11003

မာတိကာသို့

ပပဉ္စနှင့် နိပ္ပပဉ္စဖြစ်ပုံပြ

(စကားခြောက်ခွန်း၊ လူ၌ထွန်း၊ နှစ်ခွန်းကိုဆောင် လေးခွန်းရှောင်)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်မြို့ မင်္ဂလာတိုက်၌

ဟောကြားတော်မူသော

စကားခြောက်ခွန်း၊ လူ၌ထွန်း၊ နှစ်ခွန်းကိုဆောင် လေးခွန်းရှောင်။

ပပဉ္စနှင့် နိပ္ပပဉ္စဖြစ်ပုံပြ

တရားတော်

(၃၁-၅-၆၂)

တရားဟောတာ နှစ်မျိုးတည်း

ကဲ တရားမှတ်ကြ၊ တရားမှတ်ကြ၊ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး တရားဟောတာ နှစ်မျိုးတည်း ရှိတယ်လို့ မှတ်ရမယ်၊ နှစ်မျိုးက ဘာလဲဆိုလို့ ရှိရင်ဖြင့် သူပြောတဲ့စကား စကားဟူသ၍ တရားချည်းဘဲလို့ မှတ်ထား စမ်းပါ။

သတ္တတွေအပေါ်မှာ ကရုဏာတော်ဖြင့် စကားနှစ်ခွန်းစလုံး မကင်းပါဘူး၊ စကားနှစ်ခွန်းစလုံး သတ္တဝါတွေ အပေါ်မှာ ကရုဏာတော့ မကင်းပါဘူး။

ပထမစကားက ဘယ်လိုဟာ သုံးလေ့ရှိသတုံးဆိုတော့ ဟုတ်တယ်-မှန်တယ်-အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက် ဘူး။

ဟုတ်လဲ ဟုတ်တယ်၊ မှန်လဲ မှန်တယ်၊ အကျိုးလဲ ရှိတယ်၊ သူတစ်ပါးတော့ မကြိုက်ဘူး၊ အဲဒီတရားကိုလဲ ဟောလေ့ရှိတယ်လို့ မှတ်ကြစမ်းပါ (မှန်ပါ့)။

ဟုတ်တယ်-မှန်တယ်-အကျိုးရှိတယ်၊ သူတပါး မကြိုက်ငြားသော်လဲ ဟောလေ့ရှိတယ်၊ သဘောကျပလား (ကျပါပြီ)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးမကြိုက်ဘူး

ဘာတဲ့တုံး (ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးမကြိုက်ဘူး)သူတစ်ပါးမကြိုက်ဘူး။

မကြိုက်ပေမဲ့ အဲဒီဥစ္စာ ဟုတ်တယ်, မှန်တယ်, အကျိုးရှိသောကြောင့် သူဟောမယ်။

ဒါဖြင့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့တရားသည် ၁-နံပါတ်မှာ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတပါးမကြိုက်ဘူး၊ မကြိုက်ပေမဲ့လဲ မသိလို့မကြိုက်တာ ဖြစ်လေသောကြောင့် မောင်နိုင် ဟော လိမ့်မယ် (မှန်ပါ့)။

သူတစ်ပါးသော မကြိုက်ဘူးပေါ့ကွာ (မှန်ပါ့) မကြိုက်ပေမဲ့ (ဟောပါတယ် ဘုရား)။

ဘာကြောင့်တုံးလို့မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေက မှတ်လိုက်တာပေါ့၊ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ ဒီသုံးချက်က ပါနေတယ် (မှန်ပါ့)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်ဆိုတဲ့ တရားကို သူတပါးမကြိုက်ငြားသော်လဲ သူကနားမလည်လို့ မကြိုက် ငြားသော်လဲ သူအကျိုးရှိတာကပါနေတယ် (မှန်ပါ့)။

ဒီတရားမျိုးဟောရမှာလား မဟောရဘူးလား (ဟောရမှာပါဘုးရား)။

ဒါမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သုံးနှုန်းတဲ့စကားခြောက်ခွန်းမှာ လေးဆယ့်ငါးဝါ နေသွားတာ နှစ်ခွန်းတည်းဘဲ ပြောသွားတယ်နော် (မှန်ပါ့)။

အခုဟာ ပထမ စကားကော မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ သူတပါးမကြိုက်ချင်နေ ဟောလိမ့်မယ်၊ ဒါ ဘုရား၏အလိုဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ရွတ်ကြစမ်းပါဦးဗျာ (ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးမကြိုက်ဘူး)ဟောရမယ် ဒီဥစ္စာ။

ဘုရားမပွင့်ခင်တုန်းက ပြောဆို သုံးနှုန်းတာတွေက ဘုရားပွင့်လာတဲ့အခါကျတော့ ကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူ အကဲခတ်ကြည့်ပါ မောင်အောင်ချီတို့၊ မောင်မြင့်တို့မကြိုက်တဲ့လူက များမယ် (မှန်ပါ့ ဘုရား)။

တရားတွေက အကုန်ကွယ်နေတယ် (မှန်ပါ့) ကိုထင်ရာကိုယ်လုပ်နေကြတော့ မကြိုက်တဲ့လူက ဘယ့်နှယ် နေသတုံး (များပါတယ် ဘုရား)သို့သော်လည်း ကိုယ်တော်ကြီးက ဘာတုံး (ဟောပါတယ် ဘုရား)။

ဘာကြောင့်တုံးလို့ မေးတဲ့အခါကျတော့ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ ဒါကြောင့် သူဟောတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ၁-နံပါတ်စကားဖြင့် နားလည်လောက်ပါပြီ၊ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးမကြိုက်ချင်နေ ကာလကြည့်ပြီး သကာလ ဟောလိမ့်မယ်၊ ၁-နံပါတ်နော် (မှန်ပါ့)။

ကာလကြည့်ပြီး ဟောလိမ့်မယ်ဆိုတဲ့ ၁-နံပါတ် သဘောကျပလား (ကျပါပြီ ဘုရား)။

ကာလကို ကြည့်ရသေးတယ်

ကာလကြည့်ပြီးဆိုတာက ဟုတ်တယ်, မှန်တယ်, အကျိုးရှိတဲ့စကား သူတစ်ပါးတော့မကြိုက်ဘူး၊သို့သော် အသေ ကစောသွားမယ်ဆိုလို့ရှိရင် မြန်မြန်သွားပြောလိုက်ရမယ်၊ ရှင်းပလား(ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ကာလကို ကြည့်လိုက်ရသေးတယ်၊ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ သူကတော့မကြိုက်ဘူး၊ နာခံမည့်ပုဂ္ဂိုလ်က (မှန်ပါ့)။

သို့သော် သူကတော့ အသေကစောသွားမယ်ဆိုရင် ကာလမြန်မြန်ကြည့်ပြီးသား ဖြစ်နေတဲ့အတွက် ကာလ ကြည့်ပြီး မြန်မြန်ပြောရမယ် (မှန်ပါ့)ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ သူတစ်ပါးတော့မကြိုက်ဘူး၊ သို့သော် အချိန်ကာလကြည့်ပြီး သကာလ ပြောရလိမ့်မယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အချိန်ကာလကြည့်ပြီး (ပြောရပါမယ် ဘုရား)။

အဲ့ဒါ ပထမစကားခွန်းလို့ မောင်မြင့်တို့ မှတ်လိုက်နော် (မှန်ပါ့) ဒုတိယ စကားခွန်းမှတ်လိုက်ပါဦး၊ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ သူတစ်ပါးလဲ ကြိုက်တယ်၊ ဒါလဲ ကာလကြည့်ပြီး သကာလ ဟောရမှာဘဲ။

ဘယ်နှစ်ခွန်းရှိသွားပလဲ (နှစ်ခွန်းရှိသွားပါပြီ) လေးဆယ့်ငါးဝါနေသွားတာ ဒီနှစ်ခွန်းဘဲသုံးသွားတယ် (မှန်ပါ့)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးလဲ ကြိုက်နှစ်သက်တယ်၊ ကာလကြည့်ပြီး သကာလ ပြောသွား တယ်၊ ဆွဲရမည့်ပုဂ္ဂိုလ်ဆိုလို့ရှိရင် အချိန်ကာလ ဆွဲဟောလိုက်တယ် (မှန်ပါ့) မြန်မြန်သေမည့်ပုဂ္ဂိုလ်ဖြစ်ရင် ဘာတုံး (မြန်မြန်ဟောပါတယ် ဘုရား)။

မြန်မြန်သွားဟောလိုက်ရတယ်ဆိုတော့ ဘုရား-လေးဆယ့်ငါးဝါနေသွားတဲ့ အနက်က ဒကာ ဒကာမတို့ စကားဘယ်နှစ်ခွန်းတည်း သုံးသွားသတုံးဆိုရင် မှတ်မိကြပလား (မှတ်မိပါပြီ) ဘယ်နှစ်ခွန်းပါလိမ့် (နှစ်ခွန်းပါ ဘုရား)။

၂-နံပါတ်က ဘာတဲ့ (ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးလဲ ကြိုက်တယ်) သူတစ်ပါးလဲ ကြိုက်တယ်၊ ကာလကြည့်ပြီးတော့ (ဟောရမယ်)ဟောရမယ်တဲ့။

အသေစောမည့် ပုဂ္ဂိုလ်ဖြင့် စောစောသွားဟောတယ် (မှန်ပါ့) အသေက ဦးသွားရင်လည်း မရပေဘူးကိုး (မှန်ပါ့) ကိုပေါ် ဒါဖြင့်ကာလကတော့ဖြင့် ကြည့်ရမှာချည်းဘဲ(ကြည့်ရမှာပါ ဘုရား)။

ဒါကြောင့်အားလုံး ဒကာ ဒကာမတွေ အခုဘုန်းကြီးများ ဟောနေတာလဲ ဒီနှစ်လုံးဘဲ ဟောနေတာ မှတ်ပါ (မှန်ပါ့)ဒီနှစ်လုံးက အပြင်ကို မောင်နိုင်-ထွက်ပါ့မလား(မထွက်ပါ ဘုရား)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ ခင်ဗျားတို့ နားထဲမကြိုက်ပေမဲ့လဲ ကာလကြည့်ပြီး သကာလ မတော်တာ ကလေးမှမကြားလိုက်ဘဲနဲ့ မတော်-သေသွားရင် ကိုယ်ကျိုးနည်းချည်ရဲ့ (မှန်ပါ့ ဘုရား)။

ဒိဋ္ဌိဖြုတ်ပါဆိုတဲ့ စကားဟာ

ဒိဋ္ဌိဖြုတ်ပါဆိုတဲ့ စကားဟာ-ငါးသား,ငါ့သမီး ဖြုတ်ပါဆိုတဲ့ စကားဟာမကြားချင်ဘူး (မှန်ပါ့) မကြားချင် ပေမဲ့ဘာလုပ်ရမယ် (ကာလကိုကြည့်ရမယ်) ဟောရမယ်၊ သူတစ်ပါးမကြိုက်လဲ။

ငါ့သား,ငါ့သမီး-ငါ့ကိုယ်ငါ့ဟာ ဘာလုပ်ရမလဲ (ဖြုတ်ရမယ်)ဖြုတ်ရမယ်၊ အဲဒါ ကြိုက်နိုင်ပါ့မလား (မကြိုက်နိုင်ပါ ဘုရား)။

ကိုယ့်သမီး- ကိုယ့်သမီးပေါ့၊ ကိုယ့်သား-ကိုယ့်သားပေါ့ဆိုပြီး မောင်နိုင် မကြိုက်ပေဘူးကွ (မှန်ပါ့)။

မကြိုက်ပေမဲ့ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတော့ သူတို့မကြိုက်ပေမဲ့လည်း ဒီအတိုင်း သေသွားလို့ရှိရင် သက္ကာယေဒိဋ္ဌိတန်းလန်းနဲ့ဆိုရင် အပ္ပါယ်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

အဲ့ဒီတော့ သူပြောတဲ့ စကားဟာ ဟုတ်ကော ဟုတ်ရဲ့လား(ဟုတ်ပါတယ်)မှန်ကော (မှန်ပါတယ်) အကျိုး ကော (ရှိပါတယ် ဘုရား)။

အဲ့ဒီတော့ သူတစ်ပါးကတော့ မကြိုက်ဘူး၊ မကြိုက်ပေမဲ့ ကိုယ်တော်မြတ်ကြီးက ဘာလုပ်ရသလဲ (ဟော ရပါတယ် ဘုရား)။

ဟောရမယ်ဆိုတော့ ဒကာ ဒကာမတို့ ဘယ်နှယ်ကြောင့်တုံးလို့ နိဂုံးချုပ်လိုက်တဲ့အခါကျတော့မှ စကားနှစ် ခွန်းစလုံးမှာ ကရုဏာဦးစီးနေတယ် (မှန်ပါ့) မှတ်မိကြပလား (မှတ်မိပါပြီ ဘုရား)စကားနှစ်ခွန်းစလုံးမှာ (ကရုဏာ ဦးစီးနေပါတယ်)။

ဒုတိယ စကားက ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါ၊ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူတစ်ပါးလည်း ကြိုက်တယ်၊ ကာလကြည့်ပြီး ဟောရမယ် (မှန်ပါ့)။

ကြိုက်တော့ ကြိုက်ပါတယ်၊ အဲဒါကျတော့လည်း ကာလကြည့်ပြီး ဟောရမှာဘဲ၊ ကြိုက်တော့ ကြိုက်နေရဲ့၊ သူတို့မရဏမင်းက ဦးသွားလို့ရှိရင်လည်း မောင်မြင့် မဟောလိုက်ရဘဲနေလို့ရှိရင် သူ-ကြိုက်လျက်နဲ့ဘဲ ဉာဏ်ထဲ မရောက်ဘဲ ဖြစ်သွားမယ် (မှန်ပါ့)ဒီက အဟောနောက်ကျသွားလို့ရှိရင်၊ သဘောပါကြလား (ပါ-ပါတယ် ဘုရား)။

နှစ်မျိုးဘဲ ပြောနေတယ်

ဒါဖြင့် ဒီဒကာ ဒကာမတွေ အခု ဘုန်းကြီး နေ့တိုင်းအ သံသွင်းတရား ပြောပြီး သကာလ နေတော့ စကားဘယ် နှစ်မျိုးတည်းပါလိမ့် (နှစ်မျိုးတည်းပါ ဘုရား)နှစ်မျိုးဘဲ ပြောနေတယ် (မှန်ပါ့)။

ဘယ်သတ္တဝါထုတ်ထုတ်၊ ဘယ်သက္ကာယဒိဋ္ဌိဖြုတ်ဖြုတ်၊ ဘယ်သဿတဒိဋ္ဌိဖြုတ်ဖြုတ် မောင်အောင်ချီတို့ မောင်မြင့်တို့၊ စကားဘယ်နှစ်မျိုးတည်းသုံးသလဲ (နှစ်မျိုးတည်းပါ ဘုရား)။

၁-နံပါတ်ပြောကြစမ်းပါ၊ ဘာတဲ့ (ဟုတ်တယ်, မှန်တယ်, အကျိုးလဲရှိတယ်, သူတစ်ပါးမကြိုက်ပါ ဘုရား) ကာလကြည့်ပြီးတော့ ဟောတယ် (မှန်ပါ့) ဟောရမှာဘဲ မကြိုက်ပေမဲ့၊ သဘောကျပလား (ကျပါပြီ)။

မကြိုက်ပေမဲ့ (ဟောရမှာပါ ဘုရား) ဟောရလိမ့်မယ်တဲ့ ကာလကြည့်ပြီး သကာလ နော် (မှန်ပါ့)။

ဉာဏ်မရင့်လို့ ကြည့်ရတာ

အချို့ကျတော့လဲ ဣန္ဒြေက မရင့်သေးတာနဲ့ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်လို့ ကိုယ်တော်မြတ်ကြီးက သိတယ်၊ သူလဲ ကြိုက်တယ်ဆိုတာ သိတယ်၊ သူ့ဉာဏ်က မထက်သေးတော့ အချိန်ဆွဲထားတယ် (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါတယ် ဘုရား)။

ဥပကကြီးဟာ အရင်ဆုံး တွေ့တယ်၊ သူ့ဉာဏ်က မထက်သေးတော့ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူလဲကြိုက်တယ်ဆိုတာ အသိသားပေါ့ (မှန်ပါ့)။

သို့သော် အချိန်ကာလ ကြည့်ရသေးတယ်၊ ဘာဖြစ်လို့ကြည့်ရတာတုံး (ဉာဏ်မရင့်လို့ ကြည့်ရတာပါ ဘုရား) ဉာဏ်မရင့်သေးလို့ ရိပ်မိပလား (ရိပ်မိပါပြီ)။

ဉာဏ်မရင့်သေးတဲ့ ပုဂ္ဂိုလ်လဲ ကာလကြည့်ရမှာဘဲနော် (မှန်ပါ့)ခုနင်က သေးဆုံးမည့်ပုဂ္ဂိုလ်ကော (ကာလကြည့်ရမှာပါဘဲ ဘုရား)။

သေဆုံးမည့်ပုဂ္ဂိုလ်ကျတော့ အသေကစောသွားရင်ခက်ချည်ရဲ့ ဆိုပြီး သကာလ ဒကာ ဒကာမတို့ ကာလကြည့် ပြီး သကာလ အမြန်ဟောရတယ်၊ ဟိုကုမာရီတို့ ရက္ကန်းခတ်သေမည့် ပုဂ္ဂိုလ်ကျတော့ စောစောကြီး ယူဇနာသုံးဆယ် ကျော်တွေများပြေးလိုက်ရတဲ့အခါ ပါသေးတယ်၊ ဒီနေ့သေမှာကိုးဗျ (မှန်ပါ့)။

ဒီနေ့ ဒိဋ္ဌိပြုတ်ပြီး သေသွားတယ်ဆိုရင် တော်သေးရဲ့ဆိုပြီး မောင်မြင့် မပြေးရဘူးလား (ပြေးရပါတယ် ဘုရား) အဲဒါလည်း ကာလမကြည့်ရဘူးလား (ကြည့်ရပါတယ် ဘုရား)။

အဲ့ဒီတော့ကိုစကားနှစ်ခွန်းစလုံးမောင်အောင်ချီတို့ မောင်မြင့်တို့ကာလကို ကြည့်ရတယ် (မှန်ပါ့)သဘော ကျကြပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘုရားလေးဆယ်ငါးဝါ နေသွားတာစကားဘယ်နှစ်မျိုးတည်း သုံးသွားသလဲ (နှစ်မျိုးတည်းပါ ဘုရား)။

နှစ်မျိုးတည်းသုံးသွားတယ်လို့ ဒကာ ဒကာမတွေရှင်းရှင်းလင်းလင်းမှတ်ပါ (မှန်ပါ့)။

ဘုရားက တယ်ပြီး စကားပေါသကိုးလို့ ဒီလိုမဆိုနဲ့ ဒီလိုမဆိုပါနဲ့ နှစ်မျိုးတည်းပြောသွားတာ (မှန်ပါ့) ရှင်းကြပလား(ရှင်းပါပြီ)။

အဲ့ဒီတော့ အခုဘုန်းကြီးကလည်း ဒီမှာဘုရား၏ ကိုယ်စားလှယ်ဆိုပြီး သကာလ ငါမရှိရင် ဓမ္မက္ခန္ခာတွေက ဆရာဖြစ်ရစ်လိမ့်မယ်ဆိုတဲ့ ဓမ္မက္ခန္ခာတွေ ဟောနေတော့ ဒကာ ဒကာမတွေ ဟုတ်တယ်, မှတ်တယ်, အကျိုးရှိတယ် ခင်ဗျားတို့ မကြိုက်ပေမဲ့လဲ မှိတ်ပြီးနာ (မှန်ပါ့) ကာလကြည့် ဟောနေတယ် (မှန်ပါ့)။

ကာလကဘာတုံးဆိုတော့

ကာလကဘာတုံးဆိုတော့ ဒီဒကာ ဒကာမတွေ၏ ခန္ဓာကိုယ်ကလဲ ယနေ့လား-နက်ဖြန်လားမသိတဲ့ ခန္ဓာချည်း ဘဲ (မှန်ပါ့)မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲ့ဒီတော့ ကာလကြည့်ပြီး ဘယ့်နှယ်နေရမလဲ (ဟောပါတယ် ဘုရား) ဟောရမှာဘဲဆိုတာကောကျေကျေ နပ်နပ်သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ကဲ ဒုတိယ စကားကလဲဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ သူတစ်ပါးလဲကြိုက်တယ်၊ သို့သော် မရင့်သေး တဲ့ ပုဂ္ဂိုလ်တွေ အတွက်ကျတော့ကို တခါတလေ သာမညသစ္စာ မထည့်ဘဲနဲ့ပြီးလိုက်ရတဲ့အခါ ပါသေးတယ် (မှန်ပါ့ ဘုရား)။

တရားစပြီး သကာလ ဒိဋ္ဌိပြုတ်ခဏ်းကလေးကစပြီး ဖြေးဖြေးခြင်း၊ ဖြေးဖြေးခြင်း ဆွဲနေရတဲ့ပုဂ္ဂိုလ်ကော (ရှိပါတယ် ဘုရား) အဲဒါလဲ ကာလကြည့်ဟောနေရတာကွ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းပြီး ဒါဖြင့် ဘုရားလေးဆယ်ငါးဝါ ကာလပတ်လုံး ဟောသွားတဲ့တရားဘယ်နှစ်မျိုးပါလိမ့် မတော်လို့မေးလို့ရှိရင် မောင်နိုင် ဖြေတတ်ပါ့မလား (ဖြေတတ်ပါတယ် ဘုရား) ဘယ်နှစ်မျိုးပါလိမ့် (နှစ်မျိုးပါ ဘုရား)။

မများပါဘူးဆိုတာ ဒကာဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီနှစ်မျိုးစလုံးဟာ မောင်မြင့်တို့က မောင်အောင်ချိတို့က ကိုယ်တော်မြတ်ကြီးစိတ်ထဲမှာဘယ်ဟာအကြီးအကဲ ထားပြီးဒီနှစ်မျိုးသုံးပါလိမ့်မတုံးဆိုတော့ ကရုဏာ တစ်ခုတည်း ဦးစီးထားတယ် (မှန်ပါ့)သဘောကျပလား (ကျပါပြီ)။

ကရုဏာတစ်ခုတည်း (ဦးစီးထားပါတယ် ဘုရား)သနားတာဦးစီးထားတာဘဲ (မှန်ပါ့)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, မကြိုက်ဘူး, မကြိုက်လဲ ကရုဏာက အားကြီးတာနဲ့ ဟောရမှာဘဲ (မှန်ပါ့)ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်, သူလဲကြိုက်တယ်၊ ဘာလုပ်ရမတုံး (ဟောရမှာပါ ဘုရား) ဒါလဲ ဘယ်သူ့ ကြောင်းတုံး (ကရုဏာကြောင့်ပါ ဘုရား) မဟောရင်လည်း မကျွတ်ကို မကျွတ်ဘူး (မှန်ပါ့)။

မဟောရင်တော့ (မကျွတ်ပါ ဘုရား) အဲဒီတော့ ကိုယ်ဟောလို့ကျွတ်တဲ့တရား၊ ဟောလျက်နဲ့ မကျွတ်တဲ့ တရားရယ်လို့ မောင်နိုင် ရှိသေးတယ်နော် (မှန်ပါ့)။

သစ္စာဆိုရင် ဟောလို့ကျွတ်တဲ့တရား

ဟောလို့ကျွတ်တဲ့တရားက သစ္စာဆိုရင် ဟောလို့ကျွတ်တဲ့တရားလို့မှတ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) သစ္စာဆိုရင် (ဟောလို့ကျွတ်တဲ့တရားပါ ဘုရား)။

သစ္စာမဆိုက်သေးဘဲနဲ့နေလို့ရှိရင်ဖြင့်ဘာတုံး (ဟောလို့မကျွတ်တဲ့တရားပါ ဘုရား) ဟောလို့မကျွတ်တဲ့တရား (မှန်ပါ့)။

ဒါကလေးဘဲ ဒီနေ့ညမှတ်ပါဦး။

သစ္စာဆိုက်တဲ့တရားဆိုရင် (ဟောလို့ကျွတ်တဲ့တရားပါ ဘုရား)ဟောလို့ကျွတ်တမ်းဝင်တဲ့တရား။

သစ္စာမဆိုက်သေးဘဲနဲ့ ဟောလို့ရှိရင် (ကျွတ်တမ်းမဝင်ပါ ဘုရား) ကျွတ်တမ်းမဝင်တဲ့ဘုရား (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် တရားပေမဲ့ဒို့နာသာနာနေရတာ ကျွတ်တ်းဝင်တဲ့တရား၊ ကျွတ်တမ်းမဝင်တဲ့တရားရယ်လို့ နှစ်မျိုးရှိပါသေးသလားဆိုတာ ယနေ့ပေါ်သွားပြီ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာက ဓနဉ္ဇနီပုဏ္ဏားကြီးကို ဟောလိုက်တယ်၊ သစ္စာမပါတာနဲ့ ကျွတ်တမ်းမဝင်ဘူး၊ သဘောကျ ပလား (ကျပါပြီ ဘုရား)။

သူကဒါန, သီလနဲ့ သမထ ဟောပစ်လိုက်တယ်၊ ဒါနဲ့, သီလနဲ့ သမထ ဟောပစ်လိုက်တော့ တစ်ခါတည်း သမထတန်ခိုးကြောင့် ဗြဟ္မာကြီးတော့ သွားဖြစ်တယ် မောင်နိုင် ၊ သောတာပန်, သကဒါဂါမ်, ရဟနန္တမဖြစ်ဘူး (မှန်ပါ့) ဘာမပါလို့ပါလိမ့် (သစ္စာမပါလို့ပါ ဘုရား)။

အဲ့ တရားပေမဲ့လဲ ဒီ-ဓနဉ္ဇာနီပုဏ္ဏားကြီး ထောက်လိုက်တော့ ကျွတ်တမ်းမဝင်တဲ့တရား (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား) ကျွတ်တမ်းမဝင်တဲ့ တရား ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘာပါလိမ့် (သစ္စမဆိုက်တဲ့တရားပါ ဘုရား) ဪ သစ္စာမဆိုက်တဲ့တရား မှန်လို့ရှိရင် ကျွတ်တမ်း မဝင်ဘူး (မှန်ပါ့)။

ဒါကြောင့် ခင်ဗျားတို့ တရားလည်း နာရတော့မယ်၊ နာနည်းကို သင်ပေးမယ် (မှန်ပါ့)။

ဓနဉ္ဇာနီပုဏ္ဏားကြီး

”သစ္စဝိနိမုတ္တော ဓမ္မော နာမ နတ္ထိ”လို့ ဆိုတော့ ဆိုတယ်၊ သို့သော် ဆရာက ပြောမပေးရင်သစ္စာသိပါ့ မလား (မသိပါ ဘုရား)။

အေး ဒါကြောင့် ဓနဉ္ဇာနီပုဏ္ဏားကြီး အခု-တစ်နေ့က စပ်မိလို့ပြောကြည့်တော့ ပြောကြည့်တော့ ဟောကြည့် တော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မင်း-ဘယ်ကပြန်လာတာတုံး သာရိပုတ္တရာ ဓနဉ္ဇာနီ ပုဏ္ဏားကြီးဟောပြီး ပြန်လာခဲ့တယ်။

ဘာတွေများ ဟောခဲ့သတုံးကွ ဗြဟ္မာ့ပြည်ရောက်ကြောင်းတွေ ဟောခဲ့ပါတယ်ဘုရား။

ဟာ မင်း တယ်ဖျင်းတာကိုး၊ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်မင်း-ဗြဟ္မာ့ပြည်ရောက်ကြောင်း ဟောခဲ့တာကိုး။

တပည့်တော် ပြန်ဟောချေဦးမယ်ဆိုတော့ သေပြီကွ လို့ပြောလိုက်တယ် (မှန်ပါ့)။

အသေက စောသွားတယ်၊ မစောဘူးလား (စောပါတယ် ဘုရား)။

ဘယ့်နှယ်ကြောင့် ဗြဟ္မာသွားဖြစ်နေပါလိမ်မတုံး- နိဗ္ဗာန်မရဘဲနဲ့ (သစ္စာမဆိုက်လို့ပါ ဘုရား) သစ္စာမဆိုက် တဲ့ တရားရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါကြောင့် သစ္စာဆိုက်တဲ့တရားဟောမိပြန်တော့လည်း ဒကာ ဒကာမတို့ချက်ချင်းဘဲ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်နိုင်တယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခန္ဓာနဲ့ဉာဏ်နဲ့သာ ဟပ်မိပစေ

ခန္ဓာနဲ့ဉာဏ်နဲ့သာ ဟပ်မိပစေ ဟောရင်း မတ္တနဲ့နော် (မှန်ပါ့)။

ဒီလိုဆိုတော့ တစ်ခါတည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပေါပြီး နိဗ္ဗာန်ကို အာရုံပြုနိုင်တယ်ဆိုတာ ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ဒါဖြင့် တရားနာပေမဲ့လည်း ဪ သုဂတိတရား၊ နိဗ္ဗာန်တရားရယ်လို့ နှစ်မျိုးရှိတယ် (မှန်ပါ့)။

ဘယ်လိုမှတ်ကြမယ် (သုဂတိတရား, နိဗ္ဗာန်တရားရယ်လို့ နှစ်မျိုးပါ ဘုရား) ခုနက ရှင်သာရိပုတ္တရာကြီး တရားဟောညံ့တာ သုဂတိတရားဖြစ်သွားတယ် (မှန်ပါ့)။

ဒါနဲ့ ရှင်သာရိပုတ္တရာကြီးကို မောင်အောင်ချိတို့၊ မောင်မြင့်တို့ ဘုရားက မင်း-တရားဟော ညံ့တယ်လို့ ပြောလိုက်တယ် (မှန်ပါ့) ပြောလိုက်တော့ နိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ် မင်းကဗြဟ္မာပြည် ပို့ထားတယ်ဆိုတော့ တပည့် တော် ပြန်ဟောချေဦးမယ်ဆိုတော့ အသေစောသွားပြီ လို့ ပြောလိုက်တယ်(မှန်ပါ့)။

မနာဘူးလား (နာသွားပါတယ် ဘုရား) နိဗ္ဗာန်ရောက်မည့် ဉာဏ်ပါပြီးသား၊ ဘာမပါလို့လဲ (သစ္စာမပါ လို့ပါ ဘုရား) သစ္စာမပါတာနဲ့ ဒကာဒကာမတို့ နာသွားတယ် (မှန်ပါ့)။

ဒီတွင်မှ ရှင်သာရိပုတ္တရာက ဪ ငါ့နှယ် ခြွင်းချက်ကြီးနဲ့ ဟောတာကိုး ဆိုပြီး သကာလ ဗြဟ္မာ့ပြည်တခါ လိုက်ရပြန်တယ် (မှန်ပါ့) အဲ့ဒီမှာ သစ္စာဟောလိုက်တော့မှ ရဟန္တာဖြစ်တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိ ပါပြီ ဘုရား)။

နိဗ္ဗာန်ရောက်တဲ့တရား

ဒါဖြင့် တရားသည် နိဗ္ဗာန်ရောက်တဲ့ တရားမျိုး, သုဂတိရောက်တဲ့တရားမျိုး၊ ဘယ်နှစ်မျိုးရှိပါလိမ့် (နှစ်မျိုး ရှိပါတယ် ဘုရား) နိဗ္ဗာန်ရောက်တဲ့တရားမှာ ဘာပါရမလဲ (သစ္စာပါရပါမယ် ဘုရား)။

နိဗ္ဗာန်မရောက်တဲ့ တရားကတော့ ခုနက ဒါန, သီလ, သမထတရား (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဒါန, သီလ, သမထ, က (နိဗ္ဗာန်မရောက်ပါ ဘုရား)။

အေး ဒါန သီလ သမထ, က စ,ပြီး ဟောသွားလိုက်တာသစ္စာဆုံးသွားရင် (နိဗ္ဗာန်ရောက်ပါတယ်) နိဗ္ဗာန်ရောက်တဲ့တရားလို့ မှတ်စမ်းပါနော် (မှန်ပါ့)။

ဒါကလည်း ဒီလိုရှိသေးတယ်၊ ဒကာ ဒကာမတွေ အခုဟောပြောပြီး နေကြတာတွေ အမျိုးမျိုးအဖုံဖုံတွေ ရှိကြပါတယ်၊ သစ္စာဆိုတာက ကိုယ့်ခန္ဓာထဲမှာ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာဒုက္ခ” ဆိုတော့ ခန္ဓာဉာဏ်ရောက်အောင် ဟောနိုင်မှ သစ္စာကလဲ ဆိုက်တယ် (မှန်ပါ့)ပြင်ဘက် ဟောနေရင် (မဆိုက်ပါ ဘုရား)။

ပြင်ဘက် လက်ညှိုးထိုးနေရင်တော့ (မရပါ ဘုရား) မရဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့) နာတဲ့ ပုဂ္ဂိုလ်၏ ခန္ဓာကို ဉာဏ်လက်ညှိုးပြီး ဆရာကပြ၊ နာတဲ့ ပုဂ္ဂိုလ်က ခန္ဓာကြည့် ဆရာက သူ့ခန္ဓာကိုဉာဏ်နဲ့ လက် ညှိုးထိုးပြ၊ ဒီလိုမှဆိုက်တာ (မှန်ပါ့) ဤကား ဒုက္ခသစ္စာ၊ ဤကားသမုဒယသစ္စာဆိုရုံနဲ့ မရဘူး (မှန်ပါ့) ရပါ့မလား (မရပါ ဘုရား)။

မရသေးဘူးတဲ့၊ အဲ့ဒါက စာဆိုဖြစ်နေတယ်၊ ဉာဏ်အမြင် ဟုတ်ကဲ့လား (မဟုတ်ပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။

သစ္စာဆိုက်တဲ့တရားဆိုငြားသော်လဲ ဆရာလည်း နာတဲ့ပုဂ္ဂိုလ်၏ ခန္ဓာကို သစ္စာအဖြစ်နဲ့ လက်ညှိုးထိုးပြ ရမယ် (မှန်ပါ့) နာတဲ့ပုဂ္ဂိုလ်ကလဲ သစ္စာပါသလားလို့ ကိုယ့်ဉာဏ်နဲ့ကိုယ်မြင်ရမယ် (မှန်ပါ့) အဲ့ဒီကို မြင်လို့ ရှိရင်ဖြင့် သစ္စာဆိုက်တဲ့တရားဟာ နိဗ္ဗာန်ဝင်မည့်တရားဘဲ (မှန်ပါ့) သဘောပါကြလား (ပါ-ပါပြီ ဘုရား)။

ယနေ့ညမှာ နှစ်ခုရှိသွားပြီ

ဒါဖြင့် ခင်ဗျားတို့ ယနေ့ညမှာ နှစ်ခုရှိသွားပြီ မောင်အောင်ချိ လိုရင်းစွဲ (မှန်ပါ့) နှစ်ခုရှိသွားပြီ (မှန်ပါ့) တရားဟောတုန်း ဘုရား၏ ရည်ရွယ်ချက်နှစ်မျိုးကိုလည်း သိသွားပြီ၊ မသိသေးဘူးလား (သိပါပြီ ဘုရား)။

တရားနာနည်း နိဿယည်းကိုလဲ သင်ပေးထားတာ ရှိသွားပြီ မရှိသေးဘူးလား(ရှိပါပြီ ဘုရား) သစ္စာဆိုက်တဲ့ တရားကို ကိုယ့်ဉာဏ်ထဲမှာ မြင်ပြီး ဆရာကလက်ညှိုးထိုးပြနိုင်လို့ရှိရင် နိဗ္ဗာန်ဝင်တဲ့တရား (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

သစ္စာတော့ မဆိုက်ဘူး၊ ဒီနားတွင် လှည့်ကာ ပတ်ကာနဲ့တစ်ခါတည်း စည်းစိမ်တွေ ချဲ့ဟောနေလို့ရှိရင်လည်း ဒုက္ခကျယ်သွားမယ် မကျယ်ပေဘူးလား (ကျယ်ပါတယ် ဘုရား)။

အဲ့ဒါတွေကိုလည်း ယနေ့ ဉာဏ်ချိန်ခွင်နှစ်ခု ပေးလိုက်တယ်ဆိုတာ ကိုပေါ်ပြီး ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဘာပေးလိုက်သလဲ (ဉာဏ်ချိန်ခွင်ပေးလိုက်ပါတယ် ဘုရား)။

ဉာဏ်နဲ့ ချိန်ပြီး အလုပ်-လုပ်ရမယ်ဆိုတာ မောင်အောင်ချီလွယ်ပါ့မလား (မလွယ်ပါ ဘုရား)။

အဲ့ဒီတော့ မင်းတို့ဉာဏ်ထဲမှာ ချိန်ခွင်ပေးထားတယ်၊ အလေးပေးထားတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့ ဘယ်စာ အုပ်က ရေးရေး၊ ဘယ်သူကပြောပြော၊ ဘယ်ဆရာတော်ကပြောပြော ကိုယ်ကအလေးပြည့်အောင်ယူတတ်မှ (မှန်ပါ့) မယူတတ်လို့ရှိရင် (မဖြစ်ပါ ဘုရား)မဖြစ်ဘူး တဲ့။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ကတရား ပြန်ပြီး သကာလ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟုတ်တယ်- မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးတော့ မကြိုက်တဲ့တရား ဟောနေရတော့မှာဘဲ (မှန်ပါ့)။

ဟုတ်တယ်၊ မှန်တယ်၊ သူတစ်ပါးတော့ မကြိုက်ဘူး၊ ဘယ်ကြိုက်မတုံးတဲ့၊ မင်းတို့ ကြိုက်နေတာက မျက်လုံး ပေါက်ကပျော်ပါးစရာ နေရာရှိတဲ့နေရာကြိုက် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုပေါ် မနေ့က ပြောထား တယ် (မှန်ပါ့)။

နားကလည်း အသံကောင်း ကြားချင်တဲ့ဆီ ကြိုက်တယ် (မှန်ပါ့)။

ဒီက-နေပြီး ဒီဟာတွေဟာကွာ မြွေနောက်လိုက်သွားလို့ရှိရင် တွင်းထဲ သေပါလိမ့်မယ်၊ မျက်လုံးက မြွေကိုး (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) နားနောက် လိုက်သွားလို့ရှိရင်လည်း မိကျောင်း ရေနနစ်သေပါလိမ့် မယ်ဆိုတော့ ကြိုက်နိုင်ပါ့မလား (မကြိုက်နိုင်ပါ ဘုရား)။

မကြိုက်နိုင်ပေမဲ့လဲ သူသေမှာ မြင်တာနဲ့ သေခြင်းဆိုးသေမှာ မြင်တာနဲ့၊ သူမကြိုက်ပေမဲ့ အကျိုးရှိတာ ပြောရလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သူမကြိုက်ပေမဲ့ (အကျိုးရှိတာပြောရလိမ့်မယ်)။

အကျိုးရှိတာ ပြောရလိမ့်မယ်ဆိုတော့ မောင်မြင့် ဒါ ငါက မပြောဘဲနေနေ၊ ဘုရားက မပြောဘဲနေနေ၊ နာတဲ့ ပုဂ္ဂိုလ်၏အပြစ်လား၊ မပြောတဲ့ပုဂ္ဂိုလ်၏ အပြစ်လား (မပြောတဲ့ပုဂ္ဂိုလ်၏ အပြစ်ပါ ဘုရား) မပြောတဲ့ပုဂ္ဂိုလ်၏ အပြစ်၊ သဘောပါကြလား (ပါ-ပါပြီ ဘုရား)။

အဲ့ဒါကြောင့် ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးတော့ မကြိုက်ဘူးတဲ့၊ မနေ့က ဟောတဲ့ တရား (မှန်ပါ့)။

မျက်လုံးက ဒကာ ဒကာမတွေက ပွဲလမ်းသဘင် ပျော်ရွှင်မှုကြိုက်တယ်၊ အင်း လိုရင်း ပြောလိုက်တဲ့အခါ ကျတော့ မျက်လုံးပေါက်က-နေပြီး ပြောလိုက်တဲ့အခါကျတာ့ မျက်လုံးပေါက်က-နေပြီး ဆွဲသွားတော့ တဏှာ, ဥပါဒါန်, ကံဇာတိ, ဇရာ, ချောက်ထဲ မကျဘူးလား (ကျပါတယ် ဘုရား) သေခြင်းဆိုး သေတော့မယ်ဆိုတာ မသိဘူးလား (သိပါတယ် ဘုရား)။

မကြိုက်ပေမဲ့လဲ ဟောရပါမယ်

အဲ့ဒီတော့ ဘုရားက ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ် မကြိုက်ပေမဲ့လဲ မောင်အောင်ချီ ဘာလုပ်ရမလဲ (ဟောရပါမယ် ဘုရား) ဟောရမှာဘဲ၊ ကာလကြည့်ဟောရမှာဘဲ(မှန်ပါ့)။

ဘာဖြစ်လို့ ကာလကြည့်ဟောရမှာတုံးလို့ မေးတဲ့အခါကျတော့ ခန္ဓာကိုယ်က အစိုးမရတဲ့ခန္ဓာကြီး ရ-ထားတော့ မြန်မြန်ဟောလိုက်မှ သင့်တယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။

အင်း နက်ဖြန် တိုင်းပြည်က ပျက်မယ်ဆိုရင် ဒီနေ့ မဟောမိရင် မနစ်နာဘူးလား-(နစ်နာပါတယ် ဘုရား) နက်ဖြန် ခန္ဓာက အစိုးမရဘူး ဆိုလို့ရှိရင်လဲ ဒီနေ့ မဟောမိရင် (နစ်နာပါတယ်) နစ်နာမယ်ဆိုတာ သေချာ ပလား (သေချာပါတယ် ဘုရား)။

ဒါကြောင့် မနေ့က တရားက ဘယ်တရားမျိုးပါလိမ့်မတုံးလို့ဆိုတာ မောင်အောင်ချီတို့ မောင်မြင့်တို့ ရှင်းသွား ပြီ (ရှင်းသွားပါပြီ ဘုရား)။

ဘာတဲ့တုံး (ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါးမကြိုက်ပါဘူး) သူတစ်ပါးမကြိုက်ဘူး၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

သူတစ်ပါးမှကြိုက်ဘူးတဲ့၊ ဘာကြောင့်တုံး ဆိုလို့ဆိုရင်ဖြင့် ကိုယ်သွားနေကျလမ်းက မဟုတ်ဘူး၊ ကန့်ကွက် တားမြစ်တယ် မောင်နိုင် (မှန်ပါ့)ကိုယ်သွားနေကျလမ်းကို (ကန့်ကွက်တားမြစ်တယ်)။

အဲ့ဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဥပမာ ပြလိုက်တယ်၊ မင်းတို့သွားနေကျလမ်း ကန့်ကွက်တာ ဟာ ကန့်ကွက်ချင်လို့ ကန့်ကွက်တာဟုတ်ဘူး၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မင်းတို့သွားနေကျလမ်းကို ဘုရားကဖြစ်ဖြစ်၊ ဆရာဘုန်းကြီးက ဖြစ်ဖြစ် ကန့်ကွက်လိုက်ပါတယ် မကြိုက်ဘူး၊ ကန့်ကွက်လိုက်တော့ မကြိုက်ပေမဲ့လဲ ဟောရလိမ့်မယ်နော် (မှန်ပါ့)။

မောင်မြင့် ဘာတဲ့တုံး (ဟောရပါလိမ့်မယ် ဘုရား) ဟောရမယ်၊ ဘာကြောင့်တုံးလို့ဆိုတော့ ငါဘုရား ဥပမာပြမယ်၊ ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ် သူတစ်ပါး မကြိုက်တာကိုဟောတာ ငါ ဇွတ်ပြောနေတာ မဟုတ် ဘူးတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခလေးကလေး လေးဘက်သွား

ခလေးကလေး လေးဘက်သွား ရှိတယ်ကွ တဲ့၊ ဘုရားက ဥပမာပြလိုက်တယ်၊ ခလေးကလေး လေးဘက်သွား ကလေးရှိတော့ မောင်မြင်တို့ လက်ချောင်းကလေးနဲ့ သူက တွေ့ကရာပါးစပ်ထဲ ထည့်တယ် (မှန်ပါ့) ဝါသနာမပါ ဘူးလား (ပါ-ပါတယ်) မန်ကျည်းစေ့ကလေး တွေ့ပြန်တော့ (ပါးစပ်ထဲထည့်ပါတယ်) ပါးစပ်ထဲ ရောက်အောင် ထည့်တတ်တယ်၊ တုတ်ချောင်းကလေး တွေ့ပြန်လဲ ထည့်တတ်တယ်၊ မထည့်တတ်ဘူးလား (ထည့်တတ်ပါတယ် ဘုရား)။

ဒါကို အမေမိဘက ဒီအတိုင်း ကြည့်နေမလား၊ သူ့လည်း ချောင်းကျည်းကျည်းကလေးထဲမှာ ဒီမန်ကျည်းစေ့ ကေလးတစ်နေလို့ ဆိုလို့ရှိရင်ဖြင့် ထွက်သက်- ဝင်သက်ပိတ်ပြီး သေမှာ စိုးရတယ် (မှန်ပါ့)။

ဒါနဲ့ ဒီကလေးကလည်း ဒါတွေ မစားပါနဲ့ ဆိုလို့ကြိုက်ပါ့မလား (မကြိုက်ပါဘူး ဘုရား)။

မကြိုက်ပေမဲ့ သူငိုချင်ငို မငိုချင်နေ၊ ငိုတာက များမှာပါဘဲ တစ်ခါတည်းဘယ်ဘက်နဲ့ပွေ၊ လက်ညှိုးနဲ့လက်မကို ကွင်းကလေးလုပ်၊ ကွင်းကလေးလုပ်ပြီး အာခေါင်ထဲကဆွဲထုတ်၊ ငိုချင်ငိုပစေ၊ ဘာကြောင့်တုံးဆိုတော့ သနားလို့ (မှန်ပါ့)။

သူက မသိလို့မျိုတဲ့ဥစ္စာ မောင်မြင့် မေသေပေဘူးလား (သေပါတယ် ဘုရား)။

အဲ့ဒီတော့ အမေမိဘနဲ့ တူတဲ့ ကရုဏာရှင်ဘုရား-ဆရာသမားက ဟာ မင်းတို့ အော်ချင်အော်၊ ငိုချင်ငို မင်းတို့လုပ်နေတာ မဟုတ်ဘူး၊ ပြင်ရလိမ့်မယ်ဆိုပြီး မင်းတို့မျက်ရည်ကျကျ၊ လဲသေသေ ဆွဲထုတ်မှာဘဲ၊ ဆွဲထုတ်လိုက် တော့ အသက်ရှင်သွားတယ်၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဆွဲထုတ်လိုက်တော့ ဘယ့်နှယ့်ပါလိမ့် (အသက်ရှင်သွားပါတယ် ဘုရား)။

ပြီးတော့ ဒီခလေး ဒီအတိုင်းထားလိုက်တဲ့ အခါကျတော့ ဪ ကရုဏာရှင်ဆိုတာ သေချာသွားပြီ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ဘာအရှင်တဲ့ (ကရုဏာရှင်ပါ ဘုရား)။

အဲ့ဒီတော့ မကြိုက်လဲ ဟောရလိမ့်မယ်ဆိုတဲ့စကား ဒီဥပမာဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာကြောင့်တုံး ဆိုတော့ ပုထုဇန် ဒကာ ဒကာမတွေက ဘာဖြစ်နေသတုံးမေးတော့ စားမိစားရာ၊ မျိုမိမျိုရာ မျိုနေတယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အကုသိုလ်တွေနဲ့ ရတာလဲ စားချင်နေတာဘဲ၊ ဟင် (မှန်ပါ့ ဘုရား) အင်း သားတွေကိုလည်း ခင်တဲ့ မျိုလုံးတွေ၊ သမီးခင်တဲ့မျိုလုံးတွေ၊ ပစ္စည်းရချင်တဲ့မျိုလုံး-သိပ်လုံးတွေက မရှိဘူးလား(ရှိပါတယ် ဘုရား)။

အင်း ဒါတွေကို မျိုလို့ရှိရင်ဖြင့် တဏှာ, ဥပါဒါန်, ကံဇာတိ, ဇရာ, မရဏ, ချောက်မှာ သေပွဲဝင်ချည်ရဲ့ ဆိုပြီး သကာလ ဒီမန်ကျည်းစေ့ နဲ့ တူတာ ဒီအိုးခြမ်းပဲ့ နဲ့ တူတာကို ငိုချင်ငို ဆွဲထုတ်ရမယ် (မှန်ပါ့) မထုတ်ရဘူး လား (ထုတ်ရပါမယ် ဘုရား)ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ပထမစကား ဟောပုံ၊ မောင်နိုင် သူ့ ဥပမာနဲ့သူ ကိုက်ပလား (ကိုက်ပါပြီ ဘုရား)။

ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ်၊ သူတစ်ပါးမကြိုက်ဘူးဟောမယ် (မှန်ပါ့)။

မသိလို့ မကြိုက်တာ

သူကခလေးမို့ မသိလို့ မကြိုက်တာ၊ လူကြီးက ကြည့်နေလို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

ချက်ချင်းသေမှာနဲ့ အသက်ရှင်မှာနဲ့ မောင်မြင့် ဘယ်ဟာကောင်းသတုံး (အသက်ရှင်မှာက ကောင်းပါ တယ် ဘုရား)။

အသက်ရှင်စေချင်တဲ့ ကရုဏာအားကြီးလို့ ဆွဲထုတ်နေတာ (မှန်ပါ့ ဘုရား)။

လက်ညှိုး, လက်မနဲ့ ကောက်ပြီးတော့ ဒီမန်ကျည်းစေ့ကလေးတွေ အိုးခြမ်းပဲ့ ကလေးတွေ၊ တုတ်ချောင်း ကလေးတွေကို ဒကာ ဒကာမတွေ ပါးစပ်ထဲက ဆွဲထုတ်နေတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒီတော့ ဆွဲထုတ်လိုက်တဲ့အခါကျတော့ ခုနက ဇာတိ, ဇရာ မရဏ, သေပွဲဝင်သေးရဲ့လား (မဝင်ပါ ဘုရား) မဝင်တော့ဘူးတဲ့ ။

ကဲ ဒါဖြင့် ဟုတ်တယ်, မှန်တယ်, အကျိုးရှိတယ် ဆိုတဲ့စကား မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

နို့ ဆွဲထုတ်တော့ ဟိုခလေးနဲ့တူတဲ့ မသိတဲ့ ဒကာ ဒကာမတွေ ကြိုက်ရဲ့လား (မကြိုက်ပါ ဘုရား) မကြိုက်ပေမဲ့လဲ ဘာလုပ်ရမလဲ (ဆွဲထုတ်ရမှာပါ ဘုရား)။

ဆွဲထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ဟာဖြင့် သေသေချာချာရှင်းသွားပြီ (မှန်ပါ့) မောင်အောင်ချီ ပေါ်ပလား (ပေါ်ပါပြီ) ပေါ်ပြီနော် ၊ အဲ့ဒီတော့ အခုဆရာဘုန်းကြီးက မန့က မျက်လုံးပေါက်က မြွေနဲ့တူတယ်လို့ ပြောလိုက် တယ် မောင်နိုင်နော် (မှန်ပါ့) မြွေဆိုတာ တောင်ပို့ကြိုက် (မှန်ပါ့)။

ကြိုးခြောက်ချောင်း ထုံးပြီးကိုင် ထားရတာ

အဲ့ဒါ ကြိုးကြီးနဲ့ကိုင်ပြီး သကာလ ထားတော့ ပုထုဇန် တစ်ယောက်က ဒီကြိုးခြောက်ချောင်း ထုံးပြီးကိုင် ထားရတာကိုး (မှန်ပါ့) ကိုယ့်မျက်လုံးလဲ ကိုယ်ကျောင်းရတာဘဲ မကျဘူးလား (ကျပါတယ် ဘုရား)။

မျက်လုံးပေါက်က မြွေနဲ့တူတယ်ဆိုတာလဲ ကိုယ်ကျောင်းနေတာဘဲ (မှန်ပါ့)နားပေါက်က မိကျောင်းနဲ့ တူတယ်ဆိုတာကော (ကိုယ်ကျောင်းရတာပါဘဲ) နှာခေါင်းပေါက်က နေပြီး ငှက်နဲ့ တူတယ်ဆိုတာကော (ကိုယ် ကျောင်းရတာပါဘဲ) ကိုယ်ကျောင်းနေရတာဘဲတဲ့၊နှာခေါင်း အလိုလိုက်နေရတဲ့အခါ ရှိသေးတယ် (မှန်ပါ့)။

လျှာပေါက်က အိမ်ခွေးနဲ့ တူတယ်ဆိုတာကော (ကိုယ်ကျောင်းရတာပါဘဲ (ကိုယ်ကျောင်းနေရတာ ဘဲ ဘုရား)။

ကိုယ်ပေါက်က တောခွေးနဲ့ တူတယ်ဆိုတာကော (ကိုယ်ကျောင်းရတာပါဘဲ) မနောပေါက်က မျောက်နဲ့ တူတယ်ဆိုတာကော့ (ကိုယ်ကျောင်းရတာပါဘဲ)။

ဒါဖြင့် တစ်ယောက်တည်းက သားကောင် ဘယ်နှစ်ကောင်ကျောင်းရသလဲ (ခြောက်ကောင် ကျောင်းရပါ တယ် ဘုရား)ခြောက်ကောင်ကျောင်းနေတော့ မောင်အောင်ချီတို့, မောင်မြင့်တို့ ခြောက်ကောင်ချင်းကော အကြိုက် တူရဲ့လား (မတူပါ ဘုရား)။

ကိုယ်က ခြောက်ကောင်ကျောင်းနေရတယ် (မှန်ပါ့) တစ်ယောက်တည်းက ဘယ်နှစ်ကောင်ကျောင်းရ သလဲ (ခြောက်ကောင်ကျောင်းရပါတယ် ဘုရား)။

ခြောက်ကောင်ဟာ အကြိုက်တူရဲ့လား

ခြောက်ကောင်ဟာ အကြိုက်တူရဲ့လား (မတူပါ ဘုရား) အကြိုက်မတူတော့ကိုတဲ့ မင်းတို့က ခန္ဓာထဲ ရှိပြီးသား ဖြစ်နေတော့လဲ ကိုယ့်ပစ္စည်းချည်း ဖြစ်နေတော့ ကိုယ့်သားကောင်ချည်းဖြစ်နေတော့ ကြိုးခြောက်စင်းက ကိုယ်နဲ့ တန်းနေတယ် (မှန်ပါ့) တန်းနေတော့ ကြိုးခြောက်စင်းကလဲ တဏှာဘဲတဲ့နော် ၊ ကိုယ့်မျက်လုံးကိုယ် ခင်တာ (မှန်ပါ့) ကိုယ်နားကော (ကိုယ်ခင်ပါတယ် ဘုရား)။

အဲ့ဒီတော့ ကြိုးခြောက်စင်းဟာ တဏှာနဲ့ တွဲမနေဘူးလား (တွဲနေပါတယ် ဘုရား) ဒီအထဲမှာ ထုံးထားလိုက်တဲ့ ဒီကြိုးခြောက်ခုကို တစ်ခါတည်း စုံဆွဲပြီး အလယ်မှာထုံး ထုံးလိုက်တာ အဝိဇ္ဇာနဲ့တူတယ်၊ ကြိုးက တဏှာနဲ့တူတယ်၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဟို-မျက်လုံး, နား, နှာခေါင်း, လျှာ, မနောတွေက သားကောင်တွေနဲ့တူတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒါ နေ့တိုင်း ကျောင်းနေရတာလို့ဆိုရင် မောင်အောင်ချီတို့ မောင်မြင့်တို့က ငြင်းဘို့လိုသေးသလား (မလိုပါ ဘုရား) တစ်ခါတစ်လေ မျက်လုံးပေါက်ကများ ဆွဲသွားလိုက်တာ အဝေးကြီး၊ ပွဲလမ်းသဘင်တွေ လိုက်ချင် လိုက်တာ၊ မျက်လုံးပေါက်က ဆွဲသွားလိုက်တာ၊ ဒီပြင် သားကောင် ခြောက်ကောင်က တန်းလန်း-တန်းလန်းပါသွား တယ် (မှန်ပါ့) မပါဘူးလား (ပါ-ပါတယ် ဘုရား)။

အင်း မိကျောင်းလဲ ဘယ်နှယ့်လဲ (ပါသွားပါတယ်) မြွေဆွဲရာပါနေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ)။

ငှက်ကကော- (မြွေဆွဲရာ ပါ-ပါတယ်) ရှင်းပလား (ရှင်းပါပြီ ဘုရား)

အင်း ဟင် ဒကာ ဒကာမဘို့ အိမ်ခွေးကကော (ဆွဲရာပါပါတယ်) မြွေဆွဲရာပါသွားတယ် (မှန်ပါ့) မျက်လုံးပေါက်က မြွေနဲ့တူတယ်၊ အရှုပ်ကြိုက်ကိုး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူ ဆွဲရာပါသွားတာလဲ

အဲ့ဒါနဲ့ ဒကာ ဒကာမတွေက ခရီးများရှည်နေကြတာများ ရိပ်မိကြရဲ့လား (ရိပ်မိပါတယ် ဘုရား) ဘယ်သူ ဆွဲရာပါသွားတာလဲ (မြွေဆွဲရာပါသွားပါတယ် ဘုရား) မြွေဆိုတာ ဘယ်အပေါက်ပါလိမ့် (မျက်လုံးပေါက်ပါ ဘုရား) အဲ့ သူဆွဲရာများ ပါသွားလိုက်တဲ့ အခါကျလို့ရှိရင် ကျုပ်မတွေ့ရ မနေနိုင်ဘူး၊ မမြင်ရမနေနိုင်ဘူး၊ ကျုပ်က မြင်ရတွေ့ရမှ စိတ်အေးတာဆိုပြီး သကာလ သွားတော့ မျက်လုံးပေါက်က ခေါင်းဆောင်ဆွဲသွားလိုက် ဒီ့ပြင် သားကောင် ငါးကောင်ဟာ ကန့်လန့် ကန့်လန့်ပါသွားတယ် (မှန်ပါ့) သူက သန်တာကိုး (မှန်ပါ့) အဲ့ဒီအခါ သူကသန်တယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

အဲ့ဒါတွေကော ဒကာ ဒကာမတွေ လိုက်ဘူးပါရဲ့လား၊ လိုက်နေကြရသလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေ မလဲ (လိုက်ဘူးပါတယ် ဘုရား)။

တစ်ခါတစ်လေ မိကျောင်းနဲ့တူတဲ့ နားပေါက်ကနေပြီး ဆွဲသွားလိုက်တဲ့အခါ ကြားချင်လွန်းလို့ဆွဲသွားတဲ့အခါ ရေဒီယိုနားဆီ သဘင်သည်တွေဆီ မောင်အောင်ချီ ရောက်မသွားဘူးလား (ရောက်သွားပါတယ် ဘုရား)။

ဒီအခါကျတော့ မျက်လုံးပေါက်က မကြည့်ချင်လဲ ပါရတော့မယ် (မှန်ပါ့) အိမ်ခွေးက ထမင်းစားချင်လဲ ဆာဆာနဲ့သွားရမှာဘဲ (မှန်ပါ့) တောခွေးကအိပ်ချင်လဲ (ပါသွားတယ်) ပါသွားရမှာဘဲ၊ မျောက်က အမြင့်တက် ချင်လဲ (ပါသွားရမှာပါဘဲ ဘုရား)။

ဘာဖြစ်လိုပ မောင်မြင့် ပါသွားရပါလိမ့် ၊ သူက အသန်ဆုံးဖြစ်လို့ (မှန်ပါ့) ဒီသားကောင် အသန်ဆုံး ဖြစ်သွားတယ်၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခြောက်ကောင်သန်ရာဆွဲနေလို့

အဲ့ဒီတော့ ဒီဒကာ ဒကာမတွေ နေရာမမြဲဘူးဆိုတဲ့ဥစ္စာရိပ်မိကြပလား (ရိပ်မိပါပြီ) သားကောင် ခြောက် ကောင်သန်ရာဆွဲနေလို့၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒကာ ဒကာမတွေ ရောမမြဲတာ (သားကောင် ခြောက်ကောင် သန်ရာဆွဲနေလို့ပါ ဘုရား) သန်ရာဆွဲတယ်၊ သန်ရာဆွဲတော့ ဒီဘက်ကဆိုလို့ရှိရင် ဟိုက်ဘက်က မေ့တန်တာမေ့၊ ပျောက်တန်တာ ပျောက်ဘဲ (မှန်ပါ့) ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)အင်း ဘာဖြစ်လို့တုံး (သန်ရာဆွဲလို့ပါ ဘုရား)။

သန်ရာဆွဲနေတော့ ဒီဘက်က မေ့စရာတွေ၊ မနောပေါက်က မလိုက်နိုင်တော့ ပစ်ထားခဲ့ရတယ် ပစ္စည်းတွေ ဘာတွေမဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

အင်း ဘယ်လို နေရစ်-နေရစ် ကျုပ်သားနဲ့ ကျုပ်သမီးနဲ့တွေ့အောင်သွားမယ်၊ ဒီပစ္စည်းဘယ်လို နေရစ်- နေရစ်ဆိုတော့ မနောပေါက်က အရှူံးပေးနေရတဲ့ အခါကော မပါဘူးလား (ပါ-ပါတယ် ဘုရား)။

ပစ္စည်းတွေ, အိမ်တွေ, ယာတွေ ကဲ ဖြစ်ချင်သလို ဖြစ်ရစ်ပစေ၊ မျက်လုံးပေါက်က သန်တဲ့အခါ မျက်လုံး ပေါက်က ဆွဲ၊ နားပေါက်က သန်တဲ့အခါ နားပေါက်က ဆွဲပါတယ်။

အဲ့ဒါကြောင့် ဒကာ ဒကာမတွေတွေမှာ သေစရာတောင်မှ မြဲပါရဲ့လား (မမြဲပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘာဖြစ်လို့ မောင်မြင့် မမြဲပါလိမ့်မတုံးလို့ မေးရင် မင်းတို့ဘဲအဖြေထုတ်ပါတော့ကွာ ပေါ်ပါတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုံး (သန်ရာဆွဲလို့ပါ ဘုရား)။

သန်ရာဆွဲတာကို သွားလိုက်ရတာဘဲ၊ မတတ်နိုင်ဘူး (မှန်ပါ့ ဘုရား) ဒါဖြင့် ကိုယ့်နေရာ အမြဲရယ်လို့ကော ရှိသေးရဲ့လား (မရှိပါဘူး) ဪ တကယ်ကြောက်စရာကောင်းပါကလား

ဒါတွေကို သေသေချာချာ ဆပ္ပါဏကောပမ သုတ်ကို သေချာသေချာကြည့်တော့မှ ကိုသောင်ရေ-ကျုပ်တို့ ခင်ဗျားတို့ဟာ ဪ အေးအေးဆေးဆေးကလေး ဘဝင် အေးအေးကလေးနဲ့ နေစရာအကွက်ကို မပါဘူး (မပါ- ပါဘူး ဘုရား)သူတို့က သန်ရာဆွဲနေတာဘဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ တချို့အဖွားကြီးတွေကွာ ကိုယ်ပေါက်က တောခွေးဖြစ်နေတော့ လှဲသာနေချင်တယ်၊ ဟိုမြေး ကိစ္စရှုပ်လာတော့ တောင်ဝှေးထောက်ပြီး ထ,တယ် (မှန်ပါ့)ဘယ့်နှယ်တုံး (တောင်ဝှေ့ထောက် ထ,ပါတယ် ဘုရား)။

တောင်ဝှေးထောက် ထ,တော့ ဘာကြောင့်တုံးလို့ ဆိုလို့ရှိရင် မြေးသံကြားလို့ (မှန်ပါ့) ဒီလိုဆိုတော့ နား ပေါက်ကဆွဲသွားလိုက်တာ တောင်ဝှေးထောက်ပြီး လိုက်ပြေးရတယ် ၊ မပြေးရဘူးလား (ပြေးရပါတယ် ဘုရား)။

တယ်ကြောက်စရာကောင်းပါလားကွ၊ မောင်အောင်ချီတို့၊ မောင်မြင့်တို့ (မှန်ပါ့) ကန့်လန့်, ကန့်လန့်နဲ့ မသွားနိုင်, မလာနိုင် ဘယ့်နှယ်ကြောင့် လာရပြန်တာတုံး မေးလို့ရှိရင်ဖြင့် ဆွဲရာကအားသန်လို့ (မှန်ပါ့)ဆွဲတဲ့ အကောင်က (အားသန်လို့ပါ ဘုရား)’

ဒါကြောင့် ဘုရား သားကောင်ခြောက်ကောင်နဲ့ ဥပမာပြတာ မင်းတို့ အင်မတန်ရှင်းဘို့ကောင်းပါတယ် (မှန်ပါ့) နောက်က ဒကာ ဒကာမတွေ ရှင်းကြရဲ့လား (ရှင်းပါတယ် ဘုရား)။

ရှင်းတယ်တဲ့၊ အိမ်ဆောက်ပြီး အိမ်ပေါ်မှာမနေနိုင်လိုက်တဲ့ အခါများရှိသေးတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား) မျက်လုံးပေါက် ဆွဲချသွားတဲ့အခါများ မောင်မြင့်အိမ်ပေါ်နေဖြစ်သေးရဲ့လား (မနေဖြစ်ပါ ဘုရား) နားပေါက်က ဆွဲချသွားတဲ့အခါ (မနေဖြစ်ပါ ဘုရား)။

မနေဖြစ်ပါဘူးတဲ့၊ ကိုယ်ပေါက်အတွက် ဆောက်ထားတာကိုးကွ-(မှန်ပါ့) ကိုယ်ပေါက်အတွက်ဆောက်ထားတာ ဒီတောခွေးကို တောခွေးပေါက်က ဆောက်တားတာ၊ တောခွေးလိုဘဲ၊ လူသေစားပြီး ကောင်းကောင်းမွန်မွန် အေးအေး ချမ်းချမ်း အိပ်ချင်လို့ လုပ်ထားတာ၊ အိပ်ခွင့်မရဘူး၊ ရသေးရဲ့လား (မရပါ ဘုရား)။

အဲ့မှာ- ရက်ရှည်ကြီးများ သွားပြီး သကာလ နေတဲ့အပတ်တွေကော မရှိကြဘူးလား ရှိသလား (ရှိပါ တယ် ဘုရား) ဘယ့်နှယ့်ကြောင့်ပါလိမ့်မတုံးလို့ မေးရင် ဘယ်နှယ့်ဖြေကြမလဲ (သန်ရာဆွဲလို့ပါ ဘုရား)။

ဓုဝနိဗ္ဗာန်

ဒါဖြင့် ဒီဒကာ ဒကာမတွေ အသေမြဲပါ့မလား (မမြဲပါ ဘုရား) အနေကော (မမြဲပါ ဘုရား) ခက်နေပြီ ဒါဖြင့် ဓုဝနိဗ္ဗာန်, သုခနိဗ္ဗာန်နဲ့တော့ ဝေးပါသေးရဲ့လား (မှန်ပါ့) ဓုဝနိဗ္ဗာန်ဆိုတာက ဒီနေရာရောက်ရင် ဘယ်တော့ မှရွေ့လို့မရဘူး၊ ဘယ်သူဆွဲလို့မှ မဆွဲနိုင်ဘူး (မှန်ပါ့) သုခနိဗ္ဗာန်ဆိုတာလဲ ဒီနေရာမြဲပြီး ချမ်းသာနေတာဘဲ၊ ကဲ နိဗ္ဗာန်နဲ့ ကန့်လန့်ကြီး မနေဘူးလား (နေပါတယ် ဘုရား)။

အဲ့ နိဗ္ဗာန်ဘယ်နှယ့်ကြောင့် မရောက်တာတုံး၊ ဓုဝနိဗ္ဗာန်မြဲတဲ့နိဗ္ဗာန် ဘယ်နှယ့်ကြောင့် မရောက်ပါတုံး၊ သားကောင်ဆွဲရာ လိုက်နေရလို့ပါဘုရား၊ ပေါ်ပလား (ပေါ်ပါပြီ)။

ဘယ်လိုပေါ်ကြပါလိမ့် (သားကောင်ဆွဲရာ လိုက်နေရလို့ပါ ဘုရား) သားကောင်ဆွဲရာ လိုက်နေရလို့ ဘုရာ ဆိုတော့ ခုနကအဖွားကြီး တောင်ဝှေးထောက်တာသာ မောင်မြင့် အကဲခတ်တော့ကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဖွားကြီးပီပီ သူ့ဟာသူ့ အဖွားကြီးဆိုတာ အသက်ခြောက်ဆယ်ကျော်- ခုနှစ်ဆယ်- ခုနှစ်ဆယ်ကျော်ကျော် ဆိုရင် ကျောကလေး ဘာကလေးလှဲပြီး ဒါနဲ့အသက်ရှင်ရတာကိုးကွ (မှန်ပါ့ ဘုရား)။

ဒါကို တောင်ဝှေးထောက်ထ,ပြီး ဟိုအိမ်, ဒီအိမ်ပြေးချင်ပါသေးတယ်ဆိုရင်တော့ မောင်နိုင် ကိုယ်ပေါက်က ဆွဲတာ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့) နားပေါက်ကလည်း (ဆွဲပါတယ် ဘုရား)။

ကိုယ်ပေါက်က အရှူံးပေးလိုက်ရတယ် ၊ လှဲနေတဲ့ဥစ္စာကောင်းကောင်းကို လှဲလို့မရဘူး၊ ရရဲ့လား (မရပါဘူး)။

မိကျောင်းတို့၊ မြွေတို့က ဆွဲသွားတယ်

ဒါဖြင့် တောခွေးက အရှူံးပေးပြီး သကာလ မိကျောင်းတို့၊ မြွေတို့က ဆွဲသွားတယ် (မှန်ပါ့) မဆွဲဘူး လား (ဆွဲသွားပါတယ်)ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အေး တစ်ခါတစ်လေကျတော့ လွမ်းနာသည် တစ်ချို့များ သုသာန်သွားတဲ့လူ ရှိသေးတယ် (မှန်ပါ့) လွမ်းလို့ သုသာန်သွားတဲ့လူကောမရှိဘူးလား (ရှိပါတယ် ဘုရား) ဒါမနောပေါက်က ဆွဲသွားတာ၊ မျောက်ကဆွဲ သွားတယ် (မှန်ပါ့) ဟိုကြည့်, ဒီကြည့် ကြည့်လိုက်ဦးမလေ အခြေအနေကလေးများ ဘယ့်နှယ်နေပါလိမ့်မလဲ ဆိုပြီးတော့ မျောက်က ဆွဲသွားတာကို (မှန်ပါ့)။

ဒီပြင်ဟာတွေက ဘယ့်နှယ်နေသလဲ (လိုက်သွားပါတယ် ဘုရား) လိုက်သွားတော့ကို-တဲ့၊သန်ရာကဆွဲလို့ မောင်ချီပါသွားတယ်ဆိုတာ ရိပ်မိကြပလား (ရိပ်မိပါပြီ)တယ်လဲဆိုးဝါးပါကလား (ဆိုးဝါးပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ထမင်းချက်ထားပြီး ထမင်းမစားဘဲနဲ့ သွားရတဲ့ကိစ္စမျိုးကော ရှိပါရဲ့လား (ရှိပါတယ် ဘုရား)။

ဟာ ခက်ပြီဟေ့ အိမ်ခွေးက ထမင်းစားချင်တယ်ကွနော်(မှန်ပါ့)ဟိုမှာ ဘယ့်နှယ်ဖြစ်ကုန်မှန်း မသိဘူးဆိုတဲ့ မနောပေါက်တွေးလုံးနဲ့ သဘောကျပလား (ကျပါပြီ) မျောက်က ဆွဲသွားတာနဲ့၊ မနောပေါက် တွေးလုံးက မျောက် ဆိုတော့ ဟိုကြည့်-ဒီကြည့်နော်-(မှန်ပါ့)မျောက်က ဆွဲသွားတာနဲ့ ထမင်းစားမလို့ ချက်ထားတဲ့ အိမ်ခွေးအစာတွေဟာ စားမိသေးရဲ့လား (မစားမိပါ ဘုရား)။

ဘယ့်နှယ်ကြောင့်တုံး (မျောက်ဆွဲရာ ပါသွားတယ်) မျောက်ဆွဲရာပါသွားလို့ မောင်သိန်းရှင်းပလာ (ရှင်းပါပြီ ဘုရား)။

သန်ရာဆွဲသွားတာလိုက် နေရတာဘဲ

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ဟာဖြင့် ချချာလည်လို့ပေါ့၊ ဘယ်နှယ့်တုံး ကိုယ့်သဘောကို ပါသေးရဲ့ လား (မပါ-ပါ ဘုရား)။

မောင်မြင့်ပါသေးရဲ့လား(မပါ-ပါ ဘုရား) မောင်အောင်ချီ(မပါ-ပါ ဘုရား)သန်ရာဆွဲသွားတာလိုက် နေရတာ ဘဲ (မှန်ပါ့)ဟိုလဲ မင့်ကိုတွေ့ခဲ့ဘာတဲ့၊ ဒီလဲ မင့်တွေ့ခဲ့တာဘဲလို့ ပြောသေးတာဘဲ၊ တစ်ချို့က မပြောကြဘူးလား (ပြောပါတယ် ဘုရား)။

ဘာဖြစ်လို့ မင်းဒီလောက်တောင် ခရီးများရ သတုံးလို့မေးလုံးထုတ်တဲ့အခါကျတော့ ဘယ့်နှယ်ဖြေမလဲ (သန်ရာဆွဲလို့ပါ ဘုရား)။

တစ်ခါတစ်လေ မျက်လုံးကဆွဲ မျက်လုံးပေါက်နောက်လိုက်၊ နားပေါက်ကဆွဲရင် (နားနောက်လိုက်) ဒါဖြင့် ကိုယ့်နေရာ အမြဲရှိရဲ့လား (မရှိပါ ဘုရား)။

အဲ့ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဪ ကိုးယို့ ကားယားနဲ့ သေချင်တဲ့နေရာ သေရှာတော့ မယ်၊ သတိပဋ္ဌာန်ခိုင်မြဲတဲ့ ငုတ်စိုက်မပေးလို့ရှိရင် သူတို့ဖြင့် အသေလဲမမြဲ အနေလဲမမြဲ ထမင်းလဲငတ်၊ ထမင်းချက် ပြီးမှဘဲ ပြေးလိုက်ရတဲ့အခါ ပါသေးတယ် (မှန်ပါ့) စားဖြစ်သေးရဲ့လား (မစားဖြစ်ပါ ဘုရား)။

အင်း သန်ရာဆွဲသားတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဟေ့ ထမင်းစားတာများလှပြီ၊ ထမင်း မစားလို့ ဘာမှမဖြစ်ဘူး၊ ဝမ်းထဲကပူတာက လွန်လှတယ်ဆိုပြီး အပူရှိတာနဲ့ ဟိုဓမ္မာရုံက နှိပ်စက်တာနဲ့၊ မျောက်က နှိပ်စက်တာနဲ့ ပြေးပြန်တာဘဲ၊ မပြေးဘူးလားကွ (ပြေးပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ငါမှငုတ်စိုက်မပေးလို့ရှိရင်ဖြင့် သူတို့ဖြင့် အသေလဲ နေရာမရှိပါဘူး သေချင်တဲ့နေရာ သေရှာတော့မှာဘဲ၊ အနေကော (နေရာမရှိပါ ဘုရား)။

နေရာသာ မရှိတယ်၊ အသေလဲမမြဲ၊ အနေလဲမမြဲဆိုတော့ မောင်နိုင် မှတ်လိုက်ဦး ဂတိမမြဲဘူးပြောတာ (မှန်ပါ့)သဘောပါလား (ပါ-ပါတယ် ဘုရား)။

ဂတိမမြဲဘူး

ဘာတဲ့တုံး (ဂတိမမြဲပါ ဘုရား) ဂတိမမြဲဘူး၊ နောက်ဘဝဘယ်ပဋိသန္ဓေနေမှာတုံး၊ တိရစ္ဆာန်လိုနေမှာ လား ၊ ငရဲမှာနေမှာလား ၊ပြိတ္တာနေမှာလား ၊ နတ်ပြည်ပဋိသန္ဓေနေမှာလား ၊ လားရာဂတိပေါ့လေ (မှန်ပါ့ ဘုရား)။

အဲ့ဒီ-ဂတိမြဲတော့မှာ မဟုတ်ဘူးဆိုပြီး သကာလ သတိပဋ္ဌာန်ပါဠိတော်ကြီးထုတ်လာတယ်၊ ဒီသတိပဋ္ဌာန်တည်း ဟူသော ငုတ်မစိုက်မိလို့ရှိရင် တစ်ခုခုသတိပဋ္ဌာန် လေးပါး-တစ်ပါးတစ်ပါးမှ ငုတ်မစိုက်မိလို့ရှိရင်ဖြင့် သေခြင်းဆိုး နဲ့ နေခြင်းဆိုး ငါ့မကျ်စိအောက်မှာဘဲ ဖြစ်ရှာတော့မယ်ဆိုပြီး သတိပဋ္ဌာန်ဟောတယ် (မှန်ပါ့ ဘုရား)။

အဲ့မှာလေး သတိပဋ္ဌာန်ဟောဖို့ကို မင်းမနည်းလုပ်ရတယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ) သတိပဋ္ဌာန် ကျေးဇူး ဘယ်လောက်များတယ်ဆိုတာ (များပါတယ် ဘုရား) သူသာ ခင်ဗျားတို့ကတစ်ခုခု၊ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးလက်ကိုင် မောင်မြင့်က မလုပ်တော့ဘူး၊ မောင်နိုင်တို့က မလုပ်တော့ဘူးလို့ ဆိုလို့ရှိရင်တော့ အနေလဲ မမြဲဘူး၊ လားရာဂတိကော (မမြဲပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ခင်ဗျားတို့ အားကိုးအစစ်တွေ့ပါပလား (တွေ့ပါပြီ ဘုရား)ဘာပါလိမ့် (သတိပဋ္ဌာတန်ပါ ဘုရား)အဲ သတိပဋ္ဌာန်တော့ ဟောရမှာဘဲ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ ကြိုက်ရဲ့လားလို့ မေးလို့ရှိရင် မကြိုက်ကြိုက်-ကြိုက်ကြိုက်၊ သဘောကျပလား (ကျပါပြီ ဘုရား) ဟုတ်တယ်, မှန်တယ်, အကျိုးရှိတာနဲ့ဘဲ (ဟောရတော့မယ်) ဟောရမှာဘဲဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခုနက ခလေးကို သွားမိသွားရာ၊ မီးခဲပေမဲ့ ကိုင်မှာဘဲ၊ ဒုတ်ချောင်းပေမဲ့ (ကိုင်မှာပါဘဲ) မျိုရမှာဘဲ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အင်း ရေထဲပေမဲ့ ခုန်ချတော့မှာဘဲ၊ မြဲရဲ့လား (မမြဲပါ ဘုရား)အင်း ဒီနေရာကလေးပေမဲ့ ဆူးတေ ကြားထဲပေမဲ့ ဒိုင်းဒိုင်းပြေးသွားချင် သွားလိုက်မှာဘဲ (မှန်ပါ့ ဘုရား)။

အဲ့ဒီတော့ ဒီဟာကလေးတို့ဖြင့် ငုတ်စိုက်ထားမှတော့တော့မယ်ဆိုတဲ့ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးငုတ်မှ မရှိကြတော့ဘူးဆိုရင်ဖြင့် ဒကာ ဒကာမတို့ အသေမြဲဘို့လဲမရှိ၊ အနေမြဲဘို့လဲမရှိဘူး (မှန်ပါ့) ကိုယ့်အတွက်ကဖြင့် စိုးရိမ်စရာချည်းဘဲ၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

သာမာန်နားနဲ့ နာမနေနဲ့နော်

နောက်က ဒကာ ဒကာမတွေ ကြားကြရဲ့လား (ကြားပါတယ် ဘုရား)ဪ ခင်ဗျားတို့သာမာန်နားနဲ့ နာမနေနဲ့နော် တော်တော်အရေးကြီးတဲ့ စကားတွေပြောနေတာ (မှန်ပါ့)။

အဘိုးတန်အောင် ပြောလို့တန်တာလား ၊ ပင်ကိုယ်ကတန်နေတာလားဆိုတာ မောင်နိုင် အကဲခတ်ကွ (ပင်ကိုယ်ကတန်နေတာပါ ဘုရား)။

ပင်ကိုယ်က တန်နေတာနော် (မှန်ပါ့) ဟာ ဘုန်းကြီးက စကားပြောတတ်လွန်းလို့ စကားပြောတတ် လွန်းလို့၊ နားလည်အောင်ရှင်းတတ်လွန်းလို့၊ သတ္တဝါစိတ္တုပ္ပါဒ်တွေကိုလည်း သိအောင်ပြောတတ်လွန်းလို့၊ စိတ်ဓာတ်လဲ ဆွဲနိုင်လွန်းလို့လို့ ဒီလိုမအောက်မေ့နဲ့၊ အခုဥပမာတွေ ပေါ်လာတယ် (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါ တယ် ဘုရား)။

ခြောက်ဒွါရာကနေပြီး သကာလ ခြောက်ကောင်ကနေဆွဲလိုက်လို့ရှိရင် ခြောက်ကောင်က ပြိုင်ဆွဲတာမဟုတ် ဘူးနော်၊ သန်ရာကိုဆွဲတယ် (မှန်ပါ့) မဆွဲဘူးလား (ဆွဲပါတယ် ဘုရား)။

သန်ရာဆွဲလိုက်တဲ့အခါကျလို့ရှိရင် ကျန်တဲ့ငါးကောင်ဟာ ကန့်လန့်ကန့်လန့်နဲ့ ပါသွားတယ် (မှန်ပါ့) မပါဘူး လား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် ကျန်တဲ့ငါးကောင် ကန့်လန့်ကန့်လန့် ပါသွားတယ်ဆိုတော့ မျက်လုံးပေါက် ဆွဲလိုက်တဲ့အခါကျတော့ နားကလည်း လိုက်ရတော့တာဘဲ (မှန်ပါ့) နှာခေါင်းကတော့ (လိုက်ရပါတယ်)လျှာကကော (လိုက်ရပါတယ်) ကိုယ်ကြီးကကော (လိုက်ရပါတယ်) မနောကကော (လိုက်ရပါတယ် ဘုရား)။

မျက်လုံးပေါက်က ဆွဲလိုက်တာနဲ့ ကျန်တဲ့ ငါးကောင်ဟာ ကန့်လန့်ကန့်လန့်နဲ့ လိုက်ရပါတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ ဒီဒကာ ဒကာမတွေ ကဲ့၊ ခင်ဗျားတို့အတွက်မှာဖြင့် သွားရာဂတိလည်း မြဲစရာမမြင်၊ အိမ်ဆောက် လို့လည်း အိမ်ပေါ်နေဖို့ မြင်ကြရဲ့လား (မမြင်ပါ ဘုရား) ဘာဖြစ်လို့တုံး (သန်ရာဆွဲနေလို့ပါ ဘုရား)။

သန်ရာဆွဲနေလို့ ဆွဲရာလိုက်နေရတယ် (မှန်ပါ့) ကိုယ့်သဘောကော (မပါ-ပါ ဘုရား)။

ဪ ဒါဖြင့် ကိုယ်သဘောပါအောင် ဒကာ ဒကာမတို့ ဘယ်လိုလုပ်ကြမယ် စိတ်ကူးကြတုံးလို့ မေး လို့ရှိရင် သတိပဋ္ဌာန်လက်ကိုင်ထားလို့ရှိရင် ဒါ-ကိုယ့်သဘောဖြစ်မယ် (မှန်ပါ့)။

သတိပဋ္ဌာန်လက်ကိုင်ထားရင်

ဘယ့်နှယ်ဆိုကြမယ် (သတိပဋ္ဌာန်လက်ကိုင်ထားရင် ကိုယ့်သဘောဖြစ်ရပါမယ် ဘုရား)။

သတိပဋ္ဌာန်လက်လွတ်ရင် ကိုယ့်သဘောမဟုတ်တော့ဘူး (မှန်ပါ့) ခြောက်ဒွါရဆွဲရာလိုက်၊ ရှင်းပလား (ရှင်းပါပြီ)။

သတိပဋ္ဌာန်တစ်ခုကို လက်ကိုင်ထားလို့ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ ဘယ်သူဆွဲလို့မှ မရပါဘူး (မှန်ပါ့) ရသေးရဲ့လား (မရပါ ဘုရား)။

ဒါဖြင့် ဒီနေရာဘဲ နေပြီး သကာလ ဒီက သေပြီး သကာလ နိဗ္ဗာန်သွားရုံဘဲ (မှန်ပါ့)ခုနက တောင်ပို့ထဲ သေစရာဆိုတဲ့ မြွေကဆွဲလို့တောင်ပို့ထဲ သေစရာကော ရှိသေးရဲ့လား(မရှိပါ ဘုရား) ရေထဲသေစရာ မိကျောင်းဆွဲလို့ ကော (မရှိပါ ဘုရား) ကောင်းကင်သေစရာ ငှက်ကဆွဲလို့ကေ(မရှိပါ ဘုရား) အိမ်ခွေးဆွဲလို့ မီးဖိုချောင်ထဲသေရတဲ့ အသွားမျိုးကော (မရှိပါ ဘုရား) တောခွေးဆွဲလို့ တောထဲမှာ ထင်းခုတ်ရင်း သေရတဲ့အသွားမျိုးကော (မရှိပါ ဘုရား)။

မနောပေါက်ကဆွဲလို့ အမြင့်တက်ပြီး မျောက်သဘောသေရတဲ့ သဘောမျိုးကော (မရှိပါ ဘုရား)။

ဘာဖြစ်လို့လဲ၊ ငုတ်စိုက်တတ်လို့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာလုပ်တတ်သလဲ (ငုတ်စိုက်တတ်ပါတယ် ဘုရား)။

အို ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ငါတို့အပေါ်မှာ ငါတို့သွားချင်တဲ့လမ်းကို သူ-ကန့်ကွက် တာဟာဘာကြောင့် ပါလိမ့်မတုံး ဆိုတာကော မောင်အောင်ချီတို့ မောင်မြင့်တို့ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ကိုယ်သွားချင်တဲ့လမ်းကဖြင့် ခလေးလိုဘဲ ဒုတ်ချေင်းမျို-မီးခဲကိုင်ချည်းဘဲ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒုတ်ချောင်း (မျိုပါတယ်) မီးခဲ (ကိုင်ပါတယ်) မီးခဲကိုင်ဘဲ၊ ခလေးက ဘာမှမသိဘူး (မှန်ပါ့) ပုထုဇန် ခလေးကလည်း ဒီအတိုင်းပါဘဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ပုထုဇန် ခလေးကလဲ (ဒီအတိုင်းပါဘဲ ဘုရား)။

ဒီအတိုင်းဖြစ်နေတော့ကိုကွာ တဲ့၊လောကတ္ထစရိယံ = လောကကြီးအကျိုးငှါ ငါကျင့်လာတာကွ-တဲ့၊ ငါဟာ ဗုဒ္ဓတ္ထစ ရိယံ = ဘုရားဖြစ်ဘို့ရာ ကျင့်ခဲ့တာ ပြီးခဲ့ပြီတဲ့၊ ဘုရားဖြစ်ပြီတဲ့။

အခု ငါတရားဟောရမှာက လောကတ္ထစရိယံ = လောကအတွက် လုပ်ရတော့မယ် တဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တောထဲက လူတွေအတွက်ပေါ့ကွာ (မှန်ပါ့)။

အဲ့ဒီတော့ သူ ဒီအလုပ်လျှော့လို့ တော်ပါ့မလား (မတော်ပါ ဘုရား)။

အဲ့ဒီတော့ ကိုယ်တော်ကြီးကို ခင်ဗျားတို့ ကိုယ်သန္တာန်မှာ ကိုယ်ငဲ့တာ တွေ့တော့မှ မောင်မြင့် ဒီကိုယ်တော် ကြီးကို ကြည်ညိုလုံးသန်လာတယ်၊ မသန်ဘူးလား (သန်ပါတယ် ဘုရား)။

ခက်ပြီဟေ့ ဒို့ကို သူသာပစ်ထားလိုက်မယ် ဆိုလို့ရှိရင်ဖြင့် နေခြင်းဆိုး, သေခြင်းဆိုးလမ်း နှစ်လမ်းဘဲ ရှိတယ်၊ ဒီ့ပြင် ဘာပါသေးသလဲ (မပါ-ပါ ဘုရား)။

အခုတော့ဖြင့် ငါ-ငုတ်စိုက်ထားမဟေ့ဆိုတဲ့ စကားကလေးတစ်လုံး သူသုံးလိုက်တဲ့ အတွက်ကိုဘဲ အနေမှန်, အသေမှန် ဖြစ်မသွားဘူးလား (ဖြစ်သွားပါတယ် ဘုရား)။

ကဲ ကဲ ကျေးဇူးတင်မှန်း သိကြပလား (သိပါပြီ ဘုရား)ဒါကြောင့် ဒကာ ဒကာမတွေအားလုံး မှတ်လိုက်စမ်းပါ၊ တရားသိမှ ဘုရားသိပါတယ် (မှန်ပါ့)။

ဘုရားကရုဏာတော်တွေ သိလာတော့မှ ဪ ဘုရားဟာ ဒို့ကျေးဇူးရှင်ပါလားလို့ ဟိုဘက် ဉာဏ်ရောက် သွားတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တရားသိမှ ဘုရား သိတယ်ဆိုတာ

ဒါဖြင့် တရားသိပြီး သကာလ မင်းတို့ ဖြစ်ပျက်ကလေးမြင်လို့ နိဗ္ဗာန်အာရုံပြုနိုင်တဲ့ အချိန်ကျတော့မှ ဪ တကယ့်ကျေးဇူးရှင်ကိုးလို့ ဆိုတော့ ဘုရားပြောင်းလို့ရသေးရဲ့လား (မရပါ ဘုရား) ဒါကြောင့် တရားသိမှ ဘုရား သိတယ်ဆိုတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါကြောင့် အခုလာအားထုတ်နေကြတာ တရားသိအောင်လုပ်ပစ်လိုက်ပါ၊ နို့မဟုတ်ရင် ဘုရားကို တောင် မသိသေးဘူး (မှန်ပါ့) ရိုးရာ ဘုရားတော့ သတယ်ပေါ့လေ၊ တကယ့် ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တ ဆိုတာ ပေါ်ပေါ့မလား (မပေါ်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဘာသိမှ ဘာရှိမှန်းပေါ်မလဲ (တရားသိမှ ဘုရားသိရှိမှန်းပေါ်ပါတယ် ဘုရား) တရားသိမှ ဘုရား ရှိတာ ပေါ်လာလိမ့်မယ်နော် (မှန်ပါ့) နို့မဟုတ်လို့ရှိရင်ဖြင့် ဘုရားအိမ်တိုင်း ရှိတာကွ၊ ထူးထူးဆန်းဆန်း မင်းတို့က လုပ်နေလို့ လို့ ဖြစ်ချင်ဖြစ်သွားမယ် (မှန်ပါ့) ဟုတ်လား။

ကိုယ့်အပေါ်မှာ ကျေးဇူးများတဲ့တရားကို သိလိုက်ရတဲ့အခါကျတော့ အင်း တကယ့် ကျေးဇူးရှင်တွေပါ ကလား၊ သူသာမပွင့်လို့ရှိရင် အကုန်အပါယ်သွားကြမှာလား (မှန်ပါ့) မဆိုထိုက်ဘူူးလား (ဆိုထိုက်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ မနေ့ကလဲငုတ်စိုက်မရိုက်ရဘူး၊ ဒီနေ့ငုတ်စိုက်ရိုက်ဦးမှ ဖြစ်မှာကွ (မှန်ပါ့) အမယ်လေး ငုတ်မရိုက်ရင်ဖြစ်ကို မဖြစ်တော့ဘူး။

ကဲ ဒါဖြင့် ငုတ်ရိုက်ကြပါစို့၊ ဒကာ ဒကာမတွေ ငုတ်ရိုက်တယ်ဆိုတာ အလုပ်ပေးတာ (မှန်ပါ့) ငုတ် ရိုက်တယ်ဆိုတာ (အလုပ်ပေးတာပါ ဘုရား)။

သားကောင် ခြောက်ကောင်ဆွဲရာကို ကိုယ်မလိုက်တော့ဘူး၊ ရှင်းပလား (ရှင်းပါပြီ) သူတို့ဆွဲရာ ကိုယ်မ လိုက်တော့ဘူး၊ ကိုယ်ငုတ်စိုက်ရာမှာ သူတို့လာဝပ်ရမယ် (ရှန်ပါ့)ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်ငုတ်စိုက်တဲ့နေရာမှာ (သူတို့လာဝပ်ရမှာပါ ဘုရား) သူတို့လာဝပ်ရမယ်ဆိုတော့ ကိုယ်က ဒီမနော ပေါက်ကနေပြီး တစ်ခါတည်းနေလိုက်ပါ တဲ့၊ စောင့်ကြည့်နေတော့ မြင်စိတ်ကလေး ပေါ်လာလဲ ပေါ်လာတာကလေး ဘဲ ဉာဏ်အောက်ရောက်အောင် ဖြစ်ပျက်ရှုလိုက် (မှန်ပါ့)။

ဉာဏ်အောက်ရောက်အောင် ဖြစ်ပျက်ရှုလိုက်

ကြားစိတ်ကလေး ပေါ်လာရင်ကော (ဉာဏ်အောက်ရောက်အောင် ဖြစ်ပျက်ရှုလိုက်) ဖြစ်ပျက်ရှုလိုက်တော့ သူတို့သွားချင်တဲ့ဆီလား၊ ကိုယ့်ဆီလာဝပ်ရသလား (ကိုယ့်ဆီလာဝပ်ရပါတယ် ဘုရား)။

နာမ်စိတ်ကလေး ပေါ်တော့လဲ ဒကာ ဒကာမတို့ ဉာဏ်အောက်လာဝပ်တာဘဲ (မှန်ပါ့ ဘုရား) ဖြစ်ပျက် ရှုလိုက်ရုံဘဲ (မှန်ပါ့) ပြေးနိုင်သေးရဲ့လာ (မပြေးနိုင်ပါ ဘုရား) သူတို့ တဏှာ, ဥပါဒါန်, ကံ ကျအောင် ဆွဲနိုင် သေးရဲ့လုား (မဆွဲနိုင်ပါ ဘုရား)။

ကဲ ဒါဖြင့် စားစိတ်ကလေး ပေါ်လာလဲ ဉာဏ်အောက်ရောက်အောင်ရှုလိုက်၊ ဟုတ်လား (မှန်ပါ့) အဲ့ဒီတော့ စိတ္တာနုပဿနာ သတိပဋ္ဌာန် တည်းဟူသော ငုတ်ရိုက်ထားလို့ရှိရင် ဘယ်စိတ်လာလာ ဖြစ်ပျက်ရှုမယ်ဆိုရင် ဒီစိတ်တွေ အပြင်ပြေးလို့ရသေးရဲ့လား (မရပါ) ဆွဲလို့ရသေးလား (မရပါ ဘုရား)။

ဪ ဒါကြောင့်လဲ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “ဧကာယနော အယံ ဘိက္ခဝေ= ရဟန်းတို့၊ အယံမဂ္ဂေါ = ဤဉာ်အောက်ကို ရောက်တဲ့စိတ်ကို ဖြစ်ပျက်ရှုနိုင်တဲ့မဂ်သည်၊ ဧကာယနော = တစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်၏ ဆိုတော့ ခြောက်ကြောင်းကို မပါဘူး (မှန်ပါ့)ပါသေးရဲ့လား (မပါ-ပါ ဘုရား)။

ခုနကတော့ ခြောက်လမ်းဖြစ်နေတယ် (မှန်ပေါ့) အခုတော့ သူဘယ့်နှယ်ပြောလိုက်သလဲ (တစ်လမ်း တည်းပါ ဘုရား) တစ်လမ်းတည်းနဲ့လဲ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့)ဒီလိုဆိုတော့ ခြောက်လမ်းကို ဖုံးပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

ခြောက်လမ်းတွေကို သွားခွင့် ထွက်ခွင့် ပြေးခွင့် သေခွင့်ပေးသေးရဲ့လား (မပေးပါ ဘုရား) ဪ ဒါဖြင့် အလွန်အဖိုးတန်ပါလားဆိုတာ မောင်အောင်ချီတို့၊ မောင်မြင့်တို့ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

မင်းတို့ မနောပေါက်ကသာ စောင့်နေ၊ မြင်စိတ်ကလေးသာလာလဲ (ဖြစ်ပျက်ရှု) ကြားစိတ်ကလေးလာ လဲ (ဖြစ်ပျက်ရှု) နာမ်စိတ်ကလေးလာလဲ (ဖြစ်ပျက်ရှု) စားစိတ်ကလေးလာလဲ (ဖြစ်ပျက်ရှု) ယားယံနာတဲ့ စိတ်ကလေးလာလဲ (ဖြစ်ပျက်ရှု)။

အင်း ဒါဖြင့် သူတို့သည် တစ်ခါတည်း ကိုယ့်သတိပဋ္ဌာန်တည်းဟူသော တိုင်ခြေမှာ စိတ္တာနုပဿနာ တိုင်ခြေမှာ တဏှာ ဥပါဒါန်တွေ ဟိုဘက်ကဟာတွေ ဆွဲမည့်ဟာတွေလာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်တော့ သူတို့သည်ကားဆိုရင် တိုင်ခြေမှာဘဲ အကုန်သားကောင်တွေဟာ ဝပ်နေလို့ဘဲရှိတော့တယ် (မှန်ပါ့) သူတို့ဆွဲရာ ကိုယ်လိုက်ဖို့ (မရှိပါ ဘုရား)။

အင်မတန် သဘောပေါတဲ့တရားဆိုတာကော ရိပ်မိပလား(ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် မင်းတို့ပေးထားတဲ့ စိတ္တာနုပဿနာ၊ မင်းတို့ပေးထားတဲ့ ဝေဒနာနုပဿနာ မျက်လံးပေါက်က ဝေဒနာ လာလည်း ဉာဏ်အောက်ရှုလိုက်ရုံဘဲ (မှန်ပါ့)။

နားပေါက်ကဝေဒနာပေါ်ရင် (ဉာဏ်အောက်ရှုလိုက်ရုံပါဘဲ) ဉာဏ်အောက်ရှုလိုက်လို့ရှိရင် ဒါဟာ ဝေဒနာ နုပဿနာချည်တိုင်မှတစ်ပါး သူတို့ပြေးနိုင်သေးရဲ့လား (မပြေးနိုင်ပါ ဘုရား)မပြေးနိုင်တော့ဘူးတဲ့။

မနောထဲ သောမနဿပေါ်လာလည်း ဘယ့်နှယ်လုပ်ကြမလဲ(ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒေါမနဿကလေး ပေးလာရင် (ဖြစ်ပျက်ရှု)ကိုယ်ပေါ်မှာ ယားတာကလေး ပေါ်ရင်လဲ (ဖြစ်ပျက်ရှု) နာတာကလေးပေါ်ရင်လဲ (ဖြစ်ပျက်ရှုရမယ်)ကောင်းတာကလေးပေါ်ရင် (ဖြစ်ပျက်ရှုရမယ်)။

ဖြစ်ပျက်ရှုဆိုတော့ ဝေဒနာငါးပေါ်ရာ ရှုနေကြမယ်ဆိုလို့ရှိရင်လဲ မောင်မြင်တို့၊ မောင်အောင်ချီတိုပ ဘယ့်နှယ် တုံးကွဆွဲနိုင်သေးရဲ့လား (မဆွဲနိုင်ပါ ဘုရား)။

ဘယ်ဆွဲနိုင်တော့မလဲ ဝေဒနာရှုနှင့်တာ့ သူက ဆွဲတာကဝေဒနာမရှုနှင့်တော့ တဏှာ, ဥပါဒါန်, ကံဆိုပြီး ဟို ဘက်ဆွဲထွက်သွားမယ် (မှန်ပါ့)။

မဟုတ်ဘူးဘား (မှန်ပါ့) ဒေါသကလေးသာ မရှုမိလို့ရှိရင် သောက,ပရိဒေဝ, အဝိဇ္ဇာဆိုပြီး ဟိုဘက်ဘဝတွေ မဆွဲဘူးလား (ဆွဲပါတယ် ဘုရား)။

မောဟကလေးသာမရှုမိဘူးကိုယ်က၊ မရှုဘူးဆိုတော့ အဝိဇ္ဇာသင်္ခါရဆိုပြီး ဝိညာဏ်ကျအောင် မဆွဲဘူးလား (ဆွဲပါတယ် ဘုရား)။

ဒကာ ဒကာမတွေ သေဘောပေါက်ကြလား (ပါ-ပါတယ် ဘုရား)။

ဪ ဒါဖြင့် မင်းတို့ဝေဒနာနုပဿနာတိုင်ရင်လဲစိုက်(မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) စိတ္တာနုပဿနာ တိုင်ရင်လဲ (စိုက်ရပါမယ် ဘုရား)။

စိုက်တော့ တဏှာ, ဥပါဒါန်, ကံတွေ ဆွဲချင်သလိုဆွဲလို့ (မရပါ ဘုရား) ဒေါသ, သောက, ပရိဒေဝတွေက ဆွဲချင်သလိုဆွဲလို့ (မရပါ ဘုရား)အဝိဇ္ဇာသင်္ခါရတွေက ဆွဲချင်သလိုဆွဲလို့ (မရပါ ဘုရား)။

မရတော့ကိုတဲ့ မင်းတို့တိုင်ခြေမှာလာပြီး အကုန်အနိစ္စရောက်ကြတာဘဲ (မှန်ပါ့) သဘောကျပ လား (ကျပါပြီ ဘုရား) မင်းတို့တိုင်ခြေလာပြီးတော့ (အနိစ္စရောက်ပါတယ် ဘုရား)။

မင်းတို့ ဝေဒနာနုပဿနာ တိုင်ခြေမှာလာပြီး သကာလ အလုံးစုံအကုန် တဏှာလဲ ဒီမှာသေ၊ ဒေသကော (ဒီမှာသေပါတယ်) မောဟကော (ဒီမှာသေပါတယ်)။

ဒီမှာသေတော့ ဒါဖြင့် ပပဉ္စ သေသွားတယ် (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိ ဒီတိုင်ခြေလာပြီးသေတယ် (မှန်ပါ့)။

သူတို့ ဟိုရှေ့ဆွဲနိုင်သေးရဲ့လား (မဆွဲနိုင်ပါ ဘုရား)မဆွဲနိုင်ဘူး၊ ဒို့က လာရာရှုနေပေါ့ကွာ၊ မောင်မြင့် မင်း- စဉ်းစားကြည့်ပါတဲ့ ဒီမှာလာပြီး သကာလ တဏှာလဲ မြင်စိတ်ရှုလိုက်တဲ့ အခါကျတော့ မြင်စိတ်သေတယ်ဆိုတော့ တဏှာ, ဥပါဒါန်, ကံက လာနိုင်သေးရဲ့လား (မလာနိုင်ပါ ဘုရား)။

မလာနိုင်တော့ သူလဲ ဒီနေရာ သတိပဋ္ဌာန် ရှုတဲ့နေရာလာသေရတာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့)။

ဒါကြောင့် တဏှာ, မာန, ဒိဋ္ဌိချုပ်တယ်ဆိုတာ ဝမ်းထဲတွင် ချုပ်သွားတာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဝမ်းထဲတွင်ချုပ်တယ်

တဏှာ, မာန, ဒိဋ္ဌိ ချုပ်တယ်ဆိုတာ ဘယ်မှာချုပ်သလဲ (ဝမ်းထဲတွင်ချုပ်ပါတယ် ဘုရား) ဝမ်းထဲတွင်ချုပ် တယ်ဆိုတာ ကောင်းကောင်း သဘောကျပလား (ကျပါပြီ)ဒါဖြင့် မင်းတို့တိုင်ခြေမှာ လာသေကြတယ် (မှန်ပါ့)။

သားကောင် ခြောက်ကောင်စလုံး ဘာတုံး (တိုင်ခြေမှာ လာသေပါတယ် ဘုရား)။

တိုင်ခြေမှာလာသေတော့ မင်းတို့ကနိုင်သလား သားကောင်က နိုင်သလား (တပည့်တော်တို့က နိုင်ပါ တယ် ဘုရား)။

မင်းတို့က နိုင်တယ်ဆိုကတည်းက ဒါဖြင့် မင်းတို့သဘောဘဲဆိုတော့ ကိုယ့်သဘောကဖြင့် သူတို့က ပပဉ္စတွေ၊ သူတို့က ဘေးချဲ့သွားမည့်သားကောင်တွေ မဟုတ်ဘူးလား (မှန်ပါ့) ဒို့ကနိပ္ပပဉ္စတဲ့၊ ဒို့ကချုံးလိုက်တယ်၊ တဏှာ, မာန, ဒိဋ္ဌိတွေ ဒီနားတွင် သေကြပေတော့ဆိုပြီး မချုံးလိုက်ပေဘူးလား (ချုံးလိုက်ပါတယ် ဘုရား)။

သူက ချဲ့မလို့၊ မျက်လုံးပေါက်လဲ မြင်တယ်ဆို လိုချင်တယ်, စွဲလမ်းတယ်, အားထုတ်မယ်၊ မလာဘူးလား (လာပါတယ် ဘုရား) နားပေါက်ကလဲ ကြားတယ်ဆိုလို့ရှိရင်လဲ ပူပန်မယ်၊ ဆွေးမယ် သဘောကျပလား (ကျပါပြီ) ရှင်းပလား(ရှင်းပါပြီ ဘုရား)။

အဲ့ဒီတော့ သူတို့က ချဲ့မလို့စ, လာတာ ဒို့က အစကို တစ်ခါတည်း ဖမ်းပြီးချုံးလိုက်တဲ့အတွက် ချဲ့ချင်တဲ့ တရားတွေ လာခွင့်ရသေးရဲ့လား (မရပါ ဘုရား)။

နိပပဉ္စ ဖြစ်သွားတယ်

ဒါဖြင့် နိပပဉ္စ ဖြစ်သွားတယ်၊ နိဂိုက သူ့အလိုလိုက်ရင် ပပဉ္စ (မှန်ပါ့)။

သားကောင် အလိုလိုက်ရင် (ပပဉ္စပါ ဘုရား) သားကောင်အလိုကို မလိုက်ဘဲနဲ့ ကိုယ့်တိုင်ခြေမှာ အသေခိုင်း လို့ရှိရင် နိပ္ပပဉ္စ (မှန်ပါ့) ပပဉ္စမဟုတ်တော့ဘူး တဲ့၊ နိပ္ပပဉ္စဖြစ်ပါပြီတဲ့၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိပ္ပပဉ္စဆိုတာ ဘာတုံး နိပ္ပပဉ္စဆိုတာ အို နိဗ္ဗာန်ဟေ့ (မှန်ပါ့)။

ချဲ့စရာမရှိတော့ ဆုံးသွားပြီ၊ ဆုံးတော့ ဘာခေါ်ကြမလဲ (နိပ္ပပဉ္စပါ ဘုရား)။

တဏှာဆုံးနိဗ္ဗာန်၊ မာနဆုံးနိဗ္ဗာန်၊ ဒိဋ္ဌိဆုံး (နိဗ္ဗာပါ ဘုရား)။

ဪ ဒါကြောင့် နိပ္ပပဉ္စလို့ဆိုလိုက်တယ်၊ သဘောပါကြလား (ပါ-ပါပြီ ဘုရား)။

ဪ တယ်အဖိုးတန်ပါစာလားဆိုတာ ဒီနေ့ ညမှာဖြင့်ထူးထူးခြားခြား ပေါ်လာတယ် (မှန်ပါ့)။

ကိုယ်လုပ်နေတဲ့အလုပ်ဟာလဲ အမှန်ကိုက်ပေတယ်၊ ဒို့တိုင်ခြေ လာသေတာ (မှန်ပါ့)။

ဒို့ရှုတဲ့ ဝေဒနာတိုင်ခြေမှာ (လာသေပါတယ်) စိတ္တာနုပဿနာတိုင်ခြေမှာ (လာသေပါတယ် ဘုရား)။

သူတို့က ပေါ်ခွင့်မှ မရဘဲ၊ ပေါ်ခွင့်မရတော့ သူ ရှုထားလိုက်တဲ့အတွက် တဏှာ, ဥပါဒန်, ကံတွေ အဝိဇ္ဇာ သင်္ခါရတွေ ဒေါသ သော ပရိဒေဝ အဝိဇ္ဇာတွေ လာခွင့်ပေးသေးရဲ့လား(မပေးပါ ဘုရား)။

အဲ့ဒီတော့ ဒီ သတိပဋ္ဌာန် တိုင်ခြေရင်းမှာ သားကောင်ခြောက်ကောင် လာသေသလို မသေရဘူးလား (သေရပါတယ် ဘုရား)။

ဒါ သတိပဋ္ဌာန်ငုတ်စိုက်မိလို့ကွ (မှန်ပါ့) မစိုက်ရင် သူ-ဆွဲရာပါသွားမယ် (မှန်ပါ့) မပါပေဘူး လား (ပါ-ပါတယ် ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဪ တယ်-အဖိုးတန်ပါလားဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

ဒီတိုင်ခြေမှာ သေတယ်

ဒါဖြင့် ဒီလိုလုပ်ကြပေတော့၊ ဒကာ ဒကာမတွေ အခုသားကောင် ခြောက်ကောင် ဒီတိုင်ခြေမှာ သေတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ) ဖြစ်ပျက်တိုင်ခြေမှာ မသေဘူးလား (သေပါတယ် ဘုရား)။

ဖြစ်ပျက်ရှုလိုက်ကတည်းက မောင်မြင့် တဏှာကလဲရှေ့သွားစရာမရှိတော့ ဪ ငါဖြစ်ခွင့် မရဘူးဆိုပြီး ဒီနားမှာဘဲ မပေါ်လာတော့ (မှန်ပါ့)ဒိဋ္ဌိကကော (မပေါ်လာပါ) မာနက (မပေါ်လာပါ ဘုရား)။

မပေါ်လာတာ ဒီတိုင်ခြေမှာ သေကြလေရဲ့ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် သွားကြစို့၊ ဖြစ်ပျက်က ဘာသစ္စာ (ဒုကသစ္စာပါ) သေတဲ့ တရားတွေက (သမုဒယသစ္စပါ)။

သမုဒယသစ္စာဆိုတော့ ဟုတ်လား သေတော့ သူတို့မချဲ့နိုင်ဘဲနဲ့ ဆုံးသွားတာက ဘာတုံး (နိရောဓပါ) နိရောဓသစ္စာ၊ ရှုတဲ့ဉာဏ်က (မဂ္ဂပါ ဘုရား) အင်မတန် မှန်တဲ့တရား (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။

ကဲ ယနေ့ ဒီတွင်တော်ကြဦးစို့။

သာဓု သာဓု သာဓု။