ဗာလပဏ္ဍိတသုတ်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
မိုးကုတ်မြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ဗာလပဏ္ဍိတသုတ်
ညအလုပ်ပေးတရားတော်
(၁၁-၆-၆၂)
သာသနာတွင်းတရား
သာသနာတွင်းတရားကို ဟောလိမ့်မယ်လို့ မောင်နိုင် တို့ မှတ်ရမယ်နော် (မှန်ပါ့) တရားမှာလဲ သာသနာတွင်း တရား၊ သာသနာပ တရားရယ်လို့ နှစ်မျိုးရှိတယ်၊ ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ် ဘုရား)။
သာသနာတွင်းတရားက ဒုက္ခချုပ်တာဟောနိုင်တဲ့တရားမှ သာသနာတွင်းတရားလို့ မှတ်ပါနော် (မှန်ပါ့) တရား တော့တရားပဲ ဒုက္ခဆက်အောင် ဟောနေတဲ့တရားက သာသနာပတရား (မှန်ပါ့) မှတ်မိကြပြီလား (မှတ်မိပါပြီ)။
ဒုက္ခဆက်အောင် ဟောနေတဲ့တရားက (သာသနာပတရားပါ ဘုရား) ဒုက္ခချုပ်အောင် ဟောတဲ့တရားက (သာသနာတွင်းတရားပါ ဘုရား) သာသနာတွင်း တရားလို့ ဒကာ ဒကာမတွေ နားထဲမှာပဲ ဉာဏ်ချိန်ခွင်ပေးထားတယ် လို့ မောင်နိုင်တို့ မှတ်ရမယ် (မှန်ပါ့)။
ဘယ်စာအုပ်က ရေးရေး၊ ဘယ်ဆရာတော်က ဟောဟော၊ ဘယ်သူကပြောပြော ဪ သူဟောနေတာ သာသနာတွင်း တရားပါသလား၊ အင်း သူဟောနေတာကဖြင့် သာသနာပတရားပါသလားဆိုတာ ကိုယ်က ဝေဖန် နိုင်ရမယ် (မှန်ပါ့)။
ကိုယ်က ဝေဖန်နိုင်တော့ သာသနာပကျတော့ ဒါန, သီလတွေ သမထတွေ ဒါတွေဟာ သူ့ဆရာနဲ့ သူ့ဒကာနဲ့ ဆိုသလို သိပြီးနေကြတော့ ခန္ဓာရတဲ့တရားတွေပေါ့ဗျာ (မှန်ပါ့) ဒါသာသနာပတရားလို့ မှတ်လိုက်ပါနော်၊ ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတဲ့ တရားကတော့ သာသနာတွင်း တရားလို့ ဒကာ ဒကာမတွေ မှတ်မိကြပြီလား (မှတ်မိပါပြီ)။
တရားဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုးရှိပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့မှာ ဒကာ ဒကာမတွေမှာ ဦးဘရှင်း တို့မှာ ဒီလိုမဝေဖန်တတ်လို့ရှိရင် အကောင်းချည်း ဆိုလို့ရှိရင် ဪ ကိုယ့်မှာ ဘာမှ ဉာဏ်ချိန်ခွင်မပါလို့ဆိုတာ သိရမယ် – (မှန်ပါ့)။
ဉာဏ်ချိန်ခွင်မပါတော့
ဉာဏ်ချိန်ခွင်မပါတော့ တရားဆိုရင် အကောင်းချည်းပဲဟေ့လို့ ယူလိုက်လို့ရှိရင်လဲ ဘာမပါတာသေချာကြသလဲ (ဉာဏ်ချိန်ခွင်မပါတာပါ ဘုရား)။
ဉာဏ်ချိန်ခွင်မပါတော့ ထည့်သ၍ တပိဿာဖြစ်နေတယ် (မှန်ပါ့) ၇၅ိ-သား ထည့်လိုက်လဲ (တပိဿာဖြစ်နေ ပါတယ် ဘုရား) ၅၀ိ-သား ထည့်လိုက်လဲ (တပိဿာဖြစ်နေပါတယ် ဘုရား)။
အဲဒီတော့ ဒီဈေးဝယ်ဟာ ဈေးဝယ်မှား၊ ဈေးဝယ်လိမ်မာလို့ ကိုစောမောင် က ဆိုမလား (မဆိုပါ ဘုရား) ဘာလိုနေသတုန်း (ဉာဏ်ချိန်ခွင်လိုနေပါတယ် ဘုရား)။
ဒီမှာလဲ ခင်ဗျားတို့ တရားနာတယ်၊ တရားနာတယ်လို့ ဆိုငြားသော်လည်း ဪ ဒါက သာသနာတွင်း တရားပါသလား၊ ဒါက သာသနာပ တရားပါသလားဆိုတာ ကိုယ်က ဉာဏ်ချိန်ခွင်နဲ့ချိန်ယူရမယ် (မှန်ပါ့)။
ဦးဘအုန်းကြီး နားလည်လား (မှန်ပါ့) ချိန်ပြီး မယူတော့ပါဘူးဆိုရင် ကိုစောမောင် ဆရာမှားပြီဆိုမှဖြင့် တသံသရာလုံး မှောက်တာက သိပ်ဆိုးဝါးတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အင်း ဆုတောင်းပါလားကွ၊ ဆုတောင်းပါလားကွ မင်းရတာပဲ၊ တောင်းရင် ရတာပဲဆိုတာတွေ ဒီအသွားတွေ သည်ကားလို့ဆိုလို့ရှိရင်ဖြင့် မတောင်းပဲနဲ့ကိုပဲ ဒုက္ခသစ္စာတွေက ပုံနေရတဲ့အထဲ တောင်းယူဦးမယ်ဆိုရင် ဦးဘရှင်း ဘယ်နှယ့်လုပ်မလဲ (သာပြီးဆိုးပါတယ် ဘုရား) အင်မတန် ကြောက်စရာ မကောင်းပေဘူးလား (ကောင်းပါတယ် ဘုရား)။
အဲဒါတွေ ဉာဏ်နဲ့ သေသေချာချာစဉ်းစားပြီး၊ ဝေဖန်ပြီး သကာလ ဆရာဘုန်းကြီးက ဉာဏ်ချိန်ခွင်ပေးထားတော့ ခင်ဗျားတို့က ချိန်မိအောင် ချိန်ရမယ် (မှန်ပါ့)။
နာတော့ နာရလိမ့်မယ်နော်၊ နာပင်နာငြားသော်လည်း ယူထိုက်တယ်, မယူထိုက်ဘူးဆိုတာ ဝေဖန်ရမယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် တရားနာလဲ လွယ်ပါ့မလား (မလွယ်ပါ ဘုရား) မောင်နိုင် အတော်ခက်တယ် (ခက်ပါတယ် ဘုရား)။
တရားဟောတဲ့ ပုဂ္ဂိုလ်ကလဲ နှစ်မျိုးပဲရှိတယ်
တရားဟောကလဲ သာသနာတွင်း တရားဟောဖို့ သာသနာပ တရားဟောဖို့ရယ်လို့ တရားဟောတဲ့ ပုဂ္ဂိုလ်ကလဲ နှစ်မျိုးပဲရှိတယ် (မှန်ပါ့)။
သူလဲ အဟောခက်ပဲ၊ သူတွန်းချလို့ သံသရာရှည်နေမယ်ဆိုလို့ရှိရင်လဲ သူ့အပြစ်ဟာ မသေးလှဘူး (မှန်ပါ့) သေးပါ့မလား (မသေးပါ ဘုရား)။
သူက တွန်းမချလို့ ကယ်တင်လိုက်လို့ နိဗ္ဗာန်သောင်ကမ်းပေါ် ရောက်သွားပြန်လဲ အင်း “ဓမ္မဂုဏော အနန္တော အာစရိယဂုဏော အနန္တော” တွေနဲ့ ကျေးဇူးဆပ်လို့ မကုန်ဘူးပေါ့ဗျာ (မှန်ပါ့)။
အဲဒါတွေကိုလဲ ဟောတဲ့ပုဂ္ဂိုလ်ကလဲ ဝေဖန်သင့်တဲ့အခါ နာတဲ့ပုဂ္ဂိုလ်ကလည်း ဉာဏ်ချိန်ခွင်နဲ့ ချိန်ပြီး ယူသင့် တဲ့အခါဆိုတာ ဝေဖန်ကြ (မှန်ပါ့)။
ဒါအခုပြောလိုက်တဲ့ စကားကလေးဟာ ကိုစောမောင် သေးသေးလို့ထင်နေသလား (မထင်ပါ ဘုရား) သေးသေး ထင်နေရင် ဦးဘရှင်း မှားတာပဲ (မှန်ပါ့) ကိုပေါ် မမှားပေဘူးလား (မှားပါတယ် ဘုရား) နောက်က ဒကာ ဒကာမတွေ (မှားပါတယ် ဘုရား)။
မှားမယ်တဲ့၊ ဒီဥစ္စာ သေသေချာချာ စဉ်းစားပြီး သကာလ ဪ ဒီဥစ္စာဟာ ပထမ စ,စပြောတဲ့ စကားဟာ အလွန်အရေးကြီးပါသလားဆိုတဲ့ဥစ္စာ ကိုစောမောင် ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။
ကဲ ဒါဖြင့် အကိုးအကား ထုတ်ကြပါစို့တဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောတာရှိတယ်၊ အရှင် သာရိပုတ္တရာက ပြောတာရှိတယ်နော် (မှန်ပါ့)။
သာရမဏ္ဍပရိဗိုဇ်
အရှင်သာရိပုတ္တရာကို သာရမဏ္ဍပရိဗိုဇ်က မေးတယ်၊ ဆက္ကနိပါတ်အင်္ဂုတ္တိုရ်ပါဠိတော်မှာ (မှန်ပါ့) အရှင်ဘုရား တပည့်တော် တရားလဲ မချိန်တတ်သေးပါဘုရား၊ အဲဒီတော့ ဘယ်တရားနာရမယ်၊ ဘယ်တရားကို မနာရဘူးဆိုပြီး သကာလ လောကကြီးမှာ တရားတွေကလဲ ပုံပြီး သကာလ နေတော့ ဘယ်တရားမျိုးသည်ကားလို့ဆိုရင် ကောင်းပါသတုန်း၊ ဘယ်ဟာသည်ကားလို့ဆိုရင် သုခ၊ ဘယ်ဟာသည်ကားလို့ဆိုရင် ဒုက္ခဆိုတာ တပည့်တော်တို့ မသိတော့ သစ္စာမသိတော့ (တပည့်တော်တို့ အခက်ကြီး ကြုံနေပါတယ် ဘုရား)။
ကိုစောမောင် မေးပြီ (မှန်ပါ့) သာရမဏ္ဍပရိဗိုဇ် နော် (မှန်ပါ့)။
သာရမဏ္ဍပရိဗိုဇ် က မေးတော့ ကွာတဲ့၊ မင်း ဒီလိုယူပါတဲ့၊ “အဘိနိဗ္ဗတ္တိ ဒုက္ခံ၊ အနဘိနိဗ္ဗတ္တိ သုခံ” အဘိနိဗ္ဗတ္တိ = နောင်တဖန် ပဋိသန္ဓေနေတဲ့ တရားသည်၊ ဒုက္ခံ=ဒုက္ခပေးတဲ့ တရားပဲ။
နောက် ပဋိသန္ဓေနေအောင် ဟောတဲ့ဘုန်းကြီး၊ ကိုယ်ကလဲ ဒါကြိုက်နေမယ်ဆိုလို့ရှိရင်တော့ သစ္စာမသိလို့ ဒုက္ခကြိုက်နေတာ (မှန်ပါ့) နောက် ပဋိသန္ဓေနေတာဟာ ဒုက္ခနော် (မှန်ပါ့)။
အနဘိနိဗ္ဗတ္တိ=နောင်တဖန် ပဋိသန္ဓေ မနေခြင်းသည်၊ သုခံ=သုခပဲ၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
နောင်တဖန် ပဋိသန္ဓေနေတဲ့ တရားဟူသ၍ဟာဖြင့် (ဒုက္ခပါ ဘုရား) ဒုက္ခပေးတဲ့တရားလို့ဆိုတာ ဝေဖန်လိုက်ဦး (မှန်ပါ့) ခင်ဗျားတို့က ချိန်ရတော့မယ် (မှန်ပါ့)။
နောင်တဖန် ပဋိသန္ဓေ ဇာတ်သိမ်းသွားတဲ့တရားဆိုလို့ရှိရင် ဪ အဇာတိံဆိုတဲ့ နိဗ္ဗာန်ပါသလား၊ မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ် ဘုရား)။
ဇာတိက ပဋိသန္ဓေကိုး၊ အဇာတိက ပဋိသန္ဓေ မနေတာကိုး၊ အဲဒါနဲ့ ဝေဖန်လိုက်တော့ နောင်တဖန် ပဋိသန္ဓေ မနေတဲ့တရားကို မင်းနာကွာ၊ အဲဒါ သုခပဲဆိုတော့ ရှင်းသွားတယ် (ရှင်းပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။
နောင်တဖန် ပဋိသန္ဓေနေတဲ့ တရားကို ကိုယ်က လိုက်စားမိမယ်ဆိုလို့ရှိရင်ဖြင့် ကိုယ်လဲ သစ္စာမသိဘူး၊ ပြောတဲ့ ပုဂ္ဂိုလ်ကလဲ သစ္စာမသိလို့ ကိုစောမောင်ရေ ဒုက္ခရောက်တဲ့တရား (မှန်ပါ့) ယူမိပြန်လို့ရှိရင်လဲ ဒုက္ခယူမိတယ်၊ တရားနာ မှားတယ် (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
သေသေချာချာ စဉ်းစားပြီး ဉာဏ်ရောက်ကြပြီလား (ရောက်ပါပြီ ဘုရား)။
နောင်တဖန် ပဋိသန္ဓေ မနေတဲ့ တရား
ဒါဖြင့် နောင်တဖန် ပဋိသန္ဓေ မနေတဲ့ တရားဟာ ကိုစောမောင် သုခရတဲ့တရား (မှန်ပါ့) နောင်တဖန် ပဋိသန္ဓေ နေတဲ့တရားဟာ (ဒုက္ခရတဲ့တရားပါ ဘုရား)။
ဒုက္ခရတဲ့ တရားဆိုတာ သာရမဏ္ဍပရိဗိုဇ်က မေး၍ ရှင်သာရိပုတ္တရာက အဘိနိဗ္ဗတ္တိဒုက္ခံ ကွ၊ အနဘိနိဗ္ဗတ္တိ သုခံ ကွ၊ တဖန်ဖြစ်လို့ရှိရင်ဖြင့် အဲဒါ ဒုက္ခချည်းမှတ်ပေတော့ကွာ၊ အဲဒီ့တရားကို၊ နောင်တဖန် မဖြစ်တဲ့ တရားဆိုလို့ရှိရင် သုခချည်း မှတ်ပေတော့ကွဆိုတော့ ကိုစောမောင် ဒါ ကိုယ်က မဝေဖန်တတ်ရင် မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
အဲ လူ့ပြည်, နတ်ပြည် ဆုတောင်းကြဟေ့၊ ဒါမှ မင်းတို့အေးအေးချမ်းချမ်း နေရမယ်ဆိုတဲ့ တရားဟာ အဘိနိဗ္ဗတ္တိ သွားဖြစ်တယ် (မှန်ပါ့ ဘုရား) နောင်တဖန် ဖြစ်ရတာကိုး (မှန်ပါ ဘုရား)။
နောင်တဖန် ဖြစ်ရတော့ ကဲ စကြပါစို့ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ကို ဦးဘရှင်း တို့လဲ ခဏခဏ နာနေရလို့ ဆရာ ဘုန်းကြီးနဲ့ တွေ့နေတယ်၊ ဪ နောင်တဖန် ဘယ်က စ-မှာတုန်း မောင်နိုင် မေးတော့ ဇာတိပါဘုရား၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) ဇာတိပိ ဘာတဲ့တုန်း (ဒုက္ခသစ္စံပါ ဘုရား)။
ဒါဖြင့် နောင်တဖန် ပဋိသန္ဓေနေရမည့် ဆုတောင်းကြဟေ့ဆိုတဲ့ တရားမျိုးသည် ဒုက္ခသစ္စာကို ဆုတောင်းယူရမည့် တရားလား၊ ပရိညေယျနဲ့ ပိုင်ပိုင်နိုင်နိုင်ထားပစ်ခဲ့ရမည့် တရားလား (ပိုင်ပိုင်နိုင်နိုင် ထားပစ်ခဲ့ရမည့် တရားပါ ဘုရား) ခြေကန်ရမှာ ခြေကန်ရမှာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒုက္ခကို ပိုင်ပိုင်နိုင်နိုင် ပရိညေယျနဲ့ ပိုင်းခြားပြီးသိမှ နိဗ္ဗာန်ရောက်မှာ ဖြစ်နေတာ တခါ ဒုက္ခကြီး ယူတယ်ဆိုတော့ ပိုင်းခြားသိတဲ့အဓိပ္ပါယ် ရောက်ပါဦးမလား (မရောက်ပါ ဘုရား) ဒုက္ခယူမိလျက် ကြုံနေတယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲဒါတွေကို ဒကာ ဒကာမတွေက ဆရာဘုန်းကြီးက ဉာဏ်ချိန်ခွင် ပေးထားတော့ ဒါကိုမလွဲအောင်ချိန်မှကိုက်မှာ (မှန်ပါ့)။
မလွဲအောင် ချိန်လိုက်တော့မှ ဪ ဒါသာသနာပမှာ ဘုရားမပွင့်ခင်က ပြောတဲ့ သစ္စာမပေါ်ခင်က ပြောတဲ့ တရား တွေပါသလား မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အခု သစ္စာပေါ်လို့ ဘုရားသာသနာ ရှိနေတဲ့အခါကျတော့ နောင်တဖန် ပဋိသန္ဓေမနေရရင် သုခပဲလို့ ရှင်သာရိပုတ္တရာ မဟောဘူးလား (ဟောပါတယ် ဘုရား)။
ကယ်တင်မည့်တရား
ဒါဖြင့် အဲဒီတရားမှသာလျှင် ဒကာ ဒကာမတို့ကို ကယ်တင်မည့်တရား (မှန်ပါ့) ဟိုဟာက ချောက်တွန်းတယ် ဆိုတာ ရောက်သွားတယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
မောင်နိုင် ခုနင်က စကား ခင်းလာခဲ့တာနဲ့ အခုပါဠိတော်ထုတ်ပြတာနဲ့ ကိုက်ပြီလား (ကိုက်ပါပြီ) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
ဒါ အင်မတန် ကြားရခဲတယ်ဆိုတာ ကိုစောမောင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
ခင်ဗျားတို့လဲ ဘာဂိုဏ်းတွေ ညာဂိုဏ်းတွေ ဦးဘရှင်း တို့လဲ လိုက်ခဲ့တာ စုံနေပေါ့၊ မစုံဘူးလား (စုံပါတယ် ဘုရား)။
ဟာ ကောင်းသဟေ့၊ ဆိုးတယ်ဟေ့လို့ ဆိုတဲ့ဥစ္စာဟာ ကိုယ့်နားထဲတွေ့တာ ကိုယ်ကောင်းနေလို့ မဟုတ်သေးဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုယ့်နားထဲတွေ့တာ ကိုယ်ကောင်းနေလို့ (မဟုတ်သေးပါ ဘုရား)။
မဟုတ်သေးပါဘူးတဲ့၊ သစ္စာနဲ့ ဝေဖန်လို့ ကောင်းမှ (ကောင်းပါတယ် ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာနဲ့ ဝေဖန်ပြီးကောင်းရမှာတုန်း (သစ္စာနဲ့ ဝေဖန်ပြီး ကောင်းရမှာပါ ဘုရား)။
ဒုက္ခရမည့် တရားဖြင့် (မကောင်းပါ ဘုရား) မကောင်းဘူး ဒုက္ခချုပ်မည့်တရားဖြင့် (ကောင်းပါတယ် ဘုရား)။
ဪ ဒီလို သိရမှာပါသလားဆိုတာကလေးကို ခင်ဗျားတို့က ဉာဏ်ချိန်ခွင် ဆရာဘုန်းကြီးက ပေးထားတဲ့အခါကျ တော့ ဘယ်အခါမဆို ချိန်တတ်လာရင် သူ့ဟာက ကိုယ့်အတွက်ကျန်မယ် (မှန်ပါ့) မချိန်ပဲနဲ့ ယူသွားလို့ရှိရင်ဖြင့် အရှုံးဘက်က ချည်း များလိမ့်မယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဒါက ရှင်သာရိပုတ္တရာ က ဟောတာနော် (မှန်ပါ့) သာရမဏ္ဍပရိဗိုဇ်က မေးလို့ ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာ က ဖြေတာ၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
နောင်တဖန် ပဋိသန္ဓေနေတဲ့ တရားကိုနာမိလို့ ကိုယ်ကိုယ်တိုင် ကြိုက်မိရင် ဘာရမတုန်း (ဒုက္ခရပါမယ် ဘုရား)။
နောင်တဖန် ပဋိသန္ဓေ မနေတဲ့တရားကို ဟောတဲ့ ပုဂ္ဂိုလ်ကဟောလို့ ကိုယ်ကလဲ ဒီတရားအတိုင်း ကျင့်ကြံပြီး သကာလ ပဋိသန္ဓေမနေရတဲ့ အလုပ်-လုပ်ဖြစ်လို့ရှိရင် ဘာတဲ့တုန်း (သုခရပါတယ် ဘုရား)။
သုခရတယ်လို့ဆိုတာဟာလဲ သစ္စာနဲ့ ဝေဖန်လိုက်တော့ နောက်က ဒကာ ဒကာမတွေ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဇာတိဟာ ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား) ဇာတိရှိတော့ ဇရာ, မရဏ, ဗျာဓိတွေကော (လာပါတယ် ဘုရား) ဘာသစ္စာတွေလဲ (ဒုက္ခသစ္စာတွေပါ ဘုရား) သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿတွေကော (လာပါတယ် ဘုရား)။
ဪ ဒါတွေကြောင့် ရှင်သာရိပုတ္တရာက ဒီအဖြေပေးတာကိုး ဆိုတာကော ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
အေး ဒါ့ကြောင့် မယောင်ကြနဲ့ – မမှားကြနဲ့ – မတိမ်းကြနဲ့ မစောင်းကြနဲ့ဆိုတာ ဒကာ ဒကာမတွေ ပြောထိုက် – မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
ရှေ့သွားခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်ဖြောင့်မှ
ရှေ့သွားခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်ဖြောင့်မှ – ဖြောင့်တာကိုး (မှန်ပါ့) ရှေ့သွားက ကောက်လို့ရှိရင် (ကောက်ပါတယ် ဘုရား) ကောက်တယ်ဆိုတာကော ကောင်းကောင်းသဘောကျပြီလား (ကျပါပြီ ဘုရား)။
သူက အကောက်မှန်း အဖြောင့်မှန်း မသိပဲနဲ့ ရမ်းလိုက်နေရင် ဦးဘရှင်းတို့ ဂျွမ်းထိုးမှောက်ခုံသွားတော့မယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
ဒါ့ကြောင့် ယနေ့စ,ပြီး ပြောကတည်းက ဪ ချိန်ခွင်ပေးနေပါပေါ့လားဆိုတာ ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါတယ် ဘုရား)။
ချိန်ခွင် အရမ်း ပေးတာလားတဲ့ ရှင်သာရိပုတ္တရာနဲ့ သာရမဏ္ဍပရိဗိုဇ် က မေးလို့ ပြောရတာလားလို့ဆိုတော့ ကိုစောမောင် မေးလို့ပြောရတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
တခါ ဘုရားကလဲ ပြောပြန်တယ်၊ ဘယ်လိုပြောသတုန်းဆိုတော့ ပဏ္ဍာသမှာ တစ်ခါလာပြောပြန်တယ်၊ ဘယ်လို ပြောသတုန်းလို့ဆိုရင်ဖြင့် –
ယော ဣမံကာယံ နိက္ခိပတိ၊
အညံ ကာယံ ပရိဂ္ဂဏှာတိ-
တမဟံ မဟာသာဝဇ္ဇောတိ ဝဒါမိ။
ပဏ္ဏာသမှာ လာတယ်နော် (မှန်ပါ့) ယော=အကြင်ပုဂ္ဂိုလ်သည်၊ ဣမံကာယံ=ဤကိုယ်ကို၊ နိက္ခိပတိ=ချရ၏၊ အညံ့ ကာယံ=တပါးသော ခန္ဓာကိုယ်ကို၊ နောက်ခန္ဓာကြီးပေါ့ဗျာ (မှန်ပါ့) ပရိဂ္ဂဏှာတိ=ယူရပြန်၏၊ နောက် ပဋိသန္ဓေနေပြန် တယ်ဆိုတာပေါ့ (မှန်ပါ့) တံ=ထိုအပြစ်ကို၊ အဟံ=ငါဘုရားသည်၊ မဟာသာဝဇ္ဇေတိ=အပြစ်အကြီးဆုံးသင့်သော ပုဂ္ဂိုလ်ဟူ၍၊ ဝဒါမိ=ငါဘုရားဟောတော်မူ၏တဲ့ (မှန်ပါ့)။
ဘုရားကဟောတယ် (မှန်ပါ့) ဘယ်လောက်ဆိုးဝါးသလဲ (ဆိုးဝါးပါတယ် ဘုရား) ဒီခန္ဓာပစ်ပြီး နောက်ခန္ဓာယူ ရတာ အပြစ်အကြီးဆုံး သင့်တာကွဆိုတော့ အင်မတန်အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဒါဖြင့် အမြင်ကျဉ်းတဲ့ပုဂ္ဂိုလ်က ပြောတာလား၊ အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ပြောတာလား (အမြင်ကျယ်တဲ့ပုဂ္ဂိုလ်က ပြောတာပါ ဘုရား) အင်း ဘာမြင်လို့ပြောရှာပါလိမ့် (ဒုက္ခသစ္စာမြင်လို့ ပြောတာပါ ဘုရား)။
ဒုက္ခသစ္စာမြင်လို့ ပြောတယ်ဆိုတာဖြင့် ဦးဘရှင်း ကျေနပ်ပြီ (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ (ကျေနပ်ပါပြီ ဘုရား) ခင်ဗျားတို့ လျှာမရှည်နဲ့ဆိုတဲ့စကားကော ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ခင်ဗျားတို့က တယ်လျှာရှည်တယ်၊ အတော်လျှာရှည်တာဆိုတာ ဒကာမတွေ မနာကြပါနဲ့နော် (မှန်ပါ့)။
ခင်ဗျားတို့က ရှိခိုးပါ၏ ပြီးတဲ့နောက် ဆက်ပြီး သကာလ လာတဲ့ အမှားတော်ကြီးက တယ်ကြီးတယ် (မှန်ပါ့) ရှိခိုးပါ၏ ရှိခိုးရသောအကြောင်းကြောင့်၊ ရှိခိုးရသော အကျိုးကြောင့် လူချမ်းသာ, နတ်ချမ်းသာ အကြိမ်ကြိမ်ခံစား၍ ဆိုတာ ဦးဘရှင်း သွားပြီ (သွားပါပြီ ဘုရား)။
လျှာရှည်မှု အပြစ်သင့်တာ
ဒါ လျှာရှည်မှု အပြစ်သင့်တာ (မှန်ပါ့) မောင်နိုင် ဘယ့်နှယ်ဆိုမလဲ (လျှာရှည်မှုအပြစ်သင့်တာပါ ဘုရား)။
လျှာလဲ ရှည်ရသေးတယ်၊ အပြစ်လဲ သင့်ရသေးတယ် (မှန်ပါ့) ဘယ့်နှယ်တုန်း ရိပ်မိကြပြီလား (ရိပ်မိပါပြီ) လျှာရှည်လို့ အကောင်းထွက်လာရင်လဲ တော်သေးရဲ့၊ လျှာရှည်လို့ အဆိုးရတယ်ဆိုတော့ အင်မတန် မနစ်နာဘူးလား (နစ်နာပါတယ် ဘုရား)။
အေး ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှိခိုးကြပါ၊ ဘုရားဂုဏ်ကို ကြပ်ကြပ် ရှိခိုးကြပါဆိုတော့ မတိုက်တွန်း မရှိပါဘူး၊ တိုက်တွန်းပါတယ် (မှန်ပါ့) လျှာတွေ နောက်ကနေပြီး မရှည်ပါနဲ့ (မှန်ပါ့) ပြောထိုက် – မပြောထိုက် (ပြောထိုက်ပါတယ် ဘုရား)။
ဦးဘအုန်း ကြီးတို့ ရိပ်မိပြီလား (ရိပ်မိပါပြီ) ရှည်ချင်သေးသလား ခင်ဗျားတို့ (မရှည်ချင်တော့ပါ ဘုရား)။
မရှည်ချင်ပါဘူး၊ ရှည်ရင်မှားလိမ့်မယ်ဆိုတာ သေချာကြလား (သေချာပါပြီ)။
အေး ဒါ့ကြောင့် ဒီဥစ္စာတွေ ရှည်မိရင် ကိုစောမောင် ပဋိစ္စသမုပ္ပါဒ် အတန်းခိုင်းတာ (အတန်းခိုင်းပါတယ် ဘုရား) သူကိုက အတန်းခိုင်းတယ် (မှန်ပါ့)။
သူကိုကတန်းတယ်၊ ပဋိစ္စသမုပ္ပါဒ်တန်းသ၍ဟာဖြင့် “ဒုက္ခက္ခန္ဓသာ သမုဒယော ဟောတိ” ပဲ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ)။
ပဋိစ္စသမုပ္ပါဒ် တန်းတယ်ဆိုရင် ဘာတုန်း (ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိပါ ဘုရား)။
ဒုက္ခက္ခန္ဓဿ=ဒုက္ခအစုကြီး၏၊ သမုဒယော=ဖြစ်ကြောင်းသည် (ဝါ) ရ-ရမှာသည် ဟောတိ=ဖြစ်၏တဲ့၊ လျှာရှည်တဲ့ အပြစ်ဟာ ဒုက္ခအစုရမယ် (မှန်ပါ့)။
လျှာမရှည်ပဲနဲ့ ရှိခိုးပါ၏ဆိုပြီး သကာလ အမျှအတန်းဝေလိုက်လို့ရှိရင် ပြီးသွားတာပဲ (မှန်ပါ့) ကိုစောမောင် ရိပ်မိပြီလား (ရိပ်မိပါပြီ)။
နို့ ဘုရားရှိခိုးတိုနေတော့မပေါ့ ဘုရား၊ အို မင်းတို့ဟာ နောက်ဟာက ဘုရားရှိခိုးမှမဟုတ်ပဲ၊ လိုချင်တာ တောင်းနေတာ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
နောက်ဟာက ဘုရားရှိခိုးလား၊ ကိုယ်လိုချင်တာ တောင်းနေတာလား (ကိုယ်လိုချင်တာ တောင်းနေတာပါ ဘုရား)။
လက်အုပ်ချီတာကလေးကြောင့် ဘုရားရှိခိုးလို့ အောက်မေ့မနေနဲ့၊ ကိုယ်လိုချင်တာတောင်းတာက ဘဝတဏှာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
လက်အုပ်လဲ ချီသေးရဲ့ တဏှာစခန်းလဲ ကြွသေး
လက်အုပ်လဲ ချီသေးရဲ့ တဏှာစခန်းလဲ ကြွသေးရဲ့ဆိုတော့ ကိုစောမောင် ကိုက်-မကိုက် (မကိုက်ပါ ဘုရား)။
အင်း အခုနင်က သုံးဆယ့်တစ်ဘုံ ကျင်လည်ချင်တဲ့ သဘောကတော့ လူ့ပြည်, နတ်ပြည် စုံဆန်ဆိုတဲ့ သဘောတွေ ကတော့ ရှိခိုးသွားတာကတော့ လက်အုပ်ချီသွားတာကတော့ ဘုရားဘက်ပါပဲ၊ ဝမ်းထဲကတော့ တဏှာဆိုတဲ့ တရားတော ထ,တာပဲ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ) ထ,ကောင်း – မထ,ကောင်း (မထကောင်းပါ ဘုရား)။
တဏှာတော ထ,ချင်လို့ရှိရင် ဈေးထဲသွားပြီး သကာလ ငွေရရာရကြောင်း ဆစ်ဆက်ပြီး သကာလ ရောင်းကြ ဝယ်ကြဆိုရင် ဒါ သူ့နေရာနဲ့သူ ကိစ္စမရှိဘူး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
အခု ဘုရားရှေ့ ညောင်ရေအိုးတွေနဲ့ ဘုရားကလဲ ကြည်ညိုစရာ ကောင်းပါဘိနဲ့၊ သူက လက်အုပ်ကလဲချီသေး တယ်၊ ဝမ်းထဲကလဲ တဏှာတော ထ,သေးတယ်ဆိုတော့ ဒီဥစ္စာ ကိုစောမောင် သင့်မြတ်-မသင့်မြတ် (မသင့်မြတ်ပါ ဘုရား)။
ခွေး ပြောင်ပြောင်မှ ချီးယိုတော့ ခင်ဗျားတို့ကျေနပ်သလား (မကျေနပ်ပါ ဘုရား) ဘာဖြစ်လို့တုန်း (လှဲထားလို့ပါ ဘုရား) လှဲထားတဲ့နေရာ ချီးယိုလို့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
လှဲထားတဲ့နေရာကြီး ချီးယိုတော့ ဘယ့်နှယ်တုန်း ဘယ်သူမှ မကျေနပ်ဘူး၊ ဟိုအမှိုက်ပုံထဲ သွားစွန့်တော့ ခွေးလိမ်မာ၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
ပြောင်ပြောင်လှဲထားတဲ့ နေရာကျတော့ မကျေနပ်သလိုပဲ၊ ဒီမှာလဲ ဘုရားရှေ့မှာ အင်မတန် ခင်းကျင်းပြီး သကာလ ကြည်ညိုဖွယ်ဆောင်ထားတဲ့ ဘုရားရှေ့မှာတော့ဖြင့် ခုနင်က ပြောင်ပြောင်မှာတော့ ကျင်ကြီးစွန့်ဖို့ မတော်ဘူး (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘာဖြစ်လို့ စွန့်ဖို့မတော်သတုန်းဆိုတာကော ကိုယ့်အလုပ်က မဟုတ်လို့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
အဲ နောက်က ဒကာ ဒကာမတွေ ဒီအဖြစ်မျိုး ဒီဥပမာမျိုးကော ခင်ဗျားတို့ မဖြစ်အောင် ဂရုစိုက်ပါ (မှန်ပါ့) နော် တခါတည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရရပါလို၏၊ ဒါသာ တွင်တွင်လုပ်ပါတော့ ရှင်းပြီလား (ရှင်းပါပြီ)။
နိဗ္ဗာန်ကိုသာလျှင် မြန်မြန်ကြီး မျက်မှောက်ပြုရပါလို၏
ဒုက္ခခပ်သိမ်းငြိမ်းတဲ့နိဗ္ဗာန်သာ (ရအောင်လုပ်ပါ)။
ဒီရှိခိုးရသော အကြောင်းကြောင့် ထိုရှိခိုးရသော အကျိုးကြောင့်ဆိုဆို ဒုက္ခခပ်သိမ်း ကင်းငြိမ်းတဲ့ တဏှာသိမ်းတဲ့ နိဗ္ဗာန် ခန္ဓာသိမ်းတဲ့ နိဗ္ဗာန်ကိုသာလျှင် မြန်မြန်ကြီး မျက်မှောက်ပြုရပါလို၏၊ အဲဒါသာ ခင်ဗျားတို့က အဓိကထား၊ ဒါ ဒုက္ခချုပ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါလဲ အပြောနဲ့ မရသေးပါဘူး၊ တောင်းရုံနဲ့ ဒုက္ခချုပ်တဲ့ဆီ မပေးနိုင်ဘူး၊ မပေးနိုင်ကြောင်းကို ဘုန်းကြီး သက်သေသာဓကပြမယ်နော် (မှန်ပါ့)။
သူ့သားကလေး ဘုရား၏ သားကလေးဟာ ကိုပေါ် ဘယ်သူတဲ့တုန်းဗျာ (ရာဟုလာပါ ဘုရား)။
အေး အေး ရာဟုလာ ရာဟုလာ နော် (မှန်ပါ့) ရာဟုလာသည်ကားလို့ဆိုရင် သူ့ထက်ရင်းတာတော့ ရှိမယ် မထင်တော့ပါဘူး (မှန်ပါ့) မရှိဘူး၊ တစ်ဦးတည်းသော သားတော် ဟုတ်ရဲ့လား (ဟုတ်ပါတယ် ဘုရား)။
တစ်ဦးတည်းသောသား သူ၏ကံဇာတာတွေကြည့်လိုက်ပြန်လဲ စကြာမင်းလောင်းကလေး (မှန်ပါ့) အဲဒါကလေး သည်ကားဆိုလို့ရှိရင်ဖြင့်တဲ့ ရာဟုလာသားကို တစ်ခါတည်း ငါတော့ဖြင့် နိဗ္ဗာန်မျက်မှောက်ပြုပြီးပြီ၊ မင်းလဲ မျက်မှောက် ပြုတော့ ငါ့နောက်လိုက်ခဲ့ပေတော့လို့ ထမ်းခေါ် တွဲခေါ်လို့ မရဘူး (မရပါ ဘုရား)။
ရာဟုလာ ကျင့်တဲ့သုတ်ကို ဟောတယ် (မှန်ပါ့) မင်းကျင့်ဖို့ဆိုပြီးတော့ ဘုရားသုတ်တွေ မဟောရဘူးလား (ဟောရပါတယ် ဘုရား) အဲဒီတရားသုတ်တွေ ဟောလိုက်တော့ အဲဒီ သူ့ဟောတဲ့အတိုင်း ဓာတ်လေးပါးတွေကို ပြီးတော့ အမျိုးမျိုးအဖုံဖုံ သီလစခန်းတွေ ဟောလိုက်တော့မှ အဲဒီအတိုင်းကျင့် ကျင့်တော့မှ သူ့အကျင့်နဲ့သူ ရောက်ရတယ် (မှန်ပါ့) ကိုယ်တော်ကြီးက ထမ်းခေါ်လို့ ရောက်ရတာလား (မဟုတ်ပါ ဘုရား)။
ကျင့်မှပြည့်မယ်
ဒါဖြင့် ဒကာ ဒကာမတို့ တောင်းရုံနဲ့ဖြင့်မပြည့်၊ ကျင့်မှပြည့်မယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား) တောင်းရုံနဲ့လဲ (မပြည့်ပါ ဘုရား) (ကျင့်မှပြည့်ပါမယ် ဘုရား) ပြည့်မယ်ဆိုတာကော သေချာကြပြီလား (သေချာပါတယ် ဘုရား) အဲဒါကြောင့် လျှာမရှည်နဲ့ဆိုတဲ့စကားဟာ မှားသလားလို့ ဦးဘရှင်း တို့ ခံယူကြည့်ပါ (မမှားပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဦးဘအုန်း ကြီး လျှာရှည်တာ ဘယ့်နှယ်တုန်း သဘောကျလား (မကျပါ ဘုရား) မရှည်ကြနဲ့နော် (မှန်ပါ့) မရှည်ကြပါနဲပ၊ ရှည်လေ မှားလေဆိုတဲ့အဓိပ္ပါယ်နော် (မှန်ပါ့) ကိုင်း ဒါဖြင့် ဒကာ ဒကာမတွေ ကျင့်မှရမယ်ဆိုပြီး သကာလ ရာဟုလာ ကို ဒီအတိုင်းမခေါ်နိုင်လို့ ရာဟုလောဝါဒသုတ်ကို ကြားဖူးပါလိမ့်မယ် (ကြားဖူးပါတယ် ဘုရား) ရာဟုလာ က၊ ရာဟုလာ နော် ဩဝါဒက သူ့ကိုဆုံးမတာ (မှန်ပါ့) ရာဟုလာ ဆုံးမတဲ့သုတ မင်းကျင့်ဖို့ပေးမည့်သုတ်၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ဒါ့ကြောင့် ကိုယ်တော်ကြီး ခေါ်နိုင်လို့လား၊ ကျင့်နည်းပေးရတာလား (ကျင့်နည်းပေးရတာပါ ဘုရား) အဲ့ဒီကျင့်နည်း အတိုင်းကျင့်တော့မှ ရောက်သွားတယ် ဦးဘရှင်း တို့၊ ဦးဘအုန်း တို့နော် (မှန်ပါ့) ဒါဖြင့် ကိုယ်တော်ကြီးခေါ်လို့ ရောက်တာလား၊ သူ့ဟာသူကျင့်လို့ ရောက်တာလား သူ့ဟာသူကျင့်လို့ (ရောက်တာပါ ဘုရား)။
ဒါ့ကြောင့် ဘုရားက တာဝန်ခံရှာတယ်၊ ငါဘုရား၏ကိစ္စက ဟောရုံပြောရုံကိစ္စကွ၊ သူကဝေဖန်တယ်၊ မင်းတို့က ကျင့်ဖို့ကြံဖို့ကိစ္စကွ (မှန်ပါ့) ငါဘုရား ဘာမှမတတ်နိုင်ဘူးတဲ့၊ ဟောရုံပြောရုံ နည်းပေးရုံပဲကိစ္စရှိတယ်၊ နိဗ္ဗာန်ကို ငါထမ်းလဲ မသွားနိုင် ပိုးလဲမသွားနိုင်ဘူး၊ ငါ့မဂ္ဂင်ဖောင်ကြီးပေါ်ကို လိုက်ခဲ့ကွ၊ အဖိုးအခလွတ်ပြီး လိုက်ခဲ့ကွလို့လဲ ငါမခေါ်နိုင်ဘူးတဲ့၊ ရိပ်မိကြပြီလား (ရိပ်မိပါပြီ ဘုရား)။
ငါဘုရား၏ ကိစ္စက ဟောရုံ ပြောရုံကိစ္စတဲ့၊ ရိပ်မိကြပြီ (ရိပ်မိပါပြီ) ဒကာ ဒကာမတွေ၏ ကိစ္စက ကျင့်ကြံဖို့ ကိစ္စ၊ ရှင်းပြီလား (ရှင်းပါပြီ)။
ဘုရား၏ ကိစ္စက ဟောရုံ ပြောရုံ
ဘုရား၏ကိစ္စက (ဟောရုံ, ပြောရုံပါ ဘုရား) ဒါပဲတတ်နိုင်တယ် (မှန်ပါ့) အဲ့ဒီတော့ ခင်ဗျားတို့သည် အခု ဘုန်းကြီး ဘာလုပ်နေသတုန်းမေးတော့ ဟောရုံ၊ ပြောရုံကိစ္စလုပ်နေတယ် (မှန်ပါ့)။
ဘုရားထားပစ်ခဲ့လို့ ငါ၏ချစ်သားများ မင်းတို့ကို ဆုံးမရစ် သွန်သင်ရစ်မည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်တရားတွေ ထားပစ်ခဲ့တယ်ကွဆိုတော့ အဲဒီတရားတွေကို ဘုန်းကြီးတို့ နှုတ်ထဲထည့်ပြီး သကာလ ဓမ္မက္ခန္ဓာ တွေ ပြောနေတာ ဟောရုံ ပြောရုံပဲ တတ်နိုင်တယ် (မှန်ပါ့) ခင်ဗျားတို့က ကျင့်ကြံကြိုးကုတ်ပြီး လိုက်ရမယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် နာရုံနဲ့ ကိစ္စပြီးပါ့မလား (မပြီးပါ ဘုရား) ဘာလုပ်မှပြီးသလဲ (ကျင့်မှ,ကြံမှ ပြီးပါတယ်) ကျင့်ကြံကြိုးကုတ်မှ ပြီးမယ်ဆိုတဲ့ဥစ္စာကော သေချာပြီလား (သေချာပါပြီ) ဪ ဒါဖြင့် ဦးဘအုန်း ရေ ဒီအတိုင်းနေလို့ မဖြစ်သေးပါဘူး (မှန်ပါ့) ဒို့ဖြင့် တရားနာနေတာပဲ၊ အပါယ်လေးပါး တံခါးဖြင့် ပိတ်လောက်ပြီထင်ပါရဲ့လို့ သွားပြီး သကာလ မယူနဲ့ဦး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) နာသာနာတဲ့ကုသိုလ်ကတစ်မျိုး၊ ဝမ်းထဲ ဒိဋ္ဌိမပြုတ်လို့ အပါယ်ချမည့်တရားက (တစ်မျိုးပါ ဘုရား) တစ်မျိုးဆိုတော့ စိတ်ချရပါ့မလား (မချရပါ ဘုရား)။
အဲဒါ့ကြောင့် တရားနာတာက ခင်ဗျားတို့သည်ကားဆိုရင် နည်းယူတဲ့ကိစ္စ (မှန်ပါ့ ဘုရား) တရားအတိုင်း ကျင့်မှုကိစ္စသည် ဓမ္မာနုဓမ္မပဋိပတ္တိကိစ္စ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) အခုနာရီဝက်ရှိသွားပြီ ဒကာ ဒကာမတို့ ဒါ-တရားကိုနည်းပေးပြီး သကာလ တရား၏အကြောင်းကို ရှင်းလင်းပြီး ပြောဆိုခြင်းမျှသာဖြစ်သေးတယ်နော် (မှန်ပါ့) ကျင့်နည်း ကြံနည်း မပေးရသေးပါဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ကဲ ဒါဖြင့် ကျင့်နည်း, ကြံနည်း ပေးပါတော့မယ်တဲ့၊ ဒကာ ဒကာမတို့ အခုဟောမည့်တရားက ဘာပါလိမ့် (ကျင့်နည်းကြံနည်းပါ ဘုရား) ကျင့်နည်း,ကြံနည်း ပေးမည့်တရား၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကျင့်နည်း,ကြံနည်း ပေးမည့်တရား
ကောင်းပြီ-တဲ့၊ ကျင့်နည်း, ကြံနည်း ပေးရတော့မယ်ဆိုလို့ရှိရင်ဖြင့် ခုနင်က ရာဟုလာ ကိုးကားထားသဖြင့် ကိုစောမောင် ကျေနပ်ဖို့ ကောင်းပါပြီ (ကောင်းပါတယ်) ရာဟုလာကို ဘုရားဟောတော်မူတဲ့သုတ်ဟာ ရာဟုလာ အား ကျင့်နည်း, ကြံနည်း ပေးတဲ့သုတ်ပဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ)။
ရာဟုလာ ကို ဘုရားဟောတာသည် (ကျင့်နည်း, ကြံနည်းပေးတဲ့သုတ်ပါ ဘုရား)။
ရာဟုလာ ဟာ ဟောလိုက်ပြန်တာနဲ့ ကျွတ်သွားတာလား၊ ဒီအတိုင်း ကျင့်ကြံလို့ ကျွတ်တာလား (ကျင့်ကြံလို့ ကျွတ်တာပါ ဘုရား)။
အဲဒီတော့ ဉာဏ်ကလေးကလဲ လှည့်ကြရသေးတယ်နော် (မှန်ပါ့) သူက ဓမ္မဒေသနာကုသိုလ်, ဓမ္မဿဝနကုသိုလ် လို့ မဆိုဘူးလား (ဆိုပါတယ် ဘုရား)။
ဘုန်းကြီးက ဓမ္မဒေသနာကုသိုလ်ရတယ်၊ တရားဟောလိုက်တဲ့အခါ ခင်ဗျားတို့က ဓမ္မဿဝနကုသိုလ်ပဲ ရတယ်၊ မဂ်ရပြီလားလို့မေးရင် (မရပါ ဘုရား)။
ဟော ဒါဖြင့် နိဗ္ဗာန် အဝေးကြီးကျန်သေးတာပဲ (မှန်ပါ့) မဂ်မှ မရသေးရင် နိဗ္ဗာန်အဝေးကြီးကျန်သေးတာပဲ၊ ဓမ္မဿဝနကုသိုလ်က နိဗ္ဗာန်ပို့သေးတာမှ မဟုတ်ပဲ (မှန်ပါ့)။
မဂ်ကမှ နိဗ္ဗာန်မြင်တာ၊ ဒီ ကုသိုလ်က နိဗ္ဗာန်မြင်နိုင်ရဲ့လား (မမြင်နိုင်ပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ) ဪ ဒါဖြင့် သိပ်အရေးကြီးနေပါပေါ့လားဆိုတာ ပေါ်သွားပြီ (ပေါ်ပါပြီ) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေကတော့ ကျုပ်တို့ တရားနာတာ နိဗ္ဗာန်ရောက်တော့မှာပဲ၊ ဟင် ဒီမှာက ပုညကိရိယာ ဆယ်ပါးထဲကပဲ ရှိသေးတယ်၊ ဥတ္တရိမနုဿဓမ္မ လူတို့၏ ကုသိုလ် ကမ္မပထတရားဆယ်ပါးထဲက လွန်မှ မလွန်သေးပဲ၊ ဘယ်ကလာ နိဗ္ဗာန်ရမှာတုန်း (မရနိုင်ပါ ဘုရား) မရနိုင်သေးဘူးဆိုတာ သေချာကြပြီလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် တရားနာတာ ကုသိုလ်မရဘူးလား၊ ရသလား (ရပါတယ် ဘုရား) နိဗ္ဗာန်ရမှာလား၊ မရသေးဘူးလား (မရသေးပါ ဘုရား)။
နိဗ္ဗာန်က ကျင့်မှရမှာ
မရသေးဘူး၊ နိဗ္ဗာန်က ကျင့်မှရမှာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)
အဲဒီတော့ သေသေချာချာမှတ်ပါတဲ့၊ ဒီမှာ အခုပြောနေတဲ့စကားလုံး အသုံးအနှုန်းတွေကိုလဲ ဪ ဒို့သည်ကားလို့ ဆိုရင် ဒို့အထင်နဲ့ ဒို့အမြင်နဲ့ အကွာကြီး ဖြစ်ဖြစ်နေပါသလားဆိုတာ ဦးဘရှင်း ပေါ်ပြီ (ပေါ်ပါပြီ ဘုရား) ကိုစောမောင် ပေါ်ပြီနော် (မှန်ပါ့) မပေါ်ကြသေးဘူးလား (ပေါ်ပါပြီ ဘုရား)။
အေး ဒါ့ကြောင့် အခု ပုညကိရိယာဝတ္ထုဆယ်ပါးထဲမှ သေသေချာချာ ရှင်းလိုက်တော့မှ ဒါန, သီလ, ဘာဝနာ, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မသဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ ဆိုတဲ့ဥစ္စာက လူတို့ကျင့်ရမဲ့ တရားထဲကပဲ ရှိသေးတယ် (မှန်ပါ့) လူတို့ကျင့်တဲ့ တရားထက် လွန်မြောက်ပြီးကျင့်တဲ့တရား ဟုတ်သလား (မဟုတ်သေးပါ ဘုရား)။
မဟုတ်သေးဘူးတဲ့၊ မဟုတ်သေးလို့ရှိရင် ဒါသည်ကားလို့ဆိုရင် သုဂတိတရားပဲ ရှိသေးတယ် (မှန်ပါ့) နိဗ္ဗာန် တရားက (မဟုတ်သေးပါ ဘုရား) နိဗ္ဗာန်တရား မဟုတ်သေးဘူးဆိုတာ ပေါ်လာပြီလား (ပေါ်လာပါပြီ ဘုရား)။
ကဲ ဒါဖြင့် မောင်နိုင် ရေ နိဗ္ဗာန်တရားကို ပြောကြပါစို့နော် (မှန်ပါ့)။
နိဗ္ဗာန်တရားကို ပြောရတော့မယ်ဆိုတော့ ဗာလပဏ္ဍိတသုတ်ကို မောင်နိုင် ထုတ်ရလိမ့်မယ်၊ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်မှာနော် (မှန်ပါ့)။
ဗာလပဏ္ဍိတသုတ်ကို ထုတ်ရလိမ့်မယ်ဆိုတော့ ဘုရားက ကျင့်မှရကြောင်းကို သက်သေခံတယ် (မှန်ပါ့)။
ဗာလပဏ္ဍိတသုတ်
ဗာလပဏ္ဍိတသုတ် ဆိုတာသည် ဒကာ ဒကာမတို့ ဘာသက်သေခံတဲ့သုတ်ပါလိမ့် (ကျင့်မှရကြောင်း သက်သေခံ ပါတယ် ဘုရား) ကျင့်မှရမယ်ဆိုတဲ့ သုတ်ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့)။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဗာလပဏ္ဍိတသုတ်၊ လူမိုက်နဲ့ လူလိမ်မာ ထူးခြားပုံဟောတဲ့သုတ် (မှန်ပါ့)။
လူမိုက်က မကျင့်လို့ မရဘူး၊ လူလိမ်မာက ကျင့်လို့ရတယ်ဆိုတာ ဘုရားက ထောက်ခံချက်ပေးတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီလိုဆိုတော့ အစကလေးကပဲ ဒကာ ဒကာမတွေ နည်းနည်းပြပေးပါဦးမယ်တဲ့၊ ကျင့်မှရတယ် ဆုတောင်း မရဘူးဆိုတာ ပေါ်သွားအောင်လို့နော် (မှန်ပါ့) ကျင့်မှရတယ် ဆုတောင်းမရဘူးဆိုတာ ပေါ်သွားအောင်။
ကိုင်း ဒါဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော် သီတင်းသုံးပြီး နေတုန်း ရဟန်းတွေလဲ ဘုရား တရားဟောမယ်ဆိုပြီး သကာလ ဟောချိန်ရောက်ပြန်တော့ ဝိုင်းပြီး သကာလ နေကြတယ်။
ထိုကဲ့သို့ ဝိုင်းပြီးနေတုန်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မဟောပဲနဲ့ ရဟန်းတို့ လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းကွ ဘုရားက အမေးထုတ်တယ်။
လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်း
ဘုရားက အမေးထုတ်တယ်ဆိုတော့ ဘုရားကလဲ ပွင့်စ၊ လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းဆိုပြီး သကာလ ဟို ဧည့်သည်တွေ ခုမှ သံသရာခရီးသည် ဧည့်သည်တွေ မေးတုန်း သံသရာခရီးသည်ကလဲ ခုမှပဲ ဘုရားနဲ့ မောင်နိုင် ရဲ့ တွေ့ကြတယ် (မှန်ပါ့)။
အဲဒီလို တွေ့ကြတဲ့ပုဂ္ဂိုလ်တွေ မေးလိုက်တော့ ထိုပုဂ္ဂိုလ်တွေက အန်းနေကြတယ် (မှန်ပါ့) လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းကွဆိုပြီး အန်းပြီး သကာလ နေကြတော့ တစ်ပါးက ဝင်လျှောက်တယ်၊ အရှင်ဘုရားတဲ့၊ လူမိုက်နဲ့ လူလိမ်မာ ဟာ ဘာထူးသတုန်းဆိုတဲ့အဓိပါ္ပယ် အရှင်ဘုရားများ ပွင့်ထွန်းပေါ်လာမှပဲ တပည့်တော်များ သိရမှာပါဘုရား၊ ကဿပ ဘုရား လက်ထက်ကစပြီး ကဿပဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာနောက်ပိုင်းကတည်းက သစ္စာနဲ့ ပတ်သက်တဲ့တရား ဟူသ၍ လူလိမ်မာ လူမိုက်ခွဲတဲ့ တရားဟူသ၍ဟာ ကွယ်ခဲ့ပါတယ်ဘုရား၊ အခု ရှင်ဘုရားလက်ထက်မှာဖြင့် ခုမှ အရှင်ဘုရားကစပြီး ဟောရမည့်တရားဖြစ်နေတော့ ပေါ်လာတဲ့တရား စ,ဟောမယ်ဆိုတာ တပည့်တော်တို့ သိနှင့်ထားတာ မရှိပါဘူး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
တပည့်တော်တို့ သိနှင့်ထားတာ (မရှိပါ ဘုရား) မရှိပါဘူးတဲ့ တပည့်တော်တို့မှာ အရှင်ဘုရားပြောမှ အရှင်ဘုရား သွန်သင်မှ အရှင်ဘုရားဆုံးမ-မှ မှတ်သားပြီး လိုက်နာကျင့်ကြံမည့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်ဆိုတော့ ကိုစောမောင် တရားဟာ ကဿသဘုရား လက်ထက်ကတည်းက ကွယ်ခဲ့တယ် (မှန်ပါ့)။
အဲဒါ ခင်ဗျားတို့ အခုပြန်ပေါ်လာတာ ခုလို နဂိုရ်က မိုးစွေတဲ့အထဲ နေကလေးထွက်လာတော့ မောင်နိုင် တို့ လူစုကနေ ကလေးထွက်လာပြီဟေ့ဆိုရင် တော်တော်ဝမ်းသာသွားမယ် (မှန်ပ့ါ) ဖြစ်လောက်တဲ့လားတဲ့၊ အခု ဒီနေ့လို ထွက်တဲ့နေမျိုးကျတော့ (မဖြစ်လောက်ပါ ဘုရား) အဝတ်ကလေးမှ လှမ်းလို့ရရဲ့လား (မရပါ ဘုရား)။
အဲ ခင်ဗျားတို့ ကျုပ်တို့ ဘုရားဟာလဲ ၄၅-ဝါတည်းနေသွားတာ အဝတ်လှမ်းလောက်အောင်တောင် မဖြစ်တဲ့ သက်ပိုင်း သိပ်တိုတယ်၊ ခင်ဗျားတို့ ကျုပ်တို့ မမှီလိုက်ဘူး၊ အမွေးနောက်ကျနေတယ် (မှန်ပါ့)။
အမွေးနောက်ကျနေတယ်
ဘာဖြစ်နေသတုန်း (အမွေးနောက်ကျပါတယ် ဘုရား) အမွေးနောက်ကျနေတယ်ဆိုတာ ဒကာ ဒကာမတွေက မခံချင်မရှိပါနဲ့၊ ခုမှ လူဖြစ်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ)။
အဲဒီတော့ မှီလိုက်ကြသေးရဲ့လား (မမှီလိုက်ပါ ဘုရား) မမှီလိုက်တော့ လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းလို့ ဘုန်းကြီးက ကိုစောမောင် မေး-မေး၊ ဦးဘရှင်း မေး-မေး မပြောတတ်ပါဘူး (မှန်ပါ့)။
တပည့်တော်တို့ သိသလောက်ပြောရမှာဖြင့် လူမိုက်က မူးတယ်, ရူးတယ်ဘုရား၊ သုံးတယ်-ဖြုန်းတယ်ဘုရား၊ လူလိမ်မာကတော့ မရူးမမူးပဲနဲ့ စုဆောင်းမယ်ဘုရား၊ ဒါလောက်သိတယ် (မှန်ပါ့ ဘုရား) ဒီ့ပြင် ဘာသိတာရှိသေးသလဲ (မရှိပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒါ ဘာမှမဆိုင်ဘူး၊ စုဆောင်းတတ်တဲ့ ပုဂ္ဂိုလ်ကလဲ တဏှာဦးစီးတာ (မှန်ပါ့) ဟို-ပုဂ္ဂိုလ်ကလဲ တဏှာနဲ့ သူပျော်ပါးတာပဲ (မှန်ပါ့) ထူးသေးရဲ့လား (မထူးပါ ဘုရား) ဒီဟာက နှစ်ယောက်စလုံး လူမိုက်ချည်းရှိသေးတယ်၊ ခင်ဗျားတို့ သိထားတာက (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ)။
လူလိမ်မာ ပါပြီလား အဲဒီမှာ (မပါ-ပါ ဘုရား)။
သို့သော် ခင်ဗျားတို့ကတော့ ခင်ဗျားတို့ အထင်အမြင်နဲ့ ခင်ဗျားတို့ ချိန်ခွင်နဲ့ချိန်လိုက်တော့ဖြင့် တစ်ယောက်က လူလိမ္မာ၊ တစ်ယောက်က လူမိုက်ဖြစ်နေတယ် (မှန်ပါ့)။
စင်စစ်တော့ စုဆောင်းတဲ့ပုဂ္ဂိုလ်ကတဲ့ သူ-တဏှာနဲ့ စုဆောင်းတာပဲ (မှန်ပါ့) သူ-အိုစာ, မင်းစာဆိုပြီး ခန္ဓာ ငဲ့ပြီး သကာလ ကိုစောမောင် တဏှာနဲ့စုနေတာပဲ (မှန်ပါ့) သူများမပေးရက် မကမ်းရက် ကုက္ကုစ္စ, ဣဿာမစ္ဆေရတွေကော မများဘူးလား (များပါတယ် ဘုရား)။
သူ့ကို ခင်ဗျားတို့က ဘယ်လိုဆိုကြမလဲ (လူလိမ်မာပါ ဘုရား) သွားပြန်ပြီ၊ အဲဒါက တစ်ယောက်၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ဟိုပုဂ္ဂိုလ်ကလဲ မူးကာ ရူးကာနဲ့ တွင်းကရတယ်ဆို တစ်နှစ်မှမကြာဘူး ကုန်လိုက်ရင် သောင်းကိုးထောင် ခဏပဲ၊ ဒီကောင်ဖြင့် အတော်မိုက်တဲ့အကောင်ပဲ အိမ်ကလေး တစ်လုံးတောင် မဖြစ်လိုက်ဘူး၊ ဆွမ်းတစ်ခါ မကျွေးလိုက် ရဘူး သုံးဖြုန်း ရူးလို့ရှိရင် (မှန်ပါ့)။
နို့ သူကကော ဘာဖြစ်သတုန်း၊ သူကလဲ တဏှာနဲ့ သုံးပစ်လိုက်တာပဲ၊ ဟိုက တဏှာနဲ့စုတာ (မှန်ပါ့) ဘာထူးသတုန်း (ဘာမှမထူးပါ ဘုရား)။
ချိန်ခွင် ချိန်တတ်ပြီလား
သို့သော် ခင်ဗျားတို့ အမြင်ဖြင့် ချိန်ခွင်က မပါတော့ ဘာထူးသတုန်း (ထူးပါတယ် ဘုရား)။
ကဲ ချိန်ခွင် မပေါ်သေးဘူးလားဗျာ (မှန်ပါ့) ပေါ်ပြီလား ဒကာ ဒကာမတို့ ချိန်ခွင် ချိန်တတ်ပြီလား (ချိန်တတ် ပါပြီ ဘုရား)။
ကိုယ်ချိန်ထားတဲ့ ချိန်ခွင်ကတော့ မဟုတ်သေးဘူးနော် (မှန်ပါ့)။
ကဲ ဒါဖြင့် ချိန်ကြပါစို့ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လူမိုက်နဲ့ လူလိမ္မာဟာတဲ့၊ ထူးပါတယ်တဲ့၊ လာပုံတော့ဖြင့် အတူတူ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
လာပုံ တူပုံကလေး ဒကာ ဒကာမတွေ ရှင်းပြလိုက်ပါတယ် ခင်ဗျားတို့ နောက်ဘဝက ဦးဘအုန်း ကြီး ဖြစ်စေ၊ ကိုသောင်း ဖြစ်စေ၊ ကိုပေါ် ဖြစ်စေ ခင်ဗျားတို့ နောက်ဘဝက လူ့ပြည်ရောက်ကြောင်း ကုသိုလ်တော့ဖြင့် လုပ်ခဲ့ပါလိမ့်မယ်နော် (မှန်ပါ့ ဘုရား)။
လူ့ပြည်ဟာ ဒုက္ခသစ္စာလို့ သိပြီးလုပ်ခဲ့တာလား၊ လူ့ပြည်ရောက်ချင်တာ သက်သက်ပဲလား (ရောက်ချင်တာ သက်သက်ပါ ဘုရား)။
ဟာ ဒါဖြင့် ခင်ဗျားတို့ လူကို ဒုက္ခသစ္စာလို့ မသိသောကြောင့် နောက်ဘဝက အဝိဇ္ဇာပါတယ် (ပါ-ပါတယ်) ရှင်းပြီလား (ရှင်းပါပြီ)။
အခု လူဖြစ်လာတာ အဝိဇ္ဇာကင်းရဲ့လား (မကင်းပါ ဘုရား) သဘောပါရဲ့လား (ပါ-ပါတယ် ဘုရား)။
လူကို ဒုက္ခသစ္စာလို့ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာပါပဲဆိုရင်ဖြင့် နောက်ဘဝက သိရင် နောက်ဘဝက နိဗ္ဗာန်ရောက် တယ် (မှန်ပါ့)။
သို့သော် အခုတော့ မရောက်ကြောင်းသေချာတယ်၊ ဘာဖြစ်လို့တုန်း၊ ခန္ဓာက ရ,ထားတာ သက်သေခံနေတယ် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ ဘယ်သူက သက်သေခံသလဲ (ခန္ဓာက သက်သေခံပါတယ် ဘုရား)။
ခန္ဓာက သက်သေခံထားတော့ ဘာသစ္စာကြီးရသလဲ (ဒုက္ခသစ္စာကြီး ရ,ထားပါတယ် ဘုရား)။
အင်း ဒုက္ခသစ္စာကြီး ရ,ထားတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ နောက်ဘဝက အဝိဇ္ဇာကဖြင့် ဦးစီးလိုက်ပြီ (မှန်ပါ့) မောင်နိုင် ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။
အေး ဦးအောင်ကြီးတို့ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ကိုယ့်ခန္ဓာဖြစ်ကြောင်း နောက်ဘဝက ဘယ်သူဦးစီးပါလိမ့် (အဝိဇ္ဇာဦးစီးပါတယ် ဘုရား)။
ဘုန်းကြီးဟာလဲ လွန်လှချည်လား၊ အဝိဇ္ဇာကြောင့် လူဖြစ်ရတယ် ဖြစ်နေပါပေါ့လားလို့ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
ဟုတ်တယ်ကွ အဝိဇ္ဇာကြောင့် (မှန်ပါ့) ဘာဖြစ်လို့တုန်း ဒုက္ခသစ္စာအကျိုးက ပေါ်နေတယ် (မှန်ပါ့)။
အဝိဇ္ဇာက ဒုက္ခသစ္စာ ဒုက္ခေ အညာဏံ ကိုး (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
လူဖြစ်ရတာ ဘယ်သူ့ကြောင့်ပါလိမ့်
ဒါဖြင့် ခင်ဗျားတို့ လူဖြစ်ရတာ ဘယ်သူ့ကြောင့်ပါလိမ့် (အဝိဇ္ဇာကြောင့်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
နို့ အဝိဇ္ဇာဟူသည် ဒုက္ခသစ္စာမသိလို့ ရှိပါစေတော့၊ သူ့ဟာသူ မသိပီပီ နေသလားလို့ဆိုတော့ သူက မသိပီပီ နေတာမဟုတ်ဘူး၊ သူ့အဖော်ကဝင်လာတယ်၊ သူနဲ့ သဟဇာတဖြစ်တဲ့အဖော်က တဏှာက ဝင်လာတယ် (မှန်ပါ့)။
သူက ဒုက္ခသစ္စာလို့မသိအောင် ဖုံးပေးလိုက်တော့ တဏှာက အကောင်းထင်ပြီး ရချင်တယ်ဆိုတော့ သူတို့ နှစ်ယောက်က ခင်ဗျားတို့ ကျုပ်တို့ကို လုပ်လိုက်တာ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ)။
ဘယ်သူလုပ်လိုက်ပါလိမ့် (အဝိဇ္ဇာနဲ့တဏှာ လုပ်လိုက်ပါတယ် ဘုရား)။
အဝိဇ္ဇာနဲ့ တဏှာ ခေါင်းဆောင်ပြီး သကာလ ကျုပ်တို့ ဒီခန္ဓာကြီးဖြစ်အောင် မလုပ်လိုက်ဘူးလား (လုပ်လိုက်ပါ တယ် ဘုရား)။
လူမိုက်ခန္ဓာလဲ သူတို့နှစ်ဦးခေါင်းဆောင်တာပဲ (မှန်ပါ့) လူလိမ္မာခန္ဓာကော (သူတို့နှစ်ဦးခေါင်းဆောင်တာ ပါပဲ ဘုရား)။
ကဲ ဒါဖြင့် ဟုတ်တယ်-မဟုတ်တယ် စဉ်းစားကြည့်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သဘောကျပြီလား (ကျပါပြီ) အဲဒါ အတိတ်ဘဝဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား) အဲဒါ ပစ္စုပ္ပန်ဘဝ ရောက်လာပြီ (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ဒီထဲက ဒီ ဒကာ ဒကာမတွေက ဒီမှာ ကိုယ် ရ,ထားတဲ့ ပါဠိနဲ့ ဆရာသမားက ရှင်းပေးတဲ့အခါကျတော့ ဦးဘရှင်း ရှုပ်သေးရဲ့လား (မရှုပ်ပါ ဘုရား)။
အဝိဇ္ဇာပစ္စယာက အဝိဇ္ဇာ၊ သင်္ခါရာဆိုတာက ကုသိုလ်သင်္ခါရဆိုတာလဲ တဏှာပါတာပဲ၊ သဘောကျပြီလား (ကျပါပြီ) အဲ သင်္ခါရက ဆုတောင်းတွေ ဆိုလိုက်လို့ရှိရင်လဲ ဟုတ်တာပဲ (မှန်ပါ့) သဘောပါပြီလား (ပါ-ပါပြီ ဘုရား)။
အဲဒီတော့ အကုသိုလ်သင်္ခါရက ဆုတောင်းလုပ်လိုက်ပြန်တယ်၊ ကုသိုလ်သင်္ခါရ ပြုပြင်သမား လုပ်လိုက်ပြန်တယ် ဆိုတော့ ဒကာ ဒကာမတို့ သင်္ခါရပစ္စယာ (ဝိညာဏံ ပါ ဘုရား) ဟော ဝိညာဏံဆိုတော့ ခင်ဗျားတို့ ခန္ဓာကြီးပေါ် လာပြီ (မှန်ပါ့) ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာတယ်၊ ရှင်းပြီလား (ရှင်းပါပြီ)။
အလိုလိုပေါ်လာတဲ့ မိုးပေါ်ကျ မဟုတ်ပါဘူး
ဒါဖြင့် ဒီခန္ဓာကြီးဟာ ဒကာ ဒကာမတို့ နောက်ဘဝက အကြောင်းမရှိပဲနဲ့ အလိုလိုပေါ်လာတဲ့ မိုးပေါ်ကျ မဟုတ်ပါဘူး (မဟုတ်ပါ ဘုရား) ဘယ်သူ့ကြောင့်ပါလိမ့် (သင်္ခါရကြောင့်ပါ ဘုရား) အဝိဇ္ဇာနဲ့ တဏှာကြောင့် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ) တိုတိုပြောလိုက်တော့ အဝိဇ္ဇာသင်္ခါရကြောင့် (မှန်ပါ့)။
နောက်က ဒကာ ဒကာမတွေ (အဝိဇ္ဇာနဲ့ သင်္ခါရကြောင့်ပါ ဘုရား)။
အဝိဇ္ဇာ သင်္ခါရကြောင့်ဖြစ်တယ်၊ ဪ ဒါဖြင့် လူမိုက်လဲ အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာဖြစ်တာပဲ (မှန်ပါ့) လူလိမ္မာတွေ ဒီဘဝမှာ လိမ်မာနေတဲ့ ဘုန်းကြီးတို့လိုပုဂ္ဂိုလ်တွေ ဒီဘက်က တရားနာနေတဲ့ သံဃာတော်များလို သူတို့က လိမ်မာတယ်ဘုရား၊ တပည့်တော်တို့ကတော့ အိမ်ထောင်ကျမိလို့ မှားနေပြီ ဒီကိုယ်တော်တွေကတော့ လိမ်မာတယ် ဘုရား၊ သူတို့မှာ အိမ်ထောင်မရှိတော့ ချမ်းသာတယ်ဘုရား၊ သူတို့ကို လူလိမ်မာပဲ ထားပါတော့ ခင်ဗျားတို့က (မှန်ပါ့)။
ဒီကိုယ်တော်တွေလဲ ဘယ်ကကြွလာတာတုန်း မေးလို့ရှိရင်ဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာက ကြွလာတယ် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ) ဘယ်ကလာတာတုန်း (အဝိဇ္ဇာပစ္စယာ သင်္ခါရာကလာတာပါ ဘုရား)။
အင်း ဒီဘဝကျမှသာ အဝတ်ထူးပြီး သကာလ အနေထူးနေကြတာကိုး (မှန်ပါ့) လာပုံကတော့ (တူပါတယ် ဘုရား)။
ဒါဖြင့် ရဟန်းတွေကို ဘုရားကမေးတယ်၊ လူမိုက်လဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာက လာတာပဲကွ၊ သဘောကျပြီလား (ကျပါပြီ) လူလိမ်မာလဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာကြောင့် လူလိမ်မာဆိုတဲ့ ခန္ဓာငါးပါးဖြစ်တာပဲ (မှန်ပါ့) ဘာထူးသတုန်းကွ၊ မေးတော်မူတယ် (မထူးပါ ဘုရား) လာပုံကတူနေတယ်။
ဒကာ ဒကာမတို့ လာပုံက (တူနေပါတယ် ဘုရား) အတိတ်အကြောင်းက (တူပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီဘဝလဲတူတာ ပြပါဦးမယ်ကွာတဲ့၊ ငါဘုရားပဲ ပြပါမယ်တဲ့၊ ဒီဘဝလဲ တူပါသေးတယ်၊ သဘောကျ ပြီးလား (ကျပါပြီ ဘုရား)။
ဒီဘဝလဲ တူပါသေးတယ်
ဒီဘဝလဲ တူပါသေးတယ်တဲ့ မင်းတို့၊ အတိတ်ကတွင် တူကြတာမဟုတ်ပါဘူးတဲ့၊ ဒီဘဝလဲ ဝိညာဏပစ္စယာ နာမရူပံဆိုတော့ သူ့လဲ နာမ်-ရုပ် ရှိတာပဲ၊ ဘုန်းကြီးတို့မှာလဲ နာမ်-ရုပ် ရှိတာပဲ၊ ခင်ဗျားတို့မှာကော (နာမ်ရုပ်ရှိပါတယ် ဘုရား) တူကြတယ် (မှန်ပါ့)။
ဒီဘဝမှာလဲ ဝိညာဏ်မှာလဲ တူတယ်၊ နာမ်ရုပ်မှာကော (တူပါတယ် ဘုရား) သဘောပါလား (ပါ-ပါပြီ ဘုရား)
ကဲ – နာမရူပပစ္စယာ မောင်နိုင် က ရွတ်စမ်းပါ (သဠာယတနံပါ ဘုရား)။
သဠာယတနဆိုတာ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်၊ ဒီကိုယ်တော်တွေလဲ ရှိတာပဲ၊ ခင်ဗျားတို့မှာကော (ရှိပါတယ် ဘုရား)။
ဒါဖြင့် ပစ္စုပ္ပန်ဘဝလဲ ဘာဖြစ်နေကြပြန်သလဲ (တူပါတယ် ဘုရား) တူသေးတာပဲ၊ ဒါဖြင့် အတိတ်ကလဲ တူခဲ့တယ်၊ ပစ္စုပ္ပန်ဘဝမှာကော (တူပါတယ် ဘုရား)။
ကဲ တစ်ခါသွားပါဦး၊ ‘နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော’ တဲ့၊ ဒီကိုယ်တော်တွေလဲ ဖဿပေါ်တာပဲ (ပေါ်ပါတယ် ဘုရား) အာရုံနဲ့ ထိခိုက်တဲ့ ဖဿ (မှန်ပါ့) ခင်ဗျားတို့မှာကော (ပေါ်ပါတယ် ဘုရား) ဒါဖြင့် ဒီမှာလဲ တူတုန်းပဲ (မှန်ပါ့)။
ပစ္စုပ္ပန်ဘဝမှာလဲ (တူတုန်းပါပဲ ဘုရား) တူတုန်းပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဖဿပစ္စယာ သုခဝေဒနာ ဆိုတော့ကော (တူပါတယ် ဘုရား) ဖဿပစ္စယာ ဒုက္ခဝေဒနာ (တူပါတယ် ဘုရား) ဖဿပစ္စယာ ဥပေက္ခာဝေဒနာကော (တူပါတယ် ဘုရား) ကိုယ်တော်တွေလဲ ဝေဒနာသုံးပါး ခံစား တာပဲ (မှန်ပါ့)။
ဟောဒါက ကောင်းတယ်ကွ၊ ဒီဟင်းက မကောင်းဘူးကွ၊ ဒီဟာက ကောင်းတယ်၊ ဒီသင်္ကန်းက ကောင်းတယ်၊ ဒီသင်္ကန်းက မကောင်းဘူးကွ-ဆိုတာ ဝေဒနာခံစားတာပဲ (မှန်ပါ့)။
ခင်ဗျားတို့ကော ဒီအထည်က ကောင်းတယ်၊ ဟိုအထည်က မကောင်းဘူးကော (ခံစားပါတယ် ဘုရား)။
မခံစားကြဘူးလား (ခံစားပါတယ် ဘုရား) ဒီကျအောင် ထူးသေးရဲ့လား (မထူးပါ ဘုရား) ဒါဖြင့ အတိတ်က မထူးခဲ့၊ ပစ္စုပ္ပန်မှာကော (မထူးပါ ဘုရား)။
ဒါဖြင့် ဘယ်ကျမှ လူမိုက် – လူလိမ်မာ ထူးရမှာတုန်း၊ ခုအချိန်မှာဖြင့် အတိတ်ကလဲ မထူးသေး၊ ပစ္စပ္ပန်မှာလဲ (မထူးသေးပါ ဘုရား) မထူးသေးဘူးဆိုတာ သေချာပြီလား (သေချာပါပြီ)။
ငါဘုရားထူးတာ ပြောတော့မယ်
ကဲ-ဒါဖြင့် ငါဘုရားထူးတာ ပြောတော့မယ်၊ ရှင်းပြီလား (ရှင်းပါပြီ) ကဲ ဒါဖြင့် ဝေဒနာသုံးပါးက လူမိုက်လဲ ခံစားရတယ်၊ ကိုယ်တော်တွေလဲ ခံစားရတယ်၊ ဒီ ဒကာ ဒကာမတွေကော (ခံစားရပါတယ် ဘုရား)။
ဝေဒနာသုံးပါး လှည့်ခံစားနေကြတာပဲ (မှန်ပါ့) တစ်ခါတစ်လေကျတော့ ခေါင်းကိုက်တယ်၊ လည်နာတယ်၊ ဒုက္ခဝေဒနာ ခံစားတယ်၊ တစ်ခါတစ်လေ စားကောင်း၊ သောက်ကောင်း၊ နေကောင်း သုခဝေဒနာခံစားတယ် (မှန်ပါ့) တစ်ခါတစ်လေ မျက်စိ, နား, နှာခေါင်း, လျှာ တွေက ဥပေက္ခာဝေဒနာတွေနဲ့ ကြည့်တာတွေကော (ဥပေက္ခာပါ ဘုရား) ဥပေက္ခာပဲ အတူတူပဲ မကျဘူးလား (ကျပါတယ် ဘုရား)။
ဝေဒနာသုံးပါးတော့ဖြင့် တန်းတူပဲရှိကြတယ်၊ သဘောကျပြီလား (ကျပါတယ် ဘုရား)။
ဘာထူးသွားသတုန်းဆိုတော့ ဒကာ ဒကာမတို့ ဝေဒနာပစ္စယာ တဏှာလို့ သွားလို့ရှိရင် လူမိုက်ဘက်သွားတယ် (မှန်ပါ့) ဝေဒနာပစ္စယာ ပညာလို့ဆိုရင် လူလိမ်မာဘက်သွားတယ် (မှန်ပါ့) ဒီကျမှ ထူးတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဝေဒနာပစ္စယာ တဏှာဆိုရင် (လူမိုက်ဘက်သွားပါတယ် ဘုရား) ဝေဒနာပစ္စယာ ပညာဆိုရင် (လူလိမ်မာဘက် သွားပါတယ် ဘုရား)။
ဒါဖြင့် ပေါ်လာပြီ (မှန်ပါ) ဪ ပစ္စုပ္ပန်ဘဝ ဝေဒနာ နောက်က လိုက်ပုံကွာသကိုး (မှန်ပါ့) မောင်နိုင် ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဘယ့်နှယ်တုံး (ဝေဒနာနောက်က လိုက်ပုံကွာပါတယ် ဘုရား) လူမိုက်ကတော့ ဘာလိုက်သတဲ့တုန်း (တဏှာ လိုက်ပါတယ်) တဏှာလိုက်တော့ ဥပါဒါန်, ကံတွေ ဇာတိ, ဇရာ, မရဏ အနာဂတ်ဆက်သွားတယ် (မှန်ပါ့) ဒီကနေ ပညာလိုက်လိုက်တဲ့အခါကျတော့ တဏှာ, ဥပါဒါန်, ကံ လိုက်သေးရဲ့လား (မလိုက်ပါ ဘုရား) ဟိုဘက် အနာဂတ်ဘဝ ဇာတိ, ဇရာ, မရဏ (မလိုက်ပါ ဘုရား)။
ဪ ဒါဖြင့် ဒီကျမှထူးတယ်၊ မထူးသေးဘူးလား (ထူးပါတယ် ဘုရား)။
ဝေဒနာနောက်မှာ ထူးကြတယ်
ဒါဖြင့် လူမိုက်နဲ့ လူလိမ်မာ ဘယ်နေရာမှာ ထူးကြတာပါလိမ့်မတုန်းဆိုတော့ ဝေဒနာနောက်မှာ ထူးကြတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
လူမိုက်နဲ့ လူလိမ်မာ ဘယ်နေရာမှာ ထူးကြပါလိမ့် (ဝေဒနာနောက်မှာ ထူးပါတယ် ဘုရား) ဝေဒနာနောက်ပိုင်းမှာ ထူးကြတယ်၊ ရှေ့သုံးခုက အတူတူပဲ (မှန်ပါ့)။
ဝေဒနာသုံးပါး ခံစားတာချင်း (အတူတူပါပဲ ဘုရား) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)
ဪ ဒါ့ကြောင့် လူမိုက်နဲ့ လူလိမ်မာ ဘယ်နေရာထူးရမှာပါလိမ့်မတုန်းဆိုတဲ့ဥစ္စာ ဒကာ ဒကာမတွေ အေးအေး ဆေးဆေးနဲ့ ပြောတဲ့အတွက် ခင်ဗျားတို့ ကောင်းကောင်းရှင်းဖို့ ကောင်းပြီ (ရှင်းပါပြီ) မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်လဲ လာပုံက အတိတ်ဘဝက အတူတူပဲ (မှန်ပါ့) အဝိဇ္ဇာနဲ့ တဏှာကြောင့်ပဲ လာကြတာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
ဒီဘဝကျတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿကျတော့ ထူးသေးရဲ့လား (မထူးပါ ဘုရား) ဝေဒနာ ကျအောင်ကော (အတူတူပါ ဘုရား) ဝေဒနာပြီးတော့မှ ထူးတာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ) ဘယ်နေရာကျမှ ထူးကြပါလိမ့် (ဝေဒနာပြီးတော့မှ ထူးပါတယ် ဘုရား)။
ဝေဒနာနောက်ပိုင်းကျတော့ ကိုစောမောင် လူမိုက်ကဘာတဲ့ ဝေဒနာပစ္စယာ (တဏှာပါ) လူလိမ်မာက (ပညာပါ ဘုရား) ဝေဒနာပစ္စယာ (ပညာပါ ဘုရား)။
ဪ ဒီနေရာ ကွာတာကိုး၊ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) နောက်က ဒကာ ဒကာမတွေ လူမိုက်က ရွတ်စမ်း ဘာတဲ့ (ဝေဒနာပစ္စယာ တဏှာပါ ဘုရား)။
အေး အဲဒီ တဏှာလာတော့ ဟိုဘက်ရပ်လို့ ရသေးရဲ့လား (မရပါ) တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါဆိုတော့ ပစ္စုပ္ပန်ဘဝကုန်ရော (မှန်ပါ့) ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ အနာဂတ်ဒုက္ခသွားဆက်တယ် (မှန်ပါ့) မဆက်ဘူးလား (ဆက်ပါတယ် ဘုရား) အဲဒါ ဘယ်သူပါလိမ့် (လူမိုက်ပါ ဘုရား)။
ကဲ ဒါဖြင့် လူလိမ်မာဖြစ်အောင် ထူးအောင် ခင်ဗျားတို့ ဘယ့်နှယ်လုပ်မတုန်းလို့ မေးတဲ့အခါကျတော့ ဝေဒနာ ပစ္စယာ ပညာဆိုတော့ တဏှာမချုပ်ဘူးလား (ချုပ်ပါတယ်) ဥပါဒါန်ရော (ချုပ်ပါတယ်) ကံရော (ချုပ်ပါတယ်) ဒါဖြင့် အနာဂတ်အကြောင်းသုံးပါးကော မချုပ်ဘူးလား (ချုပ်ပါတယ်) ဒီတော့ အနာဂတ်အကျိုးဖြစ်တဲ့ ခန္ဓာတွေ ဒကာ ဒကာမတွေ လာသေးရဲ့လား (မလာပါ ဘုရား)။
ဒီနေရာမှာ ထူးရမှာကိုး၊ သိမ်းဆည်းတတ်တဲ့ ပုဂ္ဂိုလ်က လူလိမ်မာ၊ မသိမ်းဆည်းတတ်တဲ့ ပုဂ္ဂိုလ်က လူမိုက်လို့ ဒို့က ထင်နေတာ မဟုတ်သေးဘူး၊ ဝေဒနာနောက်မှာ ထူးရမှာပါသလား (မှန်ပါ့) ခွဲတတ်ပြီလား (ခွဲတတ်ပါပြီ ဘုရား)။
အမယ်လေး ကိုစောမောင် အတော်ပြောရပါလား (မှန်ပါ့) မပြောရပေဘူးလား (ပြောရပါတယ်) အင်း ဒီအဓိပ္ပါယ်မျိုးကို ပြောဖို့ဆိုတော့လဲ ကျုပ်တို့လဲ မွေးကတည်းကလဲ ဒီနေရာ ပြောင်းရလိမ့်မယ်လို့ မသိဘူး (မသိပါ)။
ရဟန်းတွေက ဘယ့်နှယ်ဖြေသတုန်း
ဒါ့ကြောင့် ခုနင်က ရဟန်းတွေက ဘယ့်နှယ်ဖြေသတုန်း၊ အရှင်ဘုရားပြောမှ အရှင်ဘုရားဟောမှ သိရမည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်ဘုရား၊ ကဿပဘုရား လက်ထက်ကတည်းက တရားကွယ်ခဲ့ပါပြီ၊ အရှင်ဘုရားက လူမိုက်နဲ့ လူလိမ်မာ ဘာထူးသတုန်းလို့ တပည့်တော်တို့ မေးတော့ တပည့်တော်တို့ ဘာဖြေတတ်မလဲဆိုတော့ ဒီ ဒကာ ဒကာမ တွေလဲ ဘယ်ဖြေတတ်မလဲ၊ မဟုတ်ဘူးလား (မှန်ပါ့)။
မောင်နိုင် ဘယ့်နှယ်တုန်း (မဖြေတတ်ပါ) ဒီတရားသာ မနာဘူးလို့ တရားသာ မကျင့်ဘူးတဲ့ ပုဂ္ဂိုလ်မှန်လို့ ရှိရင် ဒီအဖြေကို ဘယ့်နှယ်လုပ်ပေးမလဲ (မပေးနိုင်ပါ ဘုရား) မပေးနိုင်ဘူးဆိုတော့ ဒါဖြင့် ဒကာ ဒကာမတို့ ချိန်ခွင် ဟာ တယ်အရေးကြီးပါသလား (မှန်ပါ့)။
ချိန်ခွင်ဟာ (အရေးကြီးပါတယ်) အင်မတန် အရေးကြီးတယ်ဆိုတာ မပေါ်ကြသေးဘူးလား (ပေါ်ပါတယ်)။
ကိုင်း ဒါဖြင့် ဒီလိုလုပ်ကြပါစို့တဲ့ မောင်နိုင် နော် (မှန်ပါ့) ဘုရားက ဖြေလိုက်တယ်၊ ကဲကွာ လာပုံလဲ အတူတူပဲ၊ ပစ္စုပ္ပန်ဘဝမှာလဲ အခုတူနေတယ်ကွတဲ့၊ ငါထူးပုံကလေးပြောမယ်ဆိုတော့ လူမိုက်ကတော့ကိုတဲ့ ဗြဟ္မစရိယံ အစရိ-မြတ်တဲ့အကျင့် မကျင့်ဘူးကွတဲ့၊ ဘာတုန်းဆိုတော့ မဂ္ဂဗြဟ္မစရိယ မဂ် ပေါ်အောင်မလုပ်ဘူးတဲ့ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ)။
ဝိပဿနာမဂ်ပေါ်အောင် (မလုပ်ပါ ဘုရား) လောကုတ္တရာမဂ်ပေါ်အောင် (မလုပ်ပါ ဘုရား)။
ဗြဟ္မစရိယံ အစရိ၊ ဗြဟ္မစရိယံ=မြတ်တဲ့အကျင့်ကို အစရိ=မကျင့်ဘူးကွတဲ့ (မှန်ပါ့)။
ဒုက္ခက္ခယာသ=ဒုက္ခကို ကုန်စေခြင်းငှာ၊ မဂ္ဂစရိယံ=မဂ်အကျင့်ကို၊ အစရိ=မကျင့်ဘူးကွတဲ့၊ သဘောကျ ပြီလား (ကျပါပြီ) မကျင့်တော့ သူ ဘာဖြစ်သတုန်းဆိုတော့ တစ်ပါးသော ခန္ဓာပြန်ရတယ်၊ ရှင်းပြီလား (ရှင်းပါပြီ) အနာဂတ်ခန္ဓာ ဘယ့်နှယ်တဲ့တုန်း (ပြန်ရပါတယ် ဘုရား)။
မဂ္ဂဗြဟ္မစရိယအကျင့်
ဪ ဒါဖြင့် ဘယ့်နှယ်ကြောင့် ကိုစောမောင် အနာဂတ် ခန္ဓာကြီး ရရှာပါလိမ့်မတုန်း (မဂ္ဂဗြဟ္မစရိယ မကျင့်လို့ပါ) မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်လို့ အနာဂတ်ခန္ဓာ ပြန်ရတယ် (မှန်ပါ့) လူလိမ်မာကတော့ မဂ္ဂဗြဟ္မစရိယ အကျင့်,ကျင့်လိုက်တဲ့အတွက် ဘာတုန်း (အနာဂတ်ခန္ဓာမရပါ ဘုရား) ဒါဖြင့် ခုနင်က ချီးခဲ့တဲ့ စကားနဲ့ သွားကိုက်တယ် (ကိုက်ပါတယ် ဘုရား) ကိုက်ပြီ၊ ဦးဘရှင်း သေသေချာချာကိုက်ပြီ (မှန်ပါ့) ကဲ ဦးဘအုန်း တို့ ကိုက်ပြီလား (ကိုက်ပါပြီ) နောက်တဖန် ပဋိသန္ဓေနေရရင် ဘာတဲ့တုန်း (လူမိုက်ပါ ဘုရား) ပဋိသန္ဓေ မနေရရင် (လူလိမ်မာပါ ဘုရား)။
အဲဒါနဲ့ ကဲ ဒီက ဗြဟ္မစရိယ ကြားသွင်းမှသာလျှင် လူလိမ်မာနဲ့ လူမိုက်က ရှင်းသွားတယ် (မှန်ပါ့) နို့မဟုတ်လို့ ရှိရင် ဒကာ ဒကာမတွေ ရှင်းပါ့မလား (မရှင်းပါ ဘုရား)။
ဪ ဒါဖြင့် ဒီတရားမျိုးကို မနာရလို့ ဒီနေရာမှာ ထူးခြားတာကို ကိုယ်မလုပ်မိလို့ ဒီလိုထူးခြားတာကွဲ့လို့လဲ ဘုရားကလဲမဟော ဆရာသမားကလဲ မပြောဘူးဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ လူမိုက်စခန်းဘက် လှည့်တော့မယ် (လှည့်ပါတယ်) လှည့်ရုံပဲ ရှိတော့တယ် (မှန်ပါ့)။
ကိုယ်က လှည့်ရမှာလား သူ့ပဋိစ္စသမုပ္ပါဒ်အတိုင်း သူသွားမှာလား (သူ့ပဋိစ္စသမုပ္ပါဒ်အတိုင်း သူသွားမှာပါ ဘုရား)။
ဒါဖြင့် ဗြဟ္မစရိယာအကျင့်ဆိုတာက သာသနာတွင်းမှပေါ်လာတယ် (မှန်ပါ့) ဘာဖြစ်လို့တုန်း ဝိပဿနာကိုး (မှန်ပါ့) ဝိပဿနာသည် အဋ္ဌကထာဆရာဖွင့် တာ ကြည့်ပါလား။
“ဝိပဿနာဉာဏံ သာသနာသ္မိံ ယေဝ ဟောတိ၊ (ဥပရိပဏ္ဏာသအဋ္ဌကထာ၊၁၆) ဝိပဿနာဉာဏံ=ဝိပဿနာဉာဏ်သည်၊ သာသနာသ္မိံ ယေဝ=သာသနာရှိမှသာလျှင်၊ ဟောတိ=ဖြစ်နိုင်၏တဲ့၊ ဒါ့ကြောင့် ခုနကပြောခဲ့တယ်၊ သာသနာ တွင်းတရား (မှန်ပါ့)။
ခင်ဗျားတို့ သာသနာတွင်းတရား, သာသနာပတရားလို့ အစက ချီးခဲ့တာတွေ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ရှင်းသွားပြီ (ရှင်းပါပြီ ဘုရား)။
အင်း ဒါဖြင့် ဗြဟ္မစရိယအကျင့် အရေးကြီးလာပြီ (မှန်ပါ့) မကြီးသေးဘူးလား (ကြီးပါတယ် ဘုရား)။
ဘယ်လိုကျင့်မှာတုန်း
အဲဒီတော့ ဗြဟ္မစရိယာအကျင့်ကို ကျင့်တော့မယ်ဆိုတော့ ဘယ်လိုကျင့်မှာတုန်း မေးတဲ့အခါကျတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတော့ ပဋိစ္စသမုပ္ပါဒ်မှာ ငါးမျိုးမရဘူးလား (ရပါတယ် ဘုရား)။
ဝိညာဏ် (နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာပါ ဘုရား) ဘယ်နှစ်မျိုးရသလဲ (ငါးမျိုးရပါတယ် ဘုရား)။
အဲဒါကို ပဋိစ္စသမုပ္ပါဒ်လိုလဲ ငါးမျိုးပဲ၊ ခန္ဓာဖွဲ့လိုက်လဲ ခန္ဓာငါးပါးသွားဖြစ်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အလိုလဲ (ငါးမျိုးပါ ဘုရား) ခန္ဓာဖွဲ့လိုက်ပြန်တော့လဲ (ငါးမျိုးပါ ဘုရား)။
ဒါဖြင့် ဒီခန္ဓာငါးပါးကို ကိုစောမောင် နောက်က မဂ္ဂဗြဟ္မစရိယ အကျင့်လိုက်ရမယ် (မှန်ပါ့) ဝေဒနာ ဒီထဲပါသွားပြီ ကိုစောမောင်၊ မပါသေးဘူးလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ခန္ဓာငါးပါးကို နောက်ကနေ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးကို (မဂ္ဂဗြဟ္မစရိယာ အကျင့် – ကျင့်ရပါမယ် ဘုရား)။
ပုဗ္ဗဘာဂမဂ်ကို ရှေးဦးစွာကျင့်
အဲဒီတော့ မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုတော့ကို ဘာတုန်းလို့မေးတဲ့အခါကျတော့ ပုဗ္ဗဘာဂမဂ်ကို ရှေးဦးစွာကျင့်၊ သတိပဋ္ဌာန်ပါဠိတော်က လာပြန်တယ်နော် (မှန်ပါ့)။
ပုဗ္ဗဘာဂမဂ်ဆိုတာ ရှေးဦးစွာ ဝိပဿနာရှုတဲ့မဂ်ကိုဆိုတာ (မှန်ပါ့ ဘုရား) ပုဗ္ဗဘာဂမဂ် မရှိပဲနဲ့ နောက်က ပစ္ဆာဘာဂ လောကုတ္တရာမဂ် မောင်နိုင် လာကို မလာနိုင်ဘူး လာနိုင်ပါ့မလား (မလာနိုင်ပါ ဘုရား)။
နို့မဟုတ်ရင် ကိုစောင်မောင် ဉာဏ်စဉ်တွေပျက်ကုန်မယ် (မှန်ပါ့) မပျက်ပေဘူးလား (ပျက်ပါတယ် ဘုရား) ရှေ့ပိုင်းက မဂ်မရခင်က ဉာဏ်စဉ်တွေဟာ ပုဗ္ဗဘာဂမဂ်ချည်းပဲ (မှန်ပါ့ ဘုရား)။
ရှေ့ပိုင်းက သမ္မသနတို့ ဥဒယဗ္ဗယတို့ ဘင်္ဂ ဘယ အာဒီနဝ တွေဟာ မဂ်၏ရှေ့ပြေးတွေပဲ (မှန်ပါ့)။
ဒါ့ကြောင့် ပုဗ္ဗက=ရှေ့၊ ဘာဂ, က=အဖို့ ရှေ့အဖို့ မဂ်မပါပဲနဲ့ နောက်မဂ်ကို မရနိုင်ဘူး (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဒါ့ကြောင့် ဝိပဿနာအလုပ်ဟာ မလုပ်မဖြစ်တဲ့ အလုပ်ထဲသွင်းလိုက်ပါ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်မယ် (မလုပ်မဖြစ်တဲ့အလုပ်ပါ ဘုရား)။
ဒီ့ပြင်အလုပ်ကို ခင်ဗျားတို့ မလုပ်ချင်နေ၊ ဝိပဿနာအလုပ် လုပ်ကြရမယ်။
ဒီဟာဖြင့် မလုပ် မရှိပါစေနဲ့၊ နို့မို့ရင် မဂ္ဂဗြဟ္မစရိယာအကျင့် ခင်ဗျားတို့ ရှိကို-မရှိသေးဘူး (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဟာ တပည့်တော်တို့ ကျောင်းဆောက်ပြီးပြီ၊ ဘုရားတည်ပြီးပြီဘုရား၊ ရေကန်လုပ်ပြီးပြီဘုရား၊ စုံလို့ဘုရား၊ မဂ္ဂဗြဟ္မစရိယအကျင့်ပါပြီလားမေးဖို့လိုနေသေးတယ်၊ (မှန်ပါ့ ဘုရား) မဂ္ဂဗြဟ္မစရိယ အလုပ်က လိုသေးတယ်၊ ရှင်းပြီ လား (ရှင်းပါပြီ ဘုရား)။
ဒါ့ကြောင့် မဂ္ဂဗြဟ္မစရိယအကျင့်ပဲ အားကိုးကြပါတော့ဆိုတဲ့ဥစ္စာသည် ပရမ်းပတာဘေးလွတ်အောင်ပြောတာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ကျုပ် ဘာလိုသေးတုန်းလို့ နောက်မပြောပါနဲ့၊ လိုတာ ဆရာဘုန်းကြီး ဖြည့်ပေးပြီ (မှန်ပါ့) ဒကာ ဒကာမတွေက ဘာလိုသေးတုန်း (မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ဖို့လို့ပါသေးတယ် ဘုရား)။
ဒီ့အပြင်ဟာ ဘာလုပ်နေနေ၊ ဒါလိုသေးတယ်အောက်မေ့ – (မှန်ပါ့) ဒကာ ဒကာမတွေ ကျေနပ်ဖို့ကောင်းပြီ။
ဒါဖြင့် အားလုံး ယနေ့တရားပွဲမှာ အသားယူပြီး သကာလ ဒို့ – ဘာကိုဖြင့် အရေးတကြီးထားရမယ်ဆိုတာဖြင့် အပေါ်ကြီးပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား) ဘာပေါ်ပါလိမ့် (မဂ္ဂဗြဟ္မစရိယအကျင့်-ကျင့်ဖို့ပေါ်ပါပြီ ဘုရား)။
ဒီ့ပြင်ဟာတွေ ခင်ဗျားတို့က ဆင်ခြေမလဲနဲ့နော်၊ သားကို ဘယ်နှစ်ချီရှိပြီဘုရား ရှင်ပြုပြီးတာ၊ နည်းတာမဟုတ်ဘူး ဘုရား တပည့်တော်ကုန်တာ၊ ဒါတွေကို သွားလုပ်မနေနဲ့ဦး၊ အဲဒီကုသိုလ်က အဲဒီကုသိုလ်တခြား၊ ပရမ်းပတာဘေးမလွတ် ဘူး၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ပရမ်းပတာဘေးမလွတ် ဘူး
အဲဒါတွေ ခင်ဗျားတို့က အသားယူပြီးပြောနေတဲ့ပုဂ္ဂိုလ်တွေကလဲ ဆရာကောင်း , သမားကောင်း မကြုံတော့ ဝိနိပါတိကဘေးလဲ နားမလည်ဘူး (မှန်ပါ့) ဝိနိပါတိကဘေးဆိုတာက မောင်နိုင် မှတ်ထားစမ်းပါ (မှန်လှပါ ဘုရား)။
တစ်နေ့ကလဲ တစ်ခါပြောခဲ့ပါတယ်၊ တပေါင်း, တန်ခူး သစ်ရွက်တွေခြောက်နေတော့ ကိုစောမောင်က အရင်းက နေပြီး ကိုယ်လှုပ်နိုင်တဲ့အပင်ကို လှုပ်ချလိုက်တာပေါ့ (မှန်ပါ့) သစ်ရွက်တွေမှန်းခြေပေါက်ကျပါ့မလား (မကျနိုင်ပါ ဘုရား)။
ဘယ်လိုကျမလဲ (ကျချင်သလိုကျပါတယ် ဘုရား) အဲခင်ဗျားတို့ ဒိဋ္ဌိမပြုတ်သေး၊ မဂ္ဂဗြဟ္မစရိယအကျင့် မကျင့်ရသေးရင် ပရမ်းပတာဘေးရှိသေးတယ်၊ ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား) ကျင့်နည်း, ကြံနည်း ကတော့ဖြင့် ခင်ဗျားတို့ နက်ဖြန်မှ ပြောမယ်။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။