ့ပါတယ်) ဖြစ်ပျက်သည် သစ္စာကော ဟုတ်ပါရဲ့လား (ဟုတ်ပါ တယ်) ခန္ဓာကော ဟုတ်ပါရဲ့လား (ဟုတ်ပါတယ်) အာယတနကော (ဟုတ်ပါတယ်) ဓာတ်ကော (ဟုတ်ပါတယ်) ဒီထဲ အကုန်ဝင်တယ် (မှန်ပါ့)။

ဒါ့ကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက “အနိစ္စာဝတသင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော” လို့ မဟောဘူးလား (ဟောပါ ဘုရား)။

ဓမ္မိနော – တရားထသော ပင်ကိုယ်ကြီးကဖြင့် ဥပ္ပါဒနဲ့ ဝယပဲရှိတယ် (မှန်ပါ့) တရားစစ်စစ်ကို ငါဟောတော့ မယ်ဆိုရင်ဖြင့် ဥပ္ပါဒနဲ့ ဝယပဲရှိတယ်၊ လောကကြီးထဲမှာ (မှန်ပါ့)။

ဘာပြောသေးသတုန်း ကိုစောမောင် (ဘာမှမပြောပါ ဘုရား) ဖြစ်ပျက်ရှိတာပဲကွတဲ့၊ လောကကြီးထဲမှာ ယောကျာ်းလဲမရှိဘူး၊ မိန်းမလဲမရှိဘူး၊ ရုပ်လဲမရှိဘူး၊ နာမ်လဲမရှိဘူး၊ သဘောကျပြီလား (ကျပါပြီ) သေသေချာချာ ဉာဏ်အတွေ့မှာပြောရလို့ရှိရင် ဖြစ်ပျက်ပဲရှိတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။

နို့ ဒါဖြင့် ဒီဖြစ်ပျက် ကောင်းကောာင်း သဘောကျသွားပြီလို့ ယနေ့ဆုံးဖြတ်ချက်ချလိုက်တော့-(မှန်ပါ့) ကောင်းကောင်း သဘောကျပြီလား (ကျပါပြီ)။

ဖြစ်ပျက်သဘောကျတော့ နိဗ္ဗာန်ပါ သဘောကျတယ်

ဒါဖြင့် ဖြစ်ပျက်သဘောကျတော့ နိဗ္ဗာန်ပါ သဘောကျတယ် (မှန်ပါ့) ဖြစ်ပျက် သဘောကျတော့ ဘာသဘောကျ သလဲ (နိဗ္ဗာန်သဘောကျပါတယ် ဘုရား)။

ဖြစ်ပျက် သဘောကျတော့ ရှုပုံကို သဘောကျတယ် (မှန်ပါ့) ပြီးတော့မှ တေသံ-ထိုဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော ချုပ်ဆုံးသော နိဗ္ဗာန်သည်၊ သုခေါ = ချမ်းသာ၏၊ ဒါမလာဘူးလား (လာပါတယ် ဘုရား)။

တေသံ = ထိုဖြစ်ပျက်နှစ်ပါးတို့၏၊ ဝူပသမော = ချုပ်ဆုံးရာနိဗ္ဗာန်သည်၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ပဲ (မှန်ပါ့) သုခေါ = ချမ်းသာ၏ဆိုတာက နိဗ္ဗာန်၏ အရသာကိုပြောတာ (မှန်ပါ့)။ ဝူပသမောက နိဗ္ဗာန်ကိုဟောတာ၊ သုခေါက နိဗ္ဗာန်၏ချမ်းသာပုံကိုပြောတာ၊ တေသံဆိုတာက ခုနက ဥဒယဝယ တို့၏ ချုပ်တာကိုဆိုလိုတာ ကိုစောမောင် (မှန်ပါ့)။

ဖြစ်ပျက်ချုပ်ရင် နိဗ္ဗာန်

ဒါဖြင့် ဖြစ်ပျက်ချုပ်ရင် ဘာတုန်း (နိဗ္ဗာန်ပါ ဘုရား) ဒါဖြင့် ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်ဆုံးအောင် လိုက်လိုက်ပါ လား (မှန်ပါ့)။

နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ဖြင့် ဖြစ်ပျက်ရှုလို့ (ဖြစ်ပျက်ဆုံးအောင်လိုက်ပါ) လိုက်-လိုက်ရင် ဘာတွေ့မလဲ (နိဗ္ဗာန် တွေ့ပါမယ် ဘုရား)။

ဖြစ်ပျက်တွေ့ရင် ဝိပဿနာဉာဏ် (မှန်ပါ့) ဖြစ်ပျက်အဆုံးတွေ့ရင် မဂ်ဉာဏ်၊ နိဗ္ဗာန်ဖြစ်သောကြောင့် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဲဒါ ဘယ်မှာ ဟောသတုန်းဆိုတော့ ဖြစ်ပျက်တွေ့တော့ ဘုရားက ပဋ္ဌာန်းပါဠိတော်ကျတော့

“သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” သူ့ပဲ သူက သင်္ခါရကွ-တဲ့ ဖြစ်ပျက်ဟာ သင်္ခါရမဟုတ်လား (မှန်ပါ့) သူ့ကျတော့ “အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” ဆိုတာ သူ့လဲဖြစ်ပျက်ရှုပေးတဲ့ ပဋ္ဌာန်းပါဠိတော်က (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

”သင်္ခါရေ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ” ဆိုတော့ ဒါ ဝိပဿနာဉာဏ်ကို ဟောလိုက်တယ်၊ ပဋ္ဌာန်းက ရိပ်မိပြိလား (ရိပ်မိပါပြီ)။

သူက သင်္ခါရတရားမို့ ဝိပဿနာရှုပါလို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဟိုကျတော့ ဝိပဿနာရှုဖို့ မရှိတဲ့ နေရာကျတော့ကိုတဲ့၊ ဘယ်လိုဟောလိုက်သတုန်းဆိုတော့ “နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏပစ္စယေန ပစ္စယော” တဲ့၊ ရှုဦးလို့ပြောသလား (မပြောပါ ဘုရား)။

နိဗ္ဗာန်သည် အကြောင်း၊ မဂ်သည် (အကျိုးပါ ဘုရား) ရှုလို့ဆိုသလား – ဒီလိုပေါ်ပြီလို့ ပြောသလား (ပေါ်ပြီလို့ ပြောတာပါ ဘုရား) မဂ်ပေါ်ပြီလို့ပြောနေတာ၊ သဘောကျပြီလား (ကျပါပြီ)။

ပြီးတော့ “နိဗ္ဗာနံ ဖလဿ” မဂ်ပေါ်ပြီးရင် ဖိုလ်ပေါ်လိမ့်မယ်လို့ပြောတာ (မှန်ပါ့)။

ပြီးတော့ “နိဗ္ဗာနံ ပစ္စဝေက္ခဏဿ” ကျတော့ အဲဒီကျတော့ ရှုဦးကွ၊ ပြန်ရှုဦး၊ ဆင်ခြင်ဦးလို့ လာပြန်တယ် (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

အဲဒါတွေထောက်ကြည့်တော့မှ ကိုစောမောင် ရေ ကျုပ်တို့ ဖြစ်ပျက်ဟာ သာမည အဖိုးတန်တာလား၊ ကိစ္စပြီး အောင် အဖိုးတန်တာလား (ကိစ္စပြီးအောင် အဖိုးတန်တာပါ ဘုရား)။

ကိစ္စပြီးအောင် အဖိုးတန်ပါတယ်

နောက်က ဒကာ ဒကာမတွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ကိစ္စပြီးအောင် အဖိုးတန်ပါတယ် ဘုရား)။

ကိစ္စပြီးအောင် အဖိုးတန်ပါတယ်ဆိုတော့ ခန္ဓာမပါဘူး၊ အာယတန မပါဘူး၊ ဓါတ်မပါဘူးလို့ ဆိုရမှာလဲ ပဋိစ္စသမုပ္ပါဒ်က သက်သေခံနေတယ် (မှန်ပါ့) မခံဘူးလား (ခံပါတယ် ဘုရား)။

အင်း ဟင် သူ့ဆုံးအောင် လိုက်လို့ရှိရင် နိဗ္ဗာန်ပဲဆိုတာလဲ ခုနက မဟာပရိနိဗ္ဗာနသုတ်မှာ ဟောတဲ့ “အနိစ္စာ ဝတ သင်္ခါရာ (ပ) တေသံ ဝူပသမော သုခေါ” က တာဝန်ခံနေတယ် (မှန်ပါ့)။

ဆုံးအောင်လိုက်ရင် နိဗ္ဗာန်ဆိုတာလဲ တာဝန်မခံဘူးလား (ခံပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒို့သည်ကားလို့ဆိုရင် ဖြစ်ပျက်တစ်လုံးကို နိုင်အောင်သုံးဖို့ပဲ အရေးကြီးပါတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဘာသုံးကြမယ် (ဖြစ်ပျက်တစ်လုံးနိုင်အောင် သုံးကြရပါမယ် ဘုရား) အင်မတန် အဖိုးတန်တဲ့ တရားဆိုတာကော သေချာကြပြီလား (သေချာပါပြီ)။

ဖြစ်ပျက်ဆုံးရင်လဲ ဘာတဲ့တုန်း (နိဗ္ဗာန်ပါ ဘုရား) မယုံရွတ်ကြည့် ‘တေသံ ဝူပသမော သုခေါ’ ကိုစောမောင် ရွတ်စမ်း (တေသံ(ပ)သုခေါ ပါ ဘုရား)။

တေသံ = ထိုဖြစ်ပျက်တို့၏၊ ဝူပသမော = ဆုံးသောနိဗ္ဗာန်သည်၊ သုခေါ = ချမ်းသာ၏ (မှန်ပါ့) တေသံက ဖြစ်ပျက်ဆိုတာ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်ဆုံးတာ ဘာခေါ်ကြမလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဒါဖြင့် ဖြစ်ပျက်တော့ ဘယ်မှာ ဟောသတုန်းလို့ မေးဖို့မလိုဘူးလား (မှန်ပါ့) ဖြစ်ပျက်က ဥပ္ပါဒဝယ ဓမ္မိနော၊ ပေါ်ပြီလား (ပေါ်ပါပြီ)။

ဥပ္ပါဒနဲ့ ဝယ၊ ဥပ္ပါဒက ဘာတုန်း (ဖြစ်တာ) ဝယက (ပျက်တာပါ ဘုရား) အဲ – ဓမ္မိနောက တရားသဘောတဲ့၊ တရားသဘောကတော့ ဖြစ်ပျက်ပဲ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။

ဥပ္ပါဒဝယ ဓမ္မိနော၊ မသိမှာစိုးလို့ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ ဖြစ်ပြီးပျက်လိမ့်မယ်ကွတဲ့၊ အဲဒါ မင်းမြင်အောင်ကြည့်တဲ့၊ မပြောဘူးလား (ပြောပါတယ် ဘုရား)။

ဥပ္ပါဒဝယ ဓမ္မိနောပြီးတော့ ဆက်ရွတ်စမ်းပါ၊ ဘာတဲ့တုန်း (ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ)။

ကဲ-ဖြစ်ပြီး ပျက်လိမ့်မယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) ကဲ ရှေ့ဆက်ရွတ်စမ်းပါဦး (တေသံ ဝူပသမော သုခေါ)။

တေသံ ဆိုတော့ ဘယ်သူ့ကို ခင်ဗျားတို့ ယူကြမလဲ (ဖြစ်ပျက်ပါ) အဲ တေသံ = ထိုဖြစ်ပျက်တို့၏၊ ဝူပသမော = ချုပ်ဆုံးသော နိဗ္ဗာန်သည်၊ သုခေါ = ချမ်းသာ၏ဆိုတော့ ဖြစ်ပျက်ဆုံးအောင် လိုက်-လိုက်ပြောတာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

လိမ်းဆေးလုပ်တယ်

ဒါဖြင့် ဒီပါဠိတော်တော့ ခင်ဗျားတို့က အသုဘပို့တိုင်းလိုလိုပဲ ကိုစောမောင် တို့ကြားမယ် (ကြားပါတယ် ဘုရား) ကြားပေမယ့်လဲ အလုပ်ထဲ မသွင်းဘူး (မှန်ပါ့) ဪ ဒီဥစ္စာ အမျှဝေသလိုလို၊ အသုဘရှုသလိုလိုနဲ့ ခင်ဗျားတို့က အသုံးကမတည့်တော့ ခုနက လိမ်းဆေးလုပ်တယ် (မှန်ပါ့) သောက်ဆေး မဟုတ်ဘူးလား (မှန်ပါ့)။

သောက်ဆေးလုပ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ (ကောင်းပါတယ် ဘုရား) ခုတော့ ဘာလုပ်ထားသလဲ (လိမ်းဆေးလုပ်ထားပါတယ်) ပျောက်ပါ့မလား (မပျောက်ပါ ဘုရား) ကိလေသာအနာ မပျောက်နိုင်ဘူးဆိုတာ သေချာ ပြီလား (သေချာပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ)။

အဲဒါ ကြည့်ပါလား ဘုရားပရိနိဗ္ဗာန်စံလို့ သိကြားကကို ရွတ်တာ၊ ဘုရားရှိတုန်းကလဲ ရွတ်ခဲ့ပါပြီ၊ သိကြားက ရွတ်တာ (မှန်ပါ့) အခုတော့ဖြင့်တဲ့ တေသံ = ထိုဘုရားသန္တာန်မှာ ဖြစ်ပျက်တွေ မရှိတော့ပါဘူး၊ ဒါ့ကြောင့် ဝူပသမော = ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို၊ သုခေါ = ကြွရောက်လို့သွားပါပြီတဲ့၊ ချမ်းသာသွားပါပြီတဲ့၊ ဒါ သိကြားက ရွတ်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။

ဖြစ်ပျက်တွေ ဆုံးသွားပြီတဲ့ ဒီကိုယ်တော်ကြီးမှာဖြင့် ခန္ဓာရှိနေတော့ ဖြစ်ပျက်ရှိဦးမှာကိုး၊ အခု ပရိနိဗ္ဗာန်စံတော့ ရှိသေးရဲ့လား (မရှိပါ ဘုရား) အဲဒီတွင် ချမ်းသာရသွားပြီလို့ သူပြောလိုက်တာ၊ ဖြစ်ပျက်ဆုံးပြီလို့ ပြောလိုက်တာ၊ ရှင်းပြီလား (ရှင်းပါပြီ)။

အဝိဇ္ဇာနဲ့ တဏှာ ရှေ့မှာ

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အဝိဇ္ဇာနဲ့ တဏှာ ရှေ့မှာလဲ ဘယ်သူရှိပါလိမ့် (ခန္ဓာငါးပါးရှိပါတယ် ဘုရား) အင်း ခန္ဓာရှိတယ်။

ဒါဖြင့် ခန္ဓာရှိတော့ ဒီခန္ဓာကြောင့်ပဲ အဝိဇ္ဇာနဲ့တဏှာ ဖြစ်ရတယ် (မှန်ပါ့) ခန္ဓာမသိတော့ အဝိဇ္ဇာ၊ ခန္ဓာ ခင်တော့ (တဏှာပါ ဘုရား) တဏှာပစ္စယာ (ဥပါဒါနံပါ ဘုရား) ဥပါဒါနပစ္စယာ (ကမ္မဘဝေါပါ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဪ ဒါဖြင့် ဒီခန္ဓာကြောင့် ဟိုခန္ဓာရတယ် (မှန်ပါ့) မောင်နိုင် ဒီခန္ဓာခင်တွယ်မှုကြောင့် (ဟိုခန္ဓာရပါတယ် ဘုရား) ဒီခန္ဓာမသိမှုကြောင့် (ဟိုခန္ဓာရပါတယ် ဘုရား) ပေါ်ပြီနော် (ပေါ်ပါပြီ)။

ဒီခန္ဓာမသိမှုကြောင့် (ဟိုခန္ဓာရပါတယ် ဘုရား) ဒီခန္ဓာ ခင်မှုကြောင့် (ဟိုခန္ဓာရပါတယ်)။

ကဲ ဒါဖြင့် ဒီလိုလုပ်ကြစို့၊ ဒီခန္ဓာ မခင်မှုကြောင့် ဒီခန္ဓာ သိမှုကြောင့်ပဲ ဘာလုပ်မလဲ (ဟိုခန္ဓာမရပါ ဘုရား) ဟိုခန္ဓာ မရတာ ဘာခေါ်မလဲ (နိဗ္ဗာန်ပါ ဘုရား)။

ဪ ဒါရှိတာပဲ တရားပေါင်းလိုက်တဲ့အခါကျတော့ ချုံးလိုက်တဲ့အခါကျတော့၊ ဒါပဲပေါ်လာတော့တယ် (မှန်ပါ့)။

ဦးဘကလေး ကျေနပ်ပြီလား (ကျေနပ်ပါပြီ) ကျေနပ်ပြီဆိုတော့ သူ့ဂါထာနဲ့ သူ့ပါဠိတော်နဲ့ ဗာလပဏ္ဍိတနဲ့ ဆိုတော့ အတော်ကလေး နေရာကျသွားပြီ (ကျသွားပါပြီ) မကျသေးဘူးလား (ကျပါပြီ)။

ဖြစ်ပျက်ရှုနည်းကိုဟောပါတယ်

ကိုင်း – ဒါဖြင့် ရှုနည်းနိဿယည်းကိုပြောတော့ ဖြစ်ပျက်ရှုရမယ်လို့ပြောတာ (မှန်ပါ့) မောင်နိုင် ဘာဟော သလဲ (ဖြစ်ပျက်ရှုနည်းကိုဟောပါတယ် ဘုရား)။

ဖြစ်ပျက် ရှုမယ်ကြံတော့ကိုတဲ့ ဝေဒနာကြိုက်တဲ့ ပုဂ္ဂိုလ်က ဘာရှုရမလဲ (ဝေဒနာရှုရပါမယ် ဘုရား) ဝေဒနာ ဖြစ်ပျက်ရှု (မှန်ပါ့) စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က (စိတ်ဖြစ်ပျက်ရှု)။

သို့သော် ဒီလိုလုပ်ပါတဲ့ ဘုန်းကြီးက ရှင်းပေးတယ်၊ ကိုစောမောင် တို့ကို (မှန်ပါ့) ဝေဒနာ မင်းမရှုနဲ့ဦး ဟုတ်လား၊ ဝေဒနာက တဏှာသတ် ဟုတ်လား (မှန်ပါ့) စိတ်ရှု၊ စိတ်က ဒိဋ္ဌိသတ် ပေါ်ပြီလား (ပေါ်ပါပြီ)။

ဝေဒနာက (တဏှာသတ်ပါ ဘုရား) ဝေဒနာရှုတာက တဏှာသေစေချင်လို့ရှုတာ၊ စိတ်ရှုတာက (ဒိဋ္ဌိသေစေ ချင်လို့ ရှုတာပါ ဘုရား)။

ဒိဋ္ဌိသေစေချင်လို့ဆိုတော့ တဏှာနဲ့ ဒိဋ္ဌိကို ဘယ်သူ့အရင်သတ်ရမယ်ဆိုတာ ခင်ဗျားတို့ ဝေဖန်ကြည့်တော့ ပေါ်လာတယ် (ဒိဋ္ဌိအရင်သတ်ရပါမယ် ဘုရား)။

ဒိဋ္ဌိအရင်သတ်ရမယ်၊ တဏှာသတ်နေလို့ မကောင်းဘူး၊ ကောင်းပါ့မလား (မကောင်းပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် သောတာပန်ဆိုတဲ့ဥစ္စာ ရှေးဦးစွာ တည်တာ ကိုစောမောင် (မှန်ပါ့) အဲဒါဘာဖြစ်လို့ သောတာပန် တည်သတုန်းဆိုတော့ တဏှာသေလို့ သောတာပန်တည်တာမဟုတ်ဘူး၊ ဒိဋ္ဌိသေလို့ သောတာပန်တည်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ဒိဋ္ဌိသေလို့နော် (မှန်ပါ့)။

အဲ ရုပ်နာမ်ကို ငါထင်နေတဲ့ ဒိဋ္ဌိသေလို့ သောတာပန်တည်တယ် (မှန်ပါ့) တဏှာကျန်လျက်ပဲ (မှန်ပါ့) သဘောပါ ပြီလား (ပါ-ပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ဟာသာရှုလို့ရှိရင် သူ့အချိုးကိုက်ပါလိမ့်မလဲဆိုတာ မောင်နိုင် ဝေဖန်စမ်း (စိတ္တာနုပဿနာပါ ဘုရား)။

စိတ္တာနုပဿနာရှုလိုက်တော့

စိတ္တာနုပဿနာရှုလိုက်တော့ ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ်) သောတာပတ္တိမဂ်ဆိုတာ ဘာပယ်ရမှာလဲ (ဒိဋ္ဌိပယ်ရမှာပါ) ဒိဋ္ဌိပယ်ရမယ်ဆိုတာ သေချာပြီလား (သေချာပါပြီ) ကောင်းပြီ ဒါဖြင့် စိတ္တာနုပဿနာကို ရှုမယ်ဆို တော့ ဒကာ ဒကာမတွေ ဆယ့်နှစ်မျိုးပေးထားတယ်ဆိုတာ သိပါပြီ – (သိပါပြီ ဘုရား)။

မြင်စိတ်ကိုလဲ ရှုနိုင်တယ်၊ ကြားစိတ်ကော (ရှုနိုင်ပါတယ်) နံစိတ်ကော (ရှုနိုင်ပါတယ်) စားစိတ်ကော (ရှုနိုင် ပါတယ် ဘုရား) ကိုယ်တလုံးမှာ ယားတယ်, ယံတယ်, ကောင်းတယ်ဆိုတဲ့ ကာယဝိညာဏ်စိတ်တွေကော (ရှုနိုင်ပါတယ်) ရှုနိုင်တယ်ဆိုတော့ ဒါ ပြင်ဘက်ဧည့်သည်ငါးယောက် ကုန်သွားပြီ (မှန်ပါ့ ဘုရား) ဒါ ဆက်ရှုပေါ့နော် (မှန်ပါ့)။

အတွင်းဧည့်သည်တွေ ပြောရမယ်ဆိုတော့ အတွင်းထဲမှာ လောဘ, ဒေါသ, မောဟ၊ အလောဘ, အဒေါသ တွေ မရှိဘူးလား (ရှိပါတယ်) အဲ အတွင်းဧည့်သည်ကိုလဲ ရှုပေးလိုက် (မှန်ပါ့)။

ဘာမှမရှိဘူးဆိုတော့ ခင်ဗျားတို့ လေကိုထွက်အောင် အားထုတ်တဲ့စိတ်ရှု၊ သဘောကျပြီလား (ကျပါပြီ) လေကို ပြန်ရှိုက်တဲ့ (စိတ်ကို ရှုရပါမယ် ဘုရား)။

ဒီစိတ်ကိုတော့ ဘာစိတ်တုန်းလို့ မေးမနေပါနဲ့၊ တစ်ခါတစ်လေ ဒေါသနဲ့ရှူတဲ့ စိတ်ကလဲရှိတယ်၊ လောဘနဲ့ရှူတာ, ရှိုက်တာကော (ရှိပါတယ် ဘုရား)။

ပွဲကြည့်ရင်းများ ရှူနေတာကြတော့ လောဘနဲ့ ရှူရှိုက်နေတယ်၊ သဘောကျပြီလား (ကျပါပြီ) တခါတလေ ကျတော့ ဒေါသကြီးနဲ့များ ရှူရှိုက်နေတာတွေကျတော့ ဒေါသနဲ့ရှူရှိုက်နေတယ် (မှန်ပါ့) တခါတလေ မသိလိုက် မသိဖာသာ ရှူနေတဲ့အခါများပါသေးတယ် (ပါ-ပါတယ်) အဲဒါကျတော့ မောဟနဲ့ ရှူရှိုက်နေတယ်ဆိုတော့ သူ့ကျတော့ ဝေဖန်လို့မရဘူး၊ အဲဒါ ရှူရှိုက်စိတ်ပဲ ဖြစ်ပျက်ရှု (မှန်ပါ့) သူက အခါနဲ့လာနေတာကိုး၊ သဘောပါကြလား (ပါ-ပါပြီ ဘုရား)။

ရှုစရာ ဆယ့်နှစ်ခု

ဒါဖြင့် ရှုစရာ ဆယ့်နှစ်ခုဆိုတာ ဆရာဘုန်းကြီးက ပေးထားတယ်။

ဧည့်သည်က မောင်နိုင် ဘယ်နှစ်ယောက်တဲ့တုန်း (ဆယ်ယောက်ပါ) အိမ်သည်ကကော (နှစ်ယောက်ပါ ဘုရား)။

အဲဒီ အိမ်သည်နှစ်ယောက်ကို အမြဲတမ်းထားပြီး ဧည့်သည်ပေါ်ရာလိုက်လို့ရှိရင်ဖြင့် စိတ်တွေဟာ မြင်စိတ် ကလေးလဲ ဖြစ်ပြီးပျက်တာပဲ၊ ကြားစိတ်ကလေးကော (ဖြစ်ပြီးပျက်တာပါ ဘုရား)။

မပျက်ဘူးလို့တော မယူနဲ့နော် (မှန်ပါ့) ဒီလို ယူလိုက်တော့ ဒီအပျက်နောက်က ဝိဇ္ဇာမဂ် မလိုက်ဘူးလား (လိုက်ပါတယ် ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ မင်္ဂလသုတ် ရွတ်ပေတော့ (ပဏ္ဍိတာနဉ္စသေဝနာပါ ဘုရား)။

ကိုစောမောင် တို့ ထစ်များနေလိုက်သေးတယ်၊ မဂ်လိုက်ပေါ့ဗျ (မှန်ပါ့) ရွတ်စမ်းပါဦး ဘယ့်နှယ်တဲ့ (ပဏ္ဍိတာနဉ္စ သေဝနာပါ) မင်္ဂလသုတ်များ မေ့များကုန်ပြီလား ပြော-မပြောတတ်ပါဘူး၊ အိမ်ထောင်ကျတာကြာလို့များ မေ့ကုန်ပြီလား (မမေ့ပါ ဘုရား)။

ဒကာ ဒကာမတွေ ရွတ်ကြစမ်း ဘာတဲ့တုန်း (ပဏ္ဍိတာနဉ္စသေဝနာပါ ဘုရား)။

အဲ ဖြစ်ပျက်နောက်က မဂ်လိုက်လို့ရှိရင် မဂ်ဝိဇ္ဇာလိုက်လို့ရှိရင် ပဏ္ဍိတာနဉ္စ သေဝနာဖြစ်ပါတယ်၊ ဒါဖြင့် ဧတံ မင်္ဂလ မုတ္တမံ ပဲ ကိုစောမောင် (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် စိတ်ဆယ့်နှစ်ခုကို ဒကာ ဒကာမတွေက အိမ်သည်နှစ်ခုကိုလဲ အမြဲတမ်းထားရှုပြီးသကာလ ဧည့်သည် ပေါ်ရာ လိုက်လို့ရှိရင်ဖြင့်တဲ့ စိတ်ဟာ ဒိဋ္ဌိအများဆုံး၊ ငါ့စိတ် မစမ်းနဲ့ဆိုတာတွေဟာ ဒိဋ္ဌိကလာတာ (မှန်ပါ့) ငါမြင် တယ်ဆိုတာကော (ဒိဋ္ဌိကလာတာပါ ဘုရား) မျက်လုံးကို ငါစွဲတယ်နော် (မှန်ပါ့) ငါကြားတယ်ဆိုတော့ နားမှ ငါမပါ ဘူးလား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ဒီစိတ်ပေါ်မှာ ဒိဋ္ဌိက ဘယ့်နှယ်တုန်း (များပါတယ် ဘုရား) များတယ်နော်။

အဲဒီတော့ ဒီလိုလုပ်ပါတဲ့၊ ခင်ဗျားတို့ ဒိဋ္ဌိပြုတ်ချင်တော့ကို ဘုရားကဟောထားတယ်၊ မင်းတို့ နိဗ္ဗာန်ရောက်ဖို့ အရေးဟာကွာတဲ့၊ ဒီ-ဒိဋ္ဌိမပြုတ်ရင်တော့ဖြင့် ဘာလုပ်နေနေ နိဗ္ဗာန်မရောက်ဘူးတဲ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

ဒိဋ္ဌိသာမပြုတ်ရင် နိဗ္ဗာန်မရောက်

ဒိဋ္ဌိသာမပြုတ်ရင် (နိဗ္ဗာန်မရောက်ပါ ဘုရား) ဘာလုပ်နေနေ နိဗ္ဗာန်မရောက်ဘူးဆိုပြီးသကာလ ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာ-နော် အနိစ္စသုတ်မှာ ဘယ်လို ဟောလိုက်သတုန်းဆိုတော့ –

”ကဉ္စိ သင်္ခါရံ နိစ္စတော သမနုပဿန္တော

အနုလောမိကာယ ခန္တိယာ သမန္နာဂတော

ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ”။

သဘောကျပြီလား (ကျပါပြီ) ဒီ-တခုတည်းသော စိတ်ကလေးက သင်္ခါရတရားကလေး မဟုတ်လား (မှန်ပါ့) အာရုံဒွါရကြောင့် ဖြစ်တယ်ဆိုတော့ သူများပြုပြင်လို့ပေါ်လာတဲ့ စိတ်ကလေး မဟုတ်လား (မှန်ပါ့) အာရုံဒွါရမပြုပြင် ရင် ဒီဝိညာဏ်စိတ်ကလေး ပေါ်နိုင်ပါ့မလား (မပေါ်နိုင်ပါ ဘုရား)။

”စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဆိုတော့ နှစ်ခုက ပြုပြင်လို့ပေါ်လာတာ (မှန်ပါ့)။

အဲဒီ သင်္ခါရကလေးဟာ ကိုစောမောင် သူ့ကို နိစ္စထင်နေလို့ရှိရင်တဲ့ ဝိပဿနာဉာဏ်တောင် မရဘူးတဲ့၊ ဟုတ်လား (မှန်ပါ့) ဝိပဿနာဉာဏ်မှ မရလို့ရှိရင်လဲတဲ့၊ “ကဉ္စိ သင်္ခါရံ (ပ) နေတံ ဌာနံ ဝိဇ္ဇတိ” ငါ သေသေချာချာ ဟောတယ်၊ ဒီတရားကလေးတခုကို ခိုင်တယ်, မြဲတယ်လို့ ထင်နေလို့ရှိရင်ဖြင့်တဲ့၊ ဘယ်နည်းနဲ့မှ အနုလောမ ခန္တီတောင် မရပါဘူးကွတဲ့၊ ဝိပဿနာဉာဏ်တောင် မရဘူး (မှန်ပါ့)။

”အနုလောမိကာယ ခန္တိယာ အသမန္နာဂတော သမ္မတ္တနိယာမံ ဩက္ကမိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ”။

အနုလောမဉာဏ်မှ မပါလို့ရှိရင်

ဒီ-ဝိပဿနာဉာဏ်ဆိုတဲ့ အနုလောမဉာဏ်မှ မပါလို့ရှိရင် သမ္မတ္တနိယာမဆိုတဲ့ မဂ်ဉာဏ်ကို ရလိမ့်မယ်လို့ ငါ-ဘယ်တော့မှ မဟောဘူးတဲ့ (မှန်ပါ့) ဒီ-သင်္ခါရကို နိစ္စထင်နေရင် (မှန်ပါ့) သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

သမ္မတ္တ နိယာမံ အနောက္ကမ မာနော သောတာပတ္တိ ဖလံ ဝါ – သကဒါမိဖလံဝါ – အနာဂါမိဖလံဝါ – အရဟတ္တံ ဝါ – သစ္ဆိ ကရိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ”။

ဒီဟာကွာ သေသေချာချာမှတ်တော့ မဂ်လေးတန် ဖိုလ်လေးတန် လုံးဝမရဘူးတဲ့၊ ဒီသင်္ခါရကို နိစ္စထင်နေလို့ ရှိရင် (မှန်ပါ့) သူအရေးကြီးဆုံးပဲ (မှန်ပါ့)။

ဒါဖြင့် ဖြစ်ပျက်ရှုတော့ ဖြစ်ပျက်ဆိုတာ ဖြစ်ပြီးပျက်တာ၊ “ဟုတွာ အဘာဝဋ္ဌေန အနိစ္စ” အနိစ္စ မမြင်သေး ဘူးလား (မြင်ပါတယ် ဘုရား)။

ခုနကဟာ ဖြစ်ပြီး ပျက်သွားတာပဲလို့ ရှုလိုက်တာပေါ့၊ ဒါ ဝေဒနာရှုရင် ဝေဒနာလဲ ဒီထဲပါသွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။

သဟဇာတ အဖြစ်နဲ့ပါသွားတော့ မြင်စိတ်ကလေး ရှုလိုက်လဲ ဖြစ်ပြီးပျက်တာ မသိလိုက်ဘူးလား (သိလိုက် ပါတယ် ဘုရား)။

သိလိုက်တဲ့အခါကျတော့ အဲဒါ အနုလောမ ခန္တီ ရပြီ၊ ဝိပဿနာဉာဏ်ရပြီ၊ အဲ-ဝိပဿနာဉာဏ်ရလို့ရှိရင်လဲ မဂ်ဉာဏ်ရမယ်၊ မဂ်ဉာဏ်ရလို့ရှိရင် ဖိုလ်ဉာဏ်ပြီးတာပဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ငါဘုရား ရဲဝံ့စွာ တာဝန်ခံတယ်ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမ တို့ မြင်ပြန်ရင် မြင်စိတ်ကလေးကို ဖြစ်ပျက်မိအောင်ရှု၊ ကြားစိတ်ကလေးကိုကော (ဖြစ်ပျက် မိအောင်ရှု) သဘောကျပြီလား (ကျပါပြီ ဘုရား)။

နှာခေါင်းမှာပေါ်တဲ့ နံစိတ်ကလေး (ဖြစ်ပျက်မြင်အောင်ရှု) လျှာလယ်မှာပေါ်တဲ့ စားစိတ်ကလေး (ဖြစ်ပျက် မြင်အောင်ရှု) ကိုယ်ပေါ်မှာ ယားယံစိတ်ကလေး (ဖြစ်ပျက်မြင်အောင်ရှု) ကိုယ်ပေါ်မှာ ကောင်းစိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်မြင်အောင်ရှု) ဝမ်းထဲလောဘစိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်မြင်အောင်ရှုပါ ဘုရား)။

ဖြစ်ပျက်မြင်အောင် နောက်က သမ္မတ္တနိယာမမဂ်လိုက်ပေး၊ ဝိပဿနာမဂ်လိုက်ပေး (မှန်ပါ့) ကိုစောမောင် မလိုက်သင့်ဘူးလား (လိုက်သင့်ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒေါသကလေး ပေါ်လာရင် (ဖြစ်ပျက်မြင်အောင်ရှု) မောဟဆိုတဲ့ သံသယဥဒ္ဓစ္စကလေး ပေါ်လာရင် (ဖြစ်ပျက်မြင်အောင်ရှုပါ ဘုရား)။

ဖြစ်ပျက်လိုက်ပေး၊ လိုက်သာလိုက်

ဖြစ်ပျက်လိုက်ပေး၊ လိုက်သာလိုက်၊ သဘောကျပြီလား (ကျပါပြီ) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒီလို လိုက်တော့ကိုတဲ့ ခန္ဓာနောက်က ဘာလိုက်သတုန်း (ဝိဇ္ဇာလိုက်ပါတယ် ဘုရား)။

ဒါဖြင့် ပါဠိရွတ်လိုက်ပါ (ပဏ္ဍိတာနဉ္စ သေဝနာ) ဆုံးအောင်ရွတ်လိုက်တော့ (ဧတံ မင်္ဂလ မုတ္တမံ)။

ဧတံ မင်္ဂလ မုတ္တမံ ဖြစ်တယ်၊ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။

ဧတံ မင်္ဂလ မုတ္တမံ ဆိုတာ နိဗ္ဗာန်ကိုဟောတာ၊ ဒီ့ပြင်ဟာကို ဟောတာ မဟုတ်ဘူး (မှန်ပါ့)။

”ပဏ္ဍိတာနဉ္စ သေဝနာ၊ ဧတံမင်္ဂလ မုတ္တမံ” ဆိုတာ ဦးဘကလေး သေသေချာချာမှတ်ထား နိဗ္ဗာန်ကို ဟောတာ (မှန်ပါ့ ဘုရား) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။