ဆားတလျက်နဲ့ သံသရာကြွေးအကြေဆပ်နည်း
ကျေးဇူးတော်ရှင် – အမရပူရမြို့ မင်္ဂလာတိုက်
မိုးကုတ် ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
ဆားတလျက်နဲ့ သံသရာကြွေးအကြေဆပ်နည်း
ညအလုပ်ပေး တရားတော်
(၇-၁၂-၆၁)
နိစ္စသညာက လာတာ
ဝိပ္ပလ္လာသဟာ အင်မတန် အရေးကြီးတယ်လို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတယ်နော် (မှန်ပါ့)။
သတ္တဝါတွေမှာ ဝိပ္ပလ္လာသကြောင့် ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးထွက်လာတယ်ဆိုတာလဲ တနေ့က ပြောခဲ့ပြီနော် (မှန်ပါ့) သညာ ဝိပ္ပလ္လာသကြောင့် မာနကစတဲ့ ပဋိစ္စသမုပ္ပါဒ်ထွက်လာတယ်၊ မာနဆိုတာလဲ တဏှာနဲ့ယှဉ်နေတာဘဲမှတ်နော် (မှန်ပါ့) တဏှာဥပါဒါန် ကံ (မှန်ပါ့)။
သညာ ဝိပ္ပလ္လာသကြောင့်လဲ မာနဆိုတာ တဏှာ၊ တဏှာဥပါဒါန် ကံဇာတိ၊ ဒီဘက်ချည်း လှည့်လှည့်သွားတယ်။
နိစ္စသညာသာ လုပ်လိုက်လို့ရှိရင် မာန လာတာဘဲ အခု ရုံးပြင် ကန္နား ရောက်နေတဲ့ အမှုတွေဟာ နိစ္စသညာက လာတာလို့ မှတ်ကြရမယ် (မှန်ပါ့)။
ရုံးပြင်ကန္နား ရောက်နေတဲ့အမှုတွေ ဘယ့်နှယ်ဆိုကြမယ်-(နိစ္စသညာက လာပါတယ်) နိစ္စသညာကနော် (မှန်ပါ့)။
ဘယ်ဟာဖြစ်ဖြစ် ဒါ အမြဲနေမှာ၊ အမြဲ သုံးဆောင်ရမှာ၊ ဒါ့ကြောင့် အထိမခံနိုင်ဘူးဆိုတော့ ဒါ ဘာဆိုကြမယ် (နိစ္စသညာပါ ဘုရား)။
နိစ္စသညာက လာတယ်၊ ဘာကျေးဇူးပြုသလဲ၊ မာနကျေးဇူးပြုတယ် (မှန်ပါ့)။
နိစ္စသညာက မာနကျေးဇူးပြုသောကြောင့် မာနဆိုတာ ဒိဋ္ဌိနဲ့ မယှဉ်တဲ့ မာန ဖြစ်လေသောကြောင့် လောဘ ပါဘဲတဲ့ (မှန်ပါ့)။
လောဘဆိုတော့ကို မာနနဲ့ ယှဉ်တဲ့လောဘ ဖြစ်လေသောကြောင့် တဏှာဘဲ ယူလိုက်တော့ကို တဏှာဥပါဒါန် ကံဘက်ကို လှည့်တယ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်ဟာ နိစ္စသညာကြောင့်လဲ မာနပဋိစ္စသမုပ္ပါဒ် ဒကာ ဒကာမတွေမှာ ဖြစ်စေတယ် ဆိုတဲ့ဥစ္စာ ပေါ်လာတယ် (မှန်ပါ့)။
တခါ သုဘသညာကြောင့်လဲ တဏှာလာပြန်တယ်၊ ဘယ်သူဖြင့် ဖြစ်တယ် တင့်တယ် တယ်ထင်လို့ရှိရင် ဝယ်ချင်တယ်၊ ရချင်တယ်၊ ခင်ချင်တယ်၊ သုဘသညာ မရှိကြဘူးလား (ရှိပါတယ် ဘုရား)။
သုဘသညာကြောင့် တဏှာလာတယ်
အဲ သုဘသညာကြောင့်တော့ ခုနင်က မာန မလာဘဲနဲ့ တဏှာရိုးရိုးလာတယ် (မှန်ပါ့)။
တဏှာရိုးရိုး လာပြန်တော့ ဈေးသည်တွေ ရောင်းကောင်းတာဟာ ကုန်အလှအပ ပြင်ထားတယ်၊ အဆင့် ကလေးတွေ ကျကျနနလုပ်ကြတယ် (မှန်ပါ့)။
အဲဒါ ကြည့်တဲ့ လူအပေါင်းက လှတယ်ဆိုတဲ့ သဘောနဲ့ဘဲ တဏှာဥပါဒါန်ဖြစ်လို့ သူ ကာယကံ ဝစီကံနဲ့ ဝယ်သွားတာဘဲ (မှန်ပါ) ဒါက သုဘသညာက လာတဲ့ ပဋိစ္စသမုပ္ပါဒ်လို့ မှတ်ပါ (မှန်ပါ့)။
ဈေးသည်တွေ ကုန်မှာ အလှအပ ပြင်ကြတာတွေဟာ သုဘတင့်တယ်အောင် လုပ်တာ၊ တင့်တယ်အောင် လုပ်ထားတဲ့အခါကျတော့ ဟို တဏှာသမားတွေက ဦးသံဒိုင်ဝယ်သွားတယ် (မှန်ပါ့ ဘုရား)။
တဏှာ ဥပါဒါန်၊ ဒီကုန်တော့ ရချင်တယ်၊ တကယ့်လိုလိုချင်ချင်ဘဲ ဥပါဒါန် ဖြစ်လာတယ်၊ ကာယကံ ဝစီကံနဲ့ မေးပြီး သကာလ ဝစီကံနဲ့မေး၊ ကာယကံနဲ့ ဝယ်သွားတယ် (မှန်ပါ့) ဒါ ဘယ်သညာက လာသတုန်း (သုဘသညာက လာပါတယ်)။
အဲဒီတော့ ဈေးသည်တွေ ရောင်းကောင်းတယ်၊ အဆင်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးဆိုတာ သုဘသညာက လာတာ(မှန်ပါ့)။
အဲဒီတော့ လောကကြီးထဲမှာ ရုံးပြင်ကန္နား ရောက်တာက နိစ္စသညာ၊ ဈေးသည်တွေ ရောင်းကောင်းတာက (သုဘသညာပါ) သုဘသညာနော် (မှန်ပါ့)။
အတ္တသညာကြောင့် ဒိဋ္ဌိ လာတယ်
တခါသွားပါဦးတဲ့၊ အတ္တသညာကြောင့်တော့ ဒိဋ္ဌိ လာတယ် (မှန်ပါ့)။
အတ္တသညာကြောင့်တော့ (ဒိဋ္ဌိလာပါတယ်) ဒိဋ္ဌိလာတယ်လို့ မှတ်ထားကြပါတဲ့။
ဒိဋ္ဌိလာတော့ ဘာဖြစ်သတုန်းလို့ မေးတဲ့အခါကျတော့ဆိုလို့ရှိရင် အတ္တသညာက ဥပမာမယ်-တောင်မြို့မှာ အထည်တွေ လုပ်ကြတယ်၊ ခိုင်တဲ့ အထည် လုပ်လိုက်တယ်၊ ခိုင်တဲ့ အထည်လုပ်လိုက်တော့ကို ဘေးက ပုဂ္ဂိုလ်တွေကလဲ ဟိုအထည်တွေက ညံ့တယ်၊ ဒီအထည်က ခိုင်တယ်၊ ခိုင်မှသာလျှင် ဒို့မှာ အမြဲဝတ်ရမှာ (မှန်ပါ့) ဒီလိုလာတာ။
အမြဲဝတ်ရမယ်ဆိုတော့ အမြဲဆိုတာက အတ္တက (မှန်ပါ့) အဲဒီကျတော့လဲ သူ ဘာဖြစ်ပြန်သတုန်းလို့ မေးတဲ့အခါကျတော့ အတ္တဒိဋ္ဌိက အင်း ဒီဟာ ငါနဲ့ ဒို့ – ဆင်းရဲသားနဲ့ သိပ်တော်တယ်၊ ဆင်းရဲသားက အထည်တစ်ခုကို လေးငါးခြောက်လ တနှစ်ဆိုသလို ဝတ်ရမှဆိုတော့ ခိုင်မြဲတဲ့ဘက် သူ သွားတယ် (မှန်ပါ့ ဘုရား)။
အတ္တသညာက ခိုင်မြဲတဲ့ဘက် သွားပြန်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံတွေ လာပြန်တော့ ပဋိစ္စသမုပ္ပါဒ် ဆက်မသွားဘူးလား (ဆက်သွားပါတယ်)။
သညာက စ,ချဲ့တာ
အဲဒီတော့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက စဉ်းစားရမယ်၊ ဒီ သညာတွေဟာ နိစ္စသညာကလဲ မာန ပဋိစ္စသမုပ္ပါဒ် သုဘသညာက တဏှာ ပဋိစ္စသမုပ္ပါဒ်၊ အတ္တသညာက ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်ဆိုတော့ ဒါ သံသရာချဲ့တယ်-ချဲ့တယ်ဆိုတဲ့ ဥစ္စာဟာ သညာက စ,ချဲ့တာလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်လို မှတ်ကြမယ် (သညာက စ,ချဲ့ပါတယ် ဘုရား)။
နိစ္စသညာက မာန ပဋိစ္စသမုပ္ပါဒ်ကို ချဲ့ထွင်သွားတယ်၊ သုဘသညာက တဏှာ ပဋိစ္စသမုပ္ပါဒ်ကို (ချဲ့ထွင် သွားပါတယ်) ချဲ့ထွင်သွားတယ်လို့ မှတ်ပါ၊ အတ္တသညာက ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်ကို ချဲ့ထွင်သွားတယ်လို့ မှတ်လိုက်တော့ ဪ ဒီသညာတွေမပြုတ်သ၍ နိဗ္ဗာန်မရနိုင်ပါကလားဆိုတာလဲ မောင်သစ်တို့ ဦးသံဒိုင်တို့ ပေါ်သွားပြီ (ပေါ်ပါပြီ ဘုရား)။
ဒီ သညာတွေ မပြုတ်ရင် (နိဗ္ဗာန်မရနိုင်ပါ ဘုရား)။
ဘာကြောင့်တုန်းဆိုတော့ ပပဉ္စကျေးဇူးပြုလို့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ဘာကျေးဇူးပြုလို့တုန်း (ပပဉ္စကျေးဇူးပြုလို့ပါ ဘုရား)။
ပပဉ္စဆိုတာ ဘာတုန်း
ပပဉ္စဆိုတာ ဘာတုန်းလို့ မေးတော့ ‘သံသရာဒုက္ခံ ပပဉ္စေန္တိ ဝိတ္ထာရေန္တီတိ ပပဉ္စာ’ သံသရာဒုက္ခ-သံသရာ၌ ဖြစ်တဲ့ ပဋိသန္ဓေနေဘေး အိုဘေး နာဘေးတို့ကို ပပဉ္စေန္တိဝိတ္ထာရေန္တိ-ချဲ့တတ်ကုန်၏၊ ဣတိတသ္မာ-ထို့ကြောင့်၊ ပပဉ္စ-ပပဉ္စာတို့မည်ကုန်၏-ဆိုတော့ ဒီ မာန ပဋိစ္စသမုပ္ပါဒ်လဲ ချဲ့သွားတာဘဲ၊ ဟိုဘက်ဘဝတွေ မကူးဘူးလား (ကူးပါတယ်) တဏှာ ပဋိစ္စသမုပ္ပါဒ်ကကော (ကူးပါတယ်) ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ်ကကော (ကူးပါတယ်) ကူးတာချည်းဘဲ။
ဪ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက တဏှာ မာန ဒိဋ္ဌိကို သံသရာချဲ့တတ်တဲ့ နေရာ ခေါင်းဆောင်ကြီး ဖြစ်ပြီး သကာလ နေပြန်သောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေကို ဘုရားက ပပဉ္စတရားဟေ့ – လို ဆိုင်းဘုတ်ဆွဲပေးထားတာ (မှန်ပါ့) ဆွဲသင့်သလား (ဆွဲသင့်ပါတယ်)။
ဒါဖြင့် ခင်ဗျားတို့ နိစ္စသညာကို ဖျောက်ချင်လို့ရှိရင် နှလုံးသွင်းမှန်တဲ့ အနိစ္စမြင်ဖို့ အရေးကြီးတယ် (မှန်ပါ ဘုရား) အနိစ္စမြင်ရင် မာနသံသရာဟာ ချုပ်တာဘဲ (မှန်ပါ့) သဘောကျပြီး (ကျပါပြီ)။
သုဘသညာဆိုတာ တင့်တယ်-တယ်လို့ ထင်တာကို ခင်ဗျားတို့က အနိစ္စဘဲရှုရှု အသုဘဘဲရှုရှု၊ ရှုချင်တာရှုပါ၊ ရှုလိုက်လို့ရှိရင် တဏှာသံသရာဟာ ကွင်းလုံးကျွတ် ဆိုသလိုဘဲလွတ်သွားတယ် (မှန်ပါ့)။
ဒိဋ္ဌိသံသရာဆိုတာ
ဒိဋ္ဌိသံသရာဆိုတာက အတ္တသညာ၊ အဲ့ဒီ အတ္တသညာကလာပြီ ဆိုမှဖြင့်လဲ ဒိဋ္ဌိသံသရာကြီး အပါယ်လေးပါးပို့ လိုက်တယ်၊ အပါယ်လေးပါး ပို့လိုက်တဲ့အခါကျလို့ ရှိရင်လဲ အတ္တသညာကနေပြီး ဒိဋ္ဌိကို ကျေးဇူးပြုလိုက်တယ်၊ ဒိဋ္ဌိပပဉ္စကို ကျေးဇူးပြုလိုက်တယ်ဆိုတော့ မောင်သစ် လွတ်စရာရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ဒီသညာတွေ မပယ်ဘဲနဲ့ ခင်ဗျားတို့ အားကိုးနေတဲ့ ဒါနကလေး အားကိုးလိုက်၊ သီလကလေး အားကိုး လိုက်၊ သမထကလေးအားကိုးလိုက်၊ သညာက မဖြုံဘူး (မှန်ပါ့)ဖြုံပါမလား (မဖြုံပါ ဘုရား)။
မဖြုံနိုင်ဘူး၊ အဲဒီတော့ သူ့ကို လုပ်ရဦးမယ်၊ ဟိုဟာတွေလဲ ကျေးဇူးပြုမှာဘဲ၊ ဟိုဟာတွေက ဒီလိုဆရာကောင်း သမားကောင်းနဲ့တွေ့ဖို့ သူအားပေးမယ် (မှန်ပါ့)။
အားပေးတဲ့ အခါကျတော့ ဦးသံဒိုင်တို့လူစုက ဪ ဒီဟာက မုန်းဝင်ပါလား၊ ဟိုဟာတွေက အခြံအရံပါ ကလားဆိုတာ မှတ်ရမယ် (မှန်ပါ့) မုန်းဝင်ပန်းဆွတ်ကတော့ လက္ခဏာရေးသုံးပါးပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မုန်းဝင်ပန်းဆွတ်ကတော့ – (လက္ခဏာရေးသုံးပါးပါ ဘုရား) အဲ ဘေးကလှော်တာတွေ ဒါန သီလတွေ ကတော့ အကူအညီပေးလိုက်တာ (မှန်ပါ့)။
သူတို့က ဥပနိဿယပစ္စယော၊ သဘောကျပလား (မှန်ပါ့) ဝိပဿနာက မဂ္ဂပစ္စယော (မှန်ပါ့) ဒါကလေးနှစ်ခု ခွဲခြားဝေဖန်မှတ်ပါ (မှန်ပါ့)။
သူတို့က ဥပနိဿယပစ္စယော-လို့ ဒါနသီလ မဂ်ဖိုလ်ကျေးဇူးပြုတာက ဥပနိဿယပစ္စည်း၊ ဝေးသော အကြောင်း ဖြစ်ပြီး ကျေးဇူးပြုတယ် (မှန်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
အခု ဝိပဿနာရှုလိုက်တော့ကို ဖြစ်ပျက်တွေမြင်လို့ ရှုလိုက်တော့ မဂ္ဂပစ္စယော၊ သူက ထွက် မြောက်ကြောင်း ဖြစ်ပြီး ကပ်ပြီးကျေးဇူးပြုလိုက်တယ် (မှန်ပါ ဘုရား) မကွာကြဘူးလား (ကွာပါတယ် ဘုရား)။
အဲဒီတော့ ဝေးသောအကြောင်းက ဥပနိဿယ ပစ္စယော၊ ဒါန သီလ သမထတွေက (ဥပနိဿယ ပစ္စယောပါ) ဝိပဿနာရှုတဲ့မဂ်က (မဂ္ဂပစ္စယောပါ ဘုရား)။
ဒါခွဲခြားသိရမယ်၊ ဒါမသိလို့ရှိရင် ဒကာ ဒကာမတွေမှာ ကိုယ်လုပ်တဲ့ဥစ္စာက ဥပနိဿယပစ္စယောနဲ့ချည့် ရောက်လိမ့်မယ်လို့ ယူကြလိမ့်မယ် (မှန်ပါ့) အခု ပဋ္ဌာန်းပါဠိတော် သေသေချာချာ ဉာဏ်စခန်းနဲ့ ဝေဖန်လိုက်တော့ မဂ္ဂပစ္စယောမပါရင်မရောက်ဘူး (မှန်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဥပနိဿယပစ္စယောလဲ မလွတ်ရဘူး၊ မဂ္ဂပစ္စယောလဲ (မလွတ်ရပါ ဘုရား) မလွတ်ရဘူး၊ ရှင်းပလား (ရှင်းပါပြီ)။
မဂ္ဂပစ္စယော မပါလို့ရှိရင်
အဲဒီတော့ အချို့သော သုတ္တန်ပါဠိတော်များ ကျတော့ ပန်းတပွင့်နဲ့ဘဲ လူ့ပြည် နတ်ပြည် အကြိမ်ကြိမ် ခံစားပြီး သကာလ နောက်ဆုံးပိတ် နိဗ္ဗာန်ဝင်တယ်၊ ဒါ မဂ္ဂပစ္စယာ မပါဘဲနဲ့ ဝင်တဲ့အဓိပ္ပါယ်မျိုးကို ဒကာ ဒကာမတွေက ယူလိမ့်မယ်တဲ့ (မှန်ပါ့) စင်စစ် မဂ္ဂပစ္စယော မပါလို့ရှိရင် ဝင်ကိုမဝင်နိုင်ဘူးလို့ မောင်သစ်တို့ ဦးသံဒိုင်တို့က မှတ်ရလိမ့် မယ် (မှန်ပါ့) ခွဲခြားတတ်ကြပလား (ခွဲခြားတတ်ပါပြီ ဘုရား)။
ဒါန သီလ သမထတွေက ဘာပါလိမ့် (ဥပနိဿယပစ္စယောပါ ဘုရား) အားကြီးသောအကြောင်း၊ ဝေးသော အကြောင်းဖြစ်ပြီး ကျေးဇူးပြုတယ် (မှန်ပါ့)။
ဖြစ်ပျက်ရှုနေတဲ့ ဝမ်းထဲရှိတဲ့ မဂ်ကတော့ (မဂ္ဂပစ္စယောပါ)တဲ့ – မဂ္ဂပစ္စယောနဲ့ ဥပနိဿယပစ္စယော ကွာတယ် (ကွာပါတယ်) ရှင်းပြီနော် (ရှင်းပါပြီ)။
ဒါဖြင့် ဥပနိဿယပစ္စယောလဲ လွှတ်လို့ မဖြစ်ဘူး၊ မဂ္ဂပစ္စယောလဲ (လွှတ်လို့ မဖြစ်ပါ ဘုရား)။
လှေလှော်လာသလိုပေါ့၊ ပန်းဆွတ်မှာ ညံ့လို့လဲမဖြစ်ဘူး၊ နောက်ကမလှော်ခဲ့လို့လဲ ပန်းဆွတ်တဲ့ဆီမရောက်ဘူး (မရောက်ပါ ဘုရား)။
ဒါဖြင့် နောက်က လှော်ခဲ့တာက ဥပနိဿယပစ္စယော (မှန်ပါ့) ပန်းဆွတ်တာက (မဂ္ဂပစ္စယောပါ) ဒီလိုယူရမယ် တဲ့၊ သဘောပါကြပလား (ပါပါပြီ)။
ဒါဖြင့် မဂ္ဂပစ္စယောကျမှ သညာသေတာကိုးဗျ (မှန်ပါ့) ဟို ဒါန သီလ သမထတွေက သညာကို မပယ်နိုင်ဘူး (မှန်ပါ ဘုရား)။
အနိစ္စကို နိစ္စထင်တဲ့ သညာဝိပ္ပလ္လာသ၊ အသုဘကို သုဘထင်တဲ့ သညာဝိပလ္လာလ၊ အနတ္ထကို အတ္တထင်တဲ့ သညာဝိပ္ပလ္လာသ မပယ်နိုင်ဘူးတဲ့ သူက (မှန်ပါ့) ပယ်နိုင်ပါ့မလား (မပယ်နိုင်ပါ ဘုရား)။
ဒါတွေကတော့ အဖြစ်အပျက်မြင်မှ ခင်ဗျားကို ဪ ဒါ အနိစ္စပါကလား၊ ရုပ်နာမ်ဓမ္မတွေ ဖြစ်ပျက်နေတဲ့ အနိစ္စပါကလား၊ သဘောကျပလား (ကျပါပြီ) ဒုက္ခပါကလား၊ အနတ္တ ပါကလားလို့၊ မလာပေဘူးလား (လာပါတယ် ဘုရား)။
လာတဲ့အခါကျတော့ ခုနင်ကသညာတွေက နိစ္စသညာလဲပြုတ်၊ သုဘသညာကလဲ (ပြုတ်ပါတယ်) ဒုက္ခ ရှုလိုက်ရင် သုဘသညာက ပြုတ်တာဘဲ (မှန်ပါ့) အနတ္တရှုလိုက်ရင် အတ္တသညာက (ပြုတ်ပါတယ် ဘုရား)။
သညာပြုတ်မှ စိတ်ကပြုတ်မှာ
ပြုတ်သွားတာဘဲ၊ အဲဒီ့ သညာပြုတ်မှ စိတ်ကပြုတ်မှာ (မှန်ပါ့) စိတ်ပြုတ်မှ ဒိဋ္ဌိကလဲ (ပြုတ်မှာပါ ဘုရား)။
ပြုတ်မှာဖြစ်ပြီး သကာလနေတော့ ဪ ဒါကတော့ အလုပ်-လုပ်ယူရမည့် သဘောပါကလား (မှန်ပါ့) မဂ္ဂပစ္စယောက အလုပ်-လုပ်ယူရမယ် (မှန်ပါ့) ဟိုဟာတွေက လှူဒါန်း ပေးကမ်း သမထ အားထုတ်ပြီး သကာလ ဥပနိဿယပစ္စယောက အကူအညီပေးရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဥပမာမယ် တိရစ္ဆာန်ဘဝရောက်နေတဲ့ ပုဂ္ဂိုလ်တဦးတယောက်နိဗ္ဗာန်တော့ သူမရောက်နိုင်တော့ဘူး၊ မရောက်နိုင်တော့ ဒါန သီလ သမထတွေနဲ့ သူ လူ့ဘုံရောက်အောင် မလုပ်ရပေဘူးလား (လုပ်ရပါတယ်)။
လုပ်ရမယ်တဲ့၊ ဘာ့ကြောင့်တုန်းဆိုလိုရှိရင် အတိတ်ပုဂ္ဂိုလ်ဖြစ်နေလို့ (မှန်ပါ့)။
အဟိတ်ပုဂ္ဂိုလ်ဖြစ်နေတော့ ဒါန သီလတွေက ဒွိဟိတ်တိဟိတ်ဖြစ်အောင် တင်ပေးရဦးမယ် (မှန်ပါ့) မတင်ရပေ ဘူးလား (တင်ရပါတယ်) သူက ဘာသတ္တိနဲ့ တင်လိုက်သတုံး (ဥပနိဿယ သတ္တိနဲ့ တင်လိုက်ပါတယ်) ဥပနိဿယပစ္စယော ဆိုတဲ့ သတ္တိနဲ့ တင်ပေးရမယ် (မှန်ပါ့)။
ကဲ တခါဥပနိဿယပစ္စယောနဲ့ တင်ပေးလို့ လူ့ဘဝရောက်လာပြန်တော့ ဆရာကောင်းသမားကောင်းနဲ့ တွေ့အောင်လဲ ခုနင်က ဒါန သီလတွေက တင်ပေးရတော့မယ် (မှန်ပါ့)။
တင်ပေးပြီးတဲ့အခါကျတော့ ခင်ဗျားတို့က အိပ်နေလို့မဖြစ်သေးဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာလုပ်ရမတုံး (မဂ္ဂပစ္စယောလုပ်ရပါမယ်) မဂ္ဂပစ္စယောဖြစ်အောင် လုပ်ရဦးမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဘယ်ဟာမှမပယ်နဲ့ ဆိုတဲ့အဓိပ္ပာယ်ပေါ်လာပြီ (ပေါ်လာပါပြီ)။
လှေလှော်သလိုဘဲလို့ ပြောထားပါတယ် (မှန်ပါ့) ပန်းဆွတ်တဲ့နေရာမှာ မဂ္ဂပစ္စယော၊ နောက်ကလော်ပြီး သကာလပန်းတိုင်နားကပ်ပြီး သည့်ရောက်အောင်က (ဥပနိဿယပစ္စယောပါ) ဥပနိဿယပစ္စယော။
ဒီနှစ် ပစ္စည်းကို နားမလည်လို့ရှိရင် အယူဖောက်ကုန်မှာဘဲ (မှန်ပါ့) မဖောက်ပေဘူးလား (ဖောက်ပါတယ်)။
အဲဒီတော့ ဆရာသမားက အကြောင်းအကျိုး ဆက်တာတွေ မနိုင်တဲ့တရားမျိုးကို ဒကာ ဒကာမတွေက သူများ ပါးစပ်လမ်းဆုံးနေပြန်တော့လဲ အတော်ကြောက်စရာ ကောင်းတယ် (ကောင်းပါတယ် ဘုရား)။
အတော်ကြောက်စရာကောင်းတယ်၊ ဥပနိဿယပစ္စယောကိုပဲ တချို့က မဂ္ဂပစ္စယောလုပ်ထားတယ် (မှန်ပါ့) ဟာ သူနဲ့ဘဲ ရောက်နိုင်တယ်-ဆိုတော့ အဲဒါကလဲ ချို့ယွင်းချက် တခုရှိတယ် (မှန်ပါ့)။
မဂ္ဂပစ္စယောချည့် သက်သက်ရောက်နိုင်ပါတယ်လို့ ယူလိုက်ပြန်တော့လဲ ဟို-တိရစ္ဆာန်တွေ တက်ဖို့ရာက မရှိတော့ဘူး (မှန်ပါ့) ရှိနိုင်သေးရဲ့လား (မရှိနိုင်ပါ ဘုရား)။
မရှိနိုင်တော့လဲ အင်း ဥပနိဿယလဲ ကူရမှာဘဲ (မှန်ပါ့) မဂ္ဂကော (ကူရမှာပါ ဘုရား) မကူရင်တော့မရဘူး (မှန်ပါ့)။
ကိုင်း ဒါဖြင့် ကဲ လူ့ဘဝရောက်လာပြီ၊ တပည့်တော်တို့ စင်စင်ကြယ်ကြယ်ဘဲ ရောက်လာခဲ့ပြီ ဘုရားဆိုတော့ ဒီအချိန်မှာ မဂ္ဂပိုအရေးကြီးတယ် (မှန်ပါ့)။
ဒီအချိန်မှာ မဂ္ဂမလုပ်ပြန်လို့ရှိရင်လဲ နောက်ခင်ဗျားတို့ ဥပနိဿယတွေ ပြန်ပြီးသကာလ ဥပနိဿယကလဲ နီးကပ်အောင်တော့ပို့လိုက်တာဘဲ၊ ပို့ပေမဲ့ သူမှ ပန်းမဆွတ်တတ်ဘဲကိုး (မှန်ပါ့) ပန်းမဆွတ်ဘတ်တော့ အောင်ပွဲ ရပါ့မလား (မရပါ ဘုရား)။
မရပြန်တော့လဲ အင်း ခင်ဗျားတို့၏ ချို့ယွင်းချက်ကြောင့် သံသရာထဲမှာ လည်သွားပြန်တယ် (မှန်ပါ့)။
အဲဒီတော့ ဒီလိုယူတဲ့ ဒါန သီလ သမထက သံသရာလည်တာမဟုတ်ဘူး၊ အကူးအဆက် နားမလည်လို့ လည်တာ။
ကိုယ်က အကူးအဆက် နားမလည်တာ
နားလည်ကြပလား (နားလည်ပါပြီ ဘုရား) ဒါန သီလက သံသရာရှည်တာလား၊ ကိုယ်က အကူးအဆက် နားမလည်တာလား (အကူးအဆက် နားမလည်လို့ပါ ဘုရား)။
အဲဒါ နားမလည်တာကိုပင်လျှင် အားလုံးသောပုဂ္ဂိုလ်တို့က မရှင်းဘဲဖြစ်နေတယ် (မှန်ပါ့) မရှင်းတော့ တခါတည်းတဇွတ်ထိုး မဂ္ဂပစ္စယောသာ အရေးကြီးတယ်၊ ဥပနိဿယပစ္စယော အရေးကြီးပါသော်ကောတဲ့၊ ဒီ-ဆရာကောင်းသမားကောင်းနဲ့တွေ့ဖို့ ဒွိဟိတ်ကနေပြီး တိဟိတ်ဖြစ်ဖို့ ဥပနိဿယက တင်မပေးလို့ရှိရင် မဂ္ဂပစ္စယောက ဝင်လို့ကို မရဘူး (မှန်ပါ့ ဘုရား) ရပါ့မလား (မရပါ ဘုရား)။
မရတော့ကို အားလုံး ဒကာ ဒကာမတွေက ဒါန သီလကိုလဲ မပယ်ပါနဲ့၊ ဥပနိဿယောကိုလဲ မပယ်နဲ့၊ မဂ္ဂကို လဲမလျှော့နဲ့ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဥပနိဿယလဲ (မလျှော့ရပါ ဘုရား) မလျှော့ရဘူး၊ မဂ္ဂလဲ (မပယ်ရပါ ဘုရား) မဂ္ဂလဲ မပယ်ရဘူး၊ လုပ်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒီလိုမ-မလုပ်လို့ရှိရင်ဖြင့် ဒါတချို့ တရားမဟောတတ်ပြီဆိုမှဖြင့် ဦးသံဒိုင် တဖက်စောင်းသွားတယ် (သွားပါတယ်) မသွားဘူးလား (သွားပါတယ်)။
ဒါက ပဋ္ဌာန်းနားမလည်လို့ ဖြစ်ရတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဘာနားမလည်လို့လဲ (ပဋ္ဌာန်းနားမလည်လို့ ဖြစ်ရတာပါ ဘုရား)။
ပဋ္ဌာန်းနားမလည်လို့တဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ”သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဈာနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ” တောင်ဟောထားတယ် (မှန်ပါ့)။
သို့သော်လဲ သူက မဂ္ဂံ ဥပ္ပါဒေတိဆိုတော့ မဂ်ဖြစ်စေတယ်ဆိုတော့ ကိုယ်ကဖြစ်စေမှဖြစ်တာ၊ သူကဖြစ်စေတာ မဟုတ်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကိုယ့်အားထုတ်မှုက မဂ်ကို ဖြစ်စေတာ
ကိုယ်က အားထုတ်ယူရဦးမယ်၊ ဟိုက ဒါနက မဂ်ကိုဖြစ်စေတာမဟုတ်ဘူး၊ ကိုယ့်အားထုတ်မှုက မဂ်ကို ဖြစ်စေတာ (မှန်ပါ့)။
ကိုင်း အဲဒီတော့ ဘယ့်နှယ်ကြောင့်မဂ်ကို အားထုတ်နိုင်ပါလိမ့်မတုံး၊ အိုး ကျုပ်က လူ့ဘဝရလာလို့၊ နတ်ဘဝ ရလာလို့ ဘာမှမရသေးတဲ့ပုဂ္ဂိုလ် ဥပနိဿယ အရေးမကြီးဘူးလား (ကြီးပါတယ် ဘုရား) ကြီးတယ်။
ရပြီးသားပုဂ္ဂိုလ်မှာ ဘာအရေးကြီးနေသတုံး (မဂ္ဂအရေးကြီးပါတယ်) မဂ္ဂပစ္စယော အရေးကြီးတယ်ဆိုတော့ ဪ ဒါတွေ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် အသုံးမကျလို့ ဒီဟာတွေကို အကျိုးအကြောင်း ဒီလိုဆက်ပြီး မယူလိုလို့ရှိရင် ဘာမှ ဥပနိဿယလဲ ဟောဖို့မလိုဘူး၊ မဂ္ဂကော (ဟောဖို့မလိုပါ ဘုရား)။
မဂ္ဂလဲ ဟောဖို့မလိုတော့ဘူး (မှန်ပါ့) အခု ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မဂ္ဂင်မပါဘဲနဲ့လဲ နိဗ္ဗာန်ကို မရောက်နိုင်ဘူး (မှန်ပါ့) မဂ္ဂင်ဖြစ်အောင်ကျေးဇူးပြုတဲ့တရားနဲ့ မဆက်သွယ်မိလို့ရှိရင်လဲ မဂ္ဂင်နား မသိနိုင်ဘူး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဘာအရေးကြီးသတုန်းဆိုရင် ဘယ့်နှယ်ပြောကြမလဲ (ဥပနိဿယနဲ့ မဂ္ဂအရေးကြီးတယ် ဘုရား) ဥပနိဿယလဲ အရေးကြီးတယ် (မှန်ပါ့) ဥပနိဿယနဲ့အိပ်နေရင်လဲ (မဖြစ်ပါ ဘုရား) မဖြစ်ဘူး၊ ဥပနိဿယက ဘာကူရမလဲ (မဂ္ဂကို ကူရပါမယ်) မဂ္ဂပစ္စယောကို ကူရမယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။
အဲဒီတော့ ဥပနိဿယက သညာပယ်သလား တခါဒီမှာ စစ်တမ်းထုတ် (မှန်ပါ့ ဘုရား)။
မဂ္ဂပစ္စယောက သညာ ခုနင်က ပဋိစ္စသမုပ္ပါဒ်သုံးမျိုးပယ်သလားလို့ တခါစဉ်းစားကြည့် (မဂ္ဂပစ္စယောက ပယ်ပါတယ် ဘုရား) ဒါဖြင့် သူမပါလဲမပြီးဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါအင်မတန် သဘောပါတယ်ဆိုတာကို မှတ်ကြရမယ် (မှန်ပါ့ ဘုရား) နို့မဟုတ်ရင် တဇွတ်ထိုးတကြောင်း တိုက်တခါတည်း တချို့ဆရာသမားကလဲ တဇွတ်ထိုး တကြောင်းတိုက်ဟောထားတော့ ဦးသံဒိုင် သွားရော(မှန်ပါ့ ဘုရား) ဒါကြောင့် ဆရာမှား ကြောက်ရတယ်ဆိုတာ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဆရာမှား (ကြောက်ရပါတယ် ဘုရား) ကြောက်ရမယ်ဆိုတဲ့ ဥစ္စာသည် ကိုယ်ကတော့မသိလို့ ဆရာနည်းခံပါတယ် အမှားနဲ့တွေ့မယ်ဆိုရင် ဦးသံဒိုင် ဂျွန်းထိုးမှောက်ခုံသွားပြီ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား) အင်မတန် ကြောက်စရာကောင်းပါတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မနေ့က အနာထပိဏ် သူဋ္ဌေးကြီးဆက်ကြစို့။ ခင်ဗျားတို့ ဝိပ္ပလ္လာသတွေ ဘယ်ကလာတယ် ဆိုတဲ့ဥစ္စာ အနာထပိဏ် သူဋ္ဌေးကြီးဘုရားလျှောက်ပုံတွေကို ပြောကြပါစို့။ အနာထပိဏ် သူဋ္ဌေးကြီး တနေ့သုံးခေါက် ကျောင်းရောက်တယ်။
တနေ့သ၌ကျတော့ နေ့လည် ထွက်လာတဲ့အချိန် စောနေတာနဲ့တိတ္ထိတို့ ဆီဝင်လိုက်ပါတယ်၊ တိတ္ထိကျောင်းတိုက် ကလဲ ဘုရားကျောင်းနားမှာ ရှိတာနဲ့ ဝင်လိုက်တော့ အနာထပိဏ်သူဋ္ဌေးကြီးလာတယ်ဆိုပြီးသကာလ ဝိုင်းပြီးတော့ မေးကြတယ်။
ဂေါတမဘုရား ဘယ်အယူ-ယူသတုံး
ခင်ဗျားကတော့ ဒကာအရင်းဖြစ်တယ်၊ ဂေါတမဘုရား ဘယ်အယူ-ယူသတုံး ရှေးဦးစွာ မေးလိုက်တယ်။
ဂေါတမဘုရားအယူတော့ တပည့်တော်မသိဘူးဘုရား သူကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ ဘယ်ဟာကို ယူတယ်လို့ သူအယူကိုတော့ တပည့်တော်က သဗ္ဗညုတဉာဏ်နေရာမှာ သောတာပန် ဉာဏ်လောက်နဲ့ မွှေနှောက်လို့ သိပါ့မလား (မသိပါ ဘုရား) မသိနိုင်လို့ ဘုရားအယူတော့ တပည့်တော် မသိဘူးဘုရား တဲ့၊ သဘောကျပလား (ကျပါပြီ ဘုရား)။
သဗ္ဗညုတဉာဏ်နေရာကို သောတာပန်ဉာဏ်ကလေးနဲ့ ဘုရားဘာယူပါတယ်လို့ပြောလို့ ဘယ်ကလာရမလဲ (မရပါ ဘုရား) ရနိုင်ပါ့မလား (မရနိုင်ပါ ဘုရား)။
မရနိုင်တော့ (ဘုရားဘယ်အယူ-ယူဘယ်တော့ တပည့်တော် မပြောနိုင်ပါဘူး)။
ကိုင်း ရှိပါစေဗျာ ဘုရားဆီမှာနေတဲ့ သူရဟန်းခံထားတဲ့ သူ့တပည့်သားမြေးတွေအယူ ခင်ဗျား ပြောရမယ်တဲ့။
ဟာ ဒါလဲ မပြောနိုင်ပါဘုရား၊ သူတို့ကံ သူတို့ဉာဏ်တွေက အမျိုးမျိုးရှိတယ်။
ဒါဖြင့် ရှိပစေဗျား ခင်ဗျားအယူပြောတဲ့ ကပ်တော့တာပဲ (မှန်ပါ့) ခင်ဗျားအယူ ပြောပါလို့ဆိုတော့ တပည့်တော် အယူပြောဖို့တော့ ဝန်မလေးပါဘူး၊ တပည့်တော်အယူပြောဖို့တော့ ဝန်မလေးပါဘူး၊ တပည့်တော်အယူပြောဖို့တော့ ဝန်လေးစရာအကြောင်းမရှိပါဘူး။
တိတ္ထိတို့၏အယူ
သို့သော် အရှင်တို့က ပြောပြီးလို့ရှိရင်တော့ဖြင့် ပြောပါမယ်ဆိုတော့ ရုပ်နာမ်ကို ကျုပ်တို့က မြဲတယ်လို့ယူတယ်၊ တယောက် သောတိတ္တိက (မှန်ပါ့) ပြီးတော့ ကျုပ်ယူတာပြီးတော့ ရုပ်နာမ်မြဲတယ်လို့ယူရင် ကျုပ်အယူသာ မှန်တယ်လို့ ကျုပ်စိတ်ထဲမှာ ဆုံးဖြတ်ချက် ချထားတယ်တဲ့၊ ဒါ တိတ္ထိတယောက် (မှန်ပါ့)။
တယောက်သော တိတ္ထိကတော့ ကျုပ်အယူ ရုပ်နာမ်သည် မမြဲဘူးလို့ ကျုပ်ကယူလိုက်တယ် (မှန်ပါ့) သူကလဲ ယူသာ ယူတာကိုး၊ မမြဲတာသာမှန်နေတာ ဥစ္ဆေဒဘက် သွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အချို့ တိတ္တိကရုပ်နာမ် မြဲချီတလှည့် မမြဲချီတလှည့်ယူတယ်။
တချို့ တိတ္တိကတော့ အသက်နဲ့ကိုယ် အတူတူဘဲလို့ ယူကြတယ် (မှန်ပါ့) အသက်နဲ့ကိုယ်အတူတူဘဲလို့ ဆိုတဲ့ ဥစ္စာကလေးဟာ တော်တော် အရေးကြီးပါတယ် (မှန်ပါ့)။
တချို့ ဒကာ ဒကာမတွေမှာ စိတ်ဆိုတဲ့အခါကျတော့ အသက်နဲ့ကိုယ်ကွဲချင်သလားလို့ မေးတာ ရှိသေးတယ် (မှန်ပါ့) ရှိတယ် ဒီအတိုင်း (ရှိပါတယ် ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အသက်နဲ့ခန္ဓာနဲ့ အိုးစားကွဲချင်သလားကွ တဲ့ ဒေါသအလိုက်ပြောတယ် (မှန်ပါ့) မပြောဘူးလား (ပြောပါ တယ် ဘုရား)။
ဧကစ္စသဿတဒိဋ္ဌိ
သူ ဘာထင်သတုန်းလို့ဆိုလို့ရှိရင်ဖြင့်တဲ့ ဧကစ္စသဿတဒိဋ္ဌိ သူကတပိုင်း ဒိဋ္ဌိယူထားတယ် (မှန်ပါ့ ဘုရား) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒီလိုအယူတွေလဲရှိပြီးတော့ ဗုဒ္ဓဘာသာထဲမှာကို ဒီအပြော ဒီအထင်တွေက မရှိဘူးလား (ရှိပါတယ် ဘုရား)။
ရှိလိုရှိရင် ဒါကြောင့် ဒီဟာလဲ အမှားဘဲလို့ မှတ်ပါ (မှန်ပါ့)။
တံဇီဝံ၊ တံသရီရံ-ဒါအသက်နဲ့ ကိုယ်အတူတူဘဲလို့ ယူလိုက်ပြန်တော့လဲ အသက်သေရင် ကိုယ်သေတယ်ဆိုတော့ ဥစ္ဆေဒဒိဋ္ဌိဘက် သွားပြန်တာဘဲ (မှန်ပါ့) ဒါလဲ လွဲတာဘဲနော် (မှန်ပါ့)။
သတ္တဝါသေသည်၏ အခြားမဲ့၌ ကျုပ်တို့က ဖြစ်တယ်လို့ ယူလိုက်တယ်၊ တိတ္တိတယောက်က (မှန်ပါ့) အင်း (သတ္တဝါမှ မရှိတာ သူက သေရင် ဖြစ်သေးတယ်ဆိုတော့ သူကလဲ တိတ္တိဘဲ (မှန်ပါ့)။ သဿတ ဒိဋ္ဌိပဲနော် (မှန်ပါ့)။
သတ္တဝါသေရင် မဖြစ်တော့ဘူးလို့ သူ ယူလိုက်တယ်၊ သူကလဲ ဥစ္ဆေဒဒိဋ္ဌိပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
သတ္တဝါသေရင် အချို့ဖြစ်တယ်၊ အချို့ မဖြစ်ဘူးလို့ ကျုပ်တို့က ယူတယ်၊ ဒီလို ယူတဲ့ တိတ္တိကလဲ ရှိသေးတယ် (မှန်ပါ့) အဲ့ဒါက တပိုင်း ကြောင်တိတ္တိလို့ခေါ်တယ် (မှန်ပါ့)။
အမရာဝိက္ခေပဒိဋ္ဌိ
သတ္တဝါသေရင် မဖြစ်တယ်မဟုတ်၊ ဖြစ်တယ်လို့ ဖြစ်သယောင်ယောင်ရှိတယ်လို့ ယူတယ်ဆိုတာကတော့ အမရာဝိက္ခေပဒိဋ္ဌိ လို့ခေါ်တယ် (မှန်ပါ့)။
အမရာဝိက္ခေပ ဒိဋ္ဌိတော့ ယနေ့ည ရှင်းပေးပါမယ်၊ ဘယ်လို ရှင်းရမလဲလို့ မေးတော့ အမရာဝိက္ခေပ ဒိဋ္ဌိ ဆိုတာက ဥပမာမယ်-ဦးသံဒိုင်က ရှိတယ်၊ ကိုယ်က မပိုင်ဘူး၊ ကိုယ်က ဒီတိတ္တိဉာဏ်စခန်းတွေ မပိုင်ဘူးဆိုကြပါစို့ (မှန်ပါ့) မပိုင်တော့ ကိန်းသေပြောရင် မှားမှာစိုးလို့ပဲ (မှန်ပါ့) ကိန်းသေပြောလိုက်ရင် (မှားမှာစိုးလို့ပါ ဘုရား)။
မပြောဘဲ နေတော့လဲ မကောင်းဘူး (မှန်ပါ့) ကိန်းသေပြောလိုက်ပြန်တော့လဲ သူက ဉာဏ်က မပိုင်ဘူး၊ မပြောဘဲနေပြန်တော့လဲ မကောင်းဘူး (မှန်ပါ့)။
အဲဒါကြောင့် ဒီအမရာဝိက္ခေပဒိဋ္ဌိဆိုတာကတော့ သတ္တဝါသေရင် မဖြစ်သည်မဟုတ်၊ မဖြစ်သည် မဟုတ်ဘူး လို့လဲ သူမယူဘူး၊ ဖြစ်တယ်လို့လဲ သူမယူဘူး၊ ဘယ်ဟာရယ်လို့ သူ့ကိုဖမ်းရတာ မခက်ဘူးလား (ခက်ပါတယ်)။
မဖြစ်သည်မဟုတ်လို့လဲ (မယူပါ ဘုရား) ဖြစ်တယ်လို့လဲ သူ မယူဘူးတဲ့ (မှန်ပါ့) အဲဒီလို ဒိဋ္ဌိကလဲ ရှိသေးတယ်၊ အဲဒါ အမရာဝိက္ခေပဒိဋ္ဌိလို့ ခေါ်တယ် (မှန်ပါ့) အဖမ်းခက်တဲ့ ငါးလိုဘဲလို့ စာများက ဥပမာပြကြတယ် (မှန်ပါ)။
ဒိဋ္ဌိဆယ်မျိုး တိတ္တိဆယ်ယောက်
အဲဒီ ဒိဋ္ဌိဆယ်မျိုးကို တိတ္တိဆယ်ယောက်က လာပြီး အနာထပိဏ်သူဋ္ဌေးကြီး ပြောကြတယ်။
ဪ ဒါ အရှင်တို့က ဒီအယူ-ယူသကိုး၊ ဒီအယူ-ယူတာသည် အကဲခတ်ဖို့ ကောင်းပါတယ်တဲ့၊ ဒီတိတ္တိဆိုတဲ့ ဥစ္စာ ဉာဏ်ထဲက ယူထားတဲ့ အယူကလေးဟာ ဒိဋ္ဌိပဲ၊ ကိုယ့်စိတ်ထဲက ယူထားတဲ့ အယူကလေးဟာပေါ့လေ ဘာခေါ်ကြ မယ် (ဒိဋ္ဌိ အယူပါ ဘုရား)။
အဲဒီ ဒိဋ္ဌိဟာတဲ့ မတွေးလို့ပါတဲ့၊ သူဟာ သူ့ကိုက အနိစ္စဖြစ်နေတယ်၊ သဘောကျပလား(ကျပါပြီ)။
ဒိဋ္ဌိက နာမ်ဓမ္မကိုး (မှန်ပါ့) နာမ်ဓမ္မဆိုတော့ သူ့ကိုကဘာတုံး (အနိစ္စပါ ဘုရား)။
အနိစ္စတရားတဲ့၊ သင်္ခတတရားတဲ့၊ သူလဲ ပြုပြင်လို့ ပေါ်လာတဲ့ တရားတဲ့ (မှန်ပါ့)။
အဲဒီ အနိစ္စတရား သင်္ခတတရား မမြဲတဲ့ တရားကို ကိုယ်ယူထားတဲ့ တရားကို ကိုယ်မသိလို့ ၊ ကိုယ်ယူထားတဲ့ တရားဟာ ဘယ်လိုတရားတုန်း-အနိစ္စတရား-သင်္ခတတရား ဟုတ်လား(မှန်ပါ့) အင်း ပျက်စီးတဲ့ တရားလို့ မသိကြတာနဲ့ ဒီအယူတွေ ဖြစ်လာတယ် (မှန်ပါ့) အခြေကို ကိုင်တာ သူက (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကိုယ်ယူထားတဲ့ ဒိဋ္ဌိကလေးကိုက အနိစ္စတရား သင်္ခတတရား သဘောကျပလား (ကျပါပြီ) ဖောက်ပြန် ပျက်စီးတတ်တဲ့တရား-(မှန်ပါ့)။
အဲဒါ မသိတာနဲ့ အရှင်တို့ အယူဟာတဲ့ နှလုံးသွင်း မှားပြီးတော့ တရားနာကလဲ လွဲနေတော့ နှလုံးသွင်းမှားမှု-တရားနာမှားမှုကြောင့် နှလုံးသွင်းလွဲပြီး တရားနာမှားမှုကြောင့် ကိုယ်ယူထားတဲ့ အနိစ္စကိုယ့်သန္တာန်ပေါ်လာတဲ့ အမှား ကလေးသည်ပင်လျှင် အနိစ္စတရား သင်္ခတတရား ဖောက်ပြန်တတ်တဲ့ တရားလို့ မသိဘူး (မှန်ပါ့)။
အရှင်တို့ အယူဟာ ဒိဋ္ဌိဖြစ်ပါတယ်တဲ့
အဲဒီ မသိတဲ့အတွက်တဲ့ တရားနာကလဲမှား၊ နှလုံးသွင်းကလဲမှားနေလို့ အရှင်တို့ အယူဟာ ဒိဋ္ဌိဖြစ်ပါတယ်တဲ့ (မှန်ပါ့)။
တယ်ဖြေပုံကောင်းတယ် (ကောင်းပါတယ် ဘုရား) အင်မတန်ဖြေပုံကောင်းတယ်ဆိုတာ မှတ်ထားလိုက် စမ်းပါ (မှန်ပါ့ ဘုရား)။
ကိုယ်ယူထားတဲ့ နာမ်ဓမ္မကလေးကို ကိုယ်မသိဘူး၊ ဘယ်သူက ပြောနေတယ်လို့ သူ မသိဘူး (မှန်ပါ့)။
ဒါကလေးဟာ အခု အကြောင်းတိုက်ဆိုင်မှ အခု ပေါ်တဲ့ သင်္ခတတရားကလေး (မှန်ပါ့)။
သင်္ခတ တရားဆိုရင် အနိစ္စတရား၊ အနိစ္စတရားဆိုရင် ဖောက်ပြန်ပျက်စီးတတ်တဲ့တရား၊ ဒါကို ကိုယ့်ဟာ ကလေးကိုပဲ ကိုယ်ဘယ်လိုဖြစ်နေတယ်လို့ နှလုံးသွင်း မှားပြီးသကာလ သူတပါး ပြောတာ ကြားသံကလဲ ဒီလိုကြားထား ပြန်တော့ အရှင်တို့မှာ ဒိဋ္ဌိဖြစ်နေတယ်ဆိုတာ ဒါပါပဲ (မှန်ပါ့) သိပ်ဖြေပုံကောင်းတယ်နော် (ဖြေပုံကောင်းပါတယ်) ရှင်းကြပလား (ရှင်းပါပြီ)။
ဖြေပုံကောင်းပါတယ်တဲ့၊ အရှင်တို့မှာတဲ့ ကိုယ်ယူထားတဲ့ အယူဆိုတဲ့ နာမ်ဓမ္မကလေးကို အနိစ္စတရား-သင်္ခတ တရား ဖောက်ပြန်တတ်တဲ့ သင်္ခတတရားလို့ ကိုယ့်ဟာကလေး ကိုယ်မှ ကိုယ်မသိတော့ နှလုံးသွင်းက မှားနေတယ်တဲ့ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒီအထဲမှာ ဆရာမှားနဲ့ တခါတွေ့တော့ ဒိဋ္ဌိဖြစ်ရတော့တာပဲတဲ့ (မှန်ပါ့)။
ဒါဖြင့် အခု တရားနာတဲ့ ဒကာ ဒကာမတွေမှာ နှလုံးသွင်းမှားနဲ့ ဆရာမှားဟာ ကြောက်စရာအကောင်းဆုံးဘဲ (မှန်ပါ့)။
ဘာကြောက်စရာအကောင်းဆုံးလဲ (နှလုံးသွင်းမှားနဲ့ ဆရာမှားဟာ ကြောက်စရာအကောင်ဆုံးပါဘုရား။
နှလုံးသွင်းမှားနဲ့ ဆရာမှားဟာ ကြောက်စရာ အကောင်းဆုံး၊ အယောနိသောမနသိကာရနဲ့ ပရတောဃောသကို ဆိုလိုက်တယ် စာလို သုံးတော့ (မှန်ပါ့)။
အယောနိသော မနသိကာရဆိုတာ နှလုံးသွင်းမှားတာ (မှန်ပါ့) ပရိတော ဃောသဆိုတာ သူတပါးအသံနဲ့ ကိုယ့်နားထဲကြားပြီး သကာလကိုယ့်မှာ အမှားဖြစ်ရတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အဲဒီတော့ အရှင်တို့မှာ ဒီနှစ်ခု ခေါင်းဆောင်နေတယ်တဲ့၊ နားလည်ကြရဲ့ (နားလည်ပါတယ် ဘုရား)။
နှလုံးသွင်းမှားမှုနဲ့ တရားနာမှားမှု
ဒါဖြင့် ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ဒီနေရာ နှစ်ပါးတည်း သူဟောလိုက်တယ်၊ နှလုံးသွင်းမှားမှုနဲ့ တရားနာ မှားမှု (မှန်ပါ့)။ ဒါကို အဖတ်တင်အောင်ခင်ဗျားတို့ ယနေ့ညမှတ်ပါ (မှန်ပါ့)။
ဘာမှားမှုလဲ (နှလုံးသွင်းမှားမှုနဲ့ တရားနာမှားမှုပါ) ရှင်းပြီနော် (ရှင်းပါပြီ)
နှလုံးသွင်းမှားမှုနဲ့ (တရားနာမှားမှုပါ)။
နှလုံးသွင်းမှားမှုဆိုတဲ့ ဥစ္စာကတော့ဖြင့် သူတလုံးကို မှားလိုကလို့ရှိရင် ဝိပ္ပလ္လာသဆယ့်နှစ်ပါးလာတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
နှလုံးသွင်းမှားလိုက်လို့ရှိရင် (ဝိပ္ပလ္လာသ ဆယ့်နှစ်ပါး လာပါတယ် ဘုရား) ဆယ့်နှစ်ပါးလုံးလာတယ်၊ မလာနိုင်တာ ရယ်လို့မရှိဘူး၊ နှလုံးသွင်းသာမှားလို့ရှိရင် (မှန်ပါ့) သဘောပါကြပလား (ပါပါတယ် ဘုရား).
အဲဒီတော့ ဒီ ဒကာ ဒကာမတွေဘက်လှည့်၊ နှလုံးသွင်းမှားလို့ ခင်ဗျားတို့ ဒဏ်သင့်နေတာ၊ ခင်ဗျားတို့အတွက်ပဲ ပြန်စဉ်းစားပါ (မှန်ပါ့) ခင်ဗျားတို့ အခု များသောအားဖြင့် အိမ်ထောင်ကျတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်နော် (မှန်ပါ့)။
အိမ်ထောင်ဘာဖြစ်လို့ ကျတာတုံးလို့မေးလို့ရှိရင် အဲဒီကစပြီး မောင်သစ် အဖြေထွက်လာတယ် (မှန်ပါ့) အိမ်ထောင်ဘာဖြစ်လို့ ကျတာတုန်းလို့မေးလို့ရှိရင် နှလုံးသွင်းမှားကြတာ (မှန်ပါ့)။
ယောကျ်ား မိန်းမ-ရှိမှတော်မယ် (မှန်ပါ့) အင်း နှလုံးသွင်းမှားပုံက (မှန်ပါ့ ဘုရား)။
ယောကျ်ား မိန်းမ-ရှိမှတော်မယ်
ယောက်ျားကလဲ ယောက်ျား၏ အနိစ္စ ဒုက္ခ အနတ္တကို ယောက်ျားလဲမသိဘူး (မှန်ပါ့)။
သူကိုယ်တိုင် အိမ်ထောင်ပြုမည့် ယောက်ျားကိုက သူဟာ ယောက်ျားသာ မှတ်နေတာပဲ၊ သူ့ခန္ဓာ အနိစ္စ ဒုက္ခ အနတ္တကို သူ နှလုံးသွင်းသေးရဲ့လား (မသွင်းပါ ဘုရား)။
မသွင်းမိတော့ ကိုယ့်ကိုယ်ကို ယောက်ျား လုပ်ပစ်လိုက်တယ်၊ ယောက်ျားလုပ်တော့ကို မိန်းမရှိမှဘဲ စီးတဲရေ ဆည်တဲကစင်းတဲ့၊ ဘယ်ကများ ခင်ဗျားတို့ ဒီဥစ္စာ လုပ်ထားတယ် မပြောတတ်ဘူး (မှန်ပါ့)။
ဒါတွေ ဘယ်ကတတ်ထားတယ်လို့ မပြောတတ်တော့ကို မိန်းမ- ရှိမှတော်မယ်ဆိုပြီး သကာလ ရှာကြတယ်၊ ရှာကြတော့ အကြောင်းတိုက်ဆိုင်တာနဲ့တွေ့တော့ အိမ်ထောင်ကျကြတယ်နော် (မှန်ပါ့)။
မိန်းမကလဲ သူ့ဟာသူ တကိုယ်ရေ တကာယနဲ့နေမယ်ဆိုရင် သူဟာ သူများကျွန်ဖြစ်စရာ အကြောင်းမရှိဘူး (မှန်ပါ့ ဘုရား) သူကလဲ နှလုံးသွင်းမှားတာပဲ (မှန်ပါ့)။
သူကလဲ နှလုံးသွင်းမှားတယ်၊ ဟာ လူမလေး ခွေးမခန့်ဖြစ်တယ်၊ အထိန်းအကျောင်းမရှိဘူးဆိုပြီး ယောက်ျားရှိမှ ယောက်ျားရှိမှ တင့်တယ်လို့ နိစ္စသညာ အားကိုးတယ်၊ အတ္တသညာလဲ ပါသွားတယ် (မှန်ပါ့)။
သုဘသညာ တင့်တယ် တယ်၊ ဒီလူဟာ ချောတယ် လှတယ် စိတ်ကောင်းတယ် အစရှိသည်နဲ့ သုဘသညာတွေ အကုန်လာတော့တာဘဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
လာတဲ့အခါကျတော့ မိန်းမတွေကလဲ တည်ထောင်ပစ်တယ်၊ ယောက်ျားတွေကလဲ ဒီ ဒကာမနဲ့ဘဲ တည်ထောင် ပစ်တယ်၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။
ရိုးမြေကျပေါင်းရမှာဆိုတော့
ဒါက ဘယ်ကလာတာတုံးလို့ မေးတော့ သညာသုံးပါးက လာတာ (မှန်ပါ့) ရိုးမြေကျပေါင်းရမှာဆိုတော့ နိစ္စသညာ (မှန်ပါ့)။
ရိုးမြေကျပေါင်းရမှာဆိုတော့ (နိစ္စသညာပါ ဘုရား)။
ခင်ဗျားတို့ ရှေ့သွားနောက်လိုက် ညီတယ်ဆိုတော့ သုဘသညာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
အင်း သူနဲ့နေရတာဖြင့် စိတ်ချမ်းသာတယ်ဆိုတော့ သုခသညာ (မှန်ပါ့) တခါတည်း သညာတွေ အကုန်လာတော့ တာပဲ (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ)။
ဒါဖြင့် အဲ့ဒီ အမှားကြီးကို အခုပြင်ကြပလား၊ မှားလက်စသတ်ပလားလို့ မေးရင်ဘယ့်နှယ်ဖြေပါ့မလဲ (မသတ် သေးပါ ဘုရား)။
မသတ်သေးဘူး (မှန်ပါ့) မသတ်သေးဘူး၊ ပဋိစ္စသမုပ္ပါဒ်သုံးမျိုးမှ လာပါ့မလား (လာပါတယ် ဘုရား)။
လာတယ်၊ သုံးမျိုးမကပါဘူးတဲ့ ခင်ဗျားတို့မှာ၊ ခုနင်က ပြောတာက တဏှာ ပဋိစ္စသမုပ္ပါဒ် မာန ပဋိစ္စသမုပ္ပါဒ် ဒိဋ္ဌိ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးတည်းလာတာ (မှန်ပါ့) တည်ထောင်မိတဲ့အခါကျတော့ ဒါတွင်မကပါဘူးတဲ့၊ ဒီပြင် ပဋိစ္စသမုပ္ပါဒ် တွေ လာရဦးမယ် (မှန်ပါ့ ဘုရား)။
တယောက်နဲ့တယောက် စိုးရိမ်တယ် ရှေ့စိတ်မချ နောက်စိတ်မချဆိုတော့ သောက ပရိဒေဝ လာ-မလာ (လာပါတယ် ဘုရား)။
လာတော့ ဒေါသ ပဋိစ္စသမုပ္ပါဒ်ကလဲ တခါတည်း သောက ပရိဒေဝက နေပြီး အဝိဇ္ဇာပြန်မလှည့်ဘူးလား (လှည့်ပါတယ် ဘုရား) လှည့်တော့ ပဋိစ္စသမုပ္ပါဒ် တခုတိုး မတိုး (တိုးပါတယ် ဘုရား)။
သုံးခုအပေါ်မှာ တခုဆင့်
ကောင်းပြီ နဂိုကသုံးခုအပေါ်မှာ တခုဆင့်လာတယ် (မှန်ပါ့)။
သုံးခုအပေါ်မှာ (တခုဆင့်လာပါတယ်) တခုဆင့်တော့ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာပြန်ပေါ်တယ် (မှန်ပါ့) မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။
အဲဒါ ဒီပဋိစ္စသမုပ္ပါဒ် ဘယ်သူများ တည်ထောင်လိုက်လို့ အခု တခု ပေါ်လာပါလိမ့် မတုန်းလု့ိမေးတဲ့အခါ ကျတော့ကို ခုနင်က ဝိပ္ပလ္လာသ သုံးချက်ကလာတယ်၊ သုဘသညာ၊ သုခသညာ၊ နိစ္စသညာ(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒီက လာတော့ကို အခုတော့ ဦးသံဒိုင်တို့မေးကြည့်၊ မောင်သစ်တို့ မေးကြည့်၊ မရှူနိုင် မကယ်နိုင်ဘူး (မှန်ပါ့ ဘုရား)။
ဘယ့်နှယ်ဖြစ်နေသတုံး (မရှူနိုင် မကယ်နိုင်ဖြစ်နေပါတယ် ဘုရား)။
မရှူနိုင် မကယ်နိုင်ဖြစ်နေတယ်၊ ဖြုတ်ရမှာလဲ မလွယ်ဘူးဘုရား၊ ဖြတ်ရမှာကော (မလွယ်ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် လေးမျိုးတန်းမှန်းတော့လဲ အခုတရားနာတော့ သိပြီ (မှန်ပါ့ ဘုရား)။
တရားနာတော့ လေးမျိုးတော့ တန်းနေပြီဟေ့၊ ဒီလေးမျိုးဟာ တနေ့ ဘယ်နှစ်ကြိမ်တန်းသတုန်း မေးပြန်တော့ ဦးသံဒိုင်ဖြေစမ်း (မရေတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ပြုထားတဲ့ ဒါနကလေးက ဪ နံနက်ကျရင် ဘုရားကလေး ရှိခိုးလိုက် ဆွမ်းတော်ကလေး တင်လိုက်၊ အဲ့ဒီ ပဋိစ္စသမုပ္ပါဒ်နဲ့ ခင်ဗျားတို့ တနေ့ တနေ့မှားနေတဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ရေတွက်လိုက်လို့ရှိရင် မနှိုင်းယှဉ် လောက်ဘူး (မှန်ပါ့) ဘယ့်နှယ်ဆိုကြမလဲ (မနှိုင်းယှဉ်လောက်ပါ ဘုရား)။
မနှိုင်းယှဉ်လောက်ပါဘူး၊ ဘာကြောင့်တုန်းလို့ မေးတဲ့အခါကျတော့ ကြည့်လိုက်လဲ မှားတာပဲ၊ မြင်လိုက်လဲ (မှားတာပါဘဲ) မှားတာဘဲ၊ ပြုံးလိုက်ရင် (မှားပါတယ်) မှားတာဘဲ၊ စိတ်ဆိုးလိုက်ရင် (မှားပါတယ် ဘုရား)။
တနေ့ အမှားပေါင်း ဘယ်နှစ်ထွေဖြစ်နေသတုန်း (မရေတွက်နိုင်ပါ ဘုရား)။
မရေတွက်နိုင်ဘူးဆိုတော့ ကျုပ်တို့ အားကိုးလောက်အောင် ဒါတော့-တခုတော့ ရှိပါတယ်ဗျာလို့ ဘယ်ဟာမှ ခင်ဗျားတို့ အားမကိုးနဲ့ မရသေးဘူး (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် ခြောက်မျိုး လာတယ်
ဒီဟာက တန်းတန်းနေတယ် (မှန်ပါ့) မျက်လုံးပေါက်က တန်းလိုက် (မှန်ပါ့) မနောပေါက်က သာယာလိုက် (တန်းပါတယ်) နားပေါက်က ကြားပြန် သာယာလိုက် (တန်းပါတယ်) ဒီလိုဘဲမရှိဘူးလား (ရှိပါတယ်) နှာခေါင်းပေါက်က ရှူလိုက်-ရှိူက်လိုက်၊ မဟုတ်ဘူးလား (မှန်ပါ့) စားပြန်သောက်ပြန်လို့ရှိရင်လဲ သူတို့ချက်ပုံကလေး ကောင်းတယ်ပြုတယ် အစရှိသည်နဲ့ ရသပေါက်ကလဲ ဇိဝှာဝိညာဏ်ဆိုပြီး သကာလဖဿဝေဒနာ တဏှာ ဥပါဒါန် ကံ၊ ဒွါရခြောက်ပါးကလဲ မလာပေဘူးလား (လာပါတယ်) ပဋိစ္စသမုပ္ပါဒ် ခြောက်မျိုး မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် ရှိရင်းက ခြောက်မျိုး၊ အပိုလုပ်ထားတာက လေးမျိုး၊ ခြောက်နဲ့လေးနဲ့ပေါင်း (တဆယ်ပါ ဘုရား)။
ဒီ တဆယ်ဟာ တနေ့မှာ တဆယ်ဘယ်နှစ်လီတုန်းလို့ မောင်သစ်တို့ ဦးသံဒိုင်တို့ကို မေးရင် ဘယ့်နှယ် ဖြေကြမလဲ (မရေတွက်နိုင်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါတွေက အပါယ်လေးပါးမှ ရောက်မှ ရောက်ပါ့မလားလို့ သံသယမရှိနဲ့တဲ့ မည်းနက်တဲ့ တရားလုပ်ရင် မည်းနက်တာ အကျိုးပေးရမယ် (မှန်ပါ့) ဖြူစင်တဲ့တရားလုပ်ရင် (ဖြူစင်တာအကျိုးပေးမှာပါ ဘုရား)။
အဲဒီတော့ ကိုယ်က တနေ့လုံးဟာ ဘာတွေလုပ်နေကြသတုန်းလို့ မေးလို့ရှိရင် ဖြေကြစမ်းပါဦး (မည်းနက်တဲ့ တရားချည် လုပ်နေပါတယ် ဘုရား)။
မည်းနက်တဲ့ တရားချည့် အများဆုံးလုပ်နေပါတယ်ဆိုတာဖြင့် ငြင်းနေဖို့မလိုပါဘူး (မလိုပါ ဘုရား)။
အဲဒီတော့ အကျိုးပေးတော့ကို ခင်ဗျားတို့က စေတနာကလေးတလုံးတော့ ယူထားတယ်၊ အင်း ကောင်းတဲ့ စေတနာ မကောင်းတဲ့ စေတနာ နှစ်မျိုးရှိတာဘဲ (မှန်ပါ့) ဒါက လူပြိန်းပြောနေတာ (မှန်ပါ့)။
ကောင်းတဲ့ စေတနာမကောင်းတဲ့ စေတနာ (နှစ်မျိုးရှိပါတယ်) ဘယ်မှာကလိမ်မတုန်းတဲ့၊ မာနဖြစ်လာတော့လဲ မာနပဋိစ္စသမုပ္ပါဒ်၊ တဏှာဖြစ်လာပြန်တော့ (တဏှာပဋိစ္စသမုပ္ပါဒ်) ဒိဋ္ဌိဖြစ်လာပြန်တော့ (ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်)။
ဒွါရခြောက်ပါးက ပဋိစ္စသမုပ္ပါဒ်က ဘယ်နှစ်မျိုးတုန်း (ခြောက်မျိုးပါ) အဲ ခြောက်နဲ့ လေးနဲ့ပေါင်း (ဆယ်မျိုး ပါ) ဆယ်မျိုး၊ တနေ့ဘယ်နှစ်ဆယ်တုန်းမေးတော့ (မရေတွက်နိုင်ပါ ဘုရား)။
ဘာနဲ့ဆပ်ကြမတုန်း
မရေတွက်နိုင်ဘူးဆိုတော့ အဲ့ဒီ မရေတွက်နိုင်တဲ့ ကံပေါင်းအနန္တဟာ ခင်ဗျားတို့ ဘာနဲ့ဆပ်ကြမတုန်းတဲ့၊ ဒီဥစ္စာ (ကံတွေအကျိုးပေးမှာကို၊ သူက ဒီကံတွေက ခန္ဓာလုပ်မှာဘဲ၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒီကံတွေက (ခန္ဓာလုပ်မှာပါ ဘုရား) ခန္ဓာလုပ်လို့ရှိရင် ခန္ဓာနဲ့ အဆပ်ခိုင်းတာ (မှန်ပါ့) ရှင်းကြလား (ရှင်းပါပြီ)။
ခန္ဓာလုပ်လို့ရှိရင် (ခန္ဓာနဲ့အဆပ်ခိုင်းတာပါ ဘုရား)။
ဒါကငြင်းဖို့ကို မလိုတော့ဘူး၊ ကံ ဇာတိ၊ ကံ ဇာတိ (မှန်ပါ့) ဘယ့်နှယ်တုန်း (ကံ ဇာတိပါ ဘုရား) ဒီအတိုင်း သွားရမယ်ဆိုတာ မောင်သစ် ငြင်းချင်သေးသလား (မလိုပါ ဘုရား)။
ဒါကြောင့် ဘုန်းကြီးတခါတခါ ပြောတော့ ဒကာ ဒကာမတွေ ခင်ဗျားတို့ လူပြည့်အလည်လာကြတာ နောက်ပင်ရင်း ပြန်ကြမှာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
လူ့ပြည် (အလည်လာကြတာပါ) နောက် ဘယ်ပြန်ကြမလဲ (ပင်ရင်းပြန်ကြပါမယ်)။
ပင်ရင်းဆိုတာ “စတ္တာရော အပါယာ ဘကဂေဟ သဒိသာ”ကိုး စတ္တာရော=လေးပါးကုန်သော၊ အပါယာ= အပါယ်လေးဘုံတို့သည်၊ သကဂေဟသဒိသာ=အမြဲနေထိုင်ရာ မိမိအမ်ဂေဟာကြီးနဲ့ တူပါကလား၊ အဲဒါအမြဲနေတာ (မှန်ပါ့)။
ဒီလူ့ပြည်မှာ ခေတ္တအလည်လာတာ၊ နတ်ပြည်မှာ (ခေတ္တအလည်လာတာပါ)။
ဟုတ်ထိုက်-မဟုတ်ထိုက် ပဋိစ္စသမုပ္ပါဒ်နဲ့ တွေးလိုက်ရင် (ဟုတ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဟုတ်ထိုက်-မဟုတ်ထိုက်ကို ခင်ဗျာတို့ အခုပြောတာနဲ့ တွေး၊ ဒွါရခြောက်ပေါက်နဲ့တွေးလိုက်ရင် မောင်သစ် ခုနင်က တဏှာမာနဒိဋ္ဌိအဝိဇ္ဇာနဲ့ တွေးလိုက် (မှန်ပါ့) တွေးလိုက်တော့ အကြိမ်ပေါင်း တနေ့ရေတွက်နိုင်ရဲ့လား (မရေ တွက်နိုင်ပါ ဘုရား)။
ဒါဖြင့် အဲ့ဒီ အကြိမ်တွေက အပါယ်လေးပါးဘဲ အကျိုးပေးမယ်၊ ကံမြောက်မြောက်သွားတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ)။
ကံမြောက်မြောက်သွားတယ်၊ ဒါတွေက ဒီကံတွေက လေလိုလွင့်မသွားပါဘူးလို့လဲ အရင်က ဟောပြီးပါပြီ (မှန်ပါ့)။
လေထဲမှာရှိတဲ့ ဖုံတွေလို လွင့်သွားတာ မဟုတ်ဘူး (မှန်ပါ့) တဏှာမချုပ်သေးတဲ့ ပုဂ္ဂိုလ် တဏှာက စုထားပါ တယ်လို့ ပြောတာ (မှန်ပါ့ ဘုရား)။
ကမ္မသမင်္ဂီဆိုတာ ရှိပါတယ်၊ ကံတွေစုထားတဲ့ တရားရှိတယ်သဘောပါပလား (ပါပါပြီ)။
ဒါဖြင့် ဓမ္မပဒမှာလာတဲ့ ခုနင်က စတ္တာရောအပါယာသကဂေဟသဒိသာဆိုတဲ့ အပါယ်လေးပုံဟာ မင်းတို့ အမြဲနေရာဘဲ ဆိုတာကော သဘောကျပလား (ကျပါပြီ)။
ပဋိစ္စသမုပ္ပါဒ်နဲ့ အကဲခတ်
ဘာနဲ့ အကဲခတ်ရမတုန်း (ပဋိစ္စသမုပ္ပါဒ်နဲ့ အကဲခတ်ရပါမယ်) အဲ ပဋိစ္စသမုပ္ပါဒ်နဲ့ အကဲခတ် (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။
အဲဒါ ဘာမှ မသိတဲ့ ပုဂ္ဂိုလ်ကတော့ ကျုပ်တို့ ဘာအပြစ်ရှိသတုန်း ပြောနေမှာပဲ (မှန်ပါ့)။
သူဘာကို လက်ကိုင်ထား ပြောပါလိမ့်မတုန်းဆိုတော့ ခုနင်က ဝိပ္ပလ္လာသကို ဘာမှမပယ်နိုင်တဲ့ သီလကလေး လောက်ကို အဓိကထားပြောတာ (မှန်ပါ့) ဒါနကလေးလောက်ကို အဓိကထားပြောပါတယ်ဘုရား။
အဓိကထား ပြောတော့ သူ့ခန္ဓာထဲက ပဋိစ္စသမုပ္ပါဒ်က ဆယ်ဦး ဆယ်ကြိမ်ကလဲ တနေ့အကြိမ်ပေါင်းများစွာ ဒါကိုသူလုံးဝ နားမလည်လို့ ပြောနေတာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ခုတော့ နားလည်ကြပလား (လည်ပါပြီ ဘုရား)။
အဲဒီတော့ကို ခင်ဗျားတို့မှာ ကြွေးများစွာရှိပြီးသား ပုဂ္ဂိုလ်တွေပဲလို့ဆိုလို့ရှိရင် အပါယ်ကျဖို့ ကြွေးတွေများစွာ ရှိပြီးသား ပုဂ္ဂိုလ်တွေဘဲလို့ စွဲချက်တင်လိုက်လို့ရှိရင် ဟုတ်ပါပေတယ်။ မှန်ပါပေတယ်ပဲ တာဝန်ခံရမယ် (မှန်ပါ့ ဘုရား)။
အဲဒါ ခင်ဗျားတို့ ဝိပဿနာအလုပ်ကို ပျင်းနေကြမယ်-ဖျင်းနေကြမယ်ဆိုလို့ရှိရင် သူဟာ ဝိပဿနာဟာ ဒါတွေ အဟောသိကံဖြစ်အောင် သူလုပ်နိုင်တယ် (မှန်ပါ့) ဒီ့ပြင်တရားကတော့ မလုပ်နိုင်ဘူး (မှန်ပါ့)။
ဒါနကလဲ ကဲ သုဂတိသွားလိုက်ကွာ၊ ပြန်မှ ကြွေးဆပ်၊ သီလကလဲသွားလိုက်ကွာ ပြန်မှကြွေးဆပ် (မှန်ပါ့) သူကတော့ ကြွေးပြန်ဆပ်ရမှာချည်းပဲ (မှန်ပါ့) အဟောသိကံ ဖြစ်အောင်မလုပ်နိုင်ဘူး (မလုပ်နိုင်ပါ ဘုရား) မဂ်ကတော့ (လုပ်နိုင်ပါတယ် ဘုရား)။
မဂ်က အဟောသိကံဖြစ်အောင် လုပ်နိုင်တယ် (မှန်ပါ) အဲဒီတော့ကို ခင်ဗျားတို့ကို ဝိပဿနာ အားထုတ် စေချင်လို့ ဘုန်းကြီးက ဟောနေတယ်လို့ ဒီလိုမယူပါနဲ့ (မှန်ပါ့) ကြွေးကို ခန္ဓာနဲ့ ဆပ်ရမည့်ဥစ္စာကို ခင်ဗျားတို့ ပြန်ရက်မရှိလို့ ဉာဏ်နဲ့ဆပ်ကြ ပြောလိုက်တယ် (မှန်ပါ့)။
ဉာဏ်နဲ့ ဆပ်ရမယ်
ဘာနဲ့ဆပ်ကြရမလဲ (ဉာဏ်နဲ့ ဆပ်ရပါမယ်) ဝိပဿနာဉာဏ် မဂ်ဉာဏ်နဲ့ဆပ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဘာနဲ့ဆပ်ရမယ် (ဝိပဿနာဉာဏ် မဂ်ဉာဏ်နဲ့ ဆပ်ကြရပါမယ်)။
ဘာဖြစ်လို့ ဘုန်းကြီးက ဒါလောက် အရေးတကြီး ပြောပါလိမ့်မတုံး (ကြွေးများလို့ပါ ဘုရား)။
ကြွေးက ဒီဘဝကြွေးကလဲ မနည်းတင်ထားတယ် (မှန်ပါ့) အပါယ်ကိုကျဖို့ကြွေး (မှန်ပါ့) နောက်ဘဝ အကျိုး မပေးရသေးတာတွေကလဲ စုထားခဲ့တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နောက်ကလဲ ဘဝပေါင်း ဘယ်လောက်ဆိုတာ မရေတွက်နိုင်ဘူး၊ အဲဒါတွေကလဲ အခွင့်အရေးကြည့်နေတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) အခုကြွေးတွေကကော နောက်ထပ် တင်သေးသလား (တင်ပါတယ် ဘုရား)။
ဒါဖြင့် ကြွေးနဲ့ ခင်ဗျားတို့ဆပ်မည့် ပုဂ္ဂိုလ်နဲ့ အရည်အချင်းကြည့်ပါ (ကြွေးကများပါတယ် ဘုရား) ကြွေးကများ တယ် (မှန်ပါ့)။
ဆပ်မည့် ဥစ္စာက တယောက်တည်းက ဆပ်ရမှာ (မှန်ပါ့) ကြွေးက သိန်းပေါင်းများစွာ (မှန်ပါ့) အလုပ်က ဗျက်ထိုးခေါင်းရွက် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) အလုပ်ကဘာတုန်း (ဗျတ်ထိုးခေါင်းရွက်ပါ ဘုရား) ကြွေးကသိန်းပေါင်းများစွာ (မှန်ပါ့) ကြေပါမလား (မကြေနိုင်ပါ ဘုရား)။
မကြေနိုင်တော့ဘူးဆိုတော့ ကြေတဲ့နည်းပေးဖို့ ဘုရားပွင့်လာတာ (မှန်ပါ့) ကြေတဲ့နည်းနဲ့ပေးဖို့ ပွင့်လာတာ (မှန်ပါ့) ဘုရားပွင့်လာတာ (ကြေတဲ့နည်းပေးဖို့ ပွင့်လာတာပါ ဘုရား)။
ကြေတဲ့နည်း ပေးဖို့ပွင့်လာတာ ခင်ဗျားတို့က ကိုင်း မဆပ်တော့ပါဘူးဆိုလို့ရှိရင် ဘုရားက ဪ သူ့ဝါသနာ ကလဲ ဒီလိုရှိတာကိုးဆိုပြီး ပရိနိဗ္ဗာန်စံရမှာဘဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ဒါဖြင့် ကြေတဲ့ နည်းတော့ ယနေ့ တွေ့ပါပြီ၊ နောက်ကပါလာတဲ့ကြွေးလဲ ကြေနိုင်တယ် (မှန်ပါ့) ယခုဘဝတင်နေတဲ့ ကြွေးပေါင်းအနန္တလဲ (ကြေနိုင်ပါ တယ် ဘုရား)။
ကြေနိုင်တယ်ဆိုတော့ ဘဝပေါင်းများစွာ မုဆိုးလုပ်စားတဲ့ ဝတ္ထုတွေကြည့် (မှန်ပါ့) ဘဝပေါင်းများစွာ လူသတ် သမားကြီးဖြစ်လာတဲ့ အင်္ဂုလိမာလတို့ကြည့်လိုက် (မှန်ပါ့) မဂ်တချက်ပေါ်လိုက်တော့လဲ ကြွေးတွေ အကုန်ကြေသွားတာပဲ (မှန်ပါ့)။
အပါယ်လေးပါးသွားတဲ့ကြွေးတွေ မကြေဘူးလား (ကြေပါတယ် ဘုရား) ဒီဘဝ လူသတ်မှုပေါင်း အနန္တတွေကော (ကျေပါတယ် ဘုရား)။
ဟော ဘယ်သူပါလိမ့်မတုန်းလက်သည်ရှာ (ဝိပဿနာပါ) ဝိပဿနာမဂ် သူကဆက်ပြီး လောကုတ္တရာမဂ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဘုန်းကြီးလဲ ခဏခဏပြောရတာ ခင်ဗျားတို့က နားကမလည်တော့ ခန္ဓာနဲ့ဆပ်ဖို့ဘက်ကို ခင်ဗျား တို့က သန်နေတယ် (မှန်ပါ့) ဉာဏ်နဲ့ဆပ်ဖို့ဘက်ကို ခင်ဗျားတို့ (မသန်ပါ ဘုရား)။
ဒါ ဝိပဿနာ မလုပ်သေးတဲ့ပုဂ္ဂိုလ်မှာ ခန္ဓာနဲ့ ဆပ်ဖို့ဘဲသန်တယ် (မှန်ပါ့) ဉာဏ်နဲ့ဆပ်ဖို့ဘက်ကို (မသန်ပါ ဘုရား)။
ခန္ဓာနဲ့ဆပ်ဆိုတာ ဘယ်တော့ကြေမှာတုံး
ခန္ဓာနဲ့ဆပ်ဆိုတာ ဘယ်တော့ကြေမှာတုံး (မကြေနိုင်ပါ ဘုရား) မကြေနိုင်ပါဘူး၊ ခန္ဓာနဲ့ဆပ်ဆိုတာ ဘယ်တော့ မှမကြေဘူး (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဉာဏ်နဲ့ဆယ်မယ်ဆိုရင် (ကြေပါတယ် ဘုရား)။
အဲ့ဒီ အသံကလေးဟာ အခုခင်ဗျားတို့ ဘုန်းကြီးနဲ့တွေ့တဲ့အချိန်မှာ ဪ ကြွေးဆပ်နည်း နိဿယည်းဟာ ဒီအရေးကလေး အကြီးဆုံးပါကလားဆိုတာ အခုပြောတာ ကြားရတာပဲ (မှန်ပါ့ ဘုရား) ဒီ့ပြင်နေရာမှာ သွားမယ် ဆိုလို့ရှိရင် ဒါနဲ့ဆပ်မှ ကြေမယ်လို့ပြောတဲ့ပုဂ္ဂိုလ်မရှိဘူး (မရှိပါ ဘုရား)။
မရှိပေဘူးတဲ့၊ မင်းလုပ်နေတာ အဟုတ်သားပဲကွ၊ မင်းလှူဒါန်းပေးကမ်းပြီး သကာလနေတာအမှန်သားပဲ၊ ခုနင်က ပဋိစ္စသမုပ္ပါဒ်တွေက မပေါ်လာဘူး (မှန်ပါ့) သိမှ မသိဘဲ (မှန်ပါ့) သိသေးရဲ့လား (မသိပါ ဘုရား)။
မသိသာ မသိတယ် ဖြစ်နေတာကတော့ ဧကန် (မှန်ပါ့ ဘုရား) မသိသာမသိတယ် (ဖြစ်နေတာကတော့ ဧကန်ပါ ဘုရား) အဲဒီတော့ကို အဲဒါ တရားနာလွဲလို့ရှိရင်လဲ ခင်ဗျားတို့ ငါးပါးမှောက်မယ် (မှန်ပါ့ ဘုရား) အခုဟာ တရားနာတည့်ပေးတာ (မှန်ပါ့) ဪ ဒို့မှာ တံတွေ အနန္တပါကလား၊ အနန္တဆိုတာ အရေအတွက် မရှိပါကလား ဒီမဂ်ဆိုက်အောင်မှ ဒို့မလုပ်လိုက်လိုရှိရင်တော့ဖြင့် မြုပ်လမ်းနဲ့ မျောလမ်းသာရှိတော့တယ်၊ ဆန်လမ်းနဲ့ တက်လမ်းဆိုတာ လုံးဝမပါပါကလား (မှန်ပါ့) ကယ်မည့်လူ ယူမည့်လူ ရှာပါဦးမှဘဲ ဆိုတော့မှ ဟာ-ဒါ ရှိသေးတယ်ဆိုတာ အခု သာသနာတွင်းမို့ ဒါလဲ ခင်ဗျားတို့က မှီခိုကပ်ရပ်တဲ့ ဆရာသမားကကောင်းလို့ ဒါကလေးလာတွေ့တာ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါကလေးမှ မတွေ့လိုက်တော့ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ပြောထားတဲ့ ကြားဘူးနားဝနဲ့ ဆိုလိုရှိရင်တော့ ဒီ ပဋိစ္စသမုပ္ပါဒ်ကလဲ မြုပ်သွားပြီ (မှန်ပါ့) မြုပ်သာသွားတယ် သူကဗိုလ်လုပ်ပြီးအရင် အကျိုးပေးမယ် (မှန်ပါ့) သဘောကျ ပလား (မှန်ပါ့)။
ဘယ်သူကအရင် အကျိုးပေးမယ် (သူကအရင်အကျိုးပေးပါမယ်) သူဆိုတာ ဘယ်သူပါလိမ့် (ပဋိစ္စသမုပ္ပါဒ် ပါ ဘုရား) ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။
ဆယ်မျိုး အကြိမ်ပေါင်းများစွာလေ (မှန်ပါ့) အဲဒါ ခင်ဗျားတို့ကလဲ မျက်လုံးမဖွင့်ဘဲ နေတဲ့လူတွေက မဟုတ်ဘူး (မှန်ပါ့) မျက်လုံးဖွင့်လို့ရှိရင် လှကတည်းက လာမှာဘဲ (မှန်ပါ့) လှရင် လိုချင်တယ်ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်က သွားပြီ (မှန်ပါ့)။
သူ့ကြည့်ရတာ အချိုးမကျလိုက်တာ၊ ကျုပ်ဖြင့်စိတ်များ ပျက်တယ်ဆိုသွားပြီး ပဋိစ္စသမုပ္ပါဒ်က ဒေါသ သောက ပရိဒေသ အဝိဇ္ဇာ (မှန်ပါ ဘုရား)။
သူ့ကြည့်ရတာဖြင့် တော်တော်ကို ခိုင်ခန့်တယ် အစရှိသည်နဲ့ စီးပွားရေးလဲ ခိုင်ခန့်၊ လူလဲခိုင်ခန့်ဆိုရင် အင်း ဒိဋ္ဌိကနေပြီး သွားပြန်ပြီး ပဋိစ္စသမုပ္ပါဒ် (မှန်ပါ ဘုရား) မသွားဘူးလား (သွားပါတယ် ဘုရား)။
ကိုယ်ဖြစ်စဉ်ပဲဆိုတာ
အဲဒီတော့ ဘယ်သူ့ မေးနေစရာ ရှိသတုန်း ကိုယ်ဖြစ်စဉ်ပဲဆိုတာကော ငြင်းဖို့လိုသေးသလား (မလိုပါ ဘုရား)။
ကြည့်ပါ ခင်ဗျားတို့ မျက်လုံးဖွင့်ကြည့်ပါ၊ ဒီ ပဋိစ္စသမုပ္ပါဒ်က မလာဘူးဆိုတော့ကို (လာပါတယ် ဘုရား) ဧကန်လာပြီ (မှန်ပါ့) မုန်းတာရယ် ခင်တာရယ် အားကိုးတာရယ် မလာပေဘူးလား (လာပါတယ်) သာယာတာရယ် (လာပါတယ် ဘုရား)။
ဒါတွေက ဘာတွေတုံးမေးတော့ (ပဋိစ္စသမုပ္ပါဒ်တွေပါ) ဖြတ်ဘူးရဲ့လားလို့ မေးတော့ (မဖြစ်ဘူးပါ ဘုရား)။
မဖြတ်ဘူးပါဘူးတဲ့ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဖြတ်ရမှာကိုးဗျ (မှန်ပါ့)။
ဖြတ်ဘူးရဲ့လားလို့မေးတော့ (မဖြတ်ဘူးပါ ဘုရား)။ မဖြတ်ဘူးတော့ ကံမြောက်တယ် (မှန်ပါ ဘုရား)။
မဖြတ်ဘူးတော့ (ကံမြောက်ပါတယ် ဘုရား)။
ကံမြောက်တယ်ဆိုတော့ ကံမြောက်သွားလို့ရှိရင်ဖြင့် ဒါဘယ်သူမှ မတတ်နိုင်တော့ဘူး (မှန်ပါ့) သိကြားလဲ မကယ်နိုင်ဘူး။ ဘုရားလဲ မကယ်နိုင်ဘူး (မှန်ပါ့) တရားကတော့ ကယ်နိုင်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
သိကြားနဲ့ ဘုရားမကယ်နိုင်ဘူး (မှန်ပါ့) ဘယ်သူက ကယ်နိုင်သတုန်း (တရားကကယ်နိုင်ပါတယ် ဘုရား)။
တရားက ကယ်နိုင်တယ်ဆိုတော့ တရားမှာလဲ ခုနင်က မုန်းဝင်တရားကမှ ကယ်နိုင်မှာ (မှန်ပါ ဘုရား)။
မုန်းဝင် ပန်းဆွတ်တရားကမှ (ကယ်နိုင်မှာပါ ဘုရား) ဒီ့ပြင်တရားကတော့ဖြင့် ခင်ဗျားတို့ တပတ်တော့ သုဂတိပြလိုက်မှာပဲ (မှန်ပါ့) နောက်တပတ် ကျရင်တော့ဖြင့် ခုန်ဆင်းကြပေတော့ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
ဆားတလျက်နဲ့ ကြွေးရှင်က ပြေပါ့မယ်
အဲဒီတော့ကို ခင်ဗျားတို့ ခဏ ခဏပြောနေတယ်၊ ကြွေးသိန်းပေါင်းများစွာ တင်တာကို ကြွေးယူထားတဲ့လူက ဆားတလျက်နဲ့ ကြွေးရှင်က ပြေပါ့မယ်ဆိုတာ ခင်ဗျားတို့က ဆားတလျက် မပေးတာက အတော်ခက်နေတယ် (မှန်ပါ့) မဂ်ဟာ တကြိမ်တည်းပေါ်လာရင်ပြီးတာပဲ (မှန်ပါ ဘုရား)။
မဂ်ဟာ တကြိမ်တည်းပေါ်လာရင် (ပြီးပါတယ် ဘုရား)။
သူ့ကိုကလဲ မဂ်စစ်က တကြိမ်တည်းရှိတယ် (မှန်ပါ့)။
နှစ်ကြိမ် မပေါ်ရပါဘူးတဲ့၊ ဘယ်လောက်ဖြစ်ဖြစ် မင်းတို့ အကုသိုလ်တွေ အပါယ်သံသရာကြီး သွားမည့်ဥစ္စာတွေ သိန်းပေါင်းများစွာ စုထားပါတဲ့၊ ငါတချက်တည်း ဖြတ်မယ်တဲ့ (မှန်ပါ ဘုရား)
ဒီလိုဆိုတော့ အားကိုးထိုက် မကိုးထိုက် (ကိုးထိုက်ပါတယ် ဘုရား)။
အခု သေသေချာချာ သိပလား (သိပါပြီ) သိလို့ရှိရင် ခင်ဗျားတို့ ပေါ့ပေါ့တန်တန် မနေနဲ့၊ အသေစောလို့ရှိရင် ခန္ဓာနဲ့ ဆပ်ရလိမ့်မယ် (မှန်ပါ့) မဂ်စောလို့ရှိရင် အကုန်ပျောက် (မှန်ပါ ဘုရား)။
မဂ်စောရင် (အကုန်ပျောက်ရပါမယ် ဘုရား) အသေစောရင် (ခန္ဓာနဲ့ ဆပ်ရပါမယ် ဘုရား)။
ခန္ဓာနဲ့ ဆပ်လို့ရှိရင်ဖြင့် ဘုရားက ပြောလိုက်တယ်ကွာတဲ့ မင်းတို့ လူ့ပြည်လာတာ မဂ်ကိုမလုပ်တော့ပါဘူး ဆိုရင်ဖြင့်တဲ့ကောင်းကင် မြှောက်လိုက်တဲ့ ခဲ၊ ဦးသံဒိုင် မှတ်လိုက်စမ်းပါ (မှန်ပါ့) ကောင်းကင်မြှောက်လိုက်တဲ့ ခဲဟာ မြေကြီးပေါ်ကနေပြီ လူတယောက်က ဒီခဲကို မြေကြီးပေါ်ကကောက်မြှောက်ရမှာ ဘယ်မှမရှိဘူး၊ မြေကြီးပေါ်မှာရှိတဲ့ ခဲကို လူတယောက်က မြှောက်လိုက်တယ်၊ မြှောက်ပြီးသကာလ သွားတော့ ခဲအရှိန်ရှိသလောက်တော့ ကောင်းကင် တက်မယ် (မှန်ပါ့) သို့သော် အထက်မှာ မကျခင် ဘယ်လောက် ကြာခဲ့သတုန်းလို့ မေးလို့ရှိရင်ဖြင့် အထက်မှာ တည်ခဲ့တဲ့ ဥစ္စာ ဟင် ပြောပလောက်ကဲ့လား (မပြောပလောက်ပါ ဘုရား) ခဲကလေး အရှိန်သတ်တာလေ (မှန်ပါ့)။
အဲ ခင်ဗျားတို့ရှိတဲ့ ကြွေးနဲ့ ခင်ဗျားတို့ အခု လူ့ပြည်လာပြီး သကာလ နေတာဟာ ခဲကလေး အရှိန်သတ် သလောက်ပါကွာတဲ့၊ နောက် ဒီခဲဟာ အောက်ပြန်ကျရမယ်တဲ့ (မှန်ပါ့ ဘုရား)။
အောက်ပြန်ကျတော့ မြေကြီးပေါ် အမြဲနေတယ် (မှန်ပါ့) မနေဘူးလား (နေပါတယ် ဘုရား)။
ဘာဖြစ်လို့တုန်း မြေကြီးပေါ်က ခဲကိုး (မှန်ပါ့) ဘယ်မှာအမြဲနေသတုန်း (မြေကြီးပေါ်မှာ အမြဲနေပါတယ်)။
ဒါဖြင့် လူ့ပြည် လာရတာဟာ အရှိန်သတ်တာ (မှန်ပါ့) ကောင်းကင်အရှိန်သတ်သလောက်ပဲ ကြာတယ်တဲ့၊ ငရဲမှာ နေရမည့် အသက်နဲ့တွက်လိုက်ရင် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ အဲဒါလောက် မြေကြီးပေါ်ဆိုတဲ့ အပါယ်လေးပါးမှာ နေရမှာကို ဘယ်သူမှ ခင်ဗျားတို့ကိုလဲ ကယ်မည့်သူ ယူမည့်လူ မရှိဘူး၊ ငရဲဆိုတာ ရှင်မောဂ္ဂလာန် တခါတရံ ဣဒ္ဓံပါဒ်တန်ခိုးဖြင့်ကြွတယ်၊ ဘုရားဆိုတာကြွသွား တော်မူတာ မဟုတ်ဘူး (မှန်ပါ့)။
ဘယ့်နှယ်လုပ် ကျွတ်တမ်းတင်မတုန်းလို့ မေးရင် (မဝင်နိုင်ပါ ဘုရား) ဘယ်သူက တရားနာချိန်ပေးမတုန်းလို့ မေးရင် (ပေးနိုင်ပါ ဘုရား) ဘယ်သူက ကျင့်ချိန်ပေးမတုန်းလို့မေးရင် (မပေးနိုင်ပါ ဘုရား) သဘောကျပလား(ကျပါပြီ)။
အဲဒါ ခင်ဗျားတို့ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်က အင်မတန် ရင်းနှီးတဲ့ပုရဂ္ဂိုလ်တွေကို ကြီးကျယ်လှစွာသော သတိပေးနေတာပဲ (မှန်ပါ့) မဂ်နဲ့ မဆပ်လို့ရှိရင်တော့ဖြင့် မရဘူး (မှန်ပါ့)။
ဘယ့်နှယ်ဆုံးဖြတ်ချက် ချကြမလဲ (မဂ်နဲ့ မဆပ်ရင် မရပါ ဘုရား)။
မဂ်ဟာ ဆားတလျက်ပါဘဲ
ဒါဖြင့် မဂ်ဟာ ဆားတလျက်ပါဘဲ (မှန်ပါ့) သိန်းပေါင်းများစွာ တင်တဲ့ဟာ ဆားတလျက် လာပေးတာနဲ့ ကျေပါမည်ဆိုတဲ့ဥစ္စာ ဆားတလျက်အလုပ်တော့ လုပ်ဖို့သင့်ပြီ (မှန်ပါ့) မသင့်ဘူးလား (သင့်ပါပြီ)။
အဲဒါ ခင်ဗျားတို့က ဘယ်နေ့လဲ မအားသေးဘူး၊ ဘယ်ဟာတော့ ဘယ်ကိစ္စတွေနဲ့တဲ့၊ ခင်ဗျားတို့ ကိစ္စဟူသ၍ ကို မြည်တယ်၊ တွံတယ်လို့တော့ မအောက်မေ့ပါနဲ့ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ်ကိစ္စချည်းပဲ (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (ပဋိစ္စသမုပ္ပါဒ်ကိစ္စချည်းပါ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ကိစ္စဆိုတာက တဏှာဥပါဒါန်ကံကိစ္စ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ခင်ဗျားတို့က တနေ့လဲ မအား၊ နောက်တနေ့လဲ မအား၊ ဘယ်အချိန်မှ အားတယ်လို့ မရှိဘူး၊ ကိစ္စကသိပ်များ နေတာ၊ ဒါကြောင့် ဒီအလုပ်ဟာ ကောင်းမှန်းတော့ သိတယ်၊ သိပေမယ့် ကိုယ်က မအားတဲ့ အချိန်က သိပ်များတာ၊ ခင်ဗျားတို့ချင်းပြောတော့ ခေါင်းငြိမ့်လိုက်မှာပေါ့ (မှန်ပါ့) မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။
ခုနင်က အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဘုရားသခင်ကိုယ်တော်မြတ်ကြီးတို့လို ထိုးထိုးထွင်းထွင်းသိတဲ့ ပုဂ္ဂိုလ်တွေကျ တော့ ဪ သူဟာ ပဋိစ္စသမုပ္ပါဒ်ကိစ္စကိုး (မှန်ပါ့) အပါယ်သွားမည့်ကိစ္စကိုး (မှန်ပါ့) သွားရမှာ မအားဘူးပြောတာကိုး (မှန်ပါ့) ဒါဘဲရှိတယ်၊ ဒီ့ပြင် အဖြေမရှိဘူး (မှန်ပါ့)။
ဒီ့ပြင် ဘာရှိသေးသတုန်း (ဘာမှမရှိပါ ဘုရား) ဘာမှမရှိဘူးတဲ့၊ အဲဒါကြောင့် ခင်ဗျားတို့လဲသ၍ ဆင်ခြေဟာ ကိုယ့်ရှေ့နေက ကိုယ့်ထောင်ချတဲ့ ဆင်ခြေပဲ (မှန်ပါ့)။
ကိုယ်ငှားထားတဲ့ ရှေ့နေလဲတဲ့ ဆင်ခြေက (ကိုယ့်ထောင်ချတာပါ ဘုရား) သဘောပါသလား (ပါပါပြီ)။
ကိုယ့်ကိုယ်ကို လဲလိုက်တဲ့ဆင်ခြေဟာ ကိုယ့်အပါယ်ချလိုက်တဲ့ဆင်ခြေဘဲ (မှန်ပါ့) ပေါ်ပလား (ပေါ်ပါပြီ)။
ကိုယ့်ဇာတ်ကိုယ်သိမ်းရမယ်
အဲဒါကြောင့် ဘယ်သူမြှောက်လို့မှ မမြောက်နဲ့၊ ဘယ်သူချောက်လို့မှ မကြောက်နဲ့၊ ကိုယ့်ဟာကိုယ် သိပြီး သကာလ ကိုယ့်ဟာကိုယ်သိမ်း (မှန်ပါ့ ဘုရား)။
ဘာတဲ့တုံး (ကိုယ့်ဇာတ်ကိုယ်သိမ်းရပါမယ် ဘုရား)။
ကိုယ့်ဇာတ်ကိုယ်သိမ်းရမယ် (မှန်ပါ့) ကိုယ့်ဇာတ်သိမ်းတော့ကို ဖျက်ဆိုဥပမာမယ် ကိုယ့်စိတ်ကလေး ကိုယ်ရှုလိုက်၊ ကိုယ့်ဝေဒနာကလေး ကိုယ်ရှုလိုက်၊ ရှုလိုက်သည်နဲ့ တပြိုင်နက်တည်း ဖြစ်ပျက်မြင်တယ် (မှန်ပါ့)။
ရှုလိုက်လို့ရှိရင် စိုက်သာကြည့်၊ ဪ ခန္ဓာဟာယောက်ျားလဲမဟုတ်ဘူး၊ မိန်းမလဲမဟုတ်ဘူး၊ ဖြစ်မှုပျက်မှုသာ ရှိပါလား၊ ဥဒယဗ္ဗယသာ ရှိပါလားဆိုရင် သွားတိုးတာဘဲ (မှန်ပါ့)။
တိုးလိုက်တဲ့အခါကျလို့ရှိရင် တိုးတဲ့အချိန်ကစပြီး ပဋိစ္စသမုပ္ပါဒ်က ပြတ်ပြီ (ပြတ်ပါပြီ)။
တိုးတဲ့အချိန်ကစပြီး (ပဋိစ္စသမုပ္ပါဒ်ပြတ်ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ပြတ်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ အင်း ဒီတရားက အနိစ္စကိုး သိနေတာကလေးက မဂ္ဂပစ္စယော လာဖြစ်တယ် (မှန်ပါ့)။
မဂ္ဂပစ္စယော လာဖြစ်တော့ကို တခြားသောစိတ်တွေ ဝင်ခွင့်ပေးသလား ဒီဟာနဲ့ ဒီဟာဘဲဖြစ်နေရမှာလားလို့ မေးတော့ဖြစ်ပျက်နဲ့ မဂ်နဲ့သာ ကိုက်နေလို့ရှိရင် ခုနင်က ဘယ်ပဋိစ္စသမုပ္ပါဒ်မှ ဝင်ခွင့်မပေးဘူး မဂ်က (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) မဂ်က (ဘယ်ပဋိစ္စသမုပ္ပါဒ်မှ ဝင်ခွင့်မပေးပါ ဘုရား)။
ဖြစ်ပျက်နဲ့ရှုတဲ့ မဂ်နဲ့သာ ကိုက်နေလို့ရှိရင်
ဘယ်ပဋိစ္စသမုပ္ပါဒ်မှ ဝင်ခွင့်မပေးဘူး၊ ဖြစ်ပျက်နဲ့ရှုတဲ့ မဂ်နဲ့သာ ကိုက်နေလို့ရှိရင် ဒါ လောကုတ္တရာမဂ်ကို မဟောသေးပါဘူး (မှန်ပါ့) လောကုတ္တရာမဂ် နက်ဖြန်ညကျမှ ဟောမှာပါ (မှန်ပါ့) ဒါလောက်နဲ့ကို ဟို ပဋိစ္စသမုပ္ပါဒ် တွေက အကုန်ရပ်ကုန်ပြီ (မှန်ပါ့) မရပ်သေးဘူးလား (ရပ်ပါပြီ ဘုရား)။
ရပ်သွားတော့ ဪ သူ့သတ္တိဟာ မသေးပါကလား (မှန်ပါ့) ဒို့ခါတိုင်း ဒီအချိန်မျက်လုံးဖွင့်လိုက်ရင် ပဋိစ္စသမုပ္ပါဒ် တန်းသွားတာပဲ၊ နားကြားလဲ အပါယ်သွားတာပဲ (မှန်ပါ့) မသွားဘူးလား (သွားပါတယ် ဘုရား)။
ကြားတယ်ဆိုရင် နားခါးလိုက်တယ်ဆိုရင် သွားပြီကွ၊ ဒေါသ သောက ပရိဒေဝ အဝိဇ္ဇာ သင်္ခါရ၊ မဟုတ်ဘူးလား၊ (မှန်ပါ့) ကြားရတာ သိပ်နားဝင်ချိုတာဘဲဆိုရင် တဏှာဥဒါန်ကံ မသွားသေးဘူးလား (သွားပါပြီ)။
အဲဒီတော့ ခင်ဗျားတို့ ဘုန်းကြီးတရားနာရတာ လွန့်စရာ လူးစရာမရှိဘူးလို့လဲ ဒီလိုမငြင်းနဲ့ (မှန်ပါ့) ခင်ဗျားတို့က ဘာဖြစ်လို့ လွန့်စရာ လူးစရာမရှိဘူးလို့ ပြောရသတုံးဆို လွန့်ချင် လူးချင်တဲ့ပုဂ္ဂိုလ်မို့ ဒီအသံထွက်တာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ဒါကို ဇာတ်သိမ်းရမယ် (မှန်ပါ့) ဒါကို ဇာတ်သိမ်းရမယ်၊ ကိုယ့်ကိုယ်အရေးကိုယ်ကြီးပစ်ရမယ် (မှန်ပါ့)။
ဒါဖြင့် ကြွေးဆပ်နည်း နိဿယဉ်းတော့ ယနေ့ပေါ်သွားတယ် (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုံးလို့မေးတော့ သညာကိုလဲ သူဖျက်နိုင်တယ်၊ သညာကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ် နိစ္စသညာကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်လဲ ဖြစ်တာနဲ့ ပျက်တာကို ခန္ဓာသာကြည့်လိုက်၊ မခိုင်ဘူးဆိုတာသိတယ် (မှန်ပါ့)။
မခိုင်ဘူးလို့သိတဲ့မဂ်က တခါတည်း သညာကြောင့်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဖျက်ချတယ် (မှန်ပါ့)။
တခါ ချောတယ် လှတယ်လို့ ယူမယ်ဆိုတော့လဲ ခန္ဓာကြည့်လိုက်ပြန်တော့ ဖြစ်ပျက်မြင်တယ်၊ ဖြစ်ပျက်မြင်တဲ့ အခါကျတော့ ဘယ်မှာတုံး သေနေတာပဲ ချောတာ လှတာ မဟုတ်ပါဘူးဆိုတော့ တဏှာ ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွား တယ် (ပြတ်ပါတယ်)။
ဖြစ်ပျက်မြင်တော့ ခိုင်တယ်ဆိုတာ ယူသေးရဲ့လား (မယူပါ ဘုရား) မယူတော့ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်ကကော (ပြတ်ပါတယ်)။
ဖြစ်ပျက်မြင်သဖြင့် ခင်ဗျားတို့သည် ဒေါသ သောကလာရဲ့လား (မလားပါ ဘုရား) မလာပြန်တော့ ဒေါသ သောကလာမည့် စတုတ္ထပဋိစ္စသမုပ္ပါဒ်ကော (ပြတ်ပါတယ် ဘုရား)။
ဆယ်မျိုးစလုံးကိုဖြတ်ပါတယ်
ဒီဖြစ်ပျက်ထဲမှာဘဲ ဉာဏ်ကစိုက်ပြီး မဂ်စစ် မလာနဲ့ဦး၊ ဒီ့ပြင် မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ် နားပေါက်က ပဋိစ္စသမုပ္ပါဒ် အကုန်မရှိဘူး (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ် ဆယ်မျိုးစလုံးအကုန်မရှိဘူး၊ အဲ့ဒီ ဆယ်မျိုးစလုံးကို သူကဖြတ်ထားတယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဘယ်နှစ်မျိုးဖြတ်ပါလိမ့် (ဆယ်မျိုးစလုံးကိုဖြတ်ပါတယ်)။
ဒါ ဝိပဿနာမဂ်ဘဲ ရှိသေးတယ်နော် (မှန်ပါ့) လောကုတ္တရာမဂ်ဆိုလို့ရှိရင် ဒီထက်ကြီးကျယ်လိမ့်မယ် (မှန်ပါ့) ဒီနေ့ နာရီလဲနီးနေလို့ ဝိပဿနာ မဂ်သာ ဟောနိုင်တယ် (မှန်ပါ့)
ဒါဖြင့် အနိစ္စတလုံးဒုက္ခတလုံး အနတ္တတလုံး သုံးလုံးရှိငြားသော်လဲ ဖြစ်ပျက်ထဲမှာ အားလုံးဝင်လာတယ်ဆိုတာလဲ မနေ့က ပြောပြီးပြီ (မှန်ပါ့) အနိစ္စ ဒုက္ခ အနတ္တ ချုံးလိုက်တဲ့အခါကျတော့ ဘာတွေ့သလဲ (ဖြစ်ပျက်ဘဲ တွေ့ပါတယ် ဘုရား)။
ဒီအထဲ အကုန်ဝင်လာတာဘဲ (မှန်ပါ့) ဘာကြောင့်ဝင်ရသတုံးဆိုတော့ ဖြစ်ပျက်က ဒုက္ခသစ္စာဆိုတော့ ဒုက္ခသစ္စာဆိုတာ ခင်ဗျားတို့က ဒီလိုမှတ်လိုက်ပါတဲ့၊ ဒုက္ခသစ္စာဘုရားက ဟောလိုက်တဲ့နေရာ ဟတ္တိပဒေါပမသုတ်ဆိုတာ ရှိတယ် (မှန်ပါ့)။
ဟတ္တိပဒေါပမသုတ်ဆိုတာ ယားကောင်တွေ အများကြီးရှိတဲ့အနက်က ခြေလေးချောင်းရှိတဲ့အနက်က ဆင်ခြေရာထက် ကြီးတာတော့ ဘယ်သူမှရှိမှာမဟုတ်ပါဘူးနောက် (မှန်ပါ့) ဆင်ခြေရာ အကြီးဆုံးဘဲ။
ဆင်ခြေရာ အကြီးဆုံးကို နောက်က သားကောင်တွေက ဆင်ခြေရာအုပ်မိအောင် နင်းနိုင်တဲ့သားကောင်တော့ ရှိမယ်မဟုတ်ဘူး၊ ဆင်ခြေရာထဲသာ သူတို့ခြေထောက် – ထောက်သွားရမယ် (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
ထို့အတူပဲ ဖြစ်ပျက်ဒုက္ခသစ္စာထဲကို ခင်ဗျားတို့ ဉာဏ်ကလေးက မြင်နေတော့ ဒါ ဒုက္ခသစ္စာ မြင်နေတာပဲ (မှန်ပါ့) ဒီ့ပြင်တရားတွေ မလိုတော့ဘူးတဲ့၊ ဆင်ခြင်ရာထဲဝင်လာတာပဲ (မှန်ပါ့)။
ဒီဖြစ်ပျက်တလုံးတည်းရှုနေရင် ဒါ ဒုက္ခသစ္စာ ပိုင်ပိုင်မြင်မြင်နေတာဘဲ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်တလုံးတည်းမြင်ရင် အနိစ္စလဲ ဒီထဲဝင်တာပဲ၊ ဒုက္ခကော (ဒီထဲဝင်ပါတယ်) အနတ္တကော (ဒီထဲဝင်ပါ တယ်) အသုဘကော (ဒီအထဲဝင်ပါတယ် ဘုရား)။
ဒီအထဲမှာ အကုန်ဝင်တာပဲကွတဲ့၊ ဆင်ခြေရာထဲမှာ ဒီ့ပြင်သားကောင် ဝင်ရသလို ဒီ ဖြစ်ပျက်တလုံးကို ကိုယ့်သန္တာန်ကိုယ့်ဉာဏ်နဲ့ ကြည့်ပြီးသကာလ ဪ ဟုတ်ပါလားဆိုတဲ့ တလုံးကျလို့ရှိရင် ခုနင်က ပဋိစ္စသမုပ္ပါဒ်တွေလဲ အကုန်ပြတ် (မှန်ပါ့) သစ္စာလဲ မြင်လာတယ် (မှန်ပါ့)။
ဖြစ်ပျက်က ဒုက္ခသစ္စာ
သစ္စာမြင်တော့ သူက ဒုက္ခသစ္စာ၊ မြင်တာကမဂ္ဂသစ္စာသွားဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဖြစ်ပျက်က (ဒုက္ခသစ္စာပါ) မြင်တာက (မဂ္ဂသစ္စာသွား ဖြစ်ပါတယ် ဘုရား)။
အဲ မဂ္ဂသစ္စာသည် ပဋိစ္စသမုပ္ပါဒ်ပေါင်း ဘယ်လောက် ဖြတ်လိုက်သတုန်းလို့ မေးလို့ရှိရင် မြင်တဲ့အချိန်မှာဖြင့် အကုန်ပြတ်နေတာပဲ (မှန်ပါ့)။
မြင်တဲ့အချိန်မှာ (အကုန်ပြတ်နေပါတယ် ဘုရား) အကုန်ပြတ်နေတော့ကို ပစ္စုပ္ပန်မှာ ဒီဘဝမှာမှ မှားလုံးတွေ ဟူသ၍လဲ သူပဲကယ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် ပစ္စုပ္ပန်ဘဝကယ်တာကတော့ ဒီမဂ်ပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
နောက်ကျတော့ ဒီမဂ်သည် ရင့်ကျက်ပြီး ပွားပါများလာတော့ အင်း ဖြစ်ပျက်ဟာ မုန်းစရာကြီးပဲဆိုရင် ဉာဏ်ထက်ပြီအောက်မေ့တော့ (မှန်ပါ့) ဖြစ်ပျက်သည် ဒုက္ခသစ္စာအစစ်ပဲလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချလိုက်လို့ ဖြစ်ပျက်များ ချုပ်သွားမယ်ဆိုလို့ရှိရင်ဖြင့် ဒါ လောကုတ္တရာမဂ်ဖြစ်မယ် (မှန်ပါ့)။
လောကုတ္တရာမဂ်ဖြစ်တော့ ဒီဘဝ ပွားတဲ့ ပဋိစ္စသမုပ္ပါဒ် ဖြတ်တာမဟုတ်တော့ဘူး၊ နောက်က ပါလာတဲ့ ပဋိစ္စသမုပ္ပါဒ် ကံတွေကိုပါ ဖြတ်ချလိုက်တယ် (မှန်ပါ့)။
ဟို မဂ်ကတော့ အတိတ်ကဟာပါဖြတ်တယ် (မှန်ပါ့) အတိတ်က ပါလာတာလဲဖြတ်တယ်၊ ပစ္စုပ္ပန်မှာကော (ဖြတ်ပါတယ် ဘုရား)။
နောက်မိုက်လတံ့ မဲလတံ့ ပဋိစ္စသမုပ္ပါဒ်တွေ ဘဝတွေလာလို့ရှိရင် အဲဒါတွေလဲ လှမ်းဖြတ်တယ် (မှန်ပါ့) သူက သုံးချက်ဖြတ်ချလိုက်တယ် လောကုတ္တရာမဂ်က (မှန်ပါ့) ခုနင်က ဖြစ်ပျက်ကို မြင်တဲ့မဂ်ကတော့ ဒီဘဝဟာတွေသာ သူဖြတ်နိုင်တယ် (မှန်ပါ့)။
ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်
ဒါကြောင့် ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ်ဟာ အတော်ခြားနားတယ် (ခြားနားပါတယ် ဘုရား) လောကုတ္တရာ မဂ်က သုံးချက်ဖြတ်တယ်၊ ဝိပဿနာမဂ်က တချက်ဖြတ်တယ် (မှန်ပါ့) ယခုဖြစ်မည့်ဟာတွေတော့ ဖြစ်ပျက်မြင်တဲ့ ဝိပဿနာမဂ်ကဖြတ်လိုက်တယ် (မှန်ပါ့)။
လောကုတ္တရာမဂ်ကတော့ သူ့ထက်သတ္တိထက်တယ် (မှန်ပါ့) အတိတ်ကပါလာတဲ့ ပဋိစ္စသမုပ္ပါဒ်ကံတွေ (ပြတ်ပါ တယ် ဘုရား) အနာဂတ်မိုက်လတံ့ မဲလတံ့ကံတွေ (ပြတ်ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် လောကုတ္တရာမဂ်နဲ့ အခုရှုနေတဲ့မဂ်နဲ့ ဘာထူးခြားသတုန်းဆိုတော့ ဟိုက ကာလသုံးပါးစလုံးဖြတ်တယ်၊ သူကပစ္စုပ္ပန်ကာလ ကလေးတစ်ခုတည်းသာ ဖြတ်နိုင်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောကုတ္တရာမဂ်ကတော့ (ကာလသုံးပါးလုံး ဖြတ်ပါတယ် ဘုရား) ဖြတ်နိုင်တယ်၊ အခု ရှုနေတဲ့ ဝိပဿနာမဂ် ကတော့ (ပစ္စုပ္ပန်ကာလသာ ဖြတ်ပါတယ်) ပစ္စုပ္ပန်ကာလမှာ ပေါ်ဆဲပဋိစ္စသမုပ္ပါဒ်တွေ ဒါတွေ အကုန်ဖြတ်ချတယ် ဆိုတော့ ဝိပဿနာမဂ်မပါပဲနဲ့ လောကုတ္တရာမဂ်က ဖြစ်ကိုမဖြစ်နိုင်ဘူး (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဝိပဿနာမဂ် မပါပဲနဲ့ (လောကုတ္တရာမဂ် မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်ဘူးတဲ့၊ သူက တခါရှုလိုက်ရင် မဂ္ဂင် ငါးပါးဖြစ်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
တခါရှုလိုက်ရင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ-သမ္မာဝါယာမ-သမ္မာသတိ-သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ငါးပါး တခါတည်း ဝင်လာတယ် (မှန်ပါ့) ငါးမှ-မရှိတဲ့ ပုဂ္ဂိုလ်ဟာ ရှစ်-မဖြစ်နိုင်ဘူး (မှန်ပါ့) ငါးမှမရှိတဲ့ ပုဂ္ဂိုလ်ဟာ (ရှစ်မဖြစ်နိုင်ပါ ဘုရား)။
ရှစ်ဆိုတာက ဒီထဲမှာက ဖျတ်ဆို ရှုလိုက်လို့ရှိရင် သမာဓိမဂ္ဂင်နဲ့ ပညာမဂ္ဂင်နဲ့ ဒီအထဲပါသွားပြီ (မှန်ပါ့) သီလ မဂ္ဂင်ကလေးတခုပဲ ကျန်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာမဂ်နဲ့ လောကုတ္တရာမဂ် ဘာထူးသတုန်း ဆိုတော့ လောကုတ္တရာမဂ်က သီလမဂ္ဂင်နဲ့တကွရှစ်ပါး (မှန်ပါ့) ဝိပဿနာမဂ်ကတော့ သမာဓိပညာမဂ္ဂင် ရှိနေလို့ သူကငါးပါး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
သီလမဂ္ဂင်ဖြည့်လိုက်လို့ရှိရင်
လောကုတ္တရာမဂ်က သီလမဂ္ဂင်ဖြည့်လိုက်လို့ရှိရင် (ရှစ်ပါးပါ ဘုရား)။
လောကီမဂ်ကတော့ကို သီလကို မြဲတဲ့သီလကို သူမှကျေးဇူးမပြုနိုင်သေးလို့ သူက ငါးပါးဘဲဖြစ်နေတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီငါးပါးမရှိဘဲနဲ့ ရှစ်ပါးက (မဖြစ်နိုင်ပါ ဘုရား)။
ရှစ်ပါးလဲ ပြည့်စုံပါရောတဲ့ အတိတ်ပဋိစ္စသမုပ္ပါဒ်လဲပြတ်၊ သဘောကျပလား (ကျပါပြီ) ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်လဲ (ပြတ်ပါတယ်) အနာဂတ်မိုက်လတ္တံ့၊ မဲလတ္တံ့ ပဋိစ္စသမုပ္ပါဒ် (ပြတ်ပါတယ် ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာ ရှေ့ထားရမတုန်းလို့ မေးလို့ရှိရင်ဖြင့် ဝိပဿနာမဂ်ရှေ့ထား (မှန်ပါ့) ပြီးတော့ လောကုတ္တရာမဂ်လာလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ လမ်းကလေးနည်းနည်း ပြောင်းရုံပဲရှိတယ် (မှန်ပါ့) ဘုန်းကြီးတို့ ဆုံးမတာကနော် (မှန်ပါ့)။
ဦးမြကြီး ဆုံးမသလိုပေါ့ ဦးသံဒိုင်ရ (မှန်ပါ့) ဦးမြကြီး ခင်ဗျား အလကား နာမည်ကြီးနေတာ၊ ဘာမှ အသုံးကျတဲ့လူ မဟုတ်ဘူး၊ ရှေ့နောက်မှ သိတဲ့လူမဟုတ်ဘူး၊ ဘုန်းကြီးကျောင်းမှာ လာတော့ ပြောတယ်(မှန်ပါ့)။
ဘာတုန်းဘုရား တဲ့၊ အို ခင်ဗျား အသေစိတ်ချရတာ ရှေ့ထားတာမဟုတ်ဘူး၊ အသေ စိတ်မချရတာတွေချည် ရှေ့ထားလုပ်နေတယ်၊ တော်တော်ကြာ သေသွားရင် ငါးပါးမှောက်လိမ့်မယ် (မှန်ပါ့ ဘုရား)။
မင်းတို့လဲ ဒီအတိုင်းပဲ အားလုံး ဒကာ ဒကာမတွေလဲ မှတ်ဖို့ပဲ (မှန်ပါ့) ဝိပဿနာမဂ်က ရင့်ကျက်အောင် လောကုတ္တရာမဂ်တမဂ်လောက် ရအောင်လုပ်ထားလိုက်၊ အဲဒါအသေစိတ်ချရပြီ၊ အပါယ်လေးပါး ငါမသွားဘူး (မှန်ပါ့)။
နို့ မဟုတ်လို့ရှိရင် ဒါ တမဂ်မှ မရလို့ရှိရင်တော့ ဘာလုပ်ထားထား အာသန္နကံတို့ အာစိဏ္ဏကံတို့က တွန်းချမှာဘဲ (မှန်ပါ့) ဒီကကံတွေက တွန်းမချရင် အတိတ်က ကံတွေကတွန်းချမှာဘဲ (မှန်ပါ့) အားကိုးစရာရှိရဲ့လား (မရှိပါ ဘုရား)။
အသေစိတ်ချရတဲ့ မဂ်ကို အရင်လုပ်
ကဲ ဒါဖြင့် ရှေ့နောက်ကလေး ပြောင်းလိုက် (မှန်ပါ့) ဘာတဲ့တုန်း (ရှေ့နောက် ပြောင်းရမှာပါ) ရှေ့နောက် ပြောင်း ရမယ်၊ ရှေ့နောက်က ဘာတုန်း အသေစိတ်ချရတဲ့ မဂ်ကို (အရင်လုပ်ရပါမယ်) အရင်လုပ်ရမယ်၊ အသေစိတ်မချ ရတဲ့ဘက်ကို (နောက်မှလုပ်ရပါမယ်ဘုရားဋ္ဌ)။
နောက်မှ လုပ်ဆိုတော့ သူက တားမြစ်ပြီးသား ဖြစ်နေတော့ အပါယ်လေးပါးဟာ လွတ်သွားတယ် (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ကဲ ယနေ့ဒီတွင် တော်ပါဦး။
သာဓု သာဓု သာဓု။